Cover




 

မဟူရာည။

သတ္တစ်လောကသည် ပိန်းပိတ်အောင် မှောင်နေ၏။

ကောင်းကင်ယံသည် လည်း အနက်ရောင်ကမ္ဗလာကို လွှမ်းခြုံထားဘိသကဲ့သို့ရှိ၏။

ဟိုတစ်လုံး၊ သည် တစ်လုံး ကြဲဖြန့်ထားသယောင်ရှိသော နက္ခတ်တာရာတို့ ပါသော်လည်း မြူမှုံတွေ ရစ်ဆိုင်းနေ၍ မှုံဝါးဝါးနိုင်နေ၏။

ဤသို့ အမှောင်ထုဖုံး၍ မှောင်အတိကျနေသော လောကကြီးထဲတွင် မနုဿ လူသားတစ်ဦးသည် အဘယ်အရေးအခင်းကြောင့် မသိ၊ ဖဝါးနှင့် တင်ပါး တသားထဲကျအောင် ပြေး၍ နေရှာ၏။

ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသော ရာသီကာလဖြစ်လင့်ကစား။ သူ့ကိုယ်တွင် ချွေးတွေက ပြိုက်ပြိုက်ကျနေ၏။

သူ ပြေးနေသည် ။

မနားတမ်းပြေးနေသည် ။

ဦးတည်ချက်မရှိ၊ ဆင်ကန်း တောတိုး ပြေးလာရင်းက ည၏ အမှောင်ထုကို အန်တုကာ ရောင်စုံမီးလုံးတွေ၊ နီယွန်မီးချောင်းတွေ ထိန်ထိန်ညီအောင် ထွန်းညှိထားသည့် ပွဲခင်းတစ်ခုဆီသို့ ရောက်ရှိလာ၏။

သူသည် ခေတ္တမျှရပ်၍ အသက်ကို အလုအယက် ရှူရင်းပွဲခင်းထဲသို့ လှမ်းကြည့်လိုက်သည် ။

လူတွေ စည်ကားနေ၏။

အမေ့မေတ္တာ ကြက်သွန်ဖြူမြေပဲလှော်။

ကြောင်နှစ်ကောင် အကောင်းဆုံး ခရုခေါက်ဆွဲ။

မခင်လှ ထိပ်တန်း မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ်စုံ၊ အရီးလေး အကြော်စုံ။

ဆရာမော် မျက်လှည့်ကျော် …

လူကြီး - တစ်ကျပ်။

ခလေး - ပြား ၅၀။

ထိပ်တန်း ဂုဏ်ထူးဆောင် မြန်မာ့ဆပ်ကပ်။

ထိုထိုသော ဆိုင်းဘုတ်များ ၊ ပိုစတာများ ၊ ကြော်ငြာများကို ကြည့်ပြီးလျှင် သူသည် နောက်ကြောင်းသို့ တစ်ချက်လှည့်ကြည့်လိုက်မိ၏။

မှောင်ထဲတွင် မျက်လုံးကြီးနှစ်လုံးပမာ ပြူးထွက်လာသော မာကျူရီကားမီးလုံးတစ်စုံမှ ထွက်ပေါ်လာသည့် အလင်းရောင်ကို တွေ့လိုက်ရလျှင် ကြောက်ရွံ့ထိတ်လန့်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိလာကာ ပွဲခင်းကြီးထဲသို့ ဒရောသောပါး ပြေးဆင်းလာမိခဲ့တော့သည် ။

သူ့ရှေ့ကလူတွေကို သူတွန်းပစ်မိခဲ့သည် ။

သူ့ကြောင့် လူတွေ ဒယီးဒယိုင် ဖြစ်သူဖြစ်သွားကြသည် ။

သူ့ကို ဆဲလိုဆဲသူလည်း ရှိသည် ။

ဂရုမစိုက်နိုင်ပါ။

သူသည် ဘာတစ်ခုကိုမျှဂရုမစိုက်နိုင်ပဲ ပြေးမြဲပြေးခဲ့ရာ၊ ရွက်ဖျင်တဲကြီးတစ်ခု၏ နောက်ဘက်တွင် အဖီချထားသော နေရာများ ဆီသို့ ရောက်လာ၏။

ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချလိုက်ပြီး သူသည် ရွက်ဖျင်၏ အောက်စကိုလှန်ကာ အတွင်းသို့ လေးဖက်ထောက်၍ ဝင်လိုက်သည် ။

***

           

"အောင်မလေး"

ဘဲလေးအင်္ကျီကလေး ဝတ်ဆင်ထားသော မိန်းမပျိုကလေး တစ်ဦးသည် သူ့ပေါင်တံ ဖြူဖြူကလေးပေါ်သို့ ဇာခြေအိတ်ရှည်ကြီးကို ကုန်း၍ ဆွဲတင်နေရာမှ မျက်နှာပေါ် ဆံပင်တွေအုပ်၍ လေးဖက်ထောက်ကြီး၊ ခွေးဝင်စားတစ်ကောင်ပမာ ဝင်လာသူကိုတွေ့လိုက်ရလျှင် ထိတ်လန့်ချောက်ချားစွာ ဪလိုက်ရှာ၏။

"အမေ့"

ဝင်လာသူကလည်း လန့်ဖျပ်ကာ ဆံပင်တွေကို မျက်နှာပေါ်မှ သိမ်းတင်ရင်း မိန်းမပျိုကလေးကို မျက်လုံးပြူးကြီးများ ဖြင့်ကြည့်ရင်း ထရပ်လိုက်သည် ။

"ဟင် … မင်း …မင်း…"

မိန်းမပျိုကလေးသည် မလုံမလဲ ဖြစ်နေသော သူ့ကိုယ်အထက်ပိုင်းကို အမွေးပွ မျက်နှာသုတ်ပဝါတစ်ထည်ဖြင့် ဆွဲကာလိုက်ရင်း သူ့အဆောင်ထဲသို့ ကျူးကျော် ဝင်ရောက်လာသူကို လက်ညှိုး တထိုးထိုးနှင့် စကားမဆက်နိုင်အောင် ဖြစ်နေ၏။

ဂျင်းဘောင်းဘီရှည်၊ စပို့ရှပ်အင်္ကျီလက်စကနှင့် ကိုယ်လုံးကိုယ်ထည် ကျစ်ကျစ်လုံးလုံးကလေးရှိသော သူ့ရှေ့ကလူကိုမြင်စက သူသွေးပျက်မတတ် ကြောက်သွား မိပေမယ့် သူက ယောက်ျားသားတစ်ဦးမဟုတ်၊ အိုမီဂါဆံပင် မျက်လုံးလှလှကလေးနှင့် ဖြူဝင်းသော အသားအရေကို ပိုင်ဆိုင်သည့် မြီးကောင်ပေါက်မလေး တစ်ဦးသာဖြစ်ကြောင်း တွေ့မြင်လာသောအခါ အကြောက်ပြေလာ၏။

သည် မိန်းကလေးကို သူစောစောက တွေ့ခဲ့ဖူးပါသည် ။

မှတ်မိပါပြီ။

နုထွေးသော သူ့လက်ကလေးကိုဆွဲ၍ သူပေသော သစ်ခွပန်းစည်းကို လက်ခံရရှိခဲ့သောကြောင့် သူ့ကို အဘယ်မှာ လျှင် မမှတ်မိပဲရှိပေမည်နည်း။

"မ …မမ…ကလျာ"

"ဖြူ …ဖြူပါ …ဖြူ့ကို ကယ်ပါ … မမကလျာရယ်"

မျက်လုံးလှလှကလေးတွေထဲမှာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာရင်း မိန်းကလေးသည် သူ့ကို အသနားခံနေ၏။

သူကလေးခမျာ တစ်ကိုယ်လုံးလည်း တုန်နေရှာသည် ။ ထိပ်တန်းဂုဏ်ထူးဆောင် မြန်မာ့ဆပ်ကပ်မှ ကောင်းကင် ဘားကျွမ်းမယ်ကလေး ကလျာမိုးနွယ်သည် ရှေ့သို့ ခြေလှမ်းများ တိုး လာပြီး တုန်ရင်နေသူကလေး၏ ပခုံးကို နှစ်သိမ့်ဟန်ပြသော အမူအရာနှင့် ထိုင်လိုက်သည် ။

"မင်း ဘာဖြစ်လာတာလဲကွယ်"

"မမရယ် … ဖြူ … ဖြူ အိမ်က ထွက်ပြေးလာတာပါ။ ဖြူသူတို့ ကို ကြောက်တယ်။ သူတို့ … သူတို့ …ဖြူ့ကို …ဖြူ့ကို …"

မိန်းကလေးသည် စကားကိုရှေ့မဆက်နိုင်ပဲ အရှိုက်ခက်နေ၏။

"ကဲ … ကဲ … ဖြူ … မင်းဒီမှာ နေခဲ့ဦး။ မမကလျာရဲ့ အလှည့်ပြန်ရောက်ခါနီးလို့ ထွက်လိုက်ဦးမယ်၊ ပြန်လာမှ ပြောကြတာပေါ့နော်"

"ဟုတ် … ဟုတ်ကဲ့"

"ညီမလေး မိုး … မပြီးသေးဘူးလား"

ရွက်ဖျင်တဲအပြင်မှ အောင်မြင် ကြည်လင်သော အသံတစ်ခုက ထွက်ပေါ်လာ၏။

" လာပြီ ကိုကိုရေ"

ကလျာမိုးနွယ်သည် ခြေအိတ်နှစ်ဖက်ကို ကပျာကသီ ဆွဲတင်လိုက်ပြီး မှန်ထဲတွင် သူ့မျက်နှာ သူ့ကိုယ်ဟန် အနေအထားကို အလောသုံးဆယ် သုံးသပ်ပြီးနောက် ရွက်ဖျင်တဲထဲမှ လှစ်ကနဲထွက်ပြေး ပျောက်ကွယ်သွားတော့၏။

 

***

           

တဟပ်ဟပ်မောနေသူသည် သူ့ရှေ့စားပွဲပေါ် ဖန်ချိုင့်ထဲမှ ရေတစ်ခွက်ကို ငှဲ့ယူပြီး တကျိုက်ကျိုက် သောက်ပစ်လိုက်သည် ။ ပြီးလျှင် ကလျာမိုးနွယ်၏ အခန်းကို လေ့လာသုံးသပ်လိုက်သည် ။ တစ်ယောက်အိပ် ကင်းဘတ်(စ်) ခေါက်ခုတင်ကလေးပေါ်ရှိ ခေါင်းအုံးပေါ်တွင် စောစောက သူဆက်ခဲ့သော ပန်းစည်းကလေးသည် လှပစွာ တင်နေ၏။

မိန်းကလေးသည် ထိုခုတင်ဆီသို့လျှောက်သွားလိုက်ပြီး ခုတင်စွန်းတွင် ထိုင်ချလိုက်သည် ။

"ငါဘာလုပ်ရမလဲ"

မိမိနားနှင့် ဆတ်ဆတ်ကြားခဲ့ရသော အကြောင်းအရာများက ခြောက်လှန့်လာသဖြင့် သူ့တွင် အတွေးတွေ ပူလောင်လာကာ ချုံးပွဲချငိုမိပြန်သည် ။           

***

 

"အို … ငိုနေတုန်းပဲလားကွယ်"

မျက်မှာ တွင် အုပ်ထားသော လက်နှစ်ဖက်ကို ဖယ်ရှား၍ ဟင်္သာပြဒါးပမာ နီရဲနေသော မျက်လုံးအစုံဖြင့်ကြည့်လိုက်သည် တွင် ဝတ်ရုံနက်ကလေးကို ကိုယ်ကခွာရင်း သူ့အားကြည့်နေသူကို တွေ့ရ၏။

"မမကလျာ"

"အင်း …ဆိုပါဦး၊ မင်းဘာဒုက္ခဖြစ်လာသလဲ ဟင်"

ကလျာမိုးနွယ်သည် ခေါက်ကုလားထိုင်ကလေး တစ်လုံးကို မိန်းကလေး၏ ရှေ့သို့ ယူ လာပြီး ထိုင်ချကာမေးလာ၏။

"ဖြူဖြူကို … ဖြူဖြူကို … ဖေဖေရဲ့ ညီက တောကိုပို့ပစ်မလို့ တဲ့ … သူများကိုပေးပစ်မလို့ တဲ့ "

အငိုတဝက် အရှိုက်တစ်ဝက်ဖြင့် ပြောနေသော မိန်းကလေးကို ကလျာမိုးနွယ်က အံ့သြလာဟန်ဖြင့်ကြည့်လိုက်၏။

"မင်းအဖေရဲ့ ညီဆိုတော့ မင်းဦးလေးပဲပေါ့၊ သူက ဘာဖြစ်လို့ မင်းကို သူများ ပေးပစ်မယ်တဲ့ လဲဟင်"

"သူ … သူက ဖေဖေ့ ညီဆိုတာတော့ ဟုတ်ပါတယ်။ ဒါ …ဒါပေမဲ့ … ဖြူဖြူရဲ့ ဦးလေးဆိုတာတော့ မဟုတ်ပါဘူး"

ကလျာမိုးနွယ်သည် နားရှုပ်သွားဟန်ဖြင့် မျက်မှောင်ကြုတ်လာ၏။

"ဘယ်လိုလဲကွယ်၊ မင်းအဖေရဲ့ ညီဆိုတော့ မင်းရဲ့ ဦးလေးပဲပေါ့"

"ဖေဖေကလည်း ဖြူဖြူ့ဖေဖေ မဟုတ်ပါဘူး … မမကလျာရယ်"

"ဟောတော့"

ကလျာမိုးနွယ်သည် မျက်မှောင်ကြုတ်ရုံတင်မက၊ မျက်လုံးများ ပင်ပြူးထွက်လာ၏။

"ဟို … ဟို …မမရယ် … နားရှုပ်ကုန်ပြီလား။ ဒီလိုပါရှင်၊ ဖေဖေဆိုတာ ဖြူဖြူရဲ့ မွေးစားအဖေပါ။ မွေးစားအဖေ ဆိုတာလည်း တစ်သက်လုံးအတူနေလာတာ ဒီနေ့ညမှ ပဲ မွေးစားအဖေမှန်းသိရပါတယ်။ ခု … ခု… ဖြူဖြူ … ဖေဖေဆုံးသွားလို့ ဒီအကြောင်းတွေ ပေါ်လာတာပဲရှင်၊ ဖေဖေက ဖြူဖြူ့ကို အမွေတွေပေးထားခဲ့လို့ ခုလို ပြဿနာတွေ တက်လာကုန်တာပဲ"

***

 

အမွေ … အမွေ … အမွေ … သည် အမွေကိစ္စက ရှုပ်ထွေးလာသဖြင့် ဖြူဖြူလင်း၏ ဘဝအမှန်သည် ပေါ်ထွက်လာခြင်း ဖြစ်၏။

တကယ်တော့ ဖြူဖြူလင်းသည် ကျိကျိတက် ချမ်းသာသော သူဌေးကြီး ဦးခင်မောင်လင်းနှင့် ဒေါ်နွဲ့လေးသီတို့ ၏ သမီးအရင်းမဟုတ်ပါ။

တခြားလူတွေ မဆိုထားနှင့် ၊ သူဌေးကြီး ဦးခင်မောင်လင်းကိုယ်တိုင်ပင် ဖြူဖြူလင်းသည် သူ့သမီးအရင်း မဟုတ်ကြောင်းကို သေဆုံးခါနီးကျကာမှ သိခဲ့ရ၏။

ဖြူဖြူလင်း၏ ဘဝအမှန်ကို ဖော်ထုတ်လိုက်သူမှာ လက်သည် ကြီး ဒေါ်စိန်ရင်ဆိုသူသာဖြစ်သည် ။

အဖြစ်အပျက်က ကြာခဲ့ပြီဖြစ်သည် ။

ဆယ့်ငါးနှစ်တင်းတင်းပင်ပြည့်ခဲ့ပါပြီ။

ဒေါ်စိန်ရင်၏ ရင်ထဲတွင် တော့ ဒီအဖြစ်အပျက်သည် မနေ့တစ်နေ့ကလို ခံစားမိ၏။

သည် ကလေးမ၏ ဘဝအစကို ပြန်ကောက်ရမည်ဆိုလျှင် ….

***





 (၂)

 

ဖြူဖြူနွဲ့နွဲ့ မိန်းမပျိုကလေးတစ်ဦးသည် မျက်နှာကိုလက်ဝါးဖြင့် အုပ်ကာ သည်းသည်းထန်ထန် ငိုကြွေးနေ၏။ သူ့ခုတင်နံဘေးတွင် ဘီးကျော့ပတ်ကြီးနှင့် ခန့်ခန့်ညားညားရှိလှသော မိန်းမကြီးတစ်ဦးက ရပ်နေ၏။

သူ့မျက်နှာကြီးက သုန်မှုန်ခက်ထန်နေ၏။

ကျန်တစ်ယောက်ကတော့ မိန်းမပျိုကလေး ထိုင်နေသော ခုတင်တွင် တင်ပါးလွှဲကလေးထိုင်ကာ မိန်းမပျို၏ ကျောကိုပွတ်၍ နှစ်သိမ့်နေ၏။

သူ့အသွင်ကတော့ ခပ်နွမ်းနွမ်းပင်။

"ဒီမှာ စိန်ရင် … ဘာမှ ရှည်ရှည်ဝေးဝေးတွေ ပြောမနေနဲ့ ၊ ဒီကလေးကို ဖြစ်တဲ့ နည်းနဲ့ သာဖျက်၊ လင်ကောင်မပြနိုင်ပဲနဲ့ တော့ ဘယ်နည်းနဲ့ မှ မွေးလို့ မဖြစ်ဘူး"

မိန်းကလေးက ပို၍ ရှိုက်လာ၏။

စိန်ရင်မည်သော အမျိုးသမီးကြီးသည် ပင့်သက်ရှိုက်ကာ မိန်းကလေးကို တစ်လှည့် … အိမ်ကြီးရှင်မကြီးကို တစ်လှည့်ကြည့်လိုက်၏။

"မမဦးရယ် စဉ်းစဉ်းစားစားလုပ်ပါ။ လကရင့်နေပြီရှင့်၊ ဝေဝေဦးအတွက်ပါစိုးရိမ်ရမှာ မို့ ကျွန်မ ပြောနေတာပါ"

"ခက်တယ်စိန်ရင် … ငါတော့ သေလိုက်ချင်တာပဲ၊ အရှက်အိုးတော့ ဗျန်းဗျန်းကွဲရတော့မှာ ပဲအေ"

စောစောက မှာ နေသော အမျိုးသမီးကြီး၏ မျက်နှာသည် ညိုပျော့လာ၏။

"မမဦးရယ် … ကျွန်မအကြံပြုပါရစေ၊ သူ့ကို ကျွန်မအင်္ဂပူကိုခေါ်သွားမယ်၊ ဟိုမှာ မွေးဖွားပြီးတော့ ဒီကလေးကို မမဦးတို့ မလိုချင်ရင် ကျွန်မ တာဝန်ယူတယ်ရှင်၊ ဘယ်လိုမှ မမဦးတို့ နဲ့ ပြန်မပတ်သက်စေရဘူး၊ ကတိပေးပါတယ်"

"ကဲ စိန်ရင် … ငါတော့ ခေါင်းမီးတောက်နေပြီ၊ ညည်းကိုပဲ အားကိုးရတော့မှာ ပဲ၊ ကောင်းသလို ကြည့်လုပ်တော့အေ… ဖအေကြီးဟင်္သတ ပြန်မပြောင်းခင်တော့ ကိစ္စတွေ ပြီးတန်ကောင်းပါရဲ့ "

"ဦးသီဟက ဘယ်တော့လောက် ဟင်္သာတ ပြန်ရောက်မှာ လဲ"

"ပြာသိုလထဲမှာ အေ့"

"အို … ဒါဆို ကိစ္စမရှိဘူး။ နတ်တော်လထဲမှာ ပဲ မွေးမှာ ၊ စိတ်အေးအေးသာထားနေတော့"

"ကဲ ….ကဲ … မိဘမသိအောင် ခိုးကြောင်ခိုးဝှက် လုပ်တုန်းကတော့ ဟုတ်လို့ ၊ ခုမှ မျက်ရည်ကျ မနေနဲ့ ၊ ငါထလုပ်မိရင်နာဦးမယ်၊ ခုထပြီး လိုတဲ့ ပစ္စည်းတွေထုပ်ပိုး သိမ်းဆည်းထား၊ ညည်း မနက်ရထားနဲ့ သွားရမှာ ၊ စိန်ရင် … လာ၊ ညည်းကိုတိုင်ပင်စရာရှိသေးတယ်"

"ဟုတ်ကဲ့မမဦး"

ဒေါ်စိန်ရင်သည် ထဘီစ တစ်ဖက်ကမ၍ ဘောက်ဆတ်ဘောက်ဆတ် လျှောက်သွားသော ဒေါ်မြတ်ဦး နောက်သို့ ကုပ်ချောင်း ကုပ်ချောင်းဖြင့် ပါသွားရှာတော့၏။

"ကိုထွန်းရယ် … ဝေ့ အဖြစ်ကို မြင်လှည့်စမ်းပါ"

ဝေဝေဦးသည် သည်းပွတ်နှလုံး ကြွေပြုန်းလုမတတ်ပင် ငိုရှိုက်၍ နေ၏။

ချစ်ကံရယ်က ခေလှသည် ဟု ဆိုရလေမလား။

အမှတ်မထင် တဒင်္ဂနယ်ကျွံမိခဲ့သော အဖြစ်အပျက်ကလေးတစ်ခုက ကြီးမားသော မဟာဒုက္ခကြီးကို ဖြစ်စေလာမည်ဟု နှစ်ဦးသား နက်နက်နဲနဲ မတွေးမိခဲ့ကြပေ။

ယခုတော့ အဝေးတစ်နေရာတွင် တိုင်းပြည်ဝန်ထမ်းဆောင်နေသောချစ်သူ၊ တစ်နည်းအားဖြင့် တိတ်တိတ်ပုန်းကလေး လက်ထပ်ထားသော လင်ယောက်ျားကဖြင့် သူ့အဖြစ်ကို သိနိုင်လေမည်မဟုတ်။

"ဝေရယ် … မောင် ရှေ့တန်းက ပြန်လာလာခြင်း ဝေ့ကို လူသိရှင်ကြား လက်ထပ်မယ်၊ တပ်က လက်ထပ်ခွင့် အမိန့်တောင်းခဲ့မယ်။ ဝေ့ကို စိတ်မချလွန်းလို့ မောင် လက်ထပ်ထားခဲ့ချင်တာပါ"

ချစ်ရသော မောင်တစ်ယောက် နားပူနားဆာ ပြုမူကြောင့် ဝေဝေဦးသည် ခေါင်းညိတ်ခဲ့မိသည် ။

ကိုထွန်းမောင်၏ မိတ်ဆွေတစ်ဦး၏ စောင်မကူညီမှုကြောင့် သူတို့ နှစ်ဦးသည် တိတ်တဆိတ် လက်ထပ်မှု အောင်မြင်သွားခဲ့၏။

"ဝေ"

"မောင်"

"ချစ်တယ်နော်"

"ချစ်လို့ ပဲ မောင့်အလိုကို ဝေလိုက်ခဲ့တာပဲ"

"ဝေရယ် … မောင် ဝေနဲ့ ခွဲပြီး မသွားချင်ပါဘူး။ တိုင်းပြည်အတွက် ကျရာတာဝန်ကို ထမ်းဆောင်ရမဲ့ ဝတ္တရားက မောင့်မှာ ရှိတယ်"

"မောင့်တာဝန်နဲ့ ဝတ္တရားကိုဝေ သဘောပေါက်ပါတယ်။ လက်ခံပါတယ် … မောင်။ စစ်သား မယားတစ်ယောက်အနေနဲ့ ဝေ ရင်ဆိုင်ရမယ့် ပြဿနာတွေကို ထည့်တွက်ပြီးသားပါ"

"လိမ္မာလိုက်တဲ့ ဝေရယ်"

ထွန်းမောင်သည် ဝေဝေဦးကို တင်းကျပ်စွာ ဖက်ထားလိုက်မိ၏။

မို့ဖောင်းသော ပါးအိမိကလေးနှစ်ဖက်ပေါ်တွင် အနမ်းမိုးများ ရွာသွန်းလိုက်မိ၏။

တိတ်ဆိတ်သော ပတ်ဝန်းကျင်၊ လူသိရှင်ကြား ဟုတ်သည် မဟုတ်သည် ကို အပထား။ ညားခါစလင်မယားဖြစ်နေကြပြီမို့ …

ဝေဝေဦးသည် မိမိချစ်သူ .. ယခုပင် လက်ထပ်ခဲ့သော ချစ်လင်၏ ဆန္ဒများကို မလွန်ဆန်ရက်၊ မလွန်ဆန်နိုင်အောင် ဖြစ်ခဲ့၏။

အမှားတစ်ခုကို ပြုပြီးကာမှ နောက်က ကြောက်စိတ်သည် တစ်လိပ်လိပ်တက်လာ၏။

"အို … ဝေ … ငိုနေတယ်"

တရှိုက်ရှိုက်ငိုနေသော သူ့ရင်ခွင်ထဲက မိန်းကလေးကို ထွန်းမော်သည် ကျစ်ကျစ်ပါအောင်ဖက်၍ နှစ်သိမ့်ရင်းက ရင်ထဲတွင် လည်း နာကျင်၍ လာမိ၏။

"ဝေရယ် မောင့်ကို ခွင့်မလွှတ်နိုင်ဘူးလား"

"မောင်နဲ့ ဝေကြားမှာ ဒီစကားတွေ သုံးဖို့ မလိုတော့ ပါဘူးရှင်၊ ဝေ ဝေ စိုးရိမ်တာက"

ထွန်းမော် သဘောပေါက်မိသည် ။

"ဝေရယ် မစိုးရိမ်ပါနဲ့ ၊ အားမငယ်ပါနဲ့ ၊ တစ်ကြိမ်တစ်ခါ မှားမိယုံနဲ့ ဘာမှ ဖြစ်မလာနိုင်ဘူး၊ ပြီးတော့ မောင်လဲ တစ်လအတွင်း ပြန်ရောက်လာမှာ ပါ။ ဒီကျတော့ မောင့်မိဘတွေကို ပြောပြီး မောင်တို့ အစီအစဉ်ချခဲ့တဲ့ အတိုင်း လုပ်ကြတာပေါ့၊ တိတ် … တိတ်ပါဝေရယ် … ဝေ မျက်ရည်ကျနေရင် မောင်လည်း ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ"

ဝေဝေဦး အငိုတိတ်သွားသည် ။

ချစ်ဦးသူအလိုကျ အပြုံးတွေဝေလာ၏။

သို့နှင့် မောင့်ကို တသသ လွမ်းဆွတ်ခဲ့ရသည် မှာ တစ်ရက်နှစ်ရက် သုံးရက် အစရှိသည် မှ တစ်လတင်းတင်းပင် ပြည့်ခဲ့ပါပြီ။

ရင်းသို့ တစ်လပြည့်ခြင်းနှင့် အတူ ဝေဝေဦးတွင် လည်း တစ်သက်နှင့် တစ်ကိုယ် မခံစားဘူးသော ဝေဒနာတစ်ရပ်က ကပ်ငြိလာသည် ။

"အို … မူးလိုက်တာ"

အိပ်ရာထ မိုက်ကနဲ မှုးဝေကာ ချွေးတွေ စို့တက်လာသဖြင့် လဲမကျမိစေရန် ခုတင်တိုင်ကို ဆွဲကိုင်ထားလိုက်ရသည် ။

ပျို့ချင်အန်ချင်လာပြန်၏။

"အောင်မလေး … ဘုရား …ဘုရား"

ဝေဝေဦး မျက်လုံးမျက်ဆန်ပြူးရလေပြီ။

သွေးထွက်မတတ် တုန်လှုပ်ချောက်ချားရလေပြီ။

မောင်ကလည်း ပေါ်မလာ၊ ဒီဝေဒနာကလည်း ရင့်သန်လာနှင့် ဝေဝေဦးခမျာ မျောက်မီးခဲကိုင်မိသလို…။

အချစ်ဆုံးသူငယ်ချင်းမထံ ပြေး၍ မိမိဒုက္ခကို ဖွင့်ဟမိသောအခါတွင် …

"အို … ငိုနေလို့ မပြီးဘူး ဝေ၊ ဖြစ်လာမှ တော့ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာရမှာ ပဲ"

"အေးမွန်ရယ် … စဉ်းစားပါဦး၊ ဝေတော့ မကြံတတ်တော့ဘူး"

အေးအေးမွန်က အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်။

သူပေးသောအကြံဉာဏ်က တုန်လှုပ်ဖွယ်ရာတည်း။

"ဟင့်အင်း … ဟင့်အင်း … ဟင့်အင်း … ဝေ… ဝေ … အေးမွန်ပြောသလိုတော့ မလုပ်နိုင်ဘူး။ မလုပ်ရက်ဘူး"

"ဪ … ခက်လိုက်တာ ဝေရယ်… ၊ ကိုထွန်းမောင်ကဖြင့် ဘယ်နေ့ပေါ်လာမှန်း မသိပဲ၊ ဝေ ဒီတိုင်း ထိုင်စောင့်နေလို့ ဖြစ်မလား၊ တစ်နေ့တခြား ပိုဆိုးလာတော့မှာ ပေါ့၊ ခုပဲ နှစ်လကျော်နေပြီ၊ တော်ကြာ … ဖုံးမရ ဖိမရ အခြေအနေကျမှ ဆိုရင် …"

"တော်ပြီ … တော်ပြီ … အေးမွန်ရယ်၊ ကိုယ်တော့ ဒီအတိုင်းပဲ မောင့်ကို စောင့်နေမယ်၊ တကယ်လို့ အခြေအနေသိပ်ဆိုးလာရင် ကိုယ်အိမ်က ထွက်ပြေးပြီး ရှောင်နေမယ်"

"ဟယ် … မဟုတ်တာ၊ မင်းကလည်း လွယ်လွယ်နဲ့ ဖြေရှင်းလို့ ရမယ့် ပြဿနာကို ကျယ်ဝန်းအောင် လုပ်နေပြန်ပြီ၊ ခက်တော့တာပဲ"

ခေါင်းတစ်ခါခါ လည်တစ်ခါခါဖြင့် အေးအေးမွန်၏ နေအိမ်မှ ပြန်ပြေးခဲ့သည် ။

အုံပုန်းပူရယ်က ဆိုးလှပါသည် ။

တစ်နေ့ လာနိုးနိုး စောင့်စားကာ သူ့အဖြစ်ကို မိခင်ကရိပ်မိလာသည် ။

ချပ်ချပ်ရပ်ရပ်ရှိလှသော သူ့ဝမ်းဗိုက်ကလေး မသိမသာစုန့်တက်လာသည် ကို မိခင်ဖြစ်သူက စူးစူးရဲရဲ ၏

ကြည့်လာသော အခါတွင် ဝေဝေဦးသည် ယောင်ရမ်း၍ မိမိ၏ ဝမ်းဗိုက်ကိုလက်ဖြင့် ကာလိုက်မိ၏။

"မိဝေ …ညည်း ဟိုဟာ မှန်ရဲ့ လား"

အမေ့မျက်နှာ တည်တည်ကြီးကို ကြည့်ရင်း မျက်ရည်တွေဝိုင်းကနဲ တက်လာ၏။

"မိဝေ … ညည်း … ညည်း … ဘာဖြစ်နေတာလဲ ဟင်"

ဒေါ်မြတ်ဦးသည် ငယ်ထိပ်မြွေပေါက်ခံရသူပမာ ထူပူသွားပြီး သမီးဖြစ်သူ၏ ပခုံးနှစ်ဖက်ကို လှုပ်ခါနေ၏။

ရိုက်၍ မစစ်ရပါ။

နှစ်ခွန်းလည်း မမေးရပါ။

ဝေဝေဦးသည် ကြမ်းပေါ်တွင် ထိုင်ချလိုက်ပြီး မိခင်၏ ခြေအစုံကို ဖတ်လိုက်ပါသည် ။

"မေမေရယ် … ဝေ … ဝေ"

"အောင်မလေး … မိဝေ … မိဝေ … ကျော်မကောင်း ကြားမကောင်း ဖြစ်ကုန်တော့မယ်။ ဘယ်နှလလဲ၊ ဘယ်သူနဲ့ လဲ၊ ဘယ်တုန်းကလဲ"

ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ ဒေါ်မြတ်ဦးသည် တောင်ပဲ ပြေးရမလို မြောက်ကိုပဲ ပြေးရမလို ဖြစ်နေ၏။

ဝေဝေဦးကတော့ လဲပေါင်းများ စွာဖြင့် မေးလာသောမေးခွန်းများကို မဖြေနိုင်ပဲ ရှိုက်ငင်၍ သာ နေ၏။

"အောင်မလေး … မြတ်စွာဘုရား ကယ်တော်မူပါ၊ ဒီကိစ္စမောင်သူရတို့ သိရင် ဘယ့်နှယ်လုပ်မလဲ။ အောင်မလေး… ငါသေလိုက်ချင်တယ် … သေလိုက်ချင်တယ်၊ မိဘမျက်နှာ အိုးမဲသုတ်ရက်တဲ့ ကောင်မ … ကောင်မ"

ဒေါ်မြတ်ဦးသည် စိတ်ရှိတိုင်း တဖုံးဖုံး ထရိုက်ပြီးမှ ခုတင်စွန်းတွင် ဆောင့်ခနဲ ထိုင်ချပြီး ကျူကျူပါအောင် ငိုတော့သည် ။

"မေမေ … မေမေရယ်…"

မိမိအတွက် မိခင်ဖြစ်သူ မျက်ရည်ပေါက်ကြီးငယ် ကျနေသည် ကို မြင်ရတော့ ရင်မှာ မချိလှပါ။

"ပြောစမ်း … ပြောစမ်း၊ ဒါ … ဒါ … ဘယ်သူ့ဗိုက်လည်း ဟင်"

"ကို … ကိုထွန်းမော်နဲ့ ပါ မေမေ"

"အောင်မလေး …ကြည့်စမ်း …ကြည့်စမ်း …။ ဒီကောင်ဘယ်ကလဲ၊ ခု ဘယ်မှာ လဲ၊ ငါ့သမီးကို ပန်းကောင်းအညွန့်ချိုးလုပ်တဲ့ ကောင်ကို ငါ့လက်နဲ့ သတ်မယ်"

လက်ငင်းအဖို့ မှာ တော့ သားအမိနှစ်ယောက် အချိန်အတော်ကြာအောင်ပင် ငိုနေမိကြ၏။

***

 

"ကဲ ပြောစမ်း၊ ဒီထွန်းမော်ဆိုတဲ့ ကောင်က ဘယ်ကလဲ၊ ခု သူ ဘယ်မှာ လဲ ဟင်"

"သူ … သူက ဒုဗိုလ်ပါ၊ ခု … ခု ရှေ့တန်း ထွက်သွားပါတယ် မေမေ။ နေတာကတော့ ဇလွန်မှာ ပါ၊ သူ … သူ ပြန်လာရင် သ…သမီးကို လူသိရှင်ကြား လက်ထပ်ဖို့ ပါပဲ၊ ခု … ခု…"

"တော်စမ်း မိဝေ… ဒီအချိန်အထိပေါ်မလာတာ ညည်းကိုအညွန့်ချိုးသွားလို့ ပဲမှတ်….၊ မဖြစ်ဘူး … မဖြစ်ဘူး စိန်ရင်ကို ခေါ်ရမှာ ပဲ။ ဒီပြဿနာ စိန်ရင်နဲ့ ရှင်းပြီးရင် ညည်းကို မောင်သူရနဲ့ နေရာချဖို့ စီစဉ်လိုက်တော့မယ်။ ညည်းကောင်နဲ့ တော့ ပေးကိုး မပေးစားနိုင်ဘူး"

"မေမေ … မေမေရယ်၊ သ … သမီး ပြောပါရစေဦး၊ ပြောပါရစေဦး"

အတင်း ခြေအစုံကို ဖက်ထားသော်လည်း ဒေါ်မြတ်ဦးသည် ရုန်းထွက်၍ သွားတော့၏။

"မောင်ရယ် … ဝေ့အဖြစ်ကို မြင်လှည့်ပါတော့"

ဒေါ်မြတ်ဦးသည် သံမဏိဆုံးဖြတ်ချက်ဖြင့် မိတ်ဆွေဟောင်း လက်သည် ကြီး ဒေါ်စိန်ရင်ကို အင်္ဂပူမှ ခေါ်ယူလိုက်သည် ။

***

 

အပြောကျယ်သော မဟာသမုဒ္ဒရာရေပြင်တွင် မျောချင်ရာသို့ မျောနေသော သစ်တုံးတစ်တုံး၏ အပေါက်ထဲသို့ ကာလရှည်ကြာမှ တစ်ကြိမ်ပေါ်သော လိပ်တစ်ကောင်၏ ဦးခေါင်းသည် တန်းတန်းမတ်မတ် စွပ်ဝင်ရန်ထက်ပင် လူတစ်ယောက် ဖြစ်ဖို့ ရာ ဆိုသည် မှာ ခဲယဉ်းလှပေစွဟု ကျမ်းဂန်အဆိုရှိပါ၏။ ဤဖြစ်ခဲသော လူသားတစ်ယောက်ကိုဖြင့် ဝေဝေဦးသည် ရလိုက်ပါပြီ၊ မိမိ အသွေးအသားဟူသော အသိက စိုးမိုးနေသဖြင့် သည် ကလေးကို အပွန်းအပဲ့ မခံနိုင်ပါ။ မိမိအနေဖြင့် အစွမ်းကုန် ကာကွယ်မည်ဟူသော သန္နိဋ္ဌာန်ဖြင့် ဒေါ်စိန်ရင် နောက်သို့ ပါခဲ့သည် ။

"ကြီးကြီး စိန်ရင်ရယ် … ဒီကလေးကို ဝေ မဖျက်ဆီးဘူး။ ရအောင် မွေးမယ်၊ မွေးပြီးရင်လည်း ဝေ့ကလေးနဲ့ ဝေ လွတ်ရာကျွတ်ရာ သွားမယ်၊ ဝေ မေမေ့ အစီအစဉ်ကိုတော့ မနာခံနိုင်ဘူး"

"အေးပါ သမီးရယ်၊ ငိုငိုမနေပါနဲ့ ၊ မိခင်လောင်းတိုင်းဟာ ကိုယ် လွယ်ထားရတဲ့ သွေးသားကို မြတ်နိုးခင်တွယ်ကြသူချည်းပဲ၊ ကြီးကြီးစိန်ရင် အနေနဲ့ ကလည်း ဒီအလုပ်မျိုးကို ဝါသနာ မပါဘူး။ တစ်သက်လုံးကလည်း ဘယ်ကလေးကိုမှ ဖျက်မပေးခဲ့ဘူး။ ကြီးကြီးက ဘုရားတရားနဲ့ နေတဲ့ လူပါ။ မမဦးတို့ နဲ့ က မကင်းရာ မကင်းကြောင်း မှန်ပေမယ့် ကြီးကြီး သူ့သဘော အတိုင်းတော့ မလိုက်လျောနိုင်ဘူး။ ဒါကြောင့် လည်း မွေးဖွားမှ ဖြစ်မယ်လို့ တိုက်တွန်းခဲ့တာပေါ့"

"ဝေဝေကတော့ မွေးပြီးရင်လည်း ကလေးကို ပေးမပစ်နိုင်ဘူး"

ဒေါ်စိန်ရင် ငိုင်သွား၏။

"နော် … နော် … ဒေါ်စိန်ရင်၊ ဝေ … ဝေနဲ့ ကလေးကိုတော့ ခွဲ … ခွဲမပစ်ပါနဲ့ ရှင်"

ဝေဝေဦး၏ အသွင်မှာ သနားစရာ ကောင်းနေ၏။

"အေးပါ ဝေရယ် …၊ ကျန်းကျန်းမာမာ ဖွားနိုင်ဖို့ သာ အားမွေး၊ မွေးဖွားပြီးရင် ဝေ စိတ်ချမ်းသာအောင် ကြီးကြီး စိန်ရင် ဆောင်ရွက်ပေးမယ်"

"တကယ် … တကယ်နော် …. အို … ဝေ … ဝမ်း  ဝမ်းသာလိုက်တာ။ ဒီကြားထဲလည်း မောင် … မောင် ရှေ့တန်းက ပြန်ရောက်ချင်ရောက်လာမှာ ။ သူ ကျန်းကျန်းမာမာနဲ့ အသက်ခန္ဓာတည်နေရင်တော့ တစ်နေ့ ဝေ့ဆီကို အရောက်ပြန်လာမှာ ပါရှင်"

ဝေဝေဦးသည် မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနေသည့် ကြားက ပြုံးနေ၏။

သူ့တွင် မျှော်လင့်ချက်တွေက ရှိနေဆဲပင်။

***





 

ဒေါ်စိန်ရင်သည် ဝေဝေဦးကို ကောင်းမွန်စွာထားသည် ။ ကိုယ်ဖိရင်ဖိ ပြုစုသည် ။ ကောင်းနိုးရာရာတွေကို ချက်ကျွေးသည် ။

ကြာတော့ သူ့ကို ဝေဝေဦး အားနာလာမိသည် ။

"အားမနာနဲ့ သမီး၊ ဒါသမီး အမေပို့တဲ့ ငွေနဲ့ ကြီးကြီးစိန်ရင်က ချက်ကျွေးနေတာ။ ကြီးကြီးအနေနဲ့ လူသာစိုက်ရတာ။ ဒါလည်း အပန်းမကြီးပါဘူး၊ ကိုယ့်ဖို့ ကိုယ်စားလည်း ချက်နေရတဲ့ ဟာပဲ"

"အမေ့"

"ဟဲ့ … ဟဲ့ … ဘာဖြစ်တာလဲ"

ဝေဝေဦးသည် ပြုံးနေရင်းက ဘယ်ဘက်ဝမ်းဗိုက်ခြမ်းကို ပွတ်ကာ မဲ့သွား၏။

"တိုးလိုက်တာ ကြီးကြီးရယ်၊ ဝေဖြင့် လန့်သွားတာပဲ"

"တိုးမှ တိုးမှ ၊ တစ်ခါတစ်ခါ တိုးလိုက်ရင် ဗိုက်ကြီးတစ်ခြမ်းပိန် တစ်ခြမ်းဖောင်းကြီးတောင် ဖြစ်တတ်တယ်ကွဲ့၊ မကြောက်နဲ့ ၊ ဒါသဘာဝပဲ၊ အဲသလို ကိုယ်လက် လှည့်လို့ အနေအထား ပြန်ပြန်ပြင်နေရတာပေါ့"

ဝေဝေဦး ပြန်ပြုံးလာသည် ။

ဖုလာ၊ ဖောင်းလာသော နေရာကလေးကို ဖွဖွပွတ်ပေးရင်း မမြင်ရသေးသော ရင်သွေးကို စိတ်မှန်းဖြင့် တွေး၍ ကြင်နာနေမိ၏ ၊ ချစ်ခင်မြတ်နိုးနေမိ၏။

တစ်နေ့လာနိုးနိုး မျှော်ကိုးခဲ့သော်လည်း ချစ်သူလင်ကတော့ ပေါ်မလာ။

ဘာလိုလိုနှင့် ဝမ်းထဲက သန္ဓေသားသည် ခုနစ်လထဲပင် ချင်းနင်းရောက်ရှိနေပြီ ဖြစ်၏။

တစ်နေ့ အေးအေးမွန် အင်္ဂပူသို့ ရောက်လာ၏။

သူ့ကိုတွေ့ရတော့ ဒေါ်စိန်ရင် မျက်လုံးပြူးသွားသည် ။

ဝေဝေဦးကတော့ ဆွေ့ဆွေ့ခုန်မတတ် ဝမ်းသာသွားရှာ၏။

"အေးမွန် လိုက် … လိုက်လာတယ်၊ ဝမ်းသာလိုက်တာ။ ဟို …. ဟို … မောင့်သတင်း ဘာကြားသေးသလဲဟင်"

"ခရီးရောက်မဆိုက် ပြောရမှာ ပြောမထွက်ဘူး ဝေ၊ ရော့ … သတင်းစာ ဖတ်ကြည့်"

ဝေဝေဦးအတွက် နောက်ဆုံး စာမျက်နှာကို လှန်၍ အေးအေးမွန်က ပေးလာ၏။

ဝေဝေဦးသည် အပြေးအလွှား ဖတ်လိုက်သည် တွင် …

           

ဒု ဗိုလ်ထွန်းဇော်

အသက် (၂၆) နှစ်

 ဇလွန်။

 

ဇလွန်မြို့နေ ဦးမြရာ-ဒေါ်မြညှာတို့ ၏ တစ်ဦးတည်းသော သား ဒုဗိုလ်ထွန်းမော် ကိုယ်ပိုင်အမှတ် (       )သည် ရှေ့တန်း တစ်နေရာရာတွင် တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း ကျဆုံးသွားပါကြောင်း ဆွေမျိုးမိတ်သင်္ဂဟများကို သိစေအပ်ပါသည် ။

                                                                                    ကျန်ရစ်သူမိဘများ ။

"ဟင် …"

ဝေဝေဦးသည် ပြူးကျယ်ဝိုင်းစက်နေသော မျက်လုံးကြီးများ ဖြင့် အေးအေးမွန်ကို ကြည့်လိုက်သည် ။

"ဝေ…. ဝေ … သူငယ်ချင်း၊ ငိုပစ်လိုက်၊ အားရအောင် ငိုပစ်လိုက်၊ မင်းက တစ်နေ့လာနိုးနိုးနဲ့ မျှော်လင့်ချက်ကြီးနဲ့ စောင့်ပြီး ကိုယ့်ဆီစာတရေးရေး လုပ်နေလို့ ကိုယ်လည်း ဒီသတင်းကို တွေ့တွေ့ချင်း မင်းဆီလိုက်ခဲ့တာပဲ၊ ခုလို ကိုယ်လေးလက်ဝန်ကြီးရှိနေတဲ့ အချိန်မှာ ဒီသတင်းမျိုး ကိုယ်မပေးရက်ပါဘူး ဝေ။

ဒါပေမဲ… မင်းက သေသေရှင်ရှင် သတင်းရရချင်း အမြန်ဆုံး အကြောင်းကြားပါဆိုလို့ လိုက်လာခဲ့တာပဲ"

"စစ်သားမယား ဖြစ်တဲ့ နောက် မကြာခဏ ခွဲနေရမယ်၊ ဒါမှ မဟုတ် ထာဝရလည်း ခွဲကောင်းခွဲရမယ်ဆိုတဲ့ ခံယူချက် ကိုယ့်မှာ ရှိတာ မောင်သိပါတယ် အေးမွန်၊ မောင့်အတွက် ဝေဂုဏ်ယူတယ်။ ဝေ ခံစားနေရတဲ့ ဒုက္ခတွေက ထိုက်တန်ပါတယ်။ မောင့်အသွေးအသားကို ကိုယ် လွယ်ထားနေပြီပဲ"

ဝေဝေဦးသည် ဝေ့လာသော မျက်ရည်များကို ပုတ်ခတ်ပစ်ပြီး မျက်နှာကို မော်ထားလိုက်၏။

အေးမွန်နှင့် ဒေါ်စိန်ရင်သည် သူ့စိတ်ဓာတ်ကို အံ့သြနေကြဟန်ရှိ၏။

"အောင်မလေး တော်ပါသေးရဲ့ ၊ မင်းကို ဘယ်လို နှစ်သိမ့်ရမလည်း လို့ ၊ ကိုယ့်မှာ တစ်လမ်းလုံး စဉ်းစားရကျပ်လာလိုက်တာ"

"ကိုယ် ဒီသတင်းမျိုး ကြားရလိမ့်မယ်လို့ ရင်ထဲမှာ ထင်နေတာ ကြာပြီ အေးမွန်၊ ကဲပါလေ … ကိုယ့်တာဝန်က မောင်ကောင်းရာသုဂတိလားဖို့ ကုသိုလ် ဆက်ပေးရမှာ ပဲ။ မင်းကော ဘယ်နေ့ပြန်မလဲ"

"ကိုယ် ညနေရထားနဲ့ ပြန်မှ ဖြစ်မှာ ပေါ့၊ မောင် ရေကြည်ဘက် သွားတုန်း လစ်ထွက်လာတာ"

"အေးကွာ … ကျေးဇူးပါပဲ၊ ကဲ … ကြီးကြီးစိန်ရင် ဝေ့ကို တစ်ခု ကူညီပါ။ ဝေ မနက်ဖြန်ကို ဘုန်းကြီးဆွမ်းကပ်ချင်တယ်"

"အင်း … အင်း စိတ်ချ၊ ကြီးကြီး အားလုံး စီစဉ်ပေးမယ်"

***





 

ကိုယ်ဝန် ရှစ်လကျော်တွင် မိခင်ဒေါ်မြတ်ဦးသည် အင်္ဂပူသို့ တစ်ခေါက်ရောက်လာ၏။

ဝေဝေဦးကို မာကြောင်း သာကြောင်း မျှသာမေးပြီး ဒေါ်စိန်ရင်နှင့် အချိန်ပြည့်ခေါင်းချင်းရိုက်နေ၏။

ဘာတွေများ တိုင်ပင်နေကြသည် တော့ မသိ။

ဒေါ်စိန်ရင်ထံမှ ကိုထွန်းမော်၏ အကြောင်းကို ကြားကောင်းကြားမည်ဖြစ်သော်လည်း မိခင်သည် တစ်လုံးတပါဒမျှ မေမြန်းခြင်း မရှိခဲ့ပေ။

"ကဲ … သမီး ကျန်းကျန်းမာမာနဲ့ မွေးနိုင် ဖွားနိုင်အောင် ကြိုးစား၊ မေမေကတော့ သမီးအနားမှာ နေချင်ပေမယ့် သမီးအဖေက ရန်ကုန်ဆင်းလာဖို့ မှာ ထားလို့ မသွားရင်မဖြစ်ဘူး။ သမီးအတွက် လိုလေသေး မရှိအောင် မေမေ အားလုံးစီစဉ်ခဲ့တယ်။ လိမ်လိမ်မာမာနေနော်"

"ဟုတ်ကဲ့ပါ မေမေ"

ဒေါ်မြတ်ဦး နောက်တစ်နေ့တွင် ပြန်သွားသည် ။

"ကြီးကြီးစိန်ရယ်၊ မေမေ တစ်ယောက်ရောက်ကတည်းက တတွတ်တွတ်နဲ့ ကြီးကြီးကို ဘာတွေများ ပြောသွားတာလည်း ရှင်"

မိခင်ကြီး ကျောလှည့်၍ ဆင်းသွားသည် နှင့် တစ်ပြိုင်နက်အောင့်အည်းထားရသမျှ ဖွင့်မေးလိုက်မိ၏။

"မောင်ထွန်းမော် အကြောင်းပါ၊ သူလည်း သိထားတယ်တဲ့ ။ သမီး ဘယ်လိုခံစားနေရမယ်ဆိုတာ သူသိတယ်တဲ့ ။ သမီးကို ကိုယ်ဖိရင်ဖိပြုစုပြီး ဂရုစိုက်ဖို့ ကြီးကြီးကို တဖွဖွမှာ ခဲ့တယ်"

"ဒါပဲလားဟင်"

"ဒါပဲပေါ့ ကလေးရယ်။ နောက်ထပ် ဘာပြောစရာရှိလို့ လဲ"

ဒေါ်စိန်ရင်တစ်ယောက် ဒီထက်မကသော အကြောင်းများ ရှိနေပါရက်နဲ့ မပြောပဲနေသည် ကို ဝေဝေဦး ရိပ်စားမိသော်လည်း ဆက်မမေးဘဲ နေလိုက်တော့သည် ။

"မောင်ရေ … မောင့် ရင်သွေးကလေးကို ဝေ အစွမ်းကုန်ကာကွယ် စောင့်ရှောက်မှာ ပါ။ ဝေ အသက်နဲ့ ခန္ဓာ တည်နေသရွေ့တော့ မောင့်သွေးသားကလေးကို မှ ဲ့တစ်ပေါက်မစွန်းစေရဘူး မောင်ရေ"

ဝေဝေဦးသည် ချစ်ရသောမောင်ကို တိုင်တည်တမ်းတရင်း ထိုင်ရာမှ ထလိုက်သည် ။

"ဝေ … ဘယ်လဲ"

"ဝေ ခြံထဲမှာ လမ်းလျှောက်ချင်လို့ ပါ"

"ဪ … ဪ …သွား … သွား၊ ကောင်းတယ်၊ ကောင်းတယ်၊ လမ်းများများ လျှောက်ပေးရင် ဖွားရလွယ်တယ်ကွဲ့"

နတ်တော်လကုန်၍ ပြာသိုလထဲသို့ ချင်းနင်းဝင်ရောက် လာပြီမို့ ရာသီဥတုသည် ချမ်းအေးလှ၏။

ဘယ်သူတွေ ချမ်းကြ ချမ်းကြ၊ အေးကြအေးကြ၊ ဝေဝေဦးမှာ တော့ ချွေးတစ်လုံးလုံးနှင့် ဖြစ်နေသည် ။

အချိန်မတော်ကြီး ရေထချိုးမိသည် အထိ ဖြစ်နေ၏။

"ဪ …ဟဲ့ အချိန်မတော်ရေမချိုးရဘူး ကလေးမရဲ့ ၊ ရေပေါင်တတ်တယ်"

ဒေါ်စိန်ရင်က ပြူးပြူးပြဲပြဲနှင့် တားရှာသည် ။

ဒေါ်စိန်ရင်ကိုကြည့်ကာ အသံကလေးများ ထွက်အောင် သူရယ်နေသည် ။

သည် လိုကျပြန်တော့လည်း သူကလေး၏ အမူအရာသည် ကလေးဆန်လှ၏။

တစ်နေ့တစ်နေ့နှင့် စောင့်စားခဲ့ရသောနေ့ရက်ကိုဖြင့် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့ပါပြီ။

ခလုတ်ထိမှ အမိတတတ်သူ။

အမေ … အမေ… အမေရယ်ဟု တညည်းညည်း အသံပြုနေသော ဝေဝေဦး၏ အသံမှာ သနားဖွယ်ရာ …

အနားတွင် အမေကလည်း မရှိ။

"နာပစေ … နာပစေ၊ နာမှ မွေးမှာ ၊ လမ်းလျှောက်သမီး၊ လမ်းလျှောက် ကြီးကြီးတွဲထားမယ်"

"အောင်မလေး နာလှပြီကြီးကြီးရယ်၊ ဘယ်တော့လောက် မွေးမှာ လဲ"

ဝေဝေဦးခမျာ မျက်ရည်စတွေဖြင့် တွန့်လိမ်ရှုံ့မဲ့နေ၏။

"မလိုတော့ဘူး ကလေးရဲ့ ၊ သားအိမ်တောင် အတော်ပွင့်နေပြီပဲ၊ လျှောက် … လျှောက် သမီးလျှောက်၊ အေး … ဟုတ်ပြီ၊ ဟုတ်ပြီ"

"အို … နာတယ်၊ နာတယ်၊ အောင်မလေး နာလိုက်တာ"

"လာ … လာ သမီး၊ လာလှဲလိုက်ရအောင်"

ဇောချွေးတွေပြန်ကာ လူးလူးလွန့်လွန့် ဝေဒနာ ခံစားနေရသော မိန်းကလေးကို ဒေါ်စိန်ရင်သည် မွေးခန်းထဲသို့ ဆွဲသွင်းလာ၏။

ဆယ့်ငါးမိနစ်ခန့် ကြာသောအခါတွင် မွေးခန်းဆီမှ ဝါးကနဲ ကလေးငိုသံကို ကြားရ၏။

"ဒေါ်… ဒေါ်စိန်ရင် ဘာလေးလည်း ဟင်"

"သမီးကလေး၊ တကယ်တည်း ဖွေးတုတ်နေတာပဲ"

"အို … သမီးလေးဟုတ်လား၊ ဝမ်းသာလိုက်တာ"

ဝေဝေဦးသည် ချွေးသီးချွေးပေါက်ကြီးများ ကျနေသည့် ကြားက ပြုံးလိုက်သည် ။

နှစ်နှစ်ကာကာ ပြုံးလိုက်ခြင်း ဖြစ်၏။

အလှဆုံးသော မျက်နှာဖြင့် သူကြည်နူးနေလေပြီတည်း။

ဒေါ်စိန်ရင်သည် တထိတ်ထိတ်ခုန်နေသောရင်ဖြင့် ကလေးကို ချက်ကြိုးဖြတ်ပြီးနောက် ရေချိုးသန့်စင်ပေးပြီးလျှင် အရန်သင့်ထားသော ကြိမ်ခြင်းကလေးထဲတွင် ထည့်၍ ဝေဝေဦး၏ အိပ်ရာဘေးသို့ ရွှေ့ပြောင်းပေးလိုက်သည် ။

မို့အစ်အစ် မျက်နှာကလေးဖြင့် နီနီထွေးထွေး ရှိလှသော ချစ်စရာ့သမီးလေးကို စောင်းငဲ့ကြည့်ရင်းက ဝေဝေဦးတွင် အားတွေတက်နေမိ၏။

"မခွဲဘူး၊ ဒီသမီးလေးနဲ့ တစ်သက်မခွဲဘူး၊ မောင့်ရဲ့ ကိုယ်ပွားကလေးကို စောင့်ရှောက်မယ်၊ ပေါက်မြောက်အောင်မွေးမယ်"

"ကဲ … သမီး၊ ပင်ပန်းထားတယ်မှတ်လား၊ တစ်ရေးလောက်အိပ်၊ တစ်ရေးလောက်အိပ်ပျော်အောင် အိပ်လိုက်"

ကြည်နူးစိတ်ပြည့်သိပ်စွာဖြင့် ဝေဝေဦးသည် မျက်လုံးများကို မှ ိတ်ထားလိုက်တော့၏။

***

 

ဒေါ်စိန်ရင်သည် အိပ်မောကျနေသော သားအမိကို စိတ်လက်မသက်မသာ ရှိလှဟန်ဖြင့် ကြည့်ရင်း ပင့်သက်ကြီး ရှိုက်လိုက်သည် ။

မိမိဆောင်ရွက်ရမည့် တာဝန်ပိုင်းကို ကျရောက်နေပြီမို့ ဒေါ်စိန်ရင်ခမျာ ရင်ထဲတွင် တင်းကျပ်၍ နေသည် ။ အသာလှည့်ထွက်၍ အပြင်ခန်းတွင် ဆေးလိပ်ကြီးကို မီးဖွားဖွားထအောင်ဖွာရင်း အကြံယူနေမိရှာ၏။

"သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များ ရယ် - ဘုရားတပည့်တော်မနဲ့ ဒီကလေးမသားအမိပြဿနာကို ဖြေရှင်းဆောင်ရွက်ပေးတော်မူပါ"

ဒေါ်မြတ်ဦး၏ အကြံပေး စေခိုင်းချက်များမှာ ပါးစပ်ကအထွက်လွယ်သလောက် လက်တွေ့တွင် အခက်တွေ့ရသည့် အကြံမို့ ဒေါ်စိန်ရင်ခမျာမှာ ရင်ကြီးလေး၍ နေရှာ၏။

"အရီးစိန်ရင် … ဗျို့ … အရီးစိန်ရင်…"

ဒေါ်စိန်ရင်သည် ခြံရှေ့လမ်းမပေါ်သို့ လှမ်းကြည့်လိုက်ရာ သာအေး၏ ဆိုက်ကားပေါ်တွင် သားသားနားနား လူတစ်ယောက်နှင့် ဖြူဖြူသေးသေးဗိုက်ကြီးသည် တစ်ယောက်ကို တွေ့ရ၏။

"ဟဲ့ … ဟဲ့ … ဘယ်လိုဖြစ်လာသလည်း "

ဒေါ်စိန်ရင်သည် မွေးရည်ဝနေသော လက်သည် ကြီးမို့ မိန်းကလေး၏ ဝေဒနာကို ချက်ချင်းနားလည်မိကာ အိမ်ပေါ်မှ ကသောကမျော ပြေးဆင်းခဲ့ရှာသည် ။

"ဟဲ့ … သူငယ်၊ ပွေ့ ပွေ့ … သူ့ကြည့်ရတာ မွေးတော့မှာ "

အမျိုးသားလည်း မျက်စိ မျက်နှာ ပျက်ပျက်နှင့် ပွေ့ဆိုကမန်းကတန်း ပွေ့လိုက်ရှာ၏။

"ဒါကြောင့် ကျွန်တော်ပြောတာ၊ ဆေးရုံပို့ဖို့ အချိန်မမီတော့ပါဘူးလို့ "

ဆိုက်ကားဆရာကိုသာအေးကလည်း ကိုယ်ဝန်ဆောင်သည် ကို ဖေးမရင်း လိုက်ပါလာကာ ပြောလိုက်သည် ။

ဒေါ်စိန်ရင်သည် ကသောကမျော ပြင်ဆင်လိုက်၏။

"လာ .. လာ … ရေမြွာတောင် ပေါက်နေပြီပဲ"

မွေးလူနာ မိန်းကလေးက အားပျော့လှ၏။

နှုတ်ခမ်းသားလေးကိုဖိကိုက်ကာ ပြင်းထန်သော ဝေဒနာကို တိုးညင်းသော ညည်းတွားမှုဖြင့် လူးလူးလွန့်လွန့် ခံစားနေ၏။

စောစောက မွေးသွားသော အမယ်လေး … အဘလေး …ဪခဲ့သည့် ဝေဝေဦးနှင့် ဆန့်ကျင်ဘက်ဖြစ်၍ နေသည် ။

သည် မိန်းကလေးကိုကြည့်၍ အားမလို အားမရ ရှိလှသဖြင့် ဒေါ်စိန်ရင်သည် အစွမ်းကုန် ပြုစုပေးနေ၏။

အချိန်စေ့တော့ သမီး မိန်းကလေးကို မွေးလာသည် ။

ဒေါ်စိန်ရင်သည် ပျာကနဲဖြစ်သွားသော ကလေးကိုကြည့်ကာ ရင်ထဲတွင် ဒိတ်ကနဲခံစားလိုက်ရသည် ။ သူစိုးရွံ့သည့် အတိုင်းပင် ကလေးသည် ဝမ်းကကျွတ်ပြီး ခဏအကြာတွင် ဆုံးသွား၏။

ဒေါ်စိန်ရင်သည် မှ ိန်းနေသော မွေးလူနာကို ကရုဏာသက်စွာကြည့်ရင်းက သူ့ဦးနှောက်ကို စက်အလားလုပ်ပေးနေ၏။

"ဟယ် … တတ်နိုင်ပါဘူးလေ။ ဒီနည်းပဲရှိတော့တာပဲ"

သူ့အနေနှင့် ကြည့်သော် နတ်ကောင်း၊ နတ်မြတ်များ ကြံဆောင်ပေးသည် ဟု ဆိုရမည်ထင်သော သည် အခွင့်အရေးကို လက်လွတ်မခံနိုင်သော ဒေါ်စိန်ရင်သည် အခြအနေပေးလာသည့် အခွင့်အရေးကို ပိုင်ပိုင်ကြီးအသုံးချလိုက်သည် ။

"အဒေါ် … အဒေါ် … ကျွန်တော့်ဇနီး နေကောင်းပါတယ် နော်…"

လူနာရှင်၏ ခင်ပွန်းကို ဒေါ်စိန်ရင်သည် ထိတ်ခုန်သောရင်ဖြင့် ကြည့်လိုက်၏။

"မင်းဇနီးက သိပ်အားနည်းနေတယ်၊ အဲဒီအပိုင်းကတော့ မင်းတို့ ဆရာဝန်နဲ့ တိုင်ပင်မှ ဖြစ်မယ်"

"ဟုတ် … ဟုတ်ကဲ့"

"ကလေးကတော့ ကျန်းကျန်းမာမာပါ"

လူနာရှင်သည် ဇနီးအတွက် ပူပန်မှုကြီးနေသဖြင့် ရင်သွေးကို မေ့နေဟန်တူ၏။

"ဒီမှာ ကွဲ့ မင်းကလေး"

နီနီထွေးထွေး ကလေးလေးကို ငုံ့ကြည့်ကာ ရင်တွေတုန်၍ နေ၏။

"ကဲ … မင်းဇနီးကိုပြဖို့ ဆရာဝန်ဆေးခန်းပါ အဒေါ်ညွှန်လိုက်မယ်"

"ဟုတ် … ဟုတ်ကဲ့"

ဒေါ်စိန်ရင်သည် ဆိုက်ကားတစ်စင်းကိုခေါ်ယူကာ ဆရာဝန်အိမ်သို့ ညွှန်လိုက်၏။

နာရီဝက်ခန့် ကြာသောအခါတွင် လူနာရှင်နှင့် ဆရာဝန်တစ်ဦး ရောက်ရှိလာသည် ။

လူနာကို စမ်းသပ်စစ်ဆေးပြီး သွေးအမြန်ဆုံးသွင်းရန်အတွက် ဆေးရုံသို့ခေါ်ဆောင်ရန် အဆောတစ်လျင် စီစဉ်တော့သည် ။

ဒေါ်စိန်ရင်လည်း မိခင်ရောကလေးပါ ဆေးရုံသို့ချောမောစွာရောက်မှ ပင် အပူလုံးကြီးကျ၍ သွားတော့၏။

ဦးခင်မောင်လင်းသည် သမီးရတနာကလေးကို ချောမောစွာ လူ့လောကထဲသို့ ဆွဲသွင်းလာပေးသော လက်သည် ကြီး ဒေါ်စိန်ရင်အား ကျေးဇူးတင်လှသဖြင့် ရက်ရောစွာ ငွေငါးရာဖြင့် ကန်တော့သွားခဲ့၏။ အကူအညီလိုအပ်လျှင်လည်း တောင်းခံနိုင်ဖို့ ရာ သူ့လိပ်စာကတ်ကလေးကို ပေးခဲ့ပါ၏။

ဒေါ်စိန်ရင်မှာ ငွေငါးရာကို တဆတ်ဆတ်တုန်နေသော လက်ဖြင့်ကိုင်ကာ ရင်ထဲတွင် ဆို့နင်၍ နေသည် ။

တသက်နှင့် တစ်ကိုယ် မရစဖူးသော တပိုး တနင့်ကြီး ရလိုက်သည့် ငွေတွေကိုကြည့်ကာ ရင်ထဲတွင် တင်းကျပ်နေ၏။ နာကြည်းမှုပြင်းထန်နေ၏။

နာကြည်းရခြင်းက သူ့အတွက်မဟုတ်။

ပွင့်လန်းနေသောအပြုံးဖြင့် နှစ်ခြိုက်စွာ အိပ်မောကျနေသော ဝေဝေဦးအတွက် ဖြစ်ပေ၏။

မြတ်စွာဘုရားသခင်၊ တပည့်တော်မ ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာအတွက် ခွန်အား ပေးသနားတော်မှုပါ။

ဒေါ်စိန်ရင်သည် ဝေဝေဦး၏ နံဘေး ထန်းခေါက်ဖာကလေးထဲတွင် သူ့လက်ထဲက ကလေးငယ်ကို အသာချထားလိုက်ပြီး အင်္ကျီလက်စဖြင့် မျက်ရည်စတွေကို သုတ်ရင်း အပြင်ခန်းသို့ ဖြည်းညင်းစွာထွက်လာ၏။      

***



ဝန်ဇင်းချစ်သူများ ၏ “ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။