ဟိမ၀န္တာ ခရီးသည်
``နောင်တော် ဘုရင်မင်းမြတ်အား ကြားသိစေလိုက်သည်မှာ …
ကျွန်ုပ်သည် သင့်အထံတွင် အိမ်ရှေ့ဥပရာဇာဘ၀ဖြင့် နေထိုင်ခဲ့သော ကာလပတ်လုံးပင် သုံးပါးသော ကံတို့ဖြင့် စိုးစဉ်းမျှ သင့်အား ပြစ်မှားမိခဲ့ခြင်း မရှိ။ ရန်သူနှလုံးထား မတရားသော အရ ပြုခဲ့ခြင်းလည်း မရှိ။
သို့ပင်လျက် သင်သည် ကျွန်ုပ်အား ရန်သူပြုလျက် အရာမှ နုတ်ကာ အိမ်ဆိုး အကျဉ်းထောင်၌ အနှောင်အဖွဲ့ ပြုခဲ့ပေ၏ ။
ကျွန်ုပ်သည် မိမိ၏ ဘုန်းတန်ခိုးနှင့် သစ္စာကို အထောက်အထားပြုလျက် သင်၏ အနှောင်အဖွဲ့မှ လွတ်မြောက်ရုန်းထွက်ခဲ့ကာ ယခုအခါ သင့်အထံသို့ ဤစစ်ရာဇသံကို စေအပ်ပေပြီ။
ရန်သူ မလုပ်လိုဘဲလျက် သင်၏ ပြုမူချက်ကြောင့် ရန်သူလုပ်နေပြီ ဖြစ်သော ကျွန်ုပ်သည် သင့်အား ဤသို့သော စစ်စကားဆိုပြီး ထီးနန်းကိုသော်လည်း ပေးအပ်မည် လော၊ စစ်ပွဲသော်လည်း ပြုမည် လော၊ အကြာအရှည်နေသော် တိုင်းသားပြည်သူ ကျွန်တော် မျိုးတို့သာ ပင်ပန်ြး ကတော့မည် ´´
ပေါလဇနကမင်း
သံတော် ဆင့်၏ ရာဇသံဖတ်ကြားချက်အဆုံးတွင် ညီလာခံသည် ပို၍ တိတ်ဆိတ်သိပ်သည်းသွားသည်။ နန်းရင်ပြင်တွင် ရှိနေကြသူများ အားလုံး၏ မျက်စိအစုံပေါင်းများ စွာ တို့မှ စူးစူးရဲရဲအကြည့်တို့သည် မိမိထံတွင် စုပြုံကျရောက်နေသည်ကို အရိဋ္ဌဇနကမင်း သိနေသည်။
တစ်နေ့ ဤသို့ ဖြစ်လာမည် ကို ကြိုသိနေကြသည့် မျက်လုံးများ ။ ဤနေ့ဤရက်ကို အကယ်ပင် ကြုံတွေ့ ရတော့မည် ဟု တထိတ်လန့်လန့် တွက်ဆထားကြသော မျက်နှာများ …။
``သစ်တပ်မှာ နေရတဲ့သူကများ စစ်ရာဇသံ ပို့သတဲ့လား´´
ကြုံးဝါးရေရွတ်သံပင် ဖြစ်သော်လည်း အရိဋ္ဌဇနကမင်း၏ အသံမှာ ခြင်္သေ့မင်း၏ အသံလို အင်အားမဆောင်ဘဲ လျော့ရဲရဲ ထွက်ပေါ်လာသည်။ အမှူးအမတ်များ နှင့် စစ်ကဲမင်းများ ကို လှမ်းကြည့်လိုက်သော အခါတွင် လည်း မသာမယာ မျက်နှာထားများ သာ တွေ့ ရသည်။ စစ်ဆိုသော အသံ၏ ရိုက်ပုတ်နှိုးဆော်မှု ဖြင့် စစ်သွေးတို့ ဖြန်းဖြန်းတက်ကြွကာ သော သော လှုပ်လှုပ် အုတ်အုတ်ကျက်ကျက် ဖြစ်သွားရမည့် အစား ရေသေအိုင်ကြီးတစ်ခုလို လေးလံစေးပျစ်လျက်သာ ရှိချေသည်။
ဤတွင် အရိဋ္ဌဇနကမင်း၏ ရင်သည် ရာဇာတို့၏ မာန်မာနဖြင့် တင်းခနဲ ဖြစ်သွားသည်။ သံတော် ဆင့်နှင့် စစ်ကဲမင်းတို့၏ နောက်နားကျကျ၌ ခစားနေသော စစ်သံများ ကို လှမ်းကြည့်လိုက်သည်။ မခံချိမခံသာ အ ဖြစ်ပင်။ စစ်ရာဇသံပို့လာသာ ထိုသူငါးယောက် တို့၏ ရဲမက်ဝတ်စုံမှာ ဟောင်းနွမ်းနေသော်လည်း အသွင်အပြင်မျက်နှာထားများ က ပကတိ တင်းမာနေကြသည်။ စိုးရွံ့ခြင်း အလျဉ်းမရှိ။ မိမိ၏ တုံ့ပြန်စကားကို စွင့်သော နားဖြင့် တည့်မတ်စွာ ရှိနေကြသည်။
အရိဋ္ဌဇနကမင်းသည် ရာဇာမင်းတို့၏ မာန်ကို စုစည်းသော အနေဖြင့် အသက်ပြင်းပြင်း တစ်ချက်ရှိုက်သည်။ သက်ပြန်ထုတ်လိုက်သော လေပူတို့နှင့်အတူ စကားတုံ့ကို ဆိုသည်။
``မင်းတို့ခေါင်းဆောင်ကို ပြောလိုက်၊ ထီးနန်းနဲ့ တန်သလားလို့ ကိုယ့်ကိုယ်ကို မေးကြည့်ဦး၊ အဲဒီ လို မေးနေတုန်း အဖြေထုတ်နေတုန်းမှာ ပဲ ကျွန်ုပ်က အလုံးအရင်းနဲ့ စစ်ထွက်လာပြီဆိုတာ တွေ့ ရမယ်၊ စစ်မြေပြင်တလင်းမှာ သင်းဦးခေါင်းကို ငါယူမယ်´´
မင်းတို့ `ခေါင်းဆောင်´ဟူသော စကားကို သုံးလိုက်နိုင်ခြင်းအတွက် အရိဋ္ဌဇနကသည် မိမိကိုယ်မိမိ ကျေနပ်အားရသွားသည်။ ခေါင်းဆောင်… ဟုတ်သည်၊ ပေါလဇနကသည် မင်းမဟုတ်၊ မင်းလျားမဟုတ်၊ အာဏာဖီဆန်သူတို့၏ ခေါင်းဆောင်၊ သစ်တပ်တည်၍ သစ်လုံးများ အတွင်းမှာ နေရသော သူ။
စစ်ရာဇသံပို့လာသော ရဲမက်ငါးယောက် တို့ နန်းရင်ပြင်မှ ထကြသည်။ ထို့နောက် ညီလာခံ ပရိသတ် မှူးမတ်များ အကြား လမ်းမြောင်အတိုင်း တိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်။ ၀ဲယာတစ်ဖက်စီမျ နန်းတွင်းအမှု ထမ်းများ ကလည်း နန်းဆောင်အပြင်သို့ ထွက်သွားကြသူများ ကို တိတ်ဆိတ်သော မျက်လုံးများ ဖြင့် ကြည့်နေကြသည်။ ရဲမက်များ ၏ ခြေသံတရှပ်ရှပ်နှင့် ၀တ်ရုံစများ ပွတ်တိုက်သံတို့သာ ထွက်ပေါ်နေသည်။
မကြာမီ စစ်ရာဇသံပို့လာသော ရဲမက်အစုသည် နန်းဆောင်ခန်းကြီးထဲမှ ထွက်ခွာလျက် ပျောက်ကွယ်သွားကြသည်။ ညီလာခံသည်ကား စောစောကအတိုင်းပင် တိတ်ဆိတ်ခြင်း၌ နစ်မြုပ်လျက် ကျန်ရစ်ခဲ့လေသည်။
ဤသို့ ဖြင့် ပင် ၀ိဒေဟရာဇ်တိုင်း၊ မိထိလာပြည်၏ သမိုင်းတစ်ခုသည် စစ်တည်းဟူသော ကဏ္ဍသစ်တစ်ခုထဲသို့ ၀င်ရောက်သွားပေပြီ။ စစ်ဆိုသည့်အရာနှင့် နှစ် ပရိစ္ဆေဒရှည်ကြာစွာ ကင်းကွားနေခဲ့သော အေးချမ်းငြိမ်သက်သည့် မိထိလာသည် စစ်ကို ဘွားခနဲ မျက်မှော က်ပြုလိုက်ရပြီ ဖြစ်လေသည်။
ဘေးတော် ဘိုးတော် တို့လက်ထက်။ ထို့နောက် ခမည်းတော် မဟာဇနကမင်းကြီး လက်ထက်။ ထို့နောက် မိမိလက်ထက်။ အစဉ်တစိုက် ငြိမ်းချမ်းခဲ့လေသော မိထိလာပြည်။ ဤပြည်ကြီး၏ ငြိမ်းချမ်းမှု သည် ယခုအခါ အဆုံးသတ်တော့မည် ။ စစ်မြေပြင်ကြီးတစ်ခု မကြာခင် ပေါ်ပေါက်တော့မည် ။
စစ်၏ အငွေ့အသက်ကို စတင်စေလွှတ်လိုက်သူမှာ တိုင်းတစ်ပါးပြည်ခြား မင်းဘုရင်တစ်ပါးမဟုတ်၊ ကျူးကျော်ဝင်ရောက်သူများ မဟုတ်၊ မိမိ၏ ညီတော် ပေါလဇနကမင်း ဖြစ်သည်။
ပေါလဇနက။ အရိဋ္ဌဇနကမင်းသည် ဤအမည် ကို စိတ်ထဲမှာ ရေရွတ်ရင်း မွန်းကျပ်လာသည်။ သင်း စော်ကားရိုင်းပျလေခြင်း။ ခမည်းတော် မဟာဇနကမင်းကြီး အသက်ထင်ရှားရှိစဉ်၊ မိမိ အိမ်ရှေ့ဥပရာဇဘ၀တွင် ရှိစဉ်က သင်းသည် သေနာပတိ ဖြစ်ခဲ့သည်။ ခမည်းတော် မင်းကြီး အနိစ္စရောက်သွားသော အခါ မိထိလာနန်းပလ္လင်ထက်သို့ မိမိတက်ခဲ့ချိန်တွင် သင်းအား အရိုက်အရာခံ အစဉ်အလာအတိုင်း ဥပရာဇာအ ဖြစ်သို့ ပေးခဲ့သည်။
ယခုမူ သင်းကား သစ်လုံးတပ်တည် ဗိုလ်ဝင်ခံ အင်အားစုကာ ထီးပြိုင်နန်းပြိုင် ပြုနေချေပြီ။ ထီးနန်းကို ပေးအပ်မည် လော၊ စစ်မက်ကို ပြုမည် လောဟု ရာဇသံ စေချေပြီ။
အရိဋ္ဌဇနကမင်းသည် မချမ်းမမြေ့ ခံစားလာရသည်။
မိထိလာ၏ ငြိမ်းချမ်းမှု အပြင်ညီတွင် အက်ကွဲကြောင်း စတင် ဖြစ်ပေါ်လာပြီ။ ပေါလဇနကသည် စစ်ကိုတောင်းနေပြီ။ ထိုပေါလဇနကသည် ယခုလို ပုန်စားသူတို့ ခေါင်းဆောင်ဘ၀ မရောက်မီက အိမ်ရှေ့ဥပရာဇ ဖြစ်ခဲ့သူ၊ အိမ်ရှေ့ဥပရာဇာ မ ဖြစ်မီက သေနာပတိ ဖြစ်ခဲ့သူ…။ သူလှုပ်ခါလိုက်သော အရှိန်ကြောင့် မိထိလာနန်းတော် သည် ယိမ်းယိုင်ရတော့မည် လား။
အုံ့မှိုင်းသော အတွေးများ ဖြင့် အရိဋ္ဌဇနကမင်းသည် နန်းရင်ပြင်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ ငုံ့လိုက်နေကြသော ဦးခေါင်းများ ၊ ၀ပ်တွားနေကြသော ကျောပြင်များ ၊ နိမ့်ဆင်းနေကြသော ပခုံးများ ကို မြင်နေရသည်။ အားရတက်ကြွဖွယ် အလျဉ်းမရှိသော မြင်ကွင်း ဖြစ်သည်။
ညီလာခံပရိသတ်ဆီမှသည် အကြည့်ရုပ်သိမ်းကာ လက်ဝဲဘက်အောက်ခြေ တစ်နေရာဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ရွှေပိန်းချ သလွန်တစ်ခု ရှိသည်။ သို့သော် သလွန်ပေါ်တွင် ထိုင်သူမရှိ။ ကတ္တီပါဖုံနှင့် ကမ္ဗလာခင်းထားသော သလွန်သည် လစ်လပ်နေသည်။
ထိုနေရာသည် မိဖုရားကြီး၏ နေရာ ဖြစ်သည်။
အရိဋ္ဌဇနကမင်းသည် စိုးရိမ်ထိတ်လန့်မှု တစ်ခုကို သိသိသာသာကြီး ခံစားလိုက်ရသည်။ မိဖုရားကြီသည် ပဋိသန္ဓေအရင့်အမာဖြင့် ရှိချေသည်တကား။
စံပယ်နံ့၊ နှင်းပန်းနံ့များ အပြင် အစဉ်မွေးပျံ့လျက်ရှိသော မိဖုရားကြီး၏ အဆောင်သည် ယနေ့အဖို့ ထိုပန်းနံ့များ မှ ကင်းဝေးလျက် စိမ်းရွှေရွှေအနံ့တစ်မျိုးဖြင့် ထုံသင်းနေသည်ကို အရိဋ္ဌဇနကမင်း ဦးစွာ သတိထားမိသည်။
ရွှေရေး ချ သုံးချောင်းထောက်ခုံပေါ်မှာ လှပသော ကြွေအိုးတွင် နှင်းဆီပန်းများ ထိုးစိုက်ထားသော်လည်း နှင်းဆီပန်းရနံ့တို့ကား ထွက်ပေါ်မလာ၊ စိမ်းရွှေရွှေရနံ့တချို့သာ အဆောင်ထဲမှာ ဖုံးလွှမ်းနေသည်။
အရိဋ္ဌဇနကမင်းသည် အဆောင်တော် တွင်း ၀င်လာသည်နှင့် မောင်းမရံရွှေများ သည် ပျာပျာသလဲ ဖြစ်သွားကြကာ အသီးသီး လှုပ်ရှားနေသော နေရာများ မှ ရှဲဖယ်ကြသည်။ အရိဋ္ဌဇနကမင်းသည် မိဖုရားကြီး၏ စက်ရာကုတင် ခေါင်းရင်းဆီသို့ လှမ်းသွားလိုက်သည်။
စက်ရာပေါ်တွင် ကား ပဋိသန္ဓေ အရင့်အမာကို လွယ်ထားသော မိဖုရားကြီးသည် အလိုက်သင့် လဲလျောင်းနေလေသည်။ စိမ်းရွှေရွှေအနံ့မှာ ကုတင်ခေါင်းရင်းအောက်ရှိ ကြေးလင်ပန်းရှိ တစ်စုံတစ်ရာကို မီးရှို့မြိုက်ရာမှ ထွက်ပေါ်လာသော အနံ့ ဖြစ်ကြောင်း အရိဋ္ဌဇနကမင်း သိသည်။
``ခါတိုင်းလို ပန်းရနံ့တွေ နဲ့ မကြိုဆိုနိုင်တဲ့အတွက် နှမတော် ကို ခွင့်လွှတ်ပါ၊ သမားတော် များ အစီအမံနဲ့ အဲဒီ ဆေးမှု န့်နဲ့ ဆေးမြစ်တွေ ကို မီးရှို့ပြီး ထွက်လာတဲ့ အနံ့ကို ရှူရှိုက်ရပါတယ်၊ သွေးလေ မတက်စေရအောင် ကြိုတင်စီမံထားတာပါ မောင်တော် မင်းကြီး´´
နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်မိန်းမတစ်ဦး၏ အာဝေဏိက ဒုက္ခတစ်ပါးကို အရိဋ္ဌဇနကမင်း စာနာနားလည်လိုက်သည်။
သို့သော် မိဖုရားကြီး၏ ပဋိသန္ဓာရ တောင်းပန်စကားကို ခေါင်းညိတ်ပြရုံမျှဖြင့်သာ တုံ့ပြန်လိုက်ပြီးနောက်…
``အင်မတန် အရေး ကြီးတဲ့စကား ပြောဖို့ မောင်တော် လာခဲ့တယ်၊ နှမတော် သက်သာသလို နေပါ၊ မောင်တော် ပြောမှာ ကို ဂရုစိုက် နားထောင်ပါ´´
``မိန့်ပါ… မောင်တော် မင်းကြီး´´
အရိဋ္ဌဇနကမင်းသည် မိဖုရားကြီး၏ ပြည့်ဖြိုးသော ၀မ်းဗိုက်ဆီသို့ စောင်းငဲ့ကြည့်သည်။ ပဋိသန္ဓေကို လွယ်ဆောင်သော မိခင်လောင်းတစ်ဦး၏ ကျက်သရေရှိမှု ကိုလည်း သတိထားမိသည်။ မိဖုရားကြီးသည် မိမိ၏ ရင်သွေးကို မကြာမီ မွေးဖွားပေးပေတော့မည် ။ မိမိ၏ ရင်သွေး၊ ထီးနန်းအရိုက်အရာ၊ မိထိလာ၏ နန်းညွန့်နန်းလျား။
သည်လိုအချိန်မျိုးမှာ မှ စစ်ဆိုသော အရာသည် နန်းတော် မြို့ရိုးတံခါးကို ရိုက်ပုတ်လာလေခြင်း။ နေ့နေ့ညည မကြာမီ မီးရှူးသန့်စင်တော့မည့်  မိဖုရားကြီးအား အနိဋ္ဌာရုံမှန်သမျှ မမြင်ရ၊ မကြားရစေဘဲ ဣဋ္ဌာရုံမှန်သမျှ တို့ကိုသာ မြင်ကြားထိတွေ့ နေစေသင့်သော ဤလိုအချိန်အခါမျိုးတွင် မှ ဤသို့ ကြုံရလေခြင်း….။
နှုတ်ထွက်စကား မဆိုရက် ရှိလေတော့သည။
``မောင်တော် မင်းကြီး မျက်နှာမသာယာ ရှိလှတယ်၊ ဆိုစရာရှိတာ ဆိုပါမောင်တော် ၊ နှမတော် ဟာ ဘုန်းသမ္ဘာရှင် ရင်သွေးသန္ဓေကို လွယ်ထားတာမို့ ဘာကိုမဆို ရင်ဆိုင်နိုင်ပါတယ်´´
အရိဋ္ဌဇနကမင်းသည် မိဖုရားကြီး၏ လက်ဖမိုးထက်သို့ တယုတယ အုပ်မိုးဆုပ်ကိုင်လိုက်လေသည်။ မပြောမပြီးသည့် စကားကို ပြောရန် သက်ပြန်ရှူရှိုက်အားယူသည်။ ထို့နောက်….
``ပေါလဇနက စစ်ရာဇသံပိုပြီ နှမတော် ´´
မိဖုရားကြီးက မင်းကြီး၏ လက်ကို ဆုပ်ညှစ်သည်။
``တစ်နေ့ ဒီလို ဖြစ်လာမယ်ဆိုတာ နှမတော် သိနှင့် ပြီ မောင်တော် ´´
တုန်လှုပ်မှု မရှိသော မိဖုရားကြီးအသွင်ကို မြင်ရသည့်အတွက် အရိဋ္ဌဇနကမင်း အတော် အတန် တည်ငြိမ်မှု ယူနိုင်ပေသည်။
``နန်းတော် အကျဉ်းထောင်ထဲကနေ ပေါလဇနက လွတ်မြောက်သွားပြီး ရပ်စွန်ရွာငယ်မှာ ခိုအောင်းနေခဲ့တာတွေ ၊ ပစ္စန္တရစ်ဒေသတွေ က သူ့အောက်ခိုဝင်ကြပုံတွေ ၊ ဇနပုဒ်တွေ ၊ ရွာငယ်တွေ ကို သူသိမ်းသွင်းခဲ့ပုံတွေ ကို နှမတော် တို့ အစဉ်တစိုက် ကြားခဲ့ပြီး ဖြစ်ပါတယ်၊ နောက်ဆုံး မြို့ပြင်မနီးမဝေးမှာ သစ်တပ်ဖွဲ့ပြီး ဗိုလ်ဝင်ခံတဲ့အထိ အင်အားစုရုံးပြီဆိုတဲ့ သတင်းကို ကြားလာရတယ်၊ အဲဒီ ကတည်းက ပေါလဇနကဆီက စစ်ရာဇသံ ပို့တော့မယ် နေ့တစ်နေ့ကို ရောက်လာမယ်ဆိုတာ နှမတော် မျှော်လင့်ပြီး ဖြစ်ပါတယ် မောင်တော် ´´
``စစ်ဆိုကတည်းက ရှုံးအံ့ နိုင်အံ့ကို တပ်အပ်မသိနိုင်သေးဘူး နှမတော် ´´
ထိုစကားကိုပြောပြီးမှ မိမိစကား မှားသွားပြီဟု အရိဋ္ဌဇနကမင်း သိလိုက်သည်။ သည်စစ်မှာ မောင်တော် မုချနိုင်မယ်၊ ပေါလဇနကမင်း ရှုံးနိမ့်မယ်၊ အေးဆေးစွာ သာ စံပေတော့၊ ကိုယ်ဝန်ကိုသာ စောင့်ရှောက်မွေးမြူနေတော့ဟု ဘာကြောင့် ပြောမထွက်ခဲ့သနည်း…။
မိဖုရားကြီးကား တုန်လှုပ်ဟန်ကို မပြ။
``ဟုတ်ပေတာပေါ့ မောင်တော် ၊ စစ်ဆိုတာ နိုင်ခြင်း၊ ရှုံးခြင်း အလားအလာ နှစ် ခုရှိနေတာပဲ´´
``မောင်တော် စစ်ထွက်ရတော့မယ်´´
``ကိုယ်လက်ပေါ့ပါးစွာ သာ ရှိနေရင် မြို့ဦးမုခ်ကနေပြီး နှမကိုယ်တိုင် စစ်ထွက်ယောက်ျားကို သပြေကမ်းလိုက်ချင်ပါတယ်၊ အခုတော့…´´
``သန္ဓေကိုသာ ကောင်းစွာ စောင့်ရှောက်ပါ နှမတော် ၊ ပြီးတော့ စစ်မြေပြင်ဆီက သတင်းကိုလည်း နိုးနိုးကြားကြား နားစွင့်နေဖို့…´´
``နားဆင်ပါ မောင်တော် မင်းကြီး၊ မိန်းမသား တစ်ယောက် အဖို့ သားသန္ဓေလွယ်ပြီး မီးရှူးသန့်စင် ဖွားမြင်တယ်ဆိုတာဟာလည်း စစ်ပွဲတစ်ပွဲပဲ မဟုတ်လား၊ နှမတော် ကိုယ်တိုင်လည်း စစ်မျက်နှာသစ်တစ်ခု ဖွင့်နေတယ်လေ၊ ဒီစစ်ပွဲမှာ နှမတော် မုချအနိုင်ရမှာ ပါပဲ၊ အလားတူစွာ မောင်တော် မင်းကြီးလည်း စစ်ပွဲမှာ မုချအနိုင်ရမှာ ပါပဲ၊ အောင်ပွဲရလာမယ့် မောင်တော် တို့နဲ့ အောင်ပွဲရထားတဲ့ နှမတော် ကို ဘာကြောင့် မြို့ဦးမုခ်ဝမှာ မဆုံရမှာ လဲ၊ အစစ စိတ်ချယုံကြည်စွာ နဲ့ စစ်ချီပါ မောင်တော် ´´
မိန်းမသားတို့၏ ခွန်အားကို မျက်ဝါးထင်ထင် တွေ့ ရပေပြီ။ စစ်၏ ခြိမ်းခြောက်မှု ဖြင့် နှလုံးမသာ ဖြစ်နေခဲ့ရခြင်းများ ကင်းကွာသွားသည်။ မိခင်လောင်း၏ ပြည့်ဖြိုးရွှင်လန်းသော မျက်နှာကို နှစ် ခြိုက်မြတ်နိုးစွာ ကြည့်လျက် အရိဋ္ဌဇနကမင်းသည် အဆောင်ထဲမှ ထွက်ခွာသွားလေသည်။
သစ်တပ်ကင်းမျှော်စင်ထက်သို့ မမျှော်လင့်ဘဲ ပေါလဇနကမင်း ရောက်လာသည့်အတွက်ကြောင့် ကင်းစောင့်တပ် ရဲမက်အစုများ အံ့သြသွားကြသည်။ ယခုလို ညဥ့်နက်သန်းခေါင်ကျော်တွင် ဘုရင်မင်းမြတ် ကိုယ်တော် တိုင် ကင်းလှည့်စစ်ဆေးမည် ဟု မည် သူမျှ မထင်ကြ။ သို့သော် မိမိတို့ရဲမက်အစုမှ ကင်းတာဝန်ကို အစေ့အစပ် အကြားအလပ်မရှိ အမှု ထမ်းနေကြသည် ဖြစ်သော ကြောင့် ဘုရင်မင်းမြတ် ရှောင်တခင် စစ်ဆေးသည်ကို စိုးရွံ့စရာတော့ မလိုပေ။
``ကိုယ့်နေရာမှာ ပဲ ကိုယ်နေကြ၊ ငါ ကင်းလှည့်စစ်ဆေးတာ မဟုတ်ပါဘူး၊ မိထိလာကို ဒီမျှော်စင်ပေါ်ကနေ ငါ ကြည့်ချင်လို့ တက်လာခဲ့တာ´´
ပေါလဇနကမင်း၏ ရင်းနှီးပွင့်လင်းသော ဤအဆက်အဆံကိုပင် ရဲမက်တို့ မြတ်နိုးချစ်ခင်ကြခြင်း ဖြစ်သည်။ စစ်မှူးချုပ် သေနာပတိအ ဖြစ်မှသည် အိမ်ရှေ့ဥပရာဇာ၊ ထိုမှသည် သစ်တပ်တွင် ယခုလို ပုန်စားသူမင်းတစ်ပါးအ ဖြစ် ရောက်ရှိလာသည့် မိမိတို့အရှင်ကို ရဲမက်များ ထာဝရ သစ္စာစောင့်သည်ပင်။
``နန်းတော် ဆီက လှုပ်ရှားမှု တစ်စုံတစ်ရာ ထူးခြားသေးလား´´
``မထူးခြားသေးပါဘူး အရှင်၊ ညဥ့်အချိန်မှာ သူတို့ စစ်မထွက်ရဲကြတာ သေချာပါတယ်၊ နံနက်မိုးသောက်တော့မှပဲ စစ်ပြင်ကြမယ်လို့ မျှော်လင့်ရပါတယ်၊ အခု တစ်ညဥ့်လုံးတော သူတို့ နန်းမြို့ရိုးအတွင်းမှာ ပဲ စစ်အင်္ဂါ ပြင်ဆင်နေကြပါတယ်´´
တပ်စုမှူးဗိုလ်က အဝေးဆီတွင် မြင်နေရသော မိထိလာနန်းမြို့ရိုးဆီမှ မီးရောင် များ ကို ကြည့်ရင်း ပြောသည်။
``အင်း… ကိုယ့်တာမှာ ကိုယ်နေကြ၊ ဘာပဲ ဖြစ် ဖြစ် သတိမပြတ်စေနဲ့ ငါ ဒီမှာ ပဲ နေဦးမယ်´´
ကင်းစုမှူးဗိုလ်လေးသည် မိမိ၏ အရှင်သခင်အနေဖြင့် တစ်ကိုယ်တည်းနေလိုကြောင်း သဘောပေါက်သွားကာ မျှော်စင်ထက်မှ ဆင်းသွားလေသည်။ မျှော်စင်၏ အထက်ဆုံးအဆင့် ဤနေရာသည် အလွန်မြင့်မားလှသည် ဖြစ်၍ အဝေးဆီမှ မိထိလာ နန်းမြို့ရိုးနှင့်တကွ သစ်တပ်နှင့် မြို့ရိုးအကြားရှိ တောင်ကုန်းလွင်ပြင်ကြီးကိုပါ ကောင်းစွာ မြင်နိုင်သော နေရာ ဖြစ်လေသည်။
ပေါလဇနကမင်းသည် အမှော င်ကို ထွင်းဖောက်လျက် အဝေးဆီမှ မိထိလာနန်းမြို့ဆီသို့ တစ်မျှော်တစ်ခေါ် လှမ်းကြည့်လိုက်သည်။
မိထိလာ…။ သို့မဟုတ် မိမိ၏ သွေးသား နှလုံးသည်းပွက်။ မိမိနှင့် ခွဲခွာမရကောင်းသော တိုင်းဌာနီ၊ မိမိ၏ မိခင်။
ယခုမူကား ထိုမိထိလာကို စစ်ပွဲဖြင့် သိမ်းပိုက်ယူရတော့မည့်  အ ဖြစ်။ နက်ဖြန် နံနက်မိုးသောက် အလင်းရောက်ပြီဆိုလျှင် မိမိ၏ ဤသစ်တပ်နှင့် မိထိလာ နန်းမြို့ရိုးအကြား တောင်ကုန်းငယ်များ ထူပြောသည့် လွင်ပြင်ပြန့်ကျယ်ကြီးသည် စစ်မြေပြင်စစ်တလင်း ဖြစ်လာတော့မည် ။
တိုင်းသားပြည်သူ ကျွန်တော် မျိုးတို့ ဒုက္ခမရောက်ကြပါစေနှင့် ။ မလွှဲသာ၍ စစ်ကိုခေါ်ရသော်လည်း သတ္ထန္တရကပ်ဘေး မဆိုက်လာပါနှင့် ။ အမှန်တော့ မိထိလာ နန်းမြို့ရိုး၊ လွင်ပြင်ဒေသနှင့် တကွသော ဤ၀ိဒေသရာဇ်တိုင်း မြေအပြင်ကို သွေးများ ဖြင့် မစွန်းထင်စေချင်။
သို့သော် နောင်တော် အရိဋ္ဌဇနကမင်းသည် မိမိတို့ ဤအ ဖြစ်သို့ ရောက်အောင် ပို့ဆောင်ခဲ့ပေပြီ။ စစ်ရာဇသံကို နံနက်ပိုင်းက စေလွှတ်ခဲ့သည်။ နောင်တော် မင်းကလည်း ပြင်းထန်စွာ တုံ့ပြန်လိုက်ပြီးပြီ။ စစ်တလင်းမှာ သင်းဦးခေါင်းကို ငါယူမည် - တဲ့။
မကြာမီ ရင်ဆိုင်ရတော့မည့်  စစ်အတွက် မိမိ၏ သစ်တပ်အတွင်း အားလုံး အဆင်သင့် ရှိထားပြီးလေပြီ။ ဆင်တပ်၊ ရထားတပ်၊ မြင်းတပ်၊ ခြေလျင်တပ်တို့သည် လန်းဆန်းစွာ ဖြင့် စစ်ကို ရင်ဆိုင်ရန် အသင့်ရှိပြီးပြီ။ ပစ္စန္တရစ်၊ ဇနပုဒ်၊ ရွာငယ်နှင့် မြို့ငယ်များ မှ တဖွဲဖွဲလက်အောက်ခံ ခိုဝင်လာကြသော သစ္စာတော် ခံများ ကလည်း လက်ရုံးတပြင်ပြင် ရှိကြလေပြီ။ စစ်အတွက် မိမိ စိုးစဉ်းမျှ ကြောင့်ကြ စရာ မရှိ။
မိမိနှင့်တကွသော စစ်သည်အားလုံးတို့သည် စိတ်ဓာတ်အရရော၊ ခွန်အားအရပါ ပြည့်စုံဖူလုံပြီး ဖြစ်ကြသည်။ သို့သော်….
ပေါလဇနကမင်းအနေဖြင့် စစ်ကြောင့် တိုင်းကားပြည်သူတို့ ဆင်းရဲပင်ပန်းကြမည် ကိုသာ ပူပန်နေမိခြင်း ဖြစ်လေသည်။ စင်စစ်သော် ဤစစ် ဖြစ်ပွားလာအောင် လှုံ့ဆော်သော အကြောင်းတရားများ တွင် တိုင်းသားပြည်သူတို့ မပါဝင်ပေ။ ဤစစ်ကြီး ဖြစ်ပွားအောင် လှုံ့ဆော်သော အဓိကအကြောင်းတရားမှာ တစ်ဦးတည်းသာ ဖြစ်သည်။
ထိုသူသည်သာ စစ်၏ အရင်းအမြစ် ဖြစ်သည်။
ထိုသူကား နောင်တော် အရိဋ္ဌဇနကမင်း ဖြစ်သည်။ ပေါလဇနကမင်းသည် မျှော်စင်ထက်မှနေ၍ ညဥ့်အမှော င်ပြင် ပြန့်ကျယ်ကို ဖြတ်သန်းကာ အဝေးဆီတွင် ပျပျရေး ရေး မြင်နေရသည့် မိထိလာနန်းမြို့ဆီသို့ ကြည့်နေသည်။ အမှော င်ကြောင့် ဘာကိုမျှ သဲသဲကွဲကွဲ မမြင်ရ။
သို့သော် ကလေးငယ်ဘ၀မှသည် မင်းပျိုလုလင် ထိုမှသည် စစ်မှူးချုပ် သေနာပတိ၊ ထိုမှသည် အိမ်ရှေ့ဥပရာဇာများ အထိ နှစ် ပေါင်းများ စွာ ကျင်လည်ခဲ့ရသော မိထိလာ နန်းမြို့ရိုးအတွင်းမှ အဆောင်ဆောင် အခန်းခန်းများ အတိပြီးသော နန်းတော် ကို စိတ်မှန်းဖြင့် မြင်နေသည်။
ထိုနန်းတော် ကြီး၏ တစ်ခုသော အဆောင်၊ အနောက်ဘက် မြို့ရိုးအနီး တစ်ခုသော နေရာသို့ ပေါလဇနကမင်း၏ အတွေးများ အလိုအလျောက် ၀င်ရောက်သွားသည်။ မိမိသည် သစ်တပ်မျှော်စင်ထိပ်တွင် မဟုတ်တော့ဘဲ မိထိလာ နန်းတော် ၏ တစ်ခုသော ထိုနေရာသို့ ရောက်သွားသည်။
ထိုနေရာသည် မည်းမှော င်ပြီး စိုစွတ်ထိုင်းမှိုင်းသည့် နေရာ ဖြစ်သည်။
ကြမ်းတမ်းသော ကျောက်သားနံရံများ က လေးဘက်လေးတန် အထူအထဲ ရှိသည်။ လေးလံမာကျောသည့် သစ်သားတံခါးကြီးတစ်ခု တပ်ဆင်ထားသည်။ ထိုတံခါးကြီး၏ အပေါ်ဘက်တွင် သေးငယ်သော အပေါက်တစ်ပေါက် ရှိသော်လည်း ထိုအပေါက်တွင် သံတိုင်များ စိုက်ထားသည်။ အလင်းရောင် မ၀င်နိုင်။ နေ့ညဥ့်ကို မသိနိုင်လောက်အောင် မည်းမှော င်စွတ်စို ထိုင်းမှိုင်းသော နေရာ ဖြစ်သည်။
ထိုနေရာကို အိမ်ဆိုးဟု ခေါ်ကြသည်။
အကျဉ်းထောင် ဖြစ်သည်။ အပြစ်အကြီးလေးဆုံး ရာဇ၀တ်သားတို့ကို ချုပ်နှောင်ရာ။ ထို့နောက် အပြင်ထုတ်၍ ကွပ်မျက်ရာ ကြေးတိုက် ဖြစ်သည်။
ထိုအိမ်ဆိုး၊ အကျဉ်းထောင်၊ ကြေးတိုက်ထဲတွင် မိမိသည် လေးလံသော သံကြိုးတို့ဖြင့် ချည်ဖွဲ့နှောင်စည်း ခံခဲ့ရသည်။
နောင်တော် အရိဋ္ဌဇနက၏ အကျဉ်းသားဘ၀အ ဖြစ်။
သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေတဲ့ စကားများ | လင်္ကာဒီပ ချစ်သူ | စက္ကရု နှင့် ဘဒ္ဒါ |