Cover




အမှာစကား


ကျွန်တော်ကိုယ်တိုင် (၉) နှစ်ကျော် ဂျာမနီနိုင်ငံမှာ နေထိုင်ခဲ့ပြီး ဂျာမနီနိုင်ငံအနှံ့ မြို့များစွာ ရောက်ခဲ့ဖူးသော်လည်း ယခုခရီးသွားဆောင်းပါးများကို ဖတ်လိုက်ရမှ ဂျာမနီနိုင်ငံရဲ့ မြို့အတော်များများရဲ့ သမိုင်းအကြောင်းအရာ အသေးစိတ်များကို ပိုမိုသိခွင့်ရလိုက်ပါသည်။

အဆိုပါ ခရီးသွား ဆောင်းပါးများသည် ဂျာမနီနိုင်ငံရဲ့ နိုင်ငံပထဝီ အနေအထား၊ မြို့များ၏သမိုင်း၊ နိုင်ငံရေး၊ လူမှုရေး၊ ပြည်သူများရဲ့ စရိုက်နှင့် ယဉ်ကျေးမှု၊ ပြုမူနေထိုင်ပုံ၊ ဓလေ့ပေါင်းစုံကို ဗဟုသုတရစရာအပြည့်နှင့် မှတ်သားထည့်သွင်း ရေးသားထားသည့်အတွက် အလွန်ကောင်းမွန်သော ခရီးသွား ဆောင်းပါးစာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။

အထူးသဖြင့် ရိုးရိုးခရီးသွားခြင်းထက် ဟိုဘက်မှ မိတ်ဆွေများ၏ ဖိတ်ကြားမှုကြောင့် သူတို့အိမ်များတွင် တရင်းတနှီးနေထိုင်ခွင့်ရခဲ့သည့်အတွက် ဂျာမန်လူမျိုးတို့၏ နေထိုင်မှုစရိုက်၊ နေ့တဓူဝ လှုပ်ရှား ရုန်းကန်ကြရပုံများကို ဖော်ပြထားနိုင်သည့်အတွက် နောင်ယခုလို ဖိတ်ကြားခံရမည့် မိမိတို့ ပြည်သူပြည်သားများ၊ မိတ်ဆွေအသိုင်းအဝိုင်းများ ကြိုတင်သိရှိထားနိုင်ကြမည် ဖြစ်ပါသည်။

စာရေးသူရဲ့ ကြိုးစားအားထုတ်မှု၊ လေ့လာစူးစမ်း စိတ်ဝင်စားမှုများ ကြောင့်လည်း ယခုစာအုပ်ဟာ ဖတ်ရှုမှတ်သား စုဆောင်းထားရမည့်စာအုပ်ကောင်းတစ်အုပ် ဖြစ်နေပါသည်။

ဤစာအုပ်ကောင်းတစ်အုပ် ဖြစ်ပေါ်လာရန်အတွက် ဖိတ်ကြားသူများ ဝိုင်းဝန်းကူညီသူများ အားလုံးကိုလည်း ကျေးဇူးတင် ရှိပါသည်။

ဦးဆန်နီညွန့်သိမ်း

* * *




စာရေးသူရဲ့ အမှာစကား


အနောက် (Western Countries) ကိုမရောက်ဖူးဘဲနဲ့တော့ ခေတ်သစ်မှာ မနေပျော်ဘူးဆိုတာ ကျွန်တော့်အတွေးသက်သက် ဖြစ်တယ်ဆိုပေမဲ့ ကမ္ဘာကရွာဖြစ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ပွင့်လင်းလူ့အဖွဲ့အစည်းတွေ အားကောင်းလာချိန်မှာတော့ အနောက်နိုင်ငံများဟာ အသိ Concept အတွက် ဉာဏ်သစ်လောင်းရာ၊ သိဒ္ဓိတင်ရာ မဟာသင်ကြားမှု Centre တွေ ဖြစ်လာတာ ငြင်းဆိုလို့ ရမယ်မထင်ပါ။

အနောက်ထဲမှာမှ Germany နိုင်ငံကို ကျွန်တော်သွားခွင့်ရခဲ့တာက ကျွန်တော်တို့နိုင်ငံရဲ့ အသွင်ပြောင်းမှုကာလ၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ လွှတ်တော်နဲ့ အုပ်ချုပ်မှုယန္တရားများ ပြုပြင်ပြောင်းလဲရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေး၊ စီးပွားရေး စတဲ့စတဲ့ အကြောင်းအရာတွေကို အသွင်တူလှတဲ့ နိုင်ငံမှာ အတုယူ မှီငြမ်းဆောင်ရွက်နိုင်တာတွေ လေ့လာလို့ရခဲ့ပြီး စာအုပ်အနေနဲ့ ပြန်လည်တင်ပြခွင့်ရတာမို့ တိုင်းပြည်အတွက် အကျိုးရှိလှပါတယ်လို့ ကျွန်တော် ယုံပါတယ်။

ကျွန်တော် ကံစပ်တယ်ပဲ ပြောရပါမယ်။ ကျွန်တော့် ခရီးစဉ်မှာ ဂျာမနီ နိုင်ငံရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက် မြို့တွေအားလုံး ရောက်ခဲ့ရပါတယ်။ ရာသီပွဲတွေ (Seasonal Festivals) နဲ့ ကြုံကြိုက်ခွင့်ရခဲ့ပါတယ်။ (Berlin ဘောလုံးပွဲ၊ Dresden စျေးရောင်းပွဲ၊ Bonn ဂျာမန်ဆရာဝန်များ ဆုံတွေ့ပွဲ၊ အင်္ဂလန်ဘုရင်မကြီး ဂျာမနီနိုင်ငံ ခရီးစဉ်၊ မြန်မာပန်းချီဆရာတွေရဲ့ပွဲ Munich မှာ ကျင်းပနေတာရယ်၊ Munich မြို့တည်နှစ်ပတ်လည်ပွဲ စသဖြင့်) ဒါ့အပြင် အထူးခြားဆုံးကတော့ ဥရောပ နွေရာသီက မိုးရွာတာကို ကျွန်တော်တစ်ခါမှ မိုးမစိုခဲ့တာပါပဲ။ ဘယ်ခရီးစဉ်မှ မပျက်ခဲ့ဘဲ သာသာယာယာနဲ့ လည်ပတ်လေ့လာ ခဲ့ရပါတယ်။ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။

ပဌာန်းဆက်လို့ပဲဆိုဆို ကျွန်တော်ဂျာမနီနိုင်ငံ ကိုချစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံ ဂျာမနီနိုင်ငံလိုပဲ သန့်ရှင်းသပ်ယပ် တိုးတက်အောင်မြင်ပြီး အချိန် တိတိကျကျ ကျင့်ဝတ်ကောင်းကောင်းနဲ့ နိုင်ငံသားတွေ ပေါ်ထွန်းနိုင်ပါစေဆိုတာ ကျွန်တော်ပြုတဲ့ဆန္ဒပါ။

ဆူးသစ်နီ

* * *




အနောက်ကမ္ဘာသို့ ခြေလှမ်းအစ


၂၀၁၁ မှာ တိုင်းပြည် အပြောင်းအလဲ စလုပ်လုပ်ချင်း အနောက်ကို ခြေလှမ်း ဦးတည်တာကို ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာ သဘောတူ လက်ခုပ်တီး ခဲ့ကြပါတယ်။ ဒါနဲ့ပဲ အမေရိကန်သမ္မတ ကိုယ်တိုင် မြန်မာ့မြေကိုခြေချ၊ မိန့်ခွန်းချွေတဲ့အထိ တိုးတက်လာတော့ မျှော်လင့်ချက်တွေ တိုင်းပြည်အတွက်ရော ပြည်သူလူထုတွေ အတွက်ပါ ရောင်ခြည်သန်းခဲ့ရပါတယ်။

တကယ်တော့ သမိုင်းကို ပြန်ကြည့်ရင် မြန်မာတွေ အနောက်ကမ္ဘာကို ခြေလှမ်းခဲ့တာ ၁၉ ရာစုကတည်း ကပါ။ ကနောင်မင်းသားကြီးတို့၊ ကင်းဝန်မင်းကြီးတို့ အဖွဲ့တွေဆိုရင် အနောက်ကမ္ဘာရဲ့ နိုင်ငံအုပ်ချုပ်ပုံနဲ့လူနေမှုပုံစံကို တီးမိခေါက်မိခဲ့ပြီး မျက်စိပွင့် နားပွင့်ပုဂ္ဂိုလ်ကြီးတွေပါ။ ဆိုရရင်အနောက်ကမ္ဘာရဲ့ အထူးသဖြင့် ဥရောပရဲ့ လူမှုနိုင်ငံရေးဟာ စီးပွားရေးဖြစ်စဉ်၊ ကာကွယ်ရေးဖြစ်စဉ် စတဲ့ ဘက်ပေါင်းစုံနဲ့ ပတ်သက်နေတဲ့ လူအဖွဲ့အစည်းရဲ့ ရှေ့ပြေးလူမှုအသိုင်းအဝိုင်းဖြစ်တဲ့အတွက် ရောက်ဖူး၊ မြင်ဖူး၊ လေ့လာဖူးဖို့ အထူးလိုအပ်တယ်လို့ ဆိုရမှာပါ။ အခုဆိုရင် ကျွန်တော်တို့နိုင်ငံအနေနဲ့ အနောက်ကမ္ဘာသို့ ခြေလှမ်းအစတင်မက ထဲထဲဝင်ဝင်ပင် ရှိနေပြီဖြစ်တဲ့ အချိန်အခါကို ရောက်ရှိနေပြီဖြစ်လို့ ပြည်သူတစ်ဦးဖြစ်တဲ့ ကျွန်တော့်အတွက်လည်း အနောက်ကမ္ဘာကို ကိုယ်တွေ့မျက်မြင်ဖြစ်စေဖို့ ခြေလှမ်းစခွင့်ရတာ ဂုဏ်ယူရင်ခုန်စရာအတိ ဖြစ်လို့နေပါတော့တယ်။



ခြေတစ်လှမ်း ကုဋေတစ်သန်း

အနောက်ကမ္ဘာကို သွားရမယ်ဆိုကတည်းက ပြင်ရဆင်ရတာ အတော် များလှပါတယ်။ ကိုယ့်မွေးစာရင်းကအစ၊ နိုင်ငံကူးလက်မှတ် အလယ်၊ ဟိုဘက်ကခေါ်တဲ့သူရဲ့ ခိုင်မာတဲ့အထောက်အထားစတဲ့ စာရွက်စာတမ်း Paper Work ကိစ္စတွေကို မနားတမ်း ပြုစုဆောင်ရွက်ရပါတယ်။ ဓာတ်ပုံကအစ အရွယ်အစား၊ အရောင်အတိအကျနဲ့ ဆိုင်ရွေးရိုက်ရတာမျိုးပါ။ Paper Work စာရွက်စာတမ်း သိမ်းဆည်းစုဆောင်းမှုတို့၊ စာရင်းဇယားကိန်းဂဏန်း ပြုစု ထိန်းသိမ်းမှုတွေမှာ (Data Work) အားနည်းလှတဲ့ကျွန်တော်တို့ လူမျိုးအတွက် ခေါင်းခြောက်ရတဲ့ကိစ္စလို့ ပြောလို့ရမှာပါ။ ဒီကြားထဲ အမည်နာမ မှည့်ခေါ်ပုံကိုက ဘယ်လူမျိုးနဲ့မှမတူဘဲ အသွင်ကွဲနေတော့ကာ တောရွာက ဦးကြီး၊ ဒေါ်ကြီးတွေမပြောနဲ့ဦး မြို့ပြနေလူတွေအတွက်တောင် Application Form (Visa Form) ဖြည့်ရတဲ့ကိစ္စတွေမှာ အနည်းနဲ့အများ အခက်အခဲ ရှိတတ်ကြပါတယ်။

ဒါ့အပြင် ကိုယ့်စာရွက်စာတမ်း Certificate အားလုံးကို အင်္ဂလိပ် ဘာသာပြန် Notarial လုပ်ရသေးတယ်ဆိုတော့ အလုပ်အလွန်ရှုပ်လှပါတယ်။ ပိုဆိုးတာက E - Government ပုံစံ သွားနေတဲ့ အနောက်နိုင်ငံအားလုံးရဲ့ Visa Form ယူရတာကအစ Visa တင်ဖို့အတွက် Appointment ယူရတာမျိုးတွေကို Electronic နဲ့ပဲ အင်တာနက်က ဆောင်ရွက်ရတော့ အင်္ဂလိပ်စာအားနည်း၊ အင်တာနက်စတဲ့ ခေတ်ပေါ်နည်းပညာများမှာ အားနည်းတဲ့ အသက်ကြီးပိုင်းတွေအဖို့ စိတ်ရှုပ်စရာအခက်အခဲကြီး ဖြစ်လို့နေတတ်ပါတယ်။



ကမ္ဘာကြည့် ကြည့်မမြင်

မည်သို့ပင် ဆိုစေကာမူပေါ့လေ ကျွန်တော်တို့ပြည်သူတွေနဲ့ နိုင်ငံရဲ့ အစိုးရဟာ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ လူ့အဖွဲ့အစည်းနဲ့ လူမှုပုံစံတိုင်းကို ကိုယ့်နိုင်ငံသားတွေ ရင်ပေါင်တန်းနိုင်အောင် လုပ်ပေးနိုင်ဖို့ အမြဲကြိုးစားနေရမှာပါ။ ယနေ့ကမ္ဘာက One - World ရွာကြီးတစ်ရွာလို ဖြစ်နေပြီမို့ ရွာအပြင် ထွက်နေလို့မရတော့ပါဘူး။ (Global Village)



လေယာဉ်ခရီးစဉ်

ဒီလိုနဲ့ လေယာဉ်ကွင်းဆင်းရမယ့်နေ့ ရောက်လာပါတယ်။ လေယာဉ်က နှစ်ဆင့်စီးရမှာမို့ (ထိုင်းနိုင်ငံ Bangkok မှာ လေယာဉ်ပြောင်းစီးရပါတယ်) ကျွန်တော့် Luggage အကြီးကို Luggage Check - Through လုပ်ပါတယ်။ ဂျာမနီနိုင်ငံ Frankfurt လေဆိပ်ရောက်မှ ရွေးယူလို့ရအောင်ပါ။ ဒါနဲ့ပဲ ရန်ကုန် - ဘန်ကောက်လေယာဉ်ကြီး TG 306 က အချိန်မှန် ထွက်ခွာ လာခဲ့ပါတော့တယ်။ လေယာဉ်တက်တက်ချင်း ရန်ကုန်မြို့ပေါ်ကိုပြန်ကြည့်ရင်း တစ်ခု သတိထားမိတာက ရန်ကုန်မြို့ရဲ့ညရှုခင်းမှာ လျှပ်စစ်မီးတွေ ပိုထိန်ငြီးလာတာကိုပါပဲ။ ဒါကလွန်ခဲ့တဲ့လေးငါးနှစ်နဲ့မတူ တိုးတက်လာတဲ့ ပြယုဂ်တစ်ခုပါပဲ။

ဂျာမနီကိုသွားမယ့် Flight Routing လေယာဉ်လမ်းကြောတွေထဲမှာ ထိုင်းလေကြောင်းက အဖြောင့်ဆုံးနဲ့ အတိုဆုံး၊ အသက်သာဆုံးဖြစ်ပါတယ်။ စျေးနှုန်းကတော့ ကြီးပါတယ်။ German Lufthansa နဲ့ Code Shared Flight အကျိုးတူလေကြောင်းလိုင်းဖြစ်ပါတယ်။ ကျွန်တော်နဲ့တစ်ချိန်တည်း (၂ဝ၁၅ ဇွန်လ) မှာပဲ ကျွန်တော့်မိတ်ဆွေ စာရေးဆရာ 'ရွှေမြအောင်' လည်း ဂျာမနီကိုသွားပါတယ်။ သူနဲ့သူ့ညီမက Vietnam Airlines နဲ့ ဖြစ်ပြီး စျေးနှုန်းကတော့ သက်သာပေမဲ့ ဗီယက်နမ်နိုင်ငံ Transit မှာအချိန် တော်တော်ကြာ သောင်တင်ခဲ့တယ်လို့ ကြားရပါတယ်။



Bangkok - Frankfurt ခရီးစဉ်

Bangkok မှာ ခရီးစဉ်ပြောင်းဖို့ ခေတ္တဆင်းရပြီး Bangkok - Frankfurt လေယာဉ်ရှိရာ Gate ကို ရှာရပါတယ်။ ရန်ကုန်လေဆိပ်မှာကတည်းက Check - in ဝင်လာပြီးသားဖြစ်လို့ Check - in ထပ်ဝင်စရာမလိုဘဲ Gate ရှိရာ တန်းသွားခဲ့ပါတယ်။ ရှာဖွေရေး ကောင်တာတစ်ခုကိုပဲ ဖြတ်ရပြီး ရှာရာဖွေရာမှာ မညှာတမ်း ပြတ်ပြတ်သားသား စစ်ဆေးတာကိုတွေ့ရပါတယ်။ ဒါကိုမြင်တော့ ကျွန်တော်တို့တိုင်းပြည်က တာဝန်ကျ လုံခြုံရေး ဝန်ထမ်းများလည်း တာဝန်ကို တိတိကျကျပြတ်ပြတ်သားသား Smart ကျကျ အားမနာတမ်း လုပ်ကြဖို့ တိုက်တွန်းလိုက်ချင်လှပါတယ်။

Frankfurt ကိုသွားမယ့် TG လေယာဉ်ကြီးပေါ် တက်တော့မှ အတော် အတန်ကိုကြီးမားလှတဲ့ လေယာဉ်ကြီးဖြစ်မှန်း အံ့သြတကြီးတွေ့ရပါတယ်။ (တရုတ်ပြည်သွား ခရီးစဉ်မှာ ကြီးမားတဲ့လေယာဉ်ကြီးတွေ စီးဖူးပေမဲ့ ဒီလေယာဉ်ကြီးက အတော်ကြီးပါတယ်။) နှစ်ထပ်လေယာဉ်ကြီးဖြစ်ပြီး အထဲမှာထိုင်နေရတာက ပွဲရုံထဲထိုင်နေရသလိုလို၊ ရုပ်ရှင်ရုံထဲထိုင်နေရသလိုလို ခံစားရပါတယ်။ လေယာဉ်စထွက်တဲ့ အသိလေးကိုပဲ ခံစားရပြီး စီးနေတုန်း (On Board) မှာ ဘာခံစားမှုမှ ထူးထူးခြားခြား မရှိပါဘူး။

လေယာဉ်စီးချိန်ကလည်း ၁ဝ နာရီလောက်ကြာတာမို့ အဲဒီလို သက်သောင့်သက်သာ ရှိပေလို့သာပဲလို့ တွေးမိရပါတယ်။ လေယာဉ်စငြိမ်တာနဲ့ ညစာ Dinner နဲ့ ဧည့်ခံပါတော့တယ်။ ထိုင်းအရသာကဲတဲ့ အနောက်တိုင်းဆန်ဆန် အစားအစာ ပူပူနွေးနွေးနဲ့ ဧည့်ခံတာမို့ စားမြိန်လှပါတယ်။ ပြီးတာနဲ့ ကိုယ့်ခုံ ရှေ့မှာရှိတဲ့ Video လေးဖွင့်ကြည့်ပြီး လဲလျောင်းနေရုံပါပဲ။ များသောအားဖြင့် အိပ်နေတဲ့ခရီးသည်များပြီး ကျွန်တော်ကတော့ TV Screen မှာ ဖွင့်ကြည့်လို့ရတဲ့ လေယာဉ်ကြီးပျံသန်းနေတဲ့လမ်းကြောင်းကို မကြာခဏကြည့်ရင်း မှေးနေမိပါတယ်။

ကျွန်တော်ကြည့်နေတဲ့ လေယာဉ်ကြီး ပျံသန်းနေတဲ့ခရီးစဉ်မှာ ကျွန်တော်တို့ဟာ မြန်မာပြည်က ဧရာဝတီတိုင်းကိုဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပါတယ်။ အဲဒီကမှ အိန္ဒိယပြည်မကြီး အပေါ်ဖြတ်ပျံပြီး ပါကစ္စတန်၊ ထိုမှ အာရှတိုက်မကြီး၊ အဲဒီကမှ ဥရောပကိုဝင်ပြီး Frankfurt ကို ဦးတည် ပျံသန်းနေတာတွေ့ရပါတယ်။ လေယာဉ်ကြီးကို မြေပြင်က ပျမ်းမျှမီတာ တစ်သောင်းတစ်ထောင်ကျော် (၁၁၂၇၇ မီတာ) မှာ ပျံသန်းနေပြီး မြေပြင်အမြန် နှုန်းပျမ်းမျှ (Ground Speed) မိုင်ခြောက်ရာကျော် (628 mph) တစ်နာရီမိုင် ၆၂၈ နှုန်းနဲ့ မောင်းနှင်နေတာကို သတိထားမိရပါတယ်။

မနက် ၅ နာရီလောက်မှာတော့ ထိုင်းတီးလုံးလေးနဲ့ အိပ်ရာကနှိုးပြီး နံနက်စာ Breakfast လိုက်လံကျွေးမွေးပါတယ်။ တစ်ခါတခါမှာလေယာဉ်မှူး Captain ရဲ့ တိုက်ရိုက် စကားပြောသံ ကြားရပြီး ငယ်ရွယ်ထက်မြက် အင်္ဂလိပ် စကားပြော ကောင်းလှတဲ့ ထိုင်းလူမျိုးဖြစ်မှန်း အတုယူဖွယ်သိရပါတယ်။



ဂျာမနီရောက်ပါပြီ

ဒီလိုနဲ့လေယာဉ်ကြီး Frankfurt လေဆိပ်ကို စတင်ဆင်းသက်လာပါတယ်။ တိမ်တွေကို လွှာဆင်းလာပြီး အောက်မှာတော့ ကြီးမားလှတဲ့ဂျာမနီနိုင်ငံရဲ့ Frankfurt လေဆိပ်ကြီးကို ဘွားခနဲတွေ့လိုက်ရပါတော့တယ်။ (www.frankfurt -airport.de) Frankfurt လေဆိပ်က အလွန်ကြီးမားလှပေမဲ့ လူ သိပ်ရှုပ်ရှုပ်ထွေးထွေး မရှိပါဘူး။ ဂျာမနီနိုင်ငံမှာ Frankfurt လေဆိပ်က အကြီးဆုံးဖြစ်ပြီး Munich လေဆိပ်က ဒုတိယအကြီးဆုံးဖြစ်ကာ Düsseldorf လေဆိပ်က တတိယ အကြီးဆုံးဖြစ်ပါတယ်။ Cologne မြို့ လေဆိပ်ကလည်း အတော်အတန်ကြီးမားပြီး ဂျာမနီရဲ့ စတုတ္ထအကြီးဆုံး ဖြစ်ပါတယ်။

ကျွန်တော် အနောက်ကမ္ဘာကို ခြေချခွင့် ရတဲ့ အချိန်အခါကတော့ (၆ - ၆ - ၂ဝ၁၅) နံနက် ၆ နာရီတိတိမှာ ဖြစ်ပါတယ်။ မှတ်မှတ်ရရပါပဲ။ Frankfurt လေဆိပ်အထွက် ဧည့်ကြိုနေရာမှာတော့ မိတ်ဆွေဂျာမန်ဆရာဝန်ဇနီးမောင်နှံ နဲ့အတူ သူတို့ရဲ့ခွေးမလေး Io (အိအို) လာကြိုနေတာကို ဝမ်းသာစွာ တွေ့လိုက်ရပါတော့တယ်။ ထူးခြားတာက ကျွန်တော်ပဲ ခွေးချစ်တတ်သူ ဖြစ်၍လား မသိပါ။ ခွေးလေး Io က အခုမှမြင်ဖူးတဲ့ ကျွန်တော့်ကို ချက်ချင်း ဖက်တွယ်တက် နှုတ်ဆက်တာပါပဲ။ အစကောင်းတဲ့ နွေးထွေးသော ခရီးစဉ်ပါပဲ။



Frankfurt မြို့ထဲမြင်ကွင်း

မိတ်ဆွေတွေမှာ ကားပါလာတော့ ကားဆီးသွားကြရင်း စကားတွေ အများကြီးပြောဖြစ်ကြပါတယ်။ ကားစမောင်းထွက်တော့ မိုးဖွဲဖွဲရွာနေပြီးခဏ ကြာတော့ ရပ်သွားပါတယ်။ မိတ်ဆွေတွေက Frankfurt မြို့ထဲ ကားနဲ့ လှည့်ပြပါတယ်။ အဲဒီမှာ စတွေ့ရတာက ဥရောပရဲ့မြို့တွေက တိုက်တာအမြင့် (High Rise Buildings) တွေနဲ့မဟုတ်ဘဲ များသောအားဖြင့် ရှေးဟောင်းတိုက်တာ အဆောက်အဦများ၊ ရှေးဟောင်းကို ပြန်မှီပြီး ပြန်တည်ဆောက်ထားကြတဲ့ အဆောက်အဦများနဲ့အတူ သစ်ပင်စိမ်းစိမ်းများ၊ သန့်စင် (Clear) ကြည်လင်နေသေးတဲ့ မိုးကောင်းကင် ရာသီဥတုရှိတဲ့ မြို့ပြတွေပါလား ဆိုတာ သိမြင်လာ ရတာပါပဲ။



Cologne မြို့ဆီသို့

Frankfurt မြို့ထဲက ထွက်ပြီးတယ်ဆိုရင်ပဲ ဂျာမနီနိုင်ငံရဲ့နာမည်ကြီး Autobahn အမြန်လမ်းမကြီးတွေပေါ် စရောက်လာပါတယ်။ အဲဒီကနေ ၂ နာရီနီးပါးမောင်းရတဲ့ မိတ်ဆွေတွေရဲ့ အိမ်ရှိရာ Cologne မြို့ဆီကို စမောင်းခဲ့ကြပါတော့တယ်။

Cover

* * *




ဂျာမနီနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး ၊ ပညာရေး


နိုင်ငံရေးစနစ်

ဂျာမနီနိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို 'လူမှုနိုင်ငံရေးစနစ်' လို့ပြောရင် ရပါတယ်။ နိုင်ငံသားတိုင်း အချိုးညီမျှတာဝန်ယူ၊ အကျိုးညီမျှ ခံစားခွင့်ရှိတဲ့ ဆိုရှယ်လစ် သဘောတရား အခြေခံ နိုင်ငံရေးစနစ် လို့တောင် ပြောလို့ရပါတယ်။ သေချာတာတစ်ခုကတော့ နိုင်ငံသားတိုင်းတန်ဖိုးရှိတဲ့၊ တာဝန်ရှိတဲ့ လူ့ပတ်ဝန်းကျင် (Society) ကို ဦးတည်ထားတာပါပဲ။



ဖက်ဒရယ်စနစ် Federal

ဂျာမနီနိုင်ငံမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ရပ်တည်နေတဲ့ ပြည်နယ် (County) ၁၆ ခု ရှိပါတယ်။ အဲဒီပြည်နယ်တွေအားလုံးမှာ ကိုယ်ပိုင် အစိုးရရှိပြီး ကိုယ့်ပြည်နယ်ကဝင်တဲ့ငွေနဲ့ ကိုယ့်ပြည်နယ်ကို စီမံခန့်ခွဲပါတယ်။ ပြည်နယ်အသီးသီးမှာ နေတဲ့သူအားလုံး ဂျာမန်တစ်မျိုးတည်းပဲဖြစ်ပေမဲ့ သူ့ဒေသနဲ့သူ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ပွဲတော်ကျင်းပပုံနဲ့ ဂျာမန်စကားပြော လေယူလေသိမ်းကအစ သိပ်မတူပါဘူး။

သူ့ပြည်နယ်အလံ သူရှိပြီး ပြည်နယ် ကိုယ်ပိုင်ရဲ ပြည်နယ်တိုင်းမှာ ရှိပါတယ်။ ဖက်ဒရယ် ပြည်ထောင်စုအစိုးရနဲ့ လွှတ်တော်က ဘာလင်မြို့မှာရှိပြီး ပြည်နယ်အသီးသီးရဲ့ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ကို သာမန်အားဖြင့် ဝင်ရောက်စွက်ဖက်မှုမရှိပါဘူး။ နိုင်ငံခြားရေးစတဲ့ အထူးကိစ္စများနဲ့ အကြမ်းဖက်နှိမ်နင်းရေး အစရှိတဲ့ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စမျိုးကိုတော့ ဗဟိုအစိုးရက တိုက်ရိုက် ကွပ်ကဲပါတယ်။ ဆိုလိုတာက ရပ်ရွာမှာဖြစ်တဲ့ ခိုးမှု၊ လုယက်မှု၊ လူသတ်မှုကို ပြည်နယ်ရဲက တိုက်ရိုက်အရေးပိုင်ပြီး အကြမ်းဖက် Terrorist ကိစ္စလိုမျိုးကို ပြည်ထောင်စုအစိုးရကိုလွှဲပေးရပါတယ်။ လက်နက်ကိုင်စစ်တပ် (Army) ကတော့ ဂျာမနီနိုင်ငံမှာတစ်တပ်ပဲရှိပါတယ်။

ပြည်နယ်များအနေနဲ့ ဘတ်ဂျက်ငွေခွဲပေးဖို့ မလိုပေမဲ့ အရေးပေါ် လာလို့ရှိရင် လိုငွေပြနေတဲ့ ပြည်နယ်ကို မျှဝေပေးလေ့ ရှိတယ်။ ဥပမာ -၁၉၈၉ ခုနှစ်မှာ ဘာလင်တံတိုင်းပြိုကျပြီး ဂျာမနီအရှေ့နဲ့အနောက် ပြန်လည်ပေါင်းစည်းတဲ့အခါမှာ အရှေ့ကလူတွေက အလုပ်အကိုင်မရှိ၊ ဆင်းရဲမွဲတေကြတော့ ဒီတာဝန် ဘာလင်မြို့က ထမ်းရပါတယ်။ အဲဒီတော့ဘာလင်မြို့ အခြေပြုတဲ့ပြည်နယ်က ဘတ်ဂျက်ချို့တဲ့လာတဲ့ အခါကျတော့ ချမ်းသာကြွယ်ဝတဲ့ Hamburg နဲ့ Munich တို့က မျှဝေထောက်ပံ့ရဖူးတဲ့အစဉ်အလာရှိပါတယ်။



တိုင်းပြည်ရဲ့ဘဏ္ဍာငွေ

တိုင်းပြည်ရဲ့ဘဏ္ဍာနဲ့ပတ်သက်လို့ အဓိကက နိုင်ငံသားတွေအလုပ် လုပ်ကြရပြီး လူတွေအလုပ်လုပ်နိုင်ဖို့ကိုလည်း အလုပ်အကိုင်တွေဖန်တီးပေးနိုင်အောင် ကုန်ထုတ်လုပ်မှုစက်ရုံတွေ (Production/ Manufacturing) ကြိုးပမ်းဖန်တီးပေးပါတယ်။ လူတွေအလုပ်လုပ်လာပြီဆိုမှ လူတွေဆီကရတဲ့ အခွန် Tax တွေနဲ့ တိုင်းပြည်ကို မောင်းနှင်လည်ပတ်ပါတယ်။



နိုင်ငံရေးနဲ့၊ လူမှုရေး

ဒီလိုအလုပ်အကိုင်တွေ ဖန်တီးဖို့ကိစ္စတွေမှာ အရေးအကြီးဆုံးက နိုင်ငံရေး ပေါ်လစီ ဖြစ်ပါတယ်။ နိုင်ငံရေး ပေါ်လစီအတွက် အလုပ်လုပ်ဖို့က ထက်မြက်တဲ့ နိုင်ငံရေးသမားတွေ လိုပါတယ်။ တော်တဲ့ နိုင်ငံရေးသမားတွေနဲ့ သန့်ရှင်းတဲ့ အစိုးရ (Clean Government) တစ်ခုတည်ဆောက်ပြီး နိုင်ငံမှာစနစ်ကောင်း တစ်ခုပေါ်လာရင် နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမှာဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေရှိတဲ့ နိုင်ငံသားတွေက မိသားစုဘဝကိုတည်ဆောက်ပြီး ပြည့်စုံတဲ့လူမှုဘဝ Society ကို ဖန်တီးကြရမှာဖြစ်ပါတယ်။



လူထုရဲ့လုပ်အားခငွေ

ပြည်သူလူထုရဲ့ အလုပ်အကိုင်ကရလာတဲ့ လုပ်အားခငွေ (လစာ) ထဲကနေ ဂျာမနီနိုင်ငံမှာ အကြမ်းအားဖြင့် အပိုင်း (၃) ပိုင်းဖြတ်တောက်ပါတယ်။ အဲဒါတွေကတော့ အခွန် (Income Tax)၊ အာမခံကြေး (Insurance) နဲ့ အသက်အရွယ်ကြီး အလုပ်မလုပ်နိုင်တော့မယ့် အချိန်အတွက်ရည်ရွယ်ပြီး ပင်စင်ခံစားနိုင်ဖို့အတွက် ကြိုတင်ဖြတ်တဲ့ငွေ (စုပေးထားသလို) Pension/ Rente တို့ ဖြစ်ပါတယ်။ ပင်စင်ဖြတ်ငွေက လစာအနည်းအများ၊ ရာထူးအကြီးအငယ်အရ အချိုးကျဖြတ်တောက်စုဆောင်းပေးပါတယ်။ တကယ်လို့ လစာအရမ်းနည်းတဲ့ ဝန်ထမ်းဆိုရင် အလုပ်ရှင်ကပေးပေးရပါတယ်။ အသက်ပြည့်လို့ပင်စင်ယူရင် ကိုယ်ပေးထားတဲ့ Pension ပင်စင်ငွေအလိုက်ပင်စင်ငွေကိုခံစားရပါတယ်။ ပင်စင်ကို အသက် ၆၇ နှစ်မှာ ယူရပါတယ်။ ပင်စင်အပြည့်အဝရနိုင်တဲ့နှစ် ပမာဏကတော့ ၁၆ နှစ် ကစ အလုပ်လုပ်ရင် ၄၅ နှစ်ဆိုရင် ပင်စင်ယူချင်ယူ၍ ရပါပြီ။ ၄၅ နှစ်မှစအလုပ်လုပ်တဲ့ သူဆိုရင်တော့ အသက် ၆၇ နှစ်ထိ အလုပ် လုပ်ရပါတယ်။ ကျွန်တော့်အခြားမိတ်ဆွေ ဂျာမန်တစ်ဦးဆိုရင် ဒီနှစ်နှစ်ပြည့်လို့ပင်စင်ယူပါတယ်။ သူကအဆင့်မြင့်အင်ဂျင်နီယာတာဝန် ထမ်းဆောင်ခဲ့ပြီး ပင်စင်စုငွေများများပေးခဲ့ရလေတော့ အခုအလုပ်လုပ်စရာမလိုဘဲလစာပြည့်ပုံမှန်ရနေတဲ့အတွက် မပူမပင်ရုပ်မပျက်နေထိုင်နိုင်ပါတယ်။



နိုင်ငံရေးပေါ်လစီ အနှစ်သာရ

ဂျာမနီနိုင်ငံရေးစနစ်ရဲ့အနှစ်သာရ ကိုကလည်း လူတိုင်းပညာသင်ဖို့၊ လူတိုင်းအလုပ်လုပ်ဖို့၊ လူတိုင်းအခွန်ပေးဖို့နဲ့ လူတိုင်း သောကကင်းဝေး နေထိုင်နိုင်ရေးတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူတိုင်းမှာ အသက်အာမခံ၊ ကျန်းမာရေး အာမခံရှိတဲ့အတွက် ဘဝလုံခြုံလှပါတယ်။ ပင်စင်စနစ်ရှိတဲ့အတွက် အိုစာဆိုတာမပူပန်ရတော့ဘဲ သားသမီးအားကိုးစရာမလို၊ သားသမီးတွေလည်း ဝန်မပိဘဲ မျက်နှာငယ်စရာမလို ဘဝနေဝင်ချိန် အေးချမ်းဖြောင့်တန်းလှပါတယ်။



လူတစ်ဦးပျှမ်းမျှဝင်ငွေနဲ့ လစာရရှိပုံ

လစာဝင်ငွေအနေနဲ့ လစဉ် ယူရို ၂ဝဝဝ မှ ၃၅ဝဝ ကြားမှာရှိပြီး သာမန်လူ (ပညာဆုံးခန်း မတိုင်သူတွေ) ရဲ့ လစာဝင်ငွေက ယူရို ၁၈ဝဝ လောက်ရှိပါတယ်။ ဒီဝင်ငွေတွေက လစာ (Pay Scale) တွေဖြစ်ပြီး အားလုံးကို အလုပ်သမားက မရပါဘူး။ စောစောကပြောခဲ့တဲ့ အဖြတ်အတောက် (၃) မျိုးကို (Tax, Insurance, Pension) စုစုပေါင်း ၄ဝ ရာခိုင်နှုန်း ခန့်ဖြတ်ပြီးမှကျန်တာ က တကယ့်လစာဝင်ငွေဖြစ်သွားပါတယ်။ အဲဒါကြောင့် သာမန် (၁၈ဝဝ ယူရိုလောက်) ရတဲ့ဝန်ထမ်းဝင်ငွေက အခွန်အကောက်ဖြတ်ပြီးရင် ယူရို ၁ဝဝဝ ကျော်လောက်ပဲရတာမို့ လူတစ်ဦးပျမ်းမျှဝင်ငွေ မြန်မာငွေ ကျပ် ၁ဝ သိန်းလို့ ပြောလို့ရပါတယ်။



အလုပ်မရှိလျှင်

အလုပ်မရှိရင် အစိုးရဆီကနေ ထောက်ပံ့ငွေရပါတယ်။ ဂျာမန်လို 'Hartz IV' လို့ခေါ်ပါတယ်။ ရရှိထောက်ပံ့ငွေ တစ်လ ယူရို ၄ဝဝ လောက်ထိ ရှိပါတယ်။ ဒီထောက်ပံ့ငွေကို ရယူခံစားဖို့ကို တကယ့်ကို အလုပ်ရှာရတာ ခြေကုန်လက်ပန်းကျပြီး ဘာလုပ်ရဘာကိုင်ရမှန်း မသိတော့တဲ့ အခြေအနေမျိုးကျမှ ရယူလေ့ရှိကြပါတယ်။ ယူရတာရှက်စရာလို့ မထင်ကြပေမဲ့ အလုပ်ကို တန်ဖိုးထားလို့ အလုပ်လုပ်လို့ရတဲ့ ငွေကလွဲလို့ 'အလကား' ရတာ ဘာမှမယူလိုကြပါဘူး။ ဒီ Mindset ကိုလည်း ငယ်စဉ်ကတည်းက မိဘတွေ ကျောင်းတွေက ပျိုးထောင်ပေးလိုက်လို့ လူတိုင်းအသားကျနေပါတယ်။ အလုပ်အကိုင် မရှိတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ အာမခံကိုလည်း အစိုးရက ပေးထားပါတယ်။



ပညာရေး

အဲဒီလို တန်းတူညီမျှပြီး Mindset မြင့်တဲ့ လူမှုနိုင်ငံရေး စနစ်တစ်ခု တိုင်းပြည်ကရရှိအောင်မှာ 'ပညာရေး' က အဓိကကျလှပါတယ်။ ပြီးတော့ အရေးကြီးတာတစ်ခုက ကျောင်းပညာရေးနဲ့ ပြုစုပျိုးထောင်ရေးက မတူပါဘူး။ ကလေးတစ်ယောက်ကို ကျောင်းမှာ စာသင်ကြားပြသပေးရုံနဲ့ မလုံလောက်ဘဲ လက်တွေ့ဘဝမှာ အသုံးပြုရမယ့် အတတ်ပညာတွေနဲ့ စိတ်ဓာတ် အမူအကျင့် ကျင့်ဝတ်တွေကို မေတ္တာနဲ့နွေးထွေးစွာ ရှေ့ဆောင်ပြုစုပျိုးထောင်သွားကြရမှာ ဖြစ်ပါတယ်။ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ခြင်းက ကိုယ့်လူမှုပတ်ဝန်းကျင်ကနေ ရှင်သန်ကြီးထွားလာမယ့် ကိုယ့်နိုင်ငံသား လူသားတစ်ယောက်ကို Generation မြှင့်တင်နေတာပါပဲ။

ဂျာမနီနိုင်ငံမှာ လူတိုင်းမသင်မနေရ (Must) ပညာရေးရှိပါတယ်။ သုံးနှစ်အရွယ် မူကြို ကလေးလေးတွေဆိုရင် Kindergarten ကျောင်းတွေမှာ Manner လူမှုအပြုအမူကျင့်ဝတ်တွေကို မတက်မနေရ 'Must' တက်ပြီးသင်ယူကြရပါတယ်။

သင်ကြားရတဲ့ ဆရာတွေရဲ့ကဏ္ဍ အနေနဲ့ကလည်း ကလေးတွေကို နွေးထွေး (စေတနာပြည့်ဝစွာ) ပြုစုပျိုးထောင် သင်ကြားပေးနိုင်ဖို့ သူတို့ဘဝပြည့်စုံဖို့ အလွန်အရေးကြီး လှပါတယ်။ သူတို့ဘဝပြည့်စုံမှ အလုပ်ခွင်၊ ကျောင်းတွေမှာ တက်ကြွပျော်ရွှင်ပြီး စိတ်ပါလက်ပါနဲ့ နိုင်ငံရဲ့ မျိုးဆက်တွေကို နွေးထွေးမှုတွေ ပေးနိုင်မှာပါ။

ဂျာမနီနိုင်ငံရဲ့ ပညာရေးအနေနဲ့ နိုင်ငံသားတိုင်း ၆ နှစ်ကနေ ၁၅ နှစ်အထိ ၉ နှစ်ကြာ Haupt (ဟုတ်ပ်) လို့ခေါ်တဲ့ အခြေခံပညာကို မသင်မနေရ 'Must' အခမဲ့ (Free Education) သင်ကြရပါတယ်။ အကယ်၍ Haupt ကို ၉ နှစ်တက်ပြီးလို့ အထက်တန်းကို ထပ်မတက်ချင်တော့ရင် မုန့် ဖုတ်ပညာ၊ လက်သမားပညာ၊ ပန်းရန်ပညာ စတဲ့ Vocational School (သက်မွေးပညာကျောင်း) ကို ၃ နှစ် ထပ်တက်ရပါတယ်။ အဲဒီမှာ သူတို့ကို စာတွေ့လက်တွေ့ သက်မွေးမှုပညာတွေသင်ပေးပြီး လုပ်ခငွေအနည်းအကျဉ်း နဲ့ လုပ်သက်စရပါတယ်။ အဲဒီအချိန်မှာ လူငယ်တွေဟာ ၁၅ နှစ် ကနေ ၁၈ နှစ်အတွင်းရှိသေးတာမို့ မိဘအုပ်ထိန်းမှုအောက်မှာတင်ရှိပြီး နေဖို့စားဖို့ မိဘကထောက်ပံ့ရပါတယ်။

Vocational ၃ နှစ်ပြီးလို့ Certificate ရပြီဆိုရင် Professional အသက်မွေးမှုတစ်ခုရရှိပြီး ဖြစ်လို့ အလုပ်ခွင်တရားဝင် ဝင်ခွင့်ရပါပြီ။ အဲဒီလူတွေ က ၁၅ - ၁၆ နှစ် ကတည်းက အလုပ်စလုပ်ပြီး အခွန် Rente ပင်စင်စုဆောင်း ငွေတွေစတင် ပေးနေရပြီဖြစ်လို့ အသက် ၄၅ နှစ်ဆို ပင်စင်ယူလို့ရပါပြီ။ အသက်ကလေးက ၄၅ နှစ်ပေမဲ့ ပင်စင်အပြည့် စတင်ခံစားလို့ရပါပြီ။

ခုနက Haupt ပြီးရင် အထက်တန်းကို ဆက်တက်ခဲ့သူတွေက တော့ ဆရာဝန်၊ အင်ဂျင်နီယာစတဲ့ အဆင့်မြင့် Professional တွေဖြစ်ဖို့ အခွင့်အလမ်းတွေရှိပါတယ်။ ဆရာဝန်ဆို ၆ နှစ်တက်ရပြီး အဲဒီလူငယ်တွေက အသက် ၂၄ နှစ်ဆို အဆင့်မြင့် Professional အလုပ်တွေဝင်လို့ရပါပြီ။

ဂျာမနီကလူငယ်တွေအတွက် ပေါ်ပြူလာဖြစ်တဲ့ ဘာသာရပ်တွေက ဆေးတက္ကသိုလ်ရယ်၊ စီးပွားရေးတက္ကသိုလ်ရယ်၊ ကွန်ပျူတာတက္ကသိုလ်ရယ်၊ စိတ်ပညာရယ်တို့ ဖြစ်ပါတယ်။ ကျွန်တော်နဲ့သိတဲ့ ဂျာမန်လူငယ်လေးဆိုရင် စိတ္တဗေဒ - စိတ်ပညာကို Master မာစတာတန်းအထိ တက်ပြီးလို့ အခုလာမယ့် စက်တင်ဘာလမှာ အလုပ်ဝင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ စိတ် ပညာစိတ်ပါသူများတာက စိတ်ပညာဘွဲ့ရတွေက ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ အလုပ်ရဖို့ အခွင့်အလမ်း များပြားတဲ့အတွက် ဖြစ်တယ်လို့ ပြောပြပါတယ်။ ဂျာမန်တွေအနေနဲ့ စိတ်ကျရောဂါ ဖြစ်တာနည်းပြီး (German wings လေယာဉ်ကို Alps တောင်တန်းပေါ် မောင်းထိုးချခဲ့တဲ့ စိတ်ဝေဒနာ ခံစားနေရတဲ့ ဂျာမန်လေယာဉ်မှူးရဲ့ ကိစ္စကတော့ ထူးခြားဖြစ်စဉ် ဖြစ်ပါတယ်။) အရက်သောက်လို့ စိတ်ကယောင်ချောက်ချား ဖြစ်တာလောက်ပဲ များပါတယ်လို့ သိရပါတယ်။

နိုင်ငံတစ်ခုမှာ ပညာရေးကအဓိကပါပဲ။ လူတွေကိုပညာတတ်အောင်၊ စဉ်းစားဆင်ခြင်တတ်အောင်၊ တွေးခေါ်တီထွင်မှု အားကောင်းအောင် ပျိုးထောင်ပေးဖို့က အလေးပေးသင့်တဲ့အမျိုးသားရေးပါ။ အဲဒီလိုပညာတတ်တဲ့ လူ့စွမ်းအားအရင်းအမြစ်ကနေ အစိုးရဖြစ်လာမှ လူထုကိုယ်စားလှယ်ဖြစ်လာမှ မိသားစုထဲကနေကျင့်သုံးခဲ့ရတဲ့ နွေးထွေးကြင်နာမှုတွေ၊ အတွေးအခေါ်၊ အကျင့်အကြံ၊ အပြောအဆို ကျင့်ဝတ်တွေ အစိုးရထဲ စိမ့်ဝင်ရောနှော သက်ရောက်ပြီး တိုင်းပြည်အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်။

* * *


ဝန်ဇင်းချစ်သူများ ဆူးသစ်နီ ၏ “ ဒီနေ့ဂျာမနီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ရှင်သန်ရာဘဝထဲမှာ ရသဝတ္ထုတိုများ

ငါ့ရွှေရတု

လက်နက်