
``ဟဲ… ရွှေတစ်ပွင့်´´
``ဟင်…´´
သူငယ်ချင်း သစ်သစ်သီကို မော်မကြည့်ဘဲ ပြန်ထူးမိရင်း ပါးပြင်ပေါ်ကျလာသော ဆံပင်ဝဲ၀ဲလေးကို နားနောက်ဘက် ထိုးသွင်းထည့်မိပါသည်။ မျက်နှာတစ်ခြမ်းပေါ်မှာ အမြဲရှုပ်နေသော ဆံပင်…
အီမိုကေ… တဲ့
မီမိုစတိုင်လ်… တဲ့
သူများ တွေ ထားလို့ လိုက်ထားတာ.. ကြိုက်လွန်းလှတာ မဟုတ်။
ဆံပင်စ,တွေ က နားထဲထိုးသွင်းထည့်ပေမယ့် မ၀င်ဘဲ လျှောခနဲ ပြန်ကျလာပြန်သည်။
``ပန်းအလိမ္မာ လာနေပြီ´´
``ဟုတ်လား´´
သစ်သီက အကြောင်းသိနေတော့ သတင်းပေးလာပါသည်။ ပန်းအလိမ္မာသူကလေးက ရွှေတစ်ပွင့်၏ အားကျငေးမော အထင်တကြီး စိတ်ဝင်စားခံရသူလေး။
မိန်းကလေးချင်း တူပေမယ့် ဘ၀ချင်းကမတူ တခြားစီ။
ပန်းအလိမ္မာက ပြီးပြည့်စုံသော ဂုဏ်ပုဒ်နှင့် ပြည့်စုံလိုက်ဖက်သည်။
ရုပ်ကလေးပဲ ကြည့်မလား…
အရည်အချင်းလား…
မိသားစု အသိုင်းအ၀ိုင်းလား…
အားလုံး အားလုံး ဘာမှပြောစရာမရှိအောင် ပြည့်စုံလှပသော ဘ၀မျိုး။
ရွှေတစ်ပွင့်တို့ မြင်တိုင်း ငေးမယ်ဆိုလည်း ငေးလောက်ပါပေရဲ့။
သည်သင်တန်းမှာ .. ပန်းအလိမ္မာ၏ ကျော်ကြားမှု က မိန်းကလေးတိုင်းထက် သာ၏ ။
``သစ်သီရေ.. ဘာလေးဝတ်ထားလဲဟင်… ကြည့်ပြီး ပြောပြ။ ဒီမှာ ပုံဆွဲလို့ မပြီးသေးဟဲ့´´
``အမယ်လေး… ကိုယ့်ဟာကိုယ် လှည့်ကြည့်ပါလား´´
``ပြောပြပါဆို´´
``အင်္ကျီဝတ်ထားတယ်´´
``သစ်သီနော် ရွဲ့မပြောနဲ့။ အသေးစိတ် ပြောပြပါဟယ်´´
``အင်္ကျီက အဖြူရောင် ကလေး… ပုလဲသီးကလေးတွေ ပါတယ်၊ တံစဉ်ပုံစံ လော့ကတ်သီးကလေး ဆွဲထားတယ်´´
``အဲဒါ မနေ့ကတည်းက´´
``ဟုတ်တယ်´´
``ဖိနပ်က လေဒီရှူး အနက်ကလေး´´
``အင်း´´
``စကတ်က ပန်းဆီရော် ဖျော့ဖျော့´´
``လှလား…´
``လှပါတယ်´´
``ဒါပဲလား…´´
``ဒါပဲ ဒီနေ့ ဘာမှ မပြင်မထားဘူး၊ နေ့တိုင်းလည်း သိပ်မပြင်ပါဘူးဟယ်၊ နင်ကသာ စေ့စေ့စပ်စပ်ကြည့်ပြီး ငေးမော သွားရည်ကျနေတာပါနော်…´´
``သူက အရမ်းလှတယ်´´
``သိပ်မလှပါဘူး ချမ်းသာလွန်းလို့ စိုပြေနုဖတ်ပြီး အဖိုးတန်နေတာ´´
သစ်သီက ပန်းအလိမ္မာကို ကြည့်မရ….
ဟိုတစ်ခါက ကိစ္စကြောင့် ထင်ပါရဲ့ ။
ရွှေတစ်ပွင့်က သိချင်တယ်ဆိုလို့ တစ်ဆင့် တစ်ဆင့် မိတ်ဆက်ခဲ့ကြသေးတာ
သစ်သီနှင့်သိသော ပန်းအလိမ္မာ၏ သူငယ်ချင်းက တစ်ဆင့် မိတ်ဖွဲ့ကြတာ…
``တစ်ခါလောက် စကားပြောကြည့်ချင်လို့´´
``နင်ကလဲဟယ်… အရမ်းပိုတာပဲ´´
``ငါ့ဘ၀မှာ သူ့ကိုအထင်အကြီးဆုံး၊ အားအကျဆုံး၊ ငါလည်း အဲဒီ လိုဘ၀မျိုး ဖြစ်ချင်တာ´´
``ဟိ… ဟိ´´
သစ်သီက ပါးစပ်ပိတ်ရယ်သည်။
``ဘာ… ဟိဟိလဲ… ရယ်သံထွက်ပြီးမှ ပါးစပ်ပိတ်မနေနဲ့၊ ဟွန်း…´´
ရွှေတစ်ပွင့်တို့ မိတ်ဆက်တာကို… ပန်းအလိမ္မာက ဟက်ဟက်ပက်ပက် ဖော်ဖော်ရွေရွေ မရှိလှပါ။ သာမန်လောက်သာ ပြုံးပြီး စကားဆိုတာ။
နောက်နေ့တွေ မှာ … မျက်နှာချင်းဆိုင် ဆုံကြရင်တောင် မသိမသာလောက်ကလေးပဲ နှုတ်ခမ်းစေ့ ပြုံးပြခဲ့သူပါ။
မာနကြီးတာလား၊ အ,နေတာလား။
``ကြည့်မရပါဘူး… အထာကြီးနဲ့´´
သစ်သီက ရေရွှတ်၏ ။
``ကဲပါ… ကြည့်မရလဲနေ… ငါပဲ ကြည့်တော့မယ်´´ ဟု ရွှေတစ်ပွင့်က ဆို၏ ။
အမယ်လေး…
ရက်ရက်စက်စက်လှသော အင်္ကျီကလေး… အလကား သစ်သီ ဘာမှမကြည့်တတ်။
အင်္ကျီဖြူလွလွကလေးက နူးညံ့ခေတ်မီပြီး ပုံစံကလေးက ဆန်းလှသည်။
ပုလဲသီးကလေးတွေ က ဘူးသီးပုံစံ ရှည်မျောမျောကလေးတွေ …။
ဆံပင်ကလေးကို ဘေးတစ်စောင်းထုံးဖွဲ့ပြီး စိန်နားကပ်ကလေးက နားမှ တစ်လက်လက်။
မျက်ခွံပေါ်က ရွှေရောင် လိုင်နာရည်ကလေးက နှုတ်ခမ်း၏ အလှ၊ မျက်လုံး၏ အလှ၊ နှာတံ၏ အလှကိုပိုပြီး ပေါ်လွင်စေပါသည်။
ထုံးစံအတိုင်း မလှမ်းမကမ်း နီးနီးကလေးမှာ ရှိနေသော ရွှေတစ်ပွင့်က သူရောက်ပြီဆိုတာနှင့် လှည့်ကြည့်ပြီး အားကျအထင်ကြီးသော မျက်လုံးတွေ နှင့် ငေးမောနေတော့မည် ဆိုတာကို သိသိနှင့် ပန်းအလိမ္မာက မသိသလိုလေး အိုက်တင်ပေးကာ ပဲများ နေတတ်စမြဲ။
ရွှေတစ်ပွင့် ဖွဖွပြုံးသည်။
မာနကြီးခွင့်ရှိသော ဘ၀…
အိုက်တင်ခံခွင့်ရှိသော အနေအထား…
ကြီးသင့်ပါတယ် မာနတွေ …
ပေးထားသော ဘ၀အခြေအနေက အရမ်းကောင်းလွန်းတာကိုး။
``ကြည့်… နင် ကြည့်နေမှန်းသလို့ တမင်ပဲလုပ်နေတာ၊ မသိသလိုလို ဘာလိုလိုနဲ့ အလကား နင်ကြည့်နေတာ သူသိတယ်၊ နင် နေ့တိုင်း ကြည့်နေတာလဲ သူသိပြီးသား၊ နင်ကြည့်လေ… သူက ဘ၀မြင့်လေ… နင်ကြည့်နေတာ သိသားပဲ။ ရယ်ပြလိုက်လို့ ရသားပဲ၊ အလကား ငါလုံးဝ ကြည့်လို့ကို မရဘူး´´
သစ်သီစကားတွေ က .. အားလုံး အမှန်တွေ ချည်းမို့ ရွှေတစ်ပွင့်က ချေပပြောဆိုမနေတော့ပါ။
``သူ ဘယ်လိုလူကို ယူမလဲ မသိဘူး´´
``အမယ်လေး ရွှေတစ်ပွင့်ရယ်၊ နင်ကလည်း တမျှော်တခေါ် စိတ်ဝင်စားနေလိုက်တာ၊ သင်တန်းပြီးရင် ဒါတွေ အားလုံး ပြီးပြီ´´
``အင်း…´´
ဒီဇိုင်နာသင်တန်းဆိုတော့ သင်တန်းကာလကလည်း သိပ်အကြာကြီးမှ မဟုတ်တာ။
``နာရီကလေးက လှလိုက်တာ… သူ့လက်မှာ မို့လို့ ပိုလှတာလား မသိပါဘူး´´
သစ်သီက ရွှေတစ်ပွင့်စကားကို မကြားချင်ဟန် ဆောင်နေ၏ ။
``ဟင်… ဟန်းဖုန်းကလေးက အပြာရောင် ကလေး ပြောင်းသွား ပြီ´´
``နင်ပဲ တစ်နေ့တစ်နေ့ မှတ်တမ်းတင်နိုင်လွန်း၊ အနုစိတ် ကြည့်နေလိုက်တာ…´´
``ငါက စိတ်ဝင်စားတယ်´´
ရွှေတစ်ပွင့်က ပွင့်လင်းစွာ ၀န်ခံ၏ ။
``ငါ အဲဒီ လိုဘ၀ကို အားကျတယ်´´
`` ဖြစ်မှ မ ဖြစ်နိုင်တာ´´
`` ဖြစ်တာ မ ဖြစ်တာက ဘုရားသခင်သဘော… ကြိုးစားတာက ငါ့သဘော´´
``ငါ့မှာ ကြိုးစားပိုင်ခွင့် ရှိတယ်လေ´´
ရွှေတစ်ပွင့်က နှုတ်ခမ်းလေး ဖွဖွကိုက်သည်။
``သူ့ကို ငေးကြည့်ပြီး အားကျစိတ်တွေ ၀င်လာရင် ငါလည်း သူ့လို ဖြစ်ချင်စိတ်နဲ့ ပိုကြိုးစားမိမယ်´´
``ဒါဆို သူက နင့်ရဲ့ `စံ´ပေါ့´´
``အင်း…ငါ့အတွက် နမူနာယူစရာ စံပြပါပဲ´´
``ဒါပေမယ့်… သူက နင့်ကိုမှ မခင်ဘဲ၊ အဖက်မလုပ်ချင်တဲ့ ပုံစံနဲ့´´
အမှန်တရား ဆိုပေမယ့် ရင်ထဲ အောင့်သွားရပါသည်။ မခင်ချင်တာကို ရွှေတစ်ပွင့်က ဘာတတ်နိုင်မှာ လဲ။
``သူက ငါ့ကို အဆင့်အတန်းမတူလို့ မခင်ချင်တာလည်း ဖြစ်မယ် ဒါမှမဟုတ် ငါ့ဘက်က တမင်မိတ်ဆက်ပြီး ခင်ပါရစေဆိုတာကြီးကြောင့် မခင်ချင်တာလည်း ဖြစ်မယ်၊ နောက်ပြီး ငါ့အပေါ် အမြင်လည်း မှားနေနိုင်တယ်။ ငါက ငွေမက်လို့ သူ့ကို ခင်ချင်တာလား၊ သူက သူဌေးသမီးမို့လို့ ကပ်ချင်တာလား ဘာညာပေါ့ဟာ….´´
``နင်က သိသားပဲ ရွှေတစ်ပွင့်ရယ်´´
``ငါက ဉာဏ်ကောင်းပါတယ်ဟ´´
``ကံသာမကောင်းတာပါ´´ ဆိုတာကို ဆက်မပြော ဖြစ်အောင် နှုတ်ခမ်းတွေ စေ့ထားမိ၏ ။
ကံလည်း နောက်တော့ ကောင်းချင်ကောင်းလာမှာ ပါ။ အဲဒီ လို ယုံကြည်ထားချင်သည်။
တစ်သက်လုံး သည်လိုချည်းပဲ ရှိနေမှာ မဟတ်ုပါ။ တစ်ဘ၀လုံး ပင်ပန်းခဲ့သော မေမေ့ကို ရွှေတစ်ပွင့်က ကောင်းကောင်း ထားချင်ပါသည်။
``နင်း အရမ်းစိတ်ကူးမယဉ်ပါနဲ့ ရွှေတစ်ပွင့်ရယ်၊ အရမ်း ဆင်းရဲတဲ့ဘ၀ကနေ အရမ်းချမ်းသာဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား၊ တစ်ရာ တစ်ယောက် တစ်ထောင် တစ်ယောက် ဖြစ်ခဲ့တယ်ဟ၊ နင် သိရဲ့ လား´´
``အဲဒီ တစ်ထောင် တစ်ယောက် က ငါပဲပေါ့ သစ်သီရယ်၊ နင်ကြည့်ထား…´´
``အဲဒါဆို ကောင်းတာပေါ့´´
``ငါက လောဘကြီးနေတာ မဟုတ်ပါဘူး၊ နည်းနည်း ပါးပါး ပြည့်စုံရင်တော် ပါပြီ၊ ငါ့အမေကို ကောင်းကောင်းထားချင်တယ်´´
ရွှေတစ်ပွင့်က တိုးတိုးကလေး ရင်ဖွင့်သည်။
``ငါ့အမေက ငါ့အတွက် အရမ်းရုန်းကန် ပင်ပန်းခဲ့တယ်၊ ငါပဲ သိတယ်´´
``အင်း…´´
``ငါက… ငယ်ငယ်က အရမ်းချူချာတယ်ဟ´´
``ဟုတ်လား´´
``ခဏခဏ နေမကောင်း ဖြစ်တတ်တယ်´´
``သြော်´´
``အမေ အရမ်း ဒုက္ခရောက်ခဲ့မှာ ပဲ´´
ရွှေတစ်ပွင့်က ကိုယ့်အပေါ် ငုံထားမတတ်ချစ်သော မေမေ့ပုံစံကို မျက်လုံးထဲမြင်ကာ ပြုံးမိ၏ ။ မေမေက အမြဲတမ်း သူမကို ချမ်းမြေ့စေသည်။
``ငါ့အမေက အရမ်းရိုးအ,တယ်… ဘွင်းဘွင်းရှင်းရှင်း၊ ငါ့ကိုလည်း အရမ်းချစ် အရမ်းအလိုလိုက်ပြီး သူ့တစ်ဝလုံး ငါ့အတွက် ပေးဆပ်ထားတာလေ´´
``အင်း… ဟုတ်တာပေါ့´´
``ငါကလည်း မေမေ့ကို အရမ်းချစ်တယ်… မေမေ့ကို ကောင်းကောင်း ထားချင်တယ်၊ ငါလေ… ညဘက် အမေ့ကို မကန်တော့ဘဲ အိပ်ပျော်သွားရင်တောင် တရေး နိုးရင် ထပြီး ဦးချတယ် သိလား´´
ရွှေတစ်ပွင့် ဈေးဗန်းခေါင်းပေါ်ရွက်ကာ ပင်ပန်းလွန်းခဲ့သော သူမငယ်ငယ်က မေမေ့ပုံရိပ်တွေ ကို ပြန်သတိရပြီး မျက်ရည်လည်သွား၏ ။ မေမေ့ကို အရမ်းသနားသည်။
``မေမေက ငါ့ဘ၀၊ ငါ့အတွက် အမြဲ နံပါတ်တစ်ပဲ ငါမေမေ့ကို ဘယ်လိုချစ်မှန်း မသိဘူး၊ မေမေ မရှိတော့မယ့် တစ်နေ့ကို တွေးမကြည့်ရဲဘူး သိလား၊ တရားမရှိဘူးပဲ ဆိုဆို သိပ်ကြောက်တာပဲ´´
`` ဖြစ်ရမယ် ရွှေတစ်ပွင့်ရယ်´´
``အားလုံးလည်း အမေက မွေးလို့ သမီး ဖြစ်လာကြတာတွေ ပါ၊ ဒါပေမယ့်… ငါလေ ငါ့အမေကိုချစ်တဲ့ အချစ်က တခြားသမီးတွေ ထက် သာကိုသာတယ်လို့ ငါ ထင်တယ်´´
သစ်သီက တီးတိုးရယ်၏ ။
ဘယ်ကဘယ်လို ပန်းအလိမ္မာအကြောင်း ပြောရင်းကနေ မေမေ့အကြောင်း ရောက်သွားလဲ မသိပါ။
သားအမိနှစ် ယောက် တစ်အိပ်ရာတည်း အတူတူအိပ်တာမို့ မေမေ တလှုပ်လှုပ်နှင့် မအိပ်သေးတာ ရွှေတစ်ပွင့် သိသည်။
ရွှေတစ်ပွင့်က မေမေ့ကို ဖက်ခွပြီးမှ အိပ်တာ၊ သူငယ်ငယ်ကတည်းက…
သည်ညတော့ မေမေက ရွှေတစ်ပွင့် အိပ်ပျော်အောင် အသာကလေး စောင့်နေသည်။
မေမေ ဘာတွေ ချက်ပြုတ်ပေးဖို့ လက်ခံထားပြန်ပြီလဲ မသိပါ။
မေမေ့အစီအစဉ်ကို သိချင်တာမို့ ရွှေတစ်ပွင့်က အသာကလေး အိပ်ချင်ယောင် ဆောင်လိုက်သည်။
ထင်ထားသလိုပါပဲ မေမေက ရွှေတစ်ပွင့်ဖက်ထားသော လက်ကို ဖယ်ချထထိုင်ပြီး ဆံပင်ကို ဘီးဆံပတ်ပြင်ပတ်သည်။
ကုတင်ထက်ကနေ အသံမကြားအောင် ဖွဖွဆင်းသွားတော့ ရွှေတစ်ပွင့် ရယ်ချင်၏ ။
မေမေ့နောက်က အသာလိုက်ခဲ့၏ ။
မေမေက မီးဖိုချောင် နံရံကပ်ဘီရိုကို ဆွဲဖွင့်ကာ ဘာတွေ ထုတ်ယူနေမှန်း မသိ။
``မေမေ´´
``အမယ်လေး´´
ရုတ်တရက်အော်လိုက်တော့ မေမေ လန့်ဖျပ်ကာ သွား၏ ။
``လန့်လိုက်တာ သမီးရယ်´´
``မေမေမှ မရိုးသားတာ လန့်မှာ ပေါ့´´
``ကြီးကြီးကျယ်ကျယ်အေ… ငါက ဘာမရိုးသားလို့လဲ ပြောပုံက အမေကို…´´
``သမီးမကြိုက်တာ ခိုးလုပ်ချင်တယ်.. ပြော ဘာတွေ အော်ဒါလက်ခံထားပြီလဲ´´
``ကျောက်ကျောနဲ့ ရွှေချီပါအေ´´
``လုပ်ပြီ´´
``အပိုဝင်ငွေ ရတာ ပေါ့´´
``မေမေ´´
အဲဒါတွေ ရွှေတစ်ပွင့်မကြိုက်တာ မေမေသိ၏ ။ မေမေက ရွှေတစ်ပွင့်အတွက် ကော်ဖီပျော့ပျော့တစ်ခွက် ဖျော်ပေးပါသည်။
``မနေ့ကလည်း တစ်အိမ်ကျော်မှာ အုန်းနို့ခေါက်ဆွဲ သွားချက်ပေးတယ် မဟုတ်လား´´
ရွှေတစ်ပွင့်က စစ်ဆေး၏ ။
``မေမေက ညာလို့လား… ဟုတ်တယ်လေ ချက်ပေးတယ် မေမေ့လက်ရာ နို့စိမ်းခေါက်စွဲ စားချင်တယ်ဆိုလို့´´
``မေမေနော်´´
``အလကား ချက်ပေးတာပါ´´
``ဟုတ်လို့လား´´
``မေမေပိုက်ဆံမယူပါဘူး´´
ရွှေတစ်ပွင့်က မေမေ့ကို သေချာကြည့်သည်။
``ဈေးဖိုးထဲက ပိုတာပဲ ယူလိုက်တာပါ´´
``ဘာထူးလဲ သူတို့သိတာပေါ့´´
မေမေက ဆက်ပြီးမငြင်းတော့…
ရွှေတစ်ပွင့်က ပင့်သက်ရှိုက်၏ ။
မေမေက ပြောလို့လည်းမရ၊ ကြုံရင်ကြုံသလို ပိုက်ဆံရမည့်  အလုပ်ဆို ရွှေတစ်ပွင့်မသိအောင် ခိုးလုပ်စမြဲ။
``ရွှေတစ်ပွင့် ရှာကျွေးပါ့မယ် ဆို´´
``အေးပါ…´´
``အဲဒါတွေ ရပ်ပစ်လိုက်ပါတော့ မေမေရယ်´
``အေး… အေး… ခြင်ထောင်တစ်လုံး အော်ဒါရထားတယ် ချုပ်ပြီးရင် မလုပ်တော့ဘူး´´ ဟု မေမေက ရယ်ပြီးပြော၏ ။
ရွှေတစ်ပွင့်လည်း ဘာမှမပြောတော့ပါ။ မေမေက ရရှိလာသော ပိုက်ဆံကို တစ်ပြားမှမသုံးဘဲ ရွှေတစ်ပွင့်အတွက်ပဲ စုဆောင်းထားပေးတာပါ။ ရွှေတစ်ပွင့် အနာဂတ်အတွက် သုံးစရာရှိရင် သုံးရအောင်တဲ့လေ။
မမေးမိရင် အကောင်းသား…
ဘာရယ်မဟုတ် မေးမိခါမှ အရမ်းဒေါသ ဖြစ်စရာ ပေါ်လာခဲ့ပါသည်။
`ရှင်သန်´ ထမင်းစားနေတုန်း အေးမင်းက ဘေးမှာ ထိုင်ပြီး စကားတွေ ပြောနေတာ။
အရမ်းစကားများ သော သူ၏ လက်စွဲတော် အပါးတော် မြဲ တောက်တိုမယ်ရ ပီအေ `မောင်အေးမင်း´။
အခုတလော ခေတ်စားနေသော ဂျပန်ဆံပင်စတိုင်လ် တစ်ခုနှင့် အီကိုကေဆိုလား…။
ဘာမဆို မောင်အေးမင်းက လုပ်ပြီးသား၊ ကိုရီးယာစတိုင်လ် ဆံပင်တွေ ထောင်တုန်းကလည်း သူ မကျန်ခဲ့ပါ။
``အရမ်းရယ်ရတယ် ဆရာ… ဆရာသွားကြည့်ပါလား၊ တစ်ချိန်လုံးဟားရတယ်၊ အရမ်းတန်တယ်၊ ဆရာ့ကောင်မလေးနဲ့ သွားကြည့်ပါလား၊ ကျွန်တော် လက်မှတ်ဝယ်ပေးမယ်´´
``နေပါစေကွာ… မသွားချင်ပါဘူး´´
``ဆရာကလဲ´´
``ဇာတ်လမ်းသာ ဆက်ပြောစမ်းပါ´´
``ဟာသကားဆိုတာ ပြောပြရင် မရယ်ရဘူး၊ ကြည့်မှ အရသာရှိတာဗျ´´
``လုပ်ချလိုက်ပြန်ပြီ´´
``တကယ်ပါ ဆရာ´´
``ဒါဆိုလည်း မပြောနဲ့တော့ နားမထောင်တော့ဘူး၊ နားညည်းတယ်…´´
`ဆရာ သွားကြည့်လိုက်ပါ… ဆရာ့ကောင်မလေးလည်း သွားချင်ရှာမှာ ပဲ´´
``၀င်ပါပြန်ပြီ နေရာတကာ…´´
``သူ့ဟာသူ သွားကြည့်… ရတာ ပဲ´´
``ဟာ ဘယ်တူပါ့မလဲ ဆရာနဲ့ လက်ချင်းချိတ်ပြီး….´´
``မဟုတ်တာတွေ ကွာ..´´
ရှင်သန်က ခေါင်းရမ်းလိုက်၏ ။
``နေစမ်းပါဦး၊ ငါ့ကို ဇွတ်တိုက်တွန်းနေရအောင် မင်းမှာ ရည်းစားရှိနေပြီလား´´
``ဟာ မရှိပါဘူး….´´
``မင်း မလျှိုနဲ့ အမှန်အတိုင်း ပြော´´
``ဘုရားစူး မရှိတာပါဆရာ၊ ရှိချင်လွန်းလို့ မှန်မှန်ပြော မြန်မြန်ရည်စားရပါစေဗျာ…´´
ရှင်သန်က အေးမင်းအ ဖြစ်ကို အော်ရယ်မိ၏ ။ တတ်လည်း တတ်နိုင်တဲ့ကောင်။
``ဒါဆို မင်က ဘယ်သူနဲ့ ရုပ်ရှင်သွားကြည့်တာလဲ… ပြော´´
အေးမင်းက `ဆရာရယ် အထင်ကြီးလိုက်တာ ဇွတ်စစ်နေတော့တာပဲ´´ ဟု ရယ်ပြီး…
``ဦးမော်ထူးတို့ လင်မယာနဲ့ပါ ဆရာရယ်´´ ဟုဝန်ခံ၏ ။
``ဘာ´´
ဇွန်းနှင့် ခက်ရင်းကို ခဏချထားပြီး… ရှင်သန် အံ့အားသင့်ကာ ယုံရခက်သွား၏ ။
``မင်း တကယ်ပြောနေတာလား´´
``တကယ်ပေါ့ ညာစရာလား ဆရာ၊ ကျွန်တော့် မှာ ကောင်မလေးရှိရင် ဆရာ့ဆီ ခေါ်လာပြရမှာ ပေါ့၊ ဆရာ့မှာ စေ့စပ်ထားတဲ့ ကောင်မလေးရှိတာ ကျွန်တော် တို့က အားကျအထင်ကြီးနေရတာ ဗျ…´´
``ဦးမော်ထူးတို့လင်မယား ဟုတ်လား´´
``ဟုတ်ပါတယ်ဆို´´
``ဦးမော်ထူး မိန်း ပါတာပေါ့´´
``ပါတယ်လေ´´
``ဟုတ်လား´´
ရှင်သန်၏ လေသံက အင်မတန် အေးတိအေးစက် နိုင်သွား၏ ။
အရမ်းခံရခက် နာကျင်သွားတာကိုလည်း သိလိုက်သည်။ မောင်အေးမင်းတော့ သိမှာ မဟုတ်ပါ။ သူ့ကို တစ်ချက်ကြည့်ကာ…
``ဘာ ဖြစ်လို့လဲ ဆရာရယ်´´ ဟု မေးလာ၏ ။
ရှင်သန်က ပြောသင့်မပြောသင့် ချိန်နေ၏ ။
``ပြောပါ ဆရာ၊ ဦးမော်ထူးတို့လင်မယား ဘာ ဖြစ်လို့လဲ´´
``ဦးမော်ထူးမိန်းမ နေမကောင်းလို့ဆိုပြီး ငါ့ဆီက လစာကြိုထုတ်တယ်´´
``သြော်… ဟုတ်လား´´
အေးမင်းက အံ့သြပုံမရ။ သူ ကတော့ အညာခံလိုက်ရတာ အရမ်းခံပြင်းသည်။
``ငါက ညာတာမကြိုက်ဘူး´´
``ဦးမော်က ညာနေကျပဲ´´
``ငါ လက်မခံဘူး´´
``ဆရာက ပေးတာကိုး´´
``ငါ ဘာလို့ ပေးတာလဲ´´
``ဆရက သဘောကောင်းလို့ပေါ့`´
``ပြီးတော့ရော…´´
``သနားလို့ပေါ့´´
``အဲဒီ သနားတာကို စော်ကားတာ၊ သဘောကောင်းတာကို အခွင့်အရေး ယူတာ၊ စေတနာကို တန်ဖိုးမထားတာ၊ တောက်… တွေ့ ကြသေးတာပေါ့… ငါက သူများ အညာ ခံမယ့်ကောင် မဟုတ်ဘူး… ဦးမော်ထူးလိပ်စာ ပေးစမ်း´´
``ဟာ… ဆရာ လိုက်သွားမလို့လား´´
``အေးလေ´´
``စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ ဆရာ´´
``လုပ်ရမှာ ပဲ´´
မောင်အေးမင်းက မျက်နှာပျက်နေ၏ ။
သူ့ကြောင့် အလိမ်ပေါ်သွားတာ သူ့စနက်မကင်း။
သူ့ကို ဦးမော်ကြီး ဒေါသ ဖြစ်တော့မှာ …
``ဒါကြောင့် မနက်က မျက်ခုံးတွေ လှုပ်တာ သူများ ပြဿနာကြားထဲ ၀င်မိပြီ´´
ရှင်သန်က စကားမဆိုဘဲ ထမင်းဆက်စားနေ၏ ။ ဘာမဟုတ်သော လူ တစ်ယောက် ကြောင့် ဒေါသ ဖြစ်ပြီး ထမင်းစာ ပျက်တာမျိုး မ ဖြစ်ချင်။
စေတနာတွေ အစော်ကားခံရပြီးပြီ၊ နောက်ထပ် ဒေါသတွေ ပူလောင်မှု တွေ နှင့် ပေးဆပ်ရဦးမှာ လား။
တော် လောက်ပြီ။
သူ့ကို လိမ်ညာစော်ကားသွားသည့် ဦးမော်ကို ပြတ်ပြတ်သားသား အရေး ယူရမည် ။
သူ ဒါမျိုးကို ခွင့်မလွှတ်တတ်ပါ။ သည်းမခံတတ်ပါ။ သူကလူတစ်မျိုး ကောင်းရင် အရမ်းကောင်း၊ မကောင်းတော့ဘူးဆိုလည်း အပြတ်ပါပဲ။ လုံးဝ မကောင်းတော့တာ…
ဦးမော်… ဦးမော်… ရှင်သန်ကို သူ လိမ့်ညာလှည့်ဖြားလို့ ရမတဲ့လား…
သူ့ကို လျှော့တွက်လွန်းပါသည်။
အခွင့်အရေး ကို နင်းပြီး ယူတတ်သော အကျင့်ကို ပျောက်သွားအောင် လုပ်ရမည် ။
သည့်အတွက် သူ့ဘက်က သေချာပါမှ… ဦးမော်မိန်းမ အမှန်တကယ် ကျန်းမာနေကောင်းနေတာကို မျက်စိနဲ့ မြင်အောင် သွားကြည့်ရမည် ။
ယောက်ျားရင့်မကြီး ဖြစ်ပြီး မျက်နှာငယ်နှင့် ဗလောင်းဗလဲပြောပြီး လခကြိုတင်ညာယူသွားတာ မခံချင်စရာလည်း ကောင်းသည်။ သူ့အားနည်းချက်ကိုလည်း သိသာပေါ်လွင်စေသည်။ နောက်ဆို သနားစိတ်ကိုလျှော့မှ… အယုံလွယ်တာကို လျှော့မှ။
သူ့ကို လူတွေ က ဝေဖန်ကြသည်။ မှတ်ချက်ချသည်။ သူဟာ အတ္တကြီးသူ၊ မာနကြီးသူ၊ လောဘကြီးသူ၊ တစ်ကိုယ်ကောင်း ဆန်သူ၊ အကြင်နာတရား ကင်းမဲ့သူ တဲ့။
ဟုတ်တော့ရော ဘာ ဖြစ်လဲ…
အဲဒီ လောက် ပြတ်သားအေးစက်နေတာတောင် လိမ်ညာဝံ့သူက ရှိသေးသည်။
ရှင်သန်က သက်ပြင်းတစ်ချက် ရှိုက်သည်။
မလွယ်ပါလား။
သူ့ပတ်ဝန်းကျင်ကလူတွေ ဆက်ဆံရ တော် တော် ခက်သည်ပဲ။
ဘာတွေ မှန်းကို မသိပါ။
မဟုတ်တာပြောပြီး လိမ်ညာအခွင့်အရေး ယူတတ်တာကို သူ အမုန်းဆုံး။
ရှင်သန်က လှေကားကျဉ်းကျဉ်း မှော င်မှော င်ကလေးနှင့် တိုက်အဟောင်းလေးကို ကြည့်ကာ ကားတံခါးကို ပိတ်လိုက်၏ ။
``ဟိုး အပေါ်ဆုံးထပ် ခြောက်လွှာဆရာ´´
``ဘယ်လား၊ ညာလား´´
``ဘယ်… မဟုတ်ဘူး ညာ´´
အရေး ထဲ ဘယ်ညာကို မှန်အောင် ခွဲခြားမပြောနိုင်သူ မောင်အေးမင်းက တမှော င့်။
``မင်းကို… ကောက်ရိုးခြေထောက် မြက်ခြေထောက် လုပ်ပေးရမယ်´´
``မဟုတ်ဘူးလေ ဆရာ… တိုက်ကို မျက်နှာမူရင် ဘယ်၊ တိုက်ကို ကျောပေးရင်…။
``တော် စမ်းကွာ… အပြာရောင် မိုးကာ ဖျင်ကာထားတဲ့ အခန်းလား…´´
``ဟုတ်တယ်´´
ရှင်သန်က ရှင်းအောင်မေးပြီး လှေကားပေါ် တက်လာ၏ ။ မောင်အေးမင်းက မလိုက်ရဲဘူးဟု ငြင်းတာကြောင့် ကားဘေးမှာ ထားရစ်ခဲ့ပါသည်။ ဇွတ်မခေါ်ချင်။ သူက `ချွန်တယ်´ အထင်ခံရမှာ စိုးရွံ့နေတာ ဦးမော်ကလည်း အေးမင်းဆို နိုင်ပြီးသား။ နိုင်မှာ ပေါ့ ဦးမော်မိန်းမရဲ့ တူမကလေးကို သူက ပိုးပန်းနေတယ်ဆိုလား….။
``ဒီကပဲ စောင့်´´
``စိတ်ချပါ ဆရာ´´
တော် တော် အားကိုးရတဲ့ တပည့်၊ တိုက်ခန်းဝအထိပင် လိုက်မပို့။ ရှင်သန်က နားလည်ပေးလိုက်ပါသည်။
`စကား စကား ပြောပါများ ရင် စကားထဲက ဇာတိပြ´ ဆိုသလို ပြောရင်းပြောရင်း ပေါ်ကုန်တာ…
ပြောတာက ဟာသဇာတ်လမ်း…
``ဆရာ´´
``ဘာလဲ´´
`ပြေပြေလည်လည် ပြောပါ´´
``မင်း မရှည်ပါနဲ့… ငါသဘောပါ´´
ရှင်သန်က …. ဒေါသနှင့် လှေကားကို ပြေးတက်ခဲ့၏ ။ လှေကားတက်လျှင် ဖြည်းဖြည်းတက်ရတာ ပိုမောသည်။ ပြေးတက်လာပြီး ထိပ်ရောက်မှ အခန်းရောက်မှ နားလိုက်တာ ပိုကောင်းသည်။
ဟူး… မောလိုက်တာ´´
သူ လေပူတစ်ချက် မှု တ်ထုတ်ကာ အမောဖြေမိပါသည်။ ပြီးမှ တံခါးကို ခေါက်လိုက်သည်။
ချက်ချင်း ပဲ တံခါးလာဖွင့်ပါသည်။
ဦးမော်လည်း မဟုတ်…ဦးမော်မိန်းမလည်း မဟုတ်။ ကောင်မလေး တစ်ယောက် ။
ဘယ်သူလဲ…
ဦးမော်မှာ သမီးရှိတယ်လို့လည်း မကြားဖူးပါ။ စွပ်ကျယ်ပုံစံ လက်ပြတ်အင်္ကျီကလေးနှင့် ဒူးဆစ်ဖုံး ဘောင်းဘီနှင့် လက်မှာ လည်း ဆပ်ပြမှု န့်တွေ အဖွေးသား။
``ဦးမော်အိမ်လား´´
``ဟုတ်´´
စူးလက် နက်စိုသော မျက်လုံးကလေးနှင့် မျက်တောင် ရှည်ရည်မည်းမည်းခဲခဲများ ၀န်းရံပြီး မျက်အိမ်ကျယ်ကျယ်မို့မို့နှင့် အင်မတန် ရှားပါးလှသော မျက်ဝန်းတစ်စုံ။
သူ့ဆီမှာ သူ့မျက်နှာပေါ်မှာ စိုက်တန့်နေသော ထိုမျက်ဝန်းလှလှ၏ အကြည့်ကြောင့် သူတစ်မျိုး ဖြစ်သွားရတာ အမှန်။
ထို့ကြောင့် … အခန်းထဲကို ကမန်းကတန်း ၀င်မိ၏ ။ ကောင်မလေးက နောက်ဆုတ်ကာ ဖယ်ပေး၏ ။ သူက ဖိနပ်ချွတ်ပြီး ကြွေပြားပေါ် ခြေချမိရုံနှင့် လူက လျှောခနဲ ချောသွားပြီး ဘိုင်းခနဲ ဖင်ထိုင်လျက်သား လဲကျသွား၏ ။
``အား…´´
ဘာမှမနာဘဲ ရုတ်တရက် ယောင်အော်မိတာပါ။ ကောင်မလေးက စိတ်ပူသွားပြီး….
``ဟယ်တော့… ဒုက္ခပဲ၊ ရှင်ချောလဲသွားပြီလား ကြမ်းပြင်ကြွေပြားတွေ ညစ်ပတ်လို့ Warching Powder တွေ ဖျန်းထားတာ´´
ကောင်မလေးက သူ့ကို ကူတွဲ ထူထစေ၏ ။
``ဟာ… ဖယ်စမ်းပါ၊ ဒီမှာ အင်္ကျီတွေ ပါ ညစ်ပတ်ကုန်ပြီ၊ မင်းလက်မှာ ဆက်ပြာရည်တွေ နဲ့… ကျွတ်´´
``ဟုတ်ပါရဲ့ ´´
ကောင်မလေးက ပျာပျာသလဲ အင်္ကျီတွေ ကို ပွတ်သပ်သုတ်ပေး၏ ။
အဲဒါမှ ပိုဆိုးကုန်ရော…
သူ့တစ်ကိုယ်လုံး စိုရွှဲညစ်ပတ်ကုန်တော့…
``နေစမ်းပါ…မင်း လာမထိနဲ့´´
ရှင်သန် အော်ပစ်မှ ကောင်မလေးက ဇက်ကလေးပုပြီး နောက်ဆုတ်သွား၏ ။
``ဘယ်မှာ လဲ ဦးမော်၊ သူ့မိန်းမရော´´
``မရှိဘူး´´
``ဘာ´´
``ခုနလေးပဲ အောက်ဆင်းသွားတယ်´´
``မင်းနဲ့ ဘာတော် လဲ´´
``တူမ နှစ် ၀မ်းကွဲပါ´´
ကောင်မလေးက ချက်ချင်း ဖြေပါသည်။
``ဒီမှာ မင်းတို့နေတာလား၊ သူတို့နေတာလား၊ ဦးမော်တို့ အိမ်ဆို´´
``ဟုတ်… တစ်ယောက် တစ်ဝက် ငှားနေကြတာပါ´´
တိုက်ခန်းကျဉ်းကလေးကို ထပ်ရှယ်ပြီး ငှားနေကြသတဲ့လား…
မရှိတာကို သူ အပြစ်မမြင်ပါ။ သနားတတ်ပါသည်။ လိမ်ညာလှည့်စားတာ ကြည့်မရတာ ၊ အမြင်ကတ်တာ၊ မုန်းတီးလွန်းတာ တကယ်ပါ။
``ဟိုမှာ … ထိုင်လေ´´
ပလတ်စတစ်ထိုင်ခုံနှစ် လုံးက ၀ရန်တာရောက်နေတာမို့ သူမက လက်ညှိုးထိုး ညွှန်ပြပါသည်။
``ကြွေပြားတွေ ဒီလောက်ချောနေတာ ငါ မလျှောက်ရဲဘူးကွ…´´
``အမှတ်တမဲ့ သတိမထားမိလို့ လဲကျတာပါ။ သတိထားရင် မ ဖြစ်ပါဘူး´´
``မင်းခုံကို ဒီယူလာခဲ့´´
``ဟုတ်…´´
ကောင်မလေးက ၀ရန်တာကနေ ခုံတစ်လုံးသွားမ,ယူလာ၏ ။
``ရပါပြီ ထိုင်ပါ´´
ရှင်သန်က စိတ်ရှည်ရှည် ထိုင်စောင့်ဖို့ တွေး၏ ။ လှည့်မပြန်ချင်ပါ။ လက်ပူးလက်ကြပ်မိမှ ဖြစ်မည် ။
ကောင်မလေးက ဆပ်ပြာရည်ဖျန်းထားသော ကြွေပြားကို ကြမ်းသုတ်တံနှင့် လိုက်ပွတ်တိုက်နေ၏ ။
သူ တစ်ချက်ကြည့်ကာ သက်ပြင်းရှိုက်မိပါ၏ ။ သွက်လက်ချက်ချာပြီး ချစ်စရာရုပ်ရည်နှင့် ကောင်မလေး။
ဆင်းရဲတာလေးတစ်ခုပဲ အပြစ်ပြောစရာ ရှိသည်။ ဆင်းရဲနွမ်းပါးခြင်းကလည်း အဆိုးရွားဆုံး ပြစ်ချက်ပါပဲ။
မပြည့်စုံသော ဘ၀မှာ ပူပန်မှု က ကုဋေကုဋာ၊ မဆင်းရဲဖူးပါပဲ ဆင်းရဲခြင်းကို သူ ကြောက်သည်။ ခါးသီးသည်။
ဆင်းရဲနွမ်းပါးသော သူ တစ်ယောက် နှင့် မိတ်ဆွေ ဖြစ်ဖို့ပင် မလွယ်။ အရင်ဦးဆုံး ပိုက်ဆံချေးတာက စတာပါပဲ။ အဲဒါမျိုးတွေ သူ ကြုံဖူးသည်။ ဆင်းရဲသူတိုင်းကိုတော့ သူ အထင်မသေးပါ။ အများ အားငြဖ့် သူ သိကျွမ်းခဲ့သော ဆင်းရဲသူတွေ က အခွင့်အရေး ယူလွန်းသည်။ အားမနာတတ်ပါ။
``ခဏနော်´´
ကောင်မလေးက လက်ကလေးပြပြီး အိမ်ထဲဝင်သွား၏ ။ ချက်ချင်း ပဲ ပြန်ထွက်လာပြီး ဖန်ခွက်ကြည်ကြည်လေးနှင့် ရေတစ်ခွက် ယူလာ၏ ။
``သောက်ပါ´´
အမောပြေတိုက်တာ ကျေးဇူးတင်ပါသည်။ သို့ပေမယ့် သူ မသောက်ချင်ပါ။
လက်ကာပြပြီး ခေါင်းရမ်းမိ၏ ။
``ရေမဆာပါဘူး´´
``ရှင်က အကြွေးလာတောင်းတာလား´´
ကောင်မလေးက စပ်စုသည်။
သူက မဖြေဘဲ ကောင်မလေးကို ငေးကြည့်နေလိုက်၏ ။ ရုပ်ကလေးလှသလို… အသံကလေးလည်း ဆွဲအားရှိသည်။ ညင်သာနူးညံ့သော အသံချိုချိုကလေး။
မဖြေဘဲ ခပ်တည်တည် စိုက်ကြည့်နေသော သူ့ကို ကောင်မလေးက တစ်ချက်ရယ်ပြပြီး သူ့ကြမ်းပြင် သူလိုက်သုတ်နေ၏ ။
ရှင်သန် ဒုတိယအကြိမ် သက်ပြင်းရှိုက်မိ၏ ။
ဘယ်အချိန်ထိ ထိုင်စောင့်ရမှာ လဲ။
``ဘယ်သွားတာလဲ´´
``ဟိုဘက်လမ်းထိပ်က လက်ဖက်ရည်ဆိုင်လေ´´
``ဟာကွာ…. မင်း စောစောက ပြောပါလား´´
``ရှင်…´´
``တောက်… ဘာမှန်းမသိဘူး´´
ရှင်သန်က ၀ုန်းခနဲ မတ်တတ်ထရပ်၏ ။
သူ အဓိပ္ပါယ်မဲ့ အချိန်ထိုင်မဖြုန်းနိုင်။
အထူးသဖြင့် ဦးမော်လိုလူကို သူက စောင့်စရာလား၊ စောင့်ဖို့ မလိုအပ်ပါ။
``ပြန်တော့မလို့လား´´
``ဟုတ်တယ်´´
ကောင်မလေးက တံခါးလာဟပေး၏ ။
ရှင်သန်က လှည့်ပင်မကြည့်တော့ဘဲ ဆင်းလာခဲ့ပါသည်။
ရွှေတစ်ပွင့် တံခါးကို အသာပြန်စေ့ပြီး ပင့်သက်ရှိုက်၏ ။
ဘယ်လိုလူကြီးလဲ… ရင်တုန်လိုက်တာ။
သူ့အကြည့်က ဘာလို့ ဒီလောက် ရဲတင်းတာပါလိမ့်။
စားမတတ်၊ ၀ါးမတတ် ထွင်းဖောက်မတတ် မာနကလည်း ကြီးပါ့၊ ဒေါသက ပိုကြီးသေး၊ ကြောက်စရာကြီးပါလား။
ပခုံးလေးကျုံ့ကာ ရွှေတစ်ပွင့်က ကြမ်းသုတ်တံကို ရေချိုးခန်းထဲ သွားဆေးသည်။ ရေညှစ်သည်။ ပြီးမှ ဧည့်ခန်းကို ပြန်ထွက်လာ၏ ။
မေမေကလည်း အခုထိ တက်မလာသေးပါလား၊ ဗိုက်က ဆာလှပြီ။
မေမေချက်ထားသော ငါးကလေးအိုးကပ် ဆီပြန်ကို ဟင်းအိုးဖုံး ဖွင့်ကြည့်တာ သုံးကြိမ်မ ကတော့ပြီ၊ တညင်းသီးပြုတ်နှင့် ငါးပိတို့စရာနှင့် ကင်းပွန်းချဉ်ဟင်းချိုနှင့် ….။
မေမေ အိမ်ပေါ်ပြန်တက်လာလျှင် ထမင်းစားတော့မည် ။ မေမေက ချုပ်ပြီးသား ခြင်ထောင် သွားပို့တာ၊ ခြင်ထောင်နှစ် လုံး အော်ဒါရလို့ပါ။ မေမေက ဘာမဆို အကုန်လုပ်သည်။
ရွှေတစ်ပွင့်အတွက် ပိုက်ဆံရှာတာပါ…။ ရွှေတစ်ပွင့်တားလည်း မရပါ။ မသိအောင် ခိုးလုပ်တာလည်း ရှိသည်။
``မေမေနော် မေမေ သမီးမသိအောင် တိတ်တိတ်ကလေး လုပ်၊ မေမေပဲ ငရဲကြီးမှာ ´´
``ကြီးစမ်းပါစေတော် ´´
ရွှေတစ်ပွင့်ခြောက်လည်း မေမေက မကြောက်ပါ၊ ဖြုံပင် မဖြုံ။
``မေမေနော် ပြောစကား နားမထောင်ရင် ယောက်ျားယူလိုက်မှာ ´´
``အမယ်လေး ယူစမ်းပါတော် … ကျေနပ်လွန်းလို့၊ မေမေက သတို့သမီးအမေ လုပ်ချင်နေတာ၊ ယူ… ယူ မြန်မြန်ယူ´´
``သတို့သမီး လုပ်ချင်တာ ဟုတ်လား´´
ရွှေတစ်ပွင့်က မေမေ့ကို တမင်စ,တာပါ။
``လုပ်စရာလား အဘွားကြီး ဖြစ်နေပြီ´´
``မေမေ သူငယ်ပြန်ပြီလားလို့´´
``ကြည့်စမ်း… ယောက်ျားမရသေးဘူး၊ ငါ့ကို မလေးမစား လုပ်နေပြီ´´
ရွှေတစ်ပွင့်က မေမေ့ကို စကားနဲ့ အနိုင်ယူပြီး ပြောနေကြပါ။
မေမေရယ်…
အဲဒီ လူကြီးကို မေမေမြင်ရင် သဘောကျမှာ ၊ ငါ့သားမက်သာ ဖြစ်လိုက်ရင်လို့ တွေးမိမှာ …။
အားကိုးချင်စရာ၊ မှီတွယ်ချင်စရာ ယောက်ျားပီသလွန်းသော ပုံစံနှင့် ….
ကြည့်လိုက်ရုံနှင့် ချမ်းသာတာ သိသာ၏ ။
သူ… ဘယ်သူများ လဲ။
ဦးလေးမော်ကို မေးကြည့်ရမလား။
မေးကြည့်ပြီး ဘာလုပ်ရမှာ လဲ…
သူကဖြင့် ရွှေတစ်ပွင့်ကို ရှိတယ်လို့ ထင်တာမဟုတ်၊ မတူမတန်သလို လုပ်သွားတာ။
ရွှေတစ်ပွင့်က မကျေမနပ် နှုတ်ခမ်းစူပြီး ကြမ်းပြင်ပေါ် ထိုင်ချ၏ ။
``အမေ့…´´
တစ်ခုခုကို ထိုင်မိတာမို့… ကပျာကယာ ဆွဲထုတ်ကြည့်မိတော့… ဟန်းဖုန်းတစ်လုံး။
ဒါ… သူ ကျကျန်ရစ်ခဲ့တာ။
ချော်လဲတုန်းက ပြုတ်ကျသွားတာ ဖြစ်လိမ့်မည် ။
ဘယ်လိုလုပ်မလဲ။
အောက်ဆင်းပြီး လိုက်ပေးရမလား။
အိုး… မပေးနိုင်ပါဘူး။
သူ့ဟာသူ ကျကျန်ရစ်တာပဲ သူလာယူပေါ့။
ပုံစံက ရွှေတစ်ပွင့်ကို အဖက်မလုပ်ချင်သလိုကြီး။ ဘာလို့ သူ့ဖုန်းကို တကူးတကန့် သွားပေးရမလဲ နေပါစေ။
ကျကျန်ရစ်တာသိရင် သူဆက်သွယ်မှာ ပဲ မဟုတ်ဘူးလား။
ခြောက်လွှာကို ထပ်တစ်ကြိမ် တက်စမ်း။
မောပါစေ ညောင်းပါစေ၊ ချွေးတွေ ပျံပါစေ။
ရွှေတစ်ပွင့် တစ်ယောက် တည်း ရယ်ပြီး ဟန်းဖုန်းကို အခန်းထဲက ပိုက်ဆံအိတ်ကလေးထဲ သွားထည့်ထားလိုက်၏ ။
သူများ ပစ္စည်းမို့ ပိုင်ရှင်ဆီရောက်အောင် ပြန်ပေးရမှာ ပါ။ သူမ သိပါသည်။
ကိုယ့်ကြောင့် သူချော်လဲသွားတာပါ၊ ကြွေပြားကို ဆပ်ပြာရည်တွေ ဖျန်းထားမိတာကိုး… ချော်လဲသွားလို့ သူ ရှက်ပြီး ပုပ်သိုးနေတာများ လား။
``ဟိ… ဟိ… ဟိ´´
အခုမှပဲ သူ ချော်လဲတာတွေးပြီး ရယ်မိ၏ ။
ဗိုင်းခနဲ ဖင်ထိုင်လျက်သား ကျသွားတာ။
သူ မျက်နှာ အရမ်းပျက်သွားတာ ပြန်မြင်ယောင်မိတော့လည်း သူ မာကျောအေးစက်မှု ကို တစ်ဝက်မကျ ခွင့်လွှတ်မိပါသည်။
``ဟုတ်လား´´
သစ်သီစကားကြောင့် ရွှေတစ်ပွင့် စကားမဆိုနိုင်အောင်ပင် မျက်နှာကလေး ပျက်သွားရ၏ ။
ရုတ်တရက်ဆိုတော့ ဟန်မဆောင်နိုင်ပါ။
တမင်ထားခဲ့တာလား၊ ကွက်ချန်ခဲ့တာလား၊ တကယ်ပဲ မေ့သွားတာလား။
မေ့တာတော့ လုံးဝမ ဖြစ်နိုင်ပါ။
မဖိတ်ချင်လို့သာ ဖိတ်စာမပေးတာပေါ့…။
ရှင်းရှင်းကလေးပဲဟာ…
ရှင်းရှင်းကလေး မဟုတ်။
ရှင်းရှင်းကြီးပါ။
ပန်းအလိမ္မာ၏ ခမ်းနားကြီးကျယ်သော မွေးနေ့ပွဲအတွက် အားလုံးကို ကမ်းထားသော မွေ့နေ့ဖိတ်စာလှလှ။
သူများ ဆီက မျက်နှာငယ်ကလေးနှင့် ယူကြည့်ရမှာ လား၊ ခင်ချင်ပါတယ်ဟု မိတ်ဆွဲဖူးသူ တစ်ယောက် ကို အသိအမှတ်မပြုတာ ခံရခက်စရာပါ။
ပန်းအလိမ္မာက ရွှေတစ်ပွင့်ကို ဖိတ်စာမပေးတာ ဘာကြောင့် များ လဲ… စဉ်းစားမရ။
``ရွှေတစ်ပွင့်´´
``ဟင်´´
``ဖိတ်စာကြည့်မလား ငါ သွားယူလာခဲ့မယ်´´
သစ်သစ်သီက မေးလာ၏ ။
ရွှေတစ်ပွင့် ဖြေသာအောင် တစ်ခုခု လုပ်ချင်သော သစ်သီ၏ စေတနာကို သိသည်။
သူက အားပေးနှစ် သိမ့်ချင်တာ။
သို့ ပေမယ့် သူ့စကား သူ့အပြုအမူက လူကို ပိုပြီးအနေရခက်စေသည်။
ပိုလေးအောင် ဆားခပ်နေသလိုပင်။
တကယ်ဆို ရေထိုးရမှာ … ပေါ့သွားအောင်။
``မသိလိုက်မသိဘာသာပဲ နေပေးပါ သစ်သီရယ်၊ ငါ မနေတတ်လို့ပါ´´
``နင်က အလကား အထင်တကြီး အရေး လုပ်နေတယ်၊ ဟိုကဖြင့် ခင်တာလဲ မဟုတ်ဘဲနဲ့၊ နင့်ကို မတူမတန်သဘောထားတာ…´´
``အဲဒီ လိုလည်း မဟုတ်ပါဘူးဟာ´´
``ဘာ မဟုတ်တာလဲ´´
``တစ်မျိုး ဖြစ်နေတာပါ´´
``ဘာတစ်မျိုးလဲ´´
ဘာပဲ ဖြစ် ဖြစ် သစ်သီ လုံးဝမကျေနပ်နိုင်။
``ငါက တကူးတကန့် စိတ်ဝင်တစားကြီးလိုက်ပြီး ခင်မင်နေတာ၊ သူ့အတွက် စိတ်အနှောင့်အယှက် ဖြစ်တယ်နဲ့ တူတယ်´´
``တော် ပါတော့ ရွှေတစ်ပွင့်ရယ်… နင့်ဟာက နားလည်ပေးတာ လွန်သွားပြီ´´
``အေးပါ၊ ငါ သူ့ကို လုံးဝ စိတ်မ၀င်စားတော့ဘူး မခင်တော့ဘူး´´
``တကယ်လား´´
ထိုစကားကို သစ်သီ အရမ်းဝမ်းသာသွားပုံ ရပါသည်။ ဆင်းရဲတာ ချမ်းသာတာ အသာထား၊ ကိုယ့်မာနနှင့် ကိုယ် နေစေချင်တာ ရွှေတစ်ပွင့်ကို။ ပြီးပြည့်စုံသော ဘ၀ကို ပိုင်ဆိုင်ထားတာနှင့်ပဲ အောက်ကျနောက်ကျ လိုက်ခင်မင်ရမှာ လား၊ မိတ်ဖွဲ့ရမှာ လား။
``တကယ်ပေါ့´´
``ရွှေတစ်ပွင့် နင်တကယ်နော်´´
``အင်းပါ´´
``ယုံလိုက်မယ်´´
``လုံးဝ ယုံထားလိုက်´´
``အဲဒါဆို မွေးနေ့ပွဲ မဖိတ်လည်း သွားမလား´´
သစ်သီက မေးလာ၏ ။ ရွှေတစ်ပွင့်က ခေါင်းရမ်းလိုက်၏ ။ သစ်သီ မသိသေးလို့ပါ။
ရွှေတစ်ပွင့်က ပြတ်ပြီဆို… လှည့်မကြည့်တတ်သူပါ။ ဘယ်တော့မှ နောင်တလည်း မရတတ်ဘူး။
``ရှက်လို့လား´´
``မရှက်ပါဘူး´´
``ဒါဆို မွေးနေ့ပွဲ သွားမယ်´´
``မ သွားပါဘူးဟာ မွေးနေ့ရှင်က မလာစေချင်လို့ တမင် မဖိတ်တာ သွားစရာလား´´
``နင် သွားချင်နေတယ် မဟုတ်လား၊ နင့်မဖိတ်လို့ ခံစားနေရတယ် မဟုတ်လား´´
``တစ်မျိုးတော့ ဖြစ်တာပေါ့´´
``လာပြန်ပြီ ဒီတစ်မျိုး´´
``တစ်မျိုးရှိတာ အဓိပ္ပါယ်ဖွင့်ရခက်လို့ သုံးနှုန်းလိုက်တာပါ… တစ်ခုချင်းပြောရရင် ရှည်နေမယ်လေ၊ ငါ့စိတ်ထဲမှာ သိနေတာတွေ ခြုံငုံပြီး ပြောလိုက်တာ´´
``ထားပါတော့´´
``ငါ… မွေးနေ့ဖိတ်စာကလေးတော့ ကြည့်ချင်တယ်´´
ရွှေတစ်ပွင့်စကားကြောင့် သစ်သီက သွားယူလာပေး၏ ။
``ရော့…´´
သစ်သီက ဘယ်လိုပြောပြီး ယူလာတာလဲ မသိပါ။ ဖိတ်စာပေါ် နာမည် ရေး ပြီး အဖိတ်ခံရသော ကောင်မလေးက ဖိတ်စာကို အပိုင်ပေးလိုက်ပါသည်။
ပန်းအလိမ္မာ၏ မွေးနေ့ဖိတ်စာကို မက်မက်မောမော တန်ဖိုးမထားပါ။
သြော်… အဆီအငေါ် မတည့်သော အ ဖြစ်အပျက်တွေ ။
အလေးအနက် မထားသူတွေ ကိုတော့ … တကူးတကန့် နာမည် ကို ကွန်ပျူတာနှင့် ရိုက်ပြီး ကျကျနန ဖိတ်ကြားခြင်း ခံရတာ ။ ရွှေတစ်ပွင့်ကျတော့…
ဘာရယ်မဟုတ် မျက်ရည်လည်ချင်သည်။
ကိုယ်ကဖြင့် သူ့ကို `စံ´ ထားပြီး ခင်မင်လိုက်ရတာ ၊ သူကကျတော့ မွေးနေ့ဖိတ်စာကလေး တစ်စောင်ပင် မကမ်း။
``ရွှေတစ်ပွင့်´´
``ဟင်…´´
``ပန်းအလိမ္မာက တော် တော် မောက်မာတယ်´´
``ဟုတ်ချင်မှ ဟုတ်မှာ ပါ´´
``နင့်ကို မဖိတ်တာ မေ့သွားတာ မ ဖြစ်နိုင်ဘူး၊ နင်က လက်မခံဘူးလား´´
``လက်ခံပါတယ်´`
``ဒါနဲ့များ …´´
``ငါ နင့်ကို ကတိပေးပြီးပြီပဲ သစ်သီရယ်၊ ဒီနေ့ဒီအချိန်ကစပြီး ငါ သူ့ကို လုံးဝလုံးဝ ဂရုမစိုက်တော့ဘူး နင်စိတ်ချ ယုံလိုက်´´
မွေးနေ့ဖိတ်စာကို ပိုက်ဆံအိတ်ထဲ ထိုးထည့်ကာ ပြောနေတော့ ယုံရခက်ခက်ရယ်။
ဟုတ်ပါ့မလား… ပန်းအလိမ္မာနှင့် ပတ်သက်ရင် အ ဖြစ်က သည်းသည်းရယ်။
ရွှေတစ်ပွင့်က နာကျင်စွာ ပြုံး၏ ။
အောက်ကျနောက်ကျ လိုက်ခင်မင်မိတ်ဖွဲ့ခြင်း၏ အဆုံးသတ်ရလဒတ်က သည်လိုလား။
ရှိပါစေတော့..
ကိုယ့်အပြစ်နှင့် ကိုယ်ပါ။
ဆံပင်တွေ ကို နားရွက်နောက်ထိုးထည့်ကာ နှုတ်ခမ်းစွန်းကလေးကို ဖွဖွကိုက်လိုက်ပြီး ဖြေလွှတ်လိုက်၏ ။
ဘယ်သူမှ နားမလည်နိုင်အောင် ဆန်းကြယ်လွန်းလှသော ကိုယ့်စိတ်က ပန်းအလိမ္မာကို အားကျအထင်ကြီး ခင်မင်ချင်လွန်းလှ၏ ။ ပြင်းပြင်းပြပြ ဆန္ဒတစ်ခုမို့ ဘာကိုမှ ဂရုမစိုက်ဘဲ မိတ်ဖွဲ့အောက်ကျခံခဲ့တာ။
သို့ပေမယ့်… မျှော်လင့်တာက သူငယ်ချင်း ဖြစ်ကြဖို့ပါ။ ရွှေတစ်ပွင့် စိတ်ကူးသလို ဖြစ်မလာ။
ကြေကွဲအားငယ်စရာပဲ ဖြစ်လာခဲ့သည်။
``ရွှေတစ်ပွင့်´´
``ဟင်´´
``နင် သူ့ကို ချမ်းသာလွန်းလို့ အထင်ကြီးတာလား´´
သစ်သစ်သီက နားမလည်စွာ မေးလာ၏ ။
``မသိပါဘူးဟယ်.. ဟုတ်ချင်လည်း ဟုတ်မှာ ပေါ့´´
မရေမရာစကားနှင့် အဆုံးသတ်မိ၏ ။
ရင်ထဲက ခံစားချက်တွေ က ပြောပြလို့လည်း မရ။ ဘယ်သူမှလည်း နားလည်မှာ မဟုတ်။
သို့ကြောင့် တိတ်တဆိတ်နေလိုက်တာ ပိုပြီး ကောင်းပါသည်။
![]() သဇင်တစ်ခက် စကားတစ်ပွင့် နှင်းဆီတစ်ခိုင် | ![]() အပြာရောင်မိုးစက်များနှင့် ကျွန်တော် | ![]() ကျွန်မ၏ ဂစ်တာတစ်စင်း |