
အခန်း(၁)
အောက်မေ့ဖွယ်၊ အောက်မေ့ဖွယ်၊ အောက်မေ့ဖွယ်၊ အောက်မေ့ဖွယ် … ။
ဘဝမှာ အောက်မေ့ဖွယ်တွေ က များ သလောက် ရယ်သံတွေ ကနည်းပါးခဲ့ပါဘိ။
ဝေးလျားလွန်းလှသည့် အတိတ်ကိုတွေးပြီး အောက်မေ့တသ လွမ်းရတာ တွေ ရယ် … ၊ ပစ္စုပ္ပန်ထဲအလိုတူသည် ဖြစ်စေ၊ အလိုမတူသည် ဖြစ်စေ လက်ခံပေါင်းသင်းခဲ့ရသော ကြွပ်ဆတ်ကော့လန်နေတဲ့ ရယ်သံတွေ ၊ ဆွတ်ပျံ့ကြည်နူးဖွယ် ရယ်သံတွေ နဲ့ … ။ သြော် … အောက်မေ့ဖွယ် ရယ်သံတွေ နဲ့ နေသားတကျရှိလာသူ လူသား တစ်ယောက် ရဲ့ အမှတ်ရချက်စာစုများ ၊ သို့ မဟုတ် အက်ဆေးများ လို့ပဲ ဆိုပါရစေ။
ဒီဘက်ခေတ် နောက်ပိုင်းတွင် … အတန်အသင့် ရေး ဖြစ်ခဲ့သော အက်ဆေးများ ၊ မဂ္ဂဇင်း အသီးသီးတွင် ဟိုတစ်ပုဒ်၊ဒီတစ်ပုဒ် ပြန့်ကြဲလျက်ရှိရာ စာချစ်သူတို့ အလွယ်တကူ ခံစားဖတ်ရှုစေလိုသော ဆန္ဒကြောင့် ယခုကဲ့သို့ စုစည်းတင်ဆက်လိုက်ခြင်း ဖြစ်ပါသည်။
စာတစ်အုပ် ဖြစ်မြောက်ဖို့ ခက်ခဲသည့် ယခုလို ဒုလ္လဘကာလမျိုးတွင် အောက်မေ့ဖွယ် ရယ်သံများ ၊ စာပေသံယောဇဉ် ချစ်ခင်စိတ်ဖြင့် စေတနာထားထုတ်ဝေပေးသည့် ကိုမျိုးဆင့် (ရှင်မ တောင်စာပေ)၊ တာဝန်ခံစာတည်း health for All မဂ္ဂဇင်းအားလည်းကောင်း၊ မျက်နှာဖုံးအနုပညာကို မေတ္တာဖြင့် ကူညီမှု ပြုခဲ့သည့် ဒီဇိုင်းပညာရှင် ကိုစိုးဝင်းငြိမ်းအား လည်းကောင်း၊ မဂ္ဂဇင်းအသီးသီးတွင် ကနဦး ဖော်ပြပေးခဲ့ကြသော အယ်ဒီတာများ အား လည်းကောင်း ရင်နှင့် အမျှ ကျေးဇူးဥပကာရ တင်ရှိပါကြောင်း မေတ္တာရည်လောင်းအပ်ပါသည်… ။
ညွှတ်နူးသော ဂါရဝဖြင့်
မင်းချမ်းမွန်
တိုးတက်သော လူမျိုးသည် စာဖတ်ကြ၍ စာဖတ်သော လူမျိုးသည် တိုးတက်ကြသည်။
(တရုတ်စကားပုံ)
ဒီခေတ်မှာ တကယ့်တက္ကသိုလ်ဆိုတာ စာကြည့်တိုက်ပါပဲဟုဆိုခဲ့သော သော မတ်စ်ကာ လိုင်း၏ စကားကို သဘောကျပြီး သူကိုယ်တိုင် သူ့ဇာတိရပ်ရွာတွင် စာကြည့်တိုက်တစ်ခု ထူထောင်ရန် ပြင်းရှသော အာသီသရှိသည့် စာချစ်သူမိတ်ဆွေတစ်ဦးနှင့် ဘဝတစ်ကွေ့ဝယ် ကျွန်တော် ဆုံတွေ့ ခဲ့ဖူးပါသည်။ ထိုစဉ်က သူကိုယ်တိုင် ဦးနှောက် ခါးတောင်းကျိုက်ရင်း သူ့ကို မြေတောင်မြှောက်ပေးခဲ့သည့် သူချစ်သော အဘိုး ဖြစ်သူကိုရည်စူးကာ ‘ဦးဘိုးသက်စာကြည့်တိုက်’ ဖြစ်မြောက်ရေး အတွက် လှေပြင်ရွက်ဖွင့်နေသော ကာလပင် ဖြစ်သည်။ ပြင်ဆင်ရေး အိပ်မက်ကာလဝယ် လောလောဆယ်လိုအပ်နေသော လက်ကမ်းစာစောင်တစ်ခုကို တမ်းမက်လျက်ရှိရာ ကျွန်တော့် ကို အကူအညီတောင်းလာသည်။ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပေးမည် ဟု ကျွန်တော် တာဝန်ယူလိုက်စဉ်က သန့်စင်သော မျက်လုံးဖြင့် ပြုံးပြလိုက်သော သူ့အပြုံးတစ်စကို ယခုတိုင် သတိရနေပါသေးသည်။ အမွန်မြတ်ဆုံးဒါနတစ်ခုအ ဖြစ် အသိပညာဝေမျှရန် ဤမျှ စိတ်အားတောက်ပထက်သန်နေသော သူ့ကိုကြည့်ပြီး ကျွန်တော် ‘ဘွန်ဆိုင်း’ ဆိုသည့် ကဗျာတစ်ပုဒ် ပင် ရေး လိုက်မိသည့်အထိ။
…………
…………
ဒီအချိန်မှာ How are you လို့
မေးလာတဲ့ ငနဲတွေ
Fine လို့သာ အော်ထည့်လိုက်
လွှင့်ပစ်ရမယ့်အစား
ပုံးလှလှထဲ ထည့်နေကြတာ
အမှိုက် တွေ ပါကွာ
စာကြည့်တိုက်ဆိုတာ
အလင်းရောင် ချက်လုပ်တဲ့ စက်ရုံပဲ
မသေခင်
ရွာမှာ သွားဆောက်မယ့် ခင်ဗျားစိတ်ကူး
ကြိုက်တယ်ဗျာ
ကျုပ်လို အခုထိ
မမျှော်လင့်ဘဲ
မထင်ကွက်က ပြေးဝင်လာတဲ့ ဘော
တစ်လုံးပြီး တစ်လုံး
ဆလိုက်ထိုးဖျက် နေရတုန်းဆိုရင်
မမိုက်ဘူး … ။
အမှန်အတိုင်းဆိုရလျှင် ကျွန်တော် သူ့ကို အရမ်းအားကျသည်။ ဘဝ၏ အရုဏ်ဦး စာမျက်နှာမှာ ကတည်းက ထိုဆန္ဒမျိုး ကျွန်တော့် ရင်ဝယ်တိမ်းညွှတ် အမြစ်တွယ်ခဲ့ဖူးသည်။ လောကဓံ၏ ခြေနှစ် ဖက်စလုံး လက်ဖျံပေါ်သို့ ပစ်တင်ခြင်းခံရနေရသော ကျွန်တော် အဖို့ မစွမ်းသာ အချိန်ဝယ် မိတ်ဆွေ၏ ဆန္ဒကို အတတ်နိုင်ဆုံး ဖြည့်စွမ်းပေးရုံမှတစ်ပါး အခြားမရှိ၊ အမြတ်တစ်ခုရရှိလိုက်သည်ကား သူ့လက်ကမ်းစာစောင်ထဲထည့်ရန် ‘စာကြည့်တိုက်’ အမည် ရှိ ကဗျာကို ကျွန်တော် ရေး မိခဲ့ခြင်းပင် ဖြစ်သည်။
လူသားတွေ အတွက် အရင်းအနှီးနည်းနည်း နဲ့ အကျိုးအမြတ်များများ ရရှိစေကာ စာကြည့်တိုက်ပဲ မဟုတ်ပါလား။
နိုဝင်ဘာ နှင်းစက်တွေ တဖွဲဖွဲကျဆင်းနေတဲ့ ညစ်ညပါပဲ။
ကျွန်တော် တို့ဘာသာစကားတူမိတ်ဆွေများ အဝေးပြေးမှန်လုံကားတစ်စီးပေါ်တွင် စုစည်းမိကြသည်။ ကမ္ဘာကြီးကို အပြားခတ်လိုက်တဲ့ရိုက်ချက်တွေ နဲ့ အဘက်ဘက်က တိုးတက်နေပါသည်ဆိုသော နိုင်ငံအသီးသီးကြား ဘယ်နိုင်ငံမှာ မှ မထွန်းကားသေးသော ယဉ်းကျေးမှု တစ်ရပ် ကျွန်တော် တို့ဆီမှာ ဂုဏ်ယူဖွယ်ရာ ဖူးပွင့်စွင့်ကားနေပါသည်။ ဒီအစဉ်အလာကောင်းကို လက်ဆင့်ကမ်း ထိန်းသိမ်းရန်အတွက် ကျွန်တော် တို့ ခရီးထွက်ခဲ့ကြပါသည်။ ကျွန်တော့်ဇာတိရွာ မွန်ပြည်နယ် ဘီးလူးကျွန်း၊ ကညှော်ကျေးရွာသို့ ။ အဲဒီ မှာ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်သည့် လူငယ်များ တည်ထောင်ထားသော ဦးဥတ္တမစာကြည့်တိုက် ရှိသည်။ အလျဉ်းသင့်သလို စာပေဟောပြောပွဲများ ပြုလုပ်၍ ရွာလူထု၏ နားမျက်စိကို ဖွင့်ပေးခဲ့တာ ကြာပြီပဲ။
ဒီနှစ် တော့ ကျွန်တော် တို့အဖွဲ့ပေါင်းစည်းရွက်လွှင့်ခဲ့ကြသည်။ ကျွန်တော် တို့အဖွဲ့တွင် စာချစ်သူ၊ ကဗျာချစ်သူ မန်ယူလို ဘောလုံးတစ်သင်းစာ ၁၁ ဦးတိတိပါသည်။ ကဗျာဆရာတစ်ဦး၊ ဆရာအော်ပီကျယ်၊ ဆရာလွတ်လပ်အိမ်တို့က စာပေဟောပြောကြ၊ ဝိုင်းဝန်းကြဖို့ ကျွန်တော် တို့နှင့် အတူ ကဗျာဆရာ မင်းထက်မောင်၊ သင်းဝေအောင်၊ မိုးဦးဆွေညိန်း အစ အရုပ်နှင့် အသံအတွက် ကူညီမှတ်တမ်းတင်ဖို့ ဒီဇိုင်းဆရာ ကိုစိုးဝင်းငြိမ်း၊ ပန်းချီဆရာ ကိုသန်းဌေးမောင် တို့လည်းပါသည်။ ချဲလ်ဆီးကိုရင်ဆိုင်ဖို့ တကယ့်အားပြည့်အင်ပြည့် စာပေဘောလုံးအသင်းကြီး တစ်သင်းပေါ့။
နောက်တစ်နေ့မနက် မော်လမြိုင်မှတစ်ဆင့် စက်တပ်သမ္ဗာန်တစ်စီးဖြင့် သံလွင့်ရဲ့ ကျောပြင်ကိုနင်းဖြတ်ပြီး ကွေ့ကောက်သော ချောင်းကလေးအတိုင်း ဆန်တက်ကာ ကညှော်မြေမှာ ခြေစုံရပ်လိုက်တော့၊ အားလုံးအမောပြေသွားကြသည်။ ရွာအလယ် အနန်းပင်ရိပ်ဝယ် သီးသီးသန့်သန့်၊ ခံ့ခံ့ညားညား၊ မားမားမတ်မတ်ရပ်ကာ ကျွန်တော် တို့ကို ဆီးကြိုနေသည့် စာကြည့်တိုက်က နွေးထွေးစွာ ပွေ့ဖက် နှုတ်ဆက်နေသည် မဟုတ်လား။ စာကြည့်တိုက် အင်္ဂါရပ်နှင့် အညီ ကျယ်ကျယ်လွင့်လွင့်၊ စာအုပ်တွေ က စုံစုံလင်လင်၊ စီစဉ်ထားရှိပုံက စနစ်တကျဆိုတော့ ကမ္ဘာပတ်ကာ နိုင်ငံတကာ စာကြည့်တိုက်များ သို့ ရောက်ရှိဖူးသူ ဆရာအော်ပီကျယ်ကပင် သူ့ကင်မရာလေးဖြင့် တဖျတ်ဖျတ်ဓာတ်ပုံရိုက်ရင်း ‘တကယ့်ရွာတကယ့်စာကြည့်တိုက်ပါပဲလားဗျာ’ ဟူသော အကြည့်ဖြင့် တအံ့တသြကြည်နူးပီတိတွေ ဝေနေတော့သည်။ စာကြည့်တိုက်ဥက္ကဌ ဒေါက်တာအုန်းလွင်အား သိလိုတာတွေ မေးလိုက်၊ စာကြည့်တိုက်မိသားစုဝင် ဆရာမ လေးတွေ ကို စူးစမ်းလိုက်။ အနားယူဖို့ အတော် ဆွဲခေါ်ရသည်။
ဆည်းရီချုပ်ပျောက် ညခင်းရောက်သည်နှင့် စာကြည့်တိုက်ရှေ့ မြေတလင်းကျယ်ကြီးဝယ် ရွာပရိသတ်တွေ နှင့် ပြည့်လျှံခမ်းနားသွားသည်။ မုဒွန်း၊ ဘိုးနက်၊ သက္ကော၊ ချောင်းဆုံတို့မှ စာပေ ချစ်မြတ်နိုးသူတွေ လည်း ကားကြီးတွေ နှင့် ရောက်ရှိလာကြ၏ ။ဟောပြောပွဲစတင်တော့ ဗွေဆော်ဦး ဟောပြောသူက ကဗျာဆရာတစ်ဦး၊ လွမ်းမိတဲ့တရားလို့ ခေါင်းစဉ်ပေးထားသည့် ကဗျာနှင့် ပတ် သက်သော အလွမ်းအမောများ ၊ အဲဒီ မှာ ဆရာဇော်ဂျီ၏ တို့တိုင်းပြည်ပါသည်။ ဆရာမင်းသုဝဏ်၏ ပျဉ်းမငုတ်တို ပါသည်။ စာကြည့်တိုက် ဟောပြောပွဲနှင့် အညီ စာဖတ်ရန် လှုံ့ဆော်တိုက်တွန်းသည့် စာဖတ်သူ မဟာလူသားကြီး နှစ် ဦးအကြောင်းလည်း ပါသည်။
လူငယ်လေး တစ်ယောက် ရှိတယ်။ အမေရိကန်နိုင်ငံ အီလီနွိုက်မြစ်ကမ်းပါး ဆိပ်ကမ်းမြို့လေး တစ်မြို့မှာ နေတယ်။ ဘဝပေးအခြေအနေအရ သူဟာကျောင်းမနေနိုင်ဘူး။ အဲဒီ လူငယ်သစ်ခုတ်သမား၊ လှေထိုးသားဟာ ဘဝကိုအရှုံးမပေးဘဲ စာအုပ်တွေ ဖတ်၊ ကျောင်းမှာ မသင်ရတဲ့ပညာရပ်တွေ ကို စာအုပ်ထဲမှာ ရှာတယ်။ အလုပ်နားလို့ အားလပ်တာနဲ့ စာဖတ်၊ ဖတ်စရာမရှိတော့ မနေနိုင်။ စုံစမ်းတော့ ၁၆ မိုင်ခန့် ဝေးတဲ့နေရာမှာ စာအုပ်တွေ ရှိကြောင်း သတင်းရတာ နဲ့ ခြေကျင်လျှောက်ကာ သွားရောက်ငှားရမ်းတယ်။ စာအုပ်ပိုင်ရှင်ကလည်း ဒီလိုစာသမားမျိုးကို တန်ဖိုးထားတယ်။ ဘယ်လိုစာအုပ်မျိုးတွေ ဖတ်ချင်သလဲမေးတော့ သူဝါသနာပါတဲ့ ဥပဒေစာအုပ်တွေ ဖတ်လိုကြောင်းပြောပြီးတော့ စာအုပ်ပိုင်ရှင်က ဖတ်ဖို့တိုက်တွန်းတဲ့ အမေရိကန် စာရေး ဆရာ သော မတ်စ်ပိန်းရဲ့ Give me liberty or give me dead ငါ့ကိုလွတ်လပ်ခွင့်ပေးပါ၊ ဒါမှမဟုတ် သတ်ပစ်ပါအမည် ရ စာအုပ်ကိုဖတ်ပြီး ကြိုက်သွား။ အဲဒီ ကရတဲ့ အားမာန်တွေ ၊ အလင်းရောင် တွေ နဲ့ နောင်တစ်ချိန် သော ကာလမှာ အမေရိကန်နိုင်ငံရဲ့ သမ္မတကြီး ဖြစ်လာ။ သူဟာ ဘယ်သူလဲ။ Government of the people by the people for the people လို ကမ္ဘာကျော်စာသားတွေ ပါတဲ့ မိန့်ခွန်းကိုပြောကြားခဲ့သူ သမ္မတကြီးလင်ကွန်း။ ဒီလိုပြောနိုင်တာ သစ်ခုတ်သမားကနေ သမ္မတကြီး ဖြစ်လာတာ ဘာကြောင့် လဲ။ စာဖတ်ခဲ့လို့။
ဒီလိုပါပဲ။ ကျွန်တော် တို့ မြန်မာနိုင်ငံမှာ လည်း လူငယ်လေး တစ်ယောက် ရှိတယ်။ သူဟာ ပခုက္ကူခရိုင် မြိုင်နယ်ဘက်က။ အချိန်ကား ဖက်ဆစ်ဂျပန်တွေ ရဲ့ သံဖနောင့်အောက် စစ်ပြေးပုန်း အောင်းနေရတဲ့ ကာလ။ ကျောင်းမတက်ရတော့ စာအုပ်ထဲမှာ ပညာရှာတယ်။ စာဖတ်တယ်။ ဒါနဲ့ တစ်နေ့ စာရေး ဆရာကြီး ရဲထွန်းလင်းရဲ့ အရေး တော် ပုံတပ်သားကို တွေ့ တော့ ထမင်းမေ့ ဟင်းမေ့ဖတ်မိ။ စာအုပ်ဆုံးလို့ နောက်ဆုံးစာမျက်နှာလည်းရောက်ရော ဒုတိယတွဲ ဇာတ်သိမ်းဆက်ဖတ်ပါ။ ဆိုတဲ့အကြောင်းကိုဖတ်ပြီး အလွန်အမင်းမောသွားတယ်။ ဘယ်လိုမှ နေလို့ထိုင်လို့ မရတော့။ စာဖတ်သမားဟာ စာအုပ်မရှိရင် နေလို့မရ။ ဒီလိုနဲ့စုံစမ်းလိုက်တာ သူနေထိုင်ရာကနေ ၂၂ မိုင်လောက်ဝေးတဲ့ အခြားစစ်ပြေးရွာတစ်ရွာမှာ ရန်ကုန်က စစ်ပြေးခိုအောင်းနေတဲ့ အရာရှိကြီးတစ်ဦးရဲ့ အိမ်မှာ စာအုပ်တွေ အပုံလိုက်ရှိကြောင်း သတင်းရ။ အဲဒီ အခါ လူငယ်လေးဟာ ဖက်ဆစ်ဂျပန်တွေ ရဲ့ အန္တရာယ်တွေ ကို မကြောက်အားဘဲ အဲဒီ ရွာကိုခြေကျင်လျှောက်ပြီး အရောက်သွားခဲ့တယ်။
အရာရှိကြီးနဲ့တွေ့ ၊ အကျိုးအကြောင်းပြောပြ စာအုပ်ငှားတော့ စာအုပ်ပိုင်ရှင်က ပြုံးပြီး ခေါင်းခါ။ စာအုပ်က ရှိတယ်။ မငှားနိုင်။ မောင်ရင့် စာဖတ်ဝါသနာကို ခန့်မှန်းမိပါရဲ့ ။ လေးစားပါ တယ်။ စစ်ကာလထဲ ရွှေငွေ ရတနာတွေ ဆုံးရှုံးခဲ့ပြီးပြီ။ အဲဒီ ဒဏ်ကို ခံနိုင်ပေမယ့် စာအုပ် ရတနာ တွေ ကိုတော့ ထပ်ပြီး အဆုံးအရှုံးမခံနိုင်တော့ဘူး။ ဒါကြောင့် မောင်ရင့်ကို ထမင်းကျွေးမယ်၊ ဒီမှာ ပဲ လိုရာကိုဖတ်ပါ ပြောတော့ လူငယ်လေးဟာ အငမ်းမရ ထမင်းမစားဟင်းမစား မိုးချုပ်ကနေ မိုးလင်းထိ ဖတ်လိုက်တာ ပြီးသွားတယ်။ အရာရှိကြီးကို ကန်တော့၊ ကျေးဇူးတင်ကြောင်းပြောပြီး ၂၂ မိုင်ခရီးကို လျှောက်ပြန်လာခဲ့တယ်။ တစ်နေ့မှာ ကြီးကျယ်ထင်ရှားတဲ့ စာရေး ဆရာကြီး တစ်ယောက် ဖြစ်လာခဲ့တယ်။ သူ ဘယ်သူလဲ။ ကျွန်တော် တို့ရဲ့ ခေတ်ရှေ့ဆောင် စာရေး ဆရာကြီး မြသန်းတင့်။ ဒီလိုနဲ့ ဂန္တဝင်မြောက် စာအုပ်ပေါင်းမြောက်မြားစွာ ရေး သားနိုင်ခဲ့တာဟာ ဘာကြောင့် လဲ။ စာဖတ်ခဲ့လို့ပါပဲ။ အမေရိကန်နိုင်ငံက သမ္မတကြီးလင်ကွန်း စာဖတ်ခဲ့တယ်။ ကျွန်တော် တို့စာနိုင်ငံက သမ္မတကြီးမြသန်းတင့် စာဖတ်ခဲ့တယ်။ကျွန်တော် တို့လည်း စာဖတ်ရမယ် မဟုတ်ပါလား။ဒါကြောင့် ကညှော်ကျေးရွာသူ ကျေးရွာသားတွေ စာဖတ်ကြ၊ တစ်ဦးနဲ့တစ်ဦး စာဖတ်ဖို့ တိုက်တွန်းကြ၊ အားပေးကြ၊ လက်တွဲ ခေါ်ဆောင်ကြပါဟု ကဗျာဆရာက လေးလေးနက်နက် ဟောပြောခဲ့သည်။ တခမ်းတနား ရုန်းကြွစီးဆင်းနေသော စကားလုံးများ ဖြင့် သာယာငြိမ့်ညောင်းစွာ … ။
ပြီးတော့ ဆရာလွတ်လပ်အိမ်က သစ်စေ့တို့ အိပ်ချိန်နှင့် ပညာတစ်ရေး နိုးခေါင်းစဉ်ဖြင့် ပညာတန်ဖိုးနှင့် စာဖတ်ခြင်း အကျိုးကျေးဇူးတွေ ကို သူ့ကမ္ဘောဒီးယား ဂျာနယ်လစ်ဇင်သင်တန်း
ခရီးအတွေ့ အကြုံဖြင့် ဟောပြောသည်။
ပြီးတော့ ဆရာအော်ပီကျယ်က ‘ ကောင်းစေချင်လို့ ကာတွန်းရေး တာ’ ကိုဟောရင်း၊ ပညာ၏ အခန်းကဏ္ဍ၊ စာကြည့်တိုက်၏ အရေး ပါပုံတွေ ကို သူ့နိုင်ငံတကာ ဖြတ်သန်းမှု များ ဖြင့် တခုတ်တရပွဲကျအောင် ဟောသွားသည်။
ဒီလိုနဲ့ စာဖတ်တဲ့တောင်တန်းသားတွေ ဟာ စိမ်းစိမ်းလန်းလန်း ပျံသန်းလို့၊ ကြည်နူးစိတ် သန်းခေါင်ယံမှာ ရွာချတဲ့ အလင်းရဲ့ ငြိမ်းချမ်းခြင်းတွေ အောက်မှာ ရွာကလေးဟာ ခမ်းနားတဲ့မြို့ တစ်မြို့ ဖြစ်လို့ … ။
* * *
ဘဝ ဇာတ်ခုံမှာ ကြယ်စုံညလိုလှပဖို့ လူတိုင်းစာဖတ်ဖို့လိုသည်။
မြန်မာ့ ဆိုရိုးစကားတွင် လည်း ပညာလိုအိုသည်မရှိ၊ ဥစ္စာလိုသော်မဖျင်းနှင့် ၊ ပညာလိုသော် မပျင်းနှင့် ဆိုသော စကားများ နှင့် လည်း ကျွန်တော် တို့ နားယဉ်ကျွမ်းဝင်ပြီးသား။ ပညာသမာ အာဘာ နတ္တိ ပညာနှင့် တူသော အလင်းရောင် မရှိ ဆိုတာကိုလည်း အားလုံးနီးပါး ယုံကြည်သိရှိပြီး ဖြစ်သည်။ ဘဝမှာ ကောင်းစွာ နေတတ်ဖို့ ကျွန်တော် တို့ စာဖတ်ကြရမည် ။ ချောက်ချောက်ချားချား ဖတ်ရမည် ။
‘ မိမိ၏ တိုးတက်ရေး အတွက် စာဖတ်ပါ။ စာကို ရွေးဖတ်ပါ။ ညနေတိုင်းစာဖတ်ဖို့ တစ်နာရီ သီးသန့်ထားပါ။ ဤသို့ ပြုလျှင် စာဖတ်ကျင့် ဖြစ်လာမည် ။ ထိုအကျင့်သည် အလွန်လိုအပ်သော အကျင့်တစ်ခု ဖြစ်၏ ’ ဟု မစ္စတာဒဲမ်ရော့သ်က ဆိုခဲ့သည်။ မည် သို့ ဖြစ်စေ ကျွန်တော် ကတော့ ‘အထပ်ခိုးပေါ်မှာ နေရပြီး စာအုပ်တွေ အများ ကြီးရှိတဲ့ ဆင်းရဲသား တစ်ယောက် ဖြစ်ရမယ်ဆိုရင် ဖြစ်ချင်ပါတယ်။ စာဖတ်ဝါသနာမပါတဲ့ ရှင်ဘုရင်မျိုးတော့ မ ဖြစ်ချင်ပါဘူး’ဆိုသူ ဗြိတိသျှ စာရေး ဆရာ မက်ကောလေးလိုလူစားမျိုးကို မက်မက်မောမော သဘောကျသည်။ ထို့အပြင် ‘ကျွန်ုပ်၏ ကိုးကွယ်ရာသည် စာအုပ် ဖြစ်၍ စာအုပ်များ စုဝေး တည်ရှိရာ ဖြစ်သော စာကြည့်တိုက်များ သည် ကျွန်ုပ်၏ ဘုရားရှိခိုး ကျောင်းများ ပင် ဖြစ်သည်’ ဆိုသော ယန်းပေါဆတ်လို ပုဂ္ဂိုလ်မျိုးသည် တစ်ဘဝလုံး ဖြစ်လိုက်ချင်ပါသေးသည်။
အသိပညာသည် ရတနာမိုးဆိုပါလျှင် စာကြည့်တိုက်သည် ရတနာမိုးရေများ ကို သိုလှောင်ရာ ရေကန်ကြီးတစ်ကန်၊ ရေကာတာကြီးတစ်ခု ဖြစ်မှာ သေချာပါသည်။ ထာဝစဉ် သင်ယူနေရမည့်  ယနေ့ခေတ်လို ပညာလူ့အဖွဲ့အစည်းတွင် စာကြည့်တိုက်သည် မရှိမ ဖြစ်။ အရာရာသိမြင်ခေတ်မီဖို့ ကျွန်တော် တို့ စာကြည့်တိုက်တွေ ကို တရှိုက်ရှိုက် တမက်မက် ထူထောင်ရပေမည် ။ စာကြည့်တိုက်အကြောင်း တွေးမိတော့ လွန်ခဲ့သော နှစ် ပေါင်း သုံးဆယ်နီးပါးလောက်က ဖတ်ခဲ့ဖူးသည့် ဆရာဟိန်းလတ်၏ စာအုပ်၊ စာကြည့်တိုက်နှင့် စာဖတ်သူ ဆောင်းပါးထဲက အရက်ဆိုင်နှင့် စာကြည့်တိုက်အရေအတွက် နှိုင်းယှဉ်လေ့လာ တင်ပြခဲ့သော အလွမ်းအမောဂရပ်ဖ်မျဉ်းတစ်ခုကို ယခုတိုင်အမှတ်ရနေဆဲ။
ဘာပြောပြော အခုတော့ ကျွန်တော် တို့ဆီမှာ စာကြည့်တိုက်ပေါင်းငါးသော င်းကျော် လောက်ရှိနေပြီကို စာနယ်ဇင်းနှင့် အခြားမီဒီယာတွေ မှာ ဖော်ပြနေတာကို သတိပြုမိရာ သာဓုခေါ် နေမိပါသည်။ အားလုံးအင်ဂျင်ကောင်းကောင်းနှင့် မောင်းနှင်နိုင်ကြပါစေကြောင်းလည်း ဆုတောင်းနေမိပါသည်။ မောင်းနှင်နိုင်ကြပါစေကြောင်းလည်း ဆုတောင်းနေမိပါသည်။ ယနေ့ဖွင့်လှစ်ပြီး မနက်ဖြန်ပျောက်သွားသည့် ကိုယ်ပျောက်ဝိဇ္ဇာ စာကြည့်တိုက်မျိုးလည်း မ ဖြစ်စေချင်ပါ။ အလင်းရောင် သာမက ခေတ်ရှေ့ဆောင်မည့်  လူငယ်များ ကိုပါ ထုတ်လုပ်ဖို့ စက်ရုံတစ်ရုံ တည်ဆောက်သလိုမျိုး ကျွန်တော် တို့ စာကြည့်တိုက်တွေ ကို တောရောမြို့ပါမကျန် ဖွင့်လှစ်စေချင်ပါသည်။
* * *
ကျွန်တော် တို့ ကညှော်ရွာ ဦးဥတ္တမစာကြည့်တိုက် စာပေဟောပြောပွဲည။
ကဗျာဆရာတစ်ဦး ရှည်ရှည်လျားလျား အေးအေးစိမ့်စိမ့် ဟောပြောခဲ့သော လွမ်းရတဲ့တရားတွင် ခေတ်ပေါ်ကဗျာနှင့် မိတ်ဆက်ထိတွေ့ ပေးဖို့ အစီအစဉ်တစ်ရပ်ပါဝင်ရာ ကျွန်တော် တို့ပါ ဝင်အားဖြည့်ခဲ့ရပါသည်။ကိုသင်းဝေအောင်က စံပယ်ရင်လွဲ၊ ကိုမိုးဦးဆွေညိမ်းက စက်ရုပ်၊ ကိုမင်းထက်မောင်က ဂျာနယ်လစ်ဇင်အဆိုအရ စသော ကိုယ်ပိုင်ကဗျာများ ကို ကဗျာရွတ်ဆိုမှု အနုပညာဖြင့် ရွှဲရွှဲစို ရွာချတင်ပြခဲ့ကြသည်။
ကျွန်တော် အလှည့်တွင် မသေခင် သူ့ရွာ၌ စာကြည့်တိုက်တစ်ခု သွားရောက်တည်ဆောက် ရန် အားကြိုးမာန်တက် ပြင်ဆင်နေသည့် ကျွန်တော့် မိတ်ဆွေကြီးကို လွမ်းလွမ်းတတ သတိရမိ သည်။ ပြီးတော့ ကျွန်တော့် ဇာတိရွာစာကြည့်တိုက်ကိုလည်း ဂုဏ်ပြုသော အားဖြင့် ကျွန်တော် ၏ ‘စာကြည့်တိုက်’ ကဗျာကိုပင် ရွတ်ဆိုမျှဝေ ခံစားစေခဲ့ပါသည်။
ရေနံကြောပေါ်
တယောထိုင်ထိုးနေလို့ အလကားပဲ
မြေကြီးကို လက်နဲ့
ထွန်ယက်ရမယ့် ခေတ်လည်း မဟုတ်တော့ဘူး
အပင်တွေ မှာ
ဓာတ်မြေသြဇာလိုသလို
လူတွေ မှာ
စိတ်အာဟာရ တစ်ခုခု လိုအပ်တယ်
လက်ခတ်လှေနဲ့
ဘယ်လိုကမ္ဘာပတ်မလဲ
စာကြည့်တိုက်ဆိုတာ
အလင်းရောင် နဲ့တလက်လက်
အညွှန့်တလူလူ
တီရှပ်တွေ ထုတ်လုပ်ရာ
မီးခိုးမထွက်တဲ့ စက်ရုပ်လည်း ဖြစ်တယ်
ဒီဘက်ခေတ်မှာ
စာမဖတ်တဲ့တောင်တန်းဟာအကန်းပဲ
ကိုယ်တိုင်ထွင်ရမယ့်လမ်းက
ကျောက်ကြမ်းမယ်
ပျော်ရွှင်ရာ စိမ်းလန်းဖို့
ကျွန်တော် တို့
အတူတူ ထမ်းပိုးကြတာပေါ့။
လရောင် နှင့် ဆုံစည်းခွင့်ရသလို တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာတွင် တစ်ခုပြီးတစ်ခု ထွန်းကားလာမည့်  စာကြည့်တိုက်များ နှင့် အတူ စာဖတ်သော တောင်တန်းများ တလူလူ တလွင့်လွင့် ပျံသန်းလာမည် ကို လှမ်းမျှော်မြင်ယောင်နေမိပါသည်။
ရွှေအမြူတေမဂ္ဂဇင်း (၁၈နှစ် ပြည့်အမှတ်တရ)
နိုင်ဝင်ဘာလ၊ ၂၀၀၇
အခန်း(၂)
စာကဗျာ၌ နေထိုင်ရခြင်းသည် အလွန်တရာမွေ့လျော်ကြည်နူးဖွယ် ကောင်းပါသည်။ ဘာအရသာနှင့် မျှ မတူသော အရာသာနှင့် ပြည့်စုံလှပါပေသည်။ စိတ်ဝယ် နေလောင်ခံရသလို မရွှင်မလန်းရှိသည့်အခါ၊ ထုံထိုင်းနောက်ကျိသည့်အခါ၊ တစ်စုံတစ်ရာ စိတ်ပျက်နွမ်းလျသည့်အခါ ကျွန်တော့် အဖို့ သက်သာရာသက်သာကြောင်း ကုစားသည့် နည်းများ စွာ အနက် အသုံးတည့်သော နည်းတစ်ခုမှာ ကဗျာတွေ ဖတ်လိုက်ခြင်း ဖြစ်ပါသည်။ သူတစ်ပါးကဗျာတွေ ဖတ် ဖြစ်သလို ကိုယ့်ကဗျာတွေ ကိုယ်ပြန်ဖတ်မိသည့်အခါလည်း ရှိပါသည်။ဒီကနေ့လည်း ထိုနည်းလည်းကောင်း ပါပဲဟု ဆိုရမည် ထင်သည်။
ပက်လက်ကုလားထိုင်ပေါ် စိတ်ကိုအခွေလိုက်ပုံချကာ ကိုယ့်ကဗျာတွေ ကိုယ် စိတ်ပြေနပြေ ထိုင်ဖတ်နေမိသည်။ အဲဒီ မှာ တင် ဟောဒီစာသားတွေ ကို ပြန်လည်တွေ့ ရှိသည်။
လက်ဆွဲ နှုတ်ဆက်သမျှလည်း
ဝက်သစ်ချပင်
ဆိုက်ပရပ်စ်ပင်မဟုတ်ဘူး
တစ်ပင်အောက် တစ်ပင်ပေါက်ကြတဲ့လူတွေ
အပေါ်ယံ
ယဉ်ယဉ်ကျေးကျေး ပြာနှမ်းကွေ့ကောက်လို့ …
စိတ်ကိုလောင်သည့် မီးပမာ၊ ခြေဖဝါး လက်ဖဝါးထိ ပြာစတွေ တဖွားဖွားလွင့်နေချိန်။ တတိတိ အကိုက်ဖြတ်ခံရက်စွဲထဲ အိုက်စပ်စပ် ယပ်တောင်တစ်ချောင်းလို ငုတ်တုတ်။ ဒီနေ့ ဘာလုပ်ရင် ကောင်းမလဲ။ ဘယ်လိုဆုံးဖြတ်ရင်ကောင်းမလဲဟု ခေါင်းထဲကမီးခိုးတွေ အူထနေအောင် ဖိစီးမှု တို့ဖြင့် လေးလံခဲ့ရသော ကာလမျိုးမှာ ပဲ ဖြစ်သည်။ ထက်သစ်ချပင်၊ ဆိုက်ပရပ်စ်ပင်တွေ က တစ်ပင်အောက်တစ်ပင် မပေါက်ကြဘူး။ လူတွေ သာ တစ်ပင်အောက် တစ်ပင်ပေါက် ကြတာဆိုတာကို ပြန်လည်သတိရနေမိသည်။
အေးလေ … ဒီလိုပဲပေါ့။
ငှက်တွေ အဖို့ လေနှင့် မကင်းနိုင်သလို၊ ငါးတွေ အဖို့ ရေနှင့် မကင်းနိုင်သလို၊ လူမှု ဆက်ဆံ ရေး သတ္တဝါ ဖြစ်သော လူတွေ အဖို့ကော မနုဿလူသားတွေ နှင့် ကင်းနိုင်ပါမည် လား။ မည် သို့ မျှ ကင်းကွာ၍ မရနိုင်ပါ။ ချစ်ခင်သည် ဖြစ်စေ၊ မုန်းမျက်သည် ဖြစ်စေ၊ နှစ်သက် သည် ဖြစ်စေ၊ စက်ဆုပ် သည် ဖြစ်စေ လောကထဲ အလိုက်သင့် အလျားသင့် ဆက်ဆံပေါင်းသင်းကြရသည်သာ ဖြစ်၏ ။ ရှင်တော် ဗုဒ္ဓ ကတော့ ချစ်သော သူနှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ။ မချစ်မနှစ်သက် သော သူနှင့် ပေါင်းသင်းနေရခြင်းသည်လည်း ဆင်းရဲဟု ရှင်းလင်းစွာ တောက်ပ ပြခဲ့ပေသည်။
သို့ဖြင့် ၊ ကျွန်တော် တို့သည် ….
လောကနီတိလာ … ရေသဖန်းမှည့်တို့သည် နီစွာ သာလျှင် ကတည်း။ အတွင်း၌ ကား ပိုးအတိပြည့်ကုန်သည် ဖြစ်သကဲ့သို့ … ဟူသော လူမျိုးနှင့် လည်း ဘဝတစ်ကွေ့ဝယ် ကြုံဖူးချင် ကြုံတွေ့ ဖူးပါလိမ့်မည် ။ သြော် … ပုပ်နေတဲ့ သစ်သီးတစ်လုံးမှာ … လှည့်ကိုက်စရာ တစ်နေရာရာ လောက်တော့ ရှိတန်ကောင်းပါရဲ့ ဟု တွေးမိခြင်းကပင်လျှင် အတန်အသင့် စိတ်သက်သာဖွယ်ရာ ဖြစ်ရပါသည်။ သို့ သော် လှည့်ကိုက်စရာတစ်နေရာ၊ အသေအချာရှိခဲ့ပါရဲ့ လား။
မိတ်ကောင်း ဆွေကောင်းဆိုတာ မည် သို့ သော လူမျိုးကို ခေါ်ပါသလဲ။
မိမိကို အင်မတန်ပေးနိုင်ခက်တဲ့အရာကို ပေးတတ်တယ်။ အင်မတန်ပြုနိုင်ခက်တဲ့ အမှု မျိုး အကူအညီမျိုးကို လုပ်ဆောင်ပေးတတ်တယ်။ မိမိက သတိလက်လွတ်လို့ပဲ ဖြစ် ဖြစ်၊ တခြားအခြေအနေ တစ်ရပ်ရပ်ကြောင့် ပဲ ဖြစ် ဖြစ် မကောင်းသဖြင့် ပြောဆိုမိတဲ့စကား၊ ပြုမိတဲ့ အပြုအမူမျိုး လာရင်လည်း သည်းခံတတ်တယ်။
မိမိက လျှို့ဝှက်ထားစေချင်တဲ့၊ မပေါက်ကြားစေလို့တဲ့စကားကို ပြောတဲ့အခါမှာ လည်း အဲဒီ စကားကို မပေါက်ကြားအောင် လုံခြုံအောင် လျှို့ဝှက်ပေးတတ်တယ်။ ဘေးရန်အန္တရာယ်တွေ နဲ့ ကြုံတွေ့ လာတဲ့အခါမှာ လည်း မိမိကိုစွန့်ပစ်ကျောခိုင်းမသွားဘူး။ ချန်မပစ်ခဲ့ဘူး။ အကြောင်းမသင့် လို့ မိမိမှာ ပစ္စည်းဥစ္စာ ဆင်းရဲသွားတဲ့အခါမျိုး၊ အဆင့်အတန်း လျှောဆင်းနိမ့်ကျသွားတဲ့ အခါမျိုးမှာ လည်း မိမိကိုမထေမဲ့မြင်မပြုဘူး။ အထင်သေးတဲ့အပြောမျိုး၊ အထင်သေးတဲ့ အကြည့်မျိုးနဲ့ မကြည့်တတ်ဘူး။
မိမိချမ်းသာရင် အောင်မြင်ရင် ကျော်ကြားရင်လည်း မနာလိုမရှုစိမ့်မ ဖြစ်ဘူး။ မိမိနဲ့ထပ်တူပဲ ဝမ်းသာနေတတ်သေးတယ်။ မိမိရဲ့ အောင်မြင်မှု ကျော်ကြားမှု ကို ဝမ်းမြောက်ဂုဏ်ယူစွာ နဲ့ တခြားသူတွေ ကိုတောင် တစ်ဆင့်ပြောပြနေတတ်သေးတယ်။
မိတ်ကောင်းဆွေကောင်းဆိုတာ သဒ္ဓါတရားနဲ့ပြည့်စုံတယ်။ စင်ကြယ်တဲ့ သီလရှိတယ်။ အကြားအမြင် ဗဟုသုတ များ တယ်။ ဝန်တိုခြင်း မရှိဘူး။ ပညာနဲ့လည်း ပြည့်စုံတယ်။ ဒီလိုစိတ်ထား မျိုးရှိတဲ့ မိတ်ဆွေတွေ နဲ့ ဘဝခရီးမှာ ကြုံတွေ့ ရရင် သိပ်ကိုငြိမ်းအေးပြေလွင်တဲ့ ဘဝခရီး ဖြစ်မှာ ပါပဲ။ လူ ဖြစ်ရကျိုးနပ်တယ်လို့တောင် ဆိုရမှာ ပါပဲဟု ဆရာနန္ဒာသိန်းဇံ ဖွင့်ဆိုရှင်းပြခဲ့တာကို သတိရ နေမိသည်။
ပညာရှိကြီး အရစ္စတိုတယ် ကတော့ လူတွေ အထူးသဖြင့် မိတ်ဆွေတွေ ကို တော် တော် ကြီး
စိတ်ပျက်ခဲ့ပုံရသည်။ တစ်ခါသားဝယ် အရစ္စတိုတယ်က သူ့အနီးဝန်းကျင်ကလူတွေ ဆီလှမ်းပြီး
မိတ်ဆွေတို့ဟု ခေါ်လိုက်သည်။ လူတွေ သူ့ကိုအာရုံစိုက်လာသည့်အခါမှ တစ်ခွန်းတည်းသော စကားကို ပြောချလိုက်သည်။ “မိတ်ဆွေတို့၊ မိတ်ဆွေ ဆိုတာလောကမှာ မရှိပါ” တဲ့။
သူ့ဆရာ ဆော့ခရတ္တိ ကတော့ အတန်ငယ်ချိုချိုသာသာရှိသေးသည်။
“ပညာရှိကြီး ဆော့ခရတ္တိ၊ အိမ်က ငယ်လှကျဉ်းလှ ချည်းလား”
အပြစ်တင်သည့် လေသံဖြင့် ခနဲ့တဲ့တဲ့ပြောလာသည့် ပုဂ္ဂိုလ် တစ်ယောက် အား ပညာရှိပီပီ ပညာသားပါပါ ပြန်ပြောလိုက်သည့်စကားက မှတ်သားစရာကောင်းလှပါသည်။
“ကျုပ်အိမ်က မိတ်ကောင်းဆွေကောင်းတွေ လာရင်တော့ နေလောက်ပါတယ်”
သဘောက စိတ်ကောင်းနှလုံးကောင်းရှိသည့် မိတ်ကောင်းဆွေကောင်းဆိုတာမျိုးက စိန်ကောင်းကျောက်ကောင်းလို ရှားသည်။ သူတစ်ပါးကို အထင်သေး၊ အမြင်သေး ကဲ့ရဲ့ အပြစ်တင်ချင်သူ မီးဖုတ်ကျောက်လို အတုအယောင်မိတ်ဆွေတွေ အများ ကြီး၊ ရှားရှားပါးပါး တစ်ခါတလေမှ ရောက်လာတည်းခိုမည့်  မိတ်ကောင်းဆွေကောင်း အနည်းငယ်အတွက်တော့ သူ့အိမ်ကနေလောက် ဆံ့လောက်သည်ဟု ညွှန်းဆိုလိုက်ခြင်းသာ ဖြစ်သည်။
လူအ ဖြစ်တွေ ကလည်း တစ်ခါတစ်ရံ ရယ်စရာကောင်းသည်။
အခက်အခဲတွေ ၊ အန္တရာယ်ရန်စွယ် မိုးသားတွေ ကင်းရှင်းပြီး အရာရာပြည့်စုံအေးချမ်းနေ သည့် အချိန်များ တွင် အပေါင်းအသင်း မိတ်ဆွေတွေ က လက်ဖြင့် သပ်ချ၍ မကုန်အောင် ပေါများ နေပေသည်။ သင်ရယ်မောနေသည့်အခါ သင်နှင့် အတူ လိုက်ပါရယ်မောသူတွေ များ လှသော်လည်း ငိုခန်းနှင့် ကြုံသော အခါ သင် တစ်ယောက် တည်းသာ ရှိလိမ့်မည် ဆိုတာကို ယာယီမေ့လျော့ နေတတ်ဘိသည်။ သိမ်းစွန်ငှက် တွေ လိုပါပဲ။ သာမန်အချိန်တွင့်  တစ်ကောင်နှင့် တစ်ကောင် ချစ်ခင်ကြင်နာနေလိုက်ကြတာ။ ဟော … တစ်ကောင်သော စွန်က သားတစ်တစ်ခုကို ရရှိသွားသည်ဆိုပါစို့။ တစ်ကောင်နဲ့ တစ်ကောင်ဟာ ရန်သူစင်စစ် ဖြစ်သွားကြတာပဲ မဟုတ်လား။
သိမ်းစွန်ငှက်တို့ ပမာအတိုင်းပင် လူ့လောကတွင် လည်း သာမန်အခြေအနေ အချိန်အခါမျိုး တွင် မိတ်ရင်းဆွေရင်းတွေ အ ဖြစ် ပြေလည်နေသော်ငြား၊ မက်မောလောက်သည့် အခွင့်အရေး တစ်ခုခုရစရာတစ်ခုခုရှိလာပြီဆိုလျှင် မိတ်ဆွေအ ဖြစ်မှ ရန်သူပြိုင်ဘက်တွေ အ ဖြစ် ရောက်ရှိသွား တတ်ကြသည်။ အဲဒီ မှာ ရစရာရှိသော အခွင့်အရေး တွေ ၊ အခြေအနေပေးတွေ ကို ကွယ်လွင့်ဆုံးပါး သွားစေလိုသော ဝန်တိုမစ္ဆရိယစိတ်များ တဖွားဖွားပေါ်လာတော့သည်။ ရစရာ အခြေအနေ အခွင့်အရေး က မက်မောလောက်သည်ဆိုပါလျှင် ပိုဆိုးတော့သည်။ ငါသာယူမည် ။ ငါသာရစေမည် ဟူသော အတ္တစိတ်ဖြင့် တစ်ဖက်လူကို မကြည်ဖြူတော့ဘဲ ပျက်စီးသွားအောင် မှု တ်ထုတ်ဖျက်ဆီးတတ်ရုံသာမက၊ မိတ်ဆွေစာရင်းမှ ဖယ်ရှားကာ ရန်သူစာရင်းသို့ ပင်သွတ်သွင်း တတ်ကြတာမျိုး ရှိခဲ့ဖူးသည်ဆိုပါလျှင် … ။
ကျွန်တော် သည် တစ်ရံရောအခါက “သူငယ်ချင်း” အမည် ရှိ ရုပ်ရှင်ကို အသေအချာ ကြည့်
ရှုခဲ့ဖူးသည်ဟု ဆိုချင်ပါသည်။
မိတ်ဆွေဆိုသူတစ်ဦးနှင့် သံသရာတစ်ကွေ့မှာ ခရီးသွားရင်း မိုသားတွေ အုံ့ပျံ့ညို့ဆိုင်း လာသော အခါတစ်ပါး၌ “အနီးမှု န်လမ်းခွဲ” ဟူသော ကဗျာတစ်ပုဒ်ကို ကျွန်တော် ရေး သား ဖြစ်ခဲ့ဖူးပါ သည်။ သူငယ်ချင်းရုပ်ရှင်ထဲက ဇာတ်ဝင်တေးတစ်ပုဒ်ပေါ့။
မဆုံနိုင်တဲ့
မိုင်တိုင်များများ
တောင်တက်တောင်ဆင်းများများ
တောစီးဖိနပ်နဲ့
မနက်ခင်းကိုထိုးခွဲလို့
အဆင်းခက်ခဲ့တာ ငါမမေ့ဘူး
အတက်လွယ်ခဲ့တာ မင်းမေ့ပြီလား
အိမ်မက်ပူပူတစ်ခွက်
တစ်ယောက် တစ်ဝက်သောက်မယ်
ငါတော့
ခရီးလွန်နေတဲ့ ကံတရားကို
စိတ်မဝင်စားဘူး
တစ်မုဟုတ်ချင်း
မှော်တွင်းထဲက ထ,လင်းပုံ
မင်း မြန်တာလည်း မအံ့သြဘူး
ဘယ်လိုနားလည်ရမလဲ
လျှာအတုပေါ်
လွယ်လွယ်ပျော်ဝင်ချင်ပျော်ဝင်လိုက်
သူစိမ်းတစ်ရံဆံ ငါ့နံရံလာစိုက်တာ
ဟွန်းသံထက်ကျယ်တဲ့ ဇာတ်ဝင်ခန်းဆိုတော့
ပဲ့တင်စိတ်နဲ့ လှမ်းကြည့်မိတာတစ်ခုပါပဲ
သိပ်ထူတဲ့ မြူအမှော င်ထဲ
အတူတူလောင်တဲ့မီးမှာ
တို့နှစ် ယောက်
အရင်က စမ်းချောင်းကလေး
တဖြည်းဖြည်း ခန်းခြောက်သွားမှာ လား
ဘယ်လို စဉ်းစားပုံစဉ်းစားနည်းနဲ့ပဲ
ချဉ်းကပ်ချဉ်းကပ်
အရှိတရားအတိုင်း
အဖြေဟာ
ငေါက်ခနဲ မတ်ထမလာတော့ဘူး။
(ပိတောက်မြေမဂ္ဂဇင်း၊ ၂၀၀၄၊ ဒီဇင်ဘာလ)
ဟိုတုန်းကလို ချိုချိုတဲ့တဲ့ နှစ် ယောက် အတူတူ လက်ဖက်ရည်ပူပူတစ်ခွက်ကို တစ်ယောက် တစ်ဝက် သောက်ခဲ့ရတုန်းက ချစ်ခင်မှု သွေးတွေ နဲ့စီးဝင် ပျော်ရွှင်ချမ်းမြေ့ခဲ့ရသလောက် ဗြုန်းစား ကြီး နတ်ရေကန်ထဲပစ်ချခံရသလို လင်းလက်တောက်ပတဲ့ ကြယ်စင်ဘဝမျိုး ရောက်သွားတော့ တစ်ယောက် နှင့် တစ်ယောက် ခြောက်သွေ့သွားလိုက်ကြတာ။ ရင်နာစရာကောင်းသလို နှမြောလွမ်းမောစရာလည်း ကောင်းပါသည်။
ပြောရလျှင် …
ကျွန်တော် တို့အပြစ်က သိမ်းစွန်ငှက် နှစ် ကောင်လိုပါပဲလား။
အတိတ်က တိုတောင်းသော်လည်း အရိပ်ကာနှစ် ပရိစ္ဆေဒ ရှည်လျားလှပေသည်။
မည် သို့ ဆိုစေ …
ပုံပြင်ထဲကအတိုင်း၊ ဝက်ဝံတိုးတဲ့ခရီးမှာ တချို့ကသစ်ပင်ပေါ်ပြေး တက်ပုန်းချင်ပုန်း၊ ကိုယ်လွတ်ရုန်းချင် ရုန်းမည် ။ ကျွန်တော် ကတော့ မြေကြီးပေါ် ငြိမ်ငြိမ်သက်သက် သေဟန်ဆောင် ရင်ဆိုင်မယ့် သစ်ရွက်လိုပဲစင်းစင်းကြီး သေဟန်ဆောင်ပြ ဖြစ်ခဲ့သည်။ ဟိုနမ်းဒီနမ်းနှင့် ဝက်ဝံကြီးပြန် ထွက်သွားတော့မှ သစ်ပင်ပေါ်ကဆင်းကာ ခင်ဗျားကို ဝက်ဝံကြီး တိုးတိုးလေး ဘာများ ပြောသွားတာလဲ မမေးပါနှင့် ။ တစ်ယောက် ကို တစ်ယောက် အရေပြားလန်အောင် မှု တ်ထုတ်၊ ပက်ပက်စက်စက် သွန်မှော က်ပစ်တာ သူငယ်ချင်းဟုတ်လို့လား။ ဒီမှာ ကိုယ့်လူ သူငယ်ချင်းဆိုတာ တစ်ယောက် ကျော တစ်ယောက် ဓားနဲ့မပေါက်ဘူး။ တစ်ယောက် ကိုယ် တစ်ယောက် မြေကြီးလို မမျိုဘူး။လွှကို ပက်လက်လှန်ထားတဲ့စိတ်ထားမျိုးမကျင့်သုံးဘူး စသည်ဖြင့် အဲသလိုပြောသွားတာလို့ ပြန်ပြောမိလိမ့်မည် ထင်သည်။
တကယ်တော့ ပုံပြင်လာအတိုင်း ပြန်ပြောရမည့် စကား အတိအကျက “အခက်အခဲနဲ့ဘေး
ရန်ကြုံတဲ့ အခါမျိုးမှာ ကိုယ့်ကိုဘာမှမကူညီ မရိုင်းပင်းတဲ့ မိတ်ဆွေမျိုး၊ ကိုယ်လွတ်ရုန်းသွားတဲ့ မိတ်ဆွေမျိုးနဲ့ နောင်ကိုဘယ်တော့မှ ခရီးအတူမသွားနဲ့လို့ ပြောသွားတာ” ဟု အသေအချာ ပြော လိုက်ရမည် သာ ဖြစ်ပါသည်။
တော် ပြီး၊ တော် သင့်ပါပြီ။
လောကနီတိမှာ ဦးချိုရှိသော သတ္တဝါကို အတောင်ငါးဆယ်အရပ်မှ ကြဉ်ရာ၏ ။ မြင်းကို ကား အတောင်တစ်ရာမှ ကြဉ်ရာ၏ ။ အစွယ်ရှိသော ဆင်ကိုကား အတောင်တစ်ထောင်ကသာလျှင် ကြဉ်ရာ၏ ။ သူမကောင်းကိုကား အရပ်ကိုစွန့်သဖြင့် ကြဉ်ရာ၏ ဟု ပါရှိသည့်အတိုင်း လိုက်နာရုံမှတစ်ပါး အခြားဘာများ ရှိဦးမှာ လဲ။
ဒါပေမယ့် မိတ်ဆွေကြီး ကတော့ … ။
ပိုက်ဆံရှိရင် လေယာဉ်ပျံဆယ်စီးလောက်ဝယ်ပြီး ပက်လက်လှန်စီးပစ်လိုက်ဦးမယ်ဟူ သော စိတ်ကူးကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျော်ပျော်ကြီးကြိုးစားနေဆဲ။ တချွင်ချွင် မြည် သည့် ငွေတစ်တွင်းပြီးတစ်တွင်း တူးဖော်လျက်၊ အင်္ဂါဂြိုဟ်ပေါ် စက်ရုံ၊ ဘဏ်နဲ့ ဟိုတယ်အပန်းဖြေစခန်းတက်ဆောက်ဖို့ လုံးပမ်းနေဆဲ၊ အရသာရှိရှိ လတ်လတ်ဆတ်ဆတ် သစ်သီးတွေ ကို တစိမ့်စိမ့်မြည်းကာ နှုတ်ခမ်းသပ်ချင်ဆဲ။ တစ်ချိန်တုန်းက ဖိနပ်ပါးထီးဖြူ နေပူကြီးထဲက ငန်ကျိကျိ မြေပုံဟောင်းနဲ့ ဘာကိုမျှသတိမရတော့ပါချေ။ သို့ သော် ….
ငွေဆိုတာ
ဝရန်တာလှလှပေါ်ထိုးကျတဲ့
လရောင်
တောက်လောင်လွယ်တဲ့ မီးတစ်စဆိုတာ
ကိုယ့်လူမေ့နေပုံရတယ်၊
ပြီးတော့
ငွေစိတ်ကြေးစိတ်ဟာ အဆိပ်
ချက်ချင်း အန်ထုတ်ရမယ့်
အဆိပ်ပဲ
ကြောင်တစ်ကောင်လို
အိပ်နေတာ ကောင်းတယ်
ကျားတစ်ကောင်လို နိုးနေသမျှ ခေါင်းခဲပေရော့ … ဆိုတာ ကိုယ့်လူမသိသေးဘူးဟု တွေးမိရင်း ပုပ်နေသော သစ်သီးတစ်လုံးအား လှည့်ကိုက်စရာတစ်နေရာ ဘယ်နားမှာ များ ရှိပါလိမ့်ဟု ကျွန်တော် ပွတ်သပ်ငေးမောကြည့်ရှုနေမိပေသည်။
နွယ်နီမဂ္ဂဇင်း
အောက်တိုဘာလ၊ ၂၀၀၈
အခန်း(၃)
အပျော်အ ဖြစ် … အသစ်ကာလိုက်တဲ့ ခန်းဆီးစအရောင် ။
တဖြည်းဖြည်းတိုးလာသည့် စီးကရက်နှင့် မီးခိုးတန်း။
ဖန်ခွက်ထဲ သောက်လက်စနွားနို့ ဘယ်လောက်ကျန်သေးလဲ။
တစ်ဝက်ပဲ ကျန်တော့ပါလားလို့ အလန့်တကြားတွေးပူမလား။ တစ်ဝက်ကြီးများ တောင် ကျန်သေးတာပဲလို့ အေးအေးလူလူ ယပ်ခတ်ငြိမ့်နေမလား။ စိတ်ရဲ့ အမှော င်ဘက်ခြမ်းကို လှမ်းမကြည့်သင့်တော့ပါပေ။ ဘာထူးသေးလဲ။ ညဥ့်ရဲ့ ကြမ်းခင်းပေါ် ပေါ့ပေါ့ပါးပါး၊ ကျောက်တုံးနှစ် တုံးလို တစ်ယောက် လက်မောင်းပေါ် တစ်ယောက် ၊ ပျော်ပျော်ရွှင်ရွှင် ခေါင်းအုံးအိပ်စက်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်မည် ထင်ပါသည်။
အဲဒါရော သေချာပါရဲ့ လား။
ငယ်ငယ်က …
သစ်ပင်ထိပ်ဖျားပေါ် တိတ်တိတ်ကလေး နားနေတဲ့လကို ခူးဖို့စိတ်ကူးနဲ့ ကျွန်တော် သစ်ပင်ပေါ် ပြေးတက်ခဲ့ဖူးတယ်။ ရက်ရက်စက်စက်လှတဲ့လကိုဆွတ်ယူဖို့ တံချူတစ်ချောင်း မေ့မေ့ဆီက တောင်းခဲ့ဖူးသေးတယ်။ ကျွန်တော့် ကိုမြင်တာနဲ့ တစ်စတစ်စအမြင့်ကို ပြေးတက်သွားလိုက်တာ၊ ဘယ်လိုပဲချူချူ မရတော့ပါဘူး၊ ဒါနဲ့ စိတ်ပျက်လက်ပျက် သစ်ပင်ပေါ်က ဆင်းလာတော့ လက အိမ်ရှေ့ရေကန်ထဲ ပက်လက်ကလေး လှလှပပကူးနေပြန်တာမို့ ဖေဖေ့ဆီက ငါးမျှားတံလေးကိုယူပြီး တစ်ညလုံး လစန္ဒာဝါဝါလေးကို မမောမပန်းထိုင်မျှားခဲ့ဖူးပါသေးတယ်။ မရခဲ့ပါဘူး။
ဘယ်လိုရမလဲ မေမေရယ် … ။
လမင်းက ကျွန်တော့်လက်ထဲ လင်းချင်ရှာသူမှ မဟုတ်ဘဲ။
ဤသို့ အတွေးစိတ်ကူးများ နှင့် ငယ်ငယ်တုန်းက ကျွန်တော် တို့ လမင်းကိုမိုက်မဲတမ်းတစွာ ဖမ်းယူဆွတ်ခူးဖို့ အမျိုးမျိုးကြိုးစား ခဲ့ဖူးကြပါလိမ့်မည် ။ အချိန်ကာလ ရေစီးနှင့် အတူ အိမ်မက်လွန် အရွယ်တွေ သွေ့ခြောက်လူလားမြောက်တဲ့ အထိပေါ့။ ပြီးတော့ လူ့ဘဝ တောလမ်းခရီးကြမ်းထဲ တိုးဝင်ခဲ့။ ပျိုမျစ်မှု သစ်ရွက်တွေ တဖွဲဖွဲ ဝေ့ဝဲကြွေလွင့်ခဲ့။ ငယ်ငယ်တုန်းက လမင်းကို ဆွတ်ချူမျှားယူဖို့ ကြိုးစားခဲ့သည့်နေရာတွင် အခုတော့ လိုအင်ဆန္ဒတွေ ၊ ပျော်ရွှင်ချမ်းမြေ့မှု တွေ က အစားထိုးနေရာယူခဲ့လေသည်။
အိပ်မက်ကို လက်နှင့် ဖမ်းယူဖို့ ကြိုးစားသလို ထွက်ပြေးနေသော အပျော်ကို ကျွန်တော် တို့ သဲကြီးမဲကြီး လိုက်လံဖမ်းဆီးနေကြတာပဲ မဟုတ်လား။
ဒီလိုနဲ့ ဘဝထဲ …
တစ်စတစ်စ ခြေလှမ်းများ လေပေါင်လျော့ခဲ့။ စိုတစ်လှည့် ခြောက်တစ်လှည့် ညဥ့်တာရှည် ခဲ့။ စားပွဲပေါ် ခြေတစ်ဖက် ပစ်တင်ထားသော လောကဓံနှင့် ဆုံခဲ့။ လောကနံရံက ပြန်ကန်ထုတ် လိုက်သည့် ပဲ့တင်သံတန်းလန်းမှာ ခိုတစ်ကောင် ဖြစ်ခဲ့။ စားနောက်၊ သွားနောက်၊ မိမိတို့နဲ့ ရေး ကြီးသုတ်ပျာ။ ကိစ္စမြားမြောင်ထဲ ကျောက်ခဲတစ်လုံးပြီးတစ်လုံး လှိမ့်ကန်ရင်း တအိအိပဲ့ကျနေတဲ့ ရက်တွေ ထဲ အသက်တွေ လည်းကြီးခဲ့ပေါ့။
ဒီတော့ … စဉ်းစာစးရတော့မည် ။ ပို၍ ပိုစွာ လေးလေးနက်နက် စဉ်းစားရတော့မည် ။
ထိုအခါ နည်းနည်း ပါးပါး တွေးခေါ်စဉ်းစားမိပြန်လေသည်။ ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ။ မြန်မာအဘိဓာန် အလိုအရတော့ ပျော်ဟူသော ဝေါဟာရကို ဝမ်းသာသည်၊ နှစ် ခြိုက်မွေ့လျော်သည်။ ပျော်ရွှင်ဝေါဟာရကို ရှာမတွေ့ ။ပျော်ပိုက်ကိုကား စိတ်ရွှင်လန်း နှစ် သိမ့်သည်ဟု ဖော်ပြထားတာ တွေ့ ရသည်။ ဤသို့ ဆိုပါက ဝမ်းသာလျှင်၊ နှစ် ခြိုက်မွေ့လျော်လျှင်၊ စိတ်ရွှင်လန်းနှစ် သိမ့်လျှင် ပျော်ရွှင်ခြင်းဆိပ်ကမ်းသို့ ဆိုက်ကပ်နိုင်သည်ဟု ယူရတော့မည် ကဲ့သို့ ပင် ဖြစ်တာ တွေ့ ရသည်။
ကျွန်တော့်သဘော ကတော့ လိုချင်တပ်မက်မှု ဆန္ဒနှင့် ကိုက်ညီစွာ ထပ်တူထပ်မျှ ဖြစ်လာ သည့် အခြေအနေတစ်ရပ်၊ ရေငတ်နေသည့် အာလယနှလုံးအိမ်ထဲ ချိုမြိန်စွာ ကျရောက်လာသည့် ရေတစ်ပေါက်ပမာ ဟုထင်မြင်ပါသည်။ ပေါင်မုန့်တစ်လုံးကို ဆာလောင်နေသူတစ်ဦးအဖို့ သူ့လိုလားဆန္ဒနှင့် အညီပေါင်မုန့်တစ်လုံးကိုရရှိစားသုံးလိုက်ရသလိုမျိုးပဲဟု ဆိုချင်သည်။
ဂရိတွေးခေါ်ရှင်ကြီး အရစ္စတိုတယ် ကတော့ ပျော်ရွှင်ချမ်းမြေ့မှု ဆိုတာ သီးခြားအချိန်ကာလ တစ်ခုတစ်ခုအတွင်း ကြုံတွေ့ ခံစားနိုင်သည့် အရာမဟုတ်။ လူ့ဘဝကြီးတစ်ရပ်လုံးနှင့် သက်ဆိုင် သည့် ဂုဏ်ရည် ဖြစ်သည်။ ကလေးတွေ လမ်းမပေါ်မှာ လွတ်လပ်ပျော်ရွှင်နေကြတာ ကျွန်တော် တို့ အားလုံး မြင်ဖူးကြပေလိမ့်မည် ။ သာမန်လူအများ စု ကတော့ ကလေးတွေ ဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင် အချမ်းမြေ့ဆုံး လူသားတွေ ဟု ဆိုကြပေမည် ။ သို့ ရာတွင် အရစ္စတိုတယ်ကား အဲဒီ အဆိုဟာ လုံးဝမ ဖြစ်နိုင်ဘူးဟု ငြင်းချက်ထုတ်ပါသည်။ ကလေးသူငယ်တွေ ဟာ ဝမ်းသာကြ၊ ရွှင်မြူးကြတာ မှန်ပါရဲ့ ။ ဒါပေမဲ့ ပျော်ရွှင်ချမ်းမြေ့မှု ရကြတာမဟုတ်။ ဘာကြောင့် ဆို သူတို့သည် ပြည့်စုံတဲ့ လူ့ဘဝကိုမရရှိကြသေးလို့ပဲ ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက် ရဲ့ ဘဝဟာ ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝ ဟုတ်မဟုတ်ဆိုတာ ဆုံးဖြတ်နိုင်ဖို့အတွက် ထိုပုဂ္ဂိုလ်၏ ဘဝဆုံးခန်းဆိုင်အထိ စောင့်ကြည့်ရန် လိုအပ်သည်ဟု ပညာရှိကြီး ကတော့ ယူဆခဲ့ပေသည်။
တကယ်တော့ ပျော်ရွှင်ချမ်းမြေ့မှု သည် ပြည့်စုံသည့် ကောင်းမြတ်ခြင်းတရား။ ပျော်ရွှင်ချမ်း မြေ့သည့် ဘဝဆိုတာ ကောင်းမြတ်တဲ့အရာအားလုံးပေါင်းစုံနေသည့် ဘဝ။ ဒါပဲ ဖြစ်သည်။ လူတစ် ဦး တစ်ယောက် မှာ လိုချင်တောင့်တစရာ ဘာမှမကျန်တော့ဘူးဆိုလျှင် သူဟာပျော်ရွှင်ချမ်းမြေ့မှာ အမှန်ပါပဲ။ ပျော်ရွှင်ချမ်းမြေ့သူတစ်ဦးဆိုတာ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက် အနေနှင့် လိုအပ်သည့် အခြေခံလိုအင်ဆန္ဒအားလုံး ပြည့်စုံသွားသူသာ ဖြစ်သည်။ ဤသို့ ဖြစ်လာဖို့ တစ်နေ့တစ်ရက်နှင့် ဖြည့်ဆည်း တည်ဆောက်လို့မရ။ ဘဝတ်စတစ်ခုလုံးနှင့် ရင်းပြီးမှသာ ဖော်ဆောင်နိုင်မှာ ဖြစ်သည်။
ဤသို့ ဆိုလျှင် …
ပျော်ရွှင်ချမ်းမြေ့မှု ကို အတူတကွ ဖြည့်ဆည်းပေးနိုင်သည့် ကောင်းခြင်းတရားတွေ က ဘာတွေ များ ပါလိမ့်။ ချမ်းသာကြွယ်ဝမှု ၊ ကျန်းမာရေး ကောင်းမွန်မှု ၊ ခန္ဓာကိုယ် အတွေ့ အထိအားဖြင့် သာယာမှု စသည့် ပြင်ပ ဗဟိဒ္ဓ ရုပ်ပိုင်းဆိုင်ရာ ကောင်းခြင်းတွေ ပါဝင်သည်။ ထို့အတူ ဂုဏ်သိက္ခာရှိခြင်း၊ ချစ်မြတ်နိုးခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်းစသော လူမှု ရေး ဆိုင်ရာ ကောင်းခြင်းတရား တွေ ပါဝင်သည်။ သိနားလည်ခြင်း၊ အသိတရားကြွယ်ဝခြင်း၊ ဉာဏ်ပညာနှင့် ပြည့်စုံခြင်းဟူသော အသိဉာဏ်ပိုင်းဆိုင်ရာ ကောင်းခြင်းတရားတွေ လည်း ပါဝင်သည်ဟု ဆိုပါသည်။
သူလို ကိုယ်လိုပါပဲ။
မြို့ပြထဲ နေထိုင်ဖြတ်သန်းရသည့်ဘဝကို တစ်ခါတစ်ရံစဉ်းစားခန်း ဝင်ကြည့်မိပါသည်။ လင်းချင်းသစ်ဖြင့် တစ်နေရာက နေ့တစ်နေ့ ပြန်လာပြီဆိုသည်နှင့် ခြေလှမ်းကိုစတင်ရန် အင်ဂျင် တပ်ဆင်ရတော့သည်။ မြွေနဂါးတစ်ကောင်လို ပါးစပ်ကြီးပြဲလန်အောင်ဟထားသည့် မြို့တော် ၏ အာခံတွင်းထဲသို့ ခုန်ဝင်ရသည်။ တရား၊ သတိနှင့် တစ်ယောက် တည်းတည့်အောင် အတော် ကြိုး စားနေရသည့်အချိန်တွင် အရောင် အမျိုးမျိုး စိတ်အထွေထွေလူတွေ နှင့် ကူးလူးဆက်ဆံရသည်။ အစာအိမ်အတွက် တစ်နေကုန် တကုတ်ကုတ်အလုပ်လုပ်ရသည်။ ကိုယ့်ကိုယ်ကိုယ် ချောင်းကြည့် တော့ အပျော်ရနံ့တွေ နဲ့ ကင်းဝေးရာ တဖြည်းဖြည်းထွက်ပြေးနေသော အဝကျဉ်းပုလင်းထဲက ကြွက်လို ပြန်ထွက်မရတော့ပေ။ ဒီလိုနဲ့ တစ်နေ့တာလုံး ဦးနှောက်တွေ ရော အသိတရား၊ ရိုးသားမှု သိက္ခာတွေ ပါချကျွေး ထိုးရောင်းရ၊ ပွယောင်းနေသော အတ္တရေစီးကြောင်း၏ အလိုတော် ထဲ ပျော်ဝင်ရ၊ တစ်နေကုန် တစ်နေ့ခန်း မိုးစုပ်စုပ်ချုပ်တော့မှ မြွေနဂါးကြီး၏ အာခံတွင်းထဲမှ ပြန်လည်အန်ချခြင်းခံရသည်။
ဒီတော့မှ ဘိုဟီးမီးယန်းလမ်းမပေါ် ကားရားခွရပ်ထားသလို မြို့တော် ၏ ကြော်ငြာဆိုင်းဘုတ်တွေ အောက်က ပလက်ဖောင်းပေါ် ရောက်ရသည်။ တကယ်တော့ စုပ်ဝဲမှု တ်ဝဲတွေ ပေါတဲ့ ဧရိယာပါပဲ။ အချိန်မရွေး အရှင်လတ်လတ် ဖျတ်ခနဲ နစ်မြုပ်သွားနိုင်သည့်မြို့လယ်ကောင်ကြီး။ ကံကြမ္မာထဲပြေးဝင်လာတဲ့ ဘီးတိုင်း ဘရိတ်ကောင်းနိုင်မလား။ မြို့သစ်ကို အာခံချင်ပေမဲ့ မြို့လယ်ကလည်း လက်မခံတော့။ အချိန်တန်ရင် မြို့သစ်ကအိမ်ကိုပဲ ပြန်ရမှာ ပါ။ ညကို အရေခွံခွာတဲ့လလည်း ကွန်ကရိတောနက်ထဲ ပြေးဝင်ပြီ၊ ပြန်ချင်စိတ်ကို ဘယ်လိုပင်အပ်မျိုးနဲ့မှ ချိတ်တွယ်ထားလို့မရတော့။ ကိုယ်မသိတဲ့ အဆင့်မြင့်အဆောက်အဦကြီးတွေ က မျက်လုံးတစ်ထောင်နဲ့ တစ္ဆေတစ်ကောင်လို ချောင်းကြည့်။ ကိုယ်သိတဲ့ဆူးလေနဲ့ အနော်ရထာက ဆိုင်ကယ်လို အသားကင်ဘီယာနဲ့ ဆီဖြည့်လို့။ အိပ်ရာဝင်ဖို့ မေ့ချင်ပုံရတဲ့ကြယ်တွေ က ညကိုဖွပြီး တခစ်ခစ်ရယ်သည်။ ကိုယ့်ကို ကွက်လင်းတဲ့ကြယ်က လွမ်းစရာမိသားစုလေးပါပဲ။ ခုလောက်ဆို မြို့သစ်လေးရဲ့ ပြတင်းပေါက်ပေါ် မေးထောက်လို့ လောင်ကျွမ်းတောက်ပနေရှာရောပေါ့။
ဒီလိုနဲ့ပဲ ညကြည့်မျက်မှန်တပ်ထားတဲ့ ရန်ကုန်ကနေပြီး ထွက်ခွာခဲ့ရ။ သွေးဆိုးတဲ့ အမူးသမားကို ခွေးကထိုးဟောင်လိုက်၊ ညက ကိုယ့်ကိုထိုးဟောင်လိုက်၊ စစ်ပြီးခေတ် ကားအစုတ်တစ်စီးလို၊ တစ်မျိုးပြီးတစ်မျိုး ပြုတ်ထွက်နေတဲ့စိတ်ကိုမျိုချ။ ကျွန်တော် တို့ အိမ်ပြန်ခဲ့ရသော ညများ ၊ အဲဒီ လို ဘယ်နေရာလှန်စို့စို့ မြို့ကြီးကကိုယ့်အပေါ် နို့မထွက်ဘူး။ အများ အပေါ် တအုန်းအုန်းရွာနေသည့် ရန်ကုန်မိုးက ကျွန်တော့်အပေါ် မစိုပြန်ဘူး။
ဤသို့ လေးလံစိတ်များ ဖြင့် ဖိစီးတင်းကျပ်နေသော မြို့တော် ရင်ခွင်ထဲမှ ခုန်ထွက်ကာ တစ်ခုသော ကာလမှာ ကျွန်တော် စိမ်းစိမ်းစိုစို ရွာလေးတစ်ရွာသို့ ရောက်ရှိခဲ့သည်။ တောတောင်စိမ်းစိမ်း၊ ကောက်ပင်စိမ်းစိမ်းက သဘာဝ ၏ လိမ်းခြယ်မှု အောက် လှချင်တိုင်းလှနေ။ မိုးရေတက်ရေ တဖွေးဖွေး ကွင်းကျယ်အဝေးဝေးဆီ ရောက်ခဲ့။ ကြာနီတစ်ပွင့် ဖြူတစ်ပွင့် တဲနဲ့ပနံတင့်သော လယ်စောင့်တဲလေးဆီရောက်ခဲ့။ ကျေးလက် လယ်သမား မိသားစု ကတော့ လယ်စောင့်တဲလေးနားကသီးပင်စားပင်တွေ က သီးနှံလေးတွေ ကိုဆွတ်ခူး၊ ရိုးနားက မျှားလာသည့်ငါးဖြင့် လတ်လတ်ဆတ် ဆတ် ချက်ပြုတ်။ ဗိုက်ဖောင်းလန်အောင် ခြေကန်စား။ ပြီးတော့ သားလေး၊ သမီးလေးတွေ နှင့် တဝါးဝါး တဟားဟား၊ လွတ်လပ်ပေါ့ပါးစွာ ရယ်မောနေလိုက်ကြတာ တမေ့တမောကြီးပါပဲ။ အပူအပင်မဲ့ အပျော်ဆည်းလည်းသံတွေ နဲ့ ညိုးညိုးညံလို့ပေါ့။
ကျွန်တော် တွေးကြည့်မိသည်။
ရုပ်ဝတ္ထုတို့ဖြင့် မပြည့်စုံသော်လည်း စိတ်ဝတ္ထုတို့ဖြင့် အေးအေးလူလူ ပြည့်စုံနေသော သူတို့ ဘဝကရော ပျော်ရွှင်စရာတွေ ဖြင့် ပြီးပြည့်စုံနေပါသလား။ ရောင့် ရဲတင်းတိမ်ရုံနှင့် ပျော်ရွှင်မှု ကို ရရောလား။ သူတို့ဘက်ကလည်း ဝတ်ကောင်းစားလှနှင့် သက်သော င့်သက်သာ ကောက်ပင်လေညင်းထဲ အပျင်းပြေလမ်းလျှောက်နေနိုင်သူ၊ ကျွန်တော့် လိုမြို့ပြလူသားကို အားမကျဘူးဟု အသေအချာ မပြောနိုင်။ နုံ့နဲ့နိမ့်ကျသော သူတို့ဘဝနှင့် ယှဉ်ကာ အထင်ကြီးကောင်း ကြီးနေနိုင်ပါသည်။ ဤသို့ ဆိုလျှင် တချွင်ချွင်ဝင်ငွေတွေ နှင့် ပြည့်စုံကြွယ်ဝနေသူတွေ ကိုရော ဘယ်လိုပြောမလဲ။ ငွေရှိလျှင် ပျော်ရွှင်ချမ်းမြေ့မှု ရှိနိုင်မည် လား။ ပျော်ရွှင်ချမ်းမြေ့မှု ကို ငွေနဲ့ဝယ်ယူလို့ ရပါသလား။ တဒင်္ဂယာယီအပျော်ကို ငွေနှင့် ဝယ်ယူ ဆွတ်ခူးနိုင်သော်လည်း ထာဝရချမ်းမြေ့မှု ကိုတော့ ဝယ်ယူ၍ ရနိုင်အံ့မထင်ပေ။ တစ်နေ့တစ်နေ့ ငွေနံ့ကြေးနံ့ပူပူတွေ အဆုတ်ထဲရှုသွင်းလိုက်၊ အေးမြမြတရားဓမ္မတွေ ရှုထုတ်လိုက်သာ လုပ်နေသည့် ဝင်္ကပါထဲ ကျင်လည်နေသမျှ မျက်နှာကြက်ပေါ်က တုံးလုံးပက်ခေါက် ပြုတ်ကျလာသည့် အိမ်မြောင်အတိုင်း အမြီးပြတ်နှင့် လူ့ဘဝကြမ်းပြင်ပေါ် တဆတ်ဆတ်ခုန်နေမှာ မြင်ယောင်နေမိပါသည်။
ဟောဒီလောကီဘုံဝယ် အရာရာပြည့်စုံပြီး အာရုံငါးပါးအကြား အရာသာရှိရှိပျော်ပါးအောင် မည် သို့ ထားစေကာမူ မပျော်ရွှင်နိုင်ဘဲ စွန့်လွှတ်ကျောခိုင်းသွားသော သိဒ္ဓတ္ထလို လူသားတစ်ဦး လည်း ဤကမ္ဘာပေါ်မှာ အမှန်တကယ်ရှိခဲ့ဖူးပါသည်။ ကိုယ်တောတိုင်ကလည်း အိမ်ရှေ့စံ ရွှေမင်းသား၊ ရွှေနှင့် ယိုးမှားဖွယ် မယားအလှ ယသော်ဓရာ၊ ရာဟုလာဟူသော သံယောဇဉ် နွယ်တစ်မျှင်နှင့် ။ ဘာအနိဋ္ဌာရုံမျှ မြင်ခွင့်မရအောင် ဖခမည်းတော် က အစီအမံနှင့် အလုံခြုံ အပျော်ရွှင်ဆုံးထားခဲ့သည်။ သို့ တိုင် လူအိုလူနာလူသေ ရဟန်း နိမိတ်ကြီးလေးပါးကို မြင်ရုံနှင့် တပ်မက်တွယ်တာဖွယ် အာရုံတွေ အားလုံးကို ပယ်သတ်ဖြတ်တောက်ကာ ဝိမုတ္တိစခန်းဘက် တောထွက်သွားခဲ့သည် မဟုတ်လား။
ဘယ်မှာ လဲ ပျော်စရာ …။
တစ်နေ့နေ့ … ဟောဒီ ညာဘက်လက်ကလုပ်တာကို ဟောဟို ဘယ်ဘက်မျက်စိ မသိစေနဲ့လို့ ဆိုချင်သူ၊ အကယ်ဒမီအခေါက် ဘယ်ဈေးလဲ၊ ဘသန်းနဲ့ ဝမ်းစတားအခေါက် ဘယ်ဈေးလဲ၊ လေးလုံးစည်း ရှစ်လုံးစည်း ဘယ်ဈေးလဲ။ မျက်နှာပေါင်းတင်ရ ကောင်းမလား၊ မျက်နှာချေးချွတ်ရ ကောင်းမလား၊ မျက်နှာရွှေသွင်းရကောင်းမလား နှင့် ခေါင်းစားနေသူများ ။ ဘယ်ဥစ္စာမှ အကြာကြီးမဟုတ်ဘူး။ ဘယ်အရာကိုမှ ငါမပိုင်ဘူး။ ငါဆိုတာ မရှိဘူးဟု မသိသေးသူများ ။ ကရကဋ်ရာသီဖွား တနင်္လာသားကြီး ဦးကိတ္တိသာရာ (ပြည်သူ့အချစ်တော် ဦးကျော်ဟိန်း) ဟောပြောဆုံးမသလို၊ ဘာကြောင့် များ စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာ မထားနိုင်ကြသေးဘဲ အပျော်နောက် ကောက်ကောက်ပါအောင် လိုက်ချင်ဆဲ ကျွန်တော် အပါအဝင် ပုထုဇဉ်တွေ ၊ တွေးချင့်ချိန်စရာ ကောင်းလှပေသည်။
ကျွန်တော် တွေးမိတာလေးတွေ ကို ကဗျာတစ်ပုဒ် ရေး ကြည့်ဖို့ စိတ်ကူးခဲ့မိဖူးပေသည်။
မသေခင် ဘယ်လိုပျော်ရွှင်အောင် နေထိုင်မလဲ။ ဘဝနေနည်း အဘိဓမ္မာကို ရှာဖွေခြင်းလို့လည်း ဆိုနိုင်သပေါ့။
ပျော်ရွှင်ချမ်းမြေ့မှု ဆိုတာ မိုးပေါ်က အလိုလိုကျလာတာ ဟုတ်မဟုတ်။ ခင်ဗျားတို့ ကျွန်တော် တို့လူသားတွေ ဘာကြောင့် ပျော်။ ထွက်ပြေးနေတဲ့ပျော်ရွှင်မှု ကို ငွေးပေးဝယ်လို့ ရသလား။ ချမ်းမြေ့မှု စစ်စစ်ရဲ့ ဇာစ်မြစ်ဟာ ဘယ်အရာတွေ လဲ။ ငွေကြေးနဲ့ စိတ်ချမ်းသာမှု မှာ တိုက်ရိုက်အချိုး။ ပျော်ရွှင်မှု ပြဇာတ်ထဲ လိုအပ်တဲ့အရာက ပညာလား။ အသက်အရွယ်လား။ ကြင်သူသက်ထား ဇနီးမယား သမီးသားလား။ အဖော်မွန်လား။ ကြွေအတူဝေအတူ ယုံကြည်စိတ်ချရတဲ့ အပေါင်းအသင်းမိတ်ဆွေလား။
သုတေသနတွေ့ ရှိချက် တစ်ခုအလိုအရတော့ တစ်နေ့အရက်နှစ် ပတ်လောက် သောက်သုံးသူဟာ လုံးဝမသောက်သူတွေ ထက် ပိုပျော်သတဲ့။ လူ့ဘဝရဲ့ အပျော်ရွှင်ဆုံးအရွယ်က အသက် ၃၀ ကနေ ၅၀ အတွင်းတဲ့။ ခင်ဗျား ဘယ်လောက်ပျော်ခဲ့။ ကျွန်တော် ဘယ်လောက်ရွှင်ခဲ့။ ဘဝမှာ စိတ်ကူးမျှော်လင့်ထားတာတွေ နဲ့ နီးစပ်ပြီလား။ ဘယ်လိုခေတ်မီနည်းပညာနဲ့ ဘဝကိုပျော်ရွှင်အောင် ဖော်စပ် တည်ဆောက်လို့ရမလဲ။
စစ်တမ်းတစ်ခုမှာ တော့ အခုခင်ဗျား ဘာလုပ်နေလဲ။ တစ်ယောက် တည်းလား။ အဖော်နဲ့လား။ ခင်ဗျားနဲ့လား။ ခင်ဗျားလုပ်နေတဲ့အလုပ်ကို ခင်ဗျားရွေးချယ်ခဲ့လား။ ကျေနပ်ရဲ့ လား။ မေ့လျော့တတ်ခြင်းနဲ့ အသားကလယ်ခြင်းမှာ ဘဝတဏှာက အဖတ်လိုက် အဖတ်လိုက်။ အဲဒီ ခင်တွယ်စိတ်ကပဲ မကုန်ခမ်းနိုင်တဲ့ပျော်ရွှင်မှု အရင်းအနှီးဆိုရင် မသေခင် ဘယ်လိုပျော်အောင် နေမလဲ။
စိတ်ချမ်းသာအောင်နေနည်း ရှာဖတ်မယ်။ ပျော်အောင်နေ နည်းရှာဖတ်မယ်။
တကယ်တော့ ပျော်အောင်ကြိုးစားရတာ အရပ်ရှည်အောင် လုပ်ရသလိုပဲ။ မနည်းကြိုးစားမှ နည်းနည်း လေး အရပ်ထွက်နိုင်တာ မျိုးပါ။ ပျော်စရာတွေ ခေတ်ကုန်သွားပြီလား။ ဘယ်လောက် ကြိုးစား ကြိုးစား။ ကျွန်တော့် ပျော်ရွှင်မှု ကတော့ LS.430 လက်ဇပ်ကားအမိုးလို ပြားပြားချပ်ချပ်ကြီး။
မည် သို့ ဆိုစေ … ။
ကျွန်တော် ကတော့ သံသရာဆွဲဆန့်လို့ ဘယ်လောက်ပင် ရှည်ရှည် … ဖုန်းရွှေနည်းပညာ နှင့် ဘဝကို ရွှဲရွှဲစိုပျော်ရွှင်အောင် ရွက်လွှင့်တည်ဆောက်လိုက်ချင်ပါသေးသည်။
ဒဿနပညာရှင်ကြီး အေပီကူးရပ်စ်ကလည်း ဘဝဆိုတာတိုတိုလေးမို့ ပျော်ပျော်ကြီးနေ သွားပါစို့ဟု ပြောခဲ့သည်။ ရယ်သော သူ အသက်ရှည်၏ ဟူသော ဆိုရိုးစကားနှင့် အညီ ယခုအခါ ဆေးပညာ လေ့လာတွေ့ ရှိချက်များ မှာ လည်း ပြုံးသည့်ရယ်သည့်အခါ မျက်နှာပေါ်ရှိ ကြွက်သား ၁၄ ခုသာ အလုပ်လုပ်ရပြီး အလိုမကျမျက်မှော င်ကြုတ်သည့် မဲ့သည့်အခါ မျက်နှာပေါ်ရှိ ကြွက်သား ၇၂ ခုမျှ အလုပ်လုပ်ရသဖြင့် ပိုမိုပင်ပန်းနွမ်းနယ်သည်ဟုဆိုကာ အိန္ဒိယနိုင်ငံတွင် ရယ်မောသည့် အသင်းအဖွဲ့များ ဖွဲ့စည်းပြီး တက်ကြွရွှင်လန်းစွာ စုပေါင်းရယ်မော နေကြသော ဟူ၏ ။
ကဲ … မိတ်ဆွေ
ခင်ဗျားရော မရယ်ချင်ဘူးလား။ မပျော်ချင်ဘူးလား ….။
Health for All မဂ္ဂဇင်း
ဇူလိုင်လ၊ ၂၀၀၈
![]() အလွမ်းမိုင်လေးဆယ် | ![]() ထောင်ဝင်စာရုပ်ပုံလွှာ ရသ အက်ဆေးများ | ![]() ကျွန်တော်နှင့် ကာလီဒါသ ခေါင်းလောင်း ရသစာတမ်းများ |