Cover

နိဒါန်း

Sence-1

နေ့-ပြင်

အနော်ရထာလမ်းမပေါ်

သြဇာ၊ ကားသမား (၁)

သြဇာ (ခေတ်မီသော လူငယ်စတိုင်လ်အဝတ်အစား)

ပန်းဆိုးတန်းမီးပွိုင့်မှစ၍ ဆူးလေမီးပွိုင့်အထိ ကားများ ပိတ်ဆို့ တန်းစီနေပုံကို အရင်ပြ၊

ထိုယာဉ်တန်းကြီးထဲမှ (၃၅) လမ်းထိပ်လောက်တွင် ရှိသော တက်စီ တစ်စီးပေါ်၌ သြဇာရှိနေ၊

သြဇာက ကားတန်းကြီးကို စိတ်ပျက်သလိုကြည့်။

သြဇာ။ ။ (လေပူမှု တ်လျက်) ကားတွေ ကတော့ တစ်နေ့ တစ်မျိုး မရိုးရအောင်ကို ပိတ်နေတော့ပါလား။

ကားသမား။ ။ (နောက်ကြည့်မှန်မှကြည့်လျက်) ထုံးစံ ဖြစ်နေ ပါပြီ ငါ့ညီရော၊ ကိုယ်လည်း ကားပဲ မောင်းစား တတ်လို့သာ ဒီအလုပ်လုပ်နေတာ၊ လမ်းတွေ က ပိတ်ရတဲ့အထဲ သွင်းလာတဲ့ကားကလည်း နည်းမှမနည်းပဲလေ၊ ပြောရင်လည်း အဖမ်းခံရ ဦးမယ်။

သြဇာရောယောင်ခေါင်းညိတ်လိုက်၊ တစ်ဆက်တည်း နာရီကြည့်။

သြဇာ။ ။ (စိတ်မရှည်စွာ ) ဒုက္ခပါပဲဗျာ၊ ကောင်မလေးနဲ့ က ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတာဗျ၊ နောက်ကျ ရင်တော့ ကွိုင်ပဲ။

ထိုစဉ် သြဇာဖုန်းမြည် လာ။ ဖုန်းနံပါတ်ကိုကြည့်ရင်း သြဇာ ခေါင်း ကုတ်လိုက်။

သြဇာ။ ။ (ဖုန်းဖွင့်ကိုင်လိုက်ရင်း) သဲလေးလား၊ လာနေ ပါပြီ၊ ခု ဖရေဇာလမ်းပေါ်မှာ ပဲလေ၊ ဟာ ... မဟုတ်ပါဘူး၊ ကားတွေ က ပိတ်နေလို့၊ ဘယ် လို ...ဟုတ်တယ်၊ ကိုယ့်ကားက ပျက်နေလို့ တက်စီ စီးလာတာ။

တစ်ဖက်က ပြန်ပြောသည်ကို သြဇာ နားထောင်နေ၊ ပြီး ...ခေါင်း ခါလျက်။

သြဇာ။ ။ ဟာ ...မဟုတ်ရပါဘူး သဲလေးရာ၊ ကားလမ်း တွေ ပိတ်နေလို့ပါ၊ ဒါတောင် ကိုယ် အိမ်က အစောကြီးထွက်လာတာလေ၊ ခဏလေး သည်းခံစောင့်နော်၊ ဟင် ...ဘယ်လို၊ သြော် ...ဟုတ်သားပဲ၊ ရုပ်ရှင်လက်မှတ်က ကိုယ်ဆီမှာ ပါ၊ ခဏနေရင် ရောက်မယ် ...ဒါပဲနော် သဲလေး။

သြဇာ ဖုန်းချလိုက်ရင်း ကားတန်းကြီးကို စိတ်မရှည်စွာ ထပ်ကြည့်၊ ကားတန်းကြီးက လှုပ်ရှားကာ ရှေ့နည်းနည်း တိုးသွားသဖြင့် သြဇာ ဝမ်းသာ သွား၊ ကားဘီး သုံးပတ်လောက် လိမ့်ပြီး ပြန်ရပ်သွား၊ ကားတချို့က စက်တွေ ပါ သတ်လိုက်။

သြဇာ။ ။ (နာရီထပ်ကြည့်၊ ဂနာမငြိမ် ဖြစ်လာ)

မ ဖြစ်တော့ဘူးဗျာ၊ ဒီအတိုင်းဆိုရင်တော့ ရုပ်ရှင်နောက်တစ်ပွဲမှ ကြည့်ရတော့မယ် ထင် တယ်။

သြဇာ ရေရွတ်ရင်းက ပိုက်ဆံထုတ်ကာ ကားသမားကိုပေးလိုက် ။

သြဇာ။ ။ ရော့ ...ဘရာသား ကားခ၊ ကျွန်တော် ဒီကပဲ ဆင်းပြေးသွားတော့မယ်ဗျာ။

ပြောရင်း သြဇာက ကားတံခါးကိုဖွင့်ကာ ကားပေါ်က ဆင်းလိုက်။

ကားသမား။ ။ (ခေါင်းပြူကြည့်လျက်) ငါ့ညီကိုတော့ အစ်ကို အားကျတယ်ကွာ။

သြဇာ။ ။ (ပြန်ကြည့်ရင်း) ဘာကိုလဲ ဘရားသား၊ ကောင် မလေးနဲ့ ရုပ်ရှင်သွားကြည့်တာကို ပြောတာ လား။

ကားသမား။ ။ (မျက်နှာမဲ့ရှုံ့ကာ ခေါင်းခါလျက်) ဘယ်ကလာ ကွာ၊ ငါ့ညီ ခုလို ကားပေါ်ကဆင်းပြီး လိုရာ ခရီးကို သွားလို့ရတာ ကိုပါ၊ ဖြစ်နိုင်ရင် ကိုယ် တောင် ကားရပ်ထားခဲ့ပြီး ငါ့ညီလို ဆင်းပြေး သွားလိုက်ချင်တယ်၊ အဖမ်းခံရမှာ စိုးလို့။

သြဇာ။ ။ (ရယ်လျက်) ဘရားသားကလည်း ပြောတော့ မယ်။ ဆက်စောင့်လိုက်ဦးဗျို့။

ထိုသို့ ပြောရင်း သြဇာက အနော်ရထာလမ်းအတိုင်း ဆူးလေမီးပွိုင့် ဘက်ဆီသို့ အူယားဖားယား ပြေးထွက်သွား။

*


Sence-2

နေ့-ပြင်

ဆူးလေလမ်း/နေပြည်တော် ရုပ်ရှင်ရုံရှေ့

ပျိုးပင်၊ လူအချို့

ပျိုးပင် (ယောက်ျားလေးဆန်ဆန်အဝတ်အစား)

ရုံတင်ပြသနေသော နေပြည်တော် ရုပ်ရှင်ရုံမှ ပိုစတာကို အရင်ပြ၊ ရုံရှေ့တွင် လည်း ဥဒဟိုသွားလာနေသော လူအချို့ရှိနေ။

ပျိုးပင် တစ်ယောက် ရုံရှေ့တွင် မှု န်တေတေမျက်နှာထားဖြင့် ဟိုဒီ ကြည့်နေ။ လက်ထဲတွင် လည်း ရေသန့်ဗူးနှင့် စားစရာအချို့ ထည့်ထားသည့် ကြွပ်ကြွပ်အိတ်တစ်ခုကို ကိုင်ထား။ ပျိုးပင်က စိတ်မရှည်ဟန်ဖြင့် ဖုန်းထုတ် ကာဆက်။ ဖုန်းက ဝင်သွား။

ပျိုးပင်။ ။ (ခပ်စွာ စွာ အသံဖြင့် ) ဟဲ့ ...နင်ပြောတော့ လာနေပြီဆို၊ ဘယ်က လာနေတာလဲ၊ အိမ်က ခုမှာ လာတာလား၊ စောင့်နေရတာ ကြာပြီဟဲ့။

တစ်ဖက်မှ ပြန်ပြောသည်ကို ပျိုးပင် နားထောင်ပြီး ပြန်ပြော။

ပျိုးပင်။ ။ ဘာပြောတယ်၊ ကားပိတ်နေလို့ ဟုတ်လား၊ ပြောလိုက်ရင် ဆင်ခြေဆင်လက်ချည်းပဲ၊ တစ် မြို့လုံး ကားမပိတ်တာ ဘယ်နေရာရှိလို့လဲ၊ နင်ကိုယ်တိုင် ဝီရိယထားပြီး စောစောထွက်လာ ပါလား။ ဘယ်မှာ ၊ အနော်ရထာလမ်းပေါ်က လျှောက်လာနေပြီ ဟုတ်လား။ မြန်မြန်လာဟာ ...ရုပ်ရှင်က ပြနေပြီဟ။ လက်မှတ်တွေ က နင့်ဆီမှာ မို့လို့။ မဟုတ်ရင်တော့ ငါတစ် ယောက် တည်း ဝင်ကြည့်လိုက်ပြီ၊ အေး ...ငါ ခုရုံရှေ့မှာ ၊ ဒါပဲ ...ဒါပဲ။

ပြောပြီး ပျိုးပင်က ဖုန်းချလိုက်။ အနော်ရထာလမ်းဘက်ကို လှမ်း မျှော်ကြည့်။

ဆူးလေမီးပွိုင့်တွင် တန်းစီနေသော ကားတန်းကြီးကိုပြ။

*


Sence-3

နေ့-ပြင်

အနော်ရထာလမ်းမပေါ်

သြဇာ (Sence-1 မှ အဝတ်အစားဆက်)

သြဇာ အနော်ရထားလမ်းမှ ဆူးလေမီးပွိုင့်အတိုင်း ပလက်ဖောင်း မှ ပြေးလာပုံ။ မီးပွိုင့်နားအရောက်တွင် ရုပ်ရှင်ရုံတွေ ရှိသော ဆူးလေးလမ်း သို့ ချိုးကွေ့ကာ ပြေးဝင်လိုက်။

*


Sence-4

နေ့-ပြင်

နေပြည်တော် ရုပ်ရှင်ရုံရှေ့

ပျိုးပင် (Sence-2 မှ အဝတ်အစားဆက်)

ပျိုးပင် ရုပ်ရှင်ရုံရှေ့မှ မျှော်ကြည့်နေပုံ။

*


Sence-3 နှင့် Sence-4 ကို

နောက်တစ်ကြိမ် ထပ်ခုတ်ပြ။

*


Sence-၅

နေ့-ပြင်

နေပြည်တော် ရုပ်ရှင်ရုံရှေ့

သြဇာ၊ သက်စု

သြဇာ ရုပ်ရှင်ရုံရှေ့ အပြေးအလွှားရောက်လာပြီး သက်စုရှေ့မှာ ရပ်လိုက်။

သြဇာ။ ။ (မောနေသည့်ဟန်ဖြင့် ရယ်ပြလိုက်ရင်း) ကိုယ် ဆယ်မိနစ်လောက် နောက်ကျသွားတယ် သဲ လေးရယ်၊ ဆောရီးနော် ...သဲလေး ဒီနေ့ အရမ်းလှနေတယ် သိလား။

မျက်နှာငယ်လေးဖြင့် ပြောလိုက်သော စကားအဆုံးမှာ မြန်မာဝတ်စုံ ဝတ်ဆင်ထားသော ဆံပင်ရှည်ရှည်နှင့် သက်စုဆိုသည့် ကောင်မလေးက မီးဝင်းဝင်းတောက်သည့်အကြည့်နှင့် သြဇာကို ကြည့်လိုက်။

သက်စု။ ။ (လက်ညှိုးထိုးရင်း) ဘာမှထပ်မပြောနဲ့တော့။ ဒီနေ့ ... နင်နဲ့ငါ ...အပြတ်ပဲ။

သြဇာ။ ။ (အံ့သြလျက်) ဟင်။

*


Sence-၆

နေ့-ပြင်

နေပြည်တော် ရုပ်ရှင်ရုံရှေ့

မင်းခိုင်၊ ပျိုးပင်

ပျိုးပင်က သူရှိရာသို့ သွေးအေးစွာ တစ်လှမ်းချင်း လျှောက်လာ သော မင်းခိုင်အား အံ့သြတကြီး ကြည့်နေ၊

မင်းခိုင် ပျိုးပင်ရှေ့ရောက်လာ၊ မထီတရီမျက်ဝန်းတွေ နှင့် ကြည့်။

ပျိုးပင်။ ။ (မျက်မှော င်ကြုတ်လျက်) မင်းခိုင် ...နင် ဘယ်လိုလုပ်တာလဲ၊ ရုပ်ရှင်က ပြလို့ပဲ ဆယ် မိနစ်လောက် ရှိနေပြီ၊ နင်က ခုလို အေးရာ အေးကြောင်း လာနိုင်တယ် ဟုတ်လား။

မင်းခိုင်။ ။ (ပခုံးတွန့်လိုက်ရင်း) ငါက ရုပ်ရှင်ကြည့်ဖို့ လာ တာမှ မဟုတ်တာ၊ လက်မှတ်လည်း ဝယ်မ ထားဘူး။

ပျိုးပင်။ ။ (အထစ်ထစ်ဖြင့် ) ဒါ ...ဒါဆို နင် ...နင်က ဘာလာလုပ်တာလဲ။

မင်းခိုင်။ ။ (မျက်နှာတည်လျက်) မင်းနဲ့ငါ ပြတ်ပြီဆိုတာကို လာပြောတာ။

ပျိုးပင်။ ။ (အံ့သြတင်းမာသွားလျက်) ဘာ!

*


အဲဒီ လို ရည်စားကိုယ်စီဆီက
ခိုင်လုံတဲ့အကြောင်းပြချက်တွေ မရှိဘဲ
အဖြတ်ခံလိုက်ရတဲ့
ကောင်လေးနဲ့ကောင်မလေး နှစ် ယောက် ဟာ ...

*


အခန်း (၁)

သြဇာ ဘူနေသည်။ ရုတ်တရက်ကြီး သက်စုက ဖြတ်သွားသဖြင့် ဘာလုပ်ရမည် မှန်းမသိ။ အရေး ထဲ အီးပါချင်သလို သေးပေါက်ချင်သလို ဖြစ်လာပြန်သည်။ ထို့ကြောင့် ရည်းစားစွန့်ပစ်ခြင်းခံရသော လူ တစ်ယောက် ၏ လတ်တလောခံစားမှု သည် ကျင်ကြီး၊ ကျင်ငယ်နှင့် ပတ်သက်နေပါလား ဟူ၍ ပင် နှလုံးသွင်းမိသေးသည်။

သက်စုကို သူချစ်ပါသည်။ မြန်မာဆန်ဆန် ဝတ်စားဆင်ယင်တတ် ၍ မြတ်နိုးမိခဲ့ပါသည်။ သို့ သော် ...ခုတော့ သူ့ကို လက်ညှိုးငေါက်ငေါက် ထိုး၍ လူကြားထဲ အော်ဟစ်ကာ အဆက်ဖြတ်သွားခဲ့လေပြီ။

သက်စု သူ့ကိုဖြတ်သွားခဲ့သည့် အကြောင်းပြချက်တွေ ကလည်း သိပ်ခိုင်ခိုင်လုံလုံ မရှိလှ။ သမီးရည်းစားတိုင်းလိုလို ကြုံတွေ့ ရလေ့ရှိသော နောက်ကျလို့၊ တစ်ခါတလေ ချိန်းရင် ပျက်ကွက်လို့ ...စသဖြင့် အကြောင်း အရာတွေ သာ ဖြစ်သည်။ တစ်ခုထူခြားတာ ကတော့ သက်စုသည် သူ့ကားကို ခဏခဏပျက်နေသည့် ကားစုတ်ဟု ပြောသွားသေးသည်။ အဲဒါကလည်း သူ့ကိုအဆက်ဖြတ်ဖို့ လုံလောက်သော အကြောင်းအရာတစ်ခုလား။ မပြော တတ်ချေ။

မည် သို့ ပင် ဖြစ်စေ ...

သူ ကတော့ သက်စုပြောခဲ့သမျှကို ငြိမ်သက်စွာ နားထောင်ပေးခဲ့ ပါသည်။ ဘာမှမဖြေရှင်းခဲ့သလို တောင်းလည်း မတောင်းပန်ခဲ့။ ဒါက လည်း သူ့ဘက်က မမှားဟု သြဇာ ယူဆ၍ ဖြစ်သည်။ လူတွေ ကြားထဲမှာ ဆိုတော့ နည်းနည်း တော့ မျက်နှာပူသည်ပေါ့။

ခုတော့ ...

သူနှင့် သက်စုသည် သီချင်းတွေ ၊ ကဗျာတွေ ထဲကလို ညောင်ညို ပင်လမ်းခွဲ၊ ကတ္တီပါလမ်းခွဲတွေ မဟုတ်ဘဲ နေပြည်တော် လမ်းခွဲ ဖြစ်ခဲ့ရပြီ။ နေပြည်တော် ရုံရှေ့မှာ လမ်းခွဲသွားသည်ကိုး။

ထားတော့။ လောလောဆယ် သြဇာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ် ကြည့်သည်။ ငါ အသည်းကွဲပြီလား။ ထိုသို့ လည်း မ ဖြစ်နိုင်ချေ။ ဘာ ဖြစ် လို့လဲဆိုတော့ ရင်ထဲမှာ လည်း ဆို့ကျဉ်တင်းကျပ်နေခြင်းမရှိ။ အသက်ရှူ မဝသလိုလည်း မခံစားရ။ အရက်သောက်ဖို့ဆိုတာ ကတော့ ဝေးလာဝေးပင်။ လောလောဆယ် အနည်းငယ် စိတ်ရှုပ်စိတ်ညစ်ခြင်းသာ ဖြစ်နေသည်။

အဲဒီ လို စိတ်ထဲညစ်ထွေးနေတာကို ဘယ်လိုဖြေရှင်းမလဲ။

ရုပ်ရှင်ရုံအောက်က ခုံတန်းမှာ ခဏထိုင်ရင်း စဉ်းစားမိသည်။ ပြီးမှ ဟာခနဲ ဖြစ်သွားရ၏ ။ ဟုတ်သည်လေ။ ကိုယ်က ရုပ်ရှင်ကြည့်ဖို့ လာ သည်ပဲ။ အိတ်ကပ်ထဲမှာ လည်း လက်မှတ်က နှစ် စောင်တောင် ရှိနေသည်။ ဒါဆို ရုပ်ရှင်ဝင်ကြည့်လိုက်မည် ပေါ့။ စိတ်တော့ အနည်းငယ်အပန်းပြေသွား လိမ့်မည် ထင်သည်။

ထိုအတွေးနှင့် သြဇာက အိတ်ကပ်ထဲမှ လက်မှတ်နှစ် စောင်ကို ထုတ်လိုက်သည်။ ခု ကိုယ်က တစ်ယောက် တည်းဆိုတော့ လက်မှတ်နောက် တစ်စောင်ကို ဘာလုပ်ရတော့မည် လဲ။ သက်စု မရှိတော့မှ ဖြဲပစ်လိုက်ရုံပေါ့။

ထိုသို့ စိတ်ကူးကာ လက်မှတ်နှစ် စောင်ထဲမှ တစ်စောင်ကို ဖြဲရန် အလုပ် ...

''ဒီမှာ ...ဒီမှာ ...ခဏလေး''

နာမည် တပ်၍ မဟုတ်သော်ငြား ကိုယ့်ကို ခေါ်လိုက်သည်ထင်သ ဖြင့် သြဇာ ဆတ်ခနဲလှည့်ကြည့်လိုက်မိသည်။ ဆံပင်မတိုမရှည်နှင့် ယောက်ျား လေးဆန်ဆန် ဂျင်းပန်နှင့် တီရှပ်ကို ဝတ်ဆင်ထားသည့် ကောင်မလေးတစ် ယောက် ကို တွေ့ လိုက်ရ၏ ။ ဘာမိတ်ကပ်မှ လိမ်းခြယ်ထားပုံမရသော မျက် နှာလေးက ဖြူလင်းရှင်းသန့်နေသည်။

သြဇာက မျက်ခုံးအသာပင့်၍ ကိုယ့်ကိုယ်ကိုယ် လက်မဖြင့် ညွှန် လျက် ...

''ကျွန်တော့် ကို ခေါ်တာလား''

ကောင်မလေးက ဆတ်ခနဲ ခေါင်းညိတ်ရင်း ...

''ဟုတ်တယ်၊ ဒီနားမှာ ရှင်ပဲ ရှိတာလေ၊ ရှင့်ကိုပဲ ခေါ်တာပေါ့''

အရေး ထဲ ဒင်းကလေးက မသိမသာစွာ နေသေးသည်။

သြဇာက ပခုံးတွန့်လိုက်ရင်း ...

''ဘာကိစ္စလဲ ...ပြော''

''ကိစ္စ ကတော့ ရှင်ဖြဲပစ်ဖို့ လုပ်နေတဲ့ လက်မှတ်ကိစ္စပဲ''

ခပ်တည်တည်ဟန်ဖြင့် သြဇာက ...

''သြော် ...ဒါလား၊ ဟုတ်တယ်လေ ...ဒီလက်မှတ်ကို ဖြဲပစ် မလို့''

''မဖြဲပါနဲ့''

ဆတ်ခနဲ လှမ်းအော်သည်မို့ သြဇာက မျက်မှော င်ကြုတ်လိုက်ပြီး

''အာ ...ဘာ ဖြစ်လို့လဲ၊ ရုပ်ရှင်လက်မှတ်က ပိုက်ဆံမှမဟုတ်တာ၊ ဖြဲလို့လည်း ဘယ်သူကမှ တရားလာမစွဲပါဘူး''

''ရှင်ကလည်း တစ်မျိုး၊ မဖြဲနဲ့လို့ဆိုတာက အဲဒီ လက်မှတ်ကို ရှင် မလိုတော့ရင် ပြန်ရောင်းပါလားလို့ ပြောချင်တာ''

ကောင်မလေးစကားကြောင့် သြဇာ တွေ ခနဲ ဖြစ်သွားရပြီး ...

''ဒီလက်မှတ်က ခုပြနေတဲ့ ပွဲစဉ်လက်မှတ်ဗျ၊ ရောင်းတော့ မရောင်းတော့ပါဘူး''

စကားဆုံးဆုံးချင်းပဲ ကောင်မလေးက ...

''ဒါဆိုလည်း အလကားပေးရှင်၊ ကျွန်မ ဒီရုပ်ရှင်ကားကြည့်ချင် လို့၊ ကားသစ်ဆိုတော့ ခုပွဲစဉ်လက်မှတ်က ကုန်သွားပြီလေ''

သြဇာက တစ်ချက်စဉ်းစားလိုက်ရင်း ခေါင်းညိတ်လိုက်၍ ...

''ဒါဆိုလည်း ယူဗျာ၊ ကျွန်တော် လည်း ခုပဲ ဝင်ကြည့်တော့မလို့''

ပြောရင်း မတ်တတ်ရပ်ကာ လက်မှတ်ကို လှမ်းပေးလိုက် သည်။

ပြီးမှ သြဇာကပဲ သတိရဟန်ဖြင့် ...

''ကြည့်မယ်ဆိုလည်း သွားမယ်လေ၊ လာ''

ထိုစကားကြောင့် ကောင်မလေး၏ မျက်နှာက ချက်ချင်း မှု န်ကုတ် ကုတ် ဖြစ်သွားသည်။ ချက်ချင်း ပင် သြဇာကို ပေစောင်းစောင်းလေးကြည့် လျက် ...

''အောင်မာ ...ရှင်နဲ့ ဘာလို့လိုက်ရမှာ လဲ၊ ကိုယ့်ဟာကိုယ် သွား ပါလား''

သြဇာက ...

''သြော် ...ကဲ ...ခုနက ခင်ဗျားကို ပေးလိုက် တဲ့လက်မှတ်နဲ့ ကျွန်တော့် လက်မှတ်က ဘေးချင်းယှဉ်ပြီး ဝယ်ထားတာလေ၊ ခင်ဗျားဘာ သာ ခင်ဗျား လာရင်လည်း ကျွန်တော့် အနားမှာ ပဲ ထိုင်ရမှာ ၊ ရုံထဲမှာ ခုံ လိုက်ပြရတဲ့ ဝန်ထမ်းတွေ အလုပ်ရှုပ်တာပေါ့''

ကောင်မလေးက ဘယ်လိုစဉ်းစားမိသွားသည်မသိ။ ဆတ်ခနဲ ထ,ရပ်လိုက်ရင်း ...

''ကဲ ...ရှင် ...ရှေ့က သွား''

ရပါသည်။ သွားဆိုတော့လည်း ရှေ့က ဦးဆောင်ကာ သွားပေး လိုက်ပါသည်။ ကိုယ်က အတောင်နှစ် ဆယ်ဝတ် ယောက်ျားပေပဲ။ သုံးတောင် ဝတ် မိန်းမသားနှင့် အငြင်းအခုံလုပ်မနေတော့။

နှစ် ယောက် သား လက်မှတ်စစ်သည့်နေရာသို့ ရောက်တော့ နှစ် ယောက် အတူလာပြီးမှ လက်မှတ်ကို တစ်ယောက် တစ်စောင်စီ ပေးနေသ ဖြင့် ဝန်ထမ်းကောင်မလေးက စူးစမ်းသလို ကြည့်သေးသည်။

မျက်နှာထားတွေ ကလည်း နှစ် ယောက် စလုံး ခပ်တည်တည်တွေ မို့ ချစ်သူနှစ် ယောက် စိတ်ကောက်ပြီး နောက်ကျမှ ရုံထဲဝင်လာသည်ဟု ထင် သွားလား မပြောတတ်။ သြဇာ ကတော့ ဖြစ်နိုင်ချေကို ဖြန့်ကျက်စဉ်းစားနေ ခြင်းသာ ဖြစ်သည်။

ရုံထဲရောက်တော့လည်း ဝန်ထမ်းကောင်လေးက ဓာတ်မီးထိုး၍ နေရာလိုက်ပြပါသည်။ ရုပ်ရှင်ပြနေပြီ ဖြစ်သဖြင့် မှော င်မည်းနေ၏ ။ ထိုအချိန် အထိ ပြဿနာမရှိသေး။

သို့ သော် ...

နှစ် ယောက် သား ခုံမှာ ဝင်ထိုင်ရန်အတွက် ခေါင်းကိုယ်စီငုံ့ကာ ခုံကို လှန်ချလိုက်စဉ်မှာ ပဲ ...

''ဒုတ်''

''အင့်''

''အာလာလာ''

''ဘုတ်''

''ဒေါက်''

နဖူးချင်း အမှတ်မထင် တိတိကျကျ ဝင်တိုက်မိကြခြင်း ဖြစ်သည်။ သြဇာ နဖူးတစ်ပြင်လုံး ပူထူသွားရသလို လက်ထဲမှာ ကိုင်ထားသော ဖုန်း ပင် လွတ်ကျသွားရ၏ ။ ထိုကောင်မလေးလက်ထဲက အထုပ်လည်း ပြုတ်ကျ သွားဟန်တူသည်။

ချက်ချင်း ပင် ကောင်မလေး အသံက စွာ ခနဲ ထွက်လာသည်။

''ဘယ်လိုလုပ်လိုက်တာလဲရှင့် ...အား နာလိုက်တာ၊ ပစ္စည်း တွေ လည်း ပြုတ်ကျကုန်ပြီ''

သြဇာက နဖူးပွတ်လိုက်ရင်း ...

''တိုးတိုးပြောပါဗျ၊ တခြားလူတွေ အနှောင့်အယှက် ဖြစ်နေဦးမယ်၊ ကျွန်တော် လည်း နာတာပါပဲ၊ ဖုန်းတောင် ဘယ်နား ကျသွားမှန်း မသိတော့ ဘူး''

ပြောရင်း ခေါင်းငုံ့ကာ အမှော င်ထဲ ဖုန်းကို လိုက်စမ်းကာ ရှာလိုက် သည်။ အရေး ထဲ ဖုန်းကိုမတွေ့ ဘဲ သွယ်ပျောင်းနူးညံ့သည့် လက်ကလေး တစ်ဖက်ကို သွားစမ်းမိသဖြင့် ...

''အာ ...ဘာတွေ လျှောက်စမ်းနေတာလဲ''

''မတော် လို့ပါဗျာ၊ ဖုန်းကျသွားလို့ လိုက်ရှာနေတာပါ၊ အဲ ... တွေ့ ပြီ၊ တွေ့ ပြီ''

ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ကာ ဝင်ထိုင်လိုက်၏ ။ မရှေး မနှောင်းမှာ ပဲ ကောင်မလေးက သူ့ပစ္စည်းတွေ ပြန်ကောက်ကာ ဘေးခုံ၌ ဝင်ထိုင်လိုက်လေ၏ ။

သြဇာ၏ ဂန္ဓာအာရုံထဲ ကောင်မလေးဆီမှ ကိုယ်သင်းနံ့ပျပျကို လှိုက် ခနဲ ရလိုက်သေး၏ ။ အရေး ထဲ ...။

ရုပ်ရှင်က အစမှဝင်ကြည့်ခြင်းမဟုတ်သဖြင့် နိုင်ငံတော် အလံအား မတ်တတ်ရပ်ကာ ဦးညွှတ်အလေးမပြုလိုက်ရသလို ဇာတ်လမ်းကိုလည်း ရုတ်တရက် ဆက်စပ်၍ မရချေ။ ချတာတော့ အသားကုန်ချနေသည်။ သြဇာ စိတ်ထဲ၌ ရုပ်ရှင်ကို အာရုံမရောက်ဘဲ သက်စုပြောသွားသည့်စကားလုံး မုန်းမုန်းစိမ်းစိမ်းတွေ ကိုပဲ ပြန်ကြားနေရ၏ ။

''ရှင့်လို ကားအစုတ်ပဲရှိတဲ့လူက ကိုယ့်ချစ်သူရဲ့ သွားလာစရာကိစ္စ တွေ ကိုတောင် လိုက်လုပ်ပေးနိုင်မှာ မဟုတ်ဘူး၊ ကျန်တာတွေ တော့ ထား တော့''

ဘယ်နေရာမှ မတင်းဘဲ ကိုယ့်ကားကို ကားစုတ်ဟု ပြောသွား သည့်နေရာအရောက်မှာ သြဇာ တင်းသွားရသည်။ ထိုခံပြင်းစိတ်နှင့် အတူ ပါးစပ်ကလည်း လွှတ်ခနဲ။

''တောက်!''

''တောက်!''

တက်ခေါက်သံနှစ် ခုက တိတ်ဆိတ်နေသော ရုံထဲ ပြိုင်တူထွက် ပေါ်လာသည်။ သြဇာက ကိုယ့်တက်ခေါက်သံကို ဘယ်သူများ ဟာမိုနီ လိုက်တာလည်းဟု စဉ်းစားနေချိန်မှာ ပဲ ...။

''နေစမ်းပါဦး ...ရှင်က ဘယ်သူ့ကို တက်ခေါက်တာလဲ''

ကိုယ့်ဘေးက အသံထွက်လာခြင်း ဖြစ်သည်။ သြော် ...ဒင်းက လေးကိုး။ သြဇာက စောင်းငဲ့ကြည့်လိုက်ပြီးမှ ...

''ဟာ ...ကျွန်တော့် ဘာသာ ဘယ်သူ့ကို ခေါက်ခေါက်ပေါ့၊ ခင်ဗျားကကော ဘာ ဖြစ်လို့ တက်ခေါက်တာလဲ''

''ရှင် သိစရာမလိုပါဘူး''

''ဒါဆိုလည်း မမေးနဲ့လေ၊ ကိုယ့်သဘောကိုယ် ဆောင်နေကြတဲ့ ဟာကို''

ကောင်မလေး အသံတိတ်သွားသည်။ သူတို့နှစ် ယောက် ၏ စကား သံတွေ ကြောင့် ဘေးပတ်ဝန်းကျင်ကပင် စပ်စုကာ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြလေပြီ။

ရုပ်ရှင်ကို အာရုံမရသည့်အပြင် ခုလို ကတောက်ကဆ ကြုံနေရ သော ကြောင့် သြဇာ ပို၍ စိတ်ရှုပ်လာ၏ ။ အဲကွန်းအေးအေးလေးနှင့် ရုပ်ရှင် ကြည့်မည် ဆိုသည့်အတွေးလည်း မရှိတော့။

ထို့ကြောင့် ရုံထဲက ထွက်တာပဲ ကောင်းမည် ဟု ဆုံးဖြတ်လိုက်ကာ ထအရပ် ...

''ဟင်''

ဇာတ်တိုက်ထားသလို ကောင်မလေးကပါ ဆတ်ခနဲထရပ်လိုက် သော ကြောင့် သြဇာက ...

''ခင်ဗျားက ကျွန်တော် လုပ်သလို လိုက်လုပ်နေတာတော့ မဟုတ်ပါ ဘူးနော်''

ကောင်မလေးက ...

''လုပ်စရာလား၊ ကိုယ့်ဟာကို ထရပ်လိုက်တာပဲဟာကို''

''ဘာလဲ ...ခင်ဗျားက အပေါ့သွားမလို့လား''

''အောင်မာ ...ရှင့်အပူ မပါပါဘူး''

''ဟုတ်ပါတယ်၊ ထပ်ပြီး သွားတူနေမှာ စိုးလို့ပြောတာ၊ ကျွန်တော် က ရုံထဲက ထွက်တာ့မှာ ဗျ''

''ဟင်''

ကောင်မလေးဆီမှ အံ့သြသံလေး ထွက်လာသည်။ သြဇာ ဘာမှ ထပ်ပြောမနေဘဲ ထွက်လာခဲ့တော့၏ ။

ရုပ်ရှင်ရုံအောက်ရောက်သည်အထိ ရေစက်က မကုန်သေး။ ရုပ်ရှင် မပြီးမီ ပြန်ထွက်လာသော ကြောင့် လုံခြုံရေး တွေ က အသေအချာ စစ်ဆေး ကြပါသည်။ သြဇာ ထိုနေရာက မထွက်ခွာခင်မှာ ပဲ ကောင်မလေးက အစစ် ဆေးခံရန် အနားသို့ ရောက်ရှိလာခဲ့ပြီ။

အသက်ရှူကျပ်နေတာ မဟုတ်သော်ငြား ရုပ်ရှင်ရုံရှေ့ လမ်းမပေါ် ရောက်တော့မှပဲ အသက်ရှူဝသလို သြဇာ ခံစားလိုက်ရ၏ ။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်မိသည်။ ရန်ကုန်မြို့သည် ဆူဝေ လှုပ်ခတ်နေဆဲ။ လမ်းတွေ ကျပ်ကာ ကားတွေ ပိတ်နေဆဲ။ တစ်စုံတစ်ခုကို မျှော်လင့်နေကြသည့် မျက်နှာတွေ ကို တွေ့ နေရဆဲ။ အပြည့်အဝစစ်မှန်သော ဒီမိုကရေစီသည်လည်း အနည်းငယ်ဝေးကွာနေဆဲ။ .............ဆဲ။ .............ဆဲ။ ..................ဆဲ။

ရပ်နေသော နေရာမှ မထွက်ခွာမီ သက်စုနှင့် လမ်းခွဲခဲ့သည့်နေရာ လေးကို သြဇာ မှတ်မှတ်ရရ ဖျတ်ခနဲ ပြန်ကြည့်မိသည်။

''အာ''

တွေ့ ပြန်ပြီ ဟိုကောင်မလေး။ သြဇာကို မြင်သွားသည့် ကောင်မ လေး၏ မျက်နှာကလည်း ရှုတည်တည် ဖြစ်သွားသည်။

သြဇာခေါင်းထဲသို့ အတွေးတစ်ခုက ချက်ချင်း ဝင်လာသဖြင့် ဆတ် ခနဲ လှမ်းပြောလိုက်၏ ။

''ဘာလဲ ...ခင်ဗျားက ကျွန်တော် သွားတဲ့နောက် လိုက်ဦးမလို့ လား''

ကောင်မလေး မျက်မှော င်ကုတ်သွားသည်။ လိုက်မည် ဟုမဆိုသလို မလိုက်ဟူ၍ လည်း မပြောချေ။ လေးလုံးသော စကားကို လေးလေးပင်ပင် စီးစီးပိုင်ပိုင်ပြောကာ သြဇာနှင့် ဆန့်ကျင်ဘက်အရပ်သို့ ထွက်သွားလေတော့ ၏ ။

ထိုစကားကြီးလေးခွန်း ကတော့ ...

''သေလိုက်ပါလား''

ဟူ၍ ...။

*


ခက်လိုက်တာ ကောင်မလေးရေ
ကမောက်ကမ ရာသီမှာ မှ
မင်းနဲ့ငါ ...
နက္ခတ်အမှားတွေ လာတူနေ၇တယ်လို့
ဘာပဲ ဖြစ် ဖြစ်
ဒါဟာ ... အပျော်တမ်း ရုပ်ရှင် မဟုတ်တာတော့
သေချာတယ်။

*


အခန်း (၂)

''ဟာ ...ဒါဆိုရင် မင်းကို သက်စုက တကယ်ကြီး ဖြတ်သွားတာ ပေါ့''

ထွန်းသိန်း (ခေါ်) ကျွဲပေါက်၏ တအံ့တသြအမေးကို သြဇာက ခပ်တည်တည်ပဲ ...

''ကျွဲပေါက်ရာ ...မင်းကို ငါက ဒီကိစ္စမျိုး ညာနေပါ့မလား''

စကားအဆုံးမှာ ပဲ ရဲနိုင်က ...

''မင်းပြောပုံအရဆိုရင် ဘလိုင်းကြီး လုပ်သွားတာပဲကွ''

''ဟုတ်တယ် ဟေ့ကောင်''

သြဇာ ခပ်အေးအေးပဲ ပြန်ပြောလိုက်သည်။ ဒါသည်ကိုပင် အား မရနိုင်သေးသော နေမျိုးက လက်သီးလက်မောင်းတန်းကာ ...

''လုံးဝမမိုက်ဘူးကွာ၊ ဒါ ...လုံးဝမတရားဘူး''

''အမှန် ...ဆို''

သြဇာစကားအဆုံးမှာ သုံးယောက် စလုံး ဂြိုဟ်ကြည့် ကြည့် လာကြသည်။ ပြီး ...နေမျိုးက အရင် ...

''သြဇာ ...မင်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမ ဖြစ်ဘူးလား''

သြဇာ ပခုံးအသာတွန့်၍ ...

''ဟ ...ငါက ဘာကို ဖြစ်ရမှာ လဲ'

သုံးယောက် စလုံး ရုတ်တရက် ဘာဆက်ပြောရမည် မှန်းမသိ ဖြစ်သွားပုံရသည်။ ဘာစကားမှ ထွက်မလာသေးဘဲ နှုတ်ခမ်းတွေ က ဝက်ဖင် လို စူပွစူပွ ဖြစ်နေကြ၏ ။

ပြီးမှ ထွန်းသိန်း (ခေါ်) ကျွဲပေါက်က ...

''သြဇာရာ ...မင်း ဘယ်လိုကောင်လဲကွ၊ ချစ်သူတွေ ဆိုတာ အယူအဆချင်းမတူလို့ ရှေ့မဆက်နိုင်တော့ဘူးဆိုရင် နှစ် ဦးသဘောတူ လမ်းခွဲလို့ရတယ်၊ ခုဟာက မင်းကို သက်စုက တစ်ဖက်သတ်ကြီး စွပ်စွဲပြီး လူပုံအလယ်မှာ လက်ညှိုးငေါက်ငေါက်ထိုးသွားတာလေ၊ အစိမ်းလိုက်ကြီး ဖြတ်သွားတာလေ၊ မင်း မခံပြင်းဘူးလား၊ စိတ်မနာဘူးလား၊ ဟာ ... မင်းယောက်ျား မဟုတ်ဘူးလား သြဇာ''

နောက်ဆုံးအပိတ်စကားကြောင့် သြဇာစိတ်ထဲ သရိုးသရီ ဖြစ်သွား ရပြီး ...

''အာ ...မင်းကလည်း ငါယောက်ျားအစစ်ပါကွ''

''အေး ...ဒါဆို မင်းက ဒီကိစ္စကို ဒီအတိုင်း ငုံ့ခံနေတော့မှာ ပေါ့''

''မင်းတို့ကလည်းကွာ၊ ကိုယ့်ကို မကြိုက်တော့လို့ ဖြတ်သွားတဲ့ မိန်းကလေးကို ငါက ရန်လိုက်ရှာနေရမှာ လား၊ ထားလိုက်ပါကွာ ...ဟိုလေ ငါ သွေးအေးအေးနဲ့ စဉ်းစားကြည့်တော့ သက်စု ငါ့အပေါ် စိတ်ဆိုးနေတုန်း ခဏမို့ ပြောတာလားလို့၊ ဒါကြောင့် ...သွေးပူနေတုန်း ငါ့ဘက်က ဘာမှ မလှုပ်ရှားသေးတာ''

ရဲနိုင်က ခေါင်းခါသည်။

''ငါတော့ မထင်ဘူး သြဇာ၊ သက်စု ...မင်းကို အတည်ပြောသွား တာပဲ ဖြစ်မယ်''

''အတည်ဆိုလည်း အတည်ပေါ့ကွာ၊ သာမန်ဇာတ်လမ်းတစ်ခု ပြီးဆုံးသွားတာပေါ့''

''အေးလေ ...ငါတို့ကလည်း မင်းပုံစံကိုကြည့်ပြီး သွေးအေး လွန်းတာလား၊ ဘာမှမခံစားရဘူးလားလို့ သိချင်နေတာ၊ ပြောပါဦး''

သြဇာရုပ်က တည်သွားသည်။ အဝေးကိုလည်း ခပ်တွေ တွေ လှမ်း ကြည့်လိုက်ရင်း ...

''ဘယ်လိုပြောရမလဲကွာ၊ စိတ်ထဲမှာ တော့ တစ်မျိုးခံစားရတယ် ကွ၊ ဒါပေမဲ့ ...ခုမှ ပူပူနွေးနွေး ဖြစ်ထားတာဆိုတော့ သိပ်မသိသာသေး ဘူး ထင်တာပဲ၊ ဥပမာကွာ ...နောက်နေ့ သင်တန်းရောက်ရင် သူနဲ့ အရင်လို တွဲ သွားတွဲ လာလုပ်လို့မရတော့ဘူး၊ စကားတွေ ပြောခွင့် မရှိတော့ ဘူး၊ အဲလို ခါတိုင်းနဲ့မတူတဲ့ပုံစံကို ရင်ဆိုင်ရရင်တော့ ဘာတွေ ထပ်ခံစားရမလဲ ဆိုတာ မပြောတတ်သေးဘူး''

သုံးယောက် စလုံး လေပူကိုယ်စီမှု တ်ထုတ်လိုက်ကြသည်။ သြဇာ ကိုလည်း နားမလည်သလို ကြည့်လာပြီး ...

''အေးလေ ...မင်းစိတ်ထဲ ဖြစ်နေတာကို မင်းပဲ ပိုသိမှာ ပေါ့၊ ဒီကိစ္စမျိုးဆိုတာက ဘယ်သူမဆို အနည်းနဲ့အများ ခံစားရမယ်ဆိုတာ ငါတို့ နားလည်ပါတယ်၊ မျက်နှာအမူအရာနဲ့ ဟန်ဆောင်ဖုံးကွယ်ထားနိုင်ရင်တော့ တစ်မျိုးပေါ့''

နေမျိုးက ပြောရင်း သြဇာ၏ မျက်နှာကို တစ်ချက်ကြည့်ကာ အကဲ ခတ်လိုက်သေးသည်။ ပြီးမှ သူငယ်ချင်းအပေါ် စာနာနားလည်အားပေးစိတ် ကလေးနှင့် ထပ်မေးလိုက်၏ ။

''သြဇာ ...မင်း ဒီည ဘာလုပ်ချင်လဲ၊ ပြောကွာ''

နေမျိုးအမေးကို ကျန်နှစ် ကောင်ကလည်း ခေါင်းညိတ်ပြကြသည်။ ထောက်ခံသည့်သဘောပေါ့။ သူတို့ဆိုလိုချင်တာက သြဇာ စိတ်ညစ်နေသ ဖြင့် ဘီယာသောက်ပြီး ရင်ဖွင့်ချင်လား၊ ဒါမှမဟုတ် တခြားဘာလုပ်ချင်လဲ၊ ဘယ်နေရာသွားချင်လဲ စသဖြင့် မေးလိုက်ခြင်း ဖြစ်သည်။

သြဇာကလည်း စဉ်းစားပါသည်။ သူငယ်ချင်းတွေ အပေါ် ကျေးဇူး တင်စိတ်ကလေးနှင့် စဉ်းစားပါသည်။ ကိုယ့်ကိုယ်ကိုယ်ပင် ဘာလုပ်ချင်နေ မှန်း မသိချေ။ သို့ သော် စဉ်းစားရင်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရ သွားပြီး စားပွဲကို လက်နှင့် ပုတ်လျက် ...

''ဟာ ...ဘယ်မှမသွားဘူး၊ ဘာမှလည်းမလုပ်ဘူး၊ ဒီည ချယ် ဆီးနဲ့မန်ယူပွဲရှိတယ်ကွ၊ အဲဒါ ကြည့်ရမယ်၊ ချယ်ဆီးအိမ်ကွင်းလေ၊ ပွဲကြီး ပွဲကောင်းပဲ ဟေ့ကောင်တွေ ''

ပြောရင်း သြဇာဆိုသည့် လဒက မျက်လုံးပင် အရောင် တောက် လာသေးသည်။ ဟိုသုံးကောင်ခမျာမှာ လည်း ဟာကွာ ...ဟု ညည်းလိုက် ရုံမှတစ်ပါး အခြားမရှိတော့။ သြဇာ ကတော့ အေးအေးလူလူပင်။

ထိုစဉ် ဖုန်းမြည် သံတစ်ခုက ရုတ်တရက် ထွက်လာသဖြင့် သြဇာ က ...

''ဟေ့ကောင်တွေ ဖုန်းလာနေတယ်၊ ဘယ်သူ့ဖုန်းလဲ''

သုံးယောက် စလုံး ခေါင်းကိုယ်စီခါရင်း ထွန်းသိန်း (ခေါ်) ကျွဲပေါက် က ...

''ငါတို့ ဖုန်းမြည် သံမဟုတ်ဘူး၊ မင်းဖုန်းပဲ ဖြစ်မှာ ပေါ့''

သြဇာက ကြောင်တက်တက်နှင့် ဘောင်းဘီအိတ်ထဲမှ သူ့ဖုန်းကို နှိုက်ရင်းက ...

''ငါ့ဖုန်း ရိန်းတုန်းသံက အဲဒါမဟုတ်ပါဘူး ...ဘူး ...ဟင်''

လက်ထဲ၌ ပါလာသော စမတ်ဖုန်းကိုကြည့်ကာ သြဇာစကားက ရပ်သွားရသည်။ ရိန်းတုန်းမြည် နေသေးသော ဖုန်းကို ထူးဆန်းသလို ကြည့်နေ ရင်း ...

''ဒါ ...ဒါ ...ဘယ်သူ့ဖုန်းလဲ၊ ငါ့ဖုန်းလည်း မဟုတ်ဘူး''

နေမျိုးကလည်း ကြောင်တက်တက်ပုံစံဖြင့် ကြည့်ကာ ...

''မင်းဖုန်းမဟုတ်မှန်းတော့ ငါတို့လည်း သိပါတယ်၊ အဲဒါဆို ဒီဖုန်း က မင်းဘောင်းဘီအိတ်ထဲကို ဘယ်လိုလုပ်ရောက်နေရတာ တုန်း''

''မသိဘူးလေကွာ ...ကွိုင်ပဲ''

ထိုစဉ်မှာ ပဲ ရဲနိုင်က ...

''အဲဒါတွေ နောက်မှပြောကွာ၊ လာနေတဲ့ ဖုန်းကို အရင်ကိုင်လိုက်၊အဲဒါဆို တစ်ခုခု သဲလွန်စ ရနိုင်တယ်''

''အေး ...မင်းပြောတာ ဟုတ်တယ်''

ပြောရင်း သြဇာက နီလာကျော်ဆိုပြီး နာမည် ပေါ်ကာ ခေါ်နေသည့် ဖုန်းကို ဖွင့်ကိုင်လိုက်သည်။

''ဟဲလို''

တစ်ဖက်မှ အသံခဏတိတ်နေသေးသည်။ သြဇာက ဟဲလိုဟု ထပ်ကာပြောလိုက်မှ ...

''ရှင် ...ရှင်က ဘယ်သူလဲ၊ ပျိုးပင်ကော''

သြဇာ ကြောင်စီစီ ဖြစ်သွားရပြီး ...

''ဘာပျိုးပင်ကို ပြောတာလဲ၊ နှင်းဆီလား၊ ဂန္ဓမာလား၊ အဲလေ ...ဒီမှာ ဘာပျိုးပင်မှမရှိဘူး''

တစ်ဖက်က စွာ တာတာအသံလေး ပြန်ထွက်လာသည်။

''ရှင် ဘာတွေ ပြောနေတာလဲ၊ ပျိုးပင်ဆိုတာက ကျွန်မသူငယ်ချင်း လူပျိုးပင်ကို ပြောတာ၊ ဒါနဲ့ နေစမ်းပါဦး ...ပျိုးပင်ရဲ့ ဖုန်းက ဘာ ဖြစ်လို့ ရှင့်လက်ထဲ ရောက်နေတာလဲ''

''သိဘူးလေ''

''ရှင် ...အူကြောင်ကြောင်မလုပ်နဲ့နော်၊ ရှင့်အသံက မင်းခိုင်ရဲ့ အသံလည်း မဟုတ်ဘူး၊ အင်းလေ ...ဘယ်လိုလုပ် ဖြစ်နိုင်မှာ လဲ၊ မင်းခိုင်နဲ့ က ဒီနေ့ပဲ ပြတ်သွားကြပြီလို့ ပျိုးပင်က ဖုန်းဆက်ပြောထားတာပဲဥစ္စာ၊ ပျိုးပင်တော့ တော် တော် စိတ်ညစ်နေမှာ ပဲ၊ သနားပါတယ်''

ကောင်မလေးက သူ့ဟာသူ ရေရွတ်သလို ပြောနေသည်။ ပြီးမှ သတိရဟန်ဖြင့် ...

''ဒါနဲ့ ...ရှင်က ဘယ်သူလဲ၊ ပျိုးပင်နဲ့ ဘယ်လိုပတ်သက်နေတာ လဲ''

သြဇာက ...

''ကျွန်တော့် နာမည် က သြဇာ၊ ဒါပေမဲ့ ...ခင်ဗျားသူငယ်ချင်း ပျိုးပင်နဲ့တော့ ဘယ်လိုမှ မပတ်သက်ဘူး၊ အဲ ...တစ်ခုတော့ ရှိတယ်''

ထိုသို့ စကားစကာ နေ့လယ်က ပျိုးပင်ဟု ယူဆရသော ကောင်မ လေး တစ်ယောက် နှင့် ဆုံခဲ့သည့်အ ဖြစ်အပျက်ကို ပြန်ပြောပြလိုက်သည်။

စကားဆုံးမှာ တစ်ဖက်က ...

''ကျွန်မနာမည် က နီလာကျော်ပါ''

''အင်း ...ဖုန်းထားပေမယ့် ပေါ်ပါတယ်''

''ဘာရှင့်''

''ဆောရီး ...စကားလောသွားလို့၊ ဖုန်းထဲမှာ ပေါ်တယ်လို့၊ နာမည် ကိုပြောတာ''

''ပြီးရော ...အဲ ...ကျွန်မ စဉ်းစားမိတာက ဒီအတိုင်းဆိုရင် ရှင့်ဖုန်းက ပျိုးပင်ဆီမှာ ရှိလိမ့်မယ်၊ ရှင့်ဖုန်းကို တစ်ချက်လောက် ဆက် ကြည့်ပေးပါလားရှင်၊ ပျိုးပင် ဘယ်မှာ ရှိတယ်ဆိုတာသိရရင် ကျွန်မဆီ ပြန် ဆက်ပေးပါလား၊ ဟိုလေ ...သူ့ကို စိတ်ပူလို့ပါ၊ စိတ်လေပြီး လျှောက် သွားနေမှာ စိုးလို့၊ ကူညီပါနော်''

နီလာကျော်က တကယ်ကို အရေး တကြီးလေသံနှင့် အကူအညီ တောင်းနေသည်။ သြဇာလည်း နေ့လယ်က ပျိုးပင်ဆိုသော ကောင်မလေး ကို ပြန်မြင်ယောင်ကာ ကိုယ်ချင်းစာမိသဖြင့် ...

''ကောင်းပြီလေ ...သူ့ဆီမှာ ကျွန်တော့် ဖုန်း ရှိနေမယ်ဆိုရင်တော့ အဆက်အသွယ်ရမှာ ပေါ့၊ ရှိ,မရှိတော့ မသေချာဘူး၊ ဒါပေမဲ့ ...ခင်ဗျားဆီ ကျွန်တော် အကျိုးအကြောင်း ပြန်ဆက်ပေးပါ့မယ်''

''ဟုတ်ကဲ့ ...ဟုတ်ကဲ့၊ ကျေးဇူးပဲနော် ကိုသြဇာသီး''

''အင်''

နီလာကျော် ဖုန်းချသွားသည်။ အနားမှာ ရှိနေသော ရဲနိုင်တို့က သြဇာကို စူးစမ်းသလို ကြည့်လာကြကာ ...

''ဟေ့ကောင် ...ဘာတွေ လဲကွ၊ ဘာ ဖြစ်နေကြတာလဲ''

သြဇာက အားလုံးကို လက်တစ်ဖက်တည်းနှင့် ပင် ကာပြလိုက်ပြီး

''ခဏလေး ...ပြီးမှ မင်းတို့ကို အကျိုးအကြောင်း ကုန်စင်ရှင်း ပြမယ်''

''မင်းကလည်း''

လဒတွေ က သိပ်ကျေနပ်ဟန်တော့ မရှိလှ။ သို့ သော်လည်း ... သြဇာ လျစ်လျူရှုပြီး ကိုယ့်ဖုန်းကို သူများ ဖုန်းနှင့် ပြန်ခေါ်လိုက်ရသည်။

ဖုန်းက တစ်ခါခေါ်ရုံနှင့် တန်းဝင် သွားပါသည်။ ကြုံတောင့်ကြုံခဲ အခြေအနေ ဖြစ်၏ ။ သတင်းစာတွေ မှာ ကြော်ငြာလေ့ရှိသော 'တစ်ချက်တည်း ကျင်းဝင်' ဆိုသည့် စာသားလိုပဲ 'တစ်ကောတည်း ဖုန်းဝင်' ဟုပင် ကြေညာ လိုက်ချင်သေးတော့၏ ။

သို့ သော် ...

တစ်ဖက်က ဖုန်း ချက်ချင်း မကိုင်ပြန်ချေ။ တတူတူမြည် နေသော အသံရှည်ကိုပဲ ကြားနေရသေး၏ ။

ခဏကြာမှ ...

''ဟရို ...ဘူလဲ ...ဘူလဲ ...''

အသံကို မိန်းကလေး တစ်ယောက် ၏ အသံဟု ကျက်မိသော်လည်း လျှာလေးအာလေးနှင့် အသံက ရွဲနေသည်။ တစ်ခုခု မူးရစ်နေပုံရ၏ ။

သြဇာက ...

''ဟုတ်ကဲ့ ...ခုပြောနေတာကကော ဘူလေးလဲ၊ အဲလေ ... ဘယ်သူလဲ ...ပျိုးပင်လား''

တဟားဟားရယ်သံကို အရင်ကြားလိုက်ရပြီးမှ ...

''ဘာကြောရယ် ...ငါ့ဖုန်းကိုခေါ်ပီး ဘူလေးလဲ ...တဲ့၊ အေး ...ဟား ဟား ဟုတ်ပါဒယ်၊ ပျိုးပင်ပါ ခုပြောနေတာ ကတော့ ဘူရဲ''

အောင်မာ ...။ လဒမလေးက မူးသာမူးနေသည်။ သူ့နာမည် တော့ အခေါ်မမှား။ ပျိုးပင်ဆိုသော သူ့နာမည် ကိုတော့ ကြိုးကျင်တွေ ဘာ တွေ မ ဖြစ်ချေ။

''ပျိုးပင်ဆိုလည်း ပြီးရောဗျာ၊ ခင်ဗျားနဲ့ကျုပ် ဖုန်းချင်းမှားနေ တယ်၊ အဲဒါ လာလဲမလို့၊ ခင်ဗျားက ခု ဘယ်မှာ လဲ''

''ဟတ်ရား ...လာရဲလေ၊ နာက ခုတာဝတ္တိံသာမှာ ...ဟား ဟား''

ဗုဒ္ဓေါ။ တဝတ္တိံသာမှာ တဲ့။ သြဇာ ရုတ်တရက် ဘာဆက်ပြောရမည် မှန်း မသိ ဖြစ်သွားရ၏ ။ ပြီးမှ စဉ်းစားကာ ...

''တာဝတ္တိံသာတွေ က ခြောက်ထပ်တောင်ရှိတာ၊ ခင်ဗျားက ဘယ် တာဝတ္တိံသာမှာ လဲ''

''နိုးနိုး ...ခြောက်ထပ်လောက်တော့ နည်းတာပေါ့၊ နာက မြို့ လယ်က အထပ်နှစ် ဆယ် တာဝတ္တိံတာမှာ ၊ ညံညံလာနော်၊ မဟုတ်ရင် ခုန် ချလိုက်မှာ ...ဒါပဲ''

ဘုရား ...ဘုရား။ ခုန်ချမယ်ဆိုပါလား။ မြို့လယ်က အထပ်နှစ် ဆယ် တာဝတ္တိံသာဆိုတာကို စဉ်းစားရင်း သြဇာ ခေါင်းထဲ လက်ခနဲ ဖြစ် သွားသည်။ သူပြောပုံအရဆိုလျှင် ဆာကူရာတာဝါအထပ်နှစ် ဆယ်ပေါ်က စားသောက်ဆိုင်ပဲ ဖြစ်မည် ။

ထိုအတွေးနှင့် နီလာကျော်ဆီသို့ ဖုန်းခေါ်လိုက်၏ ။ ဒီတစ်ခါတော့ ရိုးရာမပျက် လူကြီးမင်းမနှင့် တိုးလေတော့၏ ။ လေးငါးခါဆက်တိုက်ခေါ် သည့်တိုင် ဖုန်းက တစ်ချက်ကလေးမှ မဝင်သဖြင့် သြဇာ စဉ်းစားရတော့ သည်။

ငါ ...ဘာလုပ်သင့်လဲ။ ဖုန်းတစ်လုံး ကတော့ အရေး မကြီး။ ဒါပေမဲ့ ...ပျိုးပင်ဆိုသော ကောင်မလေးက မူးနေသည်။ ပြီး ...ပေါက်ကရတွေ လည်း ပြောနေ၏ ။

ချက်ချင်း ပင် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ကာ နေမျိုးတို့ကို ကြည့်၍ ...

''ငါ ...ငါ လိုက်သွားမှ ဖြစ်မယ်ကွ၊ မင်းတို့နဲ့ နောက်နေ့မှ သင် တန်းမှာ ဆုံမယ်''

''ဟာ ...ဘာလဲ၊ ဘာ ဖြစ်တာလဲ''

''ဟေ့ကောင် သြဇာ''

ဘာမှပြန်ပြောမနေဘဲ သြဇာ ထိုနေရာမှ ပြေးထွက်လာခဲ့၏ ။ သွားရသည့်နေရာက မြို့ထဲနှင့် သိပ်မဝေးသော်လည်း ကားတစ်စီးငှားကာ ထွက်လာခဲ့သည်။ လမ်းမပိတ်၍ တော် ပါသေး၏ ။

ဆာကူရာတာဝါရောက်တော့ ဓာတ်လှေကားနှင့် အထပ်နှစ် ဆယ် သို့ တက်လာခဲ့သည်။ အထပ်နှစ် ဆယ်က ဆိုင်က မကြာခဏ ထိုင်ဖူးသော ဆိုင်မို့ သိပ်တော့မစိမ်းလှ။

ဆိုင်ထဲသို့ အပြေးတစ်ပိုင်းနှင့် ဝင်လာခဲ့ပြီး ဘေးဘီဝဲယာကို ဝေ့ ကြည့်လိုက်သည်။

''ဟူး''

လောလောဆယ် သက်ပြင်းတော့ ကျသွားရလေ၏ ။

အခန်း (၃)

ယခု သြဇာ မြင်လိုက်ရသော မြင်ကွင်းမျိုးကိုသာ ဗီဒီယိုရိုက်ပြပါက ဆင်ဆာလူကြီးမင်းများ က လွှတ်ပေးလိမ့်မည် မထင်ချေ။ မြန်မာ့ယဉ်ကျေးမှု နှင့် မကိုက်ညီဟုဆိုကာ ဖြတ်တောက်ကြပေလိမ့်မည် ။ (မှတ်ချက်။ ။ ယခင် က ဖြစ်သည်။ ယခုဆိုလျှင်တော့ မသိမသာလေး လွတ်သွားနိုင်သည်။ ဤကား။ ။ စကားချပ်)

ဟုတ်သည်လေ။ ဝိုင်ပုလင်းဟု ယူဆရသော ပုလင်းခွံတွေ က စားပွဲပေါ် လဲတာလဲ၊ ထောင်တာတောင် ရှိနေသည်။ မှာ ယူပြီး တစ်ဝက် တစ်ပျက်စားသောက်ထားသော အစားအသောက်ပန်းကန်တွေ ကလည်း စားပွဲပေါ်မှာ ဗလပွ။ ပေကျံနေသည့်စားပွဲ၏ နေရာလွတ်လေးတစ်ခုမှာ တော့ ပျိုးပင် တစ်ယောက် မျက်နှာအပ်ကာ မှော က်နေသည်။ လက်တစ်ဖက်ဆန့် တန်းထားပြီး ထိုလက်ထဲမှာ တော့ သြဇာ၏ ဖုန်းကို ဆုပ်ကိုင်ထား၏ ။ တစ်ချက် တစ်ချက် အေ့ ...အေ့ ...ဟူ၍ ပင် ကျို့ထိုးနေသေးသည်။

ကွိုင်ပဲဟု သြဇာစိတ်ထဲက အရင်ရေရွတ်လိုက်၏ ။ ပြီး ... တစ်ခု စဉ်းစားမိ၏ ။ နီလာကျော်ပြောပုံအရဆိုလျှင် ဒီနေ့အဖို့ သူရော ပျိုပင်းပါ လက်ရှိရည်းစားတွေ နှင့် လမ်းခွဲခဲ့သူတွေ ဖြစ်သည်။ သို့ တိုင်အောင် ယောက်ျား လေး ဖြစ်သော ကိုယ်က အသည်းကွဲပြီး မူးရူးမနေဘဲ မိန်းကလေး ဖြစ်သော ပျိုးပင်က ဘာကြောင့် ပလပ်ကျွတ်နေရသနည်း။ လွတ်စရွတ် ဖြစ်နေရ သနည်း။ အရမ်းပဲ ချစ်တတ်လို့ မခံစားနိုင်တာလား။

ထားတော့။ ဘယ်လိုပဲ ဖြစ် ဖြစ် လောလောဆယ် ပျိုးပင် ဖြစ်နေသော အနေအထားက မိန်းကလေး တစ်ယောက် အနေနှင့် မသင့်တော် ချေ။ လက်ပိုက်ကြည့်မနေသင့်ဟု ကြီးကြီးကျယ်ကျယ်တွေးကာ ပျိုးပင် မှော က် နေသော စားပွဲဆီသို့ လျှောက်သွားလိုက်သည်။

ထိုအချိန်မှာ ပဲ ဝိတ်တာလေး တစ်ယောက် က အနားကပ်လာသဖြင့် သြဇာက ...

''ညီလေး ...သူက ဘယ်လို ဖြစ်တာလဲကွ''

ဝိတ်တာလေးက ပျိုးပင်နှင့် သြဇာကို တစ်လှည့်စီကြည့်ကာ ...

''ဒီက အစ်ကိုက ဒီအစ်မလေးရည်းစားလား မသိဘူး''

''ဘာ ဖြစ်လို့လဲ''

''သြော် ...ခုနက ဒီအစ်မလေး ဖုန်းဆက်တာတွေ့ လို့ပါ၊ ခု အစ်ကိုက သူ့ဆီလာတော့လေ''

သြဇာ တစ်ချက်စဉ်းစားလိုက်၏ ။ ရှင်းပြနေလျှင် မလိုလားအပ် သော ပြဿနာတွေ ထပ် ဖြစ်လာမှာ စိုးသဖြင့် ...

''အေး ...ဟုတ်တယ်ကွာ၊ ငါက သူ့ရည်းစား၊ ခုလည်း သူ့ကို လာခေါ်တာ၊ ဒါနဲ့ ...သူက ဒီကို ဘယ်သူနဲ့လာပြီး စားသောက်နေတာလဲ''

ဝိတ်တာလေးက ပျာပျာသလဲပဲ ...

''တစ် ... တစ်ယောက် တည်းလာတာပါ အစ်ကို၊ ဒီစားပွဲပေါ်က ဟာတွေ အားလုံး သူ တစ်ယောက် တည်း မှာ ယူစားသောက်ထားတာပါ''

''ဟေ''

တော် တော် ပွဲကြမ်းထားပါလားဟု သြဇာ တွေးမိလိုက်သည်။ သို့ သော်လည်း လောလောဆယ် ပျိုးပင်ကို ဒီနေရာက ခေါ်သွားမှ ဖြစ်မည် ဟု တွေးလိုက်ကာ ...

''ကဲ ညီလေး ...ကိုယ့်ကို သံပုရာရည်ချဉ်ချဉ်လေးတစ်ခွက်နဲ့ စနိုးတာဝါလေးတစ်ခု မြန်မြန်ပေးပါ၊ ရတယ်မလား''

''ဟုတ်ကဲ့ အစ်ကို ...ခဏလေး''

ခေါင်းညိတ်ကာ ဝိတ်တာလေး လှည့်ထွက်သွား၏ ။ ခဏအကြာ မှာ ပဲ သံပုရာရည်နှင့် စနိုးတာဝါယူကာ ပြန်ရောက်လာသည်။

သြဇာက ပျိုးပင်ဘေးနားမှာ ထိုင်ကာ မှော က်နေသော ခန္ဓာကိုယ် လေးကို အရင်ထူမတ်လိုက်သည်။ မချောက မျက်လုံးပင် မဖွင့်ဘဲ အလိုက် သင့်ပါလာ၏ ။ အရေး ထဲ နှုတ်ခမ်းထောင့်စွန်းအစပ်မှာ အရိသဲ့သဲ့က စီးကျ နေသေးသည်။

ပျိုးပင်ကို ခုံ၏ နောက်မှီတွင် တည့်မတ်ကာ ထိုင်စေလိုက်ပြီး မေး ဖျားကိုကိုင်၍ ...

''ပျိုးပင် ...ပျိုးပင်''

''အင်း ...အဲ ...အေ့ ...ဘယ်သူရဲ''

လူးလွန့်ကာ အသံလေးတော့ ထွက်လာပါသည်။ မျက်လုံးတော့ မဖွင့်သေး။

သြဇာက ခပ်တည်တည်ပဲ ...

''ကိုယ်ပါ ပျိုးပင်ရဲ့ ၊ ပျိုးပင် အရမ်းမူးနေပြီထင်တယ်၊ သံပုရာရည် အေးအေးလေး အရင်သောက်လိုက်နော်''

''အေ့ ...အေးရင်သောက်မယ် ...ရင် ...ရင်တွေ ပူလို့''

အမူးသမီးက မျက်လုံးပင် မဖွင့်ဘဲ ချေးများ နေသေးသည်။ သံ ပုရာရည်ခွက်ကို နှုတ်ခမ်းနားတေ့ပေးလိုက် တော့ အငမ်းမရသောက်လေ တော့၏ ။ ပြီး ...ခုံမှာ မှီကာ ပြန်မှေးလိုက်သည်။ သြဇာက စနိုးတာဝါကို ပျိုးပင်နဖူးလေးထက်မှာ အုပ်ပေးလိုက် သည်။

ငါးမိနစ်လောက် စောင့်နေလိုက်တော့ အသက်ကို မှန်မှန်ရှူရင်း ပျိုးပင်မျက်နှာလေးကလည်း သွေးရောင် လွှမ်းလာသည်။ ခေါ်သွားလို့တော့ ရလောက်ပြီဟု တွေးလိုက်ပြီးမှ ဆိုင်ကို အားနာသဖြင့် တောင်းပန်ရန် ကောင်တာဆီ ထလာခဲ့၏ ။

ကောင်တောရှေ့ရောက်တော့ မန်နေဂျာဟု ယူဆရသူအား ...

''ဟိုလေ အစ်ကို ...ဆိုင်မှာ အနှောင့်အယှက် ဖြစ်သွားရင် ကျွန် တော် ကပဲ တောင်းပန်ပါတယ်၊ သူ့မှာ က စိတ်ညစ်စရာလေး ရှိနေလို့ပါ''

ကောင်တာကလူက ပြုံး၍ ...

''ရပါတယ်ဗျာ၊ ခင်ဗျားကောင်မလေးက သူ့ဟာသူ အသောက် လွန်ပြီး မူးသွားတာပါ၊ ပတ်ဝန်းကျင်ကိုတော့ ဒုက္ခမပေးပါဘူး၊ ခုလို ခင်ဗျား လာခေါ်တာကိုပဲ ကျွန်တော် တို့က ကျေးဇူးတင်ရမှာ ပါ''

သဘောကောင်းသားပဲဟု သြဇာက တွေးလိုက်ရင်း ...

''ဟုတ် ...ဟုတ်ကဲ့၊ ဒါဆိုရင် ကျွန်တော် ပြန်ခေါ်သွားတော့ မယ်နော်၊ ကျေးဇူးပဲ''

ပြောရင်း လှည့်ထွက်ရန် ဟန်ပြင်လိုက်စဉ်မှာ ပဲ ကောင်တာမှ ပုဂ္ဂိုလ်က ခုနက ဝိတ်တာလေးအား ...

''ဟေ့ကောင် မျိုးမင်းမြတ် ...မင်း သူ့ကို ပြောပြလိုက်လေ၊ ဘရားသား ခဏလေး''

သြဇာလည်း ကြောင်စီစီဖြင့် မျိုးမင်းမြတ်ဆိုသော ငတိလေးအား ကြည့်လိုက်၏ ။

ဝိတ်တာလေးမျိုးမင်းမြတ်က ...

''ဒီ ...ဒီလိုပါ အစ်ကို၊ အစ်မလေး မူးပြီးမမှော က်ခင်က ဖုန်း ဆက်ပါတယ်''

''ဟုတ်တယ်လေ၊ ကိုယ့်ဆီကိုပဲ ဆက်တာ''

''ပြီးတော့ ...သူ့ဘဲဆီ ဆက်တာလို့လည်း ပြောပါတယ်''

''သြော် ...အဲဒါလည်း ကိုယ်ပါပဲလို့ ငါ့ညီကို ပြောပြီးသားလေ''

သြဇာက ခပ်တည်တည်ရင့်ကော့၍ ပင် ဖြေလိုက်သေးသည်။ ထိုအခါမှ ဝိတ်တာလေးမျိုးမင်းမြတ်က ဘောက်ချာထည့်ထားသော စာအုပ် သဏ္ဌာန် ကတ်ထူလေး ထိုးပေးလာကာ ...

''ဒါဆိုရင်တော့ အစ်မလေး စားထားသောက်ထားတဲ့ ဘောက်ချာ လေး ရှင်းပေး သွားပါ ခင်ဗျာ၊ အစ်မလေးက သူ့ဘဲကို ဖုန်းဆက်ခေါ်ထား တယ်၊ လာရင် ရှင်းပေးမယ်လို့ ပြောထားလို့ပါ''

''ဗျာ''

သြဇာ ခေါင်းကြီးသွားရသည်။ နဂိုအရွယ်အစားထက် တကယ် ကြီးသွားခြင်း မဟုတ်သော်လည်း ထိုသို့ ခံစားလိုက်ရ၏ ။

''အင်း ...အဲ ...ဒါပေါ့''

ရုတ်တရက် ဘာလုပ်ရမည် မှန်းမသိသဖြင့် အ,ထစ်အ,ထစ် ပြော ကာ ပျိုးပင်ဆီ လှည့်ကြည့်မိလိုက်သည်။ ထိုအချိန်မှာ တော့ ပျိုးပင်က မျက်စိနှစ် လုံး ပွင့်နေလေပြီ။

သြဇာက အားကိုးရမလားဟု တွေးကာ ...

''ပျိုး ...ပျိုးပင် ...ဒီမှာ ပျိုးပင် စားထားတာတွေ ရှင်း ... ရှင်းမလို့တဲ့''

ပျိုးပင်က ရီဝေဝေကြည့်ကာ လျှာလေးနေသေးသော အသံနှင့်

''ရှင်းလေ ...ရှင်းလိုက်ပေါ့၊ ဒီမှာ ပိုက်ဆံမရှိတော့ဘူး၊ ပိုက်ဆံ အိတ် ပျောက်သွားပြီ၊ ရှင်းလိုက်ပါကွာ၊ ပါး ...ပါး ..လေးပါ ...အေ့''

သြဇာလည်း ဘာမှပြန်မပြောချင်လောက်အောင် လောလောဆယ် စိတ်လက်ကုန်ခမ်းသွားရ၏ ။ ထို့ကြောင့် ဘောက်ချာကိုသာ ဆွဲယူကြည့်လိုက် သည်။ မျက်လုံး ငယ်ထိပ်တက်ကပ်မလို ဖြစ်ကာ အွပ်ဟု ထွက်လာမည့် အသံ ကို မနည်းမျိုချလိုက်ရ၏ ။

ငါးသော င်းနှစ် ထောင် ...တဲ့။ ဘုရား ...ဘုရား။ မယ်မင်းကြီး မ တွယ်လှချည်လား။ ငါတော့ သေပြီ။

သြဇာက ကောင်တာမှ ပုဂ္ဂိုလ်ကို ဟီးခနဲ သွားဖြဲပြရင်း ...

''ခဏလေးနော် ...အစ်ကို ... ရှင်း ...ရှင်းမှာ ပါ''

ပြောရင်း ရှိသမျှအိတ်ကပ်တွေ ထဲမှ ပါလာသမျှ ပိုက်ဆံကို ထုတ် ကာ ရေတွက်လိုက်သည်။ စုစုပေါင်း နှစ် သော င်းပင် မပြည့်။ သြဇာ လုပ် နေပုံကိုကြည့်ကာ ကောင်တာမှပုဂ္ဂိုလ်၏ မျက်နှာက မည်းစပြုနေလေပြီ။

သြဇာက မချိသွားဖြဲလေးလုပ်ကာ ...

''အစ် ...အစ်ကို ပိုက်ဆံက မ ...မပြည့်''

''ဒါဆိုရင်လည်း တစ်ခုခုလုပ်ပေးပေါ့ကွာ၊ မဟုတ်ရင်တော့ ဖုန်း ဆက်ရမှာ ပဲ''

ဖုန်း ...။ ဖုန်းဟူသော စကားကြောင့် သြဇာခေါင်းထဲ လက်ခနဲ ဖြစ်သွားရ၏ ။ ဟုတ်သားပဲ ...သူ့မှာ ဖုန်းရှိသည်။ သို့ သော် ကိုယ့်ဆီက ဖုန်းက ပျိုးပင်၏ ဖုန်း ဖြစ်၏ ။ ပျိုးပင်၏ လက်ထဲမှာ က ကိုယ့်ဖုန်း။ အိုင်ဖုန်း အမျိုးအစားချင်းတူသော်လည်း သြဇာက ပျိုးပင်လက်ထဲမှ သူ့ဖုန်းကို သွား ယူလိုက်ကာ ...

''ရော့ အစ်ကို ...ကျွန်တော့် ဖုန်း ထားခဲ့မယ်၊ အိုင်ဖုန်းက ဘယ် လောက်တန်တယ်ဆိုတာ အစ်ကို သိပါတယ်၊ ဒီတော့ ကျန်တဲ့ပိုက်ဆံကို နောက်နေ့လာပေးပြီးမှ ဖုန်းပြန်ယူမယ် ဖြစ်မလား''

ဝိတ်တာလေးမျိုးမင်းမြတ်က ကြားဝင်၍ မျက်လုံးလေး ကလယ် ကလယ်လုပ်ကာ ...

''အစ်ကို့ဖုန်းက လိုင်းကတ်ပါရဲ့ လား''

''သြော် ...အရေး ထဲ မင်းက တစ်မျိုး၊ ဒီခေတ်မှာ လိုင်းကတ်က ဘယ်လောက်တန်ဖိုးရှိလို့လဲကွာ၊ ဟန်းဆက်က ပိုတန်တာ၊ ဒါပေမဲ့ ...ငါ့ ဖုန်းမှာ လိုင်းကတ်ပါ ...ပါတယ်၊ ဟုတ်ပြီလား''

''ဟုတ်ပါပြီ ...အဲ ...ဟုတ်ကဲ့ပါ အစ်ကို''

ဒီဘက်က ဇယားရှင်းပြီးပြီမို့ ဟိုဘက်က ဇယားရှင်းရန် ပျိုးပင်ဆီ သွားလိုက်သည်။

''ကဲ မချော ...ထ,တော့ သွားရအောင်''

ပျိုးပင်က သြဇာကို အမူးမပြေသေးသော ပုံစံဖြင့် ပေကြောင်ကြောင် လေး ကြည့်လာပြီး ...

''သြော် ...ဘယ်တူလဲလို့ ...နေ့လယ်က တွေ့ ခဲ့တဲ့ ရှင်ကိုး၊ ကျေး ...ကျေးဇူးတင်ပါနော် ...နောက် ...နောက်မှ''

''ကဲပါ ...အဲဒါတွေ မပြောနဲ့တော့၊ ဒီမှာ လူမြင်မကောင်းဘူး သွားရအောင်''

ပြောနေသော သြဇာကိုကြည့်ကာ ပျိုးပင်က ခေါင်းခါလိုက်ပြီး...

''ဟင့်အင်း ...သွားလို့မ ဖြစ်သေးဘူး''

''အာ ...ဘာ ဖြစ်လို့လဲ၊ ဒီမှာ အကုန်ရှင်းပြီးသွားပြီဗျ''

ပျိုးပင်က လက်ညှိုးထောင်ပြီး ဘယ်ညာရမ်းကာ ...

''မဟုတ်သေးဘူးလေ၊ သွား ...သွားလို့မရသေးဘူးဆိုတာက ခု မတ်တတ်ထရပ်လိုက်တာနဲ့ ကျွန်မ ...လဲ ...လဲကျမှာ ရှင့် ...အဲ ... အဲဒါကြောင့် ...အု ...ခ ...ခဏ''

စကားမဆုံးခင်မှာ ပဲ သြဇာက ပျိုးပင်နားကပ်ကာ လက်မောင်းရင်း ကို ဆတ်ခနဲကိုင်၍ ဆွဲထူလိုက်သည်။ ပျိုးပင်က အင့်ခနဲညည်းကာ အလိုက် သင့်လေးပါလာ၏ ။ ဒီအချိန်မှာ ကျွန်မအသားမထိနဲ့ဆိုပြီး ပြောနေလို့မှ မ ဖြစ်သည်ကိုး။

သြဇာက ပျိုးပင်ကိုတွဲ ကာ ဓာတ်လှေကားဖြင့် အောက်သို့ ဆင်း လာခဲ့သည်။ အောက်ရောက်တော့ သူ့ခန္ဓာကိုယ်ကို မီနေစေပြီး နီလာကျော် ဆီ ဖုန်းဆက်ရ၏ ။ ဒီတစ်ခါတော့ ကံကောင်းသည်ဟု ဆိုရမည် လားမသိ။ ဖုန်းက တန်းဝင်သွားသည်။ သြဇာက သူတို့ရှိမည့် နေရာ ပြောလိုက်ပြီး မကြာခင်မှာ ပဲ နီလာကျော်က ကားမောင်းကာ ရောက်လာသည်။

''ပျိုးပင်ရယ် ...နင် ဘာတွေ လျှောက်လုပ်နေတာလဲ၊ ဒီက ကိုသြဇာသီး''

''သြဇာ ...ပါဗျ''

သြဇာက ဘုသံဖြင့် ဖြတ်ပြောလိုက်သဖြင့် နီလာကျော်က အား နာဟန်ဖြင့် ...

''ဆောရီးနော် ...ဒီက ကိုသြဇာနဲ့ မတွေ့ လို့ ကတော့ နင့်အ ဖြစ် က မတွေးရဲစရာပဲ''

အရေး ထဲ မတ်တတ်ရပ်ကာ တဗျစ်တောက်တောက် ဆူနေသေး သဖြင့် သြဇာမှာ တားယူရတော့သည်။ ပျိုးပင်က ဘာစကားမျှပင် ပြန်မ ပြောနိုင်ဘဲ မျက်လုံးက စင်းနေပြီကိုး။

''ကဲ ...မနီလာကျော် မိုးလည်းချုပ်တော့မယ် ခင်ဗျားသူငယ်ချင်း ကို ခေါ်သွားလိုက်တော့၊ ကားပါတယ်မလား''

''ဟုတ် ...ပါ,ပါတယ်''

ပြောပြီးမှ နီလာကျော်က သတိရဟန်ဖြင့် ...

''အဲ ...ဟိုလေ ...ကိုသြဇာ အပန်းမကြီးဘူးဆိုရင် ကားနောက် ခန်းထဲမှာ ပျိုးပင်ကို ထိန်းပြီးလိုက်ခဲ့ပေးပါလား၊ ကျွန်မက ကားမောင်းရမှာ ဆိုတော့လေ၊ ပျိုးပင်ကို လိုက်ပို့ပြီးရင် ရှင့်ကို ပြန်လိုက်ပို့ပါ့မယ်''

ထိုစကားကြောင့် သြဇာက ပျော့ခွေငိုက်မြည်းနေသေးသော ပျိုး ပင်ကိုကြည့်ကာ မထူးတော့ပါဘူးဟု စဉ်းစားလိုက်ပြီး ...

''ကဲ ...လိုက်ခဲ့ပေးပါ့မယ်ဗျာ၊ သန်းခေါင်ထက်လည်း ညမနက် တော့ပါဘူး''

စကားအဆုံးမှာ နီလာကျော်က ပြုံး၍ ...

''ကျေးဇူးပါပဲရှင်၊ ကျွန်မ ဒီရှေ့ကို ကားမောင်းလာခဲ့မယ်၊ ရှင်ပဲ ပျိုးပင်ကို ကားပေါ်တွဲ တင်လိုက်နော်''

သြဇာ ပခုံးပဲ တွန့်ပြလိုက်တော့သည်။ လမ်းမှာ နီလာကျော်က မေးသဖြင့် အထပ်နှစ် ဆယ်ဆိုင်ထဲက ပျိုးပင်၏ အ ဖြစ်ကို ပြန်ရှင်းပြရပြန် သည်။ အရေး ထဲ ပျိုးပင်က သြဇာကိုမှီရင်း ရင်ခွင်ထဲ ရောက်ရောက်လာ သေး၏ ။ သြဇာလည်း အလိုက်သင့် ထိန်းပေးထားလိုက်ပါသည်။ မရိုးမသား စိတ်တော့ အလျင်းမရှိပါချေ။ နည်းနည်း အနေခက်သည် ကတော့ အမှန်ပင်။

ကားမောင်းလာရင်းနှင့် နီလာကျော်က နောက်ကြည့်မှန်မှ တစ် ဆင့် သြဇာကိုကြည့်ကာ ...

''ကိုသြဇာ ...ရှေ့လမ်းထဲ ကွေ့ပြီးရင် ပျိုးပင်တို့အိမ်ကို ရောက် ပြီရှင့်''

''သြော် ...ဟုတ် ...ရောက်တော့မှပဲ၊ အေးမှာ ဗျ''

နီလာကျော်က ရယ်သည်။ ပြီး ...

''နောက်နေ့ကျရင် ရှင့်ကို ပျိုးပင်က တောင်းပန်ပါလိမ့်မယ်ရှင်၊ ဟိုလေ ...ရှင် စိုက်ရှင်းခဲ့တဲ့ ပိုက်ဆံကိုလည်း ပြန်ပေးမှာ ပါ၊ လောလော ဆယ် ကျွန်မဆီမှာ လည်း အဲလောက်ပါမလာလို့''

''ရပါတယ် ...ပိုက်ဆံက ဒီလောက် အရေး မကြီးပါဘူး၊ ခင်ဗျား သူငယ်ချင်းကိုသာ နောက်ဒီလိုမ ဖြစ်အောင်နေပါလို့ ပြောထားလိုက်ပါ''

''ပြောမှာ ပါ၊ ဟိုလေ ...ပြောသာပြောရတယ်၊ ပျိုးပင်က အဲလို မိန်းကလေးမဟုတ်ပါဘူး၊ ခုလို ဖြစ်တာက ဒါ ပထမဆုံးပါ၊ ဒါကလည်း''

ပြောရင်း လမ်းအချိုးကိုရောက်လာသဖြင့် နီလာကျော်က ကားကို ဆတ်ခနဲ ကွေ့ချလိုက်သည်။ ထိုစဉ်မှာ ပဲ ပခုံးစွန်းကို မီနေသော ပျိုးပင်၏ ခေါင်းက သြဇာရင်ခွင်ထဲ လည်ကျလာပြီး တစ်ဆက်တည်းဆိုသလို ...

''ဝေါ့ဍ''

''ဟာ ...သွားပြီ''

ထိုအသံတွေ ကြောင့် နီလာကျော်က ကားကိုမှေးရပ်လိုက်ကာ နောက်သို့ လှည့်ကြည့်ရင်း ...

''ကိုသြဇာ ...ဘာ ဖြစ်လို့ ...အဲတော့''

နီလာကျော် အလန့်တကြား ရေရွတ်တော့သည်။ ဟုတ်သည်လေ။ ပျိုးပင် အန်ချလိုက်သော အံဖတ်တွေ က သြဇာ၏ ပေါင်ပေါ်မှာ အဖွေးသား နေရာယူလိုက်ကြသည်ကိုး။

ဒီလောက် ဖြစ်နေသည့်ကြားထဲမှာ ပင် နီလာကျော်က ...

''ကိုသြဇာ ...ကားကူရှင်တွေ ပေသွားသေးလားဟင်''

မေးပုံကိုလည်း ကြည့်ဦး။ သြဇာလည်း စိတ်ပေါက်ပေါက်နှင့် ...

''မသိဘူးဗျာ၊ ဒီ တစ်ယောက် လည်း ဘယ်ဘဝက အငြိုးနဲ့များ ကျွန်တော့် ကို ဒုက္ခပေးနေလည်း မသိဘူး၊ သူ့အိမ်ကိုမရောက်သေးဘူးလား ...မြန်မြန်မောင်းပါ''

''ဟုတ်ကဲ့ ...ဟုတ်ကဲ့''

နှာခေါင်းပိတ်ကာ လိုက်လာခဲ့ရသည်။ ပျိုးပင် ကတော့ သူ ဘာမှ မလုပ်ထားသူလို ပီဘိအပြစ်ကင်းစင်သော မျက်နှာပေးလေးနှင့် ကားကူရှင် ကို ပြန်မီကာ လိုက်ပါလာ၏ ။

ပျိုးပင်တို့အိမ်ရှေ့ရောက်မှ ကားထဲမှ ရေဗူးနှင့် အန်ဖတ်တွေ ကို တတ်နိုင်သလောက် ဆေးချလိုက်ရသည်။ နီလာကျော်က ခြံရှေ့ကားရပ် ကာ ဖုန်းဆက်ခေါ်လိုက်သဖြင့် အိမ်ထဲမှ လူလေးငါးယောက် လောက် ထွက် လာပြီး ကားထဲမှ ပျိုးပင်ကိုကြည့်ကာ ကြွတ်ကြွတ်ညံသွားကြ၏ ။

သြဇာလည်း ကိုယ်ပါ အမှု တွဲ ထဲပါနေမှာ စိုး၍ အသာလေး လစ် ထွက်လာခဲ့သည်။ ဘာတွေ ဘယ်လို ဖြစ်ပြီး ကျန်ခဲ့သည်ကို မသိတော့။

သေချာတာ ကတော့ ဒီနေ့သည် ပြဿဒါး ဖြစ်ဖို့ များ ပါသည်။

*


အခန်း (၄)

''အားနာလိုက်တာဟယ်၊ ဘယ်လိုလုပ်ရမှန်းလည်း မသိတော့ဘူး၊ အဲဒီ လူကို ပြန်တွေ့ ပြီး တောင်းပန်ရမှာ တောင် တော် တော် မျက်နှာပူတယ်''

ပျိုးပင် ခေါင်းကုတ်ကာ ပြောလိုက်သော စကားအဆုံးမှာ နီလာ ကျော်က ဂြိုဟ်ကြည့် ပြန်ကြည့်လိုက်ရင်း ...

''ပျိုးပင် ...နင့်ပါးစပ်က အားနာတာတို့ မျက်နှာပူတာတို့ပဲ ပြောနေလို့မရဘူးဟဲ့၊ ဖြစ်လာမှတော့ ရင်ဆိုင်ပြီး တောင်းပန်ရမှာ ပဲ၊ နေ စမ်းပါဦး ...နင်က ဘယ်လိုစိတ်ကူးနဲ့ ခုလိုလုပ်ရတာ လဲဟင်''

ပျိုးပင်က ဒုတိယမ္ပိ ခေါင်းကိုကုတ်လိုက်ပြီး ...

''ငါလည်း ဘာတွေ ဖြစ်ကုန်မှန်း မသိတော့ပါဘူး နီလာရယ်၊ ပထမ တော့ အထပ်နှစ် ဆယ်ကို ကော်ဖီသောက်မယ်ဆိုပြီး တက်သွားတာပဲ၊ ဟို ရောက်တော့ ညစ်ညစ်နဲ့ ဝိုင်လေးတစ်ခွက်သောက်မယ်ဆိုပြီး ...''

''သုံးလုံးလောက် ဖြစ်သွားတယ်လေ၊ ပြီးတော့ မှော က်တာပဲမလား၊ ဒါတွေ အားလုံး ကိုသြဇာ ပြောပြလို့ ငါ သိပြီးပြီ၊ ခုလုပ်ရမှာ က နင် သူ့ကို တောင်းပန်ရမယ်၊ ပြီးတော့ ...သူစိုက်ရှင်းခဲ့တဲ့ ပိုက်ဆံကို ပြန်ပေးရမယ်''

''သိပါတယ်ဟာ၊ အိမ်ကလည်းကော၊ နင်ကလည်း ကောနဲ့ ငါ ဒီမှာ ခေါင်းတွေ ပူနေပြီ၊ ဒါနဲ့ ဟိုလူ့ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ မသိသေးဘူး''

နီလာကျော်က မျက်စောင်းထိုးလိုက်ပြီး ...

''ဒါမျိုးကျ မတွေးတတ်တော့ဘူး ဟုတ်လား၊ မနေ့တုန်းက နင်နဲ့ သူ ဖုန်းပြောထားတယ်လေ၊ နင့်ဖုန်းထဲမှာ သူ့ဖုန်းနံပါတ် ရှိမှာ ပေါ့''

''သြော် ...အေး ...ဟုတ်သားပဲ၊ ငါ ရှာကြည့်လိုက်မယ်''

ပြောရင်း ပျိုးပင်က ဖုန်းဖွင့်ကာ ကြည့်လိုက်သည်။ ပြီး ..နီလာ ကျော်အား မဝံ့မရဲကြည့်လျက် ...

''နံ ...နံပါတ်တော့ တွေ့ ပြီဟ၊ ငါ ...ငါ ဘယ်လိုပြောရင် ကောင်းမလဲ နီလာ''

''နင် ကတော့ ကွိုင်ပဲ ပျိုးပင်ရယ်၊ ဖုန်းဆက်ပြီး တစ်နေရာမှာ ချိန်းလိုက်ပေါ့၊ တောင်းပန်ချင်တယ် ဘာညာပေါ့ဟာ''

''ဒါဆို ...ငါတို့က ဒီနေ့ သင်တန်းမသွားတော့ဘူးလား''

ထိုစကားကြောင့် နီလာကျော်က အသံတိတ် ကျိန်ဆဲလိုက်ပြီး...

''ပျိုးပင် ...နင်က ခုမှ သင်တန်းသိပ်တက်ချင်နေတယ် ဟုတ် လား၊ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့၊ ရှင်းရမယ့်ကိစ္စကို အရင်ရှင်း''

စိတ်ညစ်ဟန်လေး ဖြစ်သွားရင်း ပျိုးပင်က ...

''ငါ မျက်နှာပူလို့ပါဟယ်''

''ဒါဆိုလည်း မျက်နှာကို ရေခဲကပ်ပြီးမှ သွား၊ ခုတော့ ...ဖုန်း ဆက် ဖြစ်အောင် ဆက်လိုက်၊ ငါက ကြားထဲက ပိုမျက်နှာပူတယ်''

မတတ်သာသည့်အဆုံးမှာ ပျိုးပင် ဖုန်းခေါ်ရတော့သည်။ စခေါ် ခေါ်ချင်း ဖုန်းက မအားသဖြင့် ...

''နီလာ ...ဖုန်းမအားဘူးဟ''

''မအားရင် ထပ်ခေါ်လေ၊ ဖုန်းဆိုတာ တစ်ခါခေါ်ရုံနဲ့ ဝင်သွားမယ် လို့ နင့်ကို ဆက်သွယ်ရေး က အာမခံထားလို့လား''

နီလာကျော်က ဖိကာ ပျစ်ပျစ်နှစ် နှစ် ပြောတော့သည်။ ပျိုးပင်အဖို့ လောလောဆယ် ခေါင်းငုံ့ခံရန်မှတစ်ပါး အခြားမရှိတော့။ ခုလည်း နီလာ ကျော် ပြောသလိုပင် ဖုန်းထပ်ခေါ်ရတော့သည်။

ဒီတစ်ခါတော့ ကံကောင်းတာလား၊ ကံဆိုးတာလားမသိ။ ဖုန်းက ဝင် သွားပါသည်။ တစ်ဖက်က ချက်ချင်း မကိုင်သေး။ အတန်ကြာမှ ဟဲလိုဟု ထူးလာသဖြင့် ပျိုးပင်က ...

''ဟိုလေ ...ခုပြောနေတာ သြဇာလား မသိဘူးနော်''

''ဗျာ''

''သြော် ...သြဇာလားလို့''

''သြဇာလည်း မဟုတ်ဘူး၊ ဒူးရင်းလည်း မဟုတ်ဘူးဗျ''

''ရှင် ...ဒါဆို ဒီဖုန်းက ဘယ်ရောက်နေလို့လဲ''

တစ်ဖက်က ခေတ္တငြိမ်နေပြီးမှ ...

''ဒီလိုပါခင်ဗျ၊ ဒီဖုန်းက ခုလောလောဆယ် ဆာကူရာတာဝါအထပ် နှစ် ဆယ်က ဆိုင်ကို ရောက်နေတာပါ၊ လူ တစ်ယောက် က ပိုက်ဆံမရှင်းနိုင် တာနဲ့ အပေါင်ထားသွားလို့''

''ရှင် ...သြော် ...ဟုတ်ကဲ့ ...ဟုတ်ကဲ့ ...ဒါဆိုလည်း ဆောရီးပါနော်''

ပျိုးပင် ဖုန်းချလိုက်သည်။ နံဘေးမှ နီလာကျော်ကို အကျိုး အကြောင်း ပြောပြလိုက်တော့ နီလာကျော်က ...

''ဒါဆိုရင်တော့ မနေ့က နင်စားထားတာတွေ စိုက်ရှင်းရင်း အကြွေး တင်ခဲ့တာပဲ ဖြစ်မယ်၊ ဒီလိုလုပ်ပါလား၊ သူ့ဖုန်းကို နင်ရွေးပေးလိုက် လေ''

ပျိုးပင်က ခေါင်းခါရင်း ...

''ဘယ် ဖြစ်မလဲဟ ...ဟိုလေ ...ဆိုလိုချင်တာက မရွေးပေးချင် လို့ မဟုတ်ပါဘူး၊ ပေါင်ခဲ့တာက သူလေ၊ သူ ပြန်လာရွေးမှ ဟိုက ပေးမှာ ပေါ့၊ ငါရွေးလို့ရတယ်ဆိုရင်တောင် အဲဒီ ဆိုင်ကို ပြန်မသွားချင်ဘူး''

စကားအဆုံးမှာ နီလာကျော်က တဟင်းဟင်း လှောင်ရယ်သလို ရယ်လိုက်ကာ ...

''အေးလေ ...နင့်အနေနဲ့လည်း ရှက်ချင် ရှက်နေရှာမှာ ပေါ့''

''နင် ငါ့ကို လာရွဲ့မနေနဲ့ နီလာ၊ ခု ဖြစ်နေတာလည်း ငါက ဖြစ် ချင်လို့ ဖြစ်ခဲ့တာမှ မဟုတ်တာ၊ ဟိုကောင် မင်းခိုင်ကြောင့် လည်း ပါတယ်''

နီလာကျော်က မျက်နှာကို မဲ့ရှုံ့လိုက်ရင်း ...

''တော် ပါဟယ် ...အဲဒီ ကောင်နာမည် ကို နင့်ပါးစပ်ထဲ ထည့် ပြောနေတုန်းပဲလား၊ နင့်စိတ်ထဲ အဲ့ကောင်ကို စိတ်မနာဘူးလားဟင်''

ထိုစကားကြောင့် ပျိုးပင် တွေ ခနဲ ဖြစ်ကာ ငြိမ်သက်သွားသည်။ ပြီး ...စကားကိုလည်း ခပ်ဖြည်းဖြည်း ပြောလာ၏ ။

''ငါ သူ့ကို စိတ်နာချင်ပါတယ်၊ မုန်းချင်ပါတယ်၊ ဒါပေမဲ့ ...ငါ သေသေချာချာ သိချင်နေတာက သူ ငါ့ကို ဘာ ဖြစ်လို့ အဆက်ဖြတ်သွား တာလဲ၊ ဘာကြောင့် ဆိုတာ မပြောဘဲ ဘလိုင်းကြီးဖြတ်သွားတာလေ၊ အဲဒါကို ငါ ခံပြင်းနေတာ၊ အဲဒီ အကြောင်းကို ငါသိချင်နေတာ၊ အဲဒါကို သိရမှ သူ့အပေါ် ငါ ဆုံးဖြတ်ချက်တစ်ခုခု ချနိုင်မယ် နီလာ''

နီလာကျော်က သက်ပြင်းချရင်း ခေါင်းကို ခါယမ်းလိုက်သည်။ ပြီး ...ပျိုးပင်မျက်နှာကို စေ့စေ့ကြည့်ကာ ခပ်လေးလေး စွပ်စွဲလိုက်လေ၏ ။

''ဒီအတိုင်းဆိုရင်တော့ နင် မင်းခိုင်ကို စိတ်မပြတ်နိုင်သေးဘူး ပျိုးပင်''



ဝန်ဇင်းချစ်သူများ မိုးစက်ဝိုင် ၏ “ ချစ်သူသည် ကျွန်တော်၏ အကျိုးတူ စီးပွားဖက်ဖြစ်ပါသည် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သံယောဇဉ်နေ့စဉ်

မြို့ကလေးမှာကျွန်တော်စောင့်နေပါတယ်

မြန်မာလို လာဘ်ကောင်