Cover

အခန်း (၁)

“မမကြီးရေ”

“မမငယ်”

“မ မ ကြီး”

“မ မ ငယ်”

မျိုးကျော်မော် အသံလာရာဘက်ကို နားစွင့်မိသည်။ မိန်းကလေး တစ်ယောက်၏ တုန်ယင်နေသော မတိုးမကျယ်အသံ။ တိတ်ဆိတ်နေသော ဤလိုဏ်ဂူထဲမှာ အနည်းငယ်ဟိန်းနေ သည်။ ပြတ်သွားသော မီးကိုမျိုးကျော်မော် အပြစ်တင်မိသည်။ ထိုအသံကြားရာဘက်သို့ သူစမ်းစမ်း စမ်းစမ်းဖြင့် လျှောက်မိသည်။ မီးပြတ်သွားသဖြင့် မှောင်မည်းနေသော လိုဏ်ဂူထဲမှာ သူမ၏ အသံက ကြောက်လန့်မှုကြောင့် အဖျားခတ် တုန်ယင်နေသည်။

“ဟေ့ မင်းဘယ်မှာလဲ”

“. . . . . . . . . .”

မျိုးကျော်မော်၏ မတိုးမကျယ်အသံကို တစ်ဖက်မှ ပြန်မထူး

“မကြောက်နဲ့သိလား၊ သူတို့မီးထက်ချိန်းလိမ့်မယ်”

“. . . . . . . . . . .”

မမြင်ရသော်လည်း ထိုမိန်းကလေးရှိမည့်နေရာကို မှန်းကာ အားပေးနေမိသည်။ သူကသာ အားပေးနေသော်လည်း တစ်ဖက်မှ ဘာတုံ့ပြန်သံမှ မလာ။

“ရှင် မီးမလာခင် မသွားသေးနဲ့ဦးနော်၊ ကျွန်မကြောက်လို့”

ဟော ထွက်လာပါပြီ၊ ဘယ့်နှယ် စကားပြောရမှာကိုများ အကြောက်ကြီးကြောက်နေသေးသည်။

“ကျွန်မပြောတာ ကြားလား”

“အေး ကြားပါတယ်”

သူမက မကြားဘူး (သို့ ) လူမရှိဘူူးအထင်ဖြင့် မေးဟန်တူသည်။ အသံက ခပ်တုန်တုန်၊ မျိုးကျော်မော် ပြန်ထူးအပြီးမှာပင် လျှပ်စစ်မီးက ဖျက်ခနဲ ထိန်သွားသည်။

မျိုးကျော်မော် အသံရှိရာဘက်သို့ မှန်းဆကာ ဝင်ခဲ့သည်။

“ဝုန်း”

“အင့်”

“အမလေး”

ထောင့်ချိုးတစ်ခုမှာ လူတစ်ယောက်ဖြင့် တိုးမိသည်။

“Sorry ဗျာ၊ ဟာ”

သူနှင့် တိုက်မိသူမှာ သူနှင့် ရွယ်တူ ကောင်မလေး။ ချောလိုက်တာ လွန်ရောဟု ပြောရမလောက်ကို ချောသည်။ အဲဒါက ကိစ္စမရှိ။ မမြင်မကန်း နှင့်တိုက်မိပြီး သူမက လန့်သွားသည်ထင်သည်။ ပျော့ခွေပြီး သတိလစ်ကာ ယိုင်ပြီး သူ့ပေါ်ပိကျလာသည်။

“ဟာ ဟေ့ဟေ့ ဒီမှာ ဟေ့”

ရင်ခွင်ထဲမှတစ်တဆင့် လဲပြိုကာ ကျလုလုခင် သူမကို သိုင်းဖက်ကာ မြေပြင်ပေါ် အသာလှဲချပြီး သူမ၏ မေးစေ့ကို ကိုင်လှုပ်ကာ ခေါ်ရသည်။ နူးညံ့သော သူမ၏ မေးစေ့ကို ကိုင်ရင်း မျိုးကျော်မော် ရင်အခုန်ကြီး ခုန်နေသည်။ စောစောက ရင်ခွင်ထဲ အမှီလိုက် လဲကျတုန်းကလည်း ရင်က `တဒုန်းတဒုန်း ´ ခုန်နေခဲ့သေးသည်။

“ဟေ့ ဒီမှာ သတိရလား ဟေ့”

“အင်း”

သူမ၏ ကော့ညွတ်သော မျက်တောင်များက တဖြည်းဖြည်း ပွင့်အာလာသည်။ ထို့နောက် မျက်လုံးဖွင့်ဖွင့်ချင်း မျိုးကျော်မော်ကို တွေ့တော့ ဆက်ခနဲထထိုင်သည်။

“ခွပ်”

“အားလားလား”

သူမက ထအထိုင် မျိုးကျော်မော်က ငုံ့ကြည့်နေချိန်မို့ နဖူးချင်း `ခွပ် ´ ခနဲမြည်အောင် တိုက်မိသည်။ အရှိန်ဖြင့် အတိုင်ခံရသည်မို့ နာကျင်ရသူက မျိုးကျော်မော်။ `အားလားလား ´ ပင် အော်မိသည်အထိ။

“ရှင် ရှင် ဘယ်သူလဲ”

“ငါက မေးရမှာ မင်းဘယ်သူလဲ”

ကြောင်တောင်တောင်မေးနေသော သူမကို မျိုးကျော်မော်က ဘုပြန်တောသည်။ နဖူးကို ပွတ်ရင်း ထိုကောင်မလေးကို အနည်းပယ်စိတ်တိုမိသည်။ တော်တော် အူကြောင်ကြောင် နိုင်တဲ့ ကလေးမ။ သူတို့နှစ်ယောက်စလုံး ဂူအတွင်း ရှိ ကြွေပြားခင်းသည့် အေးစက်စက် ကြမ်းပြင်မှ ထရပ်လိုက်ကြသည်။

“စောစောက မီးလာလိမ့်မယ်လို့ပြောတာ ရှင်လား”

“အေး ဟုတ်တယ်”

နဖူးကို ပွတ်လျက်ဖြင့်ပင် သူမ၏ အမေးကို မျိုးကျော်မော် ဘုတောရင် ခပ်ဆောင့်ဆောင့် ထူးလိုက်သည်။

“စောစောက ကြောက်ချေးပါနေတာ မင်းလေးကိုး”

စိတ်ထဲမှာလည်း သူတွေးမိသည်။ သူမကတော့ သူ့ကို မျက်မှောင်ကုပ်ရင်း ကြည့်သည်။ သူမမေးသမျှကို ကောင်းကောင်း သူမတုံ့ပြန်ဘဲကိုး။ နဖူးကိုလည်း ပွတ်နေမိသည်။ ဒါကိုကြည့်ရင်း သူမ မျက်ခုံးကို တွန့်သည်။

“ရှင်ကလည်း မတော်တဆ တိုက်မိတာကို ဖြစ်နေလိုက်တာ”

“ဘာ”

“ယောကျာ်းမဟုတ်တာ ကျနေတာပဲ”

“အင်”

အခုကျတော့လည်း သတ္တိရှိစွာ စွာတေးလန်နေသော သူမကို မျိုးကျော်မော် အံအားတသင့်ပင် ပြုးကြည့်မိသည်။ ကြည့်ပါဦးသူ့ကို ပြောနေလိုက်တာများ။ နှုတ်ခမ်းကြီးကို စူလို့။

“နာတာကိုးကွ”

“Sorry ပဲ”

သူပြန်အော်တော့ သူမက Sorry ကို ခပ်ဆောင့်ဆောင့် ပြန်ပြောသည်။ ထို့နောက် သူမ တောင်ကြည့်မြောက်ကြည့် ကြည့်သည်။

“ဒီမှာ ရှင့် ကျွန်မ အစ်မတွေကို တွေ့မိလိုက်သေးလား”

“ငါ နွားမကျောင်းဘူး”

“ဘာရှင့်”

စချင်စရာကောင်မလေးမို့ မျိုးကျော်မော် တမင်ပင် ဘုုပြောလိုက်သည်။ တကယ်တော့ သူမ၏ အစ်မဆိုတာတွေကိုလည်း သူမမြင်ဘူးပေ။ ပြီိး သူက အခုမှ ဒီလိုဏ်ဂူထဲ ဝင်လာသည် မဟုတ်လား။ သူမကတော့ သူမ၏ အစ်မတို့ကို `နွား´ ဖြင့် အနှိုင်းခံလိုက်ရသဖြင့် ဒေါသထွက်ကာ နှုတ်ခမ်းကို ဖိကိုက်သည်။ ခါးကိုလည်း ထောက်လိုက်သေးသည်။

သူမက ဒေါမော့ဖြင့်ပြောရင်း မျိုးကျော်မော်ကို ဒိုင်းခနဲ မျက်စောင်း ထိုးသည်။ ထို့နောက် တောင် မြောက်ကြည့်ုပြန်သည်။

“ဟို ကျွန်မလေ အစ်မတွေကို စချင်တာနဲ့ သူတို့နဲ့ မလိုက်ဘဲ ဒီ၀င်္ကပါထဲမှာ ကျန်ခဲ့တာ။ အဲဒါ မထွက်တက်ဖြစ်နေတုန်း မီးပြတ်သွားလို့၊ ဟို ရှင် ထွက်တတ်တယ် မဟုတ်လား ”

အခုကျတော့လည်း သူမဟုတ်သလို မျက်စိသူငယ် နားသူငယ်လေးဖြင့် မျက်နှာချိုသွေးနေသော သူမကို ကြည့်၍ မျိုးကျော်မော် ` ဟတ်´ ခနဲ ရယ်လိုက်မိသည်။

“ဘာရယ်တာလဲ”

သူမက နှုတ်ခမ်းစူရင်း ခပ်ဆောင့်ဆောင့်မေးသည်။

“ရယ်ချင်လို့ပါ။ ဒီလောက်လွယ်တဲ့ ၀င်္ကပါကို မထွက်တတ်ဘူး ဟုတ်လား။ ကလေးတွေတောင် ထွက်တတ်တယ်၊ လာ ငါ့နောက်က လိုက်ခဲ့”

ရှေ့မှ ဦးဆောင်ကာ သွားသော မျိုးကျော်မော် ကို သူမက မျက်စောင်းထိုးရင်း နောက်မှ လိုက်သည်။

“ဟိုမှာ ညီမလေး”

“ဟယ် မမကြီး”

မျက်နှာချင်းဆိုင်မှ လာသော မိန်းကလေးနှစ်ယောက် မျိုးကျော်မော် နောက်မှ သူမကို လက်ညိုးထိုးရင်း အပြော၊ သူမက ၀မ်းသာ အားရဖြင့် တမ်းတမ်းတတခေါ်သည်။

“နင် ဘယ်မှာ ကျန်ခဲ့တာလဲ”

“အဟဲ”

“အေးပါ အဲဒီ နောက်ချင်တဲ့ စိတ်က မပျောက်ဘူး၊ မီးပြတ်တော့မမငယ်ရော မမကြီးရော လန့်သွားတာပဲ ”

“နင်နော် ငါ့ဖေဖေ့ဆီ ဖုန်းဆက်ပြီးကို တိုင်ဦးမယ်”

“အာ မမကြီးကလဲ”

မျိုးကျော်မော်ကို ဘေးမှာထားပြီး သူမတို့က ဆက်ရက်အုပ်လို ဆူညံစွာ တစ်ယောက်တစ်ပေါက် ပြောနေကြသည်။ တိုင်မည်ဟု ခြိမ်းခြောက်သော မမကြီးဆိုသူကို သူမက သိုင်းဖက်ရင်း ခပ်နွဲ့နွဲ့ဖြင့် ` အာ မမကြိးကလဲ ´ ဟု ဆိုသည်။

“၀င်္ကပါထဲမှာ ပိတ်မိနေတုန်း၊ မီးပြတ်သွားတာ၊ တော်သေးတယ်၊ အဖော်ရှိလို့”

သူမက မျိုးကျော်မော်ဘက် မေးငေ့ါရင်း သူမ၏ အစ်မနှစ်ယောက်ကို သံတော်ဦးတင်သည်။ မမကြိးဆိုသူရော မမငယ် ဆိုသူက သူ့ကို အထက်အောက် စူးစမ်းသလို ကြည့်သည်။

“လာ ဂူထဲ ဝင်မယ်”

မမငယ်ဆိုသူက သူမကို လက်ဆွဲကာ ရှေ့မှ ဝင်သွားသည်။ မမကြီး ဆိုသူက သူမနောက်မှ ပခုံးလေးတွန့်လျက် လိုက်သွားသည်။ သဘောက သူစိမ်း ယောက်ျားလေးနှင့် ဆက်ဆံတာကို မကြိုက်သည့်သဘော။

မျိုးကျော်မော် ပခုံးကို တွန့်လိုက်သည်။ ဘယ်လိုဟာတွေပါလိမ့်ဟု ။ သူမတို့က ဂူအတွင်းသို့ဝင်ရန် အောက်သို့ နိမ့်ဆင်းသွားသော ကြွေပြားကပ်လှေကား ထမ်များအတိုင်း ဆင်းသွားကြသည်။

နောက်မှ သူ့ဘာသာသူ အေးအေးဆေးဆေး လိုက်ပါနေသော မျိုးကျော်မော်အား သူမက တစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်နေတာကို သူသိသည်။ သူကတော့ ဘုရား ရုပ်ပွားတော်များကို သူ လက်အုပ်ချီရင်း ၀မ်းသာအံ့သြ ဖူးမြော်ရင်း ကြည့်နူးမိသည်။ အရင်ကတော့ ဤပင်းတယမှာ အဒေါ်ရှိသည်မို့ ကျောင်းပိတ်ရက်တိုင်း ရောက်ကာ ဤရွှေဥမင် သဘာ၀ လိုဏ်ဂူကို မကြာခဏ ရောက်သည်။ သို့သော်ရိုး၍ မသွား ။

ဤဂူကိုသူ မျက်စိမှိတ်ပြီိး သွားလာနိုင်သည်အထိ သူကျွမ်းကျင်သည်။ ဤဂူ၏ သမိုင်းကို ညအိပ်ရာဝင်တိုင်းလိုလိုပင် ငယ်သေးသော သူ့ကို အဒေါ်က ပြောပြနေကျမို့ သူ့အသည်း နှလုံးမှာပင် စွဲထင်လျက်။ အခုတော့ အဒေါ်ဖြစ်သူလည်း ဝန်းထမး်မို့ ` မင်းခယောကျာ်း၊ ကမ်းနားသစ်ပင် ´ ဆိုသလို ရာထူးတိုးဖြင့် ပဲခူးသို့ ပြောင်းသွားလေပြီ။

သူကတော့ မကြာခဏရောက်လာကာ ဤလိုဏ်ဂူအတွင်းမှဘုရားတို့ကို ဖူးမြော်နေကြ။ ဤအံမခန်းဂူကြီးအတွင်းမှ ဘုရားများစေတီများသည် ဖူးလို့မ၀နိုင်။

အရင်ခေါက်များကမူ အပေါင်းအဖော်များ ပါဝင်နေကျဖြစ်သော်လည်း အခု တစ်ခေါက်တော့ သူတစ်ယောက်တည်း။

“ဒီမှာ”

သူကျောက်စက်တိုင်ကြိးကို မော့ကြည့်နေတုန်း ဘေးမှ ခေါ်လာသော အသံကြောင့် လှည့်ကြည့်မိသည်။ ကင်မရာလေးကို ကိုင်ထားသောသူမ။

“ဟို ကျွန်မနဲ့ အစ်မနှစ်ယောက်လေ၊ ဒီတံတားလေးပေါ်မှာ ဓာတ်ပုံရိုက်ချင်လို့ အဲဒါ တစ်ပုံလောက် ရိုက်ပေးလို့ရမလား”

“ရပါတယ်”

အသာတကြည်ပင် သူမလှမ်းပေးသော ဒီဂျစ်တယ် ကင်မရာကို ယူရင်း သူဆိုသည်။ သူမ၏ အစ်မနှစ်ယောက်မှာမူ သူ့ကို သိပ်ခင်မင်ဟန်မပြ။

သူမတို့ညီအစ်မ သုံးယောက်က တံတားပေါင်လေးမှာ တန်းစီကာ တစ်ယောက်ပခုံးကို တစ်ယောက်ကိုင်နေကြသည်။

ထိုပုံစံလေးကိုပဲ မျိုးကျော်မော် ရိုက်ပေးလိုက်သည်။

“ကျေးဇူးပဲနော်”

သူမထံမှ ဆည်းလည်းသံလေးထွက်လာသည်။ သူခေါင်းကိုအလိုလိုညိတ်ပြမိလျက်သား။

“ရပါတယ်”

“လာလေ ညီမလေးအထဲဆက်ဝင်ရအောင်”

သူမနှင့်စကားကောင်းနေတုန်း သူမ၏ မမငယ်ဆိုသူက ပြောပြောဆိုဆို ဆွဲခေါ်သွားသည်။

သူမတို့ နတ်သမီးရေကန်နှင့် ဂူအဆုံး ရှိရာဘက်သို့ သွားချိန် သူနတ်သမီးရက်ကန်းစင်နှင့် ဆုတောင်းပြည့် စေတီရှိရာဘက်ကို လမ်းခွဲအတိုင်း ခွဲကာ တမင် ရှောင်ပေးလိုက်သည်။

နတ်သမီး ရက်ကန်းစင်ဘေးမှ ဆုတောင်းပြည့်စေတီရှေ့မှာ သူထိုင်သည်။ စိမ့်ခနဲ ကြက်သီးက ဖြန်းခနဲ ထသည်။ လူပင် တွန့်ခနဲ ဖြစ်သွားသည်။ သူ ဘေးဘီကို ကြည့်မိသည်။ ဘယ်သူမှ မရှိ။

`ဘာဖြစ်လို့ ကြက်သီးထပါလိမ့် ´ ဟု သူတွေးသည်။ အာရုံကို တည်ငြိမ်စွာ စုစည်းပြီး ဘုရားကို ရှိခိုးသည်။ ထို့နောက် ဆုတောင်းပြည့်စေတီတော် ဘက်မှ ထွက်လာကာ နိမ့်ဆင်းသွားသော လှေကားထစ်အချို့ကို အဆင်း။ ဂူလမ်းဆုံးဘက်မှ ပြန်လှည့်လာသော သူမတို့ညီအစ်မသုံးယောက်ကို တွေ့လိုက်သည်။ မျက်နှာချင်းဆိုင်မို့ သူမက မပွင်းတပွင့် ပြုံးပြသည်။ အသိအမှတ်ပြုသည့် သဘော။ မျိုးကျော်မော်လည်း ပြန်လည် ပြုံးပြကာ သူမတို့ကို ရှောင်ရင်း ဂူအဆုံးဘက်ကို ထွက်လာခဲ့သည်။ အောင်မြေမှာ ခြေစုံရပ်ကာ မျက်စိစုံမှိတ်ရင်း ဆုတောင်းသည်။ အောင်မြေက ဆုတောင်း ပြည့်သည်ဟု ယုံကြည်ကြသည် မဟုတ်ပါလား ။

အုတ်ကန်လေးထောင့် အဖြစ် ပြန်လည်ပြုပြင်ထားသော နတ်သမီး ရေကန်ထဲမှ ရေများက ကြည်လင်နေသည်။ သူဂူအဆုံးဆိုသော ဆိုင်းဘုတ်ရှေ့မှ ရပ်ကြည့်ရင်း မြင်နေရသော ဂူလမ်းဆုံးဆိုသော စာတန်းလေးကို အဓိပ္ပာယ်မဲ့ငေးမိသည်။

* * * * *


အခန်း (၂)

ကားဆီ မပြန်မီ ဂူဓာတ်လှေကား၏ စင်္ကြမှ ပင်းတယမြို့လေးကို သူငေးကြည့်နေမိသည်။

လေးထောင့်မကျတကျ ပုန်းတလုတ်ကန်က ပြာလဲလဲဖြင့် လှပနေသလို၊ နှစ်သတ်တမ်းကြာပြီဖြစ်သော ညောင်ပင်တန်းကြီးက ညီညာစွာ လှပနေသည်။

ဟိုတစ်စု သည်တစ်စု စေတီပုထိုးများကလည်း သပ္ပာယ်စွာ ကြည်ညိုဖွယ်ကောင်းလွန်းသည်။

တိုက်ခတ်နေသော လေနုအေး၏ လတ်ဆက်မှုက ဘယ်အရာနှင့်မှ မလဲနိုင်အောင်ပင်။ သူဆင်းရန်ပြင်တော့ နောက်မှ ကျွတ်စီစီ အသံကြားရာလှည့်ကြည့်မိသည်။ သူမတို့ ညီအစ်မ အုပ်စု။

“ဒီမှာ ဓာတ်ပုံတစ်ပုံလောက် ရိုပ်ပေးပါဦး။ ကျွန်မ အားတောင်နာလာပြီ၊ ရှင့်ကိုပဲ အပူကပ်နေရသလို ဖြစ်နေတယ်”

“ရပါတယ်”

သူမ လက်ထဲမှ ဒီဂျစ်တယ် ကင်မရာကို လှမ်းအယူ ထိတွေ့လိုက်ရသော နူးညံ့မဥက ဝုန်းဒိုင်းကြဲ လှုပ်ခတ်သွားစေသည်။

ပင်းတယကန်နှင့် မြို့ရှုခင်းများကို နောက်ခံထားကာ စင်္ကြ၏ လက်ရန်းမှာပင် သူတို့ ညီအစ်မ သုံးယောက် ရပ်လို့နေသည်။

ဓာတ်ပုံကို ဖျတ်ခနဲ ရိုက်ပြိး သူမ၏ လက်ထဲကိုပင် ကင်မရာ ပြန်ပေးလိုက်သည်။ သူမက လှိုက်လှဲစွာ ပြုံးပြသည်။

“ကျေးဇူးတင်တယ်နော်၊ ဒါနဲ့ ရှင်ရော ရိုက်ဦးမလား”

“မရိုက်တော့ပါဘူး၊ ကျေးဇူးပဲ”

သူမ၏ အစ်မနှစ်ယောက်ကတော့ ဓာတ်လှေကားဖြင့် ဆင်းရန်ခလုတ်ကို နှိပ်နေကြသည်။ သူမကိုလည်း လှမ်းကြည့်သည်။

“ညီမလေးရေ ဆင်းရအောင်”

မမငယ် ဆိုသူက မျိုးကျော်မော်ကို ခပ်တင်းတင်းကြည့်ရင်း သူမကို ခေါ်သည်။ `ဒုက္ခပဲ ´ ဟု သူ စိတ်ထဲမှ ရေရွှတ်မိသည်။ ဘယ်နှယ့်ဟာတွေပါလိမ့်။ ဘလိုင်းကြီး လူကို လိုက်တင်းနေသည်။ ကိုယ်က တမင် သူတို့ကို လိုက်နွယ်၊ လိုက်ပတ်သတ်နေတာလည်း မဟုတ်။ ဓာတ်လှေကား တံခါးက ပွင့်လာသည်။

“မဆင်းသေးဘူးလား”

ဓာတ်လှေကားထဲ လှမ်းဝင်ရင်းနှင့်ပင် အရိပ်အကဲ နားမလည်သောသူမက လောကွတ်ချော်နေသေးသည်။ သူခေါးကို ခါယမ်းပြလိုက်သည်။

“မင်းအစ်မတွေနဲ့ ဓာတ်လှေကား အတူတူစီးရသ် င့ါအသတ်တစ်ဝက်လောက်တိုသွားလိမ့်မယ် ”ဟု သူ့စိတ်မှ ခပ်ချဉ်ချဉ်ဖြင့် တွေးမိသည်။

သွားကြစမ်းပါစေ။ နောက်မှ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ဆင်းတာမှ အသတ်ရှှုချောင်ဦးမယ်။ သို့မဟုတ်ပါပ နားကပူ၊ ပါးကပူ ဖြင့် တစ်လှေထဲစီး တစ်ခရီးတည်း သွားနေရဦးမည်။ လူကို အထင်သေးဟန်ဖြင့် ကြည့်သော သူမ၏ အစ်မများ၏ အကြည့်လည်း ခံနေရဦးမည် မဟုတ်ပါလား။

သူမတို့ ဓာတ်လှေကားထဲမှထွက်ပြီး ကားပတ်ကင်ရှိရာဘက် လှမ်းနေတာကို သူအပေါ်စီးမှ မြင်နေရသည်။ သူမက အပေါ်ကို မော့ကြည့်ပြီး သူ့ကို လက်ပြသည်။ သူမ၏ အစ်မတွေကပါလိုက်ကြည့်ရင်း သူမကို လက်ဆွဲခေါ်တာမြင်နေရသည်။

အဖြစ်သည်းနေသော သူမ၏ အစ်မနှစ်ယောက်ကို ကြည့်ရင်း သူရယ်ချင်နေမိသည်။ သူလည်း အောက်သို့ဆင်းရန်ဓာတ်လှေကားခလုတ်ကို နှိပ်သည်။ မျိုးကျောမော် တစ်ယောက် ဓာတ်လှေကားဖြင့် ဆင်းပြီး ကားပတ်ကင်ရှိရာဘက်ကို ခပ်မှန်မှန် လျှောက်လာခဲ့သည်။

သူမျက်စိတစ်ချက်ဝေ့ကာ အကြည့် သူမတို့ညီအစ်သုံးယောက်ကို ဆိုင်တစ်ဆိုင်မှာတွေ့သည်။ လက်ဖြင့်ထိုးရသော တက်တင်းဟုခေါ်သော ဇာအဆင် အကျီင်္နှင့် တဘတ် အရောင်မျိုးစုံကို သူမတို့ ဝယ်နေကြသည်။

သူကားရှိရာသို့အလာ သူ့ကားနှင့် မလွတ်တလွတ် ရပ်ထားသော Mark2 ခဲရောင်လေး တစ်စီကို အနည်းငယ် အကန့်လိုက် တွေ့လိုက်ရသည်။ ကားထဲမှာ ဘယ်သူမှမရှိသလို ကားအနီးအနားမှာလည်း ဘယ်သူမှမရှိ။ ` ကျွတ် ´ ဟု စိတ်မရှည်စွာစုတ်သတ်ရင်း သူဘေးဘီကိုကြည့်သည်။ ကားပတ်ကင်တောင်ဖြောင့်အောင် မထိုးတတ်ဘဲနှင့် ဒီလို တောင်တတ်မြွေလိမ်မြွေကောက်လမ်းကို ဘယ်လိုများ မောင်းတတ်လာပါလိမ့်ဟု သူတွေးမိသည်။ စိတ်တိုတိုရှိသည်နှင့် တောက် ဆိုတာကို အကျယ်ကြီး ခေါက်လိုက်၇င်း ကားရှင်အလာကို စောင့်နေမိသည်။

တော်တော်နှင့်ပေါ်မလာ။ အခုမှများ လိုဏ်ဂူထဲ ဝင်သွားကြလေသလားဟု သူတွေးသည်။ အတန်ကြာအောင် စောင့်နေသည်အထိ ခွေးတစ်ယောက် ကြောင်တစ်မြီးမှပင် ပေါ်မလာ။

“ဟယ် ကိုလင်းဆောင် ဘယ်သွားပါလိမ့်”

ပြောရင်းဆိုရင်းလာနေသော နောက်မှအသံကြောင့် မျိုးကျော်မော်လှည့်ကြည့်မိသည်။ မမကြိးဆိုသူ။ လက်ဘယ်ညာတွင် ပစ္စည်းတော်တော်များများကို ကိုင်ကာ ဘေးဘီကို လိုက်ရှာနေသည်။ သူ့ကိုမြင်သွားတော့ အထက်အောက်ကို မျက်စောင်းဖြင့် ကြည့်သွားသည်။

နေရင်းထိုင်ရင်းရနေသော အကုသိုလ်ကြောင့် သူမကို ကျောခိုင်းကာ ရပ်နေမိသည်။ နောက်ထပ်ရောက်လာဟန်တူသော ညီအစ်များဖြင့် စကားကို မရပ်မနား ပြောနေကြသည်.။ ဘယ်လောက်စျေးတင်ထားသဖြင့် ဘယ်လိုဆစ်လိုက်တာ ဘယ်လိုလျှော့ပေးလိုက်ကြောင်းစသည်။

“အမလေး ကိုလင်းဆောင်ရယ် စောင့်နေရတာ ကြာပြီ ၊ ဘယ်သွားနေတာလဲ၊ ကားထားခဲ့ပြီးတော့ လူက တောင်အောက်ကို ခြေကျင်ဆင်းသွားပြီအောက်မေ့နေတာ”

“ဟို ဆိုင်မှာ အအေး သောက်နေတာလေ”

ရပ်ထားသော Mark 2 ကားလေးက သူမတို့ ကားဆိုတာကို သိလိုက်ရသည်။ ဒါဆို သူ့ကားကို မလွတ်တလွတ်ရပ်ထားသဖြင့် သူ့ကားထွက်မရတာ ကို ထို `ကိုလင်းဆောင် ´ဆိုသော သူက သိသိကြိးနှင့် တမင်ထိုင်ကြည့်နေခဲ့သည်ပေါ့။ ချာခနဲလှည့်ကာ အားလုံးကို သူဒေါသဖြင့် သိမ်းကျုံးကာ ကြည့်ပစ်လိုက်သည်။

ကားတံခါးဖွင့်ကာ ဝင်ထိုင်နေသော ထိုလူဆီ ခြေထောက်က လှမ်းမှန်းမသိ လှမ်းကာ ရောက်သွားသည်။

“ဒီမှာ ဟေ့လူ ခင်ဗျား ကားဘယ်လို ရပ်ထားတာလဲဗျာ”

အားမလို အားမရ ဒေါသတစ်ဝက်ဖြင့် သူ ထို ` ကို လင်းဆောင် ´ ဆိုသူ၏ မျက်နှာတည့်တည့် ကြည့်ရင်း ပြောလိုက်သည်။

ထိုသူက မျိုးကျောမော်၏ ပရာဒို ( Parado ) ကျောက်စိမ်းရောင်ကို မထီမဲ့မြင်ဟန်ဖြင့် စီးကရတ်အခဲလိုက် လည်လိမ်ကာ တစ်ချက်ကြည့်သည်။ထိုနောက် လူကြမ်းစတိုင်ဖြင့် ` ဟတ်ခနဲ မရယ်ချင် ရယ်ချင်ရယ်သည်။ သူ့ကိုလည်း ` တောသား၊ ရွာသား ´ ဆိုသော ပုံစံဖြင့် ခပ်နှိပ်နှိပ် တစ်ချက်ကြည့်လိုက်သေးသည်။

“ဟ . . . အလွတ်ကြီးပါ ညီလေးရ၊ မင်းကို ကြည့်ရတာ အခုမှ ကားမောင်း တတ်တယ်နဲ့ တူတယ်”

“ခင်ဗျား”

ဘုရားရှေ့ ရောက်တာတောင် ဘုရားဝင်မဖူးတဲ့ ဒိဋ္ဌိ(သို့) ကိုလင်းဆောင်၏ ခနဲ့တဲ့တဲ့စကားကြောင့် မျိုးကျော်မော် `ခင်ဗျား ´ ဟု ပြောရင်း လက်ညိုးကို ထိုးမိသည်။ `ဘုရားမှာ မကောင်းပါဘူးလေ´ ဟု သူစိတ်ကို လျှော့ချကာထိုးထားသော လက်ညိုးကို ဆက်ခနဲဖယ်လိုက်သည်။

“ဟုတ်သားပဲ ၊ နင့်ကား နဲ့ ငါတို့ကား အလွတ်ကြီး၊ ဘာမှ ထွင်မနေနဲ့၊ ဒါမျိုးက ရိုးနေပြီ”

မမကြီးဆိုသူက ငါးစိမ်းသည်လို အာခေါင်ခြစ်ကာ အော်ထည့်လာသောအသံကြောင့် သူမမကြီးကို စိုက်ကြည့်မိသည်။ သူမပြောသော `ထွင် ´မနေနဲ့ ဆိုတာသူ့ညီမနဲ့ ဇာတ်လမ်းထွင်ချင်သော ပုံစံ။ `ရိုး ´ ဆိုတာကို သံရှည်ဆွဲကာပြောသော သူမ၏ ဟန်က ရုပ်ရှင်တွေထဲက သားနှင့် သဘောမတူနိုင်သော ချွေးမကို ဆက်ဆံသည့် ယောက္ခမ၏ ဟန်မျိုး။

“ဟာ ဟုတ်တယ် မမကြီးရဲ့၊ ကိုလင်းဆောင် ရပ်ထားတာက နည်းနည်းကန့်လန့်ကြိး ဖြစ်နေတယ်၊ လာကြည့်ကြည့်ပါလား”

“အငယ်မ မရှည်နဲ့ သွားမယ်လာ”

ကားပေါ်သို့ နောက်ဆုံးမှ တတ်မည့် သူမကို မမငယ်ဆိုသူက ဟန့်ရင်းကားပေါ်သို့ခေါ်သည်။ အမှန်တရားဘက်မှာ ရှိသော သူမက မျိုးကျောမော်ကို အားနာဟန်ဖြင့် ကြည့်သည်။

သူ ကားတံခါးလေးကို Control ဖြင့်ဖွင့်ကာ တံခါးကို ဝုန်းခနဲဆောင့်ပိတ်ပြီး ထိုင်နေမိသည်။ ဒီလောက်ပြောဆို ဆက်ဆံကြည့်တာနဲ့ ထိုဒရိုင်လာယောင်ယောင် ဘာယောင်ယောင်၏ စိတ်ဓာတ်အဆင့်အတန်းကို သူသိလိုက်သည်။

“၀ူး”

သူမတို့ Mark II ခဲရောင်လေးက လျှောခနဲ ထွက်သွားသည်။ စတီရာတိုင်းကို ကိုင်ရင်းသူ အတန်ကြာသည်အထိ စက်မနှိုးမိ၊ ဒေါသကို ငြိမ်အောင် ခေတ္တထိန်းသည်။

ထို့နောက် ကားစက်ကို နှိုးကာညင်သာစွာ လှိမ့်ထွက်လာခဲ့သည်။ မြွေလိမ်မြွေကောက် လမ်းလေးအတိုင်း ခပ်ဖြည်းဖြည်း မောင်းနှင်လာခဲ့သည်။ တောင်ခြေမှာလည်း စျေးဆိုင်တန်းက အစိအရီ တောင်ပေါ်မှ ဆိုင်တန်းများကဲ့သို့ပင် ဒေသထွက် လက်ဖက်ခြောက်၊ လက်ဖက်စိုနှင့်၊ လက်ထိုးတတ်တင်းဇာအကျီ င်္များ၊ တဘက်များနှင့် ကောက်ညင်းခွက်၊ အာလူးခြောက်၊ ပျားရည်၊ ဒေသထွက် ရာသီစာ သီးနှံများ ရောင်းချသည်။ စျေးတန်း၏ အဆုံးမှ စကာတစ်မျှော်တစ်ခေါ် တွေ့ရသည်က ညောင်ပင်တန်းကြီး၊။ နှစ်ပေါင်းကြာမြင့် လှပြီ ဖြစ်သော ကြီးမားခံ့ညားသည့် ညောင်ပင်ကြီးများက အစီအရီ။ ဤ ညောင်ပင် အမျိုးအစားများမှာ ဤပင်းတယ ဒေသတွင်သာ များများစားစား တွေ့ရသည်။ ထိုညောင်ပင်မျိုးကို မွေတော် ကက္ကူဘုရားတွင်လည်း တချို့သူတွေ့ဖူးသည်။

ညောင်ပင်တန်းဆုံးသည်နှင့် သစ်သားအမိုးဖြင့် သေသေသပ်သပ်ခေတ်မီမီ သစ်လွင်နေသော Golden Cave Hotel ( ရွှေဂူဟိုတယ် ) အတွင်း သို့ ကားကို ကွေ့ဝင်လိုက်သည်။

“ဟင်”

ညီအစ်မ သုံးယောက် Mark II ကားခဲရောင်လေးကို တွေ့လိုက်ရသဖြင့် ပျော်ရွှင်ခြင်းတစ်ဝက်၊ စိတ်ပျက်ခြင်းတစ်ဝက်ဖြင့် သူမတို့ကားနှင့် အဝေးဆုံးနေရာကို ရွေးကာ ပတ်ကင်ထိုး လိုက်သည်။ ကားပေါ်မှ ဆင်းကာကားကို Control ဖြင့် lock ချလိုက်ပြိး ဧည့်ကြိုကောင်တာကို တစ်လှမ်းချင်းလှမ်းသည်။

ဒရိုင်ဘာ ကိုလင်းဆောင်နှင့် မမကြီး မမငယ်တို့က သူ့ကိုမြင်သည်နှင့် `တိုက်ဆိုင်ရန်ကော ´ ဟူသော ပုံစံဖြင့် ပါးစပ်ဟကာ ငေးသည်။ သူတို့အားလုံးဧည့်ကြိုခန်းရှိ ဆက်တီခုံမှာ ထိုင်ကြရင်း ရေနွေးကြမ်းကို သောက်နေကြခြင်းဖြစ်သည်။ မျိုးကျော်မော် သူတို့ကို တစ်ချက်ဝေ့ကြည့်ရင်း ဧည့်ကြိုကောင်တာဆီ လှမ်းသည်။ ကျောပေးထားသော သူမ လှည့်ကြည့်တာကို ဖျက်ခနဲ မြင်ဖြစ်အောင်မြင်လိုက်သော်လည်း သူ ဂရုစိုက်မနေနိုင်တော့။

“ကျေးဇူးပဲ”

ဧည့်ကြိုကောင်တာဆီသို့အလှမ်းမှာဗန်းလေးထဲ ထည့်ထားသော Cool Towar လေးကမ်းပေးသဖြင့် ယူကာ မျက်နှာကိုသုတ်ရင်း ထိုဝန်ထမ်း ကို ကျေးဇူးစကား ဆိုလိုက်သည်။

အေးမြကာ သင်းပျံ့နေသော Cool Tower ဖြင့် မျက်နှာနှင့် လည်ပင်းတစ်ဝိုက်ကို သုတ်ပြီး ကောင်တာပေါ်မှ ဗန်းလေးထဲ သူပြန်ချထားလိုက်သည်။ ကောင်တာထဲရှိနေသော ဧည့်ကြိုဝန်ထမ်းက သူ့အား ပြုံးုပြရင်း အခန်းသော့ကို ကမ်းပေးသည်။

မျိုးကျော်မော် ပြန်လည် ပြုံးပြရင်း သော့ကို လှမ်းယူကာ ဧည့်ကြိုခန်းထဲမှ လှည့်ထွက်ခဲ့သည်။ သူမကို ကြည့်ချင်သော်လည်း သူမ၏ နောက်ဆက်တွဲတို့ကို မမြင်ချင်သဖြင့် လုံးလုံးလှည့် မကြည့်ခဲ့။

Long stay (ရက်ရှည်) တည်းမည့်သူ ဖြစ်သဖြင့် မကြာမကြာ လာတည်းခိုလေ့ရှိသော မျိုးကျော်မော်ကို ဝန်းထမ်းတိုင်းလိုလို ရင်းနှီးပြီးသား ဖြစ်သည်။ သူလာတိုင်း အများဆုံး တည်းဖြစ်သော အခန်းက `ပင်းတယ´ ဟု အမည်ပေးထားသောအခန်း ။ဤဟိုတယ်၏ စတိုင်(လ်) တစ်မျိုးဟု ပြော ရမည်လားမသိ။ အခန်းကို နံပါတ်ဖြင့် သတ်မှတ်မထားဘဲ ရှမ်းပြည်နယ်ရှိ ထင်ရှားသော မြို့အချို့၏ အမည်များဖြင့် အခန်းများကို အမည်ပေးထားသည်။

ဤအခန်းကို သူကြိုက်နှစ်သက်ခြင်းက အခြားကြောင့်တော့ မဟုတ်။ `ပင်းတယ ´ ဟု အမည်ပေးထားသည်က တစ်ကြောင်း၊ ဤအခန်း၏ ၀ရန်တာမှ လှမ်းကြည့်လိုက်လျှင် တောင်တန်းကြီးကို မြင်ရခြင်းကြောင့် တစ်ကြောင်းဖြစ်သည်။ တောင်တန်းကြိးတွင်ရှိသော ဒေသအခေါ် တောင်ဂူ။ အလယ်ဂူနှင့် မြောက်ဂူ၊ ဂူသုံးဂူစလုံးကို မြင်ရသလို အေးမြလတ်ဆတ်သော လေနုအေး ကိုလည်း စိတ်ကြိုက် ရှူရှိက်ခွင် ရသော ဤ` ပင်းတယ ´ခနး်ကိုသာ သူအမြဲတည်းခြင်း ဖြစ်သည်။

လှေကားလေးအတိုင်း သူ့အခန်းရှိရာသို့ အတက် အပေါ်ထပ်မှ ဆင်းလာသော စုံတွဲက လက်ပြရင်း သူ့ကို နှုတ်ဆက်သည်။

“Hello”

“Hello”

သူလည်း လက်ပြန်မြှောက်ပြရင်း ပြန်လည်နှုတ်ဆက်လိုက်သည်။ `ပင်းတယ´ အခန်းတံခါးကို ဖွင့်ဝင်ကာ တံခါးကို ပြန်ပိတ်ကာ Lock ချလိုက်သည်။ Tvကို ဖွင့်ကာ Channel တစ်ခုကို ရွေးရင်း ခုတင်ပေါ်မှာ အိပ်လျက် ကြည့်နေမိသည်။

အတန်ကြာအောင် နားပြီးမှ ရေခဲသေတ္တာထဲမှ ရေသန့်တစ်ဘူး ယူကာ ဖွင့်ရင်း သူသောက်သည်။

ထို့နောက် ရေချိုးခန်းဝင်ကာ ရေနွေးဖြင့် အကြာကြီး ရေစိမ်ချိုးနေမိသည်။ မည်မျှကြာသည်မသိ။ ထို့နောက် တဘက်ဖြင့် ကိုယ်ကိုပတ်ကာ ရေချိုးခန်းထဲမှ ထွက်သည်။

“ဒေါက် ဒေါက် ဒေါက်”

အခန်းတံခါး အလောတကြိး ခေါက်သံကြောင့် သူ ကမန်းကတန်း ဖွင့်ပေးလိုက်သည်။

“ဟာ”

“အိုး ”

သူမ။ အဖုအထစ်တို့ဖြင့် ကျစ်လျစ်လှပသော သူ၏ ရင်အုပ်ကို တစ်ချက်ကြည့်ရင်း ရှက်ရှက်ဖြင့် တစ်ဖက်သို့လှည့်သည်။

“Sorry အခန်းမှားလို့”

ပြောရင်းသူမ နောက်သို့ပြန်လှည့်သည်။ ရှက်သွေးဖြာသွားသော သူမ သူ့ကိုပင်နှုတ်မဆက်ခဲ့။

သူလည်း ဘယ်လို မိန်းကလေးမျိုးရှေ့မှာမှ မနေခဲ့ဖူးသော အနေအထားကြောင့် ရှက်သွားမိသည်။ ဤဟိုတယ်၏ ထုံးစံအတိုင်း အမျိုးသားသာတည်းသော အခန်းကို အမျိုးသားဝန်ထမ်းကသာ Service ဝန်ဆောင်မှုပေးလေ့ရှိခြင်းကို သူသိသောကြောင့် သူတံခါးကို အလျင်စလို ဖွင့်ပေးလိုက်မိခြင်းဖြစ်သည်။ တံခါးကို ခပ်သွပ်သွပ် ပြန်ပိတ်လိုက်ရင်း ရှက်ရှက်ဖြင့် ထူပူသွားသော သူ့မျက်နှာကို သူပွတ်လိုက်မိသည်။ ရေစိုနေသော ဆံပင်တို့ကို သပ်တင်မိသည်။

မှန်ရှေ့မှာ ရပ်ရင်းသူ့ကိုယ်သူ အထက်အောက် ကြည့်မိသည်။ ထို့နောက် အဝတ်အစားကို လဲရင်း အခန်းအပြင်သို့ထွက်ခဲ့သည်။

ဘေးအခန်းမှ ထွက်လာသော ကိုယ်လင်းဆောင်ကြောင့် စောစောက သူမအခန်းမှားခေါက်တာ ကိုလင်းဆောင် အခန်းနှင့် မှားတာမှန်း သူသိလိုက်သည်။ ကိုယ်လင်းဆောင် အခန်းအမည်က `ပင်လောင်း´ ဆိုတော့ အမှတ်တမဲ့ ကြည့်လျှင် ပင်းတယ နှင့် မှားနိုင်သည်။ အခန်းအမည်ကိုလည်း အင်္ဂလိပ်လိုရေးထားသည်ကိုး။

ကိုလင်းဆောင်က သူ့ကို ငါးခူပြုံး ပြုံးပြသည်။ သူတမင်ပင် မမြင်ချင်ယောင်ဆောင်ကာ လှည့်ထွက်လိုက်သဖြင့် ၎င်းအနေနှင့် အောင့်သက်သက်ဖြစ်ကောင်း ဖြစ်သွားပေလိမ့်မည်။ မတတ်နိုင်။ မျိုးကျော်မော် ရာဇဝင်မှာ မဆက်ဆံချင်သော သူတို့ အောင့်အည်းသည်းခံ၍ ဆက်ဆံခဲ့ဖူးခြင်း လုံး၀မရှိခဲ့။

ကော်ရစ်ဒါအတိုင်းလျှောက်အလာ မျက်နှာချင်းဆိုင်မှ တ့ံခါးဖွင့်ရင်း ထွက်လာသော သူမ။ မျိုးကျော်မော်ကိုတွေ့သည်နှင့် ရှက်ရှက်ဖြင့် ခေါင်းငုံ့သည်။

“အငယ်မ ငါ့ကိုကျတော့ တံခါးခေါက်ပြီး အမြန်လုပ်တဲ့၊ နင့် အစ်မတွေ မပြီးသေးဘူးမ ဟုတ်လား”

“ဟုတ်တယ် ဖြည်းဖြည်းပေါ့”

သူ့နောက်မှ ကိုလင်းဆောင်က သူ့ကိုကျော်ကာ သူမကို ခပ်ဆက်ဆက်မေးသည်။ ဒါကို သူမကလည်း ခပ်ဆပ်ဆပ်ပင် ပြန်ဖြေလိုက်ရင်းဘုတောသည်။

မျိုးကျော်မော်က လှေကားထစ်လေးအတိုင်း ဆင်းလာခဲ့သည်။ ထို့နောက် သရက်ပင် အရိပ်အောက်မှာ အစီအရီချထားသော ပက်လက်ကုလားထိုင်တွင် ဝင်ထိုင်နေမိသည်။

ကိုလင်းဆောင် ဧည့်ကြိုခန်းထဲဝင်သွားတာကို သူတွေ့လိုက်ရသည်။ နောက်မှ ခြေသံကြားသောကြောင့် သူလှည့်အကြည့် မရဲတရဲ သူ့ဆီ ဦးတည်ရင်းလာနေသော သူမကို တွေ့သည်။

“ထိုင်လေ”

သူအလိုက်တသိပင် ဘေးမှ ပက်လက် ကုလားထိုင်ကို ညွန်ပြလိုက်သည်။

“ဟိုလေ ဂူထဲမှာ ဖြစ်ပျက်ခဲ့သမျှရော၊ ကားပတ်ကင်မှာ ဖြစ်ခဲ့သမျှပါ `သတ်ဖူးနော်´တို့ဘက်က မှားတာပါ၊ အဲဒီ အတွက် တောင်းပန်ချင်လို့ပါ”

“ဟာ မဟုတ်တာဗျာ၊ ရပါတယ်”

သူပျာပျာသလဲပင် ဆိုမိသည်။ `သတ်ဖူးနော်´တဲ့၊ ပင်းတယ သမိုင်းထဲက မင်းသမီးလေး `ဒွေးမယ်နော်´ ခေါ် ´ ရှင်မိယာ´ပဲ ဖြစ်လိုက်ပါတော့ဟု သူစိတ်ထဲမှာ တွေးဖြစ်သည်။

“မမငယ်နဲ့ မမကြီးက အဲဒီ လိုပဲ နည်းနည်း စိတ်ဆက်တယ်”

“သြော်”

နှုတ်မှ `သြော်´ ဟု မျိုးကျော်မော် အလိုက်တသင့် ပြောလိုက်သော်လည်းစိတ်ထဲမှာတော့ `နည်းနည်းစိတ်ဆက်တာ မဟုတ်ဘူး၊ အများကြီး စိတ်ဆက်တာ´ ဟု ပြောဖြစ်သည်။

“ဟို ဒီမှာပဲ Diner စားမှာလား”

“ဟုတ်တယ်”

`ဟုတ်တယ်´ ဟု ပြန်ပြောပြီးလိုက်ချိန်မှာ သူမထံမှာ အမျိုးအမည် မသိသက်းပျံ့သော ရေမွှေးနံ့လေးက မျိုးကျော်မော်၏ နှာခေါင်း၀မှာလာရောက်ကျီစယ်သည်။

“အငယ်မ”

နောက်ဘက်ဆီမှ ခပ်စူးစူးခေါ်သံ (ဝါ) အော်သံကြောင့် သူရော သူမပါ ဆတ်ခနဲ နောက်သို့ ပြိုင်တူလှည့်ကြည့်လိုက်သည်။ မျက်လုံးမှာ ငရဲမီးထွန်းညှိထားသလို ဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် မမကြီးနှင့် မမငယ်တို့က ခါးထောက်ကာ ကြည့်နေကြသည်။ သူမက ဆတ်ခနဲ ထရပ်သည်။

“လာစမ်း”

မမငယ်ဆိုသူက ခါးအထောက်လိုက်ဖြင့် သူမကို ခွေးကလေး ကြောင်ကလေးခေါ်သလိုခေါ်သည်။

သူမက ခေါင်းခပ်ငိုက်ငိုက်ဖြင့် သူမ၏ အစ်မများရှိရာဘက်သို့ ခပ်တွန့်တွန့်ဖြင့် သွားသည်။ မမကြီးဆိုသူက သူ့ကို မျက်စောင်းထိုးရင်း သူမကို ဆွဲလိမ်နေတာကို မျိုးကျော်မော် တွေ့လိုက်ရသည်။

“ကျွတ်”

စိတ်ပျက်ခြင်း တစ်ဝက်၊ ရယ်ချင်းခြင်းတစ်ဝက်ဖြင့် သူ စုပ်သပ်မိသည်။

`တော်တော် ဟုတ်တာပဲ ´ ဟု စိတ်မှ ခပ်ချဉ်ချဉ်တွေးဖြစ်သည်။ ဒီလို အထာမျိုးက အမ်းဒိတ်ဖြစ်လွန်းသည်ဟု သူထင်သည်။ တကယ်ဆိုသူ့အနေ့အထား ဝတ်ထားစားထား၊ စီးသော Parado `ပရာဒို´ ကိုကြည့်သည်နှင့် သူ့အဆင့်အတန်းကို မခန့်မှန်းမိကြသေးဘူးတဲ့လား။ သူတို့ညီမက လမ်းဘေးမှ သာမန်လူနှင့် စကားပြောနေသလိုမျိုး ဆက်ဆံချင်ကြသည်။ တောင်ကြီးမြို့မှ စိတ်ချယ်ရီ စိန်ဆိုင်ကြီး၊ စိတ်ချယ်ရီ ဟိုတယ်နှင့် အခြားလုပ်ငန်းကြီးများ ပိုင်ဆိုင်သော မြို့ မျက်နှာဖုံး၏ တစ်ဦးတည်းသော သားဖြစ်သူ သူ့လိုလူကို မတူသလို မတန်သလို လုပ်နေပုံကို သူ့အမေသာ သိလျှင် ရင်ဘတ်ပင် စည်တီးကာဒေါထပေလိမ့်မည်။ နူးညံ့သော သူမနှင့် ကြမ်းတမ်းလှသော သူမ၏ အစ်မတို့ ကို သူ့အနေနှင့် ဘယ်လိုမှ ဆက်စပ်ကြည့်၍ မရ ။ ဟို ကိုလင်းဆောင် ဆိုသော သူဆိုလျှင် ပို၍ ဆက်ဆံရ ဆိုးသေးသည်။

မျက်လုံးမှိတ်ကာ သူအရာရာကို ဖျောက်ကြည့်သည်။ သူမ၏ ဟန်လေးက မျက်ဝန်းထဲမှာ စွဲထင်နေသည်။ သူ့အနေနှင့် သူမကို မြင်စကတည်းက အလိုလိုနေရင်း ခင်မင်ရင်းနှီးနေမိသည်။

“သတ်ဖူးနော်”

သူမ၏ အမည်က သူ့ရင်ဘတ်မှာ ဆေးမင်လာထိုးထားသလို စွဲထင်နေသည်။ သူမအကြောင်းကိုသာ အပြန်ပြန်အလှန်လှန် စဉ်းစားမိနေသော သူ့ကိုယ်သူ အံ့သြနေမိသည်။ သူမအကြောင်းတွေးမိလိုက်တိုင်း ဂူထဲမှာ သူမခေတ္တမေ့မြောသွားစဉ်က ပွေ့ဖက်မိသော အထိအတွေ့ကို သူအမှတ်ရသည်။ ရင်ခုန်သံမြန်ကာ အာခေါင်တွေ ခြောက်လာသော သူ့ကိုယ်သူ တော်တော်ကြီးကို အံအားသင့်နေမိသည်။

* * * * *




ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ သတ္တမမြောက် နတ်သမီး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သမီးလိုချင် အမေကြည့်

ကြားညှပ်သူ

ခြံခုန်တဲ့ ကြယ်