ဦးကို …..
ဦးကိုရယ် …။
သူ့ကို တမ်းတ ငိုညည်းသံဟာ မေမွန့် နှလုံးသည်းပွတ်တွေ သွေးစိမ့်ယိုမတတ်နာ ကျင်စေပြီးမှကြေကြေမြည့် မြည့်  ထွက်ပေါ်နေခဲ့တယ်။
သူ မသိပါဘူး။
သူ မကြားပါဘူး။
ဘယ်သူမှလည်း မသိနိုင် မကြားနိုင်ပါဘူးလေ …။
မေမွန် တစ်ယောက် တည်းသာ တိတ်တဆိတ်နဲ့ပဲ နှလုံးသားဒဏ်ရာကို ဖေးမ ပွေ့ထွေးလို့ နေရပါတယ်။
တွေးလည်းတွေးမိတတ်ပါရဲ့ ။
ဦးကို ဆိုတဲ့ လူ တစ်ယောက် ဟာ မေမွန့်ဘ၀ထဲမှာ တကယ်စင်စစ် ရှိမှရှိခဲ့ဖူး ပါရဲ့ လားရယ် လို့ပေါ့။
တွေးသမှလေ…အခု မေမွန့် လက်ငင်းပစ္စုပ္ပုန်တဒင်္ဂကလေးမှာ ကိုပဲ နာနာကျင်ကျင် ဝေခွဲ ရခက်နေသေးတယ်။ ဦးကိုနဲ့ တွေ့ ဆုံခဲ့ဖူးတယ်၊ ပတ်သက်ခဲ့ဖူးတယ်ဆိုတာ အိမ်မက် လေလားရယ် လို့ မ ဖြစ်နိုင်မှန်း သိလျက်နဲ့ကို ဇဝေဇ၀ါ ဖြစ်နေမိပါတယ်။
(အခု ဆိုတာက အိမ်ရှေ့ကားထားနေကျ မြေကွက်လပ်ကလေးမှာ ဧည့်ခန်း ပြတင်းတွေ ရဲ့ အောက်ခြေအိမ်အုတ်နံရံကိုမှီပြီး မေမွန်ထိုင်နေတဲ့ ဒီအချိန်ကလေးပေါ့။
မေမွန့်ညာဘက်မှာ ဧည့်ခန်းထဲဝင်ဖို့ တံခါးရှိတယ်။ မေမွန့်ဘယ်ဘက်မှတော့ နံရံဆုံးရင် ခြံစည်းရိုးနဲ့ ၀င်းတံခါး ရှိနေတယ်။ ၀င်းတံခါးကိုကား အ၀င်အထွက်ကျမှ ဖွင့်တာ။ လူ အ၀င်အထွက် အတွက် တံခါးရွက်ကြီးမှာ မလွယ်ပေါက်သီးသန့်လုပ်ပြီး သူ့လည်းသော့ ခတ်ရတာ ပဲ။ သိတယ် မဟုတ်လား။ ရန်ကုန်မှာ က အလုံအခြုံ တံခါးပိတ် သတိရှိ ပါမှ။
မေမွန်တို့ နေတဲ့နှစ် ခန်းတွဲ နှစ် ထပ်တိုက်ကလေးတွေ ဟာ ၀င်းခြံနဲ့ တိုက်နဲ့အပြည့် ပဲ။ မြေကွက်လပ် ဆိုလို့ ၀င်းတံခါးကနေ ကားဝင်လာပြီး အိမ်ရှေ့ရပ်ရမယ့် ပီတစ် နေရာပဲရှိတာ။ ကားကို နေလုံ မိုးလုံအောင် ဧည့်ခန်း အမိုးအောက်ကနေ အဖီဆွဲချထားတယ်။ မီးဖိုထမင်းစားခန်း ဘက်ကနေပြီး အဆွယ်ဆွဲထုတ်ပြုပြင်ထားတဲ့ အခန်းရဲ့ နံရံကြောင့် ဒီနေရာကလေးဟာ ကား ဂိုဒေါင်ဆိုလည်း မမှားဘူးပေါ့။
နေလာတာ ဆယ်နှစ် ကျော်လာပြီး ဆိုတော့လည်း ကိုယ့်အိုးကိုယ့် အိမ်လိုနေ သားကျနေပြီး နေရထိုင်ရ အဆင်ပြေအောင် မေမေက ဟိုပြင် ဒီချဲ့နဲ့ပဲလေ။
အိုး…အိပ်မက်မှမဟုတ်ခဲ့တာဘဲ။ ဒါကို မင်းပဲအသိဆုံးပါ။ ကိုယ့်ကိုယ်ကိုလှည့်စားဖို့ မကြိုးစားချင်စမ်းပါနဲ့ မေမွန်ရယ်။
မေမွန်ကခေါင်းကို ဆက်ခနဲခါပြီးအတွေးစကို ဖျောက်ဖျက်ပစ်ရတယ်။ ဖြန့်ထားတဲ့ မေမွန့် ဆံပင်တွေ ဟာ ကျောတစ်ပြင်လုံး ဖွာခနဲကြဲသွားတယ်။ လက်နှင့် အသာတင်ပြီး ပခုံးတစ် ဘက်ကို ပြန်ဆွဲယူပြီး ရှေ့ပို့ထားလိုက်မှ လည်ကုပ်ရှင်းသွားတော့တယ်။
ဦးကိုအကြောင်း မတွေးမိအောင် မေမွန်ဘယ်လို အာရုံပြောင်းပစ်ရပါ့မလဲ။
မေမွန်ထိုင်နေတဲ့ ခွေးခြေကလေးကို နေရာနည်းနည်း ရွှေ့လိုက်တယ်။ မွန်းလွဲ နေ ရောင် ဟာအိမ်ရှေ့မြေနီလမ်းဆီကနေ ကျူးကျော်ပြီး မေမွန်တို့ ခြံဝင်းထဲကို ရောက်လာပြီလေ။
ဧည့်ခန်းထဲက မေမေနဲ့ ကိုကိုတို့ရဲ့ ငြင်းခုံသံ၊ ရယ်မောသံသိုးသိုးသဲ့သဲ့ကြား ရ တယ်။ မေမေ က ဗျစ်တောက်ဗျစ်တောက် ရွတ်မြည် ဆူပူတတ်လွန်းတော့ မေမွန်တို့သားအဖ တစ် တွေ က သူ့အနားသိပ်မကပ်ကြဘူး။ ကိုကိုပဲ နားထူသည်းခံနိုင်တယ်။ မေမေကလည်း သူ့သားကြီး ကိုတော့ သိပ်မြည် တွန်တောက်တီး မနေလို့ပေါ့လေ။ သူ့သားကို သူအတော် အလေး စိတ်တိုင်းကျ ပေတာကိုး။ ပြီးတော့လည်း သနားချစ်လည်း ရောယှက်တယ်ထင်ပါရဲ့ ။ သား ယောက်ျားလေးရယ် လို့ တန်ဖိုးထားတာလည်း ပါမှာ ပေါ့လေ။
အိမ်ရှေ့လမ်းနီကလေးပေါ်မှာ လူတွေ သွားလာ ၀င်ထွက်တုံ့ခေါက် လျှောက်နေ ကြတာကို မေမွန်မြင်ပါတယ်။ ပိတ်ထားတဲ့ ၀င်းတံခါးက ပန်းနွယ်တွေ ဟာ အတော် စိမ်းအုပ်သန် စွမ်းပြီး မေမွန့် ခေါင်းပေါ်က ခေါင်မိုးပေါ်အထိ လိမ်ယှက်တက်နေပြီ။ ဒီတော့ လမ်းသွားလမ်းလာ တွေ က မေမွန့်ကို သဲသဲကွဲကွဲ မမြင်သာဘူးပေါ့။ မေမွန်ကလည်း မျက်လုံးရှိနေလို့သာ မျက်စိက မြင်တာပါလေ၊ ဘာရယ်ညာရယ်ဘာမှလည်း အာရုံမငြိလိုက်ပါဘူး။
အုတ်နံရံဘေးမှာ မေမွန် တစ်ယောက် တည်း ထိုင်နေ ငိုင်နေငေးနေတဲ့အချိန်. . . ။
ကဲ. . .ဦးကို ဘယ်ရောက်နေလဲ။ ဦးကိုဘာလုပ်နေမလဲ။
သူ ဆေးရုံမှာ အချိန်ပြည့် နေလေ့ရှိတဲ့သူမဟုတ်လား။ သူ့ဆီက စာတွေ ရနေတုန်း က၊ သူပြောင်းရွှေ့သွားစတုန်းကပေါ့လေ၊ အဲဒီ တုန်းက ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေ သုံးချိန် ပေါ့။ မနက်ပိုင်းတွေ တော့ သူ ဂေါက်သီးရိုက်သွားတယ်။ ညပိုင်းတွေ ကျတော့ သူဆေးရုံသွားပြီး `ရောင်းဒ်´ တယ်တဲ့။ သူက လူနာနဲ့ ကင်းပြီးမနေနိုင်တဲ့ဆရာဝန်စားမျိုး။ ရုံးပိတ်ရက်ဆေးရုံတာဝန် အားလပ်ရက်တွေ မှာ တောင် ဆေးရုံသွားချင်တတ်တာ သူ့စရိုက်ပဲလေ။
ဟော…ကြည့်။ မေမွန်တော့ ဒုက္ခပါပဲ။
ဦးကိုဆိုတဲ့ လူ တစ်ယောက် ကို အသည်းနှလုံးထဲကထုတ်မပစ်နိုင်တောင် အတွေး ထဲက ထုတ်ပစ်နိုင်ဦးမှပေါ့။
မေ့ပစ်လိုက်ရင်ကော…။
ဒါတော့ မ ဖြစ်နိုင်တာပဲရယ်…။
မေမွန် ဘယ်လိုလုပ် မေ့ပစ်နိုင်မတဲ့လဲ။
မေမွန် ဘ၀ကို ကတိမ်းကပါး သွက်သွက်ခါအောင် မွေ့ယမ်းပစ်ခဲ့တဲ့သူကို မေမွန် ဘယ်မေ့နိုင်ပါ့မလဲ။
သူ့ကိုမစဉ်းမစားနဲ့တော့ကွယ်။
သူဆိုတဲ့လူ မေမွန်မှာ မရှိခင်က၊ သူနဲ့ မေမွန်မတွေ့ ခင်က၊ အဲဒီ တုန်းက အကြောင်း တွေ ကိုပဲ စဉ်းစားမှပေါ့။
မေမွန့်ဆီက တစ်ဆိတ်ကလေးအဝေးကို ထွက်သွားလိုက်စမ်းပါ ဦးကိုရယ်…
ဒီနှစ် ခန်းတွဲ တိုက်ခန်း မရခင်က မေမွန်တို့ဘွားဘွားရဲ့ အိမ်မှာ နေရတယ်။
ဘွားဘွားရဲ့ အိမ်က ကမ္ဘာအေးလမ်းမကနေ လမ်းကြားထဲ သုံးလေးအိမ်ဝင်လိုက် ရင် ရောက်လာတာပါပဲ။
မေမေ့ အဖေ ဘိုးဘိုးက အဲဒီ အိမ်မှာ ဗိုလ်တကာ့ဘုရင်လေ။ မေမေ့မောင်နှမတွေ အားလုံးလည်း အဲဒီ ၀င်းထဲမှာ ပဲ အိမ်ဆောက်နေကြတယ်။ ၀မ်းကွဲတွေ ရောပေါ့။ အားလုံးပေါင်းရင်၊ အင်း… ၀ါးအိမ်တိတိရှိတယ်။
ရှုပ်ကုန်ပြီ ထင်တယ်။
ဒီလို…ဒီလို
ဘွားဘွားရဲ့ အိမ် ကတော့ ဘွားဘွားရဲ့ အိမ်ပေါ့။ ခြံကြီးကအမွေဆိုင် ဖြစ်နေတာ။ ဘွားဘွား တို့ မောင်နှမတွေ အမွေရထားတာ။ ဘွားဘွားက ပစ္စည်းမယူဘဲ အိမ်ကို ယူထားတယ်။ သူ့တူနဲ့တူ မတွေ (ဘွားဘွားရဲ့ အစ်ကိုနဲ့ အစ်မ မွေးတဲ့သားချင်းတွေ )လည်း ဒီခြံထဲမှာ ပဲ အိမ် ဆောက်ကြ တယ်။ တစ်ခါ မေမေ့ အစ်ကို အိမ်ထောင်ကျ ပြန်တော့လည်း ဒီခြံထဲမှာ ပဲ ဆောက်ပြန် ရော။
မေမေ့အစ်မက ဘွားဘွားရဲ့ အသည်းကြော်လေ။ သူ့မိသားစုရော မေမွန်တို့တစ် တွေ ပါ ဘွားဘွားရဲ့ အိမ်မှာ ကပ်နေကြတယ်။ မေမွန်တို့ ဦးလေး ကတော့ လူပျိုကြီးမို့ဘွားဘွားက ရင်အုပ် မကွာပြုစုစောင့်ရှောက်ဆဲပဲ။ မွေးရာပါ နှလုံး ရောဂါ လည်း ရှိရှာတယ်။
ဘွားဘွားရဲ့ အိမ်ဆိုပေမယ့် ဘွားဘွားခမျာ မီးဖိုချောင်ထဲမှာ ပဲ သြဇာကိုက်တာပါ။ ဘိုးဘိုးက နေရာတကာ သြဇာသီး သီးတဲ့လူ၊ အသက်ပဲ ရှစ်ဆယ်နီးလာပြီ။ ဟိုတုန်းကအတိုင်း သစ်တောဝန် မာန် တစ်ပြားသားမှမလျှော့ဘူး။ (သြဇာသီးသီးတယ်ဆိုတာ အာဏာပြဆရာကြီး လုပ်တာကိုမေမွန် တို့သရော်ပြီး ပြောတဲ့စကားလေ၊ နားလည်တယ်မဟုတ်လား။
ဘွားဘွားရဲ့ သားကြီး (မေမွန်တို့ဘကြီး) က ကန်ထရိုက်ကြီးဆိုတော့ လက်ဖျားငွေ သီးတယ်လေ။ ဒါကြောင့် သူကတစ်အိုး တစ်အိမ်ထူထောင်ပြီးနေတယ်။ သူ့မိန်းမကလည်းကြီးကြီး (မေမေ့အစ်မ)နဲ့မတည့်ဘူး။ ဘာကြောင့် ရယ်မဟုတ်ဘဲ တွေ့ စကတည်းက မတည့်ဘူးပဲတဲ့။
ကြီးကြီးရဲ့ ယောကျာ်းက ဗိုလ်ချုပ်ဈေးမှာ စိန်ရွှေရတနာဆိုင်ရှိတယ်။ မေမွန် နားစွန်နားဖျား ကြားဖူးတာတော့ဘကြီးဇော်က ရွှေကျိုကို အဓိကလုပ်တာတဲ့။ အပေါင်လည်းခံ တယ်ဆိုလားပဲ လေ။ သူက အရင်းအနှီး များများ လိုပြီး၊ ကြီးကြီးကလည်း ဘွားဘွားနားက မခွာနိုင် တော့ အိမ်မခွဲ ကြဘူးပေါ့။ ဘွားဘွားနည်းတူ ကြီးကြီးလည်း လင်ဦးစားပေး၊ လင်ကိုးကွယ်တဲ့ မိန်းမ စားမျိုးဆိုတော့ ယောက္ခမအိမ်တက် သမက်သဖွယ် မျက်နှာမငယ်ရဘူး။ ဘကြီးက ဘီလူးစည်း လူ့စည်းသိပြီး ဘိုးဘိုးနဲ့ထိပ်တိုက်ရင်မဆိုင်တော့ ပြဿနာ လုံးဝမရှိဘူး။
မျက်နှာငယ်ရတာ က မေမွန်တို့ ဖေဖေလေ။ အရာရှိတော့ ဖြစ်လာပါရဲ့ ။ ၄၅၀ စကေးနဲ့ ဆယ်နှစ် မကနေခဲ့ရတာ ။ သူ့ခမျာလည်း ဘိုးဘိုးနဲ့ ဝေးရာမှာ ပဲ နေတယ်။ ရှောင်ရင်း ရှောင်ရင်း လုံးဝကို စကားမပြောတော့ဘူး။ ရယ်စရာလည်းကောင်းရဲ့ ၊ စိတ်ညစ်စရာလည်း ကောင်းရဲ့ ။
ဖေဖေ ၈၀၀ စကေးရလာပြီးသိပ်မကြာခင်မှာ ပဲဒီရန်ကင်းနှစ် ခန်းတွဲ ကိုရတယ်။ သူ့ နာမည် သူ့လျှောက်တွေ နဲ့ နေခွင့်ရတာ ဆိုတော့ သူသိပ်သဘောကျတယ်။ သူ အိမ်ဦးနတ်ပေါ့။
နှစ် ခန်းတွဲ ကိုပြောင်းရတာ ဖေဖေသိပ်ပျော်တယ်။ မေမွန်တို့လည်းပျော်တာပဲ။ ၀မ်းကွဲတွေ ကြားမှာ မေမွန်တို့က သူတို့လိုမှ မ၀တ်နိုင် မစားနိုင် မသုံးနိုင် မဖြုန်းနိုင်ဘဲဟာ။ အားကျ လို့ ၀မ်းနည်းလို့ မဟုတ်ပေမယ့် သူတို့နဲ့သီးခြားနေရတာ ပိုပြီး လွတ်လွတ်လပ်လပ် မရှိပေ ဘူးလား။
ဘိုးဘိုးရဲ့ ကား ဘကြီးရဲ့ ကားကို သွားစရာရှိလို့ ကပ်စီးကြရရင် နေရာပိုပါမှ၊ နေရာပို ပြန်တော့သူတို့ မထိုင်ချင်ဆုံးနေရာမှ (ဥပမာ- လေလုံတဲ့အလယ်ကောင်တို့၊ ဒါမှမဟုတ် ဘကြီး ဇော်ရဲ့ နောက်ပိတ်ဖယ်မလီယာဗင် ဆိုရင်ပစ္စည်းတင်တဲ့ နောက်ခန်းထဲပေါ့။)
ခုတော့ အဲဒီ တုန်းကလိုမကျပ်တည်း မျက်နှာမငယ်ရတော့ဘူး။ ကိုယ့်အိုးကိုယ့်အိမ် နဲ့။ ဖေဖေ မဲပေါက်တဲ့ ဘီခြောက်ရာညနံပါတ်ကလေးနဲ့။ တယ်လီဖုန်းလည်း ရှိပြီလေ။
ဝင်းတံခါးမှာ `ဦးစေဦး´လို့ဆိုင်းဘုတ်ကလေးချိတ်ထားနိုင်တာကိုက အားမာန် တစ်ခု မဟုတ်လား။
ဖေဖေနဲ့ယူစက မေမေဟာတောင်မရလိုက်တဲ့ မလိမ်မိုးမလိမ္မာ ဆယ်ကျော်သက် ကလေးပါ တဲ့။ စားဝတ်နေရေး ကျပ်တည်းမှု ရေး စီးကြောင်းထဲမျောပါရင်း တစ်နေ့တခြား ရင့်ကျက် လာလိုက်တာ၊ ခုတော့မေမွန်တို့ မောင်နှမတွေ ကိုကြွားကြွားဝင့်ဝင့် မဟုတ်ပေမယ့် တင့်တင့် တယ်တယ် ပျိုးထောင်နိုင်ခဲ့ပြီ။
မေမွန်တို့ ညီအစ်မက ရန်ကုန်မှာ ပဲမွေး၊ ရန်ကုန်မှာ ပဲကြီးပြင်းလာကြတာတော့ ဟုတ်ပါပြီ။
ကိုကို့ကျ ဒီလိုမဟုတ်ဘူး။
ကိုကို့နာမည် မောင်ဖုန်းမြင့်ဆိုတာက ဖေဖေစိတ်ကြိုက် ရွေးမှည့်ထားတာ၊ မေမွန် တို့ကို မေမေကနာမည် ပေးတာလေ။ (ကိုကို့ကျမှ ဖေဖေ ခြယ်လှယ် နိုင်တော့တာ။ သူ့ကိုမြန်မာ ပြည်မြောက်ပိုင်း နယ်စပ်မှာ မွေးတာတဲ့။ ကိုကို့ အဖေကအသားမည် မည်း မျက်လုံးမျက်ဖန် ကောင်း ကောင်းပေမယ့် သူကအမေဘက်နွယ်ပြီးအသားဖြူဖြူမျက်လုံးမှေးမှေးကလေး ဖြစ်နေတယ်။ ကိုကို ဟာဖေ့ဖေ့ အချစ်ဆုံးသူငယ်ချင်းရဲ့ သား၊ ဒါကို ဖေဖေနဲ့မေမေက အလုံခြုံဆုံး ဖုံးဖိသိုဝှက်ကြတယ်။ ဒါပေမယ့်မေမွန်တို့ ညီအစ်မကလည်းသိနေတာပဲ။ ဘယ်လိုသိမှန်း သေချာမစဉ်းစားတတ်တော့ ပေမယ့် သိတော့သိနေတယ်။ မေမေ့အမျိုးတွေ က အမှတ်တမဲ့ပြောကြဆိုကြတာကို မေမွန်တို့ ညီအစ်မဆက်စပ်မှန်းဆယူကြတယ် ထင်ပါရဲ့ ။ မိဘတွေ ရှေ့မှာ မေမွန်တို့မသိဟန်ဆောင်နေကြ တယ်။။ ကိုကို့ရှေ့မှာ ပိုပြီးတောင် ဟန်ဆောင်ကြသေးတယ်။ ခက်တာကမေမွန်တို့သိတယ် ဆိုတာ ကို ဖေဖေနဲ့မေမေကလွဲလို့အားလုံးကပဲရိပ်မိတယ်။ အားလုံးထဲမှာ ကိုကို အပါအ၀င် ဖြစ်နေတာ ကြောင့် မေမွန်တို့ စိတ်မကောင်း ဖြစ်ရတယ်။ သူ့ကိုကျိတ်ပြီး ချီးမွမ်းမိသလို သနားလည်း သနား ရတာ ကတော့ ကိုကိုဟာ မသိလိုက် မသိဘာသာ မှင်သေသေ နေတတ်လွန်းလို့ပါပဲ။ ဘိုးဘိုး တို့အိမ်ကနေ ဖေဖေခွဲထွက်ချင်တဲ့ အကြောင်းတရားတွေ ထဲမှာ ကိုကို့ကို အမွေစားအမွေခံ မွေးစား တဲ့ ကိစ္စနဲ့အများ ဆုံးသက်ဆိုင်တယ်။ ဘိုးဘိုးတို့မှ သဘောမတူတာကိုး။
ပြောင်းရွှေ့ခါနီး မေမွန်တို့ မိသားစုရွှင်မြူးတက်ကြွနေချိန်မှာ ကိုကို ဘာကြောင့် မျက်နှာ ညှိးနွမ်းနေခဲ့တာလဲ။ သူ့ကြောင့် ပြောင်းရွှေ့ရတယ်ဆိုပြီး စိတ်မကောင်းလို့ပေါ့နော်။
ဘယ်လို ဖြစ် ဖြစ်လေ၊ ကိုယ့်အိုးကိုယ့်အိမ်နဲ့သီးခြားနေရတာ ကို မိသားစုတစ်တွေ သိပ်ကို ပျော်ကြတာပဲမဟုတ်လား။
အထူးသဖြင့် ကိုကိုဟာ ကမ္ဘာအေး အိမ်တုန်းကထက်ပိုပြီး ရဲရဲဝံ့ဝံ့ သွက်သွက် လက်လက် ဖြစ်လာတယ်။ သူ့ကိုယ်သူယုံကြည်စိတ်ချမှု တွေ ရှိလာပုံပါပဲ။
ကိုကိုက မေမွန့်ထက် အသက်နှစ် နှစ် နဲ့၊ ကိုးလနဲ့ ဆယ့်တစ်ရက်တိတိ ကြီးတယ်။
သူက ငယ်ကတည်းက သေးသေးကွေးကွေး လူဖလံလေးရယ်။ (သူ့အဖေ ငှက်ဖျား မိပြီး ဆုံးသွားတဲ့နောက်ပိုင်း သားအမိအတော် ကလေးကသီကရီနွမ်းပါးကြတယ်လို့ ကြားဖူးသလိုပဲ။ သူ့အမေဘယ်ရောက်နေလဲဆိုတာတော့ မေမွန်တို့မသိဘူး။ မေမေ့အမျိုးတွေ လည်း သိတော့ ပုံမ ပေါ်ဘူး။ နောက်အိမ်ထောင်ပြုမှာ မို့ ကိုကိုကလေးကို ဖေဖေကသွားခေါ်လာတယ်ဆိုလား။ အဲဒီ နောက် ကွင်းဆက်ပြတ်ကုန်တာပဲ။ သားလိုချင်တဲ့ဖေဖေတို့ကိုယ်တိုင် ကွင်းဆက်ဖြတ်တောက် လိုက်တာ လည်း ဖြစ်နိုင်တာပဲ။ ကမ္ဘာအေးအိမ် ရောက်ရင်လည်းဆွေမျိုးတွေ ဟာ အရွယ်ရောက် လာပြီး ဖြစ်တဲ့ မေမွန်တို့ညီအစ်မ မကြိုက်မှန်း သိတာက တစ်ကြောင်း၊ သူတို့ဘာသာလည်း မာ ကားသိတော့တာလည်း ပါမှာ ပေါ့။ ကိုကို့ အတိတ်ဇာတ်လမ်းကို သူတို့တစ်တွေ တူးဖော် မွှေနှောက် မနြေ ကတော့ပါဘူး။) လူ့ကောင်သေးသေးကွေးကွေးနဲ့ ကိုကိုဟာအရပ်ငါးပေ လေးလက်မစီရှိ ကြတဲ့ မေမွန်တို့ညီ အစ်မထက် မြင့်လှရင်တစ်လက်မပေါ့။ ဖေဖေ့ နံဘေးမှာ များ ဆိုရင်ကိုကိုဟာ ခေါင်းတစ်လုံးစာလောက်ပိုနှိမ့်နေတာ။
ငါ့သားက ငါနဲတူလို့ပါဆိုပြီး မေမေက ဖာဖာထေးထေးပြောတတ်တယ်။ မေမေက ပုတာတစ်ခုပါပဲ။ ၀၀လုံးလုံးကလေးနဲ့ အသားကလည်း ညိုတယ်။ ကိုကိုနဲ့ ဘယ်နေရာမှ မတူပါ ဘူး။
ကိုကိုက ဆံပင်တော့သန်တယ်။ မျက်လုံးမည်းမည်း ထူထူကြီးတွေ နဲ့ မေးရိုးလည်း မြင့်တယ်။ မျက်နှာထားတည်တယ်။
သူ့ဆံပင်တွေ ကို ခပ်ရှည်ရှည် ထားတော့ ခေါင်းပေါ်မှာ ပွပြီး အုပ်အုပ်ဆိုင်းဆိုင်းကြီး ဖြစ်နေတယ်။ အနည်းဆုံးနှစ် လက်မလောက်တော့ အရပ်ပိုမြင့်သွားတာပေါ့။
သူ့သားရေး ညှပ်ဖိနပ်အမည်းကလည်း အော်ဒါမှာ ချုပ်ထားသလား မသိဘူး။ တစ် လက်မခွဲ လောက်မြင့်တယ်။
ရှပ်အကျီလက်ရှည်အမြဲဝတ်တယ်။ပခုံးတစ်လက်မလောက်တွဲ ကျနေမှ သူကသဘောကျတာ။ အစပါးပါး ပျော့ပျော့မ၀တ်ဘူး။ လက်နဲ့စွပ်ကျယ်ပဲ ၀တ်တယ်။ အဲဒါ သူ့ပခုံး ကျယ်အောင်လို့ဟဲ့ မမရဲ့ လို့စုက ကျိတ်ပြီး ဟားလေရဲ့ ။
သူ့ရှေ့မှာ တော့ မေမွန်တို့က အစ်ကိုကြီးအရာထားပြီးလေးစားကြရတယ်။ မလေး စားလို့လည်း မ ဖြစ်ဘူးလေ။ သူက လေးစားအောင်ကို သိပ်အထာကိုင်တာ။။ သိပ်ကိုဆရာ လုပ်တဲ့ကိုကို။ သူ့ကွယ်ရာ သူမကြားလောက်ရင်တော့ သူ့ကိုသြဇာသီးလို့ပဲ ခေါ်ပစ်ကြတာပါပဲ။
သူ့ရုံးအလုပ်ကလွဲရင် ဘာကိုမှ စိတ်မ၀င်စားတဲ့ ဖေဖေ့ကြောင့် ပဲ ကိုကိုဟာ ယောက်ျားတို့ တတ်အပ်သော အိမ်မှု ပညာတွေ ကို အတော် စောစောစီးစီး တတ်မြောက်ခဲ့ရတယ် ထင်တယ်။ မီးဖြူ(စ်)ပြန်ဆက်၊ မီးဖို၊၊ မီးပူ နာရီ ကတ်ဆက်ပြုပြင်၊ တော် ရုံတန်ရုံဆို ဆိုင်မပို့ရဘူး။ အကူအညီ မခေါ်ရဘူး။ ကားဆီပျောက် မီးပျောက် လောက်များ ကိုကိုဟာဖေ့ဖေ့ထက် အလျင် စောပြီး တတ်နေပြီ။ ဖေ့ဖေ့ဒရိုင်ဘာကိုသင်ခိုင်းရင်း ဖေဖေ့ကားကိုလည်းဖေဖေ ထက်အလျင် သူကမောင်း တက်နေပြီ။
သူငယ်ငယ်က မေမွန်တို့ စူဇီတို့ကို ကြည့်ရ ထိန်းရတယ်။ အထူးသဖြင့် စူဇီကိုပေါ့။ ထမင်းခွံ့၊ ရှူရှူတယ်အထိလုပ်ရတယ်တဲ့။ မီးဖိုထဲ ကြက်သွန်ခွာ၊ အာလူးခွာ၊ ဟင်းရွက်ခြွေ၊ အမှိုက် သွန်တာတွေ ဟာ ကိုကိုရဲ့ အမြဲတမ်းအလုပ်တွေ ။ တံမြက်စည်းလှည်း၊ ကြမ်းတိုက်လည်း သူနဲ့ မကင်းဘူး။
မေမေ့ကို ၀ိုင်းကူရင်း စာကျက်ချိန် နည်းရလို့တော့ ကိုကိုအမှတ်မကောင်းတာ မဟုတ်ပါဘူး ထင်တယ်။ သူကိုက စာကျက်ပျင်းတယ်။ သင်္ချာလည်း ညံ့တယ်၊ မြန်မာစာတော့ စာဖတ်များ လို့လားမသိဘူး၊ တော် တယ်။ ဆယ်တန်း နှစ် နှစ် နေရတာ ကလွဲလို့ သမိုင်းနဲ့ဘွဲ့ ရလာ တယ်လေ။
ကိုကို့အကြောင်း ပိုစုံသွားအောင်ဖြည့်ပြောရရင် အလုပ်ခွင်မှာ အလုပ်ကြိုးစား တာရယ်။ အိမ်မှာ စာတစ်အုပ်နဲ့ အသံမကြား တိတ်ဆိတ်နေတာရယ်။ လခပြန်အပ်လိုက်ရင် မေမေ့ အပေါ် တာဝန်ကျေလှပြီ ထင်နေတာရယ်။ ဒါတွေ ဟာဖေဖေ့ ၀ိသေသလက္ခဏာတွေ ပဲလို့ မေမေ တဖွဲနွဲ့ ထေ့ငေါ့လေ့ရှိတယ်။ နောက်တစ်ခု အံ့သြစရာကောင်းတဲ့ အကျင့် ကတော့ လူကောင်ကြီး သလောက် ဖျားရင်နာရင် ညည်းညူမဆုံးဘူး။ ဆေးထိုးခံရမှာ လည်း သိပ်ကြောက်။ သူအကြောက် ဆုံး ကတော့ကြွက်စုတ်ပဲ။ ကြွက်စုတ်တွေ့ ရင် အော်ဟစ်ခုန်ပေါက်ပြီး အနီးဆုံးခုံတွေ စားပွဲတွေ ပေါ် ပြေးတက် တတ်တာမို့ မေမွန်တို့ရယ်ရပြီး မေမေစိတ်တိုရတယ်။
ကဲ…မေမေ။ မေမေဟာ အပျိုတုန်းက စကားလည်းနည်း၊ ရိုးရိုးအေးအေးလည်း နေတတ်ခဲ့ တယ်လို့ ဘွားဘွားက ၀မ်းနည်းသလို တမ်းတတတ်တယ်။ သန့်ခမျာ ပင်ပန်းတယ်လို့ အခွင့်အခါ သင့်ရင် ပါအောင် ထည့်ပြောတတ်တယ်။ ဖေဖေညံ့လို့ မေမေစီးပွားရှာရတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြောတယ်ဆိုတာ ဓာတ်သိတိုင်း နားလည်တယ်။
ကောင်းရောင်းကောင်းဝယ်ပဲ ငွေရှာတာပါ။ လူသန့်စိတ်သန့်ပါပဲလို့ မေမေက ဖေဖေ ရှေ့မှာ ဖြေရှင်းသလိုလို အယူခံဝင်သလိုလို ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့လိုလို ပြောလည်း ပြောတတ် တယ်။ (မေမေ့ နာမည် က လုံးဝ မထည့်ပါဘူး) မေမေ့ အရောင်းအ၀ယ် ကိစ္စတွေ က အပေါင်းအ သင်း များ တယ်။ အဲဒီ တော့ သာရေး နာရေး လက်မလွတ်စေရဘူးလေ။ သံရုံးဧည့်ခံပွဲတွေ ကို လည်း ပေါင်းသင်းဆက်ဆံရေး ဆိုပြီး မေမေအ၀င်အထွက်ရှိတယ်။ ဒါကိုဖေဖေ မကြိုက်ဆုံးဘဲ။ တိုးတိုး ကျိတ်ကျိတ်၊ တစ်ခါတလေ စီခနဲ ညံခနဲသူတို့စကားများ ကြရတယ်။ အင်္ဂလိပ်လို မေမေက ကတ်ကတ် ကတ်ကတ်နဲ့ ရန်တွေ့  ဖြေရှင်းရင်း မဆုံးနိုင်တဲ့အခါ မေမေ့လို အင်္ဂလိပ်စကား မကျွမ်းကျင်၊ ဗမာလို့ လည်း လေးလုံးမကွဲတဲ့ ရေခဲတုံးကြီး ဖေဖေက `ရှပ်တ် အပ်ပ်´လို့ တစ်ခွန်းတည်းကြုံး အော်တာပဲ။ မေမေက သားသမီးတွေ ကိုတောင် ရှက်တတ်သေးတာ။ ပတ်ဝန်းကျင်ကြားမှာ ပိုရှက် တော့မပေါ့။ အများ အားဖြင့် တိတ်ဆိတ်ပွဲသိမ်းသွားတတ်တယ်။
မဟုတ်လည်းစူဇီပါလာမယ်လေ။ ဖေဖေလည်းတော် တော့ မေမေကလည်း ရှင်းပြ ပြီးပြီပဲ၊ သွားနားချည်တော့လို့ အချိုသတ်ပြီး စစ်ပွဲသိမ်းခိုင်းမယ်။
စုနာမည် က စုစုစိမ်းတဲ့။ သူ့ဘာသာပေးထားတဲ့ အင်္ဂလိပ်နာမည် က စူဇီ။ သူက မေမေ့လိုပဲ ပေါင်းသင်း ဆက်ဆံရေး တော် တယ်၊ သွက်လည်းသွက်၊ ထက်လည်းထက်၊ အင်္ဂလိပ် စကားကို မွတ်နေအောင်ပြောတတ်တယ်။ ကိုကိုနဲ့ မေမွန်က သူ့ကို `ဒစ်ရှင်နရီ စု´လို့ခေါ်ကြတာ။ အင်္ဂလိပ် မြန်မာ အဘိဓာန်ကလေးပေါ့လေ။ အချိန်ကုန်ခံမနေတော့ဘဲ နားမလည်တဲ့စာလုံး ဆိုသူ့ပဲမေးလိုက် တော့တယ်။ သူကစီးပွားရေး တက္ကသိုလ်မှာ သရုပ်ပြဆရာမ ဖြစ်နေပြီ။ ဘွဲ့လွန် လည်းတတ်နေပြီ ပေါ့။ စုရဲ့ နာမည် ကို ကြိုက်သလို၊ ရောက်လေရာ စိတ်ဝင်စားခံရတဲ့စုရဲ့ အမူ အကျင့်ဟန်ပန်အား လုံးကို မေမွန် သဘောကျတယ်။
မေမွန့်နာမည် မေမွန်မွန်ဆိုတာကြီးကိုတော့မကြိုက်ပါဘူး။ ပြောရမှာ ရှက်သလိုနဲ့။ စုနဲ့ရုပ် ချင်းဆင်ပါတယ်လို့ပြောကြပေမယ့်စုလို ဆွဲဆောင်မှု မရှိဘူးထင်ပါရဲ့ ။ မေမွန်ကလေ ကိုယ့် အမည် လည်း ကိုယ်မကြိုက်၊ ကိုယ့်ရုပ်ရည်ကိုလည်း ကိုယ်မကြိုက်။ ရွေးချယ်လာတဲ့ အသက်မွေး ၀မ်းကျောင်းလမ်းခရီးကိုလည်း မြတ်မြတ်နိုးနိုး မရှိတဲ့သူပါ။
မေမွန်ဟာ စက်ရုပ်တစ် ရုပ်လို သံပတ်ပေးသလို လှုပ်ရှားတတ်တဲ့သူပဲထင်တယ်။
အမှတ်ကောင်းလို့ ဆေးကျောင်းတက်ပါလို့ မေမေက တိုက်တွန်းလို့ ဆရာဝန် ဖြစ် လာတာ။ မေမွန့်ရည်မှန်းချက်ကိုဖျက်ပြီး ကိုယ်ကျိုးစွန့်ခဲ့ရတယ်လို့ စီးစီးပိုးပိုး အသားမယူသာတာ က မေမွန့်မှာ သတ်သတ်မှတ်မှတ် ရည်မှန်းချက်မှ မရှိခဲ့တာ။
မေမွန့် တစ်သက်လုံး အရေး ကြီး နေခဲ့တဲ့ ပြဿနာဟာ ရယ်စရာ ကောင်းလောက် အောင်ကို အနှစ် မဲ့တာပဲ။ ဒီလိုတွေးတတ်လာတာကိုက ဘာမှမကြာသေးဘူးလေ။
မေမွန်က အတန်းတစ်ခုတက်တိုင်း အမှတ် အများ ဆုံးရဖို့ ဖြစ်နိုင်ရင် ဂုဏ်ထူးတွေ ထွက်ဖို့ပဲ အရေး ကြီးခဲ့တာ။
မှတ်မိသေးတယ်။
အမှတ်ရချင်လွန်းတဲ့ မေမွန်ကြောင့် ကိုကိုစိတ်ညစ်ရဖူးတာကော။
ရယ်စရာကောင်းတယ်နော်။
မေမွန်တတိယတန်းတုန်းကပေါ့။
ကိုကိုလည်း တတိယတန်းပဲ။ (မေမွန် ငါးနှစ် သမီးလောက်ကမှ ကိုကို့ကို ရှမ်းပြည် ကနေ ဖေဖေသွားခေါ်လာတာ ဖြစ်မယ်။ ဖြူဖြူသေးသေးကောင်လေးကို ဒါ မေမွန်တို့အစ်ကိုလို့ မေမေတို့ မိတ်ဆက်ပေြး ကတော့ မေမွန်အံ့သြ ၀မ်းသာနေခဲ့တယ်လေ။ ပြီးတောသူ့ကို မေမွန် နဲ့တူတူပဲ ကျောင်းအပ်ရတာ ပေါ့။ လမ်းပန်းအဆက်အသွယ် မကောင်းလို့ သိပ်မကျန်းမာတဲ့။ ကိုကို့ ကို ဆရာဝန်လက်ထဲမှာ မွေးပြီးစကတည်းကထားခဲ့ရတယ်ဆိုတဲ့ မရေမရာ ဖြေရှင်းချက်ကို မေမွန် တို့ကိုလက်ခံထားလိုက်တာပါပဲ။
အတန်းခွဲငါးခုရှိတဲ့အနက် မေမွန်ကအတော် ဆုံး အတန်း `အေကလပ်စ်´မှာ နေရ တယ်။ ကိုကိုက`ဒီ´မှာ ။ နင့်မောင်လေးလို့ မေမွန့် အတန်းဖော်တွေ က မသိဘဲရမ်းပြောတာကိုပဲ ကိုကိုက ရှက်လို့လေ။ မေမွန်တို့ အတန်းဘက်ကို သူဘယ်တော့မှမလာဘူး။ ကျောင်းဆင်းရင် မေမွန့်ကို လှေကား ရင်းကပဲစောင့်တယ်။
မေမွန်တို့ အတန်းတွေ က အပေါ်ထပ်မှာ ၊ စု ကတော့အောက်ထပ်မှာ ။
မေမွန်တို့ တန်းခွဲဆရာမ ဟာ တခြားတန်းခွဲတွေ လွှတ်ပြီး သလောက်ရှိမှ (ယမေဒစ် စမစ်) မင်းတို့သွားနိုင်ပြီလို့ ခွင့်ပြုတယ်။ ကျောင်းသူတွေ နှစ် ယောက် တစ်တွဲ အတန်းထဲကထွက်၊ ပြီးမှ ကျောင်းသားတွေ ထွက်။
အဲဒီ နေ့က ပညာရည်မှတ်တမ်း ကတ်ပြားရတယ်။ ပထမအစမ်းစာမေးပွဲမှာ `ဘီ´ တန်းခွဲက အောင်ဇေယျက မေမွန့်ကို နှစ် မှတ်နဲ့ ကပ်ကြောသွားတယ်။ ခါတိုင်းဆိုမေမွန် အများ ဆုံး ရေနေကျ။ ဒုတိယနေရာကိုသာ ကျန်တဲ့လူတွေ လုရတာ ပါ။
ဒီတစ်ခါကြည့်စမ်းပါဦး။ ကျောင်းပြောင်း လာတဲ့အောင်ဇေယျက ထိပ်ဆုံးရောက် သွားပြီ။
ပညာရည်မှတ်တမ်းကို မေမွန့်လက်ထည့်ရင်း ဆရာမ က မျက်မှော င်ကြုတ်ပြတယ်။ အတန်း သိက္ခာကျသွားပြီကွာ…တဲ့။
ကပ်ပြားကိုင်ရင်း မေမွန်လက်တွေ တုန်နေတယ်။ မေမွန့်မျက်လုံးတွေ မှု န်ဝါးပြီး ဘာမှ သဲသဲကွဲကွဲ မမြင်တော့ဘူး။
မျက်ရည်ကျရမှာ ရှက်လို့မေမွန် မငိုပါဘူး။ ခေါင်မိုးကို မော့ကြည့်ပြီး ပါးပေါ် မျက်ရည်စီးကျ မလာအောင် မျက်တောင် တဖျက်ဖျက် ခတ်နေခဲ့ရတယ်။
လှေကားရင်းမှာ ရပ်စောင့်နေတဲ့ကိုကို့ကို လှမ်းမြင်လိုက်တော့မှ မျက်လုံးအိမ်ထဲမှာ မျက်ရည်ဥကြီးတွေ သီးလာတော့တယ်။
သေးသေးလှီလှီကလေးရပ်နေတဲ့ ကိုကိုက စိုးရိမ်တကြီးနဲ့ တစ်ခုခုလှမ်းမေးမှာ ပဲလို့ မေမွန် ထင်နေခဲ့တာ။
အလကား ကိုကို။
မေမွန်မှ မျက်ရည်မကျရသေးခင် ဘယ်သူတွေ မြင်ကုန်ပြီလဲလို့ စိုးရိမ်တကြီး မျက်နှာ အပျက်ပျက်၊ ရှက်ကိုးရှက်ကန်းနဲ့ကိုကိုဟာ ဟိုဘက်ဒီဘက် လှည့်ကြည့်နေတယ်။
သူ့မျက်လုံးကျဉ်းကျဉ်းကလေးတွေ ထဲကမေမွန့်ကို အပြစ်တင်ချင်တဲ့ အကြည့်ကို ရိပ်ခနဲ မြင်လိုက်ရတော့ မေမွန့်ရင်ထဲမှာ အောင့်သွားတာပဲ။
မေမွန့်ရဲ့ မျက်လုံးတွေ ပူလာပြီး မျက်ရည်တွေ ခန်းခြောက်ကုန်တယ်။
ကျောင်းလွှတ်ချိန်မို့ အိမ်ပြန်ဖို့ တာစူနေကြပြီပဲ။ မေမွန့်မျက်ရည်ကို ဘယ်သူမှ သတိမထား အားသလို စိတ်ဝင်စားမှလည်း မဟုတ်ပါဘူး။
ဒါကိုပဲ ကိုကိုဟာ ကြံဖန်ရှက်နေတယ်။
စာမေးပဲမှာ အမှတ်နည်းလို့ အဆင့်ကျလို့ငိုချင်နေတယ်ဆိုတာ သူသိချင်မှ သိမှာ ။ သူ့အတန်းပိုင် ဆရာမ က ဘယ်သူ ပထမ၊ ဘယ်သူ ဒုတိယဆိုတာပြောလို့ သိချင်လည်း သိနေ မှာ ပေါ့။ ဒါပေမယ့် သူများ နဲ့များ ရန် ဖြစ်လာသလား၊ ချော်လဲသလား စုံစမ်းမေးမြန်းစေချင်တဲ့ မျှော်လင့်ချက် တွေ ဟာ ကလေးအရွယ်မေမွန်ရဲ့ ရင်ထဲမှာ ရှိနေခဲ့မှာ ပေါ့နော်။
ထိုနည်းတူစွာ ပဲ မေမွန်မသဲမကွဲခံစားလိုက်ရတာ ကတော့ မေမွန်က အားကိုးတိုင် တည်ချင်ပေမယ့် မေမွန့်ကိုကိုက အားမကိုးရပါဘူးဆိုတာပဲ။
သူ့ဟန် သူ့ပုံစံနဲ့သူက သိပ်စိမ်းကားတတ်တယ်။
သူက ရှေ့ကသွားတယ်။
မေမွန်က လွယ်အိတ်ကလေးလွယ်၊ ထမင်းဘူး ကလေးကိုင်ပြီး၊ သူနောက်က တိတ်တဆိတ် လိုက်လာခဲ့ရတယ်။
စုက သူငယ်တန်း။
စုကိုအတန်းထဲမှာ ည ထိုင်စောင့်နေဖို့ သူ့ဆရာမ က ခွင့်ပြုထားတယ်။ သူကျောင်း တက် အောင်မနည်းကြိုးချော့မော့အလိုလိုက်ထားရမှန်း သိနေတော့ နည်းနည်း အလို လိုက်ရတာ ပေါ့။
မေမွန်တို့ကို မြင်တာနဲ့ စုဟာ လွယ်အိတ်ကလေးကို လွယ်ကြိုးက စုကိုင်ပြီး အတန်းပြင် ထွက်လာတယ်။
ကိုကိုက စုရဲ့ လွယ်အိတ်ကို လှမ်းယူပြီး ဘယ်ဘက်ပခုံးမှာ သိုင်းလွယ်တယ်။ သူ့ လွယ်အိတ် ပါကျော်ဘက် တွန်းပို့ပြီး လျှောက်တော့ ခါးတောင် ကိုင်းချင်ချင်ပဲ။
စုက မြောက်ဆွ မြောက်ဆွနဲ့ ခုန်ပေါက် သီချင်းညည်းပြီး ကျောင်းကားဆီကို သွားတယ်။
ကိုကို ရှက်ပြန်ရော။
စုကို ကန့်ကွက်တားမြစ်တဲ့အကြည့်နဲ့ ကြည့်တယ်။
စုက နားမလည်ပါဘူး။ နားလည်လည်း ဂရုစိုက်မှာ မဟုတ်ပါဘူး။ သူလုပ်ချင်တာ သူလုပ်မယ့်သူပါပဲ။
ကျောင်းကားပေါ်ရောက်တော့ သုံးယောက် ခုံတန်းမှာ တွဲ ထိုင်ကြတယ်။ စုကပြတင်း ပေါက်နဲ့ ကပ်လျက် နေရာကို အမြဲယူတယ်။ စုကျောင်းမတက်တဲ့နေ့မှပဲ အဲဒီ နေရာကို မေမွန် ရတယ်။
မေမွန်က အလယ်မှာ ။ ကိုကိုက ဘေးစွန်းမှာ ပေါ့။
`နင့်`ရီပို့ကတ်´ပြ´´
ဗလာစာအုပ်ကြားက လက်တစ်လုံးလောက် ရှည်ထွက်နေတဲ့ ပညာရည် မှတ်တမ်း ကတ်ပြားကို ပြောပြောဆိုဆို သူဆွဲထုတ်လိုက်တယ်။
မေမွန်စိတ်တိုသွားတယ်။ (ကိုကိုစိတ်ဝင်စားလို့၊ ဂရုစိုက်လို့သာ ယူကြည့်တာပဲဆို တာကို မေမွန်ကြီးမှ နားလည်တတ်လာတာ။ အဲဒီ တုန်း ကတော့ စိတ်တိုတာပ။ဲ
``မကြည့်နဲ့ ပြန်ပေး´´
``ကြေ…ကြေ´´
ကတ်ဖဲ့ပြောရပေမယ့် ကတ်ပြားကလေး ကြေမှာ တော့ တကယ့်ကို စိတ်ပူသွား တယ်။
``အဆင့်တစ်က အမှတ်ဘယ်လောက်ပိုလို့လဲ´´
``ဘယ်လောက် ဖြစ် ဖြစ်´´
မေမွန် ကြွပ်ဆတ်ဆတ်ပြောတာလောက်တော့ ကိုကို မဖြုံပါဘူး။
`ရန် ဖြစ်မနေကြနဲ့ မေမေနဲတိုင်မယ်´လို့စုက ၀င်စွာ တယ်။
ပြီးတော့ သူကတ်ပြားကလေးကို ဆွဲထုတ် လိုက်တယ်။ မေမွန့်လို ယုယထားတာ မဟုတ် တော့ သူ့ကတ်ပြားက ခပ်နွမ်းနွမ်းခပ်ကြေကြေရယ်။
`ငါ အမှတ် တက်လာတယ် ကိုကို။ အမှတ်ပေါင်း နှစ် ရာကျော်သွားပြီ။ အဆင့်လည်းတက် တယ်။ ငါတို့ အတန်းထဲမှာ ည အဆင့်နှစ် ဆယ့်ခုနှစ် ၊ သိလား´
တကယ်ဆို အတန်းအားလုံးထဲမှာ ဘယ်လောက်လဲဆိုတာပြောရမှာ ။ မိစုက မပြောဘဲ လျှိုထားတယ်။ မေမွန်မှန်းခြေ အဆင့်နှစ် ရာနီးနီး ရှိမှာ ပါပဲ။
``ကျောင်းသားခြောက်ဆယ်ထဲမှာ နှစ် ဆယ့်ခုနစ်တဲ့´´
မေမွန်က မထိခလုတ် ထိခလုတ် ရေရွတ်လိုက်တယ်။
``ကလေးပဲ၊ ဒီလောက်ရ တော် ပါပြီ´´တဲ့ကိုကိုက။
မေမွန် မကျေနပ်နိုင်ဘူး။
ကိုကိုက စုဘက် ဘာလို့ လိုက်ရတာ လဲ။
``ကိုကို့ကတ်ပြား ပြစမ်းပါ´´
စုက လူကြီးလူတတ်လုပ်ပြီး ကိုကို့ ကတ်ပြားကို တောင်းတယ်။
ကိုကိုကသိပ်စိတ်ပါလက်ပါရှိဟန်မတူပေမယ့် မငြင်းမဆန်ထုတ်ပြတယ်။
``အဆင့် နှစ် ဆယ်တဲ့၊ ညံ့စ်´´
မေမွန် ရန်စွာ မိတယ်။
ကိုကို့ကို မနှိမ်ချင်ပါဘူး။ ဒါပေမယ့် စုအမိန့်ပေးသလိုနာခံနေတာကို ကြည့်မရဘူး။
``အဆင့်တစ် ရတော့လဲ ကတ်ပြားပဲ။ နှစ် ဆယ်ရတော့လဲကတ်ပြားပဲ။ စက္ကူကတ်ပြားချင်း အတူတူပါပဲနော် . . . ကိုကိုနော်´´
``လူနဲ့ မလိုက်အောင် စကားတတ်တဲ့ စုကို မေမွန်ကြည့်ပြင်းကတ်လာတယ်။ ဒီတစ်ခါ တစ်မရဘဲ နှစ် ဖြစ်နေရတာ ကိုလည်း ကိုယ်ဝမ်းနာ ကိုယ်သိပြီး စိတ်နုမိတယ်။
``အေးကွ။ ငါ့ညီမလေးပြောတာ သိပ်မှန်တာပဲ။ ကတ်ပြားချင်းအတူတူပါပဲ။
ကိုကိုက စူဇီ့လက်ထဲက ကတ်ပြားကိုလှမ်းယူတုန်း ဗြုန်းဆို မေမွန်က စိတ်လိုက် မာန်ပါ ဖတ်ခနဲ ပုတ်ချမိတယ်။
ဗျိ ခနဲ ဒေါင့်တန်း စုတ်သွားတော့မှ မေမွန်လန့်ပြီး တုန်သွားတာပဲ။
စုက အားခနဲအော်တယ်။
တခြား ကျောင်းသားတွေ လှည့်ကြည့်ကုန်တာပေါ့။
စုရဲ့ လက်ထဲမှာ တစ်ခြမ်း၊ ကိုကို့ လက်ထဲမှာ တစ်ခြမ်း။
``နင် သိပ်ဆိုးတာပဲ မမရာ၊ အရမ်းပဲ´´
စုက အပြစ်တင်လည်း
``စက္ကူပဲဟာ´´
မေမွန် တုံးတိ ပြောလိုက်တယ်။
``မေမေနဲပ တိုင်ပြော၊ သိလား ကိုကို´´
ကိုကို့ကို သူမြှော က်ပေးနေပြန်ပြီ။
``တိုင်တစ်လုံး တစ်မတ်´´
မေမွန်က ဒါပဲအသံထွက်တာပါ။ မ၀ယ်နိုင် နင့်ပါး ငါဆွဲချတွေ ဘာတွေ မပါပါဘူး။
``မေမွန် မရိုင်းနဲ့လေ´´
ဘာလို့ ကိုကို ဒီလိုပြောရတာ လဲ။
မေမွန် ၀မ်းနည်းတယ်။ ၀မ်းနည်းခြင်းဟာ ဒေါသအ ဖြစ်ပြောင်းလဲ ပေါ်ထွက်လာ တာက ကော ဘာကြောင့် လဲ။
မျက်နှာ သုန်သုန်မှု န်မှု န်နဲ့ မေမွန် ထုံပေပေ လုပ်နေလိုက်တယ်။
သူ့ကတ်ပြား နှစ် ခြမ်းပဲ့ကို ဆက်စပ်ကြည့်နေတဲ့ ကိုကို့ကို အားနာပေမယ့်၊ တောင်းပန်ချင် နေပေမယ့် မေမွန်နှုတ်ဆိတ်နေပစ်လိုက်တယ်။
မေမွန့် လွယ်အိတ်ထဲက ကတ်ပြား ကလေးကို မေမွန်ဆောင့်ဆောင့်အောင့်အောင့် ထိုး သိပ်ထည့်တုန်းက နှုတ်ခမ်းတွေ တွန့်ကြေသွားမလားလို့ မေမွန်ကျိတ်ပြီး စိတ်ပူမိသေးတာပဲ´´
မေမွန့်လောက် မထိခိုက်၊ မခံစားရဘူး ဆိုရင်တောင်မှ ဒီလောက်ကြီး ထက်ခြမ်းစုတ်သွား တာကို သူ စိတ်ညစ်မှာ ပဲနော်။
အဲဒီ အကြောင်းကို လူကြီးတွေ ဖြစ်လာကြတဲ့ အခုချိန်ထိ တစ်ခါမှ ပြန်မပြော ဖြစ်ကြပါဘူး။
အမှတ် နည်းသွားတာကို သူ မသနားရကောင်းလား လို့စိတ် ငြိုးထားခံစားတတ်တဲ့ မေမွန် ကြောင့် သူစိတ်ညစ်တာကို သူကောမှတ်မိနေလေမလား။
အရေး တကြီးရယ်လို့တော့ မဟုတ်ဘူးပေါ့။
ဒါပေမယ့်. . .
အင်း . . .
အတိတ်ရဲ့ အရိပ်ကလေးတွေ ၊ ခြေရာ ကလေးတွေ ကတော့ . . .
မေမွန်ဟာ ဘယ်အရွယ်ကတည်းက အမှတ်အများ ကြီးရဖို့အရေး ကြီး နေခဲ့ပါသလဲလို့ စဉ်း စားနေမိပြန်တယ်။
ဦးကို ဆိုတဲ့ လူ တစ်ယောက် ကို မေ့နေနိုင်အောင် တခြား တစ်ခုခု စဉ်းစားနေမှ ဖြစ်မယ် လေ။
ကိုကို့အကြောင်းလဲ သိပ်မတွေးတာက ပိုကောင်းမှာ ပါ။ သူနဲ့ မေမွန်ဟာ အနီးဆုံးနီးပြီး အဝေးဆုံဝေးနေသူ နှစ် ယောက် ၊ မဟုတ်ဘူးလား။
ဘယ်အရွယ် ကတည်းကများ မေမွန်ဟာ အမှတ်အများ ဆုံး ရချင်နေခဲ့ပါသလဲ။
ကျောင်းစတက်တဲ့နေ့။ ကျောင်းနေစအရွယ် အတည်းက ဖြစ်မှာ ပဲနော်။
အဲဒီ မတိုင်ခင် ကတည်းကလည်း ဖြစ်ချင် ဖြစ်မှာ ပါပဲ လေ။
ဘယ်လိုပဲအမှတ်ရဖို့ အရေး ကြီးနေအာရုံစိုက် နေခဲ့ပါစေ။ မေမွန်ဟာ သက်မဲ့ ကျောက်ဆစ် ရုပ် တစ်ရုပ်မှမဟုတ်တာ။ မေမွန်ခံစားတတ်နေတယ်။ ပျော်တတ် ၀မ်းနည်း တတ်သလို စိတ်ထိခိုက် နာကျင် နေတတ်တယ်။ မနာလိုစိတ် ၀န်တိုစိတ် တွေ ရှိတတ်နေတာ ကိုလည်း ရှက်ရှက်နဲ့ မေမွန် ၀န်ခံရမှာ ပါ။
အမှတ်ပိုရတဲ့ အောင်ဇေယျ အပေါ် မကြည်သာ သလိုဖေဖေနဲ့ မေမေက ပိုပြီး ရင်းနှီးယုယ တဲ့ စုကိုလည်း မေမွန်တစ်ခါတလေ မရှုဆိတ်ချင်ဘူး။
သြော် . . .မှတ်မှတ်ရရ။
ကိုကို လူပျိုပေါက်တုန်းကလေ. . .
အဲဒီ တုန်းက မေမွန်တို့ရဲ့ နှစ် ခန်းတွဲ မှာ `အပြောချို´ ကလေး တစ်ယောက် ရှိတယ်။ အပျို ချောပေါ့။ ခုပြန်စဉ်းစားတော့ ကိုကိုနဲ့စာရင် အဲဒီ မမဟာ အပျိုကြီးစာရင်းဝင်နေမှာ ပါ။ ကိုကိုနဲ့စာရင် အဲဒီ မမဟာ အပျိုကြီးစာရင်းဝင်နေမှာ ပါ။ ကိုကိုက ကိုးတန်း ကျောင်းသားလေးပဲ ရှိသေးတဲ့ဥစ္စာ။ အဲဒီ မမကဖြင့် ရုံးဝန်ထမ်း ဖြစ်နေမှ။
မမရုံးသွား ရုံးပြန်ကို သူက အခုမေမွန်ထိုင်နေတဲ့ နေရာကနေ စောင့်ကြည့် တတ်တယ်။ ဒီနေရာကနေပဲ ညညတိုင် ဂစ်တာ ကလေးခေါက်ပြီး သီချင်းတညည်းညည်း လုပ်တတ်သေးတယ်။
ဘာတဲ့ … `မချူသာပြန်´။
အဲဒီ လို သီချင်းကြီးတွေ ကို ဆိုလားဆိုရဲ့ ။
စုနဲမေမေ ကတော့ တစ်ယောက် ကို တစ်ယောက် တို့ဆိတ်ပြီး ရယ်ကြတာပဲ။
ဖေဖေက မရိပ်မိဘူးပေါ့။ စိတ်လည်း မ၀င်စားဘူးပေါ့။
ထူးထူးခြားခြား ကိုကို့ အပြုအမူ တစ်ခု ကတော့ နှင်းဆီ ပန်းအိုးကလေး ၀ယ်လာတာပဲ။ ကိုကို ဘာလုပ်မလဲလို့စုက မေးတော့ ဘာလုပ်လုပ်ပေါ့တဲ့။
သူ့မမကို ပေးမလို့ ဖြစ်မယ်လို့ မေမေက မှတ်ချက်ချတယ်။
ကိုကိုဟာ မနက်တစ်ခါ ညတစ်ခါလောက် သူ့ ပန်းပင်ကို သွားကြည့်တတ်တယ်။ အဖူးက လေးဖူးလာတော့ စုကကောင်းတယ်။ ကိုကို့ မျက်နှာကြီးကို စူသွားတာပဲ။
နင့်မှာ ဆံပင်ရှိလို့လားလို့ ဘုမှု တ်တာပဲ။
ဒါဖြင့် မေမေ့ကို ခူးပေးလိုက်ပါလားဆိုပြီး စုက တစ်မျိုးကွန့်လာတော့၊ ကိုကို ဒုက္ခတွေ့ နေ တော့တယ်။
စုကလည်း ကွယ်၊ မေမေ နှင်းဆီပန်း မကြိုက်ပါဘူးလို့ မေမေက ဖြေပြောပေမယ့် စုက ရပ် မသွားဘူး။
ဒါဆို ကုသိုလ်ရအောင် ကိုကို ဘုရားတင်လိုက်ပေါ့တဲ့။
ကိုကို ပြောမိပြောရာ ဘုရားကလည်း နှင်းဆီပန်း မကြိုက်ပါဘူးကွာတဲ့။
စုနဲ့မေမေ ရယ်လိုက်ကြတာ။
မေမွန် ကတော့ ကိုကို့ကို ကြည့်မရ ဖြစ်နေခဲ့တယ်။ သူ့ကို မုန်းတောင် မုန်းမိ သလိုပဲ။
ကိုကို လိုပဲ ပန်းကလေးကို စောင့်ကြည့်ပြီး ပွင့်လာရင် ကိုကိုတော့ မမကို ပေးမှာ ပဲ လို့ တွေး နေမိတယ်။
မေမွန် ဆိုးတယ်။
ပန်းပွင့်လာတာကို သူ့ထက်ဦးအောင် မေမွန်တွေ့ တယ်။
မေမွန် ဘာလုပ်လိုက်တာလဲ၊ သိလား၊ ပွင့်ဖက်သုံးခုလောက်ကို ကတ်ကြေးနဲ့ အစကလေးတွေ ဖြတ်ထုတ်ပစ်လိုက်တယ်။
သူပေးလို့ မရအောင်ပေါ့။
ကိုက်ဖတ်ကိုက်သွားတယ်ကွာတဲ့။ ပိုးသတ်ဆေးနဲ့ ကိုသတ်ပစ်မယ် နေနှင့် ဦးတဲ့။
အပြစ်ရှိတဲ့ မေမွန်ဟာ မလုံမလဲနဲ့ နောင်တရပြန်တယ်။ ဘာလို့များ ကိုကို့ လွတ်လပ်ခွင့်ကို မေမွန်နှောက်ယှက် ချင်ရတာ လဲ။
နောက်တစ်ပွင့်မှာ တော့ မေမွန်မညစ်စုတ်တော့ပါဘူး။ ကိုကိုက မမဆီ ဘယ်လို ပေးမလဲ ဆိုတာပဲ တိတ်တဆိတ်စောင့်ကြည့် နေမိတယ်။
ဟင့်အင်း၊ ကိုကို ဘယ်သူ့ကိုမှမပေးဘူး။ ခူးလည်းမခူးပါဘူး။ အပင်မှာ နွမ်းခြောက်ပြီး ကြွေသွားတဲ့အထိ ပန်းကလေးကို စောင့်လို့သာပဲ ကြည့်နေခဲ့တယ်။
အဲဒါ ကဗျာတစ်ပုဒ်ပဲ မေမွန်တဲ့။
တကယ်တော့ကိုကို စိတ်ကစားတာပါ။ မမဘာသာ အတွဲ ရသွားအချိန်မှာ ကိုကိုဟာမမကို စိတ်မ၀င်စားတော့ပါဘူး။ အသည်းလည်း ကွဲမနေပါဘူး။ သူ့အိပ်ရာ နံဘေးမှာ ဘရွတ်ရှီးလ်တို့၊ ဖီဘီကိတ်တို့ရဲ့ လုံလုံခြုံခြုံ ဓာတ်ပုံတွေ ကပ်တဲ့အလုပ်ကို ပြောင်းလုပ်နေပြီ။ မလုံမလဲ ပုံတွေ လည်း ကပ်သင့်ကြောင်းကို၊ စုက အကြံပေးတော့ ` ဖြစ်မလား ဟ…. နှမတွေ နဲ့´ တဲ့။
ဘွဲ့ရခါးနီးလောက်တော့ သူ့အတန်းသူ တစ်ယောက် အပေါ် ကိုကိုတော် တော် စိတ်ဝင်စား တယ်။ ဒါလည်း စုသတင်းကြား အနံ့ခံလာတာပါ။ ကိုကိုက သိပ်လုံတာ၊ ငြင်းလည်း သိပ်ငြင်းတာ။
စုက နာမည် ရော လိပ်စာပါ အတိအကျ ရွတ်ပြတော့မှာ ပဲ ကိုကို လျှော့သွားတယ်။
မေမွန် ကတော့ ဘာသာပဲ စာကျက်လို့သာ နေခဲ့ပါတယ်။ ဘာမှလည်းဝင်ပြီး စကားနာ မထိုးပါဘူး။
ဒါပေမယ့် မေမွန် တစ်ယောက် တည်း ဘုရားတင်ဖို့ ဇွန်ပန်းကလေးတွေ ခူးပြီး ပန်းကန်ပြား ထဲ ပုံနေတုန်း ကိုကိုနံဘေးလာ ရပ်ကြည့်တယ်။
မိစု ပြောသလောက် မဟုတ်ပါဘူးကွာတဲ့။ အဆက်အစပ်မရှိ ပြောတယ်။ သူဘာမဆိုလို တယ် ဆိုတာ မေမွန်နားလည်လိုက်ပြီး ရင်ထဲမှာ လည်း ပေါ့သွားတာ အမှန်ပါပဲ။
အဲဒီ နောက်မှာ လည်း ကိုကိုခင်တဲ့ မိန်းကလေးတွေ တစ်ယောက် ပြီး တစ်ယောက် ရှိလာလိုက်၊ အနေဝေးသွားလိုက်နဲ့ပဲ။
တစ်ယောက် ယောက် နဲ့ ကိုကိုချစ်သွားမလားလို့ တွေးမိတတ်ပြီး ချစ်သွားလည်း ဘာပြောစ ရာ ရှိမှာ လဲလေလို့ စိတ်လျှော့နေရတတ်တာ။
ဒါပေမယ့်လေ၊ စုတို့ မေမွန်တို့သာ အမျိုးမျိုး ပြောင်းလဲနေကြတာပါ။
ကိုကိုကဖြင့် ကနေ့အထိ ပုံစံသေကြီးနဲ့။
ထောက်ခနဲ အသံတစ်ချပ်ကြားရပြီး မေမွန်ချိုစောင်းမှာ ပူခနဲ ဖြစ်သွားတယ်။
အောက်ကိုလွင့်စဉ်သွားတဲ့ တစ်စုံတစ်ရာဟဟာ ၀င်းတံခါးအ၀င် အုတ်တိုင်နံဘေးမှာ ကိုကိုကပ်စိုက်ထားတဲ့ ယိုးဒယားဆီးတော် သီးပင်ကများ လားလို့ မေမွန်မှာ အပင်ပေါ် မော့ကြည့် လိုက်၊ မြေကြီးပေါ် ရှာလိုက်နဲ့။
ထောက်ခနဲ ပခုံးကို လာမှန်ပြန်တယ်။
လွင့်ကျသွားတဲ့ ကျောက်သလင်းဖြူဖြူ တစ်ခဲကို မေမွန်တွေ့ လိုက်တယ်။
`သွားစမနေနဲ့လေ။ သူ့ဘာသာသူ နေပါစေလား´ ဆိုတဲ့ မေမေ့ဟန့်တားသံကို ကြားလိုက် ရတယ်။
အပေါ်ထပ် တက်တဲ့လှေကားက ဧည့်ခန်းရဲ့ ဟိုဘက်ထောင့်က၊ အသံလာတဲ့ အကွာအဝေး ကို မှန်းပြီး မေမေအပေါ်ထပ် တက်တော့မယ်ဆိုတာ မှန်းဆကြည့်နိုင်တယ်။
မေမေ တားမြစ်နေဆဲမှာ ပဲ တရုတ်ကတ် မှန်ပြတင်း ချပ်နှစ် ခုကြားက ကိုကို့ လက်တစ်ဘက် ထွက်လာတယ်။
ကျောက်စရစ်ခဲကလေးကိုင်ထားတဲ့ ကိုကို့ လက်ချောင်းတွေ ကို မေမွန် ဆိတ်စွဲ ပစ်လိုက် တာပေါ့။
“ဖမ်းကိုက်လိုက်ရမလား ဟင်”
“မလုပ်ပါနဲ့ မေမွန်ရာ၊ ဘွားတေး….ဘွာတေး”
“ဘာအခုမှ ကြောက်ပါပြီလဲ”
“ ဘယ်အခုမှ ကြောက်ပါပြီလဲ”
“ ဘယ်သူမှ ကြောက်လို့လဲ၊ မှတ်ကရော”
ကိုကို့ လက်တစ်ဘက် ထပ်ထွက်လာတယ်။ သူ့ကိုမလွှတ် တမ်းဆိတ်ထားတဲ့ မေမွန်လက်ခုံပေါ်ကို ပွတ်လိုက်တယ်။
မည်းပျော့ပျော့နဲ့ ဘာပါလိမ့်။
မေမွန် မျက်မှော င်ကြုတ်ပြီး စူးစမ်းနေတုန်းမှာ သူက….
“နှပ်ချေးဖတ်နဲ့ မတူဘူးလား” တဲ့ ။
အိခနဲ အော်ရင်းသူ့လက်ကို လွှတ်လိုက်ပြီး မေမွန့်လက်ကိုတအားလွှဲခါတယ်။
ဝရုန်းသုန်းကား ထပြေးတာ ခွေးခြေပုကလေးတောင်လဲကျ ကျန်ရစ်တော့တယ်။
မီးဖိုထဲ တန်းနေအောင် ပြေးပြီး လက်ဆေးခွက်ထဲ ရေဒရဟော ဖွင့်ချ လက်ဆေးရတာ ပေါ့။
“ သရက်ပြားပါဟာ၊ ဆရာဝန်မကြီးကလဲ ရွံရှာတတ်ရန်ကော”
လက်ကိုဆပ်ပြာတိုက်နေရာကနေ မေမွန်လှည့်ကြည့်တယ်။
ထမင်းစားခန်းနဲ့ မီးဖိုဆောင်အကူး တံခါးဝမှာ ကိုကိုရပ်ပြီး ပြုံးစစ လုပ်နေတယ်။
“မေမေစားပြီးကျန်တဲ့ သရက်ပြားထုပ်ထဲက ကလော်ပြီး နင့်ကိုပေးတာ”
“တော် ပါ”
ပြတ်တောက်တောက် ကန့်ကွက်ရင်း ရေပိုက်ခေါင်းကို လှည့်ပိတ်လိုက်တယ်။
လက်ဆေးခွက်အပေါ်၊ခေါင်းအထက်နားလောက်တန်းထားတဲ့၊ ကြိုးတန်းပေါ်မှာ လွှားထား တဲ့ လက်သုတ်ပ၀ါကို ဖြုတ်ပြီး လက်တွေ ကို သေချာခြောက်အောင် သုတ်တယ်။
ကိုကိုဟာ မေမွန့်ကို ကြည့်နေဆဲပဲ။
“ဒါလေးများ ”
ဂျက်မြသော င်းလေနဲ့ သူကကျီစယ်နေသေးရဲ့ ။
“မေမွန် ရွံတတ်မှန်းသိလျက်နဲ့ ကိုကိုတော် တော် ညစ်ပတ်ဟွန်း…”
လက်သုတ်ပ၀ါ ပြန်ဖြန့်ခဲ့ပြီး သူ့ဆီလျှောက်ခဲ့တယ်။
“နင်အာရုံ ပြောင်းသွား အောင်လို့ပါဟာ”
“ဘာလဲ”
“နင်ထိုင်မှိုင်နေလို့”
သူ့ရဲ့ မျက်လုံးတွေ ဟာ နူးညံ့ရွှန်းလဲ့နေတယ်လို့ မေမွန်ထင်လိုက်ပေမယ့်လည်း တဒင်္ဂ အတွင်းမှာ ပင်ကို သိပ်သည်းလျှို့ဝှက်တဲ့ မျက်လုံးမှေးလေးတွေ မျှသာပါပဲ။
မေမွန့်ပါးတွေ နွေးခနဲ ဖြစ်သွားတယ်။
မေမွန်မှိုင်နေလို့လား။
“မမှိုင်ဘဲနဲ့၊ပျင်းလို့ ထွက်ထိုင်နေတဲ့ဟာကို”
မပိုင်မနိုင် ယိုင်ယိုင်နဲ့နဲ့ ငြင်းဆန်မိတယ်။
သူက ဧည့်ခန်းဘက် လျှောက်သွားတော့တယ်။ မေမွန့်ကို တုပြိုင်ငြင်းခုံနေဖို့ မလိုတဲ့ အတိုင်းပဲ။
နှစ် ယောက် ထိုင် ဆိုဖာပေါ်မှာ ထိုင်ချလိုက်ပြီး ပြန့်ကြဲနေတဲ့ စာအုပ်တွေ ကို မေမွန်ထိုင်ဖို့ နေရာရှင်းလင်းပေးနေသေးရဲ့ ။
သူနဲ့ မေမွန့်အကြားမှာ စာအုပ်ပုံကြီး ကတော့ ခြားသွားတာပေါ့လေ။ စည်းတားဖို့ ကလနာ သတ်ဖို့သိပ်ကိုဝါသနာပါတဲ့ ကိုကို။
“ဒီစာအုပ်တွေ အကုန်ယူချလာပြီး ဖတ်ကော ဖတ် ဖြစ်ရဲ့ လား”
မေမွန် ပခုံးတွန့်မိတယ်။
“ကြည့် ဖြစ်ရုံတော့ ရှိမှာ ပေါ့”
သူ့ဆီက ပင့်သက်ရှိုက်သံကြားလိုက်ရသလိုပဲ။
“ဒီအပတ်အတွင်းနင်တို့ `ပီအက်စ်´ စာမေးပွဲ အောင်စာရင်း ထွက်မယ်တဲ့”
မဆက်မစပ် ပြောတယ်လို့ ထင်စရာ ရှိပေမယ့် မေမွန်နဲ့ အဘက်ဘက်က သက်ဆိုင်နေ တယ်ဆိုတာ ကိုယ့်ဝမ်းနာကိုယ်သိပါတယ်လေ။
မေမွန်အာရုံ ပြောင်းသွား လိမ့်မယ်လို့ သူထင်နေတာ။
“ဘာထူးမှာ လဲ”
သူ့ကိုမကြည့်ဘဲ အပေါ်ဆုံးက စာတစ်အုပ်ကိုကောက်ယူလှန်လှောနေလိုက်တယ်။
“ဆေးရုံဆိုတာ နင်ပျော်တဲ့နေရာပဲ”
“ဘာ”
“ဆေးစာအုပ်တွေ နဲ့ လူနာတွေ ကြားမှာ နင်ပျော်တယ်မဟုတ်လား။ အတွေ့ အကြုံတွေ ရ မယ်။ ဘွဲ့တွေ ထပ်ယူမယ် နင့်ဘ၀ကို နင်ကျေနပ်ရောင့်ရဲသွားမယ်”
မေမွန်နားကလော့လာရော။
ကိုကိုဟာ မေမွန့်ကို အလျင်ကလည်း နားမလည်ဘူး၊ နောင်လည်း နားလည်မှာ မဟုတ်ပါ ဘူး။
“သြဇာသီး သီးမနေပါနဲ့ ကိုကိုရာ၊ သွားစမ်းပါ”
မေမွန်လည်းစကားဆုံး၊ သူလည်း နေရာကထလိုက်တယ်။
“သွားမယ်၊ သွားမယ်”
မေမွန်ကြောင်သွားတယ်။
သူက တစ်လှမ်းနှစ် လှမ်း လျှောက်သွားရင်းက ဖျတ်ခနဲဆိုလှည့်ကြည့်ပြီး လက်ပတ်နာရီကို မြှောက်ပြတယ်။
“စုကို သွားကြိုရဦးမယ်”
ဟုတ်သားပဲ။ တက္ကသိုလ်က နည်းပြဆရာမ ဒေါ်စုစုစိမ်းကို သူ သွားကြိုရဦးမှာ ပဲ၊
“ကားရမှာ မို့လား”
ဘက်ထရီဒေါင်းလို့ ဆိုင်က ဘက်ထရီနဲ့ လဲခိုင်းထားတာတဲ့။ အိမ်ကဘက်ထရီ ကတော့ ချာဂျင်သွင်းထားတာမို့ မနက်မှရမယ်တဲ့။
ကိုကိုဟာ ဧည့်ခန်းထောင့် လှေကားရင်းက မှန်မှာ သူ့မျက်နှာ သူကြည့်၊ ရှပ်အင်္ကျီအိတ် ကပ်ထဲက ဘီးကလေးထုတ်ပြီး ဆံပင်ကိုညှိ၊ တစ်ခါလက်ဖ၀ါးနှစ် ဘက်ပွတ်ပြီး မျက်နှာကို အဆီမပြန်အောင်ပွတ်။
“လုပ်မနေပါနဲ့၊ စွံပြီးသားပါ”
သူ့သေတ္တာပေါ် လွှားထားတဲ့ ပုဆိုးကို ကောက်ယူတယ်။ မေမွန့်ကို ကျောပေးပြီး ပုဆိုးလဲစည်းတယ်။ အပြင်ကပြန်လာရင် သူကခဏပဲပြန်လာရ လာရ၊ အိမ်နေအ၀တ်နဲ့လဲထား တတ်တာ။
အပြင်မထွက်ခင် ဧည့်ခံကုလားထိုင်တွေ ရဲ့ ဟိုမှာ ဘက်မှာ ရှိတဲ့ သူ့အိပ်ရာကို ပြန့်အောင် ဆွဲဖြန့်ပုတ်ခါ သွားလိုက်သေးတယ်။ အပေါ်ထပ်မှာ နှစ် ခန်းပဲရှိတော့ ကိုကိုက ဧည့်ခန်းမှာ ပဲ ကွပ်ပျစ်နဲ့အိပ်ရာ တစ်နေရာယူရတယ်၊ သူက သပ်သပ်ရပ်ရပ် နေတတ်တော့ အဆင်ပြေနေတာပါ ပဲ။
သေးသေးကွေးကွေး လူဖလံလေးပေမယ့်လည်း သူ့ကိုယ်သူ ယုံကြည်မှု အပြည့်နဲ့ တကယ့် ယောကျာ်းရင့်မကြီးပုံဖမ်းနေတယ်။ အေးလေ၊ ယောက်ျား ရင့်မကြီးပါပဲ၊ အသက်ပဲ နှစ် ဆယ့်ရှစ်နှစ် ကျော်လာပြီပဲနော်။
“စုကို သွားကြိုမယ် မေမေ”
သူက လှေကားရင်းကနေ အော်ပြောတယ်။
“အိုကေ”တဲ့။ မေမေ့ဆီက အသံပြန်လာတယ်။ တစ်ဆက်တည်း “ပေါင်မုန့်နဲ့စိန်နော်” တဲ့။
“ဟုတ်”တစ်လုံး ဖြေရင်း ကိုကိုက အိမ်ထဲက ထွက်တယ်။ “ပိုက်ဆံပါရဲ့ လား”လို့ မေမေက စိတ်ပူနေပြန်တယ်။
ကိုကိုက နောက်ထပ်ပြီး…“ဟုတ်”
မေမွန် ထိုင်နေတဲ့ နှစ် ယောက် ထိုင်ခုံ နောက်ကနေ ဖြတ်လျှောက်သွားပြီး ဧည့်ခန်းတံခါးဆီ သွားနေတဲ့ ကိုကိုဟာ မေမွန့်ခေါင်းကို အသာကိုင်လှုပ်သွားတယ်။ မေမွန့် ဆံပင်တွေ ကို လက်ချောင်းတွေ နဲ့ ထိုးဖွသွားတယ်။
အိမ်ဘေးကနေ သူထွက်သွားတာကို ပြတင်းကနေ မေမွန်လှမ်းမြင်နေရတယ်။
ဝင်းတံခါးချိတ်ကို သူဖွင့်နေတဲ့အသံ ဂျလောက်ခနဲကြားရတယ် တံခါးအဖွင့်အပိတ်မှာ ကျွီခနဲမြည် သံနဲ့အတူ ဆီထည့်ရဦးမှာ ပါလားလို့ သူကိုယ်သူ သတိပေးနေသံကိုလည်း ကြား ရတယ်။
“မေမွန်”
ဘာလို့လှမ်းခေါ်နေရပြန်တာလဲ။
“ဘာလဲ”
မေးခွန်းနဲ့အတူ တရုတ်ကတ် ကြားကနေ ချောင်းကြည့် လိုက်တယ်။
ကိုကိုက စာတစ်စောင် မြှောက်ပြပြီး ၀င်းတံခါးအတွင်း ဘက်မှာ ချိတ်ထားတဲ့ စာဘူးပေါ် တင်ထားတယ်။
လက်တစ်ဘက် မြှောက်ပြပြီး ချက်ချင်း ပြန်ချတယ်။
ကျောခိုင်းထွက်ခွာသွားတဲ့ ကိုကို့မျက်နှာမှာ ဘာများ ထူးခြားတဲ့ အရိပ်အယောင်ပြ သွားပါသ လဲ။
သူက ပုံစံသေးကြီးနဲ့လူပါ။
သူ့မျက်နှာမှာ ဘာအပြောင်းအလဲ ဖော်ပြမှာ တဲ့လဲ။
ဒါပေမယ့်လေ မေမွန်ကိုက မလုံလဲသူကိုး။
မေမွန် မျှော်နေတဲ့ စာများ လားလို့ တွေးမိနေတာကိုး။
ဦးကိုဆီက စာများ လားလို့ပေါ့။
ဟုတ်နေရင်တော့ ကိုကိုနည်းနည်း ဟန်ပျက်မှာ ပါ။ ပျက်ချင်မှလည်း ပျက်မှာ ပါ။
မေမွန်ဟန်မလုပ်နိုင်တာ တစ်ခုပဲ သေချာနေတယ်။
ဟန်လုပ်စရာလည်း မလိုတော့ဘူးလေ။
ကိုကိုသွားလိုက်ပြီပဲ။
ဒရောသော ပါး ပြေးထွက်ခဲ့တယ်။
ဘယ်လောက်များ အလောတကြီး ရှပ်ပြာလိုက်သလဲ ဆိုရင် နေ့တိုင်း ၀င်ထွက် နေကျ ဧည့်ခန်းတံခါးပေါက် အောက်ခြေသစ်သားတန်း ပါးရှပ်ရှပ်ကို ခလုတ်တိုက်ပြီး ဟပ်ထိုးလဲတဲ့ အထိပဲ။
မေမွန့် အာမေဍိတ်သံက တိုးပါတယ်။ မေမွန်ဆတ်ခနဲ လဲကျသံက ပိုပြီး ကျယ်သွားတာပါ။
“ဘာ ဖြစ်တာလဲမေမွန်”လို့ မေမေက အပေါ်ထပ်ကနေစိုးရိမ်တကြီး လှမ်းမေးတယ်။
“တိုက်မိလို့ပါ”
မတော် တဆ အမေအောက်ထပ်ဆင်းလာရင် ပုံပျက် ပန်းပျက် တွေ့ သွားမှာ စိုးလို့ မေမွန် လူးလဲ ထလိုက်ရတယ်။
ခြေကပူလောင်လောင် စပ်ဖျဉ်းဖျဉ်း ဖြစ်နေတယ်။
စာအိတ်ဆီ ဇောကပ်နေတဲ့ မေမွန် ကတော့ ဂရုမစိုက်နိုင်ဘဲဝင်းတံခါးဆီ အပြေး တပိုင်း သွားခဲ့တယ်။
လေယာဉ်ပျံ စာအိတ်တော့ ဟုတ်ပါတယ်။
မကြည့်ဝံ့ဝံ့နဲ့ လက်ရေး ကိုကြည့်လိုက်တော့…
ခွင့်လွှတ်ပါ ခင်သန်းမောင်ရယ်။
နင့်စာကိုရတာ ငါဝမ်းမသာလို့ မဟုတ်ပါဘူး။
ဒါပေမယ့်…
စာအိတ်ကိုင်ပြီး ငေးငိုင်နေမိတယ်။
ခုမှပဲ ခြေမက တစစ်စစ်နာကျင်လာလိုက်တာ။
နာမှာ ပေါ့၊ ခြေသည်း သုံးချိုး တစ်ချိုးမက ကျိုးပဲ့ပြီးဒဏ်ရာရခဲ့ပြီကိုး။
သွေးစိမ့်နီရဲနေပြီကိုး။
အတွင်းကြေကြေပြီး သွေးအလိမ်းလိမ်းနဲ့။
အင်း… ဒီခြေသည်းတော့ ပြုတ်ကျကွာထွက်သွားမှာ ပါပဲ ထင်ပါရဲ့ လေ။
ထော့နင်း ထော့နင်းနဲ့ အိမ်ထဲပြန်ဝင်လာခဲ့ရတယ်။
နင့်စာကိုရတာ ငါဝမ်းမသာလို့ မဟုတ်ပါဘူး ခင်သန်းမောင်ရယ်။
ငါ့ခြေမကို ဆရာဝန်ပီပီသသ ဆေးကုလိုက်ပါရစေဦး။
ပြီးရင် နင့်စာကိုငါနှစ် နှစ် ကာကာ စိတ်ဝင်တစား ဖတ်မှာ ပေါ့။
ခဏလေးနော်မောင်။
ငါးမိနစ်၊ ငါးမိနစ်။
ခြေထောက်ကို ရေသေချာဆေးရတယ်။ ဆပ်ပြာနဲ့ တိုက်ရတယ်။
ဟင့်အင်း… အရက်ပြန်နဲ့တော့ မသုတ်ချင်ဘူး။ သိပ်စပ်နေမှာ ။
ဆရာဝန်ဆိုတာ လုပ်သင့်လုပ်ထိုက်တာကို လူနာအတွက်လိုလေသေးမရှိစေရ ပေမယ့် ကိုယ့်ကိုယ်ကိုတော့ ငဲ့ညှာကြမှာ ပဲ။
အနည်းဆုံး မေမွန်တော့ ငဲ့ညှာတာပဲလေ။
အနာဆေးမထည့်ခင် သူ့စာက လက်မှတ် ကလေးကို လှမ်းကြည့်မိတယ်။
သူ့ရဲ့ လက်မှတ်ကို ငှက်ရုပ်ကလေးနဲ့တူအောင် ရှုပ်ရှုပ်လိမ်လိမ်ထိုးထားတယ်။
အဲဒီ လက်မှတ်ကို မေမွန် တူအောင်ထိုးနိုင်တယ်။
ဆေးဗီရိုဖွင့်ရင်း သူတို့တစ်တွေ အကြောင်းကို မေမွန်ပြန်တွေးနေမိပြန်တယ်။
[သုံး]
ခင်သန်းမောင်ရဲ့ လက်မှတ်ရော မေမွန့်လက်မှတ် ကိုပါ တင်တင်မြိုင်နဲ့ ကွန်းထိုက် လည်း ထိုးတတ်တာပဲ။ မေမွန်တို့တစ်တွေ ဟာ တစ်ယောက် လက်မှတ် တစ်ယောက် ထိုးတတ်မှ သူငယ်ချင်းစစ်မှာ မဟုတ်လား။
ဆန်းတော့ အဆန်းသားရယ်။
မေမွန်နဲ့ အရင်းနှီးဆုံးအတွဲ ဆုံး သူငယ်ချင်းဟာ နာမည် ကြားရုံဆိုရင် ယောက်ျား မိန်းမ ခွဲခြားရ အတော် ခက်မယ်။
လူတွေ့ ပြန်တော့ဖြူဖြူဖိုင့်ဖိုင့်ဆံပင်လှိုင်းတွန့်နဲ့ ဒေါင်းတည်မောင်းတည့် နိုင်လွန်း လို့ ဦးနှောက်တွေ ခြောက်သွားနိုင်တယ်။ ရှပ်အင်္ကျီတွေ စပို့ရှပ်တွေ ထည်လဲနဲ့ ယောလုံး ချည်နှစ် နံစပ် ကို စွဲစွဲမြဲမြဲ ၀တ်ဆင်တတ်သေးတာ။
ကျောင်းမှာ တုန်းက ဘာအခမ်းအနားပဲ ရှိရှိ၊ ဘာသာရေး ဖြစ် ဖြစ်၊ လူမှု ရေး ဖြစ် ဖြစ်၊ ခင်သန်းမောင်တို့ ရှေ့ဆုံးက၀ါဆိုသင်္ကန်းကပ်ရမလား၊ ဆရာကန်တော့ပွဲလား၊ စာဆိုတော် နေ့ ဟောပြောပွဲလား၊ ဘွဲ့နှင်းသဘင်ညစာစားပွဲလား၊ ပို့စတင်းအပြောင်းအလဲ နှုတ်ဆက်ပွဲလား။ သူကို က၀ါသနာရှိလို့ကို တက်တက်ကြွကြွ လုပ်ခဲ့တာ။
အလုပ်သင်ဆရာဝန် ဘ၀မှာ တုန်းကဆို ကျောင်းသားကြီးတွေ ကို၊ ဘလော့ခ် ပို့စတင် စာမေးပွဲလာစစ်တဲ့ ဆရာကြီးတွေ ကလည်း သူ့ကိုသတိမထားမိဘဲနေနိုင်ရိုးလား။ မချက်မ ပြုတ် တတ်တဲ့ မေမွန်တို့တွေ ရဲ့ ခေါင်လူကြီး စားဖိုမှူးဟာ ခင်သန်းမောင်ပဲ ဖြစ်နေပြန်ရော။ ကိုကိုသန်းပဲ ခေါ်ခေါ်၊ မောင်လို့ပဲကလိကလိ၊ ခင်သန်းမောင် ကတော့ မဖြုံပါဘူး။ ဇာတိမပျောက် သေးဘူးလို့ စွပ်စွဲ ရအောင်ကလည်း ကမ္ဘာကျော်စားဖိုမှူးကြီးတွေ ဟာ ယောက်ျားတွေ ပါတဲ့။ သူက။
သူ့ရဲ့ စရိုက်လက္ခဏာ တစ်မျိုးတစ်ဖုံ ဖြစ်နေတာကိုအားလုံးကချစ်စနိုး ကျီစယ် ခွင့်လွှတ်နေြ ကတော့တယ်။
သူနဲ့ မေမွန်တို့တွေ က ဆေးကျောင်းတတိယနှစ် ကျမှစပြီး တွေ့ ကျရတာ ။ သူက မန္တလေးက ပြောင်းလာတာလေ။
ကျောင်းစ ရောက်စကတည်းက မေမွန်ဟာခုံနံပါတ်ချင်းကပ်လျက် တင်တင်မြိုင်နဲ့ပဲ တောက်လျှောက် တွဲ လာရတယ်။
တင်တင်မြိုင်က ရန်ကုန်သူ ပီသတဲ့ ရန်ကုန်သူပါ။သွက်တယ် လယည်တယ်။ သူ့အဖေက သမားတော် ကြီးဦးရွှေမြိုင်လေ၊ အငြိမ်းစား ပြီးတာတောင်မှ ဆေးပညာ လောကမှာ အရှိန်အ၀ါ ကောင်းဆဲပဲ။
သူက ပုပု သေးသေးကလေးဆိုတော့ ဒေါက်ဖိနပ်မြင့်မြင့်ကြီးတွေ ကို မက်မက် မောမောစီး တယ်။ အိန္ဒိယသွေး နှောပြီးသားပေမယ့် မျက်လုံးကို လိုင်နာထူထူခြယ်။ မိတ်ကပ် ပိန်းပိန်းလိမ်းပြီး မျက်ခွံအပြည့်ရှဲဒိုးလိုက်တယ်။ သူ့အနားမှာ ကောင်လေးတွေ အမြဲဝိုင်းနေတာ။ ဆေးကျောင်း သားဟုတ်တာရော၊ အခြားတက္ကသိုလ်တွေ ရော၊ ကျောင်းသားမဟုတ် တာတွေ လည်းပါတာပေါ့။ မဂို မြိုင်လို့ သူ့ကို ခေါ်တတ်ကြတယ်။
သူ စန်းပွင့်တယ် ဆွဲဆောင်မှု ရှိတယ်လို့ပြောရမှာ ပေါ့လေ။
ခင်သန်းမောင် ကတော့၊ တင်တင်မြိုင်ကိုက အတင်းအဓမ္မဆွဲဆောင် ယူလွန်းပါ တယ်လို့ စွပ် စွဲတယ်။ ဒါတော့ မေမွန်မဝေဖန်ချင်ဘူး။ မိန်းကလေးချင်း မနာလိုလို့ အတင်းအဖျင်း ပြောသလို ဖြစ်နေပါ့မယ်။
မေမွန် ပင်ကိုကလည်း သူများ ကိုယ်ရေး ကိုယ်တာ တွေ ကိုစိတ်ဝင်စားလှတာ မဟုတ်ပါဘူး၊ ခင်မောင်သန်းရဲ့ ပြောစကား အရတော့ မေမွန်ဟာ မိန်းမနှင့် မတူသော မိန်းမတဲ့။ ဟုတ်မလားမသိ ဘူးနော်။ ပြီးတော့ ရှိသေတယ်။ နင့်ကို မိန်းမ နဲ့မတူပေမယ့် ငါခင်တယ်တဲ့။ (အဲဒါ ဟုတ်မှာ ပါလို့ စုကရယ်လိုက်တာ။ နင့်ကို ကူလီကူမာ ချစ်မလာတာ ကျေးဇူးတင်ဦးတဲ့။
မေမွန်တစ်ခုပဲ ကြိတ်မနိုင်ခဲမရ ဖြစ်ရတာ က တင်တင်မြိုင်ဟာ မေမွန့်လိုလည်း စာ မကြိုး စား၊ ဥာဏ်လည်း မကောင်းလှ ပါဘဲနဲ့ စာမေးပွဲ စစ်လိုက်ရင် အမှတ်ချင်း မကွာတဲ့ အပြင် တစ်ခါ တလေ သူကတောင် သာသေးတယ်။
သူက ဖြတ်ထိုးဥာဏ် ကောင်းတယ်တဲ့။ ပြီးတော့ ဦးရွှေမြိုင် သမီးဟဲ့လို့ ခင်သန်းမောင်က ဖြေရှင်းချက် ထုတ်တယ်။
ခင်သန်းမောင်ကလည်း သူ့နည်း သူ့ဟန်နဲ့ အချိန်တန်ရင် စာမေးပွဲ အောင်လာတာပဲ၊။ အလွန်ဆုံး ဆပ်ပလီ ထိရုံပါပဲ။ သူ့လောက် အတန်းမမှန်၊ စာမကြေတာ သူပဲရှိတယ် မေမွန် အသိ ဆုံးပဲရယ်။
အလုပ်သင် ဆရာဝန်သက်တန်း တစ်နှစ် ကို ခင်သန်းမောင်တို့ ကွန်းထိုက်တို့၊ တင်တင်မြိုင် တို့နဲ့အတူ ကုန်ဆုံးခဲ့ရတယ်
ပြန်စဉ်းစား ကြည့်လိုက်တော့ ပျော်ခဲ့ရတဲ့ အချိန်တွေ အများ ကြီးပါပဲ။
ဂျူတီ ခဏခဏလဲပြီး ခဏခဏလစ်တတ်တဲ့ ခင်သန်းမောင်နဲ့ တင်တင်မြိုင် အလုပ်တွေ ကို မေမွန်ပိုပြီး လုပ်ပေးခဲ့ရတယ်။ အားနာလို့လည်းပါတယ်။ သူငယ်ချင်းတွေ မို့ မတွက် ကက်ခဲ့တာ လည်းပါတယ်။ မေမွန်ကိုယ်တိုင်က ကြိုးစားချင်လွန်းတာ၊ တတ်ချင်လွန်းတာက အဓိက ဖြစ်မှာ ပေါ့လေ။ မေမွန့်ကို ကူညီတတ်တဲ့ သူ ကတော့ ကွန်းထိုက်ပေါ့။
ကလေးဆောင်မှာ ရော၊ တင်တင်မြိုင်ပေါ့။ ည ဆယ့်နှစ် နာရီထိုးရင် သူဝင်အိပ်ပြီ၊ ခင်သန်းမောင်က မနက်လေးနာရီအထိ တာဝန်ယူတယ်၊ မေမွန်က မနက် ၈နာရီအထိ။ အသည်း အသန်လူနာရှိနေရင် လူနာ အသစ် များ နေရင်တော့ မေမွန်နဲ့ ခင်သန်းမောင် မနိုင်တဲ့အဆုံး တင်တင်မြိုင်ပါ၊ နှိုးရတယ်။ အမယ်လေးနှိုးရခက်သလားမမေးနဲ့။ တစ်ခေါက်သွားနှိုးလိုက်။ အိုကေ လာခဲ့မယ်၊ သွားနှင့် ဆိုတာ အဟုတ်ကြီးထင်ရင် မှားကြောဆိုက်ရော။ လူနာ တစ်ယောက် လောက် အရေး ပေါ်ပြုစုလို့သာပြီးသွားမယ်။ ခွဲစိတ်ခန်းကသာ ပြန်ထွက်လာမယ်။ တင်တင်မြိုင်တို့ အိပ်မက် ကမ္ဘာ ပြန်ရောက်တုန်း။ ထပ်နှိုး။
မေမွန်က လူပင်ပန်းလာရင် စိတ်တိုပြီး တင်တင်မြိုင့်ကို စကားဟဟ မပြော တော့ဘူး။
ခင်သန်းမောင် ကတော့ မကြးတကြား စောင်းချိတ်ပြော၊ နောက်သလိုလိုနဲ့ အတည်ပြော၊ အားမနာပျစ်ပျစ် နှစ် နှစ် ပြော၊ ဒီအတိုက်အခိုက်တွေ ကို `ခင်သန်းမောင်ရဲ့ သမိုင်းပေးတာဝန်လေ။ မဆုတ်မနစ်ထမ်းရွက်ရမှာ ပဲ´တဲ့။ သူက။
`တင်တင်မြိုင်တို့ ကတော့ နို့စို့ကလေးကို ဘွားအေဆီ ပေးထားတုန်း ထိုးအိပ်ရတဲ့ ကလေး မအေကျနေတာပဲ´ လို့လည်း မဆီမဆိုင် လက်ပံသား ဓားနဲ့ချိုင်တတ်သေးတယ်။
တင်တင်မြိုင်ကလည်း မဖြုံပါဘူး။
`အိုင်ကရုတ်တရက်ထရင် ပါလပတေးရှင်း ရတတ်လို့ပါကွယ်´တဲ့။
ကလေး တစ်ယောက် သွေးလွန်တုပ်ကွေး ရောဂါ နဲ့ သွေးလန့်ပြီး ရောက်လာတုန်း က အ ဖြစ် အပျက်ကလေးကို မဆက်မစပ် သတိရလာလို့ ဖြတ်ပြောရဦးမယ်။
အဲဒီ တုန်းက လက်ထောက် ဆရာဝန် အသစ်စက်စက် ကလေး တစ်ယောက် ရှိနေတယ်။
တင်တင်မြိုင်က ဆရာ့ကို မျက်စိ ကျပြီး ချစ်ကျီစပ်ချင်ပုံပါပဲ။ ထူးထူးခြားခြား အိပ်ရာ ထလာ တယ်လေ။
`မင်းတို့ကပ်ဒေါင်း လုပ်တတ်သလား´လို့ ဆရာက သမားဂုဏ်ဆယ်ပြီး ခပ်တည် တည် မေးတယ်။
အလုပ်သင် ဆရာဝန်တွေ ကလည်း လူလည်တွေ လေ။ သိတာပေါ့။ ဆရာက ဆရာဝန် ပေါက်စပဲဟာ၊ ဘာထူးမှာ လဲ ဘယ်တက်ဦးမှာ လဲ၊ ဒီကလေးဆောင်မှာ မှ သူက ပညာယူရဦးမှာ ။
`ကွန်းထိုက်တော့ ဖျားနာဆောင်မှာ တုန်းက အသည်းရောင် အသားဝါ ကိုမာ တစ်ယောက် ကို လုပ်ဖူးတယ် ဆရာ။ သူ့အပေါ်ထပ်မှာ ရှိတယ်´
`လာမလုပ်ခိုင်းလို့ ဖြစ်မလား´
သိပ် ဖြစ်တာပေါ့ဆရာ၊ သူတို့အပေါ်ထပ်က အေးဆေးပဲ ဥစ္စာ´
တင်တင်မြိုင်စကားရောဖောရောလုပ်နေလို့ ခင်သန်းမောင်နားကလောနေပြီ။ သူ့အကြည့် ကိုမှန်းပြီး မေမွန်က အကဲခတ်နိုင်နေတယ်လေ။
`ခေါ်လိုက်မယ်နော် ဆရာ´
တင်တင်မြိုင်က တယ်လီဖုန်း ကောက်ကိုင်နေပြီ။
ဆရာက ဆိတ်ဆိတ်နေ သဘောတူလိုက်တယ်။
`ကလေးဆောင်အပေါ်ထပ်ကို ပေးပါ´
တင်တင်မြိုင်က ဖုန်ုးကို မေမွန့်လက်ထဲ ထည့်လိုက်တော့ မေမွန်ယောင်တောင်တောင် ပေါင်တောင်နဲ့ ယူထားလိုက်မိတယ်။
မောင်က မပြောချင်ဘူး၊ ပြောကို မပြောချင်ဘူး ဆိုတဲ့ ဒေါ်မြလေးရဲ့ မျက်နှာပေးနဲ့ မေမွန့်ကို ကြည့်နေပြန်တယ်။
ကွန်းထိုက်ကို မေမွန် ပိုင်ပါတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ တင်တင်မြိုင်က ဆရာ့ကို အိုကေပြီဆို တဲ့သဘော မေးငဲ့ပြနေတယ်။
မတတ်နိုင်ဘူးလေ။ အောက်ဆင်းခဲ့ဖို့ မေမွန်က ကွန်းထိုက်ကို ခေါ်လိုက်ရတာ ပေါ့။
နောက်မှ ခင်သန်းမောင်က ရှင်းပြတယ်။
`နင်နဲ ကွန်းထိုက်ကို ဘာလိုလိုထင်သွားအောင် လုပ်လိုက်ပြီး နင့်ကို ဆရာက စိတ်မ၀င် စားတော့အောင် လမ်းကြောင်းရှင်းလား´တဲ့။
`သူသွက်လပ်ပါးနပ်တာကို ဆရာ သတိထားမိသွားအောင်လဲ လုပ်ပြလိုက်တာ´ တဲ့။
ဘယ်လိုပဲ ဖြစ် ဖြစ် ကွန်းထိုက် တစ်ယောက် ကတော့ အိပ်ရင်မူးမူးနဲ့ အောက်ထပ် ဆင်းလာ ရတာ ပေါ့။
ကွန်းထိုက်ကလည်း အင်မတန် လက်မငြိမ်တဲ့ ကောင်။ မေမွန်တို့ရှေ့မှာ လက်စွမ်းပြချင် တာလည်း ပါမယ်လေ။
`ရပါတယ်ဆရာ။ ကျွန်တော် ကြိုးစားကြည့်ရမှာ ပေါ့´တဲ့။ သူကလည်း ဟန်တစ်ခွဲသားနဲ့။
ကလေးရဲ့ ခြေမျက်စိ အထက်နားမှာ ခွဲစိတ်ပြီး သွေးပြန်ကြော ရှာရမယ်။
သူ လုပ်တာ ကိုင်တာကိုမေမွန်တို့အားလုံး အသက်အောင့်ပြီး စောင့်ကြည့်နေကြရတာ ပေါ့။ သူက ခွဲစိတ်ဆောင်မှာ ညတုန်းက ဆရာတွေ ကြည့်အောင်နေပြီး အူအတက်ရောင် တို့၊ အစာအိမ် ပေါက်တို့ ၀င်ခွဲစိတ်နိုင်ခဲ့သလို ဖျားနာဆောင်ရောက်တော့လည်း အဆုတ်ထဲ ၀င်တဲ့ ရေတွေ ဖောက် ဦးနှောက်အမှေးပါးရောင် တဲ့ လူနာတွေ ရဲ့ ခါးရိုးဖောက်နဲ့ အတော် အလုပ် ဖြစ်လာတဲ့သူ။
မေမွန်တို့ မိန်းကလေးတွေ က စာဘက်မှ ပိုအားသန်တယ်လေ။ လက်တွေ့ ကျတော့ ယောက်ျားလေးတွေ လောက် လက်မသွက်၊ အကွက် မမြင်ဘူး။ အဲဒီ အထဲမှာ ကွန်းထိုက် ကတော့ ဟိုက်ပါပဲ။ ကွက်ကျော်မြင်သလား မမေးနဲ့။
အတူတူချင်းပေမယ့် တစ်မူး ပိုရှူတတ်တဲ့ ကွန်းထိုက်ကို မေမွန်တို့ ကျိတ်ပြီး အထင်ကြီးနေ ကြရတယ်။
ဒါပေမယ့် သူ သွေးပြန်ကြော ရှာမတွေ့ ဘူး။
ကိုယ်တိုင် မတတ်လို့ အလုပ်သင် ဆရာဝန်ကို အားကိုးမိလျက်သား ဖြစ်သွားတဲ့ ဆရာ ပေါက်စကလေး ခမျာလည်း ကလေးသူနာကိုကြည့်လိုက်၊ ကွန်းထိုက်ရဲ့ မျက်နှာကို ကြည့်လိုက်နဲ့အတော် အကျပ်တွေ့ နေတော့တယ်။
ကွန်းထိုက်ဟာ မျက်နှာ သွယ်သွယ်၊ နှတံ၊ ပေါ်ပေါ်နှုတ်ခမ်းလုံးလုံးကလေးနဲ့ လူချော တစ်ယောက် ပါ။ တင်တင်မြိုင်အပြောအရဆိုရင် ကိုယ်လုံးလည်း လှတယ်။ (ယောက်ျားလေးတွေ လည်း ကိုယ်လုံးလှတာ မလှတာရှိမှန်း တင်တင်မြိုင် ဖွဲ့နွဲ့ပြမှ မေမွန်သတိထားမိတော့တယ်၊ ပခုံး သိမ်၊ ရင်အုပ်လှီ၊ ခါးကိုင်း၊ ဖင်ရှုံ့၊ ဒါတွေ က မလှတာ။ ပခုံးကျယ်၊ ရင်အုပ်ဖွံ့၊ ခါးရှည်ပြီး ဖင်တုံးမ ကြီးတာကလှတာ၊ တင်ပါးကလေး နည်းနည်း ချိန်နေရင် ဘောင်းဘီရှည် ဖြစ် ဖြစ်၊ ပုဆိုးကလေး စည်းထားတဲ့အခါ ဖြစ် ဖြစ်၊ အင်မတန် ကြည့်ကောင်းသတဲ့၊ တင်တင်မြိုင် အဖွဲ့အနွဲ့ကို လေ့လာရင်း မေမွန့်မျက်စိထဲမှာ ၊ အင်း…ကွန်းထိုက်ဟာ ကြည့်ကောင်းတဲ့လူ တစ်ယောက် ဖြစ်နေပြီပေါ့။
တတိယနှစ် မှာ ကတည်းက မေမွန့်အပေါ် သူစိတ်တစ်မျိုးတစ်ဖုံ ပြောင်းလဲ ချဉ်းကပ်လာ တာမေမွန်သိပါတယ်။ မသိချင်လို့လည်း မရဘူးလေ။ မကြာ တကြာ စကြ၊ ပေါ်တင်နောက်ကြနဲ့ မဟုတ်လား။
သွေးလန့်ပျော့ခွေနေတဲ့ ကလေးရဲ့ ဘယ်ဘက် ခြေထောက်မှာ ကွန်းထိုက်ဟာ တကယ့်ခွဲ စိတ်ပါရဂူကြီးလို သွေးကြောရှာနေတာ ဟန်အပြည့်ပါပဲ။
သူခါးဆန့်လိုက်ပြီး ကိရိယာတွေ ကို ကလေးခြေထောက်နံဘေးမှာ ချထားလိုက်တယ်။
`ကျွန်တော် ဆာဂျင် တစ်ယောက် ယောက် ကို သွားခေါ်လိုက်မယ် ဆရာ´
လက်အိတ်ချွတ်ရင်း ခပ်အေးအေး မှင်သေသေ ကြေညာလိုက်တော့ မေမွန့်တို့ အံအားသင့် ကုန်တယ်။
ဆရာ မျက်နှာပျက်သွားတယ်။
ခွဲစိတ် ကိရိယာတွေ နံဘေးမှာ လက်အိတ် ချွတ်ချထားလိုက်ပြီး သူ့လက်နှစ် ဘက်ကို ခပ် ကားကားဆဆပြီး စိတ်အေးအေးထားဖို့ အမူအရာပြတယ်။
`ဆရာ စာရေး မပေးလိုက်လဲ ဖြစ်ပါတယ် ဆရာ။ ကျွန်တော် ဒီအတိုင်းပဲ သွားခေါ်ပါ့မယ်´
` ဖြစ်မလား၊ လိုက်ပါ့မလား´
`သိပ် ဖြစ်တာပေါ့ဆရာရယ်၊ ကျွန်တော် တို့နဲ့ သိပ်ခင်တာ။ ပိုင်ပါတယ် ဆရာရဲ့ ´
ကွန်းထိုက် ပိုင်တာလည်း မှန်ပါတယ်။ သူ တစ်ယောက် တည်းတော့ မသွားဘူး၊ စစ်ကူ ခင်သန်းမောင်နဲ့ အားဖြည့်သွားတာ။
ဆရာဦးညီညီလွင်ခမျာ တပည့်တွေ နှိပ်စက်လို့ မိုးထဲလေထဲလိုက်လာရမှာ ပါရောလား။
ကွန်းထိုက် ခွဲထားတဲ့ နေရာကို တစ်ချက်ကြည့်ပြီး ဆရာညီညီက နောက်တစ်ဘက်မှာ ခွဲဖို့ ပြင်တယ်။
မေမွန်တို့ အံသြသွားရတာ က ဆရာ့ဓားချက်ဟာ ကွန်းထိုက်လို အလျားလိုက်မဟုတ်ဘဲ ကန့်လန့်ဖြတ်ပါကလား၊ (ဖျားနာဆောင်တုန်းက တွေ့ ဖူးခဲ့ပေမယ့် ခုတော့မေ့ပြီလေ)။
ခွဲစိတ်ကု ပါရဂူဆိုတော့ မိနစ်တိုင်းအတွင်းမှာ ပဲ သွေးပြန်ကြောထဲကို ရင်ဂါအရည်တွေ သွင်း ပေးဖို့ ပလတ်စတစ်ပိုက်ထည့်ပြီး၊ ချုပ်ပြီး ဖြစ် သွားပါတယ်။
ကျေးဇူးတွေ အထပ်ထပ်။
`နင့်ဟာကြီး နင့်ဘာသာ ပြန်ပိတ်လိုက်တော့´
ဆရာညီညီက မျက်စပစ် ညွှန်ပြပြီး ထားရစ်ခဲ့တော့တယ်။ ကွန်းထိုက်က အပြေအလွှား ထီးတော် မိုး ပါသွားတာပေါ့။
ပြန်ချုပ်တဲ့အလုပ်ဟာ ခင်သန်းမောင် တာဝန် ဖြစ်လာတော့တယ်။ မေမွန်တို့နဲ့စာရင် သူက ပိုပြီးလက်ရဲဇက်ရဲ ရှိပြန်တယ်။
သူက ဘာလို့ အရှည်လိုက်ကြီး ခွဲတာလဲလို့ ဆရာပေါက်စက မျက်မှော င် ကြုတ်ပြီး မေး တယ်။
ကွန်းထိုက် ခွဲထားတဲ့ ဒဏ်ချက်ကို ခင်သန်းမောင် ပြန်ချုပ်ရင်း မှင်သေသေနဲ့ပဲ…။
`ကျွန်တော် တို့က အတွေ့ အကြုံ နည်းသေးတော့ ဆာဂျင်လိုဓားချက် မပိုင်ဘူးလေ ဆရာရဲ့ ။ ကန့်လန့်ခွဲရင် မတော် တဆသွေးကြော ပြတ်သွားနိုင်တယ် မဟုတ်လား။ ဒါကြောင့် သတိ တမံ ဥာဏ်မြေကတုတ် ဆိုသလို…´
တင်တင်မြိုင်က မေမွန့်တင်ပါးကို ကုတ်တယ်။ မေမွန်မရယ် မိအောင် အတော် ကြီး အောင့် အည်း ထားရတယ်။
ဆရာ မရှိတော့မှ လေးယောက် သား အတောမသတ်ရယ် လိုက်ကြရတာ လေ။
တော် သေးတယ်။ ဆရာကိုယ်တိုင် ကပ်ဒေါင်းကျွမ်းကျင်သွားတဲ့ အချိန်မှာ မေမွန်တို့ သား ဖွားမီးယပ်ဆောင်ကို ရွှေ့သွားရပြီမို့လို့သာပေါ့။
`မဂိုမြိုင် ရှည်ကြောတာနဲ့ ငါတို့ ငါးပါး မှော က်တော့မလို့´
အဲဒီ လို ခင်သန်းမောင်က အပုပ်ချလည်း တင်တင်မြိုင် အပြုံးမပျက်ပါဘူး။ ပြန်မပြော နားမထောင်ဘဲ။
မခွဲမခွာကြခင် နောက်ဆုံး အချိန်တုန်း ကတော့ မေမွန်တို့တစ်တွေ စိတ်မကောင်း ဖြစ်ကြရ ပါတယ်။
အလုပ်သင်ဆရာဝန် ပြီးဆုံးကြောင်း လက်မှတ် အမှတ်စာရင်းနဲ့ ဘွဲ့လက်မှတ် သွားထုတ် ရင်းနောက်ဆုံး တွေ့ ကြတုန်းက…
ကွန်းထိုက်က နောက်အကျဆုံး ရောက်လာခဲ့တာ။
သူ့စီးတော် ယဉ် ဟွန်ဒါကလေးနဲ့ပေါ့။
သူ့ဆိုင်ကယါနဲ့ အကြုံတင်လာတဲ့ အတန်းကြီးသမား တစ်ယောက် ကတော့ မေမွန်တို့ကို တွေ့ တော့ ကွန်းထိုက်ကို နှုတ်ဆက်ပြီး စာကြည့်တိုက်ဘက်သွားလိုက်တယ်။
ကျောင်းကလူတွေ တင်မက အတန်းဖော်တွေ ကပါ မေမွန်နဲ့ကွန်းထိုက်ကို ကျောင်းမပြီးခင် အတွဲ ဖြစ်သွားမှာ ပဲ လို့စောင့်ကြည့်နေတာ။
မေမွန်တို့ချင်း ဘာမှမ ဖြစ်သေးဘူး ဆိုတာကို ခင်သန်းမောင်နဲ့ တင်တင်မြိုင်က အခိုင်အမာ ပြောတာတောင် မှ တချို့က မယုံကြဘူး။
ဒီကြားထဲ မေမွန်နဲ့ ခင်သန်းမောင်တို့ပဲ မိန်းမချင်း ကူလီကူမာလိုလို သတင်းစကားတွေ ၊ မလိုတမာပြောချင်ကြသေးတယ်။ မခက်သား။
အဲဒီ နေ့က မေမွန့်ကိုလိုက်ပို့ပြီး မပြန်ဘဲကိုကိုစောင့်ခေါ်ပေါ့။
ဒါပေမယ့် မေမွန်မ ဖြစ်ဘူး။
သူငယ်ချင်းတွေ နဲ့ မခွဲခွာကြခင် နောက်ဆုံးနှုတ်ဆက်ဝိုင်းဖွဲ့ ချင်သေးတယ်လို့လဲ ဖြစ် ဖြစ် မြောက်မြောက် မဟုတ်လှပါဘူး။
အလုပ်သင်သင်တန်း ကုန်ုဆုံးသွားတာ နှစ် ပတ်ပဲ ရှိသေးတာ။ အဲဒီ ကြားထဲမှာ တင်တင် မြိုင်နဲ့ တောင် သုံးခါတွေ့ ပြီးတယ်လီဖုန်း လေးငါးခါပြော ဖြစ်ကြတာပဲ။
ခင်သန်းမောင်နဲ့ဆိုတာတော့ နေ့တိုင်းတွေ့ ။ တစ်ခါကလေ မနက်စာတင်မက ညစာပါစား ပြီးမှ မေမွန်တို့အိမ်ကနေ သူပြန်သွားတာ။
သူ့ကို တစ်မိသားစုလုံး ခင်ကြတယ်။ မေမွန့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလို့လည်း သိမှတ်ကြတယ်။ မေမွန်တို့ ခေါ်သလို `မောင်´လို့၊ အားလုံးကပဲ…။
ကိုကိုကလည်း မောင်ကိုခင်ပါတယ်။ ငါ့နား သိပ်ကပ်စေနဲ့၊ ငါ့ပုဆိုးလည်း ငှားမထားနဲ့ဦး။ တော် ကြာ ငါ ဘုန်းမြင့်ကနေ ဘုန်းနိမ့်နေမယ်၊ ဘာညာနဲ့တော့ မေမွန်ကို မှာ တာပေါ့လေ။
သူ့ကားကလေးနဲ့ ရွှတ်ခနဲဆို ရောက်လာတတ်တဲ့ တင်တင်မြိုင်ကိုတော့ ကိုကိုက ကြည့်မရ ဘူး။ မေးထူး ခေါ်ပြောထက် ပိုအရောမ၀င်ဘူး။ သွက်လက် လွန်းတယ် တဲ့။ မေမေနဲ့စ ကတော့ တင်တင်မြိုင် ၀တ်စားပုံ၊ သွက်လက်ချက်ချာပုံ၊ ပြည့်စုံပုံတွေ ကို သိပ်သဘောကျတယ်။ သူ မျက်နှာ များ တာကိုတော့လည်း မကြိုက်ဘူးပေါ့လေ။
မေမွန့်ကို ကွန်းထိုက်နဲ့ လှော်ပေးတာမျိုးကိုတော့စုက လက်ခံတယ်။ နင်တို့ ဆေးကျောင်း သူတွေ က အလုပ်သင်လည်း ပြီးရော အသက်လည်း အစိတ်နား ကပ်နေရော။ လူ့သက်တမ်းရဲ့ သုံးပုံတစ်ပုံဟာ စာသင်ရင်း ကုန်ဆုံးသွားတာပဲတဲ့။ မေမွန်က လေးပုံတစ်ပုံပါဟဆိုတော့ နင့်အ သက်ပဲခုနှစ် ဆယ်ကျော်အထိ နေရပါစေဦး မမရာတဲ့။
စုအတွေး စုအမြင်အရ ကွန်းထိုက်ကို မေမွန်စဉ်းစားသင့်တယ်လို့ ယူဆနေတာ၊ အကြံပေး နေတာ ထားတော့။
ကိုကိုက ဘာလို့ မေမွန့်ကို မနှမြောတာလဲ။ နှမကို လိပ်ပြာပိတုန်းတွေ ရစ်ဝဲလာရင် အစ်ကို တွေ ဟာ သ၀န်တိုတက်ကြတယ် မဟုတ်လား။
သူ့ရှေ့မှာ စုက မေမွန့်ကို ဘယ်လိုပဲ စနေ နောက်နေလည်း ကိုကိုဟာလေး၊ သူနဲ့ မဆိုင်သ လိုကို အမှတ်တမဲ့ကြီးနေတတ်တယ်။
အမှန်မှာ လက်မှတ်တွေ ယူပြီးတာနဲ့ မေမွန်ပြန်ဖို့ပါပဲ။
နောက်ကျမှ ရောက်လာတဲ့ ကွန်းထိုက်ကို စောင့်ဖို့လည်း အစက မရည်ရွယ်ဘူးလေ။
``မေမွန်၊ နင့်အစ်ကိုကြီးကို ပြန်လွှတ်လိုက်ပါလားကွာ။ ငါတို့ရုပ်ရှင်တစ်ပွဲလောက် သွား ကြည့်ကြရအောင်ပါ။ ဘင်းဘူးဟောက်စ်မှာ လဲ တစ်ခုခု ကျွေးချင်လို့ပါ´´
ကွန်းထိုက်ရဲ့ သွေးဆောင်မှု မှာ အတိမ်းညွတ်ဆုံး လူကခင်သန်းမောင်ပေါ့။ သူက တတ်နိုင် သမျှ မေမွန့်နားမှာ ပဲ နေချင်တာ။ သူများ ပြောလည်း ပြောစရာ။
``နှုတ်ဆက်နေ့လယ်စာပေါ့နော်။ ကောင်းသားပဲ မေမွန်။ ကိုဘုန်းမြင့်ပြန်ပါစေတော့။ ငါ သွားပြောလိုက်မယ်´´လို့မောင်က တက်ကြွနေတယ်။
မေမွန်ခေါင်းခါတော့ ကွန်းထိုက် မျက်နှာပျက်သွားတယ်။
ခင်သန်းမောင် ကတော့ လုံးဝ အားမလျှော့ပါဘူး။
``နင့်အစ်ကိုပါ ခေါ်သွားကြတာပေါ့၊ မဟုတ်ဘူးလား။
ငါသွားခေါ်လိုက်ပါ့မယ်။ ကိုကိုက အားနာတတ်ပါတယ်။
ငါခေါ်ရင် လိုက်မှာ ပါ´´
``သူ သွားစရာရှိတယ်´´
မေမွန် ဆက်ငြင်းနေသေးတယ်။
မေမွန် ဒီလောက် ငြင်းနေတာကို ခင်သန်းမောင် သဘောမပေါက်ဘူး။
``ဖျက်ခိုင်းလိုက်ပေါ့ဟ´´
``နင့်အမေ..၊ ဖျက်လို့ရမလား။ စုကို သွားကြိုရမှာ ´´
``ဟဲ..ညနေမှ ကြိုမှာ မဟုတ်ဘူးလား´´
``ဟင့်အင်း…၊ သူ နေ့တစ်ဝက် အော့ဖ်ရတယ်တဲ့´´
``ဒါဖြင့် ပြန်ပါစေဟာ၊ ငါ သွားပြောလိုက်မယ်´´
ခင်သန်းမောင်က မေမွန်နဲ့ မဆွေးနွေး မညှိနှိုင်းတော့ဘူး။
မေမွန်လည်း စိတ်တစ်မျိုး ပြောင်းသွား ပြီး ဆက်မငြင်းတော့ပါဘူး။ ကိုကိုပြန်မှာ မဟုတ်မှန်း မေမွန်သိတယ်။ ဒီတော့ ဒုက္ခစရိယာ ကျင့်ပြီး မေမွန့်ကို စောင့်ပလေ့စေ´´
``နင့် ဘွဲ့လက်မှတ်တွေ ဘာတွေ သွားထုတ်ချည်စမ်း ကွန်းထိုက်။ ငါတို့ ဒီနားက စောင့် နေမယ်´´
ကွန်းထိုက်က ခင်သန်းမောင်ရဲ့ အမိန့်အတိုင်း တစ်သဝေမတိမ်း နာခံနေလိုက်တာ။
မေမွန်နဲ့ခင်သန်းမောင်က မော်ကွန်းထိန်း အခန်းအပြင်ဘက် တံခါးနံဘေးမှာ ကျန်ရစ်တယ်။
တင်တင်မြိုင်က အလုပ်သင်ဆရာဝန်ဘ၀တုန်းက ရင်းနှီးခဲ့တဲ့ (သူနဲ့ ဘာလိုလိုတောင်အစွပ်စွဲခံရတဲ့) ဆရာ တစ်ယောက် နဲ့ [သူနဲ့ဘာလိုလိုတောင် အစွပ်စွဲခံရတဲ့] ဆရာ တစ်ယောက် နဲ့ လေပေးဖြောင့်နေတယ်။ မေမွန်တို့က အနီးကပ်နေရတဲ့ သူတွေ ဆိုတော့ သူများ တွေ ထင်သလိုမဟုတ်ခဲ့ဘူးဆိုတာ သိနေပါတယ်။ ဒါလည်း တင်တင်မြိုင်က မကြိုက်လို့ပါ။ သိတယ် မဟုတ်လား၊ ကြိုက်တယ်ဆိုတာက ယူဖို့မဟုတ်ဘူးလေ။ ချစ်လို့ မဟုတ်ဘူးလေ။ တင်တင်မြိုင့်မှာ ကသဘောကျတာရယ်။ ကြိုက်တာရယ် နှစ် ဆင့်ရှိပြီး ခင်တာနဲ့ မတူဘူးတဲ့။ ချစ်တယ်ဆိုတာက တော့ ဆယ်တန်းတုန်းကပဲ ချစ်ဖူးတယ် ဆိုတာပဲလေ။
မေမွန်ကကော အချစ်ဆိုတာကို မခံစားတတ်ခဲ့လို့လား။ လူတွေ က ပြောကြတယ်လေ။ ဦးကိုနဲ့ မတွေ့ ခင်အထိ မေမွန်ဟာ အစိမ်းသက်သက် အရိုင်းကလေးတဲ့။ ယောက်ျား တစ်ယောက် နဲ့ ပတ်သက်လာရင်တော့ သူတို့ပြောတာမှန်မှာ ပေါ့လေ။
အချစ်လား…။
ဒါတော့ မေမွန့်ဘာသာတောင် မသိတတ်တဲ့ အသည်းနှလုံးပုစ္ဆာ။ မေမွန် မတွက်ချက် ကြည့်ပါဘူး။ အဖြေကို မေမွန်မှ မသိချင်တာ။
မောင်က သူ့ဆံပင်ကို လက်နှစ် ဘက်နှင့် သပ်လိုက်တယ်။
``ကိုကို့ကို ငါသွားပြောလိုက်မယ် မေမွန်။ နင်နေခဲ့´´
မေမွန်က သူ့ကို နှုတ်ခမ်းမဲ့ပြီး မေးငေါ့ပြလိုက်မိတယ်။ စမ်းကြည့်လေဆိုတဲ့ သဘောပေါ့။
မေမွန် တစ်ယောက် တည်း ကျန်ရစ်တုန်း ကွန်းထိုက်ပြန်ရောက်လာတယ်။
``ခင်သန်းမောင်ကော´´
``ဟိုဘက် ခဏ ထွက်သွားတာပဲ´´
ကွန်းထိုက်က မေမွန့်နံဘေးမှာ ရပ်ပြီး တင်တင်မြိုင်ဘက်လှည့်ကြည့်တယ်။
တင်တင်မြိုင်ကဆရာနဲ့စကားလက်ဆုံကျနေတုန်းပဲ။ မှတ်မှတ်ရရ အဲဒီ နေ့က သူဝတ်ထား တဲ့ ဘလောက်စ်ဟာ ကျားသစ်ဆင်၊ ထမီအနက်နဲ့ ခြောက်လက်မ ခွာမြင့်ဖိနပ် အနက်လေ။ သူကအဲ့သလို ပူပူလောင်လောင် ထင်းခနဲ အ၀တ်အစားတွေ သိပ်ဝတ်တတ်တယ်။ သူနဲ့လည်း လိုက်ပါတယ်လေ။
``နင်စဉ်းစားပြီးပြီလား မေမွန်´´
ရုတ်တရက်တော့ မေမွန် အငိုက်မိသွားတယ်။
``ဟင်…ဘာကိုလဲ´´
``ငါ့ကိုလေ…´´
``အမယ်…´´
မေမွန် ရှက်အမ်းအမ်း ဖြစ်သွားတာပေါ့။ သူနဲ့ မေမွန့်ကို ရှေ့တွင် မရှောင် မထိခလုတ် ထိခလုတ် နောက်ပြောင်နေကြတာ ကြာပြီဆိုပေမယ့် သူတစ်ခါမှ ဖွင့်မပြောခဲ့သလို သူပြောရင် လက်ခံမယ်ဆိုတဲ့ အရိပ်အယောင်ကိုလည်း မေမွန်မပြခဲ့ပါဘူး။
ခုခါကျမှ ဆိုင်းမဆင့် ဗုံမပါ။
နောက်တော့တစ်ခါ မေမွန်မျက်မှော င်ကုတ်ပြီးပြန်စဉ်းစားတယ်။ မေမွန်က အပိုင် တွက်နေမိ တာလား။
``နင့်ကို ငါကဘာစဉ်းစားရမှာ လဲဟင်´´
ကွန်းထိုက်က မေမွန့်ကို အားမလိုအားမရ ဖြစ်သွားသလို ရှေ့တစ်လမ်း တိုးလာတယ်။ လူချင်းထိမတတ်၊ ရင်ချင်းအပ်မတတ် ဖြစ်သွားလို့ မေမွန် နောက်ဆုတ်လိုက်ရ တာပေါ့။
``နင်သိသားနဲ့မေမွန်ရယ်။ အားလုံးလဲ သိပြီးသားကိစ္စ´´
မေမွန်ရယ်ချင်လာတယ်။
မေမွန့်ကိုချစ်ရေး ဆိုလာတဲ့ သူဟာဒီအသက်ဒီအရွယ်ရောက်လာလို့မှ လက်တစ် ဘက် ချိုးရေလို့ မပြည့်သေးပါဘူး။ မေမွန်ရင်ခုန်တတ်ချင်တယ်။ ဒါပေမယ့် ကွန်းထိုက်ဟာက ရယ်ချင်အောင်စိတ်တိုအောင် ဖြစ်နေသလိုကြီး။
``ကွန်ထိုက်ရဲ့ ၊ တစ်ဖက်သတ်ကြီးတော့ သိနေတယ်လို့ မသေချာနဲ့လေ။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှ ဖြစ်မှာ ပေါ့´´
မေမွန်က အတည်ပေါက် နောက်လိုက်တာပါ။ မနောက်သင့်တဲ့ကိစ္စလို့ မေမွန် မတွေးမိဘူးလေ၊ သူငယ်ချင်းတွေ မို့မလေးစားတာလည်းပါမယ်။ ပြီးတော့ ကွန်းထိုက်နဲ့ မေမွန့်ကိုချစ်သူတွေ အ ဖြစ် စိတ်ကူးကြည့်လို့ကိုမရခဲ့ပါဘူး။ ဘာ ဖြစ်လို့မှန်းသေချာမသိပေမယ့် မှန်းကြည့်တတ်တယ်။ မေမွန်သူကို မချစ်လို့ ဖြစ်မှာ နော်။
တကယ်ဆို မေမွန်က ပါးအို့ကလေးတွေ ရှက်သွေးဖြန်းပြီး လက်ဖျားလေးတွေ အေးစက်လာရမှာ ။ ၀တ္ထုတွေ မှာ အဲသလို ဖွဲ့နွဲ့ကြတာကော။
လက်တွေ့ အ ဖြစ် ကျတော့ ပြောင်းပြန်။
ကွန်းထိုက်ဟာ အသားမဖြူပါဘူး။ တော် တော် ကြီးညိုတဲ့အသားပါ။ အဲဒါတောင် ရှက်သွေးနဲ့ သူ့မျက်နှာဟာနီမောင်သွားတာပဲ။ မေမွန့်ကို စူးစိုက်ကြည့်နေတဲ့ မျက်လုံးတွေ ကို ထားစရာ နေရာမရှိအောင် ဟိုလွှဲဒီလွှဲ ယောက် ယက်ခတ်သွားတယ်။
မေမွန် မရယ်ပါဘူး။ မေမွန့်မျက်နှာက အများ အားဖြင့် မှင်သေပါတယ်။ ရင်ထဲမှာ တော့ ကျိတ်ပြီး ရယ်ချင်နေတာပဲ။
အမယ်… ယောက်ျားကလေးတွေ ကို အထင်သေးလို့ မ ဖြစ်ဘူးနော်။
သူရှက်သွားပေမယ့် လက်လျှော့သွားမယ် မထင်လေနဲ့။
မေမွန်နံဘေးက နံရံကို လက်တစ်ဘက်ထောက်လိုက်တယ်။ အဲဒီ တော့မှပဲ ချာလီ ဘောင်းဘီပ ဝေါ့ကင်းရှူးစ်နဲ့၊ သူရှိုးစမိုးပြင်ထားတာကို သတိထားမိတယ်။ သူ့ဂျင်းဂျာကင်ဟာ သူ့ကိုယ်နဲ့ကွာပြီး ရှေ့ဟိုက်ကျနေတယ်။ ခါတိုင်းလည်း သူဟာအမြဲအစဉ် သေသပ်ရှိုး ကျတဲ့သူပါပဲလေ။ ဟွန်ဒါဆိုင်ကယ်လေး တဖုတ်ဖုတ်စီးပြီး ရေဘက် နေကာမျက်မှန်ကလေး တစ်တပ်တပ်နဲ့ ကျောင်းသူ သစ်လွင်ကလေးတွေ စိတ်ဝင်စားခံရလေ့ရှိသူပါ။ မေမွန့်တို့ ကတော့ ရွာနားကမြက် ရွာနွားမစားချင်တာလား မသိပါဘူး။ သူ့ခင်တာပဲ ရှိတယ်လေ။
``ငါမပြန်ခင် နင့်သဘောထားကို ညှိသွားချင်လို့ပါမေမွန်ရယ်၊ နင့်ကိုငါပြောချင် နေတာ ကြာလှပြီ´´
သူဟာယုံကြည်စိတ်ချရတဲ့ သူငယ်ချင်း မဟုတ်လား။ သူ့ကိုမေမွန် မကြောက် ဘူးလေ။
``နင်ပြောမှ ငါသိမှာ ပေါ့ ကွန်းထိုက်ရယ်´´
သူစိတ်မရှည်တော့ဘူးထင်ပါရဲ့ ။ နံရံမှာ ထောက်ထားတဲ့လက်ကိုဖြုတ်ပြီး လက်ခုံနဲ့ သူ့နှာခေါင်းကို ပွတ်လိုက်တယ်။
``နင့်ကို ငါချစ်နေတာ တတိယနှစ် ကတည်းကပဲ မေမွန်´´
သူတစ်ကယ်ပြောပြီဆိုတော့ အမယ်… မေမွန်မျက်နှာမထားတတ်တော့ဘူး။ ခနိုးခ နဲ့ မကျီစယ်ဝံ့ တော့ဘူး။
တင်တင်မြိုင်ကို အားကိုးတကြီး လှမ်းကြည့်မိတယ်။ တင်တင်မြိုင်က စကားအ တော မသတ်သေးဘူး။ ပြသနာပဲ
ခင်သန်းမောင်ကိုလည်း တစ်စွန်းတစ်စတောင် မမြင်ရသေးဘူး၊ ကိုကိုနဲ့များ ရန်ကင်းအထိ လိုက်သွားပြီလားမသိပါဘူးလို့ ငြိုငြိုငြင်ငြင် တွေးနေမိတယ်။
``သူငယ်ချင်းချင်း အခင်မင်ပျက်မှာ စိုးလို့ ငါမျိုသိပ်ထားခဲ့ပါတယ်ဟာ။ ဒါပေမယ့် အခုငါတို့ ပညာရေး ခရီးတစ်ထောက် ပြီးဆုံးသွားကြပြီ။ ဘ၀ရှေ့ရေး ကို အကွက်ချဆုံးဖြတ်နိုင်တဲ့ အချိန်ရောက်နေပြီ။ ဘာမပြော ညာမပြောငါပြန်သွားရင် အခြေအနေတွေ တစ်မျိုး ဖြစ်ကုန်ပြီး နင်နဲ့လွဲသွားမှာ ငါစိုးရိမ်တယ်´´
မေမွန်သိတော့လည်း သိနေခဲ့ပါတယ်။ သူ့ကို မချစ်တာလည်း သိနေခဲ့တယ်လေ။ ဒါပေမယ့် သူဖွင့်ပြောလာတဲ့အချိန်မှာ မေမွန်တစ်ခုခု အဖြေပေးရတော့မယ်။
နင့်ကို မချစ်ဘူးလို့တော့ မပြောသင့်တာ သေချာပါတယ်။
``တို့တွေ သူငယ်ချင်းတွေ လိုပဲ ဆက်ခင်သွားကြရအောင်´´
မေမွန့်အသံ တုန်ခိုက်ခိုက် ဖြစ်နေလို့ ပိုပြီး ရှက်လိုက်တာလေ။
အဲဒီ တုန်းမှာ ခင်သန်းမောင် ရောက်လာတယ်။ မေမွန်ကကယ်တင်ရှင်ကြီး မြင်ရသလို စိတ်ပေါ့ပါး ၀မ်းသာသွားပေမယ့် ကွန်းထိုက်က လှည့်မကြည့်ဘဲ ဇွတ်တိုးလို့သာ ပြောနေတယ်။
``သူငယ်ချင်းလိုတော့ ငါ့ဘက်က မ ဖြစ်နိုင်တော့ဘူး မေမွန်။ ကျောင်းပြီးတဲ့ တစ်နေ့မှာ နင့်ကိုလက်ထပ်ခွင့် ကမ်းလှမ်းဖို့ ငါစိတ်ကူးယဉ်လာခံတာကြာပြီ။ ခုမှတော့ မပြင်နိုင်တော့ဘူး´´
ခင်သန်းမောင်ရဲ့ စူအောင့်အောင့် မျက်နှာကြီးကြောင့် မေမွန် စိတ်ရှုပ်ရပြန်တယ်။
ခင်သန်းမောင်က ကွန်းထိုက်ရဲ့ နောက်ကျောကို ဘုန်းခနဲရိုက်လိုက်တော့မှ သူ ရောက် နေတာကို ကွန်းထိုက် သိတော့တယ်။ စူပါဒူပဲလို့ မေမွန်က ကျိတ်ပြီးသြဘာ ပေးနေမိ တယ်။
ကွန်းထိုက် သိပ်ရှက်သွားမယ်လို့ မေမွန် ထင်နေတာ။ ဒါပေမယ့် သူတို့ယောက်ျား လေးတွေ ဟာ နားလည်ရခက်တယ်နော်။
``မင်းမလဲကွာ´´ တဲ့။
ဒါပဲပြောပြီး ခင်သန်းမောင်ရဲ့ လက်ကို တွန်းဖယ်လိုက်တယ်။
သူပြောချင်တာ မကုန်သေးလို့ မအီမသာ ဖြစ်နေတာ သိသိသာသာပဲ။
``မင်းယောက် ဖက ပြန်ခိုင်းလို့ကို မရဘူး။ စောင့်နေမယ်တဲ့ လက်ဖက်ရည် ဆိုင်ခေါ်လဲ မလိုက်ဘူးကွာ။ ခွကိုကျရော´´
ကိုကိုညစ်နေပြီလို့ သိလိုက်တယ်။ မေမွန့်ကို သူမထားခဲ့ချင်ဘူးပေါ့လေ။ စိတ်ပူလို့လား။ ညစ်နေတာပဲ ဖြစ်မှာ ပါလေ။ မေမွန်ကလည်း ညစ်တာပဲ မဟုတ်လား။
ကျောင်းကင်တင်းကို ရောက်သွားကြတယ်။
ခါတိုင်းလို ပျော်ပျော်ပါးပါး ဟီးဟီး ဟားဟား ပါပဲ။ ခုလိုပြန်ဆုံကြဖို့ မလွယ်မှန်း သိနြေ ကတော့ အဲဒီ ပျော်ရွှင်မှု မှာ တစ်ခုခုတော့ လစ်ဟာနေမှာ အမှန်ပဲလေ။
လက်ဖက်ရည်ဆိုင်မှာ မျက်နှာချင်းဆိုင် စုဝေးထိုင်လိုက်ကြတယ်။
ကွန်းထိုက်က မေမွန်နဲ့မျက်နှာချင်းဆိုင်။ သူဟာ မေမွန့်ကိုရဲရဲတင်းတင်း ငေးကာစိုက်ကာလည်း ကြည့်ဝံ့နေပြီ။ သူ့သဘော သူ့ဆန္ဒ သူပွင့်လင်းခဲ့ပြီကိုး။
မေမွန်က လက်ဖက်ရည် မကြိုက်ပါဘူး။ ကော်ဖီလည်းမကြိုက်ဘူး နွားနို့ဆို ပိုမုန်းသေးတယ်။
ဒါပေမယ့် သူတို့နဲ့ လက်ဖက်ရည်ဆိုင် ထိုင်တာ များ တော့ချိုပေါ့ ရှယ်တစ်ခွက်တော့ ကုန်အောင်သောက်နိုင်လာတယ်။
``ယူ့ကို လက်ဖက်ရည် သောက်တတ်အောင်တော့ အိုင်တို့သင်ပေးပြီးပြီး။ သင်စရာတစ်ခု ကျန်နေသေးတယ်´´
``ဘာလဲ´´
တင်တင်မြိုင်က ကျီစယ်တဲ့မျက်လုံးတွေ နဲ့မှေးမှေးစင်းစင်းပြောတယ်။
မေမွန်က ခပ်နုံနုံပဲ ပြန်မေးမိတယ်။
``ယူ့တာဝန်ပဲ ကွန်းထိုက်၊ ယူသင်ပေးလိုက်´´
ကွန်းထိုက်ကို ဖျတ်ခနဲကြည့်မိတော့ ကွန်းထိုက်ကမျက်လုံးညို့ညို့ကြီးတွေ နဲ့ စိုက်ကြည့်နေတယ်။
မေမွန် အနေခက် သွားတာပေါ့။
``ဆိုင်ကယ်အစီးသင်ချင်တယ်ဆို၊ ကွန်းထိုက်ပြန်လာသင်လိုက်ပေါ့ဟ´´
တင်တင်မြိုင်က ထော့နင်းကြီးလျှောချရင်း ပြုံးစစနဲ့လက်ညှိုးတစ်ဘက်ကို မေးစေ့ အောက် ထောက်ထားတယ်။
ခင်သန်းမောင်က မကြည်မလင်နဲ့ တင်တင်မြိုင့်ကိုရော ကွန်းထိုက်ကိုပါ ငြူစူနေ တယ်။
အကင်းပါးတဲ့တင်တင်မြိုင်ကစကားလမ်းလွှဲလိုက်ပါတယ်။
``လုပ်အားပေး ဆရာဝန်တွေ ခေါ်မယ် မေမွန်၊ ယူလျှောက်မလား´´
မေမွန့်ခေါင်းသွက်သွက်ခါယမ်းလိုက်တယ်။
``ဒါဖြင့် အိုင့်အဖေ ဆေးခန်းမှာ ၀င်လုပ်ပါလား။ ပါပါက အိုင့်ကို ဆေးခန်းမှာ လုပ်စေချင်နေတာ။ အိုင်ကမလုပ်ချင်ဘူး။ ယူနဲ့ဆို အိုကေပဲ´´
မေမွန်အံ့အားသင့်သွားတယ်။
အလုပ်သင်ပြီးလို့ ဆမထုတ်ယူခါနီး အထိ မေမွန်မြင့် အလုပ်ဘယ်မှာ လုပ်မယ်လို့ အစီအစဉ် မကျသေးဘဲ ယောင်ချာချာ ဖြစ်နေသေးတာ။
တင်တင်မြိုင်ပါပါက နှလုံးလှ အထူးကု ဆေးခန်းမှာ ထိုင်တာ။ သူ့ရှယ်ယာ အများ ဆုံးပါ တယ်လို့ ခင်သန်းမောင်တို့က ပြောတာပဲလေ။ စည်းစနစ်အင်မတန်ကြီးသတဲ့။ အလုပ်ချိန်ဆို အချိန် ပြည့်ရှိနေမှာ တဲ့။
``အဲဒါကောင်းသားပဲ မေမွန်။ နင်ကလဲ အလုပ်သိပ်လုပ်ချင်တဲ့သူ။ မဂိုမြိုင့်ပါပါကြီး ကလဲ အလုပ်သိပ်ခိုင်း ချင်တာတဲ့။ ဟုတ်တာပေါ့´´
ကွန်းထိုက်နဲ့ မျက်လုံးချင်း ဆုံမိတော့ သူ ကတော့ မသိမသာ ခေါင်းခါ ဟန့်တား တယ်။ တင်တင်မြိုင် အလုပ်ကို မလုပ်စေချင်ဘူးတဲ့ သဘော။
ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ။ တင်တင်မြိုင် တစ်ယောက် ပေါ့ပျက်ပျက် ဖြစ်နေတာ ဟာ သူ့အမေ ကိုယ်နှိုက်ကလည်း ယောက်ျားတွေ ထည်လဲ တွဲ နေခဲ့တာ တဲ့ တင်တင်မြိုင် အရွယ် ရောက်လတော့ အမေတွဲ လိုက်၊ သမီးတွဲ လိုက်ကို နေတာတဲ့။ သူများ တွေ ပြောတာပဲလေ။ ခင်သန်း မောင်ကလည်း မေမွန်ကို သတိပေးတယ်လေ။
အဲဒီ တုန်းက မေမွန်လည်း အမှတ်တမဲ့ မေမေ့ ပျောက်ပျောက်ပဲရယ်။
အစိုးရအလုပ် ရအောင်စောင့်နေရတဲ့ စပ်ကူးမပ်ကူးအချိန်မှာ အလုပ်တစ်ခုခု လုပ်နေရမယ် လို့ လေးလေးနက်နက်မတွေးမိသေးဘူးလေ။
ကွန်းထိုက်က ပြည် ပြန်ပြီး ဆေးခန်းဖွင့်မယ်။ မြို့ပေါ်တော့ မဟုတ်ဘူးပေါ့။ အနီးအနားက ရွာကြီးတစ်ရွာမှာ တဲ့။ သူတို့ဘက်က ရွာတွေ က စီးပွားရေး ကောင်ြး ကတော့ ဆေးခန်းသွားဖွင့်ရ တာအဆင်ပြေတယ်တဲ့။
ခင်သန်းမောင်က လားရှိုးပြန်မယ်။ သူ့အမေက ဝေးဝေးမှာ မနေစေချင်တော့ ဘူးလေ။ ယောက်ျားလေးမှ မဟုတ်တော့လည်း ဘယ်လိုပဲ ယောက်ျားစိတ်ပေါက်နေတယ် ပြောပြော စိတ်မ ချနိုင်တော့ဘူးပေါ့။
တင်တင်မြိုင် ကတော့ အမေရိကားရောက်နေတဲ့ အစ်ကို အစ်မတွေ ဆီ သွားလည် မှာ တဲ့ လေ။ အမြဲနေဖို့တော့ စိတ်မကူးဘူးလို့ ပြောတာပဲ၊
လက်ငင်း အစီအစဉ်မရှိဘဲ ငေါင်နေတဲ့ သူဟာ မေမွန် တစ်ယောက် တည်းပဲလေ။
``ဘယ်တော့ အမေရိကား သွားမှာ လဲ´´
``တစ်လ အတွင်းပေါ့´´
``အဲဒီ လောက် မြန်ပါ့မလား´´
``မြန်ပါတယ်´´
တင်တင်မြိုင်က အေးအေးဆေးဆေး ပါပဲ။
``မေမွန်မွန် တစ်ယောက် ကတော့ ရန်ကုန်မြို့ကြီးမှာ နေပြီး ဘယ်နေရာမှ ခေတ်မ မီဘူး´´
ခင်သန်းမောင်က မေမွန့်ကို နှိမ်နေသေးတယ်။
``သွားစမ်းပါ မောင်ရယ်´´
မေမွန် သူ့ကို စိတ်တိုမိတယ်။
လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်း ကိုကိုတော့ ပျင်းနေမှာ ပဲလို့ အတွေး ပေါက် ပေါက်လာပါရဲ့ ။ ဒါပေမယ့် မေမွန် မပြန်ဘဲ ပေထိုင်နေတာပဲ။ ဘာရယ်မသိ သူ့ကို ညဉ်းချင်မိ တတ်တယ်။
ဘယ်သူကမှလည်း မေမွန်ပြန်နှင့် လို့ မတိုက်တွန်းကြဘူး။
နာရီဝက်လောက်ကြာလည်း သူတို့က ထပြန်ဖို့ စိတ်ကူးကြသေးပုံ မပေါ်ပါဘူး။
``ဆမ သွားထုတ်ရင် ဆုံကြဦးစို့´´
ခင်သန်းမောင်က အကြံပြုတယ်။
``ငါက မနက်ဖြန်ပြန်ဖို့ ကားလက်မှတ် ၀ယ်ပြီး နေပြီ´´
``နင့် ထမင်းစား လက်မှတ်ကို စောင့် မယူတော့ဘူး လားကွန်းထိုက်ရဲ့ ´´
``ပြန်လာမယ်လေ၊ ပြန်လာမှ ယူမှာ ပေါ့´´
``အေးလေ၊ မင်း ကတော့ နီးတာကိုး၊ ငါကသာ ခရီးက ဝေးတော့ ဝေးတာကို အပင်ပန်း ခံ နိုင်ပါတယ်။ အမေဆူဒီး ပူဒီတာကို ရင်မဆိုင်နိုင်ဘူး။ ဆ မ ရမှပဲ´´
``ယူက စိန်ပန်းမြေကို စွန်တော့မယ်ပေါ့´´
ခင်သန်းမောင်က သူ့လို သံယောင်လိုက်ပြီး ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောတဲ့ တင်တင်မြိုင့်ကို အလိုမကျ ဖြစ်သွားတယ်။
``မဂိုမြိုင်ရယ်။ မအပ်မစပ် ပြောလိုက်တာများ ငါဖြင့် နားတောင် ဖြုံသွားတယ်´´
``ဒါလောက်တောင်ပဲလား မောင်ရယ်´´
တင်တင်မြိုင် ရယ်နေတယ်။
``မေမွန်က ဘာ ဖြစ်လို့ နာရီတကြည့်ကြည့်လုပ်နေတာလဲ။ နေချင်နေ၊ ပြန်ချင်ပြန်ပေါ့။ မတင်မကျနဲ့ ဘာမှန်းလဲ မသိဘူး´´
ခင်သန်းမောင်က မေမွန့်ဘက် မြားဦးလှည့်လာပြန်တယ်။
မေမွန် ဆက်ခနဲ ထရပ်လိုက်တယ်။
``အေး၊ ပြန်တော့မယ်´´
ပြောပြောဆိုဆိုနောက်လှည့်မကြည့်တမ်း မေမွန် ထွက်လာခဲ့တယ်။
ကျွေးမွေးပြုစုသူဟာ ကွန်းထိုက်မှန်းသိပါတယ်။ တစ်လှည့်ကျွေးနေကျဆိုတော့ အထွေ အထူး ကျေးဇူးတင် စကားဆိုမိသလို နှုတ်ဆက်ဖို့ လိုတယ်လည်း မထင်ဘူးလေ။
ဒါကိုပဲ ခင်သန်းမောက်က ကွန့်နေ ညွှန့်နေသေးတယ်။
``xxx ခွဲခွာကြမယ်ဆိုရင် xx ရုတ်တရက်လည်း xx နှုတ်မဆက်ဘဲ xx သွားပါ မေမွန် xx´´
သူ့ သီချင်းကြောင့် မေမွန် လည်ပြန်ကြည့်ရင်း လက်သီးပြလိုက်တယ်။
ကွန်းထိုက်ဟာ ပြိုမလို ညိုမှော င်တဲ့အကြည့်နဲ့ ကြည့်လို့နေတယ်။ ဒီလိုတော့လည်း မေမွန် အားနာသလို ရှိသား။ သူ့ကို သဲ့သဲ့ ပြုံးပြမိတယ်။
မောင် ကတော့လေ၊ ယုန် တစ်ယောက် လို ရှေ့နှစ် ချောင်း ကြီးနေတဲ့ သွားတွေ ပေါ်အောင် ပြုံးဖြဲရင်း သူ့လက်တစ်ဘက်ကို မြှော က်ပြီး လက်ဝါး ဖြန့်ပြတယ်။
``ယူလဲ လက်ဝါး ဖြန့်ပြလိုက်စမ်းပါ မြောင်းနခင်းရယ်။ ဒါခေတ်သစ် အချစ်သင်္ကေ ဖြစ်မယ်´´ လို့ တင်တင်မြိုင်က ကွန်းထိုက်ကို မြှော က်ပေးတယ်။
``မဂိုမြိုင်နော်၊ နင့်ကိုလင် မြန်မြန်ရ သွားပါစေ ဆုတောင်းလိုက်ရ´´လို့ မောင်က အသား လွတ် ၀င်တီးတယ်။
မေမွန် လက်ကိုပြန်ချပြီး တစ်ယောက် တည်း ပြုံးလာမိတယ်။
ကိုကိုဟာ ဘီခြောက်ရာကလေးရဲ့ ရှေ့ခန်းမှာ ကွေးကွေးကောက်ကောက် အိပ်ပျော်နေ လေရဲ့ ။ အမယ်… ခလေးခလောနဲ့ ဟောက်များ တောင် ဟောက်နေသေး တယ်။သူ့မျက်နှာပေါ်မှာ လည်း ပေဖူးလွှာ မဂ္ဂဇင်း ဖွင့်လျက်သား အုပ်ထားလို့။
ပြတင်းပေါက်ထဲကနေ လက်သွင်းပြီး ကိုကို့ရဲ့ ထောင်နေတဲ့ ဒူး တစ်ဘက်ကို ကုတ်လိုက် တယ်။
အအိပ်အနေဆတ်တဲ့ ကိုကိုဟာ ချက်ချင်း ပဲစာအုပ်လည်းဖယ်၊ မျက်လုံးလည်း ဖွင့်၊ ငုတ် တုတ်လည်း ထထိုင်တယ်။
``ကြာလိုက်တာဟာ´´
သူ့ကို နှိပ်စက်ရတာ ကို မေမွန် ကျေနပ်သွားတယ်။
နှိုးရတာ ကို သနားတော့လည်း သနားမိသား။ သူဟာ နှစ် နှစ် ခြိုက်ခြိုက် အိပ်ပျော် နေခဲ့တာ ကိုး။
ကား တံခါးဖွင့်ပြီး သူ့နံဘေးမှာ ၀င်ထိုင်လိုက်ရင်း သမ်းဝေနေတဲ့ ကိုကို့ကို ချစ်စနိုး ကြည့် နေမိတယ်။
``ညက မအိပ်ရတာ ကျနေတာပဲ´´
``မအိပ်ရဘူး ဆရာဝန်မကြီးရဲ့ ´´
``ဘာ ဖြစ်လို့´´
``၀မ်းကိုက်လို့´´
သူ့မျက်ကွင်း ကျနေတယ်လို့ ထင်မိပေမယ့် အမှတ်မထင်ပဲ့ရယ်။
``ကိုကို ဆေးသောက်ထားရဲ့ လား´´
``အင်း´´
``ဘာဆေးသောက်´´
``သာလာဆပ်´´
မေမွန် စိတ်ပျက်သွားတယ်။
``၀မ်းကိုက်တာနဲ့ သာလာဆပ် ဘာမှမဆိုင်ဘူး ကိုကိုရဲ့ ´´
``သိဘူးလေ၊ စုတိုက်တာပဲ´´
ကားကို ပြည်လမ်းကြီးပေါ် ချိုးကွေ့လိုက်ပြီး တစ်ရှိန်ထိုး မောင်းနေတယ်။
စူဇီ တိုက်တာတဲ့။
မေမွန် အောက်နှုတ်ခမ်း အတွင်းသားကို ခပ်ကြိတ်ကြိတ် ကလေး ဖိကိုက်မိတယ်။
``ခုကော ၀မ်းကောင်းသွားပြီလား´´
တမင် ရွဲ့မေးလိုက်တာလေ။
``နင့် စောင့်ရင်း တစ်ခေါက် ပြေးလိုက်ရသေးတယ်´´
အိမ်ရောက်မှ ကိုကို့ကို ဆေးတိုက်ရဦးမယ်လို့ တွေးရင်းတစ်ခုခုကို မကျေမချမ်း ဖြစ်နေခဲ့ မိတယ်။
ဆရာဝန် တစ်ယောက် ဖြစ်တဲ့ မေမွန်ရှိပါလျက်နဲ့ ကိုကိုဟာဘာကြောင့် စုတိုက်တဲ့ ဆေးကို သောက်ရတာ လဲ။ ဘာကြောင့် များ တတ်နိုင်သမျှ မေမွန့်ကို ရှောင်ပြေးနေရတာ လဲ ကိုကို ရယ်။
``တင်တင်မြိုင်က မေမွန့်ကို သူ့ပါပါရဲ့ ဆေးခန်းမှာ အလုပ်ဝင်မလားတဲ့´´
ကွန်းထိုက်လိုများ မနှစ် မြို့ဟန် ပြမလားလို့ မေမွန်နှပ်ကြောင်း ပေးတာပါ။
ကိုကို့မှာ ဘာမှ ထူးခြားသွားတာ မတွေ့ ရဘူး။ တင်တင်မြိုင့် ပါပါရဲ့ ဆေးခန်းမှာ လုပ်တာ ဟာ တင်တင်မြိုင်နဲ့ပေါင်းတာလို စိတ်ပူစရာ မရှိဘူးလို့ ကိုကိုထင်လို့ ဖြစ်မှာ ပေါ့။
``အလုပ်က အဆင်ပြေမလား´´
``အထူးကုတွေ ထိုင်တဲ့ ဆေးခန်းပဲ။ ခွဲစိတ်ကုသတယ်၊ ကလေးမွေးတယ်၊ ဓာတ်မှန်၊ အီးစီ ဂျီ၊ အာလ်ထရာဆောင်းအစုံရှိတယ်´´
``နင့်အတွက် အဆင်ပြေရင် လုပ်ပေါ့´´
တင်တင်မြိုင်ရဲ့ ဆေးခန်းပါ ဆိုတာကို သူဘာမှကန့်ကွက်စရာ မရှိဘူး ထင်တယ်။ တင်တင် မြိုင် နိုင်ငံခြားသွားတော့မှာ မို့ သိပ်စိုးရိမ်စရာ မရှိတာ့ဘူး ထင်သလားလည်း မသိပါဘူးလို့ မေမွန် လှည့်ပတ် တွေးနေမိတယ်။
ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ ကိုကိုတို့က မေမွန်တို့ လောကအကြောင်း သိလည်း မသိ၊ အထင်တကြီးလဲ ရှိကြပေတာပဲ။
တင်တင်မြိုင်နဲ့ နှစ် ရှည်လများ တွဲ လာရတာ တောင် သူဘာများ ပြင်းပြင်းထန်ထန် ကန့် ကွက်ခဲ့ဖူးလို့လဲ။
မေမွန်က ကျောက်ဆစ်ရုပ်ကို ခေါင်းညိတ်ခေါင်းခါလုပ်စေချင် နေတယ်။ မေမွန့် အလွန်ပဲ ပေါ့။
တစ်နာရီ မိုင်ခြောက်ဆယ်နှုန်းလောက် ကိုကိုမောင်းနေတယ်။ စုကို ကြုံဖို့ သူ လောနေ တာ။
``ကိုကို၊ ကမ္ဘာအေးဈေးမှာ ခဏရပ်ပေးမလား´´
ကိုကို မျက်နှာအိုသွားတယ်။
``ဘာလုပ်မလို့လဲ´´
``ခေါင်းလျှော်ရည်ထုပ် ၀ယ်ချင်လို့၊ ခဏလေးပါ´´
``သံပရာခြမ်းလား´´
``အင်း´´
``ငါ ၀ယ်ခဲ့ပေးမယ်´´
သူက ကားအရှိန်မလျှော့ဘဲ ဆက်မောင်းနေတယ်။
မေမွန့်ကို လမ်းထိပ်မှာ ပဲ ရပ်ပေးမယ် ဆိုတာ သိပါတယ်။
ဒါပေမယ့် သူ ခေါင်းလျှောက်ရည်ထုပ် ၀ယ်လာပေးမယ်တဲ့။
မေမွန် အတွန့်မတက်ဘဲ ကားပေါ်က ဆင်းနေရစ်တယ်။
သူတို့ပြန်လာတော့ မရွှေစုက ခေါင်းကို ခြောက်အောင် လေပူမှု တ်စက်နဲ့မှု တ်နေပြီ။
``ဟယ်… ငါ့ခေါင်းလျှော်ရည် ထုပ်ကို ယူလျှော်ပစ်ပြီလား´´
လူးလဲ ထထာတဲ့ မေမွန့်ကို စု ခေါင်းမလှည့်ဘဲ မျက်လုံးစွေကြည့်ပြီး ဖြေတယ်။
``ကွိုင်တက်မနေပါနဲ့နော်။ ငါဖို့ ကိုကို ၀ယ်လာတဲ့အထုပ်နဲ့ လျှော်တာပါ´´
ခေါင်းအုံးဘေးမှာ ဘယ်အချိန်က ပစ်တင်ထားတယ် မသိတဲ့ သံပရာခြမ်း ထုပ်ကလေးက မေမွန့်ကို ပြက်ရယ် ပြုနေတယ်။
အိပ်ရာပေါ် ဗိုင်းခနဲ ပြန်ပစ်လှဲပြီး စုကို ကျောပေးလိုက်တာပေါ့။
``နင့် ဒရိုင်ဘာကလဲ နားလှည်းလိုက်တာ´´
စု လက်ထဲက လေပူမှု တ်စက်ကို မေမွန် ယိုးမယ်ဖွဲ့ အပြစ်တင်ပစ်တယ်။
စုက ဂရုမစိုက်လေဟတ် သီချင်းတညဉ်းညဉ်းနဲ့လေ။ သူ့စရိုက်အတိုင်း အင်္ဂလိပ်သီချင်း ခပ်သွက်သွက်ကလေးပေါ့။
``လက်မြှော က်xx လက်မြှေက် xx ချစ်တယ် xx ချစ်တယ် xx ချစ်တယ် xx ခုပြော xx ချစ်တယ် xx ချစ်တယ် xx မင်းပြောလေ xx လက်မြှော က် xx လက်မြှော က် ´´
မေမွန် နားကလောတာနဲ့ ခေါင်းအုံးနဲ့ နားကို ပိတ်ထားပစ်လိုက်တော့တယ်။
အနာ ဆေးထည့်၊ ပတ်တီးစည်းပြီးသွားပြီ။ ပဲ့နေတဲ့ ခြေသည်းကို ရသ လောက်တော့ ကတ် ကြေးနဲ့ ညှပ်ထုပ်လိုက်တယ်။ ကျွတ်ထွက်မှာ ပဲဆိုတာ သိပေမယ့် ဟင့်အင်း … မချွတ်တုတ်ဝံ့ပါဘူး။ သူ့ဘာသာ ကွာထွက်လာပါစေတော့။
ထော့နင်း ထော့နင်းနဲ့ ဆေးဗီရိုထဲကို ပစ္စည်းတွေ သိမ်းသော့ ပိတ်တယ်။
ထိခိုက်ရှနာဆိုတော့ မေးခိုင်ကာကွယ်ဆေး ထိုးသင့်တာမှန်ပါတယ်။ ဒါပေမယ့် မေမွန် ကြောက်တယ်။ ပင်နစလင်ဆေးပြားပဲ သောက်ထားတော့မယ်။ အနာ သက်သာအောင် ပါရာစက် တမောလည်း တစ်လုံး …။
ဆေးသောက်ဖို့အရေး ၊ ရေနွေးကြမ်း ထည့်ရသေးတယ်။ မေမွန်က ရေစိမ်း မသောက်ချင်ဘူး။ ရေကျက်အေးလည်း အိမ်မှာ မကျိုဘူးလေ။ ပိုက်ရေပဲ သန့်ပါတယ်လို့ မေမေက မီတာမတက် အောင် ချွေတာတယ်။ ရေစိမ်းမသောက်ချင်တိုင်း ရေနွေးကြမ်းချည်း သောက်တာ အကျင့်ကို ပါလို့၊ ပိုဆိုးတာက ရှမ်းပြည်မှာ နေတဲ့ ပေါင်းကာမှ အဆင်ပြေတဲ့အခါ၊ ရလွယ်တဲ့အခါ ဆားကလေးခပ်ပြီး သောက်ချင်တတ်နေတာ။
အပေါ်ထပ်က ခြေသံ လှုပ်ရှားသံတွေ ကြားနေရာ မေမေ အိပ်မနေဘူးဆိုတာ သိနေရတယ်။
နေရောင် ဟာ ဧည့်ခန်းထဲကို တော် တော် ထိုးကျလာပြီ။
ကိုကို့ ခုတင်ပေါ်မှာ လှဲအိပ်ပြီးမှ ခင်သန်းမောင်ရဲ့ စာကို ဖွင့်ဖတ်ရတယ်။
ကွန်းထိုက်က တစ်ပတ်တစ်ခါ ရေး နေကျ စာတွေ ကို မရေး တော့တာ ကြာပါပြီ။ သူက မေ မွန်နဲ့ဦးကို ယူလိုက်ကြပြီတောင် ထင်နေမှာ ပေါ့လေ။
မောင်က ကွန်းထိုက်လို စာမှန်မှန် ရေး ဖူးတာ မဟုတ်ဘူး။ လူရောက်မလာသလို စာလည်း မှတ်မှတ်ရရ နှစ် ခါလာရေး ထူးတာ။
သူ့လက်ရေး က ကျဲကျဲသော့ သော့ ရယ်။
နင့်ကို ငါ သိပ်စိတ်ဆိုးတယ် မေမွန်မွန်။
သိပ်လည်း စိတ်နာနေတယ်။
စိတ်ဆိုး စိတ်နာခြင်းတွေ ရဲ့ နောက်ကွယ်မှာ ငါဘယ်
လောက် ကြေကွဲနေရတယ်ဆိုတာ နင် သိနိုင်မတဲ့လား။
လားရှိုးရောက်နေပေမယ့် သတင်းတွေ က သတင်းတွေ က ဒီလောက်
ပြတ်လပ် မနေဘူး။
နင့်အကြောင်းတွေ ငါကြားနေရတယ်။
နင့်ကို နှမြောတယ် ဟာ။
ဒါပေမယ့် … ငါဟာ နင့်ရဲ့ ထာဝရ …
ခင်သန်းမောင်
ဦးကိုနဲ့ တွေ့ ပြီးတဲ့ နောက်ပိုင်း ပထမဆုံး ခင်သန်းမောင်ဆီက ရတဲ့ အဆက် အသွယ်ပါ။ ဘယ်လောက် ကြာသွားပြီလဲ။ ငါးလနဲ့ ဆယ့်နှစ် ရက်။
သူ ပြောင်းရွှေ့သွားတာက သုံးလနဲ့ နှစ် ဆယ့်ကိုးရက်။
သူနဲ့လုံးဝ မတွေ့ ကြ၇တာ လေးလတင်းတင်း ပြည့်တော့မှာ ပဲ။
သူ့ဆီက စာမရောက်တာလည်း တစ်လကျော်ခဲ့ပြီပဲ။
သူသွားစက မေမွန့်ဆီ တယ်လီဖုန်းဆက်သေးတယ်။ တစ်ခေါက်က မေမွန်မရှိဘူး။ နောက် တစ်ခေါက်ကျတော့လည်း ဧည့်ခန်းထဲမှာ စုနဲ့ကိုကိုရှိနေတယ်။ မေမွန့်မှာ အိုးနင်းခွက်နင်းပေါ့။
ခုတော့ ဖုန်းမဆက် ဖြစ်ကြတာလည်း ကြာခဲ့ပြီပဲလေ။
ကိုကို့ ခုတင်ပေါ်မှာ နဖူးပေါ် လက်တင် စဉ်းစားရင်း တစ်ခါ ငုတ်တုတ်ထထိုင် မိပြန်တယ်။
သူ့ ခေါင်းရင်းက စာအုပ်စင် တစ်နေရာမှာ အစီအရီတင်ထားတဲ့ ကတ်ဆက်ခေ တွေ ကို ကောက်ကိုင် ကြည့်နေမိတယ်။
နေရာ ရွှေ့ပြောင်းရင်း ကတ်ဆက်နံဘေးကို အမှတ်မထင် မေမွန်ရောက် သွားတယ်။
မေမွန်တို့အိမ်မှာ သီချင်းခွေတွေ ဟာ ကိုကိုနဲ့စု ရွေးချယ်အသံ သွင်းထားတာ တွေ ချည်းပဲ။ ဖေဖေက ဂီတဆို သူနဲ့တစ်လိုင်းစီ။ မေမေကလည်း သီချင်းတွေ စိတ်ကူးရရင် ညဉ်းပါရဲ့ ၊ စာသား မည် မည် ရရ မရဘဲ အဖျားရှူးသွား၊ ဖြီးလှိမ့်သွားတာချည်းပဲ။
မေမွန်က သီချင်းကြိုက်ပါတယ်။ စုလိုလည်း အ၀တ်အစား သိပ်မ၀ယ်တော့ ပိုတဲ့ငွေကို သူတို့လိုပဲ သီချင်းသွင်းဖို့ ချေးနေတာပဲ။
စုက သီချင်းသွင်းရင် နိုင်ငံခြား သံစဉ်၊ နိုင်ငံခြားသီချင်း၊ ဒါပဲ။ သူတို့ သီချင်း သံစဉ်ကို ကော် ပီလုပ်ထားများ နားထောင်သလားလို့ မေမွန်က မေးတော့ အရသာတစ်မျိုးစီတဲ့။
စူဇီ ငွေလိုရင် မေမွန် မပေးဘဲ ချေးရုံပဲချေးတယ်။ မေမွန်ထက် အသက်သုံးနှစ် ငယ်ပေမယ့် သူ့မှာ အလုပ်နဲ့၊ ၀င်ငွေနဲ့။ မေမွန်က နှလုံးလှမှာ ရက်ပိုင်းပဲ လုပ်လိုက်ရပြီး ရန်ကင်းမှာ ပဲ ကိုယ်ပိုင် ဆေးခန်း စဖွင့်ရလေတော့ အရင်းအနှီးလည်း မိဘပဲစိုက်၊ လူနာလည်း မ၀င်တစ်ချက် ၀င်တစ်ချက် နဲ့လေ။
ကိုကို့မှာ လည်း ၀င်ငွေရှိတာပါပဲ။ မေမေ့လူယုံ၊ မေမေ့အတွင်းရေး မှူးအနေနဲ့ မေမေက ရာခိုင်နှုန်း သတ်သတ်မှတ်မှတ်ထားပြီး ခွဲဝေပေးလေ့ရှိတယ်။ ကိုကိုက လိုမှ တောင်းမယ်ဆိုလည်း မရဘူး။ ကိုကို့ဆီက သူငွေလိုတဲ့အခါ ချေးပြီး အဲဒီ တော့လည်း အတိုးပေးသေးတယ်။ ဒါဟာ ဘော့စ်နက်ပဲတဲ့။ မေမေက အဲဒီ လို တိကျပြန်ရော။
ရှားရှားပါးပါး တစ်ခါတလေ မေမေ မေ့နေလို့ ကိုကို့မှာ ဆေးလိပ်ဖိုးတောင် မရှိအောင် ခန်း ခြောက်နေတတ်တယ်။ မေမွန့်ဆီက သူ ငါးကျပ်တစ်ဆယ်တောင်းတတ်တယ်။ တစ်ခါတလေ သူ မတောင်းဘဲ မေမွန်အလိုက်တသိ ပေးလိုက်တာပါပဲ။
သူ့သီချင်းခွေတွေ ရွေးဖို့ ပိုက်ဆံ မရှိရင်လည်း မေမွန်ပေးတယ်။ ပြန် အဆပ်မ ခိုင်းပါဘူး။ သူကလည်း မဆပ်ပါဘူး။
သူက ခင်မောင်တိုး သီချင်းတွေ ကို ကြိုက်တယ်။ စိုင်းထီးစိုင်တို့၊ မွန်းအောင်တို့၊ ခင်မောင် ထူးတို့၊ ခိုင်ထူးတို့ရဲ့ မြန်မာသံတွေ ကို ရွေးသွင်းတယ်။ သူကြိုက်တဲ့ အထဲမှာ စန္ဒရား လှထွဋ်ရဲ့ တိမ် တမာန်တို့။ ကိုအံ့ကြီးရဲ့ လူချွန်လူကောင်းတို့လည်း ပေါသေးတယ်။ မေဆွိတို့၊ ဟေမာတို့ကိုလည်း ကြိုက်ပေမယ့် သူဟာ ချိုပြုံးရဲ့ တက္ကသိုလ်က ငွေလမင်းတို့၊ ဘ၀ချင်းဆုံ တွေ့ ပါရစေ တို့ကို ပိုပြီး စွဲလမ်းတယ်။
ကက်ဆက် ခလုတ်ကို နှိပ်လိုက်မိတယ်။
``xx ဆုတောင်းရယ်မပြည့်နိုင်တယ် xx အသံချိုအေးလေးရှိပါလည်း xx ရုပ်အဆင်းက နုံ ချာတယ် xx သြော် xx စိတ်မနာသူ ရှိမလား xx သူ့ဘ၀ရယ် xx´´
မေမွန် ပြုံးမိတယ်။
ကိုကိုဟာ သူ့ရုပ်ရည်အတွက် အားမငယ်ရင်သာရှိရမယ်။ ဘ၀ကိုသူ တစ်ခါတစ်ရံ အားငယ် တက်တာ သေချာပါတယ်။ ၀မ်းနည်းတာ၊ မကျေနပ်တာ ဖြစ်ချင် ဖြစ်မှာ ပေါ့လေ။
သုံးနာရီ ထိုးနေပြီ။
မေမွန် ထမင်းအိုး တည်တယ်။ လွယ်ပါတယ်။ ထမင်းချက်အိုးထဲ ဆန်ထည့်၊ ဆန်ဆေး၊ အမှတ်အသားအတိုင်း ရေထည့်ပြိး ပလတ်ထိုး၊ မီးဖွင့် ဒါပါပဲလေ။
ပြီးတော့ တစ်ခါ ကက်ဆက်နား ပြန်လာပြီး၊ ကြက်သွန်ခွာရင်း သီချင်း နားထောင်တယ်။
စု ပြန်လာရင် ဈေးဝယ်လာလိမ့်မယ်၊ အသားငါးကိုင်ပြီးသား၊ အသီးအရွက် လှီးပြီးသားသ ၀ယ်လာမှာ ပါ။ ကြက်သွန်ဖြူခွာပြီးသားလည်း ပါမှာ ပေါ့။ သူဘာဝယ်လာမယ် မသိဘူးလေ။ သေ ချာတာက ကြက်သွန်နီ လိုမှာ ပဲ။
မေမေ ဆင်းလာတယ်။ မွေးပွ တဘက်ဖားဖားကြီး ခြုံလို့။ တိုတိုကလေး ဖြတ်ပြီး ကောက် ထားတယ်။ သူ့မျက်နှာကလေးဟာ ၀ိုင်းဝိုင်း နုနုကလေး။ မေမွန် တက္ကသိုလ် ရောက်စလောက်တုန်း ကဆို မေမေ့ကို မေမွန့်အစ်မချည်း ထင်ကြတယ်။ ခုတော့သူ ၀သွားပြီ။
လူကောင် သေးသေး။ ၀၀ လုံးလုံးကလေးပေမယ့် ပြောသလို မျက်နှာ ကလေး ကတော့ နု နေတာပဲ။ ငါက စိတ်ညစ်မခံဘူး။ ပြဿနာကို ပျော်ပျော်ကြီးပဲ ဖြေရှင်းတယ်တဲ့ ဟုတ်မှာ ပဲနော်။ ဒါကြောင့် နုတာပေါ။
``သံပရာရည် သောက်မလား မေမေ´´
``သိပ်ကောင်းတဲ့ စိတ်ကူးပေါ့ မေမွန်၊ ကျေးဇူး´´
ကြက်သွန်စော် နံမှာ စိုးလို့ လက်ဆေးရပြန်တယ်။
မထူးပါဘူး။ မတ်ခွက် လောက်ကြီးနဲ့ပဲ ဖျော်လိုက်တော့မယ်။ ဟိုနှစ် ယောက် လည်း ရောက် လာမှာ တော့မှာ ။ ဖေဖေ ကတော့ အပြန် ညဥ့်နက်မယ်လေ။ ရုံးကားနဲ့မှ လာလိမ့်မယ်။ သူ့အတွက် သကြားရည်နဲ့ ဆားဖျော်ပြီး ရေခဲသေတ္တာထဲထည့်ပေးထားတယ်။ သူလာမှသံပရာ သီးညှစ်ထည့် ပြီးတိုက်မယ်။
ဖျော်လည်းပြီးရော ကားသံလည်း ကြားပါရော့။ စုရဲ့ အသံ ကတော့ ဆူညံနေတာပဲ။ သေး သေးစူးစူးနဲ့ ကားစက်သံဆူဆူ အုပ်အုပ်ကြားက ထွင်းဖောက်ပေါ်လာတယ်။
``ဘာရမလဲ ကိုကိုရ၊ တစ်ပိဿ တစ်ရာ့ငါးဆယ်ဈေးနဲ့ရောင်းတာ ဈေးမှ မဆစ်ဘဲ အလေး ပြည့် ပေးရမှာ ပေါ့။ ခုတော့ ငါးကျပ်သားကြီးတောင် ခိုးထားတယ်။ စုက သမာဓိချိန်ခွင်မှာ သွား ချိန်တာ။ ဈေးသည် အချင်းချင်းဆီမှာ ချိန်ရင် ရှုပ်ကုန်မယ်၊ မဟုတ်ဘူးလား´´
``မြန်မြန် သယ်သွားစမ်းဟာ၊ နင့်ပုဇွန်တွေ က ညှီတယ်။ တစ်နေ့လုံး ဓာတ်ဆီနံ့နဲ့ ခေါင်း နောက်ရတဲ့ အထဲ´´
စုက နှုတ်ခမ်းစူပြီး ဆောင်ဆောင့်နဲ့လာတယ်။ ဧည့်ခန်းဘက် မ၀င်တော့ဘဲ မီးဖိုဆောင် တံခါးကနေ တန်းဝင်လာတယ်။
``မမက သိပ် လိမ္မာတယ်ကွာ။ နေပူလွန်းလို့ ရေငတ်နေတာ။ သဲကန္တာရထဲက ပြန်လာရ တာကျနေတော့တယ်´´
ဈေးဝယ်လာတဲ့ ကြွပ်ကြွပ်အိတ်ကို စားပွဲပေါ် ပစ်တင်ခဲ့ပြီး အားနေတဲ့ လက်နဲ့ ဖန်ခွက်ကို ဇိုးဇိုး ဆတ်ဆတ် ကောက်လိုက်တယ်၊ ပြီးတော့ မေမွန်ထည့်ပြီးစ သံပရာရည်ကို တစ်ရှိန်ထိုး မော့သောက်ပစ်လိုက် တယ်၊ တစ်ခါ အဲဒီ ခွက်ကိုချ၊ မေမွန်လက်ထဲက လှမ်းယူပြီး အိမ်ထဲ ၀င်လာတဲ့ ကိုကို့ကို သူကဖန်ခွက်ကလေး ကမ်းပေးလို့နေတယ်။
``အမောပြေကိုကို၊ ရော့´´
မေမွန့်ဟာ လက်ထဲမှာ တော့ ကိုကို့ကို ဆီးကြိုးပေးဖို့ ပြင်ဆင်ထားပေမယ့် အော်ခံ ပန်းကန်းကြားပဲ ကျန်ရစ် တော့တယ် ။
မေမွန်ဟာ နောက်ဆုံးကျန်ရစ်တဲ့ ဖန်ခွက်ကို ကောက်ယူပြီး ဧည့်ခန်းထဲကို ထွက်လာ ခဲ့ရတယ်။
ကိုကို့ရှေ့က ဖြတ်အလာမှာ မေမွန် ဘယ်လိုမှ မျက်နှာမပြောင်းလဲ ပါဘူး၊ သူ ဆီက မျက်နှာသာရဖို့ ခုဆို ပိုတောင်မမျှော်လင့်တော့ပါဘူးလေ။
``ကျေးဇူးမေမွန်´´
တိုးတိုးညင်ညင် သူအသံဟာ မေမွန့်မျက်လုံးတွေ ကို သူဆီ ရွေ့သွားစေခဲ့တယ်။
ကိုကိုက သံပရာရည်ခွက်ကလေး မြှောက်ပြလိုက်ပြီး တစ်ကျိုက် သောက်လိုက်ပါတယ်။
မေမွန် ပျော်သွားတယ်။
တစ်ပြိုင်နက်မှာ ပဲ ၀မ်းနည်းမိပြန်တယ်။
ဘာကို ၀မ်းနည်းပြီး နေရပြန်တာလဲ။
``ဒီနေ့ နင့် ဆေးခန်းကို ငါ့သူငယ်ချင်းရဲ့ အမေ လာလိမ့်မယ်။ ကျတဲ့ ငွေတော့ယူသာယူ။ ရောဂါ သေချာရှာပေးရုံပဲ´´
ကိုကိုတို့ တစ်တွေ ဟာ မေမွန့် ဆေးခန်းအတွက် လူနာလည်း ရှာလာပေးတတ်သည်။
``အာ့  မမက လုပ်ပြီကွာ။ ကက်ဆက်ထဲမှာ အခွေငြိနေပြီးသွားပြီး ပျက်ပြီး ကိုကိုတော့နင့်ကို ကောတော့မှာ ပဲ´´
မြား တစ်စင်းလို လျင်တဲ့ သွက်တဲ့စုဟာ ဧည့်ခန်းထဲကိုရှေ့က ရောက်နေပြန်ပြီး သီချင်းခွေ ကြိုးငြိသွားတာကို သူပဲအလျင်ဆုံး သတိထားမိနေပြန်တယ်။
``ရပါတယ်ကွာ၊ သူ လျော်လိမ့်မယ်၊ သူကာ ရန်ကင်းက သူထိန်း၊ သူထိန်´´
``အမ်စီတူးက သူထိန်း၊ သူထိန်း၊ ဟုတ်ပေါင် နှလုံးလှက၊ အဲလေ့  ဆောရီး၊ ရန်ကင်း ဆေးကုခန်းက့ ´´
စုက သတိတရ မှားချော်သွားတဲ့ စကားလုံးကို တိခနဲ ဖြတ်လိုက်တယ်၊ စကားဖြတ်ခါမှ တစ်ပိုင်းတစ်စ နှလုံးလှ စကားဟာ နှလုံးသားကို လွှကို ထိရှသွားစေတယ်။
ရေချိုးခန်းထဲက မေမေ ထွက်လာတယ်။
``ကားပြင်လာတာ ညမှ စာရင်းတင်တယ် မေမေ´´ လို့ ကိုကိုကနှုတ်ဆက်တယ်။
``အိုကေ၊ ညကျမှာ ပေါ့´´
မေမွန် အပေါ်ထပ်ကို တက်လာခဲ့တယ်။
ကိုကိုဟာ ကက်ဆက်ကို ခလုတ် ဟိုနှိပ် သည်နှိပ်နဲ့ ကြိုးစထွက်လာဦးမလား စမ်းသပ်နေ တယ်။
နှလုံးလှ့ 
နှလုံးလှတာ မှန်ပါရဲ့ 
နှလုံးထိရှခဲ့ရသူရဲ့ ရင်ထဲမှာ တော့ 
အို့  ဦးကိုရယ်။
အလုပ်သင် ပြီးဆုံးသွားတဲ့နောက် နှစ် လသုံးလတော့ မေမွန်ဟာ အိပ်လိုက်၊ စားလိုက်၊ အိမ် အလုပ်တွေ သိမ်းကျုံးလုပ်လိုကနဲ့ပါပဲ။
ပျင်းပျင်းရှိတိုင်း ကိုကို စာအုပ်စင်ကို မွှေနှောက်ရင်း စိတ်ကြိုက်လည်း ကုန်သလောက်ရှိပြီ။ သူ့အကြိုက်တွေ က မေမွန် စိတ်မ၀င်စားတာ အများ စုကိုး။
မေမွန် အားနေတော့ ဖေဖေတို့အ၀တ်တွေ ကို ဒိုင်ခံလျှောက်ပေးရတယ်။ ကိုကို့ အ၀တ်တွေ လည်း အပါအ၀င် ပေါ့။
မီးပူတိုက်ရင်းလည်း ခါးချည့်မတတ်တဲ့။ စုအ၀တ်တွေ က အများ ဆုံးပဲ၊ တခါတလေ တစ်နေ့တည်း နှစ် စုံသုံးစုံ လဲတတ်တယ်။ ဈေးသွားလို့၊ သူငယ်ချင်းနဲ့ရုပ်ရှင်သွားလို့၊ တစ်အိမ်ကျော် က အန်တီ ဖောရိန်းက ပြန်ရောက်နေလို့လား တွေ့ မလို့။
``မမရေ၊ ဒါလေး နှစ်ထည်ပါပဲဟယ်၊ ရော့ လျှော်လိုက်တော့နော်။ ငါအလုပ် နောက်ကျနေ လို့ပါဟယ်၊ လိမ္မာသားနဲ့နော်၊ နော်´´ ဆိုတာမျိုးတွေ များ လာတော့ မေမွန် ငြူစူလာတာပေါ့။
သူစာမေးပွဲဖြေနေတုန်း ကတော့ စုက ထမင်းပွဲရှေ့အရောက် ပို့ခဲ့တာနော်၊ မေမေ´´ လို့ စုက တိုင်တာ မေမေက``ဟုတ်သားပဲ မေမွန်ရယ်။ ဒီညီမကလေး တစ်ယောက် ရှိတာ နည်းနည်း ပါး ပါး လုပ်ပေးမှာ ပေါ့၊ သူ့ခမျာ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ မနိုင်မနင်း ဖြစ်နေတာကို´´ ဘက်လိုက်ချင်တယ်´´
``သူ့စာမေးပွဲတွေ မှာ ပဲ သမီးကြီးက လုပ်ပေးပါတယ်ကွာ၊ ဆရာဝန် ဘ၀ဆိုတာ တစ်သက် လုံး အလုပ်များ မှာ ကွ၊ ခဏတစ်ဖြုတ် နားပါစေလား´´လို့ ဖေဖေကြားဝင် ဖျန်ဖြေတယ်။
စု အ၀တ်ကို မလျှော်ပေးရပေ့မယ့် မီးပူ တိုက်ရတဲ့ အ၀တ် ကတော့ ရှိမြဲ ရှိနေတာ။
အလုပ် ပုံမနေအောင် နေခင်းတိုင်ကျရင် မေမွန် လျှော်ဖွပ်၊ မီးပူတိုက်၊ တစ်ဆက်တည်းလုပ်တယ်။
တင်တင်မြိုင်ဆီကတယ်လီဖုန်း လာတုန်းက မေမွန်တိုက်နေတာ၊ မီးပူ တိုက်မလို့ ဖေဖေနဲ့ ကိုကိုရဲ့ ရှပ်အင်္ကျီကို ရေစက်ကလေးတွေ တောက်နေတာ။
``အိုင် သန်ဘက်ခါ သွားတော့မယ်။
``သွား ဖြစ်သွားပြီလား´´
မေမွန့်ကို နှုတ်ဆက်တာပဲ ထင်နေခဲ့တယ်။
တယ်လီဖုန်းကို လည်ပင်းမှာ ညှပ်ထားရင်း ကိုကို့ ရှပ်အင်္ကျီကို ဖြန့်တယ်။
``လေယာဉ်ပျံကွင်း လိုက်ပို့မယ်လေ။။ ဘယ် ဖလိုက်နဲ့ သွားမှလဲ´´
တင်တင်မြိုင့် အဖြေတစ်ပိုင်း တစ်စမှာ ပဲ တယ်လီဖုန်းက လည်ပင်းကနေ လွတ်ကျသွားတယ်။
``ဟေ့း့  မေမွန် ၊ ယူဘာတွေ ဖြစ်နေတာလဲ´´
သူ့ကို ရှင်းပြတော့ သူက တအံ့တသြ ရယ်နေတယ်။
``ယူ မီးပူတိုက်နေရသလား၊ သနားပါတယ်´´
သူက စုတ်သပ်လိုက်သေးတယ်။
``သနားလောက်အောင်တော့ မဟုတ်ပါဘူး။ တင်တင်မြိုင်ရယ်´´
``ဟေ့း့  ဒီမှာ ၊ တကုတ်ကုတ်နဲ့ မီးပူတိုက်နေမယ့်အစား တစ်ဆိတ်လောက် အိုင့်ကို ကျေးဇူးပြု၍ ကူညီပါလားဟင်´´
မေမွန်ကို နှုတ်ဆက်ဖို့ ဖုန်းဆက်တယ် မှတ်နေတာ၊ မဟုတ်ဘူးသိလား။
``ပါပါက ဆရာဝန် တစ်ယောက် လိုချင်တယ်တဲ့။ အလုပ်မှာ တာဝန်ကျေပြီး လူနာကို ကြင်ကြင်နာနာနဲ့ ရောဂါ ကို စိတ်ဝင်စားတတ်တဲ့ ဆရာဝန်မျိုး ဖြစ်ပါစေတဲ့။ ဟင့်း့  သတ်မှတ်ဝိ သေသတွေ ဖွဲ့နွဲ့ပြရတာ အသေအချာပါပဲ။
မေမွန့််ကို ဆွဲဆောင်နိုင်တာ အသေအချာပါပဲ။
``နင့် ကိုယ်စား ၀င်လုပ်ပေးရမှာ လား´´
တင်တင်မြိုင်ဟာလေ၊ အင်မတန် ပြောင်မြောက်တဲ့ ပြက်လုံးတစ်ခုလို သဘောထား သလား၊ မသိ။ တဟက်ဟက် ရယ်နေတော့တယ့့် ။
``တင်တင်မြိုင်၊ တို့ရဲစကားဟာ ဒီလောက်တောင်ပဲ ရယ်စရာ ကောင်းနေသလားဟင်´´
``ဆောရီး မေမွန်၊ ဘယ်လိုလဲ မအောင့်မေ့ပါနဲ့ သူငယ်ချင်းရယ်၊ယူ့အကူအညီကို အိုင် တကယ့်ကို လိုအပ်နေတာပါ´´
``တို့ကို လိုအပ်နေတာ တင်တင်မြိုင့် ပါဝါဆို´´
``ဒါပေါ့ ။ ဒါပေမယ့် အိုင်က ယူ့ကို သူ့လက်အပ်နိုင်ရင်အိုင် ဟိုမှာ ကြာကြာနေဖို့ ၊သုံးစွဲဖို့ အခွင့်အရေး ပိုရမှာ ပေါ့ ကျေးဇူးမမေ့ပါဘူး။မေမွန်ရာ ပလိ(ဇ်) ကွာ´´
``တင်တင်မြိုင့် ပါပါဆီ အင်တာဗျူး ၀င်ရဦးမှာ လား´´
``နိုး နိုး ယူ့အကြောင်းကို ကျောင်း တက်နေကတည်းက အိုင် မကြာခဏ ပြောပြလွန်းလို့ ပါပါက သဘောကျပြီးသား´´
``တို့က ဘယ်အဆောင်မှာ တာဝန်ကျမှာ လဲဟင်´´
``ဟော ယူနောက်နေပြီး ယူအလုပ်သင် ဆရာဝန် မဟုတ်တော့ဘူးလေ။ ယူဟာ အထွေထွေ ရောဂါ ကု ဆရာဝန်လေး´´
``ဟော ယူနောက်နေပြီး ယူအလုပ်သင် ဆရာဝန်လေး´´
မေမွန် ပခုံးတွန့်ရင်း၊ ဟုတ်ုပါရဲ့ မေမွန်ဟာ ဘွဲ့ရထိုက်ပြီးဆိုတဲ့ ပါမောက္ခချုပ်ရဲ့ ထောက်ခံ ချက်ကို ရရှိပြီးပြီပဲ ။
အလုပ်သင် ပြီးဆုံးခဲ့ပြီပဲ။ မေမွန် ဆေးကုသပေးနိုင် နေနိုင်ပါပြီ။ အဲသလို ပီတီနဲ့ တွေးမိပါ တယ်။
``ဒါဆို ဘယ်တော့ အလုပ်ဝင်ရမှာ လင်´´
`` ဖြစ်နိုင်ရင် မနက်ဖြန် မနက်ရှစ်နာရီ အရောက်လာလေ။
ပါပါက ဆယ့်ငါးနစ်လောက်အလိုမှာ ကွက်တိ ရောက်နေပြီ။အိုင်လဲ ရှစ်နာရီရောက်အောင် ကြိုးစားမယ်။ နို့း့  နိုး အိုင် တစ်နာရီမှာ အဲဒီ ကို ရောက်နေမယ်။ ဟုတ်ပြီးလား´´
မေမွန် တစ်ယောက် တည်း အိမ်မှာ ရှိနေတာ။ ဖေဖေက ရုံးသွား၊ စုက ကျောင်းသွား၊ မေမေနဲ့ ကိုကိုက ဘိလပ်မြေတွေ လက်တွဲလွှဲမယ်ဆိုလားပဲ။ ဘယ်သူမှာ အိမ်မှာ မရှိကြဘူးပေါ့။
မီးပူတိုက်ရင်း မေမွန်ဟာ အလုပ် ၀င်ရတော့မယ့်အ ဖြစ်ကို တလှပ်လှပ် ရင်ခုန် စိတ်လှုပ်ရှား နေမိတယ်။
ကိုကိုနဲ့မေမေ အလျင်ဆုံး အိမ် ပြန်ရောက်လာတယ်။
ဝင်းတံခါးမှာ ချိတ်ထားတဲ့ ကြိုးစကို အကြမ်းပတမ်းဆွဲတော့ ဧည့်ခန်းဝက ခေါင်းလောင်းက လေး လှုပ်လှုပ်ခါခါအောင် မြည် တာပေါ့´´
မီးခလုတ် ပိတ်ခဲ့ပြီး တံခါးနားထွက်ကြည့်ရတယ်။
မရွေစုရယ်၊ ချွေး သံတရွှဲရွှဲ နဲ့ ကြိုးစကို ပြတ်လုမတက်ဆွဲ လှုပ်နေလေရဲ့ ။
``ကြားတယ်။ ကြားတယ်၊ လာပြီ´´
ဝင်း တံခါးသော့  ဖွင့်တာကိုပဲ သူစိတ်မရှည်နိုင်အောင် ဖြစ်နေတယ်။
``မြန်မြန်ဖွင့်ပါမမနဲ့ ။ အန္တရာယ် မလွယ်နိုင်ဘူဲး´´
``စု ကတော့ ဖြစ်ရမယ့်´
သူ့မှာ ထမင်းဘူးတို့၊ ပိုက်ဆံ အိတ်တို့ ထည့်သွား ပလစ်စတစ်ခြင်းက တစ်ဘက်၊ ဖိုင်တွဲ တွေ က တစ်ပွေ့နဲ့ ပလစ်စတစ်ခြင်းက တစ်ဘက်၊ ဖိုင်တွဲတွေ က တစ်ပွေ့နဲ့၊
တံခါးလည်းပွင့်ရော မေမွန့်ကို တိုးဝှေ့ တိုက်မိပြီး ၀င်ပါရော။
``ဒီနေ့ စောလှချည်းလား၊ ကိုကို တို့ သွားကြိုနေမယ်ထင်တယ်။
ဘာမှန်းမသိ မသဲမကွဲ စကားပြန်ရင်း အိမ်သာထဲဝင်ပြောသွားတယ်။
ဝင်းတံခါးလည်း သော့ ပြန်ခတ်မနေတော့ ပါဘူး နှစ် ယောက် ဆိုတော့ ကိစ္စမရှိတော့ဘူး လေ။ အဖော်ရှိပြီး မေမွန် သံကန့်လန့်ပဲ ပြန်ထိုး ပိတ်လိုက်တယ်။
ပြန်လည်းးလှည့်ရော ကားစက်သံလည်း ကြားရော။ ၀င်တံခါး ဖွင့်ရပြန်တယ်။
မေမေဟာ နွမ်းလျ နုံးခွေပြီး ကားနောက်ခန်းမှာ ကူရှင်နောက်မှီကို မှီလျက်သား မျက်လုံးမှိတ်ပြီး ပါလာတယ်။ ပြင်း မိလာရင် မေမေ အဲသလိုပဲ ပျော့အိ နွမ်းဖတ်တာပဲ။
ကားပေါ်ကနေ သူ့တာသာတော့ ဆင်းလျှောက်သွားနိုင်ပါတယ်။
``ဒါလောက်စောစော ပြန်လာကြမယ် မထင်လို့ အအေးတောင် မဖျော်ထားရဘူး။
မေမေက လက်ကာပြပြီး ဧည့်ခန်းထဲ ၀င်သွားတယ်။
``တို့တွေ သောက်လာခဲပြီး စုကို ရင်ခေါင်းထိတက်ပြီး ပွပွဝတ်ရင်း ရောက်ရလာတတ်။
``လက်ရွေးစင်ရှေ့က ဖြတ်သွားတာတွေ့ လို့ ပြေးထွက်လာပြီး လက်ခုပ်တီးခေါ်တယ် သိလား၊ ကိုကို တို့က လှည့်မှ မကြည့်ဘဲဟ ´´
``၀ယ်လာတဲ့ ပစ္စည်းတွေ ကို မေမွန့် လက်ထဲ ကမ်းပေးနေတဲ့ ကိုကိုက စုကိုလှည့်မကြည့် အားပါဘူး´´
``နင့်လက်ခုပ်က သူများ တကာ လက်ခုပ်နဲ့ ဘာကွာလို့ တိုသားအမိက လှည့်ကြည့်ရမှာ လဲ ဟ´´
``ကိုကို့  ကိုကိုနဲ့လဲ အော်ခေါ် ပါတယ်နော်´´
``နေဦး၊ ငါနဖာချေး ကလော်လိုက်ဦးမယ်´´
မေမွန် ရယ်မိတယ်။
``ဟိုက် ဒရိုဂျင် ပါရောက်ဆိုက်နဲ့ နားဆေး ပေမယ့် ဆရာဝန် အလကား ရမယ်´´
စုက မေမေ့အနား သွားပြီး ခါးကလေးကိုင်းပြီး မေမေနဖူးကို နမ်းတယ်၊ သူက အဲသလိုပဲ။ ဖေဖေ ချွဲလိုက် မေမေ့ချွဲလိုက်၊ ကိုကို့ကို ညာစားလိုက်နဲ့လေ။
ဒီအချိန်မှာ မေမွန် ပြောချင်ကြွားချင်လွန်းလို့ လျှာရှားနေတဲ့စကားလုံးလေးတွေ အကွက် ၀င်လာတယ်။
`` ဒီ တစ်နေ့ပါပဲနော်။ အလုပ်ရနေပြီ သိကြရဲ့ လား။ နင်အဖေဆို အလုပ်ဝင်ပြီး ထမင်းချက် တာဝန်တောင် နေ့တိုင်း ယူနိုင်မယ် မထင်ဘူး´´
စုရော မေမေပါ မေမွန့်ကို လှမ်းကြည့်နေကြရပြီလေ။ ကိုကို တစ်ယောက် ပဲ။
``အဲဒီ ကိုကိုဟာ သူ့ဘာသာ ရေခဲ့သေတ္တာဖွင့်ပြီး ရေခဲရေ ပုလင်း ထုတ်နေတယ်။ သူနဲ့ မသက်ဆိုင် မပတ်သက်တဲ့ အတိုင်း မေမွန့် ကို လျစ်လျူရှု နေစိမ့်တယ်။
``ဘယ်မှာ အလုပ်ရမှာ လဲ ဟင် မေမေ၊ တယ် ဟုတ်ပါလား။
``နှလုံးလှပဲပေါ့´´
မေမွန့်မှာ ဒီအဆက်အသွယ်ပဲ ရှိတာ။
မေမေက ကိုယ်ပို်င်ဆေးခန်း ဖွင့်မလား၊ သမ၀ါယမဆေးကုခန်း ထိုင်မလားတော့ မေးဖူးပါရဲ့။ မေမွန်ကဇာဝေဇ၀ါနဲ့ မပိုင်းဖြတ်နိုင်ခဲ့တာ။ ကိုယ့်ကိုယ်ကို အားကိုးပြီး တစ်ကိုယ်တော် ဆုံးဖြတ် ကုသဖို့ မ၀ံမရဲ ဖြစ်နေတာပဲ။
ဘွဲ့ရစ မေမွန်ဟာ တိုက်နယ် ဆေးရုံ တစ်ခုခုမှာ များ တစ်ယောက် တည်းသွားပြီး အလုပ်လုပ်ရတော့ ပြဿနာပဲ ဆိုပြီး ရောက်မလာသေးတဲ့ အနာဂတ် အရေး ကို တွေးမိရင် သွေးလေ ချောက်ချားတယ်။
သင်ကြားရေး မှာ ပဲ လျှောက်ပါလားလို့ ပြောလာပြန်ရင်လည်း မေမွန်က စာသင်ပေးဖို့ ၀ါသနာ မပါပြန်ဘူး။
``လခ ဘယ်လောက်ရမလဲ မေမွန် ၊ ဒါမှမဟုတ် ရာနှုန်းနဲ့လား´´
စီးပွားရေး သမားကြီး မေမေက မေးလိုက်တာမှာ မေမွန်ငြိမ်သွားတယ်။ မေမွန်ဘာမှ မမေးရ သေးဘူး။
စုက ခစ်ခနဲ တစ်ချက်ရတယ်။
မေမွန် လှည့်မကြည့်ပေမယ့် သိပါတယ်။ ကိုကိုက မေမွန့် နောက်ကျမှာ နေပြီး တစ်ခုခု လှောင်နေတာ၊ မေမွန့် ကိုဟားနေတာ။
``မေမွန်တို့က အတွေ့ အကြုံရဖို့ပဲ လိုအပ်နေတာပါ။ နှလုံးလှမှာ ဆို အထူးကုကြီးတွေ ရဲ့ သွန်သင်မှု ၊ လမ်းညွှန်မှု တွေ နဲ့ ပိုပြီ ပညာ တိုးလာမှာ ပေါ့´´
ကိုကို မတားမှတော့ မေမွန်က ဒီအလုပ်ကို လုပ် ဖြစ်အောင်ကို လုပ်ပြလိုက်မယ်လို့ ကျိတ်ပြီးဆုံးဖြတ်လိုက်တယ်။
ကိုကို နေစိမ့်မှတော့ တင်တင်မြိုင်ပါပါရဲ့ ဆေးခန်းမှာ မေမွန် အလုပ်လုပ်မယ်။ တင်တင်မြိုင် ရှုပ်ချင်မှ ရှုပ်မှာ ပါ။
ကိုယ်ကောင်းခေါင်းဘယ်မှ မရွေ့ပါလို့ ကိုယ်ကိုယ်ကို ယုံယုံကြည်ကြည် စိတ်ချလက် ချပဲလား။
တကယ်လည်း တင်တင်မြိုင်တို့ သားအဖတွေ ကြောင့် ဘာအနှောင့်အယှက်မှ မ ဖြစ်ခဲ့ပါဘူး။
တကယ်လည်း တင်တင်မြိုင်တို့ သားအဖတွေ ကြောင့် ဘယ်အနှောက်အယှက်မှ မ ဖြစ်ခဲ့ပါဘူး။
တင်တင်မြိုင် ပါပါဟာ ယိမ်းမှ ငင်တတ်တဲ့ လူကြီး လူကောင်းတစ်ဦး ရယ်ပါ။ မိန်းကလေး တိုင်းကို ပစ်မှားနေတတ်တဲ့ လူစားမျိုး မဟုတ်ရရှာပါဘူး။
နှလုံးလှ အထူးကုဆေးခန်းကို ခုနှစ် နာရီနဲ့ လေးဆယ့်လေးမိနစ် တိတိမှာ မေမွန် စပြီး ရောက်သွားခဲ့ပါတယ်။
``သိပ်အစောကြီး ရောက်သွားရင် နင်သိပ် အလုပ်ငမ်းနေတယ်လို့ ထင်သွားမှာ ပေါ့´´
ကိုကိုက သူ့အယူအဆနဲ့သူ မေမွန့်ကို အချိန်ကိုက်ရောက်အောင် ကားကို ချိန်ဆ မောင်းသွားတာ။
``နင် ပြန်မယ့်အချိန်ကို ဖုန်းဆက်နော်၊ ဖုန်းမလာရင် ငါညနေ သုံးနာရီလောက်လာမယ်´´
``ဖုန်းဆက်ရ လွယ်ချင်မှလွယ်မှာ ´´
``ဆရာဝန်မကြီးပဲ ဟ´´
``အို့း့  ကြည့်ရဦးမှာ ပေါ့´´
``ဒါဖြင့် ငါစောင့်နေရဦးမလား´´
မေမွန် ခဏ စဉ်းစားပြီးမှ ခေါင်းခါလိုက်တယ်။
``ဖုန်းမရရင် ညနေမှ လာမယ်နော်´´
မေမွန် ခေါင်းညိတ်တယ်။
``ဆံပင်ကို စည်းလာတာ မဟုတ်ဘူး´´
ကားလှိမ့်ထွက်သွားရင်း ပြောသွားတဲ့ စကားကြောင့် ကျောပြင်ပေါ်က ဆံပင်တွေ ကို မေမွန် လက်ပြန် စမ်းကြည့်မိတယ်။
အဲဒီ တုန်းမှာ ပဲ မေမွန့် နံဘေးက ဖြတ်ပြီး ဆေးခန်းထဲ ဆင်းသွားတဲ ဆရာဝန်မ တစ်ယောက် ဟာ မေမွန့်လက်ကိုတောင် ရှပ်တိုက်သွားသေးတယ်။ ဆံပင် ကုပ်ဝဲကလေးပါပဲ။ ခါးတို ဂျူတီကုတ် ကလေးရဲ့ အိတ်ကပ်ထဲမှာ နားကြပ်ကလေး ထည့်လို့၊ ထဘီကလည်း ခြေသလုံးတစ်ဝက်နဲ့။
မေမွန်ဟာ ဖားလျားကျနေတဲ့ဆံပင်ရှည်တွေ ကြောင့် ဆရာဝန်မ တစ်ယောက် ရဲ့ အိတ်ကပ် ထဲမှာ နားကြပ်ကလေး တည့်လို ဂုဏ်သိက္ခာဂုဏ်ပုဒ်လျှော့နည်းသွားတော့ မလိုလို မသိကအောက် မဆိုစလောက် ဖြစ်ရင်းနဲ့ ဆေးကုခန်းထဲ ၀င်ခဲ့ပါတယ်။
နှလုံးလှဟာ မြို့လယ်ကောင် အချက်အချာကျတဲ့ နေရာမှာ ရှိနေတယ်။
လမ်းမပေါ် ကားဖြတ်သွားရင်း လှမ်းကြည့်လိုက် မျက်နှာစာဟာ ဆယ့်ငါးပေထက် မပိုတာ အမှန်ပဲ၊ မေမွန်တို့ ဧည့်ခန်းက ပေနှစ်ဆယ် ရှိတယ်လို့ ကိုကိုက ပုံစံပြပြီး အကျယ်အ၀န်း တစ်ခုခု အကြောင်း ပြောရင် တစ်ခုခုနဲ့ နှိုင်းယဉ်ပြီး ပြောလေ့ရှိလို့ မေမွန်လည်း ရောယောင် အကျင့်ပါတယ်။
ရှေ့မှာ မှန်ဗွီရိုကြီးတွေ ချထားပြီး ရောင်းချတဲ့ ဆေးဟာ ပြည့်လျှံနေတယ်။ လူလျှောက်ဝင်ဖို့ တစ်ကိုယ်စာကျဉ်း တစ်ခုပဲ နေရာချန်ထားတာ။
စောစောစီးစီး အချိန်ကိုပဲ ဆေးခန်းရှေ့မှာ ဆေးဝယ်သူတွေ ၊ လူနာတွေ နဲ့ စည်စည်ကားကား ဖြစ်နေပြီ။မေမွန်ဟာ အများ ကြားမှာ သူလိုငါလိုသာမန် လူ တစ်ယောက် လိုပဲ ဂရုပြု မခံရဘဲ ရောက်လာရတယ်။
ဦးထုပ်ဖြူဆောင်းထားတဲ့ ထဘီိနီဝတ် သူနာပြုကလေးတွေ ကို ဟို တစ်ယောက် ဒီ တစ်ယောက် မြင်ရတယ်။
တစ်ရပ်သာသာ သစ်သားနံရံ တွေ ခြားတဲ့အခန်းကျဉ်းကလေးတွေ ဟာလည်း အစီအရီ ပါပဲလား။ အခန်းတံခါး ဆိုင်းဘုတ် ကိုယ်စီချိတ်လို့ အခန်းရှေ့နေရာပြည့် ခုံတန်းရှည် နှစ် တန်း သုံးတန်းမှာ လည်း လူနာအသီးသီး ထိုင်လို့လေ။
ခုချိန်ထိ မေမွန့်ကို ဘယ်သူမှ သတိထားမိကြသေးတာ မဟုတ်ဘူး။
မေမွန့်ဘာသာ စုံစမ်းမေးမြန်း ကြည့်မှ ဖြစ်တော့မှာ ပါ။
ရှေ့က ဖြတ်သွားတဲ့ သူနာပြု အနီမကလေးကို မေမွန်စကားပြောဖို့ ကြိုးစားလိုက်တယ်၊ သူက အလျင်စလို လျှောက်သွားလိုက်တော့ မေမွန့်ကို လှည့်ကြည့်မသွားဘူးလေ။
မေမွန် စိတ်ပျက်လက်ပျက် မျက်နှာရှုံ့လိုက်မိတယ်။
``ဘာ ကူညီရမလဲ ခင်ဗျာ´´တဲ့။
မေမွန့် နောက်ကျောကကပ်လျက် အသံကြားလိုက်ရသလို့ မေမွန် လှည့်ကြည်တယ်။ ခန့်ခန့်သန့်သန့်နဲ့ အမျိုးသား တစ်ယောက် ။
``ဆရာ့ကို လမ်းဖယ်ပေးလိုက်နော်၊ လမ်းပိတ်ပြီး ရပ်နေတာကိုး´´ တဲ့။ သူ့နောက်ကပါ လာတဲ့ ထဘီနီဝတ် သူနာပြုက မေမွန့်ကို ညွှန်းကြားလေရဲ့ ။
မေမွန်နံဘေး ကပ်ရပ်လိုက်ရတယ်။ မေမွန့်ကိုးမေးလိုက်တဲ့ လူဟာ ဖြူဖြူမြင့်မြင့်နဲ့၊ မျက်မှန်နဲ့၊ ဆံပင် ပျော့ပျော့နက်နက် တွေ ကို သပ်သပ်ရပ်ရပ် ဖြီးထားတယ်။ ရှပ်အင်္ကျီလက်တို ကွက်စိပ်နဲ့၊ ဘောင်းဘီရှည်နဲ့။ ရှပ်အင်္ကျီကိုသူက အပြင်ထုတ်ပြီး ၀တ်ထားတယ်။
``ဘယ်သူနဲ့တွေ့ ချင်လို့လဲ´´ လို့သူက ထပ်မေးတယ်။
ဆရာဝန် တစ်ယောက် ဆိုတာ သိလိုက်ပေ့မယ့် မေမွန် သူ့ကို သုံးဆယ့်ငါး၊ လေးဆယ် ၀န်းကျင်လောက်ပဲ မှန်းလိုက်မိတာ။
``ကျွန်မကို ဦးရွှေမြိုင်က ခေါ်ထားလို့ပါ´´
သူက သိပြီဆိုတဲ့ အမူအရာနဲ့ ခေါင်းကိုလေးလေးနက်နက် ညိတ်ပြပြီးတော့ သူ့နောက်မှာ ရပ်နေတဲ့ ထဘီနီကလေးဆီက သူ့ အတက်ချီကေ့စ် အနက်ကိုလှမ်းယူတယ်။
``ဆရာကြီး ရုံးခန်းကို ပို့ပေးလိုက် ပါ။ ကိုယ့်ဘာသာတော့မယ်၊ ကျေးဇူးပဲ ကျေးဇူးပဲ။
သူက မေမွန်ကို ခေါင်းဆတ် နှုတ်ဆက်ပြီး ဆက်လျှောက်သွားတော့တယ်။
သူ့ကိုလည်း မေမွန်က ကျေးဇူးတင်တဲ့အကြောင်း ပြောမလို့ပေမယ့် မမီတော့ပါဘူး
``လာ၊လာ ဟိုဘက်ဆုံးမှာ ´´တဲ့။
ထဘီနီကလေးဟာ မေမွန့်ကို အခန်း လိုက်ပြပေးဖို့ စိတ်မရှည် ဖြစ်နေပုံရတယ်။
“ဘာကိစ္စလဲ။ လူနာဆေးရုံတင်ဖို့လား” မေးသေးတယ်။
ကျွန်မအလုပ်လုပ်ဖို့ခေါ်ထားလို့ပါ။ မကြည်မသာ ဖြစ်နတဲ့သူ့အပေါ်မေမွန်ကလည်း တုံးတိပဲ ဖြေမိတယ်။
“ဘာအလုပ်လဲ”
“ဆရာဝန်”
ထမီနီကလေးဟာ ခုမှမေမွန့်မျက်နှာကိုသေချာကြည့်တယ်။ ဘာအံ့သြမှန်မသိ အံ့သြသွား ပုံပါပဲ။ မေမွန်ကဆရာဝန်ရုပ် မပေါက်လို့လားတောင်တွေးမိပါရဲ့ ။ စုကိုပြန်ပြောတော့ နင်တို့ဆေး (၂)က ဆရာဝန်တွေ က (၁)ကတွေ တက်တောပုံပေါက်တာအမှန်ပဲ မမရဲ့ လို့အားပေးတယ်လေ။ ကဲ…။
“ဒီအခန်းပဲမမ။ ဆရာကြီးရောက်နေပါပြီ”လို့အင်မတန်ချိုသာသွားတယ်။
“ကျွန်မ တံခါးခေါက်လိုက်ရမလား”
“ဟုတ်ကဲ့မမ။ ခေါက်လိုက်ပါမမ”
တံခါးခေါက်မယ် လက်ရွယ်နေတုန်းမှာ ပဲ အထဲက…
“၀င်ခဲ့ပါ မမေမွန်မွန်၊ အန်ကယ်စောင့်နေပါတယ်”ဆိုတဲ့အသံကြားရတယ်။
ထဘီနီကလေးဟာ ပိုပြီးတောင်ရို့ကျိုးသွားတဲ့ အမူအရာနဲ့ တံခါးကိုအသားတွန်းဖယ်ပြီး နံဘေးကနေခပ်ယို့ယို့နောက်ဆုတ်သွားတော့တယ်။ နောက်မှသိရတာ က သူ့နာမည် က မခင်စန်း တဲ့ သင်တန်းဆင်းကလေး။
“မင်္ဂလာနံနက်ခင်းပါ မေမွန်မွန်။ မင်းကိုတွေ့ ရတာ အင်မတန် နှစ် လိုဖွယ်ပါပဲ”
မေမွန်လေ၊ တင်တင်မြိုင့်အဖေကို တွေ့ ရတာ ၀မ်းလည်းသာ၊ ရယ်လည်းရယ်ချင်သွား တယ်။ ၀မ်းသာတာ ကတော့ မေမွန့်ကို အင်မတန်လိုလိုလားလား ကြိုဆိုတယ်ဆိုတာ သူ့မျက်နှာမှာ ထင်းထင်းကြီး ပေါ်နေလို့ပါ။ ရယ်ချင်တာ ကတော့ သူဟာ တင်တင်မြိုင့်လို အလှအပတွေ ၊ ဆွဲဆောင်မှု တွေ လုံးဝမရှိတဲ့၊ တစ်ခေါင်းလုံး ဖြူနေတဲ့ အဘိုးအိုကြီး တစ်ယောက် ဖြစ်နေလို့ပါ။ ကွန်းထုက်က ကြံဖန်အတွေးချော်တာမို့ မေမွန်ရယ်ချင်မိရတာ ပေါ့။ သူ့မှာ တင်တင်မြိုင်နဲ့ ဘူတာ ဆိုလို့ ဘိုလိုမှု တ်နေတာတစ်ခုပဲရှိတာပါလား။
“ထိုင်ပါ။ သက်တောင့်သက်သာနေပါ”
ဦးရွှေမြိုင်က စာပွဲရှေ့က ထိုင်ခုံကို လက်နဲ့ညွှန်ပြတယ်။
မေမွန်ဟာ ကျောင်းသူဘ၀တုန်းကလိုပဲ မရဲမ၀ံ့ရှက်အမ်းအမ်း ဖြစ်နေရင် ၀င်ထိုင်လိုက် တယ်။
“မင်းဟာ အားထားလောက်တဲ့သူ တစ်ယောက် ပဲလို့ ကျုပ်ရဲ့ သမီးကပြောလေ့ရှိပါတယ်။ ကျုပ်ရဲ့ ကမ်းလှမ်းမှု ကို မင်းလက်ခံတယ်လို့ ယူဆလိုက်တော့မလား”
ဦးရွှေမြိုင်ရဲ့ အင်မတန်ယဉ်ကျေးတဲ့ အလုပ်စကားဟာ မေမွန့်ကို အနေရအထိုင်ရ သက်သာစေပါတယ်။
“ကျွန်မ ဂုဏ်ယူဝမ်းမြောက်စွာ လက်ခံရမှာ ရှင်”
မေမွန်က ပြောနေမကျတော့ လျှာ လေးနေပေမယ့်လည်း အရဲစွန့်ပြီး ခေါင်းထဲမှာ ဗမာလိုအလျင်စီ၊ ပြီးမှအင်္ဂလိပ်လိုပြောရတာ ပေါ့။ ဒါတောင် ကြိယာမှာ အက်စ်ကပါတော့မလိုလို ဖြစ်သွားသေတယ်။ ကိုကိုက သူ့ကိုယ်သူရော မေမွန့်ကိုပါ မခွဲမခြား ဟားတတ်တဲ့စကားအရဆိုရင် ခွေးအာကြီးလှည်းနင်းသလို ထစ်အဲ ထစ်အဲ ပေါ့။
“မင်းအပေါ် သိပ်တောင်းဆိုရာကျသွားမလားတော့မသိဘူး။ ဒါပေမယ့် ဖြစ်နိုင်ရင် မင်း မနက်ဖြန်ည ဂျူတီဝင်ပေးပါလား။ ညခြောက်နာရီကနေ မနက်ခြောက်နာရီအထိပေါ့”
“မနက်ဖြန်”လို့ မေမွန် သံယောင်လိုက်ပြီး ရေရွတ်မိတယ်။
“မင်းအတွက် သိပ် မခက်ခဲဘူး ဆိုရင် ….”
“အို… မခက်ခဲပါဘူး အန်ကယ် စိတ်တိုင်းကျပါ့မလားလို့ စိတ်ပူမိလို့ပါ”
“စိတ်မပူပါနဲ့ကွယ်။ မင်းဟာ အားထားလောက်တဲ့သူပဲလို့ ကျုပ်ယုံကြည်ပါတယ်။”
ပြောရင်းကျွန်မပါးစပ်ထဲမှာ အင်္ဂလိပ်စကားလုံး တော် တော် ကလေးရှာတွေ့ လာလို့ မေမွန် ကျေနပ်မိတယ်။
ဦးရွှေမြိုင်နဲ့သာ အလုပ်ကြာကြာအတူလုပ်ရရင် အနည်းဆုံးကျွန်မရဲ့ အင်္ဂလစ်ရှိတော့ တိုးတက်လာမှာ ပဲလို့တွေးမိတယ်။ မဟုတ်ရင် စုရှေ့မှာ အင်္ဂလိပ်လို အသံတောင်မထွက်ရဲသ လောက် ဖြစ်နေရတာ ။
“မင်းကိုအုပ်ချုပ်ရေး မှူးနဲ့ တွေ့ ပေးလိုက် မယ်။ ဆေးခန်းရဲ့ လည်ပတ်ပုံအခြေခံဇယားနဲ့ စည်းမျဉ်းတွေ ကို သူပြောပြပါလိမ့်မယ်”
စကားပြောနေရင်း သူ့ညာလက်ညှိုးနဲ့ လူခေါ်လျှပ်စစ်ခေါင်းလောင်း ဘုသီးကလေးကို နှိပ်လိုက်တယ်။
တံခါးဖွင့်ပြီး ၀င်လာတဲ့သူဟာအုပ်ချုပ်ရေး မှူးဆိုသူ ဖြစ်မယ်လို့ မေမွန်ထင်ပေမယ့် ထဘီနီ ကလေး တစ်ယောက် ဖြစ်နေတယ်။ စောစောက တစ်ယောက် မဟုတ်ဘူး။ ဒါကတခြား တစ်ယောက် ။
“ဒေါ်ရှည်လီကိုခေါ်လိုက်ပါ”
ဦးရွှေမြိုင်စကားဆုံးတာနဲ့ ထဘီနီကလေးဟာ ပျာပျာသလဲ ပြန်လှည့်ထွက်သွားတော့ တယ်။
“အုပ်ချုပ်ရေး မှူးက သူ့အခန်းထဲမှာ ကိုးနာရီခွဲမှဝင်ထိုင်လိုက်တယ်။ ဒီအချိန်ဆိုရင် ဘယ်နေရာ ဘယ်နေရာ ဘာလိုသလဲ လစ်ဟာကွက်တွေ လိုက်စစ်ဆေးနေလေ့ရှိတယ်”
ခုနက ထဘီနီကလေးကို ချက်ချင်း ရောက်လာတယ်ထင်ပေမယ့် တော် တော် နဲ့ ပေါ်မလာ ဘူး။
“တင်တင်မြိုင် မနက်ဖြန် သွား ဖြစ်မှာ ပေါ့နော်” အဘိုးကြီးခေါင်းညိတ်တယ်။
“မြန်မာပြည်မှာ သားသမီးဆိုလို့ သူပဲကျန်နေတယ်။ အလည်သွားတယ် ဆိုပေမယ့် ဟိုမှာ သူပျော်သွားမှာ ပါ”
သူကပခုံးတွန့်ပြီးပြောတယ်။
သူ့ဆံပင်တွေ ဟာဖွေးဖွေးဖြူနေပါပြီ။ သူ့မျက်မှန်ကလည်း အထူကြီးကိုမှ အနီးအဝေး တစ်ပိုင်းစီ ပါသေးတယ်။ သူ့နှုတ်ခမ်းမွေးတွေ ကလည်းဆံပင်လိုပဲဖြူနေပါပြီ။ ဘာလို့ဒီလောက်ထူတဲ့ နှုတ်ခမ်းမွှေးတွေ ထားသလဲ မသိပါဘူး။
ဘယ်လိုပဲ အင်္ဂလိပ်စကားကို ပီပီသသ တွင် တွင် ကြီးပြောပေမယ့် သူ့ရုပ်ရည်ဟာ တကယ့်ကို တိုင်းရင်းသားလူမျိုးကြီးပါပဲ။ မေမွန့်စိတ်ထင် ထားဝယ်သံဝဲသလိုပဲ။
“သူဘွဲ့ထပ်ယူမယ်ဆိုရင်တော့ ကျုပ်ကဟိုမှာ ဆက်နေခွင့်ပြုမှာ ပေါ့။ ဒါပေမယ့် မင်းသူငယ် ချင်းကို မင်းသိပါတယ်။ သူဟာမင်းလို ဆေးပညာကိုစိတ်မ၀င်စားပါဘူး”
မေမွန်အနေရခက်သွားတယ်။ မေမွန်ကကော ဆေးပညာကို စိတ်ဝင်စားရဲ့ လား။ မေမွန် ဟာ အင်မတန်သေးသိမ်တဲ့ခံယူချက်မျိုးနဲ့ အမှတ်ရနေဖို့ပဲကြိုးစားခဲ့တယ်ဆိုတာကို သူသိရင် ဘယ်လိုပြောမလဲ။ သိပ် အထင်သေသွားမှာ ပဲလို့တွေးရင်း မေမွန်ရှက်တက်တက် ဖြစ်နေတယ်။
တံခါးခေါက်သံပေါ်လာပြီး တစ်စုံ တစ်ယောက် အထဲဝင်လာတယ်။
“ဟလို…ဆရာ၊ ဂွတ်မောနင်း”
“မောနင်းရှယ်လီ”
ရှယ်လီလို့ ဦးရွှေမြိုင်ကခေါ်တဲ့ အုပ်ချုပ်ရေး မှူးဟာလည်း ဦးရွှေမြိုင်လိုပဲ ဆံပင်တွေ ဖြူဖွေး လို့နေပါပြီ။ မျက်မှန်တော့တပ်မထားဘူး။ မျက်နှာမှာ မိတ်ကပ် ပါးပါးလိမ်းထားပြီး နှုတ်ခမ်းနီ ဖျော့ဖျော့ဆိုးထားတယ်။ ဟိုခေတ်က၀တ်တဲ့ ပခုံးတစ်ဆက်တည်းနဲ့ အင်္ကျီလက်တိုမျိုးကိုဝတ်လို့။
“ခင်ဗျားကို မေမွန်မွန်နဲ့ မိတ်ဆက်ပေးမလို့။ မေမွန်မွန်ဟာ ကျွန်တော် တို့ ဆေးခန်းကို ဒီနေ့ပဲ အလုပ်ဝင်လာတယ်”
ဒေါ်ရှယ်လီဟာ မပြုံးမရယ်ခပ်တည်တည်ပဲ။ “တွေ့ ရတာ ၀မ်းသာပါတယ်”လို့ မေမွန်ကို ပြောတယ်။
“မေမွန်မွန့်ကို လိုအပ်တာတွေ ရှင်းပြလိုက်ပါ ဒေါ်ရှယ်လီ။ ခင်ဗျား ခေါ်သွားနိုင်ပါပြီ”
မေမွန်က ဦးရွှေမြိုင်အခန်းပြီးရင် အုတ်နံရံပဲ ရှိတော့မယ် မှတ်နေတာ ဘယ်ဟုတ်မလဲ။ မေမွန်မြင်နေတဲ့ အုတ်နံရံကြီးရဲ့ အောက်ခြေမှာ သံပန်းတံခါးကြီးရှိနေတယ်။
အဲဒီ တံခါးကနေဖြတ်သွားတော့မှ ဓာတ်လှေကားကြီးကို မေမွန်တွေ တော့တာ။ အနည်းဆုံး သုံးလေးထပ်တော့ရှိမှာ ပဲလို့ ဆေးခန်းအနေအထားကို မေမွန်ခန့်မှန်းကြည့်နေတော့တယ်။
ဒေါ်ရှယ်လီရဲ့ အခန်းက ဓာတ်လှေကားရဲ့ နံဘေးမှာ ရှိတယ်။ ဆင်းနားရွက်တံခါးကလေးနဲ့ အဲကွန်းနဲ့ အကျအနပဲ။ ဆေးကုခန်း ကလေးတွေ ကို နံရံပြတ်ကလေးတွေ မဟုတ်ဘဲအလုံ ပိတ်ကာထားတယ်။ ဒါမှလည်း လေအေးစက် သုံးနိုင်မှာ ကိုး။
ပထမဆုံပုံစံဖြည့်ရတယ်။ မေမွန်ရဲ့ ကယ်ရစ်ကူလမ်ဗိုက်တေ (ကိုယ်ရေး မှတ်တမ်း)ပေါ့။
“ဒေါက်တာ ဘွဲ့လက်မှတ်တို့ ကိုယ်ရေး မှတ်တမ်းတို့ အားလုံး အင်္ဂလိပ်လို အသင့်လပ်ထား ပါလား။ ခုခေတ်ဆရာဝန်တွေ မှာ အဲဒါတွေ အသင့်ရှိကြတယ်။”
မေမွန်တို့က ရန်ကုန်မှာ ကြီးပြင်းတယ်ဆိုပေမယ့် ကိုယ့်ဘာသာ သီးခြားနေလာကြတာ ဆေးတက္ကသိုလ် (၂)ဆိုတာကလည်း ပညာသင်ကြားရင်းနဲ့ မရိုးဖလာထုံးတမ်းစဉ်လာမပျက် အေးအေးဆေးဆေး ရိုးရိုးကုပ်ကုပ် နေထိုင်သွားကြတဲ့နေရာမို့ ထင်ပါရဲ့ ။
“ဘွဲ့လက်မှတ်ကို ဘာသာပြန်ပေးဖို့လိုလို့လား”
ဒေါ်ရှယ်လီက စီးကရက်ကလေးထုတ်ယူရင်း ပြုံးတယ်။ မေမွန့်ကို အရန်ကောဆိုတဲ့ အမူ အရာနဲ့ပေါ့။
“အခုတော့ မလိုပါဘူး။ ယူက ဆရာကြီးကခန့်လိုက်တဲ့ ဆရာဝန်ပဲ၊ အိုင်အကြံပေးတာက နောက်နောင်ယူအင်ဗွီတို့၊ ဖောရိန်းဆားဗစ်တစ်ခုခုပေါ့လေ၊ သွားချင်ရင် အသင့် ဖြစ်နေအောင်လို့ ပါ”
“ကျေးဇူးတင်ပါတယ်၊ ကျွန်မအလျင်က မစဉ်းစားမိဘူး”
ပြောရမယ်ဆိုရင် ဦးရွှေမြိုင်က အင်္ဂလိပ်လို တရွတ်ရွတ်ပြော၊ အခုတစ်ခါ ဒေါ်ရှယ်လီက တဒက်ဒက်အာနဲ့ မေမွန်အတော် စိတရှုပ်လာတယ်။ ဒုက္ခပါပဲ ငါကျင်လည်ခဲ့ဖူးတဲ့ ဆေးရုံတွေ နဲ့ လည်း မတူပါလား။ ဒီအလုပ်ကို ၀င်လုပ်မိတာ ဒုက္ခတော့ တွေ့ ပြီးထင်တယ်လို့ နောင်တရချင်လာ တယ်။
“အိုင်တို့ဆီက မက်ဒီကယ်အော်ဖစ်ဆာ တစ်ယောက် ထွက်သွားလို့ ဆွဲထားတဲ့ရော်စတာ အားလုံး ကမောက်ကမ ဖြစ်တော့မလို့၊ ချက်ချင်း လူစားရှာတော့မလို့ဟာ ဆရာကြီးက ယူ့ကို အသင့်ပြောပြီးသာ ရှိနေလို့သာပေါ့”
ဒေါ်ရှယ်လီ၏ စကားက ကျေနပ်ခြင်းကို ဖော်ပြနေတာလား မကျေနပ်ခြင်းကို ဖော်ပြနေတာလားဆိုတာကို မေမွန်ဝေခွဲမရပါဘူး။
“ဆရာဝန် ရှာရခက်သလားဟင်”
မေမွန်ရဲ့ ရိုးအခြင်းဟာ မသိမသာဆိုးရွားနိုင်လွန်းတယ်ရယ်လို့၊ ဒေါ်ရှယ်လီကိုစိတ် အနှောက်အယှက်ပြုဟန်တူပါရဲ့ ။
သူ့အံဆွဲတစ်ခုကို ဆွဲဖွင့်ပြီး ဖိုင်တွဲ တစ်ခုထုတ်ပြတယ်။
“လျှောက်လွှာတွေ လေ၊ ဆရာဝန်တွေ အလုပ်လျှောက်တာ”
မေမွန်ဘာပြောရမှန်းမသိဘဲငေါင်သွားတယ်။ ဖိုင်တွဲ တွေ ဟာ မဆံ့တငံ့ပြည့်ကျပ်နေတယ် လေ။ အရွယ်ရာကျော်ရှိမှာ သေချာတယ်။
အလုပ်စ၀င်တဲ့နေ့မှာ ကို မေမွန်စိတ်မပျော်တော့ဘဲ လေးလံသွားခဲ့ရတယ်။
ဒေါ်ရှယ်လီထုတ်ပေးတဲ့ ဆေးခန်းဆရာဝန် အင်အားပြစာရင်းကို ကြည့်ရတာ တောင် စိတ်မပါလှတော့ဘူး။
အထူးကုကြီးတွေ ရဲ့ နာမည် တွေ ၊ ဘွဲ့တွေ ကြားထဲမှာ အမ်ဘီဘီအက်စ် ဘွဲ့ကလေးတစ်ခုနဲ့ အခြေခံဆရာဝန်ကလေးတွေ ဟာ မျက်လုံးရယ် ကြောင်တောင်တောင်နဲ့ဆိုတဲ့ သားချော့ သီချင်း ကလေးကိုတောင် မဆီမဆိုင် သတိရလာစေခဲ့တယ်။
ဒေါ်ရှယ်လီက မေမွန့်ကို ဆေးခန်းအနှံ့လိုက်ပြတယ်။
ပထမထပ်မှာ ခွဲစိတ်ခန်းတွေ နဲ့ ခွဲစိတ်ပြီးစ လူနာတွေ ထားတယ်။
ဒုတိယထပ်မှာ တော့ ဖျားနာတွေ နဲ့ အသည်းအသန်လူနာတွေ ထားတယ်။
တတိယထပ်မှာ က သားဖွားမီးယပ်ဆောင်။
အပေါ်ဆုံးထပ်မှာ တော့ ဆရာဝန်တွေ နားနေဖို့အခန်း၊ အိပ်ခန်း၊ ဧည့်ခန်းတွေ ရှိတယ်။
အို… ခမ်းနားသလားမမေးနဲ့။ မေမွန်ဖြင့် ကိုယ်ပိုင်အထူးကု ဆေးခန်းတစ်ခန်း ဒီလောက် သားနားနိုင်မှန်းရင်သပ်ရှုမောအံ့သြမကုန် ဖြစ်ရတော့တယ်။
ပထမနေ့မှာ တော့ မေမွန်မိတ်ဆွေ ဖြစ်ရသူဟာ နေ့ဂျူတီကျအမ်အို တစ်ယောက် ပဲရှိတယ်။ သူ့နာမည် က တစ်မျိုးကြီးရယ်။ ရိုးရိုးတဲ့။ အသားညိုညို ၀၀တုတ်တုတ်နဲ့ ဆံပင်ကို နှစ် ဘက်ခွဲပြီး ချည်ထားတယ်။ အသက်သုံးဆယ်ကျော်လောက်ရှိမှာ ပေါ့။ သူက မေမွန့်ထက် ငါးနှစ် စောပြီး အောင်တယ်ဆိုတော့ မှန်းဆကြည့်ရတာ လေ။
“အမျိုးသားက သင်္ဘောသားကွ။ ဒါကြောင့် မမရိုး အစိုးရအလုပ်မ၀င်တာ။ ခွင့်ယူရခက် မယ်လေ။ ဟိုပြောင်းဒီလွင့်ဆို ဒုက္ခပေါ့။ ဒီမှာ တော့ ပုံမှန်ဆရာဝန်အလုပ်ကလေးလဲ လုပ်ရတယ်။ ယောက်ျားပြန်ရောက်လာတဲ့အခါလဲ အတူနေရတယ်။ တော် ပြီလေ”
မမရိုးဆီက မေမွန်ကောက်ချက်ချလိုက်နိုင်တာက ဒီအလုပ်ကို သူပျော်လို့လုပ်နေတာ မဟုတ်ဘဲ သင့်တော် လို့ လုပ်နေတယ်ဆိုတာပဲ။
“ပညာတိုးမှာ ပေါ့နော် မမ၊ ကျွန်မ ကတော့ ပညာတိုးရင်တော် ပါပြီ”
“ဒါပေါ့၊ ဆေးရုံတစ်ခုမှာ လုပ်ရသလိုပါပဲ။ တစ်နေရာတည်းမှာ ကို ရောဂါ စုံတွေ့ ရတာ ။ နားနှာခေါင်း လည်ချောင်းလူနာ၊ မျက်စိလူနာ၊ အရိုးအားလုံးရတယ်”
အဲဒီ နေ့အဖို့တော့ မေမွန်အပြင်လူနာကြည့်ရတယ်။ အထွေထွေ ရောဂါ ကုဆရာဝန်ဆီပြင် မယ့် လူနာသစ်ကို မေမွန်တို့ဆီ ခွဲတမ်းချပြီးပို့တယ်။ ဆရာဝန်သစ်မေမွန်က လူနာငါးယောက် ရ တယ်။
မေမွန် ဒုတိယမြောက်ရတဲ့ လူနာဟာ ဗိုက်အောင့်လို့ ရောက်လာတာပါ။ အမျိုးသမီးလူနာ၊ မီမီဆန်းတဲ့၊ သားသမီး တစ်ယောက် မှ မရသေးဘူး။
“ကားထားတယ် မမ၊ မီးက စီဖိုက်စားတယ်”
“မှန်မှန် ပေါ်ရဲ့ လား”
“ဟုတ်ကဲ့ မမ။ ဒီလတော့ မပေါ်သေးဘူးပေါ့။ အညိုရောင် ဆေးပြားနှစ် ပြား ကျန်နေသေးတယ်။ ခါတိုင်းတော့ဒီလောက်ဆိုပေါ်ပြီ”
မေမွန်ဦးနှောက်ခြောက်ရတယ်။
သူ့ဟာသာ အူအတက်ရောင် တာလား။ သားအိမ်ပြွန်ရောင် တာလား သေချာခွဲခြားလို့မရဘူး နာတော့ နာနေတာပဲ။
သူကလည်း ရုံးကနေ ခဏထွက်လာတာမို့ နောက်နေ့မှပဲ ပြန်လာပြချင်တယ်။
ပင်နစလင်တည့်တယ်ဆိုလို့ အွန်လိုက်ပြီး အဖတ်မစားဖို့ မှာ လိုက်တယ်။ သိပ်မခံမရပ်နိုင် ရင် ချက်ချင်း ပြန်လာဖို့လည်း မှတ်ချက်သေချာရေး ပေးလိုက်တယ်။ ကြယ်ပွင့်အနီတွေ ဘာတွေ ပြပြီးတော့ပေါ့။ (တော် သေးတာပေါ့။ မဟုတ်ရင် မေမွန်ဘယ်လောက်အရှက်တွေ ကွဲပြီး အလုပ်ဝင် တဲ့နောက်တစ်နေ့ပဲအလုပ်က ထွက်ပြေးရမယ့်အ ဖြစ်။ နေဦးနော်၊ ပြီးတော့မှ ရှင်းပြမယ်။
အဲဒီ နေ့က အိမ်ကိုလည်း ဖုန်းဆက်မနေတော့ပါဘူး။ ဒီနေ့ခင်း တစ်နာရီလောက်မှာ မမရိုး နဲ့ နှစ် ယောက် သား နတ်သုဒ္ဓါကိုသွားပြီး မြီးရှည်စားလိုက်ကြတယ်။ ညနေကိုကိုလာကြိုမှပဲ အိမ်ပြန်လာခဲ့တော့တယ်။
ကားပေါ်မှာ စုလည်းတစ်ပါးပါလာတယ်။ “နင့်ကိုကြိုဖို့ စောနေသေးလို့ ငါနဲ့ကိုကို ဒိန်ချဉ် ၀ယ်သောက်နေကြသေးတယ်၊ သိလားမမ”
စုနဲ့ကိုကိုဟာ အကြိုအပို့တွေ မှာ တစ်နေရာဝင်ဖို့၊ စားသောက်ဖို့ အမြဲတမ်းအချိန်ရတယ်။ မေမွန့်ကိုလာကြိုရင်တောင် တစ်ယောက် ယောက် ကို ဆက်ကြိုဖို့ အလျင်စလို ဖြစ်နေတာက တစ်မျိုး အလုပ်ကိစ္စတစ်ခုကအရေး ကြီးရင် ကြီးနေနဲ့။
“အဆင်ပြေရဲ့ လား ဆရာဝန်မကြီး”တဲ့ ကိုကိုက။
ခုလိုဆိုတော့လည်း စိတ်ဝင်စားဖော်ရသားပဲလို့ မေမွန်ကျေနပ်လိုက်ရတယ်။
“မေမွန်လူနာငါးယောက် ရခဲ့တယ်ကိုကို၊ ရောဂါ အထူးအဆန်းတော့ မတွေးခဲ့ရသေးဘူးပေါ့၊ အာကလန်ပါကလန်တွေ ပါပဲ။ မူးတယ်၊ ရင်တုန်တယ်၊ ဗိုက်နာ၊ ဒါလောက်ပဲ”
နောက်ခန်းမှာ ထိုက်တဲ့ မေမွန်ဟာ ကိုကို့ရဲ့ စတီယာရင်ကိုင်ထားတဲ့ လက်တွေ ကို အမှတ်မဲ့ ငေးကြည့်နေမိတယ်။သူ့လက်ချောင်းတွေ ဟာ လူနဲ့မလိုက်အောင် အဆစ်အရိုးတုတ်ခိုင်တာပဲ။ သူ့လက်သည်းတွေ ဟာ ကမာခွံလို ပန်းသွေးလွလွဖြူလဲ့လဲ့ရယ်။ တစ်စွန်းတစ်စ မရှည်ထွက်သာ အောင် ကိုက်ကုက်ပစ်ထားတယ်။ ကတ်ကြေးနဲ့ကိုက်၊ လက်သည်းညှပ်နဲ့ကိုက်တာမဟုတ်ဘူး။ သွားနဲ့ကိုကိုက်တာ။ ငယ်ကည်းကမေမေဖျောက်လို့ မရခဲ့တဲ့အကျင့်လေ။ သူ့ကို မေမွန်တို့က သူငယ်နာမစင်ဘူးလို့စနေကျ။
“ခင်သန်းမောင်တို့၊ တင်တင်မြိုင်တို့ အပြင် နင့်မှာ အပေါင်းအသင်း အသစ်ရလာရင် ကောင်းမှာ နော် မမ”
စုကို မေမွန်ဘာမှပြန်မပြောပါဘူး။ မေမွန့်မှာ အပေါင်းအသင်းနည်းတာကို သူနဲ့မေမေက ပြစ်ချက်ကြီးတစ်ခု၊ အားနည်းချက်ကြီးတစ်ခုလို့ ယူဆနေကြတယ်။ မေမွန့်ဘာသာတော့ ဘယ်လိုမှ မနေပါဘူး။ သူတို့သားအမိကသာ ကြမ်းပိုးကိုလိပ်၊ ဆင်ကိုဆိတ်လုပ်နေကြတာပါ။
ညဘက်မှာ မေမွန်စာတစ်ချို့ပြန်ဖတ်တယ်။ အလုပ်သင်စကလို ဆရာတွေ ညွှန်ကြားချက်နဲ့ ဆေးကုရမှာ မဟုတ်တော့ဘဲ မေမွန့်ဘာသာ ဆုံးဖြတ်ကုသရမှာ ဆိုတော့ သင်ပြီးသမျှတွေ ပြန် နှူးနှပ်ရတာ ပေါ့။
“စုခေါင်းကိုက်တယ်မမရယ်၊ အောက်ထပ်ဆင်းပြီး ဖတ်ချည်းပါလား၊ ကိုကိုမှ မအိပ်သေး တာ။ အိပ်လဲရပါတယ်။ သူက မီးရောင် နဲ့လဲ အိပ်ပျော်တယ်”
မေမွန့်စာမေးပွဲရက်တွေ ကလွဲပြီး ညဆယ်နာရီကျော်ရင် ဖွင့်လို့မရဘူး။ စုကဂဂျီဂရောင် လုပ် တော့ တာပဲခုလည်းတွီဗွီပြီးတာနဲ့ သူခေါင်းကိုက်ပြီလေ။
အောက်ထပ်ကို မေမွန်အသာတကြည်ဆင်းခဲ့တယ်။
ကိုကိုဟာ အိပ်ရာပေါ်မှာ ၀တ္ထုတစ်အုပ်ကိုစွဲစွဲလမ်းလမ်းဖတ်နေတယ်။ သိန်းဖေမြင့်ရဲ့ တက်ခေတ်နတ်ဆိုးတဲ့။ ကးလသား ရောဂါ ကို ဆေးပညာပေးရင်း ရသမြောက်အောင် ရေး ထားတာ တဲ့။ ကိုကို့အတွက် ကော်ဖီဖျော်မလို့လား မေမွန်သူကပူဆာတယ်။
“သောက်ချင်လို့လား၊ မအိုက်ဘူးလား”
“ဟင့်အင်း၊ လေရတယ်ကွ ဒီဘက်နားမှာ ထိုင်”
စာအုပ်တွေ ချထားခဲ့ပြီး သူ့အတွက် ကော်ဖီသွားဖျော်တယ်။ မေမွန် ကတော့ ကော်ဖီမကြိုက် ပါဘူး။ ပြီးတော့အိပ်ရာထနေရမှာ လည်း အိပ်ရေး ပျက်တယ်။
မေမွန်ဖျော်တဲ့ ကော်ဖီကို သူနှစ် နှစ် ခြိုက်ခြိုက်သောက်လေ့ရှိတယ်။ ဒါကိုတော့ စုကိုခိုင်း လို့မရဘူး။ စုကမီးဖိုချောင်အလုပ်မလုပ်ချင်ပါဘူး။
“နားယားလိုက်တာမေမွန်ရာ”
ကိုကို့စကားအဆုံးမှာ မေမွန် သွက်သွက်လက်လက်ခေါင်းက ကလစ်တစ်ချောင်းဖြုတ်လိုက် တယ်။ ပြီး ဆေးဗီဒိုပေါ်က အရက်ပြန်ဂွမ်းဖက်နဲ့ ကလစ်ကို သုတ်သင်ရင်းနံဘေးမှာ တစ်ပါးလွှဲထိုင် လိုက်တယ်။
“ဟိုဘက်စောင်း ကိုကို။ မေမွန်နဖာချေး ကလော်မယ်”
သူငြင်းနေဦးမလားလို့ နည်းနည်း ထင်မိနေပေမယ့် သူဟာမေမွန့်ကို တစ်ချက်ကြည့်ပြီး မေမွန် ပြောတဲ့အတိုင်း ခေါင်းကို စောင်းလိုက်တယ်။ သူ့ စာအုပ်ကို ရင်ဘတ်ပေါ်တင်ပြီး မျက်လုံးကိုလည်းမှိတ်ထားလိုက်တယ်။
သူ့ကို ငယ်ငယ်ကတည်းက မေမွန် နဖာချေး ကလော်ပေးလေ့ရှိတယ်။ မေးခိုင်ပိုးဝင်မယ် ဆိုပြီး ဖေဖေနဲ့ မေမေက တားမြစ်တော့လည်း ကွယ်ရာမှာ ခိုးပြီး ကလော်ပေးတာပဲ။ ဆေးကျောင်းသူ ဖြစ်လာတော့ ကလစ်ကို အရက်ပြန်နဲ့ သန့်စင်တာတွေ ဘာတွေ တတ်လာ တယ်လေ။
အသက်ကြီးလာကြလေ သူကပိုပြီး စိမ်းစိမ်း နေလေမို့ခုလို အခွင့်အရေး က ရခဲပါတယ်။
ကိုကိုဖွင့်ထားတဲ့ ကက်ဆက်က သီချင်းတငြိမ့်ငြိမ့်လာနေတယ်။
“xxx မန်းကလေးတစ်ပွင့်ကို မခူးရက်လို့ ငေးမောကြည့်သူ xxx ကျွန်တော့်အ ဖြစ်ဟာ တကယ် နောက်ဆုံးတော့ ကြေကွဲစရာ xxx ဝေးဝေးသို့ သာ အသည်းနှင့် ကျောခိုင်းထွက်ခွာ xxx ဘ၀တစ်လျှောက်မှာ ဘယ်လိုနည်းမှ မဖြေသိမ့်သာ”
ချောက်ခနဲဆို ကိုကိုခလုတ်ပိတ်လိုက်တယ်။
“ဘာလို့ ပိတ်လိုက်တာလဲ၊ သီချင်းကောင်းသားနဲ့”
“ခင်မောင်တိုးသီချင်းတွေ က သံစဉ်တွေ တစ်ခါတစ်ခါထင်တယ်။ ကြိုးကြာသံ ကောင်း တယ် ညီမလေး နားထောင်ကြည့်”
“နားထောင်ဖူးပါတယ်”
“ကြိုးကြာသံရယ်၊ အမုန်းနောက်ကွယ်ရယ်။ စောင်းကြိုးရှိုက်သံရယ်၊ အဲဒီ သုံးပုဒ်သွင်းမယ်။ ဘာနဲ့တွဲ သွင်းရမယ် မသိပါဘူး”
သူ့ကိုမေမွန်ငြင်းမနေတော့ပါဘူးလေ။ သူဖွင့်ပြတဲ့ ကြိုးကြာသံကိုပဲ မကြားတစ်ချက် ကြားတစ်ချက်နဲ့။
သူ့နားက နားချေးခြောက်တွေ ပဲ ထွက်တာပါ။ သားရေခွံခြောက်ပြီး ကွာကွာထွက်တာ။ ကွာပြီဆိုရင် သူနားယာပြီလေး ကလစ်နဲ့ အသာကလေးချော့ပြီး ထွင်ထုတ်ပေးရင် သူငြိမ်ပြီး မှိန်းနေတတ်တယ်။
ခါတိုင်းလည်း ညည့်နက်တဲ့အထိ မေမွန်စာကျက်ရင် အောက်ထပ်ဆင်းပြီး စာကျက်ရတာ ပါပဲ။ တစ်ခါတလေ စားပွဲပေါ်မျက်နှာအပ်ပြီး အိပ်ပျော်သွားတော့မှ ကိုကိုက နှိုးပြီး အပေါ်ပြန်ခိုင်း ရတတ်သေးတယ်။
''××× ဆုံးဖြတ်ချက် တစ်ခုချမယ့် အရှုံးနဲ့ အောင်မြင်ခြင်းဟာ ရှိသင့်တဲ့ အားနဲ့မာန် ××× ဟန်နိုင်မှ ×× ပန်းကလေးတစ်ပွင့်ကို မခူးရက်လို့ ငွေးမောကြည့်သူ ×××
မျိုးဆက်ရဲ့ အားမာန်တစ်ခုပါ ×× လမ်းကြောင်းမှန် ရွေးချယ်ရင်း×××အများ နည်းတူ သက်လုံ မကောင်းရင် ××× ဝေးဝေးသို့ သာ အသည်းနင့်နင့် ကျောခိုင်းထွက်ခွာ ×× ဘ၀ တစ်လျှောက်မှာ ×××"
ကိုကိုဖွင့်ထားတဲ့ ကြိုးကြာသံကို မေမွန် ကြားတစ်ချက် မကြားတစ်ချက်ပါပဲ။
မေမွန်တို့တစ်တွေ ခုလို ချစ်ချစ်ခင်ခင် ယုယုယယ နေကြရတဲ့အချိန်တွေ ဘယ်လောက် ကြာဦးမှာ လဲလို့ မေမွန် တွေးတော ကြောင့်ကြ ခဲ့ပါတယ်။
တစ်နေ့နေ့ကျရင် မေမွန်တို့ ခွဲခွာကြရမှာ နော်။ ဥပမာ ဟိုဘက်ခြံက မမလို တစ်ယောက် ယောက် နဲ့ကိုကို …
မေမွန် စိတ်ပူ နှမြောခဲ့ပါတယ်။
ဒါပေမယ့် မေမွန်တို့ရဲ့ ချစ်ချစ်ခင်ခင် ယုယုယယ နေကြရတဲ့အချိန်တွေ ကို ဘယ်သူ ဖျက်ဆီးပစ်ခဲ့သလဲ။
မေမွန်လဲပေါ့။
အို … ဦးကိုရယ်။ မေမွန်ရဲ့ အေးချမ်းတဲ့ ဘ၀ကလေးကို ဘာကြောင့် များ ဖျက်ဆီးပစ်ရက် သလဲကွယ်။
'' မမ၊ နင့်ထဘီကလဲ အထက်ဆင့်ကြီး မွဲဖတ်ဖတ်နဲ့ဟာ၊ ပြန်လဲလိုက်ပါလား"
အလုပ်သွားတော့မှာ မို့ မေမွန်သေချာရွေးချယ် မီးပူတိုက်ပြီး ၀တ်လာခဲ့တာ။ ကျီးကန်းဥ ရောင် ဘီဘဲလုံခြည်နဲ့ အဖြူခံမှာ အနက်ရောင် ပိုးနသန်ကွေးကလေးတွေ ပါတဲ့ ပိုးတုအင်္ကျီ လက်စကကို ၀တ်ထားတာ။
''ဒါပေမယ့် ဘာလို့ အထက်ဆင့်က မွဲခြောက်နေတာလဲ"
စုကို အဖြေမပေးဘဲ ထမင်းကြော်ကိုပဲ ငုံ့စားနေလိုက်တယ်။
" အထက်ဆင့်က အရေး မကြီးပါဘူး စုရယ်။ ဘယ်သူမှ ကြည့်မှာ မဟုတ်ပါဘူး''
''မကြည့်လဲ မြင်နေရတာ ပေါ့။ ဖေဖေ့သမီးက အထက်ဆင့်ကြီး တစ်ထွာပေါ်အောင် ၀တ်ထားတာ"
မေမွန် ချက်ချင်း ငုံ့ကြည့်မိတော့မလို ဖြစ်သွားတယ်။ ဒါပေမယ့် ဟန်ကိုယ့်ဖိုဆို မဟုတ်လား။
စားပွဲထိပ်မှာ ထိုင်နေတဲ့ ဖေဖေကသာ ခါးကိုယိမ်းပြိး မေမွန့် အထက်ဆင့်စကို ကြည့်တယ်။
''ငါ့ဘာသာ ဘယ်လိုဝတ်ဝတ် စုရယ်။ လိုက်ပြောမနေနဲ့"
မေမေက မျက်နှာကြီး အိုထားတယ်။ ဘာမှမပြောပေမယ့် စုပြောနေတာကို အလိုမကျတာ မဟုတ်ဘဲ မေမွန့်အထက်ဆင့် ဖျော့နေတာကိုသာ အလိုမကျ ဖြစ်နေမှန်း မေမွန်သိပါတယ်။
ထဘီးအဟောင်းက အထက်ဆင့်ကို ဖြုတ်ယူပြီး အလွယ်လုပ်ထားတာမှန်းသိရင် ပိုတောင် အပြစ်တင်ဦးမှာ ။
စုက ဘာမှမပြင်ဆင် မဖြီးလိမ်းရသေးဘူး။ မေမွန် စောစောထပြီး ထမင်းကြော်၊ ကော်ဖီဖျော်ထားပေမယ့် စုက စားပွဲပြင်ဆင်ပေးရသေးတာကိုး။ မနက်ခင်းစာ စားပွဲမှာ စု တစ်ယောက် ဆံပင်စုတ်ဖွားနဲ့လေ။
"ကိုကို စားပြီးပြီလား" လို့ မေမေက မေးတယ်။
"ပြီးပြီ။ ကော်ဖီတစ်ခွက် လာသောက်သွားသေးတယ်"
ဖေဖေက သူ့ကော်ဖီပန်းကန်ကို အပြီးသတ်မော့ရင်း နေရာက ထတယ်။
မေမွန်လည်း ပခုံးသိုင်းအိတ်ကို လှမ်းယူပြီး ရှေ့က ထွက်နှင့် ရတယ်။ ဖေဖေက အိမ်က ထွက်တော့မယ်ဆိုရင် ဘယ်သူ့ကိုမှ တစ်မိနစ်တောင် စောင့်ချင်တာ မဟုတ်ဘူး။
"သွားကြပါ။ သွားကြပါ။ စုတို့ ကတော့ ဘက်စ်ကားနဲ့ပဲ ယွန်းရတော့မှာ ပါတကား"
မေမွန်က ခပ်လှောင်လှောင် ပြုံးပြီး 'သနားလေစွ' လို့ ရေရွတ်ခဲ့တာပေါ့။
စု တစ်ယောက် နှုတ်ခမ်းစူပြီး ကျန်ခဲ့မှာ သေချာပါတယ်။
အဲ … သူများ ကို စိတ်ကသိကအောက် ဖြစ်အောင်လုပ်မိတဲ့မေမွန့်မှာ လေ။ အလုပ်ခွင်လည်း ရောက် ၀ဋ်လည်း လည်တော့တာပါပဲ။ [သိပ်မကြာခင်မှာ ရင်ခုန် လှိုက်မော အံ့သြကြည်မွေ့ခဲ့ရပြီး နောက်တော့လည်း အချိုးအဆစ်အကွေ့အကောက်ကြားမှာ ပြုံးတစ်ခါ မဲ့တစ်လှည့်နဲ့၊ နောက်ဆုံး တော့ အရှုံးကြီးရှုံး၊ အဆုံးကြီးဆုံးခဲ့ရတဲ့ အဆွေးဇာတိ နိဒါန်းပျိုးစပေါ့]
" ဒေါက်တာ … အိုဂျီက ဒေါက်တာ ရောက်ရောက်ချင်း အိုတီထဲလွှတ်လိုက်ပါလို့ မှာ ထား ပါတယ်"
မေမွန်ထိုင်နေကျ ဆေးကုခန်းဟာ အတွင်းဘက် ဒုတိယနောက်ဆုံးအခန်းပါ။ အခန်းထဲဝင် အိတ်ကလေးကိုနံရံကပ် ဗီရိုထဲထည့်ကာရှိသေး၊ ထဘီနီကလေး မခင်စန်း ၀င်လာပြီး ပြောတာ။ မခင်စန်းက သူနာပြု သင်တန်းဆင်းပြီး အစိုးရအလုပ်မရခင် ၀င်လုပ်နေတာ။ မအူပင်ကတဲ့။ သူ့ အကြောင်း မေမွန် သိသမျှ ဒါအကုန်ပဲ။
ကပျာကသီ ဂျူတီကုတ်ကလေးကို ထုတ်ယူပြီး ဗီရိုကို သော့ ပိတ်လိုက်ရတယ်။
ပြောပြီး ပြီးချင်းထွက်သွားတော့ မခင်စန်းကို ဘာမှန်းတောင် မမေးလိုက်ရဘူး။
ခွဲစိတ်ခန်း (အိုတီ) ထဲရောက်ရင်သိမှာ ပဲဆိုပြီး ဓာတ်လှေကားနဲ့ပဲ တက်သွားလိုက်တယ်။
အိုဂျီနာမည် က ဦးနိုင်ကျော်စွာ တဲ့။ မန္တလေးက ပြောလာတာလို့ ပြောတယ်။ သူနဲ့တော့ စာမသင်ခဲ့ရဘူးစာမေးပွဲလည်းမဖြေရဖူးဘူးလေ။
ခွဲစိတ်ခန်းတံခါးမကြီး ပိတ်နေလို့ ကြည့်မှန်ပေါက်ကနေချောင်းကြည့်လိုက်တယ်။
အမယ်… အခန်းကျယ်ကြီးပါပဲလား။ ခွဲခန်းဝင်ဖို့ ရော်ဘာဖိနပ်တွေ လည်း အနည်းဆုံးဆယ် ရန်လောက်တော့ ရှိမှာ ။
ခွဲစိတ်ခန်း နှစ် ခန်းလောက်တော့ ရှိနေမယ်ထင်တယ်။ တစ်ခန်း ကတော့ စားပွဲကုလား ထိုင်တွေ တွေ့ နေရလို့ ခွဲစိတ်သူတွေ နားနေခန်း အလုပ်လုပ်ခန်း ဖြစ်မှာ ပဲ။
မေမွန် ကြည့်နေတုန်းမှာ ပဲ ဟိုဘက်ဆုံးအခန်းထဲက ခွဲစိတ်ခန်းဝတ်စုံနဲ့ အမျိုးသမီး တစ်ယောက် ထွက်လာတယ်။ ခေါင်းစည်းအပြာနဲ့ ဒူးဆစ်ရောက်ရုံစကတ်အပြာ ၀တ်ပြီးနှာခေါင်း စည်းလည်းအပြာပဲစည်းထားတယ်။ သြော်… နှလုံးလှရဲ့ ခွဲစိတ်ခန်း ယူနီဖေါင်းအရောင် ဟာ အပြာ ထင်ပါရဲ့ ။
သူကပါလာတဲ့ လူနာမှတ်တမ်းဖိုင်တွဲ ကို မျက်စောင်းထိုးက နားနေခန်းဘက် ယူလာတယ်။
မေမွန့်ကိုတွေ့ တော့ ၀င်လာဆိုတဲ့ အမူအရာနဲ့ ခေါင်းညိတ်ခေါ်တယ်။ပြီးတော့ သူ့လက်ထဲကမှတ်တမ်းကို အခန်းထဲက စားပွဲပေါ်တင်တယ်။ သူ့လက်မှာ လက်အိတ်မတွေ့ ဘူး။ ဆရာဝန်လား သူနာပြုလားလို့လည်း မေမွန် မှန်းဆလို့ မရသေးဘူးလေ။
တံခါးလက်ကိုင်ဘုကို လှည့်ဖွင့်ပြီး တွန်းကြည့်တော့ အသာကလေးပဲ ပွင့်သွားတယ်။
''ဒေါ်မေမွန်မွန် ထင်တယ်''
မေမွန်လာမယ်ဆိုတာ သိနေပုံရတယ်။
''ဟုတ်ပါတယ်"
''ဟို အခန်းထဲမှာ ဆရာရှိနေတယ်။ ဖိနပ်တစ်ရန်လဲသွား။ အဲဒီ အိုတိဂေါင်းန်စွပ်သွားလိုက်။ ဂေါင်းန်နံဘေးက ပလတ်စတစ်ခြင်းထဲမှာ ကက်ပ်နဲ့မာ့စ် ယူသွား"
ဖိနပ်လဲရတာ က အပြင်ကစီးလာတဲ့ ဖိနပ်မှာ ရောဂါ ပိုးတွေ ပါလာမှာ စိုးရလို့လေ။ ဒါခွဲစိတ် ခန်းထုံးစံပဲ။
"မေမွန့် အ၀တ်တွေ လဲရဦးမှာ လား ဟင်"
'' ခဏ ၀င်မှာ ပဲ။ မလဲပါနဲ့။ အပေါ်ကသာ ဂေါင်းန်ထပ်ဝတ်သွားတော့ ဒေါက်တာ"
အင်း … မေမွန့်ကို ဒေါက်တာလို့ခေါ်နေပြီး မေမွန့်ထက်လည်းအသက်ကြီးပုံရတော့ ဧကန္တ သူနာပြု ဖြစ်မှာ ပဲလို့ မှန်းဆရတယ်။ [ ဟုတ်လည်း ဟုတ်နေတယ်။ နောက်တော့ ခွဲစိတ်ခန်း သူနာပြု နော်ပယ်မလာဆိုတာ သိလာတာပေါ့၊ ခင်သလောက်လဲခင်မင်ခဲ့တာပေါ့လေ]။
ခွဲစိတ်ခန်းမကြီးထဲက အသံတွေ ဟာ အထဲဝင်လာမှပဲ ကြားရတော့တယ်။ အပြင်မှာ တုန်းကဆို လူရိပ် မမြင်ခင်မလူရှိမှန်းတောင် မသိရဘူး။
မေမွန်ခေါင်းစည်းစွပ်နေ၊ နှာခေါင်းစည်းနေတုန်း အမျိုးသား အသံတစ်သံ ကြားရတယ်။
“မီမီဆန်း။ မီမီဆန်း။ ခင်ဗျာဘယ်ရောက်နေလဲ သိသလား။ ဟုတ်တယ်၊ ဟုတ်တယ်။ နှလုံးလှမှာ လေ။ ခင်ဗျားကိုခွဲစိတ်ကူသပြီးသွားပြီ၊ နာသလား။ ဟား ဟား။ မနာပါဘူးဗျာ။ ခင်ဗျား အိပ်ချင်သေးသလား။ အိပ်ရမယ်… အိပ်ရမယ်”
ဒါက မေ့ဆေးဆရာဝန်ရဲ့ အသံ ဖြစ်မှာ ပဲ။ လူနာကို မေ့ဆေးကနေ နှိုးနေတာ။
ခုနက သူနာပြုက တယ်လီဖုန်းကောက်လှည့်နေတယ်။
“ထရော်လီတွန်းဖို့ တစ်ယောက် မှ ပေါ်မလာဘူး။ ဆရာတော့ ကောဦးတော့မယ်။ အတော် ပေါ့တဲ့ဟာတွေ ”လို့လည်း ရွတ်မြည် နေတယ်။
မီမီဆန်းဆိုတဲ့နာမည် ကို ကြားဖူးပါတယ်လို့ မေမွန်စဉ်းစားလာတယ်။ လောလောလတ် လတ် မကြာသေးခင်ကပဲ ရင်းနှီးနေတဲ့နာမည် ။
မနေ့က မေမွန်ကြည့်လိုက်တဲ့ လူနာပါလားလို့ ချက်ချင်း သတိရသွားတယ်။ သိတိလည်းရရော ထိတ်ခနဲ ဖြစ်သွားတော့ တာပဲ။
မနေ့က မေမွန်ကြည့်လိုက်တဲ့လူနာပါလားလို့ ချက်ချင်း သတိရသွားတယ်။ သတိလည်းရ ရော ထိတ်ခနဲ ဖြစ်သွားတော့တာပဲ။
သူ့ကိုခွဲစိတ်ခန်းကနေ ထုတ်သွားဖို့ သူနာပြုက အကူတွေ ကို ဖုန်းဆက် ခေါ်နေတာပဲလို့ သဘောပေါက်ရင်းခွဲစိတ်ခန်း (၁)လို့ အင်္ဂလိပ်လို ဆိုင်းဘုတ်ချိတ်ထားတဲ့ အခန်းထဲဝင်ခဲ့တယ်။
သူနာပြုလား ဆရာဝန်မလား မသေချာတဲ့ အမျိုးသမီး တစ်ယောက် ဟာ တွဲ လျက် အခန်းကျဉ်းထဲမှာ လက်အိတ်ချွတ်ပြီးလက်ဆေးနေတယ်။ သူလည်း ခွဲစိတ်ခန်း ၀တ်စုံပြာနဲ့ပဲ။ သူ့အသားဖြူတော့ ခြေသလုံးတွေ မှာ အမွှေးထူတာ သိသာနေတယ်။
“ဒေါ်ခင်အေးမြင့် ဂျူတီထွက်မလား”
ယောက်ျားသံ နောက်တစ်ခု။ အိုဂျီထင်တယ်။
“ထွက်မှာ ဆရာ၊ နေ့ဂျူတီ ၀င်မှာ က ဦးမိုကျော်”
လက်ဆေးနေတာ ဆရာဝန်မလို့ သိလိုက်ရတယ်။ မေမွန်နဲ့လက်တွဲ ရမယ့် လုပ်ဖော်ကိုင်ဖက်တွေ ပါလား ရယ်လို့တော့ မေမွန် စိတ်ဝင်စားခဲ့ပါတယ်။
ခွဲစိတ်ခန်း (၁)မှာ တော့ တံခါးမရှိပါဘူး။ အခန်းထဲဝင်လိုက်တာနဲ့ ခွဲစိတ်ခုတင်ပေါ်က လူနာရယ်၊ ခေါင်းရင်းက မေ့ဆေး ဆရာဝန်ရယ်၊ ပြတင်းပေါက်နားမှာ ရပ်ပြီး ဓာတ်မှန်တစ်ခုကို ကြည့်နေတဲ့ အိုဂျီလို့ယူဆရတဲ့ [နောက်တော့မေမွန့် ဦးကို ဖြစ်လာတဲ့] အလျင်နေ့က မေမွန် ပထမဆုံးဆုံလိုက်တဲ့သူကိုတွေ့ ရတယ်။ သူ့လက်မှာ တော့ လက်အိတ်တွေ မရှိတော့ဘူး။
သူနာပြု တစ်ယောက် တော့ အနီးအနား ခွဲစိတ်ကိရိယာတွေ သိမ်းကာ ဆည်းကာ ရွှေ့ပြောင်းကာနဲ့။
“ဆို…”
မေ့ဆေးဆရာဝန်ဟာ ဆံပင်ကျိုးကျဲ ဖြူနေပေမယ့် သူ့မျက်လုံးတွေ ဟာ ကြည်ကြည်လင်လင်နဲ့ သိပ်အသက်မကြီးသေးကြောင်း သက်သေပြနေတယ်။
လူ ကတော့ပုပု၀၀ ဗိုက်ရွှဲရွှဲပါ။
“ကျွန်မကို အိုဂျီခေါ်တယ်ဆိုလို့ပါ”
ဓာတ်မှန်ဆီကနေ မေမွန့်ဘက်ကို အကြည့်ရွှေ့ လာတယ်။
အမျိုးသား ခွဲစိတ်ဝတ်စုံက ခေါင်းစွပ် လက်တို အင်္ကျီရှည် ဖားဖားရယ်၊ ရှမ်းဘောင်းဘီလို ခပ်ပွပွကြီးရယ်။
ခေါင်းစည်းနဲ့နှာခေါင်းစည်းနဲ့ပေမယ့် သူရဲ့ ဖြူဖြူမြင့်မြင့် ကိုယ်နေဟန်၊ သူ့ရဲ့ ကိုင်းအနက်နဲ့ မျက်မှန်ထူ အောက်က ထက်မြက်တဲ့ မျက်လုံးတွေ ဟာ မှားနိုင်စရာ မရှိပါဘူး၊
အိုဂျီ တစ်ယောက် ဟာ ဒီလောက်ပဲ ငယ်ရွယ် နိုင်သလားလို့ မေမွန် အံ့သြသွားတယ်။ မေမွန် ထင်တာက ခေါင်းဖြူဖြူ၀၀ဖိုင်းဖိုင်း အရည်ခွံ တွန့်တွန့် နဖူးအရေး အကြောင်းထင်းထင်း၊ မျက်လုံးနံဘေးမှာ ကြက်ခြေရာတွေ နဲ့ အဘိုးကြီးပေါက်စ တစ်ယောက် ဖြစ်မှာ ပဲလို့ပေါ့။ မေမွန် မြင်တွေ့ နေရတဲ့ အိုဂျီကကျတော့ အနောက်တိုင်းက ဇာတ်လိုက်မင်းသားချော တစ်ယောက် လိုပါပဲ။ အင်မတန်စတိုင်ကျတယ်။ သိပ်စမာ့တ် ဖြစ်တယ်။
“ဟေ… မင်းကို ကိုယ်ပြောစရာ ရှိတယ်ကွ။ လာ…လာ၊ ဒီနားလာ”
သူကခြောက်သေးတဲ့ ဓာတ်မှန်ကို ချိတ်မှာ ပြန်ညှပ်ထားလိုက်ပြီး မေ့ဆေးပေး ကိရိယာ တွန်းလှည်းပေါ်မှာ လက်တစ်ဘက်ကို ဝှေ့ကာ လှည့်ကာ ရှာဖွေနေတယ်။
“မီမီဆန်းရဲ့ ချာ့(ထ်) လားဆရာ၊ ခုနက သိန်းသိန်းသော င်း ယူသွားတယ်”
သူကလေ သူ့အနားကို ခပ်ဆိုင်းဆိုင်း သွားနေတဲ့ မေမွန်အနားကို ရောက်လာတယ်။
သူဘာပြောမလဲ နားစွင့်နေတုန်းမှာ ပဲ “လာ” ဆိုပြီးမေမွန်လက်ကို ဆွဲခေါ်သွားတယ်။
စိတ်မြန်လက်မြန် နိုင်လွန်းလို့ မေမွန် အံ့အားသင့်ရင်းပဲအမီ လိုက်သွားရတော့တယ်။ [အဲဒီ ကတည်းက ကျွန်မ သိပါတယ်။ ဆရာနိုင်ကျော်စွာ တစ်ယောက် မေမွန့်ကို မြင်မြင်ချင်း သဘောကျ သွားပြီးဆိုတာလို့။ သိန်းသိန်းသော င်း နောက်တော့မှတ်ချက်ပေးတယ်။ ဦးကိုအပြောအရတော့ သိန်းသိန်းသော င်းမှတ်ချက်ထက် တစ်ရက်စောပြီး မေမွန့်ကို သူသဘောကျခဲ့တာပါတဲ့။ သူတွေ့ ခွင့် မြင်ခွင့်ကြုံခဲ့တာဟာ သိန်းသိန်းသော င်းသိတာထက် တစ်ရက်စောတာကိုးနော်။
သူဟာ မေမွန့် ဆရာသမားလို့ ပြောမယ်ဆိုလည်း ပြောနိုင်ပါတယ်။ ဒါပေမယ့် မေမွန်နဲ့သူ ခုမှ တွေ့ ကြတာ။ ခုလိုကြီးမေမွန့်လက်ကို ဆွဲခေါ်သွားတော့ မေမွန်ရင်ခုန် ရှက်အမ်းမိတာပေါ့။ အို…မတတ်နိုင်ပါဘူးလေ။ မေမွန်တို့ ဆေးပညာလောကမှာ က ယောက်ျား မိန်းမ သိပ်ခွဲခြားနေလို့ မရဘဲ လုပ်ဖော်ကိုင်ဖက် ရဲမက်သွေးသောက်ချင်းလို့ သဘောထားကြရတာ မဟုတ်လား။ သြော်… သူက လက်ထောက်တပည့်သားချင်းအပေါ် ဒီလိုပဲ တရင်းတနှီး ဆက်ဆံတတ်တယ် ထင်ပါရဲ့ လို့ပဲ…။
ဆရာဝန်တွေ နားနေတဲ့ အခန်းထဲ ရောက်တဲ့ အထိ မေမွန့် လက်ကို သူမလွှတ်ဘူး။
“ထိုင်” လို့သူပြောတော့ မေမွန့်ရှေ့မှာ နှစ် ယောက် ထိုင်ကြိမ် ကုလားထိုင်ပဲ ရှိတော့တယ်။
ဘယ့်နှယ် လုပ်မလဲ။ သူ့မျက်နှာကိုကြည့်ရင်း မေမွန် ထိုင်ချလိုက်ရတော့တာပေါ့။
မေမွန် ထင်တဲ့အတိုင်း သံသယ မကင်းမိတဲ့ အတိုင်းပဲ သူဟာ မေမွန့်နံဘေးမှာ ၀င်ထိုင်လိုက်တော့တာပေါ့။
နှစ် ယောက် ထိုင်ခုံက အကျယ်ကြီးပါ။ သူနဲ့မေမွန် အသားချင်းမထိပါဘူး။ ဒါပေမယ့် အင်မတန် နီးနီးကပ်ကပ် ရှိနေတယ်။ မေမွန့်ရင်ထဲမှာ ကတုန်ကယင်နဲ့ ဘာ ဖြစ်နေမှန်းကို မသိပါဘူး။
သူကစားပွဲပေါ်က ချာ့တ်ကို ဆွဲယူလိုက်တယ်။
“မီမီဆန်းကို မေမွန် ဘယ်လို ဒိုင်ယာဂနိုးဆစ် ပေးထားသလဲ သမီး”
သိပြီ၊ သိပြီ။ မီမီဆန်းကို မနေ့က မေမွန်ကြည့်ခဲ့တုန်းက… ဟင် သူ့ကိုခွဲရတာ ဘာမို့လို့ ပါလိမ့်။
သူက မေမွန့်မျက်နှာကို ကြည့်ပြီး ပြုံးနေတယ်။
“သူဘာ ဖြစ်တာလဲ ဟင်”
သူ့လက်ထဲက မီမီဆန်းရဲ့ မှတ်တမ်းကို မေမွန် ဖတ်ကြည့်ဖို့ကြိုးစားတော့ သူကအဝေးကို ရွှေ့လိုက်ရင်း တစ်ချက်ရယ်တယ်။
“မင်း ဟစ်ထရီယူရာမှာ အမှန်မရလိုက်ဘူး။ သူကပေးလ်စ်ကို မှန်မှန် မစားဘူး သမီးရ”
ဆေးခန်းကို ည နှစ် နာရီထိုးလောက်ကြီး ရောက်လာတဲ့ မီမီဆန်းကို ညဂျူတီ ဒေါ်ခင်အေးမြင့် ကြည့်တော့ ဖြူဖပ်သွေးပေါင်တွေ ကျနေပြီတဲ့။ သားဥပြွန် သန္ဓေကို သံသယ ဖြစ်တာနဲ့ သားအိမ်နောက် ပီအိုဒီပေါက်ခ်ျကို ဖောက်ကြည့်လိုက်တာ သွေးတွေ တပုံကြီး ဆင်းလာ တယ်တဲ့။ ဒါနဲ့ ဆရာ့ကို ဖုန်းဆက်ခေါ်ပြီး ဒီမနက်ခွဲရတာ တဲ့။
“ပေးလ်စ် စားနေတယ်ဆိုတာနဲ့ မင်းက ယုံကြည်စိတ်ချလိုက်တာကိုး၊ သူ ဖြစ်တဲ့ လက္ခဏာ ကလည်း စာအုပ်ကြီးပုံစံမလာတော့ မင်းတွေ ဝေသွားတာပေါ့။ မင်းကို အပြစ်တင်ဖို့ခေါ်တာ မဟုတ်ပါဘူးကွာ။ ဖြစ်တတ်တဲ့ သဘောကို သိစေချင်လို့ပါ”
မေမွန် မျက်နှာ ပျက်နေပုံ ရပါတယ်လေ။
“ဟေး… ဆေးပညာဆိုတာ ဒီလိုပဲကွ။ လုပ်ရင်းကိုင်ရင်းအတွေ့ အကြုံတွေ ရလာမှာ ပေါ့။ မင်းစာတော် တယ်၊ ကြိုးစားတယ်ဆိုတာ ကိုယ်သိထားပါတယ်”
ခုမှပဲ နေသာထိုင်သာရှိသွားပြီး သူ့ကို မေမွန် ပြုံးပြနိုင်တယ်။
“ဆရာ့ကို ဘယ်သူက ပြောသလဲ”
သူတစ်ချက် ရယ်ပြန်တယ်။
“ပြောစရာ လိုသလားကွာ။ မင်းကိုကြည့်ရင် သိနိုင်တာပဲ။ မင်းဟာ တကယ့် အင်နိုးစင့် ချိုင်းလ်ဒ် ကလေးပါပဲ”
မေမွန်ဟာ အပြစ်ကင်းတဲ့ ကလေးပါပဲတဲ့။
မေမွန့်မျက်နှာ ရှက်သွေးကြွပြီး ပန်းရောင် ဖြစ်သွားမှာ ပဲထင်တယ်။
သူက မေမွန့်ကို စူးစူးရဲရဲ ကြည့်တယ်။ မေမွန်ဘယ်လိုလုပ်ပြီးရင်ဆိုင် ကြည့်ဝံ့ပါ့မလဲ။ မျက်လွှာချပြီး ငေးကြည့်နေလိုက်ရတယ်။
“ခုနက ပေးရှင့်ကို ကိုယ်ဘာလုပ်ပေးလိုက်မယ်လို့ မင်းထင်သလဲ”
သူ့ကိုမ၀ံ့မရဲ လှည့်ကြည့်လိုက်တော့ သူဟာ မေမွန့်ကို မချိုမချဉ် ပြုံးပြီး စူးစူးရဲရဲကြီးကြည့် နေဆဲပဲ ဖြစ်တယ်။
ဒီတစ်ခါတော့ မေမွန် အားတင်းပစ်လိုက်တယ်။
“သူ့မှာ ကလေး တစ်ယောက် မှ မရသေးတော့ တစ်ဘက်ပဲ…”
“အိုကေ၊ဟုတ်တယ်။ အဲဒီ လိုပဲ လုပ်သင့်တယ်။ ခက်တာက ကွန်ပလီကေးရှင်း ၀င်လာ တယ်ကွ”
မီမီဆန်းရဲ့ သားဥပြွန်တစ်ဘက်က ပေါက်ပျက်သွားရတဲ့ အထဲမှာ ကျန်တစ်ဘက်ကလည်း မျိုးဥအိမ်က အလုံးရှိနေသတဲ့။
“ဒါဆိုရင်…”
“ဒါဆိုရင် တီအိပ်ခ်ျဘီအက်စ်အို”
သားအိမ်ရော မျိုးဥပြွန်တွေ ပါ အပြီးထုတ်ပစ်မယ်လို့မေမွန်ဖြေလိုက်တာ။
သူကပခုံးတွန့်ရင်း ခွဲစိတ်မှတ်တမ်း စာရွက်ကို ထုတ်ပြတယ်။
“ခုနက မင်းဖြေသလိုပဲ သူကလေး တစ်ယောက် မှ မရသေးတာကို ထောက်ထားပြီး အလုံးကိုပဲ ကိုယ်လှီးထုတ်လိုက်တယ်ကွ။ ဓာတ်ခွဲခန်းစစ်ဆေး ကြည့်ရမှာ ပေမယ့် ပြင်ပလက္ခဏာ အရတော့ ရိုးရိုးအလုံး ဖြစ်ဖို့များ တယ်။ မဟုတ်ဘဲ တစ်ခုခု တွေ့ လာရင်တော့လပြန်ဖွင့်ပြန်ထုတ် လုပ်ရမှာ ပေါ့”
ခွဲစိတ်မှတ်တမ်းကို မေမွန် ဖတ်သာဖတ်ရတယ်။ ဘာမှလည်းခေါင်းထဲမရောက်ပါဘူး။ နံဘေးက သူဘာလုပ်နေတယ်ဆိုတာပဲ အာရုံရောက်နေတယ်။
သူဟာဓာတ်ဘူးထဲက ရေနွေးကြမ်းတစ်ခွက် ငှဲ့ပြီး သောက်နေတယ်။ သူ့မျက်လုံး တွေ ကို မေမွန့်ဆီမှာ ကျောက်ချထားတာခက်တယ်။
“ဒီည မင်းရဲ့ ဂျူတီလား”
မေမွန် ခေါင်းညိတ်တယ်။
“ညနေ အိမ်ပြန်ဦးမလား”
“ဟုတ်ကဲ့၊ မေမွန့် အစ်ကို လာကြိုမှာ ”
သူပြုံးပြန်တယ်။
“သိချင်လို့ မေးကြည့်တာပါကွာ။ကိုယ်က အခုဆေးရုံ သွားတော့မှာ ပါ”
ဘာလို့မှန်းမသိဘဲ မေမွန်ရှက်သွားပြီး အယောင်ယောင်အမှားမှားနဲ့ လူနာမှတ်တမ်းကို ဟိုဖတ်ဒီဖတ် ဖြစ်ကုန်ရော။
သူက မေမွန့်လက်ထဲက မှတ်တမ်းစာအုပ်ကို အသာအယာ ဆွဲယူလိုက်တယ်။
“သွားနိုင်ပါပြီ မေမွန်။ မင်းနဲ့တွေ့ ရတာ အင်မတန် စိတ်ချမ်းသာစရာ ကောင်းလွန်းပါတယ် ကွာ”
မေမွန် တစ်ခုခု ပြန်ပြောမှ ယဉ်ကျေးမယ်ဆိုတာ သိပေမယ့် ပါးစပ်ဟာ အာစေးမိနေ သလိုပဲ။ ဦးနှောက်ကလည်း ထုံထိုင်းရီဝေပြီး ဘာမှမစဉ်းစားတတ်အောင်ဘဲ
မေမွန်ဒီလိုပဲ ပြန်ထွက်လာခဲ့တယ်။
ဆေးခန်းဝတ်စုံကို မေမွန် ပြန်ချွတ်နေတုန်းမှာ မေ့ဆေးဆရာဝန်နဲ့ ဒေါ်ခင်အေးမြင့် ဖြတ်လျှောက်သွားကြတယ်။
“ဆရာနိုင်ကျော်စွာ့ ကားနဲ့လိုက်သွားပြီး ဆူးလေမှာ ဆင်း လိုက်မယ် မဟုတ်ရင် စပိကင်ကလပ်စ် မီတော့မှာ မဟုတ်ဘူး”
“ခင်ဗျားစပီကင်တက်နေလို့လား”
“ဒါပေါ့။ ဆရာနိုင်ကျော်စွာ တို့ ဆရာကြီးဦးရွှေမြိုင်တို့က ရွှတ်ရွှတ်ဒွတ်ဒက် လုပ်နေတာ”
“ကျည်ပွေ့အတက်မပေါက်ပါဘူး ဒေါ်ခင်အေးမြင့်ရာ”
“ဘာပြောတယ်”
“ခင်ဗျားကို ပြောတာမဟုတ်ပါဘူးဗျ။ ကျည်ပွေ့ကိုပြောတာ။ ကျည်ပွေ့ကို…”
“ဆရာနော်…ဟွန်း”
မေမွန်က ခွဲစိတ်ခန်း တံခါးမကြီးကို ဖွင့်ပြီးထွက်လာတုန်း သူတို့က ပြောင်ရင်း နောက်ရင်း ဆရာနိုင်ကျော်စွာ ရှိနေတဲ့ အခန်းထဲ ၀င်သွားကြတယ်။
နေ့ဘက်တော့ မေမွန်အလုပ်မများ လှပါဘူး။ ပထမနေ့ ကလိုပဲ လူနာ ငါးယောက် ရတယ်၊ တစ်ခုထူးခြားတာက ချိုင်းမှာ ကိန္နရာနာပေါက်ပြီး ရဲနေတဲ့ ကလေးလူနာကို ပြည်ဖောက်ထုတ် ပေးလိုက်ရတယ်။ သြော်… နောက်တစ်ခုရှိသေးတယ်။ အသားဝါအသည်းရောင် လူနာတစ် ယောက် ကို မေမွန်ပုလင်းကြီးချိတ်လိုက်တယ်။ ဒါမျိုးတွေ အတွက် မေမွန်တို့ရဲ အောက်ခြေလစာမှာ ထပ်ပေါင်းပြီးရတယ်လေ။
ညနေ အိမ်ခဏပြန် ရေချိုး ထမင်းစားပြီးဆေးခန်း ပြန်လာရတယ်၊ လခရရင်တော့ နင်ဓာတ်ဆီဖိုး ပေးရမယ်နော်လို့ ကိုကိုက ပြောတယ်။ ဒရိုင်ဘာခလည်းပေးမှာ ပေါ့လို့ မေမွန်အတည်ပြောတော့ သူက မျက်လုံးစွေကြည့်ပြီး၊ အံခဲပြီးကောင်းသားပဲတဲ့။
သူ့ကို ဦးကိုအကြောင်းပြောပြချင်တယ်။ ဒါပေမယ့် ဘယ်လိုလုပ် ပြောထွက်မလဲနော်။ သူကြားချင်မှာ လည်း မဟုတ်ပါဘူး။ မေမွန်ကလည်း တကယ်တမ်းကျတော့ ပြောမထွက်ပါ ဘူးလေ။
သူ့ကို နံဘေးမှာ ထားပြီး ဦးကိုနဲ့ တွေ့ ခဲ့တဲ့အကြောင်းကို စဉ်းစားနေမိတ်ာတောင်မှ မေမွန် အားနာလှပြီ။
ပထမဆုံးညဂျူတီမှ မှတ်မှတ်ရရ မွေမွန်ထင်ခဲ့တာက အရေး ပေါ်ခွဲစိတ်ကုသမှု တစ်ခုမှာ ကူညီရလို့။ အူအတက်ပေါက်တဲ့ လူနာလေ။ မေမွန်ဆေးခန်းပြန်ရောက်ပြီး မကြာလှခင် နာရီဝက်အ တွင်းမှာ ပဲ လူနာရောက်လာတ။ သူကချက်တိုင်နားက အလျင်နာပြီးမှ ဘယ်ဘက်ရွေ့သွားတာ။ နောက်မှကိုယ်ပူတာ။ အန်တာ။ စာအုပ်ကြီးပုံစံအတိုင်းပဲ နာတဲ့နေရာကို ဖိစမ်းတာထက် လွှတ် လိုက်မှ ပိုနာတာလည်း ပုံစံကိုက်ပဲ။
ချက်ချင်း ခွဲစိတ်ကု ဆရာဝန်ကြီး အကြောင်းကြား၊ ခွဲစိတ်ခန်း ပြင်ဆင်။
ဦးကို ခဏရောက်လာသေးတယ်။
ခွဲစိတ်ဆရာဝန်ကြီး ဦးညွန့်တင်က သူခွဲစိတ်ပြီးထားတဲ့ လူနာနှစ် ယောက် နဲ့ နောက်နေ့ ခွဲ စိတ်ဖို့ ဆေးရုံးတင်ထားတဲ့ အူကျလူနာတွေ ကို လိုင်ရောင်းဒ်မှာ မို့ မေမွန်နဲ့ သူနာပြုမှတ်တမ်းတွေ ပိုက်ပြီး အသင့်စောင့်နေရတာ ။ ပြီးမှ ခွဲခန်းဝင်မယ်တဲ့။
ဦးညွန့်တင်က သူ့အိမ်ကို ဖုန်းဝင်ဆက်နေပြန်တာနဲ့ မေမွန်တို့နှစ် ယောက် ဓာတ်လှေကား နားမှာ ပဲ ရပ်စောင့် နေကြတာ။
အဲဒီ တုန်းမှာ ဦးနိုင်ကျော်စွာ ရောက်လာတယ်။ သူကအ၀ါနုမှာ ရင်ဘတ်က အညိုရောင် ကန့်လန့် စင်ထားတဲ့ စပို့ရှပ်ကို ၀တ်ပြီး အဖြူရောက် တုံးကလေးတွေ ကျဲကိုဖာက်ထားတဲ့ ဇီးရောင် ဂန့်ဂေါပုဆိုးကို စည်းထားတာ ပိုပြီးတော် နုပျိုနေသေးရဲ့ ။
“ဟိုင်း” လို့ သူ နုတ်ဆက်တာကို ထုံးစံအတိုင်း မေမွန်က အူအူအအနဲ့ ပြုံးပဲပြုံးပြရတယ်။
“ဟုတ်ကဲ့ ဆရာ။ ဘတ်စ်ကတ်အပင်ဒစ် တစ်ယောက် ရှိနေတယ်။ ထမင်းစာတုန်းက တညင်းသီး စားလာမိတာကို မေမွန်နောင်တ ရနေမိတယ်။ သူက ဓာတ်လှေကား ခလုတ်ကို နှိပ် လိုက်တယ်။
“မင်းရဲ့ ကေစ်ကိုသွားကြည့်ကြရအောင်။ ဦးညွန့်တင်မှ မလာသေးတာဘဲ”
မေမွန် ဘာလုပ်သင့်သလဲ ဝေခွဲမရ ဖြစ်ပြီး သူနာပြုကို ကြည့်မိတယ်။ ဆေးခန်းရောက် ရောက်ချင်း မေမွန်နဲ့ စတွေ့ တဲ့ လုံချည်နီကလေးကိုပေါ့။ မခင်စန်းလေ။
သူ့မျက်နှာမကြည်သာလှဘူး လို့တော့ မေမွန်ထင်မိသား။
“မင်းတို့ဆရာကိုပြောလိုက်။ မေမွန်ကို ခဏခေါ်သွားတယ်လို့”ှ
ပြောပြောဆိုတို ပွင့်လာတဲ့ ဓာတ်လှေကား တံခါးကနေ မေမွန်ပခုံးကို အသာတွန်ပြီး သွင်း လိုက်တယ်။
“ပထမထပ်”လို့ သူက ညွှန်ကြားတယ်။
ဓာတ်လှေကား တံခါးဂျိန်းခနဲ ပိတ်သွားတယ် ဆိုရင်ပဲ ဓာတ်လှေကား မောင်းတဲ့သူက မေမွန်တို့ကို ကျောပေးပြီး ခလုတ်နှိပ်လိုက်တယ်။
မေမွန်ကို သူ စူးစူးရဲရဲ ကြည့်နေမှန်း သိပါတယ်။
မေမွန် သတ္တိရှိလာပြီလေ။
သူ့ကိုမျက်လုံးဝင့်ပြီး ကြည့်လိုက်တယ်။ မေမွန်နှုတ်ခမ်းတွေ ဟာ မပြုံးပေမယ့်ပျော့ပျောင်း ညွတ်ညွတ်ရှိနေမှာ ပါ။ မျက်လုံး ကတော့ ပြုံးချိုနေမှာ အမှန်ပါပဲလေ။
“ထမင်းစားခဲ့ပြီးလား”
မေမွန်ခေါင်းတစ်ချက် ဆတ်ပြလိုက်တယ်။ တတ်နိုင်သမျှ စကားမပြောဘူးလေ။ တညင်း သီးစော် နံမှာ စိုးလို့။ ဒီနှေ့ တညင်းသီးဝယ်လာတဲ့စုကို မေမွန် မဆီမဆိုင် စိတ်တိုနေမိတယ်။ အင် မတန်ကြိုက်တဲ့ တညင်းသီးကိုတော့ တော် ပါပြီ။ သေခန်းပြတ်ပဲလို့ မေမွန် ကာပြန်ပစ်လိုက်တော့ တယ်။
“မင်း နောက်တစ်ခါ ဘယ်နေ့ဂျူတီလဲ”
“ဆယ့်သုံး”လို့ မေမွန်မပွင့်တပွင့် ဖြေလိုက်တယ်။
“အိုကေ” တဲ့ သူက။
မေမွန်ရင် ရင်ဘတ်ထဲ မီးရထား အစင်းတစ်ရာတော့တာပဲ။
“ဒီနှစ် မှ ကျောင်းပြီးတာလား”
မေမွန်ခေါင်းပဲညိတ်တယ်။ ဟုတ်ကဲ့လို့ တရိုတသေ ဖြေမနေတော့ကိုက ကြောက်ရွံ့လေး စားရမယ့် ဆရာဝန်ကြီး တစ်ယောက် အနေအထားထက် ပိုပြီး သူရဲ့ ရင်းနှီးမှု ကို ရနေပြီဆိုတာ မေမွန်သိနေလို့ပေါ့နော်။
“မင်းတို့ ဆေးတက္ကသိုလ်(၂)က ကလေးတွေ ဟာ သိပ်ရိုးသိပ်အေးတယ်။ ကိုယ်ချစ်တယ်”
ချစ်တယ်ဆိုတဲ့ စကားလုံးကို သူ့လိပ်ပြာသန့်သန့် လိုက်တာပါ။ မေမွန်ကလည်း သံသယ ကင်းရှင်းစွာ နဲ့ပဲ နားထောင်ဂုဏ်ယူမိပါတယ်။
ပွင့်သွားတဲ့ဓာတ်လှေကား တံခါးက အထွက်မှာ သူက မေမွန်ကျောကို အသာသိမ်းပြီး ရှေ့ ပို့တယ်။ သူ့အလေ့အထကို မေမွန် အသားကျသလောက် ဖြစ်လာပြီး သိပ်တုန်တုန်လှုပ်လှုပ်မ ဖြစ် တော့ပါဘူး။ [သာယာလာတယ် ပြောပါလို့ ကိုကိုက အငေါ်တူးမှာ ပဲထင်တယ်။ ရပါတယ်၊ ကိုကို ပြောရင် ပြောပါစေ။ ပြောနိုင်ပါတယ်]
လူနာရဲ့ အခြေအနေ ကောင်းပါတယ်။
တွေ့ စရှိစေသးတဲ့ ခွဲစိတ်ဆရာဝန်ဆီကို မေမွန် နောက်ဆံတင်းနေခဲ့တယ်။
အကင်းပါးတဲ့ အိုဂျီယာ လူနာကိုမြန်မြန်ပဲကြည့်ပြီး မေမွန်ကို ပြန်လွှတ်လိုက်ပါတယ်။ သူက တော့ အပေါ်ထပ်ကိုအတူ ဓာတ်လှေကားနဲ့ တက်ခဲ့တယ်။ မေမွန်နေရစ်ပြီး သူ့အပေါ်ဆုံးထပ်ကို ဆက်တက်သွားတော့တယ်။ သူ့အခန်းရှိတယ်တဲ့။
“ဆယ့်သုံးနော်” လို့ သူက မေမွန်ဆီက အတည်ပြုချက်ရယူသွားသေးတယ်။
မေမွန် ဆင်းရစ်ခဲ့ပြီး သူက နောက်တစ်ထပ်ကို ဆက်တက်သွားတယ်လေ။
ဦးညွန့်တင်နဲ့ သူနာပြု မစင်ခန်းကလေးက ခွဲစိတ်ပြီး လူနာ တစ်ယောက် တောင် စကြည့်နေ ပြီ။
ခွဲစိတ်ကုဆရာကြီး ကတော့ ထိပ်ပြောင်ပြောင် အသားမည်းမည်း ဂင်တိုတိုနဲ့ အညာသား ကြီးလိုပါပဲ။ သိပ်လည်း ရွှတ်ရွှတ်ဒွက်ဒွက်မပြာပါဘူး။ ပြောသမျှလည်း ပုန်းရည်ကြီးသံ ပါနေတယ်။
ခွဲစိတ်ခန်းမှာ မေမွန်နဲ့ဆရာကြီး ကျန်ရစ်ပြီး မခင်စန်း ကတော့ အောက်ထပ်ပြန်ဆင်းသွား နှင့် တယ်။
အ၀တ်လဲခန်းထဲမှာ ခွဲစိတ်ခန်း သူနာပြု နော်ပယ်မလာရောက်နှင့် နေပြီ။
“စောစောက ဦးနိုင်ကျော်စွာ လာသွားသေးတယ်။ မေမွန်တို့ ရောက်လာပြီတဲ့လား”
“တွေ့ ခဲ့ပါပြီ။ မနက်ကခွဲတဲ့ မီမီဆန်းကို သွားကြည့်တာလိုက်သွားရသေးတယ်”
“အဟင်း……ဒေါက်တာ့ကို သူအတော် ဓာတ်ကျနေတယ်။”
အ၀တ်လဲနေရာက ရပ်တန့်ပြီး နော်ပယ်မလာကို မေမွန်လှည့်ကြည့်မိတယ်။
"ခွဲစရာမရှိရင် ဘယ်တော့မှညမလာဘူး။ ကေ့စ်ရှိမှလာတာ”
နော်ပယ်မလညက နည်းနည်း မှ မတွန့်ဆုတ်ဘဲ ခပ်တည်တည်ဆက်ပြောနေတယ်။
မေမွန် တစ်ခုခုတော့ ပြန်ပြောမယ် စိတ်ကူးပေမယ့် ရုတ်တရက် စဉ်းစားမရဘဲ ဖြစ်နေ တယ်။
“ဆရာ ဦးနိုင်ကျော်စွာ က ဘယ်မှနေသလဲ”
ပါးစပ်ထဲ တွေ့ ရာစကားတစ်ခွန်းကို အမြီးအမောက်မတည့်ဘဲ မေးလိုက်တာပါပဲ၊
“သူ့အိမ်က ပုဇွန်တောင်မှာ ၊ ဒါပေမယ့် မနေတာကြာပြီ ပြောတာပဲ"
နော်ပယ်မလာဟာ စကားကို တစ်ကွက်ချန်ပြီး ပြောတယ်။
''ဘာလို့ ဆရာနိုင်ကျော်စွာ က သူ့အိမ်မှာ သူမနေတာလဲ" ဆိုတဲ့ မေးခွန်းကို မေမွန်ဆက်ရ မလို ဖြစ်နေတာပေါ့။
"ဆေးရုံမှာ အိပ်ရလို့ ထင်တယ်နော်"လို့ပဲ ကွေ့ကွေ့ဝိုက်ဝိုက်ထင်မြင်ချက် ပေးလိုက် ပါတယ်။
"ဟုတ်တယ် မိန်းမနဲ့ကွဲပြီးကတည်းက ကွာတာမှာ ချည်းနေတာတဲ့။ ဒီအပေါ်ဆုံးထပ်မှာ လဲ နေတာပဲ။ တစ်ခါတလေပေါ့။ နေခဲပါတယ်"
ဒါဟာ ဆရာနိုင်ကျော်စွာ ရဲ့ အဆင်မပြေတဲ့ ဘ၀အရှုပ်အထွေး ချည်ခင်တစ်စကိုမေမွန်စပြီး ဆွဲထုတ်ကြည့်မိသွားတာပါ။
"ပြန်သွားပြီးလား"
'' အပေါ်ထပ်တက်သွားတယ်။ ဒီည ဒီမှာ အိပ်မလို့လား မသိဘူး"
" မပြောတတ်ဘူးလေ ယူ့ဂျုတီဆိုတော့"
မေမွန် ရင်ခုန်လိုက်တာ။ ဒါပေမယ့် ဂျူတီစယူစညဆိုတော့ တာဝန်ကျေချင်စိတ်တွေ နဲ့ မေမွန် တစ်ညလုံး သိပ်မနားလိုက်ရပါဘူး။ သူ့ကိုလည်း ထပ်မတွေ့ ပါဘူးကွယ်။ ဆေးရုံကွာတာကို သူပြန်သွားတယ် ထင်ပါရဲ့ ။
ကိုယ်ဝန်ဆောင် သွေးဆိပ်တက်နေတဲ့ လူနာကို နှစ် နာရီတစ်ခါ သွေးပေါင်တိုင်းနေရတာ နဲ့ ကို အိပ်ရတယ်မရှိတော့ဘူးပေါ့။
ခဏတစ်ဖြုတ်နားရတဲ့အချိန်တွေ မှာ တော့ ဆရာနိုင်ကျော်စွာ အကြောင်း တွေးနေမိတယ်။
"သူက မေမွန့်ကို အတော် ဓာတ်ကျတယ်တဲ့။
သူ့ မိန်းမနဲ့ ကွဲနေတယ်တဲ့။
ဒီအရွယ်ရောက်မှာ တော့ အိမ်ထောင်ရှိတဲ့ လူ တစ်ယောက် ဖြစ်မှာ ပဲလို့ မေမွန်တွေးတော့ တွေးမိပါတယ်။
ခုလို သိလိုက်ရတော့ စိတ်ထဲမှာ ၀မ်းနည်းသလိုလို၊ ပေါ့ပါးသွားသလိုလို ဘယ်လိုမှန်း လည်းမသိပါဘူး။
မေမွန့်ကျောကို သူဖေးမတွန်းပို့တာလေးကိုတွေးမိရင် ကျောထဲက စိမ့်ခနဲ နွေးခနဲ။
မေမွန့်လက်ကို သူဆွဲခေါ်သွားတာလေးကို စဉ်းစားရင် လက်ထဲက စိမ့်ခနဲ အေးခနဲ …။
အို …။
မေမွန်တော့ ရူးနေပြီထင်ပါရဲ့ ။
မနက်ကျရင် သူရောက်လာဦးမှာ ပဲလို့ မေမွန် မျှော်လင့်တတ်လာပြီ။
ဒါပေမယ့် သိပ်ဆိုးတဲ့ဆရာနိုင်ကျော်စွာ ။
သူ မလာဘူးကွယ်။
ဂျူတီထွက်ပြီးတာနဲ့ မေမွန် အိမ်ပြန်ခဲ့တယ်။
ကိုကို လာကြိုတာပေါ့။
"ပင်ပန်းနေပြီလား" တဲ့။
မေမွန်က ပခုံးသိုင်း အိတ်ကို နောက်ခန်းထဲ ပစ်တင်လိုက်ပြီး ကိုကို့နံဘေးနေရာလွတ်မှာ ၀င်ထိုင်တယ်။
အလုပ်ပင်ပန်းလှတယ် မဟုတ်ပေမယ့် စိတ်ပင်ပန်းတယ်။ လူ တစ်ယောက် အနေနဲ့ တာဝန်ကျေချင်ဇောတွေ ကပ်တာတွေ ရယ်၊ ပြီးတော့သူ ….။
သူဟာ မေမွန့်ကို အင်မတန် ယောက် ယက်ခတ်စေ၊ လှုပ်ရှားနေတဲ့ လူ တစ်ယောက် ပါပဲ။
"နင့်ကို ပြန်ပို့ပြီးရင် ဖေဖေနဲ့စုကို လိုက်ပို့ရဦးမယ်။ ပြီးမှ တစ်ခါ အုတ်ပါမစ်ကို ငွေသွားသွင်း ရဦးမယ်"
"ဖေဖေက ဒီနေ့ဖယ်ရီနဲ့ မသွားဘူးလား''
" သူ့လူကြီးအိမ် ခဏ၀င်ချင်လို့တဲ့"
" အုတ်က ဘာလုပ်ဖို့လဲ"
တစ်ခွန်းကနှစ် ခွန်းမေးရင်လဲ သူ စိတ်မရှည်ချင်တော့ဘူး။
"ဘာလုပ်လုပ်ပေါ့ဟ ၊ နင့်အရာလား" တဲ့။
သူနဲ့ မေမေရဲ့ စီးပွားရေး အကွင်းအကွက်နဲ့ဆိုင်တယ်ထင်ပါရဲ့ လို့ပဲ ကောက်ချက်ချလိုက် တယ်။ မေမွန်ကလည်း စိတ်မ၀င်စားပါဘူးလေ။ သူ့ကို တစ်ခုခုပြောနေမှ မေမွန်ပျက်စပြုနေတာကို သူမသိအောင် ဖုံးကွယ်နိုင်မယ်လို့ မေမွန်တွေးမိတာကိုး။ မေမွန့်ဘာသာ မလုံမလဲ ဖြစ်နေခဲ့တာပါ။
"ဘာစားလာခဲ့သလဲ"
"ဟင့်အင်း … အိမ်ကျမှပဲ တစ်ခုခု စားပြီးအိပ်တော့မယ်"
" ငါ သီချင်းခွေ အသစ်တစ်ခွေ သွင်းထားသေးတယ်၊ ဇော်ဝင်းထွဋ်တွေ များ တယ်။ နားထောင်ရင်လဲ ဂရုစိုက်ဦး၊ ညှပ်မပစ်လိုက်နဲ့"
![]() အကြွင်းအက္ခရာသင်္ချာတစ်ပုဒ် | ![]() ငွေဗျိုင်းဖြူလေး ဖြစ်ချင်တယ် | ![]() ရွက်ဝါကြွေသော နွေရက်များ |