Cover

အခန်း (၁)

အခန်း(၁)

ဖေဖော်ဝါရီ... ၁၄ ရက်။ ၂၀၁၃ နံနက် ၁၀း၄၅

သူသက်ပြင်းမောကို ချမိတာ ဘယ်နှစ် ကြိမ်တောင်ရှိပြီလဲ။ သူ့ရင်တစ်ခုလုံးသည် မနားတမ်းစိတ်လှုပ်ရှားခဲ့ရသဖြင့် မမောတမ်းစောင့်မျှော်ခဲ့ရသဖြင့် နွမ်းလျလွန်းစွာ နာကျင်လျက်ရှိပြီ။ သူ့ရင်တစ်ခုလုံး ပွင့်ကွဲမတတ်နာကျင် လွန်းလှပြီ တင်းကျပ်လွန်းလှပြီ။ မလာတော့ဘူးလား၊ နင်တကယ်ပဲ မေ့နေပြီိလား ခမ်းထည်ဝါရယ်။ မေ့လောက် စရာတော့ မရှိပါဘူးဟာ။ ဖေဖော်ဝါရီ (၁၄) ရက်ဆိုတာ နင်နဲ့ငါ့ကြားမှာ ဘယ်လိုမှမေ့လို့မရနိုင်တဲ့ အမှတ်တရတွေ ဒီလောက်များ တဲ့ဥစ္စာ။ ပထမဆံးက ဒီနေ့ဟာ နင်နဲ့ငါ့ရဲ့ မွေးနေ့။ အတိအကျပြောရရင် နင်နဲ့ငါ့ရဲ့ နှစ် ဆယ့်နှစ် နှစ် ပြည့်တဲ့နေ့။ လွန်ခဲ့တဲ့ဆယ်နှစ် တုန်းက၊ ငါတို့ ဒီနေရာမှာ ဒီနေ့ပြန်ဆုံကြမယ် လို့ ချိန်ထားခဲ့တဲ့နေ့လေဟာ။ ငါတို့ခွဲခဲ့ကြတာ ဆယ်နှစ် တင်းတင်း ပြည့်ခဲ့ပြီဆိုပေမယ့် ဒီဆယ်နှစ် အတွင်းမှာ နင်ကိုငါ တစ်ရက်မှ မမေ့ပစ်ခဲ့ဘူးဆိုတာ ငါ ကျိန်ဆိုရဲတယ် ခမ်းထည်ဝါ။ နင်ကရော နင်ကရော ငါ့ကိုမေ့လိုက်ပြီးလား။ ဟင့်အင်း...နင်ငါ့ကို ဘယ်တော့မှ မေ့ပစ်လို့မရပါဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ နင့်ကိုငါက မေ့ခွင့်မပြုလို့ပေါ့ခမ်းထည်ဝါ။ လွန်ခဲ့တဲ့ ဆယ်နှစ် က ဒီနေရာကလေးမှာ ငါတို့နောက်ဆုံးခွဲခဲ့ရတာ ငါဘယ်လိုလုပ်ပြီး မေ့နိုင်ဦးမလဲ။ နင်ကရော မေ့ပစ်လိုက်နိုင်လို့လား။ လာပါတော့ ခမ်းထည်ဝါ...ရေ။ နင်ရောက်လာဖို့ ကောင်းပြီ။ ငါရင်မောလှပြီ။

* * *


ဖေဖော်ဝါရီ ၁၄ရက်... ၂၀၁၃။ နံနက် ၈း၀၀ နာရီ၊

“နင် မငိုနဲ့ဟာ”

“အေးပါ... ငါ မငိုပါဘူး”

“ဟင် မငိုပါဘူးဆိုပြီး နင့်မျက်လုံးထဲမှာ မျက်ရည်တွေ ဝဲနေတာ”

“မျက်ရည်က သူ့အလိုလိုထွက်လာတာ...ငါဘယ်လိုလုပ်တတ်နိုင်မလဲဟဲ့...”

“လာ...ငါ သုတ်ပေးမယ်”

“ဟင့်အင်း. . မသုတ်ပေးနဲ့ ဒီအတိုင်းထားလိုက်၊ နင် မျက်ရည်သုတ်ပေးမှ ငါပိုငိုချင်လာမှာ ...ကဲ...လုပ် စရာရှိတာ မြန်မြန်လုပ်ကြစို့ဟာ၊ ဆယ်နာရီဆို ကားလာခေါ်တော့မှာ ၊ ငါတို့နှုတ်ဆက်ဖို့ နှစ် နာရီကျန်သေးတယ်။ အချိန်မဖြုန်းစို့နဲ့”

သူမလက်ထဲမှာ ယွန်းသေတ္တာကလေးတစ်လုံး။ သူ့လက်ထဲမှာ က ရှေးဟောင်း ကျွန်းသေတ္တာလေး တစ်လုံး။ အထဲမှာ သူမအတွက် သူတစ်ညလုံးရေး ခဲ့သော စားလေးတစ်စောင်ရယ်။ ပြီးတော့ သူမအတွက် သူအမြတ်တနိုးတန်ဖိုးထားရ လက်ဆောင်လေးရယ်။ သူမရဲ့ သေတ္တာကလေးထဲမှာ လည်း၊ သူဖတ်ဖို့ စာတစ်စောင်ရယ် သူ့အတွက် သူမပေးမည့်  သူမရဲ့ အမြတ်နိုးဆုံးသော လက်ဆောင်ကလေးရယ် ရှိနေလိမ့်မည် ။ သူတို့နှစ် ယောက် က အရွယ်နှင့် မလိုက်အောင် စိတ်ကူးယဉ်ဆန်မိကြသည်။ ဒီသေတ္တာလေးတွေ ကို ခု ချက်ချင်း မဖွင့်ကြဘဲ သူတို့နှစ် ယောက် အမြဲဆုံနေကျ နေရာကလေး ဖြစ်သော ဒီစိန်ပန်းပင်ကြီးအောက်မှာ မှတ်မှတ်ရရ မြေတူးမြှုပ်ထားခဲ့ပြီးမှ နောင် ဆယ်နှစ် အကြာမှာ ဒီနေရာကလေးမှာ ပြန်ဆုံပြီးမှ အသီးသီးဖွင့်ကြမည့် ဟု တိုင်ပင်သဘောတူခဲ့ကြသည်။ သူက... အသင့်ယူလာသော မြေဆွခက်ရင်းခွကလေးနှင့် မြေကြီးတွေ ကို စတင်ထိုးဆွတူးဖွလျှင် သူမကလည်း နံဘေးမှာ ဆောင့်ကြောင့် ကလေးထိုင်ပြီး မြေကြီးတွေ ကို ဖယ်ရှားပစ်နေသည်။ ဆယ့်နှစ် နှစ် လုံးလုံး မွေးကတည်းက အတူစား၊ အတူးကစား၊ အတူကျောင်းတက်လာခဲ့သော သံယောဇဉ်တွေ က သူတို့နှစ် ယောက် ကို ခိုင်ခိုင်မြဲမြဲကြီး တုပ်နှောင် ရစ်ဖွဲ့ထားခဲ့ကြပြီ။ ငယ်သူငယ်ချင်းဆိုတာထက်ပိုသည်။ နှစ် ကိုယ့်တစ်စိတ် ဆက်သွယ်နီးကပ်သော ဖွားဖက်တော် တွေ ။

ငယ်ငယ်ကတည်းက သူမကို သူအမြဲလိုလိုပြောဖူးသော စကားတစ်ခွန်းရှိပါသည်။ ထိုစကားကြားတိုင်း သူမက နှုပ်ခမ်းကိုကိုက်ကာ သူ့ကို မျက်စောင်းထိုးပြီး တဘုန်းဘုန်းထုရိုက်မြဲ။

“ထည်... နင်ကြီးလာရင် ဘယ်ယောက်ျားမှ မယူရဘူးနော်၊ နင့်ကို ငါပဲယူမှာ ၊ ငါတို့ တစ်သက်လုံး အတူနေမှာ နော်”

“နင်အမေကလည်းဟာ ဘာ ဖြစ်လို့ အိမ်ပြန်လိုက်သွားရတာ လဲ မသိဘူး၊ ဒီမှာ ပဲဆက်နေပြီးရောနော်”

“အဘွားကပြန်ခေါ်တာကို ရိုးရဲ့ ၊ အဖေလည်း ရှိမှမရှိတော့တာ၊ မေမေပြောတော့ အဘွားက အရမ်းချမ်းသာတာတဲ့၊ ရန်ကုန်မှာ သူဌေးတွေ နေတဲ့ရပ်ကွက်မှာ ခြံအကျယ်ကြီး စံအိမ်ကြီးကြီးနဲ့ တခမ်းတနားနေတာဆိုပဲ မေမေ့ကို လာခေါ်တဲ့ ကားကိုကြည့်လေ မာဆေးဒီးကြီးနဲ့”

“ငါ သိပါတယ်၊ နင်အဘွားက နင့်အဖေနဲ့ သဘောမတူလို့ စွန့်ပစ်ခဲ့တာတဲ့၊ ငါ့အမေပြောပြပြီးသား၊ ထားလိုက်ပါတော့ဟာ၊ ပဲခူးဆိုတာ ရန်ကုန်နဲ့နီးနီးလေးပါ နောက်ဆယ်နှစ် အကြာမှာ ငါတို့ဒီနေရာလေးမှာ ဆက်ဆက်ပြန်ဆုံကြရအောင်နော်...ကတိ”

“အေးပါ...ကတိ”

“နင်...မမေ့နဲ့နော်၊ ဘယ်လိုပဲအကြောင်းရှိရှိ နင်ရောငါရော မ ဖြစ် ဖြစ်တဲ့နည်းနဲ့ အရောက်လာရမှာ နော်”

“မမေ့ပါဘူးဟယ်၊ ဒီနေ့ကို ငါမေ့လို့ ဖြစ်မလား၊ နင်နဲ့ငါနဲ့ နှစ် ယောက် စလုံးရဲ့ မွေးနေ့လေဟယ်၊ ဆယ်နာရီအတိမှာ ငါတို့ခွဲရမယ်ဆိုတော့ နောက်ဆယ်နှစ် အကြာ ဆယ်နာရီအတိမှာ ပြန်ဆုံရအောင်၊ နောက်ဆယ်နှစ် ဆို ငါတို့အသက်နှစ် ဆယ့်နှစ် နှစ် ၊ လူကြီး ဖြစ်နေပြီဆိုတော့ ငါ့ကားနဲ့ငါ မောင်းပြီးတော့ လာမယ်လေ၊ နင်သာမမေ့နဲ့”

အဲ့ဒီနောက်တော့ တွင်းလေးကို သိပ်သွားအောင် မြေပြန်ဖို့ပြီး အမှတ်အသားလုပ်ကြသည်။ အုတ်နီခဲလေး တွေ စုတင်ပြီး ပုံထားလိုက်ခြင်း ဖြစ်သည်။ နောက်တော့ စိန်ပန်းပင်အောက်က ခုံတန်းလျားကလေးမှာ သူတို့နှစ် ယောက် အတူထိုင်ပြီး မှာ စရာရှိတာတွေ မှာ ကြသည်။ စကားတွေ အလုအယက် မရပ်မနားပြောကြသည်။ သူမက ငိုလိုက်၊ သူကငိုလိုက်နှင့် တစ်ယောက် တစ်လှည့်ချော့ကြရင်း အချိန်တွေ ဘယ်လိုကုန်ဆုံးသွားမှန်းပင် မသိလိုက်။ စိန်ပန်းပင်ရှေ့မှာ ထိုးရပ်လာသော အနက်ရောင် မာဆေးဒီး(စ်)ကားကြီးက သူတို့နှစ် ယောက် ကို ခွဲခွာဖို့ အဆင်သင့် စောင့်နေခဲ့ပြီ။

“သမီးရေ...သွားကြစို့”

သူမ မေမေက ကားပေါ်မှမဆင်းတော့။ သူမှတ်မိတဲ့ အရွယ်ကစပြီး သူနှင့် သူမတို့မိခင်ချင်းလည်း နှစ် အိမ့် တစ်အိမ်ကူးလူးချစ်ခင်ကြသော အိမ်နီးချင်းတွေ ဖြစ်သည်။ အခုတော့ မယုံနိုင်စရာကောင်းလှစွာ ပင်သူမတို့ဘဝတွေ ပြောင်းလဲသွားခဲ့ပြီ။ သူ...သူမလက်ကို မလွှတ်စတမ်းခပ် တင်းတင်းဆုပ်ထားမိသေးသည်။ အံကလေးကြိတ်ထား မိသည့်ကြားမှ မျက်ရည်တွေ သူ့ပါးပြင်ပေါ်စတင်၍ လိမ့်ဆင်းလာခဲ့သည်။

“ငါ့ကို မမေ့လိုက်နဲ့နော် ထည်၊ ငါ့ဆီကို စာရေး ဖြစ်အောင်ရေး နော်”

“အေးပါဟယ်...စိတ်ချပါ၊ နင် လိမ္မာနော်...မဆိုးနဲ့ကြားလား...”

သူမက အပြီးသတ်နှုတ်ဆက်ပြီး သူ့လက်ထဲက သူမ၏ လက်ကလေးကို ဆွဲနှုတ်ဆက်ထွက်ခွာသွားသော အခါသူ့ရင် တစ်ခုလုံးဟာကျသွားခဲ့သည်။ သူမက ကားပေါ်တက်ပြီး ချိန်ကစပြီး ပြတင်းပေါက်ကနေ မျက်နှာကလေးပြူထွက်ခဲ့ပြီး မျက်ရည်အဝိုင်းသားဖြင့် သူ့မမှိတ်မသုန်စိုက်ကြည့်ကာ နှုတ်ဆက်သည်။ ကားထွက်သွားသည်နှင့် သူ့နှလုံးသားတစ်ခုလုံး ဆွဲဖြုတ်ခံလိုက်ရသလို ဆို့နစ်ကြေကွဲသွားမိကာ အသံထွက်အောင်ပင် ရှိုက်ငင်မိလျက် ကားနောင်သို့ တဟုန်ထိုးပြေးလိုက်ခဲ့မိသည်။ သူမကလည်း ခေါင်းလေးတစ်ခုလုံး လိမ်စောင်းအောင်ပင် သူ့ကိုလှည့်ကြည့်၍ ရနိုင်သေးသလောက် လှည့်ကြည့်ရင်းပါသွားခဲ့သည်။ နောက်ဆုံးကားကလေး သူ့မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားခဲ့သည်အထိပင်။ အဲ့ဒီနေ့က မြင်ကွင်း၊ ခံစားမှု ရင်ကွဲနာကျခဲ့မှု ကို သူတစ်ရက်မှမမေ့ခဲ့ပါ။ အဲ့ဒီနေ့က သူမကို နောက်ဆုံးတွေ့ ခဲ့ရခြင်း ဖြစ်သည်။

နောက်တော့ သူမဆီက စာတွေ တစ်နှစ် လောက်အထိ မှန်မှန်လာသေးသည်။ သူကလည်း စာတွေ မှန်မှန်ရေး ပို့သည်။ တစ်နှစ် ကျော်အကြာမှာ စာအဆက်အသွယ်လည်း ပြတ်သွားခဲ့ကြသည်။

* * *


ဖေဖော်ဝါရီ ၁၄ ရက်။ ၂၀၁၃...။ နံနက် ၁၀း၄၅။

စေ့စပ်လက်စွပ်ကလေးဆီမှ စိတ်ပွင့်ကလေးက ကြည်လင်ဝင်းပပြိုးပြက်လို့။ သူက...အပြုံးချိုမြမြဖြင့် နွေးထွေးစွာ သူမကို ငုံ့ကြည့်ရင်း လက်စွပ်ကလေးကို သူမ၏ လက်သူကြွယ်ကလေးမှာ စွပ်ပေးလိုက် သည်။ နှစ် ဘက်မိဘ၏ တီးတိုးစကားသံ၊ ရယ်မောသံကလေးတွေ က တိုးဖွဖွထွက်ပေါ်လို့လာခဲ့သည်။ ဒီနေ့သည် ခမ်းထည်ဝါ၏ နှစ် ဆယ့်နှစ် နှစ် မြောက်မွေးနေ့လည်း ဖြစ်သလို မြန်မာနိုင်ငံရဲ့ အထင်ကရ လူချမ်းသာစာရင်းဝင် ဦးမိုးသော်တာ၏ သား “ရွှေဘုန်းမိုး”နှင့် နှစ် ဘက်လူကြီးစုံရာရှေ့မှာ တရားဝင် စေ့စပ်ကြောင်းလမ်းသော နေ့လည်း ဖြစ်သည်။ “ရွှေဘုန်းမိုး” က ထည်ဝါ့”ကို အရိပ်တကြည့်ကြည့် အမြဲရှိကာ သူမ အလိုရှိရာမှန်သမျှကို ဖြည့်စွမ်းဆောင်ကြည်းပေးတတ်သူလည်း ဖြစ်၏ ။ နှစ် ဖက်မိဘကလည်း သဘောတူကြည်ဖြူပြီးသားမို့ သူမကလည်း ငြင်းဆန် စရာရှာမတွေ့ ဘဲ အသာတကြည်လိုက်လျော ခေါင်းညိတ်ခဲ့မိသည်။

“ကဲ...စေ့စပ်ကြောင်းလမ်းခြင်း အောင်မြင်စွာ အထမြောက်ခဲ့ပြီမို့ အကျွေးအမွေးအစီအစဉ် စတင်ပါပြီခင်ဗျာ၊ သုံးဆောင်နိုင်ကြပါပြီ”

TRADERS` HEROTEL ၏ ခန်းမ အတွင်းမှာ ဖြစ်သည်။ စေ့စပ်ပွဲဆိုသည့်အတိုင်း သူ့ဘက်ကိုယ့်ဘက် ဆွေမျိုး သူငယ်ချင်း မိတ်ဆွေတွေ က အများ သားပင်။ သူ့ဘက်က စီးပွားရေး လုပ်ငန်းရှင်တွေ များ ပြီး ထည့်ဝါ့ဘက် ကတော့ UFL က သူငယ်ချင်းတွေ ချည်း။ ပြီးတော့ မေမေ့မိတ်ဆွေတွေ ။

“ထည်ဝါရယ်၊ နင်တို့နှစ် ယောက် လိုက်ဖက်ညီတာကို စာဖွဲ့ဖို့ စကားလုံးတောင်ရှာမရဘူး၊ တကယ်”

“အေးဟယ်၊ အရမ်းလိုက်တာပဲ၊ နင်သိပ်ကံကောင်းတာပဲ၊ ထည်ဝါ နတ်ဖန်ဆင်တဲ့စုံတွဲ လေး၊ ဘာမှကို ပြောစရာမရှိလောက်အောင် ပြည့်စုံလွန်းနေတာ”

သူငယ်ချင်းနှစ် ယောက် ရောက်လာပြီး အတိုင်းအဖောက်ညီညီ ချီးမွန်းခန်း ဖွင့်နေသည့်ကြားမှာ သူမ ရယ်မောပြုံးရွှင်ရင်း စိတ်ထဲမှာ တစ်ခုခုလိုအပ်နေသလိုခံစားမိလာသည်။ ဒီနေ့ တစ်ခုခုအရေး ကြီးတဲ့အလုပ်တစ်ခု လုပ်စရာရှိပါတယ်။ ဘာများ ပါလိမ့်ဟု တွေးလိုက်။ လူတွေ ကလာ နှုတ်ဆက်လိုက်နှင့် ထိုအာရုံကဖျက်ခနဲ ပြောက်ကွယ်သွားလိုက်နှင့် ရှိသည်။ “ဘုန်းမိုးကလည်း သူမနားကနေ တစ်ဖဝါးမျှမခွာချေ။ ဘယ်ကိုပဲသွားသွား သူမလက်ကလေးကို ဆွဲခေါ်ကာ အပါခေါ်သွားမြဲ။ ဟိုလူဒီလူနှင့် မိတ်ဆက်ပေးလိုက် ၊ စကားတွေ ပြောလိုက်နှင့် မို့ သူမ၏ အရေး တကြီးအာရုံအတွက် အချိန်မပေးနိုင်။

“ထည်ဝါ...ပင်ပန်းနေပြီလား၊ ခဏနေရင်ပြီးတော့မှာ ပါ၊ ပြီးရင်သူငယ်ချင်းတွေ ခေါ်ပြီး Spa သွားလိုက်နော်၊ တစ်ကိုယ်လုံးအနှိပ်ခံလိုက် Relax ဖြစ်သွားအောင်၊ ကိုယ်လိုက်ပို့ပေးထားခဲ့မယ်နော်”

“ဟုတ်ကဲ့...ပြုံးရလွန်းလို့ ပါးတော့တကယ်ညောင်းပြီကို၊ ဆံထုံးကြောင့် လားမသိဘူး၊ ဇက်ကြောလည်း တက်လာပြီ ဓာတ်ပုံတွေ လည်း အရိုက်ခံရလွန်းလို့ ထွက်ပြေးချင်ပြီ သိလား”

“အား ထွက်တော့မပြေးပါနဲ့ဦး ဘေဘီလေးရယ်၊ မင်္ဂလာဆောင်ဆိုရင် ဒီထက်ဆယ်ဆလောက် ပိုပင်ပန်းမှာ အားမွေးထားပါဦး၊ ဒါတောင်စီစဉ်စရာရှိတာတွေ ကိုယ်ပဲ အစအဆုံးလုပ်ပေးထားတာ၊ ထည်ဝါက မျက်နှာကလေးပဲ ပြရရုံပါ၊ အရမ်းချစ်တယ်ကွာသိလား၊ အရမ်းလှလွန်းလို့ မျက်လုံးတောင်မလွှဲဘဲ တစိမ့်စိမ့်ထိုင်ပဲကြည့်ချင် နေတော့တယ် အဟုတ်...”

“အံမယ်ပိုပြီ သူ၊ ပိုချက်က 9လောက်ရှိတယ်”

“တကယ်ပါ ထည်ဝါရယ်၊ ဒီလောက်လှတဲ့ သက်ရှိကြွေအရုပ်ကလေးကို နောက်သုံးလအကြာမှာ ကိုယ့်ရဲ့ ဇနီးချေကလေးအ ဖြစ် ပိုင်ဆိုင်ရတော့မယ်ဆိုပြီး အပျော်လုံးဆို့နေတာ”

“ဟွန်း...”

သူမက သူ့ကို အ ဖြစ်သည်းလွန်းသဖြင့် မျက်စောင်းလဲ့လဲ့ထိုးမိပါသည်။ သူတကယ်ပြောနေမှန်းလည်း ရင်ထဲကအလိုလို ယုံကြည်မိနေသည်။ သူ...သူမကို အရမ်းချစ်တယ်ဆိုတာကိုတော့ နှလုံးသားဆီကနေ အလိုလို ခံစားလို့ရပါသည်။

မကြာခင်မှာ စေ့စပ်ပွဲအခမ်းအနား ပြီးဆုံးသွားခဲ့ပြီ။ ဟိုတယ်ရှိ အလှပြင်ခန်းထဲမှာ ပဲ အဝတ်အစားပြန်လဲပြီး Spa သွားဖို့ သူကိုယ်တိုင်လိုက်ပို့ပေးသည်။

“အံမယ်...သတို့သမီးလောင်းကလေးကိုမှီပြီး Spa လုပ်ခွင့်ရှိတာ တယ်ဇိမ်ရှိပါလားနော်”

“ထည်ဝါ...ပြောပါဦး နင့်ရဲ့ ဖီလင်ကို၊ ဘဝမှာ အစစအရာရာပြည့်စုံပြီး လိုတရနေအောင် ဖန်ဆင်းပေးနိုင်စွမ်းရှိတဲ့ လူ တစ်ယောက် ရဲ့ အချစ်ကို ခံယူရတာ ကိုလေ”

ကုတင်တွေ ပေါ်မှာ ဇိမ်ကျကျအနှိပ်ခံနေရင်း သူငယ်ချင်းလေး ဩဩက အားကျသံဖြင့် မေးသည်။ သူမက မျက်လုံးလေးတွေ မှိတ်ရင်း ဇိမ်ခံနေရင်းမှ

“ပျော်တာပေါ့ဟယ်...သူက အရမ်းအလိုက်သိတယ်၊ အလိုလည်းလိုက်တယ်၊ ငါ့ကိုအရမ်းချစ်တယ်၊ သူက ငါနဲ့ လက်ထပ်ပြီးရင် ငါအတွက် ရတနာဆိုင်တစ်ဆိုင် ဖွင့်ထားပေးမှာ တဲ့၊ ငါ့စိတ်ကြိုက် ငါကိုယ်တိုင် ဦးစီးရမှာ တဲ့၊ အဆင်ပြေမပြေဆိုတာကို တွေးကြည့်လို့တောင်မရသေးဘူး ...ဒါပေမယ့် အမှန်အတိုင်းဝန်ခံရရင်လေ...ငါ တစ်ခုခုကို နောင်ဆံတင်းနေတယ်သိလား၊ ဒီနေ့ ငါအရေး ကြီးတာ တစ်ခုလုပ်ဖို့ရှိတယ် ဘာလဲဆိုတာတွေးလို့ပေါ် မလာသေးဘူး”

“ဒိုင်ယာရီထဲ မှတ်မထားဘူးလား...ထည်ဝါရဲ့ ”

“ဒိုင်ယာရီ... အို...ဟုတ်သားပဲ။ ဒိုင်ယာရီမှာ ငါချရေး ထားတယ်၊ ငါ မေ့နေတာ”

“ထားလိုက်ပါဟယ်... အခုတော့ ဇိမ်ကျကျနဲ့အနားယူပါဦး၊ နင့်အတွက်အရးကြီးဆုံး စေ့စပ်ပွဲပြီးဆုံးသွားပြီ ဥစ္စာ အေးဆေးပေါ့”

သူမမျက်လုံးကလေးတွေ မှေးမှိတ်ထားလိုက်မိသည်။ ပင်ပန်းလွန်းသဖြင့် လူက အိပ်ပျော်လုလု။ ဟုတ်မှာ ပါ။ စေ့စပ်ပွဲထက်ပိုအရေး ကြီးတဲ့အလုပ် သူမဘဝမှာ မရှိတော့ဘူး ထင်တာပါပဲ။ ဒါပေမယ့်...ဘာလုပ်စရာကျန်နေသေး ပါလိမ့်ကွယ်။

* * *


ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၁၃။ ညနေလေးနာရီ။ သေချာပါပြီ။ သူမ...ရောက်မလာတော့ပါဘူးဆိုသော အတွေးက သူ့နှလုံးသားကို တစ်စစီဖဲ့ခြွေပစ်နေသလို တဆစ်ဆစ်နာကျင်ထိခိုက်စေပါသည်။ သူမ မေ့သွားခဲ့တာလား။ ဘာများ အဆင်အပြေတာရှိသလို။ တစ်နာရီပြီးတစ်နာရီ သူမရောက်လာနိုးနိုးနှင့် ဒီစိန်ပန်းပင်အောက်က ခုံတန်းကလေးမှာ သူထိုင်စောင့်နေခဲ့မိတာ ခြောက်နာရီကြာသွားခဲ့ပြီ။ ထမင်းမစား၊ ရေမသောက် ဇွဲနပဲကြီးစွာ ထိုင်စောင့်နေခဲ့မိတာ။ သူကပဲ မျှော်လင့်ချက်ကြီးမားလွန်းတာလား၊ သူမကပဲ မေ့မေ့လျော့လျော့ရှိခဲ့တာလား။ သူမဝေခွဲနိုင်။ မန္တလေးကနေ ပဲခူးကို မျော်လင့်ချက်တွေ တနင့်တပိုးသယ်ဆောင်လာပြီး ခရီးနှင်လာခဲ့တာပါ။ အလာ တုန်း ကတော့ မျှော်လင့်ချက်တွေ အပြည့်နှင့် မို့ သူ့တစ်ကိုယ်လုံးလတ်ဆက်သက်ဝင်တက်ကြွလို့။ အခုတော့ မျှော်လင့်ချက်တွေ လည်း အခိုးအငွေ့အမျှင်တန်းလို ခပ်ရေး ရေး သာကျန်ပြီး မကြာမီလွင့်ပြယ်သွားတော့မည် ။ ရင်တစ်ခုလုံးလည်း နွမ်းလျကြေမွလို့နေခဲ့ပြီ။ ခုချိန်ထိ ကလေး တစ်ယောက် လို သူငိုချင်မိဆဲ။ သူရင်ထဲမှာ စကားတွေ များ စွာ သူစီစဉ်လာခဲ့သည်။ အံ့ဩစရာကောင်းသော ပဉ္စလက်ဆန်သော သူ့ဘဝ၏ အလှည့်အပြောင်း အချိုးအကွေ့တွေ အကြောင်း သူမကိုပဲ တရှည်တဝေး ဖွဲ့ဖွဲ့နွဲ့နွဲ့ရှင်းပြချင်ခဲ့မိသည်။

အသက်နှစ် ဆယ့်နှစ် နှစ် အရွယ် သူမဟာ ...ထိရက်စရာမရှိအောင် ပြစ်မျိုးမှဲ့မထင်စွာ လှသွေးကြွယ်နေခဲ့ပြီလား။ ငယ်ငယ်တုန်းကလိုပဲ သူ့အပေါ်မှာ သံယောဇဉ်ကြီးဦးမှာ လား။ သူ့ရင်ထဲက ချစ်ခြင်းမေတ္တာနှင့် သစ္စာတရားတွေ က ဒီဆယ်နှစ် အတွင်းမှာ တိုးသထက်တိုး၍ ပင် ခိုင်ကြည်အုံဖွဲ့အားကောင်းလာခဲ့သေးတော့တာ။

အခုတော့ မျှော်လင့်ထားသမျှ အရာရာသည် မှေးမှိန်ဆိတ်သုန်းစပြုခဲ့ပြီ။ အုတ်ခဲပုံကလေး ကတော့ မပြောင်းလဲစွာ ရှိနေဆဲ။ သူ တစ်ယောက် တည်း ဒူးထောက်လျက် ထိုင်ချလိုက်မိကာ အုတ်ပုံကို ဖယ်ရှားရှင်းလင်းပစ်လိုက်သည်။ ပြီးတော့ အသင့်ယူလာခဲ့သော မြေဆွခက်ရင်းကလေးနှင့် ကျစ်လျစ်သိပ်သည်းနေပြီ ဖြစ်သော မြေပြင်ကို စတင်ထိုးဆွ တူးဖော်မိလေသည်။ သူမျှော်လင့်ထားခဲ့သည်က ဒီနေရာကလေးမှာ သူမနှင့် အတူတူ နှစ် ယောက် သား မျက်နှာချင်းဆိုင်ပြီး ဒီမြေကို အတူတူတူးဆွဖို့ ဖြစ်သည်။ တော် တော် လေး တူးဆွဖွရပြီးမှ သူတို့မြုပ်နှံထားခဲ့သော သေတ္တာကလေးနှစ် လုံးကိုတွေ့ ရပါသည်။ သူက သူမရဲ့ ယွန်းသေတ္တာလေးကိုပဲ ထုတ်ယူလိုက်သည်။ သူ့ သေတ္တာလေးကိုပဲ ထုတ်ယူလိုက်သည်။ သူ့သေတ္တာလေးကိုတော့ ကာယကံရှင်ကိုယ်တိုင်လာမတူးယူသရွှေ့ ဒီအတိုင်းပဲ ရှိစေတော့။

သေတ္တာကလေးကို အမြတ်နိုးဆုံးရတနာလေးသဖွယ် တယုတယမက်မောစွာ ဖြင့် သူ့ရင်မှာ ပိုက်ထားမိလေသည်။ သူမကိုလွမ်းသော စိတ်က ရင်တခွင်လုံးပျံနှံအုံ့ဆိုင်း၍ လာတော့သည်။ ငါ့ကိုမေ့ပြီလား ထည်ရယ်။ ဟင့် အင်း... နင်ငါ့ကို ဘယ်တော့မှ မမေ့ရဘူး။ ငါ...ခွင့်မပြုနိုင်ဘူး။

သေတ္တာကလေးကို သူဖွင့်တော့...ညနေ လေး နာရီခွဲပြီ။ သူမ...ရောက်မလာတော့ဘူးဆိုတာ သေချာခဲ့ပေမယ့် ခုံတန်းကလေးပေါ်မှာ သူမရှိနေသလို မြင်ယောင်ခံစားကြည့်မိသေး၏ ။ ပြီးတော့မှ ယွန်းသေတ္တာလေးကို တုန်ရီသော လက်အစုံဖြင့် ဖွင့်မိပါသည်။ သေတ္တာထဲမှာ ...နာရီလေး တစ်လုံး။ ဓာတ်ခဲနာရီလေးမို့ နာရီလေးက ဓာတ်ခဲကုန်ကာရပ်တန့်နေပါပြီ။ သူ့လက်မှာ ချက်ချင်း ပဲပတ်လိုက်မိသည်။ သူ့လက်မှာ ပတ်ခဲ့သော Rolex နာရီကလေးထက်ပင် ဒီနာရီမည်းမည်းကလေးက သူ့အတွက် အဖိုးထိုက်တန်လွန်းပါသည်။ ပြီးတော့ ဆယ်နှစ် သမီး လက်ရေး မညီမညာကလေးတွေ ။

ရိုးဂုဏ်ရေ...

ဒီနေ့ ငါဝမ်းအနည်းဆုံးပဲသိလား။ မနက်ဖြန်ဆို နင်နဲ့ငါခွဲရတော့မယ်လေ။ နောင်ဘယ်တော့မှ ပြန်တွေ့ ရမယ်မသိပေမယ့် နင်ပြောသလို ဆယ်နှစ် အကြာမှာ တော့ ပြန်ဆုံကြမယ်လေဟယ်...နော်။ နင်ယုံချင်ယုံ မယုံချင်နေ။ နင့်ကိုငါ အရမ်းလွမ်းနေမှာ ပဲသိလား။ ငါ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးကို ငါမှမလွမ်းရင် ဘယ်သူလွမ်းပါ့မလဲ...နော့။ နင်လည်းငါ့ကို အမြဲလွမ်းနေမယ်ဆိုတာတော့ ငါယုံပြီးသားပါ။ ဘာလို့လဲဆိုတော့ နင်က ငါ့ထက်ပိုပြီး ငါ့ကိုပိုခင်တာကိုး...ဟုတ်တယ်ဟုတ်။

နင်အမြဲတမ်း ငါ့ကိုပြောနေကျစကားတစ်ခွန်းရှိတယ်လေ။ ငါကလည်း အဲ့ဒီစကားကြားရတိုင်း နင့်ကိုစိတ်ဆိုးချင်ယောင်ဆောင်ရတာ အမော...ဘာလဲသိလား။

“နင်ကြီးလာရင် နင် ငါ့ကိုပဲ ယူရမယ်နော်၊ ငါကလွဲပြီး ဘယ်သူ့ကိုမှနင်မယူရဘူး၊ နင်နဲ့ငါ တစ်သက်လုံး အတူတူနေမယ်” ဆိုတာလေ။ ဟား ဟား...။ နင်ပြောတဲ့ အတိုင်း ဖြစ်လာအောင် ကြိုးစားပေါ့။ ငါ့အတွက် သိပ်များများ စားစားကြီး မလိုချင်ပါဘူး။ ငါလိုချင်တာက... ပန်းရောင် စုံတွေ နဲ့သိပ်လှတဲ့ ပန်းဥယျာဉ်တစ်ခုပါတဲ့ ရုပ်ရှင်ထဲမှာ ငါကြည့်ဖူးတဲ့ princess တွေ နေတဲ့ ရဲတိုက်လို အိမ်လှလှ ကလေးတစ်လုံး နင်အဆင်သင့်ပြင်ဆင် ဖန်တီး ပေးထားမယ်ဆိုရင် နင့်ဆန္ဒအတိုင်း အဲ့ဒီအိမ်ကလေးထဲမှာ နင်နဲ့အတူတူ တစ်သက်လုံးငါနေမှာ ပါ။ ငါတို့ဘယ်လောက်ဝေးကွာနေပါစေ ငါ့ရင်ထဲမှာ နင်အမြဲရှိနေမယ်နော်။ ကြီးလာတဲ့အခါကျရင် ဘယ်လောက်ပဲ ဝေးဝေး နင်ငါ့ကို မတွေ့ တွေ့ အောင်လိုက်ရှာနော်။ နင့်ကိုပဲ ငါစောင့်နေမှာ ... နင့်ကိုပဲ ငါမျှော်လင့်နေမှာ သိလား။

နင့်ရဲ့ အချစ်ဆုံး... “ခမ်းထည်ဝါ...”

ထိုစာကလေးကို သူအထပ်ထပ်ပြန်ဖတ်နေမိသည်မှာ ဘယ်နှစ် ကြိမ်မြောက်မှန်းပင် မသိတော့။ သူ့တစ်ကိုယ်လုံးတုန်ယင်လှိုက်မောလို့ ...ဒီဆယ်နှစ် တာအတွင် မှာ သူမကို သူတစ်နေ့ကလေးတောင် မမေ့ခဲ့ဘူးဆိုတာ ... သူဘယ်လိုကျိန်တွယ်ပြောရမလဲ။ ဘာနဲ့သက်သေပြရမလဲ။ နေ့တိုင်း သူမကို သတိမရတဲ့နေ့၊ သူမအကြောင်း အတွေးမိသော နေ့ရယ်လို့မရှိခဲ့။ အခုတော့ သူပိုလို့ရူးသွပ်ခဲ့ရပြီ။ သူမရောက်မလာနိုင်ခြင်းကို အပြစ်ရယ်လို့မြင်ဖို့ဝေးစွ။ သူမ အဆင်ပြေပါရဲ့ လား၊ နေထိုင်လို့ကောင်းပါရဲ့ လားဟု စိုးရိမ်ပူပန်စိတ်ကလေးပင် ဝင်လာခဲ့သည်။ အခက်အခဲရယ်လို့ ကြီးကြီးမားမားတစ်စုံတစ်ရာမရှိခဲ့ရင် သူမဒီနေရာကလေးကို မရောက်ရောက်အောင် လာခဲ့မယ်ဆိုတာ။

" လူလေးရယ်နေဝင်တော့မယ်"

သူ့နောက်နားဆီမှ အသံတိုးတိုးတစ်ခု ထွက်လာတော့မှ သူပြန်၍ သက်ဝင်လှုပ်ရှားလာခဲ့သည်။ ဒီနေရာ ကလေးမှာ မနက်ဆယ်နာရီမထိုးခင်ကတည်းက ရောက်နေခဲ့ပြီး ညနေစောင်းတဲ့အထိမပြန်သေးဘဲ တစ်ယောက် ယောက် ကို စောင့်စားနေဟန်ရှိသော ခံစားမှု သိပ်သည်း နက်ရှိုင်းလွန်းစွာ ရှိနေသော သူ့ကို တစ်ချက်ကလေးမှ အနှောက်အယှက်မပေးခဲ့သော သူ့ရဲ့ မန်နေဂျာဆိုလည်း ဟုတ် လူယုံတော် ဟုလည်းပြောလို့သည့် သူ့မွေးစား အဖေ၏ လက်စွဲတော် ၊ သစ္စာရှိလူယုံ ဦးကြီးဇေယျာက သူ့ကို နားမလည်နိုင်စွာ ငေးကြည့်လို့နေသည်။

“ပြန်တာပေါ့ ဦးကြီးရယ်...”

“ဒါဖြင့် ထတော့လေ၊ တစ်ခုခုအရင်စားမလား၊ တစ်နေကုန် ဘာမှ မစားရသေးဘူး၊ Restaurant တစ်ခုခု မောင်းလိုက်မယ်နော်၊ မန္တလေးကို တန်းပြန်မှာ လား၊ ဒီမှာ ပဲညအိပ်မလား ကိုရိုး... ဟိုတယ်လ်စီစဉ်ရအောင်လေ”

“ဒီမှာ ညအိပ်ပြီးမှပဲ မနက်စောစောပြန်တာပေါ့ ဦးကြီး ကျွန်တော် ရင်ဖွင့်ချင်တယ်ဗျာ၊ တစ်ယောက် ယောက် ကို ရင်ဖွင်လိုက်ရမှ ကျွန်တော့ရင်ထဲ ပြည့်လျှံမတက် ဖြစ်နေတဲ့ ခံစားမှု တွေ သက်သာသွားမယ်ထင်တယ်”

“မင်းအဖေရှိတုန်း ကတော့ ဦးကြီးကိုပဲ ယုံကြည်စိတ်ချစွာ ပြောလေ့ရှိတာပဲ ကိုရိုးရယ်။ လူလေး ယုံကြည်မယ်ဆိုရင် ပြောလို့ရပါတယ်။ လျှို့ဝှက်ချက် ဆိုရင်လည်း ဦးကြီးဆီမှာ ပဲ လုံခြုံစေရပါမယ်”

“ကျွန်တော် ဘဝကို ဦးကြီးက အသိဆုံးပဲမှလား၊ ကျွန်တော် လမ်းဘေးချုံကြားကနေ ဘယ်ပုံဘယ်နည်းနဲ့ ဘုံဖျားရောက်သွားခဲ့တယ်ဆိုတာလည်း ဦးကြီးသိနေခဲ့တာပဲ၊ ကျွန်တော် အဖေ့ကို သိပ်ကျေးဇူးတင်တယ်သိလား။ ကျွန်တော် ဘဝတစ်ခုလုံး ပြောင်းလဲသွားအောင် အဖေဖန်တီးပေးတာ၊ ကျွန်တော့် ကိုယ်ကျွန်တော် သိပ်ကံကောင်းခဲ့တဲ့ကောင်လို့ မနေ့ကအထိ ကျွန်တော် တွေးခဲ့မိတာ၊ ကျွန်တော် အမျှော်လင့်ဆုံး သူရောက်မလာခဲ့ဘူး၊ သူလာလိမ့်မယ်လို့ပဲ ကျွန်တော် မျှော်လင့်ထားခဲ့တာ၊ ဒီနေ့ဟာ သူနဲ့ကျွန်တော့် အတွက် အရေး ကြီးဆုံးနေ့၊ သူမေ့တော့ မမေ့လောက်ပါဘူးဗျာ၊ သူဘာများ အဆင်မပြေ ဖြစ်နေသလဲပဲ ကျွန်တော် စိတ်ပူတာ၊ ကျွန်တော် သူနဲ့ အရမ်းတွေ့ ချင်တယ်ဗျာ”

သူကားပေါ်သို့ အရုပ်ကြိုးပြတ်လှဲချမိလိုက်သည်။ ကလေး တစ်ယောက် လို သူ ရိုက်ကြီးတငင်ငိုချင်နေမိ သည်။ သူမ၏ စာကလေးကို သူ့ရင်လဘတ်ရှိအိတ်ကပ်ထဲသို့ တယုတယ ထည့်ထားလိုက်မိသည်။

* * *


အခန်း(၂)

အာမေဍိတ်တစ်ခုဖြင့် ... ထည်ဝါဗြုန်းခနဲ လန့်နိုးလာခဲ့သည်။ သူရင်ထဲမှာ လည်း ထိတ်ခနဲ၊ ဝုန်းခနဲထထို လိုက်မိပြီး ခေါင်းရင်းရှိ မီးအိမ်ကလေးကိုဖွင့်လိုက်မိသည်။ နာရီကိုကြည့်မိတော့ ညနှစ် နာရီပင် ထိုးတော့မည် ။ ဘုရားရေ...မနေ့ကပေါ့။ အဲ့ဒါကို ဘာ့ကြောင့် များ သူမ သတိလက်လွတ် မေ့လျော့သွားခဲ့ရသလဲပြောရလျှင် ဒီရက်ပိုင်းတွေ မှာ သူမအာရုံတွေ ရော အတွေးတွေ ၊ အချိန်တွေ ပါ လွှမ်းမိုးထားခဲ့သည်မှာ ရွှေဘုန်းမိုး နှင့် စေ့စပ်ပွဲ ကိစ္စ ဖြစ်သည်။ ရက်ရွေးတာကအစ အဝတ်အစားချုပ်ဖို့ ပြင်ဆင်ရတာ ဟိုတယ်လ်နေရာရွေးချယ်တာ ဧည့်ပရိသတ် ဖိတ်ဖို့ကိစ္စတွေ အဝဝကို ရွှေလဘုန်းမိုးက ဦးဆောင်ပြီးလုပ်သွားခဲ့ဆိုပေမယ့် ထည်ဝါကို အသေးစိတ်အမြဲတမ်း သံတော် ဦးတင်နေခဲ့တာမို့ ထည်ဝါစိတ်စိတ်တွေ အအားမရခဲ့။ ဒီရက်ပိုင်းတွေ မှာ စေ့စပ်ပွဲကလွဲပြီး အခြားဘယ် အတွေးမှ ခေါင်းထဲနေရာမပေးနိုင်ခဲ့။

စာကြည့်စားပွဲပေါ်က ဒိုင်ယာရီစာအုပ်ကိုဖွင့်ကာ...ဖေဖော်ဝါရီ (၁၄) ရက်နေ့စာမျက်နှာဆီ အလောတကြီး လှန်လှောကြည့်မိတော့... ခဲသားဖွဖွကလေးတွေ နှင့် တို့ထားခဲ့သော သတိပေးစာတန်းကလေး။ သူမအာရုံထဲမိုက် ခနဲ့ ဖြစ်သွားလေသည်။ သွားပြီ။ ဒီနေ့ဆယ်နှစ် ပြည့် သူနဲ့ချိန်းထားတဲ့နေ့ မနက်ဆယ်နာရီ ပဲခူးကိုသွားဖို့ သူမလုံးဝမေ့နေခဲ့တာများ ကွက်လပ်ကြီးတစ်ခုလှပ်ဟာနေသလိုပါပဲလား။ ဘယ်လိုလုပ်ပြီး သွားရမလဲ။ မနက်တုန်းက အဲဒီ အချိန်တုန်းက ထည့်ဝါစေ့စပ်ပွဲအချိန်။ ရိုးဂုဏ် နင်စောင့်နေခဲ့မှာ လားဟင်။ ဒီနာမည် ကိုသတိတရတွေးလိုက်မိရုံနှင့် ထည်ဝါ့ရင်တစ်ခုလုံး နွေးအုံးလင်းမြသွားတတ်ကာ ရှန်းမြမြ၊ လှိုက်ဖိုဖိုရှိသွားစမြဲ၊ အခုလောက်ဆို နင်ဘာ ဖြစ်နေပြီလဲ ရိုးဂုဏ်။ သာမန်အခြေခံလူတန်းစားဘဝထဲက လူငယ်ကလေး တစ်ယောက် အ ဖြစ်ပဲ လေလွင့်နေမှာ လားဟင်။

ထည်ဝါ ကတော့ မိန်းမသား တစ်ယောက် ရဲ့ ဘဝ လုံခြုံပြီးပြည့်စုံမှု ကိုဦးစားပေးပြီး မေမေစီမံရာကိုနာခံခဲ့မိပြီ။ အချစ်ဆိုသော အရာသည် အရာရာပြီးပြည့်စုံစိတ်ချမ်းသာသော ဘဝတွင် အလိုအလျောက် မွေးဖွားလာမှာ ပဲ ...ဟု ဦးနှောက်ကနေပဲ တွေးခေါ်ခံယူထားခဲ့သည်။ “ရွေးဘုန်းမိုး”ဆိုသော လူ တစ်ယောက် သည် မြန်မာပြည်ရဲ့ လူချမ်းသာစာရင်းဝင် သူဌေးလေး တစ်ယောက် ။ ထည်ဝါ့ဘဝကို လက်ညှိုးညွှန်ရာ ရေ ဖြစ်အောင် ပြီးပြည့်စုံလိုတရအောင် သူဖန်ဆင်းပေးနိုင်သည့်အပြင် ထည်ဝါ့ကို အလိုလိုက်အကြိုက်ဆောင်ကာ အချစ်ပိုသည်။ ဘာလိုသေးသနည်း။

မနေ့ကသာ ထည်ဝါချိန်ထားရာနေရာသို့ သွား ဖြစ်ခဲ့လျှင် ဘာတွေ ဖြစ်မှာ ပါလိမ့်။ သူဟာ...အခုဆို ဘယ်လို ရုပ်ရည်ပုံသဏ္ဍန်မျိုးရှိနေမှာ ပါလိမ့် သူမသိချင်ပြင်ပြလာသည်။ ပြီးတော့သူ့ကို အလွန်အမင်း သတိတရတွေ့ ချင်လာမိသည်။ ဆန္ဒအတိုင်း သာအလိုလိုက်ရလျှင်အခု ချက်ချင်း ပင် ပဲခူးကိုကားနှင့် အပြေးနှင်ပြီး ထွက်သွားချင်လာခဲ့သည်။ သူ ကတော့ ချိန်းထားတဲ့နေရာကလေးဆီရောက်လာခဲ့မှာ သေချာပါသည်။ ထည်ဝါကိုယ့်ကိုကိုယ့် အပြစ်တင်မိ၏ ။ ဘာကြောင့် များ ဒီနေ့ပုံသဏ္ဍန်မျိုးရှိနေမှာ ပါလိမ့် သူမသိချင်ပြင်းပြလာသည်။ ပြီးတော့ သူ့ကို အလွန်အမင်း သတိတရတွေ့ ချင်လာမိသည်။ ဆန္ဒအတိုင်းသာ အလိုလက်ရလျှင်အခု ချက်ချင်း ပင် ပဲခူးကို ကားနှင့် အပြေးနှင်ပြီး ထွက်သွားချင်လာခဲ့သည်။ သူ ကတော့ချိန်းထားတဲ့နေရာ ကလေးဆီရောက်လာခဲ့မှာ သေချာပါသည်။ ထည်ဝါ ကိုယ့်ကိုကိုယ် အပြစ်တင်မိ၏ ။ ဘာကြောင့် များ ဒီနေ့ဒီရက်ကို စိတ်ထဲ၊ နှလုံးသားထဲမှာ စွဲစွဲထင်ထင်မှတ်မှတ်ရရ ရှိမနေခဲ့ရတာ လဲ။ သူ့ကိုတော့ အမြဲသတိတရ ရှိနေခဲ့ပါသည်။ ခွဲခွာခဲ့ကြပြီး တစ်နှစ် ကျော်လောက် စာတွေ မှန်မှန်ရေး ဖြစ်ခဲ့သော်လည်း ခုနောက်ပိုင်းမှာ သူ့ဆီက ပြန်စာတွေ ရောက်မလာတော့သည့်နောက် ထည်ဝါလည်း စာမရေး ဖြစ်တော့ပါ။ တိုက်ဆိုက်လိုက်သည်များ သူနှင့် ချိန်းထားသည့်နေ့မှာ မှ ထည်ဝါက ယောက်ျား တစ်ယောက် နှင့် စေ့စပ်ပွဲဆင်နွှဲနေခဲ့သည်။ သူ့အကြောင်းတွေးမိတိုင်း ရင်တစ်ခုလုံး ပူနွေးသက်ဝင် လှုပ်ရှားလာ မိကာ မျက်ဝန်းအိမ်မှာ မျက်ရည်စကလေးတွေ အလိုလိုခိုတွဲ ဝေ့သီကာတတ်တာ ကတော့ ယနေ့အထိ မပြောင်းလဲ သေးပါ။

အိပ်မရတော့သည့်အတူတူ... သူငယ်ချင်း တစ်ယောက် ယောက် နှင့် စကားပြောချင်လာသည်။ ဩဩဆီ ဖုန်းဆက်နှိုးလိုက်တော့ အိပ်မှု န်စုံမွှား ဝူးဝူးဝါးဝါးဖြင့် နိုးထလာလေသည်။

“မိန်းမစုတ်ရယ်... ဒီအချိန်နှိုးစရာလား၊ နှိပ်စက်ပါ့နှိပ်စက်ပါ့...ညည်းရဲ့ ဖယောင်းဆေးကြီးဆီ ဆက်ပါလားဟဲ့၊ ဝါး...ကျုပ်အိပ်ချင်လိုက်တာ”

ဩဩအသံက ငြူငြူစူစူရှိလှပါသည်။

“ဆောရီးပါ ဩရယ်၊ ကျုပ်အတွက် အသက်တမျှ အရေး ကြီးလို့ပါအေ၊ မနေ့က ရှင်တို့ကိုပြောခဲ့တဲ့ အရေး တကြီးကိစ္စကို ကျုပ်အခုတရေး နိုးမှ သတိရတယ်ဆရာ၊ ဒိုက်ယာရီဖွင့်ကြည့်မှ မနေ့က ဆယ်နာရီအတိမှာ ပဲခူးက ကျုပ်တို့နှစ် ယောက် ရဲ့ အမှတ်တရနေရာကလေးမှာ ကျုပ်ရဲ့ ငယ်ချစ်ဦးနဲ့ ချိန်းထားခဲ့တာကို ကျုပ်လုံးဝ သတိလက်လွတ်မေ့သွားခဲ့တာ ဩရေ”

“ဘယ်လို ...ဘာရယ်...ရှင့်ရဲ့ ငယ်ချစ်ဦး၊ ရှင်ပြောပြနေတဲ့ ငယ်သူငယ်ချင်း ရိုးဂုဏ်ဆိုတာလား”

ဩ၏ အသံက လတ်လတ်ဆတ်ဆတ် ပြန် ဖြစ်လာသည်။ အသံက စိတ်ဝင်စားလို့ နိုးနိုးကြားကြား။

“ဟုတ်တယ်ဩ၊ မနေ့တုန်းက ရိုးဂုဏ်နဲ့ကျုပ်ခွဲခဲ့ကြတာ ဆယ်နှစ် ပြည့်တဲ့နေ့၊ အဲဒီ နေရာကလေးမှာ ပြန်ဆုံဖို့ ချိန်းထားခဲ့ကြတာ၊ ကျုပ်မှတ်ဥာဏ်က လုံးဝ သတိမရခဲ့ဘူးဩရယ်။၊ မနေ့ ချိန်းထားတဲ့နေရာကို သူရောက်လာမှာ ကျိန်းသေတယ်ကွာ”

“နေပါဦး မိန်းမရယ် နင်ပြောလိုက်တာ ငယ်ချစ်ဦးဆိုလားလို့နော်၊ ငါနားကြားမှားတာမဟုတ်ပါဘူးနော်၊ မနေ့တုန်းက ကိုရွှေဘုန်းမိုးနဲ့ စေ့စပ်တုန်းက နင့်ကြည့်ရတာ ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွပါ၊ ရိုးဂုဏ်ကို သတိရ၊ လွမ်းဆွတ်နေတဲ့အရိပ် အငွေ့ကလေးတောင်သမ်းမနေပေါင်”

“ဟုတ်ပါတယ်... ကျုပ်ဘာပြောနေလို့လဲ၊ ရိုးဂုဏ်ကို ချစ်တာ ငယ်ငယ်ကတည်းကရှိခဲ့တဲ့ သံယောဇဉ် အရှိန်အဝါနဲ့ နက်နက်ရှိုင်းရှိုင်းနဲ့ နှလုံးသားရဲ့ ဟိုးအတွင်းပိုင်းတစ်နေရာမှာ ကိန်းဝပ်မြုပ်နှံထားခဲ့မိတဲ့ အချစ်မျိုးလေ၊ ဘဝမှာ သူ့ကိုအချစ်မျိုးနဲ့ သူ တစ်ယောက် ကလွဲပြီး ဘယ်သူကိုမှ မချစ်နိုင်တဲ့ အချစ်မျိုးပေါ့၊ ကိုရွှေဘုန်းမိုးကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာက ကျုပ်ဘဝအတွက် လုပ်သင့်လုပ်ထိုက်တာကို အသိဥာဏ်ရှိရှိနဲ့ လုပ်လိုက်တာ လေ၊ အဲ့ဒီအတွက် ကျုပ်လိုချင်တာကို သိပြီးသားပါ၊ နှလုံးသားက တစ်ကဏ္ဍ၊ ဘဝကတစ်ကဏ္ဍပါ၊ ကျုပ်က အချစ်ကိုမိုက်ရူးရဲ ကိုးကွယ်တဲ့မိန်းမမျိုးထဲမှာ မပါ ပါဘူးဩရဲ့ ၊ ဒါပေမယ့် မနေ့က သူနဲ့ချိန်းထားတဲ့ဆီ မရောက်သွား မိတာကိုတော့ အပြစ်တစ်ခုလို ခံစားရတာ အမှန်ပဲ”

“အဲ့ဒီတော့...နင် ဘာလုပ်ချင်လို့လဲ ထည်... ”

ဩမေးဟန်က ... ကလေး တစ်ယောက် ကို အလိုလိုက်တော့မည့်  မိခင် တစ်ယောက် ၏ နိမိတ်ပြမေးခွန်းမျိုး ဟု ထည်ဝါခံစားမိပါသည်။ ထို့ကြောင့် အရဲစွန့်ပြီးပြောလိုက်မိသည်။

“ငါ... မနက်ဖြန်... ပဲခူးကို လိုက်သွားချင်တယ် ဩရယ်၊ သူရှိသည် ဖြစ်စေ... မရှိသည် ဖြစ်စေ... ကတိ အတိုင်း အဲဒီ နေရာကလေးဆီ ငါရောက်အောင်တော့ သွားချင်မိတယ်၊ အဲဒီ နေရာကလေးမှာ ငါတို့နှစ် ယောက် လွန်ခဲ့တဲ့ဆယ်နှစ် တုန်းက ဒီအချိန်ကျမှ ပြန်တူးဖော်ပြီးဖက်ကြရမယ့် စာရယ်၊ လက်ဆောင်ဗူးသေတ္တာကလေးရယ် မြုပ်ထားကြတယ်၊ ငါသူ့ရဲ့ စာကိုဖတ်ချင်နေ တစ်ပိုင်းသေတော့မယ်”

“ဒါဆိုလည်းသွားကြတာပေါ့ ထည်၊ ကိုရွှေဘုန်းမိုးကို ဘယ်လိုပြောမလဲ”

“သူမသိတာလည်း ကောင်းပါတယ်... မေမေ့ကိုလည်း ပဲခူးသွားမယ်လို့မပြောဘူးပေါ့၊ ထုံးစံအတိုင်းကျုပ် တို့သုံးယောက် တစ်နေရာရာကို ပျော်ပွဲစားထွက်တယ်ပေါ့၊ မနက်ဖြန် ကျုပ်ကားမောင်းယူလာမယ်၊ ရှင်နဲ့နွေးကို လာခေါ်မယ်၊ မနက်ခြောက်နာရီလောက် အဆင်သင့်လုပ်ထားနော်၊ လမ်းကျမှ ဘရိတ်ဖတ်စ်စားတာပေါ့”

“နင့်ဇာတ်လမ်းကလည်းဟယ်၊ ရင်တဖိုဖိုရှိလိုက်တာ၊ ဒါမျိုး...ငါ ဝတ္ထုတွေ ရုပ်ရှင်တွေ ထဲမှာ ပဲ ဖတ်ဖူးကြည့် ဖူးခဲ့တာ၊ နင်ကအပြင်မှာ တကယ်ရှိနေပါလားဟယ်...”

“ပြန်အိပ်တော့ ဩ၊ ငါနွေးဆီ ဆက်လိုက်ဦးမယ်”

“ဟွန်း...ငါ့မျက်လုံးကြီး ကြောင်သွားပြီဟဲ့...မိန်းမစုတ်ရဲ့ ”

ဩ...ငြူငြူစူစူဖြင့် ဖုန်းချသွားတော့ နွေးဆီ ဖုန်းဆက်ရသည်။ ထည့်မျက်ဝန်းတို့ ကျယ်ဝန်းကြည်လင်လို့။ အိပ်ချင်စိတ်ဆိုတာ ခမ်းထည်ဝါနှင့် မသက်ဆိုင်တော့သည့်အတိုင်း။

* * *


ညက တစ်ညလုံးလိုလို သူအိပ်လို့မပျော်နိုင်ခဲ့။ ထူးဆန်းလွန်းလှသော သူ့ဘဝအလှည့်အပြောင်း ကံကြမ္မာကို အစအဆုံး၊ တရှည်တလျားကြီး ပြန်တွေးနေမိရင်း မိုးစင်စင်လင်းခဲ့သည်။ မနက်မိုးလင်းတော့ သူ့မျက်လုံးတွေ ကျိန်းစပ်လို့။ မနေ့က ဦးကြီးစီစဉ်ပေးသည့် အိုင်း ဟိုတယ်လ်မှာ တစ်ညအိပ် ဖြစ်ခဲ့သည်။ မနက်ခြောက်နာရီမှာ သူရေချိုး၊ အဝတ်အစားလဲကာ အဆင်သင့် ဖြစ်နေပြီ။ မန္တလေးမပြန်ခင် ထိုနေရာလေးဆီ သူခဏ တဖြုတ်သွား နှုတ်ဆက်လိုက်ချင်သေးသည်။ ဘရိတ်ဖတ်(ခ်)ကို တို့ကနန်း၊ ဆိပ်ကနန်းလေးသာစားပြီး သူတို့ဟိုတယ်လ်ကနေ ထွက်လာခဲ့ကြသည်။

“ဦးကြီး... မနေ့က နေရာကလေးမှာ ကျွန်တော် ခဏ သွားထိုင်ဦးမယ်”

“ပို့ပေးမယ် ကိုရိုး...”

ခုံတန်းကလေးက တိတ်တိတ်ဆိပ်ဆိပ်ပဲ သူ့ကိုကြိုဆိုပါသည်။ ခုံတန်းကလေးမှာ ခဏထိုင်ပြီး ထည်၏ စာကလေးကို သူအကြိမ်ကြိမ် ပြန်ဖတ်မိပြန်သည်။ စာလုံးတွေ ကို သူလုံးဝအလွတ်ရနေခဲ့ပါပြီ။ သူ့လက်ထဲ မှာ သားရေး သားနှင့် လုပ်ထားသော ကော်နာရီ အမည်းကလေးကို အမြတ်တနိုးပတ်ထားခဲ့သည်။

“ကိုရိုး... နေမပူခင် ထွက်မှကောင်းမယ်ထင်တယ်နော်၊ မန်းလေးထိ ပြန်မောင်းဦးမှာ ...ဟိုမှာ . . လုပ်ကိစ္စ ချိန်းထားတာတွေ လည်း ရှိသေးတယ်လေ...”

ဒီနေ့တော့ ဦးကြီးက သူ့ကို မနေ့လို တစ်နေကုန်လွှတ်ထားပေးဖို့ စိတ်ကူးရှိတောဟန်မတူပါ။ လူယုံ တစ်ယောက် ဆိုပေမယ့် ဖခင် တစ်ယောက် လိုပင် သူ့အပေါ် ဂရုစိုက်လွန်း၊ ကောင်းလွန်းသူမို့ ဦးကြီးရဲ့ ဆန္ဒကို သူငြင်းဆန် လေ့သိပ်မရှိခဲ့ပါ။ သူ့မွေးစား အဖေပင်...ဦးကြီး၏ စကားဆို သိပ်ဖယ်ရှားလေ့ရှိတာမဟုတ်။

“သွားတာပေါ့ ဦးကြီးရာ...”

ထိုနေရာလေးကို သူနောက်ဆုံးနှုတ်ဆက်မိတော့...နံနက်ခင်းဆယ်နာရီသာရှိပါသေးသည်။

* * *


ခြောက်နာရီ ချိန်းထားခဲ့ပေမယ့် တကယ်တမ်းအိမ်ကထွက်တော့ ခြောက်နာရီခွဲနေပါပြီ။ ရန်ကင်းမှာ နေသော ဩရယ်... စမ်းချောင်းရှိ နွေးရယ်ကို လိုက်ကြိုနေရတာ နှင့် ပင် ခုနစ်နာရီကျော်ပြီ။ တော် ဝင်နှင်းဆီမှာ ဘရိတ် ဖတ်စ်ဝင်စားလိုက်ကြသေးသည်မို့ ရန်ကုန်ကထွက်တော့ ရှစ်နာရီ။ အေးအေးဆေးဆေး စကားတပြောပြောဖြင့် ကားမောင်းလာခဲ့သည်။

“နင့်ကို ငါ အရမ်းအံ့ဩတယ်သိလား ထည်၊ ကိုယ်ချစ်တဲ့ လူက တစ်ယောက် ... လက်ထပ်ဖို့ဆုံးဖြတ်လိုက်တာက တစ်ယောက် ၊ နင့်ပုံစံကလည်း သွေးအေးအေးနဲ့၊ အခုလည်း ပဲခူးကို ရောက်အောင်လာ လိုက်သေးတယ်၊ အကယ်၍ သူနဲ့ပြန်ဆုံပြီ ဆိုပါတော့၊ နင်ဘာတတ်နိုင်ဦးမှာ မို့လဲ၊ နှစ် ယောက် စလုံးခံစားရရုံပဲရှိမှာ ”

“ငါ့ဘက်က ကတိမဖျက်ချင်တာရယ်...ချိန်းထားတဲ့နေရာကို မသွားခဲ့ရလေခြင်းဆိုတဲ့ နောင်တကို တစ်သက်လုံး သယ်ပိုးမထားတာကြောင့် ရယ်ပါဟယ်၊ နင်တို့လည်းသိသားနဲ့ ငါက ငါ့စိတ်ကို နည်းနည်း လေးတော့ အလိုလိုက်ရမှာ လေ”

“ထည်...ငယ်ငယ်တုန်းက နင်တို့နှစ် ယောက် ရဲ့ အကြောင်းလေးတွေ ပြောပြပါလားဟယ်...”

ဩရဲ့ မေးခွန်းကြောင့် ထည်လွမ်းမောကြည့်နူးသော ပြုံးလေးပြုံးလိုက်မိသည်။

“ပြောတာပေါ့ ဩရယ်၊ ငါ့အဖေနဲ့အဖေကို...မေမေ့ဘက်က လုံးဝသဘောမတူဘူးလေ၊ မေမေ့ဘက်က ဘိုးစဉ်ဘောင်ဆက်ချမ်းသာကြွယ်လာတဲ့ အဆင့်အတန်းတို့၊ မျိုးရိုးဂုဏ်တို့ကို သိပ်တန်ဖိုးထားတတ်တဲ့ သူဌေးမျိုး ရိုးဟယ်၊ အဖေ့ဘက်က လူ့ဘော်ကြော့ အတေအပေ... အလေအလွင့်လေး၊ အဖေက ရုပ်ကလေးချောတာရယ်၊ မိန်းကလေးတွေ ကြွေလောက်အောင် အနှုးအနှပ်ကောင်း၊ အပြောကောင်းလွန်းတာကလွဲပြီး...ဘာအဆင့်အတန်း မှ မရှိတဲ့သူ၊ မေမေက ဆယ်ကျော်သက်သူဌေးသမီးကလေးပီပီ၊ ဘဝမှာ ပြီးပြည့်စုံကြွယ်ဝပြီး လိုတရလွန်းနေတဲ့ ဘဝကနေ စွန့်စားခန်းဝင်ပြီး အချစ်သူရဲကောင်းမလေး လုပ်ခဲ့တာပေါ့ဟယ်၊ မေမေ့ဘက်က မေမေ့ကို မှတ်လောက် သားလောက်အောင်ဆိုပြီး အမွေဖြတ်စွန်ပစ်လိုက်ရော၊ မေမေက အဲ့ဒီမှာ ဆင်းရဲတဲ့ဘဝ လောကဓံတရား ဆိုတာကို ကောင်းကောင်းကြီး လက်တွေ့  ခံစားလိုက်ရတာ ပေါ့ဟယ်၊ မေမေကမာနလည်းခပ်ကြီးကြီးရယ် အဘွားတို့ဘက်ကို လုံးဝအဆက်အသွယ် မလုပ်တော့ဘူးလေ၊ ဆင်းရဲသမျှကို ခါးစည်းပြီးကြံ့ကြံ့ခံခဲ့တာ၊ ငါအသက်ဆယ့်နှစ် နှစ် မှာ အဖေ accident ဖြစ်ပြီးဆုံးတယ်၊ အဘွားတို့က မေမေ့သတင်းတွေ မျက်ခြည်မပြတ်နားစွင့်နေခဲ့တာလေ၊ ဖေဖေဆုံးတော့ မေမေ့နဲ့ငါကို ချက်ချင်း ပြန်ခေါ်တာပဲ၊ မေမေက အဖေ့ကိုတော့ အရမ်းချစ်ခဲ့တယ်လေ၊ အဖေဆုံးတဲ့ အထိ နောင်တရစကားတစ်ခွန်းမှ မဟခဲ့ဘူး၊ ဆင်းရဲတဲ့ဒဏ်ကို ကြိတ်မှိတ်ပြီးခံခဲ့တာ၊ ငါမှတ်မိသလောက် ငါ့ကို ပဲခူးကအဲ့ဒီအိမ်ကလေးမှာ ပဲမွေးခဲ့တာတဲ့၊ ဒီနေ့သွားကြည့်ရဦးမယ်၊ ပျဉ်ထောင်အိမ်ကလေး နှစ် ခန်းတွဲ လျက်ပေါ့၊ နံရံကလေးတစ်ချက်ပဲခြားတယ်၊ ရိုးဂုဏ်တို့နဲ့ ငါတို့နဲ့ဟိုဘက်ခန်း၊ ဒီဘက်ခန်းနေခဲ့တာလေ၊ တစ်အိမ်တည်းလိုပါပဲ၊ မနက်မိုးလင်းကနေ မိုးချုပ်တဲ့အထိ အမြဲတွေ့ နေတဲ့ မျက်နှာတွေ ပေါ့၊ အမေနှစ် ယောက် ကလည်း အရမ်းခင်တဲ့ သူငယ်ချင်းတွေ လို ဖြစ်သွားတာ၊ ဆန်၊ ဆီ၊ ဆားကအစ သူ့မရှိကိုယ်ချေး၊ ကိုယ့်မရှိသူချေးနဲ့ နှစ် အိမ့်တစ်အိမ်နေကြတာလေ၊ရန် ဖြစ်လို့မခေါ်မပြောလည်း တစ်ရက်ပဲ၊ အဖေတွေ ချင်းလည်း တော် တော် ခင်ကြတယ်၊ အလုပ်တွေ ကလည်း မယ်မယ်ရရရယ်လို့ မရှိပါဘူးဟာ၊ ရရစားစားပါပဲ၊ ဒါပေမယ့် ငါမှတ်မိနေသလောက် ကတော့ ငါတို့အဲ့ဒီတုန်းက ဆင်းရဲခဲ့ပေမယ့် ငါတို့ပျော်နေကြတာပဲ၊ ငါတို့ကလေးနှစ် ယောက် ဆို အပူအပင်ကို မရှိတာ၊ ကျောင်းသွားလည်း အတူတူ၊ ကစားလည်းအတူတူ၊ ရန် ဖြစ်လည်း နပန်းဖက်လုံးသတ်လိုက်ပြီးရင် သူကစပြီး အမြဲပြန်ခေါ်တာပဲ၊ ငါမှတ် မိသေးတယ်၊ ငယ်ငယ်တုန်းကလေ မိုးတွင်းဆို ငါတို့အရမ်းပျော်တာပဲ၊ မိုးရေထဲမှာ နှုတ်ခမ်းတွေ ပြာလာတဲ့အထိ၊ လက်ချောင်းလေးတွေ ပဲကြီးရေခွံတွန့်လာတဲ့အထိ မိုးရေထဲမှာ ကစားခဲ့ကြတာ၊ အမေတွေ က ဆူဆဲရိုက်လည်း ခဏပဲ၊ ငါတို့နှစ် ယောက် အရမ်းကဲတာဟ၊ သူငါ့ကို အမြဲတမ်းပြောတတ်တဲ့ စကားတစ်ခွန်းရှိတယ်၊ “ထည်တဲ့...နင်ကြီးလာရင် ငါ့ကိုပဲယူရမယ်နော်တဲ့၊ ငါကလွဲပြီး နင်ဘယ်သူ့ကိုမှမယူရဘူးတဲ့၊ နင်နဲ့ငါ တစ်သက်လုံး အတူတူ နေမယ်တဲ့၊ သူအဲဒီ လိုပြောတိုင်း ...ငါက စိတ်ဆိုးချင်ယောင်ဆောင်ပြီး သူ့ကို ထုရိုက်ပေမယ့် တကယ်တမ်း ပြောရရင် ငါ့နှလုံးသားထဲမှာ ...အဲ့ဒီစကားလုံးလေးက တံဆိပ်ခတ်ထားသလိုပဲ စွဲနေတယ်သိလား၊ ငါ့ကိုယ့်ငါသိတယ်...ငါ သူ့ကို ငါ့ကိုယ်ငါချစ်သလိုပဲချစ်တယ်၊ သူ့အကြောင်း တွေးလိုက်ရုံနဲ့ ငါ့ပါးပြင်နှစ် ဖက်စလုံး ရှိန်းဖိန်းပူနွေးပြီး တစ်ကိုယ်လုံးမှာ ရှိတဲ့ သွေးကြောတွေ အားလုံး ပူနွေးခုန်လာသလိုပဲ...ရှိန်းမြမြ ဖြစ်လာတဲ့ ခံစားချက်ကြီးကို ငါသိတယ်၊ ငါသူ့ကိုတကယ်ချစ်တယ်၊ သူဟာ ငါ့ရဲ့ ငယ်ချစ်ဦးပဲ၊ ဒါပေမယ့်...ငါသူ့ကို လက်မထပ်သင့်ဘူးဆိုတဲ့ အသိကလည်း ငါ့နှလုံးသားရဲ့ တစ်ဖက်ခြမ်းမှာ လွှမ်းမိုးထားတယ်၊ အဲ့ဒါက ဦးနှောက်ရဲ့ ဆင်ခြင်ပိုင်းခြားနိုင်စွမ်းနဲ့ လွှမ်းမိုးထိန်းချုပ်ထားတဲ့ နှလုံးသားအခြမ်း ဖြစ်မယ်ထင်တယ်၊ မသိစိတ်က လွှမ်းမိုးထားတဲ့ နှလုံးသားရဲ့ လိုအင်ဆန္ဒတွေ ချည်း အားကောင်းလွန်းတဲ့နေရာမှာ တော့...ငါ...ရိုးဂုဏ်ကို အရမ်းချစ်တယ်အဲ့ဒါပဲလေ”

ထည့်...ရင်ဖွင့်ခန်းကိုဩရောနွေးပါ၊ အနှောင့်အယှက်မပေးဘဲ ငြိမ်ငြိမ်သက်သက် နားထောင်ပေးခဲ့ကြသည်။ ထည် သတိထားမိချိန်မှာ ထည့်ပါးပြင်ပေါ်မှာ မျက်ရည်စီးကြောင်း ကလေးနှစ် ဖက်စွတ်စိုလို့။

ငါ...နင့်ကို ရင်တစ်ခုလုံး ဆွတ်ပျံ့နေအောင် လွမ်းတတ်ခဲ့တာကြာပါပြီ ရိုးဂုဏ်ရေ။ ဒါနဲ့များ မနေ့က နင်နဲ့ဆုံ ဖို့ကို ငါဘာများ သတိလက်လွတ် မေ့လျော့သွားခဲ့မိတာပါလိမ့်၊ ငါ့မှတ်ဥာဏ်တွေ က မကောင်းလို့လား? ဒါမှမဟုတ် နင်နဲ့ငါမဆုံကြဖို့...ကံကြမ္မာက...မသိမသာ ခွဲခွာပစ်လိုက်တဲ့ သဘောလား? ဒါပေမယ့် ငါ့ရင်ထဲမှာ သေချာတာ ကတော့ နင်ကိုအရမ်းတွေ့ ချင်တယ်ဆိုတာပဲ ရိုးရေ။

* * *


ထိုနေရာကလေးကို ထည်ဝါတို့ရောက်တော့ နံနက်ဆယ်နာရီကို မိနစ်ကလေးပဲ စွန်းရုံလေး။ ဟောဒီ စိန်ပန်းပင်ကြီးရယ်...ခုံးတန်းလျားကလေးရယ်...အုတ်နီခဲပုံကလေးရယ်ကို မြင်လိုက်ရရုံဖြင့် ထည့်စိတ်အာရုံတွေ အားလုံး လွန်ခဲ့သော ဆယ်နှစ် ကာလဆီ ပြေးလွှားရောက်ရှိသွားခဲ့တော့သည်။

“သူ...လာသွားခဲ့တယ်ဟ၊ ငါ့ရင်ထဲက အလိုလိုကိုခံစားမိတယ်သိလား၊ ပြီးတော့... ဟောဟိုက အုတ်နီ ခဲပုံလေးနဲ့ တူးဆွထားပြီးသား မြေပွပွကလေး၊ သူ ငါ့ရဲ့ လက်ဆောင်သေတ္တာကလေးကို လာတူးယူသွားခဲ့ပြီပေါ့”

ထည့်ရင်ထဲ ရုတ်တရက်ကြီး လှိုက်လှဲနင့်သည်းသွားကာ ငိုချင်ပြင်းပြသွားမိသည်။ သူ့ကို တွေ့ ချင်လိုက်တာ။ မနေ့ကသာ လာခဲ့မိရင် သူနှင့် အသေအချာကိုဆုံကြမှာ ပါ။ အဲ့ဒီလိုဆိုရင် ထည်ဘာလုပ်မိမှာ ပါလိမ့်။ သူ့ရင်ခွင်ထဲ တဟုန်ထိုးပြေးဝင်ပြီး သူ့လည်တိုင်ကို ယီးလေးခိုပြီး ပြေးဖက်မိမှာ လား။ အရှက်အကြောက်ဂုဏ်သိက္ခာ ဣနြေ္ဒတွေ ဆိုတာ သူနှင့် ထည့်ကြားမှာ မှမရှိဘဲ။ ထည်သည် မြေပြင်ပေါ်မှာ ဆောင့်ကြောင့် ကလေး ထိုင်လိုက်မိကာ အုတ်ခဲ ပုံကိုစတင်၍ ဖယ်ရှားမိသည်။ ပြီးတော့ ... သိပ်မနေသော မြေပွပွကို ခပ်သွက်သွက်တူးဆွနေမိတော့သည်။ သိပ်ပင်ပင်ပန်းပန်းနှင့် ကြာမြင့်အောင် မတူးလိုက်ရဘဲ လွန်ခဲ့သော ဆယ်နှစ် တုန်းက၊ ထည်မြင်ဖူးခဲ့သော ရိုးဂုဏ်၏ ရှေးကျွန်းသေတ္တာကလေးကို တွေ့ လိုက်ရသည်။ ဩရောနွေးပါ စိတ်ဝင်တစားအနားကပ်လာကြသည်။

ထည်သည် အသံကလေးတစ်ချက်ထွက်၍ ရိုက်ငင်လိုက်မိကာ သေတ္တာကလေးကို တုန်ရီလှိုက်မောစွာ ဖွင့်လိုက်မိသည်။ အထဲမှာ တွေ့ လိုက်ရသော ပစ္စည်းကလေးက ထည့်နှလုံးသားတစ်ခုလုံးကို သိမ်းကြုံးဆွဲငင်ယူ ပစ်လိုက်ပါသည်။

“ကြည့်စမ်း...ရိုးဂုဏ်ရယ်...”

ထည်က...ရိုးဂုဏ်လက်နှင့် လုပ်ထားခဲ့သော လည်ဆွဲပုတီးကလေးကို ပဲ့ကြွေသွားမှာ စိုးသလို တယုတယ၊ အမြတ်တနိုးကလေးဖြင့် လက်ခုပ်နှစ် ဖက်ထဲမှာ ကိုင်ထားမိကာ ပါးပြင်ကလေးမှာ အပ်ထားလိုက်မိသည်။ ပြီးမှ ထည့်လည်တိုင်ကလေးဆီမှာ မက်မက်မောမောကလေး ချိတ်ဆွဲလိုက်ပါသည်။ ဝါနွမ်းလျလှသော စာရွက်ကလေးကို လှိုက်လှဲနင့်သည်းသော နှလုံးသားဖြင့် စတင်ဖတ်မိချိန်မှာ ထည့်မျက်ရည်မိုးတို့ သည်းထန်စွာ ရွာသွန်းခဲ့ပါပြီ။

“ငါ့ရဲ့ အချစ်ဆုံးထည်”

၁၃ဖေဖော်ရီ...၂၀၁၃ မနက်ဖြန်ဆို ငါတို့ခွဲရတော့မယ်ဟာ၊ ဆယ်နှစ် နှစ် လုံးလုံး အတူတူနေလာခဲ့ပြီးမှ နင်မရှိတော့ရင် ငါ တစ်ယောက် တည်း ဘယ်လိုရှင်သန်ရမှန်းတောင် မသိတော့ဘူးဟာ၊ နင်ကိုငါ သိပ်လွမ်းမိတော့မှာ ပဲ၊ တကယ်တော့အချိန်တိုင်း၊ နေ့ရက်တိုင်းမှာ နင့်ကိုပဲငါသတိရနေတော့မှာ ပါ၊ ပြီးတော့ နင်နဲ့ငါပြန်ဆုံကြရမယ့် နောက်ဆယ်နှစ် ဆိုတဲ့အချိန်ကို ငါရင်တထိတ်ထိတ်ရင်ခုန် စိတ်လှုပ်ရှားစွာ နဲ့ မျော်နေမိ တော့မှာ သေချာတယ်ထည်၊ ငါတို့ဘယ်လိုအကြောင်းမျိုးနဲ့ပဲ ဖြစ်စေ။ မ ဖြစ် ဖြစ်အောင် ပြန်ဆုံကြရအောင်နော် ထည်၊ ငါ့... နင့်ကို ပြန်ဆုံမှကို ဖြစ်မှာ မို့ပါ၊ ဘာကြောင့် လဲဆိုတော့... “ခမ်းထည် ဝါ” ဆိုတဲ့ ငါ့ရင်ဘတ်ထဲမှာ အမြဲတမ်းတစ်ဘဝလုံးစာ လင်းလက် တောက်ပနေတော့မယ့် ငါ့ရဲ့ ကြယ်ပွင့်ကလေးကို ဘယ်တော့မှ ပျောက်ဆုံးမခံ နိုင်လို့ပါ၊ အကယ်၍ မတော် တဆ နင် ပျောက်သွားခဲ့မယ်ဆိုရင်တောင် ငါက ကမ္ဘာမြေအနှံ လိုက်ရှာမယ့်ကောင်ပါ ထည်၊ ငါ့ဘဝအတွက် နင်ဟာ... နက်နက်ရှိုင်းရှိုင်းကို အရေး ပါလွန်းတဲ့ကဏ္ဍတစ်ခုပါ။

ငယ်ငယ်ကတည်းက နင့်ကိုငါ အမြဲတမ်းပြောခဲ့တဲ့စကားလေးကို နင်ဘယ်တော့မှ မမေ့နဲ့နော်၊ “နင်ကြီးလာရင် နင်ငါ့ကိုပဲယူရမယ်နော်၊ ငါကလွဲပြီး ဘယ်သူ့ကိုမှ နင်မယူရဘူး၊ နင်နဲ့ငါ တစ်သက်လုံးအတူတူ နေမယ်” ဆိုတာလေ။ အဲ့ဒါ...ငါ တကယ်အလေးအနက်၊ အတည်ပြောတာနော်၊ နင်ဘာပဲ ဖြစ် ဖြစ်...ငါလည်းဘာ ဖြစ် ဖြစ်...ငါတို့ဘယ်တော့မှ စိတ်မပြောင်းကြေးနော်။

နင့်ကို သိပ်ချစ်တဲ့ ငါ...(ရိုးဂုဏ်)

စာကိုဖတ်ပြီးချိန်မှာ ထည့်ပါးပြင်တစ်ခုလုံး မျက်ရည်မိုးတွေ သည်းထန်လို့လာခဲ့သည်။ ရိုးဂုဏ်ကို လွမ်းတဲ့ စိတ်နှင့် တွေ့ ချင်လွန်းစိတ်က နှလုံးသားတစ်ခုလုံးကို ဖြိုးဖျပ်လှိုက်ခါတုန်ရီစေတော့သည်။

ထည်... ဟိုးရင်ထဲဆီကနေ လှိုက်လှိုက်လှဲလှဲကြီးတမ်းတလိုက်မိခြင်း ဖြစ်သည်။ မနေ့ကချိန်းထားမိတဲ့ ရက်ကိုသတိလက်လွတ် ဖြစ်ခဲ့မိတဲ့ ကိုယ့်ကိုကိုယ်ပင် ခွင့်မလွှတ်ချင်မိ။ ဩနှင့် နွေးလည်း ထည်ခံစားသမျှကို ထပ်တူနီးပါးမျှဝေ ခံစားပေးကြလျက် ထည့်ကို ဝိုင်းဝန်းနှစ် သိမ့်ပေးကြပါသည်။

“ဘာတတ်နိုင်မှာ တဲ့လဲ ထည်ရယ်၊ တစ်ခါတစ်လေ တော့လည်း မဆုံလိုက်ရတိုင်း၊ လွဲသွားတိုင်းလည်း... ဆုံးရှုံးသွားရတယ်လို့ ပြောလို့မရပါဘူးဟယ်၊ ဆုံချိန်မတန်သေးလို့ ဒါမှမဟုတ် နင့်အတွက် ပိုကောင်းဖို့လည်း ဖြစ်နိုင်သေးတာပဲ၊ နင်စဉ်းစားကြည့်လေ၊ ကိုရွှေဘုန်းမိုးလို လူ တစ်ယောက် ကို စေ့စပ်ခဲ့ပြီးမှတော့ နင့်ဘဝအတွက် ဘယ်လိုလူစားမျိုးထပ်လိုသေးလို့လဲ၊ ပြီးတော့...ရိုးဂုဏ်ဆိုတာ နင့်အတွက် တစ်သက်လုံး သူငယ်ချင်းအ ဖြစ်ရှိနေ လို့ ရတာ ပဲမှလား”

“ရိုးဂုဏ်က ...ငါ့အတွက် သူငယ်ချင်းသက်သက်မှ မဟုတ်တာနွေးရယ်၊ ငါ့နှလုံးရဲ့ အရေး အပါဆုံး လူ တစ်ယောက် ဆို ပိုမှန်တယ်၊ ငါသူနဲ့ အရမ်းတွေ့ ချင်တယ်၊ ငါဘာလုပ်ရမလဲ၊ သူ့ကိုဘယ်မှာ လိုက်ရှာရမလဲဟင်”

“ထည်...စာကို နောက်တစ်ခေါက်ဖတ်ကြည့်လိုက်ဦး၊ သူရေး ထားပြီးသားပဲ၊ မတော် တဆ နင်ပျောက်သွား ခဲ့မယ်ဆိုရင်တောင် သူက ကမ္ဘာမြေအနှံလိုက်ရှာမယ့်သူတဲ့၊ သူနင့်ကို မတွေ့ တွေ့ အောင် ရှာလိမ့်မပေါ့”

ဩရဲ့ စကားလေးက ...ထည့်ကို အထိုက်အသင့်တော့စိတ်သက်သာမှု ပေးနိုင်စွမ်းရှိပါသေးသည်။

“ငါလည်း...အဲဒီ လိုပဲ မျှော်လင့်နေတော့မှာ ပေါ့ဟယ်၊ ဒီနေရာလေးကိုရောက်မှ သူ့ကိုငါပိုလွမ်းမိလာတယ်၊ ငယ်ငယ်တုန်းက ငါတို့နှစ် ယောက် အမြဲဆုံနေကျနေရာလေးပေါ့”

“သွားစို့ ထည်...နင်တို့ အိမ်ကလေးလည်း လိုက်ပြဦးမှာ ဆို...”

ထည်တို့သုံးယောက် သား လူနေရပ်ကွက်ကလေးထဲသို့ လမ်းလျှောက်ဝင်လာခဲ့ကြသည်။ လမ်းပေါ်မှာ ကလေး တချို့ပြေးလွှားဆော့ကစားတုန်း။ ထည်တို့ငယ်စဉ်က ပုံရိပ်ကလေးတွေ က တရိပ်ရိပ်နှင့် ထည့်နောက်သို့ ကပ်ပါလာခဲ့သည့် အိမ်လေး ကတော့ မပြောင်းလဲသေးပါ။ သစ်သားအိမ်ကလေး ကတော့ အတော် ယိုယွင်းစုတ်ချာ လို့နေခဲ့ပြီ။

ရိုးရေ...။ နင် ဘယ်မှာ လဲဟာ...။

* * *




ဝန်ဇင်းချစ်သူများ လွန်းထားထား (ဆေးတက္ကသိုလ်) ၏ “ နှလုံးသားပေါ်မှာ တံဆိပ်ခတ်ထားတဲ့ ကောင်မလေး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


နှလုံးသားကို ဝတ်ရုံချုပ်ဝတ်ထားတဲ့ ချစ်သူ

အတောင်ပံတွေရှိခဲ့လျှင်

တိတ်ဆိတ်နက်ရှိုင်းသော သက်သေ