စာရေး သူ ချစ်နိုင် (စိတ်ပညာ) အမှာ စာ
၁၃၇၃-၇၄ နှစ် သစ်ကူး သင်္ကြန်ကာလမှာ စာဖတ် ဖြစ်ပါသည်. စာရေး ဖြစ်သည်။ ဖတ် ဖြစ်ခဲ့သော စာအုပ်များ အနက်မှ အချို့စာအုပ်က စဉ်းစားစရာရသည်။ ဆက်ပြီးရေး ချင်စရာတွေ ပေါ်ထွက်လာသည်။ ဤသို့ ဖြင့် ဆရာဆူးသစ်၏ စာအုပ်၊ ဆရာမောင်ခင်မင် (ဓနုဖြူ) တို့၏ စာအုပ်များ မှအကြောင်း အရာများ ကို အခြေခံပြီး ဆောင်းပါးအချို့ ရေး လိုက်ပါသည်။
သင်္ကြန်ကာလမှာ ရာသီဥတု ပူပြင်းလှသဖြင့် ချွေးဒီးဒီးကျသည့်အခြေအနေကြားက ကြိုးစားပြီးရေး ပါသည်။ အသက်အရွယ် ၆၄ နှစ် ထဲရောက်လာပြီ။ အဘိုးအိုများ ထဲတွင် ငယ်သေးသည်ဟု မိမိကိုယ်ကိုအားပေးပြီး အလုပ်လုပ်ရသည်။ အသက် ၆၇ နှစ် အရွယ်မှာ လန်ဒန်တက္ကသိုလ်ပါမေက္ခ အ ဖြစ်မှ အငြိမ်းစားယူပြီး မြန်မာပြည်မော်လမြိုင်မြို့မှာ ပင်စင်စားအ ဖြစ် အခြေပြုနေထိုင်သော ဒေါက်တာလှဘေသည်ပင် အတွေးအမြင် လစဉ်စာဆောင်မှာ မပြတ်တမ်းပါအောင် ဆောင်းပါးတွေ ရေး သွားနိုင်သေးသည်။ ဇွဲလုံ့လမှာ အတုယူစရာ။
မြန်မာစာပေနှင့် မြန်မာဘာသာစကားနယ်ပယ်တွင် ပါမောက္ခဆရာကြီး ဒေါက်တာလှဘေ (၁၉၁၃-၂၀၀၇) ၏ ဆောင်ရွက်ချက် ကျေးဇူးတရားအလွန်တရာကြီးမားလှပါပေသည်။ ဆရာကြီး တို့ အလုပ်ကြိုးစားပုံ၊ စနစ်ဇယားကျနပုံ၊ စာပေနှင့် လူမျိုး၏ အကျိုးကို ဆောင်နိုင်စွမ်းရှိပုံတို့ကို အထူးလေးစားအားကျမိပါ၏ ။
သင်္ကြန်မတိုင်မီ မတ်လ ၂၉ ရက်နေ့မှာ ဓနုဖြူမြို့နယ် ကျုံတနီးရွာသို့ ဆရာကြီး ဒေါက်တာ ဦးခင်အေး (ကလောင်အမည် မောင်ခင်မင်-ဓနုဖြူ) မိသားစု၏ ကောင်းမှု စာကြည့်တိုက် အဆောက်အဦးဆောင်လုပ်လှူဒါန်းပွဲ၊ “ပညာအလင်း စာကြည့်တိုက်ဖွင့်ပွဲ” နေ့ချင်းပြန်ခရီး လိုက်ပါသွားခဲ့သည်။ ဆရာကြီး ကို ယခင်ကလည်း မိမိကအားကျလေးစားခဲ့သည်။ ထိုနေ့က အနီးကပ်ခရီး တစ်ရက်အတူ သွားလိုက်ရတော့ ပိုမိုကြည်ညိုမိ၏ ။ သို့ နှင့် ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ၏ စာအုပ်များ ကို စာအုပ်စင်မျ ရွေးထုတ်ပြီးထပ်မံ ဖတ်ရှု ဖြစ်ခဲ့၏ ။
ဆရာကြီး ဒေါက်တာ ဦးခင်အေး၏ ပညာကြီးမားပုံ၊ စိတ်နေသဘောထားရင့်ကျက်ပုံကို အနီးကပ်ထပ်မံ မြင်တွေ့ ရပြန်သည်ဟု ခံစားမိပါသည်။ ဤစာအုပ်တွင် ဆရာကြီး ၏ သြ၀ါဒ၊ အဆိုအမိန့်၊ အယူအကောက်တွေ ကူးယူဖော်ပြထားပါသည်။
စာရေး သူသည် အသစ်မထွက်နိုင်ပါ။
စာရေး သူက အသစ်မမြင်တတ်သေး။
ဆရာသမားတွေ ရေး တာပြောတာ ဆိုမိန့်ခဲ့ကြတာ တွေ ကို လေ့လာဆည်းပူးပြီး ကောင်းလေစွ၊ ကောင်းလိုက်တာဟု မောင်းခတ်ရုံမျှသာ ရေး တတ်ပြောတတ်ပါသည်။
စိတ်ရင်းအရ ပွင့်လင်းစွာ ဖော်ပြရလျှင်မူ လူငယ်များ ကို နာမူနာအမြည်း ဝေငှပေးခြင်းမျှသာ။ လူငယ်များ အား ဖတ်စေချင် သိစေချင်သော စေတနာဖြင့် မိတ်ဆက်ခြင်းသဘောများ ပါသည်။ မူရင်းစာအုပ်ရေး သားသူ ပုဂ္ဂိုလ်များ ကို ကျေးဇူးစကား ဆိုပါ၏ ။
ချစ်ခင်လေးစားစွာ
ချစ်နိုင် (စိတ်ပညာ)
၁၈-၄-၂၀၁၂
အဲဒါဘာလဲဟင် ?
ချစ်သမီးလေး မေလေး
ရွှင်လန်းချမ်းမြေ့ပါစေ ………။
တစ်ခါတုန်းက ခြံတစ်ခြံထဲက ခုံတန်းလျားရှည် တစ်ခုပေါ်မှာ အသက် (၆၀) ကျော် အဘိုးကြီး တစ်ယောက် နဲ့ အသက် (၂၅) နှစ် ၀န်းကျင် လူငယ်တစ်ဦးတို့ ထိုင်နေကြတယ်။ အဘိုးကြီး ကတော့ အဝေးကို ငေးလို့ပေါ့။ လူငယ် ကတော့ သတင်းစာဖတ်နေလေရဲ့ ။ သူတို့နေတဲ့နေရာက ခြံတစ်ခြံမို့ ပန်းပင်၊ သစ်ပင်တွေ လည်း ရှိတာပေါ့။
အဲဒီ အချိန်မှာ ငှက်တစ်ကောင်က သူတို့ ခပ်လှမ်းလှမ်းက ပန်းချုံပေါ်မှာ လာနားတယ်။ အဘိုးကြီးက ငှက်ကို တွေ့ သွားပြီး “အဲဒါဘာလဲ” လို့မေးတယ်။ လူငယ်က သတင်းစာဖတ်ရင်း လှမ်းကြည့်ပြီး “စာကလေး” တဲ့။ အဘိုးကြီးက ခဏနေတော့ ထပ်မေးတယ်။ “ကျွန်တော် ခုပဲပြောပြီးပြီ အဖေ၊ အဲဒါ စာကလေးပေါ့” တဲ့။ စိတ်မရှည်တဲ့ ပုံစံနဲ့ပေါ့။
အဲဒီ မှာ ပဲ ငှက်ကလေးက နေရာရွှေ့သွားတယ်။ သစ်ပင်ကြီးပေါ်ပျံတက်ပြီး မြေပြင်သူတို့နဲ့ ခပ်လှမ်းလှမ်းမှာ လာနားတယ်။ အဘိုးကြီးက ထပ်မေးတယ်။ “အဲဒါ ဘာလဲ” တဲ့။
လူငယ်ရဲ့ မျက်နှာမှာ စိတ်ရှုပ်ထွေးပုံ ပေါက်လာတယ်။ “စာကလေးအဖေ၊ စာကလေးတစ်စောင်၊ စာ-က-လေး-တစ်-ကောင်” လို့ တစ်လုံးချင်း အသံထွက်ပြတယ်။ ဒေါသသံနဲ့ တစ်လုံးချင်းပြောတာပါ။ အဘိုးကြီးက ထပ်ပြီးမေးတယ်။ မကြားတဲ့ ပုံစံမျိုးနဲ့ပေါ့။ “အဲဒါဘာလဲ” တဲ့။ လူငယ်ကပြောတယ်။ “ဘာကြောင့် ဒီလိုလုပ်နေတာလဲ၊ ကျွန်တော် အကြိမ်ပေါင်းများ စွာ ပြောပြနေတယ်။ အဲဒါ စာကလေးပါလို့၊ အဲဒါကို မကြားဘူးလား” တဲ့။
အဘိုးကြီး စိတ်မကောင်းတဲ့မျက်နှာနဲ့ ထ သွားပါတယ်။ လူငယ်က “ဘယ်သွားမလိုလဲ” လို့မေးတယ်။ အဘိုးကြီးက လက်ကာပြပြီး ထွက်သွားတယ်။ အိမ်ရှေ့မှာ ထိုင်နေကြတာ ဖြစ်လို့ အဘိုးကြီးက ခုံတန်းလျားကနေ အိမ်ထဲဝင်သွားတယ်။ လူငယ်က စိတ်ပျက်လက်ပျက်နဲ့ ထိုင်ခုံမှာ သတင်းစာမဖတ်နိုင်ဘဲ ကျန်ခဲ့တယ်။ အသံတွေ က ကျယ်လောင်လွန်းလို့ ထင်ပါရဲ့ စာကလေးလည်း ပျံသွားတယ်။
ခဏနေတော့ အဘိုးကြိး ပြန်ထွက်လာတယ်။ သူ့လက်ထဲမှာ စာအုပ်တစ်အုပ် ပါလာတယ်။ ပြီးတော့ ခုနလူငယ်ရဲ့ ဘေးမှာ ၀င်ထိုင်တယ်။ လူငယ်က လုံးဝမကြည့်ဘူး။ အဘိုးကြီးက စာအုပ်ကိုဖွင့်၊ စာမျက်နှာ တစ်မျက်နှာချင်းလှန်ပြီး တစ်နေရာရောက်တော့ လက်နဲ့ထောက်ပြီး စာမျက်နှာကို လက်နဲ့ခေါက်ပြီးပြတယ်။ ဖတ်ကြည့်ဆိုတဲ့ သဘောပေါ့။
လူငယ်က စာအုပ်ကို ယူကြည့်တဲ့အခါ အဘိုးကြီး “ကျယ်ကျယ်ဖတ်” လို့ပြောတယ်။ မျက်လုံးတွေ ကတော့ ရှေ့တည့်တည့် ဟိုးဝေးဝေးကို ငေးလို့ပေါ့။ အဲဒီ မှာ ကပဲ လူငယ်ရဲ့ တိုးတိုးညင်ညင်အသံက စထွက်လာတယ်။
“စာကလေးတစ်ကောင် ငါတို့ရှေ့မှာ နားနေတဲ့အချိန်ငါရယ်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သုံးနှစ် ပြည့်ခဲ့တဲ့ ငါသားအငယ်ဆုံးလေးရယ်၊ ဒီနေ့ ပန်းခြံထဲမှာ ထိုင်နေခဲ့တယ်။ ငါ့သားက ငါ့ကို “အဲဒါဘာလဲ” လို့ (၂၁) ကြိမ် မေးခဲ့တယ်။ အဲဒါဘာလဲဆိုတာ (၂၁) ကြိမ်စလုံး ငါဖြေခဲ့တယ်။ စာကလေးတစ်ကောင်လေ။ သူမေးတဲ့အကြိမ်တိုင်း ငါသူ့ကို ပွေ့ဖက်ခဲ့တယ်။ သူကလည်း ငါ့ကို ဒီမေးခွန်းပဲ ထပ်မေးခဲ့တယ်။ တစ်ခွန်းပြီးတစ်ခွန်း “ငါရဲ့ အပြစ်ကင်းတဲ့ သားကလေးအတွက် အပြစ်တင်စရာ၊ စိတ်ပျက်ရူးသွပ်စရာမရှိတဲ့ ခံစားမှု မျိုးနဲ့ ငါဖြေခဲ့တာ”
အဲဒီ လို လူငယ်က အသံထွက်ဖတ်နေတုန်းမှာ အဘိုးကြီး မျက်နှာမှာ ကြည်နူးမှု အပြုံးလေးပေါ်နေတယ်။ လူငယ်ဆက်မဖတ်နိုင်တော့ဘူး။ စာအုပ်ကိုင်ထားတဲ့လက်က မြှော က်ထားရာကနေ ပေါင်ပေါ်ကျသွားတယ်။ သူ့ဘာသာသူလည်း စိတ်ပျက်သွားတယ်။ ဘာမျှမပြောဘဲ အဘိုးကြီးကို လက်နဲ့ ပွေ့ဖက်လိုက်တယ်။ ပြီးတော့ အဘိုးကြီးကို အနမ်းတစ်ချက်ပေးလိုက် တယ်။ သူ့လက်ထဲက အတင်းစာလည်း မြေကြီးပေါ်ပြုတ်ကျလို့။ အဲဒီ အချိန် စာကလေးတစ်ကောင် သစ်ပင်ပေါ်မှာ ၀ဲပျံနေပြီး ခဏအကြာ အဝေးကို ထွက်သွားလေရဲ့ ။
နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းတိုလေးပါ။ မိဘမေတ္တာကို ပေါ်လွင်စေတဲ့ ရုပ်ရှင်ပါပဲ။ ဒီဇာတ်လမ်းလေးရဲ့ ထူးခြားချက်က သားသမီးတွေ မိဘအပေါ်ထားတဲ့ စိတ်ဓါတ်ကို ပိုပေါ်စေပါတယ်။ အဲဒီ အတိုင်းလည်း ဒီနေ့ခေတ် သားသမီးတော် တော် များများ ရဲ့ မိဘအပေါ် တုံ့ပြန်မှု က ဖြစ်နေတာ အမှန်ပါပဲ။
အထက်ပါ ဖြစ်ရပ် သရုပ်ဖော်ဟာ စာရေး ဆရာ ဆူးသစ်ရေး တဲ့ ၂၀၁၀ ဧပြီလထုတ် မှုခင်း ရှုထောင့် မဂ္ဂဇင်းထဲမှ “စာကလေးပြတဲ့ မိဘမေတ္တာ” ဆောင်းပါးထဲက ကူးယူဖော်ပြထားခြင်း ဖြစ်ပါတယ်။
အဲဒီ ဆောင်းပါးအပါအ၀င် ဆရာဆူးသစ်ရဲ့ စင်္ကာပူ အတွေ့ အကြုံဆောင်းပါး ၂၄ ပုဒ်ကို “အဝေးရောက်ထွန်းတောက်မြန်မာနဲ့ ညီလေးဖတ်ဖို့ရေး တဲ့စာ” ဆိုပြီး ဆောင်းပါးပေါင်းချုပ် စာအုပ် ၂၀၁၁ ခု ဒီဇင်ဘာလက ထွက်လာခဲ့ပါတယ်။ ကောင်းတယ်။
ဆရာ ဆူးသစ် စာရေး ဆရာ မောင်ငြိမ်းသူ (ကြို့ပင်ကောက်) ရဲ့ သားလတ် ဖြစ်ပါတယ်။ ရန်ကုန်နည်းပညာတက္ကသိုလ် မှ ၂၀၀၁ ခုမှ B.E (Match) ဘွဲ့ရခဲ့တယ်။ ရန်ကုန် စီးပွားရေး တက္ကသိုလ် မှ D.M.A လည်းရခဲ့တယ်။ အလုပ်သမားဝန်ကြီးဌာနမှာ ဦးစီးအရာရှိ ၆ နှစ် ကျော် လုပ်ခဲ့တယ်။ ဂျပန်နဲ့ အိန္ဒိယနိုင်ငံများ သို့ ပညာသင်၊ လေ့လာရေး သွား ရောက်ခဲ့ရတယ်။ အခုတော့ စင်္ကာပူနိုင်ငံမှာ ကုမ္ပဏီဝန်ထမ်းအရာရှိအဆင့် အလုပ်လုပ်နေရင်း စာပေရေး သားနေတာ ဖြစ်ပါတယ်။ စာရေး သက် ဆယ်နှစ် ကျော်ပြီ။ သူရေး တဲ့ စင်္ကာပူ အတွေ့ အကြုံတွေ ဟာ နိုင်ငံခြားသွားပြီး အလုပ်လုပ်ချင်တဲ့ လူငယ်က ပြည်ပမထွက်ခွာခင် ကြိုတင်လေ့လာဖတ်ရှုသင့်တဲ့ အဖိုးတန်စာပေတွေ ပါပဲ။
“မိုက်မဲ ညံ့ဖျင်းသူတွေ က ကိုယ်တွေ့ အတွေ့ အကြုံမှ ဘ၀သင်ခန်းစာကို ယူလေ့ရှိကြတယ်။ ကျွန်ုပ် ကတော့ သူတစ်ပါးရဲ့ အတွေ့ အကြုံတွေ (စာပေလေ့လာဖတ်ရှုခြင်း) မှ သင်ခန်းစာကို ယူရတာ ပိုပြီးသဘောကျတယ်” လို့ ဂျာမန်ပညာရှိဘစ်စ်မတ်ခ်က မိန့်ဆိုဖူးပါတယ်။ ဗွန်ဘစ်စ်မ်မတ်ခ်ဆိုတာ စာပေမှာ သာ ထင်ရှားရုံမက စစ်ရေး ၊ နိုင်ငံရေး မှာ လည်း ကျော်ကြားတဲ့ ဂျာမဏီပြည်ရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်ပါတယ်။ နန်းရင်းဝန်လည်း လုပ်ခဲ့သူ ဖြစ်တယ်။
လူငယ်တွေ ဟာ သေသေချာချာ ဘာမှ ကြိုတင်လေ့လာပြင်ဆင်မှု မရှိဘဲ နိုင်ငံခြားကို အလုအယက်အပြေးအလွှား အလုပ်သွားလုပ်ကြတယ်။ အဓိကမှာ လုပ်ခလစာ မြန်မာပြည်မှာ ထက် ပိုရတဲ့အတွက် ထွက်ပြီး အလုပ်လုပ်ကြရတာ ပဲ။ ဒါလည်းမှန်ပါရဲ့ ။
သို့ ပေမယ့် ငွေရဖို့၊ မိသားစုဆီ ငွေပို့ပေးနိုင်ဖို့ ကိုယ့်ရဲ့ ဘ၀၊ ကိုယ့်ရဲ့ အချိန်ကို ပင်ပင်ပန်းပန်း ဖြတ်သန်းရတယ်။ တစ်ခြားအကျိုးအမြတ် ဘာမှ မယူတတ်ဘဲ အသက်ကြီးသွားမယ်၊ အရွယ်အိုစာသွားမယ်။ ငွေကြေးသက်သက်တစ်ခုတည်း ရည်ရွယ်ချက် ထားတတ်တယ်ဆိုရင်တော့ နစ်နာဆုံးရှုံးလှပါတယ်။တကယ်ပဲ မထိုက်တန်အောင် သနားစရာ ကောင်းလှပါတယ်။
ဆရာကြိး ချစ်စံဝင်း ကတော့ နိုင်ငံခြားကို သွားပြီး အလုပ်လုပ်ရပြီဆိုရင်တော့ ရာရာအဆင့်၊ ကျရာနေရာမှာ ရနိုင်သမျှ မှတ်မှတ်သားသား ပညာရှာရမယ်လို့ ဆုံးမမှာ ကြားလေ့ရှိပါတယ်။ ရေး လည်းရေး တယ်။ ဟောလည်းဟောပြောတယ်။ မလေးရှား၊ စင်္ကာပူစာပေဟောပြောပွဲ တွေ မှာ ဆရာကြီး ချစ်စံဝင်းက မြန်မာလူငယ်ပရိတ်သတ်ကို ပညာရနိုင်သမျှ ဆည်းပူးကြဖို့ တိုက်တွန်းခဲ့တယ်။
တစ်ခုခုကို ခြေခြေမြစ်မြစ် သင်ယူခဲ့ရင်ပဲ မိမိစုဆောင်းရရှိသမျှ ငွေနဲ့ ဖြစ်စေ၊ မိမိနိုင်ငံ အမိမြေမှာ ရင်းနှိးမြှုပ်နှံပြီး အလုပ်လုပ်နိုင်မယ်။ နည်းပညာနဲ့ အသိပညာပြောင်းလဲမှု တွေ အတွက် ဟိုက ဗဟုသုတတွေ ယူဆောင်လာပြီး မြန်မာနိုင်ငံမှာ လုပ်ငန်းတည်ထောင်လုပ်ကိုင် နိုင်တာပေါ့။
မိမိလုပ်တဲ့ လုပ်ငန်းခွင်က ဘာပဲ ဖြစ် ဖြစ် နိုင်ငံခြားက လုပ်ငန်းနည်းပညာတွေ ကို ရအောင်ယူကြရပါမယ်။
ဥပမာဆိုပါစို့ …….
(၁) ခရီးသည် ပို့ဆောင်ရေး စနစ်
(၂) အမှိုက်သိမ်းတဲ့ စနစ်
(၃) ဒစ်ဂျစ်တယ်ပုံနှိပ်လုပ်ငန်း
(၄) စာအုပ်ချုပ်ပညာ
(၅) စာကြည့်တိုက်ပညာ
(၆) အဆောက်အအုံအလှဆင်ပညာ
(၇) သရက်ပင်စိုက်ပျိုးနည်း
(၈) မြေယာအလှပြင် စိုက်ပျိုးနည်း
စသည် စသည်အများ ကြီးရှိတာပေါ့ကွယ်။
တရုတ်နိုင်ငံရဲ့ နှစ် ဆယ်ရာစုနောက်ပိုင်းကာလ စီးပွားနေရး လူမှု ရေး တစ်ဟန်ထိုးအံ့မခန်း တိုးတက်မှု ဟာ ဘာကြောင့် လဲ ?
တရုတ်ပြည်ကြီးမှ နိုင်ငံတကာသို့ သွားရောက် အလုပ်လုပ်နေကြတဲ့ သန်းပေါင်းများ စွာ သော တရုတ်တွေ က (စင်္ကာပူ၊ ဖိလစ်ပိုင်၊ အမေရိကန်၊ အင်္ဂလန် စတဲ့) နိုင်ငံခြားမှ မိမိနိုင်ငံကို စုဆောင်းထားငွေအများ ကြီးကို ပို့ပေးခဲတယ်။ နိုင်ငံခြားမှာ သူတတ်မြောက်ခဲ့တဲ့ နည်းပညာအတတ်ပညာတွေ နဲ့ မိမိနိုင်ငံ ပြန်လည်တင်ပို့ခဲ့တယ်။
အဲဒါဟာ အဓိကကျတဲ့ တိုးတက်စေမှု အရင်းအမြစ် ဖြစ်ခဲ့တယ်။
အဲဒီ ဆောင်ရွက်ချက်ဟာ အားကျစရာပါ။
ယနေ့ လူငယ်တွေ ရဲ့ ပခုံးပေါ်မှာ ငါတို့ အမိနိုင်ငံတော် ရဲ့ အနာဂါတ်အတွက် ငါတို့ကျရာနေရာ၊ ရောက်ရာတိုင်းပြည်မှာ နေရင်း ကြိုးစားပြီး ထမ်းကူပေးဖို့တာဝန်ရှိတာ သိကြစေချင်တယ်။ မိဘဆီသို့ ငွေပို့ရုံနဲ့ တာဝန်ကျေပြီ ထင်နေရင် မဟုတ်သေးဘူး။
ကျေးဇူးရှင် မိဘက အံကြိတ်ပြီး မွေးခဲ့ရတယ်။
ကျေးဇူးရှင် အမိမြေရဲ့ ကျေးဇူးကလည်း ကြီးမားတာပဲ မဟုတ်လား။
ချစ်စွာ သော
ချစ်နိုင် (စိတ်ပညာ)
၁၅-၄-၂၀၁၂
စိတ်ဓာတ်ကောင်းမှ ဖြတ်သန်းနိုင်
ချစ်သမီး မေလေး
ရွှင်လန်းချမ်းမြေ့ပါစေ ……..။
ခင်မင်တဲ့ မိတ်ဆွေ တစ်ယောက် ရဲ့ သားက ဦးဦးကို မေးပါတယ်။ သူစင်္ကာပူသွားပြီး အလုပ်လုပ်ချင်ပါတယ်တဲ့။ အဲဒါသွားရမလား။ သွားရင်ကောင်းမလားတဲ့။
တိုင်ပင်တဲ့သဘောပါ။ သူ့မိဘတွေ က ပြုံးနေတယ်။
သူ့အဖေက ဘာမှဝင်မပြောပါဘူး။ သူ့အမေကလည်း သားသဘောပါ။ သူ့စိတ်က ဆုံးဖြတ်ဖို့ပါပဲ။ တူလိုသားလို၊ ဦးဦးကိုဦးကြီးဘကြီးလို ခင်မင်နေလေတော့ သူ့ကို စာရေး ဆရာ ဆူးသစ်ရေး တဲ့ “အဝေးရောက်ထွန်းတောက် မြန်မာနဲ့ ညီလေးဖတ်ဖို့ရေး တဲ့စာ” ဆိုတဲ့စာအုပ်လေး ဖတ်ကြည့်ပါလို့ ပေးလိုက် ပါတယ်။ ဖတ်ပါ။
ဆရာဆူးသစ်ဆိုတာ စာရေး ဆရာ မောင်ငြိမ်းသူ (ကြို့ပင်ကောက်) ရဲ့ သားပါ။ နည်းပညာတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ရပြီး စင်္ကာပူမှာ အရာထမ်းသွားအလုပ်လုပ် နေတဲ့သူပေါ့။ ဆရာဆူးသစ်ရေး တာထဲက နမူနာ ကောက်နှုတ်ချက်အချို့ ကူးယူဖော်ပြလိုက်မယ်နော်။
ပထမတစ်ချက်က ကိုယ့်ကို အလည်ခေါ်မယ့်သူ ရှိမရှိ စစဉ်းစားရမှာ ပါ။ ရှိရင် Visit လို့ပြောနေကြတဲ့ အလည်သွားပြီး အလုပ်ရှာရတာ ပါ။ အစ်ကိုသိသလောက် စင်္ကာပူချန်ဂီလေဆိပ် White card ပေါ်မှာ ထုပေးတဲ့ တံဆိပ်တုံးမှာ တော့ တစ်လပဲ ပါပါတယ်။ တစ်လလည်ပတ်ခွင့်ပေါ့ကွာ။ အဲဒီ ကြားထဲ အလုပ်ရှာရချင်ရ မရရင်ထပ်ပြီး သက်တမ်းတိုး နောက်ထပ် နှစ်ပတ်စီ ရချင်လည်းရမယ်။ အလွန်ဆုံးရရင် နောက်တစ်လပါပဲ။ ဒီတော့ စုစုပေါင်း နှစ် လရမယ်။ ဒါတောင် တချို့ကို လေဆိပ်စ၀င်ကတည်းက တစ်လမရဘဲ နှစ် ပတ်ပဲရတဲ့သူ ရှိတယ်တဲ့။
အဲဒီ လို ကိုယ်နေရမယ့် ကာလပေါ်မူတည်ပြီး အလုပ်က မြန်မြန်ရရင်ရ။ မရရင်ပြန်ပေါ့ကွာ။ တချို့ဆို နှစ် လနေလည်း လုံးဝမရတော့ ပြန်သွားရတာ ပါပဲ။ တချို့ ကတော့ နောက်တစ်ကြိမ်ပြန်လာတယ်။ အလုပ်ရသွားတယ်။ တချို့က မြန်မာပြည်မပြန်ဘဲ မလေးရှားကို ခဏရှောင်ပြီး စင်္ကာပူပြန်ဝင်တယ်။ အလုပ်ရသွားတယ်။ ဒါဆိုရင်တော့ မဆိုးဘူးပေါ့။ တစ်ခုရှိတာက အဲဒီ လို နှစ် ခေါက်လောက် လာနိုင်တဲ့ အားရှိဦးမှ ဖြစ်မှာ ကိုး။ လေယာဉ်စရိတ်၊ နေစရိတ်၊ စားစရိတ်၊ သွားလာစရိတ်၊ ဒါတွေ ကို အသိမိတ်ဆွေ၊ သူငယ်ချင်းတွေ ကတစ်ဆင့် စုံစမ်း၊ ပြီးမှ ကိုယ်ကတကယ်လုပ်နိုင်မလုပ်နိုင် ချိန်ရတာ ။
ဒီနေရမှာ နှိုင်းယှဉ်စရာတစ်ခုက ၀င်လာပြီ။ ရိုးရိုးအလည်အပတ်ဗီဇာနဲ့ သွားတာရယ်။ အေးဂျင့်နဲ့ သွားတာရယ် ဘယ်ဟာက ပိုကုန်သလဲပေါ့။ တကယ်တမ်းကျတော့ အေးဂျင့်နဲ့က ကုန်တာပါပဲ။ သို့ သော် အလုပ်ကျိန်းသေတယ်။ သေချာပြီ။ အလုပ်ရပြီဆိုမှ သွားရတာ မျိုးကိုး။ အလည်သွားပြီး ရှာရတာ ကတော့ ကိုယ့်ကံနဲ့လည်း အများ ကြီးဆိုင်သွားပြီ။ သူများ တွေ ကတော့ အေးဂျင့်နဲ့သွားတဲ့ စရိတ်က ကိုယ့်ဘာသာအလည်သွားပြီး အလုပ်ရှာတာမျိုး သုံးလေးခါလုပ်လို့ရတယ်တဲ့။ ဒါပေမဲ့ တကယ်လေ့လာရမယ့် အခြေအနေတွေ က အများ ကြီး။
အစ်ကို ဒီဆောင်းပါးကို ရေး တဲ့အချိန်မှာ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ လူ တစ်ယောက် အနနဲ့ ရေး မှာ ပါ။ ဒီတော့ စင်္ကာပူကိုလာရင် ဘာတွေ သိသင့်သလဲ ဆိုတာကို အစ်ကို့သူငယ်ချင်းတွေ ဆီကရယ်၊ အစ်ကို့အတွေ့ အကြုံရယ် ပေါင်းပြီးရေး မှာ ပါ။ ဒါကြောင့် လည်း ဆောင်းပါးခေါင်းစဉ်မှာ စင်္ကာပူကိုလာမှာ လား။ မြန်မာပြည်မှာ ပဲ နေမှာ လားဆိုတဲ့ သဘောနဲ့ မေးထားတာပါ။
အလည်လာပြီး အလုပ်ရှာတဲ့ လူတွေ နဲ့ပတ်သက်လို့ သိပ်မပြောချင်ပါဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ အလည်ခေါ်ဖို့ လူရှိရမှာ ရယ်၊ အလည်လာနိုင်တဲ့စရိတ် ရှိရမှာ ရယ် အဲဒီ အချက်တွေ နဲ့ ညီမှ ရမှာ ကိုး။ စင်္ကာပူရောက်ရင် ကိုယ့်အသိမိတ်ဆွေတွေ ကတစ်ဆင့် အလုပ်စုံစမ်း၊ အဓိက က သတင်းစာနဲ့ အင်တာနက်ကို အားကိုး။ ဒါပါပဲ။ ကျန်တာက သွားတာလာတာကိုယ့်မိတ်ဆွေ အပေါင်အသင်းတွေ ကို မေးမြန်းပြီး သွားရတာ ပါ။
စင်္ကာပူမှာ အချင်းချင်းရာနှုန်းပြည့် ကူညီနိုင်ဖို့ဆိုတာ မ ဖြစ်နိုင်ပါဘူး။ ဒီအတွက် မကူညီနိုင်ရကောင်းလားလို့ အပြစ်တင်ရင် မှား သွားပါလိမ့်မယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အားလုံးဟာ အလုပ်အကိုင်တွေ ကိုယ်စီနဲ့မိုပါ။ မနက်မိုးမလင်းခင်ကတည်းကထွက်၊ မိုးချုပ်မှပြန်ရောက်၊ ညရောက်တော့ ဘာမှမလုပ်နိုင်တော့လို့ စားသောက်ပြီး တန်းအိပ်၊ အဲဒါ စင်္ကာပူက လူတွေ ရဲ့ ဘ၀ပါပဲ။
စနေ၊ တနင်္ဂနွေမှာ ပါ လိုအပ်ရင် ဆင်းခိုင်းလို့ ငွေရှာဖို့လာတဲ့ လူအချင်းချင်း ကိုယ့်ဘာသာအတတ်နိုင်ဆုံး သွားတတ်လာတတ်အောင် မေးမြန်းပြီးသွားမှ ပိုအဆင်ပြေပါလိမ့်မယ်။ ကိုယ့်အတွက် ခွင့်တစ်ရက်ယူပြီး လိုက်ပို့ဖို့ဆိုတာ စင်္ကာပူမှာ ရှိတဲ့ လူတိုင်းအတွက် အခက်အခဲပါ။ အားလုံးက အဆင်ပြေရင် မြန်မာပြည်ပြန်ဖို့ ခွင့်လေးတွေ စုထားကြတာလေ။
ဒီတော့ အလည်လာပြီး အလုပ်ရှာမယ်ဆိုသူတွေ ဟာ ကိုယ့်ဆွေမျိုးသားချင်းရှိရင်ရှိ၊ သူငယ်ချင်းမိတ်ဆွေအရင်း ရှိရင်ရှိ သိပ်မလွယ်ပါဘူး။ တချို့လည်း ဖြစ်သွားတာပါပဲဆိုပေမယ့် ကံကောင်းလွန်းလို့ ဖြစ်သွားတယ်လို့ပဲပြောရမှာ ပါ။ တချို့ဆို ချာလပတ်ရမ်းပြီး နောက်ဆုံး မြန်မာပြည် ပြန်ရတော့တာပါပဲ။
ဒီနေရာမှာ အလည်လာသူတွေ အနေနဲ့ အလုပ်ရှာမယ်လို့ ရည်ရွယ်ရင် စိတ်ဓါတ်ခိုင်မာဖို့ လိုတယ် ဆိုတာကြိုပြီး အသိပေးချင်ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ မရရင်ပြန်ရတော့မှာ ကိုး။ ပထမတစ်ခါ အလုပ်မရလို့ ပြန်ရတယ်ဆိုကတည်းက စိတ်ဓါတ်ကကျ။ ငွေကကုန်နဲ့ နောက်တစ်ခေါက်ပြန်လာဖို့ တွန့်သွားတတ်ပါတယ်။ တချို့ဆိုနောက်တစ်ခေါက်အလည် မလာဘဲနဲ့ အေးဂျင့်နဲ့ ပြန်ချိတ်ပြီး အလုပ်ရသွားတော့ အစကတည်းက အေးဂျင့်နဲ့ လုပ်ရင် အေးဂျင့်ဖိုးပဲ ကုန်မယ့်ဟာ အလည်လာတဲ့စရိတ်တွေ ပါကုန်တော့တာပေါ့။
အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း နောက်ဆုံးအလုပ်ရသွားတာ တော် သေးတယ်လို့ပဲ ပြောရမယ်ထင်ပါရဲ့ ၊ တချို့ဆို နောက်တစ်ခေါက်ထပ်လာပြီး အလည်နဲ့ပဲ အလုပ်ရှာကြတာ ကံကောင်းမှပဲရကြာတာလေ။ သူများ တွေ ပြောတဲ့ အေးဂျင့်ဖိုးပေးရတာ ဟာ အလည်နဲ့ သုံးခေါက်လောက်သွားသွားလာလာလုပ်ရတာ ထက်လောက် ရှိတယ်ဆိုတာ တကယ်တော့ ငွေတတ်နိုင်ဖို့ဆိုတာ စိတ်ဓါတ်တော် တော် မှ ခိုင်မှ ဖြစ်မှာ ပါ။
အလုပ်ရှာတောမှာ လည်း အခက်အခဲက အများ ကြီးပါ။ များ သော အားဖြင့် အင်တာနက်က ရှာလို့ရပါတယ်။ ပြီးတော့ သတင်းစာမှာ လည်း ရှာရပါတယ်။ ခက်တာက မတွေ့ လိုက်နဲ့တွေ့ တဲ့ကြော်ငြာ တော် တော် များများ က Singapore PR သာလျှောက်ပါ ဆိုတာမျိုးတွေ ချည်းပဲ။ နည်းပါးလွန်းတဲ့ ကြော်ငြာတချို့သာ နိုင်ငံခြားသားလျှောက်နိုင်သည်တို့၊ ဘာကန့်သတ်ချက်မှ မပါတာတို့တွေ့ ရတတ်ပါတယ်။
ဒါပေမယ့် လျှောက်တိုင်းလည်း အင်တာဗျူး ခေါ်တာမှ မဟုတ်တာ။ တချို့ဆို နှစ် ပေါက်အောင် လျှောက်ရတာ မျိုးလည်း ရှိပါတယ်။ တချို့က ရက်ပိုင်း၊ တချို့က တစ်ပတ်၊ နှစ် ပတ်၊ ကံအပေါ်မူတည်ပြီး ရသွားတတ်ကြပါတယ်။ ဘယ်လိုပဲ ဖြစ် ဖြစ်၊ လူရဲ့ သဘာဝ အင်တာဗျူး မရရင် စိတ်ပျက်တတ်တာပါပဲ။ ဒါတောင် အင်တာဗျူး ရလို့ ကိုယ့်ကို ခန့်မခန့်ရှိသေးတယ်။ ခန့်ရင်တောင် Pass ရဖို့ လျှောက်ရင်ကျမကျ ရှိသေးတယ်။
အင်တာဗျူး ရတဲ့ လူတွေ ကရော တကယ်ပျော်နိုင်ပါရဲ့ လားလို့ စဉ်းစားကြည့်ပါ။ အင်တာဗျူး မရသေးတဲ့သူတွေ ထက်စာရင်တော့ သူက မျှော်လင့်ချက်တွေ နီးလာလို့ ပျော်နိုင်တာပေါ့။ ဒါပေမဲ့ တကယ်ဗျူးတဲ့အခါ သူတို့ပြောတဲ့ Englisg ကို ကိုယ်က နားမလည်တာ၊ ကိုယ်က ပြန်မပြောနိုင်တာ၊ သူတို့လိုအပ်ချက်နဲ့ ကိုယ်မှာ ရှိတဲ့ အရည်အချင်းနဲ့ မကိုက်တာ၊ စတာတွေ အများ ကြီးပါပဲ။ အဲဒီ အတွက် သေချာတာ ကတော့ အလုပ်မရနိုင်ဘူးဆိုတာပါပဲ။ အင်တာဗျူး မရတုန်းကလည်း မရလို့၊ ရတော့လည်း အလုပ်က မရနိုင်နဲ့ စိတ်ပျက်စရာပါပဲ။ အင်တာဗျူး က ပြန်တော့ ခေါင်းငိုက်စိုက်နဲ့လေ။
နောက်တစ်မျိုး ကတော့ သူတို့လိုချင်တဲ့ အရည်အချင်းနဲ့ ကိုယ်နဲ့ကိုက်တယ်။ English လည်း ပြောနိုင်ဆိုနိုင်ပါပဲ။ သူကျတော့ ဘယ်မှာ သွားထိလဲဆိုတော့ အလုပ်ချိန်ကများ ၊ လစာကနည်း၊ လုပ်သက်ခွင့်ကနည်းနဲ့ အလုပ်တော့ ရနိုင်တယ်။ ခံစားခွင့်က လုပ်ရမှာ နဲ့ ကွာနေပြန်ရော။ ဒီတော့ချီတုံချတုံ ဖြစ်ပြီး သူရတဲ့ Pass နဲ့ ပြန်ချိန်ရပြန်ရော။ ကျောင်းလခ၊ နေစရိတ်တွေ ထပ်မပေးချင်တော့ နောက်ဆုံးမှာ ရတဲ့အလုပ်ကို မလုပ်ချင်ပေမယ့် ခေါင်းညိတ်လိုက်ရရော။
ဒါလည်း အလုပ်ရပြီ မထင်ပါနဲ့။ Pass လျှောက်ပြီဆိုမှ သူတို့ဆီက Ministry of Manpower လို့ခေါ်တဲ့ MON က လျှောက်လွှာကို စစ်ဆေးပြီး ကျပ်ပါတော့တယ်။ တချို့က Reject ဆိုပြီး အပယ်ခံရတယ်။ တချို့က Pending ဆိုပြီး ဆိုင်းငံ့ထားတယ်။ တချို့ ကတော့ Approved ဆိုပြီး တန်းကျသွားတယ်။
Reject သမားတွေ မှာ တချို့က အသနားခံစာ ပြန်တင်တတ်ကြတယ်။ မရတဲ့သူလည်း မရပါဘူး။ တချို့က ဒုတိယ အသနားခံစာမှာ ရသွားတတ်ကြပေမယ့် တချို့ ကတော့ ဘယ်လောက်တင်တင် မရတတ်ကြပါဘူး။ တချို့ဆို ကုမ္ပဏီက သည်လူကို လိုအပ်နေပါတယ်ဆိုတာတောင် MON ကခွင့်မပြုခဲ့ပါဘူး။ အဲဒီ လို လူမျိုးအတွက်တော့ ပိုပြီးရင်နာဖို့ကောင်းပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဆင်ပြောင်ကြီး အမြီးကျမှ တစ်တာကိုး။ တော် တော် စိတ်ပျက်ဖို့ကောင်းတဲ့ ကိစ္စမျိုးပါပဲ။
နောက်တစ်မျိုး Pending ဆိုတာ ကတော့ Reject ဖြစ်သွားနိုင်သလို Approved ဖြစ်သွားနိုငတာမျိုးပါ။ ဆိုင်းငံ့ထားတာ၊ တင်ကတည်းက အချက်အလက်လိုတာ ဖြစ်နိုင်သလို MON က တစ်ခုခုကို တောင်းဆိုချင်တာ ဖြစ်နိုင်ပါတယ်။ အခုနောက်ပိုင်း စင်္ကာပူမှာ MON က Pending ဆိုရင် အသစ်ဝင်လာတာက IQ Test ဖြေခိုင်းတာပါ။ သူတို့အထင်ကြီးပါတယ်ဆိုတဲ့ ဥရောပက အဖြူကောင်တွေ တောင် ဖြေရပါတယ်။ တချို့ကျပါတယ်။ အောင်တဲ့သူတွေ လည်း အောင်ပါတယ်။ အောင်ရင်တော့ Approved ဖြစ်ပါပြီ။ ကျရင်တော့ S Pass ကို တော် တော် နဲ့ လျှောက်လို့ မရတော့ဘူးလို့ သိရပါတယ်။ ဒီတော့ Pending သမားဟာ သိပ်စိတ်ပျက်စရာမရှိပေမယ့် ရင်တော့ ခုန်ရပါတယ်။ စာမေးပွဲဖြေရတာ ကိုး။ စာမေးပွဲကြေးလည်း သွင်းရပါတယ်။ တချို့ကျတော့ ကိုယ့်ဘာသာ ကုမ္ပဏီက သွင်းပေးပါတယ်။ တချို့ကျတော့ ကိုယ့်ဘာသာ သွင်းပေးရပါတယ်။ ဒီတော့ မအောင်ရင် အလုပ်မရမယ့်အပြင် ငွေပါ ကုန်ပါတယ်။
အကောင်းဆုံး ကတော့ ကုမ္ပဏီက Pass လျှောက်ပြီးရင် Approved ဆိုမှ စိတ်ချမ်းသာရတာ ပေါ့။ ဒီတော့ Pass မရမချင်း စိတ်မအေးရသလို Pass ရပြီဆိုမှ စိတ်ချမ်းသာရမယ့်ဘ၀ပါ။ စင်္ကာပူက လူတွေ ပြောနေကျစကားနဲ့ပြောရရင် “အလုပ်မရမချင်း စီကစဉ်ကာပူရတဲ့ စင်္ကာပူပါ” ။ ဒါတောင် တချို့ဆို အင်တာဗျူး သွားတော့ ခွေးကိုက်ခံရတာ ၊ အင်တာဗျူး မယ့်နေရာမှာ ဗျူးမယ့်လူက မရှိဘဲ အလုပ်လုပ်နေတဲ့ ကုလားတွေ ပဲရှိတာ။ အင်တာဗျူး မယ့် နေရာက ဟင်းလင်းပြင် ဘာမျှမဆောက်ထားတဲ့နေရာ ဖြစ်နေတာ စတဲ့ အခက်အခဲတွေ ကြုံရပါသေးတယ်။
အလုပ်မရခင်က ရခဲ့တဲ့ စိတ်ရှုပ်စရာ၊ စိတ်ညစ်စရာ၊ စိတ်ဒုက္ခရောက်စရာတွေ ပြီးရင် အလုပ်ရရင် ရှိနေသေးတဲ့ ဒုက္ခတွေ လည်း ပြောပြချင်ပါတယ်။
ပိုင်ရှင်နဲ့စကားပြောရတာ အခက်အခဲရှိတာ၊ အလုပ်ကို နားမလည်တာ၊ ကိုယ့်ကို ကူမယ့်သူ မရှိတာ၊ ကံဆိုးရင် တစ်ရုံလုံး ကိုယ် တစ်ယောက် တည်း မြန်မာ ဖြစ်နေတာ။ ရှေ့မှာ ပြောခဲ့ဖူးသလို သူဌေးက စိတ်ရှုးပေါက်တိုင်း ထအော်နေတာ။ တချို့ဆို ညနှစ် နာရီ အထိ အလုပ်လုပ်ရတာ စုံနေတာပါပဲ။ ဒီတော့ တော် ရုံတန်ရုံစိတ်နဲ့ဆို မခံနိုင်ပါဘူး။
တချို့ဆို ငိုကြတယ်။ တချို့ အလုပ်ပြောင်းတယ်။ တချို့ ပြန်ပြေးတယ်။ စုံနေတာပါပဲ။ အဲဒီ အထဲမှာ မှ စိတ်ဓါတ်ခိုင်သူတွေ သာ ကျန်ရစ်ခဲ့တာပါပဲ။
စင်္ကာပူကို အလုပ်လုပ်ဖို့ လာမယ်ဆိုရင် တော် ရုံတန်ရုံ စိတ်ဓါတ်နဲ့ မရနိုင်ပါဘူး။ သေသေချာချာ ပြင်ဆင်ထုပ်ပိုးလာတဲ့ စိတ်ဓါတ်မျိုးနဲ့သာ ရမှာ ပါ။ ရေခြားမြေခြား သူစိမ်းတွေ ကြား အရည်အချင်းရှိမှ ရပ်တည်နိုင်မယ်ဆိုပေမယ့် ရှေ့မှာ ပြောခဲ့တဲ့ ဒုက္ခတွေ သာ ပြုံကျလာရင် တော် ရုံခံနိုင်ရည်နဲ့ မရနိုင်ပါဘူး။ စိတ်ဓါတ်ကောင်းမှသာ ရပါလိမ့်မယ်။
ဒါကြောင့် စင်္ကာပူကို သွားအလုပ်လုပ်မယ်ဆိုရင် အဲဒီ လူတွေ ကို တစ်ခုဘဲမှာ ချင်ပါတယ်။ ခံနိုင်ရည်ပြည့်ဝတဲ့ စိတ်ဓါတ်ကောင်းကောင်းသာ ယူခဲ့ပါလို့။ တကယ်တော့ ဒါဟာ စင်္ကာပူမှသာ မဟုတ်ပါဘူး။ တခြားနေရာ၊ တခြားနိုင်ငံမှာ ပါ လိုအပ်တာပါ။
သမီးရေ၊ ရပ်ဝေးမြေခြား ခရီးမသွားခင် ခံနိုင်ရည်ရှိတဲ့ စိတ်ဓါတ်ကောင်းဖို့ အရင်ကြိုးစားကြရမှာ နော်။
ဓနုဖြူမြို့နယ်၊ ကျုံတနီးရွာသို့
ချစ်သမီးမေလေး
ရွှင်လန်းချမ်းမြေ့ပါစေ ……….
၂၀၁၂ ခုနှစ် ၊ မတ်လ ၂၈ ရက်မှ ရန်ကုန်မှ ဧရာဝတီတိုင်းသို့ နေ့ချင်းပြန်ခရီးတစ်ခုလိုက်ပါဖို့ စီစဉ်ကြပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာသို့ သွားကြဖို့ ကိစ္စ ဖြစ်ပါတယ်။
ဓနုဖြူမြို့ဆိုတာ ၁၉၅၂ ၊ အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲမှာ မြန်မာဘက်မှ စွမ်းစွမ်းတမံ ရွံ့ရွံ့ချွန်ချွန် တိုက်ခိုက်ခဲ့တဲ့ ၀န်ကြီးသတိုးမဟာဗန္ဓုလ တိုက်ပွဲစစ်မြေပြင်မှာ ကျဆုံးရတဲ့နေရာမို့ ရာဇ၀င်မှာ ထင်ရှားပါတယ်။ နယ်ချဲ့ဗြိတိသျှကျူးကျော်သူတွေ ကို မြန်မာဆိုတာ စစ်ရေး စစ်ရာ တော် တော် မြော်မြင် ကျွမ်းကျင်ကြတဲ့ ခေါင်းဆောင်သူရဲကောင်းတွေ ရှိကြတဲ့ လူမျိုးပါကလားလို့ သိမြင်အောင် ပြသနိုင်ခဲ့သူ မဟုတ်လား။ ရင်ဆိုင်ရတဲ့ ရန်သူအင်္ဂလိပ်ဗိုလ်မှူးကြီးတွေ ကိုယ်တိုင် ချီးကျူးလေးစားခဲ့ရတာ လေ။
ဓနုဖြူဟာ အဲသည်လိုအာဇာနည်သူရဲကောင်း နယ်ချဲ့ဆန့်ကျင်ရေး ပုဂ္ဂိုလ်များ သွေးမြေကျခဲ့ရတဲ့နေရာ၊ ဗြိတိသျှ အစိုးရမြန်မာပြည်ကို သမ်းယူပြီးနောက် ပျောက်ကျားစစ်နဲ့ ခုခံတိုက်ခိုက်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်မြတ်ထွန်း လှုပ်ရှားစိုးမိုးခဲ့တဲ့ နယ်မြေ။ မအူပင်၊ ဟင်္သာတ၊ ညောင်တုန်း ဒေသဟာ တိုက်ပွဲဝင်သူရဲကောင်းကြီး ဗိုလ်မြတ်ထွန်း လွှမ်းမိုးထားနိုင်ခဲ့တဲ့ ဒေသပေပဲ။ ဓနုဖြူမြို့နယ်ဟာလည်း အပါအ၀င်ပေါ့။
အတိတ်ရာဇ၀င်မှာ အမျိုးသားရေး စိတ်နဲ့ နယ်ချဲ့ဆန့်ကျင်ရေး ၊ တော် လှန်ရေး စိတ်ဓာတ် ပြင်းထန်တဲ့ ပြည်သူတွေ နေထိုင်ကြတဲ့ ဓနုဖြူပေပဲ။
စာရေး ဆရာ ကဗျာဆရာ ဓနုဖြူကျော်ထွန်း (ဆရာအီကြာကွေး) ၊ ဆရာကြယ်နီ၊ ဆရာမောင်ခင်မင် (ဓနုဖြူ) စတဲ့ နိုင်ငံကျော်စာရေး ဆရာကြီး များ ဒီရေဒီမြေက ပေါက်ဖွားခဲ့ကြတယ်။ ဓနုဖြူဟာ စာပေအရောင် နဲ့လည်း ဂုဏ်ရောင် ပြောင်ပါတယ်။
ဓနုဖြူမှ အနောက်အရပ်ကျုံပျော်ရေကြည်သို့ သွားသော လမ်းအတိုင်း ၁၄ မိုင်ရောက်လျှင် ကျုံတနီးရွာ ရှိပါတယ်။ ကျုံတနီးရွာဟာ ဟိုးလွန်ခဲ့တဲ့ နှစ် ပေါင်းခုနစ်ဆယ်ခန့်က ခင်မောင်အေးဆိုတဲ့ ကလေး တစ်ယောက် ဖွားမြင်ခဲ့တဲ့ရွာပဲပေါ့။ အဘဦးရာမ၊ အမိဒေါ်စောတင်တို့က မွေးဖွားခဲ့တဲ့ အကြင်မောင်ခင်အေးဆိုတဲ့ လူသား တစ်ယောက် ဟာ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနမှာ ပါမောက္ခကြီး ဒေါက်တာ ခင်အေးရယ်လို့ ဖြစ်လာတဲ့အပြင် ဂျပန်နိုင်ငံ အိုဆာကာတက္ကသိုလ်သို့ သွားရောက်ပြီး မြန်မာစာသင်ကြားပို့ချ ရတဲ့ ပါမောက္ခ ဖြစ်ပါသေးတယ်။
ပြီးတော့ သူဟာပညာရှိများ လေးစားဝမ်းသာစွာ ချီးကျူးကြရတဲ့ စကားပြေဆိုင်ရာ ကျမ်းစာပေါင်း လေးဆယ်ကျော်ပြုစုခဲ့တဲ့ စာပေပညာရှင်၊ စာရေး ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) အနေနဲ့လည်း နိုင်ငံအ၀ှမ်း ထင်ရှားကျော်ကြားပါတယ်။
နေပုံထိုင်ပုံအေးအေး၊ ၀တ်ပုံစားပုံရိုးရိုးအေးအေး၊ ပြောပုံဆိုပုံအေးအေး၊ စာရေး သားရာ မှာ လည်း ချိုချိုသာသာ၊ ယဉ်ယဉ်ကျေးကျေး၊ လေအေးအေး၊ ဆရာကြီး ဦးခင်အေး၊ က ခင်မင်စရာကောင်းသလောက် စိတ်နေစိတ်ထားလည်း အေးဆေးတည်ငြိမ်တဲ့ ပုဂ္ဂိုလ်ပါ။ ဒီဆရာကြီး ကို စာရေး သူလေးစားချစ်ခင်တာက သူ့ရဲ့ စာပေစွမ်းရည်မြင့်မားစွာ ? အကျိုးပြုစွမ်းဆောင်မှု သာမက သီချင်းကြီးဂီတနဲ့ ကာလပေါ်သီချင်းများ ကို ကျွမ်းကျွမ်း ကျင်ကျင် ရင်းရင်းနှီးနှီး မှတ်သားနားလည်နိုင်စွမ်းပါ။
သီချင်းဆိုတာ ကဗျာလင်္ကာပါပဲ။
ဆရာကြီး ဒေါက်တာဦးခင်အေး ပါမောက္ခ ဦးဘညွှန်လို (ချစ်ဒုက္ခဓါတ်ပြားသီချင်း) သီချင်းဆိုတာ မကျော်ကြားပေမယ့် တေးဂီတသီချင်းပေါင်းများ စွာ ကို ခံစားမှတ်သားခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ စာရေး ဆရာ မောင်ခင်မင် (ဓနုဖြူ) ရဲ့ စာပေတွေ ထဲမှာ သူ့ရဲ့ ဂီတ၀ါသနာအထုံကို ချစ်ခင်စရာ၊ နှစ်သက် စရာ တွေ့ မြင်ကြရပါတယ်။ ဆရာက စာပေကိုတန်ဖိုးထားသလို ဂီတကိုလည်း မြတ်နိုးတတ်ပါတယ်။
ဆရာကြီး ဦးခင်အေးက သူ့ရဲ့ မွေးရပ်ဇာတိ ဓနုဖြူမြို့နယ်က ကျုံတနီးရွာမှာ စာကြည့်တိုက်ဆောက်ပြီး လှူချင်တယ်။ ဗိုလ်မှူးကြီးက ဖြစ်မြောက်အောင်ကူညီပါလို့ ပြောလာခဲ့ပါတယ်။ ပြန်ကြားရေး နဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပုသိမ်၊ မအူပင်၊ ဓနုဖြူ စတဲ့နေရာမှ မိမိရဲ့ လုပ်ဖော်ကိုင်ဘက်တွေ ကို မိမိကဖုန်းဆက်ပြီး ဖြစ်မြောက်နိုင်စွမ်း အခြေအနေ မေးရပါတယ်။ ကွင်းဆင်းကြည့်ပေးပါ။ ရပ်ရွာရဲ့ အိမ်ခြေ၊ ပညာရေး အခြေအနေ လူတွေ ရဲ့ လူမှု စီးပွားအခြေအနေ။
အကြိမ်ကြိမ် အခါခါ ဆော်သြော်ရပါတယ်။
ကျေးရွာစာကြည့်တိုက်တော့ရှိနေပြီ။
မူလတန်းကျောင်းမှာ တွဲ ဖွင့်ထားတာ။
အဆောက်အအုံမရှိ၊ ငွေမရှိ၊ စာအုပ်လည်း မိမိတိုပ ပြန်ကြားရေး ဌာနက လှူပေးတဲ့စာအုပ်လေးတစ်ရာ ကျော်မှအပ ဘာမှမတိုးတက်လာစသဖြင့် သိရတယ်။ ရပ်ရွာကလည်း အိမ်ခြေနည်းတယ်။ ဆင်းရဲကြတယ်။ စိတ်ပျက်စရာပဲ။
ခရိုင်အရာရှိလည်း သွားကြည့်ပါ။ တိုင်းအရာရှိလည်း သွားလေ့လာပါ တိုက်တွန်းတဲ့အခါမှ ကျုံတနီးဆိုတာ ရွာကြီး၊ အိမ်ခြေထောင်ချီပြီး ကြီးတဲ့ရွာကြီး၊ ဈေးရှိတယ်။ အထက်တန်းကျောင်း ရှိတယ်။ တိုက်နယ်ဆေးရုံဆောက်နေပြီ။ လူတွေ က လယ်သမားတွေ များ ပေမယ့် အဆင်းရဲကြီး မဟုတ်ကြ၊ စားနိုင်သောက်နိုင်ချောင်လည်ကြသူတွေ လည်း ရှိကြပါတယ်။ သိရပါတယ်။
တိုတိုပြောရင် မြန်မာစာပါမေက္ခရာဆရာကြီး ဒေါက်တာဦးခင်အေး မိသားစုရဲ့ မတည်လှူဒါန်းငွေ ၂၅ သိန်း၊ မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းက ထည့်ဝင်ပေးငွေ ၁၀ သိန်းနဲ့ အဆောင်အအုံဆောက်ပြီ။ ဆရာကြီး နဲ့ စာအုပ်ဖောင်ဒေးရှင်းက စာအုပ်တွေ လှူပေးတာနဲ့ အားလုံးပြည့်စုံပြီး အထမြောက်သွားခဲ့ပြီ။ ဆောက်လုပ်တဲ့ အဆောက်အအုံလည်း ရပ်ရွာအုပ်ချုပ်ရေး မှူးနဲ့ ရပ်မိရပ်ဖတွေ က ကူညီခဲ့ကြလို့ ဆောက်ပြီးသွားပြီ။
မောင်ခင်အေးလေး ဤရွာမှ ၁၉၄၅ မတ်လမှာ ဒီရွာကို စွန့်ခွာပြီး စစ်ဘေးဒဏ်ကြောင့် ပြေးခဲ့ရတာ ။
၂၀၁၂ ခုနှစ် ၊ မတ်လ ၂၈ ရက်မှာ တော့ (၆၇ နှစ် တိတိကြာပြီးနောက်) ပြန်လည်ရောက်ရှိ တဲ့အခါ သူရဲ့ ချွေးနှဲစာနဲ့ ပညာဖြင့် အသက်မွေးခဲ့တဲ့ ဘ၀တစ်လျှောက်စုဆောင်းခဲ့သမျှ ငွေကို မွေးရပ်ဇာတိမြေတွင် “ပညာအလင်းစာကြည့်တိုက်” အနေနဲ့ ခန်းနားထယ်ဝါစွာ လှူဒါန်း ရေစက်ချနိုင်ခဲ့ပြီ။
ဒေါက်တာဦးခင်အေးနဲ့ ဇနီး ဆရာမ ဒေါ်စုစုနွယ် သမီး မသူသူနွယ်အေး မိသားစုရဲ့ ကောင်းမှု ပညာအလင်းဆိုတဲ့ ကျုံတနီးကျေးရွာ စာကြည့်တိုက်ဟာ နောင်လာနောက်သား လူငယ်လူရွယ်များ စာဖတ်ခြင်းဖြင့် ကြီးမြင့်အောင် ကောင်းကျိုးဆောင် ပေးတော့မယ်။
ကျုံတနီးကျေးရွာစာကြည့်တိုက်ဖွင့်ပွဲကို အလှူရှင်ဒေါက်တာဦးခင်အေး၊ စာကြည့်တိုက် ဖောင်ဒေးရှင်း ဒုတိယဥက္ကဌ ဦးညွန့်ဆွေ၊ ဓနုဖြူမြို့နယ် အုပ်ချုပရေး မှူး ဦးတင်လှိုင်တို့က ၂၈-၃-၂၀၁၂ နံနက် ၉ နာရီ ဖဲကြိုးဖြတ်ဖွင့်လှစ်တယ်။
ဒေါက်တာ ဦးခင်အေးက စာကြည့်တိုက်လှူဒါန်းရခြင်းအကြောင်းကို သူ့ဘ၀နဲ့ယှဉ်ပြီး ပြောပြတယ်။ အဖေကို သူပုန်သတ်ခံရတော့ ဖတဆိုး ဖြစ်ခဲ့။ အမေကွယ်လွန်သွားတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘမဲ့ ဖြစ်ခဲ့။ အဒေါ်တွေ ခေါ်ယူကျွေးမွေးလို့ ဆင်းဆင်းရဲရဲပညာသင်ခဲ့ရ။ ငယ်စဉ်က အဖိုးရဲ့ သင်ပြမှု ကျေးဇူးကြောင့် စာဖတ်ဝါသနာပါခဲ့။ စာဖတ်တဲ့အကျင့်က စွဲတယ်။ စာဖတ်တာများ တော့ ဗဟုသုတကြွယ်ဝတယ်။ ကျောင်းစာမှာ ပါတော် လာတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့မှာ ပညာထူးချွန်တော့ တက္ကသိုလ်မှာ ဆုငွေထောက်ပံ့ကြေးနဲ့ တက်နိုင်ခဲ့ပြီး ဘွဲ့ရတယ်။
၇ တန်း စကောလားရှစ်နဲ့အောင်ခဲ့တယ်။
၁၀ တန်း မြန်မာစာ၊ သင်္ချာ၊ (၂) ဘာသာဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန် အောင်ခဲ့တယ်။
ငယ်ငယ်ကစာဖတ်တဲ့ အကျိုးဟာ မိဘမဲ့ ဖြစ်ပါရက်နဲ့ မြန်မာစာပါမောက္ခအထိ နိုင်ငံနဲ့လူမျိုးကို အကျိုးပြုနိုင်ခဲ့ပါတယ်။ သူကိုယ်တိုင်ပြောပြတဲ့ သူ့ဘ၀ဟာ စွန့်စားခန်း ဇာတ်လမ်းကြီးပါတဲ့ ရုပ်ရှင်ကားကို ကြည့်နေရသလိုပဲ။ သနားစရာ၊ ကြေကွဲစရာ၊ အားငယ်စရာ၊ အားပျက်စရာ၊ အားတက်စရာ၊ ရသအနုပညာ ပြည့်စုံတဲ့ ဟောပြောချက် တစ်ခုပါပဲ။ သိပ်နားထောင်လို့ကောင်းတာပေါ့ကွယ်။
ဆရာကြီး ပြောပြီးနောက် မိမိက စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကို ပခုက္ကူဦးအုံးဖေနဲ့ ဆရာ လယ်တွင်းသား စောချစ်တို့အား ဥပမာ သာဓကဆောင်ကာ ဆယ့်ငါးမိနစ်ခန့် ဟောပြောပါတယ်။ ဥပမာ သာဓကဆောင်ကာ ဆယ့်ငါးမိနစ်ခန့် ဟောပါတယ်။ ပရိတ်သတ် စာဖတ်ချင်အောင်။
ပြီးတော့ ကျုံတနီး အထက၊ တိုက်နယ်ဆေးရုံတို့ကို လှည့်လည်လေ့လာကြပါတယ်။ ကျုံတနီးရွာ အထက်တန်းကျောင်းမှာ နေ့လယ်စာစာပြီး ကားနဲ့ရန်ကုန်သို့ ပြန်ခဲ့ကြပါတယ်။ ဓနုဖြူမြို့နယ်မှာ ကျုံတနီးရွာအပါအ၀င် တိုက်နယ် (၇) ခုရှိသတဲ့။ အပြိုင်အဆိုင် တိုးတက်ဖွံ့ဖြိုးလာအောင် ကြိုးစားနေကြပါသတဲ့။
အခြေခံအကျဆုံးက လူတွေ ရဲ့ အသိဥာဏ်နဲ့ ဗဟုသုတ။ လမ်းတွေ ဖောက်တာလည်း ကောင်းပါတယ်။ တံတားတွေ ဆောက်တာလည်း ကောင်းပါတယ်။ ပညာရေး နဲ့ အသိဥာဏ် ဗဟုသုတအဆင့်မြင့်မှ လူတွေ ဘ၀မြင့်မှာ ပါ။
ဓနုဖြူမြို့ကို ဖြတ်ပြန်ခဲ့တယ်န။ ဧရာဝတီလှိုင်မြစ်ကမ်းက စစ်ရေး အချက်အချာမြို့၊ စိန္တကျော်သူ ဘွဲ့ခံဦးသြရေး ဖွဲ့ခဲ့တဲ့ “ဓနုဖြူတွင် ” အစချီ စစ်ထွက်ရတုကို သတိရမိတယ်။ ရေကြောင်းချီစစ်သည်တော် တွေ ရဲ့ ဘ၀ကို ဖွဲ့ထားတာ။ တွင်းသင်းတိုက်ဝန် မဟာစည်သူ ဦးထွန်းညိုရဲ့ တူတော် သူ ဦးသြဟာ စစ်သားလည်း ဟုတ်တယ်။ စာဆိုလည်း ဟုတ်တယ်။
ဝန်ကြီး သတိုးမဟာဗန္ဓုလ၊ တွင်းသင်းမင်းကြီး စိန္တကျော်သူဦးသြ၊ သူရဲကောင်း ဗိုလ်မြတ်ထွန်း၊ ကြယ်နီ၊ ဓနုဖြူကျော်ထွန်းတို့ရဲ့ ဆောင်ရွက်ချက်၊ အစဉ်အလာတွေ ကို သိချင်ရင် စာဖတ်မှသာ ဖြစ်မှာ ပေါ့။ ဆရာ မောင်ခင်မင် (ဓနုဖြူ) ရဲ့ စေတနာနဲ့ အမြော်အမြင်ကို သာဓုသုံးကြိမ်ခေါ်ဆိုကာ အနုမောဒနာပြုခဲ့ပါရဲ့ ကွယ်။
ချစ်စွာ သော
ချစ်နိုင် (စိတ်ပညာ)
၁၉-၄-၂၀၁၂
![]() သီတာရေစင်ပမာ | ![]() ဇွဲရှိမှ အောင်နိုင်မည် | ![]() ဘ၀တက်လမ်း၏ ခြေလှမ်းများ |