Cover

အချစ်ဇာတ်လမ်း

စေ့ထားသော တံခါးချပ်များ ကို တွန်းဖွင့်လိုက်သည် ။ လူက အရှိန်နှင့် အပြင်ရောက်သွားသည် ။ အပြင်မှာ …. မိုးတွေ က သဲသဲမဲမဲ ရွာနေသည် ။

ကြမ်းတမ်း ပြင်းရှစွာ ရွာနေသော မိုးရေစက်များ သည် သူ့ တစ်ကိုယ်လုံး ရွှဲနစ်သွားစေသည် ။

သား …. မိုးရွာနေတယ်လေ …

မေမေခေါ်နေသည့်အသံကို ကြားသော်လည်း သူ လှည့်မကြည့်တော့ပါ ။ မိုးရေတွေ ထဲမှာ သူ ကားနားသို့ လမ်းလျှောက်လာမိသည် ။

မသိစိတ်က သူရတံခွန်တို့ အိမ်ပဲ ပြေးလာမိသည် ။

သူ ဘယ်လိုမှ မခံစားနိုင်တော့ပါ ။ နှစ် ယောက် တည်း ရှိသော မိသားစုထဲမှာ … သူစိမ်း တစ်ယောက် ကို မေမေက ဆွဲသွင်းတော့မည် ။

သူ့ ထက် ငါးနှစ် လောက်သာကြီးသော လူ တစ်ယောက် နှင့် မေမေ လက်ထပ်တော့မည် ။

သူ့ ရဲ့ ကော်ဖီဆိုင်လေးထဲကို မေမေက လူ တစ်ယောက် ကို ခေါ်လာပြီး မိတ်ဆက်ပေးသည် ။ အသက်က ခပ်ရွယ်ရွယ် လူငယ်ပုံစံမျိုးပါပဲ ။

သူ ဟန်ဆောင်၍ ပင် ပြုံးမပြနိုင်ခဲ့ ။

ဖေ့ဖေ့နေရာမှာ သူစိမ်း တစ်ယောက် အစားထိုးဝင်လာမှာ ကို သူ ဘယ်လိုမှ လက်မခံနိုင် ။

မေမေ့ကိုလည်း သနားသည် ။

ရယ်မောပျော်ရွှင်နေသော မေမေ့မျက်နှာကို ပြန်မြင်ယောင် လာသည် ။

သူတစ်ခုခုကို ပြတ်ပြတ်သားသား လုပ်ရတော့မည် ။

သည်ခြံလေးထဲမှာ မေမေတို့ နှင့် အတူတူ ဆက်နေဖို့ တော့ မ ဖြစ်နိုင်ပါ ။ သူ သိပ်ရှက်သည် ။ သူ မျက်နှာပူမိသည် ။ သူ့ မျက်နှာ ဘယ်လိုထားရမှန်း မသိ ။

တိုက်ဖြူဖြူလေးနှင့် ခြံထောင့်က သူ့ ကော်ဖီဆိုင်လေးကို လှည့်ကြည့်မိသည် ။ ရင်ထဲမှာ ဆွေးလျလျ ….

“ Rain ” ဆိုသည့် ဆိုင်းဘုတ်ဖြူဖြူလေးနှင့် ကော်ဖီဆိုင်လေး ၊ ငယ်ငယ်လေးကတည်းက သူ နေခဲ့သော ဒီခြံလေးကို သံယောဇဉ် ပြတ်ရတော့မည် ။ ဆက်နေလျှင် ပြဿနာကို ဖိတ်ခေါ်သလို ဖြစ်တော့မည် ။

သူ့ ကားပေါ်တက်ပြီး …. သူရတံခွန်တို့ အိမ်ကို မောင်းလာခဲ့သည် ။

“မင်း ဘာ ဖြစ်လာတာလဲ … ရေတွေ လဲစိုနေတယ် ….”

သူရတံခွန်က ရောက်ရောက်ချင်းပဲ စိုးရိမ်စွာ မေးလိုက်သည် ။ သူ့ ကိုလည်း စူးစူးစမ်းစမ်းကြည့် ၏ ။

သူရတံခွန် … မေမေ အိမ်ထောင်ပြုတော့ …. ။

“မင်း …. တကယ်ပြောတာလား ”

ပထမတော့ သူရတံခွန်လည်း အံ့သြသွားသည် ။

“အိမ်ပေါ်တက်လေ …. အေးဆေးပြောရအောင် ….”

သူရတံခွန်ထုတ်ပေးသော ဂျင်းပန် နှင့် တီရှပ်ကို လဲလိုက်သည် ။ သူရတံခွန်က သူ့ အတွက် ကော်ဖီဖျော်လာသည် ။ မျက်နှာကလည်း မသက်မသာနှင့် ….

“အဲတော့ … မင်းဘာဆက်လုပ် မှာ လဲ ”

“မသိဘူးကွာ … ငါ အရမ်းညစ်နေတယ် ”

ရှင်းသန့် မိုးကို သူ နားလည်နိုင်သည် ။

သူငယ်ချင်းအရင်းကြီးတွေ မဟုတ်လား ….

တံခွန်နှင့် သူက အတွင်းသိ အစဉ်းသိ သူငယ်ချင်းတွေ ၊ ပြောမနာ ဆိုမနာ ပေါင်းသင်းလာကြတာဆိုတော့ …

သူတို့ သားအမိ ဘယ်လောက်ချစ်လဲဆိုတာ သူ အသိဆုံး ဖြစ်သည် ။ အခုချိန်မှာ ဒီလိုတွေ ဖြစ်လာတော့ … ရှင်းသန့် မိုးရဲ့ ခံစားချက်တွေ ကို သူ စာနာနိုင်သည် ။ စိတ်လည်း မကောင်းနိုင် ။

“ငါ ဒီမှာ ဆက်မနေနိုင်တော့ဘူးကွာ …”

“ဘယ်သွားမှာ လဲ …”

“နယ်မှာ စိတ်ပြေလက်ပျောက် ဆိုင်သွားဖွင့်မယ် ”

“ပြင်ဦးလွင်မှာ ငါတို့ ပိတ်ထားတဲ့ အိမ်တစ်အိမ်ရှိတယ် ၊ မင်းသွားမယ်ဆို အဆင်ပြေတာပေါ့ ….”

“သွားမယ်ကွာ …. ၊ ငါ ဆုံးဖြတ်ပြီးပြီ …. မင်းလိုက်ချင်လဲလိုက် … နေချင်လဲ နေခဲ့ …. ”

ရှင်းသန့် မိုးက ပြတ်ပြတ်သားသား ပြောသည် ။

“ဟာ …. မနေခဲ့ပါဘူး ၊ လိုက်မှာ ပေါ့ …”

“မင်းလိုက်မယ်ဆိုတော့ ကောင်းတာပေါ့ကွာ ၊ မနက်ဖြန်ဆို မေမေတို့ လက်မှတ်ထိုးတော့မှာ …. ငါ ရှိမနေချင်ဘူး ….”

“အဲဒါဆို … မနက်ဖြန်မနက်လောက် သွားမယ်လေ ”

ရှင်းသန့်မိုးက ခေါင်းညိတ်ပြီး ကော်ဖီနွေးနွေးလေးကို မော့သောက်လိုက်သည် ။

ခုမှပဲ စိတ်သက်သာရာ ရသွား၏ ။

သွေးပူနေတုန်းမို့သူ လုံးဝခံနိုင်ရည်မရှိပါ ။ တဖြည်းဖြည်း နှင့် ကျင့်သားရသွားမလား မသိနိုင် ။

သူရတံခွန်က …

“ငါ ခရီးထွက်ချင်နေတာ အတော် ပဲ … မင်းသွားပြီး ငါက နေခဲ့စရာလားဟု မကျေနပ်စွာ ပြောနေ၏ ။”

သူတို့ က စိတ်တူ ကိုယ်တူ အရမ်းရင်းနှီးသည်လေ … ။

***


ရန်ကုန်ကနေ မန္တလေးကို ရထားစီးပြီး ရထားပေါ်က ဆင်းတာနှင့် မန္တလေးမှာ ပင် မနေတော့ဘဲ ကားနှင့် ပြင်ဦးလွင် တန်းတက်လာခဲ့ကြသည် ။ ညက မေမေ့ဆီ ဖုန်းတစ်ချက်တံခွန်က ဆက်ပေး၏ ။ ဒီနေ့ မနက် မေမေတို့ ရုံးမှာ လက်မှတ်ထိုးကြသည် ။ သူနှင့် သူရတံခွန်က ယူစရာရှိတာယူပြီး ပြင်ဦးလွင် သို့ လာခဲ့ကြသည် ။

အိမ်က အကြောင်းတွေ ကို သူ ခဏလောက်တော့ မေ့ထားလိုက်ချင်သည် ။ လုံးဝကို ပြန်မတွေးချင် … ရင်ထဲမှာ နာကျင်နေသည် ။

ပြင်ဦးလွင်နား ရောက်ခါနီး တော့ ချမ်းစိမ့်စိမ့်လေး ဖြစ်လာသည် ။ သူရတံခွန်က သူ့ ဦးလေးခြံကို ခေါ်လာသည် ။ ခြံလေးတွေ က အရမ်းအေးချမ်းပြီး တိတ်ဆိတ်သည် ။ သာယာ လှပပြီး အေးချမ်းသော မြို့ ကလေး … ။

သူ ငယ်ငယ်ကတည်းက … ဒီပတ်ဝန်းကျင်လေးကို သိပ်ကြိုက်သည် ။ မေမေတို့ နဲ့ လာရင် သူ သိပ်ပျော်တတ်တာ မှတ်မိသည် ။

ဒီလို နေရာလေးမှာ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ချင်သည် ။ Rometic ဆန်ဆန်နှင့် သူ့ စိတ်ကူးထဲကအတိုင်း အကောင်အထည် ဖော်ချင်သည် ။ ဟိုးကတည်းက သူ့ စိတ်ကူးစိတ်သန်း ရန်ကုန်မှာ တော့ အကောင်အထည် မဖော် ဖြစ်ခဲ့တာ ။

"ဆိုင်ဖွင့်လိုက်ရင် မင်းအကြာကြီးနေရမှာ "

"ငါ ဒီမြို့ လေးကို သဘောကျတယ်"

"အေးလေ … ငါက သွားလိုက်ပြန်လိုက်လုပ်ရင် ကောင်းမလားမသိဘူး " ဟုဆိုလာတော့ ရှင်းသန့်  မိုးက လက်မခံချင်ဘဲ ခေါင်းခါ၏ ။

"မလုပ်ပါနဲ့ ကွာ … ငါတို့ အတူတူကြိုးစားရမှာ ၊ ဆိုင်ကလေး အောင်မြင်ပြီး လူသိများ လာအောင်"

"အေးပါကွာ လုပ်ပါ၊ မင်းက ရန်ကုန်မှာ လည်း ကော်ဖီဆိုင် အောင်မြင်ခဲ့တာပဲမဟုတ်လား" ဟု သူရတံခွန်က အားပေးတော့ ရှင်းသန့် မိုး ပြုံးနေမိ၏ ။

***


အသစ်ဖွင့်ထားတာ သိပ်မကြာသေးသော ဒီကော်ဖီဆိုင်လေးကို လရိပ်စိမ်း နှစ်သက်မိသည်။

ဆိုင်အပြင်အဆင်လေးကိုက တစ်မျိုးလေး ကဗျာဆန်နေသည်။ တခြားဆိုင်နဲ့ မတူဘဲ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်ရှိသည်။

ရိုးရိုးကော်ဖီဆိုင်မျိုးမဟုတ်ဘဲ တီးဝိုင်းလည်း ပါသည်။ အေးအေးလူလူ ထိုင်ချင်သူတွေ အတွက် ဘေးဘက်မှာ ပန်းဥယျာဉ်ကလေးနှင့် သီးသီးသန့် သန့်  စားပွဲဝိုင်းကလေးတွေ နှင့်…

ရှေ့ ဘက် စားပွဲတွေ ကတော့ စားပွဲနှင့် ထိုင်ခုံတွေ ဟာ သစ်လုံးကြီးကြီးတွေ ကို သဘာဝအတိုင်း ထွင်းထုထားပြီး အမိုးလေးတွေ ပါသည်။ ပြီးတော့ စားပွဲတစ်ဝိုင်းနှင့် တစ်ဝိုင်းကြား ပန်းခတ်ပန်းနွယ်တွေ နှင့် ခြားထားသည်။ ညဘက်ဆို မီးဆိုင်းလေးတွေ နှင့် အတော် သာယာသည်။

ဒီမှာ ထိုင်လိုက်တာနှင့် စိတ်ထဲ အလိုလို လန်းဆန်းသွားသလို ဖြစ်သွားရသည်။

ပြင်ပရှုခင်းတွေ ကို ငေးမောရင်း အစားအသောက်တွေ မှာ ယူစားသောက်နိုင်တာကြောင့် လရိပ်ရော ချယ်ရီရော အလွန်သဘောကျတဲ့ ဆိုင်ကလေးပဲ ဖြစ်သည်။

"နင် … ဘာသောက်မလဲ လရိပ်"

"သီးစုံကော့တေး"

"မုန့် ကရော"

"ဟင့်အင်း … မုန့် မစားချင်ဘူး၊ ဟိုမှာ တွေ့ လား၊ ဟိုရှေ့နားက ဆိုင်လေးမှာ အကင်သွားစားမယ်လေဟာ"

လရိပ်က ကော်ဖီဆိုင်နှင့် မလှမ်းမကမ်းမှာ ရှိသော အသားကင်ဆိုင်လေးကို ပြောခြင်း ဖြစ်သည်။

"အင်း … ကောင်းသားပဲ၊ ပြီးရင် သွားစားကြမယ်"

စားပွဲထိုး ၀ိတ်တာလေးက ချယ်ရီနှင့် ရင်းနှီးနေတာမို့  ပြုံးပြနှုတ်ဆက်သည်။

သူ ကတော့ … ဒီမြို့ ခံလေ။

လရိပ် ကတော့ တစ်နှစ်တစ်ခေါက်သာ ရောက်လာတတ်သော ဧည့်သည်။ လရိပ်က အအေးသောက်ရင်း ဆိုင်တစ်ခုလုံးကို ဟိုဟိုသည်သည် လိုက်ကြည့်နေမိသည်။

"ဘာတွေ လိုက်ကြည့်နေတာလဲ"

ချယ်ရီကမေးလျှင် သူမက ပြုံးစိစိလေး လုပ်ကာ …

"နင်တို့  ပြင်ဦးလွင်မှာ ကောင်လေးချောချော တွေ့ မလားလို့ ပေါ့"

"လျှောက်ပြောနေတယ်၊ နင့်မှာ အများ ကြီးရှိရက်သားနဲ့ "

"ရှိတာတွေ က မသေချာသေးဘူးလေဟာ"

လရိပ်က ပွင့်လင်းစွာ ပြောတာမို့  ဒီလိုပြောတတ်မှန်းသိသိနှင့် ပင် ချယ်ရီ မျက်နှာပူမိ၏ ။

ချယ်ရီ ကတော့ လရိပ်လောက်တော့ အတင့်မရဲပေ။ ဣနြေ္ဒလေးနှင့် မာနကလေးနှင့် …

ခေတ်လူငယ် တစ်ယောက် ဖြစ်ပေမယ့် သူမလောက်တော့ မပွင့်လင်းချင်။

သူမကို ၀ိုင်းကြိုက်တဲ့သူ ပေါမှန်းတော့ ချယ်ရီ သိပါသည်။ လူကြိုက်များ လည်းပဲ လရိပ် ကတော့ လောဘကြီးတုန်းပါပဲ။

သူ့ စိတ်က အရင်ကတည်းက ဒီအတိုင်းပဲ။

မပြောင်းလဲပါ။

ချယ်ရီနှင့်လရိပ်က ပြင်ဦးလွင်ရောက်မှတွေ့ ကြ၊ ခင်ကြတာဆိုပေမယ့် သူမအကြောင်းတွေ အားလုံး ချယ်ရီ သိနေခဲ့သည်။ စကားပြောရင်း သိလာတာ။

သူမမှာ ရည်းစားအသစ် ရပြီဆိုတာနှင့် ဖုန်းဆက်ပြီး ပြောပြတတ်သည်။ အမှန်တော့ ကြွားတာ။

သူမဇာတ်လမ်းတွေ ကို နားထောင်ပြီး သူမအစား ချယ်ရီရင်မောရသည်။ သူမို့ လို့  ခေါင်းရှုပ်ခံနိုင်တာ။

ပြီးလျှင် တစ်ယောက် နှင့် အဆင်မပြေ၊ ပြတ်သွားပြန်သည်။ ပြတ်သွားတဲ့ သူတွေ ကိုလည်း အပြီးဖြတ်ခြင်း မဟုတ်ဘဲ သူငယ်ချင်းလိုလို ဘာလိုလို ကြိုးရှည်ရှည်နှင့် လှန်ထားတတ်သည်။

ဒါတောင် Online ပေါ်မှာ Chart ရင်း တွေ့ တဲ့ သူတွေ မပါသေး။ စာရင်းထဲက ပယ်ထားတာ။

ဘာကိုမှ အကြောက်အလန့် မရှိဘဲ ယောကျာ်းလေးတွေ ကို လှည့်စားသလို သူမရဲ့ ယုံကြည်မှု ကလဲ အံ့မခန်းပါပဲ။

အရာရာကို သူသိ သူတတ်၊ သူများ တွေ က သူ့ လောက်မတော် ဆိုသော ပုံစံမျိုးနှင့် လေလုံးကလည်း ခပ်ထွားထွားလေး ဖြစ်သည်။

ချယ်ရီ ကတော့ သူ ဘယ်လိုပဲ ပြောပြော သူငယ်ချင်းမို့ အပြစ်မမြင်မိပါ။ ပြီးတော့ လရိပ်က စကားပြောအနည်းငယ် မာကျောသည်။

ဘယ်သူနှင့်မှ သိပ်မတည့်။ ချယ်ရီက သူမကို အလျှော့ပေးဆက်ဆံလို့ သာ။ အရာရာ သူမဆန္ဒပင်။ အဲဒါကြောင့် တည့်နေတာ။

" တစ်ယောက် တည်းကိုပဲ အတည်တကျချစ်လိုက်ပါ လရိပ်ရယ်၊ နင့်အစား ငါ ရင်မောတယ်၊ တစ်နေ့  တစ်နေ့  နင့်ဇာတ်နင်နိုင်အောင် ကနိုင်ရဲ့လား"

ဟိုနားသွားလည်း သူမသူငယ်ချင်း ကောင်လေးတွေ ၊ ဒီနားသွားလည်း သူမရဲ့ ရည်းစားလိုလို ၊ ဘာလိုလိုတွေ နှင့် ရှုပ်နေတာပဲ။ အားလုံးက သူမကို လိုက်ပိုးနေကြသူတွေ ပင်။

သူမကလည်း အားလုံးကို လှည့်စားနေသည်။ ဘယ်သူ့ကိုမှ အတည်တကျမရှိ။

"အဲဒါ ပျော်စရာကောင်းတယ်ဟ ၊ နင်ရည်းစား ထားကြည့်ပါလား ချယ်ရီ"

"အမယ် ဘာလို့  ထားကြည့်ရမှာ လဲ"

"ဟဲ့ ရည်းစားထားတာပဲ ဘာ ဖြစ်လို့ လဲ" ၊ မိန်းကလေးဆိုတာ ကိုယ့်အတွက် ကိုယ် အကောင်းဆုံးကို ခေါင်းခေါက်ရွေးချယ်ပိုင်ခွင့် ရှိတယ်ဟ ၊ စကားပုံတောင် ရှိသေးတယ်ပဲ၊ ရည်းစားတစ်ထောင် လင်ကောင်း တစ်ယောက် တဲ့ ဘာ ဖြစ်လဲ

"ငါ ကတော့ အဲဒီ လို မထင်ပါဘူးဟာ"

ချယ်ရီက ခေါင်းယမ်းသည်။ အတွေးအမြင်ချင်းမတူ။ ချယ်ရီက အေးအေးဆေးဆေး နေတတ်တာ။

လရိပ်အယူအဆတွေ ၊ စိတ်သဘောထားတွေ က တစ်ခါတစ်ခါ နားလည်ရခက်သည်။

"နင့်ကို စိတ်ဝင်စားနေတဲ့ နင်တို့ ဘေးအိမ်က ကိုကိုလတ် ဆိုတာရော"

"ဟာ … မဟုတ်ပါဘူး။ သူက ဘာလို့  ငါ့ကို စိတ်ဝင်စားရမှာ လဲ၊ မ ဖြစ်နိုင်တာ"

ချယ်ရီက ရှက်ကိုးရှက်ကန်း မျက်နှာလေးရဲကာ ငြင်းသည်။

"အရွယ်ရောက်လာတဲ့ မိန်းကလေးတိုင်း ကြုံတွေ့ နေရတယ့် ကိစ္စပဲ မဟုတ်လား။ ဘာရှက်စရာရှိလို့ လဲနော်"

ချယ်ရီက သူများးတွေ နှင့် မတူဘဲ တော် တော် ရိုးလွန်းပါသည်။ ကောင်လေးတွေ နှင့် သေချာ စကားပင်မပြောရဲသူ ဖြစ်သည်။ သီးသန့် နေတတ်သူလည်း ဖြစ်သည်။

တစ်ခါတစ်လေ လရိပ်သူ့ ကို အားမလိုအားမရ ဖြစ်မိသည်။ ဘာလို့  ဒါလောက်အေးတာလဲ။

"အဲဒီ တစ်ယောက် က နင့်ကို တကယ်ကြွေနေပုံပဲ၊ နင်က ချစ်စရာကောင်းတာကိုး"

"ဟုတ်ရင်လည်း ဟုတ်မှာ ပေါ့ ၊ ငါမသိတော့ဘူးဟာ"

"ချယ်ရီရယ် နင် ကတော့ အဟင်း…ဟင်း"

ချယ်ရီပြောပုံလေးကို သူမ သဘောကျရယ်မိသည်။ တကယ့် ရေခဲတုံးမလေးပါပဲ။

"လရိပ် နင်က တော် တော် လှတယ်… နင့်မျက်နှာမှာ ဘာမှန်းမသိတဲ့ ညှို့  အားတစ်မျိုးရှိနေတယ် သိလား"

လရိပ်က တစ်ချက်ပြုံးပြီးမှ ဆက်ခနဲ ဖြစ်သွားလျက် နားမလည်းစွာ ပြန်မေး၏ ။

"ဘာရယ်"

"နင့်မျက်နှာကြည့်ပြီး စကားပြောရတာ မိန်းကလေးချင်းတောင် မျက်လုံးလွှဲဖို့  မေ့နေတာ"

"နင်ကလည်း ပိုလွန်းပါတယ်ဟာ"

"အဲဒါကြောင့် လည်း နင်က ရည်းစားများ တာပေါ့"

"ချစ်တဲ့ ခင်တဲ့ သူတွေ ပေါတာပါဟ၊ ငါက ဘာမှ မလုပ်ပါဘူး"

"အခုတောင်နင့်ကို ဟိုဘက်ဝိုင်းက ကောင်လေးတွေ သိသိသာသာ ငေးကြည့်နေကြတယ် တွေ့ လား"

"ဟင် … ဟုတ်လား"

ချယ်ရီ့ အပြောကြောင့် လရိပ်အနောက်ဘက်က စားပွဲကို လှည့်ကြည့်လိုက်သည်။

ချယ်ရီပြောတာမှန်သည်။ ကောင်လေးသုံးယောက် က လရိပ်ကို လှမ်းကြည့်နေကြသည်။

လရိပ်လှည့်ကြည့်လိုက်တာ မြင်တော့ … အလယ်က ကောင်လေး တစ်ယောက် က လရိပ်ကို မျက်လုံးတစ်ဖက် မှိတ်ပြသည်။ သွက်လိုက်တာ ကွက်တိ။

လရိပ်ကလည်း သူ့ ကို ပြန်ပြောင်ပြလိုက်သည်။ ဘာရမလဲ၊ သည်လိုအညံ့မခံနိုင်။

လရိပ်ကလည်း အဲဒီ လိုပဲ။ သူမကို မျက်လုံးမှိတ်ပြတာကို သူမက ပြန်ပြောင်ပြသည်။ စိတ်ထဲမှာ ဘယ်လိုမှ သဘောမထား။

သူမဘက်က ဘာရယ်မဟုတ် လုပ်လိုက်တာ ဖြစ်ပေမယ့် ဟိုက ရောင့် တက်သွားမှာ ပေါ့။

သူမရှိတဲ့ နေရာတိုင်းလိုလို အဲဒီ လိုပဲ ကောင်လေးတွေ က လှုပ်လှုပ်ရွရွ စိတ်ဝင်တစား ဖြစ်လာတတ်တာပဲလေ။

သူမရဲ့ နက်ရွှန်းတောက်ပလွန်းတဲ့ မျက်လုံးစိုလက်လက်လေးနှင့် ကြည့်လိုက်လျှင် ဘယ်သူက ခံနိုင်ရည်ရှိမှာ တဲ့လဲ။

လရိပ် လျှာလေးထုတ်ပြပြီး ပြောင်ပြလိုက်တာကို လှမ်းကြည့်နေသော လူ တစ်ယောက် ကို ဖျတ်ခနဲ မြင်မိသည်။

လရိပ်က မျက်လုံးကလေး ထောင့်ကပ်ကာ…

ဟင် … သူက ဘာလို့ လရိပ်ကို စူးစူးစိုက်စိုက်ကြည့်နေရတာ လဲ ဟုပြန်ကြည့်လိုက်၏ ။

သူ့ အကြည့်စူးစူးကြောင့် လရိပ်ရင်ထဲ နွေးခနဲ ဖြစ်သွားရ၏ ။ ရင်ခုန်သံ မြန်သွားသလိုပင်။

စက္ကန့် ပိုင်းလေးအတွင်းမှာ ငြိသွားမိတဲ့ အကြည့်လေးကို ရှင်းသန့်  မျက်လုံးမလွှဲနိုင်။

ကောင်မလေးကို ကြည့်နေတာကြာပြီ။ သူမက တော် တော် လှသည်။

အသားဖြူစင်ပြီး ကိုယ်လုံးလေးက အချိုးအဆက် ကျသည်။ နူးနူးညံညံ ချစ်စရာကလေး။

အရပ်ကလည်း အလွန် ကြည့်ကောင်းတဲ့ မော်ဒယ်လ် အရပ်မျိုးပါ။

ဆံပင်လေးက ဂျပန်စတိုင် အီမိုပုံဝင်လေး။

ဝတ်ထားတာက ကြိုးလေးတွေ ရှုပ်ယှက်ခတ်နေသည့် အနက်ရောင် အင်္ကျီပုံဆန်းဆန်းလေး၊ ရင်ဘတ်မှာ အသည်းပုံ စတေကာလေးနှင့် ဂျင်းပန်(န်) အတိုလေးက သူမနှင့် လိုက်ဖက်လွန်းသည်။

တစ်ဆိုင်လုံးမှာ သူမ တစ်ယောက် တည်း ထင်းခနဲ လင်းခနဲ တောက်ပနေသည်။

ကောင်လေးတွေ အားလုံးရဲ့အကြည့်က သူမဆီမှာ ပင်။

ရှင်းသန့် မျက်လုံးတွေ ပင် သူမကို လိုက်ကြည့် စီးမျော သွားပါသည်။

သူမနှင့် မျက်လုံးချင်းဆုံတော့ ရှင်းသန့် မှာ အညှို့ ခံရသူ တစ်ယောက် လို ငေးမောမိသည်။ အကြည့်မလွှဲနိုင်အောင် အငိုက်မိသွား၏ ။

သူမက အကြည့်လွှဲသွားသည့်တိုင် ရှင်းသန့် သူမကို လိုက်ကြည့်နေမိပါသည်။

အချိန်ခဏလေးအတွင်း ရှင်းသန့်  မိန်းကလေး တစ်ယောက် ကို ရူးရူးမူးမူး ဖြစ်သွားသည်။

မိန်ကလေး တစ်ယောက် ကို ခုလို တစ်ခါမှ စွဲစွဲလမ်းလမ်း မ ဖြစ်ခဲ့ဖူးပါ။

သူမ ဘယ်လိုထင်မလဲ ရှင်းသန့် မတွေးမိနိုင်။

ကိုယ့်ရင်ခုန်သံကို ကိုယ်သတိပြုမိကာ အံ့သြမိသည်။

ဟာ … ငါရင်ခုန်နေပါလား။

ငါ ဘာ ဖြစ်သွားတာလဲ။

သူမကို ဘာလို့ ရင်ခုန်မိတာလဲ။

ရှင်းသန့်  နားမလည်။

ဝိုး …. ဖြစ်ပါ့မလား

ရင်ခုန်မိရင် စပြီး ရှုံးပြီဆိုသော စကားကို သတိရလိုက်၏ ။

မင်းက ဘယ်လိုမိန်ကလေးမျိုးလဲ။

မင်းကိုကြည့်တဲ့ ကောင်လေးတိုင်းကိုပြန်ကြည့်တာပဲလား။ ဘာကိုမှ အလေးအနက်မထားပုံကလေး။

သူမတို့  တစ်ဖက်စားပွဲဝိုင်းက ကောင်လေးကို ပြောင်ပြလိုက်တာ ရှင်းသန့် မြင်သည်။

သူမက ခပ်ရှုပ်ရှုပ် မိန်းကလေး တစ်ယောက် လား။ သူ အထင်မသေးချင်ပါ။

ကိုယ် ပထမဦးဆုံး ရင်ခုန်မိတဲ့ မိန်းကလေးကို အဲဒီ လိုမျိုးမ ဖြစ်စေချင်၊ ဖြူဖြူစင်စင်ကလေး ဖြစ်စေချင်သည်။ စိတ်ဝင်စားမိတာနှင့် တစ်ပြိုင်နက် သူမကို စိတ်ပျက်သွားမိသည်။

သိပ်ကိုလှပလွန်းတဲ့သူမကို ရှင်းသန့်  အရမ်းသဘောကျသည်။ သူမရဲ့ ချစ်သူ ဖြစ်ခွင့်ရချင်သည်။

ကိုယ်တန်ဖိုးထားတဲ့သူကလေးဟာ အဲဒီ လိုမ ဖြစ်ရပါဘူး။ မင်းကိုနှစ်သက်တဲ့ ယောက်ျားလေးတွေ ဘယ်လောက်များများ မင်း ကိုယ့်ကိုပဲ လေးနက်ရမယ်။

မင်းရဲ့စိတ်တွေ က ကိုယ် တစ်ယောက် ထဲမှာ ပဲ ရှိရမယ်။ အဲဒါ ကိုယ့်ရဲ့ အ ဖြစ်ချင်ဆုံးဆန္ဒပဲ။

မင်း ကိုယ့်မျက်စိရှေ့က ပျောက်မသွားခင် ကိုယ်တစ်ခုခုလှုပ်ရှားမှ ဖြစ်မည် ။ အချိန်တွေ ကို သူ မစောင့်နိုင်။

မင်းနဲ့ ခင်မင်ရင်းနှီးအောင် အရင်လုပ်ရမည် ။ ဒီတိုင်းထိုင်ကြည့်နေလို့  ကတော့ ဘာမှ ဖြစ်မလာ။

ကိုယ့်ရဲ့ ဆန္ဒအတွက် ကိုယ် တစ်ခုခု ကြိုးစားရမည် ။ စောင့်ဆိုင်းရတာ မျှော့်လင့်ရတာ သူမုန်းသည်။

သူမဟာ… ကိုယ့်နှလုံးသားကို ညှို့ ယူနိုင်စွမ်းရှိတဲ့ မိန်းကလေး။

ဘာမှ မသိလိုက်ရဘဲ သူမကို ထွက်သွားခွင့်မပြုနိုင်။ အဲဒါသူ့ ဆုံးဖြတ်ချက်ပါ လျင်မြန်စွာ ချလိုက်တာ။

"ချယ်ရီ …. နင် သူ့ ကို သိလား"

"ဟင်… ဘယ်သူ့ ကိုလဲ"

အဲဒီ ချယ်ရီဟာလေ… တကယ်လဲ ဘာကိုမှ ချက်ချင်း သဘောမပေါက်၊ အူတူတူ နုံတုံတုံနှင့်။

"ဟိုမှာ လေ၊ ကောင်တာမှာ ထိုင်နေတဲလူ"

"သြော်…."

"နင် သိလို့ လား"

"သိတယ်လေ၊ သူက ဒီဆိုင်ပိုင်ရှင် နှစ်ယောက် ထဲက တစ်ယောက် လေ၊ သူ့ နာမည် က ရှင်းသန့် မိုးတဲ့၊ နောက် တစ်ယောက် က သူရတံခွန်တဲ့၊ သူတို့ သူငယ်ချင်းနှစ်ယောက် က ဒီဆိုင်ကို စပ်တူဖွင့်ထားကြတာလေ"

"သြော် … "

"ဘာ ဖြစ်လို့ လဲ"

"ဟင့်အင်း… ဘာမှမ ဖြစ်ပါဘူး"

လရိပ်က ချယ်ရီကို ဘာမှမ ဖြစ်ပါဘူးလို့ သာ ပြောလိုက်ရတာ ၊ စိတ်ထဲမှာ တော့ သူ့ အကြည့်နွေးနွေး ရင်ဖိုနေမိသည်။ ချယ်ရီက သူတို့ ကိုတော့ သိသား။

သူနှင့် အကြည့်ချင်း ထပ်ဆုံချင်ပါသေးသည်။

ခင်မင်ရင်းနှီးသွားလည်း ဖြစ်တာပဲ။

လရိပ်က 'ခင်' တတ်တာပဲဟာ။

ဟင် …။

သူ လရိပ်တို့  စားပွဲနားကို လျှောက်လာနေပရောလား။

"ကျွန်တော့်ကို ထိုင်ခွင့်ပြုပါ"

သူက လရိပ်နှင့် ချယ်ရီကို ယဉ်ယဉ်ကျေးကျေး ခွင့်တောင်းတာမို့  လရိပ်ခေါင်းညိမ့်ဖြေမိသည်။

"ကျွန်တော့်နာမည် ရှင်းသန့် မိုးပါ"

"ကျွန်တော် ခင်ဗျားတို့ နှင့် ခင်ချင်လို့ ပါ"

"ဟင်"

ချယ်ရီက တအံ့တသြ ဖြစ်မိသည်။

"သြော် … ခင်ချင်တာပဲ ရပါတယ်၊ လရိပ်တို့ က ခင်တတ်ပါတယ်" ဟုလရိပ်က ချက်ချင်း တုံ့ ပြန်သည်။

"နာမည် က လရိပ်လား"

"အင်း …. လရိပ်စိမ်း"

"လှလိုက်တာဗျာ"

ရှင်းသန့် မိုးက သူမကို အနီးကပ်ကြည့်ရင်း ရင်ထဲ မြတ်နိုးခြင်းတွေ တိုးလို့ လာရသည်။

"ဟွန့်  … ပိုပြီ"

လရိပ်က မူနွဲ့ နွဲ့ လေးပြောလိုက်မိသည်။

"တကယ်ပြောတာပါဗျာ"

"ရှင့်နာမည် ကရော"

"ရှင်းသန့် မိုး"

"ခင်ဗျားကို အရင်က မမြင်ဖူးဘူး"

"အင်း … ဟုတ်တယ်၊ လရိပ်က ဒီမြို့ က မဟုတ်ဘူး၊ ရန်ကုန်ကလေ"

ချယ်ရီက ၀င်ဖြေလိုက်သည်။

ရှင်းသန့် မိုး ခေါင်းတစ်ချက်ညိတ်၏ ။

သူ့ မျက်လုံးတွေ က လရိပ်မျက်နှာက မခွါ။ ငေးငေးစူးစူးကြီး။

"သြော်… လရိပ်စိမ်းက ရန်ကုန်ကလား"

"ဒီက အစ်မကိုတော့ မြင်ဖူးတယ်"

"အင်း … ဟုတ်တယ်၊ ချယ်ရီက ဒီနားမှာ ပဲ နေတာလေ"

"ဒါဆို … ကိုယ်တို့ မိတ်ဆွေတွေ ဖြစ်သွားကြပြီပေါ့နော်" ဟုရှင်းသန့် က ဆိုလိုက်၏ ။

ဒီလိုနှင့် ပဲ သူတို့ သုံးယောက် သား စကားဖောင်ဖွဲ့ ရင်း ခင်မင်ရင်းနှီးသွားရသည်။

ကိုယ့်အတွက်တော သူမနှင့် ခင်မင်ရတာ ဟာ ရွှေရုပ်လေးတစ်ရုပ် ကောက်ရသည့်အလား ပျော်ရွှင်နေမိသည်။

အချစ်ဆိုတာကို သူမနှင့်တွေ မှ သိခဲ့ရသည်။

ကိုယ့်စိတ်ထဲမှာ ဖြစ်ချင်တာက သူမရဲ့အချစ်ကို ရယူပိုင်ဆိုင်လိုခြင်းပဲ ဖြစ်သည်။

သူမရဲ့အချစ်ကိုလိုချင်ပြင်းပြသည်။

ကိုယ့်ရင်ထဲက ဆန္ဒကြောင့် ပဲ သူမ ဘာပဲ ဖြစ် ဖြစ်၊ ဘာပဲလုပ်လုပ်၊ ကိုယ်ခွင့်လွှတ်နိုင်လိမ့်မည် ဟု ထင်ထားခဲ့တာ ဖြစ်သည်။

ဒါပေမယ့် ရှင်းသန့် မိုး မသိသေးတာက "အချစ်" ဆိုတဲ့နူးညံ့သိမ်မွေ့  နက်ရှိုင်းလွန်းတဲ့အရာရဲ့နောက်ကွယ်မှာ အဆိပ်လိုပူလောင်ပျက်စီးလွယ်တဲ့ အရာတွေ ရှိသေးတယ် ဆိုတာပဲ။

မြင်မြင်ချင်း နားလည်မှု ရလိုက်တာ၊ခဏကလေးနှင့်သိကျွမ်းခွင့် ရသွားတာ … အဲဒါတွေ ဟာ ဆန္ဒချင်းညီကြလို့ ပါပဲ။ လက်ခုပ်ဆိုတာ နှစ် ဖက်တီးမှ မြည် တာတဲ့။

♥ ♥ ♥


တီးလုံးသံလေးနှင့် တီ…တီ မြည် လာသော ဖုန်းကိုလရိပ်စိမ်းက ထူးလိုက်သည်။

"ဟဲလို"

"လရိပ်စိမ်းလား"

ရှင်းသန့် မိုးက သူမ ဖုန်းထူးသံလေးကို နှစ်ခြိုက်မိသည်။

"သြော် မဟုတ်ပါဘူး၊ ဖုန်းမှားနေပါတယ်ရှင်"

"ဗျာ … အခုပြောနေတာ လရိပ်မဟုတ်ဘူးလား"

"အဟင်း … ဟင်း"

"နောက်တာပါ၊ ပြောလေရှင်းသန့် ၊ ဘာကိစ္စရှိလို့ လဲ"

"လရိပ်က ကျွန်တော် မှန်း ဘယ်လိုလုပ်သိနေတာလဲ"

"ရှင်းသန့် အသံများ …. လရိပ်မှတ်မိသားပဲ"

"သြော်"

သူမက ကိုယ့်အသံကို မှတ်မိနေသည်။ ဒါဟာ ရှင်းသန့် မိုးအတွက်တော့ ဆုလာဘ်ကြီးတစ်ခု ရတာ ထက်ပင် ပိုပျော်ပါသည်။ သူမက ပွင့်လင်းသည်။

"ကဲ ဆိုပါဦး၊ ဘာပြောမလို့ လဲ"

"လရိပ်စိမ်း ဘာလုပ်နေလဲ"

"ဟင် … ဘာ ဖြစ်လို့ မေးတာလဲ"

"လရိပ် အားရဲ့လားလို့ မေးတာပါ"

"အင်း …. အားပါတယ်၊ အခု BRITNEY SPEARS သီချင်းခွေ ကြည့်နေတာလေ"

"သြော်"

"ပြောလေ …. ဘာလို့  တိတ်သွားတာလဲ"

ရှင်းသန့် မိုးက ဘာပြောရမှန်းမသိသလို အသံတိတ်သွားပြန်သည်။ ပြောချင်တာတွေ အများ ကြီး၊ ပြောရခက်နေတာ။

ရှင်းသန့် မိုးက ဘယ်မိန်းကလေးကိုမှ အခုလို ဖုန်းမဆက်ဖူးတာကြောင့် ဘာပြောရမှန်းမသိ၊ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။ ရင်ထဲမှာ ပြောချင်နေတဲ့စကားတွေ ကတော့ အများ ကြီးပါ၊ ဘယ်ကဘယ်လို စပြောရမှန်းမသိ။

"သြော် …. မဟုတ်ပါဘူး၊ ဘာပြောရမှန်းမသိလို့ "

"ရှင်"

လရိပ်စိမ်းက ရယ်ချင်စိတ်ကို မနည်းထိန်းကာ အံ့သြသလိုထူးလိုက်ရသည်။

"ဒါဆို ဘာလို့  ဖုန်းဆက်သေးလဲ ရှင်းသန့် ရဲ့"

"သတိရလို့ ပေါ့၊ လရိပ်ကို အရမ်းသတိရတာ မသိဘူးလား"

သူမက တိုးဖွဖွရယ်လိုက်သည်။သူ့ နှလုံးသားကို အရူးလုပ်နိုင်တဲ့ ရယ်သံချိုလေးပါ။ ထိုရယ်သံကလေးမှာ သူကျေနပ်စွာ ကျရှုံးသွားသည်။

"ဟွန့်  …. လွန်တာပေါ့ ကိုရှင်းသန့် ရဲ့၊ ခင်တာမှ မကြာသေးဘူး"

"အဲဒါတွေ ကိုယ်မသိဘူးဗျာ၊ ကိုယ်အခု လရိပ်နဲ့ တွေ့ ချင်တယ်၊ ပြောနေတာကြာတယ် … ကိုယ်အခုပဲ ထွက်လာခဲ့မယ်"

"အင်း …. ပြီးရောလေ၊ လရိပ်စောင့်နေမယ်"

ဘာလို့ များ သူ့ ဆန္ဒကို လိုက်လျောမိသလဲ၊ လွယ်လွန်းရာကျမနေဘူးလား။

လရိပ်စိမ်းအတွက်တော့ သူက အလွန်ဆန်းကြယ်နေပါသည်။ လရိပ်နဲ့ ပတ်သက်ခဲ့ဖူးသမျှ ယောက်ျားတွေ ထဲမှာ သူက အရိုးသားဆုံးပါပဲ။ အရမ်းရင်ခုန်စရာလည်း ကောင်း၏ ။

***


ရှင်းသန့် ရောက်သွားတော့ သူမက တံခါးလေးဖွင့်ကာ အသင့်စောင့်ကြိုနေခဲ့သည်။

ဖုန်းထဲက ပြောချင်ရာ ပြောလိုက်ပြီး သူမကိုတွေ့ တော့မှ အားနာဖို့ သတိရမိသည်။ မျက်နှာတွေ ထူပူနေ၏ ။

တကယ်ဆို သူမက မိန်းကလေးတစ်ဦး။ ပြီးတော့ တစ်အိမ်လုံးမှာ အိမ်သူအိမ်သားဆိုလို့  သူမနှင့် အိမ်ဖော်အမျိုးသမီးတစ်ဦးသာရှိသည်။

"လာလေ …. ရှင်းသန့် "

လရိပ်က ဖော်ရွေစွာ လှမ်းခေါ်ပါသည်။

"ကိုယ် မ၀င်တော့ဘူး လရိပ်၊ ကားပေါ်က စောင့်နေမယ် လရိပ်ပြင်ဆင်ပြီးလာခဲ့လေ"

"အင်း …. ပြီးရောလေ"

လရိပ်က အ၀တ်အစားလဲဖို့  သူ့ အခန်းဆီဝင်သွားသည်။ ချက်ချင်း ကြီး ဘယ်ထွက်လာပါ့မလဲ။

ရှင်းသန့် မိုးက ကားထဲမှာ ထိုင်စောင့်နေ ဖြစ်သည်။

ဘယ်လောက်မှ မကြာလိုက်ဘဲ သူမပြန်ထွက်လာပါသည်။သူ အကြာကြီးမစောင့်လိုက်ရပါ။

ဂါဝန်အဖြူ ဒူးဖုံးရုံကားကားလေးနှင့် ခွာချွန်ဖိနပ်အမြင့်လေးက သူမနှင့်တော် တော် လိုက်ပါသည်။

ဝင်းနှစ်စိုပြည်သော အသားအရေ။ ကြည်လဲ့တောက်ပသော မျက်နက်ဝန်း ရွှန်းရွှန်းကလေး။

ဆံပင်လေးတွေ ကို ဒီအတိုင်း ဖြန့် ချထားတာကြောင့် ကပိုကရိုလေးနှင့်လှနေသည်။ သူ့  ရင်ခုန်သံ မြန်လာပြန်သည်။

"ဟိတ် … ဘာကြည့်တာလဲ"

ရှင်းသန့် မိုးက အရှက်ပြေတစ်ချက်ရယ်ရင်း …

"လှလို့ ပေါ့"

"လှပါဘူး"

သူမရဲ့ ငြင်းဆိုသံလေးက မူနွဲ့ နေ၏း

"တကယ်ပြောတာပါ … လရိပ်က အရမ်းလှတယ်"

"တော် ပါ ၊ လရိပ် ကျွေးပါ့မယ်၊ အဲလောက်လဲ မြှော က်မနေပါနဲ့ "

သူမက ပြောပြောဆိုဆို ကားတံခါးလေးဖွင့်ပြီး ရှင်းသန့် မိုးရဲ့ ဘေးခုံမှာ ၀င်ထိုင်လိုက်သည်။

"ဘယ်သွားမှာ လဲ … ရှင်းသန့် "

"အေးချမ်းတဲ့ဆိုင်ကလေးတစ်ခု"

"အင်း … ကောင်းပါတယ်"

သက္ကလတ်ဂျင်းသားခဲရောင် နှင့် အ၀ါနှင့်လိမ္မော် နှစ်ရောင် စပ် တီရှပ်လက်စကနှင့် သူ့ ပုံစံကို လရိပ်သဘောကျမိသည်။ ဘေးတိုက်သူ့ မျက်နှာကို ငေးကြည့်နေမိသည်။

ခင်မင်ရင်းနှီးသွားကြတာလည်း မြန်လိုက်တာ အံ့သြစရာပင်။ ပိုပြီး အံ့သြစရာကောင်းတာက တစ်ယောက် အပေါ် တစ်ယောက် လေးနက်နေကြတာ၊ လွယ်လွယ်ရင်းနှီးခဲ့ပေမယ့် ပေါ့ပေါ့ဆဆမဟုတ်။ ရှင်းသန့် မိုးက လရိပ်စိမ်းကို စိုက်ကြည့်ကာ ငြိမ်သက်နေပြီးနောက် တိုးသက်ညင်သာစွာ နှင့် ဖွင့်ဟ၀န်ခံလိုက်၏ ။

"လရိပ်ကို ကိုယ်ချစ်တယ်"

ရှင်းသန့် မိုးက အရဲစွန့် ပြီး ဖွင့်ပြောလိုက်သည်။ ဖွင့်ပြောလိုက်မှပဲ ရင်ထဲပေါ့ပါးသွားရသည်။ သည်စကားစုကို ရင်ထဲသိမ်းထားရတာ ခက်ခဲ လေးလံလွန်းပါသည်။ ပြောလိုက်မှ ရင်ထဲကျေနပ်သွားရသည်။

"ဟော့တော့ … ပေါ်တင်ကြီးပါလား"

လရိပ်စိမ်းက သူ သည်လောက်အတင့်ရဲလိမ့်မည် ဟု ထင်မထားခဲ့။ စိတ်ထဲမှာ လည်း ဘယ်လိုမှမခံစားရ။ သူ့ ကိုသာ ရယ်ချင်နေမိသည်။ မမြန်လွန်းဘူးလား ရှင်းသန့် ရယ်။

"လရိပ် တစ်ခုခုပြန်ပြောပါ"

လရိပ် သူ့ ကိုမညာချင်ပါ။ သူ့ ကို စိတ်ထဲသဘောကျမိသလိုလိုပါပဲ။ လရိပ် ဘယ်လိုဖြေရမလဲ။ ရှင်းသန့် မိုးလို ပြည့်စုံခံ့ညားတဲ့ သူ တစ်ယောက် ကို လရိပ်ငြင်းသင့်ရဲ့လား။ ပြီးတော့သူက လရိပ်တွေ့  ဖူးသည့် ယောက်ျားတွေ နှင့် မတူဘူး။ လရိပ်ကို တန်ဖိုးထားမြတ်နိုးနေသည်ဆိုတာ သူ့ မျက်လုံးတွေ ကို လရိပ်ယုံကြည်မိသည်။

အခုမှတွေ့ တဲ့ သည်လူ တစ်ယောက် ကို လရိပ်ယုံကြည်မိချိန်ကလေးက တိုတောင်းမြန်ဆန်လွန်းမနေဘူးလား။

"လရိပ်လည်း ရှင်းသန့် မိုးကို ချစ်ပါတယ်"

လရိပ် ရှက်ရှက်နဲ့ ပဲ အဖြေပေးလိုက် မိသည်။ တကယ်တော့ လရိပ်က ဘယ်ယောက်ျားလေးကိုမှ အဖြေပြန်မပေးခဲ့ဖူးပါ။ သူတို့ ကသာ လရိပ်ကိုချစ်တယ်ဟု တဖွဖွပြောပေမယ့် လရိပ်က ဟန်ဆောင်ပြုံးလေးနှင့် မသိဟန်ဆောင်နေကျပါ။ လရိပ်နှုတ်ခမ်းက ဘယ်သူ့ ကိုမှ "ချစ်ပါတယ်" လို့  အဖြေပြန်မပေးခဲ့ဖူးပါ။ သူ့ ကိုမှ …

သူနှင့်ကျမှ လရိပ် ဘာ ဖြစ်သွားရတာ လဲ။ သူ့ ကို ချက်ချင်း ယုံကြည်နေမိတာ ဘာလို့ လဲ လရိပ်မသိ …

လရိပ်နှုတ်ခမ်းက သူ့ အလိုလို အဖြေပေးလိုက် မိတာ။ စဉ်းစားချိန်ပင် မရလိုက်ပါ။

"ဟာဗျာ … ၀မ်းသာလိုက်တာ လရိပ်ရာ"

သူက မချင့်မရဲပြောပြီး … လရိပ် လက်ဖမိုးလေးကိုလာဆုပ်ကိုင်သည်။ တင်းတင်းကျပ်ကျပ် …။

ရှင်းသန့် ရင်ထဲ တအားပျော်သွားရသည်။ လရိပ်ပြောပုံလေးက ချစ်စရာ၊ ကျေနပ်စရာ ကောင်းလွန်းသည်။ သူမရဲ့ ဟန်မဆောင်တတ်ဘဲ ပွင့်လင်းတဲ့ ဟန်ပန်လေးကို ရှင်းသန့် ပိုလို့  မြတ်နိုးသွားရသည်။ ဈေးကိုင်တာ၊ အိုင်တင်ခံတာ၊ အချိန်ဆွဲထားတာတွေ မရှိ၊ ဟန်ဆောင်မှု မပါသော ချစ်သူမျိုးပဲ သူကလိုချင်ခဲ့တာပါ။

သူ့ စိတ်ကူးထဲက ချစ်သူမျိုးက လရိပ်လိုပါပဲ။ မိန်းကလေးပီပီ အချိန်ယူစဉ်းစားမယ်ဆိုလည်း သူကစောင့်ရမှာ ပါ။ ဒါက တစ်ဘ၀စာအရေး ။

အင်း … အဲ့ဒီလောက်ကြီးတော့ သူကိုယ်တိုင်လည်းမတွေးထားသေးတာအမှန်။

နှစ်သက် သဘောကျလို့  လက်တွဲကြမယ် … ဒါလောက်ပါပဲ။

တစ်ဘ၀စာ လက်တွဲ ကြဖို့  ဆိုတာ ကတော့ …

နားလည်မှု ၊

သစ္စာတရား၊

အပေးအယူမျှဖို့ ၊

ပြီးတော့ … မိဘ အသိုင်းအ၀ိုင်းကြည်ဖြူဖို့ ၊

ဘ၀တစ်ခု တည်ဆောက်ဖို့  လုံလောက်သော ငွေကြေးဥစ္စာ …

စီမံကိန်းဆွဲပြီး ကြိုးစားရမှာ …

လရိပ်ကိုလည်း လေ့လာရဦးမည် ၊

ရည်းစားထားတာကလွယ်သည်၊

လက်ထပ်ဖို့ က နက်ရှိုင်းသည်။

ထည့်တွေးရမှာ သုံးသပ်ရမှာ စဉ်းစားရမှာ တွေ အများ ကြီးပါ။

တည်ဆောက်ပြီးမှ မပျက်စီးချင် …

မတည်ဆောက်ခင်ကတည်းက အခြေခိုင်မှ ဖြစ်မှာ သေချာမှ ဖြစ်မှာ …

ရှင်းသန့် မိုးက လောလောဆယ် ဘာမှမစဉ်းစား။ လရိပ်ကိုသူ ဘယ်လောက်ထိချစ်လာမလဲဆိုတာ ခန့် မှန်းမရသေးပါ။

လရိပ်ဘက်ကရော သူ့ အပေါ်ဘယ်လောက်ထိ ရည်ရွယ်သလဲ။ အဲဒါလည်း အရမ်းအရေး ကြီးသည်။ တစ်ဖက်သတ်စိတ်ကူးကြီးနှင့် "မျော" မနေချင်ပါ။ လရိပ်က နားလည်ရ ခက်မလိုလိုနှင့် ပွင့်လင်းနေသည်။ ပွင့်လင်းမလိုလိုနှင့်နားလည်ရခက်ပါသည်။

အဖြေရတာ ကို ၀မ်းသာကျေနပ်ပါသည်။

အထင်တသေးလည်းမ ဖြစ်မိပါ။ သည်နေ့ ကစပြီး လရိပ်ဆိုသော ကောင်မလေးကို နားလည်အောင်လေ့လာရပါမည် ။ သူ့ ချစ်သူကလေး ဖြစ်လာပြီမဟုတ်လား။

"ကိုယ်တို့  တစ်မြို့ လုံး လျှောက်လည်ရအောင်"

"အရမ်းကောင်းတာပဲ"

"လရိပ်သွားချင်တဲ့ နေရာမှန်သမျှ လိုက်ပို့ မယ်"

"အင်း"

"ညဘက်ဆို ကော်ဖီဆိုင်ကလေးမှာ ထိုင်ကြမယ်၊ သီချင်းနားထောင်၊ စကားပြော"

ရှင်းသန့် မိုးက လှပသော အစီအစဉ်တွေ ရေး ဆွဲကာနေ၏ ။

ချစ်သူဘ၀အစဆိုတာ ရင်ခုန်ကြည်နူးဖွယ်ရာ အမှတ်တရများ စွာ ရှိရမှာ …

တကယ်လို့ တစ်သက်လုံးအတွက် ရည်ရွယ်ခဲ့ပြီဆိုရင်လည်း ထိုအမှတ်တရများ က တစ်သက်စာ ဖြစ်သွားလိမ့်မည် ။

လရိပ်ဘက်က သူ့ ကို တစ်နေ့ နေ့ မှာ လက်တွဲ ဖြုတ် လမ်းခွဲသွားခဲ့လည်း သူက ခံနိုင်ရည်ရှိရှိ ကျန်ရစ်မှာ ပါ။

စချစ်ကတည်းက ကတိတွေ ၊ သစ္စာတွေ ၊ သဘောတူညီမှု တွေ ဘာမှမပါ။

လွတ်လပ်ပေါ့ပါးသော အချစ်သန့် သန့်  ဘာချည်နှောင်မှု မှ မပါခဲ့။

***


လိမ္မော်ရောင် တီရှပ်လက်တို အခံမှာ စိမ်းပြာဖျော့ဖျော့တီရှပ်လက်တိုကို ထပ်ဝတ်လိုက်သည်။

ဘောင်းဘီကိုတော့ sky blue အပြာဖျော့ဖျော့ ဂျင်းမှိုတက်ကို ၀တ်လိုက်ပြီး ရေမွှေးဆွတ်ပြီးတာနှင့် ရှင်းသန့် မိုးပြင်ဆင်မှု က ပြီးသွားပြီ။

"သြော်မျက်မှန်"

အခန်းထဲက "ရေဘင်" မျက်မှန်ကို သတိတရ ထုတ်ယူလိုက်၏ ။

ဘွတ်ရှူး အနက်ရောင် ကို ဖိနပ်စင်မှဆွဲယူလိုက်ပြီး ဖိနပ်ကကြိုးတွေ ကို ထိုင်ချည်နေရင်း သူရတံခွန်ကို လောဆော်လိုက်သည်။ ကြာလို့ မ ဖြစ်ပါ။

"ဟေ့ကောင် သူရ … မြန်မြန်လုပ်လေကွာ"

သူရတံခွန်က ဘာမှမပြင်ဆင်ရသေးပါ။ သူ အတင်းခေါ်လို့ သာ လိုက်ရမှာ ၊ သူရတံခွန်က သိပ်လိုက်ချင်တာမဟုတ်။ချစ်သူ ဖြစ်ပြီးနောက် နှစ်ယောက် တည်း လျှောက်လည်ကြဖို့ စီစဉ်ထားတာကြောင့် သူရက အားနာပြီး မလိုက်ချင်ပါ။

ရှင်းသန့် မိုး ကတော့ ဘယ်သွားသွား၊ အတူတူသွားနေကျ သူငယ်ချင်းတွေ ဖြစ်တာကြောင့် သူရတံခွန်ကို မထားခဲ့ချင်ပါ။ သူငယ်ချင်းဆိုလို့  သူရတံခွန် တစ်ယောက် သာရှိတာမဟုတ်လား။

သူပါတော့ေ၇ာ ဘာ ဖြစ်လို့ လဲ။

ရှင်းသန့် မိုးအတွက်တော့ အနှောင့်အယှက်မ ဖြစ်ပါ။

No Problem.

No disturb.

"ပြီးပါပြီကွာ၊ မင်းကလဲ လောနေလိုက်တာ …"

သူရတံခွန်က ရှင်းသန့် မိုးကို ကြည့်မရသလို ဆိုသည်။ အလိုလိုနေရင်း ကြည့်မရတာ ။

"လောနေတာ မဟုတ်ပါဘူးကွာ၊ လရိပ် အကြာကြီးစောင့်နေရမှာ စိုးရိမ်လို့ ပါ"

ရှင်းသန့် မိုးက ရှင်းပြသည်။

"အ ဖြစ်သည်းနေလိုက်တာ၊ ငါတော့ မင်းကိုကြည့်မရချင်တော့ဘူးကွာ"

"ဟေ့ကောင် … မနာလိုမ ဖြစ်ကြေးလေကွာ၊ မင်းအလှည့်ရောက်မှ မင်းသိလိမ့်မယ်"

"ဟုတ်ပါတယ်ကွာ … ငါ မင်းနဲ့  ပြိုင်မပြောတော့ပါဘူး"

သူရတံခွန်က သူ့ ကို လက်လျှော့သွားသလိုဆိုသည်။

"အေး … ဒီလိုမှပေါ့ကွာ"

ရှင်းသန့် မိုးက ကျေနပ်သွားသလိုပြောသည်။

ဒီကောင်က မချစ်ဖူးသေးတော့ သူ့ ကောင်မလေးအပေါ် အရူးအမူး ဖြစ်နေရှာသည်။

လရိပ်စိမ်းဆိုသည့် သူမက မူယာ မာယာများ လွန်းသည်ဟု သူရတံခွန် ထင်သည်။

အခုချိန်မှာ တော့ ရှင်းသန့် မိုးက ချစ်စိတ်မွှန်နေတော့ သူရဘာပြောပြော နားဝင်မည် မထင်ပါ။

***


လရိပ်စိမ်း ကားနားလျှောက်လာသော အခါ သူရတံခွန်က အလိုက်တသိ မောင်းသူနေရာ ပြောင်းထိုင်လိုက်သည်။

လရိပ်နှင့်ရှင်းသန့် မိုးက ကားနောက်ခန်းတွင် အတူထိုင်လိုက်သည်။

လမ်းတစ်လျှောက်လုံး သူတို့ နှစ်ယောက် က စကားတွေ တတွတ်တွတ်ပြောရင်း လိုက်ပါလာကြသည်။

သူရတံခွန်က ကားစတန်းမှာ ကားရပ်သည်ဆိုလျှင် မထင်မှတ်သော ပြဿနာတစ်ရပ်က ပေါ်ပေါက်လာသည်။

"ဟေ့ … လရိပ်"

"သြော် … ကိုပိုင်"

ခပ်ချောချော လူရွယ် တစ်ယောက် က ကားနား လျှောက်လာပြီး လရိပ်စိမ်းကို နှုတ်ဆက်လိုက်၏ ။

ပြီးတော့ … သူ့ နှုတ်ဆက်ပုံက တရင်းတနှီးရှိသည်။

လရိပ်ကို လာခေါ်ပုံက သူ့ ရည်းစား တစ်ယောက် လိုပင်။

လရိပ်မျက်နှာက သူ့ ကို မြင်မြင်ချင်း စိတ်ရှုပ်သွားပုံရသည်။ပြီးမှ ရှင်းသန့် မိုးဘက်လှည့်ကာ မျက်နှာငယ်လေးနှင့် တောင်းပန်သလို ကြည့်လာလို့ ရှင်းသန့်က တစ်ဖက်လှည့်နေလိုက်သည်။ သူမက အပြစ်လုပ်ထားသည့် ကလေးငယ် တစ်ယောက် လို သူ့ လက်မောင်းကို အားကိုးသလို လာဆုပ်ကိုင်သည်။ ခုမှ နောင်တ ရနေပြီလား။

"ဘာကြည့်နေတာလဲ လရိပ် … ကျွန်တော့် ကို မမှတ်မိဘူးလား"

သူက ရိတိတိမေးလိုက်သည်။

"ကိုပိုင် ဘယ်တုန်းက ပြန်ရောက်တာလဲ"

"ပြောမယ်လေ … လာ လိုက်ခဲ့"

"ဟင့်အင်း … လရိပ် မလိုက်တော့ဘူး"

"လာစမ်းပါ လရိပ်ရဲ့ … မင်းဒီလို ရှောင်ပြေးဖို့  မကြိုးစားစမ်းပါနဲ့ "

"လရိပ်တို့  နောက်မှပဲ အေးဆေး တွေ့ ကြရအောင်နော်"

လရိပ်ကို သူ့ ကို ချော့မော့ပြောလိုက်သည်။

"မရဘူး လရိပ်၊ ကျွန်တော့်ကို နောက်တစ်ခါညာဖို့  မကြိုးစားပါနဲ့ "

သူရတံခွန်က လရိပ်တို့ အခြေအနေကိုကြည့်ပြီး အတော် စိတ်ပျက်သွားမိသည်။

ရှင်းသန့် မိုးကိုကြည့်တော့ … သူကလည်း အတော် ကြီးမျက်နှာပျက်နေလေသည်။

"ဒီလိုရှုပ်တဲ့ မိန်းကလေးကိုမှ မင်းဘာလို့ ချစ်ရတာ လဲကွာ။ ငါတော့ နားမလည်တော့ဘူး"

"လရိပ် အချိန်သိပ်မရဘူး ကိုပိုင်"

"ခဏလေးပဲ၊ ကျေးဇူးပြုပြီး ကိုယ့်နောက် ခဏလောက်လိုက်ခဲ့ပါ လရိပ်ရာ"

ထိုကောင်လေးပုံကြည့်ရတာ ဇွတ်တရွတ် လုပ်တတ်ပုံရသည်။ လရိပ်ကို မလိုက်မချင်း အတင်းခေါ်နေသည်။ ဒါဟာ ကိုယ်သိပ်ချစ်တဲ့ မိန်းကလေး တစ်ယောက် ရဲ့ အရှုပ်တွေ ပဲပေါ့။ ချစ်သူတွေ ဖြစ်ပြီး ပထမဦးဆုံး လျှောက်လည်ကြသည့်နေ့ မှာ ပင် စိတ်ရှုပ်စရာ သူမရဲ့ ဇာတ်လမ်းဟောင်းတွေ က ပေါ်လာခဲ့သည်။

ကိုယ့်အတွက်တော့ မင်းက ပထမဦးဆုံး မိန်းကလေးပဲ။ မင်း ကတော့ ကိုယ် တစ်ယောက် တည်းမဟုတ်တာကို ရှင်းသန့် မိုးရင်ထဲ ခံပြင်းမိသည်။

ခတ်နေတာက ရှင်းသန့် မိုးနှလုံးသား။

သူမအကြောင်းတွေ ကို သိလျက်နဲ့  ဆက်ချစ်နေမိတာဘာကြောင့် လဲ၊ ပစ်ပစ်ခါခါ မလုပ်ရက်တာ၊ နောက်မဆုတ်နိုင်တာ။

သူမကို ဘာလို့  မုန်းလို့ မရတာ လဲ။

တွေ ဝေလွန်းတဲ့ ကိုယ့်ကိုယ်ကိုပဲ ရှင်းသန့် မိုး မကျေမနပ် ဖြစ်မိသည်။ သူရတံခွန်က ဘယ်လိုမြင်မလဲ။

"ကိုပိုင် ဘာပြောစရာရှိလို့ လဲ"

"သူတို့ ရှေ့ မှာ ကျွန်တော် ပြောရမှာ လား"

"ရှင်းသန့်  … လရိပ် ခဏ စကားသွားပြောဦးမယ်"

လရိပ်စိမ်းက သူမဘေးကသူ့ ကိုလှည့်ကြည့်ပြီး ခွင့်တောင်းသည်။ မျက်လုံးချင်းဆုံတော့ သူ မမာကျောနိုင်။

"ရတယ် … သွားပေါ့"

ရှင်းသန့် မိုးက ဘာမှမ ဖြစ်သလို ခပ်ပေါ့ပေါ့ ဆိုမိသည်။ လေးနက်နေရင် အကြီးအကျယ် ပေါက်ကွဲရမှာ ။

ဘာလို့ အဲဒီ လို ပြောလိုက်မိမှန်း ရှင်းသန့် မိုး မသိ။

ရင်ထဲ ခံစားနေရတာ ကသတ်သတ်၊ သူမရှေ့ မှာ ကြေကွဲပုံမပြဘဲ ဘာမှမ ဖြစ်သလို နေပြချင်တာက သတ်သတ် ဖြစ်နေသည်။

ဒါဟာ မာနလား … ယောက်ျားသိက္ခာလား။

ကိုယ့်ချစ်သူက ကိုယ့်ရှေ့ မှာ ကိုယ့်ကိုထားပြီး တခြား တစ်ယောက် နှင့် စကားသွားပြောတာကို ကျေနပ်နေလောက်အောင် သူ သဘောထားမကြီးတာ အမှန်။

သူ့ မျက်နှာက မပြုံးနိုင်လောက်အောင် သုန်မှု န်နေရသည်။ သူရတံခွန်က အလိုက်သိစွာ ဘာတစ်ခွန်းမှ ၀င်မမေး။

လရိပ်နှင့် ထိုကောင်လေးက ကားနှင့်ခပ်လှမ်းလှမ်းနေရာသို့  လျှောက်သွားကြ၏ ။

အခုလိုပဲ ကိုယ်တို့  နှစ်ယောက် ကြား မင်းရဲ့ဇာတ်လမ်းဟောင်းတွေ က နေရာတကာ အရိပ်လို လိုက်နေတော့မှာ လား။

မင်းကို ကိုယ်ဘယ်လိုနားလည်ရမလဲ။

မင်း ကိုယ့်ကို ဘာလို့  အဖြေပြန်ပေးခဲ့သေးလဲ။

"ကဲ … ပြောစရာရှိတာ မြန်မြန်ပြောပါ ကိုပိုင် ဟိုမှာ လရိပ်သူငယ်ချင်းတွေ စောင့်နေတယ်"

"အဲဒီ ကောင်နဲ့  လရိပ်နဲ့ က ဘာတွေ လဲ"

"အဲဒါ ကိုပိုင်နဲ့ မဆိုင်ပါဘူး"

"ဘာလဲ လရိပ်က ကျွန်တော့် ကိုဖြတ်တဲ့သဘောလား"

"လရိပ် ရှင့်ကို ဘယ်တုန်းကမှ လက်ခံတယ်လို့ မပြောဖူးဘူး"

"ဒါဆို ကျွန်တော့် အချစ်ကို လှည့်စားခဲ့တာပေါ့"

"အို လရိပ် ဘယ်သူ့ ကိုမှ မလှည့်စားပါဘူး၊ ရှင်သိပ်ကိုမှားနေပြီ ကိုပိုင်၊ လရိပ် ရှင့်ကို ပြန်ချစ်တယ်လို့  မပြောမိပါဘူး"

"ဒါဆို … ကျွန်တော့် ကို ဘာလို့  မျှော်လင့်ချက်တွေ ပေးတာလဲ"

သူက လရိပ်ပခုံးနှစ်ဖက်ကို ဖျတ်ခနဲ ဆုပ်ကိုင်ပြီးဆိုလာ၏ ။

"ဖယ်ပါ"

လရိပ်က သူ့ လက်နှစ်ဖက်ကို ပခုံးပေါ်မှရုံးဖယ်လိုက်၏ ။

"ကျွန်တော် သိတာ ကတော့ လရိပ်က ကျွန်တော့်ချစ်သူပဲ၊ အဲဒါ မပြောင်းလဲဘူး"

"ရှင် သွားတော့ … ကိုပိုင်"

"ဟာ …. လရိပ် ကျွန်တော့်ကို ဒီလိုမပြောပါနဲ့ "

"လရိပ်နဲ့  ရှင်နဲ့  ဘာမှမဆိုင်တော့ပါဘူး"

"လမ်းခွဲတော့မယ် ဆိုပါတော့"

"ဟုတ်တယ်"

"နောက်ထပ် အသစ်ရှိနေပြီပေါ့ … ဟုတ်လား"

"အဲဒါ ငါ့ကိစ္စပါ"

"ကျွန်တော့်ကို လာပတ်သတ်တာ လှည့်စားရုံသက်သက်ပေါ့ … ဟုတ်လား"

"နင်ထင်ချင်သလို ထင်နိုင်တယ်၊ ငါ့ကိုထပ်ပြီး လာမနှောင့်ယှက်နဲ့  … ဒါပဲ"

သူ့ ကိုပြောပြီးတာနဲ့  လရိပ်က ဆတ်ခနဲ လှည့်ထွက်လာခဲ့သည်။

သူနှင့် ဇာတ်လမ်းတွေ က ရပ်တန်းက ရပ်ခဲ့တာပင် ကြာခဲ့ပါပြီ။ အခုမှ လာပြီး ပြဿနာရှာနေတာ။

သူ့ အကြောင်းတွေ ကို သိလိုက်ကတည်းက လရိပ် ရှောင်နေတာ။ သူ့ ဖုန်းဆိုလည်း မကိုင်တာကြာခဲ့ပြီ။

"လရိပ် … ကျွန်တော် မကျေနပ်ဘူး၊ ကျွန်တော် တို့  ထပ်တွေ့ ဦးမယ်၊ ကြားလား"

သူ ထပ်အော်ပြောပေမယ့် လရိပ်စိမ်းက မကြားသယောင်ဆောင်ပြီး ဆက်လျှောက်ခဲ့သည်။

သူမခြေလှမ်းတွေ က ပမာမခန့် ဟန်နှင့် ခပ်အေးအေးပါပဲ။ သူမကို လှမ်းကြည့်နေမိတဲ့ ရှင်းသန့် မိုးရင်မှာ တော့ သူမကြောင့် ဒေါသတွေ ဆူဝေပြီး ပူလောင်လျက်ရှိသည်။ သည်ပြဿနာက သည်လောက်နှင့်ပြီးသွားမှာ လား၊ သူ ရေငုံနှုတ်ပိတ် ကျေနပ်လိုက်ရမှာ လား၊ ရင်ထဲမှာ တအုံနွေးနွေးနှင့် ဖုထစ်နေတော့မှာ ၊ သည်မြင်ကွင်းက မျက်လုံးထဲ စူးဝင်သွားခဲ့ပြီ၊ မေ့ပျောက်လို့  ရမှာ မဟုတ်။

ကိုယ်က မျက်နှာမများ ဘဲ …. မင်းက မျက်နှာများ တဲ့ မိန်းကလေး ဖြစ်နေပါရောလား ပြောင်းပြန်။ တကယ်ဆို … ယောက်ျားလေး ဖြစ်တဲ့ ကိုယ့်ကို စိတ်ပူ သ၀န်တိုပြီး မင်းက လိုက်လံပိတ်ပင် တားဆီး ပူလောင်နေရမှာ …

အစကတည်းက ရှုပ်ရှုပ်ယှက်ယှက် သူက လုပ်တတ်သူမဟုတ်။

ဘာတွေ လဲ လရိပ်ရယ် …

ကိုယ့်အသည်းကိုခွဲဖို့  မင်း ကြံရွယ်နေတာလား … ကိုယ်ဘာတွေ ကြုံတွေ့ ရဦးမှာ လဲ၊ ပြီးတော့ … ကိုယ်ဘာလို့  မင်းကို နစ်နစ်ဝင်ဝင် ချစ်မိသွားခဲ့ရတာ လဲ။

***


သူ့ အတွက်တော့ လရိပ်စိမ်းဆိုသော မိန်းကလေးဟာ ထူးဆန်းလွန်းပါသည်။ သူ့ နှလုံးသားကို ညွှတ်ကျစေခဲ့သည်။ တစ်နေ့ တစ်နေ့  သူမအတွက် အချိန်ပေးရတာ နှင့် ရှင်းသန့်မိုးမအားပါ။ ဆိုင်ကိုတောင် တစ်နေ့ တစ်ခါပဲရောက် ဖြစ်တော့သည်။ သူရက နားလည်ပေးလို့  တော် သေးသည်။

တကယ်တမ်း မိန်းကလေး တစ်ယောက် ယောက် ကို ရူးရူးမူးမူးကြီး ချစ်မိသွားလိမ့်မယ်ဟု ကိုယ့်ကိုယ်ကိုမထင်ခဲ့မိ။

အချစ်ကြီးတော့ အမျက်ကြီးတယ် ဆိုရမလား။ သူမနှင့် ပတ်သက်လာလျှင် ရှင်းသန့် မိုးရင်ထဲ ထိခိုက်လွယ်သည်။ ဘာကိုမှ ခွင့်မလွှတ်နိုင်ခဲ့ပါ။ ဘာလို့  အဲဒီ လို ဖြစ်သွားရသလဲ မသိ။

"ကိုယ်တို့  လက်ထပ်ပြီး အတူတူနေချင်တယ် လရိပ်ရာ"

နားလည်မှု လွဲတာတွေ ၊ ညှိနှိုင်းလို့ မရတာ တွေ အဲသည်က စခဲ့တာပါ။ သူ့  ဘက်ကလေးနက်စွာ ပြောမိတာ။

ချစ်မြတ်နိုးလွန်းလို့  … သူမကို တန်ဖိုးထားလွန်းလို့  လက်ထပ်ခွင့်တောင်းတာကို သူမက …

"သြော် … ရှင်းသန့် ကလဲ၊ လရိပ်က အခုမှ ငယ်ငယ်လေးရှိသေးတာကို၊ လရိပ် တစ်ယောက် ယောက် နဲ့  လက်ထပ်လိုက်ပြီး အချုပ်အနှောင်ထဲရောက်သွားမှာ ကို မလိုလားဘူး၊ အခုလိုပဲ ပျော်ပျော်နေကြရအောင်နော်၊ ဘာကိုမှမစဉ်းစားပါနဲ့ ၊ အချိန်တွေ အများ ကြီးရှိပါသေးတယ်"

ဟု သူမက ချော့မော့ရှင်းပြတတ်သည်။

"ကိုယ်ပြောတာ အဲဒီ လိုမဟုတ်ဘူး၊ မင်းကိုယ်နဲ့  လက်ထပ်ပြီးရင်လည်း အခုလိုပဲ လွတ်လွတ်လပ်လပ်နေနိုင်တာပဲ၊ မင်းကို ကိုယ် မချုပ်နှောင်ထားပါဘူး"

ရှင်းသန့် မိုးစိတ်ထဲ သူမရဲ့မရေမရာဖြေပုံကို မကျေနပ်ချင်ပါ။ တကယ်ဆို သူမ မိန်းကလေး တစ်ယောက် ပါ။ သူမနှင့် အဲဒီ ကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးလိုက်တိုင်း ရှောင်ထွက်သွားတာ ဘာသဘောလဲ။ ကိုယ့်ကို မင်းက အပျော်တွဲ နေတာလားဟု အတွေးဝင်လာခဲ့တော့သည်။

"ဟုတ်တယ် … လရိပ်က လက်မထပ်ချင်ဘူး၊ လရိပ်ကို မချစ်နဲ့ တော့၊ တခြား တစ်ယောက် ယောက် ပြောင်းကြိုက်လိုက်တော့ … ဒါပဲ ထပ်တလဲလဲ ပြောမနေနဲ့ "

သူမဘက်ကစပြီးတင်းမာလာခဲ့သည်။

သူမစကားသံတွေ က သူ့ အတွက် နားထဲ သံရည်ပူတွေ လောင်းထည့်လိုက်သလို ပူလောင်စေသည်။ ခံရခက်လွန်းသည်။ သူမကို ထိုကိစ္စနှင့်ပတ်သက်ပြီး မဆွေးနွေးတော့ဘဲ မေ့ထားပြန်တော့လည်း …

"ရှင်းသန့် က အရင်လို မဟုတ်တော့ဘူး။ လရိပ်ကို မချစ်တော့ဘူးထင်တယ် " တဲ့။

သူမနှင့်ပတ်သက်ပြီး ရှင်းသန့် ရင်ထဲ ရှုပ်ထွေးလာရသည်။ သူက ကစားစရာ အရုပ်တစ်ခု ဖြစ်နေပြီလား။

ကိုယ့်ကို နားမလည်းနိုင်တာကို ခံပြင်းဆုံးပါပဲ။

တကယ်တမ်း သူမဆီလည်း သိပ်မသွား ဖြစ်တော့ပါ။ သူမကလည်း ကိုယ့်ကို အဆက်အသွယ် ဖြတ်ထားလေသည်။ သူမဆီ ဖုန်းဆက်တော့လည်း ဖုန်းက "Busy" မအားပြန်။

ရင်ထဲခံစားနေရတာ တွေ ကသတ်သတ်၊ မကျေနပ်တာကသတ်သတ်၊ သတိရလွမ်းဆွတ်နေတာက သတ်သတ်၊ ရသပေါင်းစုံကို ခံစားနေသည်။

သူမဘက်က နေနိုင်တာကို ထူးပြီး အံ့သြမနေတော့ပါ။ ကိုယ့်ရှေ့ မှာ ဘယ်နှယောက် လောက်ကို ဒီလိုအရူးလုပ်ပြီးပြီလဲ။

သူမကို မြင်တွေ့ ချင်စိတ်လည်း မရှိတော့တာကြောင့် သူမဆီကို မသွား ဖြစ်တော့ပါ။

သတိရလျှင် သူမအကြောင်းတွေ ကို သူရတံခွန်ကိုပဲ ရင်ဖွင့် ပြောပြမိသည်။

ရင်ဖွင့်စရာ သူငယ်ချင်းဆိုလို့  သူရတံခွန် တစ်ယောက် ပဲရှိသည်။ သူရတံခွန်ကလည်း ကိုယ်နှင့်လရိပ် အကြောင်းကို စ,လယ်,ဆုံး သိထားသူပါ။

"လရိပ် အရမ်းရက်စက်တယ် တံခွန်ရာ၊ ငါ့ရင်ထဲမခံစားနိုင်ဘူး၊ သူ့ ကိုမေ့လို့ လဲမရဘူးကွာ၊ ငါ ဘယ်လိုလုပ်ရမလဲ"

ဟု သူရတံခွန်ဆီ ရင်ဖွင့်တော့ သူရတံခွန်ကပါ စိတ်မကောင်းတော့။

အတူတူနေကြတဲ့ သူငယ်ချင်းတွေ မို့  တစ်ယောက် ခံစားချက်ကို တစ်ယောက် နားလည်နိုင်ပါသည်။

"မင်းကလည်း စိတ်မကောင်းမ ဖြစ်ပါနဲ့ ၊ နောက်တော့ သူနားလည်လာမှာ ပါ။ မင်းက သူ့  ချစ်သူပဲ၊ တဖြည်းဖြည်း နားဝင်အောင် ရှင်းပြပေါ့ကွာ"

ရှင်းသန့် မိုး ခေါင်းညိတ်ပြမိသည်။

"ငါ သူ့ ကို အရမ်းချစ်တယ်ကွာ၊ သူ စိတ်ညစ်အောင် ငါမပြောတော့ဘူး၊ သူငါ့ကိုချစ်နေရင် ပြီးတာပဲ"

ရှင်းသန့် မိုး သူမအပေါ် လိုက်လျောလိုက်မိသည်။ သူမကို ချစ်တဲ့စိတ် တစ်ခုတည်းနှင့် ခွင့်လွှတ်ဖို့ ၊ သူမကို နားလည်ဖို့  ကြိုးစားမိသည်။ သူ့ ဘက်က မပြတ်သား။

သူမကို ရှင်းသန့် မိုး ပြန်ဆက်သွယ်ခဲ့သည်။ အရင်ကလိုပဲ သူမနှင့် ပျော်ပျော်ပါးပါး သွားလာလည်ပတ်ကြသည်။ သူမ မပြောစေချင်တဲ့ အကြောင်းအရာကိုလည်း မပြောတာ့ပါ။ တစ်ချိန်ချိန်တော့ သူမ ကိုယ့်ကို နားလည်လာမှာ ပဲလို့  ယုံကြည်ထားခဲ့သည်။

သူမကိုလည်း ရင်ထဲ ထပ်ချစ်စရာ မကျန်တော့အောင် အစွမ်းကုန်ချစ်ခဲ့ရသည်။

ရှင်းသန့် တို့ ကို ကြည့်၍ သူရတံခွန်လည်း ပျော်နေခဲ့၏ ။

သူ့ ခံစားမှု အားလုံးနည်းပါးသိနေခဲ့တာကြောင့် လရိပ်နှင့် ပြန်လည်ပြေလည်သွားတာကို သူရတံခွန်လည်း ၀မ်းသာမှာ ပါ။

သူမနှင့်စိတ်ဆိုးပြီး မခေါ်ဘဲနေခဲ့ရာမှ ပြန်ခေါ်လိုက်ပြန်တော့လည်း သူမက ကိုယ့်ကိုချစ်နေသားပဲ ဟု ခံစားမိသည်။

"ကိုယ့်အပြင် မင်းတခြား တစ်ယောက် မထားရဘူး" ဆိုပြီး သူမဆီက ကတိတွေ အတင်းအကျပ်တောင်းမိသည်။

သူမကလည်း ကိုယ်ယုံကြည်အောင် ကတိတွေ အထပ်ထပ်ပေးခဲ့ပါသည်။

သူမနှင့်အတူရှိနေတဲ့ နေ့ ရက်တွေ မှာ မပြေလည်တာတွေ အကုန်မေ့ပြီး၊ အပျော်ဆုံးချစ်ရက်တွေ ဖြစ်ခဲ့သည်။

သူမနှင့်အတူ နှုတ်ခမ်းမစေ့နိုင်အောင် ရယ်မောပျော်ရွှင်နေခဲ့သည်။

ထိုအပျော်ရက်လေးတွေ မှာ ပဲ သူ မထင်မှတ်ထားတဲ့ သတင်းတစ်ခုက ရောက်လာခဲ့၏ ။

"ရှင်းသန့်  … လမ်းထိပ်ကအခွေဆိုင်က ဇေဇ ဆိုတဲ့ကောင်လေးနဲ့  လရိပ်နဲ့  တွဲ လျှောက်သွားတာ ငါတွေ့ လိုက်တယ်"

သူရတံခွန်က ရှင်းသန့် ကို အသိပေးသလို ပြောလာ၏ ။

လရိပ် … မင်းပြောတော့ ငါကလွဲပြီး တခြား တစ်ယောက် မထားပါဘူးဆို။ မင်း ကတိမတည်တဲ့ မိန်းမပဲ။

အခု ချက်ချင်း သူမကိုတွေ့ ပြီး မေးပစ်လိုက်ချင်သည်။ ရင်ထဲခံစားနေရတာ ကို မျိုသိပ်ထားလိုက်ပြီး၊ သူ တိတ်တဆိတ် စောင့်ကြည့်နေခဲ့၏ ။

သူမကို ဖွင့်မမေးခဲ့ပါ။

ခေတ်ရှေ့ ပြေးစတိုင်လ်ရှိသည့် ထိုကောင်လေးငယ်ငယ်နှင့်အတူ သူမကိုလက်တွဲ ပြီး မြင်ရသော နေ့ မှာ တော့ သူ့ ရင်ထဲသည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့ရသည်။

သူမကိုလည်းအံ့သြမိသည်။ မယုံနိုင်အောင် ဖြစ်ရသည်။

သူမက သည်လိုမိန်းကလေးလား။

သစ္စာမရှိတဲ့ သူ တစ်ယောက် လား။

ကိုယ့်မှာ တော့ …. မင်း တစ်ယောက် တည်းကို သစ္စာရှိရှိချစ်မြတ်နိုးနေမိတာ … ။

ညနေ သူမနှင့် ဆုံ ဖြစ်ကြချိန်မှာ ရှင်းသန့် မျက်နှာက ခက်ထန် တင်းမာနေရ၏ ။

ရင်ထဲရှိသမျှ ခံစားချက်တွေ က ပေါက်ကွဲစပြုလာ၏ ။

"လရိပ်"

သူ့ အသံက ခပ်ဆတ်ဆတ် ဖြစ်၏ ။

"ရှင်းသန့်  ဘာ ဖြစ်လို့ လဲ"

သူမက သူ့လက်မောင်းကလေးကို ဆုပ်ကိုင်ပြီး သူ့ ကိုမော့ကြည့်ကာ မျက်လုံးချင်းဆုံပြီးမေးလာသည်။

သူမရဲ့မူရာမာယာများ တဲ့ မူနွဲ့ မှု တွေ ကို သူ မသာယာချင်တော့ပါ။ သူမကို အမြင်ကတ်မိသည်။

တကယ်တမ်း သူမကို စွန့် လွှတ်နိုင်ရဲ့လား။ ကိုယ့်ကိုယ်ကို ဆန်းစစ်နေမိသည်။

ချစ်စိတ်တစ်ခုတည်းနဲ့ ပဲ သူမကို ခွင့်လွှတ်လိုက်ရမလား။

ဒါပေမယ့် ကိုယ် ခံနိုင်ရည်မရှိဘူး။ ကိုယ်လိုချင်တာ မင်းရဲ့မေတ္တာအစစ်အမှန်ပါ။ သူမနှင့် ပတ်သက်ပြီး အတွေးတို့  ရှုပ်ယှက်ခတ်နေရသည်။

"လရိပ် … ကိုယ် မင်းကိုမေးစရာရှိတယ်"

"အင်း … မေးလေ၊ ဘာလဲ"

သူမ ဘာမှမသိသလိုပုံစံနှင့် ပြန်ပြောလေသည်။

ဘာအပြစ်မှမရှိခဲ့သူလို ခပ်အေးအေးပါ။

"မင်း … ခွေဆိုင်က ကောင်နဲ့  တွဲ နေတယ်ဆို"

"ဟင် … ရှင်းသန့် ကို ဘယ်သူပြောတာလဲ၊ မဟုတ်ပါဘူး"

သူမ ခတ်ပြတ်ပြတ်ငြင်းသည်။

ရှင်းသန့် ရင်ထဲ ကြေကွဲသွားရ၏ ။

သူမ ကိုယ့်ကို လိမ်ညာရက်လေခြင်း … ဆိုပြီး ရင်ထဲ နစ်အောင် ခံစားရသည်။

"လရိပ် ကိုယ့်ကို ညာရက်တယ်ဗျာ"

သူ ကြေကွဲသံနှင့် ဆိုမိသည်။

"ကိုယ်ကိုယ်တိုင်တွေ့ ခဲ့တာ"

သူမက မျက်နှာပျက်သွား၏ ။

သူလိုချင်တဲ့အဖြေက …

"အဲဒါ သူငယ်ချင်းပါ၊ လရိပ်နဲ့ ဘာမှမဆိုင်ဘူး၊ ရှင်းသန့် ကသ၀န်တိုတတ်လိုက်တာ၊ Sorry နော်၊ လရိပ်နောက်တစ်ခါဆင်ခြင်ပါ့မယ်" ဆိုတဲ့ အဖြေမျိုး။

သူမက အဲဒီ လို မဖြေရှင်းခဲ့ပါ။

"ဟုတ်တယ် အဲဒါ လရိပ်ရည်းစားပဲ၊ ရှင်းသန့် မကြိုက်ရင်လဲ မတတ်နိုင်ဘူး၊ တခြားကောင်လေးတွေ က ရှင်းသန့် လောက် သ၀န်မတိုတတ်ဘူး"

"ဟာ … မင်းကွာ"

သူမစကားက ရှင်းသန့် မိုးရင်ကို တုန်လှုပ်သွားစေ၏ ။

"ရှင်းသန့်  မကြိုက်ရင် အခု ချက်ချင်း ဖြတ်လို့ ရတယ်၊ လရိပ်ကိုတော့ ဦးနှောက်မစားပါနဲ့ "

လရိပ်စကားကြောင့် ရှင်းသန့် မိုး ပိုလို့  ဦးနှောက်စားသွားရသည်။ စိတ်လည်းတိုမိသည်။

ဖြတ်တဲ့စကားကို သူမဘက်ကစပြီး ပြောလာခဲ့ပြီ။ အစကတည်းက မင်းကိုယ့်ကို မချစ်ခဲ့ဘူး။ ကိုယ့်အချစ်ကိုလှည့်စားခဲ့တာပဲ။ ရှင်းသန့်  သူမစိတ်ကို နားလည်သွားရသည်။ အပြောင်းအလဲမြန်လွန်းသည်။

"ရက်စက်လိုက်တာ လရိပ်ရယ်"

"ဘာအငြိုးတွေ နဲ့  ကိုယ့်အချစ်ကို ဖျက်ဆီးပစ်ရတာ လဲ"

"လရိပ် မင်း ကိုယ့်ကို တကယ်ပြတ်နိုင်ရဲ့လား" သူမကိုစူးစိုက်ကြည့်ပြီး သူ ခပ်ငေါ့ငေါ့မေးမိသည်။

"ရှင့်ကိုယ်ရှင် သိပ်အထင်ကြီးပါလား။ ရှင့်ထက်သာတဲ့သူတွေ အများ ကြီးပါ"

"အဲဒါဆို ပြီးတာပဲ"

သူ သူမရှေ့ က လှည့်ထွက်လာခဲ့တော့သည်။

ရင်ထဲက နှလုံးသားတစ်စုံ ကတော့ သူနှင့်အတူ ပါမလာဘဲ သူမဆီမှာ ကျန်နေရစ်ခဲ့သည်။

အဲဒီ နေ့  သူမနှင့်တွေ့ တာ နောက်ဆုံးအကြိမ် ဖြစ်ခဲ့သည်။ သူ အကြီးအကျယ်မပေါက်ကွဲခင် လှည့်ပြန်တာပိုကောင်းသည်။

လရိပ်နှင့် သူစကားမများ ချင်၊ အရမ်းစိတ်ကုန်သွားခဲ့ပြီ။

သူ့ အချစ်ကိုစော်ကားရက်သည်၊ လေးစားမှု မရှိ၊ ချစ်သူချင်းပေမယ့် သူက သူမအပေါ် အမြဲငဲ့ညှာသည်။

"အလကားပါကွာ … သစ္စာမရှိတဲ့မိန်းမ၊ သူ့ ထက်သာတဲ့ မိန်းကလေးတွေ အများ ကြီးရှိတယ်၊ မင်း သူ့ ကို မေ့လိုက်ပါတော့ကွာ ဘာလုပ်မှာ လဲ၊ ကြွေမနေနဲ့  … မတန်ပါဘူး"

သူရတံခွန်က ရှင်းသန့် မိုးကို ဖျောင်းဖျနေသည်။

"စိတ်ချပါ တံခွန်ရာ၊ ငါ သူ့ ကိုရအောင် မေ့လိုက်မှာ ပါ"

ရှင်းသန့် မိုးက သူငယ်ချင်း စိတ်ချမ်းသာအောင် ပြောမိသည်။ ဟန်ဆောင်မိသည်။

တကယ်တမ်း သူမကိုမေ့လို့ ရမည် မထင်။ ရင်ထဲနာကြည်းတာက သတ်သတ်၊ ချစ်နေတာက သတ်သတ်။

ရင်ထဲမှာ ခံစားနေရပေမယ့် အပြင်ဘက်မှာ ဘာမှမ ဖြစ်သလို ဟန်မပျက်နေထိုင်ရသည်။

အချစ်မရှိတဲ့ မိန်းမ တစ်ယောက် ကို ချစ်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုပဲ ဒေါသထွက်မိသည်။

သူမနှင့်ပြတ်သွားပြီးနောက် ရှင်းသန့် မိုးဘ၀က ကြေကွဲစရာတွေ ဆက်တိုက် ဖြစ်ခဲ့သည်။

သူမကိုရင်မဆိုင်ချင်၍ သူမကို အရှုံးမပေးချင်စိတ်နှင့် သူတို့ နှစ်ယောက် သား ပြင်ဦးလွင်မှ ရန်ကုန်ကို ပြန်လာခဲ့ကြသည်။ မြင်တွေ့ နေရလျှင် စိတ်က မခိုင်ချင်။

ထိုဆုံးဖြတ်ချက်ကိုလည်း သူရကပဲ ပေးခဲ့တာပါ။ သူ့ အတွက် စဉ်းစားခဲ့တာပါ။

"မင်း သူ့ ကို မမြင်ရရင် မေ့ချင်မေ့သွားမှာ ပါ"

"ငါတို့  ရန်ကုန်ပြန်ကြတာကောင်းမယ်" သူရတံခွန်က သူ့ အတွက် တွေးပေးသည်။ သူ့  ခံစားချက်တွေ ကို နားလည်နိုင်သည်။ လရိပ်စိမ်းကို သူ ခွင့်မလွှတ်နိုင်။

အချစ်တွေ က ရင်ထဲရှင်သန်နေဆဲပေမယ့် စိတ်လည်း နာမိပြီ။

ကိုယ့်အ ဖြစ် ကိုယ်အံ့သြမိပါသည်။

မေမေ့ကိုမကျေနပ်၍ ရန်ကုန်မှ ဆိုင်ကိုပိတ်ပြီး ပြင်ဦးလွင်ကို ရောက်လာခဲ့သည်။

အခုတော့ ရည်းစားနှင့်ပြတ်လို့  ကြေကွဲခံစားပြီး ရန်ကုန်ကို ပြန်ရောက်ရတော့မည် ။

သူ ဘာလို့  မရင့်ကျက်နိုင်တာလဲ။

♥ ♥ ♥


ပြန်သာပြန်ရမှာ …

ကော်ဖီဆိုင်ကလေးကို သူသံယောဇဉ်မပြတ်တာအမှန်ပါ။ ထားခဲ့ရမှာ နှမြောသည်။ ပိတ်ပစ်လိုက်ရမှာ စိတ်ထိခိုက်ပါသည်။

နောက်တစ်ကြိမ် ကော်ဖီဆိုင်ဖွင့်လျှင် အဲဒီ နာမည် ပေးလို့  ဖြစ်ပါ့မလား။

"Love Story" ဆိုသော ဆိုင်အမည် လေးကို ကဗျာဆန်ဆန်ပေးခဲ့ပေမယ့် အဓိပ္ပာယ်လဲ ရှိခဲ့တာအမှန်။

ချစ်သူချင်းတွေ ချိန်းတွေ့ြ ကတော့လည်း သည်ဆိုင်၊ စိတ်လှုပ်ရှားယစ်မူးဖွယ် နေရာလေး …

မပြေမလည် ကတောက်ကဆ ဖြစ်တော့လည်း သည်ဆိုင်ကလေးထဲမှာ …

စိတ်ကောက်၊ စိတ်ဆိုး၊ စကားများ ရန် ဖြစ်၊ ပြန်ချော့၊ ပြန်တောင်းပန်၊ ပြန်သင့်မြတ် အားလုံးအားလုံးသည်ဆိုင်လေးထဲမှာ …

လွတ်လပ် အေးဆေးစွာ …

အနှောင့်အယှက် ကင်းကင်း …

သီးသီးသန့် သန့်  ပြောလို့  ဆိုလို့ ရတာ သည်ကော်ဖီဆိုင်ကလေးပါပဲ။

သူငယ်ချင်းတွေ အေးအေးဆေးဆေး ပြောဆိုတိုင်ပင်လို့ လည်း ရသည်။

ဆိုင်ကလေးကို လှည့်ပတ်ကြည့်ကာ သူက နံရံကိုမှီချပြီး ကြမ်းပြင်ထောင့်မှာ ခြေဆင်းထိုင်သည်။

သည်ဆိုင်ကလေးထဲမှာ မင်းရယ်သံတွေ ရှိနေတယ် လရိပ်

ပြီးတော့ …. မင်း ချွှဲနွဲ့ ခဲ့တာတွေ …

မင်း အကြင်နာစကားတွေ …

ငါ ဘယ်လိုဆက်ပြီးနေလို့ ရမှာ လဲ။

စားပွဲဝိုင်းအလွတ်တွေ ကောင်တာလှလှလေး အားလုံး ငါအမြတ်တနိုး ဖန်တီးထားတာတွေ ပါပဲ လရိပ် …

အခုတော့ ငါ လှည့်မကြည့်စတမ်း ထားခဲ့တော့မယ်။

သည်ဆိုင်ကိုပိတ်ပြီး ရန်ကုန်ကိုပြန်တော့မယ် … ရန်ကုန်ရောက်လည်း ဆိုင်ပြန်ဖွင့် ဖြစ်မယ် ထင်ပါရဲ့။

အဲဒါ ကိုယ့်ဝါသနာ ကိုယ့်အလုပ်၊ မင်း အရမ်း ရက်စက်တယ် လရိပ်ရာ။

ကိုယ် လုံးဝ မျက်ရည်မကျပါဘူး။

ကိုယ့်မျက်ရည် မြေမခစေရပါဘူး။

ကိုယ့်ရင်ထဲမှာ နာကျင်နေပေမယ့် … ကိုယ်ဟန်ဆောင်ပြုံးထားပါမယ်။

ပျော်သလိုနေခဲ့ပါကွာ၊

ကိုယ် ခွင့်ပြုပါတယ်။

ကိုယ်လိုချင်တဲ့အချစ်မျိုး မင်းမပေးနိုင်တာ အရမ်းဝမ်းနည်းစရာ ကောင်းတယ်။

"ရှင်းသန့် မအိပ်သေးဘူးလား"

ညသန်းခေါင်ကျော် ဆိုင်ထဲမှာ မီးဖွင့်ထိုင်နေသော သူ့ ကို တံခွန်က တရေး နိုးထလာပြီး တအံ့တသြကြည့်၏ ။

"ငါ အိပ်မပျော်လို့ ပါ"

"ကော်ဖီသောက်မလား"

"တော် ပြီ"

"မင်း မချမ်းဘူးလား"

"ရပါတယ်"

"ဒါဆို ရေနွေးသောက်"

ဂျင်းဘောင်းဘီနှင့် ဂျင်းဂျာကင်နှင့် သူ နည်းနည်း တော့ချမ်းပါသည်။ ချမ်းတာထက် လွမ်းတာကပိုပါသည်။ လရိပ်၏ နွေးထွေး အိစက်သော ကိုယ်လုံးကလေးကို သတိရသည်။ အရမ်းဖက်ထားချင်သည်။ သူ ဘာလို့  တမ်းတနေမိတာလဲ။

***


ရှင်းသန့် က ခပ်တင်းတင်းမျက်နှာနှင့်ပဲ အိမ်ပေါ်ပြန်တက်လာသည်။ မေမေက သူ့ ကိုဘာမှမပြောရှာ။

သူရန်ကုန်ပြန်ရောက်တော့ မေမေက သိပ်ပျော်နေသည်။ သူ ဘယ်သွားသွား၊ ဘာလုပ်လုပ် မေမေက ခွင့်ပြုထားသည်။

ချုပ်ချယ် ကန့် သတ်မှု တွေ မထားတော့။

သူကလည်းစိတ်ညစ်ညစ်နှင့် သူရတံခွန်နှင့် လျှောက်သွားသည်။

မမျှော်လင့်ဘဲ တစ်နေ့ မှာ သူရတံခွန်အကြောင်းသိလိုက်ရတော့ သူ ရင်ပူသွားသည်။

သူရတံခွန်နှင့် ညညဖုန်းပြောနေသော မိန်းကလေးမှာ သူ ထင်ထားသလို ရိုးရိုးသားသားမဟုတ်ဘဲ အိမ်ထောင်ရှိသူ ဖြစ်နေသည်။ သားသမီးလည်းရှိသည်ဟု ပြောသည်။ တကယ်ဟုတ်မဟုတ်မသိ။

သူရတံခွန်နှင့်ဖုန်းပြောရင် ကြားသော မမဆိုတာ အသက်နည်းနည်း ကြီးရုံလောက်လို့  သူထင်ထားတာ၊ အခုလို သိသွားရတော့ သူဘယ်လိုမှသဘောမတူနိုင်၊ လက်ပိုက်ကြည့်မနေနိုင်။

သူသိသိချင်း သူရတံခွန်ဆီ ဖုန်းဆက်လိုက်သည်။

"မင်းနောက်ဆုတ်လိုက်ပါကွာ၊ မင်း မမက သူ့ မိသားစုနှင့် သူလေ၊ ကလေးအဖေကလည်း သူ့  ဆီလာနေတာပဲ …"

သူရတံခွန် ခေါင်းမာတာ သိပေမယ့်လည်း ရလိုရငြားဖျောင်းဖျမိသည်။ သူရင်လေးမိတာအမှန်။

"မင်းက ဘာသိလို့ လဲ၊ သူကပြတ်ပြတ်သားသားလုပ်မှာ ပါ နောက်ကို ငါ့ကို နောက်ဆုတ်ဖို့  မပြောနဲ့ ၊ ငါလုံးဝလုပ်မှာ မဟုတ်ဘူး … ငါ မမ ကို သိပ်ချစ်တယ် …"

သူရတံခွန်က ပြတ်ပြတ်သားသား ပြောလာသည်။

ရှင်းသန့် ထက်ပင် အစွဲအလမ်းက ကြီးနေသည်။

သူရတံခွန် စိတ်ထက်သန်နေသော ကြောင့် သူ ဘာဆက်ပြောရမှန်း မသိတော့။

"နောက်ဆုတ်လိုက်ပါကွာ ၊ ငါ တောင်းပန်ပါတယ်၊ ဟိုက မင်းထက် အသက်ကြီးရုံတင်မကဘူး၊ သားရော သမီးရော ရှိတယ်လေ … "

"မင်းဘာမှဝင်မစွက်ဖက်နဲ့ ၊ အဲဒါ့ ငါ့ကိစ္စ … ငါမှားရင် ငါခံမယ်၊ မင်းအနေသာကြီးပါ"

စိန်းပြတ်သော စကားကြောင့် ရှင်းသန့် မိုး အံ့သြသွားသည်။

"မင်း စိတ်လိုက်မာန်ပါ မလုပ်လိုက်ပါနဲ့ ကွာ … "

သူရတံခွန် အတွက် စိုးရိမ်လာသည်။

"ငါ သူနဲ့  လက်မှတ်ထိုးလိုက်တော့မယ်"

"မင်း ရူးနေပြီ … "

လုံးဝမတန်မရာ ဖြစ်နေသည်။ သူရတံခွန်လို လူမျိုးနှင့် အိမ်ထောင်သည် ကလေးအမေ။

သော ကတွေ ဒုက္ခတွေ သူ ကြိုတင်မြင်ယောင်လာသည်။

သူ တားကိုတားရမည် ။ သူရတံခွန်ဘာပဲပြောပြော … သူရအောင်တားမည် ။ သူငယ်ချင်းကို နွံမနစ်စေချင်။

သူရတံခွန် က သူ အချစ်ဆုံး သူငယ်ချင်း။

လမ်းမှားရောက်သွားမှာ မလိုချင်ပါ။ သူ ထင်ချင်သလို ထင်ပါစေတော့။ ရှင်းသန့် ကို ဒေါသ ဖြစ်ချင်လည်း ဖြစ်။

သူ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်လိုက်သည်။

အားလုံး ပြတ်ပြတ်သားသားဖြေရှင်းရမည် ။ တံခွန့် မမက တံခွန့် ကို လှည့်စားနေတာလား။ သူတို့ အိမ်ထောင်ရေး က ဘယ်လိုလဲ ကွာရှင်းကြပြီးပြီလား၊ သူရတံခွန်ကို ဟိုအမျိုးသမီးက အပိုင်ဖမ်းချင်တာလား။

သူရတံခွန်နှင့် ဖုန်းပြောပြီးတာနှင့် ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်သည်။ အကျိုးအကြောင်း သိရအောင်ပါ။

သူတွေ့ ချင်သော သူနှင့် တိုက်ရိုက်တွေ့ ရတာ မို့  …. သူသက်ပြင်းရှိုက်ပြီး စကားစ,လိုက်ရ၏ ။

သူရတံခွန်၏ မမရဲ့ အမျိုးသားဆိုတာက ဘာမှလဲ သိပုံမပေါ် သူပြောလိုက်မှ ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ သူတို့ ချင်းမပြေလည်တာမှန်ပေမယ့်၊ သူ့ မိန်းမနှင့် တကွဲတပြားစီနေကြပေမယ့် တရားဝင်ကွာရှင်းရသေးတာလည်း မဟုတ်။

သူ့ မိန်းမက သူ့ ကို လက်တွဲ ဖြုတ်ချင်ပြီလား၊ သူ အရမ်းတုန်လှုပ်သွားသည်။

ရှင်းသန့် ကလည်း ရှင်းသန့် ပါပဲ။

အစကတည်းက တားရမှာ …

အခုတော့ နောက်ကျသည်။

သူရတံခွန် "မမ မမ" နှင့် ဖုန်းပြောနေတာ ကြားပေမယ့် သူကလည်း ရည်းစားပြတ်ခါစ ပူပူနွေးနွေးအသည်းကွဲထားတာဆိုတော့ … အာရုံမကျ၊ နောက်တော့မှသိရတာ က ထိုမိန်းမက လွတ်လွတ်လပ်လပ်မဟုတ်။

သူ့ ယောကျာ်းနှင့် တရားဝင်လည်း ကွာရှင်းရသေးတာမဟုတ်။

လောလောဆယ် တကွဲတပြားစီ နေတာရယ်၊ ကလေးတွေ ဆီ သူ့ ယောကျာ်းကလည်း မကြာခဏ လာတတ်တာရယ် သိရတော့ သူက သူငယ်ချင်းအတွက် ပူပန်မိတာ ၀င်ပါမိတာ … ။

ငါ တစ်ယောက် ယောက် နဲ့  ရန် ဖြစ်ရင် မင်း ဘေးထွက်ကြည့်မနေတတ်သလိုပေါ့ …

ဝင်ပါမိတာပဲ မဟုတ်လား …

သူရတံခွန် မေမေကိုရော၊ ထိုအမျိုးသမီး၏ မရှင်းမရှင်းယောက်ျားဆီရော ရှင်းသန့် မိုး ဖုန်းဆက်လိုက်တာပါ။

ငါ့ကို ခွင့်လွှတ်ပါကွာ "ငါ့ကို စိတ်တိုသွားမှာ လား၊ ဒေါသ ဖြစ်သွားမှာ လား"

တစ်ချိန်ချိန်မှာ တော့ နားလည်မှာ ပါ။

နောက်တော့ သူရတံခွန်နှင့်လမ်းမှာ တွေ့ ရင်တောင် မခေါ်တော့ပါ။ သူ့ အပေါ် အရမ်းနာကြည်းသွားခဲ့သည်။

သူ့ အပေါ် သူစိမ်း တစ်ယောက် လိုပဲ ဖြစ်သွားခဲ့သည်။

သူ့ ကို အဲ့လိုဆက်ဆံတာကို သူ့ ရင်ထဲမှာ တစ်မျိုးကြီးခံစားရသည်။ သိပ်ချစ်ကြသော သူငယ်ချင်းနှစ်ယောက် မှာ ဒီလိုအ ဖြစ်မျိုးနှင့် မုန်းသွားကြမှာ မလိုလားပါ။

သူ တစ်နေ့ တော့ သူရတံခွန်အိမ်ကို သွားခဲ့သည်။ ရအောင်ရှင်းပြပြီး တောင်းပန်ဖို့ ပါ။

သူရတံခွန်အိမ် ရောက်တော့ ခြံထဲမှာ ကားရေဆေးနေသော သူရတံခွန်ကို တွေ့ ရသည်။

သူ့ ကိုမြင်တော့ ရေပိုက်ချပြီး လျှောက်လာသည်။

"မင်း ဘာလာလုပ်တာလဲ"

ဒေါသသံနှင့် မေးလိုက်သည်။

"ငါ ရှင်းပြတာ … မင်း အေးအေးဆေးဆေးနားထောင်ပါကွာ၊ ငါလုပ်ခဲ့တာတွေ က မင်းအတွက်ပဲ …"

"မင်း ဘာမှဆက်မပြောနဲ့ တော့ …. ငါ ခံစားရအောင်မင်းလုပ်လိုက်တော့ မင်းအတွက် ဘာအကျိုးအမြတ်ရှိလဲ"

"မင်း မခံစားရအောင် လုပ်တာကွ၊ မင်းလမ်းမှားမရောက်အောင် … "

"တော် စမ်းပါကွာ … မင်းပြန်လိုက်တော့ …"

သူရတံခွန်က သူ့ ပခုံးကို ခပ်ကြမ်းကြမ်းတွန်းပြီး အိမ်ထဲဝင်သွားသည်။

"မင်း တစ်နေ့ တော့ နားလည်လာမှာ ပါ …"

မချိမဆံ့နှင့် သည်တစ်ခွန်းပဲ ပြောနိုင်တော့သည်။

အဲဒီ ကတည်းက သူတို့ နှစ်ယောက် တစ်စတစ်စနှင့် အဆက်အသွယ် ပြတ်သွားခဲ့သည်။

လမ်းမှာ တွေ့ လျှင်ပင် ရန်သူကြီးလို ကြည့်သွားတတ်သည်။

သူ့ ဘက် ကတော့ သူရတံခွန် စိတ်ပြေနိုးနှင့် စောင့်နေခဲ့သည်။

သွေးပူနေတော့ … သူ ထပ်ပြီး စကားမပြောရဲတော့ပါ။ သူရတံခွန်က ဒေါသထန်နေသည်။

"သား ဘယ်ကပြန်လာတာလဲ"

"သူငယ်ချင်းအိမ်က … "

"ခဏလောက် လာထိုင်ပါဦး မေမေပြောစရာရှိလို့  …"

အိမ်ပေါ်တက်တော့မယ့်ဟန်ပြင်နေသည့်သူ့ ကို မေမေက လှမ်းခေါ်လိုက်သော ကြောင့် သူက မေမေ့ရှေ့ က ခုံမှာ ၀င်ထိုင်လိုက်သည်။ မေမေက သူ့ ကို ကြည့်ကာ ဆိုလာ၏ ။

"သားမှာ ရည်ရွယ်ထားတဲ့သူ မရှိရင် အိမ်ထောင်ချပေးဖို့  စဥ်းစားနေတာ … "

"ဟာ … မေမေကလည်း …"

မေမေ့ဆီက မမျှော်လင့်ထားသော စကား ကြားလိုက်ရတော့ သူစိတ်ပျက်သွားမိသည်။ သူ အိမ်ထောင်မပြုချင်သေးပါ။


မျက်လုံးရွှန်းစိုစို နက်နက်ကလေးနှင့် သူမရဲ့မျက်နှာကို မြင်ယောင်လာသည်။ ရင်ထဲမှာ နင့်ခနဲ အရှိုက်ထိသွားသည်။

ကျွန်တော့မှာ ရည်ရွယ်ထားတဲ့လူ ရှိနေပြီလို့ ရဲရဲဝံ့ဝံ့ ပြောချင်လိုက်တာ၊ တကယ်ပါ။

မင်း မကောင်းဘူး လရိပ်စိမ်းရယ်။

ကိုယ်ချစ်သလောက် ကိုယ့်ကိုလှည့်စားခဲ့သည်။

မင်းတောင်မှ မချစ်ခဲ့သေးတာဘဲ၊ ကိုယ်လည်း မင်းကိုမေ့လိုက်နိုင်ရမှာ ပေါ့။ မာနနှင့် မာန်တင်းထားမိ၏ ။

"မရှိပါဘူး၊ မေမေကရော ချွေးမလောင်း တွေ့ နေလို့ လား"

သူ သည်တစ်ခွန်းတော့ မေး ဖြစ်၏ ။

မေမေ့သဘောထားကို သိချင်လို့ ပါ။

မေမေ သူ့ အတွက် ဘာတွေ စီစဉ်နေပြီလဲ။


မေမေက ပြုံးပြီးဖြေလိုက်သည်။

မေမေရှာပေးတဲ့ ချွေးမလောင်းက မင်းထက်တော့ သာမှာ ပါ လရိပ်စိမ်းရယ်၊ မင်းက သစ္စာမရှိဘူး။

"ကဲ … သားလည်းနားတော့နော်"

သူ စိတ်မပါစွာ နဲ့  အပေါ်ထပ်ကို တက်ခဲ့သည်။

ဘယ်သူလဲ ဘာလဲ မေးမြန်းမနေချင်၊ သူမှ စိတ်မပါတာ၊ မေမေ့စကားကို သူ နားထောင်သင့်လား၊ ငြင်းသင့်လား၊ ဘာမှ မတွေးချင်။

ရှင်းသန့် မိုးက သီချင်းတစ်ပုဒ်ကို ရင်ထဲကအသံနှင့်ဆို၏ ။

"အလွမ်းများ နဲ့  ဒီချိန် မင်းကိုငါ ကြယ်စင်များ ထဲ လိုက်လို့ ရှာ

အဖော်ရယ်မပါ ဂစ်တာလေးနားမှာ သံစဉ်ငိုသံတွေ ကြားရ

မိုးသားထက် တိမ်တွေ များ ခေါ်ရာ ငါပျံသန်းရင်း လိုက်လို့ ရှာ ….

ရှောင်ဖယ်ကာ နာကျင်စေပြီလား … စာနာခြင်းများ နဲ့  နင်လေ

ပြန်လာပါ နိုရာ …

ငြိမ်းချမ်းမယ့်ရင်ခွင် တခြားဆီမှာ နင်ပျံသန်းလို့  သွားတဲ့အခါ

အနိုင်မယူသူ ဒီဝဋ်ကြွေးများ စွာ အကြိမ်ကြိမ် ငါ ပြန်လည်ပေးဆပ်

မုန်တိုင်းများ နဲ့  ကံကြမ္မာလှိုင်းဒဏ်ရာ တစ်ချိန်မှာ မင်းတွေ့ ရတဲ့အခါ

လည်ပြန်ကာ ကြင်နာနိုင်မှာ လား အဖြူရောင် လမ်းကလေးထဲ

နင်လေပြန်လာပါ နိုရာ …"

"မင်း သူ့ ကို ချစ်တုန်းပဲလား"

သီချင်းပြီးသွားတော့ ဂစ်တာကို နံရံမှာ ထောင်လိုက်သော ရှင်းသန့် မိုးကို သူငယ်ချင်းတိုးမောင်က မေးလိုက်သည်။ သူ့ ကိုကြည့်ရတာ သနားစရာကောင်းနေပြီလား။

သူက သူငယ်ချင်းတွေ နှင့်ဆုံတိုင်း ဂစ်တာတီးတတ်သည်။

"မေ့လို့ တော့ မရဘူးကွာ … ဒါပေမယ့် မေ့မှာ ပါ သေချာပါတယ်။ တစ်ချိန်ချိန်တော့ မေ့သွားမှာ ပါ …"

သူ့ ကိုယ်သူ အားပေးမိ၏ ။

ဘယ်လိုမှ လက်တွဲ လို့  မ ဖြစ်နိုင်တာ … လမ်းခွဲရုံ မေ့ပစ်ရုံကလွဲပြီး ဘာတတ်နိုင်မှာ လဲ။

ကိုယ်က အချစ်ကိုတန်ဖိုးထားခဲ့သူပါ။

အချစ်ကို ပစ်စလက်ခတ် လုပ်တတ်သော မင်းလိုကောင်မလေးကို …

အင်းလေ အပြစ်တွေ ပုံကြီးချဲ့ ပြောနေတော့ရော ဘာတွေ ထူးလာမှာ မို့ လဲ။

ဇာတ်လမ်းက ပြီးခဲ့ပြီ။

လရိပ်စိမ်းက သူ့ ကို သတိပင်ရမည် မထင်တော့ပါ။ တခြား တခြားသော ဇာတ်လမ်းအသစ်တွေ နှင့် ရှင်း

သန့် မိုးဆိုတာ မှိန်ပျော့သွားတော့မှာ …

သိပြီးသားပါ လရိပ်စိမ်းရယ် …

မျက်နှာများ တယ်၊ မာယာများ တယ်၊ အချစ်ကို အလေးအနက် မထားတတ်ဘူး။

အဲဒါတွေ ကို ကိုယ်က ကြောက်စရာလို့ မထင်ခဲ့ဘူး၊ ကိုယ့်ဘက်ကလည်း လွယ်လွယ်ပဲ သဘောထားခဲ့တာကိုး။ နောက်တော့မှ ကိုယ်ကပြောင်းလဲလာတာ လရိပ်စိမ်းကို အရမ်းစွဲလမ်းသွားပြီး တစ်သက်လုံးအတွက် လက်တွဲ သွားချင်ခဲ့တာ။

အဲ့ဒါ ကိုယ့်အမှားပါ …

မင်းမှာ က အဲ့ဒီရည်ရွယ်ချက်မရှိခဲ့ဘူး။

ရှပ်ရှပ်ကလေး ပါးပါးကလေး ချစ်ခဲ့တာ။

လောဘတကြီး ဖြစ်နေခဲ့တဲ့ ကိုယ့်အတွက် မင်းပေးခဲ့တဲ့အချစ်က အရမ်းနည်းလွန်းတယ်။

"ဟုတ်ရဲ့လားကွာ၊ ကြာဖြင့် ကြာပြီ … မမေ့နိုင်သေးဘဲနဲ့ သေရာပါမယ့် အချစ်ထင်ပါတယ်ကွာ"

တိုးမောင်က မှတ်ချက်ချ၏ ။

ကိုယ်အသည်းကွဲနေတာ တကယ်ပါ။

ဒါပေမယ့် အစားထိုး မကုသချင်ဘူး။

ချစ်ရမှာ လည်း ကိုယ်လန့် ပြီ။

ကောင်မလေးတွေ က မူယာမာယာများ လွန်းတယ်။

ပြီးတော့ ကိုယ်ကချစ်မိပြီဆို အရူးအမူး …

အချစ်ငတ်လွန်းတဲ့ကိုယ့်ကို မင်းက လှည့်စား၊ အနိုင်ပိုင်း၊ အလဲထိုးခဲ့ပြီ၊ ကျောခိုင်း ခွဲခွာသွားခဲ့တယ်၊ ကိုယ့်နှလုံးသားကခုထက်ထိ နာလန်မထူနိုင်သေးပါလား။

***


"ဟာ …"

ရှေ့ မျက်နှာချင်းဆိုင်မှ လျှောက်လာနေသော သူရတံခွန်ကို တွေ့ လိုက်ရတာ ကြောင့် ရှင်းသန့် မိုး ၀မ်းသာသွားရသည်။

သူရတံခွန်နှင့်သူမတွေ့  ဖြစ်တာ တော် တော် ကြာသွားပြီပဲ၊ ခုလောက်ဆို သူရတံခွန်ရဲ့ ဒေါသတွေ လည်း ပြေလောက်ရောပေါ့။

ရှင်းသန့် မိုး နှုတ်ဆက်ဖို့ အားပါးတရပြင်ဆင်ထားမိသည်။ သူရတံခွန်က အနားရောက်လာတော့ သူ့ ကိုတွေ့ သွားသည်။

သူရတံခွန်၏ တင်းမာတဲ့ မျက်လုံးတွေ ကြောင့် ရယ်ပြနေသော ရှင်းသန့် နှုတ်ခမ်းတွေ တင်းတင်းစေ့သွားရသည်။

သူရတံခွန်က အညှိုးအတေးတွေ နှင့် ခပ်တင်းတင်းကြည့်နေသည်။ အေးစက်သော အကြည့်က သူ့ ကို အားလျော့စေပါသည်။

ရှင်းသန့် မိုးရင်ထဲကျဉ်းကျပ်သွားကာ သက်ပြင်းချ ဖြစ်သည်။ သူ မျှော်လင့်သလို မဟုတ်ပါလား။

အနားရောက်လာတော့ သူရတံခွန်က အကြည့်လွှဲကာ ခက်သွက်သွက် ကျော်ဖြတ်သွားသည်။

သူရတံခွန်ဘေးတွင် ပါလာသော လူ တစ်ယောက် က သူ့ ကို စူးစူးစမ်းစမ်းကြည့်သွားသည်။ သတိပြုမိသွားပုံပါပဲ။

Dagon Center အပေါ်ထပ်မှ စက်လှေကားနှင့် ဆင်းလာခဲ့ရ၏ ။ သူ့ စိတ်တွေ အခုနကလို မကြည်လင်တော့ပါ။ သူရတံခွန်၏ ရန်သူလို အကြည့်စိမ်းစိမ်းကိုပြန်တွေးရင်း စိတ်ထဲ လေးပင်နေရ၏ ။

မျက်နှာချင်းဆိုင်တွေ့ တာတောင် နှုတ်မဆက်ဘဲ ခပ်တည်တည် ကြည့်သွားသော သူရတံခွန်ကို ရှင်းသန့် မိုး အံ့သြမိသည်။

"တံခွန် … မင်းပြောတာ အဲ့ဒီ တစ်ယောက် လား"

သူရတံခွန်က သူငယ်ချင်းဇော်မင်းအမေးကို ခေါင်းညိတ်ပြ ဖြစ်သည်။ ရှည်ရှည်ဝေးဝေးမပြောချင်။

"ရုပ် ကတော့ တော် တော် ဖြောင့်တယ်"

ဇော်မင်း အပြောကို တံခွန် အော်ရယ်လိုက်သည်။

ပြီးမှ …

"အေး ရုပ်နဲ့ အကျင့် ကတော့ တခြားစီပဲ၊ စိတ်ဓာတ် ကတော့ တော် တော် ညံ့တယ်" တံခွန်ပြောတာကို ဇော်မင်းကမယုံသလို ကြည့်နေမိသည်။ ဟုတ်ရဲ့လား ဟု သံသယ၀င်နေသည်။

ရှင်းသန့် မိုး ပုံစံကိုကြည့်ရတာ တော့ သန့် ရှင်းဖြူစင်ပုံပါ။

သဘောကောင်းမည့် ပုံ။

တံခွန်ကိုတွေ့ တော့ … ၀မ်းသာအားရ ရယ်ပြနေတာပဲ။ တစ်ခုခု မှားနေပြီ ၊ ဘယ်နေရာ လွဲချော်နေပါလိမ့်။

သူရတံခွန်၏ ခက်ထန် အေးစက်လွန်းသည့် မျက်လုံးတွေ ကြောင့် သူ နှုတ်မဆက်ရဲတော့တာ သူ မြင်လိုက်ရသည်။

သူတို့ နှစ်ယောက် လည်း ဆက်လျှောက်လာခဲ့သည်။

"မင်းတို့  ပြဿနာတက်ထားတာ တော် တော် ကြာပြီပဲ မဟုတ်လား" ဟု ဇော်မင်းက ထပ်မေးလာ၏ ။

"အေး ငါတို့ မတွေ့  ဖြစ်တော့တာလည်းကြာပြီ ၊ ကြားထဲမှာ တစ်ခါမှပြန်မတွေ့  ဖြစ်ကြဘူး၊ ဒါ ပထမဆုံးပြန်တွေ့ တာပဲ … ငါက တစ်သက်လုံး မမြင်ချင်တာ"

"မင်းက အခုထိ စိတ်ဆိုးနေတုန်းပဲလား"

"စိတ်ဆိုးရုံပဲ မဟုတ်ဘူးကွ၊ အဲဒီ ကောင်ကို စိတ်နာတာ မုန်းနေတာ ခါးနေတာ မကျေနပ်ဘူး"

သူရတံခွန်က ခပ်မာမာပြောလိုက်သည်။ အခုလို ရှင်းသန့် နှင့်ပြန်တွေ့ လိုက်ရတော့ အဟောင်းတွေ က အသစ်ပြန် ဖြစ်လာရသည်။ ရင်ထဲမှာ ပူလောင်လာ၏ ။

"အရင်တုန်းက အရမ်းခင်ကြတယ်ဆို …"

"ဟုတ်တယ်လေ … အဲဒါ ဟိုတုန်းကပါ၊ အခုတော့ကြည့်တောင်မကြည့်ချင်ဘူး"

ရှင်းသန့် မိုးကို သူ့ စိတ်ထဲမှာ တော် တော်နာကြည်းမုန်းတီးနေရသည်။ မျက်ရှနေသည်။

ဘယ်လိုမှ ခွင့်မလွှတ်နိုင်။

အလွယ်တကူ မကျေအေးနိုင်။

တစ်ခုခု ပြန်လည် ကလဲ့စားချေချင်သည်။

နာကြည်းခံပြင်းစိတ်နှင့် တေးမှတ်ထားတာ ကြာပါပြီ၊ သူခံစားခဲ့ရသလို ရှင်းသန့် မိုးကိုလည်း ပြန်လည်ခံစားစေချင်သည်။ ဒါမှ ကိုယ်ချင်းစာတတ်မှာ …

သူ့ ကိစ္စကိုဝင်ရှုပ်သည်။ သူ့ ကိုယ်ရေး ကိုယ်တာကိုစည်းကျော်ပြီး ၀င်စွက်ဖက်သည်။ သူ့  သိက္ခာကို တန်ဖိုးမထား မှားမှားမှန်မှန် ယောက်ျားချင်း နားလည်ပေးသင့်တာ၊ စည်းလုံးသင့်တာ၊ သူ့  ကို သစ္စာဖောက်သည်။ ကလဲ့စားချေရမှ သူကျေနပ်နိုင်မည် ။

လရိပ်စိမ်း၏ ပုံစံကို အတွေးထဲမြင်ယောင်လာသည်။

ရှင်းသန့် ကိုပြန်လည်ကလဲ့စားချေနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခု၊ အခွင့်အရေး တစ်ခု၊ ဒါကို အသုံးချရမည် ။

ဒါပေမယ့် လရိပ်စိမ်းက ဘယ်ရောက်နေလဲ၊ ဘယ်မှာ လဲဆိုတာ သူမသိပါ၊ အဆက်အသွယ်လည်း ပြတ်နေသည်။

ဘယ်မှာ နေလဲဆိုတာလည်း မသိတော့ ဘယ်မှာ သွားရှာရမလဲ။ သူ ဖျတ်ခနဲ အကြံတစ်ခုရလိုက်၏ ။

"သြော် … ဇော်မင်း"

တိတ်တဆိတ် လျှောက်လာရာမှ ဇော်မင်းကို ခေါ်လိုက်သည်။ သူ ဘာလို့ မေ့လျော့နေပါလိမ့်။

"ဘာလဲ"

"မင်းဟိုတစ်ခါကပြောတာလေ … မင်းညီမရဲ့ သူငယ်ချင်း၊ နာမည် က လရိပ်ဆို … အပြည့်အစုံကဘာလဲ သိရပြီလား"

"မသိသေးဘူးကွ ၊ ငါ မေးကြည့်ပေးထားမယ်လေ"

"အေး မေးပေးကွာ၊ လရိပ်စိမ်းများ ဖြစ်နေမလားလို့ "

တံခွန်က အဓိပ္ပာယ်ပါပါ တစ်ချက်ပြုံးလိုက်သည်။

သူနှင့် ရှင်းသန့် က သူငယ်ချင်းတွေ ။

အချစ်ဆုံး သူငယ်ချင်းတွေ ဆိုပေမယ့် အခုတော့ အားလုံးပျက်ပြယ်သွားတာ ကြာခဲ့ပြီ။ တံခွန် အဲ့ဒီလို နိုင်ကွက်သုံးပြီး ကလဲ့စားချေလိမ့်မည် ဟု ရှင်းသန့် က ထင်မှာ မဟုတ်။

***


တစ်ခုခုကို စောင့်ဆိုင်းနေရတာ လောကကြီးမှာ ငြီးငွေ့ စရာ အကောင်းဆုံးပါပဲ။

အချိန်ကပ်ပြီးမှ လာခဲ့ကြရင် အကောင်းသား။

"ဇော်မင်း ဆယ်နာရီထိုးနေပြီ၊ မဆင်းသေးဘူးလားကွာ"

သူရတံခွန်က လက်ကနာရီကိုကြည့်ပြီး ဇော်မင်းကို ပြောလိုက်သည်။ စိတ်မောလွန်းလို့ ပါ။

"ဆင်းမှာ ပေါ့ကွာ … မင်းကလဲ"

ဇော်မင်းက သူ့ ကို စိတ်မရှည်ရန်ကောဆိုသည့် အကြည့်နှင့် ကြည့်ပြီး ပြောလာသည်။

ဇော်မင်းရဲ့ညီမဆီက လရိပ်ဆိုသည့်နာမည် ကို ကြားလိုက်ကတည်းက သူသိတဲ့လရိပ်စိမ်းများ ဖြစ်နေမလားလို့  သူ သိချင်နေခဲ့တာ အရမ်းပတမ်းပါပဲ။

"ဟော … သင်တန်းဆင်းပြီထင်တယ်"

ကောင်မလေးတွေ ကောင်လေးတွေ အများ ကြီးဆင်းလာကြသည်။ ဇော်မင်းပြောတော့ အရမ်းချစ်ဖို့ ကောင်းတယ် ဆိုတော့ သူမပဲ ဖြစ်မှာ ပါဟု သူ ယုံကြည်မိသည်။

ဇော်မင်းညီမက ဇော်မင်းဆီလျှောက်လာသည်။ တံခွန်ကို လှည့်မကြည့်ပါ။

"ဟာ ကိုကြီး လာကြိုတာလား"

ဂါဝန်အဖြူလေးနှင့် ဇော်မင်းညီမက ချစ်စရာကောင်းသည်။ ဖြူဖြူစင်စင်ပုံစံကလေး။

"ဟုတ်တယ် ညီမလေး၊ ဒီမှာ လေ ဒီကောင်ကြီး၊ ညီမလေးသူငယ်ချင်း လရိပ်ဆိုတာကို တွေ့  ဖူးချင်တယ်ဆိုလို့ ကိုကြီးခေါ်လာတာ"

ဇော်မင်းညီမက လှည့်ကြည့်ပြီး ပြုံးပြသည်။

အေးဆေးသိမ်မွေ့ သော ဟန်ပန်အမူအရာကလေးပါပဲ။

"သြော် … ဟုတ်လား"

"ဟုတ်တယ် … ဇော်မင်းဆီက လရိပ်ဆိုတဲ့ နာမည် ကိုကြားတော့၊ ကိုယ်နဲ့ သိတဲ့ လရိပ်စိမ်းများ လားလို့ သိချင်လို့ ပါ"

"အင်း … သူ့ နာမည် က လရိပ်စိမ်းလေ၊ သူက ဒီသင်တန်းမတက်တော့ဘူးတဲ့ ၊ အတန်းထဲက ကောင်မလေး တစ်ယောက် က ပြောတယ်၊ သူ သင်တန်းကထွက်သွားပြီတဲ့၊ ပြီးတော့ ဖူးဝေနဲ့ လရိပ်က သိပ်မခင်ဘူး"

"ဟာ … ဟုတ်လား"

သွားပါပြီ။ သူရဲ့ တစ်ခုတည်းသော လမ်းစကလေး။ သူ စိတ်ဓာတ်ကျသွားရသည်။

"ဟိုလေ ကိုကြီးသူငယ်ချင်းက တွေ့ မှ ဖြစ်မယ်ဆိုရင်တော့ ဖူးဝေ အကြံပေးချင်တယ်၊ လာမယ့် တနင်္ဂနွေနေ့ မှာ ဖူးဝေသူငယ်ချင်း ယမင်းရွှေရဲ့မွေးနေ့ ရှိတယ်၊ အဲဒီ မွေးနေ့ ကိုတော့ လရိပ်လာမှာ သေချာတယ် … ယမင်းရွှေနဲ့  လရိပ်စိမ်းက တော် တော် ခင်ကြတယ်"

"ဟာ …. ကျေးဇူးပဲ ညီမလေးရာ၊ တကယ်ကျေးဇူးတင်ပါတယ်၊ ကိုကြီးက သူနဲ့ တွေ့ မှ ဖြစ်မှာ မို့ လို့ ပါ"

"ရပါတယ် … ဖူးဝေအတွက်က အပန်းမကြီးပါဘူး" ဟု ရယ်ပြုံးကာ ဆို၏ ။

သူရတံခွန်က ယတိပြတ် ဆုံးဖြတ်ထားသလိုမျိုးမို့  ဇော်မင်းက သေချာအောင် မေးလိုက်၏ ။

"ဘာလဲ … မင်းက အဲ့ဒီမွေးနေ့ ပွဲကို သွားမှာ လား"

ဇော်မင်းက သူရတံခွန်ကို ကြ့ည်နေမိသည်။

"အေးပေါ့ … သွားရမှာ ပေါ့ကွ၊ အဲဒါက ငါ့ရဲ့ တစ်ခုတည်းသော လမ်းစပဲလေ"

"အေးလေ … မင်းက သူနဲ့ တွေ့ ချင်စိတ် ထက်သန်နေတော့ ငါ လိုက်ခဲ့ပေးပါ့မယ်"

"ကျေးဇူးပါပဲ ဇော်မင်းရာ"

ရှင်းသန့် မိုးရေ … မင်းအလှည့်ကျရင် ခံနိုင်ရည်ရှိအောင်ကြိုးစားထားတော့။ ငါ မင်းရဲ့ လရိပ်စိမ်းနှင့် တွေ့ ဖို့ ရှိနေပြီ။

***


"ငါ မလိုက် ဖြစ်တော့ဘူးကွာ … မင်းတို့ ပဲသွားလိုက်တော့"

"ဟာ မင်းကလဲ လိုက်ခဲ့ပါကွာ ၊ ဘာ ဖြစ်လို့ လဲ မင်းကိုလဲ ဖိတ်ထားတာပဲ၊ မင်းမပါတော့ ဘယ်ကောင်းမလဲ"

ထွန်းညီက ရှင်းသန့် မိုးကို အတင်းခေါ်နေသည်။

"ငါ မေမေနဲ့ လိုက်သွားရမယ်၊ မေမေ့ကို လိုက်ခဲ့မယ်လို့  ပြောထားပြီးပြီ"

မေမေက မင်္ဂလာဆောင်ဧည့်ခံပွဲတစ်ခုသွားဖို့  အခန်းထဲမှာ သေချာပြင်ဆင်နေပြီ။

သူ့ ကိုလည်းလိုက်ခဲ့ရမယ်လို့  အမိန်တစ်ခုပေးထားပြီးသား။ သူ ကတော့ မေမေနှင့် မင်္ဂဆောင်ကို လိုက်သွားဖို့  စိတ်မပါ။ သူနှင့်လည်း သိတာမဟုတ်။

သူငယ်ချင်းတွေ နဲ့  မွေးနေ့ ကိုသာ သွားချင်သည်။

ကျောင်းတုန်းက ခင်မင်ခဲ့သည့် သူငယ်ချင်း တစ်ယောက် ရဲ့မွေးနေ့ ကို သူတို့ အားလုံး စုသွားကြဖို့ တိုင်ပင်ထားပြီးသားပါ။ မေမေကလည်း သူ့ ကို မင်္ဂလာဆောင်လိုက်ဖို့  အတင်းခေါ်နေတာကြောင့် သူငြင်းမရဘဲ မင်္ဂလာဆောင်သွားဖို့ သာ ပြင်ဆင်ထားရသည်။

သည်နေ့  … မေမေ မင်္ဂလာဆောင်သွားမှာ ကလည်း ဟိုလူကြီးရဲ့အမျိုးပါ။

ထို့ ကြောင့် သူ မေမေနှင့် လုံးဝမလိုက်သွားချင်ပါ။ ဖေဖေ့နေရာမှာ သူ ဘယ်သူကိုမှအစားမထိုးနိုင်။ အဖေ အသစ်လည်းမလိုချင်ပါ။

သူ့ ထက် ငါးနှစ်လောက်သာကြီးသော လူ တစ်ယောက် ကိုလည်း အဖေနေရာမှာ မထားနိုင်။

မေမေ ထိုလူနှင့်လက်ထပ်သည့်နေ့ ကလည်း သူ အရမ်းရှက်ခဲ့သည်။

ထိုအကြောင်းတွေ ကို ပြန်မတွေးချင်တော့ပါ။

ပြန်တွေးကြည့်လျှင် မနေ့ တစ်နေ့ ကလိုပဲ အသစ်ပြန်ခံစားရသည်။ အနာဟောင်းကို ပြန်ဆွသလို ဖြစ်သည်။

မေမေ ထိုလူနှင့် လက်ထပ်လိုက်ခြင်းသည် သူ့ အတွက်တော့ ဘယ်တော့မှ ဟောင်းနွမ်းမသွားတော့မယ့် ဝေဒနာဆိုးတစ်ခု ဖြစ်သည်။

"ချောချောလေးတွေ အများ ကြီးတွေ့ ရမှာ ကွ၊ လိုက်ခဲ့ပါလား"

"မေမေက ပြောလို့ ရမှာ မဟုတ်ဘူးကွ၊ မင်းတို့ ပဲသွားလိုက်တော့ …"

သူက မေမေ့အကြောင်း သိသလိုဆိုသည်။

သူငယ်ချင်းတွေ ကလည်း သူ့ ကိုလိုက်ခဲ့စေချင်ကြသည်။

"မင်း ဆိုင်ပြန်ဖွင့်ဖို့ ကိစ္စကရော ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား"

ထွန်းညီက သူ့ ကိုမေးလာသည်။

"အေး … ငါ စီစဉ်နေတယ်၊ ဆိုင်ဖွင့်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ တောင် ၀ယ်ပြီးနေပြီ"

သည်နေရာကို ရင်မဆိုင်ချင်၍ ဆိုင်ပိတ်ပြီး သွားခဲ့ကြတာပါ။ အခုတော့လည်း သည်နေရာမှာ ပဲ သူ တစ်ယောက် တည်းဆိုင်ပြန်ဖွင့်ဖို့  စီစဉ်နေနိုင်ပြီ။

အချိန်က လူတွေ ကို ပြောင်းလဲစေနိုင်တာပဲ။

ဒါဆို ကိုယ့်ရင်ထဲက ဝေဒနာဆိုးတွေ ကရော ဘယ်တော့မှ ပြောင်းလဲမှာ လဲ။

ရှင်းသန့် မိုး တွေးကြည့်နေမိသည်။

"ဒါဆိုလဲ ငါသွားပြီ ရှင်းသန့် "

"အေး … အေး"

ထွက်သွားသော ထွန်းညီ၏ နောက်ကို လိုက်ကြည့်ရင်း အမြဲအတူ ရှိနေခဲ့ဖူးတဲ့ သူငယ်ချင်း သူရတံခွန်ကို သတိရမိသည်။ တံခွန် ကတော့ စိတ်နာလို့ ကောင်းတုန်းပါပဲ။

သူနှင့်သူရတံခွန်က ဆယ်တန်းအောင်ပြီး MCC မှာ ကွန်ပျူတာသင်တန်း တက်တော့မှ စ,သိခဲ့ကြတာ ဖြစ်သည်။

သူငယ်ချင်းတွေ အများ ကြီးထဲမှာ သူနဲ့ အတွဲ အများ ဆုံး ဖြစ်သည်။ တခြားသူငယ်ချင်းတွေ နှင့်မတူဘဲ ထူးထူးခြားခြားခံ့ညားကြည့်ကောင်းလွန်းတဲ့သူ့ ကို ရှင်းသန့် မိုး တော် တော် ခင်ပါသည်။

သူနှင့်သူရတံခွန်က စိတ်တူကိုယ်တူချင်းမို့  ပေါင်းသင်းရ အဆင်ပြေသည်။

တခြားသူငယ်ချင်းတွေ ကျတော့type မတူတော့ ခဏပဲ ခင်မင်သည်။

သူရတံခွန် ကတော့ ရှင်းသန့် မိုးရဲ့ရင်ဖွင့်ဖော်လည်း ဖြစ်ခဲ့သည်။ စိတ်ထဲ မွန်းကျပ်နေတာတွေ ကို သူရတံခွန်ကိုပဲ ပြောပြ ဖြစ်သည်။ သူရကလည်း ပြန်အားပေးတတ်သည်။

စိတ်ထွက်ပေါက်တစ်ခုအနေနဲ့  နှစ်ယောက် အတူတူ အပြင်သွားကြ၊ ဘောလုံးကန်ကြ၊ TV Game ဆော့၊ ရုပ်ရှင်သွားကြည့်၊ မုန့် သွားစားခြင်းဖြင့် အချိန်ဖြုန်းကြသည်။

တစ်ခါတစ်လေ ကရ၀ိတ်ဥယျာဉ်မှာ အေးဆေးထိုင်ပြီး သူရဲ့စိတ်ကူးထဲက Romatic ဆန်တဲ့ ကော်ဖီဆိုင်လေးဖွင့်ဖို့  အစီအစဉ်တွေ ကို သူရကိုပြောပြသည်။ သူရကလည်း သူ့ ကို အကြံဥာဏ်တွေ ပေးခဲ့ဖူးသည်။ အိုင်ဒီယာတွေ ပြောပြသည်။

သူရော သူရတံခွန်ရော နှစ်ယောက် စလုံးမှာ မိန်းကလေးသူငယ်ချင်းလည်း မရှိခဲ့ကြပါ။ ရည်းစားလည်း မထားခဲ့ကြပါ။

သူရတံခွန်နှင့်ပတ်သက်ပြီး စိတ်ဆိုးခြင်းလည်း မရှိခဲ့ဖူးပါ။ ဒါပေမယ့် တစ်ခါတလေကျရင် သူက တစ်ခုခုဆို ပြောင်းပြန်တွေ လျှောက်လျှောက်ပြောတတ်ပါသည်။ သူ အဲဒီ လို အကန့် တွေ ပြောရင် ရှင်းသန့် မိုးက စိတ်ဆတ်တော့ မခံချင် ဖြစ်မိတာလောက်တော့ ရှိပါသည်။

အဲဒါကလည်းခဏပါပဲ။ ပြီးရင် တစ်ယောက် ယောက် ကအလျှော့ပေးလိုက် မြဲပါ။ နှစ်ယောက် စလုံး တစ်ယောက် ကစကားမပြောရင် တစ်ယောက် က မနေတတ်ပါ။

တစ်ခုခုဆို သူက ဒေါသ ဖြစ်လွယ်ပြီး သူရတံခွန်က ခေါင်းအေးအေးနှင့် စဉ်းစားဆုံးဖြတ်တတ်သူ ဖြစ်သည်။ သူရတံခွန်က သူ့ အတွက် သူငယ်ချင်းကောင်း တစ်ယောက် ဖြစ်ခဲ့ဖူးသည်။

သူ့ အတွက် အကူအညီကို လိုအပ်တိုင်း အမြဲပေးတတ်သည်။ သူ ဖိနပ် ပြတ်သွားရင်တောင် သူရတံခွန်က သူစီးထားသော ဖိနပ်ကို ချွတ်ပြီးပေးလိုက် ဖို့ ဝန်မလေးပါ။ သူတို့ နှစ်ယောက် အဲဒီ လောက်ထိ သံယောဇဉ်ရှိခဲ့ဖူးပါသည်။

သူ့ ဘ၀မှာ တစ်ချိန်က အမေပြီးလျှင် သူငယ်ချင်း ဖြစ်တဲ့ သူရတံခွန်က နံပါတ်တစ် ဖြစ်ခဲ့ပါသည်။

အခုတော့ အဲဒါတွေ အားလုံး မရှိတော့။ ပျောက်ပျက်ကုန်ပြီ။ အဲဒါတွေ ဟာ ရှင်းသန့် မိုး အမှားကြောင့် လား၊ သူ့ အမှားကြောင့် ဆိုရင်တော့  … သူ အဲဒီ အမှားကို ကျေကျေနပ်နပ်ကြီးလက်ခံမှာ ပါ။ သူငယ်ချင်းကို လမ်းမှားမရောက်အောင် သူ ကူညီခဲ့တာပါ။

သူ့ ရင်ထဲက စေတနာအမှန်ကို သူရ တစ်နေ့ နေ့ တော့ နားလည်လာမှာ ပါ။

သူ အဲဒီ တစ်နေ့ နေ့  ဆိုတာကိုပဲ စောင့်နေမိပါသည်။ သူရတံခွန် သူ့ အပေါ် အရင်လို ပြန်ဆက်ဆံလာမည့် နေ့  ….

***


လရိပ်စိမ်းကိုတွေ့ ချင်လို့ သာ ဇော်မင်းတို့ နှင့်မွေးနေ့ ပွဲကို သူလိုက်လာရတာ ။ မွေးနေ့ ရှင်ကို လုံးဝမသိဘဲ လာရတာ နည်းနည်း တော့ ကြောင်တောင်တောင်နိုင်လှပါသည်။

ဇော်မင်းရဲ့ညီမ ဖူးဝေနှင့်သာ သူကနည်းနည်း ပါးပါးခင်မင်တာ။ မွေးနေ့ ရှင်က ဖူးဝေရဲ့ သူငယ်ချင်း ဖြစ်သည်။ သူ တစ်ခါမှလည်း မမြင်ဖူးပါ။

ထိုမွေးနေ့ ပွဲကို လရိပ် လာမှာ သေချာတာကြောင့် သူရတံခွန်လည်း ရောက်လာခဲ့ရတာ ။ ၀င်လာရတာ တကယ်ကြောင်သည်။ စိမ်းသက်သက်နှင့် လိပ်ပြာမလုံ။

မွေးနေ့ က ခြံထဲမှာ ပဲလုပ်တာ ဖြစ်သည်။ လူငယ်တွေ များ ပြီး စကားပြောသူပြော၊ သီချင်းဆိုသူကဆိုနှင့် ပျော်စရာတော့ကောင်းနေသည်။

"လူတွေ အရမ်းများ နေတယ်ကွ"

"အင်း … ဟုတ်တယ်"

ဇော်မင်းညီမ ဖူးဝေက သူတို့ ကို မွေးနေ့ ရှင်နှင့် မိတ်ဆက်ပေးပါသည်။ သူတို့ တွေ က အချိုဆုံး အပြုံးတွေ နှင့် … ။

"ယမင်းရွှေ … ဒါ ငါ့အစ်ကိုရဲ့သူငယ်ချင်းလေ၊ သူရတံခွန်တဲ့ ၊ ကိုသူရ သူက ယမင်းရွှေလေ … လရိပ်စိမ်းနဲ့ လည်းခင်တယ်၊ အားလုံးသူငယ်ချင်းတွေ ပဲ"

ယမင်းရွှေဆိုသော ကောင်မလေးက သဘောကောင်းပုံရပြီး၊ ဖော်ဖော်ရွေရွေနှင့် သူတို့ ကို ဧည့်ခံပါသည်။ တခြားသူငယ်ချင်းတွေ ရောက်လာတာနှင့် ယမင်းရွှေက သူတို့ နှင့် ကြာကြာတော့ စကားမပြောနိုင်ပါ။

သူရတံခွန်က ဟိုဒီဝေ့၀ဲကြည့်သည်။ လရိပ်စိမ်းကို ရှာနေတာ၊ မျှော်ရပြန်ပြီ၊ စောင့်ရပြန်ပြီ၊ စောင့်မျှော်ရတာ စိတ်မရှည်ချင်စရာ။

လရိပ်စိမ်း ကတော့ ခုထိရောက်မလာသေးချေ။

"အခုထိ မလာသေးဘူး"

"အေး မလာသေးဘူး ထင်ပါရဲ့ … ဒါပေမဲ့ လာတော့ လာမှာ ပါ၊ သူနဲ့  ယမင်းက အရမ်းခင်တယ်"

ဇော်မင်းမှတ်ချက်ကြောင့် သူ နည်းနည်း တော့ ကျေနပ်သွားရသည်။ ဆက်စောင့်နေမိ၏ ။

"ဟော … ဟိုမှာ လရိပ်လာပြီ"

ဖူးဝေက လရိပ်စိမ်းကိုအရင်မြင်သွားပြီး သူ့ ကိုပါ လှမ်းပြောသည်။ သူရတံခွန် ဆတ်ခနဲ ဖြစ်သွားသည်။

ခြံဝကို လှည့်ကြည့်လိုက်မိသည်။ သူ သိထားသော ရှင်းသန့် မိုးရဲ့ လရိပ်စိမ်းပါပဲ။ လရိပ်စိမ်းက ဘာမှထူးထူးခြားခြားသိပ်ပြီး ပြောင်းလဲမသွား၊ အရင်လိုလှပကြောင့် ရှင်းနေဆဲပါပဲ။

စတော် ဘယ်ရီရောင် evening dress အရှည်လေးနှင့် funcy ဆံထုံးလေးထုံးကာ အားလုံးထဲမှာ ထင်ရှားလှပနေပါသည်။ ပင်ကိုအလှ ဆွဲဆောင်မှု ရှိလှ၏ ။

ပန်းဆီရောင် လေဒီရှူးအမြင့်လေးနှင့် တစ်လှမ်းချင်းလျှောက်လာပုံက အိပ်မက်ဆန်လှသည်။

ယမင်းရွှေက လရိပ်စိမ်းကို သူတို့ ရှိရာစားပွဲဆီခေါ်လာပြီး နေရာချပေးပါသည်။

အေးအေးဆေးဆေး စကားပြောလို့ ရအောင်ပါ။ ခုနတုန်းက ဖူးဝေက လရိပ်စိမ်းကို မေးနေခဲ့တာမဟုတ်လား။ သူငယ်ချင်းတွေ က ပွဲရှိမှပဲ ဆုံ ဖြစ်ကြတာ။

လရိပ်က ဖူးဝေဘေးက ခုံလွတ်မှာ ၀င်ထိုင်လိုက်ပြီး သူ့ ကိုမြင် သွားပါသည်။

လရိပ်ရဲ့ မျက်ဝန်းတွေ က စူးလက် တောက်ပသွားပြီး သူ့ ကိုသေချာစိုက်ကြည့် ပြုံးပြပါသည်။

"သူရတံခွန် မတွေ့ တာတောင် တော် တော် ကြာပြီနော် အရင်တုန်းကအတိုင်းပဲ မပြောင်းလဲဘူး"

လရိပ်စိမ်းက သူ့ ကို တရင်းတနှီးပဲ နှုတ်ဆက်လိုက်သည်။

သူရတံခွန်ကို မထင်မှတ်ဘဲ တွေ့ လိုက်ရတော့ လရိပ်စိမ်း ၀မ်းသာသွားမိသည်။ တွေ့  ချင်နေခဲ့တာ … အရမ်းတွေ့ ချင်နေခဲ့တာ။

သူရတံခွန်နှင့် အတူတူ ရှင်းသန့် မိုး ပါသေးလားလို့ ရှာကြည့်မိသေးသည်။ ဟိုတုန်းက သူတို့  သူငယ်ချင်းနှစ်ယောက် က ဘယ်သွားသွား အတူတူ တစ်တွဲတွဲ နှင့် အရမ်းခင်ကြတာ ဖြစ်သည်။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ ပန်းသီခိုင် ၏ “ အချစ်ဇာတ်လမ်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဝဋ်.....ချို

သဇင်တစ်ခက် စကားတစ်ပွင့် နှင်းဆီတစ်ခိုင်

ကျွန်မ၏ ဂစ်တာတစ်စင်း