Cover

စာရေးသူ၏ အမှာ စာ

ဤစာအုပ်တွင် မြ၀တီဂျာနယ်နှင့် မြ၀တီမဂ္ဂဇင်းတို့မှာ စာရေးသူရေးသားတင်ပြခဲ့သော ပေးစာပုံစံဆောင်းပါးများ ကို စုစည်းဖော်ပြထားပါသည်။ အသက်(၂၀)၀န်းကျင်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအမျိုးမျိုးမှာ ပညာသင်ကြားဆဲ မိန်းကလေးများ သို့ ဦးကြီး တစ်ယောက်အနေဖြင့် ဆွေးနွေး အသိပေးချင်သော အချက်များ ဖြစ်ကြပါ၏ ။

စာရေးသူ၏ ဒုတိယမြောက် ပေးစာပုံစံ ဆောင်းပါးစု ဖြစ်ပါသည်။ ပထမစာအုပ်မှာ ‘ချစ်လို့ပြောတာ မှတ်ပါ’ ဖြစ်ပါသည်။ ထိုစာအုပ်မှာ အထက်တန်းကျောင်းသူအရွယ်အဆင့် သို့ မဟုတ် အရပ်သူ မိန်းကလေးများ အတွက် ရည်ရွယ်ခဲ့ပါသည်။ ယခု စာရှုသူ လယ်ဝယ်ရှိ စာအုပ်မှာ ခေတ်ပညာတက်လူငယ်တို့အတွက် ရည်ရွယ်လျက် ပထမစာအုပ်ထက် အနည်းငယ်မြင့်သည်ဟု ကျွန်တော်ယူဆပါသည်။

စာရေးသူ၏ ဒုတိယမြောက် ပေးစာပုံစံ ဆောင်းပါးစု ဖြစ်ပါသည်။ ပထမစာအုပ်မှာ ‘ချစ်လို့ပြောတာ မှတ်ပါ’ ဖြစ်ပါသည်။ ထိုစာအုပ်မှာ အထက်တန်းကျောင်းသူအရွယ်အဆင့် သို့ မဟုတ် အရပ်သူ မိန်းကလေးများ အတွက် ရည်ရွယ်ခဲ့ပါသည်။ ယခု စာရှုသူ လယ်ဝယ်ရှိ စာအုပ်မှာ ခေတ်ပညာတက်လူငယ်တို့အတွက် ရည်ရွယ်လျက် ပထမစာအုပ်ထက် အနည်းငယ်မြင့်သည်ဟု ကျွန်တော်ယူဆပါသည်။

အနာဂတ်တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့် မျိုးဆက်သစ်လူငယ်များ ကို မေတ္တာစိတ်ဖြင့် ကျွန်တော် ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားပါ၏ ။ မိမိပြောတာ မှန်ရမည်ဟု ပုံသေမဆိုပါ။ ချင့်ချိန်သုံးသပ်ကြရန် အစဖော်ပေးခြင်းမျှသာ ဖြစ်ပါသည်။

ပြောလိုခြင်းဖြစ်ပြီး ချစ်သမီးသဇင်သို့ ပေးစာများ မှာ ပညာချွန်သူများ ၊ အရည်အသွေးမြင့်သူများ အတွက် သီးသန့်ဖော်ပြ အကြံပေးသော စာအမျိုးအစားဟု ဆိုချင်ပါသည်။ လေးလေးနက်နက် တင်ပါသည်။ ကြိုးကြိုးစားစားပြုစုခဲ့ပါသည်။ မျိုးဆက်တစ်ခေတ်မှ တစ်ခေတ်သို့ အတွေ့အကြုံ ၊ အတွေးအကြုံကို လက်ဆင့်ကမ်းအမွေပေးဝေရန် တာဝန်ရှိသည်ဟု ခံယူပါသည်။

ကျွန်တော်တို့အရွယ် အသက် ၄၀-၅၀ လူလတ်ပိုင်း (ခေတ်ပြိုင်) သူငယ်ချင်း အပေါင်းအသင်းများ က သူတို့၏ သားသမီးများ ၊ တပည့်များ ကို ပြောပြ မှာ ကြားချင်သော စကားများ ကို ကျွန်တော်ကြိုးစားပြီး ထည့်သွင်းဖော်ပြထားပါသည်။ ထို့ကြောင့် ထိုအယူအဆ တူမျှသူ မိဘ-ဆရာသမားတို့က ဖတ်ကြည့်မိလျှင် သားသမီး၊ တပည့်တို့ကို ၀ယ်ပေးကောင်း ပေးကြလိမ့်မည်ဟု ကျွန်တော်ဆိုလိုချင်ပါသည်။

အနာဂတ်လူ့ဘောင်ကို ပိုမိုလှပသာယာစေချင်သော၊ အခြားနိုင်ငံများ နည်းတူ ဖွံ့ဖြိုးတိုးတက်စေလိုသော ကျွန်တော်၏ စေတနာဆန္ဒကို ဖော်ပြခွင့်ရခြင်းအတွက် စုစည်းပုံနှိပ်ထုတ်ဝေသူ ဦးကြိုင်မြင့် (၀ါမိုးအောင်စာပေ)ကို ကျေးဇူးတင်ပါသည်။ အထူးပင် ကျေးဇူးတင်မိပါသည်။

ကျေးဇူးသိတတ်၊ ကျေးဇူးဆပ်ကြ

ချစ်သမီး သဇင်
ရွှင်လန်းချမ်းမြေ့ပါစေ-

ပြင်ဦးလွင် စစ်တက္ကသိုလ်က စာပေဌာန ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီးလှမြင့်အား တစ်ခါက ဦးဦးရဲ့ ဆရာ ဖြစ်ခဲ့ဖူးပါသည်။ ဦးဦးသင်တန်းတစ်ခု တက်ခဲ့ရာမှ ‘စစ်ဘက်ပထ၀ီ’ ဘာသာရပ်ကို အဲဒီ ဗိုလ်မှူးကြီလှမြင့်က သင်ကြား ပို့ချခဲ့တာပါ။ ဒီပညာရပ်မှာ ဦးဦး မသိသေးတာတွေ အများ ကြီး သိခဲ့ရပြီ။ ဦးဦး နားမလည်းသေးတာတွေ တအံ့တသြ နားလည်ခဲ့တာမို့ သူ့ရဲ့ ကျေးဇူးဟာ အာစရိယနွယ်ဝင် တစ်ဦးပီပီ အလွန်တရာပဲ ကြီးမားလှပါတယ်ကွယ်။ စာသင်တော်တာ စေတနာကောင်းတာ ထင်ရှားတဲ့ ဆရာ။

ဆရာတပည့်ပေမယ့် သူက ညီအစ်ကိုလို ပေါင်းပါတယ်။ အင်မတန် ချစ်ခင်စရာ ကောင်းတဲ့ ပုဂ္ဂိုလ်ပါ။ တာဝန်အရ သူခဏ ရန်ကုန်ရောက်တဲ့အခိုက်မှာ မျက်စိအထူးကု ပါရဂူ ဒေါက်တာရဲနိုင်နဲ့ ဇနီးရယ် ( သူတို့က မေမြို့ ပြင်ဦးလွင်မှာ အတူနေခဲ့ကြစဉ် အိမ်နီးနားချင်းတွေ) ဦးဦးနဲ့ ဇနီးရယ် သူတည်းတဲ့နေရာကို သွားတွေ့ကြပါတယ်။

အဲဒီ တစ်ညနေမှာ ရှေးဟောင်းနှောင်းဖြစ်စကားတွေ ပြောလို့မကုန် ဖြစ်နေလိုက်ကြတာလေ။ ညသန်းခေါင် ၁၂ နာရီ ထိုး သွားပါတယ်။ ဟာ ၁၂ နာရီ ထိုးသွားပြီဗျ။ ပြန်ကြမယ်ဆိုမှ ကားတစ်စင်း အိမ်ထဲ ၀င်လာတယ်။

အိမ်ပြန်လာတဲ့ `စိုးမြတ်သူဇာ’ပါ။

ဟုတ်တယ်။ ဒီအိမ်ဟာ စိုးမြတ်သူဇာရဲ့ ဖေဖေမေမေတို့ရဲ့ အိမ်။ စိုးစိုး နေတဲ့အိမ်။ ကားရိုက်ရာက အလုပ်ခွင်ပြီးလို့ ပြန်လာရှာတာပါ။

စိုးစိုးရဲ့ အဖေ ဗိုလ်မှူးစိုးမြင့်(အငြိမ်းစား)ဟာ ဗိုလ်မှူးကြီးလှမြင့်ရဲ့ အစ်ကိုပါ။ ဦးစိုးမြင့်နဲ့ ဗိုလ်မှူးကြီး လှမြင့်တို့ ညီအစ်ကိုဟာ ဦးဦးတို့ မျက်စိအောက်မှာ ပဲ အသက် ၈၀ နီးနေတဲ့ သူတို့မေမေကို တယုတယ ကြင်ကြင်နာနာ ပြုစုပြောဆိုကြတာတွေ မြင်ရတော့ ကြည်နူးစရာပါ။

ဟော - အလုပ်ခွင်က ပင်ပင်ပန်းပန်းနဲ့ ညမိုးချုပ်ကြီးမှ ပြန်ရောက်ရှာလာတဲ့ စိုးစိုးနဲ့ (သူ့မောင် အရင်း) မောင်မောင်တို့ဟာ ဦးစိုးမြင့်တို့ ဇနီးမောင်နှံကို ရိုရိုသေသေ ကြင်ကြင်နာနာ ပြောဆိုဆက်ဆံတာ ကြည့်ရတော့ ရင်ထဲလှိုက်အောင် ကြည်နူးဝမ်းသာ မုဒိတာ ပွားရပြန်ပါတယ်။

တတယ်တမ်း ပြောရရင် စိုးမြတ်သူဇာကို သက်ရှိထင်ရှား အနီးကပ် ခုမှ မြင်တွေ့ဖူးတာပဲ။ ရုပ်ရှင်တို့ ဗီဒီယိုတို့ကိုလည်း သူ့ကို ဟုတ်တိပတ်တိ မကြည့်ခဲ့ဖူးပါဘူး။ ( ရုပ်ရှင်ကြည့်ဖို့ အခြေအနေမပေးတာ၊ ကြည့်ဖြစ်အောင် မကြိုးစားတာ ဦးဦးရဲ့ အားနည်းချက်ပါ။) ဘေးပြောစကားတွေအရတော့ မာနအတော်ကြီးဆိုပဲ။ ပရိသတ်ကိုလည်း စိမ်းသတဲ့။ မိတ်ဆက်ဖို့ ခက်သတဲ့။

လက်တွေ့မြင်ရတာ ကတော့ မိဘကို သူကိုယ်တိုင် ချွေးနည်းစာနဲ့ လုပ်ကိုင်ကျွေးမွေးနေတာ။ မငြိုမငြင် ရိုရိုသေသေ ပြုစုကြင်နာတာ။ ကြည့်စမ်း အကြားနဲ့ အမြင်ဟာ ပါစင်အောင် ကွဲပြားခြားနား နေတယ်နော်။ စိုးမြတ်သူဇာဟာ သူ့မိဘအတွက်တော့ ဘာပဲပြောပြော သမီးကောင်း၊ သမီးကြီး အလိမ္မာ၊ ညာလက်ရုံး၊ အားကိုးအားထား။ ဦးဦးကိုယ်တိုင် မြင်တွေ့ခဲ့ရတာ မို့ ပြောနိုင်တယ်။ သိမ်မွေ့ယဉ်ကျေးပါတယ်။

အဝေးက ဘာပြောနေနေ အနီးကပ် ထိတွေ့လေ့လာရတော့ အတုယူစရာ သမီး အလိမ္မာလေးပါလား။

အဝေးနဲ့ အနီး မတူညီတဲ့ တခြားမိန်းကလေး တစ်ဦးကိုလည်း ဦးဦး တွေ့ရဖူးသေးတယ်။ တခြားလူ မဟုတ်ပါဘူးကွယ်။ နိုင်ငံကျော် ထိပ်တန်း စာရေးဆရာမ ‘ဂျူး’ပါ။

ဂျူးရဲ့ ၀တ္ထုအားလုံးကို ဦးဦးက တလေးတစား ဖတ်ပါတယ်။ ကြိုက်တာလဲ ရှိ၊ မကြိုက်တာလဲ ရှိ၊ သဘောကျတာလဲ ပါ၊ သဘောမကျတာလဲ ပါပေါ့။ သေချာတာ တစ်ခုက ဂျူးဟာ ရှဲဒိုး မဟုတ်ဘူး။ ဂျူးဟာ စာပိုဒ်တစ်ပိုဒ်၊ ၀ါကျလေးတစ်ကြာင်း၊ စကားလုံးတစ်လုံးကအစ အထူးကြိုးပမ်းအားထုတ်မှု ရှိတယ်။ အနှစ် ၃၀ စာဖတ်သက်နဲ့ ဦးဦးက ရဲရဲ ဆိုဝံ့တယ်။ ဂျူးဟား အထူးကြိုးစား အားထုတ်တယ်။ ပါရမီ ထူးတယ်။

အဲဒါကို လေးစားလို့ ဦးဦးနဲ့ ဦးဦးရဲ့ ဇနီးဟာ ဂျူးရဲ့ နေအိမ်ကို ၃-၄-၅ ခေါက် သွားရောက်စကားပြောခဲ့ဖူးပါတယ်။ ဦးဦးရဲ့ သမီးတွေကလည်း ဂျူးမှ ဂျူးပဲလေ။

ဂျူးရေးခဲ့တဲ့ ၀တ္ထုတစ်ပုဒ်ထဲမှာ ဇာတ်လိုက်မိန်းကလေးတစ်ဦးဟာ သူ့ဖခင်အပေါ် မနှစ်မြို့ မချစ်ခင်တဲ့ အမြင်သဘောထားရှိတာကို ဖော်ပြခဲ့ဖူးတယ်။ သူ့ကိုယ်တွေ့ လူနာတစ်ဦးရဲ့ အဖြစ်ပျက်အမှန်ကို ၀တ္ထုထဲမှာ ထည့်သွင်း ဖွဲ့စည်းမိခဲ့တာပါလို့ ဂျူး ပြောဖူးပါတယ်။ ဒါကို မြန်မာ့ယဉ်ကျေးမှု အမြင်နဲ့ မကြိုက်တဲ့ စာဖတ်သူတွေကိုလည်း ဦးဦးတွေ့ဖူးတယ်။ ဆန့်ကျင်တဲ့ စာရေးဆရာ တစ်ချို့ကိုလဲ တွေ့ဖူးပါတယ်။

အဲဒါကိုပဲ ရည်ရွယ်သလား မသိနိုင်ဘူး။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်နဲ့ ဂျူးနဲ့ တွေ့ဆုံစကားပြောတဲ့ အခါမှာ လဲ ဆရာက ဂျူးကို အနန္တော အနန္တ ငါးပါးကို ပြစ်မှားသော၊ ဂိုဏ်းသင့်ဖွယ်ရှိသော အရေးအသားမျိုးကို သတိထား ရှောင်ကြဉ်သင့်ကြောင့် ဆုံးမ အကြံပေးလိုက်တာကို တွေ့လိုက်မိတယ်ထင်တယ်။

ဂျူးဟာ အဖေအမေ၊ အထူးသဖြင့် အဖေအပေါ်မှာ မကြည်ညို မနှစ်သက်တဲ့ အချက်များ ရှိလေသလားလို့ တချို့ အထင်မှားတဲ့အထိ ပြောသံ၊ ဆိုသံလဲ ကြားဖူးခဲ့ပါတယ်။

ဂျူးရဲ့ ဖေဖေဦးသောင်းနဲ့ ဦးဦးဟာ ၄-၅ခါ တွေ့ဆုံစကားပြောပြီး ရင်းနှီးခဲ့ပါတယ်။ ရဟန်း ၇-၀ါ အထိ ၀တ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ပီပီ ဘာသာရေး အင်မတန်ကိုင်ရှိုင်းပြီး စိတ်နေသဘောထား ပြည့်ဝတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ရိုးသားဖြူစင်ပြီ အင်မတန်လဲ လေးစားချစ်ခင်စရာ ကောင်းပါတယ်။ အသက် ၈၀ ရှိပေမယ့် အရွယ် ၆၀ နီးပါးလေလားလို့ ထင်ရအောင်လဲ နုပျိုသန်မာပါတယ်။ ကျန်းမာရေး ဖျက်လတ်ပါတယ်။ မြေလတ်သားချင်းမို့ ထင်ရဲ့ နှလုံးချင်းနားလည်း နီးစပ်တော့ စကားပြောရတာ ကောင်းတယ်။ ပွင့်လင်းတယ်။

ဒီသမီးပဲ ဦးဆောင်ပြီး ရှာဖွေလုပ်ကျွေးနေတာလို့ ဦးလေးသောင်းက ပြောပါတယ်။ ဦးလေးသောင်းက နှစ်ပေါင်းများ စွာ သက်သတ်လွတ်စားခဲ့တော့ ညှီစော်နံလို့ ထမင်းစားမ၀င်တော့ပါ။ မခက်ဘူးလား။

ဒီတော့ ဘာဖြစ်သလဲ။

သမီးကြီးဖြစ်တဲ့ ဂျူး၊ ဒေါက်တာ တင်တင်ဝင်းက ဆားအိုး နှစ်အိုး ထားပေးရှာပါတယ်။ ဆားအိုးတစ်လုံးက အဖေ့ဖိုး၊ တခြားအိုးက သမီးတို့ဖို့။ အဲသည်လို ဂရုတစိုက်ရှိတဲ့ သမီးမျိုးပါ။

ဆရာဝန်ဘွဲ့ရထားပေမယ့် နိုင်ငံကျော် စာရေးဆရာမ ဖြစ်နေပေမယ့် တစ်အိမ်လုံးကို ဦးဆောင်လုပ်ကျွေးပြုစုနေရပေမယ့် ဖခင်ကိုတော့ ဖခင်အရာ ရိုရိုသေးသေး လေးလေးမြတ်မြတ် ဂရုတစိုက်ရှိတာ ကိုယ်တွေ့မျက်မြင်ပါ။ ဘေးက ကြည့်ရတာ နဲ့ သာဓုအနုမောဒနာခေါ်ခဲ့ရတဲ့ သူတို့မိသားစု ဆက်ဆံရေးပါ။

“သမီးကြီး ပြုစုလုပ်ကျွေးလို့ ရန်ကုန်မှာ နေနိုင်စားနိုင်တာပါဗျာ။ ကျုပ်အနေနဲ့ဆိုရင် ရေနံချောင်းမှာ တောင် မနေနိုင်လောက်ပါဘူး။ ဒီအသက်အရွယ်နဲ့ တောထဲမှာ ပဲနေရမှာ ပါ”

ဝတ္တရားကျေပွန်လှတဲ့ သမီးအလိမ္မာကို တွေ့ခဲ့ရလို့ ဦးဦးဖြင့် ကြည်နူးဝမ်းသာမဆုံးပါ။

အဝေးက ထင်တာကြားတာနဲ့ အနီးကပ်မှာ မြင်တွေ့ရတာ ဟာ ကွာခြားနေကြောင်း၊ အထင်နဲ့ အမြင်ဟာ တူကြမလိုလိုနဲ့ ကွဲပြားတက်ကြောင်းကို လက်တွေ့သာဓကနဲ့ ပမာပြလိုခြင်းပါသမီးရယ်။

ရှေးရှေးကတော့ မိအိုဖအိုများ ကို သားသမီးက ပြုစုလုပ်ကျွေးတာဟာ ထုံးစံ။ ဘာမှမဆန်းပါ။ မန္တလေးမှာ အငြိမ့်ကပြီ မိဘကို လုပ်ကျွေးတဲ့ မင်းသမီးလေးတွေ မရေမတွက်နိုင်။ ရပ်ထဲရွာထဲမှာ လည်း ပြစရာအများ ကြီးပါပဲ။ ခုခေတ်မှာ မရှိသလောက် ရှားပြီ ထင်နေကြလို့ ဖော်ပြတာ။

သူတို့ကို ဦးဦးက ချစ်ခြင်း၊ မုန်းခြင်း မရှိပါဘူး။ သူတကာထက် သာစေနာစေလဲ မရည်ရွယ်ပါဘူး။

ကျေးဇူးရှင်မိဘများ ကို လိမ္မာစွာ ၊ ရိုသေစွာ ၀တ္တရားမပျက် ပြုစုလုပ်ကျွေးနေကြတာကိုတော့ အသိအမှတ်ပြုရတယ်။ ကိုယ်တွေ့မျက်မြင်ပေကိုး။ ကြည်နူးပီတိနဲ့ သာဓုခေါ်မိတာ အမှန်ပဲပေါ့ကွယ်။ ခုခေတ် လူငယ်တွေဟာ မိဘကျေးဇူးကို သိတက်တဲ့လူ နည်းသွားပြီ။ မိဘကျေးဇူးမသိတဲ့ သားသမီးတွေ များ လာပြီတို့ တချို့က လွယ်လွယ်ပြောနေကြတာကို အဟုတ်မှတ်ပြီ စိတ်ဆင်ရဲမိဖူးတယ်။ စိတ်ဖြေသာစရာ လက်တွေ့တွေ့ရကြောင်း သမီးကို ဦးဦးက ကြေညာမောင်းခတ်လိုက်တာပါ။ ဒါမျိုးတွေလည်း ရှိပါသေးပေါ့လေ။

ကျေးဇူးမသိတက်သူတွေဟာ ခုခေတ်မှာ လဲ ရှိပါလိမ့်မယ်။ ဟိုးရှေးရှေးကလဲ ရှိခဲ့တာပဲ။ ကျေးဇူးမဆပ်တဲ့အပြင် ကျေးကွင်းစွပ်တက်တဲ့ လူစားတွေလဲ ရှိပေလိမ့်မယ်။ ဟိုရှေးခေတ်ကလဲ ရှိဖူးတာပါပဲ။

ဆရာ့ဝတ်၊ တပည့်ဝတ်၊ မိဘ၀တ်၊ သားသမီးဝတ် စတဲ့ ကျင့်ဝတ် ၀တ္တရားများ ယဉ်ကျေးမှု အမွေအနှစ်တွေ ဆက်လက်ရှင်သန် တည်တံ့နေသမျှ ကာလပတ်လုံးမှာ တော့ ဦးဦးတို့ မြန်မာ့လူ့ဘောင်ဟာ သာယာလှပနေဦးမှာ သေချာပါတယ်ကွယ်။ ဒီတရားတွေ လျော့ပါး ပျက်ပြယ်ပြီး အပစ်ပယ်ခံလာရရင်တော့ မငြိမ်းချမ်းမှု တွေ ဆူပူရိုင်းစိုင်းမှု တွေ ပေါများ လာဖွယ်ရှိပါသည်။

ဟုတ်တာပေါ့။ ပြည်ပက ထိုးဖောက်ဝင်ရောက်လာနေတဲ့ ‘ယဉ်ကျေးမှု စစ်မျက်နှာ’ အဖျက်အဆီးတွေကို သတိရှိရှိ ခုခံတွန်းလှန်းနေကြဖို့ဟာ သမီးတို့ ပခုံးပေါ် ကျရောက်လာတဲ့ တာဝန်။

ဦးဦး ပြောချင်တာကတော့ ကောင်းတာကို အတုယူပါ။ ဘယ်ကဖြစ်ဖြစ် ကောင်းတာကိုတော့ ယူပါလေ။ အကောင်းအဆိုး အကျိုးအပြစ် ဝေဖန်ဆန်းစစ်ဖို့တော့ လိုပါတယ်။ အဖိုးတန်တဲ့ ရိုးရာဓလေ့ အမွေကိုတော့ တန်ဖိုး နားလည်ကြဖို့ လိုပါသည်။ လိုက်နာကြဖို့ လိုပါသည်။ ဒီလိုခွဲခြားတက်ဖို့လဲ အသိဉာဏ်ပညာရဲ့ အရာပဲ။ ပညာပြည့်ဝ နှလုံးလှပါစေ သမီးရေ။

သမီးရဲ့ ချစ်သော ဦးဦး

အဓိပ္ပာယ်ရှိသော အပြုအမူ

ချစ်သမီး သဇင်
ရွှင်လန်းချမ်းမြေ့ပါစေ။

နွေရာသီကျောင်းပိတ်ရက်များ ကို သမီးသဇင် ဘယ်လိုများ အသုံးချ ကုန်လွန်မှာ လဲဆိုတာ ဦးဦး သိချင်ပါတယ်။

ခရီးသွားမလား။

စာဖတ်မလား။

အတက်ပညာ တစ်ခုခုကို တက်မြောက်ကျွမ်းကျင်အောင် သင်ယူလေ့ကျင့်မလား။

ခရီးလဲ သွား၊ စာလဲဖတ်၊ အတက်တစ်ခုခုလဲ တက်ကျွမ်းအောင်ပြု။ အဲလိုမှ ကနေ့ အချိန်အခါလို အရှိန်အဟုန်နဲ့ ပြေးလွှား ပြောင်းလဲနေတဲ့ ခေတ်အခါနဲ့ ကိုက်ညီပေမှာ ပေါ့ကွယ်။ စာကျက်ရတာ မောလို့ အနားယူမယ်လား။ ကြိုကြိုတင်တော့တော့ စဉ်းစားထားရမယ်လို့ ဦးဦး ထင်တယ် သမီးရေ။

အခုအခါမှာ ကားတွေ၊ ရထားတွေ၊ သင်္ဘောတွေ စသဖြင့် အရင်ကာလထက် အစီးပေါင်းများ စွာ တိုးချဲ့ပြေးဆွဲနေကြပါပြီ။ ရထားလမ်းအသစ်တွေ၊ သင်္ဘော အကောင်းစား အသစ်တွေ အဲဒီ ခရီးတွေကို ကိုယ်တိုင်ကြုံတွေ့လေ့လာဖို့ ခရီးတစ်ခုခုတော့ ထွက်သင့်တာပေါ့။ ဘုရားဖူးခရီးစဉ်ဟာ မြန်မာလူမျိုးတို့အတွက် အင်မတန်အကျိုးရှိတဲ့ ခရီးသွားခြင်း တစ်မျိုးပါပဲကွယ်။

မြစ်ကြီးနား၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ လွိုင်ကော်၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ၊ မာန်အောင်စတဲ့ နေရာတွေ အတော်များများ ကို ခရီးသွားခဲ့ရဖူးပါတယ်။ ကားနဲ့ကော၊ လှေသင်္ဘောနဲ့ကော၊ ရထားနဲ့ ကော အမျိုးမျိုးပေါ့ကွယ်။ ပင်ပန်းခက်ခဲမှု များ ဆင်းရဲကြမ်းတမ်းမှု များ ဟာ ခရီးသွားတဲ့အခါ ကြုံတွေ့နေကျ ထုံးစံတွေပါပဲ။ ဦးဦးကတော့ သက်ထောင့်သက်သာ ဇိမ်နဲ့နေရတာ ထက် ဘ၀ဆိုတာ အဲသလို အဆင်မပြေမှု တွေ၊ စိတ်စောရမှု ၊ ကသိကအောက်ဖြစ်မှု ၊ ရုန်းကန်းမှု ၊ အားထုတ်မှု တွေ ရှိပါမှ အဓိပ္ပာယ်ရှိတာလို့ ခံယူတဲ့ လူဆိုတော့ ဘယ်သောအခါမှ မညည်းညူပါ။

လူ့ဘ၀ဆိုတာ အလင်းနဲ့အမှော င်၊ အပူနဲ့အအေး၊ အချိုနဲ့အခါး၊ အကောင်းနဲ့အဆိုး ဒွန်တွဲ နေတဲ့ လောက၊ ကိုယ်ဖြစ်ချင်သလို တောင့်တလိုလားသမျှကတော့ ပြည့်ဝတဲ့အခါ ပြည့်ဝမယ်။ မပြည့်ဝတဲ့အခါ မပြည့်ဖူး။ အောင်မြင် ချောမောတဲ့အခါလည်း ရှိမယ်။ အခက်အခဲ အကျပ်အတည်းတွေနဲ့ အဆင်မပြေ ရှုံးနိမ့်ရတွေလဲ အများ ကြီးတွေ့မယ်။ ဒါဟာ သေချာတယ်။

No pain, No gain,

No Thorn, No Thorne.

No cross, No crown.

အနာမခံက အသာမစံရ။

ဆူးကို မဖြတ်သန်းဘဲ ပလ္လင်ထက် မတက်နိုင်။

မကူးဖြတ်ရဘဲ သရဖူ မဆောင်းနိုင်ပါ။

အကောင်းရဖို့ ဦးစွာ ပထမအဆိုးတွေကို ခံနိုင်ရည်ရှိရမယ်ဆိုတဲ့ သဘောထားတော့ ရှိဖို့ လိုတာပေါ့ သမီးရယ်။ လောကဓံကို နားလည်ရမယ်။

အနီးအခြေအနေ၊ အဝေးအကွား အလားအလာတို့ကို မကြာခဏ တွေးဆကြည့်စေလို့ပါ တယ်။ စကားစပ်မိလို့ ပြောရဦးမယ် -

ဦးဦးဟာ ၁၉၉၆-ခုနှစ် ၊ ဖေဖော်ဝါရီလ ၈-ရက်၊ ညနေ ၆နာရီခွဲမှ ၁၀နာရီကျော်ကျော်အထိ သုဝဏ္ဏအားကစားရုံကြီးထဲမှာ ခမ်းခမ်းနားနားကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ပေးပွဲကြီးကို တက်ရောက်ခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်က စခဲ့တဲ့ အကယ်ဒမီ ထူးချွန်ဆုပေးပွဲဟာ နှစ်ပေါင်း ၄၀ကျော် ကြာခဲ့ပြီ။

လွတ်လပ်ရေးရတဲ့နှစ်မှာ လူဖြစ်တဲ့ ဦးဦးဟာလဲ လွတ်လပ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ အသက်နဲ့အတူ နှစ်ပေါင်း ၄၀-ကျော်ခဲ့ပါပြီ။ ဒါပေမယ့် တစ်သက်နဲ့ တစ်ကိုယ် ဒီပွဲဟာ ပထမအကြိမ် တက်ခွင့်ရခြင်းပါပဲ။ ရုံးဝင်ခ၊ ထိုင်ခုံခ ၇၀၀ကျပ်၊ ၅၀၀ကျပ်၊ ၃၀၀ကျပ် ပေးပြီး ၀င်ခွင့်ရတဲ့စနစ်နဲ့ စတဲ့နှစ်။ အလွန်တရာပဲ ခမ်းနားထည်ဝါပါပေရဲ့ ကွယ်။

ရုပ်ရှင် အနုပညာဟာပြည်သူလူထုနဲ့ အတော်ကြီး ရင်းရင်းနှီးနှီး နီးစပ်ထိတွေ့ ရတဲ့ပညာပါ။ ပြည်သူတွေအပေူမှာ အလွန်တရာ ဆွဲဆောင်လွှမ်းမိုးပါတယ်။ ဟိုးတစ်ချိန်က နိုင်ငံတော်သမ္မတနာမည်သာ လူမသိဘဲ ရှိရင်ရှိမယ်၊ ရွှေဘကိုတော့ တောရောမြို့ ပါ လူတိုင်း သိကြတယ်။ အခုအခါမှာ ညွှန်ချုပ်တစ်ယောက်ကို တီဗွီထဲမှာ နေ့ တိုင်းမြင်နေရစေဦး စိတ်မှတ်မစွဲပါ။ ကျော်ဟိန်း သိလား၊ ကျော်သူ သိလား ဆိုရင်တော့ ဒါလေးများ မေးနေရသလား။ Out of question ဟုတ်တယ် သမီး - မေးစရာ မလို။

ရုပ်ရှင်ဟာ အလွန်တရာ သြဇာကြီးမားတဲ့ အနုပညာပါ။ ရုပ်သေး၊ ဇတ်သဘင်၊ ငြိမ့်စသည့် အနုပညာများ ဟာ တစ်စတစ်စနဲ့ မျက်စေ့အောက်မှာ ပင် တိမ်ကော ပပျောက်တော့ မလိုလို ရှိနေပေမယ့် ရုပ်ရှင်ကတော့ ၇၅ - နှစ် စိန်ရတုကို ကျော်ခဲ့ပြီ။ လှလှပပ နဲ့ ပန်းပန်လျက်ပါ။ အဲ - မြန်မာ့ရုပ်ရှင်ကားတွေဟာ ဟိုးတစ်ချိန်က တစ်နှစ်တစ်နှစ်ထွက်တာ ၁၀၀ - ကျော်တယ်။ နောက်တော့ ၈၀၊ ၇၀-ပဲ ထုတ်လုပ်နိုင်ခဲ့ရာကနေ နောက်ပိုင်း ၄၀ - စသဖြင့် ဆင်းဆင်းလာလိုက်တာ။ ရုပ်ရှင်ရုံတွေကလဲ တစ်နိုင်ငံလုံးမှာ ၄၀၀၊ ၅၀၀ - ရှိခဲ့ရာ ကနေ့  တဖြည်းဖြည်း လျော့နည်း…..။

နောက်တောာက်တောက် မြန်မာရုပ်ရှင်လောက စက်မှုပညာရှင် တစ်ယောက်က ပြောပါတယ်။ စိန်ရတုသဘင်ပြီးတဲ့အခါမှာ မြန်မာရုပ်ရှင်ရဲ့ ရှေ့ခရီးကတော့ သံပရာရတုသဘင်ကာလပါတဲ့။ အိန္ဒိယ ရုပ်ရှင်၊ ဂျပန်ရုပ်ရှင်စတဲ့နိုင်ငံများ ကို ပြိုင်ဖို့ရာ မဆိုထားနဲ့ ။ အိမ်နီးချင်းနိုင်ငံအချို့ က ရုပ်ရှင်လောက အခြေအနေထက်တောင်မှ အများ ကြီး ဆိုးဝါးလှပါသတဲ့။

ဒါဖြင့် စိတ်ပျက်စရာလား? မဟုတ်ဘူး သမီး။

ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်တာဟာ မမှားပါဘူး။ စိတ်ပျက်အောင် ပြောတာလဲ မဟုတ်ဘူး။ စိတ်ညစ်အောင် ပုံကြီးချဲ့ နေတာလဲ မဟုတ်ဘူး။ ပကတိ အခြေအနေကိုတော့ အမှန်တိုင်း ကြည့်ရမှာ ပဲပေါ့။ ပိုလဲမတွက်နဲ့ ။ လျော့လဲမတွက်နဲ့ ။

စိတ်ပျက်နေဖို့  မဟုတ်ပါဘူး။

ရှေ့ ဆက်ပြီး အများ ကြီး ကြိုးစားကြဖို့ လက်ရှိ အခြေအနေက စိန်ခေါ်တောင်းဆိုနေတာကို ပြောတာပါ။ ဟဲ-ဟဲ- ဟုတ်နေပါပြီ။ တိုးတက်နေပါပြီ။ အိုကေနေပါတယ်။ ဘာဘာညာညာ ကားဆီးကာဆီး ဖုံးဖုံးဖိဖိတွေချည်း လုပ်နေရင် ဘယ်တိုတက်တော့မှာ လဲ။ “ အားလုံး ကောင်းပါသည် ခင်ဗျား ” လို့ ချည်း ပြောနေရင် ဒါဟာ မုသားပါပဲ။

ပကတိအခြေအနေကို ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ဖြေရှင်းရ ပါမယ်။ မြုံတုံတုံနဲ့ အခက်ခဲ မရှိပါဘူး။ အစစအရာရာ အားလုံး အဆင်ပြေပါတယ်။ ညာဝါဖြီးဖြန်းမနေပါနဲ့ ။ လူကြီးတွေကလဲ ညာတာ မကြိုက်ဘူး။ အမှန်အတိုင်းပြောမှ သဘောကျပါတယ်။ ဒါမှ တိုးတက်အောင် ပြုပြင်ဆောင်ရွက်နိုင်မယ်လေ။ မြှော က်တာတွေ၊ ဖားတာတွေ မလိုလားပါဘူး။

သြော် - ပြောနေတာက ရုပ်ရှင်လောကဟာ အများ ကြီးကို ညီညီညွှတ်ညွှတ်နဲ့  ကြိုးစား ရုန်းကန်မြှင့်တင်ကြဖို့  လိုနေပြီ ဆိုတာ ရောက်လာပြီနော်။ ဟုတ်တာပေါ့။ ဒါကြောင့် ပြန်ကြားရေးဝန်ကြီးက ပြောတာပေါ့။

နိုင်ငံတော်ကို ခေတ်မီပြီး တည်ငြိမ် အေးချမ်းသာယာတဲ့ နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်လို့ အရှိန် အဟုန်ရနေတဲ့အချိန်မှာ အနုပညာရှင်များ အနေနဲ့  ရှေ့ တန်းက တစ်တပ်တစ်အား ပါဝင်အားပေးကြပါ။

“ရုပ်ရှင် လောကသားများ ရဲ့  အတက်ပညာ ဖွံ့ ဖြိုးရေး၊ အခွင့်အလမ်း မျှတရေး၊ အဆင့်အတန်း တိုးတက်ရေးတို့ အတွက် မိမိတို့ အစည်းအရုံး အသင်းအပင်း လုပ်ငန်းမှာ တက်ညီလက်ညီ ပါဝင် ဆောင်ရွက်ကြပါ ” စသည်ဖြင့်ပေါ့ကွယ်။

“ ရုပ်ရှင်လောကသားများ မှာ အနုပညာနိုင်ငံသားများ အနေနဲ့  အနုပညာတာဝန်၊ လူမူရေးတာဝန်၊ နိုင်ငံတာဝန် စတဲ့ထမ်းဆောင်ရမယ့် ၀တ္တရားတွေ ရှိနေရဦးမယ် ဖြစ်ပါတယ် ” တဲ့။

ဦးဦး နားထဲမှာ ၀န်ကြီးမိန့် ကြားတဲ့ စကားကို ပဲ့တင်ထပ်ပြီး ဆက်တွေးနေမိတယ်။ နိုင်ငံတာဝန်၊ အမျိုးသားရေးတာဝန်ကို ယခုနှစ် ဆုရကြတဲ့ ထူးချွန်ဆုရ ပုဂ္ဂိုလ်အားလုံးဟာ ကြိုးကြိုးပမ်းပမ်း ထမ်းဆောင်ခဲ့ကြပါလား။ ကြည့်စမ်း။ စိုးမြတ်သူဇာ ( စိုးစိုး ) ဆိုလဲ စိတ်ရင်းစေတနာမွန်မြတ်လှတဲ့ အတုယူစရာ နော်ရင်မွှေးလေးအဖြစ် သရုပ်ဆောင်ပေးခဲ့ရတာ ။ မို့မို့မြင့်အောင် (မမို့) ဆိုလဲ မသုဓမ္မစာရီအဖြစ် တည်ငြိမ်အေးချမ်းတဲ့ အကျင့်တရားပိုင်းဆီသို့ဆောက်တည်နိုင်စွမ်းရှိတဲ့ သိန်းမြအဖြစ် ပီပီပြင်ပြင်နဲ့  လုပ်ဆောင်ပြခဲ့တာ။ တော်လိုက်တာ။

ကျော်ဟိန်း ( ကိုကျော် ) ဆိုလဲ တကယ့်ကို စစ်ရည်ဝတဲ့ စစ်သား ကောင်းကြီး တပ်ကြပ်ကြီး ဖိုးစည်။

ကျော်သူဆိုလဲ ဆင်းရဲသားဘ၀မှ ကြိုးပန်းခဲ့ရတဲ့ မောင်မြတ်ဆွေ။ ကျော်လဲ ကျော်ထိုက်ပါပေရဲ့ ။ တော်လဲတော်ကြပါပေတယ်။ ရုပ်ရှင်ထူးချွန်ဆုရကြတဲ့ ပုဂ္ဂိုလ်တွေကို တစိမ့်စိမ့် ကြည့်ပြီး ဦးဦးဖြင့် မုဒိတာနဲ့ ကြည့်နူး ရင်ခုန်နေမိတယ်။ အားကျစရာပဲကွာ။

သူတို့ ဟာ ကြိုးစားခဲ့ကြတယ်။ အထူးကြိုးစား ခဲ့ကြတယ်။ အပင်ပန်းအဆင်းရဲခံပြီး ကျားကုတ်ကုတ်ခဲ သူတို့ တကယ်ကို အလုပ်လုပ်ခဲ့ကြတယ်။ သူတို့ အတ္တအတွက်လဲ ပါတော့ ပါမှာ ပါပဲ။ ပုထုဇဉ် သဘာဝ ဘယ်ကင်းမှာ လဲ။

သမီး သဇင်။

ပြည်သူကို အလုပ်အကျွေးပြုမယ်။ ငါပြည်သူကို အသိပညာ ပေးမယ်၊ အကျိုးပြုမယ်ဆိုတဲ့ ဖြူစင် မှန်ကန်တဲ့ စေတနာ ( ကြီးမား ထက်သန်လွန်းလို့ ) ဒီဆုနဲ့ သူတို့ ဟာ အကျိုးပေးတာ၊ ကံစပ်တာသမီးရဲ့ ။

သမီး သဇင် သေသောချာချာ မှတ်ထားနော်။

စေတနာဆိုတာ အတုလုပ်လို့ မရဘူး။

စေတာနာဆိုတာ အပေါ်ယံ ရွှေမှုန်ကြဲ အထဲက နောက်ချေးခံပြီး လှည့်စားလို့  မရဘူး။ ညာလို့ မရဘူး။

စေတနာမှန်မှ ကံအကျိုးပေးတာ။

လူသားကောင်းစားရေး၊ လူးမျိုးတိုးတက်ရေး၊ ဒီလိုရှေးရှုချက် စေတနာနဲ့  သမီးနဲ့ လက်တွေ့  အပြုအမူတွေနဲ့ ဆက်စက်မှု ရှိရမယ်။

နွေရာသီ ကျောင်းပိတ်ရက်မှာ သမီးကြိုက်ရာကို လုပ်။ ငါ့နိုင်ငံ တိုးတက်ဖို့ ။ ကမ္ဘာသူ ကမ္ဘာသား ဝေနေယျ လူအများ အေးချမ်းသာယာဖို့ ။ အဲဒီ စေတနာလေးတော့ ပါနိုင်သမျှ ပါပါစေနော်။ ဒါမှ သမီးရဲ့ အလုပ်တွေဟာ အဓိပ္ပါယ်ရှိနိုင်မယ်။

ချစ်သော ဦးဦး



ဝန်ဇင်းချစ်သူများ ချစ်နိုင်(စိတ်ပညာ) ၏ “ ပညာသည် တန်ခိုးကိုဖန်ဆင်း၏ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လူငယ် အညွှန့်အဖူးလေးများ အတွက်

သီတာရေစင်ပမာ

ခေါင်းဆောင်မှု အရည်အသွေးနှင့် စိတ်ပညာဆောင်းပါးများ