Cover

အကျဉ်းချုပ်

မြန်မာပြည်မြောက်စွန်းဒေသရှိ တောင်စွန်းတောင်တန်းများ အထပ်ထပ်ဝိုင်းရံထားသော တိဘက်ရွာကလေးတစ်ရွာရှိ၏ ။ ရွာကလေးတွင် ဘုရား၊ ကျောင်း၊ စေတီ၊ ပုထိုးတို့ဖြင့် တိဘက်ရိုးရာဓလေ့အတိုင်း ရိုးသားဖြောင့်မတ်ပြီး အသိပညာရှိသော “ဒရမ”ဆိုသည့် တိဘက်အကြီးအကဲလူကြီးတစ်ဦးအုပ်ချုပ်သည်။ သူ့တွင် ချောမောလှပသော သီတာဒေဝီဆိုသော မိန်းမနှင့် အာကာသဆိုသော သား တစ်ယောက် ရှိ၏ ။

အာကာသအား တရုတ်ပြည်မှ ဆရာကြီးတစ်ဦးထံအပ်နှံ၍ စာပေဗဟုသုတပညာရပ်များ ကို သင်ကြားစေခဲ့သည်။အာကာသသည် ရွာ၏ မိရိုးဖလာအလုပ်များ ကို စိတ်ဝင်စားခြင်းမရှိဘဲ စာပေပညာ၊ အတွေးအခေါ် ဒဿနာပညာရပ်များ ကို ဝါသနာထုံလေ၏ ။ မြင်းစီးလည်းအတတ်တွင် လည်း သူမတူအောင် ထူးချွန်ပြီး လက်ရုံးရည်နှလုံးရည်ပြည့်စုံသော ကြောင့် ဖခင်ကအားရကျေနပ်မိသည်။

သို့ သော် “ဒကာထင်သလို ဒကာရဲ့ သားဟာ ရွာအကြီးအကဲ ဖြစ်မှာ မဟုတ်ဘူး၊ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူအလွန်သိချင်တဲ့ ကမ္ဘာကြီးအကြောင်းကို လေ့လာဖို့ ဒီအရပ်ကထွက်သွားလိမ့်မယ်”ဟု မဟာယနကျောင်းတိုက်မှ ဆရာတော် မိန့်ကြားမှု ကြောင့် ဖခင်သည်ထိတ်လန့်တုန်လှုပ်သွားလေ၏ ။

တစ်နေ့၌ အာကာသတို့နေထိုင်သော လီဆူးရွာကလေးသို့ ကျင်ယုံဟူသော လူစိမ်း တစ်ယောက် တိဘက်ရွာမှဆေးမြစ်တူးရန်ရောက်ရှိလာခဲ့လေသည်။ ကျင်ယုံအား ဇာတိရပ်မြေအကြောင်းကို ဝိုင်းမေးကြသည်။ သူရောက်ရှိပြီး(၁၀)ခန့်ကြာသော အခါတွင် ကျင်ယုံသည် ဘုန်းကြီးကျောင်းတွင် အလွန်ရှေးကျသော ဗုဒ္ဓရုပ်ပွားတော် ၏ ပလ္လင်အောက်၌ မြှုပ်နှံထားသော အလွန်အဖိုးတန်သော ကြာပန်းမာလာကိုပါ ခိုးယူပြီးထွက်ပြေးသွားခဲ့လေသည်။

ထိုအခါ ဖခင်က“အဖေတို့ဟာ ဇာတိရပ်မြေ တိဘက်မြေမှာ မနေနိုင်ဘဲ မြန်မာပြည်မြောက်စွန်းကို ဘာကြောင့် နေလာသလဲဆိုတာက အဖေတို့တစ်ရွာလုံး တိဘက်တွေ ဟာ ခပ်နယ်သားတွေ ပဲ၊ ခပ်နယ်သားတွေ ဟာ ဘယ်လောက်သတ္တိရှိတယ်ဆိုတာ တိဘက်ကလူတွေ အားလုံးသိကြတယ်၊ အဖေတို့ခပ်နယ်သားတွေ ဟာ သူရစသတ္တိပြောင်တဲ့နေရာမှာ နာမည် ကြီးတဲ့အတွက် လာဆာမြို့တော် ကိုသွားပြီးတော့ အရှင်မြတ်ရဲကလက်အောက်မှာ အမှု ထမ်းလေ့ရှိတယ်၊ အဖေဟာ ရွာရဲ့ အကြီးအကဲ တစ်ယောက် ပဲ၊ တစ်နေ့တော့ အဖေတို့ရွာမှာ ကံဆိုးချင်တော့ လာဆာမြို့တော် က အရှင်မြတ်ကြီးနေထိုင်ရာ ပေါတလနန်းတော် ကို ဝင်ရောက်ပြီးတော့ ရှေးဟောင်းစာပေတွေ ခိုးယူဖို့ ကြိုးစားတဲ့ သူခိုး တစ်ယောက် ကို ကယ်တင်ထားခဲ့မိတယ်၊ ဒီလူဟာ သူခိုး တစ်ယောက် ဖြစ်ပေမဲ့ အလွန်သနားကရုဏာသက်အောင် အပြောအဆိုကောင်းပြီး မုသားလည်းကောင်းကောင်းသုံးတတ်တယ်၊ အဖေဟာ သူ့ကိုရိုးသားတဲ့လူ တစ်ယောက် ထင်ပြီး ရွာမှာ ကယ်တင်ထားခဲ့မိတယ်၊ သူဟာ တစ်ရွာလုံးကလူတွေ နဲ့ တည့်အောင်ပေါင်းနိုင်တဲ့အစွမ်းရှိတယ်၊ ရွာမှာ ရှိတဲ့ ကြီးကြီးငယ်ငယ်လူတွေ အားလုံး သူု့ကိုခင်မင်ရင်းနှီးကြတယ်၊ မကြာမီ သူ့ကိုလာရှာတဲ့ နန်းတော် ကလူတွေ ဟာ အဖေတို့ဆီကို ရောက်လာကြတယ်၊ အဖေတို့တစ်ရွာလုံးက သူ့ကိုသံယောဇဉ်ရှိနေတဲ့အတွက် ရဲမက်တွေ ကိုလိမ်ညာပြီး ပြန်လွှတ်ဖို့ကြိုးစားခဲ့တယ်၊ တကယ်တော့ ဒီလူဟာ ခွေးမြီးကောက် ကျည်တောက်စွပ်တဲ့လူ တစ်ယောက် ပါ၊ သူ့ရဲ့ ကျန်းမာရေး ကောင်းမွန်လာတဲ့အခါမှာ အနီးအနားက သူဌေးသူကြွယ်တွေ အိမ်ကို ညဘက်တိတ်တဆိတ်ဖောက်ထွင်းဖို့ကြိုးစားခဲ့တယ်၊ သူ့ရဲ့ လှုပ်ရှားမှု တွေ ကို မသင်္ကာတဲ့အတွက် ရဲမက်တွေ ကဝိုင်းဖမ်းတဲ့အခါ ဒီလူရဲက မကောင်းမှု ဒုစရိုက်ပေါ်လွင်သွားခဲ့တယ်၊ အဖေတို့ရွာက ရာဇဝတ်သားကိုကူညီတဲ့ရွာဆိုပြီး ပြည်နှင်ဒဏ်ပေးခံရတယ်လို့”သားကိုရှင်းပြလေသည်။

အဖေတို့ဟာတိဘက်ဒေသကိုအလွန်ချစ်တယ်၊ တိဘက်ဒေသသတင်း၊ တိဘက်ကလာတဲ့လူမျိုးတွေ ကို မျှော်လင့်တကြီးကြိုဆိုခဲ့တယ်၊ ကျင်ယုံသည် ဒီအခွင့်အရေး ကို အရယူပြီး အဖေတို့ကိုလိမ်ညာယူသွားခဲ့တဲ့ မျိုးရိုးစဉ်ဆက်ထိန်းသိမ်းခဲ့တဲ့ ကြာပန်းမာလာကို ကျုပ်မရ,ရအောင် ပြန်ယူပေးပါမယ်အဖေ”ဆိုပြီး

အာကာသသည် ကြာပန်းမာလာကိုပြန်ယူရန် လူယုတ်မာကျင်ယုံနောက်သို့ လိုက်ပြီး နှင်းတောင်ဖုံးတောင်တန်းကြီးများ ကို ကျော်လွန်၍ အဝေးဆုံးနေရာသို့ လျှောက်လှမ်းရာတွင် …….

* * *


ကြာပန်းမာလာ

မြန်မာပြည်မြောက်စွန်းဒေသရှိ တောင်စဉ်တောင်တန်းများ အထပ်ထပ်ဝန်းရံထားသော အရပ်၌ တိဘက်ရွာလေးတစ်ရွာရှိ၏ ။

ထိုရွာကလေးသည် လွင်ပြင်ငယ်ကလေး၌ တည်ဆောက်ထားခြင်း ဖြစ်ပြီး ရွာငယ်ကလေးပင် ဖြစ်စေကာမူ ဘုရား၊ ကျောင်း၊ စေတီ၊ ပုထိုးစသည်ဖြင့် ရွာတစ်ရွာ၏ အင်္ဂါရပ်များ ပြည့်ပြည့်စုံစုံရှိ၏ ။

ထိုရွာကလေး၌ နေထိုင်သော တိဘက်လူမျိုးများ သည် တိဘက်ရိုးရာဓလေ့အတိုင်း တစ်သဝေမတိမ်းလိုက်နာပြီး နေထိုင်ကြ၏ ။ ထိုရွာကလေး၏ အကြီးအကဲမှာ ရိုးသားဖြောင့်မတ်ပြီး အသိပညာရှိသော ဒရမဆိုသည့် တိဘက်လူကြီးတစ်ဦး ဖြစ်၏ ။

တိဘက်လူကြီးဒရမ၌ ချောမောလှပသော သီတာဒေဝီဆိုသော မိန်းမနှင့် အာကာသဆိုသော သား တစ်ယောက် ရှိ၏ ။

ဒရမသည် ဉာဏ်ပညာအမြော်အမြင်နှင့် ပြည့စုံသူ ဖြစ်သဖြင့် ရွာအကြီးအကဲတာဝန်ကို လက်ဆင့်ကမ်းထမ်းဆောင်ရမည့်  သား ဖြစ်သူအာကာသအား လေ့ကျင့်သင်ကြားစေ၏ ။

အာကာသအား စာပေဗဟုတပညာရပ်များ သင်ကြားပေးရန်အတွက် တရုတ်ပြည်မှ ဆရာကြီးတစ်ဦးကို အခကြေးငွေပေး၍ ငှားရမ်းထား၏ ။

ယောကျားတို့တတ်သင့် တတ်အပ်သော ဓါးခုတ်၊ လှံထိုး၊ မြင်းစီး၊ အစရှိသည့်အတတ်ပညာများ ကိုလည်း ဖခင် ဖြစ်သူ ဒရမကိုယ်တိုင် အားကြိုးမာန်တက် သင်ကြားပေး၏ ။

သူ၏ သား အာကာသသည် ထူးခြားသော လူငယ်တစ်ဦး ဖြစ်၏ ။ သူသည် အခြားသော ရွယ်တူရွာသာားများ ကဲ့သို့ နွားကျောင်းသော အလုပ်၊ ဆန်စပါးစိုက်ပျိုးသော အလုပ်များ ၌ စိတ်ပါဝင်စားခြင်းမရှိဘဲ တစ်မျိုးတစ်ဘာသာ နေထိုင်တတ်သူ ဖြစ်၏ ။

အာကာသသည် တရုတ်ဆရာကြီး သင်ကြားပေးသော စာပေပညာ၊ အတွေးအခေါ်ဒဿနပညာရပ်များ ကို ဝါသနာထုံ၏ ။

ရွာသားလူငယ်များ နှင့် အာကာသ၏ ထူးခြားချက်မှာ အာကာသသည် စာပေနှင့် အတွေးအခေါ်ပညာရပ်များ ကို ဝါသနာထုံပြီး ရွာ၌ မိရိုးဖလာလုပ်ကိုင်သော စိုက်ပျိုး၊ မွေးမြူရေး အလုပ်များ ကို စိတ်ပါဝင်စားခြင်းမရှိချေ။

အာကာသသည် မမြင်ရသော အဝေးကမ္ဘာကြီးကို စိတ်ဝင်စား၏ ။ သူတို့၏ မွေးရပ်ဇာတိ၊ သူတို့ပြည်အကြောင်းကို အလွန်သိချင်၏ ။

တရုတ်နှင့် အိန္ဒိယအကြောင်းကိုလည်း လေ့လာစုံစမ်း၏ ။ မိမိတို့နေထိုင်သော မြန်မာပြည်ကြီး၏ ကိုယ်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် နေထိုင်သော ခေတ်ကိုလည်း အောက်မေ့သတိရ၏ ။

အောက်ပြည်အောက်ရွာကို သိမ်းပိုက်ထားသော မျက်နှာဖြူနယ်ချဲ့များ အကြောင်းကိုလည်း အလွန်စိတ်ဝင်စား၏ ။

၎င်းတို့သည် ကမ္ဘာကြီးတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီး နေမဝင်အင်ပါယာရှင်များ ဖြစ်သည်ဆို၏ ။

နယ်ချဲ့မျက်နှာဖြူများ မြန်မာပြည်ကို မည် သို့ အုပ်ချုပ် မင်းလုပ်နေသနည်းဆိုသည်ကိုလည်း စိတ်ဝင်စား၏ ။ အာကာသနှင့် ရွာရှိလူငယ်များ ၏ ကွာခြားချက်မှာ ထိုအရာများ ပင် ဖြစ်၏ ။

အာကာသသည် ရိုးရာမုန့်များ လုပ်ရန် စိတ်ပါဝင်စားခြင်းမရှိ။ တိဘက်နွားများ ကျောင်းရန်လည်း ပျင်းရိငြီးငွေ့တတ်၏ ။

တစ်နှစ် ပတ်လုံးအတွက် စားသောက်ရန် ထောပတ်ကျိုရန်လည်း စိတ်ဝင်စားခြင်းမရှိ။ သို့ သော် တိဘက်လူမျိုးများ အလွန်အလေးအမြတ်ထားသော မြင်းစီးအတတ်တွင် မူ အာကာသသည် သူမတူအောင်ထူးချွန်သည်။

တိဘက်တို့သည် မြင်းစီးခြင်းအတတ်ကို အလွန်လေးနက်ထား၏ ။ တိဘက်တွင် အသက်သုံးနှစ် အရွယ်မှစ၍ မြင်းစီးနိုင်သည် ဖြစ်၏ ။

တိဘက်တွင် ဟိုသည်သွားလာရန် ယာဉ်ရထားမရှိဘဲ မြင်းစီးခြင်းနှင့် ခြေလျင်သွားလာခြင်းသာရှိ၏ ။ တိဘက် အထက်တန်းလွှာများ သည် ပိုမို၍ မြင်းကို အသုံးပြုကြ၏ ။

တိဘက်လူမျိုးများ သည် မြင်းစီးအလွန်ကျွမ်းကျင်ပြီး မြင်းပေါ်တွင် တစ်ပတ်ကျွမ်းထိုးခြင်း၊ မြင်း၏ အပေါ်အောက်ဝဲယာများ မှ ခိုဆွဲ၍ စီးခြင်း၊ မြင်းပေါ်တွင် ဓါးခုတ်၊ လှံထိုးအတတ်များ ကို ကစားပြခြင်း စသည့်အတတ်ပညာများ ကို ကျွမ်းကျင်ကြ၏ ။

ရွာ၏ အကြီးအကဲ ဒရမသည် သူ၏ ရွာရှိရွာသူရွာသား လူငယ်လေးများ အား ပညာဗဟုသုတနှင့် ပြည့်စုံစေရန် သူ၏ သားကို သင်ကြားသော တရုတ်ဆရာကြီးဝမ်ထံတွင် လာရောက်သင်ကြားစေ၏ ။

သို့ သော် ရွာသားလူငယ်များ သည် တရုတ်ဆရာကြီးဝမ်၏ လေးနက်သော အတွေးအခေါ် ဒဿနများ ကိုသင်ယူရင်း ပျင်းရိငြီးငွေ့သည်ဆိုကာ စာသင်ခန်းမှ တစ်ဦးပြီးတစ်ဦး ရှောင်ခွာထွက်ပြေးသွားကြ၏ ။

ရွာရှိလူငယ်များ သည် တိဘက်လူမျိုးဆရာ ရာမ၏ စာသင်ခန်း၌ သာ သွားရောက်သင်ကြားကြ၏ ။

နောက်ဆုံးတွင် တရုတ်ဆရာကြီး၏ စာသင်ခန်း၌ ရွာအကြီးအကဲ၏ သား အာကာသ တစ်ယောက် တည်းသာ ကျန်ရစ်ခဲ့တော့၏ ။

မည် သို့ ပင် ဖြစ်စေ အာကာသသည် ပြင်ပကမ္ဘာနှင့် အတွေးအခေါ် ဒဿနများ အကြောင်းကို စိတ်ဝင်စားသူ ဖြစ်သဖြင့် တရုတ်ဆရာကြီး၏ စာသင်ခန်း၌ ပျော်ရွှင်နေလေ၏ ။

ရွာအကြီးအကဲ ဒရမသည် ရဲစွမ်းသတ္တိရှိပြီး တိဘက်သိုင်းပညာကို အဆင့်မြင့်မြင့်

တတ်ကျွမ်းထားသူ ဖြစ်၏ ။ သူသည်ငယ်စဉ်က တိဘက်တွင် နေထိုင်စဉ် လားမားကျောင်းတိုက်များ ၏ ကိုယ်ခံပညာပြိုင်ပွဲ၌ အနိုင်ရဗိုလ်ဆွဲခဲ့ဖူး၏ ။

လာဆာမြို့တော် ၌ နေထိုင်စဉ် ဒရမ၏ ဂုဏ်သတင်းသည် ထင်ရှားကျော်ကြား၏ ။ ရွာအကြီးအကဲ ဒရမသည် မိမိတတ်ကျွမ်းသော ကိုယ်ခံပညာကို တစ်ရွာလုံးရှိလူငယ်များ အားလုံး တတ်ကျွမ်းသင့်သည်ဟု ယူဆ၏ ။

ထို့ကြောင့် လူငယ်များ ၏ စည်းရုံးကာ ကိုယ်ခံပညာသင်ကြားပေးလေ၏ ။ သို့ သော် သူ၏ ရွာရှိရွာသားများ သည် ကိုယ်ခံပညာကိုပင်ပန်းကြီးစွာ သင်ကြားရန်စိတ်ဝင်စားခြင်းမရှိ။ နောက်ဆုံးတွင် သူ၏ ကိုယ်ခံပညာသင်တန်း သင်ယူသူတစ်ဦးတည်းသာကျန်တော့၏ ။ ထိုသူမှာ သူ၏ သားအာကာသပင် ဖြစ်၏ ။

အာကာသသည် အသိပညာနှင့် အတွေးအခေါ်ကို စိတ်ဝင်စားမှု ရှိသလို ကိုယ်ခံပညာကိုလည်း တတ်ကျွမ်းလိုသော ဆန္ဒရှိ၏ ။

အာကာသသည် တရုတ်ဆရာကြီးထံတွင် ပညာသင်ကြားပြီးသည့်အခါတိုင်း ဖခင်သင်ကြားပေးသော တိဘက်ရိုးရာသိုင်းပညာကို လေ့ကျင့်နေတတ်၏ ။

တစ်ခါတစ်ရံ မြင်းဖြူတစ်စီးဖြင့် လွင်ပြင်အနှံ့တစ်ကိုယ်တည်း သွားလာနေတတ်၏ ။

သူတို့ရွာရှိ လူငယ်များ သည် မိရိုးဖလာလုပ်ငန်းများ ကိုသာ စိတ်ဝင်တစားရှိ၏ ။ အာကာသမှာ မူ ရွာသားလူငယ်များ နှင့် ကွဲပြားခြားနားပြီး လက်ရုံးရည်နှင့် နှလုံးရည်ပြည့်စုံသော ကြောင့် ရွာအကြီးအကဲ ဒရမသည် ကျေနပ်အားရနေမိ၏ ။

သူ၏ သား အာကာသသည် တစ်နေ့မိမိကဲ့သို့ ရွာကိုဦးဆောင်နိုင်မည် ဟု ယုံကြည်နေမိ၏ ။ သူတို့ရွာရှိ မဟာယနကျောင်းတိုက်မှ ဆရာတော် က ဒရမကိုခေါ်၍

“ဒကာရဲ့ သားဟာ ဒကာထင်သလို ရွာအကြီးအကဲ ဖြစ်မှာ မဟုတ်ဘူး၊ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူအလွန်သိချင်တဲ့ ကမ္ဘာကြီးအကြောင်းကို လေ့လာစုံစမ်းဖို့ ဒီအရပ်က ထွက်သွားလိမ့်မယ်”

ဟုမှတ်ချက်ချလေရာ ရွာအကြီးအကဲ ဒရမသည် ထိတ်လန့်တန်လှုပ်သွားလေ၏ ။

ရွာ၌ သူ၏ အရိုက်အရာကို ဆက်ခံရမည့် သူမှာ သား ဖြစ်သူအာကာသ ဖြစ်၏ ။ အာကာသ ရွာ၏ အုပ်ချုပ်ရေး ကို စိတ်မဝင်စားလျှင် သူတို့ရွာကလေး၏ အနာဂတ်မှာ တွေးဝံ့စရာပင်မရှိချေ။

အာကာသသည် ပြင်ပကမ္ဘာအကြောင်းကို အလွန်စိတ်ဝင်စားပြီး စူးစမ်းလေ့လာလိုစိတ် ဖြစ်ပေါ်နေကြောင်း သက်သေပြခဲ့၏ ။

သူတို့ရွာကလေးသည် တိဘက်ဒေသနှင့် ဝေးကွာနေသော လည်း မိခင်နိုင်ငံ၏ ဓလေ့ထုံးတမ်းအစဉ်အလာများ ကို တတ်နိုင်သမျှလေ့လာ၏ ။

ထို့ကြောင့် တိဘက်ဓလေ့ထုံးတမ်းအတိုင်း ဥပုသ်နေ့ဟူ၍ သီးခြားမရှိ။ စင်ကြယ်သော နေ့ဟူ၍ သာရှိ၏ ။

လတစ်လ၏ (၈)ရက်နှင့် (၅)ရက်သည် စင်ကြယ်သော နေ့များ ဖြစ်ပြီး ထိုနေ့များ ၌ တိဘက်လူကြီးသူမများ သည် ဘုန်းကြီးကျောင်းသို့ သွားပြီး ဘုရားဝတ်ပြုကြ၏ ။

စင်ကြယ်သော နေ့၌ ဒရမဦးဆောင်သော ရွာသူရွာသားများ အားလုံး ကလေးလူငယ်များ မှလွဲ၍ ဘုန်းကြီးကျောင်း၌ ဘုရားဝတ်ပြုကြ၏ ။

စင်ကြယ်သော နေ့၌ ဒရမဦးဆောင်သော ရွာသူရွာသားများ အားလုံး ကလေးသူငယ်များ မှလွဲ ဘုန်းကြီးကျောင်း၌ ဘုရားဝတ်ပြုကြ၏ ။

ဒရမသည် ဘုရားဝတ်ပြုပွဲသို့ သား ဖြစ်သူအာကာသကို ခေါ်လေ့ရှိ၏ ။ ယနေ့ အထူးဘုရားဝတ်ပြုပွဲ၌ အာကာသကိုမမြင်ရသဖြင့် ဒရမသည် မျက်မှော င်ကြုတ်လိုက်ပြီး သူ၏ လက်ရုံးတပည့်များ အားခေါ်ယူ၍ သား ဖြစ်သူကိုရှာဖွေခိုင်းလေ၏ ။

ခဏကြာအောင် ရှာဖွေပြီးနောက် လက်ရုံးတပည့်များ က အာကာသကို ဘုန်းကြီးကျောင်း ပရဝဏ်၌ မတွေ့ ကြောင်းပြောသော အခါ ဒရမသည် မျက်လုံးပြူးသွားလေ၏ ။

ထိုနေ့က ဒရမသည် ဘုရားကိုပင် ဖြောင့်ဖြောင့်ဝတ်မပြုနိုင်ဘဲ အာကာသကို လိုက်လံရှာဖွေလေရာ ကျောင်းစပ်တွင် တစ်ကိုယ်တည်း ဓားနှစ် လက်သိုင်းလေ့ကျင့်နေသော အာကာသကို မြင်တွေ့ လိုက်ရ၏ ။

ဒရမသည် သား ဖြစ်သူကိုမြင်သော အခါ ဒေါသကိုမချုပ်တည်းနိုင်ဘဲ

“ဟေ့ကောင်၊ မင်းဘာ ဖြစ်လို့ ဘုရားဝတ်ပြုပွဲကို ရောက်မလာတာလဲ၊ မင်းဟာ အကြီးအကဲရဲ့ သားဆိုတာ မေ့နေပြီလား၊ မင်း ငါ့ရဲ့ မျက်နှာကို အိုးမည်းသုတ်တာလား”

ဟု မေးမြန်းလေ၏ ။ ထိုအခါ အာကာသက ခေါင်းခါယမ်း

“အထူးဘုရားပွဲကို ကျုပ်မတက်တာ အဖေ့ဂုဏ်သိက္ခာကိုချချင်လို့ မဟုတ်ပါဘူး၊ ဆရာကြီးဝမ်ရဲ့ သင်ကြားမှု တွေ ကြောင့် ပါ”

ဟုပြောလေရာ ဖခင် ဖြစ်သူဒရမသည် အံ့သြတုန်လှုပ်သွားပြီး

“ဘာ …ဆရာကြီးဝမ်ရဲ့ သင်ကြားမှု ကြောင့် ဟုတ်လား၊ ဆရာကြီးက မင်းကို ဘာတွေ သင်ကြားပေးနေလို့လဲ”

ဟုမေးမြန်လေ၏ ။

ရွာ၏ အကြီးအကဲ ဒရမသည် တရုတ်ဆရာကြီးဝမ်ကို လေးစားကြည်ညိုသူ ဖြစ်၏ ။ အာကာသသည် အတန်ကြာအောင် အဝေးဆီသို့ ငေးကြည့်၍

“ဆရာကြီးဝမ်က အတွေးအခေါ် ဒဿနပညာကို သင်ကြားရင်းနဲ့ ဆုတောင်းခြင်းနှင့် ပတ်သက်ပြီးတော့ ကျုပ်ကိုသင်ကြားပေးတာ တစ်ခုရှိသေးတယ်၊ ဆရာကြီးဝမ်က ဆုတောင်းရုံနဲ့ လိုချင်တာတွေ ကို ရမလာနိုင်ဘူးတဲ့၊ လိုချင်တာတွေ ရဖို့အတွက် ဆုတောင်းနေရင် အချိန်ကုန်ရုံပဲရှိမှာ ပဲတဲ့၊ ကိုယ် ဖြစ်ချင်တာတွေ ဖြစ်ဖို့အတွက် ကိုယ့်ရဲ့ လုပ်အားကို အသုံးချပြီး အစွမ်းကုန်ကြိုးစားမှ လိုချင်တဲ့ခရီးကို ရောက်နိုင်မယ်တဲ့၊ ဒီအချိန်ကစပြီး ဆုတောင်းခြင်းနှင့် ပတ်သက်ပြီးတော့ ကျုပ်သေသေချာချာ စဉ်းစားသုံးသပ်ကြည့်တယ်၊ အဖေတို့တစ်ရွာလုံး ဟိုးအရင်နှစ် တွေ ကတည်းက အထူးဘုရားပွဲတော် မှာ လစဉ်ဆုတောင်းခဲ့တာပဲ၊ စပါးတွေ အများ ကြီးရချင်တယ်၊ နွားတွေ အများ ကြီးပိုင်ဆိုင်ချင်တယ်၊ သားကောင်တွေ အများ ကြီးရချင်တယ်၊ ဒါပေမယ့် အဖေတို့ဆုတောင်းတွေ ပြည့်လာခဲ့လို့လား၊ သားကောင်တွေ အများ ကြီးရချင်ရင် ဒီရွာမှာ ထိုင်ပြီးနေလို့မရဘူး၊ တောထဲကိုသွားပြီးတော့ ကိုယ်တိုင်ရှာဖွေ ဖမ်းနိုင်မှရမယ်၊ ဆန်စပါးတွေ ၊ ကောက်ပဲသီးနှံတွေ အများ ကြီးထွက်ချင်ရင်လည်း ကိုယ်တိုင်ကြိုးစားပြီး စိုက်ပျိုးမှ ဖြစ်လိမ့်မယ်၊ ဒါကြောင့် ဆုတောင်းတဲ့အလုပ်ကို ကျုပ်မယုံကြည်တော့ဘူး၊ တစ်လနှစ် ကြိမ် ဘုန်းကြီးကျောင်းမှာ သွားပြီးတော့ အထူးဘုရားဝတ်ပြုပွဲ လုပ်ရတာ ကျုပ်စိတ်မပါတော့ဘူး၊ အဖေပဲပြောဖူးတယ်လေ၊ စိတ်မပါတဲ့အလုပ်ကို ဘယ်တော့မှ မလုပ်လေနဲ့တဲ့”

ဟုပြောလေရာ ဒရမသည် သား ဖြစ်သူကိုကြည့်၍ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

ရွာအကြီးအကဲ ဒရမသည် တရုတ်ဆရာကြီးဝမ်အား အလွန်လေးစားကြည်ညိုသူ ဖြစ်၍ ဆရာကြီးစကားအားမှားသည်ဟူ၍ လည်း မပယ်ရှားဝံ့ချေ။

ဒရမသည် ထိုနေ့မှစ၍ သား ဖြစ်သူအား အထူးဘုရားပွဲတော် သို့ အတင်းအဓ္ဓ မတက်ရောက်ရန် ဆွယ်တရားဟောခြင်းမရှိတော့ချေ။

အာကာသသည် တိဘက်ရွာ၌ မိတ်ဆွေအများ ဆုံးဖွဲ့နိုင်သူ ဖြစ်၏ ။ သို့ သော် မိတ်ဆွေများ သည် တိဘက်များ မဟုတ်ကြ။ သူတို့ရွာနှင့် မလှမ်းမကမ်းတွင် ရှိသော ကချင်မျိုးနွယ်ဝင် လီဆူးများ ပင် ဖြစ်၏ ။

အာကာသသည် အားလပ်သည့်အချိန်တိုင်း လီဆူးများ ထံသို့ သွားရောက်၍ လည်ပတ်လေ့ရှိ၏ ။ တိဘက်လူမျိုးများ သည် သူတို့ရိုးရာဓလေ့များ ကိုထိန်းသိမ်း၍ သီးခြားနေထိုင်သူများ ဖြစ်၏ ။

သူတစ်ပါးမျိုးနွယ်များ ကိုလည်း စော်ကားခြင်းမရှိဘဲ အေးချမ်းစွာ နေထိုင်ကြ၏ ။ ရွာအကြီးအကဲ ဒရမဦးဆောင်သော တိဘက်များ သည် အခြားသော အမျိုးနွယ်စုများ နှင့် မိတ်ဆွေဖွဲ့ခြင်းမရှိသော်လည်း ရန်ပြုခြင်းလည်းပြုလေ့မရှိ။

လီဆူးကျေးရွာများ သို့ စတင်လည်ပတ်သည့်အချိန်၌ အာကာသ၏ အသက်(၁၀)နှစ် သားအရွယ်ခန့်ပင် ရှိသေး၏ ။

ထိုအချိန်က လီဆူးမျိုးနွယ်စုဝင်ခေါင်းဆောင်များ အချင်းချင်းမသင့်မတင့် ဖြစ်နေသော အချိန် ဖြစ်သဖြင့် တောင်ပေါ်ရှိလီဆူးဒေသများ သို့ သွားရောက်လည်ပတ်ခြင်းသည် အလွန်အန္တရာယ်များ ၏ ။

ကံအကြောင်းမလှလျှင် အာကာသ၏ အသက်အန္တရာယ်ကိုပင် ရန်ရှာခြင်းခံရနိုင်၏ ။

တစ်နေသ၌ အာကာသသည် ပြေးလွှားဆော့ကစားရင်း လီဆူးရွာများ ဘက်သို့

ရောက်ရှိသွားလေ၏ ။

တိဘက်များ သည် လီဆူးများ ရှိရာတောင်ပေါ်ဒေသသို့ သွားလည်ပတ်ခြင်းမရှိချေ။ အာကာသသည် နွားနောက်ကြီးတစ်ကောင်ကိုတွေ့ ရသဖြင့် နောက်သို့ လိုက်လံဖမ်းဆီးရင်း တောင်ပေါ်ဒေသသို့ ရောက်မှန်းမသိရောက်သွားလေ၏ ။

အာကာသသည် တောင်ပေါ်သို့ ရောက်သော အခါမှပင် လူကြီးများ မှာ ကြားထားသော စကားကိုအမှတ်ရပြီး ကမန်းကတန်း တောင်ပေါ်မှပြန်ဆင်းရန် ကြံစည်လေ၏ ။

ထိုသို့ ကြံစည်နေစဉ်မှာ ပင် ရေတံခွန်တစ်ခုအနီးတွင် ဆော့ကစားနေသော မိမိနှင့် ရွယ်တူ လီဆူးမိန်းကလေးသုံးယောက် ကိုမြင်သော အခါ သူမတို့အားသွားရောက်ပြီး မိတ်ဆွေဖွဲ့လိုစိတ်များ ဖြစ်ပေါ်လာ၏ ။

ထို့ကြောင့် ရေတံခွန်အနီးသို့ လျှောက်သွားပြီး လီဆူးဘာသာဖြင့်

“နင်တို့သုံးယောက် တည်း ဆော့နေတာလား၊ ငါလည်း နင်တို့နဲ့ဝင်ပြီးတော့ ဆော့ပါရစေ”

ဟု ခွင့်တောင်းလိုက်လေရာ လီဆူးမိန်းကလေးသုံးယောက် သည် အာကာသကို မမျှော်လင့်ဘဲမြင်တွေ့ လိုက်ရသဖြင့် အထိတ်တလန့် ဖြစ်သွားကြ၏ ။

အာကာသ ကမန်းကတန်းလက်ကာပြ၍

“ငါ့ကို မကြောက်ပါနဲ့ဟ၊ ငါက နင်တို့ရဲ့ ရန်သမဟုတ်ပါဘူး၊ ငါက ဟိုးတောင်အောက်က တိဘက်ရွာကပါ”

ဟုပြောလေရာ လီဆူးမိန်းမပျိုသုံးယောက် အနက် တစ်ဦးက

“နင်က တောင်အောက်တိဘက်ရွာက ဟုတ်သလား၊ နင်ဘာ ဖြစ်လို့ ငါတို့ဘာသာစကားကို တတ်ကျွမ်းနေရတာ လဲ”

ဟုမေးမြန်းလေရာ အာကာသက ဂုဏ်ယူဟန်ဖြင့် ရင်ကိုကော့၍

“ငါတို့က တိဘက်တွေ ဆိုပေမယ့် နင်တို့အရပ်မှာ လာပြီးတော့နေတယ်ဆိုတော့ နင်တို့ဘာသာစကားကို ထမင်းစား၊ ရေသောက်လောက်တော့ တတ်ကျွမ်းရမယ်ပေါ့၊ နင်တို့နဲ့ငါတို့ ရင်းနှီးကျွမ်းဝင်တဲ့အထိမ်းအမှတ်နဲ့ ငါတို့တိဘက်မုန့်တွေ ကို နင်တို့ကိုကျွေးရမယ်”

ဟုပြောကာ သားရေအိတ်ဖြင့် ထည့်ထားသော တိဘက်ရိုးရာမုန့်ဆလာများ ကိုထုတ်၍ လီဆူးမိန်းကလေးများ ကို ကျွေးမွေးလေ၏ ။

လီဆူးမိန်းကလေးသုံးယောက် အာကာသကျွေးမွေးသော ဆလာမုန့်များ ကို စားသောက်ပြီး အလွန်သဘောကျဟန်ဖြင့် ချီးမွမ်းကြလေ၏ ။

ထို့နောက် အာကာသနှင့် လီဆူးမိန်းကလေးသုံးယောက် သည် ခင်မင်ရင်းနှီး သင့်မြတ်သွားလေ၏ ။

လီဆူးမိန်းကလေးသုံးယောက် အနက် တစ်ဦးမှာ တစ်ရွာလုံးကိုအုပ်ချုပ်ရသော ဒူဝါကြီး၏ သမီး ဖြစ်ကြောင်းသိရလေ၏ ။

ဒူဝါကြီးသမီးသည် မိန်းကလေးသုံးယောက် အနက် ရုပ်ရည်ချောမောလှပသူ ဖြစ်ပြီး အာကာသကျွေးမွေးသော တိဘက်ရိုးရာမုန့်များ ကို အလွန်သဘောကျနေလေ၏ ။

အာကာသသည်ထိုနေ့က မိန်းကလေးသုံးယောက် နှင့် အတူ ပျော်ရွှင်စွာ ဆော့ကစားနေလေ၏ ။ ညနေစောင်းသော အခါ ဒူဝါကြီးသမီးမိန်းမပျိုကလေးက

“ငါတို့ပြန်ရတော့မယ် အာကာသ၊ နင်လည်းပြန်ပေတော့၊ ရေတံခွန်ကြီးမှာ ဆော့ကစားချင်လို့ ရွာအကြီးအကဲဆီမှာ ခွင့်တောင်းပြီး ငါတို့လာကစားတာ၊ မကြာမီရွာက အကြိုထောက်တဲ့လူတွေ ရောက်လာလိမ့်မယ်၊ နင့်ရဲ့ မုန့်တွေ ကိုစားရတာ အရသာသိပ်ရှိတာပဲ၊ ငါတို့ ကချင်ရိုးရာမုန့်တွေ လည်း နင့်ကိုပြန်ကျွေးချင်လိုက်တာ၊ လပြည့်နေ့ရောက်ရင် ဒီရေတံခွန်ကြီးကို နင်လာခဲ့ပါလား၊ နင့်ကိုငါတို့ပြန်ပြီးတော့ ကချင်ရိုးရာမုန့်တွေ နဲ့ ကျွေးမွေးဧည့်ခံချင်တယ်”

ဟုပြောလေရာ အာကာသက မိန်းကလေးကို ဝမ်းသာအားရကြည့်၍

“နင်တကယ်ပြောတာလား၊ နင်တို့ရဲ့ မုန့်တွေ ကို ငါ့ကိုပြန်ကျွေးမယ်ဟုတ်လား၊ ဒါဆိုရင်တော့ ငါဆက်ဆက်ပြန်ပြီးလာခဲ့မယ်၊ နင်တို့ ငါ့ကိုမုန့်တွေ အများ ကြီး ကျွေးဖို့သာကြံပေတော့”

ဟုပြောကာ တောင်ပေါ်မှဝမ်းသာအားရ ပြန်လည်ဆင်းသက်ခဲ့လေ၏ ။

ရွာသို့ ရောက်သော အခါ ကံကောင်းထောက်မစွာ ဖြင့် အာကာသတောင်ပေါ်သို့ ရောက်သွားခြင်းကို မည် သူမျှ ရိပ်စားမိခြင်းမရှိချေ။

အာကာသသည် လပြည့်နေ့သို့ ရောက်ရန် နေ့စဉ်စောင့်မျှော်ပြီး စိတ်စောနေလေ၏ ။ သူသည် လပြည့်နေ့သို့ ရောက်သော အခါ မိဘနှစ် ပါးအား စမ်းချောင်းထဲတါင် တစ်နေကုန်ငါးသွားမျှားမည် ဟု အကြောင်းပြကာ လီဆူးများ ရှိရာ တောင်ပေါ်သို့ တက်ခဲ့လေ၏ ။

တိဘက်ရွာနှင့် လီဆူးရွာများ သည် အလှမ်းကွာဝေးလှသဖြင့် တောင်ပေါ်သို့ ရောက်အောင် အတန်ကြာအောင်သွားလာရ၏ ။

တောင်ပေါ်သို့ ရောက်သော အခါ ရေတံခွန်ရှိရာသို့ မှန်း၍ သွားလာခဲ့လေ၏ ။ ရေတံခွန်သို့ ရောက်သော အခါ မိမိနှင့် ချိန်းဆိုထားသော မိတ်ဆွေမိန်းကလေးသုံးယောက် ကို မတွေ့ ရသဖြင့် မျက်မှော င်ကြုတ်လိုက်မိ၏ ။

အာကာသသည် လီဆူးမိန်းကလေးများ ကျွေးမည် ဆိုသော ၄င်းတို့၏ ရိုးရာမုန့်များ ကို စားသောက်ရန် များ စွာ စိတ်ဝင်စားနေမိ၏ ။

ထို့ကြောင့် ရေတံခွန်ပတ်ဝန်းကျင်အနှံ့ လီဆူးမလေးများ ကို လိုက်လံရှာဖွေလေ၏ ။ သို့ သော် လီဆူးမလေးများ ကို အရိပ်အယောင်မျှမတွေ့ ရချေ။

အာကာသသည် ရေတံခွန်နံဘေး၌ စိမ်ပြေနပြေထိုင်ပြီး လီဆူးမလေးများ ကိုစောင့်မျှော်နေမိ၏ ။ အတန်ကြာသည်အထိ လီဆူးမလေးများ ရောက်မလာသော အခါ လီဆူးရွာရှိရာသို့ လှည့်ပတ်ကြည့်ရင်း

“သူတို့ ဘာလို့မလာပါလိမ့်၊ ငါ့ကို လပြည့်နေ့မှာ ရိုးရာမုန့်တွေ ကျွေးမယ်ဆိုပြီးတော့ မေ့များ နေပြီလား၊ ငါ ကတော့ သူတို့နဲ့တွေ့ ရဖို့ လပြည့်နေ့ကိုမျှော်လိုက်ရတာ ၊ နောက် ရေတံခွန်ကို ရောက်လာရင်တော့ ဒင်းတို့ရှိရာကို မရောက်ရောက်အောင်သွားပြီးတော့ ရန်တွေ့ ပစ်လိုက်မယ်”

ဟု ကြုံးဝးလေ၏ ။

အာကာသသည် ရေတံခွန်၌ စိတ်ရှည်ရှည်ထားပြီး စောင့်မျှော်နေမိ၏ ။ မွန်းတည့်ချိန်သို့ ရောက်သည်အထိ လီဆူးမလေးများ ရောက်မလာသော အခါ ဒေါသချောင်းချောင်းထွက်ကာ လီဆူးရွာအတွင်းသို့ လိုက်ရန် ဆုံးဖြတ်လိုက်၏ ။

အာကာသသည် ဒေါသအလျောက် လီဆူးရွာထဲသို့ သွားရန် ပြင်သော်လည်း ၄င်းတို့တိဘက်များ အနေဖြင့် လီဆူးရွာသို့ ဝင်ရောက်လေ့မရှိသဖြင့် ရွာထဲသို့ ရောက်လျှင် အထူးအဆန်း ဖြစ်မှာ သေချာသည်ဟုတွေးမိလေ၏ ။

အာကာသသည် လီဆူးရွာအနီးသို့ ရောက်သော အခါ ရွာကိုကာရံထားသော သစ်လုံးတံခါးကြီးပိတ်ထားသဖြင့် မျက်မှော င်ကြုတ်လိုက်မိလေ၏ ။

ထိုစဉ်က လီဆူးများ ရွာများ သည် တိုင်းရင်းသားအချင်းချင်းနယ်မြေလုသော တိုက်ပွဲများ ဖြစ်ပွားတတ်သဖြင့် ရွာစည်းရိုးကို သစ်လုံးဖြင့် ခိုင်မာစွာ ကာရံထားလေ့ရှိ၏ ။

ရွာအဝင်အထွက် တံခါးမကြီးကိုမူ များ သော အားဖြင့် ဖွင့်ထားလေ့ရှိ၏ ။ ယခုရွာအဝင်အထွက် တံခါးမကြီးကိုပါပိတ်ထားသဖြင့် အာကာသသည် ရွာထဲသို့ ဝင်ရန်မ ဖြစ်နိုင်တော့ချေ။

အာကာသသည် ရွာစည်းရိုးအနီးတွင် မကျေမနပ်ထိုင်ချလိုက်ပြီး မိမိကိုလပြည့်နေ့တွင် ရိုးရာမုန့်များ ကိုကျွေးမည် ဆိုပြီး လိမ်ညာသွားသော လီဆူးမလေးများ ကို မကျေမချမ်း ဖြစ်နေမိလေ၏ ။

သူသည် ရွာထဲသို့ ရောက်သွားပြီး မိမိကိုမုသားပြောသွားသော လီဆူးမလေးများ ကို စကားစစ်ထိုးချင်နေမိ၏ ။

ထိုအခိုက်မှာ ပင် ရွာကိုကာရံထားသော တံခါးမကြီးပွင့်သွားသဖြင့် အာကာသသည် ကျောက်တုံး၏ နောက်တွင် ပုန်းကွယ်လိုက်မိ၏ ။

ထိုအခါ ရွာထဲမှ တုတ်၊ ဓါး၊ လက်နက်များ ကို ကိုင်ဆောင်ထားသော လီဆူးအမျိုးသားကြီးများ သည် ရွာပတ်ဝန်းကျင်ကို သတိကြီးစွာ ထား၍ လှည့်လည်စစ်ဆေးနေကြောင်း တွေ့ ရလေ၏ ။

အာကာသသည် ထိုအခွင့်အရေး ကို လက်လွတ်မခံဘဲ ပွင့်နေသော တံခါးကို အကာအကွယ်ပြု၍ ပုန်းအောင်လိုက်လေ၏ ။

ထို့နောက် မိမိအား လီဆူးများ မမြင်အောင် ပုန်းကွယ်ရင်းချိန်းဆိုထားသော မိန်းကလေးသုံးယောက် ကို လိုက်လံရှာဖွေလေ၏ ။

မိမိနှင့် ချိန်းဆိုထားသော လီဆူးမိန်းကလေးတစ်ဦးမှာ လူမျိုးစုခေါင်းဆောင် ဒူဝါကြီး၏ သမီး ဖြစ်ကြောင်း သိရသဖြင့် ရွာထဲရှိထိန်နုဟုခေါ်သော အရှည်လျားဆုံးအိမ်ကြီးကို လိုက်လံရှာဖွေလေ၏ ။

လူမျိုးစုခေါင်းဆောင် ဒူဝါများ သည် ထိန်နုဟုခေါ်သော အလွန်ရှည်လျားသည့် အိမ်ကြီးများ တွင် နေထိုင်လေ့ရှိ၏ ။

အာကာသသည် မိန်းကလေးသုံးဦးကို ရန်တွေ့ လိုသော ကြောင့် နေ့ခင်းကြောင်တောင်ကြီး လီဆူးရွာအတွင်းသို့ အန္တရာယ်ကိုသတိမမူဘဲ ကလေးပီပီအရဲစွန့်ပြီး ဝင်ရောက်ခဲ့ခြင်း ဖြစ်၏ ။

သူသည် သစ်ပင်ချုံနွယ်များ ကို အကာအကွယ်ပြု၍ လူမျိုးစုခေါင်းဆောင် ဒူဝါကြီး၏ အိမ်အနီးသို့ ချည်းကပ်ခဲ့လေ၏ ။ ရွာ၏ အလယ်တွင် အရှည်လျားဆုံးအိမ်ကြီးတွင် မြင်တွေ့ ရသဖြင့် ဒူဝါ၏ အိမ် ဖြစ်ကြောင်း ရိပ်စားမိသွားလေ၏ ။

ဒူဝါ၏ အိမ်ဝန်းထဲတွင် လက်နက်ကိုင်လူများ အလွန်များ ပြားကြောင်း တွေ့ ရလေ၏ ။ အာကာသသည် အိမ်ထဲသို့ တိတ်တဆိတ်ခိုးဝင်နိုင်လျှင် မိမိနှင့် ချိန်းဆိုထားသော မိန်းကလေးကို တွေ့ လိမ့်မည် ဟု မျှော်လင့်၏ ။

ထိုကြောင့် ခြံအတွင် သို့ ခိုးဝင်ပြီး တောင်းကြီးတစ်လုံးတွင် ဝင်ရောက် ပုန်းကွယ်လိုက်လေ၏ ။ ထိုအခိုက်မှာ ပင် မိမိပုန်းအောင်းနေသော တောင်းကြီးအနီးသို့ လက်နက်ကိုင်လူများ ရောက်ရှိလာပြီး

“တောင်းတွေ ကို အိမ်အောက်ကိုရွှေ့ကြရအောင်ဟေ့” ဟုပြောလေ၏ ။

အာကာသသည် တောင်းထဲတွင် ပုန်းအောင်းနေရင်း ထိတ်လန့်သွားလေ၏ ။ လက်နက်ကိုင်လူနှစ် ဦးသည် တောင်းလွတ်တစ်လုံးကို အိမ်ထဲသို့ ရွှေ့ပြောင်းပြီး အာကာသပုန်းအောင်းနေသော တောင်းကိုမကိုင်ပစ်လုက်သည်။

ထိုအခါ တောင်းမှလေးလံနေသဖြင့် လက်နက်ကိုင်လူသည် အလွန်အံ့သြသွားပြီ

“ဟင် … ဒီတောင်းထဲမှာ အရက်ကျည်တောက်တွေ ထည့်ပြီးသားကို၊ ဒီနေ့ညတော့ ငါတို့တွေ အရက်အဝသောက်ရတော့မယ်ဟေ့”

ဟုပြောကာ တောင်းကိုဖွင့်မကြည့်တော့ဘဲ အိမ်၏ အောက်သို့ သယ်ဆောင်သွားလေ၏ ။

အာကာသသည် တောင်းထဲ၌ ငြိမ်၍ လိုက်ပါသွားလေ၏ ။ လက်နက်ကိုင်များ သည် တောင်းကို အိမ်အောက်၌ ချထားပြီး ပြန်လည်ထွက်ခွာသွားကြလေ၏ ။

အာကာသသည် လက်နက်ကိုင်လူများ ထွက်ခွာသွားသော အခါ တောင်းအဖုံးကို တိတ်တခိုးဖွင့်၍ အိမ်ကြီး၏ ပြတင်းပေါက်မှကျော်တက်ကာ အခန်းများ တစ်ခန်းဝင် တစ်ခန်းထွက် လိုက်လံရှာဖွေလေ၏ ။

ထိုအိမ်ကြီးအထဲတွင် လိုက်လံရှာဖွေနေစဉ် အစောင့်အကြပ်များ ကို မြင်တွေ့ သည့်အခါ

နီးရာအခန်းထဲသို့ ပုန်းခိုရလေ၏ ။

အိမ်ကြီး၏ အနောက်ဖက် အစွန်းဆုံးအခန်းကို အင်လားဒပ်အခန်းအ ဖြစ်ထားရှိ၏ ။ အင်လားဒပ်ဆိုသည်မှာ အပျို၊ လူပျိုများ ရင်းနှီးကျွမ်းဝင်စွာ တွေ့ ဆုံရသော အခန်း ဖြစ်၏ ။

အရှေ့ဘက်အစွန်ဆုံးအခန်းမှာ မနမ်ထပ်ခေါ်သော ဧည့်ခန်း ဖြစ်ပြီး နတ်ပွဲ၊ မနောပွဲ၊ လက်ထပ်မင်္ဂလာပွဲ အစရှိသော ပွဲများ ကို အိမ်၏ အနောက်ဖက်တွင် ကျင်းပလေ့ရှိ၏ ။

အာကာသသည် တစ်ခန်းဝင်တစ်ခန်းထွက်ရှာဖွေရင်း အိမ်၏ အနောက်ဖက်အစွန်းဆုံးရှိ အင်လားဒပ်၌ မိန်းမငယ်များ ၏ စကားပြောသံကို ကြားရသဖြင့် အခန်းထဲသို့ ချောင်းကြည့်လိုက်သော အခါ မိမိအားချိန်းဆိုထားသော ဒူဝါသမီးနှင့် မိန်းကလေးနှစ် ယောက် ကို မမျှော်လင့်ဘဲ တွေ့ လိုက်ရလေ၏ ။

အာကာသသည် မိန်းကလေးသုံးယောက် ကို မြင်တွေ့ သော အခါ စိတ်မထိန်းနိုင်တော့ဘဲ အခန်းထဲသို့ ပြေးဝင်သွားပြီး

“ဟေ့ … မင်းတို့ ငါ့ကိုရိုးရာမုန့်တွေ ကျွေးမယ်ဆိုပြီး ဘာ ဖြစ်လို့ရောက်မလာတာလဲ၊ ရေတံခွန်ဘေးမှာ တစ်နေကုန်စောင့်နေပြီး စိတ်မရှည်လို့လိုက်လာရတာ ”

ဟုပြောလိုက်ရာ မိန်းမပျိုသည် အာကာသကို တအံတသြကြည့်၍ ဒူဝါ၏ သမီးက

“ဟင် … နင်ဘယ်လိုလုပ်ပြီး ငါတို့ရွာထဲကို ရောက်လာတာလဲ၊ နင့်ကို လူကြီးတွေ မြင်ရင် အသတ်ခံရလိမ့်မယ်”

ဟုပြောလေရာ အာကာသက မျက်မှော င်ကြုတ်၍ ခေါင်းခါယမ်းလိုက်ပြီး

“လူကြီးတွေ က ငါ့ကိုဘာလို့သတ်ရမှာ လဲ၊ ငါ့ကိုနင်တို့က လပြည့်နေ့မှာ ရိုးရာမုန့်ကျွေးမယ်လို့ ဖိတ်ထားတယ်၊ ရေတံခွန်အောက်မှာ နင်တို့ကို ငါတစ်နေကုန်စောင့်တယ်၊ နင်တို့ရောက်မလာလို့ ရွာထဲကိုငါလိုက်လာတာ၊ ငါ့မှာ အပြစ်ရှိသလား၊ ငါ့လက်ထဲမှာ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မပါဘူး၊ နောက်ပြီးတော့ ငါဟာ လူကြီးလည်းမဟုတ်ဘူး”

ဟု စောဒကတက်လေ၏ ။ ထိုအခါ ဒူဝါ၏ သမီးက

“နင့်မှာ လက်နက်မပါပေမဲ့ ငါတို့ရွာမှာ အန္တရာယ်တွေ နဲ့ ကြုံနေရတာ နင်မသိဘူး၊ ဒါကြောင့် ငါတောင် နင်နဲ့ရေတံခွန် တွေ့ မယ်ချိန်းထားပေမဲ့ ရွာပြင်ထွက်လို့မရလို့ ရောက်မလာနိုင်ခဲ့ဘူး”

ဟုပြောလေရာ အအာကာသက နားမလည်ဟန်ဖြင့် မျက်မှော င်ကြုတ်၍

“နင်တို့ရွာမှာ ဘယ်လိုအန္တရာယ်နဲ့ ကြုံနေရလို့လဲ”

ဟုမေးမြန်းလေ၏ ။ ထိုအခါ ဒူဝါ၏ သမီးက

“ငါတို့ မျိုးနွယ်စုအချင်းချင်း တိုက်ပွဲတွေ ဖြစ်နေတယ်၊ ငါတို့ရွာအချိန်မရွေး ရန်သူနဲ့ဆုံနိုင်တယ်၊ ဒါကြောင့် ဒီရွာတံခါးမကြီးကို ပိတ်ထားလိုက်တာပဲ၊ နင် ရွာထဲကို ဘယ်လိုလုပ်ပြီးဝင်လာတာလဲ”

ဟုမေးမြန်းလေ၏ ။ ထိုအခါ အာကာသက ဂုဏ်ယူဟန်ဖြင့် လက်မထောင်၍

“နင်တို့ရွာက စည်းရိုးတွေ ဘယ်လောက်လုံလုံ၊ ငါ ကတော့ မြေလျှိုးမိုးပျံပြီးတောင် ရောက်အောင်လာနိုင်တယ်၊ ကဲ … ငါတို့ ရိုးရာမုန့်တွေ ကျွေးမယ်ဆိုတာ ဘယ်မှာ လဲ၊ ကျွေးကြ”

ဟုမေးမြန်းလေရာ မိန်းကလေးသုံးယောက် သည် အန္တရာယ်ကြားတွင် ရောက်ရှိနေပါလျှက် ရိုးရာမုန့်များ ကို သဲကြီးမဲကြီးစားသောက်ချင်နေသော အာကာသကို အံ့သြစွာ ဖြင့် ကြည့်ရှုကြလေ၏ ။

ဒူဝါ၏ သမီးက

“နင် ဒီလောက်တောင်မုန့်စားချင်ရင် လောလောဆယ်တော့ နင့်ကိုကျွေးစရာ မီးကင်ထားတဲ့ မီးကင်ထားတဲ့ သမင်ပေါင်တစ်ချောင်းတော့ရှိတယ်”

ဟုပြောလေရာ အာကာသသည် သမင်ပေါင်ဟူသော အသံကိုကြားရသဖြင့် အလွန်သဘောကျသွားပြီး

“သမင်ပေါင်ရှိတယ် ဟုတ်လား၊ ဒါဆိုရင် အမြန်သွားယူလိုက်လေ၊ သမင်ပေါင်ကို ဟောဒီမီးလင်းဖိုလေးပေါ်မှာ ကင်ပြီးစားရင် မွှေးကြိုင်သွားမှာ ပဲ”

ဟုပြောလေရာ

"အစားအသောက် အတော့်ကိုသရမ်းတယ်၊ ဒီလောက်အသက်အန္တရာယ်တွေ များ တဲ့ကြားက ငါတို့ရွာကိုရောက်အောင်လာပြီး မုန့်စားဖို့ကြိုးစားတယ်နော်”

ဟုပြောလေရာ အာကာသက ဒူဝါ၏ သမီးကို ရှက်ကိုးရှက်ကန်းဖြင့် ကြည့်၍

“ငါက အစားသောက်မက်လွန်းလို့ နင်တို့နောက်ကိုလိုက်လာတာ မဟုတ်ပါဘူး၊ နင်တို့နဲ့တွေ့ ပြီး ကစားချင်သေးလို့ပါ”

ဟုပြောလေရာ မိန်းကလေးတစ်ဦးက ဝင်ရောက်၍

“ငါတို့အိမ်ကြီးထဲမှာ တော့ ဆော့လို့မရဘူးဟဲ့၊ အိမ်ထဲမှာ လူကြီးတွေ အားလုံး အလုပ်ရှုပ်နေကြတယ်”

ဟုပြောလေ၏ ။ ထိုအခါ အာကာသက

“ဆော့လို့မရရင်လည်း မဆော့တော့ပါဘူး၊ နင့်တို့ငါ့ကို ကျွေးမယ်ဆိုတဲ့ သမင်ပေါင်သွားယူလေ”

ဟုခိုင်းလိုက်လေ၏ ။

မိန်းကလေးတစ်ဦးသည် အိမ်၏ နောက်သို့ သွားကာ သမင်ပေါင်ကိုယူလာလေ၏ ။ သမင်ပေါင်မှာ အတော် အတန်ကြီးပြီး စားချင်စဖွယ် ဖြစ်နေသဖြင့် အာကာသသည် သွားရည်ယိုလာလေ၏ ။

မိန်းကလေးတစ်ဦးလှမ်းပေးသော သမင်ပေါင်ကိုယူလိုက်ပြီး သူ၏ ရှေ့တွင် ရှိသော မီးလင်းဖို့တွင် မီးမြိုက်လိုက်ရာ သမင်ပေါင်သည်အဆီများ တဝင်းဝင်းကျလာပြီး စားချင်စဖွယ် မွှေးပျံ့လာလေ၏ ။

အာကာသသည် သမင်ပေါင်ကိုကြည့်ရင်း တိဘက်ဥပဒေသများ ကို အတိအကျလိုက်နာသော ဖခင်ကိုသတိရလိုက်မိ၏ ။

ထိုအခါ ဒူဝါကြီး၏ သမီးက

“သမင်ပေါင်စားချင်ရင် စားလိုက်လေ၊ ဘာ ဖြစ်လို့ ကြောင်ကြည့်နေတာလဲ”

ဟုမေးမြန်းလေ၏ ။ ထိုအခါ အာကာသက သက်ပြင်းချ၍

“ငါ့ဖခင်ကို သတိရလို့ပါဗျာ၊ ငါတို့ တိဘက်ဒေသက တိရစ္ဆာန်တွေ ကို သတ်ဖြတ်ပြီးတော့ စားသောက်လေ့မရှိဘူး၊ သဘာဝ အတိုင်းသေဆုံးတဲ့ သားကောင်ကိုသာ စားသောက်လေ့ရှိတယ်၊ တိဘက်မှာ သားသတ်ရုံတွေ တော့ ရှိပါတယ်၊ ဒါပေမယ့် သားသတ်ရုံက အသားကိုစားတဲ့လူတွေ ကို ရှေးရိုးဆန်တဲ့လူတွေ က ဝေဖန်ကဲ့ရဲ့ ကြတယ်၊ ငါ့ဖေဟာ ရှေးရိုးဆန်တဲ့ လူ တစ်ယောက် ပဲ၊ တိဘက်မှာ တိရစ္ဆာန်တွေ ကို အလေးအမြတ်ထားကြတတယ်၊ တိရစ္ဆာန်တွေ ရဲ့ အသားကို မစားမီသူတို့ကို ဆုတောင်းပေးကြတယ်၊ တိဘက်ထိပ်တန်းခေါင်းဆောင်ကြီးတွေ စီးတဲ့မြင်းကိုမြင်းတော် လို့ ရိုရိုသေသေခေါ်ဝေါ်ရတယ်၊ တိဘက်ဟာ တိရစ္ဆာန်တွေ ကို တန်ဖိုးထားတဲ့နေရာမှာ ကမ္ဘာမှာ ရှိတဲ့ ဘယ်နိုင်ငံနဲ့မဆို ကွဲပြားခြားနားတယ်”

ဟုပြောလေရာ ဒူဝါကြီး၏ သမီးက စိတ်ဝင်စားစွာ ဖြင့်

“ဟင် … ဒါဆိုရင် တိဘက်တွေ က တိရစ္ဆာန်ကိုသတ်ဖြတ်ပြီးတော့ မစားတဲ့အတွက် သမင်ပေါင်ကို နင်စားလို့ ဖြစ်ပါ့မလာ၊ သမင်ပေါင်ဟာ ငါတို့ရွာက မုဆိုးက ငါ့အဖေကိုဆက်သတဲ့ သမင်ပေါင်ပဲ၊ ငါ့အဖေဟာ ပေါင်စားဒူဝါကြီးဆိုတာ နင်သိတယ်မဟုတ်လား”

ဟုပြောလေရာ အာကာသက ခေါင်းညိတ်၍

“နင့်အဖေက ပေါင်စားဒူဝါကြီးဆိုတာ ငါသိပါတယ်ဟာ၊ နင်တို့ဆီမှာ ရောက်နေတဲ့သမင်ပေါင်ကို သတ္တဝါအတိုင်းသေဆုံးတဲ့ သမင်ပေါင်မဟုတ်ဘူးဆိုတာ ငါသိပြီးသား”

လီဆူးတို့၏ ရိုးရာဓလေ့ထုံးစံအရ ရွာသားများ သည် ၄င်းတို့အမဲလိုက်၍ ရရှိသော တိရစ္ဆာန်၏ ပေါင်အား ဒူဝါအားဦးစွားဆက်သရ၏ ။

အမဲလိုက်၍ ရရှိသော တိရစ္ဆာန်၏ ပေါင်ကို ဒူဝါအားဆက်သခြင်းမရှိပါက ရွာလူကြီးများ ပါဝင်သော အဖွဲ့မှ ပြင်းထန်သော အပြစ်ဒဏ်ကို ပေးလေ့ရှိ၏ ။

အာကာသသည် ၄င်း၏ လက်တွင် ရှိနေသော သမင်ပေါင်မှာ သဘာဝ အတိုင်းရရှိသော သမင်ပေါင်မဟုတ်မှန်း ရိပ်စားမိ၏ ။

သို့ သော် အာကာသသည် ဖခင်ကဲ့သို့ ရှေးရိုးဆန်သူတစ်ဦးမဟုတ်သဖြင့် တိဘက်တို့၏ ရိုးရာဓလေ့များ ကို လိုက်နာတတ်ခြင်းမရှိချေ။

ထိုကြောင့် အာကာသက သမင်ပေါင်ကို တစ်ကိုက်ကိုက်၍ ရယ်မောကာ

“သမင်ပေါင်ကြီးကို မီးနဲ့ကင်ပြီးတော့ စားချင်စဖွယ် မွှေးကြိုင်နေတဲ့အချိန်မှာ သမင်ပေါင်ကြီးကို ငါမစားဘူးဆိုရင် ငါ့လောက်မိုက်မဲတဲ့သူရှိပါဦးမလား၊ သမင်ပေါင်ကိုမစားဘဲ လက်လွှတ်ဆုံးရှုံးလိုက်ရင် ငါငတ်ရုံပဲရှိတော့မပေါ့၊ ဟဲ ဟဲ … ငါက အဖေနဲ့စိတ်ဓာတ်ချင်း ဆန့်ကျင်ဘက်ပဲ၊ ရတောင့်ရခဲစားခွင့်ရတဲ့ သမင်ပေါင်ကြီးကို အားပါးတရစားလိုက်မှာ ပါ၊ ငါတို့လူမျိုးတွေ ရဲ့ တိရစ္ဆာန်နဲ့ပတ်သက်တဲ့ အယူဝါဒတွေ ဟာ ခေတ်မမီတော့ဘူးလို့ ငါထင်တယ်”

ဟုပြောကာ အရသာရှိပြီး မွှေးပျံ့ကြိုင်လှိုင်နေသော သမင်ပေါင်ကြီးကို အားပါးတရ ကိုက်ဝါးနေလေ၏ ။

ထိုစဉ် မိန်းကလေးတစ်ဦးက အာကာသသောက်ရန် ရိုးရာခေါင်ရည်များ လည်း ယူလာပေးလေ၏ ။ အာကာသသည် လီဆူးတို့၏ ရိုးရာခေါင်ရည်ကို အလွန်နှစ်သက် သဖြင့် ဝါးကျည်တောက်ထဲမှ ခေါင်ရည်ကိုတစ်ကျိုက်သောက်လိုက်၊ သမင်ပေါင်ကြီးကို အရသာခံ၍ ကိုက်ဝါးလိုက်နှင့် သဘောအကျပြီး ကျနေလေတော့၏ ။

မိန်းကလေးသုံးယောက် သည် အာကာသစားသောက်နေဟန်ကို သဘောကျဟန်ဖြင့် ကြည့်၍ တခစ်ခစ်ရယ်မောနေလေတော့၏ ။

ထိုအခိုက်မှာ ပင် ဒူဝါကတော် ဒူဂျန်သည် အင်လားဒပ်ထဲမှထွက်ပေါ်လာသော အသံကိုကြားရသဖြင့် အင်လားဒပ်ထဲသို့ ဝင်ရောက်လာလေ၏ ။

ဒူဝါကတော် ဒူဂျန်သည် အင်လားဒပ်ထဲသို့ ရောက်သော အခါ ခေါင်ရည်ကျည်တောက်များ ကြားတွင် ထိုင်၍ သမင်ပေါင်ကိုကိုက်ဝါးနေသော အာကာသကို မြင်တွေ့ သော အခါ မိမိမျက်လုံးကိုပင်မယုံနိုင်ဘဲ မျက်မှော င်ကြုတ်၍ ကြည့်ကာ အထိတ်တလန့်ဖြင့်

“ရန်သူ … ရန်သူ ရောက်နေပြီ”

ဟုအော်ဟစ်လိုက်လေ၏ ။

ထိုအခါ အိမ်ကြီးထဲတွင် ရှိသော ဒူဝါကြီး၏ အစောင့်အကြပ်များ သည် ဒူဂျန်၏ အော်သံများ ကြောင့် အင်လားဒပ်ထဲသို့ ကမူးရှူးထိုးပြေးဝင်လာကြ၏ ။

ထိုအခါ ခေါင်ရည်ကျည်တောက်များ အလယ်တွင် ထိုင်၍ သမင်ပေါင်ကြီးကို ကိုက်ဝါးနေသော တိဘက်ကလေးငယ်ကို မြင်တွေ့ လိုက်ရ၏ ။

ဒူဝါကြီး၏ အစောင့်အကြပ်များ သည် မမျှော်လင့်ဘဲ ဧည့်ခန်းထဲ၌ တိဘက်လူငယ်တစ်ဦးကို မြင်တွေ့ လိုက်ရသဖြင့် ထိတ်လန့်အံ့သြသွားကြ၏ ။

အဘယ်ကြောင့် ဆိုသော် ခြံစည်ရိုးကို အထပ်ထပ်ကာရံထားပြီး ရွာထဲ၌ အစောင့်အကြပ် အထူထပ်ဆုံး ဖြစ်သော ဒူဝါကြီး၏ အိမ်ထဲသို့ လူငယ်လေးရောက်ရှိနေသော ကြောင့် ဖြစ်၏ ။

အာကာသသည် အင်လားဒပ်ထဲသို့ ကမူးကရှူးတိုးပြေးဝင်လာသော အစောင့်အကြပ်များ ကိုကြည့်၍ နှစ် လိုဖွယ်ပြုံးပြလိုက်ပြီး ခေါင်ရည်ကျည်တောက်ကို မြှောက်ကာ

“ဟဲ ဟဲ … ခင်ဗျားတို့ ခေါင်ရည်သောက်ပါဦးလား”

ဟုဖိတ်ခေါ်လိုက်လေ၏ ။

ထိုအခါ လက်နက်ကိုင်အစောင့်အကြပ်များ သည် အာကာသကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြ၏ ။

ဒူဝါကတော် ဒူဂျန်သည် အာကာသကို လက်ညှိုးထိုး၍

“ဟဲ့ … ကောင်လေး၊ နင် ဘယ်သူလဲ၊ အစောင့်အကြပ်တွေ ဒီလောက်များ တဲ့ကြားက ရွာထဲကိုဝင်ပြီး အင်လားဒပ်မှာ စားသောက်နေရတာ လဲ”

ဟုမေးမြန်းလေ၏ ။ ထိုအခါ အာကာသက ဒူဂျန်ကိုကြည့်၍

“ဒူဂျန်ရဲ့ သမီးတွေ ကဖိတ်ထားလို့ လာပြီးစားသောက်နေတာပေါ့ဗျ၊ မယုံရင် ဒူဂျန်ရဲ့ သမီးတွေ ကို မေးမြန်းကြည့်ပါလား”

ဟုပြောလိုက်လေ၏ ။

ထိုအခိုက်မှာ ပင် အင်လားဒပ်အတွင်းသို့ ဒူဝါကြီးဝင်ရောက်လာပြီး သူ၏ တပည့်များ နည်းတူ အာကာသအား အထိတ်တလန့် ကြည့်လိုက်မိလေ၏ ။

ဒူဝါကြီးက အာကာသကို လက်ညှိုးထိုး၍

“ဟေ့ … ကောင်လေး၊ မင်း ဘယ်သူလဲ၊ ဘာကြောင့် အင်လားဒပ်ထဲကိုဝင်ပြီးတော့ ခေါင်ရည်တွေ ၊ သမင်ပေါင်တွေ စားနေရတာ လဲ”

ဟု ဒေါသတကြီး အော်ဟစ်မေးမြန်းလေ၏ ။

ဒူဝါကြီး၏ မေးခွန်းကြောင့် လက်အောက်ငယ်သားအားလုံး တုန်လှုပ် ချောက်ချားသွားသော်လည်း အာကာသမှာ တုန်လှုပ်ခြင်းမရှိဘဲ

“ကျုပ်ကို ဒူဝါကြီးသမီးက ရိုးရာမုန့်တွေ ကျွေးမယ်ဆိုပြီး ရေတံခွန်မှာ ဖိတ်ထားတယ်၊ ရေတံခွန်ရောက်တော့ ဒူဝါကြီးသမီးကို မတွေ့ တဲ့အတွက် ရွာထဲကိုအရဲစွန့်ပြီး လိုက်လာခဲ့တာပဲ”

ဟုပြောလေရာ ဒူဝါကြီးသည် ဤမျှလုံခြုံရေး အထပ်ထပ်ကာရံထားသော သူ၏ ရွာစည်းရိုးအထပ်ထပ်ကို ကျော်ဖြတ်ပြီး အိမ်ထဲသို့ ပင်ရောက်ရှိလာနိုင်သော တိဘက်လူငယ်လေးကို အခွန်အံသြဟန်ဖြင့် ကြည့်လိုက်လေ၏ ။

ဒူဝါကြီးက အာကာသကို မယုံနိုင်ဟန်ဖြင့် ကြည့်၍

“ဟိတ် … ကောင်လေး၊ မင်း တိဘက်လေးမဟုတ်လား၊ ရွာထဲကို ဘယ်လိုလုပ်ပြီး ကျူးကျော်ဝင်ရောက်လာတာလဲ၊ မင်းအန္တရာယ်မ ဖြစ်ချင်ရင် ငါ့ကိုမှန်မှန်ပြောစမ်း”

ဟုမေးမြန်းလေ၏ ။

* * *




ဝန်ဇင်းချစ်သူများ မင်းမြတ်သူရ ၏ “ ကြာပန်းမာလာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ရမ္မက်၏နိဂုံး

သီရိဒေဝီ

ဇီဝဇိုးရွှေလှိုဏ်ဂူ