"လူငယ်ဆိုတာ လန်းရမယ်" ဟု ဆိုချင်၏ ။
ရွင်လန်းခြင်း၊ လန်းဆန်းခြင်း၊ လန်းလန်း လှလှ စိုစို လွင်လွင်။
လူငယ်သည် လန့်မနေရ။ ရဲရင့်မည်။ ယုံကြည်မှု အပြည့်အ၀ရှိရမည်။ ကြောက်ရွံ့နောက်တွန့်နေရန်မလို။
လူငယ်သည် လန်မကျစေရ။
မတ်နေရမည်။ ရှေ့သို့မပျက်ဆက်၍ တက်နေရပေမည်။ မပျက်မကွက် တိုးတက်ရှင်သန်။
မလန့်နှင့်။
မလန်နှင့်။
လူငယ်များ စာရေးသူ၏ စေတနာကို ရယူနိုင်ကြပါစေ။ စာနယ်ဇင်းများ တွင် အားပေးရေးသားခဲ့သော ပေးစာနှင့် စကားပြောဟန်ဆောင်းပါးတို့ကို ရွေးချယ်စုစည်းလျှက် ဤစာအုပ်ကို ထုတ်ဝေပါသည်။ အသက် အရွယ် ၁၂ နှစ်မှ ၃၀ အတွင်း လူငယ်လူရွယ်အားလုံးတို့အတွက် အထောက်အကူပြုစေဖို့ ရည်ရွယ်ပါသည်။ ဖတ်ရှုသူအား အားမာန်ပြည့်ဝ နှလုံးလှစေပါလိမ့်မည်။
မိဘနှင့်ဆရာတို့က သားသမီးနှင့် တပည့်တို့အား ပြောပြလိုသော အကြေားအရာအချက်အလက်တို့ကို ဖတ်ချင်စဖွယ်ရှိအောင် ရေးသားတင်ပြထားပါသည်။
ချစ်စွာ သော
ချစ်နိုင် (စိတ်ပညာ)
၂၀-၃-၂၀၁၂
၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ညမှာ ၂၀၁၀ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား (၁၅) ကားအနက် မှ အကောင်းဆုံး ရုပ်ရှင်အနုပညာရှင်များ ကို ထူးချွန်ဆုပေးတယ်။ အကယ်ဒီဆုလို့ခေါ်ကြတယ်။ ရုပ်ရှင် လောကသားတိုင်းဟာ အကယ်ဒီရွှေစင်ဆုကို အမြတ်တနိုးတန်ဖိုးထားကြတယ်။ ပရိတ်သတ်ရဲ့ အကြိုက်နဲ့ ကိုက်ညီတာလဲရှိတယ်။ တစ်ခါတစ်ရံ မကိုက်ညီတာလည်းရှိခဲ့တယ်။ ဘာပဲဖြစ်ဖြစ်တော်တဲ့သူတွေ၊ ထူးချွန်တဲ့သူတွေရကြတာက အမှန်ပါပဲ။
ဒီနှစ်ရုပ်ရှင်မင်းသား အကယ်ဒီဆုကို ပြေတီဦးကရသွားတယ်။ ၂၀၁၀ ပြည့်နှစ်အတွင်း ထွက်သမျှ မြန်မာရုပ်ရှင်ဇာတ်ကားတွေထဲမှာ မင်းသား ပြေတီဦးက အမှန်တကယ်အကောင်းဆုံးပါပဲ။ ရုပ်ရှင်ချစ်သူ ပရိတ်သတ်များ နဲ့ စာနယ်ဇင်း အကဲခတ်သမားအားလုံးကလည်း ဒီအတိုင်းပဲ မျှော်လင့်ထားပြီးသားပါ။
ပြေတီဦးရတယ်လို့ သတင်းမထွက်မီတည်းက သူရလိမ့်မယ်ဆိုတာ အားလုံးကထင်ကြေးပေးပြီး သားပါ။ ဘကြောင့်လဲဆိုတော့ ပြေတီဦးရဲ့ အထူးကြိုးစား သရုပ်ဆောင်မှု ၊ အားထုတ်မှု ၊ ပညာပြောင် မြောက်မှု တွေက သိသာထင်ရှားလှတာမို့ပါ။
နည်းပညာတက္ကသိုလ်မှ ဘွဲ့ရခဲ့တဲ့ ပညာတတ်လူတယ်တစ်ယောက်ဟာ ယခုလိုရုပ်ရှင်ပရိတ်သတ်နဲ့ တကွ ပြည်သူလူထုကော၊ အကယ်ဒီဆု အကဲဖြတ်အဖွဲ့ကော၊ စာနယ်ဇင်းတွေကကော တစ်ခဲနက် လှိုက်လှိုက် လှဲလှဲ အမြင့်ဆုံးဆုရစေချင်တာက သူ့အပေါ်မေတ္တာထားကြလို့ပါ။ ပြေတီဦးဟာ ပြည်သူ့ရဲ့ မေတ္တာကိုရအောင် ဘယ်လောက်အချိန်ကြာအောင် အဆက်မပြတ်ကြိုးစားအားထုတ်ခဲ့ရသလဲ။ ဆယ်နှစ်နီးပါးကြာခဲ့ပါသတဲ့။
အကယ်ဒမီဆုမရသေးခင် people မဂ္ဂဇင်းမှ ကေကေအိုဆိုသူက မေးတဲ့လူတွေ့နုတ်မေးကိုဖြေဆို ရာမှာ အောက်ပါအတိုင်းပြောပြထားပါတယ်။
'' ကံဆိုတာလူကလုပ်တာ ကံဆိုတာအလုပ် အတိတ်ကံ၊ ပစ္စုပ္ပန်ကံ ဆိုတာလဲရှိတယ်။ ကိုယ်တိုင်ကတော့ လက်ရှိပစ္စုပ္ပန်မှာ ဖြစ်ပျက်နေတဲ့ကံကိုပဲ ယုံကြည်တယ်၊ အတိတ်ကံကတော့ လက်ရှိ ကံကို အထောက်အပံ့ပေးတဲ့ သဘောပါပဲ၊ ကိုယ်လုပ်တဲ့အလုပ်ကောင်းနေရင် ရတဲ့အကျိုးကျေးဇူး ကောင်းမှာ ပဲ၊ ကိုယ်လုပ်တဲ့အလုပ်က မကောင်းဘူးဆိုရင် ကိုယ်ပြန်ရတဲ့အကျိုးကျေးဇူးက ကောင်းမှာ မဟုတ်ဘူး '' တဲ့
"ပြောရမယ်ဆိုရင်တော့ ဖြတ်သန်းခဲ့တဲ့ ကာလတွေက ကြမ်းတမ်းခဲ့တယ်လို့ ပြောလို့ရတယ်။ လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် အကျိုးပေးချင်းမတူကြဘူး။ တစ်ချို့ကျတော့ အောင်မြင်မှု ရတဲ့သူ တွေရှိတယ်။ ကျွန်တော်တို့ကျတော့ ကြိုးစားတဲ့နှုန်းက အဆပေါင်းများ စွာ ပိုနေအောင် ကြိုးစားရတယ်။ အရမ်းကြိုးစားမှ အောင်မြင်မှု ဆိုတဲ့အရာက ရေးရေးလေးပဲပေါ်တာပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက်က အကျိုးပေးချင်းမတူကြဘူးပေါ့။ ကျွန်တော့်အနေနဲ့ ခက်ခက်ခဲခဲကြိုးစားရတဲ့အထဲမှာ ပါတယ်။"
"ကိုယ်ရှုံးနိမ့်တဲ့အတွက် အဲဒီ ရှုံးနိမ့်မှု ကို မခံချင်စိတ်အဖြစ်ပြောင်းပြီး နောင်တစ်ခါ အောင်မြင်မှု ရအောင် ကြိုးစားတယ်" တဲ့။
အကယ်ဒမီ ပြေတီဦး၊ ထိပ်ဆုံးမှာ အောင်မြင်နေတဲ့ ပြည်သူ့အချစ်တော် ရုပ်ရှင်မင်းသား တစ်ယောက် ရဲ့ မဂ္ဂဇင်းစာမျက်နှာပေါ်မှာ ဖြေကြားခဲ့တဲ့ အမေးအဖြေစကားထဲက ကောက်နှုတ်တင်ပြတာပါ။
မှန်တာပေါ့။
ကြိုးစားလို့သာ အောင်မြင်တာ။
အထူးကြိုးစားခဲ့လို့သာ အောင်မြင်မှု ကြီးကြီးမားမားရတာ ပဲ မဟုတ်လား
၂၀၁၀ ပြည့်နှစ်အတွင်း ပုံနှိပ်ထုတ်ဝေခဲ့တဲ့ မြန်မာစာအုပ်များ အနက်မှ စာရေးဆရာမ ခင်ခင်ထူးဟာ အမျိုးသားစာပေဆုရခဲ့ပါတယ်။ (တိုက်တိုက်ဆိုင်ဆိုင် ဆရာမ ရဲ့ ခင်ပွန်း ဆရာနေ၀င်းမြင့်ဟာလား Glass Palace ဘာသာပြန်ဝတ္တုနဲ့ ဘာသာပြန် အမျိုးသားစာပေဆုရပါတယ်)။
စာရေးဆရာမ ခင်ခင်ထူးဟာ ရန်ကုန်သူမဟုတ်ပါ။ ရန်ကုန်လို၊ မန္တလေးလို မြို့ကြီးပြကြီးမှာ မွေးဖွား သန့်စင်ခဲ့သူ မဟုတ်ပါ။ အညာတောလက်ကျေးရွာမှာ မွေးဖွာခဲ့သူပါ။ သူရေးတဲ့စာမှာ ကျေးလက်ဒေသ လေးတွေပါနေလို့ စာဖတ်ပရိသတ်က လေးစားချစ်ခင်ကြရတယ်။
လွန်ခဲ့တဲ့အနှစ်၂၀ ကာလဆီက ဆရာမ ဟာ သာမန်မူလတန်းပြဆရာမ လေးပါ့။ တောကျောင်း။
ထိုမူလတန်းပြဆရာမ လေးဟာ စာတော့ အလွတ်ဖတ်တဲ့ဆရာမ ။ ယခုအခါမှာ နိုင်ငံကျော် စာရေး ဆရာမ ဖြစ်နေပါပြီ။ နိုင်ငံတောက အသိအမှတ်ပြုပြီး ချီးမြင့်မြှော က်စားလိုက်ပါပြီ။ ဒါဟာ တကယ့်အဖြစ် အပျက်ပဲ။
ဆွေမျိုးအမှီအခိုမလို။
ငွေမလို။
မြို့ကြီးပြကြီးမှာ မွေးမှ၊ နေမှမဟုတ်။
အောင်မြင်ထင်ရှားတဲ့ စာရေးဆရာမ ဖြစ်ဖို့က ကိုယ်တိုင်ကြိုးစားအားထုတ်ဖို့သာလျှင်အဓိကကျတာပဲ။
ဖတ်မှတ်လေ့လာနေတယ်။ ပတ်ဝန်းကျင်ကို သတိပြုစူးစမ်းလေ့လာမယ်။ အဆက်မပြတ် နေ့စဉ် မှတ်သားမယ်။ လေ့ကျင့်နေတယ်ဆိုရင် ခက်ခဲ့လှတဲ့ စာရေးဆရာအလုပ်ဆိုတာလည်း အနှစ်နှစ်ဆယ်လောက် ကြာတဲ့အခါ ဖြစ်ထွန်းလာတယ်နော်။
ဇွဲရှိရှိနဲ့ ကိုယ်ဝါသနာပါတဲ့အလုပ်ကို ကြိုးစားကြရတယ်။ အခက်အခဲဘယ်လိုပဲတွေ့တွေ့ လက်မ မြှော က် အရှုံးမပေးဘဲ ဆက်လက်ကြိုးစားဖြတ်သန်းကြရတယ်။ ဆန္ဒ ၊ ၀ီရိယ ထက်သန်ရပါတယ်။
သြော် . . . . . အောင်မြင်မှု ဆိုတာ မြင့်မားလေလေ ပေးဆပ်ရတဲ့ ကြိုးစားလုံ့လ၀ီရိယ ကြီးမားလေလေပဲကိုး။ မကြိုးစားဘဲနဲ့တော့ အလွယ်တကူနဲ့ အောင်မြင်မှု ကို မရနိုင်ဘူး။ အောင်မြင်ချင်ရင် မိမိကိုယ်တိုင်စနစ်တကျနဲ့ ဇွဲရှိရှိ ကြိုးစားရပေမှာ ပဲလေ။ ကိုယ့်အားကိုယ်ကိုး အောင်မြင်မှု မျိုးက လိပ်ပြာသန့်တဲ့ အောင်မြင်မှု လို့ ဆိုရတယ်။
အောင်မြင်ပါစေ။
ချစ်နိုင် (စိတ်ပညာ) ၉-၂-၂၀၁၂
![]() စာဖတ်ခြင်းဖြင့် ကြီးမြတ်ပါစေ | ![]() သဲပွင့်ကို ပုလဲဖြစ်အောင် | ![]() အကြီးအမှူး ဖြစ်စေတတ်သော |