အခန်း (၁)
မြစ်ဝကျွန်းပေါ်တွင် နွေခေါင်ခေါင်ပူပြင်းအချိန်၌ မိန်းမပျိုတစ်ဦးသည် လှေငယ်လေးတစ်စီးကို ပင်ပန်းကြီးစွာ လှော်ခတ်လာလေ၏ ။
မိန်းမပျိုသည် ချွေးဒီးဒီးကျအောင် လှော်ခတ်ပြီးနောက် လှေကို ကမ်းစပ်တစ်နေရာ၌ ၀င်ရောက် ဆိုက်ကပ်လိုက်လေ၏ ။
ပြီးနောက် လှေကိုကြိုးချည်ပြီး ငါးခြောက်များ လှန်းထားသော ခြံကြီးထဲသို့ ၀င်ရောက်ခဲ့လေ၏ ။
ထိုအခါ ခြံကြီးထဲရှိ ပက်လက်ကုလားထိုင်တွင် ထိုင်နေသော ပိန်ရှည်ရှည်လူကြီးက
‘ဟဲ့… လှမေ၊ ရွာစဉ်လှည့်ပြီး ကြွေးတွေ တောင်းတာ အဆင်ပြေရဲ့ လား’
ဟု မေးမြန်းလေ၏ ။
မိန်းမပျိုက ပိန်ရှည်ရှည်လူကြီးကို ငဲ့စောင်းကြည့်၍
‘မရခဲ့ဘူး ဦးလေး၊ သူတို့အားလုံး မပြေလည်ဘူး ပြောကြတယ်’
ဟု ပြောလေရာ ပိန်ရှည်ရှည်လူကြီးသည် မျက်နှာမဲ့သွားပြီး
‘လှမေ…. နင့်ကို ခိုင်းလိုက်ရင် ဘာတစ်ခုမှ အဆင်မပြေဘူး။ မနက်ကတည်းက ကြွေးတောင်း ထွက်သွားတာ ဒီအချိန်မှ ပြန်လာတယ်။ ပိုက်ဆံလည်း တစ်ပြားမှ ရမလာဘူး။ ဒါဆိုရင်တော့ ငါးတွေ အရင်ဆုံးပြီးအောင်ခွဲ၊ ငါးခွဲလို့ မပြီးသေးရင်တော့ ထမင်းစားဖို့ တက်မလာနဲ့’
ဟု အော်ဟစ်ပြောဆိုလေ၏ ။
မိန်းမပျိုသည် ဗိုက်ထဲတွင် ဆာလောင်နေသော်လည်း အံကိုကြိတ်၍ ငါးခြောက်လုပ်ရန် ငါးရံ့ များ ကို ခွဲခြမ်းရလေ၏ ။
ပက်လက်ကုလားထိုင်တွင် ထိုင်နေသော ပိန်ရှည်ရှည်လူကြီးသည် မိန်းမပျို၏ ပထွေးတော် စပ် ၏ ။ ထိုလူကြီးသည် ပိန်ရှည်ရှည် ခါးကိုင်းကိုင်းနှင့် အသားပြာနှမ်းနှမ်း သဏ္ဍာန်ရှိသော်လည်းအရွယ်နှင့် မမျှအောင် ရှိုးထုတ်၏ ။
ဘန်ကောက်လုံချည်၊ ပေတင်ရှူးဖိနပ်စီးကာ ဘိုကေကို တသသ လုပ်နေတတ်၏ ။
ထိုလူကြီးသည် အလုပ်အကိုင် မယ်မယ်ရရ မလုပ်ဘဲ မိခင်လုပ်စာကို တွယ်ကပ်စားသောက် နေသော်လည်း အချိန်ပြည့်ပုလင်းထောင်ကာ သောက်စားမူးယစ်နေလေ့ရှိ၏ ။
မိန်းမပျို၏ မိခင်သည် လည်ပင်း၌ မာဖလာစီးကာ ရွှေကိုင်းမျက်မှန်တပ်ထားသော လူကြီးအား အလွန်နှစ်သက် ၏ ။ မိန်းမပျို၏ ဖခင်ဆုံးပါးသွားပြီး များ မကြာမီ ထိုလူကြီးအိမ်ပေါ်သို့ ရောက်လာ၏ ။
ထိုလူကြီးသည် မုဆိုးဖိုကြီး ဖြစ်၍ ထိုလူကြီး၏ သားနှစ် ယောက် လည်း အိမ်သို့ လိုက်ပါလာ၏ ။ ၎င်းတို့သည်လည်း ဖခင်ကဲ့သို့ ဆိုးမိုက်သူများ ဖြစ်၏ ။
သားနှစ် ယောက် သည် မိန်းမပျိုးနှင့် ရွယ်တူ ဖြစ်သော်လည်း အလုပ်ကို လက်ကြောတင်းအောင် မလုပ်ဘဲ ရွာရိုးကိုးပေါက် လျှောက်လည်ကြ၏ ။
မူးယစ်သောက်စားပြီး လောင်းကစားမှု အမျိုးမျိုးကို ကျူးလွန်ကြ၏ ။ မိန်းမပျို၏ မိခင်သည် ၎င်းတို့ သားအဖသုံးယောက် သုံးဖြုန်းနိုင်ရန် ပင်ပန်းကြီးစွာ ရှာဖွေရလေ၏ ။
မိခင်၏ စီးပွားရေး သည် ဖခင်ဆုံးကာစက ကြွယ်ကြွယ်၀၀ ရှိ၏ ။ သူတို့တစ်ခြံလုံး ငါးပိထည့် ထားသော ရာဝင်အိုးကြီးများ ပြည့်နှက်နေ၏ ။
ငါးရံ့ခြောက်၊ ငါးကျည်းခြောက်ကြပ်တိုက်များ ကို တစ်နွေလုံး ဈေးသက်သက်သာသာနှင့် သိုလှောင်ထားနိုင်ပြီး ရာသီချိန်ရောက်လျှင် ပွဲရုံများ သို့ တင်ပို့ရောင်းချနိုင်၏ ။
ယခုတော့ ခြံထဲတွင် ငါးပိထည့်ထားသော ရာဝင်အိုး အနည်းငယ်သာရှိ၏ ။
ငါးခြောက်၊ ငါးခြမ်းများ ကိုလည်း တစ်နွေလုံး လှောင်မထားနိုင်တော့။ မိခင်ခမြာ ကုန်သည်ကြီး များ ၏ လက်အောက်ခံ ငါးစိမ်းသည်ကြီးများ သာသာ ရှိတော့၏ ။
မိခင်၏ ရှာဖွေအားသည် ၎င်းတို့သားအဖသုံးယောက် ၏ ဖြုန်းအားကို မမီဘဲ ရှိနေရှာ၏ ။ ယခု လည်း မိခင်ခမြာ မြို့သို့ တက်၍ ကုန်သည်ကြီးများ ထံမှ ကြိုငွေယူရပြန်၏ ။
မိန်းမပျိုသည် ငါးရံ့သုံးပိဿာခန့်ကို ငါးခြောက်လုပ်ရန် ခွဲခြမ်းပြီးနောက် ဗိုက်ထဲတွင် ဆာလောင်လွန်းသဖြင့် တကြုတ်ကြုတ်မြည် နေလေ၏ ။
မိန်းမပျိုသည် ညနေစောင်းကာမှ နေ့လယ်စာ စားရန် မီးဖိုထဲသို့ ၀င်ရောက်ခဲ့လေ၏ ။ မီးဖိုထဲတွင် သူမအတွက် အေးစက်နေသော ထမင်းကြမ်းခဲနှင့် ငါးပိရည်၊ တို့စရာသာရှိ၏ ။
ကြောင်အိမ်ထဲတွင် မိခင်ချက်ပြုတ်ထားသော ဟင်းကောင်း၊ ထမင်းကောင်းရှိသည်ကို သိသော်လည်း သူတစ်ပါး မသထာသော အရာကို မစားလို၍ ငါးပိရည်နှင့် တို့စရာကိုသာ မြိန်ယှက်စွာ စားလိုက်၏ ။
မိန်းမပျိုသည် ဆာဆာနှင့် ထမင်းတစ်ဇလုံမျှ ကုန်အောင် စားလိုက်လေ၏ ။ ထိုအခိုက်မှာ ပင် မီးဖိုထဲသို့ ပိန်ရှည်ရှည်လူကြီး ၀င်ရောက်လာပြီး
‘ဟဲ့….. လှမေ၊ မြန်မြန်မျိုဆို့၊ ပြီးရင် ငါ့သားတွေ ပြန်လာတော့မယ်၊ အိုးထဲကို ရေဖြည့်ထားဦး’
ဟု ခိုင်းစေလိုက်လေ၏ ။
မိန်းမပျိုသည် ထမင်းစားပြီးနောက် မနားနိုင်သေးဘဲ ထိုလူကြီး၏ သားဆိုးသားမိုက်နှစ် ယောက် သည် သီချင်းတကြော်ကြော် အော်ဟစ်သီဆိုကာ အရက်ဆိုင်မှ ပြန်လာကြ၏ ။
ထို့နောက် ရေအိုးမှရေကို တဗွမ်းဗွမ်းခပ်၍ ချိုးကြ၏ ။ ၎င်းတို့ ရေချိုး၍ ၀သော အခါ ရေအိုးထဲ တွင် ရေဖင်ကပ်သာ ကျန်တော့၏ ။
မိန်းမပျိုသည် မောမောပန်းပန်းဖြင့် ရေများ ကို ဆက်၍ ခပ်ရပြန်၏ ။
ထိုအခိုက်မှာ ပင် မိန်းမပျို၏ အနီးသို့ သူမနှင့် ရွယ်တူ မိန်းကလေး တစ်ယောက် ရောက်ရှိလာပြီး
‘လှမေရယ်….. နင့်ကြည့်ရတာ ပင်ပန်းလိုက်တာ၊ တစ်နေကုန် နားရတယ်ကို မရှိဘူး။ နားနား နေနေ နေပါဦးဟယ်’
ဟု ပြောလိုက်ရာ လှမေဆိုသော မိန်းမပျိုက ရေပုံးကိုချ၍
‘ယောက်ျားရင့်မာကြီးတွေ ဖြစ်ပြီး မိန်းကလေး တစ်ယောက် ခပ်ထားတဲ့ရေကို ချိုးဝံ့တာ အံ့ပါရဲ့ အေ၊ ညည်းတော့ ဒီသားအဖတွေ ကြောင့် ဒုက္ခပါပဲ။ ဒီနေ့ည လသာလို့ ပန်းဖွက်ကြမလို့ ညည်းဆီ လာပြောတာ’
ဟု ပြောလေရာ လှမေဆိုသော မိန်းမပျိုက ခေါင်းခါယမ်း၍
‘ပန်းဖွက်ဖို့ ငါ မလာချင်ပါဘူးဟယ်၊ အခုတလော ငါစိတ်တွေ ရှုပ်နေတယ်။ ပန်းလည်း မဖွက်ချင်ပါဘူး။ ရွာထဲက ဘယ်ကာလသားနဲ့မှ စကားမပြောချင်ဘူး။ ငါ့ကို မျှော်မနေပါနဲ့ဟာ၊ ညည်းတို့သာ ပျော်ကြပါ’
ဟု ပြောလေရာ လှမေကို လာခေါ်သော မိန်းမပျိုသည် စိတ်မကောင်းဟန်ဖြင့် အနီးမှ ထွက်ခွာ သွားလေ၏ ။
ရွာရှိ မိန်းမပျိုများ သည် လသာသော ညများ ၌ အိမ်တစ်အိမ်၌ စုရုံးကာ ကာလသားများ နှင့် စကားထာဖွက်သော ထုံးစံရှိ၏ ။
စကားထာဖွက်ပြီး မဖြေနိုင်သော သူက အသင့်ယူဆောင်လာသော ပန်းများ ကို ပေးရ၏ ။ ထိုသို့ သော ဓလေ့ထုံးစံကို ပန်းဖွက်သည်ဟု ခေါ်၏ ။
ရွာရှိ ကာလသား၊ ကာလသမီးများ ပန်းဖွက်ရင်း ချစ်မှု ရေး ရာကိစ္စများ အဆင်ပြေအောင် ကြိုးပမ်းကြ၏ ။ လသာသော ည ပန်းဖွက်သော အချိန်၌ ကာလသား၊ ကာလသမီးများ အလွန်ပျော်ရွှင် ကြ၏ ။
ထိုအချိန်၌ လူကြီးသူမများ အနီးတွင် မရှိဘဲ လူပျို၊ အပျို လွတ်လွတ်လပ် တွေ့ ဆုံနိုင်သည် မဟုတ်ပါလား။
လှမေ တစ်ယောက် ပန်းဖွက်သော အကြောင်းကို စဉ်းစားနေစဉ်မှာ ပင် မြို့သို့ တက်သွားသော မိခင်၏ လှေပြန်ရောက်လာ၏ ။
မိခင်နှင့် အတူ မြို့မှ ကုန်သည်ကြီးများ ပေးလိုက် သော ငွေများ ပါလာမည် ထင်၏ ။
ငွေထုပ်ပိုက်၍ ပြန်လာသော မိခင်ခြံဝသို့ ရောက်သည်နှင့် ပိန်ရှည်ရှည်လူကြီးသည် ပက်လက် ကုလားထိုင်မှ ခုန်ထလိုက်ပြီး
‘စိုးရိမ်လိုက်ရတာ ခင်ခင်ရယ်၊ ခင်ခင်လမ်းမှာ ကြာနေလို့ မြို့ပေါ်မှာ ဘာများ ဖြစ်သလဲလို့ တွေးပြီး ထမင်းတောင် မစားနိုင်ဘူး’
ဟု ပြောလိုက်ရာ မိခင်သည် ပိန်ရှည်ရှည်လူကြီး၏ စကားကို မနောခွေ့သွားပြီး
‘စိုးရိမ်စရာ မရှိပါဘူးရှင်၊ ကုန်သည်တွေ ရဲ့ စကားပြောနေရလို့ ကြာသွားတာပါ။ မနှစ် က ငွေရနည်းလို့ ငါးသိပ်မကောက်နိုင်ဘူး။ ဒါကြောင့် ဒီနှစ် ငါးများများ ကောက်နိုင်ဖို့၊ ငွေများများ ရဖို့ ကြံရ ဖန်ရတာ ရှင့်၊ ဒါနဲ့ လှမေရော၊ ဘယ်ရောက်နေသလဲ၊ အမေပြန်လာတာတောင် အထုပ်အပိုးတွေ သယ်ပေးဖော်မရဘူး’
ဟု အပြစ်တင်လိုက်လေ၏ ။
ထိုအခါ ပိန်ရှည်ရှည်လူကြီး လှမေကို အပြစ်တင်ရန် အကွက်ဝင်သွားသဖြင့် မျက်နှာရှုံ့မဲ့လိုက် ပြီး…..
‘ခင်ခင့်သမီးအကြောင်းတော့ မပြောချင်ပါဘူးကွာ၊ အကြွေးတောင်းဖို့ဆိုပြီး တစ်နေကုန် ရွာက ထွက်သွားတာ ပြန်လာတော့ တစ်ပြားမှ ရမလာဘူး။ ကြွေးတောင်းထွက်တယ်ဆိုပြီး ကာလသားတွေ နဲ့ လျှောက်သွားနေတယ် ထင်ပ၊ သူ ပြန်မလာတဲ့အတွက် ငါးတွေ ကို ကိုကိုပဲ မခွဲတတ် ခွဲတတ်နဲ့ခွဲရ တယ်။ ခင်ပြန်လာရင် ချိုးဖို့ရေကို ကိုကိုကိုယ်တိုင် ရေတွင်းက ငင်ရတယ်’
ဟု ပြောလိုက်ရာ မိခင်သည် ပိန်ရှည်ရှည်လူကြီးအား ကရုဏာသက်သွားပြီး
‘ဘာ ဖြစ်လို့ ပင်ပင်ပန်းပန်းအလုပ်တွေ လုပ်နေရတာ လဲ ကိုကိုရယ်၊ ကိုကို့ လက်ဖ၀ါးနုနုတွေ သွေးချေဥသွားမှာ ပေါ့။ ဒီအလုပ်တွေ ကို လှမေပြန်လာမှခိုင်းလို့ရပါတယ်’
ဟု ပြောလေ၏ ။
လှမေသည် ၎င်းတို့၏ စကားကို အတိုင်းသားကြားနေရသဖြင့် မခံချင်စိတ်ကြောင့် အရှေ့သို့ ထွက်သွားပြီး
‘ဒီလို မတရားမပြောပါနဲ့ ဦးလေ၊ သားအမိချင်း စာနာစိတ်မွေးပါဦး။ မိန်းကလေးတန်မဲ့ နေပူပူ အောက်မှာ လှေတစ်စင်းနဲ့ အကြွေးတောင်းရတဲ့အပြင် ဗိုက်ဆာလွန်းလို့ အိမ်ကိုပြန်ရောက်တာတောင် ထမင်းမစားရသေးဘူး။ ငါးတွေ ခွဲပြီးမှ ထမင်းစားရမယ်ဆိုလို့ ငါးတွေ ခွဲပေးရသေးတယ်။ ငါးခွဲပြီးတော့ သိုးနံ့ထွက်နေတဲ့ ထမင်းကြမ်းခဲနဲ့ ငါးပိရည်၊ တို့စရာ မသထာကို စားလို့မှ မနားရသေးဘူး၊ သူ့သား အရက်သမား နှစ် ယောက် ပြန်လာရင် ချိုးဖို့ရေကို ခပ်ထည့်ပေးရသေးတယ်။ ဦးလေးသားနှစ် ယောက် ကျွန်မခပ်တဲ့ရေကို ချိုးနေတာ တစ်ရွာလုံး သက်သေရှိတယ်။ ဦးလေး လုပ်ကြံစကားတွေ ပြောပြီး အမေနဲ့ သမီး ရန်တိုက်မပေးပါနဲ့’
ဟု ပြောလိုက်ရာ ပိန်ရှည်ရှည်လူကြီးသည် လှမေ မမျှော်လင့်ဘဲရောက်လာပြီး ဇိုးဇိုးဇတ်ဇတ် ပြောချလိုက်သဖြင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားလေ၏ ။
ထို့ကြောင့်
‘ကြည့်ပါဦး ခင်ရယ်၊ ခင့်သမီးက လူကြီးဆုံးမတာကို မခံဘဲ ကက်ကက်လန်အောင် ပြန်ရန် တွေ့ နေပြီ’
ဟုပြောလေရာ လှမေ၏ မိခင်သည် မှားသည်၊ မှန်သည် မခွဲခြားတော့ဘဲ သမီး ဖြစ်သူကို ခက်ထန်စွာ ကြည့်၍
‘တိတ်စမ်း….. လှမေ၊ ညည်းက ဘာ ဖြစ်လို့ လူကြီးဆုံးမတာကို မခံဘဲ ကက်ကက်လန် ပြန်ရန် တွေ့ နေရတာ လဲ၊ ညည်း မိုက်ရိုင်းလှချေလား’
ဟု ဆူပူကြိမ်းမောင်းလေ၏ ။
လှမေသည် မိခင်၏ ဆင်ခြင်မဲ့သော စကားကြောင့် ရင်ထဲတွင် နာကျင်သွားပြီး
‘သမီး မိုက်ရိုင်းတာမဟုတ်ဘူး။ အမေ၊ ဆုံးမတာလား၊ အမေနဲ့ သမီးကို ရန်တိုက်ပေးတာလား ဆိုတာ ရွာထဲမှာ လှည့်ပြီးအမေစုံစမ်းကြည့်ပေးပါ’
ဟု ပြန်လည်ပြောဆိုလိုက်ရာ မိခင်သည် လှမေကို ရိုက်ရန်လက်ဖြင့် ရွယ်လိုက်ပြီး
‘တိတ်စမ်း….လှမေ၊ ငါ ရိုက်ထည့်ရ၊ နင်ဟာ ပြောလေ ကဲလေ၊ မာန်လေ ပြဲလေပါလား’
ဟု ကြိမ်းမောင်းလိုက်လေ၏ ။
လှမေသည် မိခင်၏ အမူအရာကြောင့် ရင်ထဲတွင် ပိုမိုနာကျင်သွားပြီး ပါးပြင်ပေါ်သို့ မျက်ရည် များ ပိုးပိုးပေါက်ပေါက်ကျလာကာ……
‘ရိုက်ပါ အမေ၊ ရိုက်လိုက်စမ်းပါ၊ ဒီလိုမှ မကျေနပ်ရင် သမီးကို အသေသတ်လိုက်စမ်းပါ။ အမေ သမီးကို အယုံအကြည်မရှိဘူးဆိုရင် သမီးအသက်ရှင်နေလည်း ဒီဘ၀မှာ ဘာထူးမှာ လဲ’
ဟု ပြောလေ၏ ။
ထိုအခါ မိခင်သည် လှမေကို ရိုက်ရန် ရွယ်ထားသော လက်ကို ပြန်ချလိုက်ပြီး….
‘သွားစမ်း…… ညည်း ငါ့ရှေ့က ထွက်သွားစမ်း’
ဟု မောင်းနှင်ထုတ်လိုက်လေ၏ ။
လှမေသည် ရင်နင့်ကြေကွဲစွာ ဖြင့် မိခင်၏ အနီးမှ ပြေးထွက်ခဲ့လေ၏ ။
သမီး ဖြစ်သူ၏ စိတ်ဆန္ဒကို နားလည်စာနာခြင်းမရှိဘဲ မိခင်ကိုလည်း နာကြည်းစိတ် ၀င်မိ၏ ။ မိခင်သည် သမီးရင်းထက် ပထွေး ဖြစ်သူကို မျက်နှာသာပေးလိုဟန် ရှိ၏ ။
လှမေ၏ မိခင်သည် ပြေးထွက်သွားသော လှမေ၏ နောက်ကျောကို ကြည့်၍
‘ဒီကောင်မကို လင်ပေးစားလိုက်မှအေးမယ်’
ဟု တစ်လုံးချင်းပြောလိုက်ရာ ပိန်ရှည်ရှည်လူကြီးသည် တစ်စုံတစ်ရာကို တွေးတောမိဟန်ဖြင့် မျက်မှော င်ကြုတ်လိုက်လေတော့၏ ။
အခန်း (၂)
လှမေသည် နံနက် စောစောထ၍ ကြာပန်းကလေးများ ခူးဆွတ်ကာ လှေငယ်လေးကို ကိုယ်တိုင် လှော်ခတ်ခဲ့လေ၏ ။
အတန်ကြာအောင် လှော်ခတ်ပြီးနောက် လှေကို ကမ်း၍ ကပ်ကာ တောင်ပေါ်စေတီသို့ ဦးတည် တက်လှမ်းခဲ့လေ၏ ။
တောင်ပေါ်သို့ ရောက်သော အခါ ထုံးဖြူဖြူစေတီ၌ ကြာပန်းကလေးများ ကို ကပ်လှူ၍ ၀တ်ပြု ဆုတောင်းလေ၏ ။
ထိုအခိုက်မှာ ပင် သူမ၏ အနောက်သို့ အ၀တ်အစား အစုတ်အနုတ်များ ၀တ်ဆင်ထားသော အရူးကြီး တစ်ယောက် ရောက်လာပြီး..
‘ဟီး….ဟီး…..ဆုတွေ တောင်းနေတုန်းပဲလား လှမေ’
ဟု မေးမြန်းလေရာ လှမေက အနောက်သို့ လှည့်ကြည့်၍
‘လှမေဘ၀မှာ ဆုတောင်းရုံကလွဲပြီး ဘာများ တတ်နိုင်မှာ လဲ ဦးထုံရယ်’
ဟု ပြောလေ၏ ။
ထိုအခါ ဦးထုံဆိုသော အရူးကြီးက ခုန်ဆွ ခုန်ဆွလုပ်၍ ရယ်မောကာ
‘ဟား…. ဟား…. ဟား…. ဆုတောင်း…. ဆုတောင်း…. ဆုတောင်းတွေ က ဆုတောင်းတွေ ပဲ ဖြစ်မှာ ပဲ။ တကယ် ဖြစ်ချင်ရင် တကယ်လုပ်မှ ဖြစ်မယ်’
ဟု ပြောလေ၏ ။ ထိုအခါ လှမေက ထိုင်ရာမှ ထရပ်လိုက်ပြီး
‘လှမေဘ၀မှာ ဆုတောင်းတွေ ကို တကယ် ဖြစ်အောင်လုပ်ဖို့ အချိန်တွေ တဖြည်းဖြည်း နီးနေပါပြီ’
ဟု ပြောလေရာ ဦးထုံ ဆိုသော အရူးကြီးက တဟီးဟီးရယ်မော၍
‘ဟီး…. ဟီး…… ဟီး….. ဒီအချိန်ရောက်ရင် ဦးထုံ မင်းအနားမှာ မရှိတော့ဘူး’
ဟု ပြောလေ၏ ။ လှမေသည် ဦးထုံ၏ စကားကြောင့် မျက်မှော င်ကြုတ်၍
‘ဟင်….. ဦးထုံက တောင်ပေါ်စေတီကနေ ထွက်သွားတော့မှာ လား’
ဟု မေးမြန်းလိုက်လေ၏ ။ ဦးထုံဆိုသော အရူးကြီးက ခေါင်းညိတ်၍
‘ထွက်မယ်….. ထွက်မယ်….. ဦးထုံ ဂန္ဓာရီစခန်းဝင်ဖို့ အချိန်ရောက်ပြီ’
ဟု ပြောလေ၏ ။
အရူးကြီးဦးထုံ၏ ထူးဆန်းသော စကားကြောင့် လှမေက မျက်မှော င်ကြုတ်၍
‘ဦးထုံက ဂန္ဓာရီစခန်းဝင်မယ် ဟုတ်လား။ ဟင်…. ဒါဆိုရင် ဦးထုံက အများ ထင်နေသလို စိတ္တဇ ဖြစ်နေတာ မဟုတ်ဘူးပေါ့’
ဟု မေးမြန်းလေရာ ဦးထုံက ရယ်မော၍
‘ဟား….ဟား…ဟား….လူတွေ အားလုံးက ကျုပ်ကို ရူးနေတယ်လို့ ထင်ကြတယ်။ တကယ် တော့ ဂန္ဓာရီလမ်းစဉ်ကို လိုက်စားနေတဲ့သူတွေ မှာ အရူးစခန်းဆိုတာ ရှိတယ်။ ဂန္ဓာရီလမ်းစဉ်အရ ရူးချင်ယောင်ဆောင်ပြီး အရူးစခန်းလို့ခေါ်တဲ့ ကျင့်စဉ်တစ်ခုကို ကျုပ်ကျင့်နေတာပဲ။ လောကမှာ ထူးဆန်းတဲ့ အရူးတွေ ကိုမြင်ရင် သာမန်လူတွေ က ရိုးရိုးတန်းတန်း ရူးသွပ်နေတဲ့ အရူးတွေ လို့ပဲ ထင်မှတ်ကြတယ်။
ဟု ရှင်းလင်းပြလေ၏ ။
လှမေသည် သူမ အရူးဟု သိထားသော ဦးထုံ၏ စကားများ ကြောင့် လွန်စွာ အံ့သြသွားလေ၏ ။
အမှန်စင်စစ် ဦးထုံသည် လှမေ၏ ကျေးဇူးရှင်ပင် ဖြစ်၏ ။ လှမေတောင်ပေါ်သို့ လာသည့်အခါ တိုင်း ဦးထုံက ပညာဗဟုသုတများ ပြည့်စုံအောင် သင်ကြားပေးလေ၏ ။
လှမေတို့လူငယ်များ စိတ်အားတက်ကြွဖွယ် ပုံဝတ္ထုများ ကို ပြောဆိုပြ၏ ။ ထိုအချိန်မျိုးတွင် ဦးထုံ သည် အရူးကြီး တစ်ယောက် ဟု မထင်မှတ်ရလောက်အောင် ပညာဗဟုသုတနှင့် ပြည့်စုံ၏ ။
ဇာတ်ကြီးဆယ်ဘွဲ့နှင့် ငါးရာ့ငါးဆယ် နိပါတ်တော် တို့မှ မှတ်ဖွယ်မှတ်ရာများ ကို သာဓက ဆောင်၍ သင်ပြပေး၏ ။
ထို့ကြောင့် အရူးကြီး ဦးထုံ၏ ကျေးဇူးများ လှမေအပေါ်၌ များ စွာ ရှိ၏ ။
လှမေသည် ဦးထုံနှင့် ခွဲရတော့မည် ဆိုသဖြင့် လွမ်းဆွတ်သလို ဖြစ်သွားပြီး
‘ဦးထုံ တောင်ပေါ်စေတီကို ဘယ်တော့မှ ပြန်မလာတော့ဘူးပေါ့’
ဟု မေးမြန်းလေရာ ဦးထုံက အဝေးဆီသို့ ငေးကြည့်၍
‘သံသရာ လည်ပတ်နေသရွေ့ ပြန်မဆုံနိုင်တဲ့အရာဆိုတာ မရှိပါဘူး။ ကျုပ်ဟာ ဘ၀အဓိပ္ပာယ် ကို သဲကြီးမဲကြီး ရှာဖွေခဲ့ဖူးတယ်။ ဒါပေမဲ့ ရှာခြင်းနဲ့တွေ့ ခြင်းက တစ်ခြားစီပဲဆိုတာ ကျုပ်မသိခဲ့ဘူး။ တကယ်တော့ ဘ၀မှာ လျှောက်ဖို့ လမ်းမရှိဘူး။ ဘ၀ဆိုတာ ကောင်းကင်က တိမ်တွေ လိုပဲ။ အစီအစဉ်မဲ့ သူ့ဘာသာ ဖြစ်ချင်သလို ဖြစ်နေတာ။ ဒီအချိန်ကစပြီး ဘ၀မှာ ရှင်သန်ချင်ရင် သတိဆိုတဲ့ အရာကို ရင်ထဲမှာ ကိန်းဝပ်လိုက်ဖို့ကလွဲလို့ ဘယ်လိုလမ်းမှမရှိဘူးဆိုတာ ကျုပ်သဘောပေါက်သွားပြီ’
ဟု ပြောလေ၏ ။ ထိုအခါ လှမေက ဦးထုံကို နားမလည်ဟန်ဖြင့် ကြည့်၍
‘ဒီနေ့ ဦးထုံပြောတဲ့စကားတွေ ကျွန်မတစ်လုံးမှ နားမလည်ဘူး’
ဟု ပြောလေရာ ဦးထုံက လှမေကို ကရုဏာသက်ဟန်ဖြင့် ကြည့်၍
‘တစ်ချိန်ချိန်ကျရင် လှမေ နားလည်သွားမှာ ပါ။ လောလောဆယ.်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လောကမှာ ရှင်သန်ဖို့ ကြိုးစားပေတော့’
ဟု ပြောရင်း သူ၏ ကြီးမားသော လွယ်အိတ်ကြီးထဲမှ ကတ္တီပါ ရှုံ့အိတ်လေးတစ်လုံးကို ထုတ်ယူ လိုက်၏ ။
ထို့နောက် အိတ်ရှုံ့ထဲမှ အဖြူရောင် ကျောက်ကလေးတစ်လုံးကိုယူ၍ လှမေကို လှမ်းပေးလိုက် ၏ ။
လှမေက ဦးထုံပေးသော ကျောက်ကလေးကိုယူ၍ နားမလည်ဟန်ဖြင့် ကြည့်လိုက်ပြီး
‘ကျောက်ကလေးကို ယူပြီး လှမေ ဘာလုပ်ရမှာ လဲ’
ဟု မေးမြန်းလေ၏ ။
ထိုအခါ ဦးထုံက
‘ဟောဒီ သလင်းကျောက်ကလေးဟာ ဦးထုံကို ဆရာသခင်က ချီးမြှင့်လိုက်တာကွယ့်၊ ဦးထုံ ဂမ္ဘီရပညာတွေ ကို လိုက်စားကာစက အခက်အခဲတွေ နဲ့ ကြုံတွေ့ ရတယ်။ ဆရာသခင်ချီးမြှင့်တဲ့ သလင်းကျောက်ကလေးရခဲ့တဲ့အချိန်ကစပြီး ဂမ္ဘီရကျင့်စဉ်တွေ ကို အောင်မြင်အောင်လေ့ကျင့်နိုင်ခဲ့ တယ်။ ဒီတော့မှ သလင်းကျောက်ကလေးမှာ ထူးခြားတဲ့အစွမ်းသတ္တိတွေ ရှိတယ်ဆိုတာ ရိပ်စားမိခဲ့ တယ်။ အခုအချိန်မှာ တော့ ဦးထုံအတွက် သလင်းကျောက်တုံးကလေးဟာ မလိုအပ်တော့ပါဘူး။ ဒါကြောင့် လှမေကို ပြန်စွန့်ကြဲတာကွယ့်။ လှမေ လိပ်ပြာလှရင် လှသလို သလင်းကျောက်တုံးကလေး က ကောင်းမွန်တဲ့ ကံကြမ္မာတွေ ဆောင်ကျဉ်းပေးမှာ သေချာတယ်’
ဟု ရှည်လျားစွာ ရှင်းလင်းပြလေ၏ ။
လှမေသည် ထိုနေ့မှစ၍ သလင်းကျောက်တုံးလေးကို ရိုသေစွာ သိမ်းဆည်းထားခဲ့လေ၏ ။
လှမေ၏ ကျေးဇူးရှင် ဆရာကြီး ဦးထုံကိုမူ နောက်တစ်ကြိမ် ပြန်လည်တွေ့ ဆုံခြင်း မရှိတော့ ချေ။
လှမေတို့ တံငါရွာကလေး၌ ကြီးကျယ်ခမ်းနားသော အလှူပွဲကြီးတစ်ပွဲ ကျင်းပလေ၏ ။
ထိုအလှူပွဲကြီး၏ ဒါယိကာမှာ အင်းသားကြီး ဦးဘစီ ဖြစ်ပြီး အင်းသားကြီး၏ သားသုံးယောက် ကို ရှင်ပြုအလှူပွဲကျင်းပရန် ပြုလုပ်ခြင်း ဖြစ်၏ ။
လွန်ခဲ့သော နှစ် က ရွာ၏ ကွမ်းတောင်ကိုင် မလှကြည် တစ်ယောက် မြို့သားနှင့် အကြောင်းပါပြီး ရွာကို စွန့်ခွာသွားခဲ့၏ ။
ထို့ကြောင့် ရွာ၏ ကွမ်းတောင်ကိုင်နေရာအား ကာလသား၊ ကာလသမီးများ ၀ိုင်းဝန်းရွေးချယ် ကြလေရာ တစ်ရွာလုံး၏ ဆန္ဒအရ လှမေကို ကွမ်းတောင်ကိုင်အ ဖြစ် ရွေးလိုက်လေ၏ ။
လှမေ ကွမ်းတောင်ကိုင် ဖြစ်ခြင်းကို တစ်ရွာလုံး ၀မ်းသာဂုဏ်ယူကြ၏ ။ လှမေကိုယ်တိုင်ကမူ ကွမ်းတောင်ကိုင် ဖြစ်ခြင်းကို ၀မ်းသာပျော်ရွှင်ခြင်း မရှိချေ။
ရွာရှိ လှပျိုဖြူအချို့ကလည်း လှမေကွမ်းတောင်ကိုင် ဖြစ်ခြင်းကို မနာလို မရှုစိမ့်ဟု ဆိုကြ၏ ။
လှမေကိုယ်တိုင်ကမူ မိမိအပူနှင့် မိမိမို့ ကွမ်းတောင်ကိုင်လည်း မလုပ်လိုလှချေ။
အလှူရှင်ကိုယ်တိုင်က လှမေအား အိမ်တိုင်ရာရောက် လာရောက်ကမ်းလှမ်းပြီး အလှူတွင် ၀တ်ဆင်ရန် ပိုးလုံချည်နှင့် ပိုးအင်္ကျီကိုပင် ပေးကမ်းပြီး ဖြစ်၏ ။
အလှူတွင် ၀တ်ဆင်ရန် လက်ဝတ်လက်စားများ ကိုမူ လှမေ၏ မိခင်ကိုယ်တိုင် ဆင်ယင်ပေး လေ၏ ။
လှမေ၏ မိခင်သည် သူ၏ ဂုဏ်သိက္ခာအတွက် ရှိစုမဲ့စု လက်ဝတ်လက်စားများ ကို ထုတ်ပေး လေ၏ ။ လှမေတို့ မိသားစုသည် ဖခင်ရှိစဉ်က ရွာတွင် ကြေးရတက်မိသားစု ဖြစ်ခဲ့၏ ။
ဖခင်ဆုံးပါးသွားပြီးနောက် လှမေတို့ စီးပွားရေး ကျဆင်းခဲ့ရ၏ ။
မိခင် နောက်ယောက်ျားယူပြီးနောက် လှမေတို့ စီးပွားရေး ချွတ်ခြုံကျသွားလေ၏ ။
လှမေ ကွမ်းတောင်ကိုင် ဖြစ်ခြင်းကို အကြီးအကျယ် မနာလိုဝန်တိုနေသော သားအမိ နှစ် ယောက် ရှိ၏ ။
ထိုသားအမိမှာ လှမေ၏ ပထွေးအရက်သမားကြီး၏ ညီမ ဒေါ်ခင်သက်နှင့် သမီး မိမိုးတို့ ဖြစ်၏ ။
ဒေါ်ခင်သက်၏ သမီး မိမိုးသည် ကွမ်းတောင်ကိုင်နေရာကို ကျိတ်၍ မှန်းနေသူ ဖြစ်၏ ။ ယခု ရွာ ကွမ်းတောင်ကိုင်နေရာအား လှမေအား တညီတညွတ်တည်း ရွေးချယ်လိုက်သဖြင့် များ စွာ မခံနိုင် မခံသာ ဖြစ်သွားလေ၏ ။
ထို့ကြောင့် ဒေါ်ခင်သက်တို့သားအမိသည် အရက်သမားကြီးထံသို့ လာရောက်၍ လှမေ ကွမ်း တောင်ကိုင် ဖြစ်ခြင်းနှင့် ပတ်သက်၍ မနာလိုဝန်တိုကြောင်း ပြောကြ၏ ။
ထိုအခါ လှမေ၏ ပထွေး အရက်သမားကြီးက
‘ငါလည်း ဒီကောင်မကို ကွမ်းတောင်ကိုင် မ ဖြစ်စေချင်ဘူး။ ဒီကောင်မက နဂိုကတည်းက ငါ့စကားကို နားမ၀င်ဘူး။ ကွမ်းတောင်ကိုင် ဖြစ်ပြီဆိုရင်တော့ ဘ၀င်မြင့်ပြီး သွေးနားထင်ရောက်မှာ သေချာတယ်’
ဟု ပြောလေရာ ဒေါ်ခင်သက်၏ မျက်နှာ ၀င်းပသွားပြီး
‘သိပ်ဟုတ်တာပေါ့ ကိုဘဦးရယ်။ ဒါဆိုရင် ဒီကောင်မ ကွမ်းတောင်ကိုင် မ ဖြစ်အောင် ဘယ်လို လုပ်မလဲ’
ဟု မေးမြန်းလေ၏ ။
လှမေ၏ ပထွေး ဦးဘဦးသည် လွန်စွာ ဉာဏ်နီဉာဏ်နက်များ သူ ဖြစ်၏ ။ သို့ သော် လှမေ ကွမ်း တောင်ကိုင်မ ဖြစ်ရန် နည်းလမ်းကို စဉ်းစားမရဘဲ ရှိနေ၏ ။
အတန်ကြာအောင် စဉ်းစားပြီး ကြွက်လျှောက်တန်းတွင် တင်ထားသော ဆေးပုလင်းကို မြင်တွေ့ သွားပြီး သူ့ခေါင်းထဲသို့ အကြံတစ်ခု လက်ခနဲ ၀င်လာ၏ ။
ထို့ကြောင့် လက်ဖျစ်တီး၍
‘ဟုတ်ပြီ၊ ဒီကောင်မကို ဒုက္ခပေးနိုင်မယ့် နည်းလမ်းကို ရပြီ’
ဟု ရေရွတ်ကာ ဆေးပုလင်းကို ထုတ်၍ ယူလိုက်ပြီး ဒေါ်ခင်သက်တို့ သားအမိကို ပြကာ
‘ဟောဒီ ဆေးဟာ အရောင် အနံ့အရသာမရှိတဲ့ ၀မ်းနှုတ်ဆေးပဲ။ ဒီဆေးကို ကောင်မစားမယ့် ဟင်းထဲ ခပ်လိုက်ရင် ကောင်မ ဘာ ဖြစ်သွားမလဲ’
ဟု ပြောလေရာ စိတ်ယုတ်မာရှိသော သားအမိသည် လွန်စွာ ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး ဒေါ်ခင်သက်ကြီး၏ သမီး မိမိုးက တဟီးဟီးရယ်မော၍
‘ဟီး….ဟီး…. ဦးလေးအကြံ သိပ်ကောင်းတာပဲ၊ ဒီကောင်မ စားမယ့်အစာထဲမှာ ဆေးခပ်ထား လိုက်ရင် အလှူနေ့ရောက်ရင် ဒီကောင်မ မြော့မြော့ပဲ ကျန်တော့မယ်။ ဒါဆိုရင် ကွမ်းတောင်မပြောနဲ့ အပ်ချည်လုံးကိုတောင် ကိုင်နိုင်မှာ မဟုတ်ဘူး’
ဟု ပြောလေ၏ ။
ထိုအခါ အရက်သမားကြီး ဦးဘဦးက ရယ်မော၍
‘ဟဲ…ဟဲ… ဒီကောင်မ ကွမ်းတောင်ကိုင် မ ဖြစ်ရင် ငါ့တူမကြီး ကွမ်းတောင်ကိုင် ဖြစ်သွားလိမ့် မယ်။ ဒါဆိုရင်တော့ ဦးလေးကျေးဇူးကို မမေ့နဲ့’
ဟု ပြောလေရာ စိတ်ယုတ်မာရှိသော သားအမိသည် သဘောကျစွာ ဖြင့် ရယ်မောနေလေ တော့၏ ။
အခန်း (၃)
အလှူရက် တဖြည်းဖြည်းနီးကပ်လာသဖြင့် တစ်ရွာလုံး အလုပ်ရှုပ်နေကြ၏ ။ မြို့သို့ တက်ပြီး သင်္ကန်းပရိက္ခရာ ၀ယ်သူဝယ်၊ ရွာဦးကျောင်းထိပ်မှ မဏ္ဍပ်ဆောက်သူဆောက်၊ အလှူတွင် ကျွေးမွေးရန် ပြင်ဆင်သူပြင်နှင့် မည် သူမျှ အနားမရနိုင်ဘဲ ရှိ၏ ။
လှမေသည် ရွာက မိမိကို ကွမ်းတောင်ကိုင်အ ဖြစ် ရွေးချယ်ထားသော်လည်း ဂုဏ်ယူ ၀မ်းမြောက်ခြင်း မရှိချေ။ မိမိနောက်သို့ ကာလသားများ တကောက်ကောက်လိုက်နေခြင်းကို လိုလားခြင်း မရှိချေ။
အိမ်တွင်းရေး ပူပင်သော က မကင်းနိုင်သဖြင့် စိတ်လက်ပေါ့ပါးခြင်း မရှိချေ။
ပထွေး၏ သားနှစ် ယောက် အနက် အကြီးကောင်သည် ယခုတလော လှမေကို ကြည့်ပုံရှုပုံ ရိုးသားခြင်း မရှိချေ။
ထိုသူ၏ မျက်လုံးများ သည် သူမ၏ လှပသော ကိုယ်ခန္ဓာကိုသာ မပြတ်တမ်း ကြည့်ရှုနေလေ၏ ။ လှမေသည် မိမိအတွက် အန္တရာယ်များ နေပြီ ဖြစ်ကြောင်း ရိပ်စားမိလေ၏ ။
သူမ၏ မိခင်ကမူ တံငါများ ထံမှ ငါးများများ ကောက်၍ ငါးပိ၊ ငါးခြောက် အလုအယက်လုပ်ရန်သာ စိတ်ဝင်စားနေ၏ ။
တစ်ရွာလုံးရှိ ကာလသားများ သည် ယခုနှစ် မှစ၍ လှမေ ကွမ်းတောင်ကိုင် ဖြစ်ခြင်းကို လွန်စွာ စိတ်ဝင်စားနေလေ၏ ။ ကာလသားများ ဆုံတွေ့ လျှင် ချောမောလှပကြောင်း၊ အလှူတွင် ၀တ်ဆင်မည့်  ပိုးလုံချည်နှင့် မည် မျှ လိုက်ဖက်မည် ဖြစ်ကြောင်း ပြောဆိုကြလေ၏ ။
လှမေကမူ ကွမ်းတောင်ကိုင်အ ဖြစ် လူအများ ကြားတွင် ထင်ရှားကျော်ကြားမည် ကို လိုလားခြင်း မရှိချေ။
အလှူပွဲပြုလုပ်ရန် တစ်ရက်အလိုတွင် လှမေ၏ ပထွေးဦးဘဦးသည် ၀က်သားဟင်းကို အကျအန ချက်လေ၏ ။
ဦးဘဦးသည် ၀က်သားဟင်းထဲသို့ ပုန်းရည်ကြီးများ ထည့်လိုက်ပြီး မြည်းစမ်းကြည့်ကာ
‘သိပ်ကောင်းတဲ့ ဟင်းပဲ၊ အင်းလေ…. ငါကိုယ်တိုင် ချက်တဲ့ဟင်းပဲ၊ မကောင်းဘယ်ရှိပါ့မလဲ’
ဟု ရေရွတ်လိုက်လေ၏ ။
ပြီးနောက် ကြွေပန်းကန်တစ်လုံးထဲသို့ ဟင်းတုံးအချို့ကို ခပ်ထည့်လိုက်ပြီး ၀မ်းနှုတ်ဆေးမှု န့် များ ကို ထည့်လေ၏ ။
ကြွေပန်းကန်ထဲသို့ ဇွန်းတစ်ချောင်းနှင့် မွှေနှောက်လိုက်ပြီး
‘လှမေဆိုတဲ့ ကောင်မ ငါချက်တဲ့ ၀က်သားဟင်းကိုအငမ်းမရစားပြီးရင် ဒုက္ခရောက်ပြီသာမှတ်’
ဟု ကြုံးဝါးလိုက်ကာ ရွာထဲသို့ အကြွေးတောင်းထွက်သွားသော လှမေ ပြန်လည်ရောက်ရှိလာ ၏ ။
ဦးဘဦးသည် လှမေ ခြံဝိုင်းထဲသို့ ၀င်လာသော အခါ ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ကြောင်အိမ် ထဲရှိ ဟင်းပန်ကန်ကို ထုတ်ကာ လှမေအား ကမ်းပေးလိုက်လေ၏ ။
လှမေသည် ဦးဘဦး၏ ရက်ရောမှု ကို အံ့သြစွာ ကြည့်ရှုနေစဉ် ၎င်းက
‘ဒီနေ့ ရွာထဲမှာ ၀က်ပေါ်လို့ ငါယူလိုက်တာ အတော် များ သွားတယ်။ ဒါကြောင့် ညည်းကို ခွဲပေးတာ’
ဟု ပြောလေ၏ ။
လှမေသည် ဦးဘဦး၏ ရက်ရောမှု ကို သံသယမ ဖြစ်တော့ဘဲ ၀က်သားပန်းကန်ကို ယူလိုက် လေ၏ ။
ထို့နောက် ရေချိုးရန် ရေတွင်းဆီသို့ ထွက်ခဲ့လေတော့၏ ။
ထိုအခိုက်မှာ ပင် ရွာထိပ်တွင် နေထိုင်သော ဦးဘဦး၏ တူတော် မောင်နှစ် ဦး ရောက်ရှိလာပြီး ဦးဘဦး ချက်ထားသော ၀က်သားဟင်းကို တောင်းလေ၏ ။
ဦးဘဦးသည် ယခင်ကလည်း ၎င်းချက်ထားသော ဟင်းကို ဆွေမျိုးများ ထံသို့ ပို့လေ့ရှိ၏ ။
ဦးလဦးသည် တူတော် မောင်နှစ် ယောက် အား ၀က်သားဟင်းအချို့ကို ကြွေပန်းကန်ထဲသို့ ထည့်၍ ပေးလိုက် လေ၏ ။
၎င်းကိုယ်တိုင်လည်း ပန်းကန်ထဲသို့ ၀က်သားဟင်းထည့်၍ အရက်နှင့် မြည်းလေ၏ ။
ဦးဘဦး၏ တူတော် မောင်နှစ် ဦးသည် ၀က်သားဟင်းပန်းကန်ကို ကိုင်၍ အိမ်ပေါ်မှ ဆင်းကာနီး တွင် စားပွဲပေါ်တွင် လှမေတင်ထားသော ဟင်းပန်းကန်ကို မြင်လေ၏ ။
ထိုအခါ လှမေ၏ ပန်းကန်ထဲရှိ ဟင်းတုံးများ သည် ပိုမိုကြီးမားကြောင်း မြင်တွေ့ သွားလေ၏ ။ တူတော် မောင်တစ်ဦးက လှမေ၏ ပန်းကန်နှင့် ၎င်းတို့၏ ပန်းကန်လဲလိုက်လေ၏ ။
လှမေ ရေချိုးရာမှ ပြန်လာသော အခါ သူမ၏ ၀က်သားဟင်းပန်းကန်ကို လဲလှယ်သွားကြောင်း မသိဘဲ ဆာဆာနှင့် ၀က်သားနှင့် ပုန်းရည်ကြီးဟင်းကို မြိန်ယှက်စွာ စားလေ၏ ။
ဦးဘဦးသည် လှမေစားသောက်နေပုံကိုကြည့်၍ သဘောကျစွာ ပြုံးရယ်လိုက်လေ၏ ။ လှမေ တစ်ယောက် ဆေးခပ်ထားသော ၀က်သားဟင်းကို စားမိလျှင် မနက်ဖြန်ရွာအလှူပွဲမှာ ကွမ်းတောင် ကိုင် လုပ်နိုင်တော့မည် မဟုတ်။
ဦးဘဦးသည် အရက်ကို ၀က်သားဟင်းနဲ့မြည်းရင်း လှမေ၏ အခြေအနေကို မသိမသာ စောင့် ကြည့်လေ၏ ။
သို့ သော် လှမေသည် ၀က်သားဟင်းစားပြီး မည် သို့မျှ ဖြစ်ပုံမရဘဲ ခြံထဲသို့ ဆင်းကာ ငါးခွဲနေ ကြောင်း တွေ့ ရ၏ ။
ဆေးစွမ်းပြမည့် အချိန် မရောက်သေးဟု ထင်ကာ ဆက်၍ စောင့်ကြည့်နေ၏ ။
ညနေစောင်းသည်အထိ လှမေသည် ဝေဒနာခံစားရသည့် အရိပ်အယောင်မမြင်ရသဖြင့် ဦးဘဦးသည် မယုံနိုင်အောင် ဖြစ်နေမိ၏ ။
အတန်ကြာသော အခါ ရွာထဲရှိ အပျိုချောတစ်စုသည် ကွမ်းတောင်ကိုင်လုပ်မည့်  လှမေကို အလှူအိမ်သို့ ခေါ်ဆောင်သွားလေ၏ ။
ဦးဘဦးသည် ကြံရာမရ ဖြစ်နေချိန်၌ ဦးဘဦး၏ ညီမ ဒေါ်ခင်သက်နှင့် သမီး ဖြစ်သူ မိမိုးသည် ၀က်သားဟင်းများ ကို အားပါးတရ စားပြီး အိမ်သာတစ်လှည့်စီ ၀င်နေကြလေ၏ ။
ဒေါ်ခင်သက်ကြီးသည် အိမ်သာရှေ့၌ ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး
‘အစ်ကိုချက်ထားတဲ့ ၀က်သားဟင်းက ပြင်းလှချေလား သမီးရယ်၊ အမေတို့တောင် ဒီလောက် ဖြစ်နေရင် ဆေးခပ်ထားတဲ့ ဟင်းကိုစားမိတဲ့ ကောင်မတော့ မြော့မြော့ပဲ ကျန်တော့မယ်ထင်တယ်’
ဟု ပြောလေရာ အိမ်သာထဲမှ လေးဖက်ထောက်၍ ထွက်လာသော မိမိုးက
‘ဟိုကောင်မ မြော့မြော့ပဲ ကျန်မလား၊ မကျန်မလားတော့ မသိဘူး အမေရေ၊ သမီးတော့ ဆရာကြီး ဦးရွှေတလုတ်ကို အိမ်ပင့်မှ ဖြစ်တော့မယ်၊ ဒီတစ်ညနေတည်းမှာ အကြိမ် နှစ် ဆယ်လောက် ၀င်ပြီးနေပြီ’
ဟု ပြောရင်း မြေပေါ်သို့ လဲကျသွားလေ၏ ။
ဒေါ်ခင်သက်ကြီးသည် မိမိုး၏ အ ဖြစ်ကိုကြည့်၍
‘သမီး…. သမီး….၊ အမေလည်း ထွက်ကျလာပြီ၊ လုပ်ပါဦး’
ဟု အော်ဟစ်ပြီး လဲကျသွားပြန်၏ ။
လှမေသည် ရွာအလှူပွဲ၌ ကွမ်းတောင်ကိုင်အ ဖြစ် ၀မ်းမြောက်ဂုဏ်ယူဖွယ် ပါဝင်နိုင်ခဲ့၏ ။
ရွာရှိ ကာလသားများ ၏ ပါးစပ်ဖျား၌ လှမေကွမ်းတောင်ကိုင်အ ဖြစ် ချောပုံလှပုံကို တသသ ပြောဆိုကြ၏ ။
ကွမ်းတောင်ကိုင်လှမေ၏ ချောပုံလှပုံ သတင်းကို အနီးအနားရွာများ သို့ တိုင် ပျံ့နှံ့သွားလေ၏ ။
ထို့အတူ ယုတ်မာသော သားအမိနှစ် ယောက် ဖြစ်သော ဒေါ်ခင်သက်နှင့် မိမိုး၏ ၀မ်းတော် လားသော အ ဖြစ်သည် တစ်ရွာလုံးသို့ ပျံ့နှံ့သွားလေရာ ရွာသူ၊ ရွာသားများ ၏ ပါးစပ်ရာဇ၀င်တွင် ဟား တိုက်စရာ ဖြစ်သွားလေတော့၏ ။
လှမေ၏ မိခင်သည် ထိုသတင်းများ ကို ကြားဟန်တူသော်လည်း မသိမမြင်ဟန်ဖြင့် မျက်စိနားကို ပိတ်ထားလေ၏ ။
တစ်နေ့သ၌ လှမေ၏ မိခင် တစ်ဖက်ရွာသို့ သွားရင်း လယ်ပိုင်ရှင် ဦးချမ်းသာမိသားစုက ဖိတ်ခေါ်၍ ၎င်းတို့၏ သားနှင့် လှမေကို စုလျားရစ်ပတ်လိုကြောင်း ပြောလေ၏ ။
လှမေ၏ မိခင်သည် ဦးချမ်းသားမိသားစု၏ ချမ်းသာကြွယ်ဝပုံကြောင့် ဟန်ပင်မဆောင်နိုင်ဘဲ ရွာသို့ ၀မ်းသားအားရ ပြန်ခဲ့လေ၏ ။
မိခင်သည် ထိုသတင်းကို ဦးဘဦးကြီးကို ပြောလေရာ ဦးဘဦးသည် မျက်စိမျက်နှာပျက်သွား လေ၏ ။
သူသည် လှမေအား သား ဖြစ်သူနှင့် ကြိတ်၍ သဘောကျနေသူ ဖြစ်၏ ။ သူ၏ သားက လှမေအား သိမ်းပိုက်နိုင်လျှင် ဤအိမ်တစ်အိမ်လုံး သူတို့လက်အောက်ရောက်ပြီဟု ယူဆ၏ ။
ယခုတော့ တစ်ရွာသား လယ်ပိုင်ရှင်သားက ကွမ်းတောင်ကိုင် ဖြစ်သွားသော လှမေကို မျက်စိ ကျနေပြီဆို၏ ။
လှမေအား တစ်ရွာသားနောက်မပါအောင် အစွမ်းကုန် တားဆီးရန် ဆုံးဖြတ်လိုက်၏ ။ ထိုနေ့ ညနေမှာ ပင် ဦးဘဦးသည် သား ဖြစ်သူအား ထန်းတောမှခေါ်ပြီး အကျိုးအကြောင်းပြောပြလိုက်၏ ။
ဦးဘဦးက
‘မင်းတို့ အတော် ညံ့တဲ့ကောင်တွေ ပဲ၊ ငါ့သားလို့ ပြောရမှာ တောင် ရှက်ဖို့ ကောင်းလာပြီ။ ကိုယ့် လှောင်အိမ်ထဲက ငှက်ကို သူတပါးလက် အပ်ရမယ်လို့ကွာ’
ဟု ဆူပူကြိမ်းမောင်းလိုက်လေရာ သား ဖြစ်သူက
‘အဟီး…. ကျုပ်လည်း လှမေကို သဘောကျပါတယ် အဖေရာ၊ အိုး…. ကျုပ်တင်မကပါဘူး အဖေရာ၊ ရွာက ကာလသားမှန်ရင် လှမေကို မကြိုက်တဲ့ကောင် တစ်ကောင်မှ မရှိဘူး။ ရှင်လောင်း လှည့်တဲ့နေ့က ကာလသားတွေ အားလုံး လှမေရဲ့ တင်ထွားထွား ရင်ကားကားကြီးကို ကြည့်ပြီး သားရည်တမြားမြားကျနေတာ’
ဟု ပြောလေ၏ ။
ထိုအခါ ဦးဘဦးက သား ဖြစ်သူကို မျက်မှော င်ကြုတ်ကြည့်လိုက်ပြီး
‘သွားရည်ကျနေရင်လည်း အမြန်ဆုံး ကြိုးစားပေတော့’
ဟု ပြောရင်း ကွမ်းတောင်ကိုင်လှမေအား အပိုင်သိမ်းသွင်းရမည့်  နည်းလမ်းများ ကို ဉာဏ်နီဉာဏ်နက်များ သူပီပီ ကြံစည်တွေးတောနေလေတော့၏ ။
တစ်နေ့တွင် လှမေ၏ မိခင်သည် မြို့ပေါ်ရှိ အင်းသူကြီးမိသားစုနှင့် ဘုရားဖူးထွက်ရန် အကြောင်းပေါ်လာ၏ ။
လှမေ၏ မိခင် ဘုရားဖူးထွက်သွားသော အခါ ဦးဘဦးကြီးသည် လှမေအား အပိုင်သိမ်းသွင်းရန် နည်းလမ်းတစ်ရပ်ကို တွေ့ ရှိသွားလေ၏ ။
ထိုနည်းလမ်းကို သား ဖြစ်သူအားခေါ်၍ ပြောပြလိုက်ကာ ၎င်းက
‘ဟေ့ကောင်…. ဒီနေ့ည မင်းအတွက် အထူးအခွင့်အရေး နော်၊ ဒီအခွင့်အရေး ကို အရအမိယူပြီး လှမေကို သိမ်းပိုက်ရမယ်။ ရွာထိပ်ကအိမ်မှာ ဆိုရင် မင်းအတွက် အနှောင့်အယှက်လည်း မရှိဘူး။ မင်း အကြိုက် သဘောရှိ ကလောဟိပဲ’
ဟု ပြောလိုက်ရာ သား ဖြစ်သူသည် လှမေအား မတရားသိမ်းပိုက်မည့်  အရေး ကိုတွေး၍
‘ဟီး….. ဟီး…. အဖေ့အကြံ သိပ်ကောင်းတာပဲ၊ ညကို အမြန်ဆုံးရောက်ချင်ပြီဗျာ၊ လှမေ…… လှမေ ဒီတစ်ခါတော့ င့ါလက်က မလွတ်စေရဘူး။ ဟဲ…. ဟဲ ဒီကိစ္စပြီးတာနဲ့ အမြန်ဆုံး မင်္ဂလာဆောင်ဖို့ အဖေကြိုးစားပေးရမယ်နော်၊ ကျုပ်ကို ဆန့်တငင်ငင်ကြီး ဖြစ်အောင် မလုပ်ရဘူး’
ဟု အားတက်သရော ပြောလေ၏ ။
ထိုနေ့ညနေ လှမေပြန်လာသော အခါ ဦးဘဦးက အနီးသို့ ခေါ်လိုက်ပြီး
‘ဟဲ့…. လှမေ၊ ညည်းဒီနေ့ ရွာထိပ်က အိမ်မှာ သွားအိပ်ရမယ်။ ရွာထိပ်အိမ်မှာ အိမ်စောင့်နေကျ ဒေါ်တင်လှကြီးက ညည်းအမေနဲ့ ဘုရားဖူးလိုက်သွားတယ်။ အခုတလော ရွာပတ်ဝန်းကျင်မှာ သူခိုးပူ တယ်လို့ ကြားတယ်၊ အိမ်မှာ အစောင့်မရှိလို့ မ ဖြစ်ဘူး’
ဟု ပြောလေ၏ ။
ရွာထိပ်အိမ်သည် ဖခင်ကြီးရှိစဉ်ကပင် ငွေပိုငွေလျှံရှိ၍ ၀ယ်ယူထားခြင်း ဖြစ်၏ ။ ထိုအိမ်၌ ကြီးတော် ကြီးဒေါ်တင်လှ နေထိုင်၏ ။
ယခု ကြီးတော် ကြီးမိခင်နှင့် ဘုရားဖူးထွက်သွားသဖြင့် အိမ်စောင့်မရှိဘဲ ရှိနေခြင်း ဖြစ်၏ ။
လှမေသည် မိန်းမသား တစ်ယောက် အား ရွာထိပ်အိမ်တွင် ညစောင့်အိပ်ခြင်းမှာ တရားမျှတမှု မရှိဟု ယူဆ၏ ။ သို့ သော် ဦးဘဦးကြီးအား စကားတုံ့ပြန်မပြောလိုသဖြင့် အသာအယာပင် ခေါင်းညိတ် လိုက်လေ၏ ။
မိခင်မရှိခိုက် ဦးဘဦးတို့ သားအဖနှင့် တစ်အိမ်တည်း အတူမနေချင်သော ကြောင့် လည်း ဖြစ်၏ ။
အမှန်စင်စစ် ရွာထိပ်အိမ်၌ ညစောင့်အိပ်ရန် အပျိုအရွယ် မိန်းမပျိုတစ်ဦးထက် ဦးဘဦး၏ သား နှစ် ယောက် က ပိုမိုသင့်တော် ၏ ။
လှမေသည် ညနေစောင်းသော အခါ လွယ်အိတ်ကလေးထဲသို့ အ၀တ်အစားအပို တစ်စုံထည့်၍ ရွာထိပ်အိမ်သို့ ထွက်ခဲ့လေ၏ ။
လှမေသည် ရွာထိပ်အိမ်ကလေးသို့ ရောက်သော အခါ ည မှော င်ရီသန်းစပြုနေသဖြင့် အသင့်ရှိ နေသော မှန်အိမ်ကလေးကို ထွန်းလိုက်၏ ။
ထို့နောက် အိပ်ရာခင်းပြီး ဘုရားရှိခိုးကာ အိပ်စက်ရန် ပြင်ဆင်လေ၏ ။ ထိုအိမ်ကလေးသည် ရွာ နှင့် အတော် အတန် အလှမ်းကွာဝေးပြီး ညအချိန် အလွန်တိတ်ဆိတ်ငြိမ်သက်၏ ။
လှမေသည် ညအိပ်ကာနီး လွယ်အိတ်ထဲတွင် ယူဆောင်လာသော သလင်းကျောက်ကလေး ကို ထုတ်၍ ခေါင်းအုံးအောက်၌ ထားအိပ်၏ ။
ထိုကျောက်ကလေးသည် သူမအတွက် ကောင်းမွန်သော ကံကြမ္မာများ ဆောင်ကြဉ်းပေးမည် ဆို၏ ။
ထိုသလင်းကျောက်ကလေးကို သူမ၏ ကျေးဇူးရှင်ဆရာကြီးဦးထုံက စွန့်ကြဲသွားခြင်း ဖြစ်၏ ။
လှမေသည် အိပ်ရာပေါ်တွင် လှဲ၍ အိပ်စက်ရန်ဆန္ဒမရှိသော ကြောင့် ရောက်တတ်ရာရာများ ကို တွေးတောနေလေ၏ ။
ထိုအခိုက်မှာ ပင် အိမ်ကလေးရှေ့မှ…….
‘လှမေ…. လှမေရှိသလား’
ဟူသော ခေါ်သံကို ကြားရသဖြင့် မှန်အိမ်ကိုဆွဲ၍ ထွက်ကြည့်လိုက်ရာ ရွာထဲရှိအပျိုအရွယ် မိန်းကလေး နှစ် ဦး ဖြစ်သော မိစိန်နှင့် မိတုတ်တို့ကို တွေ့ လိုက်ရ၏ ။
မိစိန်က လှမေကို မြင်သော အခါ ၀မ်းသာအားရဖြင့်
‘ဟဲ့ လှမေ၊ နင်ဒီမှာ ရှိတယ်ဆိုလို့ လိုက်လာတာ၊ မိတုတ်တို့အိမ်မှာ ဒီနေည အပျိုတွေ ပန်းဖွက် ကြမလို့၊ နင့်ကို လာခေါ်တာ’
ဟုပြောလေ၏ ။
လှမေသည် ကာလသား ကာလသမီးများ စု၍ စကားထာဖွက်သော အပြုအမူကို နှစ် လိုသူ မဟုတ်သဖြင့် သက်ပြင်းချလိုက်ပြီး
‘ငါ လိုက်လို့မရဘူးဟဲ့၊ ငါ့ပထွေး ဦးဘဦးကြီးက ဒီအိမ်မှာ ညစောင့်အိပ်ဖို့ တာဝန်ပေးထား တယ်။ ညည်းတို့နဲ့လိုက်ပြီး ပန်းဖွက်နေရင် ငါ့ကိုဆူလိမ့်မယ်’
ဟု ပြောကာ ငြင်းဆန်လိုက်လေ၏ ။ ထိုအခါ မိတုတ်ဆိုသော အပျိုမက ခေါင်းခါယမ်း၍
‘အောင်မယ်….. ငါ့အိမ်မှာ ပန်းဖွက်တာ နင်မလိုက်လို့ ရမလား။ ညည်းက ကွမ်းတောင်ကိုင် ဖြစ်တာ မကြာသေးဘူး။ သွေးကြီးသွားပြီလား’
ဟု စကားနာထိုးလေ၏ ။
မိစိန်ဆိုသော အပျိုမကလည်း
‘ဟုတ်ပါတယ် လှမေရယ်၊ ညည်းက ကွမ်းတောင်ကိုင်ဆိုပြီး တစ်ရွာသူချင်း မစိမ်းကားလိုက်ပါ နဲ့အေ။ ကာလသားတွေ အားလုံးကလည်း ညည်းကို တွေ့ ချင်နေကြတယ်။ ညည်း မပါရင် ဒီနေ့ ပွဲစည် မှာ မဟုတ်ဘူးတဲ့။ ဒီတစ်ခါတော့ မငြင်းပါနဲ့ဟယ်၊ ဒီအိမ်မှာ ညည်းရှိတယ်လို့ ရွာပြင်မှာ ထင်းကောက် သွားတဲ့ကလေးတွေ က ပြောလို့ မရရအောင်ခေါ်မယ်ဆိုပြီး ပင်ပင်ပန်းပန်း လိုက်လာကြတာ၊ ဒီနေ့ည ဒီအိမ်မှာ ညစောင့်အိပ်ဖို့လူလည်း ပူစရာမလိုဘူး။ ငါ့တို့အိမ်က မဂျမ်းတုတ်ကြီးကို ညည်းကိုယ်စား ညစောင့်အိပ်ဖို့ ထည့်ပေးမယ်’
ဟု ပြောလေ၏ ။
မဂျမ်းတုတ်ဆိုသော မိန်းမကြီးသည် အမည် နှင့် လိုက်အောင် ကိုယ်ခန္ဓာတုတ်ခိုင်ဝဖြိုးပြီး ယောက်ျားစိတ်ပေါက်နေသူ ဖြစ်၏ ။
မဂျမ်းတုတ်သည် မဟုတ်မခံစိတ်ရှိပြီး လွန်စွာ သတ္တိကောင်း၏ ။ ထို့ကြောင့် လှမေသည် မိစိန် တို့နှင့် လိုက်ပြီး ပန်းဖွက်ရန် ဆုံးဖြတ်လိုက်၏ ။
မိစိန်တို့သည် လှမေ ၎င်းတို့နှင့် လိုက်မည် ဆိုသဖြင့် ပျော်ရွှင်စွာ ခေါ်ဆောင်သွားကြလေ၏ ။
လေးကျွန်းမောင်ကြီး | ပြည်လုံးကျော် | ရွှေလင်းယုန် |