
အမြဲတမ်း ဇာတ်လိုက်
အခန်း (၁)
''သဲဖြူချောင်းဘက်ကို လစ်ရအောင်''
သက်မှူးညီ လာခေါ်တော့ သူလည်း မငြင်းဘဲ လိုက် ဖြစ်ခဲ့ သည်။ ဆိုင်ကယ်တွေ ကို ကိုယ်စီမောင်းခဲ့ကာ သဲဖြူချောင်းဘက် ရောက် ခဲ့ကြ၏ ။
သဲဖြူချောင်းဆိုတာ ဘီးလင်းမြို့အဝင်က ချောင်းဟု သူ သိ သည်။ ဒီမြို့ကို သူတို့မိသားစု ပြောင်းရွှေ့ခဲ့ကြတာ တစ်ပတ်တောင် မပြည့်သေးပါ။ ရောက်စဆိုတော့ ပျင်းစရာကြီး ဖြစ်နေသည်။
သူ့ရဲ့ ညီဝမ်းကွဲတော် သော သက်မှူးညီက နေ့စဉ် ရောက်လာ ကာ နေရာအနှံ့ ပြကာ မိတ်ဆက်ပေးတတ်သည်။
ကျောင်းဖွင့်လျှင် သူ တက်ရမည့်  အထက်တန်းကျောင်းကို လည်း ရောက်ပြီးပြီ။ သက်မှူးညီ မိတ်ဆက်ပေးထားသော သူငယ်ချင်း တချို့နှင့် လည်း သူ ခင်မင်ရင်းနှီးခဲ့ရသည်။
သဲသော င်နုတွေ ပေါ်ထွန်းနေသော သဲဖြူချောင်းကို ဖြတ်ကာ ဆောက်ထားသော အဖြူရောင် တံတားကြီးပေါ်ရောက်တော့ သူတို့ ဆိုင်ကယ်တွေ ရပ်လိုက်ကြသည်။ ညနေခင်းဆို ဒီတံတားလေးမှာ ထိုင် ရင်း ပတ်ဝန်းကျင် ရှုခင်းတွေ ကို ငေးကြည့်ရတာ လည်း အရသာတစ်ခု ပါပဲ။
ကောင်းကင်ထဲမှာ အဖြူရောင် တိမ်သားတွေ က မရွေ့လျားဘဲ ငြိမ်သက်နေကြတာ သက်ငြိမ် ပန်းချီကားတစ်ချပ်လို ဖြစ်နေ၏ ။
ဒီမြင်ကွင်းတွေ ကို ငေးမောရင်း တံတားဘောင်လေးမှာ နှစ် ယောက် သား ထိုင်မိကြသည်။ သူ တိတ်တိတ်ဆိတ်ဆိတ် ငေးနေတော့
''သျှင်မြတ် မင်း ရန်ကုန်ကို သတိရနေတာလား''
သက်မှူးညီ စကားကြောင့် သူ လှည့်ကြည့်ရင်း ပြုံးမိသည်။ ဒီမြို့လေးကို မရောက်ခင်က သူတို့ ရန်ကုန်မှာ သုံးနှစ် ကျော် နေခဲ့ကြ သည်။ ဒီ့အရင်က မန္တလေးတိုင်းထဲက မြို့နယ်လေးတစ်ခုမှာ ပြီးတော့ သူငယ်စဉ်က ရှမ်းပြည်ဘက်မှာ လည်း နေခဲ့ဖူးသည်။
''သတိရတယ်လည်း မဟုတ်ပါဘူး ညီရာ၊ ဖေဖေ တာဝန်ကျ တဲ့ မြို့တွေ တိုင်းမှာ လိုက်နေရတာ ကြာတော့ ငါ့အတွက်တော့ ရိုးနေ ပါပြီ''
''အင်း တစ်ခုတော့ ကောင်းပါတယ်၊ မင်းတို့က နယ်စုံမြို့စုံ ရောက်ဖူးတာပေါ့ကွာ၊ ဒီမြို့မှာ တော့ မင်းတို့ ကြာကြာနေရင် သိပ်ကောင်း မှာ ပဲ၊ ကိုယ့်ဆွေမျိုးတွေ လည်း ရှိတယ်လေ''
သက်မှူးညီ ပြောသလို မေမေကလည်း ပြောခဲ့ဖူးသည်။ ဘီး လင်းမြို့ကို ဖေဖေ ဆေးရုံအုပ်ကြီးအ ဖြစ် ပြောင်းရွှေ့ရမည် ဆိုတော့ မေမေ ဝမ်းသာနေခဲ့သည်။
ဒီမြို့က မေမေ့ရဲ့ မွေးရပ် ဖြစ်သလို မေမေ့ရဲ့ ညီမ ဖြစ်သည့် သက်မှူးညီရဲ့ အမေလည်း ရှိတာကြောင့် ဖြစ်၏ ။
''ဟိုရောက်ရင် သား ပျော်သွားမှာ ပါ၊ သားရဲ့ ညီ တစ်ယောက် လည်း ရှိတယ်၊ သက်မှူးညီ တဲ့၊ သားနဲ့တစ်လကျော်လောက်ပဲ အသက် ကွာတာဆိုတော့ ရွယ်တူသူငယ်ချင်းလို ဖြစ်သွားမှာ ပါ''
မေမေ ဆိုခဲ့သည့်အတိုင်းပါပဲ။ သူတို့ ပြောင်းလာသည်နှင့် သက်မှူးညီက သူ့သူငယ်ချင်းတွေ အားလုံးခေါ်လာခဲ့ကာ ကားပေါ်က ပစ္စည်းတွေ ကို ဝိုင်းဝန်းသယ်ချပေးခဲ့ကြသည်။
အားလုံးက သူ့လိုပဲ ကိုးတန်းအောင်ထားကာ ကျောင်းဖွင့်လျှင် ဆယ်တန်းတက်ကြမည့်  သူတွေ ပဲ ဖြစ်သည်။
''ဟိုကောင်တွေ လာနေပြီကွ''
တံတားထိပ်ဘက်ကို လှမ်းကြည့်ကာ သက်မှူးညီ ပြောတော့ သူလည်း လှည့်ကြည့်မိသည်။ ဆိုင်ကယ် သုံးစီးမောင်းလာတာ မြင်သည်။
ရှေ့နောက်ဆင့်ကာ ရပ်ထားသည့် သူတို့ ဆိုင်ကယ်တွေ အနား မှာ ပဲ ဝေလင်းတို့ ဆိုင်ကယ်တွေ ကို ရပ်လိုက်ကြသည်။ ဝေလင်းနှင့် အာကာက တစ်စီးကျော်လေးနှင့် မိုးဇော်က တစ်စီးစီ လာကြတာ ဖြစ် သည်။
''မင်းတို့ ဒီဘက် ထွက်သွားကြတယ်လို့ အန်တီသက် ပြော လိုက်လို့ကွ''
ဝေလင်းက နှုတ်ဆက်စကား ဆိုရင်း တံတားဘောင်ပေါ် လှမ်း တက်ထိုင်၏ ။ အာကာတို့ကလည်း ကိုယ်စီတက်ထိုင်လိုက်ကြသည်။ မိုးဇော် က သူ့ဘေးမှာ ဝင်ထိုင်ရင်း လက်ထဲက ကွမ်းထုပ်ကို လှမ်းပေးရင်း
''မင်း ကွမ်းစားတတ်သလား သျှင်မြတ်နီ''
''ဟေ့ကောင် မိုးဇော် ငါ့အစ်ကိုကို မဖျက်ဆီးနဲ့''
သက်မှူးညီက တားမြစ်သလို လှမ်းအော်လိုက်ပေမယ့် သူက မိုးဇော်လက်ထဲက ကွမ်းယာထုပ်ကို လှမ်းယူပြီး ဖြစ်နေသည်။
''ဘာဆေးမှ မပါပါဘူးကွ၊ အစိမ့်သက်သက်ပါ''
မိုးဇော်က တံတားအောက်ဘက်ကို ကွမ်းတံတွေးတွေ ပျစ်ခနဲ ထွေးရင်း ပြောသည်။ သက်မှူးညီက နှာခေါင်းရှုံ့ရင်း
''မင်းတို့ကောင်တွေ ကွမ်းနဲ့ဆေးနဲ့ အတတ်စမ်းမနေနဲ့၊ ဘာမှ အကျိုးမရှိတဲ့အလုပ်တွေ ''
မိုးဇော် ပခုံးတစ်ချက်တွန့်ကာ ဘာမှပြန်မဖြေပါ။ သူ ကတော့ ကွမ်းတစ်ယာထုတ်ယူကာ ပါးစပ်ထဲထည့်လိုက်သည်။ ကြိုက်တာလည်း မဟုတ်။ အစွဲအလန်းလည်း မရှိပါဘဲ အပျင်းပြေ သူ ဝါးမိခြင်းသာ ဖြစ်သည်။
ခင်မင်ကြတာ ရက်ပိုင်းလေးပဲ ရှိပေမယ့် ဒီအုပ်စုထဲက သူတွေ အကြောင်းကို သူ အားလုံး သိနေသည်။ မိုးဇော်က ဘယ်တော့ကြည့် ကြည့် ကွမ်းယာထုပ်က အသင့်ရှိနေတတ်သူ ဖြစ်သည်။
''ကဲ အကျိုးရှိတဲ့အလုပ် ပြောမယ်၊ ငါတို့ ကျူရှင်တက်ကြ မလို့၊ မင်းတို့ နှစ် ယောက် ကော တက်မှာ လား''
ကျော်လေးက သူနှင့်သက်မှူးညီကို ရည်ရွယ်ပြောသည်။ သက်မှူးညီက ကျော်လေးကို လှမ်းကြည့်ရင်း
''မင်းတို့က ဘယ်မှာ တက်ကြမှာ လဲ''
''ဆရာ ဦးအုန်းကြိုင်ရဲ့ ပညာတံခွန်မှာ လေ''
သက်မှူးညီ ငြိမ်သက်တိတ်ဆိတ်သွားကာ ဘာမှပြန်မဖြေပါ။ အာကာက ပခုံးတစ်ချက်တွန့် မေးဆတ်ပြရင်း
''ဘာလဲ မင်းက ဘာစဉ်းစားနေတာလဲ၊ စွဲမက်နီ တက်တဲ့ ကျူရှင်ကို တက်ချင်တာလား၊ မမျှော်လင့်နဲ့ ညီ၊ စွဲမက်နီက အိမ်မှာ ဂိုက်ခေါ်သင်မှာ လို့ ကြားတယ်''
အာကာ စကားကြောင့် သူ မျက်မှော င်ကြီး ကုပ်သွားမိသည်။ စွဲမက်နီ ဆိုသော အမည် နာမကြောင့် ပဲ ဖြစ်သည်။
သူ့နာမည် သျှင်မြတ်နီ နှင့် အာကာ့နှုတ်က ကြားရသော အမည် က ခပ်ဆင်ဆင် ဖြစ်နေ၏ ။ စွဲမက်နီ တဲ့။ ဘယ်သူလဲ။ ညီတို့ သူငယ်ချင်း တစ်ယောက် ပဲလား။
''သေချာရဲ့ လား အာကာ၊ မင်းကို ဘယ်သူပြောတာလဲ''
''သဉ္ဇာတို့တွေ ပြောကြတာပေါ့၊ စွဲမက်နီက ဆယ်တန်းကို အောင်မြင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘူး၊ ဘာသာစုံဂုဏ်ထူးရဖို့ ကြိမ်းဝါးထားတာတဲ့၊ ကျောင်းတွေ ပိတ်ကတည်းက ဆယ်တန်းစာတွေ လေ့လာနေတာနော်''
အာကာ ပြောသမျှ ညီ ငြိမ်သက်စွာ နားထောင်နေသည်။ ညီမျက်ဝန်းတွေ ထဲမှာ မှိုင်းပြပြအရိပ်တွေ ခိုတွယ်နေသည်ဟု သူ ထင်မိ သည်။
''ညီ မင်းဝေမနေနဲ့၊ ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားစမ်းပါ၊ ဆယ်တန်းက အရေး ကြီးတယ်နော်''
ကျော်လေးက ဝင်ပြောနေပြန်သည်။ ညီကိုပဲ ရည်ရွယ်ပြီး အားလုံး ဘာကြောင့် ပြောနေကြတာလဲ သူ သိချင်လာသည်။ ညီ ကတော့ အားလုံးရဲ့ စကားတွေ ကို အလေးအနက်ရှိပုံ မရဘဲ မျက်ဝန်းတွေ က သဲချောင်းလေးထဲ ငုံ့ကြည့်ရင်း
''မင်းတို့ဘာသာ တက်ချင်တက်ကြပေါ့၊ ငါတော့ စဉ်းစားဦး မယ်''
ညီ အဖြေစကားကို မနှစ်သက် သလို အာကာတို့ မျက်နှာတွေ ရှုံ့မဲ့သွားကြ၏ ။ မိုးဇော်က သူ့ကိုကြည့်ရင်း
''မင်း ကတော့ ငါတို့နဲ့ တက်မှာ လား သျှင်မြတ်နီ''
''အင်း တက် ဖြစ်မှာ ပါ၊ နေဦး စောစောက မင်းတို့ပြောနေတဲ့ စွဲမက်နီ ဆိုတာ ဘယ်သူလဲ''
သူ့အမေးစကားကြောင့် မိုးဇော် ခေါင်းတစ်ချက်ညိတ်ပြီး ဖြေ ဖို့ ကွမ်းသွေးကို ပျစ်ခနဲ ထွေးနေတုန်း အာကာက ကြားဝင်ဖြေ၏ ။
''ဘယ်သူလဲ မမေးနဲ့၊ ကျောင်းမှာ ရော တို့မြို့မှာ ပါ စွဲမက်နီ သတင်းက ကြီးမားတယ်၊ မင်းကျောင်းတက်ရင် သိလာမှာ ပါ''
''ဟုတ်တယ် လှတာရော ပညာတော် တာကော ပြည့်စုံချမ်းသာ တာကော စွဲမက်နီက အားလုံးပြီးပြည့်စုံတယ်၊ ဒီတော့ မာနကလည်း ဘာကြီးသလဲ မမေးနဲ့''
အာကာ စကားကို မိုးဇော်က ဝင်ထောက်ခံစကား အငမ်းမရ ပြောသည်။ ကျော်လေးက
''ညီကို ရှေ့မှာ ထားပြီး မင်းတို့ စွဲမက်နီအကြောင်း ပြောနေ ကြသလား၊ ဟိုမှာ မျက်နှာကြီး အီးမှန်နေပြီကွ''
အားလုံး ညီမျက်နှာကို လှမ်းကြည့်မိကြသည်။ တကယ်ပဲ သက်မှူးညီ မျက်နှာကြီးက ညိုပုပ်လျက် ရှုတင်းတင်းကြီး ဖြစ်နေ၏ ။ ''ကြိုပြောထားမယ် သျှင်မြတ်နီ၊ စွဲမက်နီနဲ့ ပတ်သက်ရင် ညီက မရဘူးနော်၊ တော် ကြာ မင်းတို့ ညီအစ်ကိုတွေ ပြိုင်ဘက်တွေ ဖြစ်ကုန်မှာ စိုးလို့ သတိပေးတာ''
ကျော်လေး စကားအဓိပ္ပါယ်ကို နားလည်စွာ သူ့ခေါင်းကို ခါရမ်းလိုက်မိသည်။
''မင်းတို့ ပြောမှ စွဲမက်နီ ဆိုတာ မိန်းမ တစ်ယောက် မှန်း ငါ သိတာပါ၊ ငါ မေးတာ စိတ်ဝင်စားလို့ မဟုတ်ဘူး၊ ငါ့နာမည် နဲ့ ခပ်ဆင် ဆင် ဖြစ်နေလို့ မေးကြည့်မိတာပါ''
''အေးဟ ဟုတ်တယ် ဒီကောင်နဲ့ စွဲမက်နီ နည်းနည်း ကာရံ တူနေသလိုပဲ၊ သျှင်မြတ်နီနဲ့ စွဲမက်နီ နီတွေ ချည်းပဲဟ''
''ဟုတ်ပါ့ တိုက်ဆိုင်လိုက်တာ၊ သျှင်မြတ်နီ တဲ့၊ စွဲမက်နီ တဲ့ မောင်နှမတွေ လည်း မဟုတ်ဘဲနဲ့''
တစ်ယောက် တစ်ပေါက် တအံ့တသြ ဆိုနြေ ကတော့ သက်မှူး ညီ တံတားဘောင်ပေါ်က လွှားခနဲ ခုန်ဆင်းရင်း
''နာမည် ချင်း ဆင်တာများ ထူးဆန်းလို့လားကွာ၊ ကဲ အပိုတွေ ပြောမနေကြနဲ့တော့ လစ်ကြမယ်၊ နေရောင် တောင် ပျောက်နေပြီ''
ပြောလည်းပြော၊ ဆိုင်ကယ်ပေါ်ကို လွှားခနဲ ခွတက်ပြီး ဖြစ်နေ သော သက်မှူးညီကြောင့် သူတို့တွေ လည်း တံတားဘောင်ပေါ်က ခုန် ဆင်းလိုက်ကြသည်။
''တွေ့ လား သျှင်မြတ် ဒီကောင်က စွဲမက်နီနဲ့ ပတ်သက်ရင် အထိမခံ ကိုရွှေပန်းကန်ကွ''
မိုးဇော်က သက်မှူးညီ မကြားအောင် တိုးတိုးလေး သူ့ကို ကပ်ပြောသည်။ သူ မဝေဖန် ဖြစ်ပေမယ့် ဆိုင်ကယ်ကို အရင်ဆုံး စက်နှိုး ကာ မောင်းထွက်သွားသော ညီ့ကိုတော့ နားလည်လိုက်မိသလိုပါပဲ။
စွဲမက်နီ တဲ့လား။
ထူးထူးခြားခြား စိတ်ဝင်စားမိတာ မဟုတ်ပေမယ့် ဒီနာမည် ကိုတော့ သူ မှတ်မိသွားခဲ့သည်။
တိုက်ဆိုင်စွာ ကိုယ်နဲ့မှ နာမည် က လာဆင်တူနေသည့်အ ဖြစ်။
အခန်း (၂)
ကျောင်းတွေ အပ်တော့ သူတို့အားလုံး တက်ခွင့်ရကြတာ ဒဿမတန်း ဆိုပေမယ့် အခန်းတွေ တော့ ကွဲသွားခဲ့ကြသည်။
အခန်း (A)မှာ သူ အာကာနှင့် ကျော်လေးတို့ တက်ခွင့်ရ သည်။ (B) ခန်းမှာ က သက်မှူးညီနှင့် မိုးဇော်တို့ အုပ်စု။
''မင်းက စာတော် သားပဲကွ၊ ဒါကြောင့် အေခန်း တက်ခွင့် ရတာ ၊ တစ်ခုတော့ ရှိတယ် ဆရာမ ဒေါ်သန်းမေက နည်းနည်း ကြမ်း တယ်ကွ''
ကျော်လေးနှင့် အာကာက သည်ကျောင်း သည်ဆရာမ တွေ အကြောင်း သိနေတာမို့ သူ့ကို ပြောပြကြသည်။
''ဆရာမ ဒေါ်သန်းမေက အပျိုကြီးကွ၊ ဘာဇီဇာကြောင်သလဲ မမေးနဲ့၊ စာအသင်အပြတော့ ကောင်းတယ်၊ စာတော် တဲ့ ကျောင်းသား ဆိုလည်း ချစ်ပါတယ်၊ စည်းကမ်းပိုင်းတော့ တစ်ချက်အမှားမခံဘူး''
သူ မမေးပါဘဲ ပြောနေတာ နားထောင်ရင်း ပထမဆုံး ကျောင်း တက်သည့်နေ့လေးမှာ သူ ဟိုငေးသည်ငေးနှင့်ပါပဲ။
''ဟော ဟိုမှာ စွဲမက်နီ''
ကျော်လေးအသံက ရေး ကြီးသုတ်ပျာ လေသံမျိုး ဖြစ်သည်။ အာကာလည်း ချာခနဲ စာသင်ခန်းတံခါးဝကို လှည့်ကြည့်သည်။
ဒီနာမည် က သူ ရင်းနှီးကျွမ်းဝင်နေပြီးသော အမည် မို့ သူ လှည့်ကြည့်မိသည်။ တဒင်္ဂတော့ သူ ငေးငေးလေး နစ်မျောသွားမိတာ ဝန်ခံရမည် ဖြစ်၏ ။
ဝင်းနှစ် ပြီး နို့နှစ် ရောင် ဝါဝင်းနေသော အသားအရည်က နုညက်နေသည်။ ကျောလယ်ခန့်အထိ ရှည်သော နက်မှော င်သည့် ဆံနွယ် တွေ ကို သပ်သပ်ရပ်ရပ်လေး ဖြီးသင်ကာ ဆံညှပ်လေးနှင့် နှောင်ဖွဲ့ သိမ်းထားသည်။ ကော့ညွတ်သွယ်တန်းပြီး အနားသပ်လေးတွေ ညီသော မျက်ခုံးလေးက ထင်းလို့။ မျက်တောင်ကော့ကြီးတွေ ကာရံထားသော မျက်နက်ဝန်းလေးက ကြည်လင်ရှင်းသန့်နေ၏ ။
နှာတံစင်းစင်းလေးက ချွန်မြမနေဘဲ ကျစ်လျစ်ပေါ်လွင်သည်။ နှုတ်ခမ်းသားလေးတွေ က ရှည်လျားကျယ်ပြန့်ပြီး ပါးလျပ်စိုလဲ့နေ၏ ။
မေးစေ့လုံးဝန်းဝန်းလေးမှာ နှစ် ခွထင်သော အချိုင့်လေးက ခပ်ရေး ရေး လေး ထင်နေသေးသည်။
ရင်ဖုံးအင်္ကျီဖြူလေးက ချပ်ချပ်ရပ်ရပ်နှင့် အရပ်မြင့်မြင့်လေး က သူမရဲ့ ခန္ဓာကိုယ်အချိုးအဆစ်နှင့် လိုက်ဖက်ပါသည်။
အရယ်အပြုံးတို့ ကင်းစင်သော နှုတ်ခမ်းလေးတွေ မှာ လျှို့ဝှက် မှု ဆန်သော ညှို့ငင်အားတွေ ရှိနေသည်ဟု သူ ထင်မိ၏ ။
စွဲမက်နီ ဆိုသော နာမည် နှင့်လိုက်ဖက်အောင် သူမရဲ့ ညှို့ငင် အားတွေ က အခန်းထဲက ကျောင်းသားတွေ သာမက ကျောင်းသူတွေ ကို ပါ ငေးငေးလေး ကြည့်မိစေတဲ့ အထိပါပဲ။
အားလုံးက သတိထားကြည့်နေတာကို သူမ သိလျက်နှင့် ဘယ်သူ့ကိုမှ တစ်ချက်လေးတောင် ပြုံးမနှုတ်ဆက်ဘဲ ရှေ့ဆုံးက ခုံတန်း လေးမှာ သူမ ဝင်ထိုင်သွားခဲ့သည်။
''ဘယ်လိုလဲ သျှင်မြတ်နီ၊ မင်း လက်ခံသွားပြီမို့လား''
''ဘာကို လက်ခံရမှာ လဲ ကျော်လေး''
''စွဲမက်နီရဲ့ အလှကိုလေ''
''အဟွန်း သိပ်မထူးဆန်းပါဘူး''
သူ စိတ်မဝင်စားသလိုပြောကာ စာအုပ်ကို ထုတ်ယူကြည့်နေ လိုက်၏ ။ မျက်ဝန်းတွေ ထဲမှာ တော့ စွဲမက်နီရဲ့ မျက်နှာလေးက ချက်ချင်း ပျောက်မသွားခဲ့ပါ။
''မင်း နောက်ပိုင်းကျရင် သူ့အကြောင်းတွေ ထပ်ပြီး သိလာ ရမှာ ပါ''
သူ ယဲ့ယဲ့ကလေးပဲ ပြုံးနေလိုက်ပါသည်။ ဒီကောင်တွေ အား လုံးက ဂရုတစိုက် အလေးထားနေတော့ ဟိုက မာနတွေ လျှံတက်နေတာ ဖြစ်မည် ။
''ဆရာမ လာနေပြီ''
အာကာက လက်တို့သတိပေးတော့ ကျော်လေး စကားသံတိတ် သွားခဲ့သည်။ ရွှေကိုင်းမျက်မှန်နှင့် ဆံပင်တွေ ကို သေသပ်စွာ ထုံးဖွဲ့ထား သော ဆရာမ ဒေါ်သန်းမေကို သူ ပထမဆုံး မြင်ဖူးတာပဲ ဖြစ်၏ ။
စူးရှရှမျက်ဝန်းတွေ နှင့် သနပ်ခါးမှု န်မှု န်လေးပဲ လိမ်းထားသော ဆရာမ ရဲ့ နှုတ်ခမ်းပိပိရိရိတွေ က တိကျပြတ်သားသော စိတ်ကို မြင်နေ ရ၏ ။
သူတို့အားလုံး မတ်တပ်ရပ်ကာ နှုတ်ဆက်တော့ ဆရာမ က ကျေကျေနပ်နပ်လေး ပြုံးကာ ပြန်နှုတ်ဆက်၏ ။
''မင်္ဂလာပါ တပည့်တို့ ထိုင်နိုင်ကြပါပြီကွယ်''
ပါဝါရွှေကိုင်း မျက်မှန်ထဲက မျက်ဝန်းတွေ နှင့် ဆရာမ တစ်ခန်း လုံးကို ဝေ့ကြည့်ရင်း စားပွဲက ထိုင်ခုံမှာ ဝင်ထိုင်သည်။
စားပွဲထောင့်လေးမှာ တင်ထားသော ဖိုင်စာအုပ်လေးကို လှန် ကာ ဆရာမ နာမည် စာရင်းတွေ ကြည့်နေ၏ ။ ပြီးမှ ခေါင်းမော့လာကာ
''မောင်သျှင်မြတ်နီ''
ဆရာမ ခေါ်တော့ သူ ထရပ်ရင်း လက်ကလေးပိုက်ကာ ငြိမ်နေ လိုက်၏ ။ အခန်းထဲက ကျောင်းသား ကျောင်းသူ အားလုံး သူ့ကို လှမ်းကြည့်ကြသည်။ ဒီမျက်ဝန်းတွေ ထဲမှာ စွဲမက်နီပါရဲ့ လား သူ မသိပါ။
''မင်းက ကျောင်းသားသစ်နော်၊ ကဲ အားလုံးပဲ မှတ်ထားကြပါ၊ သူက ရန်ကုန်က ပြောင်းလာတဲ့ မောင်သျှင်မြတ်နီ တဲ့''
ဆရာမ မိတ်ဆက်ပေးနေချိန်မှာ သူ့မျက်ဝန်းတွေ ဝေ့ကာ စွဲမက်နီဆီ လှမ်းကြည့်မိ၏ ။ စွဲမက်နီရဲ့ မျက်ဝန်းစူးစူးလေးတွေ သူ့ကို စိုက်ကြည့်နေ၏ ။ သူမနှင့် နာမည် ချင်း ဆင်တူနေတာကြောင့် အံ့သြသလို ကြည့်တာပဲ ဖြစ်မည် ။
''အားလုံး ညီအစ်ကို မောင်နှမလို သဘောထားကြပါ၊ ကဲ ပြန်ထိုင်နိုင်ပါပြီ မောင်သျှင်မြတ်နီ''
ဆရာမ ခွင့်ပြုမှ သူ ပြန်ထိုင်လိုက်သည်။ ထိုအချိန်ထိ စွဲမက်နီ ရဲ့ မျက်ဝန်းတွေ က သူ့ထံက မခွာသေးတာမို့ သူ ခပ်စူးစူးလေးပဲ ပြန် ကြည့်လိုက်၏ ။
မျက်ဝန်းချင်းအဆုံမှာ သူမ မျက်ဝန်းတွေ က ရုပ်သိမ်းသွားမည် ထင်ထားပေမယ့် သူနှင့်အပြိုင် စိုက်ကြည့်နေ၏ ။
ဒါမျိုးတော့ သျှင်မြတ်နီတို့က အရှုံးပေးသွားမည် ဟု ထင်မှတ် ထားသည်လား။ မျက်ခုံးတွေ တွန့်ပြီး စူးစူးစိုက်စိုက်ကို မျက်တောင်မခတ် တမ်း ပြန်ကြည့်ပစ်လိုက်၏ ။
မျက်ဝန်းနှစ် စုံ အင်အားချင်း ပြိုင်ဆိုင်နေကြတာ အတော် ကြာသည်။
''စွဲမက်နီ''
ဆရာမ ရဲ့ အမည် ခေါ်သံကြောင့် သူမ အကြည့်တို့ ရုပ်သိမ်းကာ ထရပ်လိုက်ရတာ ဖြစ်၏ ။
''ရှိပါတယ် ဆရာမ ''
သူမ ထပ်ပြီး သူ့ကို ရင်ဆိုင်ကြည့်ဦးမည် လား ဆက်ကြည့်နေ ပေမယ့် လှည့်ကြည့်မလာတော့ပါ။
''မင်းတို့နှစ် ယောက် စိန်ခေါ်နေကြတာလား သျှင်မြတ်နီ''
သူနှင့်စွဲမက်နီတို့ အမူအရာတွေ ကို အစအဆုံး မြင်တွေ့ သွား ပုံရသော ကျော်လေးက မေးသည်။ သူ ပြန်မဖြေ ဖြစ်ဘဲ ပြုံးလိုက်မိ၏ ။
''သွားမလုပ်နဲ့ သျှင်မြတ်နီ၊ မင်းပဲရှုံးသွားလိမ့်မယ်''
ဘာကို ရှုံးမှာ လဲဟု သူ့စိတ်ထဲကပဲ မေးလိုက်မိသည်။ သျှင်မြတ် နီဆိုတဲ့ကောင်အကြောင်း ကျော်လေး မသိသေးလို့ ဖြစ်မှာ ပါ။
မင်းကို ရှုံးနိမ့်ဝပ်တွားသွားကြမယ့် သူတွေ ထဲမှာ သျှင်မြတ်နီ ဆိုတဲ့ကောင် ဘယ်တော့မှ မပါစေရဘူး ယုံ။
အခန်း (၃)
သည့်နောက်ပိုင်းမှာ လည်း စွဲမက်နီဆိုသော သူမနှင့် သူ ထပ် ပြီး သက်ဆိုင်မှု တွေ မရှိခဲ့တာ အမှန်ပဲ ဖြစ်သည်။ တစ်ခန်းတည်း စာ အတူသင်နေကြသူတွေ ဖြစ်ပေမယ့် မျက်နှာချင်းဆိုင် ဆုံလို့တောင် ယောင်လို့ မပြုံးပြမိကြပါ။
အခန်းထဲက တခြားသော မိန်းကလေးတွေ နှင့်သူ ခင်ခင်မင် မင် စကားပြော ဖြစ်ပေမယ့် စွဲမက်နီ နှင့်တော့ လုံးဝ မပြော ဖြစ်ပါ။
သူမကိုယ်တိုင်ကလည်း အခန်းထဲမှာ ရှိသော တခြားသော မိန်းကလေး သူငယ်ချင်းတွေ နှင့်တောင် တရင်းတနှီး မရှိတတ်ပါ။ သူမ အနားက သူငယ်ချင်းမိန်းကလေးတွေ နှင့် စကားပြောဆိုတာလောက်ပဲ ရှိ၏ ။
သူ စိတ်မဝင်စားသော သူမအကြောင်းတွေ ကိုတော့ ကျော်လေး တို့ ဆုံလျှင် ပြောနေသော စကားတွေ အရ သိခဲ့ရ၏ ။
စွဲမက်နီဆိုသော သူမရဲ့ မိဘတွေ က ဒီမြို့မှာ တော့ ပြည့်စုံ ချမ်းသာသော လူကုံထံအသိုင်းအဝိုင်းကဟု ဆိုရမည် ။ စွဲမက်နီရဲ့ ဖခင်က ကိုယ်ပိုင်စက်ရုံကြီး ပိုင်ဆိုင်သည်။
စွဲမက်နီ အမေက ဈေးထဲမှာ ရွှေရတနာဆိုင်ကြီး ဖွင့်ထား၏ ။ ဒီမြို့မှာ တော့ ရောင်းအားကောင်းပြီး နာမည် ကြီးသော ရွှေဆိုင်ကြီးတဲ့။
သူမရဲ့ အလှတရားနှင့် မိဘတွေ ရဲ့ ဂုဏ်ရှိန်ဝါတွေ ကြောင့် ဘဝင် ကိုင်ပြီး သက်သက်မာနကြီးနေတာလား ဒါမှမဟုတ် ကျန်တဲ့သူတွေ ကိုပဲ သူနဲ့ မတူမတန်ဟု ယူဆကာ မာတင်းတင်း နေပြနေတာလား။
ဘာပဲ ဖြစ် ဖြစ် သူ့စိတ် ကတော့ စွဲမက်နီကို အထင်ကြီးတာ အမှန်ပဲ ဖြစ်သည်။
တစ်ကျောင်းလုံးမှာ စာအတော် ဆုံးဟု အားလုံးက ဆိုနေကြ သော သူမသည် မုန့်စားကျောင်းဆင်းရင်တောင် အခန်းအပြင် ထွက်ခဲ သည်။
ကျောင်းစာတွေ ကျက်ချင်ကျက် ဒါမှမဟုတ်လျင် လေ့ကျင့်ခန်း တွေ တွက်ချက်နေတတ်တာ အစဉ် ဖြစ်သည်။
မမြင်ချင်ပါဘဲ မြင်နေရသော သူမရဲ့ ပုံစံကို ကြည့်ကာ သူ အလိုလို ကြည့်မရ ဖြစ်နေခဲ့တာ အမှန်။ တကယ့် ဟိတ်ကြီးဟန်ကြီး တစ်ခွဲသားနှင့် နေတတ်တာကို သူ အမုန်းဆုံး ဖြစ်သည်။
တကယ်ဆို သျှင်မြတ်နီ ဆိုတဲ့ကောင်ကလည်း မိဘဂုဏ်အရှိန် အဝါ ကင်းမဲ့တဲ့ကောင်မှ မဟုတ်တာ။
ဖေဖေ ဦးမြတ်ကျော်က တိုက်နယ်ဆေးရုံကြီးရဲ့ ဆေးရုံအုပ် ဆရာဝန်ကြီး တစ်ယောက် ပဲလေ။ အစိုးရဝန်ထမ်း အထူးကုဆရာဝန် ကြီး တာဝန်ကျလေရာ အရပ်ဒေသတိုင်းကို အရိပ်လိုလိုက်နေရတဲ့ မေမေ ကလည်း ဘာအလုပ်အကိုင်မှ မရှိဘဲ နေသူတစ်ဦး မဟုတ်ပါ။
ဘိုးဘွားတွေ ရဲ့ အမွေဥစ္စာဓနတွေ ပြီးပြည့်စုံပြီးသားဆိုပေမယ့် ရန်ကုန်က ကုမ္ပဏီတွေ မှာ ရှယ်ယာဝင် ရင်းနှီးမြှုပ်နှံထားတာတွေ က အများ ကြီး ဖြစ်သည်။
မိဘတွေ ရဲ့ ထည်ဝါမှု နှင့် ဂုဏ်ဒြပ်တွေ ကြောင့် မာနတံခွန် ထူရမယ်ဆိုရင်တော့ စွဲမက်နီထက် နှစ် ဆလောက် သူ ရင်ကော့ ခေါင်း မော့ပြလိုက်ချင်ပါသေးသည်။
စွဲမက်နီက တခြားသူတွေ နဲ့ မပတ်သက်သလို ကင်းကင်းရှင်း ရှင်း နေပြလေလေ သျှင်မြတ်နီဆိုတဲ့သူက အားလုံးနဲ့ ခင်ခင်မင်မင် ကျွမ်းကျွမ်းဝင်ဝင် တမင်နေပြမိသည်။
မင်းနဲ့ငါ နာမည် ချင်း ဆင်တူပေမယ့် အပြုအမူ အကျင့်စရိုက် ချင်း မတူချင်ဘူး စွဲမက်နီ။
အရာရာတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ်ဆိုတဲ့ စကား သာ မှန်ကန်ရင်တော့ ငါ ကြည့်မရသလို မင်းကလည်း ငါ့ကို မုန်းနေ မှာ သေချာတယ်။ ငါကလည်း အဲဒီ အမုန်းကိုပဲ လိုချင်ခဲ့တာပါ စွဲမက်နီ။
အခန်း (၄)
''မိုးဇော် ငါ့ကို ကွမ်းတစ်ယာလောက် ပေးစမ်းပါ''
ကျောင်းတက်ချိန် စောသေးတာမို့ ကျောင်းဝင်းအပြင်က သစ်ပင်အရိပ်အောက်မှာ သူတို့ အုပ်စုဖွဲ့ထိုင်နေကြတုန်း သူ လှမ်း ပြောတော့ ကျော်လေး မျက်လုံးပြူးသွားသည်။
''ကွမ်းစားမလို့လား သျှင်မြတ်နီ၊ မလုပ်နဲ့နော် ဆရာမ က လုံးဝ ကြိုက်တာ မဟုတ်ဘူးနော်''
ကျော်လေး စိုးရိမ်စွာ သတိပေးသည်။ မိုးဇော်ကလည်း စိုးရိမ် စွာ တား၏ ။
''ဟုတ်တယ်ကွ ဆရာမ ဒေါ်သန်းမေ သိရင် မလွယ်ဘူးနော်၊ ငါ မကျွေးချင်လို့ မဟုတ်ဘူး၊ ကျောင်းဆင်းမှ စားပါလား''
''ပေးစမ်းပါကွာ ခံတွင်းချဉ်နေလို့ ပြဿနာ မရှိဘူး''
သူ ဇွတ်တောင်းနေတော့ မိုးဇော် ခပ်ရွဲ့ရွဲ့နှင့် လွယ်အိတ်ထဲက ကွမ်းထုပ်ကို လှမ်းပေးသည်။ သူ တစ်ယာထဲမဟုတ်ဘဲ နှစ် ယာယူကာ ပါးစောင်ထဲ ထည့်ဝါးလိုက်သည်။
''စားပြီးရင်တော့ မင်းနှုတ်ခမ်းနဲ့ လျှာတွေ ကွမ်းသွေးတွေ နဲ့ နီမနေအောင် ပလုပ်ကျင်းတော့၊ ဆရာမ သိရင် နာပြီမှတ်''
ကျော်လေးပြောတာကို မကြားဟန်ပြုရင်း သူ ကွမ်းကို အား ပါးတရ ဝါးလိုက်သည်။
''ဟော ဟိုကောင်က စွဲမက်နီနောက်က ကိုယ်ရံတော် လုပ် လိုက်လာတာကိုးကွ''
ဝေလင်း စကားကြောင့် အားလုံး လမ်းမကို လှမ်းကြည့်ကြ သည်။ သူ ကတော့ ကွမ်းယာကို တမြုံ့မြုံ့ဝါးရင်း ကြိတ်ပြုံးမိ၏ ။ ဒီကောင် တွေ မမြင်ခင်ကတည်းက ထိုမြင်ကွင်းကို သူ မြင်တွေ့ ပြီးနေပြီ။ သူ ထိုင်နေသည့် နေရာက လမ်းမကို မျက်နှာမူထားတာပဲလေ။
''သက်မှူးညီ ရောဂါ က မသေးဘူး၊ စွဲမက်နီနဲ့ အခန်းချင်း မတူလို့ တော် သေးတယ်၊ နို့မို စာသင်တာ အာရုံမရှိဘဲ ဒီကောင် မျက်လုံးတွေ က စွဲမက်နီဆီပဲ ရောက်နေမှာ ကွ''
အာကာ ပြောလောက်အောင်လည်း ညီ့အခြေအနေက လွန် လွန်းတာ သူ သတိထားမိပါသည်။
သူ ကြည့်မရသော စွဲမက်နီရဲ့ အရိပ်ကို ကျောင်းတက် ကျောင်း ဆင်း အရိပ်လို စောင့်ကြည့်ရတာ က တစ်ဒုက္ခ။ မုန့်စားကျောင်းဆင်း ချိန်ဆို သူတို့အခန်းထဲအထိ ရောက်လာကာ စွဲမက်နီကို အရိပ်တကြည့် ကြည့် ဖြစ်နေတာ သူ သိသည်။
''ညီ မင်း ဘာလို့ အဲဒီ လောက်ထိ စွဲမက်နီကို ငြိတွယ်နေရတာ လဲ၊ တကယ်ကွာ လှတာလေး တစ်ခုကလွဲရင် မာနခေါင်ခိုက်ပြီး လူကို လူမထင်တဲ့ မိန်းမကိုများ ''
သူ မခံရပ်နိုင်စွာ ပြောတော့ သက်မှူးညီ ပြုံးပြုံးလေး ပြန် ကြည့်ရင်း
''မင်း သူ့အပေါ် အဲဒီ လို သဘောထားတာ ငါ ကျေနပ်တယ်၊ ညီအစ်ကိုချင်း ငါ ပြိုင်ဘက် မ ဖြစ်ချင်ဘူး''
''တော် စမ်းပါကွာ ဝေးသေးတယ်၊ ခေါင်းထဲမှာ ကို စာရင်းမရှိ တာ''
သူ ပြတ်သားစွာ ပြောလေ ညီက ကျေနပ်စွာ ပြုံးလေ ဖြစ် သည်။ နောက်ပိုင်းမှာ သူ သိခဲ့တာ ညီနှင့်စွဲမက်နီက မူလတန်းကတည်း က ငယ်ပေါင်းသူငယ်ချင်းတွေ ဖြစ်ခဲ့ကြသည်တဲ့။
အတူသွား အတူစား နေခဲ့ကြသည့် သံယောဇဉ် အဖြူရောင် တွေ ကို ညီဘက်က စတင် အရောင် ပြောင်းခဲ့တာ ကိုးတန်းကျောင်းသား ဘဝမှာ ဖြစ်သည်။ ဒါကို စွဲမက်နီ သိတော့ သက်မှူးညီကို ငယ်စာရင်း က ဖျက်ပစ်လိုက်၏ ။
ကျောင်းစာကလွဲပြီး ဘာကိုမှ အလေးမထားသော စွဲမက်နီရဲ့ ဥပေက္ခာတရားကို ညီ တော် တော် ပဲ ခံလိုက်ရသည်တဲ့။
အခုချိန်အထိ စွဲမက်နီနောက်ကို အရိပ်လို လိုက်ကာ တောင်း ပန်ပေမယ့် စွဲမက်နီက စကားလေးတောင် တစ်ခွန်းပြန်မပြော။ အခု လည်း ကြည့်။ သူတို့နှင့်လိုက်မလာဘဲ စွဲမက်နီအနောက်က ပါလာသည်။
အပြာနုရောင် ကျောပိုးအိတ်လေး လွယ်ကာ လျှောက်လာသော စွဲမက်နီ မျက်နှာလေးက မာတင်းတင်းလေးနဲ့တောင် ကြည့်လို့ကောင်း နေတော့ ဟိုကောင်တွေ ဘာမှမဆိုနိုင်ဘဲ ငေးငေးလေး ရှိနေကြ၏ ။
သူ ကတော့ စွဲမက်နီရဲ့ အနောက်က မဝံ့မရဲနဲ့ ခပ်ခွာခွာလေး လိုက်လာသော ညီကိုလည်း စိတ်တိုချင်မိ၏ ။
မိန်းမ တစ်ယောက် ကို ဒီလောက် အောက်ကျခံရအောင်ပဲ ဒီကောင့် မာနတွေ မရှိတော့ဘူးတဲ့လား။
''ထွီ ပျစ်''
ထွေးရင်း ဒေါသထွက်လာတာမို့ ပါးစပ်ထဲက ကွမ်းတံတွေး တွေ ကို သူ ထွေးထုတ်ပစ်လိုက်သည်။ ဒါကိုပဲ ဖျတ်ခနဲ မျက်လွှာပင့် ကြည့်သည့် စွဲမက်နီ မြင်သွားတော့ မျက်ခုံးတန်းတန်းလေးတွေ စုကျုံ့ သွား၏ ။
တဒင်္ဂလေးပဲကြာသည့် စွဲမက်နီ အကြည့်တွေ ထဲမှာ သူ့ကို အထင်သေး ရှုတ်ချသော အရိပ်တွေ မြင်တွေ့ သည်။ ဒါကိုပဲ ကျေနပ်စွာ ယဲ့ယဲ့ပြုံးရင်း သူ ပါးစပ်ထဲက ကွမ်းတွေ ကို ဆက်ဝါးနေလိုက်သည်။
ဆတ်ခနဲ သူမ အကြည့်တွေ ပြန်ရုပ်သိမ်းသွားခဲ့ကာ စလစ်ပါ ဖိနပ်အနက်ရောင် လေး စီးထားသော ခြေလှမ်းတွေ ကျောင်းဝင်းထဲ လှမ်းဝင်သွားခဲ့၏ ။
''ဟင် သျှင်မြတ် မင်း ကွမ်းတွေ စားနေတယ်'' သူ့ပါးစပ်ထဲက ကွမ်းတွေ ကို ကြည့်ရင်း သက်မှူးညီ အံ့သြ စိုးရိမ်သလို ပြောတော့ သူ ရှုတည်တည်နှင့် ပြန်စိုက်ကြည့်ပစ်ရင်း
''ဘာ ဖြစ်လဲကွာ ကွမ်းစားတာ ငါ့ကို ဘာမှထိခိုက်မသွားဘူး၊ ငါက အစွဲအလန်း မထားဘူး၊ မင်းကိုယ်မင်း ဂရုစိုက်၊ အစွဲအလန်း ကြီးရင် ဒုက္ခရောက်တတ်တယ်''
ပြောရင်း သူ ပါးစပ်ထဲက ကွမ်းဝါးဖတ်တွေ ကို ထွေးထုတ်ပစ် နေတော့ သက်မှူးညီ ဘာမှမပြောဘဲ ခေါင်းလေးငုံ့သွားခဲ့၏ ။
တစ်လကျော်ပဲ ကွာသည့် ညီအစ်ကို ဝမ်းကွဲတွေ မို့ စကားပြော လျှင် မင်းနဲ့ငါ ပြောကြတာတော့ မှန်သည်။ သူ ဆူပူဆုံးမလျှင်တော့ သက်မှူးညီ ခွန်းတုံ့ပြန်ပြောတာမျိုးတော့ မရှိပါ။
အခုလည်း နှုတ်ဆိတ်ငြိမ်နေသည်။
အားလုံး ကတော့ သက်မှူးညီ ငြိမ်သွားတာကို ကျေနပ်စွာ ကြည့်နေကြသည်။ စွဲမက်နီကြောင့် သက်မှူးညီ ကျူရှင်တောင် လိုက် မတတ်နိုင်ဘဲ ပညာရေး ကို ပေါ့လျော့နေတာ အမှန်။
အခါလွန်မှ ဒီကောင် နောင်တတွေ မရစေချင်ပါ။
''မောင်သျှင်မြတ်နီ''
''ရှိပါတယ် ဆရာမ ''
သူ့အမည် ကို ဆရာမ ခေါ်တော့ မတ်တပ်ရပ် လက်ပိုက်ထူးပြီး ပြန်ထိုင်ဖို့တောင် အခွင့်မရလိုက်ပါ။
''နေ နေဦး လာစမ်း မင်း ငါ့အနားလာစမ်း''
ဆရာမ ရွှေကိုင်းမျက်မှန်ကို ပင့်တင်ပြီး သူ့ကို လှမ်းခေါ်သည်။ သူ့ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားပေမယ့် ဆရာမ ဆီကို ရဲရဲတင်းတင်းပဲ လျှောက်ခဲ့သည်။
''ဟစမ်း မင်းပါးစပ် ဟစမ်းပါ''
ဆရာမ စေခိုင်းသည့်အတိုင်း သူ ပါးစပ်ဟပြလိုက်သည်။ ဘယ်လောက်ပဲ ပလုပ်ကျင်းပြီး ကွမ်းတွေ ထွေးထုတ်ခဲ့ပါစေ။ ရဲရဲနီနေ သော သူ့သွားနှင့် လျှာကို ဆရာမ မြင်တွေ့ သွားမှာ သေချာ၏ ။
''မင်း ကွမ်းတွေ စားထားတယ် မဟုတ်လား သျှင်မြတ်နီ''
''ဟုတ်ကဲ့ ဆရာမ ''
သူ့ဝန်ခံစကားကြောင့် ဆရာမ မျက်နှာ ဒေါသရောင် တွေ ချက်ချင်း အရိပ်ထင်သွားခဲ့သည်။
''မင်းကျောင်းသား တစ်ယောက် မဟုတ်ဘူးလား၊ ကွမ်းစား ဆေးလိပ်သောက်စရာလား၊ ဒီလို စည်းကမ်းမဲ့တဲ့ စရိုက်တွေ ငါလုံးဝ မကြိုက်ဘူး၊ မင်း အခု လက်ဝါးဖြန့်စမ်း''
ဆရာမ ဒေါသတွေ တရိပ်ရိပ်တိုးလာတာ သူ မြင်နေသည်။ တစ်တန်းလုံး တိတ်ဆိတ်နေ၏ ။ ကျော်လေးနှင့်အာကာလည်း သူ့ကို လှမ်းကြည့်ကာ စိတ်မကောင်း ဖြစ်နေမှာ မလွဲပါ။
ကျောင်းမတက်ခင်က သူ ကွမ်းတောင်းစားတော့တောင် သတိ ပေးခဲ့ကြသေးသည်။
''ရွှမ်း ရွှမ်း''
ဖြန့်ထားသော သူ့လက်ဖဝါးတွေ ထူပူစပ်ဖျဉ်းသွားတာ အမှန်။ ဆရာမ ရဲ့ ကြိမ်လုံးလေးက လေထဲကို ထပ်မြောက်တက်သွားပေမယ့် သူ တစ်ချက်လေး မတွန့်ဘဲ ခံယူသည်။
''ရွှမ်း ရွှမ်း ရွှမ်း''
''ဒီမှာ သျှင်မြတ်နီ ကျောင်းသား တစ်ယောက် ကွမ်းမစား ဆေးလိပ်မသောက်ရဘူးဆိုတာ မင်း သိတယ်၊ ဒါ စည်းကမ်းပဲ၊ ကလေ ကချေ စရိုက်တွေ မင်းမလုပ်နဲ့၊ မင်းမိဘ သိက္ခာ ကိုယ့်သိက္ခာကို မင်း အလေးထားပါ၊ သွား နောက်တစ်ခါ ဒါမျိုး ဆရာမ မမြင်ချင်ဘူး''
''ဟုတ်ကဲ့ပါ ဆရာမ ''
သူ ဆရာမ ရှေ့က ရိုကျိုးစွာ ပဲ လှည့်ထွက်ခဲ့သည်။ တစ်ခန်းလုံး ရဲ့ အကြည့်တွေ သူ့ကို ငေးကြည့်နေကြမှာ သေချာ၏ ။
''ငါ သတိပေးရက်နဲ့ကွာ မင်းက''
ကျော်လေး သူ့ကို အပြစ်တင်သည်။ သူ ဘာမှခွန်းတုံ့ မပြန် ဘဲ စွဲမက်နီကို လှမ်းကြည့်မိသည်။
သူ မျှော်လင့်ထားသည့်အတိုင်း သူမ မျက်ဝန်းတွေ သူ့ကို စိုက်ကြည့်နေခဲ့သည်။ လှပဝိုင်းစက်သော မျက်နက်ဝန်းလေးတွေ ထဲမှာ အထင်သေး ရှုတ်ချနေသော အရိပ်တွေ ပျော်ဝင်နေခဲ့၏ ။
နှုတ်ခမ်းပါးလေးတွေ မဲ့ခနဲ ဖြစ်သွားကာ သူမ အကြည့်တွေ လွှဲသွားတော့ သူ ပြုံးလိုက်မိသည်။
သျှင်မြတ်နီ ဆိုတဲ့ကောင်က မင်း အထင်သေး နှိမ်ချစရာ ကောင်းတဲ့ ကောင်တစ်ကောင်လို့ပဲ ယုံထားလိုက်စမ်းပါ စွဲမက်နီ။
ငါလိုချင်တာ အဲဒါပဲလေ။ မင်းရှေ့မှော က်မှာ တမင် ကွမ်းစာ ပြခဲ့တာ ဒါကြောင့် ပေါ့။ အခုလို ဆရာမ က သိသွားပြီး ငါ့ကို ဆုံးမလိုက် တော့ ပိုပြီး လေးနက်သွားတယ် စွဲမက်နီ။
သျှင်မြတ်နီဆိုတဲ့ ကောင်က ပေပေတေတေ ကောင်တစ် ကောင်ပဲ။ ဒီထက်မပိုပါဘူး။ ဒါပေမဲ့...။
![]() တိမ်တွေနဲ့ပန်းဝင်လာတဲ့ ပင်လယ် | ![]() ငရဲခန်းပျို့ | ![]() တိမ်နံ့တသင်းသင်းကို တစ်ပွင့်စီပန် |