ငါ့ရွှေရတု
အမှတ်အသားတွေ ကြားက အမှတ်တရတွေ ဟာ
နှစ် ကာလတွေ ၊ အသက်တာတွေ ၊ နုပျိုမှု တွေ ကို
အသုံးချ တိုက်စားပြီးမှသာ ရခဲ့တာမျိုး
အနှစ် ၅ဝ-ကြာ အရင်းအနှီးအ ဖြစ်
ငါ့ရွှေရတု မဟာဗျူဟာအသစ်တစ်ခုကို
၅ဝ-ကျပ်တန် ဘတ်စ်ကားခရီးစဉ်ပေါ်မှာ ရေး ဆွဲခဲ့ရ
မသင်၊ မကြား၊ မလုပ်၊ မရှုပ်
မပြော၊ မဆို၊ မပူး၊ မပေါင်း
မစည်း၊ မလုံး၊ မညီ၊ မညာ
ကိုယ့်အိတ်ထဲ ကိုယ်ထည့်
ကိုယ့်အကြောင်းပဲ ကိုယ်ပြော
ကိုယ့်အတွက်ပဲ အရေး တကြီး
ထူတူတူ၊ အူတူတူ၊ အတတ
ဆေးပေးမီးယူအဆင့်တွေ နဲ့ပဲ ပြည့်နေတဲ့
ကျပ်မပြည့် ငါးဆယ်တန်အရင်းအမြစ်
ကိုယ့်စကား ကိုယ်ပြောနိုင်သူ ရှာမတွေ့ ပေမယ့်
ကိုယ့်လှေ ကိုယ်ထိုးနေတဲ့ သူတွေ ချည်း
Somebody ဖြစ်နိုင်သူ ရှာမတွေ့ ပေမယ့်
လက်ကိုင်ဖုန်းလေးတွေ နဲ့ ဓာတ်ပုံတွဲ ရိုက်ချင်သူတွေ ချည်း
ဆွေးနွေးပွဲဆို မဆွေးနွေးချင်တော့လောက်အောင်
Agenda မှန်သမျှ ပျက်ရတာ တွေ ချည်း…
နောက်ထပ် (+) နှစ် ငါးဆယ်မှာ
“ရွှေနိုင်ငံ” ထူထောင်နိုင်မယ့်
အဆင့်မြင့်နိုင်ငံသားတွေ ရဖို့
ရန်ကုန်ပြန်ရောက်ရင်လုပ်စရာ တော် တော် ပါလာတယ်…။
သိက္ခာ
သိမှု တွေ ထက် လိမ်ညာမှု တွေ ဗွက်ထနေလိုက်တာများ
ဒါအမှန်လိုလို ဟိုဟာအမှန်လိုလို
ငြိမ်ပဲ နေနေရမလို ထလို့ပဲ အော်ဟစ်ရတော့မလို
ပညာဉာဏ်နဲ့လိုက်ပုံကိုက ဖက်ရှင်ကိုကျလို့
အရက်ဝိုင်းမှာ အစ်ဇင်တွေ အားကောင်းနေတုန်း
အကြွေးမပေးလို့ ဖြစ်တဲ့ရန်ပွဲက
ညီအမလည်းမသိ မယားညီအစ်ကိုလည်းမသိ
ဘေဘီလည်းမသိ ဘေးဘီလည်းမသိနဲ့
ဆဲရေး မှု တွေ က ငါ့နားထဲအတောင့်လိုက် အခန့်သားဝင်
အသပြာတန်ခိုးနဲ့ ပြဿနာတွေ ငြိမ်းကြကြေးဆိုရင်
မီလျံနာ လာကယ်ရင် ရမလား
မေခာ လာကယ်ရင် ရမလား
မေဂျာ လာကယ်ရင် ရမလား၊ မာတာ လာကယ်ရင် ရမလား
လက်ဖြန့်တိုင်း ပေးနေနိုင်ရင်တောင်
အလကား ရယူလိုမှု တွေ က ရန်လာထောင်နိုင်သေးရဲ့
အခြေခိုင်ဖို့ လိုသလို ခေါင်လုံဖို့ လိုဆိုသကို…
မူဝါဒတွေ စီမံကိန်းတွေ လမ်းစဉ်တွေ မိုးနတ်မင်းကြီး ချမပေးခင်
ငါတွန်းနေတဲ့ တံခါးတွေ မနက်ဖြန်ပွင့်စေ ….။
မုန်တိုင်း
သြဇာကြီးတဲ့ နှုတ်ကထွက်တဲ့ စကားလုံးတွေ များ
အသံချဲ့စက်ကို တယ်မလိုတယ်
လေတိုက်တိုင်း သစ်ရွက်လှုပ်နေရတာ
ဟိုအသံကြားတိုင်း ထ ထ ကြည့်နေရတာ
အလေ့အကျင့်တွေ များ လို့ ဒူးတောင်မညောင်းတော့ပါဘူးလေ
ပုံတိုပတ်စတွေ နဲ့ စကားတွေ ဖောင်ဖွဲ့နေတာနဲ့ပဲ
လိုရင်းကို ရောက်တယ်လို့ကို မရှိတာ ကြာပေါ့
လွှတ်ခနဲ ပြောလိုက်မိတာနဲ့
ပက်ခနဲ ဖြစ် ဖြစ်နေတတ်တယ်ဆိုတာ
ဗေဒင်ဆရာ လက်ညှိုးထောင်ပြတာနဲ့ သိတယ်
လမ်းပေါ်မှာ မောင်းနေတဲ့ ဦးနှောက်တွေ မှာ
အစေ့မရှိ၊ အဆန်ချောင်နေတာ ရာဇဝင်ရှိလို့
ညနေစောင်းတွေ မှာ ထိန်းကျောင်းခြင်းကို ရပ်ဖို့ စဲဖို့
ပြီတီတီအတွေးတွေ နဲ့ မူးယစ်နေတဲ့ ငါဟာ
အိမ်ခြေယာခြေ မဲ့ပြီဆိုတာနဲ့
လက်ပံပင်ကိုချည်း ဓါးနဲ့ချိုင်နေမိတာ
အနောက်ဘက်က တံခါးပျက်တဲ့အထိပါပဲ….။
![]() ရှင်သန်ရာဘ၀ထဲမှာ ရသဝတ္ထုတိုများ | ![]() အစွယ်နှင့် အခြားကဗျာများ | ![]() ယဉ်ကျေးမှု |