Cover

လောက၏ ပြတင်းများ အပါအဝင် ဝတ္ထုတိုများ
အမှာ

၁၉၉၅ ဝန်းကျင်လောက်က ကျွန်တော် ရုပ်ပြဇာတ်လမ်းတိုလေးများ စရေး ဖြစ်ခဲ့သည်။ ထိုဇာတ်လမ်းတိုလေးများ မှာ ဟာသတချို့၊ Satire တချို့နှင့် အများ အားဖြင့်တော့ ရသက များ ပါသည်။ ရုပ်ပြ ဇာတ်လမ်း အတွက် ရေး သည် ဆိုသော်ငြား တကယ်တမ်းက ရသဝတ္ထုတို များ သာ ဖြစ်၏ ။

ရုပ်ပြ ဖြစ်စေရန် လိုအပ်သလောက် စကားလုံးသုံးပြီး ဇာတ်ညွှန်း ခွဲရေး ခဲ့ရ၍ တစ်ပုဒ်ရေး ပြီးတိုင်း ကျွန်တော့် ရင်ထဲတွင် စကားလုံးအချို့ ကျန် နေသလို ဇာတ်ကွက်အချို့လည်း ထုတ်နုတ်သိမ်းဆည်းထားရဆဲ ဖြစ်သည်။ တစ်ချိန်ချိန်မှာ တော့ ထိုစကားလုံးစုကို ဖွင့်အံထုတ်ပြီး ဝတ္ထုတိုများ ရေး ဦး မည် ဟု အားခဲမျှော်လင့်ရင်း ကိုယ့်ကိုကိုယ် ဖြေသိမ့်ခဲ့ရသည်။

ယခုတော့ ဝတ္ထုတိုရေး ဖို့ လမ်းစက ပေါ်လာပြီ။ ကျွန်တော့် ကို အင်တာဗျူး ခဲ့သော မဂ္ဂဇင်းများ တွင် အင်တာဗျူး နှင့် တွဲလျက်ထည့်ဖို့ အယ်ဒီတာ များ က ဝတ္ထုတိုများ တောင်းဆိုသော အခါ မ ဖြစ်မနေ ကျွန်တော် ဝတ္ထုတိုနှစ် ပုဒ် ရေး ဖြစ်ခဲ့သည်။ ရေး စမရှိခဲ့တော့ ကျွန်တော့်  ဝတ္ထုတိုက အခြားသူများ ၏ ဝတ္ထုတို များ နှင့်မတူဘဲ နည်းနည်း တော့ လမ်းကွဲထွက်နေမည် ထင်သည်။

ဆိုပါစို့ အများ အားဖြင့် ဝတ္ထုတိုများ တွင် စကားပြေချည်း သက်သက် ရေး သားကြပြီး Dialogue ကို မ ဖြစ်မနေ တစ်ကြောင်းစ နှစ် ကြောင်းစသာ ထည့်တတ်သည်မှာ ဝတ္ထုတိုပုံစံလို ဖြစ်နေသည်။ အကယ်၍ Dialogue ကိုထည့်လျှင်လည်း စကားပြေထဲ ညှပ်ထည့်ပြီး ရေး တတ်ကြသည်မှာ လည်း နည်းစနစ် တစ်ခုလို အမြစ်တွယ်နေခဲ့ပြီ။

ကျွန်တော် ကတော့ ထိုသို့ မဟုတ် ကိုယ့်စိတ်ခံစားမှု တွင် ဖြစ်ပေါ်နေ သည့် Dialogue ကို ထည့်ချင်တိုင်း ထည့်ရေး သည်။ အများ နည်းတူ ဝတ္ထု တိုမျိုး ရေး သားဖို့ မကြိုးစားဘဲ ဗျူးမူ ဗျူးဟန်အတိုင်း ပြန်ဖတ်ရတာ ကို ကျွန်တော် ကိုယ်တိုင် အရသာ တွေ့ နေသည်။ သဘာဝ ဇာတ်တွင် လည်း မော်ဒန်စကားစု ရေး ဖွဲ့ပုံမျိုး ထည့်ချင်လည်း ထည့်သည်။ ရုပ်ပြဇာတ်လမ်းတွေ ထွက်စဉ် ကတော့ ပရိသတ်က သော င်းသော င်းဖျဖျ အားပေးခဲ့ဖူး၏ ။

ထိုလက်ခုပ်သံလေးများ ကို ကျွန်တော် ဘယ်တော့မှ မေ့မရ။ ထို့ အတွက် ကျွန်တော် ၏ ဝတ္ထုတိုများ စုပေါင်းပြီး ထွက်ဖို့ ကြိုးစားတော့ စောစော က ကျွန်တော် ပြောသလိုပင် ကျွန်တော့် ဟန်အတိုင်း လွတ်လွတ်လပ်လပ် ရေး ခဲ့သည်။ ယခင်ရုပ်ပြဇာတ်လမ်းတိုများ ကို ဆွဲဆန့်၍ ဝတ္ထုတိုများ အ ဖြစ် ပြောင်းလဲရေး ဖွဲ့ခြင်းလည်း ဖြစ်၏ ။

စာဖတ်ပရိသတ်ကြိုက်သည် မကြိုက်သည်က စာဖတ်သူ၏ ဆုံးဖြတ် ချက် ဖြစ်သော်လည်း ကျွန်တော့် အတွက်တော့ စာရေး ဆရာ မြင့်သန်း၏ လေ အတိုင်း ပြောရလျှင် ဗျူးရေး ၍ ဗျူးကြိုက်သော ဝတ္ထုများ ဟုသာ ဆိုချင်သည်။

ဗျူး

* * *



လောက၏ ပြတင်းများ

မွေးနေ့မသိ၊ ဇာတာမရှိ၊ မဟာဘုတ်တိုင် မထူတတ်သော်လည်း ဆောင်းချမ်းည၏ နေ့စွဲတစ်ခုဟု ကျွန်တော် အတတ်သိနေခဲ့ပါသည်။ ကျွန်တော် တို့၏ အမေ ဖြစ်သူသည် ကျွန်တော် ခွေးလား မမြောက်ခင်ကပင် အက်တိုးပစ် အပျိုစင် ပြန် ဖြစ်သွားခဲ့၏ ။

လောက၏ အလယ်တွင် ရရာစား၊ ကြုံသလိုအိပ်၊ ကိုယ့်အန္တရာယ် ကိုယ် ကြည့်ရှောင်ရနှင့် အရွယ်နှင့် မမျှသော ဝန်ထုပ်ဝန်ပိုးများ ဖြင့် ကျွန်တော် တို့ ညီအစ်ကိုမောင်နှမတစ်စု ရှင်ကွဲ ကွဲခဲ့ကြသည်။

အမေဆိုတာကလည်း ဘယ်ကို လက်ညှိုးထိုးပြရမှန်းမသိ၊ ဟိုခွေး မျက်နှာကြည့်ရ၊ သည်ခွေးမျက်နှာကြည့်ရနှင့် ကိုယ့်ထက် စီနီယာကျသော ခွေးကြီးများ ရှိလျှင် လမ်းဘေး အမှိုက်ပုံကိုပင် ဝင်စားဖို့ အားလုံးကို ကြောက်နေ ရ၏ ။ ကြာတော့ ကမ္ဘာလောကတွင် ခွေး ဖြစ်ရသည့်ဘဝကို ကျွန်တော် ကြေကွဲ ဝမ်းနည်းလာမိသည်။

ပိုပြီး ကြေကွဲစရာကောင်းသည်မှာ လူတို့၏ သတ်မှတ်မှု ကြောင့် ပင် ဖြစ်သည်။ ဘာကြောင့် မှန်းမသိ ခွေးချင်းအတူတူ နိုင်ငံခြားမှလာသော ခွေး များ ကို တယုတယ ပိုက်ထွေး မွေးမြူတတ်ကြ၏ ။ စားကောင်းသောက်ဖွယ် ကျွေးသူကျွေး၊ တန်ဖိုးကြီးကားပေါ် တင်သူတင်၊ ကားပြတင်းတွင် ခေါင်းထုတ်၍ စီးသွားသော အမွေးဖွားခွေးများ ကို မြင်တိုင်း ကျွန်တော် ရင်နာရ သည်။

ခက်တော့လည်း ခက်သည်။ လူတော် တော် များများ က နိုင်ငံခြား မှလာသော အရာများ ကိုမှ အထင်ကြီးကြသည်။ သဘောတွေ့ ကြသည်။ ကျွန်တော် ပေးချင်ပါသည်။ နိုင်ငံခြားမှစ၍ ပျံ့နှံ့လာသော AIDS ရောဂါ ၊ H1N1 လူတုပ်ကွေး ရောဂါ အစရှိသဖြင့်။

ရောဂါ အကြောင်း ပြောမိတော့မှ ကျွန်တော် တို့၏ ခွေးဘဝကို ကြံဖန် ကျေးဇူးတင်ရတော့၏ ။ တော် သေးရဲ့ AIDS တို့၊ H1N1 တို့လို ရောဂါ မျိုးတွေ ခွေးတွေ မှာ မရှိလို့ဟု တွေးမိ၏ ။ သို့ သော် အမှီအခိုမရှိဘဲ ကြီးပြင်းလာရသည့် ခွေးတစ်ကောင်၏ ဘဝက သန်းခေါင်စာရင်း မရှိသော လူ တစ်ယောက် လို ယောက် ယက်ခတ်လှသည်။

မိုးရာသီရက်စွဲများ က ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြည်သော်လည်း ကျွန်တော် တို့ ခွေးများ အတွက် အစာခက်ခဲ၍ ခြောက်သွေ့ပူလောင်သလို ခံစားရသည်။ နေ့ရက်တော် တော် များများ အစာမစားခဲ့ရ၍ ကျွန်တော့်  ခြေလှမ်း တွေ ယိမ်းယိုင်ချင်လာသည်။ လမ်းဘေး အမှိုက်ပုံကြီးတစ်ခုကို ကျွန်တော် တွေ့  တော့ အရိပ်အခြေကို ကြည့်သည်။ ကိုယ့်ထက် စီနီယာကျသော ခွေးကြီးများ တစ်ကောင်တလေမှ မရှိ။ အစာရလိုရငြား ဝင်ရှာမိ၏ ။ စုတ်စုတ်နုပ်နုပ်နှင့် လူ တစ်ယောက် တောင်းတစ်လုံးထမ်းကာ တုတ်တစ်ချောင်းဖြင့် ဟိုထိုးဒီထိုး လုပ်ရင်း ကျွန်တော့် အနား ရောက်လာသည်။

''ဟာ ဒီခွေး ရှုပ်လိုက်တာ သွားစမ်း ကဲ''

''ဂိန် ဂိန်''

ရုတ်တရက် ပါလာသော တုတ်နှင့် ကျွန်တော့် ခေါင်းကို လှမ်းရိုက်၍ ကျွန်တော် နာကျင်ကာ ကြောက်လန့်တကြား ထွက်ပြေးခဲ့ရသည်။ အမှိုက်ပုံ တောင် ခွေးနေရာ မဟုတ်တော့ပါလားဟု တွေးရင်း ဝမ်းနည်းမိပြန်သည်။ ဆာလောင်ခြင်းနှင့် နာကျင်စွာ ခံစားရခြင်းတို့ကြောင့် ကျွန်တော့် ရင်တွင် ကြေကွဲဆို့နင့်လာသည်။ အစာမစားခဲ့ရသော ရက်တော် တော် များများ အတွက် ဝမ်းတွင်းပူလောင်ကာ ကျွန်တော့် တစ်ကိုယ်လုံး တုန်ယင်နေ၏ ။

မတတ်သာသည့်အဆုံး ဈေးအတွင်းဘက်ရှိ အမဲသားဆိုင်နောက် ဘက်သို့ ကျွန်တော် အရဲစွန့် ဝင်ကြည့်သည်။ အမဲရိုးတစ်ချောင်းကို ကျကျ နန ကိုက်လျက်ရှိသော ခွေးကြီးတစ်ကောင် အနားသို့ သွားပြီး ကျွန်တော် အသနားခံသလို ခပ်ရို့ရို့ ပြုံးပြနှုတ်ဆက်လိုက်သည်။

ထိုခွေးကြီးက ကျွန်တော့် အပြုံးကို အသိအမှတ်မပြုသည့်အပြင် ကျွန်တော့် ကို မကျေနပ်သလို တစ်ချက်ကြည့်ကာ အသံတစ်ချက်ပေးလိုက် တော့ အနီးအနားရှိခွေးများ ဝိုင်းရံလာပြီး ကျွန်တော့် ကို အစိမ်းလိုက် ဝါးစား တော့မလို စူးစူးရဲရဲ ကြည့်ကြသည်။ ကျွန်တော် အတတ်နိုင်ဆုံး အမြီးကုတ် ခေါင်းငုံ့ပြီး တောင်းပန်ခယသော်လည်း အားလုံးက အုပ်စုလိုက် ကျွန်တော့်  ကို ဝိုင်းတွယ်ကြသည်။ ဂုတ်ခဲသူ၊ ပေါင်ကို ဝင်ကိုက်သူနှင့် ကျွန်တော် အတော် ပင် အထိနာခဲ့သည်။

နာနေသည့်ကြားထဲကပင် ဆာလောင်မှု ကြောင့် ဝမ်းက ပူလောင် လွန်နေပြီ။ လူအများ နေသည့် အိမ်ကြိုအိမ်ကြား အရဲစွန့် ရှာဖွေပြန်တော့ ရေနှင့် ပက်သူကပက်၊ ခဲနှင့်ပေါက်သူကပေါက်ဖြင့် အနာတရ ဖြစ်ရုံမှလွဲ၍ ကျွန်တော့် အတွက် ဘာတစ်ခုမှ မထူးခြား။

မ ဖြစ်တော့ပါ။ ကျွန်တော့် အတွက် အမှီအခို တစ်ခုရှိဖို့လိုပြီ။ ကျွန် တော် ဘယ်ကိုသွားရမလဲဟု စဉ်းစားစဉ် ကျွန်တော့် အနီးမှ အရက်နံ့ တစ် ထောင်းထောင်း ထနေသော လူ တစ်ယောက် ယိုင်နဲ့နဲ့နှင့် ဖြတ်သွား၏ ။ သီချင်းလေး တကြော်ကြော်ဖြင့် ခုန်ပေါက်မြူးတူးနေသော ထိုသူ့ဆီမှ သော့ တွဲ လေးတစ်ခု ပြုတ်ကျ ကျန်ရစ်သည်။ ကျွန်တော် သော့ တွဲ လေးကို ကိုက်ချီပြီး တအီအီ အော်ကာ ထိုသူ့နောက်သို့ အပြေးကလေး လိုက်သည်။

ကျွန်တော့် ဆီမှ တချွမ်ချွမ်မြည် နေသော သော့ တွဲ အသံကြောင့် ထိုသူ လှည့်ကြည့်သည်။ ပြီးတော့ အံ့သြသလို နှုတ်မှရေရွတ်ရင်း ကျွန်တော့် ပါးစပ် က သော့ တွဲ ကို ယူသည်။

''ကြည့်စမ်း လိမ္မာလိုက်တဲ့ ခွေးလေး''

ကျွန်တော့် ခေါင်းကို ယုယုယယ တစ်ချက်ပွတ်သပ်ပြီး သူ ဆက်သွား သည်။ ဘာကြောင့် မှန်းမသိ အားကိုးတကြီး သူ့နောက်ကို ကျွန်တော် ဆက် လိုက်နေမိ၏ ။ သူ စိတ်မချသလို တစ်ချက်လှည့်ကြည့်တော့ ကျွန်တော် ပါ လာမှန်း သူ သိသွားသည်။

''ဟောဗျာ ကျေးဇူးရှင်လေးက ပါလာသကိုး''

သူ ကျေနပ်သလို ပြုံးရင်း ကျွန်တော့် အနားပြန်ထိုင်တော့ သူ နားလည်နိုင်မည့်  ဟန်အမူအရာတချို့နှင့် ကျွန်တော် အမြီးကလေး တနုန့် နုန့် လှုပ်ပြလိုက်သည်။

''အဟော ဘာလဲကွ၊ မင်း ငါနဲ့ လိုက်ချင်တယ်ဆိုတဲ့ သဘောလား''

ကျွန်တော့် ကို ခေါင်းလေး ပုတ်လိုက် သီချင်းတွေ ဆိုလိုက်ဖြင့် တစ် လမ်းလုံး ပျော်ရွှင်ကြည်နူးလာသော သူက လူကုံထန်များ နေထိုင်ရာ ရပ်ကွက် ကို ဝင်တော့ ကျွန်တော့် မှာ ကျောပင်ချမ်းမိ၏ ။ ဒီလူ့ပုံနှင့် ဒီရပ်ကွက်က နည်းနည်း မှ စပ်ဟပ်လို့မရ။

သို့ သော် မကြာခင် အချိန်အတွင်း၌ ပင် ကျွန်တော့် အတွေးတွေ ရှင်း သွား၏ ။ ဟီးနေအောင် ရှိသော တိုက်ကြီးများ ၏ ကြားတွင် ခြုံနွယ်ပိတ်ပေါင်း များ စွာ နှင့် ခြံစည်းရိုးပင် မရှိသော ခြံတစ်ခြံကို တွေ့ ရ၏ ။ ထိုခြံအတွင်းရှိ တဲအိမ်လေးရှေ့ ရောက်တော့ သူ ကိုယ်ရှိန်သတ်ပြီး အိမ်အတွင်းသို့ ကြည့်ကာ လှမ်းအော်သည်။

''မိန်းမရေ ငါ့နောက်က ခွေးကလေးတစ်ကောင် လိုက်လာတယ်ကွ''

သူ့အသံကြောင့် တဲအိမ်အပေါက်ဝတွင် မိန်းမ တစ်ယောက် ရင်လျား နှင့် ခါးထောက်ပြီး ထွက်ရပ်သည်။

''အဲဒါ ဘာ ဖြစ်လဲ''

''ဘာ ဖြစ်ရမလဲကွ၊ ဒီကောင့်ကို အမွေစား အမွေခံ မွေးစားဖို့ ငါ ခေါ်လာတာ''

အရက်ပုလင်းတစ်ဖက်နှင့် ကျွန်တော့် ကို ငုံ့ကြည့်ရင်းပြောသော သူ့ကို သူ့မိန်းမက တူးတူးခါးခါး ပြန်စွာ ၏ ။

''အလိုတော် ကိုယ်စားဖို့တောင် အနိုင်နိုင်ဟာကို မပြောလိုက်ချင် ဘူး ဟွန်း''

ကျွန်တော် မျှော်လင့်အားထားခဲ့သမျှ ထိုမိန်းမ၏ စူးရဲသော မျက်လုံး များ ကြားတွင် အရည်ပျော်ကျသွားသည်။ ဝမ်းနည်းမှု နှင့် ခေါင်းငိုက်စိုက်ချ ကာ ပြန်ထွက်မည် အပြု ကျွန်တော့် ကို ခေါ်လာသော လူကြီးက ဟန့်တား ဟန်ပြုသည်။

''မိန်းမရယ် ဒီခွေးလေးက သနားပါတယ်၊ ပြီးတော့ ငါ့ရဲ့ ကျေးဇူး ရှင်ကွ၊ ငါ ကျကျန်ခဲ့တဲ့ သော့ တွဲ ကို ဒီခွေးလေးက သတိပေးလို့ ပြန်ရတာ ၊ တောင်းပန်ပါတယ်ကွာ ငါ စားမယ့်ပန်းကန်ထဲက တစ်ဝက်ခွဲကျွေးပြီး ငါ မွေးပါ့မယ်''

''ဟွန်း ရှင် ကတော့လေ မပြောချင်တော့ဘူး သိလား၊ ကဲပါ ရှင့် သဘော ရှင့်သဘော''

မှတ်ပုံတင်အသစ် ပြန်ရသွားသော လူ တစ်ယောက် ၏ ဝမ်းသာမှု ထက် သာလွန်လိမ့်မည် ထင်ပါသည်။ ကျွန်တော့် မျက်ရည်များ ရစ်ဝဲဆို့တက်လာ သည်အထိ ရင်ထဲ လှိုက်ဖိုသွား၏ ။ သူက ဆောင့်ကြောင့် ထိုင်ပြီး မျက်နှာ ချင်းဆိုင်ကာ ကျွန်တော့်  ပါးနှစ် ဖက်ကို လက်ချောင်းကလေးများ နှင့် ထိုးသွင်း ဆုပ်နယ်သည်။

''ကဲ ဟေ့ကောင် သော့ တွဲ လေးနဲ့ပတ်သက်ပြီး မင်းနဲ့ငါ ဆုံရတဲ့ အတွက် မင်းကို 'ဂျက်ကီး'လို့ နာမည် ပေးမယ်၊ ငါ့နာမည် လည်း မှတ်ထားဦး 'ဖိုးခွား' တဲ့''

ကျွန်တော် 'ဖိုးခွား'ဆိုသော လူကြီး၏ ရင်ခွင်သို့ တိုးဝင်လိုက်သည့် အခါ ဖိုးခွားက ကျွန်တော့် ကို ဖက်၍ ပွတ်သပ်သည်။ ဖိုးခွား၏ ပါးစပ်မှ တထောင်းထောင်း ထနေသော အရက်နံ့ကို ထိုခဏ၌ ပန်းပွင့်ပေါင်းများ စွာ နှင့် ကျွန်တော် မလဲနိုင်မှန်း သေချာလွန်းလှလေသည်။

အရက်သမား၏ မွေးစားခြင်းကို ခံလိုက်ရသော်လည်း ကျွန်တော် ဝမ်းမနည်းပါ။ ကျွန်တော် တို့အိမ်၏ တစ်ဖက်ခြံရှိ တိုက်ကြီးအတွင်းမှ မတူသလို မတန်သလို ကျွန်တော့် ကို ခွေးလေခွေးလွင့် တစ်ကောင်လို ကြည့်သော မျက်လုံး များ ထက်စာလျှင် 'ဖိုးခွား'၏ ထမင်းကြမ်းခဲက ပို၍ ချိုမြိန်ပါသည်။

''ဟေ့ကောင် ဂျက်ကီး စားလေကွာ၊ ဒီနေ့လည်း ပဲဟင်းနဲ့ပဲကွ ဟဲ ဟဲ''

အရက်ပုလင်း ခါးကြားထိုးပြီး ကျွန်တော့် ရှေ့သို့ ပန်းကန်ထိုးပေးသော 'ဖိုးခွား'ကို ကျွန်တော် ကျေးဇူးတင်သလို မော့ကြည့် ဖြစ်သည်။ ဘာပဲ ဖြစ် ဖြစ် တစ်နေ့ တစ်နပ် မှန်မှန်စားနေရတာ ပင်လျှင် ကျေးဇူးတင်ဖို့ ကောင်း၏ ။ ကျွန်တော့်  သခင် ဖိုးခွား၏ စီးပွားရေး က ယိုင်နဲ့နဲ့ တဲအိမ်လေးကို ကြည့်သည်နှင့်ပင် လုံ လောက်၏ ။

အံ့သြစရာတော့ ကောင်းသည်။ ထိုရပ်ကွက်တွင် ကျွန်တော် တို့ ခြံဝင်းမှအပ ကျန်ခြံဝင်းတိုင်းတွင် ကြီးမားခန့်ထည်သော ခေတ်မီတိုက်ကြီးများ ဖြင့် နေထိုင်ကြသည်။ ကျွန်တော် နေထိုင်ရာ လက်ယာဘက်ရှိ နှစ် ထပ် တိုက်ကြီးတွင် တစ်နေ့က အမွှေးရှည်ရှည်နှင့် ကိုယ်ကာယ တင့်တယ်လှပသော ခွေးဖြူမလေး တစ်ကောင်ကို ကျွန်တော် တွေ့ လိုက်ရသည်။

ကျွန်တော် ခွေးဖြူမလေး၏ ခြံဘက်သို့ နီးသထက်နီးအောင် သွား ပြီး ကပ်ကြည့်မိသည်။ ရင်ခွင်တစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်မှု ကို ထို ခွေးဖြူမလေး၏ အမွှေးအမျှင်ကြားမှ ပန်းနုရောင် ထနေသော ဝမ်းဗိုက်သား ကလေးက အစပြုခဲ့သည်ဟု ထင်သည်။ ကျွန်တော် တို့အချင်းချင်း နားလည် နိုင်သည့် ခွေးဘာသာစကားနှင့် သူ့ကို စကားစကြည့်သည်။

''ဟိတ် ရွှတ် ရွှတ် သူက ဒီအိမ်မှာ နေတာလား ဟင်''

''အို သိလည်းမသိဘဲနဲ့ ဘာတွေ လာပြောနေတာလဲ''

မှေးစင်းသော မျက်ဝန်းတို့ကို မျက်လွှာချကာ ခွေးမလေး တစ်ဖက် သို့ လှည့်သွား၏ ။ ညနေခင်းသည် သူမကြောင့် ပိုမိုလှပနေသည်ဟု ကျွန်တော် ထင်သည်။ ကျွန်တော် သူ့ခြံနားသို့ ရသမျှ တိုးကပ်ကာ ဆက်ပြောမိ၏ ။

''ကျွန်တော် လေ ကျွန်တော် က ကျွန်တော့် ရဲ့ လူပျိုစင်ဘဝကို မှတ် မှတ်ရရ ဘယ်သူ့ကို လက်ဆောင်ပေးရင် ကောင်းမလဲလို့ စဉ်းစားနေတာ''

'' သွားပါ''

သွားပါသာဆိုသည် သူမ၏ ခြေလှမ်းတွေ က တုံ့တုံ့ဆိုင်းဆိုင်း။ ကျွန်တော် ရသည့် အခွင့်အရေး ကို လက်လွှတ်မခံဘဲ သိလိုသမျှ အလျင်စလို မေးမိ၏ ။

''မင်းနာမည် ကို ကိုယ် မသိမချင်း မင်းခြံနားက မသွားဘူး''

''ဒုက္ခပါပဲ အိမ်ကလူတွေ သိရင် ပြဿနာတက်မှာ ''

သူ စိုးရွံ့သလို သူ့အိမ်ဘက်ကို လှည့်ကြည့်စဉ် သူ့အိမ်ဘက်မှ သူ့ကို ခေါ်သံကြားရသည်။

''ဆွိတီရေ လာ လာ ဟေ့ဆွိတီ ဘယ်ရောက်နေလဲ''

''ဟော ပြောရင်းဆိုရင်း အိမ်က လှမ်းခေါ်နေပြီ သွားမယ်နော်''

ရင်ကလေး တလှပ်လှပ်နှင့် ဆတ်ခနဲ လှည့်ထွက်သွားတော့ သူမကို ကျွန်တော် မေ့မရတော့။ နေ့နေ့ညည ကျွန်တော် ခံစားနေရသည်။ ဟုတ်သည် 'ဆာလောင်ခြင်း' ဤကမ္ဘာလောက၏ ဆာလောင်မှု အမျိုးမျိုးတွင် အစာရေစာ ဆာလောင်ခြင်း၊ အနုပညာ ဆာလောင်ခြင်း၊ အရက်ဆာလောင်ခြင်း၊ ငွေ အသပြာဆာလောင်ခြင်း၊ ပစ္စည်းဥစ္စာ ဆာလောင်ခြင်း၊ မူးယစ်ဆေးဝါး ဆာ လောင်ခြင်း၊ ရမ္မက်ဖြင့် ဆာလောင်ခြင်း အို ပြောရလျှင်တော့ ကုန်နိုင်မည် မထင်။ ထိုဆာလောင်မှု အားလုံးတွင် အချစ်ကို ဆာလောင်ခြင်းက အဆိုးဆုံး ဟု ကျွန်တော် ထင်ယောင်လာမိသည်။

''ဟေ့ကောင် ဂျက်ကီး မင်း ခုတလော မစားနိုင် မသောက်နိုင် ဘာ ဖြစ်နေတာလဲ''

ကျွန်တော့် ရှေ့ ထမင်းပန်းကန် ချပေးကာ ကျွန်တော် မူမမှန်ပုံကို ရိပ်မိသော 'ဖိုးခွား'က အားမလိုအားမရ မေးသည်။ ကျွန်တော် တအီအီ ညည်း၍ တစ်ဖက်ခြံသို့ မျက်လုံးဝေ့ကြည့်တော့ 'ဖိုးခွား'က နားလည်သဘောကျ စွာ ရယ်သည်။

''ဟား ဟား ဟား ငါ သိပြီ၊ ငါ သိပြီ ဟိုဘက်ခြံမှာ ခွေးဖြူမလေး ရှိတာကိုး၊ မင်း သဘောကျမယ်ဆိုလည်း ကျလောက်ပါတယ်၊ ခွေးဖြူမလေး လှသကိုးကွ ဟား ဟား ဟား''

ကျွန်တော် ရှက်သလို ခေါင်းငုံ့သွားတော့ 'ဖိုးခွား'က ကျွန်တော့်  မေးစေ့ကို လက်နှင့်ပင့်တင်ပြီး ဆက်မြှောက်၏ ။

''ဟေ့ကောင် မင်းတို့ခွေးတွေ အတွက် စည်းတွေ ဘောင်တွေ မရှိဘူး၊ မြန်မြန်သာလုပ် ကြားလား''

ဘာတွေ ပြောနေမှန်း မသိသော်လည်း ကျွန်တော့် ကို မြှောက်ပေး နေတာတော့ သေချာသည်။ ဂုဏ်ပကာသန ငွေတံတိုင်း ဘာတစ်ခုမျှ မက်မော မှု မရှိ၍ ကျွန်တော် တို့ ခွေးများ ၏ ချစ်ခြင်းက သစ္စာမှန်ပါသည်။ သို့ သော် ကျွန်တော် လက်ကောဇက်ကော မရဲဘဲ၊ နေ့ရက်ဆက် ဆွိတီကို မျှော်မိသည်။ အိမ်တွင်းပုန်းမလေးက တစ်ပတ်ကျော်မှ သူ့သခင်မနှင့်အတူ ပြန်ပေါ်လာ၏ ။

ကျွန်တော် ရင်တွေ တလှပ်လှပ် ခုန်လာသည်။ ခြံတွင်းရှိ ရေကူးကန် ၌ သူ့သခင်မနှင့်အတူ ရေကူးရင်း ကောင်းကင်ပြာပြာကြီးကို ခေါင်းကလေး မော့နေသော 'ဆွိတီ'မျက်နှာလေးတွင် ကျွန်တော် ပျော်ဝင်နေသည်။ သူ့သခင် မ ရှိနေ၍ ကျွန်တော် ဆွိတီကို အသံမပေးရဲသေး။

သူ့သခင်မ ကျွန်တော့် ကို မြင်သွားမှာ လည်း စိုးသည်။ တစ်ခါ ဆွိတီကလည်း ကျွန်တော့် ကို မြင်စေချင်ပြန်သည်။ သံတိုင်တွင် ပုဏ္ဏရိပ်ပင်များ ကျဲသော နေရာတွင် ဆွိတီမြင်စေရန် ကျွန်တော့်မျက်နှာကို ထိုးထည့်လိုက်၏ ။

တစ်ဖက်သို့ ကူးခပ်ပြီး ပြန်လှည့်လာသော ဆွိတီ ရုတ်တရက် ကျွန်တော့် ကို မြင်သွား၏ ။

သူ မသိဟန်ဆောင်ရင်း တစ်ဖက်သို့ ပြန်ကူးသွားပြန်ပါသည်။ သူ့သခင်မ မရှိမှ အတွေ့ ခံမည် ဆိုသည့် သဘော။ ကျွန်တော် ရင်မောသွား သည်။ ဘယ်၍ ဘယ်မျှအထိ သူ့သခင်မက နေစာလှုံနေဦးမည် မသိ။ ကျွန်တော် အခြေအနေကို စောင့်ကြည့်နေစဉ် ပေါက်ပြားတစ်လက်နှင့် 'ဖိုးခွား' ရောက် လာသည်။ ခြံတွင်းရှိ ချုံနွယ်မြက်ရိုင်းများ ကို ရှင်းရင်း တစ်ဖက်ခြံရှိ နေစာ လှုံနေသော ဆွိတီ၏ သခင်မကို ကျွန်တော့် ဆရာ ဖိုးခွား တွေ့ သွားသည်။

ရေကူးဝတ်စုံနှင့် အမို့အမောက် အရှိုက်အငင်ဖြင့် ရွှေအဆင်းအတိ ပြီးသော သခင်မ၏ အလှတရားတွင် ဖိုးခွား ဝပ်ဆင်းသွားဟန်တူ၏ ။ အလုပ် က တခြား၊ မျက်လုံးက တစ်နေရာ လာစိုက်နေသော ဖိုးခွားကို သခင်မ ရိပ်မိသွားသည်။ ကိုယ်ပေါ်တွင် တဘက်ပတ်၍ နေစာလှုံနေရာမှ ဒရင်းဘတ် ကို ခေါက်သိမ်းပြီး သခင်မ အိမ်တွင်းသို့ ခြေဆောင့်ဝင်သွားသည်။ 'ဖိုးခွား' လည်း မြက်ပေါက်ခြင်းမှ ရပ်နား၏ ။

ဘာပဲ ဖြစ် ဖြစ် ကျွန်တော့် ဆရာ 'ဖိုးခွား'ကို ကျေးဇူးတင်သည်။ ကျွန်တော် စောင့်မျှော်နေသော အခွင့်အရေး က အခုမှရ၏ ။ ခြံထဲတွင် ဘယ်သူ မှ မရှိတော့ ကျွန်တော် ပုဏ္ဏရိပ်ပင်ကျဲသော ခြံတိုင်များ ကြားမှ တစ်ဖက်ခြံ ရှိ ဆွိတီ ရှိရာသို့ တိုးဝင်သည်။

ကမ္ဘာလောကသည် Chivas Regal သောက်ပြီး ဆတ်သားခြောက် မီးဖုတ်လေး တမြေ့မြေ့စားရသလို ငြိမ့်ညောင်းသာယာစွာ စီးဆင်းလျက်ရှိ၏ ။ မွေးဖွားလေးများ ကြားတွင် ရေစိုနေသော ဆွိတီ၏ အလှတရားက ကျွန်တော့်  အတွက် တွန်းအားတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

မြူဝေဆိုင်းသော မျက်ဝန်းများ နှင့် ကျွန်တော့် နားသို့ ဆွိတီ အသာ အယာ တိုးကပ်လာခဲ့သည်။ ရေစိုနေသော ဆွိတီ၏ ဆံနွယ်များ ကို ကျွန်တော် လျှာနှင့် ယုယုယယ ပွတ်သပ်ပေးလိုက် သည်။

''အို နေပါစေ ရပါတယ်၊ ကိုယ့်ဘာသာကိုယ် သုတ်ပါ့မယ်''

အပျိုစင် တစ်ယောက် ၏ ရှက်သွေးပါသော စကားဟု ကျွန်တော် ယုံကြည်ပါသည်။ ရွှန်းလက်ပြာဝေသော မျက်ဝန်းတံခါးတို့ သိမ်မွေ့နူးညံ့စွာ ပိတ်၍ ခေါင်းငုံ့နေသော ဆွိတီ၏ ဟန်မှာ ကျွန်တော့် ကို လွန်ဆန်နိုင်မှု မရှိ ကြောင်း အားလုံး ကောင်းကောင်း နားလည်နိုင်ပါသည်။

ခွေးတို့တွင် လည်း ရင်ဘတ်ရှိ၍ ကျွန်တော် ရင်ခုန်ပါသည်။ မဝံ့ရဲ သလို ဖျတ်ခနဲ အကဲခတ်ကြည့်သော ဆွိတီ၏ မျက်ဝန်းများ မှာ တိမ်တိုက် တစ်ခုလို နူးညံ့မွတ်သိပ်နေသည်။ ဆွိတီ၏ ဆံဖျားမှ လည်တိုင်၊ ပြီးတော့ ဖွံ့ထွားသည့် ရင်အုံ၊ ပြီးတော့ရဲ့ နောက် ခါး၊ ပြီးတော့ရဲ့ နောက်တော့

''ဟယ် ကြည့်စမ်း ခွေးစုတ်ခွေးနာက မတန်မရာ ကဲ ဟယ်''

ဒေါသတကြီး ပြေးထွက်လာသော ဆွိတီသခင်မက ခြံတွင်းရှိ ကျောက်စရစ်ခဲကြီးနှင့် ကျွန်တော့် ကို ပေါက်သည်။ ကျွန်တော် ရှောင်တိမ်းချိန် မရလိုက်။ 'အချစ်ကြီးလေမှ သစ်သီးကြွေကျတာမျိုး'ဟု ဆိုသော သီချင်း စာသားကို ဘယ်အဆိုတော် ဆိုခဲ့သည်လည်း ကျွန်တော် မသိပါ။ အူတုန် အသည်းတုန်နှင့် ကြောက်လန့်တကြား ပြေးထွက်တော့ ဆွိတီ ကျန်ရစ်သည်။

အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ခဲ့သည်ဟု ဆိုရမည် ။ ထိုနေ့ မှစ၍ ဆွိတီကို ကျွန်တော် မမြင်ရတော့။ ဆွိတီကို အိမ်ထဲမှာ ပဲ ပိတ်လှောင် ထားသလား၊ ဒါမှမဟုတ် သူတို့သဘောတူတဲ့ ခွေးနဲ့ ပေးစားလိုက်ပြီလားဟု လားပေါင်းများ စွာ နှင့် ကျွန်တော် တွေးရင်း ကြေကွဲရသည်။ ကျွန်တော် ၏ ကြေကွဲမှု ကို နက်နက်ရှိုင်းရှိုင်း နားလည်သူမှာ 'သခင်ဖိုးခွား' တစ်ယောက် သာ ရှိခဲ့သည်။ အိမ်ဘေး ကွပ်ပျစ်လေးမှာ သူ အရက်ထိုင်သောက်ရင်း ကျွန်တော့်  ကို နှစ် သိမ့်ခဲ့၏ ။

''ဂျက်ကီးရယ် လောကမှာ ခွေးမတွေ အများ ကြီးပါ၊ ဘာဝမ်းနည်း စရာ ရှိလို့လဲ၊ တကယ်တမ်း တွေးကြည့်တော့ ဆွိတီက နိုင်ငံခြားခွေး၊ ဟွန်း စဉ်းစားကြည့်ရင် အမျိုးတောင် ပျက်သေးတယ်''

သားသမီးလို ယုယသော 'ဖိုးခွား'ကို ကျွန်တော် ကျေးဇူးတင်၍ မဆုံး ရှိခဲ့သည်။ တစ်လုပ်စားဖူး သူ့ကျေးဇူးတဲ့၊ ဘာပဲ ဖြစ် ဖြစ် 'ဖိုးခွား'နှင့် ပတ်သက်လာလျှင် အန္တရာယ်ကို အသက်ပေးကာကွယ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ကျွန်တော့် ဆုံးဖြတ်ချက်အတိုင်း တစ်နေ့တော့ ကျေးဇူးဆပ်ရန် အခွင့်အလမ်း ကြုံလာသည်။

''ဟဲ့ ဖိုးခွားတို့ လင်မယား၊ ဒီနေ့တော့ နင်တို့ ငါ့ကို ရှောင်နေလို့ မရတော့ဘူး''

အသက်ခြောက်ဆယ်အရွယ်လောက် ဝဝဖိုင့်ဖိုင့် မိန်းမကြီးတစ်ဦးက အိမ်ဝမှ ဒေါနှင့်မောနှင့် လာအော်နေသည်။ ကျိန်းသေသည်။ ကောင်းသော လာခြင်းတော့ မဟုတ်တန်ရာ၊ ထဘီနှစ် ဖက်မ၍ အဆက်မပြတ် အော်ဟစ် ရန်တွေ့ နေသော ထိုမိန်းမကြီး၏ ခြေသလုံးသားကို သခင့်ကိုယ်စား ကျွန်တော် အားပါးတရ တိုက်ခိုက် ကိုက်ဖြတ်လိုက်၏ ။

ထဘီပင် မနိုင်ဘဲ ပြူးပြူးပျာပျာ ငယ်သံပါအောင် အော်ပြီး ခြေကုန် သုတ်သွားသော မိန်းမကြီးကို ကြည့်၍ ကျွန်တော် ကြည်နူးကျေနပ်သွားသည်။ ရှင်းသည်။ ကျွန်တော့် သခင်ကို ထိလို့ ကတော့ အနည်းဆုံး လေးငါးချက် ချုပ်ရမှာ သေချာသည်။

''ဖျန်း''

ရုတ်တရက် 'ဖုန်း'ခနဲ ပေါ်ထွက်လာသော အသံနှင့်အတူ ကျွန်တော့်  တစ်ကိုယ်လုံး ပူလောင် ကျိန်းစပ်သွား၏ ။

''ဟင် ကောင်းကြသေးရဲ့ လား ခွေးစုတ်ရဲ့ အိမ်လခ လာတောင်းတဲ့ အိမ်ရှင်ကိုမှ ကိုက်လွှတ်ရတယ်လို့၊ အခု ငါတို့အိမ်ပေါ်က ဆင်းရတော့မယ်၊ အဲဒါ နင့်ကြောင့် ဟဲ့ နင့်ကြောင့် ကဲဟယ် ကဲဟယ်''

''ဖုန်း''

''ဖုန်း''

''ဟေ့ ဟေ့ မိန်းမ တော် ပါတော့ကွာ''

ပုဆိုးပင် မဝတ်နိုင်တော့ဘဲ ပုဆိုးစ လက်တစ်ဖက်နှင့်ဆွဲကာ အပြေး ရောက်လာသော 'ဖိုးခွား'က ဇနီးသည်ကို တားသည်။

''မတော် နိုင်ဘူးတော့၊ မတော် နိုင်ဘူး၊ ခု ကျုပ်တို့ အိမ်ပေါ်က ဆင်းပေးရတော့မယ်၊ အဲဒါ ရှင်သိတယ် မဟုတ်လား''

''ဘယ်တတ်နိုင်ပါ့မလဲကွာ ဂျက်ကီးကလည်း တို့ကို ရန်မူတယ်ထင် လို့ ကိုက်လွှတ်လိုက်တဲ့ဥစ္စာ''

''ဘာ ရှင် အဲဒီ လောက်အထိ ဒီခွေးအပေါ် သံယောဇဉ် ဖြစ်နေရင် လည်း ရှင် နေခဲ့၊ ကျုပ်တော့ အမေ့ကို အကျိုးအကြောင်းပြောပြပြီး သွား နေတော့မယ်''

တစ်အိမ်လုံးရှိ ပစ္စည်းများ အား ဇနီး ဖြစ်သူက လိုက်လံသိမ်းဆည်း ထုပ်ပိုးနေချိန်တွင် 'ဖိုးခွား'သည် မှော င်နေသော အခန်းငယ်လေး၏ အိမ်ပေါက် ဝတွင် ငုတ်တုတ်ထိုင်ကာ အိမ်အောက်ရှိ ကျွန်တော့် ကို ငေးမောကြည့်ရှုနေ သည်။

''ကဲ ကိုဖိုးခွား ရှင်ဘာ ဖြစ်လို့ ထိုင်ပြီး ငိုင်နေတာလဲ သွားလေ၊ ပစ္စည်းတွေ ထုပ်ပြီးပြီ၊ ကားသွားငှားတော့ ဈေးလည်း ဆစ်ဦးနော်''

ကျွန်တော့် ကို တစ်ချက်ကြည့်၍ ခေါင်းငိုက်စိုက်ချကာ ထွက်သွား သော ဖိုးခွား၏ ခြေလှမ်းတိုင်းသည် သနားကရုဏာ စေးကပ်မှု များ ဖြင့် လေးကန်နှေးကွေးလွန်းလေသည်။ သူတို့ ကျွန်တော့် ကို ထားခဲ့တော့မယ်ဟု တွေးရင်း ရင်ထဲနင့်နေအောင် ခံစားနေရသည်။

ခဏကြာတော့ ဟိုင်းလက်ကားတစ်စီး ထိုးဆိုက်လာသည်။ ကားပေါ် ရှိသမျှ ပစ္စည်းများ ဝိုင်းတင်ပြီးချိန်မှာ တော့ ဖိုးခွား ကျွန်တော့် အနား ရောက် လာ၏ ။ သူ ကျွန်တော့် ကို ဘာတစ်ခွန်းမှ ထပ်မပြောနိုင်တော့သလို ကျွန်တော့်  ရှေ့မှာ ထိုင်ကာ မျက်ရည်များ စီးကျလာသည်။

''အေး ရှင့်ဟာရှင် အလွမ်းသယ်ချင်သလောက်သယ်၊ ဒါပေမဲ့ ဒီခွေးကိုတော့ ကျုပ်အမေအိမ် ခေါ်လာဖို့တော့ မစဉ်းစားနဲ့ ဒါပဲ''

ကားနောက်ခုံပေါ် တက်ထိုင်ရင်း ဆေးလိပ်ဖွာကာ တစ်ဖက်လှည့် သွားသော သူ့ဇနီးကိုလည်း သူ မကြည့်နိုင်။ သူ့မျက်ရည်စက်များ ကို ကမန်း ကတန်း သုတ်ပစ်လိုက်ပြီး ကျွန်တော့် ကိုဖက်၍ ပွတ်သပ်ချိန်တွင် တော့ သူ့ လက်တို့ တဆတ်ဆတ် တုန်ယင်နေသည်။

အသံတို့ တိတ်ဆိတ်နေသော်လည်း ဖိုးခွား၏ ရင်ထဲမှ စကားသံ တို့ကို ကျွန်တော် ကြေကွဲဆို့နစ်စွာ ကြားယောင်နေသည်။ သူ့ကို ခွင့်လွှတ်ဖို့ ကျွန်တော့် ကို အထပ်ထပ် တောင်းပန်နေသလိုလို။

ခွဲခွာခြင်း၏ အသိမ်မွေ့ အနူးညံ့ဆုံး နှုတ်ဆက်ခြင်းအ ဖြစ် 'ဖိုးခွား' ကျွန်တော့် ကို တစ်ချက်နမ်းတော့ ကျွန်တော့် တစ်ဘဝလုံး ကျေနပ်လန်းဆန်း သွားသလို မျက်ရည်များ က သော င်းသော င်းဖျဖျ ဝေ့ဝဲကျလာသည်။

''ကဲ ကဲ လာတော့လေ ဒီမှာ ကားထွက်တော့မယ်''

ဇနီးက ထပ်ခေါ်၍ ဖိုးခွား ရုတ်တရက် ထပြီး ကားပေါ်တက်သွား သည်။ ကားဘီးစလှိမ့်တော့ ကျွန်တော့်မျက်နှာကို မကြည့်ရက်တော့သလို ဒူးပေါ် လက်ထောင်လျက် ခေါင်းငိုက်စိုက်ချကာ မျက်နှာအား လက်ဖဝါးနှင့် အုပ်၍ ပါသွားသည်။

သခင်၏ စိတ်ထိခိုက်မှု ကို ပိုမို ဖိစီးလာစေရန် ကျွန်တော် အသံ မပြုရက်တော့။ ရင်၌ မြဲလျက်ရှိသည့် သံယောဇဉ်၏ တွန်းအားကြောင့် ကား နောက်သို့ ကျွန်တော် အပြေးအလွှား လိုက်မိသည်။ ကားသည် ကျွန်တော် နှင့် တစ်စထက်တစ်စ ဝေးကွာလျက်။

* * *



ဦးတည်ရာမဲ့ အနာဂတ် တစ်ခုကို ကျွန်တော် မျှော်လင့်မထားဘဲ ထပ်မံမွေးဖွားခဲ့ရပြန်သည်။ ဤအိမ် ဤခြံအနားပင် ကျွန်တော် ကပ်ခွင့် မရတော့။ အရင်နေ့များ က ဆွိတီအပေါ် လွမ်းဆွတ်မှု လည်း 'သခင့်'မျက်နှာပေါ်တွင် အရည် ပျော်သွားခဲ့သည်။

သခင်ရှိနိုင်မည် ထင်သည့် နေရာကို ကျွန်တော် စဉ်းစားသည်။ လူအချို့သည် လွမ်းဆွတ်ကြေကွဲမှု ကို အစားထိုး ဖြေသိမ့်သည့်အခါတိုင်း အရက်သောက်တတ်ကြသည်။ ကျွန်တော့် သခင် ဖြစ်သူလည်း အရက်ကို ကြိုက် နှစ်သက် ပါသည်။ အရက်ဆိုင်များ မှာ သခင့်ကို ရှာဖို့ ဆုံးဖြတ်ခဲ့၏ ။

သို့ သော် ရှာရင်း ရှာရင်းမှ ကျွန်တော် နောင်တ ရချင်လာ၏ ။ ရန်ကုန် ည၏ ပေါများ လှစွာ သော ဘီယာဆိုင်များ က ကျွန်တော် သက်တမ်း ကုန်အထိ ရှာရင်တောင်မှ ဆုံးနိုင်ဦးမည် မထင်ပါ။ မှီခိုရာမဲ့ ခွေးတစ်ကောင်၏ ဘဝကို ကျွန်တော် ထပ်ပြီး ရင်ဆိုင်ရမှာ စိုးရွံ့ထိတ်လန့်လာသည်။ ကျွန်တော် အခါခါ စဉ်းစားသည်။ အကယ်၍ သခင့်ကို တစ်လပြည့်၍ မျှ မတွေ့ လျှင် မိမိကိုယ်မိမိ ကားဘီးအောက်တိုးဝင်ကာ အသေခံပစ်မည် ဟု ဆုံးဖြတ်လိုက်၏ ။

ဘုရားစာ မရသော်လည်း ကျွန်တော် အထပ်ထပ် ဆုတောင်းမိ သည်။ ဖြစ်လေရာ ဘဝတိုင်း လူ ဖြစ်ရပါလို၏ အရှင်ဘုရား။

ကမ္ဘာပေါ်ရှိ သတ္တဝါတိုင်းတွင် လူသည် အမြင့်မြတ်ဆုံး သတ္တဝါဟု ကျွန်တော် ကြားဖူးပါသည်။ ရှေးဘဝမှ ကောင်းမှု ကုသိုလ်ကံထူးမှ လူ ဖြစ်ခွင့် ရသည်။

''ကုသိုလ်ကံများ ထူးသလား မမေးနဲ့ သိန်းရွှေကြည်ရ၊ ငါ မဒီလေး တစ်ပါးနဲ့ ချိတ်ထားတယ်၊ အဲဒါ ဒီညသောက်ပြီးရင် တပျော်တပါးကြီး နွှဲကြ ရအောင် မင်းလည်း အိမ်မပြန်နဲ့တော့''

စာရေး ဆရာယောင်ယောင် ဘာယောင်ယောင် လူ တစ်ယောက် က အရက်သောက်ရင်း ပြောသော အသံကို ကျွန်တော် ကြားနေရသည်။

''ဟ မ ဖြစ်ဘူး ထင်တယ် အောင်စိုးရ၊ အိမ်ပြန်မအိပ်ရင် ငါ့မိန်းမ ရိပ်မိသွားမှာ ''

''ဟာ ငတုံးရဲ့ တစ်ခုခု လွှဲပြီးပြောလိုက်ရင် ပြီးတဲ့ဟာကို မပြော မရှိနဲ့နော် တော် ကြာ လွတ်တဲ့ငါးမို့ ကြီးသတဲ့လား ဆိုသလို ဖြစ်နေဦးမယ်၊ လတ်ဆတ်လိုက်တာမှ အမလေး ပါးဟက်လေးကို ရဲလို့ ရှလွတ်''

အမြည်းစားရင်း ထိုလူနှစ် ဦးမှ ဆတ်ခနဲ ပစ်လိုက်သော နံရိုးများ ကျွန်တော့် ဆီ ကျလာသည်။ ဆာဆာနှင့်မို့ သေချာအောင်ပင် မဝါးနိုင်ဘဲ ကျွန်တော် အငမ်းမရ စားလိုက်သည်။ တကယ့်နတ်သုဒ္ဓါ။

ကျွန်တော် စားနေမှန်းသိတော့ သူတို့ ကိုက်မရသည့် အရိုးအရင်း များ ကို တစ်ခုပြီးတစ်ခု ချကျွေးသည်။ ရေချိန်လိုက်လိုက်ပြီထင်မှ ငွေရှင်းကာ ယိုင်တိယိုင်တိုင် လျှောက်သွားသော လူနှစ် ယောက် နောက်သို့ ကျွန်တော် လည်း ကပ်လိုက်သွားမိသည်။

လမ်းသွားရင်း ရွှန်းရွှန်းဝေအောင် ပြောနေသည့် အာသဝေါများ ပျို့တက် နေသော စကားများ ကြောင့် ကျွန်တော် ပါလာသည်ကို သူတို့ သတိထားမိပုံ မပေါ်။

''လာ ဟေ့ကောင် ဟိုရှေ့က ဂိုဒေါင်လို အခန်းကြီးပဲ၊ အဲဒါ ငါ့ သူငယ်ချင်း စိန်လင်းကြီးရဲ့ စတိုခန်းပဲ''

စတိုခန်းတံခါးကြီး ပွင့်သွားသည်အထိ ကျွန်တော် ပါလာသည်ကို သူတို့မသိကြ။ ဘာပဲ ဖြစ် ဖြစ် ကျွန်တော့် ကို မဆူမငေါက်သော သူတို့နှစ် ဦးက သခင်အသစ်လည်း ဖြစ်နိုင်ပါလေသည်။ ကျွန်တော် စောင့်ကြည့်ရပါဦးမည် ။

အလို အရွယ်ထက် ပိုပြီး နုပျိုချင်ယောင် ဆောင်ထားသော အမျိုး သမီး၏ လက်ကမ်းကြိုဆိုမှု တွင် ဝင်သက်ထွက်သက်တိုင်း အသပြာနံ့ တ ထောင်းထောင်း ထနေ၏ ။ နားနှင့်မနာ ဖဝါးနှင့် နာစေချင်ပါသည်။ ထိုအမျိုး သမီးသည် ကိလေသာ ဆောင်ခန်းတွင် ထိုသူများ အားလုံးနှင့် တပင်တိုင် စံမြန်းခဲ့လေသည်။

မိုးလင်းသည်အထိ သူတို့ မအိပ်ခဲ့ကြသလို ကျွန်တော် လည်း တစ် ရေး မှ မှေးစက်၍ မရခဲ့။ ထိုသူများ နှင့်နေဖို့ရာ မ ဖြစ်နိုင်မှန်းတော့ ကျွန်တော် တွေးယူ၍ ရသည်။ ထိုသူတို့ အိမ်အပြန် တံခါးဖွင့်ဖွင့်ခြင်း ကျွန်တော် တချိုးတည်း လစ်ထွက်ခဲ့သည်။

အကြင်နာရိပ် မေတ္တာရိပ် တရားရိပ်ရှိသော နေရာကို ကျွန်တော် ရွေးချယ်လိုက်၏ ။ ကံများ ကောင်းချင်တော့ ထိုနေ့က ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် အလှူကြီးတစ်ပွဲနှင့် ကျွန်တော် တည့်တည့်တိုး၏ ။ ဖိတ်ခေါ် သူ၊ ကြိုဆိုသူ ဧည့်ဝတ်ပြုသူများ နှင့် စည်ကားလှ၏ ။

''ဟော 'ဘကြီး ဝင်းမြင့်အောင်' ပါလား၊ ကြွပါ ကြွပါ ဘကြီး ကတော့လေ ဘုရားတရားနဲ့ အေးချမ်းနေလို့လား မသိဘူး၊ နုပျိုလန်းဆန်း နေလိုက် တာ''

လူကြီးလူကောင်းမို့ ထင်သည်။ ခေါင်းရင်းဘက်တွင် 'ဘကြီး ဝင်း မြင့်အောင်'ဆိုသူကို ပျာပျာသလဲ ဧည့်ခံကြ၏ ။ လက်ကောက်သံ တချွင်ချွင် ဖြင့် ကိုယ့်မိသားစုကိုယ် အမွှန်းတင်နေကြသော အမျိုးသမီးများ ၏ အသံက ဆူညံလွန်းလှသည်။

တစ်နာရီလောက် ကြာတော့ ဘကြီးဝင်းမြင့်အောင် ခါးပုံစပိုက်ရင်း ကိုင်းကိုင်းကိုင်းကိုင်းနှင့် ပြန်ထွက်လာသည်။ ဘုရားတရားနှင့် အေးချမ်းသူ ဟု ပြောကြ၍ ကျွန်တော် အသာအယာ သူ့နောက်မှ ကပ်လိုက်သွား၏ ။ ကျောင်းဝင်းအဝမှ ဖိနပ်အား ဘကြီးဝင်းမြင့်အောင် ကုန်းပြီး ကောက်လိုက် မှ ကျွန်တော် အံ့သြထိတ်လန့်သွားသည်။ သူ၏ ခါးပုံစ ဖြေကာ အချိုပွဲမှ ကိတ်မုန့်တုံးများ ခုန်ထွက်လာကြသည်။

သူ မလုံသလို ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့်တော့ ကျွန်တော့်  ကို တွေ့ သွား၏ ။

''ဟဲ့ခွေး ဟဲ့ခွေး သြော် ဒီခွေးနှယ်''

ကျွန်တော် မလုဘဲ ကျွန်တော့် ကို မာန်မဲနေ၍ ခပ်ခွာခွာ ပြန်ဆုတ် နေလိုက်ရ၏ ။ ပြန့်ကြဲသွားသော မုန့်များ အား လူမမြင်စေရန် ကပျာကယာ ပြန်ထည့်နေသော ထိုလူကြီးကို ကျွန်တော် ရွံရှာစွာ ကျောခိုင်း ဖြစ်ခဲ့လေသည်။

* * *



အရက်ဆိုင်ပေါင်းလည်း အတော် စုံခဲ့ပြီ။ အခုထိ ကျွန်တော့်  သခင် မျက်နှာကို ဖူးမြော်ခွင့် မရသေး။ လွမ်းလိုက်တာ သခင်ရယ်၊ လေးလံသော ခြေလှမ်းများ နှင့် ကျွန်တော် လှည့်ပတ်သွားရင်း ခြံဝတစ်ခုသို့ အရောက်တွင် အသက် (၅ဝ)ခန့် အမျိုးသမီးကြီး တစ်ဦးက ကြွပ်ကြွပ်အိတ်နှင့် ထုပ်ထား သော ထမင်းကျန် ဟင်းကျန်များ ကို ကြည်ဖြူစွာ ကျွန်တော့် ကို ချကျွေးသည်။ ကျွန်တော် မဝံ့မရဲ စားရင်း ထိုအမျိုးသမီးကြီး မျက်နှာကို အကဲခတ်တော့ ကြည်လင်ရွှင်ပျမှု ကို ကျွန်တော် မြင်နေရသည်။ သနားကရုဏာပိုသော သူ ၏ လှုပ်ရှားမှု ကြောင့် စားသောက်အပြီး ကျွန်တော် အမြီးကလေးနံ့ကာ ထို အမျိုးသမီးကြီးနောက်မှ လိုက်သွားမိပြန်သည်။

''ဟဲ့ ဟဲ့ အို ဒီခွေးက ငါ့ကို သံယောဇဉ် ဖြစ်အောင် လုပ်နေပြန်ပြီ၊ ဒုက္ခပါပဲ၊ ကဲ ခြံထဲမှာ နေချင်လည်း နေလေ''

ခွင့်ပြုခြင်းဟု ကျွန်တော် နားလည်ရပါသည်။ ထိုအိမ်ခြံဝင်းတွင် သုံးရက်မြောက်ခဲ့သည်အထိ ကျွန်တော့် အတွက် ဘာပြဿနာမှ မရှိ။ အိမ်ဖော် မလေးက နေ့စဉ်နှင့်အမျှ ထမင်းဟင်းကျန်တို့ကို ဝတ္တရားမပျက် ကျွေး၍ ကျွန်တော် ဝမ်းသာပျော်ရွှင်နေရသည်။ နေ့စဉ် ထိတွေ့  ဆက်ဆံနေရ၍ အိမ်ဖော်မလေးကို ကျွန်တော် သံယောဇဉ် ဖြစ်ခဲ့သည်။

''မအေးမြရေ ခွေးကို ကျွေးပြီးရင် ဒီမှာ ပန်းကန်တွေ လာဆေးလှည့် ဦး''

''ဟုတ်ကဲ့ လာပါပြီ မာမီကြီး''

အိမ်ထဲမှ လှမ်းခေါ်၍ အိမ်ဖော်မလေး ပျာပျာသလဲ ကျွန်တော့်  နားမှ ထွက်သွား၏ ။ စားသောက်အပြီး ကျွန်တော် ထမင်းလုံး မစီရသေးခင် အိမ်တွင်းမှ ကျကွဲသံတစ်ခုနှင့်အတူ ဆူညံသော အသံများ ထွက်ပေါ်လာ သည်။

''ဟင် ကြည့်စမ်း ငါ့ပန်းကန်တွေ တော့ ကုန်ပါပြီတော် ၊ လာစမ်းဟဲ့ ကောင်မရဲ့ ဒီပန်းကန်တစ်ချပ်ဟာ နင့်တစ်ကိုယ်စာထက် အများ ကြီး တန်ဖိုး ရှိတယ် ဟဲ့၊ သိရဲ့ လား ကဲဟယ် ကဲဟယ်''

အိမ်ရှင် မိန်းမကြီး၏ ဒေါသသံနှင့်အတူ ဂုံးဂုံးဂွမ်းဂွမ်း ရိုက်သံပါ တွဲ လျက် အိမ်ဖော်မလေး၏ ကြောက်လန့်တကြား အော်ဟစ်ငိုသံပါ ကျွန်တော် ကြားရသည်။ တစ်စနှင့်တစ်စ ထုသံ ရိုက်သံများ ကျွန်တော့် နားနှင့်မဆံ့အောင် လျှံတက်လာသည်။

ကျွန်တော် နေ၍ မရတော့ တလှပ်လှပ် ဖြစ်နေသော ရင်နှင့် ပြတင်း တံခါးတစ်ခုကို ကျွန်တော် လက်ထောက်တင်ပြီး ချောင်းကြည့်ချိန်တွင် ကျွန် တော့်  အသွေးအသားများ ပါ တဆတ်ဆတ် နာကျင်နေခဲ့သည်။ ရစရာမရှိ အောင် နေရာအနှံ့ရှိခဲ့သော ဒဏ်ရာများ နှင့် ကိုယ်ပေါ်တွင် အကာအကွယ်မဲ့ နေသည့် အိမ်ဖော်မလေးကိုကြည့်ရင်း ကျွန်တော် ထိတ်လန့်ကြောက်ရွံ့လာသည်။ ဘာကိုမှ စဉ်းစားမနေတော့ဘဲ ထိုအိမ်က ကျွန်တော် ပြေးထွက်ခဲ့သည်။ ပြေးထွက်ခဲ့သော လမ်းတစ်လျှောက် အိမ်ရှင်မိန်းမကြီး၏ မျက်နှာက ကျွန်တော့် အတွေးတွင် မီးဝင်း ဝင်းတောက်လျက်။

အသက်ကြီးပြီး အချိန်မစီးသူတွေ ဟု သတ်မှတ်ရပေတော့မည် ။ ဒါဆို အသက်ငယ်ပြီး အချိန်စီးသူများ ရော ရှိနိုင်ပါသေးလားဟု ကျွန်တော် စဉ်းစားမိ၏ ။ လူတို့၏ အကျင့်စရိုက်သည် ရုပ်ဆင်းအင်္ဂါပေါ်၌ လည်း မူတည်သည်ဟု အဆိုရှိ ပါသည်။

ရုပ်ဆင်းအင်္ဂါ အရရော ကိုယ်ကာယ အချိုးအစားပါ မွတ်နေအောင် လှသည့် ကောင်မလေးများ ကို ကျွန်တော် ရှာကြည့်သည်။ ညနေခင်း၏ အလှတရားကို ဗိုလ်ချုပ်ဈေးတွင် ဝယ်ယူလို့ ရသည်ဟု ကျွန်တော် ကြားဖူးပါ သည်။ ကျွန်တော် ဗိုလ်ချုပ်ဈေးဘက် ရောက်ခဲ့၏ ။

ခွာတံမျှင်မျှင်လေးနှင့် ဒေါက်ဖိနပ်အမြင့်ပေါ်တွင် ကြွကြွရွရွ လျှောက် သွားသော ကောင်မလေး၏ ပေါင်တံအလှသည် နေခြည်နံ့သင်းလျက် လူ ယောက်ျားသားများ မပြောနှင့် ကျွန်တော် ခွေးပင် အသည်းတလှပ်လှပ် ရင်တဖိုဖို ရှိလှသည်။ တစ်ဖက်မှာ ပျံ့လွင့်လာသော ဝက်သားတုတ်ထိုးနံ့ကြောင့် ကျွန်တော် ၏ အတွေးအာရုံများ ထိုနေရာသို့ စုပြုံတိုးဝင်သွားသည်။

တုတ်ထိုးကို အားပါးတရ စားသောက်နေသည့် မိန်းမလှတစ်ဦး၏ ဘေးခုံပေါ်မှ ပိုက်ဆံအိတ်ကို အလစ်သမားတစ်ဦး ဆွဲယူထွက်ပြေးသွား၏ ။ မတရားမှု ဆိုလျှင် ကျွန်တော် လည်း လက်ပိုက်ကြည့်မနေနိုင်။ လူ၏ ပြေးနှုန်း လောက်က ကျွန်တော် တို့ ခွေးများ အတွက်တော့ အေးဆေး၊ ငတိ၏ ခြေသလုံး ကို တစ်ချက်ပဲ ဟပ်လိုက်ရသည်။ အနီးအနားရှိ လူများ ကြောင့် အလစ်သမားကို လွယ်လွယ်ပင် ဖမ်းမိသွား၏ ။

ကျေးဇူးတင်သည်ဆိုသော အပြုံးကို မိန်းမလှလေး၏ မျက်နှာတွင် တွေ့ ရသည်။ တစ်ထောင်တန် တစ်ရွက်ထုတ်၍ တုတ်ထိုးကို ကျွန်တော့်  အတွက် ကျေကျေနပ်နပ် ဝယ်ကျွေးသည်။

''စား စား မင်းက ငါ့ရဲ့ ကျေးဇူးရှင် မင်းလို ခွေးမျိုးက အိမ်လုံမှာ သေချာတယ်၊ မင်းကို ငါ မွေးစားမယ်''

ကျွန်တော့် ခေါင်းကို ပွတ်ရင်း သူ၏ ချိုသာသော စကားများ အောက် တွင် ကျွန်တော် ပျော်ရွှင်စွာ စီးဆင်းနေမိသည်။

သတင်းစာထဲ ကြော်ငြာစရာမလိုဘဲ ကျွန်တော် နာမည် အမျိုးမျိုး ပြောင်း ဖြစ်သည်။ မိန်းမလှလေးဆီ ရောက်တော့ ကျွန်တော့် နာမည် 'ဗွန်ဂို' ဟု အမည် သစ် တွင် ခဲ့သည်။ စားကောင်းသောက်ဖွယ် အဆီအဆိမ့် အလျှံပယ် ကျွေးလွန်း၍ ကြာတော့ ကျွန်တော့် တစ်ကိုယ်လုံး ထောပတ်စော် နံလာသည်။

''ဗွန်ဂို စန္ဒီ အပြင်သွားဦးမယ်၊ အိမ်မှာ ဘယ်သူမှမရှိတုန်း အိမ်ကို ဂရုစိုက်နော် ကြားလား၊ စန္ဒီ ဒီညပြန်ချင်မှ ပြန်လာမှာ ''

စန္ဒီဆိုသော မိန်းမလှလေးက အပြင်သွားစရာရှိတိုင်း ကျွန်တော့် ကို မှာ တတ်သည်။ စန္ဒီ ပြန်မရောက်မချင်း ကျွန်တော့် မှာ လည်တဆန့်ဆန့် မျှော်ရသည်။ သူက ကျွန်တော့် ရဲ့ ကျေးဇူးရှင်လေ အိမ်ဖော်မလေး ကတော့ စောစောစီးစီး အိပ်ရာဝင်နှင့်ပြီ။ သင်္ဘောသားတစ်ဦး၏ ဇနီးပီပီ ငွေစလေး တရွှင်ရွှင်နှင့် ခိုးခိုးခစ်ခစ် ရယ်သံလေးများ ဖြင့် စန္ဒီ အိမ်ပြန်ရောက်မှ ကျွန်တော့်  ရင်ထဲက အလုံးကြီး ကျသည်။

''ကြည့်စမ်း ဗွန်ဂိုက သိပ်လိမ္မာတာပဲ၊ စန္ဒီကို မအိပ်ဘဲ စောင့်နေ တယ်ပေါ့ ဟုတ်လား၊ ရော့ မင်းအတွက် အသားညှပ် ဟမ်ဘာဂါ''

ရိုးအီနေပြီ ဖြစ်သော ထိုအစာအတွက် ကျွန်တော် မစားချင်တော့သလို ခေါင်းငုံ့လိုက်တော့ စန္ဒီ ပြုံးသည်။

''ကဲ သဘော ဗွန်ဂို မစားချင်လည်း မစားနဲ့တော့''

ကျွန်တော့် ကို ပြောပြီး နိုင်ငံခြားတေးသွား တစ်ပုဒ်ကို ဆိုညည်းရင်း စလင်းဘက်လေးအား လက်ညှိုးလေးနှင့် ဝေ့ဝိုက်ရမ်းကာ အိမ်ထဲဝင်သွား သော စန္ဒီ၏ နောက်သို့ ကျွန်တော် လိုက်သွားမိသည်။ သဘောမနော ကောင်း လွန်းသည့် စန္ဒီက ဤအိမ်တွင် ကျွန်တော် ဘယ်အခန်းဝင်ဝင် ငြိုငြင်သည် မရှိ။

''ဟောတော့ ဗွန်ဂို မအိပ်ချင်သေးဘူးလား၊ ဒါဆိုလည်း စန္ဒီကို ခဏစောင့် စန္ဒီ ရေချိုးဦးမယ် ဟုတ်ပြီလား''

ရေချိုးခန်းမှ ထွက်လာသော စန္ဒီက သူ၏ ဆံနွယ်များ ကို Dryer နှင့်မှု တ်သည်။ နွေးထွေးစ ပြုတော့ ကိုယ်ပေါ်က ခြုံလွှာကို ခွာပြီး မှန်ရှေ့ တွင် ရပ်သည်။ ကျွန်တော် ၏ ရှေ့မို့ စန္ဒီ၏ လွတ်လပ်မှု ကို အားလုံး နားလည် နိုင်ကြလိမ့်မည် ထင်သည်။

''အင်း ဘာလိုလိုနဲ့ ကိုကို နိုင်ငံခြားက ပြန်လာမယ့်ရက် နီးပြီပဲ၊ ကိုကို ပြန်ရောက်ရင် စန္ဒီ့အလှကို အငမ်းမရ ဖြစ်ဦးမှာ ပါ ဟင်း ဟင်း''

တစ်ယောက် တည်း တီးတိုးပြောရင်း ကိုယ်လုံးပေါ် မှန်ရှေ့တွင် ဝင်းဝါစိုပြည်နေသော ကိုယ်ကာယအလှအား စန္ဒီ ကျေနပ်သလို လှည့်ပတ် ကြည့်နေစဉ် ဖုန်းသံမြည် လာ၏ ။

''ဟဲလို စန္ဒီပါ၊ သြော် 'ရောဘတ်ကျော်ဝင်း'လား ဟို လာမယ့် Saturday မှ ကိုကို ပြန်ရောက်မှာ လေ''

စန္ဒီ၏ ဟန်းဖုန်းမှ Loud Speaker ဖွင့်ထား၍ တစ်ဖက်မှ ပြန်ပြော သံကိုလည်း ကျွန်တော် အတိုင်းသား ကြားနေရသည်။

''ဒါဆို ခုပဲ ကိုယ်လာခဲ့မယ်နော်၊ စန္ဒီရဲ့ လှပမှု ကို အခုလို သာယာ တဲ့ညမှာ ကိုယ် ဂုဏ်ပြုဧည့်ခံချင်လို့ ဟုတ်ပြီလား''

''အို ဘာမှန်းလဲ မသိဘူး သွား''

ကျွန်တော် တစ်ချိန်လုံး လေးစားခဲ့သော စန္ဒီ၏ အလှတရားကို ထိုညက ဆုပ်ယူစားသုံးသွားခဲ့သည်။ သို့ သော် ကျွန်တော့် အပေါ် ကောင်းလွန်းသော စန္ဒီကို ကျွန်တော် ဘယ်တော့မှ မုန်း၍ ရမည် မထင်။ ငယ်ရွယ်နုပျိုသူ တစ်ဦး၏ သဘာဝ အလျောက် ဖြစ်ပေါ်သော စိတ်လှုပ်ရှားမှု ဟုလည်း ကျွန်တော် သဘော မတူနိုင်ပါ။ ကမ္ဘာလောကကြီးရေ ဖြစ်နိုင်ရင် ကျွန်တော့် ဘဝအတွက် တိုက်ဆိုင်မှု တွေ ကို ဆေးရောင် လှလှ ခြယ်ပေးပါဦး။

ကျွန်တော် ကြေကွဲဝမ်းနည်းစွာ စန္ဒီကို ကျောခိုင်းထွက်ခဲ့သည်။ ရင်ထဲတွင် အမျိုးအမည် ဖော်ပြ၍ မရနိုင်သော ခံစားမှု က တစ်ခုခု ဆုံးရှုံးသွား သလို ဆို့နစ်နာကျင်နေသည်။ ဘဝအတွက် မှတ်မှတ်ရရ နေ့များ စွာ ထဲမှ တစ်နေ့ အပါအဝင်ဟုပင် ကျွန်တော် ရင်နာစွာ သတ်မှတ်လိုက်မိသည်။

ဘယ်သူ့ကို စိတ်နာရမှန်းလည်း မသိ။ သေချာတာ တစ်ခု ကတော့ ကမ္ဘာလောကတွင် သတ္တဝါတစ်ကောင်အ ဖြစ် အသက်ရှင်ခွင့် ရနေခြင်းကို ကျွန်တော် ရွံမုန်းလာသည်။ ကြည့်စမ်း သခင်ကို ရှာပုံတော် ဖွင့်ခဲ့တာလည်း တစ်လတင်းတင်း ပြည့်ခဲ့ပြီ။ ကျွန်တော် စဉ်းစား ဆုံးဖြတ်ခဲ့သည့်အတိုင်း ကျွန်တော့်  ဘဝကို ချုပ်ငြိမ်းစေရမည် ။

* * *



သခင်ကို နောက်ဆုံး တမ်းတခြင်းအ ဖြစ် ကျွန်တော် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ည၏ လှပဝိုင်းစက်သော လဝန်းတွင် သခင့်မျက်နှာ အရာထင်သည်။ အဝေးမှ တက်လာသော မီးအလင်းတန်း တစ်ခုကို သတိ ထားလိုက်မိသည်။ ကျွန်တော် ကတ္တရာလမ်းပေါ် ဦးတည်လိုက်သည်။ ''နောင် ဘဝမှာ သခင်နှင့် တွေ့ ရပါစေလို၏ ဘုရား''ဟု ကျွန်တော် တမ်းတမ်းမွတ် မွတ် ဆုတောင်းပြီး သက်မတစ်ခု မှု တ်ထုတ်ရင်း မျက်စိစုံမှိတ်ကာ တဖြည်း ဖြည်း နီး၍ လာသော ကားမီးအလင်းတန်းနောက်သို့ ကျွန်တော် တဇွတ်ထိုး ပြေးပြီးဝင်လိုက်သည်။

ကျွီခနဲ မြည် သံနှင့်အတူ ကျွန်တော့်မျက်လုံးများ ပြာဝေသွား၏ ။ ကတ္တရာလမ်းနှင့် ခြေဖဝါးတို့၏ ထိတွေ့ မှု ကို ခံစားနေရ၍ ကျွန်တော် အသက် ရှင်နေသေးကြောင်း သိသည်။

''ဟာ ဂျက်ကီး ဂျက်ကီး ငါ့သားကြီး''

မျှော်လင့်မထားသော ခေါ်သံကြောင့် ကျွန်တော် ရင်တလှပ်လှပ် ခုန်ကာ မော့ကြည့် ဖြစ်သည်။ ''ဂျက်ကီး''ဟု အမည် ခေါ်တတ်သူမှာ ကျွန်တော့်  သခင် ဖိုးခွားမှလွဲပြီး အခြားမရှိ။ တားဆီး၍ မရနိုင်သော ပျော်ရွှင်မှု ကြောင့် ကျွန်တော့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်သည်။

''ဂျက်ကီး သား မင်း ငါ့ကို မမှတ်မိဘူးလား၊ ငါ ဖိုးခွားလေကွာ''

ရင်ဖွင့်၍ လက်ကမ်းနေသော ''ဖိုးခွား''၏ ရင်ခွင်သို့ ကျွန်တော် တိုးဝင်လိုက်သည်။ သခင်သည် အရင်ကလို အရက်ကြောင့် တိမ်ဝင်နေသော အသံမျိုးမဟုတ်၊ အသံ ဘယ်လိုပြောင်းပြောင်း သခင်၏ မပြောင်းလဲသည့် ရင်ခုန်သံကိုတော့ ကျွန်တော် ရင်းနှီးကျွမ်းဝင်စွာ နားလည်နေပါသည်။

''မင်းနဲ့ခွဲတဲ့နေ့ကစပြီး ငါ အရက်ဖြတ်လိုက်တာကွ၊ အခု တက္ကစီ မောင်းပြီး ငါ့ဝင်ငွေနဲ့ငါ ရပ်တည်နိုင်ပြီ၊ မင်း အားငယ်စရာ မလိုတော့ဘူး၊ မင်း ငါနဲ့လိုက်ခဲ့ရမယ် သိလား''

ရှည်လျားထွေပြားလှသော သခင်၏ စကားတို့ကို ကျွန်တော် ရေရာ တိကျစွာ မသိခဲ့။ ကျွန်တော် သိနေသည်မှာ ကျွန်တော့် ဘဝ ဖြတ်သန်းမှု အတွက် ကမ္ဘာလောကသည် ဆေးသားညီညီ လိမ်းခြယ်ပေးလိုက် ပြီ ထင် သည်။

ဗျူး

ဧမြင်ကွင်းမဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၂ဝ၁ဝ ခုနှစ် '

* * *





ဝန်ဇင်းချစ်သူများ ဗျူး ၏ “ လောက၏ပြတင်းများ အပါအဝင်ဝတ္ထုတိုများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အခါတစ်ပါး၌

ရင်ခွင်အလှရှာပုံတော်

သက္ကရာဇ် လေချွန်သံ