အခန်း(၁)
ကျမကျောင်းဆရာမ ဘဝ အသက် (၂၈)နှစ် အရွယ်မှာ “ဒို့တိုင်းဌာနီ” ဆိုတဲ့ ဝတ္ထု နှင့် အောင်မြင် ကျော်ကြားခဲ့တာမို့ ကျမကျောင်းဆရာဘဝတွင် အထက်တန်းဆရာမ လုပ်ရင်း၊ (၁) ဒို့တိုင်းဌာနီ (၂) ဘဝနှင့် မုန်တိုင်း (၃) ဥမ္မာဝတ္ထုရေး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဥမ္မာရေး တဲ့အချိန် အသက် (၃၀) အရွယ် ---- လုံးချင်း ဝတ္ထုတွေ ကို တစ်နှစ် တစ်ကြိမ်မျှသာ ရေး သားထုတ်ဝေခဲ့တာပါ။ စာပေနယ်စာရေး စာဖတ်သူတွေ ဘာ ဖြစ်လို့ --- မဟာဆွေ နာမည် မတပ်ဘဲ ဒေါ်ကြည်ကြည် မိခင်နာမည် နှင့် ထုတ်ဝေရတာ လဲ စာများ ပေးပို့ မေးကြ မြန်းကြပါတယ်။ ကျမရေး သားထုတ်ဝေရတာ လဲ စာများ ပေးပို့မေးကြမြန်းကြပါတယ်။ ကျမရေး သား ထုတ်ဝေသမျှ လုံးချင်းဝတ္ထုတွေ ကို ရူမဝဦးကျော် (ဦးလေးကျော်) က ဖြန့်ချီပေးခဲ့တာ ဖြစ်ပါတယ်။
ကျမအတွက် လုံးချင်းဝတ္ထု “ဒို့တိုင်းဌာနီ” နှင့် အောင်မြင်ထင်ရှားခဲ့တာမို့ လုံးချင်းဝတ္ထုတွေ ဆက်လက်ရေး သားထုတ်ဝေတာလဲ ဖြစ်ပါတယ်။ စာပေဖြန့်ချီရာတွင် ဒေါ်ကြည်ကြည်စာပေမှ ထုတ်သမျှ တွေ အရောင်းရတွင် ကျယ်ခဲ့ပါတယ်။ မဟာဆွေရေး ခဲ့တဲ့ ဒို့မေမေ၊ စစ်ထွက်သူ၊ ဈေးချိုသူ၊ သူပုန်အိမ်၊ သူပုန်ကြီး ဝတ္ထုများ လည်း ရောင်းရတွင် ကျယ်ခဲ့တာချည်းပါဘဲ။ ဥမ္မာဝတ္ထုထွက်ချိန်မှာ ကျမဖေဖေ ကွယ်လွန် သွားပါပြီ။ ဥမ္မာဝတ္ထုဟာ ထူးခြားတဲ့ ဝတ္ထုအ ဖြစ် ထင်ရှားခဲ့ပါတယ်။ စာပေရေး ဘော်များ အားပေးကြိုက်နှစ် သက်တဲ့ ဝတ္ထုလည်း ဖြစ်ပါတယ်။ ဝတ္ထုစောင်ရေ ၄၀၀၀ (အစိုးရဌာနဆိုင်ရာပေးသမျှ) ရိုက်ရာ တစ်ပတ် အတွင်းကုန်သွားတာမို့ သုံးကြိမ်အထိ ထပ်ကာ ထပ်ကာ ရိုက်ခဲ့ရပါတယ်။ အချိန်အခါအားဖြင့် ၁၉၄၇ ခုနှစ် မှ စ၍ စတင်ပြီး နှစ် ပေါင်း ၂၀ နီးပါး ဇာတ်အိမ်တည်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီအချိန်မှာ ဘီ (၃)လုံးမှ ရုပ်ရှင်မှ မင်းသားကိုဝင်းဦးနှင့် တွဲ ရိုက်မယ့် မင်းသမီးနာမည် မှာ (ခင်ဆွေဦး) တဲ့ နာမည် တူကိစ္စ ယနေ့ခေတ်မထူးဆန်းသော်လည်း ဟိုယခင်တုန်းက ဆန်းနေပါတယ်။ ရုပ်ရှင်မင်းသမီး ခင်ဆွေဦးဆိုသူကို ကျမပဲဟုထင်ကြတဲ့အခါ စာတွေ ကျမဆီပို့ပြီး၊ မင်းသမီးမလုပ်ပါနဲ့ဟု တားမြစ်ကြပါသည်။ နာမည် တူကိစ္စအတွက် ကျမမှာ စိတ်မချမ်းမသာ ဖြစ်ခဲ့ရပါတယ်။ မူလ ဗ.လ.စ ဒေါ်သန်းစိန် ထုတ်ဝေခဲ့တဲ့ ဥမ္မာဝတ္ထုကို ကျမကိုယ်တိုင်ထုတ်ဝေခဲ့ရာ ကျမဓါတ်ပုံထည့်ပြီး ထုတ်ဝေခဲ့ပါ တယ်။ ကျမ စာဖတ်သူတွေ စိတ်ရှင်းသွားအောင် ရုပ်ရှင်မင်းသမီး ခင်ဆွေဦးမှာ ကျမမဟုတ်ကြောင်း ဖြေရှင်းခဲ့ရပြန်ပါတယ်။
“ဥမ္မာဝတ္ထု” ဟာ အားကစားလှုပ်ရှားမှု များ အခြေခံရေး ထားပါတယ်။ မြောက်များ စွာ သော ခေတ်မီ အချက်အလက်များ နှင့် ဥမ္မာဝတ္ထုဟာ အဖိုးတန်လိမ့်မယ်ဆိုတာ ကျမအာမခံပါတယ်။ ဒီဝတ္ထုကို “ဂျူး” လည်း ကြိုက်ပါတယ်။
ဒါကြောင့် မို့လို့ ဒီဥမ္မာဝတ္ထုကို ထုတ်ဝေဖို့ကြိုးပမ်းအားထုတ်တဲ့ နီနီအောင် (ရန်အောင်စာပေ ၂) ကို ကျေးဇူးတင်ပါတယ်။ ကျမတို့ တိုင်းပြည် ရသစာပေထွန်းကားပါစေ ဆုတောင်းရင်း အမှာ စကားနိဂုံးချုပ်ပါ တယ်။
အားလုံးရွှင်လန်းသာယာရှိကြပါစေ။
ဥမ္မာ
ဥမ္မာသည် လှသည်။ ကျက်သရေရှိသည်။ ဝင်းဖန့်ဖန့်အသားအရေနှင့် သန့်စင်သည်။ ချောမွေ့ သည် ။ တောင့်တင်း၍ ဖြောင့်စင်းသည်။ ပြီးနောက် ကျန်းမာရွှင်လန်းသည်။
ရုပ်ရှင်လှပချောမွေ့ သန့်စင်သလောက် ဥမ္မာ၏ စိတ်ထားသည်လည်း ကောင်းမွန်သည်။ ရိုးဖြောင့် သည်။ စပယ်ပွင့်ဖတ်ကဲ့သို့ နူးညံ့သည်။ တောင်ကျစမ်းရေ တစိမ့်စိမ့်စီးဆင်းသလို ညင်သာသိမ်မွေ့သည်။ အသနားကြင်နာခြင်းလည်းရှိလေသည်။
ဤကဲ့သို့ သော “ဥမ္မာငယ်” ၏ ဘဝသည် နှင်းဆီပွင့်ဖတ်ကဲ့သို့ နူးညံ့လေသလော။ ချွန်မြ၍ ထက် သော ဆူးကဲ့သို့ ဘဝသည် ကြမ်းတမ်းခက်မာလေသလော။
ကောင်းကင်ထက်ဝယ် တင့်ရွှန်းစွာ သာနေတတ်သော ငွေလဝန်းကြီးကဲ့သို့ ဥမ္မာ၏ ဘဝသည် ကြည်လင်အေးမြလေသလော။ မုတ်သုံမိုး ရွာသွန်းသော ရာသီ၏ မိုးကောင်းကင်ကဲ့သို့ မှု န်မှိုင်းနောက်ကျ လေသလော။
ဥမ္မာ၏ ဘဝသည် ရန်ကုန်မြို့တော် လမ်းမကြီးများ ကဲ့သို့ ဖြောင့်ဖြူးပါလေသလော။ ဝင်္ကပါတောင် စောင်းလမ်းငယ်များ ကဲ့သို့ ကွေ့ကောက်လေသလော။
“ကိုလှိုင်ဦး” သည် ဥမ္မာ၏ ဘဝကို စေ့စေ့စပ်စပ် လေ့လာခဲ့ပြီး ဖြစ်သည်။ ဥမ္မာ၏ ဘဝအကြောင်းကို တွေးလည်းတွေးမိသည်။ ငေးလည်း ငေးမိသည်။
ကိုလှိုင်ဦးမှာ ဥမ္မာကို အချိန်တွေ နှောင်းခါမှ တွေ့ ရသော်လည်း ဥမ္မာအား အလွန်မြတ်နိုးကြင်နာ လေသည်။
မိမိသည် ဥမ္မာအား လှိုက်လှိုက်လှဲလှဲ ချစ်ရသူပင်တည်း။
အခန်း(၂)
ခြံထဲတွင် သရက်ပင်များ မှ သရက်သီးတို့သည် မှည့်ရွှမ်းစပြုလေသည်။
ဘင်္ဂလားသရက်ပင် ပုပုဝိုင်းဝိုင်းလေးတွင် သရက်သီးတို့ ပြွက်သိပ်သီးနေသည်။ သရက်သီးမှည့်တို့ ၏ အခွံများ တွင် အစိမ်းရောင် လည်း လုံးဝမပျောက်တတ်သေး။ ပန်းရောင် နှင့် လိမ္မော်သွေးဖက်စပ်လာသော် လည်း လုံးလုံးမှည့်ဝင်းပြီဟုလည်း မဆိုသာသေး။
သို့ သော် ဤသရက်သီးတို့သည် မှည့်စပြုလာပြီဟုတော့ မည် သူမှ မငြင်းကွယ်နိုင်ပေ။
ဥမ္မာသည် သရက်သီးမှည့်များ ကို တံချူဝါးတံနှင့် ခုန်ကာခုန်ကာ ထိုးခြွေနေရာမှ တစ်စုံတစ်ခုသော အကြောင်းကြောင့် အိမ်ထဲသို့ ပြေးဝင်သွားလေသည်။
ပြေးသည်ဆိုရသော်လည်း ခါတိုင်း ၁၂ နှစ် ၁၃ နှစ် အရွယ်ကလေးငယ်တို့ကဲ့သို့ ပြေးလွှားခုန်ပေါက် နည်းမျိုးမဟုတ်။ ပြေးသွားလိုက် ရပ်လိုက်၊ ပြေးသွားလိုက် ရပ်လိုက်နှင့် ဖြစ်နေသည်။
ရင်ထဲတွင် တစ်ခါမှမခံစားခဲ့ဘူးသော ဝေဒနာတစ်ရပ်ကို ပြင်းပြစွာ ခံစားလိုက်မိသည်။ ဘာရယ်ဟု လည်း အမည် မမှည့်ခေါ်နိုင်။ မိမိကိုယ်ကိုလည်း မိမိနားမလည်ပေ။
သို့ နှင့် ဥမ္မာသည် တစ်နေ့လုံး ယောက် ယက်ခတ်နေတော့သည်။
အိမ်ပေါ်ထပ်သို့ အပြေးအလွှားတက်လာသည်။ လှေကားအပေါ်ဆုံးသို့ ရောက်ရောက်ချင်း မိမိ အိပ်ခန်းသို့ သွားရန် ပြောင်လက်သော ကြမ်းပြင်ပေါ်တွင် ခြေဖျားထောက်ကာ ဖြတ်သွားလေသည်။
“ဥမ္မာ”
အိမ်ရှေ့ဘုရားခန်းမှ တစ်စုံ တစ်ယောက် ခေါ်သံကြောင့် ခြေလှမ်းမှာ တန့်သွားလေသည်။
ဥမ္မာအား လှမ်းခေါ်လိုက်သော သူကား ဥမ္မာ၏ အဘွား ဒေါ်နှင်းမယ်ပင်တည်း။
“ဥမ္မာ ဘယ်ကလာသလဲ၊ ခြံထဲကလား”
“ဟင့်အင်း … ခြံထဲက မဟုတ်ဘူး”
“ဒါဖြင့် ခုနက ဥမ္မာ ဘယ်သွားနေလဲ”
“အိမ်သာ သွားနေတာ”
ဥမ္မာက တုံ့ဆိုင်းစွာ ဖြေလေသည်။
“အိမ်သာက. . .၊ ဥမ္မာဝမ်းသွားနေသလား၊ မျက်နှာလည်း ညှိုးနေပါလား၊ ဗိုက်နာနေသလား၊ စောစောက ဘွားဘွားခေါ်တုန်းကလည်း ဥမ္မာ တစ်ယောက် ဝမ်းသွားနေတယ်လို့ တင်မြိုင်ပြောလို့ သိရ တယ်”
ဘွားဘွား ဒေါ်နှင်းမယ်က ဥမ္မာ၏ မျက်နှာကို စေ့စေ့စပ်စပ်ကြည့်ကာ မေးလိုက်သည်။
ဥမ္မာကား ဘွားအေကိုမကြည့်။ ရင်ထဲတွင် တင်းကျပ်သလို ဖြစ်ကာ
“ဥမ္မာ ဝမ်းမ သွားပါဘူး၊ ဒါပေမယ့် နေလို့တော့ မကောင်းဘူး” ဟု သူ့အရွယ်လေးနှင့် မလိုက်အောင် သက်ပြင်းတစ်ချက်ချကာ ဖြေလိုက်သည်။
“နေလို့မကောင်းဘူး၊ လာစမ်းပါဦး။ ဘွားဘွားနားလာထိုင်စမ်း၊ မှန်း … သြော် … ကိုယ်မပူပါဘူး၊ နဖူးမှာ ချွေးတွေ စို့လို့ပဲ၊ ခေါင်းမူးလို့လား”
ဥမ္မာသည် ဘွားအေ၏ အနီးတွင် ဂါဝန်စကိုသိမ်းကာ ကျုံ့ကျုံ့လေး ဝင်ထိုင်လိုက်လျှင် ဒေါ်နှင်းမယ် က ဥမ္မာ၏ နဖူး၊ မေး ၊ ပါးကို ယုယုယယနှင့် စမ်းသပ်ကြည့်ပြီး ပြောလိုက်သည်။ ပြီးနောက် ၎င်း၏ လက်တွင် စိပ်ပုတီးကို ရစ်ပတ်လိုက်သည်။
“အဲဒီ လို ဘာမှမ ဖြစ်ဘူး၊ အလိုလို နေမကောင်းတာပါဆိုမှ …”
ဥမ္မာက အလိုမကျဟန်နှင့် မျက်နှာလေးအိုကာ ပြန်ပြောလိုက်လေသည်။ ဒေါ်နှင်းမယ်သည် ဥမ္မာ အား ငေးကြည့်နေသည်။ ဥမ္မာ၏ အသားသည် ဖြူဝင်းစိုပြည်ကာ အသက်နှင့် မလိုက်အောင် မြင့်မားသော အရပ်ရှိသည်။ အဝါနုရောင် လက်ပြတ်နှင့် လည်ဟိုက်ပေါ်ပလင်အင်္ကျီလေးကို အပေါ်ပိုင်းတွင် ဝတ်ကာ အောက်ပိုင်းတွင် စိမ်းပြာရောင် မှာ အဖြူကန့်လန့်စင်းထားသော စကတ်ခေါ်ဂါဝန်ကို ဝတ်ထားသည်။
ပျော့ပျောင်းနူးညံ့သော ဆံတိုလေးများ သည် ဂုတ်ပေါ်တွင် ဖရိုဖရဲနှင့် လှပစွာ ဝဲနေသည်။
“ဘယ်လို နေမကောင်းတာလဲ၊ ဝမ်းထဲကလား ရင်ထဲကလား ခေါင်းထဲကလား”
ဒေါ်နှင်းမယ်က စိတ်ပူစွာ မေးလိုက်သည်။ ဥမ္မာ၏ မျက်နှာလေးမှာ နီမြန်းနေသည်။
“ဘယ်ကမှ မဟုတ်ပါဘူး၊ ဘယ်လို ဖြစ်သလဲ မသိဘူးဘွားဘွား၊ ဥမ္မာ မပြောတတ်ဘူး၊ ဥမ္မာ့ကို ဒီလိုမမေးပါနဲ့”
ဒေါ်နှင်းမယ်သည် တစ်စုံတစ်ရာကို တွေးမိကာ ဥမ္မာ၏ နားနားသို့ ကပ်၍ မေးလိုက်သည်။ ဥမ္မာမှာ မျက်နှာကွက်ခနဲ ပျက်သွားကာ ခေါင်းတစ်ချက်ညိတ်လိုက်သည်။ ပြီးနောက် အလွန်အရှက်အကြောက် ကြီးစွာ နှင့် ဘွားအေ ဒေါ်နှင်းမယ်အနီးမှ ထွက်ပြေးချင်စိတ်များ ဖြစ်ပေါ်လာသည်။
“ဘွားဘွား ဘယ်လိုများ သိပါလိမ့်” ဟု ရင်ထဲတွင် ကျိတ်၍ အခါခါမေးခွန်းထုတ်နေမိသည်။
“ခု ဥမ္မာ အသက်ဘယ်လောက်ရှိပြီလဲ၊ မှန်းတွက်ကြည့်ရအောင် သမီးက ၉၆ခု ဖွားဆိုတော့ ….. ၁၃ နှစ် ပဲရှိပါသေးလား” ဟု ခပ်လေးလေးနှင့် ကြင်နာစွာ ပြောလိုက်သည်။
“၁၃ နှစ် ပြည့်ခဲ့ပြီ” ဥမ္မာ၏ မျက်နှာလေးမှာ နီမြန်းသည်ထက် နီမြန်းလာကာ ဖြေလိုက်သည်။
“သမီးရဲ့ မမ သန္တာထက် တစ်နှစ် တောင်စောနေသေးတယ်၊ သန္တာက သမီးလောက်မှ မကျန်းမာပဲ လေ၊ သူက သမီးလိုလည်း မထွားဘူး”
ဒေါ်နှင်းမယ်သည် ပြောပြောဆိုဆို ထိုင်ရာမှ ထလိုက်သည်။
“လာ … ဥမ္မာ ဘွားဘွားအခန်းထဲကိုလိုက်ခဲ့၊ ပြီးတော့ ဒါဟာ စိတ်ညစ်စရာမဟုတ်ဘူး၊ ရှက်စရာ လည်း မဟုတ်ဘူး၊ မိန်းမတိုင်းဒီလိုပဲ ကြုံတွေ့ ရမှာ ပဲ၊ အဲဒီ လို ဘွားဘွား ငယ်ငယ်ကလည်း ဖြစ်ခဲ့တာပဲ သမီးရဲ့ ၊ မေမေလည်း ဖြစ်ခဲ့ဖူးတာပဲ၊ သမီးမမလည်း မကြာမီက ဖြစ်ခဲ့တယ်၊ ဒါအတွက် သမီး စိတ်အနှောင့် အယှက် ဖြစ်စရာမလိုဘူး၊ ကိုင်း … လာ”
ဥမ္မာသည် ဒေါ်နှင်းမယ်နောက်မှ လိုက်ပါသွားလေသည်။ ဘွားဘွားဒေါ်နှင်းမယ်ကို အားကိုးကြီး တစ်ခုသဖွယ် ထင်မှတ်မိလေသည်။
ဒေါ်နှင်းမယ်သည် အသားဖြူဖြူ ကိုယ်ဟန်သေးသေးနွဲ့နွဲ့ပင်။ အသက်ပိုင်းအားဖြင့် ၅၀ ကျော်၍ တစ်နှစ် စွန်းခဲ့ပြီ ဖြစ်သော်လည်း နုပျိုဆဲပင်တည်း။
မဟာနဖူး၊ နားရွက်ကားကား၊ စင်ရော်တောင်လို ထောင့်ချိုးနှင့် မျက်ခုံးထူထူ၊ နှာတံမြင့်မြင့်၊ ပြူးကျယ်ဝိုင်းစက်သော မျက်လုံများ ၊ ပါးလျား၍ တိကျသော နှုတ်ခမ်းအစုံ၊ သေးငယ်၍ ကျော့ရှင်းသော လည်တိုင်နှင့် ဥမ္မာ၏ ဘွားအေသည် ခံ့ညား၍ ချောမွေ့သော ရုပ်ရည်ရှိသူပင်တည်း။
ဒေါ်နှင်းမယ်၏ အခန်းထဲသို့ ဝင်ရောက်သော် ဥမ္မာသည် ဒေါ်နှင်းမယ်၏ တစ်ယောက် အိပ် ကုတင်တိုင်ကို ကိုင်ကာ ငိုင်နေမိသည်။ ဒေါ်နှင်းမယ်သည် သူ၏ ခုတင်ခြေရင်းမှ သေတ္ထာအဟောင်း တစ်လုံးကိုဆွဲဖွင့်ကာ အလုပ်ရှုပ်နေသည်။
ဟောင်းနွမ်း၍ စုတ်နေပြီ ဖြစ်သော ထဘီများ ကို အထပ်လိုက်ဆွဲထုတ်ကာနေသည်။
“ဥမ္မာ”
ဒေါ်နှင်းမယ်က ညင်သာသိမ်မွေ့စွာ ခေါ်လိုက်သည်။ “လာ … ဘွားဘွားနားလာခဲ့” ဟု ဥမ္မာအား ကြင်နာစွာ ကြည့်ကာ ခေါ်လိုက်ပြန်သည်။
ဥမ္မာသည် ဒေါ်နှင်းမယ်အနီးတွင် ဒူးထောက်ထိုင်ချလိုက်သည်။ ဥမ္မာ၏ မျက်လုံးအိမ်မှ ပြည့်လျှံ လာသော မျက်ရည်တို့သည် ပါးပြင်ပေါ်သို့ လှိမ့်ဆင်းလာကြသည်။
မျက်ရည်တို့သည် တပေါက်ပေါက်နှင့် မဟော်ဂနီရောင် ပြောင်လက်နေသော ကြမ်းပြင်ပေါ်ကျလာ သည်။ ပြီးနောက် သေတ္တာထဲမှ အထည်များ ထဲတွင် အနူးညံ့ဆုံး ဖြစ်သည့် အပြာရောင် တွင် အဖြူပွင့်ရိုက် သော တူတယ် တို ဘရက်ကိုးလုံချည် ကိုင်ထားသည့် ဒေါ်နှင်းမယ်၏ လက်များ ပေါ်သို့ မျက်ရည်စက်တို့ သည် တစ်ပေါက်ပြီးတစ်ပေါက် ကျလာလေတော့သည်။
အခန်း(၃)
ညနေဆည်းဆာအချိန်တွင် တိမ်တို့သည် လှပစွာ ရောင် စုံတောက်ထိန်နေသည်။
အပြာရင့်ရင့်ဆေးသားတွင် အဝါရောင် ရောယှက်လျက် လိမ္မော်ရောင် မရမ်းသွေးများ ဖက်စပ် ရေး ခြယ်ထားဘိသော ပန်းချီကားချပ်ကဲ့သို့ သာမောဖွယ်ရာလည်း ဖြစ်ပေသည်။
ဦးဝိစာရလမ်းကျောက်တိုင်နှင့် ခပ်စောင်းစောင်းထောင့်တွင် အစွန်ဆုံးအိမ်သည် ခြံဝင်းအသင့် အတင့် ကျယ်ပြန့်လျက် တိုက်ခံတွင် ပျဉ်ထောင်ဆင့်ကာ ဆောက်ထားသော အိမ်ကြီးတစ်အိမ်ကို တွေ့ မြင် နိုင်ပေသည်။
တရုတ်စံကားပွင့်များ သည် လှပစွာ ပင်လုံးကျွတ် ပွင့်ဖူးတတ်လျက် ရွှေရောင် ဝင်းဝင်းနှင့် ရွှေတိဂုံ မြတ်ဘုရားကို လမ်းတစ်ဖက်၌ နီးကပ်စွာ ဖူးမြင်ရသော နေရာလည်း ဖြစ်သော ကြောင့် အလွန်ပင် နှစ် လို ဘွယ် ကောင်းလေသော အိမ်နေရာပင်တည်း။
ဤအိမ်နေရာကား ကာယဗလသင်တန်းသမားတို့ အခြေခံအုတ်မြစ်ချခဲ့သော နေရာပင်တည်း။ ကျန်းမာရေး အားကစားအဖွဲ့အစည်း စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော နေရာ။ မြန်မာလူမျိုးတို့၏ ကျန်းမာ ရေး ၊ အားကစားရေး ၊ ကိုယ်လက်သန်စွမ်းရေး အတွက် လူငယ်လူရွယ်များ ကို စတင်မျက်စိဖွင့်ပေးသော နေရာလည်း ဖြစ်ပေသည်။
ဤအိမ်ကို ငှားရမ်းနေထိုင်သော သူကား သီပေါဘုရင်၏ စတုတ္ထသမီးတော် နှင့် ကိုကိုနိုင်တို့မှ ပေါက် ဖွားသော သားတော် ကြီး “တော် ဘုရားကြီး” ပင်တည်း။ သီပေါမင်း၏ မြေးတည်း။
“နာမည် က ဥမ္မာတဲ့လား”
တော် ဘုရားကြီးသည် ဥမ္မာထိုင်နေသော ခုံတန်းရှည်ပေါ်တွင် ဝင်ထိုက်လိုက်သည်။
တော် ဘုရားကြီးမှာ အသက်အစိတ်ပြည့်ပုံ မရသေး။ အရပ်ပျပ်ပျပ် အသားဖြူဝင်းလျက် တောင့် တင်း သန်မာသော ကိုယ်ဟန် ကျယ်ပြန့်သော ရင်အုံရှိပေသည်။
နဖူး မကျဉ်းမကျယ်၊ နားရွက်ကားကား၊ စူးရှတောက်ပြောင်သော မျက်လုံးများ ၊ နှာတံမြင့်မြင့်၊ ပိရိ၍ တင်းတင်းစေ့ထားသော နှုတ်ခမ်း၊ ခိုင်မာသော မေးရိုး၊ ချွန်သော မေးစေ့နှင့် ခြုံ၍ ကြည့်သော “တော် ဘုရား ကြီး” သည် လူချောလူခံ့ပင်တည်း။
“ဟုတ်ပါတယ် ဥမ္မာပါ” ဥမ္မာက ရိုသေလေးစားစွာ ဖြေဆိုလိုက်သည်။
“ဒီကို ဘယ်သူနဲ့ လိုက်လာတာလဲ”
တော် ဘုရားကြီးက ဥမ္မာအား စေ့စေ့ကြည့်သော မေးလိုက်လေသည်။ သူ၏ အကြည့်သည် အလွန်ပင် လျင်မြန်ဖျတ်လတ်သည်။
“ကိုကိုနဲ့ မမတို့နဲ့ အတူတူလိုက်လာတာ”
“ကိုကိုနဲ့ မမဆိုတာ ဘယ်သူ့ကိုပြောတာလဲ ကွ”
“ကိုနန္ဒာနဲ့ မမသန္တာလေ”
“သြော် … သြော် ဥမ္မာက မောင်နန္ဒာရဲ့ နှမကိုး၊ အစ်ကိုရဲ့ နှမပီပီ အားကစားမှာ တော် အောင် ကြိုးစားနော် မင်းအစ်ကိုက လူတော် တစ်ယောက် ပဲ၊ ဒါထက် မင်းအသက် ဘယ်လောက်ရှိပြီလဲ”
“၁၄ နှစ် ထဲမှာ ပါ”
“အငယ်လေးရှိသေးတာပဲ၊ ကာယဗလသင်တန်းတွေ အရင်ကတက်ဖူးသေးသလား”
“အိမ်မှာ တက်ဖူးပါတယ်၊ ဦးလေး ဦးဇော်ဝိတ်က သိုင်းသင်ပေးပြီး ဦးလေး ဦးထွန်းငြိမ်းက ကျန်းမာရေး လေ့ကျင့်ခန်းများ ပြပေးပါတယ်။ ပြီးတော့ ကာယဗလ ဦးနေဝင်းကလည်း အင်ဒီယန်ကလပ် (တင်းပုတ်) ကစားနည်းပြပေးတယ်”
“စုံလို့ပါပဲလားကွာ ဟေ၊ ကောင်းတယ် ကောင်းတယ်၊ အကြည်ရေ ဟေး … အကြည်”
တော် ဘုရားကြီးသည် သူ၏ ဇနီး ဒေါ်ခင်ကြည်အား လှမ်းခေါ်လိုက်သည်။ ဒေါ်ခင်ကြည်သည် မကြာမီပင် တော် ဘုရားကြီးရှေ့မှော က်သို့ ရောက်လာလေသည်။
ဒေါ်ခင်ကြည်သည် အသက် ၂၀ ကျော်ရုံမျှသာ ရှိသေးလျက် နွဲ့နှောင်း၍ လှပကြော့ရင်းသော ကိုယ်ဟန်ရှိလေသည်။ မှဲ့တစ်ပျောက် မစွန်းထင်ဘဲ ဖြူဖွေးနုထွတ်ကာ ကြည်လင်သော အသားအရေနှင့် လှပချောမွေ့သူပင်တည်း။ သူ့အား မိန်းကလေးများ က “မမကြည်” ဟု ခေါ်ကြသည်။
မမကြည်သည် စပို့ရှပ်နှင့် ဘောင်းဘီရှည်ကို ဝတ်ထားသော အနောက်တိုင်းသူများ သဖွယ် သူ၏ မြင့်သွယ်သော အရပ်အမောင်း၊ အချိုးကျသော ကိုယ်ဟန်နှင့် ကြော့ကြော့ရှင်းနေသည်။
“အကြည်၊ သူက ဒီနေ့မှ ရောက်လာတာ၊ မောင်နန္ဒာရဲ့ နှမ သန္တာရဲ့ ညီမတဲ့ကွ”
“ဟုတ်လား”
မမကြည်သည် ပြုံးကား ဥမ္မာအား စေ့စေ့ကြည်ရင် ပြောလိုက်လေသည်။
“သူတို့က ဦးလွန်းခင်ရဲ့ သားသမီးတွေ လေ၊ ဦးလွန်းခင်ဟာ မောင်တို့လို မင်းမျိုးမင်းနွယ်ပဲ၊ မင်းတုန်းမင်းရဲ့ သားတော် က ဆက်လာတဲ့ အနွယ်ပဲ၊ ဟိုတုန်းကလိုဆိုရင် ဥမ္မာတို့နဲ့ မောင်တို့ ရန်ဘက်ပေါ့ ကွာ ဟား … ဟား …. ဟား ”
တော် ဘုရားကြီးက ဟက်ဟက်ပက်ပက် ရယ်မောနေသည်။ မမကြည်က အသာမျက်စောင်းချိတ် လိုက်သည်။
“ပြီးတော့ သူတို့အမေ ဒေါ်ခင်မူက လှေသင်းမျိုးနွယ်၊ သူတို့က မင်းမျိုးမင်းနွယ်ထက်တောင် ထက်သေးတယ်နော၊ ဘုရားထူးခံအမျိုးပဲကွ၊ ဒေါ်ခင်မူက ဥမ္မာတို့ဘိုးအေကို ဘုရားထူးစကားပြောရသတဲ့ ကွ၊ သူ့အနားသွားရင် တံတောင်ဆစ်နဲ့ထောက်ပြီး ၀ပ်တွားတွားသွားရသတဲ့”
“အို … သူကလည်း ကလေးရှက်အောင် ပြောနေပြန်ပါပြီ၊ လာဥမ္မာ အခန်းထဲကို သံပုရာရည် သွားသောက်ရအောင်၊ ပြီးတော့ ဘောင်းဘီနဲ့အကျီ င်္ချုပ်ဖို့ကိုယ်တိုင်းလည်းယူရမယ် လာ”
မမကြည်သည် သွက်လက်ဖျတ်လတ်စွာ ရှေ့မှလျှောက်သွားလေသည်။
ဥမ္မာကလည်း ပေါ့ပါးစွာ ထလိုက်သွားလေသည်။ စပို့ရှပ်အကျီ င်္ အစိမ်းနုရောင် ၊ နက်ပြာဘောင်းဘီ တို၊ ရွတ်ဖျင်ဖိနပ်ဖြူ၊ ခြေအိတ်အဖြူနှင့် ဥမ္မာ၏ ဟန်အမူအရာသည် ခါတိုင်းထက်ပို၍ ပေါ့ပါးဖျတ်လတ်နေ သည်။
အခန်း(၄)
ဥမ္မာသည် ခါတိုင်းထက်ပို ၍ ပေါ့ပါးဖျတ်လတ်နေသည်။
ညနေကျောင်းမှ ဆင်းတိုင်းဆင်းတိုင်း အားကစားလေ့ကျင့်ရသည်မှာ ဥမ္မာအဖို့ နိဗ္ဗာန်ပင်တည်း။ ဥမ္မာတို့မောင်နှမ သုံးယောက် သည် အိမ်မှ ကားနှင့် ဦးဝိစာရလမ်းရှိ တော် ဘုရားကြီးတို့ နေအိမ်ကို လည်းကောင်း၊ အောင်ဆန်းကွင်းသို့လည်းကောင်း အချိန်မှန်မှန်လာရောက်တတ်ပေသည်။
လူငယ်များ အားကစားအသင်း တာဝန်ခံများ က ကားမရှိသော မိန်းကလေးများ ကို ဒေါ့စ်ဂျစ်ကားနှင့် လှည့်ကြိုတတ်ပေသည်။ အားကစားအသင်းကြီး၏ ရည်ရွယ်ချက်ကို ဥမ္မာစေ့စေ့ပေါက်ပေါက် မတွေးမိသော် လည်း ကလေးငယ်ကဲ့သို့ ကစားရသည်ကို များ စွာ ကျေနပ်နေသည်။
ပင်ပန်းမောဟိုက်သော်လည်း ပင်ပန်းရမှန်းမသိ၊ မောရမှန်းမသိ။
ဥမ္မာ အားကစားအသင်းသို့ စရောက်သည့်နေ့မှစ၍ ရေတွက်သော် ဥမ္မာရောက်လာသည်မှာ နှစ် လ ကျော်ခဲ့ပေပြီ။ သည်နှစ် လအတွင်း ဥမ္မာသည် လေ့ကျင်ခန်း (၁) နှင့် (၅) ကို အစုံလိုက်တတ်တတ်မြောက် ခဲ့သည့်အပြင် ဟန်ဂေရီအကနှင့် တက်ဗလိုခေါ် ဘဲလေးဆန်ဆန် အကတစ်မျိုးကိုလည်း တတ်မြောက်ပြီး ဖြစ်သည်။
တနင်္ဂနွေနေ့တိုင်း အင်းလျားကန်သို့ ရေကူးဆင်းသော်လည်း ဥမ္မာမှာ ငယ်ရွယ်သူမို့ ရေး ကူးမတတ် မြောက်သေး။ ရေဆော့နေသည်နှင့် အချိန်ကုန်သည်။ ရေကူးဝတ်စုံလည်း မ၀တ်ရဲသည်နှင့် ထဘီရင်ရှားနှင့် ရေချိုးကာ ထဘီကို ပူစီဖောင်းလုပ်တမ်းကစားလေ့ရှိသည်။
“ကျွန်တော် တို့ မြန်မာလူမျိုးဟာ ကျန်းမာရေး ကို တယ်ဂရုမစိုက်ကြဘူး၊ ကျန်းမာရေး ဟာ ဘယ်လောက်တောင် အရေး ကြီးတယ်ဆိုတာ လူတွေ သတိမမူကြဘူး”
ဥမ္မာသည် သူတစ်ခါမှ မကြားခဲ့ဘူးသော အသံတစ်သံကို တစ်ဖက်ခန်းတွင် ကြားရသော် ခေါင်း ထောင်နားစွင့်မိလေသည်။
ဥမ္မာသည် လေ့ကျင့်ခန်းယူအပြီးတွင် မောမောနှင့် ထရံကို မှီထိုင်ရင်းက သူ့ဘေးတွင် ကပ်လျက် ထိုင်နေသော သန္တာအား လှမ်းကြည့်လိုက်သည်။
သန္တာသည် ပတာနီစေ့များ ကို ၀ါးနေသည်။ ပေါင်နှစ် ချိတ်ကာ ဗိုလ်ကျကျထိုင်နေသည်။ ဥမ္မာထက် နှစ် နှစ် ကြီးသော်လည်း ဥမ္မာထက် ငါးနှစ် ခန့်ကြီးသကဲ့သို့ သူ့အပြုအမူက ရင့်ကျက်နေပေသည်။ ရုပ်ချင်းကား ဥမ္မာနှင့် ဆင်တူသော်လည်း သန္တာက အနည်းငယ် ညှက်ပုံရသည်။
အောင်ဆန်းကွင်း၏ အတွင်းခန်းများ ၌ ဥမ္မာတို့ အားကစားအဖွဲ့ဝင်လူများ နှင့် စည်စည်ကားကားရှိ လေသည်။ ယောက်ျားပျိုတို့ အလေးမသံက တချွင်ချွင်ကိုလည်းကောင်း၊ တစ်-နှစ် -သုံး-လေး ဟူ၍ လေ့ကျင့်ခန်းရေတွက်သံကိုလည်းကောင်း ကြားနေရပေသည်။
“ဥမ္မာ”
ဥမ္မာသည် သန္တာက ခေါ်သည်ကို ပြန်မထူးသေးဘဲ သူ့ပါးစပ်လေးတွင် လက်ညှိုးကပ်ကာ …
“ရှူး … ဟိုဘက်က အရေး ကြီးတဲ့ ဆွေးနွေးပွဲရှိတယ်ထင်တယ်၊ ဟောနားထောင် လူ တစ်ယောက် စကားပြောနေတယ်။ ကိုကိုကြီး (တော် ဘုရားကြီး)ရဲ့ အသံလည်းမဟုတ်ဘူး” ဟု ပြောလိုက်လေသည်။
မိန်းကလေးများ သည် နားချိန် ဖြစ်သဖြင့် ကိုယ့်အစုနှင့် ကိုယ် စကားပြောနေကြသည်။ မိန်းကလေး စုစုပေါင်း ၂၀ ပင်မပြည့်တတ်သေးပေ။
“သြော် … ကိုမင်းဇော်ကြီးရဲ့ အသံပါ၊ သူတို့အစည်းအဝေးလုပ်နေကြတာ။”
တစ်ဖက်ခန်းမှအသံသည် ဥမ္မာ၏ နားတွင်းသို့ ရိုက်သွင်းသလို ၀င်လာပြန်သည်။ ထိုသူ၏ အသံမှာ ကြည်လင်၍ အောင်မြင်ပြတ်သားလေသည်။
“အဲဒီ လို ကျန်းမာရေး တန်ဖိုးမသိတော့ ကျန်းမာရေး လိုက်စားရကောင်းမှန်း မသိဘူး၊ တစ်ယောက် ကြည့်လဲ့ ခါးချည့်နဲ့ တစ်ယောက် ကြည့်လဲ ရှူနာရှိုက်ကုန်းနဲ့၊ မိန်းကလေးတွေ ဆိုရင် သာဆိုး သေးတယ်။ မြန်မာလူမျိုးရယ်လို့ လက်ညှိုးထိုးပြရင် လူစဉ်မီတာ တယ်မတွေ့ ရဘူး။ ဒါတွေ ကို ကျွန်တော် တို့ အသင်း အနေနဲ့ အတတ်နိုင်ဆုံးပြုပြင်ရမယ်။ နယ်တွေ ဆင်းပြီး စည်းရုံးရေး တွေ ဘာတွေ လုပ်ဖို့သင့်ပါတယ်။ ကျွန်တော့်  သဘော ကတော့ မြန်မာလူမျိုးတိုင်း လူမျိုးတိုင်းဟာ ကျန်းမာသန်စွမ်းရမယ်၊ ကျွန်တော့် ကိုလည်း လိုတာခိုင်းပါ၊ ကျွန်တော် ကျောင်းအားတဲ့ရက်တွေ မှာ လုပ်အားကို တတ်စွမ်းသမျှ ပေးပါ့မယ်”
ဥမ္မာနှင့် သန္တာတို့သည် တစ်ယောက် မျက်နှာကို တစ်ယောက် ငေးကြည့်နေကြသည်။
“ဥမ္မာက အစတုန်းက ဦးလေး ကိုကျော်ရင်ရဲ့ အသံလားလို့”
ကိုကျော်ရင်မှာ ရန်ကုန်တက္ကသိုလ်မှ ထင်ရှားကျော်ကြားသော ကာယဗလသမား တစ်ယောက် ဖြစ် သည်။ တက္ကသိုလ်မောင်ဘွဲ့လည်း ရဖူးသည်ထင်သည်။ နောင်တွင် အငယ်တန်း မောင်ဗမာဘွဲ့ကို ဆွတ်ခူး သည်။
“ဦးလေးကိုကျော်ရင် တို့အိမ် ခဏခဏလာဖူးသားပဲ မဟုတ်ပါဘူး ကိုမင်းဇော်ကြီးရဲ့ အသံပါဆိုမှ”
“အဲဒီ ကိုမင်းဇော်ဆိုတာ ဘယ်သူလဲ”
“ကိုမင်းဇော်ဆိုတာ ဦးလေးကိုကျော်ရင်တို့လိုပဲ ကောလိပ်ကလာတာ၊ တို့အားကစားအဖွဲ့ စထောင် ကတည်းက သူရောက်လာတာ၊ သူစာမေးပွဲဖြေရခါနီး တာမို့ နှစ် လလောက်မလာဘဲ နေခဲ့သေးတယ်၊ ဟိုတုန်းက နင်မှာ ဒီကိုမလာသေးဘဲ သူ့ကိုဘယ်သိမလဲ”
ဥမ္မာသည် သန္တာလက်ထဲမှ ပတာနီကို နှိုက်စားကာ တံခါးပေါက်မှ အပြင်ဘက်သို့ ငေးနေသည်။
“ဟုတ်တယ် ဒီနာမည် ကို တစ်ခါမှ မကြားဖူးဘူး”
“သူက ဘယ်မြို့ဆိုလား လာတာတဲ့။ အဲဒီ မြို့မှ မောင်ဘွဲ့ရခဲ့သေးတယ်၊ ခု သူ စစ်ကိုင်းဟောလ်မှာ နေတယ်” ဟု သန္တာက ၀င့်ကြွားစွာ ပြောလိုက်လေသည်။
“မမကို ဘယ်သူပြောလို့ သိတာလဲဟင်”
ဥမ္မာက မျက်စိလေးပုတ်ခတ်ပုတ်ခတ်နှင့် မေးလိုက်သည်။
“မမြစီနဲ့ လှလှဆိုတာ ခပ်စွာ စွာ မိန်းမတွေ ဟာလား၊ နှစ် ယောက် စလုံး သိပ်ပိန်တယ်လေ၊ သူတို့က ညီအစ်မထင်တယ်”
“ညီအစ်မ၀မ်းကွဲဆိုလား တော် သတဲ့၊ သူတို့က ကိုမင်းဇော်အကြောင်းဆိုရင် အကုန်သိနေတာကိုး၊ အိုး… ကိုမင်းဇော် ရင်ပတ်မှာ မှည့်ရှင်အတစ်လုံးပါတာတောင် သူတို့ သိတယ်လေကွာ”
“ ဟင် ဟုတ်လား၊ အဲဒါဘာ ဖြစ်လို့ သိကြတာလဲဟင်၊ သူတို့က ကိုမင်းဇော်နဲ့ အမျိုးတော် လို့လား”
ဥမ္မာက မသိနားမလည်သလို မေးလိုက်သည်။
“ဘယ်အမျိုးတော် ရမလဲ သူတို့က ကိုမင်းဇော်ကို ကြိုက်နေကြတာ”
သန္တာက သူ၏ လှပသော နှုတ်ခမ်းလေးကို တစ်ချက်မဲ့ကာ ပြောလိုက်လေသည်။
“ကိုမင်းဇော်ကို ကြိုက်နေတယ်”
“ကြိုက်နေလို့ တဖွဖွပြောနေတာပေါ့၊ ပြီးတော့ သူတို့ကြိုက်တိုင်း ငါနဲ့လိုက်လိုက်စတယ်”
“သူတို့ကြိုက်ရင် ဒီလိုပဲ လိုက်လိုက်စတတ်သလား”
ဥမ္မာက အံ့သြစွာ မေးလိုက်သည်။
“နင်ကလည်း န လိုက်တာ လွန်ပါရော၊ သူတို့ကြိုက်တဲ့ ယောက်ျားဆိုရင် အဲဒီ လိုပဲ သူများ နဲ့ လှည့် လှည့်စတယ်၊ ဒီလိုစရင် နင် ဘယ်တော့မှ လက်မခံနဲ့ မှတ်ထား”
သန္တာ ရေလည်စွာ ပြောပြနေသည်။ ဥမ္မာသည် မျက်လုံးလေးပြူးကာ ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေမိသည်။ ဥမ္မာသည် သူဘာမဆိုင်မသိတတ် နားမလည်သဖြင့် သူ့ကိုယ်သူ အားမရနိုင်ဘဲရှိ လေသည်။
“ရှုပ်လိုက်တာနော်” ဟု ညည်းညူလိုက်လေသည်။
“ရှုပ်မနေနဲ့ သူတို့က မနာလိုတတ်ဘူး၊ နင်က ဘာမှ မသိဘူး၊ ငါတို့က ဒီအားကစားအသင်းကို ဦးဆောင်လာတဲ့သူတွေ မဟုတ်လား၊ ပြီးတော့ နင်ကလည်း အခုမှဝင်ပေတဲ့ အားကစားအသင်း အဖွဲ့ခင်က တည်းက လေ့ကျင့်ထားတဲ့သူဆိုတော့ ကွယ်ရာမှာ နင့်အတင်းကို သိပ်ပြောတာပဲ”
“ဟုတ်လား အတင်းပြောသလား၊ ဥမ္မာကလည်း လေ့ကျင့်တာ ကြာပြီကိုး ဥမ္မာ မှတ်မိသေးတယ် လေ U.S.I.S ရုပ်ရှင်လာရိုက်တော့ မမကြည်ရယ်၊ ဦးလေးဇော်ဝိတ်ကြီးရဲ့ ခယ်မ မမတင်တင်ညိုရယ်၊ ဥမ္မာ ရယ် လေ့ကျင့်ခန်းယြူုပရတယ်။ ဒီတုန်းက မမသန္တာကလည်း နေမကောင်းလို့ မလာရဘူးမဟုတ်လား၊ ဒါတွေ ဟာ မနာလိုစရာလား”
ဥမ္မာသည် ထိုမနာလိုဟူသော စကားလုံးကိုများ စွာ မနှစ် မြို့ခြင်း ဖြစ်လေသည်။ မိမိလေးတန်းရောက် သော နှစ် က စ၍ သည်စကားလုံးမျိုးကို စတင်ကြားရသည်။ ကိုယ်တိုင်လည်း သုံးကြည့်သည်။ သုံးခါစက သုံးလို့ ခပ်ကောင်းကောင်းပင်။
နောင်တွင် အဓိပ္ပယ်သိလာလေလေ သည်စကားလုံးကို ရွံ့မုန်းလေလေပင်။ “မနာလိုဘူးဆိုတာ အလွန်အောက်တန်းကျတဲ့ စိတ်ထား” ဟုဘဘက သွန်သင်ဆုံးမသော အခါ မိမိကိုယ်ကို သည်လိုစိတ်မျိုး မပေါ်အောင်မွေးသည်၊ ပေါ်လည်းမပေါ်တတ်ပေ။
ဘွားဘွားကမူ “ဟဲ့ … မနာလိုခံရတယ်ဆိုတာ အလွန်အရသာရှိတာ၊ ကိုယ်ကသာလို့ သူများ ရဲ့ မနာ လိုခံရတာ ” ဟု ပြောလေ့ရှိသည်။ ဘွားဘွားပြောသလို ၀မ်းသာရမည် လား၊ စိတ်အားငယ်ရမည် လား မဝေခွဲတတ်ပေ။ ယခုမူ မမြစီတို့ ညီအစ်မတစ်တွေ ကို ချစ်ခင်နှစ် လိုစိတ်မျိုးလုံးဝ မရှိတော့ပေ။
သန္တာသည် ဥမ္မာအနီးတွင် ထိုင်နေရာမှ အပြင်သို့ထွက်သွားလေသည်။ ဥမ္မာသည် သန္တာ့နောက် ကျောကို ငေးမောကာကျန်ရစ်သည်။ သန္တာသည် အသားအရေဖြူဝင်းစိုပြည်ကာ ဘဲဥသဏ္ဍာန် မျက်နှာ လေးတွင် ဖောင်းမို့သော ပါးပြင်၊ ကျယ်ပြန့်သော နဖူး၊ ထူထဲ၍ လုံးဝန်းသော နှုတ်ခမ်းတို့နှင့် အလွန်ပင် ချစ်စရာကောင်းသော ရုပ်သွင်ရှိလေသည်။
မျက်ခုံးလေးမှာ ထူထဲစိမ်းမှော င်၍ နှာယောင်ထိပ်တွင် ပင် တံတားသဖွယ် ဆက်နေသည်။ နှာတံမှာ သိပ်ပေါ်လွင်သည်မဟုတ်။ သို့သော်ဖြောင့်စင်းသဖြင့် ကြည့်ပျော်သည်။ မျက်လုံးအစုံမှာ ကျယ်၍ ၀ိုင်းစက် ကာမျက်နက်အိမ်ကြီးပြီး တောက်ပြောင်နေသည်။ ရှည်လျားသော မျက်တောင်တို့သည် သိပ်အကော့ကြီး မဟုတ်ပေမင့်လည်း မျက်လုံး၏ အလှကျက်သရေကို တိုးစေသည်။
သန္တာအား ဥမ္မာနှင့် တူသည်ဟု အများ ကဆိုကြသော်လည်း ဥမ္မာက များ စွာ ကျေနပ်နှစ်သက် ခြင်း ဖြစ်မိလေသည်။ သန္တာသည် လှသော ကြောင့် ပေတည်း။
ဥမ္မာသည် သူ့ကိုယ်သူ လှသည်ဟု တွေးမိသော အခါ ပီတိတွေ ဖြာဝေမိလေသည်။
![]() မပုံ့ အကြောင်း | ![]() သဇင်ပန်း တစ်ခက်နှစ်ခက် | ![]() ဓမ္မအလင်း ပျံ့နှံစေ |