Cover

စာရေး သူ၏ အမှာ

နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျင့်ပျက်ခြစားမှု ကင်းစင်ခြင်း ဆိုသည်မှာ အရေး ပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဤစာအုပ်ကို ရေး သား ရာ၌ အနည်းဆုံးလူသား တစ်ယောက် မှ အများ ဆုံးလူများ စွာ အကျင့်ပျက်ခြစား ခြင်းမှ ကင်းဝေးအောင်စွမ်းဆောင်နိုင်မည် ဟု ယုံကြည်မိပါသည်။

ဤသို့ စွမ်းဆောင်နိုင်ခြင်းသည် ဖွံ့ ဖြိုးရေး ကို အနည်းဆုံး အုပ်တစ်ချပ် သဲတစ်ပွင့်စာပမာဏ အထောက်အကူ ဖြစ်လိမ့်မည် ဟု ကျွန်တော် မျှော်လင့် ယုံကြည်ပါကြောင်း . . .

ဒေါက်တာထွန်းဝင်း

******

စာရေး သူ၏ ဝန်ခံချက်

ထိပ်တန်းစာရင်းဝင် စာရိတ္တ ဂုဏ်ဒြပ်ပိုင်ရှင်များ စာရင်းကို အတိအကျ ပြုစု၌ နံပါတ်စဉ်တတ်ထားသော သုတေသနစစ်တမ်းမရှိရာ စာရိတ္တကောင်းသူ များ ကို လက်လှမ်းမှီသရွေ့သာ ရေး သားရပါ၍ ဤစာအုပ်၌ မပါသော ထိပ်တန်း စာရိတ္တပိုင်ရှင်တွေ များ စွာ ရှိပါလိမ့်မည် ။

ကျွန်တော် ကတော့ စာရိတ္တထိပ်တန်းစာရင်း၌ မပါဝင်ပါကြောင်း ဝန်ခံအပ်ပါသည်။

ဒေါက်တာထွန်းဝင်း

******

စာရေး သူ၏ ကိုယ်ရေး အကျဉ်း

ပညာအရည်အချင်း

-M.B.B.S.,H.G.P Dip.D.S.,M.P.A

ထမ်းဆောင်ခဲ့သည့် တာဝန်များ -

ကိုယ့်အားကိုယ်ကိုး ပြည်သူ့ဆေးရုံ တာဝန်ခံ၊ NGO ဆေးရုံ၏ ဆေး အရာရှိ WHO,UNO-PSနှင့်INGO စီမံကိန်းများ တွင် မြို့နယ်စီမံကိန်း ညှိနှိုင်းရေး မှူး၊ အမျိုး သားစီမံကိန်း ညှိနှိုင်းရေး မှူးတာဝန်ခံ များ ၊ လူသားအရင်းအမြစ် စီမံခန့်ခွဲ ရေး မန်နေဂျာ၊ လူသားအရင်းအမြစ် စီမံခန့်ခွဲရေး ကိုယ်ပိုင်သင်တန်း။

တွေ့ ကြုံခဲ့သော အလုပ်ရုံဆွေးနွေးပွဲများ -

နိုင်ငံခြားသားများ နှင့်အတူ တက် ရောက်ခဲ့သော ဝပ်ရှော့၊ ညီလာခံ၊ အပြည်ပြည်ဆိုင်ရာ ညီလာခံအရေ အတွက် ၅ဝ ခန့်၊ မိမိကိုယ်တိုင် ဦးစီ၍ INGO၊ပြည်တွင်းNGO ကုမ္ပဏီ၊ တောင်သူဦးကြီးများ ကို ကျင်းပပေးခဲ့သော ဝပ်ရှော့အရေ အတွက် ၅ဝ ခန့်။

လက်ရှိအလုပ်အကိုင်-

စာရေး ဆရာ အ ဖြစ်လုပ်ကိုင်လျက်ရှိ ပြီး Human Resoure Man-agement, Admin Manage-ment, ProJect Cycle Man-agement,Good Governance & Public Policy,Policy Making For Companies ဘာသာရပ်အတွက် NGO များ နှင့်ကုမ္ပဏီများ သို့ Freelance Training Consultant အ ဖြစ် လုပ်ကိုင်လျက်ရှိသည်။

ရေး သားခဲ့သော ဆောင်းပါးပုဒ်ရေ-

၁ဝဝဝ ခန့်

ရေး သားပြီးလုံးချင်း-

၃ဝ အုပ်

မြန်မာမဂ္ဂဇင်းများ တွင် စတင်ရေး သားသော ခုနှစ် -

၁၉၈၇ - ခုနှစ်

နိုင်ငံခြားမဂ္ဂဇင်းတွင် စတင်ရေး သား သော ခုနှစ် -

၂၀၀၀ခုနှစ်

မိမိဘဝမျှော်လင့်ချက် -

လူ့ဘဝဝယ် မသေမီစပ်ကြား၌ ပျား ရည်ထုတ်လုပ်ပေးသော ပျားတစ် ကောင်လောက်တော့ အနည်းဆုံး တန်ဖိုးရှိချင်သည်။

ဤစာအုပ်အတွက် မျှော်လင့်ချက်အတိုင်းအတာ-

ဖွံ့ဖြိုးသော တိုင်းပြည် တည်ဆောက် ရာတွင် အနည်းဆုံး အုတ်တစ်ချပ် သဲတစ်ပွင့်ပမာဏ။

******

ဒီမိုကရေစီခေတ်မှာ မှန်ကန်သော နည်းလမ်းဖြင့် ကြွားလုံးထုတ်ကြပါစို့

ကျွန်တော် တို့ မြန်မာနိုင်ငံသည် ယခုအခါ ဒီမိုကရေစီလမ်းကြောင်းပေါ် တွင် ဖွံ့ဖြိုးရေး ဖြစ်ထွန်းရန် ချီတက်နေပါသည်။ ကြွားဝါခြင်းဆိုတာကလည်း ပုထုဇဉ်သဘာဝ ဖြစ်၍ ဖျောက်၍ မရပါ။ ကြွားဝါတာမကောင်းဘူးဟု ထင်ကြသူ များ ပါလိမ့်မည် ။ သို့သော် မှန်ကန်စွာ ကြွားဝါတတ်ပါက ဖွံ့ဖြိုးရေး ရလဒ်ကို မြန်မြန်ရပါမည် ။ လွဲမှားစွာ ကြွားဝါရင်တော့ ဖွံ့ ဖြိုးရေး အဟန့်အတား ဖြစ်ပါမည် ။

သို့ပါ၍ မှန်ကန်စွာ ကြွားဝါရေး ဆိုတာ နည်းနည်း လောက်တော့ တင်ပြချင် ပါသည်။ မှန်ကန်စွာ ကြွားဝါခြင်းကို မတင်ပြမီ လွဲမှားစွာ ကြွားဝါခြင်းကို နည်းနည်း တော့ တင်ပြပါရစေ။ လွဲမှားစွာ ကြားဝါသော ဥပမာတစ်ခု-

ကျွန်တော် ၏ ဇနီးသည် သူမအပျိုဘဝက ရွှေငွေ၊ လက်ဝတ်လက်စား မဝတ်ဘဲ အလှူအတန်းမင်္ဂလာပွဲသွားရမှာ ရှက်သည်ဟု ဆိုပါသည်။ ကျွန်တော် ကတော့ ရွှေ၊ ငွေလက်ဝတ်ရတနာဆိုတာ ကြွားစရာ မဟုတ်ဟု ယုံကြည်သည်။

မိန်းကလေးအချင်းချင်းကြွားဝါကြရာမှ ကြားထဲက သားကောင် ဖြစ်ရသူ

သနားစရာကျွန်တော်

ကျွန်တော် နှင့် ကျွန်တော် ၏ ဇနီးတို့ လွန်ခဲ့တဲ့ ၁ဝ နှစ် ခန့်က လက်ထပ် ခဲ့ရာ သူမ မကြာခဏပြောလေ့ရှိသော စကားကို ရေး ပြရပါသော်

ဇနီးသည် ။ ။ ယောက်ျားရေ

ကျွန်တော် ။ ။ ဘာလဲကွ

ဇနီးသည် ။ ။ ရှင်မယားငယ်ယူဖို့တော့ စိတ်မကူးနဲ့နော်

ကျွန်တော် ။ ။ အေးပါကွာ။

ဒီလိုနဲ့ စကားပြတ် သွားပါတယ်။ နောက်သုံးရက်လောက်ကြာတော့ ဒီလို စကားပဲထပ်ပြောပြန်တယ်။ ဒီလိုပြောလာတာ ဆယ်နှစ် ရှိပြီ။ ဒီတော့ ကျွန်တော် စဉ်းစားတယ်။ ကျွန်တော့် ဇနီးသည် မုန့်ကိုသာဝေစားမယ်၊ လင်ကိုတော့ ဝေမစား ဘူးဆိုတဲ့ မိန်းမမျိုး။

ဘဝရှင် မင်းတုန်းမင်းတရားကြီး၏ မိဖုရားခေါင်ကြီး စကြာဒေဝီမိဖုရား ကြီးက မင်းတုန်းမင်းကြီးအပေါ်ထားသော မေတ္တာထက် ကျွန်တော် ၏ ဇနီးက ကျွန်တော့် အပေါ်ထားတဲ့ မေတ္တာကသာတယ်လို့ ကျွန်တော် ထင်ပါသည်။ မင်း တုန်းမင်းကြီး၏ မေတ္တာကိုမိဖုရားခေါင်ကြီးက တခြားမိဖုရားတွေ ကို ခွဲပေး၏ ။ ကျွန်တော် ၏ ဇနီးကတော့ ကျွန်တော် ၏ မေတ္တာကို ဘယ်သူ့ကိုမှ ခွဲမပေးပါ။ ဒီတော့ ကျွန်တော် က ဒါဟာ ငါ့ကိုမေတ္တာထားလို့သဝန်တိုတာပဲဆိုပြီး ဇနီးကို ချီးကျူးလိုက်ပါသည်။ ဒါပေမဲ့ တကယ်တော့ ကျွန်တော် ထင်သလိုမဟုတ်၊ ကျွန်တော့် ဇနီးသည် သူမတို့မိတ်ဆွေအချင်းချင်း ကြွားးဝါကြရာ နင့်လင်က ဘာကောင်လဲ၊ ငါ့လင်က ဘာကောင်လဲ ဆိုတာမျိုးကြွားတတ်ကြသည်။ ထို့ပြင် တစ်ခါတစ်ရံ အတင်းပြောတတ်ကြသည်မှာ

'ဟေ့ ဟိုကောင်မလေ . . .သူလင်က ကုန်သည်ဟဲ့၊ ဒါပေမဲ့ မယားက နှစ် ယောက် တဲ့ ။ သူက နံပါတ်ဝမ်းလား။ တူးလားမသိဘူး'ဆိုပြီး ကဲ့ရဲ့တာရှိသည်။

ဒီတော့ ကျွန်တော် မယားငယ်ယူရင် ဇနီးသည်က ဒါမျိုးအပြောခံရမှာ ကြောက်သည်။ ဒါကြောင့် ကျွန်တော့် ကို မယားငယ်ယူခွင့်တားမြစ်ထားသည်။ ကျွန်တော် ထင်သလို ကျွန်တော့် ကို မေတ္တာရှိလွန်းလို့တော့မဟုတ်ပါ။ ကဲ . . . ကောင်းနိုင်ကြပါသေးရဲ့လား စာရှုတို့ခင်ဗျား။ ဒါကြောင့် ကျွန်တော် လည်း စိတ် နာ၍ အောက်ပါကဗျာကို စပ်လိုက်၏ ။

ကဗျာ

လင်းချင်းရယ် ပြိုင်

အနိုင်လိုချင်ပါပေ့

ငါဟေ့လို့ ကြွေးကြော်တယ်

ဧကရီ (တစ်ဦးတည်းသော )ဇနီးသည်ပါကွယ့်ကြွားဝါတဲ့ ပွဲဟု ကဗျာ စပ်မိပါ၏ ။

ကျွန်တော့် ဇနီးသည်က နယ်ကပါ။ ကျွန်တော် က ရန်ကုန်သားပါ။ ဒီတော့ ကျွန်တော့် ဇနီးကကြွားတတ်သည်မှာ 'ဟဲ့ . . .ငါ့လင်က ရန်ကုန်သား ဆရာဝန် ဟဲ့'လို့ ကြွားတတ်ပါတယ်။ ဒါကို ကျွန်တော် သိတော့ ကျွန်တော် က ပြောသည် မှာ ၊ 'ဟေ့မိန်းမရယ်၊ မင်းရဲ့လင်က ရန်ကုန်သား ဆရာဝန်ဆိုပေမယ့် ပါရဂူလဲ မဟုတ်ပါဘူး' ဆေးခန်းမဖွင့်လို့ ဆေးပညာလဲမေ့ကုန်ပါပြီ။ လမ်းဘေးမှာ ထီးထမ်း ပြီး လမ်းလျှောက်တဲ့ ဆရာဝန်ပါကွယ် မကြွားပါနဲ့'လို့ တားခဲ့ပါတယ်။ ဒီတော့ ဘယ်လိုကြွားလဲဆိုတော့ 'ငါ့လင်က စာရေး ဆရာ၊ စာရေး တဲ့ အလုပ်တစ်ခုထဲနဲ့ ထမင်းစားနိုင်တယ်'လို့ ကြွားတတ်ပါတယ်။ တကယ်တော့ ကျွန်တော် ဟာ လုံးချင်း စာအုပ် ၁၈ အုပ်ရေး ဖူးသော်လည်း စာရေး တာတစ်ခုတည်းနဲ့တော့ ထမင်းမစား

နိုင်သေးပါ။ ဒါကြောင့် မိန်းမကို မကြွားဖို့ပြောတော့ မိန်းမက'အိုတော် စာရေး တာ တစ်ခုတည်းနဲ့ ထမင်းစားနိုင်တာ ဟုတ်၊ မဟုတ် ဘယ်သူသိတာမှတ်လို့။ ရှင့် ပါးစပ်ပိတ်ပြီး အသာနေစမ်းပါတော် 'လို့ ဆိုပါတယ်။ သို့နှင့် ကျွန်တော် ကလည်း ပါးစပ်ပိတ်ပြီး ဆောင်းပါးရေး လို့ ကျွန်တော် တို့ လင်မယားဟာ ရှေ့ကဖုံး၊ နောက် ကပေါ် ဖြစ်ပြီး ခဏခဏရန် ဖြစ်လေ့ရှိပါတယ်။

ကျွန်တော့် ရဲ့ မိတ်ဆွေအမျိုးသမီးရဲ့ ကြွားပုံကတော့ ဒီလိုပါ၊ တစ်နေ့ တော့ ကျွန်တော် တို့အိမ်မှာ ဆွမ်းကျွေးလုပ်လို့ သူမကို ဖိတ်တယ်။ သူမက ဘာလက်ဝတ်လက်စားမှ မဝတ်ဘဲလာတယ်။ ပြန်ခါနီး မှာ ပိုက်ဆံအိတ်ကိုဖွင့်ပြီး သူ့လက်ဝတ်လက်စားတွေ ကိုပြတယ်။

လက်ဝတ်လက်စားတွေ မဝတ်တာက လုံခြုံရေး အတွက်ပါ။ သို့သော် ရှိကြောင်းလည်း သိစေချင်တယ်။

ဒီတော့ သူမရဲ့ ကြွားနည်းလေးက ပညာပါတယ်။

စာရေး ဆရာကြီး လူထုစိန်ဝင်း၏ ဂုဏ်ယူနည်းအမှန်

ဆရာကြီးလူထုစိန်ဝင်း ပြောဖူးတာကတော့ 'ရှိတာမှ သီလပဲရှိတာ၊ သီလကို စွန့်လွှတ်လိုက်ရင် လောကကြီးမှာ ဘာကျန်တော့မှာ လဲ'လို့ ဆိုပါတယ်။

သူ့မှာ သီလဆိုတာ တစ်ခုပဲရှိတယ်လို့သူက ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ သီလက ကမ္ဘာပေါ်မှာ အမြတ်ဆုံး အရာ ဖြစ်ပါတယ်။ တကယ်ဂုဏ်ယူရမှာ က သီလဂုဏ်ပါ။

လူ တစ်ယောက် ဟာ သီလဂုဏ်ကို ကြွားချင်ရင်တော့ နည်းမှန်လမ်းမှန် ကြွားနည်းမှန် ဖြစ်ပါတယ်။

စာရေး ဆရာကြီး အီကြာကွေး၏ နည်းမှန်လမ်းမှန် ကြွားနည်းအမှန်

ဆရာကြီး အီကြာကွေးရေး တဲ့ ဆောင်းပါးတွေ မှာ သူ့ရဲ့ ဆင်းရဲပုံကို ရေး လေ့ရှိပြီး အိမ်မှာ မွေးတဲ့ ခွေးကိုတောင် အစာမှန်မှန်ကျွေးရန် ခက်ခဲစွာ ရုန်းကန် ရပုံကို ရေး ပါတယ်။

ဒီကိစ္စကို ဥာဏ်မျက်စိနဲ့ကြည့်ရင် အီကြာကွေးဟာ အကျင့်ပျက်သူ၊ ခိုးသူမဟုတ်ပါဘူး။ ရိုးရိုးသားသား ဆင်းဆင်းရဲရဲနေတယ်။ သူကွယ်လွန်ခါနီး မှာ 'အီကြာကွေးကို ဘာထင်လဲ'ဆောင်းပါးရေး သွားပါတယ်။ ဒါဟာ မှတ်ကျောက် တင်ခံဝံ့တယ်ဆိုပြီး စိန်ခေါ်လိုက်တာပါ။ ဒီလိုစိန်ခေါ်ရဲတာ နည်းမှန်လမ်းမှန်ကြွား နည်းပါ။

မှားယွင်းသော ကြွားနည်း၏ အကျိုးဆက် ဥပမာ

ဥပမာ-မိန်းမ တစ်ယောက် သည် စိန်၊ ရွှေ၊ ငွေ လက်ဝတ်လက်စားတွေ ဝတ်ချင်သည်ဆိုပါစို့။ ပိုက်ဆံရှိလေ ဂုဏ်ရှိလေဟု ထင်ရင် သမာအာဇီဝနည်းနဲ့ ရှာရင်တော့ ကောင်းပါတယ်။ သမာအာဇီဝရဲ့ စွမ်းရည်နဲ့ငွေရှာနိုင်မှု အတိုင်းအတာ ကို ကျော်လွန်ပြီး ကြွားချင်ရင်တော့ အကျင့်ပျက်ခြစားရပါမယ်။

ဒီတော့ လင်သားကို အကျင့်ပျက်ခြစားခိုင်းရင်ခက်ပြီပေါ့။

ဇနီးသည်တို့၏ မှန်ကန်သော ကြွားနည်းများ ဥပမာများ မှာ

- ငါ့လင်က သမာအာဇီဝလုပ်တယ်။

- ငါ့လင်က စေတနာမှန်တယ်။

- ငါ့လင်က အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်သူ ဖြစ်တယ်။

အထက်ပါနည်းများ အတိုင်း ကြွားလိုပါက တိုင်းပြည်မှာ သီလရှိသူ၊

စေတနာမှန်သူ၊ အမှန်တရားကို မြတ်နိုးသူတွေ ပေါများ လာပြီး တိုင်းပြည်ဖွံ့ ဖြိုး ပါမယ်။

ဒါကြောင့် မှန်ကန်သော ကြွားနည်းသည် တိုင်းပြည်ဖွံ့ဖြိုးရေး နှင့် ဆက် စပ်နေပါသည်။

ထို့ကြောင့် ကြွားလုံး လမ်းညွှန်ကဗျာတစ်ပုဒ်ကို တင်ဆက်ပါရစေလား။

ကြွားလုံးလမ်းညွှန်ကဗျာ

နည်းမှန်၊ လမ်းမှန်

ကြွားလုံးမှန်

ဧကန်တိုးတက်မည်

နည်းမှား၊ လမ်းမှား

ကြွားလုံးများ

ငါးပါးမှော က်လိမ့်မည် . . .ဟု ကဗျာစပ်ပါရစေ။

ပုထုဇဉ်တိုင်း ကြွားတတ်ပါသည်။ နည်းနည်း ကြွားတာနဲ့ များများ ကြွားးတာ ပဲ ကွာပါသည်။ တစ်ဖန် နည်းမှန်လမ်းမှန်ကြွားတာနဲ့ နည်းမှား လမ်းမှားကြွားတာ လည်း ကွာပါသည်။

လုံးဝမကြွားတတ်သူသည် ပုထုဇဉ်အဆင့်ထက်မြင့်သော တရားရှင် ဖြစ် ပါလိမ့်မည် ။

ကျွန်တော် မောင်ထွန်းဝင်းလည်း ကြွားတတ်ပါသည်။ ပုထုဇဉ်ကိုး။ ဤ ဆောင်းပါးကို စာရှုသူတို့ ဖတ်ကြည့်ပါက ဥာဏ်မျက်စိနဲ့ ဆင်ခြင်သော် စာရေး ဆရာ ကျွန်တော် သည် မိမိကိုယ်မိမိရိုးသားသူ ဖြစ်ကြောင်း သွယ်ဝိုက်ကြွားဝါထား တာကို စာရှုသူတို့ မြင်နိုင်ကြပါလိမ့်မည် ။

ကြွားလုံးထုတ်ရန် သမိုင်းပေးတာဝန်

ကျွန်တော် တို့သည် ရှင်ပြုတုန်းက ရွှေထီးဆောင်းရတာ ကို ကြွားရန် မလိုပါ၊ ဒါပေမယ့် ကိုရင်ဝတ်တုန်းက ဆယ်ပါးသီလလုံခဲ့ရင်တော့ ကြွားမှ ဖြစ် မယ်။ ဒါမှလည်း နောင်လာနောက်သားလူငယ်လေးတွေ အတုယူမှန်ပြီး သီလ လုံကြမှာ ဖြစ်ပါတယ်ဟု ဆိုချင်ပါကြောင်ျး

Vens News

အတွဲ ၄၊ အမှတ် ၉၊ စက်တင်ဘာ၊ ၂ဝ၁၂။

******

စာရိတ္တသက်လုံနှင့် အခြားသက်လုံအမျိုးမျိုး

ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် ကို တည်ဆောက်ရာမှာ နိုင်ငံသားများ သက်လုံကောင်းရန် လိုပါတယ်။ သက်လုံဆိုတာကတော့ အားကစားလောကမှာ အပြောများ ပါတယ်။ ဥပမာ လက်ဝှေ့ထိုးရာမှာ အမောမခံနိုင်တော့ဘူး၊ အမော ဖောက်လာတယ်ဆိုရင် သက်လုံမကောင်းလို့ဆိုပါတယ်။ သက်လုံကို အင်္ဂလိပ်လို Stamina လို့ခေါ်ပြီး အဓိပ္ပာယ်ကတော့ အောက်ပါအတိုင်းပါ။

Physical or Mental Strenght Yhat Enables You To Do Something Difficult for Long Period of Time.သက်လုံဆိုသည် မှာ ခက်ခဲသော အလုပ်ကို အချိန်ကြာမြင့်စွာ လုပ်နိုင်သော စိတ်ဓာတ် သို့မဟုတ် ကာယခွန်အားကို ဆိုလိုသည်လို့ ဆိုပါတယ်။ စာရိတ္တသက်လုံအကြောင်း တင် ပြရမယ်ဆိုရင်တော့ စာရိတ္တ ကျင့်ဝတ်ကို စောင့်ထိန်းတယ်ဆိုတာလည်း ခက်ခဲ တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ စောင့်ထိန်းရန် လွယ်ကူတဲ့ အခြေအနေမှာ စာရိတ္တ စောင့်ထိန်းတာ မထူးဆန်းပါဘူး။ ဥပမာ အတိတ်ကာလတုန်းက ကုန်ဈေးနှုန်းက ရွှေတစ်ကျပ်သားကို ကျပ်သုံးရာလောက်ဈေးရှိတဲ့ အချိန်မှာ အရာရှိ တစ်ယောက် ဟာ လခ ကျပ် ၆ဝဝ ရရင် တစ်လကို ရွှေနှစ် ကျပ်သားလောက်ရသလိုရှိပါ တယ်။ ဒီတော့ လခနဲ့လောက်ပါတယ်။ ဒီတော့ သူဟာ အကျင့်ပျက်ခြမစား ဘူး။ စာရိတ္တကောင်းနေတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ကုန်ဈေးနှုန်းတက်ရင်းနဲ့ ရွှေတစ်ကျပ်သားကို ကျပ် ၃ဝဝဝ လောက် ဖြစ်လာရင် လခနဲ့မလောက်တော့ ဘူး။ ဒီတော့ စာရိတ္တပျက်မယ်။ ဆင်းရဲဒဏ်ကို တောင့်မခံနိုင်ဘူး၊ ဒီတော့ စာရိတ္တ သက်လုံ မကောင်းဘူးလို့ ခေါ်ရမယ်။ ရွှေတစ်ကျပ်သားကို ကျပ် ၁ဝဝဝဝ လောက် ရောက်တဲ့ အထိ စာရိတ္တကောင်းနေသေးရင် သီလသက်လုံပိုကောင်းတယ်ခေါ် ရမယ်။ ရွှေတစ်ကျပ်သားကို ကျပ် ၅ဝဝဝဝဝ လောက် ဖြစ်တဲ့ အထိ စာရိတ္တ ကောင်းနေရင်တော့ သက်လုံသိပ်ကောင်းပါတယ်။ စာရိတ္တသက်လုံ သိပ်ကောင်း တဲ့ ကျောင်းဆရာအိုကြီးတွေ ကျွန်တော် တွေ့ ဖူးပါတယ်။

စာရိတ္တသက်လုံနှင့် စာရိတ္တမဏ္ဍိုင် အဓိပ္ပာယ်အနည်းငယ်ကွာခြားပုံ

မဏ္ဍိုင်ဆိုတာကတော့ မယိုင်လဲသော သဘောရှိပါတယ်။ စာရိတ္တ မဏ္ဍိုင်က အကျင့်ပျက်ခြစားနိုင်သော အခွင့်အရေး ရှိပါလျက်နဲ့ မစားတာကို စာရိတ္တ မဏ္ဍိုင်လို့ ခေါ်ပါတယ်။ ခြစားတယ်ဆိုတာကလည်း စားချင်တိုင်းစားလို့ရတာ မဟုတ်ဘူး။ အခွင့်အရေး (Opportunity) ရှိမှ စားလို့ရပါတယ်။

လူ တစ်ယောက် ဟာ သင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းကို ရောက်သွား တယ်ဆိုပါတော့။ အဲဒီ ကျွန်းပေါ်မှာ အရက်မရှိဘူး။ ဒီတော့ အရက်မသောက်တဲ့ သိက္ခာပုဒ် ထိန်းနိုင်တာ နည်းနည်း ပဲ ချီးကျူးသင့်တယ်။

အရက်ဆိုင်ဘေးမှာ နေပြီး အရက်သမားမ ဖြစ်ဘူးဆိုရင်တော့ အခွင့်အရေး ရလျက်နဲ့ အရက်မသောက်ဘဲ သီလလုံတော့ စာရိတ္တမယိမ်းယိုင်လို့ မဏ္ဍိုင်လို့ ခေါ်ပါတယ်။

နိုင်ငံရေး သက်လုံဆိုသည်မှာ ဘာလဲ

ဒီမိုကရေစီလမ်းကြောင်းကို လျှောက်နေတဲ့ ခေတ်မှာ နိုင်ငံရေး ကို စိတ် ဝင်စားသူ လူငယ်တွေ များ ပြားလာပါတယ်။ ဒါပေမဲ့ တကယ်နိုင်ငံရေး လုပ်မယ် ဆိုရင်တော့ နိုင်ငံရေး သက်လုံ ဆိုတာဟာလည်း အရေး ကြီးပါတယ်။ နိုင်ငံရေး သမားတိုင်း ကံမကောင်းနိုင်ပါဘူး။ ကံကောင်းသူလည်း ရှိပါတယ်။ ဥပမာ အမေ ရိကန်ရဲ့ လူမည်းသမ္မတကြီး အိုဘားမားဟာ အတွေ့ အကြုံနုနု၊ လုပ်သက်နုနုနဲ့ သူ့ထက်ဝါရင့်တွေ ကို ကျော်ဖြတ်ပြီး အပြောကောင်းကောင်းပြောပြီး သမ္မတရာထူး ကို သိမ်းပိုက်ခဲ့တယ် ။ ဒါပေမဲ့ အမေရိကန်မှာ လူဖြူ လူမည်းတန်းတူ အခွင့် အရေး ရဖို့ လူမည်းနိုင်ငံရေး သမား ဒေါက်တာ မာတင်လူသာကင်းတို့က သွေးနဲ့ ရင်းပြီး၊ အသက်ပေးပြီး လမ်းခင်းခဲ့ရတယ်။ တောင်အာဖရိကနိုင်ငံက သမ္မတကြီး နယ်ဆင်မန်ဒဲလားကတော့ လူဖြူ လူမည်း တန်းတူအခွင့်အရေး ရရေး အတွက် နိုင်ငံရေး လုပ်တာ ထောင်ထဲကို ဝင်လိုက် ထွက်လိုက်နဲ့ စုစုပေါင်း တွက်ကြည့် တော့ ထောင်နန်းစံရတာ ၂၇ နှစ် ကြာခဲ့ပါတယ်။ ဒါပေမဲ့ ထောင်ထဲကထွက်ပြီး နိုင်ငံရေး ကို လုပ်ပြန်တာပါပဲ။ ဒီတော့ နယ်ဆင်မန်ဒဲလားဟာ နိုင်ငံရေး သက်လုံ ကောင်းတယ်လို့ ခေါ်ပါတယ်။

ဆရာဝန်ဘဝရဲ့ သက်လုံဆိုသည်မှာ

ကျွန်တော် ကတော့ ၁၉၈၁ ခုနှစ် မှာ ဆ-မ လက်မှတ်ရ ဆရာဝန် ဖြစ် ခဲ့ပါတယ်။ ပြင်ပဆရာဝန်အ ဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ် ရောက်တော့ ကုလသမဂ္ဂနဲ့ NGo စီမံကိန်းတွေ မှာ ၁ဝ နှစ် တစ်ဆက်တည်း အလုပ်လုပ် တော့ ဆေးမကု ဖြစ်ပါဘူး။ စီမံကိန်းဝန်ထမ်းမလုပ်တော့တဲ့ အခါ အကြံပေး (Freelance Consultant To NGO) လုပ်ပြီး စာရေး ဆရာလည်း လုပ်ပြန် တော့ ဆေးမကု ဖြစ်တာ ယနေ့အထိပါပဲ။ ကျွန်တော့် မှာ နားကြပ်နဲ့ ဆေးထိုးအပ် မရှိပါဘူး။ ဒီတော့ ကျွန်တော် ဟာ ဆရာဝန်ဘဝမှာ သက်လုံမကောင်းသလို ဖြစ် ပါပကောလား။ မိမိက အထူးကုလည်း မဟုတ်တော့ ဒီခေတ်ကြီးမှာ လမ်းဘေး မှာ ဆေးခန်းဖွင့်ရုံနဲ့ လူနာနည်းလို့ မြေညီထပ်ဆေးခန်းအခန်းငှားခတောင် ကြေ ရန်မလွယ်ပါ။ အရေး ထဲ တချို့က လာပြီးသားကြောဖြတ်ပေးပါ၊ ကိုယ်ဝန်ဖျက် ပေးပါဆိုပြီး လာအကူအညီတောင်းကြသေးတယ်။ အခြားဆရာဝန်တွေ မလုပ် ရဲတဲ့ အလုပ်ကို မိမိလုပ်ပြီး ငွေများများ ယူရင်ရပါတယ်။ ဒါဆိုရင် ဆရာဝန်ဘဝ သက်လုံကောင်းသလို ဖြစ်နေမယ်။ ဒါပေမဲ့ အဲဒီ လို သက်လုံကောင်းမယ်ဆိုရင် ဘာနဲ့သဏ္ဌာန်တူလဲဆိုတော့ အားကစားသမား တစ်ယောက် ဟာ တားမြစ်ဆေး (ဥပမာ-စတီးရွိုက်ဆေး)သုံးလို့ အမောခံနိုင်ပြီး သက်လုံကောင်းသလို ဖြစ်နေ မယ်။ သက်လုံအတုကြီး ဖြစ်နေမယ်။

ရိုးရိုးတန်းတန်း ကျင့်ဝတ်နဲ့အညီ ဆေးကုပြီး ဆရာဝန်ဘဝမှာ ရပ်တည် နိုင်ပြီး သက်လုံကောင်းနေတဲ့ ရိုးရိုးအထွေထွေကု ဆရာဝန်တွေ လည်းရှိပါတယ်။ ဒါပေမဲ့ အဲဒီ လို အရည်အသွေးရှိတဲ့ ဆရာဝန်အုပ်စုထဲမှာ ကျွန်တော် မပါဝင်ပါ။ ဒါပေမဲ့ ကျွန်တော် စာရေး ဆရာလုပ်တော့ ကျန်းမာရေး ပညာပေး ဆောင်းပါးတွေ လည်း ရေး ပါတယ်။ ရေး ဆဲပါ။ ဒီတော့ ကလောင်ကိုင်ပြီး ဆေးကုတယ်လို့ ယူဆရင် ကျွန်တော့် ရဲ့ ဆရာဝန်ဘဝဟာ သက်လုံကောင်းစွာ ရှင်သန်နေဆဲပါ။

အမှားတစ်ခုကို ဖက်တွယ်ထားတာကိုတော့ သက်လုံကောင်းတယ်လို့ မဆိုချင်ပါ

တစ်ခါတုန်းက ဘိန်းဘုရင် အက်စကိုဘာရှိခဲ့ပါတယ်။ သူဟာ ဘဝ တစ်လျှောက် မူးယစ်ရာဇာလုပ်ခဲ့ပြီး ဘယ်တော့မှ နောင်တမရ၊ ဘယ်တော့မှ မပြုပြင်၊ ဘယ်တော့မှ အလင်းမဝင်ပါဘူး။ တစ်နေ့မှာ တော့ ရဲတပ်ဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ရင်း ကျဆုံး သွားပါတယ်။ လမ်းကြောင်းတစ်ခုကို အသေခံဖက်တွယ်သွား ပါတယ်။ ဒီလိုမျိုးဇွဲရှိတာကို သက်လုံကောင်းတယ်လို့ မဆိုချင်ပါ။

ရေသာခိုပြီး အကြာကြီးအလုပ်လုပ်ပြတာဟာ သက်လုံမဟုတ်ပါ

လုပ်ငန်းခွင်မှာ တချို့က မလုပ် မရှုပ် မပြုတ် ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ နေပြပါတယ်။ ဒီတော့ ရေသာခိုပြီး မှိန်းလိုက်သလို ဖြစ်ပြီး အန္တရာယ်ကင်းကင်းနဲ့ အကြာကြီးအလုပ်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးကလည်း သက်လုံမဟုတ်ပါ။

စာရေး ဆရာ တစ်ယောက် ၏ သက်လုံ

မင်းတုန်းမင်းကြီး လက်ထက်က ဗန်းမော်ဆရာတော် ဘုရားကြီးသည် ကဗျာစပ်အလွန်တော် သော စာရေး ဆရာကြီး ဖြစ်၏ ။ သို့သော် သူ၏ ကဗျာစပ်ပုံ က ရွှေနန်းတော် ထဲက အမြင်မတော် တဲ့ ကိစ္စမျိုးကို ကဗျာစပ်တာမျိုး ဖြစ်ရာ ရှင် ဘုရင်ကိုယ်တိုင် ခဏခဏ ကသိကအောက် ဖြစ်ရပါသည်။ သူ့ကို ကဗျာမစပ် ပါနဲ့လို့ ဘုရင်ကပြောခိုင်းလည်းမရပါ။ ဒီလိုနှင့် ဘုရင်က သည်းမခံနိုင်သည့်အဆုံး သူ့ကို မန္တလေးရွှေမြို့တော် ၌ လက်မခံတော့ဘဲ ဗန်းမော်သို့ပို့၏ ။

ဗန်းမော်တွင် သုံးနှစ် လောက်ကြာပြီး ဘုရင်စိတ်ဆိုးပြေ၍ သူ့ကို ပြန်ခေါ် ရာ မန္တလေးသို့ မလာတော့ဘဲ စစ်ကိုင်း၌ သီတင်းသုံး၏ ။ စစ်ကိုင်းရောက်တဲ့ အခါ ကဗျာပဲ ပြန်စပ်နေပါတယ်။ ထိုအခါ ဝါရင့်ဆရာတော် ကြိးတစ်ပါးက မှတ် ချက်ပြုတာကတော့ 'ဗန်းမော်တို့ကတော့ ကဗျာစပ်ပြီး လူလားမြောက်လာတာ၊ ကဗျာစပ်ရင်းနဲ့ပဲ ပျံလွန်တော် မူမှာ ပါပဲ'ဟု ဆိုပါ၏ ။

ဗန်းမော်ဆရာတော် ကြီးသည် ဘုရင်စိတ်ဆိုးမှာ တောင် မကြောက်ဘဲ တစ်သက်လုံး ကဗျာစပ်ခဲ့ရာ သက်လုံကောင်းသော စာရေး ဆရာ ဖြစ်၏ ။

သက်လုံကောင်းသူတို့၏ စရိုက်လက္ခဏာများ

သက်လုံကောင်းသူတို့သည် ဦးတည်ချက်မှန်၏ ။ ရေသာမခို၊ ယုံကြည် ချက်ကို မပြောင်းလဲ၊ အကြောက်တရားမရှိ၊ အနစ်နာခံသည်၊ သံကောင်းမဟစ်၊ ကျယ်ကျယ်မပြော၊ အဖျားရှူးမသွား၊ ပျာယာမခတ်၊ စိတ်တည်ငြိမ်၏ လက် မမြှောက်၊ အရှုံးမပေး၊ ဖြည်းဖြည်းမှန်မှန် အောင်ပွဲခံလေ့ရှိပါသည်။ အနာဂတ် တိုင်းပြည်ဖွံ့ ဖြိုးရန်အတွက် ယနေ့လူငယ်တွေ ကို သက်လုံဆိုင်ရာ ဒဿနများ စွာ နားလည်ပေးစေရန် သက်လုံကောင်းအောင် လေ့ကျင့်ပေးသင့်ပါသည်။

သက်လုံကောင်းသော နိုင်ငံသားတွေ များ ပြားရင် နိုင်ငံတော် ကြီး တိုး တက်မည် ဟု ဆိုချင်ပါကြောင်း။

Venus News

အတွဲ ၄၊ အမှတ် ၃၈၊ ဧပြီ၊ ၂ဝ၁၃။

******

သိမ်ငယ်ခြင်းအစစ်အမှန် နှင့် အောင်မြင်ခြင်းအစစ်အမှန်

ကျွန်တော် တို့ မြန်မာနိုင်ငံမှာ ဖွံ့ ဖြိုးရေး နောက်ကျ၍ ခက်ခဲမှု တွေ ကို ရင်ဆိုင်ရတဲ့ သူတွေ ရှိပါတယ်။ ဘတ်စ်ကားတိုးစီးရတယ်။ စီးပွားရေး မပြေလည် မှု တွေ ရင်ဆိုင်ရတယ်စသဖြင့် စိတ်ညစ်စရာတွေ ရှိပါတယ်။ အဲဒီ အခါမှာ မိမိ ကိုယ်ကိုယ် စိတ်အားငယ်မှု ၊ သိမ်ငယ်မှု တွေ ကို ခံစားရတဲ့ အခါတွေ ရှိပါတယ်။ ဒီ နေရာမှာ သိမ်ငယ်ခြင်း အတုအယောင်နဲ့ သိမ်ငယ်ခြင်းအစစ်အမှန်ကို ရေး ပြ လိုပါတယ်ဆိုရင်တော့ သိမ်ငယ်တာတောင် အတုရှိသေးလားဆိုပြီး အံ့သြကြ မယ်ထင်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ် လောက်တုန်းက ကျွန်တော် ရဲ့မိတ်ဆွေဆရာဝန် တစ်ဦးဟာ နိုင်ငံခြားမှာ နှစ် ပေါင်းများ စွာ သွားနေပြီး မြန်မာပြည်သို့ ကိုယ်ရေး ကိုယ်တာကိစ္စနဲ့ ခေတ္တပြန်ရောက်လာပါတယ်။ သူဟာ ပထမကမ္ဘာလို့ခေါ်ကြ တဲ့ ထိပ်တန်းစက်မှု နိုင်ငံကြီးတစ်ခုကို ရောက်သွားတာပါ။ ကျွန်တော် တို့ကတော့ ဖွံ့ ဖြိုးဆဲ တတိယကမ္ဘာဆိုပါစို့၊ ၄င်းဆရာဝန်နဲ့ ကျွန်တော် ဟာ ဆေးတက္ကသိုလ် ကျောင်းနေဖက်အတန်းဖော်မဟုတ်ပါဘူး။ သူက အသက်လည်းငယ် အတန်း လည်းငယ်သော်လည်း ရင်းနှီးပါတယ်။ အလယ်တန်းကျောင်းသားဘဝကတော့ တစ်ကျောင်းတည်းနေဖူးတယ်။ ဆေးတက္ကသိုလ်ရောက်တော့ ပြန်တွေ့ ပြန်ရင်းနှီး ပါတယ်။ သူက နိုင်ငံခြားကို ရောက်သွားပေမယ့်လည်း နိုင်ငံခြားတိုင်းပြည်မှာ ဆရာဝန်အ ဖြစ် လုပ်ကိုင်ခွင့်မရခဲ့ပါဘူး။ ဆေးကုသခွင့်လိုင်စင်စာမေးပွဲ ပြန်ဖြေ တာကျရှုံးလို့ ကုမ္ပဏီတစ်ခုမှာ စာရေး အဆင့်ဝန်ထမ်းလုပ်နေပါတယ်။

မြန်မာပြည်ကို သူပြန်လာတုန်း အမှတ်မထင် ကျွန်တော် နဲ့ လက်ဖက် ရည်ဆိုင်မှာ အမှတ်မထင်ဆုံမိတော့ ရင်းရင်းနှီးနှီးနဲ့ စကားတွေ တော် တော် များ များ ပြော ဖြစ်ကြပါတယ်။

ကျွန်တော် ကပြော ဖြစ်တာက သူ့ရဲ့အတန်းဖော် Class Mate ခေါ် သူငယ်ချင်းတွေ ဆီသွားလည် ဖြစ်သေးလားလို့ မေးမိတယ်။ ထိုအခါ မမျှော်လင့် တဲ့ စကားကို ကြားရတာ ကတော့ ဘယ်သူငယ်ချင်းဆရာဝန်နဲ့မှ မတွေ့ ချင်တော့ ပါဘူးလို့ ဆိုပါတယ်။ ရန် ဖြစ်ဖူးတာလည်းမဟုတ်၊ စီးပွားလုဖက်လည်းမဟုတ်၊ ရည်စားလုဖက်လည်း မဟုတ်ဘဲနဲ့ နိုင်ငံခြားမှာ အကြာကြီးရောက်နေတဲ့ လူက မြန်မာပြည်က လူကို မတွေ့ ချင်တော့ပါဘူးဆိုတော့ အံ့သြမိတယ်။

နောက်တော့မှ သိရတာ ကတော့ သူက ပထမကမ္ဘာစက်မှု နိုင်ငံကြီးကို ရောက်သွားပေမယ့် ဟိုမှာ ဆရာဝန်အလုပ်ပြန်မရခဲ့ဘူး။ ဒီမှာ ကျန်ခဲ့တဲ့ သူငယ် ချင်းဆရာဝန်တွေ က ပါရဂူတွေ ဖြစ်ကုန်ပြီဆိုတော့ သိမ်ငယ်သလိုခံစားရလို့ မတွေ့  ချင်တော့ဘူးဆိုတာသိရတယ်။ ကျွန်တော့် ကိုတော့ ဖက်လှဲတကင်းနဲ့ တော် တော် ခင်ပါတယ်။ ဘာကြောင့်ခင်တာလဲလို့ ကျွန်တော် ထင်တာပြောရရင်တော့ သူက လည်းဟိုမှာ ဆရာဝန်အလုပ်ပြန်မရတဲ့ ဆေးပညာဘွဲ့ရ ဖြစ်ပြီး၊ ကျွန်တော် ကလည်း ဒီမှာ ဆရာဝန်အလုပ်မလုပ်တဲ့ ဆေးပညာဘွဲ့ရ ဖြစ်လို့တူတဲ့ အရာတွေ ရှိနေလို့ ခင်တာလို့ထင်မိတယ်။

ဒီလိုနဲ့ ရက်နည်းနည်း ကြာတော့ သူပြန် သွားပါတယ်။ အဲဒီ နောက်မှာ သူနဲ့ရောကျွန်တော် နဲ့ရော နှစ် ဦးလုံးနဲ့သိတဲ့ သူရဲ့ ကြွေးရှင် တစ်ယောက် နဲ့ ကျွန်တော် တွေ့ ပါတယ်။ သူနိုင်ငံခြားထွက်ခါနီး ပိုက်ဆံချေးသွားတာတော် တော် များ တယ်။ ပြန်လည်းမဆပ်ဘူး။ ယခုခေတ္တပြန်လာတာကြွေးဆပ်ရမှာ ကြောက်လို့ တိုးတိုး တိတ်တိတ်ပြန်သွားတယ်လို့ အတင်းပြောတော့ ကျွန်တော် စဉ်းစားမိတာရှိတယ်။ဟိုမှာ ဆရာဝန်မလုပ်ဘဲ စာရေး လုပ်နေလို့ မသိမ်ငယ်ပါဘူး။ ရိုးရိုးသားသားနဲ့ သမ္မာအာဇီဝလုပ်ရင်စာရေး အလုပ်လည်း ရိုးဂုဏ်ဆိုတာရှိတယ်။ မျက်နှာငယ် စရာမလိုဘူး။ ဒါပေမဲ့ သူများ အကြွေးပြန်မဆပ်ဘဲတိုးတိုးတိတ်တိတ် ပြန်သွား တော့ ငွေလိမ်သလို ဖြစ်ပြီး တကယ်သိမ်ငယ် သွားပါတယ်။ နိုင်ငံခြားမှာ စာရေး လုပ်နေတာဟာ သိမ်ငယ်ခြင်း အတုအယောင်ပါ။ ငွေလိမ်သွားတာကတော့ တကယ့်သိမ်ငယ်ခြင်းအစစ်အမှန် ဖြစ်ပါတယ်။

အောင်မြင်ခြင်းအစစ်၊ အောင်မြင်ခြင်းအတု၊ သိမ်ငယ်ခြင်းအတုနှင့် သိမ်ငယ်ခြင်းအစစ်တို့ပြိုင်တူ ဖြစ်ကြပုံကို ဥပမာပြုရရင် လွန်ခဲ့တဲ့ နှစ် အနည်းငယ် အတွင်းက ကျွန်တော် ဟာ လုံးချင်းစာအုပ်တစ်အုပ်ရေး ပြီး ကိုယ့်ငွေနဲ့ကိုယ်ထုတ် ဖူးတယ်။ စာအုပ်နာမည် က 'စွန့်ဦးတီထွင်စရိုက်'ရယ်လို့ ဖြစ်ပါတယ်။ စာအုပ် မျက်နှာဖုံးဒီဇိုင်းကို ကမ္ဘာကျော်စွန့်ဦးတီထွင်သူဌေးကြီးဘီလ်ဂိတ်ပုံ ထည့်လိုက် ပါတယ်။ မကြာခင်မိတ်ဆွေ တစ်ယောက် က ဖုန်းဆက်ပါတယ်။ 8 Day ဂျာနယ် မှာ အပတ်စဉ်ရောင်းအားအကောင်းဆုံးစာအုပ်ဆယ်အုပ်စာရင်းဖော်ပြတော့ ဒေါက်တာထွန်းဝင်းရဲ့ စာအုပ်ကနံပါတ်(၂)နေရာမှာ ရောင်းအားကောင်းတဲ့ စာရင်း ဝင်တယ်။ ကွန်ဂရက်ကျူလေးရှင်းပါဆိုပြီး မိတ်ဆွေကဖုန်းဆက်ပါတယ်။ ဒါနဲ့ စာအုပ်ရောင်းရငွေလေးမျိုးမျိုးမြက်မြက်ရလို့ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုမှာ ဘူဖေး သွားစားလိုက်ပါသေးတယ်။ ဒီတော့ ငါစာရေး တာအောင်မြင်သားဘဲလို့ ထင်လိုက် သေးတယ်။

နောက်တော့မှ စေ့စေ့တွေးတော့ ရေး ရေး ပေါ်သလိုဆိုလို စဉ်းစားမိတာ က ဘီလ်ဂိတ်ရဲ့ ဓာတ်ပုံကြီးကို ဘီလ်ဂိတ်ဆီက ခွင့်မတောင်းဘဲမျက်နှာဖုံးသုံး ထားတာဟာ ခိုးထားတာ ဖြစ်နေတယ်။ ကျွန်တော့် ရဲ့ ပေါ့ဆမှု ပါ။ ဘီလ်ဂိတ်ကတော့ မသိရှာဘူး။ ကျွန်တော် ဟာ ဘီလ်ဂိတ်ဆီကခိုးဖူးပါတယ်။ ဒီတော့ သိမ်ငယ်သွား ပါပြီ။ ဆရာဝန်အလုပ်နဲ့ မရပ်တည်နိုင်တာဟာ သိမ်ငယ်ခြင်းအတုပါ။ ဘီလ်ဂိတ် ဓာတ်ပုံကိုခိုးလိုက်တော့ သိမ်ငယ်ခြင်းအစစ် ဖြစ်သွားတယ်။

ဒါပေမဲ့ မိမိသူခိုး ဖြစ်တာကို ဆောင်းပါးရေး ပြီး ဝန်ခံတော့ ကြီးမြတ်ခြင်း ဖြစ်သွားပြန်ပါတယ်။

ဒါကြောင့် စာအုပ်ရောင်းအားကောင်းတာက ကြီးမြတ်ခြင်းအတုပါ။ မိမိကိုယ် မိမိသူခိုး ဖြစ်ကြောင်း ဝန်ခံတာဟာ ကြီးမြတ်ခြင်းအစစ် ဖြစ်တယ်လို့ ခံစားရပါတယ်။

ဒါကြောင့် စာအုပ်တစ်အုပ်ရေး မိတာဟာ အောင်မြင်ခြင်းအတု၊ အောင် မြင်ခြင်းအစစ်၊ သိမ်ငယ်ခြင်းအတုနဲ့ သိမ်ငယ်ခြင်းတို့ ပြိုင်တူ ဖြစ်ပါတယ်။

ဒါကြောင့် ယနေ့လူငယ်တွေ ဟာ အောင်မြင်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို ခွဲခြမ်းစိတ်ဖြာနိုင်ရန် ဤဆောင်းပါးကို ရေး လိုက်ပါကြောင်း။

Sunday Journal

အတွဲ ၂၊ အမှတ် ၂၅၊ သြဂုတ်။

******


ဝန်ဇင်းချစ်သူများ ဒေါက်တာထွန်းဝင်း ၏ “ ဂုဏ်ယူစရာထက်ပို၍ ဂုဏ်ယူစရာကောင်းသော ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


တက်လမ်းရှာ ဝန်ထမ်းအမျိုးမျိုးတို့အတွက် ဗျူဟာများ

ကတိသစ္စာကိုတန်ဖိုးထားသော အဖော်အချွတ် မိန်းမသားတစ်ဦးအကြောင်းနှင့် ဖိုမပြဿနာဖြေရှင်းချက်များ

နှစ်ဖက်ချွန် ဘက်စုံချွန်လိင်တို့အကြောင်းနှင့် အခြားဖိုမဆေးပညာ ဆောင်းပါးများ