အခန်း(၁)
တကယ်တော့
ဒီအ ဖြစ်အပျက်တွေ ဟာ
ပန်းသီးလေးတစ်လုံးကနေ စခဲ့တာပါ . . .။
ဒီနေ့သည် ဆောင်းသစ်အတွက် အားလပ်ရပ် ဖြစ်သည်။ ဒီနေ့အား သည်ဟုဆို၍ အရင့်အရင်နေ့တွေ က အလုပ်ရှုပ်နေသည်လည်းမဟုတ်။ ပြော ရလျှင် ကျောင်းပြီးကတည်းက ဆောင်းသစ်အားနေခြင်း ဖြစ်သည်။
သို့ သော်လည်း ...
မိဘကျွေးသော ထမင်းကိုစားပြီး အိမ်မှာ အေးအေးဆေးဆေး မနေ ချင်သည့် ဆောင်းသစ်က ခေတ်သစ်အဌာရသပညာတွေ တတ်ထားရမည် ဟု အမြင်ကျယ်ကျယ်တွေးကာ ဝါသနာတူ သူငယ်ချင်းများ နှင့် စပ်မိစပ်ရာ သင်တန်းများ ကို လိုက်တက်နေပါသည်။
ဒီနေ့ ...ဘယ်သင်တန်းမှမရှိသော အားလပ်ရက်။ ထို့ကြောင့် ဘယ်သွားပြီး ဘာလုပ်လျှင် ကောင်းမလဲဟု စဉ်းစားနေမိ၏ ။ အဖြေက မရသေး။ အိမ်မှာ လည်း ငြိမ်ကုပ်ကာ မနေချင်ချေ။ ဒီအချိန် ရည်းစားလေး တစ်ယောက် လောက် လက်ဝယ်ပိုင်ပိုင်ရှိပါက ဒိတ်လုပ်ပြီး သွားလန်းနေလို့ ရသည်ပဲဟူ၍ အားမလို အားမရ ထပ်တွေးမိသည်။ ပိုပြီးမချင့်မရဲ ဖြစ်မိသည် မှာ သူ့တွင် ရည်းစားဆိုလို့ မူးလျှင် ရစ်စရာပင်မရှိ။ အားပင်ငယ်မိသေးသည်။
အိမ်ထဲပြေးဝင်ကာ ''ရည်းစားလေး တစ်ယောက် တော့ လိုချင်တာ ပေါ့၊ ငါ့မှာ လည်း အသည်းနဲ့ ချစ်တတ်ပါတယ်'' ဆိုသည့်သီချင်းကိုသာ ကာရာအိုကေစက်ဖွင့်ပြီး အော်ဆိုနေဖို့သာ ကောင်းတော့သည်။ သို့ သော် လည်း ပေါတောတော ဖြစ်နေမှာ စိုး၍ မလုပ် ဖြစ်တော့။
ထိုသို့ ဟိုတွေးဒီတွေးတွေးရင်းကပင် မနေ့ညက မက်သော အိပ် မက်ကို ပြန်သတိရကာ ပြုံးမိသွား၏ ။ ငါ ဒီအရွယ်အထိ ရည်းစားမထားခဲ့ လို့ ဒီအိပ်မက်မျိုးမက်တာလားဟု ကိုယ်ထူကိုယ်ထစဉ်းစားနေစဉ်မှာ ပဲ ...
''ငသစ်ရေ ...ငသစ်''
''ဟေ့ကောင် ...အိမ်ထဲမှာ လား''
အော်ခေါ်သံတွေ က နားထဲသို့ တိုးဝင်လာကြသည်။ ဘယ်သူတွေ လဲဟု အထူးစဉ်းစားစရာမလိုချေ။ ကိုယ့်လိုပင် အားယားနေသော တိုးတိုး နှင့် ဖြိုးလေးတို့ဆိုတာ သိပြီးသား။
ထင်သည့်အတိုင်း အိမ်ထဲသို့ ဝင်လာကြသည်။ ဝင်လာကတည်းက အကောင်းဝင်လာခြင်းမဟုတ်။ လေးဖက်ထောက်ပြီး ခွေးလို (တစ်နည်း) လက်နှစ် ဖက်ထောက်ကာ ကင်းမီးကောက်လို ပြောင်းပြန်ကြီး (တစ်နည်း) ဂဏန်းကောင်တွေ လို ဘေးတိုက် (တစ်နည်း) ဝင်လာခြင်းမျိုးလည်း မဟုတ် ပါ။ ကုလားသိုက် ကျားဝင်ကိုက်သလို ဆူညံပွက်လောရိုက်ပြီး ဝင်လာကြ ခြင်း ဖြစ်သည်။
ဆောင်းသစ်က ထိုနှစ် ကောင်ကို မျက်မှော င်ကြုတ်ကြည့်လိုက်ပြီး
''ဘယ်လို ဖြစ်လာကြတာလဲကွာ၊ ဆူညံဆူညံနဲ့ ဒါ သာလေယံဇရပ် မဟုတ်ဘူးကွ''
အိမ်ရှင်ပီပီ ဆီးဟောက်ပစ်လိုက်သည်။ ထိုအခါမှာ ဒင်းတို့က လခမှန်မှန်မပေးနိုင်သည့် အိမ်ငှားတွေ လို ကိုယ်ရှိန်သတ်လိုက်ကြရင်း ...
''မင်းကလည်းကွာ ...ငါတို့က အကြောင်းအရာတစ်ခုကို ဆွေး နွေးလာကြတာ ငသစ်ရ''
အရေး ထဲ တိုးတိုးက ကြီးကျယ်နေသေးသည်။ ဖြိုးလေးကလည်း
''ငသစ် ...မင်းရော ပါဝင်ဆွေးနွေးဦးမလား''
''ပြောစမ်းပါဦး ...မင်းတို့က ဘာအကြောင်းအရာကိုများ အကျယ် တဝင့် ဆွေးနွေးငြင်းခုံလာကြတာလဲ''
ဆောင်းသစ်စကားအဆုံးမှာ တိုးတိုးက မျက်နှာထားကို တည်လိုက် ပြီး ...
''ဒီလို ငသစ်ရ ...ငါတို့နှစ် ယောက် မင်းဆီကို လာရင်းနဲ့ လမ်းမှာ ခရုတစ်ကောင်တွေ့ တယ်''
''ဘယ်လို ...ခရု ဟုတ်လား''
ဆောင်းသစ်အမေးကို တိုးတိုးကပဲ ...
''အေးလေ ...ဟိုကွာ ခုနောက်ပိုင်း ငါတို့ဆီမှာ မျိုးပွားလာတဲ့ ခရုကျားကြီးတွေ လေ၊ စားလို့လည်း မရဘူး၊ လူကို အန္တရာယ် ဖြစ်စေနိုင် တယ်ဆိုတာ''
''သိပါပြီ၊ ဘာလဲ ...ခု ငါတို့နိုင်ငံမှာ ခရုတုတ်ကွေး ဖြစ်နေကြ လို့လား''
''ဟာကွာ ...ဘယ်က ခရုတုတ်ကွေး ဖြစ်ရမှာ လဲ၊ ပြောတာကို ဆုံးအောင်နားထောင်ပါဦး''
ဆောင်းသစ် ငြိမ်နေလိုက်သည်။ ခရုတုတ်ကွေးမဟုတ်လျှင် ကိစ္စ မရှိချေ။ ခုတစ်လော ကြက်ငှက်တုတ်ကွေးတွေ က နေရာအနှံ့မှာ ဖြစ်နေသည် မို့ မေးလိုက်ရခြင်း ဖြစ်သည်။
တိုးတိုးက စကားဆက်လာသည်။
''အဲဒါကွာ ...ငါက လမ်းပေါ်မှာ တွေ့ တော့ သတ္တဝါဆိုတာ လူ ချွတ်မှ ကျွတ်တယ်ဆိုပြီး တက်နင်းပစ်လိုက်တယ်၊ အဲဒါကို ဒီကောင်ဖြိုးလေး က မင်းချွတ်လို့ မဟုတ်ဘူးတဲ့၊ သူဟာသူ သေနေ့စေ့လို့ သေတာလို့ ပြောတယ်''
ထိုအချိန်မှာ ပဲ ဖြိုးလေးက စကားဖြတ်၍ ...
''ဟုတ်တယ်လေ၊ သေနေ့စေ့တဲ့ ခရုက မင်းမနင်းလည်း တခြား တစ်ယောက် နင်းမိမှာ ပဲ၊ ဒါမှမဟုတ် ကားကြိတ်ခံရပြီး သေမှာ ပဲ၊ သူ့မှာ ဒီ လောက်ပဲ နေဖို့ကံပါလာတာလေ''
ထိုသို့ ဆိုပြန်တော့လည်း တိုးတိုးက မခံနိုင်ပြန်ချေ။ ချက်ချင်း ပင်
''မဆိုင်တာကွာ၊ ဥပမာ ...ငါ မနင်းလိုက်ဘူးဆိုရင် အဲဒီ ခရုက သွားရင်းနဲ့ လမ်းတစ်ဖက်ကိုရောက်ပြီး အသက်ဆက်ရှင်နိုင်တာပဲ''
စိတ်ရှုပ်ရသည်။ ဘာမှမဟုတ်သော ကိစ္စကို အသည်းအသန်ငြင်းနေ ကြခြင်း ဖြစ်၏ ။ ပြဿနာအတိမ်အနက်က ကုလသမဂ္ဂမဟာမင်းကြီးရုံးထိပင် သွားပြီး အဆုံးအဖြတ်ခံယူရမည့် အလား။
မနေနိုင်သော ဆောင်းသစ်ကပဲ ကြားဝင်ရတော့သည်။
''ကဲပါကွာ ...မင်းတို့ပြဿနာကို ငါ ရှင်းပေးမယ်၊ အမှန်တော့ တိုးတိုး ချွတ်လိုက်လို့ ဒီခရု ကျွတ်သွားတာလည်း မဟုတ်ဘူး၊ မင်းပြောသလို သေနေ့စေ့လို့လည်း မဟုတ်ဘူး''
''ဒါဆို ဘာ ဖြစ်လို့ သေတာလဲ''
''ရှင်းနေတာပဲလေ၊ အနေအထိုင်မတတ်လို့ပေါ့၊ သူ့နေရာမှာ သူ မနေဘဲ လမ်းပေါ်တက်လာတာကိုး ...ဟဲ ဟဲ''
နှစ် ကောင်သား ဘာပြန်ပြောရမည် မှန်းမသိဘဲ ပြူးပြူးပြဲပြဲ ပြန် ကြည့်လာသည်။ မဟုတ်ဟူ၍ လည်း ငြင်းလို့မရသည်ကိုး။
ဆောင်းသစ်ကပဲ ဆက်လက်သွန်သင်ဆုံးမလိုသော ပုံစံမျိုးနှင့် ချောင်းတစ်ချက်ဟန့်ကာ ...
''ဒီနေရာမှာ ကြုံလို့ မင်းတို့ကို ပြောပြဦးမယ်''
နှစ် ကောင်စလုံး မျက်မှော င်ကြုတ်သွားကြ၏ ။ ဆောင်းသစ်ဆိုသော လဒသည် သူ့အပြော သူ့ဆင်ခြေနှင့် သူ ဟုတ်နေသည့်ကောင်မို့ အသာနား ထောင်နေလိုက်သည်။
ဆောင်းသစ်က ...
''အဟဲ ...ကလေးမွေးတဲ့ကိစ္စဆိုပါစို့၊ မွေးနေ့ဆိုတာ အရေး ကြီး တယ်မဟုတ်လား၊ နာမည် ပေးတာတို့, ဗေဒင်တွက်တာတို့ဆိုရင် မွေးနေ့ကို အခြေခံပြီး လုပ်ရတာ လေ''
''နေစမ်းပါဦး ...မင်းက ဘာကိုပြောချင်တာလဲ''
''လာမယ်လေ ...ပိုက်ဆံရှိတဲ့လူတွေ က သူတို့သားသမီးတွေ ကို ဘယ်နေ့ဘယ်ရက်သားမှ လိုချင်တယ်ဆိုပြီး ဗိုက်ခွဲမွေးကြတယ်၊ အဲဒါဆိုရင် ကလေးရဲ့ တကယ့်မွေးရမယ့်ရက်အမှန် ဖြစ်ပါ့မလား၊ ဒါပေမဲ့ ခုနက ဖြိုးလေး ပြောသလိုဆိုရင် သူမွေးနေ့ ဖြစ်လို့ မွေးကို မွေးသွားတယ်လို့ ပြောရမလို ဖြစ်နေပြီ''
စကားအဆုံးမှာ ပဲ တိုးတိုးက ...
''ကဲ ...ဒါဆိုရင် အဲဒီ ကိစ္စကိုတော့ မင်း ဘယ်လိုမြင်လဲ၊ ကလေး အပြင်ရောက်လာတာကိုလေ''
ခေါင်းတဆတ်ဆတ်ညိတ်ပြီးမှ ဆောင်းသစ် တိတိကျကျ ပြောချ လိုက်သည်။
''ရှင်းနေတာပဲလေ၊ အနေအထိုင်မတတ်လို့ပေါ့''
''ဘာ''
''ဟုတ်တယ်လေ၊ လူကြီးတွေ အနေအထိုင်မတတ်လို့ ဒီကလေးက ဒီလို ဖြစ်လာတာပဲ မဟုတ်လား''
''ဟာကွာ''
အနီးအနားမှာ တိုင်မရှိပါဘဲ နှစ် ကောင်စလုံး တိုင်ပတ်သွားကြ သည်။ ဆောင်းသစ်ဆိုသော ကောင်သည် သူ့စကား သူ့ဆင်ခြေနှင့် သူ ဟုတ်နေသည့် ငတိဟူ၍ လည်း အထက်က ဆိုခဲ့ပြီးပြီ။
ထို့ကြောင့် ဆက်ရှင်းမနေတော့ဘဲ လျှော်ပေးလိုက် ရ၏ ။
''တော် ပါတော့ ငသစ်ရာ ...မင်းရှင်းမှပဲ ပိုရှုပ်ကုန်ပြီ''
''အောင်မာ ...မင်းတို့ဘာသာ ရှုပ်လာတဲ့ကိစ္စကို ငါကလည်း ရှင်းပေးရသေး''
''ဟုတ်ပါပြီ ...မဟာသုခမိန်ရယ်၊ ကဲ ...ခုလိုအားတဲ့ရက် ကလေးမှာ တစ်နေရာကို လျှောက်လိမ့်ရအောင်ကွ''
ဖြိုးလေးစကားအဆုံးမှာ ဆောင်းသစ်က စဉ်းစားထားပြီးသားပုံစံ နှင့် ...
''ငါ့မှာ သွားစရာရှိတယ်ကွ''
''ဟေ ...ဘယ်ကိုလဲ''
''ပန်းခြံကို''
''ပန်းခြံ ဟုတ်လား၊ ဘာလုပ်မလို့လဲ''
''အတွဲချောင်းမလို့''
''ဟာကွာ ...မကြီးမငယ်နဲ့ အတွဲချောင်းစရာလား၊ ရှက်စရာကြီး''
တိုးတိုးက စူပွပွပြောလာသည်။ ဆောင်းသစ်က တိုးတိုးအား ကမ္ဘာ့ နလပိန်းတုံးကောင်ကြီးဟု ယူဆရသော အကြည့်ဖြင့် ...
''ဟေ့ကောင် ...အတွဲချောင်းတယ်ဆိုတာ သူများ တကာ အတွဲ တွေ ကို ချောင်းဖို့ မဟုတ်ဘူးကွ''
''ဒါဆို ...ဘာကိုပြောတာလဲ''
''အဲဒါပဲ တိုးတိုး၊ မင်းတို့ကို ဥာဏ်တုံးတယ်ပြောရင်လည်း မကြိုက် ဘူး၊ အတွဲချောင်းမယ်ဆိုတာက ငါ့အတွက် လက်တွဲဖော်လေးများ ရှိမလား လို့ သွားချောင်းကြည့်မှာ ကိုပြောတာ၊ ရှင်းပြီလား''
တိုးတိုး ခံလိုက်ရပြန်သည်။ သူ့စကားနှင့် ဟုတ်နေသော ဒင်းကို ဘယ်လိုချေပရမည် မှန်းပင် မသိတော့။
ထို့ကြောင့် ဒင်းစကားကိုပဲ ပြန်ကောက်ကာ အင်း ...ထိုသို့ ပြော လျှင်လည်း မဟုတ်သေး။ စကားက လွတ်ကျသွားသည်မှ မဟုတ်ဘဲ။ စကားစဉ်အတိုင်း ပြောရလျှင် ဒင်းစကားအတိုင်း ဆက်စပ်ကာ ...
''သြော် ...ဒါဆို မင်းက ရည်းစားထားချင်နေပြီပေါ့ ...ဒီလို လား''
''မဟုတ်ဘူး၊ ချစ်သူရှာမှာ ''
ခေါင်းကုတ်ရပြန်သည်။ တစ်ဆက်တည်းပဲ ဖြိုးလေးက ...
''ဟုတ်ပါပြီ ငသစ်ရယ်၊ စကားကို ကောင်းကောင်းပြောစမ်းပါ၊ အာရုံမစားစမ်းပါနဲ့''
''ငါက ဘာလို့ အာရုံစံစားရမှာ လဲ၊ အာရုံစားတယ်ဆိုတာ ဘုန်း ကြီးတွေ ပဲရှိတယ်''
ဖြိုးလေး 'ဖု' သွားရ၏ ။ ခပ်တင်းတင်းပဲ ပြန်ပြောလိုက်မိသည်။
''တော် တော့ကွာ၊ ခု ...မင်း ပန်းခြံသွားမယ် မဟုတ်လား၊ အေး ...ငါတို့လည်း လိုက်မယ် ...ဒါပဲ''
''ဟဲ ဟဲ ...ဒါတော့ မောင်မင်းတို့သဘောပဲလေ၊ ကိုယ့်ခြေ ထောက်နဲ့ကိုယ် လိုက်ပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝင်ကြေးပေးနိုင်ရင် လိုက်ခဲ့ ပေါ့''
''ရတယ်လေ၊ ဒါဆိုလည်း ကိုယ်တော် လေးက ရှေ့က ကြွချီတော် မူပါ''
ရွဲ့ပြောလာသော စကားအဆုံးမှာ ပဲ ကိုယ်တော် မြတ် ဆောင်းသစ်က တဟဲဟဲရယ်ကာ ...
''အိမ်း ...ဒါဆိုလည်း ကိုယ်တော့်နောက်က ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးတဲ့ပုံစံနဲ့ လိုက်ခဲ့ကြပေတော့ ငယ်ကျွန်ကြီးတို့''
''ခွေးကောင်''
နှစ် ကောင်သား ရေရွတ်ဆူပွက်ရင်း ဆောင်းသစ်နောက်ကနေ လိုက်ရတော့သည်။ ထိုနေ့က ပန်းခြံထဲရောက်တော့ ...
အခန်း(၂)
အာဒံနဲ့ဧဝတောင်
တားမြစ်ထားတဲ့ သစ်သီးကြောင့်
အချစ်ကြီး ချစ်ခဲ့ကြတာပဲ။
ကိုယ်လိုကောင်အတွက်တော့
အချစ်ဆိုတာ
လွတ်ကျသွားတဲ့ ပန်းသီးလေးတစ်လုံးလို . . .။
ကရဝိတ်ဥယျာဉ်ကမ္ဘာ (မျှော်စင်ကျွန်း) ထဲသို့ လျှောက်ဝင်လာကြ ရင်း ဆောင်းသစ်က သူ့အိပ်မက်ကို တဖွဲ့တနွဲ့ ပြောပြရန် ကြံစည်လိုက် သည်။
ထိုအတွေးနှင့် အတူ ကိုယ်ဒုက္ခပေးရမည့်  သကောင့်သားနှစ် ကောင် ကိုလည်း မျက်နှာချိုလေး သပ်ပြီး ...
''ဒီလိုကွ ...ငါ့ချစ်သူ ရှာချင်နေတယ်ဆိုတာကလည်း ညက မက်တဲ့အိပ်မက်နဲ့ ဆက်စပ်နေလို့ပါ''
တိုးတိုးက ချက်ချင်း ပင် စောင်းငန်းငန်းကြည့်လာရင်း ...
''ဟေ့ကောင် ...မင်းကို ဘယ်သူမှရိုက်မစစ်ဘူးနော်၊ ကိုယ့်ဟာ ကိုယ် ဝင်ကြေးသုံးရာပေးပြီး လွတ်လွတ်လပ်လပ် ဝင်လာတာ၊ နားဒုက္ခ လာမပေးနဲ့''
''မင်းကလည်းကွာ ...နားထောင်ပေးစမ်းပါ၊ သူငယ်ချင်းအချင်း ချင်းပဲဟာကို''
ပြောပြချင်နေသော ဆောင်းသစ်က ညောင်နာနာအသံလေးနှင့် မျက်နှာကိုပါ အိုစာပြလိုက်သည်။
အမှတ်သည်းခြေမရှိသော ဖြိုးလေးက ဝင်ပြီး ...
''ကဲပါကွာ ...ဒီလောက်ပြောချင်နေရင်လည်း ပြောပါစေ၊ လွှတ် ထားလိုက်စမ်းပါ''
ခွင့်ပြုမိန့်ကျသွားသည်နှင့် ဆောင်းသစ်က သူ့အိပ်မက်ထုပ်ကို ကြိုးဖြေလေတော့၏ ။
''အိပ်မက်တော့ ညက မက်တာကွ၊ အိပ်မက်ထဲမှာ ကျူးပစ်ဆိုတဲ့ နတ်ရှုပ်ကလေး ငါ့ဆီ ရောက်လာတယ်၊ ပြီးတော့ မေးတော့တာပဲ''
''ဘာလဲ ...မင်း ဘောလုံးပွဲတွေ ဒီလောက်ရှုံးနေတာ မမှတ် သေးဘူးလားလို့ မေးတာလား''
တိုးတိုးအပြောကို ဆောင်းသစ်က နှာခေါင်းရှုံ့ရင်း ...
''ထပ်တရီး ...ဘယ်ကလာ ဟုတ်ရမှာ လဲ၊ အဲဒါက မင်းတို့ရပ် ကွက်ထဲက ဦးဝင်းတင်တို့, ဦးအောင်မြင့်တို့လို ဘီးကျဲတွေ ကို သွားပြောမှာ ၊ နေစမ်းပါဦးကွာ ...ညက ငါ့ကို ကျူးပစ်က ပြောတယ် ...ဆောင်းသစ် မင်း ကျောင်းလည်းပြီးပြီ၊ အရွယ်လည်းရောက်နေပြီ ဘာ ဖြစ်လို့ ခုချိန်ထိ ချစ်သူ တစ်ယောက် မှ မရှိသေးတာလဲတဲ့၊ ငါကလည်း ငါ့အကျင့်အတိုင်း အရွယ်ရောက်ပေမယ့် အမြီးမပေါက်သေးလို့ပေါ့ဗျာလို့ ပြောင်စပ်စပ် ပြန်ပြော လိုက်တယ်၊ အဲဒါကို သူက တင်းသွားလားမသိပါဘူး၊ ငါ့ကို လက်ညှိုးငေါက် ငေါက်ထိုးပြီး မင်းကိုငါက ကူညီမလို့လာခဲ့တာ၊ ခု မင်းက မလေးစားဘူး၊ မင်းကို ဒဏ်ခတ်ရမယ်ဆိုပြီး ငါ့ရဲ့ ဘယ်ဘက်နံရိုးတစ်ချောင်းကို ဆတ်ခနဲ နှုတ်ယူလိုက်တာကွ''
စကားကို ခဏဖြတ်ထားပြီးမှ ဖီးလ်အပြည့်နှင့် ဆက်ပြောလိုက် သည်။
''ပြီးတော့ ...သူက ဆက်ပြောသေးတယ်၊ မင်းနံရိုးကို မင်းဟာ မင်း လိုက်ရှာတော့တဲ့၊ ဒီတော့ကွာ ချစ်သူထားချင်နေတဲ့ ငါက ငါ့ရဲ့ ဘယ် ဘက်နံရိုးနဲ့ သွန်းဆစ်ထားတဲ့ လူသားမလေးကို လိုက်ရှာရတော့မှာ ပေါ့၊ ထပ်ပြောရရင် ဒီပန်းခြံကြီးသာ ဧဒင်ဥယျာဉ်သာဆိုရင်တော့ ငါ့ရဲ့ ဧဝကလေး ကို တွေ့ ရမှာ ပေါ့ကွာ၊ ဟေ့ကောင်တွေ ငါ စိတ်ကူးများ ယဉ်နေမိပြီလား ...လား လား ဟင်''
ပြောရင်း ဘေးဘီကြည့်လိုက်ရာ တစ်ကောင်မှမရှိတော့ချေ။ ဘယ် အချိန်ကပဲ လစ်ထွက်သွားသည်မသိ။ တစ်ယောက် တည်း စကားတွေ ပြော လာမိသည့်အ ဖြစ်ကို တွေးကာ ရှက်လိုက်သည် ဖြစ်ခြင်း။
မွှန်ထူသွားပြီး ဟိုခွေးကောင်နှစ် ကောင်ကို ပြန်ရှာရန်လှည့်အထွက်
'ဘုန်း'
'အင့်!'
ဝင်တိုက်မိကြခြင်း ဖြစ်သည်။ တက္ကသိုလ်နောက်ခံဝတ္ထုတွေ ထဲကလို ကော်ရစ်တာထောင့်ချိုးမှာ မထင်မှတ်ဘဲ ဝင်တိုက်မိတာမျိုး မဟုတ်ချေ။ ကိုယ်က လမ်းမအလယ်မှာ ဘလိုင်းကြီး လှည့်ဝင်တိုက်သလို ဖြစ်သွား၏ ။
ကိုယ်ဝင်တိုက်လိုက်မိသူကို အထီးလား၊ အမလား၊ အပျိုလား၊ အအိုလား၊ ကိုရီးယားလား၊ မြန်မာလား ဘာဆိုဘာမှ မသိရသေးခင်မှာ ပဲ အသံစွာ စွာ လေး အရင်ကြားလိုက်ရ၏ ။ (ဇာတ်လမ်းက စပြီ)
''ဒီမှာ ...နေ့ခင်းကြောင်တောင်ကြီး လူ တစ်ယောက် လုံးတောင် ရှင် မမြင်ဘူးလား''
ကိုယ့်အမှားလို ဖြစ်နေ၍ တောင်းပန်ရန် မော့ကြည့်မိသည်။ (မင်း သမီးပဲ ဖြစ်မှာ ပေါ့ဆိုပြီး ပရိသတ်ကြီး မျှော်လင့်ထားသည့်အတိုင်း) လှပရှင်း သန့်သူလေးကို မဟာပထဝီမြေကြီးပေါ် ခြေနှစ် ချောင်းဒေါက်ထောက်ရပ် လျက် အရှင်လတ်လတ်အနေအထားဖြင့် တွေ့ လိုက်ရခြင်း ဖြစ်သည်။
ခဏမှင်တက်ပြီး ငေးကြည့်နေစဉ်မှာ ပဲ ...
''ဒီမှာ ...ပြောနေတာ ကြားရဲ့ လား''
အသံထပ်ကြားလိုက်ရမှ ဆောင်းသစ် သတိပြန်ဝင်လာသည်။ ချက်ချင်း ပဲ ပျာယာခတ်သွားပြီး ...
''ဟာ ဆောရီးပါဗျာ ...ကျွန်တော် လည်း ကိုယ့်အတွေးနဲ့ ကိုယ် ဗြုန်းစားကြီး နောက်ဘက်လှည့်ထွက်လိုက်တော့ တိုက်မိသွားတာပါ၊ တောင်း ပန်ပါတယ်''
''တောင်းပန်တယ် ဟုတ်လား၊ တောင်းပန်တာထက် ဟိုကိစ္စကို ရှင် ဘယ်လိုရှင်းပေးမလဲ''
ပြောရင်း ကောင်မလေးက တစ်နေရာသို့ လက်ညှိုးထိုးပြသည်။ ဆောင်းသစ်က လှမ်းကြည့်ကာ ...
''ဟင် ...ဒါက ပန်းသီးကြီးပဲ''
''ဟုတ်တယ် ...ဟုတ်တယ်၊ အဲဒီ ပန်းသီးကို ကျွန်မ အင်းယား လမ်းသစ်သီးဆိုင်က သွားဝယ်လာတာ၊ ခု ...ဒီပန်းခြံထဲရောက်မှစားတာ၊ တစ်ကိုက်ပဲ ကိုက်ရသေးတယ်၊ ရှင်ဝင်တိုက်လို့ ပြုတ်ကျသွားပြီ၊ အဲဒါကို ရှင်းပေး''
''အင်း ...အဲ ...အဲဒါက''
ရုတ်တရက် ဆောင်းသစ် ဘာပြန်ပြောရမည် မှန်းမသိ။ ပြီးမှ စဉ်းစားရင်း ...
''ရပါတယ်ဗျာ ...လုပ်ပေးပါ့မယ်၊ ခဏလေး ...ခဏလေး''
ပြောရင်းပင် လမ်းပေါ်မှာ ကျနေသော ပန်းသီးကို ပြေးကောက် လိုက်သည်။ ပြီး ကိုက်လက်စပန်းသီးကို လက်ကိုင်ပဝါနှင့် သုတ်ကာ လှမ်း ပေးလိုက် ၏ ။
ကောင်မလေးက လှမ်းမယူဘဲ မျက်ခုံးအတွန့်ချိုးလျက် ...
''အောင်မာ ...ဒါကို ကျွန်မက ဘာလုပ်ရမှာ လဲ''
ဆောင်းသစ်က ...
''ဟင် ...ခင်ဗျားပဲ ပန်းသီးကိစ္စ ရှင်းပေးဆို၊ ခုပဲ ကောက်ပြီး ပေနေတာတွေ ကို သုတ်ပေးပြီးပြီလေ ...ယူပါ၊ ပန်းသီးက အတော် ချိုမယ့် ပုံပဲ''
''မယူပါဘူး၊ အောက်ပြုတ်ကျပြီးသားကြီးကို ဘာ ဖြစ်လို့ ယူရမှာ လဲ''
''ရော် ...ဒါဆို ဘယ်လိုလုပ်ပေးရမှာ လဲ''
ဆောင်းသစ်၏ ရေရွတ်သံကြောင့် ကောင်မလေးကပဲ ...
''ဘယ်လိုလုပ်ပေးရမှာ လဲ ...ဟုတ်လား၊ လျော်ရမှာ ...ပန်းသီး အသစ်တစ်လုံး ပြန်ဝယ်ပေးရမှာ ''
စိတ်ညစ်သွားရ၏ ။ ဒီပန်းခြံထဲမှာ ပန်းသီးရောင်းသည့်ဆိုင် ရှိ,မရှိ သူ မသိချေ။ ဒီမှာ က ပန်းသီးတစ်လုံး ပြန်တောင်းနေပြီ။
ထို့ကြောင့် လေပူကြီးကို မချိမဆံ့ မှု တ်ထုတ်လိုက်ရင်း ...
''ကဲ ...ဒါဆိုလည်း ခဏစောင့်ဗျာ၊ ဒီအနားက ဆိုင်တွေ မှာ သွားကြည့်ပေးမယ်''
''အိုး ...ဒီလိုတော့ ဘယ်ရမလဲ၊ ကျွန်မက အင်းယားလမ်းဆိုင် က စားချင်လို့ တကူးတက သွားဝယ်ထားတာ၊ အဲဒီ ဆိုင်က ပန်းသီးပဲ ပြန်လိုချင်တယ်''
ဒင်းကလေးက အတည်ပေါက်ပြောနေခြင်း ဖြစ်သည်။ ဆောင်းသစ် လူစင်စစ်က ကျွဲမြီးတိုချင်လာရ၏ ။ ဘယ်နှယ့် ပန်းသီးဆို ပြီးရောပေါ့။ ဒီ ပန်းခြံနဲ့အင်းယားလမ်းက နည်းတဲ့ခရီးမှ မဟုတ်တာ။
ထိုအတွေးနှင့် ဆောင်းသစ်က ပြန်ပြောလိုက်၏ ။
''ဟာဗျာ ...ဒါတော့ ခင်ဗျားရစ်တာပဲဗျ''
''အောင်မာ ...လာလာချည်သေး၊ ကျွန်မက ရစ်ရအောင် မူးနေ တဲ့လူ မဟုတ်ဘူးရှင့်''
''ကျွတ် (စ်) ဒုက္ခပါပဲဗျာ''
''ဒုက္ခ ...ဟုတ်လား၊ ကျွန်မဒုက္ခကမှ စားလက်စ ပန်းသီး ပုတ် ချခံလိုက်ရတဲ့အ ဖြစ်ရှင့် ...နားလည်လား''
ဆောင်းသစ် ထွက်ပြေးချင်စိတ်ပေါက်လာရတော့သည်။ သို့ သော် ရုပ်ရည်လေးကိုကြည့်ကာ သွားလည်းမသွားချင်သေး။ ကိုယ့်ရှေ့က ဒီလှတ, ပတလေးသည် ကိုယ့်နံရိုးလေး ဖြစ်မလာနိုင်ဘူးဟု ဘယ်သူပြောနိုင်မည် လဲ။
တွေးနေချိန်မှာ ပဲ ကောင်မလေးက စူပွပွထပ်ပြောလာပြန်သည်။
''ဘာလဲ ...ကိုယ့်ကြောင့် ဖြစ်တဲ့ကိစ္စကို ရှင်က တာဝန်မယူချင် တဲ့သဘောလား''
''အာ ...အဲလိုမဟုတ်ပါဘူး၊ ဒါပေမဲ့ ...အင်းယားလမ်းဆိုတာ က''
''အို ...ဘယ်လောက်မှ မဝေးဘူး၊ ကျွန်မတောင် သွားဝယ်စား နိုင်သေးတာပဲ''
ထိုသို့ အချေအတင် ဖြစ်နေကြစဉ်မှာ ပဲ ...
''ဟာ ...ငသစ်''
''ဟဲ့ ...မိနွေ''
ခေါ်သံနှစ် ခုက တစ်ပြိုင်နက်တည်း ထွက်လာသည်။ ကြည့်လိုက် တော့ တိုးတိုးနှင့် ဖြိုးလေးတို့အပြင် နောက်ကောင်မလေးနှစ် ယောက် ကိုပါ တွေ့ လိုက်ရ၏ ။
အားလုံးကြောင်အမ်းနေစဉ်မှာ ပဲ ကောင်မလေးတွေ ဆီမှ အသံစ ထွက်လာသည်။
''မိနွေ ...နင်က ငါတို့ဆီက လစ်ထွက်ပြီး ဒီမှာ ဘဲနဲ့ ချိန်းတွေ့  နေတာလား''
''အာ ...တောက်တီးတောက်တဲ့ ဘယ်က ငါ့ဘဲ ဟုတ်ရမှာ လဲ''
မျက်နှာတစ်ခုလုံးရဲရဲနီကာ ကောင်မလေး ပြန်ပြောလိုက်စဉ်မှာ ပဲ ဆောင်းသစ်က ဝင်၍ ...
''ဟုတ်ပါတယ်ဗျာ၊ သူကလည်း ကျွန်တော့်  'ဘဲမ' မဟုတ်ပါဘူး''
''ရှင်နော် ...ဘာတွေ ဝင်ပြောနေတာလဲ''
''ဟောဗျာ ...ဝင်ကူပြီး ရှင်းပြနေတာပဲဟာကို''
ကောင်မလေးက မျက်စောင်းကို သေနတ်ပစ်သလို ဒိုင်းခနဲ ထိုးပြီး မှ သူ့သူငယ်ချင်းတွေ ဘက်လှည့်ကာ ...
''ဟဲ့ကောင်မတွေ ...နင်တို့စိတ်ထင်တာ လျှောက်ပြောမနေကြနဲ့၊ ငါတို့က ဒီမှာ ရန် ဖြစ်နေကြတာ''
''ဟေ ...ရန် ဖြစ်တာ ဟုတ်လား''
''အေး ...ဟုတ်တယ်''
ကောင်မလေးက သူ့သူငယ်ချင်းတွေ ကို ဘောက်ဆတ်ဆတ် ရှင်း ပြနေချိန်မှာ ကိုယ့်ဘက်ကိုလည်း ဆောင်းသစ်ခမျာ ရှင်းလင်းနေရသေး သည်။
စကားဆုံးသည်နှင့် တိုးတိုးက ...
''ဟ ....ဒါဆိုရင် ပန်းသီးလေးတစ်လုံးကို မင်းက အင်းယား လမ်းထိ သွားဝယ်ပေးရမှာ ပေါ့ ...ဟုတ်လား''
''အေးလေ ...အဲဒီ လို ဖြစ်နေတာပေါ့''
ဖြိုးလေးကလည်း ...
''ဒါတော့ ဘလိုင်းကြီးကွာ၊ မတော် တဆ ဖြစ်တာပဲဟာကို''
''တတ်နိုင်ဘူးလေ၊ ဖြစ်ပြီးမှကိုး''
ဆောင်းသစ်မှာ အလိုက်သင့်ထောက်ခံနေရသည်။ ထိုအချိန်မှာ ပဲ တိုးတိုးက ထပ်ပြောလာသေး၏ ။
''ဒီလိုကြီးပြောရအောင် စိတ်မှနှံ့သေးရဲ့ လားကွာ''
''အင်း ...နေနည်းနည်း ပြင်းနေလို့ ဖြစ်ပါလိမ့်မယ်''
''ဒီမှာ ...ဒီမှာ ရှင် ဘာစကားပြောတာလဲ''
ကောင်မလေးက ဆွေ့ဆွေ့ခုန်မတတ် လှမ်းအော်တော့သည်။ တစ်ဆက်တည်း ဆောင်းသစ်ကို စူးစူးဝါးဝါးကြည့်လျက် -
''ရှင် ...ရှင်က လူကို ရူးနေတယ်လို့ပြောတာ မဟုတ်လား''
ဆောင်းသစ်က အပြစ်ကင်းစင်ဟန်လေးနှင့် ပင် ...
''မဟုတ်ရပါဘူးဗျာ၊ ခင်ဗျားက အင်းယားလမ်းက ပန်းသီးကို သွားဝယ်ခိုင်းတာ မဟုတ်လား''
''ဟုတ်တယ်လေ၊ အဲဒါ ...ဘာ ဖြစ်လဲ''
''ဘာ ဖြစ်ရမှာ လဲ၊ ခင်ဗျားကသာ ဟိုပန်းသီးနဲ့ ဒီပန်းသီးနဲ့ မတူဘူး လို့ ထင်နေတာ၊ တကယ်တော့ ပန်းသီးဆိုတာက ဘယ်ပန်းသီးမဆို နံပါတ် တစ်ခုပဲ ရှိတာဗျ''
''ရှင် ...ပေါက်တတ်ကရတွေ လာမပြောနဲ့နော်''
မယုံကြည်ဟန်ဖြင့် ကောင်မလေးက မေးလာသည်။ ဆောင်းသစ် က ခပ်တည်တည်ပဲ ...
''ကဲ ...ဗဟုသုတအနေနဲ့ မှတ်ထားကြပေါ့ဗျာ၊ ပန်းသီးရဲ့ နံပါတ် က ၂၁၅၉၃ တဲ့''
''ဘာမှလည်း မဆိုင်ဘူး''
''ဆိုင်တာပေါ့ဗျ၊ ခင်ဗျား ကမ္ဘာဦးကျမ်းထဲက အာဒံနဲ့ဧဝကိုတော့ ကြားဖူးတယ် မဟုတ်လား''
''ကြားဖူးတာပေါ့၊ နေစမ်းပါဦး ...ရှင်က ပန်းသီး ပြန်မလျော် ပေးချင်လို့ စကားတွေ လမ်းလွှဲနေတာလား''
''သြော် ...ခက်ပါပြီ၊ ကျွန်တော် ပြောတာလေးပြီးရင် သွားဝယ် ပေးပါ့မယ်၊ ဒီလိုဗျ ...အာဒံနဲ့ဧဝဟာ ဥယျာဉ်ထဲက တားမြစ်ထားတဲ့ သစ်သီးကို စားမိလို့ အချစ်စိတ်တွေ နိုးကြားလာပြီး ဒီလူသားမျိုးဆက်ကြီး ပေါ်ပေါက်လာတယ်မဟုတ်လား၊ အဲဒီ အသီးကို ဒီခေတ်မှာ ပန်းသီးလို့ တင်စားကြတယ်လေ''
''အဲဒါနဲ့ပဲ ပန်းသီးနံပါတ်က ၂၁၅၉၃ ဖြစ်ရောလား''
'' ဖြစ်တာပေါ့၊ ၂၁၅၉၃ ဆိုတာက အဲဒီ ပန်းသီးကို စားပြီး လူနှစ် ယောက် ဟာ ကိစ္စတစ်ခုကို ငါးရက်လောက် အာရုံရောက်နေလို့ရှိရင် ကိုးလ အကြာမှာ လူသုံးယောက် ဖြစ်လာနိုင်တယ်တဲ့၊ ကဲ ...ပန်းသီးနံပါတ်ဆို တာ ရှင်းပြီလား''
''အယ်''
ဘေးမှ ကောင်မလေးတွေ တခွိခွိရယ်ကုန်ြ ကတော့သည်။ မျက်နှာ ကလေးရဲပြီး ဘာမှပြန်မပြောနိုင် ဖြစ်နေသည့် ကာယကံရှင် ဒင်းကလေးကို ကြည့်ကာ ဆောင်းသစ်က ...
''ကဲ ...ကျွန်တော် ပြောချင်တာ ပြီးပြီ၊ ခင်ဗျားကို ပန်းသီး သွား ဝယ်ပေးမယ် ...ခဏစောင့်''
ပြောပြောဆိုဆိုပင် တိုးတိုးနှင့် ဖြိုးလေးတို့ကိုခေါ်ကာ လှည့်ထွက် လာခဲ့သည်။ ကားတစ်စီးငှားပြီး အင်းယားလမ်းကို တန်းသွားလိုက်၏ ။ ဒင်းကလေး လိုချင်နေသော အင်းယားလမ်းက ပန်းသီးကိုလည်း တွေ့ ပါ သည်။ ဈေးမဆစ်ဘဲ တစ်လုံးတိတိ ဝယ်လာခဲ့လိုက်၏ ။
သို့ သော် ပန်းခြံထဲပြန်ရောက်လာချိန်မှာ မိနွေဆိုသော ဒင်းကလေး ကို မတွေ့ ရတော့ချေ။ ဆောင်းသစ်က ပန်းသီးကိုကြည့်ကာ မချင့်မရဲ ဖြစ်ဟန် နှင့် ...
''ဟာကွာ ...ငါ့မှာ တော့ ပန်းသီးတစ်လုံးနဲ့ အင်းယားလမ်းထိ သွားလိုက်ရတယ်၊ ပြန်လာတော့ သူက မရှိတော့ဘူး''
စကားအဆုံးမှာ ပဲ တိုးတိုးက မျက်ထောင့်နီနီနှင့် ကြည့်ပြီး ...
''မင်းဟာမင်း အရူးထပြီး သွားဝယ်တာပဲလေ၊ ဘယ်သူက ပန်းသီး တစ်လုံးနဲ့ စောင့်နေမှာ လဲ၊ ဒီခေတ်ကောင်မလေးတွေ ဆိုတာ ခုမြင်,ခုပျောက် ကွ၊ မင်းမို့လို့ သွားယုံတယ်''
ဆောင်းသစ် တင်းသွားသည်။ ဘာလုပ်ရမှန်းမသိသဖြင့် လက်ထဲ က ပန်းသီးကို ဂွပ်ခနဲ တစ်ကိုက်ကိုက်လိုက်ကာ ...
''တော် ပြီကွာ ...ငါ့ကို လာဝေဖန်မနေနဲ့၊ ကံမကုန်ရင်တော့ ဒင်းကလေးနဲ့ ပြန်ဆုံရမှာ ပဲ၊ ခုလောလောဆယ်တော့ ငါ့အတွက် အကျိုးရှိ မယ့်နေရာကို သွားတော့မယ်''
''ဟေ ...ဘယ်ကိုတုံးဟ''
''ဟိုဘက်နားက တော် ဝင်ဥယျာဉ်ကို''
''ဟင် ...ဘာသွားလုပ်မလို့လဲ''
ဖြိုးလေး၏ တအံ့တသြမေးသံအဆုံးမှာ တော့ ဆောင်းသစ်က ရင် ကော့လိုက်ရင်း ...
''ဘာလုပ်ရမှာ လဲ၊ တော် ဝင်ဥယျာဉ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ရှိတယ်လေ''
''ဟုတ်ပါပြီ ...အဲဒါ ဘာ ဖြစ်လို့လဲ''
''ငါ သွားပြီးအလေးပြုမလို့''
''ဟာ''
နှစ် ကောင်သား ဘာပြန်ပြောရမှန်းမသိ ဖြစ်နေစဉ်မှာ ပဲ ဆောင်းသစ် က ပန်းသီးကို တဂွပ်ဂွပ်ကိုက်စားရင်း ဗိုလ်ချုပ်အား အလေးပြုရန် ရုပ်တည် ဖြင့် ထွက်ခွာသွားလေပြီ။
အခန်း(၃)
အပြန်လမ်းမှာ မိနွေခေါ် နွေကဗျာကို ဝိုင်းစနေကြသည်။ ပန်းသီး ကို အလျော်တောင်းပြီးမှ မယူခဲ့ရသည့်အ ဖြစ်အား ပြောဆိုနေကြခြင်း ဖြစ်၏ ။
မိနွေခေါ် နွေကဗျာ ဆိုသည့် သူမကလည်း ဆတ်ဆတ်ထိမခံချေ။
''နင်တို့ပဲ စဉ်းစားကြည့်ပါဦး၊ သူပြောပုံနဲ့ သူပြန်သွားဝယ်ပေးမယ့် ပန်းသီးကို ငါက ဘယ်မျက်နှာနဲ့ ယူရမှာ လဲ''
''ဘာလဲ ...ယူလိုက်ရင် အဲဒီ တစ်ယောက် ပြောသလို အချစ်စိတ် တွေ နိုးကြားလာမှစိုးလို့လား''
''တော် စမ်းပါ မြတ်နိုးရယ် ...ဟိုက ပလီစိချောက်ချက်တွေ ပြောသွားတာကို''
နွေကဗျာ၏ ချေပသံအဆုံးမှာ ...
''ထားပါတော့လေ ...ဒါပေမဲ့ အဲဒီ ပလီစိချောက်ချက်ကြောင့် ပဲ နင် လှည့်ပြန်လာခဲ့ရတယ် မဟုတ်လား''
ရွှေရည်က ထပ်ပြောလာပြန်သည်။ ကိုယ့်သူငယ်ချင်း ဖြစ်ပြီး တခြား လူဘက်က လိုက်ပြောနေသည့် မြတ်နိုးနှင့် ရွှေရည်တို့ကို မိနွေ ကြည့်မရတော့ ချေ
ထို့ကြောင့် မျက်နှာထိ မျက်နှာထားနှင့် ရွဲ့ပြောလိုက်သည်။
''ထားပါတော့ ...ထားပါတော့၊ ငါကပဲ ဆတ်ဆော့မိတယ်လို့ပဲ ထားလိုက်ပါအေ''
''အေးပါ ...နင့်ကိုတော့ နားလည်ပေးနိုင်ပါတယ် မိနွေရယ်၊ ငါ စဉ်းစားနေတာက ဟို တစ်ယောက် အကြောင်းကိုပါ၊ ဒီနေ့များ နင်စောင့် နေလိုက်ရင် ဇာတ်လမ်း ဖြစ်သွားနိုင်တယ်ဟ၊ အဲဒီ တစ်ယောက် က စကား ပြောလည်း ကောင်းတယ်နော်၊ ပန်းသီနံပါတ်ဆိုပြီး ပြောသွားတာ ရယ်စရာ လည်း ကောင်းတယ်''
တဖြည်းဖြည်းနှင့် နွေကဗျာ ဒေါကန်လာရတော့သည်။
''ဟဲ့ ...နင်တို့ ဘယ်လို ဖြစ်နေကြတာလဲ၊ ယောက်ျား တစ်ယောက် အကြောင်းများ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောနေလိုက်ကြတာ အရှက်မရှိကြဘူးလား၊ အေး ...ဇာတ်လမ်းဆိုရင်လည်း ထပ်ဆက်စရာမရှိဘူး၊ ပြီးပြီ ...တော် တော့''
ပိတ်ကောပစ်လိုက်မှ မယ်မင်းကြီးမနှစ် ယောက် စလုံး ငြိမ်သွားကြ သည်။ ထို တစ်ယောက် အကြောင်းလည်း ထပ်မဟတော့ချေ။ ပန်းခြံမှအပြန် မြတ်နိုးတို့အိမ်မှာ လေပန်းရင်း ထိုအကြောင်းကိုလည်း အားလုံးမေ့မေ့ပျောက် ပျောက် ဖြစ်သွားကြသည်။
သို့ သော်လည်း နွေကဗျာ ပြောခဲ့သလို ထပ်ဆက်စရာမရှိဘူးဟု ဆိုခဲ့သော ဇာတ်လမ်းသည် နောက်နေ့သင်တန်းမှာ ပဲ ပြန်စလေတော့၏ ။
အဲဒီ နေ့က နွေကဗျာတို့သုံးယောက် စလုံး သင်တန်းနောက်ကျကြ သည်။ အကြောင်းက ထွေထွေထူးထူးတော့မဟုတ်။ တစ်ယောက် အလှပြင် တာကို တစ်ယောက် က စောင့်ရင်းဖြင့် တက်ညီလက်ညီ နောက်ကျရခြင်း ဖြစ်၏ ။
သင်တန်းရောက်တော့လည်း သင်နေသည့်ဆရာကို အားမနာရာ ကျမည် ဟု စိတ်တူကိုယ်တူအကြောင်းပြပြီး စာသင်ခန်းထဲမဝင်ဘဲ သင်တန်း ဝင်းထဲမှ ကင်တင်းတစ်ခုမှာ ထိုင်နေလိုက်ကြသည်။
ဝင်ထိုင်ထိုင်ချင်းမှာ ပဲ မြတ်နိုးက ပတ်ဝန်းကျင်ဝိုင်းတွေ မှာ ထိုင်နေ သည့် အတွဲတွေ ကိုကြည့်ကာ ...
''ဟဲ့ မိနွေ ...နင် ဒီတစ်သက် ရည်းစားလေး,ဘာလေးထားဖို့ အစီအစဉ်မရှိတော့ဘူးလား''
ကောက်ခါငင်ခါမေးလိုက်သော စကားကြောင့် နွေကဗျာ ကြောင် သွားရ၏ ။ မျက်ခုံးအတွန့်ချိုးကာ ပြန်ကြည့်ရင်း ...
''မြတ်နိုး ...နင် ဘာစိတ်ကူးပေါက်ပြီး ငါ့ကို လာမေးတာလဲ''
မြတ်နိုးက ...
''သြော် ...နင်က ငါတိုနဲ့တွဲလာတဲ့တစ်လျှောက်မှာ ရည်းစားတစ် ခါမှ မထားခဲ့လို့ပါ''
''အဲဒါဘာ ဖြစ်လဲ၊ ငါမှမထားချင်တဲ့ဟာကို၊ ရည်းစားထားတယ်ဆို တာက အပျော်လုပ်ရမယ့်ကိစ္စမှမဟုတ်တာ''
''အောင်မာ ...နင်ပြောပုံက ငါတို့ကျတော့ အပျော်တမ်းရည်းစား ထားတာကျနေတာပဲ''
ရွှေရည်က ဝင်ပြောလိုက်ခြင်း ဖြစ်သည်။ လက်ရှိမှာ သူနှင့် မြတ်နိုး တို့နှစ် ယောက် စလုံးက အတွဲကိုယ်စီပိုင်ဆိုင်ထား၍ ဖြစ်၏ ။ ဒီနေရာမှာ အတွဲ ဟုဆိုသဖြင့် ဘာမှပြေးမမြင်လိုက်ကြပါနှင့် ။ ဆိုလိုချင်တာက အတွဲ=ချစ်သူ ရည်းစား ဖြစ်သည်။
ရွှေရည်စကားအဆုံးမှာ ပဲ မြတ်နိုးက ...
''ဟုတ်တယ်၊ ငါတို့ထားတယ်ဆိုတာကလည်း တကယ်လက်ထပ် ဖို့အထိ ရည်ရွယ်ပြီးထားတာဟ၊ ဒီလိုဟာ ...နင် ရည်းစားမထားတာက ဗီဒီယိုတွေ ထဲကလို အိမ်ကပေးစားမယ့်လူကို တန်းယူမလို့လား မိနွေ''
ထိုသို့ ဆိုပြန်တော့လည်း နွေကဗျာက ခေါင်းခါလေသည်။
''ဟေ့အေး ...အဲဒီ လိုလည်း မယူချင်ပါဘူး''
''ဒါဆို ...နင်က အပျိုကြီးလုပ်မလို့လား''
အင်တာဗျူး ခံရသလို ဖြစ်နေ၍ နွေကဗျာ စိတ်ရှုပ်လာရတော့ သည်။ ဒီနေ့မှ ဒီဟာမတွေ သူ့ကိစ္စကို ဘာ ဖြစ်လို့ ဒီလောက်သိချင်နေကြ သည်မသိ။ တကယ်တမ်းမှာ သူမအနေဖြင့် အပျိုကြီးလုပ်ဖို့ စိတ်ကူးမရှိ သလို အိမ်ကပေးစားမည့် သူကိုလည်း လင်မလုပ်နိုင်ပါ။
ထို့ကြောင့် ရှင်းရှင်းပဲ ပြန်ပြောလိုက်သည်။
''ဘာမှမဟုတ်ဘူးဟေ့၊ ငါ ရည်းစားမထားတာက တကယ်ရင်ခုန် ရမယ့်သူကို မတွေ့ သေးလို့၊ အပျိုကြီးလုပ်ဖို့တော့ လုံးလုံးစိတ်ကူးမရှိဘူး၊ အချိန်တန်ရင်တော့ ရည်းစားထားပြီး လင်ယူပစ်မှာ ''
''ဒါဆို ...နင့်အတွက် ခုချိန်ထိ အချိန်မတန်သေးဘူးလား''
''အင်း ...အချိန်တန်နေပြီ၊ မတန်ဘူးဆိုတာထက် ဒီကိစ္စမျိုးက အတင်းဖန်တီးယူလို့မှမရတာ လေ၊ အချိန်တန်အရွယ်ရောက်ပြီဆိုလို့ ငါ မိန်းမ တွေ နဲ့ ပတ်သက်တဲ့ ဟာသတစ်ခု ဖတ်ထားတာကို ပြောပြရဦးမယ်''
ဟာသဟုဆိုသဖြင့် နှစ် ယောက် စလုံး ရယ်ကြရန် နားရွက်ထောင်ပြီး ပါးစပ်တွေ ကိုပါ အသင့်ပြင်ထားလိုက်သည်။
''ဟာသက ဒီလိုဟ၊ မိန်းမတွေ ဟာ အသက်နှစ် ဆယ်လောက် အရွယ်မှာ ဘောလုံးလိုပဲတဲ့''
''ဟင် ...ဘာ ဖြစ်လို့လဲ''
''သြော် ...အရွယ်ကောင်းလေ၊ အဲဒါကြောင့် တစ်ကွင်းလုံးက, ကစားသမားတွေ ဝိုင်းလုကြတာတဲ့''
''အဟီး ...ဟုတ်သားဟ၊ ပြီးတော့ရော ...''
''အင်း ...သုံးဆယ်လောက်ကျတော့ အရွယ်လေး မသိမသာ လွန်လာပြီလေ၊ အဲဒီ အရွယ်ကျတော့ ဘောလီဘော ဘောလုံးနဲ့ တူသွားပြီ၊ ဘာ ဖြစ်လို့လဲဆိုတော့ တစ်ယောက် က ပုတ်ထုတ်လိုက်တာကို နောက်တစ် ယောက် က ဖမ်းတဲ့အရွယ်မျိုးပေါ့''
''အေး ...ဒါလည်းဟုတ်တာပဲ မိနွေ၊ နင်လည်း ဘောလီဘော ဘောလုံးမ ဖြစ်ခင် ရည်းစားထားဖို့ စဉ်းစားထား''
မြားဦးက ကိုယ့်ဘက်ပင်ပြန်လှည့်လာ၏ ။ နွေကဗျာက မျက်စောင်း ထိုးလိုက်ရင်း ...
''ငါ့ကိစ္စကို ငါသိပါတယ်ဟာ၊ ဆက်ပြောဦးမယ်၊ လေးဆယ် လောက်ကိုကျတော့ တင်းနစ်ဘောလုံးနဲ့ နှိုင်းယှဉ်ထားတယ်''
''ဆိုလိုချင်တာက''
''ဒီလိုလေ ...အဲဒီ အရွယ်ကျတော့ ယောက်ျားတွေ က သူ့ဘက် ကိုယ့်ဘက်မကျအောင် ရိုက်ထုတ်ကြလို့ပေါ့''
''ခိ ...ဟုတ်တယ်ဟေ့၊ အဲဒါကြောင့် ငါတို့လည်း အပျိုကြီး မလုပ်ချင်တာ''
''အေးပါ ...နင်တို့ပုံစံနဲ့ လင် တစ်ယောက် တော့ ရမှာ ပါ၊ ခဏလေး ...ငါပြောတာ မဆုံးသေးဘူး''
''အသက်ငါးဆယ်လောက်မိန်းမကျတော့ ဂေါက်သီးနဲ့တူသွားပြီ တဲ့''
''ဟဲ့ ...အဲဒါကျတော့ ဘာ ဖြစ်လို့လဲ''
''ရှင်းနေတာပဲလေ၊ နောက်ကလိုက်နေတဲ့သူ တစ်ယောက် ပဲ ရှိ တော့တယ်၊ ဒါပေမဲ့ ...အဲဒီ လူက အနားရောက်တာနဲ့ သံတုတ်ကြီးနဲ့ အဝေးဆုံးကို ပယ်ပယ်နယ်နယ် ရိုက်ထုတ်တော့တာပဲ''
''အဟီး ...ကျင်းစိမ်တဲ့လူတွေ လည်း ရှိသေးတယ်နော်၊ ဟုတ် တယ်မဟုတ်လား''
ရယ်ရင်း ပြောလာသော မြတ်နိုးစကားကြောင့် နွေကဗျာက မျက် ခုံးအတွန့်ချိုးလိုက်ပြီး ...
''ကောင်မ ...တော် တော် အတွေးအခေါ်ကောင်းနေတယ် ... ဟုတ်လား၊ နင့်အလှည့်ကျမှပဲ ကျင်းစိမ်ခံတော့''
''မိနွေနော် ...မယုတ်ပတ်နဲ့''
မြတ်နိုးစကားအဆုံးမှာ ရယ်ကြပြန်သည်။
ထိုအချိန်မှာ ပဲ ...
''ဒီမှာ ...ဒီမှာ ခင်ဗျ''
ခေါ်သံကြောင့် အရယ်ရပ်ကာ အားလုံးလှည့်ကြည့်မိကြသည်။ တစ်ဆက်တည်း နွေကဗျာ မျက်မှော င်ကြုတ်မိသွား၏ ။ တွေ့ လိုက်ရသူက အားလုံးမျှော်လင့်ထားသည့်အတိုင်း ဆောင်းသစ်ဆိုသော ငတိပင် ဖြစ်လေ သည်။
နွေကဗျာက ခပ်တည်တည်ဟန်ဖြင့် ...
''ဒီမှာ ဆိုတာ ...ဘယ်သူ့ကို ခေါ်တာလဲ''
''ခင်ဗျားကိုလေ မပန်းသီးရဲ့ ''
''ဘာပြောတယ် ...ဘာပြောတယ်''
နွေကဗျာ ပြန်အော်လိုက်သံကြောင့် ဆောင်းသစ်က လန့်သွားဟန် ဖြင့် နောက်တစ်လှမ်းဆုတ်လိုက်ကာ ...
''ဟာ ...သိပ်မအော်ပါနဲ့ဗျာ၊ ခင်ဗျားနာမည် မသိလို့ မပန်းသီးလို့ ခေါ်လိုက်တာပါ၊ ဒါနဲ့ ခင်ဗျားနာမည် က''
''နွေကဗျာ ...အာ ...ဘာ ဖြစ်လို့ ပြောရမှာ လဲ''
''အင် ...ပြောပြီးပြီမဟုတ်လား''
ပါးစပ်မှ လွှတ်ခနဲထွက်သွားသဖြင့် နွေကဗျာ ကိုယ့်ကိုယ်ကိုယ် စိတ်တိုသွားရသည်။ ရှေ့က သကောင့်သားကိုလည်း စူးစူးရဲရဲကြည့်လိုက်ကာ
''နေစမ်းပါဦး ...ရှင်က ဘာကိစ္စနဲ့ ကျွန်မကို ခေါ်တာလဲ''
''ဘောလုံးကန်ချင်လို့''
''ဘာ ...ဘာပြောတယ်''
ပြန်ပြောရင်း နွေကဗျာ့ မျက်နှာလေးက ရဲရဲနီသွားရ၏ ။ ဒါဆိုလျှင် ခုနက သူမတို့ပြောနေသည့်စကားတွေ ကို ဒင်းလည်း ကြားလိုက်သည်ပေါ့။ ထိုအတွေးနှင့် ရှက်ကာ ပြန်အော်လိုက်ခြင်း ဖြစ်သည်။
ဆောင်းသစ်က ဟီးခနဲ ရယ်လိုက်ရင်းပင် ...
''နောက်တာပါဗျာ၊ မနေ့က ကျွန်တော့် ကြောင့် လွတ်ကျသွားတဲ့ ခင်ဗျားရဲ့ ပန်းသီးကို အလျော်မပေးရသေးဘူးလေ၊ အဲဒါ ...ဒီနေ့ တိုက် တိုက်ဆိုင်ဆိုင် ပြန်တွေ့ တော့ ဘယ်လိုလျော်ပေးရမလဲလို့ လာမေးတာဗျ''
''သြော် ...ရှင်က သိပ်လျော်ပေးချင်နေတယ်ပေါ့ ဟုတ်လား''
''ဟုတ်တယ်လေ ...ကျွန်တော့် ကြောင့် ဖြစ်သွားတာပဲဥစ္စာ၊ ကျေ နပ်အောင် ပြန်လုပ်ပေးရမှာ ပေါ့၊ ပြောလေ ...ဘယ်လိုလုပ်ပေးရမှာ လဲ''
ဆောင်းသစ်ကိုကြည့်ကာ နွေကဗျာ မျက်မှော င်ကြုတ်မိသွားသည်။ တစ်ဆက်တည်းပဲ ...
''ထားလိုက်ပါ၊ အဲဒီ ကိစ္စက ကျွန်မခေါင်းထဲမှာ တောင် မရှိတော့ ဘူး၊ ရှင်လည်း ပြန်လို့ရပြီ ...ဟုတ်ပြီလား''
''ဟင် ...ဒါဆို ခင်ဗျားဘက်က ကျေနပ်တယ်ပေါ့၊ ဒီလိုလား''
အရေး ထဲ အရစ်ရှည်နေသော ဆောင်းသစ်ကို နွေကဗျာ ကြည့်မရ တော့ချေ။ ထို့ကြောင့် စိတ်ရှုပ်ဟန်နှင့် ...
''ဒီမှာ ...ကျွန်မဘက်က ကျေနပ်တယ်, မကျေနပ်ဘူးဆိုတာ ရှင် သိစရာမလိုဘူး၊ ခု ရှင်လုပ်ရမှာ က ကျွန်မတို့နဲ့ အဝေးဆုံးကို ထွက်သွား ဖို့ပဲ''
''မဟုတ်သေးဘူးလေဗျာ၊ ခင်ဗျားနဲ့ ကျွန်တော် နဲ့က အရင်တုန်းက ပြဿနာရှိခဲ့တာမှ မဟုတ်တာ၊ ခုလည်း ကျေနပ်အောင် ပြန်လုပ်ပေးမယ်လို့ ပြောနေပြီပဲဟာကို''
''မလိုပါဘူး၊ အရင်တုန်းက ပြဿနာမရှိပေမယ့် ခု ရှင်ဆက်လုပ် နေရင် ပြဿနာက ရှိလာတော့မယ်၊ ပြောတာကို နားလည်ပါတယ်နော်''
ဆောင်းသစ် ခေါင်းကုတ်မိတော့သည်။ ကျေနပ်အောင် ပြန်လုပ် ပေးမည် ဟုဆိုခါမှ အတင်းနှင်လွှတ်နေသော နွေကဗျာကို နားမလည်သလို ကြည့်လိုက်ရင်း ...
''အေးလေ ...ခင်ဗျားက ပြန်ဆိုလည်း ပြန်ပါ့မယ်၊ ဒါပေမဲ့ ...အကြွေးတင်နေတဲ့ ပန်းသီးတစ်လုံးကိုတော့ ခင်ဗျားဆီ ကျွန်တော် ရောက် အောင် ပို့လိုက်ပါ့မယ်''
''စိတ်မဝင်စားဘူး၊ ဒီမှာ ...ဒီအနားက ရှင်ထွက်သွားမလား၊ မသွားဘူးလား၊ ဒီလောက်ပြောနေရင် လူစကား နားလည်မှာ ပေါ့''
အသံက အတော် ကျယ်သွားသဖြင့် ဘေးဝိုင်းတွေ ကပါ လှည့်ကြည့်ြ ကတော့သည်။ အပြောခံလိုက်ရသည့် ဆောင်းသစ်မှာ လည်း ရှက်သွားရပြီး မျက်နှာတစ်ခုလုံး ရဲရဲနီသွား၏ ။ ဘာမှဆက်ပြောမနေတော့ဘဲ တစ်ချက် စိုက်ကြည့်ကာ ချာခနဲလှည့်ထွက်လာခဲ့သည်။
ဒါတောင် ...ဘယ်လိုအလိုက်ကမ်းဆိုးမသိတဲ့လူလည်း မသိဘူး ဆိုသည့် နောက်ဆက်တွဲစကားသံကို ကြားလိုက်ရသေးသည်။ ရင်ထဲမှာ မျက်ခနဲ ခံစားလိုက်ရသည်က အမှန်ပင်။ လှည့်ထွက်သွားသော ဆောင်းသစ် ကိုကြည့်ကာ မြတ်နိုးက ...
''နင်ကလည်း မိနွေရယ် ...ဟိုက သဘောရိုးနဲ့ ကျေနပ်အောင် ပြန်လုပ်ပေးမယ်လို့ ပြောနေတဲ့ဟာကို နင်က အသည်းအသန် ပြန်နှင်လွှတ် လိုက်တယ်''
စကားအဆုံးမှာ ပဲ နွေကဗျာက မျက်နှာမှု န်ကုပ်ကုပ်နှင့် ပြန်ကြည့် လာကာ ...
''အောင်မာ ...ဘာသဘောရိုးလဲ၊ သူ ကျေနပ်အောင် ပြန်လုပ် ပေးမယ်ဆိုတာ ပန်းသီးတစ်လုံး ပြန်ဝယ်ပေးဖို့ပဲ ရှိတာလေ၊ အဲဒီ ပန်းသီး တစ်လုံးနဲ့ ဇာတ်လမ်းက ရှည်လာမှာ စိုးလို့ဟေ့၊ အဲဒါကြောင့် တစ်ခါတည်း နှင်လွှတ်လိုက်တာ''
''ဒါပေမဲ့ ...နင်က လူကြားထဲမှာ အကျယ်ကြီး အော်လိုက်တာ ကိုး၊ ဟို တစ်ယောက် ပုံစံကြည့်ရတာ အတော် ရှက်သွားတဲ့ပုံပဲ''
''အေးလေ ...အားနာစရာကြီး''
မြတ်နိုးစကားကိုထောက်ခံရင်း ရွှေရည်ကပါ ဝင်ပြောလာသည်။ တခြားလူဘက်မှ ဝင်စာနာနေသော သူငယ်ချင်းနှစ် ယောက် ကို နွေကဗျာ အမြင်မကြည်တော့ချေ။
ထို့ကြောင့် လွယ်အိတ်ဆွဲယူကာ ဆတ်ခနဲ ထ,ရပ်လိုက်ပြီး ...
''ဒီလောက် အားနာပြီး စာနာနေရင်လည်း နင်တို့ပဲလိုက်ပြီး ပြန် တောင်းပန်လိုက်တော့၊ ငါ သွားပြီ''
တပြန်ကြီး စိတ်ကောက်သွားသော နွေကဗျာကို ကြည့်ကာ နှစ် ယောက် သား ပခုံးသာ တွန့်မြိ ကတော့၏ ။
နှစ် ယောက် သား စိတ်ထဲမှာ လည်း ပန်းသီးတစ်လုံးက စခဲ့သည့် ဇာတ်လမ်းသည် သူတို့ထင်ထားသလို မလှလာပါလားဟု။
အခန်း(၄)
''ဟာ ...ဒါဆို မင်း လူကြားထဲမှာ ပိုးစိုးပက်စက်နှင်ထုတ်ခံ လိုက်ရတယ်ပေါ့ ...ဟုတ်လား''
''အေး ...ဟုတ်တယ်ကွ''
အားရပါးရ ပြန်ပြောလာသော ဆောင်းသစ်ကိုကြည့်ကာ နှစ် ကောင်သား ကြောင်သွားကြသည်။ ခွေးလိုနွားလို မောင်းထုတ်ခံလာရသည် ကိုပင် ဒီလဒက နာဟန်မရှိ။ ထို့ကြောင့် ပြန်မေးလိုက်မိသည်။
''နေစမ်းပါဦး ငသစ်ရ ...မင်း အဲဒီ လို အပြောခံလာရတာ စိတ် ထဲမှာ ဘာမှမ ဖြစ်ဘူးလား''
တိုးတိုးစကားအဆုံးမှာ ဆောင်းသစ်က ဟီးခနဲ ရယ်ရင်း ...
''နည်းနည်း တော့ ရှက်တာပေါ့ကွာ၊ ဒါပေမဲ့ ရလဒ် ကတော့ မဆိုး ပါဘူး''
''ဟင် ...ဘာ ဖြစ်လို့လဲ''
ဖြိုးလေးက အူကြောင်ကြောင် ပြန်မေးလာသည်။
ဆောင်းသစ်က ...
''ပြောပြမယ်လေ ...သူ ငါ့ကို လူကြားထဲမှာ အတင်းနှင်လွှတ် တာကို ငါက ရှက်သလို စိတ်မကောင်း ဖြစ်သွားသလို ဟန်လေးလုပ်ပြီး မျက်နှာသေလေးနဲ့ လှည့်ထွက်လာခဲ့တာကွ''
''သြော် ...အဲဒီ တော့ သူ့ပုံစံက မင်းကို အားနာသွားတဲ့ပုံစံမျိုး ဖြစ်သွားရောလား''
''ဟေအေး ...သူ့ပုံစံ ကတော့ အဲဒီ လိုမ ဖြစ်ဘူး၊ ဒါပေမဲ့ ...သူ့ ဘေးက သူငယ်ချင်းနှစ် ယောက် ကတော့ ငါ့ကို အားနာနေတာ သိသာတယ်''
''ဒါနဲ့များ ကွာ ...အဲဒါ မင်းအတွက် ဘယ်လိုများ ရလဒ်ကောင်းရ မှာ လဲ''
တိုးတိုးစကားအဆုံးမှာ ဆောင်းသစ်က မျက်ခုံးပင့်လျက် ...
''အဟဲ ...ဖြည်းဖြည်းပေါ့ကွာ၊ ငါ့မှာ အစီအစဉ်တွေ ရှိပါသေး တယ်''
''ပြောစမ်းပါဦး ...မင်းရဲ့ အစီအစဉ်က ဘယ်လိုမျိုးလဲ''
ဆောင်းသစ်က ရယ်ကျဲကျဲလုပ်ရင်း ...
''ငါ့အစီအစဉ်လား ...ပန်းသီးပရိုဂရမ်တဲ့''
''ဟုတ်ပါပြီ၊ အဲဒီ ပန်းသီးပရိုဂရမ်ကိုပဲ မေးနေတာပါ၊ ဘယ်လိုလဲ လို့''
''မပြောဘူးကွာ၊ MRTV-4 မှာ စောင့်ကြည့်''
''ဟာကွာ ...ဒီကောင်တော့''
တိုးတိုး ခေါင်းကုတ်တော့သည်။ ဆောင်းသစ် ကတော့ ဘယ်နေရာ ကမှ မယားသဖြင့် ဘာကိုမှမကုတ်ဘဲ ...
''နောက်တာပါကွာ၊ မင်းတို့နှစ် ယောက် ကိုတော့ ငါ အသိပေးမှာ ပါ၊ ဒါမှ လိုအပ်လာရင် ငါခိုင်းလို့ရမယ် မဟုတ်လား''
''တော် ပြီ ...တော် ပြီ၊ အဲလိုဆိုရင်တော့ မပြောနဲ့တော့၊ ငါတို့ MRTV-4 ကပဲ စောင့်ကြည့်လိုက်တော့မယ်''
''အင်''
ကိုယ့်စကားနှင့် ကိုယ် ပြန်ခံလိုက်ရသည်။ ဒီအတိုင်းဆိုလျှင်တော့ မ ဖြစ်သေး။ ဒင်းတို့ကို ခိုင်းကောင်းအောင်တော့ မျက်နှာချိုသပ်ထားရပေ လိမ့်မည် ။
ခေါင်းထဲမှာ အပြေးအလွှား စဉ်းစားလိုက်ပြီး ဆောင်းသစ်က...
''ဒါက ဒီလိုရှိတယ် သူငယ်ချင်းတို့ရ၊ ခိုင်းတယ်ဆိုတဲ့စကားက ငါ အသုံးအနှုန်း လွဲသွားတာပါ၊ တကယ်တော့ လိုအပ်လာမှ မင်းတို့ဆီက အကူအညီယူမယ့်သဘောမျိုးကို ဆိုလိုတာပါကွ''
''ဟေ့ကောင် ...ဘာပဲပြောပြော သဘောတရား ကတော့ အတူ တူပဲ၊ နေပါစေကွာ ...ငါတို့ MRTV-4 ကပဲ''
စကားမဆုံးခင်မှာ ပဲ ဆောင်းသစ်က ကပျာကယာ လက်ကာပြ လိုက်ရင်း ...
''ဟေ့ကောင်တွေ ...ငါ့စကားနဲ့ ငါ့ကို ပြန်ကျပ်မနေနဲ့၊ မင်းတို့ ကူညီမယ်ဆိုရင် ငါ့ဘက်ကလည်း မင်းတို့တောင်းဆိုတာကို ပြန်လုပ်ပေး မယ်''
ထိုအခါမှ တိုးတိုးက မေးစေ့ကို လက်နှင့် ပွတ်ကာပွတ်ကာလုပ် လျက် ...
''အင်း ...စဉ်းစားသင့်တဲ့ ကမ်းလှမ်းချက်ပဲ''
ဖြိုးလေးကလည်း ခေါင်းတဆတ်ဆတ်ညိတ်ကာ ...
''အေးလေ ...မင်း ဒီလောက် စိတ်အားထက်သန်နေတော့လည်း မင်းရဲ့ နှာဘူးပြဇာတ်မှာ ဝင်က,ပေးဖို့ ငါတို့ လက်ခံလိုက်ပြီ သူငယ်ချင်း''
''ခွေးကောင်တွေ ''
''ဟေ့ကောင် ငသစ် ...မင်းက အစီအစဉ်တောင် မစသေးဘူး ငါတို့ကို ဆဲနေပြီလား၊ အဲဒီ လိုဆိုရင်တော့ ငါတို့ MRTV...V...''
''ဟာ ...မလုပ်ပါနဲ့၊ နောက်ကို ဆင်ခြင်ပါ့မယ်ကွာ ...အဟဲ''
''ဒါဆိုလည်း ပြီးရော၊ လာ ...အခု သွားကြမယ်''
''ဟင် ...ဘယ်ကိုလဲ''
''ဟ ...မင်းရဲ့ ပန်းသီးပရိုဂရမ်ကို အသေးစိတ် တိုင်ပင်ရမယ်လေ၊ အဲဒီ တော့ ငါတို့ရဲ့ ဆွေးနွေးပွဲအတွက် ဘီယာဆိုင်ကို ချီတက်မယ်၊ ငသစ် ...မင်း ပိုက်ဆံယူပြီး လိုက်ခဲ့တော့၊ ဒါပဲ''
တိုးတိုးကပြောရင်းပင် ဖြိုးလေးနှင့် လက်ဖဝါးချင်း ဖြန်းခနဲ ရိုက် လိုက်သေးသည်။ ပြီး ...နှစ် ကောင်သား ဘယ်ညာဟု ရေရွတ်ကာ ချီတက် သလို ရှေ့က ထွက်သွားလေတော့၏ ။
ဆောင်းသစ် ကြောင်ကြည့်မိနေပြီးမှ အိတ်ကပ်ကလေးကို ယောင် ယမ်း စမ်းရင်း နောက်ကလိုက်ရတော့သည်။ အစီအစဉ်ကဖြင့် စလုံးရေပင် မစရသေး။ ပိုက်ဆံကုန်ပေါက်က စလာလေပြီ။
မည် သို့ ပင် ဖြစ်စေ ကိုယ့်ဘက်က လိုအပ်နေတော့လည်း အချိုသပ် ရထားရသည်ပေါ့လေ။ ဟင်း ...။
အခန်း(၅)
''ဟဲ့ မိနွေ ...အခန်းအပြင်ဘက်ကို ကြည့်လိုက်စမ်း၊ ဟိုတစ်နေ့ ကလူ မဟုတ်လား''
''အေး ...လက်ထဲမှာ လည်း ပန်းသီးကြီးနဲ့ဟ''
မြတ်နိုးနှင့် ရွှေရည်တို့၏ အပြောကြောင့် စာသင်နေရင်းက သင်တန်း ခန်းမအပြင်သို့ နွေကဗျာ ဆတ်ခနဲ လှမ်းကြည့်လိုက်မိသည်။
''ဟင်''
ဟုတ်ပါသည်။ ဆောင်းသစ်မှ ဆောင်းသစ်အစစ်။ ဒင်းက ပန်းသီး တစ်လုံးလက်ထဲကိုင်ပြီး ကော်ရစ်တာမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက် နေသေးသည်။ ကြည့်ရင်း နွေကဗျာ စိတ်ရှုပ်သွားရ၏ ။
ဒင်း ဘာလာလုပ်သည်ကို အထူးစဉ်းစားနေစရာပင် မလိုချေ။ ဟိုနေ့က ပြောခဲ့သည့်အတိုင်း ပန်းသီး လာပြန်ပေးခြင်းပဲ ဖြစ်မည် ။
နွေကဗျာက အရေး မစိုက်ဟန်ဖြင့် ...
''ကိုယ့်စာကိုယ်သင်စမ်းပါဟာ၊ အရေး စိုက်ပြီး လိုက်ကြည့်မနေနဲ့''
ထိုသို့ ဆိုရင်း သင်နေသော စာကိုပဲ အာရုံပြန်နှစ် ထားလိုက်သည်။
နွေကဗျာ၏ အပြုအမူကို အပြင်ဘက်မှ အကဲခတ်နေသော ဆောင်း သစ်ကလည်း မြင်ပါသည်။ မြင်ဆို ကြည့်နေသည်ကိုး။
ဒါဆို ဆောင်းသစ် ဘာဆက်လုပ် လဲ။ ကိုယ့်ကို အရေး မစိုက်သဖြင့် ထိုနေရာက ထွက်သွားသလား။ မ သွားပါ။ လုံးဝမ သွားပါ။ ခိုင်ကျည်သော စိတ်ဖြင့် ဒီနေရာကို ရောက်လာခြင်း ဖြစ်သည်။
ခုလည်း ကော်ရစ်တာမှာ ကိုရီးယားမင်းသားစတိုင်ဖြင့် ပန်းသီး ကိုင်ရင်း ဆက်လျှောက်နေသေးသည်။ လျှောက်ရင်း ညောင်းလာပါက အမေရိကန်မင်းသားစတိုင်နှင့် တိုင်တစ်တိုင်မှာ ခဏမှီနေဖို့အထိ စဉ်းစားထား ၏ ။
သို့ နှင့် သင်တန်းတစ်ချိန်ပြီးတော့ နွေကဗျာတို့လည်း အပြင်ထွက် လာကြသည်ပေါ့လေ။ ထိုအချိန်ထိ ဆောင်းသစ်က ဇွဲကောင်းကောင်းနှင့် ရပ်စောင့်နေတုန်း ...။
မြတ်နိုးက လက်ကုတ်ကာ မသိမသာမျက်ရိပ်ပြသော်လည်း နွေ ကဗျာ ကတော့ မသိကျိုးကျွန်ပြုရင်း ကိုယ့်လမ်းကိုယ်ဆက်လျှောက်လိုက် သည်။
ထိုစဉ် ...
''နွေကဗျာ ...ခဏ ခဏ''
ခေါ်သံနှင့် အတူ အနားရောက်လာသူက ဆောင်းသစ် ဖြစ်သည်။ နွေကဗျာက ဆတ်ခနဲရပ်ကာ ရှုတင်းတင်းပြန်ကြည့်လိုက်၏ ။
ထိုအချိန်မှာ ပဲ ဆောင်းသစ်က သူ့လက်ထဲမှာ ကိုင်ထားသည့် ပန်းသီးကိုလှမ်းပေးကာ ...
''ယူပါ နွေကဗျာ ...ဒါ ကျွန်တော် သေသေချာချာ ရွေးဝယ်လာတဲ့ အင်းယားလမ်းက ပန်းသီးစစ်စစ်ပါ၊ သူက ထိုင်ဝမ်သီးစစ်စစ်လေ၊ အရသာကို အာမခံပါတယ်တဲ့၊ ကျွန်တော် ဆယ်လုံးဈေးမေးပြီး ...ပြီး''
''ဒီမှာ ''
နွေကဗျာက ရုတ်တရက် ဖြတ်ပြောလိုက်သဖြင့် ပန်းသီးဒက်ဖနေး ရှင်း ဖွင့်နေသော ဆောင်းသစ်ပါးစပ် ပိတ်သွားရသည်။
နွေကဗျာကပဲ ဆက်၍ ...
''ရှင် ဘာတွေ လာပြောနေတာလဲ၊ ရှင့်ဟာရှင် ထိုင်ဝမ်သီးမကလို့ အင်္ဂလန်သီးဆိုလည်း စိတ်မဝင်စားဘူး''
''ဟင် ...အင်္ဂလန်က ပန်းသီးလာလို့လား၊ ကျွန်တော် သိသ လောက်တော့ အင်္ဂလန်က ပန်းသီး မတင်သွင်းလောက်ပါဘူး၊ ယိုးဒယား ဆိုရင်တောင်''
''တော် စမ်းပါ ...ရှင့်စကားတွေ ကို ကျွန်မ နားထောင်ဖို့ အချိန် မရှိဘူး''
''ဒါဆိုလည်း ဒီပန်းသီးကိုတော့ လက်ခံလိုက်ပါ နွေကဗျာရယ် ...ရော့''
မျက်နှာငယ်လေးနှင့် ဆောင်းသစ်က ထပ်ကာ ထိုးပေးလိုက် သည်။ ထိုအချိန်မှာ ပဲ မျက်နှာရှေ့ရောက်လာသော ပန်းသီးကိုကြည့်ကာ နွေကဗျာ က ...
''သွားစမ်းပါ''
ရေရွတ်ကာ လက်နှင့် ပုတ်ချလိုက်ခြင်း ဖြစ်သည်။ မထင်မှတ်ထား၍ ဆောင်းသစ်ပင် အံ့သြသွားရ၏ ။ နွေကဗျာက မှတ်ပြီလားဆိုသည့်အကြည့် ဖြင့် တစ်ချက်စိုက်ကြည့်ကာ ဆက်လျှောက်သွားတော့၏ ။
ဆောင်းသစ် တစ်ယောက် ကြောင်အမ်းကာ ခဏရပ်နေမိသေး သည်။
မည် သို့ ပင် ဖြစ်စေ ...
လမ်းပေါ်လွတ်ကျသွားသည့် ပန်းသီးကို နှမြောမနေအားပါ။ ပြီး နွေကဗျာဆိုသည့် ဒီဟာမလေးကိုလည်း စိတ်မနာနိုင်ရက်ပါ။ ထိုသို့ သော အတွေးနှင့် ဆောင်းသစ် ထပ်လှုပ်ရှားလိုက်၏ ။
''နွေကဗျာ ...နေပါဦး''
''ဟင်''
ရှေ့မှာ ပိတ်ရပ်ကာ ပန်းသီး ထပ်လာပေးနေသည့် ဆောင်းသစ် ကြောင့် နွေကဗျာ ကြောင်ပြီး ခြေလှမ်းရပ်မိသွားပြန်၏ ။
ဆောင်းသစ်ကပဲ ...
''ယူပါ နွေကဗျာ ...ဒါ ခုနက အောက်ကျသွားတဲ့ပန်းသီး မဟုတ် ပါဘူး၊ နောက်အသစ်တစ်လုံးပါ''
''ဘာပြောတယ်''
''ဟုတ်ပါတယ် နွေကဗျာရဲ့ ၊ ခုနက ပန်းသီးက ဟိုမှာ လေ''
ယောင်တောင်တောင်နှင့် ဆောင်းသစ် ညွှန်ပြသည့်နေရာကို လှမ်း ကြည့်မိသည်။ ဟုတ်ပါ၏ ။ ထိုနေရာမှာ တော့ သူမ ပုတ်ချခဲ့သည့် ပန်းသီး လေးက တုံးလုံးလေး။ ရုတ်တရက် ဘာပြန်ပြောရမည် မှန်းပင်မသိ ဖြစ်သွား ရ၏ ။
ဆောင်းသစ် ကတော့ ရုပ်တည်နှင့် ပင် ...
''စိတ်သန့်သန့်နဲ့ယူပါ နွေကဗျာ''
ဒီတစ်ခါလည်း နွေကဗျာက မယူသေးဘဲ မထီတလီဟန်လေးဖြင့် ကြည့်ကာ ...
''နေစမ်းပါဦး ...ရှင်က ကျွန်မ မယူမချင်း လိုက်ပေးနေမှာ လား''
''ဟုတ်ပါတယ် ...ကျွန်တော် အလျော်ပေးတာကို နွေကဗျာ ကျေနပ်လက်ခံတဲ့အထိပေါ့''
နွေကဗျာက ...
''ဒါဆို ဒီတစ်လုံးကို ကျွန်မ ထပ်ပုတ်ချလိုက်ရင်ရော''
စကားအဆုံးမှာ ပဲ ဆောင်းသစ်က ဟက်ခနဲ ရယ်ကာ ဘေးတစ်နေ ရာသို့ မေးဆတ်ပြရင်း ...
''ရပါတယ် ...ဟိုမှာ ကြည့်လေ ဒီလိုတွေ ဖြစ်လာနိုင်တယ်ထင် လို့ ကျွန်တော် ပန်းသီးတွေ လုံလုံလောက်လောက် ဝယ်လာပါတယ်''
ဆောင်းသစ်ပြသော နေရာကိုကြည့်ကာ နွေကဗျာတို့ သုံးယောက် စလုံး မျက်လုံးပြူးရတော့သည်။ မြင်လိုက်ရသည်က တခြားတော့မဟုတ်ချေ။ ပန်းသီးအပြည့်ထည့်ထားသော ခြင်းတောင်းကြီးတစ်ခုစီကို ကိုယ်စီထမ်းထား သော ဒင်း၏ သူငယ်ချင်းနှစ် ယောက် ပင် ဖြစ်လေသည်။ အလုံးအရေအတွက် ကလည်း နည်းမည် မဟုတ်။
နွေကဗျာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားရ၏ ။ အရေး ထဲ မြတ်နိုးနှင့် ရွှေရည်တို့က တခိခိရယ်နေကြသေးသည်။
ဒီနေရာမှာ နွေကဗျာ စဉ်းစားရတော့၏ ။ တခြားတစ်နေရာမှာ ပြောင်းစဉ်းစားလို့လည်း မရသည်ကိုး။ ထိုသို့ နေရာပြောင်းလျှင်ပင် ဆောင်း သစ်ဆိုသော ဒင်းက ထက်ကြပ်မကွာ လိုက်လာမည့် သဘောမှာ ရှိနေသည်။
ထို့ကြောင့် စဉ်းစားလိုက်ပြီးမှ ဆောင်းသစ်ကို ခပ်စူးစူးကြည့်ကာ-
''သြော် ...ဒါဆို ရှင်က ကျွန်မ ကျေကျေနပ်နပ် လက်ခံမယူ မချင်း လိုက်ပေးနေမှာ ပေါ့၊ ဟုတ်လား''
''သေချာပါတယ် နွေကဗျာ၊ ကျွန်တော် တစ်ပြည်တစ်ရွာက ထွက် တဲ့ ပန်းသီးတွေ ကို သေသေချာချာ ဝယ်လာတာပါ၊ နွေကဗျာ မယူမချင်း ကျွန်တော် ပေတစ်ရာပေါ်ထိ လိုက်ပေးရမှာ ပဲ၊ အဲဒါ သေချာတာမို့ နွေကဗျာ လည်း အဖြေမရှာပါနဲ့တော့''
စိတ်ရှုပ်နေသည့်ကြားက ဆောင်းသစ်က ကာရံနဘေတွေ နှင့် ပြော နေ၍ နွေကဗျာ ရယ်ချင်သွားမိသည်။ မျက်နှာကိုပင် ဟန်လုပ်ကာ ပြန်တင်း လိုက်ရ၏ ။
ပန်းသီးခြင်းကြီးနှစ် ခြင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ နွေကဗျာ က ...
''အဲဒီ လို တစ်လုံးပုတ်ချတိုင်း တစ်လုံးလိုက်ပေးနေရင် လူတွေ ကြား ထဲမှာ ကျွန်မကို နှောင့်ယှက်သလို ဖြစ်မနေဘူးလား''
''နှောင့်ယှက်ရအောင် လူကြားထဲ စာတစ်စောင်ပြီးတစ်စောင် လိုက် ပေးနေတာမှ မဟုတ်တာ ...စားစရာပန်းသီးပဲလေ''
''ဘာရှင့်''
''အဟင်း ...နွေကဗျာက ကိုယ့်အလှည့်ကျတော့ စိတ်ဆိုးတတ် သားပဲ၊ နွေကဗျာ ...ကျွန်တော့် ကို လူတွေ ကြားထဲမှာ ရိုးရိုးသားသား ပန်းသီးပြန်ပေးမယ်ပြောတာကို ခွေးတစ်ကောင်လို မောင်းထုတ်ခဲ့တုန်းက ကျွန်တော် စိတ်မဆိုးခဲ့ဘူးနော်''
ထိုစကားကိုမှ တမင်ရွေးကာ ဆောင်းသစ်က ပိုပိုသာသာလေး ပြောလိုက်ခြင်း ဖြစ်သည်။ ဒါမှလည်း ဇာတ်က နာ မည် လေ ...အဟဲ။
စကားအဆုံးမှာ နွေကဗျာ တစ်ချက်တော့ တွေ ခနဲ ဖြစ်သွား၏ ။ ပြီးမှ ဆောင်းသစ်ကို မှု န်တေတေလေးပြန်ကြည့်လိုက်ရင်း ...
''သြော ...ဒါဆို ရှင်က ရှင် အရှက်ကွဲလို့ ကျွန်မကိုပြန်လုပ်တဲ့ သဘောပေါ့ ...ဒီလိုလား''
''အဲဒီ လို မရည်ရွယ်ပါဘူး နွေကဗျာ၊ ခုလည်း ခင်ဗျား ဒီပန်းသီးကို ကျေကျေနပ်နပ် ယူလိုက်ရင် အားလုံးပြီးသွားပြီပဲ''
''အောင်မာ ...ဘာလို့ယူရမှာ လဲ၊ အဲဒါဆိုရင် ရှင်နှောင့်ယှက်မှာ ကို ကြောက်လို့ ယူလိုက်ရသလို ဖြစ်သွားမှာ ပေါ့''
''ဒါဆိုလည်း ဒီပန်းသီးကို ပုတ်ချလိုက်လေ၊ ကျွန်တော် နောက် ထပ်တစ်လုံး ထပ်ပေးမှာ ပေါ့''
''ရှင်နော် ...ပြောလေကဲလေပါလား''
''သြော် ...ကဲ ...လွယ်တာကို ခက်အောင်လုပ်နေတာကမှ ခင်ဗျားဗျ''
''တောက်!''
''တဲ့!''
အသံနှစ် သံက ရှေ့ဆင့်နောက်ဆင့် ထွက်လာသည်။ 'တောက်' သည် နွေကဗျာ တက်ခတ်လိုက်ခြင်း ဖြစ်ပြီး 'တဲ့' ကတော့ ဆောင်းသစ် တမင်လုပ်လိုက်သည့်အသံ ဖြစ်သည်။ သို့ နှင့် နှစ် ယောက် ပေါင်းက 'တောက် တဲ့' ဖြစ်သွားရ၏ ။ တောက်တဲ့ဟု ဆိုခဲ့သည့်အတိုင်း နှစ် ယောက် သား ခွာ မရသေးဘဲ တိုင်ကပ် ...အဲ ...တိုင်ပတ်နေကြသေးသည်။
ထိုအချိန်မှာ ပဲ နွေကဗျာက မျက်နှာလေးကို မဲ့ကာ ...
''ရှင် ...ကျွန်မကို ဒီလောက် ပန်းသီးတွေ အများ ကြီး ပေးချင် နေရင်လည်း ဒီလိုလုပ်ပါလား''
''ပြောကြည့်လေ''
မျက်စောင်းက ဒိုင်းခနဲ အရင်ရောက်လာသည်။ ပြီးမှ ...
''ရှင့်ဘက်က ကျွန်မကို ပန်းသီး တစ်ရက်တစ်လုံး လာပေးလေ၊ နှစ် ဆယ့်ငါးရက်တိတိ ပေးရမယ်''
''ဟာ ...သိပ် ဖြစ်တာပေါ့၊ ဒါပေမဲ့ အဲဒီ နှစ် ဆယ့်ငါးလုံး ပေးပြီး ရင် ခင်ဗျား ကျေနပ်ပါပြီလား''
စကားအဆုံးမှာ နွေကဗျာက မဲ့ပြုံးလေး ပြုံးရင်း ...
''ဒီလောက်တော့ ဘယ်လွယ်မလဲရှင့်၊ အဲဒီ ပန်းသီးနှစ် ဆယ့်ငါးလုံး ကို ကျွန်မဆီကို ခုလို မျက်နှာချင်းဆိုင် လာပေးတာမဟုတ်ဘဲ ကျွန်မ မသိလိုက်တဲ့အချိန်မှာ ကျွန်မဆီ ရောက်လာတာမျိုး ရှင်ပို့ရမယ်၊ တကယ်လို့ တစ်ရက်ရက်မှာ များ ကျွန်မ ရှင်ပို့မယ့်ပန်းသီးကို စောင့်ဖမ်းနိုင်ရင် အဲဒီ နေ့က စပြီး ရှင် ကျွန်မကို ဘာကိစ္စနဲ့မှ လာမပတ်သက်ရဘူး''
ဆောင်းသစ်က ခေါင်းတဗျင်းဗျင်းကုတ်လိုက်ပြီး ...
''ထားပါတော့ ...အကုန်မသိအောင် ပို့နိုင်ခဲ့ရင်ရော''
''ပြောပြီးပြီလေ၊ ရှင်ပြောတဲ့အတိုင်း ကျေနပ်ပေးမှာ ပေါ့''
''ဒါပဲလား ...ဟင်''
''အောင်မာ ...ကျွန်မက ဘာကို ထပ်လုပ်ပေးရဦးမှာ လဲ''
စူပွပွပြောလာသော နွေကဗျာ၏ မျက်နှာလေးကို ဆောင်းသစ်က မျက်တောင်မခတ်စိုက်ကြည့်ရင်း ...
''တကယ်လို့ အားလုံးပို့နိုင်ခဲ့ရင် နွေကဗျာဆီက ခင်မင်ခွင့်လေး ရချင်တယ်''
ဘေးနားက မြတ်နိုးနှင့် ရွှေရည်တို့ တစ်ယောက် မျက်နှာ တစ် ယောက် ကြည့်လိုက်မိကြသည်။ သူတို့ထင်ထားသလို ဇာတ်လမ်းက တကယ် ပြီးသွားတာ မဟုတ်သေးဘူးဆိုသည့် အကြည့်မျိုး။ (ဘယ်ပြီးမလဲ ...ကျွန် တော် တောင် ခုမှအစပျိုးနေရတာ ဗျ။ (စာရေး သူ)
နွေကဗျာမျက်နှာလေးပေါ်မှာ တော့ အရိပ်တချို့ စက္ကန့်ဝက်လောက် ဖြတ်သန်းသွားကြသည်။
သို့ သော် ချက်ချင်း ပဲ မျက်ခုံးလေးနှစ် ဖက်ကို ပင့်ကာ ...
''အဲဒီ ကိစ္စကိုတော့ ခဏထားလိုက်ပါဦး၊ နှစ် ဆယ့်ငါးရက်ဆိုတော့ ရှင့်မှာ အခွင့်အရေး သိပ်နည်းတယ်လေ၊ ကြားထဲက တစ်ရက်ရက်မှာ ကျွန်မ ရိပ်မိသွားနိုင်တာပဲ၊ မဟုတ်ဘူးလား''
''ထားပါတော့ ...ဒါဆို ကျွန်တော် က ဘယ်နေ့ ပန်းသီး စပို့ရမှာ လဲ''
နွေကဗျာက အသံပြတ်ဖြင့် ...
''မနက်ဖြန်''
စကားအဆုံးမှာ ဆောင်းသစ်က ပခုံးကို ဟန်ပါပါ တွန့်လိုက်ပြီး-
''အိုကေ ...နွေကဗျာ၊ မနက်ဖြန်မှာ ခင်ဗျား မသိအောင် အနား ရောက်လာမယ့် နံပါတ်တစ်ပန်းသီးကို စောင့်နေလိုက်ပါ''
''သိပ်လည်း အပြောမကြီးပါနဲ့ ဆောင်းသစ်၊ သြော် ...ဒါနဲ့ ကျွန်မ အတန်းတက်တဲ့ စာသင်ခုံခေါင်းထဲမှာ တော့ လာမထည့်ထားနဲ့ဦး နော်၊ တစ်ယောက် ယောက် ကို အရင်သွားကြည့်ခိုင်းလိုက်လို့ တစ်ရက်တည်း နဲ့ ပွဲပြတ်သွားဦးမယ်''
ဆောင်းသစ်က ခပ်ဟဟရယ်တော့သည်။ ပြီး ...
''ရိုးပါတယ် နွေကဗျာရယ် ... အဲဒါ ကျွန်တော် တို့အဖေခေတ် လောက်က ရည်းစားစာပေးတဲ့နည်းတွေ ပါဗျ ...ဟဲ ဟဲ၊ နွေကဗျာ နည်း နည်းတော့ စိတ်လှုပ်ရှားစေရမှာ ပါ၊ သြော် ...စောင့်ဖမ်းဖို့လည်း မေ့ မနေနဲ့ဦး''
''အဲဒါ ...ကျွန်မကိစ္စပါ ...ရှင့်''
''ဟုတ်ပါပြီ ...ကျွန်တော် ကလည်း ကိုယ့်ကိစ္စ ကိုယ်လုပ်မှာ ပါ ခင်ဗျ''
''ဒါဆိုလည်း ခု ရှင်သွားတော့လေ''
ဆောင်းသစ်က ကိုရီးယားဇာတ်လမ်းတွဲတွေ ထဲကအတိုင်း ဦးညွှတ် ကာ အရိုအသေပေးသလို ဟန်လုပ်လိုက်ရင်း ...
''ဟုတ်ကဲ့ ...ကောင်းကောင်းသွားမှာ ပါ ခင်ဗျ၊ သြော် ...ဒါနဲ့ ပြောရဦးမယ်၊ ကျွန်တော် ပို့လိုက်တဲ့ ပန်းသီးမှာ ကျွန်တော် ပို့လိုက်ကြောင်း သိအောင် စတေကာလေးတွေ ပါ ကပ်ပေးလိုက် ပါ့မယ်''
''ကောင်းပြီလေ ...ရှင်ပြောချင်တာ ဒါပဲမဟုတ်လား''
''ဟုတ်ကဲ့ ...ကျန်တဲ့စကားတွေ ကတော့ နောက်များ ကျမှပေါ့ဗျာ ...ဟဲ ဟဲ ဟဲ''
ထိုးမှာ သေချာနေသည့် နွေကဗျာမျက်စောင်း ရောက်မလာခင်မှာ ပဲ ဆောင်းသစ် အမြန်လှည့်ထွက်လာခဲ့လိုက်သည်။ ဒါတောင် စူပွပွရေရွတ်သံ လေးကို မသဲမကွဲ ကြားလိုက်ရသေး၏ ။
နွေကဗျာ ကတော့ ကြီးကြီးကျယ်ကျယ်တော် ...ဟု ရေရွတ် လိုက်ခြင်း ဖြစ်သည်။ အကောင်းမြင်တတ်သော ဆောင်းသစ်နားထဲမှာ တော့ ထိုစကားကို ကြားလိုက်ပုံက အချစ်ကြီးချစ်တယ် တော် ဟူ၍ ။
ကိုယ့်အတွေးနှင့် ကိုယ် ကျေနပ်စွာ ဆောင်းသစ် ရင်ကော့ပြီး ထွက် လာခဲ့သည်။ နွေကဗျာတို့တော့ ဘယ်လိုကျန်ခဲ့သည်မသိ။ မတ်တတ်ကြီး ဖြစ်ဖို့တော့များ သည်။ လမ်းပေါ်မှာ လေးဖက်ထောက်နေမည် မှမဟုတ်ပဲ။ ဒါတောင် ဆောင်းသစ်က ငါ့နောက်ကျောကိုများ မြင်ကွင်းထဲက ပျောက် သွားတဲ့အထိ ငေးကြည့်နေဦးမလား ...ဟူ၍ ပင် မညှာမတာ တွေးလာလိုက် သေးသည်။ (မောင်တို့ယောက်ျားတွေ များ )
ထိုသို့ လျှောက်လာစဉ်မှာ ပဲ ပခုံးတစ်ဖက်ကို ဆွဲလှည့်ခံလိုက်ရသဖြင့် လှည့်အကြည့် ...
''ဟေ့ကောင် ...မင်းက ဒါ ဘာလုပ်သွားတာလဲ''
ထိုအသံနှင့် အတူ တွေ့ လိုက်ရသူက တိုးတိုးနှင့် ဖြိုးလေး။ ငယ် ကျွန်ကြီးတွေ ။ ပန်းသီးခြင်းတောင်းတွေ ကို ကိုယ်စီထမ်းထားရ၍ မျက်ခွက် တွေ က မဲ့ရှုံ့နေကြသည်။
ဆောင်းသစ်က ခပ်တည်တည်မျက်နှာပေးနှင့် ...
''ဟ ...ငါက ဘာကိုဘာလုပ်ရမှာ လဲ''
''အောင်မာ ...ဒီမှာ ငါတို့ထမ်းထားရတဲ့ ခြင်းတောင်းတွေ ကို ပြောတာကွ''
''ဟင် ...အဲဒါက မင်းတို့ဘာသာ ထမ်းထားတာလေ၊ ဘာလဲ ငါက လုပြီး လာထမ်းနေလို့လား''
နှစ် ကောင်စလုံး တင်းသွားကြသည်။ တိုးတိုးက အရင် ...
''ငသစ် ...မင်း မမိုက်ရိုင်းနဲ့နော်၊ ငါတို့က မင်းကိစ္စကြောင့် နောက်က ထမ်းလိုက်လာရတာ ကွ''
''အေးလေ ...ခု ငါ့ကိစ္စက ပြီးသွားပြီပဲ၊ မင်းတို့က ဘာ ဖြစ်လို့ ဆက်ထမ်းထားရတာ တုံး''
''ဟာကွာ ...ဒီကောင်တော့''
ပြောရင်း နှစ် ကောင်သား ဆောင့်ကြီးအောင့်ကြီးနှင့် ခြင်းကြီးတွေ ကို ပခုံးပေါ်မှ ကိုယ်စီ ချလိုက်ကြ၏ ။ ချက်ချင်း ဆိုသလိုပင် နှစ် ကောင်စလုံး၏ ပါးစပ်မှ စက်သေနတ်ပစ်သလို အဆဲအဆိုတွေ က မနားတမ်း မြိုင်မြိုင်ဆိုင် ဆိုင်ထွက်လာတော့သည်။
ဆောင်းသစ်က နာဟန်မရှိဘဲ တဟားဟားရယ်ရင်း ...
''မင်းတို့ကို စတာပါကွာ၊ ကဲ ...ဒီပန်းသီးတွေ ကို ဘာလုပ်ရင် ကောင်းမလဲ''
''မသိဘူး''
''မင်းဟာမင်း လုပ်ချင်တာလုပ်''
နှစ် ကောင်စလုံး တင်းနေသေးသည့်ပုံစံတွေ နှင့် ဆူအောင့်အောင် ဖြေလာသည်။
ဆောင်းသစ်က ...
''ကဲပါကွာ ...ပန်းသီးတွေ က အများ ကြီးဆိုတော့ ပန်းသီးပရိုဂရမ် စတဲ့အထိမ်းအမှတ်နဲ့ ငါတို့ ပန်းသီးအလှူလုပ်ရအောင်''
''ဘယ်လိုလုပ်မှာ လဲ''
''ဒီလိုလေ ...ငါတို့ ဒီသင်တန်းဝင်းထဲမှာ သွားရင်းလာရင်းနဲ့ တွေ့ တဲ့သူတွေ ကို တစ်ယောက် တစ်လုံးစီ ဝေမယ်ကွာ၊ မကောင်းဘူးလား''
''အေး ...ကောင်းသားပဲ''
ဖြိုးလေး စကားအဆုံးမှာ တိုးတိုးကလည်း ...
''အေးလေ ...မဟုတ်ရင်လည်း ဒီအတိုင်း ပစ်လိုက်ရမှာ ကွ''
''မင်းတို့သဘောတူတယ်နော်''
''တူပါတယ် ဆိုမှကွာ''
စကားအဆုံးမှာ ဆောင်းသစ်က ခေါင်းတစ်ချက် ပြင်းပြင်းညိတ် လိုက်ပြီး ...
''ဒါဆိုလည်း ပြီးရော၊ ငါတို့ သွားကြရအောင်၊ မင်းတို့နှစ် ယောက် တစ်ခြင်းစီ ပြန်ထမ်းပြီး နောက်က လိုက်ခြဲ့ ကတော့''
''ဟာ''
''ဟေ့ကောင် ငသစ် ...နေဦးလေ''
''တောက်! ...ဒီကောင်ကွာ လုပ်ချသွားပြန်ပြီ''
ထိုအချိန်မှာ တော့ ဆောင်းသစ်က မီတာတစ်ရာပြေးသော ခြေလှမ်း မျိုးဖြင့် ဓာတ်တိုင်တစ်တိုင်စာလောက်အကွာပင် ရောက်ရှိသွားလေပြီ။
ဒီတစ်ခါလည်း နှစ် ကောင်စလုံး မှတ်သားထားသမျှ အဆဲအဆို များ အား စိတ်ရှိလက်ရှိ ရင့်ကျူးရင်း ခြင်းတောင်းတွေ ကို ကိုယ်စီ ပခုံးပေါ်သို့ ပြန်ကာ 'မ' တင်လိုက်ရတော့၏ ။
သကောင့်သား ဆောင်းသစ် ကတော့ ခပ်ရှေ့လှမ်းလှမ်းမှာ လေ ကလေး တချွန်ချွန်နှင့် ။
![]() အချစ်က ဆက်သွယ်မှု ဧရိယာထဲမှာ | ![]() အချစ်သည် သင့်ကျန်းမာရေးအတွက် အကောင်းဆုံးကိုယ်ရံတော် | ![]() ကိုယ့်လက်နဲ့ ပျိုးမိတဲ့ပန်း |