Cover

တစ်ကိုယ်တော် မအောင်ရင်

Cover

တစ်နေ့သ၌ ရန်ကုန်မြို့ ကုက္ကိုင်းဘက်ရှိ ‘ရွှေဂဲ’ အမည် ရှိ အထည်စက်ရုံကြီးတစ်ရုံ၏ အရိပ်တွင် လူငါးယောက် တို့သည် စကားလက်ဆုံကျလျှက်ရှိ၏ ။ ထိုငါးယောက် အနက် တစ်ယောက် သော သူသာလျှင် ယောက်ျား ဖြစ်ပြီး ကျန်လေးယောက် မှာ မူ မိန်းမများ ဖြစ်ကြကုန်၏ ။ ယောက်ျား ဖြစ်သော ထိုသူမှာ ရွှေဂဲစက်ရုံသူဋ္ဌေး၏ ကားကို မောင်းရသော ဒရိုင်ဘာကိုသန်းမောင်ဆိုသူ ဖြစ်၏ ။ မိန်းမလေးယောက် အနက်သုံးယောက် မှာ စက်ရုံ အလုပ်သမားများ ဖြစ်ကြကုန်၏ ။ ကျန် တစ်ယောက် မှာ မူမကြာသေးမှီအချိန်ကမှ အလုပ်ခန့်ထားခြင်းခံရသော စက်ရုံစာရေး မကလေး မမြတ်လှ ဖြစ်၏ ။ ၎င်းတို့ ငါးယောက် သည် စက်ရုံ၏ အရိပ်တွင် ခို၍ ပါလာသော ထမင်းဘူး၊ ထမင်းချိုင့်များ ကိုဖွင့်ကာ နံနက်စာ စားသောက်နေကြခြင်း ဖြစ်၏ ။ ထမင်းစားပြီးသော အခါ၌ ထမင်းဘူးများ ၊ ချိုင့်များ ကို ဆေးကြောပြီးနောက် စက်ရုံအတွင်းသို့ မဝင်ကြသေးဘဲ ရောက်တတ်ရာရာစကားများ ကို ပြောဆို နေကြခြင်း ဖြစ်၏ ။

“ဒီမှာ ကိုသန်းမောင်ရဲ့ …၊ အိမ်ကြီးမှာ မအောင်ရင်ကြီး တစ်ယောက် ပြန်ရောက်နေ နေပြီဆို” ဟု အလုပ်သမားတစ်ဦး ဖြစ်သော မကုလားမ ဆိုသူက မေးလိုက်ရာ ဒရိုင်ဘာ ကိုသန်းမောင်ဆိုသူက -

“အဲဒါကို ပြောမလို့ပေါ့ မကုလားမရဲ့ ၊ မအောင်ရင် ပြန်ရောက်နေပြီ မနေ့ညက ပြန်ရောက်တာ၊ ကျုပ်ကိုတောင် ခေါင်းခေါက်လွှတ်လိုက်သေးတယ်…” ဟု ပြန်၍ ပြော၏ ။

“နေစမ်းပါဦးတော် … ဒီမိန်းမကြီး ပိန်သွားသလား၊ ဝလာသလား …” ဟု အလုပ်သမားတစ်ဦး ဖြစ်သော သန်းသန်းဆိုသူက လည်းမေး၏ ။

“ဒီမှာ သန်းသန်းရဲ့ ၊ ပိန်လည်းမပိန်ဘူး၊ ဝလည်းမဝဘူး၊ နဂိုအတိုင်းပဲ …၊ တစ်ခုတော့ရှိတယ်၊ အသားနည်းနည်း ညိုသွားတယ် …” ဟု ကိုသန်းမောင်က ပြန်၍ ပြောလေ၏ ။ ထိုအခါ မခင်သိန်းဆိုသော အလုပ်သမက -

“မအောင်ရင်ကြီးနဲ့ တွေ့ ချင်လိုက်တာ၊ ဘာပဲ ဖြစ် ဖြစ် ဒီညနေ အလုပ်ဆင်းရင် တော့အိမ်မပြန်သေးဘဲ အိမ်ကြီးကိုသွားမယ်၊ မအောင်ရင်ကြီးနဲ့ တွေ့  ဖြစ်အောင်ကိုတွေ့ မယ်၊ မတွေ့ ရမချင်းပြန်ကို မပြန်ဘူး …” ဟု ဆုံးဖြတ်ချက်ချသော လေသံဖြင့် ပြောလိုက်လေ၏ ။

“အောင်မလေး … ခင်သိန်းရယ်၊ နင် တစ်ယောက် တည်း ကြိမ်းမနေပါနဲ့ ၊ ငါတို့လည်းဒီအတိုင်းပါပဲ၊ မအောင်ရင်ကြီးနဲ့ မတွေ့ ရရင် မပြန်ဘူးဟေ့” ဟု မကုလားမက အော်ဟစ်ကာပြောလိုက်လေ၏ ။

ထိုအခါ တစ်ချိန်လုံး ဟိုလူ့မျက်နှာကြည့်လိုက်၊ ဒီလူ့မျက်နှာကြည့်လိုက်၊ ဟိုလူပြောသည်ကို နားထောင်လိုက်၊ ဒီလူပြောသည်ကို နားထောင်လိုက်လုပ်နေသော စာရေး မလေး မမြတ်လှက -

“အစ်မတို့ပြောနေတဲ့ မအောင်ရင်ကြီးဆိုတာက ဘယ်သူလဲ”

ဟု မေးလိုက်ရာ မကုလားမက

“မအောင်ရင်ဆိုတာ တခြားလူ မဟုတ်ဘူးဟေ့ …၊ ငါတို့ စက်သူဋ္ဌေး ဦးမြို့၊ ဒေါ်ခင်မမတို့ရဲ့ အိမ်မှာ အိမ်ဖော်လုပ်ရတဲ့ မိန်းမ တစ်ယောက် ပါ၊ ဒါပေမယ့် ငါတို့က သူ့ကို သိပ်ပြီးချစ်တာ၊သိပ်ပြီးလည်း လေးစားတယ်၊ သူ့အသက်က ၃၆ နှစ် ပဲရှိသေးတာ၊ သူဒီမှာ ရှိရင် တစ်ပတ်ကို နှစ် ရက်လောက်ရောက်လာတယ်၊ သူဋ္ဌေးရုံးခန်းကို ရှင်းလင်းပေးရတယ် …” ဟု ရှင်းပြလိုက်လေ၏ ။

“နေပါဦး အစ်မရဲ့ ၊ အဲဒီ မအောင်ရင်ကြီးက ဘယ်ရောက်သွားလို့တုံး …” ဟု မြတ်လှက မေးလိုက်ပြန်ရာ မခင်သိန်းက -

“အရမ်းတွေ လျှောက်ပြီးပြောမနေနဲ့ဦး … ကုလားမရေ၊ မြတ်လှက ညည်းတို့ ငါတို့လိုအလုပ်သမမဟုတ်ဘူးနော်၊ သူက သူဋ္ဌေး ဦးမြို့ရဲ့ တူမ ဆိုတာလည်း မမေ့နဲ့ဦး …” ဟု သတိပေးလိုက်ရာ မြတ်လှက -

“မခင်သိန်းကလည်း သူဋ္ဌေးတူမ ဆိုပေမဲ့ ငရုတ်သီး ဆယ်တောင့် စားမှ တစ်တောင့် စပ်တာမျိုးကပါ၊ ဘကြီး မြို့ရဲ့ ညီမ နှစ် ဝမ်းကွဲက မွေးတာဆိုတော့ တူမ လို့တောင်ပြောလို့မရပါဘူး၊ နေရတာ လည်း အိမ်ပေါ်မှာ နေရတာ မဟုတ်ပါဘူး၊ အစေခံတန်းလျားမှာ နေရတာ ” ဟု ပြန်၍ ပြောလိုက်ရာ မကုလားမက -

“သူ့ဟာသူ နှစ် ဝမ်းကွဲတူမပဲ ဖြစ် ဖြစ်၊ တူမ အရင်းပဲ ဖြစ် ဖြစ် အရေး စိုက်စရာ မလိုဘူး၊ပြောစရာရှိတာ ပြောရမှာ ပဲ၊ အမှန်ကိုပဲပြောမှာ ” ဟု ပြန်၍ ပြောလိုက်လေ၏ ။ ထိုအခါ မခင်သိန်းက-

“ကဲ … ပြောတော့ပြောတော့၊ ကြိုက်သလိုပြောတော့ …” ဟု ပြန်၍ ပြောလေ၏ ။

ထိုအခါ မကုလားမက နှုတ်ခမ်းကို လျှာဖြင့် လျက်လိုက်ပြီး …

“မအောင်ရင်ကြီးက သူဋ္ဌေးအိမ်မှာ တစ်လကို ၅၀ နဲ့ အလုပ်လုပ်ရတာ ၊ တစ်နှစ် စာကိုအပြီး စာချုပ်နဲ့ယူပြီးလုပ်တာ၊ တစ်နှစ် ပြီးတစ်နှစ် စာချုပ်နဲ့ အလုပ်လုပ်လတာ သုံးနှစ် ရှိပြီ၊ သူဋ္ဌေးရဲ့ သမီးအကြီး မိမိကြီးက အလိုမကျလို့ အိမ်မှာ မထားဘဲ မှော်ဘီက ခြံကြီးထဲမှာ ခြံစောင့် အ ဖြစ်သွားနေရတာ …” ဟု ပြောလိုက်လျှင် မြတ်လှက -

“မိန်းမ တစ်ယောက် ကို ခြံစောင့်ထားတယ်လို့ မကြားဖူးပါဘူး၊ ယောက်ျားတွေ ပဲ လုပ်ရတာမဟုတ်လား အစ်မရဲ့ …” ဟု ပြန်၍ မေးလိုက်ရာ

“အေးဟုတ်တယ်၊ မအောင်ရင်ကြီးကိုတော့ အဲဒီ ခြံမှာ တစ်ယောက် တည်း သွားထားတာ၊ မှော်ဘီဆိုပေမဲ့ မြို့ပေါ်မှာ မဟုတ်ဘူး၊ တောပိုင်းမှာ မီးလည်းမရှိဘူး၊ ရေလည်းမရှိဘူး၊ ခြံဆိုပေမဲ့ကာရံထားတာ မဟုတ်ပါဘူး၊ တကယ့်တောကြီးပဲ၊ တော် ရုံတန်ရုံ ယောက်ျားတောင် အဲဒီ ခြံကြီးထဲမှာ ညအိပ်ဝံ့မှာ မဟုတ်ဘူး၊ သက်သက် ယုတ်မာနှိပ်စက်တာပဲ” ဟု မကုလားမက ပြောလေ၏ ။ ထိုအခါဒရိုင်ဘာ ကိုသန်းမောင်ဆိုသူက

“ခြံကြီးက သုံးဧကလောက်ရှိမယ်ဗျ၊ မရမ်းပင်တွေ ၊ သီဟိုဠ်ပင်တွေ အုပ်ဆိုင်းနေတာပဲ၊ကျုပ်ဖြင့် နေ့ခင်းတောင် မနေဝံ့ပါဘူးဗျာ၊ မိမိကြီးသဘောက မနေနိုင်လို့ ထွက်ပြေးချင်လည်း ပြေးဆိုတဲ့ သဘောမျိုး နဲ့ထားတာ၊ ဒါပေမဲ့ ကျုပ်တို့ မအောင်ရင်ကြီးက မပြေးဘူးဗျာ၊ တကယ့်သတ္တိခဲမကြီးပဲ၊ အဲဒီ မှာ နေတယ်၊ သူ့ကိုထားပြီး လေးလလောက်ကြာတဲ့ အခါမှာ ကျုပ်နဲ့ သူဌေးဦးမြို့ အဲဒီ ခြံကို တစ်ခေါက်ရောက်တယ်၊ ဝါးတွေ ခုတ်ပြီး ခြံတောင်ကာထားသေးတယ်၊ ဝါးတဲလေးတစ်လုံးလည်းထိုးထားပြီးပြီ၊ ကွတ်ကွတ်ရွတ်ရွတ်လေးဗျာ၊ တဲလေးကလှမှလှ၊ အဲ … ပြောရဦးမယ်၊ ရေတွင်းလည်းတူးထားပြီးပြီဗျို့၊ အခင်းလေး လုပ်ထားပြီး ပူစီနံတို့၊ ဂေါ်ဖီထုပ်တို့၊ ကြက်သွန်တို့တောင် စိုက်ထားတယ်၊ သူတို့ မအောင်ရင်ကြီးကို ထားခဲ့တုန်းက စားဖို့သောက်ဖို့ ဘာမှစီစဉ်မပေးခဲ့ဘူး၊ မအောင်ရင်ကြီးက သူ့ဟာသူ ကြိုးပမ်းယူရတာ ၊ ကျုပ်ကိုတောင် ထမင်းကျွေးလိုက်သေးတယ်၊ သီဟိုဠ် သီးနဲ့ ငါးကွင်းရှပ်ခြောက်ချက်ထားတာဗျာ၊ စားလို့ကောင်းလိုက်တာ မပြောပါနဲ့တော့၊ ပြီးတော့ မအောင်ရင်ကြီးက ငါးပိအိုးတွေ ဘာတွေ သိပ်ထားသေးတယ်ဗျ …” ဟု အားရပါးရပြောလေ၏ ။

“နေစမ်းပါဦး … ဦးသန်းမောင်ရယ်၊ အဲဒီ မအောင်ရင်ကြီးကို သွားပြီးထားတာ စားဖို့သောက်ဖို့ ဘာမှ မပေးခဲ့ဘူးဆိုတော့ အစဦးဆုံးရက်တွေ မှာ အဲဒီ မအောင်ရင်ကြီး ဘယ်လို စားသောက်နေထိုင်သလဲ” ဟု မြတ်လှက မေးလိုက်လေ၏ ။

“အဲဒါလည်း ငါသိချင်တဲ့ ကိစ္စပဲ၊ အဲဒါလည်း ငါ မအောင်ရင်ကြီးကို မေးကြည့်တယ်၊မအောင်ရင် နေတဲ့ခြံနဲ့ သိပ်မဝေးတဲ့ နေရာမှာ တောင်ကုန်းလေးတစ်ကုန်းရှိတယ်၊ စေတီဟောင်းတစ်ဆူလည်းရှိတယ်၊ အဲဒီ စေတီနားမှာ တောရကျောင်းလေး တစ်ကျောင်းရှိတယ်၊ ဘုန်းကြီးအိုတစ်ပါးတောရဆောက်တည်နေတယ်၊ အဲဒီ ဘုန်းကြီးအိုကြီးဆီသွားပြီး အကျိုးအကြောင်းလျှောက်ထားပြီးဆွမ်းကျန် ဟင်းကျန်လေးတောင်းပြီးစားရတယ်၊ အဲဒီ ဘုန်းကြီးအိုကြီးဆီကပဲ ဓားမတွေ ၊ ပေါက်တူးတွေ ငှားတယ်၊ ပြီးတော့ခြံကို ရှင်းတော့တာပဲ၊ အဲဒီ ဘုန်းကြီးအိုကြီးက သူဆွမ်းခံတဲ့ ကုလားကြီးကုန်းဆိုတဲ့ရွာက ဒေါ်ဒွေးဖြူဆိုတဲ့ ဆွေမရှိမျိုးမရှိ အဒေါ်ကြီး တစ်ယောက် ကို မအောင်ရင်ကြီးနဲ့ သွားနေဖို့ပြောပေးတယ်၊ အဲဒီ ဒေါ်ဒွေးဖြူက မအောင်ရင်ကြီးနဲ့သွားပြီးနေပေးတယ်၊ ရွာနီးချုပ်စပ်မှာ ရှိတဲ့ ဘုန်းကြီးရဲ့ ဒကာအချို့ကလည်း မအောင်ရင်ကြီးကို ဝိုင်းပြီးကူညီကြပါတယ်၊ နောက်တော့လည်းမအောင်ရင်ကြီးရဲ့ စိုက်ခင်းက ဟင်းသီးဟင်းရွက်တွေ ထွက်လာတော့ မအောင်ရင်ကမနက်ဆိုမှော်ဘီဈေးမှာ သွားရောင်းတယ်၊ အဲဒီ က ရတဲ့ငွေနဲ့ဆန်လေးဘာလေးဝယ်ပြီး ဒေါ်ဒွေးဖြူနဲ့ နှစ် ယောက် စားသောက်ကြတာပေါ့၊ စားလောက်တဲ့အပြင် အဲဒီ ဘုန်းကြီးအိုကြီးကိုတောင် ဆွမ်းလောင်းနိုင်သေးတယ်၊အစပထမမှာ တော့ ဘုန်းကြီးကျောင်းက ရေကိုအိုးနဲ့ သွားရွက်ပြီး သုံးရတယ်၊ နောက်တော့ရေတွင်းကိုကိုယ်တိုင်တူးတယ်၊ လက်ခုပ်တစ်ဖောင်လောက်တူးမိတော့မှ ဘုန်းကြီးရဲ့ ဒကာတွေ သိလို့ ကူညီပြီးတူးပေးကြတယ်” ဟု ဒရိုင်ဘာ ကိုသန်းမောင်က စိတ်အားတက်ကြွစွာ ပြောပြလေ၏ ။

“အမလေး … ဦးလေးကိုသန်းမောင်ရယ် ကျွန်မသာ အဲဒီ မအောင်ရင်ကြီးလို တစ်ယောက် တည်း နေရမယ်ဆိုရင် သရဲကြောက်တာနဲ့ သေမှာ ပဲ” ဟု မြတ်လှကပြောလိုက်ရာ -

“သရဲလည်း ကြောက်ရမှာ ပဲ၊ မြွေကလည်း အလွန်ပေါတယ်၊ ပြီးတော့ မိန်းမသား တစ်ယောက် အဖို့ မလွယ်ပါဘူးကွယ်၊ အဲဒါကြောင့် ဦးလေးက ‘မအောင်ရင်ကြီး …၊ လူဆိုးလူမိုက်ရောက်လာပြီးခင်ဗျားကို မတော် မတရားလုပ်မှာ မကြောက်ဘူးလား’ လို့မေးတော့ သူက ခါးကြားထဲမှာ ဓားအိမ်နဲ့ထည့်ထားတဲ့ ဓားမြှောင်ကို ဆွဲထုတ်ပြတယ်၊ အတော့် ကို သတ္တိကောင်းတဲ့ မအောင်ရင်ကြီးပါပဲ”ဟု ပြောလိုက်ရာ စိတ်ဝင်စားစွာ နားထောင်နေသော မြတ်လှက မျက်လုံးပြူး၍ ပြလေ၏ ။ ထိုအခါ၌ ကိုသန်းမောင်ကြီးက -

“သူဌေးဦးမြို့လည်း မအောင်ရင်ကြီးကို အတော့် ကို အံ့သြနေတယ်၊ မအောင်ရင်ကြီးက ညည်းညူတဲ့စကားတွေ ပြောလိမ့်မယ်လို့ ဦးမြို့က ထင်ထားတာ၊ မအောင်ရင်ကြီးက အဲဒီ လို သူ့ကို ပို့ထားတာကို နှိပ်စက်တယ်လို့တောင်မထင်ဘူး၊ အပန်းဖြေဖို့ ပို့ထားတယ်တောင် အောက်မေ့နေသလား မဆိုနိုင်ဘူး၊ ပြန်တဲ့အခါမှာ ကားပေါ်ကို ငှက်ပျောတစ်ခိုင်၊ မချစ်စု သရက်သီးအလုံးငါးဆယ်၊ ဂေါ်ဖီထုပ် ငါးထုပ်၊ ပူစီနံ၊ သီဟိုဠ်စေ့လှော်တစ်ထုပ် တင်ပေးလိုက်သေးတယ်၊ အဲဒီ အခါမှာ ဦးမြို့က ‘ဟဲ့ အောင်ရင် နင်ဘာ ဖြစ်လို့ ဒီလောက်ကြိုးကြိုးစားစား စိုက်လားပျိုးလား လုပ်နေရတာ တုံး’လို့မေးတော့ မအောင်ရင်ကြီးက ‘လူတွေ စားဖို့ပေါ့ …’ လို့ ပြန်ပြီးဖြေတယ်၊ ‘နင့် ငှက်ပျောသီးတွေ ကလည်းကောင်းလိုက်တာ၊ အဲဒီ ငှက်ပျောခိုင်တွေ ကို ညဘက်သူခိုးလာခိုးရင် ဘယ်နှယ့်လုပ်မလဲ’ လို့ဦးမြို့က မေးတော့ မအောင်ရင်ကြီးက ‘သူခိုးလာခိုးရင် အဲဒီ သူခိုး ငှက်ပျောသီးစားရတာ ပေါ့၊ သူခိုးမယားလည်းစားရတာ ပေါ့၊ သူခိုးရဲ့ သားသမီးလေးတွေ လည်း ဝဝစားရတာ ပေါ့၊ စောစောက ကျွန်မပြောတဲ့ လူတွေ စားရတာ ပေါ့လို့ဆိုတဲ့ စကားဟာ လာပြီးခိုးမယ့် သူခိုးနဲ့ သူ့မိသာစုလည်းပါတယ်…’လို့ ပြန်ပြောတယ်ဟေ့၊ အဲဒီ ဦးမြို့လည်း ဘာမှ မပြောနိုင်တော့ဘဲ ပြန်လာရတော့တာပဲ၊ ကားပေါ်ရောက်တော့ စကားတစ်ခွန်းတော့ပြောတယ်၊ ‘ဒီမိန်းမဟာ ထူးတော့ထူးတယ်၊ သာမန် မိန်းမစာမျိုးမဟုတ်ဘူး’ လို့ပြောတယ် …” ဟု ရှည်းလျားစွာ ပြောပြလေ၏ ။ ထိုအချိန်၌ မှာ ပင် မကုလားမက-

“ဟောတော် … အသက်ရှည်ဦးမယ်၊ သူ့အကြောင်းပြောနေတုန်း ဟောဟိုမှာ မအောင်ရင်ကြီး မဟုတ်လား …” ဟု ပြောလိုက်လျှင် ကျန်သူ အားလုံးတို့သည် စက်ရုံဝင်ပေါက်တံခါး

ဆီသို့ လှမ်းမျှော်၍ ကြည့်ရှူလိုက်ကြရာ အရပ်မြင့်မြင့်၊ ထောင်ကောင်းကောင်း၊ ထောင်ထောင်မောင်းမောင်း၊ ဖျင်ကြမ်းလုံချည်အနက်၊ ဖျင်ကြမ်းအင်္ကျီအနီရဲရဲကို ဝတ်ဆင်ထားသော မအောင်ရင်ကို ဖျင်တဘက်လေး ပုခုံးပေါ်တွင် တင်၍ အေးချမ်းစွာ (သို့ မဟုတ်) အကြောင့်ကြမဲ့စွာ လျှောက်လှမ်းလာသည်ကို တွေ့ မြင်ကြရလျှင် ဒရိုင်ဘာကိုသန်းမောင်၊ မကုလားမ၊ သန်းသန်း၊ မခင်သိန်းတို့သည် အပြေးအလွှားလိုက်သွားရလေ၏ ။ မကုလားမ၊ သန်းသန်း၊ မခင်သိန်းတို့သည် မအောင်ရင်၏ အနီးသို့ ရောက်လျှင် ဝိုင်း၍ ဖက်ကြလေ၏ ။ နမ်းသူက နမ်းကြလေ၏ ။ ထို့နောက် ၎င်းတို့သည် ၎င်းတို့မူလနေခဲ့သော စက်ရုံအရိပ်ဆီသို့ မအောင်ရင်ကို ဆွဲခေါ်လာကြလေ၏ ။ မအောင်ရင်ကလည်း ၎င်းတို့၏ မိသားစု ကျန်းမာရေး မှ အစ နေရေး ထိုင်ရေး ပါ မကျန်မေးမြန်းလေ၏ ။ ထို့နောက် မကုလားမကပင် မအောင်ရင် အား မြတ်လှနှင့် မိတ်ဆက်ပေးလိုက်လေ၏ ။

ဒရိုင်ဘာကိုသန်းမောင်သည် မအောင်ရင်အား ခြေဆုံး ခေါင်းဆုံးကြည့်ပြီးနောက် -

“ကျုပ်ဖြင့်ဗျာ … တော် ကြီးမျက်မည်းထဲမှာ မအောင်ရင် တစ်ယောက် အထီးကျန်နေနေရတဲ့အ ဖြစ်ကို စိတ်မကောင်းပါဘူး …” ဟု ပြောလိုက်ရာ မအောင်ရင်က-

“အထီးကျန်တယ်ဆိုတာက ကိုယ့်အနားမှာ အခြားသူမရှိတာကိုပြောတာ၊ ဒါမှ မဟုတ်အဖော်မရှိတာကို ပြောတာ၊ ငါက အထီးကျန် ဖြစ်တာမဟုတ်ဘူး၊ အဖော်မဲ့တာမဟုတ်ဘူး၊ ဒါကြောင့်အထီးကျန်ဆိုတဲ့ စကားကို သုံးလို့မရဘူး၊ တကယ်လို့ တစ်ယောက် တည်း ဖြစ်နေတာကို ပြောချင်ရင်တော့ ငါဟာ တစ်ကိုယ်တော် ဖြစ်နေတာ၊ ငါ့ဘဝမှာ ဘယ်တော့မှ အထီးကျန်မ ဖြစ်ဘူး၊ ဖြစ်ခြင်း ဖြစ်ရင်တစ်ကိုယ်တော် ပဲ ဖြစ်မယ်၊ အထီးကျန်ဆိုတာက အားငယ်တဲ့သဘောပါတယ်၊ တစ်ကိုယ်တော် က အားငယ်တာ မဟုတ်ဘူး၊ အားရှိနေတာ၊ တစ်ကိုယ်တော် ရဲ့ ရလဒ်ဟာ မိမိဘဝ ဖြစ်တည်နေမှု ကို အမှန်အတိုင်း သိမြင်ခွင့်ရသွားနိုင်တယ်လို့ ငါထင်တယ်၊ ဒါကြောင့် တရားရှာတဲ့ သူတော် စင်တွေ ဟာ တစ်ကိုယ်တော် နေလေ့ရှိတာပေါ့ …” ဟု ပြန်၍ ပြောလိုက်လေတော့သတည်း။



ကြာပန်းနှင့်တူအောင်မကြိုးစားတဲ့ နှင်းဆီပန်းမအောင်ရင်

Cover

ထို့နောက် မအောင်ရင်သည် သူဋ္ဌေးဦးမြို့၏ ရုံးခန်းကို ရှင်းလင်းရန်အတွက် ထွက်သွားလေ၏ ။ ဒရိုင်ဘာ ကိုသန်းမောင်သည် မော်တော် ကားကို ဖုန်သုတ်ရန်အတွက် ကားဆီသို့ထွက်သွား၏

မကုလားမတို့ သုံးဦးလည်း စက်ရုံအတွင်းသို့ ဝင်ကြလေ၏ ။ မြတ်လှမှာ မူ စက်ရုံ၏ ရုံးခန်းသို့မသွားဘဲမအောင်ရင်နှင့်အတူ ဦးမြို့၏ ရုံးခန်းကို ရှင်းလင်းပေးလေ၏ ။ ဦးမြို့၏ ရုံးခန်းမှာ စက်ရုံအတွင်း သီးခြားဆောက်လုပ်ထားသော တိုက်ပုကလေး ဖြစ်၏ ။

ဦးမြို့သည် အထည်စက်ရုံကြီးပိုင်သကဲ့သို့ တာမွေဘက်တွင် လည်း ‘ရွှေဂဲသာ’ အမည် ရှိ ဘီစကွတ်စက်ရုံကြီးတစ်ရုံကိုလည်း ပိုင်သေး၏ ။ ထို့အတူ သင်္ဃန်းကျွန်းဘက်တွင် လည်း ကြက်တူရွေး တံဆိပ်တံခါး၊ မင်းတုန်း၊ ပတ္တားများ လုပ်သော အလုပ်ရုံတစ်ခုလည်း ပိုင်သေး၏ ။ ထို့အပြင်

အင်းစိန်ဘက်တွင် လည်း အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ကို ခရီးသည်များ ပို့ဆောင်နေသော ‘ရွှေတူရွေး’ အမည် ရှိ ကားကြီးများ ပြေးဆွဲသည့် ဂိတ်ကြီးတစ်ခုလည်း ပိုင်ဆိုင်လေ၏ ။ ၎င်း၏

စက်ရုံတိုင်းတွင် ၎င်း၏ ရုံးခန်းသည်ရှိ၏ ။ ထိုရုံးခန်းများ မှာ လည်း ဝင်းအတွင်း၌ သီးခြားဆောက်လုပ်ထားသော တစ်ထပ်တိုက်ပြားကလေးများ သာလျှင် ဖြစ်၏ ။

မအောင်ရင်သည် ဦးမြို့၏ ရုံးခန်းအတွင်းသို့ ရောက်သော အခါ၌ ကြက်မွေးများ ဖြင့်ဖုန်များ ခါ၏ ။ အဝတ်ဖြင့် ပြောင်စင်အောင် သုတ်၏ ။ ထို့နောက် ကြမ်းပြင်ကို တံမြက်စည်းလှည်း၏ ။

ခင်းထားသော ကောဇောများ ကို ထုတ်၍ ဖုန်ခါ၏ ။ ပြတင်းပေါက်မှန်များ ကို ပြောင်ဝင်းအောင် တိုက်၏ ။

ရုံးခန်းအတွင်း အလှစိုက်ထားသော ပန်းပင်များ ကိုထုတ်၍ ရေလောင်း၏ ။ မြတ်လှကလည်း ဝိုင်းဝန်းကူညီ၏ ။ ထိုသို့ကူညီရင်း -

“အစ်မအောင်ရင် … မြတ်လှလည်း အိမ်ကြီးမှာ နေတာပဲ၊ ဟိုးနောက်က ဆားဗစ်ကွာတာမှာ အစွန်ဆုံးအခန်းမျာနေတယ်၊ လောလောဆယ်မှာ တော့ ဒီစက်ရုံရဲ့ ငွေစာရင်းဋ္ဌာနမှာ စာရေး လုပ်နေရတယ်၊ နယ်ကနေ ဆယ်တန်းအောင်လာတာ၊ သက်ကြီး တက္ကသိုလ်တက်ပြီး ဘွဲ့တစ်ခုတော့ရအောင်လုပ်ရမှာ ပဲ…” ဟု ပြောရာ မအောင်ရင်က …

“အစ်မလည်း အိမ်ကြီးမှာ နေတာပါပဲ၊ မီးဖိုဘေးက ထမင်းချက်တဲ့ နာနီကြီးအခန်းမှာ နာနီကြီးနဲ့အတူနေတယ်၊ ဘာပဲ ဖြစ် ဖြစ် မြတ်လှအနေနဲ့ ဒီကိုလာနေတာ ရည်ရွယ်ချက်နဲ့ လာနေတာမဟုတ်လား၊ ရည်ရွယ်ချက် ပြည့်မြောက်အောင် ကြိုးစားရမယ်ကွယ့် …” ဟု ပြန်၍ ပြောလေ၏ ။

“ကြိုးစားပါတယ် မအောင်ရင်၊ မြတ်လှကိုလည်း ညီမအရင်းလို သဘောထားပါ၊

မတော် တာတွေ့ ရင်လည်း ပြောဆို ဆုံးမနိုင်တယ်၊ မြတ်လှကလည်း ကြိုးစားပါမယ်၊ ကျောင်းကမတက်ရသေးပါဘူး၊ အလုပ်က ပြန်သွားတာနဲ့ လျှော်စရာ ဖွပ်စရာတွေ လျှော်ပြီးရင် အင်္ဂလိပ်စာလုံးတွေ ရသမျှကျက်ရတယ်၊ ညအိပ်ခါနီး တော့လည်း ဘုရားတွေ ဘာတွေ ရှိခိုးပြီးရင် သမာဓိရင့်သန်အောင်ဆိုပြီး ကမ္မဋ္ဌာန်းတစ်ခု အမြဲပွားများ တယ်၊ အဲဒါ မကောင်းဘူးလား …” ဟု မေးလိုက်လေ၏ ။

“ကောင်းပြီလား … မြတ်လှရယ်၊ အဲဒါတွေ ဟာ လုပ်ကို လုပ်ရမယ့်ဟာတွေ ပဲ …” ဟု မအောင်ရင်က ပြန်၍ ပြောလေ၏ ။

“မြတ်လှ အမြဲလုပ်တာကတော့ ရင်ညွန့်မှာ စိတ်ကလေးကို စိုက်ပြီး ငြိမ်နိုင်သမျှ ငြိမ်အောင်လုပ်တာပါပဲ …” ဟု မြတ်လှက ပြန်၍ ပြောလေ၏ ။

“မြတ်လှရယ် … ဘယ်နည်းနဲ့ပဲ ပွားပွားပါ ကောင်းပါ တယ်၊ တစ်ခုတော့ရှိတာပေါ့လေ၊အကြံပေးရမယ်ဆိုရင်တော့ ဘာကိုပဲပွားပွား မေတ္တာထည့်ပြီးပွား၊ ပြီးတော့လည်း မေတ္တာထဲမှာ လည်းပွားတဲ့နည်းကို ပြန်ထည့်ထား၊ အဲဒါမြတ်လှကို အစ်မက သင်ပေးတာ …” ဟု မအောင်ရင်က ပြောလိုက်ရာ မြတ်လှသည် ကျေနပ်စွာ ပြုံးပြလိုက်လေ၏ ။

“အစ်မပြောတာကို မြတ်လှနားလည်နေသလိုပဲ၊ ဒါပေမယ့် မမှတ်မိဘူး၊ ပြန်ပြီးပြောပါဦး …” ဟု မြတ်လှက ပြောလေ၏ ။ ထိုအခါ မအောင်ရင်က စားပွဲပေါ်မှ မှန်ကိုသုတ်ရင်း -

“အတို မှတ်ထားပေါ့ မြတ်လှရယ်၊ ပွားတာထဲမှာ မေတ္တာထည့်၊ မေတ္တာထဲမှာ ပွားတာထည့်၊ ဒါပါပဲ နောက်တစ်ခု ပြောချင်တာက ဘယ်ဘဝပဲရောက်ရောက်၊ ဘယ်အခြေအနေပဲရောက်ရောက်၊ ဘာကိုပဲလေ့လာလေ့လာ လူဟာ ညှိုးချုံးအားငယ်နေတာ မ ဖြစ်ရဘူး၊ ရှင်သန်ထက်မြက်ပြီးအားတွေ ရှိနေရမယ်၊ ရှင်သန် ထက်မြက်တဲ့ အ ဖြစ်ကိုလည်း ရယူရမယ်၊ မအောင်ရင် ပြောချင်တာက ဒါပါပဲ …” ဟု ပြောလိုက်လေ၏ ။

ထို့နောက် အလုပ်ပြီးသွားပြီ ဖြစ်သဖြင့် ရုံးခန်းတံခါးကို အပြင်မှ ပိတ်ကာ ချက်ထိုးလိုက်လေတော့၏ ။ ထို့နောက် ၎င်းတို့ နှစ် ဦးသည် စက်ရုံဘက်ဆီသို့ လျှောက်လာလေ၏ ။ ထိုသို့လျှောက်လာရင်း မအောင်ရင်က -

“ကဲ … မြတ်လှ ရုံးခန်းထဲသွားပြီး အလုပ်လုပ်ပေတော့၊ မအောင်ရင်ကတော့ မပြီးသေးဘူး၊ ဟိုဘက်က မြက်တွေ ရိတ်ရဦးမယ်” ဟု ပြောလိုက်ရာ မြတ်လှက -

“အစ်မအောင်ရင်ရယ် အဲဒီ မြက်တွေ ကို ရိတ်ဖို့ မြက်ရိတ်ကုလားတွေ ငှားထားပါတယ်၊အစ်မရိတ်ဖို့ မလိုဘူး …” ဟု ပြောရာ -

“မဟုတ်ဘူး မြတ်လှရဲ့ ၊ ကိုထွေးလေးက မနက်က ယုန်လေးတွေ ဝယ်လာတယ်၊ အဲဒီ ယုန်လေးတွေ ကို ကျွေးဖို့ရိတ်ရမှာ …” ဟု မအောင်ရင်က ပြန်၍ ပြောလိုက်လျှင် မြတ်လှက -

“ဒါကတော့ သက်သက် အလုပ်ပိုခိုင်းတာပဲ …” ဟု ပြောပြန်ရာ မအောင်ရင်က -

“မအောင်ရင် ကိုယ်တိုင်ကလည်း ယုန်လေးတွေ ကို ချစ်တတ်ပါတယ်၊ ကိုထွေးလေးဝယ်လာလို့ ကိုထွေးလေးယုန်လို့ ယူလိုက်ရင်တော့ အခုလုပ်ရမယ့် အလုပ်ဟာ အပိုခိုင်းနေသလို ဖြစ်နေတာပေါ့၊ ဒီလို မဟုတ်ဘူး မြတ်လှရဲ့ …” ဟု ပြန်၍ ပြောလိုက်လေ၏ ။ ထိုအခါ မြတ်လှက-

“အစ်မအောင်ရင်က အဲဒီ ယုန်လေးတွေ ကို အစ်မအောင်ရင်ရဲ့ ယုန်လို့ယူဆလိုက်တယ်ပေါ့ …” ဟု ပြန်၍ မေးလိုက်လေ၏ ။

“ဟင့်အင်း … မဟုတ်ဘူး၊ အဲဒီ လိုလည်း မယူဆဘူး၊ ကိုထွေးလေး ယုန်လေးတွေ လည်း မဟုတ်ဘူး၊ မအောင်ရင်ရဲ့ ယုန်လေးတွေ လည်း မဟုတ်ပါဘူး၊ သူတို့ဖာသာသူတို့ ယုန် ဖြစ်နေကြတာပါ၊ ဘယ်သူ့ယုန်မှ မဟုတ်ပါဘူး၊ ဒါပေမဲ့ ယုန် ဖြစ်တော့ လည်း မြက်စားဖို့လိုလာတယ်၊ လှောင်အိမ်ထဲရောက်နေတော့ သူတို့ဖာသာ ရှာပြီးမစားနိုင်ရှာဘူး၊ အဲဒီ အတွက် မအောင်ရင်က မြက်ရိတ်ပေးမှာ ပါ၊ ကိုထွေးလေး အပိုခိုင်းတာကို လုပ်တာမဟုတ်ဘူး၊ ကိုယ့်ဖာသာကိုယ် ကျေကျေနပ်နပ် ဆောင်ရွက်တာ၊ မအောင်ရင် ပြောချင်တာကတော့ ဒါပါပဲ …” ဟု မအောင်ရင်က ပြန်၍ ပြောလိုက်လေ၏ ။

မြတ်လှသည် စက်ရုံအတွင်းသို့ ဝင်သွားပြီ ဖြစ်၏ ။ မအောင်ရင်သည် ဘတ်စ်ကားမှတ်တိုင်သို့ သွားပြီး ဘတ်စ်ကားဖြင့် တာမွေ ‘ရွှေဂဲသာ’ ဘီစကွတ်စက်ရုံသို့သွားပြီ ဖြစ်၏ ။ ထိုစက်ရုံသို့ရောက်သော အခါ၌ စက်ရုံ ဝင်းအတွင်း ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် စက်ရုံဝင်းစောင့်မှ အစအလုပ်သမား မန်နေဂျာ အဆုံး -

“မအောင်ရင်ကြီး ပြန်လာပြီဟေ့ …” ဟု ဝမ်းသာအားရ အော်ဟစ်ကြလေ၏ ။ အချို့သော အလုပ်သမများ က မအောင်ရင်ကြီးကို နမ်းကြ၏ ။ အချို့က -

“အသားညိုသွားတယ် …” ဟု ပြောကြ၏ ။ အချို့က ၎င်းတို့တွင် ပါလာသော လက်ဖက်၊ဂျင်းသုပ်များ ကျွေးကြ၏ ။ မအောင်ရင်သည် ၎င်းတို့နှင့် စကားစမြည် ပြောပြီးနောက် သူဋ္ဌေးဦးမြို့၏ ရုံးခန်းသို့သွားရောက်၍ ရှင်းလင်းရ၏ ။ တစ်ယောက် သော အလုပ်သမားက မအောင်ရင်ကြီးအား လက်ဖက်ရည်ဝယ်၍ တိုက်၏ ။ တစ်ယောက် သော အလုပ်သမားက ရေနွေးကြမ်းယူ ပေး၏ ။

မအောင်ရင်ကိုချစ်ကြ၏ ။ အလုပ်သမတစ်ဦးကဆိုလျှင် -

“မအောင်ရင်ရယ် … သူဋ္ဌေးသမီး မိမိကြီးက မတည့်လို့ အလုပ်ဖြုတ်လိုက်လည်း မပူပါနဲ့၊ ကျွန်မတို့ အားလုံးက တစ်ယောက် တစ်ကျပ်စီ ဝိုင်းပြီး ပေးရင်တောင် ဒီလခထက်တော့ များ ပါတယ် …” ဟု ပြောလိုက်ရာ ကြားရသူအပေါင်းက ဝါးကနဲ ရယ်မောလိုက်ကြ၏ ။

“အခုလိုကြားရတာ ကျေးဇူးတင်ပါတယ်၊ မအောင်ရင် ဒုက္ခိတ ဖြစ်သွားရင်တော့ မပြောတတ်ဘူး၊ အခုလို အကောင်းပကတိကတော့ ကိုယ့်ဟာကိုယ်အလုပ်လုပ်ပါမယ် …” ဟု မအောင်ရင်က နှစ် သိမ့်စကားပြန်၍ ပြောလိုက်လေ၏ ။ ညနေပိုင်းသို့ ရောက်သော အခါ၌ အိမ်ကြီးသို့ ပြန်၍ ရောက်လာလေ၏ ။ မြတ်လှလည်း မအောင်ရင်ကို မြင်လျှင် မအောင်ရင်ထံသို့လျှောက်လာပြီး စကားစမြည် ပြောလေ၏ ။ သို့ရာတွင် မအောင်ရင်က မြတ်လှအားသွား၍ စာကျက်ရန်ပြောသဖြင့် မြတ်လှလည်း၎င်း၏ အခန်းသို့ ပြန်သွားလေ၏ ။

ဤသို့ နေလာခဲ့ရာ တစ်လကျော်ကျော်ခန့် ကြာသော အခါ၌ မအောင်ရင်နှင့် မြတ်လှသည် လွန်စွာ ခင်မင်သွားကြလေ၏ ။ တစ်နေ့တွင် ၎င်းတို့နှစ် ဦးသည် အထည်စက်ရုံသို့ အတူတကွလျှောက်လာကြလေ၏ ။ ထိုသို့လျှောက်လာရင်း မြတ်လှက -

“အစ်မအောင်ရင်ကို တွေ့ တဲ့လူတိုင်းက ချစ်ကြတယ်နော်၊ တော် တယ်၊ တတ်တယ်လို့လည်း ချီးကျူးကြတယ်၊ မြတ်လှဖြင့် သိပ်ပြီးအားကျတာပဲ၊ အဲဒါကြောင့် အစ်မအောင်ရင်လို ဖြစ်အောင်ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတယ် …” ဟု ပြောလိုက်လေ၏ ။ ထိုအခါ မအောင်ရင်က ပြုံးလျှက် -

“နှင်းဆီပန်းတွေ က ပွင့်တဲ့အခါ သိပ်ပြီးလှကြတယ်၊ ဘာကြောင့် အဲဒီ လို လှကြသလဲဆိုရင် သူတို့ဟာ ကြာပန်းနဲ့ မတူလို့ဘဲ၊ ကြာပန်းနဲ့တူအောင်လည်း သူတို့ မကြိုးစားကြဘူး၊ ရေကန်ထဲမှာ ပွင့်နေတဲ့ကြာပန်းတွေ ဟာလည်း လှကြတာပဲ၊ ဘာကြောင့် အဲဒီ လိုလှကြသလဲဆိုတော့ အဲဒီ ကြာပန်းတွေ ဟာ တခြားပန်းတွေ ဘယ်လောက်လှနေကြတယ်ဆိုတာလည်း မကြားဖူးကြဘူး၊ ပြီးတော့ တခြားပန်းတွေ လှသလို လှအောင်လုမယ်ဟဲ့ လို့လည်း မကြိုးစားကြဘူး၊ ဒါကြောင့် ကြာပန်းတွေ ဟာ ကြာပန်းတွေ လိုပဲ လှနေကြတာ၊ သဘာဝ တရားကြီးတွေ ရှိတဲ့ သဘာဝ အရာတွေ အားလုံးသူ့ပုံစံနဲ့သူလှနေကြတယ်၊ ဘာကြောင့်လဲဆိုတော့ နှင်းဆီပန်းကလည်း ကြာပန်းထက်ပိုပြီး လှအောင်မလုပ်ဘူး၊ ကြာပန်းကလည်း နှင်းဆီပန်းနဲ့ အလှ မပြိုင်ဘူး၊ အနိုင်ရအောင် မကြိုးစားကြဘူး၊ အဲဒီ လိုမပြိုင်သလို အတုလည်း မခိုးဘူး၊ တူအောင်လည်း မလုပ်ဘူး၊ အဲဒီ အချက်ကို စဉ်းစားပါ၊ အဲဒါကြောင့်မင်းဟာ ဘယ်သူ့ကိုမှလည်း မပြိုင်နဲ့၊ ဘယ်သူနဲ့မှလည်း တူအောင်မလုပ်နဲ့၊ ဘယ်သူ ဖြစ်အောင်ဆိုပြီးတော့လည်း မလုပ်နဲ့၊ မင်းဘာကိုပဲ လုပ်လုပ် အဲဒီ လိုလုပ်ခဲ့ရင် လုပ်သမျှဒုက္ခလို့ မှတ်ပေတော့၊မင်းဟာ မင်းပဲ၊ အခြားတစ်စုံ တစ်ယောက် မ ဖြစ်နိုင်ဘူး၊ တကယ်လုပ်ရမှာ က မြတ်လှက မအောင်ရင် ဖြစ်အောင် လုပ်ရမှာ မဟုတ်ဘူး၊ မြတ်လှက မြတ်လှပဲ ဖြစ်အောင်လုပ်ရမှာ ၊ နှင်းဆီပန်းဟာ ကြာပန်း ဖြစ်အောင်မလုပ်ဘူး၊ ကြာပန်းကလည်း နှင်းဆီ ဖြစ်အောင် မကြိုးစားဘူး၊ မအောင်ရင်ပြောချင်တာကတော့ ဒါပါပဲ …” ဟု မအောင်ရင်ကပြောလိုက်လေ၏ ။ မြတ်လှကမူ -

“ဟုတ်ကဲ့ …” ဟုသာ ပြန်၍ ဖြေနိုင်တော့၏ ။ ဤသို့နှင့်ပင် ၎င်းတို့နှစ် ဦးသည် စကားတပြောပြောနှင့် အထည်စက်ရုံသို့ ရောက်သွားကြလေ၏ ။ စက်ရုံသို့ရောက်လျှင် မကုလားမက -

“ဒီနေ့ မအောင်ရင်ကြီးလာမယ့်နေ့ဆိုတာ ကျွန်မတို့သိတယ်၊ ဒါကြောင့် သုံးယောက် သားတိုင်ပင်ပြီး ဟင်းတွေ ၊ ထမင်းတွေ အပိုထည့်လာတယ်၊ ထမင်းစားရမယ်နော် …” ဟု ပြောလေ၏ ။

ထိုအခါ မအောင်ရင်က ၎င်း၏ လွယ်အိတ်အတွင်းမှ ချိုင့်ကလေးတစ်လုံးကို ထုတ်၍ မကုလားမလက်သို့ ပေးလိုက်လေ၏ ။ မကုလားမသည် ချိုင့်ကို လှမ်းယူရင်း -

“ဘာဟင်းတွေ လဲ မအောင်ရင်ရဲ့ …” ဟု မေးလိုက်ရာ မအောင်ရင်က -

“ဟင်းမဟုတ်ပါဘူးဟယ်၊ တို့ပြီးစားဖို့ တို့စရာတွေ ပါ၊ ရဲယိုရွက်၊ ငှက်ပျောဖူး၊ ဘူးသီးပြုတ်၊ ကြောင်လျှာသီး …” ဟု ပြောလိုက်ရာ -

“အတော် ပဲ … အတော် ပဲ၊ ကျွန်မက ငါးပိထောင်း ကောင်းကောင်းလုပ်လာတယ်၊ ထမင်းကတော့ စားလို့မြိန်ပြီပဲ …” ဟု မကုလားမက အားရပါးရပြောလိုက်လေ၏ ။

“တို့ချည်းပဲ မဟုတ်သေးဘူး၊ သန်းမောင်ကလည်း တစ်ညလုံး မအိပ်ဘဲ ဖားတွေ ရှာနေတယ်၊ အလုပ်သမားမီးဖိုမှာ ဖားသားဆီပြန်ချက်နေလေရဲ့ …” ဟု မအောင်ရင်က ပြောလေ၏ ။

မအောင်ရင်သည် သူဋ္ဌေး၏ ရုံးခန်းကိုရှင်းလင်း၏ ။ ထမင်းစားသော အခါ၌ စက်ရုံအရိပ်မြေကြီးပေါ်တွင် ဝိုင်းဖွဲ့၍ စားကြလေ၏ ။ ၎င်းတို့ကို မြင်တွေ့ ရသည်မှာ အလုပ်ရုံသို့ အလုပ်ဆင်းလာကြသည်နှင့် မတူဘဲ ပျော်ပွဲစားထွက်၍ လာသကဲ့သို့ ရှိလေတော့၏ ။ ထို့ကြောင့် ၎င်းတို့၏ ထမင်းဝိုင်းကို မြင်တွေ့ သွားသူတိုင်းက -

“ပျော်စရာကြီးဟေ့ … မြိန်စရာကြီးဟေ့ …” ဟုပြောဆို ရေရွတ်သွားကြလေတော့သတည်း။



လွှတ်ချထားတာ လွတ်ကျတာမဟုတ်ဘူး

Cover

တစ်နေ့သ၌ မအောင်ရင်သည် သူဋ္ဌေး၏ အိမ်ကြီး၏ ခြံဝတွင် ပေါက်နေသော မြက်များ ကို ပေါက်တူးဖြင့် ရှပ်၍ ပေါက်နေလေ၏ ။ ထိုအချိန်၌ ခြံအပြင်ဘက်တွင် ကလေးနှစ် ယောက် သည်ဂျင်ပေါက်တမ်းကစားနေလေ၏ ။ ထိုကလေးနှစ် ယောက် အနက် တစ်ယောက် သော ကလေးမှာ သူဋ္ဌေးကတော် ဒေါ်ခင်မမ၏ တူကလေး မိုက်ကယ်ဆိုသူ ဖြစ်၏ ။ မိုက်ကယ်သည် ကျောင်းပိတ်ရက်များ တွင် ဤအိမ်ကြီးသို့ လာရောက်နေထိုင်ကြလေ၏ ။ ကျန်ကလေး တစ်ယောက် မှာ ကပ်လျက်ခြံမှ ဆပ်ပြာစက်ရုံပိုင်ရှင် ဦးမြခင်၏ သား မောင်ကွန့် ဖြစ်၏ ။

၎င်းတို့သည် ဂျင်များ ကို မြေပြင်ပေါ်တွင် ပေါက်ချပြီး ကြိုးဖြင့် ပတ်၍ မြှောက်တင်ကာလက်ဖြင့်ဖမ်းရ၏ ။ အရင်စို့နိုင်သော သူက ထိုဂျင်ကို မိမိ၏ ဂျင်မှ သံချွန်ဖြင့် ထုခွင့်ရ၏ ။ မောင်ကွန့်ဂျင်ခံအလှည့်ရောက်သော အခါ၌ သူ၏ ဂျင်ကို ချပေး၏ ။ မိုက်ကယ်က သူ၏ ဂျင်ဖြင့် ထု၏ ။ မိုက်ကယ့်ဂျင် ခံအလှည့်ရောက်သော အခါ၌ မိုက်ကယ်သည် သူ၏ ဂျင်အကောင်းကို ချမပေးဘဲ အပိုယူလာသော ဂျင်ဟောင်းကို ချပေး၏ ။ ထိုအခါ မောင်ကွန့်က ဤသို့မပြုလုပ်ရန် ကန့်ကွက်၏ ။ သို့သော် မိုက်ကယ်က ဇွတ်လုပ်၏ ။

ထို့ကြောင့် မောင်ကွန့်က မကစားတော့ဘူးဟု ဆိုကာ ရပ်ပစ်လိုက်၏ ။ ထိုအခါ မိုက်ကယ်က မောင်ကွန့်၏ ပခုးကို လက်ဖြင့် ဆောင့်တွန်း၏ ။

“ဟေ့ကောင် … သတ္တရှိလား …”ဟု မေးလေ၏ ။

“ငါ တစ်ယောက် တည်း မဟုတ်ဘူး၊ တစ်မျိုးလုံး သတ္တရှိတယ်၊ ဘာကြောင့်လဲ သိလား၊မြန်မာအစစ် ဖြစ်လို့ကွ၊ ငါ့အဖေလည်း မြန်မာ၊ ငါ့ အဘိုးလည်း မြန်မာ၊ ငါလည်း မြန်မာ …”

ဟု မောင်ကွန့်က ပြန်၍ ပြောလေ၏ ။ ထိုအခါ မိုက်ကယ်က -

“သတ္တိရှိရင် ချမလား …” ဟု မေးပြန်၏ ။

“ရပါတယ်၊ ဒါပေမဲ့ ငါကတော့စပြီး မချဘူး၊ မင်းငါ့ကို လာထိရင်တော့ ချမယ် …”ဟု မောင်ကွန့်က ပြန်၍ ပြောလိုက်လေ၏ ။ ထိုအခါ မိုက်ကယ်သည် မောင်ကွန့်၏ မျက်နှာကို လက်သီးဖြင့် ထိုး၏ ။ မောင်ကွန့်ကလည်း ပြန်၍ ထိုး၏ ။ ထိုအခါ၌ မိုက်ကယ်သည် သဲများ ကို ကောက်၍ မောင်ကွန့်၏ မျက်လုံးကို ပက်လိုက်၏ ။ မောင်ကွန့်သည် သဲများ ဝင်သွားသဖြင့် မျက်လုံးကိုပွတ်သပ်နေစဉ်မိုက်ကယ်သည် မောင်ကွန့်အား လက်သီးဖြင့် အဆက်မပြတ် ထိုးလေတော့၏ ။

ထိုအ ဖြစ်အပျက်ကို မအောင်ရင်သည် အစအဆုံး တွေ့ မြင်နေရ၏ ။ ထို့ကြောင့် ပြေးထွက်လာပြီးလျှင် မိုက်ကယ့်အား ဆွဲ့ထားလိုက်၏ ။ မိုက်ကယ်လည်း ရုန်းကန်၏ ။ ပါးစပ်မှလည်း -

“လွှတ်စမ်းပါ၊ ခင်ဗျားက ဘာ ဖြစ်လို့ဆွဲထားတာလဲ …” ဟု ပြောသော်လည်း မအောင်ရင် က မလွှတ်သေးပေ။ ဆွဲမြဲဆွဲထား၏ ။ မိုက်ကယ်လည်း ရုန်း၍ မရသော အခါ၌ မအောင်ရင်အားမကြားဝံ့ မနာသာဆဲလေတော့၏ ။ မအောင်ရင်သည် မိုက်ကယ်ကို ရိုက်ချလိုက်၏ ။ မိုက်ကယ်လည်းအော်၍ ငိုလေတော့၏ ။ ထို့ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကာ ခြံနှစ် ခြံမှ လူကြီးများ ထွက်လာ၏ ။

တစ်ဖက်ခြံမှ ဆပ်ပြာသူဋ္ဌေး ဦးမြခင်နှင့် သူဋ္ဌေးကတော် ပါ ထွက်လာ၏ ။ မိုက်ကယ်တို့ဘက်မှ လည်း ဒေါ်ခင်မမနှင့် သူ၏ သမီးကြီးမိမိကြီးပါ ထွက်လာ၏ ။ ဒေါ်ခင်မမက မအောင်ရင်အား-

“ဟဲ့ အောင်ရင်… ဘယ်သူက လွန်တာလဲ…” ဟု မေးလေ၏ ။ မအောင်ရင်က -

“မိုက်ကယ်လွန်တာပေါ့ …၊ ကစားတဲ့နေရာမှာ လည်း ညစ်တယ်၊ ရန် ဖြစ်တဲ့နေရာမှာ လည်း ညစ်တယ် …” ဟု ပြောလိုက်၏ ။ မောင်ကွန့်၏ ဖခင် ဦးမြခင်က ပြုံးလေ၏ ။ မောင်ကွန့်၏ မိခင်ကမူ မောင်ကွန့် ၏ မျက်လုံးထဲဝင်နေသော သဲများ ကို ထုတ်ပေးနေ၏ ။

ထိုအချိန်၌ မိမိကြီးက မိုက်ကယ်ငိုရသည့် အကြောင်းကို မေးမြန်းရာ မအောင်ရင်ကသူ့ကိုရိုက်ကြောင်းတိုင်တန်းလေ၏ ။ မိမိကြီးလည်း အသား ဆတ်ဆတ်တုန်သည် အထိ ဒေါပွသွား၏ ။ထို့ကြောင့် -

“ဟဲ့အောင်ရင်၊ နင်က မိုက်ကယ့်ကို ဘာကြောင့် ရိုက်ရတာ လဲ …” ဟု ဒေါနှင့်မောနှင့်မေးလေ၏ ။

“မတရားသဖြင့် လုပ်နေလို့ ဆွဲထားတာပါ” ဟု မအောင်ရင်က အေးအေးဆေးဆေးပင် ဖြေလေ၏ ။ မိမိကြီးသည် ပို၍ ဒေါသ ဖြစ်သွား၏ ။

“ဟဲ့ … အစေခံမရဲ့ ၊ မိုက်ကယ်က နင့်သခင်ရဲ့ တူအရင်းပဲ၊ ဦးမြို့ ဒေါ်ခင်မမ တို့တူဆိုတာ မေ့သွားပြီလား …” ဟု မိမိကြီးက လက်ညှိုးတငေါက်ငေါက်ထိုး၍ ပြောလေ၏ ။

“ဒီမှာ မိမိကြီး၊ ငါဟာ အစေခံမဟုတ်ဘူး၊ ငါဟာ အလုပ်သမား ဖြစ်တယ်၊ အစေခံဆိုတာက အိမ်ရှင်စေသမျှကို ခံနေမယ့်သူ၊ ငါက အလုပ်သမား၊ လခရလို့ အလုပ်လုပ်နေတာ … မကျေနပ်ရင် အလုပ်ဖြုတ်ခွင့်တော့ရှိတယ်၊ ဆဲခွင့်မရှိဘူး၊ မိမိကြီး ယူဆသလို အစေခံလို့ ယူဆရင် အစေခံပေါ့၊ ဒါပေမဲ့ အဆဲခံတော့မဟုတ်ဘူး …” ဟု မအောင်ရင်က ဒိုးဒိုး ဒေါက်ဒေါက်ပြန်၍ ပြောလိုက်လျှင်တစ်ဖက်ခြံမှ ဦးမြခင်သည် ပြုံး၍ ခေါင်းတဆတ်ဆတ်ညိတ်ကာ “လေးစားတယ်…” ဟု ပြောကာ ခြံအတွင်းသို့ ဝင်သွားလေ၏ ။

မိမိကြီးသည် ဒေါသထွက်၍ ခုန်နေလေတော့၏ ။ ပြီးလျှင် သူ၏ မိခင်ဘက်သို့ လှည့်ကာ -

“မာမီ ကြည့်စမ်း … ကြည့်စမ်း …၊ မာမီနဲ့ ဒယ်ဒီ့ ကိုတောင် မိုက်ကယ်ကို ရိုက်သလိုရိုက်မယ်တဲ့ …” ဟု ပြောလိုက်လေ၏ ။ ဒေါ်ခင်မမလည်း မျက်နှာကို မဲ့ရွဲ့၍ -

“ကာလပြောင်းပြန် သမီးရေ …၊ ပြောမနေပါနဲ့တော့၊ ညည်းဒယ်ဒီက မျက်နှာသာပေးထားတော့လည်း ဒီလောက်တော့ ရောင့် တက်မှာ ပဲ …” ဟု ဆိုကာ မြေကြီးကို ခြေထောက်ဖြင့် ဆောင့်၍ ခြံအတွင်းသို့ဝင်သွားလေ၏ ။ မိမိကြီးသည် မိုက်ကယ်၏ လက်ကို ဆွဲကာ ဝင်သွားလေ၏ ။ မိုက်ကယ်သည် မအောင်ရင်ဘက်သို့လှည့်ကာ လက်သီးထောင်ပြသွား၏ ။ မအောင်ရင်က ပြုံးလေ၏ ။

အထက်ပါ အ ဖြစ်အပျက်များ ဖြစ်ပွားပြီး (၁၀) ရက်ခန့်ကြာသော အခါ၌ မအောင်ရင်သည် ခုံဖိနပ်တစ်ရံဝယ်ရန် အတွက် ဈေးသို့ သွားလေ၏ ။ လမ်းတွင် ဦးမြခင်၏ ကားနှင့် တွေ့ လေ၏ ။ဦးမြခင်သည် ကားကို မအောင်ရင်အနီးသို့ရပ်စေပြီး -

“မအောင်ရင် မုန့်ဖိုး …” ဟု ဆိုကာ ရာတန်တစ်ရွက်ထုတ်ပေး၏ ။

“ဟုတ်ကဲ့ … မယူပါရစေနဲ့ ရှင် …၊ ကျွန်မ မုန့်မစားတတ်ပါဘူး …”ဟု မအောင်ရင်ကပြန်၍ ပြောလိုက်ရာ ဦးမြခင်က ပြုံးလေ၏ ။ ပြီးလျှင် -

“မအောင်ရင်က သိပ်ရိုးပြီး သိပ်ဖြောင့်တာကိုး၊ အိမ်ရှင်တွေ က မတရားနှိပ်စက်ရင်တော့ အန်ကယ့်ကိုပြောပါ … အန်ကယ် ကူညီပါ့မယ် …” ဟု ပြောလေ၏ ။

“ဟုတ်ကဲ့ … သူတို့က မနှိပ်စက်ဝံ့ပါဘူး၊ အဲဒီ လို နှိပ်စက်လို့လည်း မရပါဘူး …” ဟု မအောင်ရင်က ပြောလိုက်ရာ ဦးမြခင်က -

“လေးစားတယ် …” ဟု ပြောကာ ထွက်သွားလေတော့၏ ။

မအောင်ရင်လည်း တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားရင်း အိမ်သို့ပြန်လာလေ၏ ။အိမ်သို့ရောက်၍ နောက်ဖေးအလုပ်သမား တန်းလျားသို့သွားလျှင် မြတ်လှက -

“အစ်မအောင်ရင် မိုက်ကယ့်ကို သွားရိုက်တယ်ဆို၊ ဒီကောင်လေးကို တစ်အိမ်လုံးကဖူးဖူးမှု တ်ထားတာ … ၊ ဘာ ဖြစ်လို့ သွားရိုက်တာလဲ …” ဟု စိုးရိမ်သော လေသံဖြင့် မေးလေ၏ ။

“ဒီလို မြတ်လှရဲ့ … ဆုံးမလိုက်တာပါ၊ ဒေါသမပါဘူး၊ ရိုက်ရုံသပ်သပ်ရိုက်လိုက်တာ၊လိုအပ်လို့ ရိုက်တာပေါ့ကွယ် …” ဟု မအောင်ရင်က ပြောလိုက်လေ၏ ။

“ဦးလေးနဲ့ အန်တီပါးကို ရိုက်ဦးမယ်ဆို” ဟု မြတ်လှက စိုးရိမ်တကြီးမေးလိုက်ပြန်၏ ။

“ဒီလို အဓိပ္ပာယ်မျိုးမဟုတ်ဘူး၊ မိမိကြီးက နားမလည်လို့ ပြောပြတာပါ၊ လိုအပ်ရင် ဘာမဆို မအောင်ရင် လုပ်မယ်ဆိုတာ ရှင်းပြတာပါ၊ မလိုအပ်ရင် ကိုယ့်ခြင်ထောင်ထဲမှာ လာပြီးပျံနေတဲ့ခြင်ကိုတောင် ထပြီးမရိုက်ဘူး၊ လိုအပ်မယ်ဆိုရင်တော့ သေမင်းရဲ့ နှုတ်ခမ်းမွေးကို တစ်ပင်ချင်း နှုတ်ပစ်လိုက်မယ်၊ အဲဒါက အစ်မရဲ့ သဘောထားပဲ …” ဟု မအောင်ရင်က ပြောလိုက်လျှင် -

“နှုတ်ခမးမွေးပဲ နုတ်နုတ်၊ ဆံပင်မွေးပဲ နုတ်နုတ်၊ အလုပ်က တော့ ပြုတ်တော့မယ်…”ဟု မြတ်လှက ညည်းညူလိုက်လျှင် မအောင်ရင်က -

“ဒီမှာ ညီမလေးရဲ့ …၊ အလုပ်က ချက်ချင်း ဖြုတ်လို့ မရဘူး၊ ဖြုတ်ချင်ရင် အလုပ်ရှင်ကတစ်လကြိုတင်အသိပေးရတယ်၊ အစ်မက ထွက်ချင်ရင်လည်း သူတို့ကို တစ်လ ကြိုတင် အသိပေးပြီးမှ ထွက်လို့ရတယ် …” ဟု ပြောလိုက်လေ၏ ။

“အစ်မ ကြည့်ရတာ ဘာမှ မပူသလိုဘဲ၊ အမြဲတမ်း တည်တည် ငြိမ်ငြိမ် အေးအေးချမ်းချမ်းပဲ …” ဟု မြတ်လှက ပြောလိုက်လေ၏ ။

“အော် … ဒါက ဒီလိုပါကွယ် …၊ အစ်မက အားလုံးကို လွှတ်ချထားတာ၊ လွတ်ကျတာမဟုတ်ဘူး၊ အဲဒီ လို လွှတ်ချထားတာဆိုတော့ ဘာမှ သိမ်းပိုက်မထားဘူး၊ အဲဒီ လို သိမ်းပိုက်မထားတော့ အစ်မမှာ ပျောက်ဆုံးစရာ ဘာမှ မရှိဘူး၊ ဘာမှ မရှိတော့ ဘာမှ မပူတော့ဘူးပေါ့၊ မပူတော့အေးချမ်းတာပေါ့ မြတ်လှရယ် …၊ မအောင်ရင် ပြောချင်တာက ဒါပါပဲ …” ဟု မအောင်ရင်က အေးချမ်းစွာ ပြောလိုက်လေတော့သတည်း …။ ။



မအောင်ရင် အလုပ်ပြုတ်ပြီ

Cover

တစ်နေ့သ၌ မအောင်ရင်သည် ရွှေဂဲအထည်စက်ရုံဝန်းကြီး အတွင်း သူဋ္ဌေးဦးမြို့၏ ရုံးခန်းကို ရှင်းလင်း နေလေ၏ ။ ထိုသို့ ရှင်းလင်းပေးပြီးနောက် စက်ရုံ၏ ဘေးတွင် ထမင်းစု၍ စားနေကြသော မကုလားမ၊ သန်းသန်း၊ မမြတ်လှ၊ မခင်သိန်းနှင့် သန်းမောင်တို့ဆီသို့ သွားရောက်လေ၏ ။ထိုအခါ နှုတ်သွက်အာသွက်နိုင်လှသော မကုလားမက -

“အမေလေး မအောင်ရင်ရယ် … မြန်မြန် သူဋ္ဌေးမကြီး ဖြစ်ပြီး ရွှေဂဲအထည်စက်ရုံကြီးကို ဝယ်စမ်းပါ၊ ပြီးတော့ ကျွန်မ တို့ အပန်းဖြေဖို့ ထမင်းစားဖို့ တန်းလျားလေးတစ်ခု ဆောက်ပေးပါ၊ဒီသူဋ္ဌေးကတော့ ဆောက်ပေးမယ့်ပုံ မပေါ်ဘူး …” ဟု ပြောလေ၏ ။ ထိုအခါ၌ သန်းမောင်က

“မအောင်ရင်ကြီးက စက်သူဋ္ဌေး ဖြစ်ဖို့ နေနေသာသာ၊ အိမ်ဖော် အလုပ်တောင် ပြုတ်တော့မယ်၊ ဒီနှစ် ကုန်တာနဲ့ အလုပ်ဖြုတ်ပစ်မယ်လို့ သူဋ္ဌေးသမီး မိမိကြီးက ပြောနေတယ်၊ အဲဒါကိုလည်း စဉ်းစားဦးနော့်” ဟု စိုးရိမ်သော လေသံဖြင့် ပြောလေ၏ ။ ထိုအခါ မအောင်ရင်သည် ၎င်းတို့ဘေး၌ ဝင်ထိုင်ရင်း

“မပူစမ်းပါနဲ့ သန်းမောင်ရယ် …၊ အလုပ်ဖြုတ်တဲ့နေ့ကစပြီး ချမ်းသာတဲ့နေ့ပဲ၊ ငါ အလုပ်ပြုတ်ပြီး မကြာခင်မှာ နင့်ကို စပြီး အလုပ်ခန့်မယ်၊ ကားမောင်းဖို့ပါပဲ၊ ကုလားမကိုလည်း အလုပ်ခန့်မယ်၊ ထမင်း ချက်ဖို့ပါပဲ၊ သန်းသန်းက ဈေးဝယ်ရမယ်၊ ခင်သိန်းက ပန်းကန်တွေ အိုးတွေ ဆေးရကြောရမယ်၊ မြတ်လှက ငွေကိုင်ရမယ် …” ဟု ပြောလိုက်လျှင် -

“အားလုံးကတော့ ထောင့်စေ့နေပြီ …၊ မအောင်ရင်က ဘာလုပ်မှာ လဲ…” ဟု သန်းသန်းက မေးလိုက်ရာ မအောင်ရင်က -

“ငါက ဖိုထိုးမယ် …” ဟု ပြောလိုက်သဖြင့် အားလုံးက ဝိုင်း၍ ရယ်ကြလေ၏ ။

“နင်တို့ ဘာရယ်တာလဲ၊ အဂ္ဂိရိတ်ထိုးမယ်လို့ပြောတာ …” ဟု မအောင်ရင်က ထပ်၍ ပြောလိုက်ရာ ကုလားမက -

“မအောင်ရင်တော့မသိဘူး၊ ကျွန်မတို့ အိမ်နားက ဦးရှိန်ဆိုတဲ့လူ ဖိုထိုးလိုက်တာ ရတဲ့အမွေတွေ ကုန်သွားတယ်၊ တိုက်တစ်လုံး ပြုတ်သွားတယ်” ဟု ပြောလိုက်လျှင် ကျန်လူများ လည်းရယ်မောလိုက်ကြလေ၏ ။ ထိုအခါ ဒရိုင်ဘာသန်းမောင်က -

“ကြံကြီးစည်ရာ မအောင်ရင်ရယ် …၊ အဂ္ဂိရိတ်ထိုးရမယ်လို့၊ ထားပါတော့လေ၊ ခင်ဗျားက ကျုပ်တို့ ငါးယောက် ကို အလုပ်ပေးထားမယ်ဆိုတော့ ဘာအလုပ်ရှိလို့လဲဗျ …” ဟု မေးလေရာမအောင်ရင်က -

“ထမင်းဆိုင်ဖွင့်ပြီး ထမင်းရောင်းရမှာ ပေါ့” ဟု တုံးတိတိပြန်၍ ဖြေလိုက်လေ၏ ။ “မအောင်ရင် … မအောင်ရင် …၊ အတော့် ကို စိတ်ကူးယဉ်တာပဲကို၊ ထမင်းဆိုင်ဖွင့်တယ်ဆိုတာ လွယ်တယ်များ မှတ်နေလား၊ ဆိုင်ဖွင့်ဖို့ အခန်းကျယ်ကျယ်တစ်ခု ကို သိန်းနဲ့ချီပြီး ပေးရတာ၊ ခင်ဗျားမှာ ပိုက်ဆံ ဘယ်လောက်များ ရှိလို့လဲ …” ဟု သန်းမောင်က ပြန်၍ မေးလိုက်လေ၏ ။

“ရန်ကုန်မြို့ ထဲမှာ ဆိုရင်တော့ ဟုတ်တာပေါ့ သန်းမောင်ရဲ့ … ငါက ရန်ကုန်မြို့ထဲမှာ ဖွင့်မှာ မှ မဟုတ်ဘဲ၊ ရန်ကုန်ကနေ မိုင်သုံးဆယ်ဝေးတဲ့ မှော်ဘီမြို့၊ အဲဒီ မှော်ဘီမြို့ထဲကနေ ပြည်-ရန်ကုန် သွားတဲ့ ကားလမ်းကြီးက ဖြတ်သွားတာ…၊ ငါ ဖွင့်မယ်ဆိုင်ဆိုတာက မှော်ဘီမြို့လယ်ခေါင်မှာ လည်းမဟုတ်ဘူး၊ အဲဒီ မှော်ဘီမြို့အစွန် ကားလမ်းဘေးမှာ ဖွင့်မှာ ၊ အဲဒီ မှာ က မြေကွက်တွေ ဈေးပေါပါတယ်၊ မဝယ်နိုင်ရင်တော့ ငှားလို့ရတယ်၊ ဝယ်နိုင်ရင်တော့မှ အပိုင်ဝယ်လိုက်မှာ သန်းမောင်ရဲ့ ”ဟု မအောင်ရင်က ပြန်၍ ပြောလေ၏ ။

“အဲဒီ မြို့အစွန် ဒီလောက်ခေါင်တဲ့နေရာက ခင်ဗျားဆိုင်ကို ဘယ်သူက ထမင်းလာစားမှာ လဲ” ဟု သန်းမောင်က မေးလေ၏ ။ “ဟဲ့ မြို့ထဲ့ လူကတော့ ဘယ်ကလာပြီး စားမှာ လဲ၊ ပြည် -ရန်ကုန် မောင်းနေတဲ့ ကားတွေ ကတော့ လာစားမှာ ပေါ့ …၊ ကုန်တင်ကားတွေ လည်း ရှိတယ်၊ ခရီးသည်တင်ကားတွေ လည်း ရှိတယ် …” ဟု မအောင်ရင်က ပြန်၍ ပြောလေ၏ ။ အထက်ပါ စကားများ ပြောကြပြီး သုံးလခန့်ကြာသော အခါ၌ သူဋ္ဌေးဦးမြို့၏ သမီး မိမိကြီးက မအောင်ရင်ကို အပြီးအပိုင်အလုပ်ဖြုတ်လိုက်လေတော့သတည်း …။

ဘူးသီးရေဘူး ထမင်းဆိုင်

မအောင်ရင်သည် မှော်ဘီတွင် ဒေါ်ဒွေးဖြူ နှင့် သွားရောက်နေထိုင်ခဲ့၏ ။ ထိုသို့ နေထိုင်ရင်း မှော်ဘီမှ ပြည်ဘက်သို့ထွက်သော ကားလမ်း၏ နံဘေးတွင် ရှိသည့် သီဟိုဠ်ပင်၊ သရက်ပင်၊ ဝါပိုးဝါးပင်များ ဖြင့် အုံ့ဆိုင်း မှိုင်းညို့နေသော သုံးဧကခန့် ကျယ်ဝန်းသည့် ခြံကြီးတစ်ခြံကို နှစ် ချုပ်ဖြင့် ငှား]ရမ်းလိုက်လေ၏ ။ ထိုသို့ ငှားရမ်းပြီးနောက် အလုပ်သမားများ ငှားရမ်းကာ ခြံကြီးကို အောက်ခြေများ ရှင်းလင်းပစ်လိုက်၏ ။ မညီသော နေရာများ ကို ညှိပစ်လိုက်၏ ။ ပြီးလျှင် ခြံ၏ အနောက်ဘက်လယ်ကွင်းနှင့် ဆက်နေသော နေရာများ တွင် အိမ်သာဆောက်ရန်အတွက် ကျွန်းနက်နက်တူးလေ၏ ။ ပြီးလျှင်တောသစ်များ ဖြင့်ပင် အိမ်သာဆောက်လေ၏ ။ အိမ်သာမှာ နှစ် ဖက် ဖြစ်၏ ။ တစ်ဖက်တွင် သုံးလုံးပါ၏ ။အခြားတစ်ဖက်မှာ သုံးလုံးပါ၏ ။ တစ်ဖက်မှာ မိန်းမများ အတွက် ဖြစ်၍ ကျန်တစ်ဖက်မှာ ယောက်ျားများ အတွက် ဖြစ်၍ ကျန်တစ်ဖက်မှာ ယောက်ျားများ အတွက် ဖြစ်၏ ။ ရေတွင်း နှစ် တွင်းတူး၍ ဝါးမောင်းတက်များ တပ်ဆင်ထား၏ ။ ထို့နောက်မှ လွန်စွာ ကြီးမားသော တဲဝိုင်းကြီးကို ထိုးပြန်၏ ။ ထိုတဲတွင် ဝါးစားပွဲခုံများ ၊ ဝါးထိုင်ခုံများ ကို ဝါးကိုင်ကျွမ်းကျင်သော သူအား ပြုလုပ်စေခဲ့၏ ။ ခြံ၏ ထောင့်ကျကျနေရာတွင် မီးဖိုဆောင်တဲ့ကြီးကြီးများ ထိုး၏ ။ အလုံးစုံပြီးသော အခါတွင် ဒန်အိုး၊ ဒယ်အိုး၊ ဇွန်း၊ ပန်းကန်ခွက်ယောက် များ ဝယ်လေ၏ ။ မအောင်ရင်၏ လှုံ့ဆော်မှု ကြောင့် ကုလားမ၊ မခင်သိန်း၊ သန်းသန်း၊ မြတ်လှတို့ အလုပ်မှ ထွက်ခဲ့ကြ၏ ။ ဒါရိုက်ဘာ သန်းမောင် တစ်ယောက် သာ ကျန်ခဲ့၏ ။ အိုးခွက်ပန်းကန်များ ကိုမခင်သိန်းအား သိမ်းဆည်းရန် တာဝန်ပေး၏ ။ ချက်ရေး ၊ ပြုတ်ရေး တာဝန်ကို ကုလားမနှင့် ဒေါ်ဒွေးဖြူက တာဝန်ယူရ၏ ။ သန်းသန်းနှင့် မြတ်လှက စားပွဲထိုးရ၏ ။ မြတ်လှသည် စားပွဲထိုး အလုပ်တာဝန်အပြင် ငွေစာရင်းကိုင်ရသော တာဝန်ကိုပါယူရလေ၏ ။ မိုးချုပ်၍ ဆိုင်သိမ်းသော အခါ၌ ငွေများ ကို ဒေါ်ဒွေးဖြူအား အပ်ရ၏ ။ နောက်တစ်နေ့ ဈေးဝယ်ရန် အတွက် ဒေါ်ဒွေးဖြူထံမှ ငွေထုတ်ရ၏ ။ ထို့နောက် မအောင်ရင်သည် တိုက်ကြီးဘက်တွင် ရှိသော မုဆိုးများ နှင့် လှမ်း၍ ဆက်သွယ်ရ၏ ။ ဂျီ၊ ဆတ်၊ဖွတ်၊ ပဒတ်၊ ယုန်၊ ခါ ရသမျှကို ဝယ်မည် ဖြစ်ကြောင်း အကြောင်းကြား၏ ။ တောကောင်၏ သားရေများ ၊ချိုများ ကိုပင် ဝယ်မည် ဖြစ်ကြောင်း အကြောင်းကြားလိုက်သော ကြောင့် မုဆိုးများ ကလာ၍ ရောင်းကြ၏ ။ ထို့ကြောင့် မအောင်ရင်၏ တဲဝိုင်းကြီးအတွင်း၌ တော် ဆိတ်သားရေ များ ၊ ဝက်ဝံများ ၏ သားရေများ ၊ သမင်ချိုများ ၊ ပြောင်ချိုများ ၊ တောဆိတ်ချိုများ ချိတ်ဆွဲထားသည်ကို တွေ့ ရလေ၏ ။ ထို့ပြင် မအောင်ရင်သည် ပန်းချီဆရာတစ်ဦးထံ သွားရောက်၍ သံပြားပေါ်တွင် မုဆိုးကြီးတစ်ဦး တောလိုက်၍ ပြန်လာပုံကို ဆီဆေးဖြင့် ရေး ခိုင်းလေ၏ ။ မုဆိုး၏ လက်ထဲတွင် ဒူးလေးတစ်လက်ပါ၏ ။ ပခုံးထက်တွင် တောင်ဆိတ်အသေကြီးတစ်ကောင်ကို ထမ်းထား၏ ။ ထိုပုံကြီးကို မအောင်ရင်သည် ဆိုင်ရှေ့ကားလမ်းဘေးတွင် ထောင်၍ ထား၏ ။ ထို့ပြင် ‘မုဆိုးကျော်’ ထမင်းဆိုင် ဟူသော စာတန်းကို ရေး ၍ လည်း ဆိုင်ကို ညွန်ပြထား၏ ။ မအောင်ရင်သည် ဆိုင်မဖွင့်မီ တစ်လလောက်ကပင် အသိမိတ်ဆွေများ ကို ဖိတ်ခေါ်၍ ချက်ပြုတ်ကျွေးမွေးခဲ့လေ၏ ။ သူ၏ ဆိုင်တွင် အလုပ်လုပ်သော သူများ ကျွမ်းကျင်စွာ ချက်နိုင်၊ ကျွမ်းကျင်စွာ စားပွဲထိုး နိုင်မှသာ မုဆိုးကျော် ထမင်းဆိုင်ကို ဖွင့်ခဲ့၏ ။

သူ၏ ဆိုင်တွင် ဖွတ်သားဆီပြန်၊ ပတတ် ကင်ရ၏ ။ တော် ဝက်သားရော၊ အိမ်ဝက်သားပါရ၏ ။ မအောင်ရင်၏ ဆိုင်၌ မဆလာကို အသုံးပြုခဲ၏ ။ စပါးလင်၊ ဂျင်းတို့ကို နိုင်နိုင်သုံးခဲ့၏ ။ လတ်ဆတ်သော အသားများ ကို စားရသော ကြောင့် သဘောကျကုန်၏ ။ ခရီးသည်များ သည် အခြားနေရာများ ၌ ထမင်းစားရန် ကားရပ်ပေးလျှင် မဆင်းကြဘဲ ‘မုဆိုးကျော် ထမင်းဆိုင်ကျမှပဲ ရပ်ပေးပါ’ဟု ပြောကြကုန်၏ ။ ထို့ကြောင့် မအောင်ရင်၏ မုဆိုးကျော်ထမင်းဆိုင်သည် နေ့ချင်း ညချင်း အောင်မြင်သွားလေတော့၏ ။

အလကားတိုက်သော ရေနွေးကြမ်းကို ဖြစ်ကတတ်ဆန်း မလုပ်ဘဲ သောက်၍ ကောင်းအောင်စီမံ၏ ။ နှစ် လခန့်ကြာသော အခါ၌ မအောင်ရင်သည် ပျဉ်ကာသွပ်မိုးဖြင့် ဖိုရုံလေးတစ်ရုံဆောက်ပြီးလျှင် အဂ္ဂိရိတ်ဆရာအား ငွေကြေး အလုံအလောက်ပူဇော်ကာ လမ်းခွဲလိုက်လေတော့၏ ။ ထိုသို့လမ်းခွဲပြီးနောက် တစ်ခါက ဒေါ်ဒွေးဖြူထံ အပ်နှံထားသော ပစ္စည်းများ ကို မုဆိုးကျော် ခြံအတွင်းရှိ၎င်း၏ နေအိမ်သို့ ရွှေ့ပြောင်းလေတော့၏ ။ ဆိုင်မှာ တစ်နေ့ တစ်နေ့ရောင်းကောင်းလာသော ကြောင့်]အလုပ်သမား များ တိုးချဲ့ခန့်ထားရ၏ ။ ထို အလုပ်သမားများ မှာ တခြားလူများ မဟုတ်ဘဲ သူဋ္ဌေးဦးမြို့၏ စက်ရုံများ မှ အလုပ်ပြုတ်ခဲ့သော အလုပ်သမားများ သာ ဖြစ်၏ ။

“မုဆိုးကြီးက အတော့် ကို ဟန်ကျလာပြီ၊ နောက်ဆိုရင် ဦးမြို့ရဲ့ ရွှေဂဲကြက်တူရွေးကိုပစ်ချတော့မယ်ထင်တယ်” ဟု အလုပ်သမားများ က မကြာခဏ ပြောတတ်ကြလေ၏ ။

မအောင်ရင်၏ မုဆိုးကျော် ထမင်းဆိုင်သည် ထမင်းစားပြီးသူ များ အား ရာသီအလိုက်ပေါ်သော အသီးအနှံများ ကို အခမဲ့ ချ၍ ကျွေးလေ၏ ။ မအောင်ရင်၏ ထမင်းဆိုင်တွင် ထူးခြားသော အချက်မှာ သောက်ရေ လွန်စွာ သန့်၍ ပေါ့ခြင်း ငံခြင်းမရှိဘဲ လွန်စွာ သောက်၍ ကောင်းခြင်းပင် ဖြစ်၏ ။ မအောင်ရင်သည် ဘူးသီးခြောက်ရေဘူးကလေးများ တွင် ရေဖြည့်ကာ ထမင်းစားသူများ ကို လက်ဆောင်ပေး၏ ။

ထို့ကြောင့် မအောင်ရင်၏ ဆိုင်ကို မိုဆိုးကျော်ဆိုင်ဟူ၍ လည်းကောင်း၊ အချို့က ဘူးသီးခြောက်ဆိုင် ဟူ၍ လည်းကောင်း ခေါ်ကြ၏ ။ မအောင်ရင်သည် ဂျစ်ကားလေးတစ်စီး ဝယ်ထား၏ ။ ထိုဂျစ်ကား၏ နောက်တွင် ထွေလာခေါ် နောက်ဆက်တွဲ လေးပါ ပါ၏ ။ ထိုနောက်တွဲ လေးများ သည်ဈေးဝယ်ရာတွင် အလွန်အသုံးဝင်၏ ။ မအောင်ရင်၏ ဆိုင်တွင် နာမည် ကြီးသော ဟင်းများ မှာ တောကြက်သား၊ အရည်သောက်ဟင်း၊ ငါးရံ့ဆန်လှော်ဟင်း၊ ဘူးသီးသုပ်၊ ငါးလင်ဗန်း အချဉ်ဆီပြန်၊ ဆတ်သား၊ ငရုပ်သီး လေးစိပ်ကွဲ၊ ဂျီသားကြပ်တင်ဟင်း တို့ ဖြစ်၏ ။ မအောင်ရင်သည် ဈေးဆိုင်ကြီးအားစီမံရန်အတွက် မကုလားမကို တာဝန်ပေးထား၏ ။ ဒရိုင်ဘာ ကိုသန်းမောင်မှာ ဂျစ်ကားကိုမောင်းရ၏ ။ပျက်လျှင် ပြင်ရ၏ ။

မအောင်ရင်သည် ဆိုင်၏ လိုအပ်ချက်များ ကို ကြည့်ရှု၍ ဖြည့်ဆည်းပေး၏ ။ အားလျှင်အဂ္ဂိရတ်ထိုး၏ ။ အဂ္ဂိရတ်ဆရာများ သည် ဤ ဆိုင်သို့ ရောက်လာပြီးလျှင် မအောင်ရင်နှင့် အဂ္ဂိရတ်အကြောင်းများ ကို ဆွေးနွေးကြ၏ ။ ၎င်းတို့တွင် ပါလာသော ဓာတ်လုံးများ ကို မကြာခဏ ထုတ်၍ ပြ၏ ။အဂ္ဂိရတ်ဆရာများ သည် မအောင်ရင်၏ ဓာတ်လုံးကြီးကို ကိုင်စမ်းကြည့်ရှုပြီးနောက် -

“တော် ပါပေရဲ့ မအောင်ရင်ရယ်၊ ခင်ဗျားဓာတ်လုံးက တကယ့် ကိတ်ကြီးပဲ …” ဟု ပြောသူက ပြောကြလေ၏ ။ အချို့ကလည်း -

“ဆေးဒါန်းကြီးပါဗျာ …” ဟု ပြောသူက ပြောကြ၏ ။

“ခင်ဗျားတို့ ပြောတာ တစ်ခုမှ မဟုတ်ဘူး၊ မအောင်ရင် ဓာတ်လုံးက ဒန်ကို ဒန်သတ်၊ငမှတ် စကြင်္ဂတင်ဆိုတဲ့ ဓာတ်လုံးမျိုးပါဗျာ၊ အမှန်စင်စစ် ကြေးနီ၊ ကြေီးဝါ တွေ လုံးထားတဲ့ ဓာတ်လုံးကြီးပါ၊ ဘာမှ မဟုတ်ပေမဲ့ လူအထင်ကြီးတဲ့ ဓာတ်လုံးမျိုးပေါ့ဗျာ” ဟု ပြောလေ၏ ။ မအောင်ရင်ကမူတစ်စုံတစ်ရာ ပြန်၍ မပြောဘဲ ကျေကျေနပ်နပ်ကြီး ပြုံးနေလေ့ရှိ၏ ။

တစ်နေ့တွင် မအောင်ရင်၏ မုဆိုးကျော် ထမင်းဆိုင်ကြီးဆီသို့ မော်တော် ကားတစ်စီးဆိုက်ရောက်လာ၏ ။ မိသားတစ်စု ကားပေါ်မှ ဆင်းလာပြီး ထမင်းစားကြလေ၏ ။ ၎င်းတို့သည် ငါးရံ့ဆန်လှော်ဟင်းနှင့် ငါးလင်ဗန်းအချဉ်ဆီပြန်ဟင်းကို မှာ ယူစားသောက်ကြလေ၏ ။ လွန်စွာ မှ မြိန်ယှက်ကြလေ၏ ။ ထို့ကြောင့် ထမင်းဆိုင်ကို ချီးကျူးကြလေ၏ ။ ထိုသို့ ချီကျူးပြီးနောက် ယောက်ျားလုပ်သူသည် တစ်နေရာသို့ လှမ်းကြည့်ပြီးလျှင် မိန်းမကို လက်တို့လေ၏ ။ မိန်းမသည် ယောက်ျားညွန်ပြရာကိုကြည့်လိုက်လေ၏ ။ ထို့နောက်မှ -

“ဟုတ်ပါရဲ့ ၊ အဲဒါ မအောင်ရင်မှ မအောင်ရင် အစစ်ပါ …” ဟု ပြောလိုက်လေ၏ ။ ထို့နောက်တွင် ကား ယောက်ျားကြီးရော၊ မိန်းမပါ မအောင်ရင်ကို အော်ခေါ်၍ နှုတ်ဆက်ကြလေ၏ ။ ထိုယောက်ျားကြီးမှာ သူဋ္ဌေးဦးမြို့၏ ခြံဘေးမှ ဆပ်ပြာသူဋ္ဌေး ဦးမြခင် ဖြစ်၏ ။ မအောင်ရင်က လည်းပြန်၍ နှုတ်ဆက်လေ၏ ။

“ဒီဆိုင်ကြီးက မအောင်ရင်ဆိုင်ကြီးလား” ဟု ဦးမြခင်က မေးလိုက်ရာ မအောင်ရင်က-

“ဟုတ်ပါတယ်ရှင်၊ ကျွန်မဆိုင်ပါပဲ၊ ဒီမှာ လုပ်နေတဲ့ အလုပ်သမားတွေ ဟာ သူဋ္ဌေးဦးမြို့ရဲ့ စက်ရုံက အလုပ်ပြုတ်ခဲ့တဲ့လူတွေ ပါ၊ ကျွန်မနဲ့ ဒိုးတူပေါင်ဖက် လုပ်စားနေကြတာပါ၊ ဟိုမှာ ကားပြင်နေတဲ့ သန်းမောင်ကိုတော့ သိမှာ ပေါ့၊ ဦးမြို့အိမ်က ဒရိုင်ဘာလေ၊ အခု အလုပ်ပြုတ်လာလို့ ခေါ်ပြီး ဒီမှာ ဒရိုင်ဘာ လုပ်ခိုင်းထားတာ …” ဟု ပြောလိုက်လေ၏ ။ ထိုအခါ ဆပ်ပြာသူဋ္ဌေးဦးမြခင်က -

“မအောင်ရင် အလုပ်က ထွက်လာတာ သိပ်မကြာသေးဘူး၊ အခု လောက်ကြီးပွားတယ်ဆိုတော့ မအောင်ရင်နောက်မှာ ဘက်ဂရောင်းရှိတယ်ထင်တယ် …” ဟု ပြောလေ၏ ။ ထိုအခါမအောင်ရင်က ပြုံးလျှက် -

“လှိုင်းလုံးကြီးတွေ ကို ကြည့်ပြီး အဲဒီ လှိုင်းလုံးကြီးတွေ နောက်မှာ သမုဒ္ဒရာကြီးရှိမယ်လို့ ထင်တတ်ကြတာပါပဲ၊ အမှန်ကတော့ ဒီလှိုင်းလုံးကြီးတွေ ကိုယ်၌ က သမုဒ္ဒရာပဲ မဟုတ်ပါလားရှင်၊ လှိုင်းလုံးကသပ်သပ်၊ သမုဒ္ဒရာက သပ်သပ်မှ မဟုတ်ဘ၊ မအောင်ရင် ပြောချင်တာကတော့ ဒါပါပဲ” ဟု ပြောလိုက်ရာ ဆပ်ပြာ သူဋ္ဌေးဦးမြခင်က -

“ဟုတ်ပါ့ဗျာ …” ဟု ကျေကျေနပ်နပ်ကြီးဝန်ခံလိုက်လေတော့သတည်း။





ဝန်ဇင်းချစ်သူများ မင်းသိင်္ခ ၏ “ မအောင်ရင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဘ၀စာမျက်နှာ အပိုင်းအစများ

တူသော ဝတ္ထုတိုများ

ပြည်ကြီးမဏ္ဍိုင် မြကြီး