Cover

မိခင် ဒေါ်အေးသနှင့် ဖခင် အလယ်တန်းပြ ကျောင်းဆရာ ဦးမာတင်တို့က ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၆ ရက်တွင် ချောက်မြို့နယ်၊ ကြီးနီရွာ၌ မွေးဖွားခဲ့သည်။ ငယ်နာမည် မောင်ချစ်နိုင်။ ကြီးနီ အစိုးရအလယ်တန်းကျောင်း၊ ချောက်မြို့နယ် အမှတ်(၁) အစိုးရအထက်တန်းကျောင်းနှင့် မန္တလေးတက္ကသိုလ်တို့တွင် ပညာသင်ယူပြီး (၀ိဇ္ဇာဘွဲ့၊ စိတ်ပညာ) ဘွဲ့ရခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှာ အသုံးချစိတ်ပညာဘွဲ့လွန်သင်တန်း တက်ရောက်အောင်မြင်ခဲ့သည်။

တပ်မတော်(ကြည်း)တွင် အရာရှိအဖြစ် စစ်ရေး၊ လေ့ကျင့်ရေးနှင့် စည်းရုံးရေးတာဝန်များ ကို ၂၇ နှစ် ထမ်းဆောင်ခဲ့သည်။ စစ်မှု ထမ်းဟောင်းဖြစ်ပါသည်။ သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများ တွင် ဆောင်းပါးများ ကို ၁၉၈၄ခုနှစ်မှ စတင်ရေးသားသည်။ ၁၉၉၆ ခုနှစ်က “ချစ်လို့ပြောတာမှတ်ပါ” စာအုပ်ဖြင့် လူငယ်ဆိုင်ရာစာပေ၊ အမျိုးသားစာပေဆုကို ရခဲ့သည်။ စာအုပ် (၇၆) အုပ် ရေးသားခဲ့သည်။ ဆောင်းပါးရှင်၊ စာရေးသူဖြစ်ပါသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် ၁၁ နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လူထုစာကြည့်တိုက်နှင့် စာဖတ်အသင်းများ ရှင်သန်အောင် ကူညီအားပေးသည်။ သတင်းခေတ်၊ ပညာခေတ်တွင် ခေတ်မီအောင် လူငယ်များ စာဖတ်ကြရေးအတွက် စည်းရုံးလှုံ့ဆော်ပါသည်။

၁၉၆၄ ခုနှစ်တွင် ကျွန်တော်သည် ချောက်မြို့၊ အမှတ် (၁) အထက်တန်းကျောင်းမှာ ၉ တန်းကျောင်းသား ဖြစ်လေသည်။ ဤအချိန်တွင် ကျွန်တော့်မှာ စာရူးရောဂါ စတင်စွဲကပ်လာလေသည်။ စာအုပ်ဟူသမျှကို ၀ါးစားပစ်နေသကဲ့သို့ဖတ်နေရမှ ကျေနပ်သည်။ တောသားပီပီ စကားရိုင်းသော် ခွင့်လွှတ်တော်မူပါ။ နွားငတ်ရေကျ အငမ်းမရ စာဖတ်ပါတော့သည်။ ဖတ်သမျှသိသိလာတော့ ပြောချင်ဆိုချင်လာသည်။ ကဗျာတွေလည်း အများ ကြီးဖတ်တော့ ကဗျာစပ်သည်။ ဗလာစာအုပ်နှင့် ကဗျာတွေစုသည်။ မဂ္ဂဇင်းများ ထဲမှ ကြိုက်ရာတွေ ကူးထား။ ဘေးမှဆေးရောင်စုံ ရေဆေးရေးခြယ်။ မိမိဘာသာ သရုပ်ဖော်ပုံဆွဲ။ သူငယ်ချင်းတွေကိုပြ။

“စိတ်ကူးရရာ အတွေးပဒေသာ” ဆိုပြီး ကတ်ဖုံးနှင့် ဗလာစာအုပ်ထဲမှာ ကဗျာတွေရေး၊ စာညွန့်တွေရေး။ ပြီးတော့ သူငယ်ချင်းတွေပြ။ ‘မင်းဟာက မဆိုးဘူးကွ’ဆိုလျှင် ထိုသူကို မုန့်ကျွေး။ ‘မင်းဟာ တော်တော်ကြောင်ပါကလား’ ဆိုသော ကောင်းမျိုးကိုတော့ နောင်မပြတော့။

ဝါသနာတူရာ၊ စာပေမြတ်နိုးရာ သူငယ်ချင်းတွေကို စုမိသည်။ ထိုအထဲမှာ စိတ်အားထက်သန်မှု ကြောင့် ကျွန်တော်သည် အလိုလို ခေါင်းဆောင်ဖြစ်လာ၏ ။ ကဗျာစာအုပ် စုထုတ်ကြသည်။ လက်ရေးနှင့် လက်ကမ်းကဗျာများ ၊ ထိုမှတစ်ဆင့် ပုံနှိပ်စက်အပ်၍ လက်ရွေးစင် လက်ကမ်းကဗျာများ ကိုပါ ၁၉၆၄ ခုနှစ်ထဲတွင် ရိုက်နှိပ်ထုတ်ဝေခဲ့ပြန်ပါသည်။ “မိုးပန်းကဗျားများ ” ၉ တန်းကျောင်းသား မောင်ချစ်နိုင်ဦးစီး စီမံပြီး ထုတ်ဝေခဲ့ခြင်း ဖြစ်ပါသည်။ စာတည်း၊ စာပြင်၊ ထုတ်ဝေသူ၊ ငွေကြေးစုဆောင်း၊ ခွဲဝေ၊ စီမံမှု အစုစုတို့ကို ကျွန်တော် တာဝန်ယူခဲ့သည်။ သူငယ်ချင်း ၁၀ ယောက်၊ တစ်ယောက် ၁၀ ကျပ် ထည့်ဝင်ပြီး ပုံနှိပ်စက်သို့ ရိုက်ခနှင့် စက္ကူဖိုး ၁၀၀ ကျပ် ပေးရ၏ ။ စာစောင် ၂၀၀ ရသည်။ တစ်ယောက် ၂၀ စောင် ခွဲဝေပေးသည်။ မေတ္တာလက်ဆောင် အမှတ်တရ ကြိုက်ရာပေး။

ထိုအထဲမှာ ပါခဲ့သူတွေမှာ ကျောင်းအုပ်ဆရာကြီး ၊ ကျောင်းဆရာမ ၊ ရေနံဖြန့်ဖြူးရေး အရာရှိ၊ ကုန်သည်၊ စက်ရုံအရာထမ်း အစရှိသည်ဖြင့် ယခုအခါအသက် ၄၀ ကျော် ဖြစ်နေကြပါပြီ။ ကဗျာဝါသနာရှင် အဖွဲ့ခေါင်းဆောင် ကျွန်တော်ကား အနှစ် ၂၀ မျှ တစိုက်မတ်မတ် မရပ်မနား ကြိုးစားချီတက်ခဲ့ရာ ၁၉၈၄ ခုနှစ်တွင် ဆောင်းပါး ရေးသူအဖြစ် မိုးဝေ၊ ရှုမ၀၊ စံပယ်ဖြူ၊ အတွေးအမြင် စသည့် မဂ္ဂဇင်းစာစောင်များ က နေရာပေးခံရလေ၏ ။

ကဗျာဝါသနာရှင် သူငယ်ချင်းများ သည် ယခုအချိန်အထိ ကျွန်တော်၏ ဆောင်းပါးများ ကို အားပေးဖတ်ရှုပြီး ဝေဖန် (ဖတ်ဆဲ) ဖြစ်ပါ၏ ။ ၁၉၉၅ ခုနှစ်တွင်မူ ကျွန်တော့်ကို စာပေနယ်မှာ ထုတ်ဝေဖြန့်ချိရေးနှင့် တည်းဖြတ်ကြီးကြပ်ရေး တာဝန်များ ကိုပါ ပေးအပ်ခြင်း ခံရပါတော့သည်။ ဆောင်းပါးရှင်ဘ၀ အောက်ခြေမှစ၍ စာပေနယ်မှာ ၁၀ နှစ်တာ ကျင်လည်ခဲ့ရ၏ ။ ယခုအခါ အယ်ဒီတာနှင့် ထုတ်ဝေသူ ပုံနှိပ်သူ အလုပ်များ ပါ ထမ်းဆောင်နေရပါတော့၏ ။

ဆောင်းပါးရှင်တစ်ဦးအဖြစ် ကလောင်တစ်ချောင်းကို ပြည်သူအများ အသိအမှတ်ပြုလာရန် နှစ်ပေါင်း ၃၀ မျှ ကျွန်တော်သည် အားထုတ်ကြိုးစားခဲ့ပါ၏ ။ စာဖတ်သူတွေကို ကျွန်တော်သိသလို သိစေချင်သည်။ ကျွန်တော်မြင်သမျှကို တင်ပြချင်သည်။ စာဖတ်သူတို့ကို ကျွန်တော်တွေ့ခဲ့ရသည့် အမှားများ အား ရှောင်ရှားစေလိုသည်။ ကျွန်တော်ခံစားရသော ကြည်နူးမှု ကို မျှဝေခွဲဝေပေးချင်သည်။ ကျွန်တော်၏ စိတ်ခြေရာများ မှာ ရေးခဲ့သော စာများ ဖြစ်ပါသည်။ စိတ်ခြေရာကိုကြည့်လျှင် စိတ်စေတနာကို သိပါမည်။

၂။

စာအမျိုးအစားများများ ကျွန်တော် မရေးတတ်။

ကဗျာနှင့် စကားပြေဟု စာပေမှ အခြေခံကျကျ ခွဲခြားရလျှင် နှစ်မျိုးရှိမည် ထင်ပါသည်။

ကျွန်တော်သည် အမျိုးမျိုးပင် ကြိုးစားခဲ့ပါသော်လည်း ကဗျာကို ဉာဏ်မမီပါ။ ကဗျာသည် က၀ိတို့၏ ပစ္စည်းဖြစ်သည်ဟူသော ရှေးပညာရှိတို့၏ စကားကို ကျွန်တော်လက်ခံပါ၏ ။ ကဗျာထူးချွန်သူ၊ ကဗျာမှာ မှတ်တမ်းထိုးခံရသူသည် အမှန်ပင် က၀ိခေါ်ထိုက်သူများ ဖြစ်ပါ၏ ။

ကဗျာသည် ပါရမီရင့်သန်မှ ဖန်တီးနိုင်ပါသည်။ ကျွန်တော်သည် ကဗျာပါရမီနည်းပါးသည်။ မမီသော ကဗျာကို ကျွန်တော် မဖန်တီးနိုင်ချေ။ ကျွန်တော် မစွမ်းပေ။

စကားပြေ။

စကားပြေကို နှစ်မျိုးခွဲခြားနိုင်၏ ။

ဝတ္ထုနှင့် ဆောင်းပါး။

ဝတ္ထုက ပိုပြီး ဉာဏ်ကွန့်မြူးရသည်။ ပိုပြီး ဦးနှောက်ထက်ရသည်။ ဖန်တီးမှု ဖြစ်၏ ။

ဆောင်းပါးကား ၀တ္ထုလောက် ကျွန်တော့်အတွက် မခက်။ ကျွန်တ်ာက အချက်အလက်များ ကို အားသန်စွာ စုဆောင်းလေ့လာတတ်သည်။ ဆောင်းပါးတွေရေးသောအခါ မဂ္ဂဇင်းဂျာနယ်များ က လက်ခံသည်။

ဝတ္ထုများ ကိုလည်း ကျွန်တော်ရေးပါ၏ ။ စာပေတိုက်များ ဆီသို့ ပို့သည့်အဆင့်အထိပင် မရောက်။ မိမိဘာသာ ရေးလိုက်ပြင်လိုက်၊ ပြန်ရေးလိုက်နှင့် စိတ်တိုင်းမကျနိုင်ဘဲ တ၀ဲလည်လည် ဖြစ်နေသည်က များ ၏ ။ ဘယ်ကိုမှ မပို့ရဲ။ အားမရ။

ကဗျာလည်း ဟုတ်တိပတ်တိ မရေးစပ်တတ်၊ ၀တ္ထုလည်း ဟုတ်ဟုတ်ညားညား မရေးသားတတ်သဖြင့် ကျွန်တော်သည် စာရေးဆရာ၊ စာပေဖန်တီးသူ အဆင့်ပင်လျှင် စာရင်းမ၀င်။ ကိုယ့်အကြောင်းကို ကိုယ်သိပါ၏ ။ ဘ၀င်မြင့်စရာမရှိ။

ဆောင်းပါး စကားပြေမျှသာ ရေးတတ်သော မိမိအနေနှင့် ၀တ္ထုရေးဆရာများ ကို လေးစားပါ၏ ။ ကဗျာဆရာများ ကို ပိုမိုလေးစား ရိုသေပါ၏ ။ ကျွန်တော်ဖြစ်မြောက်အောင် မရေးတတ်သဖြင့် အမှန်ပင် ချီးကျူးဂုဏ်တင်ပါ၏ ။ သို့သော်ကျွန်တော် အားမငယ်။

ဤ စကားပြေ ဆောင်းပါးများ နှင့်ပင် ကျွန်တော် ခံစားနားလည်သမျှကို ကျွန်တော်တင်ပြခွင့်ရနေသည်။ ကျွန်တော် ပျော်ပါသည်။ ကျေနပ်နှစ်သိမ့်ပါသည်။ စာအရေးအသားအနေနှင့် ကောင်းမကောင်း စာဖတ်သူ ဖတ်ကြည့်စေလိုပါသည်။ ချော မချော၊ ညက်မညက်။ ဆွဲမဆွဲ၊ သွက်မသွက်။ နှစ်သက်သလို ဆုံးဖြတ်တော်မူပါ။

စေတနာထက်ထက်သန်သန်နှင့် ဖြူဖြူစင်စင် ရှိသည်ကမူ ကျွန်တော်တာဝန်ယူပါရစေ။ ဤဆောင်းပါးစုကို ဖတ်၍ ကောင်းသော အကျိုးများ သာလျှင် တိုးပွားဝေဆာပါစေ။ ကျွန်တော်၏ စေတနာ ထင်ရှားပါလိမ့်မည်။ မျိုးဆက်သစ် လူငယ်များ အားလုံးအတွက် မေတ္တာရည်သန်၍ စုဆောင်း ထုတ်ဝေလိုက်ပါသည်။

ချစ်နိုင်(စိတ်ပညာ)
၁၀-၁၀-၉၇

ဗိုလ်ဆိုတာ

“ကိုကောင်းရေ----ကျွန်တော့်ဆီကို လူငယ်လူရွယ်လေးတွေ မကြာခဏလာပြီး အကြံဉာဏ် တောင်းနေတယ်ဗျ”

“ဘာပါလိမ့် ကိုလှိုင်ရယ်”

“ဗိုလ်လုပ်ချင်လို့တဲ့ဗျာ”

“သြော်---ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရာထူးခန့်ချုပ်ရုံးက နှစ်စဉ်ခေါ်ပြီး ဗိုလ်ရွေးအဖွဲ့မှာ ဖြေကြတဲ့ တပ်မတော်အရာရှိလောင်းတို့၊ စစ်သူနာပြုဗိုလ်လောင်းတို့ ဖြစ်ချင်ကြတာ ထင်ပါရဲ့ ”

“ဟုတ်ပါ့၊ အဲဒီ စစ်ဗိုလ်ပေါ့ဗျာ”

“ဟဲ---ဟဲ---အဲဒီ စစ်ဗိုလ်ဖြစ်ချင်တာတော့ မသေချာဘူး။ ကိုယ့်ဘ၀ကို ကိုယ်ဗိုလ်ဖြစ်ချင်ရင်တော့ ကျွန်တော့်ဆီလွှတ်လိုက်ပါ။ ကျွန်တော်လမ်းညွှန်ချင်ပါတယ်”

“အံမယ်---ဘယ်လိုလမ်းညွှန်မှာ လဲဗျာ”

“ကျွန်တော်စဉ်းစားနားလည်သမျှ သူတို့ကိုရှင်းပြလိုက်မှာ ပေါ့ဗျာ”

“ကျွန်တော်စဉ်းစားနားလည်သမျှ သူတို့ကိုရှင်းပြလိုက်မှာ ပေါ့ဗျာ”

“လုပ်စမ်းပါဦး ကျွန်တော်နဲ့အရင် ဆွေးနွေးကြရအောင်ဗျာ”

“လုပ်စမ်းပါဦး ကျွန်တော်နဲ့ အရင် ဆွေးနွေးကြရအောင်ဗျာ”

“ခင်ဗျား. အသက်သုံးဆယ်ကျော်နေမှတော့ ခေါက်ရိုးကျိုးနေပါပြီ၊ ပြုပြင်ပုံသွင်းဖို့ရာ မလွယ်ပါဘူး”

“ထားပါတော့လေ၊ ကြားရမှတ်ရရင်ပဲတော်ပါပြီ”

“ကျွန်တော်က ၁၆ နှစ်သားနဲ့ အသက် ၂၃ နှစ်အကြားက လူငယ်တွေအတွက်ပြောချင်တာ”

“ဟုတ်ကဲ့ အဲဒီ လိုသဘောထားပြီး ပြောပေါ့ကိုကောင်းရာ”

“အဟမ်း....ဒါဖြင့်လည်း ပြောရတာ ပေပနော်၊ ဗိုလ်ဆိုတာက ပါဠိဝေါဟာရအရ ဗလဆိုတာက ဆင်းသက်လာတာဖြစ်တယ်။ ဗလဆိုတာ မူရင်းက ဆန့်ကျင်ဘက်ရန်သူကို ချေမှု န်းနိုင်စွမ်းသော သတ္တိလို့ အဓိပ္ပါယ်ရှိပေမယ့် အများ နားလည်နေတာက စွမ်းအားခွန်အားဆိုတဲ့ သဘောဖြစ်နေပါပြီ။ ဗ-ဗလ။ခွန်အားပြဆိုတော့ ကာယခွန်အားသက်သက်နဲ့တောင်မှ ပိုပြီးဆိုင်သလို ဖြစ်နေပါတယ်”

“သြော်--- တကယ့်မူရင်းကတော့ ဆန့်ကျင်ဘက်ရန်သူကို ချေမှု န်းရှင်းလင်းနိုင် စွမ်းရည်ပေါ့နော်”

“ဟုတ်ကဲ့”

“ဆက်ပါဦးဗျာ”

“အများ နားလည်သလို ကြံ့ခိုင်ကြီးမားတဲ့စွမ်းအား ခွန်အားသတ္တိအနေနဲ့ပဲ ထားပါတော့လေ၊ အမျိုးအစားခွဲခြားဦးမယ်ဆိုရင် ငါးမျိုးရှိပါတယ်။”

“ဟုတ်ကဲ့ဗျာ”

“ယုံကြည်ချက် ခိုင်မာခြင်း၊ ဒါဟာ ရန်သူအပေါ် အောင်ပွဲခံနိုင်စေတဲ့ စွမ်းအားသတ္တိတစ်မျိုးပေါ့”

“သဘာဝကျတယ်ဗျို့”

“စိတ်မြဲမြံမှု ၊ ဒါကနောက်တစ်ခု”

“ဟာ---ယုံကြည်ချက်ခိုင်မာတာနဲ့ အတူတူဖြစ်မနေဘူးလား”

“သြော်”

“နောက်တစ်ချက်က စိတ်တည်ကြည်မှု ”

“ဟုတ်ကဲ့”

“နောက်တစ်ချက်က အားထုတ်မှု ၊ လုံ့လစိုက်မှု ”

“မှန်တာပေါ့၊ ဒါဟာ ရန်သူကိုနိုင်စေမယ့် အချက်ဆိုတာ သေချာတယ်ဗျ”

“နောက်ဆုံးတစ်ချက်ကတော့ မျှော်ခေါ်နိုင်စွမ်း၊ မြော်မြင်ဆင်ခြင်နိုင်စွမ်းပါ”

“ဒါက ပညာသဘော”

“ဟုတ်တာပေါ့”

“မှတ်ရလွယ်အောင် တိုတို ပြောပါဦးဗျာ”

“သဒ္ဒါသတိ၊ သမာဓိနဲ့၊ ၀ီရိယပညာ၊ ဗိုလ်ငါးဖြာ”

“သြော်--- ဒီလိုလား၊ ယုံကြည်ချက်-သဒ္ဒါ၊ စိတ်မြဲမြံမှု -သတိ၊ စိတ်တည်ကြည်မှု --သမာဓိ၊ အားထုတ်မှု -၀ီရိယ၊ မြော်မြင်နိုင်စွမ်း-ပညာ”

“ဒီစွမ်းအား ငါးမျိုးကို ဖျက်ဆီးတဲ့ဆန့်ကျင်ဘက်အင်အားတွေကလည်း လူမှာ တွဲလျက်ယှဉ်လျက်ပါရှိနေပါတယ်”

“ဘာတွေပါလိမ့်ဗျာ”

“သာယာလိုမှု ဆိုတဲ့ တဏှာ၊ ဒါက ယုံကြည်ချက်ကို ဖျက်ဆီးတယ်၊ ဥပမာ အများ ကောင်းစားရေးဝါဒနဲ့ တည်ဆောက်မယ်လို့ ယုံကြည်ချက်နဲ့ လုပ်ခဲ့ပေမယ့်စည်းစိမ်တွေ၊ သာယာစရာတွေ၊ ကြုံတွေ့ခံစားလာရတဲ့အခါ ယစ်မူး သာယာပြီး၊ သဒ္ဓါဆိုတဲ့ယုံကြည်ချက်ဟာ လျော့ရဲပေါ့ပျက်လာတော့တာပေါ့ဗျာ”

“အလိုလို---ဗိုလ်ရဲ့ ရန်သူက ပြင်ပတွင်မဟုတ်၊ ကိုယ့်စိတ်အတွင်းမှာ ကိုယ်ကပါဝင်ပြီးသားပါလားဗျို့”

“ဒါပေါ့၊ အလားတူပါပဲ၊ သတိကိုပေါ့လျော့မှု ဆိုတဲ့ မုဌသစ္စာကဖျက်တယ်။ သမာဓိကို ပျံ့လွင့်မှု ဆိုတဲ့ ၀ိက္ခေပက ဖျက်တယ်။ ၀ီရိယဆိုတဲ့ အားထုတ်မှု ကိုပျင်းရိမှု ဆိုတဲ့ ကောသဇ္ဇကဖျက်တယ်။ ပညာကို မှု န်မှိုင်းမဝေခွဲနိုင်မှု ဆိုတဲ့ သမ္မောဟကဖျက်တယ်”

“မလွယ်ပါကလား”

“ဒါကြောင့်မို့ အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီက ပြောဖူးတာပေါ့”

“ဘာတဲ့လဲဗျာ”

“သင်ကိုယ်တိုင်မှတစ်ပါး မည်သူကမျှသင့်ကို အန္တရာယ်မပေးနိုင်ချေ။”

“ဟုတ်ပါ့ဗျာ မိမိကိုယ်ကို (ကိုယ့်စိတ်ကို) ဆုံးမနှိမ်နင်းနိုင်တဲ့သူမှ လူလိမ္မာဖြစ်တယ်။ ဒီသဘောဟာ ကျွန်တော်တို့အရှေ့တိုင်းသားတွေရဲ့ ရှေးပဝေသဏီထဲက နားလည်ခဲ့ကြတာပဲနော်။”

“ဟိုး---ဆရာ အရှေ့တိုင်း၊ အနောက်တိုင်း၊ အဲဒီ လိုခွဲပြီးတော့ ကိုယ့်ဟာကိုယ်အထင်ကြီးမနေနဲ့ဗျာ”

“ဘာကြောင့်လဲ”

“ဒုတိယကမ္ဘာစစ်မှာ ဂျပန်တွေ လက်နက်ချတာကို လက်ခံယူတဲ့အောင်ပွဲခံ ဗိုလ်ချုပ်ကြီးမက်အာသာက တစ်ခါမှာ ဘယ်လိုပြောဖူးခဲ့သလဲ သိလား”

“ပြောပါဦးဗျာ”

“Build up to be a man who will master himself before he seeks to master other men တဲ့”

“အဓိပ္ပါယ်က တခြားသူများ အပေါ် အနိုင်မယူခင် မိမိကိုယ်ကို အစဉ်အောင်နိုင်သူဖြစ်အောင် ပထမတည်ဆောက်ယူပါ။ ဒီလိုလား”

“အဲဒီ သဘောပဲပေါ့ဗျာ”

“အနောက်တိုင်းစစ်တက္ကသိုလ်တွေဟာ မိမိကိုယ်ကိုထိန်းချုပ်မှု ( Self Control )၊ မိမိကိုယ် ပျိုးထောင်မှု (Self Cultivation) ဆိုတဲ့ အချက်တွေကို အခြေခံပြီး လေ့ကျင့်သင်ကြားတယ်လို့ မှတ်ရဖူးပါတယ်”

“ဒါပေါ့ဗျာ၊ မိမိကိုယ်ကိုထိန်းသိမ်းပဲ့ပြင်တဲ့သူ၊ မိမိစိတ်ဆန္ဒအလိုတွေကို အလိုမလိုက်တတ်တဲ့သူမှ တစ်ပါးသူကို ဆရာလုပ်လို့ရမယ်၊ ဗိုလ်လုပ်အုပ်ချုပ်လို့ရမယ်နော်ဗျာ”

“ကိုယ့်စိတ်ကို ကိုယ်တိုင်က မထိန်းသိမ်းမဆုံးမတဲ့သူတွေဟာ ငယ်သားအဖြစ်နဲ့ သူတစ်ပါးရဲ့ အဆုံးအမ အဆူအပူ ဒါမှမဟုတ် အပြစ်ပေးခြင်း စတဲ့အရာတွေကို ခံယူရပါတယ်”

“ခင်ဗျား- ခွဲခြားပြတာ ထင်ရှားသွားတယ်ဗျို့။ခေါင်းဆောင်ဆိုတာက ကိုယ့်ကိုယ့်ကိုဆုံးမနိုင်တဲ့သူ၊ ငယ်သားဆိုတာက အထိန်းအကွပ်ကို ကိုယ့်ဘာသာမလုပ်နိုင်ဘူးလို့ သူတစ်ပါး သြဇာပေးလာဖို့ တောင်းဆိုတဲ့လူ”

“လူပုဂ္ဂိုလ်အနေနဲ့ မဟုတ်ဘူးခင်ဗျာ။ လူမျိုးတွေလည်း ဒီလိုပါပဲ၊ တိုင်းရင်းသားချင်း စည်းစည်းလုံးလုံးနဲ့ ကိုယ့်ရဲ့ အမျိုးသားရေး အကျိုးစီးပွားကို ကိုယ်တိုင်ထိန်းသိမ်းနိုင်သူတွေက လွတ်လပ်တဲ့လူမျိုး၊ သွေးကွဲပြီး သူတစ်လူငါတစ်မင်းနဲ့ နယ်ချဲ့ကို ဦးရာလူက ဖိတ်ခေါ်အားကိုးနေတဲ့လူတွေ နာလန်မထူဘဲ သွေးစုပ်ခံနေရတတ်ပါတယ်”

“ကိုယ့်ကိုယ်ကို ဗိုလ်ငါးပါးပြည့်စုံအောင် ထိန်းသိမ်းနေရမယ်၊ ပျိုးထောင်နေရမယ်ပေါ့နော်”

“မှန်ပေ့ဗျား”

“လူငယ်ဘ၀မှာ ဒီအသိရှိပြီး ကိုယ်လုပ်ချင်တာ မလုပ်ဘဲ လုပ်သင့် လုပ်ထိုက်တာတွေကိုသာ စိတ်မပါပါအောင် ကြိုးစားလေ့ကျင့်ရမယ်နော်”

“ဒါပေါ့”

“ပူပင်ကြောင့်ကြရမှု အမျိုးမျိုးကို ကာကွယ်တားဆီးနိုင်တဲ့ ဗိုလ်လေးပါးဆိုတာ ရှိသေးတယ်ဗျ”

“ဆိုစမ်းပါဦးဗျာ”

“ပညာ၊ ၀ီရိယ၊ အန၀ဇ္ဇဆိုတဲ့ အချက်သုံးခုကတော့ ဒီနေရာမှာ ထားပါတော့”

“နောက်တစ်ခုက ဘာလဲ”

“ပြောမယ်လေ။ သင်္ဂဟဗိုလ်ခေါ်တယ်”

“အဲဒါတွေက ဘာတွေပါလိမ့်”

“ပြောမှာ ပေါ့ဗျာ၊ သင်္ဂဟတရား ဗိုလ်လေးပါးဆိုတာရှိတယ်”

(၁) သမာနတ္တတာ။ ကိုယ်ချင်းစာစိတ်ထားရှိခြင်း၊ ဒါဟာရန်ကင်းတယ်။ အေးချမ်းစေတယ်၊ ကြောင့်ကြခပ်သိမ်းလက်တွေ့ငြိမ်းစေတဲ့ ဗိုလ်ပဲ”

“ကောင်းလိုက်လေဗျာ”

“(၂) ပေယျဝဇ္ဇ။ သူတစ်ပါးအကျိုးရှေးရှုပြီး သူတစ်ဖက်သား နားဝင်ချိုသာအောင် ပြောဆိုခြင်း၊ ဒါလည်းစွမ်းအားတစ်ခုမည်တယ်။ ရန်ကိုလည်းအောင်စေပါတယ်”

“အမှန်ပေါ့ခင်ဗျာ ကျွန်တော်သိတဲ့ ဗိုလ်ကြီးတွေဟာ အပြောအဆိုသိမ်မွေ့နူးညံ့ကြပါပေတယ်ဗျာ”

“(၃) အတ္တာစရိယ။ မိမိကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ သူတစ်ပါးအကျိုးကိုဆောင်ခြင်း၊ ရဲဘော်သည် တိုင်းပြည်အတွက်ဆိုတဲ့ ဆောင်ပုဒ်နဲ့ အနစ်နာခံကြခြင်းတွေပေါ့”

“ဒါဟာ ဗိုလ်ပီသတဲ့ စည်းရုံးရေးစွမ်းရည်ပဲပေါ့”

“(၄)နောက်ဆုံးတစ်ချက်က ဒါနတဲ့။ အများ အကျိုးအတွက် လုပ်အားဉာဏ်အား၊ ပညာဥစ္စာ စတဲ့အရာတွေပေးခြင်း”

“သြော်---လုပ်အားပေးခြင်းလည်း ဒါနပဲလား”

“ဟုတ်တာပေါ့”

“ကောက်စိုက်၊ ကောက်ရိတ်လုပ်အားပေးတာတွေကို သင်္ဂဟဗိုလ်တစ်မျိုးခေါ်ရပေမှာ ပဲနော်”

“ခေါ်ချင်သလိုခေါ်ပါ၊ အမည်သညာ ဝေါဟာရထက် အနှစ်သာရ အနက်သဘောက ပိုပြီးအရေးကြီးတာပါ”

“ဟုတ်ကဲ့”

“ခုပြောတဲ့ သင်္ဂဟဗိုလ်လေးပါး ပြည့်စုံသူဟာ ပူပန်သောက ကင်းဝေးရပြီး အကြောက်တရားလည်း မရှိတော့ဘဲ ရဲရင့်တည်ငြိမ်ပါတယ်တဲ့ မကောင်းပေဘူးလားဗျာ”

“ကောင်းပေ့ဗျာ”

“တစ်ချို့က နောက်သလိုလို ပြောင်သလိုလိုနဲ့ ပြောတတ်ကြတယ်၊ ဟာ---ကြောက်နေရပါလား၊ တယ်ကြောက်ရပါလား စသဖြင့်ပေါ့လေ၊ တကယ်တော့ စင်ကြယ်တဲ့ကံရှိရင် ပညာနဲ့ ပြည့်စုံရင် ကြောက်စရာမရှိပါဘူးတဲ့ ကိုယ့်မှာ အပြစ်ကင်းရင် မကြောက်ရဘူးပေါ့ဗျာ”

“ဒါဟာ ရဲရင့်စေတဲ့နည်း၊ သတ္တိပြည့်ဝစေတဲ့နည်းပေါ့လေ ဆက်ပါဦး”

“အကျယ်မပြောတော့ပါဘူးဗျာ၊ စာသံပေသံတွေ သိပ်ပါလွန်းမှာ စိုးလို့ အကျယ်သိချင်ရင် မူလပဏ္ဍသ၊ ဘယဘေရ၀သုတ်မှာ ကြောက်ရွံ့ခြင်းကင်းရန် အကြောင်းရင်း ၁၆ ချက်ကို ပြည့်ပြည့်စုံစုံပါရှိပါတယ်”

“ဟုတ်ကဲ့ဗျာ၊ ကောင်းပါပြီ”

“နိဂုံးချုပ်မှာ တော့ လူငယ်တွေကို ဆိုဗီယက်စိတ်ကုဆရာဝန်ကြီးတစ်ဦးရဲ့ စကားတစ်ခွန်း ဖောက်သည်ချချင်သဗျာ”

“ဟုတ်ကဲ့”

“ဒေါက်တာ ချူဂူနော့် (Chugunov) ဆိုတဲ့ ဆရာဝန်ကြီးက ရေးဖူးတယ်။ လူ့ဘ၀တွင် ဒေါင်လိုက်ကျကျ ပြားလိုက်ကျကျ အဆင်ပြေအောင် နေတတ်ဖို့နှင့် အကောင်းမြင်တတ်ဖို့သည် အရေးကြီးဆုံးဖြစ်ပါသည်တဲ့”

“ဒီတော့”

“စစ်ဗိုလ်ဖြစ်ရဖို့ထက် ကိုယ့်ဘ၀ကို ကိုယ်တိုင်ဗိုလ်ဖြစ်အောင် ထူထောင်တည်ဆောက်ဖို့ရာ ပိုပြီးလိုအပ်တာပေါ့ခင်ဗျာ”

၁၉၈၅၊ မေ၊ သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်း။



ဝန်ဇင်းချစ်သူများ ချစ်နိုင် (စိတ်ပညာ) ၏ “ သားအတွက် ဓားတစ်လက် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


တန်ဖိုးရှိလှ လူငယ်ဘဝ

အရည်အချင်းဆီသို့

ဘာဖြစ်ချင်လဲ ဖြစ်ရမယ်