
(၁)
မဖောက်ပြန်သူတွေက မဖောက်ပြန်ပေမယ့်
ဖောက်ပြန်သူတွေက ကိုင်းကူးကိုင်းဆက်နည်းနဲ့
စံပယ်ပင်ပေါ် ခရေပွင့်စေခဲ့တယ်။
မဖောက်ပြန်သူတွေက မဖောက်ပြန်ပေမယ့်
ဖောက်ပြန်သူတွေက အမှန်နှစ်ခုကိုပေါင်းစပ်
ကြက်ခြေခတ်ပစ်တယ်။
မဖောက်ပြန်သူတွေက မဖောက်ပြန်ပေမယ့်
ဖောက်ပြန်သူတွေက ဟီရိုရှီးမားမြို့  ကို
အနုမြူ ဗုံးကြဲခဲ့ကြတယ်။
မဖောက်ပြန်သူတွေက မဖောက်ပြန်ပေမယ့်
ဖောက်ပြန်သူတွေက ရိုးသားခြင်းကိုရှာဖွေတယ်။
ပြီးတော့ လူမမြင်အောင်ဖုံးထားလိုက်တယ်။
xxxx
ကျောင်းဆင်းချိန်၏ ထုံးစံအတိုင်း ဖယ်ရီဂိတ်တွင် စည်ကားလွန်းနေသည်။
တချို့  ကလည်း ကားပေါ်နေရာဦးဖို့ ထိုင်ခုံလုနေသူများ ရှိသလို၊ တချို့  ကလည်းကားပေါ်မတက်သေးဘဲ ကားလမ်းနံဘေး လမ်းသလားနေကြသည်။
တချို့  ကတော့ ခင်မင်ရာလူစုပြီး မနက်ဖြန်အကြောင်းများ ဆွေးနွေးနေကြလေသည်။ လူငယ်တို့၏ သဘာဝ အတိုင်း လတ်ဆတ်သောအတွေး၊ သန့်ရှင်းသောစိတ်သဏ္ဌာန်များ နှင့် တက်ကြွမှု များ ပေါ်လွင်နေဆဲ။
''ကားပေါ် စီးနင်းလိုက်ပါကြမယ့် ညီငယ် ညီမငယ်၊ ကိုကို မမများ ခင်ဗျား''
ထိပ်ဆုံးကားဆီမှ ကျယ်လောင်သောအော်သံကြားရ၍ အားလုံးခေါင်းထောင်၍ ကြည့်ကြသည်။
သန့်ပြန့်သော အဖြူ ရောင်ရှပ်အင်္ကျီ၊ ဆိတ်ခွံပိုးတွဲ ပုဆိုးနှင့်ဥပဓိရုပ်သန့်သန့်ပြန့်ပြန့် လူငယ်လေးတစ်ဦးကိုတွေ့ရသည်။ ထိုလူငယ်ကလေးကိုမြင်တော့ ကောင်မလေးအချင်းချင်း လက်တို့ကြသည်။ကောင်လေးများ က ပြုံး စေ့စေ့နှင့်ကြည့်ကြသည်။
ကောင်လေးကတော့ ခပ်တည်တည်ပင် သူ့စကားကိုပြန်ဆက်သည်။
''ကျွန်တော်ကတော့ အင်္ဂလိပ်စာ ဒုတိယနှစ်ကျောင်းသားလင်းထိုက်ဖြစ်ပါတယ်''
သူ့စကားဆုံးသည်နှင့်
''သိသားပဲ''
''ငကြောင်''
ဟူသောထောပနာပြု သံများ တခွိခွိခိုးရယ်သံများ ကြားရ၏ ။ကောင်လေးကတော့ဂရုမစိုက်ဘဲ ဆက်၍
''အခုဟာက ကျွန်တော့်ကိစ္စမဟုတ်ပါဘူး၊ ကျွန်တော့်သူငယ်ချင်း ဇေမောင်ရဲ့ ကိစ္စပါ၊ သူ အခု ကားအရှေ့မှာ လှဲအိပ်နေပါတယ်''
အားလုံးသူညွှန်ပြရာကားရှေ့ လှမ်းကြည့်ကြသည်။ ဟုတ်ပါသည်။ အရှေ့ဆုံးကား၏ ရှေ့ဘီးနားတွင်မှ စန့်စန့်ကြီးလှဲအိပ်နေ သော သူနှင့်ရွယ်တူလူငယ်တစ်ဦး။
''နယ်က ကျောင်းလာတက်ရတဲ့ ကျောင်းသားတစ်ယောက်ရဲ့ အခက်အခဲကိုသိကြမှာ ပါ၊ မိဘက ထောက်ပံ့တဲ့ ရှိစုမဲ့စုကလေးကိုခြစ်ခြု တ်ပြီး ကိုယ့်ရဲ့ ပညာရေးကို တိုးတက်သထက်တိုးတက်အောင် ကြိုး စားနေရကြသူပါ''
''မြန်မြန်ပြောပါဗျို့  ''
''အဲဒီ အခန်းကို ကျော်ပေးပါ''
စသည့်စကားသံများ ပေါ်ထွက်လာပြန်၏ ။ ကောင်လေးကခပ်တည်တည်ပင်
''အခုတော့ သူ့မိဘတွေကလည်း ကုန်ရှုံး၊ ဘကြီးလူမမာကလည်း ဆေးရုံရောက်''
ကောင်လေး၏ စကားသံများ ဆို့နင့်သွား၏ ။ ကြည့်နေသောသူများ ပင် ခုနကလိုမလှောင်ပြောင်တော့ဘဲ ကြောင်၍ ကြည့်ကြသည်။
ကောင်လေးက ဝေ့တက်လာသော မျက်ရည်ကိုပင့်သုတ်ပြီး
''အဲဒီ လို အခက်အခဲများ စွာ ကြောင့် ကျွန်တော်သူငယ်ချင်းဇေမောင်ဟာ အဆောင်ဖိုးလည်းမတတ်နိုင်၊ စားဖို့သောက်ဖို့ကိုတောင် မတတ်နိုင်လို့ ကျောင်းတစ်ပိုင်းတစ်စနဲ့ နယ်ပြန်ရမယ့်အနေအထားပါ''
အားလုံး ကားရှေ့လှဲအိပ်နေသော လူငယ်ကလေးကိုဝေ့ကြည့်ကြပြန်သည်။ မော့တော့၊ မော့တော့နှင့်လာသော ကောင်မလေးများ လှဲအိပ်နေသောကောင်လေးကိုမမြင်ဘဲအနားရောက်တော့မှအံ့အားသင့်ပြီး ''အမေ့''ဟူသောအာမေဍိတ်နှင့်အတူ ရှောင်ထွက်သွားကြသည်။ နောက် တအံ့တသြနှင့်ပြန်ငုံ့ကြည့်ကြသည်။
''အခုတော့ ကျွန်တော့်သူငယ်ချင်းဇေမောင်ဟာ နယ်လည်းမပြန်ချင်၊ ဒီမှာ နေရင်လည်း ငတ်သေမဲ့အတူတူ ကားရှေ့လှဲအိပ်ပြီးသူ့ဘဝကိုအဆုံးသတ်ဖို့ကြိုး စားနေတာပါ''
အားလုံး ပြောင်လှောင်ချင်စိတ်များ ပျောက်ကာ ကားရှေ့လှဲအိပ်နေသော လူငယ်လေးကို ဝေ့ကြည့်ကြပြန်သည်။
''ဒါကြောင့် ကြိုး စားချင်တဲ့လူငယ်လေးတစ်ယောက်ကို အလဟဿ အဆုံးရှုံးမခံနိုင်တဲ့အတွက် သူ့ရဲ့ အဆောင်စရိတ်လေးအတတ်နိုင်ဆုံးကူညီပေးကြပါလို့ သူ့ကိုယ်စား ကျွန်တော်ကပဲတောင်းပန်ပါတယ်၊ ကျေးဇူးတင်ပါတယ်''
ဆိုပြီး ပါလာသည့်လွယ်အိတ်ကလေးကို လက်နှစ်ဘက်နှင့်ဆွဲယူပြီးသကာလ
''ကျေးဇူးတင်ပါတယ်ဗျာ၊ သဒ္ဓါတတ်အားနည်းများ မဆိုပါပဲ''
ဆိုကာ တစ်ယောက်ချင်းကို အလှူ ခံပါတော့သည်။
''ကျေးဇူးပါပဲဗျာ၊ ကြိုး စားချင်တဲ့လူငယ်လေးအတွက်ပါ၊ဟိုဘက်ကညီကလေး မထည့်ရသေးဘူးနော''
ဆိုပြီး လက်တို့ပြီးတစ်မျိုး ၊ ရိုးရိုးတစ်ဖုံ ရှိရှိသမျှကို အလှူ ခံသွားတော့၏ ။ တချို့  က ငါးဆယ်တစ်ရာ၊ တချို့  က ငါးရာတစ်ထောင်နှင့် ခဏခြင်းပင် သူလွယ်လာသည့်လွယ်အိတ် လျှံမတတ်ဖြစ်သွား၏ ။ဒါကိုပင် ပိုက်ဆံထည့်ဝင်သူတွေ၏ ငွေကြေးအလိုက် ဆုပေးသွားသေး၏ ။
''ငါးရာ...ဒီညီလေးကနှစ်ရာ ..ကျန်းမာပါစေ ချမ်းသာပါစေကိုယ်စိတ်နှစ်ဖြာရွှင်လန်း၍ သင်တန်းများ လည်းတက်နိုင် အောင်နိုင်ပါစေ''
''ဟိုကညီမလေးက ...ဗျာ ..ငါးဆယ် ...ငါးဆယ်ထဲဟင်ဒီရုပ်နဲ့ ဒီရုပ်ကိုငါးဆယ် ...ကဲလေ ဘာပဲဖြစ်ဖြစ်ဆုတော့ပေး ပရစေ...ရှည်ပါစေဗျား ...အသက် ..အသက် ''
''ဟိုညီမလေးကငါးရာ ..စိတ်ချမ်းသာခြင်း ..ကိုယ်၏ ကျန်းမာခြင်းများ ပြည့်စုံ၍ လိုတိုင်းရ တတိုင်းရ ...လိုအင်ဆန္ဒ မှန်သမျှဧကန်မုချပြည့်ဝ၍ ရောက်ရှိရာဘဝ လိုအင်ဆန္ဒမကြောင့်မကြတောင်းတိုင်းပြည့်ပါစေ''
ဟူ၍ ပေးသောငွေအလိုက် ဆုများ ပေးသွားလေ၏ ။
လူငယ်ကလေးကလည်း တစ်စီးဆင်းတစ်စီးတက် တစ်ယောက်မှချမ်းသာမပေးဘဲ ဗြောင်သော်လည်းကောင်း၊မျက်စမျက်နနှင့်သော်လည်းကောင်း အလှူ ခံသွားလေတော့သည်။
ကားအားလုံးစုံမှ
''ဟေ့ကောင် ဇေမောင်၊ ထလို့ရပြီ''
သူ့အော်သံကြားတော့ ကားရှေ့လှဲအိပ်နေသောလူငယ်ကလေးမှာ စပ်ဖြဲဖြဲနှင့်လူးလဲထလာ၏ ။ ထိုတော့မှ လင်းထိုက်က အားလုံးကြားအောင်အသံကျယ်ကျယ်နှင့်
''အားလုံးကို ကျေးဇူးတင်ပါတယ်၊ အမှန်တော့ ဒီပိုက်ဆံတွေက ဇေမောင်ရဲ့ အဆောင်စရိတ်အတွက်မဟုတ်ပါဘူး၊ ဒီညနေအတွက်ကျွန်တော်တို့လက်ဖက်ရည်ဖိုးမရှိလို့အလှူ ခံရတာ ပါ၊ အခုလိုကျွန်တော်တို့ကို လက်ဖက်ရည်ဖိုးအများ ကြီးပေးတဲ့အတွက် အားလုံးရဲ့ စေတနာကို ပြောမပြတတ်အောင်ကြည်နူးမိပါတယ်၊ အားလုံးရဲ့ စေတနာကို တစ်သက်လုံးမှတ်ထားမယ်၊ မောင်းဆရာရေ မောင်း''
ဆိုသည်နှင့် ခုနကတုတ်တုတ်မှမလှုပ်သော ကားများ မှာ ဝူးခနဲမောင်းထွက်သွားလေတော့၏ ။ ကျိန်ဆိုသံများ ၊ ရေရွတ်သံများ သည်လည်း ကားလေးနှင့်အတူလိုက်ပါသွားလေ၏ ။
လင်းထိုက်နှင့် ဇေမောင်တို့မှာ စပိန်နွားရိုင်းသတ်သမားများ အောင်ပွဲခံသလို လက်တစ်ဘက် ရင်ဘတ်ပေါ်တင်၊ လက်တစ်ဘက်ကဘေးဖြန့်၍ ခါးညွှတ်အရိုအသေပြု ရင်းကျန်ခဲ့လေတော့၏ ။
xxxx
''တော်သေးတာပေါ့ လင်းထိုက်ရာ၊ မင်းလုပ်ခိုင်းလို့သာ လုပ်ရတာ ငါ့မှာ ကားကြိတ်လို့ပဲ ခေါင်းပြားမလား၊ လူတွေပဲ လည်စိတက်နင်းမိလို့ ဂန့်မလား တထိတ်ထိတ်နဲ့''
ဇေမောင်က ပူနွေးနွေးအရှေ့ကလက်ဖက်ရည်ကို မော့သောက်ရင်းပြော၏ ။ သူတို့ထိုင်သည့်နေရာက ဗံဒါရိပ်ဖြင့် အေးနေသည်။ လင်းထိုက်က ခပ်ဟဟရယ်ရင်း
''ပိုင်ပါတယ်ကွ၊ ငါက ကားသမားတွေအားလုံး လက်ဖက်ရည်တိုက်ပြီးညှိထားပြီးသားပါ၊ လူမနင်းမိအောင်က ညီနိုင်တို့ကိုကြည့်ထားခိုင်းတာပဲ''
''မင်းသာ ကြည့်ခိုင်းထားတယ်ပြောတာ ကောင်မလေးနှစ်ယောက်ဆို ကံကောင်းလို့ငါ့ကိုတက်နင်းမသွားတာ၊ ဝှီး နို့မို့ရင်မတော်တရော်နင်းမိပြီး တရော်ကင်ပွန်းနဲ့ခေါင်းလျှော်နေရပြီ''
''ဟား ဟား ဟား''
လင်းထိုက်၏ အော်သံလွင်လွင်ကြားရ၏ ။ ဇေမောင်က
''အလှူ ခံတော့ မနည်းရလိုက်တယ်နော့၊ တို့ထင်တာထကတောင်ပိုနေသေး၊ လက်ဖက်ရည်ဖိုးလောက်နဲ့တော့ ကုန်မယ်မထင်ဘူး''
လင်းထိုက်က လွယ်အိတ်ထဲ ပြန်ငုံ့ကြည့်ပြီး
''ကားဆရာတွေလည်းပေးရဦးမှာ ကွ၊ နောက်ပြီး ပိုရင်လည်းစုထားတာပေါ့၊ ကျောင်းကအလှူ တွေဘာတွေလုပ်ရင် ပြန်ထည့်ပေးရအောင်''
ဇေမောင် လိုက်ရယ်သည်။
''ကောင်းတယ်၊ ကောင်းတယ်ကွ၊ ကျောင်းမှာ တစ်ခုခုလိုတော့လည်း ပြန်ကူညီရတာ ပေါ့''
လင်းထိုက်က ပြုံး ရင်း ခေါင်းညိတ်သည်။ ဇေမောင်ကတော့သူတို့လုပ်ခဲ့သမျှကို စားမြုံ့  ပြန်တွေးရင်းပြုံး နေ၏ ။ အတန်ကြာမှ လင်းထိုက်က
''ဒီမှာ ကိုလှအောင်ရေ ...ပိုက်ဆံအကြွေလဲဦးမလား''
သူ့အော်သံကြောင့် ကောင်တာမှလူကြီးထလာပြီး
''အေးလဲမှာ ပေါ့ကွ ..ဘယ်မှာ လည်းအကြွေ''
''တစ်ထောင်ကို အကြွေရှစ်ရာနော်''
''အာ ..မင်းကလည်း ကိုးရာထားစမ်းပါ''
''အာ ..ကိုလှအောင်ကလည်း အကြွေကရှာရတာ လွယ်တာမှတ်လို့၊ ကဲပါ ရှစ်ရာ့ငါးဆယ်ထား၊ ရော့ ...ဒီမှာ အကြွေတွေ''
လင်းထိုက်အကြွေများ ကို တစ်ထောင်တန်များ နှင့်လဲလိုက်သည်။ ဇေမောင်ကတော့ လင်းထိုက်လုပ်သမျှကိုကြောင်ပြီးငေးနေသည်။ အားလုံးရှင်းပြီးမှလင်းထိုက်က
''ကဲ ...လက်ဖက်ရည်ဖိုးကို အဲဒီ ထဲကပဲနှုတ်လိုက်တော့သွားပြီ''
ဆိုကာလက်ဖက်ရည်ဆိုင်ထဲမှထွက်လာကြ၏ ။ လမ်းရောက်မှ ဇေမောင်က
''ဒါနဲ့နေပါဦး မင်းမနက်ဖြန်လုပ်မယ့်ဟာသက''
လင်းထိုက်ပါ ခြေလှမ်းရပ်တန့်သွား၏ ။ နောက်မှ ဇေမောင်ကိုပြုံး ၍ ပြန်လည်ဝေ့ကြည့်ကာ...
''စောင့်ကြည့်လေ''
''ဟာသ''ဆိုသည့်စကားမှာ ရှားပါးလှသည်မဟုတ်ပါဘဲ အလွန်တရာမှကိုတွေ့ရခဲလေသည်။
အခကြေးငွေယူ၍ ရယ်စရာလုပ်သူကို ဟာသပညာရှင်များ အဖြစ်သတ်မှတ်ပြီး ဒီအတိုင်းလမ်းပေါ်တွင်ရယ်စရာလုပ်သူကိုတော့ဗရွတ်ရွှတ်တကောင်ဟုပင်သတ်မှတ်ကြသည်။
အခကြေးငွေမယူဘဲ ရယ်စရာလုပ်နေသူများ ကိုရော ဟာသကိုသိမြင်သူအဖြစ်မယူဆသင့်ပါလား။ မည်သည့်နေရာတွင်မူ ရယ်စရာ(သို့ )ဟာသမရှိသောနေရာသည် သုဿန်တစပြင်ကဲ့သို့ ချောက်ချားငြီးငွေ့ဖွယ်ကောင်းလှသည်ဟုဆိုကြပါသည်။ ထို့ကြောင့်သာယာနာပျော်ဖွယ်ဖြစ်သော ရယ်ရွှင်သံများ ကို ဖန်တီးနေရန်လိုအပ်မည်မှာ အမှန်ပင်။
ဗရွတ်ရွှတ်တလို့ပဲဆိုဆို၊ ပေါကြောင်ကြောင်နဲ့ ကွာလို့ပဲပြောပြော အများ ပျော်ရွှင်ရန်ဖန်တီးနေသူတို့သည် ကုသိုလ်မရလျှင်တောင်အကုသိုလ်တော့ဖြစ်လိမ့်မည်မထင်။
ထိုအရာသည် ရယ်ရွှင်ဘွယ်ဖန်တီးသူများ အတွက် အမှန်တရားပင်ဖြစ်ပေလိမ့်မည်။
xxxx
ကျောင်းတက်ခေါင်းလောင်းထိုးပြီးသော်လည်း အတန်းထဲသို့ ဆရာမ ရောက်ရှိလာသေး၍ ကျောင်းသူကျောင်းသားများ လှုပ်လှုပ်ရွရွဖြစ်နေကြသည်။ တချို့  ကလည်း အချင်းချင်းတွတ်ထိုးရင်း၊တချို့  ကလည်း မိမိထိုင်ရမည့်ခုံတွင်မထိုင်သေးဘဲ လူလုံးပြရင်းပေါ့။
''မင်္ဂလာပါဆရာ''
ကျောင်းသားတစ်ယောက်က မတ်တပ်ရပ်၍ အထက်ပါအတိုင်းအော်လိုက်သည်နှင့် ခုနလှုပ်လှုပ်ရွရွဖြစ်နေသူအားလုံးလည်းယောင်တိယောင်ကမ်းနှင့် ထိုင်နေရာကထကာ သံယောင်လိုက်နှုတ်ဆက်လိုက်ကြသည်။
''မင်္ဂလာပါဆရာ''
နှုတ်ဆက်သံနှင့်မရှေးမနှောင်းမှာ ပင် စာသင်ခုံပေါ်သို့ တိုက်ပုံအကျော့ဝတ်ထားသောလူငယ်တစ်ဦး ပါဝါမျက်မှန်ကိုင်းမည်းကြီးတပ်ပြီး ခပ်တည်တည်တက်လာ၏ ။
''မင်္ဂလာပါ တပည့်တို့''
ပြန်လည်နှုတ်ဆက်သူကိုကြည့်ပြီး ကျောင်းသားများ ပွစိပွစိ ဖြစ်ကုန်၏ ။
''ဟေ့ အဲဒါ ဟိုကောင်ပဲမဟုတ်လား''
''ဟုတ်ပါ့၊ မျက်မှန်နဲ့ဘာနဲ့ ဆရာလိုလုပ်လာတာ၊ မနေ့ညနေကတင် ကားဂိတ်မှာ ''
''နေဦး ဒီကောင် ဘာအကြံအဖန်လုပ်ဦးမလဲ စောင့်ကြည့်ရအောင်''
စင်ပေါ်မှလူငယ်က အသံများ ကိုဂရုမစိုက်ဘဲ ကျောက်သင်ပုန်းပေါ်တွင်ရေးထားသောစာများ ကို ခပ်တည်တည်ဖျက်ရင်း
''ဒီနေ့ ဆရာ မင်းတို့ကို သင်ကြားပေးမှာ ကတော့နိုင်ငံတကာသုံး အဆင့်လွန်အင်္ဂလိပ်စာပဲဖြစ်ပါတယ်''
ကျောင်းသားများ စိတ်ဝင်စားမှု ရှိမရှိ ပြန်ဝေ့ကြည့်သည်။
''အမှန်တော့ ဒီနိုင်ငံတကာသုံး အဆင့်လွန်အင်္ဂလိပ်စာဟာနိုင်ငံတကာဘွဲ့လွန်ဒီပလိုမာကျောင်းသားများ နဲ့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များ အတွက်သာ သင့်လျော်တဲ့သင်ရိုးပါ။အဆင့်မြင့်ပြီးခက်ခဲနက်နဲတဲ့အတွက် တော်ရုံတန်ရုံÓဏ်ရည်မျိုး နဲ့ လိုက်နိုင်ဖို့ အင်မတန်ခက်ခဲလှပါတယ်''
သူ့စကားကိုအားလုံးစိတ်ဝင်စားနေကြသည်။
''ဆရာ့အနေနဲ့ကတော့ ဒီပညာကို လူတန်းစားမခွဲခြားဘဲဒီလိုလူငယ်လေးတွေကအစ လေ့လာသိရှိနိုင်အောင် စေတနာရှေ့ထားပြီးသင်ကြားပေးပါ့မယ်၊ ကြည့်ပါဦး''
ဟုဆိုကာကျောက်သင်ပုန်းပေါ် စာတစ်ကြောင်းချရေးလိုက်သည်။
''နိုင်ငံတကာသုံး လေယာဉ်ပေါ်တွင်သုံးသော အဆင့်မြင့်အင်္ဂလိပ်စကားပြော''
ကျောင်းသားများ က ကြောင်တောင်တောင်နှင့် လိုက်ရေရွတ်သည်။ သူကပင်ပြန်စ၍
''အကယ်၍ များ ခင်ဗျားတို့စီးပွားရေးလုပ်ငန်းများ ၊ ပညာရေးလုပ်ငန်းများ စသည့်အကြောင်းအမျိုး မျိုး ကြောင့် လေယာဉ်ကြီးစီးရမယ်ဆို အဓိကထားသုံးရမဲ့စကားလုံးပါ။ တအားကြီးအဆင့်မြင့်တဲ့အတွက် လိုက်မမီမှာ စိုးလို့ ဂရုစိုက်နားထောင်စေချင်ပါတယ်''
''ဥပမာ ခင်ဗျားက လေယာဉ်ကြီးပေါ်ရောက်နေပြီဆိုပါတော့၊လေယာဉ်မယ်ကလာမေးပါလိမ့်မယ်''
''ဆရာ အပျင်းပြေသောက်ဖို့ ကော်ဖီယူဦးမလားဆိုရင် ခင်ဗျားကကော်ဖီကိုသောက်ချင်တယ်ဆို Yes လို့ ဖြေရပြီး မသောက်ချင်ဘူးဆိုရင် No လို့ ပီပီသသကြီးပြောရပါမယ်''
ကျောင်းသားများ ပြုံး စိစိဖြစ်သွား၏ ။
''ဒီနေရာမှာ သဒ္ဒါအထားနဲ့ လေယူလေသိမ်းက သိပ်အရေးကြီးပါတယ်၊ နောက်တစ်ခုက လေယာဉ်ပေါ်မှာ ထိုင်ရတာ မအီမသာဖြစ်လာတယ်ဆိုပါတော့ လေယာဉ်မယ်ကလေးက ခင်ဗျားဆီလာပြီးဆရာ ထိုင်ခုံထိုင်ရတာ အဆင်ပြေရဲ့ လားလို့လာမေးတဲ့အခါ ခင်ဗျားက အဆင်ပြေပါတယ်ဆိုရင် Yes လို့ ပီပီသသကြီးပြောရပြီး၊ အဆင်မပြေဘူးဆိုရင် No လို့ တစ်လုံးတည်းပြန်ပြောရပါ့မယ်''
ကျောင်းသားများ သူ့ကို ပြုံး စိစိနှင့်ကြည့်နေကြသည်။ သူကကျောက်သင်ပုန်းပေါ် နောက်တစ်ခုချရေးလိုက်သည်။
''နိုင်ငံတကာသုံး ကုန်တင်သင်္ဘောကြီးများ ပေါ်တွင်သုံးသောအဆင့်မြင့်အင်္ဂလိပ်စကားပြော''
ကျောင်းသားများ လိုက်လံရေရွတ်ကြပြန်သည်။ သူကဆက်၍
''နိုင်ငံတကာသုံး ကုန်တင်သင်္ဘောကြီးများ မှာ သုံးတဲ့ အဆင့်မြင့် အင်္ဂလိပ်စကားကတော့ ခုနကနဲ့ခြားနားပါတယ်၊သူကပိုပြီးလေးနက်တဲ့အတွက် ပိုပြီးဂရုစိုက်စေချင်ပါတယ်၊ ဥပမာအကြောင်းတစ်ခုခုကြောင့် ခင်ဗျားတို့ နိုင်ငံတကာကုန်သင်္ဘောကြီးနဲ့လိုက်ပါရတယ်ဆိုပါတော့ ကုန်ပစ္စည်းတွေတင်တဲ့သူက ခင်ဗျားကိုမေးပါလိမ့်မယ်''
''ဆရာ ဟောဒီတင်ထားတဲ့ပစ္စည်းတွေက ခင်ဗျားပစ္စည်းတွေလားဆိုခဲ့ရင် ခင်ဗျားအနေနဲ့ ကိုယ့်ပစ္စည်းဟုတ်တယ်ဆိုရင် Yes လို့မြိန့်မြိန့်ကြီးဖြေရမှာ ဖြစ်ပြီး မဟုတ်ဘူးဆိုရင်တော့ No လို့ တစ်လုံးထဲဖြေရမှာ ဖြစ်ပါတယ်''
''နောက်ပြီး ခင်ဗျားသင်္ဘောပေါ် အပျင်းပြေလမ်းလျှောက် ရင်းသင်္ဘောကပ္ပတိန်ကစကားရောဖောရောနဲ့ ခင်ဗျားနေကောင်းရဲ့ လားလို့မေးခဲ့ရင် ခင်ဗျားအနေနဲ့ကောင်းတယ်ဆို Yes လို့ ပြတ်ပြတ်သားသားပြောရမှာ ဖြစ်ပြီး မကောင်းဘူးဆိုပါက Noလို့ခပ်ရှင်းရှင်းပြောရမှာ ဖြစ်ပါတယ်''
''နောက်ပြီးကပ္ပတိန်က ခင်ဗျားဒီသင်္ဘောကြီးနဲ့စင်ကာပူသွားမှာ လားဆိုရင် ခင်ဗျားကစင်ကာပူကိုပဲသွားမှာ ဆိုရင် Yes လို့ဖြေရမှာ ဖြစ်ပြီး စင်ကာပူသွားမှာ မဟုတ်ဘူးဆိုရင် No လို့ဖြေရမှာ ဖြစ်ပါတယ်''
ကျောင်းသားများ Yes၊ No ကို သံယောင်လိုက်ရင်းရယ်ကြသည်။ သူကတော့ခပ်တည်တည်ပင် ကျောက်သင်ပုန်းပေါ် နောက်ခေါင်းစဉ်တစ်ခုထပ်ရေးချလိုက်ပြန်သည်။
''နိုင်ငံတကာအဆင့်မြင့်ဟိုတယ်ကြီးများ တွင် သုံးသောအဆင့်လွန်အင်္ဂလိပ်စကားပြော''
ကျောင်းသားများ ခပ်ဟဟရယ်ရင်းလိုက်ဖတ်ကြသည်။
''နိုင်ငံတကာ အဆင့်မြင့်ဟိုတယ်ကြီးများ မှာ သုံးတဲ့ အင်္ဂလိပ်စကားပြောက တခြားအသုံးနှုန်းတွေနဲ့မတူပါဘူး၊ ဒီနေရာမှာ အင်္ဂလိပ်သဒ္ဒါအသုံးအနှုန်းနဲ့ လေယူလေသိမ်းကအစ ကြွယ်ဝရပါတယ်''
''ဟိုတယ်ကြီးတစ်ခုထဲ ခင်ဗျားဝင်လိုက်လို့ ဧည့်ကြို ကခင်ဗျားကို''
''ဆရာ ဒီမှာ တည်းမှာ လားဆရာဆိုရင် ခင်ဗျားကဒီဟိုတယ်မှာ ပဲတည်းမှာ ဆိုရင် Yes လို့ ပီပီသသကြီးဖြေရမှာ ဖြစ်ပြီး မတည်းဘူးဆိုရင် No လို့ စကားပရိယာယ်ကြွယ်ကြွယ်ဝဝကြီး သုံးပြီးပြန်ဖြေရမှာ ပါ''
ကျောင်းသားများ က သူဘာပြောမယ်ဆိုတာသိပြီးလိုက်ပြောကာရယ်ကြသည်။ သူကဆက်၍
''အကယ်၍ ခင်ဗျားရဲ့ အခန်းထဲကို ဟိုတယ်ဝန်ထမ်းတစ်ယောက်ကဝင်လာပြီး ဆရာဝီစကီရောသောက်ဦးမလားဆရာဆိုရင်ခင်ဗျားကသောက်ချင်တယ်ဆို''
သူ့စကားပင်မဆုံးလိုက် ကျောင်းသားများ က သံပြို င်ဖြင့်
''Yes လို့ဖြေရမှာ ဖြစ်ပြီး မသောက်ဘူးဆိုရင် No လို့ဖြေရမှာ ပါ''
အားလုံး ကိုယ့်ဘာသာကိုယ်ပြောပြီး သဘောကျကာရယ်ကြသည်။ ထိုစဉ်မှာ ပင်
''လင်းထိုက်''
ခေါ်သံကြား၍ ကြည့်လိုက်တော့ အတန်းပိုင်ဆရာ ဦးမြအောင်။ ဟိုကောင်ကလည်း ကြောင်ပြီးပြန်ထူးသည်။
''Yes''
ကျောင်းသားများ ဝါးခနဲပွဲကျသွား၏ ။
''မင်းက အဆင့်မြင့်အင်္ဂလိပ်စာတွေတတ်နေပြီပေါ့''
''No''
ကျောင်းသားများ ဝါးခနဲရယ်ကြပြန်သည်။ ဆရာက တစ်လှမ်းချင်းလှမ်းလာပြီး
''မင်း ဘာဆက်လုပ်ရမယ်ဆိုတာသိလား''
''Yes''
''ဘာပြောစရာရှိသေးလဲ''
''No''
''အေး ဒါဆို ကျောင်းဝင်းထဲကမြက်တွေအားလုံး နှုတ်ပြီးမှ ပြန်လာခဲ့''
''Yes''
ကျောင်းသားများ က သူ့ကို အရူးငပေါစသည်ဖြင့်ထောပနာပြု ရင်းရယ်ကြသည်။ သူက တစ်ခွန်းထဲပြန်ပြောသွား၏ ။
''No''
သိပ်မကြာခင်အချိန်အတွင်း ကျောင်းဝင်းဝတွင် တွေ့ကရာလူကို နှုတ်ထားသော မြက်ပင်များ နှင့် ပစ်ပေါက်ကြည်စယ်နေသောလင်းထိုက်ကိုတွေ့ရသည်။ ဖြတ်သွားဖြတ်လာများ က သူ့ကိုတွေ့ပြီး
''လင်းထိုက် အပြစ်ပေးခံရတာ လား''
''Yes'''
''ဒီနေ့ရောပြီးဦးမှာ လား''
''No''
စသည်ဖြင့် နိုင်ငံတကာသုံး စကားလုံးကို ပရိယာယ်ကြွယ်ဝစွာ သုံးရင်း ပျော်နေလေတော့သည်။
xxxx
''ဟေး ယောက်ဖ မင်းညီမနေကောင်းလား''
''အေး မင်းကိုမသေသေးဘူးလားဆိုပြီး မေးနေသေးသကွ''
''ဟဲ့ တင်တင်သန်း နင် ဘော်ဒီဗြူး တီးကစားနေတယ်ဆို''
''အေး ဘာဖြစ်လို့လဲ''
''ငါ့တစ်သက်မှာ လိပ်တွေပိန်တယ်လို့ တစ်ခါမှမကြားဖူးပါဘူးဟာ''
''သေနာ နင်တော့လား''
''ဟေ့ မြတ်မြတ်မွန် နင်ရော ကိုယ်လုံးလှချင်လို့ ရေကူးနေတယ်ဆို''
''ဘာဖြစ်လဲ၊ ဘာဖြစ်လဲ''
''ရေကူးတိုင်းသာ ကိုယ်လုံးလှမယ်ဆို ငါးတွေအားလုံး ကိုယ်လုံးလှကုန်မှာ ပေါ့''
''မသာ အဲဒါနင့်အလုပ်လား''
''ဟား ဟား ဟိုကောင်ပေါက်ကြီး၊ မင်းနာမည်စောပေါက်လို့ မပြောင်းသေးဘူးလား''
''မင်းကိုရပ်ကွက်က အရူးဆိုပြီးနှင်လွှတ်တဲ့အချိန်ကျရင်ပြောင်းမယ်ကွ''
လင်းထိုက်လာရာလမ်း ဤနှယ် စည်ကားသွားသည်။ နှုတ်ဆက်သူ၊ ပြစ်တင်သူ၊ ကြည်နူးသူ၊ ရယ်ရွှင်သူများ နှင့် လှုပ်လှုပ်ရွရွကျန်ခဲ့မြဲ။
''ဟေ့ သဲလေး မင်းကိုယ့်ကို အဖြေမပေးရသေးဘူးနော့''
''နင့်ကိုအဖြေပေးမယ့်အစား တောထဲကမျောက် သွားဖမ်းပြီးကြို က်ပစ်မယ်''
''ရပါတယ်၊ ငါနောက်တစ်ယောက် ပြောင်းကြို က်မှ မျက်ရည်စမ်းစမ်းနဲ့လာငိုမပြနဲ့''
''ဟာဟ...မျက်ရည်နှမြောလို့''
''ဟေ့ကောင်ဂျို ကာ မင်းကိုမနေ့ညနေကဘုံဆိုင်ထဲမှာ တွေ့လိုက်တယ်''
''နှစ်ပက်ထဲပါကွာ''
''အေး အဲဒီ နှစ်ပက်ကိစ္စနဲ့ မင်းအဖေအမွေဖြတ်သွားနိုင်တယ်နော့''
''ယောက်ဖ ယောက်ဖ ယောက်ဖ''
''ငါ့ညီမမေးပြီးပြီ သူလင်မယူတော့ဘူးတဲ့၊ သီလရှင်ဝတ်မှာ တဲ့''
''ဒီကျောင်းမှာ မင်းကိုမသိတဲ့လူကိုမရှိတော့ပါလား''
ဇေမောင်အမေးကို လင်းထိုက်က ဘေးနားသူငယ်ချင်းများ လက်ပြနှုတ်ဆက်ပြီး ရယ်သည်။
''ကောင်းကောင်းမွန်မွန် ပေါင်းသင်းရင် လူတိုင်းခင်တာပေါ့ကွာ၊ ဟုတ်ဘူးလား၊ လူတွေကို ရယ်ပြရတာ ဘာပင်ပန်းတာမှတ်လို့''
ဇေမောင်က ခေါင်းညိတ်ထောက်ခံရင်း
''ဟုတ်တော့ဟုတ်တယ်ကွ၊ အဲ ဒါပေမဲ့''
ဟုဆိုရင်း လင်းထိုက်လက်ဆွဲကာ...
''ဟိုး...လက်ဖက်ရည်ဆိုင်မှာ တွေ့လား''
ဇေမောင်ညွှန်ပြရာ လင်းထိုက်လိုက်ကြည့်ရင်း...
''အင်း တွေ့သား ဖိုင်နယ်ကအစ်ကိုကြီးတွေလေ၊ ကိုမြမောင်တဲ့၊ ဖိုင်နယ်ကတွေ၊ ကျောင်းမှာ တော့ လူဆိုးတွေလို့ပြောတာပဲ''
''အေး အဲဒီ အစ်ကိုကြီးက ငါနဲ့တွဲ နေတဲ့သင်းပျံ့အေး သိလား''
လင်းထိုက် မျက်မှော င်ကျုံ့  ကာ...
''သိတယ်လေ၊ ဇီးကွက်မဟုတ်လား၊ ခုနကတင် ကျောင်းပေါက်ဝမှာ တွေ့ခဲ့သေး''
''အေး...အဲဒီ ဇီးကွက်၊ အဲ သင်းပျံ့အေးကို ကြို က်နေတာကွ''
''အဲဒီ တော့''
''အဲဒါကို သူကဘယ်လိုထင်လို့လည်းမသိပါဘူးကွာ၊ မနေ့က ငါ့ကိုခေါ်ပြီး မင်းကကောက်ရိုးပုံစောင့်ရတာ အဆင်ပြေလား၊ဘာလားနဲ့ခေါ်ပြီး ဖြဲချောက်တာကွ၊ သူတို့က လူလည်အကြီးကြီးတွေ၊နောက်ပြီးလေးငါးယောက်ဆိုတော့ ငါလည်းကြောက်ပြီးငြိမ်နေရတာ ''
ဇေမောင်စကားကို လင်းထိုက်ရယ်သည်။ ပြီးမှ...
''ဘာကြောက်စရာရှိလို့လဲကွ၊ ကျောင်းသားအချင်းချင်းပဲ''
''ကျောင်းသားအချင်းချင်းပေမဲ့ အဲဒီ အစ်ကိုကြီးက လက်သွက်တယ်ဆိုပြီး ရပ်ကွက်ထဲနာမည်ကြီးနေတာကွ''
လင်းထိုက်ပြုံး ရင်း...
''အလကားပါကွာမင်းကလည်း၊ ကဲလာ မင်းကိုငါလက်တွေ့ပြမယ်''
ဆိုပြီး ကိုမြမောင်တို့ထိုင်နေရာ ဦးတည်သွားတော့
''ဟာ ဟေ့ကောင် ပြဿနာပဲကွာ၊ ပြဿနာတော့တက်တော့မှာ ပဲ''
ဟု ရေရွတ်ရင်း ဇေမောင်အနောက်က ကုပ်ချောင်းချောင်းနှင့်လိုက်သွားရလေ၏ ။
မထင်မှတ်ထားဘဲ လင်းထိုက် သူတို့ရှေ့ရောက်လာတော့ကိုမြမောင်မော့ကြည့်သည်။ လင်းထိုက်ကခပ်တည်တည်နှင့် ကိုမြမောင်ကိုလက်ညှိုး ထိုးရင်း
''အစ်ကိုအားလား''
မထင်မှတ်သောစကားကြောင့် ကိုမြမောင်ဒေါသထွက်သွားသည်။
နံဘေးနားမှ သူငယ်ချင်းများ ကလည်း အခြေအနေမကောင်းမှန်းသိ၍ အင်္ကျီလက်ခေါက်ကြသည်။ ဖိုက်ရန်အဆင်သင့်ဟူသည့်သဘော။ ထိုတော့မှ ကိုမြမောင်က အရှေ့စားပွဲကိုလက်နှင့်ပုတ်ကာ
''အားတယ်ကွာ၊ အားတယ်၊ မင်းဘာလုပ်ချင်လဲပြော''
''အားရင် တွဲ ကရအောင်လေ''
''ဟမ်''
လင်းထိုက်၏ မထင်မှတ်သောစကားကြောင့် ကိုမြမောင်ကြောင်သွား၏ ။ ဘေးနားသူငယ်ချင်းများ ပြုံး စေ့စေ့ဖြစ်ကုန်၏ ။ ဒါကိုလင်းထိုက်က ကိုမြမောင်၏ လက်ကိုဆွဲကာ...
''လာပါ အစ်ကိုရ၊ ကျွန်တော်ပျင်းနေလို့ပါ၊ ပျော်သွားအောင်တစ်ပိုဒ်လေး တွဲ ကလိုက်ရအောင်''
လင်းထိုက်၏ အပြု အမူကြောင့် ကိုမြမောင်ရှူး ရှူး ရှားရှားဖြစ်သွားကာ
''အာ ဒီကောင်တော့ ငါရိုက်မိတော့မယ်၊ တောက်''
သူ့စကားကို လင်းထိုက်က...
''အစ်ကို တကယ်ရိုက်မှာ လား''
''ဟေ့ကောင် ရိုက်ချင်နေတာကွ၊ ရိုက်ချင်နေတာ''
လင်းထိုက်က ကိုမြမောင်ကို လက်ညှိုး ထိုးရင်း...
''တကယ်ရိုက်မှာ နော်''
''တကယ်ရိုက်မှာ ကွ၊ တောက် လက်ယားလာပြီ''
ကိုမြမောင်က အသံကျယ်ကျယ်နှင့်အော်ရင်း လက်ကြီးမြောက်တက်လာ၏ ။
ဒါကို လင်းထိုက်က
''ကိုးမီးလား၊ ဘူကြီးလားပြော''
''ဟင်''
လင်းထိုက်အမေးကို ကိုမြမောင်ကြောင်သွား၏ ။ ဒါကိုလင်းထိုက်မှပင်ဆက်၍
''ကျွန်တော့်မှာ အထုပ်ပါတယ်ဗျ၊ ဟီဟိ ကျွန်တော်လည်းဝါသနာတူတွေလိုက်ရှာနေတာ၊ တစ်ပွဲနှစ်ပွဲလောက်ဆွဲလိုက်ရအောင်ဂျို ကာပါရင်ဒေါင်းကြေးနှစ်ဆ''
ဟုဆိုကာ လွယ်အိတ်တွင်း ဟိုရှာဒီရှာလုပ်နေ၏ ။ သဘောကတော့ အထုပ်ရှာသည့်သဘော။ ဒါကို ကိုမြမောင်က
''တောက် ဒီကောင်တော့ ငါဖဲ့မိတော့မယ်''
''ဘာရယ် အစ်ကို''
ကိုမြမောင်စကားကိုလင်းထိုက်က မကြားသလိုပြန်မေးသည်။ပြီးမှရယ်ရင်းနှင့်
''သြော် အစ်ကိုကဖဲ့ချင်နေတာကိုး၊ ကျွန်တော်လည်းဖဲ့မလို့စဉ်းစားနေတာ''
ကိုမြမောင်က အင်္ကျီလက်ဆွဲတင်ရင်း...
''မင်းတကယ်ဖဲ့မှာ လား''
''ဖဲ့မှာ ပေါ့''
''ဘယ်မှာ ဖဲ့ချင်လဲပြော''
''တစ်ယောက်တစ်ဝက်ဖဲ့မှာ လေ''
''ဘာ''
ကိုမြမောင် မျက်မှော င်ကျုံ့  ပြီးထအော်သည်။ လင်းထိုက်ကစားပွဲပေါ်တင်ထားသော ပေါင်မုန့်တစ်လုံးကို ထိုးပေးရင်း...
''ဒါကို တစ်ယောက်တစ်ဝက် ဖဲ့လိုက်မယ်လေ၊ အစ်ကိုလည်းဗိုက်ဆာနေတယ်မို့လား''
''ဟား ဟား ဟား''
ဘေးနားကပြုံး စေ့စေ့နှင့် ကြည့်နေသော ကိုမြမောင်သူငယ်ချင်းများ ထရယ်သည်။ လင်းထိုက်က မသိချင်ယောင်ဆောင်ပြီး
''လာလေ အစ်ကို တစ်ယောက်တစ်ဝက် ဖဲ့လိုက်မယ်၊ ကျတဲ့ပိုက်ဆံအစ်ကိုရှင်း''
ကိုမြမောင် ရှူး ရှူး ရှားရှားဖြစ်သွား၏ ။ သူငယ်ချင်းများ ကပါလိုက်ရယ်နေ၍ သူ့ခမျာလည်းဘာလုပ်ရမှန်းမသိ။ ထို့ကြောင့် တစ်ဘက်လှည့်၍ ...
''တောက် ဒီကောင်တော့ လုပ်လိုက်ရမကောင်းရှိရော့မယ်အရူးကွက်လာနင်းနေတယ်''
''လက်မှတ်ကြည့်မလားအစ်ကို''
''ဟင်''
သူ့စကားမဆုံးခင် ဖြတ်ပြောလိုက်သောစကားကြောင့် ကိုမြမောင်ကြောင်သွား၏ ။ ပြီးနောက်ဇဝေဇဝါနှင့်
''ဘာလက်မှတ်လဲဟင်''
''ရွာသာကြီးကပေးထားတာလေ၊ အရူးလက်မှတ်၊ ကျွန်တော်ရထားတာ''
''ဟမ်''
''ဟုတ်တယ်အစ်ကိုရ၊ ကျွန်တော်က ရှော့(ခ်)နှစ်ခါ ရိုက်ထားရတာ ၊ နေပူရင်မရဘူး''
''ဟင် ဟို ဟို''
လင်းထိုက်စကားများ ကြောင့် ကိုမြမောင်ဘာပြန်ပြောလို့ပြောရမှန်းမသိဖြစ်ကုန်၏ ။ နံဘေးနားကသူငယ်ချင်းများ ကလည်းပြုံး စေ့စေ့နှင့်မို့ သူ့မှာ ဘာမှလုပ်၍ မရ။ အတန်ကြာမှ
''ကဲ တော်ပါတော့ကွာ၊ သွားပါတော့''
သူ့စကားကို လင်းထိုက်က
''မသွားသေးဘူးအစ်ကိုရာ အစ်ကိုနဲ့ကျွန်တော်ဒါလေး တစ်ယောက်တစ်ဝက်ဖဲ့ပြီးမှသွားမယ်''
ကိုမြမောင် စိတ်ညစ်ဟန်ဖြင့်ခေါင်းကုပ်ကာ...
'' သွားပါဆိုကွာ''
''သွားဘူးကွာ၊ ဒါလေးတစ်ယောက်တစ်ဝက်စားပြီးမှသွားမယ်''
လင်းထိုက်က ကလေးအထာနှင့်ပေကပ်နေသည်။ ကိုမြမောင်ကသာ စိတ်ရှုပ်ထွေးစွာ ခေါင်းကုတ်ပြီး...
''သွားမယ့်သာသွားစမ်းပါကွာ၊ ငါမစားချင်လို့ပါကွာ''
''မရဘူးဗျာ၊ တစ်ကိုက်တော့စား''
''စားပါဘူးဆိုနေကွာ''
''ဒါဆို ကျွန်တော့်ကိုတောင်းပန်''
''ဟမ်''
လင်းထိုက်စကားကြောင့်ကိုမြမောင်ကြောင်သွား၏ ။ နောက်မှသဘောပေါက်သွားသလိုဖြင့်
''အေး ငါတောင်းပန်ပါတယ်ကွာ နော်၊ မင်းသွားတော့ တောက်အမှု တော့ဖြစ်တော့မယ်''
ကိုမြမောင်စကားကြားတော့ အားလုံးပြုံး သွား၏ ။ ထိုတော့မှ လင်းထိုက်ကျေနပ်သွားဟန်နှင့် ကိုင်ထားသောပေါင်မုန့်ကို လွယ်အိတ်ထဲထိုးထည့်ရင်း...
''ဒါဆို ကျွန်တော်သွားတော့မယ်အစ်ကို၊ နောက်တစ်ခါကျွန်တော်နဲ့အစ်ကိုတွေ့လို့အားနေရင် တွဲ ကရမယ်နော်''
''အေး...အေးပါ၊ အခုမြန်မြန်ကြွပါ၊ စိတ်ညစ်လွန်းလို့ပါ''
လင်းထိုက် ပြုံး ရွှင်စွာ ဖြင့်ထိုင်ရာမှပြန်ထပြီး...
''သွားပြီအစ်ကိုရေ၊ ကျေးဇူးပဲ''
လမ်းပေါ်ပြန်ရောက်တော့ အသင့်စောင့်နေသောဇေမောင်က...
''မင်းကွာ ငါ့မှာ စိတ်ပူလိုက်ရတာ ၊ တစ်ခုခုဖြစ်ရင် လွယ်မှာ မဟုတ်ဘူးကွ''
လင်းထိုက်က သဘောကျဟန်နှင့်ရယ်ကာ...
''ဟား...ဟား ဘာမှစိတ်မပူပါနဲ့ကွ၊ ဒီကိစ္စမျိုး တွေ ငါကနိုင်ပါတယ်၊ ဟဲ ဟဲ နောက်ဆိုကြည့်နေ ငါ့ကိုမြင်တာနဲ့ လန့်နေရမယ်''
လင်းထိုက်က ကိုမြမောင်တို့စားပွဲကယူလာသော ပေါင်မုန့်ကိုထုတ်ကာဇေမောင်ကို တစ်ဝက်ဖဲ့ပေးလိုက်သည်။ ဇေမောင်ကပေါင်မုန့်ကိုလှမ်းယူရင်း...
''ဒါနဲ့နေပါဦး မင်းအခုဘယ်သွားမှာ လဲ''
လင်းထိုက်က လက်ထဲကပေါင်မုန့် ပါးစပ်ထဲထိုးသွင်းကာ..
''အဆောင် (၂၆)ဘက် ခဏသွားမလို့''
''ဘာသွားလုပ်မှာ လဲ''
''ဘာရယ်မဟုတ်ပါဘူးကွာ၊ နယ်ကကောင်မလေး တစ်ယောက် ဒီသောကြာနေ့နယ်ပြန်မှာ မို့ မှာ စရာရှိတာသွားမှာ မလို့''
ဇေမောင်က မျက်မှော င်ကျုံ့  ရင်း...
''ဘာလဲ မင်းတို့နယ်ကလား''
''အင်းပေါ့ကွ၊ ငါတို့ရွာက သြော် မင်းကို မိတ်ဆက်ပေးဘူးတယ်နဲ့တူတယ်၊ မင်းတွေ့ရင် ခိုက်သွားမယ်၊ ဟဲ ဟဲ''
ဇေမောင် အလိုက်သင့်ရယ်သည်။ ပြီးမှ...
''ဘယ်မှာ ချိန်းထားတာလဲ''
''ဖယ်ရီဂိတ်နားက ကင်(န်)တင်းလေ၊ ဟိုမှာ ''
လင်းထိုက်ညွှန်ပြရာ ကြည့်လိုက်တော့ လူရှင်းစပြု ပြီဖြစ် သောကင်(န်)တင်းထဲတွင် ထိုင်နေသော ကောင်မလေးနှစ်ယောက်။
''အလို''
ဇေမောင့်ထံမှ အာမေဍိတ်သံ။ လင်းထိုက်က သူ့ကိုမျက်မှော င်ကျုံ့  ကြည့်ရင်း...
''ဘာဖြစ်တာလဲကွ''
''ဟိုတစ်နေ့က ကားရှေ့မှာ ငါလှဲအိပ်နေတုန်း ငါ့ကိုတက်နင်းမိသလိုဖြစ်သွားတာ သူတို့ပေါ့ကွ''
လင်းထိုက် ရယ်သည်။
''ဟား...ဟား ဒါဆိုရင်တော့ မော်တော်ကားအောက်ဖူး စာပေါ့၊ဟား ဟား လာသွားရအောင်''
ဆိုကာ ကောင်မလေးများ ရှိရာစားပွဲသို့ ခြေဦးလှည့်လိုက်ကြရသည်။
''ဘာတွေသဘောကျလာတာလဲ လင်းထိုက်''
ကောင်မလေးတစ်ယောက်က လှမ်းမေးသည်။
ဇေမောင်နှင့်လင်းထိုက် ဝင်ထိုင်ရင်းက...
''အင်မတန်ထူးဆန်းတဲ့ ယောက်ျားလည်စေ့နဲ့ မိန်းမခြေဖနောင့်ဆုံတဲ့ဖူးစာပေါ့''
အခြေအနေကိုသိနေသောကောင်မလေးများ က ရယ်သည်။ပြီးမှ တစ်ယောက်က...
''အဲဒီ နေ့ကလည်း ငါတို့နှစ်ယောက် စကားတပြောပြောနဲ့နေကြာစေ့တွေစားပြီး ရှေ့မကြည့်နောက်မကြည့်လုပ်လာတာ၊အောက်ငုံ့ကြည့်လိုက်မှ အောင်မလေး လန့်သွားတာပဲ၊ နောက်တစ်လှမ်းဆို နင်းပြီ၊ ဟင်း ဟင်း''
''ဒါဆို ဒီကောင် အကုန်မြင်သွားတာပေါ့''
''လူယုတ်မာ''
ကောင်မလေးများ က ထောပနာပြု သံ။ ဇေမောင်က ရှက်ကိုးရှက်ကန်းနှင့်...
''ငါ ငါလည်း မျက်လုံးမှိတ်ထားပါတယ်ကွ''
''ဒါဆို အဲဒီ နေ့က သူတို့ဘာဝတ်ထားလဲ''
''အနီရောင် အဲ မမြင်ပါဘူးဆိုနေမှကွာ၊ မင်းကလည်း''
ရုတ်တရက်မေးလိုက်သောစကားကြောင့် ဇေမောင်ယောင်ပြီးပြန်ဖြေမိသည်။ ပြီးမှ အကြောက်အကန်ပြန်ငြင်းသည်။
''ဟား ဟား ဟား ဟား''
လင်းထိုက်က သဘောကျစွာ အသံကျယ်ကျယ်နှင့် ရယ်သည်။ကောင်မလေးနှစ်ယောက်က ရှက်ရွံ့ဟန်နှင့် သံယောင်လိုက် ရယ်၏ ။ပြီးမှလင်းထိုက်က...
''သြော် မိတ်ဆက်ပေးရဦးမယ်၊ ဒါ ငါ့သူငယ်ချင်းအသစ်ဇေမောင်တဲ့၊ ဒီနှစ်မှမန္တလေးက ကျောင်းပြောင်းလာတာ''
သူ့စကားကို အရပ်ရှည်ရှည်ကောင်မလေးက...
''အောင်မလေး အကြောင်းမသိလို့ နင်နဲ့ပေါင်းတာပေါ့လင်းမွေရယ်၊ အကြောင်းသိရင် ဘယ့်နှယ်ပေါင်းမှာ လဲ''
လင်းထိုက်က ရယ်သည်။ ပြီးမှဇေမောင်ဖက်လှည့်ပြီး...
''သူက ငါတို့ရွာကလေ၊ နာမည်ရင်းက မြတ်မြတ်သစ်တဲ့၊ငါကတော့သူ့ကို ဝေါဒစ္စနေက ကာတွန်းကားထဲကဘဲပေါက်နဲ့တူလို့ဘဲပေါက်လို့ခေါ်တယ်''
''သေဦးမယ်''
ကောင်မလေးက ရယ်ရင်းပြောသည်။ ဟုတ်ပါသည်။ မျက်လုံးကပြူး ကြောင်ကြောင်နှင့် သနားစဖွယ်ဖြစ်နေ၍ ဘဲပေါက်စလေးနှင့်ပင်တူသေး၏ ။ နှုတ်ခမ်းပေါ်တွင်အမာရွတ်သေးသေးလေးရှိနေ၍ ဘဲနှုတ်ခမ်းနှင့်ပိုတူနေသယောင် ဇေမောင်၏ မျက်စေ့ထဲ ရုတ်တရက် မထွက်နိုင်အောင်ဖြစ်သွားသည်။
''သူက ဘဲပေါက်သူငယ်ချင်း''
''ပြည့်ခိုင်စိုး၊ နင်ထပ်မရှည်နဲ့၊ သေမယ်နော်''
''ငါတို့ခေါ်တာက မီးပြောင်း၊ ဟီဟိ''
''ကဲဟယ်''
ကောင်မလေးက အရှေ့ကတစ်ရှူး နှင့်ကောက်ပေါက်၏ ။ဇေမောင်ရယ်ချင်သွားသည်။ ဟုတ်ပါသည် ကောင်မလေးပုံက မည်းမည်းရှည်ရှည်လေးမို့ မီးပြောင်းနှင့်ပင်တူသေး၏ ။
''ဟဲ့ ဘဲပေါက်၊ နင်သောကြာနေ့ပြန်မယ်ဆိုတာ သေချာသွားပြီလား''
ကောင်မလေးကစိတ်မဆိုးဘဲခေါင်းညိတ်သည်။
''အင်းလေ သောကြာနေ့ညနေ ကားလက်မှတ်ဖြတ်ထားပြီးပြီ၊ တနင်္လာ၊ အဲ တနင်္ဂနွေနေ့ညနေပြန်လာမယ်၊ နင်အိမ်ကိုဘာမှာ ဦးမှာ လဲ''
''ထုံးစံအတိုင်းပေါ့၊ ပိုက်ဆံမလောက်လို့''
''ဟဲ့...ပြီးခဲ့တဲ့အပတ် ငါပြန်တုန်းကတောင် ယူခဲ့ပေးသေးတယ်လေ၊ အဲဒါကုန်ပြီလား''
''အာ...ကုန်တာ ဟိုးတစ်နေ့ထဲက အခုတောင် ဇေမောင့် ဆီကပ်စားနေရတာ ''
''နင်ကလည်းဟယ်''
ကောင်မလေး၏ ကရုဏာသံလေးလား၊ စိတ်ပျက်သွားသံလားတော့မသိ။ ပြီးမှ...
''ပြီးခဲ့တဲ့အပတ်ကတင် တစ်လစာဆိုပြီး ငါတောင်းခဲ့ပေး တာအခုသုံးရက်နဲ့တင်ကုန်ပြီဆိုတော့''
''ဘဲပေါက်ကလည်းဟာ ကျောင်းမှာ စာအုပ်တွေဝယ်ရလို့ထမင်းလခတွေ ဈေးတက်သွားလို့၊ ဘာလို့ညာလို့ဆိုပြီး နည်းနည်းပါးပါးရွှီးလိုက်ပေါ့ဟ''
လင်းထိုက်စကားကို ကောင်မလေးက သက်ပြင်းချ မျက်စောင်းထိုးကာ...
''နင်နဲ့ပေါင်းမှပဲ ငါလည်းလူလိမ်လေးကိုဖြစ်နေတာ၊ ဟိုလိုလှည့်လိမ်ပေးရ၊ ဒီလိုလှည့်လိမ်ပေးရနဲ့''
''နင်ကလည်းဟာ တစ်သက်လုံးပေါင်းရမဲ့ဟာပဲ''
လင်းထိုက်စကားကြောင့် ဘဲပေါက် အရှေ့ကရေနွေးခွက်ကိုကောက်ယူပြီးပစ်ရန်ရွယ်ကာ...
''သေဦးမယ်''
လင်းထိုက်ရှောင်ရန်ပြင်သည်။ တကယ်တမ်းကျတော့ကောင်မလေးကမပစ်။ ကောင်မလေးစကားပြောလိုက်တိုင်း လှုပ်လှုပ်သွားသော အမာရွတ်ကလေးကြည့်ပြီး ဇေမောင်အသည်းယားနေ၏ ။ ဇေမောင်ကတော့ သူတို့ဖြစ်နေပုံကိုကြည့်ပြီး ကြည်နူးစွာ ရယ်၏ ။
''ကဲ ငါသွားမယ်ဘဲပေါက်၊ အိမ်ကိုတော့ နင်ပဲနည်းနည်းရွှီးခဲ့တော့ဟာ၊ ပြန်လာရင်နင့်ကိုငါကြံရည်တိုက်မယ်''
ကောင်မလေးမျက်နှာ ရှုံ့မဲ့ကာ...
''နင့်ကြံရည်တစ်ခွက်နဲ့''
ဟု မကျေမနပ်ဟန်နှင့်ဆိုသည်။ လင်းထိုက် ထထွက်သွား၍ ဇေမောင်ကပါလိုက်ထကာ...
''သွားဦးမယ်နော်၊ မဘဲ...ဘဲ''
သူဘယ်လိုမှ ခေါ်မထွက်ဖြစ်နေ၏ ။ ဒါကို လင်းထိုက်က
''ဟေ့ကောင် မင်းသူတို့ကို ဆိတ်လိုအော်ပြနေတာလား''
ကောင်မလေးနှစ်ယောက်ရယ်ပါသည်။ ဇေမောင်ကရှက်ကိုးရှက်ကန်းနှင့်...
''မဟုတ်ပါဘူးကွာ၊ ခွင့်ပြု ပါဦး၊ မ...မီး...မီး''
''ဟေ့ကောင် အဲဒါကြောင်ခေါ်တာကွ''
''ဟာကွာ ဘယ်လိုခေါ်ပြီးသွားရမှန်းမသိဘူး၊ ရိုးရိုးပြောတော့မယ်၊ သွားပြီဗျို့  ''
ဟုဆိုကာ လင်းထိုက်နောက် ပြေးလိုက်သွားရလေတော့၏ ။ဇေမောင်အပြင်ရောက်မှ လင်းထိုက်ကနောက်ပြန်လှည့်ကာ...
''ဘဲပေါက်''
''ဟေ''
ကောင်မလေးက ပြန်ထူးသည်။
''ငါတို့အိမ်ရဲ့ ဧည့်ခန်း ဘယ်ဘက်ထောင့်မှာ လေ သိလား''
''အေး...ပြော''
''အဲဒီ မှာ ငါတို့အဖေဂျာကင်ကြီးချိတ်ထားတယ်သိလား''
''အေး''
''အဲဒီ ဂျာကင်ရဲ့ ညာဘက်အတွင်းအိတ်ထဲမှာ ငါ့လက်စွပ်ပေါင်ထားတဲ့ဘောက်ချာရှိတယ်''
''အဲဒီ တော့''
''အဲဒီ ဘောက်ချာကိုယူပြီး နင်ရလာတဲ့ပိုက်ဆံနဲ့ မတိုးတို့ အိမ်''
''ဘယ် မတိုးလဲ''
''ဟာ နင်ကလည်း ရွာတောင်ဖျားက အပေါင်ခံတဲ့မတိုးပေါ့၊ဘယ်သူရှိရမှာ လဲ၊ အဲဒီ မှာ ဘောက်ချာပြပြီး အတိုးသုံးလစာသတ်ခဲ့ပေးဟာ နော''
''ဟာ ငါအပေါင်ဆိုင်မသွားချင်ဘူး''
''နင်ကလည်းဟာ ရောက်တုန်းရောက်ခိုက်ကူညီပါ၊ ကဲငါသွားပြီနော့''
ဟုဆိုကာ လှည့်ပင်မကြည့်တော့ဘဲ ထွက်သွားလေတော့သည်။ ဇေမောင်ကသာ လင်းထိုက်ကိုအမှီလိုက်ကာ...
''မင်းက တယ်လည်းပိုင်ပါလား''
လင်းထိုက်က ရယ်သည်။
''မထူးဆန်းပါဘူးကွာ၊ တစ်နယ်ထဲနေ၊ တစ်ရေထဲသောက်ပြီး မွေးလာရာကစပြီး ဆယ်တန်းအထိအတူနေလာတာ၊ နောက်ပြီးသူ့အဖေနဲ့ငါ့အဖေကအစ ငယ်ပေါင်းစီးပွားဖက်၊ ကဲ ဘာထူးဆန်းသေးလို့လဲ၊ ခြေသလုံးမှာ အနာရွတ်ဘယ်နှစ်ခုရှိတာကအစသိတယ် ကဲ''
ဇေမောင် လိုက်ရယ်သည်။ အတန်ကြာမှ...
''ဆိုးတော့မဆိုးဘူးနော့''
လင်းထိုက်က ခြေလှမ်းရပ်ပြီး မျက်မှော င်ကျုံ့  ကာ ဇေမောင်ကို ပြန်ကြည့်သည်။
''ဘယ်သူ့ကိုပြောတာလဲ''
ဇေမောင် ခေါင်းကုတ်ကာ...
''ဟိုလေကွာ နှစ်ယောက်လုံးပဲ၊ ဒါပေမဲ့ ဘဲပေါက်ကလေးမျက်နှာက သနားစရာလေး''
လင်းထိုက် ဇေမောင်ကို အသေအချာစူးစိုက်ကြည့်သည်။သူ့ပုံက အံ့အားသင့်နေပုံရ၏ ။ ဒါကို ဇေမောင်က လင်းထိုက်ကိုပခုံးချင်းတွန်းပြီး...
''မင်းကလည်းကွာ ငါ့ကိုအဲလိုမကြည့်ပါနဲ့''
ခြေလှမ်းယိုင်သွားတော့မှ လင်းထိုက်သဘောကျစွာ တဟားဟားရယ်ကာ...
''ဟား ဟား ငါ့တစ်သက်မှာ ဘဲပေါက်ကို သနားစရာလေးဆိုတဲ့စကားသံမျိုး မကြားဖူးလို့ပါကွာ၊ ဟဲ ဟဲ ဘာလဲ မင်းက စိတ်ဝင်စားလို့လား''
လင်းထိုက်စကားကိုဇေမောင်က ရယ်ကျဲကျဲနှင့်...
''မင်းကလည်း ငါပြောတာက''
လင်းထိုက်ကဇေမောင်ကို ပခုံးချင်းပြန်တိုက်ပြီး...
''ငါသိပါတယ်ကွာ၊ မင်းစိတ်ဝင်စားရင်တော့ ငါစပ်ပေးရတာပေါ့၊ ဟဲ ဟဲ ဘဲပေါက်က ငါပြီးရင်ပြီးပါတယ်''
''မင်းကလည်းကွာ ငါက''
ဇေမောင် ဘာဆက်ဖြေရမှန်းမသိတော့။ ကျောင်းကင်(န်)တင်းကြီးရောက်တော့ ကိုမြမောင် လက်ဖက်ရည်ဆိုင်မှာ တွေ့ရတုန်း။လင်းထိုက်က အသံကျယ်ကျယ်နှင့်...
''ကိုမြမောင်ကြီး အားပြီလား''
လင်းထိုက်အသံကြားသည်နှင့် ကိုမြမောင် တစ်ဘက်သို့ လှည့်သွားကာ
''အားပါဘူးကွာ''
''အားရင်ပြောနော့ ကျွန်တော်နဲ့တွဲ ကရအောင်''
ကိုမြမောင် သူငယ်ချင်းများ ထံမှ ဝါးခနဲရယ်သံကြားရ၏ ။
xxxx
တလက်လက်တောက်ပနေသော နေရောင်ခြည်နှင့်အတူချစ်ခြင်းကိုပိုင်ဆိုင်လိုသောလူငယ်လေး၏ အတွေးမှာ ပိုမိုတောက်ပနေသည်။
အိပ်မပျော်တစ်ဝက်၊ ပျော်တစ်ဝက်ဖြစ်နေသော နှလုံးသား ဖြင့်အိပ်မက်မီးအိမ်ကို လက်လက်ထအောင် ထွန်းညှိလိုက်လေသည်။
ထိုလက်ဆွဲမီးအိမ်ဖြင့်ပင် သနားစဖွယ်မိန်းမငယ်ဆီ တိမ်တိုက်သဖွယ်ဖြတ်သန်းရင်း မေတ္တာစကားကို ဤသို့ တီးတိုးဆိုပါ၏ ။
''ကျွန်ုပ်ချစ်ခဲ့ဖူးပါပြီ''
ထိုစကားကိုပင် လူငယ်လေးက ထပ်တလဲလဲဆိုနေပေသည်။
ထို့ကြောင့် သေခြင်းတရားက သူ့ကို အနိုင်ယူသွားသည့်တိုင်ထိုစကားသည် တစ်ယောက်သူ၏ ရင်၌ ထာဝရတည်နေပေလိမ့်မည်။
xxxx
''ဟေ့ကောင်...ခွေးကောင်''
''ပြော သားကြီး မင်းဘယ်တုန်းကဆေးရုံဆင်းတာတုန်း''
''မင်းအစ်မ ဆန်ပြု တ်လာပို့တဲ့နေ့ ဆင်းတာကွ''
''စိတ်တိုမျောက်ညို တွဲ လာပြန်ပြီလား''
''စိတ်တိုနေတာနော့''
''ဒါဆိုလည်းနှစ်လုံးပြူး ကြီးနဲ့ မင်းချစ်သူမျောက်ညို ကို လိုက်ပစ်လေ''
''သေနာ...ငါ့ကိုတော့ နှစ်လုံးပြူး ကြီးနဲ့မပစ်ဘူး၊ နင့်ကိုပဲခဲနဲ့လိုက်ထုမှာ ''
''ဟိုဖက်ကမအေးပွင့်တို့ မြင့်မြင့်စန်းတို့ လမ်းသုံးဆယ် ရေကျော်လို့ဆို''
''အေး...လှေစီးပြီးလာခဲ့တာဟေ့''
''ကိုမြမောင်ကြီးရော အားပြီလား''
''အားပါဘူးဆို''
''အားရင်ပြောနော့၊ တွဲ ကရအောင်''
ထိုအသံများ ကြားကတည်းက လင်းထိုက်ကျောင်းတွင်းသို့ ဝင်လာပြီဖြစ်မှန်း ဇေမောင်သိလိုက်သည်။
စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက် ဖြစ်သော်လည်း တစ်ရက်မှ မျက်နှာချင်းဆိုင်ကိုမတွေ့ရသေး။ နှစ်ရက်လုံးဘယ်သွားလို့သွားမှန်းမသိဘဲ ရှာလို့ကိုမရဖြစ်နေသည်။ ယခု ကျောင်းဖွင့်ရက်မှ ပြန်ဆုံရ၍ ဇေမောင်ပျော်သွား၏ ။
''ရှာလိုက်ရတာ ကွာ၊ စနေ တနင်္ဂနွေနှစ်ရက်လုံးမင်းဘယ်ရောက်နေတာလဲ''
ဇေမောင့်အမေးကို လင်းထိုက်က...
''ဟိုမှာ လေ ဘိုထွန်းတို့ဆီအလည်လိုက်တာ၊ မနေ့ည မိုးအတော်ချု ပ်မှပြန်ရောက်တာ''
''မင်းကကွာ ခေါ်တာမဟုတ်ဘူး''
''ခေါ်မလို့ပါပဲကွာ၊ ကမန်းကတန်းကြီးထွက်သွားရလို့၊ ကဲဆိုစမ်းပါဦး ငါ့ကိုရှာနေတဲ့ကိစ္စက''
''ဘာမှမဟုတ်ပါဘူးကွာ''
ဇေမောင်ကခေါင်းကုတ်ရင်း ရယ်ကျဲကျဲနှင့်ပြော၏ ။ လင်းထိုက်ကမသင်္ကာသလို မျက်မှော င်ကျုံ့  ၍ ပြန်ကြည့်သည်။ ဇေမောင်ကမနေနိုင်မထိုင်နိုင်ဖြစ်ပြီး...
''ဟိုလေကွာ''
''ဟာ...ဟေ့ကောင်တွေ ခေါင်းချင်းဆိုင်ပြီး ဘာလုပ်နေတာလဲ''
သူ့စကားမဆုံးမီ လင်းထိုက်က လမ်းဘေးလက်ဖက်ရည်ဆိုင်တွင် ခေါင်းချင်းဆိုင်ထိုင်နေကြသော ညီနိုင်တို့အုပ်စုကိုကြည့်ပြီး လှမ်းအော်လိုက်သည်။
''ဟာ...လင်းမွေပါလား၊ လာလေကွာ ဒီမှာ ပိုက်ဆံရှာတမ်းကစားမလို့''
''ဒီလိုလား ငါလည်းငွေမရှာရတာ အတော်ကြာပြီ၊ လုပ်ကြည့်လိုက်မယ်''
ဟုဆိုကာ ညီနိုင်တို့အုပ်စုရှိရာလက်ဖက်ရည်ဆိုင်ဘက် ခြေဦးလှည့်သွားသည်။ ဒါကိုဇေမောင်က လင်းထိုက်လက်မောင်းလှမ်းဆွဲရင်း...
''ဟာ...ဟေ့ကောင် မင်းဘဲပေါက်ဆီက ပိုက်ဆံသွားယူရဦးမှာ လေ၊ မသွားဘူးလား''
လင်းထိုက် ခြေလှမ်းရပ်တန့်သွား၏ ။ ပြီးနောက် ဇေမောင်ကို အသေအချာပြန်ကြည့်သည်။ ဇေမောင်က ရှက်ကိုးရှက်ကန်းနှင့်ခေါင်းကုတ်ရင်း...
''ဟိုလေကွာ...သူတို့စောင့်နေရင် အားနာစရာကြီးမို့ပါ''
လင်းထိုက် ရယ်သည်။ ပြီးမှ...
''ဒါဆိုဒီလိုလုပ်၊ မင်းပဲ ငါ့ပိုက်ဆံသွားယူပေး''
''ဟင်''
''ငါ့ကိုမေးရင် ငါမအားလို့မလာနိုင်ဘူးလို့ပြောလိုက်''
''ဟင်...ငါ့တစ်ယောက်တည်း''
''ဖြစ်ပါတယ်ကွ၊ မင်းသွားချင်နေတာမဟုတ်လား''
''ဟာ...ငါ ငါပြောတာက''
''သွားမယ့်သာသွားစမ်းပါကွာ၊ ငါ ဒီကပဲငွေရှာရင်းစောင့်နေမယ်၊ ပြန်လာရင် လက်ဖက်ရည်သောက်ရအောင်''
ဟုဆိုကာ ညီညီနိုင်တို့ဝိုင်းသို့ ထွက်သွားလေတော့၏ ။ ဇေမောင်ကသာ ကြောင်တောင်တောင်နှင့် လမ်းမမှာ ကျန်ခဲ့၏ ။ သူ့ခမျာလင်းထိုက်နောက် လိုက်ရနိုး၊ ဟိုဘက်သွားရနိုး ချီတုံချတုံ ဖြစ်နေ၏ ။နောက်ဆုံး စိတ်၏ စေရာသို့ သာ...။
xxxx
အလှတရားတို့သည် နေရာတိုင်းတွင်ရှိပါသည်။ သို့ သော်လူများ ၏ အလှတရား ရှာတွေ့ပုံခြင်းမတူညီနိုင်ပေ။ တချို့  ကလည်းအနီးနား၌ သာ လက်လှမ်းမီရာကိုရှာဖွေတွေ့ရှိပြီးတချို့  လူများ က သူ့နှလုံးသားနှင့် ထပ်တူကျသော အလှတရားကိုရှာဖွေတွေ့ရှိကြသည်။
ထိုအရာသည် မြက်ပင်တစ်ပင်မျှပင် တန်ဖိုးရှိငြား ထိုသူ၏ နှလုံးသားထဲ၌ အဖိုးမဖြတ်နိုင်အောင်တန်ဖိုးရှိတတ်ပါသည်။
အလှတရားကို ရှာဖွေတွေ့ရှိခြင်းသည် အချစ်စစ်၏ အစပင်တည်း။ ထိုအရာသည် ထာဝရဂီတသံလည်းဖြစ်၏ ။
ထာဝရဂီတကို ကြားနေရသူသည်သာလျှင်...
''ဘဲပေါက်''
သူမမော့ကြည့်ကာ အံ့အားသင့်သွားပုံရ၏ ။
''ဇေမောင်''
သူလွတ်နေသော ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။ သူမကသာ ဘေးဘီဝေ့ကြည့်ရင်း...
''လင်းထိုက်ရော''
ဇေမောင် သက်ပြင်းချကာ...
''သူ ဟိုဖက်ကင်(န်)တင်းမှာ သူ့သူငယ်ချင်းတွေနဲ့ ကျန်ခဲ့တယ်''
''သြော်''
စကားသံများ ခေတ္တတိတ်ဆိတ်သွား၏ ။ အတန်ကြာမှ...
''အခု သူလွှတ်လိုက်တာလား''
''ဗျာ...သြော် အင်း ဟုတ်ကဲ့''
ကယောင်ကတမ်းနှင့် ဘာပြန်ပြောလို့ပြောမိမှန်းမသိ။ လူကလည်းထူပူနေသည်။ သူမကသာလွယ်အိတ်ထဲမှ အထုပ်တစ်ထုပ်ကို ဆွဲနှိုက်ယူပြီး
''သူ့အိမ်ကပေးလိုက်တာပါလို့''
''ဟုတ်ကဲ့''
''လက်စွပ်ဘောက်ချာက သူ့အမေတွေ့ပြီး ပြန်ရွေးပြီးသွားပြီလို့''
''ဟုတ်...ဟုတ်ကဲ့ခင်ဗျ''
စကားသံများ ပြန်လည်တိတ်ဆိတ်သွားပြန်၏ ။ ပြောစရာစကားလုံးများ အဘယ်ကြောင့်ရှားပါးသွားသည်မသိ။
''လက်ဖက်ရည်သောက်ဦးလေ''
''သြော်...အင်း ဟိုလေ မသောက်တော့ဘူး၊ လင်းထိုက်စောင့်နေမှာ မို့ သွားလိုက်ပါဦးမယ်''
''သြော်...ဟုတ်ကဲ့''
ခဏတာတွေ့ဆုံရသောအချိန်၌ ဆွံ့အနေမိသော သူ့ကိုယ် သူပြန်ပြီးမကျေမနပ်ဖြစ်မိသည်။ အမှန်ဆို ပြောစရာစကားက အများ ကြီးရှိသည်မဟုတ်ပါလား။
''ကျောင်းတက်ရတာ အဆင်ပြေရဲ့ လား၊ စာရောလိုက်နိုင်ရဲ့ လား၊ နယ်မှာ ရာသီဥတုအခြေအနေဘယ်လိုလဲ၊ မိုးရောရွာသေး လား၊သူငယ်ချင်းတွေမတွေ့မိပါလား၊ ယောက်ျားလေးသူငယ်ချင်း ရောမရှိဘူးလား၊ လင်းထိုက်ကို ဘာမှာ လိုက်ဦးမလဲ''
စသည်ဖြင့် ပြောမကုန်နိုင်အောင်ရှိသေးသည်ပဲ။ သည်လောက်များ သည့်စကားလုံးများ ဘာကြောင့်သူတစ်လုံးမှပြောမထွက်ခဲ့တာလဲ။
လင်းထိုက်ကိုပင် သူမနာလိုဖြစ်သွားမိ၏ ။ လင်းထိုက်ဆိုပြောလိုက်မည့်ဖြစ်ခြင်း။
''တောက်...ဇေမောင် မင်းဟာလူညံ့ပဲ''
သူ့ဘာသာသူ ပြန်ရေရွတ်ရင်း ရင်ခုန်တာသာ အဖတ်တင်မှု ကို ပြန်လည်ကျိန်ဆဲမိ၏ ။
''တောက် ဒီလောက်ခုန်တဲ့ရင် ရထားသာဖြစ်ရင် မန္တလေးရောက်ပြီ''
စိတ်တိုတိုနှင့်လျှောက်လာရင်း လင်းထိုက်တို့လူစုနား ပြန်ရောက်လာသည်။
လင်းထိုက်တို့ကတော့ တစ်စုံတစ်ခုကို စိတ်ဝင်စားစွာ ယှဉ်ပြို င်နေဆဲ။ ဇေမောင်လည်းသူတို့စားပွဲဝိုင်းထဲ ခုံတစ်လုံးဆွဲကာဝင်ထိုင်လိုက်သည်။
''အိမ်ကပို့တဲ့ ပိုက်ဆံတွေကတော့ လင်းထိုက်ဆီပဲရောက်ကုန်ပြီ၊ ကဲ ဒါနောက်ဆုံးပွဲပဲ''
ညီညီနိုင်၏ စကား။ လင်းထိုက်က...
''ဘယ်လိုလုပ်ချင်လဲ''
ညီညီနိုင်မှပင် ဆက်၍ ...
''စကားထာဖွက်သလိုကွာ ကိုယ်ဖွက်ချင်ရာဖွက်၊ စကားထာဆိုလည်းရတယ်၊ ကျန်တာတွေလည်းရတယ်၊ ဒါပေမဲ့ ကိုယ်ဖွက်တာနဲ့အဖြေနဲ့ ကိုက်ညီနေရမယ်၊ ဒါကိုမှ မဖြေနိုင်တဲ့သူအရှုံး''
''ဟား...ဟား မင်းတို့ရှုံးမှာ မြင်ယောင်သေး၊ ကဲ ဝေဖြိုး တို့ဇော်ကြီးတို့ရော ပါဦးမှာ လား''
''ပါမှာ ပေါ့ကွ၊ ငါတို့ရှုံးထားတာ၊ ကဲ ဒီပွဲတစ်ထောင်ကြေးအားလုံးတစ်ထောင်စီထည့်၊ နိုင်သူအားလုံးစားကြေး''
''ရတယ်၊ ထည့်ပြီဗျား၊ ဟေ့ကောင်ဇေမောင် မင်းရောပါဦးမလား''
လင်းထိုက်အမေးကို ဇေမောင်က ခေါင်းခါရင်း...
''ဟင့်အင်း ငါဖွက်တတ်ဖြေတတ်မှာ မဟုတ်ဘူး၊ မင်းတို့ဘာသာလုပ်ကြ''
အားလုံးပေါင်းလေးယောက် တစ်ယောက်တစ်ထောင်စီထည့်ကြ၏ ။ ဇော်ကြီးက...
''ငါစဖွက်မယ်''
''လုပ်လေ...ဖွက်''
လင်းထိုက်က ခွင့်ပေးသည်။
''အခြေလေးခုမြေမှာ စု ခြေလက်မပါ ခေါင်းဗလာ''
မဆိုင်းမတွပင် ညီညီနိုင်က...
''ဒါလေးများ ကွာ ခွေးခြေခုံ''
''ဟာကွာ''
ဇော်ကြီး ပျော့ကျသွား၏ ။ ဝေဖြိုး က တစ်စခန်းထ၍
''နေတော့မတ်တပ် ထဘီပတ်တော့ရင်ခေါင်း၊ အပေါက်ခေါင်းကို အသာဖွင့်မော့မှ ရင်အေးရကြောင်း၊ ကဲ ဘာလဲပြော''
အားလုံးခေါင်းကုတ်ကုန်ကြ၏ ။ ကြားဖူးနေကျစကားပုံမဟုတ်၍ အဖြေကရုတ်တရက်ပေါ်ပုံမရ။
''နေတော့မတ်တပ်၊ ထဘီပတ်တော့ရင်ခေါင်း၊ အပေါက်ခေါင်းကိုအသာဖွင့်မော့မှ ရင်အေးရကြောင်း မင်းဟာရိုင်းတာကြီးလားဟင်''
ဇော်ကြီးကရေရွတ်ရင်း ပြန်မေးသည်။ ဒါကိုဝေဖြိုး က မျက်နှာရှုံ့မဲ့ကာ...
''ဘယ်နှယ့်ရိုင်းရမှာ လဲ၊ ယဉ်ယဉ်ကျေးကျေးလေး၊ အဖြေကသိပ်လှတယ်''
အားလုံး ခေါင်းကုတ်ပြန်၏ ။ ပြီးနောက် တတွတ်တွတ်နှင့်ရေရွတ်ရင်း ခေါင်းကုတ်ကြ၏ ။ နောက်မှ ညီညီနိုင်၏ မျက်နှာဝင်းလက်သွားကာ...
''ငါသိပြီ''
အားလုံး၏ အာရုံ ညီညီနိုင်ဆီ ရောက်သွား၏ ။
''ဘာလဲဟင်''
''မြစ်ဆိပ်မှာ ကောင်မလေးတစ်ယောက် ရေချိုး ရင်း ထဘီရင်ရှားနဲ့ သေးပေါက်ချတာ''
''ဟာ...မင်းဟာက တခြားစီပါကွာ''
ညီညီနိုင် ခေါင်းကုတ်သည်။ ပြီးမှ...
''သိဘူးလေကွာ၊ နေတော့မတ်တပ်၊ ထဘီပတ်တော့ရင်ခေါင်းဆိုတော့ ငါ့မျက်စေ့ထဲ ဒါပဲပြေးမြင်တာ''
''နှာဘူးက နှာဘူးလိုပဲတွေးမှာ ပေါ့''
''ပြောတော့ မြစ်ဝကျွန်းပေါ်သား၊ တွေးတာက မြစ်ဆိပ်ကကိုမတက်ဘူး''
အားလုံးဝိုင်း၍ ထောပနာပြု ကြသည်။
''ငါသိပြီ၊ ဟား ဟား ငါသိပြီ''
လင်းထိုက်၏ အသံ။ ခေါင်းတွေက သူ့နားတိုးကပ်ကာ...
''ဘာလဲဟင်''
''ရေသန့်ဘူး''
''ဟင်''
အားလုံး အာမေဍိတ်သံများ ထွက်သွား၏ ။ ဝေဖြိုး ကတော့မျက်နှာပျက်သွားသည်။
''မင်းတို့စဉ်းစားကြည့်လေ၊ နေတော့မတ်တပ်ဆိုတာ ဘူးကိုထောင်ထားတာ၊ ထဘီပတ်တော့ ရင်ခေါင်းဆိုတာ ရေသန့်ဘူးတံဆိပ်ကို ခါးလယ်အပေါ်မှာ ကပ်ထားတာ၊ အပေါက်ခေါင်းကို အသာဖွင့်မှဆိုတာ ရေသန့်ဘူးအဖုံးဖွင့်တာ၊ ရင်အေးရကြောင်းဆိုတာ ရေကျလာတာ၊ ဟုတ်တယ်မဟုတ်လားဝေဖြိုး ''
လင်းထိုက်စကားကို ဝေဖြိုး က ခေါင်းကို စိတ်မပါလက်မပါညိတ်ရင်း...
''ဟုတ်ပါတယ်...ဟုတ်ပါတယ်၊ တောက် ဒါတောင်သိတယ်ကွာ''
ဇေမောင်ပင် ဘေးကကြည့်ရင်း ပျော်လာ၏ ။
''ဒီတစ်ခါ ငါ့အလှည့်''
ညီညီနိုင်က ရင်ကော့ရင်းပြော၏ ။ ဇော်ကြီးကဝင်၍
''ကဲ မင်းဘာဖွက်မှာ လဲ''
''လွယ်လွယ်လေးပါကွာ၊ ဖြေကြည့်''
ဆိုကာ မေးခွန်းကိုစလိုက်သည်။
''ဥပမာကွာ လက်မှာ ပတ်တော့''
''လက်ပတ်''
''ခြေမှာ ပတ်တော့''
''ခြေပတ်''
သူ့စကားကို အားလုံးလိုက်ရေရွတ်သည်။
''ခါးမှာ ပတ်တော့''
''ခါးပတ်''
''လည်မှာ ပတ်တော့''
''လည်ပတ်''
''ခေါင်းမှာ ပတ်တော့''
''ခေါင်းပတ်ပေါ့ကွ၊ ဒါလေးများ ''
''ဒါဆိုရင် စက်မှာ ပတ်တော့''
''စက်...စက်ဟင်''
လိုက်ပါရေရွတ်သူများ အားလုံးရပ်သွား၏ ။ နောက်မှ ဝေဖြိုး က...
''ဟေ့ကောင်ညီနိုင် မင်းမရိုင်းနဲ့နော်''
''ငါဘာရိုင်းလို့လဲ၊ ရိုးရိုးလေးမေးထားတာပဲ''
''မင်းမေးထားတာက ဖြေမရတဲ့စကားလုံးကြီး''
''ဖြေလို့ရပါတယ်ကွာ၊ ဖြေကြည့်ပါ၊ မဖြေနိုင်ရင်ငါနိုင်ပြီ ဒါပဲ''
''မင်းကွာ...တောက်''
အချင်းချင်းစကားတွေများ ကုန်၏ ။ လင်းထိုက် တစ်ယောက်သာ ညီညီနိုင်၏ မေးခွန်းကို ပြန်လည်ရေရွတ်ကြည့်ပြီး
''ခေါင်းမှာ ပတ်တော့ ခေါင်းပတ်၊ လည်မှာ ပတ်တော့ လည်ပတ်''
ဟုဆိုရင်းက အရှေ့ခုံကို လက်ဝါးနှင့် ဖြန်းခနဲပုတ်ကာ..
''ငါသိပြီ''
သူ့စကားကို ညီညီနိုင်ကမျက်မှော င်ကျုံ့  ပြီး...
''ဘာသိတာလဲကွ''
''အဖြေသိပြီလေ၊ မင်းမေးတဲ့အဖြေသိပြီ''
''ဒါဆိုပြောပြလေ''
''မင်းပြန်မေးလေ''
လင်းထိုက်စကားကြောင့် ညီညီနိုင်ပြန်မေးသည်။
''မေးပြီကွာ လက်မှာ ပတ်တော့''
''လက်ပတ်''
လင်းထိုက်ကဖြေသည်။
''ခါးမှာ ပတ်တော့''
''ခါးပတ်''
''လည်မှာ ပတ်တော့''
''လည်ပတ်''
''ခေါင်းမှာ ပတ်တော့''
''ခေါင်းပတ်''
''ကဲ စက်မှာ ပတ်တော့''
''မော်တာကြိုး ''
''ဟင်''
''ဟာ''
လင်းထိုက်အဖြေကြောင့် အားလုံးကြောင်သွား၏ ။ ဒါကိုလင်းထိုက်က...
''မင်းတို့စဉ်းစားကြည့်လေ စက်မှာ မော်တာကြိုး တို့၊ ပန်ကာကြိုး တို့မပါရင် စက်က ဘယ်လိုလုပ်လည်မှာ လဲ၊ ဟုတ်ဘူးလား''
သူ့အဖြေကို အားလုံးခေါင်းညိတ်သည်။ မေးခွန်းမေးသောညီညီနိုင်ပင် ခေါင်းကုတ်ပြီး...
''အဲဒီ အဖြေကို ငါတောင်မသိဘူးကွ၊ ဘယ်သူမှမဖြေနိုင်ဘူးထင်ပြီးမေးတာ၊ သွားပါပြီကွာ''
''မသွားနဲ့ဦး၊ ငါဖွက်ရဦးမယ်''
လင်းထိုက်စကားကြောင့် အားလုံးခေါင်းထောင်လာကြပြန်သည်။ ပြီးနောက် ဝေဖြိုး က...
''ဟေ့ကောင် ငါတို့ကို သိပ်ခက်ခက်တွေမမေးနဲ့နော့၊ မဖြေနိုင်ဘူး''
သူ့စကားကို ဇော်ကြီးက ထောက်ခံ၏ ။ ဆရာကြီးလည်းမကျဆရာလေးလည်းမကသော ညီညီနိုင်ကသာ
''အိုကွာ သူ့ဘာသာသူဘာပဲမေးမေး ငါဖြေပြမယ်''
ဟု သူ့ရင်ဘတ်ပြားကို တအုန်းအုန်းထုရင်းပြောသည်။ လင်းထိုက်ကပြုံး ပြီး
''လွယ်လွယ်ကလေးပါကွာ၊ မင်းတို့အားလုံး ဖြေနိုင်ကြမှာ ပါ၊ကဲ နားထောင်''
အားလုံးခေါင်းတွေ စုကပ်ကုန်၏ ။
''အပင်တစ်ပင်မှာ ကွာ အညှာကတစ်ခုတည်းရှိတယ်၊ အဲဒီ အညှာတစ်ခုထဲကမှ အသီးတစ်ရာသီးတယ်၊ ဒါပေမဲ့ အဲဒီ သီးတဲ့အသီးတွေက တစ်သီးနဲ့တစ်သီး အမျိုး မတူကြဘူးကွ၊ သူ့သန်ရာသန်ရာသီးကြတယ်၊ အဲဒါဘာလဲ''
''ငါသိပြီ၊ ကနစိုးသီး၊ ဟား ဟား''
လင်းထိုက်စကားမဆုံးမီ ညီညီနိုင်က ထအော်သည်။ ဒါကိုလင်းထိုက်က...
''ကနစိုးသီးက အကိုင်းမှာ သီးတာ၊ြ>ွပတ်ခဲနေတာမှန်ပေမဲ့အညှာတစ်ခုမှာ အသီးတစ်လုံးပဲသီးတာ၊ နောက်ပြီး ကနစိုးသီးကသူ့တစ်မျိုး ပဲသီးတာ၊ ငါပြောတဲ့အသီးတွေက တစ်မျိုး နဲ့တစ်မျိုး မတူဘူး၊ အသီးတစ်ရာအညှာတစ်ခုကိုမေးတာ''
လင်းထိုက်စကားကြောင့် အားလုံးမျက်မှော င်ကျုံ့  ကုန်၏ ။နောက်မှ ညီညီနိုင်ကသူ့မေးကိုသူပွတ်ပြီး...
''အသီးတစ်ရာ အညှာတစ်ခု၊ အသီးတစ်ရာ အညှာတစ်ခု''
ဆိုပြီးရေရွတ်၏ ။ ဇော်ကြီးနဲ့ ဝေဖြိုး တို့လည်း သူတို့နားထင်သူတို့ထောက်ပြီး
''အညှာကတစ်ခုထဲ အသီးကတစ်ရာတောင် အပြင်ကိုတစ်သီးနဲ့တစ်သီးမတူဘူးဆိုတော့ ထူးဆန်းတာပဲ၊ မင်းရောဘယ်လိုထင်လဲ''
''အေးကွ...ငါတို့ဘက်က မြရာသီးတွေကတော့ အညှာတစ်ခုထဲအသီးတြွေ>ွပတ်သိပ်နေပေမဲ့ တစ်ရာတော့ပြည့်ဘူးကွ၊နောက်အသီးလည်းတူနေတယ်''
သူတို့ဘာသာသူတို့ တိုင်ပင်နေကြသည်များ ကို ကြည့်ပြီးလင်းထိုက်က
''ဟဲ ဟဲ မေးခွန်းက လွယ်လွယ်လေးပါကွာ၊ ငါအဖြေပြောပြလိုက်မှ ဟာလွယ်လွယ်လေးပါလား၊ ငါဘာလို့မစဉ်းစားမိတာလဲ ဆိုပြီးဖြစ်သွားမယ်၊ ဟဲ ဟဲ''
သူ့စကားကြောင့် အဖြေသိချင်နေသော ဇော်ကြီးနှင့် ဝေဖြိုး က...
''ပန်းပေးပြီကွာ''
''အေး...ငါလည်းပေးတယ်၊ ဘာလဲ အသီးတစ်ရာ အညှာတစ်ခုဆိုတာ''
သူတို့အမေးကို လင်းထိုက် အဖြေမပေးသေးဘဲ ညီညီနိုင်ကိုဝေ့ကြည့်သည်။ ညီညီနိုင်ကလည်း ဘယ်လိုမှ စဉ်းစားမရတော့၍ ထင့်သက်ပြင်းချကာ...
''ငါလည်းပေးတယ်ကွာ၊ မင်းအဖြေကတော့ မှန်ပါစေ၊ မမှန်ရင် တစ်ပြားမှမပေးဘူး''
''ဟုတ်တယ်၊ ဒါတော့ဟုတ်တယ်''
''ဒီလိုပဲလေ အဖြေကတော့တိကျရမှာ ပေါ့''
အားလုံးထောက်ခံသည်။ လင်းထိုက်က သဘောကျဟန်ဖြင့်ရယ်ပြီး...
''ဟား ဟား အဖြေက တိကျရမှာ ပေါ့ကွ၊ မတိကျရင် ပိုက်ဆံမယူပါဘူး''
သူ့စကားကို အဖြေသိချင်နေသောညီနိုင်က
''ကဲ အဖြေဘာလဲပြော''
''တွံတေးသိန်းတန်''
''ဟမ်''
လင်းထိုက်၏ အဖြေကြောင့် အားလုံးကြောင်သွား၏ ။
''ဟား...ဟား အသီးတစ်ရာအညှာတစ်ခုဆိုတာ တွံတေးသိန်းတန်သီချင်းလေ၊ ဟား ဟား''
''ဟင်...ဒါနဲ့ အသီးတွေက မတူဘူးဆို''
''အေးလေ...ဘယ်မှာ တူလို့လဲ၊ သူ့သီချင်းမှာ ကို အင်ဂျင်နီယာဖြစ်တဲ့သူဖြစ်၊ စစ်သားကြီးဖြစ်တဲ့သူဖြစ်၊ စာရေးဆရာဖြစ်တဲ့ သူဖြစ်၊လယ်သမားကြီးဖြစ်တဲ့သူဖြစ်လေ ဟုတ်ဘူးလား''
လင်းထိုက်အဖြေကို အားလုံးငေါင်ပြီး နားထောင်နေကြ သည်။လင်းထိုက်က အရှေ့က ပိုက်ဆံများ ကိုဆွဲယူရင်း ကွယ်လွန်ပြီ ဖြစ်တဲ့အဆိုတော်ကြီးတွံတေးသိန်းတန်၏ အသီးတစ်ရာအညှာတစ်ခုသီချင်းကို စဆိုလိုက်သည်။
''ခေါင်းလောင်းသံတညံညံပေး xxxရွာလမ်းဆီကနေလက် ချင်းယှက်ကာ ပြေးကာလွှားကာ xxxကျောင်းတက်လာကြတာတွေ မေ့နိုင်ပါ့မလား xxxမင်းတို့ငါတို့ငယ်ငယ်တုန်းကလေxxx ကြည်းရေလေတပ်မတော်ထဲက သူငယ်ချင်းရေ xxx ထိုမှတဝ ဂီတနဲ့အနုပညာနယ်မြေ''
သူ့သီချင်းသံက ပျံ့လွင့်ဆဲ။ ခံလိုက်ရသူများ က ငေါင်ကျန်ဆဲ။
xxxx
![]() နတ်နေကိုင်း | ![]() ကိုယ်ပိုင်ရောဂါ | ![]() အစုံသုပ် |