Cover

အမှာ စာ

'' သံသရာကိုမခင်တွယ်ပါဘူး'' ဟုဆို၍ မြေးလေးနဖူးနမ်းသူရှိနေသေးသရွေ့ ဟာသ စာပေများ တိမ်ကောလိမ့်မည် မဟုတ်...။

လူ တစ်ယောက် သွားရိုးသွားစဉ် အတိုင်းသွားလျှင် မည် သို့ မှမ ဖြစ်။ လူအထင် ကြီးစေချင်၍ အရပ်ထောက်၍ မြောက်ကြွ မြောက်ကြွသွားလျှင် ဖေါက်ပြန်ပြီဟု ဆိုရ ပေတော့မည် ...။

သို့ သော် မြောက်ကြွမြောက်ကြွ သွားခြင်းကို ဒေါမနဿပွားမိလျှင်မူ ရယ်စရာ ဖြစ်လိမ့်မည် မဟုတ်။ ထိုသို့ သွားခြင်းကို အကောင်းမြင်ဝါဒနှင့် ကြည့်၍ ရယ်ရွှင်မိပါက ထိုအရာသည် ဟာသ ဖြစ်လာပေမည် ။

မြန်မာတို့၏ ဟာသဆိုရိုးစကားတွင် မူ.....

' သူကိုယ်ပြုချက် ဖေါက်ပြန်တွက်လျှင် အလွန်ရွှင်လှ ရယ်သွမ်းကမူ ယူလေဟာသ' ဟူ၍ ဖေါ်ပြထားခဲ့သည်။

ဟာသကိုဖေါ်ပြရာ၌ အရာရာဖေါက်ပြန်မှု တို့အား အတွေးအခေါ် အယူအဆ ဝေါဟာရတို့ဖြင့် အဓိပ္ပါယ်ပေါက်အောင် အမြင်တစ်မျိုးနှင့် ဖေါ်ပြခြင်း မျိုးသာ ဖြစ်သည်။

သံချပ်၊ ဒုံးချင်း၊ ဆိုင်းဆင့်၊ ပတ်တိုက်၊ လေပြေထိုး၊ ရကန်သွား စသည့်ခြောက်မျိုးသည် မြန်မာတို့၏ ယဒယနှလုံးရွှင်ပြုံးရာမှ ပေါ်ထွက်လာသော အခြေခံ ရိုးရာဟာသစစ်စစ်များ ဖြစ်သည်။

ဟာသသည် မှားသည်များ ကိုပြင်ရန်၊ မှန်နေသူများ ကို ပျော်ရွှင်စေရန် ပြုလုပ်ရသော ပညာရပ်တစ်ခုသာ ဖြစ်သည့်အတွက် မသင့်လျှော်သော အစိတ် အပိုင်း တစ်ခုမှတပ်ဆင်ထားခြင်းမရှိပါ။ အများ သိသော သံချပ်ထိုးခြင်းပင်လျှင် မှားယွင်းနေသော လောကသဘောကို ပြုပြင်နိုင်ရန် ဆိုင်းသံပေးပြီး သာယာနာ ပျော်ဖွယ်အသံဖြင့် အပြုသဘော ဟစ်ကြွေးခြင်းသာမဟုတ်လား။

လူ တစ်ယောက် ကို နားခံသာအောင် ရွှင်ပျစွာ ပြောဆိုခြင်းနှင့် နားမခံ သာလောက်သည်အထိ ပြောဆိုခြင်းနှစ် မျိုး၌ ဘယ်အရာကို ရွေးချယ်ချင်ကြသနည်း။

လူ တစ်ယောက် ၏ လျှာသည် ထိုသူ၏ အောင်မြင်မှု ၊ ကျရှုံးမှု မျာကို အဓိက တာဝန်ယူထားသော အစိတ်အပိုင်းထဲမှာ ပါဝင်သည်။

ထိုလျှာကပင် မှားသော စကားကိုဆိုနိုင်၍ ထိုလျှာကပင် အဆိပ်ကို အရသာမသိပဲ မြိုချကောင်း မြိုချပေလိမ့်မည် ။ သို့ သော် ကောင်းသော စကား ကိုဆိုသူ၊ လှပသော တေးသံကျူးရင့်သူသည်လည်း ထိုလျှာပင် ဖြစ်ပေလိမ့်မည် ။

ဟာသပညာသည် သင့်အားကောင်းသော စကားကို ဆိုစေပါသည်။ ယုတ်ရင်းကြမ်းတမ်းသော အပြုအမူများ ကို ဖယ်ရှားပေး၍ နိမ့်ကျနေသော သင်၏ စိတ်ဓါတ်များ ကို မြှင့်တင်ပေးပါသည်။ ထို့ကြောင့် ဟာသပညာကို ရှေးဆရာကြီးများ က အဌာရဿတစ်ဆယ့်ရှစ်ရပ်ထဲတွင် တခမ်းတနားထည့် သွင်းဖေါ်ပြ သင်ကြားခဲ့ကြသည်။

ကျွန်တော် စဉ်းစားကြည့်ပါသည်။

ရှေးဆရာကြီးများ သင်ကြားပေးခဲ့ကြသော အဌာရဿဆယ့်ရှစ်ရပ်မှ ဟာသပညာကို မည် သည့်သင်ရိုးနှင့် သင်ကြား ပေးခဲ့သနည်း။

ရှေးဆရာကြီးများ က အနုပညာထဲတွင် စာပေပညာသည် သင်ကြား ပေးရအခက်ဆုံးပညာအ ဖြစ် သတ်မှတ်ခဲ့ကြပြန်ပါသည်။

ကျွန်တော် ကိုယ်တိုင်လဲ ဟာသနှင့် ပတ်သက်သည်များ ကို လိုက်လံ ဖတ်ရှု စုဆောင်းခဲ့ပါသည်။ သို့ သော် ဟာသပညာနှင့် ဆိုင်သော သင်ရိုး တစ်စွန်းတစ်စမှပင်မတွေ့ ခဲ့ရဖူးပါ။

ထို့ကြောင့် ကျွန်တော် လက်ရှိ ဖြစ်ပေါ်နေသော ချဉ်ခြင်းသည် ရှေးဆရာအဆက်ဆက်က အဌာရဿဆယ့်ရှစ်ရပ်တွင် သင်ကြားပေးခဲ့သော ဟာသပညာသင်ရိုးစာအုပ်သာ....

ငယ်စဉ်က ကျွန်တော့် အစ်ကိုကြီး ကဗျာတစ်ပုဒ် ဖတ်ပြသည်ကို ကြားခဲ့ရဖူးပါသည်။ ကဗျာဆရာ ကတော့ မည် သူ ဖြစ်ကြောင်း မသိတော့ပါ။ အစ်ကိုကိုမေးတော့လဲ သူလည်းမမှတ်မိတော့ပါ။ ထို့ကြောင့် ကဗျာဆရာ အမည် မဖေါ်ပြပေးနိုင်ခြင်းအတွက် ခွင့်လွှတ်ပေးကြပါကုန်။ ကဗျာလေး ကတော့ ရိုးပါသည်။

ပထမအရွယ် မောင်ဖိုးထယ်၊ လယ်ကိုထွန်ယက်နေပါသည်။

ဒုတိယအရွယ် ကိုဖိုးထယ်၊ လယ်ကိုထွန်ယက်နေပါသည်။

တတိယအရွယ် ဦးဖိုးထယ်၊ လယ်ကိုထွန်ယက်နေပါသည်။

ဒါလေးပဲ ဖြစ်၏ ။

ထိုနည်းလည်းကောင်းပင်....။

ကျွန်တော် တို့သည်လည်း ဟာသစာပေကိုဖက်တွယ်မိကြပြီ။ ပတ်သက် ခဲ့မိသည့်အလျှောက် ဟာသစာပေပေါ် အတန်အသင့်တော့ တာဝန်ကျေခဲ့ချင်သည်။ ထို့ကြောင့် အောက်ပါခေါင်းစဉ်အား ချရေး ဖြစ်ခဲ့တော့သည်။

အခန်း (၁)

မြစ်ပြင်ပေါ်ထင်ကျန်နေသော မြွေခြေရာများ

ဒီခေါင်းစဉ်လေးဟာ ကျွန်တော့်  ရဲ့ ပင်ကိုယ် ခေါင်းစဉ်မဟုတ်ပါဘူး။ ကျွန်တော့် ရဲ့ သူငယ်ချင်း (စောစောစီးစီး သေပစ်လိုက်ပြီ ဖြစ်သော )ညီငယ်စာရေး ဆရာ သျှင်ထွေးဟန်ရဲ့ ဝတ္ထုတို ခေါင်းစဉ် ကလေးတစ်ခုပါ။ သူ့ကို သတိရတာ က တစ်ကြောင်း၊ နောက်ပြီးကိုယ်ရေး မယ့် အကြောင်းအရာနဲ့ ဒီခေါင်းစဉ်လေး လိုက်ဖက်နေတာကတစ်ကြောင်းတို့ကြောင့် သူ့ခေါင်းစဉ်လေးကိုပဲ ပြန်သုံး ဖြစ်တာပါ။

ကျွန်တော် အခုဆက်ပြီးရေး သားသွားမယ့်အကြောင်းအရာ တွေ ကတော့ ကျွန်တော် သိတဲ့စာပေရေး သားခြင်းအတတ်ပညာ အကြောင်း တွေ ပါပဲ။

''အောင်မာ ...မင်းက ဘာကောင်မို့ ဘာတတ်လို့ ဒီစာမျိုး ရေး ရတာ လဲ'' ပြောရင်လည်းခံရမှာ ပါ။ ဒီစာစုဟာ အခုစာပေရေး သားနေကြတဲ့ပညာရှင်တွေ အတွက် မရည်ရွယ်ပါဘူး။ စာစရေး မယ့် စာရေး ဝါသနာပါသူများ ၊ ဘယ်လိုစရေး ရမှန်းမသိသူများ အတွက် အထောက်အကူအနည်းငယ် ဖြစ်စေရန်သာရည်ရွယ်တာပါ။ ဒါကြောင့် လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်းနဲ့ နားလည်လွယ်အောင် ကျွန်တော် ရေး ခဲ့တဲ့စာများ ထဲက တချို့ကိုပြန်လည်ကောက်နုတ်ရင်း အချို့ကိုလည်း အသစ်ဖန်တီးရင်း လက်လှန်းမီသမျှ တင်ပြပါ့မယ်။ ဒါတွေ အားလုံးဟာ စာပေမြစ်ပြင်မှာ ထင်ကျန်နေမယ့် (ကျွန်တော့် ) မြွေခြေရာတွေ ပဲ ဖြစ်ပါတယ်။

အဲ...တစ်ခုတော့ရှိပါတယ်။ ရယ်ချင်ယုံသက်သက်နဲ့ဖတ်တယ် ဆိုရင်တော့ ဒီစာအုပ်ကို ဒီနေရာမှာ ပဲ ပိတ်ပြီးထားခဲ့ပါတော့။ ရယ်ရတယ် ဆိုတာထက်ကို ရယ်စရာ ဖြစ်စေတဲ့ အခြေခံအကြောင်းတရားတွေ သိချင်သူတွေ အတွက် ပိုပြီးရည်ရွယ်လို့ပါ။

* * * * * * * * * *

ကျွန်တော် စာစရေး တော့ မယ်လို့ ဆုံးဖြတ်ပြီးကတည်းက တစ်နှစ် တိတိ စာကြည့်တိုက်ထဲဝင်ပြီး စာဖတ်ခြင်းအလုပ်ကိုပဲ စွဲစွဲမြဲမြဲလုပ်ခဲ့ပါတယ်။ အဲဒီ မှာ သိလာတဲ့အသိတွေ နဲ့ ဝတ္ထုတစ်ပုဒ်ကို ဆွဲဆောင်မှု ရှိအောင် ဘယ်လိုဖွင့် မလဲ။

ကျွန်တော် စဉ်းစားပါတယ်။ ရေး မှာ ကဟာသ။ ဟာသကိုမှ ဘယ်လို ဆွဲဆောင်မှု ရှိအောင် တင်ပြမလဲ။ ဒါဟာ တကယ့်ပြဿနာပါ။

တချို့လည်း ရှိပါတယ်။ ရေး ထား တဲ့ဝတ္ထုကောင်းပါရဲ့ နဲ့ အစပိုင်းမှာ ဆွဲ ဆောင်မှု မရှိလို့ ပရိသတ်ဆက်မဖတ် ဖြစ်တာမျိုး။ ကျွန်တော် ကျတော့ ဒီလိုအ ဖြစ်ခံလို့မရဘူး။ ကိုယ်တိုင်ကလူသစ်။ နာမည် က 'ကကျိုးကကြောင်'။ ပရိသတ်မဖတ်မိရင် ဘယ်လိုလုပ်မလဲ။ ဒါနဲ့ ကျွန်တော် စဉ်းစားတယ်။

'စောကြည်ဖြူသည် လွန်စွာ အူကြောင်ကြောင်နိုင်သည့် လူမျိုး ဖြစ်သည်'

ဒါ အခုခေတ်အထိ အဖန်တစ်ရာတေသုံးနေကြတဲ့ ဟာသ ဝတ္ထုတွေ ရဲ့ အဖွင့် ဖြစ်ပါတယ်။ ရှေးခေတ်ကလည်းသုံးတယ်။ အခုခေတ် လူငယ်လေး တွေ လည်း ဟာသဝတ္ထုရေး တော့မယ်ဆို ဒီလိုပဲရေး ကြတယ်။ ကျွန်တော် က အဲဒီ လိုအဖွင့်မျိုးမကြိုက်ဘူး။ (ဒါ ကျွန်တော့အမြင်ပြော တာနော်)။

နောက်တစ်ခု ရှိသေးတယ်။

'ဦးဘမောင် ပြောလိုက်သည့်စကားကြောင့် အားလုံးပွဲကျသွား တော့၏ ။ ဦးဘမောင်ပြောလိုက်သည်မှာ ကား'

ဒါ ဝတ္ထုအပိတ်။ ဒါလည်း ကျွန်တော် မကြိုက်ဘူး။

ဒါနဲ့ဝတ္ထုအဖွင့်ကောင်းတဲ့ ဆရာတွေ ရဲ့ ဝတ္ထုအဖွင့်စကားလုံး တွေ ကို ပြန်စဉ်းစားတယ်။ (ကန်တော့နော်။ ကျွန်တော် ကဝတ္ထုတစ်ပုဒ်ရဲ့ အဖွင့်အကြောင်း ပြောချင်လို့ 'အဖွင့်ကောင်း'လို့သုံးလိုက်တာပါ။)

နောက်ဆုံးမှ ဆရာကြီးဒဂုန်တာရာရဲ့ 'မေ'ဝတ္ထုအဖွင့်ကို သွားသတိရပါတယ်။ ဆရာကြီးရဲ့ ဝတ္ထုအဖွင့်စာကြောင်းလေး အရမ်း လှပါတယ်။

'လေနုအေးက နော့ဆဲကို ...'

အဲဒီ အတိုင်းပဲ ကျွန်တော့် ရဲ့ ကဝေပျိုဝတ္ထုနိဒါန်းကို ဖွင့်လိုက် ပါတယ်။

'လေပြေနှင့် ခေတ်ပြိုင်ပေါ်ထွက်လာသော 'အို'ဟူသော အာမေဋိတ် သံနုနု'

ဟာသဝတ္ထုအနေနဲ့ဆို ဘယ်သူမှမဖွင့်ချင်ကြတဲ့ နိဒါန်းစာကြောင်းပါ။ ဒါပေမယ့် အဲဒီ စာကြောင်းလေးကြောင့် ပဲ ပရိသတ်က ဝတ္ထုကို ဆက်ဖတ် ဖြစ်သွားတယ်လေ။ ဒီနေရာမှာ ကျွန်တော် ဆိုလိုတာက 'လေပြေ နှင့် အပြိုင်လို့လည်း သုံးလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော် က လေပြေနှင့် ခေတ်ပြိုင်ဆိုတဲ့စကားလုံးကိုသုံး ဖြစ်ပါတယ်။ စကားလုံးပိုကြွယ်ပြီး အဓိပ္ပာယ်သက်ရောက်မှု ပိုရှိအောင် သုံးလိုက်တာပါ။ ဆိုလိုတာက ကျွန်တော် တို့ အခုသက်ပြင်းလေးချလိုက်ရင်တောင် လေပြေနဲ့ခေတ်ပြိုင်ပဲ မဟုတ်ပါလား။

နောက် ...ကျွန်တော် ဒီဝတ္ထုကို စရေး ပြီဆိုတာနဲ့ ဟာသကို ဘယ်လိုပုံစံမျိုးနဲ့ တင်ပြမှာ လဲ။ ဒါက အရေး ကြီးလာပါပြီ။

ဟာသ ဖြစ်တဲ့အကြောင်းအရာတိုင်းကို သရုပ်ခွဲရင် ဟောဒီကိုးမျိုး ကိုတွေ့ ရမယ်လို့ ပညာရှင်များ က ဖွင့်ဆိုထားပါတယ်။

၁။ အာဝဇ္ဇန်း (Wit)

၂။ သရော်စာ (Satire)

၃။ မဆီလျော်သော အ ဖြစ်အပျက် (Burlesque)

၎။ စာပြောင်စာပျက် (Parody)

၅။ မ ဖြစ်နိုင်သော အရာများ ကို ဖြစ်ခဲ့သလို ပြောင်ချော်ရေး ခြင်း (Farce)

၆။ အသံထွက်ဆင်တူ (Pun)

၇။ စကားလိမ် (Riddle)

၈။ ဥပမာမြောက် (Commic Simile)

၉။ မြင့်ရာမှ တဖြည်းဖြည်းနှိမ့်ချ ရေး သားခြင်း (Bathos)

တို့ပဲ ဖြစ်ပါတယ်။ အဲဒီ ကမှ အလွဲဖြေ၊ ပြက်ရယ်ပြုခြင်း၊ ခနိုးခနဲ့ရေး သားခြင်း၊ အဓိပ္ပါယ်နှစ် ဖက်ခွနေသော စကားလုံးများ စသည်ဖြင့် အမျိုးမျိုးအစိပ်စိပ် ပြန်ခွဲလို့ရပါသေးတယ်။

အဲဒီ ထဲမှာ မှ ကျွန်တော် က ဝတ္ထုရဲ့ အဖွင့်မှာ မြင့်ရာမှနှိမ့်ချ ရေး သားခြင်း (Bathos) နည်းနဲ့ ရေး လိုက်ပါတယ်။ ပြန်ကြည့်ကြပါ။

မြင့်စန်းရီဆိုတဲ့ ကျွန်တော် ချစ်တဲ့ကောင်မလေးက 'အို'ဆိုတဲ့ အာမေဋိတ်သံနဲ့ ရပ်သွားချိန်၊ ကျွန်တော် စောကြည်ဖြူက ကောင်မလေး ဖိနပ်ပြတ်သွားတယ်လို့ထင်ပြီး လက်ဖက်ရည်ဆိုင်ကနေထပြေးလို့ ကောင်မလေး ရှေ့ဒူးထောက်ထိုင်နေချိန် -

'ကျွန်တော့်  ရွှေကြာရိုးလေးရှေ့အရောက်လှမ်းလိုက်ပြီး ဆဒ္ဒန် ဆင်မင်းအစွယ်ကို ဖြတ်ရန်ရောက်လာသော သော နုတ္ထိုရ်မုဆိုးလို ဟန်ပါပါ မုဆိုးဒူးထောက်ထိုင်ချလိုက်သည်။ ကွာခြားတာက ကျွန်တော် ကသော နုတ္ထိုရ် မုဆိုးလို ဆင်စွယ်ဖြတ်ရန်မဟုတ်။ ချစ်သူ၏ ဖိနပ်ကြိုးတပ်ရန်။ ပြီးနောက် လွယ်အိတ်ထဲက ကွန်ပါတ်စ်ကိုထုတ်ပြီး ချစ်သူ အားမငယ်ရလေအောင် ပြုံးပြလိုက်သည်။ ချစ်သူ ကတော့ ကျွန်တော့် ကို ကြောင်ငေးနေတုန်း'

'ဘာမှ မပူပါနဲ့ မြင့်စမ်းရီ။ မကြာခင်မှာ အခြေအနေအားလုံးဟာ ပြန်လည်လင်းလက်လာမှာ ပါ'

ဟုဆို၍ သူမဖိနပ်ကို ဆိုးဆိုးဆတ်ဆတ်ဆွဲယူလိုက်ရာ -

'ဟင် ...အို ...မလုပ် ...မလုပ်နဲ့လေ'

ဟူသော အံ့သြတကြီး ရေရွတ်သံနှင့် အတူ စီးစီးပိုင်ပိုင်ကိုင်မိသော ဖိနပ်အောက်ခုံမှ အထိအတွေ့  -

'ဟင်'

သင်းပျံ့လာသော ရနံ့ဆိုး။ လက်ကိုဆတ်ခနဲပြန်ရုတ်ပြီး ကြည့် လိုက်ရာ -

'ခွေးချေး'

ဟုတ်ပါသည်။ ရေစပ်စပ်မှပင်မရောထားသည့် ခွေးချေး။ ခွေးချေး တစ်ဖက်ထောက်ဆူးတစ်ဖက်နှင့် ကျွန်တော် ကြောင်နေမိသည်။ ထိုခဏမှာ ပင် -

'အဲ ...အဲဒါကြောင့် ပြောတာ မြင့်စန်းရီဖိနပ်က ခွေးဟိုသင်း တွေ နင်းထားတာ။ အဲဒါ ယူကအတင်း'

အဲဒါပါပဲ။ ဒါ ကျွန်တော် ပြန်ချုံ့ရေး ထားတာပါ။

ပထမပိုင်းမှာ စာညွန့်တွေ ၊ ကဗျာတွေ နဲ့ တင်ရေး ထားပြီး အဲဒီ အပိုင်းမှာ ရုတ်တရက်နိမ့်ရာကိုချိုး ကွေ့လိုက်တာပါ။ လူတွေ ထင်မှတ် မထားလောက်တဲ့အချိန်မှာ မှ မြင့်ရာကနေနိမ့်ရာကို ရုတ်ခြည်းချိုး ချလိုက်တာပါ။

ဒါမျိုးတွေ က ဆရာသော်တာဆွေရဲ့ ဝတ္ထုတော် တော် များများ မှာ တွေ့ ရ တတ်ပါတယ်။ ဥပမာ

ခြေထောက်နှစ် ချောင်း အသာမပါလို့

အပေါက်ဟောင်းကိုတဲ့ သွပ်လိုက်ရင်

ဗြွတ်ခနဲဝင်။

ပညာရှင် အထင်မမှားလေနဲ့

တရုတ်ပြည် ဝဠာကျေးဆီက

ဘောင်းဘီကွဲ့လေး။ ။

ဆိုတာမျိုးပေါ့။ (ကဗျာကအတိအကျ မှန်ချင်မှမှန်မယ်၊ ကျွန်တော် မှတ်မိသလောက်ပြန်ရေး တာပါ။)

ဆရာရန်ကုန်ဘဆွေရဲ့ မြန်မာပြည်သားဝတ္ထု ဟာလည်း ဒီအတိုင်းပါပဲ။ တောက်လျှောက် နိုင်ငံအတွက် အသက်စွန့်ထမ်းရွက်ခဲ့ပြီး နောက်ဆုံးစာမျက်နှာမှာ မှ 'သရဲဘောကြောင်သသူ' ဆိုပြီး ကိုယ်နေတဲ့ရွာ ကတောင် ရွာထဲပေးမဝင်တော့ဘဲ ခဲတွေ နဲ့ပစ်ပေါက်ခြင်း ခံရသလိုမျိုးပေါ့။

* * * * * * * * * *

ဝတ္ထုတစ်ပုဒ်ရေး တော့မယ်ဆိုရင် ဟာသပုံစံတစ်မျိုးတည်းနဲ့ မ ဖြစ်နိုင်ပါဘူး။ ပုံစံစုံအောင်ထောင့်စုံအောင်တတ်နိုင်သမျှ ထည့်ရေး ရပါတယ်။ နောက်ပြီးအတွေးပါ။ အရာရာအားလုံးကို ဟာသ ဖြစ်အောင် ထောင့်စုံအောင် တွေးကြည့်ရပါတယ်။ အ ဖြစ်အပျက်ထက်လည်း ပိုတွေးရပါ တယ်။ နောက်ပြီး နှိုင်းယှဉ်ပြီးတော့လည်း တွေးတတ်ရပါတယ်။

နားထွေးမှာ စိုးလို့ ကျွန်တော် တစ်ခုနှိုင်းယှဉ်ပြီး တွေးပြပါ့မယ်။

ကျွန်တော် တို့အားလုံးသင်ခဲ့ လေ့လာခဲ့ရတဲ့ ဦးပုညရဲ့ ရေသည်ပြဇာတ်ကိုပါ။ ဦးပုညဟာ ရေသည်ပြဇာတ် တစ်ပုဒ်လုံးကို သရော်တော် တော် ဟန်နဲ့ ရေး သွားတာကို ဖတ်ဖူးကြမှာ ပါ။

'ဆံထုံးတော် ကြီး တမာသီးနှင့် ခါးစည်းဝတ်လဲချုပ်စပြဲကို တွဲ အပ်နဲ့တွယ်။ လူမြင်သမျှ စိတ်ပျက်အောင်လှပါတဲ့ မရေသည်' စသည်ဖြင့် ပေါ့ ...။

'လူမြင်သမျှ စိတ်ပျက်အောင် လှပါတဲ့'ဆိုတဲ့ သရော်ဟန်ကလေး က အရမ်းကိုလှပါတယ်။ အဲဒီ အထဲမှာ မှ စာပိုဒ်တစ်ပိုဒ်ပါသေးတယ်။

ရေသည်မိန်းမက ရေသည်ယောက်ျားကိုပြောတာပါ။ အသေအချာ ဖတ်ကြည့်ပါ။

'ခါးဝတ်လဲမှာ ၊ မလွဲစင်စစ်၊ မျက်မြင် ဖြစ်၍ မစစ်သာဘူး။ ဘာလ ချာချွတ်ခြုံ၊ ဖွားဖက်တော် မှမပေါ်ရုံ လုံအောင်အနိုင် ဖုံးရတယ်'

ရေး ထားတာက ခပ်ရွှင်ရွှင်နဲ့ ပြုံးချင်စရာပါ။

ခါးဝတ်လုံချည် ကတော့သူမမျက်မြင် ဖြစ်လို့မစစ်ချင်တော့ပါဘူးတဲ့။ စုတ်ပြတ်သတ်နေတာမှ ကိုယ့်ဖွားဖက်တော် ကိုတောင် လုံအောင် အနိုင်နိုင် ဖုံးထားရတယ်ဆိုတာမျိုးပါ။ ဒီမှာ ယောက်ျားတွေ ရဲ့ အမှတ်လက္ခဏာကို ဖွားဖက်တော် လို့ ယဉ်ယဉ် ကလေးသုံးထားပါတယ်။ အသုံးအနှုန်းက အရမ်းလှပါတယ်။

ကိုင်း - အဲဒီ လှတာကို ခဏထား။ မဟော်သဓာဇာတ်တော် ကို ပြန်သွားကြည့်မယ်။ မဟော်သဓာဇာတ်တော် မှာ ရေး ထားတာက

'ဘုရားအလောင်းတော် မဟော်သဓာသည် ဖွားဖက်တော် တစ်ဖက်ငါးရာဖြင့် မွေးဖွားလာခဲ့သည်'

ကိုင်း- နှိုင်းယှဉ်ပြီးသာ စဉ်းစားကြည့်။ အပေါ်ရေသည်ပြဇာတ်က ဖွားဖက်တော် ၊ အောက်ကိုထည့်လိုက်ရင် ဘယ်လို ဖြစ်မလဲ။

လူ တစ်ယောက် မုန့်လုံးရေပေါ်အိုးပေါ် ခွထိုင်နေသလိုကိုမြင်ရမယ်။

ဒါ - ဟာသရေး တော့မယ်ဆိုရင် နှိုင်းယှဉ်စဉ်းစားတတ်ဖို့ ပြောတာပါ။

ကဝေပျို၏ နိဒါန်းဝတ္ထုထဲမှာ လည်း ကျွန်တော် အဲဒီလို နှိုင်းယှဉ် ခံစားရေး ခဲ့တာတွေ ပါပါတယ်။ ဥပမာ ရည်းစားစာကိုပဲကြည့်ပါ။

သမင်မလေးဖြိုး ...

ချစ်လွန်းလို့ ဆင်ကြံ ကြံမိတာပါ။

ဖြိုးကို အစ်ကိုကြီး ချစ်လွန်းလို့ ကျားချောင်းချောင်းနေတာ ကြာပါပြီ။

ဒါပေမဲ့ အခွင့်မသာလို့ လင်းမြွေလို မသိမသာခွေနေရတာ ပါ။

ဖြိုးလေး လာရာလမ်းကို မျှော်ရလွန်းလို့ လည်ပင်းတောင် သစ်ကုလားအုတ်လောက် ရှည်ထွက်နေပြီ။

ဖြိုးကို အစ်ကိုကြီးချစ်တဲ့အချစ်က သိုးတစ်ကောင်လို ဖြူစင်ပါတယ်။

အခုလို ဖြိုးမသိအောင် စာထည့်ထားတဲ့အတွက် မြေခွေးလို ကောက်ကျစ်တယ် မထင်စေချင်ဘူး။ ဖြိုးနဲ့ ရင်ဆိုင်တွေ့ တဲ့အခါတိုင်း ကိုယ့်ရဲ့ အသည်းနှလုံးဟာ ယုန်တစ်ကောင်လို ထိတ်လွယ် လန့်လွယ်လို့ပါ။

ဖြိုး ...

နွားကျတယ်လို့ ဆိုချင်ဆိုပါတော့။ ဖြိုးရဲ့ ခြေရင်းမှာ ကြောင်တစ်ကောင်လို ပွတ်သီးပွတ်သပ် ခယပါရစေ။

ဒါကလည်း ခြင်္သေ့လို အသည်းနဲ့ ရဲရဲကြီးချစ်မိလို့ပါ။

ဒီလို ပြောလိုက်လို့ ဖြိုးရဲ့ စိတ်ထဲမှာ ကိုယ့်ကိုရေဆင်လိုလို၊ ကြွက်စုတ်လိုလို မထင်စေချင်ဘူး။

ဖြိုး ...

စာပြန်နော် ...

ဖြိုးရဲ့ ပြန်စာမှမရရင် သစ်ကိုင်းလွတ်တဲ့မျောက်လို အစ်ကိုကြီး နေမထိထိုင်မသာ ဖြစ်နေတော့မှာ ပဲ။

ဖြိုးဆီကအချစ်ကို မျှော်လင့်ရင်း ...

စိုင်ကော်လို့ ချုံပေါ်ရောက်ချင်တဲ့ ...

ဒရယ်ရွာသား

ကိုယ် ...

ဒီစာလေးဖတ်လိုက်တာနဲ့ နှိုင်းယှဉ်ခံစားခြင်းကို သဘောပေါက်ကြ မယ်ထင်တယ်။ အားလုံးကို တိရစ္ဆာန်တွေ နဲ့ နှိုင်းယှဉ်ပြီး ရေး ထားတာပါ။

ရိုးရိုးရေး ရင်လည်း ရပါတယ်။

သိပ်လှတဲ့ဖြိုး ...

ချစ်လွန်းလို့ အကြံကြီးလိုက်ရတာ ပါ။ ဖြိုးကိုချစ်လွန်းလို့ အစ်ကို ကြီး စောင့်ကြည့်နေတာ ကြာပါပြီ။ အခွင့်မသာလို့ ငြိမ်ငြိမ်လေး နေနေရ တာပါ။

အဲဒီ လိုရေး ရင် ဟာသဘယ်လို ဖြစ်တော့မှာ လဲ။ ဒါကြောင့် တိရစ္ဆာန်များ နဲ့ နှိုင်းနှိုင်းပြီး ရေး ခဲ့တာပါ။ ဒီရည်စားစာကို ကဝေပျို ဝတ္ထုထဲမှာ ထွန်းအိုင်လို့ခေါ်တဲ့ လက်ဖြူနေတဲ့ဇာတ်ကောင် (အိုင်လက်ဖြူ)က သူ့ သူငယ်ချင်း စောကြည်ဖြူရဲ့ ညီမ မိဖြိုးကိုပေးခဲ့တာပါ။ ထွန်းအိုင်က လက်ဖြူ နေတော့ သူ့ကိုသူ့နာမည် နောက်ကအိုင်နဲ့ လက်ဖြူနေတာကို အစွဲပြုပြီး 'အိုင်လက်ဖြူ'လို့ခေါ်ကြောင်းလည်း ရေး ထားပါတယ်။ ဒီမှာ တင် အသံထွက်ဆင်တူက ဖြစ်တဲ့ ဟာသပါလာပါပြီ။

ဒီလိုပါ။

ချစ်သူ ကတော့သူ့ကို ရည်းစားစကားပြောမယ့် အကောင် တစ်ကောင် သူ့ရှေ့မှော က် ငုတ်တုတ်ကြီးထိုင်နေသည်ကို မသိရှာဘဲ မှာ ထားသော ခေါက်ဆွဲကြော်ကိုပင် စားမလိုလုပ်လိုက်၊ ပြန်ချလိုက်လုပ်နေသည်။

ထိုစဉ် ...

ကျွန်တော့် ၏ အမြင်အာရုံထဲ တိုးဝင်လာသော အရိပ်တစ်ခု။ ကျွန်တော် မျက်လုံး ပြူးသွားရသည်။ ဒီကောင် -

'အိုင်လက်ဖြူ'

'ရှင်'

ကျွန်တော့် ရဲ့ ဘာမဆိုင်၊ ညာမဆိုင် နှုတ်ကထွက်သွားသော စကားကြောင့် ခေါက်ဆွဲကြော်စားနေသော ချစ်သူထံမှ အာမေဋိတ်သံ အထစ်ထစ်အငေါ့ငေါ့နှင့် ထွက်လာ၏ ။

'ဟုတ်တယ် ...အိုင်လက်ဖြူ'

'အို ...'

ချစ်သူမျက်နှာလေး ရဲပြီးထပြေးသွားသည်။

ဒါဟာ အသံထွက်ဆင်တူစကားလုံးတွေ ကြောင့် ဖြစ်တဲ့ဟာသပါ။ သူ့ဘာသာသူ သူငယ်ချင်းနာမည် ခေါ်တာပါ။ ဒါပေမဲ့ ကောင်မလေးရှေ့ သွားပြောမိတာဆိုတော့ စဉ်းစားသာကြည့်။ ပါးမရိုက်တာ ကံကောင်း။

အသံထွက်ဆင်တူကြောင့် ဖြစ်တဲ့ ဟာသတွေ အများ ကြီးရှိပါတယ်။

'ဟေ့ မင်းကြားလိုက်သေးလား'

'ကျားမလိုက်ပေါင်ကွာ'ဆိုတာမျိုးလေးတွေ ကအစပါ။ အသံထွက် ကြောင့် အဓိပ္ပာယ်လွဲမှား ဟာသ ဖြစ်သွားရတာ တွေ ပါ။

* * * * * * * * * *

နောက် (Wit) လို့ခေါ်တဲ့ အာဝဇ္ဇန်း ကတော့ ဟာသရေး သူတွေ အတွက် အဓိကလိုအပ်တဲ့ အရည်အချင်းပါပဲ။ ဇာတ်သမားအခေါ်နဲ့ဆို ဘောက်လုံးပေါ့။

သူက ခွင်ချထားတာ မဟုတ်ဘူး။ ဖြစ်လာတဲ့အခြေအနေအပေါ်မှာ မူတည်ပြီးတော့ကိုဖေါက်ရတာ ။ ဉာဏ်ရွှင် နေဖို့ သိပ်လိုတယ်။ ကိုယ်က ဉာဏ်ရွှင်ရင် ရွှင်နေသလောက်ကိုစာကထွက်တော့တာ။

ကျွန်တော် ဒီစာရေး နေချိန်မှာ သူငယ်ချင်း တစ်ယောက် ရဲ့ အမေ နှလုံး သွေးကြောကျဉ်းလို့ ဆေးရုံမှာ တက်ကုနေရတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ကျွန်တော့် သူငယ်ချင်းရဲ့ အမေအခန်းနဲ့ကပ်လျက်မှာ က မွေးလူနာဆောင်။ ကျွန်တော် နဲ့ သူငယ်ချင်းအခန်းရှေ့မှာ ထိုင်နေရင်း၊ တစ်ဖက်ခန်းက အသံကြားရပါတယ်။

'ဟယ် ...ကလေးလေးက ကျွန်မကိုယ်ပေါ်သေးပေါက်ချ လိုက်ပြီ။ အောင်မလေး လုပ်ကြပါဦး၊ ဝတ်စုံတွေ တော့ နံစော်ကုန်ပါပြီ'

သူနာပြုဆရာမ လေးရဲ့ ရွံရှာတဲ့အော်သံ။ တစ်ဆက်တည်းမှာ ပဲ ကလေးအဖေရဲ့ တောင်းပန်သံ။

ကျွန်တော့် နားထဲမှာ ချက်ချင်း ကိုးလို့ ကန့်လန့် ဖြစ်သွားတယ်။

မွေးကင်းစကလေးပဲဗျ။ ဘယ်သိဦးပါ့မလဲ။ သူပေါက်ချင်တဲ့ အချိန်ကျရင် ကြုံသလိုပေါက်ချလိုက်မှာ ပဲ။ နောက်ပြီး သူနာပြုဆရာမ ဆိုတာကလည်း ဒါမျိုးမရွံရဘူးလေ။ ဒါ သူ့အလုပ်ပဲ။ အဲဒီ လောက်မှ ရွံတတ်တယ်ဆို သူနာပြုဆရာမ လုပ်မနေနဲ့ တော့။ ကျွန်တော့် ခေါင်းထဲ ကနေအတွေးတစ်ခု ချက်ချင်း ထွက်လာတယ်။ ကျွန်တော် သာ ကလေး အဖေဆိုရင် ဘယ်လို ဖြစ်မလဲ။

'ဟယ် ...ကလေးလေးက ကျွန်မရဲ့ ကိုယ်ပေါ်သေးပေါက်ချ လိုက်ပြီ၊ အောင်မလေးလုပ်ကြပါဦး၊ ဝတ်စုံတွေ တော့ နံစော်ကုန်ပြီ'

သူနာပြုဆရာမ လေးရဲ့ ရွံရှာတဲ့အော်သံ။ ကျွန်တော် က ...

'ကလေးပဲ ဆရာမ ရယ် ...ခုမှ မွေးကင်းစဆိုတော့ ဘယ်သိ ပါ့မလဲ'

ကျွန်တော့် ရဲ့ စကားလည်းကြားရော ဆရာမ ၏ မျက်လုံးများ ဒေါသဖြင့် စိုလက်သွားပြီး -

'ဘာရှင့် ...ဘယ်သိပါ့မလဲဟုတ်လား။ သူမသိပေမဲ့ ကျွန်မ သိတယ်ရှင့်။ ဘယ့်နှယ် ရှင့်ခါးပေါ်လူ တစ်ယောက် ခွပြီး သေးပေါက်ချ ရင်ရော ရှင်ခံနိုင်မလား'

'ဆရာမ ပေါက်ချင်လို့လား။ ဆရာမ ပေါက်ချင်ပေါက်လေ။ ကျွန်တော် ဆရာမ ကို ချီထားပေးမယ်။ ကျွန်တော့် ခါးပေါ်သာ လွှတ်ချလိုက်'

'ရှင် မမိုက်ရိုင်းနဲ့နော်'

'လက်စားချေချင်တယ်ဆို ပြောပါတယ်'

ဒါ ဘောက်လုံးပါ။ ဘာမှမဟုတ်တာလေးကနေစပြီး စဉ်းစားလိုက်တာပါ။ ဒီနေရာမှာ ကျွန်တော် ဆိုလိုချင်သေးတာတစ်ခု ရှိပါသေးတယ်။

အရေး အသားပါ။

ခုနအပေါ်က ကျွန်တော် ရေး ခဲ့တာကိုပဲ အခုခေတ်အတော် များများ ရေး သားတဲ့အရေး အသားနဲ့ ပြန်ရေး ပြပါ့မယ်။

'သူမသိပေမဲ့ ကျွန်မသိတယ်ရှင့်၊ ရှင့်ခါးပေါ် လူ တစ်ယောက် သေးပေါက်ချလိုက်ရင်ရော ရှင်ခံနိုင်မလား'

ဆရာမ လေး၏ ဒေါသတကြီးအမေးကို ကျွန်တော် ပြန်ဖြေလိုက်သည့်စကားကြောင့် ဆရာမ လေးခမျာ ပြုံးရမလား၊ ဒေါသထွက်ရမလား ဖြစ်သွားရသည်။ ကျွန်တော် ပြန်ပြောလိုက်သည်မှာ ကား ...

'ဆရာမ ပြန်ပြီး လက်စားခြေချင် ကျွန်တော့် ခါးပေါ် ပြန်ပေါက် လိုက်လေ။ ကျွန်တော် ချီထားပေးမယ်'ဟူသတည်း။

ကဲ ခုနကျွန်တော် ရေး ပြခဲ့တာနဲ့ အခုဟာ။ ဇာတ်ရှိန်ဘယ်လောက် ကွာသွားလဲ။ ထိရောက်ပုံ ဘယ်လောက် ပြောင်းသွား လဲ။ နောက်တစ်ခုရှိ သေးတယ်။ ဒုတိယနည်းနဲ့ရေး မယ်ဆို ဇာတ်ကိုဘယ်လိုမှ ထပ်ဆက်လို့ မရတော့ဘူး။ ပထမနည်းနဲ့ရေး မယ်ဆို ကျွန်တော် ထပ်ဆက်ပြမယ်။

'ရှင် မမိုက်ရိုင်းနဲ့နော်'

'လက်စားချေချင်ရင်ပြောပါတယ်'

ကျွန်တော့် စကားကြောင့် ဆရာမ မျက်လုံးများ မီးဝင်းဝင်း တောက်သွားပြီး၊ ကလေးငယ်ကို ကျွန်တော့် လက်ထဲထိုးထည့်ပေးကာ..

'ရော့ ...ရှင့်ကလေး ရှင်ယူထား။ ဘယ်လိုကလေးလဲ မသိဘူး'

ကျွန်တော် က ဆရာမ လက်ထဲက ကလေးကိုလှမ်းယူကာ။

'အဖေတူကလေးပါဆရာမ ရယ်။ မိန်းကလေးမြင်ရင် ဆီးကို ရွှင်နေတော့တာ ဟီဟိ'

'ဘာရှင့် ရှင်ဘာပြောတယ်'

ဆရာမ ၏ ဒေါသတကြီးအမေးကို ခုတင်ပေါ်တွင် နွမ်းလျှစွာ လဲလျောင်းနေသော မြင့်စမ်းရီက ...

'အဲဒါတော့ ဟုတ်တယ်ဆရာမ ရေ၊ မေဓါဝီကိုမွေးတဲ့သမင်မလေး အခုခေတ်သာရှိရင် ခဏခဏထွက်တဲ့သူ့သေးကိုလျက်ရိုးရိုး ကိုယ်ဝန် ဆောင်ရတဲ့ဘဝကကို ကျွတ်မှာ မဟုတ်ဘူး။ ထွက်လိုက်တဲ့သေး။ ပိတ်ချင်း မြှောင် ရေတံခွန်ကမှ ရေစီးအားနည်းဦးမယ်'

ကျွန်တော့် မိန်းမ မြင့်စန်းရီကပါ ထောက်ခံသဖြင့် ဆရာမ လည်း ရှူးရှူးရှားရှား ဖြစ်သွားပြီး ...

'ကဲ ..ရသေ့ကြီးမိသားစု...ရှင်တို့ကလေးရှင်တို့ဖာသာ ကြည့် ပေတော့ ...ကျွန်မတော့ သွားပြီ'

'ဟုတ်ကဲ့ ...ကျေးဇူးပါဆရာမ မေဓါဝီ'

'ဘာရှင့်'

ကဲ ...ဒီလောက်ဆို တော် ပါပြီ၊ တော် ကြာ တစ်အုပ်လုံးဆက် ရေး နေမိမှာ စိုးလို့။ အခု ကျွန်တော် ရေး ပြလိုက်တော့ ဟာသရေး ရတာ ခက်ပါသေးလားခင်ဗျာ။ ဒါ (Wit) လို့ခေါ်တဲ့ အာဝဇ္ဇန်း (ဘောက်လုံး) တစ်ခုထဲကို ရေး ပြတာပါ။ အားလုံးကို မောင်းနင်းသဘောမျိုးလေးပဲ ရေး ပြသွားတာပါ။ ဒီလိုပြောနိုင်ဖို့ မြန်မာစကား ဆယ်မျိုးကိုလည်း မှတ်ထားသင့်ပါတယ်။ အဲဒါ တွေ ကတော့ ...

'သြော် ...ဟိုလေ... မေဒါဝီလို ကလေးသေးလျက်မိမှာ စိုးလို့ အဲဒါ သတိပေးတာပါ'

(၁) ရေကူးညာတင်

(၂) ရေစီးဖောင်ဆန်

(၃) ရေစစ်ခရား

(၄) ခပ်တင်မောင်းနင်း

(၅) ဆီပွတ်ကျည်ပွေ့

(၆) ဆင်ဝှေ့ရန်ရှောင်

(၇) အိုးတန်ဆန်ခတ်

(၈) တောင်သူယာခုတ်

(၉) ကောက်ပင်ရိတ်လှီး

(၁ဝ) ကြက်ဆုတ်ခွပ်ပစ် တဲ့။

အဲဒီ ဆယ်မျိုးကို အရိပ်အမြွက်လောက်သိရင် အာဝဇ္ဇန်းဆိုတာ လွယ်လွယ်ကလေးပါပဲ။ ကိုယ်ဘယ်နည်းအသုံးပြုရမယ်ဆိုတာသာ အရေး ကြီးပါတယ်။

အခု ကျွန်တော် ရေး ပြနေတာ ဆေးရုံပေါ်မြင်နေရတဲ့ အ ဖြစ် အပျက်လေးတစ်ခုကို ချဲ့ထွင်စဉ်းစားပြီး ရေး သားနေတာပါ။ အဲဒါကြောင့် ရှေးဆရာကြီးများ စကားနဲ့ပဲပြန်ရှင်းလိုပါတယ်။

ဟာသကို ရေး သားတယ်ဆိုတာ။ လူ့ဘဝကိုလေ့လာခြင်းက ကိုးဆယ်ရာခိုင်နှုန်းပါဝင်ပြီး၊ ဇာတ်လမ်းဆင်စဉ်းစားခြင်းက ရှစ်ရာခိုင်နှုန်းပါ ပါတယ်။ တကယ်တမ်းချရေး ခြင်း ကတော့ နှစ် ရာခိုင်နှုန်းပဲရှိပါတယ်။

ဒီလိုပါပဲ၊ ဟာသကိုရေး ချင်တယ်ဆိုရင် ပတ်ဝန်းကျင်ကို များများ လေ့လာပါ။ ပြီးမှစဉ်းစားပါ။ အားလုံးကြေညက်နေမှ ချရေး ပါ။ ဒါဆိုရင် ဟာသဇာတ်လမ်းကောင်းတစ်ခု ဖြစ်လာမှာ ပါ။

ခုနကျွန်တော် တင်ပြခဲ့တဲ့ သူနာပြုဆရာမ လေးအ ဖြစ်အပျက်က ကြားရတာ ဘယ်မှာ ဟာသ ဖြစ်လို့လဲ။ ဒါ ကျွန်တော် ပြန်တင်ပြတော့ သင့်တင့်လျှောက်ပတ်တဲ့ ဟာသမ ဖြစ်နေဘူးလား။ ဒါကြောင့် ပြောတာပါ။

မြင်အောင်ကြည့်၊ ပြန်စဉ်းစား၊ ပြီးတော့မှချရေး ပါ။

* * * * * * * * * *

ကျွန်တော့် ဆရာ English For All က ဦးဝင်းတင်က ပြောပါတယ်။

ဟာသဝတ္ထုရေး မယ့်လူဟာ နာမည် ကအစ ဟာသ ဖြစ်ရမယ်။ ရေး တဲ့ ဇာတ်လမ်း ဟာသ ဖြစ်ရမယ်။ ရေး သားပုံ ဟာသမြောက်ရမယ်။ ဇာတ်ကောင်တွေ ကလည်း ဟာသဇာတ်ကောင် ဖြစ်ရမယ်။ Plot တိုင်းဟာလည်း ဟာသ ဖြစ်နေရမယ်။ ဆိုပြီး အချက်ငါးချက်မှာ ပါတယ်။ ဟုတ်ပါတယ်။ ဆရာပြောတာက အမှန် ကန်ဆုံး ဟာသဝတ္ထုရေး နည်းပါ။ နာမည် ကအစ ရယ်စရာကောင်းနေတော့ ကျန်တဲ့ စာ ကတော့ ပြောမနေနဲ့တော့ပေါ့။

ကျွန်တော် က ဆရာ့ရဲ့ စကားကိုမှတ်သားပြီးမှ တစ်ခုထပ်တိုး လိုက်ပါတယ်။ ဒါ ကတော့ ဟာသဝတ္ထုနဲ့ လုံးဝမအပ်စပ်ဘူးလို့ ထင်ကောင်း ထင်ကြမှာ ပါ။

နာကျင်မှု ...။

ဘယ်ဟာသဝတ္ထုမဆို ကြည့်လိုက်ပါ။ ဝတ္ထုထဲပါတဲ့ ဇာတ်ကောင် တစ်ယောက် ယောက် ရဲ့ နာကျင်မှု မပါဘဲ ဟာာသဆိုတာ ဖြစ်မလာပါဘူး။

ရှက်စိတ်၊ ကြောက်စိတ်၊ ဝေဒနာမပါဘဲဟာသဆိုတာ ဖြစ်ခဲလှပါတယ်။ လူ တစ်ယောက် လမ်းလျှောက်သွားတာ ဟာသမဟုတ်ပါဘူး။ ခလုတ်တိုက်မှော က်လဲတာ ဟာသပါ။ ခလုတ်တိုက်မှော က်လဲတဲ့အတွက် လဲကျသူမှာ နာကျင်မှု ရှိပါတယ်။ ကြည့်နေသူတွေ အတွက်သာ ဟာသ ဖြစ် သွားတာပါ။

ဒါကြောင့် ကျွန်တော် က Plot တွေ ထဲမှာ လည်း နာကျင်မှု ထည့် သလို၊ ဇာတ်လမ်းကြီးတစ်ခုလုံးကိုပါ နာကျင်မှု နဲ့ တည်ဆောက် ဖြစ်ခဲ့ ပါတယ်။

ဝတ္ထုရေး သားနည်းကို အများ ကြီးရှိတယ်လို့ လူတွေ ကဆိုကြပါ တယ်။ ကျွန်တော် သိထားတာ ကတော့ နှစ် မျိုး ပဲရှိပါတယ်။

ဉာဏ်များ ပြီးရေး တာနဲ့ ခံစားပြီးရေး တာပါ။

ဟာသဝတ္ထုရေး သူတွေ ဟာ ဉာဏ်များ ပြီး ဉာဏ်ကစားပြီး ရေး ကြပါတယ်။ ကျွန်တော် ကတော့ ဉာဏ်များ ရုံမကဘဲ ခံစားချက်ကိုပါ ထည့်ပေးလိုက်ပါတယ်။

ဒါကြောင့် ကျွန်တော့် ဝတ္ထုတွေ ဟာ အဆုံးမှာ လွမ်းစရာ ကောင်း သွားတတ်ပါတယ်။

ကျွန်တော် က ဝတ္ထုတစ်ပုဒ်ဆင်မယ်ဆိုရင် ခံစားပြီး ဇာတ်လမ်း ဆင်တတ်ပါတယ်။ ဒါကြောင့် လည်း ကျွန်တော့် ရဲ့ ပထမဆုံး ကဝေပျိုနိဒါန်း ဝတ္ထုမှာ အဓိကဇာတ်ကောင်နေရာ စောကြည်ဖြူဆိုပြီး ကိုယ့်နာမည် ကိုယ် ထည့်ရေး လိုက်မိတာပါ။ ဒါမှလည်း ဒီဇာတ်ကောင်ရဲ့ နေရာကနေ ထဲထဲဝင်ဝင်ခံစားစီးဝင်လို့ရမယ်လို့ယူဆပြီး ကိုယ့်နာမည် ကို သုံးလိုက်တဲ့ သဘောပါ။

ဇာတ်လမ်းဆင်တဲ့နေရာမှာ လည်း သမားရိုးကျရုပ်ရှင် ဗွီဒီယိုဇာတ် ကားများ ထဲကလို မိဘတွေ ကမတည့်၊ ဆွေမျိုးတွေ က ဝင်နှောင့်ယှက် ဒီလိုနဲ့ သမီးရည်းစားကွဲ။ မင်းသားမင်းသမီးကလည်း ဘာမှမလုပ်တတ်ဘဲနဲ့ ဘေး ကသူငယ်ချင်းတွေ အကြံပေးသလိုလိုက်လုပ်၊ အိုးနင်း ခွက်နင်းတွေ ဖြစ်၊ အဲဒါမျိုးတွေ ကျွန်တော် သိပ်မုန်းပါတယ်။

ဒါကြောင့် ကျွန်တော့် ဝတ္ထုအတော် များများ မှာ မလိုအပ်ပဲဘာမိဘ မှ မထည့်ပါဘူး။ အကြံပေးသူမပါဘူး။ ရိုးရိုးလေးပဲ။ ကဝေပျိုဝတ္ထု ကလည်း ဒီအတိုင်းပဲ။

စောကြည်ဖြူက မြင့်စန်းရီကိုကြိုက်တယ်။ ကြိုက်တော့လိုက်တယ်။ နောက်ဆုံး မြင့်စန်းရီနိုင်ငံခြားထွက်သွားတယ်။ ဒါပဲ။ ဇာတ်က ဘာ အချိုးအကွေ့မှမပါဘူး။ တကယ့်ရိုးရိုးကြီး။ နောက်ဟာသဇာတ်လည်း မ ဖြစ်ဘူး။

ဒါပေမဲ့ ဝတ္ထုရဲ့ တစ်နေရာမှာ တော့ နင့်နင့်သီးသီးခံစားရမယ့် နေရာတစ်နေရာတော့ ထားပေးထားတယ်။ ဒါမှလည်း ဝတ္ထုက ဇာတ် ဖြစ်မှာ လေ။ ဇာတ်မ ဖြစ်ရင်လည်း ကျွန်တော့် စာအုပ်ကို ဝတ္ထုလို့ဘယ်သူပြောမှာ လဲ။ ဟာသအတိုအထွာတို့ ဘာတို့လိုမျိုး အပြောခံရမှာ ပေါ့။ မဟုတ်ဘူးလား။

အဲဒီ နေရာမျိုးမှာ ကျွန်တော် တို့ Background Music ကို မြိုင်နေအောင် သုံးရပါတယ်။

ကျွန်တော် အဲသည်လိုပြောလို့ လူတွေ ရယ်ကြမယ်ထင်တယ်။

'မင်းကွာ စာရေး ပါတယ်ဆိုမှ Background Music က ဘယ်လို တီးမှာ လဲ'ဆိုပြီး။

ဟုတ်ကဲ့ Background Music ကို စာရေး သူက တီးရပါတယ်။ ဒါကို လူအတော် များများ သတိမထားမိတာပါ။

ကျွန်တော် တို့လူရယ်လို့ စ ဖြစ်လာကတည်းက ဟာသဉာဏ် ကြောင့် ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှု ကို လက်လှုပ်ခြေလှုပ်၊ အော်ဟစ်ကြရင်း နစ္စ၊ ဂီတ၊ ဝါဒိတဆိုတာတွေ လူ့အဖွဲ့အစည်းနဲ့ကပ်ပါလာပါတယ်။ အဲဒီ ကမှ သံဝေဂတရားနဲ့စပ်ဆိုင်ရင် ဓမ္မဂီတ ဖြစ်ပြီး၊ အာရုံငါးပါးနဲ့စပ်ဆိုင်ရင် ရိုးရိုး ဂီတလို့ ခေါ်ကြပါတယ်။ ကိလေသာအာရုဏ်ထဲမှာ အဓိကပါဝင်တဲ့အတွက် တဏှာဂီတလို့ဆိုရင်လည်း မမှားဘူးဆိုပဲ။ ဒါတွေ အားလုံးဟာ ပျော်ရွှင်မှု နဲ့ ဆက်စပ်နေ၊ အာရုံငါးပါးနဲ့ စပ်ဆိုင်နေတဲ့အတွက်၊ စာရေး ရာမှာ လည်း အကြုံးဝင်နေပါတယ်။

ကျွန်တော် တို့ ကလေးဘဝ လူမှန်းတောင်မသိသေးခင် မိဘများ က ကျွန်တော် တို့ လက်ကောက်ဝတ်ကလေးဆုပ်ပေးပြီး 'ရှင်မိုင်မိုင်၊ ရှင်မိုင်မိုင် (အခုတော့ ကာလရွေ့ပြီး ချိုမိုင်မိုင် ဖြစ် သွားပါပြီ) ချိုးကလိုက်၊ ရှင်မိုင်မိုင်'ဆိုရင် ကလေးရဲ့ ဇဝနဓာတ်ခံနဲ့ လက်ကို ဆုပ်ချည်ဖြန့်ချည် လုပ်ခဲ့ကြတယ် မဟုတ်ပါလား။

ဒီလိုပါပဲ စာရေး တဲ့နေရာမှာ လည်း ခြေုါမသကညိ ကျြငခ ကို စာရေး သူက တီးရပါတယ်။ အသိလွယ်အောင် ကျွန်တော် နှိုင်းယှဉ် ရေး ပြပါ့မယ်။

လေပြည်က ဖြည်းညှင်းစွာ တိုက်ခိုက်နေသည်။ အုန်းလက်ဖျားက တအိအိနှင့် အလိုက်သင့်လှုပ်ရှားဆဲ။

သူမ လှမ်းလာပြီ။

ဒါကို ဘယ်လိုမြင်မိသလဲ ...ဒါ Love Scence ပဲပေါ့။ အဲဒီ အတိုင်းပဲ ပြန်ရေး မယ် ...

လေပြင်းကဝှေ့ရမ်းတိုက်ခိုက်နေသည် ... အုန်းလက်ဖျားတို့ ကျိုးကျမတတ်ရမ်းခါနေ၏ ။

သူမ လှမ်းလာပြီ ...။

ဒါကရော အဓိပ္ပါယ်ဘယ်လိုထွက်ပါသလဲ ...စိတ်ထဲမှာ ဆန့်ကျင်ဖက်လို မခံစားရဘူးလား ...။ အ ဖြစ်အပျက်ကိုရော ဘယ်လိုမြင်မိပါသလဲ ...။ အင်အားခြင်းရော ကွာမနေဘူးလား ...။

ဒီစာပိုဒ်ကလေးကိုကြည့်ရုံနဲ့ စာတစ်ပိုဒ်ရေး တော့မယ်ဆို၊ အ ဖြစ် အပျက်၊ ဇာတ်ကောင်၊ ဇာတ်ကွက်၊ ဇာတ်လမ်းပါရုံနဲ့ မပြီးသေးဘူးဆိုတာ သိသာပါတယ်။ ဆက်ကြည့်ပါဦး။

'ပြန်ကြရအောင်...'

'ပြန်တာပေါ့ ...'

ရည်းစားနှစ် ယောက် နှုတ်ဆက်တာကို ဒီလိုလေးပဲ ရေး ရင်လဲ ရပါတယ် ...

'ပြန်ကြရအောင်...'

သူမ ဝေ့ကြည့်သည်။ သစ်ရွက်ခြောက်များ သူမခေါင်းပေါ် ဝဲပျံနေဆဲ။ ညနေဖက် နေရောင် သည်လည်း သူမ၏ ပါးပြင်ကို ရှိုက်နမ်းရင်း ပတ်ဝန်းကျင်ကို ဖြန့်ကျက်နေဆဲ။ အတန်ကြာမှ သူမသက်ပြင်း ချရင်း လေသံ တိုးတိုးဖြင့် ...

'ပြန်ကြတာပေါ့'

အဲဒီ နှစ် ခုရဲ့ ပြည့်စုံမှု ကို ပြန်သုံးသပ်ကြည့်ပါ ...

စာတစ်ပိုဒ်မှာ ပတ်ဝန်းကျင်ပါရပါ့မယ်...သရုပ်ဆောင်ပါ ရပါ့မယ်...အမြင်တစ်ခုလည်း ပါရပါ့မယ်။ Background Music လည်းပါရပါ့မယ်။ နောက်..ကျန်တဲ့ အချက်အလက်တွေ လည်း အများ ကြီး ကျန်သေးတာမို့ ကျွန်တော် အလျဉ်းသင့်ရင် ကိုယ်သိသလောက်လေး ရှင်းပြသွား ပါ့မယ်။ အခု ကျွန်တော် ဆိုလိုချင်တာက စာရေး တော့မယ်ဆိုရင် Background Music ကို မမေ့ဖို့ဆိုတာကိုပဲ ...။

ကျွန်တော် ရေး ခဲ့တဲ့ ကဝေပျိုစာအုပ်ထဲကပဲ Background Music ထည့်ရေး ခဲ့ပုံကို တင်ပြပါ့မယ်။

မြင့်စမ်းရီ ညဖက်မိုးရေစက်များ ကြား သူ့ကိုလာစောင့်နေချိန် စောကြည်ဖြူက အရက်ဆိုင်ထဲမှာ ပါ။ ဒါကို စောကြည်ဖြူက မြင့်စမ်းရီကို တွေ့ ပြီး ပြေးထွက်လာတဲ့အခန်း ...။

ဆိုင်အပြင်ဖက် မိုးရေထဲရောက်တော့ ကျွန်တော့် ခြေလှမ်းတွေ ခပ်လေးလေး ဖြစ်နေတာ ဘာကြောင့် ရယ်မသိ ...။

တစ်လှမ်းချင်းလှမ်းသွားသော ကျွန်တော် ၏ ခြေလှမ်းများ နောက် ကပ်ပါနေသော ရေမှု န်ရေစက်ကလေးများ ၊ ချစ်သူရှေ့ရောက်သွား သော အခါ ခြောက်ချားဖွယ်ကောင်းလောက်အောင် ရပ်တန့်သွား၏ ။

ကတ္တရာလမ်းမနှင့် မိုးရေစက်တို့ထိခတ်သံ ကျယ်လောင်စွာ ကြားရသည်။ ကျွန်တော့် လက်များ အလိုလို ဆန့်တန်းသွားသည်။ နောက်... ချစ်သူ၏ လှပသော ပခုံးသားနုနုဆီမရောက်မီ

'ကျွန်မ လာနှုတ်ဆက်တာ စောကြည်ဖြူ ...'

'ဟင်'

ချစ်သူ၏ တိုးညှင်းသော စကားသံနှင့် အတူ ဒိန်းခနဲ မိုးကြိုးပစ်သံ ကြားရ၏ ။ နောက် အုံ့မည်းအောင် မှော င်ကျသွားသော ကောင်းကင် ...

လေပြင်းတိုက်သံနှင့် သစ်ပင်တို့၏ လေတိုးသံတဝုန်းဝုန်း...ကမ္ဘာ ပျက်မတတ်လှုပ်ရမ်းနေသော လေပြင်းတချို့။ အညိုးကြီးသော မိုးက တဖြောင်းဖြောင်းရွာကျဆဲ ...

အဲဒီ ဇာတ်ကွက်မှာ စကားလေးတစ်ခွန်းပဲ ပါပါတယ်။ ဒါပေမယ့် အဲဒီ စကားတစ်ခွန်းထိရောက်ဖို့ ပတ်ဝန်းကျင်ရာသီဥတုနဲ့ ဖြစ်ပေါ်နေတဲ့ Background Music ကိုတော့ မြိုင်နေအောင်သုံးထားတာပါ။ အဲဒီ စကားလေးတစ်ခွန်းထိရောက်ဖို့ ခံစားရဖို့၊ အရေး ပါဖို့ ကျွန်တော် ဝတ္ထုထဲမှာ သုံးမျက်နှာရေး ရပါတယ်။

* * * * * * * * * *


ဝန်ဇင်းချစ်သူများ အကြည်တော် ၏ “ မြစ်ပြင်ပေါ်တွင် ထင်ကျန်ရစ်သော မြွေခြေရာများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အမှုတွဲ

လူလည်ကြီးများရွာ

ချစ်လို့စတာ နာတယ်