
ငရဲခန်းပျို့
အခန်း(၁)
မျက်ဝန်းတွေ မဖွင့်ပေးခင် နိုးလာသော အသိအာရုံတွေ က ညစ် ညူးမှိုင်းအုံ့နေသည်။ လေးလံကျိန်းစပ်နေသော မျက်ဝန်းတွေ ကို ဖွင့် ကြည့်မိတော့..
''ဟင်''
မြင်တွေ့ လိုက်ရသော မျက်နှာကြက်ဖြူဖြူနှင့် ခမ်းနားထည်ဝါ လှသော အိပ်ခန်းဆောင်တစ်ခုဟု စိတ်က ချက်ချင်း သိလိုက်သည်။
နရီ အသိစိတ်တွေ နိုးကြားစွာ ဖြင့် ဆတ်ခနဲ လူးလဲထလိုက် မိ၏ ။ အိစက်ညက်ညောသော စပရိန်မွေ့ရာကြီးက လှုပ်ခါသွားသည်။
အသက်ရှူသံပြင်းပြင်းတစ်ခုက အကြား အာရုံထဲကို တိုးဝင်လာ တာမို့ နရီ ညာဘက်ကို အလန့်တကြား လှည့်ကြည့်လိုက်မိသည်။
''ဘုရား ကယ်ပါ''
နရီ နှုတ်က အလန့်တကြား ရေရွတ်လိုက်မိသည်။ ခန္ဓာကိုယ်တစ်ခုလုံးကို မိုးကြိုးဆယ်စင်းလောက် တစ်ပြိုင်နက် ပစ်ခွင်းခံလိုက်ရသလို အရှက်တရားတွေ က ပူလောင်စူးရှသွားခဲ့သည်။
ပိုးလိုးပက်လက် အိပ်ပျော်နေသော ခန္ဓာကိုယ်ကြီးက အော် ဂလီဆန်ချင်စရာ ကောင်းလောက်သည်။
မို့အစ်ထူအမ်းနေသော မျက်နှာကြီးနှင့် အဆီပိုတွေ နှင့်ပြည့်ဝင်း နေသော ထိုခန္ဓာကိုယ်ကြီးကို နရီ နောက်တစ်ကြိမ် ပြန်ငဲ့မကြည့်ရဲလောက်အောင် ရှက်ရွံ့ထူပူစွာ ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်မိပြန်တော့..
''အို အမေ့''
နရီ တစ်ကိုယ်လုံး လေဟာနယ်ကြီး တစ်ခုထဲ လွင့်မျောပါသွား သလို ဟာဆင်းသွားခဲ့သည်။
ခန္ဓာကိုယ်တစ်ခုလုံးကို အရှက်တရားတို့ ကင်းမဲ့နေစေသည့် အ ဖြစ်က ကိုယ့်ကိုယ်ကိုယ်တောင် သွေးလန့်တုန်လှုပ်မိစေသည့်အ ဖြစ်။
အနီးမှာ ပုံကျနေသော နိုင်ငံခြား ဖြစ် ဂွမ်းဆောင်ကြီးကို လှမ်း ဆွဲယူကာ နရီခန္ဓာကိုယ်မှာ ရစ်ပတ်ဖုံးကွယ်လိုက်ရသည်။
တစ်ချိန်တည်းမှာ ပဲ မလုံခြုံသော ခန္ဓာကိုယ်အတွက် မျက်ဝန်း တွေ နှင့် ဝေ့ဝဲရှာဖွေလိုက်တော့ ပြောင်လက်နေသော ပါကေးကြမ်းခင်းပေါ် တွင် ဖရိုဖရဲ ပြန့်ကျဲနေသော အဝတ်အစားတွေ ကို တွေ့ လိုက်သည်။
နရီ ခုတင်ကြီးပေါ်က လျောဆင်းလိုက်သည်အထိ နှစ် ခြိုက်စွာ အိပ်ပျော်နေသော ထိုလူကြီးက နိုးလာခြင်းမရှိတာကိုပဲ ကျေးဇူးတင်ရတော့မည် ။
အဝတ်အစားတွေ ကို နရီ ကသော ကမျော ဝတ်ဆင်လိုက်၏ ။ ကိုယ့်အ ဖြစ်က ဘယ်လောက်အထိတောင် ပိုးစိုးပက်စက် ဖြစ် ခဲ့ပြီလဲ။ ရှက်ခြင်း၊ ဝမ်းနည်းခြင်းတွေ က ရင်ထဲမှာ လှိုင်းတွေ လို တရိပ်ရိပ် တိုးလို့နေခဲ့သည်။
အဲကွန်းအအေးဓာတ်စိမ့်စိမ့်လေး ထိတွေ့ ခံစားနေရသော အခန်းထဲမှာ နရီတစ်ကိုယ်လုံး ငရဲခန်းထဲရောက်ရှိနေသလို ပူလောင်နေ ခဲ့တာတော့ အသေအချာ။
တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်နေသော ဝေဒနာ ကို လျစ်လျူရှုကာ ဒီအခန်းကြီးထဲက အမြန်ဆုံး ထွက်သွားဖို့ပဲ စိတ်က တွန်းအားပေးနေသည်။
သတိရမိတာ ကိုယ့်ရဲ့ ခေါက်ချိုးပိုက်ဆံအိတ်ကလေးကို ဖြစ် သည်။ ကြမ်းခင်းပေါ်ဝေ့ဝဲကြည့်တော့ မရှိပါ။
ခုတင်ဘေးက စားပွဲပေါ်လှမ်းကြည့်တော့ လက်ကိုင်ဖုန်းနှင့် နာရီတစ်လုံးပဲရှိသည်။ ဒါတွေ က ထိုပုဂ္ဂိုလ်ကြီးရဲ့ ပစ္စည်းတွေ ပဲထင်သည်။
နရီ ပြန်လှည့်မကြည့်ချင်သော ခုတင်ဆီကို ပြန်ကြည့်ရပြန် သည်။ ကိုယ့်ရဲ့ လက်တဝါးသာသာပဲရှိသော ပိုက်ဆံအိတ်လေးက ထိုလူကြီး ရဲ့ လက်မောင်းအောက်မှာ ရောက်နေခဲ့သည်။
နရီ အကြပ်ရိုက်သွားခဲ့သည်။ ပိုက်ဆံအိတ်ကိုတော့ ယူမှ ဖြစ် မည် ။ မက်မောနေလို့ မဟုတ်ပါ။ အိတ်ထဲမှာ ငွေသုံးထောင်ကျော်ပဲ ရှိ သည်။
ကိုယ်ရောက်နေတာ ဘယ်နေရာဆိုတာ အသေအချာမသိ။ ထိုငွေလေးနှင့် လမ်းစရိတ်လုပ်ကာ ကိုယ့်အိမ်ရောက်အောင် ပြန်ရမှာ မို့ပဲ ဖြစ်သည်။
အရဲစွန့်ကာ နရီခြေလှမ်းဖွဖွလေးလှမ်းပြီး တိုးခဲ့သည်။ မျက်ဝန်း အကြည့်တွေ ကို အော်ဂလီဆန်စရာကောင်းသော ထိုလူကြီးမျက်နှာကို လည်း မကြည့် ဖြစ်ခဲ့။ စူမို့ပြောင်တင်းနေသော ဝမ်းဗိုက်ကြီးကိုလည်း ဥပေက္ခာပြုထားလိုက်သည်။
ကိုယ့်ရဲ့ ပိုက်ဆံအိတ်လေးကို ဖိထားသော ထိုလူကြီးရဲ့ လက် မောင်းဆီ လက်လှမ်းလိုက်၏ ။
အစွန်းထွက်နေသော ပိုက်ဆံအိတ်လေးဆီ နရီလက်ချောင်း တုန်တုန်ယင်ယင်လေးတွေ နှင့် လှမ်းကာ ဆွဲယူတော့..
''အင်း ကလေး''
ဒေါသနှင့်အတူ ဖျပ်ခနဲပွင့်လာသော မျက်ဝန်းတွေ ကြောင့် နရီ ဆတ်ခနဲ လက်ကိုပြန်ရုပ်ကာ ထိတ်လန့်ချောက်ချားသွားမိသည်။
''ကလေးက နိုးနေပြီလား''
မေးသံနှင့်အတူ မျက်ဝန်းအကြည့်တွေ က နရီကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့၏ ။
အဆီပြန်နေသော မျက်နှာကြီးနှင့် တစ်ချက်သမ်းဝေပြီး လူကြီး ခုတင်ပေါ်က ကုန်းထသည်။ နရီ အလန့်တကြား နောက်ကို တစ်လှမ်း ဆုတ်မိရင်း
''ကျွန် ကျွန်မ ပြန်ပါရစေ ဦး ဦးလေး''
''အာ ကလေးကလည်း ဘယ့်နှယ် ဦးလေးရမှာ လဲ၊ အစ်ကိုကြီး ပဲခေါ်ပါကွယ်''
ပြောရင်း ခုတင်ပေါ်က ဆင်းလာသည်။ ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီး မှာ တိုနှံ့နှံ့အောက်ခံ ဘောင်းဘီလေးနှင့်မို့ နရီ မကြည့်ရဲဘဲ မျက်နှာလွှဲ ထားမိသည်။
''ကျွန်မ အိမ်ပြန်ပါရစေနော်''
အသံတုန်တုန်လေးနှင့် တောင်းပန်ရင်း အခန်းတံခါးဆီ နရီ လှမ်းကြည့်သည်။ လော့ခ်ျပိတ်ထားသော အခန်းအပြင်ကို နရီရောက် အောင် ပြေးဖို့ဆိုတာ မလွယ်မှန်းသိနေသည်။
ကြောက်စိတ်နှင့်တုန်ခါနေသော ဒူးတွေ ကြောင့် ခွေမကျသွား အောင် မနည်းအားတင်းထားရသော နရီအနားကို လူကြီး ရောက်လာ၏ ။
''ကလေးရယ်''
အသံအက်အက်ကြီးနှင့်ဆိုရင်း နရီ ပခုံးကို လက်ဖဝါးကြီးက ထိမိုးအုပ်ကိုင်လာသည်။
''ကျွန် ကျွန်မ''
''နေပါဦး ကလေးရယ်၊ မင်းလေးကအရမ်းချစ်ဖို့ကောင်းတယ်၊ ပြီးခဲ့တဲ့ညက အစ်ကိုကြီးအတွက်တော့ လောကနိဗ္ဗာန်ပဲ၊ အရမ်းကြည်နူး ကျေနပ်စရာ ကောင်းတယ်ကွာ''
ရမ္မက်ခိုးတွေ ဝေနေသော မျက်နှာကြီးကို နရီ စေ့စေ့မကြည့်ရဲ ပါ။ ရှက်စိတ်နှင့်ကြောက်စိတ်က ခန္ဓာကိုယ် သွေးကြောအနှံ့ စိမ့်ဝင်စီး ဆင်းကာ သတိလစ် မေ့မျောမတတ်။
''ကလေး လက်ခံမယ်ဆိုရင် အစ်ကိုကြီးတို့ အမြဲတမ်း အတူနေ ရအောင်နော်''
''ဟင့်အင်း ကျွန်မ အိမ်ပြန်ပါရစေ''
''ခဏလေး ကလေးရယ်၊ ကိုယ်တို့ နှုတ်ဆက်ပွဲလေးအ ဖြစ် ထပ်ပြီး ကြိုးစားကြည့်ကြမလား''
နရီ ကျောပြင်လေးကို လက်ဖဝါးကြီးနှင့် ဖွဖွပွတ်သပ်ကာ ဆိုနေသော စကားတွေ ကို နရီ သဘောမပေါက်ပါ။
''ကျွန် ကျွန်မ ပြန်ပါရစေတော့၊ ဒီ ဒီကို ဘယ်လိုရောက်လာ မှန်းလည်း ကျွန်မ မသိတော့ဘူး၊ နောက်ပြီး ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ ကျွန်မ မသိပါဘူး ဦးလေးရယ် ပြန်ပါရစေရှင်''
မျက်တောင်ကော့ကြီးတွေ ပုတ်ခတ်တောင်းပန်နေသော နရီ မျက်နှာကို လူကြီး တရှိုက်မက်မက် ကြည့်နေသည်။
နုညက်ဝင်းမွတ်သော အသားအရေနှင့် ပျိုမျစ်တင်းရင်းသော ခန္ဓာကိုယ်ရဲ့ အလှတရား။ ပြစ်မျိုးမှဲ့မထင်သည့် မိန်းမပျိုလေးအလှတွေ ကို ပိုင်ဆိုင်ခံစားဖူးပြီးသော ထိုလူကြီးအတွက်...။
အခွင့်အရေး ရတုန်း အကြိမ်ကြိမ် ပိုင်ဆိုင်ချင်တာ လောဘ ရမ္မက်ကြီးလွန်းသည်ဟု ဆိုရမည် လား။ တကယ်ဆို ဒီလိုအခွင့်အရေး ရဖို့အတွက် ထိုပုဂ္ဂိုလ်ကြီး ရင်းနှီးပေးဆပ်ခဲ့ရသော ငွေကြေးက သိန်းနှင့် ချီသော တန်ကြေး။
နရီ နာကျင်စွာ ပဲ ပင့်သက်ရှိုက်မိသည်။ ကိုယ့်ရဲ့ အပျိုစင်ဘဝ လေးက ကြေပျက်ခဲ့ရပြီ။
''ကိုယ့်ကို အကြင်နာတွေ ထပ်ပေးခဲ့ပါဦး ကလေးရယ် နော်''
အလိုဆန္ဒတွေ ကို အသာတငမ်းငမ်း တောင်းခံနေသော ထိုလူ ကြီးကိုကြည့်ကာ နရီ အော်ဂလီဆန်လာသည်။
သတိကင်းလွတ်မှု ကြောင့် နရီဘဝ ငရဲညကြီးထဲမှာ စုန်းစုန်း မြှုပ်ခဲ့ရပြီးပြီ။ ဒီတစ်ခါတော့ လွတ်မြောက်နိုင်မည့်  နည်းလမ်းကို အပြေး အလွှား စဉ်းစားမိသည်။
''ခ ခဏနေပါဦး ချွေးစော်တွေ နံနေတဲ့ ဦး ခန္ဓာကိုယ်ကြီးကို အရင်ဆုံး သန့်စင်လိုက်ပါဦးနော်၊ နရီလည်း နုံးချိပင်ပန်းနေလို့ပါနော်''
''အိုကေ အိုကေ ဒါဆို ကိုကြီး ရေချိုးလိုက်မှာ ပေါ့၊ ပြီးမှ ပြီးမှနော် ကလေး''
ဆုပ်ကိုင်ထားသော နရီ လက်မောင်းလေးကို တစ်ချက်ဖျစ်ညှစ် ရင်း လူကြီးကျေနပ်သွားခဲ့သည်။ အခန်းထဲက ထွက်ဟန်ပြုပြီးမှ ပြန် လှည့်ကြည့်ကာ
''ကလေးလည်း လန်းဆန်းသွားအောင် ရေချိုးပါလား''
''ဟုတ် ပြီးရင် နရီ ချိုးမှာ ပါ''
''ရေချိုးခန်း အတူဝင်ကြမယ်လေ ကလေးရဲ့ ''
''အို ဒီလိုမလုပ်ပါနဲ့၊ နရီ ရှက်လို့ပါ၊ တောင်းပန်ပါတယ်နော်''
နရီ မျက်နှာလေး သွေးရောင် လွှမ်းကာ တောင်းပန်တော့ လူ ကြီး သဘောကျသွားခဲ့ကာ တဟဲဟဲ ရယ်နေသေးသည်။ ပြီးမှ
''ဟုတ်ပါပြီဗျာ အစ်ကိုကြီး မြန်မြန်ချိုးလိုက်ပါ့မယ် ဟုတ်လား''
အခန်းထဲက ပုဂ္ဂိုလ်ကြီး ထွက်သွားတော့မှ နရီ ခုတင်ပေါ်မှာ ရှိနေသော ပိုက်ဆံအိတ်လေးကို လှမ်းယူလိုက်သည်။
အခန်းအပြင်ဘက်ကို ချက်ချင်း မထွက်ရဲသေးဘဲ တံခါးမှာ နားကပ်ပြီး နားစွင့်ကြည့်သည်။ ဘာသံမှမကြားမှ တံခါးကို အသာဖွင့် ထွက်လိုက်သည်။
တိတ်ဆိတ်နေသော တိုက်ကြီးရဲ့ ကျွန်းလှေကားတွေ အတိုင်း နရီ ခပ်သုတ်သုတ်လေး ဆင်းခဲ့သည်။
ကြောက်စိတ်နှင့် တလှပ်လှပ်ခုန်နေသော ရင်ခုန်သံကိုတောင် နားထဲမှာ ကျယ်လောင်စွာ ကြားနေရသလို ခံစားမိသည်။
အိမ်ကြီးအရိပ်ကထွက်ကာ ခြံတံခါးဆီ အပြေးလေးလှမ်းခဲ့သည် အထိ နောက်ကိုလှည့်မကြည့်ရဲပါ။
နရီ သိပ်ကို ကံကောင်းပါသည်။ သော့ ပိတ်မထားသော ခြံတံခါး ကပဲ ထွက်ခဲ့နိုင်သည်။
မွန်းကြပ်ဆို့နစ်နေသော စိတ်တွေ က လွတ်လပ်ပေါ့ပါးသွားခဲ့ ပေမယ့် ရင်ထဲမှာ လှိုက်တက်လာသော ကြေကွဲနာကျင်မှု ကြီးက ဘယ် သော အခါမှ ပြေပျောက်မည် မထင်တော့ပါ။
ဖြူစင်မှု တွေ အရေခွံခွာခံလိုက်ရတဲ့ နေ့ဆိုးကြီးက နရီဘဝမှာ ခါးသီးစွာ ထင်ကျန်ရစ်တော့မှာ အသေအချာပါပဲ။
အခန်း(၂)
''မိုက်လိုက်တာ နရီရယ်၊ ငါက ညည်း တင့်တောင့်တင့်တယ် ဘဝကိုရောက်အောင် အမြင့်ကိုတင်ပေးလိုက် တာ၊ ဒါကို အသည်းအေး တယ်ဆိုပြီး ညည်းက ခုန်ချခဲ့တာပေါ့လေ ဟုတ်လား''
ဒေါ်ဘေဘီရဲ့ မြည် တွန်တောက်တီး အပြစ်တင်စကားကို နရီ ဘာမှခွန်းတုံ့မပြန် ဖြစ်ဘဲ ရှိုက်ငိုနေမိဆဲ။
''ညည်း အနာဂတ်ဘဝတစ်ခုလုံး ကောင်းစားမယ့်ကိစ္စကို ညည်းမို့ လွှင့်ပစ်ရက်တယ်၊ ညည်းလောက် မိုက်တဲ့သူ မရှိတော့ဘူး မိနရီ''
ကြိတ်မနိုင်ခဲမရ လေသံနှင့် စက်သေနတ်ပစ်သလို ပြောနေ သော ဒေါ်ဘေဘီအသံတွေ နှင့် အဝေးဆုံးကို နရီ ပြေးထွက်သွားချင်မိ သည်။ နှုတ်က တစ်ခွန်းမှ ခွန်းတုံ့မပြန် ဖြစ်ပေမယ့် ရင်ထဲမှာ တော့ နာကျင်လှပါသည်။
ဒါ မိထွေး တစ်ယောက် ရဲ့ စေတနာတဲ့လား။
အပျိုစင်သမီး တစ်ယောက် ဘဝကို သက်ကြားအိုလူကြီးတစ် ယောက် ရင်ခွင်ထဲ ပုံအပ်ပစ်ခဲ့တာ စေတနာကြောင့် တဲ့လား။
တွေးရင်း နာကျင်ခံစားမှု တွေ နှင့် မျက်ရည်တွေ က ပိုးပိုးပေါက် ပေါက် စီးကျလာပြန်သည်။
''ဟေ့ ဟေ့ တော် တော့ မိနရီ၊ နင့်မျက်ရည်တွေ ကို ငါ လုံးဝ ထပ်မမြင်ချင်တော့ဘူး''
''ပြောရက်လိုက်တာ အမေရယ်၊ သမီးဘဝတစ်ခုလုံးအတွက် အမည်းစက်ကြီး ကျန်ရစ်ခဲ့တဲ့ကိစ္စကို အမေ ပေါ့ပေါ့လေး နေရက်တယ် နော်''
မခံနိုင်သည့်အဆုံးမှာ နရီ နာကျင်စွာ နှင့် အမေ့ကို ပြန်ခွန်းတုံ့ ပြန်မိသည်။
''ဘဝတစ်ခုလုံး ဟုတ်လား မိနရီ၊ နေစမ်းပါဦး ဒီကိစ္စလေး တစ်ခုအတွက်နဲ့ ညည်းက ဘာလို့ ဒီလောက်အထိ ကြေကြေကွဲကွဲ ဖြစ်နေတာလဲ၊ ပြောရရင် ဘယ်သူမှ မသိလိုက်တဲ့ကိစ္စပါ၊ အဲဒီ အတွက် လည်း ထိုက်တန်တဲ့ငွေကြေးကို ကျုပ်တို့ရခဲ့တာပဲ ကဲ ဘာများ နစ်နာလို့ လဲ''
နရီ ဒေါ်ဘေဘီမျက်နှာကို စိုက်ကြည့်ရင်း ခေါင်းကိုပဲ ခါရမ်း မိသည်။ ပြောရက်လိုက်တာ ထိုက်တန်တဲ့ငွေကြေးတဲ့။ နရီရဲ့ အပျိုစင် ဘဝတစ်ခုအတွက် ဒေါ်ဘေဘီ ရောင်းစားခဲ့တာပေါ့။
ဒေါ်ဘေဘီကိုကြည့်ရင်း မျက်ရည်တွေ စီးကျလာသလို ရင်မှာ လည်း ပူလောင်နာကျင်သော ဝေဒနာကြီးက ဆို့တက်လာသည်။
''မေမေ တော် ပါတော့နော် လာ ညီမလေး''
အခန်းထဲက အပြေးလေးထွက်လာကာ မမရတီသာ မခေါ်လျှင် နရီ နှုတ်က ပေါက်ကွဲစကားတွေ လွင့်ထွက်သွားခဲ့မှာ သေချာသည်။
မမရတီက နရီကိုဖေးမတွဲ ကာ အခန်းထဲခေါ်သည်။ ဒေါ်ဘေဘီ က စီးကရက်တစ်လိပ်ကို ကောက်ယူဖွာရှိုက်ရင်း ဧည့်ခန်းကြိမ်ထိုင်ခုံ မှာ ကျန်ရစ်ခဲ့သည်။
အခန်းထဲရောက်တော့ မမရတီက နရီကို ခုတင်စွန်းမှာ အသာ ထိုင်စေ၏ ။ ပြီးတော့ နရီ နဖူးပြင်လေးပေါ်က ဆံနွယ်လေးတွေ ကို သပ်တင်ပေးရင်း
''စိတ်ကိုလျှော့လိုက်ပါ ညီမလေးရယ်၊ နော် ကံအကြောင်းမလှ လို့ မမတို့ ဒီဘဝမျိုးကို ကြုံဆုံရတယ်လို့ပဲ မှတ်ယူပါကွယ်''
လေသံပြေပြေလေးနှင့် မမရတီ နှစ် သိမ့်နေတာကို နရီ ခေါင်း ညိတ်လက်မခံနိုင်တာ အမှန်။
တကယ်ဆို ဦးမြတ်မင်းဆိုသော ထိုလူကြီး အိမ်ကို မကြာခဏ လာနေတာ နရီ သိသည်။ မြင်သည်။
စီးလာတတ်သော ဇိမ်ခံကားကြီးနှင့် ခန္ဓာကိုယ် ဝဖိုင့်ဖိုင့်ကြီး မှာ ဆင်ယင်ဝတ်ဆင်ထားသော လက်စွပ်တွေ ဟန်းချိန်းကြီးတွေ က ပြူးပြဲနေသည်။ ဒေါ်ဘေဘီက အပြုံးတွေ ဝေလျက် ကြိုဆိုတတ်သလို ထိုပုဂ္ဂိုလ်ကြီးရဲ့ အကြည့်စူးစူးတွေ ကလည်း နရီတို့ ညီအစ်မသုံးယောက် ကို အားမနာတမ်း ခပ်ရိုင်းရိုင်း ကြည့်တတ်သည်။
မို့အစ်နီမြန်းသော မျက်နှာကြီးကို ရင်မဆိုင်ချင်တာမို့ နရီက တော့ ဦးမြတ်မင်း ရောက်လာသည်နှင့် အိမ်ခန်းထဲမှာ ပဲ ဝင်ရှောင်နေ တတ်စမြဲ။
နရီ ဒီလောက်အထိ ရှောင်ကြဉ်နေခဲ့တာတောင် ကြမ္မာဆိုးကြီး ကို ရင်ဆိုင်ခဲ့ရတာ ကံတရားကြောင့် တဲ့လား။ လုံးဝ မဟုတ်ခဲ့ပါ။ ဒေါ်ဘေဘီကြောင့် ပဲဆိုတာ သေချာလွန်းသည်။
မှတ်မှတ်ရရ ထိုနေ့ညနေက ဒေါ်ဘေဘီ အဖော်ခေါ်တာမို့ လိုက်ခဲ့ရသော ခြံကြီးသည် ဦးမြတ်မင်းအိမ်ဟု ရောက်မှပဲ နရီ သိခဲ့ရတာ ဖြစ်သည်။
ကြမ္မာဆိုးကြီးကို မျှော်လင့်မထားတာမို့လည်း ဦးမြတ်မင်း ဧည့်ခံ သော အအေးဘူးကို နရီသောက်ခဲ့မိ၏ ။ ဒေါ်ဘေဘီ ကိုယ်တိုင်လည်း သောက်ခဲ့တာပါပဲ။
နရီကျမှ ဘာဆိုဘာမှမသိနိုင်အောင် ဖြစ်သွားခဲ့ခြင်းက မရိုး သားမှု ကြီးဆိုတာ ထင်ရှားသည်။
မိထွေးဆိုပေမယ့် နရီစိတ်က အမေ တစ်ယောက် လိုပဲ သတ် မှတ်ခဲ့သည့် ဒေါ်ဘေဘီ ကိုယ်တိုင်က နရီဘဝကို အမြင့်ဆုံးတင်ပေးခဲ့ တာတဲ့လေ။
''န နရီ အရမ်းဝမ်းနည်းတယ် မမရတီ၊ မေမေ ဒီလိုလုပ်မယ် လို့ လုံးဝ မထင်ခဲ့ဘူး''
''ညီမလေးရယ် မမတို့တစ်မိသားစုလုံး ဘဝပျက်တော့မယ့် အရေး ကိစ္စကြီးကို ညီမလေး ကူညီကယ်တင်လိုက်တာလို့ သဘောထား ပါကွယ်''
''ဟင် ဘယ်လို မမရတီ''
''ဟုတ်တယ် ညီမလေး၊ အန်ကယ် ဦးမြတ်မင်းက အပေါင်ဆုံး တော့မယ့် ဟောဒီ့အိမ်ဂရံကို ငွေဆယ်သိန်းထုတ်ပြီး ရွေးပေးခဲ့တာလေ''
မမရတီ စကားကြောင့် အံ့သြမိပေမယ့် နရီ နာကျင်စွာ ပဲ အံကြိတ်ခေါင်းကိုခါမိရင်း
''ဒီအတွက်ကြောင့် ဆိုရင်လည်း မမရတီနဲ့ နဒီတို့ သွားပါလား၊ ဘာလို့ ညီမလေးကို အကွက်ဆင်ပို့ခဲ့တာလဲ''
''သြော် ညီမလေးရယ်၊ အန်ကယ် ဦးမြတ်မင်းက ညီမလေးပဲ သဘောကျတာတဲ့လေ၊ တကယ်ပါ မမတို့က ညီမလေးကို မပို့ရက်ပါဘူး ကွယ်''
ပြောရင်း မမရတီက နရီကိုယ်လေးကို သိုင်းဖက်ထားတော့ နရီ ဝမ်းနည်းစွာ ရှိုက်ငိုမိပြန်သည်။
''တကတည်းတော် ငိုလို့ မဆုံးတော့ဘူးလား''
အသံနှင့်အတူ အခန်းဝကို ရောက်လာတာ ဒေါ်ဘေဘီပဲ ဖြစ် သည်။
''မေမေရယ် ညီမလေးက ငယ်ပါသေးတယ်''
''ငါ သိတယ် မိရတီ၊ ဒါပေမဲ့ ငါ့မှာ ရွေးစရာလမ်းမှ မရှိတာ၊ ဒီမိသားစုတာဝန်ကြီးကို ကျုပ်ဆိုတဲ့ မိန်းမလည်း ဘဝကော အရှက်သိက္ခာ တွေ ပါ ရင်းပြီး ရှာဖွေကျွေးမွေးခဲ့ရတာ ပါတော် ၊ ကိုယ့်သားသမီးတွေ ကို ကျုပ်က ဒုက္ခရောက်စေချင်ပါ့မလား၊ ဒီမှာ အရှက်သိက္ခာတွေ က ထမင်း တစ်လုပ်ထက် အရေး မပါလှပါဘူး၊ နရီ ကိုမြတ်မင်းက ညည်းဘဝကြီးကို ပြောင်းလဲသွားအောင် လုပ်ပေးနိုင်တယ်နော်''
''ဟင့်အင်း တော် တော် ပါတော့ မေမေ၊ နရီ ဒီ အတိတ်ဆိုး ကြီးကို မေ့ထားပါရစေနော်''
''ညည်း အသေအချာ စဉ်းစားနော်၊ အခု ညည်းတတွဲ တွဲ လုပ်နေတဲ့ လင်းထက်ဆိုတဲ့ကောင်က ဘာအရည်အချင်းရှိလို့လဲ၊ ဆယ် တန်းတောင် မအောင်သေးဘူး၊ အလုပ်မရှိ အကိုင်မရှိ ဝေလေလေနဲ့၊ မိဘအသိုင်းအဝန်းက ချမ်းသာရင်လည်းထားတော့၊ ကိုယ့်အခြေအနေ လောက်တောင် အဆင့်အတန်းမရှိတဲ့ဘဝကို ညည်းမှန်းနေသလား''
ဒေါ်ဘေဘီ မြားဦးလှည့်လာတာကို နရီ ခေါင်းလေးသွက်သွက် ခါ ငြင်းဆိုလိုက်၏ ။
''နရီနဲ့လင်းထက် ဘာမှမ ဖြစ်သေးပါဘူး မေမေ၊ ဟိုလူကြီးကို တော့ နရီ ဘယ်တော့မှ မပတ်သက်ချင်ဘူး၊ မေမေ ဇွတ်ထပ်စီစဉ်မယ်ဆို ရင် သမီး ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်မှာ အဟင့် ဟင့်''
''အို မဟုတ်တာ ညီမလေးရယ်၊ မေမေ တော် ပါတော့ နရီကို နားလည်ပေးလိုက်ပါနော်''
မမရတီက ကြားဝင်တောင်းပန်သည်။ ဒေါ်ဘေဘီ လက်လျှော့ သွားသလို စိတ်ပျက်ခေါင်းခါသည်။
''အင်း ညည်းက ငါ့သွေးသားအရင်းမဟုတ်ဘူးဆိုပြီး ငါ့ကို မိထွေးလို့ သတ်မှတ်နေပုံပဲ၊ ငါ့စေတနာကို နားမလည်တော့လည်း ညည်း ထိုက်နဲ့ညည်းကံပေါ့''
ဒေါ်ဘေဘီ အခန်းဝက ချာခနဲ လှည့်ထွက်သွားတော့ မမရတီ က နရီခေါင်းလေးကိုမော့စေကာ ပါးပြင်က မျက်ရည်တွေ ကို သုတ်ပေး သည်။
''မငိုနဲ့တော့ ညီမလေး၊ ဖြစ်ခဲ့တာတွေ မေ့လိုက်တော့နော်၊ ကဲ လန်းဆန်းသွားအောင် ရေမိုးချိုးလိုက်နော် ညီမလေး''
နရီ ခေါင်းလေးညိတ်ပြလိုက်ပေမယ့် မောနုံးနေသော ရင်ထဲက ဝေဒနာတွေ က ပြေမသွားသေးပါ။
ရေချိုးသန့်စင်လိုက်ရုံနှင့် ဘဝရဲ့ အမည်းစက်ကြီးက ပျောက် ပျက်သွားခဲ့မည် တဲ့လား။
အခန်း(၃)
စားသောက်ဆိုင်ကြီး၏ ကားပါကင်မှာ ပရာဒိုကားလေး ထိုးရပ် ပြီးတော့ ကိုကိုကျော် တံခါးဖွင့်ဆင်းသည်။ ပြီးမှ ကားရှေ့က ကွေ့ပတ် လျှောက်ကာ စန္ဒီဆင်းဖို့ ကားတံခါးကို လာဖွင့်ပေးသည်။
စန္ဒီ ကျေနပ်အပြုံးလေးနှင့် ကားတံခါးက နွဲ့နွဲ့လေးဆင်းလိုက် ၏ ။ ကိုကိုကျော်က စန္ဒီ လက်မောင်းလေးကို ထိန်းကိုင်ရင်း ဖေးဖေးမမ လေးတွဲ ခေါ်သည်။ ဧည့်ကြိုဝန်ထမ်းချာတိတ်က စန္ဒီတို့ကို ရင်းနှီးဖော်ရွေ သော အပြုံးနှင့် ဆီးကြိုသည်။
''မင်္ဂလာပါ အစ်ကိုတို့''
''မင်္ဂလာပါ ညီလေး''
စန္ဒီတို့ ထိုင်နေကျ သီးသန့်အခန်းလေးဆီ လျှောက်ခဲ့စဉ်မှာ ဆိုင်ထဲက လူတွေ အားလုံးအကြည့်တွေ က ကျရောက်နေတာကို စန္ဒီ သိပါသည်။
စန္ဒီအသက်က နှစ် ဆယ့်လေး။ ကိုကိုကျော် အသက်က လေး ဆယ်ဆိုတော့ ကွာခြားလှသော အသက်အရွယ်က သိသာပါသည်။
ကိုကိုကျော်ဆိုတာ ဦးကျော်ကျော်သက်သည် မုဆိုးဖို တစ်ယောက် ဆိုပေမယ့် လက်ရှိအသက်အရွယ်ထက် နုပျိုကာ တည်ကြည်ခန့်ညား သော ရုပ်သွင်က ယောက်ျားပီသပါသည်။
ထိုထက်ပိုမိုသော စိတ်ဝင်စားစရာအချက်က ကိုကိုကျော်၏ ချမ်းသာပြည့်စုံမှု ပဲ ဖြစ်သည်။
အောင်မြင်နေသော စီးပွားရေး လုပ်ငန်းကုမ္ပဏီပိုင်ရှင် ဒါရိုက် တာဆိုသော ဂုဏ်ပုဒ်ကလည်း မက်မောစရာပဲ ဖြစ်၏ ။
''ဘာစားမလဲ စန္ဒီ၊ ကြိုက်တာမှာ လေ''
သီးသန့်အခန်းထဲက စားပွဲဝိုင်းမှာ တော့ ကိုကိုကျော် မေးလာ သည်။ စန္ဒီ အတွေးလေးတွေ ပြတ်တောက်သွားခဲ့ကာ နွေးနွေးလေး ပြုံးပြရင်း
''ကိုကိုကျော် သဘောလေ၊ ကိုကိုကျော် ကြိုက်တာမှာ ပါ၊ စန္ဒီ က အကြိုက်တူပြီးသားပဲ''
စန္ဒီစကားချိုချိုလေးကြောင့် ကိုကိုကျော် ကျေနပ်စွာ ပြုံးသွား ခဲ့သည်။ စားပွဲပေါ်က မီနူးကဒ်လေးကိုကြည့်ကာ ပင်လယ်စာတွေ မှာ သည်။ စန္ဒီ ပင်လယ်စာကြိုက်တာ ကိုကိုကျော် အသိဆုံးလေ။
''ညီလေး အစားအသောက်တွေ မရသေးခင် အချိုရည်နှစ် ဘူး အရင်ယူခဲ့ကွာ ဟုတ်လား''
စားပွဲထိုးလေး အလိုက်သင့်ခေါင်းလေးညိတ်ကာ ထွက်သွား သည်။ ကိုကိုကျော် အကြည့်တွေ စန္ဒီ မျက်နှာလေးဆီ စူးစူးနစ်နစ်လေး ရောက်ရှိလာ၏ ။
ညိုညက်ညက်လေး ချောမောသလို ကိုယ့်ရဲ့ ပင်ကိုအလှကို လည်း ပေါ်ပေါ်လွင်လွင်လေး ဖြစ်အောင် ပြင်ဆင်ခြယ်သတတ်သည့် စန္ဒီ အပေါ်မှာ ကိုကိုကျော် တိမ်းညွှတ်ငြိတွယ်ခဲ့တာ မကြာသေးပါ။
ငယ်ငယ်ရွယ်ရွယ်နှင့် ဇနီး ဖြစ်သူ တိမ်းပါးကာ မုဆိုးဖိုဘဝ ရောက်သွားသော ကိုကိုကျော်ကို ကျွမ်းဝင်ပတ်သက်ခွင့်ရအောင် စန္ဒီ ကိုယ်တိုင်ပဲ ဖန်တီးကြိုးစားခဲ့တာ ဖြစ်သည်။
ကိုကိုကျော့် ကုမ္ပဏီမှာ အလုပ်လျှောက်ခဲ့သည့်ရည်ရွယ်ချက် က အောင်မြင်ခဲ့ပါသည်။
တကယ်ဆို ခင်စန္ဒီဆိုသော သူမသည် ကုမ္ပဏီပိုင်ရှင်သူဌေး တစ်ယောက် ရဲ့ စက္ကထရီ အတွင်းရေး မှူးတစ်ဦး ဖြစ်ရအောင် ပညာရေး မှာ ပြည့်စုံခဲ့တာ မဟုတ်ပါ။
ဒါပေမဲ့လည်း ကိုကိုကျော်က မိသားစုကို ကျွေးမွေးရုန်းကန်နေ သော သူမကို စာနာသနားကာ အလုပ်မှာ စာရေး မအ ဖြစ် လက်ခံခဲ့ သည်။ နှစ် လအတွင်းမှာ စန္ဒီသည် ကိုကိုကျော်ရဲ့ အတွင်းရေး မှူးမလေး ဖြစ်ခဲ့၏ ။
''စန္ဒီလေး သောက်လေ''
ကိုကိုကျော့် အသံကြားမှ အချိုရည်ဘူးလေးက အသင့်ဖောက် ပြီး စန္ဒီရှေ့ရောက်နေမှန်း သတိထားမိတော့သည်။
စန္ဒီ ခေါင်းလေးညိတ်ကာ တစ်ငုံမော့သောက်လိုက်၏ ။
''စန္ဒီ သဘက်ခါကျ ကိုယ်နဲ့ဒင်နာပွဲ လိုက်ခဲ့နော်''
ကိုကိုကျော် စကားကြောင့် စန္ဒီငုံထားသော အချိုရည်တွေ ကို ကသော ကမျော မျိုချလိုက်ရဟန်နှင့်
''ဟို ဟိုလေ စန္ဒီ မလိုက်တော့ဘူး ကိုကိုကျော်''
''ဟင် ဘာလို့လဲကွာ''
''ကိုကိုကျော်ရယ် ဒင်နာတစ်ခုတက်တယ်ဆိုတာ စန္ဒီတို့လို အောက်ကြမ်းခင်းက မိန်းကလေးတွေ အတွက် လွယ်ကူတဲ့ကိစ္စမှ မဟုတ် တာ၊ အဝတ်အစား လက်ဝတ်ရတနာဆိုတာ သူများ နဲ့တန်းတူ ဝတ်နိုင် ဆင်နိုင်မှ ကိုကိုကျော်ရဲ့ ၊ အဲဒီ လိုမှ မဝတ်ဆင်နိုင်ဘဲ ကိုကိုကျော်ရဲ့ ပွဲတက်ဖော်အ ဖြစ် စန္ဒီ မလိုက်သင့်ပါဘူး၊ ကိုကိုကျော် သိက္ခာကျပါတယ်''
စန္ဒီ ဝမ်းနည်းသံလေးနှင့်ဆိုတော့ ကိုကိုကျော် လက်မခံသလို ခေါင်းကိုခါသည်။
''မရဘူး အဲဒီ လို အားငယ်စိတ်တွေ မထားရဘူးလေကွာ၊ အရင်လက စန္ဒီကို ကိုကိုကျော် ဝယ်ပေးထားတဲ့ နီလာတစ်ဆင်စာနဲ့ လိုက်ဖက်တဲ့ဝတ်စုံလေး ဝတ်ခဲ့ပေါ့ကွာ''
ကိုကိုကျော် စကားကြောင့် စန္ဒီ ပင့်သက်လေးရှိုက်ရင်း မျက်နှာ လေးညှိုးကာ ခေါင်းလေးငုံ့ထားလိုက်၏ ။ စန္ဒီ မျက်နှာကို အရိပ်လိုကြည့် နေသော ကိုကိုကျော် မနေတတ်တော့ပါ။
''စန္ဒီ ဘာ ဖြစ်တာလဲဟင်၊ ဘာအခက်အခဲရှိနေလို့လဲ''
''ပြောရမှာ တောင် အားနာလွန်းလို့ ဘယ်ကစပြီး ပြောရမှန်း တောင် မသိတော့ဘူး ကိုကိုကျော်ရယ်''
''မဟုတ်တာကွာ၊ ကိုယ်တို့ကြားမှာ အားနာတယ်ဆိုတဲ့စကား သုံးဖို့လိုနေသလား''
ကိုကိုကျော်နှုတ်က ဒီစကားထွက်လာမည် ဆိုတာ စန္ဒီ ယုံသည်။ စန္ဒီ ရွှေ့သည့်အကွက်ထဲ တည့်တည့်မတ်မတ် ဝင်လာပြီဆိုတော့လည်း စန္ဒီ စိတ်ကူးလေးတွေ ပုံဖော်ဖို့အသင့်။
''ဟိုလေ အဲဒီ ကိုကိုကျော် ဝယ်ပေးတဲ့ နီလာတစ်ဆင်စာက လေ အခု ဟို အပေါင် အပေါင်ဆိုင်မှာ ရောက်နေတယ်၊ အခုလောက် ဆို အတိုးလည်းမသတ်နိုင်နဲ့ စန္ဒီ အရမ်းစိတ်ညစ်နေတာ၊ အဲဒီ တုန်းက ဖေဖေ နေမကောင်းလို့ ဆေးခန်းလိုက်လိုက်ရတာ တစ်ပတ်းနီးပါးပဲ၊ ဓာတ်မှန်ရိုက် အီးစီဂျီရိုက်နဲ့ ငွေဆိုတာ ပြိုက်ခနဲပဲ ကိုကိုကျော်ရယ်''
စန္ဒီ ချက်ချင်း ပဲ မျက်ရည်လေးတွေ ရစ်ဝဲလာကာ ပြောတော့ ကိုကိုကျော် ကရုဏာအကြည့်တွေ နှင့် ကြည့်နေခဲ့သည်။
''ကိုကိုကျော် စန္ဒီကို စိတ်မဆိုးပါနဲ့နော်၊ ဟိုလေ စန္ဒီ ဘယ်လို မှ ကြံရာမရ ဖြစ်လို့ပါ''
စားပွဲပေါ်က စန္ဒီလက်ကလေးကို ကိုကိုကျော် ဆုပ်ကိုင်ရင်း ခေါင်းကိုသွက်သွက်လေး ခါသည်။
''ကိုယ်က ဘာလို့စိတ်ဆိုးရမှာ လဲ စန္ဒီလေးရယ်၊ စန္ဒီလေး ဘဝကို သနားနေတာပါ၊ အင်းလေ ကိုယ့်မိဘအတွက်ပဲကွာ၊ ကိုကိုကျော် စာနာ နားလည်ပါတယ်၊ ခေါင်းထဲက မေ့ပစ်လိုက်နော်''
ကိုကိုကျော် ပြောနေတုန်းမှာ ဝိတ်တာလေးက မှာ ယူထားသော စားစရာတွေ ကို သယ်ယူလာတာမို့ စကားခဏပြတ်တောက်သွားခဲ့ရသည်။
စန္ဒီ စိတ်ထဲမှာ အရေး ကောင်းတုံး ဝင်လာသော အဖျက်ကြောင့် ဝတ်တာလေးကို ဒေါသ ဖြစ်မိသေး၏ ။
ယူလာသော ဟင်းလျာတွေ ကို စားပွဲပေါ်မှာ ပြင်ဆင်ပေးနေတာ ကိုတောင် စိတ်ကမရှည်ချင်ပါ။ စန္ဒီ ကြိုက်နှစ်သက် သော အငွေ့တထောင်း ထောင်း ပင်လယ်စာတွေ ကိုလည်း ခုချိန်မှာ စန္ဒီ စိတ်မဝင်စားနိုင်ပါ။
''အိုကေ ညီလေး၊ ကိုယ်တို့လိုတာရှိမှ ခေါ်လိုက်မယ်''
ကိုကျော် စကားကို ချာတိတ်ခေါင်းလေးညိတ်ကာ အခန်းအပြင် ဘက် ထွက်သွားသည်။
''ကဲ စန္ဒီလေး စားကွာ၊ ကိုယ်တော့ ဆာနေပြီ''
ပြောရင်း ကိုကိုကျော်က တူတစ်စုံကို ကောက်ကိုင်ကာ စန္ဒီ့ ပန်းကန်ထဲ ပုစွန်ထုပ်ကြီးတစ်ကောင် လှမ်းထည့်သည်။
''စားလေ စန္ဒီ''
''ဟင့်အင်း စန္ဒီ စိတ်မကောင်းလို့ စားချင်စိတ်လေးတောင် ပျောက်သွားပြီ ကိုကိုကျော်ရယ်''
အစားအသောက်တွေ ထဲ အာရုံရောက်နေသော ကိုကိုကျော် အာရုံတွေ ကို စန္ဒီ မာယာသုံးကာ ပြန်ခေါ်ရသည်။
ကိုကိုကျော့်အာရုံတွေ က စန္ဒီ့ဆီ ချက်ချင်း ပြန်ပါလာ၏ ။
''ဘာများ စိတ်မကောင်း ဖြစ်စရာလိုလဲကွာ၊ အခု စားသောက် ပြီးတာနဲ့ စန္ဒီလေးအတွက် ပလက်တီနမ်တစ်ဆင်စာ ကိုယ်ဝယ်ပေးမယ်၊ ခဏထားထားတယ်ဆိုတဲ့ နီလာတစ်ဆင်စာကိုလည်း ပြန်ရွေးပေါ့၊ ကိုကို ကျော် ပိုက်ဆံပေးလိုက် မယ် ဟုတ်လား''
စန္ဒီ ဝမ်းသာလွန်းလို့ ထခုန်ပစ်လိုက်ချင်စိတ်ကို ထိန်းချုပ်ထား ရ၏ ။ စန္ဒီ ဆင်ထားသည့် ဂွင်ထဲ တကယ့်ကွက်တိပါပဲလား။ ကိုကိုကျော်ရဲ့ သဒ္ဓါပိုမှု ကြောင့် ပလက်တီနမ် တစ်ဆင်စာက အပိုဆု ဖြစ်နေသေးသည်။
ဒါပေမဲ့ စန္ဒီတို့က ဣိတ္ထိမာယာကျမ်းကို ကျေညက်ပြီးသူပီပီ။
''ဟင့်အင်း ဝယ်မပေးပါနဲ့ ကိုကိုကျော်ရယ်၊ စန္ဒီ မယူချင်ပါဘူး၊ ကိုကိုကျော်က စန္ဒီဝတ်စေချင်လို့ ဝယ်ပေးတာဆိုပေမယ့် အိမ်က စီးပွား ရေး အခြေအနေကမှ မပြည့်စုံတာ၊ ဒီလိုပဲ ပျောက်ပျက်သွားဦးမှာ ၊ အိမ်မှာ က စန္ဒီနဲ့ မမရတီ ဝင်ငွေလေးနဲ့ ရှင်သန်နေရတာ ပါ၊ ဖေဖေ မေမေနဲ့ ညီမလေး နရီက ဘာဝင်ငွေမှမရှိဘူးလေ၊ အိမ်လခနဲ့ စားဝတ်နေရေး က တကယ်စိတ်ညစ်စရာပါ''
ငြင်းဆိုရင်း စန္ဒီ ခိုလေးတစ်ကောင်လို ညည်းပြနေလိုက်သည်။ ကိုကိုကျော် ခေါင်းလေးတညိတ်ညိတ်နှင့် တည်ငြိမ်စွာ နားထောင်ပေးနေ ပုံက စန္ဒီ့အပူတွေ ကို ငြိမ်းချမ်းသွားအောင် ဖြည့်ဆည်းပေးမည့် အသွင်။
''အင်း စန္ဒီလေး အဲဒီ လို ရုန်းကန်နေရတာ ကိုယ့်ကြောင့် ပါကွာ၊ ကိုယ်က စန္ဒီလေးကို ချစ်ဖို့ပဲသိတာ၊ စန္ဒီ့ဘဝရဲ့ လိုအပ်ချက်တွေ ကို ဖြည့် ဆည်းပေးဖို့ မေ့နေခဲ့တာ ညံ့တာပဲ''
တကယ့်ကို စိတ်မကောင်းဟန်နှင့် ကိုကိုကျော် ပြောနေတော့ စန္ဒီ ရင်လေးတွေ ခုန်ကာ နားစွင့်ထားမိသည်။
''ကဲ စန္ဒီတို့မိသားစု အိမ်ငှားနေစရာမလိုတော့ဘူး၊ ကိုယ် အိမ်တစ်လုံး ဝယ်ပေးမယ်၊ ပြီးရင် အိမ်စားစရိတ်အတွက် တစ်လကို နှစ် သိန်းသတ်မှတ် ထောက်ပံ့ပေးမယ်၊ ဒီရက်ထဲမှာ စန္ဒီကိုယ်တိုင် သဘော ကျမယ့် ခြံကိုရှာလိုက်လေ၊ ကိုယ် မနက်ဖြန် သိန်းနှစ် ရာတန် ချက် လက်မှတ် ပေးလိုက် မယ် ဟုတ်လား''
စန္ဒီ့မျက်နှာလေး ဟန်မဆောင်နိုင်လောက်အောင် တောက်ပ ဝင်းလက်သွားခဲ့သည်။
''ကိုကျော်ရယ် စန္ဒီ စန္ဒီ ဘာပြောရမှန်းတောင် မသိတော့ဘူး''
ဝမ်းသာလွန်းလို့ စန္ဒီ့အသံလေးတွေ တုန်နေတော့ ကိုကိုကျော် စန္ဒီ့ပခုံးလေးကို ဆုပ်ကိုင်ပြုံးရင်း
''ဘာမှမပြောနဲ့တော့ စန္ဒီလေး စိတ်ဆင်းရဲနေတာကို မမြင် ရက်ဘူး''
''ကိုကိုကျော်ရယ် စန္ဒီအတွက် အိပ်မက်မက်နေသလားလို့ တောင် ထင်မိတယ်၊ မေမေတို့သိရင် ဝမ်းသာသွားကြမှာ သေချာတယ်''
''ကဲပါ စန္ဒီလေးရယ် ဝမ်းသာလုံးတွေ ဆို့ပြီး မှာ ထားတာတွေ မစားနိုင် ဖြစ်နေဦးမယ်၊ စားလိုက်ကြရအောင်နော်''
''စန္ဒီ တကယ်ပျော်လွန်းလို့ စားလို့တောင် ဝင်ပါ့မလား မသိ ဘူး''
''စားလို့မဝင်ဘူး မလုပ်နဲ့၊ ကိုယ် မှာ ထားတာတွေ အများ ကြီး၊ စန္ဒီလေး အကြိုက်တွေ ချည်းနော်၊ ကဲ''
ပြောရင်း ကိုကိုကျော် ဂဏန်းသားတစ်ဖတ်ကို တူလေးနှင့်ညှပ် ကာ စန္ဒီ့ကို ခွံ့ကျွေးသည်။
စန္ဒီ ကျေနပ်အပြုံးလေးနှင့် ပါးစပ်လေးဟစားလိုက်ပြီး ကိုကို ကျော်ကို ပင်လယ်ပုစွန်ထုပ် တစ်ဖဲ့ဖဲ့ကာ ခွံ့ကျွေးလိုက်၏ ။
''စန္ဒီလေးကို ကိုယ် သိပ်ချစ်တယ် သိလား''
ကိုကိုကျော် တိုးတိုးလေးပြောတော့ စန္ဒီ ပြုံးပြုံးလေးနှင့် ခေါင်း လေးညိတ်ပစ်ရင်း
''စန္ဒီလည်း ကိုကို့ကို သိပ်ချစ်ပါတယ်ကွာ''
စန္ဒီ့အသံက တိုးတိုးလေးပေမယ့် ကိုကိုကျော့်ရင်ဘတ်တစ်ခု လုံးကိုတော့ တုန်ခါသွားစေမှာ သေချာပါတယ်။
မာယာချိုချိုတွေ ကို ယောက်ျားတိုင်းက မက်မောနှစ်သက် ကြ တာ စန္ဒီတို့ ကောင်းကောင်းသိပါတယ်။ ဒီလိုအတတ်ပညာတွေ ကို စန္ဒီနဲ့ မမရတီ ကျွမ်းကျင်စွာ တတ်မြောက်ခဲ့တာ ကြာပြီ။
မေမေသာသိလျှင်တော့ စန္ဒီ့အရည်အချင်းကို သဘောကျ ချီးကျူးဦးမှာ အသေအချာ။
အခန်း(၄)
အိမ်ရှေ့မှာ ထိုးရပ်လာသော တက္ကစီတစ်စီးကြောင့် နရီ အိမ် ရှေ့ခန်းမှာ မီးပူတိုက်နေရင်း လှမ်းကြည့်မိသည်။
တက္ကစီပေါ်က ဆင်းလာသူက မမရတီမဟုတ်ပါဘဲ စန္ဒီ ဖြစ် နေသည်။ လက်ထဲမှာ လည်း ဆွဲအိတ်တွေ က လက်နှစ် ဖက်အပြည့်နှင့် အိမ်ပေါ်ကို လှမ်းကြည့်ကာ
''ဟဲ့ နရီ လာပါဦးဟ၊ ဒီမှာ လာကူသယ်ပေးစမ်းပါဦး''
စန္ဒီ လှမ်းခေါ်တာကို နရီ ကြောင်ငေးငေးလေး ကြည့်နေရာမှ လက်ထဲက မီးပူခလုတ်ပိတ် ထောင်ထားခဲ့ကာ ခပ်သုတ်သုတ်လေး ပြေးဆင်းခဲ့သည်။
စန္ဒီက ကားနောက်ခန်းတံခါးဖွင့်လိုက်တာမို့ နရီ လှမ်းမြင်လိုက် ရတာ တီဗီပုံးကြီး ဖြစ်နေသည်။
''တီဗီကို နင် နိုင်မှာ မဟုတ်ဘူး နရီ၊ ဟော ဟိုက စကိုင်း နက်(ခ်)ဘူးကိုပဲ သယ်ခဲ့၊ ကားဆရာ အိမ်မှာ က မိန်းမသားတွေ ပဲမို့ နည်းနည်း လောက် ကူပေးပါလားရှင်''
''ဟုတ်ကဲ့ ရပါတယ်ဗျာ၊ တစ်ယောက် တည်းတော့ မနိုင်ဘူး လေ''
''လာလေ သမီး၊ မေမေပါ ဝိုင်းကူသယ်မှာ ပေါ့၊ သမီး တီဗီပုံး ကြီးက အကြီးကြီးကို''
''အဖေကော အမေ''
''အမလေး ညည်းအဖေလား၊ မမေးနဲ့ ထုံးစံအတိုင်း ဇရက် မင်း စည်းစိမ်ခံနေမှာ ပေါ့၊ ပြန်မလာသေးဘူး''
ဒေါ်ဘေဘီ မကျေမနပ်အသံနှင့်ပြောရင်း တီဗီပုံးကြီးကို ကား ဆရာနှင့် နှစ် ယောက် အတူ ဝိုင်းသယ်ပေးသည်။
''ဟင် မေမေ ဘယ်နိုင်မှာ လဲ၊ ဖယ် ဖယ် သမီး သယ်ပေးမယ်''
အိမ်ထဲက ထွက်ပြေးဆင်းလာသော မမရတီကပါ ဝိုင်းကူသယ် ရင်း တီဗီပုံးကြီး အိမ်ပေါ်ရောက်လာသည်။
နရီကိုယ်တိုင်လည်း အံ့သြစိတ်လေးနှင့် စကိုင်းနက်ပုံးကို သယ် ယူခဲ့သည်။
အိမ်ပေါ်ရောက်တော့ စန္ဒီ စလင်းဘတ်အိတ်ထဲက ငါးထောင် တန်နှစ် ရွက်ကိုထုတ်ကာ တက္ကစီဆရာထံ လှမ်းပေး၏ ။
''ပိုတဲ့နှစ် ထောင် ပြန်မအမ်းနဲ့တော့ လက်ဖက်ရည်ဖိုးယူလိုက်၊ ကူညီပေးတာ ကျေးဇူးပဲနော်''
''ဟုတ်ကဲ့ ကျွန်တော် ကလည်း ကျေးဇူးတင်ပါတယ်၊ ခွင့်ပြုပါ ဦးဗျာ''
တက္ကစီ ဒရိုင်ဘာ လှမ်းထွက်သွားသည်နှင့် ဒေါ်ဘေဘီ စန္ဒီ့ ကို အံ့သြမျက်ဝန်းတွေ နှင့်ကြည့်ရင်း
''သမီး ဝယ်လာတာတွေ မနည်းပါလားအေ''
''နင် ဘယ်ဂွင်ဖန်လာတာလဲ စန္ဒီ၊ ငါ့ညီမက ဖန်လိုက်ရင် အချီကြီးပါလား''
မမရတီ လေသံမှာ လည်း အံ့သြရိပ်တွေ စွက်လျက် စန္ဒီ့ကို အားကျမျက်ဝန်းတွေ နှင့် ကြည့်ပေးနေသည်။
''အဟင်း ဒေါ်ဘေဘီ့ရဲ့ သမီးပဲ မမရတီရယ်၊ အခု ဖန်လာတဲ့ ဂွင်က မမတို့မြင်နေရတာ ထက်တောင် ပိုပြီးခိုင်မာသေးတယ်ဆိုတာ စန္ဒီ ပြောပြရင် မေမေရော မမရတီပါ ဝမ်းသာလုံးဆို့ပြီး ထိုင်ငိုကုန်မှာ သေချာတယ်''
ကြိမ်ဆက်တီထိုင်ခုံမှာ ခြေလေးချိတ်ထိုင်ပြီး ပြောနေသော စန္ဒီ့စကားကြောင့် ဒေါ်ဘေဘီ မျက်ဝန်းတွေ ပိုမိုတောက်ပသွား၏ ။
''ကဲ ပြောစမ်းပါ သမီးရဲ့ ၊ မေမေ စိတ်ဝင်စားလွန်းလို့''
စားပွဲပေါ်က စီးကရက်တစ်ဘူးကို လှမ်းယူကာ တစ်လိပ်ထုတ် သောက်ရင်း ဒေါ်ဘေဘီ မေးသည်။
နရီ ခေါင်းလေးမော့ကာ စန္ဒီ့စကားတွေ ကို နားစွင့်ထားမိတာ အမှန်။
''တခြားသူမဟုတ်ဘူး အမေ၊ ဒါတွေ ကိုကိုကျော် ဝယ်ပေး လိုက်တာ''
''သမီးဘော့စ် မောင်ကျော်ကျော်သက်လား''
''ဒါပေါ့ အမေရဲ့ ၊ ဒီနေ့သမီးကို အားလုံး ကိုကိုကျော် ဝယ်ပေး လိုက်တာ၊ သမီးအတွက် ပလက်တီနမ် တစ်ဆင်စာနဲ့ တီဗီတွေ စကိုင်း နက်(ခ်)တွေ အပြင် ပလာဇာထဲမှာ စိတ်ကြိုက်မွှေခဲ့တာပေါ့ အဟင့် ဟင့်''
စန္ဒီ ဂုဏ်ယူဝံ့ကြွားသံလေးနှင့် ပြောနေသလို ဒေါ်ဘေဘီက လည်း ကျေနပ်အပြုံးနှင့် ခေါင်းညိတ်နားထောင်နေ၏ ။
''ဒါနဲ့တင် မပြီးသေးဘူး အမေ၊ တစ်လ အိမ်စရိတ် နှစ် သိန်း နဲ့ သိန်းနှစ် ရာတန် ခြံတစ်ကွက်ပါ ရက်ပိုင်းအတွင်းရမှာ ''
''ဟယ် တကယ်''
မမရတီနှုတ်က အံ့သြသံတွေ ထွက်လာသည်။ စန္ဒီ စလင်းဘတ် အိတ်လေးကို စားပွဲပေါ်ပစ်တင်ရင်း
''တကယ်ပေါ့ မမရတီ၊ ဒီရပ်ကွက်ထဲမှာ မနေချင်တော့ဘူး၊ ဒီထက်သာတဲ့ကောင်းတဲ့နေရာတစ်ခုမှာ နေချင်လို့ ဂွင်ဆင်လိုက်တာ၊ ဒီ အိမ်ကို ငှားနေရတာ ဆိုတော့ ကိုကိုကျော်က ချက်ချင်း အိမ်ဝယ်ခိုင်းတော့ တာပဲ အဟင့် ဟင့်''
''သမီးငယ်က တော် တယ်၊ ဒါပေမဲ့ ဒီမှာ အသားကျနေတဲ့ အိမ်ကို ဘာလို့ရောင်းမှာ လဲ''
ဒေါ်ဘေဘီ မကျေနပ်သလို ပြောတော့ စန္ဒီ ခေါင်းကိုခါသည်။
ပလက်တီနမ် နားဆွဲလေးက လှုပ်ခါဝင်းလက်သွား၏ ။
''အမေရယ် ဒီရပ်ကွက်ကို ဘာလို့သံယောဇဉ် တွယ်နေရတာ လဲ၊ သမီးတို့မိသားစုအကြောင်း သိနေတော့ အထင်သေးမျက်ဝန်းတွေ နဲ့ကြည့်ကြတာ သမီး မခံနိုင်ဘူး၊ အမေ့ယောက်ျား ဇိုးသမားကြီးကြောင့် လည်း သိက္ခာကျပါတယ်''
''စန္ဒီ ပြောတာ ဟုတ်တယ် အမေ၊ သမီးတို့ တခြားနေရာ ပြောင်းနေတာ ပိုကောင်းပါတယ်''
မမရတီကပါ ဝင်အကြံပေး၏ ။ ဒေါ်ဘေဘီ ကတော့ ငြိမ်သက် တိတ်ဆိတ်နေသည်။ နရီ ကတော့ မမရတီနှင့် စန္ဒီကို စိတ်ဝင်စားသွား မိပါသည်။
နရီ ကိုယ်တိုင် ဒီရပ်ကွက်ကြီးထဲမှာ မနေချင်တော့ပါ။
အရိပ်ဆိုးကြီးကြောင့် အိမ်ထဲကအပြင် ထွက်ရခက်အောင် လိပ်ပြာမလုံ ခံစားနေရသည်။ ပြီးတော့ ဦးမြတ်မင်း ဆိုသော လူကြီး အန္တရာယ်ကိုလည်း ကြောက်ပါသည်။ နရီ ယတိပြတ်ငြင်းထားတာမို့ ဒေါ်ဘေဘီ ဘာမှ ခြေဆက်မလှမ်းပေမယ့် အကြွင်းမဲ့ ယုံကြည်မထား ရဲပါ။
''နရီ ညည်းကကော အိမ်ပြောင်းမှာ ကိုလက်ခံရဲ့ လား''
ဒေါ်ဘေဘီအကြည့်တွေ နရီဆီရောက်လာကာ ဆန္ဒကိုမေး တော့ နရီ ခေါင်းလေးညိတ်ပြရင်း
''အမေတို့ အဆင်ပြေတာစီစဉ်ပါ၊ နရီ ကတော့ ပြောင်းရတာ ကို သဘောကျတယ်''
''ကဲ အမေ သမီးတို့ညီအစ်မသုံးယောက် စလုံးက သဘောတူ နေမှတော့ ငြင်းမနေပါနဲ့''
စန္ဒီက ပြောတော့ ဒေါ်ဘေဘီ ခေါင်းတညိတ်ညိတ်ပြုနေရင်းမှ
''ငါကလည်း ညည်းတို့အစီအစဉ်ကို ကြိုက်ပါတယ်၊ခက်တာက ညည်းတို့အဖေ ကိုထွန်းရီလေ၊ ဒီခြံကသူ့အမည် ပေါက် သူပိုင်ဆိုင်တာ၊ အရက်တွေ သောက်ပြီး အမေ့ကိုအခုတလော ကန့်လန့်တိုက်နေတာအေ့''
''အို အမေကလည်း အားလုံးအတွက် အကောင်းဆုံးစီစဉ်တာ ကိုမှ အမေ့ယောက်ျားကြီး မနာခံရင်လည်းသူ့ဘာသာ တစ်ယောက် တည်း ပစ်ထားခဲ့ပေါ့''
စန္ဒီ ကတော့ မကျေနပ်သည့်အတိုင်း ဘွင်းဘွင်းပဲပြောသည်။ တကယ်ဆို မိခင်နှင့် ပက်သက်ပြီးမှတော် စပ်သည့် ပထွေး ဖြစ်ကာ မိသားစု တာဝန်တွေ လည်း ဥပေက္ခာပြုထားသော အရက်ကျေးကျွန်အဖေကို စန္ဒီ အပြစ်မြင်တာ နရီ အဆိုးမပြောလိုပါ။
''အဖေ တစ်ယောက် တည်း မနေခဲ့ပါဘူးအမေရယ်၊ ညီမလေး စန္ဒီ အစီအစဉ်ကိုပဲလက်ခံလိုက်ပါ''
မမရတီ ကစကားဖြတ်ကာဝင်ပြောတော့ ဒေါ်ဘေဘီ ခေါင်း ညိတ်လက်ခံသည်။
''သြော် ဒါနဲ့ သမီးစန္ဒီ အဲဒီ မောင်ကျော်ကျော်သက် ဆိုတဲ့သူက မိန်းမမရှိပါဘူးနော်''
''မုဆိုးဖိုလေ အမေရဲ့ ''
''အေးလေ မိန်းမသေလို့မုဆိုးဖို ဖြစ်တာ မဆန်းပါဘူး၊ ပြီးတော့ သူ့မှာ သားသမီးလည်းမရှိဘူးဆိုတော့ သမီးအတွက်တော့ ရွေးချယ်သင့် တဲ့သူပဲ၊ သမီးသူ့ကိုအတည်ယူ ဖြစ်အောင်ကြိုးစားပါ၊ အမေ့သဘောက တော့ သမီးတို့ကို ဒီလိုပြည့်ပြည့်စုံစုံယောက်ျားနဲ့တွေ့ ပြီး တစ်သက်လုံး အဆင်ပြေပြေရှိစေချင်တယ်၊ ဒီခေတ်ကြီးမှာ ငွေရှိရင် အမည်းစက်ကြီးဆို တာလည်း သူ့အလိုလိုမှေးမှိန်သွားမှာ ပါ''
ဒေါ်ဘေဘီ ကတော့ သူ့ခံယူချက်နဲ့သူ အရာရာကို တင့်တယ် သည်ဟုယူဆနေ၏ ။ နရီ ပင့်သက်လေးရှိုက်ရင်း နှုတ်ဆိတ်နေလိုက်ပါ သည်။
ဒေါ်ဘေဘီအလိုကျ မမရတီနှင့် စန္ဒီတို့က ရှင်သန်ဖို့အသင့်ရှိနေ ပေမယ့် နရီ ကတော့ ဘယ်လိုမှလက်မခံနိုင်ပါ။
ဒါပေမဲ့ အပျိုစင်ဆိုသော ဘဝတစ်ခုကိုတော့ နရီ ပေးဆပ် ဆုံးရှုံးခဲ့ရသော အ ဖြစ်ကြီးကအိမ်မက်တစ်ခု မဟုတ်ခဲ့ပါ။
''သူက သမီးရွေးချယ်သင့်တဲ့သူပဲ''
''ဒါတော့ သမီးမစဉ်းစားချင်ဘူး မေမေ၊ သမီး ကိုကိုကျော် ကို ချစ်လို့မရဘူး''
''သမီးဘဝကို အခုလို အခြေအနေကြီးနဲ့ ရပ်တည်နေရမှတော့ အချစ်ဆိုတာကို ထည့်စဉ်းစားဖို့ လိုတော့လို့လား၊ အချစ်ကို ဦးစားပေး နေရင် အဲဒီ အချစ်က သမီးဘဝရဲ့ အမည်းစက်တွေ ကို ဖော်ထုတ်သွားလိမ့် မယ်၊ နောက်ဆုံးမှာ သမီး နာကျင်ခံစားရရုံပဲ ရှိတော့မှာ ပေါ့''
ဒေါ်ဘေဘီ စကားတွေ ကို စန္ဒီ ခေါင်းရှုပ်သလို ခါရမ်းပြီး ပင့် သက်လေး ရှိုက်သည်။
''ကဲပါ အမေရယ်၊ စိတ်ညစ်စရာတွေ မတွေးပါရစေနဲ့၊ သမီး စဉ်းစားပါရစေဦး၊ အချိန်တွေ အဝေးကြီး လိုသေးတယ်''
''ဟေ့ ဘယ်ခွေးမှ လူမထင်ဘူးကွ အေ့၊ ကိုယ့်ဟာကိုယ် မူး ချင်လို့ သောက်တာကွ''
အိမ်ရှေ့လမ်းမဆီမှ ကြားလိုက်ရသော အဖေ့အော်သံကြီး ကြောင့် ဒေါ်ဘေဘီ မျက်လုံးတွေ ပြူးသွား၏ ။
''ဟော လာပါပြီ ကဲ ဒီပစ္စည်းတွေ ညည်းတို့အဖေ မမြင်အောင် အမြန်သိမ်းလိုက်ကြစမ်း၊ တော် ကြာ တွေ့ သွားမှ မူးမူးရူးရူးနဲ့ ပြောချင် တာတွေ လျှောက်ပြောနေဦးမယ်''
စန္ဒီ ဝယ်လာသော ပစ္စည်းအိတ်တွေ ဆွဲယူကာ အခန်းထဲလှမ်း ဝင်သွားသည်။ နရီက အခန်းထောင့်မှာ ရှိနေသော တီဗီပုံးကြီးကို အဖေ မမြင်အောင် အညာစောင်တစ်ထည်နှင့် ဖုံးလိုက်၏ ။
မမရတီက စကိုင်းနက်ခ်ဘူးကြီးကို မယူသွားခဲ့သည်။
အဖေ မူးလာလျှင် စကားတွေ ပလုံစီအောင် ပြောတတ်တာ ကြောင့် နရီလည်း ကိုယ့်အခန်းထဲ လှမ်းဝင်ခဲ့လိုက်ပါသည်။
ဦးထွန်းရီ ဒယိမ်းဒယိုင် ခန္ဓာကိုယ်ကြီးနှင့် အိမ်ပေါ်လှမ်းတက် လာသည်ကို ဒေါ်ဘေဘီ ကြိမ်ကုလားထိုင်မှာ ဟန်မပျက်ထိုင်ရင်း ခပ်မဲ့ မဲ့ စိုက်ကြည့်နေလိုက်၏ ။
''အေ့ ငါလာမှ မင်းသမီးတွေ က ဘာလို့ အထဲဝင်သွားကြတာ လဲ''
''သူတို့ အခုမှ အလုပ်ကပြန်လာတော့ ပင်ပန်းပြီး နားချင်ပြီ ပေါ့ရှင်''
''ဘာ အလုပ်ကပြန်လာတယ် ဟုတ်လား၊ အဟတ် ဘာ အလုပ်လဲ၊ မင်းရဲ့ ပညာတွေ နဲ့ မြှူဆွယ်တဲ့အလုပ်လား အေ့''
''တော် စကားကို လက်လွတ်စပယ် မပြောနဲ့၊ ကျွန်မ ရန်မ ဖြစ် ချင်လို့ နှုတ်ဆိတ်နေတာကို အကောင်းထင်မနေနဲ့၊ ရှင်က ဘာမိသားစု တာဝန်ယူထားသလဲ ပြောလေ''
''ဟေ့ ငါ ရှာနိုင်တုန်းက ရှာကျွေးပြီးပြီ၊ အခု သားသမီးတွေ က တစ်လှည့်ကျွေးမွေးရတာ ပါကွ''
''တော် စမ်းပါရှင် သားသမီးတွေ က ရှင့်ကို သဒ္ဓါလို့ကျွေးတယ်၊ ဒါကို ရှင်က အငြိမ့်သား ထိုင်စားရုံနဲ့ အားမရဘဲ အမြဲမူးရစ်ရမ်းကား နေတာတော့ လွန်တယ်''
''ဟေ့ ငါ့ဘာသာ ငါ မူးတယ် ရမ်းတယ်၊ ဘာ ဖြစ်လဲ ဒါပေမဲ့ ဘဝကို ရိုးရိုးကျင့်မြင့်မြင့်ကြံနေလာခဲ့တာကွ၊ မင်းလို သားသမီးတွေ ကို ပေါက်ကရ မသင်ပေးဘူး''
''ကိုထွန်းရီ တော် တော့၊ ရှင့်လို အိမ်ထောင်ဦးစီး ယောက်ျား ရင့်မာကြီး တစ်ယောက် ကတောင်မှ လက်ကြောမတင်းတာပဲ၊ ကျွန်မတို့က မိန်းမသားတွေ သိရဲ့ လား၊ ရိုးရိုးကျင့်မြင့်မြင့်ကြံပါလို့ ကြွေးကြော်ဟစ်အော် နေရုံနဲ့ ထမင်းတစ်လုပ် ရောက်လာမလား၊ ဟွန်း အရက်သမားပါးစပ်က နတ်စကားထွက်လို့တော် ''
''အဟား အပြော ကတော့ ကြွယ်ပါ့ကွာ၊ ဒါကြောင့် လည်း ယောက်ျားတွေ က ပစ် ပစ်ကျသွားတာပေါ့၊ အဲဒီ ထဲမှာ ငါလည်းပါခဲ့တာပဲ အဟတ် ဟား ဟား''
အဖေ့အသံကြီးက စူးစူးရှရှမို့ နရီ အခန်းဝက ခေါင်းပြူကြည့် မိသည်။ မမရတီလည်း လိုက်ကာစမကာ အမေ့ကို ဘာမှထပ်မပြောဖို့ လက်ဟန်ပြတောင်းပန်နေ၏ ။
ဒေါ်ဘေဘီ နှုတ်က ထွက်မည့်စကားတွေ မျိုချကာ အခန်းထဲ ခြေသံပြင်းပြင်း လှမ်းဝင်သွား၏ ။
အဖေ ကတော့ ဧည့်ခန်းထဲမှာ တစ်ယောက် တည်း ပစိပစိ ပြော ကာ ကျန်ရစ်ခဲ့သည်။
နရီ ပင့်သက်မောကြီး ရှိုက်ကာ အခန်းထဲက ခုတင်ပေါ်လှဲ လိုက်မိသည်။
တကယ်ဆို နရီရဲ့ အတိတ်ကံကိုက ဆိုးခဲ့တာပဲ ဖြစ်သည်။ မေမေ ဆုံးတော့ နရီ ရှစ်နှစ် သမီးပဲ ရှိသေးသည်။
တစ်နှစ် လောက်ပဲ ကြာသည်။ ဖေဖေ ဒေါ်ဘေဘီကို ယူလိုက် သည်။ နရီထက် နှစ် နှစ် ကျော်ကြီးသော မမရတီနှင့် လပိုင်းလေးကြီးသော စန္ဒီဆိုသည့် သမီးနှစ် ယောက် အပိုပါလာသည်။
အထီးကျန်လှသော ဘဝမှာ အစ်မနှစ် ယောက် ရောက်လာခြင်း အတွက် နရီ ကတော့ ပျော်ပါသည်။
ဒေါ်ဘေဘီကိုလည်း အမေဟုပဲ သတ်မှတ်ခဲ့သည်။
အဖေ ငွေရှာနိုင်တာ ပြည့်စုံနေချိန်မှာ အရာရာ စိတ်ချမ်းသာ စရာကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ အဖေ စီးပွားတွေ ကျဆင်းကာ အရက်ကိုပဲ အစဉ်သောက်လာခဲ့သည်။
ကြာတော့ မိသားစုကြားမှာ အဆင်မပြေမှု က ပိုကြီးမားလာ သည်။ ဒေါ်ဘေဘီ မြည် တွန်တောက်တီးကာ မိသားစု ဝမ်းရေး အတွက် ရုန်းကန်ခဲ့ရ၏ ။ ဒါကို အဖေက ဥပေက္ခာပြုလို့ သောက်မြဲပေမြဲနေသည်။
ဒေါ်ဘေဘီ မိသားစု ဝမ်းရေး အတွက် ငွေဘယ်လိုရှာဖွေသည် ဆိုတာ အရွယ်လေးရလာတော့ နရီ မသိချင်ပါဘဲ သိလာခဲ့သည်။ မိန်းမ သား တစ်ယောက် ရဲ့ မာယာနှင့် ဒေါ်ဘေဘီ အဆင်ပြေအောင် ရှာဖွေသည်။
မမရတီကော စန္ဒီပါ ဆယ်တန်းမအောင်ဘဲ ကျောင်းထွက်ခဲ့ ကြကာ အလုပ်လုပ်ခဲ့ကြရသည်။ နရီ ကတော့ အဝေးသင်တက်ကာ ဘွဲ့တစ်ခုရဖို့ ကြိုးစားကြည့်၏ ။
ဒါပေမဲ့ တတိယနှစ် မှာ ပဲ အဆင်မပြေမှု တွေ ကြောင့် ပညာရေး ကို ဇာတ်သိမ်းခဲ့ရ၏ ။
ထို့အတွက် အဖေ့ကိုလည်း အပြစ်မတင်ချင်ပါ။ ဒေါ်ဘေဘီ ကိုလည်း လက်ညှိုးမထိုးချင်တော့ပါ။
ဘာပဲ ဖြစ် ဖြစ် နရီအပေါ်မှာ မမရတီက ညီမအရင်းလို ချစ်ခင် စာနာခဲ့တာကိုတော့ သိပါသည်။
မမရတီတို့ဘဝတွေ နစ်မွန်းမှန်းမသိ နစ်မွန်းခဲ့ကြပေမယ့် နရီ ကတော့ ဘဝကိုဖြူစင်အောင် နေခဲ့ပါသည်။
ထိုဖြူစင်ရိုးသားခဲ့သမျှက ဦးမြတ်မင်းကြောင့် ပဲ ခါးသီးရွံရှာ စရာ အမည်းစက်ကြီး စွန်းထင်ခဲ့၏ ။
ဒါတွေ ကို တွေးမိတိုင်း နာကျင်ရသော ခံစားမှု ကြီးက ဘယ် တော့မှ ပျောက်ပျက်မည် မထင်တော့ပါ။
စန္ဒီလို ကိုယ့်မှာ အိုးပိုင်အိမ်ပိုင် ရှိရက်နှင့် ယောက်ျားတစ် ယောက် ကို လိမ်ညာကာ ခြူစားနေတာမျိုးတော့ မလုပ်ချင်ပါ။
ဒါပေမဲ့ အခုတော့ နရီ အတိတ်ဆိုးကြီးနှင့် ဝေးကွာသော နေရာသစ်တစ်ခုကို ပြောင်းရမှာ တော့ ကျေနပ်ပါသည်။
လောကကြီးရဲ့ မာယာတွေ ကို နရီ ကြောက်လန့်နေခဲ့ပြီ။ မမြင် နိုင်သော ကံကြမ္မာက ဘယ်လောက်အထိ ဆိုးရွားပြင်းထန်ဦးမှာ တဲ့လဲ။
![]() ကမ်းမဲ့လှေ | ![]() ရင်ခွင်အလှရှာပုံတော် | ![]() ထွန်းသစ်စလရောင်ခြယ် |