Cover

မြသန်းတင့်၏ အမှာ

ကလေးစာပေများ

ကလေးစာပေများ ထွန်းကားပေါ်ပေါက်ရေး ကို ကြိုးပမ်းလာ ခဲ့ကြသည်မှာ ဂန္တလာကခေတ်လောက်က စတင်ခဲ့သည်ဟုဆိုလျှင် ဆိုနိုင်လိမ့်မည် ထင်ပေသည်။ ကျွန်တော် တို့၏ ဆရာများ ဖြစ်ကြသော ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တို့သည် နှောင်းသားစဉ်မြေးဆက်အတွက် ကလေးတို့၏ တေးကဗျာများ ကို စပ်ဆိုခဲ့သည်မှာ လည်း ထိုခေတ်လောက်ကပင် ဖြစ်သည်။ ဆရာတို့သည် ကလေးတို့၏ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲရန် ရှေ့ဆောင်ရှေ့ရွက်ပြုခဲ့ကြ၊ ပြုကြဆဲ ဖြစ်သည်။

ထို့ပြင် ဦးဂွမ်လျောင် (ဦးပန်းနွယ်)နှင့် အစ်မကြီး နုယဉ် တို့သည် လည်းကောင်း၊ ဆရာဦးမျိုးမင်း(နွယ်စိုး)နှင့် ပုဏ္ဏဝတီ မြတို့သည်လည်းကောင်း ကလေးတို့၏ စာရိတ္တကို ပြုပြင်ပြောင်းလဲရေး ကို ကူညီအားပေးခဲ့ကြသည်။ ထိုစဉ်က ဦးဂွမ်လျောင်နှင့် အစ်မကြီး နုယဉ်တို့သည် 'ကြောင်ဖား' ကိုသတ်ရန် ကြံစည်ခဲ့ကြဖူးသည်။ ကျွန်တော် တို့ မြန်မာကလေးများ သည် 'အဆီကိုစားပါလို့ အသားကိုမျို၊ ကြောင်အိုပေမှေး၊ ကိုက်လှဲ့ပလေး' အစရှိသော သားချော့ကဗျာကိုလည်းကောင်း၊ 'မအိပ်ရင် ကြောင်ညိုဖားရယ်စားလှဲ့ ပါလေး' ဟူသော သားချော့ကဗျာကိုလည်းကောင်း၊ နားထောင်၍ ကြီးပြင်းလာကြရသူများ ဖြစ်သည်။ ထို့ကြောင့် ထိုကြောက်တတ်သော အလေ့သည် ကြီးပြင်းလာသည်ထိ ရိုးတွင်းချဉ်ဆီခိုက်အောင် စွဲလာရသည်ဟု ယူဆကြသည်။ ဤအယူအဆဖြင့် ဦးဂွမ်လျောင်နှင့် အစ်မကြီးနုယဉ်တို့သည် 'ကြောင်ဖား' ကို သတ်သင့်၊ မသတ်သင့်။ (ဝါ) ကြောင်ဖားကဗျာကို မြန်မာသားချော့ကဗျာများ မှ ဖြုတ်သင့်၊ မဖြုတ်သင့် ငြင်းငုံခဲ့ကြသည်ကို မှတ်မိဖူးသည်။

သို့သော် ကျွန်တော် တို့ခေတ်တွင် ကား 'ကြောင်ဖား' သည်ပင် ဘယ်ချောင်သို့ ပြေးလေပြီမသိပြီ။ ကြောင်းဖား အစား သိုးဆောင်းပုံပြင်ကလေးများ ၊ ကမ္ဘာ့ဂန္တဝင် ပုံပြင်ကလေးများ ကို အင်္ဂလိပ်ကျောင်းများ တွင် သင်စပြုလာပြီ။ ကျွန်တော် တို့ခေတ်သည် 'ကြက်မရောက် ကျီးမမည် ' သော အောက်ကလိအာ ခေတ် ဖြစ်သည်။

နေ့တွင် အီစွတ်ဒဏ္ဍာရီများ ၊ ဂရင်း၏ ဒဏ္ဍာရီများ ၊ အင်ဒါဆင်၏ ဒဏ္ဍာရီများ ၊ တစ်ထောင့်တစ်ညဒဏ္ဍာရီများ မှ ထုတ်နှုတ်ထားသော မြန်မာဖတ်စာများ ကို သင်အံ၍ ည လသာသာ လသာဆောင်တွင် မိခင်၊ ဖခင်၏ လက်မောင်းကို ခေါင်းအုံးအိပ်ရင်း ရွှေယုန်နဲ့ ရွှေကျား ဒဏ္ဍာရီ၊ ဘာလီနှင့် သုကြိတ်ပုံပြင်၊ မယ်ထွေးကို ငန်းတော်ြေ>ွမမင်းသား ကောက်သည့် ဒဏ္ဍာရီပုံပြင်တို့ဖြင့် ကြီးပြင်းခဲ့ရသည်။ ထို့ကြောင့် ကျွန်တော် တို့ခေတ်သည် 'လူ့ပြည်တစ်နေ့၊ နတ်ပြည်တစ်ည' ကျက်စားရသော ခေတ် ဖြစ်သည်။

ယခုခေတ်ကလေးများ ကား မြန်မာပုံပြင်များ ကို ဝေးစွ။ သိုးဆောင်းပုံပြင်များ ကိုပင် ကောင်းစွာ မတတ်ြ ကတော့ပြီ။ စေတနာ သက်ရောက်သည့် စာနယ်ဇင်းအချို့က ကြိုးစားလျက်ရှိကြသော်လည်း ထိုကလေးတို့သည် မယ်ထွေးကို ငန်းတော် မြွေမင်းသားကောက်သည့် ဒဏ္ဍာရီထက် ကောင်းဘွိုင်အကြောင်း ပို၍ သိကြသည်။ 'ခိုဖြူ ခိုဝါနက် ရယ်က ဖမ်းခက်သေး' ဆိုသော သားချော့ကဗျာထက် ရွိုင်ရော့ဂျား(စ်)၏ နွားကျောင်းသီချင်းကို ပိုသိကြသည်။ မြန်မာဒဏ္ဍာရီများ ထက် ကောမစ်မဂ္ဂဇင်းများ ကို ပို၍ စုံမက်ကြသည်။ ထို့ကြောင့် ကျွန်တော် တို့နိုင်ငံမှ ကလေးများ သည် (Cosmopolitanism)လူမျိုးရောထွေးယှက်တင်ရေး ဝါဒအဆိပ်ဖြင့် မွှန်သွားမည့်  အန္တရာယ်သည် ကြီးထွားလာပြီဟု ယူဆမိသည်။

ဤဒဏ္ဍာရီများ ကို ပြန်ဆိုရသည့် ရည်ရွယ်ချက်သည် တိုက်လိုခိုက်လိုစိတ်ဖြင့် ဆူဝေနေသော ကလေးများ ၏ စိတ်၊ ဂျပန်ခြောက်လုံးပြူးကိုဝယ်ရန် ပူဆာသော စိတ်၊ အမေရိကန်ကောင်းဘွိုင်နှင့် ကောမစ်မဂ္ဂဇင်းများ ကိုသာ အငမ်းမရလှန်လှောလို သော စိတ်တို့ ကိန်းဝပ်နေသည့် ကလေးများ အား စိတ်ဓာတ်ပြုပြင် ပြောင်းလဲပေးရေး တွင် ကြီးစွာ သော လုံ့လတစ်ရပ်မ ဖြစ်သည့်တိုင် 'စရည်းအိုးခွက်၊ ကြီးစွာ လျက်နှင့် ကျဖန်များ လား၊ ပြည့်သော ငြားသို့' ဆိုသကဲ့သို့ အနည်းနှင့် အများ ဖြစ်စေ၊ အထောက်အပံ့ရလိုရငြား ရည်ရွယ်ပါသည်။

ဤတွင် စောဒကတက်စရာတစ်ရပ် ပေါ်လာပြန်သည်။ သို့ဖြင့်လျှင် အဘယ်ကြောင့် မြန်မာပုံပြင်များ ကို မစုဆောင်းဘဲ သိုးဆောင်းပုံပြင်များ ကို စုဆောင်းရလေသနည်းဟု မေးဖွယ်ရှိပြန်သည်။ ကျွန်တော် တို့သည် 'အောက်ကလိအာ' ခေတ်တွင် ကြီးပြင်း ခဲ့ရသည်ဟု ဝန်ခံခဲ့ပြီးပါပြီ။ မြန်မာဒဏ္ဍာရီများ နှင့်ပတ်သက်၍ ဆရာ မင်းသုဝဏ်၏ 'နှမမုန့်ရောင်း မောင်မုန့်ထောင်း' အစရှိသော ပုံပြင်များ ရှိပြီး ဒေါက်တာထင်အောင်၏ 'မြန်မာဒဏ္ဍာရီ' ဝတ္ထုတိုများ ရှိပြီ။ ဦးမောင်မောင်ပြေ၏ 'မြန်မာပုံပြင် ၃ဝ' ရှိပြီ။ ထို့ပြင် မြန်မာဒဏ္ဍာရီပုံပြင်များ ကို ရှေးလူကြီးသူမများ ထံမှ စုဆောင်းရန် အချိန်ကြာမြင့်ဦးမည် ။ ထို့ပြင် ကလေးတို့အတွက် မည် သည့်ပုံပြင်မျိုး ဖြစ်စေ စာရိတ္တကောင်းမွန်ရေး သို့ ရှေ့ရှုလျှင် သိရှိဖို့လိုအပ်မည် ။ ထို့ပြင် ယခုပြန်ဆိုမည် Hans Christian Anderson ၏ ပုံပြင်များ သည် သိုးဆောင်းပုံပြင်များ အနက် ကျွန်တော် အစွဲလမ်းဆုံး ဖြစ်သည်။ ဤသည်တို့ကြောင့် ခရစ်စယာန် အင်ဒါဆင်၏ ပုံပြင်များ ကို ပြန်ဆိုခြင်း ဖြစ်ပါသည်။

ကျွန်တော် တို့ခေတ်နှင့် ရှေးဘိုးဘွားတို့ခေတ်သည် များ စွာ ခြားနားကြသည်။ ကျွန်တော် တို့ ဘိုးဘွားတို့လက်ထက်က သားမြေးတို့သည် ဘိုးဘွားမိဘ၏ လက်မောင်းတွင် ခေါင်းအုံးကာ ပါးစပ်ပုံပြင်ကို နားထောင်ကြရသည်။ ထိုမှ သားငယ်မြေးငယ်တို့သည် ပညာရကြသည်။ ထို့နောက်တွင် လောကဓာတ်ကျောင်းများ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ကလေးသူငယ်တို့၏ ပညာရေး ကို မိဘတို့က ထိုကျောင်းများ သို့ လွှဲအပ်လာကြသည်။ ဤအခါတွင် မိဘတို့အစား ဆရာသမားများ က ဒဏ္ဍာရီများ ကို ပြောကြရသည်။ သူတို့အတွက် စာပေကို ရှာဖွေလာကြရသည်။ ဤသဘောသည် ဒဏ္ဍာရီတို့၊ ပုံပြင်တို့၏ သမိုင်းတွင် တွေ့ ရတတ်သော ပြောင်းလဲမှု သဘော ဖြစ်သည်။

ဤတွင် ဒဏ္ဍာရီများ အယုံအကြည်မရှိသော လူအများ အပြားပေါ်ပေါက်လာခဲ့ကြသေးသည်။ ထိုသူတို့ ဒဏ္ဍာရီပုံပြင်များ ကို ယုတ္တိယုတ္တာအမျိုးမျိုးဖြင့် ကန့်ကွက်ပစ်တတ်ကြသည်။ ဤတွင် ယုတ္တိ အတန်ဆုံးကန့်ကွက်ချက်ကို ကျွန်တော် တို့ စစ်ဆေးကြည့်သင့်သည်။

၎င်းကား ရှေးဟောင်းဒဏ္ဍာရီများ သည် ခေတ်သစ်ယဉ်ကျေး မှု နှင့် ဆီလျော်ခြင်းမရှိတော့ဟူ၍ ဖြစ်သည်။ ထိုသူတို့၏ ရှေးဟောင်း ဒဏ္ဍာရီပုံပြင်များ သည် မှော်အတတ်၊ စုန်း၊ ကဝေအတတ် အစရှိသော ပညာတို့ ထွန်းကားသည့် မြေရှင်ခေတ်တွင် ပေါ်ထွန်းခဲ့သော ကြောင့်၊ ယနေ့ စက်မှု ထွန်းကားသော ဒီမိုကရေစီခတ်နှင့် မဟပ်မိတော့ပါဟု ဆိုလာကြသည်။ ဆီလျော်သည်၊ မဆီလျော်သည်ကို စမ်းသပ်ရန် အကောင်းဆုံးမှတ်ကျောက်ကား စာတတ်သူကလေးသူငယ်တို့ ဤ ပုံပြင်များ ကို စိတ်ဝင်စား၊ စိတ်မဝင်စား။ ဖတ်၍ နှစ် ခြိုက်၊ မနှစ် ခြိုက် အပေါ်တွင် ကြည့်၍ ဆုံးဖြတ်ခြင်းသည် အကောင်းဆုံးပင် ဖြစ်သည်ဟု ယူဆမိသည်။ ဒဏ္ဍာရီပုံပြင်များ ကြောင့် စာရိတ္တမြှင့်တင်ရေး တိုးတက် သည်၊ မတိုးတက်သည်ကိုမူ နောင်သားစဉ်မြေးဆက်တစ်ဆက်ကသာ လျှင် သက်သေထူမည် ဖြစ်၍ ယခု ချက်ခြင်းဆုံးဖြတ်၍ ရနိုင်မည် မဟုတ်ပါပေ။ မြေရှင်ခေတ်တွင် ထွန်းကားလာသော ဒဏ္ဍာရီများ ဖြစ်စေကာမူ စာရိတ္တတိုးတက်ကောင်းမွန်ရေး ကို ရှေ့ရှုသည်ဟုဆိုလျှင် ထိုကန့်ကွက်ချက်သည် ပြေလည်လောက်ပေသည်။

ဒုတိယဆင်ခြေကား ဒဏ္ဍာရီတို့မည် သည် တကယ်အ ဖြစ် အပျက်မဟုတ်ဘဲ၊ ဘီလူး၊ စုန်းမ၊ နဂါး၊ ကော်ဇောပျံ စသည့် ယုတ္တိ မရှိသော အကွက်များ ဖြင့်သာ ပြည့်နှက်လျက်ရှိသော ကြောင့် ကလေး သူငယ်များ အား သင်မပေးအပ်ဟုဆိုသည်။ သို့ရာတွင် ကလေး၏ စိတ်ကူးစိတ်သန်းများ ကို ဒဏ္ဍာရီပုံပြင်များ ထဲတွင် ပျော်မွေ့စေရုံသက်သက်အစား ဤဒဏ္ဍာရီပုံပြင်ဖြင့် ပေါင်းသင်းဆက်ဆံမှု တွင် မည် သည့်နည်းဥပဒေကို လိုက်နာသင့်သည်ဟု သင်ကြားသင့်သည် ဟု ယူဆမိသည်။ ထို့ပြင် မည် သည့်စာရေး ဆရာကမျှ ထိုဒဏ္ဍာရီသည် တကယ့်အ ဖြစ်အပျက်ပါဟု မကြွေးကြော်ခဲ့သဖြင့်လည်း ဤအချက်သည် ပြေလည်နိုင်သည်ဟု ယူဆမိသည်။

ဒဏ္ဍာရီများ ၏ သဘောသည် သင်ခန်းစာယူရန် ဖြစ်သည်။ ဇာတ်လိုက်တစ်ဦးပါဝင်၍ အဆုံးသတ်တွင် ပျော်စရာဇာတ်လမ်းဖြင့် အဆုံးသတ်လေ့ရှိသည်။ (သို့သော် ဝမ်းနည်းဖွယ် ဇာတ်သိမ်းဖြင့်လည်း တစ်ခါတစ်ရံ ဆုံးတတ်သည်။) ဝတ္ထုအစတွင် ဇာတ်လိုက်သည် သူတစ်ပါး၏ အငြိုအငြင်ခံရသည်။ ဖိစီးနှိပ်စက်ခံရသည်။ သို့ရာတွင် ဇာတ်သိမ်း၌ သူ့၌ သူများ ကို ကယ်တင်လိုစိတ်ဖြင့် ကိန်းဝပ်လာတတ်သည်။ ဂုဏ်ပကာသန၊ ချစ်သူတို့ကို ရရှိဆွတ်ခူးနိုင်လေ့ရှိသည်။ သူ၏ သိမ်ငယ်သော ဘဝမှ ကြီးကျယ်ထင်ရှားသော ဘဝသို့ ရောက်ရှိရေး ၊ စိတ်ကောင်းစိတ်မှန်ရှိသော ဘဝသို့ရောက်ရှိရေး အတွက် သူသည် အခက်အခဲများ ကို ဆက်တိုက်ကျော်လွှားရင်ဆိုင်ခဲ့ရသည်။ မီးတောက် မီးလျှံများ ကာဆီးခြင်း၊ ချောင်းခြား မြစ်ခြားကြုံခြင်း၊ မိုးကြီးလေကြီးမိခြင်း စသော သဘာဝ အခက်အခဲများ အပြင် မကောင်းသော တန်ခိုးရှင်များ ၊ မိထွေးများ ၊ ဝန်တိုသော ညီအစ်ကို အစ်မများ နှင့် စုန်းမများ အစရှိသည့် လူကြမ်းတို့၏ အနှောင့်အယှက်ကိုလည်း တိုက်ခိုက်ကျော် လွှားခဲ့ရသည်။ ဤသည်တို့သည် အများ အတွက် စွန့်စားလို စိတ်။ အနစ်နာခံလိုစိတ်၊ ကိုယ်ကျိုးစွန့်လိုစိတ် စသော စိတ်ကောင်းစိတ်မွန် များ ကို မွေးမြူပေးနိုင်သည်။ ထို့ပြင် နည်းလမ်းမမှန်သည်ကို ပယ်ရှားလိုစိတ်၊ ကောင်းရာကို ညွှန်လိုစိတ် စသည့် ရှေ့ဆောင်ရှေ့ရွက် စိတ်ဓာတ်များ ကို ပေါ်ပေါက်စေနိုင်သည်။ ကိုယ့်ကိုယ်ကိုယ် အားကိုးစိတ်။ သူတစ်ပါးအား မမှီခိုလိုသော စိတ်ကို ကြီးထွားစေသည်။

သိုးဆောင်း ပါးစပ်ပုံပြင်များ ကို ပထမဆုံး မှတ်တမ်းတင်ကြသူများ မှာ ဂျက်ကော့(ဒ်)နှင့် ဂရင်းညီအစ်ကိုနှစ် ဦးတို့ ဖြစ်သည်။ သူတို့ ညီအစ်ကိုနှစ် ဦးသည် လူကြီးသူမတို့ ပါးစပ်များ မှ ကြားရသော စကားများ အတိုင်း တစ်စုံတစ်ရာ ထပ်မံဖြည့်စွက် အချောသတ်ခြင်းမရှိဘဲ၊ မှတ်တမ်းတင်ကြသူများ ဖြစ်သည်။

ကျွန်တော် လေ့လာ၍ သိရသမျှ ဟန်(စ်)ခရစ်စယန်အင်ဒါဆင်သည် ထိုပါးစပ်ဒဏ္ဍာရီများ ကို စာပေဟန်ဖြင့် ပထမဆုံး ရေး သားသူဟု အဆိုရှိသည်။ ထို့ပြင် အင်ဒါဆင်သည် သူကိုယ်တိုင်လည်း ပုံပြင်များ ကို ရေး လေသေးသည်။ အင်ဒါဆင်၏ ပုံပြင်များ အနက် အချို့သည် ကရုဏာသက်ဖွယ် ဇာတ်လမ်းဖြင့် ဆင်ထားသည်။ အချို့သည် လောကကြီး၏ သဘောကို ပြောင်လှောင်သည့် စကားလုံးများ ဖြင့် မှု န်းသထားသည်။ အချို့သည် လောကကြီး၏ အငြိုအငြင်ကိုမခံရဲဘဲ ထွက်ပြေးရသည့်ဘဝမှ လောက၏ အငြိုအငြင်ကို ခံရဲသော သတ္တိဖြင့် ပြည့်စုံလာသူတို့၏ ဘဝကို သရုပ်ဖော်ထားသည်။ သိုးဆောင်းပုံပြင်များ သည် ရှေးဟောင်းဂရိလင်္ကာကြီးများ ထဲမှ ဇာတ်သွားများ ကဲ့သို့ ဇာတ်ဆောင်နှင့် နောက်ခံသဘာဝ တ္တအဖွဲ့သည် ခွဲ၍ မရအောင် ဆက်စပ်လေ့ရှိသည်။

အင်ဒါဆင်သည် ဒိန်းမတ်ပြည်သား ဖြစ်၍ လွန်ခဲ့သော ၁၉ ရာစုကုန်ခါနီး တွင် ထင်ရှားခဲ့သော စာရေး ဆရာကြီး ဖြစ်သည်။ ကလေးတို့၏ ဒဏ္ဍာရီပုံပြင်များ ကို စာပေဟန်ဖြင့် ရေး သားခြင်း၊ သူကိုယ်တိုင် ပုံပြင်သစ်များ ကို တီထွင်ရေး သားခြင်းကြောင့် ထင်ရှားလာသော စာရေး ဆရာကြီး ဖြစ်သည်။ အင်ဒါဆင်၏ ပုံပြင်များ သည် ဒိန်းမတ်ကလေးတို့အတွက်သာမက တစ်ကမ္ဘာလုံးရှိ ကလေးများ နှင့် သင့်လျော်သော ပုံပြင်များ ဖြစ်သည်ဟု အဆိုရှိပေသည်။ ယခု အပတ်မှစ၍ ညီငယ်၊ ညီမငယ်များ အတွက် အပတ်စဉ်ရေး သားသွားမည် ဖြစ်ပါသည်။

မြသန်းတင့်

(သွေးသောက်မဂ္ဂဇင်းဇူလိုင်၊ ၁၉၅၄ )

စာဖတ်သူသို့...

'အင်ဒါဆင်ဒဏ္ဍာရီများ ' သည် ဆရာမြသန်းတင့် 'မြသန်း'ကလောင်အမည် ဖြင့် သွေးသောက်မဂ္ဂဇင်းတွင် ဘာသာပြန်ဆို ဖော်ပြခဲ့သော ပုံပြင်များ ဖြစ်ပါသည်။

ဆရာမြသန်းတင့်၏ 'အင်ဒါဆင်ဒဏ္ဍာရီများ ' ကို စာအုပ်အ ဖြစ် စုစည်းထုတ်ဝေခဲ့ခြင်း မရှိသေးပါ။

ဆရာ့ပုံပြင်များ ကို စုစည်းထုတ်ဝေရန် စိတ်ကူးရှိခဲ့သူ ကိုမြင့်ထွန်း( Quality စာအုပ်တိုက်)ထံမှ သူ စုဆောင်းထားသော စာမူများ တောင်း၍ စာစုစာရင်းနှင့် တိုက်ကြည့်ပြီး လိုအပ်သော ပုံပြင် ၃ ပုဒ်ကို ထပ်မံရှာဖွေစုစည်း၍ ဤစာအုပ်ကို ပထမအကြိမ် ထုတ်ဝေလိုက်ပါသည်။

ကမ္ဘာ့ဂန္ထဝင်စာပေစာရင်းဝင် 'အင်ဒါဆင်ဒဏ္ဍာရီများ ' ကို ဆရာမြသန်းတင့် ပြန်ဆိုသော စကားပြေဖြင့် နှစ် ခြိုက်စွာ ခံစားဖတ်ရှုရခြင်းကြောင့် စာဖတ်သူများ ကျေနပ်နှစ်သက် မည် ဟု မျှော်လင့်ပါသည်။

ဤစာအုပ် ထုတ်ဝေခွင့်ပြုသော ဆရာမြသန်းတင့်၏ သမီး မမြူမြူနှင့် ဆရာ့သား ကိုဖိုးလမင်း၊ Quality စာအုပ်တိုက်မှ ကိုမြင့်ထွန်းတို့ကို ကျေးဇူးတင်ပါသည်။

Synergy Publication

(၁)

အဖိုးအိုလင်မယား

တစ်ခါတုန်းက ယာတောတစ်ခုထဲမှာ တဲအိုတစ်လုံးရှိသတဲ့။ တဲခေါင်မိုးဟာ သက်ကယ်မိုးထားလို့ ငှက်တွေ ခဏခဏလာပြီး အသိုက်လုပ်ကြတယ်ဆိုပဲ။ ငှက်တွေ ဟာ ဘယ်မှာ အသိုက်လုပ်ရမလဲ ဆိုတာ စောင့်ကြည့်နေတယ် ထင်ပါရဲ့ ။ တဆိတ်ရှိရင် အိမ်ခေါင်မိုးမှာ လာပြီး အသိုက်လုပ်ကြတာပဲ။ ကြည့်လေ မင်းတို့အိမ်ရဲ့ တံစက်မြိတ် အစွန်းမှာ တောင် စာကလေးတွေ အသိုက်လုပ်ထားကြသေးတယ် မဟုတ်လား။ တဲမှာ ကာရံထားတဲ့ အကာအရံကလဲ ဖြစ်ကတတ်ဆန်း ပေါ့လေ။ တဲလေးခေါင်မိုးကို သစ်ပင်ကြီးတွေ ကလဲ အုပ်ဆိုင်းထားသေးသတဲ့။ တဲနဲ့ မလှမ်းမကမ်းမှာ ဘဲလေးတွေ နှစ် ကောင်စ၊ သုံးကောင်စ ရေကူးနေတတ်တဲ့ ရေအိုင်ကလေးရှိတယ်။ တဲပေါက်ဝမှာ တော့ လူရိပ် မြင်ရင် ထထဟောင်တတ်တဲ့ ခွေးတစ်ကောင်ဝပ်နေလေရဲ့ ။

အဲ... အဲဒီ ယာတောက တဲအိုမှာ ယာသမားအဖိုးအို လင် မယားနှစ် ယောက် နေကြသတဲ့။ သူတို့မှာ ဒီပစ္စည်းဟာဖြင့် တို့ပစ္စည်းပဲ ဟေ့လို့ ပြစရာဘာမှ မယ်မယ်ရရမရှိရှာကြပါဘူး။ ဒါပေမဲ့ မြင်းတစ် ကောင်တော့ လက်ညှိုးထိုးပြစရာရှိတယ်။ အဲဒီ မြင်းဟာ လမ်းဘေးမှာ ပေါက်နေတဲ့မြက်တွေ ကို ဝါးနေလေ့ရှိသတဲ့။ ယာရှင်အဖိုးအိုဟာ အဲဒီ မြင်းကြီးကို စီးပြီး မြို့တက်ဈေးဝယ်လေ့ရှိတယ်။ ပြီးတော့လဲ ဒီမြင်းကြီးကို အိမ်နားနီးချင်းတွေ အလိုရှိရင် ငှားလေ့ရှိတယ်။ အိမ်နီးနားချင်းတွေ ကလဲ သူတို့မြင်းကို ငှားတဲ့အတွက် အခကြေးငွေ သဘောမဟုတ်ပေမဲ့ နည်းနည်း ပါးပါး ဆန်ဆီဆေး အစရှိတဲ့ ပစ္စည်းတွေ ကို ပြန်ပေးတတ်ကြသတဲ့။ ဒါပေမဲ့ အဖိုးအိုလင်မယားဟာ ဒါနဲ့ တင်မကျေနပ်ကြဘူး။ မြင်းကြီးကိုရောင်းရင်လဲရောင်း၊ ဒါမှမဟုတ် ဒီ့ပြင်သူတို့အတွက် အသုံးကျတဲ့ ပစ္စည်းတစ်ခုခုနဲ့ လဲရင်လဲ လဲပစ်ချင် တယ်။

တစ်နေ့တော့ အမယ်အိုက 'ကိုရင်ရေ ဒီနေ့ မြို့ဈေးနေ့ မဟုတ်လား။ ဒီတော့ မြင်းကြီးကို ဈေးသွားပြီး ရောင်းရင်လဲ ရောင်းပါ။ သို့မဟုတ်ရင် ပစ္စည်းတစ်ခုခုနဲ့ လဲခဲ့ပါ။ ကိုရင်လုပ်သမျှဟာ အမှန်ချည်း ပါပဲ' လို့ အဖိုးအိုကို ပြောပြီး ဈေးအသွားခိုင်းသတဲ့။

အမယ်အိုဟာ သူ့ယောက်ျားခေါင်းပေါင်းကို ရစ်ပတ်ပေး သတဲ့။ အမယ်အိုက အဖိုးအိုထက်တောင် ကျကျနန ခေါင်းပေါင်းရစ် တတ်တယ်ဆိုကိုး။ အဖိုးအိုဟာလဲ ခေါင်းပေါင်းနဲ့ဆိုတော့ ကြည့်လို့ ခံ့ညားသတဲ့။

အဖိုးအိုဟာ မြင်းတစ်စီးနဲ့ ဈေးကိုထွက်လာတဲ့အချိန်မှာ နေဟာ တော် တော် မြင့်နေပြီ။ ဈေးသွားဈေးလာတွေ ဟာ ရှုပ်ရှက်ခတ်လို့ လမ်းတစ်လျှောက်မှာ ဖုံတွေ ထောင်းထောင်းထနေတာပဲ။ လမ်းမှာ နားစရာ ခိုစရာသစ်ပင်ရိပ်လဲ သိပ်မရှိဘူးတဲ့။

ဈေးသွားတွေ ထဲမှာ နွားမတစ်ကောင်ကိုဆွဲလာတဲ့ လူတစ်ယောက် ပါလာတယ်။ နွားမဟာ သိပ်လှတာပဲတဲ့။ နွားမကိုမြင်တော့ အဖိုးအိုက 'ဒီနွားမဟာ နို့တော် တော် ထွက်မှာ ပဲ၊ မြင်းကိုတော့ ဒီနွားမနဲ့ လဲခဲ့အုံးမှပဲလို့' တွေးပြီး...

'ဗျို့... ဗျို့ နွားမနဲ့ဆရာကြီး၊ ဒီမှာ ဗျ မြင်းတစ်ကောင်ဟာ နွား တစ်ကောင်ထက် ဘယ်လောက်အဖိုးတန်တယ်ဆိုတာ ကျုပ်ပြောပြ မယ်၊ ဒါပေမဲ့ ဘယ်လောက်တန်တန် အရေး မကြီးဘူးလေ၊ ကျုပ်မှာ နွားမတစ်ကောင် အရေး တကြီးအသုံးလိုလို့ လဲပါ' လို့ ပြောသတဲ့။

ဒီတော့ နွားရှင်ကလဲ 'လဲချင်တယ်ဆိုရင် လဲလေ' ဆိုပြီး လဲလိုက်သတဲ့။ အမှန် ကတော့ အဖိုးအိုဟာ ကိစ္စဝိစ္စတွေ ပြီးလို့ အိမ်ပြန် သွားဖို့ပဲရှိတော့တယ် မဟုတ်လား။ ဒါပေမဲ့ ဈေးသွားမယ်လို့ ထွက်လာ ပြီးတော့မှ မထူးတော့ပါဘူး ရောက်အောင်သွားဦးမယ်ဆိုပြီး နွားမကို မောင်းပြီး ဆက်လာသတဲ့။

ခဏကြာတော့ သိုးတစ်ကောင် ဆွဲလာတဲ့ လူ တစ်ယောက် ကိုတွေ့ သတဲ့။ သိုးဟာ အမွေးတဖွားဖွားနဲ့ တယ်ကောင်းတဲ့ သိုး ဆိုပဲ။ သိုး ကိုမြင်တော့ အဘိုးအိုက 'သိုးနှယ် လှလိုက်တာဟယ်။ ဒီသိုးများ ရရင် ဘယ်လောက်ကောင်းမလဲ မြက်ခင်းပေါ် လွှတ်ထားလိုက်ရုံပဲ၊ သိပ် ဂရုစိုက်စရာလဲမလိုဘူး၊ ဆောင်းတွင်းကျရင် သိုးမွှေးလဲ ရအုံးမယ်၊ နွားမ စာရင် သိုးက ကောင်သေးတယ်လို့တွေးပြီး နွားမနဲ့ သိုးနဲ့ လဲမလားလို့ မေးသတဲ့။

ဒီတော့ သိုးရှင်ကလဲ 'လဲတာပေါ့ဗျာ...' ဆိုပြီး လဲလိုက်ကြ ပြန်ရောတဲ့။ အဖိုးအိုလဲ သိုးဆွဲပြီး ဈေးကိုဆက်လာခဲ့သပေါ့လေ။ ခရီး နဲနဲပေါက်တော့ ငန်းတစ်ကောင်ပိုက်ပြီး လယ်ထဲက တက်လာတဲ့ လူ တစ်ယောက် နဲ့ တွေ့ သတဲ့။ 'အမယ် ငန်းကလေး လှရန်ကော၊ ဆူဆူဖြိုးဖြိုးနဲ့၊ အမွေးအတောင်ကလဲ လှပါဘိသနဲ့၊ င့ါကန်ဘေးက တဲစပ်နား လွှတ်ထားရရင် ဘယ်လောက် ပဏာရမလဲ၊ ပြီးတော့ အိမ်က အမေကြီး ငန်းကျွေးဖို့ အစာရှာရင်း အလုပ်ရရော၊ ငန်းလိုချင်တယ်လို့ ပူဆာတာနဲ့တော့ အံကျပဲလို့တွေးပြီး သိုးနဲ့ငန်းကို လဲပါလို့ပြောသတဲ့။

ငန်းရှင်ကလဲ အသာတကြည် လဲလိုက်သတဲ့။ ဒါနဲ့ အဖိုးအို ဟာ ငန်းပိုက်ပြီး ဆက်လာပြန်ရော။

ဈေးနားရောက်တာ့မယ်။ ဈေးသွားဈေးလာ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေ ဟာ လမ်းပေါ်မှာ ကြိတ်ကြိတ်တိုးလို့တဲ့။ တချို့များ လမ်း ပေါ်မှာ နေရာမရှိလို့ ခြံစည်းရိုးနင်းပြီး အာလူးခင်းတွေ ပေါ်က ကျော်ဖြတ်သွားကြသတဲ့။

ဈေးသွားဈေးလာတွေ လန့်လို့ ထွက်ထွက်ပြေးတဲ့အတွက် ကြိုးနဲ့ချည်ထားတဲ့ ယာရှင်ရဲ့ ကြက်မတစ်ကောင်ရှိတယ်။ ဒီကြက်မကို အဖိုးအိုမြင်တော့ 'အမယ်... ဒီလိုလှတဲ့ကြက်မမျိုး တစ်သက်မှာ တစ်ခါပဲ တွေ့ ဖူးသေးတယ်။ တို့အိမ်နားက ကပ္ပိယကြက်ဟာ ဒီကြက်မနဲ့ စာရင် ဘာဟုတ်သေးတုံး၊ ဒီကြက်မများ ရရင်တော့ တံခွန်နဲ့ ကုက္ကားပဲဗျို့၊ ကြက်မဆိုရင် ထိန်းဖို့လဲမလို၊ ကြောင်းဖို့လဲမလို၊ အစာရှာကျွေးဖို့လဲ မလိုဘူး၊ စပါးစေ့တစ်စေ့ နှစ် စေ့လောက်တော့ သူလဲ ရှာစားနိုင်တာပဲ'လို့ အောက်မေ့ပြီး ငန်းနဲ့ ကြက်မနဲ့ လဲလိုက်ပြန်ရောတဲ့။

အဖိုးအိုလဲ တစ်လမ်းလုံး အလဲအလှယ်လုပ်ခဲ့ရလွန်းလို့ မောစပြုလာပြီပေါ့။ ဆာဆာရှိလာတာနဲ့ ဆိုင်တစ်ဆိုင်ဝင်စားမယ် အလုပ်မှာ လွယ်အိတ်တစ်အိတ်ကို လွယ်လာတဲ့ လူ တစ်ယောက် နဲ့ တွေ့ သတဲ့။

အဖိုးအိုကလဲ 'ဗျို့ လွယ်အိတ်ထဲက ဘာတွေ တုံးဗျ' လို့ မေး သတဲ့။ အဲဒီ တော့ လွယ်အိတ်နဲ့ လူက 'သစ်တော် သီးတွေ ပါဗျာ၊ ဝက်ကျွေးဖို့လေ၊ ကြွေတဲ့အလုံးတွေ ကို ကောက်လာခဲ့တာပါ' လို့ ပြောသတဲ့။

'အလိုလေး... ဝက်ကျွေးဖို့ ဟုတ်စ။ နှမြောစရာဗျာ၊ ကျုပ်တို့များ တစ်နှစ် လုံး သစ်တော် သီးလေးတစ်လုံးရလို့ မစားရက်မသောက် ရက်သိမ်းထားတာ မှိုတောင်တက်နေပြီ။ အိမ်က အမယ်အိုကြီးဆိုရင် ဒီမှိုက်တက်တဲ့ သစ်တော် သီးကိုပဲ အရိပ်တကြည့်ကြည့်နဲ့၊ ဒီလို အိတ်နဲ့ တစ်လုံးလောက်များ ရလိုက်ရင် ...' လို့ ပြောသတဲ့။ ဒီတော့ လွယ်အိတ်နဲ့လူကလဲ 'ဒီလွယ်အိတ်နဲ့တစ်လုံးပေးရင် ခင်ဗျားက ဘာပေးမလဲလို့ မေးသတဲ့။

'ဟောဒီကြက်မကို ယူချင်သပဆိုရင်...' လို့ အဖိုးအိုက ပြောတဲ့အတွက်ကြောင့် လွယ်အိတ်နဲ့လူကလဲ သစ်တော် သီးအိတ်ကို ပေးလိုက် ပြီး ကြက်မကို ယူသွားသတဲ့။ အဖိုးအိုကလဲ သစ်တော် သီးအိတ်ဆွဲပြီး ဆိုင်ထဲဝင် သူ့အိတ်ကို မီးဖိုဘေးချခဲ့ပြီး လက်ဖက်ရည်သောက်နေသတဲ့။

ဆိုင်ထဲမှာ လဲ နွားကျောင်းသားတို့၊ မြင်းကုန်သည်တို့၊ လယ် သမားတို့စတဲ့ ဈေးလာတွေ ကြိတ်ကြိတ်တိုးလို့တဲ့။ အဲဒီ အထဲမှာ အိတ် ထောင်ထဲကို ရွှေစတွေ အပြည့်ထည့်ထားတဲ့ လူချမ်းသာနှစ် ယောက် လဲ ပါသတဲ့။

အဲဒီ တုံး မီးဖိုနားက တကျက်ကျက်မြည် သံကြားရသတဲ့။ လက်စသတ်တော့ သစ်တော် သီးတွေ မီးနားချထားခဲ့လို့ မီးကျွမ်းကုန် တာကို။ ဆိုင်ထဲရှိတဲ့လူတွေ ကလဲ 'ဟင်... ဘာသံပါလိမ့်' လို့ တစ်ဦးနဲ့ တစ်ဦး လှမ်းမေးကြတယ်။ အဖိုးအိုကလဲ သူ့မြင်းနဲ့ နွားမ၊ နွားမနဲ့သိုး၊ သိုးနဲ့ ငန်း၊ ငန်းနဲ့ ကြက်မ၊ ကြက်မနဲ့ သစ်တော် သီး တဆင့်တဆင့် လဲ လာပုံကို ပြောပြသတဲ့။ အဲဒီ တော့ လူ တစ်ယောက် က 'အဖိုးကြီး ခင်ဗျားအိမ်ပြန်ရင်တော့ အမယ်အိုကြီးက ဆူတော့မယ်' လို့ ပြောသတဲ့။ 'ဟေ့သူငယ်ရဲ့ ငါ့မိန်းမက ဘယ်တော့မှ မဆူဘူးကွဲ့၊ ကျုပ် အဖိုးကြီးအို လုပ်သမျှ အမှန်ချည့်ပဲလို့တောင် ပြောလိမ့်အုံးမယ်' လို့ ပြန်ပြောတယ် ဆိုပဲ။

'ဒါဖြင့်ရင် လောင်းတမ်းဗျာ၊ ခင်ဗျားနဲ့ ဟောဒီအသပြာ တစ် ထောင်ကျုပ်က လောင်းမယ်။ ခင်ဗျားက ငွေစတစ်စပဲ ထောင်တော့၊ ပြီးတော့ အမယ်ကြီးဆီသွားပြီး အဆုံးအဖြတ်တောင်းမယ်' လို့ လောင်းတာနဲ့ လောင်းလိုက်ကြရောတဲ့။

ဒါနဲ့ အဖိုးအိုရယ်၊ လောင်းတဲ့လူရယ်၊ ဆိုင်ရှင်ရယ် အမယ်အို ဆီလာခဲ့ကြသတဲ့။ အိမ်ရောက်တော့ အဖိုးအိုက 'ရှင်မရေ... ရှင်မ ငါတော့ အလဲအလှယ်လုပ်ခဲ့တယ်' လို့ ပြောသတဲ့။ အမယ်အိုကလဲ သစ်တော် သီးနဲ့လူနှစ် ယောက် ကို ဂရုမစိုက်ဘဲ 'အို... တော် မတော် ကိုရင်သိပြီးသားဆိုတာ ကျုပ်က ယုံကြည်ပြီးသား' လို့ ပြောသတဲ့။

'ခုတို့များ မှာ မြင်းမရှိတော့ဘူးကွဲ့၊ နွားမရလာပြီ' လို့ ပြော သတဲ့။ အမယ်အိုက 'အမလေး အဲဒါ ဘုရားဂုဏ်ကျေးဇူးကြောင့် တော် ရယ်၊ ဒီလိုဆို ကျုပ်တို့မှာ နွားနို့တို့၊ ထောပတ်တို့၊ ဒိန်ခဲတို့အတွက် မပူရ တော့ဘူးပေါ့တော် ၊ ကောင်းပါလေရဲ့ တော် ...' လို့ ပြောတယ်တဲ့။ ဒီတော့ အဘိုးအိုက...

'အေး... ဒါပေမဲ့ အဲဒီ နွားမကို သိုးနဲ့လဲခဲ့တယ်ကွဲ့' လို့ ပြောသတဲ့။ ဒီတော့ အမယ်အိုက 'အို... သာကောင်းသေး၊ ကျုပ်တို့လူက အမြော်အမြင်ရှိသားကလားတော် ၊ ကျုပ်တို့မှာ သိုးကျွေးဖို့ မြက်ခြောက်ရှိသားပဲဟာ၊သိုးဆီက သိုးမွေးရမှာ ပေါ့။ ဒါမှ အချမ်းပြေမှာ ပေါ့၊ တော့်  နွားမက အချမ်းပြေအောင် ဘာမှလုပ်နိုင်တာ မဟုတ်ပါဘူး' လို့ ပြောသတဲ့။

'အေး... ဒါပေမဲ့ သိုးကို ငန်းနဲ့လဲခဲ့တယ်' လို့ အဖိုးအိုက ပြော ပြန်သတဲ့။ ဒီတော့ အမယ်အိုက 'အမယ် ဒီနှစ် တစ်နှစ် လုံး ငန်းကောင် လုံးကင် တစ်ကောင်မှမစားရဘူး၊ ကျုပ်စားချင်မှန်းသိလို့ ဝယ်လာတယ်ထင်ရဲ့ ဟုတ်။ ဒါပေမဲ့ ဆူဖြိုးလာအောင် ကျွေးတော့ထားရဦးမှာ တော့် ' လို့ ပြောသတဲ့။

'အေး... ဒါပေမဲ့ ငန်းကို ကြက်မနဲ့ လဲခဲ့တယ်' လို့ အဖိုးအိုက ပြောပြန်သတဲ့။ အဲဒီ တော့ အမယ်အိုက 'အိုတော် ... သာတောင်မြတ် သေးတယ်။ ကြက်မက ဥ,ဥပေးအုံးမယ်၊ ပြီးတော့ ကြက်ကလေးတွေ ဝပ်ဦးမယ်၊ ကျုပ်တို့တော့ ကြက်ခြံလေးတောင် ဆောက်ထားရဦးမယ်၊ ကြက်မွေးချင်တာ ကြာလှပြီ' လို့ ပြောသတဲ့။

'အေး... ဒါပေမဲ့ ကြက်မကို သစ်တော် သီး တစ်အိတ်နဲ့ လဲခဲ့ တယ်' လို့ အဖိုးအိုက ပြောသတဲ့။ အဲဒီ တော့ အမယ်အိုက...

'အမလေးတော် ... မောင်မင်းကြီးသား အလိုက်သိလိုက်တဲ့ ဘုရားလောင်းကြီး၊ ကိုရင် မနက်ဈေးသွားကတဲက အပြန် ဖွယ်ဖွယ် ရာရာလေး ဖြစ်အောင် ဘာရှာထားရပါ့မလဲလို့ စိတ်ကူးနေတာ၊ ဒါနဲ့ ဟို နားကခြံ သွားတောင်းတယ်၊ မိန်းမက စကားတော့ ချိုပါရဲ့ နှမြောတတ် လွန်းလို့ တစ်လုံးမှ မရခဲ့ဘူး။ မိန်းကလေးရယ် တစ်လုံးချေးပါအေ' လို့ ပြောတော့ 'ချေးစရာမရှိပါဘူး အမေကြီးရယ်' ဆိုလို့ ဒီအတိုင်း ပြန်ခဲ့ ရတယ်။ ခုတော့ ဒင်းကို ဆယ်လုံးတောင် ပြန်ချေးနိုင်သေး၊ မောင်မင်း ကြီးသား ကျေးဇူးပါပဲတော် ၊ ဒီကောင်မကို မခံချင်လွန်းလို့' လို့ ပြောသတဲ့။

အဲဒီ တော့ ဧည့်သည်နှစ် ယောက် ကလဲ 'အင်း... ရှေ့သွားနောက်လိုက် ညီပါပေ့ဗျာ၊ ဒီလို လင်မယားတွေ့ ရတာ ပိုက်ဆံကုန်ရကြိုးနပ်ပါပြီ' ဆိုပြီး အသပြာ လေးထောင် ပေးလိုက် ကြသတဲ့။

(သွေးသောက်မဂ္ဂဇင်းဇန်နဝါရီ၊ ၁၉၅၆ )



ဝန်ဇင်းချစ်သူများ မြသန်းတင့် ၏ “ အင်ဒါဆင်၏ ဒဏ္ဍာရီများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မယ့်တစ်ကိုယ်နှင့် အခြားဝတ္ထုတိုများ

ရှားလော့ဟုမ်း၏ မှတ်တမ်းများ

လူလေးသို့ ပေးစာများ