(၁)
La Bruyere
နတ်နေကိုင်း
ခုတ်ထွင်လှဲ့ပါ..
ငါဟာသစ်တစ်ပင်
တစ်ပင်လုံးချိုင်ရင်လည်း
နတ်နေကိုင်းတော့ထားခဲ့ပ..
................
................
................
ငါအသည်းငယ်သူ
လေပွေခြေတစ်လှမ်းရွေ့ရင်တောင်
သစ်ရွက်ကုဋေတစ်သန်းကြွေလွင့်ခဲ့...။
''ဂျုံး ဂျုံး..ဂျက်..ဂျက်''
မီးရထားသံများ ဆူညံနေသည်။
''အထုပ်ထမ်းမလား'' ''အထမ်းငှားမလား'' ဟူသော ဆူ ညံသံများ လူတိုင်းထံ စုပြုံကုန်၏ ။
သူ..သူ့အထုပ်များ ကို ဂရုတစိုက် ရထားပေါ်မှဆွဲချရင်း အထမ်း သမားများ ကို ခေါင်းခါပြ၊ မငှားဘူးဟု ရှင်းပြနေရသည်။
ပါလာသည့် ပစ္စည်းတွေ က နည်းနည်း ။
တစ်ယောက် တည်းသယ်၍ လည်း ဖြစ်နိုင်၏ ။ ထို့ကြောင့် သူ အထမ်းသမားမငှားချင်၊ အနီးအနားတွင် ယောက် ယက်ခတ်နေသော လူများ ကိုကြည့်ပြီးသူ အသက်ကိုခပ်မြှင်းမြှင်းရှူလိုက်သည်။
''ဒါ ရန်ကုန်ပါလား'' ဆိုသည့် အသိက သူ့ကိုဖျင်းခနဲ ဖြစ်စေ၏ ။
ရန်ကုန်မြို့ကို စတင်ခြေချမိသည်နှင့် ပထမဦးဆုံးပြဿနာမှာ အမေလိပ်ပေးလိုက် သော ဖျာလိပ်ပင်။ ထိုဖျာလိပ်ကြောင့် နောက်ထပ်ပါ လာသော အကြော်အလှော်ဆွဲခြင်းနှင့် အဝတ်အစားများ ထည့်ထားသော ဟန်းဘက်(စ်)အိတ်တစ်လုံးကို ဘယ်လိုဆွဲလို့ ဆွဲရမှန်းမသိတော့။
ဖြစ်ချင်တော့ ရန်ကုန်မြို့ကြီးကို လာရမည် ဆိုတော့ မြို့ကြီးသား နှင့် တူအောင် ဘောင်းဘီရှည်ဝတ်ပြီး မျက်မှန်နက်ကို တပ်လာသေး၏ ။
ကိုင်း စဉ်းစားသာကြည့်၊ ဘောင်းဘီဝတ်နှင့် ဖျာလိပ်။ အကြော် အလှော်ခြင်းနှင့် မျက်မှန်နက်။ အက်စကီမိုးနှင့် နီဂရိုးလို တခြားစီမှ တခြား စီ ဖြစ်မနေဘူးလား။ ဒီကြားထဲ မြို့ကြီးသားနဲ့တူအောင် မျက်နှာကလည်း တင်းထားရသေးသည်။
ရွာကထွက်သွားတုန်း ကတော့အဆင်ပြေရဲ့ ၊ မိဘမောင်ဘွားများ ကလိုက်ပို့တော့ ဟိုလူတစ်ခုဆွဲ၊ ဒီလူတစ်ခုဆွဲဆိုတော့ ပစ္စည်းတွေ ပါလို့ပါ တယ်တောင် ထင်တာမဟုတ်ဘူး။ အရှေ့က မြောက်ကြွ မြောက်ကြွ ကော့ လန်ကော့လန်နဲ့ ထွက်လာလိုက်တာ၊ ဟော ရန်ကုန်ရောက်တော့ တစ် ယောက် တည်းဆိုတော့ ပစ္စည်းတွေ က ဘယ်လိုမှသယ်ဖို့မလွယ်။
သြော် ဒုက္ခ ဒုက္ခ၊ ဒုက္ခတင်မက လှလှကြီးနဲ့ပါတွေ့ ပြီး ဒုက္ခလှလှ ကြီးကို ဖြစ်လို့။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင်သယ်ပိုးမှ ဖြစ်တော့မှာ ကိုး။ အဲ သယ်မယ်ဆိုတော့လည်း ပစ္စည်းကသုံးခု၊ လက်ကနှစ် ဖက်တည်း။
ပစ္စည်းတွေ ကို ဝေ့ကြည့်လိုက်သည်။ မထူးပါဘူးလေ၊ ရသလိုသယ် တာပဟု စိတ်ပိုင်းဖြတ်လိုက်ပြီး ပစ္စည်းများ ထဲတွင် အကြီးဆုံး ဖြစ်သော ဖျာ လိပ်ကိုကောက်ကိုင်လိုက်သည်။ နောက် အရေး ကြီးသော အဝတ်အိတ်ကိုဆွဲ လိုက်သည်။
''ဟင်''
လက်နှစ် ဖက်လုံးကို ပြည့်သွားတော့ ကျန်အကြော်အလှော်ဆွဲခြင်း ကို ဘယ်လိုမှဆက်ဆွဲ၍ မ ဖြစ်တော့။
ဒါနဲ့ အဝတ်အိတ်ကိုချပြီး အကြော်အလှော်ဆွဲခြင်းကို မ,ကြည့်တော့ လည်း အဝတ်အိတ်ကရော၊ အကြော်ဆွဲခြင်းကို ခေါင်းပေါ်ကို ဆွဲတင်လိုက် သည်။
''မဆိုး''
ခေါင်းတစ်လုံးအသုံးပြုလိုက်တော့ ပစ္စည်းအားလုံးပါလာပြီ၊ သို့ ပေမင့် ခေါင်းတော့အတော် နာသည်။ ထိုအတိုင်းဆက်သွားလျှင် ဖာလုံ ဝက်ခန့်အတွင်း ကြိမ်ခြင်းနှင့် ခေါင်းကြိတ်ပြီး လူပါခေါင်းဆယ်လုံးနှင့် ဒဿဂီ ရိ ဖြစ်သွားနိုင်သည်။ ဒါလည်းမဟုတ်သေး။ ကြိမ်ခြင်းနေရာ ဖျာလိပ်တင် လျှင်တော့ အဲဒီ အကြံမဆိုးဘူး။ ဖျာလိပ်ဆိုတော့ ခေါင်းအနာသက်သာလိမ့် မည် ။
ကြိမ်ခြင်းကို ပြန်ချလိုက်သည်။ ပိုက်ထားသော ဖျာလိပ်ကို ခေါင်း ပေါ်တင်လိုက်သည်။ ကြိမ်ခြင်းကို ပြန်ဆွဲလိုက်သည်။
ပစ္စည်းအားလုံးတော့ပါပြီ။ သို့ သော် ခေါင်းပေါ်တွင် ပျော့တွဲ ညွတ် ကျနေသော ဖျာလိပ်ကြီး မျက်စိရှေ့တွင် ကွယ်နေသော ကြောင့် အရှေ့ကိုဘာ မှမမြင်ရ။ ဒီကြားထဲ ခလုတ်တိုက်လိုက်သေးသည်။ ယိုင်ထိုးမသွားအောင် ကြိုးစားရင်း တစ်လှမ်းနှစ် လှမ်း လျှောက်ကြည့်သည်။
''ဟဲ့'' ''အို'' ''ကျွတ်''
''အလို ဘယ့်နှယ် ဖျာလိပ်ကြီးနဲ့ လိုက်ထိုးနေတာလဲ''
''ဟေ့လူ ခင်ဗျားအရှေ့ဆက်မတိုးနဲ့၊ ခင်ဗျားရှေ့မှာ သံလမ်း''
ဟူသော အော်သံများ ဆူညံသွားသည်။ ကျွန်တော် ခြေလှမ်းကို ရပ်တန့်လိုက်သည်။ လက်ထဲမှအထုပ်များ ကို ပြန်ချလိုက်သည်။ ဖျာလိပ် ကိုလည်း ခေါင်းပေါ်မှ ပြန်ချလိုက်သည်။
''ဟင် ဟုတ်ပါရဲ့ ''
အပေါက်မှားပြီး သွားနေလိုက်တာ မီးရထားသံလမ်းကိုတောင် ရောက်တော့မလို့။
မ ဖြစ်တော့ဘူး၊ ဒီအတိုင်းဆက်သွားနေလျှင် ဘူတာအပေါက်ဝပင် ရောက်ရန်လွယ်မည် မဟုတ်။
''အစ်ကို အလုပ်သမား ငှားမလား''
အသံကြား၍ လှည့်ကြည့်လိုက်တော့ မည်းမည်းပိန်ပိန်ညစ်ညစ် သွားခေါခေါနဲ့ကောင်လေး တစ်ယောက် ၊ မျှော်လင့်ချက်တောက်ပသော မျက် ဝန်းအစုံနှင့် ကျွန်တော့် ကို ငေးကြည့်နေသည်။
ကျွန်တော် ဇဝေဇဝါ ဖြစ်သွားသည်။ဤအတိုင်း တစ်ယောက် တည်း ကြိုးစားပြီး ဆက်လက်သယ်သွားလျှင်ကောင်းမလား။ ဒါမှမဟုတ် အလုပ် သမားခ နည်းနည်း ပါးပါးလေးပေးပြီး ဂိုက်ဆိုက်မပျက် ကျော့ကျော့မော့ မော့လေးသွားရလျှင် ကောင်းမလား၊ စဉ်းစားလိုက်သည်။
နောက်ဆုံးတော့ ဒုတိယနည်းသာ အကောင်းဆုံး ဖြစ်သည်မို့ ခေါင်းညိတ်ပြလိုက်သည်။ ကောင်လေး၏ မျက်ဝန်းအစုံမှာ ဓာတ်ပုံကင်မရာ ဖလက်(ရှ်)ဂန်းရောင် တောက်ပြောင်သွား၏ ။
''ဒါ အကုန်လုံးလား''
''ဟင့်အင်း ဟိုအဝတ်အိတ်တစ်လုံးတည်း''
ဟုတ်သည်လေ၊ ကျန်တဲ့ဖျာလိပ်နှင့် အကြော်ခြင်းက ပေါ့ ပေါ့လေး မို့ ကိုယ့်ဘာသာကိုယ် ဆွဲသွားလို့ရသည်ပဲ၊ ထိုကိစ္စနှင့်တော့ ငွေပိုအကုန် မခံချင်၊
''ဘယ်ထိလဲ''
''ဆူးလေထိ''
ဆူးလေဆိုတာ ဘယ်နားလဲ သူမသိ၊ သို့သော် အဖေ ကျွန်တော့်  အတွက်ငှားထားသည့် အဆောင်ကိုရောက်ရန် ဆူးလေကားဂိတ်က ကားစီး ရသည်ဆိုတာကိုး၊ အဆောင်က လှည်းတန်းမှာ တဲ့။
''ငါးရာပဲပေးပါ အစ်ကို''
''ငါးရာ''
''ဟုတ်ကဲ့ ပုံမှန်ဈေးပါပဲ''
အဖေပြောသော စကားတချို့က အထမ်းသမားလေး၏ ပုံမှန်ဈေး ပါပဲဆိုသည့် အနောက်က ကပ်လျက်ပါလာသည်။
''သား ရန်ကုန်မြို့မှာ ဈေးဝယ်မယ်ဆိုရင် ဘာပဲ ဖြစ် ဖြစ် ထက် ဝက်ဆစ်ကွယ့်၊ သူတို့တွေ က အမြဲတန်းဈေးကို နှစ် ဆတင်ထားတာ''
''ထမ်းမလား အစ်ကို''
အထမ်းသမားလေး၏ စကားကြောင့် ကျွန်တော် အသိပြန်ဝင်သွား သည်။ နောက် အထမ်းသမားလေး ကြက်သေသေ သွားလောက်သည့် ဈေးကို ဆစ်ချလိုက်သည်။
''နှစ် ရာပေးမယ်''
ထို နှစ် ရာပေးမယ်ဟူသော စကားသည် ကျွန်တော် ထင်သလို အထမ်းသမားလေးမှာ ကြက်သေသေမသွားဘဲ ကြက်မကိုမြင်၍ ဟန်ရေး ပြ နေသော တောကြက်ဖလို ကျွန်တော့် ကိုပင် ကြက်ဖရစ်နှစ် ရစ်ရစ်လိုက်ပြီး ဝမ်းခေါင်းသံကြီးဖြင့်
''သွားမယ်လေ ရပါတယ်''
ဟုဆိုပြီး ကျွန်တော့်အဝတ်အိတ်ကို ဆတ်နခဲကောက်ဆွဲပြီး အရှေ့မှ ကော့တော့ကော့တော့နှင့် ထွက်သွားလေသည်။
ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေကြောင့် ကျွန်တော် လည်း ဖျာလိပ်တစ်ဖက်၊ ဆွဲခြင်းတစ်ဖက်မ,ရင်း အထမ်းသမားလေးနောက်က ပြေး လိုက်ရ၏ ။
အထမ်းသမားလေး၏ ခြေထောက်မှာ တဆိတ်မြန်လွန်းလှသည်။ ကျွန်တော် က ဖျာလိပ်တစ်ဖက်၊ ဆွဲခြင်းတစ်ဖက်နှင့် မို့ ထင်သလောက် ခရီး မပေါက်၊ ဒီကြားထဲ ချည်ထားသော ဖျာလိပ်က ပြေနေသေး။
ဘူတာကြီးအပေါ်ထပ် ဂုံးကျော်တံတားသို့ ရောက်သော အခါ ဖျာလိပ်က ဘယ်လိုမှဆက်သယ်၍ မ ဖြစ်တော့၊ ချည်ထားသော ကြိုးက ပြေထွက်လာ၍ ဖျာလိပ်ထဲမှခေါင်းအုံးပင် အပြင်ဘက်သို့ လျှောထွက်ချင် နေ၏ ။
ထို့ကြောင့် အရှေ့မှကော့တော့ကော့တော့နှင့် သွားနေသော အထမ်းသမားကလေးကို
''ဟေ့ကောင်လေး ခဏစောင့်ဦး ဒီမှာ ဖျာလိပ်ပြေနေလို့ ပြန် ချည်လိုက်ဦးမယ်''
ဟု အော်ပြောလိုက်ရသည်။ အထမ်းသမားလေး၏ ''ဟုတ် ကဲ့ ဟုတ်ကဲ့'' ဟူသော အသံပြန်ကြားရ၏ ။
ထိုတော့မှ ကျွန်တော် ဖျာလိပ်ကို ပလက်ဖောင်းပေါ်အကျ အန ဖြေချလိုက်သည်။ ထိုစဉ်မှာ ပင်
''အောင်မာ နှေ့ကောင် နူပါးဝလှချည်လားကွာ အဲဒီ နေ ရာ နာ့နေရာကွ''
ဟူသော အော်သံကြား၍ မော့ကြည့်လိုက်တော့ ချိုင်း ထောက်နှင့် စုတ်စုတ်ပြတ်ပြတ်လူ တစ်ယောက် နှာထောင်း..အဲ လေ..နှာခေါင်းလည်းမပါ၊ လက်တွင် လည်း ပတ်တီးတွေ နှင့်...
''မင်း ဘာနုတ်မနဲ ဘာနုတ်မနဲလို့ နာညှိနေတာ မင်းကနာ့ နေရာဝင်ဦးနေတာကိုးကွ၊ ဒါမျိုးနုတ်လို့မရဘူးကွ၊ နူ့ချီး၊ ဘီနူးချီးဆို တာချိတယ်ကွ၊ ချီးရေး နော့ချောက်မှပေါ့''
''လူ့စည်း ဘီလူးစည်းတော့ လုပ်ပါဗျာ''
''အေး မင်းနားနယ်ရင်ပြီးတာပဲ မင်းက နာ့စီးပွားရေး အိုး နုပ်နဲ့ လာနှိုးနေတာလား နှေ့တောင်''
''ခင်ဗျာ ဟာဗျာ ခင်ဗျား ဘာတွေ လာပြောနေတာလဲ.. ဒီမှာ ဖျာလိပ်ပြေလို့ ပြန်ချည်နေတာဗျ၊ ခင်ဗျားစီးပွားရေး ကို ဘာတုတ် နဲ့မှ မထိုးဘူး''
ကျွန်တော် ပြန်ရှင်းပြလိုက်တော့မှ ထိုသူအနည်းငယ်ကျေနပ် သွားပြီး
''အေး အဲနှာဆိုလည်း ညံညံချည်ပြီး ညံညံလစ် နာ့နေရာ ကိုတော့ လာမရှုပ်နဲ့ ဘယ့်နှယ် စီးပွားရေး က မကောင်းရတဲ့ကြားထဲ ခါက်နှောင်းခုတ်တဲ့လူနဲ့ လာတွေ့ နေရတယ်နို့''
ကျွန်တော် လည်းထိုသူ့ကို ဘာမှဆက်မပြောတော့ဘဲ ဖျာ လိပ်ကိုသာ ဂရုတစိုက်ပြန်ချည်နေလိုက်သည်။ ဖြတ်သွားဖြတ်လာ လူများ ကတော့ နှာတိုကြီးရှေ့ ဖျာလိပ်ထိုင်ချည်နေသော ဘောင်းဘီ ရှည် မျက်မှန်နက်နှင့် ကျွန်တော့်ကို တအံ့တသြငေးကြည့်သွားကြ၏ ။
ဖျာလိပ်ကို စိတ်တိုင်းကျချည်ပြီးတော့မှ ခုန၊ အထုပ်ထမ်း သွားသော အထမ်းသမားလေးကိုကြည့်လိုက်တော့..
''ဟင်''
ကျွန်တော့်မျက်လုံးအစုံ ဂဏန်းသဖွယ် ပြူးကျယ်သွား၏ ။
''မရှိတော့ဘူး''
ဟုတ်ပါသည်။ ခုန ကျွန်တော့်ကို ဝမ်းသာအားရကြက်ဖရစ် သွားသော အထမ်းသမားလေးမရှိတော့။ ကျွန်တော် လည်း ကမန်း ကတမ်းဖျာလိပ်နှင့် ဆွဲခြင်းကိုဆွဲပြီး ခုနအထမ်းသမားလေးရပ်နေ သော နေရာသို့ ပြေးသွားမိသည်။
''နှေ့တောင် နောက်ဒီလို သူများ နေရာဦးချင်ရင်တော့ ဟော ဒီလိုချိုင်းနှောက်နေးတော့ ဆောင်ထားရတယ်ကွ...နာ့နာမည် လည်း မသိရင်မှတ်ထား နုနယ်မောင်ညိုးတဲ့ကွ ကြက်ဖနှစ် ကောင် မောင်ညိုးရှိုတာနာပဲကွ''
ဟူသော နှာတိုကြီး၏ သူ့လက်မောင်းရင်းတွင် ရေး ထား သော ကြက်ဖနှစ် ကောင်ပုံကိုပြရင်း ပြောသော စကားကိုလည်းသူ ဂရုမစိုက်နိုင်တော့ အထမ်းသမားလေးကိုသာ ဂုံးကျော်တံတား အောက်ငုံ့ရှာလိုက်သည်။ မတွေ့ ဘေးဘီဝေ့ကြည့်သည်..မရှိ။
ချက်ချင်း နဖူးပေါ်မှ ချွေးများ စိမ့်ထွက်လာသည်။
သွားပြီ။ ပါလာသမျှပိုက်ဆံတွေ နှင့် အဝတ်အစားများ ထို အိတ်ထဲပါသွားပြီ။ စဉ်းစားရင်း စဉ်းစားရင်း လက်ထဲပွေ့ထားသော ဖျာလိပ်ကို ပိုမိုတင်းကျပ်စွာ ပွေ့ဖက်မိ၏ ။ စိတ်ထဲတောင်ဘက်ပြေးရ မလို မြောက်ဘက်ပြေးရမလို ဖြစ်နေမိ၏ ။ နောက်ဆုံးတော့အလိုလို နေရင်း ဂုံးကျော်တံတားမှနေ၍ အောက်ဘက်ကားလမ်းသို့ ဒရော သော ပါး ပြေးဆင်းမိသည်။
''ကျွီ''
ကားဘရိတ်အုပ်သံ...
''ဟေ့လူ ဘယ်လျှောက်ပြေးနေတာလဲ သေချင်လို့လား''
ကားသမား၏ မေတ္တာပို့သံကိုပါ တဆက်တည်းကြားရ၏ ။ ကျွန်တော် ဂရုမစိုက်တော့။ စိတ်ထဲတွင် အထမ်းသမားလေးအလစ် သုတ်သွားသော အိတ်ဆီကိုသာ...။
''ကျွီ''
''ဟာ ဒီလူတော့ သေတော့မှာ ပဲ''
ဂရုမစိုက်နိုင်တော့..
''ကျွီ''
''ဟေ့လူ သေချင်လို့လား''
''ကျွီ''
''သေချင်လို့လားကွ တောက်''
''ကျွီ''
''ကျွီ''
''ကျွီ''
''ကျွီ''
ရုတ်ချည်းဆိုသလို ကားလမ်းပိတ်သွား၏ ။
ဖျာတစ်လိပ်၊ ခြင်းတစ်ခြင်းနှင့် တောင်ပြေးမြောက်ပြေး လုပ်နေသော ကျွန်တော့် ကြောင့် ကားဖြတ်သွားဖြတ်လာ အများ ဆုံး ဖြစ်သော ပန်းဆိုးတန်းလမ်းမကြီး ကားလမ်းမှာ ယောက် ယက်ခတ် လျက် ပိတ်ဆို့ကုန်၏ ။
''ရွှီ''
''ရွှီ''
''ရွှီ''
စူးရှသော ခရာဆင့်၍ မှု တ်လိုက်သံများ ကျွန်တော် ရပ်နေ ရာက မီးပွိုင့်၏ အလယ်တည့်တည့် (လမ်းလေးခွဆုံ)
အပေါ်အဖြူ၊ အောက်အပြာနှင့် အပေါ်မှလုံးလုံးကြီးဆောင်း ထားသော ယာဉ်ထိန်းရဲများ ကိုမြင်တော့ ကျွန်တော် လန့်ဖျပ်သွား သည်။
''ဟိုက် ငါ့ကိုဖမ်းပြီဟ''
ဟူသော အသိစိတ်က ဦးနှောက်ကိုဒိုင်းခနဲ လာဆောင့် သည်။ ယာဉ်ထိန်းရဲများ ကလည်း ကျွန်တော့် ထံခပ်သွက်သွက်လှမ်း၍ လာနေပြီ။
''ဟေ့ ဟေ့လူ မပြေးနဲ့''
ယာဉ်ထိန်းရဲတစ်ဦး၏ အော်သံကြောင့် ကျွန်တော် ပို၍ ပင် ထိတ်လန့်သွားသည်။ စိတ်ထဲတွင် လည်း ဒွိဟ ဖြစ်သွားသည်။ အလစ် သုတ်သွားသော အထမ်းသမားအနောက်ကိုပဲ လိုက်ရမလား၊ ကျွန် တော့်ကို ပြေးလိုက်နေသော ယာဉ်ထိန်းရဲလက်ကပဲလွတ်အောင်ထွက် ပြေးရမလား၊ မခွဲခြားနိုင်တော့။ စိတ်ထဲတွင် လည်း စိုးရိမ်စိတ်များ နှင့် ထူပူနေသည်။
''ဟေ့''
''ဟေ့လူ အဲဒီ နေရာမှာ ပဲ ရပ်နေစမ်း''
''ဟေ့လူ ရပ်နေဆို''
ခြေလှမ်း နှစ် လှမ်းခန့် ဆက်လှမ်း ဖြစ်သွား၍ ထပ်အော်နေ ခြင်း ဖြစ်သည်။ ကားများ ကတော့ ရှုပ်ယှက်ခတ်နေဆဲ...။
''ဟေ့လူနော် ဟေ့လူ''
ကျွန်တော့် ဆီမရောက်ခင် ခပ်ငေါက်ငေါက်ပြောလိုက်သော ယာဉ်ထိန်းရဲစကားကြောင့် ပို၍ ကြောက်သွားသည်။ စိတ်ထဲတွင် အ လစ်သုတ်သွားသော အထမ်းသမားလည်း သတိမရတော့။ စိတ် လည်းမောလှပြီ။ အထုပ်ကိုလည်း မလိုချင်တော့၊ အမေ့ကိုလည်း တစ်ချက်သတိရမိသည်။ ပါးစပ်ကလည်း ''အမေရေ ကယ်ပါဦး'' ဟု အသံပြဲကြီးနှင့် အော်မိသေး၏ ။ ရန်ကုန်ရောက်ရောက်ချင်းအဖမ်း ခံရသည်ဆိုတော့ လူကြား၍ ပင်ကောင်းမည် မဟုတ်။
''ဟေ့လူ မပြေးနဲ့နော်''
ဟုပြောပြီး ကျွန်တော့် ထံ ခပ်သွက်သွက်ပြေးလာရာ ရုတ်တ ရက်မို့ ကျွန်တော် လည်း ထိတ်ခနဲ ဖြစ်သွားကာ ယောင်ပြီးအနောက် ဘက်သို့ လှည့်ပြီးပြေးမိ၏ ။ ယာဉ်ထိန်းရဲက ခရာကိုတရွှီရွှီမှု တ်ပြီးအ နောက်ဘက်က ပြေးလိုက်၏ ။
နှစ် လှမ်း၊ သုံးလှမ်း ထပ်လှမ်းမိသည်နှင့် ဖျာလိပ်တစ်ဖက်၊ အကြော်ခြင်းတစ်ဖက်နှင့် ပြေးရခက်နေသော ကျွန်တော့် ကို ယာဉ် ထိန်းရဲဖမ်းမိသွားနိုင်ကြောင်း ရိပ်မိလာသည်။ ထို့ကြောင့် ဘယ်ဘက် ကိုခြေယောင်ပြ၍ ညာဖက်ကို ပန်းတက်လိုက်သည်။ ယာဉ်ထိန်းရဲ ကြီး အရှိန်လွန်ပြီး ဘယ်ဘက်ကိုဖယ်ထွက်သွား၏ ။
ရရှိသော အခွင့်အရေး ကိုလက်လွတ်မခံဘဲဆက်ပြေးနေရင်း နှင့် ပင် လမ်းဘေးတွင် ထွက်လုဆဲဆဲ ဟိုင်းလပ်(စ်)ကားပေါ်သို့ ခုန် တက်လိုက်၏ ။ ကားပေါ်ကလူများ ကလည်း အလိုက်သိစွာ ကျွန်တော့်  ကိုလှမ်းဆွဲထားပေးသည်။
''ကျေးဇူးပဲ''
ကားပေါ်မှ လှမ်းဆွဲသော လူများ ကိုကျေးဇူးတင်စကားပြော ပြီး လွတ်ပြီဟူသော အသိစိတ်နှင့် ဝမ်းသာအားရ ပြုံးပြီးကားပေါ် ဝေ့ကြည့်တော့...
''ဟင်..''
သူ့လက်နှစ် ဖက်ကို လှမ်း၍ ဆွဲထားသည်က ယာဉ်ထိန်းရဲ နှစ် ဦး။ ကားပေါ်တွင် လည်း ပြည်သူ့ရဲများ နှင့် ယာဉ်ထိန်းရဲတစ်ချို့ ၊ ကားနံရံမှာ ရေး ထားသည်ကလည်း...
''လမ်းစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့'' တဲ့။
အနောက်ဘက်မှ ယာဉ်ထိန်းရဲကြီး၏ ဖိနပ်သံက ဂေါက် ဂွက်ဂေါက်ဂွက်နှင့် တဖြည်းဖြည်းနီးလာ၏ ။ ကောင်းကင်သည်ရုတ် တရက် မျက်နှာညိုသွား၏ ။
တရားရုံးထွက်တော့ ကျွန်တော့တစ်ကိုယ်လုံး အားအင်ကုန် ခမ်းသွားသလို ပျော့ခွေခွေ ဖြစ်သွား၏ ။
ပျော့ခွေခွေ ဖြစ်သွားသည်မှာ လူတစ်ခုတည်းပင် ပျော့ခွေ ခွေ ဖြစ်သွားသည်မဟုတ်၊ အိတ်ကပ်ထဲပါသော ငွေပါ ပျော့ခွေခွေ ဖြစ်နေ၏ ။
''သြော်..ဘဝ''
ပိုက်ဆံနှင့် အဝတ်အစားများ ထည့်ထားသော အထုပ်၊ အ လစ်သုတ်ခံရသည့်အပြင် အိတ်ကပ်ထဲတွင် အသေးသုံးအတွက် ထည့် ထားသော ငွေပါ တရားရုံးတွင် ဒဏ်ငွေဆောင်လိုက်ရသည့် အတွက် ဘာမှမကျန်တော့။ ဖျာတစ်လိပ်၊ အကြော်တစ်ခြင်းနှင့် ငွေတစ်ရာ ကျော်သာ ကျန်တော့၏ ။
မထူးတော့ပါဘူးလေ၊ ဒီအတိုင်းပဲ အဆောင်ရောက်အောင် သွားရမည် ဟု စိတ်ထဲမှာ ပိုင်းဖြတ်ပြီး လှည်းတန်း (အဆောင်ရှိရာ) ဘက်သွားသော ကားများ ကို မှတ်တိုင်မှနေ၍ စိတ်ရှည်လက်ရှည် စောင့်နေမိသည်။
''ဟော လာပြီ''
''လှည်းတန်း..လှည်းတန်း''
ဟု အော်လာသော ကားတစ်စီး။
လူတွေ ကလည်း ဖွင့်ထားသော တင်လဲအိုးပေါ် ပျံဝဲနေသော ယင်ကောင်များ သဖွယ် ညို့ညပ်လို့။
ကားကမှတ်တိုင်နေရာတွင် မရပ်ဘဲမှတ်တိုင်နှင့်ခပ်လှမ်း လှမ်းတွင် ထိုးရပ်သွား၏ ။ ကားရပ်သည်နှင့်မှတ်တိုင်မှ လူများ ကား ဆီသို့ ရောက်အောင် ပြေးသွားကြ၏ ။ ကျွန်တော် လည်း ထိုသူများ နှင့်အတူ အနောက်မှဖျာလိပ်ပိုက်၊ အကြော်ခြင်းဆွဲပြီး ပြေးလိုက်သွား ၏ ။
ကားနားရောက်တော့များ ပြားလှသော လူများ အကြား ဖျာ လိပ်တစ်ဖက်၊ အကြော်ခြင်းတစ်ဖက်နှင့် ကျွန်တော် ဘယ်လိုမှကား ပေါ်တက်၍ မရ၊ လွတ်လွတ်လပ်လပ်လူများ သာ ကားပေါ်ကြိတ် ကြိတ်တိုးတက်နေကြ၏ ။
''ရတဲ့လူပဲလိုက်၊ မရရင်မလိုက်နဲ့နော် ပါသလောက်ပဲတင် မယ်''
ဟူသော စပါယ်ယာ၏ အသံများ စူးရှတောက်ထနေ၏ ။ ကျွန်တော် လည်း လိုက်ချင်ဇောနှင့်မို့ ကားပေါ်ဆွဲခြင်းအရင်တင် လိုက်သည်။ (နေရာဦးထားသည့် သဘော)ဖျာလိပ်က ကားပေါ်ထိုး တင်ရခက်သည်မို့ ပိုက်ထားလိုက်သေး၏ ။ လူအနည်းငယ်ရှင်းတော့ မှ ဖျာလိပ်နှင့် ဒလကြမ်းထိုးစစ်ဆင်၍ တိုးဝင်တက်မည် ။ သို့သော် အကြံမဆုံးမီမှာ ပင်၊ မဆုံးမီ....
''မောင်း ဆရာရေ အတွင်းလေးထပ်၊ အပြင်သုံးထပ်၊ နောက်တွယ်နှစ် ထပ် ရှေ့မှတ်တိုင်မှာ ထပ်တင်မယ်..မောင်းဆရာ မောင်း''
ဟူသော အသံနှင့်အတူ ကားကလေးမှာ မြင်းဇောင်းမှ လွှတ် သော မြင်းရိုင်းသဖွယ် ဝုန်းခနဲခုန်ထွက်သွားလေရာ...
''ဟေ့ ဟေ့ လုပ်ကြပါဦး ကားပေါ် ကားပေါ်ခြင်းပါသွား ပြီ ခြင်းပါသွားပြီ''
သူအသံကုန်အော်ဟစ်ရင်း ဖျာလိပ်ပိုက်၍ ကားနောက်ပြေး လိုက်၏ ။
''ကားပေါ်မှာ ခြင်း..ခြင်း..ခြင်းပါသွားပြီ''
သူ့အော်သံကြောင့် မှတ်တိုင်မှလူများ က
''ကားပေါ်မှာ ချင်းပါသွားတာများ အထူးအဆန်းလုပ်လို့ ချင်းတင်မကဘူး၊ ကချင်လဲပါတယ်၊ မွန်လည်းပါတာပဲ''
''အေးလေ ဟုတ်ပါရဲ့ ''
ဟူသော စကားသံများ ကြားရ၏ ။ ထိုအသံများ ကို သူလျစ် လျူရှုကာ ကားနောက်ပြေးလိုက်ရင်း
''ခြင်း..ခြင်း'' ဟုသာ သံကုန်အော်နေမိသည်။ သို့သော် ကားကလေး ကတော့ သမင်လည်ပြန်ကလေးပင် ငဲ့မကြည့်ဘဲ ဒလ ကြမ်းမောင်းထွက်သွားလေ၏ ။
တဖြည်းဖြည်း သေးငယ်သွားသော ကားကလေးကိုကြည့်ပြီး စိတ်ထဲ ငိုချင်သလိုပင် ဖြစ်လာ၏ ။
ကုန်ပြီ...ကုန်သွားပြီ။ ပါလာသမျှ ပစ္စည်းအားလုံးကုန်ပြီ။ စဉ်းစားရင်း စဉ်းစားရင်း နှာခေါင်းကြီး နီပွနီပွ ဖြစ်လာ၏ ။ မ ဖြစ် ခံနိုင်ရိုးလား သူ့တွင် ပိုက်ထားသော ဖျာလိပ်ကလေးကလွဲပြီး ဘာမှ ရှိတော့တာမှမဟုတ်တာ။
ဒုက္ခပေးတဲ့ဖျာလိပ် ဒီဖျာလိပ်ကြောင့် ဒီဖျာလိပ်ကြောင့် ။
တွေးလေ တွေးလေ ဆွေးမပြေ ဖြစ်ရသည်မို့ မျက်ဝန်းပေါ် မျက်ရည်စတို့ ရစ်သီလာလေသည်။ အတန်ကြာမှ သူ့ကိုယ်သူပြန်ထိန်း ရင်း
အိုး ဒီအချိန်ကျမှ ပုလဲခနေ၍ ရော ဘာထူးတော့မည် နည်း။ ယောက်ျားပဲ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲပေါ့ဟု စိတ်တင်း ပြီး နောက်ထပ်ကားတစ်စီးကိုသာ အားတင်းပြီးဆက်စောင့်နေလိုက် သည်။ နီပွနီပွ ဖြစ်နေသော နှာခေါင်းကိုလည်း လက်ညိုးနှင့် လက်မ စုံဖြင့် ဖိသွင်းနှိပ်နယ်လိုက်သည်။
သိပ်မကြာလိုက်ပါ။
''လှည်းတန်း..အင်းစိန်''
ဟုအော်သံနှင့် အတူ အဲယားကွန်းဘ(စ်)ကားကြီး တစ်စီး ထိုးရပ်လာပြန်သည်။ မှတ်တိုင်မှလူများ နှင့် အတူ ကားပေါ်ကမန်းက တမ်း တိုးတက်လိုက်သည်။ သူတက်လိုက်သည်နှင့် နဂိုကျပ်ညပ်နေ သော ကားပေါ်၌
''ဟဲ့ ဘာကြီးနဲ့ထိုးတာလဲ''
''ဟာ ဟိုလူ ဖျာလိပ်ကြီးက''
''အောင်မယ်လေး ယားတယ်တော့ ယားတယ်''
''ဟာ မျက်မှန် မျက်မှန်''
စသော အသံများ ဆူညံသွား၏ ။ အဆိုးဆုံးကား မျက်မှန်သ မား...
''ဟာ မျက်မှန် မျက်မှန် ခင်ဗျားဖျာလိပ်နဲ့ ချိတ်ပါသွားပြီ''
ကားက တငြိမ့်ငြိမ့်နှင့် ဘီးလှိမ့်နေပြီ...။
''ဘယ်မှာ ချိတ်မိသွားလို့လဲဗျ''
''ခင်ဗျား ဖျာလိပ်ထဲဝင်သွားတာ ဖြစ်မယ်၊ မှန်းကျုပ်ကြည့် စမ်းမယ်''
ဟုဆိုပြီး မျက်မှန်သမားက ဘာမပြောညာမပြောနှင့် ဖျာလိပ် ထဲ လက်နှိုက်ပြီး စမ်း၏ ။ သူ့ပုံက မျက်မှန်မပါလျှင် ဘာမှမမြင်သည့် ပုံမျိုး၊ အသက်က သူနှင့် မတိမ်းမယိမ်း ဖြစ်သော်လည်း မျက်လုံးက တော့ အားနည်းပုံရ၏ ။ ရုပ်ကပြီတီတီနှင့် ကြည့်ရတာ ကတစ်မျိုး၊ မရိုး...
''မျက်မှန်မရှိရင် ကျုပ်က ဘာမှမြင်ရတာ မဟုတ်ဘူးဗျ၊ မှန်း ကျုပ်ထပ်စမ်းမယ်''
ဆိုပြီး ဖျာလိပ်ထဲ ခေါင်းပါလျိုဝင်ပြီး စမ်းသည်။
ကားပေါ်မှလူများ ကတော့ အလုပ်ရှုပ်နေသော ကျွန်တော် တို့နှစ် ယောက် ကို တအံ့တသြငေးကြည့်နေကြသည်။
''တွေ့ ပြီလား''
''မတွေ့ သေးဘူးဗျာ ဒုက္ခပဲ''
ဒုက္ခပဲဟုသာဆိုသည် သူ့ပုံစံက တစ်မျိုး...
''ခင်ဗျားဟာ ဒီဖျာလိပ်ထဲကျသွားတာ သေချာလို့လား''
''ဟာ သေချာပါတယ်ဗျာ။ ကျုပ်ကိုယ်တိုင်မြင်လိုက်တာ''
''ဟင် ဒါဖြင့် ခင်ဗျားမျက်မှန်မပါရင် မမြင်ဘူးဆို''
''မျက်မှန်ပါလို့မြင်တာပေါ့ဗျ၊ ကျုပ်က မျက်မှန်လုံးလုံးမပါမှ မမြင်တာ''
ရော် ခက်ပြီ။ သူ့မမြင်ပုံကတစ်မျိုး၊ သူ့ပုံသဏ္ဌာန်ကလည်း ကြောင်ရှာသီးကားအကြိတ်ခံထားရသလို အပြားလိုက်ကလေး၊ ရုပ်ကို ပြောပါတယ်။
''ခင်ဗျား ဖျာကြီးမှော က်ချလိုက်ဗျာ၊ ဒါဆိုမျက်မှန်ထွက်ချင် ထွက်လာမှာ ''
ကျွန်တ်ာလည်း စိတ်ညစ်ညစ်နှင့် ဖျာလိပ်ကြီးကို မှော က်ချ ပြလိုက်သည်။
''ဟာ အဲဒါဖျာလိပ်ထောင်တာကြီးဗျ။ ကျွန်တော် က မှော က် ချခိုင်းတာ''
''ရော..ဖျာလိပ်ပဲ၊ ထောင်တာနဲ့မှော က်တာမတူလား''
''မတူဘူးဗျ၊ ထောင်တာက ဒီလိုထောင်တာ၊ မှော က်တာက ဟိုလိုမှော က်တာ''
ကျွန်တော် အတော် ကလေးကို စိတ်ညစ်သွား၏ ။လူတွေ ကြား ထဲ အငြင်းမပွားလိုသော ကြောင့် သူပြောသလို ဖျာလိပ်ကိုပြန်ပြောင်း ထောင်ပြလိုက်၏ ။
''ဟ ခင်ဗျားကို မှော က်ခိုင်းတာလေ ဘယ့်နှယ်ထောင်ပြ နေတာတုံး''
''ဟာဗျာ ဖျာလိပ်ကို ထောင်ထောင်မှော က်မှော က် အတူတူ ပဲပေါ့ဗျ၊ ခင်ဗျားကလဲ ''
ဆိုတော့မှ ကြောင်လျှာသီးရုပ်ကြီးပြီသွားပြီး..
''အော်..ဟုတ်လား..ကျုပ်က မျက်မှန်မပါတော့ မမြင် ဘူးဗျ ဟဲ ဟဲ''
ကြည့်..။
''ဒီလိုလုပ်ဗျာ ခင်ဗျားဖျာလိပ်ကြီး ဖြန့်ချလိုက်''
''ဘယ်လို''
''ဖျာလိပ်လေဗျာ ဖျာလိပ်ဖြန့်ချလိုက်''
''ဖြန့်ပြပြီးရင်...''
''ရှာမယ်လေ..ရှာမယ်လေ ကျုပ် မျက်မှန်ကို ကျုပ်မတွေ့  တွေ့ အောင် ရေမြေအဆုံးရှာမှာ ပေါ့''
''ဟာဗျာ..ကားပေါ်မှာ ''
''ကားပေါ်မှာ လည်းဘာ ဖြစ်လဲ လုပ်ပါဗျာ၊ ကျုပ်က မျက်မှန် မပါရင် သမီးနဲ့မအေတောင် ကွဲပြားတာမဟုတ်ဘူးဗျာ..အာ ပြော ရင်းဆိုရင်း မျက်လုံးက အောင့်ခနဲ အောင့်ခနဲ''
ထိုသူ့ပုံက မျက်လုံးတကယ်အောင့်လာသည့်ပုံ။
မတတ်သာသည့်အဆုံး စပါယ်ယာကိုတောင်းပန် လူတွေ ကို အနည်းငယ်တိုးခိုင်းပြီး ဖျာလိပ်ကြီးကို ဖြန့်ချလိုက်သည်။ (ရှက်တော့ ရှက်တာပေါ့)
''ကဲ ရှာဗျာ စိတ်ကြိုက်သာရှာ''
ဟု ဆိုလိုက်သည်နှင့် ကြောင်လျှာသီးမျက်နှာနှင့် လူကား ကြမ်းခင်းပေါ် အကျအနထိုင်ပြီး ပယ်ပယ်နယ်နယ်ရှာတော့သည်။
''အောင်မာ ခင်ဗျားက လူကသာ အပေအတေ စောင်ကျ တော့ မုံရွာစောင်ခြုံနိုင်သား''
''ဟေ့လူ ခင်ဗျားမျက်မှန်ရှာမှာ မဟုတ်လား''
ကျွန်တော့် ရဲ့ စကားကို ငနဲကြောင်လျှာသီးကပြုံးဖြီးဖြီးလုပ် ပြီး
''အဟဲ ဟုတ်ပါတယ်ဗျာ၊ ဒါပေမယ့် ခင်ဗျားရုပ်ခင်ဗျားရည် နဲ့ မုံရွာစောင်အသစ်စက်စက်ကိုတွေ့ လိုက်ရတော့ အံ့အားသင့်သွား တာပါ။ အောင်မာ ခြင်ထောင်ကလည်း ဇာခြင်ထောင် ပန်းနုရောင် အသစ်စက်စက်လေးဗျ''
''ဟေ့လူ တော် ဗျာ တော် ''
ထိုသူ၏ အပြုအမူကြောင့် ကျွန်တော် ဒေါသထွက်လာသည်။ ကြောင်လျှာသီးရုပ်နှင့်ကောင်က ကျွန်တော့ကို ဘလိုင်းကြီးအချဉ် ဖောက်နေပြီ။
''ဟာ...တွေ့ ပြီဗျ..တွေ့ ပြီ''
သူ့အော်သံကြောင့် ကျွန်တော် လည်း ဝမ်းသာသွားသည်။
''ခင်ဗျားမျက်မှန်လား''
''ဟုတ်တယ်''
''ဘယ်မှာ တွေ့ တာလဲ''
''ကျုပ် အိတ်ကပ်ထဲမှာ ''
သူ့စကားကြောင့် ကားပေါ်မှ သူတို့ကို ဝိုင်းကြည့်နေသူအား လုံး ဝါးခနဲ ပွဲကျသွားကြ၏ ။
''အေးဗျာ ဆောရီး ကျုပ်အိမ်ကထွက်လာကတည်းက မျက် မှန်မတပ်ခဲ့မိတာ မေ့သွားလို့''
ကားပေါ်မှ လူများ အားလုံး ကျွန်တော် တို့ကို ပြုံးစေ့စေ့နှင့် ကြည့်ကြသည်။ ကျွန်တော် လည်း ရှက်ရှက်နှင့် မို့ လူအားလုံးကို မော် ၍ ပင်မကြည့်ဘဲ ဖျာလိပ်ကိုသာ ပြန်လိပ်နေလိုက်သည်။
''အောင်မာ..ကျုပ် မျက်မှန်တပ်ပြီးကြည့်လိုက်မှခင်ဗျားက လူချောပဲ''
ဟူသော အသံကြောင်လျှာသီးထံမှ ကြားရ၍ မော့ကြည့် လိုက်တော့ သူတပ်ထားသည်မှာ ပါဝါမျက်မှန်မဟုတ်ဘဲ နေကာမျက် မှန်အနက်...
ကားပေါ်မှလူအားလုံး သူ့ကိုကြည့်ပြီး ဝါးခနဲထပ်ရယ်ကြပြန် သည်။ ကျွန်တော် လည်း ဒေါသ ထောင်းခနဲထွက်သွားပြီး..
''ဟေ့လူ ခင်ဗျား''
ဟုဆို၍ ဖျာလိပ်နေရာမှ ဝုန်းခနဲအထ၊ ကြောင်လျှာသီးက
''ဟာ ဟေ့လူ လှည်းတန်းမှတ်တိုင်က ရောက်နေပြီ'' ဟု ဆိုလိုက်သော ကြောင့် ကျွန်တော် လည်း သူ့ကို ဘာမျှဆက်မလုပ်နိုင် တော့ဘဲ ဖျာလိပ်ကိုသာ ကမန်းကတမ်းပြန်လိပ်နေလိုက်ရသည်။
မှတ်တိုင်ကလည်း ကျော်သွားမည် စိုးရသည်ကိုး။ ပိုက်ဆံမရှိ ရတဲ့ကြားထဲ ကားမှတ်တိုင်ပါကျော်သွားရင် မခက်ပါလား...။
ဖျာလိပ်ပြန်လိပ်ပြီးသည်နှင့် ကားက ကျွီခနဲ ထိုးရပ် သွားသည်မို့ ကျွန်တော် လည်း ဖျာလိပ်အားကိုးနှင့် လူကြားထဲ ကမန်း ကတမ်းတိုးပြီး ဆင်းလိုက်သည်။
''ဟာ ဟေ့လူ မဆင်းနဲ့ မဆင်းနဲ့လေ မီးပွိုင့်ကြီးဗျ၊ မှတ် တိုင်မဟုတ်သေးဘူး''
ဟု စပယ်ယာက တားရှာပါသေးသည်။ သို့ သော်သူတား မြစ်သံကြားရချိန်ဝယ် ကျွန်တော် က လမ်းမပေါ်ရောက်နေပြီ။
ယာဉ်ထိန်းရဲ၏ ခရာသံတရွှီးရွှီးကြားရ၏ ။ ကျွန်တော် ရပ် နေ သည့်နေရာက မီးပွိုင့်အလယ်တည့်တည့်၊ လက်ထဲတွင် လည်းဖျာ လိပ်ကြီးကပိုက်လျက်။
![]() လျှို့ဝှက်သောကစားပွဲ (၃) | ![]() ဇ | ![]() သားဘီလူး |