အခန်း(၁)
အချစ်တဲ့လား…
အမုန်းတဲ့လား..
ချစ်ခြင်း မုန်းခြင်းဆိုတာတွေ ကို တစ်ခါဖူးမျှ ကိုကို သရုပ်ခွဲမကြည့်ခဲ့ပါဘူးကွယ်။
ဆံခြည်မျှင်ကြိုးတန်းတစ်ခုရဲ့ တစ်ဖက်စွန်းမှာ အချစ်တည်ရှိနေတယ်ဆိုရင် အခြားသော တစ်ဖက်စွန်းမှာ အမုန်းတည်ရှိနေရမှာ သေချာပါတယ်တဲ့။ ကိုကိုကြားဖူးမှတ်ဖူးခဲ့တဲ့ အဆိုအမိန့်တစ်ခု လေ။
ချစ်ခြင်း မုန်းခြင်းဆိုသည်မှာ ခံစားမှု ရောင် စဉ်တစ်ခုရဲ့ အနုအရင့် အစွန်းနှစ် ဘက်မျှသာ ဖြစ်တယ်ဆိုရင်ကော မှန်ပါသလား။
ခုတော့ ကိုကိုလေ… ညီမလေးကြောင့် ပဲ (ညီမလေးနဲ့ ပတ်သက်လို့ပဲ) ချစ်ခြင်းမုန်းခြင်းကို ခွဲခွဲ ခြားခြား ရှင်းဖြေ သရုပ်ခွဲကြည့်ချင်လာရတော့တယ်။
ကိုကို့ညီမ မေမွန်မွန်…
ညီမလေးသိအောင် ကိုကိုရှင်းပြချင်စမ်းပါဘိတော့တယ် မေမွန်မွန်ရယ်…
မရရှိနိုင်တဲ့၊ မပိုင်ဆိုင်နိုင်တဲ့ တစ်စုံတစ်၇ာကိုလူတွေ ဟာ ပိုပြီး မက်မက်မောမော တန်ဖိုးထား တတ်လေသလား။
အစစ်အမှန်ကိုသာ လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်ထွေးပိုက်ထားနိုင်ခဲ့ရင်တော့ အတုအယောင်ကို ဘယ်သူမှ လိုချင်တမ်းတနေမှာ မဟုတ်ပါဘူး။ အတုအယောင်ဆိုတာ ယာယီသုံး ခဏသုံးမျှသာ ဖြစ် တယ်မဟုတ်လား။
အစစ်အမှန် ပေါ်ပေါက်လာတာနဲ့ တစ်ပြိုင်နက် အတုအယောင်ဟာ အပယ်ခံရမှာ မုချပါပဲ။
ခက်တာက အစစ်အမှန်ဆိုတဲ့အရာကို အခါခပ်သိမ်းတော့ဖြင့် လက်ဝယ်ပိုင်ပိုင် မရရှိနိုင်ကြ ပေဘူး။
အဲဒီ အခါကျတော့လည်း ဖန်တီးထားတဲ့ ဟန်ဆောင်ထားတဲ့ အတုအယောင်ကိုသာလျှင် အစစ် အမှန် ဖြစ်တော့သယောင်နဲ့ ကိုယ့်ကိုယ်ကိုယ် လိမ်ညာလှည့်ဖျားဖို့ နေရပေမှာ ပေါ့။
ကိုကို့အ ဖြစ်ကို ပြန်တွေးချင့်တွက်ကြည့်မိတာပါ မေမွန်။
ကိုကိုဟာ ကိုယ့်ကိုကိုယ် သိပ်သနားလွန်းနေမိပြီလား။
လူပဲ မေမွန်ရယ်။
ကိုယ့်ဒဏ်ရာကိုယ် တယုတယ အရိပ်တကြည့်ကြည့်နဲ့ ကိုယ့်ကိုယ်ကိုယ် သနားမဆုံး ဖြစ်နေ တတ်တာ ကတော့ သာမန်လူတွေ ရဲ့ သဘောသဘာဝပါပဲ။
ကိုကိုဟာ ခံစားလွယ် ထိရှလွယ်တယ်လို့ မေမေက မှတ်ချက်ချခဲ့ဖူးပါတယ်။ အဲဒါ အမှန်ပဲ ထင်ပါရဲ့ ။
ခံစားလွယ် ထိရှလွယ်ပေမယ့်လည်း လူတွေ မသိအောင် အင်မတန်ဟန်ဆောင်ဖုံးဖိတတ်တယ် လို့လည်း မေမေက ပြောခဲ့ဖူးပါတယ်။ အဲဒါကိုလည်း ကိုကို ၀န်ခံရမှာ ပါပဲ ထင်ပါရဲ့ ။
ကိုကိုဟာ အစဉ်သဖြင့် တိတ်တဆိတ် သိမ်ငယ်ကြေကွဲခဲ့ရပါတယ်။ ပြီးတော့လည်း အဲဒီ သိမ်ငယ်စိတ် ကြေကွဲစိတ်တွေ ကို လူသူမသိ၊ မရိပ်မိရအောင်လည်း တင်းတင်းတည်တည် ဟန်ဆောင် ကောင်းခဲ့ပါတယ်။
ဖေဖေနဲ့မေမေ ဖန်တီးပေးတဲ့ ကိုကို့ မိသားစုကလေးဟာ ဘယ်လောက်များ ပြည့်စုံလိုက်ပါ သလဲ။ ဖေဖေရယ်… မေမေရယ်၊ သားကြီး ကိုကို၊ ညီမလေး မေမွန်မွန်၊ ညီထွေး စု။ ကဲ..ဘယ် လောက်များ အေးချမ်းလှပလိုက်တဲ့ အသိုက်အမြုံကလေးလဲကွယ်။
ဒီလိုဘ၀ကလေးမှာ တောင်မှပဲ မတင်းတိမ် မရောင့် ရဲနိုင်လောက်အောင် ကိုကိုဟာ သိပ် လောဘကြီးလွန်းနေသလား။
အစစ်အမှန် မ ဖြစ်ရလေတယ်ရယ်လို့ မကျေမနပ် ဖြစ်နေမိတာဟာ ကိုကို့ အလွန်လို့ဆိုလာရင် လည်း ငြင်းဆန်မနေတော့ပါဘူး။
ဒီ မိသားစုကလေးမှာ ကိုကို မပျော်ပိုက်နိုင်ခဲ့လို့တော့ မဟုတ်ဘူးနော်။
ကိုကို အင်မတန် ပျော်ပိုက်ခဲ့ပါတယ် ညီမလေး မေမွန်ရယ်။
ကိုကို ရရှိခဲ့တဲ့ မိသားစုအရိပ်အမိုးလေးကို ဘယ်လောက်အထိ ကိုကို တန်ဖိုးထားခဲ့တယ်ဆို တာ ဘုရာအသိဆုံးပါပဲ။
ခုချိန်ကျမှတော့ ဒီစကားကို ပြောဖို့တောင် ကိုကိုနှုတ်မရဲအောင် ထိခိုက်နာကျင်ရပါပြီ။
ကိုကို အင်မတန်တန်ဖိုးထားခဲ့ပါလျက်နဲ့ အသည်းနှလုံးနဲ့ အသက်နဲ့လဲပြီး ထိန်းသိမ်းလျှို့ဝှက် ထားသင့်ပါလျက်နဲ့ ဘာကြောင့် များ ကိုကို့ရဲ့ စိတ်၊ ကိုကို့ရဲ့ မနောကို မစောင့်စည်းနိုင်လိုက်တာလဲ။
ငယ်ငယ်တုန်းကလို ဘွာခတ်လို့ ရလိုက်ချင်ပါရဲ့ ။
လွန်ကျွံမိလေတဲ့ မနောကံအတွက် ကိုကို့မှာ ဆောက်တည်ရာမရအောင် ထိခိုက်ခံစားခဲ့ရပါ တယ်။
ဖေဖေ သိသွားရင်..
မေမေ သိသွားရင်..
စု သိသွားရင်…
အို…
အခု မေမွန်သိသွားခဲ့ပြီပဲ။
မေမွန်က ပြန်မပြောဘူးဆိုတာ ကိုကို သိပါရဲ့ ။
ပြန်ပြောဖို့ မလိုဘူးဆိုတာကိုလည်း ကိုကို သိပါရဲ့ ။
ကိုကို့လိပ်ပြာဟာ မသန့်စင်ပါဘူး။
ဒါပေမဲ့ အဖြူရောင် သိုက်နန်းရိပ်မြုံကလေးကို အမည်းစက် မစွန်းတင်းစေမိအောင်တော့ ထိန်းသိမ်းခဲ့ပါတယ် ညီမလေးရယ်။
အခန်း(၂)
ကိုကို့ကို ရှမ်းပြည်မြောကပိုင်း နယ်စပ်မှာ မွေးခဲ့တာ။
ဒါကို မေမွန်တို့ညီအစ်မ သိနေကြပါတယ်။
မေမွန်တို့ သိနေမှန်းလည်း ကိုကိုသိပြန်တာပဲ။ မသိဟန်ဆောင်ပြီး ကိုကိုမင်သေသေနေမှန်း လည်း မေမွန်တို့ညီအစ်မ ရိပ်မိနေကြပါတယ်။
မသိခြင်းဖြင့် အစစအရာရာ ပိုပြီး အဆင်ပြေချောမွေ့လေမလားလို့ ဟန်ဆောင်နေကြတယ်ပဲ ဆိုကြပါစို့ရဲ့ ။
နေရာဒေသအတိအကျတော့ ကိုကို မသိဘူးပေါ့ ညီမလေးရယ်။ လားရှိုးဘက် မူဆယ်နမ်းခမ်း တက်လို့ သိနားလည်လာမှ ကိုကို ခန့်မှန်းကြည့်ရတာ ပေါ့။
ကျောင်းနေလို့၊ စာတတ်လာလို့ လေးငါးတန်းလောက် ရောက်လာတဲ့အခါ ပထ၀ီသင်ရတဲ့အခါ တွေ မှာ ကိုကို့လို အသားဖြူဖြူ မျက်ခွံမို့မို့ မျက်လုံးကျဉ်းကျဉ်းနဲ့ ရှမ်းကလေးတွေ ဟာ မြန်မာပြည် အရှေ့ပိုင်းတွေ မှာ ရှိမှာ ပဲလို့ ကိုကိုစမ်းတ၀ါးဝါး တွေးဆကြည့်တတ်လာပြီပေါ့။
ကိုကိုမှတ်မိတာ ကတော့လေ မျက်စိတဆုံး ကျယ်ဝန်းလှတဲ့ မြစ်ကြီးတစ်ခုရဲ့ ကမ်းပါးနဲ့ အလှမ်း မဝေးလှတဲ့ ရွာကလေးတစ်ရွာမှာ ကိုကိုနေခဲ့ဖူးတယ်။
မဲ့နဲ့အတူ။
ဟုတ်တယ် မေမွန်။
မဲ့ဆိုတာ ရှမ်းလို အမေလို့ခေါ်တာပေါ့။
ကိုကို့အမေပေါ့။ ကိုကို့ကို ၀မ်းနဲ့လွယ်ပြီး မွေးဖွားသန့်စင်ခဲ့တဲ့ မွေးမိခင်ပေါ့ မေမွန်ရယ်။
ကိုကို့အမေရင်းဟာ ကိုကိုပြန်တွေ့ ဆုံခွင့် မကြုံတော့လေတဲ့ ရှမ်းပြည်နယ်စပ်က ရှမ်းတစ် ယောက် ပေါ့ မေမွန်ရယ်။
ကိုကို့အနေနဲ့ ပတ်သက်လို့ ကတော့ ဖေဖေ့သူငယ်ချင်းလို့ပဲ နားစွန်နားဖျား ကိုကိုကြားဖူးခဲ့ရပါ တယ်။ နာမည် လည်း ကိုကိုမသိခဲ့ဘူး။ မဲ့တို့က ကိုကို့ရှေ့မှာ အဖေ့အကြောင်း မပြောကြဘူး။ သူ့ကို လည်း ကိုကိုမမြင်ဖူးလိုက်ရဘူး ထင်ပါရဲ့ ။ ဒါမှမဟုတ် ကိုကို မမှတ်မိတတ်သေးခင်အရွယ်ကတည်းက သူ မရှိတော့လို့ ဖြစ်ဟန်တူပါရဲ့ ။
သူ ငှက်ဖျားမိပြီး သေဆုံးသွားခဲ့တယ်လို့ ကိုကိုသိထားနားလည်ထားခဲ့ပါတယ်။ တမင်တကာ မဟုတ်သည့်တိုင် စိတ်လွတ်ကိုယ်လွတ် အမှတ်မထင် ပြောတတ်ကြတဲ့အိမ်နီးချင်းတွေ ကြောင့် ကိုကို သိနေ နားလည်နေခဲ့ရတာ ဖြစ်ပါလိမ့်မယ်။
သူတို့ရဲ့ သားသမီး ကိုကို့ကစားဖော်တွေ ရှေ့မှာ သူတို့တတွေ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောကြာမှာ ပေါ့လေ။ ကစားဖော်တွေ က ကိုကို့အဖေ ကျောက်ရှာရင်း။ ကျောက်တူးရင်း ငှက်ဖျားတက်ပြီး ကယောင်ကတမ်း ထပြေးတာတို့၊ လုပ်ဖော်ကိုင်ဖက်တွေ နောက် တူရွင်းနဲ့ ပေါက်တူးနဲ့ ခုတ်မယ်၊ ဖြတ်မယ် တကဲကဲလိုက် တာတို့၊ ဘာဘာညာညာ ပြန်ပြောတတ်နေကြတယ်။
အဲဒီ တုန်းက ကိုကို ခံစားဝမ်းနည်းတတ်ခဲ့တယ် မေမွန်။ ကိုကို မှတ်မိပါတယ်။ ပြန်သတိရမိ တိုင်းလည်း အသစ်ပြန် ဖြစ်ရပြီး ကိုကိုခံစားဝမ်းနည်းရပြန်တာပါပဲ။
မဲ့ဟာ ခုဆိုရင် အသက်ငါးဆယ်ဘက်နီးရောပေါ့။ (ကိုကိုတောင် အသက်သုံးဆယ်နား ချဉ်းကပ်လာမှပလြေ။)
ကိုကို့အာရုံထဲမှာ စွဲမြဲကျန်ရစ်ခဲ့တာ ကတော့ မဲ့ဟာ နီမြန်းဖောင်းအစ်တဲ့ ပါးနှစ် ဖက် စုံ့ထွက်လာ အောင် ရယ်မောပြီး ကိုကို့မျက်နှာကို နေရာလပ်မကျန်အောင် တရစပ်နမ်းရှုံ့လေ့ရှိတာရယ်၊ တစ်ခါ တလေ ကိုကို့ကို သူ့ရင်ခွင်ထဲမှာ ထွေးပွေ့ထားပြီး ကြိတ်ငိုတတ် ကြိတ်ရှိုက်တတ်တာရယ်။
မဲ့ ယောက်ျားယူတော့မယ်လို့ ပြော ကတော့လေ။ ကိုကို မကျေမနပ် ခံစားတတ်နေပါပြီ။ ရင်ထဲ မှာ လည်း နာတတ်နေပါပြီ။ ကိုကို မယုံချင်ဘူး။ ဒါပေမဲ့ မဲ့ကိုလည်း ဖွင့်မမေးရက်ခဲ့ပါဘူး။
အဲဒီ အရွယ်ကတည်းကပဲ ကိုကိုဟာ ဝေဒနာကို မြိုသိပ်လျှို့ဝှက်ထားပြီး တငွေ့ငွေ့ နာကျင် တတ်ခဲ့ရပါတယ်။
မဲ့ကို ကိုကို စိတ်ခုမိတာ တစ်ခါပဲ ရှိဖူးတယ်သိလား။
ဖေဖေက ကိုကို့ကို လာခေါ်တဲ့နေ့ကပေါ့။ ကိုကို ရည်ညွန်းတဲ့ ဖေဖေဆိုတာ ဖေဖေပေါ့။ ဦးစောဦးပေါ့။
ကိုကို့အတွက် ပိုပြီးအဆင်ပြေမယ်လို့ ယူဆပြီး ဖေဖေနဲ့ ထည့်လိုက်တယ်ဆိုတာ ကိုကို နားလည်ပါတယ်။ ကိုကို့ဆန္ဒကို ဘယ်သူမှမမေးခဲ့ကြသလို ကိုကို့မှာ လည်း ဘာသဘောထားကိုမှ ရင်ဖွင့်ပြခွင့် မရခဲ့ပေမယ့် ဘယ်သားသမီးဟာ မိခင်ရင်ခွင်ကို စွန့်ခွာခွဲထွက်သွားချင်ပါ့မလဲ။
ဒါပေမဲ့ သူများ တွေ နည်းတူ မဲ့ကဘာ ဖြစ်လို့ ကိုကို့ကို ညာတာလဲ။
သားကို သားရဲ့ ဖေဖေ လာခေါ်တာလို့ ဘာလို့မဲ့က ညာရတာ လဲ။
သား မြို့မှာ နေရမယ်၊ စာသင်ရမယ်၊ တိုက်ကြီးနဲ့နေရမှာ ၊ ကားစီးရမှာ နဲ့ ချော့တာ မြူဆွယ်တာ ကို ထားပါ။
ကိုကို့အဖေ မဟုတ်မှန်း သိနေရက်နဲ့ အဖေပါလို့ အမေရင်းကိုယ်တိုင်က လိမ်ညာတာ ခံရလေ တယ်ရယ်လို့ မဲ့အပေါ် ကိုကို စိတ်ခုခဲ့မိပါသည်။
သူငယ်ချင်းတွေ က ပြောလို့ပဲထင်ပါရဲ့ ။ ဖေဖေဟာ ကိုကို့အဖေရဲ့ သူငယ်လို့ ကိုကို သိနေတယ်။
ဖေဖေက အသားညိုညို အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းကြီ။ မျက်နှာထား ခပ်တည် တည်။ လူပုံအေးစက်စက်နဲ့ အဟန့်လည်း ကောင်းတဲ့သူပါပဲ။
ပြီးတော့ ကိုကို့ကို ရန်ကုန်ခေါ်သွားမယ့်အကြောင်း ၀ိုင်းဖွဲ့ပြောဆိုနေခိုက်မှာ ကိုကို့ကို တစိမ့် စိမ့်စိုက်ကြည့်နေတဲ့ ဖေဖေ့မျက်လုံးတွေ က သိပ်ကိုနူးညံ့သိမ်မွေ့တာပဲ။
အဲဒီ ကတည်းက ဖေဖေ့ကို ချစ်ကြောက်ရိုသေခဲ့တယ် မေမွန်ရယ်။ ဒီနေ့အထိပါပဲ။ နောင် သေ တပန်သက်တဆုံး ကိုကိုဟာ ဖေဖေ့ကျေးဇူးတရားကို ဦးထိပ်မှာ ထားပြီး ချစ်ကြောက်ရိုသေသွားမှာ အမှန်ပါ။
ကိုကို့အဖေနဲ့အတူ ကိုကိုလိုက်သွားရမယ်ဆိုတာကို မဲ့က တတွတ်တွတ် ဖျောင်းဖျ နားသွင်း တယ်။
အဖေ မဟုတ်ဘူး၊ မဟုတ်ပါဘူး။ စိုင်းစိုင်းသိပါတယ်လို့ ကိုကိုအော်ဟစ်ပစ်လိုက်ချင်ခဲ့တယ်။
တကယ်တမ်းကျတော့ ကိုကိုဟာ မတုန်မလှုပ် အေးတိအေးစက်နဲ့ပဲ ငြိမ်သက်လို့သာ ငေးမော နေခဲ့ပါတယ်။
ဖေဖေ့ကို ယုံစားစိတ်ချလို့လည်း မဲ့က ကိုကိုလိုက်သွားစေချင်တယ်လို့ ကိုကိုနားလည်ပါတယ်။
ကိုကို့ရဲ့ ခုနစ်နှစ် သား အသိဥာဏ်မှာ ခိုးလိုခုလု ဖြစ်ရတာ က မဲ့ကဘာ ဖြစ်လို့ ကိုကို့ကို ညာရ တာလဲ။
မဲ့နဲ့အတူ ကိုကို ရှိမနေစချင်တော့တာကို ရိပ်မိသွားမှာ စိုးလို့ ထင်တယ်။ ကိုကိုက အဲသလိုပဲ ထင်ပါတယ်။ ထင်တာမဟုတ်ပါဘူးလေ။ ကိုကို သိနေတာ။
မဲ့ဟာ ကိုကို့ကို သူနဲ့အတူ ရှိမနေစေချင်တော့ပါဘူး။
မဲ့ကို အဘိုးအဘွားတွေ က ယောက်ျားပေးစားတော့မယ်တဲ့။
မဲ့ကလည်း ကျေနပ်လက်ခံလိုက်ပုံ ရပါတယ်။
မိခင် တစ်ယောက် အနေနဲ့ သားကို ပထွေးလက်မှာ ကံစမ်းထားကြည့်ရမယ့်အစား ဖခင်ရင်းရဲ့ အချစ်ဆုံးသူငယ်ချင်းလက်မှာ ၀ကွက်အပ်လိုက်ခြင်းဖြင့် မဲ့အတွက်ရော ကိုကို့အတွက်ပါ ပိုပြီး အလား အလာကောင်းတဲ့ သီးခြားအနာဂတ်တစ်ခုစီကို မျှော်မှန်းပုံရပါတယ်။
မဲ့နဲ့အတူနေရရင် ကိုကိုဟာ နယ်စပ်ကျေးလက်တစ်ခုက ရှမ်းကလေး တစ်ယောက် အ ဖြစ် ခုနေခါအိမ်ထောင်ရက်သား တွေ များ ကျနေလေမလား။ တောင်ယာစိုက်ပျိုးနေဖို့ထက် ဘိန်းခင်းတွေ ထဲ ရောက်နေဖို့က ပိုပြီးသေချာလေမလား။
ခုထက်ပိုပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်စုတစ်စုမှာ ကြီးပြင်းလာခွင့် မရမှာ တော့ ကိုကို လောင်းရဲပါတယ်။
ဘာ ဖြစ်လို့လဲဆိုတော့ ဖေဖေခေါ်လာတဲ့ ကိုကို့အတွက် အတုအယောင် မိသားစုကလေးဟာ အစစ်အမှန်ဆိုရင်တောင်မှ ပိုကောင်းနိုင်မှာ မဟုတ်လောက်လို့ပါပဲ။
ဖေဖေဟာ မဲ့တို့ရွာမှာ တစ်ညအိပ်ပဲ နေခဲ့ပါတယ်။
နောက်တစ်နေ့ မနက်မှာ ကိုကို့ကိုခေါ်ပြီး ဖေဖေပြန်တယ်။
ရွာကနေ တစ်ရက်လားစီးရတယ်။ ပြီးတော့မှ ကားလမ်းကို ရောက်တာ။
ဖေဖေက မကြောက်နဲ့လို့ မပြောပေမယ့် ကိုကို့ပခုံးကို မကြာခဏ သိုင်းဖက်ထားတတ်တယ်။ ကိုကို အားရှိခဲ့ပါတယ်။
ကားလမ်းတွေ က ကွေ့ကောက် မတ်စောက်လိုက်တာ။ ခရီးသည်တွေ ကလည်း ပြည့်ကျပ် ကုန်ပစ္စည်းတွေ ကလည်း အလျှံပယ်မောက်သိပ်နေတာပဲ။
မတ်စောက်လှတဲ့ ကမ်းပါးကနေ နက်ရှိုင်းလှတဲ့ ချောက်ကြီးထဲကိုများ ကားတစ်စီးလုံး ချော် ကျသွားမလားလို့ အသည်းထဲကို အေးကနဲ အေးကနဲ ဖြစ်သွားတာပဲ။ ကိုကိုက အသံထွက်မအော်ပါ ဘူး။ တချို့ခရီးသည်တွေ ဆို စီကနဲညံကနဲ အော်ကာဟစ်ကာ ဘုရားတကာ အရှက်ပြေလည်း ရယ်ကြ မောကြသေးရဲ့ ။
ကိုကို ကတော့ ဖေဖေ့နံဘေးမှာ ပူးကပ်ပြီးတော့ပဲ လုံခြုံမှု ရယူနေခဲ့ပါတယ်။
သေချာမမှတ်မိတော့ပေမယ့် အင်မတန်ကြမ်းတမ်းတဲ့ တောင်ပေါ်ခရီးပဲဆိုတာ ကိုကို ခံစား နေရတုန်းပါပဲ။
အဲဒီ ခရီးလမ်းကို တစ်ခေါက်ပြန်သွားဖို့ဆိုတာ မ ဖြစ်နိုင်တော့ပါဘူး မေမွန်ရယ်။
အနည်းဆုံး ကိုကို့အတွက်တော့ မ ဖြစ်နိုင်တော့ပါဘူး။
ဒီနေ့အထိ စိတ်ကူးလို့ကိုမရတာ အမှန်ပါပဲ ညီမလေးရယ်။
နေရာဒေသကို မမှတ်မိတော့တာဟာ အဓိကအကြောင်းအချက် မဟုတ်ဘူးဆိုတာလောက် တော့ မေမွန်ကလေးသိပါတယ်။
ဖေဖေ့ကိုသာ မေးကြည့် ဖြစ်ရင် ဖေဖေဟာ ပြောချင်သည် ဖြစ်စေ။ မပြောချင် ဖြစ်စေ ယောက်ျား ချင်းထားရှိသင့်တဲ့ ဖြောင့်မှန်မှု အတွက် ဖွင့်ပြောရမှာ မလွဲပါဘူး။
အဲသလို ကိုကိုက မေးမြန်းစုံစမ်းလာရင် ဖေဖေ ထိခိုက်နာကျင်ရမှာ မို့ ဒီတစ်ခုတော့ သိပ်ကို စိတ်ပူတွန့်ဆုတ်ရပါတယ်။
ပြီးတော့လည်း ကိုကိုရှိတဲ့နေရာကို အလွယ်တကူစုံစမ်းသိရှိနိုင်တဲ့ မဲ့ဆီကဘာအဆက်အသွယ် မှ ရောက်မလာပုံထောက်တော့ မဲ့ဟာ သူ့မှာ သား တစ်ယောက် ရှိဖူးတယ်ဆိုတာကို လုံးဝ ပြည်ဖုံးကား ချထားပြီ ထင်ပါရဲ့ ။
မဲ့ကိုလည်း ကိုကို ငဲ့ညာလို့ပါ။
မဲ့ရဲ့ ဘ၀၊ မဲ့ရဲ့ မိသားစုဟာ ကိုကိုမပါမှ ပိုပြီးအေးချမ်းပြည့်စုံမယ်ဆိုရင် ကိုကိုဟာ ရန်ကုန်မှာ ပဲနေပြီး ဦးစောဦးနဲ့ ဒေါ်သန့်ရဲ့ သားအ ဖြစ်နဲ့ပဲ အရေခွံလဲနေသင့်ပါတယ်။
မဲ့ရဲ့ စိုင်းစိုင်း မဟုတ်ဘူးပေါ့ မေမွန်။
မောင်ဖုန်းမြင့် အ ဖြစ်နဲ့ပေါ့။
မေမွန်မွန်နဲ့ စုစုစိမ်းတို့ရဲ့ အစ်ကိုကြီး မောင်ဖုန်းမြင့်အ ဖြစ်နဲ့ပေါ့။
ဒီလောက် သာယာငြိမ်းအေးတဲ့ အသိုက်အမြုံကလေးတစ်ခုထဲရောက်အောင် ခေါ်ဆောင်လာ တဲ့ ဖေဖေနဲ့ နွေးနွေးထွေးထွေး ဆီးကြိုထွေးပိုက်တဲ့ မေမေတို့ရဲ့ မေတ္တာတရားကို ဘယ်လိုကျေးဇူး ဆပ်ရမယ်ဆိုတာတောင် မသိနိုင်အောင်ပါပဲကွာ။
မွေးရပ်ဇာတိ ရှမ်းရွာကလေးကနေ ဘယ်နေရာကိုမှ မရောက်မပေါက်ဘူးခဲ့တဲ့ ကိုကိုဟာ ခရီးဝေးကားကြီးစခန်းဆုံးရာ လားရှိုးမြို့ကို ရောက်ခဲ့တယ်။
ဖေဖေနဲ့အတူ တည်းခိုခန်းတစ်ခုမှာ တည်းကြတယ်။
လားရှိုးမှာ ဖေဖေ့အသိ တစ်ယောက် နှစ် ယောက် နဲ့ ဆုံသေးတယ်။
တစ်ယောက် ကိုတော့ ဖေဖေက ပြောင်ပြောင်ကြီးကို ရှောင်ထွက်ခဲ့တာပဲ။ ကိုကိုက ဖေဖေ မကြားဘူးထင်လို့ ခေါ်နေတယ်ဆိုတာ လက်ကုပ်အသိပေးသေးတယ်။ ဖေဖေက ကိုကို့ကို အသာနေ ဆိုတဲ့ မျက်နှာရိပ်မျက်နှာကဲပြတယ် မေမွန်ရဲ့ ။
နောက် တစ်ယောက် တွေ့ တဲ့အခါကျတော့ ဖေဖေ ပြေးမလွတ်တော့ဘူး။ မျက်နှာချင်းဆိုင်ကြီး တွေ့ ပြီး ဖေဖေ့လက်နှစ် ဖက်ကိုအားပါးတရ ဆုပ်ကိုင်ဝှေ့ယမ်းလို့၊ ဟေ့ကောင် စောဦး၊ မင်းဘာလာ လုပ်တာတုန်းတဲ့။ ကိုကို့ကိုလည်း ကွက်ကြည့်ကွက်ကြည့် လုပ်နေတယ်။ ကိုကို ဘယ်သူလည်းဆို တာ မေးတော့ မေးချင်နေပုံရပါတယ်။
ဖေဖေကလည်း ကိုကို့အကြောင်းနဲ့ပတ်သက်လို့ တစ်ခွန်းတစ်ပါဒ အစမခံဘဲ စကားဖြတ်တောက် ပြောဆိုပစ်လိုက်တာပဲ။ ဘယ်မှာ တည်းသလဲ။ ဘာလို့ သူ့အိမ်မလာသလဲ။ ဘာညာဆိုတာတွေ ကိုလည်း လုံးဝ အဆက်အစပ်မရှိအောင် စကားဖြတ်တောက်ပစ်လိုက်တာပဲ။ သိပ် အလျင်လိုနေဟန်နဲ့။ သိပ် နေထိုင်မကောင်းလေဟန်နဲ့။
ဘာကြောင့် ရယ်လို့ ဟိုတုန်းက မစဉ်းစားတတ်ခဲ့ပေမယ့် နောက်တော့လည်း ကိုကို နားလည် သွားပါတယ်။ ဖေဖေက ကိုကိုဟာ မွေးစားသားပါလို့ တတ်နိုင်သမျှ လူမသိစေချင်လို့ပေါ့။ ပြီးတော့ ကိုကိုဟာ ဘယ်အရပ်ဘယ်ဒေသကပါလို့လည်း လူတွေ မမှန်းဆနိုင်စေချင်လို့ပေါ့။
အဲဒီ တုန်းက ကိုကိုက ဗမာစကားမှ မတတ်တာ။ သူတို့အမူအရာ ပုံပန်းတွေ ကိုသာ မှန်းဆ ကြည့်ရတာ ပါ။
လားရှိုးဆိုတာတောင် လူပြောသူပြောနဲ့ ကိုကိုကြားခဲ့ သိခဲ့ မှတ်သားခဲ့တာ။ နောက်ပိုင်းကျ တော့လည်း တစ်ခါကြားရင်း နောက်ကြောင်းပြန် စဉ်းစားရင်းနဲ့မို့ပေါ့။
မိခင်ရင်ခွင်ကနေ ဖယ်ထုတ်ခြင်းခံလိုက်ရတဲ့ ကိုကိုဟာ ဘယ်လိုအာမခံချက်တွေ မက်လုံး တွေ ပေးလိုက် ပါစေ၊ ၀မ်းနည်းအားငယ်နေခဲ့ပါပဲ မေမွန်ရယ်။
ကိုကို့မှာ ရှိသမျှ အသိဥာဏ်မှတ်ဥာဏ်ကလေးနဲ့ ကိုကို ဘယ်ရောက်လာတယ်ဆိုတာ ကယောင်ကတမ်း မှတ်သားခဲ့ရတာ ပါ။
လားရှိုးကနေ ကိုကိုတို့ လေယာဉ်ပျံ စီးလာကြတယ်။ လမ်းမှာ နားရသေးတယ်။ အဲဒီ ကနေမှ ရန်ကုန်၊ ခုတော့ ပြန်စဉ်းစားကြည့်။ လေ့လာကြည့်ပြီး ဟဲဟိုးမှာ နားရတာ ဖြစ်မှာ ပဲလို့ တွက်ဆကြည့်ရ တာပေါ့။
အဟား.. ရှက်စရာကောင်းလိုက်တာ တစ်ခု ပြောပြရဦးမယ်။ လေယာဉ်ပျံပေါ်မှာ ကိုကိုမူးပြီး အန်တယ်ကွ။ ဖေဖေက လေယာဉ်မယ်ပေးတဲ့ ချိုချဉ်ဘန်းထဲက သုံးလုံးနှိုက်ပေးပေမယ့် ကိုကို မစား နိုင်ဘဲ ခွေနေတာပဲ။ ကော်ဖီလည်း မသောက်ဝံ့ မသောက်ရဲတော့ဘူးပေါ့။
ဘာလဲ. မေမွန်က ရယ်ချင်တယ်ပေါ့လေ။
လေအိတ်ကြီးတွေ ထဲ ဟုတ်ကနဲ ငြိမ့်ကနဲ ကျကျသွားရင် ဘယ်လောက် ကလီဇာတွေ ဗြောင်း ဆန်ကုန်တယ်ဆိုတာ မေမွန် မကြုံဘူးသေးလို့ပါ။ ဟင်း.. ညည်း နိမှသော င် နောင်မှသိမယ် ဒေါ်မေ မွန်မွန်။
လေယာဉ်ပျံကွင်းကနေ အိမ်ကို အငှားကားနဲ့ပြန်လာကြတာ။ ဖေဖေ ဈေးမေးနေတာ ဈေးဆစ် နေတာတွေ ကို ဘာလုပ်တာပါလိမ့်လို့ ကိုကို တအံ့တသြ ငေးကြည့်နေခဲ့ရတယ်။
တောသားကလေး ကိုကို့အတွက် မြင်မြင်သမျှ ကြားကြားသမျှ အရာခပ်သိမ်းဟာ အထူး အဆန်းချည်းသာ ဖြစ်နေခဲ့တာ မေမွန်ရဲ့ ။
အိမ်ဆိုတာ မေမွန်တို့ဘွားဘွားရဲ့ အိမ်ပါ။
ညမှော င်ရီတရောမို့ လမ်းမီးတွေ လင်းထိန်နေတာကို ငေးမောရင်းနဲ့ပဲ ကားထိုးဆိုက်လိုက် တော့ ကိုကို လှုပ်လှုပ်ရှားရှား ဖြစ်သွားတာပေါ့။
ဖေဖေက အိမ်ကြီးကို လက်ညှိးထိုးပြတယ်။ သူ့ကိုယ်သူ လက်မနဲ့ညွှန်ပြတယ်။ ကိုကို့ကိုလည်း လက်မနဲ့ပဲ ညွှန်ပြတယ်။ သူနဲ့ကိုကို အတူနေရမယ့်အိမ်လိ့ သူပြောနေမှန်း ကိုကိုနားမလည်ပေမယ့် နားလည်လိုက်ပါတယ်။
ဒရိုင်ဘာကို သူ ညွှန်ကြားလို့ပဲ ဖြစ်မှာ ပေါ့။ ဒရိုင်ဘာက ကားဟွန်းတစ်ချက်နှစ် ချက် နှိပ်ပေး တယ်။
စူးစူးရှရှ မြူးကြွအော်ဟစ်လိုက်တဲ့ အသံကလေးတွေ စီကနဲကြားပြီးတာနဲ့ မေမွန်တို့ညီအစ်မ ဟာ ငှက်ကလေးတွေ ပျံဝဲလာသလိုပဲ ပေါ့ပေါ့ပါးပါး ပြေးထွက်လာလိုက်ကြတာ ဂါဝန်ဖြူဖြူကလေး တွေ ဟာ လေထဲမှာ ၀ဲပြီး ဖြာကနဲ ကားသွားတာပဲ။
သားရဲ့ ညီမလေးတွေ လို့ ဖေဖေ ပြောလိုက်တယ်ဆိုတာကို နားမလည်ပေမယ့်လည်း နားလည် လိုက်ပြန်ပါတယ်။
ဖေဖေက ကိုကို့ပခုံးကို ဖက်ထားပြီး မေမွန်တို့ကို ညွှန်ကြားချက်ပေးလိုက် တဲ့အခါမှာ …
ကိုကို့ကို မျက်လုံးပြူးပြူးတောက်တောက်ကလေးနဲ့ ကြည့်နေတဲ့ အငယ်မကလေး (စုကလေး) က ကိုကို့နံဘေးကို လွှားကနဲ ရောက်လာပြီး ကိုကို့ရဲ့ လက်တစ်ဖက်ကို ဆုပ်ကိုင်ထားလိုက်တယ်။
ကမ်းမွန် ကမ်းမွန်လို့ ဖေဖေက အားပေးချော့ခေါ်လိုက်တဲ့အချိန်အထိ ခပ်ဖြူစပ်စပ် ပိန်ရှည် ရှည် အကြီးမကလေး(မေမွန်မွန်ဆိုတဲ့ ကောင်မကလေး)ဟာ ရိုးစင်းစင်းပြာလဲ့လဲ့ မျက်လုံးကလေးတွေ နဲ့ ကိုကို့ကို ငေးကြည့်ရင်း ရှက်အမ်းအမ်း ဖြစ်နေဆဲပါပဲ။
အဲဒီ အချိန်မှာ ပဲ မေမေဟာ အိမ်ထဲက ထွက်လာတော့တယ်။
မေမေဟာ ညိုညိုပုပုလုံးလုံးကလေး။ ချောတယ်လို့ မဆိုနိုင်ပေမယ့် သဘောကောင်းတဲ့ မျက်နှာကြည်ကြည်ကလေးကြောင့် ထင်ပါရဲ့ ။ လှတယ်။
မဲ့လို လှတာ ကတော့ မေမေပါပဲလို့ ကိုကိုဟာ မြင်မြင်ချင်းမှာ ပဲ အတိအကျ မှတ်ချက်ချထား လိုက်တော့တယ်။
သား ပါလာပြီလို့ပြောလိုက်တဲ့ မေမေ့စကားလုံးတွေ ကို ကနေ့အထိ မှတ်မိနေတယ်။ အဲသလောက် ကြည်လင်အေးမြတဲ့စကားသံကလေးက ကိုကို့ရင်ထဲကို တိုးဝင်ထွေးပိုက်ထားလိုက် တော့ပါပဲ။
ကိုကို ငိုချင်လာသလိုပဲ။
မေမေက ကိုကို့ အနီးကိုလာပြီးပခုံးကို ဖက်ထားလိုက်တယ်။
ဒီတော့မှ မေမွန်မွန်က မေမေရဲ့ နံဘေးကနေ မေမေ့ခါးကိုဖက်ရင်း ကိုကို့ကို ရှက်သနားတဲ့ မျက်နှာကလေးနဲ့ ခိုးကြည့်နေတယ်။
ဟုတ်တယ် မဟုတ်လား ညီမလေး။
ကိုကို့ကို ညီမလေး သနားခဲ့ပါတယ်။
သဘောဖြူ အူစင်းတဲ့ ညီမလေး။
သနားတတ်တဲ့ ညီမလေး။
ရယူဖို့ထက် ပေးဆပ်ဖို့သာ အာသီသပြင်းပြခဲ့တဲ့ ညီမလေး။
ကျေးဇူးတင်ပါတယ် မေမွန်မွန်ကလေးရယ်။
ဟုတ်တယ်။
ဘွားဘွားတို့အိမ်မှာ နေရတာ ကိုကို သိပ်ပြီး စိတ်ကျဉ်းကျပ်တယ်။
ပြီးတော့ သိပ်ပြီး သိမ်ငယ်တာပဲ ညီမလေးရယ်။
ကိုကိုရောက်တဲ့ စက္ကန့်ပိုင်း မိနစ်ပိုင်းကစပြီး ဘွားဘွားဟာ ကိုကို့ကို မလိုလားဘူးဆိုတာ ခံစား လို့ရပါတယ်။ မေမေ့အစ်မကလည်း ဘာမှ မပြောပေမယ့် အကြည့်တွေ က စိမ်းကားလှတယ်။
ကိုကိုဟာ ဒီအိမ်ပေါ်ရောက်လာတဲ့ မကောင်းဆိုးဝါး သူရဲသဘက်ကျနေတော့တယ်။
ဘွားဘွားရဲ့ အိမ်မှာ မိသားစုသုံးခုရှိတယ်။ ဘိုးဘိုးဘွားဘွားနဲ့ သားထွေး(မေမေတို့ မောင် အငယ်ဆုံး)က မိသားစုတစ်စု၊ ဖေဖေ မေမေနဲ့ မေမွန်တို့ ညီအစ်မ (ကိုကိုရောက်လာတော့ မောင်နှမ တတွေ )က မိသားတစ်စု။ ပြီးတော့ မေမေ့အစ်မကြီးကြီးရယ်၊ သူ့ယောက်ျား ဘကြီးဇော်ရယ်၊ သူတို့ သားနှစ် ယောက် ရယ်က မိသားတစ်စု။
ဘွားဘွားနဲ့ ကြီးကြီးရဲ့ သဘောဆန္ဒက ကြီးကြီးမှာ သားနှစ် ယောက် ရှိနေမှတော့ မေမေ့မှာ သားမလိုတော့ဘူးလို့ သတ်မှတ်ပုံရတယ်။ ဒါထက်မက အဆ်များ စွာ ပြင်းထန်လှတဲ့ မလိုလားမှု တစ်ရပ် ကလည်း ရှေးရိုးဆန်တဲ့ဘွားဘွားမှာ ရှိနေသေးတယ်လေ။ အနည်းဆုံး ကိုကို့အနေနဲ့တော့ ပြင်းထန် တဲ့ ထိုးနှက်ချက်တစ်ရပ်အ ဖြစ် မရှူနိုင် မကယ်နိုင် ခံစားခဲ့ရတာ ကိုး မေမွန်ရယ်။
အိမ်ရောက်ကာစ ကိုကို့ကို ဖေဖေက အခန်းထဲအရောက် ပခုံးဖက်လို့သာ ခေါ်သွင်းနေခဲ့ တယ်။ ဆက်ဆံရေး အလှမ်းကြဲတဲ့ မျက်နှာသစ်တွေ နဲ့ ရင်ဆိုင်မတွေ့ စေချင်လို့ ဖြစ်မှာ ပေါ့။
ဒါပေမဲ့ ဘွားဘွားက ခေါ်ခဲ့ပါဦး ကြည့်ပါရစေဦး ပြောပုံရပါတယ်။ မေမေက ဖေဖေ့ကို ခပ်တိုး တိုး နှစ် သိမ့်ဖျောင်းဖျလိုက်တော့မှ ဖေဖေက သုန်သုန်မှု န်မှု န်နဲ့ ပြန်လှည့်လာပြီး ကိုကို့ကို ဧည့်ခန်းထဲ မှာ ထိုင်စေတယ်။ သူ့နံဘေးမှာ ထိုင်ခိုင်းပြီး ကိုကို့ပခုံးကို ဖက်မြဲဖက်ထားတာပဲ။ ကိုကိုနောက်မှ သိလာရတာ က ဘွားဘွားတို့က အိမ်ဖော်တွေ နည်းတူ ကိုကို့ကို ကြမ်းပြင်ပေါ်မှာ ထိုင်ခိုင်းမှာ ဖေဖေ စိုးရိမ်နေခဲ့တာပါ။
ဖေဖေ့အတွက်တော့ ကိုကိုဟာ သူ့သားပဲ။ သူ့သားကို သူ့သမီးတွေ နည်းတူ တပြေးညီ ဆက်ဆံစေချင်တယ်လေ။
ဖေဖေ့အနီးမှာ တိုးကပ်ပြီး မေတ္တာရိပ်ငွေ့ ခိုလှုံနေရသည်နှင့် အမျှ ကိုကို့ရဲ့ အားငယ်စိတ်၊ အထီး ကျန်စိတ်၊ ၀မ်းနည်းစိတ်တွေ ဟာ အားလျော့မှေးမှိန်သွားလေ့ရှိပါတယ်။
မဲ့ ပြောခဲ့သလောက်တော့ ကိုကို့ဘ၀ ရှေ့ခရီးဟာ ပန်းခင်းသော လမ်း မ ဖြစ်နိုင်လေဘူး။
အတန်အသင့် ချိုင့်ဝှမ်း ဖုဆစ် ခလုတ်ကန်သင်းတော့ ရှိမှာ ပေါ့။ ရှိတာပေါ့။ ကိုကို ကျော်ဖြတ် နိုင်ရမှာ ပေါ့။
မေမွန်အစ်ကို ၀မ်းကွဲတွေ ဟာ အဲဒီ ကတည်းက လူပျိုပေါက်တွေ ဖြစ်နေကြပါပြီ။ ကိုကို့ကိုလည်း စိတ်ဝင်တစား မရှိကြပါဘူး။ ဖြတ်သွားဖြတ်လာ တစ်ချက်လှမ်းကြည့်ရုံမျှသာပါပဲ။
ဘကြီးဇော်ကို အဲဒီ ညအဖို့ ကိုကို မမြင်ဖူးလိုက်ရဘူး။ သူက ကုန်သည်ဆိုတော့ လုပ်ငန်းကိုင် ငန်းကိစ္စကများ ။ အပေါင်းအသင်းလည်းများ တယ်။ အမြဲတစေ အပြန်နောက်ကျလေ့ရှိတယ်။ ကုန်သည်ပီပီ လူမှု ဆက်ဆံရေး ပြေပြစ်တာမို့ လူချစ်လူခင် ပေါများ တယ်။ အတူတူနေခဲ့ရသမျှမှာ ကိုကိုဟာ သူ့ကိုမချစ်ခင်ပေမယ့် သူ့ကြောင့် စိတ်ကသိကအောက် မ ဖြစ်ခဲ့ရဖူးပါဘူး။
မေမွန်တို့ ဘိုးဘိုး ကတော့ မေမွန်တို့ကွယ်ရာမှာ နာမည် ပြောင်းပေးလေ့ရှိသလို တကယ့် သြဇာ သီးကြီးပါပဲ။ (ဘာတဲ့ မေမွန်။ ကိုကို့ကိုလည်း မေမွန်တို့ ညီအစ်မက သြဇာသီးလို့ပဲ နာမည် ပြောင် မှည့် ထားတာပါပဲလို့ တွေးနေမယ် မဟုတ်လား။ ကိုကို့ နာမည် ကိုလည်း ကိုကို သိပါတယ်ဗျာ…)
ဒါပေမဲ့ ကိုကို့မိသားစု (မေမွန်မိသားစု)အပြင် အဲဒီ ကမ္ဘာအေးအိမ်မှာ ကိုကိုသံယောဇဉ်အရှိဆုံး လူဟာ ဘိုးဘိုး ဖြစ်နေတယ်။ သူ့ဘာသာ ဆရာကြီးလုပ်တတ်၊ ညွှန်ကြားတတ်တာက တခြားပဲ။ အမျိုး အနွယ် အဆင့်အတန်း လုံးဝမခွဲခြားတတ်ဘူး မေမွန်ရဲ့ ။ ကိုကို့ကို ဖေဖေနဲ့ မေမေရဲ့ သား မေမွန်တို့ အစ်ကိုအ ဖြစ်နဲ့ပဲ သူက အစဉ်တစိုက် ဆက်ဆံတယ်။
ကိုကို ခရီးပန်းလာပြီလို့ မေမေက အကြောင်းပြပြီးဧည့်ခန်းထဲကနေ ကိုကိုနဲ့ ဖေဖေ့ကို ခေါ် ထုတ်လာလိုက်တယ်။ အဲဒီ တော့မှ ဖေဖေ စိတ်လက်ပေါ့ပါးသွားတော့သလို ဟင်းကနဲ သက်ပြင်းရှည် ကြီး ချလိုက်တာကို ဒီကနေ့အထိ ကိုကို ကောင်းကောင်းမှတ်မိနေတော့တယ်။
ကိုကို ပါလာမယ်ဆိုတာ သိနှင့် စောင့်ကြိုနှင့် နေမှန်းလည်း အိပ်ခန်းထဲရောက်မှ ကိုကို အသေ အချာသိလိုက်ရတော့တယ်။
အခန်းက တော် တော် ကျယ်ဝန်းပါတယ်။ ဒါမှလည်း နှစ် ယောက် အိပ် ခုတင်တစ်လုံးရယ်။ နံဘေးမှာ တွဲ ကပ်ထားတဲ့ တစ်ယောက် ခုတင်ကလေးရယ်၊ ပြီးတော့ တခြားတစ်ဖက်နံရံမှာ ကပ်ထား တဲ့ တစ်ယောက် အိပ် ခုတင်ရယ် ဆန့်မှာ ပေါ့။
အဲဒီ တစ်ယောက် အိပ်ခုတင်ဟာ ကိုကို့အတွက်တဲ့။ ဇာခြင်ထောင်အဖြူနဲ့ အိပ်ရာခင်းအဖြူနဲ့ စောင်ကလည်း အမွှေားဖွားဖွားကြီးနဲ့။ အသစ်စက်စက်။
အော်.. ခေါင်းအုံးစွပ်ထောင့်မှာ ဖုန်းမြင့်လို့နာမည် လည်း ထိုးထားတယ်။
ဖေဖေ့ကို မေမေက အဲဒီ နာမည် ထိုးထားတာလေး လက်ညှိုးထိုးပြတယ်။
ဖေဖေက တစ်ခါ ကိုကို့ကို လက်ညှိုးညွှန်ပြီး ဖုန်းမြင့်လို့ပြောတယ်။ နာမည် ထိုးထားတာလေး လက်ညှိုးထိုးပြတယ်။
ကိုကို့နားမလည်ဟာ ဖုန်းမြင့်ပါလားလို့ ကိုကိုသိမှတ်လိုက်ရတယ်။ နောင် မြန်မာစကား နားလည်မှပဲ အနက်အဓိပ္ပာယ်ထူးကဲပုံကိုလည်း သိရပြန်တာပေါ့။
သူ့ကိုယ်သူ လက်မနဲ့ညွှန်ပြီး စောဦးလို့ ပြောပါတယ်။
ပြီးတော့ မေမေ့ကို မေးငေါ့ညွှန်ကြားတယ်။
မေမေက မျက်လုံးတွေ ပိတ်သွားအောင်ကို ရယ်ပစ်တာလေ။ ပြီးတော့မှ မေမေတဲ့။ သန့်တဲ့။ သူ့ ရင်ဘတ်ကို လက်ဝါးနှစ် ဘက်နဲ့ ပုတ်ပြပြီး နှစ် ခါသုံးခါ ထပ်ဆင့်ပြောတယ်။
မေမွန်တို့ညီအစ်မက တစ်ယောက် ကို တစ်ယောက် ဖက်ပြီးရယ်နေလိုက်ကြတာ။
မေမေက တစ်ခါ မေမွန့်ပခုံးလေးကိုကိုင်ပြီး မေမွန်မွန်လို့ ပြောပြတယ်။
ကိုကိုက အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံ လိုက်ဆိုရေရွတ်နေမိပါတယ်။
မေမွန်က ရှက်အမ်းအမ်းနဲ့ အရယ်နည်းနည်း လျော့သွားပြီး စုရဲ့ ၀လုံးလုံးကိုယ်ခန္ဓာကလေးရဲ့ နောက်ကွယ်မှာ ပုန်းကွယ်နေနိုင်ဖို့ ကြိုးစားနေခဲ့တယ်။
စု ကတော့ မေမေ စကးမစမီမှာ ပဲ သူ့ရင်ဘတ်ကို သူ မေမေ့လိုပဲ လက်ကလေးနှစ် ဖက်နဲ့ ပုတ်ပြပြီး စုစုစိမ်းလို့ ပြောပြတယ်။ သွားတွေ ကျိုးနေတော့ ဘယ်မီမလဲ။ ချူချူချိမ်း… ချူချူ ချိမ်းနဲ့လေ။
ကိုကို တကယ်ပဲ ချူချူချိမ်း ထင်သွားမှာ စိုးလို့ စုစုစိမ်းလို့ မေမေက ကမန်းကတန်း ထောက်ပေးပြင်ပေးနေရတယ်။
သမီးတို့ကို ဘာပါသလဲလို့ စုစုစိမ်းဆိုတဲ့ စုကလေးက မေးပုံရပါတယ်။
ဖေဖေဟာ ပါလာတဲ့ စုစုစိမ်းဆိုတဲ့ စုကလေးက မေးပုံရပါတယ်။
ဖေဖေဟာ ပါလာတဲ့စားစရာကလေးတွေ ၊ စပို့ရှပ်ကလေးတွေ ကို သူ့လက်ဆွဲအိတ်ထဲက ထုတ်ပြီး သူ့သမီးတွေ ကိုပေးတယ်။
မေမေက မျက်မှော င်ကြုတ်ပြီး တစ်ခုခုမေးတယ်။ ဖေဖေက အခန်းအပြင်ဘက်ကို တစ်ချက် လှမ်းကြည့်ပြီး ရှုံ့ရှုံ့မဲ့မဲ့ ခေါင်းခါညည်းညူတယ်။
မေမေ့အတွက်လည်း ဘာမှ ပါမလာပါဘူး။ ဒါပေမဲ့ မေမေ မေးနေတာဟာ ဘိုးဘိုး ဘွားဘွား တို့ဖို့ ဖြစ်မှာ ပါ။
သူတို့ရဲ့ အမူအရာ လေယူလေသိမ်းကို မှန်းဆပြီး ကိုကိုတွေးကြည့်ရတာ လေ။
ဒါပေမဲ့ မဲ့နဲ့ခွဲခွာလာခဲ့ရတဲ့ ကိုကိုဟာ မဲ့ကိုယ်စား အမေတော် ရမယ့် အမေအ ဖြစ် ချစ်ရမယ့် မေမေ့ကို မျက်နှာလုပ်ချင်မိတယ်။
မေမေ့အတွက် ဘာမှ ၀ယ်မလာနိုင်တဲ့ ဖေဖေ့ကို အပြစ်တင်လို့ မ ဖြစ်ဘူးဆိုတာလည်း ကိုကို နားလည်နေတယ်လေ။
ကိုကိုရဲ့ အင်္ကျီအိတ်ကပ်ထဲက ချိုချဉ်သုံးလုံးကို ထုတ်ပေးပြီး လက်ဖ၀ါးဆုပ်ချည်ဖြန့်ချည်နဲ့ ကိုကို တွေ ဝေနေမိတယ်။
ရန်ကုန်မှာ ချိုချဉ်ဆိုတာ သိပ်တန်ဖိုးရှိလှတဲ့ အစားအစာမဟုတ်မှန်း နောက်မှပဲ ကိုကိုသိလာပါ တယ်။
ကိုကိုတို့ရွာမှာ တော့ ဖေဖောသီသီ မြင်တွေ့ မနေခဲ့ရဘူးလေ။
ပြီးတော့လည်း ကိုကို့မှာ ဒါကလေးပဲရှိတာ။
ပေးသင့် မပေးသင့် ချိန်ဆနေတုန်းမှာ ပဲ ကိုကို့အခက်အခဲကို မေမေ သတိထားမိသွားသည်။
ကိုကို့လက်ကို လက်ညှိုးထိုးပြပြီး ဘယ်ကရလာတာလဲ မေးပုံရတယ်။
ဖေဖေက ပြုံးရယ်ပြီး ရှင်းပြတာပေါ့။ ကိုကို လေယာဉ်ပျံပေါ်မှာ အန်တဲ့အကြောင်းလည်း ပါချင် ပါမှာ ပေါ့။
ကိုကို ရှက်နေတုန်းမှာ မေမွန်က သနားတဲ့ မျက်လုံးကလေးတွေ နဲ့ စုနောက်ကွယ်ကနေ ခေါင်း ကလေးပြူကြည့်နေတယ်။
ကိုကိုက အရဲစွန့်ပြီး မေမေ့ကို ချိုချဉ်ကလေးတွေ ပေးလိုက် တယ်။ ပြီးတော့ မေမွန်တို့ ညီအစ်မ ဘက်ကို မ၀ံ့တ၀ံ့မျက်လုံးဝင့်ကြည့်တယ်။
စုဟာ အသံကလေး စီစီညံညံ စူးစူးရှရှ ထွက်ပေါ်လာပြီး မေမေ့ဆီ ၀ုန်းကနဲ ပြေးသွားတော့ တယ်။
မေမေက ချိုချဉ်ရှိတဲ့လက်ကို မြှောက်လိုက်ပြီးမှ တစ်လုံးကို နောက်လက်တစ်ဖက်နဲ့ ပြောင်းယူ တယ်။
ပြီးတော့ စုကိုပေးပြီး တစ်ခုခုခိုင်းလိုက်တယ်။
ချက်ချင်း ပဲ စုက ကိုကို့ဆီပြေးလာပြီး ကိုကို့ခါးကိုဖက်လိုက်ပြီး ကိုကို့ကို မမှီမကမ်း ရင်ဘတ်ကိုပဲ ရွှတ်ကနဲ နမ်းလိုက်တော့တယ်။
မေမွန်ဟာ မေမေပေးတဲ့ ချိုချဉ်ကို လာတော့ယူပါရဲ့ ။
ကိုကို့ကို ကျေးဇူးတင်ကြောင်းလည်း သိစေချင်၊ ရှက်လည်းရှက်တဲ့ မျက်နှာလေးနဲ့ မျက်လုံး ကလေး ပေကလပ်ပေကလပ် လှမ်းကြည့်ရင်း မေမေ့နောက်ကို ကွယ်လျှိုးပုန်းအောင်းနေပြန်တော့ တယ်။
ဒါက မေမေ့ဖို့လားဆိုတဲ့အမူအရာနဲ့ ကိုကို့ကို ပြုံးပြုံးကြီး မေးဆတ်မေးမြန်းရင်း မေမေက ချိုချဉ်ကို အခွံနွှာပြီး စားပြလိုက်တယ်။
ကိုကို့ခုတင်ကလေးမှာ သားအမိတွေ စုရုံးထိုင်ပြီး ချိုချဉ်တကျွတ်ကျွတ် ၀ါးစားနေလိုက်ကြတာ။
နောက်တော့ မေမွန်နဲ့စုဟာ ဘုရားခန်းဖက်ဆီ လက်အုပ်ချီပြီး ဘုရားရှိခိုးရတယ်။ ဖေဖေနဲ့ မေမေကိုလည်း ဦးချကန်တော့ရတယ်။ ကိုကိုလည်း လက်အုပ်ချီပြီး စုတို့လို လိုက်လုပ်ရတာ ပေါ့။
အိပ်မပျော်ခင် ခဏလေးတော့ မဲ့ကို အလွမ်းသား။
ဒါပေမယ့် ခဏကလေးပါပဲ။ ကိုကို နှစ် နှစ် ခြိုက်ခြိုက်ကြီးကို အိပ်မောကျသွားခဲ့တာပါပဲ။
စုသာ တအီအီ ထမငိုဘူးဆိုရင် မိုးလင်းတဲ့အထိ ကိုကို တစ်ချိုးတည်း အိပ်ပျော်သွားမှာ သေချာပါတယ်။
ခုတော့ စုဟာ သန်းခေါင်ကျော်ကြီး တအီအီငိုလိုက်တာ တောေ်တ်ာနဲ့ မတိတ်ဘူးဗျာ။
ဖေဖေက အိပ်ချင်မူးတူးနဲ့ အကြံတွေ ပေးနေပေမယ့် ထမလာဘူး။
မေမေ့မှာ သာ စုကို သွားတိုက်ပေး၊ ဆားရည်ငုံခိုင်း၊ ဆေးတိုက်နဲ့ အလုပ်ရှုပ်နေရှာပါတယ်။
နောက် အချိန်တော် တော် ကြာမှပဲ ကိုကိုသဘောပေါက်ရတော့တယ်။ စုဟာ ကိုကိုကျွေးတဲ့ ချိုချဉ်ကို ညကြီးမင်းကြီးစားပြီး သွားကိုက်သွားတာကိုး။ စုရဲ့ သွားတွေ က အကုန်မည်းသည်းပြီး ပိုးစား ချည်းဟာကိုး။
အဲဒါဟာ မေမွန်တို့ မိသားစုထဲ ကိုကိုရောက်လာကာစ ပထမဆုံး အချိန်ကလေးမှာ အမှတ်အရဆုံး အ ဖြစ်အပျက်ကလေးပေါ့ မေမွန်ရယ်။
ကမ္ဘာအေးအိမ်မှာ နေခဲ့ကြရတာ ဆယ်နှစ် မကပါဘူး။
အဲဒီ အိမ်ဟာ ဘွားဘွားရဲ့ အိမ်ပဲ။
ကိုကိုတို့အတွက်တော့ မိသားစုအိပ်ခန်းကလေးကသာ အိမ် ဖြစ်ခဲ့ရတာ ပါ။ ကိုကို ဆယ်နှစ် သား လောက်ကျတော့ ကားဂိုဒေါင်အပေါ်ထပ်ခိုးကို ရွှေ့သွားရတယ်။ အဲဒီ တော့လည်း ညအိပ်ရုံ စာကျက် ရုံသာ ကိုကို့အိပ်ခန်းကို ပြန်တာ ဖြစ်ပြီး ကိုကိုတို့မိသားစု ပျော်ပျော်ပါးပါး ၀ိုင်းဖွဲ့စုဝေးတဲ့ နေရာ ကတော့ မိသားစု အိပ်ခန်းကလေးမှာ ပါပဲ။
ဆယ်နှစ် သားပေမယ့် ကိုကိုဟာ အတော် ကလေး သေးညက်နေသေးတယ်။ မေမွန်က ကိုကို့ ထက် မြင့်ချင်နေတာ။
ဆိုလိုတာက အခန်း ပြောင်းသွား ရတော့ ညညတိုင်းကျရင် ကိုကိုကြောတာပေါ့။
ဖေဖေ ကတော့ ကိုကို့ကို တစ်ယောက် တည်း ရွှေ့မသိပ်စေချင်ဘူး။ ကိုကို့ခုတင်ဆင်တာတို့၊ ကိုကို့ အသုံးအဆောင်တွေ ရွှေ့ပြောင်းတာတို့မှာ မသိသလို မဆိုင်သလိုနဲ့ ဘာမှ မကူညီဘဲ ဆန္ဒပြ တယ်။
မေမေဟာ ဖေဖေ့ကို မကျေမနပ် ရွတ်ဖတ်သရဇ္ဈာယ်နေပေမယ့်လည်း တခြားလူတွေ ရှေ့မှာ တော့ ဟန်မပျက်စေပါဘူး။ ဖေဖေ အလုပ်သွားကာနီး ကားဂိတ်ကိုတောင် လိုက်ပို့လိုက်ပါသေး တယ်။ အဘိုးကြီးအဘွားကြီးက သူ့ကိုပျင်းတယ်၊ ရေသာခိုတယ် ကဲ့ရဲ့ မှာ စိုးလို့ ဒီကဖြင့် ဖုံးဖုံးဖိဖိ၊ ဟွန်း ဘာ ညာနဲ့မေမေက ကိုကိုတို့ မောင်နှမတွေ ရှေ့မှာ တော့ မြည် တွန်တောက်တီးနေတာပေါ့။
ဖေဖေရှိနေချိန်မှာ တော့ ရွှေ့ရင်ပြောင်းရင် ဖေဖေက ၀ိုင်းမကူဘဲ ဆန္ဒပြနေမှာ မို့ ဖေဖေ့ အလုပ် ချိန်အတွင်းမှာ ပဲ အိမ်ဖော်တွေ ရဲ့ အကူအညီကို ရယူရွှေ့ပြောင်းခဲ့ရတယ်။
မိသားစုအိပ်ခန်းထဲမှာ အတူအိပ်လောက်အောင် ကိုကိုမငယ်တော့ဘူးလို့ ဘွားဘွားက မေမေ့ကို သွန်သင်ညွှန်ကြားမှန်း ကိုကိုသိပါတယ်။
ဒီမျှလောက်နဲ့တော့ ကိုကို့အပေါ် သွေးမတော် သားမစပ်တဲ့ သဘောရောယှက်ခွဲခြားတယ်လို့ ကိုကို မယူဆခဲ့ပါဘူး မေမွန်ရယ်။
ကိုကြီးနဲ့ကိုလေး (ကြီးကြီးရဲ့ သားတွေ လည်း) အိပ်ခန်းသီးသန့်ခွဲပေးထားတာပဲ မဟုတ်လား။
ကိုကိုဟာ ဆယ်နှစ် သားပဲ ရှိသေးပေမယ့် အထိုက်အလျောက်တော့ အရွယ်ရောက်လာပြီလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်တတ်လာခဲ့တယ်။
မေမွန်နဲ့ စုအပေါ်မှာ အစ်ကိုကြီး တစ်ယောက် သဖွယ် သြဇာအာဏာ သက်ရောက်စေဖို့ ကိုယ့် ကိုကိုယ် တတ်အားသရွေ့ သမာသမတ်ရှိအောင် သတိထားတယ်။
ဖေဖေနဲ့မေမေရဲ့ ကျေးဇူးအင်မတန်ကြီးပါတယ်။
မေမွန်တို့ညီအစ်မဟာ ကိုကို့စကားကို နားထောင်ရတယ်။ ကိုကို့အပေါ်မှာ ဆိုးနွဲ့ခွင့်ရပေမယ့် နိုင့်ထက်စီးနင်း ရိုင်းပြဗိုလ်ကျခွင့် မပေးခဲ့ပါဘူး။
စုက အင်မတန်နွဲ့၊ အင်မတန်အနိုင်ယူချင်တယ်။ သူ့ကိုတော့ အငယ်ဆုံးကလေးမို့ အားလုံး ကပဲ အလိုလိုက်ရ အခွင့်အရေး ပိုပေးရတာ ပေါ့။
မေမေတို့မှာ အိမ်ဖော်သီးခြားမရှိဘူး။ ဖေဖေ့ဝင်ငွေအရ အိမ်ဖော်မထားနိုင်ဘူးလေ။
အဲဒီ တော့ တစ်အိုးသီးခြားချက်စားတဲ့ မီးဖိုချောင်တာဝန်ကို မေမေ့ဘာသာယူရတယ်။ မေမေ့ ရဲ့ အကူအညီဟာ ကိုကိုပေါ့။
မေမွန်ဟာ စုကိုထိန်းရင်း၊ စုနဲ့အတူ ကစားနေ ဆော့နေတုန်း ကိုကိုက မေမေ့ကို ကြက်သွန်ခွာ ပေး၊ ငရုပ်သီးထောင်းပေး ဆန်ရွေးပေးနဲ့။
တစ်ခါ မေမေ အ၀တ်လျှော်တုန်း မီးပူတိုက်တုန်းမှာ စုကို ထမင်းခွံ့။ တစ်ခါတလေ မနက်ဖက် ဖေဖေ့ထမင်းဘူး ပြင်ဆင်ရင်း မေမေ လက်မလည်ရင် ကိုကိုက စုကို အီးအီးကုန်းပေးရတတ်တယ်။
ကိုကိုရောက်စက မေမွန်က လေးနှစ် ကျော်ကျော်။ စုက နှစ် နှစ် သမီးပဲ ရှိသေးတာ။
ကိုကိုကလည်း မြန်မာစကားကမတတ်။ ကျောင်းတွေ ကလည်း နှစ် ၀က်ကျိုးနေချိန်ဆိုတော့ အိမ်မှာ ပဲ ကလေးထိန်းရင်း မီးဖိုချောင်ကူရင်းနဲ့ပဲလေ။
တစ်ခါတလေတော့ ဘကြီးဇော်ရဲ့ တံခါးနှစ် ပေါက် ဖင်မလီယာကလေးထွက်ရင် ကိုကိုတို့ ကားစီးလိုက်လည်ကြတယ်။ သူတို့မိသးစုတွေ က ရှေ့ခုံတွေ မှာ ထိုင်ြ ကတော့ ကိုကိုတို့ မောင်နှမ သုံး ယောက် က ပစ္စည်းထည့်တဲ့ နောက်ခန်းကပဲ လိုက်ကြရတာ ပေါ့။
ရန်ကုန်ဆိုတာ ရောက်ဖူးကာစမို့ အစတော့ ကိုကိုလိုက်ချင် ကြည့်ချင် သိချင်ပါတယ်။ နောက် တော့လည်း အနေခက် အထိုင်ခက် မျက်နှာရိပ် ကြည့်နေရတာ ကို စိတ်ညစ်လာတယ်။ ဖြစ်နိုင်ရင် ကိုကို လိုက်မသွားချင်တော့ဘူး။
ဒါပေမဲ့ စုက ကားသိပ်စီးချင်တာ။ ကားစက်နှိုးသံကြားပြီဆိုရင် စု ဂဏှာမငြိမ်တော့ဘူး။ အိမ် ရှေ့ကိုအပြေးထွက်ပြီး ကားစီးလိုက်ဖို့ ဘယ်သူခေါ်မလဲဆိုတာ မျှော်တလင့်လင့် မျက်နှာချိုသွေးနေ တတ်တာ။
ကားထွက်ရင် ကိစ္စတွေ ပါတာက ခပ်များများ မဟုတ်လား။ ဆယ်ခါထွက်လို့မှ ကားစီးတစ်ခါ လိုက် ဖြစ်တာမှ မဟုတ်တာ။ အဲဒီ တစ်ခါကိုပဲ ကိုကိုကလည်း လိုက်ရမှာ ၀န်လေးနေတော့တာပဲ။
ဒီနေရာမှာ တော့ ကိုကို့ညီမ မေမွန်မွန်ဟာ အေးစက်စက် ထုံပေပေ နေတတ်ပေမယ့် အကင်းပါး အရေခွံပါးသားပဲ။ ကားစီးလိုက်ဖို့ထက် သူ့ဘာသာအ၀တ်ရုပ်ကလေးတွေ နဲ့ ဆော့နေဖို့သာ ပိုပြီး စိတ်ဝင်စားတာပါ။
ဘကြီးဇော်ရဲ့ ကားကို ကပ်စီးရမှာ မေမွန်လည်း ကိုကို့လိုပဲ မွန်းကျပ်တယ်လေ။ ကိုကို သိပါ တယ်။
ကျောင်းနေကာစမှာ မေမွန်နဲ့ကိုကိုဟာ အတန်းတူပဲ။ သူငယ်တန်းအတူတက်ကြရတယ်။
မေမေဟာ လူတစ်ဖက်သားရဲ့ ခံစားချက်ကို သိပ်ပြီး နားလည်ငဲ့ညာတတ်တယ်။
မေမွန်မွန်နဲ့တစ်ခန်းတည်း မနေချင်တဲ့၊ စာအတူ မသင်ချင်တဲ့ ကိုကို့အားနည်းချက်ကို မေမေ ရိပ်မိတယ်။ ဟုတ်တယ်လေ။ ကိုကိုက မြန်မာစကားတောင် ထမင်းစားရေသောက် မနည်းပြောနေရ သေးတာ။ အသက်ကလည်း ရှစ်နှစ် နီးနီးရှိနေတာ။ အသက်အကြီးဆုံးနဲ့ စာအညံ့ဆုံး ကျောင်းသား ဖြစ် နေရရင် နှမရှေ့မှာ သိက္ခာကျမှာ ပေါ့။
မေမေက အတန်းချုပ်ကိုပြောပြီး ကိုကိုနဲ့မေမွန်မွန်ကို တန်းခွဲတစ်ခုစီမှာ ထားစေခဲ့တယ်။
ကိုကိုဟာ 'တ'နဲ့ 'သ'ကို နှစ် တန်းသုံးတန်းရောက်တဲ့အထိ မကွဲဘူးနော်။ ဟထိုးသံလည်း မပါ သလောက်ပဲ။ မေမွန်မွန်က ရယ်ချင်ချင်မျက်နှာပေးနဲ့ ပြင်ပေးရင် ကိုကိုက ရှက်ပြီး လိုက်မဆိုပေါင်။ ကွယ်ရာကျမှ တစ်ယောက် တည်း ရွတ်ကြည့်ရ၊ လေ့ကျင့်ရတာ ပေါ့။
ကံအားလျော်စွာ တစ်နှစ် ကုန်တိုင်း တစ်တန်းတော့ ကိုကို မှန်မှန်အောင်ခဲ့ပါတယ်။ ပွတ်ကာ သီကာပဲ ဖြစ် ဖြစ် အောင်ဖို့အရေး ကြီးတာမဟုတ်လား။
မေမွန်အမှတ်တွေ နဲ့ မပြိုင်ဘူးပေါ့။ မေမွန်က အမှတ်အများ ဆုံးရတဲ့သူပဲ။ ပြိုင်မိရင် ကိုကို အရူးပေါ့။
ကိုကိုနဲ့ မေမွန် ကျောင်းသွားရင် မေမေ့ခမျာ စုကို ထိန်းရတာ က တစ်ဖက်၊ အိမ်မှု ကိစ္စတွေ က တစ်ဖက်နဲ့ အတော် ကသီရှာတယ်။
စု ကျောင်းနေတော့မှပဲ မေမေ သက်သာတော့တယ်။ နားချိန်ကလေး ရတော့တယ်။
ကိုကို့မှာ တော့ စုရဲ့ လွယ်အိတ်ကိုလွယ်၊ စုရဲ့ ထမင်းချိုင့်ကို ကိုင်ပေးပြီး စုရဲ့ အတန်းအရောက် လိုက်ပို့ရ၊ လိုက်ကြိုရတယ်။ မုန့်စားလွှတ်ရင် စုကို ထမင်းသွားကျွေးတယ်။ အိမ်သာလိုက်ပို့ရတယ်။
တချို့ကလည်း စုတို့ မေမွန်တို့နဲ့ လုံးဝမတူညီနဲ့ ကိုကို့ရုပ်ရည်ကိုကြည့်ပြီး မွေးစားသားလားလို့ မေးကြ၊ စပ်စုကြတယ်။ တချို့ကဆို ပိုအတွေးနက်ပြီး ဖေဖေဟာ တစ်နေရာရာမှာ ကလီကမာ ခြေရှုပ် ပြီးတော့ပဲ ကိုကို့ကို ရလာသလို အထင်ကြေးနဲ့ ရမ်းကြိတ်ကြလေရဲ့ ။
ကိုကိုနဲ့ပတ်သက်ရင် စုကလေးက ဘယ်သူမှ မပြောမဆိုရ သိပ်ရန်စွာ တယ်။
မေမွန် မှတ်မိလား။
ကိုကိုတို့ မောင်နှမသုံးယောက် တစ်နေ့မှာ အ၀တ်ရုပ်တွေ နဲ့ ကစားနေကြတုန်း ကိုကြီးရောက် လာပြီး လာကြည့်တယ်လေ…။
ကိုကိုက စုအလိုကျ စုရဲ့ ဖိုးပါကြီးဆိုတဲ့ အရုပ်၀၀ကြီးကို ပုခက်ဆင်ပြီးလွှဲပေးနေရတယ်။ စု ကတော့ ရွှေလုံးဆိုတဲ့ အရုပ်၀၀ကလေးကို ခါးထစ်ခွင်ချီပြီး ပဲပြုတ်တောင်းရွက်ပြီး ဈေးရောင်းနေ တယ်။
ကိုကြီးကရယ်ပြီး ဟားဟား.. ဒီရှမ်းပုတ်က လက်စသတ်တော့ အခြောက်ပဲ။ ဒါကြောင့် အရုပ်နဲ့ ဆော့ပြီး ကလေးအမေလုပ်နေတာလို့ ဘိုးဘိုးကို လှမ်းပြောတယ်။
စုကလေ ခေါင်းပေါ်ရွက်ထားတဲ့ သူ့ ပဲပြုတ်တောင်းဆိုတဲ့ ပလတ်စတစ်ဇလုံနဲ့ ကိုကြီးမျက်နှာ ကို ပေါက်ထည့်လိုက်တာ ဒက်ထိမှန်တယ်။
အသား သိပ်မနာပေမယ့် စိတ်ကို နာကျင်စေမှာ အမှန်ပဲ။ ကိုကြီး ဒေါသတကြီးနဲ့ စုကို ရိုက် မောင်းပုတ်မောင်းချိန်ရွယ် ကြိမ်းဝါးတော့တယ်။
အဲဒီ မှာ မေမေကလည်း စိတ်ဆိုးတယ်။
ဟာ..မိသားစုတတွေ ရန်ပွဲပေါ့။
ဖေဖေရုံးသွားနေချိန်မို့သာ တော် တော့တာပေါ့။
ဒီလိုပါ။ ဖေဖေရှိလည်း ဘာမှ ၀င်ငြင်းဝင်ပြောမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဖေဖေ စိတ်အနှောင့်အယှက် ဖြစ်မယ်။ ခံပြင်းမယ်။
ဒီလောင်းရိပ်ကနေ ရုန်းမထွက်နိုင်သေးတဲ့ သူ့အစွမ်းအစကို သူ အားမလိုအားမရ သိမ်ငယ် မယ်။
ကိုကိုတို့မိသားစုလေးဟာ တစ်ယောက် ကို တစ်ယောက် ကြင်ကြင်နာနာ ရိုင်းရိုင်းပင်းပင်းရှိကြ ပါတယ်။
ပြီးတော့လည်း စိတ်ထဲမှာ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ လွတ်မြောက်ရာလမ်းမကို အသီးသီး အသက ကြိတ်ပြီး မျှော်လင့်တောင့်တနေကြရတယ်။
အဲဒီ မျှော်လင့်ချက် တောင့်တချက်ကြီး ပြည့်စုံလာဖို့ ဆယ်နှစ် မက စောင့်ခဲ့ရတယ် မေမွန်ရယ်။
![]() ငယ်ချစ်လွမ်းနေလေမှာလား ငယ်ချစ် မုန်းနေလေမှာလား | ![]() အကြွင်းအက္ခရာသင်္ချာတစ်ပုဒ် | ![]() သံယောဇဉ် ငွေသောင်ဦး |