Cover

အခန်း (၁)

ငါ့ရဲ့ လမင်း

သူ….
ညတုန်းက …
လမင်းကြီးဝင်းဝင်းပပကို
တိမ်တွေကြားမှာ မြင်ရတော့…
သူ့ကို ..
ယစ်ယစ်မူးမူး သတိရသွားမိတယ်…။
သူဟာ …

င့ါရဲ့ လမင်းဆိုရင် …
ငါက …
လမင်းထဲက ထင်နေတဲ့
အရိပ်ကလေးဖြစ်ချင်တယ်..။
တစ်ချို့ကပြောတော့ …

ယုန်ကလေးနဲ့
ဆန်ဖွတ်တဲ့ အဘိုးအိုရဲ့ အရိပ်လို့
မြင်သတဲ့ ..
ဟင့်အင်း …
ငါကတော့
အဲဒီ လို မမြင်ဘူးဆရာ …။
သူ့မျက်နှာ …

ငွေလမင်းထဲမှာ ရောက်နေတဲ့
ငါ့ရဲ့ ပုံရိပ်လို့ ..
ထင်မိတယ် …
ကဲ …
ပိုတယ်လို့
သူပြောဦးမှာ လားကွယ်…။

လွန်းထားထား (ဆေးတက္ကသိုလ်)


“အချစ်ကို
ကျွန်တော် … ရိုးသားစွာ ၊ ရူးသွပ်စွာ ၊
ကိုးကွယ်ခဲ့ပါတယ်။
အချစ်က ကျွန်တော့်ကို ပြန်ပြီး
ရိုးသားလိမ့်မယ်လို့လည်း
ကျွန်တော် ယုံကြည်နေဆဲပါ”


-(မှော်)-

“အချစ်ဆိုတာ လှပဆန်းကြယ်ပြီး
ခေတ်မီတဲ့ ဖိနပ်လှလှကလေးတွေလို
အလှသက်သက်
အပျော်စီးကြည့်ဖို့လား ..
ဒါမှမဟုတ် …
နောက်ဆုံးပေါ်
Lamborghini ပြိုင်ကားတစ်စင်းလို
အလှသက်သက် အပျော်စီးကြည့်ဖို့လား။
ကိုယ့်ရင်ထဲမှာ
စစ်မှန်နွေးထွေးတဲ့
အချစ်တစ်ခုသာရှိရင်
ကိုယ်ချစ်တဲ့သူဆီကလည်း
ရောင်ပြန်ဟပ်လာနိုင်တာဆိုတာ
ရဲရဲ ပြောရဲတယ်။
အဲဒါကြောင့်လည်း …”

-(ကကြိုးသွယ်)-

သူမကို စပြီး ဆုံဆည်းခွင့်ရလိုက်သည်မှာ မီးပွိုင့်တစ်ခုနှင့် မျက်နှာချင်းဆိုင် ဟိုးအမြင့် ကြီးဆီမှာ ထောင်ထားသော ကြော်ငြာ billboard ကြီးတစ်ခုမှဖြစ်သည်။ စိန်ဆိုင်ကြော်ငြာတစ်ခု။ ဆံ ပင်တွေအားလုံး အပြောင်စုသိမ်းထားပြီး နဖူးဆီမှာ ဆွဲထားသော စိန်လက်ဝတ်ရတနာ ဒီဇိုင်းဆန်းဆန်းရယ် . . . လည်ပင်းဆီမှာ စိန်ဘယက်တစ်ခုရယ် .. ။ အဲဒါပဲ ..။ မျက်နှာကို အကြီးချဲ့ ထားသည်မို့ နက်မှော င်စူးရှလှပလွန်းသော မျက်ဝန်းရွှဲများ က စိန်တွေထက်တောင် ပိုပြီး စူးရှတောက် ပ အသက်ဝင်နေသည်။

နှုတ်ခမ်းကလေးက ဖူးကြွဖောင်းပြည့်စွာ ခပ်ဟဟကလေး ပွင့်နေဟန်က ညှို့ငင်မှု အပြည့် .. ။ သူ့မျက်ဝန်းများ သည် ထို billboard ဆီမှာ အကြာကြီးစိုက်တန့်ငေးမော်နေမိကာ နှလုံးသားဆီမှ ပူနွေးလှုပ်ရှားသော ရင်ခုန်သံကိုတောင် ပြန်သတိထားမိသည်။ သူ့အလှက အလွန်မဟာဆန်သည်။

“ဟာ… ဟေ့ကောင်၊ ဘာတွေမွှန်နေတာလဲကွာ၊ နောက်မှာ ဟွန်းသံတွေ ကမ္ဘာပျက်နေပြီ၊ မင်းက ငေးလို့ ကောင်းတုန်း၊ ဒုက္ခပါပဲ ဒီကောင်တော့ … မင်းတော့ မလွယ်ဘူး မှော်၊ ထွက်ဟ …ထွက်ဟ . . . မြန်မြန် ထွက်ဟ”

ဘေးကနေ သုတက အော်မှ သူ့ကားကို ကမန်းကတန်း မောင်းထွက်ရသည်။ ကားတချို့ ကျော်တတ်ပြီး လှမ်းဆဲသွားကြတာကို ခံရသေးသည်။

“တကယ့် နတ်သမီးကလေးပဲကွာ ၊ သူ့ကို မြင်ရရုံနဲ့ လူက ရှော့(ခ်)ရသွားတာ၊ ဒါတောင် billboard ပဲ ရှိသေးတာ၊ လူအရှင်လတ်လတ်များ ငါ ဆုံရရင် ဒူးတွေ ခွေညွှတ်ပြီး ယိမ်းကျသွားမလား မသိဘူး”

“မင်းကလည်း ပွားနေပြန်ပါပြီ ၊ အဲ … ဒီလောက်လည်း မဟုတ်ပါဘူးကွာ၊ ပြီးတော့ … မင်းကလည်း ဘာ အတွေ့အကြုံမှ မရှိသေးတဲ့ မနူးမနပ် မူကြိုအဆင့် ချာတိတ်ကလေး မဟုတ်ပါ ဘူး၊ အဲဒီ လောက် စာဖွဲ့မနေစမ်းပါနဲ့ ”

“ဟာ . . . ရင်ဘတ်ကို လှိုင်းလုံးတစ်လုံး၊ အရှိန်ပြင်းပြင်းနဲ့ လာဝင်ဆောင့်ခံရတဲ့ကိစ္စမှာ သမ္ဘာအဆင့်တွေနဲ့ ဘာမှမဆိုင်ဘူး bro … ၊ ငါ တကယ် အပြုစားခံလိုက်ရသလိုပဲ မူးနောက်ရီဝေ သွားတာ၊ သူ့အကြောင်း ငါ သိချင်တယ် သုတရာ၊ မင်းက သတင်းစုဆောင်း အရမ်းတော်တဲ့ Google ငတိပါ၊ သူ့အကြောင်းတွေ ရှာဖွေစုဆောင်းပေးစမ်းပါ၊ ပြီးတော့ . . . ငါ သူနဲ့ အပြင်မှာ ဆုံချင်တယ် ကွာ”

“မင်းကလဲ i phone ကိုင်ထားပြီးတော့ ခုချက်ချင်း သူ့အကြောင်း သိချင်ရင် Google မှာ Angel May ဆိုပြီးတော့ ရိုက်ထည့်လိုက်လေကွာ၊ သူ့ရဲ့ Link တွေ တသီတတန်းကြီး ထွက်ချလာ လိမ့်မယ်၊ ငါ သိထားသလောက်တော့ သူက ဒီမှာ အမြဲမနေဘူးကွ၊ စင်္ကာပူမှာ International Model လုပ်နေတာ၊ ဒီကို ခဏတဖြုတ်ပဲ အလည်အပတ် ပြန်လာတတ်တာ”

သူက ကားကို ကော်ဖီဆိုင်တစ်ဆိုင်ထဲသို့ ချိုးကွေ့ဝင်လိုက်ကာ I phone ထဲကနေ google မှာ Angel May ဆိုပြီး ရှာကြည့်လိုက်သည်။ သူမရဲ့ အချက်အလက်တွေ ၊ Link တွေ တကယ်ပဲ တသီတတန်းကြီး ထွက်ပေါ်လာပါသည်။ သူမ၏ ဓာတ်ပုံတွေ၊ သူမ လျှောက်သော ရှိုးပွဲတွေ၊ သူမ ကြော်ငြာထားသော နာမည်ကြီး brand မိတ်ကပ်နှင့် နှုတ်ခမ်းနီ၊ ရေမွှေး ကြော်ငြာတွေ၊ ဖက်ရှင် ကုမ္ပဏီတချို့ . . .. ။ ညှို့အားပြင်းလှသော သူမ၏ အလှက နိုင်ငံခြားမော်ဒယ်လ်တွေနှင့်အပြိုင် မဟာဆန်ဆန် ဆွဲဆောင်ဖမ်းစားထားသည်။

“နိုင်ငံခြားမှာ တောင် သူတော်တော် နာမည်ကြီးတယ် ထင်တယ်၊ သူ့ကြော်ငြာတွေက Top brand တွေကွ၊ မင်းကတော့လေ ချိန်မယ့်ချိန်တော့လည်း တကယ့် အပီအပြင် ခေါင်ကိုမှနော်”

“ငါ တမင်သက်သက်ကြီး ရည်ရွယ်ပြီး ဖြစ်သွားတာမှမဟုတ်ဘဲကွာ . . .လုံးဝ ဘလိုင်းကြီး ဟာ့(တ်) တည့်တည့် ထိသွားတာ . . . ငါ ရှောင်ချိန်တောင်မရဘူး၊ ငါ တကယ် ဖမ်းစားခံလိုက်ရတာ bro .. . .ရေ ၊ အရမ်းကြိုက်သွားတာ၊ ဟောဒီ ရင်ဘတ်ထဲမှာ ငလျင်ပြင်းပြင်း လှုပ်ခတ်သွားခဲ့တာကွ”

“ရို မင်းတော့ စိတ်မချရဘူး၊ ICU (Intensive Care Unit) ထဲ ပို့ရလိမ့်မယ် ထင်တယ်”

“အရူးအမူးကို ဖြစ်သွားတာ ဘေဘီ”

“ရူးလို့ရတယ် ……ရူးလိုက်ပေါ့ကွာ”

သူ့ရင်တွေ တကယ်ပဲ လှုပ်ရှားနေဆဲ။ သူမနှင့် ပတ်သက်သမျှ သတင်းအချက်အလက်တွေ ရှာဖွေစုဆောင်းကြည့်သည်။ facebook မှာ လည်း သူမ ရှိသည်။ သူမရဲ့ fan ပရိသတ်ပေါင်းက သိန်း ချီပြီးတော့တောင် ရှိသည်။ သူ ချက်ချင်း add လုပ်လိုက်သည်။ ဘယ်အချိန်မှာ မှ သူမ ပြန်လက်ခံမလဲ ဆိုတာ ကိစ္စမရှိ။ သူ့ဘက်ကတော့ တတ်နိုင်သ၍ သူမနှင့် အဆက်အသွယ်ရဖို့ ကြိုးစားချင်သည်။ အချိန်ကလေးက တကယ့် တိုတိုကလေး … ။ သို့သော် သူ ခံစားလိုက်ရသော အရှိန်အဟုန်ပမာဏ ကတော့ ပြင်းထန်လွန်းပါသည် ။

“ဟေ့ကောင် . . . ခံစားစရာရှိတာလည်း ခံစားပေါ့၊ ခံစားချက်ကိုလည်း အသုံးချ bro .. ၊ မင်း သီချင်းတွေ ပိုပြီး အသက်ဝင်လာလိမ့်မယ်၊ ဟာ့တ်နဲ့ ရေးပြီး ဟာ့ တ် နဲ့ ဆိုစမ်းပါကွာ .. .”

“မင်းပြောတာတောင် နောက်ကျနေပြီ … ငါ Angel ဆိုပြီး သီချင်းရေးတော့မလို့၊ ခုပဲ ရေးမှာ .. မင်းပါးစပ်ကို ကော်ဖီလေးနဲ့ ပိတ်ပေးထား၊ ပလိ(စ်) ငြိမ်ငြိမ်နေပါ”

သူ သီချင်းတစ်ပုဒ်ကို ခပ်သွက်သွက် ချရေးလိုက်သည်။ သူ့ရင်ထဲမှာ အရှိအတိုင်း၊ ခံစားလိုက် တဲ့အတိုင်း ရှုးသွပ်လိုက်မိတဲ့ အတိုင်း ဘ၀မှာ မိန်းကလေး တစ်ယောက်ကို ပထမဆုံးအကြိမ် ရူးသွပ် စွာ ခံစားမိခြင်း …။ သူကိုယ်တိုင်မြန်မာပြည်မှာ နာမည်ရစပြုနေတဲ့ အဆိုတော်တစ်ယောက်ဆိုသော အဖြစ်ကို လုံးဝ မေ့သွားလျက် … ဘာမှ မသိနားမလည်သေးသော ဆယ်ကျော်သက် အရိုင်းကလေး တစ်ယောက်လို အချစ်ကို အရူးအမူး၊ လှိုက်မောတုန်ရီစွာ ခံစားခဲ့မိခြင်းဖြစ်သည်။

++++


မနေ့ညက မျှော်စင်ကျွန်းရှိ ဖျော်ဖြေတစ်ပွဲမှာ မီးကုန်းယမ်းကုန် အစွမ်းကုန် သီဆိုဖျော်ဖြေခဲ့ပြီး ပြီမို့ .. . .သူ တစ်ကိုယ်လုံးမှ ရှိရှိသမျှ အားအင်တွေ ကုန်ခမ်းသွားသလို နုံးခွေလျက် ခြေပစ်လက်ပစ် အိပ်မောကျနေခဲ့တာ၊ ဘယ်နှနာရီရှိမှန်းပင် မသိရ။ အခန်းတစ်ခုလုံး ခန်းဆီးထူထူများ ဖြင့် အမှော င်ချ ထားကာ အဲ(ရ်)ကွန်းအအေးဓာတ် စိမ့်စမ့်ကလေးထဲမှာ အားရပါးရ ဇိမ်ခံကွေးကောင်းဆဲ . . . သူ ဖုန်း မြည်လာသည်။ ပထမတော့ မကိုင်ဖို့တောင် စိတ်ကူးထားသည်။ ဒီလောက် ပင်ပန်းထားတဲ့လူ တစ်ယောက် … ဒီအချိန် အိပ်လို့ကောင်းနေဆဲပဲဆိုတာ အလိုက်ကန်းဆိုး မသိကြဘူးလား မသိ။ သူ မကိုင်မချင်းဖုန်းက စိတ်ရှည်လက်ရှည် အော်နေဆဲ။ တောက် .. . ဘယ်ကအလိုက်မသိတတ်တဲ့ ကောင်လဲ … ဟု စိတ်ဆိုးမာန်ဆိုးဖြင့် ဖုန်းဖွင့်လိုက်မိတော့ … သုတ . သူ အားရပါးရ ပယ်ပယ်နှယ် နှယ် ဆဲမည့်ဟန်ပြင်ဆဲ ..

“ဟေ့ကောင် . . . မင်း ငါ့ကို ဆဲမယ့်အလုံးတွေ ခဏပြန်မြိုထားလိုက်ဦး၊ ငါ အခု sedona က ဆက်နေတာ၊ မင်းရဲ့ Angel ဒီ ပြန်ရောက်နေတယ်၊ ကြော်ငြာလား၊ ကာဗာလား မသိဘူး၊ ဓာတ်ပုံအ ရိုက်ခံနေတယ်၊ မင်းတွေ့ချင်ရင် ခုချက်ချင်း ဒုန်းစိုင်းပြီးလာခဲ့၊ ကားကိုလည်း သေရောကြေရော စွတ် မောင်းမလာနဲ့ ၊ မတွေ့လိုက်ရပဲ လမ်းမှာ တင် မာလကနေမယ်”

“ငါ့ အခုလာပြီ . . .”

သူ ၀ုန်းခနဲ ခုန်ထကာ မျက်နှာကမန်းကတန်းသစ်၊ စွပ်ကျယ်ပေါ်က လည်သာဂျာကင် တစ်ထည် ကောက်စွပ်ကာ ဂျင်း(န်)ပဲန် တစ်ထည်စွပ်လျက် ကမူးရှူးထိုး ထွက်လာခဲ့သည်။ ရင်တွေ တဒိုင်းဒိုင်း ခုန်ပေါက်ဆူညံလျက် . . . ။ Sedona ဆီ မောင်းရသည့် ဆယ်မိနစ်လောက်ခရီးကို တစ်က မ္ဘာလောက် ကြာတယ်ထင်ရသည်။ ရင်တွေ တဒိုင်းဒိုင်း ခုန်ပေါက်ဆူညံလျက်။ သုတ ထွက်ပြီး စောင့် နေသည်။

“ဟေ့ကောင် . . . လာ ၊ pool side ဘက်မှာ ကွ၊ ရေကူးဝတ်စုံနဲ့ ရိုက်နေတာ၊ ရက်ရက်စက် စက် လှတယ်ကွာ၊ မင်းရူးမယ်ဆိုလည်း ရူုးလောက်တယ် .. . ပြစ်မျိုးမှဲ့မထင်ပဲ”Pool side မှာ သူမကို အရှင်လတ်လတ် တွေ့လိုက်ရသောအခါ သူ အသက်ရှူဖို့ မေ့လျော့ သွားသည်။ ရေစိုရွှဲနေသော ဆံပင်တွေ အားလုံး နောက်လှန်သပ်တင်ထားတော့ မဟာဆန်စွာ ဖူးကြွ လှပလွန်းသော မျက်နှာကလေးက ထင်းနေအောင် ပေါ်လွင်လာသည်။ ကဲန်မရာကို လုံးဝ မကြည့်။ ဘေးဘီဝဲယာကလူတွေကို လုံးဝ မကြည့်။ သူ့အလုပ်သူ ဈာန်ဝင်စားစွာ ကျွမ်းကျင်ပါးနပ်စွာ လုပ်ပေး နေခဲ့တာ … ။ သူ သူမကို မျက်တောင်မခတ်ငေးကြည့်နေရင်း ဒူးတွေ တကယ်ပဲ ခွေညွှတ်ချင်လာသည်။

“အိုကေ . . . အရမ်းလန်းတယ် Angel . . . ပြီးပါပြီ၊ ကျေးဇူးပါ . . .”

Photographer က နာမည်ကြီး ။ သူနှင့်လည်း ရင်းနှီးပြီးသား။ သို့သော် ခုအချိန်မှာ သူ့ကို မမြင်စေလိုသည့် အတွက်သူ ပုန်းလျှိုးကွယ်လျှိုး လုပ်ထားရသည်။ သူမက သဘက်ကြီးတစ်ထည် ကိုယ်မှာ ပတ်လိုက်ပြီး အ၀တ်လဲဖို့ ထွက်သွားပြီ။

“ငါ ဘာလုပ်ရမလဲ ဟင် . . . ငါ သူ့နောက်ကနေ တကောက်ကောက် လိုက်ကြည့်ချင်တယ် ကွာ။ အခု ကိုဝဏ္ဍနဲ့ ၀င်ပြီး မိတ်ဆက်ပေးခိုင်းလို့ရတယ်၊ ဒါပေမယ့် ငါ အဲဒါမျိုး သမားရိုးကျနည်းနဲ့ မ၀င်ချင်ဘူး၊ သူ့ကို ငါ့နည်း ငါ့ဟန်နဲ့ ငါ့ဘာသာ အရလိုက်ချင်တာ”

“အေးလေ . . . ဒါဆိုလည်း လိုက်ပေါ့ကွာ၊ သူ ထွက်လာတဲ့အထိ စောင့်ပေါ့”

မကြာပါ . . . ။ သူမကို ကြိုးတစ်ချောင်း အင်္ကျီပါးပါးကလေးနှင့် မီနီစကပ်အတိုကလေးနှင့် ပခုံးမှာ သားရေ အိတ်ခပ်ကြီးကြီးတစ်အိတ်လွယ်ကာ ကားရပ်ထားရာဆီသို့ လျှောက်သွားနေတာကို တွေ့လိုက်ရသည်။ သူမတစ်ယောက်တည်း . . . ။

အဖော်ကလေးတောင် မပါ။ ဘဲဥပုံသဏ္ဍာန် ယောက်ျားတွေတပ်လေ့ရှိသော Armani မျက်မှန် ကို တပ်ထားသည်။ သူမပုံစံက လုံးဝ လွပ်လပ်ပေါ့ပါးစွာ ။ သူမကိုယ်တိုင် မောင်းသော ကားက အပျံစား။ SUBARU ပြိုင်ကား အနီရဲရဲကလေးဖြစ်သည်။ ကားမောင်းတာကလည်း ခပ်ကြမ်းကြမ်း။ သူမ ကားနောက်ကနေ သူ့ကားလေးကပ်လိုက်လာခဲ့သည်။ နံဘေးကနေ ဖြတ်သွားသမျှ ကားတွေအားလုံး သူမကားကိုရော၊ သူမကိုပါ လည်ပြန်မကြည့်ဘဲ မနေနိုင်ကြ။ သူမကား က Beauty Spa ခြံဝင်းတစ်ခု ထဲ ၀င်သွားခဲ့သည်။

“ဟား . . .. အဲဒါဆိုရင်တော့ မင်း အသာလေး စောင့်ပေတော့ပဲ၊ မျက်နှာပေါင်းတင်မှာ လား၊ ကိုယ်ကို massage လုပ်မှာ လား မသိဘူး”

“ကြာချင်သလောက် ကြာပါစေကွာ . . . ငါ စောင့်မယ်၊ လာ … လာ လိုက်ဝင်မယ် ဟေ့ကောင်”

“ရှူး . . မလွယ်ပါလား၊ မင်းတော့ ကုန်ပေါက်ပဲနော်”

ထင်သည့်အတိုင်း သူမက မျက်နှာပေါင်းတင် ကိုယ်လည်း massage လုပ်မှာ ဟု ပြောသံကြား ရသည်။ သူမ လုပ်နေကျ ထင်ပါရဲ့ ။ Spa တစ်ခုလုံးရှိ မိန်းကလေးတွေ အားလုံးနှင့် သူမ တရင်းတနှီး။

“အိန်ဂျယ်လ်ကို တစ်ခါတွေ့ရင် တစ်ခါပိုမိုက်လာတယ်နော်၊ အရမ်းလှတာပဲ သိလား …”

“ဟုတ်လား၊ အဲဒါ ရှင်တို့ Spa ကို မှန်မှန်လာလို့ဖြစ်မှာ ပါ”

သူမ အသံကလေးက အစ သာယာနာပျော်ဖွယ်အတိ။ သူ . . . ဟိုလိုလိုဒီလိုလိုလုပ်ကာ၊ မယောင်မလည်နှင့် နားထောင်နေခြင်းဖြစ်သည်။ သူမနှင့်ပဲ ပါလာသလိုနှင့် ဧည့်ခန်းထဲမှာ ကျကျနန ထိုင်လျက် . .. မဂ္ဂဇင်းတစ်စောင် ကောက်ဖတ်နေရင်း၊ နားကို စွင့်ထားရသည်။

“ဘယ်တုန်းက ပြန်ရောက်လဲ အိန်ဂျယ်လ် . . . ”

“တစ်ပတ်လောက်ရှိပြီ၊ မေမေ နေမကောင်းလို့ ပြန်လာတာ၊ ပြီးတော့ မြန်မာပြည်ရောက်ရင် ဒီက အလုပ်ကလေးတွေလည်း လုပ်ပေးစရာရှိတာတွေ လုပ်ပေးနေရတာ နဲ့ မရောက်ဖြစ်ဘူးကွယ်၊ ခု တောင် ကြော်ငြာ တစ်ခုရိုက်ပေးပြီး အပြန်ဝင်လာတာ၊ မျက်နှာရော၊ တစ်ကိုယ်လုံး ညောင်းညာလာလို့”

“ထုံးစံအတိုင်း တစ်လပဲနေမှာ လား အိန်ဂျယ်လ်”

“ဒါပေါ့ တစ်နှစ်တစ်ခါ ပြန်လာဖို့ကို တော်တော် ကြိုးစားပြီး စီစဉ်ရတာ မနန်းရဲ့ ၊ ဟိုမှာ လည်း အလုပ်တွေက ရှိနေတာမှလား၊ မိဘတွေ၊ အဘိုးအဘွားတွေ ရှိနေလို့သာ ဒီကို ပြန်ပြန်လာချင်နေ တာ၊ တကယ်တမ်းကျတော့ ကိုယ့်မြန်မပြည်မှာ ပဲ အမြဲ နေချင်တာပါကွယ်၊ ကိုယ့်မိသားစုနဲ့ အတူတူ နေချင်တာပေါ့၊ ဒါပေမယ့် ဘာတတ်နိုင်မှာ လဲ၊ ပျော်ရာမှာ မှ နေလို့မရတာ ၊ ဒီအလုပ်ကို လုပ်နေပြီးမှ ကိုး …. ၊ ဖြစ်အောင် ကြိုးစားထားပြီးမှတော့ ဆက်နေရုံပဲပေါ့၊ ဒီမှာ chanel ပစ္စည်းတွေ ပါတယ်နော် .. . အဲဒါတွေနဲ့ ပဲ လုပ်ပေး . . .”

“စိတ်ချပါ အိန်ဂျယ်လ်ရယ် . .. လာ အခန်းထဲသွားရအောင်၊ အိန်ဂျယ်လ် ဘာသောက်မလဲ”

“Espresso ပြင်းပြင်းကလေး သောက်ချင်တယ်၊ ဒါပေမယ့် မဖြစ်ပါဘူး မနန်းရယ်၊ ကော်ဖီက မျက်ကွင်းညိုစေတယ်၊ အိန်ဂျယ်လ် ခရမ်းချဉ်သီးဖျော်ရည်ပဲ သောက်တော့မယ်”

အသံတွေအားလုံး သူမတို့အခန်းထဲ ၀င်သွားတော့မှ ပျောက်ကွယ်သွားတော့သည်။

“ဟယ် . . .မှော်ပါလား၊ တိတ်တိတ်ဆိတ်ဆိတ်ပါလား၊ ဘယ်တုန်းက ရောက်နေမှန်းတောင် မသိလိုက်ဘူး၊ ကျွန်မတို့က အိန်ဂျယ်လ်နဲ့ ပါလာတာမှတ်လို့”

“ဟဲ ဟဲ . . . မဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော်လည်း မျက်နှာ ပေါင်းတင်ချင်လို့ပါ”

“အို . . . သိပ်ရတာ ပေါ့ ၊ massage ပါ လုပ်ပေးမယ်လေ Relaxation Therapy ပေါ့”

“သိပ်အကြာကြီး မလုပ်ချင်ဘူးနော်၊ ခဏပဲ . .. သူပြန်ရင် ကျွန်တော်လည်း ပြန်မှာ ”

“သူဆိုတာ . . . သြော် . . . သဘောပေါက်ပါပြီရှင်၊ စိတ်ချပါ . . .သူက ကြာဦးမှာ ၊ အေးအေးဆေးဆေး စိမ်ပြေနပြေ လုပ်နေကျ”

ဘယ်လောက် စိမ်ပြေနပြေကျမှန်းတော့ မသိ။ သူတောင်အိပ်ပျော်သွားပြီး ဟောက်သံတွေ ထွက်နေသည်အထိပင် ။ ကောင်မလေးက နှိုးမှပဲ သူနိုးလာသည်။ ကောင်မလေးက ပြုံးစိစိ။

“မနေ့ညက မျှော်စင်ကျွန်းမှာ ဆိုထားရလို့ပါ။ ကျွန်တော် အရမ်းပင်ပန်းနေတာ . . .”

ဟု ရှက်ကိုးရှက်ကန်း ဖြေရှင်းရသေးသည်။ ပိုက်ဆံရှင်းပေးပြီး မကြာခင်မှာ သူမလည်း ထွက်လာသည်။ နုပျိုကြည်လင်တောက်ပသော အသားအရေကလေးက ပေါင်းတင်ပြီးစမို့ ပန်းသွေး ရိပ်ကလေးတောင် သမ်းကာ ပို၍ စွဲမက်ဖွယ်ကောင်းလာပါသည်။ သူမက သူ့ကို သတိထားမိဟန် လည်း မရ။ သူမ အာရုံနှင့်သူမ။ Spa ကနေ ပြန်ထွက်ပြီး Restaurant တစ်ခုသို့ ၀င်ပြန်သည်။ သူမ သူ့ကို မရိပ်မိအောင် သူ လိုက်ရခြင်းဖြစ်သည်။ မှာ စားတာကလည်း အသီးအရွက်သုပ် တစ်ပွဲနှင့် သံပု ရာရည် ဒါပဲဖြစ်သည်။ စားပြီးတော့ MK သို့ ၀င်သည်။ ဟိုဟိုဒီဒီ လျှောက်ကြည့်ကာ အ၀တ်အစားတချို့၊ ဖိနပ်တစ်ချို့ ၀ယ်သည်။ သူက စိတ်ကူးတစ်ခုရသွားတာကြောင့် သူမ၏ ဖိနပ် size ကို မှတ်ထားလိုက်သေးသည်။ MK ကနေ ပြန်ထွက်ပြီးတော့ သူမ အိမ်သို့ တန်းပြန်သည်။ သူမ အိမ်က အင်းလျားလမ်းထဲမှာ . . . ။ သူမ ကားကလေး ၀င်သွားပြီး ခြံတံခါးပိတ်သွားတော့မှပင် သူ့ရဲ့ ရှဲဒိုးဇာတ်လမ်းလည်း ပြီးဆုံးတော့သည်။

“ကဲ . . . မင်း ဘာဆက်လုပ်မလဲ မှော် ၊ ဒီလိုပဲ သူ့ နောက်ကနေတကောက်ကောက် လိုက် ကြည့်ရုံနဲ့ပဲ ပြီးပြီလား၊ မင်း သူနဲ့ စကားပြောခွင့်ရဖို့ မကြိုးစားတော့ဘူးလား”

“ငါ အရှိန်ယူနေတာကွ၊ ငါ့ခေါင်းထဲမှာ plan တွေ စနစ်တကျ ဆွဲထားပြီးသား၊ မနက်ဖြန် သူ့ အိမ်ထဲဝင်ပြီးတော့ ဖြစ်ဖြစ်၊ သူ့ကို ဓာတ်ပုံရိုက်ခွင့်တောင်းမယ်၊ အဲဒီ အတွက် ဂျာနယ်လစ်တစ်ယောက် ဟန်ဆောင်ရမယ်ကွ၊ ကဲန်မရာ ကောင်းကောင်းတစ်လုံး လိုတယ်၊ ကိုဝဏ္ဍ ဆီ ပြေးဆွဲမယ်”

သူမအိမ်ကအပြန် ကိုဝဏ္ဍဆီဝင်ပြီး သူ့ရဲ့ professional Nikon Digital ကင်မရာကြီးကို ဇွတ် အတင်း ငှားပြီး ပြန်လာခဲ့သည်။ နောက်တစ်နေ့ မနက်စောစောမှာ သူမအိမ်သို့ သူနှင့်သုတ ချီတတ် ခဲ့ကြသည်။ ခြံတံခါးဝမှာ . . .

“ကျွန်တော်တို့ Glamour မဂ္ဂဇင်းကပါ၊ အိန်ဂျယ်လ်နဲ့ တွေ့ချင်လို့ပါ”

ဟု ဆိုတော့ ခြံတံခါးဖွင့်ပေးသည်။ သူ့ရင်ထဲမှာ ဗုံတီးသံတွေလို အဆက်မပြတ် ကျယ်လောင် စွာ မြည်းဟည်းလျက် ရှိသည်။ အိမ်ရှေ့ ကျွန်းတံခါးကို တစ်ယောက်က လာဖွင့်ပေးကာ …

“ဧည့်ခန်းထဲမှာ ခဏလေးထိုင်စောင့်ပါနော်၊ ကျွန်မ မလေးကို သွားပြောပေးပါ့မယ်”

ဆိုပြီး . . . .ထွက်သွားသည်။ သို့သော် . . . ကောင်မလေးက သူ့ကို သိထားပြီးသားလို မျက်ဝန်းကလေးတွေမှာ ရင်းနှီးနှစ်လိုရိပ်ကလေးတွေနှင့်။ ခြံတံခါးလည်း သူ့ကို မှတ်မိနေသောကြောင့် ပဲ ဖွင့်ပေးခဲ့တာလား မသိ။

“မှော်. . . . မင်းဟာက ကြည့်လည်းလုပ်နော်၊ အလိမ်ပေါ်ရင် အယောင်ဆောင်မှု နဲ့ ဂျေးလ်ထဲ ရောက်နေဦးမယ်”

သုတက စိတ်မလုံသလို ခပ်တိုးတိုး ကပ်ပြောသည်။

“မင်း မင်သေသေနဲ့ သာ နေစမ်းပါ၊ ငါ့ဇာတ်လမ်းကို ငါနိုင်အောင် လုပ်ပါ့မယ်”

ခဏနေတော့ သူမက အိမ်နေရင်း ဂါဝန်ကလေးနှင့် ဆင်းလာသည်။ ဆံပင်ကလေးတွေက အခွေအလိပ် တွန့်တွန့်ကလေးတွေ ပခုံးပေါ်မှာ ၀ဲကျပျံ့လွင့်နေသည်။

“ကျွန်တော် Glamour မဂ္ဂဇင်းက ပင်တိုင်ဓာတ်ပုံဆရာပါ ခင်ဗာ၊ အိန်ဂျယ့်လ်ကို မျက်နှာဖုံး ရိုက်ခွင့် . . . .ပြီးတော့ အင်တာဗျူးကလေး လုပ်ခွင့် ရချင်လို့ပါ”

သူ့အသံတွေက အနည်းငယ်တော့ တုန်ရင်နေသေးသည်။ ဒါတောင် Glamour မဂ္ဂဇင်းဆိုတာ သူနှင့် ဆွေမျိုးတွေလို ရင်းနှီးကျွမ်းဝင်ပြီးသား။ မနေ့ကပဲ အယ်ဒီတာချုပ် အန်တီနန်းခေါင်ဆီ သူ ဖုန်း ဆက်ပြီး

“အိန်ဂျာယ်လ်မေရဲ့ မျက်နှာဖုံးဓာတ်ပုံ မလိုချင်ဘူးလား။ ကျွန်တော် ရိုက်ပေးပါရစေ” ဟု ခွင့် တောင်းထားပြီးသား။ အန်တီနန်းကလည်း လိုလိုလားလား သဘောတူပြီးသား။ အန်တီနန်းခေါင်ကိုယ် တိုင် အိန်ဂျယ်လ့်ဆီ ဖုန်းလှမ်းဆက် ပေးထားမယ် . . . .ဟုပင် ဆိုခဲ့သေးသည်။

“ဘာလဲ . . .မှော်က အိန်ဂျယ့်လ်ကို ဓာတ်ပုံသွားရိုက်မလို့ပေါ့လေ၊ ဘာလဲ . . .ဇာတ်လမ်း စပြီလား၊ သတင်းထည့်ရေးလိုက်မှာ နော်”

“ဟု . .. သဘောပေါက်နားလည်စွာ စ နေခဲ့သေးသည်။ သူမက ပြုံးကာ . . .”

“အင်း မနေ့ညက အန်တီနန်းခေါင် ဖုန်းဆက်ပြောထားတယ်၊ မျက်နှာဖုံးက Studio ထဲမှာ ရိုက်မှာ လား၊ Outdoor ထွက်ရိုက်မှာ လား၊ ကျွန်မ တစ်နာရီပဲ ပေးနိုင်မှာ နော်”ဟု ပြောသည်။

“ရပါတယ်ဗျာ . . .ကျွန်တော် တစ်နာရီပဲ ရိုက်ပါ့မယ်၊ ကျွန်တော် Outdoor ပဲ ရိုက်ချင်ပါ တယ်၊ Trader’s ရဲ့ ခေါင်မိုးပေါ်မှာ ဆို ဖြစ်မလားဟင်”

“ဖြစ်ပါတယ် . .. တကယ်ဆို ကျွန်မကို တစ်ရက်ကြိုပြီး appointment တောင်းရမှာ ထုံးစံပဲ၊ ရှင်က မနေ့ညက အန်တီနန်း ဖုန်းဆက်ပြီး ဒီနေ့ ချက်ချင်း ကဲန်မရာနဲ့ ရောက်လာတယ်၊ ထားလိုက် ပါတော့လေ ၊ ဒါ မြန်မာပြည်ဆိုတာ ကျွန်မ နားလည်ထားပြီးသားပါ၊ အန်တီနန်းနဲ့ လည်း ခင်နေလို့ ပေါ့၊ တခြားလူဆို ကျွန်မ ခွင့်မပြုဘူး”

“ဟုတ်ကဲ့ . . . ကျွန်တော့်ဘက်က စည်းကျော်သွားခဲ့ရင် တောင်းပန်ပါတယ်ဗျာ၊ အေးဆေး အချိန်ယူပါ၊ ကျွန်တော် စောင့်နိုင်ပါတယ်”

“ကျွန်မ မိတ်ကပ်ပြင်တာ မကြာပါဘူး၊ အေးအေးဆေးဆေး စောင့်ပါ”

သူမ ပြန်ထွက်သွားပြီး စောစောက ကောင်မလးက Sandwich ပန်းကန်နှင့် အအေးခွက်တွေ လာချပေးသွားသည်။ ပြီးတော့ . . . သူ့ကို ခန်းဆီးအကွယ်တစ်ခုကနေ ပြန်ချောင်းနေတာ သူသိပေ မယ့် မသိချင်ဟန်ဆောင်နေရသည်။

“ကြည့်ရတာ သူ့ကိုယ်သူ International Model ဆိုပြီး ဘ၀င်မြင့်တာ၊ ဖင်ခေါင်းကျယ်တာ တော့ မရှိဘူးကွ၊ အေးဆေးပဲ ပွင့်လင်းတယ်၊ မင်းကလည်း လုပ်လိုက်ရင် အသည်းနဲ့ အသန်၊ ချက် ချင်းလက်ငင်းကြီး သူ မရိပ်မိလို့ တော်သေးတယ်”

“ငါ့အတွက် အချိန်က တန်ဖိုးရှိတယ်ကွ၊ သူ မနေ့က ပြောတာ မကြားဘူးလား၊ သူရောက်တာ တစ်ပတ် ရှိနေပြီ၊ တစ်လပဲ သူနေမှာ ၊ သုံးပတ်ပဲ အချိန်ရတော့မှာ ၊ ပြီးရင် တစ်နှစ်လုံးလုံး သူ ပျောက် သွားတော့မှာ ၊ ဒုက္ခပါပဲကွာ . . ။ဒီရက်တွေမှာ သူ့ကို နေ့တိုင်းတွေ့အောင် ဘယ်လိုလုပ်ရပါ့မလဲ”

သူ အဖြစ်သည်းနေပုံကို သုတက အသံတိတ် ကောင်းချီးတွေပေးနေသည်။ နာရီဝက်လောက် အကြာမှာ တော့ သူမ အဆင်သင့်ပြင်ဆင်ပြီး ဆင်းလာသည်။ မျက်နှာက မိတ်ကပ်ပြင်ထားတယ်လို့ တောင် မထင်ရလောက်အောင် သဘာဝဆန်ဆန်ကလေး ။ မျက်လုံးကိုလည်း ခပ်ဖျော့ဖျော့သာ ခြယ်ထားပေမယ့် နက်မှော င်ကော့ပျံနေသော မျက်တောင်များ ကတော့ ထင်းနက်နေသည်။ အင်္ကျီက တကယ့်ကို ပေါ့ပေါ့ပါးပါး စတိုင်လ်။

အပေါ်ပိုင်းက အဖြူရောင် လက်ပြတ်ကလေး . .. အောက်ပိုင်းက ပန်းနုရောင် နှင်းဆီပွင့်ကလေးသဏ္ဍာန် ဖောင်းဖောင်းကလေး ။ ဂါဝန်ကလေးက ဒူးအထက်ပဲ ရှိကာ ဟိုက်ဟီးလ်အမြင့်ကြီး စီးထားသည်။ လက်မှာ ဖန်စီလက်ကောက် လှလှလေးတစ်ကွင်းတည်း ရှင်းရှင်း ကလေး။ ဆံပင်တွေက ပုံသွင်းထားပြီးသားလို အခွေအလိပ်ကလေးတွေ ပခုံးပေါ်မှာ ၀ဲဖြာလိပ်ခွေနေ သည်။ လက်မှာ Dior လက်ကိုင်အိတ် ပန်းနုရောင်ကလေးကိုင်လို့ . .. ။ သူမကို သူ ဘယ်လောက် ကြာအောင် ငေးကြည့်နေမိသွားမှန်း မသိ။ သူမက မျက်ခုံးကလေးပင့်ပြလိုက်ကာ . . .

“သွားစို့လေ . . ဘာတွေ ဒီလောက်ငေးနေတာလဲ ရှင်ရဲ့ ”

ဟု ဆိုလိုက်တော့မှ သူ ပြန်လည် အသက်ဝင်လာကာ ရှက်ကိုးရှက်ကန်းပြုံးမိသည်။

“ရှင်တို့ကား ရှေ့ကသွားနော်၊ ကျွန်မ နောက်ကနေ လိုက်ခဲ့မယ်”

ဟု ဆိုပြီး သူမက သူမကားနှင့်သာ လိုက်လာသည်။ ဓာတ်ပုံရိုက်ခွင့် ရဖို့အတွက် မနေ့ ညနေကတည်းက ကြိုတင်ခွင့်တောင်းစီစဉ်ထားပြီးသားမို့ ခေါင်မိုးပေါ်အထိ တန်းတတ်လာခဲ့ကြသည်။

သူ့ရင်တွေလည်း အရမ်းခုန်နေသည်။ သူမက ပါးနပ်ကျွမ်းကျင်ပြီးသား မော်ဒယ်လ်တစ်ယောက် ပီသစွာ ပင် ပို့(စ်)တွေ သိပ်အများ ကြီးမပေးဘဲ မျက်လုံးနှင့် နှုတ်ခမ်းဆီမှသာ ညှို့အားကိုထည့်ကာ မု(ဒ်)သွင်းလျက် ဓာတ်ပုံအရိုက်ခံသည်။ သူက Nikon professional Camera ကြီးကို ဟန်ပါပါကိုက်လျက် သူမပုံတွေကို ရနိုင်သမျှ အမိအရ၊ တဖျပ်ဖျပ် ရိုက်ယူနေမိသည်မှာ သူမပေးထားသော အချိန်တစ်နာရီ ဘယ်လိုကုန်သွားမှန်းပင် မသိလိုက်။

“ကဲ . . .တစ်နာရီ ပြည့်သွားပြီရှင့်၊ ရှင်လည်း ပုံတွေ အများ ကြီးပဲ ရလိုက်မှာ ပါ၊ မနားတမ်းကို နှိပ်နေတာနော်၊ အဲဒီ လို ဓာတ်ပုံဆရာမျိုး ကျွန်မတစ်ခါမှ မကြုံဖူးသေးဘူး၊ သိလား . . .တစ်စက္ကန့်ကို တစ်ကြိမ်နှုန်းနဲ့ နှိပ်ရင် တစ်နာရီဆိုတော့ ပုံပေါင်း ၃၆၀၀ တောင် ရှင် ရသွားမှာ ၊ ကျေနပ်တယ် မဟုတ်လား”

သူမ ရယ်ချင်ဟန်ကလေးဖြင့်ပြောတော့မှ သူဘယ်လောက်တောင် လောဘဇောတွေကပ်နေ မှန်း ကိုယ့်ကိုယ်ကို ပြန်ရှက်မိတော့ကာ ဘာ ပြန်ပြောရမှန်းပင် မသိတော့။

“ဆောရီးပဲဗျာ၊ အိန်ဂျယ်လ့် ပို့(စ်)တိုင်းက အရမ်းလှနေတော့ လက်မလွှတ်ချင်တာနဲ့ ”

“ထာားပါ . .. ၊ ရှိပါစေတော့၊ ကဲ . . .အလုပ်ပြီးရင် ကျွန်မ ပြန်တော့မယ်၊ မဂ္ဂဇင်းထွက်ရင်သာ ကျွန်မဆီ ပို့ပေးဖို့တော့ မမေ့ပါနဲ့ နော်”

“ဟို . . .အင်တာဗျူးအတွက် အချိန်သတ်သတ် ထပ်ခိုင်းရမလား အိန်ဂျယ်လ်”

“အင်း . . . နောက်တစ်ရက်ပေးရမှာ ပေါ့လေ၊ အဲဒီ အတွက်လည်း ကျွန်မ တစ်နာရီပဲ အချိန် ပေးနိုင်မယ်၊ တစ်နာရီစာလုံလောက်မယ့် မေးခွန်းမျိုး ရှင် ပြင်ဆင်လာခဲ့ပေါ့”

“OK . . . အိန်ဂျယ်လ်၊ ကျွန်တော်ဘယ်တော့လာခဲ့ရမလဲ”

“ကျွန်မအိမ်ကိုပဲ လာခဲ့ပါ၊ မနက်ဖြန် ညနေခင်းလေးဖြစ်ဖြစ်ပေါ့၊ လေးနာရီလောက် ခြံထဲမှာ ပဲ ဆုံကြတာပေါ့”

“ကျေးဇူးတင်ပါတယ် အိန်ဂျယ်လ် ၊ ကျွန်တော်က အိန်ဂျယ်လ့်ကို International Model ဆို တော့ ကိန်းကြီးခမ်းကြီးနိုင်မယ်ထင်နေတာ၊ အလိုလိုရှိန်နေတာ၊ အခုကျတော့ ကျွန်တော်ထင်တာနဲ့ တခြားစီပဲနော်”

“ဟုတ်လား၊ ကျွန်မကို ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်မက ဘာဖြစ်လို့ ကိန်းခမ်းကြီးရမှာ လဲ ရှင်ရယ်၊ အခုခေတ်မှ အားလုံးအပြိုင်အဆိုင်ကြိုးစားနေရတဲ့ ခေတ်လေ၊ ဆက်ဆံရေးမတတ်ရင် ခံသွားရမှာ ပေါ့၊ ဟိုမှာ ဆို ပိုတောင် အပိုးကျိုးရသေးတယ်၊ ဘ၀င်မြင့်လို့မရဘူး ရှင့်၊ Model တစ်ယောက်ရဲ့ Up and Down က သိပ်မြန်တာ၊ ကိုယ့်ထက် ပိုငယ်တဲ့ .. . .သွက်တဲ့ . . .နပ်တဲ့ ကလေးတွေက အပြေးအလွှားကျော်တတ်ဖို့ပြင်နေကြတာ၊ ဒီအလုပ်မှာ အရွယ်ကလည်း အရမ်းကစားပြောတယ်၊ ဆယ်ကျော်သက်နုနုအရွယ်ကလေးတွေနဲ့ အပြိုင်အဆိုင် ကြဲနေရတာ ၊ နှစ် ဆယ်တော်တော်စွန်းသွားရင် ဒီအလုပ်ဆက်မလုပ်နဲ့ တော့၊ အဲဒီ လောက်မြန်တယ်၊ ရှင် ကျွန်မရဲ့ အသက်ကို မမေးနဲ့ နော်၊ ကျွန်မဖြေမှာ မဟုတ်ဘူး”

ပြောပြီး သူမက သဘောကျသလို ရယ်မောနေတော့သည်။ သူကတော့ သူမ၏ အပြုအမူ၊ လှုပ်ရှားမှု တိုင်းကို မျက်တောင်မခတ် ငေးမော၍ သာ နေမိသည်။

“နှစ်ဆယ်တောင် မပြည့်သေးဘူးထင်ပါတယ်ဗျာ၊ အိန်ဂျယ်လ်မျက်နှာကလေးက ဒီလောက် နုနုဖူးဖူးကလေးဖြစ်နေတာ”

“ဟား ဟား . . .ရှင် တော်တော် အပြောကောင်းပါလား၊ သူတစ်ပါး စိတ်ချမ်းသာအောင် ပြော တတ်တယ်၊ ကဲ … သွားပြီနော်၊ မနက်ဖြန် ဆုံကြတာပေါ့”

သူမက နှုတ်ဆက်ပြီး ပြန်သွားတော့ သူလည်း သူမနောက်ကနေ သူမ မရိပ်မိစေရအောင် ရှဲဒိုး လိုက်ကြည့်ရသေးသည်။

“ဟေ့ကောင် . . .သိပ်လည်း ဖွန်မနေနဲ့ ဦး၊ ကဲန်မရာလည်း ကိုဝဏ္ဍကို သွားပြန်ပေးရဦးမယ်၊ သူ့ဓာတ်ပုံတွေလည်း မင်းကွန်ပြူတာထဲ ထည့်ဦးမှာ မှလား၊ မနက်ဖြန်အတွက် အင်တာဗျူးမေးခွန်း တွေလည်း မင်း ပြင်ဆင်ရဦးမယ်၊ မင်း သူ့နောက်ကနေ အရိပ်လို လိုက်ကြည့်နေတာ သူ ပြန်ရိပ်မိ သွားရင် မကောင်းဘူးကွ၊ မင်းကိုယ်တိုင်လည်း celebrity တစ်ယောက်ဆိုတာ မမေ့နဲ့ ဦး၊ ပရိသတ်တွေက မင်းကိုသိတယ်ကွ”

သုတက သတိပေးယူရတဲ့အထိ။

“အေးပါကွာ .. .ငါလည်း သိပါတယ်၊ ဒါပေမယ့် ငါ ဘာဖြစ်လို့ ဒီလောက်တောင် အရူးအမူး ဖြစ်သွားတာလဲ ဆိုတာ ငါ့ကိုယ်ငါတောင် နားမလည်နိုင်ဘူး၊ သူ့ကိုပဲ လိုက်ကြည့်ချင်နေတာ၊ သူ့ဆီက အပြုံးကလေးတစ်ချက်ရရင် ငါ အရမ်းကျေနပ်နေပြီ၊ မိန်းကလေး ချောချောလှလှတွေ အများ ကြီးနဲ့ ငါ ဆုံဖူးပါတယ်၊ သူ့ကို ကြွေတဲ့ ဖီလင်ချင်းကို မတူတာ၊ သူ့ကို crazy ကို ဖြစ်နေတာ”

သူ ၀န်ခံဖို့လည်း မရှက်မိတော့။

“သြော် .. . ငါ့သယ်ရင်း မှော်ဆစ်ယောက်တော့ အိန်ဂျယ်လ်မေနဲ့ မှပဲ တကယ်ရူးတော့တာပါ ပဲလား၊ ကဲ ချကွာ၊ မင်းကြိုက်ရင် ရအောင်လိုက်ကွာ၊ ဒီလောကမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိဘူး၊ မင်းလည်း သာမညောင်ညမှ မဟုတ်တာ၊ အဆင့်တစ်ခုတော့ ရှိတာပဲ၊ တစ်ခုပဲ မင်းဆုတောင်းရမှာ ၊ သူ့ဆီမှာ ပိုင်ဆိုင်သူ မရှိပါစေနဲ့ ဦးဆိုတာပဲ၊ ဒီလောက်လှတဲ့ မိန်းကလေးတစ်ယောက်ကွာ၊ ကျော် ကြားမှု တွေလည်း ရှိတယ်၊ နေတာကလည်း စင်္ကာပူမှာ ၊ မင်းလိုပဲ သူ့ကို မရရင် ရူးနိုင်တဲ့ သကောင့် သားတွေ ဘယ်နှယောက်တောင် ရှိနိုင်မလဲ”

“ဟေ့ကောင် .. .. တော်ပြီ . . .ဆက်မပြောနဲ့ တော့၊ ဘာပဲဖြစ်ဖြစ် ငါ ရင်ဆိုင်မှာ ပဲ၊ သူ့ကို မရ ရအောင် လိုက်ဖို့ ငါ ဆုံးဖြတ်ပြီးသား”

“အဲဒါဆိုလည်း ရအောင်လိုက်ပေါ့ မှော်ရာ၊ မင်းအတွက် မရနိုင်တာ ဘာရှိလို့လဲ”

သုတရဲ့ စကားက သူ့ဆုံးဖြတ်ချက်ကို ပို၍ ခိုင်မာပြတ်သားသွားစေသည်။ အချိန်တိုင်း အချိန် တိုင်းမှာ သူ သူမကို အရူးအမူး စွဲလမ်းတွယ်ငြိခဲ့ပြီမှန်း သေချာသထက်သာ သေချာလာခဲ့သည်။ တစ်ညလုံး သူမကို ဗျူးဖို့ မေးခွန်းတွေ စဉ်းစားရင်း သူမပုံကလေးတွေအားလုံး ကွန်ပျူတာထဲ ထည့် သိမ်းရင်း ကြည့်မ၀ ရှုမငြီးနိုင်အောင် ဖြစ်နေရင်း နောက်တစ်နေ့ သူမနှင့် ဆုံဖို့ကို သူ ရင်ခုန်စိတ်လှုပ် ရှားလွန်းစွာ မျှော်လင့်စောင့်စားရပြန်လေသည်။

အခန်း (၂)

သူမတို့ ခြံထဲရှိ နှင်းဆီရုံနံဘေးမှာ ဒန်းကလေးရှိသည်။ ထိုဒန်းကလေးက သစ်သားဒန်းမျိုး မဟုတ်။ ကြိမ်သားတွေနှင့် ရက်ထားသော ပုခက်ပုံစံကလေး ဖြစ်သည်။ သူမက ထိုဒန်းကလေးထဲမှာ ထိုင်ရင်း သူမေးသမျှကို ဖြေပေးခဲ့သည်။ ဘယ်လောက် စိတ်လှုပ်ရှားဖို့ ကောင်းသလဲဆိုတော့ ဒီနေ့ သူတစ်ယောက်တည်း၊ တမင်သက်သက် လာခဲ့ခြင်းဖြစ်သည်။ သုတကလည်း တမင် အဖော်လိုက်မ လာခဲ့။ သူနှင့်သူမ လွတ်လပ်အေးဆေးစွာ စကားလက်ဆုံကျခွင့်ရအောင် ဖြစ်သည်။ သူမက စွပ်ကျယ် ပခုံးပြတ်အင်္ကျီကလေးနှင့် လီနင်သားဘောင်းဘီကလေး ၀တ်ထားခဲ့သည်။

“နိုင်ငံခြားမှာ မော်ဒယ်လ်ဖြစ်ဖို့ ဘယ်အရာတွေက တွန်းပို့ပေးခဲ့တာလဲ အိန်ဂျယ်လ်”

“ကျွန်မရဲ့ ကံလို့ပဲ ပြောရမှာ ပေါ့လေ၊ ကျွန်မ ဖေဖေက စင်္ကပူမှာ အလုပ်လုပ်နေတဲ့ အချိန်၊ ကျွန်မနဲ့ မေမေက ဖေဖေ့နောက်ကို လိုက်နေရတယ်၊ အဲဒီ မှာ ပဲ ကျွန်မ ကျောင်းတတ်ဖြစ်တယ်၊ Modelling ကို ကျွန်မ ရှစ်နှစ် ကိုးနှစ်လောက် အရွယ်ကတည်းက ရောဂါသည်းခဲ့တာ၊ Model School လည်း တတ်ခဲ့တယ်၊ ကျွန်မရဲ့ ဘ၀ကို အဲဒါနဲ့ ပတ်သက်သမျှအတွက်ပဲ ကြိုးစားခဲ့တာ၊ ဒါကို ဖြစ်အောင် လုပ်မယ်ဆိုပြီးတော့ လုပ်ခဲ့တာ ဆိုပါတော့၊ နောက်တော့ Modellign Agency တစ်ခုနဲ့ အဆက်အသွယ်ရပြီး စာချုပ်ချုပ်ဖြစ်သွားတယ်၊ အဲဒီ က စခဲ့တယ်လို့ ပြောရမှာ ပေါ့”

“အခု အိန်ဂျယ်လ်ရနေတဲ့ အောင်မြင်မှု မျိုးကို အလွယ်တကူနဲ့ ရနိုင်တာမျိုး မဟုတ်ဘူးဆို တာ အားလုံးသိကြပါတယ်။ အိန်ဂျယ်လ် ဘယ်လောက်ကြိုးစားအားထုတ်ခဲ့ရတယ်၊ ဘာတွေ ပေးဆပ်ရင်း နှီးမြှုပ်နှံခဲ့ရတယ်၊ ဘယ်လို သင်ခန်းစာတွေ ဘယ်သူတွေဆီကနေ ယူခဲ့ရတယ်ဆိုတာကို အတိုချုပ်က လေး ပြောပြပါလား”

“အတိုဆုံး ပြောရရင် ကျွန်မ စိတ်တစ်ခုပဲ ထားခဲ့တယ်၊ ဒီအလုပ်ကို ဖြစ်အောင်လုပ်မယ်၊ အကောင်းဆုံး လုပ်မယ်ဆိုတာကိုပဲ တစ်နေ့စာတွေးတယ်၊ အပိုတွေ လျှောက်မတွေးတော့ဘူး၊ စိုးရိမ် ပူပန်သောကတွေ အပြိုင်အဆိုင်တွေ၊ မနာလိုတာတွေ၊ မကျေနပ်တာတွေ ဘာမှ တွေးမနေဘူး၊ ကိုယ့်အလုပ်ကိုပဲ အကောင်းဆုံး တစ်နေ့စီ လုပ်တယ်၊ တစ်ခါတစ်လေတော့ ကတိ ချိုးဖျက်ခံရတာ တွေ၊ လုပ်ကြံခံရတာ တွေ၊ သစ္စာဖောက်ခံရတာ တွေ ရင်ဆိုင်ရတဲ့အခါလည်း ရှိတာပေါ့လေ၊ လောက မှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း မဖြစ်ဘူး၊ ဖြစ်မလာတဲ့အခါ ဘယ်လိုပြင်ဆင် ရင်ဆိုင်တတ်ရမယ်ဆိုတဲ့ သင်ခန်းစာကို ကိုယ့်ရဲ့ ရန်သူတွေနဲ့ ပြိုင်ဘက်တွေကပဲ သင်ကြားလေ့ကျင့်ပေးခဲ့တာလေ၊ အမှားတွေဆီကနေ သင်ခန်းစာ ပြန်ယူတယ်၊ ကိုယ့်ရဲ့ အမှားဆီကနေရော၊ သူတစ်ပါးရဲ့ အမှားဆီကရောပေါ့”

“သိပ်လှတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘ၀မှာ အချစ်ဆိုတဲ့အရာက ဘယ်နှရာခိုင်နှုန်း လောက် အရေးပါသလဲ အိန်ဂျယ်လ်”

“ရှင်က ကျွန်မမှာ ချစ်သူရှိသလားလို့ သွယ်ဝိုက်ပြီး မေးနေတာ ဆိုပါတော့လေ။ အချစ်ဆိုတဲ့ အရာဟာ လူတိုင်းကြိုက်တဲ့ လိုချင်မက်မောကြတဲ့ ရတနာတစ်ခုပါ။ ကျွန်မအတွက်တော့ ၅၀%လောက် အရေးပါတယ်လို့ ပြောရမှာ ပေါ့”

“အချစ်နဲ့ တွေ့ပြီလား အိန်ဂျယ်လ် . . .”

ထိုမေးခွန်းကို သူ စိတ်လှုပ်ရှားစွာ ဖြင့် မေးဖြစ်ပါသည်။ အင်တာဗျူးဆိုပေမယ့် သူသိချင်တာ တွေချည်းပဲ မေးဖို့ သူ ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။

“အမှန်အတိုင်း ပြောရရင် အချစ်တွေ အများ ကြီးနဲ့ တွေ့ဖူးတယ်၊ သူတို့က လာချစ်ကြတာ နော်၊ ကျွန်မက သွားချစ်တာ မဟုတ်ဘူး၊ ဟား ဟား . . . ဒါပေမယ့် ကျွန်မအတွက် သိပ်လှတဲ့ အချစ်တစ်ခုတော့ လိုချင်တယ်”

ထိုအဖြေကို ဖြေပြီးနောက် သူမက အားပါးတရ ပြုံးပါသည်။ သူ့ရင်ထဲ တထိတ်ထိတ် ဖြစ်လာ သည်။ သူမ ဖြေပုံက သိပ်ပါးနပ်သည်။ သူမမှာ တရားဝင် ချစ်သူရယ်လို့ မရှိသေးပါဘူးဆိုတာကို မသိ မသာ ဖြေပြသွားတာပါ။

“အိန်ဂျယ်လ် အခု မိသားစုနဲ့ အတူ မနေရဘူးနော်၊ နိုင်ငံခြားမှာ မော်ဒယ်လ်လုပ်နေတာဆို တော့ မြန်မာပြည်ကို တစ်နှစ် ဘယ်နှကြိမ် ပြန်လာဖြစ်သလဲ”

တကယ်တော့ အဲဒီ အဖြေကို သူ သိထားပြီးသား၊ ပိုသေချာအောင် ထပ်မေးခဲ့ခြင်း ဖြစ်သည်။

“ကျွန်မ တစ်နှစ်တစ်ခေါက်တော့ ပြန်လာပါတယ်၊ လာရင် တစ်လလောက်တော့ အေးဆေး နေတယ်၊ ဖေဖေလည်း စင်္ကပူမှာ အလုပ် မလုပ်တော့ဘူး၊ မြန်မာပြည်မှာ ပဲ သူ့ကိုယ်ပိုင် စီးပွားတစ်ခု လုပ်နေတယ်ဆိုတော့ မေမေလည်း ဖေဖေနဲ့ လာနေလိုက်၊ ကျွန်မဆီ လာလိုက်နဲ့ ပေါ့။ ပြီးတော့ အဘိုး အဘွားတွေလည်း ရှိသေးတယ်လေ”

“ဘယ်အချိန်လောက် ပုံမှန် ပြန်လာတတ်လဲဟင်”

“ကျွန်မလား . . .ဒီဇင်ဘာ ဇန်ဝါရီဆို ပြန်လာနေကျ”

“မြန်မာပြည်မှာ ရော အနုပညာအလုပ်တွေ မလုပ်တော့ဘူးလား အိန်ဂျယ်လ်”

“ကျွန်မ ပြန်လာတဲ့အချိန်တိုင်း ဒီမှာ ရသလောက် လုပ်ပါတယ်ရှင်၊ ကဲ . . .ရှင့်မေးခွန်းတွေ က မကုန်သေးဘူးလား၊ တစ်နာရီ ပြည့်ပြီရှင့်”

သူမက ကလေးတစ်ယောက် ဂျစ်တိုက်သလို ပုံစံမျိုးဖြင့် ပြောလိုက်သောအခါ သူ ချက်ချင်းပဲ တိခနဲ ရပ်ပေးလိုက်ပါသည်။ နောက်ထပ် မေးစရာတွေတော့ အများ ကြီးပဲ ရှိသေးတာပေါ့။ သို့ပေမယ့် လည်း သူ ကျေနပ်ပါသည်။ သူမမှာ ချစ်သူရယ်လို့ တရားဝင်မရှိသေးဘူးဆိုတာကပင် သူ့အတွက် အနှိုင်းမဲ့ အဖိုးတန်နေပြီ။ နောက်တစ်ကြိမ် ဆုံခွင့်ရဖို့ သူ ဘယ်လို ကြိုးစားရမလဲ။ ဒီတစ်ခါတော့ သူ ရိုးသားပွင့်လင်းစွာ ပဲ ခွင့်တောင်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

“ရှင် ပြန်လို့ရပြီနော်”

“ကျွန်တော် အိန်ဂျယ်လ့်ဆီက တစ်ခု တောင်းချင်လို့”

“ဘာလဲ . . .အကြွေးလား”

သူမက ရွှတ်နောက်နောက်ပြောနေဆဲ။

“မဟုတ်ပါဘူးဗျာ . . .အိန်ဂျယ်လ်နဲ့ ကော်ဖီအတူတူ သောက်ခွင့်ပါ”

“မပေးနိုင်ဘူးဆိုရင်ကော . . .”

သူမက ပြုံးပြုံးကလေး ပြောနေခြင်း ဖြစ်ပေမယ့် သူမကို ဘယ်လိုမှ ခန့်မှန်းလို့ မရတာ မို့ သူ ထိတ်ခနဲ ဖြစ်သွားမိသည်။

“ပေးတဲ့အထိ ကျွန်တော် ကြိုးစားရမှာ ပေါ့”

“အမလေး . . .အဲဒါကို စိတ်ပျက်တာပါ၊ ကျွန်မရဲ့ နောက်ကနေ psycho တစ်ယောက်လို တကောက်ကောက် လျှောက်လိုက်နေတာကိုပဲ ရှင် စွန့်လွှတ်လိုက်ပါ၊ ကျွန်မ ရှင်နဲ့ အတူ ကော်ဖီဆိုင် မှာ ကော်ဖီလိုက်သောက်မယ် ၊ ဘယ်လိုလဲ . . .”

သူ့မျက်နှာ ရှိန်းခနဲ ပူသွားခဲ့သည်။

“ကျွန်တော် အိန်ဂျယ်လ့်နောက်ကနေ တကောက်ကောက်လိုက်ကြည့်နေတာ၊ အိန်ဂျယ်လ် သိတယ်ပေါ့၊ ဟုတ်လား”

“မသိဘဲ နေပါ့မလားရှင် ကျွန်မ အဲဒီ လောက် မတုံးသေးပါဘူး”

“အိုကေ . . .ကျွန်တော် ကတိပေးတယ်၊ နောက်ကနေ တကောက်ကောက် မလိုက်တော့ ဘူးလေ၊ ကော်ဖီဆိုင်မှာ အတူတူထိုင်ပြီး စကားပြောချင်တယ်”

“အင်း . . .မနက်ဖြန်ပေါ့၊ ကျွန်မက နေ့လည် နှစ်နာရီလောက်ဆို ကော်ဖီသောက်တတ်တယ်၊ အဲဒီ အချိန် ချိန်းတာပေါ့၊ ဆိုင်ကို ရှင်ပဲ ရွေးပါ”

“Fuji Coffee House မှာ ကော်ဖီကောင်းတယ်ဗျာ”

“OK … အဲဒီ မှာ ဆုံကြတာပေါ့ရှင်”

သူ အရမ်း ပျော် သွားပါသည်။ သူ့အတွက် ခက်ခဲလိမ့်မည်ဟု ထင်ထားသော အခွင့်အရေး တစ်ခုကို သူမဆီကနေ လွယ်လွယ်ကူကူနှင့် ရလိုက်သောကြောင့် ဖြစ်သည်။

++++


ချိန်းထားသည့် အချိန်အတိုင်း ကွက်တိပင် သူမ ရောက်လာခဲ့ပါသည်။ လီနင်သား ကာကီ ရောင် လက်ပြတ်ခါးတိုအင်္ကျီကလေးနှင့် လီနင်သား ဘောင်းဘီအဖြူ ပွပွရရကလေးကို တွဲ ဖက်ဝတ် ထားပုံက လွတ်လပ်ပေါ့ပါးစွာ ။ မျက်မှန်က ထုံးစံအတိုင်း ယောက်ျားတွေ တပ်သော ဘဲဥပုံစံ အကြီးစား၊ ရွှေရောင်ကိုင်းနှင့် အညိုဖျော့ဖျော့မှန်သား . . ။ သူမ ပုံစံအတိုင်း တွေ့လိုက်လျှင် အဲဒါ Somebody ပဲ ဟု သိသာစေလောက်အောင် ထူးခြားထင်းလင်းသည့် အရှိန်အ၀ါတစ်မျိုးဖြင့် လင်းဖြာ နေသည်။ မျက်နှာကလေး တစ်ခုလုံး ကြည်လင်ရွှန်းစိုလျက် တစ်နေကုန် ထိုင်ငေးကြည့်နေချင်စရာ အလှ နတ်ဖုရားမ ကလေးသဖွယ်။

သူမနှင့် ဆုံခွင့်ရတိုင်း သူ့ရင်တစ်ခုလုံး နွေးအုံလှိုက်ဖိုကာ အာရုံတွေလည်း ရီဝေလှိုက်မောလာ တတ်တာ ထူးဆန်းပါသည်။

“အိန်ဂျယ်လ် . . .ဘာသောက်မလဲဟင်”

“ကျွန်မလား . . .ကော်ဖီတော့ သောက်ချင်တယ်၊ ဒါပေမယ့် ဘယ်တော့မှ မသောက်ဖြစ်ပါ ဘူး၊ ခရမ်းချဉ်သီး ဖျော်ရည်ပဲ သောက်တော့မယ်”

အဲဒီ စကားမျိုးကိုလည်း သူ ကြားထားဖူးသား။ သောက်ချင်တာကို ထိန်းချုပ်နိုင်ပြီး၊ သောက် သင့်တာကို သောက်တတ်တာလည်း သူမရဲ့ အကျင့်ပဲလား မသိ။ သူမအတွက် ခရမ်းချဉ်သီးဖျော် ရည်၊ သူ့အတွက် ကော်ဖီမှာ ပြီး သူ စကားစဖို့ စဉ်းစားသည်။ ဘယ်က စရမှန်း မသိ။ သူမကိုပဲ မသိမ သာ တစ်မျိုး၊ သိသိသာသာတစ်မျိုးဖြင့် အရိပ်ကြည့်နေမိသည်။ သူ ပြောဖို့ပြင်လိုက်စဉ်မှာ သူမက လည်း တစ်ခုခုပြောဖို့ နှုတ်ခမ်းကလေး ဟ ,လာပြီးမှ နှစ်ယောက်စလုံး ရယ်မောလိုက်မိကာ

“အိန်ဂျယ်လ် အရင်ပြောပါ”

“ပြောပါ . . .ရှင်အရင်ပြော”

“ကျွန်တော် ရင်တွေခုန်နေလို့ ဘာပြောရမှန်းမသိသေးဘူး အိန်ဂျယ်လ်၊ အိန်ဂျယ်လ် ဘာပြောမလို့လဲ . . ပြောလေ”

“သြော် . . .ရှင့်နာမည်အရင်းကလည်း မှော်ပဲလားလို့ မေးမလို့ပါ”

“ဗျာ .. .”

သူ အံ့လည်းအံ့သြကာ ကြောင်သွားသည်။ မှတ်မှတ်ရရ သူ့ကိုယ်သူ မှော်ပါ . . .ဟု နာမည် ပြောပြီး မိတ်မဆတ်ရသေးတာ သေချာပါသည်။

“ကျွန်တော့်နာမည် မှော်ပါ အိန်ဂျယ်လ်၊ ကျွန်တော် မပြောရသေးဘူး ထင်ပါတယ်၊ အိန်ဂျယ်လ် ဘယ်လိုလုပ် သိလဲဟင်”

“သြော် … ရှင့်ကို မြန်မာပြည်မှာ အောင်မြင်နေတဲ့ အဆိုတော် မှော်မှန်း ကျွန်မမသိဘဲ နေပါ့မ လား၊ ရှင့်ကို မသိရင် ကျွန်မ ညံ့ရာကျသွားမှာ ပေါ့၊ ဟိုမှာ နေပေမယ့် မြန်မာပြည်က သတင်းတွေအကုန် အင်တာနက်ကနေ ကြည့်နေကျပါ၊ ရှင် ကျွန်မနောက်ကနေ ရှဲဒိုးလို တကောက် ကောက် လိုက်ကြည့်နေကတည်းက ရှင်မှန်း သိပြီးသားရှင့်၊ ရှင့်ကိုယ်ရှင် လုံခြုံလှပြီ ထင်နေတယ် ပေါ့လေ . . ဟုတ်လား”

သူမ ပြောပုံဟန်ကလေးက တရင်းတနှီး၊ ပြီးတော့ ချစ်စနိုး ကျီစယ်ဟန်ကလေး စွက်လို့။ သူ ရှက်ရှက်နှင့် ရယ်မိကာ နဖူးကို လက်သီးနှင့် ပြန်ထိုးလိုက်မိသည်။

“ သွားပါပြီဗျာ . . .ကျွန်တော် ရှက်လိုက်တာ၊ ဒါဆို Glamour မဂ္ဂဇင်းက ဓာတ်ပုံဆရာဆိုပြီး ဓာတ်ပုံလာရိုက်မိတာ၊ အင်တာဗျူးတွေရော”

“ဟား ဟား . . . အဲဒါကိုလည်း လာညာနေမှန်း သိသိကြီးနဲ့ သနားလို့ ပေးစားလိုက်တာလေ၊ ရှင့်ကိုယ်ရှင် ပိရိလှပြီထင်ပေမယ့် မပိရိဘူးရှင့်၊ ကျွန်မက နပ်ပြီးသား၊ ထားလိုက်ပါတော့လေ၊ ဒါပေမယ့် . . .ရှင် ချဉ်းကပ်လာတဲ့ ပုံစံကလေးက အဆိပ်မဲ့ပြီးသားပါ။ ရှင့် မျက်နှာမှာ ရိုးသားစွာ ပေါ်နေခဲ့တာပဲ၊ ရှင့်မှာ ကောက်ကျစ်လှည့်ဖျားချင်တဲ့ အကြံဉာဏ် မပါဘူး၊ ကျွန်မနဲ့ ခင်မင်ရင်းနှီးချင်လို့ ချဉ်းကပ်လာ တယ်ဆိုတာ ကျွန်မ ရိပ်မိနေတာပဲ၊ အဲဒီ တော့ ကျွန်မ အပြစ်မမြင်ဘူးလေ၊ နိုင်ငံခြားက ပါပါရာဇီတွေ ကမှ အရမ်းကြော်ဖို့ကောင်းတာ။ celebrity တစ်ယောက်ရဲ့ သတင်းကို ရဖို့အတွက် သူတပါးရဲ့ လွတ်လပ်ခွင့်၊ ပျော်ရွှင်မှု ၊ ဘ၀၊ နာမည်၊ ဂုဏ်သိက္ခာ . . .အဲဒါတွေကို ခြေမွဖျက်ဆီ ပစ်လိုက်ဖို့လည်း ၀န်မလေးဘူး၊ အဆိပ်ပြင်းတယ် ခေါ်မှာ ပေါ့”

“ကျွန်တော် အဆိပ်မဲ့ကြောင်း ၀န်ခံပါတယ်ဗျာ၊ လိုအပ်သလို အသုံးပြုနိုင်ပါတယ်”

“ဘယ်လို အသုံးပြုရမှာ လဲ”

“သူငယ်ချင်းတစ်ယောက်လိုပဲ ဖြစ်ဖြစ်၊ ရင်ဖွင့်ဖော်၊ တိုင်ပင်ဖော်၊ မျှဝေခံစားဖော် ပခုံးတစ်ဘက်လိုပဲ ဖြစ်ဖြစ်၊ ပျင်းတဲ့အခါ သီချင်းနားထောင်ချင်ရင် I pod ကလေးလိုပဲ ဖြစ်ဖြစ်”

“ကြားရတာ စိတ်ဝင်စားစရာပဲနော် . . .ဒီလောက် services တွေများ တဲ့ ၀န်ဆောင်မှု မျိုး တစ်ခါမှ မကြုံဖူးသေးပေါင်၊ ၀န်ဆောင်ခက ဈေးကြီးမှာ ပေါ့နော် ၊ ကဲ . . .ပြောပါဦး၊ ဘယ်လောက် သတ်မှတ်လားသလဲ”

“ဈေးမကြီးပါဘူးဗျာ၊ တစ်နေ့ကို အပြုံးကလေးး တစ်ပွင့် ဆိုရပါပြီ”

“အိုး . . .အပြုံးကလေး တစ်ပွင့်တဲ့လား၊ လောဘ နည်းလိုက်တာနော်”

“ကျွန်တော့်ကို တစ်ခုပဲ ပြောပြပါလား အိန်ဂျယ်လ်”

“ဘာများ လဲရှင် . . .”

“အိန်ဂျယ်လ်ဝတ်တဲ့ ဖိနပ်ကလေးတွေရဲ့ size ”

“ဟောတော့ . . .ရှင် သိချင်တာကလည်း အဆန်းပါလား၊ Europcan 38”

“အိန်ဂျယ်လ် ဘယ်တော့လောက် စင်္ကာပူပြန်မှာ လဲဟင်”

“အင်း . . .နောက်နှစ်ပတ်ကျော်လောက်တော့ နေဦးမှာ ပါ၊ မှော်ကာ ဘာဖြစ်လို့ မေးတာလဲ”

“သြော် . . .ဒီလိုပါပဲ၊ ကျွန်တော်ရဲ့ အိပ်မက်ကလေးကို ဘယ်လောက်ကြာကြာ မက်ခွင့်ရှိမ လဲလို့ တွက်ကြည့်နေတာပါ”

“အိပ်မက်ကို ကိုယ်မက်ချင်တဲ့ အတိုင်းရော မက်လို့ရရဲ့ လားရှင်”

သူမက တစ်ခါတစ်ရံမှာ စကားဆုံးတိုင်း “ရှင်” ဆိုတာလေးနှင့် အဆုံးသတ်တတ်တာကို သူ ဘယ်လို သဘောကျမှန်း မသိပါ။

“မက်ချင်တဲ့အတိုင်းတော့ မက်ခွင့်မရဘူးပေါ့ အိန်ဂျယ်လ်၊ ဒါပေမယ့် တစ်ခါမက်ဖူးတဲ့ အိပ်မက်ကိုတော့ အကြိမ်ကြိမ်ပြန်မှတ်မိ တမ်းတနေခွင့်တော့ ရှိပါတယ်”

သူမက သဘောကျစွာ ရယ်မောပါလေသည်။

“ရှင်ဟာလေ စကားကိုတတ်တယ် . . .”

“အိန်ဂျယ်လ် g-mail ပဲ သုံးတာလားဟင်၊ ကျွန်တော်တို့ online မှာ တွေ့လို့ရတယ်လေ”

“အင်း … angelmay@gmail.com ဆို ရပါတယ် .. .ကဲ . . . ရှင် ဘာသိချင်သေးလဲ”

“ကျွန်တော့်စင်္ကာပူကိုလာလည်လို့ရမလား အိန်ဂျယ်လ်”

“ရတာ ပေါ့ရှင် . .. ကျွန်မက မလာနဲ့ လို့ တားလို့ရော ရှင်က နေမှာ မို့လို့လား၊ ကျွန်မရဲ့ စင်္ကပူလိပ်စာ ပေးထားပါ့မယ်၊ အချိန်မရွေး လာလည်လို့ ရပါတယ်”

သူ ကလေးတစ်ယောက်လို ကျေနပ်စွာ ပြုံးမိသည်။

“ကဲ . . . ဒီတစ်ခါ ရှင့်အကြောင်း ပြောပြ . . .”

“အိန်ဂျယ်လ် ဘာအကြောင်း သိချင်တာလဲ၊ ကျွန်တော့်အကြောင်းက ဘာမှ သိပ်မထူးဆန်း ပါဘူး၊ E-major နဲ့ ကျောင်းပြီးတယ်၊ သီချင်းတွေ ရေးတယ်၊ သီချင်းတွေ ဆိုတယ်၊ ကောင်မလေးတွေ ခိုက်ကြတယ်၊ ဟား ဟား အလကား နောက်တာပါဗျာ၊ ကျွန်တော်ရဲ့ မိန်းကလေး မူပိုင်မရှိသေးပါဘူး”

“အဲဒီ လို ပေါ်တင်ကြီး ကြော်ငြာမ၀င်နဲ့ လေ၊ ရှင် နာမည်ကြီးတာ ကျွန်မ သိသားပဲ”

သူနှင့် သူမကြားမှာ နွေးထွေးသော ဆက်ဆံမှု တစ်မျိုး ဆက်သွယ်စီးဆင်းလာသလို သူ ခံစား ရပါသည်။

“ကဲ . . .ကျွန်မ ပြန်တော့မယ်”

သူမက ခရမ်းချဉ်သီးဖျော်ရည်ကို လက်စသတ်လိုက်ပြီး ပြန်ဖို့ပြန်တော့ သူပါ ပျာပျာသလဲ ထရပ်မိကာ . . .

“မနက်ဖြန် ကျွန်တော့ရှိုးတစ်ပွဲ မြရိပ်ညိုမှာ ရှိတယ်၊အိန်ဂျယ်လ် လာကြည့်မလားဟင်”

“အို . . .သိပ်ကြည့်တာပေါ့၊ ကျွန်မက စတေ့ရှ်ရှိုးတွေဆို သိပ်ကြိုက်”

သူက သူမ ငြင်းမယ်ထင်ထားခဲ့တာ။ ချက်ချင်းသဘောတူလိုက်သဖြင့် အဆင်သင့် လိုလို မယ်မယ် အိတ်ထဲ ထည့်ဆောင်လာခဲ့မိသော VIP လက်မှတ်နှစ်စောင်ကို ၀မ်းသာအားရပေးလိုက် သည်။

“VIP ဆိုတော့ ရှေ့ဆုံးက ကြည့်ရမှာ ပေါ့လေ၊ ၀မ်းသာပါတယ်ရှင်၊ ကဲ . . .မနက်ဖြန် တွေ့ကြ တာပေါ့နော်၊ ရှင် မဆိုးဘူး၊ ကျွန်မကို ဘာနဲ့ ဆွဲဆောင်ရမယ်ဆိုတာကို သိတယ်”

သူမက ပြုံး၍ ပြောလည်းပြော၊ လက်လည်းပြ နှုတ်ဆက်ကာ ဆိုင်ထဲကနေ ပြန်ထွက်သွားခဲ့ သည်။ ပထမတော့ သူမ နောက်ကနေ သူ လိုက်မလို့ပါပဲ။ နောက်တော့ သူမက အဲဒါကို စိတ်ပျက်မှန်း သူ သိခဲ့ပြီးကတည်းက သူမ နောက် လျှောက်လိုက်ခြင်း အစီအစဉ်ကို သူ ဖျက်သိမ်းခဲ့ ပြီးသား ဖြစ်သည်။ သူ့ကြောင့် သူမဆီမှာ ဆံချည်တမျှင်စာမျှ စိတ်အနှောင့်အယှက် ဖြစ်ရခြင်းမျိုး မရှိစေချင်ပါ။

++++


လူတွေအားလုံး အကဲခတ်စောင့်ကြည့်နေမှန်း သိသိကြီးနှင့်ပင် သူ စွန့်စားခဲ့သည်။ သူ ဆိုဖို့ အလှည့်မရောက်သေးခင်မှာ ရှေ့ဆုံးမှာ ရောက်နေပြီဖြစ်သော သူမရှိရာဆီသို့ လှစ်ခနဲ ရောက်လာခဲ့ ခြင်းဖြစ်သည်။ သူမက အနက်ရောင် လည်သာဂျာကင် ခါးတိုကလေးနှင့် ဂျဲင်း(န်)ပဲန်နက်စိုစို တွဲ ၀တ် ထားသည်။ သူ့လက်ထဲမှာ သူမအတွက် ၀ယ်ထားခဲ့သော ဖိနပ်လှလှ ဆန်းဆန်းကလေးတစ်ရန်ကို ဒီအတိုင်း ဖဲကြိုးကလေးစည်းထားကာ ကိုင်လာခဲ့သည်။ လည်သာ tan ရောင် ဒေါက်မြင့် ကြိုးသိုင်းက လေး။ ခြေဖမိုးမှာ ကြိုးတွေ ယှက်သိုင်းထားပုံက ပင့်ကူအိမ်ကလေးသဖွယ်။

“ကျွန်တော့်ကို ဖိနပ်ကလေးတစ်ရန်လို စီးသွားမယ်ဆိုရင်တောင် ကျွန်တော် ကျေနပ်တယ် ဆိုတဲ့ သဘောပါ၊ ကျွန်တော် ဒီနေ့ကစပြီး အိန်ဂျယ်လ်နဲ့ တွေ့တိုင်း ဖိနပ်ကလေးတစ်ရန် လက်ဆောင်ပေးသွားဖို့ စိတ်ကူးထားတယ်၊ ကျွန်တော်တို့ တွေ့ဖြစ်ကြတဲ့ ရက်တွေကို ရေချင်ရင် ဖိနပ်ကလေးတွေနဲ့ ရေလို့ရအောင်လေ”

သူက နူးနူးညံ့ညံ့ကလေး ပြောလိုက်သည်။ သူမက ပြုံးနေပါသည်။ ပြီးတော့ ချက်ချင်းပဲ သူမ စီးလာသော လည်သာရှူးအနက် ဒေါက်ချွန်ကလေးကို ချွတ်လိုက်ကာ သူ့ဖိနပ်ကလေးကို ချက်ချင်း ပြောင်းစီးလိုက်သည်။

“ကျွန်မက ဖိနပ်တွေကို ချစ်တယ်၊ ဖိနပ်တွေကို ဘီရိုတွေနဲ့ စုထားရတာ ၊ ကောင်းပြီ . . ၊ ဒီနေ့ကစပြီး ရှင့်ဖိနပ်တွေကို ကျွန်မ စ စုတာပေါ့ရှင်”တဲ့ ။ သူမ ပြောပုံကလေးက လိုက်လိုက်လျောလျော။ သူ့ကို ငေးကြည့်နေသော သူမ၏ မျက်ဝန်းတွေက ညှို့ရီလျက်။ သူမကိုလည်း လူတွေက သိထားပြီးသား။ သူမကို သူ အသည်းအသန် ကြွေနေမှန်း . . .ထိုပွဲကနေစတင်ပြီး လူသိရှင်ကြား ဖြစ်သွားရခြင်း ဖြစ်သည်။ သူကိုယ်တိုင် သူမအ တွက် စပ်ဆိုထားသော “ငါ့ရဲ့ လမင်း” ဆိုသော သီချင်းလေးကို သူ စတင်၍ မိတ်ဆက်ဆိုပေးခဲ့သည်။ သူ့အသံက သြရှရှ ချိုချိုနှင့် အဆွဲအငင်တွေ ကောင်းသည်။ ငါ့ရဲ့ လမင်းသီချင်းကို အသံအား ကောင်း ကောင်းနှင့် ညှို့မြှူသလို သူဆိုသွားခဲ့ကာ . . .ပရိသတ်၏ နှလုံးသားကို သိမ်းကျုံးဆွဲငင်နိုင်ခဲ့သည်။ သူမကို မျက်နှာကလေးကြည့်ပြီး ဆိုခွင့်ရသည့်အတွက် သူ ပို၍ ဈာန်ဝင်ကာ မုဒ်အပြည့်ခံစားလို့ရ သည်။ သူမ ကိုယ်တိုင်ရော၊ ပရိသတ်တွေကပါ ချက်ဆို နားခွက်ကနေ မီးတောက်ကြသည်။

“ကောင်းကင်မှာ လမင်းအမြဲမသာနိုင်ဘူး ဆိုပေမယ့် လမင်းရှိရာဆီ ငါ မော်ဖူးဖို့ အပြေးလိုက် ခဲ့မှာ ၊ ငါ့ကို ရူးပြီလို့ စွပ်စွဲစမ်းပါ၊ ငါ ရိုးသားစွာ ပဲ ရူးလိုက်တော့မယ် လမင်းရယ်၊ ငါ့ရင်ခွင်ထဲ အမြဲသာ နေပေးပါ . . . .လမိုက်ညတွေ ငါမလိုချင်၊ အတွေးနဲ့ တောင် ငါ ရင်နင့်ချင်”

ဟု လှိုက်မောစွာ သီဆိုရင်း သူမထံမှာ သူ ဘယ်လောက်တောင် ပျော်ဝင်ကျဆုံးသွားခဲ့မိမှန်း သူ ကျေကျေနပ်နပ်ပင် သိခွင့်ရလိုက်သည်။ ချစ်ခြင်းဆိုသောဝေဒနာကို သူ့ရင် တစ်ခုလုံး ပြည့်မောက်လျှံ ကျတဲ့အထိ အစွမ်းကုန် သူ ခံစားဖူး ကြည့်ချင်သည်။ သူ့နှလုံးသားက ချစ်နိုင်သ၍ စွမ်းအင်အကုန် သုံး ပြီး သူမကို အစွမ်းကုန် ချစ်ပစ်လိုက်ချင်သည်။ အရမ်းချစ်မိရင် . . . ရူးတတ်တယ်ဆိုရင်တောင် သူ ကျေနပ်စွာ ပဲ ရူး ချင်ပါသည်။

++++


သူမတို့ခြံထဲမှာ ကံ့ကော်ပင်ကြီးတစ်ပင် ရျိသည်။ အဲဒီ အပင်ကြီးက သူမ၏ အခန်းလသာ ဆောင်နားမှာ အကိုင်းအခက်တွေဖြာဝေစွာ ရှိသည်။ သူက ခြံစောင့်နှင့် ပေါင်းထားပြီးသားမို့ ကြည်စေ အေးစေပဲဖြစ်သည်။ ကားကို ခြံဝမှာ ရပ်ထားခဲ့ကာ သူ ကံ့ကော်ပင်ပေါ်သို့ တတ်သည်။ လက်ထဲမှာ mobile တစ်လုံးနှင့်။ မြရိပ်ညိုပွဲပြီး နောက်တစ်ရက်မှာ သူမနှင့်မဆုံဖြစ်။ မနက်ပိုင်း သူ နှစ်နှစ်ခြိုက် ခြိုက်အိပ်မောကျသွားခဲ့တာကြောင့်လည်း ဖြစ်သည်။ အိပ်ရာကနိုးတော့ သူ အကြံပေါ်လာသည်။

သူမဆီ e-mail လှမ်းရိုက်ပြီး သူမ၏ mobile နံပါတ် လှမ်းတောင်းလိုက်သည်။ သူကလည်း အနုပညာသမားပီပီ သူမကို အသစ်အဆန်းကလေးတွေပဲ ကျွေးချင်စိတ်ရှိတာကြောင့် ဒီစိတ်ကူးကို အကောင်အထည်ဖော်ခဲ့ခြင်းလည်း ဖြစ်သည်။

ပထမ အစီအစဉ်ကတော့ ကားပေါ်ကနေပဲ ဖုန်းပြောဖို့ ပါ။ ဒါပေမယ့် သူမ အခန်းရှေ့မှာ ကံ့ကော်ပင်ကြီးတစ်ပင် ရှိတာကို အင်တာဗျူးလုပ်တဲ့နေ့ကတည်း က သူ သတိထားမိခဲ့ခြင်းဖြစ်သည်။

သူက သစ်ပင်တတ်တာ ကျွမ်းပြီးသား။ ကံ့ကော်ကိုင်းတစ်ခုပေါ်မှာ အကျအနထိုင်လို့ရပြီဆိုမှ သူမဆီ ဖုန်းခေါ်လိုက်သည်။ သူမ အခန်းကို တည့်တည့် သူမြင်နေရပြီ။ သူမကိုသာ မတွေ့သေးတာ

“ဟယ်လို . . .”

“အိန်ဂျယ်လ် . . .ကျွန်တော်ပါ ၊ အိန်ဂျယ်လ် ဘာလုပ်နေလဲ”

“ကျွန်မ အိပ်တော့မလို့လေ၊ မနေ့ညက ရှင့်ပွဲကို အားပေးထားရတာ အိပ်ရေးပျက်ထားလို့ ဒီည စောစော အိပ်မလို့”

“မအိပ်ပါနဲ့ ဦး အိန်ဂျယ်လ်ရယ်၊ ကျွန်တော်နဲ့ စကားနည်းနည်းပြောပေးပါ၊ အိန်ဂျယ်လ် . . လသာဆောင်ကလေးဆီ ထွက်ခဲ့ပေးပါလား”

“သြော် . . .ရှင်က ကျွန်မကို မြင်ရတာ ကိုး၊ ကောင်းပါပြီရှင်၊ . . .ကဲ . . . ထွက်ခဲ့ပြီ၊ ကျွန်မ လသာဆောင်မှာ ရောက်နေပြီ၊ ဟော . . .ရှင့်ကားမှာ လား ခြံရှေ့မှာ ရပ်ထားတာ ၊ ရှင် ခြံရှေ့ရောက် နေတာကိုး၊ မြင်ရလား ကျွန်မကို”

“မြင်ရတာ ပေါ့ အိန်ဂျယ်လ် . . .လှလိုက်တာ အိန်ဂျယ်လ်ရယ်၊ ကျွန်တော်တော့ ရင်တွေခုန်ပြီး ပြုတ်ကျတော့မယ်”

“ပြုတ်ကျတော့လည်း ပြန်ကောက်လိုက်ပေါ့ရှင် . . ဟယ်တော့ . . .ကြည့်စမ်း ရှင်က ကံ့ ကောင်ပင်ပေါ်မှာ ကိုး၊ အိုး . . .ရှင် တော်တော် အတင့်ရဲပါလားဟင်၊ ခြံစောင့်မသိဘူးလား”

သူမက သူ့ကို မြင်သွားကာ အံ့သြသွားဟန်ကလေးဖြင့် ရယ်ရွှင်သွားလေသည်။ သူ တကယ်ပဲ ရင်တွေ ခုန်လာသည်။ သူမ၏ အလှက တကယ့် ကပိုကရိုကလေး။ ဆံနွယ်တွေက ကျောလည်မှာ လွတ်လပ်စွာ လွင့်မျောလို့။

ညအိပ်ဝတ်ဂါဝန်ကလေးက ကြိုးတစ်ချောင်း ပိုးဂါဝန်ပျော့ပျော့အိအိက လေး။ မျက်နှာကလေးက လမင်းတစ်စင်းလို ၀င်းပဖူးအိနေသည်။

“ကျွန်တော်နဲ့ အပေးအယူလုပ်ထားတာပေါ့ အိန်ဂျယ်လ်ရယ်၊ အဲဒါက အရေးမကြီးပါဘူး၊ ကျွန်တော်က လမင်းရှိရာဆီ မော်ဖူးဖို့ အပြေးလိုက်ခဲ့မယ့်သူပါ . . ”

“ပြောတာ့ ပြောတော့ . . . ရှင်က သီချင်းတောင် ရေးနေမှတော့ စကားတတ်တာလည်း မထူးဆန်းတော့ပါဘူး၊ ထူးထူးဆန်းဆန်းရှင် . . .ဖုန်းဆက်တာများ သူများ အိမ်ရှေ့က ကံကော်ပင်ထိ လာတတ်ပြီး ပြောရသတဲ့၊ ရှင့်ကိုယ်ရှင် ရိုမီယိုများ မှတ်နေသလားဟင်”

“အာ . . . ကျွန်တော် ရိုမီယို မဖြစ်ချင်ပါဘူး၊ ကျွန်တော် ချစ်တဲ့သူနဲ့ ပေါင်းပဲ ပေါင်းချင်တာ၊ သေကွဲ မကွဲချင်ဘူး၊ အဲဒီ ရိုမီယိုက တကယ်တုံးတာ၊ ခဏလေးသာ စောင့်လိုက်ရင် ဂျူးလိယက်နိုးလာ မယ့်ဥစ္စာကို၊ ကျွန်တော်သာဆိုရင်တော့ စောင့်မှာ ”

“အို . . .ရှင်က ဘာဖြစ်မယ်ဆိုတာကို ကြိုသိထားတာကိုးရှင့် ၊တကယ့်ဘ၀ထဲမှာ ကြိုမမြင်နိုင် တဲ့ အပြောင်းအလဲတွေ လှည့်ကွက်ကလေးတွေရှိတယ် ထင်တယ်လေ၊ ရှင်က စောင့်တိုင်း ဆုံရလိမ့် မယ်လို့ တရားသေတွက်ထားမလို့လား”

သူမက လသာဆောင် လက်ရန်းပေါ်မှာ တံတောင်ဆစ်ကလေး ထောက်ထားရင်း သူ့ဆီ လှမ်းကြည့်ကာ ညှို့ပြုံးကလေးနှင့် ပြောနေခြင်းဖြစ်သည်။

“ကျွန်တော်က မစောင့်ပါဘူး၊ ကျွန်တော်က လိုချင်တာကို ရအောင်ယူမှာ ပေါ့”

“မရနိုင်ဘူးဆိုရင်ကော . . .”

“ဘာဖြစ်လို့ မရနိုင်ရမှာ လဲ . … ညှိယူမှာ ပေါ့၊ မဖြစ်နိုင်ဘူးဆိုတဲ့ အရာတွေ ဖြစ်နိုင်လာအောင် ကျွန်တော် ကြိုးစားပြီး ညှိမှာ ပေါ့”

“ထားလိုက်ပါတော့လေ . . .အဲ . . . .ရှင် သတိလည်း ထားဦးနော်၊ ပြုတ်ကျနေဦးမယ်၊ ကဲ . . .ရှင်ပြန်တော့လေ၊ ကျွန်မ အိပ်တော့မယ်”

“မနက်ဖြန် ကျွန်တော် အိန်ဂျယ်လ့်ကို တွေ့ချင်တယ်ဗျာ၊ ဘယ်မှာ လာတွေ့ရမလဲဟင်”

“ဘာလုပ်ဖို့ တွေ့ချင်ရတာ လဲ”

“နှစ်ပတ်ဆိုတဲ့အချိန်တွေက တစ်ရက်ပြီးတစ်ရက် လျော့လျော့သွားတာလေ အိန်ဂျယ်လ်၊ အိန်ဂျယ်လ် ပြန်သွားပြီးရင် တစ်နှစ်လုံးလုံး ကျွန်တော် စောင့်ရတော့မှာ ၊ တွေ့ခွင့်ရသမျှ အချိန်ကလေးတွေကို ကျွန်တော် အရမ်း မက်မောပါတယ်၊ တန်ဖိုးထားပါတယ်၊ ကျွန်တော့်အတွက် ပျော်စရာကောင်းတဲ့ moments ကလေးတွေကို ရနိုင်သ၍ ကျွန်တော် စုစုထားချင်တယ်၊ ခံစားခွင့်ရ သ၍ ကျွန်တော် ခံစားချင်လို့ပါ၊ တစ်ချိန်ကျတော့ ဒီ monents ကလေးတွေက အလွမ်းတွေအဖြစ် ပြောင်းသွားတော့မှာ လေ”

သူ့ရင်ထဲက ခံစားရတဲ့အတိုင်း ရိုးသားနက်နဲစွာ ပြောလိုက်မိသော ထိုစကားတွေက သူမ၏ ရင်ကိုလည်း အတိုင်းအတာတစ်ခုအထိတော့ ထိမှန်စေပုံရပါသည်။ သူမ ဖျတ်ခနဲ ငြိမ်သက်သွားသည်။

“ကျွန်မက အလွမ်းဇာတ်မကြိုက်ဘူးနော်၊ ကြိုပြောထားတာ၊ ကျွန်မ မခံစားချင်ဘူး၊ လူ့ဘ၀ ဆိုတာ တိုတိုလေး၊ လူဖြစ်ခွင့်ရတဲ့ ခဏကလေးမှာ စိတ်ချမ်းသာတာကိုပဲ လိုချင်တယ်၊ သံယောဇဉ် တွေနဲ့ အစွဲအလမ်းတွေလည်း မကြီးချင်ဘူး သိလား၊ ဒါကြောင့် ကျွန်မပြောခဲ့ဖူးတာ လှပတဲ့အချစ် တစ်ခုတော့ လိုချင်တယ်လို့၊ ထားပါတော့လေ၊ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ရေစက်ပါမှ ဆုံခွင့်ရှိတာပါ၊ ခင်မင်မှု ဆိုတာကလည်း ဒီလိုပဲ တည်ဆောက်ယူရတာ ၊ ဘယ်လောက်ထိခိုင်မာရှင် သန်လာမလဲဆိုတာ ကျွန်မတို့ကြိုမသိနိုင်ဘူးလေ၊ ဘ၀ဆိုတာ ကြိုဖတ်ခွင့်မရတဲ့ စာမျက်နှာတွေနဲ့ ဖွဲ့စည်းထားတာ၊ တစ်နေ့မှာ ရှင်ဟာ ကျွန်မဘ၀ရဲ့ သိပ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်လာရင် လည်း ဖြစ်လာမယ်၊ ဒါမှမဟုတ် ကိုယ့်လမ်းကိုယ်ဆက်လျှောက်နေကြမယ့် သာမန်မိတ်ဆွေတွေလည်း ဖြစ်ချင်ဖြစ်နေနိုင်တာပဲ”

“ကျွန်တော်ကတော့ အဲဒီ လိုမထင်ဘူး အိန်ဂျယ်လ်၊ တစ်နေ့နေ့မှာ ကျွန်တော်တို့နှစ် ယောက်ဟာ တစ်ယောက်မရှိရင် မဖြစ်လောက်အောင် လိုအပ်ကြတဲ့ တစ်ယောက်ဘ၀အတွက် အရေးပါတဲ့ တစ်ယောက်တည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ”

“အဲဒါတော့ ရှင် ရှင့်ဘက်ရှင်ယက်ပြီးတော့ ပြောတာလေ၊ တော်ပြီ . . . .တော်ပြီ . . ..ရှင် ဆင်းတော့၊ ပြုတ်ကျတော့မယ်၊ ဒီ့ထက်ဒိုင်တွေ ပြင်းထန်လာရင်၊ မနက်ဖြန် နေ့လည်စာ အတူတူစား ကြတာပေါ့၊ ကျွန်မ Tokyo Bar မှာ ဆူရှီ သွားစားမလားလို့၊ နေ့လည် ၁၂ နာရီလောက်လေ”

“စိတ်ချ . . . ကျွန်တော် လာခဲ့မယ်၊ ဂွတ်(ဒ်)နိုက်(ထ်) အိန်ဂျယ်လ်”

“ဂွတ်(ဒ်)နိုက်(ထ်)ပါရှင် . . . .”

သူမက သူ ဆင်းတာကို စောင့်ကြည့်ပြီးတော့မှ အခန်းထဲ ပြန်ဝင်သွားခဲ့သည်။ သူ့မှာ တော့ စက္ကန့်နဲ့ အမျှ ရောဂါတွေ တိုးပြီးရင်း တိုးလာခဲ့သည်။

အခန်း(၃)

ဂျပန်ဆိုင်ကလေးထဲမှာ ထူးထူးခြားခြား သူနှင့်သူမ နှစ်ယောက်တည်းသာရှိသည်။ ဂျပန် သီချင်းသံတိုးတိုးကလေး ဖွင့်ထားရုံမှ အပ ငြိမ်သက်ငြိမ်းချမ်းလှသည်။ သူက သူ့လက်ဆောင် ဖိနပ် လှလှကလေးတစ်ရန်ကို သူမ ခြေထောက်ရှေ့သို့ ချပေးလိုက်တော့ သူမက လှပစွာ ပြုံးကာ ဖိနပ်က လေးကို ချက်ချင်းလဲစီးပါသည်။ ခြေ ဖမိုးကျောက်တန်းကလေးတွေ စီထားသော ဒေါက်ချွန်ချွန် ဖိနပ်ကလေးကေ သူမစီးလိုက်တော့မှ ပိုပြီး လှပပြည့်စုံသွားသလို

“ရှင် ၀ယ်လာတဲ့ ဖိနပ်ကလေးတွေက အရမ်းဆန်းတာပဲ မှော်၊ ရှင်က ဖက်ရှင်မျက်စိကို ရှိတာ၊ နောက်ဆို ရှင့်ကို ကျွန်မရဲ့ ဒီဇိုင်နာ ခန့်ရမယ်”

“ခန့်ပါဗျာ ….. မျှော်လင့်လျက်ပါ။ ကျွန်တော် အိန်ဂျယ်လ့်အတွက် ဆံစကနေ ခြေဖျားအထိ အကုန် တာဝန်ယူပေးမယ်”

“တကယ် . . . ”

“တကယ်ပြောတာပါ . . .ကျွန်တော်က ယောက်ျားလေးဆိုပေမယ့် မိန်းကလေးတစ်ယောက် ကို ဘယ်လို ဒီဇိုင်းဆင်ပေးလိုက်ရင် မြောက်သွားမလဲဆိုတာ သိတယ်၊ အိန်ဂျယ်လ်ကြော်ငြာနေတဲ့ ဒီဇိုင်းနာကုမ္ပဏီတွေ သေသင့်တယ် ဖြစ်သွားလိမ့်မယ်”

သူမက သဘောကျစွာ ရယ်မော၍ မဆုံး။

“ဒီကပြန်ရင် ကျွန်မ ဂျင်း(န်)ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်ရမယ်၊ ကဲ . . .ပြောပါဦး၊ ကျွန်မ ဘယ်လို ဒီဇိုင်းမျိုးထွင်ရမလဲ”

“ဆံပင်တွေကို အညိုဖျော့ဖျော့တွေ ပြောင်းပစ်လိုက်ပေါ့ အိန်ဂျယ်လ်၊ ဒီအတိုင်း ပခုံးပေါ်လွှင့် ပြီး ၀ဲကျနေတဲ့ ဆံနွယ်အခွေ ခပ်ကြဲကြဲကလေးတွေက အိန်ဂျယ်လ့်ကို ပိုပြီး sexy ဖြစ်စေတယ်၊ ပြီး တော့ အိန်ဂျယ့်လ် ဘော်ဒီက ဂျင်းန် ပဲန် Slim fit အကြပ်ကလေးတွေနဲ့ ပိုမိုက်တယ်၊ ဂျင်း(န်)ကို ဒေါက်ချွန်ချွန်မြင့်မြင့်ကလေးနဲ့ စီးရင် တစ်မျိုးဆန်းတယ်၊ အပေါ်က ရှပ်အင်္ကျီ ကိုယ်ကြပ်ခါးအတိုမျိုး အဖြူရောင် တောက်တောက် ချည်သားလိုပါးပြီး ဖျော့တာမျိုးပေါ့၊ မျက်လုံးနဲ့ နှုတ်ခမ်းတွေက အိန်ဂျယ်လ်ကောင်းကောင်း လုပ်တတ်ပါတယ်”သူ စိတ်ပါဝင်စားစွာ မှန်းဆကြည့်ပြီး ပြောတာကို သူမက ခေါင်းတညိတ်ညိတ်နှင့် နားထောင် သည်။

“မဆိုင်းပါဘူး၊ ရှင့်မှာ Idea လေးတွေရှိသားပဲ၊ ဟိုမှာ က ကြော်ငြာအတွက်ရိုက်ရင် studio ထဲမှာ ဖြစ်ဖြစ် outdoor ဖြစ်ဖြစ်ပေါ့။ ရိုက်ရင် သူတို့က လှုပ်ရှားနေတဲ့ Action ကို ယူတာ၊ Studio ထဲမှာ ဆိုရင်လည်း ရိုက်ရင်း သီချင်း ခပ်မြူးမြူးတွေ ဖွင့်ပေးထားတယ်၊ ကျွန်မကို က ခိင်းတာမျိုး၊ နေချင်သလို pose မျိုးစုံ လျှောက်လုပ်ခိုင်းတယ်၊ အဲဒါတွေကိုပဲ သူတို့က တဖျပ်ဖျပ်နဲ့ အမိအရ ရိုက်သွားတာ၊ သီချင်းရဲ့ mood က မျက်နှာမှာ လာဟပ်တတ်တယ်လေ၊ သူတို့က အရှင်ဖြစ်တာကို ပိုကြိုက်တယ်၊ သဘာဝကျတဲ့ဟာမျိုးပေါ့၊ အက်တင်လုပ်နေတာမျိုး မဟုတ်ဘူး”

ဆူရှီစားရင်း သူမက အတွေ့အကြုံကလေးတွေ ပြောပြသည်။ သူကလည်း အဆိုတော်ဘ၀ အတွေ့အကြုံကလေးတွေ၊ ရယ်စရာအဖြစ်အပျက်ကလေးတွေ လျှောက်ပြောပြသည်။အတူတူရယ် မောမိကြသောအခါ နှစ်ယောက်သားပို၍ ရင်းနှီးလာသလို ခံစားရပါသည်။ အချိန်တွေ အကုန်မြန်သွား တတ်တာကိုပဲ သူ စိတ်တိုသည်။ သူမက ဘယ်လောက်ပဲ စကားကောင်းနေနေ သူမ ပြန်ချင်လျှင် ချက်ချင်းစကားဖြတ်ပြီး နှုတ်ဆက်ထ ပြန်တတ်သောအကျင့်ရှိသည်။ သူ သတိထားမိသလောက် တစ် နာရီထက်ပိုပြီး ဘယ်တော့မှ မနေတတ်။

“စားရင်းသောက်ရင်း စကားပြောတာကို တစ်နာရီထက်ပိုပြီး ဘယ်တော့မှ ပိုမသုံးဘူး မှော်၊ အချိန်တွေက တန်ဖိုးသိပ်ရှိတယ်၊ ကုန်သွားပြီးမှ ပြန်လိုချင်လို့ မရဘူးလေ၊ ကျွန်မမှာ လုပ်စရာတွေက အများ ကြီးရှင့်”

ဟု သူမက ပြောခဲ့သည်။ အရာရာကို စည်းစနစ်တကျ၊ အချိန်အတိအကျဖြင့် လိုက်နာကျင့် သုံးတတ်သော အကျင့်ကလေးကိုတော့ သူ သဘောကျပါသည်။ သူကတော့ သူမအတွက်ဆို အချိန် တွေ ဘယ်လောက်ပဲ ပေးထားရ၊ ပေးထားရ ရက်ရက်ရောရောပင် ပေးထားချင်သူဖြစ်သည်။ ဒါပေမယ့် သူမက သူနှင့်အတူ ရှိနေချိန်မှာ တော့ အပြည့်အ၀ ပျော်ရွှင်ရယ်မောတတ်ပါသည်။ နှုတ်ဆက်ပြီး လမ်းခွဲသွားခဲ့လျှင်လည်း ပြန်ပြီး လှည့်မကြည့်တော့။ သူမနောက်က တကောက်ကောက် လိုက်တာကို လည်း မကြိုက်ကြောင်း ပြောပြထားခဲ့ပြီးသားမို့ တသသဖြင့် ခံစားခဲ့ရသော ဖီလင်ကလေးတွေကို သု တဆီမှာ မျှဝေစားမြှုံ့ပြန်ရင်း သူ ကျေနပ်ရောင့်ရဲရပါသည်။

*


တစ်ရက်ပြီးတစ်ရက် သူ့အတွက်တော့ မယုံနိုင်လောက်အောင် တိုတောင်းလျှင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ သူရင်မဆိုင်ချင်ဆုံးအချိန်သည် ခဏလေးနှင့် ရောက်လာခဲ့သည်။ နှစ်ပတ်ဆို သော အချိန်သည် သူနှင့် သူမအကြား ခင်မင်မှု တံတားကလေးတစ်ခုတော့ တည်ဆောင်နိုင်ခွင့် ရှိခဲ့ သည်။ သို့ပေမယ့် သူ့နှလုံးသားတစ်ခုလုံးကို သိမ်းကျုံးဆွဲငင်လွှမ်းမိုး ထားနိုင်စွမ်းရှိသော ထိုမိန်းက လေးကို သူ ဘယ်လောက် အရူးအမူး ဖြစ်နေမိကြောင်း ပြောပြခွင့်တော့ မသာခဲ့။ သူမက ပါးနပ်ကျွမ်း ကျင်သူတစ်ယောက်မို့ သူ့ရဲ့ တွယ်တာရူးသွပ်မှု ကို ရိပ်မိမှာ ပါ။

မနက်ဖြန် သူမ ပြန်တော့မည်ဆိုလျှင် ဒီညကလေးကို သူတစ်ယောက်တည်း မကုန်ဆုံးချင် တော့သည့်အတူ သူမ ခြံရှေ့မှာ ကားထိုးရပ်ပြီး ကားခေါင်မိုးပေါ် တက်ထိုင်ကာ သူ သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဆိုရင်း သူမကို ရွှေနားတော် သွင်းနေခဲ့မိသည်။ သူမက သူ့ monile ကို လှမ်းခေါ် ကာ . . .

“ရှင့်သီချင်းလေးတွေက အရမ်းနားထောင်လို့ကောင်းတယ် မှော်၊ ရှင့်ကို ကျွန်မ သတိရနေမှာ ပါ၊ online မှာ တွေ့တာပေါ့၊ ရှင် အိမ်ပြန်တော့နော်၊ ကျွန်မ အိပ်တော့မလို့”

“အိန်ဂျယ်လ် အနှောင့်အယှက် မဖြစ်ဘူးဆိုရင် ကျွန်တော် ဒီတစ်ညလုံး နေချင်ပါတယ်”

“ဘာအတွက်လဲ မှော် . . .”

“ဒီနေရာကနေ အငွေ့အသက်ကလေးတစ်ခုကို တစ်ညလုံး ကျွန်တော် ခံစားချင်လို့ပါ၊ အိန် ဂျယ်လ် အိမ်ထဲမှာ ရှိနေတယ်၊ ကျွန်တော်က အပြင်ကနေ စောင့်ကြည့်နေတယ်ဆိုတဲ့ အသိကလေး ပေါ့”

“အဲဒီ လိုလုပ်ဖို့ လိုသလား မှော်၊ အဲဒါ ဘာအဓိပ္ပာယ်လဲ”

“ကျွန်တော့်ရဲ့ လမင်း အဝေးကို သွားတော့မယ်လေ၊ ဒီတစ်ညကလေးပဲ ကျွန်တော့်လမင်း သာတဲ့ညကို ကျွန်တော် ခံစားခွင့်ရှိတော့မှာ လေ၊ တစ်ညလုံး မအိပ်ဘဲ လမင်းကို ခံစားခွင့် မရှိရဘူး လား”

“ကဲ . . .ရှင့်သဘော၊ ရှင့်သဘော၊ မနက်ဖြန်တော့ လေဆိပ်ကို မလိုက်တော့ဘူးမှလား”

“ကျွန်တော် လိုက်ဖြစ်အောင် လိုက်မှာ ပါ”

သူမ ခပ်တိုးတိုး ရယ်ကာ ဖုန်းချသွားခဲ့သည်။ နှလုံးသား၏ လိုအင်ဆန္ဒအတိုင်း သူ တစ်ညလုံး မအိပ်ဘဲ သူမ ခြံရှေ့မှာ ရှိနေခဲ့တာ . . .နောက်တစ်ရက်မှာ သူမကို လေဆိပ်အထိ လိုက်ပို့ခဲ့သည်။ တစ်နှစ်ဆိုသောအချိန်ကို သူ ဘယ်လို လုပ်ပြီး စောင့်ရမည်နည်း။ သူမကို လွမ်းတဲ့အခါ ၊ တွေ့ချင်တဲံ အခါ သူ စင်္ကပူထိ ပြေးလိုက်သွားရမှာ လား။ မိန်းကလေး တစ်ယောက်ကို လွမ်းမောတမ်းတနေရတဲ့ နေ့ရက်များ စွာ ကို သူ ဖြတ်သန်းကုန်ဆုံးရမှာ လား။ သူ့ရင်ဘတ်ထဲမှာ တော့ သိသိသာသာကို ဟာကျ သွားခဲ့တာ အမှန်ပင်။

*


မျက်နှာချင်းဆိုင်အိမ်မှာ သူနေသည်ဆိုသော အသိတစ်ခုတည်းဖြင့်ပင် ဒီခြံနှင့် အိမ်ကလေး ကို နှစ်ချုပ်ငှားဖို့ ကကြိုး ဆုံးဖြတ်ခဲ့တာဖြစ်သည်။ ဖေဖေ နှင့် မေမေတို့ နေသော အင်းလျားလမ်းထဲက အိမ်မှာ မနေဘဲ သူငယ်ချင်းတွေစုပြီး လွတ်လပ်စွာ နေချင်တာကြောင့် စပ်တူစုငှားခဲ့ခြင်းဖြစ်သည်။ မိဘ တွေကလည်း သဘောမတူစရာ မရှိ။ စင်္ကာပူအထိတောင် ကောင်းသွားတတ်ခဲ့ပြီးမှ ပြန်လာကြသူတွေ ဆိုတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်လွတ်လပ်စွာ ရပ်တည်တော့မည့် သမီးတွေကို ထိန်းချုပ်တား နိုင်စွမ်းလည်း မရှိတော့။ ကကြိုးက ပထမဆုံး ပြင်ဆင်သည်မှာ စင်္ကာပူကနေ ၀ယ်လာခဲ့သော Helios Solid Brass telescope ကြီးကို အခန်းထောင့်ရှိ ပြတင်းပေါက်တည့်တည့်မှာ စတင်၍ တပ်ဆင်ချိန် ကြည့်နေခြင်းဖြစ်သည်။

“ဟား ဟား . . . သူများ တွေက ကြယ်တွေကို ကြည့်တာ၊ ငါကတော့ ငါ့ရဲ့ လမင်းလေးကို ဒီမှန် ပြောင်းနဲ့ ချောင်းရမှာ ပါလား၊ ဟဲ့ ဟဲ့ . . .ပေါ်လာပြီ ပေါ်လာပြီ၊ သူ ရှိနေတယ်တော့ ၊ ဘုရားရေ . . ငါ ဘယ်လောက်ကံကောင်းလိုက်သလဲ၊ အဲဒါ သူ့ရဲ့ အခန်းပဲထင်တယ်၊ သူ ဂစ်တာတီးနေတယ်၊ မဟုတ်ဘူး . . .သီချင်းရေးနေတာ ထင်တယ်၊ ဟော . . . သူ့ဘေးမှာ ငတိတစ်ပွေရှိတယ် ဆရာ၊ သူ့ သူငယ်ချင်း ထင်တယ်၊ ဟေ့ . . .ရှင်တို့ထဲ ဘယ်သူတွေ စိတ်ဝင်စားသေးလဲ၊ ဒီတစ်ယောက်လည်း မဆိုးဘူး ဆရာ၊ သားသားနားနားပဲ”

“မီ မီ . . . ”

သုံးယောက်သား လက်ဖ၀ါးတွေ မြှော က်ထောင်ပြီး အပြေးအလွှား အလုအယက် ၀ိုင်းအုံလာ ကြကာ တိုးဝှေ့လုယက်ပြီး ကြည့်ကြသည်။

“ဟဲ့ . . . သူ့ကို ငါသိတယ်၊ facebook မှာ ငါနဲ့ သူငယ်ချင်းဖြစ်နေတဲ့ တစ်ယောက်ပါ၊ သူ့ကို ငါ ကောင်းကောင်း မှတ်မိတာပေါ့၊ chatting တက်တက်လာတဲ့ တစ်ယောက်၊ နေဦး . . .သူ့နာမည် က ဘာပါလိမ့် ၊ သုတ …သုတပြည့်စုံ ဟုတ်တယ်၊ ဒီဘဲလေး အမိုက်စားလေးဆိုပြီးတော့ ငါ မှတ်မိနေ တာ၊ ကြည့်စမ်း လက်စသတ်တော့ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါလား၊ ငါ့သူငယ်ချင်း အသည်းစွဲ ခိုက်နေတဲ့ မှော့်ရဲ့ သူငယ်ချင်းမှန်း သူက မပြောပါလား”

“ဟဲ့ . . . .ဒါက ပြောမလားဟဲ့၊ ဟောကျာ်းလေးတွေရဲ့ အထာကို နင် မသိဘူးလား၊ မှော့်ကို ဖွင့်ပြောလိုက်ရင် နင်က မှော့်ကို ပိုပြီး စိတ်ဝင်စားသွားမှာ ပေါ့၊ အဲဒါဆို သူ့ စားကျက်အလိုလို ပျောက် သွားတော့မှာ ပေါ့၊ မှတ်ထား . . . ဘဲတွေက သူတို့မှာ သူတို့ထက် ပိုပြီးသာတဲ့ သူငယ်ချင်းမျိုးရှိရင် ဒိုင်လျှိုကလေးလုပ်ထားတတ်တာ သဘာဝပဲ၊ ကဲ . . . .ဘုံဘုံ၊ ရှင့်ရဲ့ သုတပြည့်စုံဆီက မှော့်ရဲ့ သတင်းအချက်အလက်တွေ အပြည့်အစုံ အစ်ထုတ်ဖို့က ရှင့်ရဲ့ တာဝန်ဖြစ်သွားပြီနော်၊ ရှင် ကြိုက်သလိုနည်းနဲ့ သာ ချဉ်းကပ်လိုက်၊ သူ ဘာကြိုက်လဲ၊ ဘာအထာတွေရှိလဲ၊ ဘယ်တွေသွားတတ် လဲ ၊ ဘာတွေလုပ်တတ်သလဲဆိုတာ ရှင်မေး၊ ကျွန်မတို့ သူ့အိမ်ရှေ့မှာ ရှိတယ်ဆိုတဲ့အချက်က လုံးဝ secret နော်၊ ပြီးတော့ သုတနဲ့ ကျွန်မကို မိတ်ဆက်မပေးနဲ့ ၊ လူချင်းလည်း မဆုံချင်ဘူး၊ သူ့ဆီက သတင်းတွေပဲ လိုချင်တယ်၊ သူနဲ့ သူငယ်ချင်း မဖြစ်ချင်သေးဘူး၊ ကျွန်မပြောတာ ပေါက်ရဲ့ လား”

“ပေါက်ပါ့ရှင် . . . ပေါက်ပါ့၊ ရှင်ကတော့ ဆရာမ ကြီး ပါပဲ ကကြိုးသွယ်၊ လုံးဝ စိတ်ချ Internet ၀င်ပြီး facebook ဖွင့်လိုက်တာနဲ့ သူ တက်လာနေကျ၊ သူ့ ပေါင်ပေါ်မှာ Laptop တင်ထားတယ်မှလား၊ သေချာတယ်၊ သူ online မှာ ရှိနေလိမ့်မယ်၊ ခဏလေး . . . ငါ internet ၀င်လိုက်မယ်”

ရွှေဘုံသာက သူ့ရဲ့ I phone ကလေးနှင့် ချက်ချင်း internet ၀င်နေသည်။ ဒီ အိမ်ကလေးကို ငှားတော့ Internet လည်း ချိတ်ထားသည်မို့ ကကြိုးတို့လို တစ်ချိန်လုံး net ၀င်နေသော net သရဲ တွေအတွက် အဆင်အပြေဆုံးဖြစ်သွားသည်။ connection လည်း သိပ်မဆိုး။ ခဏသာ စောင့်ရပြီး လိုင်းဝင်လာသည်။

“ဟဲ့ . . .ဘုံ၊ ရှင် သူ့အကြောင်း သုတဆီမှာ စုံစမ်းတာ မှော် လုံးဝ မသိစေနဲ့ နော်၊ သူ့ကို အရင် ပိတ်ထားဦး”

“အေးပါ . . .ငါ နပ်ပါတယ်ဟဲ့”

ရွှေဘုံသာတစ်ယောက် I phone တစ်လုံးဖြင့် အလုပ်ရှုပ်နေချိန် ကကြိုးက မျက်လုံးတွေကို မှန်ပြောင်းဆီကနေ မခွာမိ။ စင်္ကပူမှာ ကျောင်းတတ်နေခဲ့သော အချိန်တွေ အတွင်းမှာ သူ စပြီး နာမည် ကြီးနေပြီ။ သူ့ရဲ့ သီချင်းတွေအားလုံးကို အရူးအမူးစွဲလန်းခဲ့ကာ သူ့ရဲ့ ပိုစတာတွေ၊ ဓာတ်ပုံတွေ၊ မဂ္ဂဇင်းဂျာနယ်တွေထဲက အလှဓာတ်ပုံတွေအားလုံး ကကြိုး၏ အခန်းနံရံတွေမှာ အပြည့်ကပ်ထားခဲ့ သည်အထိ သူ့ကို အသည်းအသန် စွဲလမ်းငြိတွယ်ခဲ့သည်မှာ သာမန် အဆိုတော်တစ်ယောက်ကို crazy ဖြစ်ရုံသက်သက်မဟုတ်။ သူမ နှလုံးသား ဟိုးအတွင်းနက်နက်ထဲကနေ အသွေးအသား ရိုးတွင်း ချဉ်ဆီထဲကနေ စိမ့်နေအောင် သူ့ကို ချစ်နေခဲ့ခြင်းဖြစ်သည်။ “အရူးအမူး” ဆိုသော စကားလုံးကို သူနှင့်ကျမှ ကောင်းစွာ နားလည်ခံစားသိမြင်ခဲ့ခြင်းလည်း ဖြစ်သည်။ အခန်းဖော်တွေဖြစ်တဲ့ သူငယ်ချင်း တွေက ကကြိုးရဲ့ ရောဂါ အတိမ်အနက်ကို အသိဆုံး။ မြန်မာပြည် ပြန်ရောက်တော့ သူ့အိမ်နှင့် မျက်နှာချင်းဆိုင်ကို ကံကောင်းတိုက်ဆိုင်လွန်းစွာ ငှားနိုင်ခဲ့တာကိုပဲကြည့်။ နေချင်တာကတော့ သူနှင့် အနီးဆုံးမှာ ပေါ့။ မျက်နှာချင်းဆိုင် အိမ်ကလေးကို ရလိုက်တော့လည်း အတိုင်းထက်အလွန်ပေါ့။

ကကြိုးတို့လေးယောက်စလုံး မြန်မာပြည် ပြန်လာကြခြင်းရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ ပြည်မှာ ပဲ စီးပွားရေးလုပ်ငန်းတစ်ခု စပြီး တည်ထောင်ကြဖို့ စိတ်ကူးနှင့် ဖြစ်သည်။ ခုလောလောဆယ် တော့ ဖက်ရှင်ရှော့(ပ်)ကလေးတစ်ခု အပျံစားပြင်ဆင်ဖွင့်ကြဖို့ စိတ်ကူးကြသည်။ တတ်ခဲ့သော ကျောင်းက MBA ။ ဖွင့်ချက်တာက ဖက်ရှင်ဆိုင်ဆိုတော့ ဘာမှတော့ မဆိုင်။ ကကြိုးတစ်ယောက်သာ ဖက်ရှင်ဒီဇိုင်နာကျောင်းတတ်ခဲ့သူမို့ တော်ပါသေးသည်။ ဒါပေမယ့် MBA သမားတွေမို့ Management Plan ကို ကောင်းကောင်း ဆွဲနိုင်ပါလိမ့်မည်။ သူမတို့ ဆိုင်ဖွင့်ဖို့ နေရာလည်း ကြည့် ထားပြီးပြီ။ ဆိုင်ခန်းအပြင်အဆင်ကို ဆန်းသစ်လှပနေအောင် ပြင်ဆင်ဖို့ Interior Decorator နှင့် လည်းတိုင်ပင်ထားပြီးသား။ ဟိုက ပြန်လာကတည်းက ပစ္စည်းတွေ တော်တော်များများ စုံနေအောင် ၀ယ်လာခဲ့ပြီးသားမို့ ဆိုင်ဖွင့်ဖို့က အဆင်သင့်။ အင်္ကျီ၊ ဘောင်းဘီ၊ စကပ်၊ ဖိနပ်၊ ခါးပတ်၊ မျက်မှန်၊ လက်ကိုင်အိတ်တွေအပြင် မိန်းကလေးတွေသုံး accessories တွေ အကုန် သယ်လာခဲ့ကြသည်။ လေး ယောက်သား လုပ်ငန်း စဖို့ တက်ကြွထက်သန် နေကြတာက တစ်ကဏ္ဍ။ ကကြိုး၏ နှလုံးသားရေးရာ က တစ်ကဏ္ဍစီ ဖြစ်သည်။

ရွှေဘုံသာတစ်ယောက် အတော်လေးကြာအောင် chatting ထိုင်လုပ်နေခဲ့ပြီး ချက်ချင်း ဘာမှ မပြော။ ညနေဘက်ကကြိုးတို့ လေးယောက် ညနေစာ ထွက်စားကြတော့မှ ဆိုင်ထဲမှာ စကားစခြင်း ဖြစ်သည်။

“ရှင်တော့ တကယ်ကြွေပြီ ကကြိုး”

“ဘာဖြစ်လို့ . . .”

ရွှေဘုံက ကကြိုးကို ခပ်ဆဆ ကြည့်ရင်း ပြောဖို့အရေးကို တွန့်ဆုတ်နှောင့်နှေးနေသဖြင့် ကကြိုးက စိတ်မရှည်သလို မျက်မှော င်ကြုံ့ထားရင်း ရွှေဘုံသာ့ကို စိုက်ကြည့်နေသည်။

“မှော်က မိန်းမတစ်ယောက်ကို အသည်းအသန် ကြွေနေတာတဲ့ ဆရာ၊ အဲဒီ မိန်းမက ဘယ်သူ များ မှတ်သလဲဟင်”

“ဘာ . . . ဘယ်သူလဲ”

ကကြိုး အလောတကြီး မေးလိုက်မိသည်။

“စင်္ကာပူမှာ နင်နဲ့ အရမ်းတူတယ်ဆိုတဲ့ မော်ဒယ်လ်လေး အိန်ဂျယ်လ်မေပေါ့ . . .၊ သူက အိန်ဂျယ်လ်မေလို့ ပြောလိုက်တာနဲ့ ငါက နင့်ကိုပဲ တန်းခနဲ မြင်လိုက်မိတော့တာ”

“အိန်ဂျယ်လ်မေက စင်္ကာပူမှာ နေတဲ့ဥစ္စာ၊ သူနဲ့ ဘယ်လိုလုပ်ပြီး တွေ့ကြတာလဲ”

“ဟိုက တစ်နှစ်တစ်ခေါက် ပြန်လာတတ်တယ်တဲ့၊ သူ ပြန်လာတဲ့ တစ်လအတွင်းမှာ မှော်က တစ်နေ့မတွေ့ရရင် မနေနိုင်ဘူးတဲ့။ နေ့တိုင်း သွားသွားတွေ့တယ်၊ မှော်က အရူးအမူးကို ကြွေတာ နော် . . . နင်က မှော့်ကို ကြွေသလိုမျိုးပေါ့၊ အိန်ဂျယ်လ်မေနဲ့ တွေ့တိုင်း မှော်က ဖိနပ်ကလေးတွေ လက်ဆောင်ပေးတတ်တာရော၊ သူ မပြန်ခင် တစ်ညက ညလုံးပေါက် အိန်ဂျယ့်လ်ခြံရှေ့မှာ ကားသွား ထိုးရပ်ပြီး တစ်ညလုံးကြွေနေခဲ့တာရာ၊ သူ အကုန်ကို ဖောက်သည်ချတာ”

ကကြိုး ရုတ်တရက် အသက်မရှူနိုင်။ အိန်ဂျယ်လ်မေ့ကို မသိဘဲ ရှိပါ့မလား။ စင်္ကာပူမှာ ကျော်ကြားနေသော မြန်မာ မော်ဒယ်လ်တစ်ယောက်မို့ ပြီးတော့ . . . ကကြိုးနှင့် တော်တော်ကလေး ကို ဆင်နေတာမို့ ကကြိုးကိုယ်တိုင် ကျေနပ်ပျော်ရွှင်စွာ ဂုဏ်ယူခဲ့မိသေးသည်။ မြန်မာပြည်မှာ ကိုရီး ယားမင်းသားမင်းသမီးတွေနှင့် ရုပ်အတူဆုံး ပြိုင်ပွဲ ကျင်းပသလိုမျိုး အိန်ဂျယ်လ်မေနှင့် အတူဆုံးလူကို ရွေးချယ် ပြိုင်ပွဲကျင်းပလျှင် ကကြိုး ပထမဆုရမှာ သေချာသလောက်ကို အိန်ဂျယ်လ်မေနှင့် ကကြိုး ရုပ်ချင်းဆင်ပါသည်။ ကကြိုးကိုယ်တိုင်ကလည်း အိန်ဂျယ်လ်နှင့် တူရတာ ကို ဂုဏ်ယူမက်မောစွာ သူမ ရဲ့ ဆံပင်စတိုင်လ် . . . သူမရဲ့ မျက်လုံးကြည့်ပုံ၊ မျက်နှာပေး ၀တ်စားဆင်ယင်ပုံ၊ စတိုင်လ်တွေကိုပါ . . .အတုခိုးထားခဲ့သည်။ တစ်ခါတစ်ရံ အိန်ဂျယ်လ်မေနှင့် မှားပြီးလူတွေ ၀ိုင်းကြည့်ခံရတာ မျိုးလောက်က တော့ ကကြိုးအတွက် ရိုးတောင်နေပြီ။

“သူတို့ ချစ်သူတွေ ဖြစ်သွားကြပြီလား . . .”

“မဖြစ်သေးဘူး . . . တွေ့တာမှ တစ်လလောက်ပဲ ရှိသေးတာတဲ့၊ မှော်က အသည်းအသန် လိုက်နေတာ၊ သူတို့ စတွေ့ပုံကို ပြောပြရမလား”

“အင်း . . ပြောပြ”

“မှော်က အိန်ဂျယ်လ့်နောက်ကနေ တကောက်ကောက် လိုက်ကြည့်တာတဲ့။ ပြီးတော့ သူ့ကိုယ်သူ Glamour မဂ္ဂဇင်းကပါဆိုပြီး အိန်ဂျယ်လ့်ကို မျက်နှာဖုံးရိုက်ခွင့် သွားတောင်းတာတဲ့၊ Professional Photographer ဆီကနေ ကဲန်မရာကြီးငှားသွားပြီး သူ ကိုယ်တိုင် ရိုက်ယူထားတဲ့ ပုံ တွေ ကွန်ပျူတာထဲမှာ အပြည့်ပဲတဲ့၊ နောက်ကျတော့ အိန်ဂျယ်လ်က မှော့်ကို ကောင်းကောင်း သိနေပြီးသားပေါ့ဟယ်၊ မှော်ကလည်း celeb တစ်ယောက်ပဲဟာ၊ သူ့တို့ ရင်းနှီးသွားကြတယ်တဲ့၊ အိမ်ဂျယ်ကလည်း မှော့်ကို ဖေတတော်တော်ပေးတယ်ဆိုပဲ၊ ငါ အခု အဲဒါလောက်ပဲသိတယ်၊ နင် ဒီထက့်ပိုသိချင်ရင် ငါ အပြည့်အစုံ စုံစမ်းပေးမယ်၊ သုတက ဒိုင်မလျှိုပါဘူး၊ ငါမေးသမျှ အားလုံး ပြော ပြတယ်၊ မှော့်အကြောင်း စိတ်ဝင်စားလှချည်လားတဲ့၊ ငါက မှော့်ကို အရူးအမူး crazy ဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက် ရှိလို့ပါလို့ပဲ ပြောထားတယ်။ ငါတို့ဘက် side ကို လုံးဝ အမှော င်ချထားတယ်နော် ကကြိုး၊ နင် ဘာဆက်လုပ်မလဲ”

“ငါ့ဘက်က လှုပ်ရှားခွင့်တော့ ရှိပါသေးတယ်၊ ငါ ဘာလုပ်ရမလဲဆိုတာ စနစ်တကျ plan ဆွဲရ ဦးမယ်၊ တကယ်ဆိုရင် ငါ တစ်လလောက်ပဲ နောက်ကျသွားတာပေါ့နော်၊ အိန်ဂျယ်လ်နဲ့ သာ အရင် မတွေ့ဘဲ ငါနဲ့ သာ အရင်တွေ့လိုက်ရင် ပွဲက ပြတ်နေပြီ”

“အိန်ဂျယ်လ်နဲ့ ကလည်း သိပ်တော့ မဖြစ်နိုင်ပါဘူးဟယ်၊ သူက ဟိုမှာ အောင်မြင်နေတာ၊ သူ့မှာ လည်း sponsors တွေ အများ ကြီးရှိမှာ ပေါ့၊ ဒီလောက်လှတာ အဲဒီ လို မိန်းကလေးမျိုးက မှော့် လို လူတစ်ယောက်ကို မြန်မာပြည်ပြန်လာပြီး ရိုးမြေကျ လက်တွဲ နိုင်ပါ့မလား၊ မှော် ကရော ဒီမှာ ဒီလောက် အောင်မြင်နေတာ စင်္ကာပူကို လိုက်သွားနိုင်ပါ့မလား၊ သူတို့ဇာတ်လမ်းကြီးက စကတည်းက မဖြစ်နိုင် တာကြီး၊ ငါတို့ရဲ့ ကကြိုးနဲ့ ကမှ အများ ကြီး ဖြစ်နိုင်သေးတယ်”

ကဗျာက လေးလေးနက်နက် တွေးတွေးဆဆ ပြောသည်။ ကကြိုးတွေးတာနှင့် တစ်ထပ် တည်းမို့ ပြုံးမိသွားသည်။

“နင်တို့လည်း ငါနဲ့ ပေါင်းလာတာ ဒီလောက်ကြာပြီဆိုတာ့ ငါ့အကြောင်း သိမှာ ပါ။ ငါက ဘ၀မှာ ငါ ဘာလိုချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာကို ပီပီပြင်ပြင် သိအောင် အရင်ကြိုးစားတယ်၊ သိပြီးပြီဆိုရင် အဲဒီ အရာကို စနစ်တကျနဲ့ ပြင်ဆင်စီစဉ်ပြီး ယူတတ်တယ်၊ ကမူးရှူးထိုး မဟုတ်ဘူး၊ သွေးရူးသွေးတန်းလည်း မဟုတ်ဘူး၊ သူ့ရဲ့ အချစ်ကို ငါလိုချင်တယ်ဆိုတာ စင်္ကာပူမှာ ရှိနေတဲ့ အချိန် နှစ်နှစ်လုံးလုံးမှာ ငါ သေချာခဲ့ပြီးသား၊ ထပ်စဉ်းစားစရာ မလိုတော့ဘူး၊ အဲဒီ အတွက် ငါ ပြန်လာခဲ့တယ်၊ ငါ ပြန်လာတာ နောက်ကျသွားခဲ့တယ်၊ သူ့ရင်ထဲမှာ နေရာဦးထားတဲ့သူ ရှိနေပြီ၊ အဲဒီ တော့ ငါ ဘာဆက်လုပ်မလဲ၊ နောက်ဆုတ်မလား၊ ဟင့်အင်း . . .နိုးဝေး၊ ငါ နောင်တမရချင်ဘူး၊ အဲဒီ တော့ ရှေ့ဆက်တိုးမလား၊ အင်း စနစ်တကျ ငါ ချီတတ်မယ်၊ သူ့ရင်ထဲမှာ ရှိနေနှင့်ပြီးသား မိန်းကလေးရဲ့ နေရာမှာ ငါ အစားထိုးဝင်တယ်၊ အဲဒီ မိန်းကလေးကို ကျားကွက်ရွှေ့သလို နေရာရွှေ့ ပစ်မယ်”

“လွယ်မယ်ထင်သလား ကကြိုး”

“ခက်တာက ငါ့အတွက် စိန်ခေါ်မှု ပေါ့။ သူသုံးခဲ့တဲ့ လက်နက်တွေပဲ ငါ ပြန်သုံးကြည့်မယ်၊ အဲ ဒီတော့ ငါ လှုပ်ရှားတဲ့အခါ ငါ့ဘေးမှာ ဘုံဘုံကလွဲပြီး ကဗျာနဲ့ သွယ်လျတို့ ရှိနေရင်ရပြီ၊ ဘုံဘုံက ငါ့ရဲ့ ၀ှက်ဖဲလုပ်၊ နင်က သုတဆီကနေ မှော့်ရဲ့ သတင်းတွေအားလုံးကို ရနိုင်သမျှသာ ညှစ်ထုပ်ပေတော့၊ လိုအပ်ရင် သုတကို နင့်ရဲ့ ဇယားကလေးတစ်ခုအဖြစ် ပါးပါးကလေး ကျွေးထား လိုက်၊ နင် မနစ်နာပါဘူးနော် ဘုံ”

“ဟား ဟား . . .သုတက ငါ့အတွက် အလန်းဇယားကလေးပါ၊ ငါ ခြွေရင် ကြွေမဲ့ပုံပါ။ လူချင်း ဆုံဖို့တောင် ချိန်းနေတာ၊ ငါ လူလုံးထွက်ပြလို့ မရသေးဘူးမှလား ကကြိုးရဲ့ ”

“ဒါပေါ့ . . . နင့်ကို သူ မတွေ့သေးလေ ကောင်းလေပဲပေါ့။ မှော့်ကိုတော့ အံ့သြစရာ Surprises ကလေးတွေနဲ့ ဖမ်းစားချင်တယ်”

“စမ်းကြည့်ပေါ့ ကကြိုးရယ်၊ နင် ဒီလောက် မညံ့ပါဘူး၊ နင်က ဆရာမ ကြီးပဲ ဥစ္စာ”

ဘာလုပ်ရမယ်ဆိုသော အဖြေတစ်ခု ထွက်လာခဲ့ပြီမို့ ညစာ စားပွဲကလေးက ပြန်လည်လန်း ဆန်းစိုပြေလာခဲ့သည်။ အဲဒါက ကကြိုးသွယ်ရဲ့ သင်္ကေတလေ၊ လောကမှာ ကကြိုးအတွက် မဖြစ်နိုင် ဘူးဆိုတာ မရှိ။ မလုပ်နိုင်ဘူးဆိုတာ မရှိ။ အရှုံးပေးဖို့ဆိုတာကို ဘယ်တော့မှ မစဉ်းစားထား။ လိုချင် သော မျှော်လင့်ချက်တစ်ခုအတွက် စနစ်တကျ စီစဉ်အကွက်ချနေရခြင်းသည် ကကြိုးအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးသော စိန်ခေါ်မှု ၊ ရှင်သန်မှု ဖြစ်တော့သည်။



ဝန်ဇင်းချစ်သူများ လွန်းထားထား (ဆေးတက္ကသိုလ်) ၏ “ ငါ့ရဲ့လမင်းကို ဘယ်သူဝှက်ထားသလဲ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


တိုင်တည်သစ္စာတည်သော အခါဝယ်

မျက်ရည်တစ်ပွင့်ရဲ့တိုးဖွညင်သာသော

အတောင်ပံတွေရှိခဲ့လျှင်