Cover




အမှာ စာ


ကျနော်တို့ ဟာ လူသားတွေဖြစ်ကြပါတယ်။ လူသားအချင်းချင်း ထားရှိရမယ့် ကြင်နာခြင်း၊ စာနာခြင်း၊ ညှာတာခြင်းတွေနဲ့ သာ စိတ်ထားပြီး နေထိုင်ကြမယ် ဆိုရင်တော့ ငြိမ်းချမ်းသာယာစွာနဲ့ ဘဝကို ဖြတ်သန်းနိုင်မှာ ပဲ ဖြစ်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ လူနဲ့ လူ့ပတ်ဝန်းကျင်အပေါ် ဖျက်လို့ ဖျက်ဆီး လုပ်ကြမယ်၊ တစ်ဦးနဲ့ တစ်ဦး အနိုင်ကျင့်စော်ကားမိရင်တော့ လူနဲ့ လူ့ပတ် ဝန်းကျင်ကို ကာကွယ်ပေးထားတဲ့ ဥပဒေအရ အရေးယူအပြစ်ပေးခြင်းကို ခံကြရမှာ ဖြစ်ပါတယ်။ ဒီစာအုပ်လေးမှာ ပါတဲ့ ဖြစ်ရပ်တွေဟာ အဲဒီလို အရေးယူအပြစ်ပေးခံခဲ့ရသူတစ်ယောက်ရဲ့ အပြစ်ပေးခံရစဉ်(ထောင်အတွင်း) တွေ့ကြုံမြင်တွေ့ရသမျှကို ခံစားခဲ့ရသမျှကို ဖော်ပြပေးထားပါတယ်။

တကယ်တော့ လူ့လောကမှာ ဆိုးပေမိုက်မဲခဲ့ကြတဲ့ သူတွေဟာ အကျဉ်းထောင်ဆိုတဲ့ နံရံလေးဘက်ကြားထဲမှာ သူတို့ ထက်ပိုဆိုးပိုမိုက်တဲ့ သူတွေနဲ့ တွေ့တဲ့ အချိန်မှာ အသက်ဆက်လက်ရှင်သန်ဖို့ အတွက် သူပြုသမျှ၊ သူတို့ လုပ်သမျှ၊ သူတို့ ခိုင်းသမျှကို မလုပ်ချင်လည်း လုပ်ခဲ့ကြရ ခံစားခဲ့ကြ ရတာတွေကို စာဖတ်သူမျက်လုံးထဲမှာ မြင်တွေ့ရအောင် ရှင်းရှင်းလင်းလင်း ရေးသားထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အခုလို ခေတ်စနစ်ပြောင်း လဲနေချိန်မှာ ဟိုးအရင်အချိန်တုန်းကလိုပဲ အကျဉ်းထောင်ရဲဘက်စခန်းတွေ မှာ ဆက်ဆံရေးတွေ၊ ဆောင်ရွက်နေပုံတွေ မပြောင်းလဲဘဲ ရှိနေတာသိရတော့ လွန်စွာပဲ စိတ်မကောင်းဖြစ်ရပါတယ်။ တကယ်တော့ အကျဉ်းထောင်တို့ ရဲဘက်စခန်းတို့ ဆိုတာ လူ့အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်ကို အန္တရာယ်ပြု နိုင်သူတွေကို ထိန်းသိမ်းပြီး စိတ်ပိုင်းဆိုင်ရာ ပြုပြင်တည်ဆောက်ပေးတဲ့ နေရာတစ်ခု ဖြစ်သင့်ပါတယ်။

ဒီစာအုပ်ကို ဖတ်ရှုပြီး အကျဉ်းသားများ ၏ နေ့စဉ်ဘဝကို နားလည် လာမယ်လို့ လည်း မျှော်လင့်မိပါတယ်။ ထို့အတူပဲ အကျဉ်းထောင်တွေကို ခေတ်နဲ့ အညီ ဘယ်လိုပြုပြင်ရင်ကောင်းမလဲဆိုတဲ့ အတွေးတစ်ခုလည်း ရလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

စာဖတ်သူအပေါင်းကို လေးစားလျက်

ဇော်ဇော်မင်း ၈၈

* * *




အမှာ စာ


ယခု စာအုပ်သည် နိုင်ငံရေးလောကသို့ ဝင်ရောက်ရန် တာဆူနေစဉ် အခြေအနေအကြောင်းကြောင်းကြောင့် လူဆိုးလောကသို့ ရောက်ရှိသွား ရသူတစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်မှန်များကို ပြုစုထားသော မှတ်တမ်းတစ်ခု ဖြစ်သည် ။

ယနေ့ခေတ်တွင် အကျဉ်းထောင်များ နှင့် ပတ်သက်သည့် ကိုယ်တွေ့ ဖြစ်ရပ်များ အကြောင်း စာအုပ်ထုတ်ဝေကြသည် မှာ နိုင်ငံရေးအသိုင်းအဝိုင်း တွင်းရှိသူများ သာ ဖြစ်တတ်ကြသည် ။

လူဆိုးတစ်ယောက်က ထောင်အတွင်း ကိုယ်တွေ့ကြုံခဲ့ရသည် များကို စာအုပ်ထုတ်၍ ပြုပြင်ပြောင်းလဲရန် လိုအပ်သည် များကို အစိုးရထံသို့ လည်းကောင်း၊ အနာဂတ်လူငယ်များ ၎င်းတို့ ကဲ့သို့မဖြစ်ပေါ်စေရန် ပြည်သူ့ ထံသို့လည်းကောင်း ချပြထားခြင်းဖြစ်ရာ ကျွန်တော့်တစ်သက်တာ ဖြတ်သန်းလာခဲ့ရမှုတွင် ယခုလို စာအုပ်မျိုးကို ဖတ်ရှုခဲ့ဖူးခြင်းမရှိပေ။

သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရကို အကြောင်းပြု၍ စာရေးသူ ကိုအောင်စိုးနှင့် ကျွန်တော်မြင်းခြံအကျဉ်းထောင်၌ ဆုံစည်းခွင့် ရခဲ့သည် ။

၂ဝ၁၂ ခုနှစ်အတွင်းက ဖြစ်သည် ။ ဆရာတော်သည် မေတ္တာအခါတော် နေ့ ရောက်တိုင်းတွင် ပြုလုပ်လေ့ရှိတတ်သည့် အတိုင်း ထိုနှစ်က မြင်းခြံ အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူများ ၊ အချုပ်သား၊ အချုပ်သူများကို နံနက်စာနှင့် အသုံးအဆောင်ပစ္စည်းများ ဆေးဝါးများ လှူဒါန်းခြင်း၊ ဗုဒ္ဓတရားတော်များ ဟောကြားကာ ပူပင်သောကများ လျော့ပါးသွားအောင် ပြုလုပ်ခဲ့ရာ ကျွန်တော်နှင့် အတူ ရန်ကုန်မြို့မှ သတင်း ထောက်အချို့လည်း လိုက်ပါသတင်းရယူခဲ့ရာမှ ကိုအောင်စိုးနှင့် တွေ့ဆုံခွင့် ရရှိခဲ့ခြင်းဖြစ်သည် ။

တွေ့ဆုံစဉ်က ၎င်း၏ ပြစ်ဒဏ်မှာ (၅၈)နှစ်ဟု သိလိုက်ရရာ တစ်နှစ် ကျော်ခန့်ကာလအတွင်း၌ ပြင်ပလောကတွင် ၎င်းနှင့် ယခုလိုပြန်လည်ဆုံ ဆည်းခွင့်ရမည်ဟု အိပ်မက်ပင်မမက်ခဲ့ပေ။

ထိုစဉ်က ကျွန်တော့်ထံမှ ဖုန်းနံပါတ်တောင်းသဖြင့် ပေးခဲ့ရာ ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ၎င်းမှ ထောင်ကလွတ်မြောက် လာပြီဖြစ်ကြောင်း ဆက်သွယ်ပြောကြားလာသောကြောင့် အံ့အားသင့်ပြီး ဝမ်းသာမိခဲ့သည် ။

မကြာမီ ကျွန်တော်နှင့် လာရောက်တွေ့ဆုံပြီး ထောင်တွင်း၌ ရှိနေသေး သည့် ဆိုးရွားသောအခြေအနေ၊ အကြောင်းအရာများကို အမြန်ဆုံးပြုပြင် ပြောင်းလဲပစ်ရေးအတွက် အစိုးရသစ်သိရှိအောင်၊ နောင်လူငယ်များ အမှား မကျူးလွန်ရဲအောင်ရည်ရွယ်၍ ထောင်အတွင်း အတွေ့အကြုံမှတ်တမ်းများ ကို ရေးသားဖော်ထုတ်မည့် အကြောင်း တိုင်ပင်လာရာ ကောာင်းမွန်သည့် လုပ်ရပ်ကို ကြိုးစားဆောင်ရွက်ခြင်းဖြစ် သဖြင့် အမြန်ဆုံးလုပ်သင့်သည် ဟု အကြံပေးခဲ့သည် ။

၎င်းနှင့် တွေ့ဆုံပြီး မကြာခင်မှာ ပင် ရေးသားပြီးသည့် အကြောင်းနှင့် ဖတ်ရှုပြီး အကြံဉာဏ်ပေးရန် ဆက်သွယ်ပြောကြားလာရာ ကျွန်တော် အ့ံသြသွားမိပါတယ်။

ဂျာနယ်အတွက် သတင်းကိစ္စများ အပြင် မိသားစု ကိစ္စများ ရှိနေသဖြင့် သတ်မှတ်ရက်ရောက်သည့် တိုင် ၎င်း၏ စာမူအား လှည့်မကြည့်နိုင်သေး သဖြင့် ၎င်းထံသို့ ဖုန်းဆက်ပြီး သုံးရက်အချိန်ထပ်တောင်းခဲ့ရသည် ။

ထိုသုံးရက်အတွင်း ဖြည်းဖြည်းချင်း ဖတ်ရှုမည်ဟု ဆုံးဖြတ်ကာ ပထမနေ့ညပိုင်း၌ စာမူကို ကောက်ကိုင်လိုက်ရာ မိုးလင်းသွားသည် ကို သတိမပြုမိဘဲ၊ စာမူတစ်ခုလုံးကို ပြီးဆုံးအောင် တစ်ထိုင်တည်း ဖတ်မိသည် အထိ ဖြစ်ခဲ့ရသည် ။

၎င်း၏ စာမူမှာ ဝတ္ထုသဘောဆန်ဆန် ရေးသားထားခြင်းမျိုးမဟုတ်ဘဲ ၎င်းရောက်ရှိခဲ့သည့် ထောင်များ နှင့် ရဲဘက်စခန်း၌ ကိုယ်တိုင်ကြုံတွေ့၊ မြင်တွေ့ခဲ့ရသည် များကို အချိန်ကာလနေရာ၊ ဖြစ်စဉ်၊ အမည်၊ အကျိုး ဆက်များအား တိတိကျကျဖော်ပြထားသည့် ကိုယ်တွေ့မှတ်တမ်းဖြစ်နေ သဖြင့် ဖော်ပြချက်များ တိကျမှန်ကန်ဖို့ လိုကြောင်း သတိပေးပြောကြားရာ ၎င်းမှ တိကျမှန်ကန်ကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံ ဆွေးနွေးဖို့ အသင့်ရှိကြောင်းပြောကြားသောကြောင့် ၎င်း၏ စာအုပ်သည် နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရေးကို အထောက်အပံ့ဖြစ်စေသလို ဖတ်ရှုသူူတိုင်းကိုလည်း ကောင်းမွန်သည့် အကျိုးကျေးဇူးရရှိစေမည်ဟု ယုံကြည်သည် ။

အထူးသဖြင့် ထိုစာအုပ်သည် ထောင်ကျဖူးသည့် သူတိုင်းက အပြည့် အဝလက်ခံမည်ဆိုတာကို ထောင်ကျဖူးသူ ကျွန်တော်ယုံကြည်ပါ ကြောင်း.....။

သတင်းထောက်-ဝင်းဦး

* * *




စာရေးသူ၏ အမှာ စာ


ကျွန်တော် ဤစာအုပ်ရေးသားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ဒီမိုကရေစီလမ်းစဉ်နှင့် ဆန့်ကျင်ဘက် ပြုမူပြောဆိုလုပ်ကိုင် အုပ်ချုပ်နေသော တချို့သော အကျဉ်း ထောင်များ နှင့် ရဲဘက်စခန်းများ ၏ ခေတ်စနစ်နှင့် မလျော်ညီသော စားသောက်ရမှု၊ အိပ်စက်ရမှု လုပ်ငန်းခိုင်းစေခံရမှု၊ အချိန်တိုင်းနီးပါး ကြမ်းတမ်းရိုင်းစိုင်းသော အပြောအဆိုခံရမှု၊ မပြည့်စုံသော ဆေးဝါးကုသမှု ခံရမှု၊ မတရားနှိပ်စက်ညင်းပန်းခံရမှုများကို နိုင်ငံတော်အစိုးရအား တင်ပြရင်း ယခုပြည်ထောင်စုလွှတ်တော်အတွင်း တင်ပြဆွေးနွေးဆဲဖြစ် သော မြန်မာနိုင်ငံ၏ အကျဉ်းထောင်များ စနစ်တကျကောင်းမွန်စွာ ပြုပြင် နိုင်ရေးအတွက် ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော အကျဉ်းထောင် ရဲဘက်စခန်းများ တွင် ဖြစ်ပျက်ခဲ့သည် များကို ဖော်ပြ၍ အကျဉ်းထောင်စနစ် ပြုပြင်နိုင်ရေးတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ခွင့် ရလျှင် ဤစာအုပ်ရေးသားရကျိုးနပ်သည် ဟု ယုံကြည်ပါသည် ။

အင်းစိန်အောင်စိုး

* * *




နိဒါန်း


၁၉၈၇ ခုနှစ်မှာ မ.ဆ.လ(ဦးနေဝင်းအစိုးရ)က ၂၅ိ/၊၃၅ိ/နဲ့ ၇၅ိ/တန် ငွေစက္ကူတွေကို ဖျက်သိမ်းလိုက်ကြောင်း ကြေငြာလိုက်တော့ အင်းစိန် မြို့နယ်အတွင်းရှိGTI ကျောင်းမှာ ကျောင်းသားတွေ ဆူပူမှုဖြစ်လာခဲ့တယ်။

အဲဒီတုန်းက GTI ကျောင်းနဲ့ သိပ်မဝေးကွာလှတဲ့ ဂျပန်လမ်းမှာ နေထိုင် တဲ့ ကျွန်တော်တို့ လူငယ်တွေ သွားကြည့်ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်ရဲ့ အသက်ဟာ၂၃နှစ်ဆိုတဲ့ အရွယ်ကို ရောက်နေပါပြီ။

သိခဲ့ရတာကတော့GTI ကျောင်းသား၊ ကျောင်းသူတွေရဲ့ လက်ထဲမှာ ရှိနေတဲ့ ငွေစက္ကူတွေဟာ ဖျက်သိမ်းလိုက်တဲ့ ငွေစက္ကူတွေ အများ ဆုံးဖြစ် တယ်ဆိုတာနဲ့ ၊ အဆောင်လခ၊ ကျောင်းလခ၊ စားစရိတ်စတာတွေ မပေးသွင်းရသေးမီအချိန်လေးမှာ ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ကြေငြာသံ ကြောင့် အခုလို ဆူပူမှုဖြစ်လာတယ်ဆိုတာပါပဲ။

အဲဒီခေတ်ကGTI ကျောင်းသားအများ စုဟာ နယ်ကလာကြသူတွေ များ တယ်လို့ လည်း သိလိုက်ရတော့ သားသမီးတွေ ပညာတတ်ကြီးတွေဖြစ်ဖို့ ပင်ပင်ပန်းပန်း ရှာဖွေရရှိတဲ့ အထဲက မစားရက်ဘဲ သားသမီးတွေရဲ့ ပညာရေးကို ပံ့ပိုးပေးနေတဲ့ အဲဒီမိဘတွေကိုယ်စား ဝမ်းနည်းကြေကွဲခဲ့ရ တယ်။

သိပ်မကြာခင်မှာ ပဲ စက်မှုကျောင်းသား ကိုဖုန်းမော်ကိစ္စဆက်ဖြစ်လာခဲ့ တယ်။ ကိုဖုန်းမော်ကိစ္စနဲ့ ဆက်စပ်ပြီး ၁၉၈၈ခုနှစ်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီးပေါ်လာရတယ်ဆိုရင် မမှားနိုင်ပါဘူး။

အရေးတော်ပုံကာလကြီးအတွင်းမှာ ရဟန်းရှင်လူကျောင်းသားပြည်သူ အမြောက်အမြားဟာ တစ်ပါတီစနစ်၊ အာဏာရှင်စနစ်ဆိုးကြီးကို တိုက်ဖျက်၊ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ကြိုးစားရင်း အသက်ဆုံးရှုံး သွားခဲ့ရသလို၊ အခြေပျက်၊ အနေပျက်ဖြစ်ခဲ့ရလို့ ရည်ရွယ်ချက်တွေ ဦးတည် ရာလမ်းကြောင်းတွေ တိမ်းချော်ရင်းဘဝပျက်ရသူတွေလည်း ဒုနဲ့ ဒေးနဲ့ ရှိ ခဲ့ကြပါတယ်။

အဲဒီထဲမှာ ကျွန်တော်အောင်စိုးလည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့ တယ်ဆိုရင်-

ကိုဖုန်းမော်ကိစ္စဖြစ်ပွားပြီး မကြာခင်မှာ ဘဲ ဆန္ဒပြမှုတွေဖြစ်လာခဲ့တယ်။အင်းစိန်မြို့နယ်ထဲမှာ ဆန္ဒပြတဲ့ လူတွေဟာ တဖြည်းဖြည်းများ လာတာဟာ မကြာမီမှာ လူထောင် ပေါင်းများ စွာအထိ ရောက်ရှိသွားပါတယ်။

အဲဒီအချိန်မှာ ကျွန်တော်တို့ ရပ်ကွက်ထဲက လူကြီးတွေဟာ ဦးနေဝင်း အစိုးရဟာ မကောင်းဘူးလို့ ပြောနေကြပါတယ်။

ကျွန်တော်တို့ လူငယ်တွေလည်း လူအုပ်ကြီးနောက် လိုက်ကြည့် လေ့လာရင်း တစ်ပါတီစနစ်၊ အာဏာရှင်စနစ်ထက် ဒီမိုကရေစီစနစ်ပေါ် ထွန်းလာရေးကို ဝင်ရောက်တောင်းဆိုမိပါတော့တယ်။

ရက်မကြာမီမှာ ပဲ အင်းစိန်မြို့နယ်မှာ လူငယ်အစည်းအရုံးဖွဲ့တော့ မယ်ဆိုတဲ့ သတင်းကြားလာတယ်။

ကျွန်တော်က ကျောင်းသားမဟုတ်ပေမယ့် ကိုယ့်မြို့နယ်အတွက် စိတ်ဝင်စားတာကြောင့် သပိတ်စခန်းတွေဆီသွားပြီး စုံစမ်းကြည့်ခဲ့တယ်။

လူငယ်အစည်းအရုံးဖွဲ့မယ့်ကိစ္စ တာဝန်ယူလုပ်နေသူတွေနဲ့ တွေ့ပြီး ကျွန်တော်ပါဝင်ချင်တဲ့ အကြောင်းပြောပြတော့ လုံခြုံရေးတာဝန်ခံနေရာ တာဝန်ယူနိုင်မလားမေးတယ်။

အဲဒီတာဝန်ကို ကျွန်တော်လက်ခံလိုက်ပြီဆိုတာနဲ့ နေ့/ည အချိန်အခါ မရွေး အလုပ်ပေါ်ရင် ပေါ်သလိုတာဝန်ထမ်းဆောင်နိုင်တဲ့ ကျား/မ (၅ဝ)ဦးကို ချက်ချင်းရှာဖွေစုစည်းရတယ်။ အဲဒီအချိန်ကာလက လူတိုင်း လိုလိုဟာ တက်ကြွနေကြလို့ လိုချင်တဲ့ အရည်အချင်းရှိတဲ့ သူကို ရှာဖွေ စုဆောင်းရတာ လွယ်ကူခဲ့ပါတယ်။

ကျွန်တော် အင်းစိန်မြို့နယ်ရဲ့ လုံခြုံရေးတာဝန်ခံဖြစ်ပြီဆိုရင်ပဲ အင်းစိန် အကျဉ်း ထောင်ခါတာကို ကြုံရပါတော့တယ်။ အကျဉ်းဦးစီးဝန်ထမ်းတွေ က တစ်သုတ်ကို (၅ဝ)ဦးစီနဲ့ တစ်သုတ်ပြီးတစ်သုတ် လွှတ်ပေးနေရပါ တယ်။

ကျွန်တော့်ရဲ့ အဖွဲ့ဟာ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေကို တစ်ဦးလျှင် ကျပ်ငွေ-တစ်ဆယ်နဲ့ ထမင်းထုပ်တစ်ထုပ်စီ ဝေပေးပါတယ်။ နယ်ပြန်ရမယ့်သူတွေကိုတော့ ရန်ကုန်ဘူတာကြီး၊ အဝေးပြေးစခန်း လိုက်ပို့ပေးပါတယ်။

အဲဒီလိုကူညီကြတဲ့ အထဲမှာ အင်းစိန်ထောင်အနီးက ဆိုက္ကားသမားတွေ ဟာ အကျဉ်းသားတွေလွတ်မြောက်လာတိုင်း လိုင်းကားဂိတ်ရှိတဲ့ ဆီကို အခမဲ့သယ်ယူပို့ဆောင် ပေးကြပါတယ်။

အရေးတော်ပုံကာလရက်ကြာလာတာနဲ့ အမျှ ပြည်သူတွေဟာ အစားအစာကိုလည်း ခြိုးခြံချွေတာပြီး စားနေရပါတယ်။ တချို့နေရာတွေ မှာ ဆန်ကိုပုံမှန်ထက်တစ် ဝက်လျော့ချက်စားရတာ ဆန်ပြုတ်ပြုတ် သောက်တာ၊ ဆန်ကွဲချက်စားရတာတို့ ဖြစ်နေကြပါပြီ။

အဲဒီလို အစားအသောက်အခက်အခဲဖြစ်လာတာကြောင့် ရန်ကုန်မြို့ရဲ့ နေရာတိုင်းလိုလိုမှာ ဂိုဒေါက်ဖောက်တာတွေ ဖြစ်လာတယ်။ ကျွန်တော်တို့ ရဲ့ အင်းစိန်မြို့နယ်လည်း အပါအဝင်ပေါ့။

ဒီလိုဖြစ်ပျက်နေတဲ့ အချိန်မှာ ပဲ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းလိုက်ပြီလို့ ကြေငြာလိုက်ပါတယ်။ ဒီမိုကရေစီစနစ်ကြီး မပေါ်ထွန်းမီ မှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ကျွန်တော့်ရဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက်တွေပျောက်ပျက်ပြီး ကျွန်တော်လူဆိုးလောကထဲ ရောက်သွား တယ်ဆိုရင်-----

စစ်တပ်အာဏာသိမ်းလိုက်ပြီဆိုတာနဲ့ သုံးရက်မြောက်မှာ ည(၁ဝ)နာရီ လောက်မှာ ပေါ့ ကျွန်တော့်အိမ်ကို ညဖက်မှာ စစ်ကားတွေနဲ့ လာဝိုင်းဖမ်းပါ တယ်။ အဖမ်းခံမလား၊ အသေခံမလားဆိုတဲ့ အတွေးဝင်လာတယ်။ အဖမ်း ခံရင်လည်း သေဖို့ လမ်းကများ တယ်ဆိုတော့ အသေခံပြီးထွက်ပြေးဖို့ ဆုံးဖြတ်လိုက်တယ်။ ကံကောင်းထောက်မစွာနဲ့ လွတ်မြောက်ခဲ့တယ်။

အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ အိမ်ပြန်လို့ မရတော့တဲ့ ဘဝရောက် သွားတယ်။ သပိတ်စခန်းဖွင့်ထားတဲ့ အင်းစိန်မြို့နယ် လှိုင်မြစ်လမ်း အ.မ.က(၁၂) ကျောင်းကိုရောက်တယ်။ ခေါင်းဆောင်တချို့က တောခို ရင် လိုက်ခဲ့ဖို့ ပြောတယ်။ မလိုက်ချင်ဘူးလို့ ပြန်ပြောခဲ့တယ်။

ကျွန်တော်သာ အဲဒီချိန်က တောခိုလိုက်ရင် လူဆိုးဘဝရောက်ပါ့ မလားလို့ ---

စစ်တပ်က သပိတ်စခန်းကို လာဝိုင်းလို့ ကျွန်တော်တို့ နေရာပြောင်း လိုက်ရတယ်။ ဟိုရောက်လည်း လာဝိုင်း၊ ဒီရောက်လည်း လာဝိုင်းနဲ့ ကျွန်တော်လည်း တဖြည်းဖြည်းသပိတ်စခန်းနဲ့ ကင်းကွာသွားပြီး ကိုယ်လွတ်ရုန်းကန်တဲ့ ဘဝရောက်သွားတယ်။

ကြာလာတော့ လက်ထဲရှိတဲ့ ငွေကြေးလေးကုန်ခမ်းစပြုလာတယ်။ တိုင်ပင်စရာ၊ အားကိုးစရာ ယုံကြည်ရမယ့်သူတွေမရှိ၊ လက်ထဲမှာ လည်း ငွေကြေးမရှိတော့၊ အိမ်ကိုလည်း ပြန်လို့ မရတဲ့ အခြေအနေမှာ အင်းစိန်မြို့ နယ်ရဲစခန်းမှူးရဲ့ သားမက်လောင်းဖြစ်သူကို ရိုက်ပြီးလုလိုက်တယ်။ ၁၉၉ဝခုနှစ်ထဲမှာ ပေါ့။

သိပ်မကြာခင်မှာ ပဲ ရိုက်မှုနဲ့ ကျွန်တော်အဖမ်းခံရပြီး ထောင်လေးနှစ်ကျ ခဲ့တယ်။ လျော့ရက်တွေနဲ့ ၁၉၉၃ ခုနှစ်မှာ ပြန်လွတ်လာတယ်။ထောင်က လွတ်ပြီဆိုတော့ ကိုယ့်အိမ်ကိုယ်ပြန်လို့ ရပြီး အိမ်မှာ အအေးဆိုင်လေး ဖွင့်ပြီး ကောင်းကောင်း မွန်မွန်နေထိုင် လုပ်ကိုင်စားသောက်တယ်။ ရှေ့က ဖြစ်ခဲ့တာတွေ မေ့ထားပြီးတော့ပေါ့။

ဒါပေမယ့် စစ်အစိုးရရဲ့ စနစ်ဆိုးကြီးက ဒီအတိုင်းအေးအေးချမ်းချမ်း ကောင်းကောင်း မွန်မွန်နေထိုင် လုပ်ကိုင်စားသောက်တာကို ရပ်ကြည့်မနေ ခဲ့ဘူး။ အအေးဆိုင်လေးဖွင့်ပြီးနေတဲ့ အချိန် (၁၉၉၄)ခုနှစ်မှာ ဟိတ်၊ ဟန်မရှိ တဲ့ ထောင်ထွက်တွေကို လိုက်ဖမ်းပြီးပေါ်တာဆွဲထည့်လို့ ကျွန်တော်လည်း မိသားစုကို စွန့်ခွာလို့ ထွက်ပြေးခဲ့ရတယ်။

အဲဒီအချိန်ကစလို့ ကျွန်တော့်မိသားစုရဲ့ တည်ငြိမ်စပြုနေတဲ့ အခြေ အနေဟာ အခြေပျက်ခဲ့ရတယ်။ စားဝတ်နေရေး အခြေပျက်တော့ ထွက် ပြေးနေရတဲ့ ကျွန်တော့်ကို ငဲ့မကြည့်နိုင်ဖြစ်၊ ကျွန်တော်ကလည်း ထွက်ပြေး နေရသူဖြစ်လို့ နေရာတစ်ခုမှာ အခြေချလို့ မရဖြစ်နဲ့ ပါလာတဲ့ ငွေကြေး ကုန်ခမ်းသွားတယ်။

အဆိုးဆုံးက အလုပ်တစ်ခုကို ရက်ပိုင်းလောက်လေး လုပ်ပြီးရင် အခြားနေရာမှာ အလုပ်တစ်ခုပြောင်းရတာဆိုတော့ အလုပ်ရှာဖို့ ခက်ခဲလာ တယ်။ ငွေကြေးရှာဖွေရတာလဲ ခက်ခဲ လာပြီး အဲဒီလိုဖြစ်နေတဲ့ အခြေအနေ ကြောင့် ငွေများများ နဲ့ လွယ်လွယ်နဲ့ ရမယ့် နည်းလမ်းတွေကို ရှာဖွေလာရင်း နဲ့ ကိုယ့်လိုလူတွေနဲ့ တွေ့ပြီး-----

ဒီလိုနဲ့ လုယက်မှုအပါအဝင်အမှုပေါင်း ရှစ်ခုကို ကျူးလွန်ခဲ့ပြီးတဲ့ နောက် အဖမ်းခံရပြီး ပြစ်ဒဏ်ထောင်(၅၈)နှစ် ကျခဲ့ရတယ်။ (၄.၁ဝ.၁၉၉၆) မှာ စတင်အဖမ်းခံရပြီး ထောင်ပြစ်ဒဏ် (၅၈)နှစ် ကျခံနေရတာဟာ ဒီမိုကရေစီ အစိုးရသစ်လက်ထက် နိုင်ငံတော်သမ္မတပေးတဲ့ အသီးသီးသော ပြစ်ဒဏ် လျော့ပေါ့ခွင့်တွေကြောင့် ထောင်အတွင်းမှာ (၁၇)နှစ် ကျော်နေထိုင်လာခဲ့ တဲ့ ကျွန်တော်ဟာလည်း ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

အကြောင်းကြောင်းတွေကြောင့် လူဆိုးဘဝကို ရောက်ရှိသွားခဲ့ရတဲ့ ကျွန်တော်ဟာ ထောင်တွေကို တစ်ခုပြီးတစ်ခု ပြောင်းခဲ့ရသလို ရဲဘက် စခန်းကိုလည်း ရောက်ရှိခဲ့ရတာမှာ ယနေ့အထိ အခြေအနေအဆိုးရွားဆုံး အဆင့်၌ သာ ရှိသေးတဲ့ အကျဉ်းထောင်ရဲ့ စနစ်ဆိုးတွေအကြောင်းကို ဖော်ထုတ်ပြလိုက်ရင် အစိုးရသစ်က အမြန်ဆုံး ပြုပြင်ပြောင်းလဲမှာ ဖြစ်သည် ဟု ယုံကြည်တာက တစ်ကြောင်း၊ မိဘဆွေမျိုး ညီအကိုမောင်နှမ ပြည်သူပြည်သားများ အပေါ် ဆိုးမိုက်ချင်သည့် ၊ မတရားလုပ်ချင်သည့် ၊ ငါဘယ်လောက်မိုက်တယ်၊ ငါ့လောက်မိုက်တဲ့ သူ မရှိဘူးဟု ထင်ပြီး ကြီးသူ ကို မရိုသေ၊ ရွယ်တူကို မလေးစား၊ ငယ်သူကို မသနားသည့် ဘယ်သူ သေသေ ငတေမာရင်ပြီးရောဆိုသည့် ညီငယ်များ နှင့် ပုဂ္ဂိုလ်များ အတွက် ကျွန်တော့်ရဲ့ ထောင်တွင်းအတွေ့အကြုံ၊ ရဲဘက်စခန်း အတွေ့အကြုံများ ကို စေတနာရှေ့ထားပြီး ဖော်ထုတ်ရေးသားတင်ပြလိုက်ပါသည် ။

အမည် - အောင်စိုး

ထောင်ဝင်နံပါတ်

* * *

နေ့စွဲ။ ၂ဝ၁၄ ခုနှစ်၊ လ ၊ ရက်။

အကြောင်းအရာ ။ ။ အကျဉ်းထောင်စနစ်ပြုပြင်နိုင်ရေးအတွက် အကြံပြုတင်ပြခြင်း

ကျွန်တော်သည် (၁၉၉၆)ခုနှစ်၊ (၁ဝ)လပိုင်း၊ (၄)ရက်နေ့တွင် စတင် အဖမ်းခံရပြီး လုယက်မှု(၈)မှုဖြင့် ထောင်ဒဏ်(၅၈)နှစ်ကျခံရန် အမိန့်ချ မှတ်ခံရသူဖြစ်ပါသည် ။

အင်းစိန်ထောင်၊ မန္တလေးထောင်၊ မြင်းခြံထောင်တို့ နှင့် နောင်ချိုရဲဘက် စခန်းတို့ တွင် ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသော အကျဉ်းထောင်ဝန်ထမ်း၊ အကြပ်အရာရှိတို့ ၏ မတရားခိုင်းစေမှု၊ ရိုက်နှက်ညှင်းဆဲမှု၊ လာဘ်စားမှု၊ အကျဉ်းသားတို့ ၏ ရိက္ခာရပိုင် ခံစားခွင့်များကို ဖြတ်စားမှု အကျဉ်းသားများ ကို ကျွန်များကဲ့သို့ ပြောဆိုဆက်ဆံမှုတို့ အား ပြုပြင်ပြောင်းလဲပေးနိုင်ရန် အတွက် ကျွန်တော်၏ မျက်မြင်ကိုယ်တွေ့အဖြစ်အပျက်များအား ရေးသား တင်ပြလိုက်ပါသည် ။

အကျဉ်းထောင်အတွင်းနှင့် ရဲဘက်စခန်းတို့ တွင် ကြုံတွေ့ခဲ့ရသော အခက်အခဲများ ဖိနှိပ်မှုများမှာ

(၁၉၉၆)ခုနှစ် ကျွန်တော်ထောင်စကျချိန်မှ စ၍ (၂ဝ၁၄)ခုနှစ် ကျွန်တော် လွတ်မြောက်လာချိန်အထိ အကျဉ်းထောင်နှင့် ရဲဘက်စခန်းတို့ တွင် လာဘ် စားမှုများမှာ အနည်းငယ်မျှသာ လျှော့ပါးပြီး ယခင်ခေတ်ကဲ့သို့ ထင်ထင် ပေါ်ပေါ်ပြောင်မယူသည် မှ လွဲ၍ တိုးတိုးတိတ်တိတ် လုပ်စားနေတုန်းဖြစ် ပါသည် ။ အချုပ်သားဖြစ်စေ၊ ထောင်ကျဖြစ်စေ ရဲဘက်ဖြစ်စေ ငွေမပေးနိုင် လျှင် အည့ံဆုံးအလုပ်များ အပင်ပန်းဆုံး အလုပ်များ နှင့် အဆူ၊ အဆဲ၊ အရိုက်ခံရပါသည် ။ ငွေပေးနိုင်လျှင် အချုပ်သားလူသစ်ဖြစ်စေ၊ ထောင်ကျ သစ်ဖြစ်စေ၊ ရဲဘက်စခန်းမှာ လူသစ်ဖြစ်စေ၊ ပေးနိုင်သည့် ငွေ ပမာဏ အပေါ်မူတည်၍ သက်သာသည့် အလုပ်မှ စ၍ လုံးဝအလုပ်မလုပ်ရသည် အထိ ကျွန်တော်မြင်ခဲ့တွေ့ခဲ့ရပါသည် ။ အစားအသောက်၊ ကျွေးမွေးမှုမှာ လည်း နိုင်ငံတော်အစိုးရမှ အကျဉ်းသားများ အတွက် ရိက္ခာငွေတိုးပေး သော်လည်း မည်သို့မျှ ထူးခြားမှုမရှိပါ။ အသားတုံး(စကေး) မပြည့်ခြင်း၊ ပဲအရည်ကျဲ၍ ပဲဖတ်မပါခြင်း၊ မည်သို့မျှ အရသာမရှိသော အရွက်ဟင်းများ နှင့် ဆီမပါသောဟင်းများကိုသာ နေ့စဉ်နီးပါး ကျွေးခြင်းတို့ ကို ကိုယ်တိုင် စားခဲ့ရပါသည် ။(၆)လတကြိမ် ထောင်ပုံစံ၊ အင်္ကျီ၊ ပုဆိုး ထုတ်မပေးသလို၊ (၇)ရက်တစ်ကြိမ် ဆပ်ပြာကြမ်းလည်း မပေးပါဘူး။ အကျဉ်းထောင်အတွင်း မှာ ဖြစ်စေ၊ ရဲဘက်စခန်းမှာ ဖြစ်စေ ငွေပေးနိုင်မှ သန့်ပြန့်သော၊ ကျယ်ဝန်း သော အိပ်ယာနေရာ ရရှိပါသည် ။ ငွေမပေးနိုင်လျှင် ကြပ်ညှပ်နေသော၊ နံစော်နေသော အလယ်တန်းနှင့် ၊ မိလ္လာအနီးတဝိုက်တွင် သာ အိပ်ရပါ သည် ။ အကျဉ်းထောင်အမှုထမ်း၊ အရာထမ်းနှင့် အကျဉ်းသားအရာရှိဆို သော အခန်းလူကြီးတန်း စီးချုပ်ဆိုသူများမှာ ငွေပေးနိုင်သူများ ၎င်းတို့ ကို ကျွေးပေးသောသူများကိုကောင်း မွန်စွာဆက်ဆံစောင့်ရှောက်၍ ဘာမှ မပေးနိုင်၊ မကျွေးနိုင်သောသူများကို အလွန်ညံ့ဖျင်းသော ကိုယ်အမူအရာ နှုတ်အမူအရာတို့ ဖြင့် ပြုမူပြောဆိုဆက်ဆံပါသည် ။

ပေးနိုင်ကျွေးနိုင်သူများ စကားများ ရန်ဖြစ်လျှင် ပြဿနာသည် သေး ငယ်သွားပြီး မကျွေးနိုင် မပေးနိုင်သူများ စကားများ ရန်ဖြစ်ခဲ့လျှင် ထိုကိစ္စ သည် အလွန်ကြီးကျယ်သွားပြီး ဆဲဆူရိုက်နှက်၍ ဒေါက်ခြေချင်းအခတ်ခံရ ကာ တိုက်ပိတ်ပါသည် ။ မကောင်းမှုတစ်ခုခုကို ကျူးလွန်ဖောက်ဖျက်၍ ထောင်ကျလာသူချင်းအတူတူ ခွဲခြားဆက်ဆံ၍ ကျွန်တော်တို့ အကျဉ်း သားများ စိတ်ပိုင်းဆိုင်ရာ အလွန်ထိခိုက်၍ စိတ်ဒဏ်ရာရရှိကြပါတယ်။ ကျွန်တော်နောက်ဆုံးနေထိုင်ခဲ့တဲ့ ရဲဘက်စခန်းမှာ ကြုံတွေ့ခဲ့ရတဲ့ ကျွန်တော် တို့ ရဲဘက်တွေကို ကျွဲတွေ၊ နွားတွေလို နေ့စဉ် အငှားလိုက်ခိုင်းပြီး ကျွန်တွေ ကို ဆက်ဆံသလို တိရိစ္ဆာန်တွေကို ခိုင်းသလိုခိုင်းပြီး လုပ်စားနေတာတွေ ရဲဘက်တစ်ယောက်ကိုတစ်နေ့ (၂၅ဝဝ)၊ (၃ဝဝဝ)နှုန်းနဲ့ ရဲဘက်တွေ တစ် ရက်ကို လူ (၁ဝဝ)၊ (၃ဝဝ)ထိ လုပ်အားပေးဆိုတဲ့ အပြင်အလုပ်တွေကို ခိုင်းစားခံရပါတယ်။

ပြုပြင်စေချင်သည့် အကြောင်းအရာများ

(၁) အကျဉ်းထောင်များ တွင် ပုံစံခန်းဆိုသည် မှာ ထောင်အတွင်းသွား လာနေထိုင်စားသောက်မှုများ အတွက် စည်းစနစ်ရှိရန်နှင့် အများ နှင့် အတူ လုပ်ကိုင်နေထိုင်တတ်ရန်တို့ ကို ပြောဆိုသင်ပြရန်ထားရှိသောနေရာ မဟုတ် ဘဲ ပုံစံမောင်း၊ ကြမ်းတိုက်၊ မိလ္လာထမ်းခိုင်းပြီး ငွေကို မထွက်ထွက် အောင် ရှာဖွေနေသော နေရာဖြစ်သဖြင့် ပုံစံခန်းမရှိသင့်သလို ပုံစံမောင်း ခြင်းလည်း မရှိသင့်တော့ပါ။

(၂) ဥပဒေကို ကျူးလွန်ဖောက်ဖျက်ထောင်ကျလာသူမည်သူ့ကိုမဆို တစ်ပြေးညီ အခွင့်အရေးရရှိပြီး အကျဉ်းထောင်အတွင်းရှိ လုပ်ငန်းများကို တန်းတူလုပ်ကိုင်နေထိုင်စေခြင်းနှင့် စည်းကမ်းနှင့် အညီ မှန်ကန်စွာ အုပ်ချုပ် ၍ ခွဲခြားဆက်ဆံမှုမရှိစေရန်။

(၃) အကျဉ်းသားများ ၏ တရားဝင်ရရှိသော ရိက္ခာများ ၊ ပုံစံအင်္ကျီ ပုဆိုးများ ဆေးဝါးများကို အပြည့်အဝရရှိစေရန်။

(၄) အကျဉ်းထောင်အတွင်း ငွေမသုံးစွဲရဟု ဆိုသော်လည်း သာရေး၊ နာရေး၊ လူမှုရေးနှင့် ထောင်အာဏာပိုင်တို့ ၏ ကိစ္စမျိုးစုံတို့ အတွက် အမြဲ တမ်းငွေကြေးကောက် ခံတောင်းယူနေသည် များကို လုံးဝပပျောက်သွား စေရန်။

(၅) အကျဉ်းသားများကို မိမိတို့ မိသားစုများ နှင့် ထောင်ဝင်စာမလာနိုင် သော နေရာဒေသများကို ပြောင်းရွှေ့ခြင်းများကို လုံးဝပယ်ဖျက်စေရန်။

(၆) ထောင်ကျနေသူ၏ မိသားစုမှ ပေးပို့သော စားသောက်စရာများကို မည်သူတစ်ဦးတစ်ယောက်ကမျှ ချော့၍ ယူခြင်း၊ ခြောက်၍ ယူခြင်း၊ ရာထူး ဖြင့် အနိုင်ကျင့်၍ ယူခြင်းမရှိစေရန်။

(၇) ထောင်ကျနေသော အကျဉ်းသား/သူများ ၏ အသက်အရွယ် အလိုက် အစ်ကို၊ ဦးလေး၊ အဘဟု ဆိုသော ဂါရဝတရားဖြင့် အကျဉ်းသားချင်း ဖြစ်စေ၊ အကျဉ်းထောင် အမှုထမ်း၊ အရာထမ်းမှ ဖြစ်စေ ခေါ်ပြောသုံးစွဲရန်။

(၈) အကျဉ်းသားအသက်ကြီးသူများကို ဘုရားခန်း(ခ)ခေါင်းရင်းတန်း တွင် အိပ်စက်စေပြီး စုံပြုံကြပ်ညှပ်၍ နေထိုင်ရသည် ကို သင့်တင့်သော အိပ်စက်နေထိုင်မှု ရစေရန်။

(၉) ထောင်ကျနေသော အကျဉ်းသား/သူများကို အကျဉ်းသား အရာရှိ ဆိုသော အုပ်ချုပ်သူများမှ ဖြစ်စေ၊ အကျဉ်းထောင် တာဝန်ရှိသူများမှ ဖြစ်စေ မည်သည့် အကြောင်းကြောင့် မှ ဆဲခြင်း၊ ရိုက်ခြင်း၊ မတရားပြောဆိုခြင်း လုံးဝမရှိစေရန်။

(၁ဝ) ရဲစခန်းအချုပ်များ ၊ အကျဉ်းထောင်များ ၊ ရဲဘက်စခန်းများကို အစိုးရအဖွဲ့အစည်းမှ ဌာနမတူသူများ နှင့် ပြင်ပအဖွဲ့အစည်းများမှ စုပေါင်း၍ မကြာခဏသွားရောက် စစ်ဆေးသင့်ပါသည် ။ သို့မှ သာ ထိုနေရာများ တွင် နေ့စဉ်နီးပါးဖြစ်ပျက်နေသော မတရားမှုများကို လွတ်လပ်စွာ မေးမြန်းမှ အမှန်တရားကိုတိကျစွာသိရမည်ဖြစ်ပါသည် ဟု အကြံပြုတင်ပြအပ်ပါ သည် ။

* * *


ဝန်ဇင်းချစ်သူများ အင်းစိန်အောင်စိုး ၏ “ အုတ်ရိုးအတွင်း သံဆူးကြိုးဝင်းမှလူဆိုးများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။