Cover

အချစ်နှင့် မကင်းရာမကင်းကြောင်း
အခန်း (၁)

''နေချိုသွေး တဲ့၊ နာမည် ကိုက ယောက်ျားလိုလို မိန်းမလိုလိုနဲ့ ငါ တကယ်ကို မေတ္တာမရှိတာ၊ ကြည့်လို့လည်း မရဘူး''

''ဟယ် ချစ်သမီးရယ်၊ ကြည့်လို့မရဘူးပြောပြီး သူသွားလေရာ လိုက်ကြည့်ပြီး အကုသိုလ် ပွားနေရလား၊ မမြင်ချင် မကြည့်နဲ့ပေါ့၊ တကတည်း ဟိုကလည်း နင့်ကိုမြင်တာနဲ့ တစောင်းစေးနဲ့ မျက်ချေး၊ ယောက်ျားတန်မဲ့ မျက်စောင်းက လွင့်ပြီးသားနော်''

''အဲဒါပေါ့ သူ့ကိုယ်သူရုပ်ဖြောင့်တယ် စတိုင်မိုက်တယ်ဆိုပြီး ဘဝင်လေဟပ်နေတာ၊ အဝတ်အစားကအစ ကိုရီးယားဒီဇိုင်းနဲ့၊ ဆံပင် က အီမိုကေ၊ လက်တွေ မှာ လည်း ဖန်စီကြိုးတွေ ရှုပ်ယှက်ခတ်လို့''

''ဟဲ့ နင် စေ့စေ့စပ်စပ် ကြည့်ထားတာပဲ၊ ငါတို့တော့ နေချိုသွေး က နာမည် လေးက တစ်မျိုးလေး၊ စတိုင်မိုက်တယ်၊ ရုပ်ချောတယ် ဒီ လောက်ပဲ အမှတ်တမဲ့ ကြည့်မိတာ''

''ငါကရော သူ့ကို ချစ်လို့ အာရုံစိုက်ကြည့်နေတာလား၊ ဆောင့် ကြွားကြွားပုံစံကို အမြင်ကတ်နေတာ၊ ဟွန်း မုန်းစရာကြီး''

ဆိုင်ရဲ့ အဝင်အထွက် ထောင့်စွန်းမှာ သူငယ်ချင်းနှစ် ယောက် နှင့်ထိုင်နေသော နေချိုသွေးကို ဟွန်းခနဲ မျက်စောင်းဝင့်ပြီးမှ ချစ်သမီး ချာခနဲ ပြန်လှည့်သည်။

အစားအသောက် ကောင်းတွေ မက်မက်မောမော မရှိသော ချစ်သမီးက ချောကလက် ရေခဲမုန့်နှင့် ကိတ်ကိုတော့ စွဲစွဲလန်းလန်း စားသုံးတတ်သည်။ ဘယ်နေရာမှာ ဖြစ် ဖြစ် ရေခဲမုန့်ဆိုလျှင် ဝင်ထိုင်ပြီး သား။ အခု ဒီသပြေရိပ် အအေးဆိုင်က သင်တန်းကျောင်းနှင့် အနီးဆုံး မှာ ရှိပြီး အချိန်မရွေး စားသောက်လို့ ရတာ မို့ သင်တန်းတက်ချိန်ရော ဆင်းချိန်ရော ဝင်ထိုင် ဖြစ်မြဲ။

အနည်းဆုံး သုံးပွဲစားတတ်ပြီး တစ်နာရီကြာ ဇိမ်ခံ၍ ထိုင်နေ တတ်သည်။

သူမလို အလေ့အကျင့်ရှိသူက နေချိုသွေး။

ယောက်ျားတန်မဲ့ ရေခဲမုန့်နှင့်ကိတ်ကို မြိန်ရေယှက်ရေ စားပြီး အချိန်ကြာကြာ ထိုင်ကာ သူငယ်ချင်းတွေ နှင့် ပေါ့ပေါ့ပါးပါး ပျော်ပျော် နေသည်။

ဒါက ကိုယ့်စတိုင်နှင့်ကိုယ်မို့ ကိစ္စမရှိ။

ဆောင့်ကြွားကြွား ဘဝင်မြင့်ပြီး စကားပြော တင်စီးတာကို အမြင်ကတ်တာ။ မိန်းကလေး တစ်ယောက် ကို အလျော့ပေး လိုက်လျော ရမှန်းလည်း မသိ။

သူ့အတွက် အရေး မပါတာလိုလို အထာကိုင်ချင်သူ။

ဆုံဆည်းမှု အစက ဒီသင်တန်းကို စတက်စဉ်ကပါ။

အဲဒီ နေ့က အေမီနှင့် သင်တန်းတက်ဖို့ကိစ္စ ချိန်းထားပေမယ့် အေမီက ရောက်မလာ။

''နယ်က ငါ့အစ်ကို လင်မယား ရောက်လာလို့ဟဲ့၊ ငါ့တူလေး လည်း ပါလာတယ်၊ ငါ နင့်ဆီလာ ဖြစ်တော့မှာ မဟုတ်ဘူး၊ သင်တန်းကို နင့်ဘာသာစုံစမ်းပြီး စာရင်းသွားသွင်းလိုက်ဟာ၊ ဆယ့်နှစ် ရက်နေ့ နောက် ဆုံးလို့ ပြောထားတယ် မဟုတ်လား၊ နင် တစ်ယောက် တည်း မသွားချင် လို့ မနက်ဖြန်မှ ငါနဲ့အတူတူ သွားလည်း အချိန်မီပါသေးတယ်၊ ချစ် သမီးလေး စိတ်မကောက်နဲ့နော်''

အေမီ ချော့ပေမယ့် သူမက ပျော့စိစိ နုနယ်သူ မဟုတ်။ စိတ်မြန်လက်မြန်ပင် သင်တန်းဗစ်ဇစ်တင်းကဒ်လေး ယူ၍ ကားကို ကိုယ်တိုင်မောင်းထွက်လာခဲ့သည်။

သင်တန်းက တခြားသင်တန်းတွေ လို ကွန်ဒိုတွေ တိုက်ခန်းတွေ မှာ မဟုတ်ဘဲ ဆိတ်ငြိမ်ရပ်ကွက်ရဲ့ ခြံဝင်းကျယ်ကျယ် လုံးချင်းတိုက်ကြီး ထဲမှာ ပင်။

ထိုလမ်းထဲကို ဝင်လာတော့ မှန်လုံခန်းနှင့် ခမ်းနားကြီးကျယ် သော သပြေရိပ် စားသောက်ဆိုင်ကြီးကို တွေ့ ရသည်။

ရေခဲမုန့်လည်း ရသည်ဆိုတော့ သူမ ဟန်ပင်မဆောင်နိုင်။ အရင်ဆုံး ကိုယ်ကြိုက်တာ ဝင်ဆွဲပြီးမှ စုံစမ်းလို့လည်း ဖြစ်တာပဲ။ ကိုယ့်အတွေးနှင့်ကိုယ် ဆိုင်ထဲဝင်လိုက်စဉ်မှာ ပင် ဆိုင်ထဲကနေ သူငယ် ချင်းတွေ နှင့် နောက်ပြောင်ရင်း ထွက်လာသည့် နေချိုသွေးနှင့် ဗြုန်းခနဲ မျက်နှာချင်းဆိုင် တိုက်မိကြသည်။

လူက ယိုင်ခနဲ ဖြစ်သွားပြီး လက်ထဲက ဟန်းဖုန်းလေး အဝေး ကို လွင့်စင်ကာ ကျကွဲသွားသည်။

''ရှင် ဘယ်လိုလူလဲ၊ လူ တစ်ယောက် လုံး ဝင်လာတာ မမြင်ဘူး လား''

''မင်းရော မမြင်လို့ဝင်တိုက်တာ မဟုတ်ဘူးလား၊ ငါ့ကိုချည်း အပြစ်ပုံချဖို့ စိတ်မကူးနဲ့''

''သြော် ရှင် ရှပ်ပလာနိုင်လို့ ရှောင်တိမ်းချိန် မရလိုက်တာလေ၊ ယောက်ျားလေး ဖြစ်ပြီး ဣနြေ္ဒကို မရဘူး၊ ဗရုတ်သုတ်ခ ပျာယာခတ် နေတာပဲ''

''ဟိတ် မင်းငါ့ကို ဝေဖန်စရာ မလိုဘူး၊ ငါမှားတယ်လို့လည်း ဝန်မခံနိုင်ဘူး၊ ဒါပေမဲ့ မင်းဟန်းဆက် ဘယ်လောက်တန်လဲ၊ ငါ လျော် ပေးမယ်''

''ဘာ''

စီးစီးပိုးပိုး ပမာမခန့် ပြောနေသည်မို့ ချစ်သမီး ဒေါသတကြီး ဆတ်ဆတ်ခါသွားရသည်။ ကိုရီးယားမင်းသား ဒီဇိုင်းနှင့် အသားဖြူဖြူ အရပ်မြင့်မြင့် မျက်ခုံးထူထူ နှာတံပေါ်ပေါ်။

ရင်ဘတ်ကို ဖွင့်ပြီး ကိုယ်ဟန်မတ်မတ်ရှိပုံက ကိုယ့်ကိုကိုယ် အထင်ကြီးတတ်တာ သိသာနေလျက် သူများ ကို အထင်သေးတတ်တာ လည်း အကျင့်လို ဖြစ်နေဟန်တူသည်။

ဒါမျိုးကို ချစ်သမီး သည်းမခံတတ်။

''ဒီမယ် ရှင်လျော်ပေးမယ့် ဟန်းဆက်ကို အလုံးတစ်ရာ လောက် တစ်ချိန်တည်း တစ်ခါတည်းဝယ်ပြီး ရှင့်ကို ပစ်ပေါက်သတ်လိုက် လို့ ရတယ်၊ နားလည်လား၊ လျော်ကြေးလိုချင်လို့ ဇာတ်လမ်းဆင်နေတဲ့ မိန်းမစားမျိုးများ အောက်မေ့နေလား''

''မသိနိုင်ဘူးလေ''

''ဘာ နင် နင် အရမ်းမိုက်ရိုင်းတဲ့ကောင်''

''တော် ကြပါတော့ကွာ၊ ဆိုင်ထဲမှာ ဧည့်သည်တွေ လှမ်းကြည့် နေတာ မရှက်ကြဘူးလား၊ လာပါ နေချိုသွေးရာ မင်းက ပြဿနာကို ရှာတယ်''

''ငါ ရှာတာမဟုတ်ဘူး၊ သူ ရှာတာ''

''အေးပါ သူရှာတာဆိုလည်း သူက မိန်းကလေး၊ အလျော့ပေး လိုက်ပါကွာ''

''ဟ မိန်းကလေးဆိုပြီး အလျော့ပေးလိုက် ရင် ရောင့် တက်သွား မှာ ပေါ့ကွ''

ဘယ်သူဖျောင်းဖျလို့မှ မရသော နေချိုသွေးဆိုသည့် ထို ယောက်ျားကို သူမ ထိုအချိန်ကတည်းက အမြင်ကတ်မုန်းတီးသွားခဲ့သည်။

ဖြစ်ချင်တော့ သင်တန်းတစ်ခုတည်းမှာ တစ်ချိန်တည်း တက်ရ သည့် ရေစက်က ပါလာသည်။ ဆုံလိုက်တိုင်းလည်း သူတင် ကိုယ်တင် မာနများ ဖြင့် အပြိုင်အဆိုင် အတင်းတုတ် စကားနိုင်လု ရန်ဆက်ရှည် သွား၏ ။

သူမကရော ဒီလိုယောက်ျားမျိုးကို အလျော့ပေး အောက်ကျို့ခံ ဆက်ဆံစရာလိုသလား။

ဟွန်း ဝေးသေး။

''ဟဲ့ ဘာတွေ တွေးနေတာလဲ၊ ရေခဲမုန့်တွေ တောင် အရည်ပျော် ကုန်ပြီ၊ ဘာတွေ အချဉ်ဖောက်နေတာလဲ''

''ဟင် အေးဟဲ့ အရည်ပျော်ကုန်ရင် မစားချင်တော့ဘူး၊ ဝိတ်တာ လာပါဦး နောက်နှစ် ပွဲချပေး''

အေမီအသံကြားမှ စိတ်က ပစ္စုပ္ပန်ကို ပြန်ရောက်ကာ ရေခဲမုန့် မှာ ရင်း အာရုံကို ပြန်စုစည်းရ၏ ။ ဒါတောင် နေချိုသွေးတို့ စားပွဲဝိုင်းက ရယ်သံတွေ လွင့်လာတော့ မျက်စောင်းတဝင့်ဖြင့် ရန်လိုမိလိုက်သေး သည်။

နေချိုသွေး ဆိုသည့် လူကို ဘယ်တော့မှ ရေစက်မဆုံချင်။

* * *



အခန်း (၂)

''ရေစက်မဆုံချင်လို့တော့ မရဘူးနော်၊ မင်းတို့နှစ် ယောက် က တစ်နေရာတည်းမှာ ဆုံပြီး အကြိုက်ချင်းလည်း တူတယ်၊ မင်းက ရေခဲမုန့် တစ်ခါစား သုံးပွဲ၊ ချစ်သမီးလည်း''

''တော် စမ်းပါကွာ၊ နာမည် ကိုက ချစ်သမီးတဲ့၊ ဘာတွေ များ ချစ်စရာကောင်းနေလို့လဲ၊ သူ့ကိုယ်သူ ရွှေအဆင်းလို လှတဲ့သူဆိုပြီး ကြီးကျယ်နေတဲ့ မိန်းမ၊ ဘာတွေ ဘဝင်မြင့်ပြီး မာနကြီးနေလည်း မသိဘူး၊ ထောင့်ကို မကျိုးဘူး''

''သူများ သားသမီးကို အဲလောက် ပစ်စလက်ခတ် ပြောရလား ဟ၊ ချစ်သမီးက သာမန် ရွက်ကြမ်းရေကျိုအလှ မဟုတ်ဘူးနော်၊ ထူးထူး ခြားခြား ဆွဲဆောင်မှု ရှိတယ်၊ ယောက်ျားတိုင်း ငေးမကြည့်ဘဲကို မနေနိုင် ဘူး''

''အေး ထားပါတော့၊ ငါတို့ ယောက်ျားတွေ က လှတာကိုကြိုက် တာလား၊ ချစ်စရာကောင်းတာကို စွဲမက်ကြတာလား၊ မင်းတို့ ပြောစမ်း''

''ဟို အဲ အဲဒါက''

နေချိုသွေးရဲ့ ကတ်သီးကတ်သတ် အမေးကို နိုင်ဦးတို့ဖြေဖို့ ခက်သွား၏ ။ ကိုယ့်အဖြေမှားလျှင် နေချိုသွေး အားမနာတမ်း ဖဲ့ပေလိမ့် မည် ။

''မင်းတို့ မဖြေတတ်တာလား၊ မဖြေနိုင်တာလား၊ ဒါမှမဟုတ် မိန်းမဆိုပြီးရော သိမ်းကျုံးခံစားချင်တဲ့ မင်းတို့အကျင့်ကြောင့် ဖြေရခက် နေတာလား''

''သွေး မင်း ပြောတာကြီးက ငါတို့ကပဲ''

''အေးလေ ငါတို့က မိန်းမမြင်တိုင်း ငမ်းငမ်းတက်နေတာ ကျနေတာပဲ''

''မဟုတ်ဘူးလား''

''ဟုတ်တော့ ဟုတ်တာပေါ့၊ အဲ မဟုတ်သေးပါဘူး၊ မယ်သီလ ရှင် လူထွက်နဲ့ အရူးမရဲ့ အလှတော့ မခံစားပါဘူး၊ ကျန်တာတော့ နှာဘူး မဟုတ်ရင် ဂန်ဒူး ဖြစ်သွားမှာ စိုးလို့''

''မျက်စိအစာကျွေးတဲ့ အထဲမှာ လန်းနေတဲ့ အသက်ကြီးကြီး အန်းဒိတ်လေဒီကြီးတွေ လည်း ပါတယ်ဆိုတာ ထည့်ပြော''

''သွေး မင်း ပြောလိုက်ရင် တစ်လုံးကြီး၊ သူငယ်ချင်းချင်း အတိုးအလျော့နဲ့ ဆင်ခြင်စမ်းပါ''

''အဲဒါကြောင့် ဒီကောင့်ကို ကောင်မလေးတွေ ဝေဖန်တာ''

''ဘာ ဘာလဲ ဘယ်သူက ဝေဖန်တာလဲ''

ဒါကျတော့ သိချင်စိတ်နှင့် နေချိုသွေး ဆတ်ဆတ်ခါသွားသည်။ ပြောတဲ့သူသိလျှင် တဲ့တိုးသွားပြီး ရန်တွေ့ တတ်တာမို့ နိုင်ဦးတို့ တစ် ယောက် နှင့် တစ်ယောက် အကြည့်ဆုံရင်း အသံတိတ်သွားကြ၏ ။

''ဟိတ်ကောင်တွေ ပြောလေကွာ၊ ငါ့ကို ဘယ်သူ မဟုတ်က ဟုတ်က ဝေဖန်တာလဲ၊ ငါ့အကြောင်းနဲ့ငါ ဘယ်သူမှ ပြောစရာမလိုဘူး၊ နောက်မပြောရဲအောင် ငါ အခုသွားရှင်းမယ်''

''အေး မင်း အဲလို ရန်တွေ့ တတ်တာကို ပြောစရာ ဖြစ်နေတာ၊ ထစ်ခနဲဆို ယောက်ျား မိန်းမမရွေး ပြဿနာ ရှာတတ်တဲ့ မင်းအကျင့် ကို ပြင်စမ်းပါကွာ၊ လူတွေ ကို အလျော့ပေး ဆက်ဆံရတာ မင်းအတွက် ဘာတွေ များ နစ်နာသွားလို့လဲ''

''ဟ နစ်နာတာပေါ့၊ ကိုယ့်ရဲ့ မာနနဲ့သိက္ခာ ထိခိုက်တယ်၊ တစ်ခါ သည်းခံလိုက်ရင် ကိုယ့်ကို ပိုင်းသွားမယ့်သူချည်းပဲ၊ လူဆိုတာ ကိုယ့်အထာနဲ့ကိုယ် နေတတ်ရတယ်ကွ''

''အဲဒါတော့ ဟုတ်ပါတယ်၊ ချစ်သမီးလို မိန်းကလေးဆိုရင် တော့ ပြတ်ပြတ်သားသား တင်းလိုက်တာ မင်း မှန်တယ်၊ လူကိုမြင်တိုင်း ရန်စောင်နေတာ အငြိုးကြီးမယ့်ပုံပဲ''

ဒါကျတော့ မင်းစိုးက ထောက်ခံသည်။ ဆုံလိုက်တိုင်း ဗလိုင်း ကြီး ချစ်သမီး ရန်စတိုက်ခိုက်တာ ကိုယ်တွေ လည်း အသိ။

ရင်မဆိုင်ချင်လျှင် ရှောင်ထွက်သွားတာ အကောင်းဆုံးပေါ့။

အခုတော့ နှစ် ယောက် စလုံးက ရှောင်လျှင် အလျော့ပေးရာ ရောက်မှာ စိုးလို့လား မသိ။ တမင်တကာ ဇာတ်တိုက်ကာ ရန် ဖြစ်နေ ကြသည်လို့တောင် အောက်မေ့ရသည်။

ကိုယ်တွေ တောင် ပတ်ဝန်းကျင်ကို အားနာကာ အနေကျုံ့ရ၏ ။ မင်း ဘာလို့ ချစ်သမီးကို မုန်းနေတာလဲဟု သွေးကို မေးကြည့်တော့

''အရင်ဘဝကတည်းက ရန်ဘက် ဖြစ်ခဲ့လို့ နေမှာ ပေါ့၊ ကြီး ကျယ်တဲ့ မိန်းမတွေ ကို ငါ အရမ်းမုန်းတယ်''

ထိုအချိန်က မင်းကရော မကြီးကျယ်လို့လားဟု အငေါ်တူး မေးခဲ့မိဖို့ ကောင်းသည်။ နေချိုသွေးဆိုတာလည်း အဲလို မာနတံခွန်ဖြင့် ကြီးကျယ်သည့်ကောင်မျိုးပါ။

ဒါကြောင့် လည်း နိုင်ဦးက ချစ်သမီးနှင့်လိုက်ဖက်သည်လို့ ပြော တာနေမှာ ။

နေချိုသွေးက အရည်ပျော်လုလု ဖြစ်နေသော ရေခဲမုန့်တွေ ကို ဇွန်းလေးနှင့် ခပ်စားနေရင်းမှ

''အငြိုးကြီးတဲ့ မာနကြီးတဲ့ ဘဝင်မြင့်ကြီးကျယ်လွန်းတဲ့ မိန်းမ တွေ က ဘယ်လောက်လှလှ အချစ်နဲ့မထိုက်တန်တဲ့သူတွေ ပဲ၊ ရုပ်ဆိုးပြီး စိတ်ထားပြည့်ဝ ရိုးစင်းတဲ့ မိန်းမတွေ ကို ယောက်ျားတွေ စွဲလမ်းတာ ချစ်စရာကောင်းလို့ပေါ့''

''ဒါဆို မင်းက ရုပ်ဆိုးဆိုး မိန်းမတွေ ပဲ ရွေးချယ်မှာ လား''

''အဲလိုလည်း မဟုတ်ဘူးလေကွာ၊ လှတဲ့ မိန်းမတိုင်း စိတ်ရင်း မကောင်းဘူးလို့ ပြောနေတာမှ မဟုတ်တာ၊ ဥပမာ ချစ်သမီးလို မိန်းမမျိုး''

''အဲဒါ မင်းအမြင်စောင်းနေတာရော မ ဖြစ်နိုင်ဘူးလား၊ အရည်အချင်းရှိ ထက်မြက်လွန်းတဲ့ မိန်းမမို့ မာနကြီးတယ်၊ ကြီးကျယ် တယ်လို့ ထင်ရတာ မျိုးပေါ့''

''ဘာထက်မြက်တာလဲ၊ ဘာအရည်အချင်းရှိတာလဲ၊ အလကား မိန်းမ''

''မင်း အဲလို မှိုချိုးမျှစ်ချိုး မပြောနဲ့ သွေး၊ ချစ်သမီးက မြန်မာပြည်မှာ ကြီးကျယ်ခမ်းနားဆုံး ချစ်သမီး Beautly Feaction ဖွင့်ထားတာတဲ့၊ ပြီးတော့ နိုင်ငံခြားထိတောင် ဖက်ရှင်ဒီဇိုင်နာ သင်တန်း တက်ထားတာလို့ ပြောတယ်၊ အခု ကိုရီးယား ဘာသာစကားကို အခြေခံ ကစပြီး သင်နေတာလည်း အဲဒီ လုပ်ငန်းအတွက် အရေး ပါလို့ပဲ''

''ဘာ''

''အေး ကိုရီးယား အလှပြင်ပစ္စည်းတွေ ၊ အဝတ်အထည် ဖက်ရှင်တွေ လက်ခံဖို့အတွက် ကိုယ်စားလှယ်လုပ် ဖြန့်ဖြူးဖို့ ပါမစ်ရ ထားလို့ ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင် လေ့လာနေ တာ သူ့ရဲ့ ချစ်သမီး Beautly Feaction ကလည်း အောင်မြင်နေပြီ၊ အရင်က သူ့အမေလက်ထက်မှာ တခြားနာမည် နဲ့လုပ်နေလို့ လူသိပ်မသိ တာ၊ အခုတော့ အဲဒီ နာမည် နဲ့ နိုင်ငံတကာထိတောင် ထိုးဖောက်ဖို့ ကြိုးစားနေတာ''

''ဟာ သိလှချည်လား၊ အင်တာနက်ကနေ စပ်စုလာတာ ထင် တယ်၊ ဟုတ်လား နိုင်ဦး''

အရမ်းကို အတိအကျ ပြောနေတာမို့ မင်းစိုးက မျက်ခုံးပင့်ကာ ကြားဝင်မေး၏ ။ နေချိုသွေးက ရေခဲမုန့် နောက်တစ်ခွက် မှာ စားရင်း စိတ်မဝင်စားသလို လုပ်နေလိုက်သည်။

''သိဆို အေမီဆိုတဲ့ ချစ်သမီး သူငယ်ချင်းမလေးကို စပ်စု လိုက်တာပေါ့''

''ဟင် မင်းက ဘာလို့ ရှုပ်ရှုပ်ယှက်ယှက် သွားရောတာလဲ၊ ကိုယ့်အထာနဲ့ကိုယ် နေကြစမ်းပါဆိုကွာ၊ ချစ်သမီးက သူငယ်ချင်းဆိုတော့ အေမီ မြှောက်ပင့်ပြောလွှတ်လိုက်တာကို ယုံတာ၊ အံ့သြစရာပဲ''

''ပြောရုံနဲ့တော့ ယုံမလားကွ၊ ငါ ကိုယ်တိုင် သွားပြီး လေ့လာ အကဲခတ်တာ''

''ဘာ''

အလန့်တကြား အော်လိုက်တာမို့ နေချိုသွေး လက်ထဲက ရေခဲ မုန့် ဇွန်းလေးတောင် အောက်ပြုတ်ကျသွားသည်။ နိုင်ဦး စပ်စုတတ်တာ သိနေပေမယ့် ချစ်သမီးနဲ့ ပတ်သက်တာကို နားလည်မပေးချင်။

''မင်းက ဘာလို့ အဲဒီ ကို ရောက်သွားရတာ လဲ၊ ငါ့ကို သစ္စာ ဖောက်တာလား နိုင်ဦး''

''မဟုတ်ပါဘူးကွာ၊ ငါ မျက်နှာပေါင်းတင် ခေါင်းလျှော်ရင်းနဲ့ သွားလိုက်တာပါ၊ အဲဒီ မှာ အေမီနဲ့ တွေ့ တော့ သူက အရင် နှုတ်ဆက် တာနဲ့ စကားစပ်မိပြီး''

''ခွီးတဲ့ ယောက်ျားလေး လုပ်တဲ့ဆိုင် သွားပါလား၊ မင်းလို ဂျီပုံးနဲ့တော့ ခက်တာပဲ''

နေချိုသွေး ပျစ်ပျစ်နှစ် နှစ် ပြောသော်လည်း ကနွဲ့ကလျနှင့် မိန်းမဆန်ဆန် အလှပြင်ချင်သော နိုင်ဦးက စိတ်မဆိုး။ ဘယ်ချိန် ဖြစ် ဖြစ် တို့ပပ်(ပ်)လေးနှင့် တဖတ်ဖတ်ရိုက်ပြီး မျက်နှာလေး မှု န်ဖွေးနေအောင် နေတတ်သူ။

ပြီးတော့ မိန်းမဆန်ဆန် စပ်စုပြီး သိမ်သိမ်မွေ့မွေ့ နေချင်သူ။ မင်းစိုးက နိုင်ဦးပခုံးကို ဖတ်ခနဲ ပုတ်ပြီး

''မင်းတကယ် အခြောက်စိတ် ပေါက်နေပြီ ထင်တယ်၊ အဒေါ် တွေ အစ်မတွေ နဲ့နေပြီး စပ်စုချင်လိုက်တာလည်း လွန်ရော၊ ကဲ ပြောစမ်း ပါဦး၊ ချစ်သမီး ဘယ်လောက်တောင် ချမ်းသာပြီး ထက်မြက်သလဲဆို တာ''

''ခုနက ပြောပြီးပြီလေ၊ အဲဒီ အလှပြင်ဆိုင်က သူ့အမေဆုံး ပြီး သူ့လက်ထက်ကျမှ ချစ်သမီး နာမည် နဲ့ ပိုအောင်မြင်လာတာပါဆို၊ သူ့အဖေက နိုင်ငံခြား သင်္ဘောက အရာရှိတဲ့၊ ချမ်းသာလိုက်တာမှ မျိုးရိုးစဉ်ဆက် ကျိကျိတက်ပဲ၊ ဖအေကြီးကလည်း တစ်ဦးတည်းသော သမီးလေးကို ချစ်လိုက်တာ တုန်လို့''

''အဲဒါကြောင့် မာနတွေ မိုးပျံနေတာပေါ့''

''ဟင့်အင်း အဲဒါကိုပဲ အေမီက အံ့သြလို့ ငါ့ကိုပြောပြတာ၊ ချစ်သမီးက တခြားလူတွေ အပေါ် ဆက်ဆံတာ အဲလို မဟုတ်ဘူးတဲ့၊ အရမ်းကိုယ်ချင်းစာပြီး ကူညီတတ်တာတဲ့လေ၊ ဝန်ထမ်းတွေ အပေါ်လည်း ကြီးကြီးငယ်ငယ် ငဲ့ညှာမှု ထောက်ပံ့မှု ရှိတယ်၊ နေချိုသွေးနဲ့ကျမှ ဘယ်လို ရန်စရှည်သွားလဲ မသိဘူးတဲ့''

''ပြီးတော့ ဘာပြောသေးလဲ''

''နေချိုသွေးက အမြင်ကတ်စရာ ကောင်းလို့လည်း ဖြစ်မှာ ပေါ့ တဲ့''

''ဘာ အေမီက ပြောတာလား''

''ဟော အစပေါ်သွားတော့ အေမီကို ရန်သွားလုပ်တော့မလို့ မဟုတ်လား၊ မင်းနဲ့ရန်စရှိတာ ချစ်သမီးနော်၊ အေမီကို သွားမကွိုင်နဲ့၊ တော် ကြာ ငါ့ကို မကောင်းထင်နေဦးမယ်''

''အခြောက်မ ဒါကြောင့် ကိုယ့်ဘာသာနေပါလို့ ပြောတာ၊ ပြဿနာ ဖြစ်အောင် မင်းအစပျိုးနေတာ၊ သွေးစိတ်လည်း သိရဲ့ လားနဲ့''

''ဟဲ့ မင်းစိုးရဲ့ ငါ မပြောလည်း သူတို့နှစ် ယောက် က ခွေးနဲ့ ကြောင်လို အမြဲရန် ဖြစ်နေကြတာပါ၊ တို့မီးရှို့မီးလုပ်စရာ ဘာအကြောင်းမှ မရှိဘူး၊ ဟွန်း မပြောလိုက်ချင်ဘူး''

နိုင်ဦးက မျက်စောင်းထိုးကာ ခေါင်းကို ဆတ်ခနဲ ခါလိုက်သည် မို့ မင်းစိုးနှင့် နေချိုသွေး တဟားဟား အော်ရယ်လိုက်ကြသည်။ ကိုယ့် လွတ်လပ်ခွင့်နှင့်ကိုယ် ဘယ်သူမှ ဂရုစိုက်ဖို့ သတိမရ။

ပျင်းပျင်းရှိတိုင်း နိုင်ဦးကို စနောက်ရင်းဖြင့် သူတို့ရဲ့ ကိုယ် ပိုင်ဘဝလေးက...။

* * *



အခန်း (၃)

သင်တန်းဆင်းချိန်က ညနေ ငါးနာရီ။

ပွဲတစ်ပွဲက လက်ခံထားတာ ဆိုင်က ဝန်ထမ်းတွေ နှင့် လွှဲ ထားလို့ရသော်လည်း ကိုယ်တိုင်ကြီးကြပ် စီမံချင်သေးသည်မို့ နာရီဝက် လောက် သင်တန်းစောဆင်းလာခဲ့သည်။

ကားပါကင်နား ရောက်မှ နောက်က ခြေသံ တဖျပ်ဖျပ်ကြောင့် ခြေလှမ်းရပ်၍ ချာခနဲ နောက်လှည့်ကြည့်မိစဉ်မှာ နေချိုသွေးနှင့် ရင် ချင်းအပ်မတတ် မျက်နှာချင်းဆိုင် တဲ့တိုးကြီး ဖြစ်သွားရသည်။

''ဘာ ဖြစ်တာလဲ ဘာလို့ ငါ့နောက်က လိုက်လာတာလဲ''

''လိုက်ချင်လို့ လိုက်လာတာ မဟုတ်ဘူး၊ ရှင်းစရာရှိလို့''

''ဘာရှင်းမှာ လဲ၊ နင်လိုကောင်နဲ့ ငါက ဘာရှုပ်ထားလို့လဲ၊ စပ်စပ်ယှက်ယှက် လာမလုပ်နဲ့၊ ငါ အရေး ကြီးကိစ္စရှိလို့ သင်တန်းစော ဆင်းလာတာ''

''ငါကလည်း နင်နဲ့ စာရင်းရှင်းစရာရှိလို့ကို ဆရာ့ကိုပြောပြီး လိုက်လာတာ၊ နင် ငါ့ကွယ်ရာမှာ ငါ့ကို အမြင်ကတ်လို့လေး ဘာလေးနဲ့ ဘာလို့ အတင်းတုတ်နေတာလဲ''

''ဘာ အတင်းတုတ်တယ် ဟုတ်လား၊ ဟဲ့ နင်တို့ယောက်ျား တွေ ရော ငါ့အကြောင်း အတင်းမတုတ်ကြဘူးလား၊ ငါတို့ မိန်းမတွေ ပြောတော့ အတင်းတဲ့၊ နင်တို့ယောက်ျားတွေ ကျတော့ သတင်းတဲ့၊ အဲလို ဆင်ခြေပေးချင်သေးလား၊ ချစ်သမီးကိုတော့ ဒါမျိုး လာမဖောနဲ့နော်၊ ပြောစရာရှိရင် ပြောမှာ ပဲ၊ အပြောမခံချင်ရင် အပြောမခံရအောင်နေ''

သွက်သွက်ခါ တရစပ် ပြောပြီး ချစ်သမီး ကားတံခါးဆွဲဖွင့် လိုက်သည်။ သူမ လက်ကို နေချိုသွေး ပုတ်ချကာ ဗြုန်းခနဲ ကားတံခါး ပြန်ပိတ်ပစ်လိုက်၏ ။

''ဒါ ဘာလုပ်တာလဲ''

''မင်းပြောချင်တာတွေ ချည်း ပြောသွားလို့ မရဘူးလေ၊ နောက် တစ်ခါ ငါ့အကြောင်း မဝေဖန်မိအောင်နေလို့ ငါ သတိပေးတဲ့စကားကို လည်း နားထောင်ဦးမှပေါ့''

''အောင်မာ ငါက ဘာလို့ နင် ပြောတဲ့စကားကို နားထောင် ရမှာ လဲ၊ ချစ်သမီးဆိုတာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ကိုယ့်စိတ်ကြိုက် နေတာ၊ သူများ အမိန့်ပေးတာ နာခံတတ်တဲ့ မိန်းမစားမျိုး မဟုတ်ဘူး သိလား၊ အရမ်းဆရာကြီးလုပ်ချင်နေရင်လည်း ချီးပုံးသာ သွားထမ်း''

''ဘာ မင်း ရိုင်းလှချည်လား၊ ဘယ်လိုမိဘက မွေးထားတာ လဲ''

''နင်နော် ငါ့မိဘကို ဆွဲရမ်းမပုတ်ခတ်နဲ့၊ ဟွန်းယောက်ျား ဖြစ်ပြီး ကတ်ဖိုးကတ်ဖဲ့ တင်တင်စီးစီးကို နိုင်တယ်''

''ဟာ ဒီမိန်းမ''

ချစ်သမီးက သူမ ပြောချင်တာတွေ ပြောပြီး သူ့ကို တွန်းထိုး ကာ ကားပေါ်တက်ကာ မောင်းထွက်သွားသည်။ ခပ်ဝေးဝေးရောက်မှ လက်နောက်ပြန် တာ့တာ ပြသွားသေး၏ ။

''တောက်''

ကျယ်လောင်သော တက်ခေါက်သံနှင့် လွယ်အိတ်ကြိုးစကို တင်းတင်းဆုပ် ဆွဲထားမိ၏ ။ ဒီမိန်းမနှင့်တွေ့ တိုင်း မခံမရပ်နိုင် ဒေါသများ ဖြင့် အခုလို အကြိမ်ကြိမ် ပေါက်ကွဲရမြဲပင်။

ဘာကြောင့် များ အထုံရေစက်က ရန် ဖြစ်ဖို့ ကံဇာတာ ပါလာ ရတာ လဲ။ မျက်နှာကြော မတည့်ရသည့် အကြောင်းအရင်းက ထူးထူး ခြားခြား ကြီးကြီးမားမားလည်း မဟုတ်။

မာနနှင့်မခံချင်စိတ်ကြောင့် တုံ့ပြန်မိရင်း တင်စီးမခံချင်တော့ တာပင်။

''ဟိတ်ကောင် ဘာ ဖြစ်နေတာလဲ''

နိုင်ဦးနှင့် မင်းစိုး ပခုံးပုတ်မေးမှ မေးကြောကြီးတွေ တင်းရင်း ပြီး လက်သီးဆုပ်ထားမိခြင်းကို ဖြေလျော့ရ၏ ။

''တောက် ချစ်သမီးပေါ့''

''ထင်တယ် ချစ်သမီး ထွက်သွားပြီး မင်း လိုက်သွားကတည်းက ပြဿနာတက်တော့မယ်ဆိုတာ မမြင်ချင်ယောင် ဆောင်နေလိုက် ပြီး ရောကွာ၊ ဘာလို့ တကူးတက လိုက်ပြီး ပြဿနာရှာနေတာလဲ''

''မိန်းမတွေ က ငြိမ်ခံနေရင် ရောင့် တက်တယ်ကွ၊ အားနွဲ့ပါ တယ်ဆိုပြီး ညှာနေလို့ မရဘူး၊ ငါ ကတော့ ကြုံရင် ကြုံသလို ဖဲ့မှာ ပဲ''

''ချစ်သမီးမှာ လည်း အဲဒီ လို စိတ်ကူးရှိနေတယ် ထင်တယ်နော်၊ သူ့မှာ မင်းထက် မလျော့တဲ့ မာနတွေ မခံချင်စိတ်တွေ ရှိတယ်''

''ငါကလည်း အဲဒါမျိုးတော့ ပျင်းတောင် ပျင်းသေးတယ်၊ ပြိုင်ဘက် တစ်ယောက် လို သတ်မှတ်ပြီးရင် ဘယ်တော့မှ အရှုံးမပေးဘူး''

''လူ တစ်ယောက် ကို အဆုံးအစမရှိ အမုန်းကြီး မုန်းနေရင် ဘယ်သူဖျက်ဖျက် ခွဲခွာလို့ မရအောင် အချစ်ကြီး ချစ်တတ်သွားတတ် တယ်နော်၊ အလွန်အကျွံတွေ မ ဖြစ်စေနဲ့''

နိုင်ဦး စကားကြောင့် နေချိုသွေး ဆံပင်တွေ ကို ဆတ်ခနဲ ဆွဲ သပ်ခါကာ ထောင့်ချိုးညီ နှုတ်ခမ်းလေး လှုပ်ခတ်ရုံ မဲ့ပစ်လိုက်၏ ။

''နိုင်ဦး ငါ့မျက်နှာကို ကြည့်ထား၊ ချစ်သမီးလို မိန်းမမျိုးကို ဘယ်တော့မှ မချစ်ဘူး''

''အပြောမကြီးစမ်းပါနဲ့ သွေးရယ်၊ နင်ကလေ အချစ်နဲ့ပတ် သက်ရင် ကျိန်စာသင့်ထားသလိုပဲ သိလား၊ နင် အဲလို ဘဝင်မြင့်နေလို့ ချစ်သူမရတာ ၊ ငါ့အတွက်များ သီးသန့်နေရာ ချန်ထားတာလား''

''သွားစမ်းပါ ရွံစရာကြီး ရုပ်ကြမ်းကြီးနဲ့ နွဲ့နေတယ်၊ မင်း အတွက်က ဟိုမှာ မင်းစိုး လာနေပြီ''

ကားပါကင်ဘက် လာနေသော မင်းစိုးကို မေးငေါ့ပြ၍ နိုင်ဦး ကို အာရုံပြောင်းပေးရသည်။ နိုင်ဦးက အတည်လိုလို ပြောင်တာလိုလို နှင့် အရမ်းတွယ်ကပ်ချင်သည့်ကောင်။

''မင်းတို့က တစ်ယောက် ပြီး တစ်ယောက် ဆင်းပြေးလိုက်ကြ တာ၊ ဘာ ဖြစ်တာလဲဟ''

''သွေးပေါ့ ချစ်သမီးကို လိုက်ပြီး ကွိုင်ရှာတာလေ''

''ဟာ အဲလို ဗလိုင်းကြီးတော့ မကွိုင်နဲ့လေ သွေးရ၊ တိုက်ဆိုင် လို့ ဘက်ကန်တာက တစ်မျိုးပေါ့''

''သူ ဆော်ထားတာတွေ အစာမကြေလို့ပေါ့ကွာ၊ အနိုင်ပိုင်းလို့ ရပြီဆိုမှ ရပ်သင့်ရင် ရပ်မယ်''

''အခု မင်းနိုင်လိုက်ရတဲ့ အလှည့်မရှိသေးဘူးလို့ ဝန်ခံတာ လား''

မင်းစိုး စကားကြောင့် သွေးမျက်နှာနီရဲသွား၏ ။ ထူတန်းနေ သော မျက်ခုံးနှစ် ခု အလိုမကျစွာ စုကျုံ့သွားရင်း

''မိန်းမ တစ်ယောက် ကို အရှုံးပေးတယ်ဆိုတာ ငါ့ရာဇဝင်မှာ မရှိဘူး၊ ချစ်သမီးကို ပြိုင်ဘက် တစ်ယောက် လို ဆက်ဆံနေရတာ လည်း ငါ့မှာ ပျင်းချိန်မရှိတော့ဘူးပေါ့ကွာ၊ အနိုင်အရှုံးနဲ့ မိန်းမ တစ်ယောက် ကို ပတ်သက်ရတာ သင်တန်းလာတက်ရတာ တောင် အဓိပ္ပါယ်ရှိလာသလိုပဲ၊ ပျော်လို့တော့ မဟုတ်ဘူးနော် စိတ်လှုပ်ရှားလို့''

ကိုယ့်ဘာသာ ပြော၍ သဘောကျပြီး ပြုံးလိုက်မိ၏ ။

နိုင်ဦးနှင့်မင်းစိုး နားမလည်သလို သူ့ကို ကြောင်တောင်တောင် ကြည့်နေတာကို နေချိုသွေး ဂရုမပြုမိ။

စိတ်ထဲမှာ ချစ်သမီးနှင့် ရန် ဖြစ်ဖို့တွေ အစီအရီ တွေးရင်း...။

* * *



အခန်း (၄)

''အတွေးနဲ့တင် အလုပ်လုပ်လို့ မရဘူး သွေး၊ သွေးက လုပ်ငန်း လုပ်မယ်ပြောပြီး အကောင်အထည်လည်း မပေါ်သေးဘူး၊ ဘာသာစကား တွေ သင်တန်းတွေ တစ်ခုပြီးတစ်ခု တက်ပြီး အချိန်ဖြုန်းနေတာပဲ''

''အဲလို မပြောပါနဲ့ ယဉ်ယဉ်ရာ၊ သင်တန်းတက်တယ်ဆိုတာ လည်း အလုပ်လုပ်နေတာပဲ၊ အခုခေတ်က ဘာသာစကားမျိုးစုံ တတ်ပြီး လက်တွေ့  ပရယ်တီကယ်တွေ ရှိမှ လုပ်ငန်းလုပ်တဲ့နေရာမှာ အသုံးဝင်မှာ ၊ စာတတ်ဘွဲ့ရရုံနဲ့ ယဉ်ယဉ်တို့ခေတ်ကလို လူရာဝင်တာ မဟုတ်တော့ဘူး၊ နိုင်ငံတကာက စီးပွားရေး ဈေးကွက် ချဲ့ထွင်လာတာနဲ့အမျှ သွေးတို့က အမီလိုက် ရင်ပေါင်တန်းနိုင်မှ အောက်မကျတော့မှာ ပေါ့ ယဉ်ယဉ်ရ''

''ကိုကြီးကျယ် ကတော့ ပြောတော့မယ်၊ ကမ္ဘာနဲ့ချီတဲ့ စကားလုံး အကြီးကြီးတွေ ဟွန်း''

ဟွန်းခနဲ မျက်စောင်းထိုးလိုက်မိပေမယ့် အပြစ်တင်သည့် အမူ အရာမျိုးနှင့်တော့ မဟုတ်ပါ။

မိမိဘဝက ဒီတူလေး တစ်ယောက် သာ တွယ်တာစရာ ရှိတော့ တာ မဟုတ်ပါလား။ ခဲအိုနှင့် မမ ဆုံးတော့ နေချိုသွေး အသက်က ဆယ်နှစ် သား အရွယ်လောက်ပဲ ရှိဦးမည် ။

မိဘမောင်ဘွား မရှိတာမို့ မမ အိမ်ထောင်ကျတော့ မမအိမ် မှာ လိုက်နေရင်း ပညာသင်ရသည်။ မိမိရသည့် အမွေအနှစ် တွေ ကို ဘဏ်မှာ အပ်ခိုင်းထားပြီး ခဲအိုကလည်း မငြိုမငြင် ထောက်ပံ့ စောင့် ရှောက်ခဲ့၏ ။ ထိုကျေးဇူးတွေ ကို ဒေါ်ယဉ်ကျေးနွယ် အလဟဿ အခွင့် အရေး မယူခဲ့ပါ။

အိမ်မှု ကိစ္စတွေ ဝိုင်းကူလုပ်ရင်း တူလေး နေချိုသွေး မွေးလာ သည့် အချိန်မှာ သား အရင်းကဲ့သို့ ပြုစုစောင့်ရှောက် ဂရုစိုက်ခဲ့သည်။ တစ်ဖက်က ရတနာဆိုင်လုပ်ငန်းကိုလည်း ကူညီကြီးကြပ်အုပ်ချုပ်မှု မှာ တာဝန်ယူခဲ့၏ ။

နောက်ပိုင်း ဘုရားဖူး ထွက်ရင်း ခဲအိုနှင့် မမ ကားအက်ဆီးဒင့် ဖြစ်ကာ ဆုံးတော့ ကံကောင်းထောက်မစွာ ကျန်ရစ်သော တူလေး နေချိုသွေးအပေါ် အချစ်တွေ ပုံကာ ဘဝတစ်ခုလုံး မြှုပ်နှံလိုက်သည်။

ချစ်ဦးသူကိုတောင် သတိမရ၊ အမှတ်မရနိုင်တော့သည့် အ ဖြစ် ရယ်ပါ။ တစ်ယောက် ဆို တစ်ယောက် သစ္စာရှိရှိ ချစ်ခဲ့ပေမယ့် ဟိုအရင် ကတည်းက ဖူးစာလွဲခဲ့ရသည့် ကံကြမ္မာပါပဲလေ။

''ယဉ်ယဉ် စကားပြောနေရင်းနဲ့ ဘာ ဖြစ်သွားတာလဲ''

''ဟင် ဘာ ဘာမှမ ဖြစ်ပါဘူး သွေးရဲ့ ''

နေချိုသွေး လက်တို့ကာ ပြောလိုက်တာမို့ ဒေါ်ယဉ်ကျေးနွယ် ဆတ်ခနဲ တုန်ကာ လန့်ဖျပ်သွားရသည်။ နေချိုသွေးက ရယ်ကျဲကျဲလုပ် ၍

''ဘာမှမ ဖြစ်ပါဘူးလို့ ဖုံးကွယ်မနေပါနဲ့၊ ယဉ်ယဉ် ရည်းစား ဟောင်းအကြောင်း တွေးနေတာ သွေး မသိဘူး ထင်နေလား''

''ဟဲ့ လူကြီးကို ကလေးကလားစကားတွေ ပြောနေရလား၊ သွေးနော် အရောဝင်လို့ အရိုအသေ မတန်နဲ့''

''ယဉ်ယဉ်ကလေ အဲလို သိုသိပ်လွန်းလို့ အပျိုကြီး ဖြစ်နေတာ သိလား၊ နေရာတကာ အကောင်းမြင်ဝါဒ မရှိတာလည်း အပျိုကြီး ဇာတာကြောင့် ပဲ''

''ဟယ် ကြည့်စမ်း ကြည့်စမ်း အဒေါ်ကိုများ ပျစ်ပျစ်နှစ် နှစ် ပြောနေတာ သူ့သူငယ်ချင်း ကျနေတာပဲ၊ မင်းကလေ ငယ်ငယ်ကတည်း က အလိုလိုက်ချစ်ခဲ့လို့ အဒေါ်ကို လေးစားရကောင်းမှန်းကို မသိတော့ ဘူး၊ မင်းအဖေနဲ့ အမေသာရှိရင် တိုင်ပြောလိုက်တယ် သိလား''

အဖေ အမေဆိုသည့် အသံကြားတော့ သွေး မျက်နှာလေး ညှိုးငယ်သွားသည်။ အခုလိုဆိုတော့ အပြောင်အပျက် စနောက်မိတာ စိတ်မကောင်း ဖြစ်မိ၏ ။

တကယ်ဆို ခဲအိုနှင့် မမအကြောင်း သွေးပြန်ပြီး သတိရအောင် အစမဖော်သင့်။ အခုလိုဆိုတော့ အပြောင်အပျက် စနောက်မိတာ စိတ် မကောင်း ဖြစ်မိ၏ ။

တကယ်ဆို ခဲအိုနှင့် မမအကြောင်း သွေးပြန်ပြီး သတိရအောင် အစမဖော်သင့်။ ဒီကလေးက ငယ်ငယ်ကတည်းက မိမိအပေါ် ဆိုးနွဲ့ အနိုင်ယူနေကြပါ။

အန်တီတို့ တီတီတို့ ခေါ်ဖို့ ဘယ်လောက် သင်ပေးပေး၊ သူ့ အဖေ အမေ ခေါ်သလို ယဉ်ယဉ်ဟုသာ ခေါ်ခဲ့သည်။

ဒါကိုလည်း အပြစ်မယူ ကျေနပ်နေကာ လူထူးလူဆန်း ကလေးဟု ချစ်စနိုး တွေးခဲ့သည်။

အခုလည်း အပြစ်မြင်ပြီး ကြိမ်းမောင်းနေတာ မဟုတ်ပါ။ အရယ်အရွှန်း စနောက်နေရာက ရင်ထဲဆို့နင့်သွားကာ

''ဝမ်းနည်းသွားတာလား သွေး၊ ယဉ်ယဉ်စကားပြောမှားသွား တယ်၊ တောင်းပန်ပါတယ် သွေးရယ်၊ ယဉ်ယဉ်ကလေ''

''ယဉ်ယဉ် စနောက်နေတယ်ဆိုတာ သွေး သိပါတယ်၊ သွေးကို တမင်သက်သက် အစေဖော်ပေးပြီး နစ်နာထိခိုက်အောင် လုပ်နေတာ မဟုတ်ဘူးဆိုတာလည်း သွေး နားလည်ပါတယ်၊ ဒါပေမဲ့ ဒါက မေ့လို့မရ တဲ့ အတိတ်ပဲလေ၊ သွေးက ငယ်သေးတယ်ဆိုပေမယ့် အဲဒီ အချိန်က ဖေဖေနဲ့မေမေရဲ့ အ ဖြစ်ဆိုးကို ခုထိ မြင်ယောင်နေတုန်းပဲ''

''ယဉ်ယဉ်လည်း အခုထိ ရင်ထဲမှာ နာနာကျင်ကျင် ခံစားနေရ တုန်းပါပဲ သွေးရယ်၊ ကလေးကို နတ်တွေ က စောင့်ရှောက်တယ်ဆိုတဲ့ အတိုင်းပဲ၊ သွေးလေး ဘာမှမ ဖြစ်တာကို ဝမ်းသာရပေမယ့် မမတို့ ဆုံးပါးသွားတာ ဖြေမဆည်နိုင်ဘူး၊ အရမ်းသက်တမ်းတိုလွန်းတယ်၊ ဒါပေမဲ့ ဘယ်တတ်နိုင်မှာ လဲ၊ သူတို့ရဲ့ ကံက ဒီလောက်ပဲ ပါတာကိုး''

ဒေါ်ယဉ်ကျေးနွယ် မျက်ရည်ကျတော့ နေချိုသွေးလည်း မနေနိုင် ပါ။ သူ့စိတ်တွေ ကို ဘယ်လောက်ပင် မာကျောခက်ထန်အောင် ထိန်းချုပ် ထားပါစေ၊ မေမေနဲ့ ဖေဖေအကြောင်းကို တွေးလိုက်တိုင်း မျက်ရည်တွေ က အလိုလို ပျော့ညံ့စွာ ပြိုကျဆဲပင်။ ခံစားလွယ်သော နှလုံးသားနုနု အချိန်မှာ ကံကြမ္မာဆိုးကို ရင်ဆိုင်ခဲ့ရတာ ပဲလေ။

ထိုကာလတွေ လွန်မြောက်လာခဲ့သော်လည်း...။

* * *





ဝန်ဇင်းချစ်သူများ နတ်သမီး ၏ “ အချစ်နှင့် မကင်းရာ မကင်းကြောင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လေညင်းဝင်္ကပါ

ငှက်ဆိတ်တဲ့ သစ်သီး

ကကြိုးတွေ သွယ်ကာရစ်ကာ