Cover

ချစ်နိုင် (စိတ်ပညာ) ၏ အမှာ စာ

စာဖတ်သူ၏ လက်ဝယ်ရောက်ရှိနေသော စာအုပ်ငယ်သည် စာရေးသူ၏ (၉၉) မြောက်စာအုပ် ကလေး ဖြစ်ပါသည်။ ဤစာအုပ်မျိုးကို ရေးသူအချို့ရှိသော်လည်း အရေအတွက် နည်းပါးသည်။ ဈေးကွက်အခြေအနေအရ ၀ယ်သူဖတ်သူနည်းပါးသောကြောင့်လား မသိပါ။ ဤစာအုပ်မျိုးကို ဖတ်ရှုသူဦးရေနည်းသည် ဖြစ်စေ၊ များ သည် ဖြစ်စေ၊ စာရေးသူက အလေးထား မစဉ်းစားပါချေ။

အစေ့ပေါင်းများ စွာ စိုက်ပျိုးပါသော်လည်း အပင်ပေါက်ချင်မှပေါက်သည်။ အပင်ပေါက်ပါသော်လည်း ပွင့်ချင်မှ ပွင့်သည်။ ပွင့်ပါသော်လည်း သီးချင်မှ သီးသည်။ အစေ့တိုင်း အပင်မ ဖြစ်။ ကြွက်ကလည်းဖျက်ဆီးတတ်၏ ။ ငှက်ကလည်း ဖျက်ဆီးတတ်၏ ။ မျိုးလည်း ကောင်းပါမှ။ မိုးလည်းမှန်ပါမှ ပိုးလည်း မနှောက်ယှက်ပါမှ စသည် စသည်။

အစေ့ပေါင်းများ စွာ စိုက်ပျိုးသည်ပင်လျှင် ချိုမြိန်အောင်မြင်သော အသီးတစ်လုံး ဖြစ်ဖို့ရာ ခက်ခဲလေသည်။ ဤသဘောအတိုင်းပင်။

လောကမှာ စာပေ၀ါသနာရှင်၊ စာရေးခြင်းတွက် စိတ်ပါဝင်စားသူ အနည်းငယ်မျှသာရှိသည်။

စာပေ၀ါသနာရှင်တိုင်လည်း ထွန်းထွန်းပေါက်ပေါက် ထူးချွန်သောစာပေအနှပညာရှင် စာရေးဆရာတော့ ဖြစ်မလာပေ။ မည် သို့ ပင် ဖြစ်စေ၊ တစ်ထောင်မှာ တစ်ယောက် တစ်သောင်းတွင် တစ်ယောက်ပေါ်ပေါက်လာမည့်  ရှားရှားပါးပါး ပုဂ္ဂိုလ်များ အတွက် အထောက်အကူပေးချင်သည်။ စာရေးသူ၏ စေတနာအရင်းခံ ဖြစ်ပါသည်။

စာရေးသားနည်းအမည် ရှိစာအုပ်တစ်အုပ်ကို ၂၀၀၈ ပြည့်နှစ် တွင် ကျွန်တော်ရေးသားထုတ်ဝေ ဖူးပါသည်။ စာပေ၀ါသနာပါသူ လူငယ်များ အတွက် အခြေခံသိသင့်သိထိုက်သော စကားပြေရေးနည်း၊ ဆောင်ပါးရေးနည်းများ ကို ဖော်ပြထားပါသည်။ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့က ဖွင့်လှစ်ပို့ချသော ဆောင်ပါးရေးသားနည်း သင်ခန်းစာမှတ်စူမှင့် အခြားသော မဂ္ဂဇင်းများ မှာ ရေးသားဖူးသော ဆောင်ပါးများ ကို စုဆောင်းထည့်သွင်းထားခြင်း ဖြစ်ပါသည်။ (၁၀) ပုဒ်ပါဝင်ပါသည်။

၂၀၁၂ ခုနှစ် တွင် ထုတ်ဝေသော ဤ”စာပေရေးသားနည်း (၂)” စာအုပ်သည် ယခင်စာအုပ်နှင့် မတူပါ။ စကားပြေရေးသားနည်းမှန်ပါသော်လည်း ၀တ္တုတို၊ ၀တ္တုရှည်ရေးဖွဲ့ဖန်တီရန် အတွက် စာရေးသူစဉ်းစားစိတ်ကူးရမည့်  အချက်အလက်များ ကို တိတိကျကျနှင့် ခိုင်ခိုင်မာမာအကြံပြုဖော်ပြထားသည့် စာအုပ် ဖြစ်ပါသည်။

အခြားစာရေးဆရာများ စွာ ၏ အောင်မြင်ထင်ရှားသော ဂန္တ၀င်ဝတ္တုများ နှင့် သုံးသပ်ချက်များ အပေါ် အခြေခံပြီးစာရေးသူ၏ ထင်မြင်ချက်များ ဖြည့်စွတ်တင်ပြပါသည်။ ရွှေအမြုတေးမဂ္ဂဇင်းမှာ ဆရာဝင်းငြိမ်း ဘာသာပြန်ပေးခဲ့သောဝတ္တုရေးသားနည်းဆိုင်ရာ အမေရိကန်စာရေးဆရာများ ၊ ဆရာ ဆရာမ များ ၏ ၀တ္တုဖွဲ့စည်းပုံနည်းစနစ်နှင့် အကြံပြုချက်များ မှ လည်း ကောင်းနိုးရာရာ ကောက်နုတ်ကိုးကားခဲ့ပါသည်။

မိမိစွဲလန်းနှစ်သက် ခဲ့သော ဆရာမောင်သက်နောင်၊ ဆရာနတ်နွယ်၊ ဆရာဇ၀န၊ ဆရာ တက္ကသိုလ် ဘုန်းနိုင်၊ ဆရာသော်တာဆွေ၊ ဆရာနန္ဒတို့၏ ၀တ္တုတို၊ ၀တ္တုရှည်ဖန်တီး ရေးသားပုံများ ကို ခြုံငုံလေ့လာပြီး မြန်မာ့ရေမြေ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်နှင့် ကိုက်ညီ ဆီလျော်မည့်  အကြံဥာဏ် တို့ကို ဖော်ပြပါသည်။ နိုင်ငံတကာ စံချိန်စံညွန်းကိုက်ညီအောင် တစ်ဖက်သတ် ထောက်ခံကူးချထားခြင်းမျိုး မပြုပါ။ သင့်သလို ချင့်ချိန်စဉ်းစားပါ။

စာရေးသူတင်ပြမည့်  နည်းနာတို့သည် ပြီးပြည့်စုံပြီဟုလည်း မယူဆပါ။ ဘာမှမရှိသော သုံညဘ၀အဆင့်မှ လေ့ကျင်းရင်း စမ်းသပ်ရင်း၊ မြေစမ်းခရမ်းပျိုးရင်း၊ အချက်အခဲ အနည်းဆုံးနှင့် ချောမွေ့လွယ်ယူစွာ ရသအနုပညာကို ဖန်တီးနိုင်စွမ်း တတ်မြောက်အောင် အထောက်အကူပေးခြင်းမျှသာ ဖြစ်ပါသည်။

စာရေးဆရာ ဖြစ်လာဖို့ရာ အဓိကမှာ ကိုယ့်အားကိုယ်ကိုးကြိုးစားရပါသည်။

အခြားနည်းလမ်းမရှိပါ။

သင်တန်းတွေ ဘာတွေ ငွေကုန်ကြေးကျခံပြီးမည် သည့်နိုင်ငံကိုပဲ သွားတက်တက် ကိုယ်တိုင်က အနုပညာပါရမှဓာတ်ခံမရှိလျှင် စာရေးဆရာ ဖြစ်ချင်မှ ဖြစ်ပါမည် ။

အနုပညာပါရမီဓာတ်ခံရှိသူတစ်ဦးအတွက်မူ ကျေးလက်တောရွာက လေးတန်းငါးတန်း ပညာအခြေခံမျှသာ ရေးတတ်ဖတ်တတ်သူ ဖြစ်ပါစေ၊ သူ၏ ထက်သန်သောဆန္ဒနှင့် ပြင်းပြသောလုံ့လ၀ီရိယဖြည့်တင်းလိုက်ပါက စာရေးဆရာ ဖြစ်လာဖို့ရာ မခက်ခဲပါ။ ကမ္ဘာကျော်စာရေး ဆရာများ ထဲမှာ လည်း ရှိခဲ့သည်။ ဥပမာ အယ်မီလီနှင့် ချားလော့ဘရွန်တီ။ မြန်မာစာရေးဆရာများ တွင် လည်း ရန်ကုန်ဘဆွေ၊ သာဂဒိုး၊ ရွှေဥဒေါင်း၊ နိုင်ဝင်းဆွေ၊ ၀င်းမောင်ထွန်း၊ ဆွေလှိုင်ဦး၊ မင်းသိင်္ခ၊ ပခုက္ကူ ဦးအုံးဖေ၊ (ဘယ်တက္ကသိုလ်က ဘာဘွဲ့မှမရခဲ့ကြပါ။ အချို့မှာ မူလတန်းပညာပင် မသင်ဖူးဘဲ ဘုန်းကြီးကျောင်းမှာ သာ စာသင်ခဲ့ရဖူးပါသည်။)

စာရေးဆရာ ဖြစ်လာဖို့ရာ ဘွဲ့မလိုပါ။ ဘွဲ့ရသည်အထိတက္ကသိုလ်တတ်ခဲ့ဖူးသည် အဆင့်မြင့်ပညာ သင်ယူခဲ့ဖုးသည် ဆိုလျှင်တော့ ပို၍ ကောင်းမွန်ကြောင်း အထူးပြောစရာမလိုပါချေ။

စာများများ ဖတ်ဖို့သာအဓိက လိုအပ်ပါသည်။

စာကောင်းပေကောင်းတွေ များများ ဖတ်ရှုမှတ်သားခဲ့လျှက် ပို၍ ကောင်းပေသည်။ အခြေခံအားဖြင့် စာဖတ်ဝါသနာပါဖို့သည် အရေးကြီးဆုံးလိုအပ်ချက်ဟု ဆိုချင်ပါသည်။

ဤစာပေရေးသားနည်း (၂) စာအုပ်တစ်အုပ်တည်း ကို ဖတ်ရှုပြီးရုံမျှနှင့် လည်း မလုံလောက်ပေ။

မိမိခံစားသမျှ၊ တတ်မြောက်သမျှ၊ ရေးသားလေ့ကျင့်ခြင်းကို များ နိုင်သမျှ များများ ပြုလုပ်ရပါမည် ။ မိမိ၏ စွမ်းရည်ကို အကောင်းဆုံးမြှင့်တင်ပေးမည် ကား ကိုယ်တိုင်ရေးသားသော လေ့ကျင့်ခန်းများ ပင်။

ဤစာအုပ်ကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာပြီးကိုယ်တွေ့ရေးသားလေ့ကျင့် မြှင့်တင်သွားခြင်းအားဖြင့် ဆယ်စုနှစ် ကာလအနည်းငယ်အတွင်း စာဖတ်သူသည် စာပေနယ်တွင် အောင်မြင်သော ၀တ္တုရေးဆရာ၊ ၀တ္တုဆရာမ အ ဖြစ်စာရေးသူတို့ မြင်တွေ့ကြရပေလိမ့်မည် ဟု မျှော်လင့် မိပါသည်။ အောင်မြင်ပါစေ။

ချစ်နိုင် (စိတ်ပညာ)

(၁)
မင်းသုဝဏ်နှင့် သူရဲကောင်း (၄) ယောက်

နိဒါန်း

စာဆိုတော်နေ့ဟူသောနေ့တစ်နေ့ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူ၍ လွတ်လပ်စွာ မ ဖြစ်ပေါ်မီကပင် မြန်မာစာရေးဆရာများ က စတင်သတ်မှတ်ကျင်းပခဲ့ကြသည်။

ရှေးရှေးသော ပညာရှိ က၀ိအကျော် စာဆိုမော်တို့၏ လူ့လောကကို ကောင်းကျိုးထွန်းကားအောင် လမ်းရှေ့ဆောင်အလင်းရောင်ပေးခဲ့ကြခြင်းတို့ကို ဂုဏ်ပြုသောအားဖြင့် ၁၉၄၄ ခုနှစ် မှာ ပထမအကြိမ် စာဆိုတော်နေ့ဟု ခန်းနာစွာ စတင်ကျင်းပခဲ့ကြသည်။ နှစ် ပေါင်းခြောက်ဆယ်ကြာမျှ တစ်နှစ် မျှမပျက်မကွက်ကြပါ။ ယနေ့တိုင်အောင်သာ။

ပြည်သူများ နှင့် မြန်မာစာရေးဆရာများ သည် “စာဆိုတောင်နေ့” ဂုဏ်ပြုပွဲများ ကို နတ်တော်လဆန်းတစ်ရက်နေ့မှာ စာပေဟောပြောပွဲ၊ စာပေဆုနှင်းပွဲ၊ စာပေပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပွဲ၊ စာပေဆွေးနွေးပွဲ၊ ဂုဏ်ပြုကပွဲ ပြပွဲစသည်ဖြင့် အနယ်နယ်အရပ်ရပ်မှာ နှစ် စဉ်နှစ် တိုင်း ကျင်းပကြသည်။

၁။ မင်းရဲကျော်စွာ

မိမိသည် စာရေးသူတစ်ယောက်အနေဖြင့် စာရေးဆရာများ စွာ နှင့် အတူ မြန်မာပြည်တစ်နံတစ် လျားသို့ ခရီးသွားကာ စာဆိုတော်နေ့စာပေဟောပြောပွဲများ ကို လိုက်ပါဆင်နွဲပါသည်။ မျက်မှော က်ခေတ်စာရေးဆရာကဗျာဆရာများ သည် မိမိတို့ရှေ့မှ၊ နေအရောင်လအရောင်ထန်းလင်း ပြောင်ခဲ့ကြသော စာဆိုက၀ိတို့၏ ဂုဏ်ကျေးဇူးများ ကိုပေါ်လွင်အောင် ရွတ်ဆိုကိုးကား၍ ဟောပြောလေ့ရှိပါသည်။ စာရွက်မကိုင်ပါ။ စာမဖတ်ပါ။ ပါတာဖတ်မလုပ်ပါ။ ရင်ထဲကလှိုက်လဲစွာ ထွက်ပေါ်လာသော ခံစားချက်အသံဖြသ့် ရသအနုပညာပါအောင် ရွတ်ဆိုခြင်း ဖြစ်ပါသည်။ ဇာတ်လမ်း၊ ဇာတ်ကွက်နှင့် ကွ ဆရာမောင်စိန်ဝင်း (ပုတီးကုံန်း) ရွတ်ဆိုရှင်းပြသော မင်းရဲကျော်စွာ အကြောင်းကို ဆရာကြီး မင်းသုဝဏ် (၁၉၀၉-၂၀၀၄) ၏ ကဗျာဖြင့် ကြားနာခဲ့ဖူးသည်။

မင်းရဲကျော်စွာ

လှံဓားဝိုးဝင်၊ စစ်မြေခင်းတွင်

ဆင်မြင်ရံလျက် ထိုနေ့က။


နေပြည်ရှိရာ၊ မျော်ရှုကာလျှင်


အနာသည်းလည်း၊ ခံသည်းညည်းနှင့်

မညည်းမညူ၊ ကိုယ်ကိုထူလျက်


ယာမူ ရွှေဓား၊ ၀ဲ ရွှေလွှားနှင့်

အားပြုမှီတင်း နေသည့်ခိုက်။


ငါရှိ ပေလျက်၊ ပြည်ကို ၀က်၍

နန်းထက် မင်းမူ၊ ငါ၏ တူ-ဟု

နိုင်သူမင်းက ဖိတ်ခေါ်သည်။


ဘကြီးတော် ယဲ့၊ ကျေးဇူး ငဲ့လည်း

တိုင်းပြည် မဲ့သူ၊ မဟုတ် ပါ-တဲ့။


သမီးတော်နှင့် ၊ ဥကင် ဖွင့်၍

အသင့် မင်းမူ၊ ငါ၏ တူ-ဟု

နိုင်သူ မင်းက ဖိတ်ခေါ်သည်။


ဘကြီးတော် ယဲ့၊ ကျေးဇူး ငဲ့လည်း

မယားမဲ့သူ မဟုတ်ပါ-တဲ့။


သားတော် ရင်နှစ် ၊ သားရင်း စစ်သို့

ထီးလှစ် မင်းမူ၊ ငါ၏ တူ-ဟု

နိုင်သူ မင်းက ဖိတ်ခေါ်သည်။


ဘကြီးတော် ယဲ့၊ ကျေးဇူး ငဲ့လည်း

ဖခင်မဲ့သူ မဟုတ်ပါ-တဲ့။


ငါ၏ ထံမှော က်၊ ဆေးဝါး သောက်၍

ထမြောက်ခါမူ၊ ပြန်လေ တူ-ဟု

နိုင်သူ မင်းက ဖိတ်ခေါ်သည်။


ဘကြီးတော် ယဲ့၊ ကျေးဇူး ငဲ့လည်း

သေခြင်းမဲ့သူ မဟုတ်ပါ-တဲ့။



လှံဓါးကိုလှဲ၊ စစ်မြေထဲ၌

မင်းရဲကျော်စွာ ၊ စေတီသာကို

ရာဇာဓိရာဇ၊ ရေစက်ချလျက်

အမျှ ယူလေ၊ သုံးကြိမ်ဝေသည်

မြိုင်ခြေ ဒလ တော်ကြီးတန်း။ ။

မင်းသုဝဏ်

(၁၉၆၈၊ ဇွန်၊ ငွေတာရီမဂ္ဂဇင်း)

ဪ ကဗျာစာဆို ဆရာကြီး မင်းသုဝဏ်သည် အင်းဝခေတ် မြန်မာသူရဲကောင်းစစ်သူကြီး (ဗိုလ်ချုပ်ကြီး) စစ်မြေပြင်တွင် ကျဆုံးပုံအား ရင်ထဲဆို့နင့်လှိုက်လှဲအောင် ဖွဲ့ဆိုနိုင်ပေစွ။

၂။ အမည် မသိ

ဆရာချစ်ဦးညိုနှင့် စာပေဟောပြောပွဲများ အတူလိုက်ပါပြီး ကျေးလက်တောရွာ အခေါင်အဖျားအထိ ရောက်ရှိခဲ့ဖူးသည်။ ဆရာချစ်ဦးညိုက ပြောက်ကျားတပ်သားတစ်ယောက်၏ နိုင်ငံနှင့် လူမျိုးအပေါ်ထားရှိသော စေတနာ၊ သွေးအသက်ကိုပေးဆက် ထမ်းဆောင်သွားခဲ့တာတောင် အားနားနေရှာပုံအား ဆရာကြီး မင်းသုဝဏ်၏ သူ့မှာ တမ်းကဗျာကို ကြေကွဲစွာ ရွက်ဆိုရင်း ရှင်းပြတတ်ပါသည်-

သူ့မှာ တမ်း

သူတို့ အဆုပ်၊ ထားခဲ့ မြှုပ်သည့်

ဗုံး ငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို

ရွာ သား ရွာ သူ၊ မေးကြ မြူသည်

အူအူ ယမ်းငွေ့ ထတုန်းတည်း။

အမောင် ပြောက်ကျား၊ ချစ်သူအားကို

ဘာများ မှာ ခဲ့ လိုသနည်း။

ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို

ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။

အမောင် ပြောက်ကျား၊ မိဖအားကို

ဘာများ မှာ ခဲ့ လိုသနည်း။

မွေးသည့်မိခင်၊ မွေးဖခင်ကို

ဦးတင်ခဲ့ကြောင်း ပြောပါလေ။

အမောင်ပြောက်ကျား၊ တိုင်ပြည်းအားကို

ဘာများ မှာ ခဲ့ လိုသနည်း။

ခရီးမတ်တတ်၊ လမ်းခုလတ်တွင်

ကိုယ်လွတ် ရှောင်ခွာ၊ ခွဲရပါ၍

အားနာခဲ့ကြောင်း ပြောပါလေ။

ယမ်းငွေ့ အူအူ၊ တလူလူနှင့်

မေးမြူကြတုန်း၊ အနောက်ကန်းတွင်

နေလုံး ကွယ်လေပြီး တကား။ ။

မင်းသုဝဏ်

(၈-၂-၆၃)

ဪ ကဗျာဆရာကြီး မင်းသုဝဏ်သည် အမျိုးသားလွတ်လပ်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်တော်လှန်ရေးတို့တွင် ငယ်ငယ်ရွယ်ရွယ်နှင့် အသက်ပေးဆက်ကာ တိုက်ပွဲဝင်သွားကြသော လူငယ်သူရဲကောင်းများ ကို မမေ့လျော့ကြဖို့ သတိပေးလိုပုံရ၏ ။ ရှေ့လူတွေကဲ့သို့ မောင်တို့မယ်တို့ ရဲရဲရင့်ရင့်ပါဝင်လှုပ်ရှားကြစေချင်ပုံရပါသည်။

၃။ မောင်ဖိုးမောင်

ဆရာနွမ်းဂျာသိုင်းနှင့် စာပေဟောပြောပွဲ သွားဖူးသောခရီးများ လည်း မနည်းတော့ပေ။ မင်းတုန်း၊ ကမ္မ၊ ပြည်၊ သာပေါင်း၊ လပ္ပတ္တာမြို့နယ်၊ ဘီတွတ်၊ ကြာကန်၊ ဟင်္သာတမြို့နယ် ထူကြီး၊ ပဲကြီးကျွန်း၊ ညောင်ကျိုးရွာများ ၊ ဗိုလ်ကလေးမြို့နယ် ကံစု (အနောက်) ရွာစသည့်ဖြင့် ။

လယ်ယာချောင်းမြောင်းများ နှင့် ကျေးလတ်တောရွာများ တွင် ဆရာ နွမ်းဂျာသိုင်းသည် “ဖိုးမောင်လာပြီ” ကဗျာကို ရွတ်ဆိုရင်း ကိုယ့်ရွာ၊ ကိုယ့်ရပ်အတွက် အသက်ကို စွန့်လှူရန် ၀န်မလေးတတ်သော အညတြသူရဲကောင်းရွာသားလေးတစ်ယောက်အကြောင်းကို ပရိသတ်ရင်နင့် အောင် လှိုက်လှဲစွာ ဟောပြောတတ်ပါ၏ ။

ဖိုးမောင်လာပြီ

မှိုင်ညိုညဥ့်ရိပ်၊ လူခြေတိတ်၍

ရေဆိပ်အနား၊ ရွာတံခါးမှ

ကုပ်ကျားကျယ်လောင်၊ ဆီးကြိုဟောင်သော်

“ဖိုးမောင်လာပြီ” ဆိုကြသည်။

ဟောင်သံရပ်၍

ထက်ကြပ်ပေါ်လာ၊ အသံမှာ ကား

“ညခါ ငါးထောင်၊ မောင်ဖိုးမောင်သည်

ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။”

မိုးမောင့်သံကြား၊ ကင်းသမားက

တံခါးကြီးအောက်၊ မလွယ်ပေါက်ကို

တစ်ယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်

ယာတွင် အုပ်ဆောင်း၊ ၀ဲ တတ်ချောင်းနှင့်

ခါးစောင်း ကိုယ်ကိုင်း၊ ငါးပလိုင်းကို

လွယ်သိုင်းပြီးလျှင်၊ ရွာကို ၀င်သည်

လူပင်လေလား တစ္ဆေလား။

တစ္ဆေမကြောက်၊ မြွေမကြောက်ဘဲ

တစ်ယောက်တည်းပင်၊ ညဥ့်မှော င်တွင် ၌

သူလျှင် ငါးရှာ၊ မကျွေးပါက

ထိုရွာသူသား၊ လူအများ တို့

ငါးစို ငါးစိမ်း ငတ်ပေလိမ့်။

ဆောင်တစ်ည၌

ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍

ရွာဘေးကျီပျက်၊ မှော င်နက်နက်မှ

ဇီးကွက်က အော်၊ တော်တဲ့ကြော်စဉ်

ရွာပေါ်လွှမ်းအောင်၊ ကုပ်ကျားဟောင်သည်

ဖိုးမောင် လာချိန်ပါတကား။

သို့ ဖြစ်သော်ငြား၊ ခါတစ်ပါးသို့

တံခါးဝင်လို၊ သူမဆိုဘဲ

“မောင်းကိုထုပါ၊ လူစူပါဟေ့၊

ရွာကိုဘေးမှ၊ ကာကွယ်ကြလော့။

ဒမြငါ့အား၊ ဖမ်း၍ ထား” ဟု

စကားမဆုံး၊ ဟစ်အော်တုန်းတွင်

ဒိုင်းဒုန်းဒိန်းသံ၊ ရွာလုံးညံသည်

ချောင်းယံပဲ့တင် ထပ်သတည်း။

ဖိုးမောင်နိဂုံး၊ ဤတွင် ဆုံးလည်း

ရွာလုံးစိတ်တွင် ၊ ဖိုးမောင်ဝင်၍

ပဲ့တင်ထပ်ကာ၊ ဟည်းလျက်ပါတည့်။

ဘယ်ခါမဆို၊ ဆီလင့်ကြိုသို့

မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၌

ရေဆိပ်အနား၊ ရွာတံခါးမှ

ကုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်

“ဖိုးမောင်လာပြီ” ဆိုဆဲပင်။ ။

မင်းသုဝဏ်

(မြ၀တီမဂ္ဂဇင်း၊ ဇန်န၀ါရီ၊ ၁၉၆၃)

ဪ တံငါးသည် ရေလုပ်သားလေးဖိုးမောင်သည် သူ့မွေးရပ်မြေရှိ၊ မိဘဆွေမျိုး၊ ရွာသူရွာသားတွေ အားလုံးကို ဓါးပြလူဆိုးတို့က လုယက်နှိပ်စက်မည့်  ဘေးရန်အန္တရာယ်မှအသက်ပေး ၍ ကာကွယ်သွားခဲ့ပါ၏ ။ သူ့လို ကိုယ်ကျိုးစွန့်အနစ်နာခံရဲသော လူငယ်သူရဲကောင်းပေါင်းများ စွာ မိမိတို့ လူုမျိုးထဲမှာ ပေါက်ဖွားပြန့်ပွားစေချင်သောဆန္ဒရှိခဲ့ပုံရပါ၏ ။ ကာကွယ်ရေးအမြင်ရှိကြရမည် ။

၎။ ယောက်ျားကောင်း

နောက်ဆုံးတစ်ပုဒ် ဖော်ပြလိုသော ကဗျာမှာ ဆရာကြီးမင်းသုဝဏ်၏ အနိုင်မခံ အရှုံးမပေးတတ်သူ၏ ဇွဲသတ္တိကို ဂုဏ်ပြုဖွဲ့ဆိုသည့် “ပျဉ်းမငုတ်တို” ကဗျာ ဖြစ်၏ ။ ပျဉ်းမငုတ်တိုကို ဆရာကြီးက “အသင်ယောက်ျားကောင်းတကား” ဟုလေးစားဂုဏ်ပြုကာ ချီးမွမ်းစကားဖြင့် နိဂုံးချုပ်ထားသဖြင့် ပျဉ်းမငုတ်တိုပမာ အညွန့်အတတ်တွေထွက်ကာ လေပြည်ထဲတွင် ငယ်ရုပ်ဆင်ကာ မည် သူမဆို အနှိပ်စက်ခံ၊ အဖိနှိပ်ခံ၊ ဓါးထစ်ခံရသော်လည်း အလံမလှဲ ဇွဲမာန်ပြည့်ဝသူ အားလုံးတို့ကို ဖော်ညွှန်းကြောင်း ထင်ရှားပါသည်။ နှလုံးသားထဲမှာ မြင်ယောက်ကြားယောင်ခံစားလာရအောင် ဖတ်ကြည့်ပါဦး -

ပျဉ်းမငုတ်တို

ဖုထပ်ရွက်တွ၊ ငှက်ဠင်းတသို့

ပျဉ်းမငုတ်တို၊ သက်ကြားအိုသည်

ကုန်းမိုးထက်တွင် တစ်ပင်တည်း။

ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း

အဖေးတတ်လာ၊ အိုင်းအမာသို့

ကျယ်စွာ ဟက်ပတ် ခြအိမ်ပျက်။

ကုန်းမိုးကမ်းပါး၊ မြေပတ်ကြားတွင်

စစ်သားခမောက်၊

ပိန်းခြောက်ခြောက်လည်း

စစ်ရောက်စခန်း လက်ပြညွှန်း။

ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်

စစ်ကိုလည်းကြုံ၊ ခြအုံလည်း ဖြစ်

ဓါးထစ်လည်းခံ၊ နေလျှံလည်းတိုက်

လေပြင်းခိုက်လျက်၊ မငိုက်ဦးခေါင်း

နွေသစ်လောင်းသော်

ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍

လေပြည်ထဲတွင် ၊ ငယ်ရုပ်ဆင်သည်

အသင် ယောက်ျားကောင်းတကား။ ။

မင်းဝသုဏ်

၁၁-၁-၄၉

နိဂုံး

ကဗျာဆရာကြီး မင်းသုဝဏ် (၁၉၀၉-၂၀၀၄) သည် မြန်မာပြည်သူ ပြည်သားတို့ကို သူရဲကောင်းစိတ်ထား၊ သူရဲကောင်းစိတ်ဓာတ် တဖြတ်ဖြတ် တောက်ပ လင်းလက်နေစေချင်ပုံရပါသည်။ ဆရာကြီး ဖွဲ့သီခဲ့သော ကဗျာလေးပုဒ်သည် မျက်မှော က်ခေတ် စာရေးဆရာကဗျာဆရာများ ကနယ်မြေအနှံအပြား ရွတ်ဆိုပြန့်ပွားစေလျက် “စာဆိုတော်များ ၏ စေတနာနှင့် ဂုဏ်ကျေးဇူး” ကို ဖော်ထုတ်ရာ၌ ဆက်လက်ရှင်သန်နေကြပါကြောင်း တင်ပြအပ်ပါသည်။

ချစ်နိုင် (စိတ်ပညာ)

၁၃-၈-၂၀၁၂

(၂)

လွန်ခဲ့သော ဆယ်စုနှစ် ကာလအတွင်းတွင် နိုင်ငံခြားရုပ်ရှင်ကားများ ကို ယခင်ကထက် ပိုမိုကြည့် ဖြစ်ခဲ့ပါသည်။ ရုပ်ရှင်ကင်မရာဓါတ်ပုံဆရာ အကယ်ဒမီ ဦးထွန်းလှိုင်ဆိုလျှင် နေစဉ်နိုင်ငံခြားရုပ်ရှင်ဇာတ်ကားအခွေ သုံးလေးကား ကြည့်လေ့ရှိပါသည်။ လူထုအောင်သံရုပ်ရှင်ဇာတ်ကား ရိုက်ကူးစဉ်က ဓာတ်ပုံဆရာကင်မရာမင်းသား ဖြစ်သည်။ အသက် ၂၄ နှစ် တွင် အကယ်ဒမီဆုရခဲ့သူ ဖြစ်သည်။ နိုင်ငံခြားရုပ်ရှင်ကားတွေ အကြောင်း အဘိဓာန်စာအုပ်ပမာပြည့်စုံနှံစပ်စွာ ပြောပြနိုင်သည့် ပုဂ္ဂိုလ် ဖြစ်သည်။ အံ့ဩလေးစားရသည်။

နိုင်ငံခြားရုပ်ရှင်ကားတွေ ကြည့်နိုင်ပေစွဟု ချီးကျူးရပါသည်။ ယခုတော့ တီဗီမှာ ချယ်နယ်လိုင်းမျိုးစုံက ရုပ်ရှင်ကားအမျိုးမျိုးကို နေ့စဉ်လွှင့်ပေးနေတော့ မိမိလည်းကြည့် ဖြစ်လာတော့သည်။ ကြည့်ဖန်များ တော့ ကြိုက်တာတွေအများ ကြီးတွေ့ရသည်။ ရုပ်ရှင်အတတ်ပညာ မြင့်မားဆန်းကြယ်ခြင်းကို ထားတော့။

ရုပ်ရှင်သရုပ်ဆောင်များ ၏ ကြိုးစားအားထုတ်မှု နှင့် ဇာတ်ကို အသက်ဝင်အောင် သဏ္ဍန်လုပ် သရုပ်ဆောင်ပုံများ ကား အတော်လေးစားဖို့ ကောင်းပေသည်။ စာရေးသူက ဇာတ်လိုက်မင်းသားများ ကို အဓိကထားပြီး သတိပြုမိသည်။ ကမ္ဘာမှာ ရော မြန်မာရုပ်ရှင်လောကတွင် ပါ မင်းသမီးထက် မင်းသားက အဓိကဇာတ်ရုပ်နေရာရသော ဇာတ်ကားတွေက ပိုများ နေပါသည်။ ပရိသတ်ကလည်း မင်းသားကို ဦးစားပေးပြီး ရွေးချယ်ကြည့်လေ့ရှိပါသည်။

မြန်မာပြည်မှာ နေတိုး၊ ပြေတီဦး ခေတ်စားသကဲ့သို့ အမေရိကန် ဟောလီးဝုဒ်မှာ လည်း တွမ်ခရုတ်၊ လီယိုနာဒိုဒီကာ ပရီယိုတို့ ခေတ်စားနေကြသည်။

(၁) ကလော့ဗန်ဒိန်း (၂) ကနုးရိဗ်

(၃) ကီဗင်ကော်စနာ (၄) ကော်လင်းဖာရဲ

(၅) ကပ်ရပ်ဆဲလ် (၆) ချောင်ယွမ်ဖတ်

(၇) ဂျက်ကီချန်း (၈) ဂျက်လီ

(၉) ဂျူလော (၁၀) ဂျော့ကလူးနီ

(၁၁) စတီဗင်ဆီးဂဲလ် (၁၂) တွမ်ခရုဇ်

(၁၃) ဒယ်နီယက်လ်ကရိတ်ခ်ျ (၁၄) နီးကိုးလပ်စ်ကေ့ဂ်ျ

(၁၅) ဘရက်ဒ်ပစ် (၁၆) ဘင်းအဖက်

(၁၇) မက်ဒေမွန် (၁၈) လီဗျောင်ဟွန်း

(၁၉) လီယိုနာဒိုဒီကာပရီယို (၂၀) အယ်မီတော့ဘကျန်း

ဪ မနည်းပါလား။ မှန်ပါသည်၊ မကြိုက်လှသောမင်းသားတွေက ပိုများ ပါသည်။ ဒင်ဇယ်ဝါရှင်တန်၊ မဲလ်ဂစ်ဘ်ဆင်၊ အင်ဒီလောစသော မင်းသားများ ကို နာမည် ကျော်ပင်ကျော်ငြားသော်လည်း မိမိကတော့ စွဲလောက်အောင် မကြိုက်လှပေ။ ပရိသတ်တစ်ဦးချင်းစီ၏ အာရုံမတူခြင်းပဲ ဖြစ်ပါလိမ့်မည် ။ ထားပါတော့။

မင်းသားတွေက ဘာကြောင့် စွဲလောက်အောင် သရုပ်ဆောင်ကောင်းကြပါသနည်း။ ဇာတ်ညွှန်းကောင်းသော်ကြောင့် ဖြစ်ပါသည်။

ဇာတ်ညွှန်းကောင်တော့ လုပ်ကွက်ရသည်။

အနုပညာရသပါအောင် သရုပ်ဆောင်ခွင့်၊ အစွမ်းပြခွင့်ရသူတို့ ရသည်။ သူ၏ သရုပ်ဆောင်ပညာကို ထုတ်ဖော်ခွင့်ရဖို့ရာ ဇာတ်ညွှန်းကောင်းမှသာ အခွင့်အရေးရနိုင်သည်။ မြန်မာဇာတ်ကားအချို့ အရည်အသွေး နိမ့်ကျပြီး ပရိသတ်အားပေးမှု နည်းကြခြင်း၏ အကြောင်းအရင်းများ စွာ အနက် “ဇာတ်ညွှန်း” ညံ့ဖျင်းလွန်းခြင်းသည်လည်း အကြောင်းတစ်ရပ် ဖြစ်တတ်ပါသည်။

ကောင်းခြင်း၊ ညံ့ခြင်း၊ ပရိသတ်အားပေးခြင်း၊ အနုပညာမြောက်ခြင်းတို့သည် ဆုရခြင်း၊ ကျော်ကြားခြင်း၊ ၀င်ငွေကောင်းခြင်းတို့နှင့် ဆက်စပ်မှု ရှိကြသော်လည်း ကောင်းတိုင်းလည်းမကျော်၊ ကျော်တိုင်းလည်း မကောင်းဘု ဆိုတတ်ကြပါသည်။

အမေရိကန်ရုပ်ရှင်မင်းသား တွမ်ခရုဇ်၏ ၂၀၁၁-၂၀၁၂ တစ်နှစ် ၀င်ငွေမှာ အမေရိကန်ဒေါ်လာ ၇၅ သန်းဖြင့် အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း Forbes မဂ္ဂဇင်း၏ ဖော်ပြချက်အရသိရသည်။ ဒုတိယ၀င်ငွေအများ ဆုံး ရုပ်ရှင်မင်းသားလီယိုနာဒိုဒီကာပရီယို၏ ထိုနှစ် အတွင်း ၀င်ငွေ ၃၇သန်းထက်ပင် နှစ် ဆရှိကြောင်း တွေ့ရှိရသည်။ အနုပညာသမားမှာ စန်းသည်ပြိုင်လို့မရ။

ရုပ်ရှင်မင်းသားတစ်ယောက်၏ တစ်နှစ် တာဝင်ငွေသည် ဒေါ်လာ ၇၅ သန်းရသဖြင့် များ လှပေပြီဟု ထင်မှတ်ရသည်။ သို့ ရာတွင် ကမ္ဘာကျော် နော်ဝေးပန်ချီဆရာ အက်ဒသပ်မန့်ခ်ျ ရေးဆွဲခဲ့သော Screen အော်သံအမည် ရပန်းချီကားတစ်ချပ်သည် ၂၀၁၂ ခု၊ မေလက နယူးယောက်မြို့ ပန်းချီလေလံပွဲတစ်ခု၌ အမေရိကန်ဒေါ်လာ ၁၁၉.၉သန်း (သန်း ၁၂၀ နီးပါး) ဖြင့် ရောင်းချလိုက်ရကြောင်း ကြားသိရပါသည်။ ဆေးရောင်စုံဆီဆေးပန်းချီကားတစ်ချပ်၏ ငွေကြေးတန်းဖိုးမှာ ကမ္ဘာစံချိန်တင် သွားပါသည်။

ပေါလ်-ဂေါ်ဂင်၊ ဆေဇန်၊ ပီကာဆို အစရှိသော ကမ္ဘာကျော် ပန်းချီဆရာကြီးများ သည် ငွေကြေးတန်းဖိုးထက်မိမိလက်ရာကို အနုပညာတန်ဖိုးမြင့်မားအောင်သာ အာရုံပြုလျက် ရေးဆွဲခဲ့ကြသည်။ သက်ရှိထင်ရှားရှိနေစဉ် ကာလအတွင်း ငွေကြေးဆင်းရဲခြင်းကိုလည်း ကြံ့ကြံ့ခံပြီး ဖြတ်သန်းကြသည်။ ငွေမျက်နှာကို မကြည့်၊ ငွေနောက်မလိုက်။

အနုပညာကို အရူးအမူးစိတ်ကူးဖြင့် ထူးထူးခြားခြား ရူးသွပ်ကြသူများ ဟု ဆိုနိုင်လေသည်။ အနုပညာဈာန်ဝင်စားမှု အတွက် မိမိ၏ စားဝတ်နေရး၊ နေထိုင်ရေးအတွက်ကိုပင် စွန့်လွှတ်ကြသူများ ဖြစ်ကြပေသည်။ အဆင်းရဲခံနိုင်သည်။

ရုပ်ရှင်မင်းသမီး အကယ်ဒမီ ကြည်ကြည်ဌေး၏ ဘ၀ဇာတ်ကြောင်းကို စာရေးဆရာမ ဂျာနယ်မမလေးရေးဖွဲ့ထားသည့် ၀တ္တုဟန် အထ္ထုပ္ပတ္တိ စာအုပ်ဖတ်ရသည်။ “မာလာရီ” ဟူသော စာအုပ် ဖြစ်ပါသည်။ ဇာတ်မင်းသမီးအ ဖြစ် အောင်မြင်ထင်ရှားခဲ့သော ကြည်ကြည်ဌေးသည် သရုပ်ဆောင်ခြင်း အတတ်ပညာတွင် မည် မျှအနုပညာမြောက်ပါသနည်း။ အငြိမ့်မင်းသမီး မဗေဒါအ ဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော ပန်းပန်လျက်ပါ ရုပ်ရှင်ကားတွင် ကြည့်မြင်နိုင်ပါသည်။ ဆေးရောင်စုံခေတ်တွင် ထပ်မံရိုက်ကူးသော ပန်းပန်လျက်ပါ ဒုတိယ၊ တတိယ ရုပ်ရှင်ကားများ ၌ အကယ်ဒမီ မို့မို့မြင့်အောင် လည်း ကောင်းပါသည်။ ချစ်ချစ်ဇော်ကောင်းပါသည်။ မူလပထမ အဖြူအမည်း ရုပ်ရှင်ကားသည် ရန်ကုန်မြို့မှာ ၂၅ ပတ်ကျော် ရုံတင်ပြရသဖြင့် ရုပ်ရှင်ရာဇ၀င်တွင် စံချိန်တင်ခဲ့ပါပေသည်။

ဤမျှသိမ့်သိမ့်တုန်အောင် ပရိသတ်အားပေးခံရသော မင်းသမီး ကြည်ကြည်ဌေးသည် အနုပညာအာရုံထက်အခြားအချက်အလတ်များ ကို ဘာမှဦးစားမပေးချေ။ စားတာလည်း ငါးပိရည် ဖြစ်စေ၊ ငါးရံ့ခြောက်ကင်လေး ဖြစ်စေ ထမင်းတစ်နပ်ပြီးသည်။ ၀တ်တာလည်း ချည်ထည်အင်္ကျီလုံချည်လေးပဲ ကျေနပ်သည်။ ဇာတ်ကားတစ်ကားလက်ခံရိုက်လို့ ငွေကြေးဘယ်လောက်ရမှန်းတောင်သူမသိ။ သူငွေကြေးကိစ္စ စိတ်မ၀င်စား။ ဤဇာတ်ကား၏ ဇာတ်ညွှန်းကိုအခေါက်ခေါက်အခါခါ ဖတ်ကာ ဘာစကားပြောရမည် နည်း။ ဘယ်လိုအမူအရာအကောင်းဆုံးလုပ်မည် နည်း စဉ်းစားစိတ်ကူးသည်က အရေးကြီးသည်။ အနုပညာကိုအရူးအမူးမြတ်နိုးခြင်းဟုလည်း ဆိုနိုင်သည်။ အတတ်ပညာဆိုင်ရာ ထူးချွန်အောင် အစဉ်လေ့လာလေ့ကျင့်နေသည်ဟုလည်း ပြောနိုင်သည်။ တစ်နည်းအားဖြင့် ပရိသတ်ကို အထူးလေးစားတန်ဖိုးထား၍ အလုပ်လုပ်သူဟု အသိအမှတ်ပြုရပေလိမ့်မည် ။ မှော်ကဝေလို စွမ်းပေသည်ပေါ့။

ကျော်သူတွေမှာ တော်တာတစ်ခုခုတော့ အနည်းဆုံးရှိခဲ့သည်။ အတုယူစရာတွေရှိကြသည်။ မြင်အောင်ကြည့်ရမည် ။

အထူးသဖြင့် အနုပညာကို တန်ဖိုးထားလေးစားတတ်ခြင်းအရာတွင် လေးနက်သည်။ အလုပ်ကို စိတ်နှစ် ပြီးလုပ်ကြသည်။

မျက်မှော က်ခေတ် အနုပညာဝါသနာပါသူ လူငယ်လူရွယ်များ ရှိကြပါသည်။ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ပန်းချီ၊ စာပေ၊ အနုပညာနယ်ပယ် အမျိုးမျိုး တွင် မျိုးဆက်သစ်များ နေရာယူဝင်ရောက်လာကြသည်။

နာမည် ကြီးချင်သည်။

အောင်မြင်ကျော်ကြားချင်ကြသည်။

ဝင်ငွေ၊ ငွေကြေး လောဘရှိသည်။

အမှန်တကယ်အောင်မြင်မှု လမ်းကြောင်းဟူသည် အတ္တလောဘကို အခြေအတည်ရပေ။

ပရိသတ်ပြည်သူလူထုကို အကောင်းဆုံး၊ အထူးခြားဆုံး၊ အသစ်လွင်ဆုံး တင်ပြမည် (အချို့က ချပြမည် ဟု မိုက်မဲစွာ မိမိကိုယ်ကို ပြည်သူအထက်က ရှိနေသယောင် ထင်မှတ်မှားနေသော လူငယ်လူရွယ် အနုပညာသည်လေးများ ပြောပုံဆိုပုံ တွေ့နေရသည်။ သနားစရာပဲ) ပြည်သူဘ၀င်ခိုက်အောင် ပြည်သူ့စိတ်ကြိုက်ကျနေအောင်၊ မိမိဖန်တီးနိုင် အောင် ၀မ်းစာဖြည့်ရမည် ။ လေ့လာဆည်းပူးရမည် ။ စွမ်းရည်မြင့်အောင် မြှင့်တင်ရမည် ။ ပညာက အရေးကြီးဆုံး ဖြစ်သည်။

အနုပညာတန်ဖိုးမြင့်စွာ မိမိက လုပ်ဆောင်နိုင်ဖို့ကြိုးစားရပါမည် ။ နာမည် ကြီးခြင်း၊ ငွေပေါခြင်း၊ ကားကောင်းကောင်းစီး၊ တိုက်ကြီးကြီးရဖို့ကို အဓိက ဦးတည်ချက်မထားသင့်။ (ထားချင်လည်းထားပါ)

အဓိက ပန်းတိုင်က ပြည်သူပရိသတ်ကို စွဲမက်လောင်အောင် မိမိက အနုပညာအရည်အသွေး အဆင့်အတန်း အမြင့်မားဆုံးတင်ပြနိုင်ရေးဟု ခိုင်မာတိကျစွာ ခံယူရပါမည် ။ ဒါကမှလမ်းမှန်။

ဦးတည်ချက်က ငါ့အတွက်မဟုတ်ရ။

ပရိသတ်အတွက်ဟု ခံယူရမည် ။

ရသမျှကျေနပ်ရောင့်ရဲပြီး ဘ၀င်မြင့်နေဖို့မဟုတ်။

အချို့နာမည် လေးပေါ်စပြုပြီး တစ်နှစ် ၊ နှစ် နှစ် လောက်နေတော့ မြှုပ်သွားသည်ကို တွေ့ဖူးကြပေလိမ့်မည် ။ ပြည်သူကို အလုပ်အကျွေးပြုမည် ဟု ရည်ရွယ်ရမည် ။ ထို့အတွက် အနုပညာစွမ်းအားမြင့်မားအောင် ကြိုးစားလေ့လာမည် ဟု သဘောထားရပါမည် ။ ရပ်တန့်မနေရ။

ဝမ်းစာရှိဖို့ လိုပေသည်။ သင်ယူလိုစိတ်ရှိနေရမည် ။ အထူးသဖြင့် စာပေဗဟုသုတပြည့်ဝအောင် စာဖတ်ရပါမည် ။ အနုပညာအတတ်ပညာ မြင့်မားအောင် မိမိ တတ်မြောက်ရမည့်  ဘာသာရပ်များ ကို အထူးပြုလေ့လာ ဆည်းပူးနေရမည် ။ ကမ္ဘာကျော်ရုပ်ရှင်မင်းသား ဒပ်စတင်ဟော့ဖ်မင် သရုပ်ဆောင်ရာတွင် အလွန်ထူးချွန်လှသည်။ လူကပုပု၊ အရုပ်ကမလှ၊ နှာခေါင်းရိုးကြီးကြီး။ သို့ သော် သူကစာအလွန်ဖတ်သည်။ ထို့ကြောင့် ပညာအမြော်မြင်ရှိသည်။ Krama Vs Krama မင်းသား။

ရုပ်ရှင်မင်းသမီး မာရီယက်စထရိ၊ သရုပ်ဆောင်ပြောင်မြောက်သည်။ သူက စာအလွန်ဖတ်သော မင်းသမီး။ ဗြိတိန် (U.K) ၀န်ကြီးချုပ် မာဂရက်သက်ချာအ ဖြစ် ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ရသည်။ ပရိသတ်များ လက်ဖျားခါအောင် ချီးမွမ်းကြရသည်။

အနုပညာသည် အနုပညာလက်ရာ အလုပ်ကို တန်ဖိုးထားရပါမည် ။ အနုပညာအရည်အသွေးမြင့်မားစေအောင် စာများများ ဖတ်ရမည် ။ နားမျက်စိဖွင့်ကာ ဆည်းပူးလေ့လာနေရပါမည် ။ ပညာရှာသူ ဖြစ်ရမည် ။

အထိုက်အလျောက် အောင်မြင်မှု လေးတွင် ရပ်တန့်ကာ နစ်မျော ယစ်မူးပြီး ပရိသတ်၏ လျစ်လျူရှုခြင်းခံရသူလူငယ်ချို့ကို မြင်နေရပါသည်။ ခဏတာသာယာမှု လေးတွင် မနစ်မွန်းစေချင်ပေ။

ထူးချွန်ပြောင်မြောက်သည့် အနုပညာရှင်တွေ လူငယ်လူရွယ်တွေထဲမှာ ကမ္ဘာအဆင့်ပခုံးချင်းယှဉ်နိုင်အောင်ပေါ်ထွက်ကြစေချင်ပါတယ်။ ရည်မှန်းချင် မြင့်မြင့်မားမား ထားရှိပြီး ကြိုးစားကြစေလိုပါသည်။

ချစ်နိုင် (စိတ်ပညာ)

၂၆-၇-၂၀၁၂

(၃)
စာရေးတတ်အောင်ဘာလုပ်မလဲ

စာရေးတတ်အောင် ဘာလုပ်မလဲဆိုရင် ပထဦးဆုံး ကတော့ သူများ ရေးတဲ့ စာအုပ်တွေဖတ်ရမှာ ပဲ။ စာအုပ်တွေက အမျိုးစုံပါလား။ မြန်မာလိုရော၊ အင်္ဂလိပ်လိုရော။ စာစီစာကုံး၊ သမိုင်း၊ ၀တ္တု၊ ဗဟုသုတ၊ သိပ္ပံဆိုင်ရာ၊ ဘာသာရပ်တွေအများ ကြီးပါလား။ ကြိုက်ရာဖတ်၊ စိတ်ကြိုက်ရွေးဖတ်။

နားထောင်တတ်တဲ့ အလေ့အကျင့်ရှိအောင် မိမိကိုယ်ကို ဦးစွာ ပထမ လေ့ကျင့်ပျိုးထောင်ပါ။ စာရေးဆရာမ ခင်ခင်ထူးဟာ သူရဲ့ မိခင် ဆွေမျိုးများ ရဲ့ ပြောပုံဆိုပုံ စကားသံတွေကို သေသေချာချာနားထောင်ခဲ့သူ ဖြစ်ပါတယ်။

စာရေးတတ်ချင်တဲ့လူဟာ စာဖတ်တာဝါသနာပါအောင် ဦးစွာ ပထမ ပျိုးထောင်ရမယ်။ စာဖတ်ကျင့်စွဲအောင် လေ့ကျင့်ရမယ်။ စာကြည့်တိုက်တွေသွား၊ ကိုယ်ကြိုက်မယ်ထင်တဲ့စာအုပ်မျိုးတွေ ရွေးချယ်ပြီးငှားလာခဲ့။ အချိန်ရသမျှတစ်အုပ်ပြီး တစ်အုပ် ဖတ်ကြည့်ပေတော့။ ၀တ္တုရှည် အထူကြီးကို ဖတ်ရင်းနဲ့ စိတ်မပါတော့ရင်ချထား။ ဘာသာပြန် စုံထောက်ဝတ္တုစာအုပ် ပြောင်းဖတ်ကြည့်။ ကြိုက်တယ်၊ ဆုံးအောင်ဖတ်လိုက်တယ်။ ပြီးပြီလား။

စာရေးတတ်ချင်တဲ့သူက စပြီးလေ့ကျင့်ခန်း လုပ်ပေတော့။ ဖတ်ပြီးသွားတဲ့ ၀တ္တုစာအုပ်ကို ပြန်လှန်ရင်းနဲ့ ဇာတ်ကောင်အမည် ၊ ဇာတ်လမ်း၊ ဇာတ်အိမ်၊ ဇာတ်ကွက်၊ ဇာတ်ပို့ဇာတ်ရံတွေရဲ့ စရိုက်လက္ခဏာ၊ မှတ်မိသမျှ မှတ်စု အကျဉ်းချုပ်ပြန်ရေးထားပါ။

စာရေးတတ်ချင်ရင် စာရေးလေ့ကျင့်ရပါမယ်။ ဒီလိုစာရေးလေ့ကျင့်တာဟာ အံ့ဩစရာကောင်းလောက်အောင် စွမ်းအားကြီးမားတဲ့ အရည်အချင်းရှိလာအောင် စွမ်းဆောင်တယ်။ မယုံမရှိနဲ့။ မြင့်မားတဲ့ တောင်ကြီးဟာ သဲမှု န်လေးတွေ တစ်မှု န်ချင်းကို စုပေါင်း ဖြစ်တည်လာတာပဲ။ ပင်လယ်သမုဒ္ဒရာကြီးဟာလည်း ရေစက်ရေပေါက်တစ်စက်ချင်း၊ ထောင်သောင်းကုဋေကို စုပေါင်းလိုက်လို့ ဒီလောက်များ တဲ့ ရေ ဖြစ်လာတာပါ။

နေ့စဉ် နေ့စဉ် မပျက်မကွက် ဒီလိုသာ စာဖတ် စာရေး လေ့ကျင့်သွားမယ်ဆိုရင် အာစိဏ္ဏကံလို့ခေါ်တဲ့ စွမ်းအားအလွန်ကြီးမားတဲ့ အဟုန်သတ္တိကို ရတယ်။ မလွဲမသွေစာရေးဆရာ ဖြစ်လာမှာ ပဲ။

ဘာကြောင့်လဲ။

အာသေ၀နပစ္စယ။ အကြိမ်ကြိမ် အဖန်ဖန်၊ အထပ်ထပ် အခါခါပြုလုပ်ခြင်းဟာ ကျောက်စိုင်ကျောက်သားလို ခိုင်မာတဲ့ ကမ်းပါးကို ရေလှိုင်းက “သံစောင်းထက် ရေစောင်းထက်” ဆိုသလိုပဲ ဖြိုခွဲချေမွပေးနိုင်တယ်။ လှိုင်းပုတ်တာ အကြိမ်များ တော့ ကမ်းပါးလည်း ပြိုတာပဲ။

တစ်ခါနဲ့မရ၊ နှစ် နဲ့မရ။ အကြိမ်ပေါင်းများ စွာ ကြိုးစားလေ့ကျင့်မှု နဲ့သာ မိမိလိုချင်တဲ့အရာကို ရနိုင်ပါတယ်။ အဖန်တလဲလဲ ဇွဲနဲ့အားထုတ်ခြင်းရဲ့ စွမ်းအားပါ။

စာရေးတတ်ချင်တဲ့လူဟာ ပတ်ဝန်းကျင်ကို စိတ်ဝင်တစားလေ့လာနေရမယ်။ လူတွေရဲ့ အပြုအမှု ၊ အပြောအဆို၊ အ၀တ်အစား၊ ဓလေ့စရိုက်၊ ဟန်ပန်၊ လေသံ စတဲ့ အချက်တွေကို နားမျက်စိဖွင့်ပြီး ကြည့်ရှုမှတ်သားရမယ်။ ဆရာတက္ကသိုလ်ဘုန်းနိုင် (၁၉၃၀-၂၀၀၂) က Sensitivity အာရုံတရားတွေက သာမန်သူများ ထက်ပိုပြီး ထက်မြက်ရမယ်။ မြင်တတ်ရမယ်၊ ကြားတတ်ရမယ်၊ ခံစားတတ်ရပါမယ်လို့ ရေးသားဖူးပါတယ်။

မြင်သမျှ ကြားသမျှ စူးစမ်းတဲ့စိတ်နဲ့ စိတ်ဝင်စားရမယ်။ ခံစားကြည့်ရမယ်။

ဝတ္တုရေးတဲ့နေရာမှာ အောက်ဖော်ပြပါ D ဒီခြောက်လုံးပါဝင်ရမယ်လို့ ထင်ရှားတဲ့ ၀တ္တုရေးဆရာမ ဘာဘရာတေလာဘရက်ဒ်ဖို့ဒ်က ပြောခဲ့ဖူးတယ်-

၁။ Desire ရေးချင်တဲ့ဆန္ဒ အထူးထက်သန်ပြင်းပြ

၂။ Descipline စည်းကမ်းလိုက်နာခြင်း

၃။ Drive စေ့ဆော်မှု ၊ တွန်းအား

၎။ Dedication ရည်ညွှန်းချက်

၅။ Determination ဆုံးဖြတ်ချက်နဲ့

၆။ Distraction တစ်ခြားဟာတွေကို အာရုံဖြတ်ထားနိုင်ခြင်း ၀တ္တုရေးချင်စိတ်တစ်ခုတည်းပဲ မွေးရမယ်။

အာရုံမပြန့်လွင်စေနဲ့။ ၀တ္တုအတွေးကို အားရုံစူးစိုက်ပါ။

ကောက်ကြောင်းကို အရင်ချခင်းရေးလိုက်ပါ။

ပြီးရင် အပိုင်းတွေခွဲပါ။

ထို့နောက် အခန်းတွေခွဲထွက်ပါ။

ကိုယ့်ဇာတ်ကောင်နဲ့ပတ်သတ်လို့ ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်း ထင်ထင်ရှားရှားမှတ်သားမိအောင် လုပ်ပါ။

အာရုံဝင်စားမှု ပျောက်မ သွားပါစေနဲ့။

ဇာတ်ကောင်ရဲ့ စရိုက်ဟာ ဇာတ်ကွက်ပဲ။

ကိုယ်ပိုင်ပိုင်နိုင်နိုင် သိအောင်လုပ်။ သိတဲ့ အကြောင်းအရာကိုပဲ ရေးရမယ်။ မပိုင်တာကို မဖြီးနဲ့။ မဆိုင်တာကို မရေးနဲ့။

ဝတ္တုရေးတယ်ဆိုတာ ဇာတ်ကောင်တွေ အချက်အလက်တွေ အများ ကြီးကို ပရိတ်သတ်စိတ်ဝင်စားအောင် မိမိက စုစည်းတင်ဆက်ခြင်းပါပဲ။

အပိုင်တွေခွဲပြီး အကျဉ်းချုံ့ရေးထား။ Parts, Chapter အခန်းတွေခွဲပြီး ဘယ်အခန်းမှာ ၀တ္တုရဲ့ ဘယ်အစိတ်အပိုင်း၊ ဘယ်လောက်အတိုင်းအတာကို ပြမယ်၊ ပြောမယ်လို့ မှတ်စုထုတ်ထား။ အဲဒီ မှတ်စုကိုကြည့်ပြီး ချဲ့ထွင်ရေးသား သွားရပါမယ်။ အဆင့်ဆင့်ရေးရင် လွယ်ကူပါတယ်။

အပိုင်း (က) ရဲ့ အခန်း (၁) က ပထမဆုံးစတဲ့ အဖွင့်ဆိုပါစို့။ ပုံစံအမျိုးမျိုး၊ ဟန်အမျိုးမျိုး၊ ဖွဲ့နွဲ့နည်း အမျိုးမျိုးနဲ့ ရေးစမ်းကြည့်ပါ။ ထည့်စရာရှိထည့်၊ ဖြုတ်စရာရှိ ဖြုတ်၊ ဘယ်လိုရေးထားတာ အကောင်းဆုံးလဲ။ မိမိစိတ်ကြိုက်အကျဆုံးကို အတည်ယူလိုက်ပါ။ ဒီနည်းဟာ ကမ္ဘာကျော်ဝတ္တုရေးဆရာ တွေ အားထုတ်ပုံပါပဲ။

ဝတ္တုဆိုတာဘာလဲ?

မုသားများ နဲ့ သီကုံးထားတဲ့ အမှတ်တရအ ဖြစ်အပျက်တစ်ခုလို့ အနောက်တိုင်း ၀တ္တုရေးဆရာမ တစ်ဦးက ပြောခဲ့တယ်။ သို့ ရာတွင် အောင်မြင်တဲ့ ၀တ္တုရေးဆရာ ဖြစ်ချင်ရင် ဒီဝတ္တုထဲက မုသားများ ဟာ အမှတ်တရားများ နဲ့ အနီးစပ်ဆုံး ဖြစ်ရပါမယ်တဲ့။

ဝတ္တုထဲက ဇာတ်ကောင်ဆိုတာ အပြင်မှာ တကယ်ရှိတာမှ မဟုတ်ဘဲ။ ရှားလော့ဟုမ်းလည်း မရှိဘူး။ စုံထောက်ဦးစံရှားဆိုတာလည်းမရှိဘူး။ စာရေးသူရဲ့ ခေါင်းထဲမှာ ပဲ ရှိတဲ့ ဖတ်ချက်တွေကိုး။ ဖြစ်ရပ်မှန်တွေကို လေ့လာသုတေတနပြုရတယ်။ ကိုးကားရတယ်၊ ကောက်နှုတ်ရတယ်။ တကယ့်ကိုယ်မွေးဖွားပေးတဲ့ ဇာတ်ရုပ်ဇာတ်ကောင်တွေကို တကယ်အသက်ဝင်အောင် လှုပ်ရှားစေရပါမယ်။

ဇာတ်လမ်းတစ်ခုခုကို တည်ဆောက်တဲ့အခါ အချိန်ရယ်၊ နေရာရယ်၊ ပတ်ဝန်းကျင်အနေအထား၊ စတဲ့အချက်တွေ့ကို သဘာဝအတိုင်း ဖန်တီးပေးရပါမယ်။

ဇာတ်ကောင်များ ရဲ့ စကားပြောက အရေးကြီးတယ်။

ဇာတ်ကောင်ရဲ့ စရိုက်လည်း ပါရမယ်။

ဇာတ်ကွက်ကိုလည်း ရွေ့လျားသွားစေရမယ်။

ပြင်ပလောကရှိနေကြတဲ့ သက်ရှိလူတွေပြောဆိုပုံနဲ့ အနီးစပ်ဆုံးတူရပါမယ်။

အင်. အာ. ဟိုဒင်းစတဲ့ အပြင်မှာ လူတွေတကယ်ပြောရာမှာ ပါတတ်တဲ့ ကြားခံစကားတွေတော့ ထည့်စရာမလိုပါဘူး။ ၀တ္တုထဲက စကားပြောဟာ တိကျရပါမယ်။

အချို့စာရေးဆရာများ ဟာ ၀တ္တုရေးတော့မယ်ဆိုရင် ကတ်ပြားအလွတ်ကလေးတွေ စုထားတယ်။ ကတ်ပြားတစ်ခုစီအပေါှ်မှာ ဇာတ်ကောင်ရဲ့ အမည် ၊ အသက်၊ မိဘ၊ မွေးဇာတိ၊ ၀ါသနာ၊ အလေ့အထ စသဖြင့် စိတ်ပညာရှင်တစ်ယောက်လိုပဲ ရေးမှတ်ထားတယ်တဲ့။

ဥပမာ- ဆမ်မက်ကာဗားဆိုတဲ့ စာရေးဆရာတစ်ယောက်ဟာ ၀တ္တုရှည်တစ်ပုဒ်မရေးမီ ကြိုတင်ပြင်ဆင်ရေးသားထားတဲ့ သူ့ရဲ့ ဇာတ်ကောင် တစ်ယောက်အကြောင်းမှတ်စုကတ်ပြားလေးမှာ လူတစ်ယောက်လိုပဲ တိတိကျကျ ဒီလိုရေးမှတ်ထားခဲ့တယ် -

၁။ အမည် -ဆာရာပရင့်စ်

၂။ မွေးရက် -ဇွန်လ (၁၁) ရက်၊ အင်္ဂါနေ့

၃။ အသက် -၂၉နှစ်

၎။ နေရပ်လိပ်စာ -ဆန်ဒီယာဂိုမြို့၊ တိုက်ခန်းတစ်ခု၊ နော်မန်ဗင့်ဆင့်လမ်း

၅။ အလုပ်အကိုင် -မင်္ဂလာပွဲများ စီစဉ်ဆောင်ရွက်ပေးသူ

၆။ အိမ်ထောင်ရေး -တစ်ခုလပ်

၇။ သားသမီး -၈ နှစ် အရွယ် သားဟယ်ရီ

၈။ မိသားစု -၂၇ နှစ် အရွယ် ညီမလေး အယ်နီ၊ မုဆိုးမမိခင် ကာရိုလင်

၉။ အိမ်မွေးတိရစ္ဆာန် -တယ်ရီယာခွေးလေး ပက်ဗလို

၁၀။ ၀ါသနာ -သည်းထိတ်ရင်ဖို စွန့်စားခန်းများ ၀ါသနာပါသည်

၁၁။ ပင်ကိုယ်သဘာဝ -ခရီးသွားရခြင်းကိုဝါသနာထုံသည်။ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သည်။

၁၂။ ပုံပန်းသဏ္ဍန် -အရပ် ၅’ ၇” ၊ ပေါင် ၁၁၀၊ ရွှေအိုရောင် ဆံပင်၊ အညိုရောင်မျက်လုံး

၁၃။ အရင်းနှီးဆုံးမိတ်ဆွေ -၂၉နှစ် ရှိ ကေသီဘင့်စ်

၁၄။ ပင်ကိုယ်စရိုက် -ဆေးလိပ်သောက်တတ်

၁၅။ နှစ်သက် သောအစာ -တရုပတ်အစားအစာ

၁၆။ ကျွမ်းကျင်မှု -ကားမောင်း၊ လေယာဉ်ငယ်မောင်းနှင်နိုင်ကြောင်းလိုင်စင်ရထား

၁၇။ ဆန္ဒ -ဘ၀ဖော်မွန်ခင်ပွန်းကောင်းတစ်ဦးလိုချင်နေ

မြန်မာဝတ္တုအချို့မှာ ဇာတ်ကောင်အမည် လွဲချောတာတို့။ စတော်ဘရီပင်အောက်မှာ ချစ်သူနှစ် ဦးချိန်းတွေ့တာတို့ (စတော်ဘရီပင်လေးတွေက ကုန်းကန်စွန်းပင်လို မြေပေါ်မှာ ၀ပ်ပြီး ပေါက်တဲ့အပင် သေးသေးလေးတွေပဲ။ စာရေးဆရာထင်သလို အရိပ်ရအပင်ကြီးမျိုးမဟုတ်ဘူး)

ဝတ္တုရေးသူရဲ့ တာဝန်က ဖျော်ဖြေမှု ပေးဖို့ တစ်ချက်ပါတယ်။ တကယ်မရှိတဲ့ စာရေးသူရဲ့ ကမ္ဘာလေးထဲကို စာဖတ်သူဟာ ရောက်သွားစေရမယ်။ ဆွဲခေါ်သွားရပါမယ်။ ၀တ္တုဖတ်တဲ့လူက ခံစားချင်လို့ဖတ်တာ။

ဗဟုသုတ ပေးချင်လည်းပေးပါ။ မတားပါဘူး။ ရပါတယ်။

ဒါပေမယ့် ၀တ္တုဖတ်တဲ့ စာဖတ်ပရိသတ်လိုချင်တာကတော့ လက်တွေ့ဘ၀က လွတ်မြောက်အောင် ဆွဲခေါ်သွားပြီး စာရေးသူရဲ့ စိတ်ကူးထဲမှာ သာ ရှိတဲ့ ဘ၀တစ်ခုထဲကို ခံစားပြီး ရောက်သွားချင်တာ။ ဖျော်ဖြေမှု တာဝန်ကျေစေရမယ်။

ဒါတွေကတော့ ၀တ္တုစာအုပ် ၁၃ အုပ်ရေးသားပြီးအောင်မြင်ထင်ရှားတဲ့ ဘာသရာတေလာဘရက်ဒ်ဖို့ဒ်ဆိုတဲ့ ၀တ္တုရှည်ရေးတဲ့ စာရေးဆရာမ ရဲ့ အာဘော်ကောက်နုတ်ချက်အချို့ဖော်ပြခြင်း ဖြစ်ပါတယ်။ ရွှေအမြုတေ မဂ္ဂဇင်း ၉၆၊ နိုဝင်ဘာလထုတ်မှ ဆရာဝင်းငြိမ်း ဘာသာပြန်တဲ့ “စာရေးဆရာ၏ ဖန်တီးမှု ” ဆောင်ပါးမှ မှီငြမ်းပါတယ်။

စာရေးတတ်ချင်ပါတယ်ဆိုတဲ့ စာပေ၀ါသနာရှင်တွေအတွက် မ ဖြစ်မနေသိရှိရမယ့် လမ်းပြမြေပုံကို ခင်းပြလိုက်ခြင်းပါပဲ။

အောင်မြင်ထင်ရှားတဲ့ စာရေးဆရာကြီးများ က သူ့ဖာသာသူသာ ကျော်ကြားတဲ့ ၀တ္တုကြီးများ ကို ထူးထူးခြားခြားဖန်တီးတယ်။ သို့ သော် စာပေ၀ါသနာရှင်တွေအတွက် အထက်က ဘာဘရာတေလာဘရက်ဖို့ဒ်တို့လို လမ်းခင်းပြခြင်း၊ ရှင်းလင်းပြောပြရေးသားခြင်းတို့တော့ ပြုတဲ့လူနည်းပါတယ်။ အခုလို နည်းနာနိဿယျကိုစနစ်တကျ သိရတော့ စာပေ၀ါသနာရှင်များ အတွက် ကောင်းကျိုးရစေနိုင်ပါတယ်။ အထောက်အကူရ စေတယ်။

ကိုယ်တိုင်လက်တွေ့ အားထုတ်ရေးသားခြင်း အလုပ်ပေါ်မူတည်ပြီး အောင်မြင်မှု ရကြမှာ ဖြစ်ပါတယ်။ ဗဟုသုတအ ဖြစ်, နည်းသိရုံမျှနဲ့တော့ ဘာမှမထူးခြားပါ။ ဇွဲလုံ့လနဲ့ စိတ်အားထက်သန်မှု သာ အဓိကပါပဲ။

ချစ်နိုင် (စိတ်ပညာ)

၈-၈-၂၀၁၂



ဝန်ဇင်းချစ်သူများ ချစ်နိုင်(စိတ်ပညာ) ၏ “ စာပေရေးသားနည်း (၂) ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ရွှေဖိနပ် ရှပ်တိုက်စီး

ချစ်လို့ပြောတာမှတ်ပါ ရေဒီယိုဟောပြောချက်(၁)

အကြီးအမှူး ဖြစ်စေတတ်သော