
အခန်း (၁)
မိုးတွေ က တဖွဲဖွဲရွာနေသည်။ စွေနေသည်။
သူမရင်ထဲမှာ လည်း ကြေကွဲအားငယ်မှု က မိုးလိုပင် ရွာသွန်းနေသည်။
တစိမ့်စိမ့်နှင့် …။
ကိုကိုရယ်။
သုခအ ဖြစ်ကို မြင်လှည့်ပါဦး။
သုခဘာလုပ်ရမလဲ။
နှုတ်ခမ်းတွေ ကို သူမ ဖိကိုက်ထားမိသည်။ အိမ်မက်ပဲ ဖြစ်လိုက်ပါတော့။ အိမ်မက်ဆိုးပဲ ဖြစ်လိုက်ပါတော့။
အိမ်မက်ဆိုးကြီးထဲကနေ နိုးထချင်ပြီ၊ ဆက်မမက်ချင်။ ဝေးသွားရပြီ…ဝေးသွားရပြီးမှ…
ပြဿနာကြီးတစ်ခု ဘွားကနဲ ကြုံလာခဲ့တာပါ။
ကိုကို သုခအနားကို ရောက်လာစမ်းပါတော့၊ ဘယ်မှာ များ လဲ။ ဘယ်လိုအင်းအားတွေနဲ့ သုခဆက်လျှောက်လှမ်းရမှာ လဲ။
သုရင်ထဲ တစ်စတစ်စ မွန်းကြပ်ပင်ပန်းလာ၏ ။ ဘာတွေ ဆက်လုပ် ရမလဲဆိုတာ ဆုံးဖြတ်မရ။ လမ်းပျောက်နေပါပြီ။
ပတ်ဝန်းကျင်က လူတွေ ကဲ့ရဲ့ မှာ စိုးသည်။ ရင်မဆိုင်ဝံ့။ ဘယ်သူမှ မရှိသော ကမ္ဘာတစ်ခုကို လွင့်သွားချင်သည်။
သေပစ်လိုက်ချင်သည်။ အသက်ရှင်နေရတာ ပင်ပန်းလွန်းသည်။ ပြဿနာက ခေါင်းတစ်ခုလုံးကို အုံစူနေစေသည်။ ဘယ်လို ဆုံးဖြတ်ရမှန်းမသိ။
ကိုကိုမရှိဘဲနှင့် ဆက်ရင်ဆိုင်ဖို့ မ ဖြစ်ဘူးဆိုတာ သုခနားလည်လာသည်။
ကိုကိုက ကြင်နာငဲ့ညှာသနားပါ့မလား။
သုခ ကိုကို့ကို ယုံခဲ့မိတယ်။ မယုံသင့်ပေမယ့် ယုံခဲ့မိတာကိုး။
ချစ်သူကိုယုံကြည်မိခြင်းသည် မဟာအမှား။ ချစ်သူ၏ လှည့်ဖျားတတ်ခြင်းကို အသိနောက်ကျခြင်းသည် သုခ၏ နုံ့အမှု ။
ရူးမိုက်စွာ ချစ်ပြချင်သော သူမ၏ စိတ်ကူးတွေ သည် သူမကို ခုတော့ မကယ်နိုင်ပြီ။ မှားပြီးရင်း မှားခဲ့မိသည်။
ကိုကိုက ချော့မော့ခေါ်သော …ကိုကို့ခြံထဲကို လိုက်သွားမိတာ။ ငြင်းဆန်ခဲ့လျှင်…ကိုကိုနှင့် ကတောက်ကဆ ဖြစ်မှာ စိုးစွာ နှင့် …။
ချစ်သူ၏ တောင်းဆိုမှု ကို သူမဘက်က ငြင်းဆန်ဖို့ အင်အားမရှိပါ။
အချစ်တစ်ခုမှာ သူမသဘောနှင့် သူမ ကျေကျေနပ်နပ်ကျရှုံးခဲ့တာပါ။
ချစ်သူ၏ တမ်းတမ်းတတ မျက်လုံးများ ၊ မက်မောတွယ်ငြိသော အကြည့်များ ၏ အောက်တွင် …တင်းခံနိုင်သော အားတို့ ယုတ်လျော့စွာ သူမ ကိုကို့ကို ခေါင်းညိတ်လိုက်လျောမိပါသည်။
ချစ်ခြင်း၏ သာယာမှု နောက်မှ ကပ်ပါလာသော မုန်တိုင်းကို သုခမမြင်နိုင်ခဲ့ပါ။ တယုတယ အကြင်နာတွေ သည် သုခအတွက် စွဲမက်ဖွယ်ကောင်းလှသည်။
ကိုကိုနှင့် တွေ့ ချိန်ခဏ ကြည့်မွေ့သာယာမှု အားလုံးသည် ကိုကိုပြန်သွားတာနှင့် အိမ်မက်တစ်ခုမှ လန့်နိုးသူလို ခြောက်ခြားရသည်။
ထိုခံစားမှု ကို သုခ ကြောက်သည်။
ရင်ထဲမှာ တစ်စုံတစ်ခုသည် အလွန်တစ်ရာ ပြီးပြည့်စုံသလို ဖြစ်လျက် တစ်စုံတစ်ခုသည် မဲမှော င်လစ်ဟာနေခဲ့သည်။
လိုက်လျောရခြင်းကို သုခ ကျေနပ်သော်လည်း ကိုကို့ကို စိတ်မချနိုင်ခြင်းဟာ စိတ်အနှောင့်အယှက် ဖြစ်စေသည်။
သုခက ကျေနပ်စွာ အရှုံးပေးခဲ့တာပါ။
ကိုကိုက မတရားသဖြင့် အနိုင်ယူခဲ့တာမဟုတ်။ သို့ ပေမယ့် ကိုကို့ကို သုခ လက်ထပ်ချင်ပါသည်။
အမြဲတမ်းအတွက် အပိုင်လိုချင်မိသည်။
ဒါတွေ ကို ကိုကိုက နားမလည်။
နားမလည်တာ ဟုတ်ပါ့မလား ဟု တွေးမိလေ၏ ။
တမင်မသိချင်ယာင်ဆောင်နေခဲ့တာများ လား။
အချစ်တွေ အေးစက်သွားလို့ အပြစ်တွေ မြင်လာတာမဟုတ်ပါဘူး။
နှလုံးသား ဒဏ်ရာတွေ က ကိုကိုတစ် ချက်ချင်း ပေးခဲ့တာပါပဲ။
ကိုကိုနှင့် ကော်ဖီဆိုင်မှာ စကားပြော ဖြစ်ပါသည်။
တစ်ခါတစ်ရံတော့လည်း ကိုကို့ဆီ သုခက သွားတတ်ပါသည်။
သေးသေးဖွဲ့ဖွဲ့လေးအတွက် သုခ မတွက်ကတ်တတ်ပါ။ ကိုကိုလည်း စိတ်မညစ်စေချင်ပါ။
ကိုကို့ အလိုကျ လိုက်လျောထားသော သုခသည် ကိုကိုပြုံးရယ်နေလျှင် ကျေနပ်နေသူပါ။
“ကိုကို”
“ဟင်”
“သုခတို့ လက်ထပ်ကြရအောင်”
သူမ၏ မရဲတရဲ စကားလေးကို ကိုကိုက ရုတ်တရက် တုန်လှုပ်သွားသလို။
“လက်ထပ်မယ်”
ဟု ရေရွက်သည်။
ပြီးတော့မှ ပခုံးတွန့်၏ ။
“ဘာလို့လဲ ကိုကို”
“ထူးဆန်းလို့ပါ”
သုခက ရှက်စနိုးခေါင်းငုံ့မိသည်။
“လက်ထပ်ဖို့ … တစ်ခါမှ မတွေးမိခဲ့ဘူး”
“ကိုကို့စကား၏ အဓိပ္ပါယ်က ဘယ်လိုပါလိမ့်”
“ကိုကိုက လွတ်လွတ်လပ်လပ် နေချင်တယ်”
“ရှင်…”
“ကိုကို့ကို သုခက ဘာလို့ နှောင်ဖွဲ့ချင်ရတာ လဲပြော”
“ဟင်”
“အိမ်ထောင်သည်ဆိုတာ လူပျိုလူလွတ်လို မလွတ်လပ်ဘူးကွ”
သုခ နှုတ်ခမ်းလေးစေ့ရင်း မယုံနိုင်စွာ ကြည့်နေမိ၏ ။
ကိုကို ဘာတွေ ပြောနေပါလိမ့်။
ကိုကိုက သုခကို လက်မထပ်ချင်ဘူးလား။
သုခနှင့် အတူတူ မနေချင်ဘူးလား။
ဒါဟာ တကယ်ပဲလား။
နှောင်ဖွဲ့ချင်တာ မြတ်နိုးလို့ပါ ကိုကို။
ပေးဆပ်အနစ်ခံခြင်းများ စွာ နဲ့ ကိုကို့မျက်နှာကို အရိပ်လို ကြည့်ခဲ့ရသူပါ။
သည်လို ကိုယ်လွတ်ရုန်းပြီး မပြောပါနဲ့လား။
“ခုလို နေလို့လည်း ပြီးသားပဲ၊ ကိုကို နားမလည်ဘူး၊ ချစ်နေရင် ပြည့်စုံတာပဲ မဟုတ်လား၊ လက်ထပ်တာ ပန်းတိုင်တစ်ခုလို့ သတ်မှတ်တာလား၊ ပန်းတိုင်ဆိုရင်လည်း ကိုကိုတို့ ပြေးလမ်းပေါ်မှာ ပဲ နေကြရအောင် ဘယ်လောက် ပျော်စရာ ကောင်းသလဲ”
ကိုကိုက သုခ လက်ဖျားလေးကို ဆုပ်ကိုင်နှစ် သိမ့်သည်။
“ကိုကိုက သုခကို လက်မထပ်ချင်ဘူး ဟုတ်လား”
ငိုသံတစ်ဝက်နှင့် ရင်နာစွာ မေးမိ၏ ။
“ဒါဖြင့် ဘယ်လို ပြောချင်တာလဲ”
“အစစအရာရာ အဆင်ပြေတဲ့တစ်နေ့ လက်ထပ်ကြတာပေါ့၊ ဘာလဲ ကိုကို့ကို မယုံလို့လား”
ကိုကိုရယ်…
ကိုကို့အပေါ် ယုံကြည့်ခဲ့သမျှ အားကိုး တွယ်ငြိသမျှတွေ ရုတ်တရက် ပျောက်ဆုံးသွားရပြီ။
သုခ မထင်မိဘူး။
သုခက လက်ထပ်မယ်ဆို ကိုကိုက လက်ထပ်မှာ ပဲလို့ ထင်ခဲ့တာ။
သုခ ‘အ’ ပါတယ် ကိုကို။
ကိုကို့စိတ်ကို အကဲ မခတ်တတ်ဘူး။
သုခလက်မလျော့နိုင်ဘဲ နောက်တစ်ကြိမ် ကိုကို့ကို တောင်းတောင်းပန်ပန် ပြောကြည့်ခဲ့သည်။
ကိုကိုက ဒေါသနှင့် တုန့်ပြန်ခဲ့ပါသည်။
နားမလည်ခြင်းများ စွာ ကြေကွဲခြင်းများ စွာ နှင့် သုခနှလုံးသားလေး တုန်လှုပ်ကြေကွဲခဲ့ရသည်။
“ဒီစကားပဲ …ကိုကိုတို့ မတွေ့ ကြတာပဲ အေးမယ်”
“မဟုတ်ဘူး ကိုကို၊ သေချာစဉ်းစားပါဦး၊ သုခ မှားသလား၊ ကိုကိုမှားသလား၊ ဒီလိုအခြေအနေမှာ သုခက တောင်းဆိုခွင့်မရှိဘူးလား”
ကိုကို ရိသဲ့သဲ့ ပြုံးသည်။
“ရတယ်လေ၊ တစ်နေ့တစ်နေ့ လက်ထပ်ကြတာပေါ့၊ ဒါပေမယ့် ဒီစကားကို ထပ်တလဲလဲ မပြောနဲ့တော့၊ နားပူ နားဆာ မလုပ်နဲ့”
“ကိုကိုရယ်၊ ဒါတွေ ဟာ ဘွာခတ်လို့ရသလား၊ ပစ်စလက် မပြောပါနဲ့”
ပြန်ပြင်လို့မရတဲ့ အမှားတစ်ခုကို ကိုကိုက ရှောင်ပုန်းချင်ပြီ။
သုခက သည်အမှားကို တစ်ယောက် တည်း တာဝန်ယူရမှာ လားဟင်။
ကိုကို တရားစမ်းပါ။ မျှမျှတတ တွေးပေးစမ်းပါ။
သုခက မရမက ဇွတ်ပူဆာ တောင်းဆိုသော အခါ ကိုကိုက…
“ကိုကို့ကို သုခ ချစ်ရဲ့ လားကွာ” ဟု မေးလာ၏ ။
သုခ မဖြေမိပါ။ နှုတ်ခမ်းတွေ တင်းတင်းစေ့ထားမိ၏ ။
“ကိုကိုက သုခကို ဘာလို့ လက်မထပ်ရဲရမှာ လဲ၊ ဘာလို့ ကိုကို့က သံသယဝင်နေရတာ လဲ”
ကိုကို့စကားကြောင့် သူမ မျှော်လင့်ချက်ကလေး ပြန်လည် ဦးမော့လာရသည်။
“ဒီလောက်လဲ အတင်းအကျပ်လုပ်ဖို့ မလိုပါဘူးကွာ”
ကိုကိုက သုခကို ကရုဏာသက်စွာ ကြည့်ရင်း …
“ကိုကို သုခကို လက်ထပ်ပါ့မယ်” ဟု တိုးဖွဖွ ကတိပေး၏ ။
“ကိုကိုရယ်”
ကိုကို့ရင်ခွင်မှာ သုခ ငိုမိသည်။
အဲဒီ အချိန်က ကိုကို့ လှည့်ဖျားမှု ကို သုခ လုံးဝမသိခဲ့သေးပါ။
ခုထက်ထိလည်း မယုံချင်သေး။
ကိုကို့ကို အရမ်းပဲ ယုံကြည်သွားခဲ့သည်။
ကိုကို လူညာဟု လက်မခံချင်။
“ကိုကိုနဲ့ အတူတူနေရရင် သုခ ကျေနပ်ပါပြီ”
“သုခရယ်”
ကိုကို့ ရင်ခွင်သည် သူ့အတွက် လုံခြုံနွေးထွေး ပြည့်စုံသော နန်းတော် တစ်ခုပါ။
ကိုကို့ကို သုခ ချစ်သည်၊ မြတ်နိုးသည်၊ ယုံကြည်အားကိုးသည်။
ဘယ်တော့မှ ကိုကိုနှင့် မခွဲချင်ပါ။
ကိုကိုရှိမှ သုခဘဝလေး နေသားတကျ စိုပြေသည်ဟု ထင်မိသည်။
အခန်း (၂)
ကိုကို ရောက်မလာတာ လေးငါးဆယ်ရက်မက ရှိပြီမို့ သုခက ကိုကို့ဆီ ဖုန်းဆက်မိသည်။ ဖုန်းဆက်၍ မရသော အခါ သုခ ကိုကို့သူငယ်ချင်း တစ်ယောက် ကို ရှာပြီး သွားမေးသည်။
“ဟာ…ဒီကောင်…သုခကို မပြောသွားဘူးလား”
ဆိုတော့ ထိတ်ခနဲ ဖြစ်ရသည်။
မျက်လုံးကလေး ပြူးသွားမိသည်။
“ဘာလဲဟင်” နားမလည်စွာ မေးမိသည်။
“ဒီကောင် နိုင်ငံခြားကို ထွက်သွားပြီး၊ သုခကို နှုတ်မဆက်သွားဘူးလား”
“ရှင်”
ခေါင်းထဲ မိုက်ကနဲ ဖြစ်ရသည်။ ရင်ထဲမှာ တဆက်ဆက်တုန်သည်။ လူက ယိုင်နဲ့နဲ့နှင့် အနားရှိသော ခုံတန်းကို ဖမ်းဆွဲထားမိသည်။
“ဒီကောင် တော် တော် ဆိုးတဲ့ကောင်ပဲ”
ကိုကို့သူငယ်ချင်းက ရယ်နေခဲ့သည်။ အားနာနာနှင့် ပါ။
“သူ့ဖုန်းနံပါတ်ရော မရှိဘူးလားဟင်”
“မရှိဘူး၊ သူ့အိမ် မေးကြည့်ပါလား”
ကိုကို့သူငယ်ချင်းက သုခကို သနားသလို ကြည့်လာ၏ ။
“အအေးသောက်ပါဦးလား”
“ရပါတယ်”
ဟန်မဆောင်နိုင်လာက်အောင် သုခ တုန်လှုပ်မှု က ရုပ်ဆိုးလွန်းလှသည်။
“သူ့ဖုန်းနံပါတ်လေးတော့ ရရင် လိုချင်တယ်”
“ရတယ်လေ၊ ရရင် ကျွန်တော် ပေးပါ့မယ်”
သုခက စိတ်အေးအေးထားပြီး မျက်ရည်မကျအောင်ထိန်းသည်။ ချက်ချင်း ပဲ အရာရာကို နားလည်လိုက်မိ၏ ။
ဝေးသွားကြပြီဆိုတာ သိတော့ နှလုံးသား တဆစ်ဆစ်နာသည်။
မ ဖြစ်နိုင်ဘူး…
ကိုကို အဲဒီ လို လုပ်မှာ မဟုတ်ဘူးဟု အမှတ်မရှိစွာ နှင့် …မယုံနိုင်။
ကိုကို့ကိုလည်း မေ့လို့ မရပါ။
ကိုကို့ကို သုခက ခေါင်းမာမိုက်မဲစွာ ရူးသွပ် သွေးပျက်စွာ ယုံကြည်ထားခဲ့သည်။
သုခနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သော ချစ်သူသည် ဒီလောက် အောက်တန်းကျလိမ့်မည် ဟု မထင်။ ဘယ်လိုမှ မထင်ခဲ့။
မနက်မိုးလင်းစမှာ ခေါင်းထဲ မူးဝေဝေနှင့် ရင်လည်း တုန်သည်။
မဟုတ်ဘူး…မဟုတ်ဘူး…မဟုတ်လောက်ပါဘူး
ရင်ထဲမှာ တလှပ်လှပ်နဲ့။
ခြောက်ခြားစွာ ထထိုင်မိသည်။
သုခ မျက်လုံးတွေ ပြူးကျယ်ဝိုင်း စက်လာသည်။
ပျို့အန်ချင်စိတ်ကို ဘယ်လိုမှ ထိန်းမရ။
ဒုက္ခပါပဲ။
သုခ ချွေးတွေ ပျံလာသည်။
တကယ်ပဲ သုခ ထင်သလို ဖြစ်နေပြီလား။ ချက်ချင်း ပဲ U.H.C စစ်ဖို့ တွေးမိသည်။
မဟုတ်ပါစေနဲ့ ဘုရား။
သုခ အကြိမ်ကြိမ် ဆုတောင်းမိသည်။
သို့ သော်….
သုခက မျက်ရည်တွေ ဒလဟောကျရင်း နေမင်းသန့် ကိုဖုန်းခေါ်သည်။
နေမင်းက ချက်ချင်း ရောက်လာသည်။
အရေး ဆို သုခမှာ က နေမင်းဆိုသော သူငယ်ချင်းပဲ ရှိတာပါ။
အားကိုတိုင်ပင်စရာ တခြားလူမရှိ။
နေမင်းက စိတ်ကြီးသည်။ ပေါက်ကွဲလွယ်သည်။ ဘယ်လိုဖွင့်ပြောရမလဲ။
ကိုကိုကလည်း လုံးဝ အတွေ့ မခံ။
ဆက်သွယ်လို့မရ။
တမင်ရှောင်နေတာလည်း သုခ သိသည်။
“သုခ”
နေမင်းခေါ်သံကြောင့် မော့်ကြည့်မိ၏ ။
“သုခ နင် ဘာ ဖြစ်နေတာလဲ”
သုခက နေမင်းကို မကြည့်ရဲဘဲ ခေါင်းငုံ့နေမိသည်။
“ဘာလဲ သုခ၊ နင့်လူကို သတိရလို့လား”
“မဟုတ်ပါဘူးဟယ်”
“ဒါဆို နင် ဘာ ဖြစ်နေတာလဲ ပြော”
“ငါ…ငါ သေချင်တယ် နေမင်း”
“ဘာ”
နေမင်းက စူးစူးဝါးဝါး အော်သည်။
“နင် ဘာတွေ ဖြစ်နေတာလဲ၊ သုခ၊ ဟိုဟာလား”
စူးစူးစမ်းစမ်းကြည့်ကာ မသင်္ကာသလို မေး၏ ။
“ဟုတ်တယ်”
ရှေ့မျက်နှာနောက်ထားပြီး ခေါင်းညိတ်မိ၏ ။
“ဟာ…နင့်လူ သိလား”
“ဟင့်အင်း…ရှောင်နေတယ်၊ သူ ရှိရဲ့ လား မသိဘူး ဘယ်သွားနေလည်း မသိဘူး”
“ဟာ…ဒီလောက်မလွယ်ဘူးလေ”
နေမင်း မျက်နှာ ဒေါသနှင့် နီရဲလာ၏ ။
“ဘာပဲ ဖြစ် ဖြစ် သူ့ကိစ္စကို သူ တာဝန်ယူရမှာ ပေါ့”
“ငါ့က မချစ်တော့လို့ သူ ရှောင်နေတာပေါ့”
နာကျင်စွာ ဆိုမိသည်။
သုခ ပင့်သက်ရှိုက်သည်။
“နင်…သူ့ကို တွေ့ ကြည့်လိုက်ပါ။ အဆင်ပြေတော့လည်း နောက်တစ်မျိုး စဉ်းစားတာပေါ့၊ ဖုန်းဆက်ကြည့်ပါလား”
“ငါ မဆက်ရဲဘူး”
“ဒီအချိန်မှ နင် ကြောက်နေလို့ မရဘူး”
သုခ အခက်ခဲကို နေမင်းက ဖြေရှင်းပေးသည်။
“ဖုန်းဆက်လို့ မရခဲ့ရင် ငါသွားခေါ်လာမယ်”
“ဟင်”
သုခ စိုးရိမ်မိသည်။
“တစ်ခုတော့ ရှိတယ်ဟာ”
“ဒီလူ ဝေ့လည်လည်လုပ်ပြီး ရှောင်ထွက်ရင်တော့ရန်ပွဲပဲ”
“ဘယ်လို”
သူ လက်ထပ်ရင် တော် ပါသေးရဲ့ ၊ တော် ကြာ နေမင်းနှင့် ပြဿနာ ဖြစ်လျှင် နေမင်းစကားကြောင့် သုခလည်း ငိုင်ကျသွားရသည်။
“သူက လိုက်လျောပါ့မလား”
“ကောင်းကောင်းမွန်မွန်ပြောလို့ မရရင် နင် အကျပ်ကိုင်ပေါ့”
နေမင်းက အကြံဉာဏ်ပေးသည်။
“နင် လျှော့လို့ မရဘူးသုခ”
“ငါ သူမရှိဘဲ ဒီကလေးကို ဘယ်လိုမွေးရမလဲ၊ ငါ့အတွက်…ပြီးတော့ ဒီကလေးလေးအတွက် သူရှိမှ ဖြစ်မယ်”
“အေးလေ၊ ဟုတ်သားပဲ”
သုခက နှုတ်ခမ်းကို ဖိကိုက်သည်။
“သုခ”
“ဟင်”
“ငါ သူ့ကို ရအောင် ခေါ်လာမယ်”
“သူ့ကို ငါ စိတ်နာတယ်ဟာ၊ မုန်းလည်း မုန်းတယ်၊ သူ ငါ့ကို ညာတယ်”
“လောလောဆယ် နင်သူ့ကို လက်ထပ်မှ ဖြစ်မယ်၊ သုခ အဲဒါ နင်နားလည်ရဲ့ လား၊ နင်က မိန်းကလေးနော် မိန်းကလေး”
သူခက မျက်ရည်လေး တလည်လည်နှင့် ပင့်သက်ရှိုက်သည်။
“ဖုန်းဆက်ပြီး အကြောင်းစုံ ရှင်းပြဖို့ မလွယ်ဘူး၊ သူ့ကို ခေါ်လိုက်”
“အင်း…သူလာပါ့မလား မသိဘူး”
“သိပ် အချိန်မဆွဲသင့်ဘူး၊ မြန်မြန်ဆက်”
“ငါ စဉ်းစားပါရစေဦးဟာ”
“ဒါအချိန်ဆွဲစရာကိစ္စမဟုတ်ဘူး၊ ချက်ချင်း ဆုံးဖြတ်ရမှာ ”
နေမင်းက သုခအတွက် စိတ်မအေး ဖြစ်နေသည်။
“ဘယ်လိုပဲ ဖြစ် ဖြစ် နင့်ကို လက်ထပ်အောင် နင် ပြောရမယ်”
“ဒီလူ ငြင်းလို့ ကတော့ ငါ့အကြောင်းသိမယ်”
“အေးပါ၊ ငါ ပြောကြည့်ပါ့မယ်”
“တစ်ဖက်လူကို အချိန်မပေးနဲ့၊ တစ်ထိုင်တည်း ဆုံဖြတ်ခိုင်း ကြားလား”
နေမင်းက အားမလို အားမရ အစီအစဉ် တဆွဲပေးနေ၏ ။
“သုခ”
“ဟင်”
“သူက လက်ထပ်မှာ မဟုတ်ဘူး ငြင်းမှာ ပဲလို့ နင်ထင်နေလို့လား”
“အင်း”
“နင် တော် တော် လည်း မိုက်မဲပါလားဟာ”
နေမင်းက အပြစ်တင်သည်။
သုခ ဘာပြောရမှန်းမသိ၊ သူငယ်ချင်းကို မချိ့မဆန့် သနားမိသည်။
“နင် ဒီလိုလူကိုမှ ယုံပြီး ပုံရသလားဟာ”
နေမင်းက ပင့်သက်ရှိုက်သည်။
“ခေါင်းအေးအေးနဲ့ စဉ်းစားပါဟာ၊ လိုအပ်တာအားလုံး ငါကူညီပါ့မယ်၊ ဟုတ်ပြီလား၊ အားမငယ်နဲ့ တစ်ခုခုဆို ငါ နင့်ရှေ့မှာ ရပ်မယ်”
“နင် အရမ်းမှားတယ်ဟာ”
“ဟုတ်တော့ ဟုတ်ပါတယ်”
“ငါ နင့်ကို အပြစ်မတင်ရက်ပေမယ့် နင် ဒီ အခက်အခဲက ကျော်လွှားနိုင်အောင် လုပ်ရမယ်၊ ငါ့ကို ကတိပေးပါ၊ နင် နောက်ထပ် ဘယ်လို အမှားမှ မကျူးလွန်ရဘူး ကြားလား”
ကိုကို့ကို သုခ အရမ်းစိတ်နာမိသည်။
သည်လိုမှန်းသာသိခဲ့ရင် သူ့ကို မချစ်ခဲ့ပါ။
သူ့အပြုံးတွေ မှာ နစ်မဝင်အောင် သတိထားမိမှာ ပါ၊ သူတောင်းဆိုစည်းရုံးမှု မှာ အငိုက်မမိအောင် ဆင်ခြင်မိမှာ ပါ။
အခုတော့……
“ဟေ့…ဒါ ဘာလုပ်နေတာလဲ၊ မင်းကဗျာက အရမ်းရှည်နေပြီ၊ ဘယ်လိုလဲလာ…ထ၊ အပြင်သွားမယ်၊ အက်ကြောင်းထပ်နေပြီ”
“နေစမ်းပါစေကွာ၊ လွှတ်ထားလိုက်”
“မင်းတို့နှစ် ယောက် ဘယ်က ရောက်လာတာလဲ”
ဓနတိုးညီက ခပ်ထေ့ထေ့ပြုံးရင်း လှည့်မေးသည်။
“မင်းဆီလာတာပေါ့ကွာ”
“ဟုတ်လား”
“အပြင်သွားမယ်လေ”
“ဟာကွာ၊ မလိုက်ချင်ဘူး မင်းတို့ မနှောင့်ယှက်နဲ့ကွာ”
“ပြန်လာမှ မင်း ကဗျာက ဆက်ရေး လည်း ရပါတယ်”
“ဟုတ်သားပဲ”
မရမက ဇွတ်ခေါ်မည့်  ရုပ်တွေ ပါလား။
“ဒါနဲ့များ ကွာ မင်းတော် တော် အသဲနုပါလား”
“မင်းတို့ နားမလည်ပါဘူး”
“အေးပါ ထားတော့”
သူတို့သုံယောက် ထွက်ခဲ့ကြသည်။
“ဘီယာဆိုင်သွားမလဲ”
“ကန်ဘောင်ပေါ်သွားရင်ရော”
“အိုကေ …ကောင်းသားပဲ”
သူက ဝင်မစွက်။
ဘယ်သွားသွား…သွားချင်ရာသွား၊ သူက တိတ်ဆိတ်လိုက်မှာ ပါ။
“ငါ့မှာ အလုပ်တွေ ပိနေတယ်ကွ၊ လုံးဝ မအားဘူး”
ဓနတိုးညီက ညည်းသည်။
“ဘာလဲ မင်းက မတော် တဆ ဆုံခဲ့တဲ့ ကောင်မလေးကို မမေ့သေးဘူးလား”
သူက ခပ်တိုးတိုး ရယ်သည်။
“မေ့သလောက် ဖြစ်နေပါပြီ”
မတင်မကျ ဖြေ၏ ။
“မင်းကဗျာက တော် တောရှည်နေပြီ”
သူက နက်ရှိုင်းစွာ ပြုံးသည်။
“ဟုတ်တယ်၊ သူ့ကြောင့် ကဗျာ တစ်ပုဒ် ငါ ရေး ဖြစ်သွားတယ်”
ဓနက ဝန်ခံ၏ ။ ဝန်မခံလည်း သူတို့ သိပြီးသားပါ။
“မင်းက ဘာလို့ အဲဒီ ကောင်မလေးနဲ့ သိအောင် မကြိုးစားတာလဲ”
“ငါ မနှောင့်ယှက်ချင်ဘူး”
“ဩော်”
သူငယ်ချင်း ဥက္ကာက ရယ်သည်။
“မင်းက လှောင်တာလား”
“မလှောင်ပါဘူး ဓနရာ”
“သူ့ပုံစံဟန်ပန်လေးက ရင်ထဲတိုးဝင်လာတယ်”
“ဆိုပါဦး”
သူကျေနပ်စွာ ပြုံးသည်။
“မင်းတို့ မသိပါဘူးကွာ”
ဓနတိုးညီက ခံစားမှု အပြည့်နှင့် ရင်ဖွင့်သည်။
“ငါက ဟိုဘက်ခြမ်းကနေပူလို့ ဒီဘက်ခြမ်းမှာ ကားရပ်တာကွာ ကားဘေးမှ ခြံဝင်းနံရံပဲရှိတယ်၊ ငါလည်း မမော်ကြည့်မိဘူး၊ အသံတိုးတိုးလေးကြားမှပဲမော့်ကြည့်မိတာကွ၊ ပြီးတော့ကားဘေးမှာ ဆင်းရပ်နေတဲ့ ငါ့ ခေါင်းပေါ်နှင်းဆီပွင့်ဖတ်တွေ ကြွေကျလာတယ်”
“ငါလည်းတအံ့တဩမော့်ကြည့်မိတယ်၊ သူက နှင်းဆီပွင့်တွေ ကို တစ်ဖက်ချင်းခြွေနေတာ…နှုတ်ကလည်း Yes…No ရေရွတ်နေသေးတယ်”
“အထူးအဆန်းပါလား”
“ခြံဝင်းနံရံကပ်ပြီး ဆောက်ထားတဲ့အဆောင်။ အဆောင်ဝရန်တာပေါ်ကနေ သူကနှင်းဆီခြွေနေတာ ၊ပွင့်ဖတ်တစ်ခုခြွေလိုက် Yes ပြောလိုက်၊ နောက်တစ်ဖတ်ခြွေလိုက် No ပြောလိုက်နဲ့”
“ကံကိုကြိုဟောကိန်းထုတ်နေတာပေါ့ကွာ”
“မသိပါဘူး”
“နောက်ဆုံးပွင့်ဖတ်က Yes လား၊ No လား ဘာကျသွားလဲ”
ဝင်းခန့်က စိတ်ဝင်စားမေးသည်။
“မင်းခေါင်းပေါ်က နှင်းဆီပွင့်ဖတ်တွေ ကို ဖယ်မပစ်လိုက်ဘူးလား”
“ဖယ်လိုက်ပါတယ်”
ဥက္ကာမေးတာကို အရင်ဖြေမိသော အခါ…
“ငါ မေးတာလည်းဖြေဦးလေ” ဟု ဝင်းခန့်ကအော်သည်။
“နောက်ဆုံးနှင်းဆီပွင့်ဖတ်က No လို့ကျသွားတယ်၊ ငါဘာမှမသိပဲစိတ်မကောင်းဘူး”
“ကြံကြံဖန်ဖန်နှင်းဆီပန်းကို တဖတ်ချင်းဖဲ့ခြွေပြီး ကံကြမ္မာကိုကြိုကြည့်ရတယ်လို့ကွာ”
“သူယုံလို့ ဖြစ်မှာ ပေါ့ ဥက္ကာရ”
ဓနတိုးညီက သူငယ်ချင်းနှစ် ယောက် ကို စကားမဆို၊ အင်းယားရေပြင်ကျယ်ကို ငေးကြည့်နေမိ၏ ။
“သူဘာအတွက်Yes,No ပြောတာလည်းမသိဘူး”
ဥက္ကာကသိချင်နေ၏ ။
“ဘယ်သိမလဲကွ၊ မင်းသိချင်ရင်သွားမေး” ဟု ဝင်းခန့်ကဟောက်သည်။
“ငါက လက်တွေ့ သမား၊ ဘယ်သူမှန်းမသိဘဲငါက မစွဲလန်းချင်ဘူး၊ ရူးရူးမိုက်မိုက်အရွယ်လည်း မဟုတ်ဘူး”
“ဒါပေမယ့် မင်းမေ့လို့မရသေးတာဝန်ခံစမ်းပါ”
“အဲဒါ ငါဝန်ခံတယ်၊ ဒါပေမယ့် အဓိပ္ပါယ်မရှိဘူး”
“အဓိပ္ပါယ်မရှိလို့ပဲ ကဗျာတစ်ပုဒ် ဖြစ်သွားတာပေါ့ကွာ”
ဝင်းခန့်ကထေ့သည်။
“ကဲပါကွာ၊ ထားပါတော့ မင်းညီ ဝဏ္ဏရော ဟိုမှာ အဆင်ပြေတယ်တဲ့လား”
“ဒီကောင် အဆင်ပြေမှာ ပါ၊ မေမေလည်းရှိနေတာပဲ”
ဝဏ္ဏက ကောင်မလေးတွေ ၊ တော် တော် တွဲ တာပဲ၊ သတင်းကို မွှေးနေရော
“အေးကွာ၊ ငါ့ညီ မလွယ်ဘူး”
ဓန ညည်းမိ၏ ။
“သူ့အရှုပ်တွေ ငါ့ကို ခဏခဏ လာငြိတယ်ကွ”
“မင်းညီက ဖြောင့်တာကိုး”
“ဝင်းခန့်…ရုပ်ချင်းခွဲမရအောင်ဆင်တာ၊ မင်းကဓနကို ဖြောင့်တယ်လို့ သွယ်ဝိုက်ပြောတာလား”
“ငါက ဝဏ္ဏလို ဗရုတ်မကျတတ်ပါဘူး”
“ညံ့တာပေါ့ကွ”
“ငါက ခပ်အေးအေးပဲ နေချင်တယ်”
“မင်းစတိုင်လ်က တစ်မျိုးပဲ၊ ဝဏ္ဏထက်သာတယ်”
“ငါက ဝဏ္ဏလို မိန်းကလေးတွေ ကို သိပ်စိတ်မဝင်စားဘူး”
“ဒါပေမယ့် မင်း… မညာနဲ့၊ ရင်ခုန်သံတော့ မြန်နေပြီ မဟုတ်လား”
“ငါ့မှာ ဘယ်သူ ရှိလို့လဲ”
“ဒါတော့ မင်းပဲ သိမှာ ပေါ့”
ဓနက တစ်ချက်စဉ်းစားပြီးမှ ‘ကြော့’ ကို မင်္ဂလာဆောင်လိုက်ပို့တာလား၊ မင်းက တစ်မျိုးမထင်နဲ့ အခြေအနေမှန်ကို ငါပဲ သိတယ်”
“မင်း ဘာတွေ အိုက်တင်ခံမလို့လဲ”
“အိုက်တင်မခံပါဘူး။ ကြော့ရေလာမြောင်းပေး လုပ်တာငါသိတယ်၊ ငတုံးမှ မဟုတ်ဘဲ၊ ဒါပေမယ့် မင်းတို့ဟာက ဇာတ်မျောကြီး၊ ငါ မဆုံးဖြတ်ရသေးဘူး၊ ငါနဲ့ကြော့ ချစ်သူတွေ မဟုတ်ဘူး”
“မင်း မတရားဘူး၊ ကြော့ သနားပါတယ်ကွာ”
“ငါက သေချာချင်လို့ပါ၊ ဆိုခဲစေ၊ မြဲစေ ဖြစ်ချင်တယ်”
“လုပ်ပြန်ပြီ၊ ဟိုက ကြာလေ ကြာလေ မင်းအပေါ် မျှော့်လင့်ချက်ကြီးလေ ဖြမ်မှာ ပေါ့”
“ငါ မပြတ်သားရဲဘူး”
“တွဲ သွားတွဲ လာ အမြဲအတူတူဆိုတော့ သံယောဇဉ်က ကြီးလာမှာ ပဲ”
“ဒါပေမယ့် ငါခုမှ ပြန်ရောက်တာ၊ ဘာကြာသေးလို့လဲ”
“ဟုတ်သားပဲ ဝင်းခန့်ရာ၊ ဓနက ခုမှ ရောက်လာတာ၊ ကြော့နဲ့ခုမှ ပြန်ဆုံတာ၊ ဘယ်လောက်မှ မရှိသေးဘူး”
ဥက္ကာက ဝင်ပြောသည်။
“ကြော့ကို မင်း စိတ်မဝင်စားရင် ဘေးဖယ်ကွာ မင်းက လမ်းပိတ်နေတယ်ကွ”
“ဟ…မလုပ်ပါနဲ့ကွာ၊ မင်းတို့က ငါ့သူငယ်ချင်း၊ ငါ့ကို ကြော့ပြဿနာရှာမှာ ”
“အဲဒါ မင်း မတရားဘူး၊ ငါတို့ အခွင့်အရေး ကို ထိခိုက်တယ်”
“ဘာလဲ မင်းတို့ ငါ့ကို တွန်းပို့နေတာလား”
သူတို့နှစ် ယောက် ဟက်ကနဲ ရယ်သည်။ သူတို့ လာကလိနေတာ သိပါသည်။
“မင်းတို့ တော် တော် တိုင်မင်ကိုက်နေတယ်၊ ငါ့ကို ဘယ်ဝိုက်ညာဝိုက် ဝိုင်းဖဲ့နေပါလား”
“မင်းက ရေခဲတုံးကြီး လုပ်နေတာကိုး”
“ငါစိတ်မပါဘဲ အလိုက်သင့် မမျှောချင်ဘူး”
သူတို့က ကြော့ဘက်က ရှေ့နေလိုက်သည်။
သူ ပြန်စဉ်းစားကြည့်သည်။
ကြော့နှင့် ပတ်သက်ပြီး သူ ဘာမှ မမှားခဲ့ပါ။
ကြော့က သူ့ကို နားလည်သည်။
သူ့ကို သူငယ်ချင်းတွေ က နားမလည်။
ပတ်ဝန်းကျင်ကရော သူတို့နှစ် ယောက် ကို နားလည်ရဲ့ လား မသိ။
ကြော့ကို ဘယ်လိုများ တိုက်ခိုက်ကြမလဲ။
သူတွေးပြီး ဝန်လေးသွား၏ ။
အဖြူရောင် သံယောဇဉ်ကို ဆေးခြယ်ဖို့ သူက ဆန္ဒမရှိပါ။
သူငယ်ချင်းနှစ် ယောက် နှင့် ကန်ဘောင်ပေါ်ထိုင်ပြီး အိမ်ပြန်ရောက်သော အခါ ထူးဆန်းသော ဖုန်းတစ်ခု သူ့ဆီဝင်လာခဲ့သည်။
သို့ သော်…တစ်ခါမှ မကြားဘူးသော အသံ ဖြစ်နေသည်။
“ဟဲလို…ကိုကိုလားဟင်”
တစ်ဘက်ခေါ်သံကြောင့် သူထိတ်ခနဲ ဖြစ်ရသည်။ အိမ်မှာ က ဝဏ္ဏကို ‘ညီညီ’
ဓနကို ‘ကိုကို’ ပဲ ခေါ်တတ်တာ၊ သို့ သော် တစ်ဖက် ကောင်မလေး ‘ကိုကို’ ခေါ်လိုက်တာ သူ့ကိုမဟုတ်။
ဝဏ္ဏကိုပဲ ဖြစ်လိမ့်မည် ။
“ကိုကို…သုခကို ဘာလို့ ရှောင်နေတာလဲ အဆက်အသွယ် မလုပ်တာလဲဟင်”
သူက ဘာပြောရမှန်းမသိ။
“ကိုကို့ကို အရမ်းတွေ့ ချင်တယ်၊ အရေး တကြီးကိစ္စရှိတယ်၊ ခု ချက်ချင်း လာမှ ဖြစ်မယ်”
“ခဏနေပါဦး၊ ပြောချင်ရာတွေ ဆက်တိုက်ပြောပြီး ဖုန်းချသွားတော့မှာ လား”
သူက ဘယ်မှာ သွားတွေ့ ရမှာ လဲ၊ သိမှ မသိတာ။
“တွေ့ မှ ပြောကြရအောင် ကိုကို”
“ဟာ…မဟုတ်သေးဘူး”
“ကိုကို…ဖုန်းထဲမှာ ရှည်ရှည်ဝေးဝေး မပြောချင်ဘူး၊ လာခဲ့လိုက်ပါ”
“ကျွန်တော် မလာနိုင်ဘူး”
“ကိုကို အခုလာ”
“မင်း လူမှားနေပြီ”
သူ့လေသံက အေးစက်ပြတ်တောက်သွား၏ ။
“ကိုကိုနော်၊ မစနဲ့၊ အခု ချက်ချင်း လာတွေ့ ”
ပြဿနာပါလား။ ဝဏ္ဏ ဇာတ်ရှုပ်ပဲ ထင်ပါသည်။
ဝဏ္ဏ…ဝဏ္ဏ…ဇာတ်လမ်းတွေ များ လိုက်တာ။ တကယ်မလွယ်။
“အိုကေ၊ ဘယ်ကို လာတွေ့ ရမလဲ”
“ကိုကို….မနောက်နဲ့”
“လာခဲ့မယ်”
သူ ပြီးပြီးရော ခေါင်းညိတ်လိုက်သည်။ ဖုန်းချပြီး တဟက်ဟက် ရယ်မိသည်။ မလာဘူး ငြင်းလို့လဲ မရ။
လူမှားနေပြီဆိုတော့လည်း မယုံ၊ သူ ဘာလုပ်ရမလဲ။
လာမယ်ပြောပစ်လိုက်တာ အေးရော။
တော် တော် ခက်ပါလား။
သူနှင့် ဝဏ္ဏ ရုပ်ချင်းလည်းတူ၊ အသံချင်းလည်းခွဲမရ။ သူ ဘယ်လိုလုပ်ရမလဲ။
![]() အချစ်ရဲ့ ဆွဲငင်အား | ![]() အချစ်မြို့မှလှိုက်လှဲနွေးထွေးစွာကြိုဆိုပါ၏ | ![]() မှော်နှုတ်ခမ်း၏ မာယာဗေဒ |