Cover

လူငယ်အညွန့်အဖူးလေးများ အတွက် ချစ်နိုင် (စိတ်ပညာ) ၏ အမှာ စာ

ယခုအချိန်မှစတင်ပြီး အသင်စာဖတ်သူနှင့်ကျွန်တော်စာရေးသူတို့ မျက်နှာချင်းဆိုင် ဤစာမျက်နှာတွင် တိုက်တိုက်ဆိုင်ဆိုင်ဆုံမိကြပါပြီ။စာဖတ်သူက ဤစာအုပ်အကြောင်းကို ကြိုတင်၍ ဘာမှ သိမထားသူဖြစ်ကောင်းဖြစ်မည်။ ဤစာရေးသူအကြောင်း ယခင်က ဘာမှမကြားဖူးခဲ့ လူလည်းဖြစ်ချင်ဖြစ်နိုင်သည်။ စာရေးသူ ကျွန်တော်ကတော့ ဤစာမျက်နှာကို ဖတ်ရှုနေသူသည် ဘယ်လိုလူစားဆိုတာ တိတိကျကျပြောလို့ရပါသသည်။ပြောလိုက်ပါမည်။ (ဥပမာဆိုပါစို့)

၁။ စာဖတ်ချင်စိတ်ရှိသူ

၂။ သူတစ်ပါးကို စိတ်ဝင်စား၍ ကူညီချင်တတ်သူ

၃။ စိတ်ကောင်းရှိသူ

၎။ လူငယ်များ ၏ ဘ၀ကို တိုးတက်စေချင်သူ

၅။ လောကကို ပိုမိုသာယာလှပစေလိုသူ

၆။ တိုင်းပြည်၏ ပညာရေး ကျန်းမာရေး အခြေအနေများ ကို ပိုမိုကောင်းမွန်စေရန် စိတ်ဝင်စား နေသူ

၇။ စာဖတ်ခြင်းဖြင့် ကြီးမြင့်နိုင်သည်ဟု နားလည်သိမြင်ထားသူ

၈။ စာဖတ်လေလေတိုးတက်လေဆိုသည့်အချက်ကို လက်ခံသဘောပေါက်သူ

၉။ အသိပညာဗဟုသုတ ပိုမိုကြွယ်ဝလာဦးမည့်သူ

၁၀။ ပညာရေး၊ စီးပွားရေး၊ ဆက်ဆံရေးနှင့် လူမှု ရေးတို့တွင် ယခင်ကထက် ထိရောက်စွာ ပိုမို အောင်မြင်ဦးမည့်သူ

၁၁။ စာပေမှရသော အသိပညာကို မိမိဘ၀မှာ အကျိုးရှိအောင် ဆီလျော်စွာ အသုံးချမည့်သူ

၁၂။ ကြီးကျယ်မြင့်မားဦးမည့်လူ။

ဆက်၍ ခိုင်ခိုင်မာမာပြောစရာတွေ များ စွာ ရှိပါ၏ ။ ရှိပါစေ။ စာရေးသူကို စာဖတ်သူက ငယ်ပေါင်းရောင်းရင်း သူငယ်ချင်းလိုပဲ သဘောထားစေလိုပါသည်။ ရင်းရင်းနှီးနှီးရှိလျှင် ချစ်ခင်မှု ကြောင့် ဖတ်ရှုရတာ ပိုပြီး အဆင်ပြေချောမွေ့ပါလိမ့်မည်။

မမြော်လင့်ဘဲဖြစ်စေ၊ ခက်ခက်ခဲခဲကြိုးစားရှာဖွေ၍ ပင်ဖြစ်စေ စာဖတ်သူနှင့် စာရေးသူတို့ ဤစာရွက်၏ စာမျက်နှာပေါ်မှာ စိတ်ချင်းဆုံတွေ့နေကြပါပြီ။

ပထမဦးဆုံးအကြိမ် ဖတ်သူလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ ကျွန်တော်ရေးသော သတင်း စာ၊ ဂျာနယ် ၊ မဂ္ဂဇင်းနှင့် နှစ်လည်စာစောင်အချို့မှာ ပါသည့် ဆောင်းပါးတစ်ပုဒ်တစ်လေ သို့မဟုတ် ရေးခဲ့ပြီးသားစာအုပ် တစ်ရာကျော်ထဲက တစ်အုပ်နှစ်အုပ်ဖြစ်စေ၊ ဖတ်ခဲ့ဖူးသူလည်းဖြစ် ကောင်းဖြစ်နိုင်ပါသည်။ ရင်းနှီးပြီးသူလည်းဖြစ်နိုင်ပါသည်။

စာဖတ်သူနှင့် ယခုတွေ့ဆုံခွင့်ရခြင်းကို ၀မ်းသာပါသည်။ဤစာအုပ်ကို ဖတ်ပေးဖော်ရသဖြင့် ကျေးဇူးအထူးပင်တင်မိပါသည်။ စာဖတ်သူ၏ ဘ၀လိုအင်ဆန္ဒများ ပြည့်ဝပါစေဟု ဆုတောင်းပါ သည်။ စာဖတ်သူကော စာရေးသူပါ ပိုမိုသာယာလှပသော လောကကို မြင်ချင်တွေ့ချင်ကြပါ သည်။ ယနေ့ထက် အနာဂါတ်က ပိုမိုတိုးတတ်ဖွံ့ဖြိုးလာမည်ဟု ယုံကြည်ရပါသည်။ ရုပ်ပိုင်းဆိုင် ရာ တိုးတက်မှု သာမက နာမ်တရားပိုင်းဆိုင်ရာ စိတ်နေစိတ်ထား ကိုယ်ကျင့်တရားနှင့် မေတ္တာတရားများ ထွန်းကားကျယ်ပြန့်မှသာ အေးချမ်းလုံခြုံမှာ ဖြစ်ကြောင်း မိမိတို့အတူတူအားလုံး လည်းအသိ ဖြစ်ပါသည်။

အနာဂါတ်ကို ပိုင်စိုးသော လူငယ်အညွှန့်အဖူးများ အတွက် စာရေးသူ၏ အတွေ့အကြုံနှင့် အတွေးအမြင်များ ကို မျှဝေတင်ပြခွင့်ရခြင်းအတွက် ၀မ်းမြောက်ဝမ်းသာအမှန်ပင် ဂုဏ်ယူကျေနပ် ပါသည်။ ဖတ်ကြည့်ပြီး လိုအပ်သလို အသုံးချပါ။ ဝေဖန်သုံးသပ်ပါ။ ပိုမိုကျယ်ပြန့်စွာ ဆက်လက်စဉ်းစားပါ။စဉ်းစားစရာ အပိုင်းအစများ တွေးစရာတစ်ခုခုရရှိစေမည်ဆိုလျှင် စာရေးသူ ၀မ်းသာပါသည်။ စာဖတ်သူ၏ ဝေဖန်အကြံပေးချက်တစ်စုံတစ်ရာရှိပါကလည်း စာရေးနိုင်ပါသည်။ ဆွေးနွေးပါ။ မေးပါ။

မထင်မှတ်သော “အသိလေးတစ်ချက်” က လူတစ်ယောက်၏ ဘ၀ကို ၁၈၀ ဒီဂရီ (ဦးတည် ချက်အနောက်မှ အရှေ့သို့) ပြောင်းလဲစေနိုင်ပေသည်။ အရာရာကို ပြောင်းလဲပစ်နိုင်ပါသည်။

အသိသစ်အမြင်သစ်များ တိုးပွားကာ ပိုမိုကောင်းမွန်သော ဘ၀ခရီးကို ရွေးချယ်လျှောက် လှမ်းနိုင်ပါစေ…

စာဖတ်သူဘ၀အတွက် လက်တွေ့အသုံးဝင်လိမ့်မည်ဟု မြော်လင့်မိပါသည်။

ချစ်နိုင် (စိတ်ပညာ)
၁၅-၅-၂၀၁၃

(၁)

အနာမခံပါက

No Pain, No gain.

(English Proverb)

အနာမခံပါက အသာမစံရ။

အင်္ဂလိပ်စကားပုံ

မျက်မှော က်ခေတ်ကြီးကား အမြန်ခေတ်ကြီးပေတည်း။ နှေးတာမကြိုက်။ ဘာမဆို အမြန် လိုချင်သည်။ မေးလျှင်မြန်မြန်ဖြေမှ ကြိုက်သည်။ တောင်းလျှင် မြန်မြန်ပေးမှ ကြိုက်သည်။ သွား လျှင် မြန်မြန်ရောက်မှ ကြိုက်သည်။ ရှေးအခါက လှေနှင့် လှည်းနှင့် အေးအေးဆေးဆေးနှေးနှေး ကွေးကွေးလာခဲ့ရသော ခရီးများ သည်လည်း တံတားတွေထိုး၊ လမ်းတွေဖောက်၊ အမြန်ရောက် သောခေတ်မဟုတ်လား။

ပြဿနာတွေအတွက် အမြန်ဆုံးအဖြေကို လိုချင်ကြသည်။ အစားအသောက်ဆိုလည်း မြန်မြန်။ (မြန်ချင်လွန်းနေတော့ သူများ တိုင်းပြည်မှ အမှိုက်စာ Junck Food ဟုခေါ်သော အမြန်အ စားအစာ Fast Food တွေရောက်လာသည်။)

အောင်မြင်မှု ဆိုသည့် အရာကိုလည်း ဓာတ်လှေခါးဖြင့် ဗြုံးခနဲ ဒိုင်းခနဲ မြန်မြန်ဆန်ဆန် တက်ပြီး ယူလိုက်ချင်သည်။ ထင်ပေါ်ကျော်ကြားမှု ဆိုလျှင် ဘယ်လိုဖြတ်လမ်းကလိုက်ရမလဲ။ ဖင်ပေါ်ချင်ပေါ်၊ ခေါင်းပေါ်ချင်ပေါ်။

ရွှေတွေငွေတွေ ဒေါ်လာတွေ ဖန်ဆင်းလို့ရမည်သာဆိုလျှင် ထိုလိုတရပြဒါးရှင်ကို အမြန်ဆုံးလိုချင်ပါသည်။ ဘယ်မှာ ရနိုင်မလဲ။ ခုချက်ချင်းပြစမ်းပါ။

လူတွေလူတွေ အလျင်လိုနေကြပုံကိုကြည့်ပါဦး။ အေးအေးဆေးဆေးစနစ်တကျတန်းစီ လိုက်လျှင် အဆင်ပြေသော အခြေအနေမျိုးမှာ ပင် သူ့ထက်ငါ စုပြုံတိုးဝှေ့ကာ အလုအယက် မြန် ချင်နေကြပါသည်။ ငါသာလျှင် အမြန်ဆုံးရယူချင်။

လောဘကလွန်ကဲတော့ တစ်ခါတစ်ရံ ဒေါသကပါလာပြီး ပူလောင်ဆူဝေကျပါတော့သည်။ သတိထားစရာပါ။

လောက၏ အသေချာဆုံးအခိုင်မာဆုံး ကျောက်သားပေါ်မှာ ကမ္ဗည်းထိုးထားသည့် နိယာမ တစ်ရပ်သည်ကား “အနာခံမှသာလျှင် အသာစံရမည်” ဟူသော သဘောတရားဖြစ်ပါသည်။ အသာ စံချင်သော ဇောကြီးနေတိုင်း မရပါ။ လောကြီးနေတိုင်း မဖြစ်လော။ ပေးဆပ်မှု တစ်ခုခုရှိမှသာ ရယူ ခြင်းရှိနိုင်ပါသည်။ ဤအချက်ကိုလက်ခံရပါမည်။

သာဓကတစ်ခုတင်ပြပါရစေ။

ဆယ့်ငါးရာစုကာလက ဂျာမဏီပြည် နုရင်ဘတ်(ဂ်) မြို့အနီးကရွာလေးတစ်ရွာမှာ ဖြစ်ပါသည်။ ဆင်းရဲသားကျေးလက်မိသားစုတစ်စုရှိသည်။ အိမ်ထောင်ဦးစီးက ပန်းတိမ်ဖိုမှာ အလုပ်သမားဖြစ်၏ ။ သူ့မှာ မွေးဖွားလာသော သားသမီးတွေကများ လှသည်။ ကလေးဆယ် ယောက်ကျော်သည် မိသားစုများ သဖြင့် စားအိုးကကြီးသည်။ အိမ်ထောင်ဦးစီး ဖခင်ကြီးပန်းတိမ်ဖို မှာ ၁၈ နာရီအလုပ်လုပ်၍ ငွေရှာပါသော်လည်း မလောက်င။ အိမ်နီးနားချင်းတွေခိုင်းသမျှကို အလုပ်လုပ်ပြီး အပိုဝင်ငွေ ရှာရသေး၏ ။

သားသမီးတွေထဲမှ ညီအစ်ကိုနှစ်ယောက် ဆယ်ကျော်သက်တွေက ပန်းချီဆွဲပြီး ၀င်ငွေရှာ ချင်စိတ်ရှိကြလေသည်။ သို့ရာတွင် ပန်းချီကျောင်းသွားတတ်လောက်အောင်ငွေကြေးတတ်နိုင်ဖို့ ဝေးစွ။ ဤမိသားစု နပ်မှန်အောင်စားရဖို့ပင် ဖခင်ခမြာမနားမနေ ရှာဖွေလုပ်ကိုင်နေရသည်ကို သူ တို့မြင်၏ ။ စားဖို့သောက်ဖို့ပင် အနိုင်နိုင်။ အနီးနားရှိမိုင်းတွင်းမှာ အလုပ်လုပ်လျှင်တော့ ၀င်ငွေရ နိုင်မည်။ ပင်ပန်းလှသည်။ မြေအောက် ဆင်းရသည်။ သေဖို့ရာနီးလှသည်။ စွန့်စားရသည်။ မိုင်းတွင်းပြိုကျပြီး သေကြသည့်အဖြစ်ကလည်းမကြာခဏပင်။ အလွန်တရာခက်ခဲကြမ်းတမ်း ဆင်းရဲသော အလုပ်မျိုး။

အယ်လ်ဘရက်ရှ်ဒူးရားဆိုသော အစ်ကိုကြီးကသူမိုင်းအလုပ် ၀င်လုပ်ပြီး ညီလေးအဲလ် ဘက်ကို ပန်းချီကျောင်းထားပေးမည်။ နူရင်ဘတ်မြို့ရှိ ပန်းချီသင်တန်းကျောင်းကို အဲလ်ဘတ်သွား တတ်ပါဟုပြော၏ ။ ညီဖြစ်သူ အဲလ်ဘတ်က မိုင်းတွင်းအလုပ်ကိုသူလုပ်ပါမည်။ သူရသည့်ငွေဖြင့် အစ်ကိုကြီးအယ်လ်ဘရက်ရှ်ဒူးရားက ပန်းချီပညာနူရင်ဘတ်(ဂ်) မြို့မှာ သွားတက်ပါဟု ပြော၏ ။

ပြွတ်သိပ်ကျပ်ခဲအောင် တိုးတိုးဝှေ့ဝှေ့အိပ်ရသော ကုတင်ပေါ်မှာ ညီအစ်ကိုနှစ်ယောက် တီးတိုးတီးတိုးနှင့် ညစဉ်အိပ်ရာဝင်တိုင်း ငြင်းခုံနေကြ၏ ။ တစ်နေ့မှာ မူ သူတို့ညီအစ်ကိုနှစ်ယောက် အကြံရသည်။

မျောက်ပန်းလှန်ကြမည်။

ရှုံးသူက အနီးအနားရှိမိုင်းတွင်းမှာ ၀င်အလုပ်လုပ်ပြီးရသမျှ လစာငွေဖြင့် နိုင်သောသူကို ပန်းချီပညာ ကျောင်းပညာသင်စရိတ် ထောက်ပံ့ကြေးပေးရမည်။

သူတို့ဖခင်ကြီးကတော့ ဤမိသားစုကြီး ထမင်းဝအောင်ကျွေးဖို့ပင် ဆင်းဆင်းရဲရဲ ရုန်းကန် နေရရှာသဖြင့် ပိုက်ဆံကုန်မည့်ကျောင်းနေစားရိတ်ကို မတတ်နိုင်တော့ကြောင်း သူတို့ကောင်း ကောင်းနားလည်သည်။ ဖခင်ကို စာနာသည်။

မျောက်ပန်းလှန်ကြသည်။

ရှုံးသူက မိုင်းတွင်းအလုပ်သမားလုပ်ရမည်။

နိုင်သူက နုရင်ဘတ်(ဂ်) မြို့သို့သွားပြီး ပန်းချီအနုပညာကျောင်းမှာ သင်တန်းတတ်ရမည်။

အလောင်းအစားလုပ်ပြီး ရွေးလိုက်သောအခါ အစ်ကိုကြီး အယ်လ်ဘရက်ရှ်ဒူးရားက မြို့သို့ သွားပြီးပန်းချီပညာသင်ယူရန် မဲကျသည်။နှစ်ယောက်စလုံးကျေနပ်ကြသည်။ ညီဖြစ်သူအဲလ်ဘတ် က ရွာနှင့်မနီးမဝေးမှာ ရှိသော မိုင်းတွင်းသို့အလုပ်ဆင်း၍ ၀င်ငွေရှာဖွေမည်။ ရသမျှငွေဖြင့် မြို့မှာ ပ ညာသင်သော အစ်ကိုအတွက်လိုအပ်သလောက် ထောက်ပံ့ပေမည်။ ကောင်းသည်။

ဤသို့ဖြင့် အယ်လ်ဘရက်ရှ်ဒူးရားက နုရင်ဘတ်(ဂ်)မြို့တွင် ပန်းချီပညာသင်ယူသည်။ ကုန်ကျသမျှကို သူညီလေးအဲလ်ဘတ်က အလုပ်ကြမ်း အလုပ်ဆင်းပြီး လစဉ်ငွေကြေးရှာဖွေ ထောက်ပံ့ပေးသည်။ အဲလ်ဘတ်ကားသက်စွန့်ဆံဖျား အန္တရာယ်များ သော မိုင်းတွင်းမှာ တပင်တန်း အလုပ်ကြမ်းလုပ်ရရှာပါသည်။

မြို့မှာ အယ်လ်ဘရက်ရှ်ဒူးရားကလည်း အထူးကြိုးစားသည်။ ပန်းချီသင်တန်းတတ်နေဆဲမှာ ပင် ဆရာများ ၏ ချီးကျူးခြင်းကို ခံရသည်။ ပန်းချီကားတွေရေးဆွဲပြီး ၀င်ငွေရှာရမည်။ အဖေအမေနှင့် ညီလေးညီမလေး ဘုစုခရုတွေကို ပြုစုလုပ်ကျွေးမည်ဟု ရည်ရွယ်ချက်ဖြင့်ပန်းချီအ နုပညာကျောင်းတွင် ပညာကိုအစွမ်းကုန်အာရုံစူးစိုက်ပြီးကြိုးစားခဲ့သည်။ အချိန်ကာလ လေးနှစ်ကြာပြီး ကျောင်းဆင်း၊ ပန်းချီသင်တန်းမှဘွဲ့ရ၊ သူရေးဆွဲသော ပန်းချီကားတွေလည်း နာမည်ကျော်ကြားထင်ရှားစပြုသည်။

မြို့မှာ သူဘွဲ့ရခဲ့ပြီး ရွာပြန်လာတော့ တစ်ရွာလုံးက အပြုံးဖြင့် အထင်တကြီး ဆီးကြိုနှုတ် ဆက်ကြသည်။

“အယ်လ်ဘရက်ရှ်ဒူးရား၊ ၀လို့လှလို့ပါလား”

အားလုံးက လှိုက်လှဲစွာ ပျော်ရွင်ကြသည်။

သူတို့မိသားစုက အယ်လ်ဘရက်ရှ်ဒူးရားကို အိမ်ရှေ့မြက်ခင်းပြင်မှာ ကြိုဆိုဂုဏ်ပြုညစာ ကျွေးသည်။ တစ်မိသားစုလုံးက တသွေးတမွေးစိုပြေနေသော အယ်လ်ဘရက်ရှ်ဒူးရားကို အရေးပေးပြောဆိုနေကြသည်။

အယ်လ်ဘရက်ရှ်ဒူးရားက ၀ိုင်ခွက်ကိုကိုင်မြှော က်၍ စိတ်လှုပ်ရှားစွာ စကားတစ်ခွန်းပြော သည်။

“အဖေတို့အမေတို့၊ ညီလေးတို့။ ကျွန်တော်မြို့မှာ ပညာသင်နိုင်အောင် ညီလေးအဲလ် ဘတ်က မိုင်းတွင်းထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆင်းရဲပင်ပန်းခံပြီး လေးနှစ်လုံးလုံးအလုပ်ကြမ်းလုပ် ပြီး ထောက်ပံ့ပေးခဲ့တာကို ကျေးဇူးအထူးတင်ပါတယ်။”

အားလုံးက တိတ်ဆိတ်ငြိမ်သက်နေကြသည်။

“ကဲ- ညီလေးအဲလ်ဘတ်ရေ၊ ဒီတစ်ခါတော့ အစ်ကိုကြီးရဲ့ အလှည့်ပေါ့။ ငါ့ရဲ့ လုံးလုံးလျား လျားကျေးဇူးရှင်ကြီးဖြစ်ခဲ့တဲ့ မင်းကို နူရင်ဘတ်(ဂ်)က ပန်းချီကျောင်းသို့ ငါကပို့မယ်၊ ထောက်ပံ့ မယ်။ မိုင်းအလုပ်ကြမ်းသမားဘ၀မှ မင်းထွက်လိုက်တော့”

အားလုံးက ၀မ်းသာအားရလက်ခုပ်တီးကြ၏ ။ အားလုံး၏ မျက်နှာတွေက အဲလ်ဘတ်ဆီသို့ ရောက်သွားကြ၏ ။ အဲလ်ဘတ်က ငြင်းနေ၏ ။

မိသားစုဝင်များ က ဘာကြောင့်ပါလဲ မဝေခွဲနိုင်။

“မသွားတော့ပါဘူးအစ်ကိုရယ်။ ငါ့ဘ၀အတွက် သိပ်ကိုအချိန်နှောင်း သွားပါပြီ။ ဟောဒီ လက်တွေကိုကြည့်စမ်း၊ မိုင်းထဲမှာ လေးနှစ်လုပ်ခဲ့ရတဲ့အတွက် လက်တွေက ကြမ်းတမ်းပျက်စီးခဲ့ ပါပြီ။ လက်ချောင်းတိုင်းမှာ ရှိတဲ့ အရိုးတွေကလည်း ကြေမွသွားခဲ့ပြီလေ။ နောက်ပြီး ငါရဲ့ ညာဘက် လက်က လေးဘက်နာဖြစ်ပြီး ဖန်ခွက်တောင်မှ ကိုင်လို့မရတော့ပါဘူး။ကင်းဘတ်ပေါ်မှာ ဒီလက်နဲ့ ဘယ်လိုလုပ် စုတ်တံကိုင်ပြီး ဆွဲနိုင်တော့မှာ လဲ။”

“အစ်ကိုရယ်၊ ကျေးဇူးတင်ပါတယ်။ အစ်ကိုရဲ့ စေတနာကို သိရတာ ညီလေးဝမ်းသာကျေ နပ်ပါပြီ။ ဒါပေမယ့် ငါ့အတွက် သိပ်ကိုနောက်ကျသွားပြီ။”

ဤဖြစ်ရပ်သည် နူရင်ဘတ်(ဂ်)မြို့အနီးရှိ တောလက်ကျေးရွာလေးမှာ အမှန်တကယ်ဖြစ် ပျက်ခဲ့ပါသည်။ အချိန်ကာလကား နှစ်ပေါင်း ၄၅၀ ကျော်ခဲ့ပေပြီ။ သို့သော် ယနေ့တိုင်ထင်ရှား ကျော်ကြားနေဆဲရှိသော အရာများ မှာ အယ်လ်ဘရက်ရှ်ဒူးရားဟူသော ဂျာမာန်ပန်းချီကျော်တစ်ဦး ၏ ကမ္ဘာကျော်ပန်းချီကားများ ဖြစ်ပါသည်။ သူ၏ လက်ရာပန်းချီကားများ စွာ အနက် သူ့ညီလေးသူ့ ကိုပန်းချီအတတ်သင်ကျောင်းထားပေးသူ၊ အနစ်နာခံခဲ့သူ၊ အဲလ်ဘတ်ကို ဂုဏ်ပြုသည့်အနေဖြင့် သူ့ညီလေး၏ လက်ကို အသေးစိတ်ရေးဆွဲထားသော “လက်များ ” အမည်ရှိ ပန်းချီကားသည်ကား အအောင်မြင်အထင်ရှားဆုံးဖြစ်ခဲ့လေသည်။ ဤဖြစ်ရပ်နှင့်ယှဉ်တွဲ ၍ လူသိများ သည်။

သူ၏ အခြားပန်းချီကားများ သည်လည်း နိုင်ငံတကာပန်းချီလက်ရာ ပြတိုက်ကြီးများ မှာ ဂုဏ်ယူဝင့်ထည်စွာ ချိတ်ဆွဲပြသထားပါ၏ ။“လက်များ ” ဟူသော သူ့ညီ၏ ပျက်စီးယိုယွင်းနေသော လက်နှစ်ဘက်ဖြင့်ပူးပြီး ကောင်းကင်ကိုလှည့်၍ ကန်တော့နေသောပုံ ဖန်တီးချက်ကား အသက်ဝင် အနုပညာရသပြောင်မြောက်လှသဖြင့် ကမ္ဘာကျော်ပန်းချီကားတစ်ချပ်ဖြစ်နေပါ၏ ။

အောင်မြင်မှု တစ်စုံတစ်ခု၏ နောက်ကွယ်တွင် အနစ်နာခံခြင်း၊ အပင်ပန်းအဆင်းရဲခံရခြင်း၊ အနစ်နာခံစွန့်လွှတ်ရဲခြင်းတွေရှိသည်ဟူသော အချက်က ထင်ရှားပါသည်။“တိုင်းပြည်က ကျွန်တော်တို့လူငယ်တွေကို ဘာလုပ်ပေးမှာ လဲဟု မမေးပါနှင့်။ တိုင်းပြည်အတွက် ကျွန်တော်တို့ လူငယ်တွေက ဘာများ လုပ်ပေးရမှာ ပါလဲလို့သာ မေးပါ” ဟု အမေရိကန်ပြည်ထောင်စု၏ အသက် ၄ နှစ်အရွယ် သမ္မတဂျွန်၊ အက်ဖ်၊ ကနေဒီက ပြောခဲ့ဖူးပေသည်။

နိုင်ငံနှင့် လူမျိုးအတွက် အောင်မြင်မှု တစ်ခုရလာဖို့ရာ လူတိုင်းလူတိုင်းမှာ “အဲလ်ဘတ်” ကဲ့ သို့ အနစ်နာခံရဲသော လူငယ်အားမာန်နှင့် စေတနာစွမ်းအားအဟုန်ကို လိုအပ်ပါလိမ့်မည်။ ထိုအခါ အနာဂါတ်သည် သာယာလှပပေမည်။

ချစ်နိုင် (စိတ်ပညာ)
၂-၆-၂၀၁၃



ဝန်ဇင်းချစ်သူများ ချစ်နိုင်(စိတ်ပညာ) ၏ “ လူငယ် အညွှန့်အဖူးလေးများ အတွက် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ချစ်သဖြင့် ရေးသည့်စာများ

လူငယ်ဆိုတာ လန်းရမယ်

စာဖတ်ခြင်းဖြင့် ကြီးမြတ်ပါစေ