ယမင်းဆွေဆက်သည် အလုပ်ဇယား ပြက္ခဒိန် စာရွက်ကို စားပွဲပေါ် ဖတ်ခနဲ ပစ်တင် လိုက်၏ ။
“သမီးရဲ့ ကယ်လင်ဒါက ဒီအထိ တင်းကြမ်းပြည့်သိပ်နေမှတော့ သမီးလုံးဝအနားမယူနဲ့ ဆိုတဲ့ သဘောပဲပေါ့၊ ကောင်းပါတယ်၊ ခိုင်းကြ ခိုင်းကြ၊ သေအောင်သာခိုင်း”
အသံစူးစူးနှင့် တရစပ်အော်ဟစ်ပေါက်ကွဲသည်။
လက်ကြားမှ လက်ကီးစထရိုက် စီးကရက်ကို တစ်ဖွာနှစ် ဖွာမျှသာ ဖွာရှိုက်ရသေးပါလျက် အနှမြောကင်းမဲ့စွာ ကနုကမာကြွေခွက်ထဲသို့ ခါးကလေးကိုင်း၊ လက်ကလေးဆန့်ပြီး စိတ်လိုက် မာန်ပါ ထိုးခြေပစ်လိုက်ပြန်၏ ။
အကယ်ဒမီမင်းသမီး၏ မန်နေဂျာ ဖြစ်သော ဦးသော်သည် တစ်စုံတစ်ရာ ဖြေရှင်းဖျောင်းဖျ ရန် စိတ်ကူးရှိဟန်မတူဘဲ စာရွက်ကို အသာအယာ ကောက်သိမ်းကာ သူ၏ ဖိုင်တွဲ တွင် နေသား တကျ တွဲ ညှပ်နေလိုက်လေသည်။
စောစောကလေးကမှ ပြီးပြတ်သွားခဲ့သော အင်ဒိုးရှူတင်တွင် မင်းသမီးသည် စိတ်ရှည် ကြင်နာတတ်သော ကျေင်းဆရာမ လေးအ ဖြစ် သရုပ်ဆောင်ခဲ့ရသည်။ အေးအေးချမ်းချမ်း သိမ်သိမ် မွေ့မွေ့။ တကယ့်စေတနာဆရာမ ကလေး။
သဏ္ဌာန်လုပ် သရုပ်တူစေတော့ဟု ဆံပင်တစ်ပတ်လျှိုထုံးဖွဲ့ပြီး ဆံမြိတ်တပ်ဆင်လျက် ခရေကုံးကလေး ရစ်ခွေပန်ဆင်ထားသေးသည်။ အဖြရောင် လက်စကအင်္ကျီနှင့် ကျောင်းစိမ်းထဘီ နှင့် ။ အားလုံး အတုအယောင်အဆင်ချည်း။
ခုအချိန်အထိ ယင်းဆင်ယင်ထုံးဖွဲ့မှု တွေ မလဲလှယ် မဖျက်သိမ်းရသေးဘဲ ရှူတင်မှ ပြန်ရောက်ခါက လောလောလတ်လတ်ရေး နေသေးသည်။
ရယ်စရာအကောင်းသားပင်။
သဏ္ဌာန်တူနေသေးသော်လည်း သရုပ်ဘယ်မှာ တူနိုင်ပါတော့မလဲ။
အရှိအတိုင်း မျက်နှာဖုံး ကွာကျခဲ့ပြီပေါ့။ သို့ မဟုတ် မျက်နှာဖုံးကို တမင်တကာပဲ ခွာချပစ် လိုက်ပြီပေါ့။
ယမင်းဆွေဆက်ပဲလေ။
အောင်မြင်မှု သရဖူဆောင်းနေသော အကယ်ဒမီပူပူနွေးနွေး ယမင်းဆွေဆက်လေ။
မိတ်ကပ်ထူပိန်းဆဲမျက်နှာသည် သုန်မှု န်စူအောင့်ကာ နေသည်။
ရက်ရက်စက်စက် လှနိုင်ချောနိုင်ရက်လေသမျှ ခက်ခက်ထန်ထန် ကြမ်းကြုတ်လှစွာ ဆိုးဆိုးဆတ်ဆတ် နေရာမှ ထသည်။
လှေကားဆီသို့ ခြေလှမ်းကျဲကျဲ လှမ်းလျှောက်သွားသော အခါ ဖိတ်ဖိတ်လက်နေသော ပါကေး၊ ကြမ်းခင်းနှင့် သစ်သားခုံမြင့်ဖိနပ် ထိတွေ့ ရိုက်ခတ်သံသည် ဆိတ်ငြိမ်မှု ကို ပျက်သုဉ်းညံစီ သွားလေ၏ ။
လှေကားရင်းသို့ အရောက်တွင် ဖိနပ်များ ကို ချွတ်ခါလိုက်ရာ တစ်ဖက်တခြားစီ လွင့်စဉ်သွား ကြလေသည်။
ထိုအချိန်အထိလည်း ဦးသော်လည်း ကျို့ယို့ပိပြားစွာ ပင် မလှုပ်မရှား စင်းစင်းငြိမ်သက် နေဆဲ။
ယမင်းဆွေဆက်က ကော်ဇောခင်းထားသော မိုးပျံလှေကားထစ်များ ပေါ်သို့ ခပ်ပြင်းပြင်း ဖိနင်းတက်ရောက်သွားခဲ့သည်။
လှေကားတစ်ဆစ်ချိုးသို့ ယမင်း ရောက်ရှိကွယ်ပျောက်သွားချိန်တွင် လှေကားတစ်ဖက် နံရံ တွင် ပုန်းကွယ်နေသော အိမ်ဖော်မကလေး ခင်မှီသည် မျက်နှာတစ်ခြမ်းဖော်ကာ အိမ်ပေါ်အိမ်ရှေ့ အခြေအနေအရိပ်အကဲကို ချောင်းမြောင်းအကဲခတ်၏ ။
ပြီးမှ ချွတ်နင်းထွက်ပေါ်လာပြီး တစ်နေရာစီ မှော က်နေ၊ တုံးလုံးလဲနေသော ဖိနပ်တွေ ကို အသာအယာ အပြေးကလေးကောက်ကာ လှေကားအောက် နေရာလပ်ရှိ ဖိနပ်စင်တွင် နေသား တကျ စီတင်ထားလိုက်လေသည်။
စားပွဲနှင့် ကြမ်းပြင်ကြားတွင် ကျောက်ချထားသော ဦးသော်၏ မျက်လုံးအကြည့်သည် မသိ မသာ လှေကားဆီသို့ တစ်စစ မြင့်တက်ရွေ့လျားလာ၏ ။
နားသယ်တွင် ဆံပင်ထူထဲနက်မှော င်သလောက် နဖူးစပ်မှသည် နောက်စေ့တိုင်အောင် ဆီသုတ်ထားသည့် အလားပြောင်လက်ချောမွတ်နေသော သူ့ဦးခေါင်းသည် တဖြည်းဖြည်း ထောင်မတ်လာသည်။
အသားဖြူဖြူ၊ နှာယောင်ပြားပြားမှ မျက်ခုံး၊ မျက်တောင် ရှာလေရှားသော မျက်နှာထူထူ ကြီးသည် ပေါက်စီနှင့် အလားသဏ္ဌာန် တူနေသေးတော့သည်။ သည်ကြားထဲ ထူမြဲမြဲ နှုတ်ခမ်း နှစ် လာကြားမှ ရွှေသွားတွေ က ခပ်မောက်မောက် ခပ်ခုံးခုံး ချောင်းမြောင်းနေပြန်သေးတော့သည်။
ဦးသော်၏ မျက်နှာသည် စက္ကူဖြူတစ်ချပ်နှယ် ခံစားချက် တစ်စုံတစ်ရာမဖော်ပြဘဲ ဗလာ ကျင်းလျက် ရှိနေ၏ ။
ရင့်ရင့်သီးသီး တိုင်းထွာဆဲရေး ရင်း သူ့ရင်တွင်း၌ မူကား ဒေါသပုန်ထကြွလောင်ဆူနေခဲ့ သည်။ ဗိုင်းနာမ၊ မျိုးမစစ်မ၊ ရိုးပိန်မ၊ ဘာ ခိုင်းကြပါသလဲ။ သူ့ဘာသာ ငွေမက်လို့ လက်ခံထားတဲ့ ဇာတ်ကားတွေ မဟုတ်ဘူးလားဟင် . . . ထွမ်။
ပုအိုင့်ဝဖိုင့်သော ဦးသော်သည် ပန်းနုရောင် တီရှပ်လက်ရှည်ကို လက်ဖျားကြယ်သီး အကျ တပ်လျက် ဆီးရောင် တွဲ ပုဆိုးဖြင့် ခံ့ညားသပ်ရပ်လှ၏ ။
သူ၏ သည်းကြိုးအမည်းတပ် ကတ္တီပါဖိနပ်ကို မင်းသမီးအိမ်ရှေ့ ဖယောင်းခြေသုတ်ဖုံ နံဘေးတွင် ကြေးတိုက်သားနားစွာ တွေ့ မြင်နေရ၏ ။
အမိန့်မရခွင့်မပြုလျှင် ခင်မှီတို့မှာ အိမ်ရှေ့ခန်းသို့ ထွက်လာခွင့်မရှိ။
ခင်မှီက ပခုံးတွန့်ကာ ပြောင်စပ်စပ်ကြက်သီးထဟန်ပြုရင်း နောက်ဖေးဆောင်သို့ လှစ်ခနဲ ၀င်ရောက်ပျောက်ကွယ်သွားခဲ့သည်။
ဦးသော်သည် အတက်ချီကေ့စ် သေတ္တာအနက်ကို ဖွင့်ကာ ဖိုင်တွဲ ကို ထည့်ပြီး သေသေ ချာချာ ဂရုတစိုက် ပြန်ပိတ်၏ ။
ယမင်းဆွေဆက်၏ မန်နေဂျာ စီစဉ်ခန့်ခွဲရေး မှူး တာဝန်ကို အစဉ်တစိုက် ထမ်းရွက်ခွင့် ရရှိ နေသော ဦးသော်၏ အဓိကအရည်အချင်းမှာ ယမင်းအပေါ် ဣနြေ္ဒရရ၊ သိက္ခာရှိရှိ၊ ကျွိုးနွံ သည်းခံခြင်းပင် ဖြစ်ပေလိမ့်မည် ။ လုပ်ငန်းအဆက်အသွယ်၊ လူမှု ဆက်ဆံရေး အထွေထွေနှင့် ပတ်သက်သော ကျွမ်းကျင်မှု ကဏ္ဍမှာ ဒုတိယလိုအပ်သော အရည်အချင်းမျှသာ ဖြစ်မှာ ပါပဲ။
ဦးသော်သည် သူ၏ အတက်ချီကေ့စ် မျက်နှာပြင်တွင် ဖားခုံညင်းနှယ် ဖောင်းကားသော လက်ဖမိုးတင်ပြီး တယုတယ ပွတ်သပ်နေ၏ ။
သူ အသက်သုံးဆယ်အရွယ်တုန်းက ငွေငါးရာနှင့် ၀ယ်ယူရရှိထားသော ရွေးစေ့သာသာမျှ ရှိသည့် ခိုသွေးပတ္တမြားလုံးချောကြီးသည် သူ၏ တိုတိုဖောင်းဖောင်း လက်သူကြွယ်ထက်ဝယ် ကြိုးခြောက်သွယ်တန်းကာ တဖိတ်ဖိတ်တောက်ပကွန့်မြူးနေသည်။
ယခုအခါ သည်လက်စွပ်ကို သော င်းဂဏန်းအတော် များများ ပေးဝယ်ကြသော်လည်း သူ မရောင်းချနိုင်ပြီ။
ကျပ်တည်းဆင်းရဲစဉ်ကပင် ဤလက်စွပ်သည် သူ့အဆောင် ဖြစ်ခဲ့သည်။
ယခု ယမင်းကိုမှီ၍ သူချောင်လည်ကြီးပွားလာစဉ်မှာ ဤလက်စွပ်ကို အဆောင်ကောင်း အ ဖြစ် သူပိုပြီး တန်ဖိုးထားလာမိတော့၏ ။
ယမင်းဆွေဆက်။
အနှီ မိန်းမငယ်၏ ထူးထွေဆန်းပြားလှသော ကုသိုလ်ကံအကျိုးပေးကို ယခင့်ယခင်အခါ များ နှင့် မခြား ယခုလည်း ထပ်ဆင့်တစ်ဖန် သူတွေးဆအံ့သြနေမိပြန်လေသည်။
မျက်နှာကလေး အပြစ်ဆိုစရာမတွေ့ နိုင်အောင် လှရက်နိုင်လွန်းတာ သူဝန်ခံပါသည်။ အလှကို သတ်မှတ်ခံစားကြရာတွင် တစ်ဦးနှင့် တစ်ဦး ထပ်တူမညီမျှနိုင်သည့်တိုင် ယမင်းဆွေဆက် ၏ အလှမှာ မူ ညှိနှိုင်းလက်ခံနိုင်ကြသည်ချည်းသာ ဖြစ်ချေသည်။
ယခင်း၏ ကိုယ်လုံးကိုယ်ပေါက်သည် တကယ့်ကို ဖလက်၊ တကယ်ပြားချပ်ချပ်ကလေး။ ရုပ်ရှင်ထဲမှာ အခုအခံ အတုအပ အဖောင်းအမို့ သုံးစွဲဖို့လည်း ဘယ်လိုမှ တိုက်တွန်းမရဘဲ အရှိ အရှိအတိုင်း အသုံးတော် ခံမြဲ ဖြစ်သည်။
ဇာတာစန်းလက် တက်ချင်တော့ ငွေရောင် ပိတ်ကားပေါ်မှ ယမင်းဆွေဆက် ဘာပဲလုပ်ပြပြ ပရိသတ်က လက်ခုပ်သံတဖြောင်းဖြောင်းနှင့် တစ်ခဲနက် အားပေးမြှောက်စားနြေ ကတော့သည်။
မိန်းကလေး၏ ကျေးဇူးတရားက သူ့အပေါ် ကြီးမားလှဘိ၏ ။
သူ့လက်တွင် ဖျပ်ခနဲ ဖျပ်ခနဲ လက်ဖြာနေသော လက်စွပ်ကို ကြည်နူးနှစ် သိမ့်စွာ ငေးကြည့် ရင်း မင်းသမီး၏ မာကျောခက်ထန်မှု အပေါ် ခံပြင်းနာကျင်မှု သည် လျော့ပါးမှေးမှိန်စ ပြုလေ၏ ။
သူ့နောက်ပါးမှ ဖော့နင်းလာသော ခြေသံကြောင့် သူလည်ပြန်ကြည့်သည်။
သူထင်လိုက်သည့်အတိုင်းပင် မသက်ပန်သည် အဆီးအသားပိုကဲသော ခန္ဓာကိုယ်ကြီးကို ၀ါဂွမ်းစိုင်သဖွယ် ပေါ့ပေါ့ပါးပါးရွေ့လျားစေလျက် ချွတ်နင်းလာနေသည်။
ဦးသော်ထက် ဆယ်စုတစ်စုမက အသက်အရွယ်ငယ်ရွယ်ဦးမည် ဖြစ်သော မသက်ပန်မှာ အသက်ငါးဆယ်ဝန်းကျင်တော့ဖြင့် မလွဲမသွေ ရှိနေခဲ့ပါပြီ။
သို့ စဉ်လျက် ကြီးငယ်မဟူ သူမကို မသက်ပန်ဟုသာ နှုတ်ကျိုးကြရသည်။
“သမီးက မသက်ပန်ကို မေးနေသေးသလားဟင် ဦးကြီး”
အဲသလို သူမကိုယ်သူမ မသက်ပန်ဟုသာ အစဉ်တစိုက် ရည်ညွှန်းလေ့ ရှိသည်ကိုက သူမ၏ ပညာပါပဲ။
“မမေးပေါင်ပါ ခင်ဗျာ၊ မမေးအားပါဘူး”
မသက်ပန်က ရင်ဘတ်ကို အသာဖိချပြီး စိတ်အေးသွားဟန်ပြသည်။
“တော် ပါသေးရဲ့ မသက်ပန်က ဟိုအကောင် ၀မ်းရပ်ရဲ့ လား၊ သတင်းသွားမေးနေတာ၊ ဒီအချိန် ပြန်ရောက်ကြဦးမယ်လဲ မထင်လို့လေ”
ဦးသော်သည် သိနေတယ်လေဆိုသော အကြည့်ဖြင့် မသက်ပန်ကို စူးစူးစိုက်စိုက် တစ်ချက် ကြည့်၏ ။
ဒါကိုပဲ မသက်ပန်က မလုံမလဲ ဟီခနဲရယ်ကာ ဦးသော်အနီးသို့ တိုးကပ်လာသည်။
ဦးသော်ထံမှ ရေမွှေးရနံ့၊ ပေါင်ဒါရနံတွေ သည် မသက်ပန် နှာခေါင်းထဲသို့ လုံးခနဲ ထွေးခနဲ တိုးဝှေ့သွားခဲ့သည်။
“အထက်လှန်အောက်လျှောများ အတော် ဆိုးတာ ဦးကြီးရဲ့ ၊ မျက်တွင်းဟောက်ပက် ကျန်တော့တယ်။ ဦးကြီး သွားကြည့်ချေဦး”
မသက်ပန် ကတော့ အကျအနပါပဲ။ မင်းသမီး ခေါ်သလို ဦးကြီးတဲ့လေ။ ဟဲ. . .
မသက်ပန် ရည်ညွှန်းနေသူမှာ ယာဉ်မောင်း ကိုသာဝိုင်း ဖြစ်၏ ။ လေးဆယ်ကျော်အရွယ် တစ်ကိုယ်ရေတစ်ကာယ။ ရိုးရိုးကုပ်ကုပ် အညာသားမို့ စိတ်ချရသည်ဆိုသော်လည်း မြုံစိစိ မလှုပ် တလှုပ်မို့ ယမင်းက နည်းနည်း မှ အားမရ။
ယနေ့ ကိုသာဝိုင်း အော့အန် ၀မ်းလျှောနေသော ကြောင့် သူ့ကိုယ်စား မသက်ပန်၏ မောင် ဖြစ်သူ ဘော်ဘီက ယမင်းကို စတူဒီယိုသို့ အပို့အကြို လုပ်ရ၏ ။
သူမထက် ဆယ်စုတစ်စုစာ ငယ်ရွယ်သော ကိုသာဝိုင်းအပေါ် မသက်ပန် စေတနာပိုကဲ စီးလျှံနေကြောင်း အားလုံးက ရိပ်မိနေလေသည်။
လူလွတ်ချင်းပင် ဖြစ်လင့်ကစား သူတို့ချင်း နီးစပ်သွားမှာ ကို မင်းသမီး လိုလားပုံမရ။
ဦးသော်လည်း သဘောမမျှနိုင်ပါ။ သူ့အလိုအရဆိုလျှင် မသက်ပန်သည် မင်းသမီးအတွက် သာ ဖြစ်သင့်သည်။
မင်းသမီး ဘယ်အချိန်မှာ ဘယ်လိုခံစားတွေးတောနေပြီး ဘာ ဖြစ်ချင်မည် ၊ ဘာကိုအလိုရှိ မည် ဆိုကာ မသက်ပန်က အနီးစပ်ဆုံး ကြံဆ ဖြည့်ဆည်းပေးနိုင်သည်။
မသက်ပန်သည် မင်းသမီး၏ ကိုယ်ရေး အတွင်းရေး မှူး ဖြစ်နေခဲ့သည်မှာ အံ့သြလောက်ဖွယ် ဖြစ်သည်။ သို့ တစေ. . . ဖြစ်နိုင်ချေတွေ ကကို တွက်ချက် ဆန်းစစ်လိုက်လျှင်တော့ ရိုးစင်းသော အဖြေကို ရရှိပေမည် ။
ခုတင်က ဆိုခဲ့သည့်အတိုင်း မသက်ပန်က မင်းသမီးအပေါ် စိတ်ဝင်တစား အရိပ်အကဲ ကြည့်တတ် သိတတ်လှပေတာကိုး။
“မမေးပေမယ့် တစ်ဆိတ် သွားခစားကြည့်ချေဦး မမ၊ တစ်နှစ် စာလုံး ရိုက်ရက်ပြည့်နေလို့ ဆိုပြီး စူဆောင့်နေတယ်။ အရေး ထဲ ညည်းကလဲ လျှောက်သဝေထိုးနေရသေးတယ်အေ”
မသက်ပန် ကြက်သီးထပြသည်။
မျက်လုံးမှေးမှေး၊ နှာခေါင်းပိပိ၊ နှုတ်ခမ်းက ပါးပါး ကြမ်းကြမ်းမို့ မပြင်မဆင်မြင်လိုက်ရလျှင် ဘူးသီးနုနုကို လက်သည်းနှင့် ဆိတ်ထားလေသလား ယုံမှားဖွယ်ပင်။
မင်းသမီး၏ ကိုယ်ရေး အတွင်းရေး မှူးဟု သူမဘာသာ ဘွဲ့နာမ သတ်မှတ်ထားကာ တကယ်လည်း ကိုယ်ရေး အမှု ကိစ္စအ၀၀ကို အနီးကပ် အသေးစိတ် ထမ်းရွက်ရသည်နှင့် အညီ မသက်ပန်မှာ အရေး ပါအရာရောက်လှသူ ဖြစ်နေသည်။
ထိုဂုဏ်ဒြပ်ရာထူးနှင့် လိုက်လျောညီထွေအောင် ၀တ်စားဆင်ပြင်ရမည် ဟု မသက်ပန် ယူဆ လေရာ သားနားတောက်ကြွားစေရန် ရည်ရွယ်ပြီး ပါတိတ်တစ်စုံစာ ထည်လဲဝတ်သည်။ ဆံပင် တိုတိုကောက်ကောက်နှင့် နှုတ်ခမ်းနီတာရဲ မမှိန်မပြတ် မလစ်လပ်စေရ။
“ဟုတ်ပါ့တော် ၊ ပင်ပန်းရှာတာပေါ့၊ သနားပါတယ်၊ မသက်ပန် သွားကြည့်ဦးမှ”
တစ်ဆိတ်စာ ပိုကဲနေသော အသားဖြူဖြူနှစ် နှစ် တွေ ကို ကျစ်လစ်သွားလေမလား စည်းနှောင်တင်းကျပ်ထားသော ကြောင့် မသက်ပန်မှာ ကောက်ညှင့်ထုပ်နှင့် တူနေတော့သည်။
အံ့လောက်ဖွယ်ပင် ခန္ဓာကိုယ်နှင့် မလိုက်ဖက်အောင် ဂွမ်းစိုင်ပမာ ပေါ့ပါးသွက်လက်စွာ လှေကားဆီသို့ လျှောက်သွားနေသည်။
“ဦးကြီးပြန်ရင် ဘော်ဘီ့ကို တံခါးပိတ်ခိုင်းခဲ့ဦးနော်”
“အေးပါ၊ နင့်မောင် ထမင်းဆာလို့တဲ့ မီးဖိုထဲ ၀င်သွားလို့ ငါစောင့်နေတာ၊ မနက် ဓာတ်ဆီ ထည့်ရင်း ငါ့ဝင်ခေါ်ဖို့ မညှိရသေးဘူး”
“ရှစ်နာရီ မဟုတ်လား”
“အေး . . . . အဲဒါမှ ကိုးနာရီလောက် ထွက် ဖြစ်ကြမှာ ”
မသက်ပန်က နှုတ်ခမ်းကို လက်ညှိုးကလေးတေ့ကာ တိုးတိုးပြောဖို့ အချက်ပြသည်။
မသက်ပန်က လှေကားအတိုင်း တက်ရောက် ပျောက်ကွယ်သွားသည့်တိုင် သူမ၏ မောင်တော် ဘော်ဘီက ပေါ်မလာသေး။
တန်တော့ . . . . . ဘသားချောသည် ခင်မှီ့ကို အနီးတွင် ပွဲတော် ကပ်ခိုင်း၊ ရေကြည်ဆက် ခိုင်းနှင့် လစ်လျှင်လစ်သလို အခွင့်အရေး ယူနေလေသလားမသိ။
သူ့အဒေါ် ဒေါ်စိန်ရင်၏ မျက်မှော က်မှာ ပါပဲ။
ခက်တာက ဒေါ်စိန်ရင်သည် လက်တစ်ကမ်းအကွာမှ မြင်ကွင်းကို ဘာမှ သဲသဲကွဲကွဲ မြင်နိုင်တော့တာ မဟုတ်။ မျက်မှန်ထူကြီး တပ်ဆင်လျက်က ကြောင်တောင်ကန်းသလောက် ဖြစ်နေသည်။ ရေတိမ်ရော အတွင်းတိမ်ပါ ခွဲစိတ်ကုသပြီးလျက်က မသဲမကွဲ ၀ိုးတ၀ါးသာပင်။
ဦးသော် လည်တဆန့်ဆန့်နှင့် မီးဖိုဆောင်ဘက်သို့ မျှော်စပြုပြီ။
ဘော်ဘီမှာ မသက်ပန်၏ ဖအေတူ မအေကွဲမောင် ဖြစ်၏ ။ မိထွေးသည် ဖခင်ကွယ်လွန်ပြီး သည့်နောက် ကိုယ့်ဒူးကိုယ်မချွန်တတ်တိုင်း အိမ်ထောင်သမှု တစ်ဆက်ပြီးတစ်ဆက် ပြုခဲ့၏ ။
မိထွေးနှင့် မသင့်မြတ်ရာမှ အလွင့်ကြီးလွင့်ခဲ့သော မသက်ပန်သည် အရှင်မွေး နေ့ချင်းကြီး လာသော အခါ တောပြန်ပြီး ဘော်ဘီ့ကို ခေါ်လာ၏ ။
ပညာမတတ်၊ စာမတတ်သည့်တိုင် မသက်ပန်သည် တွေးခေါ် မြော်မြင်မှု ရှိတန်သလောက် ရှိကာ မောင် ဖြစ်သူကို အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခု သင်ပေးမည် ရည်မှန်းသည်။
အသက်နှစ် ဆယ်သာသာမျှသာ ရှိသေးသော ဘော်ဘီသည် လယ်ထဲမဆင်းချင်သူပီပီ ကားမောင်းပညာကို လိုလိုလားလား အားထုတ်သင်ယူသည်။ ကားပြင်ပညာကိုမူ အပင်ပန်းမခံချင် ဆီကြေး မစွန်းထင်ချင်ခဲ့။ သူက ရုပ်ရှင်မင်းသား ဖြစ်ချင်သူ။
ကိုသာဝိုင်းကို လေးလံအေးစက်သော ကြောင့် မင်းသမီး အားမရတာ မှန်ရဲ့ ။
ဘော်ဘီကျပြန်တော့ ထောင့်မကျိုးဘူးဟု မင်းသမီးက မျက်စိနောက်ပြန်သည်။
ဦးသော်သည် မျက်နှာမူထားသော နံရံတွင် ချိတ်ဆွဲ ဆင်ယင်ထားသော မင်းသမီး၏ ပုံတူ ပန်းချီကားချပ်နှင့် ဓာတ်ပုံတို့ဆီသို့ အမှတ်မထင် မျက်စိရောက်သွားခဲ့လေသည်။
ဓာတ်ပုံမှာ သုံးချိုးနှစ် ချိုးယူထားပြီး အဆများ စွာ ပုံကြီးချဲ့ထားသော ကြောင့် ဆေးသား မပြတ်သားလှပေ။ သို့ သော် ထိုင်မသိမ်းနှင့် တပင်တိုင် ကကြိုးကဟန်သည် သမ္ဘာရင့် သဘင်သည် တစ်ယောက် ပမာ သရုပ်ပီပြင် အချိုးကျလှ၏ ။
မင်းသမီး၏ ပန်းချီကားချပ်မှာ ငယ်စဉ်က ဓာတ်ပုံကို ပြန်လည်ရေး ဆွဲမှု န်းခြယ်ထားခြင်း ဖြစ်သည်။
အနုပညာဆိုတာကလည်း နားလည်ရ အခက်သားကလား။
ဆေးသားလွင့်ပြယ်သော မွဲခြောက်ခြောက်၊ ပျော့ဖပ်ဖပ် ဓာတ်ပုံကလေးကို ရေး ဆွဲပေးမည့်  ပန်းချီဆရာ တစ်ယောက် ထံ အပ်နှံပါမှ ကြံကြံဖန်ဖန် သူ့ကို တာဝန်ပေးသည်။
မင်းသမီးမှသာ အနုပညာသည်မို့ ကတ်သီးကတ်သတ် နိုင်တာမဟုတ်။
ပန်းချီဆရာကလည်း တစ်မျိုး။
ယမင်းဆွေဆက် ငယ်ငယ်တုန်းက ဓာတ်ပုံကလေးပါလား။ သန့်စင်လိုက်တာဗျာ. . . . . တဲ့။
သူ့ရုပ်ရှင်တွေ ကျုပ်မကြည့်ဖူးဘူး။ သူ့စတေပုံတွေ လည်း ကျုပ် စိတ်မ၀င်စားခဲ့ဘူး။ ဒါပေမဲ့ သူ ငါးကြိမ်လောက် ကိုယ်ဟန်ပြပေးရင်တော့ ဒီပုံကို အသက်ဝင်အောင် ကျုပ်ဆွဲမယ်တဲ့။
ဉာဏ်ပူဇော်ခ တောင်းလိုက်ပြန်တာက သုံးသော င်း။ အားပါးပါး။
အဲသည်တောင်းချက် နှစ် ခုစလုံးကို မင်းသမီး ပယ်ချမှာ ပဲဟု ဦးသော် ထင်မှတ်ခဲ့သည်။
ပြောပြီးပါပကော။
အနုပညာသည်တွေ များ အတော့် ကို နားလည်ရခက်သည်။
နာမည် တက်လာလေ ဘ၀င်တွေ အာကာသတ်၊ စကြ၀ဠာထဲ လွင့်ပျံကာ မြှင့်နေ မြင်နေ လေသော မင်းသမီးသည့် ပန်းချီဆရာရှေ့တွင် ကျိုးနွံလေးစားစွာ ကိုယ်ဟန်ပြခဲ့သည်။
ပြီးစီးအပ်နှံလာသော ပန်းချီကားကို ပွေ့ပိုက်ပြီး မျက်ရည်ပေါက်ကြီးတွေ တလိမ့်လိမ့်ကျ ဆင်းလျက် ကြည်နူးဆွေးမြေ့စွာ ပြုံးနေသည်မှာ ဖလင်ပေါ်၊ ပိတ်ကားပေါ်မှ အမူအရာ လုံးဝ မဟုတ်လေခဲ့။
ရင်ခွင်ထဲမှ ဖြူဖြူဖွေးဖွေး ဗျိုင်းငှက်ကလေးကို ပိုက်ထွေးထားလျက် ဗျိုင်းသူငယ်၏ ပြူးကျယ်ကျယ် မျက်လုံးကလေးများ နှင့် အပြိုင် ကင်မရာကို မ၀ံ့မရဲ မျက်လုံးအ၀ိုင်းသား ကြည့်နေ သော ယမင်းဆွေသက်ကလေး။
မျက်တောင်ကော့ ခြံရံသော မျက်လုံးရွဲရွဲကလေးတွေ ၊ လုံးယောင်ယောင် နှာသီးဖျားကော့ လန်လန်ကလေး၊ ထူထူစုစုနှုတ်ခမ်းထွေးထွေးကလေးက မပွင့်တပွင့်။
ဓာတ်ပုံကို ထောင့်တန်းဖြတ်ပြီး မင်နက်နှင့် ခြစ်ထားသော ကော်ရုပ်ဆိုသည့် ခပ်သော့  သော့ လက်ရေး ကိုပင် ပန်းချီဆရာက ထပ်တူညီအောင် ကူးဆွဲထားသည်။
ဗျိုင်းကလေးကို ကော်ရုပ်ဟု ရည်ညွှန်းခြင်းတော့ မဟုတ်လောက်ပါ။
ယမင်းဆွေဆက်ကို ရည်ညွှန်းတာပဲ ဖြစ်ရလိမ့်မည် ။
ကော်ရုပ်ကလေးနှင့် တူတော့ အတူသား။
ကော်ရုပ်တဲ့။ ဟင်း. . . . . ဟင်း။
ဦးသော်သည် စိတ်လိုလက်ရ ပြုံးနေမိ၏ ။
အတွက်အချက်တွေ တရစပ် နှိုးဆွလွမ်းခြုံနေမြဲ။ စီစဉ်ခန့်ခွဲရေး မှူးကြီးသည် တစ်ခါတစ်ရံ တော့လည်း ကွန်ပျူတာ ဦးနှောက်အနားပေးပြီး လူသားအသည်းနှလုံး လှုပ်ရှား ရှင်သန်လာတတ် ဦးမှာ ပဲလေ။
လှေကားအောက်ထပ် တံခါးဝမှ တလှုပ်လှုပ်နှင့် တစ်စုံ တစ်ယောက် ထွက်လာသည်။
ဘော်ဘီ မဟုတ်သေး။
ပါဝါ မိုင်ကုန်ဆူပိန်းသော ကိုင်းနက်မျက်မှန်နောက်မှ မျက်မှော င်ကြုတ်ကာ အားစိုက်ကြည့် ရှုနေသော ဒေါ်စိန်ရင်။
ပိန်ပိန်ပါးပါး ပုပျပ်ပျပ်အမယ်ကြီးမှာ လည်း မသက်ပန်၏ ဆွေမျိုးနီးစပ်တစ်ဦးပင် ဖြစ်သည်။
“ဟဲ့. . . . . အဲဒီ နားက မောင်သာဝိုင်းလား”
လူလုံးသာ မှန်းဆနိုင်သော ဘယ်သူ ဘယ်ဝါ မသဲကွဲ။
“မောင်သော်ပါ ခင်ဗျ”
“သြော်. . . . . မောင်သော်၊ မပြန်သေးဘူးလား”
“အဒေါ့်တူ ကိုဘော်ဘီမှ ထွက်မလာသေးဘဲ အဒေါ်ရဲ့ ”
“ဟေ. . . . အေး၊ အကောင်က မီးဖိုချောင်ထဲမှာ ရှူတုန်း ရှိုက်တုန်း”
ဦးသော် ပြုံးစစ ဖြစ်သွားသည်။
“ဘာတွေ ရှူရှိုက်နေသလဲဗျ”
ဒေါ်စိန်ရင်က နောက်ကြောင်း ပြန်လှည့်ရင်း. . . . .
“မီးဖိုထဲ ရှိရှိသမျှပေါ့ကွယ်၊ မ ဖြစ်ပါဘူး၊ အဲဒီ ကောင်တော့ မြန်မြန်ပထုတ်မှပါ”
ဦးသော်သည် လက်ပတ်နာရီ မြှောက်ကြည့် ဖြစ်သည်။ တစ်ကိုယ်တည်း တီးတိုးလည်း ရေရွတ်၏ ။
“ဒီမင်းသားရူးနယ်၊ ဘူးလဲ ဘူးပါ့ဗျာ”
xxxxxxx
မသက်ပန်သည် လှေကားထစ်တွေ ကို အသံမမြည် အောင် ဖွနင်းလာခဲ့သည်။
မနက်ပိုင်းက ကားကြီးရိုက်ကွင်းသို့ မသက်ပန် လိုက်ပါသွားသေးသည်။
ညနေပိုင်း ဗွီဒီယိုအင်ဒိုးမှာ တော့ မသက်ပန် အပြီးတိုင် မနေနိုင်။
ပြောပါပကော။
ဘသားချော မောင်သာဝိုင်းက အထက်လှန်အောက်လျှောပြီး ညကတည်းက လေးဘက် တွားနေရသည်လေ။
မင်းသမီး စားဖို့သောက်ဖို့ စီစဉ်၊ ကြော်လှော် ဖျော်စပ်ရန် အကြောင်းပြပြီး မသက်ပန် အိမ်ပြန်လာခဲ့သည်။
မင်းသမီးရောက်သည်နှင့် ရေမိုးချိုး၊ အ၀တ်အစားလဲဖို့ အဆင်သင့် ပြင်ထားလိုက်သေး၏ ။
ပြီးမှပဲ နောက်ဖေးတန်းလျားမှ မောင်သာဝိုင်းကို သွားကြည့်ရသည်။ တစ်ပါတည်း ကြက်သားဆန်ပြုတ်နှင့် ကော်ဖီယူသွား။ သင်းကို ရေချိုးခိုင်း၊ သင်းအ၀တ်ပေပေရေရေတွေ ကို လျှော်ဖွတ်နေလှန်း။
စောစောက တစ်ခေါက်ပြန်ပြေးလာပြီး သူမကိုယ်ကိုယ် သန့်စင်ပြုပြင်ရသည်။
မင်းသမီးမရောက်လောက်သေးဘူး တွက်ကာ ကိုရွှေသာဝိုင်းထံ တစ်ခေါက် ပြန်သွား ပြန်၏ ။
ကားပြန်လာသံ ကြားသည်ဟု ကိုရွှေသာဝိုင်း သဲ့သဲ့သတိပေးမှပင် အူယားဖားယား ပြန်ပြေးလာရတော့သည်။
မင်းသမီးကို အရိပ်တကြည့်ကြည့် အရေး သယ်ပြုစုကိုးကွယ်ချင်နေသည်မှာ ကျေးဇူးတရား ကို သိတတ်တုံ့ပြန်ချင်သော သဘောမျှမကကြောင်း သူမဘာသာ အသိဆုံး ဖြစ်လေသည်။
မဖော်ပြစွမ်းသာအောင် လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားသော မင်းသမီးဘ၀ကို မသက်ပန် ကိုးကွယ်သည်။
မင်းသမီး၏ အရိပ်တွင် ခိုဝင် ဖြစ်ခဲ့ခြင်း အကြောင်းရင်းသည်ပင်လျှင် ယမင်းက နာမည် ကျော်ရုပ်ရှင်မင်းသမီး ယမင်းဆွေဆက် ဖြစ်နေသော ကြောင့် မဟုတ်ပေဘူးလား။
ယမင်းနှင့် စတင်တွေ့ ဆုံရစဉ်က မသက်ပန်သည် ပဲခူးဘူတာတွင် ကြိမ်ခြင်းတစ်လုံးဆွဲလို့မို့ ကြက်ဥပြုတ်ရောင်းချနေခဲ့သည်။
ဆယ်နှစ် ၀န်းကျင် ဆယ်ကျော်သက်ကလေးတွေ ယောက်ျားသားတွေ နှင့် အပြိုင်အဆိုင် အလုအယက် ရောင်းချရသော အခါ သက်လုံမကောင်းတော့သော မသက်ပန် ရင်တုန်မောဟိုက် သည်။
နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းတော့လျက် မှီခိုအားထားစရာ မရှိသည့် အထဲ နှလုံး ရောဂါ စွဲကပ်ရသည်။ ဒိုင်ဂေါ့ဇင်တစ်လုံး ၀ယ်သောက်လိုက်၊ အမိုင်နိုတစ်လုံးကူလိုက်နှင့် သင့်သလို ရမ်းကုနေတာ။ မရှူနိုင်မကယ်နိုင် ဖြစ်ခါမှ ဆေးခန်းပြေး ကြွေးကျန်ခဲ့နှင့် ။
ကြက်ဥပြုတ်ကလေး ရောင်းနိုင်ဖို့ကိုပင် ထမင်းဆိုင်ရှင်မှ မသက်ပန်အား အထူးတလည် သက်ညှာအခွင့်အရေး ပေးထားခြင်း ဖြစ်၏ ။ တစ်နေ့နေလို့မှ ကြက်ဥတစ်ရာ မရောင်းရလျှင် မသက် ပန် တစ်အိပ်ရာစာ နေရာနှင့် စားသောက်စရိတ်မကျေ။ ဆေးလိပ်တစ်ရှိုက်ဆိုတာ ဝေးလှချေသေး။
မသက်ပန် ဉာဏ်ကူရသည်။
ဝါသနာအစ ပါလာသမျှ အဆိုအကကလေး မတောက်တစ်ခေါက်နှင့် ရထားတွဲ တွေ ပေါ် တက်သည်။
ကြက်ကောင်လုံးပြုတ်တွေ ပါနော်. . . . .
ကြက်ကောင်လုံးပြုတ်ပါနော်. . . . .
နှစ် ကျပ်ခွဲ နှစ် ကျပ်ခွဲ. . . . .
အရသာရှိရှိ သုံးဆောင်နော်. . . . .
စားကြည့်ပါ အားရှိမှာ . . . . .
ဟောဒီက ကြည့်ဥပြုတ်တော် တို့. . . . .
တစ်လုံးမှ နှစ် ကျပ်ခွဲ. . . . .
နေလောင်ညိုညစ်သော မျက်နှာပေါ်တွင် သူငယ်တော် ရုပ်၊ ဖိုးဝရုပ်နှယ်၊ ပါးကွက်တင်ပြီး ဘေးပတ်ချာလည် သနပ်ခါးစက်ဝိုင်း ရစ်ထားသည်။ နားပန်ဆံနှင့် ဘာနှင့် အကျ။
အဲသလို အရှက်ဘေးချိတ်ပြီး သမ္မာအာဇီဝ ၀မ်းစာရှာဖွေရင်းမှ မင်းသမီးနှင့် ဆုံလေ၏ ။
အထက်မြန်မာပြည်သို့ ရုပ်ရှင်သွားရောက် ရိုက်ကူးရန် ယမင်းက အထက်တန်းတွဲ တွင် စီးနင်းလိုက်ပါလာသည်။
ပုံမှန်အတိုင်းသာဖြင့် အမြန်ရထားသည် ပဲခူးတွင် ငါးမိနစ်ထက်ပိုပြီး ကြာကြာရပ်တန့်မှာ မဟုတ်။
ရှေ့ခရီးမှာ ရထားလမ်းချော်နေသည်ကို ပြုပြင်ဆဲ ဖြစ်သော ကြောင့် သာလျှင် ပဲခူးတွင် နာရီဝက်မက သော င်တင်သွားခဲ့ရသည်။
မသက်ပန်သည် ပလက်ဖောင်းပေါ်တွင် ရပ်တန့်ပြီး နောက်ထပ်ဝင်လာဦးမည့်  မော်လမြိုင် ရထားကို စောင့်မျှော်နေခဲ့သည်။
ရထားပြတင်းဖွင့်သံကြောင့် လှည့်အကြည့်တွင် မြင်လိုက်ရသော မင်းသမီးကို အငေးသား ကြည့်ရင်း တအံ့တသြ ၀မ်းပန်းတသာ ကြောင်အမ်းနေလိုက်ပုံမှာ ခြင်းထဲမှ ကြက်ဥတစ်လုံးပင် လည်ချောင်းတွင် ခုန်ဝင်တစ်ဆို့သွားတော့သယောင် ပါးစပ်အဟောင်းသား၊ မျက်လုံးမျက်ဆန် ပြူးကျယ်နေရတော့၏ ။
အယ်တော် . . . . . ရုပ်ရှင်မင်းသမီးပါကလား။
တွေ့ ဦးစမှာ ကတည်းက ယမင်း၏ အလိုမကျစွာ သုန်မှု န်နေသော မျက်နှာကို ဖူးမြင်ရ သည်။ မိတ်ကပ်မပါ၊ ဆံပင်ဖိုးရိုးဖားရား၊ မပြုံးမရယ်စူအောင့် ပုပ်သိုးနေလျက်နှင့် ပင်လျှင် အခြေ သတင်းကြီးသည့် ရွှေမင်းသမီးအ ဖြစ် မသက်ပန်က ချက်ချင်း မှတ်မိ၏ ။
နှစ် ခါပြန်စဉ်းစားမနေဘဲ မင်းသမီးရှိရာသို့ တစ်ကိုယ်လုံးလှည့်ပတ်မျက်နှာမူလိုက်ပြီး သူမ၏ ပလက်ဖောင်းကြော်ငြာကို စက္ကန့်မဆိုင်း သရုပ်ဖော်ပြသလေတော့သည်။
ခြင်းထဲမှ ကြက်ဥပြုတ်တစ်လုံးကို ပြတင်းဆီသို့ ကိုင်မြှောက်ပြသရင်း ရှေ့ခြေထိုးကာ ခါးချိုးခေါင်းငဲ့၏ ။
ကြက်ကောင်လုံးပြုတ်တွေ ပါနော်. . . . .
ကြက်ကောင်လုံးပြုတ်ပါနော်. . . . .
နှစ် ကျပ်ခွဲ နှစ် ကျပ်ခွဲ. . . . .
အရသာရှိရှိ သုံးဆောင်နော်. . . . .
စားကြည့်ပါ အားရှိမှာ . . . . .
လှုပ်ရှားမှု လျှော့ချကာ ဟောဒီက ကြက်ဥပြုတ်တော် တို့ . . . . တစ်လုံးကိုမှ နှစ် ကျပ်ခွဲဟု ခါးကလေးညွတ်လျက် . . . .
မသက်ပန် ခုန်ဆွခုန်ဆွ သီဆိုသရုပ်ပြန်နေစဉ် နားပန်းဆံသည် မြောက်ဆွမြောက်ဆွ လှုပ်ယမ်းကာနေသည်။
အဲသည်အချိန်မှာ များ မင်းသမီးကသာ ပြတင်းတံခါးရွက်ကို ဆောင့်ပိတ်ပစ်လိုက်မည် ဆို လျှင် မသက်ပန်နှင့် လုံးဝဘ၀ကတ္တားခြားမြဲခြားနားနေတော့မည် ။
ဒါမှမဟုတ် မသက်ပန်သည် သိမ်ငယ်ကြေကွဲမှု တွေ ဖိစီးပြီး နှလုံး ရောဂါ ပြန်ထချင် ထလာမည် ။
စိတ်ကျအရှုံးပေးခြင်းဖြင့် သူမ၏ သက်တမ်း တိုတောင်းသွားနိုင်သေးသည်။
ဤမျှသိမ်ငယ်နိမ့်ကျသော အလုပ်မျိုးကို စိတ်နာကြည်းစွာ ကျောခိုင်းသွားပြီး ဘ၀ဟောင်း သို့ ပြန်ကာ ပန်းရန်သမ ဖြစ်ချင် ဖြစ်သွားနိုင်သည်။ ဘိလပ်မြေထိလျှင် အသားတွေ ယား၊ သားရေခွံ တွေ လန်ကာ အခန့်မသင့်လျှင် ပြည်တည်နာ စွဲသွားနိုင်သည်။ အစဉ်အလာလည်း ရှိခဲ့ပေသည်။
နောက်ဆုံးတော့ ထမင်းဆိုင်တစ်ခုခုမှာ ပန်းကန်ဆေး အိုးဆေးနှင့် ထမင်းစားကျွန်ခံ ဖြစ်နေရဦးမှာ ပဲ ထင်ရဲ့ ။
တော် ပါသေးသည်။
မသက်ပန်၏ ပလက်ဖောင်းကြော်ငြာကို နာမည် ကျော် ရုပ်ရှင်မင်းသမီးက အစအဆုံး ပြတင်းတွင် လက်ထောက်ပြီး ကြည့်ရှုပြီးမှ အားရပါးရ ပြုံးရယ် လက်ခုပ်တီး သြဘာပေးလိုက်သည် မှာ မသက်ပန်သည် ထိုနေရာမှာ ပင် မတ်တတ်မှလဲသေသွားရလည်း သေပျော်လှသည်။ အောက်မေ့မိ၏ ။
ယမင်းဆွေသက်ဟေ့။ အိပ်ခန်းတွဲ မှာ ပါလာတယ်နှင့် ၀ိုင်းအုံလာတော့သဖြင့် ပြတင်းတံခါး ပြန်လည်ပိတ်ဆို့သွားတော့သည်။
ဤသို့ ဖျော်ဖြေတင်ဆက်ခွင့်ရရုံနှင့် ထိုက်တန်လှပြီ။ ပီတိ ဖြစ်နေကာ ဘ၀တူတွေ ကလည်း သူမအပေါ် အထင်တကြီး အားကျမဆုံးအောင် ရှိနေခဲ့သည်။
ထိုအခိုက်မှာ မသက်ပန်၏ ပခုံးကို တစ်စုံ တစ်ယောက် က လက်တို့ခေါ်သည်။ ရထားပေါ် တစ်ဆိတ်လောက်။
အနှီပေါက်စီကြီးကို ယခုတော့ဖြင့် ဦးသော်ရယ်လို့ တကျက်ကျက် ဖြစ်လိုက်၊ မတွေ့ မမြင် လျှင် ပူပန်သတိရလိုက်နှင့် ခင်မင်ရင်းနှီးနေရပြီ။
သူရှင်းမပြသော်လည်း မင်းသမီးက အခေါ်လွှတ်ကြောင်း မသက်ပန် နားလည်လိုက်သည်။
ကြက်ဥခပ်များများ ၀ယ်မှာ ပဲဟု မသက်ပန် မျှော်လင့်ခဲ့သည်။
အားလုံး ၀ယ်လိုက် ဦးသော်။ အဖွဲ့သားတွေ ဆီ ပို့လိုက်ပါ။
ကြက်ဥ သုံးဆယ့်ငါးလုံး၊ ရော့ . . . ပြန်မအမ်းပါနဲ့။
ကိုးဆယ်တန်ကိုကိုင်ရင်း မပြင်မဆင် အိပ်ချင်မူးတူး မင်းသမီးမျက်နှာကို မသက်ပန် ရှုမငြီး နိုင်ဘဲ ရှိသည်။
အစ်မက အဆိုကောင်း အမူအရာကောင်းပဲ ကျွန်မကြိုက်သွားပြီ။
ကြိုက်သွားရင် လိုက်ခဲ့ရတော့မလား။
ဟင်း . . . ဟင်း၊ ကျွန်မကြိုက်ပေမယ့် ဒါရိုက်တာကြိုက်ဖို့ လိုသေးတယ်နော့။
မင်းသမီးကြိုက်ရင် ကျေနပ်ပါပြီတော် ၊ ကားမရိုက်ရလဲ ဘာ ဖြစ်သလဲ။
မင်းသမီးသည် သူမအပေါ် မသက်ပန်က ရူးနှမ်းစွာ ရိုကျိုးကိုးကွယ်မှု ကို သတိထားမိသည်။
“ကျွန်မနဲ့ တကယ်လိုက်မှာ လား”
မသက်ပန်က မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။
“အစ်မအိမ်ကလူတွေ စိတ်ပူနေမှာ ပေါ့”
မသက်ပန်က တစ်ကောင်ကြွက်ပါ သမီးရယ်။
အဲသည် ခယရိုကျိုးသံက မင်းသမိး ဆုံးဖြတ် ဖြစ်အောင် တွန်းအားပေးလိုက် သည်။
အဲသည်တံခါး ပိတ်ထားလိုက် အစ်မ။ လာခေါက်လည်း မဖွင့်နဲ့။ ခေါက်မှာ မဟုတ်ပါဘူး။
ရွက်ကျပင်ပေါက် မသက်ပန်ကို မည် သူကမှ တခုတ်တရ လိုက်လံရှာဖွေမနေခဲ့ပါ။
ထိုနည်းလမ်းအားဖြင့် မသက်ပန်သည် မင်းသမီးနောက်တော် ပါအ ဖြစ် အညာတစ်ခွင် နှံ့ခဲ့သည်။
ရန်ကုန်ပြန်ဆင်းလာတော့လည်း ထက်ကြပ်မကွာ။
သေမြေကြီး ရှင် ရွှေထီးတဲ့။
မြေကြီးကို မသက်ပန် နှစ် ပေါင်းများ စွာ နင်းရင်း အိုမင်းစပြုခါမှပဲ မသေဘဲ ရှင်ပြီမို့ ရွှေထီး ကို ဆောင်းနေရပါပြီ။
အခုများ ဆို ကြက်ဥပြုတ်တစ်လုံး လေးကျပ်။
ကြက်ဥဈေးထက် အပြန်တစ်ရာ မသက်ပန်ဘ၀ တန်ကြေး ဘယ်အထိမြင့်သွားလိုက်ပါ သလဲ။
မသက်ပန်သည် မင်းသမီး၏ အခန်းဝတွင် ရပ်ကာ နံရံကို အသာလက်ညှိုးနှင့် တောက်သည်။
တံခါးပိတ်မထားသော်လည်း အခန်းထဲမ၀င်မီ အသံပြုခြင်းကို မင်းသမီးက သဘောကျ သည်။ ဒါဟာ သင့်တင့်ယဉ်ကျေးသော စောင့်စည်းမှု တစ်ခု ဖြစ်သည်ဟု မသက်ပန်လည်း နှစ် လို ကျင့်သုံးလေးရှိ၏ ။
“၀င်လာလေ မသက်ပန်၊ သမီးကို ဆံပင်လာဖြီးပေးပါဦး”
ယမင်း၏ ဆံပင်သည် ပခုံးသာသာမျှသာရှိပြီး ပင်ကို လှိုင်းတွန့်လိမ်ခွေသည် ပါးပါးလျား လျားမို့ ၀က်မှင်ဘီးနှင့် တစ်ချက် နှစ် ချက်သပ်ရုံနှင့် ရှင်းရှင်းသန့်သန့် ရွရွဖောင်းဖောင်းကလေး ဖြစ် လာသည်သာ။
“ထိုင် . . . . သမီး၊ မှီထိုင်၊ မသက်ပန်ကို မှီထား”
မင်းသမီးသည် မသက်ပန်၏ ပြည့်ဝန်းသော ၀မ်းပြင်ကို ကျောမှီကာ ဦးခေါင်းကို ဖြီးသင် နိုင်ရုံ အသာမတ်ထား၏ ။
နူးညံ့သေးမျှင်သော ဆံပင်ကလေးတွေ မပြတ် မကျွတ်ရအောင် ညင်ညင်သာသာ ဖြီးသင် ပေးနေခွင့်ရသော ကြောင့် မသက်ပန်နှစ် သိမ့်ကြည်နူးသည်။
“သမီး . . . ရေချိုးဦးနော်၊ မသက်ပန် ရေနွေးခလုပ် ဖွင့်ထားတယ်၊ ချိုးနိုင်ရုံ ရေစပ်ပေးမှာ ပေါ့”
“ချမ်းတယ်ကွာ”
“ရေချိုးပြီးတာနဲ့ ရေခြောက်အောင် မသက်ပန် သုတ်ပေးမှာ ပေါ့ သမီးရဲ့ ။ ပြီးတော့ နွေးနွေး ထွေးထွေးဝတ်ပြီး အပ်ရာထဲ ကွေးနေ၊ သမီးဖို့ ညနေစာ ယူလာပေးမယ်”
“အင်း”
“ဒါမှ သမီး လန်းဆန်းသွားမှာ ”
“အင်း . . . . အင်း”
မနက်က ရှူတင်သို့ အိမ်မှ ကိုးနာရီ ထွက်ခွာသွား ဖြစ်ပါမည့် အရေး မင်းသမီးကို ခုနစ်နာရီ ကတည်းက ညင်ညင်သာသာ ချိန်ချိန်ဆဆ ချော့ချော့မော့မော့ နှိုးခဲ့ရသည်။
တစ်ခါနှိုးရုံနှင့် အိပ်ရာထတာမဟုတ်လေတော့ ဆယ့်ငါးမိနစ်တစ်ကြိမ်နှိုး၊ ရိုက်ကွင်းသို့ ယူသွားမည့်  အ၀တ်အစားတွေ ကို မန်နေဂျာကြီး ဦးသော်နှင့် ကြိုတင်ညှိုနှိုင်း ထည့်သို့ ရတာ က တစ်ဖက်၊ မိတ်ကပ်သေတ္တာ၊ စားစရာခြင်းတို့ကို လိုလေသေးမရှိရအောင် အကွက်ချ ပြင်ဆင်ရတာ က တစ်မျိုး။
အစားအသောက် ကြေးများ သလောက် ဟုတ်တိပတ်တိ မစားသော မင်းသမီးကို တစ်လုပ် တစ်ဆုပ် ၀မ်းထဲဖြည့် သွားပါမည့် အရေး တကောက်ကောက်လိုက်ကာ အရိပ်တကြည့်ကြည့် ကျွေးမွေးရသေးသည်။
သို့ ဖြင့် အိမ်မှ ထွက်နိုင်သော အချိန်မှာ အင်း . . . . ကိုးနာရိဝန်းကျင်ပါပဲလေ။
ယာဉ်မောင်း မောင်သာဝိုင်းက နှေး၊ မင်းသမီးက လောလောနှင့် မသက်ပန် ရင်တုန် ပန်းတုန် ဖြစ်ရလေ့ရှိသည်။ စူပါပဲ။ သည့်ထက်နောက်ကျတော့ကော ဘာအရေး လဲနော်။
မနက်က ကျပြန်တော့ မောင်သာဝိုင်းကိုယ်စား ဘော်ဘီမောင်းတာမို့ ဘုရားတတ,တ ဖြစ်ရ ပြန်ပါရော။
မင်းသမီးအတွက် ရေချိုးကန်တွင် ရေနွေး၊ ရေအေး ရောစပ်ပေးသည်။
မင်းသမီး၏ ဆံပင်တွေ လုံအောင် ပလတ်စတစ်ခေါင်းစွပ်ကလေး အုပ်ဆောင်းပေးသည်။
“သမီးငယ်လေး. . . . ရေချိုးချေတော့၊ မသက်ပန် မန္တလေးပဲကြော် ကြော်ထားတယ်။ ဒါပေမဲ့ ကြက်ဥဟတ်ဘွိုင် တစ်လုံးတော့ ၀င်အောင်စားရမယ်နော်”
“မဟတ်ဘွိုင်ပါနဲ့ကွာ၊ အကျက်ပြုတ်ပေးပါဆို၊ အနှစ် က မသက်ပန်စား၊ သမီး အကာပဲ စားမယ်”
ကဲ . . . .အဲဒါကြောင့် အသားဓာတ်ပါအောင် ပဲများများ ထည့်ကြော်ရတာ ပေါ့။ ဆရာဝန်က မှာ ထားသည့်အတိုင်း အသား ငါး မကြိုက်သော မင်းသမီးအတွက် ပဲ ထည်လဲပြင်ဆင်ပေးရသည်။
ရှူတင်မှာ ရှိုးကျကျ ပြင်ဆင်ပြီး ပေါင်မုန့်တွင် ငါးသေတ္တာ၊ ခရမ်းချဉ်သီး၊ ဆလတ် ဘာညာ ကြားညှပ်သွားတာတို့၊ အာလူး၊ ပဲသီး၊ ကြက်သားရို့စ် အသားထွင်သွားတာတို့ ဒါတွေ ဟာ ဟန်ရေး ပြရယ်ပါ။ မင်းသမီးက နည်းနည်း မှမကြိုက်။
ကြိုက်ပြပါလိမ့်မယ်။ ပြောင်းဖူးတို့၊ မာလကာသီးတို့၊ ဆီးသီးတို့။ ဒါတွေ လူရှေ့သူရှေ့ စားချင်တာလောက်တော့ တခြားမင်းသမီးတွေ လည်း အဲသလိုပဲမို့ ဟန်လုပ် ဖုံးဖိမထားတော့။
မသက်ပန် ကဗျာကသီ အောက်ထပ်သို့ ဆက်ရသည်။
“ဟဲ့ . . . . ခင်မှီ၊ ငါပြုတ်ထားတဲ့ ဟတ်ဘွိုင်ကို အပြီးအပြတ်သာ ဘွိုင်လိုက်၊ တော် နေ ငါလာယူမယ်၊ ကြားလား”
မင်းသမီး ချွတ်ချထားသော အ၀တ်အစားတွေ ကို တစ်ခုချင်း၊ တစ်ထည်ချင်း ကောက်သိမ်း သည်။ လျှော်ဖို့ တောင်းထဲ ထည့်တန်ထည့်၊ မီးပူတိုက်ဖို့ လွှားတန်လွှားထား၊ ခေါက်ပြီး ဗီရိုထဲ သိမ်းတန်သိမ်း။
အနှစ် စားမှ အားရှိပါသည်ဆိုသော ဆရာဝန်စကားကို ဆန့်ကျင်ဖီလာပြုလျက် အကာကိုမှ စားတတ်သော မင်းသမီး၊ ဖြူဖပ်ဖြူရော် သွေးနီဥကျဲလှသည်ဟု သွေးခဲကလီစာ စားခိုင်းသည့်အခါ လက်သည်းခွံလောက် အတုံးကလေးတွေ တုံးပေးခိုင်းပြီး နှာခေါင်းပိတ်လျက် ရေနှင့် တပင်တပန်း မျိုချသည့် မင်းသမီး။
မသက်ပန်သည် မင်းသမီးက အိမ်ပြန်ရောက်ရောက်ချင်း သူမကို မတွေ့ သည့်ကိစ္စနှင့် တစ်စုံတစ်ရာ ပြစ်တင်ဆူပူမနေသည့်အတွက် ခုမှပဲ စိတ်အေးလက်အေး ဖြစ်သွားတော့သည်။
မင်းသမီးက မှတ်မှတ်သားသား ထားလှတာမဟုတ်။ ခု စိတ်ဆိုး ခုမေ့ပါပဲ။
မသက်ပန်သည် မင်းသမီးအိပ်ရာကို ပြန့်ပြူးအောင် တစ်ဖန် ထပ်မံ ဆွဲဆန့်ပြုပြင်နေလိုက် ပြန်၏ ။
မင်းသမီးသည် မွေးပွတဘက်နှင့် မျက်နှာကို တို့ကာ ဖိကာ သုတ်လိုက်သည်။
ပြီးတော့ တဘက်ကို မျက်နှာသစ်ခွက်ထဲ ပစ်ချလိုက်လေသည်။
မျက်နှာသစ်ခွက်နံဘေး နံရံတွင် ချိတ်ထားသော ကြည့်မှန်မှ ညိုမှော င်သော မျက်လုံးများ သည် အတန်ငယ် မှေးမှိန်လျက် မျက်တောင်ကော့များ စင်းကျနေသည်။
တစ်နေ့တာ အလုပ်သိမ်းပြီးခဲ့သကာလ လူပင်ပန်းနွမ်းလျသည်။
စိတ်အနှောင့်အယှက် ဖြစ်လာရလျှင် ဒေါသ၏ ထုထောင်းညှဉ်းပန်းမှု တွေ ကြောင့် ပိုပြီး အားအင်ကုန်ခန်း နာကျင်၏ ။
သတိရသည်နှင့် မျက်နှာတင်းမာလျက် ပလတ်စတစ်ခေါင်းစွပ်ကို ဆွဲချွတ်ပြီး အခန်းထောင့် တစ်နေရာသို့ ဘယ်ရောက်ရောက် လွှင့်ပစ်လိုက်သည်။
တိုက်ကွမ်ဒိုဟိန်းမီးသည် ယမင်းဆွေဆက်၏ မျက်လုံးတွင် မထီတရီ မခိုးမခန့် ပြုံးလျက် ပေါ်လာ၏ ။
သူက မနေ့တစ်နေ့ကမှ ရှင်ဘုရင့်ပုဆိုး ပိုးချည်ရက်ရှယ်ပြီး မင်းသား ဖြစ်လာသူပါ။
သူ့ဖခင်က အထက်မြန်မာပြည် ရုပ်ရှင်ဖြန့်ချိရေး ကို လွှမ်းကိုင်ထားသော ဦးကျင်တိတ်။ သူ့မိခင်က နှစ် ထပ်ကွမ်း အကယ်ဒမီ မင်းသမီးကြီး ဒေါ်မြဒါလီ။
ရုပ်ရှင်ရိုက်ဖို့ ယောင်လို့တောင် စိတ်မကူးခဲ့ဘူးဗျာ .. . .ဟု သူက စီးစီးပိုးပိုး ပြောရင်း ခေါင်းဆောင်နေရာမှ စတင်နေရာ ယူနိုင်ခဲ့သည်။
မဟုတ်မခံ၊ မကောင်းသူပယ် ကောင်းသူကယ် ဟိုခေတ်မင်းသားကြီး ရွှေဘ ဇာတ်ကွက်မျိုး တွေ ကို သူရသည်။ မျက်မှော က်ခေတ်ကြီးနှင့် လိုက်လျောညီထွေစွာ သူက တိုက်ကွမ်သူရဲကောင်း။
ဇာတာစန်းလာဘ် တက်ချင်လာတော့ ထိုဇာတ်ကားသည် မကြုံစဖူး ထူးကဲလှစွာ ရန်ကုန် ရော နယ်ပါ ပေါက်လေသည်။
ဟိန်းမိုးဆို တိုက်ကွမ်ဒို၊ တိုက်ကွမ်ဒိုဆို ဟိန်းမိုး ခွဲခြားမရအောင် တစ်သားတည်း ကျခဲ့ ချေသည်။
သူ့ကို တွဲ ရိုက်တုန်းက ဦးကျင်တိတ်၏ အရှိန်အ၀ါ၊ ဒေါ်မြဒါလီကို အားနာလေးစားတာတွေ ကြောင့် အဓိက ဖြစ်၏ ။ သည်အသိုင်းအ၀ိုင်းမှာ က သည်လို ထိုးတင်တိုင်းလည်း တက်လာတာမှ မဟုတ်တာ။ သူ ဖြစ်လာမည် ဟု ယမင်း မထင်ခဲ့ရိုး အမှန်ပင်။
ခုတော့ ဟိန်းမိုးအမည် မိုးတိုင် ဟိန်းခဲ့သည်။
သူနှင့် ယမင်း တွဲ ပြီးရိုက်ကူးဖို့ လာငှားလိုက်ကြသမှ အင်မတန် စိစစ်လက်ခံတာတောင် ငါးကား ဆန်ခါတင်ကျန်ရစ်သည်။
စကားကလေးတစ်ခွန်းသည် သေမလောက် ပြင်းထန်စွာ ခံစားနာကျင်စေနိုင်၏ ။ နှုတ်ကြောင့် သေဆို မဟုတ်လား။
ယနေ့ နေ့ခင်း ရှူတင်ဖြုတ်ထားတုန်း သက်သော င့်သက်သာ နားနေခိုက် မကျေလည်ဖွယ် စကားသည် စာနှင့် ပေနှင့် အခိုင်အမာ ဆိုက်ရောက်လသည်။
ဗျူး ။ ။ အကယ်ဒမီမင်းသမီးက စေတနာမှန်နဲ့ လက်တွဲ ခေါ်တဲ့အတွက် မင်းသားဟာ မျက်နှာ သစ်ပေမယ့် တစ်ကွက်မှ မကြောင်ဘူးလို့ ပရိသတ်တချို့က ပြောသံကြားရတယ်။
မိုး ။ ။ (အင်္ကျီလက်ကို ပင့်ခေါက်နေရာမှ မျက်လွှာပင့်ကြည့်ပြီး) ကိုယ်တိုင်ပါဝင်သရုပ် မဆောင်ဖူးရင် မျက်နှာသစ်လို့ ပြောကြမှာ ပေါ့ဗျာ။ ရိုက်ကွင်းမှာ အမေဗိုက်နာပြီး ကျွန်တော့် ကို ပြေးမွေးထုတ်ရတာ ဆိုတော့ ကျွန်တော့် ဘက် ကတော့ မစိမ်းပါဘူး။
ဗျူး ။ ။ သရုပ်ဆောင်သွားရတာ က မင်းသားရဲ့ ပင်ကို ပြည့်စုံကုံလုံတဲ့ ဘ၀နဲ့ ကိုက်ညီနေ တော့ အထူးကြိုးစားလုပ်ပြစရာမရှိလှဘူးလို့ ထင်ပါတယ်၊ အခု ရိုက်လက်စ မေ ဘရဏီမှာ တော့ မင်းသားမ ဖြစ်မီ ဆိုင်အရောင်းစာရေး ဘ၀နဲ့ ချို့ငဲ့တာ၊ အနှိမ်ခံရတာ . . . .
မိုး ။ ။ (လက်ဖျောက်တီးကာ ပြုံးရယ်လျက်) အစ်ကိုပြောတာ မှန်ပါတယ်။ ကြိုးစားရပါတယ်။ ရာဇမတ်ကာ၊ သဲဖြူခင်းချည်းလည်း မ ဖြစ်ဘူးဗျ။ ခယောင်းတောလျှောက်ပြနိုင်ရမယ်။ ကုန်တိုက်မှာ တန်စီးတိုးဖူးသင့်တယ်။
သည် အင်တာဗျူး ကို အဘယ်ကြောင့် စိုးလက်ျာက ယမင်းထံ သယ်ယူလာရပါသလဲ။
တိုက်ကွမ်ဒိုကကော ဘယ်လိုသတင်းရနံ့ရရှိပြီး ယမင်းအရင်တုန်းက ကုန်တိုက်မှာ တန်းစီ တိုးဖူးကြောင်းဖြင့် မိန်းမလို မိန်းမရ စောင်းချိတ်ရပါသလဲ။
ခေတ်ပြိုင်မင်းသား တစ်ယောက် ၏ အင်တာဗျူး ဆိုလျှင် ယမင်းက မဖတ်ဘဲမနေဘူးဆိုတာ စိုးလက်ျာကောင်းကောင်းနားလည်မှာ ပါ။ အတွေ့ နောက်ကျသွားမှာ စိုးရိမ်နေသလား မဆိုနိုင်။
ယနေ့ရိုက်ကွင်းမှာ စိုးလက်ျာ၏ အခန်း ပါဝင်သည်မဟုတ်ပါဘဲ တမင်တကာ ရောက်လာ သည်။ သည်ဝိုင်းသည်ခြံမှာ သူအမှီသဟဲပြု နေထိုင်ရတာ မို့ သူသည်လိုရောက်လာသည်မှာ သိပ်တော့လည်း မဆန်း။
“ဘာပဲ ဖြစ် ဖြစ် စိုးလက်ျာ တမင်လာပြတာပါ”
ဖြစ်ပြီးခဲ့သမျှ ပြန်တွေးဆ ရေရွတ်ရင်း ယမင်းက ရေချိုးခန်းတံခါးကို ခြေကန်ဖွင့်၏ ။ ဒေါသ ကြောင့် အရှိန်ပြင်းပြသွားကာ တံခါးရွက်နှင့် နံရံ ဒိုင်းခနဲ သွားဆောင့်လေ၏ ။
ရေချိုးခန်းထဲမှ စူစူအောင့်အောင့် ထွက်လာသော မင်းသမီး၏ မကျေမခန်းရွတ်မြည် သံ ကြောင့် မသက်ပန်က ပျာပျာသလဲ စိုးစိုးထိတ်ထိတ် ကြည့်၏ ။
“သမီးလေး . . . . ဘာ ဖြစ်လို့လဲဟင်”
အရိပ်အကဲကြည့်ရင်း ချဉ်းကပ်လာပြီး ယမင်းခြုံထားသော မွေးပွတဘက်ဖြင့် ကျောပြင်မှ ရေစက်များ ကို မ၀ံ့မရဲ ပွတ်သပ်ပေး၏ ။
ယမင်းက အဖြေမပေး။ မလိုအပ်ဘူးဟု ယူဆသည်။ မသက်ပန် ဉာဏ်မီမှာ မှ မဟုတ်တာ။ ပြဿနာမှန်သမျှ ရင်ထဲမှာ သာ သိုဝှက်သိမ်းဆည်းထားတတ်ရန် ယမင်း အသားကျနေပါပြီ။
ယမင်းသည် ခုတင်ပေါ်တွင် ဖြန့်တင်ထားသော ည၀တ်ရုံကို ကောက်ယူလိုက်သည်။ ရာနှုန်းပြည့် ပိတ်ချောစမို့ ပျောင်းအိနူးညံ့နေကာ ချွေးလည်းစုပ် အေးလည်း အေးမြသည်။ အစိမ်းနု နှင့် ရွှေရေး ပြေးယှက်ကာ ယမင်း၏ သေးသွယ်သော ကိုယ်လုံးကို ရစ်သိုင်းလွှမ်းခြုံလိုက်လေ၏ ။
“မသက်ပန်ပြန်ထွက်ရင် တံခါးစေ့ထားခဲ့တော့”
“သမီးအတွက် ညစာလာပို့ဦးမယ်လေ”
“ပို့ပြီးရင်ပေါ့”
“ဟုတ်ပြီး သမီး၊ လာပြန်ပို့ပြီးရင်လဲ တံခါးစေ့ခဲ့မယ်”
မသက်ပန်တို့ကို တကယ်တော့ ယမင်းက သူမ၏ ၀န်ထမ်းများ အ ဖြစ်သာ သိမှတ်ထားစေ ချင်သည်။ သည်လိုပဲ အထီးကျန်တစ်ကောင်ကြွက်စေတော့ စည်းတစ်ခု ခြားနားထားချင်လေ၏ ။
အခန်းထဲမှ ထွက်သွားတော့မည့်  မသက်ပန်သည် ယမင်းထံမှ အမိန့်သံတစ်ခုကြောင့် ရပ်တန့် နားစိုက်ထောင်ရပြန်သည်။
“ဦးသော် ပြန်သွားပြီးရင် ၀င်းတံခါးပိတ်ကြရဲ့ လား ကြည့်ဦးနော်”
“စိတ်ချ သမီး၊ မသက်ပန် ကြည့်လိုက်ပါ့မယ်”
ယမင်းသည် ည၀တ်အင်္ကျီခါးစည်းကြိုးကို လျော့ရဲရဲချည်နှောင်သည်။
ခုတင်ပေါ် ထိုင်ချလိုက်သည့်အခါ တင်ပါးသည် ရာဘာမွေ့ရာထဲသို့ စွေ့ခနဲ မြုပ်ဝင်သွား၏ ။
မသက်ပန်၏ ခြေသံ ပျောက်ကွယ်သွားသည်ကို ယမင်းက အမှတ်မထင် နားစွင့်နေသည်။
သူမသာမရှိလျှင် ယမင်း၏ ဘ၀သည် အလွန်တရာ ခြောက်ကပ်လစ်ဟာမှ အမှန်ပင်။
အိပ်ရာပေါ်လှဲချလိုက်ပြီး မလှုပ်မယှက် စန့်စန့်ကလေး မှိန်းနေလိုက်ပြန်သည်။
ညနေက ပဋိပက္ခကို သတိရလာပြန်သည်။
ကုန်တိုက်မှာ တန်းစီတိုးဖူးသင့်တယ်ဆိုသော တိုက်ကွမ်ဒိုဟိန်းမိုး၏ စကားလုံးတွေ သည် ယမင်းကို ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်သည်။
အဲသလို အနာတရ အခဲမကျေ ဖြစ်အောင် စိုးလက်ျာက တမင်ဖန်တီးခြင်း ဖြစ်သည်ဟု ယမင်းကစွပ်စွဲလျှင် သူ ဘယ်လိုငြင်းဆန်နိုင်မှာ တဲ့လဲ။
စိုးလက်ျာက တိုက်ကွမ်ဒိုချန်ပီယံ ဖြစ်၏ ။ သည်ကားတွင် သူ့ကို ခေါင်းဆောင်တင်လိမ့်မည် ဟု အမျှော်လင့်ကြီး မျှော်လင့်ခဲ့သည်။
သူ့ရုပ်ရည်၊ သူ့အဆောင်အယောင်သည် ဟိန်းမိုးကို ဘယ်နည်းနှင့် မှ တုပြိုင်နိုင်စွမ်း မရှိခဲ့။
အဲသည်မှာ ယမင်းနှင့် ဟိန်းမိုးအတွက် ရန်စကို စိုးလက်ျာက မလိုမုန်းထား လမ်းပြတာပဲ ဖြစ်သည်။
“သမီး ခေါင်းကိုက်တယ် အဘ၊ ပြန်တော့မယ်”
ဟု ယမင်းက ကြေညာလိုက်သော အခါ ဒါရိုက်တာ မျက်နှာပျက်သွား၏ ။
စိုးလက်ျာက ကိုယ်လွတ်ရုန်းရင်း စကားကို ဟိုသည်လှည့်ပြောင်း ဖြေရှင်းနေသည်။ သို့ တစေ စိုးလက်ျာထံမှ တစ်စုံတစ်ရာသော သတင်းစကားကြောင့် ယမင်းဆွေဆက် ကောက်ကာ ငင်ကာ စိတ်ခုခေါင်းကိုက်သွားကြောင်း ဒါရိုက်တာ သဘောပေါက်သွားခဲ့လေသည်။
“ဒီတစ်ကဒ်တော့ ဖြတ်လိုက်ပါရစေ သမီးရယ်၊ အဘကို ကူညီပါ။ အောက်ဒိုးရိုက်ရက် မကျန်တော့ဘူး သမီးရဲ့ ၊ အင်ဒိုးအတွက် နှစ် ရက်ပဲ ရှိတော့လို့ပါ”
ဒါရိုက်တာခမျာ ကိုယ်တိုင် နားသယ်မနှိပ်၊ ဇက်ကြောမဆွဲရရုံတစ်မည် ကျန်တော့လျက် ပါရာစီတမောဆေးပြားရှာခိုင်းရ၊ ကိုကာကိုလာ ဖောက်တိုက်ရနှင့် ဗျာများ သွားခဲ့လေ၏ ။
ကူးစက် ရောဂါ ပမာနှယ် အတင်း ချက်ချင်း နှံ့ပျံ့ကာ မင်းသားနားသို့ မပေါက်ကြားဘဲ မနေခဲ့။
ဆွတ်ပျံ့ဖွယ်တေးသီချင်း နောက်ခံထားပြီး တူမောင်မယ်ကြင်နာယုယ ချစ်ရည်လူးရမည့်  ရိုက်ကွက်သည် နိမိတ်ပုံတွေ ၊ ရှုမျှော်ခင်းတွေ ကြားမှာ ဟိုတစ်ကွက်၊ သည်တစ်ခန်း ခပ်လှမ်းလှမ်းမှ သာလျှင် ရိုက်ပြ၀ံ့တော့သည်။
မင်းသမီး၊ မင်းသား၏ မျက်နှာတွေ ဆီသို့ ကင်မရာ လုံးဝမလှည့်ဝံ့။
ကျေးဇူးရှိဖူးသော ဒါရိုက်တာကြီးကို ထောက်ထားငဲ့ညှာသော အားဖြင့် သာ ဇာတ်ကောင် စာရေး လေး၏ လွယ်အိတ်ကို ဇာတ်ကောင် ကျောင်းဆရာမ လေးက မြတ်နိုးယုယလွယ်ပိုက်ထွေး ပွေ့ခဲ့ရသည်။ အဲသည်စာရေး လေးကိုပဲ အာရုံထဲရောက်အောင် ဇွတ်မှိတ်ဖိတ်ခေါ်ခဲ့ရကာ တိုက်ကွမ်ဒိုဟိန်းမိုးဆိုသော ငရဲသားကိုတော့ စိစိညက်ညက်ခြေမွပစ်ချင်လှတော့သည်။
ကုန်တိုက်မှာ တန်းစီတိုးခဲ့ရဖူးသော သူမဘ၀ကို သည်လောကသားအချို့ ကြားဖူးနားဝ ရှိနေကြသည်။
အဲသည်ဘ၀မှ ဆွဲထုတ်ကာ သူမ၏ စတိုးဆိုင်မှာ အရောင်းဈေးသည်အလုပ် ပေးခဲ့သော အန်တီကြီးအား မြင်ယောင်ကျိန်ဆဲမိသည်။ ပရိုဂျူဆာကြီး ဦးလူကျော်၏ ဇနီး၊ သားသမီးတွေ က ယမင်း၏ ထိုဘ၀ဟောင်းကို တူးဆွနှိမ်ချိုးနိုင်အောင် အဲသည်အန်တီကြီး ဖောက်သည်ချခဲ့တာ မဟုတ်ပါလား။
ခြေကို ဖွနင်းလာသော်လည်း မသက်ပန် အခန်းထဲ ၀င်ရောက်လာပြန်ကြောင်းကို ယမင်း သတိထားလိုက်မိသည်။
ယုယမှု ၊ ကြင်နာမှု တွေ ကို ယမင်း မက်မောတောင့်တပါသည်။
သို့ သော် တစ်ခါတစ်ရံ တစ်ကိုယ်တည်း သီးခြားဖဲကြဉ်နေချင်ပြီး မကျေမချမ်း ဖြစ်နေတတ် ပြန်သည်။
မျက်လုံးစုံမှိတ်ကာ ငြိမ်သက်နေသော ယမင်းကို မသက်ပန် စကားမဆိုတော့ဘဲ တိတ်တဆိတ် ပြန်ထွက်သွားခဲ့၏ ။
ယမင်းအတွက် သူမ ယူဆောင်လာသော ညစာလင်ပန်းကို စားပွဲပေါ်တွင် အသာတင်ထား ခဲ့သည်။
စေ့သွားသော တံခါးသည် ယမင်းအား ကမ္ဘာလောကကြီးနှင့် ခေတ္တခြားပေးလိုက်ပြန် လေ၏ ။
ယနေ့ ရှူတင်မှာ အိမ်တွင်းအခန်းတွေ ရိုက်မည် ဖြစ်သည်။ အင်ဒိုး။
မင်းသားနှင့် မင်းသမီးက ထမင်းစားပွဲတွင် နီးနီးကပ်ကပ် ထိုင်နေကြသည်။ ထမင်းပြဲပြီး ဟင်းတူးထားသော မယားကို ယောက်ျားက ဝေဖန်ပြစ်တင်ရာမှ အချီအချ စကားများ ရန် ဖြစ်ကြ မည့် အခန်း။
လောလောဆယ် သူတို့နှစ် ယောက် စကားလက်ဆုံကျကာ နေလေသည်။
“အငယ်တွေ တက်လာကြပြီ ယမင်းရဲ့ ၊ ကိုယ်တို့ ဘူတားတွေ ကို တိုက်ချမသွားအောင် သတိအပြည့်ဆွဲထားပါမှ”
ဝင်းကြည်ဖြူသည် လူငယ်ကြိုက် ထိပ်သီးဘ၀မှ တစ်စစ ခွင်ဆန့်ကာ သဘာဝဇာတ်တွေ မှာ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နေရာယူလာခဲ့သည်။ အကယ်ဒမီနှစ် ထပ်ကွမ်းပြီးသား၊ ပရိုဂျူဆာ လည်းဟုတ်၊ ဒါရိုက်တာအ ဖြစ်လည်း အကယ်ဒမီချိန်နေပြန်ပါပြီ။
“အာစရိက ပိုတယ်။ ဒီစူပါကို နောက်ဆယ်နှစ် တိုက်မချနိုင်ကြသေးပါဘူး”
“ကိုယ်တို့လောကမှာ ထိပ်ရောက်ပြီးရင် ဣနြေ္ဒရရ၊ ခြေလှမ်းမှန်မှန် ဘေးဖယ်နေတတ်ဖို့ အရေး ကြီးတယ် ယမင်းရဲ့ ”
“ဘယ်လို ဘေးဖယ်နေရမှာ လဲ ကိုကြီးကြည်ဖြူရဲ့ ”
“အငယ်တွေ ကို နေရာပေးတယ်ပေါ့ကွာ၊ အမှန်က မပေးဘဲ လမ်းပိတ်ထားလဲ တိုးတက် လာကြမှာ ”
မင်းသားကြီးထက် နောက်ကျစွာ ရုပ်ရှင်နယ်မှာ သရဖူဆောင်းခဲ့သော ယမင်းဆွေဆက် သည် သူမနောက်မှ မျက်နှာသစ်တွေ ပေါ်လာလိုက်၊ မှေးမှိန်သွားလိုက် ဖြစ်နေကြောင်း သိတော့ သိသည်။ ခုနေခါမှာ အပြိုင်တက်လာသူ ကင်းသလို နောင်လည်း တော် တော် နှင့် ပခုံချင်း ယှဉ်နိုင် မည့် သူ မပေါ်သေးဘူးဟု ယမင်းက ရဲရဲဝံ့ဝံ့ ယုံကြည်ထား၏ ။
သည်ကားတွင် ယမင်းသည် ဆံတိုကုပ်ဝဲနှင့် ပခုံးထိ နားသန်သီးပုံဆန်း၊ ဖားလျားလျား ဘလောက်လက်ပွ ခါးရှည်နှင့် ငယ်ငယ်ရွယ်ရွယ် မနူးမနပ် အိမ်ထောင်ရှင်မအသွင် ဆောင်ထား၏ ။
ဒါရိုက်တာသည် စက်အဖွဲ့သို့ နေရာချထား ညွှန်ကြားပြသနေသည်။ ကဒ်ခွဲပြီး ရိုက်မည် ။ မင်းသားနှင့် မင်းသမီးကို အဝေးမှပြကာ အနီးသို့ တဖြည်းဖြည်းဆွဲရိုက်လာမည် ။ ထမင်းအုပ်နှင့် ဟင်းပန်ကန်တွေ မှာ ရိုက်ချက်ဆုံးမည် ။
“မင်းသမီးက ယောက်ျားကို တွတ်တီးတွတ်တာပြောရင်း ချွဲရင်းနွဲ့ရင်း ပန်းကန်ပြားဆီ ထမင်းခူးထည့်ပေးနေမယ်၊ မင်းသားက ဇနီးသည်ရဲ့ မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း ပြုံးပြုံးကြီး ပီတိကျနေမယ်။ ဟုတ်ပြီနော်”
ဒါရိုက်တာသည် မင်းသား မင်းသမီး၏ သမ္ဘာကို ယုံကြည်စိတ်ချစွာ ပင် ရီဟာဇယ်ပင် မလုပ် တော့ဘဲ တစ်ချီတည်း တန်းရိုက်သည်။
ငြိမ်ပါ၊ မီးစုံ . . . ကလက်။
မင်းသမီးက ထမင်းပြဲပြဲတွေ ကို ပန်းကန်ပြားထဲသို့ ခူးခပ်ပေးသော အခါ ချွန်မြနီရဲနေသော လက်သည်းတွေ သည် မြင်ရသူ အသည်းတယားယား ဖြစ်စေ၏ ။ ရိုက်ချက်က ထမင်းပြဲပေါ်တွင် ရပ်တန့်သည်။ ပြီးမှ နံဘေးရျိ ဟင်းပန်းကန်မှ တူးခြစ်နေသော အသားတုံးများ ဆီသို့ မြင်ကွင်း ရွှေ့ပြောင်းပြီး ဆုံးသွားစေ၏ ။
ကဒ်. . . .
မင်းသားက ဆင်းတွင် မပါဝင်ဘဲလျက် အပိုသရုပ်ဆောင်ကာ ယမင်းကို ရိုက်မောင်း ပုတ်မောင်း လက်နှင့် ရွယ်ကာ မာန်မဲ၏ ။ ဒီမိန်းမတော့ကွာ၊ ငါလုပ်လိုက်ရ သွားကျွတ်ပြန်ရော့မယ်။
ယမင်းက လက်ကလေးကာပြီး မလုပ်ပါနဲ့ ကိုကိုရဲ့ ညီမလေးကို ချစ်တယ်ဆိုဟု ခွန်းတင် မခံတမ်း ပြန်ညုသည်။
သည်လောက် ကလူကျီစယ်တာလောက်တော့ ဒါရိုက်တာရော စက်အဖွဲ့ပါ အမှု မထား၊ သတိမမြူ ကတော့ချေ။
ဆင်းခြောက်၊ ကဒ်သုံး။
“မင်းသားဟာ မင်းသမီးမျက်နှာကို ပြုံးပြုံးကြီး ကြည့်နေရာက ထမင်းပန်းကန်ဆီကို မျက်လုံးရောက်သွားမယ်၊ အပြုံး တဖြည်းဖြည်းလျော့သွား၊ စိတ်တဖြည်းဖြည်း တိုတောင်းလာပြီး မင်းသမီးကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်ရမယ်၊ အဲဒီ နေရာလေး အရေး ကြီးတယ်နော်။ မင်းသား သိပါတယ်။ အိမ်ထောင်ရေး အခြေအနေအပြောင်းအလဲကို ပြဖို့ ဒီအကွက်က သော့ ချက်ပဲ။ မင်းသား ရမှာ ပါ၊ ဒါမျိုး ရိုးနေပြီ မဟုတ်လား”
“နိုး . . . နိုး . . . အာစရိ၊ ကျွန်တော် က ကွန်ထရပ်စ် ဆန့်ကျင်ဘက် အမူအရာရအောင် ပြောင်းယူသွားရမှာ ၊ ရီဟာဇယ်လိုတယ်။ ကျွန်တော် ဖီးလ်သွင်းလိုက်ပါရစေဦး”
မင်းသားကြီး ၀င်းကြည်ဖြူ ချစ်စရာကောင်းတာတွေ ထဲမှာ သည်လို အလုပ်လေးစားအား ထုတ်တွေ လည်း ပါဝင်ပေသည်။
ဦးသော်သည် ငါးသုံးလုံး စီးကရက်ကို ဟန်ပါပါခဲရင်း ရိုက်ကွင်းကို အကဲခတ် ကြည့်ရှုနေ သည်။
“ခင်ဗျား မင်းသမီးက ပုံပြင်ကလေး ရှိခဲ့တယ်ကို ဘာလို့ ငြင်းလိုက်တာလဲဗျ”
နံဘေးသို့ ယပ်တောင်တဖျပ်ဖျပ်ခတ်ရင်း လာထိုင်သော ပရိုဂျူဆာ ဦးသိန်းက ခပ်တိုးတိုး မေးသည်။
ဦးသော်နားတွင် မိုးကြိုးထစ်ချုန်း ပစ်ခတ်လိုက်ဘိသကဲ့သို့ ကျယ်လောင်စူးရှသည်။
သို့ သော် သူ၏ မတုန်မလှုပ် မျက်နှာသေနှင့် ပင် ပရိုဂျူဆာ ဦးသိန်းအား စေ့စေ့ကြည့်လိုက် ရလေသည်။
“ခင်ဗျား ဘယ်ကကြားသလဲ”
“ဟာ . . . . သူ့ ပရိုဂျူဆာကိုယ်တိုင် ညည်းညူနေမှ ဒီထက်ဘယ်လို ပိုသေချာနိုင်ဦးမှာ လဲ ဦးသော်ရဲ့ ”
ဦးသော် ငြိမ်သက်သွားသည်။
“မင်းသမီးက သူ့မန်နေဂျာကို အခါခပ်သိမ်း လွှဲအပ်ထားလိုတော့ဟန် မတူဘူးနော့”
“မပြောတတ်ပါဘူးဗျာ”
တကယ်တော့ သူပြောတတ်သည်။
ယမင်းဟာ အရင်ထက်ပိုပြီး တင်းမာ မောက်ကြွားလာတာ သေချာသည်။
ပုံပြင်ကလေး ရှိခဲ့တယ် သည် တိုက်ကွမ်ဒို ဟိန်းမိုးနှင့် တွဲ ဖက်သရုပ်ဆောင်ရန် လာရောက် ကမ်းလှမ်းသည့် ကာ ဖြစ်သည်။
မင်းသမီးက တစ်နေ့က ကားကြီးရိုက်ကူးနေရင်း စိတ်အခန့်မသင့်လိုက်သည်ကို မကျေ မပျောက်နိုင်ဘဲ ဆက်လက်ရန်ငြိုးဖွဲ့နေပါကလား။
သည်လောကမှာ က တစ်စိတ်ကို တစ်အိတ်ပုံကြီးချဲ့ စကားဖောင်းကားတတ်သည်။
ခုလောက်ဆို တိုက်ကွမ်ဒိုနှင့် မင်းသမီး ခွာပြဲပြီဟု သတင်းပျံ့နှံ့နေတော့မည် ။ နာမည် မဖော်ပြဘဲ မှန်းဆနိုင်လောက်အောင် စာစောင်တွေ က ဖွဲ့နွဲ့ရေး သား ဖော်ပြ ကတော့မည် ။
ကြော်ငြာတစ်မျိုးပေါ့လေဟုသာ ဦးသော် သဘောပိုက်ထားလိုက်သည်။
သူ စိတ်ထိခိုက်ရသည်မှာ သူ့ကို ဖုတ်လေသည့် ငါးပိ ရှိသည်မှ မယူမှတ်သည့်အလား ဖယ်ဖြုတ်ချထားလိုက်သော ကြောင့် ဖြစ်သည်။ သည်မတိုင်မီ တစ်လျှောက်လုံး ဇာတ်လမ်း ငြင်းပယ်ခြင်း၊ လက်ခံခြင်းတို့ကို သူမှတစ်ဆင့်သာ ဆောင်ရွက်နေကျ။
ဦးသော်လည်း မင်းသမီး၏ အလျင်စလို အလောတကြီး စစ်အေးကြေညာမှု ကို မတားဆီး လိုက်နိုင်သည့်အတွက် စိတ်လက်ပင်ပန်းဆင်းရဲကာ နေသည်။
“ဆရာရေ . . . . ခဏလေး၊ ဦးသော်ကို မှာ စရာကလေး သတိရလာလို့”
မင်းသမီးသည် ထိုင်ရာမှ ရုတ်တရက် ထကာ သူ့ထံလျှောက်လာ၏ ။
မင်းသားနှင့် ဒါရိုက်တာကို ချန်ထားရစ်ပြီး ရောက်ရှိလာသည့် မင်းသမီးကို ဦးသော်က အသင့်အနေအထားနှင့် စောင့်ကြိုနေရသည်။
“မနက်က ဖုန်းလာတယ် ဦးကြီး၊ ကားအုံနာက နာမည် လာလွှဲဖို့ ရက်ချိန်းပေးထားတာ ဒီနေ့ နောက်ဆုံးပဲတဲ့။ အဲဒါ ဦးကြီး သွားလိုက်ဦး”
ဦးသော် နာရီကြည့်မိသည်။ ဆယ့်တစ်နာရီခွဲ။ အုံနာဆီပြေးရ၊ မြင်သာသွားရဆိုလျှင် အနည်းလေး ညနေစောင့်သွားမှာ သေချာသည်။
“ဦးကြီး ကားယူသွား၊ ပေးစရာ ကုန်စရာရှိလဲ ကြည့်သာလုပ်ခဲ့၊ သမီးကို ပရိုဂျူဆာ ပြန်ပို့ လိမ့်မယ်”
မင်းသမီး၏ လှုပ်ရှားသွားလာမှု ကို မနီးမဝေးမှ အရိပ်တကြည့်ကြည့် ရှိနေသော ရုပ်ရှင် ထုတ်လုပ်သူသည် ပျာပျာသလဲ ခေါင်းညိတ်အာမခံလေ၏ ။
“ဦးသော် သွားစရာရှိတာ သွားပါ။ မင်းသမီးကို ကျွန်တော် တို့ အိမ်တိုင်ရာရောက် လိုက်ပို့ မှာ ပေါ့။ စိတ်ချသာ သွား”
ယမင်း၏ မန်နေဂျာသည် မင်းသမီး၏ ကိုယ်ရေး ကိုယ်တာ ပတ်သက်ဆက်သွယ်သမျှ အစစ ပြေပြစ်ချောမောအောင် တာဝန်ယူဆောင်ရွက်ရမြဲ ဖြစ်သည်။
တစ်ခါတစ်ရံ အလျင်စလို ဖြစ်လာလျှင် ယုတ်စွအဆုံး မင်းသမီးအတွက် အတွင်းသုံးပစ္စည်း ပင် အပြေးအလွှား ၀ယ်ပေးရတတ်သည်။
အတက်ချီကေ့စ်ကိုင်ဆွဲကာ သူထွက်ခွာလာသည့်အခိုက် မင်းသမီး၏ မိတ်ကပ်ဆရာတွေ နှင့် တဟီးဟီးတဟားဟား ရယ်မောပွဲကျလျက်ရှိသော မသက်ပန်ကို လှမ်းမြင်ရသည်။
သူ့ကို မသက်ပန်မမြင်။ မမြင်တာဘဲ ကောင်းသည်။ တော် ကြာ မင်းသမီးဖို့ ဘာဝယ်ခဲ့၊ ဘယ်ဝင်ခဲ့ အမှာ ပါးနေဦးမည် ။
မင်းသမီးက စောစောကနေရာတွင် ဖျတ်ခနဲ သွားပြန်ထိုင်ပြန်ကာ . . . .
“စိတ်မရှိနဲ့နော် ကိုကြီး၊ ကျွန်တော် က သတိရတုန်း ပြောလိုက် လုပ်လိုက်မှ၊ မဟုတ်ရင် တောက်လျှောက်သွားရော”
ဖီးလ်သွင်းနေသည်ဆိုသော မင်းသားကြီးသည် ရပါတယ်ဟု ခပ်လျော့လျော့သာ ဆိုလေ ၏ ။
ဒါရိုက်တာကလည်း ပျက်သွားသော အာရုံကို ပြန်လည်စုစည်းရင်း မင်းသမီးမို့ သည်းခံနေ ရတာ ဟေ့ဟု ကျန်ပြီး ကြုံးဝါးလိုက်မိတော့၏ ။
ဝင်းကြည်ဖြူ၏ သက်တမ်းတစ်လျှောက်တွင် အတော် လွန်လွန်ကျွံ့ကျွံစီးပိုးသော မင်းသမီး တွေ နှင့် လည်း ကြုံဆုံခဲ့ရဖူးသည်။
ယမင်းဆွေဆက်သည် မနေ့တစ်နေ့ကမှ ဟုန်းဟုန်းတောက် နာမည် ကြီးလာသူကလေး ဖြစ်သည်။
စက်အဖွဲ့နှင့် အခြား ဇာတ်ပို့ဇာတ်ရံ ကြိုဖို့ ဒေါ့ဂျစ်မှာ ငြိမ်ငြိမ်ကုပ်ကုပ် ပါလာတတ်သော ယမင်းဆွေဆက်ကို ၀င်းကြည်ဖြူက အတော် စောစီးစွာ သတိပြုခဲ့မိသည်။ ပရိုဂျူဆာ ဦးလူကျော်၏ ကိုယ်လုပ်တော် ကလေးအ ဖြစ် သဲ့သဲ့ကြားရသော ကြောင့် သတိထားမိခဲ့တာ ဖြစ်ချင် ဖြစ်နိုင်သည်။
ရုပ်ရည်ကလေး လှပရုံနှင့် သည်ကောင်မလေး သည်အထိ ပေါက်မြောက်မည် ဟု သူ ကြိုတင်တွက်ဆထားနိုင်ခြင်း မရှိခဲ့။
ခုများ တော့ဖြင့် အောင်မြင်လေသမှ အောက်ခြေလွတ်လိုက်ပုံများ ဆိုစရာမရှိအောင်ပင်။
မနေ့က အကယ်ဒမီမင်းသမီးကြီး မြဒါလီက မဲ့ကာ ရွဲ့ကာ အတင်းပြောတာကို သတိ ရသည်။
“ဆီးသီးသည် မဗျိုင်းလေ၊ ရေစိမ်းမသောက်နဲ့လို့ ဆရာဝန်က ပြောထားလို့တဲ့၊ ကျိုပေးတဲ့ ရေကျက်အေးကလဲ မီးခိုးစော် နံပြန်သတဲ့၊ ပရိုဂျူဆာက ရေသန့် သီးသန့်မှာ ပေးရတယ်”
ဝင်းကြည်ဖြူကိုယ်တိုင် မှတ်မှတ်ရရ ကြုံရဖူးတာ ကတော့ ဇာတ်ရံမိန်းကလေးတစ်ဦး သယ်လာသော ရခိုင်လုံချည်တွေ ကို အတူကြည့်ရှုကြစဉ်က ဖြစ်သည်။ ပုဆိုးအနံကြီးကွင်းကျယ် တွေ မို့ သူက တစ်ထည်တလေတော့ ကလေးမကို အားပေးမည် ရွေးချယ်သည်။ ဖြတ်လျှောက် ကလေးမို့ တစ်နေ့မှ တစ်ရာရရှာသာ။ ရောင်းပေးခ တစ်ထည်နှစ် ဆယ် အစိတ် ရသွားလည်း မဆိုး။ သို့ သော် မရွှေယမင်းက ချိတ်ထဘီတစ်ထည်ကို လက်ဖ၀ါးနှင့် ခပ်ရွရွစမ်းသပ်ပြီးကာ ကြမ်းတယ် ကွာ၊ အသားရှမယ်ဟု ဆို၏ ။ ရှစ်ရာ့ငါးဆယ်တန် ရခိုင်လုံချည်သားက ရှမည် ဆိုပါကလား။ နုသွား လိုက်တဲ့အသား။ ၀င်းကြည်ဖြူပင် ဖြုံသွားခဲ့ရသည်။
ယမင်း၏ အဆိုးရွားဆုံး အမူအကျင့် ကတော့ အနုပညာသည် အချင်းချင်း စည်းမစောင့်ဘဲ ဇာတ်ကွက်ခိုးခြင်း ဖြစ်သည်။
ယခုလို မင်းသား၏ အကွင်းအကွက်ပညာခန်းမှာ ယမင်းနံဘေး ကပ်မပါမှ ဖြစ်မည် ။ မဟုတ် လျှင် ပရိသတ်အာရုံ သူမဘက်ရောက်အောင် တစ်နည်းမဟုတ် တစ်နည်း ဆွဲယူမည် ။ အနည်းဆုံး သူ့ထံမှ အာရုံပျံ့လွင့်အောင် တစ်ခုခု အကြံအဖန်လုပ်မည် ။ သိပ်စိတ်ပုပ်တဲံ မိန်းမ။
ယမင်း ဘယ်ဘ၀မှ အစပြုပြီး ရုပ်ရှင်နယ်ထဲ ရောက်ရှိလာမှန်း သူ သေသေချာချာမသိ။ မည် သူမှလည်း အတိအကျမသိနိုင်။
ယမင်းသည် ပါးနပ်စွာ ပင် အင်တာဗျူး လုံးဝရှောင်လေသည်။
ဆွေမျိုးနီးစပ် ကြီးတော် အိမ်မှာ ကြီးပြင်းလာရသလိုလို၊ တစ်ကောင်ကြွက်လိုလို။ ၀န်ထမ်း တွေ ၊ နယ်လှည့်ဈေးသည် ဈေးဝယ်ပေါ့။ မြို့နေရာတွေ တစ်ခါတစ်မျိုး လျှာအရိုးမရှိတိုင်း ရွတ်ဖတ် နှုတ်ထွက်တတ်ပြန်သည်။
အတိကျဆုံး ကတော့ မဂ္ဂဇင်း မျက်နှာဖုံးရှင် ဖြစ်ခဲ့သည်။ ထိုမှစပြီး ဖြတ်လျှောက်တစ်နေ့ တစ်ရာစားနှုန်းနှင့် ဖလင်ပေါ်ရောက်။
အဲသည် ဖြတ်လျှောက်ဘ၀မှ ပရိသတ်က သတိထားမိလောက်အောင် အကွက် ကောင်း မရစေကာမူ မျက်စိကျသွားသော ပရိုဂျူဆာ တစ်ယောက် ရှိလေသည်။
ခေါင်းဆောင်မင်းသမီးအ ဖြစ် ဇာလမ်း ဇာတ်ကွက်ကောင်းကောင်းမှာ သရုပ်ဆောင်ပြနိုင်စေ ဖို့ ပရိုဂျူဆာ ဦးလူကျော်နှင့် မင်းသမီး အပေးအယူတည့်ခဲ့ကြသည်။
မဆိုးပါဘူးလေ။ ဘုရားပြီး ငြမ်းဖျက်။ ရုပ်ရှင်ရိုက်ကူးပြီး ဆုံးသည်နှင့် ယမင်းက ပရိုဂျူဆာ ဦးလူကျော်နှင့် တိတိပပ ဖြတ်တောက်ခွဲခွာပစ်ခဲ့သည်။ ကိုယ်ဝန်ဖျက်ချသတဲ့။ ဘာညာဆိုတာ တွေ ဟာ အရည်မရ အဖတ်မရပါဘဲ။ လေထဲမှာ လွင့်မျော မှေးမှိန်သွားရတာ တွေ ပါ။
အလဲ့ . . . မင်းသမီးပီပီ အမူအရာ လိုလေသေး မရှိစေရ။ သမတတွင် ကျင်းပသော ကန်တော့ပွဲတစ်ခုမှာ ဧည့်သည် ပရိုဂျူဆာနှင့် ခေါင်းဆောင်မင်းသမီး ထိပ်တိုက် တိုးစဉ်က အပြုံး အရယ်မပျက် လက်အုပ်ကြာငုံ ရင်မှာ ပိုက်ပြီး ရိုကျိုးနှုတ်ဆက်လိုက်လေသေးရဲ့ ။
ဒါပေါ့လေ။ နာမည် ကျော်ကြားလာဖို့၊ အောင်မြင်လာဖို့ ရင်းနှီးရတာ တွေ ၊ စတေးရတာ တွေ ကတော့ အနုပညာသည်တွေ မှာ တစ်ယောက် တစ်မျိုးစီ ရှိကြပေမှာ ပဲပေါ့။
“ရပြီ ဆရာရေ”
“စ,မယ်နော်”
“အိုကေ”
အသင့်ပြင်၊ မီးစုံ၊ ကလက်။
မင်းသားကြီးသည် တစိမ့်စိမ့် စိတ်တိုတောင်းလာပြီး မင်းသမီးကို စူးစူးဝါးဝါး ကြည့်လိုက်ဖို့ လုံးဝ လွယ်ကူချောမွေ့သည်။
အဲသည်မတိုင်မီ ကြည်ကြည်နူးနူးပြုံးပြီး ကြည့်နေနိုင်ဖို့ကိုသာ မတန်တဆ ဈာန်ဝင် အားထုတ် နေရရှာလေ၏ ။
“သန်း မတွယ်ပါဘူး သမီးရယ်၊ သမီးရဲ့ ဦးရေက သိပ်ပြီး သားရေခွံကွာလွယ်တယ်။ ခေါင်းလျှောက်ပြီးရင် ဒရိုင်ယာနဲ့ ခပ်ဆိုင်းဆိုင်းမှု တ်ပြီးမှ ဒိုင်ယာနာစပ်ပေးတဲ့ ခေါင်းလိမ်းဆီနဲ့ ဦးရေ ထဲဝင်အောင် ပွတ်လိမ်းပေးရမယ်နော်”
“အင်း . . . . သမီးက သန်းတွယ်လို့ ခေါင်းယားတယ်မှတ်နေတာ”
ယမင်းသည် ကုလားထိုင်တွင် နောက်မှီထိုင်ကာ ဇက်ကိုလှန်ပြီး မျက်နှာသစ်ခွက်နှုတ်ခမ်း တွင် ဦးခေါင်းမှေးတ်ထားသည်။
ယမင်း၏ ဆံပင်တွေ သည် မျက်နှာသစ်ခွက်အတွင်းသို့ ပြန့်ကျဲကျနေ၏ ။
မသက်ပန်က သေးမျှညိုမောင်းသော ဆံပင်တွေ ကို ရှမ်ပူခေါင်းလျှော်ရည်နှင့် ဆွတ်လိမ်း ကာ ဦးရေကို လက်ချောင်းကလေးများ ဖြင့် အသာအယာ ပွတ်သပ်ပေးသည်။
“မသက်ပန်”
“ရှင်း . . .. သမီး၊ ပြောလေ”
“မသက်ပန်တို့ရွာက ရန်ကုန်နဲ့ အတော် ဝေသလား”
“ဝေးတာပေါ့ သမီးရဲ့ ၊ ကျောက်ကြီးကနေ နေ့တစ်ဝက်ခရီးဖြတ်သွားရသေးတယ်။ တောင်တွေ ကျော်၊ လျှိုတွေ ဖြတ်နဲ့ ဘော်ဘီအမေဆို ရွှေကျင်သွားတဲ့ ယောက်ျားနောက်လိုက်ရင်း ငှက်မိပြီး ဆုံးတာပေါ့”
“ဘာငှက်လဲ”
“ငှက်ဖျားလေ သမီးရဲ့ ”
“သြော်”
ယမင်းသည် မသက်ပန် ကြီးပြင်းလာခဲ့သည်ဆိုသော ကျေးလက်သဘာဝကို မှန်းဆ စိတ်ကူးကြည့်နေသည်။
မိထွေးလက်မှာ မပျော်ပိုက်တိုင်း မိခင်ကိုတမ်းတပြီး ငိုကြွေးမိသည်ဟု မသက်ပန်က ပြောပြလျှင် မမြင်ဖူးလိုက်သော မိခင်ဆိုသော သူကို မှန်းဆလွမ်းဆွေးပြီး ရောယောင်မျက်ရည်ကျ ချင်သည်။
မီးတွင်းမှာ ဆုံးသွားသည်ဆိုတာပဲ မိခင်နှင့် ပတ်သက်၍ သိရှိရသည်။
သို့ တစေ ယမင်းက စိတ်ကူးတည့်သလို ဘ၀ ပုံပြင်တွေ ကို ဖန်တီးပြောပြတတ်လေသည်။ အဖေနှင့် အမေက သူမကို ဘယ်လိုချစ်၊ ဘယ်လိုယုယကြတာ။ တစ်ခါတစ်ရံ သူမ၏ ဇာတ်လမ်းထဲ မှာ မိဘနှစ် ပါးသည် အညာသို့ ခရီးထွက်သွားရင်း ယာဉ်တိုက်မှု ဖြင့် တိမ်းပါးသွားတတ်ပြန်သည်။ ဒါတွေ ဟာ အမှတ်မထင် လွှတ်ခနဲ ပြောမိလိုက်သလို သေချာစိစစ်ကြည့်လျှင် အဆုံးအစ ရှာမရဘဲ မရေမရာ ပျောက်ဆုံးနေတတ်မြဲ။
ယမင်းသည်လည်း သူမ၏ ဘ၀မှန်ကို ပေါ်ပေါက်မလာစေချင်တာဘဲရှိသည်။ အတုအယောင် ဘ၀တစ်ခုခုကို လုပ်ကြံဟန်ပြမထားခဲ့ပါ။
“မြို့တက်လာပြီး မကြာပါဘူး။ အိမ်ထောင်ကျ၊ သုံးလေးလပါပဲ၊ ယောက်ျားက ပစ်ခဲ့တယ်။ စိတ်ညစ်ညစ်နဲ့ တော် ပြန်သွား၊ တောမှာ မိထွေး စပ်ဟပ်ပေးတာနဲ့”
“ဘယ်လောက်ကြာလဲ”
“အဟဲ. . . . တစ်နှစ် နှစ် နှစ် ပေါ့၊ မယားငယ်ယူ၊ မသက်ပန်ကို နှိပ်စက်၊ ကွဲတာပေါ့၊ တစ်ခါ . . . .”
“စိတ်ညစ်ညစ်နဲ့”
“အဟီး၊ ဟုတ်တယ်. . . . စိတ်ညစ်ညစ်နဲ့”
ယမင်း ပြုံးနေသည်။
အဲသည် စိတ်ညစ်ညစ်နဲ့ ဖြစ်ချင်ရာ ဖြစ်သွားနိုင်တာမျိုးကို ယမင်းသည် အတွေ့ အကြုံရှိခဲ့ ပါရဲ့ ။ မောင်စွန့်ခွာထားပစ်ခဲ့သည့် အချိန်အခါတုန်းကလိုမျိုးပေါ့လေ။
“နောက်တော့ မသက်ပန် မှော င်ခို ဖြစ်သွားတယ်”
“မှော င်ရိပ်ခိုတယ်လား”
“တောက်တီးတောက်တဲ့သမီးရယ်၊ အဲဒီ အထိတော့ မပျက်ခဲ့ပါဘူး။ မော်လမြိုင်နဲ့ ရန်ကုန် ကယ်ရီလုပ်တာပါ”
“ပျော်လား”
“ပျော်တာထက်တော့ ပျက်တာများ တော့ များ ခဲ့ပါတယ် သမီးရယ်၊ မသက်ပန်ဖြင့် လေ ထမင်းတစ်လုပ်စားရဖို့ ခက်ခဲပုံတွေ ပြန်မစဉ်းစားချင်အောင်ဘဲ”
“ဒါဖြင့် မစဉ်းစားနဲ့တော့၊ ပဲခူးရောက်လာတာပဲ ပြော”
ယမင်း၏ နဖူးဆံစပ်မှ ရေနည်းနည်း ချင်း လောင်းပေးကာ ခေါင်းလျှော်ရည်မြှုပ်များ ကုန်စင် အောင် ဆေးချသည်။
“မသက်ပန် နှလုံး ရောဂါ ၀င်လာတယ်။ ကယ်ရီလုပ်ရင်းခင်လာတဲ့ အဒေါ်ကြီးနောက် လိုက်လာတယ်။ သူ့မောင်နှမတွေ က မကြည်ဖြူပါဘူး။ အဲဒီ ကနေ ဟိုကပ်နေ ဒီကပ်နေနဲ့ သမီးနဲ့ တွေ့ တော့ ထမင်းဆိုင်မှာ . . . .”
“တစ်ခါတစ်လေ သတ်မသေချင်ဘူးလားဟင်”
“ဟင့်အင်း . . . မသေချင်ပါဘူး၊ သေရမှာ များ ကြောက်လွန်းလို့၊ ဖွ . . ဖတ်၊ လွှဲစေ .. . ဖယ်စေ . . .”
ယမင်းရယ်မောမိသည်။
မသက်ပန်က ယမင်း၏ ဦးခေါင်းကို တည့်မတ်စေပြီး တဘက်နှင့် ဖွဖွသုတ်သင်ပေးသည်။
“သမီးတော့ သတ်သေဖို့ ခဏခဏ စိတ်ကူးဖူးတယ်”
“ရုပ်ရှင်မင်းသမီး မ ဖြစ်ခင်ကလား”
“ခုလဲ စိတ်ကူးတာပါပဲ၊ ငယ်ငယ်ရွယ်ရွယ် အောင်မြင်နေတုန်း ဗြုန်းဆို သေသွားရင် လူတွေ က နှမြောကြမှာ နော်”
“လူတွေ နှမြောဖို့နဲ့တော့ မသေကောင်း မပျောက်ကောင်း သမီးရယ်၊ မပြောကောင်းပါဘူး”
“သမီးကို သူမချစ်ပါဘူးလို့ တွေးမိရင် သိပ်သေချင်တယ်”
“သူ . . . .”
ဆံပင်လေမှု တ်စက်ကို လှမ်းကိုင်သော မသက်ပန်၏ လက်ကို ယမင်းက ဖမ်းဆွဲထားသည်။
“ဒရိုင်ယာအသံက တဂျိဂျိနဲ့ နားငြီးပါတယ်”
ယမင်းအလိုကျ မသက်ပန်က တဘက်နှင့် သာ ဆံပင်ကို ဆက်လက်သုတ်ပေးသည်။
“သူဆိုတာ ဘယ်သူလဲဟင်”
“သမီးရဲ့ ချစ်သူပေါ့”
မသက်ပန်မှာ ကြည့်မှန်ထဲတွင် ပေါ်နေသော ယမင်း၏ မျက်နှာကို စိတ်ဝင်တစား၊ အံ့အား တသင့် ကြည့်နေမိသည်။
“သမီးမှာ ချစ်သူရှိတယ်လား၊ မသက်ပန် သိသလားဟင်၊ အမယ်လေး . . . .သိချင်လိုက် တာနော်”
ယမင်းက လေးလေးတွဲ့ တွဲ့  ခေါင်းခါသည်။
“မသက်ပန် မသိဘူး။ တခြား ဘယ်သူမှလဲ မသိဘူး၊ မောင်က သမီးနဲ့ ဘ၀ချင်းမျ မတူတာ”
“မောင် . . . ဘ၀ချင်း မတူဘူး”
“ဟုတ်တယ် မသက်ပန်ရဲ့ ၊ စတွေ့ ကတည်းက ဘ၀ချင်းမှ မတူကြတာ”
“ဘုရား . . . ဘုရား၊ မသက်ပန် နားမလည်ပါလား၊ သူက . . . သူက ဒါဖြင့် လူမဟုတ် ဘူးလား”
ယမင်း၏ မှိတ်နေသော မျက်လုံးတွေ ပွင့်လာပြီး မသက်ပန်အား စွေစောင်းကြည့်၏ ။
“မသက်ပန် ဘာတွေ ပြောနေတာလဲ”
“မဟုတ်ဘူးလေ၊ ဘ၀ချင်းမတူဘူးဆိုတော့”
မသက်ပန် ဘယ်လိုသဘောပေါက်နေသည်ကို ရိပ်မိသွားပြီး ယမင်းပြုံးလာသည်။ တစ်ခဏ ချင်းမှာ ပင် အပြုံးသည် လျော့ရဲလွင့်ပြယ်သွားခဲ့သည်။
“လူပါပဲ မသက်ပန်ရဲ့ ၊ နာနာဘာဝ ၀ိနာဘာဝမဟုတ်ဘူး။ ဥစ္စာစောင့်လဲ မဟုတ်ဘူး။ လူမှလူ၊ သမီးနဲ့ ရွယ်တူပဲ။ ဒါပေမဲ့ သူနဲ့ သမီးဟာ ဘ၀ချင်း ပေါင်းစပ်လို့ မရနိုင်ဘူးတဲ့။ သမီးကို သူ ချစ်တော့ ချစ်မှာ ပါပဲလေ”
မသက်ပန်က ယမင်း၏ ဆံပင်တွေ ကို ချိုစောင်းတစ်ဝိုက်တွင် ဘေးဖယ်ကြည့်နေသည်။
“မှဲ့ကလေးလားလို့ နီနီကလေးရယ်၊ မှဲ့မှဟုတ်ရဲ့ လား၊ တစ်ခုခု စိုက်နေသလိုပဲ”
ယမင်း၏ မျက်လုံးတွေ ခနိုးခနဲ့ ပြုံးရယ်လာသည်။
“အဲဒါ ရွှေအပ် ဖြစ်မှာ ပေါ့”
“ရွှေအပ်”
မသက်ပန် ကြက်သီးဖြန်းဖြန်းထသည်။
“ဒါဖြင့် . . . ဒါဖြင့် ယမင်းက လူမဟုတ်ဘူးပေါ့”
“ဟင့်အင်း . . . အသက်အစိတ်ပြည့်ရင် သိုက်နန်းပြန်ရမှာ ၊ ဗျိုင်းကလေး ဖြစ်သွားမှာ လေ၊ မသက်ပန်ကိုတော့ သမီး ရွှေမန်ကျည်းတောင့်တွေ ပေးခဲ့မှာ ပါ”
“မနောက်ပါနဲ့ သမီးရယ်၊ မသက်ပန်က ကြောက်တတ်တယ်”
“ဒါဖြင့် သမီးနဲ့အတူ တစ်ပါတည်း ခေါ်သွားရမလား”
“သောက်ပလုပ်တုတ်”
ယမင်းက အသံမထွက်ဘဲ သဲ့သဲ့ ရယ်မောနေတော့သည်။
“ဒီလောက်ပဲ ကြောက်ရသလား မသက်ပန်ရယ်၊ ကဲ . . . . မနောက်တော့ဘူး။ မကြောက် နဲ့နော်”
မသက်ပန်သည် မင်းသမီး၏ ချိုစောင်းမှ မှဲ့နီကလေးကို ဆံပင်တွေ နှင် အသာ ပြန်လည် ဖုံးဖိရင်း ယမင်းကို မယုံမရဲ ကြည့်နေမိ၏ ။
“တစ်နေ့တော့ သူပြန်လာမှာ ပဲဆိုပြီး ဒီအိမ်ကြီးမှာ သမီးလာစောင့်နေတာ၊ တမင်တကာ ပြန်လာချင်မှ ပြန်လာမှာ ပါ၊ ဒါပေမဲ့ မတော် တဆ ကြုံကြိုက်ပြီး ရောက်များ ရောက်လာမလားလို့ သမီးမျှော်လင့်မိတယ်”
ယမင်း တကယ်အလေးအနက် ပြောနေတာမှ ဟုတ်လေရဲ့ လားနှင့် မသက်ပန် မှန်းဆ ခက်ခဲကာ နေသည်။
“သူက တခြားတိုင်းပြည်မှာ စာသွားသင်တာ၊ အင်္ဂလန်တဲ့၊ အဝေးကြီးပဲ”
လှပပျိုမျစ်ပြီး အောင်မြင်ကျော်ကြားသော မင်းသမီးကလေးခမျာ ဘယ်ဝယ်ဘယ်ဆီ ရောက်လေသည်မသိနိုင်သည့် ချစ်သူကို ရော်ရမ်းတမ်းတလျက် စောင့်ကြိုနေရှာပါကလား။
မသက်ပန် ဆွေးမြည့် ကြေကွဲမိတော့သည်။
“ဒီအိမ်ကြီးမှာ သမီးစောင့်နေမယ်ဆိုတာ သူသိသလားဟင်”
မ၀ံ့မရဲ အကဲစမ်းကာလည်း မေးမိ၏ ။
ယမင်းက အဖြေမပေးဘဲ နေရာမှထသည်။ မသက်ပန်က လက်တွေ ရုပ်သိမ်းဘေးဖယ် ပေးလိုက်ရ၏ ။
ရေချိုးခန်းထဲမှ ထွက်သွားသော မင်းသမီးနောက်သို့ မသက်ပန် အပြေးလိုက်သွားသည်။
“အ၀တ်လဲတော့မလား သမီး၊ မသက်ပန် ထုတ်ထားပြီးပြီလေ၊ ရှူတင်အတွက်လဲ ထည့်ထားပြီးပြီ။ အရင်တစ်ပတ်က မိုးရွာနေလို့ ဖျက်လိုက်ရတဲ့ ၀တ်လက်စတွေ ပြန်ထည့်ထား တယ်”
ယမင်းသည် ခေါင်းသွက်သွက် ခါယမ်းငြင်းဆန်ကာ အိပ်ခန်းပြတင်းဆီသို့ ပြန်လျှောက် သွားသည်။
ခရမ်းပြာဇာအပွင့် ခန်းဆီးစကြီးတွေ သည် တစ်ရပ်မက မြင့်မားသော ပြတင်းမှန်ကြီးတွေ ကို ရံတားဆီးကာထားသည်။
တစ်စ အသာဘေးဖယ်လိုက်ရုံနှင့် အပြင်သို့ မြင်သာအောင် ကြေးကွင်းကလေးတွေ တချွင်ချွင်ခတ်လျက် ခန်းဆီးက နံရံဘက်ကပ်သွားသည်။
“ကြည့်စမ်းပါဦး မသက်ပန်ရယ်။ သမီးတို့ခြံဟိုဘက်မှာ ကုန်းမြင့်တွေ ၊ တောတန်းတွေ ချည်း ရှိတော့တယ်။ ရန်ကုန်ဆင်ခြေဖုံးမကျတကျနေရာမှာ ဒီလိုကွင်းတွေ ကန်တွေ မျောင်းတွေ ကျန်နေသေးတာ အံ့သြစရာ မကောင်းပေဘူးလား”
“အင်း . . . ဟုတ်တာပေါ့၊ အံ့သြစရာနော်”
ဘာတွေ ပြောမှန်း မသိသော်လည်း မင်းသမီး အလိုကျအောင် မသက်ပန် သံယောင်လိုက် နေခဲ့၏ ။
“အဲဒီ ချောင်းစပ်မှာ သူက ငါးမျှားထွက်တယ်၊ ငါးသာမျှားတာ တီကောင်ကျ ကြောက်ပြန် ရော၊ သမီးက သူ့ငါးမျှားချိတ်မှာ တီကောင်တပ်ပေးရတာ ”
“သမီး ကတော့ တီကောင်မကြောက်ဘူးလား”
ယမင်းသည် ဆံပင်တွေ ကို လက်ချောင်းကလေးများ နှင့် ထိုးဖွရင်း အသံထွက်ပြီး ရယ်၏ ။
“မကြောက်ပေါင်၊ မောင့်ကို ကျွတ်တွယ်ရင် သမီးဖြုတ်ပေးနေကျ၊ မျှော့တော့ သူ့တွယ်ခဲ တယ်။ သူက ချောင်းထဲမှ မဆင်းဘဲ၊ ငါးမျှားကြိုးငြိနေရင် သမီးချည်း ရေထဲဆင်းဖြုတ်ရတာ ၊ သမီး ကိုချည်း တွယ်တာပဲ”
ယမင်းသည် အတိတ်ဆီသို့ ပြန်လည်ရောက်ရှိသွားတော့သလို ရွှင်ပျပေါ့ပါးစွာ ရယ်မော လျက်ရှိ၏ ။
မသက်ပန်မှာ မယုံသလို ယုံသလိုနှင့် ယမင်း ငေးမျှော်ကြည့်နေသော ခြံစပ်မှသည် အနောက်ဘက်တစ်ခို စိမ်းလန်းသော ချုံတောများ ၊ သစ်ပင်များ နှင့် ပြာလွင်သော ကောင်းကင်ပြင် ကျယ်ကို ရောယောင် ငေးမျှော်ကြည့်မိ၏ ။
“ဟိုမှာ တွေ့ လား မသက်ပန်၊ ဗျိုင်းကလေးပျံသွားနေတာ တွေ့ တယ်မဟုတ်လားဟင်”
“တွေ့ တယ် သမီး၊ တွေ့ တယ်၊ တစ်ကောင်တည်းနော်၊ အဖော်လည်း မပါပါလား”
“သူ့အဖော်ကို သူလိုက်ရှာနေမှာ ပေါ့ မသက်ပန်ရဲ့ ”
“ဟုတ်မယ်၊ ဟုတ်မှာ ပဲနော်၊ ဗျိုင်းဖြူကလေးက အဖော်ရှာမှာ ပဲပေါ့”
ယမင်း၏ အပြုံးကလေး အားနည်းဖျော့တော့ သွားခဲ့သည်။
“သမီးသာ ငွေဗျိုင်းဖြူကလေး ဖြစ်ခဲ့ရင် သူ့ကို လိုက်ရှာနိုင်မှာ ပဲ မသက်ပန်ရယ်”
မသက်ပန်၏ မျက်လုံးတွင် မျက်ရည်ကြည်တွေ ဝေ့၀ဲလာသည်။
“ဒီအခန်းဟာ သူ့အိပ်ခန်းပေါ့။ သူနဲ့အဝေးကြီးဝေးရပေမယ့် သူ့အရိပ်အယောင် အငွေ့ အသက်အားလုံး သမီးလိုက်ဖမ်းသိမ်းယူတာပဲ၊ သမီးရဲ့ ခုတင်နေရာမှာ ဟိုတုန်းက သူ့ခုတင်ရှိ တယ်”
ယမင်းက ခါးကလေး လှည့်ပြောင်းကာ လက်တစ်ဖက်နှင့် အိပ်ခန်းတစ်ဝိုက် ဝေ့၀ဲပြညွှန် သည်။
မသက်ပန်သည် ရင်တဖိုဖိုအသည်းတလှိုက်လှိုက်နှင့် ယမင်း၏ အိပ်ခန်းတွင်း ပတ်ပတ် လည် မျက်စိကစားရှာဖွေမိလေသည်။
“သူက သိပ်အိပ်ပုတ်ကြီးတယ် မသက်ပန်ရဲ့ ၊ သူ အိပ်ရာမထမချင်း အိပ်ရာသိမ်းပေးရမယ့် သမီးမှာ တစောင့်စောင့်နဲ့ တံမြက်စီးလှည်းရ၊ ကြမ်းတိုက်ရတာ စိတ်ကို မဖြောင့်နိုင်ဘူး”
မသက်ပန်ဖြင့် ယမင်း လက်ကိုင်ပ၀ါတစ်ထည် အောက်ကျ၍ ပင် ကုန်းကောက်တာ မမြင် စဖူးခဲ့။ တံမြက်စည်းလှည်း၊ ကြမ်းတိုက်သတဲ့။ ဟုတ်နိုင်ပါ့မလား။ ယုံတမ်းစကားလိုပါပဲလားနော်။
“သူက လေသေနတ်သိပ်သရမ်းတာ၊ ဟိုဘက်အိမ်က မန်းကီးနဲ့များ ဆို ဘသားချောတွေ အကြိုက်ပဲ”
ယမင်းက လက်ဝဲဘက်အိမ်သို့ ရည်ညွှန်းမေးငေါ့သည်။
“မန်းကီး၊ ကိုးကန့်သူဌေးကြီးတိုက်ကလား”
“ဒါက နောက်မှဆောက်တာ၊ မန်းကီးဆိုတာ မောင့်သူငယ်ချင်း၊ မန်းကီးတို့အိမ်ကို ဖြိုချ ပစ်ပြီး တိုက်သစ်တည်တာပေါ့၊ မြေသာ တန်ဖိုးရှိတာ၊ အိမ်က ဟောင်းနေပြီပဲ”
“အိုး . . . အိုး”
ဘာရယ်မဟုတ်။ မသက်ပန် ညည်းတွားမိသည်။ မန်းကီဆိုတာကြောင့် လား၊ အိမ်ဖြိုပစ်တာ ကြောင့် ပဲလား၊ သူမ ဘာသာပင် မသဲကွဲနိုင်။
“ဗျိုင်းဖြူကလေးတစ်ကောင်ကို တစ်ခါတုန်းက သူပစ်ချလိုက်တာ တောင်ပံကျိုးသွားတယ် သိလား။ သမီး ၀မ်းနည်းလိုက်တာ၊ သူလဲ ဗျိုင်းကလေးကို သိပ်သနားသွားတယ်။ တခြားငှက်တွေ ကို ပစ်ပေမယ့် ဗျိုင်းတွေ ကို ဘယ်တော့မှ မပစ်တော့ဘူး။ သူချစ်သွားတယ်”
ယမင်းသည် ဝေယံမိုးဆီ ဆုံးစမမြင် မျှော်မှန်းရင်း သက်ပြင်းချသည်။
“သမီးလဲ ငွေဗျိုင်းဖြူလေး ဖြစ်ချင်လိုက်တာ မသက်ပန်ရယ်”
အမယ်လေး . . . အချစ်ပုံပြင်ကလေး တစ်ခုပါကလား။
မသက်ပန်သည် ပုံပြင်ကလေး မပြီးဆုံးစေချင်။ ဆက်လက်နားဆင်ချင်နေသေးသည်။
“မသက်ပန်”
“ဟင် . . . သမီး”
“ဦးသော် ရောက်ပြီလား သွားကြည့်ချေဦးလေ၊ အမြတ်ခွန်ရုံးသွားမယ်ဆိုတာ ဒီနေ့လား မသိပါဘူး။ သမီးမေ့နေလို့ မေးကြည့်နော်”
ဟော . . . မင်းသမီးက တစ်ခန်းရပ်ပစ်လိုက်ပါချေပြီ။
မသက်ပန်မှာ ဆတ်တငံ့ငံ့ ကျန်ရစ်ပါလေ၏ ။
ရပါတယ်လေ။ နောက်တစ်ခါ မင်းသမီး ကြည်သာတော့မှ မသက်ပန် အစ်အောက် အစဖော်ကြည့်ရတော့မှာ ပေါ့။ နေနှင့် လေဦး ငွေဗျိုင်းဖြူရေ။
“လှလိုက်တာနော်၊ အသည်းလေး အဲသလို ကြပ်ကြပ်လှပုံမျိုးနဲ့တော့ ဂျက်မကို ခင်သစ္စာက မေတ္တာအတုံးလိုက် အတစ်လိုက် ပို့တော့မှာ ပါပဲ”
ယမင်းသည် ဂါဝန်ရှည်ကြီးကို အသာမ,ကာ ခြေထောက်တွေ ကို ငုံ့ကြည့်သည်။ ခြောက် လက်မ ဒေါက်ဖိနပ်ကြီးစီးထားတာတောင် ဂါဝန်အောက်နှုတ်ခမ်းက ကြမ်းကို ထိတိုက်နေ၏ ။
ချွန်သထားသော ခြေသည်းရှည်တွေ ကို ယမင်းက ပုလဲဖောက်သော ခရမ်းရောင် ကို ဆိုးဆေးတင်ထားသည်။ သိုင်းကြိုးအဖြူကလေးတွေ က ခရမ်းရင့်နှင့် ရောပြီး ခြေခုံပေါ်ယှက်သွယ် နေသည်။
“ခြေစွပ်လိုက်ရင် ကျွန်တော့် ခြေသည်းတွေ ဖုံးသွားမှာ ”
“ဒါပေါ့ အသည်းလေးရယ်၊ ဒါကြောင့် ဂျက်မက ခြေစွပ်ဖြုတ်ချထားခဲ့တာပေါ့၊ သဘော ပေါက်. . . . သဘောပေါက်”
“ဟင်း . . . ဟင်း ကျွန်တော် က ဂျက်မကို ငဲ့ပါတယ်နော်။ တမင်တကာ ဗေဒါရောင် ပဲ ၀တ်ပါတယ်။ ကျွန်တော် ဖေးဘရိတ်ကာလာက အဖြူဆိုတာ ဂျက်မသိသားနဲ့”
“အဲဒါဆိုလဲ ဂျက်မက အသည်းလေးကို ဇာပ၀ါခြုံပေးလိုက် မိတော့မယ်၊ ပြီးမှ ခင်သစ္စာ လက်ချက်နဲ့ ပါးကလေးကျွတ်ကျွတ်ကျိုးရရုံပဲ၊ တကတဲ”
ဂျက်မက ပါးကို ခင်သစ္စာထံ ထိုးပေးတော့မယောင် အမူအရာပြုပြီးမှ ယမင်းကို ချစ်မျက်စောင်းထိုးချိတ်လေ၏ ။
“အသည်းလေး၊ ခဏစောင့်နော်၊ ဂျက်မ အင်္ကျီလဲရုံပါပဲအေ”
ဂျက်မက ပုဆိုးကို ရင်ခေါင်းတက်စည်းထားလျက် ဆောင့်ဆောင့်ထိုင်ကာ မိတ်ကပ် သေတ္တာကို ကပျာကသီသိမ်းဆည်း၏ ။
“ဒီသေတ္တာ အခွံတောင် ငါးရာ့ငါးဆယ် ပေးရတယ် အသည်းလေးရဲ့ ၊ မင်းသမီးရဲ့ မိတ်ကပ် ဆရာမို့သာပေါ့၊ မဟုတ်ရင် အခွံနဲ့တင် မွဲရချည့်ရဲ့ ”
“ကျေးဇူးပါပဲ အသည်းလေးရယ်”
မင်းသမီးအနီးတွင် မိတ်ကပ်ဂျက်မ ပျာနေဆဲ၊ မသက်ပန်က ဖြီးလိမ်း ပြင်ဆင်ပြီးပါပြီ။
မင်းသမီး၏ အုပ်ထိန်းသူလိုလို၊ ကိုယ်ရံတော် လိုလိုနှင့် ထက်ကြပ်မကွာ လိုက်ပါရသူအ ဖြစ် သူမကိုယ်သူမ အစွမ်းကုန် ခြယ်သပြီး ဖြစ်၏ ။
“မသက်ပန်ရဲ့ နားက နားကပ်ကြီးက အတုမှန်း သိသာလိုက်တာ၊ ခြယ်နဲ့လဲပန်ပါလား”
မင်းသမီး၏ မှတ်ချက်ကြောင့် မသက်ပန် ကသိကအောက် ဖြစ်သွား၏ ။
“သိသာတော့ကော ဘာ ဖြစ်သလဲ သမီးရယ်၊ လှရင် ပြီးရောပေါ့”
“လှရင်ပြီးရော . . . အတုဝတ်တာနဲ့ အခု မသက်ပန်ပြင်ဆင် ဂိုက်ထုတ်တာနဲ့ တခြားစီပဲလို့ ရှင်းပြလိုက်စမ်းပါ ဂျက်မရယ်”
ဂျက်မသည် ယမင်းတို့ကို ကျောပေးပြီး ဖော့ဖုန်းယောင်ယောင် ခုခံသည့် ဘရာစီယာကို ချိတ်တပ်နေသည်။
“ကဲပါ . . . အသည်းကလေးက သူ့အထိန်းတော် ကြီးကို လှသည်ထက် လှစေချင်နေတာ လဲလိုက်. . . လဲလိုက်”
ဂျက်မက အဲသလို အပြောကောင်းသည်။ တစ်ဖက်သား နားဝင်ချိုအောင် ဟိုဘက် သည်ဘက် ကြားမှာ ပေါင်းကူးစွာ ပြေစေတတ်၏ ။
မသက်ပန်သည် လှေကားတစ်ထစ်၊ ဦးအောင်ဆင်းကာ ယမင်း ချော်မကျအောင် ရှေ့ခရီးမှ ကြိုတင်စောင့်ရှောက်သည်။
“အိမ်မှာ ပြဿနာမရှိဘူး မသက်ပန်ရဲ့ ၊ အင်းလျားလိတ်မှာ ချော်လဲမှ စာမျက်နှာတွေ မှာ ၀က်ဝက်ကွဲ ဓာတ်ပုံတွေ ထည့်လိုက်ကြမည့်  ဖြစ်ခြင်း”
“သမီးက ကျွမ်းပါတယ်၊ ဒါပေမဲ့ မသက်ပန်က စိတ်ပူတယ်”
လိုအပ်သည်ထက် ပိုကဲပြီး မသက်ပန် သည်းသည်းပိုသည်ကို ယမင်းက ကန့်ကွက်လေ့ မရှိဘဲ သဘောကျနှစ် လိုသည်။
ယမင်း၏ စူပါရုဖ်အဖြူသည် အိမ်ရှေ့ အိမ်ဝင်းတွင်း တံခါးဖွင့်ကာ အသင့်စောင့်ဆိုင်းနေပြီး ကိုသာဝိုင်းသည်လည်း စတီယာရင်ပေါ် လက်တင်ကာ အသင့်အနေအထားမှာ ရှိနေသည်။
မင်းသမီးသည် ဂါဝန် ပင့်မ,ကာ ကားပေါ်သို့ ရွရွကလေး လှမ်းဝင်လာ၏ ။
မသက်ပန်က တံခါးပိတ်ပေးပြီးမှ ကားနောက်သို့ လှည့်ပတ်ကာ မင်းသမီးနံဘေးတွင် ၀င်ထိုင်သည်။
ဂျက်မသည် နောက်ဆုံးမှ အူယားဖားယားပြေးထွက်လာပြီး ရှေ့ခန်းတွင် နေရာယူ၏ ။
ကားလှိမ့်ထွက်သွားမှ ၀င်းတံခါးနံဘေးတွင် စောင့်ဆိုင်းနေသော ခင်မှီက တံခါးပိတ်ကာ သော့ ခတ်သည်။ စာပုံးမှ သတင်းစာနှင့် မီတာဘီတို့ကို ထုတ်ယူပြီး အိမ်ဘက် ပြန်လှည့်ဝင်လာ၏ ။
တကယ်တော့ သည်အိမ်ကြီးသည် တစ်ဖက်က ကိုးကန့်တိုက်ကြီးလို ခေတ်မီဆန်းသစ်ခြင်း အလျှင်းမရှိ။
နိုင်ငံကျော် ရုပ်ရှင်မင်းသမီး ယမင်းဆွေဆက်၏ နေအိမ်ကို အဲသည် ကိုးကန့်တိုက်ကြီးလို ပင် မြင်သူတွေ ရင်သပ်ရှုမော အံ့သြချီးမွမ်းရစေချင်မိ၏ ။
ခုတော့ ရှေးရိုးပုံစံ ရိုးရိုးစင်းစင်းကြီး။
ခင်မှီက ဟွန့်ခနဲ မဲ့ရွဲ့ရင်း အိမ်ထဲပြန်ဝင်သွားတော့၏ ။
“ကျွန်တော် တို့တော့ နောက်ကျနေပါပြီ”
“အားနာပါရဲ့ ၊ ဒါပေမဲ့ ခင်သစ္စာရဲ့ ပွဲကို လုသလို ဖြစ်မှာ တော့ အသေအချာပဲ”ဟု ဂျက်မက မှတ်ချက်ချသည်။
ယမင်းက ပခုံးအသာတွန့်လေ၏ ။
တကယ်လည်း ယမင်းရော ဂျက်မပါ အဲသည်ပွဲကို လုကြမည့် သူတွေ ချည်းပါပဲ။
ခင်သစ္စာသည် ယမင်းဆွေဆက်နောက် အမီလိုက်လာနိုင်ပြီး ကြောလည်း ကြောသွားနိုင် ကောင်းသည်ဟု ဝေဖန်ရေး သမားအချို့က တစ်ပေးနေခဲ့ကြ၏ ။
သို့ သော် သင်္ဘောသားက ခင်သစ္စာ၏ တက်လမ်းကို နောက်ပြန်ဆွဲထားလိုက်ပါပြီ။
ရုပ်ပြလောကမှာ မင်းသား၊ မင်းသမီး အိမ်ထောင်ကျခြင်းသည် နာမည် ကို ဆွဲချလိုက်သလို ကျသွား၊ တန့်သွား၊ နှောင့်နှေးသွားနိုင်သည်ဟု လက်ခံယူဆထားကြသည်။
ခင်သစ္စာ မကျွမ်းကျင်တာကြောင့် ဘဲ ဗိုက်ထဲမှ သုံးလသန္ဓေက ဖုံးမနိုင်ဖိမရ ဖြစ်စပြုလာပြီ လေ။
ရတုန်းရခိုက်အခွင့်အရေး ကို ဆုပ်ကိုင်ဖမ်းယူတတ်ရမည့်  အရည်အချင်းတွေ ဟာ ယမင်းတို့ ထံတွင် အပြည့်အ၀ ရှိနေသင့်သည် မဟုတ်ပါလား။
ဂျက်မကလည်း မခေ။ ခင်သစ္စာ၏ အလှဖန်တီးရှင် မေမြမောင်ကို ယမင်းမိပြီး ကြောနိုင်ဖို့ ဂျက်မက အသေအလဲ မျှော်ကိုးနေပါ၏ ။
အင်းလျားလိတ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် မျက်လုံးပေါင်းများ စွာ သည် ယမင်း ဆွေဆက်ထံသို့ စုပြုံရောက်ရှိလာတော့သည်။
ကင်မရာမီးတို့သည် ဟိုမှသည်မှ လင်းခနဲ ၀င်းခနဲ။
မျှော်လိုက်ရတာ မင်းသမီးရယ်။
ဒီဘက်ကိုလည်း ချိစ်ကလေး။
နှုတ်ခွန်းဆက်သံတွေ ဆီသို့ ပြုံးကာရယ်ကာ လက်ပြကာ။
တိုင်းရက်သည့်ကမ္ဗလာ မိုးရွာသည်နှင့် အဆင်သင့်တော့၏ ။
အခါတော် ပေးပြီမို့ နတ်ရေး သည့် မောင်နှံစုံသည် မင်္ဂလာခန်းမထဲသို့ ဖြည်းဖြည်းညင်းညင်း လှမ်းဝင်လာကြပါပြီ။
ယမင်းနောက်မှ မသက်ပန်။ သူမ၏ နောက်မှ ဂျက်မ။
ခင်သစ္စာတို့ထံ ရောက်ရှိရမည့် အာရုံကို ယမင်းက ပိုင်ပိုင်နိုင်နိုင် ချိုးဖဲ့ရယူပစ်လိုက်တော့ သည်။
ရုတ်ရုတ်သဲသဲ ပရိသတ်အလယ်မှ ဂါဝန်ရှည်ကို အသာဖေးမ,ကာ ကြွကြွရွရွ လှမ်းလျက် သူမအတွက် သီးသန့်ဖယ်ထားသော နေရာဆီသို့ ဦးတည်လာခဲ့သည်။
ယမင်းထိုင်သင့်သည်က မင်္ဂလာမောင်မယ်ဘက်သို့ မျက်နှာမူထားသည့် ကုလားထိုင် ဖြစ် သည်။
သို့ ရာတွင် ကပ်လျက်စားပွဲဆီမှ တစ်ယောက် သော သူ၏ ရုပ်ပုံလွှာသည် ယမင်း၏ ဦးတည် ချက်တွေ အားလုံး ကသော င်းကနင်း ပြောင်းတိပြောင်းပြန် ဖြစ်သွားစေတော့သည်။
နက်မှော င်သန်စွမ်းလှသော သူ့ဆံပင်တွေ သည် ပိန်းပိတ်စွာ ထိုးထောင်နေသော ကြောင့် ခပ်တိုတိုတိတိ ဖြတ်ညှပ်သ,ထားသည့်တိုင် ဖြီးသင်လှဲချ၍ မရနိုင်ဘဲ လူမည်းတစ်ဦး၏ ဦးခေါင်း ပမာနှယ် လုံးဝန်းလျက်ရှိနေသည်။
လူမည်းနီဂရိုးတစ်ဦးနှင့် သိသိသာသာခြားနားစေသည်က သူ၏ အသားအရေ ဖြစ်ပြီး အသားလတ်လျက် ကျန်းမာသန့်စင်စွာ ၀င်းဖန့်နေသေး၏ ။ မျက်ခုံးထူထူ၊ နှာတံစင်းစင်းနှင့် မျက်တောင်တွေ က ထူထူသိပ်သိပ်ရှိသော်လည်း ကော့ပျံမနေဘဲ သူသည် အရှေ့တိုင်းသား စစ်စစ် ဖြစ်ကြောင်း အထောက်အထား ပြနေပေတော့၏ ။
သူ့နံဘေးမှ အသားမည်းမည်း ဂင်တိုတို ပုဂ္ဂိုလ်က မင်္ဂလာမောင်နှံကိုကြည့်ပြီး တစ်စုံ တစ်ရာ ရယ်စရာပြောလိုက်သော အခါ သူသည် စားပွဲကို လက်နှင့် ပုတ်ပြီး လှိုက်လှိုက်လှဲလှဲ ရယ်မောတော့သည်။
ထိုအခါ အထက်နှုတ်ခမ်းပါး၏ လက်ယာဘက်ခြမ်းကို ဆွဲချိတ်ထားသော အနာရွတ်သည် သူ့အပြုံးအရယ်ကို အသွင်သဏ္ဌာန် တစ်မျိုးထူးခြား သတိထားမိစေတော့သည်။ ဆွဲဆောင်မှု တစ်ခုဟု ဆိုရလေမလား။
ယမင်းကိုတော့ ဟန်ပန်ဣနြေ္ဒ ပျက်ပြားစေသော ဆွဲဆောင်မှု မှန်ပါပေသည်။
ယမင်း ခြေလှမ်း ဆိုင်းငံ့ရပ်တန့်သည်။
ယမင်း၏ နှလုံးခုန်သံတစ်ချက် ၀တ္တရားပျက်ယွင်း လစ်ဟင်းခဲ့လေသည်။
မောင်။
နှုတ်ခမ်းနှစ် လွှာမှ ထွက်ပေါ်လာခွင့် မရရှိလေသော ကြောင့် မောင်ဆိုသော တမ်းတခေါ် မြည် သံသည် အသည်းနှလုံးကို ထုတ်ချင်းဖောက်ထွင်းကာ ရင်ကို အစိတ်စိတ်ခွင်းပြီး စကြ၀ဠာ ဟင်းလင်းပြင်ထဲသို့ တစ်စစ ပျံဝဲလွင့်စဉ်သွားခဲ့တော့သည်။
တစ်ပြည်တစ်ရွာသို့ ခွဲခွာကျောခိုင်းသွားခဲ့လေသော ချစ်သူရယ်။ ဘယ်အချိန်။ ဘယ်အခါ တုန်းကများ ပြန်လည်ရောက်ရှိနေပါလိမ့်။
“ဒီခုံမှာ ထိုင်မလား သမီး”
ဂျက်မ၏ ကနွဲ့ကလျ အသံအောကြီးသည် မောင့်အာရုံသို့ ဆွဲယူလိုက်လေသည်။
မောင်သည် ပြုံးရယ်လက်စမှာ ပင် ဂျက်မ၏ အသွင်မှ ဟာသထပ်မံတွေ့ ရှိလိုက်သည့် အလား မျက်လုံးတွေ ပင် တရွှန်းလက်လက် ဖြစ်လာတော့သည်။
သူ့နံဘေးမှ အသားမည်းပုဂ္ဂိုလ်၏ မျက်လုံးတွေ မှာ မူ ယမင်းထံတွင် ပူးကပ်တွယ်ငြိ၏ ။
“ယမင်းဆွေဆက်ဟ”
မင်္ဂလာတေးသွားမှအပ တိတ်ဆိတ်ငြိမ်လှသော ခန်းမတွင် အသားမည်းပုဂ္ဂိုလ်၏ တီးတိုး သံသည် နံဘေးနဘီသို့ ထွင်းဖောက်လှုပ်ခတ်သွားစေသည်။
အခြားစားပွဲတွေ မှ မင်းသမီးကို သတိပြုမိကြကုန်၏ ။
“ဘယ်သူ”
“သေပါလားဟ၊ ရုပ်ရှင်မင်းသမီး စူပါစတား”
“သြော်”
ရုပ်ရှင်မင်းသမီး ယမင်းဆွေဆက်ဆိုတာကို မောင်မကြားဖူးဘူးထင်သည်။ ရေခြား မြေခြား တိုင်းတစ်ပါးမှာ အနေကြာခဲ့တာကြောင့် ပြည်တွင်းဖျော်ဖြေမှု တွေ ကို သူ မျက်ခြည်ပြတ်နေဟန် ရှိလေသည်။
သို့ ပေသော်ငြားလည်း အဲသည် ယမင်းဆွေဆက်ဟာ သူ့ကော်ရုပ် ဖြစ်များ ဖြစ်လေမလားဟု သံသယအတွေးတစ်မျှင် မ၀င်မိဘူးလားဟင်။
ပွဲလုမှု တစ်ဆိတ်လွန်လွန်းပြီဟု ခင်သစ္စာ ငြိုငြင်စရာ ဖြစ်ရတော့သည်။
စိတ်နှင့် ကိုယ်နှင့် တခြားစီလွင့်ရင်း မျက်လုံးတွေ က သူ့ထံဖက်တွယ်ရင်း လှမ်းလိုက်မိသော ခြေတစ်ဖက်သည် ဒေါက်ဖိနပ် မစီးဖူးလေသည့်ပမာ ခွေခေါက်သွားတော့သည်။
“ဟာ”
မင်္ဂလာပရိသတ်ထဲမှ အာမေဍိတ်သံသည် ယမင်း၏ ညည်းတွားသံကိုပင် လွှမ်းမိုးသွား တော့သည်။
သည်အထဲမှာ အနီးကပ်ဆုံး မောင့်၏ အာမေဍိတ်သံသည် ယမင်း၏ နားထဲသို့ ပီပီသသ သဲသဲကွဲကွဲ တိုးဝင်သည်။
စားပွဲပေါ်သို့ ထောက်မိသော လက်ည် နို့ကရားကို လဲကျသွားစေသည်။
အသားမည်းပုဂ္ဂိုလ်ထံသို့ လည်း အစက်အပြောက် လွင့်စဉ် စွန်းထင်း၏ ။
မောင့်ရခိုင်လုံချည်ပေါ်သို့ အရှိန်အဟုန်နှင့် စီးကျပေရေသွားစေတာ ကတော့ ဖိတ်စဉ်သွား သော နို့ရည်တစ်ဝက်ပင်ကပါရဲ့ လား မသိ။
မောင့်အာမေဍိတ်သံသည် သူ့ပုဆိုး ပေကျံသွားခြင်းကြောင့် မဟုတ်တန်ရာပါဘူး ထင်သည်။
သူမကို မောင်မှတ်မိသွားပြီလားဟု ယမင်းက မျှော်လင့်ခြင်းကြီးစွာ ကြည့်မိသည်။
နာကျင်ရှုံ့မဲ့နေခြင်းသည် အမူအရာလုပ်နေခြင်း မဟုတ်ပါ မောင်။ သရုပ်ဆောင်နေခြင်း မဟုတ်ရလေပါ။
သူမ၏ ခြေထောက် အမှန်တကယ် နာကျင်နေသည်။
သို့ စဉ်လျက် နာကျင်သည်ကို အမှု မထားနိုင်ဘဲ မောင့်နှလုံးအိမ်တွင် သူမကို မှတ်မိသော အရိပ်သဏ္ဌာန် ထင်ဟပ်လေမလား သွေးရူးသွေးတန်း ရှာဖွေသည်။
“ဟာ . . . လဲတော့မှာ ပဲ၊ ဟေ့ကောင် . . . လုပ်ပါဦး”
မောင်သည် ကမန်းကတန်းထကာ ယမင်း၏ လက်မောင်းရင်းမှ ဆုပ်ကိုင်ပြီး လဲကျမလာ အောင် ဖေးမထားလိုက်သည်။
“နာသွားပြီထင်တယ်၊ ဒုက္ခပါပဲနော်”
“ခြေထောက်ကျိုးမလား မသိပါဘူး”
မသက်ပန်နှင့် ဂျက်မက အမူအရာ တစ်မျိုးစီနှင့် ယောက် ယက်ခတ်နေကြသည်။
မင်္ဂလာပရိသတ်ကား သတို့သားနှင့် သတို့သမီးကို သတိမရနိုင်တော့ဘဲ ယမင်းဆွေဆက် ဘာ ဖြစ်သွားသလဲသာ စုံစမ်းမေးမြန်းနြေ ကတော့၏ ။
ကင်မရာ မီးရောင် တွေ တဖျပ်ဖျပ် လှုပ်ခတ်လျက် ရှိနေသည်။
“ဗွီဒီယိုရိုက်နေတာဗျ၊ မင်းသားသစ်နဲ့ ဗွီဒီယိုရိုက်နေတာ”
“ချော်လဲတာပါ သားရယ်”
ကလေး တစ်ယောက် ၏ စူးစူးဝါးဝါး ထင်မြင်ချက်ပေးသံ၊ မိခင် ဖြစ်ဟန်တူသူ၏ ပျာပျာသလဲ ဖြေရှင်းသံတို့ နောက်ကွယ်တွင် ခိုးခိုးခွက်ခွက် ရယ်သံတွေ လိုက်ပါလာ၏ ။
“အရိုးတော့ မကျိုးလောက်ပါဘူး ထင်ပါရဲ့ ”
မောင်ခပ်လုံးလုံး ရှတတအသံသည် ယမင်း၏ နှလုံးသားကို ခပ်ကြမ်းကြမ်း ပွတ်တိုက်သွား သည်။
မောင့်ထံမှ သတိရသော လက္ခဏာ၊ မှတ်မိသော အထိမ်းအမှတ် တစ်စုံတစ်ရာ ရှာမတွေ့  လေသော ကြောင့် ကြေကွဲခြင်းအတိပြီးလျက် ယမင်းမျက်လုံးတွင် မျက်ရည်ဥသီးလာလေသည်။
ဒါကိုပဲ ဒဏ်ရာမှ နာကျင်မှု ဒဏ်ကြောင့် ယမင်းဆွေဆက် မျက်ရည်လည်သည်ဟု မောင်က ထင်တွေးနိုင်အားပေရဲ့ ။
ဝေဠုရယ် . . . . ငါ့ကို နင်မမှတ်မိဘူးဆိုတာ ဖြစ်နိုင်ပါ့မလားဟယ်။ ငါလေ ကော်ရုပ်လေ။ သူများ တွေ အတွက် ယမင်းဆွေဆက်။ နင့်အတွက်တော့ ကော်ရုပ်ပေါ့။ ငါ့ဆံပင်တွေ အုန်းဆီရွှဲရွှဲ လိမ်းပြီး ဖိပြားပစ်စမ်း။ ငါ့မိတ်ကပ်တွေ နှုတ်ခမ်းနီပါးနီတွေ ဖျက်ပစ်လိုက်စမ်း။ အလကားဆိုးဆေး တွေ ပါကွာ။ လိုင်နာတွေ ၊ အိုင်းရှဲဒိုးတွေ ပါ ပွတ်ထုတ်ပစ်မှ ဖြစ်မှာ ပါ။ ဒါဆိုရင် နင် မှတ်မိမလား။ မောင်လို့ ငါက ခေါ်လိုက်ရင်ကော ဟင်။
ဗွီဒီယို ကင်မရာတွေ က မင်းသမီး၏ မျက်ရည်ဝေ့၀ဲနေသော သဘာဝခံစားမှု ကို အမိအရ မှတ်တမ်းတင်နေသည်။
သတိဝင်လာသော မင်းသမီးသည် ခက်ထန်မာကျောစွာ တားဆီးကန့်ကွက်ရန် ဟန်ပြင်၏ ။
တစ်ပြိုင်နက်မှာ ပင် ခက်ထန်မာကျောမှု က ကျော်ကြားမှု ကို အနက်ရောင် ဆိုးသုတ်ဆွဲချ တတ်သည်ဟု အသိတရားက ဆိုဆုံးမသည်။
ယမင်း၏ မနှစ် မြို့ဟန် အမူအရာအစအနကို ယမင်းအားချဉ်းကပ်ဝှက်ကွယ်လိုက်သော မသက်ပန်က အထာကျွမ်းလေသည်။
“ကိုဂျစ်တူးရေ၊ ဒီတစ်ကွက်တော့ တစ်ဆိတ်ကန့်ကွက်ပါရစေလား၊ ဆင်ဆာ . . . ဆင်ဆာ”
ကင်မရာဆရာက ပြုံးစစ ဆလံသကာ နောက်ဆုတ်သွားခဲ့သည်။
တားလို့သာ တားလိုက်ရ ခင်သစ္စာ၏ မင်္ဂလာဧည့်ခံပွဲနှင့် အပြိုင်အဆိုင် အလုအယက် မျက်နှာဖုံးသတင်း နေရာယူဦးတော့မှာ ပါလားဟု မသက်ပန် သိနှင့် နေသည်။
ဦးသော်သိလျှင် ဘာပြောမလဲ။ ဆင်ယူတာတောင် ဒီလောက်ကောင်းတဲ့ ကြော်ငြာ ရမယ် မထင်ပါဘူးဟေ့၊ အဲဒါ သူ့ထံမှ ထွက်ပေါ်လာမည့်  နှုတ်ကပတ်တော် ဖြစ်ပေမည် ။
“ဆရာဝန်ဆီ သွားရင် ကောင်းမယ်”
“ခေါ်ပြလိုက်မယ်လေ၊ ဖုန်းဆက်လိုက်မယ်”
ယမင်း၏ အသိုင်းအ၀ိုင်း ပရိသတ်များ သည် တစ်ယောက် တစ်ပေါက် စီစဉ်ကြံဆနေသည်။
“သမီး ဒီမှာ ခဏထိုင်ပါရစေ”
ယမင်းက ရည်ရွယ်ရင်း ထိုင်ခုံမှာ နေရာယူဖို့ ကြိုးစားသည်။ ၀ိုင်းဝန်းတွဲ ခေါ်ကြ၊ နေရာ ချကြ။
မောင့်မျက်နှာကို စေ့စေ့ကြည့်ကာ ကော်ရုပ်ပါ မောင်ရယ်ဟု ပီပီပြင်ပြင် ကြည်ကြည် သန့်သန့် ပြောပစ်လိုက်တော့မည် ။
ဟင် . . . မောင် ဘယ်ရောက်သွားတာလဲ။
ခုမှ ဘိသိက်ဆရာက မင်္ဂလာသြဘာစာ ဖတ်ကြားကာ ပရိသတ်အာရုံကို ဆွဲယူစရှိသေး သည်။
မောင်က ဘာကြောင့် မင်္ဂလာခန်းမမှ ထွက်ခွာသွားရမှာ လဲ။
ယမင်းမှာ ဟန်မဆောင်နိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက် တုန်လှုပ်နေသည်။
မောင့်နေရာတွင် ဂျက်မက ၀င်ထိုင်နေလေပြီ။
“သူပြန်လာမှာ မဟုတ်လားဟင်”
မင်းသမီးက ဂျက်မနံဘေးမှာ ကျန်ရစ်နေသေးသော အသားမည်းပုဂ္ဂိုလ်အား မေးခွန်းထုတ် သည်။
အသားမည်းပုဂ္ဂိုလ်မှာ ပြူးပြူးပျာပျာ အံ့အားတသင့် ဖြစ်နေ၏ ။
ဂျက်မက ခနိုးခနဲ့ မျက်လုံးစွေကြည့်ကာ အဓိပ္ပာယ်ပါပါ ပြောသည်။ ထိုလူချောကို မင်းသမီး ခိုက်နေပြီဆိုသော သဘောမဟုတ်ပါဘူး ဂျက်မရဲ့ ။ ဟုတ်တော့ ဟုတ်တယ်။ ဒါပေမဲ့ ဟုတ်မှ မဟုတ်တာ။
“သူပြန်သွားပြီလား”
ယမင်းက အသားမည်းမည်းပုဂ္ဂိုလ်ကို စေ့စေ့ကြည့်ကာ ရှင်းရှင်းမေးလိုက်သည်။
“ဟုတ်ကဲ့ ခင်ဗျ၊ ဟုတ်ကဲ့၊ သူပြန်ပါပြီ။ အရေး ကြီးအပွိုင့်မင့်တစ်ခုရှိနေလို့ ပြန် သွားပါပြီ ခင်ဗျ။ အေးအေးဆေးဆေး ထိုင်ကြပါခင်ဗျာ”
ယမင်းသည် အပြေးအလွှား လိုက်သွားရတော့မလား၊ ချုံးပွဲချ ငိုကြွေးလိုက်ရတော့မလား ဝေခွဲမရအောင် စိတ်တွေ ကစဥ့်ကလျား ယောက် ယက်ခတ်ကုန်သည်။
“မင်းသမီး ခြေထောက် သိပ်နာနေလို့ပါ သမီးလေးတို့ရယ်၊ နောက်တစ်ခါ ကြုံကြိုက်မှ . ..”
မသက်ပန်၏ တိုးညင်းသော တောင်းပန်သံသည် ဝေးလံစွာ သော တစ်နေရာမှ ၀ဲလွင့်လာ သည်ဟု ထင်မှတ်နေမိသည်။
ချက်ချင်း ပင် တာဝန်နှင့် ၀တ္တရားက ယမင်းဆွေဆက်ကို လှုပ်ခါနှိုးထစေလေ၏ ။ နင်ဟာ ပရိသတ်ရဲ့ အချော့တော် လေ။ နင့်လက်မှတ် လိုင်ချင်နေကြပြီ။ အမှတ်တရ အော်တိုဂရပ်ဖ် စာအုပ် ကလေးတွေ ရဲ့ ပရိသတ် စောင့်နေပြီ။ ပြုံးလေ၊ ပြုံးလိုက်စမ်းပါဦးဟယ်။
“သမီး ရေး ပေးပါ့မယ် မသက်ပန်၊ ပရိသတ်ရဲ့ မေတ္တာကြောင့် သမီး သိပ်မနာတော့ပါဘူး”
မျက်ရည်စနှင့် ပြုံးရယ်ပြနေသော မင်းသမီး၏ အလှနှင့် စေတနာဝယ် ဆယ်ကျော်သက် တွေ ရော ရင့်ကျက်ပြီးသူတွေ ပါ အရည်ပျော်ဆင်းသွားကြကုန်၏ ။
အသားမည်းပုဂ္ဂိုလ်လည်း ဘာသားနှင့် ထုထားတာမို့လဲ။ ရောင် ယောင်သွေးသောက် အရည်ပျော်ကာ ဆယ်နှစ် လောက် ပြန်ပြီး ငယ်ပစ်လိုက်ချင်နေသည်။ အော်တိုဂရပ်ဖ် မရှိတော့ရော ပါလာသည့် နှစ် ရာတန်အသစ်ကျပ်ချွတ်မှာ လက်မှတ်တောင်းယူပြီး အိမ်က မှန်ပေါင်သွင်းထားတဲ့ ဘွဲ့လက်မှတ်ပေါ်မှာ ထပ်တင် ရှိုးပြထားလိုက်ပြန်ရော့။ မ ဖြစ်သေးပါဘူးလေ။ အဲသည်အရွယ်မှ လွန်မြောက်ခဲ့တာ ကြာပဲ ကြာလှနေမှ။
မင်းသမီးမူကား ရင်ထဲမှာ ငိုညည်းရင်း လက်မှတ်တွေ ရေး ထိုးကာ အကယ်ဒမီရှော့ခ်တစ်ခု ကို လေ့ကျင့်နေရဆဲ ဖြစ်သည်လေ။
xxxxx
အိပ်မပျော်နိုင်သည့် အဆုံးတွင် ကြိုးစားအားထုတ်မှု ကို နိဂုံးချုပ်ပစ်လိုက်တော့သည်။
ယမင်းဆွေဆက်က အိပ်ရာမှ ငေါက်ခနဲ ထထိုင်လိုက်သည်။
နူးညံ့ပွရောင်းသော ဆံနွယ်တွေ ကြားသို့ လက်ချောင်းများ ထိုးထည့်ကာ ရှုပ်ထွေးလိမ်တွန့် နေသမျှကို ရှင်းလင်းသပ်ရပ်သွားအောင် ပြုပြင်လိုက်၏ ။
ခုတင်ပေါ်မှဆင်းလာသော အခါ ဖြူဖွေးသော ပိုးချည်ည၀တ်အင်္ကျီရှည်သည် ယမင်း၏ ပါးလျားသော ခန္ဓာကို ထွေးပွေ့လျက် ရေမှော်လေးပမာ သွယ်ပျောင်းယိမ်းနွဲ့နေစေလေ၏ ။
ယမင်းသည် လရောင် ထိုးဖြာနေသော ပြတင်းပေါက်ဆီသို့ အိပ်မွေ့ချခံထားရသူပမာ စိုက်စိုက်လျှောက်သွားနေတော့သည်။
ခြံထဲတွင် အုန်းပင်တွေ ၊ သရက်ပင်တွေ စနစ်တကျ စိုက်ပျိုးထားခဲ့၏ ။ ဟိုအရင် ယမင်းတို့ သည်နားတစ်ဝိုက် အခြေချစကတည်းက သည်သစ်ပင်တွေ အပြိုင်းအရိုင်း အုပ်ဆိုင်းကြီးမြင့်နေခဲ့ ပြီ။
ခြံစည်းရိုးမှ ၀ါးရုံတောတွေ ကလည်း ဟိုတုန်းကနှင့် မခြား ဆိုင်းဆိုင်းညို့ညို့ စည်းခြားသတ် မှတ်နေသည်။
လက်ယာဘက်ခြံဝင်းထဲတွင် ကိုးကန့်တိုက်ကြီး ဟည်းနေသည်။
သစ်ခက် အုန်းလက်ကြားမှ တိုးဝင်နေသော လရောင် သည် ယမင်းကို အမိအရ ဖမ်းစား လျက်ရှိလေ၏ ။
ကိုးကန့်တိုက်ကြီးသည် ယမင်း၏ အာရုံတွင် မှု န်ဝါး ကွယ်ပျောက်သွားတော့လျက် ဟိုတုန်း က မန်းကီးတို့နေထိုင်သော အိမ်အိုဟောင်းကြီးကိုသာ မြင်ယောင်သတိရလာတော့သည်။ မောင့် သူငယ်ချင်း မန်းကီးရယ်လေ။
ပုစဉ်းရင်ကွဲအော်သံတွေ တိုးတိတ် ဆိတ်ငြိမ်သွားလျက် လက်ခေါက်မှု တ်သံတစ်ချက် သဲသဲကွဲကွဲ ကြားလိုက်ရသည်။ ကြားယောင်တာမှန်းသိလျက်နှင့် ပင် သဲသဲကွဲကွဲကြီး ကြားလိုက်ရ လေသည်။
သည်လိုများ မန်းကီးက အချက်ပေးမှဖြင့် မောင်သည် ထမင်းမေ့ဟင်းမေ့ သူ့မိခင်၏ လက်ခေါက်ပြင်းပြင်းကိုပါ အလျှင်း မေ့ပျောက်လျက် လှစ်ခနဲဆို ဆင်းပြေးသွားတော့တာ။
ယမင်းသည် အတွေးနှင့် ရယ်မောနေမိသည်။
ရယ်မောရင်းပင် သိမ်ငယ်ခဲ့သည်ဟုမှတ်သော အတိတ်ဘ၀ကလေးကို တမ်းတမွတ်သိပ် ကာ မျက်ရည်ဝေ့လည်လာတော့သည်။
ညနေခင်းတုန်းက အင်းလျားလိတ်မင်္ဂလာပွဲတွင် မောင့်ကို ပြန်လည်ဆုံတွေ့ သည်။
တစ်နေ့နေ့မှာ တော့ သူနှင့် ပြန်လည် ဆုံတွေ့ လိမ့်မည် ဟု ယမင်း မျှော်လင့်ယုံကြည်ခဲ့ပါ သည်။
ထိုတစ်နေ့တွင် အတိတ်နှင့် ကွာဟသော တစ် ဖြစ်လဲဘ၀သစ်မှာ သူတွေ့ မြင်ရစေချင် သည်က ယမင်း၏ ပြင်းပြသော ဆန္ဒ၊ ယမင်းတောင့်တသော ဆုတောင်း။
ဆုတောင်းရယ် မပြည့်စုံလေသည်လား။
တစ် ဖြစ်လဲ ဘ၀သစ်မှ ယမင်းကို သူက (ကော်ရုပ်ရဲ့ မောင်က) လုံးဝ မမှတ်မိနိုင်တော့ပြီ လား။
ကော်ရုပ်က ပြောင်းလဲတာလား။
မောင့်ကိုက အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေရော့သလားကွယ်။
ခေါင်းခါယမ်းငြင်းဆန်ရင်း ပြတင်းသံတိုင်တွေ မှာ နဖူးရိုက်ကာ နေသည်။
ယခုတော့ သူ့အနီးတွင် ခြေထောက်ခွင်သွားခဲ့သူသည် နာမည် ကျော်ရုပ်ရှင်မင်းသမီး ယမင်းဆွေဆက် ဖြစ်သည်ဟု သူသိထားပြီးပြီလား။
ယမင်းဆွေဆက်သည် ကော်ရုပ် ဖြစ်သည်ဟု သူသိများ သိလိုက်ရလျှင် ဘယ်လိုခံစားသွားရ လေမလဲ။
ယမင်းဆွေဆက်ရယ်လို နတ်ရေကန်မှ ပြန်လည်မွေးဖွားဖန်ဆင်းခဲ့ပြီးမှ မောင်က ၀မ်းပန်း တသာ ဂုဏ်ယူလက်ခံမှာ တဲ့လား။
လှပသည်ဟု သူထင်မြင်ခဲ့သည်။ (သူတကာတွေ က ဘယ်လိုပဲ လှပသည်ပြောနေပါစေ၊ သူထင်မြင်ဖို့ အရေး ကြီးသည်။)
ယခု အောင်မြင်ကျော်ကြားသည်။
ချမ်းသာကြွယ်ဝသည်။
သူ့ မိဘတွေ ရောင်းချစွန့်ခွာခဲ့ရသော သူတို့နေအိမ်ကြီးကို ယမင်းက သူ့အတွက် ပြန်လည် သိမ်းပိုက် ၀ယ်ယူထားပြီးပါပြီ။
ဒါတွေ ကို သူများ သိလိုက်လျှင်-
သူသိအောင် ဘာလို့များ အမိအရ မပြောလိုက်မိတာလဲ ဟင်။
ယမင်းသည် ပြတင်းကို ကျောခိုင်းကာ အိပ်ခန်းထဲသို့ ပြန်လျှောက်လာသည်။
မှန်တင်ခုံ အောက်ဆုံးအံဆွဲကိုဖွင့်ကာ လက်လျှိုစမ်းသပ်၏ ။ လက်ယာဘက်ထောင့်စွန် အနောက်ဘက်ဆုံးနေရာ။
သော့ တွဲ သည် တချွင်ချွင် အသံပြုပြီး သူမလက်ထဲလိုက်ပါလာလေသည်။
အိပ်ခန်းတံခါးလက်ကိုင်ကို အသာအယာ လှည့်ဖွင့်လိုက်သည်။
အခန်းပြင်တွင် နံရံကပ် မီးအိမ်ကလေးတွေ မှ ဖယောင်တိုင်ငါးတိုင်အား အလင်းရောင် ဖျဖျ ဖြန့်ဖြူးနေသည်။
ညအိပ်အင်္ကျီကို အသာသိမ်းကာ လှေကားအတိုင်း တစ်လှမ်းချင်း ဆင်းခဲ့၏ ။
ယမင်းနှင့် မသက်ပန်က အပေါ်ထပ်တွင် အိပ်သည်။ အောက်ထပ်တွင် ဒေါ်စိန်ရင်နှင့် ခင်မှီ က တစ်ခန်း၊ ဘော်ဘီက တစ်ခန်း။
ကျယ်ဝန်းသော အိမ်ကြီးတွင် အခန်းလွတ်တွေ ကျန်နေသည်။ သို့ သော်လည်း သူစိမ်းတွေ ကို သည်ထက်များများ အိပ်ပေါ် မခေါ်ထားလိုပြီ။
ကိုသာဝိုင်းနှင့် ခြံစောင့်ကြီးတို့ကို တိုက်တန်းလျားမှာ နေရာပေးထားလေ၏ ။
လှေကားရင်းတွင် နေရာတကျစီထားသော ရှေ့ထိုးလွှာ ဖိနပ်ပါးကလေးကို စွပ်လိုက်သည်။
အိမ်မကြီးနှင့် မီးဖိုဆောင်ကို ဆက်သွယ်ထားသော လူသွားစင်္ကြအတိုင်း လျှောက်လာခဲ့ သည်။
မီးဖိုဆောင်နှင့် ယှဉ်လျက်သားအခန်းဘက်တွင် ပိန်းပိတ်မှော င်မည်းလျက် ရေနံဝသော သစ်သားတံခါး ပိတ်လျက် ရှိနေသည်။
ယမင်းသည် တံခါးရှေ့တွင် တောင့်တောင့်ကလေးရပ်ကာ အခိုင်အမာပိတ်ဆို့ထားသော ကြေးသော့ ခလောက်ကြီးကို တွေ တွေ ငေးငေး ကြည့်ရှုနေခဲ့သည်။
သူမလက်မှ သော့ တွဲ တွင် သော့ တံသုံးလေးချောင်း ပါဝင်လေသည်။
ငုံ့ကြည့်ရှာဖွေစရာ မလိုဘဲ သော့ ကို လက်ဖြင့် စမ်းသပ်ကာ ကြေးသော့ ခလောက်ကို ဖွင့်သည်။
ချလောက်ခနဲ အသံမြည် ကာ သော့ ပွင့်သွားသည်တွင် ယမင်းက တံခါးမဖွင့်သေးဘဲ အခြား အသံဗလံလှုပ်ရှားမှု တစ်စုံတစ်ရာ ရှိလေဦးမလား စောင့်စားငြိမ်သက်နေသေးသည်။
ပြီးမှ တံခါးရွက်ကို ဖြည်းဖြည်းချင်း တွန်းဖွင့်လေသည်။
အခန်းငယ်တစ်ခု၊ ရှစ်ပေ၊ ခြောက်ပေ၊ အခန်းကျဉ်းကလေး။ ဤမျှကျယ်ဝန်းသော နေအိမ် ကြီးတွင် တော့ ဒါဟာ အခန်းကျဉ်းကလေးမျှသာပင်။ ကျူးကျော်ရပ်ကွက်မှ ကော်ရုပ်တို့၏ ယိုင်နဲ့နဲ့ တဲပုတ်ကလေးနှင့် နှိုင်းစားလျှင်သာ မတိမ်းမယိမ်း ကျယ်ဝန်းနေမှာ ပါ။
တံခါးနှင့် မျက်နှာချင်းဆိုင် နံရံလုံးပြည့် ပြတင်းတွေ တပ်ဆင်ထားသော ကြောင့် ပစ္စည်း များများ စားစား ရှိမနေသော ကြောင့် အမြင်လည်း ရှင်းသည်။
တံခါးရွက်၏ လက်ဝဲဘက်တွင် တစ်ယောက် အိပ် ခုတင်တစ်လုံးကို နံရံကပ်လျက် နေရာ ချထားသည်။
ခုတင်ပေါ်တွင် သဘော့ဖျာကလေးမျှပင် ခင်းကျင်းမထားပေ။ စိရိုက်ထားသော နှစ် တစ်လက်မ သစ်သားချောင်းတွေ မှာ ဖုန်အလိမ်းလိမ်း ကပ်ငြိမှေးမှိန်နေလေသည်။
အရင် ကော်ရုပ်အိပ်စက်ခဲ့ဖူးသော သဘော့ဖျာသည် အိမ်ဖော်အဆက်ဆက်အိပ်ရင်း စုတ်ဖွာဟောင်းရိပြီး ခုလောက်ရှိ ခြံနောက်က အမှိုက်ကျင်းထဲမှာ မြေသြဇာ ဖြစ်လောက်ပါပြီ။
ခုတင်ခြေရင်း နေရာလွတ်တွင် အသုံးတည့်ဟန်မတူသော သစ်သားစားပွဲဝိုင်းတစ်ခုကို ထောင်လျက်သား ထိုးကပ်ထားသည်။ ပြတင်းပေါက်အောက်ဘက်ပေါင် သစ်သားတန်းတွင် တန်းထားသော ပလတ်စတစ်ကြိုးသည် စားပွဲခြေထောက်တစ်ဖက်ပေါ်သို့ လျော့ရဲတွဲ ကျနေသည်။
ယမင်းတန်းခဲ့သော ထဘီတန်းကလေးပင် ဖြစ်သည်။ ပလစ်စတစ်မို့လည်း နှစ် ရှည်လများ ကြံ့ကြံ့ခံနေရှာသေးသည်။
သည်အိမ်မှ မောင့်မိသားစု ပြောင်းရွှေ့သွားပြီးသည့်နောက် သည်အခန်းကို နောက်လူတွေ အသုံးမပြုဘဲ အသေပိတ်ဆို့ထားခဲ့ဟန် တူသည်။
ဦးသော် လိုက်လံကြည့်ရှုသော အိမ်တွေ ထဲမှာ အမှတ်မထင် သည်အိမ်လိပ်စာ ပါလာခဲ့ သည်။ ကြိုတင်တွေးဆမထားပါဘဲလျက် သူမ ဆုံးဖြတ်ဝယ်ယူ ဖြစ်ခဲ့လေ၏ ။
အိမ်အရောင်းအ၀ယ်တည့်ဖို့ လုံးလေးလ စောင့်ဆိုင်းခဲ့ရသေး၏ ။ ယမင်းဘက်က ကြိုက်ဈေးပေးပြီး ၀ယ်ယူတာတောင် ပိုင်ရှင်က ရန်ကုန်မှာ ရှိမနေသော ကြောင့် ပြန်အလာ စောင့် ဆိုင်းရပြန်၏ ။
အပြီးအပိုင် ငွေချေပြီးမှပင် ယမင်းက သည်အိမ်သို့ ပထမအကြိမ် ပြန်လည်ခြေချ ဖြစ်ခဲ့ သည်။
အိမ်ထဲရောက်လျှင် ရောက်ချင်း ယမင်းအရင်ဆုံး ခြေလှမ်း ဖြစ်ခဲ့သည်မှာ လည်း သည် အခန်းဆီသို့ ပင် ဖြစ်သည်။
အခန်းတံခါးကို သံချေးအထပ်ထပ်တက်နေသော သော့ ခလောက်ကြီးတစ်ခုနှင့် ခတ်ထား လျက်သား တွေ့ မြင်ခဲ့ရသည်။ သော့ တံ ဘယ်မှာ လဲ မေးစရာ အိမ်ရှင်ဟောင်းတို့ မရှိလေပြီ။
သော့ ခလောက်ကိုပဲ ဖျက်ထားပါဟု ယမင်းက ဦးသော်ကို မှာ ကြားခဲ့သည်။
နောက်တစ်နေ့မှာ ခုတင်ရော စားပွဲဟောင်းတစ်လုံးပါ သမီးမှာ တဲ့အတိုင်း ဘာမှမရွေ့ဘဲ ထားခဲ့တယ်ဟု အကြောင်းပြန်သတင်းပို့ကာ သော့ တံအသစ်တစ်စုံကို ယမင်းလက်သို့ အပ်နှံ၏ ။
အဲသည်ကတည်းက တစ်ခါမျှ လာမကြည့်တော့ဘဲ တမင်တကာ မေ့ဖျောက်ထားခဲ့သည် မှာ ခုဆို သုံးလကျော်ခဲ့ပြီပဲ။
ယမင်းသည် အခန်းထဲသို့ ဖြည်းလေးစွာ ၀င်ရောက်လာပြီးကာ ခုတင်နံဘေးတွင် ခေတ္တ တုံ့ဆိုင်းတွေ ဝေနေခဲ့သည်။
ပြီးမှ စိတ်တုံးတုံးချကာ ခုတင်စွန်းတွင် ၀င်ထိုင်လိုက်တော့သည်။
နောက်ကျောခြံစပ်ဆီမှ ခွေးဝင်စားတစ်ကောင်က ဆွဲဆွဲငင်ငင် အူလေသည်။
ယမင်းက ခြံစည်းရိုးစပ်ဆီသို့ စိုက်စိုက်ငေးငေး လှမ်းမျှော်မိ၏ ။
ဟိုတုန်းကလို့ပင် ခြံစပ်မှာ တဲအိမ်တွေ ခနော်နီခနော်နဲ့ ပြွတ်သိပ်နေပြန်ပါပြီ။
အိပ်မောကျ ငြိမ်သက်နေကြသော်လည်း နေအရုဏ်ကျင်းသည်နှင့် ထိုနေရာတစ်ဝိုက် နိုးကြားလာကြလိမ့်မည် ။
သူတို့တဲတွေ အေက်မှာ အိပ်တန်း ထိုးပေးထားသော ကြက်လေးငါးကောင်သည် ယမင်း တို့ခြံထဲသို့ ကျူးကျော်ဝင်ရောက် အစာလာရြှာ ကတော့မည် ။
တစ်ခါတစ်ရံ သူတို့သားသမီးတွေ ကလည်း အုန်းသီးအကြွေကောက်ရင်း၊ သရက်သီး ပစ်ခတ်ရင်း ခြံထဲ အလစ်ကျူးကျော်လာတတ်ကြသေး၏ ။ ကျူးကျော်ဖို့ သူတို့ ၀န်လေးခြင်း အလျဉ်း မရှိ။
ကျူးကျော်တဲတွေ ကို ရွှေ့ပြောင်းနေရာချပြီး တစ်ကြိမ်နှစ် ကြိမ်မက ဖယ်ရှားပြီး ဖြစ်သော် လည်း တစ်ခေါက်တစ်ကော့ ပြန်လည်ပြောင်းရွှေ့လာသူလည်း ရှိ၏ ။ အသစ်အသစ် ကျူးကျော် လာသူတွေ လည်း မနည်းလှ။
ကော်ရုပ်၏ အဒေါ်တို့ မိသားစု ကတော့ သည်နေရာသို့ တစ်ကျော့ပြန်မလြာ ကတော့ပါ။
ပြန်မလာနိုင်အောင် မောင်တို့အသိုင်းအ၀ိုင်းက အသပြာကြိမ်စကြာအားဖြင့် ဝေးရာသို့ ပိုင်ပိုင်ကြီး နှင်ထုတ်ခဲ့ကြလေသည်။
အဒေါ်တို့ မိသားစုကအရင်။
နောက်မှ လိုက်ပါသွားရသူက ယမင်း။
ယမင်း၏ နှုတ်ခမ်း ကွေးမဲ့သွားသည်။
မေ့ဖျောက်ထားပစ်လိုသော ဘ၀ဟောင်း။
နှလုံးသားတစပြင်ကို ပြန်လည်တူးဖော်ရန် မည် သူ့ကိုမှ ယမင်းက ခွင့်ပြုခဲ့သည် မဟုတ်။
ယမင်းကိုယ်တိုင်ကိုသာ မတားမြစ်ပိုင်တာ မဟုတ်လား။
ထိုစဉ်အခါကလိုပင် အသံမထွက်ဘဲ ကြိတ်မှိတ် ရှိုက်ငင်သည်။
ခုတင်ပေါ်သို့ မျက်ရည်ပေါက်တွေ တောက်ခနဲတောက်ခနဲ စီးဆင်းသွားကြ၏ ။
လေသေနတ်ကိုင်ကာ ကာကီဘောင်းဘီတိုကလေးဖြင့် ဟန်ရေး ပြ လမ်းသလားတတ် သော မောင့်ကို မြင်ယောင်လာပြန်သည်။
ယမင်းသည် မျက်ရည်စက်လက်နှင့် ပြုံးရယ်မိပြန်လေသည်။
သည်အိမ်ကြီးသို့ မောင် ပြောင်းရွှေ့လာစ နေ့ရက်တွေ ကို ယမင်း စိတ်ဝင်တစား မှတ်မိနေ ပါသေးသည်။
“ပစ္စည်းတွေ လော်လီနဲ့ သုံးလေးခေါက်မကဘူးတော့”
အဒေါ်က တွင်းရေငင်ရင်း မျှော်ကြည့်နေသည်။
“အပျိုမကနှစ် ယောက် ၊ ဖြူဖြူတုတ်တုတ် တစ်ယောက် ၊ ပိန်ပိန် တစ်ယောက် က ဂါဝန်ကြီးနဲ့ ပါလား။ မျက်စိနောက်စရာ”
“အမယ် . . . နင့်အရွယ် ကောင်လေး တစ်ယောက် လဲ ပါသဟဲ့။ ကမြင်းမယ့်ဟာကလေးပါ၊ ယောက် ယက်ကို ခတ်နေတာပဲ၊ ဒီအနားက ခွေးဝင်စားတွေ နဲ့တော့ တွေ့ ပါလိမ့်ဦးမယ်”
ကော်ရုပ်သည် ခြံစပ်တွင် ထွက်ထိုင်ပြီး အုန်းဆံတွေ ထုနေခဲ့သည်။ အုန်းဆံထုခြင်း၊ ကျစ်ခြင်းသည် ကော်ရုပ်တို့၏ နေ့စဉ် အလုပ် ဖြစ်သည်။ ကျစ်ပြီး အုန်းဆံကြိုးတွေ ကို အဒေါ့်သား ကိုတာတီးက ဈေးမှာ သွားသွင်းနိုင်ပါမှ ကော်ရုပ်တို့ ထမင်းစားကြရတာ ။ တစ်နေ့လုပ် တစ်နေ့စား။
“အေးညွန့်ရေ၊ အေးညွန့်”
တဲအိမ်ထဲမှ လူမမာသည် ဦးလေးက တသဲ့သဲ့ခေါ်နေသည်။
ကော်ရုပ်တို့ တူဝရီက ဂရုမစိုက် ဖြစ်ကြ။
အုန်းပင်ပေါ်မှ လိမ့်ကျပြီး ကိုယ်တစ်ပိုင်း သေသွားပြီးကတည်းက ဦးလေးကို အဒေါ်က မလေးခန့်တော့သလို ကော်ရုပ်တို့ ကလေးတစ်စုကလည်း အရေး မသတ်တော့တာကြာပါပြီ။
ကျန်းမာသန်စွမ်းစဉ်က ခက်တရော်စီးပိုးသော ဦးလေး၏ အနေအထားအပြောင်းအလဲကို ကော်ရုပ်က တရားသံဝေဂမရတတ်သေး။
ဆယ်နှစ် သာသာ အရွယ်မှာ တော့ ခုပဲငို ခုပဲမေ့နှင့် ဒုက္ခဆင်းရဲဆိုတာတွေ ကိုလည်း နင့်နင့် သီးသီး မခံစားတတ်သေးပါ။
“ဟော . . . ခွေးစုတ်ဖွားကလေး ချီထားတယ်အမေ၊ ချစ်စရာကလေးဗျ၊ ဖြူဖွေးနေတာပဲ”
ကိုတာတီးက အုန်းဆံကြိုးကျစ်နေရာမှ သူမြင်တွေ့ သည်ကို ဖောက်သည်ချသည်။
“ကြောင်ကလေးပါဟဲ့”
ထိုစဉ်မှာ ပဲ ချီပွေ့ထားသော ဂါဝန်အပျိုမ၏ ရင်ခွင်မှ စုတ်ဖွားကောင်ကလေး ခုန်ဆင်းလိုက် သည်။
ဂါဝန်မက သံသေးသံကြောင်နှင့် စုတ်ဖွားကလေး ခုန်ဆွခုန်ဆွပြေးသည့်နောက်သို့ တကား ကားနှင့် လိုက်သည်။
“ဟယ် . . . ယုန်ကလေးတော် ရေ့”
အဒေါ်သည် ရေခပ်လက်စကြိုးပင် လွတ်ထွက်ကာ ရေတွင်းနှုတ်ခမ်းရောက်လုနီးရေပုံး ၀ုန်းခနဲ ပြန်လျှောကျသွားသည်အထိ သတိလက်လွတ် ဖြစ်သွားခဲ့သည်။
ယုန်သူငယ်သည် ခြံစပ်ဘက်သို့ ပြေးလာကာ ချုံပုတ်ကြားထဲ တိုးဝင်ခိုအောင်းဖို့ ကြိုးစား သည်။
“မမလေးက ဘာလို့ လွှတ်လိုက်ရတာ လဲ”
ကော်ရုပ်အရွယ် ကာကီဘောင်းဘီနှင့် ကောင်ကလေးမှ စူးစူးဝါးဝါး အပြစ်တင်သံ ကြားလိုက်ရသည်။
“ခွေး . . . ခွေး ၊ အမယ်လေး . . . . သေပါပြီ”
ယုန်ထံ စိတ်ဝင်တစား အာရုံရောက်နေသော ကော်ရုပ်တို့တစ်တွေ မှာ ထဘီဝတ်အပျိုမ၀၀ ၏ အာမေဍိတ်သံကို ချက်ချင်း အဓိပ္ပာယ်မပေါက်။
ချုံသည်ဘက်အစပ်မှ ပြေးထွက်လာသော ကုပ်ကျားက ပါးစပ်ကြားတွင် ယုန်ဖြူကလေး၏ လည်မျိုကို အမိအရခဲထားသည်ကို မြင်တွေ့ လိုက်ရသော အခါ ကော်ရုပ်မှာ အော်ဟစ်ဖို့နေနေ သာသာ အသံပင်ရှာမတွေ့ နိုင်အောင် ပျောက်ဆုံးလျက် မျက်လုံးအပြူးသား ငေးကြောင်နေတော့ သည်။
စုပ်ပဲ့လိုက်သည့် ကုပ်ကျား။
ခြံကြီးရှင်တို့အော်သံ၊ အပြေးအလွှား လိုက်လာကြသံတို့ကြောင့် စွေစောင်းကြည့်လိုက်၊ ခြေကုန်သုတ်လိုက်နှင့် ခြံစည်းရိုးသွပ်ကြိုးစတွင် အငြိငြိအတွယ်တွယ် ဖြစ်ရင်း ကော်ရုပ်တို့ရှိရာသို့ ပြေးလာသည်။
ကားပေါ်မှ ပစ္စည်းသယ်နေကြသော အမျိုးကောင်းသား သုံးလေးယောက် သည် ခွေးနောက် မမီမကမ်း လိုက်လာကြရင်း အော်ဟစ်ဆဲရေး လာကြသည်။
တစ်စုံ တစ်ယောက် က ခွေးကိုပစ်လိုက်သော သစ်ကိုင်းခြောက်တစ်ခုသည် ကော်ရုပ်နှင့် ကိုတာတီးကြားသို့ ၀ှီးခနဲ ကျလာသည်။
ကိုတာတီးက လန့်ဖျပ်စိတ်တိုသည်။ နင့်မေ. . . .။
အဒေါ်က မာန်မဲဟန့်တားရသည်။ ဟဲ့ကောင် . . . အကဲသွားမစမ်းနဲ့၊ မှားသွားမယ် . . .ဟွန်း။
သစ်ကိုင်းခြောက်သည် ကုပ်ကျားကိုမထိ။
သို့ သော် ကိန်ခနဲ လန့်အော်သော ခွေး၏ ပါးစပ်မှ ယုန်သူငယ် လွတ်ကျကာ ဆန့်ငင်ဆန့်ငင် ကျန်ရစ်လေသည်။
“အေးညွန့်ရယ်၊ နင်တို့ဘာ ဖြစ်နေကြတာတုံး”
“သိချင် ထွက်ကြည့်ပါလားတော့်၊ စပ်စုနေလိုက်တာ .. . ကတဲမှ”
ဦးလေးဘသော် သိချင်တာ အပြစ်ကြီးကျယ်လှသည်မဟုတ်။ မဖြေချင်လည်း နေလိုက် နိုင်သည်သာ။
သို့သော် ဟိုတုန်းက အဆဲအဆို အထုအထောင်းခံခဲ့ရလေသမျှ အတိုးချကာ အဒေါ် မာရေ ကျောရေ လုပ်နေသည်။
အဖေ့ညီတော် စပ်သူ ဦးလေးဘက်မှ ကော်ရုပ်နာစရာမရှိပါ။ ကော်ရုပ်ကိုယ်တိုင်က ဦးလေး မသန်စွမ်းတော့သည်ကို ၀မ်းပန်းတသာ ရှိနေခဲ့တာ။ ခုတော့ အဒေါ် တစ်ယောက် ၏ အဆဲအဆို အခေါက်အလိမ်ကိုသာ ခံရတော့တာမို့ ကော်ရုပ်ထက်ဝက်မျှ သက်သာနေခဲ့ပေတာကိုး။
ဦးဘသော်ထံမှ နာကျင်စွာ ရေရွတ် တိုင်းထွာသံကို တူဝရီးတစ်တွေ သတိမပြုနိုင်တော့။
လာသည့်ဘေးကို ရှေ့မှော က်တွင် ရင်ဆိုင်တွေ့ နေကြရပြီ။
“ခင်ဗျားတို့ခွေး ကိုက်သတ်လိုက်တာ၊ ခင်ဗျားတို့မှာ တာဝန်ရှိတယ်”
ဂင်တိုတို မည်းချိတ်ချိတ်၊ ဆံပင်ကောက်ကွေးကွေး၊ မုတ်ဆိတ်ပါးမြိုင်းမွေး၊ ထူပျစ်ပျစ်နှင့် လူကြီးက ခါးထောက်ပြီး တင်းတင်းမာမာ ပြောသည်။
ဘာရမလဲ။
အေးညွန့်ကလည်း အာဂပဲ။
“တာဝန်ရှိရအောင် အိမ်ကြိုအိမ်ကြား ခွေးလေခွေးလွင့်တွေ ကို ကျုပ်က လိုင်စင်ဆောင် ထားလို့လား”
“ဟား .. . . ခင်ဗျားက ရင့်လှချည်လား”
“ကျုပ်ခွေးမှ မဟုတ်တဲ့ဟာကို တော် က စွပ်စွပ်စွဲစွဲ”
သူ့နောက်နားမှာ မိုက်ကန်းကန်း ပေစောင်းစောင့် ကြည့်နေသော လူငယ်က. . .
“ဒါဖြင့် ဘယ်သူ့ခွေးလဲ”
“ခွေးလေခွေးလွင့်ပါဆိုနေတာကို”
“ဟင် . . . လူကျူးကျော်နဲ့ ခွေးကျူးကျော်နဲ့ ဟုတ်ချေသေးတော့”
ခြံထဲမှ အသက်လေးငါးဆယ်အရွယ် ရည်ရည်မွန်မွန် လူကြီး တစ်ယောက် က သူ့အလုပ် သမားတွေ ကို လှမ်းခေါ်သည်။
“ပြန်လာကြ၊ ယုန်သေကို ကျင်းထဲပစ်ခဲ့”
သူတို့ခြံနောက်ဘက်စွန်းတွင် အမှိုက်ကျင်းကြီးတစ်ခု ရှိနေသည်။
လူငယ်သည် ရန်စောင်နေရာမှ ချာခနဲ လှည့်ပြန်သွားသည်။
ပါးမြိုင်းမွေးသမားကြီးကသာ သွပ်ဆူးကြိုးတစ်ချောင်းကိုနင်း၊ တစ်ချောင်းကိုမပြီး လျှိုဝင် လာ၏ ။
ယုန်သေကို လာကောက်ရင်း သွားကြားမှ လေသံဖြင့် . . .
“ကိုယ့်အိမ်နီးချင်း ဖြစ်လာပြီဟ၊ တည့်အောင် ပေါင်းစားမှပေါ့”
ကျောခိုင်းသွားသူကို တစ်လှည့်၊ အဒေါ်တစ်လှည့် ကြည့်ကာ ကော်ရုပ်က နောက်ထပ် ဘာ ဖြစ်ဦးမလဲ စောင့်စားနေသည်။
ဘာမှမ ဖြစ်။
ကျင်းထဲသို့ ယုန်ဖြူကလေး ဖုတ်ခနဲကျသွားသည်။
“ယုတ်တယ်အေ၊ သူတို့က လေညာက ဝေးလဲဝေးတယ်၊ ငါတို့ပဲ အပုပ်နံ့ ရှူရမှာ ”
အဒေါ်က ခပ်တိုးတိုး ပြောသည်။
“အေးဗျာ၊ ကျွန်တော် တို့ဆီချန်ခဲ့ပြီးရော”
စကားလုံးတွေ ထဲမှာ မပါဝင်သော်လည်း ကိုတာတီး၏ ဆွေးဆွေးမြည့် မြည့်  လေသံက အဓိပ္ပာယ် ဖော်ပြနေသည်။
ယုန်သား။
ကော်ရုပ်တော့ ယုန်သားမစားဖူးပါ။
သို့ သော် သူ့အမွေးကလေး နူးညံ့သလို သူ့အသားလည်း စားကောင်းမှာ ပဲ ထင်ပါရဲ့ ။
ကော်ရုပ်သည် လျှာရည်ကိုသိမ်းရင်း ၀မ်းထဲ တကြုတ်ကြုတ်ဆာလောင်လာ၏ ။
ဗြဲခနဲ အော်ငိုလိုက်သံကြောင့် တအံ့တသြဖြင့် တိုက်အိမ်ကြီးဆီသို့ မျက်လုံးတွေ ရောက်ရှိ သွားကြသည်။
“မငိုပါနဲ့ ဝေဠုရယ်၊ နင့်ကို ဒက်ဒီက နောက်တစ်ကောင်ရှာဝယ်ပေးမှာ ပေါ့”
ဂါဝန်အပျိုမက အော်ငိုချလိုက်သော ကာကီဘောင်းဘီတိုကောင်လေးကို ချော့မော့နေ သည်။
“အဲဒီ ခွေးဝဲစားတွေ ကို သတ်ပစ်မယ်”
“အေး . . . သတ်ပစ်”
“လေသေနတ် ၀ယ်ပေး၊ ဒက်ဒီလေသေနတ်နဲ့ ပစ်သတ်မယ်”
အလုပ်သမားတွေ ကို အမိန့်ပေးသော လူကြီးသည် တဟီးဟီးရှိုက်ငိုနေသော ကောင်ကလေး၏ ဦးခေါင်းကို ပွတ်သပ်ကာ ရယ်မောနေတော့သည်။
“ဟေ့ကောင်ကြီး၊ မင်း ယောက်ျားမဟုတ်ဘူးလားကွ၊ ဘယ့်နှယ် အော်ငိုရတယ်လို့ကွာ”
“ကလေးပဲ ဥစ္စာ၊ ငိုမှာ ပေါ့ဗျ”
ကော်ရုပ်ပင် ဟီးခနဲ ရယ်မိသွားသည်။
အဒေါ်ကလည်း ပြုံးစစနှင့် ရေပုံးကို ဆွဲကာ စဥ့်အိုးထဲ ရေသွားဖြည့်နေတော့သည်။
ကိုတာတီးကလည်း သူ့တစ်ကိုယ်တည်းကြားရုံ အခြောက်ဟု သမုတ်နေလိုက်လေ၏ ။
“အမယ်လေး”
စူးစူးရှရှ အော်ဟစ်ရင်း လက်ထဲမှ တံချူက လွတ်ကျသွားခဲ့သည်။
“ရမ္ဘို . . . ရမ္ဘို၊ လုပ်လိုက်ပြန်ပြီဗျို့”
အမွေးဖွားဖွားကြီးနှင့် ဘိုခွေးကြီးသည် ခေါ်သံဆီသို့ ချာခနဲဆို အမြီးနှန့်ပြီး လှည့်ပြေးသွား တော့သည်။
ကော်ရုပ်သည် စုတ်ပြဲသွားသော ထဘီစကို အသာမ,ပြီး ခြေသလုံးမှ ဒဏ်ရာကို မ၀ံ့မရဲ ကြည့်သည်။
“ဟင် . . . သွေးတွေ အများ ကြီးပဲ”
ထိတ်ထိတ်လန့်လန့် ကယောင်ကတမ်းနှင့် ထီဘီစကို ပြန်လည်လွှတ်ချကာ ဒဏ်ရာကို လက်နှင့် ဖိလိုက်သည်။
ပူနွေးစေးထိုင်းသော သွေးရည်များ သည် လက်ဖ၀ါးပြင်ကို စွတ်စိုပေကျံသွားစေတော့၏ ။
“နင်က ဒီခြံစပ်မှာ ဘာလာလုပ်နေတာလဲ”
ဖျတ်ခနဲဆို မော့ကြည့်သည်။
ကာကီဘောင်းဘီတိုနှင့် မားမားရပ်ကာ ကော်ရုပ်ကို အထင်အမြင်သေးသိမ်စွာ သော အကြည့်ဖြင့် မျက်လုံးတွေ ကျဉ်းမြောင်းအောင် မျက်မှော င်ကြုတ်ထားပြီး ကြည့်နေသည့် ဝေဠုဆို သော သတ္တ၀ါကလေးကို မြင်တွေ့ လိုက်ရသည်။
ကော်ရုပ် ထောင်းခနဲ ဒေါသထွက်မိသည်။
“တံချူမမြင်ဘူးလား၊ သရက်သီးခူးနေတာပေါ့”
“နင့်ခြံမှ မဟုတ်ဘဲ”
“နင့်ခြံလဲ မဟုတ်ပါဘူး”
“ဒါပေမဲ့ ငါတို့ကိုအပ်ထားတယ်”
ဝေဠုနံဘေးမှ ရမ်ဘိုဆိုသော ခွေးမွေးဖွားကြီးက လျှာတန်းလန်းနှင့် တဟဲဟဲ လှော်သရော် နေသည်။
သည်ခွေးကို အိမ်နှင့် ပိတ်လှောင်ထားကာ ညမှလွှတ်သည်။ သည်ကောင်လေး ခွေးကျောင်း ထွက်လျှင်တော့ လျှာတတန်းတန်း၊ အမြီးတယမ်းယမ်း ပါလာတတ်မြဲ ဖြစ်လေသည်။
ကော်ရုပ်သည် ခံပြင်းစိတ်ဆိုးစွာ နှင့် နှုတ်ခမ်းတင်းတင်း စေ့ထားလိုက်ရလေသည်။
ဆင်းရဲရသည့်ဘ၀မှာ ခုလို ဂုဏ်ကြီးရှင်၊ ဓနရှင်တွေ ကြားထဲ ရောက်များ ရောက်ရှိ နေထိုင်ရ သေးသည်။ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဆိုသလို အ ဖြစ်အပျက်တွေ ဟာ ပိုပြီးသာ ဆိုးရွာနိမ့်ကျ စေတော့သည်။
“ဘာ ဖြစ်နေတာလဲ ဝေဠု”
အိမ်ပေါ်ထပ် ပြတင်းဆီမှ ကြည်လင်မာကျောသော မိန်းမသံတစ်ခုကြောင့် ကော်ရုပ် မော့ကြည့်သည်။
အဲဒါက ဝေဠုတို့မိခင် ဖြစ်သည်။ ပါတိတ်အဆင်အသွေး အမျိုးမျိုး ခါးမှမချ ၀တ်စားဆင်ယင် ကာ မျက်နှာကို အစဉ်ဖြီးလိမ်းပြင်ဆင်ထားလျက် စီးကရက် လက်ကြားညှပ်လျက် တွေ့ ရှိနေကျ ဖြစ်၏ ။
သူမတို့တိုက်ကြီးနှင့် မလှမ်းမကမ်းမှ လှမ်းကြည့်လိုက်သော အကြည်တွေ သည် ခြံစပ် ကျူးကျော်တဲမှ ကော်ရုပ်တို့တစ်တွေ ကို ဖောက်ထွင်းသွားတော့မလောက် စူးရှပြင်းထန်သည်။
“ရမ်ဘိုကိုက်လိုက်တာ ခြေသလုံးပဲ့သွားတယ်”
ဝေဠုက ကော်ရုပ်ဘက်သို့ လက်ညှိုညွန်ပြီး ပြောသည်။
“သူတို့ကလဲ တစ်နေ့တစ်နေ့ ခြံစည်းရိုးနား လာကပ်ပြီး လှုပ်ခတ်ပြနေတော့တာပဲ”
ပြင်ဆင်ခြယ်သထားသော မိန်းမကြီး၏ စကားလုံးတွေ က ကော်ရုပ်ကို ခြေထောက်ဒဏ်ရာ မှ ဝေဒနာထက်ပင် ပိုပြီး ပြင်းပြင်းထန်ထန် နာကျင်စေသေးသည်။
တံချူတံကိုင်ကာ သရက်သီး သုံးလေးလုံးသာ ရသေးသော လွယ်အိတ်ကိုလွယ်ပြီး ထိုနေရာမှ ကျောခိုင်းထွက်ခွာလာခဲ့သည်။
သွေးပူနေခိုက်မှာ ပင် ခြေလှမ်း၍ မကောင်းတော့ဘဲ ထော့နင်းစ ပြုနေပါပြီ။
“ဟိတ် . . . ဟိတ် .. . နေဦးလေ”
ကောင်လေးလိုက်ခေါ်သံကြားသည်။
သို့ သော်လည်း ပြန်လှည့်ကြည့်မနေတော့။
မရှိဆင်းရဲတာက တခြား၊ မာနတော့ ရှိနေသေးသည်။
တဲပုတ်ကပြင်တွင် ထမင်းရည်ငှဲ့နေသော အဒေါ်က အ ဖြစ်အပျက်အလုံးစုံကို လှမ်းမြင် နေရသည်။
“ဆေးကုစရိတ် တောင်းခဲ့ရဲ့ လား”
ကော်ရုပ် ခေါင်းခါယမ်းသည်။ တောင်းဖို့နေနေသာသာ ထပ်ပြီး ရှူးတိုက်မလွှတ်တာ ကံကောင်း။ စိတ်ထဲမှ ရွတ်မြည် ပြန်ပက်သည်။
“ကောင်မနှယ် . . . အ ဖြစ်မှ မရှိဘဲ”
ကပြင်ပေး လွယ်အိတ်ချလိုက်သည်။ လေးတန်းတုန်းက လွယ်အိတ်။ လေးတန်း နှစ် ခါကျ ပြီးသည့်နောက် အဒေါ်က ကျောင်းဆက်မထားချင်။ ကော်ရုပ်ကိုယ်တိုင်လည်း ကျောင်းပညာကို စိတ်မ၀င်စားတော့ပြီမို့ ကန့်ကွက်ခြင်း တစ်စုံတစ်ရာ ရင်မဆိုင်ရဘဲ စာသင်ကျောင်းနှင့် ကင်းကွာ သွားတော့သည်။ ဗလာစာအုပ်တွေ လည်း ပဲလှော်နှင့် လဲစားပစ်ပါပြီ။ သည်လွယ်အိတ်သည်သာ ကော်ရုပ်လက်စွဲ တိုလီမိုလီထည့်သော အိတ်အ ဖြစ် ကျန်ရစ်နေ၏ ။
ထဘီကို ဒူးဆစ်အထိလှန်ကာ ဒဏ်ရာကို ငုံ့ကြည့်သည်။
အမယ်လေး . . . သွားစွယ်ရာကြီးနှစ် ပေါက်။ တစ်ပေါက်က အတွင်းသို့ လက်တစ်ဆစ် လောက်နက်ဝင်လျက် သွေးတသွင်သွင် စီးဆင်းနေသည်။ နောက်တစ်ပေါက်မှာ မူ အသားတစ်ကြီး စူထွက်နေ၏ ။
စဥ့်အိုးမှ ရေတစ်မှု တ် လှမ်းခပ်သည်။
အနာနှင့် ရေ အထိအတွေ့ မှာ သိပ်များ စပ်နေမလား တွေးထိပ်ရင်း လက်တွန့်တွေ ဝေ သည်။
“ဟိုအိမ်ကြီးက သေနာကောင်လေး လာနေတယ်။ ဆေးကုစရိတ် ညည်းတောင်းမှာ လား၊ ကျုပ်တောင်းရမှာ လား”
“ကျွန်တော် တောင်းပါ့မယ်”
ကော်ရုပ်က မျက်လွှာတစ်ဝက်မျှ လှန်ကြည့်သည်။
ကောင်လေးလက်ထဲမှာ သူ့လေသေနတ် ပါလာသေးသည်။ သူ့စုတ်ဖွားကြီးကလည်း သူ့အနီးမှာ ထက်ကြပ်မကွာ လိုက်ပါလာ၏ ။
ကောင်လေးက အထူးသတိထားပြီး တစ်လှမ်းချင်း လျှောက်လာနေသည်။
သူ့ဘက်မှအမြင်တွင် ကော်ရုပ်တို့ ကျူးကျော်တဲအိမ်စုသည် လူသားစား လူရိုင်းကျေးရွာ သဖွယ် စိမ်းရွှေရိုင်းပျနေဟန် တူ၏ ။ သီးခြား ဖြစ်သော ယဉ်ကျေးသည့်ကမ္ဘာမှ လာသူ တစ်ယောက် ကို ဆီးကြိုတိုက်ခိုက်ြ ကတော့မည့် အလား ခြေလှမ်းမမှားရလေအောင် သူ ဂရုတစိုက် ရှိနေသည်။
သူသည် ကော်ရုပ်နှင့် မတိမ်းမယိမ်း အရွယ်မျှသာ ရှိဦးမည် ။ အသားလတ်လတ်၊ မျက်နှာ ခပ်လုံးလုံး၊ အရပ်ပိန်ရှည်ရှည်ကလေး၊ ခပ်တိုတိုညှပ်ထားသော ဆံပင်တွေ က နက်မှော င်သန်စွမ်း လျက် ဖြီးမချရဘဲ ထောင်နေသည်။
သူ့အထက်နှုတ်ခမ်း ညာဘက်ခြမ်း အလယ်လောက်တွင် ဒေါင်လိုက်ချုပ်ရိုးစင်းကလေး ရှိသည်။ မွေးရာပါ နှုတ်ခမ်းကွဲကို ချုပ်ထားတာဟု ကော်ရုပ်၏ အဒေါ်က လူတတ်လှုပ်ပြီး ပြောပြ ဖူး၏ ။ ချုပ်ရိုးလက်ရာ သေသပ်သော ကြောင့် လား မဆိုနိုင်သော်လည်း အတန်ငယ်တင်းသလောက် နှင့် သူ့ကို ပိုပြီး ကြည့်ကောင်စေသလိုလို။
သူ့ကိုယ်သူ လူပျိုသိုးပမာအလား ဂိုက်ထုတ်လွန်း၊ အိုက်တင်ခံလွန်းသည်ဟု ကော်ရုပ်တို့ က ခပ်လှမ်းလှမ်းမှကြည့်ပြီး ကျိတ်၍ ရယ်ရ သရော်ရသည်။
ခုလည်း ကြည့်။ သူ့ဖခင် သူဌေးသူကြွယ်ကြီး၏ ရှုတည်တည် မျက်နှာပုံပန်းဖမ်းကာ မှင်နှင့် မောင်းနှင့် လျှောက်လာသည့်အထဲ ကင်းဘတ်ဖိနပ်အဖြူ၊ အဲ . . . ဟုတ်ပေါင်။ ဝေါ့ကင်းရှူးစ်အဖြူ ကို စီးထားပြန်သေးသည်။
“ဟာ . . . . အတော် ထိသွားတာပဲ”
မြင်သာလောက်သော အကွာအဝေးမှပင်လျှင် သူအတော် အံ့သြတုန့်လှုပ်သွားလေဟန် အာမေဍိတ်သံ ထွက်ပေါ်လာသည်။
အာဃာတတွေ ၊ မလိုမုန်းသော ချဉ်တူး ခါးသီးမှု တွေ ပင် ကော်ရုပ်ထံမှ လွင့်စဉ် ပျောက်ပြယ် သွားရလုနီး ကျေဆေးသွားခဲ့သည်။
မာကျောခက်ထန်နေသော ကော်ရုပ်၏ မျက်နှာကလေး ရုတ်ခြည်း နူးညံ့ပျော့ပျောင်းစပြု လာလျက် ကောင်လေးအား မျက်လုံးဝင့်ကာ ကြည့်မိ၏ ။
ဟောတော် . . . . ဘုရား. . . . ဘုရား . . .
ကောင်လေး၏ မျက်နှာမှာ သွေးမရှိတော့ပါကလား။ စက္ကူဖြူတစ်ချပ် ဆွဲကပ်ထားလိုက် သလို ပါပဲလားနော်။
“နင် ဘာ ဖြစ်သွားတာလဲဟင် ဝေဠု”
ဝေဠုတို့ပြေင်းရွှေ့လာတာ သုံးလမ ကတော့။ ဆောင်းကုန်ကာ နွေကူး၍ သရက်ဖူးရာမှ အကင်းရင့်ကုန်ကြပြီ။
စကားပြောခွင့်မရ၊ နီးစပ်ခွင့်မကြုံသော်လည်း သွပ်စည်းသာခြားတာမို့ မြင်တွေ့  ယဉ်ပါး နေခဲ့သည်။
သူတို့ခြံနှင့် ကပ်လျက် နှစ် ထပ်ပျဉ်ထောင်အိမ်အိုကြီးမှ မန်းကီးဆိုသော ကုလားကလေးနှင့် သူတတွဲ တွဲ ဆော့ကစားနေကြသည်ကို ကော်ရုပ်တို့ မမြင်ချင်မှအဆုံး။
“ငါ မူးလို့ပါ”
“မူးတယ်”
ကော်ရုပ် သံယောင်လိုက်ဆဲ ကောင်လေးသည် အတန်ငယ် ယိမ်းထိုးသွားခဲ့သည်။
ခြေထောက်ဒဏ်ရာကိုမှ အမှု မထားနိုင်တော့ဘဲ ကော်ရုပ်မှာ ကောင်လေးဘက်သို့ ပြေးကပ်ဖမ်းထိန်းထားလိုက်ရတော့သည်။
“ခဏထိုင်နေလိုက်ပါလား၊ တော် ကြာ နင်လဲကျသွားလိမ့်မယ်”
ဝေဠုသည် တစ်လုံးတစ်ပါဒမျှ ငြင်းဆန်နိုင်အားမရှိရှာဘဲ ကော်ရုပ်ဆွဲခေါ်ရာသို့ ဒယီးဒယိုင်း အလိုက်သင့်ပါလာသည်။ ကော်ရုပ် နေရာချပေးသည့်အတိုင်း ကပြင်တွင် ထိုင်ချကာ ၀ါးလုံးအိမ် တိုင်တွင် မှေးမှိတ်နေ၏ ။
“ချွေးတွေ ပြန်လို့၊ ရေချိုးထားသလိုပဲ”
ကော်ရုပ်က ကောင်လေး၏ ဖြူဖပ်ဖပ်နဖူးမှ ချွေးစေးတွေ ကို လက်ဖျားနှင့် တို့ကြည့်ပြီး မှတ်ချက်ချသည်။
ကော်ရုပ်က နာမည် နှင့် လိုက်အောင် ဂျပန်ကော်ရုပ်ကလေးလို ဖြူဖြူစင်စင် တုတ်တုတ်ခဲခဲ နိုင်သည်နှင့် အမျှ အားပြည့်သန်စွမ်းသည်။ ခုလိုသာ နေပူစပ်ခါး မသွားရလျှင် ဘယ်လောက်များ ဖွေးဥနေလိုက်လေမလဲ။
ပိန်ရှည်ရှည်သူဌေးသားကလေး ပျော့ဖပ်ဖပ် နုနယ်ပုံကို ကော်ရုပ်က ကဲ့ရဲ့ ဖို့မေ့လျော့ကာ ကြင်နာပူပန်စွာ ငေးကြည့်နေမိ၏ ။
ဒေါ်အေးညွန့်ပင်လျှင် ရန်မလိုနိုင်အားတော့ဘဲ အကြီးကောင် တာတီး၏ ဗလာစာအုပ် တစ်အုပ်ကို ကပြင်ပေါ်မှ တွေ့ မိတွေ့ ရာ ဆွဲယူ၏ ။
“ယပ်ခပ်ပေးစမ်း ကော်ရုပ်”
“ချွေးငုပ်မသွားဘူးလား”
“အဲဒါ သွေးမြင်လို့ လန့်ပြီး မူးနေတာ၊ ခတ်စမ်းပါဟဲ့၊ တော် ကြာ သတိလစ်သွားဦးမယ်”
ကော်ရုပ်သည် အဒေါ်၏ စကားအဆုံးတွင် စိုရိမ်တကြီး မရပ်မနား တရစပ် ယပ်ခတ်တော့ သည်။
“အိမ်ကြီးက တစ်ယောက် မှလဲ ပေါ်မလာပါလား”
ဒေါ်အေးညွန့်သည် သူတို့လက်တါင် သူဌေးသား တစ်စုံတစ်ခု ဖြစ်သွားမှာ ကို စိုးထိတ် လျက်ရှိသည်။ တာဝန်ကြီးလွန်းလှတာမို့ အမြန်ဆုံး လက်လွှဲပြောင်းလိုက်ချင်နေပါပြီ”
“ငါ ကောင်း သွားပါပြီ နင့်အနာ လုပ်လိုက်ဦး”
မျက်လုံးပွင့်မလာသော်လည်း စကားပြောဖော် ရလာသဖြင့် တူဝရီးတစ်တွေ အတော် အသင့် စိတ်အေးသွားကြသည်။
“ဟုတ်ပါရဲ့ အေ၊ လုပ်လိုက်ပါဥိး၊ ညည်းသွေးတွေ က မြင်မကောင်း ရှုမကောင်း”
သွေးစေးတို့သည် ကော်ရုပ်၏ ခြေသလုံးတစ်လျှောက် စီးဆင်းဆဲ ဖြစ်သလို တချို့လည်း သွေးဆိုင်းစပြုနေလေပြီ။
ရေတစ်မှု တ်ခပ်ကာ ခုမှပဲ မထိတထိ ရေလောင်းကြည့်သည်။ စပ်ဖျဉ်းခြင်း မခံစားရလေမှ ရေဖြိုင်ဖြိုင် ဆက်လောင်းဝံ့လေ၏ ။
သွေ့ခြောက်စသွေးများ ကို ကော်ရုပ်က လက်ဖျားဖြင့် ပွတ်တိုက်ပစ်ရသည်။
“ဆေးခန်းသွားပြနော်။ ငါ ဆေးဖိုးပေးမယ်”
ကော်ရုပ်က ခေါင်းညိတ်ရင်း မော့်ကြည့်သည်။
ဝေဠုသည် ကော်ရုပ်ကိုလည်းကောင်း၊ ကော်ရုပ်၏ ဒဏ်ရာကိုလည်းကောင်း အလျင်း မကြည့်ဘဲ နေခြည်အပြောက်လိုက်မက အကွင်းလိုက်အ၀ိုင်းလိုက် ထိုးဖောက်ဝင်ရောက်နေသော ဓနိပျစ် ခေါင်းမိုးဆီသို့ မျက်နှာပို့ထားသည်။
“တော် နေဆို ရောင် ကိုင်းလာတော့မှာ ကွယ့်၊ ဆေးခန်းကို လမ်းလျှောက်နိုင်မှာ မဟုတ်ဘူး။ ဆိုက်ကားနဲ့သွားမှ”
“ကျွန်တော် ဘယ်လောက်ပေးရမလဲ”
“သုံးရာလောက်”
ကော်ရုပ်မှာ ပါးစပ်အဟောင်းသား ဖြစ်ကာ နေသည်။ အဒေါ်တောင်းတာ တစ်ဆိတ်များ လွန်းမနေဘူးလား။
“ကျွန်တော် ပို့ခိုင်းလိုက်ပါ့မယ်”
“လိုက်ယူရမလား”
ဒါတော့ တစ်ဆိတ်ငမ်းလွန်းရာကျနေပြီဟု ကော်ရုပ် ရှက်နိုးမိသည်။
အဒေါ် ကတော့ ခပ်ရဲရဲ၊ ခပ်တည်တည်။
“အခုပို့ခိုင်းပါ့မယ်”
ဝေဠုသည် အဒေါ်နှင့် ဆက်လက်စကားပြောလိုဟန်မတူဘဲ ကော်ရုပ်ဘက် လှည့်လာ သည်။
ကော်ရုပ်ကို ကြည့်စဉ် ဝေဠု၏ မျက်နှာသည် ရှက်အမ်းအမ်း ပန်းသွေးကြွနေ၏ ။
“ငါက သွေးမြင်ရင် မူးတတ်တယ်ဟ”
အဒေါ်၏ ထဘီစကိုဆွဲရင်း နို့ညှာကောင် ပေစိက စပ်ဖြီးဖြီးနှင့် . . .
“သူဌေးအစ်ကိုက ကြောက်တတ်လိုက်တာ လွန်ရော”
ဘယ်တုန်းက အနားရောက်နေမှန်းမသိဘဲ အသံထွက်လာမှ လှည့်ကြည်မိလျက် ကော်ရုပ်က မောင်ဝမ်းကွဲ၏ ငယ်ထိပ်ကို ဒေါင်ခနဲမြည် အောင် ခေါက်ပစ်လိုက်သည်။
နို့ညှာကောင် မျက်နှာရှုံ့တွကာ သူ့မိခင်နောက်သို့ ပုန်းကွယ်သွားတော့သည်။
“ဝေဠုရေ . . . ဟေး . . . ဝေဠု”
ခြံထဲမှ ခေါ်သံကြားရသည်။ ၀ါးရုံတွေ ကွယ်နေသဖြင့် လူရိပ်တော့ မမြင်ရသေး။
“နင့်အဖေ ခေါ်နေပြီ”
“ဘယ်ကလာ . . . ငါတို့ ဒရိုင်ဘာကြီးပါဟ”
ဝေဠုက ပြောပြောဆိုဆို နေရာမှထသည်။
ကော်ရုပ် ကောက်ပေးသော လေသေနတ်ကို လှမ်းယူရင်း . . .
“အဲဒီ ကုလားကြီးကို လွှတ်လိုက်မယ် သိလား”
ခြံစည်းရိုးအနီးသို့ ရောက်လာသူကို ညွှန်ပြသည်။
ဂင်တိုတို၊ မည်းချိတ်ချိတ်၊ ဆံပင်ကောက်ကွေးကွေး မုတ်ဆိတ်ပါးမြိုင်းမွေးတွေ တိုစိစိတွေ ဗရပျစ်နှင့် လူကြီးကို ဝေဠုတို့၏ ယာဉ်မောင်းမှန်းတော့ အမြင်အတွေ့ ဖြင့် ကော်ရုပ်တို့ သိနေခဲ့ပါပြီ။
“မင်းမားသားကြီး လိုက်ခေါ်ခိုင်းလို့ကွ”
ဝေဠု ကျောခိုင်းထွက်ခွာသွားစဉ် နောက်ကျောပြင်ကို တစ်မျှော်တစ်ခေါ် လိုက်ငေးကြည့် နေမိသည်။
သွပ်ဆူးစည်းရိုးတွင် ဖောက်ထားသော လူဝင်ပေါက်တံခါးရွက်မှ သူဝင်သွားစဉ် ကတ္တား ပိုင်းခြားသွားပြီဟု နားလည်လိုက်ရသည်။
ဆယ်မိနစ်လောက်အကြာ ဦးကုလားက ငွေသုံးရာ လာပေးသော အခါမှာ တော့ ဒေါ်အေးညွန့်၏ မျက်နှာသည် သကြားရည်ဆမ်းထားသော ခါဂျာမုန့်ပမာ ချိုမြနေတော့သည်။
“ဒီညစာ ကြက်တစ်ကောင် ဘ၀ကူးကောင်းအောင် ကုသိုလ်သွားလုပ်လိုက်မယ်နော် အမေ”
“အေး. . . အေး”
ကိုတာတီးသည် တက်တက်ကြွကြွ ဖင်ပေါ့နေသလောက် အိပ်ရာထဲမှ ဦးဘသော င်သည် လည်း သူ့ဂရုမစိုက်ကြလေသည်ဟု ညည်းညူမြည် တမ်းခြင်းမရှိဘဲ ကြည်သာဆိတ်ငြိမ်နေခဲ့သည်။
ကော်ရုပ်၏ အနာကို ဆေးခန်းပြဖို့ ဘယ်သူမှ သတိမရ။
ကော်ရုပ်လည်း သတိမရ။
ဒဏ်ရာသည်လည်း လေးငါးဆယ်ရက် ရင်းနေရောင် ကိုင်းနေခဲ့သော်လည်း သက်ညှာလို သည့်အလား ပြည်တည်ခြင်း၊ မေးခိုင်ပိုးဝင်ခြင်းမရှိဘဲ အနာရွတ် ထင်ကျန်ရစ်သည်မှအပ လုံးဝ ပျောက်ကင်းသွားခဲ့ချေ၏ ။
ကိုတာတီး သည်နှစ် ခြောက်တန်းကျပြန်ပါပြီ။
အသံပြောင်းလာပြီ။ နှုတ်ခမ်းမွေးညင်းတို့ သန်စွမ်းအောင် ဘရိတ်ဓားနှင့် ရိတ်ရင်း ထိရှ ဒဏ်ရာတွေ လည်း ရခဲ့ပြီ။
“နောက်ထပ် ကျောင်းဆက်နေလဲ ဘာထူးမှာ လဲ အမေရ၊ ရှစ်တန်းအောင်တယ်ထား။ ကျွန်တော် ဘာအလုပ်ရမှာ လဲ၊ ခုလိုပဲ အုန်းဆံကြိုးကျစ်၊ ဂ၀ံသယ်၊ သဲသယ်၊ ကူလီပဲ ဖြစ်မှာ ပါပဲ”
သည်တဲစုမှာ ကိုတာတီးထက် အတန်းပညာ ပိုရထားသူ တစ်ယောက် သာ ရှိသည်။ အဲသည် အစ်ကိုက ရှစ်တန်း နှစ် ခါကျ။
အဲသည်အစ်ကိုမှအပဆိုလျှင် ကိုတာတီးသည် ပညအရည်အချင်းအမြင့်ဆုံး လူ တစ်ယောက် ။
ကျောင်းဆက်မတက်တော့ပြီဟု ကြေညာနေသော သား၏ သုံးသပ်ချက် ဆုံးဖြတ်ချက်တွေ ကို ဒေါ်အေးညွန့်က အငထ်တကြီး နားထောင်နေသည်။ သူရသော ၀င်ငွေထဲမှ သူ့ကျောင်းဝင် ကြေး၊ ကျောင်းစိမ်းစရိတ် စသည်ထုတ်နှုတ်ရလျှင် အိမ်မှာ ဆန်ဖိုးပင် အကျပ်ရိုက်သွားမည် ။
ကော်ရုပ်က အုန်းဆံထုသည်ဆိုပေသည့် တာတီး လက်စမသတ်ဘဲမပြီး။
ဒေါ်အေးညွန့်ကိုယ်တိုင် ကျပြန်တော့ တိုက်ကြီး အိမ်ကြီးတွေ မှ လပေး အ၀တ်လျော်ခိုင်း သည့် ၀င်ငွေက ပုံသေမရှိ။ ခေါ်လိုက်လျှော်လိုက်၊ လုပ်လိုက် ပြုတ်လိုက် စကားရှုပ်သည်ဟု သူမ အပေါ် ငြိုငြင်သလို အတောင်းအရမ်းထူသည်ဟုလည်း ဘ၀င်မကျ ဖြစ်ကြသတဲ့။
“မအေးညွန့်ရယ် သားသုံးကောင်ထဲမှာ အကြီးဆုံး တစ်ကောင်တော့ အတန်းပညာကလေး ရအောင်ကြိုးစားပြီး ထားပါဦးလားဟာ”
ဒေါ်အေးညွန့်သည် နောက်ဖေးခန်းမှ ဖင်ရွှေ့လာနေသော ဦးဘသော င်ကို မျက်စောင်း တစ်ချက် ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်တော့၏ ။
“ဆန်ဈေးဆီးဈေး ဘယ်လောက်ကြီးနေတယ်ဆိုတာ တော့်ကို ကျုပ်ဘယ်နှစ် ခါပြောရမှာ တုံး။ အိမ်ကလူတွေ သေမတတ် လုပ်နေရှာနေရတာ ၊ တော် အေးအေးစား၊ တိတ်တိတ်နေ”
ဦးဘသော်သည် နာကျင်သော မျက်နှာကို အသာစိုက်ချကာ သူ့အိပ်ရာဆီသို့ ပြန်ရွှေ့သွား တော့သည်။
“တာတီး ကျောင်းမတက်ရင် အလုပ်လုပ်ချိန် ပိုရမယ်၊ ဒါမှ ညညတိုင် ရှင်သေးစိမ့်ထွက် ထားတဲ့ စောင်ကို ကူလျှော်နိုင်မယ်”
“ကဲပါ . . . ကဲပါ၊ တော် ပါတော့ အမေရာ၊ အမေ့သားတွေ သာ ကျောင်းမှန်မှန်တက်အောင် မောင်းစမ်းပါ”
တာတီးက နားငြီးလာဟန ကန့်ကွက်တားမြစ်လေသည်။
နို့ညှာကောင် ပေစိက တစ်ပတ်မှာ သုံးရက်လောက် ကျောင်းပြေးချင်သည်။
အငယ်ဆုံးကောင် မိုးဝင်းကား အိမ်ရှေ့တလင်းပြင်တွင် တစ်ဖက်အိမ်မှ ကက်ဆက် တေးသွားအလိုက် ဘရိတ်ဒန်ကနေသည်။ တကယ့်ကို စိတ်ပါလက်ပါ ခေါင်းဖျားခြေလက် စုံလင် စွာ ။ ကက်ဆက်က ဖဲနိုင်လာတာပါ။ သွားရောင်းတာ သုံးရာတောင် မပေးဘူးတဲ့။ အဲသည် ရှစ်တန်း ရောက် ပညာတတ်က စက်ပစ္စည်းကို ဟိုနှိုက်သည်ချွတ် လလိတတ်၊ စမ်းတတ်သည်မို့ ခုတော့ ကော်ရုပ်တို့တဲအိမ်စုမှာ စိုစိုပြည်ပြည်ရှိနေတော့သည်။
“အမေ၊ အိမ်ကြီးက အဒေါ်ကြီးလာနေတယ်”
ပေစိက မျှော်ကြည့်သတင်းပို့သည်။
“သူ့ဘာသာ ခြံထဲဆင်းပြီး မာလကာသီး ရေနေတာ ဖြစ်မှာ ပါဟယ်၊ လုပ် . . . လုပ်၊ ကျောင်းချိန် နီးပြီမဟုတ်လား”
“အမေ့ကို လက်ညှိုးထိုးပြနေတယ်ဗျ”
ဒေါ်အေးညွန့်သာမက ကော်ရုပ်ပါ လှမ်းမျှော်ကြည့်မိကြသည်။
အရင်တစ်လလောက်က အဲသည်အိမ်မှာ ဒေါ်အေးညွန့် အ၀တ်လျှော်ရသေးသည်။ သူ့ဆပ်ပြာတုံးအကျန်ကို ကြွက်ဆွဲတာပါဆိုလည်း မယုံသင်္ကာနဲ့ သိပ်ဥစ္စာခြောက်တာပဲဟု ဒေါ်အေးညွန့်က ပြောသေးသည်။ နောက်တစ်နေ့ ရေချိုးခွက်ထဲမှာ ထူးထူးခြားခြား ရောက်နေ သော ရွှေဝါဆပ်ပြာတုံးအကြောင်းကို ကော်ရုပ်တို့က မဆွေးနွေးဘဲ မသိလိုက်ဘာသာ နေလိုက် တာပါပဲ။
သူ့အင်္ကျီအဖြူ စွန်းသွားလို့တဲ့အေ၊ လူကို ပြောလိုက်တာများ ငါးစိမ်းသည်လား အောက်မေ့ ရတယ်ဟု မကျေမချမ်း မဲ့ကာရွဲ့ကာ ပြောစဉ်တုန်းက အဒေါ်၏ မျက်နှာ မသာယာခဲ့ပါ။ ခါတိုင်း ပြန်လာလျှင် ပါလာလေ့ရှိသော စားကြွင်းစားကျန်တွေ မပါတော့တာကို တမ်းတကြေကွဲပုံရလေ၏ ။
အိမ်ကြီးမှာ အ၀တ်ခေါ်မလျှော်ခိုင်းတော့သော ကြောင့် ကော်ရုပ်တို့ ထိခိုက်ရတာ အမှန်ပင်။
အခုကြည့် . . .
သူဌေးမကြီးက လက်ယပ်ခေါ်လိုက်သည်နှင့် ဒေါ်အေးညွန့်သည် ကပြင်မှ ဖုတ်ခနဲ ခုန်ချ ကာ မပြေးရုံတစ်မည် အသော့ နှင်သွားတော့သည်။
“အ၀တ်လျှော်ရမလား အစ်မ၊ အခုလား၊ ကျွန်မ အားပါတယ်”
“မဟုတ်ဘူး မအေးညွန့်ရဲ့ ၊ အစ်မ၀ယ်ထားတဲ့ မှို့သီးတွေ ကို နွှာပြီး အစေ့ထုတ်ပေးခိုင်း မလို့”
မအေးညွန့် စိတ်ညစ်သွားသည်။ မှို့နှင့်သူမ လားလားမှ မအပ်စပ်ခဲ့။ နှာမွှန်ချေဆတ်ပြီး အပိန့်ထလာ ရင်ကျပ်လာတတ်သည်။
လုပ်အားခ ရက်ရက်ရောရော ပေးမည် ဟု သိနေသည်။
အဲသည်ပိုက်ဆံကိုမက်ပြီး လဲမှို့သွားဖန်ပြန်လျှင် နေ့တစ်ဝက်ပင်မခံဘဲ ဆေးခန်းပြေးရ လိမ့်ဦးမည် ။ ဆင်ဖိုးထက် ချွန်းဖိုးက ကြီးဘိသနဲ့၊ ဟင်း . . . .
အုန်းခွံကို မင်းတိုင်းကျေထုရင်း လည်မော့်ကာ နားစွင့်စပ်စုနေသော ကော်ရုပ်ကို ဒေါ်အေးညွန့်က စေစောင်းကြည့်လိုက်၏ ။
“ရတယ် အစ်မ၊ လာခဲ့ပါ့မယ်၊ ဘယ်အချိန်လာရမလဲ”
“ကောင်းတာ ကတော့ ခုလိုမနက်ပိုင်းလေးပေါ့၊ အခုအားရင် အခုလိုက်ခဲ့တာ အကောင်းဆုံး ပဲ”
“ဟာ . . . .လိုက်တာပေါ့ အစ်မရယ်၊ သိပ်လိုက်တာပေါ့”
ဒေါ်အေးညွန့်က ထဘီအရင်ပြင်ဝတ်သည်။ ပြီးမှ ဖွာလန်ကြဲနေသော နီကြောင်ကြောင် ဆံပင်မွေးတွေ ကို လက်ဖ၀ါးနှစ် ဖက်နှင့် သပ်လိုက်၏ ။
“ဟဲ့ . . . ကော်ရုပ်၊ ထ . . . ထ၊ လိုက်သွားကြစို့”
ကော်ရုပ်သာမက မလှမ်းမကမ်းမှ ကိုတာတီးပင် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
ဒေါ်အေးညွန့်သည် ဝေဠုတို့မိခင် သူဌေးကတော် ပျောက်ကွယ်သွားမှာ စိုးရိမ်လှသည့် အလား ခုံဖိနပ်မြီးတိုတို ကတိုက်ကရိုက်စွပ်ကာ မပြေးရုံလှမ်းသွားတော့၏ ။
“အမေတို့ ကတော့ ရှက်ကြောပြတ်တေယ်ဟေ့”
ကိုတာတီးက မကြားတကြား ရေရွတ်ပြီး ကျန်ရစ်သည်။
ကော်ရုပ်၏ တာဝန်ကား အဒေါ်၏ အမိန့်အတိုင်း တစ်သဝေမတိမ်း လိုက်နာရမည် ။
ကော်ရုပ်၏ ဆန္ဒအရလည်း သည်အုန်းခွံတွေ အနားမှ ခွာချင်နေပါပြီ။ ကျောင်းတက်ပြန် တော့ စာကျက်ရသည်။ ကျောင်းမတက်ပြန်တော့ အုန်းခွံထု။
“ဟဲ့ကောင်မ၊ ထဘီလှည့်ဝတ်လိုက်ဦး၊ ဖင်ပေါ်တော့မယ်၊ ကတဲမှ”
ရှေ့သွားနှင့် သော အဒေါ်၏ စကားကြောင့် လက်တစ်ဖက်က တင်ပါးကိုစမ်းရင်း မျက်လုံး တွေ က ငုံ့ကြည့်ရသည်။ ဟုတ်ပါ့၊ ပေါင်ရင်းမှာ ငါးမူးဝိုင်းလောက် အပေါက်ကြီးနှင့် ပါကလား။
ထဘီပြင်ဝတ်ရတာ ထင်သလောက်မလွယ်ပါ။ နောက်ထပ်တစ်နေရာရှိသေးသည်။ ဟိုဟက်သည်ဘက် လုံလောင်လှည့်ပတ်နေရသည်နှင့် တစ်ခေါ်လောက် ပြတ်ကျန်ရစ်သည်။
တိုက်အိမ်ကြီးသို့ ကော်ရုပ် အသေအလဲလိုက်ချင်မှန်း ဒေါ်အေးညွန့်မသိမဟုတ်။ သို့ ပင် လျက် ကော်ရုပ်ပါမလာမှာ စိုးရိမ်ကာ နောက်လှည့်ကြည့်လေသေး၏ ။
အဒေါ်က အိမ်ကြီးသို့ အ၀တ်လျှော်သွားပြီး ပြန်လာတိုင်း ဖွဲ့နွဲ့ပြောပြသော ဆိုဖာကြီးတွေ ၊ လေအေးစက်၊ ရေနွေးစက်တွေ ၊ တယ်လီဗေးရှင်းတို့၊ ဗွီဒီယိုတို့ အဲဒါတေ၊ွကို ကော်ရုပ်မြင်ဖူးချင်လှ သည်။ အရင်မမြင်ဖူးသော ကြောင့် ချည်း မဟုတ်ပါ။ ဤမျှပြည့်စုံခမ်းနားသော အိမ်တစ်အိမ်ကို အံ့သြငေးမောချင်မိတာပါ။
“ကျွန်မကလဲ မှို့ဖန်လို့ မရဘူးအစ်မရဲ့ ၊ ချက်ချင်း မွှန်ပြီး အပိန့်တွေ ထလာတာ၊ အဲဒါကြောင့် တူမလေးကိုပဲ လက်ထပ်သင်ထားရတယ်”
သူဌေးကတော် ဒေါ်ခင်ငွေကျော့မှ ဤမလောက်လေး မလောက်စား ပေမမီဒေါက်မမီ ကလေးမကို လုပ်ငန်းအပ်နှံရမှာ မယုံမရဲ တွန့်ဆုတ်သွားတော့သည်။
“မှို့သီးတွေ က ထောင့်နှစ် ရာလောက်ရှိတာ”
“ရပါတယ်၊ ဒါတွေ က ကော်ရုပ်လုပ်နေကျပါ။ အစ်မအရင်လိုလို့လား”
“မလိုပါဘူး၊ ဒါပေမဲ့ ကလေးမ နိုင်ပါ့မလား”
“သူရွက်ထားရတာ မှ မဟုတ်တာ အစ်မရယ်၊ အခွံခွာပြီး တောင်းထဲထည့်နေပြတာက တစ်ရက်၊ တစ်ခါမှို့ဖန်ပြီး ဂုန်နီအိတ်ထဲသွတ်၊ ကျွန်မကြီးကြပ်ခိုင်းပါ့မယ် အစ်မရဲ့ ”
အလုပ်သမား ရှာရခက်ခဲလေတော့ ဒေါ်ခင်ငွေကျော့ မငြင်းဆန်နိုင်ဘဲ အလျှော့ပေးရတော့ သည်။
“မှို့ဖန်တယ် ဟုတ်လား၊ မှို့ကျပ်တယ်၊ မှို့ဖွတယ်မပြောဘူးလား”
“ဟင့်အင် ကျွန်မတို့တော့ မှို့ဖန်တယ် ခေါ်တာပဲအစ်မရဲ့ ”
တကယ်တမ်း မှို့သီးခွာရ မှို့ဖန်ရသူမှာ ကော်ရုပ်သာပါပဲ။
အိမ်ပြန်စားမနေနဲ့တော့၊ တော် နေ် ခေါ်ကျွေးလိမ့်မယ်၊ ကြားလားဆိုသော ဒေါ်ခင်ငွေကျော့ ၏ စကားကြောင့် ကော်ရုပ် ၀မ်းသာကျေးဇူးတင်ရသည်။
အိမ်မှာ သည်နံနက်စာ ဆန်နှစ် ဘူးပဲရှိနေသည်။ မသေရုံ ထမင်းကို မျက်ရည်စက်လက် စားမျိုရမှာ မပူပင်ရတော့”
မနက်ပိုင်းတော့ အလုပ်မတွင် လှသေး။ လုပ်ငန်းမကျွမ်းကျင်သေးတာလည်း ပါသည်။ ၀မ်းခေါင်းချောင်ကာ ခြေလက်မသယ်ချင်နေတာလည်း ပါသည်။
မီးဖိုချောင်သွားရာလမ်းရှိ အခန်းငယ်တွင် မှို့သီးများ ၊ ဂုန်နီအိတ်များ နှင့် ကော်ရုပ်ကို ထည့် လှောင်ထားကြသည်။
“တံခါးပိတ်ထား ကော်ရုပ်၊ တစ်အိမ်လုံး မှို့တွေ လွင့်ကုန်မယ်”
ဒါက ဒေါ်ခင်ငွေကျော့၏ သြဇာမဟုတ်တော့။ သူတို့အိမ်တော် ပါ အပျိုကြီး ဒေါ်တင်သြဇာ။
ဝေဠုတို့ မောင်နှမတစ်တွေ ကို အရိပ်အယောင်မျှ မမြင်ရ။ မသူဇာနှင့် မနီလာတို့က မွေးနေ့ ပွဲဆိုလား သွားကြသည်။
ဝေဠု ကတော့ သူ့ဖခင်နှင့် အတူ ဂေါက်ကွင်းသို့ ပါသွားတာပဲ ဖြစ်မည် ။ သည်လို ရုံးပိတ်ရက် တွေ မှာ ဦးခင်မောင်ကြည်က ဂေါက်သီးရိုက် ထွက်လေ့ရှိ၏ ။
နံနက်စာ ခေါ်ကျွေးသည်အထိ ကော်ရုပ်က မှို့သီးမည် မည် ရရခွာမပြီးတတ်သေး။ ဟွန်း . . . ဒီစံချိန်နဲ့တော့ မိုးကျသွားတော့မှာ ပါပဲဟု အပျိုကြီးက ငြိုငြင်သည်။
ကော်ရုပ်ကား မသိလိုက်ဘိသကဲ့သို့။
အိမ်ကြီး၏ မီးဖိုချောင်ကလည်း တစ်ရေး တစ်မောလှဲအိပ်ချင်လောက်အောင် သားနား သန့်ပြန့်သည်။ မှို့သီးခွာရသော အခန်းနည်းတူပင်။ ကော်ရုပ်တို့ တဲငယ်ထက် အပြန်တစ်ရာ ကောင်းမွန်သည်။ အိုး . . .. မနှိုင်းယှဉ်သာပါဘူးလေ။
မီးဖိုချောင်ထဲမှာ စားပွဲဝိုင်းနှင့် စားသောက်ရစဉ် ထမင်းက ဖြူဘိဖွေးဘိမွှေးပါဘိနဲ့။ အစ်မက သတ်သတ်ခွဲချက်မခိုင်းတော့ဘူးလေ။ ရမ်ဘိုနဲ့ ငါနဲ့စားလို့လည်း ထူးပြီး မကုန်တော့ပါဘူး တဲ့။ အပျိုကြီး တည်ခင်းကျွေးမွေးသော ငါးပိရည်ကျိုက မွှေး၊ ငရုတ်သီး အကျက်မှု န့်ကကြိုင်၊ အို . . . . ခြံထွက်ပိန္နဲကွင်းပြုတ်နှင့် သခွားသီးမြှုပ်ကာ မြှုပ်ကာ တို့ရတာ များ မြိန်ယှက်လိုက်သမှ၊ ဟဲ့ . . . ကောင်မလေး၊ ရော့ . . . . ဒါ အကုန်ပဲ၊ ၀လည်းတော် ၊ မ၀လည်းတော် ကြရမှာ ဆိုတော့မှပင် အေးလေ မနိုင်ရင်ကာလည်း ပြည့်အင့်နေပါပြီ။
နေ့ခင်းတွေ မှာ ကော်ရုပ်ငိုက်မျဉ်းလေ့မရှိ။ ခုလို ၀မ်းပြည့်လေ အားရှိလေ။ ခုမှပဲ အင်တိုက် အားတိုက် မှို့သီးခွာတော့သည်။
လေမတိုက်သည့်ကြားကပင် မှို့တွေ ဟိုကပ်သည်ကပ် မျက်တောင်တွေ ပါ ကပ်သည်။
“ဒုန်း . . . ဒုန်း . .. .ဒုန်း”
ပိတ်ထားသော သစ်သားတံခါးရွက်ကို အပြင်မှ တစ်စုံ တစ်ယောက် က ခေါက်လည်းခေါက်၊ ပါးစပ်မှလည်း အော်သည်။
ဝေဠု ပြန်လာပြီ။
ကော်ရုပ် ပြုံးသွား၏ ။
ပွရောင်းသော ဆံပင်တွေ ကို လက်ချောင်းများ နှင့် ထိုးဆွပြုပြင်၏ ။
“ဒေါက် . . . ဒေါက် . . .ဒေါက်”
သူ့ပါးစပ်မှ အမျိုးမျိုး ပြောင်းလဲ အသံပြုနေသည်ကို ကော်ရုပ်က ဟိခနဲ ရယ်ရင်း ပွင့်လာ မည့်  တံခါးဆီသို့ စောင့်ကြိုမျှော်ကြည့်နေခဲ့၏ ။
တွန်းဖွင့်လိုက်သော တံခါးရွက်ကြားမှ မြင်တွေ့ လိုက်ရသော မြင်ကွင်းကြောင့် ကော်ရုပ် အူလှိုက်သည်းလှိုက် ရယ်မိသည်။
“ဝေဠုတို့ ကတော့ ပြောင်တယ်ဟေ့”
ဝေဠုသည် မုဆိုးကျော် ဖိုးထော်၏ ကာတွန်းသဏ္ဌာန်မျက်နှာဖုံးစက္ကူချပ်ကို တပ်ဆင်ထား ပြီး ကော်ရုပ်ကို လေသေနတ်နှင့် ပန်ပါပါ ချိန်ထားသည်။
“ဟား .. . . .ဟား၊ ကော်ရုပ်လဲ ဘ၀ပြောင်းပြီ ၀ှိုက်မန်းကီး ဖြစ်နေပါပေါ့လား”
ကော်ရုပ် လေးတန်းနှစ် ခါကျ ဖြစ်သော်လည်း မန်းကီးဆိုတာ ကောင်းကောင်းနားလည် သည်။ ၀ှိုက်ဆိုတာကိုသာ ခဏစဉ်းစားဖို့လိုအပ်လေသည်။
“ဘာဝှိုက်မန်းကီးလဲ”
“နားမလည်ဘူးလားဟ၊ မျောက်ဖြူလို့ ခေါ်လိုက်တာလေ၊ ဟိုကောင်မန်းကီးက ဘလက် မန်းကီး၊ နင်က ၀ှိုက်မန်းကီး”
ကော်ရုပ်မှာ သူမ ဖြစ်ပျက်နေပုံကို မမြင်ရသည့် အတွက် ဘာကို ဝေဠုက ဟာသလုပ်နေ မှန်း နားမလည်ဘဲ ကြောင်တက်တက် ဖြစ်နေသည်။
မထွင်တတ် ထွင်တတ်နှင့် အခွံခွာရင်း မှို့ထုတ်ရင်း လွင့်တာလွင့်၊ ပြန့်ကျဲတာကျဲနှင့် တစ်ခန်းလုံး ဖွာလန်ဖွေးလှုပ်နေတာတော့ အမှန်ပဲ ဖြစ်သည်။
ကော်ရုပ်၏ ဆံပင်တွေ ၊ မျက်လုံးမျက်တောင်တွေ မှာ မှို့တွေ ကပ်နေရုံမက ကော်ရုပ်၏ လက်မောင်းတွေ ၊ အ၀တ်အစားတွေ မှာ လည်း မှို့တလှုပ်လှုပ်။
“ရော့”
ဖတ်ခနဲဆို ကော်ရုပ်၏ ရင်ဘတ်သို့ တစ်စုံတစ်ခုနှင့် ပစ်ပေါက်လိုက်၏ ။
ကော်ရုပ်က ပေါင်ပေါ်ပြုတ်ကျသွားသော ထိုအရာကို ငုံ့ကြည့်လိုက်ရင်း ၀မ်းပန်းတသာ ဖြစ်သွား၏ ။
ဆီးထုပ်ကလေးတော့်။
ကော်ရုပ်၏ ကျေးဇူးတင်စွာ ၀င့်ကြည့်လိုက်သော မျက်လုံးတွေ ကို ဝေဠုမမြင်တော့။
ကျောခိုင်းရင်း တံခါးရွက်ကို လက်ပြန်ဆွဲစေ့သွားသည်။
“အလုပ်ပြီးရင် လက်ဖ၀ါးရေဆွတ်ပြီး နင့်ခေါင်းနဲ့နင့်မျက်ခွက်ကို ပွတ်သွားချေဦး”
ဆီးထုပ်နှင့် မှို့စမှို့နအရောရော စားပစ်သည်။ ကောင်းလိုက်တာ လွန်ပါရော။
ပြန်ခါနီး မှပဲ ဝေဠုပြောသလို လုပ်ရင်း သူဘယ်လိုများ မှို့သုတ်သင်နည်းကို တတ်ကျွမ်း နေပါလိမ့်ဟု ကော်ရုပ်တွေးမိသည်။ မေးလည်း မေးမိသည်။
ဝေဠုကိုတော့ မမေး ဖြစ်ပါ။ ဝေဠုက ကျူရှင်သွားပြီပဲ။
အပျိုကြီးကိုပဲ မေး ဖြစ်လေ၏ ။
“သူ့ခေါင်းထဲမှာ ဉာဏ်ရှိတာပေါ့အေ့၊ သူစဉ်းစားတတ်တာပေါ့၊ နလပိန်းတုံးမှမဟုတ်ဘဲ၊ သူဌေးသားပဲအေ”
ကော်ရုပ်သည် နလပိန်းတုံးမဟုတ်ဘဲ ဉာဏ်ရှိသော သူဌေးသား ဝေဠုအ ဖြစ် တစ်မျိုးတိုးပြီး အထင်ကြီးရပြန်လေသည်။
သွေးမြင်လျှင် မေ့ချင်မူးချင်တာက တခြားပဲလေ။
ဖြောင်းခနဲ လေသေနတ်ပစ်သံကြောင့် ကော်ရုပ်သည် အိပ်ရာထဲမှ လူးထဲထလိုက်သည်။
ဦးလေးဦးဘသော်သည် လူရိပ်လှုပ်ရှားမှု မြင်သည်နှင့် တစ်ပြိုင်နက် တကျွတ်ကျွတ်ညည်း တွားရင်း စုတ်သပ်သည်။ သူက အကြောတက်သည်၊ ကိုက်ခဲသည်နှင့် အခါမလပ် ညည်းညူသည်။
မိသားစုကလည်း ဦးလေး နာတာရှည်လာတာ ကြာလာလေ ဂရုမစိုက်ဘဲ လျစ်လျူရှုလေ ဖြစ်လာသည်။ စားဝတ်နေရေး မပြေလည်သည့်ဆီ အာရုံရောက်နေရတာ ချည်းတော့ မဟုတ်နိုင်ပါ။ နာမကျန်းသူ၏ အားငယ်ခံစားချက်ကို နားမလည်တတ်တာလည်း ပါသည်။ အဓိက ကတော့ သူ ကြမ်းကြုတ်ခက်ထန်ခဲ့သည်ကြောင့် တစ်လှည့်တစ်ပြန် မေတ္တာငတ်မွတ်နေရခြင်းပင် ဖြစ်ပေမည် ။
ဦးလေးညည်းတွားသံကို မကြားလိုက်လေဟန်နှင့် ကော်ရုပ်က တဲပြင်ရောက်ဖို့သာ စိတ်စောသည်။
မိုးစက် တဖြောက်ဖြောက် ကျနေသည်။ မိုးသည်းလျှင် ကော်ရုပ်တို့နေအိမ်မှာ မိုးလွတ် အောင် ရှောင်စရာ နေစရာမရှိ။ ဦးဘသော်အတွက် တစ်နေရာ အနိုင်နိုင်ပင်။ သည်နှစ် အမိုးမမိုး နိုင်သေး။
“ကော်ပြားရုပ်၊ လာစမ်းပါဦးဟ”
သည်နှစ် ထဲမှာ ကော်ရုပ်သည် အသားစစ်သွားပြီး အရပ်ရှည်ထွက်လာသည်။ ဝေဠုက ၀ါးခြမ်းကလေးလို ပြားကပ်ကပ် ဖြစ်လာသော ကော်ရုပ်အတွက် နာမည် ပြောင်အသစ် တွေ့ နေပြန် သည်။ ကော်ပြားရုပ်တဲ့။ ဟွန်း။
ဝေဠုကို ခြံစည်းရိုးအနီးတွင် တွေ့ ရသည်။
သူသည် တစ်စစပိုပြီး ဂိုက်ဆိုက်ထုတ်လာသည်။ အခုလည်း ဂျင်းဘောင်းဘီရှည်ကို ခြေသလုံးတစ်ဝက် လိပ်တင်လျက် ဂျော်ကီဦးထုပ်ကလေး ဆောင်းထား၏ ။
ဝေဠုလက်ထဲတွင် မကွဲမကွာ အတူဆောင်ထားမြဲ လေသေနတ်ကလေး ရှိနေသည်။
“ဟိုးချုံပုတ်နားကို ပြေးစမ်း၊ ငါ ငှက်တစ်ကောင်ပစ်ထားတယ်”
“ထိသလားဟင်”
“ထိလို့ သွားကောက်ခိုင်းတာပေါ့ဟ၊ သွား . . .သွား၊ ငါ့အမွေးနှုတ်ပေးသိလား၊ နင့်ကို လည်ပင်းရိုးကျွေးမယ်၊ ဟား . . . ဟား”
ကော်ရုပ် စိတ်မဆိုးအားပါ။ သူ ကျီစယ်နေမှန်း အသိသားပဲမဟုတ်လား။ တကယ်ပြော တောင်မှ လည်ပင်းရိုးကိုက်ရ နည်းရော့သလား။ ကော်ရုပ်တို့မှာ ငါးပိရည်ပင် နပ်မမှန်တာက များ နေတာ။
ဝေဠုပြောသော ဟိုချုံပုတ်ဆိုသော နေရာ ရောက်အောင် အတော် ကြီး တော့နင်သွားရ သည်။
ခြေထောက်ကို ငြောင့်မစူးအောင် စမ်းနင်းရသလို အိမ်သာမရှိသော တဲစုမှ စွန့်ပစ်ကြသော အညစ်အကြေးပုံတွေ ကို လွတ်အောင် ရှောင်ရှားနိုင်ပါမှ။
အကောင်ရှည်တွေ့ လိုက်ပြန်လည်း ကုရာနတ္ထိ ဆေးကုခွင့်ရှိမှာ မဟုတ်။ ဆေးဝယ်စရာ ငွေစမှမရှိတာ။
“ဘာငှက်မှလဲ မတွေ့ ပါလား ဝေဠုရဲ့ ၊ နင် ညာနေတာလား”
လှမ်းအော်ရင်း ပိန်းပင်အုပ်ကြီးကြားထဲသို့ တိုးဝင်ကာ လက်တစ်ဖက်က ပိန်းရွက်တွေ ကို နံဘေး တိုးဖယ်ကြည့်ရှုသည်။
အုပ်ဆိုင်းနေသော ပိန်းရွက်တွေ မသိမသာ လှုပ်ခတ်သွားသည်။
အရေး ထဲ ခြေခုံပေါ် ထိုးထိုးထောင်ထောင် တက်လာသော ကျွတ်က တစ်မှော င့်။ သွားစမ်း ဟာ။
လက်နှစ် ဖက်စလုံး အသုံးပြုပြီး အရွက်တွေ ဖယ်ရှားကြည့်လိုက်၏ ။
“ဟယ် . . . ဝေဠု၊ ဗျိုင်းကလေးပါလား”
မဖြူဖွေးနိုင်တော့ဘဲ အတော် ပံတွေ ရွှံ့လူးကာ ညစ်ထပ်ပေကျံနေပြီ။ ညာဘက်တောင်ပံမှာ သွေးနီကြန့်စွန်းထင်းနေသည်။
“အတောင်ကျိုးနေပြီဟယ်၊ နင်ပြောတော့ ငှက်တဲ့”
“ဗျိုင်းက ငှက်မဟုတ်လို့ ဘာလဲ”
တရွတ်ဆွဲပြေးရွှေ့နေသော ဗျိုင်းဖြူကလေးကို ကော်ရုပ်က ပွေ့ချီယူလိုက်တော့သည်။
“မြန်မြန်လာဟာ၊ ရမ်ဘိုလောက်တောင် အ ဖြစ်မရှိဘူး”
ကော်ရုပ်သည် ဝေဠုက ရမ်ဘိုနှင့် ခိုင်းနှိုင်းကဲ့ရဲ့ သည်ကို နာကောင်းသည်မယူမှတ်ပါ။ ရမ်ဘိုစားဖို့ အမဲရိုးနုနုနှင့် အမဲသားပေါင်သား အော်ဒါမှာ ထားသည်ကို ကော်ရုပ်ပဲ ရပ်ကွက်ဈေးသို့ တစ်ရက်ခြားသွားယူပေးနေရတာ မဟုတ်လား။ ရမ်ဘိုနေရသည့် သံဆန်ခါကွက် လှောင်အိမ်ဆို လည်း သွပ်အကျမိုးပြီးထားတာမို့ အစစအရာရာ ကော်ရုပ်တို့ထက် သာနေသည်လေ။
“အဲဒီ မြောင်းစပ်မှာ ငါးလာဖမ်းနေတာ၊ ငါ့လေသေနတ်စာ မိသွားတာပေါ့”
အနီးရောက်လာသော ကော်ရုပ်လက်မှဗျိုင်းကို ကြည့်ရင်း ဝေဠုနှုတ်ဆွံ့သွားသည်။
“နင့်ဗျိုင်းက လှုပ်နေပါလားဟ”
“သေမှမသေတာ၊ အတောင်ပဲထိတာ၊ ဒီမှာ ကြည့်စမ်း၊ အသွားဖွာထွက်သွားတယ်”
ကော်ရုပ်က မြောင်းကို ခုန်ကူးကာ ခြံစည်းရိုးကြားမှ ငုံ့ဝင်မည် ပြုသည်။
“နေဦးလေ. . . . ဝေဠု၊ ဘယ်သွားဦးမလို့လဲ”
ခြံစည်းရိုး သွပ်ကြိုးတွေ ကို ပြန်တင်းထားသော ကြောင့် ကော်ရုပ်အကြံမအောင်ပေ။
ကျောခိုင်းသွားနေရာမှ ဝေဠု ရပ်တန့်လိုက်သည်။ လုံးဝလှည့်မကြည့်သေး။
“လည်စေ့ ညစ်လိုက်ရမလား”
ဝေဠု တုန်ခါသွားသည်
“နင် တယ်စက်ပါလား”
ဝေဠု အသံတုန်နေသည်။
ဟောတော့် . .. .လေသေနတ်နှင့် ပစ်ထားတာ သူမဟုတ်တော့သလိုနှင့် ။
“ခုနတော့ အမွေးနှုတ်ပေးဆို”
“သေပြီမှတ်လို့ ပြောတာ”
“အေးလေ၊ ခုလဲ လည်စေ့ ညှစ်လိုက် . . . .”
“တော် စမ်းပါဟာ။ သွား . . . သယ်သွား၊ ဆေးထည့်ပေးလိုက် ”
ကော်ရုပ်က ရင်ခွင်ထဲမှ ဗျိုင်းကလေးကို ငုံ့ကြည့်လိုက်သည်။ မျက်လုံးကလေး ပြူးကြောင် ကြောင်နှင့် ထိတ်လန့်ချောက်ချားနေရှာသည်။ နာကျင်နေသော သူ့တောင်ပံသည် စင်းကျနေ သည်။
“ငါ့မှာ ဘာဆေးမှ မရှိဘူး”
“ဆေးဝယ်ထည့်၊ ငါ ပိုက်ဆံလာပေးမယ်၊ ယူသွား၊ ခေါ်သွား”
ဝေဠုက ကော်ရုပ်ကို သရဲသဘက်ပမာ လက်ခါ နှင်ထုတ်ရင်း သူ့ခြံထဲသို့ ဆက်လျှောက် သွားသည်။
ကော်ရုပ်သည် ဗျိုင်းသူငယ်ကို ရင်ခွင်ပိုက်လျက် ဝေဠုနော်ကွယ်တွင် ကျန်ရစ်သည်။
ကော်ရုပ်မျက်နှာ ပြောင်စပ်စပ် ပြုံးဖြီးဖြီး ဖြစ်လာ၏ ။ အောင့်အည်းကာထားသည့်ကြားမှ ရယ်သံတစ်ချက် လွှတ်ခနဲ ထွက်သွားလေသည်။
ဝေဠုခြေလှမ်းတုံ့သွားပြန်တော့လည်း ကော်ရုပ်လန့်သည်။ သူစိတ်တိုသွားပြီလား။ တော် ကြာ ဆေးဖိုးပိုက်ဆံလာမပေးမှဖြင့် . . . .
“နင့်မောင်တွေ သတ်မစားစေနဲ့”
ကော်ရုပ်က နောက်လှည့်မကြည့်ဘဲ ပေးသော အမိန့်ကို အေးပါဟု နာခံသည်။
“ဆေးဖိုးလာပို့ခိုင်းရင် စတိုခန်းအလွတ်ထဲက ခြင်းကြားကြီးပါ ပေးလိုက် သိလား၊ လှောင်ထားမလို့”
“အေး”
ဗျိုင်းနာကို သယ်ပြန်လာသော အခါ ဦးဘသော င်က စူးစမ်းသော အကြည့်နှင့် ကြည့်သည်။
“ဆေးထည့်ဖို့ ဝေဠုက ပေးလိုက် တာ၊ မသေစေနဲ့တဲ့”
သူဘာကို စိတ်ပျက်သွားသလဲဆိုတာ ကော်ရုပ် ရိပ်မိသည်။
ဝေဠုအမိန့်အတိုင်း ကော်ရုပ်က တစ်သဝေမသိမ်း လိုက်နာရမည် ။ ဦးလေးတို့မိသားစု တစ်တွေ လည်း မလွန်ဆန်ဝံ့ကြပါ။ ဝေဠုက သူ့အိမ်မှာ အရေး ပါ အရာရောက်သော တစ်ဦးတည်း သော သား ဖြစ်သည်။ ဝေဠုငြိုငြင်သွားမှဖြင့် အိမ်ကြီး၏ ဝေယျာဝစ္စအလုပ်အကိုင်ကလေးတွေ ကို ရနိုင်ြ ကတော့မှာ မဟုတ်။
ဝေဠုတို့အိမ်တော် ပါ အပျိုကြီး ဒေါ်တင်ကိုယ်တိုင် ခြင်းကြားကြီး လာပို့ရသည်။
“အဲဒီ ခြင်းနဲ့ပိုက်ဆံက ဘာလုပ်ဖို့လဲအေ့၊ ကောင်စုတ်ကလေးက ငါမေးတာ မဖြေဘူး။ စကားရှည်တယ်တဲ့ ပြောသွားသေးတယ်”
ဒေါ်တင် စကားကြောရှည်တာတော့ အမှန်ပါပဲဟု ကော်ရုပ်တွေး၏ ။
“သူပစ်လိုက်တာ ဗျိုင်း တောင်ပံကျိုးသွားတယ်၊ အဲဒါ ဆေးထည့်ပေးရမယ်တဲ့။ ပြီးတော့ မွေးထားရမယ်၊ ကျွန်မပြောတယ်လဲ သွားမပြောနဲ့နော် အဒေါ်၊ ကြိုက်မှန်း မကြိုက်မှန်းလဲ မသိ”
“အေးပါအေ၊ ညည်းတို့သာ သွားသတ်မစားပစ်နဲ့”
“ဒီလောက်လဲ ငတ်ကြီးမကျပါဘူး”
“သတိပေးတာပါအေ”
မွဲလိုက်တာ ချာတူးလန်းနေသည့်တိုင် ခုလို ခဏခဏလက်ညှိုးထိုးခံရပြန်တော့ တစ်ခါ တစ်ရံ မခံချိ ဖြစ်မိသည်။ မတတ်နိုင်ပါဘူးလေ။ သတ်မစားရင် ပြီးတာပဲပေါ့။ အဲဒါ သက်သေပေါ့။
ဒေါ်တင်ပေးသွားသော ပိုက်ဆံတစ်ဆယ်ကိုကိုင်ပြီး ဒဏ်ရာမှာ ဘာဆေးလိမ်းပေးရမလဲ စဉ်းစားသည်။ အဒေါ်လုပ်သလို ပင်နီဆီလင်ဆိုသော ဆေးပြားဝယ်ပြီး ကြိတ်ထည့်ပေးလိုက်မည် ။
တစ်လုံးနှစ် ကျပ်၊ သုံးလုံးဆို တော် ရော့ပေါ့။ တစ်ခါကြိတ် တစ်ခြမ်း။
ပိုငွေလေးကျပ်ကိုတော့ ကော်ရုပ်က အိမ်ကြီးမှာ စားရသော ငါးပိရည်ကျိုမျိုး ၀ယ်လေ သည်။ တစ်ဆယ်သား လေးကျပ်၊ တစ်ဆယ်သား ၀ယ်ပစ်လိုက်သည်။
ငါးပိရည်ကျိုတသင်းသင်း မွေးပျံ့လွန်းတာကြောင့် အိပ်ရာထဲမှ ဦးဘသော င်ပင် လျှာရည် တများများ ဖြစ်လာသည်။
ကျောင်းပြန်လာသော အငယ်ကောင် ပေစိသည်လည်း ကော်ရုပ်ညွှန်ကြားထားသည့် အတိုင်း အထူးရိုကျိုးစွာ တို့စရာ ဆင်းခူးသည်။ ထုံးစံအတိုင်း ထိကရုံးတို့၊ ကင်းပုံညွန့်တို့ပေါ့လေ။ ကံကောင်းချင်တော့ ကင်းပုံသီးတွေ အဆစ်ပါလိုက်သေး။
အဲ . . . ပြဿနာက ကော်ရုပ် ပိန်းပင်တွေ ကြား တိုးမိသည်မှစသည်။ တစ်ကိုယ်လုံး အပိန့် တွေ ထပြီး ယားလိုက်တာများ ။
ငါးပိရည်ကျိုတန်ခိုးကြောင့် အဒေါ့်ထံမှ မျက်စောင်းမျှသာ ရရှိ၏ ။ ငွေတစ်မတ်ကြီးလည်း ပစ်ပေးသေးသဖြင့် ဘာမီတွန် အပြေးဝယ်သောက်နိုင်လိုက်၏ ။
အမယ် . . . .ဗိုက်ကားကားမှာ ဘာမီတွန်ဆောင်းပြန်တော့ မိုး ဘယ်လောက်ယိုယို၊ လေအေး ဘယ်လောက်တိုးတိုး ကော်ရုပ်သိုးနေအောင် အိပ်ပျော်သည်။ ထဘီခြုံကွေးရင်း အိပ်မက်ကလေးတောင် မက်လိုက်သေး၏ ။
“ငါကလေ ငွေဗျိုင်းဖြူကလေး ဖြစ်ပြီး ပျံသွားလိုက်တာ ဟယ်။ သိပ်လှတာပဲ သိလား”
နောက်တစ်နေ့မှာ ခြင်းကြားနှင့် အုပ်ထားသည့် ဗျိုင်းကလေးကို လာကြည့်နေသော ဝေဠု ကို ကော်ရုပ်က အိပ်မက်အကြောင်း မြိန်ရေရှက်ရေ ပြောပြ၏ ။
“ဟား . . . ဟား . . . .နင် သိပ်လှနေတယ်လို့ နင်ကများ ပြောရတယ်ရှိသေး၊ ပေါချက် ရက်စက်တယ်ဟေ့”
ကော်ရုပ်က မကျေမချမ်း ဖြစ်ရသော်လည်း မနိုင်၍ သည်းခံနေလိုက်ရပြန်လေ၏ ။
“နင့်ကို ဗျိုင်းကလေးနဲ့အတူ ဓာတ်ပုံရိုက်ပေးမယ်၊ ယူမလား”
“တကယ်”
“မယူဘူးလား”
“နင့်မှာ ကင်မရာရှိလို့လား”
“ဖေဖေ၀ယ်ပေးထားတယ်လေ၊ ရှိလို့ ပြောတာပေါ့”
“ရိုက်မယ်လေ၊ ရိုက်မယ်၊ အခုလား”
“ဗျိုင်းအနာကျက်သွားမှ ရိုက်မှာ ပေါ့ဟ”
ဗျိုင်းကလေး အနာကျက်သွားသည်။
ဓာတ်ပုံလည်း ရိုက် ဖြစ်သည်။
ဓာတ်ပုံပေါ် ကန့်လန့်ဖြတ်ကာ မင်နက်နှင့် ကော်ရုပ်ဟု ဝေဠုက ရေး ခြစ်ပေးခဲ့၏ ။
ကော်ရုပ်နှင့် မကွဲမကွာ ထာဝရအတူလေ။
![]() ကံ့ကော်ရိပ်က ကြိုနေမယ် | ![]() သံယောဇဉ် ငွေသောင်ဦး | ![]() သည်ဖက်ကမ်းမှ လွမ်းကိန္နရီ |