Cover

အခန်း(၁)

တစ်ချိန်မှာ အရင်းနှီးဆုံး ပတ်သက်လာမည့် လူသုံးရောက်၏ ဆုံစည်းမှု သည် Masterpiece ဆိုသော ကော်ဖီဆိုင် ကလေးထဲ မှာ အမှတ်တမဲ့ ဖြစ်ပျက်ခဲ့ ပါသည်။

အဲ့ဒိနေ့က Masterpiece ဆိုင်မှာ စားပွဲထိုး ဝင်လုပ်နေခဲ့သော အနီရင့်သည် ကိုယ့်တာဝန် ပြီးဆုံးသွားပြီမို့ စာပွဲထိုးဝတ်စုံကို ချွတ်လဲပြီး ဆိုင်ထဲမှ ပြန်ထွက်လာ ခဲ့ချိန်ဖြစ်သည်။ အနီရင့်ရဲ့ လက်ထဲမှာ သူအားရင် အားသလို ဆွဲထားလေ့ ရှိသော အင်္ကျီ Design စာရွက်တွေကို ညှပ်ထားသော ဖိုင်တစ်ခု ကိုင်ထားခဲ့သည်။ မိုးဦးညလေး တို့က သူငယ်ချင်းတွေနဲ့ ထို Masterpiece ကော်ဖီဆိုင်ကလေးထဲမှာ တစ်ခါမှ အီတာလျှံကော်ဖီ မသောက်ဖူးသဖြင့် သူငယ်ချင်းတွေစုပြီး လာသောက်ကြည့်ကြခြင်း ဖြစ်သည်။ ဆိုင်ထဲသို့ ဝင်လာတော့ လူက သုံးယောက် . . . . မှာ တာက mocha ဆိုတဲ့ ကော်ဖီ တစ်ခွက်တည်းမို့ စာပွဲထိုးကလေးရဲ့ မျက်ခုံးပင့်ကာ တအံ့တသြ ကြည့်ခြင်းကိုလည်း သုံးယောက်သား လုံးဝအရေးမစိုက်ကြဘဲ ပြုံးစိစိ စပ်ဖြီးဖြီး မျက်နှာကလေးတွေနဲ့ ကိုယ်သောက်ချင်တာ သောက်ရတော့မှာ မို့ စိတ်ဝင်တစား ပျော်ရွှင်နေခဲ့ကြသော မျက်နှာပေး ကလေးတွေကိုယ်စီနှင့် ဖြစ်သည်။

အနီရင့်က ဆိုင်ရဲ့ အတွင်းခန်းဘက်ကနေ ထွက်အလာ မိုးဦးညလေးက ထိုင်နေရာမှ ဖျက်ကနဲထကာ အိမ်သာဆီသို့အသွား လမ်းမှာ အနီရင့်နှင့် မတော်တဆဗြုန်း ကနဲ ဝင်တိုက်မိကြခြင်း ဖြစ်သည်။ ဘယ်သူမှ ဝင်တိုက်မိ လိမ့်မယ်လို့ထင် မထားသောကြောင့် နှစ်ယောက်စလုံး လန့်ဖျပ်သွားကြသည်။ အနီရင့် လက်ထဲမှ ဖိုင်ကလေးက ကစဥ့်ကလျား လွင့်စဉ်ပြုတ်ကျသွားကာ . . . . ဖိုင်ထဲမှာ ဒီအတိုင်း ညှပ်ထားခဲ့သော အနီရင့် ဆွဲထားသည့် ဝတ်စုံ Design စာရွက်တွေ ဖရိုဖရဲလွင့်ခနဲ ဟိုတစ ဒီတစ ပြန့်ကျဲသွားတော့သည်။

“ ဟော့တော့ . . . . ဆောရီးပဲ . . . . ဆောရီးနော်၊ ကျွန်မ မမြင်လိုက်လို့ပါ”

မိုးဦးညလေးက အမြဲတမ်း ဖြစ်လိုက်ရင် အရာရာနှင့် အကြောင်းကြောင်းမို့ကိုယ့် အကြောင်းကိုယ်သိကာ ကိုယ်ရဲ့ ရှပ်ပြာပြာ နိုင်မှု အတွက် ဝင်တိုက်မိလိုက်သူကို ကပျာကယာ တောင်းပန်လိုက်ရင်း . . . . တစ်စစီ ပြန့်ကျဲကျသွားသော ဂါဝန်အင်္ကျီ ပုံစံကလေးတွေ ဆွဲထားသည့် စာရွက်ကလေး တွေကိုသူနှင့်အတူ လိုက်ကောက်ပေးနေ လိုက်ရင်း သူနဲ့ ဖျက်ခနဲ မျက်ဝန်းချင်း ဆုံမိသွားကြသည်။

“ ရပါတယ် . . . . မတော်တဆ ဖြစ်တာပဲ၊ ကိုယ်ကလည်း လောလော . . . . .လောလောနဲ့မို့ပါ ”

အနီရင့်က ပြောပြီး ကြမ်းပြင်ပေါ်မှာ တစ်ရွက်စီ ပြန့်ကျဲနေသော သူ့ရဲ့ Design စာရွက်တွေကို တစ်ရွက်ချင်းစီ လိုက်ကောက်နေရင်း သူနှင့် ဝင်တိုက်ခဲ့ မိသော မိန်းကလေး ဆီသို့ အမှတ်တမဲ့ လှမ်းကြည့်လိုက်မိသည်။ ထိုခဏမှာ အလွန်ထူးဆန်းသော လျှပ်စစ် ဓါတ်လိုင်း တစ်ခု သူ့ဘယ်ဘက် ရင်ဘတ်ဆီသို့ ဖြတ်စီးသွားသလို ခံစားလိုက်ရသည်။ ပထမက ရိုးရိုးသာမန် ခုန်နေကျ အတိုင်း တလှုပ်လှုပ် ခုန်နေခဲ့သော သူ့နှလုံးသားဆီမှ တဖျပ်ဖျပ် သိသာထူးခြားစွာ အခုန်မြန်လာခဲ့သည်ကို သူ သတိထားမိလိုက်သည်။ အားပါး . . . . . သိပ်လှတဲ့ ကောင်မလေးပါလား။ မျက်နှာကလေးက Baby doll အရုပ်ကလေး တစ်ရုပ်လို မျက်လုံး ဝိုင်းဝိုင်း . . . . မျက်အိမ် ကျယ်ကျယ် . . . . ရွှန်းလဲ့နက်မှော င်သော မျက်ဝန်းအလှက သိသာ ထင်ရှားစွာ . . . . နှာတံကလေးက ထင်းခနဲ ဖြောင့်စင်း ပေါ်လွင်ကာ အဖျားမှာ လုံးဝန်းသွားပုံ ကလေးက ချစ်စရာ။ နှုပ်ခမ်းကလေးက ထူထူ ပြည့်ပြည့် ဖောင်းဖောင်း အိအိ ကလေး။ အရပ်ကြီးကလည်း အရှည်ကြီးပဲ။ သူမရဲ့ မျက်နှာဆီမှာ ထူထူ ခြားခြား ထင်ရှားနေတာကတော့ အလွန် အပြစ်ကင်းစင်သော ကလေးဆန်မှု တစ်မျိုးပဲ။ သူ သူမနှင့် အတော်လေးကြာအောင် မျက်ဝန်းချင်း ဆုံမိကြတယ် သူမကလည်း သူ့ကို မျက်ဝန်း အဝိုင်းသား ကလေးဖြင့် တဖျက်ဖျက်တောက်ပ ရွှန်းစိုစွာ ငေးစိုက်ကြည့်လျှက် . . . . ။ ထိုခဏမှာ သူမက ဖျက်ခနဲ ပြုံးပြလိုက်ပါသည်။ ထိုအပြုံးကလေးကို အနီရင့် တစ်သက်လုံး မမေ့တော့လောက်အောင် စွဲသွား၏ ။ ဤမျှ လှပလွန်းသော မိန်းကလေးမျိုး သူ့တသက်မှာ မကြုံဖူးခဲ့သေးပါ။

တဒင်္ဂ ကလေးတော့ . . . . တဒင်္ဂကလေးပါပဲ။ Design ဒီဇိုင်း စာရွက်တွေ ကပျာကယာ ကောက်ပြီးချိန်မှာ သူတို့ချင်း မျက်လုံးချင်း နွေးထွေးစွာ စုံမိလျက် သူမက ပြုါံ်ပြလိုက်စဉ် သူကလည်း ခေါင်းကလေးတစ်ချက် ဆတ်ပြလိုက်ပြီးနှုတ်ဆက်ကာ ဆိုင်ထဲမှ ဆက်ထွက်လာခဲ့မိသည်။ ဆိုင်အပြင်ကျမှ သူနောင်တရသွား၏ ငါဘာဖြစ်လို့ သူမရဲ့ နာမည်လေးတောင် မေးမထားလိုက်မိ တာပါလိမ့် . . . . . ။

မိုးဦးညလေးလည်း သူမ နှင့် ဝင်တိုက်မိသော ကောင်ကလေးကို လာရယ်မဟုတ် စွဲစွဲ ထင်ထင် အမှတ်တရ ဖြစ်သွားခဲ့ရုံကလွဲပြီး ဘာမှ ထူးထူး ခြားခြားအား မထုတ်ခဲ့မိပါ။ အိမ်သာရှိရာဆီသို့ ဆက်လျှောက်လာခဲ့မိရင်း သူမနှင့် တိုက်ခဲ့မိသော ကောင်ကလေးက ချောလိုက်တာ ဟူသော သာမန် အတွေးကလေးကိုသာ တွေးခဲ့မိသည်။

ဆိုင်ထဲမှာ ကော်ဖီထိုင်သောက် နေခဲ့သော ညမွှေးလေပြေက သူမ၏ ခြေထောက်နားမှာ လွင့်ခနဲ လာကျ ကျန်ရစ်ခဲ့သော ခုနက ကောင်မလေး တစ်ယောက်နှင့် ဝင်တိုက်ခဲ့မိသော ထိုကောင်လေး၏ စာရွက်ကလေး တစ်ရွက်ကို ကောက်ယူ ကြည့်လိုက်မိသည်။ ထိုခဏမှာ ညမွှေးလေပြေ၏ မျက်ခုံးများ က အလိုအလျှောက် ပင့်တက်သွားကြလျက် စာရွက်ပေါ်မှ ဂါဝန် Design ပုံကလေးကို စူစူစိုက်စိုက် ကြည့်မိသည်။ လက်ရာကလေး မြင်လိုက်ရုံနှင့် အဆင့်အတန်းရှိသော Talent ရှိသော Designer တစ်ယောက်၏ လက်ရာမှန်း ညမွေးလေပြေက အသိအမှတ် ပြုလိုက်မိသည်။ အဲ့ဒိထက် ပိုသေချာတာက အဲ့ဒိကောင်လေးရဲ့ မျက်လုံးတွေကို သူမ သဘောကျသွား မိခြင်းဖြစ်သည်။ ထို့ကြောင့် . . . ထို Design စာရွက်ကလေးကို သူမရဲ့ မိချောင်းသားရေ လက်ကိုင် အိတ်ကလေးထဲ အသာအယာပင်ထည့် ယူထားလိုက်သည်။

မိုးဦးည အိမ်သာကနေ ပြန်လာချိန်မှာ ကျန်တဲ့ သူငယ်ချင်း နှစ်ယောက်က ဝိုင်း၍ စ , မဆုံး။

“ ငါတို့ မြင်ပါတယ်နော် . . . . . မိုးဦးည . . . . နင့်အကြံ ဒါ အကုန်ပဲလား၊ ကောင်လေးကို တမင်သက်သက်ကြီး ကို ဝင်တိုက်တာများ . . . . ”

“ အံမယ် . . . မဟုတ်ရပါဘူးနော်၊ သူကဘွားကနဲ ထွက်လာတာ၊ ငါကလည်း သိတယ်မှတ်လား . . . . မလျှပ်ပြာ ဆိုတော့ သူနဲ့ ဝင်တိုက်မိ လိမ့်မယ်လို့ ထင်မထားဘဲ ဝင်တိုက်မိသွားတာဟ . . . .ကောင်လေးက တော်တော် ချောတယ် ဆရာ . . . မျက်လုံးတွေက အရမ်းစူရှတာပဲ . . . . သိလား . . . . ”

မိုးဦးညက ပြုံးပြုံးကလေး ပြန်လည်ပြောပြရင်း ထိုကောင်လေးရဲ့ မျက်နှာကို ပြန်မြင်ယောင်လာသည်။ အံ့သြဖို့ ကောင်လိုက်တာ . . . . သူနဲ့ ဆုံစည်းလိုက်ချိန်က တကယ့်ကို ခဏကလေး ။ ဒါပေမယ့် ဘာကြောင့်များ သူ့ရဲ့ မျက်နှာကို ပြန်မမေ့ နိုင်လောက်အောင် ချက်ချင်း အလွတ်ရသွားခဲ့တာပါလိမ့်။

“ သူ့ဆီက လွင့်ကျသွားတဲ့ စာရွက်တွေက ဘာစာရွက် တွေလဲ . . . .”

ဖြူစင်က မေးလျှင် မိုးဦးညက စိတ်ဝင်တစား ဟန်ဖြင့် မျက်ခုံးကလေး တွေပင့်ကာ မျက်လုံးအဝိုင်းသား ကလေးဖြင့် . . . .။

“ အေး . . . . သူကရဲက စာရွက်တွေထဲမှာ ဂါဝန်လှလှ ကလေးတွေ အများ ကြီးပဲဆွဲထားတာဟ၊ သူက Designer လားမသိဘူး။ သူဆွဲထားတဲ့ ဂါဝန်တွေက တော်တော်မိတယ်ဟ . . . . ၊ နိုင်ငံခြား ကက်တလောက် တွေထဲက ဂါဝန်တွေ ပုံစံမျိုး ၊ အရောင်တွေကိုလည်း အမျိုးမျိုး အရောင်ခြယ်ထားသေးတယ် ”

“ နင်ဟာလေ . . . . တော်မလိုလိုနဲ့ တစ်ခါတစ်လေကျတော့ သိပ်ညံ့တာပဲ သိလား . . . မိုးဦးည၊ တကယ်ဆို နာမည်လေး ဘာလေး မေးပြီး မိတ်ဆက်ထားလိုက်ပါလား ”

“ ဟဲ့ . . . . မတော်တဆ တိုက်မိကြတဲ့ ဥစ္စာ၊ ဘယ်လိုလုပ်ပြီး နာမည်သွားမေးရမှာ တုန်း . . . . ပေါက်ပေါက် ရှာရှာ ”

သူမတို့ သုံးယောက် အငြင်းပွားလျက်ရှိစဉ် သူမတို့ အလွန်သောက် ချင်နေကြသော coffee mocha ဆိုသော ကော်ဖီခွက်ကြီး စားပွဲပေါ် ရောက်လာသည်မို့ သုံးယောက်သား အငြင်းပွားခြင်းကို လက်စသတ်ကာ တစ်ယောက်တစ်လှည့် coffee ကို မြည်းစမ်း အရသာ ခံကြည့်မိကြသည်။ အခါးဓါတ်နည်းနည်း ပြင်းကာ ချောကလက်နံ့ကလေး သင်းနေသော mocha coffee ကော်ဖီ၏ အရသာက မိုးဦးည၏ လျှာဖျားမှ တစ်ဆင့် ရင်ထဲထိတိုင် စွဲထင်သွားခဲ့၏ ။ အဲဒိလိုပဲ ခုနက ဝင်တိုက်ခဲ့မိသော ကောင်ကလေး တစ်ယောက်ရဲ့ မျက်ဝန်း စူးစူးရှရှ ကလေးတွေ ကလည်း မိုးဦးညရဲ့ နှလုံးသား ဆီသို့ စွဲစွဲ ထင်ထင်ပင် စိမ့်ဝင်သွားခဲ့ ပါသည်။

*


အလုပ်စားပွဲမှာ ငြိမ်ငြိမ်သက်သက် ထိုင်နေမိရင်း ညမွှေးလေပြေသည် လက်ထဲမှ ဂါဝန် Design စာရွက်ကလေးကို မျက်တောင်မခတ် သေသေချာချာ စိုက်ကြည့်နေမိသည်။ ဂါဝန် Design ကလေးက ရိုးမလိုလိုနဲ့ အဆန်းသား။ အရောင်ကို အညိုရောင် ဖျော့ဖျော့ကလေး ခြယ်ထားသည်။ စာရွက်ကလေးရဲ့ ထောင့်စွန်းနားမှာ အနီရင့် ဆိုသော လက်မှတ်တစ်ခုကို ခပ်သော့သော့ ရေးထိုးထား လိုက်သေးသည်။ အနီရင့်ဆိုတာ အဲဒိကောင်လေးရဲ့ နာမည်များ လား။ ဘာကြောင့် မှန်းမသိ ညမွှေးသည် ထိုကောင်ကလေးကို နောက်ထပ်ဆုံချင်မိသော ဆန္ဒတစ်ခု ရင်ထဲမှာ ပြင်းပြစွာ ပေါ်ခဲ့သည်။ ပြီးတော့ . . . . အဲဒီ ကောင်လေးရဲ့ မျက်လုံး တွေကိုပဲသူမ ပြန်မြင်ယောင် နေမိသည်။ အံ့သြဖို့တော့ အကောင်းသား ၊ ညမွှေးလေပြေ ဆိုသည်မှာ Fashion လောကတွင် အလွန် နာမည်ကြီးသော Designer တစ်ယောက် ဖြစ်သည်။ သူမကို မသိတဲ့သူ မရှိ ။ သတို့သမီး ဝတ်စုံနှင့် ဂါဝန်တွေ ချုပ်ပြီး FMI Centre မှာ ဆိုင်ဖွင့်ထားကာ Wedding Planner အလုပ်လည်း လုပ်သေးသည်။ သူမက . . . . Korea မှာ Designer ကျောင်းသွား တက်ခဲ့ပြီး Deploma ရယူလာခဲ့ခြင်း ဖြစ်သည်။ Designer လောကမှာ ညမွှေးလေပြေ သည် ကိုယ့်ကိုယ်ကို အတော်ဆုံး Designer အဖြစ် သတ်မှတ် ထားခဲ့ခြင်းလည်း ဖြစ်သည်။ သူမလောက် ဘယ်သူမှ ထူးခြားဆန်းကျယ်သော ဝတ်စုံ Design တွေ တီထွင်နိုင်စွမ်း မရှိဟုလည်း ယုံကြည်စိတ်ချထားသူ ဖြစ်သည်။ အခုတော့ ထိုကောင်ကလေးရဲ့ လက်ရာတစ်ခုကို အမှတ်တမဲ့ ကောက်ယူ လာခဲ့ပြီးမှ ထိုကောင်ကလေးဆီမှာ အလွန် ထူခြားထက်မြက်သော Fashion အာရုံခံစားမှု တစ်မျိုးရှိနေ နိုင်သည်ဟု သူမတွေးနေခဲ့မိသည်။

အခုလောလောဆယ်မှာ သူမဦးစီးပြီး လုပ်ကိုင်နေသော Designer နှင့် Wedding Planner အလုပ်တွေသည် သူမတစ်ယောက်တည်းနှင့် ဘယ်လိုမှ မနိုင်တော့လောက် အောင်ကို အလုပ်တွေရဲ့ တောင်းဆိုမှု တွေက သိပ်ကို များ နေခဲ့သည်။ အခု လောလောဆည်မှာ မန္တလေးမှာ လည်း သူမရဲ့ သတို့သမီး ဝတ်စုံနှင့် ဂါဝန်ဆိုင်ခွဲ တစ်ခု ထပ်ဖွင့်ထားခဲ့ပြီးပြီ။ အဲဒါအပြင် . . . . သူမ ကျောင်းတက်ခဲ့သော Korea မှ Fashion Company တစ်ခုနှင့် အဆက်အသွယ် ရကာ သူတို့ Company အတွက် သူမက Designer လုပ်ပေးဖို့ . . . ပြီးတော့ သူမရဲ့ လက်ရာ ဂါဝန်တွေကို Korea အထိ တင်ပို့ဖို့ . . . သူတို့ဆီက ကုန်ကြမ်းပေးပြီး သူမက တာဝန်ယူကာ ချုပ်ပေးရမည့် အလုပ်တွေ အတွက် ကမ်းလှမ်းထားခြင်းလည်း ရှိသေးသည်။ အလုပ်တာဝန်တွေ သိပ်များ လာတော့ . . . . အဲဒိ တာဝန်တွေရဲ့ ဖိစီးမှု ကို သူမ မခံနိုင်တော့။ Korea Company နှင့်လည်း အလုပ်လုပ်ချင်သည်။ သူမက လောဘကြီးတယ်ဘဲ ဆိုဆို သူမရဲ့ လုပ်ငန်းတွေကို ချဲ့နိုင်သလောက် . . . . တိုးချဲ့ပြီး နာမည်ကြီးသထက် ကြီးချင်သေးသည်။ သူမ ကိုယ်တိုင်က လွဲပြီးတော့လည်း ဘယ်သူ့ကိုမှ စိတ်တိုင်းမကျသောကြောင့် Design တွေ မှန်သမျှ သူမ တစ်ယောက်တည်းသာ ဒိုင်ခံ ဆွဲနေခဲ့သည်မှာ တစ်နေ့လျှင် လေးနာရီလောက်သာ သူမ အိပ်ခွင့်ရသည် အထိပင်။ နေ့နေ့ ညည အလုပ်ခွင် ထဲမှာ သာ ဈာန်ဝင်စား မြှုပ်နှံထားခဲ့သော သူမ၏ နှလုံးသားကို ဖျက်ခနဲ နိုးကြားရှင်သန်လာစေ ခဲ့သည်မှာ ထိုကောင်ကလေး ဖြစ်သည်။ ကောင်ကလေးဆီမှာ သူမ မမြငိနိုင်စွမ်းသော အရည်အသွေးတွေ အများ ကြီးပဲ ရှိနေလိမ့်ဦးမည်။ သူမ . . . . သေချာပေါက် သိနေခဲ့သည်။

တစ်ခုခုကို ဖြစ်ချင်ပြီ ဆိုလျှင် ဘယ်တုန်းကမှ တွန့်ဆုတ် နှောင့်နှေး မနေခဲ့သော . . . . စိတ်မြန် လက်မြန် ရှိသည့် ထုံးစံအတိုင်း ညမွှေးလေပြေက masterpiece coffee ဆိုင်ကလေးဆီသို့ ဖုန်းလှမ်းခေါ်လိုက်သည်။ ဆိုင်မန်နေဂျာ နှင့်တွေ့ပြီး အနီရင့် ဆိုသော နာမည်ကလေး တခု ပြောပြလိုက်ရုံနှင့် သူမ လိုချင်တာကို ရခဲ့ပါသည်။

*


အဖြစ်အပျက်က သိပ်မြန်လွန်း နေသလား တော့ မပြောတတ်ပါ။ အနီရင့်သည် အိပ်မက်ထဲမှာ ထိုကောင်မလေးနှင့် ပြန်တွေ့ခဲ့သည်။ အိပ်မက်နေမှန်း သိလျှက်နှင့်ပင် သူအရမ်း ပျော်နေခဲ့သည်။ အိပ်မက်ထဲမှာ ကောင်မလေးရဲ့ အပြုံးတွေက အပြင်မှာ ထက် ပိုပြီးတော့တောင် လှပ အသက်ဝင်နေသေး၏ ။ အဲဒိအချိန်မှာ သူ့ရဲ့ ကိုယ်ခန္ဓာကိုယ် တစ်ယောက်ယောက်က ခပ်ပြင်းပြင်း လှုပ်နှိုး နေတာကို သူခံစားလိုက်ရတယ် ။ အိပ်မက်ထဲမှာ ပင် သူတော်တော် စိတ်ဆိုးသွား၏ ။ အိပ်မက်ကလေးကို မပြီးဆုံးစေချင်သေး ။ ဆက်ပြီးတော့ မက်နေချင်သေးသည် ။ ဘယ်သူကများ ငါ့ကို နှောင့်နှောင့်ယှက်ယှက် လာနှိုးနေရတာ လဲကွာ . . . ။ သူ . . . ဒေါသတကြီးဖြင့် အိပ်မက်ကလေးကို နှမြောတသစွာ အိပ်ရာမှ ဗြုန်းခနဲ လန့်နိုးလာခဲ့သည် ။ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ သူ့အပေါ်မှာ စိုးမိုးနေသော မေမေ့ရဲ့ မျက်နှာကို မြင်လိုက်ရသည် ။ သူ မျက်နှာတစ်ခုလုံး ရှုံ့မဲ့ပစ်လိုက်တာ . . .

“ မေမေကလည်းဗျာ . . . အစောကြီး ရှိသေးတယ် ၊

ဘာဖြစ်လို့ လာနှိုးနေတာလဲ ၊ ဒီမှာ . . . သား အိပ်မက်မက်လို့ကောင်းတုန်း ၊ အိပ်မက်ကလေးကို နှမြောဖို့ကောင်းလိုက်တာ ”

သူ့အသံက အိပ်မှု န်စုံမွှားအသံဖြင့် ကျယ်ကျယ်လောင်လောင် ထွက်လာလျှင် မေမေက သူ့ပါးစပ်ကို အတင်းပိတ်ရင်း . . .

“ ဟဲ့ . . . သား . . . ဧည့်ခန်းထဲမှာ ဧည့်သည်ရောက်နေတယ် ၊ ဘယ်သူလဲဆိုတာ သား ထွက်တွေ့လိုက်ရင် သိပ်အံ့ဩသွားမယ် သိလား . . . ထ ထ . . . မြန်မြန်ထ ၊ အသံပြဲကြီးနဲ့ လျှောက်အော်မနေနဲ့ ”

မေမေက လေသံတိုးတိုးကလေးဖြင့် ပြောရင်း သူ့ကိုလည်း ဇွတ်အတင်းဆွဲထူနေတယ် ။ ဧည့်ခန်းထဲမှာ ဧည့်သည်ရောက်နေတယ်ဆိုတော့ သူ . . . နည်းနည်းတော့ အံ့ဩသွားရသည် ။ ဘယ်က ဧည့်သည်ပါလိမ့် . . . သူ့ဆီကို ဘယ်ဧည့်သည်မှ ဒီလောက်အစောကြီး တစ်ခါမှ မလာဖူးပါဘူး ။ သူ့ သူငယ်ချင်းတွေလည်း အဲဒီ လောက်စောစော ဘယ်သူမှ မလာတတ်ကြ ။ မေမေရဲ့ မျက်နှာက စိတ်လှုပ်ရှားနေတဲ့ မျက်နှာ ။ ပြီးတော့ . . . ပြုံးကာလည်း ပြုံးနေလိုက်သေးတယ် ။

သူ အိပ်ချင်မူးတူးနှင့် ဧည့်ခန်းဆီသို့ ထွက်လာခဲ့မိသည် ။ မေမေ့ဆီက . . .

“ ဟဲ့ . . . ပလုတ်လေး ဘာလေး ကျင်းပြီးမှ ထွက်တွေ့လေ . . . ”

ဟူသော သတိပေးသံကို ဂရုမစိုက်နိုင်အား ။ ဧည့်ခန်းထဲမှာ ခပ်ကြော့ကြော့မော့မော့ ထိုင်နေခဲ့သော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်နှင့် သူရဲ့ အိပ်ချင်စိတ်တွေ လွင့်ခနဲ ထွက်ပြေးကုန်သည် ။ မျက်လုံးတွေ ဝိုင်းစက်ပြူးကျယ်လျက် ထိုအမျိုးသမီးဆီသို့ မယုံနိုင်သလို အံ့ဩမင်တက်ခြင်းဖြင့် ငေးကြည့်နေမိလေသည် ။ သူမကို သူ မသိဘဲ နေပါ့မလား ။ မဂ္ဂဇင်းတွေ . . . ဂျာနယ်တွေရဲ့ စာမျက်နှာတွေပေါ်မှာ အမြဲတမ်း တွေ့နေရတဲ့ နာမည်ကြီး Fashion Designer & Wedding Planner ညမွှေးလေပြေပဲဆိုတာ သူ ချက်ချင်း မှတ်မိပါတယ် ။ Fashion လောကမှာ ထိတ်ထိတ်ကြဲ နာမည်ကြီးနေသော Designer တစ်ယောက်က သူ့ရဲ့ ခပ်ကျဉ်းကျဉ်း တိုက်ခန်းကလေးရဲ့ ဧည့်ခန်းထဲမှာ ထင်ရှားလင်းပစွာ ရောက်ရှိလာလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ဖူးခဲ့ ။ အံ့ဩရင်ခုန်လွန်းမှု ကြောင့် သူ ဘာစကားမှပင် မပြောနိုင်ဘဲ ပါးစပ်အဟောင်းသားဖြင့် သူမကို ငေးကြည့်နေမိခဲ့တယ် ။ သူမက သူ့ကို တစ်ချက်ကြည့်၍ ပြုံးပြလိုက်တာ . . .

“ မင်း . . . ငါနဲ့ Coffee လိုက်သောက်နိုင်ပါ့မလား ”

ဟု သူမက တစ်ခွန်းတည်းသာ လှမ်းပြောလိုက်သည် ။ သူမရဲ့ အသံထဲမှာ အမိန့်သံဆန်သော အထက်စီးနင်းရိပ်မျိုး လွှမ်းမိုးနေသည့်တိုင် အဲဒါကို သူ မခံချင်စိတ် မဖြစ်နိုင်အား ။

“ ဟုတ်ကဲ့ ”

ဟု တစ်ခွန်းတည်းသာ ပြန်ပြောမိလျက် မီးဖိုခန်းထဲသို့ ကပျာကယာပြေးကာ မျက်နှာ ကမန်းကတန်း သစ်ပလုပ် တစ်ချက် နှစ်ချက် ကျင်းခဲ့ကာ အခန်းထဲဝင်ပြီး တီရှပ်တစ်ထည် ခပ်သွက်သွက် လဲဝတ်လိုက်ပြီး သူ ချက်ချင်း ပြန်ထွက်လာခဲ့သည် ။ သူမက မေမေ့ကို နှုတ်ဆက်ပြီး အရှေ့မှဦးဆောင်၍ ဆင်းသွားခဲ့တယ် ။ အဲဒီ အချိန်မှာ ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ သူမကို အားနာ မျက်နှာပူနေသလို ခံစားရသည် ။ သူမရဲ့ အရှိန်အဝါနှင့် ကျော်ကြားမှု တွေလည်း သူတို့ရဲ့ ကန်ထရိုက် တိုက်ခန်းကလေးတွေနှင့် မအပ်စပ်သလိုပဲ သူ့စိတ်ထဲ သူမရဲ့ အရှိန်အဝါကြီးကို အလိုလိုနေရင်း ဖြုံးနေမိခြင်းဖြစ်သည် ။ သူတို့အိမ်ရှေ့မှာ ရပ်ထားသည်က BMW ကော်ဖီဖျော့ရောင် ကားကြီးတစ်စင်း ဖြစ်သည် ။ သူမက ကားရှေ့ခန်း မောင်းသူ နေရာမှာ ဝင်ထိုင်လိုက်တော့ သူ ဘယ်ကို တက်ရမှန်းမသိ ဖြစ်နေလျက် နေရာမှာ ခြေစုံရပ်ကာ ခပ်ကြောင်ကြောင် ကြည့်နေမိဆဲ သူမက . . .

“ ရှေ့ခန်းမှာ လာထိုင်လေ . . . ”

ဟု လှမ်းပြောလိုက်သဖြင့် သူ . . . ကပျာကယာ ကားရှေ့ခန်းတံခါးကို ဖွင့်ကာ ထိုင်လိုက်ရသည် ။ ကားထဲမှာ မွှေးပျံအေးစက်လျက် ဂီတသံတိုးတိုးက လွင့်ပျံ့လျက်ရှိသည် ။ ကားကို သူမကိုယ်တိုင် မောင်းလျက် ကော်ဖီဆိုင် တစ်ခုဆီသို့ ဦးတည်လာခဲ့သည် ။ သူ ဘာတွေဖြစ်ကုန်ပြီမှန်း ကိုယ့်ကိုယ်ကို နားမလည်နိုင် ။ သူမဆီသို့ မျက်ဝန်းထောင့်စွန်းကလေးဖြင့် မသိမသာ ခိုးကြည့်မိရင်း ကိုယ့်ရင်ခုန်သံကိုပင် ကိုယ်ပြန်ကြားနေရလောက်အောင် ရင်ခုန်သံတွေ ကျယ်လောင်မြန်ဆန်လျက်ရှိသည် ။

*


ကော်ဖီဆိုင်ကလေးထဲသို့ ရောက်သည့်တိုင် သူမနေတတ် မထိုင်တတ် . . . . ရှိုးတိုးရှန်းတန်း ဖြစ်ဆဲ။ သူမကတော့ မျက်နှာကလေး ခပ်မော့မော့ . . . . မတ်မတ်ကလေးဖြင့် ကြော့မော့စွာ ရဲဝံ့သော ခြေလှမ်းများ ဖြင့် ကော်ဖီဆိုင်ကလေး ထဲရှိ ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်သည်။ သူက သူမနှင့် တစ်ဝိုင်းတည်း မထိုင်ရဲသလိုမဝံ့ မရဲ ရပ်နေမိဆဲ။ သူမက သူ့ကို မျက်ဝန်းတစ်ဝင့်ဖြင့် မော့ကြည့်လိုက်ကာ . . . .

“ ထိုင်လေ ”

ဟု အမိန့်ပေးလိုက်တော့မှ သူ ထိုင်ရဲသည်။ ဘာဖြစ်လို့ မိန်းမ တစ်ယောက်ကို သူအဲ့သည်လောက် ရှိန်နေတာလဲ . . . . ဟု သူ့ကိုသူလည်း မခံချင် ဘာပဲဖြစ်ဖြစ် . . . . ညမွှေးလေပြေ ဆိုသော အရှိန်အဝါကြီး တစ်ခုက သူ့ကို အလိုလိုနေရင်း သေးနုပ်သိမ်ငယ်သွား စေသည်ကတော့ အမှန်ပင်။ အဲ့ဒါကို သူငြင်းလို့မရ။

“ ကဲ . . . . မင်းသောက်ချင်တာ မှာ လေ၊ ငါကတော့ Espresso ခပ်ပြင်းပြင်းသောက်နေကျ . . . . ”

ညမွှေးလေပြေက ကောင်ကလေးကို ပြောလိုက်ရင်း အနားမှာ လာ ရပ်သော စားပွဲထိုးကလေးကို Espresso နှင့် Sandwich တစ်ပွဲ မှာ လိုက်သည်။ ကောင်ကလေးက ရှိုးတိုးရှန့်တန့် ဟန်ကလေးကပင် သူမအတွက် အတော် စိတ်ဝင်စား စွဲမက်စရာကောင်းနေပြီ။ သူ့ရဲ့ မျက်နှာကလေးဆီမှာ ရိုးသား ဖြူစင်မှု နှင့် အပြစ်ကင်းစင်မှု ကို ညမွှေး အထင်းသား တွေ့နေရသည်။ ကောင်ကလေးက ကော်ဖီကိုမမှာ ရဲ မှာ ရဲ နှင့် ရိုးရိုး နက်စ်ကော်ဖီ တစ်ခွက်သာ မှာ လေသည်။ ထိုကောင်လေးကို ရဲဝံ့ ဖျတ်လတ်လာအောင် . . . . ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု အပြည့်ရှိလာအောင် ညမွှေး ဘယ်လိုများ ပြုပြင် ဖန်ဆင်းယူရ မလဲ။ ကဲ အဲဒါတွေ အသာထားပါလေ . . . နောက်တော့ တဖြည်းဖြည်း ပုံသွင်းယူရမှာ ပေါ့. . . . . ဟု သူမက တွေးလိုက်ကာ ကောင်ကလေး၏ မျက်လုံးများ ထဲသို့ စူးစူးရှရှ ပင် စိုက်ကြည့်နေ လိုက်ရင်း . . . .

“ မင်းရဲ့ အိပ်မက်က . . . . ဘာလဲ ”

ဟု ဆိုင်းမဆင့် ဗုံမဆင့် ဗြုန်းခနဲ လှမ်းမေးလိုက်သည်။

အနီရဲ့ သည် နဲနဲတော့ ကြောင်သွား၏ ။ မင်းရဲ့ အိပ်မက်က ဘာလဲ . . . . ဟု သူမက မေးလိုက်တော့ သူ အိပ်မက်ထဲက ကောင်မလေးကို ဖျတ်ကနဲ သတိရသွားသည်။ အဲ့ဒီ ကောင်မလေးနဲ့ ပျော်ရွှင်ကြည်နူးနေတဲ့ အိပ်မက် အကြောင်းပြောပြလိုက် ရမလား။ ဟား . . . . မဟုတ်သေးပါဘူး။ သူမမေးတာ တခြားဟာ ဖြစ်မှာ ပါ။ အနီရင့်က ညမွှေးလေပြေနှင့် မျက်လုံးချင်း ပြန်ဆုံကြည့်လိုက်မိရင်း . . . .

“ ဘာကို ပြောတာလဲ မသိဘူး ”

ဟု ပြန်မေးလိုက်သည်။ သူမက သူ့ကို စူးစူးရှရှ ပင် စိုက်ကြည့်နေ သည်မှာ တစ်ချက်ကလေးမှ မျက်လုံးလွှဲဖယ် မသွားချေ။ သူကသာ ယောက်ျားလေးတန်မဲ့နှင့် မနေတတ်မထိုင်တတ် ဖြစ်လာသည်။ မျက်လုံးချင်းဆိုမိချိန်မှာ သူကပဲ ကပျာကယာ လွှဲလိုက်ရသည်။ သူမကတော့ လုံးဝ မျက်လုံး လွှဲမသွား။

“ မင်းရဲ့ အိပ်မက်က ဘာလဲလို့ မေးတာ . . . . . နားမလည်ဘူလား၊ ငါဆိုလိုတာက မင်းဘဝမှာ အဖြစ်ချင်ဆုံး ရည်မှန်ချက်က ဘာလဲလို့ မေးနေတာ”

မင်းနဲ့ ငါ ပြောပုံက ရင့်သီးသလို ရှိသော်လည်း သူမ၏ ပြောဟန်က ရင့်သီးရာ မရောက်ပါ။ နားထောင်လို့ တောင်တစ်မျိုးကောင် နေသေးသည် ။ သူမနေရာမှာ တခြားမိန်းမ တစ်ယောက်သာ ဆိုလျှင်တော့ အသားလွတ်ကြီး မင်း နဲ့ ငါ လာပြောကာ အထက်စီးနင်းဆန်ဆန် မျက်နှာပေးနှင့် အပြုအမှု . . . . အမှု အရာ တွေကို သူလုံးဝ သည်းခံ မိမှာ မဟုတ်ချေ။ အခုတော့ ညမွှေးလေပြေ ဖြစ်နေလို့ပဲ အလိုလိုနေရင်း သူက သူမရဲ့ အရှိန်အဝါအောက်မှာ လှိုင်းလုံးတစ်လုံးရဲ့ အောက်သို့အလိုအလျှောက် လိမ့်ဝင်သွားရ သလိုမျိုး အလိုလိုနေရင်းပင် နာခံခေါင်းငုံ့မိလျက်သား ဖြစ်နေသည်။ ဘာဖြစ်လို့လဲဆိုတော့ ညမွှေးလေပြေက သူသိပ်လေးစားရသော သူ့ရဲ့ Ideal တစ်ယောက် . . . . . . Royel Model တစ်ယောက် . . . . Hero တစ်ယောက် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

“ ကျွန်တော် အမှန်အတိုင်းပြောရလျှင် Designer တစ်ယောက်ဖြစ်ချင်တာ Designer အလုပ်ကို ကျွန်တော် အရမ်းဝါသနာပါတယ် . . . . ကျွန်တော် လူပျိုပေါက်အရွယ် ကတည်းက ကျွန်တော်စပြီး စိတ်ဝင်စားခဲ့တာ Designer ပဲ၊ ကျွန်တော့ သူငယ်ချင်းတွေက ကျွန်တော့ကို Designer အလုပ်ကို စိတ်ဝင်စားရပါ့မလား လို့ ယောင်္ကျားမဆန်ဘူး . . . . အခြောက်တို့ ဘာတို့ ပြောခဲ့ဘူတယ် ၊ ဒါပေမယ့် ကျွန်တော်ကတော့ ဘယ်သူတွေ ဘာတွေပြောပြော ဂရုမစိုက်ပါဘူး . . . . ကျွန်တော့စိတ်ထဲမှာ စိတ်ကူးပေါ်လာတာနဲ့ စာရွက်တစ်ရွက်နဲ့ ခဲတံယူပြီး ကျွန်တော့အာရုံထဲက Design တစ်ခုခုကို ကောက်ခြစ်ဆွဲတော့တာပဲ . . . . ကျွန်တော့မှာ ကျွန်တော်ဆွဲထားတဲ့ Design တွေ ထောင်ကျော်နေပြီ၊ Designer ပညာနဲ့ ပတ်သက်လို့ ကျွန်တော့မှာ ဘာအရည်အချင်းမှတော့ မရှိသေးပါဘူး ၊ သင်တန်းတွေ ဘာတွေလဲ မတက်ဖူးဘူး . . . . ကျွန်တော်က စာအုပ်တွေဘာတွေပဲ အဖတ်များ တာ ၊ အားရင်ကျွန်တော် စာကြည့်တိုက်မှာ သွားပြီး ကျွန်တော်လိုချင်တဲ့ စာအုပ်တွေ သွားရှာဖတ်တယ်၊ Design နဲ့ ပတ်သက်တဲ့ စာအုပ်တွေပေါ့ အထူးသဖြင့်.. .. .. နိုင်ငံခြားက Designer တွေရဲ့ Design တွေ . . . . စိတ်ကူတွေ ပြီးတော့ . . . . သူတို့ ဘယ်လို Design တွေ ဆွဲကြသလဲ ဆိုတာကို ကျွန်တော် လေ့လာတယ်၊ ”

အနီရဲ့ သည် စကားပြောနေရင်းမှ သူ့ကိုယ်သူ သတိမထားမိသည့် ကြာမှ အလိုလိုနေရင်း သူမကို ရှိန်နေသော သိမ်ငယ်မှု တွေ ဖျက်ခနဲ ပျောက်သွားကာသူ့ စိတ်ကူး အိပ်မက်တွေ .. . . . မျှော်လင့်ချက်တွေ . . . အနာဂတ်တွေကို တက်တက်ကြွကြွ ဖျက်လတ် ထက်သန်စွာ ပင် ပြောနေမိလျှက်သား ဖြစ်နေသည်။ အဲ့ဒါကို ညမွှေးက ကောင်းကောင်း ရိပ်မိသည်။

“ မင်းရဲ့ ဒီဇိုင်းတွေကို ငါကြည့်ချင်တယ် . . . . မနက်က မင်းဆီက လွင့်ကျကျန်ခဲ့တဲ့ ဒီဇိုင်းတစ်ခုကို ငါတွေ့ပြီးပြီ၊ မင်းဆီမှာ မယုံနိုင်လောက်တဲ့ အစွမ်းအစ တွေ . . . . Talent တွေ ရှိနေလိမ့်မယ်လို့ ငါယူဆကြည့်မိတယ် ၊ အဲ့ဒါကြောင့် မင်းနဲ့ လာဆက်သွယ်တာ၊ မင်းကို တစ်ခုပြောထားမယ် . . . . ဘဝမှာ လူတစ်ယောက် ဖြစ်ချင်လာပြီ ဆိုရင် ဘယ်အရာကမှ သူ့ကို မဖြစ်အောင် တားဆီးထားလို့ မရဘူးဆိုတာပဲ၊ အဲ့ဒိအချက်ကို မင်းခေါင်းထဲ အမြဲထည့်ထားပါ . . . . ငါကတော့ ဖြစ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ သိမ်ငယ်တဲ့ အတွေးမျိုး မင်းဘယ်တော့မှ မတွေးမိစေနဲ့ အဲဒိအတွေးဟာ မင်းကို တစ်သက်လုံး နာလန်မထူအောင် အလဲထိုးမဲ့ .. . . .ရှုံးနိမ့်စေမဲ့ အတွေးမျိုးပဲ၊ လူဆိုတာ ဆင်းရဲသည်ဖြစ်စေ . . . . ချမ်းသာသည် ဖြစ်စေ . . . . အခွင့်အလမ်း ရှိသည်ဖြစ်စေ . . . . မရှိသည် ဖြစ်စေ လူက လုပ်ရင် အားလုံးဖြစ်တယ်၊ အဲဒါ မင်းမမေ့နဲ့ ၊ ငါက အစွမ်းအစရှိတဲ့ သူရဲကောင်းတစ်ယောက်ကို စင်တင်ချင်နေတာ မင်းကို အချိန်မရွေး ကြိုဆိုလက်ကမ်းနေတယ် ဆိုတာ မင်းခေါင်းထဲမှာ ထည့်ထားပါ၊ အကယ်၍ မင်းရဲ့ အိပ်မက်တွေကို ငါက တကယ် ဖြစ်လာအောင် ဖန်ဆင်းပေးနိုင်တယ်လို့ မင်းယုံကြည်တယ်ဆိုရင် အချိန်မရွေး ငါ့ဆီလာတွေ့ နိုင်တယ် . . . . ဟောဒီမှာ ငါ့ရဲ့ လိပ်စာကတ် . . . . . ”

ညမွှေးလေပြေက . . . . သူမရဲ့ လိပ်စာကတ်ပြားကလေးကို သူ့ရှေ့သို့ ချပေးလိုက်သည်။ သူမ ပြောသွားခဲ့သော စကားတွေထဲမှ . . . . . စွမ်းအင်တစ်မျိုး သူရလိုက်သလိုပင်။ အမြဲတမ်း . . . . သူအထင်ကြီး အားကျခဲ့ရသော သူ့ရဲ့ Role Model အမျိုးသမီးတစ်ယောက်က နတ်ဖန်ဆင်းလိုက်သလို သူ့ရှေ့သို့ အလိုအလျှောက် ရောက်ရှိလာခဲ့သည်မှာ မယုံနိုင်စရာ ကောင်းလောက်အောင် ကို အိပ်မက်ဆန်လွန်းနေသည်။ အဲ့ဒိခဏမှာ သူ အလိုလို ရဲရင့်ထက်မြက် လာသလိုပင်။ သူ့ကိုသူ သိမ်ငယ်သော မရွံ့ရဲစိတ်တွေ ဖျက်ခနဲ လွင့်စင်ကုန်သည်။ အဲဒိအမျိုးသမီးဆီက စွမ်းအားတွေ သူလိုချင်လိုက်တာ . . . . ။ တကယ်ပဲ . . . . လိုတရ ပြီးပြည့်စုံနေတဲ့ မျက်လုံးတွေ . . . . ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချ အားကိုးမှု အပြည့်ရှိတဲ့ မျက်လုံးတွေ . . . . သူမလုပ်တာမှန်သမျှ ဘာမဆို ဖြစ်နိုင်တယ် ဆိုသောသေချာမှု တွေ ပါဝင်တဲ့ ရဲဝံ့ထက်မြက်တဲ့ မျက်လုံးတွေ . . . . အဲ့ဒိမျက်လုံးတွေက သူ့ကို အကြီးအကျယ်ကို ဖမ်းစားပစ်လိုက်ပါသည်။

သူမက ကော်ဖီသောက်ပြီး သွားချိန်မှာ သူ့မျက်နှာဆီ ခပ်စူးစူး စိုက်ကြည့်လျက် . . ..

“ ကဲ . . . မင်းဘာပြောချင်တာ ရှိသေးလဲ ”

ဟု ကော်ဖီကို လက်စသတ်လိုက်ပြီး မေး၏ ။ အမှန်အတိုင်း ပြောရလျှင်အဲဒီ အချိန်မှာ သူ့ရင်ထဲမှာ ပြောချင်တာတွေက အများ ကြီး။ ဘယ်ကနေ ဘယ်လိုစတင်ပြီး ပြောရမှန်းတာ မသိတာ။ သူမရဲ့ မျက်နှာကိုတောင် ရဲရဲ ရင်မဆိုင်ဝံ့သော ကိုယ်ရဲ့ အခြေအနေကို မချင့်မရဲ ဖြစ်စွာ နှင့် ပြောချင်သည့် စကားတွေ အားလုံးလည်း လည်ချောင်း ဝ, ကနေ ပြန်လည်လျှောဆင်း နစ်မြုပ်ကုန်ကာ . . .

“ ဟင့်အင်း . . . ကျွန်တော် ဘာမှ ပြောစရာ မရှိပါဘူး မမ . . . ကျွန်တော် သိပ်အံ့ဩနေတာပဲ ရှိပါတယ် ”

ဟုသာ ရယ်သံ ခပ်တိုးတိုးဖြင့် ပြန်ဖြေလိုက်ရသည် ။ တကယ်တမ်းတော့ သူ ပြောချင်တာအဲ့ဒီစကားမဟုတ် ။ သူ သူမနှင့် စကားတွေ အများ ကြီး ပြောချင်သေးသည် ။ ခုချိန်မှာ သူ မပြောရဲသေး ။

“ ဒါဆိုရင် ကောင်းပြီလေ . . . ငါပြန်တော့မယ် ၊ မင်းစိတ်ထဲမှာ ငါ့ရဲ့ အကူအညီကိုလိုအပ်လာပြီလို့ ထင်တာနဲ့ အချိန်မရွေး ငါ့ရဲ့ ရုံးခန်းကို လာလို့ရတယ် ၊ ဟုတ်ပြီနော် . . . ဒါပဲ . . . ကဲ . . . ငါသွားမယ် ”

ညမွှေးလေပြေက စားပွဲပေါ်မှာ တစ်ထောင်တန်နှစ်ရွက်ကို တင်ပစ်ခဲ့ပြီး အလာတုန်းကလိုပဲ ဘယ်သူ့ကိုမှ ဂရုမစိုက်သော ဦးမော့နေသည့် ကိုယ့်နေဟန်ထားဖြင့် ကြော့ကြော့ မော့မော့ ဆိုင်ထဲမှ ထွက်သွားသည် ။ သူမကို မှတ်မိနေကြဟန်ရှိသော လူတွေအားလုံးက သူမနောက်သို့ သမင်လည်ပြန် အကြည့်များ ဖြင့် ကြည့်လျက် တီးတိုးစကားတွေဖြင့် ကျန်ရစ်ခဲ့သည် ။ သူတစ်ယောက်တည်း ဆိုင်ထဲမှာ ငေါင်းစင်းစင်း ။ သို့ သော် . . . ရင်ကတော့ ထိမ်းမနိုင် သိမ်းမရအောင်ပင် ခုန်နေ၏ ။ သူ့အတွက် သူ့တစ်သက်ယောင်လို့ပင် အိပ်မက် မမက်ခဲ့ဖူးသော ဧရာမ အခွင့်အရေး တံခါးကြီးတစ်ချပ် ပွင့်ဟလျက်ရှိသည်ကို သူ လှမ်းမြင်နေရပြီ ။ အဲဒီ တံခါးဆီကနေ သူ လျှောက်သွားလျှင်မိုးထိအောင် မြင့်မားလွန်းလှသော လှေကားကြီးထစ်ကြီး တစ်ခုက သူ့ကို စောင့်ကြိုနေသည် ။ အဲဒီ လှေကားထစ်ဟာ အောင်မြင်မှု ရဲ့ လှေကားထစ်တွေပဲ ။ သူလိုလူတစ်ယောက်ဆီ . . . ညမွှေးလေပြေလို မြန်မာနိုင်ငံရဲ့ ထိတ်ထိတ်ကြဲ အကျော်အမော်Designer တစ်ယောက်က လာတွေ့ရသည် ဆိုသည်မှာ တစ်ယောက်ယောက်ကိုသူ ပြန်ပြောပြလျှင်ပင် ယုံကြည်ကြလိမ့်မည် မဟုတ် ။ သူကိုယ်တိုင်ပင်အခုထက်ထိ မယုံကြည်နိုင်သေး ။

အိပ်မက်ထဲမှာ လမ်းလျှောက်နေရသူတစ်ယောက်လို ခြေလှမ်းများ ဖြင့် သူအိမ်သို့ ပြန်လာခဲ့သည် ။ မေမေက စိတ်လှုပ်ရှား သိချင်ပြင်းပြလွန်းစွာ ဖြင့် . . . သူ့ကိုစောင့်မျှော်နေခဲ့သည် ။

“ ဘာတဲ့လဲ သား . . . အဲဒီ မိန်းကလေးက ဘာတဲ့လဲ ”

မေမေ့ရဲ့ အမေးကို သူက မေမေ့လိုပင် စိတ်လှုပ်ရှားနေသော အသံဖြင့် ပြန်ပြောလိုက်သည် ။

“ ကျွန်တော့်ကို သူနဲ့ ပူးပေါင်းပြီး အလုပ်လုပ်ဖို့ လာကမ်းလှမ်းတာ မေမေ ”

သူ့စကားက အနည်းငယ်တော့ ကြီးကျယ်ချင်ကြီးကျယ်နေလိမ့်မည် ။ သို့ သော် . . . ဒါအမှန်ပဲ မဟုတ်လား ။ ညမွှေးလေပြေလို နာမည်ကြီး အမျိုးသမီးတစ်ယောက်က သူမအတွက် အကျိုးအမြတ် ရစရာမရှိဘဲ သူလို ဘာမဟုတ်သည့် ပါမွှား ကောင်လေးတစ်ယောက်ကို မနက်စောစောစီးစီး တကူးတက လာတွေ့စရာ ဘာအကြောင်းမှ မရှိချေ ။

“ အို . . . ငါ့သား ကံကောင်းလိုက်တာ ၊ ကြည့်စမ်း . . . မေမေ ဒါကြောင့် အိပ်မက်တွေ ဆက်တိုက် မက်နေတာကို ၊ အိပ်မက်ထဲမှာ မေမေ့သားက နာမည်ကြီး Designer တစ်ယောက် ဖြစ်နေပြီတဲ့ ၊ မေမေ့ အိပ်မက်တွေထဲကအတိုင်း သား ဆန္ဒတွေ တကယ်ဖြစ်လာတော့မှာ ပေါ့ ၊ ကြည့်စမ်း . . . မယုံနိုင်စရာ ကောင်းလိုက်တာ ၊ ဒါနဲ့ သားကို သူ ဘယ်လိုလုပ်ပြီး ရှာတွေ့သွားခဲ့တာလဲ ”

မေမေ့ရဲ့ မေးခွန်းကို သူ ဘယ်လိုပြန်ဖြေရမည်မသိ ။ သူကိုယ်တိုင်လည်း အဲဒီ မေးခွန်းကို ဖြေဖို့အတွက် နည်းနည်းတော့ ဘဝင်မြင့်လျက်ရှိသည် ။ မေမေ့ကို သားအမိအချင်းချင်းပင် သူက ခပ်ဝင့်ကြွားကြွားကလေး ပြုံးပြလိုက်လျက် . . .

“ ပညာရှင်ဆိုတော့ ဒီလိုပဲပေါ့ မေမေ ၊ မနေ့က ဆိုင်မှာ ကောင်မလေး တစ်ယောက်နဲ့ ဝင်တိုက်မိပြီး ကျွန်တော့်ရဲ့ Design ဆွဲထားတဲ့ စာရွက်တွေ လွင့်ကျကုန်တယ် ၊ အဲဒီ အထဲက တစ်ရွက်ကို သူ ကောက်ရသွားခဲ့တာ ၊ ကျွန်တော့်လက်ရာကို သူ့ဘာသာသူ သုံးသပ် အကဲဖြတ်ပြီး ကျွန်တော့်ကို လာဆက်သွယ်တာပေါ့ မေမေ . . . ”

မေမေက သူ့သားအတွက် ဂုဏ်ယူကျေနပ်သော အပြုံးမျက်နှာကလေးဖြင့် သူ့ကိုရင်ခွင့်ထဲသို့ ဆွဲသွင်းလိုက်ကာ သူ့ဆံပင်တွေကို ချစ်စနိုး ပွတ်သပ်ပေးနေရင်း . . .

“ မေမေ ယုံကြည်ပြီးသားပါ . . . ငါ့သားဟာ ပါရမီထူးပြီးသား ၊ အခြေအနေ အခွင့်အရေး မပေးသေးလို့သာ ဒီလို အခြေအနေမျိုးမှာ နေနေရတာ ၊ မေမေကြိုပြီး ဟောကိန်းထုတ်လိုက်မယ် . . . တစ်နေ့နေ့မှာ ငါ့သားဟာ သားဖြစ်ချင်တဲ့အတိုင်း ထင်ရှားကျော်ကြားတဲ့ Designer တစ်ယောက် ဖြစ်ကို ဖြစ်နေစေရမယ် ”

သူမေမေ့ရင်ခွင်ထဲမှာ ကလေးတစ်ယောက်လို သဘောကျစွာ ရယ်မောလျက် . . .

“ ကျွန်တော်လည်း အဲဒီ အတိုင်း မျှော်လင့်ထားပါတယ် မေမေ . . . ”

*


သူ့စိတ်ထဲမှာ တိုက်ပွဲတစ်ခု ဖြစ်ထွန်းလျက်ရှိသည် ။ တစ်ဖက်က မမ ညမွှေးလေပြေဆီသို့ နောက်တစ်နေ့မှာ ချက်ချင်း သွားတွေ့လိုက်ချင်သောစိတ် ဖြစ်ပြီး . . . တစ်ဖက်မှာ တော့ ချက်ချင်းလိုက်သွားရင် သိပ် အငမ်းမရ က္ကနြေ္ဒ မဆည်နိုင်ရာများ ကျနေမလားဆိုသော တားမြစ်စိတ်ဖြစ်သည် ။ ထို စိတ်နှစ်စိတ်က သူ့ရင်ထဲမှာ အကြီးအကျယ်တိုက်ပွဲ ဆင်နွှဲလျက်ရှိကာ သူ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ နေမထိထိုင်မသာနှင့် ဇဝေဇဝါ ဖြစ်နေသည် ။ ဒီအခွင့်အရေးကြီးဟာ သူ့အတွက် နည်းနည်းနောနောမှ မဟုတ်တာ ။ ဘာဖြစ်လို့ အဲဒီ အခွင့်အရေးကို နှောင့်နှေး အချိန်ဆွဲထားရမလဲ ။ နောက်တစ်နေ့ ချက်ချင်းပဲ သူ သွားတွေ့ပစ်လိုက်ချင်သည် ။ သူ ဆွဲထားခဲ့တာ Design စာရွက်တွေအားလုံးကို သပ်သပ်ရပ်ရပ် စုစည်းကာ ဖိုင်တွဲ တွေဖြင့် စနစ်တကျခွဲလျက် ဖိုင်တွဲ ငါးတွဲ ထွက်လာသည် ။ သူ့ရဲ့ စိတ်ကူးထဲက Design တွေကို မမ ညမွှေးလေပြေဆီသို့ သူပြချင်လှပြီ ။ သူ့ရဲ့ လက်ရာတွေကို မြင်လျှင် သူမ ဘာပြောမည်လဲ ။ ချီးမွမ်းမှာ လား . . . ခပ်တည်တည် မျက်နှာထားတင်းတင်းနဲ့ . . .

“ မင်းလက်ရာတွေ အရည်အသွေး မမှီသေးဘူး ”

လို့ ခေါင်းခါငြင်းပယ်လိုက်မှာ လား . . . သူဝေခွဲမရပါ ။ နောက်ဆုံးမှာ တော့ သူအဖြေတစ်ခု ရသွားသည် ။ တစ်ပတ်လောက်တော့ အောက်အီးမျိုသိပ်ပြီး နေကြည့်ဖို့ ဆုံးဖြတ်လိုက်သည် ။ ဟုတ်တယ် . . . ချက်ချင်း သွားတွေ့လိုက်ရင် သူ့ရဲ့ တန်ဘိုးကို တစ်ဖက်က ပိုပြီးလျှော့တွက် အထင်သေးသွားလိမ့်မယ် ။ ထိုအတွေးဖြင့် မမကို သွားတွေ့ဖို့ သူ တစ်ပတ်တိတိ အားမွေးထားလိုက်သည် ။ ဒီတစ်ခါ မမနဲ့ ဆုံတဲ့အခါ သူပြောချင်တဲ့ စကားတွေကိုရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသားပြောပြနိုင်တဲ့ သတ္တိမျိုး သူ့မှာ အဆင်သင့် ရှိနေစေရမယ် ။ မမရဲ့ အောင်မြင်ထည်ဝါနေတဲ့ အရှိန်အဝါနဲ့ . . . မင်းနဲ့ ငါ ဆိုတဲ့ အထက်စီးနင်း အသုံးအနှုန်းနဲ့ တားမြစ်ထားတဲ့ စည်း တစ်ခုရဲ့ အောက်မှာ သူ အလိုလို နေရင်း သိမ်ငယ်နေစရာမလို ။ မမကို သူမျက်လုံးချင်းရင်ဆိုင်ပြီး သူဖြစ်ချင်တာတွေကို ပြောပြနိုင်စွမ်းရှိဖို့တစ်ပတ်တိတိတော့ သူ အချိန်ယူမှဖြစ်မည် ။

အခန်း(၂)

ထိုအချိန်က မိုးဦးညလေးတို့ သူငယ်ချင်းတစ်သိုက် လမ်းထဲမှာ ထုပ်ဆီးတိုးတမ်း ကစားနေကြချိန်ဖြစ်သည် ။ အခုအချိန်အထိ သူမတို့ သူငယ်ချင်းတွေ ညနေတိုင်း ထုပ်ဆီးတိုးတမ်း ဖြစ်ဖြစ် ၊ စိန်ပြေးတမ်း ဖြစ်ဖြစ် ၊ ကြက်တောင်ရိုက်တမ်းဖြစ်ဖြစ် . . .

ကစားနည်းတစ်မျိုးမဟုတ် တစ်မျိုးတော့ ကစားနေကြဖြစ်သည် ။ သူငယ်ချင်းတွေ အားလုံး ဆယ်တန်းအောင်ထားပြီးသားအရွယ်တွေ ဖြစ်သောကြောင့် အရွယ်လည်း ညီကာ ကစားဆန်စိတ် မပျောက်သေးတာလဲ အတူတူပင် ။ တစ်ယောက်နှင့် တစ်ယောက် အော်ကြီးဟစ်ကျယ် တွန်းထိုးအော်ဟစ်ရင်း ထုပ်စီးတိုးပွဲက အကြီးအကျယ် စည်ကားလျက်ရှိစဉ် သူမတို့ လမ်းထဲသို့ ဝင်လာသော Land Cruiser နိုးနှစ်ရောင်ကားကြီးက သူမတို့ရဲ့ ကစားပွဲကို ခဏတဖြုတ် နှောင့်ယှက်ဖျက်ဆီးပစ်လိုက်သည် ။ လူတွေအားလုံးရဲ့ စိတ်ဝင်စားမှု က ထို Land Cruiser ဆီသို့ ဝိုင်းအုံ ရောက်သွားကြတာရယ် . . .

ပြီးတော့ Land Cruiser ကြီးဝင်လာသောကြောင့် သူမတို့ကစားနေရာမှ ရပ်တန့်ပစ်လိုက်ရကာ လမ်းမပေါ်မှာ စည်းတားပြီး ကစားနေကြခြင်းမို့ ကားကို လမ်းဖယ်ပေးလိုက်ရသည့်အတွက်ရယ် ထိုနှစ်ချက်ကြောင့် မိုးဦးညတို့ရဲ့ ကစားပွဲက ခဏတဖြုတ် ပျက်စီးသွားရခြင်းဖြစ်သည် ။ မိုးဦးညအပါအဝင် သူမ သူငယ်ချင်းတွေ အားလုံးက Land Cruiser ကားကြီးထဲသို့ အလုအယ်က စိတ်ဝင်တစား ဝိုင်းပြုံလှမ်းကြည့်ကာ ကားထဲမှာ မင်းသားတစ်ယောက်ယောက် . . . သို့ မဟုတ် မင်းသမီး တစ်ယောက်ယောက် . . . အဆိုတော် တစ်ယောက်ယောက် များ ပါမလားဟူသောစိတ်ဝင်စားမှု တွေ အလုံးအရင်းဖြင့် သူမတို့ရဲ့ ကစားပွဲကို ကလေးတွေအားလုံးက ပထမတော့ သူမတို့ ထုပ်စီးတိုးနေတာကို ပွဲတစ်ခုပမာ စိတ်ဝင်တစား ဝိုင်းအုံကြည့်နေရာကနေ ထိုကားကြီးနောက်သို ဟေးခနဲ သံပြိုင်အော်ဟစ်ကာ လိုက်ပါသွားကြသလို သူမတို့ တစ်အုပ်စုလုံး၏ ဦးခေါင်းတွေလည်း ထိုကားကြီးနောက်သို့ သမင်လည်ပြန် ပါသွားကြသည် ။

မိုးဦးညတို့ရဲ့ လမ်းထဲမှာ ကြော်ငြာ ပန်းချီကားတွေ ဆွဲနေသော ပန်းချီအဖွဲ့တစ်ဖွဲ့ရှိနေသည်မို့ သူမတို့လမ်းထဲကို ရုပ်ရှင်မင်းသား . . . မင်းသမီးတွေ . . . ဒါရိုက်တာတွေ . . . အဆိုတော်တွေ မကြာခဏ လာလေ့ရှိတတ်ပါသည် ။ အခုလည်း Land Cruiser ကြီးဝင်လာပြီ ဆိုကတည်းက ကားထဲမှာ တစ်ယောက်ယောက်တော့ ပါလာပြီဆိုတာအားလုံးက စိတ်ဝင်တစား သိထားပြီးဖြစ်သည် ။

“ ဟာ . . . အဆိုတော် နေသန်ကွ ၊ ဟာ . . . အော်တိုရေးခိုင်းရအောင် . . . လာ . . . လာ ”

ရှေ့ဆုံးကနေ ဦးအောင်အော်ပြီး ဦးဆောင်၍ ပြေးသူက ဖြူစင်ဖြစ်သည် ။ ထုပ်စီးတိုးနေသော တစ်အုပ်စုလုံး အဆိုတော် နေသန်၏ ကားကြီးနားသို့ အလုအယက်ပင် ဝိုင်းအုံရောက်ရှိသွားတော့သည် ။ ကလေးတွေလည်း ကျိတ်ကျိတ်တိုးနေသည် ။ မိုးဦးညလည်း လူအုပ်ကြားထဲ အပြေးအလွှားရောက်ရှိသွားကာ သူများ တွေလိုပဲ အော်တိုရေးခိုင်းဖို့ အသည်းအသန် ကြိုးစားနေမိလေသည် ။ ကလေးတွေက အင်္ကျီတွေမှာ အဆိုတော်နေသန်ရဲ့ လက်မှတ်တွေ ထိုးခိုင်းကြသလို တချို့လည်း လက်ဖဝါးဖြန့်ကာ လက်မှာ ရေးထိုးခိုင်းနေကြသည် ။ သူမရဲ့ သူငယ်ချင်းတွေကတော့ လက်ဖဝါးမှာ . . . လက်မောင်းမှာ . . . အင်္ကျီမှာ စသဖြင့်အသီးသီး လက်မှတ် ထိုးခိုင်းနေကြသည် ။ သူမအလှည့် ရောက်လာသောအခါ မိုးဦးညကအပြေးအလွှားကလေး စဉ်းစားလိုက်သည် ။ သူများ တွေနှင့် မတူအောင် ဘယ်နေရာမှာ ထိုးခိုင်းရင်ကောင်းမလဲ ။ ချက်ချင်းပင် စိတ်ကူးပေါ်လာကာ . . . . . သူမက မျက်လုံးကလေးတွေ ရယ်ရွှင်မြူးရိပ် သန်းလာလျက် ရုတ်တရက် ပါးနှစ်ဖက်ကို ဖောင်းပစ်လိုက်ကာ ညာဘက် ပါးပြင်ဆီသို့ လက်ညှိုးကလေး ထိုးပြလိုက် ရင်း . . . . .

“ ဒီနေရာမှာ ထိုးပေးပါ . . . . ”

ဟု ရယ်သံချိုချို ကလေးဖြင့် အော်လိုက်သည်။

ကလေးတွေနဲ့ ခုနက လမ်းမ အလယ်ခေါင်မှာ မကြီးမငယ်နဲ့ ထုပ်စီးတိုးတမ်း ကစာနေကြသော ဆယ်ကျော်သက်အရွယ် မိန်ကလေး တစ်သိုက်ကို လက်မအားနိုင် လောက်အောင် လက်မှတ်တွေ ထိုးပေးနေရသော နေသန်က ရုတ်တရက် အနားသို့ ရောက်လာသော ထိုမိန်းကလေးကို အနီးကပ် မြင်လိုက် ရစဉ်မှာ အရမ်းလှတဲ့ ကောင်မလေးပါလားဟု . . . . ချက်ချင်း သတိပြုမိသွားသည်။ မျက်လုံးကြီးတွေက ဝိုင်းစက် ရွှန်းနက်ကာ မျက်အိမ် ကျယ်ဝန်းလှသော မျက်နက်ဝန်းတွေက မျက်တောင်မည်းမည်း ကော့ကော့တွင် ထူထည်းစွာ ဝိုင်းရံဘောင်ခတ်ထားင်္ပြး တဖိတ်ဖိတ် ရွှန်းလဲ့နေသည်။ နှာတံကလေးက ဖြောင့်စင်း ကော့ပျံလျက် နှာသီးဖျားကလေးမှာ လုံးဝန်းသွားဟန်က ချစ်စရာကလေး၊ ပြီးတော့ . . . . နှုတ်ခမ်းကလေးက ပန်းချီဆွဲထားသလို နှင်းဆီဖူးဖူးကလေး တင်ထားသည့်နှယ် . . . . . .ပန်းသွေးရောင် လွှမ်းလျက် ဖောင်းဖောင်းအိ ကလေးနှင့် ဖူးကြွနေသည်။ ကလေးလိုသာကစား နေတာ . . . . အရပ်ကြီးက အရှည်ကြီး။ အုပ်စုထဲမှာ သူ၏ အရပ်က အရှည်ဆုံးဖြစ်သည်။ ဝတ်ထားတာက ဒူးဖုံရုံ အိမ်နေရင်း ဂါဝန် ပန်နုရောင် ချည်ထည်ကလေးပေမယ့် သူမ၏ ဖြူစင်ဝင်းမွတ်သော အလှက ထင်ရှားလွန်းနေသည်။ အသားက ဆင်စွယ်ရောင် သန်းနေသည်။ မျက်နှာ ကလေးကြည့်လိုက် ယုံနှင့်တင် အလွန်ကလေးဆန်မည့် ကောင်မလေးမှန်း သူချက်ချင်းနားလည် လိုက်ပါသည်။ ဆံပင်တွေက မွေးရာပါ တွန့်လိမ်ဖွာရရာ ထူထူတွေကို အနောက်ကနေ ဖားပါးစပ်ကြီးနှင့် ညှပ်ထားသောကြောင့် ကပို ကရိုကလေး ဖြစ်နေပေမယ့် သိပ်ပြီးလှနေသော ထိုကောင်မလေးကို သူတော်တော် ကလေး ကြာအောင်ပင် ငေးစိုက်ကြည့်မိသွားသည်။ ပိုပြီး ရင်ခုန်ချင်စရာကောင်း သည်က သူများ တွေလို . . . လက်တို့ . . . အင်္ကျီတို့နေရာတွေမှာ လက်မှတ်ရေးထိုး ခိုင်နေခြင်း မဟုတ်ဘဲ ပါးနှစ်ဖက်ကို ဖောင်ထားကာ ထိုပါးပြင်ပေါ်မှာ လက်မှတ်ထိုးခိုင်နေခြင်းမို့ သူရယ်လည်း ရယ်ချင်ကာ . . . ပျော်လည်း ပျော်သွားသည်။ သူမ၏ ပါးပြင်နုနုကလေးပေါ်သို့ သူ့ရဲ့ လက်မှတ်ကို ညင်ညင်သာသာ ကလေး ရေးထိုးပေးလိုက်တော့ သူမက သဘောကျစွာ ခစ်ခနဲ ရယ်မောလိုက်လေသည်။ ရယ်လိုက်တော့မှ ညာဖက်ပါးပြင်ပေါ်မှာ ပါးချိုင့်ကလေး တစ်ဖက် ထင်းခနဲ ပေးလွင်သွားသည်မို့ ကောင်မလေး၏ အလှက ပို၍ ရင်ခုန်ချင်စရာ ကောင်သွား သည်။သူ့တစ်သက်မှာ ဒီလောက် အပြစ်ကင်းစွာ လှလွန်းတဲ့ မိန်းကလေးမျိုး သူ တကယ်ကို မတွေ့ခဲ့ဖူးဘူး။

“ မင်းနာမည် ဘယ်လိုခေါ်လဲ ဟင် . . . .”

သူဟန်ပင် မဆောင်နိုင်ဘဲ သူမရဲ့ နာမည်ကို မေးလိုက်မိတော့ မိုးဦးည က ကလေးဆန်ဆန် ပြုံးရင်း . . . .

“ မိုးဦးညလေး . . . . ”

ဟု အဖြေပေးကာ ချာခနဲ လှည့်ထွက်လျက် ထွက်ပြေးသွားတော့သည်။ သူမနောက်မှ သူမ၏ သူငယ်ချင်းတွေ တစ်အုပ်စုကြီး ပြန်ပါသွားကြကာ ထိုအုပ်စုက ဆက်ပြီး ထုပ်ဆီးတိုးတမ်း ကစားနေကြသည်။

သူက . . . သူ့စီးရီး ပိုစတာအတွက် ပန်းချီဆရာနှင့် စကားပြောနေရင်း သူမတို့ အုပ်စု ကစားနေရာဆီသို့ မကြာခဏ ဆိုသလိုပင် လှမ်း၍ ငေးစိုက်ကြည့်မိ သည်။ ပန်းချီဆရာကပင် သူ့ရဲ့ အဖြစ်ကို ရိပ်မိဟန်တူကာ သူ့ကို ပန်းချီခန်းထဲ သို့ ပင် မခေါ်တော့ဘဲ အိမ်ရှေ့မှာ တင် ရပ်လျက် စကားပြော နေကြခြင်း ဖြစ် သည်။

“ အဲ့ဒီ ကောင်မလေးက တော်တော်ကို ချောတာဗျ၊ ဒီရပ်ကွက်ထဲမှာ တော့ သူအချောဆုံးဘဲ၊ ဒါပေမယ့် . . . . ကလေးဆန်လွန်းလို့ ဘယ်ကောင်လေးမှ သူ့ကို ချဉ်းကပ်လို့ မရဘူး၊ သူ့နောက်လိုက်သမျှ ကောင်လေးတိုင်ကို သူက ဖမ်းပြီး သူငယ်ချင်းလုပ်ပစ် လိုက်တာချဉ်းပဲ . . . .”

ပန်းချီဆရာက အလုပ်ကိစ္စ ပြောပြီးချိန်မှာ သူမအကြောင်း သူသိထားသလောက် ပြောပြဖော်ရသည်။ သူထပ်ပြီး မိုးဦးညလေးဆီသို့ စူးစူးနစ်နစ်ပင် လှမ်း၍ စိုက်ကြည့်နေခဲ့မိသည်။ ပြေးလွှားနေသောကြောင့် ဖားပါးစပ်ကြီး ညှပ်ထားသည့် ကြာကနေ သူမ၏ ဆံပင်တွေက ဖွာရရာ ကျာကာ လေထဲမှာ တလွင့်လွင့် ဖြစ်နေသည်။ ပါးချိုင့် ကလေးပေါ်အောင် အော်ဟစ်ရင်း . . . . ပြေးလွှားခုန်ပေါက်ရင်း ကလေးဆန်ဆန် အဆော့သန်နေသော ထိုကောင်မလေးကို ဘာကြောင့်မှန်းမသိ သူမြင်မြင်ချင်းပင် ရင်ခုန် စွဲမက် သွားခဲ့မိခြင်း ဖြစ်သည်။ သူမကို ကားပေါ်မှ ထိုင်ကာငေး ကြည့်နေမိရင်း သူမနှင့် ပတ်သက်သော သီချင်းစာသား အချို့ သူ့ခေါင်းထဲသို့ စီးဆင်း ဝင်ရောက်လာသည်။ သူမကိုကြည့်ပြီး သီချင်းတစ်ပုဒ် စပ်ချင်စိတ်ပင် ပေါက်လာ၏ ။ ကောင်မလေးသည် ဘေးဘီကို လှည့်မကြည့်တော့ဘဲ အဆော့သာ မက်နေတော့သည်။ သူ့ကား ဖြေးဖြေးချင်း ပြန်ထွက်လာတော့မှ ကားကိုလမ်း ဖယ်ပေးသည့် အနေနှင့် လမ်းဘေးသို့ လူစုချဲပေးကြကာ သူများ တွေ သူ့ကားကို ကြည့်ပြီး တဟေးဟေး အော်ကာ လက်ဝှေ့ယမ်းပြနေသလို သူမကလည်း ခုန်ဆွခုန်ဆွ ကလေးနှင့် ဟေးခနဲ အော်ကာ သူ့ကို လက်ဝှေ့ယမ်း ပြနေခဲ့သည်။ သူမ၏ ပုံရိပ်ကလေးကို ကားနောက်ကြည့်မှန် ကနေတစ်ဆင့် သူမျက်တောင်မခတ် ငေးမော ကြည့်ခဲ့မိရင်း သူ့နှုတ်ခမ်း ဆီမှာ ကြည်နှုး ရင်ခုန်သော အပြုံးတစ်စက ခိုတွဲ လျက် ပါလာသည်။ ထိုအပြုံးက သူ့နှုတ်ခမ်းပေါ်မှ တော်တော်နှင့် ပြယ်လွင့် မသွားခဲ့ချေ။

*


နောက်တနေ့ သူမတို့လမ်းထဲသို့ သူရောက်ခဲ့မိ ပြန်သည်။ သူမကို တွေ့ချင်သော စိတ်တခုတည်းဖြင့် သူ ထိုလမ်းထဲသို့ တမင်တကာ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ဒီနေ့တော့ မျှော်လင့်ထား သလို သူမတို့ ကစားနေသည်ကို မတွေ့ရပါ။ လမ်းထဲမှ ကလေးအချို့သာ ဘောလုံးကန် နေကြသည်။ သူ ပန်းချီဆရာ အိမ်ရှေ့မှာ ကားရပ်လိုက်ပြီး ပန်းချီခန်းထဲသို့ ဝင်လာခဲ့မိသည်။

“ ဟာ . . . ကိုနေသန် . . . မနေ့က ဘာများ မှာ ဖို့ ကျန်ခဲ့လို့လည်း၊ ဓါတ်ပုံတွေလည်း ကျွန်တော့ကို ပေးပြီးသားလေ ”

ပန်းချီဆရာက သူ့ကိုမြင်တော့ အံ့သြနေသည်။ သူ ရုတ်တရက် မျက်နှာမထားတတ် သလို မျက်နှာပူ သွားကာ ရှက်ကိုးရှက်ကန်း တစ်ချက် ရယ်မိ ရင်း. . . .

“ ကျွန်တော်မှာ ဖို့ ဘာမှ မကျန်ပါဘူ . . . တမင်သက်သက် လမ်းကြုံလို့ ဝင်လာခဲ့တာ၊ ခင်ဗျားကို တစ်ခု မေးစရာ ရှိလို့ ”

သူ့မျက်နှာ ပေါ်မှာ ဖြတိပြေးသွားသော ရှက်ကိုးရှက်ကန်း ရှိုးတိုးရှန့်တန့် အရိပ်တချို့ကို ကြည့်ပြီး ပန်းချီဆရာ က နည်းနည်း သဘောပေါက်သွားသလို ပြုံးရယ်လိုက်ကာ . . . .

“ မေး မေး . . . . ဘာ မေးမလို့လည်း ကိုနေသန် မိုးဦးညလေး အကြောင်း လား ”

ဟု တန်းခနဲပင် ပြန်မေး၏ သူအသံထွက်အောင် ရယ်မောလိုက်ရင်း . . . .

“ ဟုတ်တယ် . . . ကျွန်တော်သူ့ကို ထပ်တွေ့ချင်လို့ လာခဲ့တာ သူ့အိမ်က ဘယ်မှာ လည်းဟင် . . . . ခင်ဗျားသိလား ”

“ ဟိုရှေ့က . . . ကျွန်တော်တို့ အခန်နဲ့ မျက်နှာချင်းဆိုင်ပဲ၊ မိုးဦးညလေး အခန်က ငါးလွှာမြောက်အခန်း၊ ဟိုမှာ . . . . ဟိုမှာ . . . . ကောင်မလေးတောင် ဝရန်တာ မှာ ထွက်ရပ်နေတယ် ”

ပန်းချီဆရာရဲ့ မျက်ဝန်းတွေ ရွေ့လျားသွားရာ နောက်သို့ သူ ကပျာ ကယာ လိုက်ကြည့် လိုက်မိသည်။ မျက်နှာချင်းဆိုင်ရှိ ကန်ထရိုက်တိုက်ခန်း၏ ငါးလွှာမြောက် အခန်းရဲ့ ဝရန်တာ ကျဉ်းကျဉ်းကလေးဆီမှာ မိုးဦးညကို ဖုန်းပြောလျက် တွေ့လိုက်ရသည်။ အထပ်က သိပ်မြင့်နေသည်မို့ သူမရဲ့ မျက်နှာကလေးကို ထင်ထင်ရှားရှား ကြီးတော့ မမြင်ရပါ။ ဒါပေမယ့် . . . အဝေးကနေ လှမ်းကြည့် တာတောင် သူမ၏ မျက်နှာဆီမှ ထင်ရှားပြတ်သားသော အလှတွေကို တွေ့မြင်နေရ သည်။ သူမက သူ့ကို မြင်ဟန်မတူပါ။ လက်ကလေး တခါခါဖြင့် ဘာတွေ ပြောနေ မှန်းမသိ ။ တစ်ချက်တစ်ချက် ခေါင်းကလေး မော့လှန်ကာ ဆံပင်တွေ ဖရိုဖရဲ ဝေ့ဝဲ သွားအောင်ပင် ရယ်မောနေလိုက်သေးသည်။ သူမကို မြင်လိုက်တိုင်း သူ ပတ်ဝန်းကျင် တစ်ခုလုံးကို ခဏတဖြုတ်တော့ မေ့လျော့သွားရစမြဲ။ သူမကလေးဆီ ဟန်မဆောင်နိုင်သော မျက်ဝန်းများ ဖြင့် အငမ်းမရ ငေးစိုက်ကြည့်လိုက် မိပြီးမှ ပန်းချီဆရာကို သူ သတိရသွားကာ . . . ပန်းချီဆရာက အလွန်တရာ ပင် အလိုက်သိ နားလည်စွာ ဖြင့် . . . .

“ ကိုနေသန် . . . သူ့ဆီ ဖုန်းဆက်ချင်လား၊ ကျွန်တော့ဆီမှာ သူ့ရဲ့ ဖုန်း နံပါတ် ရှိတယ်၊ ကျွန်တော်နဲ့ သူတို့အိမ်နဲ့က ခင်တယ်လေ၊ မိုးဦးညရဲ့ ပုံတူ ပန်းချီတွေ...... ဘာတွေ ကျွန်တော်ပဲ ဆွဲပေးဖူးတယ် ”

ဟု ပြောရင်း သူက သူမရဲ့ ဖုန်နံပါတ် ချရေးပေးသည်မို့ သူချက်ချင်း ပင် ထိုဖုန်နံပါတ်ကို သူ့ဖုန်ထဲမှာ ထည့်မှတ်ထားလိုက်သည်။ ခဏနေတော့ သူမက ဖုန်းပြော ပြီးသွားဟန်ဖြင့် ဖုန်းကို လှမ်းပိတ်တာ မြင်လိုက်ရတာ မို့ သူ ချက်ချင်းပင် သူမဆီကို ဖုန်းခေါ်လိုက်သည်။

“ ဟဲလို . . . . ”

သူမရဲ့ ဖုန်းထူးသံကလေးက ချိုချိုလွင်လွင် ရှိလှကာ သူ့ရင်ထဲသို့ ချိုမြစွာ ပင် စီးဝင်လာခဲ့သည်။

“ ကိုယ်ပါ . . . နေသန်ပါ . . . . ကိုယ့်ကို မှတ်မိလားဟင် ”

“ နေသန် . . . ဟင် . . . အဆိုတော် ကိုနေသန်ကို ပြောတာလား ”

သူမ၏ အသံကလေးက ချက်ချင်းပင် တအံ့တသြ ဖြစ်သွားသည့်ဟန်။

“ ဟုတ်ပါ့ . . . . သိပ်မှန်တာပေါ့၊ ကိုယ်အခု မိုးဦးညလေးရဲ့ အိမ်ရှေ့က ပန်းချီအိမ်မှာ ရောက်နေတယ်လေ၊ ကိုယ်ကားကို တွေ့တယ်မှတ်လား ”

“ ဟော . . . တွေ့တယ် တွေ့တယ်၊ ကြည့်စမ်း . . . ကိုနေသန် ရောက်နေတာ သမီးမသိလိုက်ဘူး သူငယ်ချင်းနဲ့ ဖုန်းပြောနေလို့ ”

သူမကိုယ် သူမ သမီးဟု ပြောလိုက်ဟန် ကလေးက အလွန် ကလေးဆန်လွန်းလှ သော်လည်း သူ့နားထဲမှာ တော့ ချိုမြိန် ကြည်နူးသွား၏ ။ အင်းလေ . . . . သူမက ကလေးလေးပဲ ရှိသေးတဲ့ ဥစ္စာ။ သူ ဘာဆက်ပြောရမှန်း မသိ ဖြစ်လျက် သူမရှိရာဆီသို့ မော့ကြည့်ကာ ပြုံးပြ နေမိစဉ် ပန်းချီဆရာက စာရွက်တစ်ရွက်ပေါ်မှာ စာတန်းတစ်ခု ရေးခြစ်လိုက်ပြီး သူ့ဆီသို့ လှမ်းပေး လိုက်သည်။ စာကြောင်းကလေးက တိုတိုကလေး .. . .။

“ မိုးဦးညက မုန့် အရမ်းမက်တယ် . . . . ”

ဟူသော စာတန်းကလေးကို ကြည့်ပြီး သူ ရယ်ချင်သွား၏ ။ ကလေး ကို မုန့်ပေးပြီး ကြိုက်ရတော့မယ် ဆိုပါတော့။ သူ ချက်ချင်း စိတ်ကူးပေါ် သွားကာ . . . .

“ လမ်းထိပ်မှာ မုန့်သွားစားရအောင် . . . . ကိုယ် လိုက်ကျွေးမယ်လေ၊ မိုးဦးည လိုက်စားချင်လား ”

“ တကယ်လားဟင် . . . သမီး မုန့်စားချင်နေတာနဲ့ အတော်ပဲ၊ လမ်းထိပ်မှာ မုန့်သည်တွေ အများ ကြီးပဲနော် . . . . သမီး စားချင်တာ စားမှာ . . . . ကျွေးမှာ လား”

ဟု ကလေးလေး လိုပြန်မေး နေဟန်မှာ ချစ်စရာ။ သူ ချစ်စနိုး ပြုံးလိုက် မိကာ . . . .

“ ကျွေးမှာ ပေါ့ . . . မိုးဦးည စားချင်တာ ကြိုက်သလောက်သာ စား . . . . လိုက်ကျွေးမယ် ”

“ ဒါဆို ခဏလေးနော် . . . . အခုပဲ ဆင်းလာခဲ့မယ်၊ မေမေ့ ကို ပြောပြီး ဆင်းလာခဲ့မယ် ”

ဟု ပြောပြီး မိုးဦးညက ဝရန်တာကနေ လှစ်ခနဲ ပျောက်ကွယ် သွားသည်။ သူမတို့ လမ်းထိပ်မှာ ဈေးတန်ကြီး တစ်ခုလို ဈေးသည်တွေ အများ ကြီး ဆိုင်တွေ ဖွင့်ထားသည်မို့ တစ်ခါတစ်ရံ သူကိုယ်တိုင်လည်း ဒီနေရာသို့ တကူးတက လာပြီး မုန့်စားလေ့ ရှိတတ်စမြဲ။

သိပ်မကြာပါ . . . မိုးဦးညလေးက အိမ်နေရင်း ဂါဝန်လေးနှင့်ပင် ဆင်းလာသည်။ မျက်နှာကလေးက ဘာမှ မလိမ်းမချယ် ပြောင်တင်းတင်းကလေး။ နှုတ်ခမ်းကလေးမှာ နှုတ်ခမ်းနီကလေးပင် ဆိုးမထားသော်လည်း သူမ၏ အလှက ထင်ရှားပေါ်လွင်နေသည်။

“ လာ . . . .သွားရအောင် လေ ”

မိုးဦးညက တရင်းတနှီးပင် လှမ်းနှုတ်ဆက်သည်။ သူ့ကားကို ပန်ချီဆရာ အိမ်ရှေ့မှာ ပင် ထားပစ်ခဲ့ပြီး သူမနှင့်အတူ လမ်းထိပ်ရှိ မုန့်ဆိုင်တွေဆီသို့ လမ်းလျှောက် ထွက်လာခဲ့သည်။

“ မိုးဦးညလေး . . . ဘာစားချင်လဲဟင် ”

ဟု သူမေးလိုက်တော့ သူမ သူ့ဘက်သို့ ခေါင်းကလေး ငဲ့စောင်းကာ ကြည့်ရင်း . . . .

“ သမီးက အစားတော့ နည်းနည်းပုပ်တယ် သိလား၊ ဟီ ဟိ . . . . ဒါပေမယ့် ဘယ်လောက် စားစား မဝဘူး တွေ့လား . . . ဒီပုံစံ အတိုင်းပဲ သွယ်သွယ်လေး။ သမီးက တစ်ချိန်လုံး ကစားနေတာကိုး . . . ဘယ်ဝမလဲနော်၊ အဟင်း . . . ပြောရမှာ အားတော့နာသား . .. သမီး အခု စားချင်နေတာက ကြေးအိုးရယ် . . . . ဒုတ်ထိုးရယ် . . . . မုန့်ဟင်းခါးလည်း စားချင်သေးတယ်၊ ပြီးတော့ . . . အာပူလျှာပူလည်း တစ်ပွဲလောက်တော့ သောက်ဦးမယ်၊ နောက်ပြီး . . . . စထရော်ဘယ်ရီ လက်ဖျော် တစ်ခွက်နဲ့ ထောပတ် ဖျော်ရည်လည်း သောက်ချင်သေးတယ် ”

ဟု ကလေးလေး တစ်ယောက်လို အပြစ်ကင်းစင်သော အပြုံးကလေးဖြင့် သူမ စာချင်သမျှကို လက်ချိုးရေတွက်ကာ ပြောလျှက် သူရယ်ချင်စိတ်ကို မျိုသိပ် အောင့်အည်း ထားရကာ . . .

“ အိုကေ . . . မိုးဦးညလေး စားချင်တာ မှန်သမျှ အကုန်စား . . . ကိုယ်လိုက် ဝယ်ကျွေးမယ် . . . ဟုတ်ပြီလား ”

လူတွေက သူ့ကို တရင်းတနှီးပင် မှတ်မိနေကြကာ ဝိုင်းကြည့်နေ ကြလျှက် သူနှင့် မိုးဦးညကလေးတို့ ယှဉ်တွဲ ပြီး လျှောက်လာသည်ကို တီးတိုး ဝေဖန် မှတ်ချက်တွေ ပေးလျက် တအံ့တသြ စိတ်ဝင်တစားတွေ ဖြစ်နေကြသည်။ မိုးဦးညက . . . . ၊

“ လူတွေ အားလုံးက ကိုယ်နေသန့်ကို သိကြတယ်နော်၊ အားလုံးဝိုင်း ကြည့်နေကြတယ် . . . . ပျော်စရာကြီး ကိုနေသန့်ကို ကြည့်ရင်နဲ့ သမီးကိုလည်း ကိုနေသန်နဲ့ ခင်တယ် ဆိုပြီး အထင်တွေကြီး ကုန်ကြပြီ . . . .ဟီ . . . ဟိ ”

ဟု ကလေးဆန်ဆန် ပြောပြီး သူမ စားချင်သော ဆိုင်ရှေ့ ရောက်လျှင်ထိုင်ခုံမှာ ဝင်ထိုင်ပြီး စားချင်တာမှာ က အားပါးတရပင် ဟန်မဆောင်စတမ်း စားနေတော့လေသည်။ သူက သူမ၏ ရိုးသား ဖြူစင်သော အမူအရာ ကလေးတွေကို ငေးကြည့်နေမိသည်။ ကောင်မလေးဟာ တကယ့်ကို ဖြူဖြူစင်စင် အရိုင်းပန်းကလေး။ သူမဆီမှာ မမြင်ရတဲ့ အရည်အသွေးတွေ အများ ကြီးပင် ရှိနေနိုင်သည်။ သွေးလိုက်လျှင် သွေးသလောက် တလက်လက် တောက်ပြောင်လာမည့် ကျောက်ရိုင်းပွင့်ကလေး တစ်ပွင့်ဟုသူ တင်စားမိသည်။

“ ကိုနေသန်လည်း စားလေ . . . သမီးတစ်ယောက်တည်း စားနေရတာ ရှက်စရာကြီး ”

သူမက အစားတွေ ပလုတ်ပလောင် စားရင်း ရှက်ကိုးရှက်ကန်း ပြုံးရယ်ကာ လှမ်းပြောလိုက်သေးသည်။

“ စားပါ . . . မိုးဦးညလေး စားနေတာကို ထိုင်ကြည့် နေရတာ ကိုက ကိုယ်စားနေရသလို ပဲ အရသာရှိတာ၊ ကိုယ်က မိုးဦးညလေး စထရော်ဘယ်ရီ လက်ဖျော်သောက်မှပဲ သောက်တော့မယ်၊ စား . . . စား ကြိုက်သလောက်သာ စား၊ စားရင်းမိုးဦးည လေး အကြောင်း နည်းနည်းပါးပါးပြောပြနော် ”

“ သမီးအကြောင်းလား . . . သမီးက ဆယ်တန်းအောင်ပြီးပြီ ၊ တက္ကသိုလ်တက်ဖို့စောင့်နေတာ ၊ ကွန်ပျူတာ အမှတ်မီတယ်ဆိုတော့ ကွန်ပျူတာပဲ တက်ဖြစ်မှာ ”

“ မိုးဦးညလေးက ကွန်ပျူတာ ဝါသနာပါလို့လား ”

“ ကွန်ပျူတာ ဝါသနာပါတာတော့ မဟုတ်ဘူးလေ . . . ဒါပေမယ့် အခုခေတ်က IT ခေတ်ဆိုတော့ ကွန်ပျူတာတက်ထားမှ ကောင်းမှာ ပေါ့ ။ ဒါပေမယ့် သမီး တကယ် ဖြစ်ချင်တာက တခြားဟာ . . . ”

“ မိုးဦးညလေးက ဘာဖြစ်ချင်တာလဲ ”

“ သမီးက Model ဖြစ်ချင်တာ ၊ သမီးက Celebrity တစ်ယောက် အရမ်းဖြစ်ချင်တာ . . . ၊ ကိုနေသန်လို ပေါ့ ၊ လူတွေအားလုံးက စိတ်ဝင်တစား ဝိုင်းငေးကြရတဲ့ နာမည်ကြီး တစ်ယောက် ဖြစ်ချင်တာ ၊ ကိုနေသန်က အရမ်းနာမည်ကြီးတာပဲနော် ၊ သမီး သူငယ်ချင်းတွေ အားလုံး ကိုနေသန်ကိုအရူးအမူး ကြိုက်ကြတာ ၊ သမီးလည်း ကိုနေသန်ရဲ့ Crazy ပဲ ၊ အခု ကိုနေသန်နဲ့ အတူ ကိုနေသန်လိုက်ကျွေးတဲ့ မုန့်တွေကို လိုက်စားနေရတာ သမီးအတွက် အိပ်မက်တစ်ခု မက်နေသလိုပဲ . . . ယုံတောင်မယုံနိုင်ဘူး ၊ ဘာဖြစ်လို့ သမီးကို ဖုန်းဆက်ပြီး မုန့်လိုက်ကျွေးတာလဲဟင် ”

“ ဒီလိုပဲ . . . ကျွေးချင်စိတ် ပေါက်လာလို့ပါ ၊ မနေ့ညက မိုးဦးညလေးကို မြင်လိုက်ရပြီးကတည်းက ကိုယ့်စိတ်ထဲမှာ မိုးဦးညလေးနဲ့ နောက်ထပ်ဆုံပြီး ခင်ချင်စိတ်ဖြစ်နေတာပါ ၊ ဒါကြောင့် ဒီနေ့ တကူးတကကို ရောက်လာပြီး မိတ်လာဖွဲ့တာ . . . ”

“ ဘုရားရေ . . . ကိုနေသန်က သမီးကို မိတ်လာဖွဲ့တာ ဟုတ်လား . . . ဟီ ဟိ . . . အံ့ဩဖို့ကောင်းလိုက်တာ ၊ သူများ တွေကြားရင် ရယ်နေတော့မှာ ပဲ ၊ ပြောင်းပြန်ကြီးဖြစ်နေပြီ ၊ တကယ်ဆို သမီးကသာ ကိုနေသန့်ကို မိတ်ဆက်ရမှာ လေ . . . ကိုနေသန့်က နာမည်ကြီး အဆိုတော်တစ်ယောက် . . . သမီးက ဘာမှ မှမဟုတ်တာ ”

“ ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဘာမှ မှ မဟုတ်တာလို့ မပြောရဘူး မိုးဦးညလေးရဲ့ . . . လူဆိုတာ အခုမဖြစ်သေးပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုယ်ဘာဖြစ်မယ်ဆိုတာ ကြိုမသိနိုင်ဘူးလေ ၊ အခု . . . မိုးဦးညလေး ဘာဖြစ်ချင်တာလဲ ဆိုတာကို ကိုယ်သိရပြီး မိုးဦးညလေး Model တကယ်ဖြစ်ချင်တယ်ဆိုရင် တကယ်ဖြစ်အောင် လုပ်ရမှာ ပေါ့ ။ မိုးဦးညလေးက International Model တွေထက်တောင် လှသေးတယ် ၊ ဘာဖြစ်လို့ မဖြစ်နိုင်ရမှာ လဲ . . . အရပ်ကလည်း အရှည်ကြီး ၊ ဆံပင်တွေကလည်း မိုက်တယ် ၊ ရုပ်ကလေးကလည်း အရမ်းလှတယ် ၊ လူတွေ အများ ကြီးထဲမှာ ထင်းခနဲ ပေါ်လွင်နေတဲ့ ရုပ်မျိုး ”

“ ဟီ ဟိ . . . သမီးကို စွတ်မြှော က်နေတယ်တော့ ၊ တကယ်ဆို သမီးက ကိုနေသန့်ကို မြှော က်ရမှာ လေ ၊ ကိုနေသန်က သမီးကို မုန့်တွေ ဒီလောက်အများ ကြီးဝယ်ကျွေးထားတဲ့ ဥစ္စာ . . . ”

“ ကိုယ်မြှော က်နေတာ မဟုတ်ဘူး . . . တကယ်ပြောတာ ၊ မိုးဦးညလေး ကိုယ့်ကိုယ်ကို မှန်ထဲမှာ သေသေချာချာပြန်ကြည့်ဖူးသလား . . . ကိုယ့်ကိုယ်ကိုရော သိပ်လှတဲ့ မိန်းကလေးတစ်ယောက်လို့ သိရဲ့ လား ”

သူက သူမ၏ မျက်နှာကလေးကို ချစ်စနိုး ပြုံး၍ စိုက်ကြည့်လိုက်ရင်း မေးလိုက်တော့ သူမက မျက်နှာကလေးနီမြန်းသွားကာ ရှက်ကိုးရှက်ကန်း အပြုံးကလေးဖြင့် . . .

“ အင်း . . . သိတော့ နည်းနည်းသိသလိုပဲ ၊ ကောင်လေးတွေကလည်း သမီးလမ်းသွားရင် အနောက်ကနေတကောက်ကောက်လိုက်ပြီး သိပ်လှတာပဲလို့ အမြဲတမ်း ပြောကြတယ် ၊ သမီး သူငယ်ချင်းတွေကလည်း နင်အရမ်းလှတယ်လို့ ပြောကြသားပဲ ၊ သမီးကိုယ်သမီးလည်း နည်းနည်း လှမှန်းတော့ သိပါတယ် ”

“ နည်းနည်းလှတာတင် မကဘူး . . . တော်တော်ကလေးကို လှတာ ၊ မိုးဦးညလေးက ကိုယ့်ကိုယ်ကို မပြင်မဆင်ဘဲ ကလေးဆန်ဆန် နေနေလို့ ပေါ်လွင်သင့်တဲ့ အလှတွေက မပေါ်လွင်နိုင်ဘဲ ငုတ်နေသလို ဖြစ်နေတာ ၊ ဒါပေမယ့် . . . အဲဒါတောင် တော်တော်ကလေးလှနေပြီ ၊ မိုးဦးညလေး Model တစ်ယောက် ဖြစ်လာအောင် ကိုယ် မြေတောင်မြှော က်ပေးမယ်ဆိုရင် ဘယ်လိုသဘောရလဲ ”

“ တကယ်လားဟင် . . . သမီး အရမ်းပျော်မှာ ပေါ့ ၊ ကိုနေသန်နဲ့ ခင်ခွင့်ရတာ သမီးအတွက် အရမ်း ကံကောင်းတာပဲ ၊သမီးက ဖြစ်ချင်တာတွေ အများ ကြီးပဲ၊ ဒါပေမယ့် . . . . ဖေဖေ နဲ့ မေမေ တို့က သမီးအတွက် ဘာမှ သိပ်လုပ်မပေးနိုင်လို့ ဖေဖေ နဲ့ မေမေ့ ကို အားနာပြီး မပူဆာရဲတာ ၊ သမီးက Model သင်တန်းတွေ ဘာတွေ သိပ်တက်ချင်တာ ”

“ မိုးဦးညလေး တက်ချင်တယ် ဆိုရင် တက်ရမှာ ပေါ့ ၊ ကိုယ် . . . အားလုံးစီစဉ်ပေးမယ် ”

“ ဟယ် . . . တကယ်ပြောတာလားဟင်၊ သမီး အိပ်မက် မက်နေတာ မဟုတ်ပါဘူးနော် ”

သူမ၏ မျက်နက်ဝန်းကလေးက စိတ်လှုပ်ရှား ပျော်ရွှင်မှု ကြောင့် ပို၍ ရွှန်းပ လက်ဖြာလာကာ ထိုမျက်ဝန်းများ ဖြင့် သူ့ကို စိုက်ကြည့်လိုက်သည် ကိုပင် သူမခံနိုင်။ သူမရဲ့ မျက်ဝန်းတွေက သူမကိုယ်တိုင်ပင် ရိပ်မိပုံမရဘဲ ညှို့ဓါတ်တွေ အပြည့် ရှိနေကာ . . . . သူမ၏ အကြည့်ဒဏ်ကို ဘယ်ယောက်ျားမှ ခံနိုင်ရည် ရှိလိမ့်မည် မထင်။

“ တကယ်ပြောတာပေါ့ . . . . ကိုယ် မိုးဦးညလေးကို အောင်မြင်ထင်ရှားတဲ့ နာမည်ကြီး Model တစ်ယောက် ဖြစ်လာအောင် မြေတောင်မြှော က် ပေးနိုင်တယ် လောင်းဆိုရင်တောင် လောင်းရဲတယ်ကွာ၊ မိုးဦးညလေး တစ်နေ့မှာ လျှမ်းလျှမ်းတောက် ကျော်ကြားတဲ့ မိန်းကလေး တစ်ယောက် ဖြစ်ကို ဖြစ်လာမှာ ”

သူမ မျက်ဝန်းကလေးတွေက တလက်လက် ဖြာလက်လက် ဖြာလျက် နှုတ်ခမ်းကလေး ကော့ညွှတ်ကာ ပြုံးနေဟန်က သူ့နှစ်လုံးသားဆီကို နရီစည်းချက် မှန်မှန် သံစဉ်တစ်ခု တီးခတ်နေသလိုပင်။

“ သမီးကတော့ ကိုယ့်ကိုယ်ကို အိမ့်မက် မက်နေသလားတောင် ထင်မိတယ်၊ အခုအချိန်အထိ သမီး ပိုယ့်အဖြစ်ကို ကိုယ် မယုံနိုင်သေးဘူး၊ သမီရဲ့ တစ်သက်မှာ ကိုနေသန်ဆိုတဲ့ နာမည်ကြီး အဆိုတော်တစ်ယောက်နဲ့ အခုလို မုန့်အတူတူ လိုက်စားခွင့် ရလိမ့်မယ်လို့ ယောင်လို့တောင် စိတ်ကူးမယဉ် ကြည့်မိခဲ့ဘူး။ အခုတော့ သမီးရဲ့ အိမ့်မက် တွေကိုတောင် ကိုနေသန်က အကောင်အထည် ဖေါ်ပေးမယ် ဆိုတော့သမီး ဘာပြောရမှန်းတောင် မသိတော့ဘူး သိလား . . . . တကယ်ပဲ ”

“ ဘာပြောရမှန်း မသိရင်လည်း မပြောနဲ့ တော့ မိုးဦးညလေးရယ် ”

သူက မိုးဦးညလေးရဲ့ မျက်နှာကလေးကို ချစ်စနိုး ပြုံးကြည့်ရင်း ပြောလိုက်သည်။ မိုးဦးညလေးက သူ့ကို အမှတ်တမဲ့ ငေးစိုက်ကြည့်ရင်း ချစ်စဖွယ်အပြုံးနှင့် ပခုံးကလေး တွန့်ပြကာ သူမမုန့်ကို သူမဘာသာ ဆက်၍ စားနေသည်။ သူလို အစစ အရာရာမှာ ပြီးပြည့်စုံ အောင်မြင် ရင့်ကျက်နေတဲ့ အရွယ်ရောက်ပြီးသား ယောက်ျား တစ်ယောက်ဟာ ချောချောလှလှ ထိုမိန်းကလေး တစ်ယောက်ပေါ်မှာ သူ့နှလုံးသား တစ်ခုလုံး အရည်းပျော် စီးဝင်လျက် ရှိနေပြီ ဆိုတာကို သူကိုယ်တိုင် ပြန်သိနေမိခြင်း ဖြစ်သည်။

*


သူ့ရဲ့ ကားကြီး ထွက်သွားသည်နှင့် မိုးဦးညသည် ဂါဝန်စရဲ့ အနားနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် စုံကိုင်မ , လျက် လှေကားထစ်တွေပေါ်သို့ တဒုန်းဒုန်းခုန်ပေါက် ပြေးတက်လာခဲ့သည်။ ရင်ထဲမှာ ပျော်ရွှင်လွန်းသဖြင့် နှလုံး သားတွေ နရီစည်းချက် မမှန်စွာ ယိမ်းထိုးခုန်ပေါက် လျှက်ရှိသည်။ မျက်နှာ တစ်ခုလုံး က က္ကနြေ္ဒမဆည်နိုင် လောက်အောင်ပင် အားပါးတရ ပြုံးချင်တိုင်း ပြုံး နေသည်။

အိမ်ပေးသို့ ရောက်သည်နှင့် ပထမဆုံး ဖြူစင့်ဆီ ဖုန်လှမ်းခေါ် လိုက်သည်။

“ ဖြူစင် . . . နင်ယုံချင်ယုံ မယုံရင် ပုံပြင်လို့သာ မှတ်လိုက်တော့၊ ငါ အခု အဆိုတော် ကိုနေသန်နဲ့ လမ်းထိပ်မှာ မုန့်လျှောက်စားပြီး ပြန်လာတာ . . . သိလား ”

မိုးဦးညရဲ့ အသံက ဝမ်းသာ ပျော်ရွှင်မှု ဖြင့် လှိုင်းထန်နေသည်။ ဖြူစင့်ထံမှ ဟင်းခနဲ သက်ပြင်းဆောင့်ချသံနှင့် အတူ . . . .

“ အမလေး . . . ကြွားမနေပါနဲ့ ငါတို့ အားလုံးမြင်ပြီးသား၊ နင် ကိုနေသန်နဲ့ အတူတွဲ ပြီး လမ်းထဲကနေ လျှောက်သွားတာ ငါတိုအားလုံးမြင်တယ် . . . . သိလား၊ ယုယ နဲ့ အလိမ္မာ တို့လည်း အားလုံးသိပြီးသား၊ နင်သွားထပ်ပြီးတော့ ကြွားမနေနဲ့ ၊ ဟိုတနေ့ကတည်း ကနင် ကိုနေသန်ကို ဖြားယောင်းလိုက်တာ ငါတို့အားလုံး မြင်းပြီးသား၊ တကတည်းမှပဲ . . . . လက်မှတ်ထိုးခိုင်းတာကို သူများ တွေလို ရိုးရိုးသားသား လက်မှာ ဖြင့် မထိုးခိုင်းပဲနဲ့ ပါးပေါ်မှာ သွားထိုးခိုင်တာကို ဟိုက တစ်ခါတည်း Heart ထိသွားတာပေါ့ ”

“ အောင်မယ် . . . နင်က မနာလို ဖြစ်နေတာလား ဖြူစင်၊ ယုယ နဲ့ အလိမ္မာ တို့ရောဘာတဲ့လဲ . . . ”

“ ငါတို့အားလုံး မနာလိုဖြစ်နေကြ တာပေါ့ဟဲ့ နင်က တစ်ကိုယ်ကောင်း ဆန်တာကို တကယ်ဆို ကိုယ့်သူငယ်ချင်းတွေကို သတိရသင့်တာပေါ့၊ တစ်ယောက်တည်းစုံတွဲ ခုတ်ပြီး မုန့်ထွက်စားရတယ်လို့၊ ငါတို့ကို အဲဒီ အချိန်မှာ ယောင်လို့တောင် သတိမရဘူး မှတ်လား ”

ဖြူစင့် အသံက စိတ်ကောက်နေသည့်ဟန် စူအောင့်အောင့် ဖြစ်နေသည်။ မိုးဦးည အားရပါးရ ရယ်မောလိုက်မိရင်း . . . .

“ နင်နဲ့ ဖုန်းချပြီးတော့ သူ့ဆီကဖုန်း ဝင်လာတာဟ၊ သူကလမ်းထိပ်မှာ မုန့်လိုက်ကြွေးမယ် ဆိုတော့ ငါအရမ်းအံ့သြ သွားတာပေါ့၊ သူအဲ့လို ခေါ်လိမ့်မယ်လို့ လုံးဝ ထင်မထားဘူးလေ၊ ငါ့မှာ ကယောင်ချောက်ချားနဲ့ အိမ်နေရင်း ဂါဝန်တောင် လဲမသွားရပါဘူးဟယ် . . . . နင်တို့ကို ခေါ်ဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ငါ့ခေါင်းထဲ ရောက်နိုင်မှာ တုန်း ငါ့နေရာမှာ ကိုယ်ချင်းလည်း စာကြည့်ပေးစမ်းပါဟာ၊ အကယ်၍ ငါ့နေရာမှာ နင်သာဆိုရင် နင်လည်း ငါ့လိုပဲ ကော့ကော့ ကော့ကော့ နဲ့ သူငယ်ချင်းတွေကို မေ့ပြီး လိုက်သွားမှာ မဟုတ်လား၊ မိန်းမ . . . . လာပြီး စိတ်ကောက်မနေနဲ့ ၊ သူ နဲ့ ငါ ဘာတွေပြောကြ သလဲဆိုတာ နင်သိချင်လား . . . . မသိချင်ဘူးလား ဒါပဲပြော ”

“ သိချင်တာပေါ့ ဟဲ့ ယုယ နဲ့ အလိမ္မာ တို့လည်း သိချင်ကြမှာ ပေါ့။ ဒီလိုလုပ် မိုးဦးည . . . . နင့်အိမ်ကို ငါတို့သုံးယောက် အခုချက်ချင်း လာခဲ့မယ် ၊ နင် ဝရန်တာကနေ စောင့်နေ၊ . . . . .ဟုတ်ပြီလား ”

ဖြူစင်က ဖုန်းချသွားကာ ယုယ နှင့် လိမ္မာ တို့ကို သွားခေါ်နေပုံရသည်။ ဒီလမ်းထဲမှာ ငယ်ငယ် ကလေးတည်းက မိုးဦးညတို့ လေးယောက်သား လည်ပင်းဖက်ပြီး ပေါင်းလာခဲ့ကြခြင်း ဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် ညီအမတွေ ထက်တောင် ရင်းနှီး စည်းလုံးကြသေးကာ တစ်ယောက်အကြောင်း တစ်ယောက် ကကြီးကနေ အ, ထိ အစအဆုံး အတွင်းသိ အဆင်းသိ သိထားပြီးသား သူတွေလဲ ဖြစ်သည်။

သိပ်တောင် မကြာလိုက် . . . . ဖြူစင်တို့ သုံးယောက်သား သိချင် ပြင်ပြစိတ်တွေဖြင့် အိမ်သို့ ရောက်လာကြသည်။ လေးယောက်သား ဝရံတာမှာ ဆုံမိကြသော အခါ မိုးဦးညက စိတ်လှုပ်ရှား ပျော်ရွှင်နေသော မျက်နှာကလေး နှင့် . . . .

“ သူကပြောတယ် . . . ငါ့ကို ငါဖြစ်ချင်တဲ့ နာမည်ကြီး Model တစ်ယောက်ဖြစ်လာ နိုင်တဲ့ အထိ မြေတောင်မြှော က် ပေးနိုင်တယ်တဲ့ ”

မိုးဦးညရဲ့ စကားအဆုံးမှာ ဖြူစင်တို့ သုံးယောက် တစ်ယောက် မျက်နှာ တစ်ယောက်ကြည့် လိုက်ကြကာ . . . .

“ အဲ့ဒါ . . . . ဘာအဓိပ္ပါယ်လဲ၊ သူကနင့်ကို ဘာဖြစ်လို့ မြေတောင်မြှော က် ပေးမှာ လဲ။ သူက နင့်ကို ကြိုက်နေတာလား ၊ မနေ့ကမှ နင်နဲ့ သူ ဆုံဖြစ်ကြတာ မှတ်လား၊ နင်သတိလည်း ထားဦးနော် မိုးဦးည . . . .၊ သူက နာမည် သိပ်ကြီးတဲ့ အဆိုတော် တစ်ယောက်၊ သူ့ဘေးနာမှာ သူ့ရဲ့ မိန်းကလေး ဖြစ်ချင်တဲ့ ကောင်မလေးတွေမှ ရာထောင်ကို ချီနေတာ၊ ရှင်းရှင်း ပြောရရင် နင်က ဘာမှမဟုတ်သေးဘူး . . . . အဲ့ဒီလို ပြောလို့ ငါ့ကိုစိတ်မဆိုးနဲ့ နော်၊ ငါတို့ရဲ့ သူငယ်ချင်းကို အထင်သေးလို့ ပြောတာမဟုတ်ဘူး . . . . ငါတို့ စိုးရိမ်တာ တစ်ခုက သူနင့်ကို အရုပ်ကလေး တစ်ရုပ်လို ကစားသွားမှာ ကိုပဲ စိုးရိမ်တာ၊ နင်က အယုံလွယ်တတ် လွန်းလို့ ငါတို့က စိုးရိမ်တာ ”

“ သူ နင့်ကို ကြိုက်နေတာလား . . . ”

“ အဲ့ဒါတော့ ငါ မသိဘူး . . . . ဒါပေမယ့် ငါ့ကို သူကြည့်တဲ့ မျက်လုံးတွေ ကတော့ တစ်မျိုးပဲ၊ ဘယ်လိုမှန်းတော့ ငါ သေချာ မပြောတတ်ဘူး . . . . ဒါပေမယ့် တစ်မျိုးကြီးတော့ တစ်မျိုးကြီးပဲဟ၊ စိတ်လှုပ်ရှားဖို့တော့ ကောင်းတယ်၊ သိတယ်မှတ်လား . . . . . သူ့ မျက်လုံးတွေက အရောင်တလက်လက်နဲ့ ငါ့ကို ပြုံးပြပြီး စိုက်ကြည့် နေတာ ငါ့အထင် ပြောရရင်တော့ သူငါ့ကို မနေ့ကတည်းက စိတ်ဝင်စားသွားပုံပဲ ”

“ အေး . . . အဲ့ဒီလောက် မြန်မြန် စိတ်ဝင်စားသွားလို့ ငါတို့ကလည်း စိုးရိမ်တာ။ နင့်ကို Model ဖြစ်အောင် လုပ်ပေးနိုင်တယ်လို့ ပြောတဲ့စကားကလည်း မက်လုံးပေး သလိုမျိုးကြီး၊ နင်နဲ့ သူ အရွယ်ကလည်း အရမ်းကွာလွန်းတယ် ၊ နင်က ခုမှကလေးသာသာ ပဲရှိသေးတာ၊ သူက အရမ်းကို ပါးနပ် တတ်ကျွမ်းပြီးသား လူ တစ်ယောက်၊ သူ့ပုံစံက မိန်းကလေးတွေရဲ့ အထာကို ကျွမ်းကျွမ်း ကျင်ကျင် နပ်ပြီးသားလူ တစ်ယောက်ပုံစံ မျိုးလို့ ငါထင်တယ်၊ မိုးဦးည . . . နင်စွတ်တော့ မယုံနဲ့ နော်၊ ဘာပဲ ဖြစ်ဖြစ် ငါတို့နဲ့ အမြဲတမ်း တိုင်ပင် . . . . ကြားလား၊ ငါတို့နဲ့ အဆက်မပြတ်စေနဲ့ ၊ နောက်ပြီး . . . . တစ်ခု အရေးကြီးတာ မှာ ထားရဦးမယ် . . . . သူဘယ်ကို ခေါ်ခေါ် နင်တစ်ယောက်တည်း လိုက်မသွားရဘူနော်၊ ငါတို့အမြဲ ပါပစေ . . . . ကြားလား၊ နင် နာမည်ကြီး အဆိုတော် တစ်ယောက်နဲ့ တွဲ ရနည်းလား ဆိုတဲ့သဘောမျိုး နဲ့ ဘဝတွေ မေ့ပြီး ငါတို့ကို မေ့မထားနဲ့ ၊ နင် ဒုက္ခရောက်မှာ စိုးလို့ ငါတို့က သတိပေး နေရတာ . . . . ကြာလား ”

လိမ္မာက လူကြီး သူမစတိုင်ဖြင့် စိုးရိမ်တကြီး ပူပူပန်ပန် ဆုံးမ နေသည်ကို မိုးဦးညမှာ ရယ်လည်းရယ်ချင် . . . . ရယ်လည်း မရယ်ရဲဘဲ မျက်နှာပိုးလေး သပ်ကာ အသာနေနေရသည်။ သူတို့တွေ ဘယ်လောက်ပဲ . . . . စိတ်ပူကြောင့်ကြ နေကြပေမဲ့ မိုးဦးညကတော့ သူ့အပေါ်မှာ နည်းနည်းလေးမှ သံသယမဝင်မိပါ။ သူဟာ မိန်းကလေးတွေ များ စွာ ရဲ့ စိတ်ကူးယဉ် အိမ်မက်သခင် တစ်ယောက်ဖြစ်သည်။ သူ့ရဲ့ ဘေးမှာ သာ နေခွင့်ရမည် ဆိုလျှင် တန်းစီပြီး စောင့်နေမည့် မိန်းကလေးတွေ မရေတွက်နိုင်အောင်ပဲ ရှိမှာ ပါ။ သူ့ရဲ့ အပြောကောင်းမှု တို့ဟာ မိန်းကလေးတိုင်းရဲ့ နှလုံးသားကို အလွယ်တကူပဲ ဆုပ်ငင်ခြူခူးနိုင် မှာ ပါ။ မိုးဦးညကတော့ သူ့ကို အလွန်ခမ်းနားသော လှေကားကြီး တစ်ခုအဖြစ် မြင်မိသည်။ အဲဒီ လှေကားကို အသုံးပြုပြီး တက်သွားမည် ဆိုလျှင်တစ်ချိန်ချိန်မှာ မိုးဦးညလေးသည် အမြင့်ဆုံး တစ်နေရာစီသို့ ရောက်မှာ မလွဲပင်။ ထို အခွင့်အရေးကြီးကို ဘယ်သူတွေ ဘာပဲပြောပြော မိုးဦးညက သံသယပူပင် ကြောင့်ကြ မှု များ ဖြင့် လက်လွှတ် အဆုံးအရှုံး မခံချင်ပါ။ မိုးဦးညရဲ့ အိမ်မက်သည် တစ်နေ့နေ့မှာ အောင်မြင်ကျော်ကြားသော Model တစ်ယောက် ဖြစ်လာဖို့ ဖြစ်သည်။ မိုးဦးညရဲ့ အိမ်မက်ကို တကယ်ဖြစ်လာအောင် ဖန်ဆင်းပေးနိုင်သူမှာ ကိုနေသန်မှ လွဲပြီး တခြားဘယ်သူမှ မဖြစ်နိုင်။

ဖြူစင် . . . . ယုယ နှင့် လိမ္မာ တို့ တစ်ယောက်တစ်ခွန်း စိုးရိမ်လိုက် ၊ ပူပန်လိုက် ၊ သတိတွေ ပေးလိုက် သံသယတွေ ဖြစ်လိုက်နှင့် အမျိုးမျိုး ပြော နေကြသော စကားတွေသည် မိုးဦးည၏ ဒီဘက်နားမှ အသာအယာ ဝင်လာခဲ့ ကြကာ ဟိုဘက်နားမှ မလွယ်တကူပင် စိမ့်ထွက်သွားကြသည်။ မျက်နှာကလေး ကိုတော့ မှင်သေသေ ကလေး လုပ်ထားကာ သူတို့ ပြောသမျှကို အလေးအနက် နာယူမှတ်သားနေသည့် သဖွယ် ခေါင်းကလေး တညိတ်ညိတ် လုပ်နေရ သော်လည်း မိုးဦးညရဲ့ အာရုံတစ်ခုလုံးကို လွှမ်းမိုးထားသည်က ကိုနေသန်၏ အပြုံးမျက်နှာ တစ်ခုတည်းသာ ဖြစ်သည်။



ဝန်ဇင်းချစ်သူများ လွန်းထားထား (ဆေးတက္ကသိုလ်) ၏ “ အပြင်းစားဥယျာဉ်မှူး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကောင်းကင်မှာ အရုပ်ရေးတဲ့ကြယ်

မျက်ဝန်းတွင် စွဲထင်ရစ်သော

အချစ်ကသင့်အား ပြုစားခဲ့သော်