Cover


အမှာ စာ…

ထမင်းစားပြီးမှ ဖတ်ပါ။

* * *



ငါတို့ ယောက္ခမနိုင်နိုင် ချက်ကောင်းကိုကိုက်ထားနိုင်

နင်တို့ ယောက္ခမရှုံးရှုံး အမွှေးကတုံးနဲ့ ကိုယ်တုံးလုံး။

* * *

ရိုးရိုးလေးပါပဲ။

ကျွန်တော်တို့ အိမ်က ကျောက်သင်ပုန်းတွေ မိုးထားတယ်လေ။

* * *

“နယ်မှာ နေတုန်းက ဦးမှာ ဆိုင်ကယ်တစ်စီးရှိခဲ့တယ်ဆို”

အိမ်ကိုလာလည်ရင်း တူမရဲ့ သူငယ်ချင်းများက မေးသည် ။

“အေး…ရှိခဲ့တာပေါ့၊ အဲဒီဆိုင်ကယ်က တအားသတိရဖို့ ကောင်းတာ၊ ပြန်ရောင်းလိုက်တာတော့ ကြာပါပြီ၊ ဘယ်နှခုနှစ်မှန်းတောင် မမှတ်မိတော့ပါဘူး၊ အဲဒီခေတ်က ခုနစ်ထောင်နဲ့ ရှစ်ရာ ပြန်ရသပေါ့၊ ဦးဝယ်တုန်းက တစ်သောင်းနှစ်ထောင်ရယ် ဒါပေမဲ့ ဆိုင်ကယ်က စီးရင်းစီးရင်း ပြိုကျလာတော့ အဲဒီစျေးပဲ ရတော့တာ”

“ဆိုင်ကယ်ပြိုကျတာက ဦးတစ်ယောက်တည်းကြောင့် မဟုတ်ဘူး ၊ တခြားပယောဂလည်း ပါတာပေါ့၊ အဓိကပြဿနာကောင်က”

* * *

ဆိုင်ကယ်အမျိုးအစားကိုကြည့်ပြီး မောင်ကြည် သွားရည်တွေကျနေသည် ။ ဆိုင်ကယ်က စစ်ကြိုခေတ်ကပေါ်ခဲ့သော အမျိုးအစား။ အင်္ဂလိပ်များ တီထွင်ထုတ်လုပ်၍ မြန်မာပြည် ပထမဆုံး တင်ပို့ ခဲ့သော ဘီအက်(စ်)အေအမျိုးအစားပြီးလျှင် ဒုတိယအနေနှင့် ရောက်ခဲ့သော ဆိုင်ကယ်ကြီး။ အင်္ဂလိပ် အမည် ‘ဘန်လီ’ဟု ခေါ်သော်လည်း ဆိုင်ကယ်၏ Font များ ပြားနေသဖြင့် အလွယ်တကူ ဖောက်ပြား ဆိုင်ကယ်ဟု ပင် ခေါ်ဆိုကြသည် ။ ဘီအက်(စ်)အေဆိုင်ကယ်က ယခုဆိုင်ကယ်များ လိုမဟုတ်ဘဲ ဂီယာဘရိတ်များမှာ ပြောင်းပြန်ဖြစ်နေသည် ။ ယခုဆိုင်ကယ်များက ဘယ်ဂီယာ ညာဘရိတ်။ ဘီအက်(စ်)အေက ညာဂီယာ ဘယ်ဘရိတ်။ သို့သော် ကျွန်တော်ကြည့်နေသော ဘန်လီခေါ် မြန်မာ အမည် ဖောက်ပြားကြတော့ ယခုခေတ် ဆိုင်ကယ်များ အတိုင်း။

ဆိုင်ကယ်က စိန်တံဆိပ်သင်္ဘောဆေး အနီရဲရဲကြီးသုတ်ထား၏။ ဆိုင်ကယ်၏ ဆီပုံးမားကက် နေရာများ တွင် မူ အဝါရောင်မီးများ ပန်းထွက်နေသလို စတေကာအပြည့်ကပ်ထားသည် က မိုးပေါ်ပျံကြွ မတတ် အားမာန်ပြင်းလှသည် ။

“မိုက်တယ်ကိုယ့်ဆရာ၊ ဒီစျေး ဒီစျေးတန်တယ်၊ ဆွဲထားလိုက်၊ နောက်ပြီး ကိုယ့်ဆရာရုပ်နဲ့ ဆို အခုစီးနေကြတဲ့ စူပါကပ်ဆိုင်ကယ်တွေနဲ့ မလိုက်ဘူး၊ ဒါမျိုးနဲ့ မှ လိုက်မှာ ”

ဘာမှ မဟုတ်ဘူး ။ ဆိုင်ကယ်ပွဲစားက မြှောက်ပေးနေတာ။ ဆိုင်ကယ်က စုတ်ပြတ်ပြီး ပြိုကျ ကာနီးကို သင်္ဘောဆေးနဲ့ မနည်းတဲပြီး တင်ထားရတာ။ သို့သော် ယခုလိုအချိန်မျိုးတွင် စီးနေကြသော စူပါကပ်အမျိုးအစား ဆိုင်ကယ်များ စွာ ငါးသောင်းမှ နေ၍ ငါးသိန်းဝန်းကျင်ထိရှိ၍ ဝယ်မစီးနိုင်သည် က တစ်ကြောင်း၊ မိမိကိုယ်၌ ကိုက အများ ထက်ထူးပြီး နဖူးယင်ကောင်နားမှ ကြိုက်နှစ်သက်သူပီပီ ယခုလို ပြုတ်လုတဲတဲဆိုင်ကယ်ပွဲကြီးကို မျက်စိရှေ့က မခွာနိုင်ဖြစ်နေမိတော့သည် ။ ဆိုင်ကယ်ကြီးကို ကြည့်ပြီး ကိုယ့်အတွေးနှင့် ကိုယ်။

“အင်း ဒီဆိုင်ကယ်ကြီးစီးသွားလို့ ကတော့ ငါ့ကို နိုင်ငံခြားသားမှတ်ပြီး ဝိုင်းကြည့်နေကြမှာ ”

ဟူ၍ ပီတိပင်ဖြစ်နေမိသေး၏။

“နို့…စက်နှိုးရရောလွယ်ရဲ့ လား”

ကျွန်တော်၏ အမေးစကားကို ဆိုင်ကယ်ရောင်းသည့် ငတိက မျက်နှာလေးအိုချကာ မျက်လုံး နှစ်ဘက်ကို လက်ဖဝါးတစ်ဘက်စီနှင့် ပိတ်ပွတ်ပြီး

“အိမ်မှာ က ကြွက်တွေသောင်းကျန်းတယ်ဗျာ”

“ဘာဆိုင်လို့ တုန်း”

“ခင်ဗျားစဉ်းစားကြည့်လေ၊ ညညဆို ကြွက်တွေသောင်းကျန်းပြီး ဆိုင်ကယ်ကစ်စတာပေါ် ခုန်ခုန်ချလို့ ဆိုင်ကယ်စက်လည်ပြီး ကျုပ်မှာ တစ်ညလုံး အိပ်မရဘူး”

သူရှင်းပြတော့လည်း သွားရည်ယိုစရာ။ ကြည့်လေ ဆိုင်ကယ်ကစ်စတာပေါ် ကြွက်ခုန်ချရုံနှင့် စက်နိုးသည် ဆိုတော့ ဘယ်မျှကောင်းတဲ့ စက်လဲ။

“ဒါနဲ့ စျေးနှုန်းက”

“တစ်သောင်းရှစ်ထောင်ပြောထားတယ်၊ တစ်သောင်းခွဲရရင် ရောင်းမလို့ ပဲ၊ ဒါပေမယ့် သောင်း နှစ်ထောင်နဲ့ ပဲယူ၊ ဒါအစွမ်းကုန်ပဲ၊ ထပ်ပြောရင် ထပ်လျှော့မိနေမယ်”

ဘာမှ ကိုမပြောရသေးခင် စျေးတွေစွတ်စက်လျှော့နေ၏။ ကျွန်တော့်မှာ လည်း လိုချင်လျက် လက်တို့ ဖြစ်နေသည် မို့

“အေးလေ..စျေးက မဆိုးပါဘူး၊ ဒါပေမဲ့ စမ်းတော့စမ်းကြည့်ဦးမယ်”

“စမ်း…စမ်း စိတ်ကြိုက်စမ်း၊ ကြိုက်ကိုကြိုက်စေရမယ်”

ရောင်းသူက ရဲရဲကြီးအာမခံသည် ။ ကျွန်တော်လည်း အားရဝမ်းသာ ဆိုင်ကယ်ကို တက်ခွလိုက်သည် ။

“ဟင်”

ဆိုင်ကယ်က ရှိတော့ရှိနေသည် ။ သို့သော် ဒူးအထက်ပိုင်းမှာ လဟာပြင်ကြီးဖြစ်နေသည် ။ ဆိုင်ကယ်က ပြားပြားတောင့်တောင့်ထည်ထည်လုပ်ထား၍ ကြည့်ရသည် မှာ ကြီးနေသယောင် ထင်ရ သော်လည်း တကယ့်တကယ်တမ်းတော့ အရပ်ရှည်လွန်းသော ကျွန်တော့်ဒူးလောက်သာ ရှိသော ဆိုင်ကယ်ပုလေး။

ဆိုင်ကယ်ဖင်ထိုင်ခုံပေါ် ထိုင်ချလိုက်သည် ။

“အဲ”

ဆိုင်ကယ်ခြေနင်းခုံပေါ် ခြေတော်တင်လိုက်သည် နှင့် ဒူးတော်နှင့် ရင်ဘတ်တော် လာကပ်နေ၏။ လက်ကိုင်ကို လှမ်းကိုင်လိုက်သည် ။ မသိလျှင် ရင်ဘတ်ဆင်ကော်ကပ်ထားသည့် ပုံ။ နံရိုးဖုဖုကိုပဲ ဒူးချွန်နှင့် ပြန်ထိုးကြည့်မိသည် ။

“အွတ်”

“ဟ…ထိုးလို့ ရသဟ”

ဘာရယ်မဟုတ် မလုပ်ဘူးသည့် အလုပ်မို့ ဝမ်းပင်သာသွားမိသေး၏။ ဤမျှမက

“ဟင်”

ဆိုင်ကယ်က တိုတိုလေးမို့ တံတောင်က နံကြားပြန်ထောက်နေ၏။ ဆိုင်ကယ်ပေါ် တက်ထိုင် လိုက်သည် နှင့် ကျွန်တော့်ပုံက တိရိစ္ဆာန်ရုံက သံဇကာဖက်ထားသည့် မျောက်သဖွယ် ကွေးကွေးလေး ဖြစ်နေ၏။ သို့အပြင် လက်ကိုင်တိုပေါ်တင်ထားရ၍ ကွေးတက်နေသော တံတောက်ကွေးက အရွယ်နှင့် မလိုက်အောင် ကြီးကောင်စောဝင်နေသလား အောက်မေ့ရသော မေးရိုးရှည်ကြီးနှင့် အပြန်အလှန် ခုတ်မိမတတ် ဖြစ်နေ၏။ ဤသို့ခုတ်မိလျှင်လည်း လက်ကောက်ဝတ်ပင် သူငယ်အိမ် စောင်းသွား လောက်သည် ။ မေးရိုးက ထန်းလှီးဓားနှင့် နင်လားငါလား။ သို့သော် ထိုမျှလောက်တော့ ကိစ္စက မရှိသေး။

“ဆိုင်ကယ်စက်နှိုးလို့ ရမလား”

“ရတာပေါ့၊ ဝမ်းကစ်ဝမ်းနိုးပဲ၊ ဒါပေမဲ့ ဆိုင်ကယ်စက်နှိုးမယ်ဆိုပြော”

“ဘာဖြစ်လို့ လဲ”

“အကြောင်းရှိတယ်လေ”

ဘာအကြောင်းလဲတော့မသိ။ ကိုယ့်မလဲ ဆိုင်ကယ်စီးချင်နေပြီမို့

“ကဲ အခု ဆိုင်ကယ်စက်နှိုးမယ်”

ကျွန်တော့်အသံကြားသည် နှင့် ပွဲစားနှင့် ဆိုင်ကယ်ရောင်းသူ တစ်ခုခုပြေးရှာသည် ကို တွေ့ရသည် ။ ပြီးမှ …

“နှိုးလို့ ရပြီ”

ထိုစကားသံကြားသည် နှင့် ဆိုင်ကယ်သော့ကို ဖွင့်၍ ကစ်စတာကို နင်းချလိုက်သည် ။

“ဝုန်း…ထုန်း ထုန်း ထုန်း ထုန်း ထုန်း”

“အောင်မယ်လေးဗျ ဘာသံကြီးလဲ”

ကျယ်လောင်လှသော ဆိုင်ကယ်သံကြား၍ ကိုယ့်ဘာသာကိုယ်ပင် လန့်အော်မိသည် ။ နောက် ဆိုင်ကယ်ကို လွှတ်ပဲချရမလား၊ ခွပဲနေရမလားမသိဘဲ ကြောင်နေ၏။ ခုနက ဘေးနားက ဆော့ကစား နေသော ကလေးငယ်အချို့က ကစားနေရာမှ တုန်တက်ပြီး

“ဟေ့…လေယာဉ်ပျံပျက်ကျ လာပြီထင်တယ်ဟေ့၊ ပြေးကြ ပြေးကြ”

ဆိုကာ ဝရုန်းသုန်းကားနှင့် ထပြေးကြသည် ။ အိမ်ပေါ်ရှိ လူကြီးများက ဓားဆွဲဆင်း လာပြီး

“ဟေ့…ရပ်ကွက်ထဲကို ဘယ်မအေ့လင် လယ်ထွန်စက်တွေ တန်းစီဝင်လာတာလဲကွဟေ”

ဆိုကာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။ နောက်မှ ကျွန်တော့်ဆိုင်ကယ်ဆီမှ ထွက်နေသော အသံမှန်းသိ၍

“ဟာ ဟေ့ကောင်”

“ထုန်း ထုန်း ထုန်း”

“မင်း…ဆိုင်ကယ်”

“ထုံး ထုံး ထုံး”

“ဒီကောင်တော့ကွာ”

“ထုန်း ထုန်း ထုန်း”

ကျယ်လွန်းလှသော ဆိုင်ကယ်သံကြောင့် သူတို့ ဘာတွေပြောနေသည် ကို မကြားရ။ အားလုံးက တုတ်ဓားလက်နက်များ ဆွဲ၍ ကျွန်တော့်ထံ ဝိုင်းလာ၏။ ကျွန်တော်လည်း ကြောက်လန့်ပြီး ဆိုင်ကယ် စက်ကို ရပ်လိုက်မှ …

“သေချင်လို့ လားကွ”

“ရပ်ကွက်လာဖျက်နေတာလား”

“ငါ့အမေနှလုံးရောဂါ ပြန်ဖောက်လာလို့ ကတော့ သေဖို့ သာပြင်”

လူအော်သံတချို့နှင့် အတူ ချက်ချင်းအိုအေစစ်ကို ရောက်သလို ငြိမ်းချမ်းသွား၏။ ထိုတော့မှ ပွဲစားက ပြုံးရင်း ကျွန်တော့်ပခုံးကို ပုတ်ကာ

“ကဲ တွေ့တယ်မဟုတ်လား၊ ဒေါက်ဝူးပါဆို”

ဆိုကာ သူ့နားထဲ ဆို့ထားသော အဝတ်စများ ဆွဲထုတ်လိုက်၏။ ထိုတော့မှ

“ဪ…ဆိုင်ကယ်စက်နှိုးကာနီး သူတို့လိုက်ရှာတာ နားဂွမ်းဆို့ဖို့ ပါလား”ဟူ၍ သိလိုက်ရ၏။ ခုနရပ်ကွက်မှ လူများ ပွစိပွစိနှင့် အိမ်ပေါ်ပြန်တက်ကုန်၏။

“အေး…ဒေါက်ဝူးတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ ဆိုင်ကယ်သံက”

“အိုဗျာ…ဆိုင်ကယ်ဆိုတာ တစ်နေရာထဲ ရပ်နေမှာ မှ မဟုတ်ဘဲ၊ လမ်းပေါ်မှာ သူ့ဘာသာသူ သွားနေရင် အသံက ဒီလိုပဲ လွင့်ပြီးကျန်နေခဲ့မှာ ပဲ၊ တစ်နေရာထဲ ဒီလိုဆူဆူညံညံ ဘယ်ရှိနေမှာ လဲ၊ ဟုတ်ဘူးလား”

သူပြောတော့လည်း ဟုတ်သလိုလို။ ဆိုင်ကယ်က အချိန်ပြည့်မောင်းနှင်နေမှာ မို့ ယခုကဲ့သို့ တစ်နေရာထဲ ဆူညံနေမည်မဟုတ်။ ဆိုင်ကယ်အသံက လမ်းမပေါ်၌ သာ ပျံ့လွင့်နေမည်သာ။

“ဟုတ်တော့ဟုတ်သလိုပဲ၊ ဒါပေမဲ့ ဆိုင်ကယ်က ဒူးမလွတ်တံတောင်မလွတ်နဲ့ ဆိုတော့ ကိုယ့်နံကြားကိုယ်ဖိသတ်သလို ဖြစ်နေဦးမယ်”

ပွဲစားက ပြုံးလိုက်သည် ။

“အဲဒီအတွက် ဘာမှ မပူနဲ့ ကိုယ့်လူ”

“ဘာဖြစ်လို့ လဲ”

“ပုံပြောင်းစိုးဝင်းရှိတယ်လေ”

“ပုံပြောင်းစိုးဝင်းဆိုတာ”

“ဝပ်ရှော့ဆရာလေ၊ သူ့လက်ထဲအပ်လိုက်ရင် ချက်ချင်းကိုယ့်လူအဆင်ပြေစေမယ့်ဆိုင်ကယ်မျိုး ဖြစ်စေရမယ်၊ အာမခံတယ်”

ပွဲစားစကားကြောင့် ကျွန်တော် အားတက်သွားရသည် ။ ကိုယ်က ခြေရှည်လက်ရှည် အရပ်ရှည်မို့ ကိုယ်နဲ့ လိုက်ဖက်မည့် ဆိုင်ကယ်ပုံစံက လိုသေးသည် မဟုတ်ပါလား။

“ဟုတ်ပါပြီ၊ အဲဒီဝပ်ရှော့ဆရာက”

“လမ်းထိပ်မှာ တင်ဗျား၊ တွန်းသွားရုံပဲ”

ဤသို့ဖြင့် ပွဲစား၏ မြှောက်ပေးမှုဖြင့် ဆိုင်ကယ်ပိုင်ရှင်ကို ငွေချေလိုက်သည် ။

“ကံကောင်းပါစေဗျို့…ဂွဒ်လပ်”

ဝမ်းသာအားရပင် ဆုတောင်းပေးသွားသေး၏။ ကျွန်တော်နှင့် ပွဲစားလည်း ဆိုင်ကယ်ကို တွန်းကာ လမ်းထိပ်ပုံပြောင်းစိုးဝင်း ဝပ်ရှော့ထံ တွန်းသွားလိုက်သည် ။ ဆိုင်ကယ်ကို စက်နှိုး၍ လည်း ထပ်မစီးရဲ။ ဒီတစ်ခါ ဆိုင်ကယ်သံကြားရင် ရပ်ကွက်က ထွက်ရိုက်မှာ သေချာ၏။ ထို့ကြောင့် …

* * *

“ဖုန်း…ဖုန်း…ဖုန်း”

“ကျွန်တော် ဒီလိုဆိုင်ကယ်မျိုးကိုရှာနေတာဗျ”

ပုံပြောင်းစိုးဝင်းက ဆိုင်ကယ်နောက်မြီးကို တဘုန်းဘုန်းရိုက်ရင်း ဝမ်းသာအားရပြောသည် ။

“ဘာဖြစ်လို့ လဲဟင်”

ကျွန်တော့်အမေး။ သူက

“ခင်ဗျားမယုံရင် ကြည့်နေ၊ ဟောဒီဆိုင်ကယ်ကို ကျုပ်ကိုင်လိုက်ရင် အခုနိုင်ငံခြားမှာ ခေတ်စား နေတဲ့ ဟဲ့လီးဒဘလက်ဆက်ရှင်ဆိုင်ကယ်လို ဖြစ်သွားရမယ်”

“ဟဲဗီးဒဗေးရှင်းပါကွာ၊ မင်းအသံထွက်က ကာရာအိုကေရောက်နေပြီ”

“အေး…ခင်ဗျားပြောသလို ဟဲ့လီးဒဘယ်လယ်”

“ဟဲလီးဒဗေးရှင်း…ဪ…ခက်…တာ”

“အဲ…အဲ အဲလိုပုံမျိုးဖြစ်သွားစေရမယ်၊ ဘာတဲ့ ကြက်သွင်ပျံကြွမတတ်သော်ဆိုလား”

“ငှက်သွင်ပျံကြွမတတ်သော်၊ ဘယ့်နှယ် ကြက်ကပျံရမှာ တုန်း”

“သိဘူးလေဗျာ…ကျုပ်လည်း မြိုင်သာယာသွားသွားနေတော့ အသံထွက်တွေမွှား၊ အဲလေ မှားကုန်ပြီ၊ အေး အဲလိုကို မြူးကြွသွက်လက်သွားစေရမယ်”

“သေ…သေချာရဲ့ လားဟင်”

ကျွန်တော်၏ အမေး။ ပုံပြောင်းစိုးဝင်းက ကျွန်တော့်အား မထီတရီကြည့်ရင်း မခို့တရို့ပြုံးပြီး…

“စိတ်သာချ၊ ပုံပြောင်းစိုးဝင်းတို့ က အတိအကျပဲ၊ ဟေ့ တပည့်လေးပေကြိုးယူခဲ့စမ်း”

ဆိုကာ တပည့်တစ်ယောက်ကို ပေကြိုးဘူးယူလိုက်သည် ။ နောက် ဆိုင်ကယ်ကို ဟိုတိုင်းဒီတိုင်း လုပ်ပြီး ကျွန်တော့်ဆီ ရောက်လာကာ ပေကြိုးနှင့် ထုတ်တိုင်းနေပြန်၏။

“ဟေ့လူ ခင်ဗျား ကျုပ်ကိုဘာလို့ လာတိုင်းနေတာလဲ”

“ခေါင်းတလားလုပ်ရလွယ်အောင်လို့ ဟုတ်ပါဘူး၊ ဒီမှာ ကြည့် ခင်ဗျားရဲ့ အရပ်က ငါးပေ ဆယ်လက်မခွဲ၊ ဆိုင်ကယ်ထိုင်ခုံနှင့် ခြေနင်းက နှစ်ပေခွဲပဲရှိတာဆိုတော့ ခင်ဗျားရဲ့ ဒူးနဲ့ ရင်ဘတ် ကပ်နေ လိမ့်မယ်၊ ဒါကြောင့် ဆိုင်ကယ်ရဲ့ ခြေနင်းကို နှစ်ပေတိတိ ရှေ့ရွှေ့ရလိမ့်မယ်”

“အဲ…ဟော…ဟောဒီမှာ ကြည့်စမ်း ခင်ဗျားလက်က သုံးပေခွဲ၊ ဆိုင်ကယ်ထိုင်ခုံနဲ့ လက်ကိုင်က တစ်ပေခွဲပဲရှိတော့ ခင်ဗျားလက်ကြီး နံကြားပြန်ထောက်နေမှာ ပေါ့၊ ဟုတ်ဘူးလား”

အဟုတ်ဟ။ သူပြောတော့လည်း မှန်သား။ ပုံပြောင်းစိုးဝင်းလုပ်ပုံကိုကြည့်ပြီး ကိုယ့်ဘာသာ ကိုယ် အားတွေပြန်ရနေသည် ။

“အဲဒီတော့ ဟောဒီလက်ကိုင်ကို နှစ်ပေတိုမြှင့်ရမယ်၊ အိုဗျာ လိုလိုပိုပိုဗျာ လက်ကိုင်ကို နှစ်ပေခွဲ တိတိ မြှင့်လိုက်မယ်၊ ဒါမှ စတိုင်လ်ကျမှာ ၊ ကျုပ်ငါးသလောက်ထဲမှာ ”

“ကတ်တလောက်တော့လုပ်ပါ”

“အေး…အဲဒီငါးသလောက်ထဲမှာ ကြည့်ရဘူးတဲ့ ပုံအတိုင်း ချိုးပေးလိုက်မယ်၊ ဟုတ်ပြီလား”

သူ့စကားကြားတော့ ကျွန်တော် အားတွေတက်နေရသည် ။ ဟောဒီမြို့မှာ ဘယ်သူနဲ့ မှ မတူတဲ့ ဆိုင်ကယ်ကြီး ငါပိုင်ပဟဲ့ဆိုပြီး အားတွေရနေသည် ။

“အဲ…ဒါပေမဲ့ သံပိုက်တစ်မတ်လုံးတစ်လုံးနဲ့ အရှည် နှစ်ပေသံချောင်းလေးချောင်းတော့ လိုမယ်”

“ဟင်…ဘာလုပ်ဖို့ လဲ၊ သံချောင်းတွေ သံပိုက်တွေက”

“ဟာ ပုံသွင်းရမှာ လေဗျာ၊ အဲဒါတွေရှိမှ ခင်ဗျားဆိုင်ကယ်က နိုင်ငံခြားကပုံအတိုင်း ဖြစ်မှာ ပေါ့”

“ဟင်…ဟုတ်လား၊ ဒါဖြင့်လည်း ဝယ်လေ”

ဆိုကာ လိုအပ်သမျှ ပိုက်ဆံများ ထုတ်ပေးလိုက်ရ၏။ စိုးဝင်းက ငွေများကို ရေတွက်ရင်း

“အင်း…ဒီလောက်ဆိုလုံလောက်ပြီ၊ ကဲ မနက်ကျမှ ခပ်စောစောလာတော့”

“ဟင် ဆိုင်ကယ်က အခုလုပ်မှာ မဟုတ်လား”

“လုပ်တာက အခုလုပ်မှာ လေ၊ ဒါပေမဲ့ တွင် ခုံတွေ၊ ဝရိန်တွေအပ်ရမှာ ဆိုတော့ မနက်ကျမှ ပဲ ပြီးလိမ့်မယ်”

“ဪ”

ကျွန်တော့်မှာ ခုနတင်ထားသော အားများ ပင် ပျော့ချင်ချင်။ မည်သူမဆို ကိုယ်ဝယ်ထားသည့် စက်ကြီး ချက်ချင်းစီးချင်တာပေါ့။ သို့သော် ဘယ်တတ်နိုင်မှာ လဲ။ ကိုယ်မှ မလုပ်တတ်တာ။ သူပြောတဲ့ မနက်ဖြန်ကိုစောင့်ရုံပေါ့။

“မနက်ဖြန်ဘယ်အချိန်”

“မနက်စောစောသာလာခဲ့၊ ခင်ဗျားဆိုင်ကယ်ကို မြန်မာပြည်မှာ မမြင်ဘူးတဲ့ ဒီဇိုင်းမျိုးနဲ့ မြင်ရလိမ့်မယ်၊ စိတ်သာချ၊ မြင်ဖူးသူတိုင်း အံ့အားသင့်သွားစေရမယ်၊ ပုံပြောင်းစိုးဝင်း တာဝန်ယူတယ်”

စိုးဝင်းက ဆိုင်ကယ်ကို တဘုန်းဘုန်းထုလိုက်၊ သူ့ရင်ဘတ်တဘုန်းဘုန်းရိုက်လိုက်နှင့် အပီအပြင် အာမခံနေသည် ။

ကျွန်တော်ကသာ ဝယ်ပြီး ဖင်ကြားပင်မညှပ်ရသေးသော ဆိုင်ကယ်ကို အရိပ်တကြည့်ကြည့် လုပ်ရင်း…

* * *

ထိုညအိပ်မက်ထဲတွင် ကျွန်တော် ငှက်သွင်ပျံကြွမတတ် ဆိုင်ကယ်ကြီးကို စီးပြီး မြို့အနှံ့ လျှောက်လည်နေသည် ။ လူအများကလည်း လွန်စွာလှပသော ဆိုင်ကယ်ကြီးကို စီးထားသော ကျွန်တော့် ကို ဝိုင်းကြည့်နေသည် ။ ကျွန်တော်နှင့် ဆိုင်ကယ်ကြီးကိုမြင်တော့ ကောင်မလေးများက အိမ်ပေါ်ကနေ ပန်းများကြဲချရင်း ဝမ်းသာအားရ ကြိုဆိုနေကြတော့၏။

ခပ်ကဲကဲလှတပတမိန်းမငယ်များက ကျွန်တော့်ဆိုင်ကယ်နောက် သူလိုက်မယ်၊ ငါလိုက်မယ်နှင့် စကားများကြရင်း နောက်ဆုံးတော့ လုံးထွေးသတ်ပုတ်ကာ ကျန်ရစ်ခဲ့ကြသည် ။

မျက်နှာချင်းဆိုင်မှ ဖြတ်လာသော စူပါကတ်ဆိုင်ကယ်ငယ်များ ကျွန်တော့်ဆိုင်ကယ်ကြီးအား မြင်သည် နှင့် ‘ဂိ…ဂိ’နှင့် ကိုယ့်ကိုယ်ကို သတ်သေကုန်ကြလေတော့၏။

ဟိုင်းဝေးလမ်းမကြီးပေါ် တက်လိုက်သည် နှင့် ကားအစီးပေါင်း တစ်ထောင်ကျော်ကို ကျော်တက်ပြီးနေပြီ။ တချို့ကလည်း ကျွန်တော့်ဆိုင်ကယ်ကိုကြည့်ရင်း

“ဖော်မြူလာဝမ်း အင်ဂျင်တပ်ထားတာဖြစ်မယ်”

“ဟုတ်ပါဘူးကွာ ဂျက်အင်ဂျင်ပါ”

ဟူ၍ အငြင်းအခုန် ဖြစ်နေကြသေး၏။

သိပ်မကြာခင် ပင်လယ်ကမ်းစပ်ရောက်တော့ ကျွန်တော်ဆိုင်ကယ်ကို ပင်လယ်ထဲ အင်ဂျင်တုံး မြုပ်သည် အထိ မောင်းချလိုက်ပြီး ရေထဲမှ ပင် မောင်းလိုက်၏။ ဤသည် ကိုက ကမ်းစပ်မှ ကြည့်နေသူများက ဆိုင်ကယ်ကိုမမြင်ဘဲ ရေထဲမှာ စျာန်ရ၍ ဖြတ်လျှောက်သွားသော နတ်သားတစ်ပါး ဟု ပင် ထင်ကြသေး၏။ ဆိုင်ကယ်ကြီး ရေထဲမှ ဘွားဘွားကြီးပြန်ပေါ်မှ

“ဟယ်…ဂျိန်း(စ)ဘွန်း…ဂျိန်း(စ)ဘွန်း”

ဟု ဝမ်းသာအားရ အော်ဟစ်ကြလေသည် ။ တချို့ကလည်း နတ်သားနှင့် ဂျိန်း(စ်)ဘွန်းကြား ဗျာများကျန်ခဲ့ကြလေသည် ။

မြိန်ဘိတောင်း။ အားရဘိတောင်း။

ကိုယ့်ဘာသာကိုယ် အားရနေစဉ်

“ထုန်း…ထုန်း…ထုန်း…ထုန်း”

တစ်ဘက်ပါ ကျယ်လောင်သောအသံကြားတော့ လန့်နိုး လာပြီး

“အာ…ဘယ်ရပ်ကွက်က ထရမ်စဖော်မာပေါက်တာလဲမသိဘူး”

ဟု ရေရွတ်ကာ ဆတ်ခနဲထထိုင်လိုက်မိသည် ။

အိပ်ရာထဲ နိုးနိုးချင်း စိတ်ထဲ ချက်ချင်းတိုးဝင်လာသည် က

“ဆိုင်ကယ်”

မနေ့ကဝယ်ထားသည့် မစီးရသေးသော ဆိုင်ကယ်ကို ဖျတ်ခနဲ သတိရမိ၏။

“ဆိုင်ကယ် ဘယ်လိုပုံဖြစ်သွားပြီလဲ”

သိချင်စိတ်နှင့် ဖျတ်ခနဲထပြီး မျက်နှာကမန်းကတန်း သစ်လိုက်သည် ။ နောက် ဘာမှ ပင် မစားတော့ဘဲ အိပ်မက်ထဲမှ ဆိုင်ကယ်ဆီသို့။

* * *

“ဟာ”

မြင်လိုက်ရသော ဆိုင်ကယ်ပုံကြောင့် ကိုယ့်ဘာသာကိုယ်ပင် အံ့အားသင့်သွားမိ၏။ ဆိုင်ကယ်က မနေ့ကမြင်ရပုံမျိုးမဟုတ်။

ခြေနင်းနှစ်ခုက အရှေ့ဘီးနားမှာ သွားကပ်နေ၏။ ထိုခြေနင်း၏ အရှေ့မှာ မှ ဂီယာနှင့် ဘရိတ်တို့ က ထောင်ထောင်ကော့ကော့လေး။ လက်ကိုင်က သံပိုက်တစ်မတ်လုံးကြီး ဖြစ်ပြီး ထောင်ထောင်မတ်မတ်ကလေး။ အနောက်ဖက်ထိုင်ခုံကလည်း နိုင်ငံခြားကားတွင် တွေ့ရတတ်သော ဟဲလီးဒီဗေးရှင်းလို အထောင်ကလေး။ တယ်ဟုတ်ပါလား။

“ဘယ့်နှယ်လဲ…အံ့အားသင့်သွားပြီမဟုတ်လား”

ပုံပြောင်းစိုးဝင်းရဲ့ အသံ။ ကျွန်တော်လည်း ဝမ်းသာအားရဖြင့်…

“ဟုတ်ပါ့ကွာ…ပုံစံကို တကယ်ပြောင်းသွားတာပဲ”

ကျွန်တော့်စကားကို ပုံပြောင်းစိုးဝင်းက ယောင်ယောင်လေးပင်ပြုံးလိုက်ပြီး…

“ပုံပြောင်းစိုးဝင်းပဲလေ၊ ဟဲ ဟဲ ဘယ်ရမှာ လဲ၊ နာမည်တစ်လုံးနဲ့ ခိုးဘီးတွေပုံပြောင်းနေတာ၊ ဟုတ်ပါဘူး၊ စိတ်ကြိုက်ပြင်ပေးနေတာ၊ ကဲ ဆိုင်ကယ်ပေါ်တက်ကြည့်ပါဦး အထာကျရဲ့ လားလို့ ၊ ကျုပ်မှာ စိတ်ကြိုက်ပြင်နေရတာနဲ့ တင် တစ်ညလုံးမအိပ်ရသေးဘူး၊ ဟူး”

ဟုတ်ပေလိမ့်မည်။ သူ့ပုံက အိပ်ရေးပျက်နေပုံ။ ကျွန်တော်ဆိုင်ကယ်ပေါ် တက်ခွလိုက်သည် ။

“အဲ”

ဆိုင်ကယ်ကတော့ မနေ့ကလို ပုပုလေး။

“ခြေထောက်တင်ကြည့်ပါဦး၊ ကွက်တိမှ ကျရဲ့ လားလို့ ”

စိုးဝင်းက မြိန်မြိန်ကြီး လက်ပိုက်ပြောသည် ။

သူရှည်ထုတ်ထားသော ဆိုင်ကယ်ခြေနင်းနှစ်ဘက်ကို ခြေတော်လှမ်းတင်လိုက်၏။

“အလို”

ခြေနင်းနှစ်ဘက်က ခြေဖျားဆီပဲမှီ၏။

“ဟင်…မင်းဟာက ခြေဖျားပဲမှီတယ်ရော၊ ငါ ဂီယာတွေ ဘရိတ်တွေ ဘယ်လိုနင်းရမလဲ”

ပုံပြောင်းစိုးဝင်းက အသေအချာပြန်ကြည့်သည် ။ ဟုတ်ပါသည် ။ အကြောလျှော့နေသလား ထင်ရလောက်အောင် ခြေကိုဆန့်ထုတ်ထားမှ သူပြုပြင်ထားသော ခြေနင်းကို ခြေဖျားသာမှီ၏။

ဆိုင်ကယ်ကလည်း ပုပုလေးဆိုတော့ တကယ့်ကို ခါးကုန်းပြီး အကြောလျှော့နေသလိုကြီး။

ကိုယ်ကိုယ်တိုင်က ဂျိန်းစဘွန်းမင်းသား ရှောင်ကွန်နရီတို့လို အချိုးမှန်ရင်တော့ ဟုတ်ပါရဲ့ ။

စိုးဝင်းက ပေကြိုးထုတ်ပြီး ပြန်တိုင်းသည် ။ ပြီးမှ …

“ခင်ဗျားအရပ်က ဘယ်လောက်လဲ”

“ငါးပေဆယ်ခွဲလေ”

“တောက်…အဲဒါကြောင့် ဖြစ်မယ်”

စိုးဝင်း၏ မကျေမနပ်ရေရွတ်သံ။ ကျွန်တော်ကသာ ဇဝေဇဝါဖြင့်

“ဘာဖြစ်လို့ လဲဟင်”

“ဘာဖြစ်ရမှာ လဲဗျ၊ ကျုပ်က ခင်ဗျားကို ခြောက်ပေဆယ်ခွဲမှတ်ပြီး လုပ်လိုက်တာ တစ်ပေတိတိလေးလွဲသွားတာ”

“အင်”

“ကိစ္စမရှိပါဘူးဗျာ၊ အပေါ်ခြောက်လက်မ၊ အောက်ခြောက်လက်မပဲ လွဲတာပဲ၊ လက်ကိုင်လေး ကိုင်ကြည့်ပါဦး”

သူပြောသဖြင့် လက်ကိုင်လှမ်းကိုင်လိုက်ရာ…

“ဟင်”

လက်ကိုင်က မြင့်လွန်းပြီး လီဗာနေရာကို လက်ဖျားကလေးဖြင့်သာ လှမ်းမှီ၏။ ပြည့်ပြည့်ဝဝ မှီလိုမှီငြား လက်ကို အစွမ်းကုန် ဆန့်ထုတ်လိုက်သည် ။

“အိဂ်”

“ခွပ်”

“အောင်မလေးဗျ၊ ကွဲပါပြီဗျ”

ဆီတိုင်ကီနှင့် မေးရိုက်သံ။

ဆိုင်ကယ်ပုပုလေးတွင် ခြေနှစ်ဘက်က အစွမ်းကုန်ရှေ့ထုတ်ပြီး လက်နှစ်ဘက်က အမြင့်ကြီး မြှောက်ထားရ၍ ခါးကြီးကုန်းပြီး ဆီတိုင်ကီနှင့် မေးစေ့မလွတ် ဖြစ်နေရလေသည် ။ ကျွန်တော့်ပုံက ဆိုင်ကယ်ပေါ်တွင် မျောက်လွှဲကျော်မင်းသားကြီး အားရပါးရ သစ်ကိုင်းခုန်ကူးနေတုန်း သစ်ကိုင်း လွတ်နေသည့် ဟန်။ ခြေနှစ်ဘက်ရှေ့ဆန့်၊ လက်နှစ်ဘက် နောက်ပစ်၍ ကားယားကြီး။ ဆိုင်ကယ်ပုံက သည်းခံပြီး အားသုံးလျှင်လည်း အမြီးလှန်ပြီး ခါးကုန်းနေသလို ဘွင်းဘွင်းကြီး။

ဒါကို စိုးဝင်းက…

“ဟား မိုက်တယ်ကွာ၊ ဒါမှ ဒီဇိုင်းအမှန်၊ ဒါမှ ဒီဇိုင်းအမှန်၊ တောက် နိုင်ငံခြားမှာ မြင်နေရတဲ့ အတိုင်းပါပဲဗျာ၊ ခင်ဗျားဆိုင်ကယ်ပေါ် တက်ထိုင်လိုက်မှ ကျွန်တော့်စိတ်ထဲ မင်းတုန်းမင်း တောင်ပြေးသတိရလိုက်သေး”

“ဘာဖြစ်လို့ လဲဟင်…ခန့်လွန်းလို့ လား”

“ဟင့်အင်း ကျွန်တော်မမြင်ဘူးလိုက်လို့ ”

စိုးဝင်း၏ ဝမ်းသာအားရအသံ။ ဒါကို ကျွန်တော်က

“ဟေ့ကောင် မဟုတ်သေးဘူးနော်၊ ခြေထောက်ကလည်း တအားဆန့်ထားရပြီး လက်က တအားကြီးကို မြှောက်ထားရတော့ ခါးကြီးကုန်းပြီး ဆီတိုင်ကီနဲ့ မေးစေ့တောင် မလွတ်ဘူးဖြစ်နေပြီ၊ နည်းနည်းပြင်မှ နဲ့ တူတယ်”

စိုးဝင်းက အသေအချာငုံ့ကြည့်သည် ။

“အာ…ဆိုင်ကယ်ကပုံမှန်ပဲဗျ၊ ခင်ဗျားမေးကြီးက မလိုအပ်ဘဲ ရှည်နေတာ၊ ဆိုင်ကယ်ကတော့ ပုံကောင်းမို့ မပြင်နိုင်ဘူး၊ ပြင်ချင်းပြင်ရင် ခင်ဗျားမေ့စေ့ကြီးပဲ ပြင်ရမှာ ၊ ဆီတိုင်ကီနဲ့ လွတ်အောင် ခင်ဗျား မေးစေ့ကြီး ကျောက်စက်စားထုတ်လိုက်”

“မင်းမေကလိမ်းမို့ မွေးရာပါမေးစေ့ကြီး ကျောက်စက်နဲ့ စားရမှာ လား၊ ဒီမှာ ကြည့်ဦး ဂီယာ ထိုးရင် ဘရိတ်ကမမှီဘူး၊ ဘရိတ်နင်းရင် ဂီယာကမမှီဘူး၊ အဲဒါငါက ဘယ်လိုလုပ်ပြီး ဆိုင်ကယ်က မောင်းရမှာ လဲ”

“အာ…ဒါလေးများ ဗျာ ဂီယာထိုးတဲ့ အခါ ဘရိတ်မနင်းနဲ့ ၊ ဘရိတ်နင်းတဲ့ အခါ ဂီယာမထိုးနဲ့ ပေါ့ ဗျ၊ ဒါများ အလွယ်လေး”

ဪ သူပြောတော့လည်း အလွယ်လေးပါလားနော်။ တစ်ဘက်ကို နင်းမည်ဆိုလျှင် ခြေမှီစေရန် ဖင်ကို အနည်းငယ်ရွေ့ရမှာ မို့ တစ်ဘက်က မဖြစ်မနေ လွတ်ရမှာ ကိုး။

“ဒါနဲ့ နေပါဦး ဒီလက်ကလည်း လီဗာကို အဖျားပဲမှီနေတာ ကလပ်ဆွဲတဲ့ အခါ ငါက ကလပ်ကို ခုန်ထပြီး ဆွဲရမှာ လား”

စိုးဝင်းက ကျွန်တော့်ကို အသေအချာပြန်ကြည့်သည် ။ ကျွန်တော့်ပုံက တိရိစ္ဆာန်ရုံက မျောက်လွှဲကျော်ရပ်ပါကြီး ပျော်လွန်းလို့ ပရိသတ်အား လက်ညှိုးစုံထိုး၍ ကနေသလို။

“ခင်ဗျား အရှေ့နည်းနည်းရွှေ့ကြည့်စမ်း”

သူပြောသည့် အတိုင်း အရှေ့နည်းနည်းရွှေ့ကြည့်သည် ။ သိပ်မထူးခြား။

“အရှေ့နည်းနည်း ထပ်တိုးစမ်းပါ”

စိုးဝင်း၏ အားမလိုအားမရအသံ၊ ဒါကို ကျွန်တော်က

“ဟ…ထပ်တိုးလို့ ဖြစ်မလားကွ၊ ဒီထက်ရှေ့တိုးရင် ကိုယ့်ငယ်ပါက ဆီတိုင်ကီနဲ့ ဖင်ထိုင်ခုံကြား ကျပြီး ဆိုင်ကယ်ချိုင့်ဆောင့်တိုင်း ကိုယ့်ဘာသာကိုယ် ညှစ်ခွဲသလို ဖြစ်နေမှာ ပေါ့ကွ၊ ခွီးတဲ့ မှ ပဲ၊ ကိုယ့်ကိုယ်ကိုတော့ သင်းမကွပ်နိုင်ပေါင်၊ ယောက်ျားဘဝမှာ အဲဒါခံရအခက်ဆုံး”

စိုးဝင်းက သူ့မေးစေ့သူပွတ်ပြီး အသေအချာ ပြန်ကြည့်သည် ။

“လက်ကိုင်က အတောင့်အဖြောင့်ကြီးဖြစ်နေတော့ ခင်ဗျားဘက် တိုးလိုက်ရင်လည်း လက်ကြီး အနောက်ဘက် ရောက်သွားမှာ ၊ အဲ အရှေ့ဘက်တိုးရင်လည်း ခြေဖျားနဲ့ လက်ဖျား ထိလုမတတ် ဖြစ်နေလိမ့်မယ်”

သူပြောတာ ဟုတ်ပါသည် ။ ထိုလက်ကိုင်ကြီး ကျွန်တော့်ဘက် ချလိုက်မည်ဆိုလျှင်လည်း ခြေနှစ်ဘက်က ဂီယာနှင့် ဘရိတ်ကို မှီစေရန် အစွမ်းကုန် ဆန့်တန်း နင်းထားရသည် မို့ တရုတ်ကား ထဲကလို သိမ်းငှက်သိုင်းဖောင်ဆွဲထားသလိုကြီး ဖြစ်နေမည့် အပြင် အရှေ့ဘက် ရွှေ့လိုက်လျှင်လည်း ခြေဖျားနှင့် လက်ဖျားထိအောင် အကြောလျှော့နေသလိုပင် ဖြစ်နေခြိမ့်ပေတော့မည်။

“အေးဗျာ…ဒီဇိုင်းကတော့ ဒီဒီဇိုင်းက အမှန်ပဲ၊ ခင်ဗျား ခန္ဓာကိုယ်ကြီးက ချွတ်ယွင်းနေတော့ ဆိုင်ကယ်ကို ပြန်ပြင်ရခက်ခဲလိမ့်မယ်၊ စတိုင်လ်ကျချင်ရင်တော့ ဒီအတိုင်း စီးထားနှင့် ပေါ့ဗျာ၊ ကျန်တာ ကျွန်တော် စဉ်းစားထားပေးပါ့မယ်”

ကျွန်တော်လည်း ဘာမှ မတတ်နိုင်တော့။ ဝယ်ထားပြီး မစီးရသေးဘူးဆိုတော့ စဉ်းစားသာ ကြည့်။ ကိုယ့်မှာ လည်း မရိုးမရွကိုဖြစ်နေပြီကိုး။ ထို့ကြောင့်

“ကဲ ဒါဆိုလည်း ဒီအတိုင်းပဲ ယူသွားတော့မယ်ကွာ၊ နောက်မှ ပြင်ကြတာပေါ့”

“နေဦးလေ…ဒီအတိုင်းယူသွားလို့ ဘယ်ရမှာ လဲ၊ စက်ပြင်ခလေး ပေးသွားပါဦး”

“ဟင်…မင်းက ဘာပြင်ရလို့ လဲ”

ကျွန်တော်၏ အမေးကို စိုးဝင်းက မခို့တရို့ပြုံးပြီး…

“ခုနက ကျွန်တော် ခင်ဗျားဆိုင်ကယ်စက်နှိုးတုန်း ရပ်ကွက်က ခဲနဲ့ ချလို့ စက်ပြန်သတ် ထားရတယ်ဗျ”

“ဟင်…ဟုတ်လား၊ ခုန ငါအိပ်နေတုန်း ကြားလိုက်သေးသဗျ၊ ငါ့မှာ ထရမ်စဖာပေါက်တယ် ထင်လို့ ”

“ဘယ့်နှယ် ထရမ်စဖာပေါက်ရမှာ လဲ၊ ခင်ဗျားဆိုင်ကယ်ကြီး စက်နှိုးတာ၊ အခုတော့ ကျုပ် ပြင်လိုက်လို့ ငြိမ်သွားပြီ၊ အဲဒီအတွက် ပြောင်းဖူးသုံးဖူးဖိုးနဲ့ ပတ်တီးတစ်လိပ်ဖိုးပေး”

“ဟ…ဘာဆိုင်လို့ လဲကွ၊ ဆိုင်ကယ်စက်ပြင်တာနဲ့ ခင်ဗျားစားတဲ့ ပြောင်းဖူးဖိုးနဲ့ ”

“ဆိုင်မဆိုင် ကိုယ့်ဆိုင်ကယ် ကိုယ့်ဘာသာကိုယ် ပြန်စစ်ကြည့် လိုက်လေ၊ ဒီပညာရဖို့ လွယ်တယ် မှတ်လို့ ၊ ဟူး စိုးဝင်းမို့ ရှာဖွေတွေ့ရှိထားတာ”

သူ့စကားကြောင့် ကျွန်တော်လည်း ဆိုင်ကယ်ကို ပြန်စစ်ကြည့်လိုက်ရာ

“ဟင်”

အိပ်ဇောတစ်ခုလုံး လမ်းဘေးက အနူတစ်ယောက်နဲ့ မခြား လုံခြုံစွာစည်းနှောင်ထားသော ပတ်တီး။ အိပ်ဇောအဝတွင် မှ ကြပ်ညှပ်နေအောင် ထိုးသိပ်ထားသော ပြောင်းဖူးရိုးတစ်ခု။

“ဒီလိုတော့လည်း ဟုတ်သားဟ၊ မြန်မာ့နည်းမြန်မာ့ဟန်ဖြစ်မယ်၊ ဒါနဲ့ နေပါဦး ပြောင်းဖူးရိုးက တစ်ခုထဲ ထိုးထားတာ၊ ဘယ်နှယ့်ကြောင့် သုံးဖူးဖိုးတောင် ပေးရမှာ လဲ”

“အောင်မာ ခင်ဗျားအိပ်ဇောနဲ့ တော်မတော် စမ်းစားကြည့်ရသေးတယ်ဗျ၊ ဒါတောင် သုံးဖူးထဲနဲ့ တော်တဲ့ ကောင်တွေ့လို့ ၊ မတော်သေးရင် ကျုပ်မှာ ဗိုက်အောင့်နေအောင် ဆက်စားရမှာ ဗိုက်အအောင့်ခံပြီး လုပ်တာနော်၊ စေတနာကို မစော်ကားနဲ့ ”

“ဪ…သူ့ခမျာ ကျန်းမာရေးအချွတ်ယွင်းခံပြီးတော့ကို ကြိုးစားခဲ့ရပါလား၊ အေးလေ ဒီပညာက တော်ရုံရတာမှ မဟုတ်ဘဲ တန်ပါပေတယ်”

ဟု တွေးမိပြီး ပြောင်းဖူးသုံးဖူးဖိုးနှင့် ပတ်တီးတစ်လိပ်စာ ရှင်းပေးလိုက်ရ၏။

“ကဲ ဒါဖြင့် ဆိုင်ကယ်ငါယူသွားတော့မယ်၊ နောက်မှ လိုတာ ပိုတာ ပြင်ဦးမယ်”

ဆိုကာ ဆိုင်ကယ်ကို အပြင်တွန်းထုတ်လိုက်သည် ။ ဒါကို စိုးဝင်းက…

“ယူသွားလေ…ယူသွား၊ ဒါပေမဲ့ လီဗာတော့ တအားမဆွဲနဲ့ နော်”

“ဘာဖြစ်လို့ လဲ”

“လက်ကိုင်သံက ပျော့တော့ တအားဆွဲမိရင် လက်ကိုင်ကြီး ကောက်ပြီး ပါလာမှာ စိုးလို့ ”

“ဟင်”

သူပြောပုံက လီဗာကိုတောင် အပျိုဖော်ဝင်စကလေးလို ချော့ဆွဲရမည့် ပုံ။ အဲ ဘာဆိုင်လို့ လဲ။

နောက် ကစ်စတာကိုနင်းပြီး စက်နှိုးလိုက်သည် ။

“ဝှီး…ထုတ် ထုတ် ထုတ်”

ဆိုင်ကယ်က ချက်ချင်းလိုနိုးသွားသည် ။ စက်သံက အခြားဆိုင်ကယ်ထက် ကျယ်နေ သေးသော်လည်း ပြောင်းဖူးရိုးကောင်းမှုကြောင့် ညက်ညက်ကလေး။ သို့သော် အိပ်ဇောကြီး ပိတ်နေသည် မို့ သံကြေးတစ်နေသော ကျန်အပိုင်းမှ မီးခိုးလုံးကြီး အူတက်လာသည် ။

ကလပ်ဆွဲသည် ။ မမီမကမ်းနှင့် ဂီယာကို ထိုးလိုက်သည် ။ ပြီးမှ လီဗာကို ဆွဲလိုက်သည် ။

“ဝူး…ဝေါ”

ဆိုင်ကယ်က ညိမ့်ညိမ့်ညောင်းညောင်း ထွက်သွား၏။

ဂီယာချိန်းရန် ဖင်ကြွရ၏။ ကလပ်ဆွဲပြီး ဂီယာထိုးသည် ။ ပြီးနောက် လီဗာဆွဲသည် ။

ရှေ့မှာ ဆိုက်ကားတစ်စီးတွေ့၍ ဖင်ကိုညာရွှေ့၍ ဘရိတ်နင်းသည် ။ ဖင်ကို ဘယ်ပြန်ရွှေ့၍ ကလပ်ဆွဲ ဂီယာချိန်းသည် ။ ဖင်ကို ညာပြန်ရွှေ့၍ လီဗာဆွဲရသည် ။ ဆိုင်ကယ်ကြီးပေါ်တွင် ဝမ်းလျားကြီး မှောက်ပြီး အလုပ်ရှုပ်နေသော ကျွန်တော့်အား လူအများက ဝိုင်းကြည့်ကြ၏။ မည်သို့ပင်ဆိုစေ ဒါကိုက မင်္ဂလာတစ်ပါး။ ဒါကိုက လိုချင်သည့် ပစ်မှတ်။ ဂုဏ်ယူလို့ မဆုံးမီမှာ ပင် သည် ကြားထဲ သံကြေးတက် အိပ်ဇောထဲမှ ထွက်နေသော မီးခိုးလုံးက လူတစ်ကိုယ်လုံးဖုံးမတတ်။ မသိလျှင် တိမ်ထူထူပေါ် ပျံသန်း သွားနေသော နတ်ရထားလိုလို။

“ခွပ်…ခွပ်…ခွပ်”

“ဟိုက်…ကွဲပဟ”

ဆိုင်ကယ်က ချိုင့်ဆောင့်၍ ဆီတိုင်ကီနှင့် မေးရိုက်သံ။

“ခွပ်”

“သေပါပြီအမေရဲ့ ”

နောက်ထပ် ချိုင့်ကြီးကြီးကျ ဆီတိုင်ကီနှင့် ဆောင့်ပြီး နဂိုရှိရင်းစွဲ မေးကောက်ကြီးပင် ယောင်တက်လာသည် ။ အရေးထဲ တစ်ခွက်ထဲရှိသော ဒိုင်ခွက်က မျက်စိရှေ့လာပိတ်နေသေး၍ မျက်လုံးကြီးထောင်ကာ မနည်းမော့ကြည့်နေရသေးသည် ။

“ခွပ်”

“အောင်မလေးဗျ”

သတိမမူမိလျှင် ကြာကြာဆတ်က လျှာပြတ်နိုင်သည့် အနေအထား။

“အဟွတ်…အဟွတ်”

သည် ကြားထဲ မီးခိုးမွှန်၍ ချောင်းကဆိုးရသေး။ ဆီတိုင်ကီနှင့် မေးရိုက်ပြီး မူးနောက်နေပြီ။ မသိလျှင် ဆိုင်ကယ်စီးနေရတာကပင် ရွှေဓူဝံနှင့် လက်ဝှေ့ထိုးနေရသလို။

တမူးမူးတနောက်နောက်နှင့် ပြင်ဆိုင်နှင့် ဓာတ်တိုင်နှစ်တိုင်သာသာ ဝေးသော အိမ်သို့ ပြန်ရောက် လာ၏။ အိမ်ရှေ့ရောက်သော်လည်း ဆိုင်ကယ်ပေါ်က ရုတ်တရက် မဆင်းနိုင်သေး။ ရပ်ကွက်အဝင်လမ်း ကြမ်းသည့် ဒဏ်ကြောင့် ဆီတိုင်ကီနှင့် မေးရိုက်ကာ မျက်စေ့ပါ ပယ်ချင်နေသည် ။ သွားပါတိုဝင်နေချင် သည် ။ ခြေကို အစွမ်းကုန်ဆန့်၊ လက်နောက်ပစ်ထားရသည့် အတွက် ကိုယ်လက်လည်း အတော်နာနေပြီ။

အတော်ကလေး သတိထားပြီးမှ ဆိုင်ကယ်ပေါ်က ဆင်းနိုင်တော့၏။

“တောက်…ဘာကြောင့် ဒီလောက်တောင် ဆောင့်နေပါလိမ့်”

ဆိုင်ကယ်ကို ပြန်ကြည့်တော့…

“တွေ့ပြီ…အဓိကနှောင့်ယှက်နေတာ ဆီတိုင်ကီအဖုံး”

ဆီတိုင်ကီအဖုံးနေရာနှင့် မေးစေ့က ကွက်တိဖြစ်နေ၍ ထိုအဖုံးသံနှင့် မေးကို လာဆောင့် နေခြင်းသာ ဖြစ်သည် ။

ဆီတိုင်ကီအဖုံးကို ချွတ်လိုက်သည် ။ ထိုအပေါက်နေရာ မေးစေ့သွင်းကြည့်သည် ။

“ဟား…ကွက်တိ ဒါပိုနေတာ၊ ဒါပိုနေတာ၊ ဆီတိုင်ကီအပေါက်ကို မေးနဲ့ ပိတ်မောင်းရမယ်”

ကိုယ့်ဘာသာကိုယ် ဝမ်းသာပြီး ဆီတိုင်ကီအဖုံးကို လွှင့်ပစ်လိုက်သည် ။

“မလိုဘူး၊ ဒါမလိုဘူး”

ကိုယ့်ဘာသာကိုယ် ကြိတ်ကြည်နူးကာ အပျင်းဆန့်ရင်း အိမ်ထဲ လှမ်းဝင်လိုက်သည် ။

ဆိုင်ကယ်ဓာတ်တိုင်နှစ်တိုင်မျှ မောင်းမိရုံနှင့် နာနေသော ကိုယ်လက်များကို ပရုပ်ဆီ လူးရ ပေဦးမည်။

* * *

အိမ်ထဲက ပြန်ထွက်တော့ ကျွန်တော့်အစ်ကို ကိုစျာန်တစ်ယောက် ဆိုင်ကယ်ပေါ် တက်ခွ၍ စမ်းနေသည် ကို တွေ့ရ၏။ ကျွန်တော်ထွက်လာသည် ကိုမြင်တော့

“မင်းဆိုင်ကယ်လား”

“ဟုတ်ပါ့”

သူဘာမှ ပြန်မပြောဘဲ ဆိုင်ကယ်ကိုသာ စမ်းသပ်နေသည် ။ ဘရိတ်နင်းကြည့်သည် ။ သူက ကျွန်တော့်ထက် အရပ်ပိုပုနေသည် မို့ နင်း၍ မမှီ။

ဆိုင်ကယ်ပေါ်ကဆင်းပြီး ခါးတောင်းမြှောင်နေအောင် ကျိုက်လိုက်သည် ။ သူ့စိတ်ထဲတွင် ဝတ်ထားသော လုံချည်ကြီးတုပ်နေ၍ ဂီယာနှင့် ဘရိတ်နင်း၍ မမီဟု ထင်နေပုံရ၏။

ဆိုင်ကယ်ပေါ် ပြန်တက်ခွ၍ ဂီယာထိုးကြည့်သည် ။ ပါးစပ်ပါ အကြောလိုက်၍ ရွဲ့ထွက်လာသည် အထိ ခြေကို ဆန့်သည် ။ မမီ။ ခါးကြီးကိုပါ လိုက်စောင်းပြီး စမ်းကြည့်သည် ။ ဒါလည်း မမီ။ မတတ်သာသည့် အဆုံး မြင်းစီးသလို ဆီတိုင်ကီပေါ် တက်ခွလိုက်သည် ။

“ဟီဟိ”

ကိုစျာန်၏ ကြိတ်ရယ်သံ။

“မင်းဆိုင်ကယ်စီးရတာ ဖင်တော့အေးသဟ၊ ဟီဟိ”

သူ့ဘာသာသူ သဘောတွေကျနေသည် ။ ဆိုင်ကယ်ပေါ်မှာ လည်း သူတစ်ယောက်တည်း အလုပ်တွေရှုပ်နေ၏။ ဆီတိုင်ကီပေါ်တက်၍ ဂီယာနင်းကြည့်သည် ။ မှီသွားပြီ။ ထိုတော့မှ ဆိုင်ကယ် လက်ကိုင်ကို လှမ်းကိုင်လိုက်သည် ။

“ဟဲ့…သောက်ခွေး”

ဆိုင်ကယ်လီဗာက သူ့နောက်ရောက်နေ၍ ခြေကားယား လက်ကားယားနှင့် ဂျွမ်းပြန်ကျသွား၏။ ပြီးမှ ဖုတ်ဖက်ခါလူးလဲထရင်း

“မင်း…မင်း ဆိုင်ကယ်က ဘယ်လိုမောင်းရမှာ လဲကွ။ ဟင် ဆီတိုင်ကီဖုံးကရော ဘယ်ရောက်နေလဲ”

သူ့အမေးကို ကျွန်တော်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး

“ရှိတယ်လေ၊ ပြောရမယ် ဆိုရင်တော့ ဒီဆိုင်ကယ်ကြီးက ဝိဇ္ဇာနဲ့ သိပ္ပံပေါင်းစပ်ထားတာမျိုးလေ၊ ပြောရရင် ဂျိန်း(စ်)ဘွန်းနဲ့ နတ်သား ပေါင်းစပ်ထားသလိုပေါ့”

အိမ်မှာ တီထွင်ပါရဂူဟု နာမည်ကြီးသော ကိုစျာန်ပင် ပါးစပ်အဟောင်းသားနှင့် ကျွန်တော့်ကို ပြန်ကြည့်နေရသည် ။ ယခုဆိုင်ကယ်က သူတီထွင်ရန်ပင် စိတ်ကူးမရခဲ့သော အမျိုးအစားပင် မဟုတ်လား။

နောက် ဆိုင်ကယ်ကို ခါးတောင်းကျိုက်ကြီးနှင့် လှည့်ပတ်ကြည့်သည် ။ ပတ်တီးများ စွာနှင့် လုံခြုံနေသော အိပ်ဇောကြီးကို မြင်တော့ အံ့အားသင့်သွားသည် ။

“ဟင်…ပြောင်းဖူး၊ ပြောင်းဖူးရိုးကြီး”

အိပ်ဇောတွင် ပိတ်ထားသော ပြောင်းဖူးရိုးကြီးမြင်တော့ မျက်လုံးကြီးပြူးပြီး ထအော်သည် ။ ပြီးမှ ကျွန်တော့်ဘက်လှည့်ပြီး

“ဟေ့ကောင်…ဒီပြောင်းဖူးကြီးက ဘာလုပ်တာလဲ”

သူ့အမေးကို ကျွန်တော် ယောင်ယောင်လေးပြုံးလိုက်ပြီး

“ဒါ တစ်ခေတ်တစ်ခါကတော့ ပြောင်းဖူးရိုးပေါ့၊ ဒါပေမဲ့ ဆိုင်ကယ်ထဲ ရောက်သွားတဲ့ အခါ ဆိုင်လင်ဆာ အသံတိတ် ကရိယာလို့ ခေါ်တယ်”

“အသံတိတ်ကရိယာ”

ကျွန်တော့်စကားကို သူ သံယောင်လိုက်သည် ။ ဒါကို ကျွန်တော်က ဆရာကြီးအထာနှင့် မျက်မှန်နက်ကြီး ကောက်တပ်ပြီး

“ပြောနေကြာပါတယ်လေ၊ ကျွန်တော်စီးပြမှ ပဲ မျက်ဝါးထင်ထင်ကြည့်ပေါ့”

ဟု ဆိုကာ ဆိုင်ကယ်ပေါ် လှမ်းခွလိုက်သည် ။ ကိုစျာန်က ခါးတောင်းကျိုက်ကြီးနှင့် ကျွန်တော့်ကို ငေး၍ ဆိုင်ကယ်စက်နှိုးလိုက်သည် ။

“ဝှီး…ထုတ်…ထုတ်…ထုတ်”

ဆိုင်ကယ်သံက ညက်ညက်လေး။ တစ်ချက်နင်း တစ်ချက်နိုး။ သို့သော် အိပ်ဇောအပေါက်များမှ မီးခိုးများ အပေါ်သို့ အူတက်လာသည် ။

“ကိုစျာန်ရေ မင်းတို့ အိမ်ရှေ့ အမှ ိုက်ပုံမီးရှို့နေတာလား”

နံဘေးအိမ်မှ အော်သံ။ “အေးလေ…မသိလို့ အော်တာပဲ အော်ပါစေ”ဟု သာ သဘောထား လိုက်သည် ။

ဆိုင်ကယ်ခြေနင်းပေါ် ခြေတစ်ဘက်တင်လိုက်သည် ။

“ဟင်”

ကိုစျာန်၏ အံ့သြတကြီးအာမေဍိတ်သံ။

ဆိုင်ကယ်လီဗာပေါ် လက်တင်လိုက်သည် ။

“ဟာ”

ဘယ်လိုလုပ်လုပ် ထိုပုံစံသာ ထွက်နေသော ကျွန်တော့်ကို ကိုစျာန် အံ့အားသင့်နေပုံရ၏။ မသိလျှင် တိရိစ္ဆာန်ရုံက မျောက်လွှဲကျော်ကြီး သိမ်းငှက်သိုင်း ဖောင်ဆွဲထားသလို။

စိုးဝင်းပြောသလို ဤဆိုင်ကယ်ကို မင်းတုန်းမင်းကြီး တက်စီးပါကလည်း ဒီပုံသာ ထွက်မည်မှာ မလွဲ။

တင်ပါးကို ဘယ်ရွှေ့၍ ကလပ်ဆွဲ ဂီယာထိုးလိုက်သည် ။

“အလို”

ညာပြန်ရွှေ့၍ ဂီယာထိုးလိုက်သည် ။

“အဲလိုကြီးလား”

ကိုစျာန်၏ အံ့သြတကြီးရေရွတ်သံ။

“ဟေ့ကောင် ဆီတိုင်ကီဖုံးရော”

“ဒေါက်”

“ခွပ်”

“အဲ…အဲ”

ဘာမှ ပြန်မပြောဘဲ ဆီတိုင်ကီအပေါက်ကို မေးစေ့နှင့် ပိတ်ပြလိုက်တော့ ကိုစျာန် ဘာစကားဆက်ပြောရမှန်းပင်မသိ ဖြစ်သွားရ၏။ ပြီးနောက်…

“ဝှီး…ထုတ်…ထုတ်…ထုတ်”

ညင်သာစွာ လိမ့်ထွက်သွားသော ဆိုင်ကယ်ကိုကြည့်ပြီး ကိုစျာန်ကျောက်ရုပ်တစ်ရုပ်လိုပင် ကြောင်ငေးကျန်ခဲ့လေတော့၏။ မြိန်ဘိတောင်း၊ အားရဘိတောင်း။ တစ်သက်လုံး သူများကိုသာ လျှောက်ကြပ်နေသော ကိုစျာန်ပါ ကြောင်ကရော့ပဲ ဆိုရမတတ်။ ကြောင်ကြောပါ ဆွဲကျန်ရစ်နေလေပြီ။

ဆိုင်ကယ်က တလိမ့်လိမ့် တအိအိ လှုပ်ရှားနေသည် ။ ကိုယ်လက်တော့နာသည် ။ သို့သော် မေးစေ့ မှာ တော့။ ဆီတိုင်ကီအပေါက်ထဲ မေးစေ့ချိန်ထည့်ထားသည် မို့ မေးစေ့က လုံးဝမနာတော့။ သို့သော် ချိုင့်ကြီးကြီးဆောင့်ရင်သာ အထဲမှ ဆီများ ခလောက်ဆန်ပြီး မေးစေ့လာလာတက်ရိုက်နေခြင်းပင်။ ဒါလည်း ကိစ္စမရှိ။

“နေပါစေ၊ မုတ်ဆိတ်ကို ဓာတ်ဆီနဲ့ ဆေးတော့ ပိုသန့်တာပေါ့”

အကောင်းမြင်သမားမို့ အကောင်းကိုသာ တွေးမိသည် ။

ရပ်ကွက်၏ ထိပ်တွင် ရှိသော စျေးက စည်ကားနေပြီ။ စျေးရောင်းစျေးဝယ်များက လမ်းမပေါ် ပျံ့ကျဲနေလေပြီ။ မြို့ဆင်ခြေဖုံးတို့ ၏ ထုံးစံအတိုင်း မြင်းလှည်း၊ ဆိုက်ကားများ ပျားပန်းခတ်နေသည် ။

“တောက်…အရေးထဲ ဒီဒိုင်ခွက်က လာရှုပ်နေသေး၊ ကုမ္ပဏီက ဒါကိုဖြုတ်သင့်တယ်”

လိုအပ်လို့ တပ်ထားသည့် ဆိုင်ကယ်ဒိုင်ခွက်ကိုပင် ဆီတိုင်ကီပေါ်တစ်ဝက်၊ ဆီတိုင်ကီအောက် တစ်ဝက် နှစ်ထားသော ကိုယ့်မျက်နှာပေါ်မှ မျက်လုံးမမြင်ရ၍ ကျိန်ဆဲမိသေးသည် ။

စျေးရှေ့တည့်တည့်ရောက်တော့ လူကပိုရှုပ်လာသည် ။ ဟွန်းကိုတီးကြည့်သည် ။ ဟွန်းသံက ထွက်မလာ။ ဆိုင်ကယ်က တစ်စီးလုံး အသံထွက်နေသော်လည်း မြည်သင့်သော ဟွန်းတစ်ခုထဲက အသံမထွက်။ တလွဲဆံပင်ကောင်းပြီး ချိုင်းမွှေးက ထူလေပြီ။

သည် အတိုင်း ဆက်သွားပါက ဘာမှ မမြင်ရပုံနှင့် တိုက်မိခိုက်မိနိုင်သည့် အနေအထား။ ထို့ကြောင့် ဘယ်ဘက်ဖင်ရွှေ့၍ ဂီယာချိန်းလိုက်သည် ။ နောက် ညာဘက်ပြန်ထိုးကာ ဘရိတ်နင်းလိုက် သည် ။

လူတွေက ဆိုင်ကယ်တစ်စီးလုံး လာနေသည် ကိုပင် မရှောင်ချင်ကြ။ မီးခိုးလုံးကြီးတအူအူနှင့် မို့ အထူးအဆန်းသဖွယ် ဝိုင်းကြည့်နေကြသေး၏။

လူကိုတော့ မီးခိုးထဲ ပျောက်နေ၍ မြင်ဟန်မတူ။ ထို့ကြောင့်

“ဆိုင်ကယ်လီဗာဆွဲပြီး စက်သံပေးမှ ”

ဟု စဉ်းစားမိပြီး ဆိုင်ကယ်လီဗာကို ခပ်ကြမ်းကြမ်း ဆွဲလိုက်သည် ။

“ဗြီး…ဗြီး…ဗြီး”

စက်သံနှင့် အတူ ပို၍ အူတက်လာသော မီးခိုးများကို လူအများက တအံ့တသြကြည့်ကြသည် ။ လူများက ရှောင်မသွားသည့် အပြင် အနားသို့ပင် ကပ် လာပြီး…

“အေး…စည်ပင်သာယာက ကတ္တရာပုံးတွေ မီးလာရှို့ပြန်ပြီထင်တယ်”

“ဟုတ်ပါ့၊ မီးခိုးကလည်း များ ၊ ညှော်ကလည်း ညှော်”

ဘေးနားမှ လူများက ထင်မြင်ချက်ပေးနေကြပြန်သည် ။ ကျွန်တော်လည်း ဆိုင်ကယ်မှန်း သိစေရန် လီဗာကို ခပ်ကြမ်းကြမ်း ထပ်ဆွဲလိုက်သည် ။

“ဗြီး…ဗြီး…ဗြီး…ထုန်း…ထုန်း…ထုန်း”

“ဟိုက်…ဘာဖြစ်တာလဲဟ”

ကျယ်လောင်လှသော အသံကြီးကြောင့် ကိုယ့်ဘာသာကိုယ် လန့်ပြီး ထအော်မိသည် ။ ဘေးနားက လူများကလည်း

“ဟဲ့…သောက်ပလုပ်တုတ်၊ ဘာဖြစ်တာလဲဟ”

“ထုန်း…ထုန်း…ထုန်း”

“ဟေ့..ပြေးဟေ့...ပြေး၊ ဆီတိုင်ကီတွေ ပေါက်ကုန်ပြီ၊ ဆီတိုင်ကီတွေပေါက်ကုန်ပြီ”

“အောင်မလေးအမေရဲ့ ကမ္ဘာကြီးပြားပြီ၊ ကမ္ဘာကြီးပြားပြီ”

ဟူသော အော်သံများ နှင့် အတူ ကြောက်လန့်တကြား ဝရုန်းသုန်းကား ထွက်ပြေးကြလေသည် ။

“ဘယ့်နှယ့်ကြောင့် အသံကျယ်ကြီးထွက်လာပါလိမ့်”

ပြန်ကြည့်လိုက်မှ …

“ဟိုက်…အိပ်ဇောဝမှာ တပ်ထားတဲ့ ပြောင်းဖူးဆိုင်လင်ဆာကြီး ပြုတ်ထွက်သွားပြီ”

ပုံပြောင်းစိုးဝင်း စနစ်တကျ တပ်ဆင်ပေးလိုက်သော ပါးစပ်ဖြစ် ပြောင်းဖူးဆိုင်လင်ဆာကြီး ပြုတ်ထွက်သွား၍ ဆိုင်ကယ်မှာ နဂိုမူလဘူတသံကြီး မြည်ဟီးသွားခြင်း ဖြစ်၏။ ကျွန်တော့်မှာ လည်း ဆိုင်လင်ဆာပြောင်းဖူးရိုးကြီးကို ပြေးပဲကောက်ရမလား၊ ဆိုင်ကယ်ကိုပဲ မောင်းထွက်ရမလား ဝေခွဲမရခင်.

ပြေးလာသောအရိပ်တစ်ခု လူများကြားမှာ အပြင် မီးခိုးများ ဖုံးနေ၍ မသဲကွဲ။ အတော်ကလေးကို မြန်လှသည် ။ ကဆုန်စိုင်းလာပုံရ၏။ အနားရောက်မှ ကြည့်လိုက်တော့

“နွား”

“ဟင်…နွားမကြီး”

ဟုတ်ပါသည် ။ ပိန်ကပ်ကပ် နွားမကြီး။ ဆိုင်ကယ်အသံကို အမြင်ကပ်သည် ထင့် ကဆုန်ဆိုင်း ပြေးလာသည် ။

“ဟ…ဟ လုပ်ကြပါဦး၊ လုပ်ကြပါဦး၊ လာပြီဗျ၊ လာပြီ”

ကျွန်တော်၏ သံကုန်ခြစ်အော်သံ။ သို့သော် သူ့ဦးတည်ချက်က မပြောင်း။ ကျွန်တော်နှင့် ဆိုင်ကယ်ဆီသို့ လေးဖက်ကျကျကြီး ဒုန်းစိုင်းလာသည် ။

“အောင်မလေးအမေရဲ့ လုပ်ကြပါဦးဗျ”

ကျွန်တော့်ရဲ့ ကြောက်လန့်တကြားအော်သံနှင့် အတူ ဆိုင်ကယ်ကို မောင်းထွက်ရန် ဂီယာကို လှမ်းထိုးကြည့်သည် ။ ထိုအချိန်ကြမှ ခြေဖျားနှင့် ဝေးလံခေါင်သီလှသော ဂီယာတံက ဘယ်လိုမှ ရှာနင်းလို့ မထိ။

“အောင်မလေးအမေရဲ့ လုပ်ကြပါဦး”

ခြေဖျားနှင့် ဂီယာတံ ကချော်ကချွတ် ဖြစ်နေတုန်း။ လှည့်ကြည့်လိုက်တော့ မျက်ရည်များ နှင့် နွားမကြီး၏ ဒေါသတကြီး မျက်နှာ။

ထို့နောက်…

“အား”

“ဒုန်း”

“အောင်မလေး တက်…တက်သွားပြီဗျ”

လူကမြောက်ခနဲ။ တက်တုန်းကတော့ အတည့်ပင် တက်သွားပြီး ပြန်အကျ

“အား”

လူက ခေါင်းပဲကြီးနေ၍ လားမသိ လမ်းဘေးတွင် ရောင်းချနေသော ငါးမြွေထိုးဗန်းပေါ် ခေါင်းနှင့် ပြန်ကျ၏။

“ဒုန်း”

“ခလွမ်း”

“အောင်မလေး သေပါပြီ အမေရဲ့ ”

ကျွန်တော့်အော်သံ။ ငါးမြွေထိုးဗန်းပေါ် ခေါင်းနှင့် ကျ၍ မည်သို့မည်ပုံ ဖြစ်နေသည် တော့မသိ။

“ဟိုက်…ငါးမြွေထိုးတစ်ကောင် ပိုလာပါလား”

“အောင်မာ…ဒီငါးမြွေထိုးက ဥနဲ့ တော့၊ မွေးခါနီးဖွားခါနီးကြီး”

ဟူသော ဝမ်းသာအားရအသံ ကြားရ၏။ ကျွန်တော့်မှာ ဖြေရှင်းရန်ပင် အချိန်မရတော့။ ဆိုင်ကယ်ပြန်ကြည့်တော့ သောင်းနှစ်ထောင်ပေးရသော ဆိုင်ကယ်ကြီးမှာ နွားမချိုဖျားမှာ ကားနေလေပြီ။ နွားမကြီးက ဆိုင်ကယ်ကို ဦးချိုကြီးနှင့် ကော်ကော်ထိုးနေသည် ။

သိပ်မကြာမီမှာ ပင် တထုန်းထုန်းမြည်သံပေးနေသော ဆိုင်ကယ်ကြီးမှာ စက်သံရပ်သွား၏။ ထိုတော့မှ ဒေါသတကြီး ဝှေ့နေသော နွားမကြီးမှာ လည်း ရုတ်တရက် ရပ်သွား၏။ ပြီးနောက် ဘေးဘီ ဝေ့ကြည့်သည် ။ ကျွန်တော်ကတော့ ငါးမြွေထိုးဗန်းပေါ် ငုတ်တုတ်မျှပင် မလှုပ်ရဲသေး။

နွားမကြီး အသိပြန်ဝင်သွားသည် ထင့် ဘေးဘီဝေ့ကြည့်ရင်း သူ့ကို လူအများ ဝိုင်းကြည့်နေသည် ကို မြင်တော့ “ဝမ်းဘော”ဟု တစ်ချက်အော်ကာ ရှက်ကိုးရှက်ကန်း အမူအရာနှင့် ပြန်လှည့်ထွက်သွားတော့၏။ သူ့ခမျာလည်း အသံကြောင့် ရုတ်တရက် စိတ်တိုကာ ဘာဖြစ်လို့ ဖြစ်မှန်းမသိ ဖြစ်နေပုံ။ လမ်းလျှောက်ပုံကိုက ကနွဲ့ကလျနှင့် ။ ဪ နွားမရှက်တာ ဒီတစ်ကြိမ်ပင် ကြုံဖူး သေးတော့၏။ နွားမက လာရာလမ်းအတိုင်း အမြီးတယမ်းယမ်းနှင့် လက်ဖက်ရည်ဆိုင်ရှေ့ ဖြတ်လျှောက်မိသော အပျိုမလေးသဖွယ် ယိမ်းနွဲ့ရင်း ပြန်ထွက်သွားသည် ။

ထိုတော့မှ ကျွန်တော်လည်း ငါးမြွေထိုးဗန်းပေါ်မှ ထရဲတော့သည် ။

“ဟဲ့…ခုနက ဥနဲ့ ငါးမြွေထိုး ဘယ်ရောက်သွားလဲ”

“အိုအေ…နင်အမြင်မှားတာနေမှာ ပါ”

“ဘယ့်နှယ်မှားရမှာ လဲ၊ ငါက ဥကို အသေအချာမှတ်ထားတာ၊ အောင်မာ ငါးမြွေထိုးက အကောင်သာသေးတာ ဥကြီး ဒီလောက်လောက်ကြီး”

အရေးထဲ ငါးမြွေထိုးသည် က တစ်မှောင့်။

ကျွန်တော်လည်း လဲကျနေသော ဆိုင်ကယ်ကို သွားပြန်ထူလိုက်ရသည် ။ ထိုတော့မှ လူများကလည်း

“ဪ…ဆိုင်ကယ်က သူ့ဆိုင်ကယ်ပဲ၊ ဘာဖြစ်သွားတာလဲ”

“သိဘူးလေ ခုနကတော့ ရုတ်ရုတ်ရုတ်ရုတ်နဲ့ ပဲ”

ကျွန်တော်လည်း သူတို့ ပြောသမျှကို ဂရုမစိုက်နိုင်တော့။ သည် နေရာက ဝေးရာကိုသာ ထွက်သွား ချင်နေပြီမို့ ဆိုင်ကယ်ပေါ်တက်၍ စက်ကို ကမန်းကတန်း နှိုးလိုက်သည် ။

“ဝှီး…ထုန်း…ထုန်း…ထုန်း…ထုန်း”

“အောင်မလေးလုပ်ကြပါဦး၊ ဘာသံကြီးလဲ”

“ဟ…ဟ ဒါကြီးက အော်နေတာဟ”

“ပြေးကြ…ပြေးကြဟေ့၊ ကမ္ဘာကြီးပြားပြီ၊ ပြားပြီ”

ဆိုင်ကယ်စက်သံ ကြားသည် နှင့် ခုနနံဘေးနား အထူးအဆန်းသဖွယ် ဝိုင်းကြည့် နေကြသောသူများ ဝရုန်းသုန်းကား ထွက်ပြေးကြပြန်၏။

သို့သော် လူများ လို ပြေးမသွားဘဲ ပြေးဝင်လာသည် က ရှိသည် ။

“နွား…နွားမကြီး”

ခုန နွားမကြီးပင် ဆိုင်ကယ်ဆီ ဒေါသတကြီး ပြန်ပြေးလာသည် ။

“အောင်မလေး…လာပြန်ပြီဗျ”

နွားမကြီးက ဆိုင်ကယ်သံကြားလျှင် ဒေါသထွက်သည် ထင့် ဆိုင်ကယ်ရှိရာ လေးဘက်ကျကျကြီး ပြေးဝင်လာပြန်သည် ။

“ထုန်း ထုန်း ထုန်း ထုန်း”

“အောင်မလေးအမေရဲ့ ”

ရုတ်တရက်အခြေအနေကြောင့် ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိဘဲ ဂီယာကို လှမ်းထိုး ကြည့်သည် ။ ဂီယာက မမှီ။

နွားမကြီးက နီး လာပြီ။ သူ၏ ချိုဖျား ချောင်ချောင်ကားကားက ဦးတည်ချက်မပြောင်း။ ခြေတစ်ဖက်မြေထောက်၍ ဂီယာလှမ်းထိုးလိုက်သည် ။

“ဂလောက်”

ဂီယာတော့ဝင်သွားပြီ။ သို့သော်…

“အောင်မလေး အမေရဲ့ ၊ သားတော့ ပြေးပြီဗျ”

နွားမချိုဖျားနှင့် နှစ်လက်မခန့်အလိုမှ ဆိုင်ကယ်ကို ဝုန်းခနဲ ပစ်ချပြီး ခုနငါးမြွေထိုးဗန်းပေါ်မှာ ပြေးထိုင်နေလိုက်ရသည် ။ ကြောက်တာကလည်း တဆတ်ဆတ်ပင် တုန်နေရသည် ။

ဆိုင်ကယ်ကြီးက ဂီယာဝင်ပြီး လွတ်ချလိုက်သည် မို့ မြေပြင်ပေါ် တုံးလုံးပက်လက်နှင့် စက်က ချက်ချင်းသေသွား၏။

ဆိုင်ကယ်စက်သံ မကြားသည် နှင့် ခုန ဒေါသတကြီးနှင့် နွားမကြီးလည်း ကျွိခနဲ ဘရိတ်အုပ် သွားသည် ။ နွားမနှင့် ဆိုင်ကယ်က နှာတစ်ဖျားအကွာမှာ ။ ပြီးနောက် ဘယ်က အသံထွက်လာသလဲ ဟူသောပုံမျိုးနှင့် ဆိုင်ကယ်ကို လိုက်နမ်းကြည့်နေသည် ။ ဂျိုဖျားနှင့် ထိုးကြည့်သည် ။ ဘာအသံမှ ထပ် မကြားရတော့၍ ထင့် ခြေဦးလှည့်ရန်ပြင်သည် ။

“ဟောဒီမှာ တွေ့လား၊ ငါပြောတဲ့ ဥနဲ့ ငါးမြွေထိုး”

“ဟယ်…မသေသေးဘူးဖြစ်မယ်၊ လှုပ်စိလှုပ်စိနဲ့ ၊ ဟီဟိ ရေနဲ့ တောက်ကြည့်စမ်း”

“ဖလပ်…ဖလပ်”(ရေတောက်သံ)

“အာ…အေးပါတယ်ဆိုနေမှ ဗျာ”(ကျွန်တော့်အသံ)

“ဟင်…ဟယ်”

“အလို…ဘာ…ဘာကြီး၊ အဲလေ…ဘာလေး”

နွားမကြီးက ဆိုင်ကယ်လုံးဝလှုပ်ရှားမှုမရှိသည် ကို တွေ့မှ ရင်တွင်းသံတစ်ချက်ထုတ်ပြီး ခပ်ကုပ်ကုပ် ပြန်ထွက်သွား၏။ ထိုတော့မှ ကျွန်တော်လည်း ထိုင်နေသော ငါးဗန်းပေါ်မှ ထရဲတော့၏။

“ငါးမြွေထိုးလေး၊ ငါးမြွေထိုးလေး ဟိုလူ ခါးပိုက်ထောင်ထဲ ထည့်သွားပြီ”

“ဟဲ့…အဲဒါ ငါးမြွေထိုး မဟုတ်ဘူး ဟဲ့”

“ငါးမြွေထိုးမဟုတ်ရင်ဘာလဲ”

“ငါးမြွေထိုးဟဲ့…ငါးမြွေထိုး”

“အေးလေ…ငါးမြွေထိုးလို့ ပြောနေတာပဲ”

ကျွန်တော်လည်း ကြားနေရသော စကားများကို ဂရုမစိုက်နိုင်ဘဲ ဆိုင်ကယ်ကို ပြန်ထူလိုက်သည် ။ လူအများကလည်း စျေးရောင်းစျေးဝယ်တောင် မလုပ်နိုင်ကြတော့ဘဲ ကျွန်တော်နှင့် ဆိုင်ကယ်ကို မျက်လှည့်ဝိုင်းသဖွယ် ဝိုင်းကြည့်နေကြသည် ။

ကျွန်တော်ကလည်း ဆိုင်ကယ်ကို တက်ခွလိုက်သည် ။ သို့သော် စက်တော့ မနှိုးရသေး။ ပြေးပြေးလိုက်လာသော နွားမကြီး၏ အရိပ်အခြေကို ကြည့်ရသေး၏။

နွားမကြီး အတော်ဝေးဝေးရောက်မှ ဆိုင်ကယ်စက်ကို ပြန်နှိုးလိုက်သည် ။

“ထုန်း…ထုန်း…ထုန်း”

ဆိုင်ကယ်စက်သံကြားသည် နှင့် ခုနခပ်ဝေးဝေးရောက်နေသော နွားမကြီးမှာ ‘ငါတွေ့ပြီ’ ပုံစံမျိုးနှင့် ဝမ်းဘောဟု အော်ကာ ဒေါသတကြီး ချက်ချင်း ပြန်ပြေးချလာ၏။

“ဟာ…ဟာ ဒီဟာမကြီး လာပြန်ပြီ”

သူရောက်လာသည် နှင့် ကျွန်တော်လည်း ဆိုင်ကယ်စက်ရပ်သည် ။ နွားမကြီးကလည်း အလိုက်သိစွာ ကျွိခနဲ ဘရိတ်အုပ်သွားသည် ။

ပရိသတ်များကလည်း လူနှင့် နွားဖြစ်ပုံကို သဘောပေါက်ပြီး တဟားဟားနှင့် အားပေး နေကြသည် ။

နွားမကြီးက ဆိုင်ကယ်ကို တစ်ချက်နှစ်ချက် နမ်းရှုံ့ပြီး ဆိုင်ကယ်ပေါ်မှ ကျွန်တော့်ကို ကြည့်သည် ။ ကျွန်တော်လည်း ကြောက်ရွံ့စိတ်နှင့် ငြိမ်နေရသည် ။ နွားမကြီးက ချစ်ခင်ကျီစယ်သည့် သဘောနှင့် ကျွန်တော့်မျက်နှာကို သူ့လျှာကြမ်းကြီးနှင့် ပလပ်ခနဲ တစ်ချက်လျက်လိုက်သည် ။ ပြီးနောက် သူ့ချိုများ နှင့် နံကြားကို အသာထိုးသည် ။

“သွား…လူဆိုး”ဆိုသည့် အထာ။ လူအများက ကျွန်တော်နှင့် နွားကို ကြည့်ပြီး တဟားဟား ရယ်ကြသည် ။ အတော်ကြာမှ နွားမကြီးက တစ်ဘက်ပြန်လှည့်သွားသည် ။

နောက် ဆတ်ခနဲ ဆိုင်ကယ်ကို ပြန်လှည့်ကြည့်သည် ။ သူကြည့်လေ ကျွန်တော်တုန်တက်လေ ဖြစ်နေရသည် ။ သူ့အကြည့်က သူခိုးဖမ်းသည့် သဘော။ သူ့မျက်လုံးများက ငါသိတယ်နော် ဆိုသည့် အရိပ်အယောင်။ တစ်လှမ်းနှစ်လှမ်း ဆက်လျှောက်သွားကာ ဆတ်ခနဲ ပြန်လှည့်ကြည့်သည် ။

“ဟေ့ကောင် မလှုပ်နဲ့ ၊ ငါမြင်တယ်”ဆိုသောအကြည့်၊ ကျွန်တော့်မှာ လည်း ရှက်လွန်းမက ရှက်ရသော်လည်း ကြောက်လွန်းမကလည်း ကြောက်နေရသည် ။ လုံးဝမလှုပ်ရဲ။ တော်ကြာ လှုပ်မိ၍ နွားပြေးဝှေ့ပါက ငါးမြွေထိုးဘဝရနေရဦးမည်။ ပထမအကြိမ် နွားမကလော်ထုတ်ထားသည့် ဒဏ်က ခေါင်းတွင် ချိုကြီးသဖွယ် ဘုတစ်လုံး ထွက်နေလေပြီ။ နောက်တစ်ဘုဆို ကိုယ်လည်း နွားဖြစ်ပေတော့မည်။

ထို့ကြောင့် ဆိုင်ကယ်ကို ခြေနှစ်ဘက်နှင့် အသာယက်၍ တွန်းရွှေ့လိုက်သည် ။

နွားမကြီးက ဆတ်ခနဲ ဝေ့ကြည့်၏။ ဖတ်ခနဲ ခန္ဓာကိုယ်ကို တောင့်၍ ငြိမ်နေလိုက်ရသည် ။ နွားမကြီးနှင့် ကျွန်တော်နှင့် အဖြစ်က ကလေးငယ်များ ကျောက်သေ၊ ကျောက်ရှင် ကစားနေသလိုမျိုး။

နွားမကြီးက မြေပြင်မှ တစ်ခုခုကို ကောက်ဟပ်ပြီး ပြန်လှည့်သွား၏။ ထိုတော့မှ ကျွန်တော်လည်း ခြေလှမ်းကို အသာရွှေ့ရဲသည် ။

နွားမကြီးက ဆတ်ခနဲ ပြန်ဝေ့ကြည့်သည် ။ ကျွန်တော် ကျောက်သေ။

လူအများက လမ်းရှင်းပေးရင်း ကျွန်တော်နှင့် နွားကစားနေသည် ကို လွတ်လပ်ရေးပွဲတော် ကစားပွဲသဖွယ် အသည်းတယားယား အားပေးကြသည် ။

နွားမကြီးက ခပ်ဝေးဝေးသို့ ထွက်သွားရင်း ဆတ်ခနဲ ပြန်လှည့်ကြည့်သည် ။ ကျွန်တော်မလှုပ်ရဲ သေး။ မည်သို့မည်ပုံ လုပ်ရမည်မသိ။ ဆိုင်ကယ်ကိုလည်း ဒီအတိုင်း ထားမသွားရဲ။ မောင်းလည်း မောင်း မသွားရဲ။ မောင်းသွားရင်လည်း နွားအဝှေ့ခံရမည်။

နောက်မှ သတိရသွား၏။

“ပြောင်းဖူး ပြောင်းဖူး ဆိုင်လင်ဆာ၊ ပုံပြောင်းစိုးဝင်း၏ ပါးစပ်ဖြစ် ပြောင်းဖူးဆိုင်လင်ဆာ”

ဒါလိုလို့ ဒီအသံထွက်နေတာ။ ဒီအသံထွက်နေလို့ ဒီနွားမကြီး လိုက်ဝှေ့နေတာ။ အန္တရာယ် ကင်းအောင် ဒါပြန်တပ်ရမယ်။ ချက်ချင်းပင် သတိရပြီး ဆိုင်ကယ်ကို ဒေါက်ထောက်၍ အိပ်ဇောမတပ် ထားသော ယခုပြုတ်ထွက်သွားပြီဖြစ်သော ပြောင်းဖူးရိုးကို ပြေးရှာလိုက်သည် ။

“ဟင်”

ဘယ်မှာ မှ မတွေ့။

“ခုန ဒီနားတင် ပြုတ်ထွက်သွားတာပါ”

ပြောင်းဖူးရိုး ပြုတ်ထွက်သွားသော နေရာအတိအကျ မှတ်မိသော်လည်း ရှာမရ။ လူတွေကလည်း ဆိုင်ကယ်ကြီး လမ်းမပေါ်ရပ်၍ မြေပြင်ပေါ် တကုန်းကုန်း ရှာနေသော ကျွန်တော့်ကို အထူးအဆန်း သဖွယ် လိုက်ကြည့်ကြသည် ။ ခုနကလည်း ဆိုင်ကယ်နှင့် နွား။ အခုကြတော့လည်း တစ်မျိုးလုပ်နေ ပြန်တော့ အံ့အားသင့်နေကြပုံရ၏။ ကျွန်တော်ကလည်း ကိုယ့်ဇောနှင့် ကိုယ်မို့ ဂရုမစိုက်နိုင်။ ဒီပြောင်းဖူး ရိုးကြီး မရပါက ဆိုင်ကယ်က ဆက်မောင်းရန် မဖြစ်နိုင်။ ရလိုဇောနှင့် လမ်းဘေးချထားသော စျေးဗန်း များ ပင် လှန်ကြည့်မိသည် ။

“ဟဲ့…ဘာတွေလျှောက်လှန်နေတာလဲ”

ကျွန်တော့်ပစ္စည်းလေး ပျောက်သွားလို့ ပါ”

“နင့်ပစ္စည်းနင့်မှာ ရှိမှာ ပေါ့၊ ဘာလို့ သူများ လိုက်လှန်နေတာလဲ”

“ဘာဖြစ်လဲဗျာ၊ စျေးဗန်းလှန်တာပဲ”

“ဟဲ့…နင်လှန်တဲ့ စျေးဗန်းက လုံချည်နဲ့ ငြိနေလို့ ပြောရတာဟဲ့ သေနာရဲ့ ”

ဪ စျေးသည် များကလည်း တစ်မှောင့်။ ကိုယ်ချင်းစာစိတ် မရှိတာ။ အနီးနား လိုက်ရှာ ကြည့်သေးသည် ။ ဘယ်မှာ မှ မတွေ့။ နောက်မှ …

“ဟာ”

တွေ့ပြီ။ ကျွန်တော့် ဆိုင်ကယ် ဆိုင်လင်ဆာပြောင်းဖူးရိုးကြီးတွေ့ပြီ။ သို့သော် ထိုပြောင်းဖူးရိုးက ခုန ကျွန်တော့်ဆိုင်ကယ်ကို လိုက်ဝှေ့နေသော နွားမကြီး ပါးစပ်ထဲမှာ ။

နွားမကြီးက အရိုးသာရှိနေသော ပြောင်းဖူးရိုးကို စားမြုံ့ပြန်ပြီး ဝါးနေ၏။ ဤအချိန်ကျမှ ကိုယ့်ဆိုင်ကယ်အိပ်ဇောနှင့် ကိုက်သော ဆို့စရာက ရှာလို့ လွယ်မည်မဟုတ်။ အဝတ်ဆို့ရမည်ဆိုလျှင်လည်း စောင်တစ်ထည်လောက် ဆို့မှ ရပေလိမ့်မည်။

ဘာလုပ်လို့ လုပ်ရမှန်းမသိမီ နွားမကြီးပါးစပ်မှ ပြောင်းဖူးရိုးကြီးက ဖုတ်ခနဲ ပြုတ်ကျလာ၏။ ကျွန်တော်လည်း ဝမ်းသာသွားပြီး ပြောင်းဖူးရိုးကို ပြေးကောက်လိုက်သည် ။ သို့သော် ဖြစ်ချင်တော့ ကျွန်တော့်လက် ပြောင်းဖူးရိုးပေါ် ရောက်လုရောက်ခင်မှာ နွားမကြီးက ဖတ်ခနဲ ပြန်ဟပ်သွား၏။ သူ့ခမျာလည်း ဘာမှ စားစရာမရှိ၍ အာသာပြေ ကောက်ဝါးနေပုံရသည် ။ ကိုယ့်စိတ်ထဲမှာ တော့

“တောက်…အတော် သောက်ကျင့်ယုတ်တဲ့ နွားမ၊ လူမှုရေးကို မရှိဘူး”

ဟု စိတ်ထဲကြိတ် ကျိန်ဆဲနေမိသည် ။ နွားမကြီးကတော့ ဘာမှ မသိ။ ကျွန်တော့်ကိုလည်း မြင်ရော ‘ဝမ်းဘော’ဟု တစ်ချက် ဝမ်းသာအားရအော်ပြီး သူ့နှာဖျားနှင့် ကျွန်တော့်ရင်ဘတ်ကို လာပွတ် နေသည် ။ လူအများကလည်း ခုနကပင် ရန်သူသဖွယ် လိုက်ဝှေ့နေပြီး ယခုပြန်လည် ချစ်ခင်သင့်မြတ် နေသော ကျွန်တော်နှင့် နွားမကြီးကို တအံ့တသြ ကြည့်နေကြသည် ။

“ဟယ်…သူတို့ က အမျိုးတွေလား မသိဘူး”

“ဒါပဲဖြစ်မှာ ပေါ့၊ ကြည့်ပါလား ရုပ်ကလည်း ခပ်ဆင်ဆင်”

“ဒါဆို ခုနက လင်မယားချင်း စိတ်အခန့်မသင့်ကြလို့ ရန်ဖြစ်ကြတာနေမှာ ပေါ့နော်”

စသည့် မှတ်ချက်များ ကြားနေရသည် ။ ပြောလည်း ပြောချင်စရာ။

ကျွန်တော်ကလည်း နွားမကြီးကို ချစ်ချင်ယောင်ဆောင်ပြီး ဦးခေါင်းကိုပွတ်ကာ သူ့ပါးစပ်ထဲက ပြောင်းဖူးရိုးကို ဖြုတ်ယူရန် ကြိုးစားနေရသည် ။ လူနှင့် နွား အားချင်းမမျှ၍ ဖြုတ်၍ မရ။ တအားလည်း မလုရဲ။ လူတွေသိကုန်မှာ ကလည်း ကြောက်ရသေးသည် ကိုး။ ထို့ကြောင့် မသိမသာပင် ကြိတ်၍ ဆွဲနေရသည် ။ ဆွဲ၍ မရ။

ထိုပြောင်းဖူးရိုးမှ ပြန်မရလျှင်လည်း ကျွန်တော့်ဆိုင်ကယ်က မောင်းရန် လွယ်မည်မဟုတ်။ နွားမ မလိုက်လျှင်တောင် ရပ်ကွက်သားများ ခဲနှင့် ဝိုင်းချလောက်သည် ။ ယခုအချိန်ကြမှ တခြားဆို့စရာကလည်း ရှာ၍ လွယ်မည်မဟုတ်။ ဘေးနားမှာ ကလည်း ငါးသည် ချည်းပဲ ရှိနေတာမို့ ငါးရံ့ဝယ်ဆို့လို့ လည်း ဖြစ်မည်မဟုတ်။ ထို့ကြောင့် အကွက်ကောင်းကိုသာစောင့်၍ ပြောင်းဖူးရိုးကို အရယူရန် ကြံနေရသည် ။

ကျွန်တော့်အကြံက နွားမကြီး ဝမ်းဘောဟု အော်ချိန်ကျမှ ပါးစပ်ထဲက ပြောင်းဖူးရိုး နှိုက်ပြေးရန်။

ထို့ကြောင့် နွားမကြီးကို အချိုသပ်၍ ကျောပွတ်နေရသည် ။

“အော်လိုက်စမ်းပါသမီးရယ်”

“ဝမ်းဘော”

စောင့်နေသာ အခွင့်အရေးပင်။ နွားမကြီး အော်သည် နှင့် ဖျတ်ခနဲ နွားမကြီးပါးစပ်ထဲမှ ပြောင်းဖူးရိုးကိုဆွဲကာ ဆိုင်ကယ်ဆီသို့ ဒုန်းစိုင်းပြေးလိုက်သည် ။

“ရပြီ၊ ရပြီကွ၊ ဟား ဟား”

ကျွန်တော်၏ ဝမ်းသာအားရရယ်သံ။ နွားမကြီးက ရုတ်တရက် ကြောင်နေသေးသည် ။ နောက်မှ သူ့စားခွက်လုသွားမှန်းသိပြီး ကျွန်တော့်နောက် ဒုန်းစိုင်းလိုက်လာ၏။

သို့သော် မမီတော့။ ကျွန်တော် ပြောင်းဖူးရိုးကြီးကို အိပ်ဇောဝစွပ်ပြီး

“အင်းဟာ…အင်းဟာ”

“ဖုန်း…ဖုန်း…ဖုန်း”

ဟု အော်ကာ ဖနောင့်နှင့် နှစ်ချက်သုံးချက် ကန်ပိတ်လိုက်သည် ။ ပြောင်းဖူးရိုးက အိပ်ဇောဝနှင့် ကွက်တိ။

ဒါကိုတောင် နွားမကြီးက အိပ်ဇောထဲဝင်နေသော ပြောင်းဖူးရိုးကြီးကို ကုန်းဟပ်သေး၏။ သို့သော် ပြောင်းဖူးရိုးက ကျွန်တော့် ဖနောင့်နှင့် အတင်းကန်ပိတ်ထားသည် မို့ တော်ရုံနှင့် ပြန်မထွက်။ နွားမကြီးက ထပ်ပြီးဆွဲကြည့်သည် ။ မရတော့။

“ဟား…ဟား လွယ်လွယ်နဲ့ ရရိုးလားကွ၊ ဗိုလ်လုပ်ချင်တယ်ဆိုရင် ကိုယ်ပိုင်ပြောင်းဖူးရိုး ရှာထားရတယ်ကွ၊ မှတ်ထား”

ကျွန်တော်လည်း ရသည့် အခွင့်အရေးကို အသုံးချကာ ဆိုင်ကယ်ပေါ်တက်၍ စက်နှိုး လိုက်သည် ။

“ဝှီး…ထုတ် ထုတ် ထုတ်”

ပြောင်းဖူးရိုးကောင်းမှုကြောင့် စက်သံက ညက်ညက်ကလေး။ နွားမကြီးက လျှာနှင့် သပ်ပြီး ပြောင်းဖူးရိုးကို ဆွဲထုတ်ရန် အားထုတ်နေသည် ။ ပုံပြောင်းစိုးဝင်း ကောင်းမှုကြောင့် ပြောင်းဖူးက အိပ်ဇောထဲ ကွက်တိညှပ်နေပြီမို့ သူ့လျှာအားကိုးလောက်နှင့် မရနိုင်။

ထုံးစံအတိုင်း နေရာချိန်း၍ ဂီယာထိုးလိုက်သည် ။ နေရာပြန်ရွှေ့၍ လီဗာဆွဲလိုက်သည် ။

“ဝေါ…ထုတ် ထုတ် ထုတ်”

ဆိုင်ကယ်က ညင်ညင်သာသာလေး ထွက်သွား၏။ လူအများက ကျွန်တော့်ကို ငေးကျန် ခဲ့လေသည် ။

“ဟဲ့…ဒီလိုတော့လည်း အဟုတ်သား”

“ဟဲ့…သူ့မေးစေ့က ဘယ်ရောက်နေတာလဲ”

“အေး…ငါလည်း အဲဒါစဉ်းစားနေတာ၊ တစ်နေရာရာတော့ ရှိမှာ ပေါ့”

ပုကျိပုကျိအသံများ ပျံ့လွင့်နေသည် ။

စျေးကိုကျော်လေပြီ။

ညိမ့်ညိမ့်ညောင်းညောင်း ညင်ညင်သာသာနှင့် စတိုင်လ်ကျနေသော ကျွန်တော့်ကို လူအများက ငေးကြည့်နေကြသည် ။ တချို့မနေနိုင်သောသူများက…

“ဟာ…ဟိုမှာ ကြည့်စမ်း”

“ဟင်…ထူးဆန်းလှချည်လား”

ဟူသော အာမေဍိတ်သံများ ပင် ကြားလိုက်ရ၏။ ကျွန်တော်ကတော့ ဆီတိုင်ကီဝ မေးစွပ်ထားရ၍ လှည့်မကြည့်နိုင်အား။ သို့သော် လူတိုင်း ကျွန်တော့်ကို လေးစားအားကျစွာ ငေးကြည့်နေကြကြောင်းတော့ သိသည် ။

“ဟေ့…ဟေ့ ဟိုမှာ ကြည့်စမ်း၊ ဟိုမှာ ကြည့်စမ်း ဟီဟိ”

ကျောင်းသွားနေသော ကလေးတစ်အုပ်က လက်ညှိုးထိုးရင်း ပြောသည် ။ ကျွန်တော့်ကို ကြည့်၍ ကျန်ကလေးများက ဝိုင်းရယ်ကြသည် ။

“အေးဟေ့…အထူးအဆန်းပါပဲ”

သူတို့ ရယ်သံကြောင့် ကျွန်တော့်စိတ်ထဲ မသင်္ကာဖြစ်သွားရသည် ။ မေးစေ့ကြောင့် များ လား။ ဒါမှ မဟုတ် ပုံသဏ္ဌာန်ကို အားကျတာလား။

“ဘာပါလိမ့်”

“တစ်ခုခုတော့ တစ်ခုခုပဲ”

ဒါတော့သိသည် ။ သို့သော် ဤဆိုင်ကယ်ပေါ် ကုန်းကုန်းကွကွကြီး ပါလာ၍ အနောက် ပြန်လှည့်၍ မရ။ လက်ကြီးနှစ်ဘက် အပေါ်ထောင်မြှောက်ထားရ၍ ခေါင်းကလှည့်၍ မလွယ်။ မတတ်သာသည့် အဆုံး ဖင်ကြွ၍ သာ ပေါင်နှစ်လုံးကြား ခေါင်းစိုက်၍ လှမ်းရှိုးလိုက်ရသည် ။

“ဟင်”

“နွား”

ဆိုင်ကယ်နောက် လေးဖက်ကျကျကြီး ပြေးလိုက်လာသော နွားမကြီး။ နွားမကြီးမြင်တော့ အံ့အားသင့်သွားရသည် ။ အရှေ့က ဆိုင်ကယ်၊ အနောက်က နွားကြီးမြင်တော့ အားလုံးထူးဆန်းပြီး ဝိုင်းကြည့်နေကြကြောင်းကိုတော့ သိလိုက်ရသည် ။

“တောက်…ဒီနွားမကြီး ဘာလို့ လိုက်လာပါလိမ့်”

ဒါကြောင့် လူတွေ ဝိုင်းရယ်ကြတာ ဖြစ်ပေလိမ့်မည်။ ရှက်စိတ်နှင့် အတူ ဆိုင်ကယ်ကို ကျွိခနဲ ရပ်လိုက်သည် ။

အနောက်မှ နွားမကြီးကလည်း ဆိုင်ကယ်နည်းတူ ကျွီခနဲ ရပ်သွားသည် ။

လှည့်ကြည့်လိုက်တော့ အိပ်ဇောဝက ပြောင်းဖူးရိုးကို ကုန်းဟပ်နေပြန်သည် ။

ထိုတော့မှ ကျွန်တော်အဖြေရှင်းသွားသည် ။ အတော်ဇွဲကြီးတဲ့ နွားမကြီးပေပဲ။

တောက်…သူ့ပါးစပ်ထဲက ပြောင်းဖူးရိုးလုပြီး ဆိုင်ကယ်အိပ်ဇောဝ ထိုးသိပ်ထည့်ထားတော့ မကျေမနပ်နှင့် လိုက်လာတာကိုး။

ကျွန်တော့်မှာ လည်း ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိတော့။ ထိုပြောင်းဖူးရိုးကြီး ပေးလိုက် လျှင်လည်း ဖြစ်ပေါ်လာသည့် ဆိုင်ကယ်သံကြောင့် သူဝှေ့ခြင်းခံရမည်။ မပေးပြန်လျှင်လည်း မရမချင်း ဤသို့ပင် ဇွဲနဘဲကြီးစွာ တကောက်ကောက်လျှောက်လိုက်နေနိုင်သည် ။

နံဘေးမှာ လည်း ထိုးစရာဘာမှ မရှိ။ တရုတ်စကားပင်တစ်ပင်တော့ တွေ့သည် ။ ခိုးချိုးပြီး ထိုးလျှင် ကောင်းမလား။ ပိုင်ရှင် တွေ့သွားလျှင် ချောင်မည်မဟုတ်။ တရုတ်စကားပင်က ယိုးဒယား တွင် စျေးကောင်းနေသည် ။ ကြောင်တစ်ကောင်ဖြတ်ပြေးသွားတာ မြင်ရ၏။ ဒီအကောင်နှင့် လည်း အဆင်ပြေမည်မဟုတ်။ ကြောင်က အနည်းငယ်ဝနေ၏။

“ပြောင်းဖူးပြုတ်ပူပူလေး”

ကြားလိုက်ရသောအသံက တစ်သက်နှင့် တစ်ကိုယ် မင်္ဂလာအရှိဆုံးအသံ။ ထိုအချိန်၌ ထိုအသံ ကြားလိုက်ရသည် က လူကို ကြက်သီးဖြန်းဖြန်းထစေသည် ။

“ပြောင်းဖူးပြုတ်လာပါဦး”

ကျွန်တော်၏ ဝမ်းသာအားရခေါ်သံ။ ပြောင်းဖူးပြုတ်သည် က ပျော်ပျော်ပင် လှမ်းလာ၏။

“ဘယ်နှဖူးယူမှာ လဲ”

ပြောင်းဖူးသည် က မေးရင်း ပြောင်းဖူးတောင်းချ၏။

“တစ်ဖူးထဲပါ နွားကျွေးမလို့ ”

“ဘာ”

ပြောင်းဖူးသည် က မျက်လုံးပြူးပြီး ထအော်သည် ။

“ဟိုလေ…ကျွန်တော်လည်း စား၊ သူလည်း စားပေါ့၊ ဟီးဟီး”

ပြောင်းဖူးသည် က ကျွန်တော့်တစ်လှည့်၊ နွားမကြီးတစ်လှည့် ကြည့်သည် ။ နွားမကြီးကတော့ ကျွန်တော်တို့ ကို စိတ်မဝင်စားဘဲ အိပ်ဇောထဲဝင်နေသော သူ့ပြောင်းဖူးရိုးကြီးကို ကုန်းဟပ်နေသည် ။

“ရော့”

ပြောင်းဖူးသည် က အကြီးဆုံးအဖွံ့ဆုံး ပြောင်းဖူးတစ်ဖူး ရွေးပေး၏။ ကျွန်တော်လည်း သူကမ်းပေးသော ပြောင်းဖူးရိုးကို လှမ်းယူပြီး…

“ဟေ့…ဟေ့ ဒီမှာ ရော့”

ဟု နွားမဖက် လှည့်ပေးလိုက်သည် ။ ပြောင်းဖူးသည် က လူအရင်မစားဘဲ နွားအရင် ကျွေးနေသောကြောင့် ကြောင်ကြည့်နေသည် ။

နွားမကြီးက ကျွန်တော်ကမ်းပေးသော ပြောင်းဖူးကြီးကိုကြည့်ပြီး ‘ဝမ်းဘော’ဟု တစ်ချက် အော်ကာ အိပ်ဇောဝက သူ့ပြောင်းဖူးရိုးသာ ပြန်ကုန်းဟပ်နေသည် ။ နွားမကြီးအပြုအမူကြောင့် ကျွန်တော် အတော်စိတ်လေသွား၏။

“ဪ…ဒီနွားမကြီးကတော့ အဲဒါအသား မပါဘူး၊ ဒီမှာ အသားပါတယ်”

သူ့ချိုကိုဆွဲ၍ လက်ထဲက ပြောင်းဖူးဝဝကြီးကို ပြကြည့်သည် ။ နွားမကြီးက လုံးဝ စိတ်မဝင်စားဘဲ အိပ်ဇောဝက သူ့ပြောင်းဖူးရိုးဟောင်းဆီသာ ပြန်လှည့်သွား၏။

“လုပ်ပါဟာ…ဒါလေးကချိုပါတယ်၊ ဒါလေးပဲစားပါလား အမျိုးရယ်”

ကျွန်တော်က နွားကို အတင်းချော့ကျွေးသည် ။ နွားမက ကျွန်တော့်ပြောင်းဖူးကို လုံးဝ စိတ်မဝင်စား။

“လုပ်ပါဟယ်…ဒါလေးစားပါဟယ်၊ လိမ္မာပါတယ် ဆိုနေမှ ”

နွားက ကျွန်တော့်ပြောင်းဖူးကြီးကို လှည့်ပင်မကြည့်။

ကြာတော့ ပြောင်းဖူးသည် က စိတ်မရှည်နိုင်တော့ရောထင့်

“ဒီမှာ ဟိုလူကြီး ကိုယ့်အမျိုးကိုယ် ချော့ကျွေးချင်လည်း အိမ်ရောက်မှ အေးအေးဆေးဆေး ချော့ကျွေး၊ ပြောင်းဖူးဖိုးပေးတော့ ကျုပ်ကလှည့်ရောင်းရဦးမှာ ၊ စျေးကရောင်းမကောင်းရတဲ့ အထဲ သင်းတို့ ကတစ်မှောင့်”

သူလည်း ကျွန်တော်နှင့် အချိန်တွေ အလဟသကုန်နေ၍ ဒေါသထွက်နေပြီထင်သည် ။ ကျွန်တော်ကလည်း ကိုယ့်ဇောနှင့် ကိုယ်မို့

“ပေးမှာ ပေါ့ဗျာ၊ ဒီမှာ ကျွန်တော်လည်း ချော့ကျွေးနေရတာ မမြင်ဘူးလား”

“ဟဲ့…ကျုပ်ပြောပြီးပြီလေ၊ ချော့ကျွေးချင်လည်း အိမ်ရောက်မှ ချော့ကျွေး၊ အခု ကျုပ်က စျေးလည်ရောင်းရဦးမှာ ”

ကျွန်တော်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိ။ နောက်မှ သတိရပြီး…

“ဒါဖြင့်လဲခဏနေ”

ဆိုကာ နွားမကြီး တွန်းဖယ်ပြီး အိပ်ဇောဝမှ ပြောင်းဖူးရိုးကို ခြေကန်ချွတ်လိုက်သည် ။ ပြီးနောက် နွားမကြီးပါးစပ်တေ့ပြီး

“ဟေ့…ဟာမကြီး၊ ရော့ ဒီမှာ နင့်ပစ္စည်း”

ဆိုကာ ထိုးထည့်ပေးလိုက်သည် ။

“အဟုတ်ဟ”

သူ့ပြောင်းဖူးရိုးလည်း ပြန်ရရော နွားမကြီးက ‘ဝမ်းဘော’ဟု ဝမ်းသာအားရ တစ်ချက် အော်ကာ ငြိမ့်ငြိမ့်ကလေး ပြန်ထွက်သွားတော့သည် ။ ထိုတော့မှ ကျွန်တော်လည်း လုပ်စရာရှိသည့် အလုပ် ဆက်လုပ်ဖြစ်တော့သည် ။

ပြောင်းဖူးကြီးယူကာ အိပ်ဇောဝတေ့ကြည့်၏။

“အင်း…ဒီကောင်ကြီးဆို စားပြီးရင်တောင် အိပ်ဇောထဲဝင်မှာ မဟုတ်ဘူး ”

“ဒါမယူဘူး၊ ဒီထက်သေးတာ နောက်တစ်ဖူးပေး”

ပြောင်းဖူးသည် က နည်းနည်းသေးတာ တစ်ဖူးကမ်းပေး၏။ ကျွန်တော် အိပ်ဇောဝ ကပ်ကြည့်သည် ။

“ဟင်…ဒါက သိပ်သေးသွားပြီ၊ မရဘူး၊ ဒီထက်နည်းနည်းလေးကြီးတာပေး၊ နည်းနည်းလေး ကြီးရင်ကို ရပြီ”

“ဒီမှာ ”

ပြောင်းဖူးသည် အော်သံ။ ကျွန်တော် ပြောင်းဖူးကြီးကိုင်ပြီး သူ့ကို ပြန်ကြည့်မိသည် ။

“ခုနကတော့ ပြောင်းဖူးကြီးကို နွားကျွေးပြီး အခုနွားမရှိတော့ ဆိုင်ကယ်ကို ပြောင်းဖူး ကျွေးနေပြန်ပြီ။ အဲဒါဘာလုပ်တာလဲ။ ရှင်ပဲချောင်နေတာလား၊ ကျွန်မကိုပဲ ကျပ်နေတာလား”

ပြောင်းဖူးသည် က ထအော်သည် ။ ဟုတ်လည်း ဟုတ်သည် ။ နွားတစ်လှည့် ဆိုင်ကယ် တစ်လှည့် ပြောင်းဖူးကျွေးနေသည် ကို ကြည့်ပြီး ဒီကောင် တော်တော်တော့ ‘ကောင်းနေပြီ’ဟု ထင်နေပုံရ၏။

“ဟာ…မဟုတ်ပါဘူးဗျာ၊ ကိုယ့်အလုပ်ကိုယ်လုပ်နေတာပါ၊ ပေး ပေး ဟိုတစ်ဖူးပေး”

“ရော့”

ပြောင်းဖူးသည် က လက်ထဲကိုင်ထားသော ပြောင်းဖူးကို ဆောင့်ကြီးအောင့်ကြီး ထိုးထည့် ပေးသည် ။

“ဟင်”

ပြောင်းဖူးရိုးက ချောင်ပြီး အိပ်ဇောထဲကို ဖလွတ်ကနဲ ဝင်သွား၏။

“ဟာ…သွားပြီဟ”

ထိုတော့မှ ပုံပြောင်းစိုးဝင်း၏ စေတနာကို အပြည့်အဝကြီး နားလည်နိုင်တော့၏။

“နောက်တစ်ဖူးပေးဦး၊ နည်းနည်းကြီးတာပေး”

“ရော့…တော်ပြီလား၊ တော်ပြီဆိုသွားတော့မယ်၊ ကျုပ်က မုန့်လုပ်ဆောင်းသည် တွေလို မဟုတ်ဘူး စားအပြီး ပန်းကန်အသိမ်းကို စောင့်နေနိုင်တာ မဟုတ်ဘူး ၊ လိုချင်ထပ်ယူထား၊ ဒါပဲ”

ပြောင်းဖူးသည် ၏ စကားကျွန်တော်လည်း မသေချာမှာ စိုး၍ ပြောင်းဖူးနောက်သုံးဖူး ဆောင်ထားလိုက်သည် ။

“ရော့…ဒီမှာ လေးဖူးဖိုး”

“ကျန်းမာပါစေ၊ ချမ်းသာပါစေတော်၊ တကတည်း ဆိုင်ကယ်ကို ပြောင်းဖူးကျွေးတဲ့ လူ ဒီတစ်ယောက် တွေ့ဖူးတယ်၊ လိပ်ကို ဆေးလိပ်တိုက်ရင်မှ ဟုတ်သေး”

ပြောင်းဖူးသည် က ဆုတွေတသီကြီးပေးပြီး ထွက်ချသွား၏။

ကျွန်တော်လည်း လမ်းဘေးထိုင်ပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေလိုက်သည် ။ အလုပ်ကား အလုပ်ကြီး။ အိပ်ဇောဝနှင့် တော်သော ပြောင်းဖူးထိုင်စားနေခြင်းပင်။ ဤသည် ကလည်း လွယ်ကူလှသော အလုပ်တော့မဟုတ်။ အစေ့များ ဖုံးနေ၍ အတွင်းမှ ပြောင်းဖူးရိုးကို မမြင်ရ၍ ဖြစ်နိုင်ချေရှိသည် များကို စိမ်ပြေနပြေ ချိန်စားနေရသည် ။ အရိုးက အနေတော်ဖြစ်ပါလျက် သွားကလွန်၍ ကိုက်မိပြန်လျှင်လည်း အရွယ်က တော်တော့မည်မဟုတ်။ ထို့ကြောင့် အပြစ်အနာအဆာမရှိအောင် မနည်း ချိန်စား နေရလေသည် ။

ကလေးမဟုတ် သူငယ်မဟုတ်နှင့် ဆိုင်ကယ်အိပ်ဇောဝကို တစိမ့်စိမ့်ကြည့်ပြီး ပြောင်းဖူးထိုင်စား နေသော ကျွန်တော့်ကို လူအများက တအံ့တသြ ကြည့်သွားကြသည် ။

နှစ်ဖူးမြောက်စားပြီး ဗိုက်အတော်တောင့်မှ အိပ်ဇောဝနှင့် အရွယ်တော် ပြောင်းဖူးရိုးတစ်ခု သန့်သန့်ကို ရရှိလေသည် ။

“ကွက်တိ”စိုးဝင်းပြောင်းဖူးထက်တောင် ပိုညိသေး။

ပိုမိုတင်းကြပ်စေရန် ပြောင်းဖူးရိုးကို ဖနောင့်နှင့် နှစ်ချက် သုံးချက်ဆင့် ကန်ထည့် လိုက်လေသည် ။

“အင်းဟာ…အင်းဟာ ဒီလောက်ဆို ကျွတ်နိုင်တော့ရိုးလား”

“ဟား…ဟား”

မိမိ၏ အောင်မြင်မှုကိုပင် ပီတိဖြစ်နေမိသည် ။

“ပြီးပြီ၊ နွားမလည်း ရှင်းပြီ၊ ဆိုင်ကယ်သံလည်း ညက်သွားပြီ၊ ဘယ်ကိုခြေဦးလှည့်ရပါ့”

မပါမဖြစ် မျက်မှန်နက်ကြီးကိုတပ်ပြီး သွားစရာလမ်းရှာလိုက်သည် ။ တောင်ပေါ်ဘက် သွားရမလား၊ မြစ်ဘက်ပဲ ခြေဦးလှည့်ပြီး လေညင်းခံလျှင် ကောင်းမလား။ မြို့ထဲဘက်ပဲ ရွှေ့မလား ဘယ်သွားသွားရနေပြီ။ အိပ်ဇောနှင့် ကိုက်အောင် ပြောင်းဖူးစားထားသည့် အတွက် ဗိုက်ကလည်း တင်းနေပြီ။ ဘာလုပ်လုပ် တင့်တယ်သည့် အနေအထား။

“ဟုတ်ပြီ…ချစ်သူဆီ ခြေဦးလှည့်ရမယ်”

အပျော်လွန်ပြီး ဆိုင်ကယ်ပေါ် တက်ခွလိုက်သည် ။ ပြီးနောက် စက်ကိုနှိုး၍

“ဝှီး…ထုတ် ထုတ် ထုတ်”

ဆိုင်ကယ်စက်သံက ညက်ညက်ကလေး။

ဂီယာထိုးလိုက်သည် ။ စတိုင်လ်ကအကျ။ မေးစေ့က ဆီတိုင်ကီထဲမှာ ။

* * *


ဝန်ဇင်းချစ်သူများ ၏ “ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။