သူချစ်သောကောင်မလေးသည် အထူးအဆန်းလေးတွေ လုပ်တတ်ပြီး….
ဉာဏ်ကောင်းသောကောင်မလေးတစ်ယောက်ဟုဆိုရပေမည်။
သူမဉာဏ်ကောင်းသလောက်
အနည်းငယ်သောသူ့မှာ ဉာဏ်ထက်ခဲ့မယ်ဆိုပါစို့…..။
အခုလောက်ဆို
သူသိပ္ပံပညာရှင်(သို့ ) ကမ္ဘာကျော်တစ်ဦးဖြစ်နေလောက်ရောပေါ့။
ပိုပြီးလွန်လွန်ကျူးကျူးဆိုလှချည်လားလို့ မိတ်ဆွေထင်အံ့…..
ထင်နိုင်ပါသည် မိတ်ဆွေ….။
ကျွန်တော်ကသူ့ကိုချစ်တာကိုးဗျဟုသူက ပြန်ဖြေပါလိမ့်မည်။
သူမသည် စကားပြောရာတွင်လည်းချစ်ဖို့ကောင်းသည်ဟုလည်းထင်မိပါသည်။
ကဲ… သူကျောင်းဖယ်ရီကားပေါ်မှာ ကြားခဲ့ရတဲ့
သူမနဲ့ သူ့သူငယ်ချင်းတို့ပြောတဲ့စကားကိုပဲနားထောင်ကြည့်ပါဦး…။
သူ့ကောင်မလေးနာမည်သည် ‘နွေချိုချို’ ဖြစ်ပါသည်။
“ ငါ…. ဟိုကိစ္စကိုအခုထိမကျေမလည်ဖြစ်နေသေးတယ်”
“ ဘာများ လဲ….နွေချိုရယ်၊ ငါ့ကိုလည်းပြောပါဦး”
“ ဒီလိုဟဲ့…. မနေ့ကငါစာအုပ်တစ်အုပ် ဖတ်ရတယ်”
“အင်း”
“အဲဒီ အထဲမှာ ပုံပြင်လေးတစ်ပုဒ်လည်းပါတယ်”
“ပုံပြင်ကဘာပုံပြင်မို့လို့လဲ”
“ လူသုံးယောက်ဟာသေဆုံးပြီးနောက်မှာ အသူရာနတ်ပြည်ကိုရောက်သွားကြတယ်တဲ့”
“ အင်း”
“ အဲဒီ မှာ တံခါးစောင့်နဲ့ တွေ့ရောတဲ့”
“ သြော်”
“ တံခါးစောင့်က သူတို့သုံးယောက်ကိုပြောတယ်။ ဒီမှာ ရှင့် ဒီမှာ ပေါ့ဟယ်”
“ အေး”
“ဒီအသူရာပြည်မှာ နတ်တွေပြည့်နေတဲ့အတွက် တစ်ယောက်ပဲလက်ခံနိုင်တော့မယ်လို့ ပြောတယ်”
“ ဒါဆို…. အဲဒီ သုံးယောက် အီစလံဝေသွားတာပေါ့”
“ အေးပေါ့…ဒါပေမဲ့ သုံးယောက်ထဲကတစ်ယောက်ကတော့ ၀င်လို့ရပါတယ်”
“ သုံးယောက်ထဲကတစ်ယောက်ကိုရွေးရမှာ ပေါ့”
“ အင်း…. ဟုတ်တယ်”
‘ ပြောပါဦး၊ ဘယ်လိုရွေးခဲ နွေချို’
‘ ကျားဘိုပတ်လည်ဆွဲရမယ်တဲ့’
‘ ဟင် ဘယ်လိုကြီးလဲ’
‘ ဒါကတော့ မသိဘူး။ ပထမဆုံးလူကတော့ ကျားဘိုဆွဲမယ်ဆိုပြီးတော့ ဒုတိယလူကိုလက် လှမ်းလိုက်တယ်’
‘ အဲဒီ တော့ နိုင်သွားလား’
‘ ဒုတိယလူကပထမလူကို ပြန်ပြောတယ်’
‘ ဘာလဲ’
‘ သူဟာလူ့ပြည်မှာ လက်ဆွဲနှုတ်ဆက်ရတဲ့ အလုပ်ကို ကြိမ်ဖန်များ စွာ လုပ်ခဲ့ရတဲ့သူမို့လို့ အခုမလုပ်ချင်တော့ဘူးဆိုပြီးတစ်ဖက်ကိုထွက်သားပါလေရော’
‘ ဒါဆိုပထမလူကတတိယလူနဲ့ ကျားဘိုဆွဲရမှာ ပေါ့’
‘ ဟင့်အင်း…. မဆွဲဖြစ်ဘူး’
‘ ဘာဖြစ်လို့’
‘ တတိယလူကလည်းပြောတယ်။ သူ့မှာ လက်အဆစ်ရောင်ရောဂါရှိလို့ဆိုပြီး ပြိုင်ပွဲက နုတ်ထွက်သွားတယ်’
‘ ဒါဆိုပထမလူကပျော်မှာ ပေါ့နော်…. နွေချို’
‘ အေးပေါ့….. တံခါးစောင့်ကို ပြုံးပြပြီးတော့ အထဲကိုတောင် ပြုံးပြုံး ပြုံးပြုံးနဲ့ ၀င်သွားသေး တယ်ဆိုပဲ’
‘ ပုံပြင်က ပြီးသွားပြီလား’
‘ အဲဒီ မှာ ပဲဆုံးသွားတယ်’
‘ နေပါဦး၊ နင်ကဘာဖြစ်လို့ အဲဒီ ပုံပြင်ကိုမကျေမနပ်ဖြစ်နေရတာ လဲ’
‘ အဲဒီ သုံးယောက်ဟာနတ်ပြည်ကတံခါးစောင့်ကိုလိမ်သွားတယ်လို့ ငါ့စိတ်ထဲမှာ ခံစားရတယ်’
‘ ဟယ်… နင်ကလည်းပေါက်ပေါက်ရှာရှာ’
‘ ကျမ်းဂန်တွေရဲ့ အလိုအရဆိုရင် အသူရာပြည်မှာ တံခါးပေါက်ပေါင်း ၁၀၀၀၀ ရှိတယ်လို့ အဆိုရှိတယ်။ ဒီတော့ အခြားနှစ်ယောက်ကတခြားတံခါးပေါက်က မ၀င်ဘူးလို့ နင်ပြောနိုင်လို့လား’
‘ အယ်’
ဖယ်ရီကား၏ ဘရိတ်အုပ်လိုက်မှု ကြောင့် စကားပြောနေသောကောင်မလေးနှစ်ယောက်မှာ ခပ်ယိုင်ယိုင်ဖြစ်သွား၏ ။
အသံတွေလည်းရပ်သွား၏ ။
သူတို့ထိုင်ခုံနောက်တွင် ထိုင်နေသောကောင်လေး၏ အကြည့်များ ကိုသူတို့ သတိမထားမိချေ။
ကောင်လေး၏ အမည်မှာ ‘ခင်မောင်ရင်’ ဖြစ်၏ ။
သူ့အဖိုးသည် မင်းသားခင်မောင်ရင်အားလွန်စွာ ကြိုက်သည်ဟုဆိုသောကြောင့် သူ့မြေးဖြစ်သူအားထိုမင်းသားနာမည်ပေးခဲ့ခြင်းဖြစ်သည်ဟုပြောကြလေ၏ ။
ခဏအကြာတွင် နွေချိုချိုကို ကြည့်နေသောခင်မောင်ရင်၏ အကြည့်များ သည် အဝေးသို့ ရောက်သွား၏ ။
သူစဉ်းစားနေပုံရသည်။
တစ်နေ့တွင် ခင်မောင်ရင်သည် နွေချိုချိုအား
‘နင့်ကိုငါချစ်တယ်’ဟု
မရဲတရဲလေးဖွင့်ပြောလေရဲ့ ။
ဤတွင် နွေချိုချိုရဲ့
ထူးဆန်းချင်လည်းထူးဆန်းနိုင်သော
(သို့ မဟုတ်)
မထူးဆန်းချင်လည်းမထူးဆန်းချင်သော
အကြောင်းအရာတို့သည်
ခင်မောင်ရင်အား
ရစ်ပတ်လေတော့၏ ။
‘နင့်ကို ငါ….. ငါချစ်တယ်၊ နွေချိုချို’
ခင်မောင်ရင်က နွေချိုချိုအား မရဲတရဲလေး ဖွင့်ပြောသည်။
နွေချို ဖယ်ရီကားပေါ်ကအဆင်းတွင် ခင်မောင်ရင်က စကားလိုက်ပြောခြင်း ဖြစ်သည်။
ဒီနေ့ သူမ သူငယ်ချင်း မလာပါ။ သူမတစ်ယောက်တည်းဖြစ်နေသည်။
ထို့ကြောင့် ခင်မောင်ရင်ကလည်း စကားလိုက်ပြောရဲခြင်း ဖြစ်သည်။
နွေချိုက ခင်မောင်ရင်၏ စကားကို မသိချင်ယောင်ဆောင်နေသည်။
ခင်မောင်ရင် ထပ်ခေါ်လိုက်သည်။
‘ နွေချို ’
နွေချို၏ ခြေလှမ်းများ ရပ်သွားသည်။ ထို့ကြောင့် သူ့ကို လှည့်ကြည့်၏ ။
သူလန့်သွားပြီး နွေချိုကို မကြည့်ရဲတော့ဘဲ ဟိုဟိုဒီဒီကြည့်နေမိ၏ ။ နွေချိုက
‘ ယောက်ျားတစ်ယောက် ကျွန်မကို အဲဒီ လိုခေါ်ရင် နည်းနည်းတော့ လန့်မိတယ်’
‘ ဘာ…. ဘာဖြစ်လို့လဲ ’
သူနည်းနည်း ရဲတင်းလာသည်။
‘ ရှင် စဉ်းစားကြည့်လေ၊ အဲဒီ လို…. ကျွန်မနာမည်ခေါ်တဲ့ ယောက်ျားလေးနဲ့ ကျွန်မက အလိမ္မာသုံးပြီး စကားပြောရတော့မယ် ’
‘ အင်း ဟုတ်တယ်နော် ’
သူကလည်း အယောင်ယောင်အမှားမှားနဲ့ ထောက်ခံနေမိသည်။
‘ အခန့်မသင့်ရင် အဲဒီ ယောက်ျားလေးနဲ့ ကျွန်မစိတ်ဆိုးသွားနိုင်တဲ့အဆင့်ထိအောင် ရောက်သွားနိုင်သေးတယ် ’
‘ အဲ ’
ခင်မောင်ရင်မှာ ဘာဆက်လုပ်ရမှန်း မသိဖြစ်သွားသည်။
နွေချိုကတော့ ပြုံးစိစိနှင့် သူ့ကို ကြည့်နေ၏ ။
‘ နေပါဦး၊ ရှင်ခုနက ကျွန်မကို ဘာပြောလိုက်တာ’
‘ ဟင်’
သူလန့်သွားပြန်သည်။¬
နောက်ဆုံး…. မထူးဘူး၊ ထပ်ပြောမည်ဟု ဆုံးဖြတ်ကာ
‘ နွေချိုကို ချစ်တဲ့အကြောင်း ပြောတာပါ’
ဒီတစ်ခါတော့ စကားထစ်ခြင်းမရှိဘဲ ချောချောမောမောထွက် သွားသည်။
နွေချိုက သူ့ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
မျက်လုံးတွေက မသင်္ကာသည့် မျက်လုံးများ နှင့်…..။
‘ ရှင်က ကျွန်မကို တကယ်ချစ်တာလား’
‘ ဟုတ်….. ဟုတ်ကဲ့’
နှစ်ယောက်စလုံးမှာ အခုထိ စကားရပ်ပြောနေဆဲပင် ဖြစ်သည်။
နွေချိုက သူ့နားထင်လေးကို လက်ညှိုးလေးနှင့်တတောက်တောက် ခေါက်ကာ စဉ်းစားသည့် စတိုင်လ် လုပ်နေသည်။
လမ်းသွားလမ်းလာ ကျောင်းသား၊ ကျောင်းသူများ ကလည်း သူတို့ကို ကြည့်ကြည့်သွားသည်။
‘ ဒီလို လုပ်ပါလား’
‘ ပြော….. ပြောလေ’
သူ အားရ၀မ်းသာဖြစ်သွားသည်။
‘ ရှင်ပြောတဲ့ ကိစ္စကို ကျွန်မစဉ်းစားပေးပါ့မယ်’
‘ ဟာ …. ဟုတ်ကဲ့၊ ၀မ်း…. ၀မ်းသာလိုက်တာဗျာ’
ခင်မောင်ရင်မှာ သူ့လက်ကို သူပယ်ပယ်နယ်နယ်ဆုပ်ကာ ၀မ်းသာအားရ ဖြစ်နေသည်။
‘ ဒါပေမဲ့…..’
‘ ဗျာ’
သူထိန့်လန့်သွားသည်။ မည်သို့ ဆိုသော
သူတို့ တစ်ကျောင်းလုံးသည် နွေချို၏ ‘ ဒါပေမဲ့….’ ကို ကြောက်ကြသည်။
အခုလည်း နွေချို၏ ‘ဒါပေမဲ့’ ကိုကြားလိုက်ရ၍ ခင်မောင်ရင်လန့်သွားခြင်း ဖြစ်သည်။
‘ကျွန်မက ရည်းစားမထားဖူးဘူးရှင့်’
‘ဟုတ်ကဲ့’
‘ဒီတော့ ရည်စားဖြစ်လာလို့ရှိရင် ဘာတွေ ပြောကြတယ်၊ ဘာတွေပြောရမယ်မသိဘူး ဖြစ်နေတယ်’
‘ အင်း…. ဟုတ်တာပေါ့’
သူလည်း နွေချို့စကားကို ဟုတ်ယောင်ယောင်ထင်သွားသည်။
‘အကယ်၍ များ ရှင့်ကိုကျွန်မက ရည်းစားအဖြစ်လက်ခံတော့မယ်ဆိုရင် ဒါတွေပါ ကြိုတင်စဉ်းစားထားရတော့မှာ ပေါ့။ အဲဒီ တော့ ကျွန်မကို ရှင်တစ်ခုလောက် အရင်ကူညီပါလား’
‘ ပြော… ပြောပါ၊ ကျွန်တော် လုပ်ပေးပါ့မယ်’
နွေချိုက ပြောပြောဆိုဆို သူ့လွယ်အိတ်ထဲမှ အသံဖမ်းစက်ထုတ်လိုက်လေ၏ ။ ဘယ်ကတည်းက ထည့်လာမှန်းမသိချေ။
‘ကျွန်မရဲ့ အသံဖမ်းစက်လေးယူပြီး အတွဲ တွေချိန်းတွေ့တဲ့ နေရာကိုသွား’
‘အင်း’
‘ပြီးရင် သူတို့ပြောတဲ့စကားတွေကို တိတ်တိတ်လေး အသံဖမ်းယူလာခဲ့’
‘ဟင်’
သူမပြောသည့် အကြောင်းအရာတွေက ရိုက်ပေါက်အထာတွေဖြစ်နေသည်။
ခင်မောင်ရင်က နွေချိုကို တအံ့တသြလေး ကြည့်နေသည်။
သူမ တကယ်ပြောနေတာလားပေါ့…..။
နွေချိုမှာ တကယ်ပြောနေပုံရသည်။ သူမရဲ့ အသံဖမ်းစက်လေးကိုပင် လှမ်းပေးနေသည်။
‘အတွဲ တွေ ပြောတဲ့စကားကို နားထောင်ပြီးမှ ရှင့်ကိစ္စကို ဆက်စဉ်းစားမယ်၊ ရှက်စရာစကားတွေ ပြောရမယ်ဆိုရင် ကျွန်မရည်းစားထားဦးမှာ မဟုတ်သေးဘူး။ ဒါပဲ’
‘ဟုတ်….. ဟုတ်ကဲ့’
ခင်မောင်ရင်က နွေချို့လက်ထဲကအသံဖမ်းစက်ကို လှမ်းယူလိုက်ရသည်။
နွေချိုက လှည့်ထွက်သည်။ ထို့နောက်တစ်စုံတစ်ခု သတိရသွားပြီး
‘သြော်… ကျွန်မက အတွဲ အစစ်တွေ ပြောတဲ့စကားပဲ လိုချင်တာနော်။ အတုတွေ ဘာတွေ ဖန်တီးပြီး ပြောခိုင်းမယ်ဆိုရင်တော့ ရှင်မလွယ်ဘူး မှတ်..’
‘ ဟုတ်…. ဟုတ်ကဲ့’
နွေချိုမှာ နောက်ကိုပင် လှည့်မကြည့်တော့ဘဲ ဆင်မပြီး၊ ယဉ်သာအောင် လျှောက်သွားလေတော့၏ ။
ခင်မောင်ရင်မှာ သာ အသံဖမ်းစက်ကြီးကိုင်ကာ ငူတူတူနှင့် ကျန်ခဲ့၏ ။
နေရိပ်လိုချင်
နေပူက စောင့်လို့
မင်းပြောခဲ့တယ်လေ
အခုတော့…..
ဘာဖြစ်လို့
မင်းက
ထီးပါတဲ့လူနောက်
လိုက်သွားလဲ….။
(သူငယ်ချင်းတစ်ယောက်၏ စကားများ မှ)
ပန်းခြံထဲ လှမ်းဝင်လိုက်သော သူ့ခြေလှမ်းများ သည် အနည်းငယ် တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။
သူ့အိတ်ထဲမှ အသံဖမ်းစက်ကိုလည်း မကြာခဏ စမ်းမိသည်။
အတွဲ တွေရဲ့ စကားပြောသံတွေကို သူမ နားထောင်ချင်သည်တဲ့။
ခင်မောင်ရင်သည် ပန်းခြံထဲတွင် ခြေဦးတည့်ရာ လျှောက်သွားနေမိသည်။
အတွဲ တော်တော်များများ ကို တွေ့ရသည်။
ထို့ပြင် အတွဲ များ နှင့်အတူ အတွဲ ချောင်းသူများ ကိုပါ တွေ့နေရ၏ ။
သူ ဘာလုပ်ရမလဲ….ဟု တွေးလိုက်၏ ။
ထို့နောက် ခင်မောင်ရင်သည် အတွဲ ချောင်းသူများ မရှိသော အတွဲ တစ်တွဲ အား တွေ့လိုက်ရသည်။
‘ဟုတ်ပြီ’ ဟုဆိုကာ ထိုအတွဲ နားကို ကပ်သွားလိုက်၏ ။
‘မောင်နော်’
ဟင်….. မောင်နော်တဲ့။ ဘာတွေများ ဖြစ်နေပါလိမ့်ဟု စိတ်ဝင်စားသွားကာ ရှေ့နားတိုးသွားလိုက်၏ ။
အသံဖမ်းစက်ကိုလည်း ဖွင့်ထားလိုက်သည်။
‘ဘာ… မောင်နော်လဲ’
ယောက်ျားလေးက ပြန်မေးသည်။
‘ဟင်း… မသိဘူးများ မှတ်နေလား’
မိန်းကလေးအသံမှာ ရှက်ကိုးရှက်ကန်း အသံပေါက်နေသည်။
သူနှင့်အတွဲ ကြားတွင် ချုံပုတ်တစ်ခုခံနေပါသည်။
သူ့မှာ မျက်နှာလည်းပူ၊ စိတ်လည်းညစ်နှင့် ထိုင်နေရ၏ ။
ဒါတောင် ခပ်လှမ်းလှမ်းချုံပုတ်မှ ထမင်းစားလိုက်၊ အတွဲ ချောင်းလိုက် လုပ်နေသောသူက သူ့ကို လှမ်းကြည့်ပြီး ‘စားပါဦးလား’ ဟုဆိုပြီး လောကွတ်လုပ်နေသေးသည်။
ဘ၀တူတွေမို့ နှုတ်ဆက်ပုံရသည်။
‘အင်း’
ဟာ….. ဘာတွေဖြစ်ပြန်ပြီလဲ။ အင်း…. တဲ့။
အသံဖမ်းစက်ကို ပိတ်လိုက်ရင် ကောင်းမယ်ဟု သူစဉ်းစားမိသည်။
မဖြစ်သေးပါဘူးဟု တွေးကာ ဆက်နားထောင်နေလိုက်သည်။
‘လှန်ပြန်ပြီ’
အို…. ဟုဆိုကာ ခင်မောင်ရင် စိတ်ထဲ မရိုးမရွဖြစ်လာသည်။
မဖြစ်သေးပါဘူး…..ဟုဆိုကာ ပြန်ထိုင်နေလိုက်သည်။
‘အင်း… ဒီမှာ ရှက်နေပြီ’
မိန်းကလေး၏ အသံဖြစ်သည်။
‘ခဏနေပါဦး။ မောင်လည်း ကြည့်နေပါတယ်’
‘မောင်နော်။ ဒီတစ်ခါပဲ ကြည့်၊ ပြီးရင် သေချာဆုံးဖြတ်’
သေချာဆုံးဖြတ်တဲ့…။
ချောင်းကြည့်လိုက်တော့မယ်ဟု ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် မတ်တပ်ထရန် ဟန်ပြင်လိုက်သည်။
ထိုစဉ် အတွဲ တစ်တွဲ မှာ သူ့ရဲ့ ခပ်လှမ်းလှမ်းမှ ဖြတ်သွားသောကြောင့် ကုန်းကုန်းကွကွ အနေအထားမှ ခေတ္တပြန်ထိုင်လိုက်ရပြန်သည်။
ထိုအတွဲ က သူ့ကို စိမ်းစိမ်းကြီး စိုက်ကြည့်သွား၏ ။
သူ့မှာ သာ ရှက်ကိုးရှက်ကန်းဖြင့် ‘ အဟီး’ဟု ရယ်ပြလိုက်ရသည်။
‘ကိုင်မယ်နော်’
‘ကိုင်…. ကိုင် တကတည်း ပြီးကို မပြီးနိုင်တော့ဘူး’
သူ စိတ်ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ချောင်းကြည့်ရန် ဟန်ပြင်လိုက်သည်။
ခုနက ထမင်းစားပါဦးလား ဟုပြောသော အတွဲ ချောင်းသူက သူ့ကို လက်မထောင်ပြသည်။
‘ကောင်းတယ်… ကြည့်သာကြည့်’ ဆိုသည့် သဘောပင် ဖြစ်လိမ့်မည်။
‘အထီး ထင်တယ်၊ ငေါက်တောက်လေးနဲ့’
ယောက်ျားလေးက ပြောတော့ မိန်းကလေးက
‘အမပါ၊ ဟိုဟာလေးနဲ့ မတွေ့ဘူးလား’
အထီး၊ အမတဲ့ ဘာတွေပါလိမ့်၊ ခင်မောင်ရင်မှာ တွေးစရာဖြစ်လာ၏ ။
ချုံပုတ်ထဲမှ မရမက ချောင်းကြည့်လိုက်၏ ။
ယောက်ျားလေးနှင့် မိန်းကလေးမှာ ခေါင်းများ ပူးကပ်နေ၏ ။
တစ်မျိုးမထင်ကြစေလိုပါ။ သူတို့သည် တစ်စုံတစ်ခုကို သည်းသည်းမည်းမည်း စိုက်ကြည့်နေ ကြပုံရ၏ ။
သူမမြင်ရ…။ ထို့ကြောင့် ကိုယ်ကို အနည်းငယ် ကိုင်းလိုက်သည်။ ဟင်…. အိမ်မြှောင်…။ အိမ်မြှောင် တစ်ကောင်ကို စာအုပ်များ နှင့် ခြံဝန်းသဘောမျိုးခတ်ကာ ဖမ်းထား၏ ။
ပြီးနောက် ကောင်လေးက အိမ်မြှောင်ကို ထုတ်လေးနှင့် ထိုးကာ ဟိုလှန်၊ ဒီလှန် လုပ်နေ၏ ။
အိမ်မြှောင်ကို အထီး၊ အမ ခွဲနေကြခြင်း ဖြစ်သည်။
တောက်….. ကလေးကလား အတွဲ နှင့် လာတွေ့နေရတယ်ကွာ….ဟု စိတ်ထဲမချင့်မရဲဖြစ်နေ သည်။
ခင်မောင်ရင်သည် ချောင်းကြည့်နေရာမှ ပြန်ထိုင်လိုက်သည်။
သူစိတ်ပျက်လက်ပျက် ဖြစ်သွား၏ ။
ဒီအသံလေးတွေ ဖမ်းပြီးရင် နွေချို့ကို ပြမည်။ ဒီမှာ တွေ့လား။ သူတို့ပြောတာတွေက အချစ်ရဲ့ အဓိပ္ပာယ်ရှိတယ်…. ဘာညာနဲ့ ပြောမလို့။ အခုတော့ ရည်းစားထားရတာ က ကလေးကလား အလုပ်တွေလို့ ပြောခံရတော့မည်။
ခင်မောင်ရင်သည် စိတ်ညစ်ညစ်နှင့် မတ်တပ်ရပ်လိုက်သည်။
ပြီး…. ခြေဦးတည့်ရာ လျှောက်နေမိသည်။
စိတ်ထဲမှာ နွေချိုက ဘယ်လိုပြောရမလဲဆိုတာကိုပဲ တွေးနေမိသည်။
နွေချို…..
မင်းဟာ ကိုယ့်ရဲ့ သူရဲကောင်းမလေးပါပဲလို့ သူများ တွေပြောသလိုပဲ ပြောရင်ကောင်းမလား။
မကောင်းသေးပါဘူးလေ….။ တော်ကြာ အသံဖမ်းစက်မထုတ်ပေးဘဲ ဓားထုတ်ကာ…. ‘ရော့… အင့်၊ ခုတ်ချေ’ ဆိုမှ အခက်။
စိတ်ထဲမှာ အမျိုးမျိုးတွေးကာ ဟိုလျှောက်ဒီလျှောက်နဲ့ ဖြစ်နေမိသည်။
‘ငါ မင်းနဲ့ မကြိုက်ခင်တုန်းက အချစ်ရေးကိစ္စမေးဖို့ဆိုပြီး ထူးထူးဆန်းဆန်း ဗေဒင်ဆရာ တစ်ယောက်ဆီ ရောက်သွားသေးတယ်’
သူ့ရှေ့မှ လမ်းလျှောက်နေသော အတွဲ တစ်တွဲ ဆီမှ ထွက်လာသော စကားသံဖြစ်သည်။
‘ အင်း….သူက ဘယ်လိုဟောလိုက်လဲ ပြောပါဦး’
မိန်းကလေးက ယောက်ျားလေးလက်ကို မှီထားရင်း ပြန်မေးသည်။
‘အဲဒီ တုန်းက မင်းကိုချစ်ခွင့်ပန်ထားတဲ့အချိန်ပေါ့။ ငါ့ရင်ထဲမှာ ဗလောင်ဆူနေတဲ့အချိန်လို့ ပြောရင် လည်း ရမယ်ထင်တယ်’
‘ဟင်း…. ပိုလာပြီ’
‘အဲဒီ ဗေဒင်ဆရာကြီးဆီရောက်တော့ ငါက မေးလိုက်တယ်’
‘အင်း’
‘ကျွန်တော့် ကောင်မလေးဆီက ‘ချစ်တယ်’ဆီတဲ့ အဖြေပြန်ရမှာ လားလို့’
‘သူက ဘာပြောလဲ’
‘ဘာမှ မပြောသေးဘဲနဲ့ ကိုယ့်လက်ယူကြည့်၊ မင်းမွေးနေ့တွေ ဘာတွေ မေးတာပေါ့’
‘ပြီးတော့’
မိန်းကလေးသည်လည်း ဗေဒင်ဝါသနာပါပုံရသည်။
ခင်မောင်ရင်လည်း သူတို့စကားမျးကို စိတ်ဝင်စားသွားကာ ဆက်နားထောင်နေလိုက်သည်။
သူတို့ အတွဲ နောက်မှ ပုံမှန်လေးလိုက်ရင်းနဲ့ပေါ့။
‘သူက ငါ့ကိုပြောတယ်။ အချစ်ရေး နည်းနည်းညံ့နေတယ်တဲ့’
‘ ဟင်…. အဲဒီ တော့’
‘အဲဒီ တော့ ကိုယ်လည်း လန့်သွားတာပေါ့။ ဆရာရယ် ကျွန်တော့်ကို ကယ်ပါဦး၊ ဘာညာ ပြောရတော့ တာပေါ့။ အဲဒီ မှာ သူက ကိုယ့်ကို မိန့်မိန့်ကြီးပြောတယ်’
‘ဘာတဲ့လဲ’
‘ယတြာချေရမယ်တဲ့။ သူပြောတဲ့ ယတြာက ထူးထူးဆန်းဆန်း ပဲကွ’
နားထောင်နေတဲ့ ကောင်မလေးတော့ မသိဘူး။
ခင်မောင်ရင်က တော်တော်လေး စိတ်ဝင်စားသွားကာ ရှေ့တစ်လှမ်းပင် အနည်းငယ်တိုးလိုက် သည်။
‘ဘာယတြာမို့လို့လဲ’
‘ ကိုယ့်နှလုံးသားလမ်းကြောင်းမှာ ကျွန်းခံနေတယ်တဲ့’
‘အင်း’
‘ ဒီတော့ ကျွန်းဆိုတဲ့ စကားလုံးနဲ့ ဆင်တဲ့ စကားလုံးလေးလုံးလောက်ကို သူ့ကို ပြောပြတဲ့’
‘ ဘယ်လို…’
‘ကျွန်းနဲ့ ဆင်တာလေ။ စာလုံးပေါင်း အနည်းငယ်ဆင်တာကို ပြောတာ’
‘သြော်’
မိန်းကလေးလည်း စကားပြောနေရင်းပင် စဉ်းစားနေပုံရသည်။ ယောက်ျားလေးက ဆက်ပြော သည်။
‘ကိုယ်လည်း စဉ်းစားမိရာ လေးလုံးလောက် ပြောလိုက်တယ်’
‘ဘာတွေလဲ’
‘ကျွန်တော်၊ ကျွန်းဆွယ်၊ ကျွန်ခံ၊ ကျွန်ယုံတော်လို့ ပြောလိုက်တာပေါ့’
‘ပြီးတော့ ဘာပြောသေးလဲ’
‘အဲဒီ စကားလုံးတွေအတိုင်း ယတြာချေတဲ့။ ပထမဆုံး ကျွန်တော်လို့ ကိုယ့်ကိုယ်ကိုယ် သုံးနှုန်းပြီး မြန်မာနိုင်ငံက ကျွန်းဆွယ်တစ်ခုကို တစ်ရက်၊ နှစ်ရက်လောက်သွားတဲ့။ ပြီးတော့… ကျွန်းဆွယ်ပေါ်က ဘုရားတစ်ဆူကိုရှာပြီး ဘုရားရဲ့ ဝေယျာဝစ္စလုပ်ပေးတဲ့၊ ကျွန်ယုံတော်အဖြစ် တစ်ရက်၊ နှစ်ရက်လောက် ကျွန်ခံနေလိုက်တဲ့။ နှလုံးသားမှာ ကျွန်းခံနေတဲ့ဟာတွေ ပျောက်သွား အောင်လို့တဲ့’
‘ဟင်’
ခင်မောင်ရင် အံ့သြသွားသည်။ စိတ်ဝင်စားမှု အရှိန်လည်း မြင့်တက်လာသည်။
‘ ကိုယ်လည်း သူပြောသလို ယတြာချေလိုက်မိတယ်။ ဘာကြောင့်ဆို….. ကိုယ်က မင်းမုန်းမှာ အသေကြောက်တာလေ’
‘လာပြီ…. ပိုလာပြီ’
မိန်းကလေးက ယောက်ျားလေးကို ရှက်ကိုးရှက်ကန်းဖြင့် လက်သီးဖွဖွလေးထိုးသည်။
ခင်မောင်ရင် မနေနိုင်တော့…။ ထို့ကြောင့်…..။
‘ ဒီမှာ ခင်ဗျာ….. ဒီမှာ ’
သူ့ရှေ့မှ သွားနေသော အတွဲ အားလှမ်းခေါ်လိုက်သည်။
ထိုအတွဲ မှာ ရပ်သွားပြီး သူ့ကို လှည့်ကြည့်သည်။
‘ဘာလဲခင်ဗျ’
ယောက်ျားလေးက ချိုချိုသာသာပင် လှမ်းမေးသည်။
‘ဟို…. ကျွန်တော်’
ခင်မောင်ရင်မှာ ဘာမေးလို့ မေးရမှန်းမသိဖြစ်သွားသည်။
မေးလိုက်ရင်လည်း သူနောက်က လိုက်နားထောင်နေမှန်းသိသွားနိုင်သည်။
သို့ သော် မတတ်နိုင်။ သူ၏ ချစ်ခြင်းအတွက် သူ့မှာ အခြား ရွေးချယ်စရာ လမ်းမရှိတော့…။
‘ဟို…. အစ်ကိုပြောတဲ့ ဗေဒင်ဆရာနာမည်နဲ့ လိပ်စာများ ပြောပြနိုင်မလားလို့ပါ’
ယောက်ျားလေးက သူ့ကို ကြောင်တောင်တောင်ကြည့်သည်။
ခင်မောင်ရင်ကို နားမလည်နိုင်စွာ ဖြင့် ကြည့်ခြင်းဖြစ်သည်။
‘ ဘာဖြစ်လို့လဲဗျ’
‘ကျွန်တော်….. ကျွန်တော်လည်းအချစ်ရေး ကံမကောင်းလို့ ပါဗျာ။ အဲဒါ မေးကြည့်ချင်လို့’
ထိုလူမှာ သဘောပေါက်သွားပုံရသည်။
လိပ်စာတစ်ခုကို နှုတ်မှ ရွတ်ပြ၏ ။
ခင်မောင်ရင်မှာ လည်း လွယ်အိတ်ထဲမှ စာအုပ်ထုတ်ကာ ကမန်းကတန်း လိုက်မှတ်ရ၏ ။
လွယ်အိတ်ထဲမှ တိုလီမိုလီပစ္စည်းများ ပင် ပြုတ်ကျ၏ ။
ထားလိုက်…။ နောက်မှ ပြန်ကောက်တော့မည်။
အခုအချိန်တွင် အချစ်ရေးသည် တိုလီမိုလီထက် အရေးကြီး၏ ။
တိတ်ဆိတ်သော ခြံဝန်းတစ်ခုရှေ့တွင် ဆိုင်းဘုတ်တစ်ခုချိတ်ထား၏ ။
ဆိုင်းဘုတ်သည် စိတ်ဝင်စားဖွယ်ကောင်းလှသည်ဟု ထင်မိ၏ ။
ဆိုင်းဘုတ်တွင် အောက်ပါစာပိုဒ်တစ်ခုအား ခပ်ရှည်ရှည်ရေးထားလေ၏ ။
သင်သည် တစ်စုံတစ်ခု ‘အခက်အခဲ’ တွေ့နိုင်သည်။
သင်ကြုံတွေ့နေရသော ‘အခက်အခဲ’ မှာ
သိပ်အကြီးအကျယ်ကြီး မဟုတ်ပါဘူး။ မိတ်ဆွေ …..
စဉ်းစားကြည့်လေ။
‘အခက်အခဲ’ ကို တစ်လုံးချင်းစီ ရွတ်လိုက်ပါလား။
‘အခက်’
‘အခဲ’
ဘာအဓိပ္ပာယ်မှ မရှိဘူး။
အဲ…. နည်းနည်းတော့ ရှိတာပေါ့လေ။
အခက်ရယ် အခဲရယ်ပေါ့
ဒါကြောင့် သင့်အခက်အခဲတွေကို
ကျွန်ုပ်က တစ်ခုချင်းစီသေချာစွာ ဖြေရှင်းပေးပါမည်။
(သို့ ) အကြံဉာဏ်ပေးနိုင်ကောင်း ပေးပါလိမ့်မည်။
သို့ သော် သင်ကိုယ်တိုင်လာဖို့တော့ လိုပါလိမ့်မည်။
ဆိုင်းဘုတ်ရှည်ကြီးကို ဖတ်ကြည့်ပြီးနောက် ခင်မောင်ရင်သည် ခြံဝန်းအတွင်းသို့ လှမ်းဝင်လိုက်သည်။
အိမ်ထဲသို့ ၀င်ခါနီး တွင် ကောင်လေးတစ်ယောက်က
‘ဗေဒင်မေးဖို့လား မသိဘူး’
‘ဟုတ်ကဲ့’
‘ခဏစောင့်နော်၊ အထဲကတစ်ယောက်ပြီးရင် ၀င်လို့ရပါပြီ’
အပြင်မှာ ရှိတဲ့ ခုံပေါ်မှာ ပဲထိုင်စောင့်နေလိုက်သည်။
ခဏကြာသောအခါ လူတစ်ယောက်ထွက်သွားပြီး သူဝင်ခွင့်ရ၏ ။ အိမ်တွင်းတွင် လွန်စွာ သန့်ရှင်း သပ်ရပ်ပြီး ခေတ်မီလှပစွာ ပြင်ဆင်ထား၏ ။ အိမ်၏ သပ်ရပ်မှု နှင့် စတိုင်လ်ကျမှု ကို မချီးကျူးဘဲ မနေနိုင်။ ပြီး….. အိမ်၏ ပြင်ဆင်ထားပုံသည် အနုပညာဆန်သည်ဟု စိတ်ထဲတွင် ခံစားလိုက်ရသည်။
ကောင်လေးညွှန်ပြရာ အခန်းထဲသို့ လှမ်းဝင်လိုက်သည်။ တိတ်ဆိတ်မှု တစ်ခုက သူ့ကိုလွှမ်းခြုံ ထားသလို ခံစားလိုက်ရပြန်သည်။
သပ်ရပ်ကြည်ညိုဖွယ်ကောင်းသော ဘုရားစင်တစ်ခု။
အခန်းအတွင်း၌ ရှိနေသော အရောင်များ ။ ပြီးနောက် ယုံကြည်ကိုးစားဖွယ်ကောင်းသော လူတစ်ယောက်ထိုင်နေလေ၏ ။
ခင်မောင်ရင်သည် ထိုလူ့အနားသို့ တိုးသွားလိုက်၏ ။
ထိုလူ၏ အသက်မှာ (၄၀)ကျော်ခန့်သာရှိမည်ဟု ခန့်မှန်းရသည်။
‘ထိုင်ပါ….ထိုင်ပါ’
သြဇာအာဏာနှင့် ပြည်စုံသောအသံဟု ခင်မောင်ရင် စိတ်ထဲခံစားမိပြန်သည်။
‘ဗေဒင်ယုံလို့လာမေးတာလား’
‘ဗျာ’
ရုတ်တရက်မေးလိုက်သောအမေးကြောင့် ခင်မောင်ရင်မှာ ဘာပြန်ပြောရမှန်း မသိဖြစ်သွား သည်။
ထိုလူက ထပ်မေးသည်။
‘ဗေဒင်ယုံလို့လား’
‘ဟို….’
အမှန်အတိုင်းပြောရရင် ဒီလာချင်သည်မှာ အချစ်ကိစ္စအတွက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ သောကြောင့် ရောက်လာခြင်းဖြစ်သည်။
ယုံလို့ မယုံလို့ရယ်ကြောင့် မဟုတ်ချေ။
ထိုလူမှာ လည်း ရိပ်မိပုံရသည်။
ထို့ကြောင့်
‘လွန်ခဲ့တဲ့ (၁၉၇၀)ခုနှစ်၊ ပြင်သစ်ပြည် တော်လှန်ရေးကြီးဖြစ်နေစဉ် အချိန်လောက်တုန်းက ပေါ့’
‘ဟုတ်ကဲ့’
‘ဗေဒင်လက္ခဏာ အလွန်ကျွမ်းကျင်ပြီး ထင်ရှားကျော်စောတဲ့ ပီယာကလပ်ဆိုတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးပေါ်ပေါက်ခဲ့ဖူးတယ်။’
ဆွဲဆောင်မှု အပြည့်ရှိသော သူ့စကားကြောင့် ခင်မောင်ရင်လည်း ငေးပြီး နားထောင်နေမိသည်။
‘သူဟောပြောချက်တွေထဲမှာ နပိုလီယံနဲ့ ပတ်သက်ပြီး ဟောပြောတဲ့အချက်တွေက အံ့သြဖွယ် ကောင်းလောက်အောင် မှန်ခဲ့တယ်’
‘ဟုတ်ကဲ့’
‘တစ်နေ့ အလုပ်လက်မဲ့ဖြစ်နေတဲ့ လူတစ်ယောက်က ခရစ်ယာန်ဘုန်းတော်ကြီးဆီ ရောက်လာ တယ်။ ရှေ့ရေးကို မေးဖို့ပေါ့’
‘… …. …..’
‘အဲဒီ မှာ ခရစ်ယာန်ဘုန်းတော်ကြီးက အဲဒီ လူရဲ့ မွေးနေ့ကို တွက်ချက်ကြည့်ပြီး ပြောလိုက် တယ်။ ဒီပြင်သစ်တော်လှန်ရေးကြီးကို ကော်ဆီကာလူမျိုးတစ်ဦးက ပြီးစီးစေလိမ့်မယ်။ အဲဒီ လူဟာ သင်သာလျှင် ဖြစ်နိုင်တယ်လို့ ပြောလိုက်တယ်’
‘သူက ဘယ်သူလဲ’
‘ သူက နောင်တစ်ချိန်မှာ ပြင်သစ်ဧကရာဇ်ဖြစ်မယ့် နပိုလီယံပဲ’
‘သြော်’
‘ဒါပေမဲ့ အဲဒီ တုန်းက သူမယုံခဲ့ဘူး။ ခရစ်ယာန်ဘုန်းတော်ကြီးကိုတော် အရူးလို့ သူက ထင်ခဲ့တာ’
‘… … … ..’
‘နောက်… သူဧကရာဇ်ဖြစ်လာတော့လည်း ခရစ်ယာန်ဘုန်းတော်အိုကြီးကို စောင့်ရှောက်ထား ပါတယ်’
‘ဟုတ်ကဲ့’
‘အင်း…. ပြောလက်စနဲ့ ပြောရဦးမယ်။ တစ်နေ့မှာ ပေါ့…. တစ်နေ့ဆိုတာက ၁၉၁၄ ခုနှစ်ရဲ့ ဇွန်လ တစ်နေ့မှာ ပေါ့။ ခရစ်ယာန်ဘုန်းတော်ကြီးက နပိုလီယံရဲ့ ဇာတာတွက်ချက်နေတုန်း နပိုလီယံစစ် ရှုံးမယ့် အကြောင်းကို သူသိလာရတယ်’
‘ ဒီတော့ သူက ဘာလုပ်လဲဟင်’
‘၁၈၁၄ ခုနှစ်မှာ ကလည်း အင်္ဂလိပ်နဲ့ ပြင်သစ်စစ်ဖြစ်နေတော့ ပြင်သစ်တပ်တွေရှိရာနောက်ကို ခြေလျင် လိုက်သွားတာပေါ့။ သူက သတိပေးမလို့ပေါ့’
‘သြော်… ရောက်သွားလား’
‘အင်း…. ရောက်တော့ ရောက်တယ်။ ဇွန်လ (၁၄)ရက် ကမ္ဘာကျော် ၀ါတားလူးစစ်ပွဲ မဖြစ်ခင် တစ်ရက်အလိုပေါ့။ ဒါပေမဲ့ နပိုလီယံရဲ့ သက်တော်စောင့်တွေက သူ့ကိုအရူးတစ်ယောက်လို မောင်းထုတ်ခဲ့ကြတယ်’
‘ ဟင်’
‘တိုတိုပြောရရင် နပိုလီယံစစ်ရှုံးပြီး ပါရီမြို့ပြန်ရောက်တဲ့အခါမှာ စစ်ပွဲတွေရဲ့ ကျင်းတစ်ခုထဲမှာ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ အလောင်းကို တွေ့ရတယ်။ လက်ထဲမှာ လည်း နပိုလီယံရဲ့ ဇာတာအကွက် တွေပါတဲ့ စာရွက်ကို ကိုင်လို့ပေါ့’
‘… …. ….’
သူ ဘာမှပြန်မပြောမိ။
‘ဆိုလိုချင်တာက ငါတို့ ဗေဒင်ဆရာတွေက ဒါဖြစ်မယ်၊ ဟိုဟာ ဖြစ်မယ်လို့ ပြောတယ်။ အညံ့တွေဆိုရင် ရှောင်လွဲလို့ရအောင် ကြိုးစားကြည့်ပေးတယ်။ ဒါပေမဲ့ကွာ’
‘ဟုတ်ကဲ့’
‘ကမ္ဘာကြီးဟာ သူ့အလိုလိုဖြစ်နေတာပါ။ အဲဒီ အထဲမှာ ငါတို့က ကိုယ်လိုချင်တဲ့အတိုင်းဖြစ် အောင် ကြိုးစားနေကြတာပါ’
‘ဟင်’
သူ့စိတ်ထဲမှာ လင်းခနဲဖြစ်သွားသည်ဟု ထင်မိသည်။
ထို့နောက် သူက ခင်မောင်ရင်၏ မွေးနေ့နှင့် လိုအပ်သည့် အချက်အလက်များ အား မေး၏ ။
ထို့နောက် ဘာကိစ္စဖြစ်နေလဲဟု မေးပြန်၏ ။
ခင်မောင်ရင်ကလည်း အမှန်အတိုင်းပဲ ပြောပြလိုက်၏ ။
ထိုသူက ခင်မောင်ရင် ပြောစကားများ ကို နားထောင်ပြီးနောက် အနည်းငယ်တွက်ချက်လေ တော့၏ ။
ခဏအကြာတွင်
‘နည်းနည်းတော့ အခြေအနေမကောင်းဘူးကွ’
‘ဗျာ’
လောကမှာ သူမကြားချင်ဆုံးသော စကားဖြစ်သည်။
အခု အချစ်ရေးနှင့် ပတ်သက်၍ ပိုဆိုး၏ ။
‘ကျွန်တော် ဘယ်လိုလုပ်ရမလဲ ဆရာ’
‘အင်း’
ထိုသူမှာ ခဏစဉ်းစားပြီးနောက် အနည်းငယ်တွက်ချက်ပြန်၏ ။
‘ကြိုးစားကြည့်မယ်ကွာ….နော်’
‘ဟုတ်ကဲ့ ဆရာ’
‘အခုဟာက မင်းရင်ထဲမှာ ရှိတဲ့ အိပ်မက်ကို အကောင်အထည်ဖော်မှာ ဆိုတော့… အင်း’
‘ပြောပါဆရာ…. ပြောပါ’
သူ့မှာ အားကိုးရာမရှိ။
ထို့ကြောင့် အသည်းအသန်မေးလိုက်ရသည်။
‘ဒီည မင်းမက်မဲ့ အိပ်မက်(သို့ )ယခုမှစပြီး မင်းပထမဆုံးမက်မယ့် အိပ်မက်ကို အပြင်မှာ အိပ်မက်ထဲကအတိုင်း အကောင်အထည်ဖော်လိုက်’
‘ဗျာ’
သူနည်းနည်းတော့ လန့်သွားကြောင်း ၀န်ခံရပေမည်။
‘မင်းအိပ်မက်တွေ အကောင်အထည်ပေါ်လာအောင်လို့လေ’
တွေဝေမှု ၊ ပြတ်သားမှု ၊ မရေရာမှု တို့က သူ့ခေါင်းထဲသို့ တစ်လှည့်စီဝင်လာနေသည်။ နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည်။
‘ဟိတ်’
‘အမလေး… ပလုတ်တုတ်’
နွေချိုက သူ့ပခုံးပေါ် ရုတ်တရက်လှမ်းပုတ်လိုက်မှု ကြောင့် ယောင်ပြီးထွက်သွားသည်။
‘အသံတွေ ရခဲ့ပြီလား’
‘ကြိုး… ကြိုးစားတုန်းပဲ’
‘အင်း …. သေသေချာချာလုပ်နော်’
ဟုဆိုကာ ထွက်သွားလေ၏ ။
အသံမဖမ်းရသေးသောကြောင့် နွေချိုကို ရှောင်နေရာမှနွေချိုက တွေ့သွားခြင်း ဖြစ်သည်။
ဟူး…ဟု သက်ပြင်းချကာ ခေါင်းငိုက်စိုက်ငိုက်စိုက်နှင့် လျှောက်နေမိသည်။
ခင်မောင်ရင်သည် သူ၏ မျက်လုံးများ အား တစ်ချက်ပွတ်လိုက်သည်။ ညက ကောင်းကောင်း မအိပ်ခဲ့ရ။
အိပ်မက်တစ်ခုခုကို မက်လိုက်မိမှာ စိုး၍ ဖြစ်သည်။
အိပ်မက်မက်မိလျှင် ထိုအိပ်မက်ကို အကောင်အထည်ဖော်ရတော့မည်။
အိပ်မက်က လိုက်လုပ်ဖို့ လွယ်နေလျှင် အကြောင်းမဟုတ်။ ခက်နေမှ ဒုက္ခဟု ခင်မောင်ရင် စိတ်ထဲ တွေးတွေးကာ ကြောက်နေမိလေသည်။
ထိုစိတ်တို့ကြောင့် စာသင်နေရသည်မှာ လည်း မပျော်ဖြစ်နေသည်။ ထို့ကြောင့် ကင်တင်းကို တစ်ယောက်တည်း ထွက်လာခဲ့သည်။
ခင်မောင်ရင်တွင် အပေါင်းအသင်းရှိပါသည်။
သို့ သော် သူက တစ်ယောက်တည်းနေတတ်တာများ သောကြောင့် သူ့သူငယ်ချင်းများ နှင့် တစ်ခါတစ်ရံမှသာ နေတတ်သည်။
ကင်တင်းရောက်သောအခါ စားစရာများ စားပြီးနောက် ဗိုက်လေးလာ၏ ။
ထို့အတူ မျက်လုံးများ လည်း စင်းလာ၏ ။
မအိပ်ဘူး….ဟု ပေကပ်ကပ်နှင့် တင်းထားသေးသည်။
မရတော့။
မရ…..။
မ…….။
……။
ကင်တင်းရှိ စားပွဲပေါ်မှာ ပင် ခေါင်းတင်ကာ အိပ်ပျော်သွားလေတော့၏ ။
မကြာမီ အိပ်မက်,မက်လေ၏ ။
အိပ်မက်ထဲတွင်…..
သူညက ကြည့်ထားသော ဗွီဒီယိုကားထဲက ဇာတ်ကွက်တစ်ခုအတိုင်း ပြန်မက်သည်။
မင်းသားနှင့် မင်းသမီးက ပန်းခြံထဲတွင် ပြေးနေ၏ ။
မင်းသားမှာ သူဖြစ်နေပြီး……။
မင်းသမီးမှာ နွေချိုချို ဖြစ်နေသည်။
နွေချိုသည် သူ့ထံသို့ မျက်နှာချင်းဆိုင်မှ ပြေးလား၏ ။
သီချင်းတစ်ပုဒ်သံစဉ်နှင့်အတူ ပြေးလာခြင်းဖြစ်၏ ။
သီချင်းမှာ နာမည်ကြီးသော သီးချင်းတစ်ပုဒ်ဖြစ်၏ ။
အာရာမာ ဒစ်စကို ဒန်းဆား ဆိုသည့် ကုလားသီချင်းနှင့် ဖြစ်သည်။ သူကလည်း အပြေး….။
နွေချိုကလည်း အပြေး…..။ နွေချိုက ပြေးရင်းနဲ့တောင်
‘ဟာရေး…. ဟာရေး’
ဟု အော်လိုက်သေး၏ ။
သူကလည်း အားကျမခံ။
‘ပြာရေး…ပြာရေး’
ဟု ထပ်အောင်ပြန်၏ ။
ပြေးလာသည်။ စလိုးမိုးရှင်းနှင့် ပြေးလာသည်။ နှစ်ဦးသား လှမ်းဖက်သည်။
‘ခလွမ်း’
ပန်းကန်ကွဲသံကြောင့် သူလန့်နိုးသွားသည်။ ထို့နောက်တွင်
သူ့တစ်ကိုယ်လုံးချွေးပြန်နေကြောင်း သတိထားမိသည်။
ဆိုင်ရှင်၏ ဆူသံ….။ စားပွဲထိုးလေး၏ ငိုမဲ့မဲ့မျက်နှာ။
အားလုံးကို ကြားချင်၊ မြင်ချင်စိတ်မရှိတော့။
ရင်ထဲမှာ တစ်ခုပဲ သိနေသည်။
သူ့အိပ်မက်သည် အကောင်အထည်ဖော်ဖို့ မလွယ်ကူသော အိပ်မက်ဖြစ်သည်။
ညက ကြည့်မိသော ဗွီဒိယိုကားကိုပင် လှိမ့်ပိန့်ပြီး အပြစ်တင်မိသည်။
သူ ဘာလုပ်ရမလဲ။
အိပ်မက်ကိုအကောင်အထည်ဖော်ရမလား။
မဖြစ်သေး….။
ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်။
စဉ်းစားလေ စိတ်ညစ်လေ ဖြစ်လာသည်။
ထို့ကြောင့် မစဉ်းစားချင်တော့ဘဲ စားပွဲပေါ် ဘုန်းကနဲ မြည်အောင်ခေါင်းချပြီး ထပ်အိပ်လိုက် လေတော့၏ ။
ဆိုင်ရှင်ကတော ဘာဖြစ်တာလဲဟု လှမ်းကြည့်သေးသည်။
ထိုအချိန်တွင် နွေချိုချိုမှာ ပါမောက္ခရုံးခန်းထဲတွင် ပြဿနာတက်နေ၏ ။
ရုံးခန်းထဲတွင် ပါမောက္ခ၊ ဆရာမ နှစ်ဦး၊ နွေချို၊ နွေချို့သူငယ်ချင်းနှင့် ကျောင်းသား သုံးယောက်ရှိနေကြသည်။
‘နွေချို …. သမီးကို သူက ဘာတွေလိုက်ပြောတာလဲ’
‘သူ့ကို မေးကြည့်ပါ ဆရာကြီး၊ သမီးမပြောချင်လို့ပါ’
ဆရာကြီးသည် ကျောင်းသားတစ်ယောက်ဘက်သို့ လှည့်ကာ
‘မင်းတို့ ဘာတွေသွားပြောတာလဲ’
‘ကျွန်တော်တို့က သူ့နောက်ကလိုက်ပြီး သူ့နာမည်အဖျားဆွတ်ခေါ်တာပါ ဆရာကြီး’
ဆရာကြီးက နွေချို့ဘက် မျက်လုံးလှန်ကြည့်သည်။
‘နင်တို့ ဘယ်လိုခေါ်လဲဆိုတာပါ ထည့်ပြောဦးလေ’
နွေချိုက ကျောင်းသားတွေကို ပြန်ပက်သည်။
‘အေး …. မင်းတို့က ဘယ်လိုခေါ်တာလဲ’
‘ဟို … ချိုချိုအောင်လို့ ခေါ်တာပါ ဆရာကြီး’
ဆရာကြီးနှင့် တကွ ဆရာမ နှစ်ဦးပါ မျက်မှော င်ကုတ်သွားသည်။
ကျောင်းသားက ဆက်ပြောသည်။
‘ကျွန်တော်တို့က သူ့ကို အောင်လေးတစ်လုံးပဲ ပိုခေါ်မိတာပါ ဆရာကြီး’
ဆရာကြီးက နွေချို့ဘက်လှည့်ပြီး
‘သမီးပြောတော့ သူတို့က ရှက်စရာစကားတွေ လိုက်ပြောတယ်ဆို’
နွေချိုမျက်နှာလေးရဲသွားပြီး
‘သမီးကို သူတို့က ချိုချိုအောင်လို့ ခေါ်တာမှန်ပါတယ် ဆရာကြီး၊ ဒါပေမဲ့ သမီးနာမည်ကို ခေါ်တာ မဟုတ်ပါဘူး။ သူတို့က အဓိပ္ပာယ်တစ်မျိုးနဲ့ ပြောကြတာပါ’
‘ဟေ …. ဘယ်လိုများ တုန်း’
ဆရာကြီးမှာ စိတ်ဝင်စားသွား၏ ။
‘ချိုချိုအောင်ဆိုတာ ရှေးခေတ်တုန်းက ဘန်းစကားပါ ဆရာကြီး၊ ရင်သားကြီးထွားသူလို့ အဓိပ္ပာယ်ရပါတယ်’
‘အို’
ဆရာမ နှစ်ယောက်ရှက်သွားသည်။
ဆရာကြီးက ကျောင်းသားများ ကို ကြည့်လိုက်၏ ။ နွေချိုက ဆက်ပြောသည်။
‘အဲဒါ ဆရာကြီး သူတို့ကို ဆုံးမပေးဖို့ပါ’
ဟုဆိုပြီး နွေချိုမှာ ဆရာကြီးနှင့် ဆရာမ နှစ်ဦးအား အရိုအသေပေးကာ အခန်းထဲမှ ရိုးရိုးနဲ့ ယဉ်ယဉ်ထွက်လာခဲ့တော့၏ ။
ဆရာကြီးနှင့် ဆရာမ နှစ်ဦးမှာ အူကြောင်ကြောင်နှင့် ကျန်ခဲ့၏ ။ ထို့နောက် ဆရာကြီးက ကျောင်းသားများ ဘက်လှည့်ကာ
‘ဟေ့ကောင်တွေ’
ဟု အော်လိုက်လေတော့၏ ။
နွေချိုမှာ ပါမောက္ခရုံးခန်းထဲမှ ထွက်ကာ သူ့သူငယ်ချင်းနှင့် လမ်းခွဲပြီးကင်းတင်းဘက်သို့ ရောက်လာသောအခါတွင် ကင်တင်းတစ်ခုရှိ စားပွဲပေါ်တွင် အငြိမ့်သားအိပ်နေသော ခင်မောင်ရင်ကို တွေ့လိုက်ရ၏ ။
စိတ်တိုပြီး ထွက်လာသော နွေချိုမှာ ခင်မောင်ရင်အပေါ်သို့ ဒေါသများ က ဘာမဆိုင် ညာမဆိုင်ပဲ စုပုံရောက်ရှိသွားကာ စားပွဲခုံအား
‘ဒုန်း’
ကနဲမြည်အောင် ထုလိုက်လေ၏ ။
‘အမလေး’
ခင်မောင်ရင်မှာ လန့်ပြီး ‘ဘာဖြစ်တာလဲ… ဘာဖြစ်တာလဲ ၀ူးဝူး’ ဟု လုပ်နေသေး၏ ။
‘နင်ကလည်း ယောက်ျားဖြစ်ပြီး အသည်းငယ်လိုက်တာ ခင်မောင်ရင်ရယ်’
ခင်မောင်ရင်မှာ နွေချိုကို အခုမှ မြင်သွားပြီး ဟိုဟာလုပ်ရမလို၊ ဒီဟာ လုပ်ရမလိုဖြစ်သွားကာ
‘ငါ…. ငါ ဘာမှားလို့လဲ နွေချို’
‘နေပါဦး၊ နင်က အခု ဘာဖြစ်နေတာလဲ ငါ့ကို ကြောက်နေတာလား’
နွေချိုက ခင်မောင်ရင့်မျက်နှာကို အသေအချာစိုက်ကြည့်ကာ မေးလိုက်လေ၏ ။
‘ ဟို … ဟိုဟာလေ’
‘ဘာလဲ’
‘ အင်း.. ကြောက်တယ်’
‘ဘာ’
နွေချို့အော်သံကြောင့် ဘေးနားက ၀ိုင်းတစ်ချို့က လှည့်ကြည့်ကြသည်။
ခင်မောင်ရင်လည်း လန့်သွားသည်။
နွေချိုက ခင်မောင်ရင်ကို မျက်မှော င်ကြုတ်ကာ စိုက်ကြည့်နေ၏ ။
စက္ကန့်အနည်းငယ်ကြာသည်အထိ အကြည့်တို့ မခွာသေး…..။
ခင်မောင်ရင်မှာ နွေချိုကို မကြည့်ရဲ……။
နွေချို့ ရှေ့က ရေနွေးခွက်ကိုသာ စိုက်ကြည့်နေရသည်။
ထို့နောက်
ရုတ်တရက်ဆိုသလို နွေချို့မျက်ဝန်းကို လှမ်းကြည့်လိုက်သည်။
‘ဘာကြည့်တာလဲ’
‘အဲ… ဟုတ်ဘူး၊ ယောင်လို့’
မျက်လွှာချထားလိုက်ရသည်။
နွေချိုက စိုက်ကြည့်နေသောကြောင့် သူ့မှာ မနေတတ်သလို ဖြစ်လာသည်။
နွေချိုသည် ဤသို့ ဆိုးသောကောင်မလေးတစ်ယောက်ဖြစ်ပါသည်။
သူကလည်း ချစ်မိနေတော့ ခက်သည်။
‘ခင်မောင်ရင်’
နွေချိုက ခေါ်ပြန်သည်။ သူဆက်ကနဲ တွန့်သွား၏ ။
‘ဘာ…. ဘာလဲ နွေချို’
‘ငါစိတ်တိုလာတာ နင်သိတယ်မဟုတ်လား’
‘အေး…. သိပါတယ်’
‘ဒါဆို နင်ငါ့ကို တစ်ခုကူညီဟာ’
ခင်မောင်ရင် လန့်သွားပြန်သည်။
နွေချို့ကိုလည်း မရဲတရဲလေး ကြည့်လိုက်၏ ။
‘သိပ်လှတာပဲ’ ဟု တွေးဖြစ်အောင် တွေးလိုက်သေးသည်။
‘ပြောလေ နွေချို’
ဝင်လာစတုန်းကလောက် မပြင်းထန်တော့သော နွေချိုစကားသံကြောင့် ခင်မောင်ရင်မှာ လည်း ပြောရဲဆိုရဲ ရှိလာသည်။
‘အိမ်မှာ ငါ့ကိုလာပြီး ရစ်သီရစ်သီလုပ်နေတဲ့ လူကြီးတစ်ယောက်ရှိတယ်ဟ’
‘ဟင်’
သူနည်းနည်းတော့ စိုးရိမ်စိတ်ဝင်သွားသည်။
‘ငါ့အမေနဲ့အဖေကိုလည်း ငါ့ကို လက်ထပ်ချင်တယ် ဘာတယ်ဆိုပြီး နားပူနားဆာ လုပ်တာပေါ့’
‘အင်း’
‘ငါက သူ့ကို ကြည့်မရဘူးဟဲ့၊ ဘာတဲ့…. ကုမ္ပဏီရဲ့ ပိုင်ရှင်ဆိုလား ဘာဆိုလားပဲဟယ်’
‘သြော်’
‘သူက ငါတို့ အိမ်လာတိုင်း ငါ့ကိုပြောပြောနေတဲ့ စကားတစ်ခွန်းရှိတယ်’
‘ဘာတဲ့လဲ’
‘နွေလေး …. အလိုရှိတာကို အချိန်မရွေးပြောပါ။ ကိုယ် နွေလေးအတွက် အသင့်ရှိပါတယ် ဆိုပြီးတော့ပေါ့ဟယ်’
သူနည်းနည်းထိတ်လန့်စပြုလာသည်။
‘အဲဒီ တော့ ငါက ဘာကူညီရမှာ လဲ’
‘ အဲဒီ လူကြီး ကုမ္ပဏီကို ငါနဲ့ ခဏလိုက်ခဲ့ဟာ’
‘ဘာ… ဘာလုပ်ဖို့လဲဟ’
‘ဘာမှ ထွေထွေထူးထူး မရှိပါဘူးဟယ်၊ အဲဒီ လူကြီးကို ပုံပြင်ပြောခိုင်းမလို့ပါ’
‘ဟင်’
ဆုံးအောင် ‘ဟင်’ ချိန်မရလိုက်။
နွေချိုမှာ ဘုဆတ်ဆတ်ဖြင့် ထထွက်သွားသောကြောင့် ဖြစ်သည်။
သူ့မှာ လည်း သူမနောက်သို့ အမှီလိုက်ရသည်။
သူမသည် တစ်ခါတစ်ရံတွင် ဘာတောမှန်းမသိသော အရပ်မှာ ဘာမှန်းမသိသော ပန်းပွင့်ခြင်း နှင့် တူပါသည်။
![]() သမ္မတကြီးအားလုပ်ကြံခြင်း | ![]() ၂၅ | ![]() ၂၉၈၇ ခုနှစ် |