(၁)
ထိုစဉ်က ကျွန်ုပ်သည် ရန်ကုန်ပုလိပ်မင်းကြီးရုံးတွင် အမှု ထမ်းနေရာမှ လမ်းမတော် ဌာနာသို့ ဌာနာအုပ်အ ဖြစ် ပြောင်းရွှေ့ပို့လိုက်သဖြင့် လမ်းမတော် ဌာနာတွင် အမှု ထမ်းနေရချိန် ဖြစ်၏ ။ အချိန်မှာ စစ်မ ဖြစ်မီ သုံးလေးနှစ် အလို ဖြစ်ရာ ထိုစဉ်က လမ်းမတော် ဌာနာအပိုင်သည် ရာဇဝတ်မှု အများ ဆုံးနေရာ ဖြစ်၏ ။ အများ သိကြသည့်အတိုင်း လမ်းမတော် အပိုင်တွင် တရုတ်ဟိုတယ် ကြီးများ ၊ ပျော်ပွဲစားရုံကြီးများ တည်ရှိပြီး လိုင်စင်ရဘိန်းခန်းများ ၊ တိတ်တိတ်ပုန်း ဘိန်းခန်းများ မှာ လည်း လမ်းကြိုလမ်းကြားများ တွင် ပြည့်နှက်လျက်ရှိ၏ ။ ဟိုတယ်ကြီးများ တွင် ဟိုတယ်မယ်များ ထားလေ့ရှိရာ ဟိုတယ်မယ်များ သည် ဟိုတယ်မှ သူတို့တာဝန်ပြီးသည်နှင့် 'အော်ဒါ' လိုက်တတ်ကြသဖြင့် ထိုရပ်ကွက် တွင် တိတ်တိတ်ပုန်းဇိမ်ခန်းများ နှင့် လော်ဂျင်များ မှာ လည်း ပြည့်နှက်လျက် ရှိ၏ ။ ထို့အပြင် လေးကောင်ဂျင်ဝိုင်း၊ မာကျောက်ဝိုင်း၊ ဘူကြီးဝိုင်း စသည့် ကစားဝိုင်းများ လည်း ပေါလှပေ၏ ။ အချို့ကစားဝိုင်းများ မှာ အစောင့်အကြပ် များ အထပ်ထပ်ပိတ်ဆို့ထားပြီး အထဲသို့ လူစိမ်းသူစိမ်းများ ဝင်ရောက်ရန် များ စွာ မလွယ်လှချေ။ တိုက်ခန်းကြီးများ မှာ အခန်းခန်း ဖြစ်လျက် မြေအောက် တိုက်ခန်းများ ပင်ပါရှိလျက် ကစားဝိုင်းဒိုင်ဖွင့်သူများ မှာ လည်း အင်္ဂလိပ်အစိုးရ အား စစ်ရန်ပုံငွေထည့်ခြင်း၊ အစိုးရက ကမကထပြုသည့် ဒါဘာပွဲများ တွင် အလှူငွေမြောက်မြားစွာ ထည့်ခြင်းဖြင့် အပြင်ပန်းအားဖြင့် လူကြီးလူကောင်း များ ဖြစ်နေကြသည့်တိုင် နောက်ကွယ်တွင် ဒုစရိုက်မှု များ ကို ပြုလုပ်လျက် ရှိကြ၏ ။ ထိုစဉ်က ဒုစရိုက်ဂိုဏ်းခေါင်းဆောင်များ သည် ယခုခေတ် 'မာဖီးယား' ခေါ် ဂိုဏ်းခေါင်းဆောင်များ နှင့် ဆင်ဆင်တူသည်ဟု ပြောနိုင်၏ ။ သူတို့ အလိုမကျသူ တစ်ယောက် ကို မြေတိုက်ခန်းထဲတွင် အလွယ်တကူဖြင့် အပျောက် ရှင်းပစ်နိုင်လောက်အောင် တန်ခိုးလည်း ထွားကြ၏ ။
ထိုဒုစရိုက်ခေါင်းဆောင်များ အပြင် လူမိုက်များ ကလည်း သူ့ဂိုဏ်းနှင့်သူ အသီးသီးရှိကြ၏ ။ လမ်းမတော် ဖိုးတုတ်ဆိုလျှင် လူမိုက်ထိပ်သီးကြီး ဖြစ်၏ ။ မြန်မာ့အလင်းအယ်ဒီတာ ဆရာသင်ကို သတ်ခဲ့သည်ဟုဆိုသော ပုဇွန်တောင်ငမိုး မှာ လည်း နာမည် ကြီးလူမိုက်ထိပ်သီးကြီးတစ်ဦး ဖြစ်၏ ။ ၄င်းတို့မှာ ကြေးစား လူမိုက်များ ဖြစ်ကြပြီး ဒုစရိုက်ဂိုဏ်းခေါင်းဆောင်များ က ၄င်းတို့ကို မွေးထား ခြင်း ဖြစ်၏ ။
ထိုစဉ်က ကျွန်ုပ်တို့ ပုလိပ်များ ၊ လူမိုက်ဂိုဏ်းခေါင်းဆောင်များ နှင့် ရာဇဝတ်မှု သတင်းထောက်များ သည် တစ်ဦးကိုတစ်ဦး စောင့်ကြည့်နေကြ၏ ။ လူမိုက်ဂိုဏ်းများ က ကျွန်ုပ်တို့ ပုလိပ်များ ၏ ခြေလှမ်းကို စောင့်ကြည့်နေသကဲ့သို့ ကျွန်ုပ်တို့ကလည်း ၄င်းတို့၏ ခြေလှမ်းကို စောင့်ကြည့်နေကြ၏ ။ ထိုနှစ် ဦး ကြားတွင် နှစ် ဦးစလုံးနှင့် ပလဲနံပသင့်အောင်ပေါင်းပြီး ကူးလူးဆက်ဆံနေ ကြသူများ မှာ သူရိယ၊ မြန်မာ့အလင်း စသော သတင်းစာကြီးများ မှ ရာဇဝတ် မှု သတင်းထောက်များ ဖြစ်ကြ၏ ။ ထိုခေတ်က ကျွန်ုပ်တို့ ပုလိပ်များ နှင့် လည်းကောင်း၊ ရာဇဝင်လူဆိုးများ နှင့်လည်းကောင်း ပုလင်းတူဘူးဆို့နေသည့် ရာဇဝတ်မှု သတင်းထောက်တစ်ဦးမှာ မြန်မာ့အလင်းမှ သတင်းထောက်ချုပ် ကိုဘနှင်း ဖြစ်၏ ။ ကိုဘနှင်းသည် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ စသည့် လူမှု ရေး လုပ်ငန်းများ တွင် လည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားသူ တစ်ဦး ဖြစ်သည့်အတွက် အပေါင်းသင်းများ ပြီး ဝန်ကြီးချုပ်များ (ထိုခေတ်က ဝန်ကြီးချုပ်ကို နန်းရင်းဝန်ဟုခေါ်ပြီး ဝန်ကြီးများ ကို ဝန်ကြီးချုပ်ဟု ခေါ်လေ့ ရှိ၏ ။)၏ ရုံးခန်းသို့ တံခါးမရှိဓားမရှိ ဝင်ရောက်နိုင်သူတစ်ဦး ဖြစ်လျက် လမ်းမတော် နှင့် ၃၇ လမ်း၊ ၃၈ လမ်းတစ်ဝိုက်တွင် ရှိသည့် ပြည့်တန်ဆာ ခေါင်းများ နှင့် လည်း ဖက်လှဲတကင်းနေနိုင်သူ ဖြစ်ရာ ရာဇဝတ်မှု များ ကိုလိုက်ရာတွင် ကိုဘနှင်းလို တော် သည့်သတင်းထောက်မျိုး ယခင်ကလည်း မပေါ်ဘူးသေး။ နောင်တွင် လည်း တော် တော် နှင့်ပေါ်နိုင်မည် မထင်ဟု သတင်းစာလောကတွင် ပြောသံကို မကြာ ခဏ ကြားရတတ်၏ ။ ကိုဘနှင်းအကြောင်းကို ဖော်ပြနေရခြင်းမှာ ယခုအမှု သည် ကျွန်ုပ်တို့ပုလိပ်ဘက်က အရင်သတင်းမရဘဲ ကိုဘနှင်း၏ သတင်းပေး ချက်ရ အမှု ဖွင့်ရသော ကြောင့် ဖြစ်၏ ။ သက်ဆိုင်ရာ ဆိပ်ကမ်းပုလိပ်ဘက်၏ သတင်းပို့ချက်မှာ နောက်မှရောက်ရှိလာ၏ ။
တစ်နေ့သ၌ ကျွန်ုပ်သည် လမ်းမတော် ဂါတ်တဲအတွင်းရှိ ကျွန်ုပ်၏ ရုံးခန်းတွင် ထိုင်၍ ရာဇဝတ်မှု သတင်းပို့ချက်များ ကို ဖတ်ရှုလျက်ရှိစဉ် ဂါတ်တဲ ရှေ့မှ ဘီအက်စ်အေ မော်တော် ဆိုင်ကယ်သံ တဘုတ်ဘုတ် ကြားရပြီးနောက် ပိုးပျော့ စပို့ရှပ်ကြက်ဥနှစ် ရောင် ၊ ကာကီဘောင်းဘီတို၊ ကာကီဖော့ဦးထုပ်တို့ကို မေးသိုင်းကြိုးတပ်၍ ဆောင်းကာ ကင်မရာကို လွယ်ထားသည့် ကိုဘနှင်းကြီးကို တွေ့ လိုက်ရသဖြင့်-
'ဆိုစမ်း၊ ပေါ်တော် မူကြီး၊ ဘာတွေ ထူးလာပြန်ပြီလဲ။ ခင်ဗျား လာမှာ ကို ကျွန်တော် ဖြင့် ကြောက်လွန်းလို့။ ခင်ဗျားလာရင် အမှု တစ်ခုခုတော့ ပါလာတာ ချည်းပဲ။ အမှု ပါမလာရင်လည်း ခင်ဗျားက ကျွန်တော် တို့ဆီက တစ်ခုခုတော့ ရအောင် ချူသွားတာချည်းပဲ'ဟု ကျွန်ုပ်က ပြောလေလျှင် ကိုဘနှင်းသည် ကျွန်ုပ်ဖတ်ရှုလျက်ရှိသော သတင်းပို့ချက် ဖိုင်တွဲ ကြီးကို လှမ်းကြည့်ပြီးနောက်-
'ခင်ဗျားတို့တော့ ရန်သူ တစ်ယောက် လျော့သွားပြန်ပြီဗျ'
ဟုပြောလိုက်၏ ။
'ဘယ်သူလဲဗျ၊ တရုတ်ဘိန်းဘုရင် ပိန်ကွမ်းလား'
'မဟုတ်ဘူးဗျ'
'နို့ ဘယ်သူလဲ'
'ဖိုးတုတ်ကလေးရယ်'
'ဗျာ... ဖိုးတုတ်ကလေး ဟုတ်လား'
'ဟုတ်တယ်၊ ကျွန်တော် လိုက်စရာတွေ ရှိသေးတယ်။ ခင်ဗျားကို ပြောပြနေချိန်မရဘူး။ တိုက်ကို ဖောင်မပိတ်မီ အချိန်မီပြန်ရမယ်။ ဒီနေ့ သတင်းကြီး မရလို့ အယ်ဒီတာချုပ်က ကျွန်တော့်ကို တဆူဆူလုပ်နေတာ။ ခု ဒီသတင်းကို ပေးလိုက် ရင်တော့ အဘိုးကြီး 'ခူရှီး'ကျသွားမှာ ပဲ။ ရော့... ရော့... ကျွန်တော် ဆိပ်ကမ်းဂါတ်တဲမှာ ထိုင်ရေး လာတဲ့ သတင်းအတိုချုပ် ကူးထား လိုက်။ ကျန်တာတော့ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့လိုက်ပေတော့။ ကျွန်တော် တော့ တိုက်ပြေးပြီး မျက်နှာဖုံးသတင်း ဖြစ်အောင် ရေး ရဦးမယ်' ဟုဆိုကာ ကိုဘနှင်းသည် ရေး ကြီးသုတ်ပျာဖြင့် ပြန်ထွက်သွား၏ ။
ကိုဘနှင်းပေးသွားသည့် အမှု အတိုချုပ်ကို ဖတ်လျက်ရှိစဉ်မှာ ပင် လူဆိုးထိန်း ကိုစံအေးရောက်လာပြီး ကျွန်ုပ်ထံ သတင်းအပြည့်အစုံပို့သဖြင့် အခန့်သင့် ဖြစ်သွား၏ ။
ဆိပ်ကမ်းပုလိပ်များ သည် ဖိုးတုတ်ကလေး၏ အလောင်းကို ညောင်ပင်လေး ဆိပ်ကမ်းဘောတံတားအောက် နွံထဲတွင် တွေ့ လာခဲ့ကြ၏ ။ ထိုနေရာတစ်ဝိုက်မှာ ဒီရေကျသွားသည့်ခါတွင် နွံများ သည် ဒူးဆစ် သို့ မဟုတ် ပေါင်လယ်ခန့်လောက် အထိရောက်ပြီး ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သမ္ဗန်များ ၊ မော်တော် များ ပေါ်မှ စွန့်ပစ်သည့် အညစ်အကြေးများ ဖြင့် ဖုံးအုပ်နေတတ်၏ ။ ဖိုးတုတ် ကလေး၏ ရာဇဝင်သည် သူ့အလောင်းကို တွေ့ သည့်နေရာကဲ့သို့ပင် ညစ်ပတ် နောက်ကျူလျက်ရှိ၏ ။ ဘောတံတားအောက် နွံထဲတွင် နစ်နေသည့် အလောင်း ကို ကြည့်ရှုစစ်ဆေးသည့်အခါ၌ ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံး လျက်ရှိသည်ကိုတွေ့ ရပြီး ပစ္စည်းများ ကို လူသတ်သမား သို့ မဟုတ် လူသတ် သမားများ က ချွတ်ယူသွားဟန်ရှိသည်ကို တွေ့ ရ၏ ။
ဆိပ်ကမ်းပုလိပ်များ သည် ကံရွာထဲမှ အရက်မူးနေသော ဘဟန်ဆိုသူ သူတောင်းစားတစ်ဦးကို မသင်္ကာသဖြင့် ကောက်ဖမ်းလိုက်ကြ၏ ။ (ကံရွာဆို သည်မှာ ယခု ရန်ကုန်မြို့ လူကုံထံများ နေထိုင်သည့် ရပ်ကွက်ကြီးတစ်ခု ဖြစ်ပြီး စစ်မ ဖြစ်မီက ထိုနေရာတစ်ဝိုက်တွင် သူတောင်းစားများ နေထိုင်ခဲ့ ကြသဖြင့် ၄င်းတို့ကို ကံမကောင်းအကြောင်းမလှသူများ ဖြစ်သည်ဟု ယူဆ ကာ ၄င်းတို့နေထိုင်ရာရပ်ကွက်ကိုလည်း ကံရွာဟု ခေါ်ခဲ့ကြခြင်း ဖြစ်၏ ။ ၄င်းတို့အကြောင်းကို စစ်မ ဖြစ်မီက စာရေး ဆရာ မဟာဆွေက 'ကံရွာသူ' ဟူသော အမည် ဖြင့် သူရိယမဂ္ဂဇင်းတွင် လား၊ ကြီးပွားရေး မဂ္ဂဇင်းတွင် လားမသိ ဝတ္ထုရေး ခဲ့ဖူးသေး၏ ။ (ဤကား စကားချပ်) ပုလိပ်တို့က ရှာဖွေသည့်ခါတွင် သူတောင်းစားဘဟန်၏ အဝတ်စုတ်ထုပ်ထဲတွင် ဖိုးတုတ်ကလေး ပတ်သည့် အယ်လ်ဂျင်လက်ပတ်နာရီနှင့် သွေးစွန်းနေသော ဆယ်တန်စက္ကူ အချို့ကို တွေ့ ရ၏ ။ စာသင် ကိုစံအေး၏ ခါးက ခါးပတ်ဖြင့် နှစ် ချက်သုံးချက် ရိုက်လိုက် သည့်အခါတွင် တရားခံဘဟန်သည် အမူးပြေသွားဟန်ရှိ၏ ။ သို့ ရာတွင် ပြစ်မှု ကို ဖြောင့်ဆိုခြင်း မပြုချေ။ ဤတွင် ကိုစံအေးသည် တရားခံဘဟန်ကို ကျွန်ုပ်ထံ ခေါ်လာခဲ့ခြင်း ဖြစ်၏ ။
'ဒီကောင် ဘူးကွယ်နေတယ် ဆရာ'
'မရရင် ရအောင်စစ်ကွာ၊ ဟေ့ကောင် စစ်လို့မရရင် မင်း လည်ပင်း ကိုပါ ကြိုးတပ်ပစ်မယ်'
ကျွန်ုပ်က စံအေးကိုပါ ကြိမ်းလိုက်၏ ။ စံအေးသည် သာယာဝတီသား ဖြစ်ပြီး အရပ်ပုပု၊ မေးရိုးလေးထောင့်နှင့် ခွေးဘီလူးမျက်နှာမျိုးရှိ၏ ။
ကျွန်ုပ်သည် ဆိပ်ကမ်းပုလိပ်နှင့် ကျွန်ုပ်အပိုင်ရှိ ဆားပုလင်းများ ထံမှ အစီရင်ခံစာများ ကို ဖတ်ကြည့်၏ ။ သေသူ ဖိုးတုတ်ကလေးသည် ယမန်နေ့ ညသန်းခေါင်မတိုင်မီကလေးတွင် တရုတ်တန်းရှိ တစ်ခုသော လမ်း၊ တစ်ခုသော တိုက်ခန်းမှ ပြန်လာခဲ့သည်ဆို၏ ။ သက်ဆိုင်ရာ တာဝန်ကျပုလိပ်သည် ထိုလမ်း ရှိ ထိုတိုက်ခန်းသို့ လာသူများ မှာ ဥပဒေကို ဖောက်ဖျက်ကျူးလွန်သူများ ဖြစ်တတ်သည့်အလျောက် သေသူဖိုးတုတ်ကလေးနောက်သို့ မယောင်မလည် နောက်ယောင်ခံ၍ လိုက်လာခဲ့သည်ဆို၏ ။ ဖိုးတုတ်ကလေးသည် ထိုလမ်းမှနေ ၍ ကမ်းနားလမ်းအတိုင်းလျှောက်သွားကာ ညောင်ပင်လေးဆိပ် ဘောတံတား အနီးတွင် ပျောက်သွားသည်ဆို၏ ။ ဤတွင် သက်ဆိုင်ရာ တာဝန်ကျပုလိပ် သည် ဆက်မလိုက်တော့ဘဲ ပြန်လာခဲ့ရာ နောက်နှစ် နာရီ လောက်အကြာတွင် ရန်ကုန်မြစ်ထဲတွင် ပတ္တရောင် လှည့်နေသည့် ဆိပ်ကမ်းပုလိပ်များ က ဖိုးတုတ် ကလေး၏ အလောင်းကို တွေ့ ရခြင်း ဖြစ်၏ ။
အစီရင်ခံစာအရ ဖိုးတုတ်ကလေး၏ ကိုယ်ပေါ်တွင် အဝတ်အစားကင်းမဲ့ လျက်ရှိပြီး အောက်ခံတယောစွပ်ကျယ်အင်္ကျီနှင့် ဘောင်းဘီတိုကလေးကိုသာ တွေ့ ရတော့ကြောင်း၊ ကိုယ်တွင် ကျန်ရစ်ခဲ့သည့် အဝတ်အစားများ မှာ လည်း ဓားဖြင့် ဆုတ်ဖြဲထားသည့်နှယ် အစိတ်စိတ်အမြွှာမြွှာ ဖြစ်လျက်ရှိကြောင်း၊ ဖိုးတုတ်ကလေးစီးသည့် ဆက်ဇုံနောက်ပိတ်ဖိနပ်ကိုလည်း ဘဟန်ထံတွင် တွေ့ ရကြောင်းဖြင့် ဖော်ပြပါရှိ၏ ။
'ဖိနပ်ကိုတော့ ရောင်းစားမှာ ပဲကွ။ ဒါပေမဲ့ အဝတ်အစားတွေ ကိုတော့ သူဝတ်မယ်ထင်တယ်'
ဟု ကျွန်ုပ်က ပြော၏ ။
'သက်သေခံပစ္စည်းတွေ ဖြစ်မယ့်ဟာကို သူ အသုံးပြုရဲပါ့မလား ဆရာ'
'ဘဟန်လိုကောင်ဟာ စာမတတ်ပေမတတ် သူတောင်းစားပဲကွာ။ သက်သေခံပစ္စည်း ဖြစ်မ ဖြစ်ကို တွေးမိမှာ မဟုတ်ပါဘူး။ နောက်တစ်ချက်က သေနတ်ကို မတွေ့ ရဘူးကွ။ သေနတ်က ပျောက်နေတယ်။ ဒီတော့ ဒီအဖိုးတန် တဲ့ သေနတ်ကိုတော့ လွှင့်ပစ်ပြီး ဘာမဟုတ်တဲ့ဖိနပ်နဲ့ နာရီကိုချည်း ယူမှာ မဟုတ်ဘူး။ ကဲ ... အဲဒီ ကောင်ကို ထုတ်ခဲ့စမ်းကွာ'
ခဏကြာလျှင် စံအေးသည် ဘဟန်ကို လက်ထိတ်ခတ်လျက်သား ထုတ်လာခဲ့၏ ။
'ဟေ့ကောင် ဘဟန် မှန်မှန်ပြောစမ်း။ ပစ္စည်းတွေ ဘယ်မှာ ထားသလဲ'
ဘဟန်သည် ငိုမဲ့မဲ့ ဖြစ်နေရာမှ အသံသေးသေးကလေးဖြင့် -
'ဗိုလ်ကြီးရယ်... ဘုရားပေးပေး၊ ကျမ်းပေးပေး ကျွန်တော် ဘာမျှ မသိပါဘူး။ ဖိနပ်နဲ့နာရီကိုတော့ ကျွန်တော် ယူခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘာမျှမလုပ်ရပါဘူး၊ ကျွန်တော် သတ်တာလည်း မဟုတ်ပါဘူး'
'အဝတ်အစားတွေ ကိုကော မင်း မယူဘူးလား။ အလောင်းကို မင်းတွေ့  တော့ အဝတ်အစားတွေ မရှိတော့ဘူးပေါ့'
'ဟုတ်ပါတယ် ဗိုလ်ကြီး၊ ကျွန်တော် တွေ့ တော့ အလောင်းမှာ အဝတ် အစား မရှိတော့ဘူး။ ခုတွေ့ တဲ့အတိုင်း စွပ်ကျယ်အင်္ကျီလေးနဲ့ ဘောင်းဘီ တိုကလေးပဲ တွေ့ ပါတယ်။ အဲ... အလောင်းကို မတွေ့ ခင်လေးမှာ လူ တစ်ယောက် အဲဒီ ဘောတံတားအောက်က ခပ်သုတ်သုတ်တက်ပြီး ကုန်းပေါ် တက်လာတာကိုတော့ မြင်လိုက်ပါတယ်'
စံအေးက စိတ်တိုစွာ ဖြင့် လက်ထိတ်ချည်ထားသည့် သံကြိုးကို ဆောင့်ဆွဲ လိုက်ကာ ခြေထောက်ဖြင့်ကန်မည် ပြု၏ ။
'ဟေ့ စံအေး၊ ဒီကောင့်ကျောပေါ်မှာ ဖိနပ်ရာထင်ရင် မင်းတာဝန်နော် ဒါပဲ။ ကဲကွာ မှန်မှန်ပြောစမ်း၊ အချိန်ကုန်တယ်။ ကြာရင် လူလည်း နာမယ်'
'လိမ်ပြောတယ်ဆိုရင် အဝီစိကို ကျရပါစေရဲ့ ဆရာရယ်။ ကျွန်တော် မလိမ်ပါဘူး။ ကျွန်တော် က သင်္ဘောဆိပ်မှာ တောင်းမယ်ဆိုပြီး အဲဒီ နေ့ညက ညောင်ပင်လေးဆိပ်ကို ထွက်လာပြီး တောင်းနေပါတယ်။ ညဥ့်နက်တော့ လူပါးတာနဲ့ အိပ်မလို့လုပ်တုန်းမှာ လူ တစ်ယောက် လာတော့ ကျွန်တော် က ပိုက်ဆံတောင်းပါတယ်။ သူက ကျွန်တော့် နားကဖြတ်ပြီး ခပ်သုတ်သုတ် ထွက် သွားပါတယ်။ သူ့မျက်နှာကို ကျွန်တော် သေသေချာချာ မြင်လိုက် ပါတယ်'
'မြင်ရင်ကော မှတ်မိပါ့မလား'
'တွေ့ ရင် မှတ်မိပါတယ် ဆရာရယ်။ ဒီမျက်နှာကို မြင်ဖို့ အခွင့်သာ ကြုံတွေ့ ပါစေ၊ ကျွန်တော် ဆွဲပြနိုင်ပါတယ်'
'အေး၊ ဒီလူကို မြင်ဖို့အခွင့်ကြုံပါစေလို့ဆုတောင်း။ ဆုတောင်း မပြည့်ရင်တော့ ဒီလူမျက်နှာအစား မင်းကို ဒေါက်ဖြုတ်မယ့် ရွှေနီရဲ့ မျက်နှာ ကိုသာ မြင်ရမှာ သေချာတယ်'
ရွှေနီဆိုသည်မှာ ထောင်ထဲတွင် ကြိုးပေးရာတွင် ဒေါက်ဖြုတ်သည့် ထောင်ဗာယာကိုခေါ်ခြင်း ဖြစ်၏ ။
ကျွန်ုပ်သည် သံသေးသံညောင်ဖြင့်ပြောနေသော သူတောင်းစားဘဟန် ကို အချုပ်ခန်းထဲသို့ ပြန်အပို့ခိုင်းလိုက်ပြီး ရာဇဝင်လူဆိုးများ ၏ မှတ်တမ်း စာအုပ်ကြီးကို ဖွင့်ကြည့်၏ ။ ဖိုးတုတ်ကလေးဟူသော ခေါင်းစဉ်အောက်တွင် သူ၏ ကိုယ်ရေး ရာဇဝင် အတ္ထုပ္ပတ္တိကို တွေ့ ရ၏ ။
'ဖိုးတုတ်ကလေးဆိုတဲ့ကောင်က လမ်းမတော် မှာ ဖိုးတုတ်ကြီးပြီးရင် တော့ ဗိုလ်ပဲကွ။ ဖိုးတုတ်ကြီးရှိရင်တော့ ဒီကောင် ဒီဘက်မှာ ကျက်စားလေ့ မရှိဘူး။ ဖိုးတုတ်ကြီး မရှိတဲ့အချိန်မှာ တို့ဘက်ကို ရောက်ရောက်လာတတ် တယ်။ ဒီကောင်ရဲ့ မှတ်တမ်းမှာ ဖိုးတုတ်ကလေး၊ ပဲခူးဒိစတြိတ်က ကဝမြို့နယ်၊ ရစ်ကန်ကလေး ဇာတိတဲ့။ မိဘ လယ်သမား၊ မူရင်းအလုပ် ကျောက်ထိုး ဆရာ၊ အင်း... ကျောက်ထိုးဆရာလုပ်ရင်း ကိုယ်ဝန်ဖျက်ချပေးလို့ ပုလိပ်က အရေး ယူခံရပြီး အလုပ်ပြုတ် ထောင်ကျသွားသတဲ့။ အဲ- ပုလိပ်မှတ်တမ်းမှာ တော့ လူဆိုးကျော်စော စာရင်းဝင်သွားပြီပေါ့ကွာ။ ထို့နောက် ထောင်မှလွတ်၊ ကိုယ်ဝန်ဖျက်ချပေး၊ ဘိန်းရောင်း၊ ငွေညှစ်၊ ထို့နောက် နယ်နှင်ခံရ၊ မော်လိုက် သို့ ပို့၊ မော်လိုက်တွင် လူသတ်မှု မသင်္ကာဖြင့် အဖမ်းခံ၊ နယ်နှင်ခံရအပြီးတွင် ရန်ကုန်ရောက်၊ လမ်းမတော် ရှိ ပိန်ကွမ်း၏ ကစားဝိုင်းတွင် အလံရှူး၊ နာမည် ကြီး ပြည့်တန်ဆာ ရင်ရင်ရွှေနှင့် အဆက်အသွယ်ရှိ'
ကျွန်ုပ်က ပိုလိုကို ဖွာလိုက်၏ ။ ရင်ရင်ရွှေအကြောင်းကိုမူ မှတ်တမ်းကို ပြန်ကြည့်စရာ မလိုတော့ချေ။ ကျွန်ုပ်၏ အပိုင်တွင် ရှိသော ကျော်စောများ အကြောင်းကို ကောင်းစွာ သိပြီး ဖြစ်သည့်အတွက် လက်တန်းပြောနိုင်နေလေ ပြီ။
'ရင်ရင်ရွှေရဲ့ ခပ်စောစောက နောက်ကြောင်းရာဇဝင်ကိုတော့ သိပ်မရဘူး ကွ။ ရင်ရင်ရွှေက တရုတ်ကပြားအမျိုးသမီး၊ မ္တလေးမှာ မွေးတယ်။ မ္တလေးက နာမည် ကြီးပြည့်တန်ဆာခေါင်း ဖိုးကူးနဲ့ရပြီး ပြည့်တန်ဆာထောင်တယ်။ နောက်ပိုင်းမှာ ဖိုးကူးနဲ့ကွဲပြီး ရန်ကုန်ကိုပြောင်းလာတယ်။ တို့ပုလိပ်မှတ်တမ်း မှာ တော့ သူနဲ့ပတ်သက်လို့ အမှု ဖွင့်ထားတာတို့ ဘာတို့ ဘာမျှမတွေ့ ရဘူး။ ငါသိတာတော့ ဒီလောက်ပဲ'
'အမျိုးသမီးက အပေးအကမ်း တော် တော် ရက်ရောတယ်လို့ ပြောတာပဲ'
စံအေးက ပြော၏ ။
'ရက်ရောတာတော့ မပြောနဲ့။ ရှိတာ အကုန်ပေးလိုက် တာပဲ'
ကျွန်ုပ်က ပြုံး၍ ပြောလိုက်၏ ။ စံအေးသည် ကျွန်ုပ်ပြောသည့် အဓိပ္ပာယ် ကို နားလည်ဟန်ဖြင့် တဟဲဟဲ ရယ်နေ၏ ။
စာသင်စံအေး၏ သတင်းပို့ချက်အရ ထိုနေ့ညက တရုတ်တန်းဘက် တွင် တာဝန်ကျသည့် ပတ္တရောင် တစ်ယောက် သည် ရင်ရင်ရွှေတို့ လမ်းထိပ် တွင် ရပ်နေကြောင်း၊ ရင်ရင်ရွှေ့အိမ်မှ ဖိုးတုတ်ကလေးထွက်လာပြီး နာရီဝက် လောက်အကြာတွင် ရင်ရင်ရွှေ့အိမ်သို့ လူ တစ်ယောက် ရောက်လာပြီး ဖိုးတုတ် ကလေးကို မေးမြန်းကြောင်း၊ ဖိုးတုတ်ကလေး ပြန်သွားပြီဆိုသည့်အခါတွင် လိပ်စာကိုမေးပြီး သူလည်း ပြန်ထွက်သွားကြောင်း၊ ထိုသူမှာ မည် သူမည် ဝါ မသိကြောင်းဖြင့် ပါရှိ၏ ။
'ဘယ်သူဘယ်ဝါလို့သာ မသိလိုက်ပေမယ့် သူ့ပုံပန်းသဏ္ဌာန်ကိုတော့ သိခဲ့ရတယ် ဆရာ။ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးတဲ့။ ဝတ်ထားတာ ကတော့ အကျပဲတဲ့။ ခု ဘဟန်ကို စစ်ကြည့်တော့ ဘဟန်ကလည်း သူမြင်လိုက်ရတဲ့ လူပုံပန်းသဏ္ဌာန်နဲ့ အတူတူပဲလို့ ထွက်တယ်ဆရာ'
'အင်း ... ဖြစ်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ အမှု ဖြစ်ပွားတုန်းမှာ သူ မရှိဘူးဆိုတာ အယ်လီဘိုင်ပြချင်လို့ ဒီမှာ လာပြီး ကိုယ်ယောင်ပြတာ ဖြစ်နိုင် တာပေါ့။ အဲဒီ လူကို သူလည်း လိုက်ရှာနေတယ်ဆိုတာမျိုး ဖြစ်အောင် ပြတာ ပေါ့။ သတိဝီရိယရှိတဲ့ လူသတ်သမားများ ဟာ ဒီလိုပဲ ကိုယ့်ဘက်က ဟာကွက်တို့ ဘာတို့မရှိအောင် ကြိုတင်ပြင်ဆင်လေ့ရှိကြတယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ် ကွ၊ ရင်ရင်ရွှေတို့အိမ်ရောက်တော့ ဘာ ဖြစ်လို့ ဖိုးတုတ်ကလေးရဲ့ လိပ်စာကို မေးသလဲ။ ဒါက စဉ်းစားစရာပဲ'
'ဟုတ်တယ် ဆရာ။ အမှု ကတော့ ကျွန်တော် တို့ထင်သလောက် မလွယ် ဘူး။ ခပ်ရှုပ်ရှုပ်ပဲ'
'ချည်ထုံးရှိရင် ချည်စထွက်နေတာတော့ ရှိရမှာ ပေါ့ကွာ။ အဲဒီ အစကို လိုက်ရှာကြည့်ရမှာ ပဲ။ ခုလောလောဆယ်တော့ အဲဒီ အစကို သေသူ ဖိုးတုတ် ကလေးရဲ့ အိမ်မှာ ပဲ ရှာကြည့်ရဦးမှာ ပဲ။ အဲဒီ မှာ မတွေ့ တော့မှ နောက်တစ်နေရာ ပေါ့'
ဖိုးတုတ်ကလေး၏ အိမ်မှာ (----) လမ်းရှိ သုံးထပ်တိုက်အဟောင်းကြီး အပေါ်ထပ်တွင် ရှိ၏ ။ လမ်းမှာ ကျဉ်းမြောင်းညစ်ပတ်လျက်ရှိကာ တရုတ်မ ဘောင်းဘီများ ၊ ကလေးဝတ်အင်္ကျီများ ကို ဝရန်တာများ မှ ဝါးလုံးတန်းထုတ်၍ လှန်းထားလေရာ ထိုအရာများ သည် လမ်းသွားလမ်းလာများ ၏ ခေါင်းပေါ်တွင် အလံများ သဖွယ် တလူလူ ဝဲပျံလျက်ရှိ၏ ။
ကျွန်ုပ်တို့သည် မတ်စောက်သော လှေကားအတိုင်း အပေါ်ဆုံးထပ်သို့ တက်လာခဲ့ပြီးနောက် ဆေးစိမ်းသုတ်ထားသည့် တံခါးကို တွန်းလိုက်သည်တွင် တံခါးသည် အသာပွင့်သွား၏ ။ အခန်းတစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်လျက်ရှိပြီး နံရံကပ်ဗီရိုမှာ ပွင့်လျက်ရှိ၍ အဝတ်အစားများ သည် ဗီရိုထဲမှ လျှောကျလျက် ရှိကာ အချို့မှာ လည်း ကြမ်းပြင်ပေါ်တွင် ကျလျက်ရှိကြ၏ ။ စားပွဲ၊ ကုလားထိုင် များ မှာ လည်း ဖရိုဖရဲ ဖြစ်လျက်ရှိ၏ ။ အခန်းအလယ်တွင် မိန်းမ တစ်ယောက် ရပ်လျက်ရှိသည်ကို တွေ့ ရ၏ ။
ထိုမိန်းမသည် ကျွန်ုပ်တို့ကို မြင်လိုက်သည့်အခါတွင် လန့်ဖျပ်သွား ဟန်ရှိ၏ ။ လက်ထဲတွင် ကြေမွလျက်ရှိသော စာရွက်အချို့ကိုင်ထားသည်ကို တွေ့ ရ၏ ။ ထိုမိန်းမမှာ အသက်လေးဆယ်နီးပါးရှိပြီ ဖြစ်သည့်တိုင် အသက် နှစ် ဆယ်တစ်ဝိုက် အပျိုကလေးများ သဖွယ် ဝတ်ဆင်ထားပြီး မျက်နှာတွင် လည်း မိတ်ကပ်များ ထူထပ်စွာ ဖို့ထား၏ ။ သို့ ရာတွင် ထိုမိတ်ကပ်များ သည် ညှိုးနွမ်းရင့်ရော်စပြုလျက်ရှိသော မျက်နှာကို ဖုံးကွယ်နိုင်ခြင်း မရှိတော့ချေ။
ကျွန်ုပ်သည် ထိုမိန်းမကို တစ်ချက်မျှ သိမ်းကျုံး၍ အကဲခတ်လိုက်၏ ။
ထိုမိန်းမသည် တရုတ်မများ ဝတ်လေ့ရှိသော အစိမ်းရောင် ပေါ်တွင် အပွင့်ကြီး များ ဖော်ထားသည့် ဖဲအင်္ကျီ၊ ဖဲလုံချည်တို့ကို ဝတ်ဆင်ထားပြီး ဒေါက်မြင့် ဖိနပ်ကို စီးထား၏ ။ စာရွက်ကိုင်ထားသည့် သူ့လက်များ မှာ လက်သည်းနီ ဆိုးထား၏ ။ ကိုယ်လုံးကိုယ်ပေါက်မှာ မူ ယခုတိုင် တောင့်တင်းဆဲ ရှိသေး၏ ။
'ကျွန်တော် က လမ်းမတော် ဌာနအုပ် ဘဂျမ်းပါ။ ခင်ဗျားက ဒေါ်ရင်ရင် ရွှေ (ခေါ်) အလှ (ခေါ်) မရှူလွမ် (ခေါ်) ဂရေစီ'
'မြင့်မြင့်လို့လည်း ခေါ်သေးတယ်ရှင့်'
ဟု ထိုမိန်းမက ကြားဖြတ်၍ ပြောလိုက်၏ ။
ကျွန်ုပ်သည် သူ့အနီးမှဖြတ်လာကာ ဒုတိယအခန်းတစ်ခုထဲသို့ ဝင်ကြည့် လိုက်ရာ ထိုအခန်းထဲတွင် လည်း ပစ္စည်းများ သည် ဖရိုဖရဲ ဖြစ်လျက်ရှိ၏ ။
'ခင်ဗျားလည်း တစ်ခုခုရှာနေတာ မဟုတ်လား'
'ကျွန်မထက်အရင် တစ်ယောက် က ဝင်မွှေနှောက်ရှာသွားပြီးပြီရှင့်'
'ဟုတ်လား'
အမျိုးသမီးကြီးသည် လက်ကိုင်အိတ်ကိုဖွင့်၍ ပိုလိုတစ်လိပ်ကို မီးညှိ ဖွာလိုက်ပြီးလျှင်-
'ကျွန်မရောက်တော့ အခန်းတစ်ခုလုံး ရှင်တို့မြင်တဲ့အတိုင်း ပွနေတာပဲ။ တစ်ယောက် ယောက် ဝင်မွှေသွားပြီထင်တယ်။ ကျွန်မပစ္စည်းတွေ ကို လာရှာတာ။ ကိုဖိုးတုတ်က ကျွန်မရဲ့ ... ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက်လေ'
'ခင်ဗျားလာရှာတဲ့ပစ္စည်းကို အရင်ရောက်တဲ့လူက ယူသွားပြီလား။ မတွေ့ ဘူးလား'
'သေသေချာချာတော့ မရှာရသေးဘူးရှင့်။ ကျွန်မ ပစ္စည်းလေးတွေ ကို တော့ ယူသွားမယ်မထင်ပါဘူးရှင်။ သူတို့အတွက် ဘာအသုံးကျတာမှတ်လို့'
ကျွန်ုပ်သည် ထိုအမျိုးသမီးကြီးကို သေချာစွာ စိုက်ကြည့်လိုက်၏ ။ အမျိုးသမီးက ကျွန်ုပ်၏ အကြည့်ကို ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်သည့်အခါ၌ မူ ထိုမိန်းမ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်သည့်စိတ်ဓာတ်ကိုကြည့်၍ အံ့သြရပေ သေး၏ ။
'ခင်ဗျားသိတဲ့အတိုင်း ဖိုးတုတ်ကလေး လူသတ်ခံရတယ်။ ခင်ဗျားနဲ့ လုပ်ဖော်ကိုင်ဖက်ဆိုတော့ သူ ဘာ ဖြစ်လို့ အသတ်ခံရတယ်လို့ ထင်သလဲ။ ထင်ကြေးမပေးနိုင်ဘူးလား'
'ဘယ်ပြောတတ်မလဲရှင်။ သူ့မှာ ရန်သူတွေ အများ သားကလား'
'သူ့ဖိနပ်ရယ်၊ နာရီရယ်၊ ပိုက်ဆံတွေ ရယ် ယူထားတဲ့ သူတောင်းစား တစ်ယောက် ကိုတော့ ဖမ်းထားတယ်'
အမျိုးသမီးသည် သူ့ရင်ကို လက်ဖြင့်ဖိလိုက်ပြီး-
'အို ... သူတောင်းစား ကတော့ သူ့ကို သတ်မယ်မထင်ပါဘူးရှင်။ လိုချင်ရင် ပစ္စည်းလောက်ကိုပဲ ယူသွားမှာ ပေါ့'
'ခင်ဗျားပြောပုံက သေချာလှချည်လား။ ကဲ- အစ်မကြီး ကျွန်တော့် ကို အူကြောင်ကြောင်လုပ်မယ်လို့တော့ စိတ်မကူးနဲ့။ မေးနေတာတွေ ကို ကောင်း ကောင်းဖြေပါ။ မနေ့ညတုန်းက ခင်ဗျားအခန်းကို လူ တစ်ယောက် ရောက် လာပြီး ဖိုးတုတ်ကလေးကို မေးတယ်မဟုတ်လား။ အဲဒီ လူကို ခင်ဗျား သံသယ ဖြစ်နေတယ် မဟုတ်လား။ အဲဒီ လူ ဘယ်သူလဲ'
အမျိုးသမီးသည် ဘာမျှထူးခြားဟန်မရှိသော မျက်နှာထားဖြင့်-
'မနေ့ညက ကျွန်မ ကောင်းကောင်း နေမကောင်းဘူးရှင့်။ ခေါင်းကိုက် နေလို့ အိပ်နေတယ်။ အလုပ်တောင် ကောင်းကောင်းမလုပ်နိုင်ဘူး။ ဧည့်သည် တွေ ကတော့ လာတာပဲ။ သူ့ဧည့်သည်တွေ ကိုလည်း ကျွန်မ စိတ်မဝင်စားပါ ဘူး။ ကျွန်မဧည့်သည်ကိုပဲ ကျွန်မ စိတ်ဝင်စားတာပေါ့'
'အဲဒီ လူကိုရော ခင်ဗျားမြင်လိုက်သလား'
'ရိပ်ခနဲ မြင်လိုက်ရုံပါပဲ၊ ကျွန်မ ကတော့ ဒီတစ်ခါပဲ မြင်ဖူးသေးတယ်'
'ပုံပန်းသဏ္ဌာန်ကကော'
'အရပ်မြင့်မြင့်၊ ကိုယ်လုံးတောင့်တောင့်ရယ်'
'ကျွန်တော် တို့ သိထားတဲ့လူ ကတော့ အဲဒီ ပုံပန်းသဏ္ဌာန် မဟုတ်ဘူးဗျ။ အရပ်ခပ်သင့်သင့်၊ ကိုယ်လုံး ခပ်သွယ်သွယ်ရယ်'
'မပြောတတ်ဘူးလေ။ ကျွန်မအခန်းထဲမှာ ဧည့်သည်တွေ အများ ကြီး လာတော့ ကျွန်မ အမှတ်မှားတာ ဖြစ်ချင်လည်း ဖြစ်မှာ ပေါ့။ ဟုတ်ပြီ ဟုတ်ပြီ။ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ ကိုယ်လုံးတောင့်တောင့် လူ တစ်ယောက် လာတာလည်း တွေ့ လိုက်တယ်'
ကျွန်ုပ်သည် ကျင့်သားရနေသော ပုလိပ်မျက်စိဖြင့် အမျိုးသမီးကို တစ်ချက်စိုက်ကြည့်လိုက်ပြန်၏ ။ သို့ ရာတွင် အမျိုးသမီးပြောသည့် စကားသည် အမှန်လော၊ အမှားလော ဆိုသည်ကို ကျွန်ုပ်ခွဲခြား၍ မပြောနိုင်ချေ။
'ဒီမှာ အစ်မကြီး၊ ကျွန်တော့် ကို လိမ်မယ်မကြံနဲ့နော်'
ကျွန်ုပ်က မျက်နှာတင်းတင်း လေသံခပ်ထန်ထန်ဖြင့် ပြောလိုက်၏ ။ အမျိုးသမီးသည် ဒေါသထွက်ဟန်ဖြင့် -
'ဘာလိမ်ရမှာ လည်းရှင့်။ သိတာကို ပြောတာပဲ။ မယုံရင်လည်း နေပေါ့။ သူ့ဆီလာတဲ့ဧည့်သည်တိုင်းကို ကျွန်မ ဘယ့်နှယ့်လုပ် သိနိုင်ပါ့မလဲ။ ခု ရှင်တို့ သူ့ကိုသတ်တယ်ဆိုတဲ့ သူတောင်းစားကို မိထားပြီမဟုတ်လား။ ဒီတော့ သူ့ကို စစ်ပေါ့။ ကျွန်မကို ဘာ ဖြစ်လို့ အနှောင့်အယှက် လာပေးနေရတာ လဲ'
'သြော် ... ဒါဖြင့် သူတောင်းစားသတ်တယ်လို့ ခင်ဗျားပြောချင်တယ် ပေါ့။ ကောင်းပြီလေ ခင်ဗျားထွက်ချက်ခိုင်လုံရင် သူ့ကိုပဲ ရုံးတင်ရမှာ ပေါ့။ ဒီကောင့်ကို ခင်ဗျား ကြိုးစင်ပို့တာနော်။ ခင်ဗျားထွက်ချက်ကို ရုံးတင်မှာ ။ စကားကို သေသေချာချာ ကြည့်ပြော'
အမျိုးသမီး၏ မျက်နှာသည် ထိတ်လန့်သည့်အသွင်ကို ဆောင်သွား၏ ။
'ရှင် ကျွန်မကို ပုလိပ်စစ် စစ်မနေနဲ့၊ ခြောက်တိုင်း ကြောက်မယ့်အစား ထဲက မှတ်သလား'
'သိပါတယ်ဗျာ၊ အစ်မကြီးဟာ သတ္တိခဲဆိုတာ သိပါတယ်'
ကျွန်ုပ်က လူဆိုးထိန်းစံအေးဘက်သို့ လှည့်ကာ-
'စံအေးရေ၊ ဒီမှာ ပုလိပ် တစ်ယောက် လောက် ချထားပြီး သူရှာချင်တဲ့ ပစ္စည်းကို ကူအရှာခိုင်းလိုက်ပါကွာ။ လာ ... တို့လိုက်ပြီး စုံစမ်းကြဦးစို့'
ကျွန်ုပ်နှင့် စံအေးသည် သုံးထပ်တိုက်ဟောင်းကြီးပေါ်မှ ဆင်းလာခဲ့ရာ အနီးရှိ အခန်းများ သို့ စုံစမ်းကြည့်သေး၏ ။ အနီးရှိ အခန်းများ မှာ တရုတ် အမျိုးသားများ ဖြစ်သည့်အတွက် ဘာကိုမျှ ကောင်းကောင်းမဖြေနိုင်ကြချေ။ အခန်းတစ်ခန်းမှမူ ဆယ်မိနစ်လောက်က အမျိုးသမီး တစ်ယောက် တက်သွား သည်ကို မြင်လိုက်ရကြောင်းပြော၏ ။
ကျွန်ုပ်တို့နှစ် ယောက် သည် တိုက်ပေါ်မှ ဆင်းလာခဲ့ကြစဉ် ကျွန်ုပ်က-
'မိန်းမ တစ်ယောက် ကို ခြိမ်းခြောက်ရတာ ကတော့ မကောင်းဘူးကွ'
'ဒါ ကတော့ အမှု မှန်ပေါ်အောင်လို့ လုပ်ရတာ ကိုး ဆရာရဲ့'
'ဘယ်လိုပဲ ဖြစ် ဖြစ်ကွာ၊ အထူးသဖြင့် မိန်းမ တစ်ယောက် ကို ခြိမ်းခြောက် ရတာ ကတော့ မကောင်းတာအမှန်ပဲ။ ငါ့အထင်တော့ သူ့အခန်းကိုလာပြီး ဖိုးတုတ်ကလေးကို ရှာတယ်ဆိုတဲ့ငနဲကို ကြိုတင်သတိပေးလိမ့်မယ်ထင်တယ်။ ငါ သူ့နောက်ကို လိုက်ကြည့်ဦးမယ်။ မင်းပြန်နှင့် '
ကျွန်ုပ်သည် မှာ စရာရှိသည်တို့ကို မှာ ပြီးနောက် လူဆိုးထိန်းစံအေးကို ဂါတ်တဲသို့ ပြန်လွှတ်လိုက်ပြီး ကျွန်ုပ်ကိုယ်တိုင်မှာ မူ ဟုတ်လျောင်ပျော်ပွဲစား ရုံတွင် သော့ တံဆိပ် ဂျက်ဖရီဘီယာတစ်လုံးနှင့် အသည်းကင်တို့ကို မှာ ယူ စားသောက်လျက်ရှိ၏ ။ ဘာမျှမကြာလိုက်ချေ၊ ဘီယာတစ်လုံး ကုန်သွားသည့် အခါတွင် အပေါ်ထပ်မှ ခပ်သုတ်သုတ်ထွက်လာသည့် ဒေါ်ရင်ရင်ရွှေ နောက်သို့ ခပ်လှမ်းလှမ်းမှ လိုက်လာခဲ့၏ ။ ဒေါ်ရင်ရင်ရွှေသည် ခပ်သုတ်သုတ်သွားလျက် ရှိကာ တစ်ခါတစ်ခါတွင် လည်း လူအုပ်ကြားထဲမှတိုးဝှေ့ကာ ရှေ့သို့ အလော တကြီး သွားလျက်ရှိ၏ ။ မောင်ခိုင်လမ်း (ဗိုလ်ရွဲလမ်း)ဘက်သို့ အရောက်တွင် ဒေါ်ရင်ရင်ရွှေသည် ကြည့်မြင့်တိုင်ဘက်မှလာနေသော အာအီးတီ ဓာတ်ရထား ပေါ်သို့ တက်လိုက်သွားရာ ကျွန်ုပ်သည်လည်း ဓာတ်ရထားနောက်ပေါက်မှ အသာတက်လိုက်လာခဲ့၏ ။ အချိန်မှာ ဈေးသွားဈေးဝယ်တို့ ရှုပ်ယှက်ခတ် လျက်ရှိသော အချိန် ဖြစ်သဖြင့် ဓာတ်ရထားပေါ်တွင် လူတွေ ပြည့်ကျပ်လျက် ရှိ၏ ။ စူရတီဘဇားခေါ် သိမ်ကြီးဈေးမှတ်တိုင်သို့ ရောက်သည့်အခါ ဒေါ်ရင်ရင်ရွှေ သည် အောက်သို့ ဆင်းသွားကာ လန်ချားတစ်စီးကို တက်စီးပြီးလျှင် ကုန်သည် လမ်းအတိုင်း အရှေ့သို့ ချိုးသွားသဖြင့် ကျွန်ုပ်မှာ လည်း နောက်မှ လန်ချား တစ်စီးဖြင့် လိုက်လာခဲ့၏ ။ ဒေါ်ရင်ရင်ရွှေသည် ကုန်သည်လမ်းမှ ဘားလမ်း ထဲသို့ ချိုးဝင်လိုက်ပြီးနောက် ဟိုက်ကုတ်နာရီစင်ကြီးရှေ့ ပလက်ဖောင်းတွင် ဆင်းကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသဖြင့် ကျွန်ုပ်မှာ လည်း သူ မမြင်အောင်ဆင်း၍ ဖိုက်စကွဲယားခေါ် ဘုရင်မပန်းခြံထောင့် သံဝင်း ထရံတွင် ပေါက်နေသည့် ပန်းချုံကြီး တစ်ချုံကိုကွယ်၍ အကဲခတ်စောင့်ကြည့် နေ၏ ။ ခဏကြာလျှင် ဒေါ်ရင်ရင်ရွှေသည် ပန်းခြံဝန်းထဲသို့ ဝင်သွားသည်တွင် ကျွန်ုပ်လည်း ခပ်လှမ်းလှမ်းမှ လိုက်လာခဲ့၏ ။ ထို့နောက်တွင် မူ ဒေါ်ရင်ရင်ရွှေ သည် ဗိုဂိန်းဗီလာပင်များ တင်ထားသည့် ပန်းပေါင်းကူးကလေး တစ်ခု အောက်ရှိ တန်းလျားပေါ်တွင် ထိုင်ကာ တစ်စုံ တစ်ယောက် ကို မျှော်နေဟန်ဖြင့် ဟိုက်ကုတ်ခြံဘက်အပေါက်ဆီသို့ ငေးမျှော်ကြည့်နေ၏ ။
ထိုအချိန်မှာ နေ့လယ်စာစားရန် ရုံးဆင်းချိန် ဖြစ်၍ ပန်းခြံထဲတွင် လူတွေ ဥဒဟိုဖြတ်သန်းသွားလာလျက်ရှိ၏ ။ ကျွန်ုပ်သည် ပန်းချုံတစ်ခုအကွယ် မှနေ၍ ဒေါ်ရင်ရင်ရွှေကို စောင့်ကြည့်လျက်ရှိရာ ခဏကြာလျှင် ပန်းခြံထဲမှ ကျောက်လမ်းကလေးအတိုင်း လျှောက်လာသော အရပ်ထောင်ထောင်မောင်း မောင်း ကိုယ်လုံးတောင့်တောင့်လူ တစ်ယောက် ကို မြင်လိုက်ရပြီး ရင်ရင်ရွှေမှာ လည်း လည်ကိုဆန့်တန်းကာ ထိုလူကို စောင့်မျှော်နေဟန်ရှိပေ၏ ။ ထိုလူမှာ ဗယ်လင်တီနိုကေ၊ စတစ်ကော်လံအင်္ကျီ၊ အယ်လပတ်ကားတိုက်ပုံနှင့် ကျူထရံ ကွက် ရွှေတောင်ပိုးလုံချည်တို့ကို ဝတ်ထား၏ ။ ထိုလူသည် ဒေါ်ရင်ရင်ရွှေနှင့် ခပ်လှမ်းလှမ်းရှိ တန်းလျားတစ်ခုတွင် ဝင်ထိုင်လိုက်၏ ။ ထိုလူမှာ အသက်နှစ် ဆယ် ကျော် အစိတ်မျှသာရှိမည် ဟု ထင်ရ၏ ။
ရင်ရင်ရွှေသည် ထိုလူထိုင်နေရာ ခုံတန်းလျားအစွန်တွင် ဝင်ထိုင်လိုက် သည်တွင် ထိုလူသည် သူ့ကို လှမ်းကြည့်လိုက်၏ ။ ဒေါ်ရင်ရင်ရွှေသည် ထိုလူရွယ်အနီးသို့ တိုးကာ-
'မောင်လေးကို ကိုယ်ရေး ကိုယ်တာတစ်ခု တိုင်ပင်ချင်လို့ပါ'
လူရွယ်သည် ထိတ်လန့်သွားဟန်ဖြင့် -
'ဘာကိစ္စလဲ ခင်ဗျာ။ ကိစ္စရှိရင် ဟောဟို ဟိုက်ကုတ်ရုံးကြီးပေါ်မှာ ကျွန်တော့် ရုံးခန်း ရှိပါတယ်၊ ရုံးချိန်မှာ လာခဲ့ပါ'
'အရေး ကြီးလို့ပါ မောင်လေးရယ်။ အစ်မကြီးအဖို့ အချိန်မရလို့ပါ။ တစ်ဆိတ်...'
ရင်ရင်ရွှေသည် သူ့အနားသို့ တိုးသွားရာ ထိုလူသည် ရှက်သွားဟန်ဖြင့် နေရာမှ ရုတ်ခနဲထလိုက်ပြီး-
'ဒီမှာ အစ်မကြီး။ ကျွန်တော် အေးအေးဆေးဆေး လာအနားယူ နေတာကို မနှောင့်ယှက်ပါနဲ့။ အစ်မကြီးကို ကျွန်တော် သိလည်းမသိဘူး၊ အဆက်အဆံရှိဖူးတာ မဟုတ်ဘူး။ ဒီတော့ လူမြင်ကွင်းမှာ ဒီလိုမလုပ်ပါနဲ့'
ထိုလူသည် ဘေးတွင် ချထားသည့် သူရိယသတင်းစာကို ကောက်ကိုင်ကာ ခပ်သုတ်သုတ် ပြန်ထွက်သွား၏ ။ ရင်ရင်ရွှေမှာ ထ၍ မလိုက်တော့ဘဲ ထိုနေရာ တွင် ထိုင်ရင်း ကျန်ရစ်ခဲ့၏ ။ ထိုလူမှာ မူ ဟိုက်ကုတ်ရုံးကြီးထဲသို့ ပြန်ဝင်သွား၏ ။ ကျွန်ုပ်သည် ရုံးကြီးထဲသို့ လိုက်သွားကာ ထိုလူကို စုံစမ်းရာ ထိုလူမှာ ဟိုက်ကုတ်ရုံးဝန်ထောက်ကလေး ကိုသိန်းမောင်ဆိုသူ ဖြစ်ကြောင်း သိခဲ့ရ၏ ။
ဂါတ်တဲသို့ ပြန်ရောက်သည့်အခါ၌ ကျွန်ုပ်သည် ကျွန်ုပ် တစ်ယောက် တည်းသာ ကိုင်ခွင့်ရှိသည့် မှတ်တမ်းဗီရိုကြီးကို လှန်လှောကာ 'ကိုသိန်းမောင်' ဟူသော အမည် ကိုလိုက်ရှာ၏ ။ ကျွန်ုပ်က မှတ်တမ်းကို ဖတ်ရှုနေရာမှ-
'မှင်ကောင်းလှတဲ့မိန်းမ ဒီတစ်ခါတော့ လှလှကြီးမိရောပေါ့ကွာ'
ဟု ပြောလိုက်သည်တွင် လူဆိုးထိန်းစံအေးက အရင်းမရှိ အဖျားမရှိ ပြောလိုက်သော ကျွန်ုပ်စကားကို ကောင်းစွာ နားမလည်နိုင်ဘဲ-
'ဘာကိုပြောတာလဲ ဆရာ'
'ရင်ရင်ဆိုတဲ့ အမျိုးသမီးနောက်ကို ငါ လိုက်ကြည့်တယ်ကွ။ ဘယ်သူ့ဆီ ကို သွားသလဲဆိုတော့ အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်း ကိုယ်လုံး ကိုယ်ပေါက်တောင့်တောင့်နဲ့ ဟိုက်ကုတ်ရုံးဝန်ထောက် ကိုသိန်းမောင်ဆိုတဲ့လူဆီ ကို သွားတွေ့ တယ်။ ရင်ရင်ရွှေ့အခန်းကို ဟိုတစ်နေ့ကလာတယ်ဆိုတဲ့လူရဲ့ ပုံပန်းသဏ္ဌာန်အတိုင်းပဲ။ ဒါပေမဲ့ ခက်တာက အဲဒီ လူက ရင်ရင်ရွှေဆိုတဲ့မိန်းမ ကို မသိဘူး ဖြစ်နေတယ်'
'အင်း ... စဉ်းစားစရာပေါ့ ဆရာ။ ကျွန်တော် တို့ အလိုက်ရခက်ပြီး ရှုပ်ထွေးကုန်အောင် တမင်အကွက်ဆင်တာကော မ ဖြစ်နိုင်ဘူးလား'
'မဟုတ်ဘူးထင်တယ်ကွ။ ကိုသိန်းမောင်အကြောင်းကို ငါ လိုက်ကြည့် တော့ လူကောင်းသူကောင်းပဲ။ သူ ဟိုက်ကုတ်ရုံးဝန်ထောက်ပဲ။ အလုပ်ကြိုး စားတယ်၊ အထက်လူကြီးတွေ ကလည်း သဘောကျတယ်။ နေတာ ကတော့ ကြည့်မြင်တိုင်မှာ ။ မိန်းမရှိတယ်၊ ကလေးနှစ် ယောက် ရှိတယ်။ အပျော်အပါးတို့၊ အလောင်းအစားတို့ ဘာမှမရှိဘူး။ အားရင် ဘားနဒ်ပိဋကတ်တိုက်သွား ပြီး ရှေးစာပေတွေ ကို ဖတ်တယ်။ နောက်ကြောင်းရာဇဝင် ရှင်းတယ်။ ဒီတော့ ဒီလိုလူ တစ်ယောက် ဟာ ဘာ ဖြစ်လို့ ရင်ရင်ရွှေရဲ့ အခန်းကို ရောက်သွားရတာ လဲ'
'ဒါ ကတော့ ဆရာ၊ ကုတ်ကမြင်းတို့ဘာတို့လည်း ဖြစ်နိုင်တာပေါ့။ တချို့ ဒီလိုပဲမဟုတ်လား။ ကြည့်တော့ သူတော် ကောင်း'
'အေး ... ဟုတ်တယ်၊ မင်းလိုကောင်မျိုးပေါ့။ နေစမ်းပါဦးကွ၊ ရင်ရင်ရွှေ ဟာ ဘာ ဖြစ်လို့ ဒီလူကို ဖုံးကွယ်နေရတာ လဲ။ ဘာ ဖြစ်လို့ သူ့ဆီကို သွားရ တာလဲ။ ပြီးတော့ ဒီလူ့ကိုကြည့်ရတာ ကလည်း ရင်ရင်ရွှေလိုမိန်းမမျိုးနဲ့ ထိုင်နေတာကို လူတွေ မြင်သွားမှာ ကို တော် တော် ရှက်တဲ့ပုံပဲ။ အေးလေ သူ့အနေနဲ့လည်း ဒီလိုမိန်းမမျိုးနဲ့ ဘယ်မှာ လူမြင်ခံနိုင်ပါ့မလဲ။ သူ့ဘဝ တစ်ခုလုံး ပျက်သွားနိုင်တာကိုး။ ဒါ ကတော့ နားလည်နိုင်ပါတယ်။ ငါ နားမလည် နိုင်တာက ရင်ရင်ရွှေဟာ ဒီလူက သူ့ကို စကားမပြောဘဲနေတော့ ဘာ ဖြစ်လို့ ဒီလောက်တောင် စိတ်ထိခိုက်သွားရတာ လဲ။ ဒေါသကြောင့်လား၊ ကြောက်လို့ လား'
ကျွန်ုပ်သည် ရုံးခန်းကလေးထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက် ရာမှ လူဆိုးထိန်းစံအေးဘက်သို့ လှည့်လိုက်ပြီးလျှင်-
'အင်း ... ဒီအမှု မှာ အဓိကအရေး ကြီးတဲ့ လူ ကတော့ ဖိုးတုတ်ကလေးပဲ ကွ။ ခု ဖိုးတုတ်ကလေးသေပြီဆိုတော့ အစကို လိုက်ရှာရတာ ခက်နေတယ်။ ဒီတော့ ငါပဲ ဖိုးတုတ်ကလေးနေရာ ဝင်ကြည့်ရမှာ ပဲ'
'ဘာပြောတယ် ဆရာ'
'ဖိုးတုတ်ကလေး ဟန်ဆောင်ကြည့်ပြီး စုံစမ်းရမှာ ပေါ့ကွ'
'ကျွန်တော် နားမရှင်းသေးဘူး ဆရာ။ အဲဒီ ကိုသိန်းမောင်ကို ဂါတ်တဲကို ခေါ်ကြည့်ပြီး အဲဒီ ညက လမ်းထောင့်မှာ တာဝန်ကျနေတဲ့ ပတ္တရောင် နဲ့ တွေ့  ပေးကြည့်ပါလား။ ဘာ ဖြစ်လို့ ဆရာက ဖိုးတုတ်ကလေး ဟန်ဆောင်နေ ရဦးမှာ လဲ'
'ဖြည်းဖြည်းပေါ့ကွာ၊ လူ တစ်ယောက် ကို ဂါတ်တဲကိုခေါ်ရတာ ဟာ သိပ် မကောင်းလှဘူးကွ။ မဟုတ်ရင် အခေါ်ခံရတဲ့လူမှာ အများ ကြီးနစ်နာတယ်။ ဒီတော့ ခဲတစ်လုံးတည်းနဲ့ ငှက်တော် တော် များများ ကို ပစ်ကြည့်မှာ ပဲ'
'ဆိုပါဦး ဆရာ'
'ဒီနေ့ည ဘဟန်ကိုထုတ်ပြီး ရင်ရင်ရွှေ့အိမ်ရှေ့နားမှာ မယောင် မလည်နဲ့ သူတောင်းစား လုပ်ခိုင်းရမယ်။ ပြီးတော့ အဲဒီ ညက အလောင်းနား က တွေ့ တဲ့လူကို စောင့်ကြည့်စမ်းပါလို့ပြောထား။ သူ့လည်ပင်းကို ကြိုးကွင်း မစွပ်စေချင်ရင် အဲဒီ လူကို သေသေချာချာ စောင့်ကြည့်လို့ပြော။ ပြီးတော့ ရင်ရင်ရွှေတို့ တိုက်ခန်းအောက်ထပ်မှာ ဟုတ်လျောင်ပျော်ပွဲစားရုံရှိတယ်။ အဲဒီ ကို ပုလိပ် တစ်ယောက် အရပ်ဝတ်အရပ်စားနဲ့ လွှတ်ထား။ ဖိုးတုတ်ကလေး ရဲ့ နာမည် ကို ပြောသံကြားတဲ့လူကို သေသေချာချာမှတ်ထား။ ပြီးတော့ အဲဒီ ပျော်ပွဲစားရုံမှာ ဖိုးတုတ်ကလေးထိုင်တဲ့ စားပွဲရှိတယ်။ အဲဒီ စားပွဲကိုလည်း လူ တစ်ယောက် မှ မထိုင်ပါစေနဲ့ ရှင်းထားကြားလား'
'ဟုတ်ကဲ့ ဆရာ။ မေးပါရစေ ဆရာ။ အဲဒီ ကိုသိန်းမောင်ဆိုတဲ့လူ ဒါမှမဟုတ် တစ်ယောက် ယောက် က ဘာ ဖြစ်လို့ ဟုတ်လျောင်ပျော်ပွဲစားရုံကို လာမယ်လို့ ဆရာပြောနိုင်သလဲ'
'ငါ ပြောတာကိုသာ နားထောင်စမ်းပါ'
ကျွန်ုပ်သည် လက်ကိုင်ပဝါကို ထုတ်လိုက်ပြီးနောက် တယ်လီဖုန်းခွက်ကို နှစ် ထပ်အုပ်လိုက်ပြီးလျှင် ဟိုက်ကုတ်ရုံးသို့ တယ်လီဖုန်းဆက်လိုက်၏ ။
'ဟိုက်ကုတ်ရုံးကလား ခင်ဗျာ။ ကျေးဇူးပြုပြီး ဝန်ထောက်ကလေး ကိုသိန်းမောင်ကို ခေါ်ပေးပါ။ ကျေးဇူးတင်ပါတယ်'
ခဏကြာလျှင် တစ်ဖက်မှ အသံခပ်တုန်တုန်ဖြင့်ပြောသံကို ကြားရ၏ ။
'ဟုတ်ပါတယ် ကျွန်တော် သိန်းမောင်ပါ၊ ကျွန်တော် နဲ့ စကားပြော ချင်တာ ဘယ်သူလဲဗျာ'
'ကျွန်တော် ပါ။ အရင်နေရာ အရင်စားပွဲမှာ စောင့်နေမယ်ဗျာ၊ လာ ဖြစ် အောင် လာခဲ့ပါ'
ကျွန်ုပ်သည် တယ်လီဖုန်းကို ချလိုက်ပြီးနောက် လက်ကိုင်ပဝါကို အိတ်ထဲသို့ ပြန်ထည့်လိုက်ရင်း-
'နည်းတစ်နည်းတော့ စမ်းကြည့်တာပဲကွာ။ အကယ်၍ မနေ့ညက လာတဲ့လူဟာ သူမှန်ရင် လာမှာ သေချာတယ်။ သူ့မှာ အပြစ်ရှိတယ်ဆိုရင်လည်း ကြောက်လို့လာမှာ ပဲ။ အပြစ်မရှိဘူးဆိုရင်လည်း သူ ညကလာတဲ့ ကိစ္စကို ပြောရအောင် လာမှာ ပဲ။ ဖိုးတုတ်ကလေးစီးတဲ့ဖိနပ်နဲ့ ငါနဲ့တော့ ကိုက်လိမ့် မယ်ထင်ပါရဲ့ '
စံအေးသည် ဘဟန်ကို အချုပ်ခန်းထဲမှထုတ်လာကာ ရင်ရင်ရွှေတို့ တိုက်ခန်းအောက်ထပ်ရှိ ဟုတ်လျောင်ပျော်ပွဲစားရုံအနီးသို့ ခေါ်လာပြီးလျှင် လမ်းထဲတွင် သူတောင်းစားအသွင်ဖြင့် ထိုင်စောင့်နေရန် စီမံထား၏ ။ လမ်းကလေးမှာ ကျဉ်းမြောင်းနံစော်လျက်ရှိပြီး ခပ်မှိန်မှိန်လင်းနေသော လမ်းမီးများ မှ အရောင် ကြောင့် လမ်းကျဉ်းကလေးသည် ဒုစရိုက်အသွင်ကို ဆောင်လျက်ရှိသည် ထင်ရသည်။ ထိုညမှာ ပူအိုက်သည့် နွေညတစ်ည ဖြစ် သည့်အတွက် လူများ မှာ တော် တော် နှင့် မအိပ်နိုင်ကြသေးဘဲ အပြင်ထွက် ထိုင်သူထိုင်၊ လမ်းထိပ်သို့သွား၍ အအေးသောက်သူသောက်ဖြင့် စည်ကား ဆဲ ရှိနေသေး၏ ။ မာကျောက်ရိုက်သံ၊ ကက်ဆွဲသံ၊ ဝါးပိုးလုံးကို တုတ်တိုဖြင့် ခေါက်လာသော ခေါက်ဆွဲရောင်းသည့် တရုတ်၏ တောက်တောက်သံ၊ လန်ချား ကုလား၏ ဒိုင်းနားဘားယားအော်သံ၊ ပုလင်းသံ၊ ဖန်ခွက်သံ၊ တရုတ် သီချင်းသံ စသည့် အသံပေါင်းစုံသည် ပူအိုက်သည့်ညကို ပို၍ ပူလောင် အိုက်စပ်အောင် လုပ်ပေးနေသကဲ့သို့ ရှိ၏ ။ တစ်ခါတစ်ရံတွင် ရန်ကုန်မြစ်ဘက်မှ တိုက်ခတ်လာသော လေပြည်လေညင်းကလေးကို ထိတွေ့ ရသော်လည်း ထို လေပြည်လေညင်းသည် တရုတ်တန်း၏ အညှော်နံ့များ အောက်တွင် ပျောက် ကွယ်သွားကာ ညှော်နံ့များ နှင့် မုန့်ညင်းနံ့တို့သာလျှင် ပတ်ဝန်းကျင်တွင် ကြီး စိုးလျက်ရှိ၏ ။
'ဘယ်အချိန်လောက် ရှိပြီလဲဟေ့ စံအေး'
'ဆယ့်နှစ် နာရီထိုးတော့မယ် ဆရာ'
'မလာရင်လည်း တို့ကံပေါ့ကွာ'
ထိုသို့ ပြောဆိုပြီးနောက် မကြာမီတွင် ပင် အမိုးချထားသည့် လန်ချား တစ်စင်း လမ်းထဲသို့ ဝင်လာကာ လန်ချားခြေနင်းခုံတွင် တပ်ထားသည့်ခေါင်းလောင်း ကို နင်းလိုက်သဖြင့် ကလင်ကလင်မြည် သော အသံ ပေါ်လာ၏ ။ ထိုအသံသည် ဒုတိယအကြိမ်၊ တတိယအကြိမ်အထိ ဆက်တိုက်ပေါ်လာ၏ ။
ကျွန်ုပ်သည် စံအေးကို တိုက်အမှော င်ရိပ် လမ်းကြားထဲသို့ ဆွဲခေါ် လိုက်ပြီးလျှင်-
'လာပြီကွ အဲဒါ အချက်ပေးတာပဲ'
လန်ချားသည် ဟုတ်လျောင်ပျော်ပွဲစားရုံရှေ့သို့ မရောက်မီ သုံးလေး တိုက်အလိုတွင် ရပ်သွားကာ လန်ချားပေါ်မှ လူ တစ်ယောက် ဆင်းလာ၏ ။ ထိုလူသည် ဖြည်းညင်းစွာ လျှောက်လာပြီးနောက် တစ်ချီတစ်ချီတွင် ပြန်သွား တော့မည့် ဟန် ဆုတ်ဆိုင်းဆိုင်းလုပ်နေပြီးမှ တစ်ဖန် နှေးကွေးသော ခြေလှမ်း များ ဖြင့် ပျော်ပွဲစားရုံဆီသို့ လျှောက်လာ၏ ။ လမ်းသွားလမ်းလာတို့ တွေ့  လျှင်လည်း ခေါင်းမမော့ဘဲ တငုံ့ငုံ့နှင့် လျှောက်လာခြင်း ဖြစ်၏ ။ ဘဟန် ထိုင်နေသည့် မီးတိုင်အောက်သို့ ရောက်သည့်အခါတွင် ထိုလူသည် ခပ်သုတ်သုတ် လျှောက်သွားမည် ပြုပြီးမှ တစာစာတောင်းလျက်ရှိသော သူတောင်းစားအသံ ကို နားညည်းသွားသည့်နှယ် ပိုက်ဆံစေ့တစ်စေ့ကို ခွက်ထဲသို့ ပစ်ချပြီးနောက် ခပ်သုတ်သုတ်ထွက်သွား၏ ။
ပျော်ပွဲစားရုံအဝသို့ရောက်လျှင် အနည်းငယ်တွေ နေပြီး နောက်ဆုံးတွင် အထဲသို့ ဝင်သွား၏ ။
ကျွန်ုပ်သည် ဘဟန်အနီးသို့ ကပ်သွားကာ-
'ဘယ့်နှယ်လဲဟေ့ ဒီလူလား'
'ဟုတ်တာပေါ့ ဆရာရယ် အဲဒီ လူပေါ့'
'အေး မဟုတ်ရင် မင်းနဲ့အတွေ့ ပဲ'
'ဟုတ်ပါတယ် ဆရာရယ်။ ဟိုဘက်တောင် လွန်သေးတယ်။ ကျွန်တော် တို့ သူတောင်းစားများ မှာ ကိုယ်တောင်းတဲ့ဟာကို ငြင်းပယ်တဲ့လူမျိုးဆိုရင် သိပ်မှတ်မိလွယ်တယ် ဆရာရဲ့ ။ ကျွန်တော် တောင်းတော့ ကျွန်တော့်ကို ကန် ကျောက်သွားတော့မတတ် လုပ်သွားတဲ့လူကို ကျွန်တော် ဘယ်မမှတ်မိဘဲ နေပါ့မလဲ။ တစ်ခုပဲရှိတယ်။ ဒီနေ့ညက အင်္ကျီလက်တိုကလေးကို ဝတ်ထား တော့ နည်းနည်း နုနေသလို ထင်ရတယ်။ ဒါပေမဲ့ မျက်နှာကို ကျွန်တော် သေသေချာချာ မှတ်မိပါတယ်'
ကျွန်ုပ်သည် ဟုတ်လျောင်ဆိုင်ရှေ့တွင် ကြိုတင်၍ အစောင့်ချထားသည့် ပုလိပ်သားဆီသို့ လျှောက်လာခဲ့ကာ-
'ဘယ့်နှယ်လဲဟေ့'
ဟု မေးလိုက်၏ ။
'ဟုတ်တယ် ဆရာ။ မနေ့ညက ဒီကိုလာပြီး ဖိုးတုတ်ကလေးကို မေးတဲ့လူပဲ၊ ခု တတိယအခန်းထဲက စားပွဲမှာ ထိုင်နေတယ်'
'အင်း ကိုသိန်းမောင်လို လူ တစ်ယောက် ဟာ ဒီလိုကိစ္စနဲ့ ပတ်သက် နေတာ ကတော့ သူ့အဖို့ မကောင်းဘူးပေါ့။ ဒါပေမဲ့ တို့အနေနဲ့ မတတ်နိုင် ဘူးလေ။ ဥပဒေရဲ့ ချိန်ခွင်လျှာဆိုတာ ဘယ်ဘက်ကိုမှ တိမ်းလို့ရတာ မဟုတ် ဘူး'
ကျွန်ုပ်သည် စံအေးကို အပြင်တွင် အစောင့်ထားခဲ့ပြီး ဟုတ်လျောင်ပျော် ပွဲစားရုံ နောက်ဆုံးထောင့်ရှိ အခန်းကလေးထဲသို့ ဝင်လိုက်ကာ-
'ကိုသိန်းမောင် အချိန်မှန်သားပဲဗျ'ဟု ပြောလိုက်၏ ။
ကိုသိန်းမောင်သည် ကျွန်ုပ်ကို သေချာစွာ ကြည့်လျက်ရှိ၏ ။ သူ့စိတ်ထဲ တွင် ဝေခွဲမရ ဖြစ်နေပုံလည်းရ၏ ။ သူကြည့်သလိုပင် ကျွန်ုပ်ကလည်း သူ့ကို အကဲခတ်၏ ။ သူ့မျက်နှာမှာ မျက်လုံးမျက်ခုံးကောင်းကောင်း ဖြစ်၍ လူချော တစ်ယောက် ဖြစ်၏ ။
'ခင်ဗျားက ဖိုးတုတ်ကလေးလား'
'ကျွန်တော် က သူ့ကိုယ်စားလှယ်ဆိုပါတော့။ သူ ကတော့ ချိန်းထားတာ ကို မလာနိုင်တော့ဘူးဗျ။ မနေ့ညကပဲ အသတ်ခံသွားရတယ်'
ဟုဆိုကာ ကျွန်ုပ်က အိတ်ထဲတွင် ပါလာသည့် ပုလိပ်အရာရှိ ကတ်ပြား ကို ပြလိုက်၏ ။
ကိုသိန်းမောင်သည် ရုတ်တရက်တောင့်တင်းပြီး နောက်မှကုလားထိုင် ပေါ်သို့ အရုပ်ကြိုးပြတ် မှီချလိုက်ကာ-
'တော် တော် မိုက်တာပဲဗျာ၊ တော် တော် မိုက်တာပဲ'
ဟု ညည်းနေ၏ ။
'ကျွန်တော် ခုလို ဒုက္ခပေးရတာ စိတ်မကောင်းပါဘူးဗျာ။ တော် တော် မိုက်တယ်ဆိုတာ ဘယ်သူလဲ၊ ခင်ဗျားကိုယ်ခင်ဗျား ပြောနေတာလား၊ ဖိုးတုတ် ကလေးကို ပြောတာလား'
'ကျွန်တော် သူ့ကို တစ်ခါမှ မတွေ့ ဖူးပါဘူးဗျာ'
'ဒီမှာ ကိုသိန်းမောင်၊ ကိုက်နေတဲ့သွားကို နုတ်ပစ်လိုက်တာဟာ အကောင်းဆုံးပဲဗျ။ ဖြောင့်ချက်ပေးတာဟာ သွားဆရာရဲ့ ညှပ်နဲ့ သွားနုတ် ခံရသလို သက်သာပါတယ်ဗျာ။ အဲဒီ လိုမဟုတ်ဘဲ ပလာယာနဲ့ ဆွဲနုတ်ရမယ် ဆိုရင်တော့ ခင်ဗျား နာလိမ့်မယ်'
ကျွန်ုပ်က ကုလားထိုင်တွင် ဝင်ထိုင်လိုက်၏ ။ ကိုသိန်းမောင်မှာ အတော် ဣနြေ္ဒရသွားလေပြီ။ စောစောကလောက် တုန်လှုပ်ချောက်ချားခြင်း မရှိတော့ ချေ။ သူ၏ ထိန်းချုပ်နိုင်ပုံကိုကြည့်၍ ကျွန်ုပ်ပင်လျှင် အံ့သြရသေး၏ ။
'တကယ်ပါဗျာ၊ ကျွန်တော် သူ့ကို တစ်ခါမှလည်း မတွေ့ ဖူးပါဘူး။ သူ အသတ်ခံရတယ်ဆိုတာကိုလည်း မသိပါဘူး။ သူနဲ့ ကျွန်တော် ဆက်သွယ် နေကြတာဟာ စာနဲ့ တယ်လီဖုန်းနဲ့လောက်ပဲ ဆက်သွယ်တာပါ။ နို့- နေစမ်းပါဦး။ သူ မနေ့ညက အသတ်ခံရတယ်လို့ ခင်ဗျားပြောသွားတယ်နော်'
'ဟုတ်တယ် ခင်ဗျားကို တယ်လီဖုန်းနဲ့ နောက်ဆုံးပြောတာ ကတော့ ကျုပ်ပဲ'
'လက်စသတ်တော့ ကျွန်တော့် ကို ထောင်ဖမ်းတာကိုး။ ဟုတ်ပါပြီလေ၊ ကျွန်တော် သိရသလောက် အကုန်ပြောပြပါ့မယ်။ သူနဲ့ကျွန်တော် စာချင်း အဆက်အသွယ်ရတာ ကတော့ လွန်ခဲ့တဲ့ တစ်လလောက်ကပါ။ အဲဒီ စာထဲမှာ ကျွန်တော့် ကို ဒီနေရာကို လာတွေ့ ဖို့ ချိန်းပါတယ်။ ဒါပေမဲ့ ခြိမ်းခြောက်တာ တို့ ဘာတို့တော့ စာထဲမှာ မပါပါဘူး'
'ငွေညှစ်တဲ့လူဆိုတာ ဘယ်မှာ ချက်ချင်း ငွေညှစ်ပါ့မလဲ။ နုနုကလေးနဲ့ ဝင်တာပေါ့'
'ဒါပေမဲ့ ကျွန်တော့် ကို ငွေညှစ်လို့ ဘာရမှာ လဲဗျာ။ ကျွန်တော့် ဘဝမှာ လူမသိသူမသိ ဖုံးကွယ်ထားတာရယ်လို့ ဘာမှမှ မရှိတာပဲ။ ကျွန်တော့်  အလုပ်အကိုင်က ရုံးတက်တယ်။ ဓမ္မသတ်တွေ နဲ့ ပတ်သက်တာတွေ ကို ဖတ်တယ်။ ကျွန်တော့် မှာ လူဆိုးက ငွေညှစ်တောင်းစရာအကြောင်းရယ်လို့ ဘာမှမရှိဘူး'
'ဟုတ်ပါပြီလေ၊ ခင်ဗျား ရိုးရိုးသားသားနေတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ခင်ဗျားနဲ့ပတ်သတ်လို့ ကျွန်တော် သိတာ သိပ်မကြာသေးဘူးဗျ၊ ခင်ဗျားက မ္တလေးကနော်'
'ဟုတ်ပါတယ် ကျွန်တော့် မိဘတွေ ကို ကျွန်တော် တောင် မတွေ့ လိုက်ရ ပါဘူး။ ကျွန်တော် ငယ်ငယ်ကလေးတည်းက ဆုံးသွားကြပါတယ်။ ကျွန်တော့် ကို မွေးစားတဲ့ဘုန်းကြီးလည်း မကြာခင်မှာ ပဲ ပျံလွန်တော် မူ သွားပါတယ်။ ဘကြီး ဘုန်းကြီးက စာသင်ပေးတာနဲ့ ကျွန်တော် လည်း ကောလိပ်အထိ ရောက်ခဲ့ပါ တယ်။ ကောလိပ်ကအောင်ပြီး တရားမဝန်ထောက် စာမေးပွဲဖြေ၊ နောက်တော့ တရားဌာနမှာ အမှု ထမ်းပြီး ကျွန်တော် အလုပ်ကြိုးစားတာနဲ့ ဟိုက်ကုတ်မှာ အတွင်းဝန်ကလေး ဖြစ်လာပါတယ်။ အထက်လူကြီးတွေ က ကျွန်တော့်ကို သဘောကျလို့ ကျွန်တော့်ကို ရာထူးတိုးပေးဖို့ စီစဉ်နေကြပါတယ်။ ဒီလို နေတုန်းမှာ ဖိုးတုတ်ကလေးဟာ ကျွန်တော့် ကိုသဘောကျတဲ့ အစိုးရပိုင်းက ပုဂ္ဂိုလ်တွေ စိတ်ဝင်စားမယ့်အကြောင်း တစ်ခုရှိတယ်ဆိုပြီး ကျွန်တော့် ကို စာရေး ချိန်းပါတယ်။ ကျွန်တော် သူ့ဆီကိုလာတာဟာ ကျွန်တော် မိုက်တာပေါ့။ တကယ်ဆို ပုလိပ်ကိုတိုင်ပြီး...'
'ဟုတ်ပါပြီလေ၊ ကျွန်တော် နားလည်ပါတယ်။ ခင်ဗျားအပေါ်မှာ ခင်ဗျား ကိုသဘောကျတဲ့ အထက်လူကြီးတွေ က မယုံသင်္ကာ ဖြစ်လာအောင် အယုံ အကြည်လျော့ပါးလာအောင် သူလုပ်မှာ ပေါ့။ ငွေညှစ်တဲ့လူများ ဟာ ဒီကနေပြီး အစပျိုးတာပဲ။ နေစမ်းပါဦး၊ ခင်ဗျား ဒီကိုလာမယ်ဆိုတာ တစ်ယောက် ယောက် ကိုများ အသိပေးခဲ့သလား။ ဒါမှမဟုတ် လမ်းမှာ အသိတို့ဘာတို့များ တွေ့ ခဲ့ သလား'
'ဘယ်သူမျှ အသိမပေးပါဘူး။ ဒီနေရာမျိုးက နာမည် ပျက်ရှိတယ် မဟုတ်လား'
'အမှန် ကတော့ အသိပေးခဲ့ဖို့ကောင်းတယ်။ ဖိုးတုတ်ကလေး မလာတော့ ခင်ဗျား ဘာလုပ်သလဲ'
'သူ့လိပ်စာကိုရှာပြီး သူ့အခန်းကို သွားပါတယ်'
'သူ့အခန်းရောက်တော့...'
'သူ့အခန်းက ရှုပ်ပွလို့ခင်ဗျ။ အဲဒီ မှာ လူ တစ်ယောက် ပစ္စည်းတွေ ကို မွှေနှောက်ရှာနေတယ်'
'အင်း ... ဟုတ်ပြီ၊ ဆိုစမ်းပါဦး။ သူ့ပုံပန်းသဏ္ဌာန်ကကော'
'ကျွန်တော့်  ကျောပေးထားတော့ ကောင်းကောင်းမမြင်ရဘူးခင်ဗျ။ အခန်းထဲမှာ လည်း မီးတွေ မှိတ်ထားတယ်။ ကျွန်တော့် ကိုမြင်တော့ အတင်း ကြီး ပြေးဆင်းသွားတယ်'
'အင်း အမျိုးသမီးပြောတာ မှန်သားပဲ။ သူ့အရင် လူတစ်ယာက် မွှေနှောက်ရှာနေတယ်လို့ ပြောတာပဲဗျာ။ ဒါတွေ ထားပါတော့၊ ဒီနေ့ ခင်ဗျား တွေ့ တဲ့ အမျိုးသမီးကရော'
'ခင်ဗျာ၊ ကျွန်တော် တွေ့ တဲ့အမျိုးသမီး ဟုတ်လား'
'နေ့လယ်တုန်းက ဖိုက်စကွဲယားပန်းခြံထဲက အငြိမ့်စင်နားက ခုံပေါ်မှာ လေ'
ကိုသိန်းမောင်၏ မျက်နှာသည် ရှက်သွေးရောင် ဖျန်းသွား၏ ။
'သြော်... ဒါလား၊ ဟုတ်တယ်ခင်ဗျ၊ ကျွန်တော် သူ့ကို သိလည်းမသိ ဘူး။ တွေ့ လည်း မတွေ့ ဖူးဘူး။ ကျွန်တော် ထိုင်နေတုန်း သူရောက်လာတာပဲ။ ကျွန်တော် ဖြင့် ဗိုလ်ကြီးပြောမှပဲ သတိရတော့တယ်'
ထိုစဉ်က ယူနီဖောင်းဝတ် ရာဇဝတ်အုပ်များ ၊ ဌာနာအုပ်များ ကို ဗိုလ်ကြီး ဟု ခေါ်လေ့ရှိကြ၏ ။
ကျွန်ုပ်သည် ခန်းဆီးလှုပ်သွားသဖြင့် လှမ်းကြည့်လိုက်ရာ နောက်ဖေး ဘက်မှ ရှေ့ဘက်သို့ ပြန်သွားသော ရင်ရင်ရွှေကို ရိပ်ခနဲမြင်လိုက်ရ၏ ။
'အဲဒါ ကတော့ ကျွန်တော် သိသလောက် ပြောတာပဲဗျာ။ ဖိုးတုတ်ကလေး ဆိုတဲ့လူ အသတ်ခံရတာ နဲ့ပတ်သတ်တာတော့ ကျွန်တော် ဘာမျှမသိရိုး အမှန်ပါ။ ဒီ့ပြင်လည်း ကျွန်တော် ဘာမှမသိပါဘူး။ တကယ်လို့ ကျွန်တော် သတင်းစာတွေ ဘာတွေ ထဲမှာ ပါနေရင်တော့ ကျွန်တော့် အလုပ်အကိုင်ကို ထိခိုက် တော့မှာ ပဲ။ ကျွန်တော့် ကို...'
'ဟုတ်ပါပြီလေ။ ဒါအတွက် ဘာမှမစိုးရိမ်ပါနဲ့။ ကဲ... ကဲ... ပြန်ချင်ရင် ပြန်နိုင်ပါပြီ'
'ဒါဖြင့် ကျွန်တော့် ကို မဖမ်းဘူးပေါ့'
'ခင်ဗျား ဘယ်မှာ ရှိတယ်ဆိုတာ ကျွန်တော် သိသားပဲ။ ခင်ဗျားကို ကျွန်တော် အချိန်မရွေးရှာနိုင်ပါတယ်။ ကဲ ... ကောင်းသော ညပါ'
ကိုသိန်းမောင် ပြန်သွားသည့်အခါတွင် ကျွန်ုပ်သည် အခန်းပေါက်ကို ကျောပေးနေသည့် ကုလားထိုင်တွင် ဝင်ထိုင်လိုက်၏ ။ ကျွန်ုပ်ခေါင်းထဲတွင် မေးခွန်းများ သည် တသီကြီးပေါ်နေကြ၏ ။ ယခုကိစ္စသည် ခြိမ်းခြောက် ငွေညှစ်တောင်းသဖြင့် အသတ်ခံရခြင်းလော။ သို့ ဖြစ်လျှင် ဖိုးတုတ်ကလေးသည် မည် သူ့ကို ငွေညှစ်တောင်းသနည်း။ ထိုညက အလောင်းနားမှ ထွက်လာသည် ဟု ဘဟန် မြင်လိုက်သူမှာ ကိုသိန်းမောင်လော။ ထို့ပြင် ထိုညက ဖိုးတုတ် ကလေး၏ အိမ်သို့ လာသူသည် မည် သူနည်း။ ရင်ရင်ရွှေသည် ယခုကိစ္စတွင် မည် သို့ ပါဝင်နေသနည်း။ မည် မျှသိသနည်း။
ကျွန်ုပ်သည် ဘီယာတစ်လုံးနှင့် အသည်းကင်တစ်ပန်းကန်ကို မှာ ကာ ပိုလိုတစ်လိပ်ဖြင့် အကြံထုတ်နေစဉ် ကျွန်ုပ်၏ မျက်လုံးများ သည် အခန်းထောင့် တိုင်ကြားထဲမှ ပြူထွက်နေသော စာရွက်ကလေးတစ်ရွက်ကို မြင်လိုက်သဖြင့် ထ၍ ယူလိုက်၏ ။ ထိုစဉ် နောက်မှ ခြေသံကြားသဖြင့် လှည့်ကြည့်ရာ အခန်း ထဲသို့ ဝင်လာသော ဒေါ်ရင်ရင်ရွှေကို တွေ့ လိုက်သဖြင့် လှည့်ကြည့်လိုက်သည် တွင် -
'အဲဒီ စာကို ကျွန်မကို ပေးပါ'
ကျွန်ုပ်သည် ကြောင်၍ ရပ်နေစဉ် ဒေါ်ရင်ရင်ရွှေသည် ရှောစောင်ထဲမှ ခြောက်လုံးပြူးကလေးကို ပြောင်းဖော်၍ ချိန်လိုက်ပြီးလျှင်-
'ရှင်နဲ့ ဘာမျှမဆိုင်ပါဘူး၊ ဒီစာကို ပေးပါ'
'သြော် ... လက်စသတ်တော့ ခင်ဗျားကိုး။ အလောင်းနားက ပြေးထွက် သွားတယ်ဆိုတာလည်း ခင်ဗျားပဲ ဖြစ်ရမှာ ပေါ့။ နို့ နေစမ်းပါဦး၊ ခင်ဗျားဟာ ဘာ ဖြစ်လို့ မောင်သိန်းမောင်ဆိုတဲ့သူငယ်ကလေးကို သွားနှောင့်ယှက်ရတာ လဲ၊ မောင်သိန်းမောင်နဲ့ ခင်ဗျားနဲ့ ဘယ်လိုပတ်သတ်နေလို့လဲ'
'ရှင်းပါတယ်၊ ကျွန်မ သူ့ကို အသိပေးလို့ ဖြစ်မလား။ ဒီလို အမေမျိုး ရှိတယ်ဆိုတာ သား တစ်ယောက် ကို အသိပေးလို့ ဖြစ်ပါ့မလား။ ဒါကြောင့် ကျွန်မ ဖိုးတုတ်ကလေးကို သတ်ပစ်ခဲ့တာပဲ။ ဒါကြောင့် ဒီစာကို ကျွန်မ လိုချင်တာပဲ။ ဒီစာကိုတွေ့ သွားရင် ကျွန်မသားလေးဟာ လူပုံလယ်မှာ အရှက် ကွဲရတော့မယ်။ ဒီတော့ ကျွန်မသားလေးကို အရှက်တကွဲအကျိုးနည်း အ ဖြစ် မခံနိုင်ဘူး'
'ခင်ဗျားက အရှက်မကွဲစေချင်တာပဲရှိတာကိုး။ ခု ခင်ဗျားကြောင့် ခင်ဗျား သား လူသတ်မှု ၊ မသင်္ကာမှု နဲ့ အဖမ်းခံရတော့မလို ဖြစ်နေရတယ်။ ကံကောင်း ပေလို့ပေါ့'
'ဟုတ်ပါတယ်။ ဒီလို ဖြစ်လာရင် သက်ဆိုင်ရာကိုသွားပြီး ဖြောင့်ချက်ပေး ဖို့ အဆင်သင့်ပါ။ ဒီစာကိုတွေ့ ပြီးရင် ဖြောင့်ချက်ပေးဖို့ပါပဲ။ ကျွန်မ မ္တလေး မှာ တုန်းက ဖိုးတုတ်ကလေးက ကျောက်ထိုးဆရာ။ ကျွန်မက အဲဒီ တုန်းက အပျိုပေါက်ကလေး၊ လူ တစ်ယောက် နဲ့မှားယွင်းပြီး တိတ်တိတ်ကလေး ကလေးမွေးခဲ့တယ်။ အဲဒီ စက်ပိုင်သူဌေးသားက ကျွန်မကို ပစ်သွားတယ်။ ဒီတင် ကျွန်မလည်း ကလေးကို သူများ ကို မွေးစားဖို့ပေးခဲ့တယ်။ ကျွန်မသားလေး အတွက် ပိုက်ဆံရှာပြီး ကျွန်မသားလေး လူလားမြောက်အောင် ပညာသင်ပေးခဲ့ တယ်။ ဟိုက်ကုတ်မှာ ဝန်ထောက်တန်းရသွားတယ်'
'ဒါနဲ့ နောက်တော့ ခင်ဗျားသားနဲ့နီးနီးနေချင်လို့ ရန်ကုန်ကို ပြောင်း လာတယ်ဆိုပါတော့'
ဒေါ်ရင်ရင်ရွှေ၏ မျက်လုံးတွင် မျက်ရည်တွေ ဝဲလျက်ရှိ၏ ။
'ဒီတော့ ဖိုးတုတ်ကလေးကလည်း ခင်ဗျားနောက်လိုက်ပြီး ငွေညှစ် တယ်ပေါ့'
'ဟုတ်ပါတယ်၊ တရားမဝန်ထောက်ကလေး မောင်သိန်းမောင်ဟာ ကျွန်မသား ဖြစ်တယ်ဆိုတဲ့အကြောင်း ဖိုးတုတ်ကလေးဆီကို စာတစ်စောင် ရေး ဖူးပါတယ်။ အဲဒီ စာကိုကိုင်ပြီး ကျွန်မကို ငွေညှစ်တော့တာပါပဲရှင်။ ကျွန်မမှာ ရှာလို့ဖွေလို့ရသမျှ သူ့ကိုပဲ ပေးနေရပါတယ်။ ပေးလို့ပဲ မဆုံးတော့ပါဘူး'
'ဒါပေါ့၊ မျှော့ရယ်၊ ငွေညှစ်သမားရယ်ဟာ ဘယ်တော့မျှ ရောင့် ရဲတင်းတိမ် တယ်ရယ်လို့ မရှိဘူးခင်ဗျ'
'နောက်ဆုံးတော့ ကျွန်မကိုတင် ငွေညှစ်လို့ အားမရသေးဘဲ ကျွန်မ သားကိုလည်း ခြိမ်းခြောက်ပြီး ငွေတောင်းပါတယ်။ ဒါနဲ့ ကျွန်မက ယောက်ျား အဝတ်အစားဝတ်ပြီး ကလေး တစ်ယောက် ကိုလွှတ်ပြီး ငွေလာယူဖို့ ဒီနေရာကို ချိန်းလိုက်ပါတယ်။ သူလည်း ချိန်းတဲ့နေရာကို ရောက်လာပါတယ်။ သူ ကတော့ ကျွန်မကို ကျွန်မသားလို့ ထင်တော့တာပေါ့လေ။ ညောင်လေးပင်ဆိပ်ကမ်း ဘောတံတားမှာ ပါ။ ဟိုရောက်တော့ ကျွန်မက သေနတ်ကိုထုတ်ပြီး စာကို တောင်းပါတယ်။ သူကလည်း ကျွန်မမှန်းသိသွားပြီး သေနတ်ကို အတင်း လုရာက နောက်ဆုံးမှာ ကျည်ဆန်ထွက်ပြီး သူ့ကိုမှန်လို့ သေသွားတာပါပဲ။ သူ့ကိုယ်ပေါ်မှာ ကျွန်မ စာကို ရှာပါသေးတယ်။ အဲဒီ မှာ လည်း မတွေ့ ပါဘူး'
'ဒါနဲ့ သူ့အိမ်ကို လိုက်ရှာတယ်ပေါ့'
'ဟုတ်ပါတယ်။ သူ့အိမ်ကို ရှာနေတုန်းမှာ ကျွန်မသား မောင်သိန်း မောင်ကလည်း သူချိန်းထားတဲ့အတိုင်း ရောက်လာတော့ ကျွန်မ ထွက်ပြေးပြီး သူပြန်သွားမှ ကျွန်မဘာသာ ပြန်လာခဲ့ပါတယ်။ အဲဒီ တော့ မိန်းမအဝတ် အစားနဲ့ပါ၊ ဒီတင် ရှင်တို့နဲ့တွေ့ တာပါ'
'ဒီတော့ အဲဒီ လူကို ပုလိပ်က လိုက်ရှာနေမှန်းသိတော့ ခင်ဗျားက ဖိုက်စကွဲယားပန်းခြံနားသွားပြီး ကိုသိန်းမောင်ကို စောင့်၊ သူနဲ့တွေ့ ရင် ပုလိပ် လိုက်နေတယ်ဆိုတာ သတိပေးမလို့မဟုတ်လား'
'ဟုတ်ပါတယ်၊ ကျွန်မ သူ့ဆီကို တယ်လီဖုန်းဆက်လို့ မ ဖြစ်ပါဘူး။ ဒါနဲ့ သားလေးကိုလည်း မြင်ချင်၊ ဒီအကြောင်းကိုလည်း သတိပေးချင်လို့ ကျွန်မ သူ့ကို သွားစောင့်တာပါ'
'ခု ခင်ဗျားဟာ တရားဥပဒေရဲ့ အဆုံးအမကို ခံရတော့မယ် ဒေါ်ရင်ရင်ရွှေ။ အဲဒီ အခါမှာ ခင်ဗျားသားကို အသိပေးချင်သေးသလား'
'အမယ်လေး မလုပ်ပါနဲ့ရှင်။ ကျွန်မသားလေးကို အသိမပေးပါနဲ့။ဘာကြီးပဲ ဖြစ်နေနေ ကျွန်မဟာ သူ့အမေဆိုတာကို မသိပါစေနဲ့'
ကျွန်ုပ်သည် ဒေါ်ရင်ရင်ရွှေတို့သားအမိအတွက် စိတ်မကောင်း ဖြစ်လျက် ရှိ၏ ။ သို့ ရာတွင် မျက်နှာထားကို တည်လိုက်ကာ တိုင်ကြားထဲမှရသည့် စာရွက်ကိုကိုင်ပြရင်း-
'ဟောဒီမှာ ဒေါ်ရင်ရင်ရွှေ၊ ဒီစာရွက်ဟာ ခင်ဗျားအတွက် အလွန်ကောင်း တဲ့ သက်သေခံပစ္စည်း။ ဖိုးတုတ်ကလေးရဲ့ ခြိမ်းခြောက်ငွေတောင်းတဲ့စာ ခင်ဗျားက ဖိုးတုတ်ကလေးကို ပေးထားတဲ့စာ။ ဒါကို ရုံးတော် ကိုတင်ပြရင် ဘယ်တရားသူကြီးမှ ခင်ဗျားကို ခွင့်မလွှတ်ဘဲ နေမှာ မဟုတ်ဘူး။ ဒီစာဟာ ခင်ဗျားလည်ပင်းကို တပ်မယ့်ကြိုးကွင်းကို ဆွဲဖြုတ်နိုင်တယ်။ ဒီတော့ ဒီစာကို ကျွန်တော် ဘာလုပ်ရမလဲ။ ရုံးတော် ကို တင်ရမလား။ ဖျက်ဆီးပစ်ရမလား'
'ဖျက်ဆီးပစ်လိုက်ပါရှင်။ မီးရှို့ပစ်လိုက်ပါ၊ ကျွန်မအတွက် အရေး မကြီး ပါဘူး'
'ဒေါ်ရင်ရင်ရွှေ စဉ်းစားပါ'
'စဉ်းစားစရာ မလိုပါဘူးရှင်။ ကျွန်မသားလေးရဲ့အရှက်ကို ကျွန်မ အသက်နဲ့ကာကွယ်ရမှာ ပေါ့'
ကျွန်ုပ်သည် မီးခြစ်ကိုခြစ်လိုက်ပြီးနောက် စာအိတ်ကို မီးတောက်ပေါ် တွင် တင်လိုက်၏ ။ စာရွက်သည် ကျောက်ဖြူစားပွဲပေါ်တွင် ပြာမှု န့်ကလေးများ အ ဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ ထိုစာနှင့် အတူ လျှို့ဝှက်ချက်တစ်ခုနှင့် မိန်းမ တစ်ယောက် ၏ လွတ်လပ်ခွင့်သည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။
'အင်း... မိဘမေတ္တာဟာ အင်မတန်ကြီးမားကြောင်းကို ပြလိုက်တဲ့ ဥဒါဟရုဏ်တစ်ခုပေါ့ဗျာ။ ခုလို ကိုယ့်အသက်ကိုစွန့်ပြီး သားသမီးကိုချစ်တဲ့ အချစ်ကို ပြသွားတဲ့အတွက် သာဓုခေါ်ပါတယ်ဗျာ၊ သာဓုခေါ်ပါတယ်'
ကျွန်ုပ်သည် ဒေါ်ရင်ရင်ရွှေတို့ သားအမိ၏ အ ဖြစ်ကိုကြည့်၍ စိတ် မကောင်း ဖြစ်လျက်ရှိသဖြင့် အတန်ကြာမျှ ငိုင်နေမိသည်။ ထို့နောက်တွင် မှ သတိရကာ-
'ကဲ ဒေါ်ရင်ရင်ရွှေ၊ ရုံးတော် ရောက်မှ ခင်ဗျားကြိုက်သလို ကာကွယ် ပေတော့။ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကြောင့် လို့ ပြောချင်ပြော။ မတော် တဆလို့ ဆိုချင်ဆို။ ရန် ဖြစ်ကြရင်း ရုန်းရင်းကန်ရာက ဖြစ်သွားတယ် လို့ လျှောက်လဲချင် လျှောက်လဲ။ ခင်ဗျား ကြိုက်သလိုကာကွယ်ပေတော့။ လောလောဆယ်မှာ တော့ ခင်ဗျားကို ကျွန်တော် ဖမ်းရလိမ့်မယ်။ ဝမ်းနည်းပါ တယ်'
ဒေါ်ရင်ရင်ရွှေသည် ခပ်မတ်မတ်ရပ်လိုက်ပြီးနောက် ကျွန်ုပ်ခေါ်ရာ ပျော်ပွဲ စားရုံအပြင်သို့ လိုက်လာခဲ့၏ ။ မလှမ်းမကမ်းတွင် ရန်ကုန်မြို့မ ပုလိပ်အဖွဲ့သို့ ထုတ်ပေးထားသည့် အနက်ရောင် ဒီဆိုးတိုးကားကြီးတစ်စင်း ရပ်လျက်ရှိ၏ ။
ကျွန်ုပ်က အပြင်တွင် စောင့်နေသည့် စံအေးသို့ လှမ်း၍ -
'စံအေးရေ၊ ဟောဒါ ဖိုးတုတ်ကလေးကိုသတ်တဲ့ တရားခံပဲကွ။ စတီးဝပ် အချုပ်ကိုသာ မောင်းပေတော့'
ကျွန်ုပ်သည် ဒေါ်ရင်ရင်ရွှေ၏ လက်ကိုတွဲ ကာ သူ့ကို ယုယကြင်နာစွာ ကားပေါ်သို့ တက်စေ၏ ။ တရားခံ တစ်ယောက် အပေါ်တွင် ကျွန်ုပ် အဘယ် ကြောင့် ယုယကြင်နာလျက်ရှိကြောင်းကိုမူ စံအေး သိမည် မဟုတ်ချေ။
(စန္ဒာရုပ်စုံမဂ္ဂဇင်း၊အမှတ် ၂ဝဝ၊ နိုဝင်ဘာလ၊ ၁၉၈၅)
သြဂုတ်တစ္ဆေများနှင့် တခြားဝတ္ထုတိုများ | စာရေးခြင်း အတတ်ပညာ | ကျွန်တော်ဆက်၍ ရေးချင်သော ဝတ္ထုများ |