ကကြိုးတွေ သွယ်ကာ ရစ်ကာ
အခန်း (၁)
တရိပ်ရိပ်မောင်းနှင်နေသော အနက်ရောင် ပရာဒိုကားကြီးထဲမှ မင်္ဂလာဆောင်ပြီးစ အသစ်စက်စက် ဇနီးမောင်နှံ၏ ရင်ဘတ်ကိုယ်စီတွင် မချိဆန့်သော အမုန်းတရားတို့ဖြင့်သာ တစိမ့်စိမ့် စီးဝင်မွေ့လျော်နေကြ သည်။
ထိုအမုန်းတရားတို့သည် ဓားတစ်စင်းလိုလည်း အပြိုင်ထက် ရှနေကြသေးပြန်သည်။
''မင်း သိပ်ပျော်နေလား ရဲရဲနီထွေး''
ခပ်ထေ့ထေ့ မေးလိုက်သော အမေးစကားကြောင့် သတို့သမီး ဝတ်စုံလေးနှင့် လှပတင့်တယ်လွန်းနေသော ရဲရဲနီထွေး ဆိုသည့် ကောင် မလေး။ တစ်နည်းအားဖြင့် သတို့သမီးလေး၏ မျက်ဝန်းအကြည့်တွေ က သတို့သား ဖြစ်သော နက်ရှိုင်းမောင်မောင်ဘက်သို့ ဆတ်ခနဲ လှည့်ကြည့် လိုက်သည်။
တစ်ဆက်တည်းမှာ ပဲ ပန်းဆီရောင် နှုတ်ခမ်းအစုံကို တွန့်ကွေး ရုံလေး ပြုံးလိုက်သည်။
''လောကမှာ မင်္ဂလာဆောင်တဲ့နေ့ မပျော်တဲ့သတို့သမီး ရှိလို့ လား နက်ရှိုင်းရယ်၊ ဒါပေမဲ့ ငါ ပျော်တဲ့အပျော်က ကိုယ့်ချစ်သူနဲ့လက်ထပ် ရလို့ ပျော်တဲ့အပျော်မျိုးတော့ မဟုတ်ဘူး၊ ငါ မုန်းတဲ့လူနဲ့ လက်ထပ်ရလို့ ပျော်တဲ့အပျော်မျိုး၊ ဒါကြောင့် လောကကြီးထဲက သတို့သမီးတွေ နဲ့ ငါနဲ့ ခြားနားခြင်းတွေ တော့ ရှိနေမှာ ပေါ့''
မထိတထိ ပြောနေသော ရဲရဲနီထွေး စကားကြောင့် နက်ရှိုင်း ကားမောင်းနေရင်းမှ မျက်မှော င်ကို စုကျုံ့ပစ်လိုက်ပြီး အံတစ်ချက် ကြိတ်လိုက်သည်။
''ငါလည်း ဒီလိုပါပဲ ငါ လုံးဝမျှော်လင့်ခဲ့တဲ့နေ့ကို ရောက်လာ တဲ့ ဒီနေ့ဟာ ငါ့အတွက်တော့ 'အ'မင်္ဂလာနေ့ တစ်နေ့ပဲ''
ပြင်းထန်လှသော စကားလုံးရင့်ရင့်တွေ က နှစ် ဦးစလုံး၏ အမုန်း တရားနှင့် နာကျင်ခြင်းတွေ ကို အုတ်နံရံနှင့် အကြိမ်ကြိမ် လွှဲရိုက်ခံရသလို စိတ်ဓာတ်တွေ အတူတကွ နာကျင်ပျက်ပြားနေခဲ့ကြသလို။
လှိုက်ဖိုတက်လာသော ရင်ထဲက အမုန်းပြယုဂ်တွေ မျက်နှာပေါ် သို့ အလုအယက် ဆန်တက်လာကြ၏ ။
''အဟက် ဒါ ကတော့ ငါမှ မိဘစကားကို မလွန်ဆန်နိုင်ခဲ့တာ၊ ဒါပေမဲ့ ငါ့ဘဝကြီးတစ်ခုလုံးကို မိန်းမ တစ်ယောက် ချမှတ်တဲ့ ပုံစံခွက်ထဲမှာ အလိုက်သင့်မျောမယ့်ကောင်တော့ မဟုတ်ဘူးနော်၊ ငါ့ဘဝကို ငါ့စိတ် ကြိုက် အရောင် ခြယ်ပုံသွင်းမှာ ၊ ဒါကြောင့် နင်နဲ့လက်ထပ်လိုက်လို့လည်း ငါ့ရဲ့ အခွင့်အရေး တွေ ဖုန်တစ်မှု န့်စာတောင် လျော့ပါးခံမှာ မဟုတ်ဘူး''
နက်ရှိုင်း တစ်ပြားမှမလျော့သော မာနတို့ဖြင့် မိုးထိအောင် ဆိုသဖြင့် ရဲရဲနီထွေး နှုတ်ခမ်းကို တွန့်ကွေးကာ မဲ့ပြုံးပြုံးလိုက်သည်။
''အဟား နင့်ရဲ့ ကြွက်မြီးလောက်ရှိတဲ့ မာန်လေးနဲ့ ငါ့ရှေ့မှာ ဟန်ရေး လာပြမနေနဲ့ နက်ရှိုင်း နင့်လေလောက်နဲ့ စွန်မတက်ပါဘူးဟယ်''
''အလဲ့ စိန်ခေါ်နေတယ်ပေါ့''
''စိန်ခေါ်ရုံတင်မဟုတ်ဘူး၊ ငါက နင့်ကို ငါ့ဘေးမှာ ထားပြီး နင့်ရဲ့ စိတ်ဓာတ်တွေ အင်အားချိနဲ့လာအောင် တစိမ့်စိမ့်နဲ့ ဖဲ့ချွေစားသုံး ပြမယ်၊ အဲဒါဟာ ငါ့ဘဝရဲ့ အဓိက ပန်းတိုင်ပဲ၊ အဲဒါဟာ ငါ့ရဲ့ ချိုမြိန်ခြင်း တွေ ပဲ''
''အဟား ဒါဆိုရင်တော့ နင့်ရဲ့ ပန်းတိုင်တွေ နင့်ရဲ့ ချိုမြိန်ခြင်းတွေ ကို တစ်ခါတည်း လိပ်ပြီး ပြန်ရွက်သွားလိုက်တော့၊ ငါဆိုတဲ့ကောင်က နင့်ထက်သာတဲ့ ရုပ်ရည်မျိုး ရှိတဲ့မိန်းမတွေ ကို ကုန်ကားတစ်စီးနဲ့တိုက် လာပြီး ငါ့ရှေ့လာချပြရင်တောင် စိတ်ဝင်စားမယ့်ကောင် မဟုတ်ဘူး၊ နင့်လို ရုပ်ရည်မျိုးဆိုရင်တော့ အီးတောင်လှည့်မပေါက်ဘူး၊ အဟတ် ငါ့အီးနံ့က အဲဒီ လောက်တောင် မာနကြီးတာ''
''တော် က နင် နင် လူပါးဝလှချည်လား ဟမ်၊ အဆင့်မရှိတဲ့ ကောင်''
ရဲရဲ ဆွေ့ဆွေ့ခုန်မတတ် ပေါက်ကွဲလေပြီ။
''အဆင့်အတန်း မရှိတဲ့ကောင်က နင့်ယောက်ျား ဖြစ်နေပြီလေ၊ နင့်ရဲ့ အိမ်ထောင်ဦးစီး ဖြစ်သွားတဲ့ငါက အဆင့်အတန်းမရှိဘူးဆိုရင်တော့ နင်လည်း အောက်ကြမ်းခင်းက မိန်းမ တစ်ယောက် ဖြစ်သွားပြီပေါ့''
နက်ရှိုင်း၏ ဟန်က ဘာကိုမှ မမှု သည့်ဟန်မျိုး။ သူ့မျက်ဝန်းတွေ မှာ ရဲရဲကို လှောင်နေသော လှောင်ရိပ်တွေ က အပြည့်အသိပ် တိုးဝင် နေမှန်း သိသာ၏ ။
''ဒီမှာ သွေးလေမညီညွတ်တဲ့ နင့်ရဲ့ ထေ့လုံး ငေါ့လုံးတွေ က အရမ်းအော်ဂလီဆန်ချင်စရာကောင်းတယ်၊ မိန်းမ တစ်ယောက် ကို စကား နိုင်လုပြောတဲ့ အကျင့်က နင့်ဘဝမှာ သိက္ခာအရှိဆုံးလုပ်ရပ်လို့ ထင်နေရင် တော့ နင်ဟာ အခု ငါစီးထားတဲ့ ပင်စဲလ်ဟီးမှာ ကပ်နေတဲ့ မြေမှု န် တစ်မှု န်စာလောက်တောင် တန်ဖိုးမရှိတော့ဘူးနော် နက် နက် အမလေး''
ရဲရဲနီထွေး၏ စကားမဆုံးခင် နက်ရှိုင်း ဒက်စတော့ပ် ဖမ်းအုပ် ပစ်လိုက်တာကြောင့် ရဲရဲ ရှေ့ဘက်သို့ ငိုက်ကျသွား၏ ။
အရှေ့ကို ယိမ်းထိုးသွားသော ခန္ဓာကိုယ်ကို သတိနှင့်ပြန်ထိန်း ရင်း နက်ရှိုင်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏ ။
''နင် မယုတ်မာနဲ့နော် နက်ရှိုင်း''
''ဘာ ယုတ်မာလို့လဲဟ၊ ငါ့ကား ငါမောင်းနေတာ''
''နင့်ကို ငါ သိပ်မုန်းတယ် သိလား''
''မုန်းပေါ့ ငါကလည်း နင့်ကိုမုန်းတယ်၊ နင်က ငါ့ကို ဒူးထောက် တောင်းပန်ပြီး နင့်အချစ်တွေ ငါ့ရင်ဘတ်ထဲ ထည့်ပေးပါ နက်ရှိုင်းရယ် လို့ တောင်းပန်ရင်တောင်မှ ငါ့မှာ နင့်ကိုပေးစရာအချစ်မရှိတော့ဘူး၊ ဘာ ဖြစ်လို့လဲဆိုတော့ ငါက အသက်နှစ် ဆယ်အရွယ်ကတည်းက ငါ့အချစ် တွေ ကို မိန်းမတွေ ဆီ ထုတ်အပ်ပြီးပေးလာတဲ့အတွက် ကုန်သလောက် တောင် ရှိနေပြီ''
''လဲသေလိုက်၊ ငါကများ နင့်ဆီက အချစ်ကို တောင်းခံမယ်ဆို တဲ့အတွေးမျိုး ဘယ်တော့မှ မမျှော်လင့်နဲ့''
ရဲရဲနီထွေး ဒေါသတွေ ဖြင့် ဆူဝေနေသလောက် နက်ရှိုင်း၏ ပုံစံ က မထိတထိ နိုင်လွန်းလှသည်။ သူ့မျက်နှာပေါ်မှာ မိန်းမ တစ်ယောက် ကို နိုင်လိုမင်းထက်ပြောဖို့ ဝန်မလေးသော အားမနာတတ်သော အညှာ တာတရား ကင်းမဲ့သော နှမချင်းမစာနာသော ခပ်ညံ့ညံ့အရိပ်အယောင် တွေ သာ ထင်ဟပ်နေသည်ဟု ရဲရဲနီထွေး မြင်မိသည်။
စိတ်ထဲရှိသည့်အတိုင်းသာဆိုရင် ရင်ထဲက ခံစားချက်တွေ နဲ့ ဒေါသတွေ ကို သမအောင် ရောမွှေပြီး လက်သည်းချွန်ချွန်တွေ နှင့် စိမ်းဖန့် နုချောနေသော သူ၏ မျက်နှာပေါ်ကို သွေးစိမ်ရှင်ရှင်ထွက်အောင် ကုတ်ဖဲ့ ပစ်လိုက်ချင်ပါ၏ ။
ဘယ်လိုရေစက်ကများ ဒီလောက်ထိ ပရမ်းပတာလာဆုံခိုင်းလဲ မသိ။ ရင်ထဲမှာ ပူလောင်ပြင်းရှခြင်းတွေ နှင့်အတူ ကားမှန်ကို ဖွင့်ချလိုက် သည်။ အပြင်မှ ဖြတ်တိုက် တိုးဝင်လာသော လေပြည်နွေးနွေးက ရဲရဲနီ ထွေး၏ ဒေါသဖြင့် တင်းမာနေသော မျက်နှာကို လာရောက်တို့ထိ ပွတ်သပ် ကြ၏ ။
လေပြည်တွေ က သန့်ပြန့်သလောက် ရင်ထဲမှခံစားချက်တွေ က မသန့်ပြန့်ကြ။
''တီ တီ တီ တီ''
ဒေါသတွေ ဖြင့် တိတ်ဆိတ်နေသော တဒင်္ဂထဲသို့ ဖုန်းသံက တိုးဝင်လာသဖြင့် နက်ရှိုင်း ကားမောင်းနေရာမှ ဒက်ရှ်ဘုတ်ပေါ်တင်ထား သည့် ဖုန်းကို လှမ်းယူလိုက်သည်။
''ဟဲလို''
''...''
''သြော် ချစ် ဆောရီးကွာ၊ ကိုယ် တောင်းပန်တယ်''
''...''
''သြော် ချစ်ရယ် ကိုယ် လက်ထပ်လိုက်ပေမယ့် ချစ်ကို ချစ်တဲ့ အချစ်တွေ ကတော့ တစ်ပြားသားမှကို လျော့မသွားဘူး၊ ကိုယ်တို့ ထာဝရ ချစ်လို့ရနေတာပဲ''
''...''
''ခု လာခဲ့ရမယ် ဟုတ်လား၊ အင်း လာခဲ့မယ်လေ၊ ကိုယ်က လည်း ကိုယ့်ရဲ့ ပျင်းစရာကောင်းတဲ့ မင်္ဂလာပွဲအကြောင်းကို ပြောပြချင် နေတာနဲ့ အတော် ပဲ၊ ကိုယ် ခုပဲ လာခဲ့မယ်လေ၊ ချစ်ချစ်ရဲ့ မျက်နှာလေး ကို ဒီနေ့ မမြင်ရတော့ဘူး ထင်နေတာ''
ခပ်ချွဲချွဲခပ်ပျစ်ပျစ် ပြောနေသော နက်ရှိုင်း၏ ဟန်ပန်အပြုအမူ တွေ ကြောင့် ရဲရဲနီထွေး၏ ခန္ဓာကိုယ်မှာ ရှိသည့် အကြောတွေ အားလုံး ထုံး သွားသလို ခံစားလိုက်ရ၏ ။
''ကဲ ဆင်းတော့ ငါ သွားစရာရှိတယ်၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရွေ့တော့''
''ဘာပြောတယ်''
ဒါ သက်သက်ရင့်တာပဲ။ ဘယ်လောက်ပဲ မချစ်ပါဘူးပြောပြော ဒီလိုပြောင်ကျတဲ့အလုပ် ကတော့ မလုပ်သင့်ဘူးဟု ရဲရဲနီထွေး ထင်သည်။ ဒါဟာ ရဲရဲနီထွေးအပေါ် အပြင်းထန်ဆုံး ဗျူဟာကို သုံးလိုက်တာပဲ။
အသံမမြည် သော တက်ခေါက်ခြင်းဖြင့် ရင်ထဲမှာ အပြင်းထန် ဆုံး တက်တစ်ချက် ခေါက်လိုက်သည်။ ရင်ထဲက ခံစားမှု ဒေါသတွေ နှင့် ဆန့်ကျင်သော မထီသော အပြုံးအေးအေးတစ်ခုကိုတော့ မျက်နှာပေါ်ရှိ နှုတ်ခမ်းထက်ပေါ် ခပ်သာသာလေး တင်ထားလိုက်သည်။ နက်ရှိုင်းအမြင် မှာ တော့ ထိုအပြုံးက မမှု သော အပြုံးပေါ့။
မှတ်ထား နက်ရှိုင်း ငါက ချစ်ပြီဆိုရင်လည်း နှလုံးသားတွေ ဗြောင်းဆန်သွားအောင် ချစ်တတ်တယ်။ မုန်းပြီဆိုရင်လည်း မီးကျွမ်း လောင်မတတ် မုန်းတတ်တယ်။ အဲဒီ အမုန်းတွေ ကိုသာ နင့်အပေါ်မှာ စိတ်ရှိလက်ရှိ ထုတ်သုံးရမယ်ဆိုရင် ငါ့အရှက်တရားနဲ့ ဂုဏ်သိက္ခာတွေ ကို ရက်ရက်ရောရော ပေးဆပ်ရင်ပေးဆပ်လိုက်ရပါစေ ငါ မမှု ဘူး။
အဓိကက နင့်ဂုဏ်သိက္ခာတွေ အဖတ်ဆယ်မရအောင် ကျ ဆင်းဖို့။ နင့်အသည်း တွေ စက္ကူစုတ်တစ်ရွက်လို အပိုင်းပိုင်းအစစ ဖြစ်သွားဖို့ နင် ငါ့ရှေ့မှာ ဒူးထောက်လာဖို့ ငါ့အငြှိုးတွေ ကို ငါ လှလှပပကြီး စေခိုင်းပြမယ်။
မိန်းမတွေ ရဲ့ မာယာဟာ ဘယ်လောက် အဆိပ်ပြင်းသလဲဆိုတာ မကြာတော့မယ့်အချိန်မှာ နင် သိလာစေရမယ်။
သိပ်မကြာပါဘူး။
အခန်း (၂)
ဘယ်လောက်ဆိုးဝါးပက်စက်လိုက်တဲ့ အ ဖြစ်လဲလို့။ သတို့သမီး ဝတ်စုံတကားကားနှင့် လမ်းမှာ ချပေးခဲ့သော နက်ရှိုင်း၏ အပြုအမူနဲ့ လုပ်ရပ်ဟာ တော် ရုံ ယုတ်မာပက်စက်ရုံနဲ့တော့ မ ဖြစ်နိုင်။
ဒေါသထွက်လွန်းလို့ ကိုယ့်နှုတ်ခမ်းကို သွေးခြည်ဥသည်အထိကို နာနာကျင်ကျင် ဖိကိုက်လိုက်၏ ။ နက်ရှိုင်း၏ လုပ်ရပ်တွေ က မိန်းမတစ် ယောက် ၏ မာနတွေ ကို တစ်စစီဖဲ့ချွေနေသလို ဖြစ်နေပြီ။ အမုန်းတွေ ခြွေနေကြသူနှစ် ဦး၏ ကြားက ဒီလို မကြာခဏ စိန်ခေါ်မှု တွေ က ဘယ် တော့မှ ပြီးဆုံးနိုင်မည် မထင်။
''တောက် လူယုတ်မာကောင် မြွေပွေးအကောင် တစ်ရာ လောက် တစ်ပြိုင်နက်တည်း ကိုက်ခံရမယ့်ကောင်''
ဆင်စွယ်ရောင် သတို့သမီးဝတ်စုံကြီးဖြင့် ကားနံဘေးတွင် ခပ် ကြောင်ကြောင် ရပ်နေသော ရဲရဲနီထွေးကို ဖြတ်မောင်းသွားသော ကားတွေ ပေါ်မှာ ကြည့်ကြည့်သွားကြသဖြင့် နက်ရှိုင်းအပေါ် ပို၍ ဒေါသပို ကာ တက်တစ်ချက် ခပ်ပြင်းပြင်း ခေါက်ပြီး ခပ်ပျစ်ပျစ် ကျိန်ဆဲပစ်လိုက် သည်။
ရှက်လွန်း၍ ကိုယ့်မျက်နှာကို ပခုံးပေါ်မှာ ခပ်ရို့ရို့တင်ထားသော ဇာပဝါထဲမှာ ဖွက်ထားလို့ရလျှင်တောင် ဖွက်ထားလိုက်ချင်ပါသည်။
''ဟေး နတ်မိမယ်လေး''
''တီ တီ တီ''
''လိုက်မလား''
အလျှိုလျှို နောက်သွားကြသော ပုရိသတွေ ၏ ကျီစယ်သံကို နက်ရှိုင်းကြောင့် ဟူသော အပြစ်တင်ဒေါသတွေ ဖြင့် ဥပေက္ခာပြုကာ ရွှေ ရောင် လက်ကိုင်အိတ်ထဲမှဖုန်းကို ထုတ်လိုက်၏ ။
ဒီလို ရပ်နေ၍ တော့မ ဖြစ်။ တက္ကစီငှားဖို့ကျတော့လည်း လူမပါ သည့် တက္ကစီ တစ်စီးမှမလာသေး။
ဖြတ်လာသမျှ တက္ကစီတွေ မှာ လည်း လူအပြည့်ပါနေ၍ ရပ် မပေး။ ရဲရဲ တားလိုက်တိုင်း လက်ကလေး တစ်ခါခါဖြင့် ပြုံးဖြဲဖြဲကြည့် သွားကြသည်။
ထို့ကြောင့် သူငယ်ချင်း တစ်ယောက် ယောက် ထံသို့ ဖုန်းဆက် အကူအညီတောင်းမှ ဖြစ်တော့မည် ဟု တွေးလိုက်မိသည်။
''ကျွီ''
အနီရောင် ဂျစ်တစ်စီး ရဲရဲနီထွေးရှေ့သို့ ကျွီခနဲ ထိုးရပ်လာ သည်။ ရဲရဲနီထွေး ခပ်ကြောင်ကြောင်လေး ရပ်ကြည့်နေသဖြင့်
''တက်လေ ရဲရဲ နက်ရှိုင်း ဖုန်းဆက်ပြီးပြောလို့ နင့်ကို လာ ခေါ်တာ''
အဖြူရောင် ဂျစ်ပေါ်မှ နက်ရှိုင်း၏ သူငယ်ချင်း ဇော်အောင်၏ အမူအရာက လှောင်ရိပ်စွန်းသော အမူအရာမျိုး။
''ဒီကောင် လူမဆန်တဲ့အလုပ်ကို လုပ်သွားတာလေ ဟွန်း၊ ဒင်းကစပြီး စိန်ခေါ်နေမှတော့ ငါ့ဘက်ကလည်း ပြန်တိုက်ရတော့မှာ ပေါ့''
မကျေမနပ်ဖြင့် မြည် တွန်တောက်တီးပြီး ဆင်စွယ်ရောင် သတို့ သမီးဂါဝန်လေးကိုမကာ အနီရောင် ဂျစ်ကားလေးပေါ်သို့ လှမ်းတက် လိုက်၏ ။
ရဲရဲနီထွေး ကားပေါ်တက်လိုက်သည်နှင့် ဇော်အောင်လက်မှ နာရီကို ငုံ့ကြည့်လိုက်သည်။
''ခြောက်နာရီတောင်ထိုးတော့မှာ ပဲ၊ ငါသာ လာမခေါ်ရင် နင် ဒီအတိုင်းပဲ ဆက်ရပ်နေမှာ လား ရဲရဲ''
''ဒါ နင့်အလုပ်မဟုတ်ပါဘူး၊ ငါ့ကိစ္စပါ''
နက်ရှိုင်းအပေါ် မကျေနပ်သမျှ ဒေါသတွေ ဇော်အောင့်အပေါ် ပုံကျသွားသည်။
သို့သော် ဘယ်လောက်ပဲ ပုံကျကျ ဇော်အောင်က မမှု ။ ပြုံးဖြဲဖြဲ နှင့်သာ ရယ်ရင်း ကားစက်နှိုးလိုက်၏ ။
''ဒါနဲ့ ဒီကောင်က ဘယ်ကို အရေး တကြီးသွားစရာရှိလို့ နင့်ကို လမ်းလယ်ခေါင်မှာ တစ်ယောက် တည်း ထားခဲ့ရတာ လဲ''
ထိုမေးခွန်းကို ရဲရဲ မဖြေချင်။
သို့ သော် မဖြေ၍ မရ။
ဒါမှ သူ့ရဲ့ ယုတ်မာပက်စက်တဲ့လုပ်ရပ်တွေ ကို သူ့အသိုင်းအဝိုင်း က သိမှာ ။
''သူ့အရှုပ်ထုပ်တွေ ထဲက တစ်ယောက် ဖုန်းဆက်လို့ ခု ချက်ချင်း အရေး တကြီး သွားရမယ်ဆိုပြီး ငါ့ကို ကားပေါ်က ဇွတ်အတင်း ဆင်း ခိုင်းတယ်လေ''
''ဟာ ဒီကောင်တော့ ဇွတ်ပဲကွာ''
ဇော်အောင် ခပ်တိုးတိုး ညည်းတွားလိုက်သည်။
ပြီးနောက် ရဲရဲကို လှည့်ကြည့်ရင်း အကဲခတ်လိုက်ပြီး
''ဒါနဲ့ သူ့အရှုပ်ထုပ်တွေ ထဲက တစ်ယောက် ဆိုတာ ဘာကို ပြောတာလဲ ရဲရဲ''
ဇော်အောင့်အမေးကြောင့် ရဲရဲ မျက်စောင်းတစ်ချက် လှမ်း ထိုးရင်း
''ငါ့ကို တမင်ရွဲ့မေးနေတာလား ဇော်အောင်၊ ဒါမှမဟုတ် ဒါ မှမဟုတ် ငါ့ပါးစပ်က ပြောမယ့် နင့်သူငယ်ချင်းအကြောင်းကို နင် အရသာရှိရှိ နားထောင်ချင်လို့လား''
ရဲရဲ၏ မာဆတ်ဆတ် စကားကြောင့် ဇော်အောင် ကားမောင်းနေ ရင်းမှ ပခုံးကို ဟန်ပါပါ တွန့်ကာ ဟက်ခနဲ တစ်ချက်ရယ်လိုက်သည်။
''နင်မှ ငါ့ကိုရှင်းအောင်မပြောတာပဲ''
''သူ့အရှုပ်ထုပ်တွေ ဆိုတာ နင်တို့ အတူတွဲ နေကြတဲ့ပါတနာ မိန်းမတွေ ကို ပြောတာလေ၊ နည်းနည်း လေးမှ ဂုဏ်သိက္ခာမရှိတဲ့ မိန်းမ တွေ ''
ဇော်အောင် ဘာမှမပြောဘဲ အသံတိတ်သွား၏ ။ သူ့စိတ်ထဲမှာ သူငယ်ချင်း၏ လုပ်ရပ်ကိုပဲ အပြစ်တင်နေသလား၊ ဒါမှမဟုတ် ရဲရဲကိုပဲ အားနာနေသလားတော့ မသိ။
တစ်လမ်းလုံး ရဲရဲ ဘာစကားမှ ဆက်မပြောတော့။
ရင်ထဲမှာ နက်ရှိုင်းအား မကျေနပ်ချက်တွေ ကို တစ်လွှာချင်း စုပုံပြီး အမုန်းတရားတွေ နဲ့ သိမ်းထုပ်ထားလိုက်မိ၏ ။
''နင် နောင်တရနေပြီလား ရဲရဲ''
''ဘာ နောင်တလဲ''
''နက်ရှိုင်းကို လက်ထပ်လိုက်ရတဲ့အတွက်လေ''
''အဟား ဟား နင်ပြောမှပဲ ငါလည်း နောင်တရဖို့သတိရ တော့တယ်၊ အဟင်း ဒါပေမဲ့ ငါ နောင်တမရဘူး ဇော်အောင်၊ ငါနဲ့သူနဲ့ ကျန်သေးတဲ့ ဘဝတစ်သက်စာမှာ အတူမိုက်ကြတာပေါ့''
ခပ်ပေါ့ပေါ့လေးရယ်ကာ စိမ်းတောက်သော စကားတွေ နှင့် မထီ သလို ပြောလိုက်သော ရဲရဲ၏ ဟန်အမူအရာကြောင့် ဇော်အောင် သက်ပြင်းရှိုက်လိုက်၏ ။
''နင်တို့ရဲ့ ရန်ငြှိုးတွေ က ဘယ်တော့ အဆုံးသတ်ကြမှာ လဲဟာ၊ နင်တို့နှစ် ယောက် ကိုကြည့်ပြီး ငါတို့တွေ က ကြားကနေ ရင်မောရတယ်၊ နင်တို့မိဘတွေ က ဘာစိတ်ကူးနဲ့များ မတည့်တဲ့သူအချင်းချင်း ပေးစားရ လဲ မသိဘူး၊ နင်ကရော ဒီလက်ထပ်ပွဲကို ခေါင်းညိတ်စရာလား၊ ဒီကောင် က မိန်းမတွေ ကို ဓာတ်မီးမှာ ထည့်သုံးတဲ့ ဓာတ်ခဲလို သဘောထားတဲ့ ကောင်''
ဇော်အောင် ဒီတစ်ခါတော့ ရဲရဲဘက်က ဝင်ပြောပေး၏ ။
''ငါကလည်း သူ့ကိုချစ်လို့ လက်ထပ်တယ်ဆိုတာထက် မုန်း လို့ လက်ထပ်တာ၊ သူ့ကိုအိမ်ထောင်ဆိုတဲ့ ဘဝရဲ့ ထောင်ကြီးထဲက ရုန်းမထွက်နိုင်အောင်လို့ တစ်သက်စာ ထောင်ချပစ်ချင်တာ''
ထူးဆန်းသော ရဲရဲ၏ စကားတွေ ကြောင့် ဇော်အောင် စိတ်ပျက် စွာ ပြုံးလိုက်ပြီး
''နင်တို့နှစ် ယောက် တိုင်ပင်ထားကြသလား ရဲရဲ၊ ဒီကောင်က လည်း နင့်ကိုမုန်းလို့ လက်ထပ်တာတဲ့''
ဇော်အောင့်စကားကြောင့် ရဲရဲ ရင်ထဲမှာ နာနာကျင်ကျင်ပင် အောင့်မျက်သွားရ၏ ။
မုန်းစမ်း နက်ရှိုင်းရယ်။ နင် ငါ့ကို ကြိုက်သလောက်မုန်း။ သေလောက်အောင်မုန်း၊ နင် သေသွားလို့ရှိရင်တောင် နောင်ဘဝအထိ အဲဒီ အမုန်းတွေ ကို ထမ်းပိုးပြီး သယ်သွားစမ်း။
ငါ နင့်အမုန်းတွေ ကို မြိန်မြိန်ယှက်ယှက် စားသုံးပြီး ငါ့အမုန်း ကို နင့်ရင်ဘတ်ထဲထိ ရောက်အောင် ငါကလည်း ဘောလုံးဂိုးသွင်းသလို တစ်လုံးပြီးတစ်လုံး ပစ်သွင်းနေမှာ ။ ဒါကြောင့် ငါ့ဘဝထဲကို ရောက်အောင် နင့်ကို ဆွဲသွင်းခဲ့တာပေါ့။ မှတ်ထား နက်ရှိုင်း အဲဒါ မိန်းမမာယာပဲ။
နင်တို့ယောက်ျားတွေ ဘယ်လောက်ပဲ မာန်တက်တတက် ငါတို့ မိန်းမတွေ ရဲ့ မာယာကွန်ယက်ကို မထိုးဖောက်နိုင်ရင် အဲဒီ မိန်းမတွေ ရဲ့ ခြေရင်းမှာ ပြားပြားဝပ် ဝပ်ဆင်းရတာ ပဲဆိုတာ နင် သိလာစေရမယ်။ နင် အသေအလဲသာ တောင့်ခံထားပေါ့ နက်ရှိုင်းရယ်။
ဒါဟာ လက်ထပ်ပြီးကာစ သတို့သမီးကို လမ်းလယ်ခေါင်မှာ ထားခဲ့ပြီး တခြားမိန်းမ တစ်ယောက် နဲ့ အပျော်ကြူးဖို့ ထွက်သွားတဲ့ သတို့သား တစ်ယောက် ကို ကျိန်ဆဲတဲ့ ကျိန်စာတစ်ခုပဲ။
ငါက ဘဝနဲ့ရင်းပြီး မိုက်ရဲတယ် နက်ရှိုင်းရဲ့ ..။
အခန်း (၃)
ရဲရဲကို ခြံရှေ့တွင် ချပေးခဲ့ပြီး ဇော်အောင် ကားကို ပြန်ကွေ့ ၍ မောင်းသွားသည်နှင့် ရဲရဲနီထွေး ခြံတံခါးဝသို့ ဂါဝန်ကြီးတကားကား ဖြင့် လျှောက်လာလိုက်သည်။
ခြံဝသို့ ရောက်မှ ရွှေရောင် လက်ကိုင်အိတ်ကလေးထဲမှ သော့  တွဲ ကို ထုတ်ပြီး ခြံသော့ ကို ဖွင့်လိုက်သည်။
အမှော င်ဘက်သို့ ပင် အရောင် ကူးပြောင်းနေသော ညချမ်းက လေးတွင် ထိုခြံကြီးတစ်ခုလုံး ပျင်းရိလေးတွဲ စွာ ဖြင့် တိတ်ဆိတ်ငြိမ်သက် နေ၏ ။
ရဲရဲ ဟိုငေးဒီငေးဖြင့် အိမ်ကြီးရှိရာသို့ လှမ်းဝင်ခဲ့သည်။ အိမ် ကြီးက ပျက်စီးယိုယွင်းခြင်း မရှိသေးပေမယ့် အိုတာတော့ အတော့် ကို အို၍ နေ၏ ။
မင်္ဂလာဆောင်ရင် ဒီအိမ်ကြီးမှာ နေမည် လို့ ပြောခဲ့သော နက် ရှိုင်း၏ သဘောထားကို ခုမှ ကောင်းကောင်းကြီး သဘောပေါက်၏ ။
ခြံကြီးထဲမှာ ချုံနွယ်တွေ ကလွဲပြီး သာယာသော မျက်စိပသာဒ ဖြစ်စေမယ့်မြင်ကွင်းမျိုးမရှိ။
ပန်းရောင် စုံတွေ မရှိ။
မြက်ခင်းစိမ်းစိမ်းတွေ မရှိ။ ထိုင်ပြီး အပန်းဖြေ ငေးမောချင်စရာ ခုံတန်းပင်မရှိ။ ဒီလိုနေရာမျိုးမှာ နေထိုင်ဖို့ ရဲရဲနီထွေးအဖို့ ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့။
မေမေ ကတော့ FMI တိုက်မှာ သွားနေစေချင်သည်။ ယခု ဒီအိမ်ကြီးမှာ သမီး ဖြစ်သူကို မနေစေချင်။
သို့ သော် နက်ရှိုင်း၏ ဆုံးဖြတ်ချက်အတိုင်း ဤအိမ်ကြီးမှာ အတူ နေဖို့ ကိုယ်ကပါ ခေါင်းမာစွာ နှင့် သဘောတူခဲ့၏ ။
နက်ရှိုင်းအနေနှင့် ရဲရဲကို ဤအိမ်ကြီးထဲတွင် သူ မရှိသော အချိန်များ ၌ တစ်ယောက် တည်း အထီးကျန်နေစေချင်လို့ဆိုတာကို သူမ ကောင်းကောင်းကြီး သဘောပေါက်ခဲ့ပါသည်။
အတွေးတို့နှင့်အတူ အိမ်ကြီးထဲကိုဝင်ဖို့အတွက် ကျွန်းတံခါးမှာ ခတ်ထားသော သော့ ကို အရင်ဖွင့်လိုက်၏ ။
ညအရောင် မှိန်ဖျော့ဖျော့က ရဲရဲ၏ လှုပ်ရှားမှု တွေ ကို တိတ်တ ဆိတ် စောင့်ကြည့်နေကြ၏ ။
အိမ်ကြီးထဲမှ ခပ်ရို့ရို့အလင်းရောင် မှိန်မှိန်က အထီးကျန်ခြင်း တစ်ပွေ့တစ်ပိုက်ဖြင့် စောင့်ကြိုနေကြ၏ ။
ရဲရဲ အိမ်ကြီးထဲသို့ ခပ်လေးလေး ခြေလှမ်းတွေ ဖြင့် ဝင်ခဲ့၏ ။ ဒီအိမ်ကြီးကို ရဲရဲ နှစ် ကြိမ်ရောက်ဖူး၏ ။
ပထမတစ်ကြိမ်က လက်ထပ်ပြီးရင် ဒီအိမ်မှာ နေမည် ဟု နက် ရှိုင်းက အတိအလင်း တောင်းဆိုသဖြင့် သူမ လာကြည့်ခြင်း ဖြစ်သည်။
ဒုတိယအကြိမ်က ရဲရဲ၏ အဝတ်အစား အသုံးအဆောင် ပစ္စည်း တွေ ကို လာထားရင်းနှင့် ရောက်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အိမ်ကြီး၏ အငွေ့အသက်က ရဲရဲနှင့်မစိမ်းနေခြင်း ဖြစ်သည်။
ရဲရဲ၏ ခြေလှမ်းတွေ က အိပ်ခန်းရှိရာသို့ ခပ်သွက်သွက်လှမ်း နေ၏ ။ မင်္ဂလာပွဲမစခင် နှစ် ပတ်လောက်အလိုကတည်းက စိတ်ရောလူ ရော ပင်ပန်းခဲ့တာ ခုချိန်ထိပဲလေ။
အခန်းတံခါး လက်ကိုင်ဘုကို ဆွဲလှည့်လိုက်ပြီး မင်္ဂလာ ခုတင် ကြီးရှိရာသို့ အသက်မပါသော ခြေလှမ်းတွေ ဖြင့် ခပ်တောင့်တောင့်လေး လျှောက်သွားလိုက်ပြီး
ခုတင်ကြီးပေါ်သို့ ဝုန်းခနဲ ပစ်လှဲချလိုက်၏ ။
ရင်ထဲမှာ နုံးခွေခြင်းတွေ နည်းနည်း တော့ လျော့သွားသည်။
မင်္ဂလာဦးညကို ငါ တစ်ယောက် တည်း ကျော်ဖြတ်ရမယ်ပေါ့။ ဟုတ်လား နက်ရှိုင်း။ အတွေးမောတွေ နှင့်အတူ မျက်ဝန်းတွေ က မှေးခနဲ ငိုက်ဆင်းကျသွားသည်။
နာကျင်ခြင်းဒေါသတွေ ကို ခဏတော့ မေ့ထားချင်သည်။ ထို ခဏတာသည် မည် မျှကြာသွားသည်မသိ။
ရဲရဲနီထွေး မျက်ဝန်းများ ဖျတ်ခနဲ ပွင့်လာချိန်မှာ တော့ ပြာ လဲ့လဲ့အခန်းမီးရောင် က ရဲရဲ၏ အိပ်စက်ခြင်းကို အခါမလပ် စောင့်ကြည့်နေ ပုံဖြင့် ခပ်မှိန်မှိန်လေး လင်းနေ၏ ။
''အို ဘုရားရေ၊ ငါ မှေးခနဲ အိပ်ပျော်သွားတာပဲ''
ကိုယ်ကြားသာရုံ ခပ်တိုးတိုးလေး ရေရွတ်ရင်း ရဲရဲ ခုတင်ထက် မှ ဆတ်ခနဲ ထထိုင်လိုက်သည်။
ညမီးရောင် ပြာလဲ့လဲ့အောက်မှ အခန်းနံရံတွင် ချိတ်ဆွဲထား သော နာရီကို အာရုံစူးစိုက်ပြီး ကြည့်လိုက်သည်။
ည ဆယ်နာရီပင် ကျော်နေပြီ။
ခုတင်ပေါ်မှ ကမန်းကတန်းထကာ အခန်းမီးခလုတ်ကို ဖွင့် လိုက်သည်။
တိတ်ဆိတ်နေသော အခန်းထဲမှာ အခန်းမီးခလုတ် ဖွင့်သံက ဖျောက်ခနဲ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
အလင်းရောင် ထိန်ထိန်က အခန်းတစ်ခုလုံးကို ဖျတ်ခနဲ ဝင်းထိန် သွားသည်။
ထိုမီးအလင်းရောင် အောက်မှ ပန်းဆီရောင် မင်္ဂလာအိပ်ရာ အခမ်းအနားက ရဲရဲ၏ အထီးကျန်ဆန်မှု တို့ကို လှောင်ပြောင်သရော်နေ ကြသယောင်ရှိ၏ ။
တွေးရင်းဖြင့်ရင်မှာ ဖျတ်ခနဲ နာကျင်သွားရကာ အသည်းပုံ ဖွင့်ဖတ်တွေ ဖြင့် ဇာအနားကွပ်ထားသော ခေါင်းအုံးကို ဆတ်ခနဲ ဆွဲယူ ကာ အခန်းထောင့်သို့ လွှင့်ပစ်လိုက်သည်။
သွားစမ်း ဒီခုတင်ပေါ်မှာ ငါ အိပ်မယ့်ခေါင်းအုံးကလွဲပြီး ဘာမှ မရှိစေရဘူး။
ဟွန့် အမှန်ဆို နင့်ရဲ့ တိတ်တိတ်ပုန်း မိန်းမဆီကိုသွားတာ နင့်ရဲ့ မင်္ဂလာခေါင်းအုံးတော့ ယူသွားသင့်တယ်လို့ မထင်ဘူးလား နက် ရှိုင်း။
င့ါရဲ့ ဝင်သက်ထွက်သက်တိုင်းမှာ နင်သာ နားထောင်တတ်မယ် ဆိုရင် နင့်ကို မုန်းတယ်ဆိုတဲ့ စကားတွေ ပဲ အကြိမ်ကြိမ်အခါခါ ကြား နေရမှာ ။ ဒါဟာ ငါ့ဘဝရဲ့ အနက်နဲဆုံး သီအိုရီပဲ။
ငါက အဲဒီ လောက်ထိ နင့်ကို မုန်းတာ...။
အခန်း (၄)
မှန်တင်ခုံရှေ့ထိုင်ပြီး လက်ဝတ်လက်စားတွေ နှင့် ဇာလက်အိတ် ကို တစ်ခုချင်း ဖြုတ်လိုက်သည်။
ထို့နောက် သတို့သမီးဂါဝန်ကို ဆွဲချွတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး အင်္ကျီနှင့် လဲဝတ်ရန် အခန်းထောင့်ရှိ ကျွန်းဗီရိုကြီးဆီသို့ လျှောက်လာ လိုက်သည်။ ဗီရိုတံခါးဆွဲဖွင့်လိုက်သည်။
''ဟင် အမလေး''
ရုတ်တရက် လန့်ဖျပ်သွားခြင်းနှင့်အတူ ခြေလှမ်းတွေ က နောက် သို့ မရည်ရွယ်ဘဲ တွန့်ဆုတ်သွားရ၏ ။
လူက လန့်ဖျပ်သွားတာမှ တကယ့်ကို လိပ်ပြာလွင့်မတတ်ပါပဲ။
''ရှင် ရှင် ဘယ်သူလဲ၊ ဒီ ဒီ ဗီရိုထဲကို ဘာဝင်လုပ်နေတာလဲ၊ သူခိုး ရှင် သူခိုးမဟုတ်လား''
ထိတ်လန့်ခြင်းတွေ နှင့်အတူ နှုတ်ဖျားမှ ထွက်ကျလာတာက အစီအစဉ်မကျသော စကားလုံးအက်အက်တွေ ဖြစ်သည်။
ဗီရိုထဲမှာ ပုန်းအောင်းနေသည့်လူက ရဲရဲ၏ ထိတ်လန့်နေသော ပုံကို သူကပင် အထိတ်တလန့် ပြန်ကြည့်ပြီး ဗီရိုထဲမှ ကုန်းကုန်းကွကွ နှင့်ထွက်လာပြီး ရဲရဲကိုမကြည့်ရဲစွာ ဖြင့် မျက်နှာကို ဖျတ်ခနဲ လွှဲလိုက်သည်။
ဒီတော့မှ ရဲရဲ ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်မိလိုက်သည်။
''ဟင် အမလေး''
ရဲရဲ အလန့်တကြားဖြင့် အသားကပ်ဘောင်းဘီနှင့် အတွင်းခံ အင်္ကျီသာရှိသော ကိုယ့်ပုံစံကို ကိုယ်ပြန်ထိတ်လန့်ရင်း ရှက်မိကာ အဝတ် စင်ပေါ်ရှိ တဘက်ကို ဆွဲယူပြီး ကိုယ်မှာ ကာလိုက်သည်။
ရဲရဲ၏ သွေးပျက်သော အမူအရာနှင့်အပြိုင် သူကပါ ပို၍ သွေး ပျက်ချောက်ချားပြနေသည်။
''ကျွန် ကျွန်တော် သူခိုး မဟုတ်ဘူး''
''သူခိုး မဟုတ်ရင် ဒီအိမ်ကြီးထဲကိုဝင်ပြီး ဘာ ဖြစ်လို့ ဗီရိုထဲမှာ ပုန်းနေရတာ လဲ''
ရဲရဲ၏ အသံမှာ အံ့သြခြင်း ထိတ်လန့်ခြင်းတွေ ဖြင့် သိသိသာသာ တုန်အက်နေ၏ ။
''ဒီ ဒီလိုပါဗျာ။ ကျွန်တော် က ထောင်ကနေ ဒီနေ့မှ ထွက်လာ တာပါ၊ ကျွန်တော့် မှာ ငွေလည်းမရှိပါဘူး၊ စားစရာလည်း မရှိပါဘူး၊ ဒါကြောင့် ကျွန်တော့် အသိ တစ်ယောက် က ဒီအိမ်ကြီးမှာ ခြံစောင့်အလုပ် လုပ်ပါတယ်၊ သူ့ဆီကို ငွေအကူအညီလာတောင်းတာပါ၊ ဒီခြံကြီးထဲ ရောက်တော့ သူငယ်ချင်းကို တွေ့ နိုးတွေ့ နိုးနဲ့ ဟာလာဟင်းလင်းကြီး ပွင့်နေတဲ့ အိမ်ကြီးထဲကို ဝင်မိတာပါ''
''နောက်ပြီး ဒီအခန်းထဲကို ဝင်လာမိတယ်၊ အခန်းထဲရောက် တော့ သတို့သမီးဝတ်စုံကြီးနဲ့ အိပ်နေတဲ့ အစ်မကို အသက်များ ရှိသေးရဲ့ လားလို့ ကြည့်နေရင်းနဲ့ အစ်မ လှုပ်လာတာနဲ့ ကြံမိကြံရာမရဘဲ ဗီရို ကြီးထဲကို အမြန်ပြေးပုန်းမိတာပါ၊ တကယ်ပါဗျာ၊ ပေးချင်တဲ့ကျိန်စာ ပေးပါ၊ ကျွန်တော် ထောင်ထွက် တစ်ယောက် ဆိုပေမယ့် မညာတတ်ပါဘူး''
ကြောက်အားလန့်အားနှင့် ကျိန်တွယ်ပြောဆိုနေသော ထိုလူ့ကို ရဲရဲ သေချာအကဲခတ်လိုက်သည်။
ဒီလူ သူခိုးမဟုတ်ဘူးဆိုတာကိုလည်း စိတ်ထဲမှာ အလိုလို လက်ခံနေမိ၏ ။
သူခိုးဆိုရင် ခုလောက်ဆို ရဲရဲကို ဒီလို တောင်းပန်တိုးလျှိုး ကျိန်တွယ်ခြင်းတွေ မလုပ်ဘဲ ရန်မူပြီးလောက်ပြီပေါ့။
ပုံစံက ထောင်ထွက် တစ်ယောက် သာဆိုတယ် ရုပ် ကတော့ ပြေ ပြစ်သားပဲ။ အတွေးနှင့်အတူ အာရုံထဲကို နက်ရှိုင်း၏ ဂျစ်တစ်တစ်ပုံစံနှင့် ထီမထင်သော မာနမျက်နှာက တိုးဝင်လာသည်။ ရဲရဲ တစ်ချက်မဲ့လိုက် ၏ ။
လောကကြီးက နက်ရှိုင်း၏ နှလုံးသားတွေ ကို ဆုပ်ကိုင်ခြေမွဖို့ အတွက် အခွင့်အရေး တစ်ခု လောလောလတ်လတ် ချပေးလိုက် တာပဲ လား မသိ။
ဘာပဲ ဖြစ် ဖြစ် အခွင့်အရေး ကိုတော့ လက်လွှတ်အဆုံးရှုံးခံလို့ မ ဖြစ်။
ရဲရဲ ထိုလူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ အကဲခတ်လိုက်ပြီး ခပ်မဲ့မဲ့လေး ပြုံးလိုက်သည်။
''ရှင့်မှာ နာမည် ရှိလား''
ရဲရဲ၏ အမေးကြောင့် ထိုလူ ကြောင်အမ်းအမ်း ဖြစ်ကာ
''ဟာ မ မနောက်ပါနဲ့ဗျာ၊ လူ လူပဲ နာမည် တော့ ရှိတာပေါ့''
''ဒါဆို ဘယ်လိုခေါ်လဲ''
''နေမင်းညိုပါ''
''နာမည် နဲ့လူနဲ့ တခြားစီပဲ''
''ဗျာ''
''သြော် လူ ကတော့ ထောင်ထွက်၊ နာမည် ကတော့ ထောင် ထွက်ဆိုတဲ့ ရှင့်ရဲ့ ပုံစံနဲ့ မလိုက်ဖက်အောင် ခန့်တယ်၊ ဒါကိုပြောတာ''
နေမင်းညို ဘာမှမပြောဘဲ ငြိမ်နေလိုက်၏ ။
''ရှင် ဗိုက်ဆာလား''
ရဲရဲ အမေးကြောင့် ထိုလူ့မျက်နှာ ဝင်းခနဲ ဖြစ်သွား၏ ။
''ဆာ ဆာတာပေါ့ဗျာ၊ မနက်ကတည်းက ကျွန်တော် ဘာမှ မစားရသေးဘူးဗျ''
''ကောင်းပြီလေ၊ ဒါဆို ရှင့်ကို ကျွန်မ ဒီညပါတီပေးမယ်''
''ဗျာ''
သူမဆီမှ ကြားရသမျှတို့သည် နေမင်းညိုအတွက် အဆန်း တကြယ်တွေ ပင် ဖြစ်နေ၏ ။
''ကျွတ် ပိန်းလိုက်တာ၊ ပါတီပေးတယ်ဆိုတဲ့စကားလုံး အဓိပ္ပာယ်တောင် မသိဘူးလား''
''သိပါတယ် ဒါပေမဲ့ ကျွန်တော့် လို သူခိုးသာသာ လူတစ် ယောက် ကို ပါတီပေးမယ်ဆိုလို့ အံ့သြသွားတာပါ''
''မအံ့သြပါနဲ့၊ ဒီနေ့က ကျွန်မရဲ့ မင်္ဂလာဦးည''
''ဗျာ''
''လာပြန်ပြီ၊ ဒီဗျာ၊ ဘာ ဖြစ်လို့ တစ်ဗျာတည်း ဗျာနေရတာ လဲ''
''မ မဗျာလို့ မရဘူးလေ၊ ကျွန်တော် က တကယ့် သတို့သမီး လို့ ထင်မထားဘူး''
''ရှင် ယုံချင်ယုံ၊ မယုံချင်နေ၊ ကျွန်မက တကယ့် သတို့သမီး''
''ဒါဆို သတို့သားကရော မရှိဘူးလား''
နေမင်းညို၏ အမေးကြောင့် ရဲရဲ နာနာကျင်ကျင်ဖြင့် မဲ့လိုက်ပြီး
ထိုနာကျင်မှု နှင့်အတူ မျက်နှာက တင်းမာသွား၏ ။
နေမင်းညို၏ အမေးကို မဖြေဘဲ နေမင်းညိုရှေ့မှ ဟန်တစ်ခွဲ သားဖြင့် လျှောက်သွား၏ ။
''သြော် ဟို ဟိုလေ ကိုယ်မှာ သဘက်ကြီးပတ်ထားတာ မ ကောင်းပါဘူး၊ အ အင်္ကျီ ဝတ် ဝတ်လိုက်ပါဦး''
''ကျွန်မ အဝတ်လဲဖို့အတွက် ရှင် ဒီ အခန်းထဲက အရင်ထွက် သွားမှ ဖြစ်မယ်လေ၊ ရှင် နားမလည်ဘူးလား''
''သြော် ဟုတ် ဟုတ်ကဲ့၊ ဆော ဆောရီးပဲဗျာ''
နေမင်းညို အခန်းအပြင်သို့ ခပ်သွက်သွက် လျှောက်သွား လိုက်သည်။
''သြော် ရှင် ဧည့်ခန်းထဲမှာ ခဏစောင့်၊ ကျွန်မ ပြီးရင်ထွက် လာခဲ့မယ်''
နေမင်းညို ဧည့်ခန်းထဲမှာ ထိုင်စောင့်နေလိုက်၏ ။ ဆယ်မိနစ် ခန့်ကြာတော့...။
![]() ရင်ဘတ်ချင်းငြိဖို့ရာ ရာဇ၀င်တစ်ခုလိုမယ်ဆိုလျှင် | ![]() လှပသောအနုပညာ | ![]() လွတ်လပ်စွာမြတ်နိုးခွင့် |