အခန်း(၁)
ပညတ်သွားရာ ဓါတ်သက်ပါလိုက်ပုံများ ။ ဆင်းရဲခြင်းအားကြီးသောကြောင့် မပြည့်စုံမှု အားကြီးသောကြောင့် သူ့အမည်က မဟာဒုတ် ဖြစ်သွားလေသည်။ ကြီးမားခြင်း၊ ကြီးကျယ်ခြင်း၊ ကြီးမြတ်ခြင်းဟု အဓိပ္ပါယ်ရသော ‘မဟာ’သည် သူ့အတွက်တော့ ဒုက္ခဆင်းရဲ၏ ၀ိသေသန ဖြစ်နေတော့သည်။ အကယ်တန္တု ‘ဒုက္ခ’ဟူသော သဘောသည် အကောင်အထည်ဒြပ်ရှိသည် ဆိုငြားအံ့ သတ္တ၀ါတစ်ခုခုဖြစ်သည် ဆိုငြားအံ့ ထိုဒုက္ခသတ္တ၀ါသည် သူ့ထံသို့ ရောက်ရှိသွားသည် ဆိုငြားအံ့။ သူ၏ ကြီးစွာ သော ဆင်းရဲမှု ကို ကြောက်လန့်တုန်လှုပ်ကာ
ထိုဒုက္ခသတ္တ၀ါသည် သူ့ထံမှ ထွက်ပြေးသွားလိမ့်မည်ဟုပင် ဆိုနိုင်ပေလိမ့်မည်။
ထိုမျှဆင်းရဲသော မဟာဒုက်သည် အဘယ်သို့ သော အသက်မွေးဝမ်းကျောင်းမှု ကို ပြုပါသလဲ။ မယ်မယ်ရရ ဘာတစ်ခုမှ မရှိ။ ဗာရာဏသီမြို့တော်အတွင်း နေထိုင်ကြသော လူများ ၏ အိမ်တွင် ကြုံရာကျရာ အလုပ်များ ကို လုပ်ကိုင်ပေးခြင်းဖြင့် သူတို့ပေးသမျှ အခကြေးငွေ အသပြာကို ရယူကာ ၀မ်းမီးကို ဆက်စေရသူ ဖြစ်ပေသည်။ ထင်းခွေ၊ ရေခပ်၊ အမှိုက်ရှင်း၊ တံမြက်လှည်း၊ အလေးအပင် ရွှေ့မ သယ်ယူ၊ ကြပ်ခိုးရှင်း၊ လမ်းပြင်၊ မြေဖို့၊ အညစ်အကြေးတွင်းတူး။ ဒါတွေသည်ပင် သူ သံသရာလည်နေသော လုပ်ငန်းများ ဖြစ်သည်။
သူ့မှာ အလုပ်ချိန်ဟူ၍ မရှိ။ နေ့နေ့ညည လိုအပ်လျှင် လိုအပ်သလို အလုပ်ပေးသူများ အလိုကျ လုပ်ကိုင်ပေးရသည်။ အလုပ်ချိန်ဟူ၍ အတည်တကျ မရှိသလို အလုပ်လုပ်သည့်နေ့ဟူ၍ လည်း အတိအကျ အတည်တကျ မရှိ။ ရံဖန်ရံခါ သုံးလေးရက် နေ့ညဆက်၍ အလုပ်လုပ်ရသကဲ့သို့ ရံဖန်ရံခါ နှစ်ရက် သုံးရက် ဘယ်သူကမှ မခိုင်းသဖြင့် ဘာတစ်ခုမှ မလုပ်ရသောနေ့တွေလည်း ရှိလေသည်။ ထိုသို့ အလုပ်ပြတ်သောနေ့မျိုးဆိုလျှင် သူ့မှာ ဆန်ဝယ်စရာ ငွေကြေးမရှိ။ ဆန်မဆိုထားဘိ ပြောင်း၊ လူး၊ ဆပ်ဝယ်စရာပင် ငွေကြေးမရှိ။
သို့ ဆိုလျှင် မဟာဒုက် ဆိုသော လူသည် ထိုသို့ သော နေ့မျိုးများ မှာ ဘယ်သို့ သူငယ်ဝမ်းမီးကို ငြိမ်းသတ်ပါသလဲ။ အဖြေရှိသည်။ ထွက်ပေါက်တစ်ခု ရှိသည်။ ကဿပဘုရားရှင်၏ ကျောင်းတော်သို့ သွားကာ စားကြွင်းစားကျန်များ ကို စားသောက်ခြင်းပင် ဖြစ်သည်။
ဘာအလုပ်မှ မလုပ်ရဘဲစားကြွင်းစားကျန်များ ကို စားရသည်တော့မဟုတ်။ ထိုစားကြွင်းစားကျန်များ ကို ယက်ဖြဲထိုးဆိတ် မွှေနှောက်ရှာဖွေ စားသောက်နေကြသည့် ကျီးများ ၊ ခွေးများ နှင့် တိုက်ပွဲဝင်ကာ အစာလုသော အလုပ်ကို လုပ်ရလေသည်။
အစားတစ်လုပ်အတွက် ထိုသို့ ဆင်းရဲပင်ပန်းကြီးစွာ အားထုတ်ရသော မဟာဒုတ်အဖို့ စားရေးပြီးလျှင် နေရေးသည်ကော။ မြို့အစွန်တစ်နေရာ ဗာရာဏသီမြို့တစ်မြို့လုံးမှ စွန့်ပစ်သော အမှိုက်သရိုက်၊ အညစ်အကြေးများ စုပုံရာ အမှိုက်တောင်ပူစာအနီး
စွတ်စိုထိုင်းမှိုင်းသော မြေပြင်ထက်က လေးတိုင်စင်ထိုး၊ အင်ဖက်မိုး၊ အခင်းမဲ့၊ အကာဆွေးတဲပျက်ပင် ဖြစ်သည်။
ဝတ်ရေးကိုတော့ မဟာဒုတ် မကြောင့်ကြပေ။ တစ်ထည်တည်းရှိသော ဖျဉ်စအနွမ်းကို ၀တ်ရုံသဖွယ် ပခုံးထက် ခြုံလွှမ်းလိုက်ခြင်းဖြင့် သူ့ကိုယ်သူ တန်ဆာဆင်ပြီး ဖြစ်သွားလေသည်။ တစ်ခုပဲ ဆိုစရာရှိသည်ကား သူအပြင်ထွက် အလုပ်လုပ်ဖို့ ထိုဖျဉ်စကို သူဝတ်ဆင်သွားပြီဆိုလျှင် သူ့ဇနီးကြင်ယာမှာ အပေါ်ရုံလွှားစရာ မရှိတော့ဘဲ ထဘီကို ရင်ရှားစည်းရခြင်း ဖြစ်သည်။ အကယ်၍ ဇနီးကြင်ယာက ဟင်းရွက်ခူးဖို့ အပြင်ထွက်မည်ဆိုလျှင် မဟာဒုတ်က အပေါ်ပိုင်းဗလာကျင်းလျှက် နေလိုက်ရုံသာ ရှိသည်။
“ကျွန်မတို့မလဲ မွဲပါ့တော်။ ကျွန်စုပ်ပစ်တဲ့ သရက်စေ့ကမှ စိုစိုပြည်ပြည် ရှိလိမ့်မယ်ထင်တယ်”
ဟု မယားကပြောသောအခါ မဟာဒုတ် ပြန်ပြောတတ်သော စကားရှိသည်။
“ဒါထက် ပိုမမွဲနိုင်တော့ပါဘူးကွယ်။ ပိုမွဲမယ်ဆိုရင်လည်း ငတ်ပြီးသေရုံရှိတော့တာကိုး။ အခု တို့များ မသေသေးဘူး။ ဒါအမြတ်ပဲ”
ဇနီးက တစ်ခါတစ်ရံ အငေါ်တူးတတ်သည်။
“မောင်ကြီးမဟာဒုတ်… မောင့်မလဲ ဘာတစ်ခုမှ အသက်မွေးဝမ်းကျောင်းပညာ မရှိဘူးနော်”
“ဟဲ့… မိရွှေစာရဲ့ ၊ တစ်မြို့လုံးခိုင်းသမျှ ငါလုပ်တတ်နေတာပဲ။ အညစ်အကြေးတွင်းတူး၊ ထင်းခုတ်၊ အမှိုက်လှဲ၊ ရေခပ်…”
“အဲဒါတွေ ပြောတာမဟုတ်ဘူး။ ဟိုဒင်း လှည်းမောင်းတာတို့၊ ပန်းပဲထုတာတို့၊ သစ်ခုတ်တာတို့ အဲဒါမျိုးကိုပြောတာ”
“ဟဲ့ ဘယ်မှာ လဲ နွားနဲ့လှည်း၊ ဘယ်မှာ လဲ တူနဲ့ပေ၊ ဘယ်မှာ လဲ ဓါးနဲ့ပုဆိန်”
ဇနီးက သက်ပြင်းရှိုက်ကာ ထမင်းရည်အေးစက်စက်ကို မော့သောက်ပြီး…
“ဟုတ်ပါတယ်လေ… တော့်မှာ လက်နှစ်ဖက်ရှိနေရင်ပဲ လုံလောက်ပါပြီ”
မဟာဒုတ်က တအုံးအုံးဝဲပျံနေသော ခြင်များ ကို ဖျဉ်စဖြင့် ယမ်းခါရင်း ပြန်ပြောသည်။
“တစ်နေ့နေ့တော့ မင်းကို ရွှေအိုးကြီးပေါ် အကခိုင်းရမှာ ပေါ့။ လောလောဆယ်တော့ မင်းခေါင်းလေးဘာလေးမူးရင် အဲ… ဟိုအမှိုက်ပုံက ရွှံ့ပုပ်နံ့လေးပဲ ရှူထားဦးကွာ”
ထိုအခါမှပင် ဇနီးက ဟက်ဟက်ပက်ပက် ရယ်မောကာ…
“တော်မို့လို့ ရွှေအိုးကြီးဆိုတဲ့စကား ပါးစပ်က ထွက်ရဲတယ်”
ဟုဆိုသည်။
“အံ့မာ… ငါ အညစ်အကြေးတွင်းတူးရင်းနဲ့ ရွှေအိုးမတွေ့ဘူးလို့ မင်းပြောနိုင်သလား”
“ငါးရှဉ့်တစ်ကောင်လေးရရင် တော်ပါပြီ။ မီးကင်စားရတာ ပေါ့”
“ကိုင်း… မိရွှေစာ၊ ဒီနေ့ ဘယ်ကမှ ဘယ်သူမှ မခိုင်းဘူး။ ထုံးစံအတိုင်း ကျုပ် ကဿပဘုရားရှင်ကျောင်းတော်ဘက် သွားလိုက်ဦးမယ်”
“ကြည့်ကျက်လည်း ရှာဦး။ ဟိုနေ့ကလို ခွေးကိုက်ဒဏ်ရာ၊ ကျီးထိုးဒဏ်ရာနဲ့ ပြန်မလာနဲ့”
“မဖြစ်တော့ပါဘူးကွာ။ ကျီးတွေ၊ ခွေးတွေက ငါ့ကို ဦးစားပေးနေကြပါပြီ”
မဟာဒုတ်က ဖျဉ်စကို ပခုံးပေါ်တင်သည်။ ဇနီးက…
“ကမ္ပလာဝတ်ရုံ ခြုံမသွားနဲ့ဦး။ ကျုပ် ဟင်းရွက်ခူးထွက်မလို့”
မဟာဒုတ် ကျောပြောင်ဖြင့် ထွက်လာခဲ့လေသည်။
ကဿပဘုရားရှင်သည် ရဟန်းနှစ်သောင်းကျော် ခြံရံလျှက် ဒေသစာရီ လှည့်လည်တော်မူရာမှ ဗာရာဏသီသို့ ကြွမြန်းတော်မူသော တစ်နေ့။
“ဗာရာဏသီ မြို့သူမြို့သားအပေါင်းတို့… ဘုရားရှင်ဟာ ရဟန်းအပေါင်းခြံရံပြီး ဗာရာဏသီကို ပြန်လည်ကြွမြန်းတော်မူပြီ ဖြစ်ပါသဖြင့် ဘုရားမြတ်စွာ နဲ့ သံဃာတော်များ အား ဆွမ်းဆက်ကပ် လှူဒါန်းကြပါရန် နိဗ္ဗာန်အကျိုးမျှော်လို့ နှိုးဆော်လိုက်ရပါသဗျို့”
“ဆွမ်းဆက်ကပ်မယ့် ပုဂ္ဂိုလ်များ မိမိတို့ တာဝန်ယူလှူဒါန်းလိုသော ရဟန်းတော်ဦးရေကို စာရင်းနဲ့တကွ မှတ်သားနိုင်ဖို့ စာရင်းပေးသွင်းကြပါဗျို့”
နိဗ္ဗာန်ဆော်ကြီး၏ အသံဝါကြီးက ဗာရာဏသီမြို့တွင်း ၀န်းကျင်၊ တစ်လမ်းဝင် တစ်လမ်းထွက်၊ တစ်ရပ်ဝင် တစ်ရပ်ထွက်၊ အဆက်မပြတ် ပဲ့တင်မြည်နေ၏ ။ မြို့သူမြို့သားတို့ စာရင်းတင်ကြသည်။ အနည်းဆုံး ရဟန်းတော်အရေအတွက်ကား ရဟန်းတစ်ကျိပ် ဖြစ်သည်။ တစ်ကျိပ်ထက်လျော့သော ရဟန်းတော်အရေအတွက်ကို စာရင်းတင်သူ မရှိ။ အချို့က နှစ်ကျိပ်၊ အချို့က သုံးကျိပ်နှင့်…။
မဟာဒုတ်တို့မောင်နှံ စံမြန်းသော အမှိုက်တောင်ပူစာဒေသသို့ နိဗ္ဗာန်ဆော်ကြီး မလှည့်လည်ပေ။ သို့ သော် ဗျို့ဟစ်သံသဲ့သဲ့ကိုတော့ မဟာဒုတ်တို့နေရာမှ ကြားနိုင်လေသည်။
“မောင်ကြီး မဟာဒုတ်”
“ဟေ”
“ကြားလား”
“ဘာတုန်း”
“နိဗ္ဗာန်ဆော်ရဲ့ ဗျို့ဟစ်သံလေ”
“အေး… ကြားပါတယ်”
“ကျုပ်တို့လည်း စာရင်းသွင်းချင်လိုက်တာတော်”
“ဟေ့… မိရွှေစာ၊ နတ်ဖက်တဲ့ လင်မယားဆိုတာ ဒါပဲဟ။ ငါလည်း အခုပဲ နိဗ္ဗာန်ဆော်ကြီးဆီ သွားပြီး စာရင်းတင်မလို့ဟ”
“မြန်မြန်သွား… ဟိုက တခြားဘက်ရောက် သွားဦးမယ်”
“အေးပါဟ”
မဟာဒုတ် အပြေးအလွှား ထွက်ခဲ့၏ ။ နိဗ္ဗာန်ဆော်ကြီးက ပြေးလာသော ခြေသံကြားသဖြင့် လှည့်ကြည့်သည်။
“နိဗ္ဗာန်ဆော်ကြီး ကျုပ်လည်း ဆွမ်းလှူဖို့ စာရင်းတင်ချင်တယ်”
“တင်လေ… ဘယ်နှစ်ကျိပ်လဲ”
နိဗ္ဗာန်ဆော်ကြီး၏ စကားကို မဟာဒုတ်သဲသဲကွဲကွဲ မကြားလိုက်။
“တစ်ပါး”
ဟု အမောတကော ပြောလိုက်သည်။
နိဗ္ဗာန်ဆော်ကြီးက အံ့အားသင့်စွာ ကြည့်နေဆဲ မဟာဒုတ် ပြန်လှည့်ထွက်ခဲ့သည်။ ရဟန်းတစ်ပါး စာရင်းတင်နိုင်ခဲ့ပြီဟူ၍ မဟာဒုတ်ကြီးစွာ ၀မ်းသာပျော်ရွှင်လာသည်။ တဲသို့ ပြန်ရောက်သောအခါ ဇနီးအား သတင်းကောင်းပါး၏ ။
“မိရွှေစာရေ… စာရင်းတင်ခဲ့ပြီဟ။ တို့ ရဟန်းတစ်ပါး ရတယ်”
“ကောင်းပါလေ့တော်… မလှူလို့ ဆင်းရဲ၊ ဆင်းရဲလို့ မလှူဖြစ်ခဲ့တာ အခုတော့ ကြိုးစားပြီး လှူကြစို့ရဲ့ ”
“ဒါပေါ့ကွ”
မဟာဒုတ်တို့မသိလိုက်သော အချက်တစ်ခုကား ရဟန်းတစ်ပါးတည်းဆိုသဖြင့် နိဗ္ဗာန်ဆော်ကြီးက အရေးအရာဟူ၍ စာရင်းမသွင်းလိုက်ခြင်းပင် ဖြစ်လေသည်။
နှစ်ကိုယ်တူ စိတ်သဘောတူညီကြပြီးသည့် အထဲမှာ ဇနီးဖြစ်သူက တက်ကြွစွာ ပြောလိုက်၏ ။
“မောင်ကြီး မဟာဒုတ်၊ ခုနင်က ပြောခဲ့သလိုပဲ မရှိလို့ မလှူ၊ မလှူလို့ မရှိဆိုတာ ကျုပ်တို့မှာ အဲဒီ အတိုင်း လုံးလည်လိုက်နေတာ၊ ရှေးကမလှူခဲ့လို့ ကျုပ်တို့မှာ ဆင်းရဲတွင်းနက်နေကြတာ။ အခု မောင်ကြီး ရဟန်းတစ်ပါး စာရင်းတင်ခဲ့ပြီဆိုတော့ ဆွမ်းကပ်နိုင်ဖို့အလုပ်ထွက်ရှာကြမယ်။ အခုပဲ ထွက်ရှာကြမယ်မောင် ဘယ်နှယ့်လဲ”
ဇနီးမောင်နှံတို့ ထိုနေ့အတွက် ခက်ခက်ခဲခဲ အလုပ်မရှာလိုက်ရပေ။ မဟာဒုတ်က ရဟန်းသုံးရာ စာရင်းပေးထားတဲ့ သူဌေးကြီးတစ်ဦးအိမ်မှာ ပင် အလုပ်ရလိုက်သည်။
ရဟန်းသုံးရာ ဆွမ်းကပ်ရန် တာဝန်ယူထားသော ထိုအိမ်တွင် ဆွမ်းချက်ရန် ထင်းများ စွာ လိုအပ်နေသည်ဖြစ်ရာ မဟာဒုတ်မှာ ထင်းပေါက်ထင်းခွဲအလုပ်ကို ချက်ချင်းရသွားသည်။
မဟာဒုတ်၏ ဇနီးကလည်း ထိုအိမ်မှာ ပင် ဆွမ်းဆန်များ ထောင်းရသည့်အလုပ်ကို ရလိုက်၏ ။ ကိုယ်စီအလုပ်ခွင် ၀င်ကြလေသည်။မဟာဒုတ်သည် ထင်းတုံးများ ကို အရွယ်အစားအလိုက် ပုဆိန်တစ်လှည့်၊ ပဲခွပ်တစ်လှည့်ဖြင့် အားကြိုးမာန်တက် ခွဲဖြတ်သည်။
သူအလုပ်လုပ်ပုံမှာ လူကြီးတစ်ယောက် ပင်ပင်ပန်းပန်း ထင်းခွဲနေသည့်ပုံ မဟုတ်ဘဲ ကလေးငယ်တစ်ယောက်လို ပျော်ရွှင်စွာ နေသည့်နှယ်ပင်။ပုဆိန်ဖြင့် ခွဲလိုက်၊ ပဲခွပ်ဖြင့် ခြမ်းလိုက်၊ ချွေးသီးချွေးပေါက်တွေကို သုတ်လိုက်။ ရတတ်သမျှ တေးများ ကို သီိဆိုလိုက်ဖြင့် မဟာဒုတ်အလုပ်လုပ်နေသည်မှာ မြင်ရသူအဖို့ ပျော်စရာကြီး ဖြစ်နေလေသည်။
သူဌေးကြီးသည် မဟာဒုတ် အသွင်ထူးခြားနေသဖြင့် မေး၏ ။
“မဟာဒုတ်... တယ်လည်း အားကြိုးမာန်တက် ရှိပါလား။ တေးကလည်း ဆိုလိုက်သေး”
“ပျော်လွန်းလို့ပါ သူဌေးမင်းရဲ့ ။ မနက်ဖြန် မြတ်စွာ ဘုရားနဲ့ သံဃာတော်များ ပြန်လည်ကြွမြန်းတော်မူအလာမှာ ဆွမ်းဆက်ကပ်လှူဒါန်းကြမှာ မဟုတ်လား။ ကျွန်တော်လည်း ဆွမ်းကပ်ဖို့ ရဟန်းတစ်ပါး စာရင်းပေးထားတယ် မဟုတ်လား။ ဒါကြောင့် တစ်သက်နဲ့တစ်ကိုယ် မလှူစဖူးလှူရတော့မှာ မို့”
“သြော်... ဒီလိုလား။ ကောင်းပါလေ့ကွယ်”
မောင်းဆုံဖြင့် ဆန်ထောင်းနေသော ဇနီးဖြစ်သူမှာ လည်း မောင်းဆုံကိုနင်းလိုက်၊ တေးတစ်ချက်ဆိုလိုက်ဖြင့် မောရပန်းရမှန်း မသိဖြစ်နေသည်။သူဌေးကတော်ကြီးက သတိထားမိကာ မေးသည်။
“ဟဲ့... မဟာဒုတ်မယား... ညည်းမှာ အချက်ပေါင်းသောင်းချီပြီး မောင်းဆုံထောင်းနေရပေမယ့် တစ်ချက်မှ မျက်နှာမညှိုးတဲ့အပြင်တေးတကြော်ကြော်နဲ့ပါလား”
“သူဌေးကတော်ကြီးရဲ့ ကျွန်မတို့မောင်နှံက နက်ဖြန်ရဟန်းတစ်ပါးကို ဆွမ်းကပ်ဖို့ အခွင့်ရသတော့။ မောင်ကြီးမဟာဒုတ်က စာရင်းပေးခဲ့ပြီ။ဒါကြောင့် ၀မ်းသာလွန်းလို့...”
“သြော်... အေးအေး ကောင်းပါပေ့ကွယ်”
တစ်နေ့တာ လုပ်အားခအဖြစ် မဟာဒုတ်က သလေးဆန်တစ်ပြည်ရသည်။ သူဌေးကြီးက ဆုအဖြစ် နောက်တစ်ကြိမ်ပေးလိုက်သဖြင့် သလေးဆန်နှစ်ပြည်ဖြစ်သွားသည်။ မယားကလည်း သလေးဆန်တစ်စလယ်နှင့် ထောပတ်အိုးငယ်များ ဖြင့် တစ်အိုး၊ နို့ဓမ်းအိုးလေးတစ်အိုးအပြင် ဆီ၊ ဆား၊ ငရုတ်စသည်များ ရလာခဲ့သည်။ ဆွမ်းတစ်နပ်စာအတွက် ချက်စရာပြုတ်စရာများ ပြည့်စုံပေပြီ။
နောက်တစ်နေ့ နံနက်တွင် အစောကြီးထကာ ဆွမ်းချက်ကြသည်။
“မောင်ကြီး၊ ဆွမ်းအိုးကို ကျုပ်ငှဲ့နိုင်ပါတယ်။ အမယ် ပိုလှသွားအောင် ဟင်းရွက်ကလေးဘာလေး သွားရှာပါလား”
“ရစေမယ် မိရွှေစာ”
အချိန်စောလှသဖြင့် ဗာရာဏသီ ဈေးထဲတွင် ဟင်းရွက်သည်များ ပင် မရောက်ကြသေးပေ။ မဟာဒုတ်သည် မြစ်ဆိပ်သို့ သွားရာ မလုပ်တော့ပြီဖြစ်သောကိုင်းစပ်တစ်လျှောက် ပျော်ပျော်ကြီး ဟင်းရွက်ခူးရင်း တေးတကြော်ကြော် ဟစ်နေ၏ ။ သူ့အသံက မြစ်ယံသို့ လွင့်တက်သွားသည်။ မြစ်အတွင်း ပိုက်ချနေသော တံငါများ က မဟာဒုတ်အသံမှန်း ကျက်မိလေသည်။
“ဟေး... ကမ်းပေါ်က မဟာဒုတ်လား”
“ဟုတ်သဗျို့”
“အတော်ပဲ။ ဟောဒီမှာ ငါတို့ဖမ်းလာတဲ့ ငါးတွေကို သူ့အစားနဲ့သူ ငါးတွဲ လုပ်ပေးဖို့ လာစမ်း... ဖြစ်မလား”
“ဖြစ်လှပေါ့ဗျာ”
မဟာဒုတ်သည် လှေဆီသို့ နောက်ကြောင်းပြန်ခဲ့၏ ။ လှေဝမ်းထဲမှာ ယင်းဖမ်းမိထားသော ငါးများ ကို အမျိုးအစားအလိုက်၊ အရွယ်အလိုက်သီရင်း ငါးအတွဲ များ ကို ပြုလုပ်ပေးသည်။ ငါးတွဲ သီရင်း မဟာဒုတ်က မေးသည်။
“တံငါဆရာတို့ ဒီနေ့ ပိုက်ချစောလှချည်လား”
“စောဆို ဆွမ်းကပ်မယ့်သူတွေ လာဝယ်မှာ လေ”
မဟာဒုတ်သည် သူ့အတွေးနှင့်သူ ပြုံးနေလေသည်။
မကြာမီပင် ဆွမ်းဒါယကာများ ရောက်လာကာ ငါးတွဲ များ ကို ၀ယ်သွားကြသည်။ ငါးတွဲ အားလုံး ကုန်သွားကြ၏ ။
“မဟာဒုတ်က မျက်နှာမကောင်း မဖြစ်ပါနဲ့ကွာ။ ငါးတွဲ တွေ ရောင်းကုန်သွားလို့ မင်းအတွက် အဖိုးအခ ငါးတွဲ မရတော့ဘူး မထင်နဲ့”
“ရော့... ငါတို့ စားဖို့ဝှက်ထားတဲ့ ငါးကြင်းလေးကောင် ယူသွား”
ခူးရသမျှ ဟင်းရွက်များ နှင့် ငါးတွဲ ကိုဆွဲကာ မဟာဒုတ်လည်း မြေမှာ ခြေမထိတော့သည်တကား။ မြူးတူးခုန်ပေါက်၍ ပြန်လာခဲ့သည်။
“မိရွှေစာရေ... တို့များ ကပ်မယ့် ဆွမ်းကတော့ လှသထက်ပိုလှပြီးကော။ ရော့... ဟောဒါက မင်းမှာ တဲ့ ဟင်းရွက်၊ ဟောဒါကငါးကြင်း။ ကိုင်း-တစ်သက်မှာ တော့ အကောင်းဆုံးဆွမ်းကို တစ်ခါချက်ဖူး တစ်ခါလှူဖူးပြီပေါ့ကွာ”
“နေရာကျပြီပေါ့ဟယ်။ ကိုင်း... ခြေကလေး လက်ကလေးဆေးပြီး ပြန်ထွက်စေဦး။ ကျုပ်ဒီမှာ ပူပူနွေးနွေးရအောင် ချက်ထားလိုက်မယ်”
“ဟဲ့... မင့်တစ်ယောက်တည်း နိုင်ပါ့မလား မိရွှေစာ”
“ကျုပ်တစ်ယောက်တည်း မဟုတ်ဘူး။ ဟော့ဒီမှာ လူတစ်ယောက်ကလည်း သူ့ဘာသာ မလှူနိုင်လို့ ဆွမ်းချက်ပြီး ကုသိုလ်ယူပါရစေဆိုလို့”
မိမိတို့ထက်ပင် နုံချာစုတ်ပြတ်နေသော သူဆင်းရဲကို မဟာဒုတ်တွေ့လိုက်ရသည်။ ထိုသူက မပြုံမရယ် မဟာဒုတ်ကို ပြန်ကြည့်နေသည်။
ဘာကြောင့်မှန်းမသိဘဲ မဟာဒုတ်မှာ ထိုလူစိမ်းကို သဘောကျသွားသည်။
“ကောင်းပါလေ့ဗျာ။ ယူပါ ကုသိုလ်ယူပါ”
(ထိုသူမှာ သိကြားမင်းက ဆင်းရဲသားယောင်္ကျားအသွင် ယူထားပြန်ကြောင်း မဟာဒုတ်တို့ မသိကြ)
“ရဟန်းတစ်ပါးမှ မကျန်တော့ဘူး မဟာဒုတ်ရဲ့ ”
နိဗ္ဗာန်ဆော်ကြီး၏ စကားသည် မဟာဒုတ်ရဲ့ ခြေအစုံကို သိမ်းကျုံး၍ ရိုက်လှဲချလိုက်သည့်အလားပင်၊ မဟာဒုတ်သည် မောကြီးပန်းကြီးပြေးလာရာမှ ထိုစကားကို ကြားလိုက်ရသောအခါ ဒူးများ ညွတ်ခွေကျသွားလေသည်။ ထို့နောက် အက်ကွဲတုန်ယင်သော အသံဖြင့်...
“ကျုပ်... ကျုပ်... မနေ့က ရဟန်းတစ်ပါးလို့ စာရင်းပေးထားခဲ့တာပါဗျာ”
မြို့သူမြို့သားတို့ စာရင်းတင်ကြသည်။ အနည်းဆုံး ရဟန်းက တစ်ကျိပ်ဖြစ်သည်။ တစ်ကျိပ်ထက် လျော့နည်းသော အရေအတွက်ကိုစာရင်းတင်ပြသူဟူ၍ မရှိ၊ ထို့ကြောင့် မည်သို့ မျှ စိတ်မသိုးမသန့် မဖြစ်မိချေ။
“မင်းစာရင်းသွင်းသလား... ငါ မကြားမိပါဘူး”
“ကျုပ် သေသေချာချာကြီးကို ပြောခဲ့တာပါဗျာ။ ရဟန်းတစ်ပါးပေးပါလို့။ ကျုပ်မိန်းမကလည်း...”
မဟာဒုတ်မှာ အသံဝင်သွားသည်။ ငါး၊ ဟင်းသီးဟင်းရွက်၊ ဆီ၊ ဆား၊ ငရုတ်တို့နှင့် စုံလင်စွာ ဖြင့် တစ်သက်မှာ မချက်စဖူးချက်ကာ အသင့်စောင့်နေပြီဖြစ်သော ဇနီးကို မြင်ယောင်လိုက်သည်။ မိရွှေစာကို မည်သို့ မျက်နှာပြရမည်နည်း။ မိမိကိုယ်တိုင်ကား တစ်နေ့နှင့်တစ်ညမှာ ပင် လှပစွာ တည်ဆောက်ထားခဲ့သော စိတ်ကူးအလှူ ဗိမာန်သည် မြင်မကောင်း ရှုမကောင်းဖြင့် ဖရိုဖရဲ ပျက်စီးသွားလေပြီ။
“နိဗ္ဗာန်ဆော်ကြီးရယ်၊ ကျုပ်တို့ လင်မယားလေ ရဟန်းတစ်ပါးဖြင့် ရလေပဟဲ့ဆိုပြီး...”
မဟာဒုတ်က သူတို့အခစားလုပ်ခဲ့ပုံ၊ ရခဲ့ပုံများ ကို ၀မ်းခေါင်းသံကြီးဖြင့် ပြန်တမ်းတ ရေရွတ်ကာ ပြောပြနေသည်။ နိဗ္ဗာန်ဆော်ကြီး သနားသွား၏ ။
“ကိုင်း... မဟာဒုတ်၊ ဒီကိစ္စ ငါတော့ မတတ်နိုင်ဘူး။ မြတ်စွာ ဘုရားထံတော် သွားပေတော့။ မြတ်စွာ ဘုရားရှင်ဟာ ဆင်းရဲသူတို့ကိုသနားတော်မူတယ်။ ချီးမြှော က်တော်မူတယ်။ ဘုရားကျောင်းတော်မှာ သာသွားပြီး တပည့်တော်ဟာ ဗာရာဏသီမှာ အဆင်းရဲဆုံးပါပဲဘုရားလို့ လျှောက်ထား။ မင်းဒီမှာ ထိုင်နေလို့တော့ ဘာမှ မထူးဘူး”
“ဒီလိုဆိုလည်း သွားရတော့မှာ ပေါ့ နိဗ္ဗာန်ဆော်ကြီးရယ်”
ဘုရားရှင်သီတင်းသုံးတော်မူရာ ဂန္ဓကုဋိတိုက် တံခါးဝတွင် ပရိသတ်အပြည့် ရှိနေလေသည်။ မဟာဒုတ် မဆိုထားဘိ၊ ဗာရာဏသီရှိ သူဌေးသူကြွယ်များ ပင် အနားသီခွင့်မရသော ပြည့်ရှင်မင်း၊ အိမ်ရှေ့မင်း၊ စစ်သူကြီးနှင့် အဆင့်မြင့် မှူးမတ်ကြီးများ ချည်းသာ စုဝေးနေသည့်ပရိသတ်ဖြစ်၏ ။
သူတို့အားလုံးရောက်ရှိနေခြင်းကား ဘုရားရှင် ထွက်ကြွတော်မူလျှင် ဘုရားရှင် သပိတ်တော်ကိုယူ၍ ဆွမ်းကပ်နိုင်ရန် ဖြစ်လေသည်။
“မဟာဒုတ်... ဆွမ်းစားချိန်တောင် မရောက်သေးဘူး။ စားကြွင်းစားကျန်ကောက်ဖို့ အချိန်မဟုတ်သေးဘူး။ ဘေးဖယ်နေ”
“ကျွန်ုပ်သိပါတယ်ဗျာ။ ဘုရားရှင်ကို ရှိခိုးဖို့ လာတာပါ”
မဟာဒုတ်သည် ဂန္ဓကုဋိတံခါးဝ တံခါးခုံဆီသို့ မရောက်ရောက်အောင် အတင်းတိုးဝင်လိုက်၏ ။ ထိုအချိန်မှာ ပင် ဘုရားရှင်သည် ထွက်ကြွလာပြီဖြစ်သဖြင့် သူ့ကို မောင်းထုတ်ရန် အခွင့်မသာကြတော့ပေ။
ဘုရားရှင် ထွက်တော်မူလာပေပြီ။
မဟာဒုတ်သည် အသံကို မြှင့်၍ အက်ကွဲစွာ လျှောက်ထားလိုက်၏ ။
“မြတ်စွာ ဘုရား... တပည့်တော် မဟာဒုတ်ဟာ ဟောဒီဗာရာဏသီမှာ အဆင်းရဲဆုံး၊ အနုံချာဆုံး၊ အောက်အကျဆုံးဖြစ်ပါတယ်ဘုရား။တပည့်တော်တို့ကို ချီးမြှော က်တော်မူပါဘုရား”
ကဿပမြတ်စွာ ဘုရားသည် ထိုနေ့အဖို့ မဟာဒုတ်ကို ချီးမြှော က်တော်မူရန် ဂန္ဓကုဋိတိုက်ထဲတွင် သီတင်းသုံးတော်မူခဲ့ပြီး ဖြစ်၏ ။
မဟာဒုတ်၏ ထိုအသံ ပြီးဆုံးသည်နှင့် ဘုရားရှင်သည် ဂန္ဓကုဋိတိုက် တံခါးကို ဖွင့်တော်မူကာ...
ဖြစ်ပေါ်လာသော အခြင်းအရာကြောင့် တံခါးဝ၌ အသင့်စောင့်ဆိုင်းနေရာယူပြီးကြသော ပြည့်ရှင်မင်း၊ အိမ်ရှေ့မင်း၊ စစ်သူကြီးနှင့် အဆင့်မြင့် မှူးမတ်များ ထံမှ ‘ဟယ်’ခနဲ အာမေဍိတ်သံကြီး တညီတည်း ထွက်ပေါ်လာလေသည်။
မြတ်စွာ ဘုရားသည် သပိတ်တော်ကို မဟာဒုတ်ထံသို့ ပေးလိုက်သောကြောင့်ပင်။ လောကသုံးပါး၏ အထွတ်အထိပ် ဖြစ်တော်မူသောဘုရားရှင်သပိတ်တော်သည် ဗာရာဏသီ၏ အဆင်းရဲအနုံချာဆုံးသော မဟာဒုတ်လက်သို့ ရောက်သွားပေပြီ။ သာမန်အားဖြင့်မူကားပြည့်ရှင်မင်း၊ အိမ်ရှေ့မင်း၊ စစ်သူကြီးတို့သည် မဟာဒုတ်လို အနိမ့်ဆုံး လူတစ်ယောက်ထံမှ ပစ္စည်းတစ်ခုကို အနိုင်အထက်ပြု၍ ယူခွင့်ရှိသူများ ချည်းသာ ဖြစ်၏ ။ သို့ သော် ယခုကား ဘုရားရှင်၏ သပိတ်တော်ဖြစ်သည်။ ဘုရားရှင်ကိုယ်တိုင်က ပေးတော်မူထားခြင်းလည်းဖြစ်သည်။ ထို့ကြောင့် သူတို့ အနိုင်အထက်မပြုရဲကြ။
“မဟာဒုတ်... သပိတ်တော်ကို ငါ့ပေးပါ။ မင်းလိုချင်သလောက် ရွှေငွေရတနာ ပေးမယ်။ ဘယ်လောက်လိုချင်သလဲ... ပြော”
မဟာဒုတ်က တစ်ချက်ငဲ့စောင်း ကြည့်ရုံမျှကြည့်ပြီး မျက်နှာလွှဲ၍ ပြော၏ ။
“ရွှေတစ်မှု န်၊ ငွေတစ်စတောင် မလိုချင်ပါဘူးဗျာ။ ဘယ်လောက်မှလည်း မလိုချင်ပါဘူး။ ကဲပါ... အရှင်သခင်ကြီးတို့ရယ် တစ်ဆိတ်ကလေးဖယ်ရှားပေးတော်မူကြပါ”
သပိတ်တော်ကို ရင်ခွင်၌ မြဲမြဲကြီး တင်းတင်း ပွေ့ပိုက်ထားရင်း မဟာဒုတ်သည် လည်ကိုဝင့်၊ ခေါင်းကိုစွင့်လျှက် ထွက်ရန် ဟန်ပြင်သည်။အားလုံးပင် အလိုအလျောက် ရှဲပေးကြသည်။
“ဘုန်းတော်ကြီးသော အရှင်ဘုရား... တပည့်တော်ရဲ့ အိမ်ကို ကြွတော်မူပါဘုရား”
မဟာဒုတ်က ဘုရားရှင်ကို ပင့်ဖိတ်ပြီး သပိတ်ကိုပိုက်လျှက် အိမ်ပြန်ခဲ့၏ ။ သူ့ခြေ မြေမထိဟု ထင်ရသည်။ တဲဆီသို့ မရောက်ခင် အဝေးကပင်မဟာဒုတ် ဟစ်လိုက်သည်။
“မိရွှေစာရေ... တွေ့လားဟေ့ ဒီမှာ ”
ဇနီးဖြစ်သူကလည်း အဝေးမှပင် လှမ်းမြင်ခဲ့ပြီဖြစ်သည်။ သို့သော် တဲဟုပင် မခေါ်နိုင်သော သူတို့၏ ဂေဟာတွင်းသို့ ဘုရားရှင် မည်သို့ ကြွဝင်ပါမည်နည်းဟု တွေးတော စိတ်ပူနေလေသည်။ ဖြစ်သလိုစိုက်ထားသော တိုင်ပေါ်မှ ဖြစ်သလိုမိုးထားသော အမိုးက နိမ့်လွန်းလှသည်။သူတို့လင်မယားသည်ပင် ကုန်း၍ ကိုင်း၍ ၀င်ရထွက်ရသော အမိုး။
မဟာဒုတ်ကား ဘာကိုမျှ မမြင်တော့ပြီ။
“အရှင်ဘုရား အိမ်တွင်းသို့ ကြွတော်မူပါဘုရား”
ဟု ပင့်ဖိတ်၏ ။
ဘုရားရှင်တို့မည်သည်ကား ကိုယ်တော်ကို ကိုင်းညွတ်၍ ၀င်ရိုးထွက်ရိုး ထုံးစံမရှိ။ ကဿပဘုရားရှင်သည် ပကတိကိုယ်တော်ဖြင့်ပင်မကိုင်းမညွတ် တဲအိမ်အတွင်းသို့ ၀င်တော်မူရာ တန်ခိုးတော်ကြောင့် မြေကြီးသည် နိမ့်ဆင်းသွားပြီး တဲအိမ်မိုးကလည်း မြင့်တက်သွားလေသည်။ ၀င်တော်မူပြီး တဲအိမ်အတွင်း (သိကြားမင်းက လုလင်ယောင်ဆောင်ပြီး ဖန်တီးခင်းကျင်းထားခဲ့သော နေရာ၌ ) ထိုင်တော်မူပြီးသည့်အခါတဲအိမ်မိုးသည် မူလအတိုင်း ပြန်ဖြစ်သွားသည်။
“မိရွှေစာရေ...
မဟာဒုတ်တို့ ပြင်ဆင်ထားသော ဆွမ်းခဲဖွယ်တို့ကား (သိကြားမင်း စီမံထားခဲ့သည်ဖြစ်သဖြင့်) မွှေးလှိုင်သင်းပျံ့ရနံ့များ က ကြိုင်လှိုင်သွားတော့သည်။
ဘုရားရှင်သည် ထိုသို့ လျှင် မဟာဒုတ်မောင်နှံ၏ ဆွမ်းကိုဘုန်းပေးတော်မူကာ ဆွမ်းအနုမောဒနာတရား ဟောကြားတော်မူလေသည်။
ဘုရားရှင် ထွက်ကြွတော်မူသောအခါ ၀င်တော်မူခဲ့စဉ်ကလိုပင် မြေသည်နိမ့်ဆင်း၍ တဲအမိုးက မြင့်တက်သွားခဲ့ပြန်၏ ။ မဟာဒုတ်က သပိတ်ကိုထမ်း၍ လိုက်ပါပို့ဆောင်သည်။
ဘုရားရှင်ပြန်လည်ကြွသွားတော်မူပြီးနောက် ‘ကုသိုလ်ယူချင်လို့ပါ’ဟုဆိုကာ ဘယ်ကမှန်းမသိ ရောက်လာသော လုလင်(သိကြားမင်း)ကကောင်းကင်ကို မော့ကြည့်လိုက်သည်။ ၀င်းပြက်သော အလင်းမျှင်တန်းများ က ကောင်းကင်မှ တဝေါဝေါထိုးဆင်းလာကာ မဟာဒုတ်၏ တဲအိမ်အတွင်းမိုးစက်မိုးပေါက်များ နှယ် ကျရောက်လာသည်။ သို့ သော် ရွှဲစိုစေသည့် မိုးစက်မိုးပေါက်များ ကား မဟုတ်။ မဟာဒုတ်တဲတစ်ခုလုံး ရွှေငွေရတနာများ အပြည့်ဖြစ်သွားစေသော ရတနာရွှေမိုးငွေမိုးပင်တည်း။
မိရွှေစာကား အံ့သြ၀မ်းသာခြင်းကြီးစွာ ဖြင့် အသံပင် မထွက်နိုင်တော့။
မဟာဒုတ်ပြန်ရောက်လာ၏ ။ တဲအပြည့် ရွှေငွေများ ကို မြင်လိုက်ရသောအခါ မဟာဒုတ်သည် ‘အလို’ဟု တစ်ချက်သာမြည်တမ်းလိုက်ပြီး ချက်ချင်းပင် ဣနြေ္ဒဆည်လိုက်နိုင်သည်။ ထို့နောက် ကတုန်ကယင်ကြီးဆို၏ ။
“မိရွှေစာရေ... တို့အလှူလက်ငင်း အကျိုးပေးပြီ”
“ဟုတ်... တယ်... တော့”
မိရွှေစာကလည်း အသံတွေ တုန်နေသည်။
“တို့အဆင့်နဲ့ ဒီရတနာ ရွှေငွေတွေ ရှိနေတာ ဒီအတိုင်းထားလို့ မဖြစ်ဘူး။ ပြည့်ရှင်မင်းကို သွားလျှောက်တင်မှ ဖြစ်မယ်”
“ကောင်းပါလေ့တော်”
ပြည့်ရှင်မင်းက လှည်းများ ဖြင့် တိုက်စေကာ နန်းရင်ပြင်၌ စုပုံစေပြီး မင်းဘဏ္ဍာအဖြစ် မသိမ်းဆည်းဘဲ မဟာဒုတ်အား သူဌေးကြီးအရာကိုပေးလိုက်၏ ။ ထို့နောက် ဆက်လက်၍ ထူးခြားလှသော ဖြစ်ရပ်များ က ပေါ်ပေါက်ခဲ့သည်။
ယခင်သူဌေးတစ်ဦး နေထိုင်ခဲ့ဖူးသော အိမ်ရာဟောင်းကို မဟာဒုတ်မောင်နှံအတွက် ပြည့်ရှင်မင်းက ခွင့်ပြုပေးအပ်လိုက်၏ ။ ထိုနေရာဟောင်းကိုတူးဆွရှင်းလင်းကြသောအခါ တစ်လုံးနှင့် တစ်လုံး ထိစပ်နေသော ရွှေအိုးကြီးများ ကို တွေ့ကြရလေသည်။
မဟာဒုတ်သည် ဗာရာဏသီတွင် အချမ်းသာအကြွယ်ဝဆုံး သူဌေးကြီး ဖြစ်သွား၏ ။
ဆွမ်းဒါယကာ သူဌေးကြီး မဟာဒုတ် သက်တမ်းစေ့၍ ကွယ်လွန်သောအခါ တာဝတိံသာတွင် နတ်စည်းစိမ်ကို ဆက်လက်ခံစားရသည်။
ထို့နောက် ဂေါတမဘုရားရှင် လက်ထက်တော်ကာလ၊ တာဝတိံသာမှ စုတေကာ လူ့ပြည်တွင် ဘ၀သစ်ကို ရရှိခဲ့သည်။ လူ့ပြည်၌ မဟာဒုတ်သန္ဓေယူရာကား သာဝတ္တိမြို့တော်ရှိ အိမ်တစ်အိမ်မှ အရှင်သာရိပုတ္တရာကို ကိုးကွယ်ဆည်းကပ်သော အမျိုးသမီးထံတွင် ဖြစ်၏ ။
ပဋိသန္ဓေတည်သည်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးသည် အရှင်သာရိပုတ္တရာ အမှူးပြုသော ရဟန်းငါးရားအား ငါးကြင်းသားဟင်းဖြင့်ဆွမ်းကပ်လေသည်။ ကိုယ်တိုင်လည်း ဖန်ရည်ဆိုးသော အ၀တ်ကိုဝတ်၍ သံဃာတော်များ ၏ စားကြွင်းစားကျန်ကို စားကာ ဆွမ်းအနုမောဒနာနာယူ၏ ။
ထို့နောက် သန္ဓေသားကို ဖွားမြင်ခဲ့ပြီး ‘ပဏ္ဍိတ’ဟု အမည်မှည့်လေသည်။
ပဏ္ဍိတသည် ခုနစ်နှစ်သားအရွယ်တွင် အရှင်သာရိပုတ္တရာထံ၌ ပင် သာမဏေအဖြစ်သို့ ရောက်ခဲ့၏ ။ ပဏ္ဍိတသာမဏေတွင်ခဲ့ပြီ။
တစ်နေ့သောအခါ ခုနစ်နှစ်သား ပဏ္ဍိတသာမဏေသည် အရှင်သာရိပုတ္တရာ နောက်ပါးမှနေ၍ ဆွမ်းခံရန် လိုက်ပါလာခဲ့လေသည်။
သာမဏေသည် လူဝတ်ကြောင် ကလေးဘ၀ကလည်း အမိစံအိမ်တွင် ကောင်းစွာ ကြီးပြင်းခဲ့ရသည်ဖြစ်၍ စံအိမ်ပြင်ပလောက ၀န်းကျင်ကိုသိသူ မဟုတ်ချေ။
အရှင်သာရိပုတ္တရာနောက်မှ လိုက်ပါလာရင်း တစ်နေရာတွင် ရေမြောင်းတစ်ခုကို တွေ့လိုက်ရ၏ ။ ထိုရေမြောင်းဖြင့် ဘယ်အလုပ်လုပ်သည်ကိုသာမဏေမသိ။ တသွင်သွင်စီးနေသော ရေမြောင်းကိုကြည့်၍ သာမဏေငယ်ကလေးသည်...
“အရှင်ဘုရား... ဒီရေမြောင်းနဲ့ ဘာလုပ်ကြပါသလဲ ဘုရား”
“ပဏ္ဍိတ... ဒီရေမြောင်းနဲ့ ရေကိုသွယ်ပြီး ကောက်ပင်တွေဖြစ်ထွန်းအောင် လုပ်ကြတယ်”
ရေကိုသွယ်။ ထိုရေဖြင့် ကောက်ပင်များ ဖြစ်ထွန်းရှင်သန်ကြီးထွား။ ပဏ္ဍိတသည် အတွေးစကို လွှတ်ထားလိုက်၏ ။ ရေသည် ကောက်ပင်ကိုဖြစ်ထွန်းရှင်သန် ကြီးထွားစေသတဲ့လား။ ရေမှာ ထိုသို့ သော စွမ်းအင်အာနိသင် ရှိသတဲ့လား။ ကောက်ပင်တွေ ရှင်သန်ကြီးထွားအောင်ရေက ဘယ်လိုလုပ်ပြီး ပေးလိုက်သလဲ။ ကောက်ပင်တွေအကြောင်းကို ရေက သိနေသတဲ့လား။
မေးခွန်းတွေသာ ပေါ်လာပြီး အဖြေထွက်မလာသဖြင့် ပဏ္ဍိတသာမဏေက...
“အရှင်ဘုရား... ရေမှာ သိတတ်သောစိတ် ရှိပါသလားဘုရား”
“ပဏ္ဍိတ... ရေမှာ သိတတ်တဲ့စိတ် မရှိဘူး”
ရေမှာ စိတ်မရှိဘူးတဲ့။ အဲဒီ စိတ်မရှိတဲ့ ရေကိုပဲ လိုရာအရပ်ရောက်အောင် သွယ်ယူတူးဖောက် ပို့ဆောင်ကြသတဲ့။ အဲဒီ နည်းအားဖြင့် ကောက်ပင်တွေကြီးထွားကြသတဲ့။
ပဏ္ဍိတသာမဏေသည် နောက်ထပ် ထင်မြင်လာသော မေးခွန်းကို မေးပြန်၏ ။
“အရှင်ဘုရား... စိတ်မရှိသောရေကို လိုရာပို့ဆောင်သယ်ဆောင်နိုင်ပါသလား”
“ပဏ္ဍိတ... စိတ်မရှိသော ရေကို လိုရာပို့သယ်ဆောင်နိုင်တယ်”
မိမိ၏ သန္တာန်အတွင်းမှ လင်ခနဲပြက်သွားသည်ဟု ပဏ္ဍိတသာမဏေ ခံစားလိုက်ရ၏ ။အဇ္စုတ္တမှ အသံများ ကို ပြန်ကြားလိုက်ရ၏ ။
စိတ်မရှိတဲ့ရေကိုပင်လျှင် လိုရာဆောင်ယူနိုင်ကြသေးရင် စိတ်ရှိတဲ့လူဆိုတာ ကိုယ့်စိတ်ကို ကိုယ်လိုရာသို့ လိုက်စေနိုင်တာပေါ့။ အဲဒီ စိတ်ကိုမကောင်းတဲ့ဘက်သို့ မသွယ်ယူ မဖောက်လုပ်ဘဲ ကောင်းတဲ့ဘက်သို့ သွယ်ယူဖောက်လုပ်လို့ ရတာ ပေါ့။ အဲဒီ စိတ်ကို ရဟန်းတရား အားထုတ်တဲ့ဘက်သွယ်ယူဖောက်လုပ်ရမှာ ပေါ့။ ဘာကြောင့် ဒီလို မလုပ်နိုင်ရမှာ လဲ။ ရေကြောင့် ကောက်ပင်တွေ ကြီးထွားရသလို စိတ်ကြောင့် တရားဓမ္မတွေလည်းကြီးထွားရှင်သန် ပွားများ လာရမှာ ပေါ့။ ဘာကြောင့် မတတ်နိုင်ရှိရမှာ လဲ။
အရှင်သာရိပုတ္တရာနောက်မှ အစဉ်လိုက်ပါလာခဲ့ရင်း ပဏ္ဍိတသာမဏေသည် ခြေလှမ်းနှင့်အမျှ စဉ်းစားခန်း နက်လာခဲ့သည်။ ထိုအတွေးတို့သည်အခြားတစ်နေရာရောက်ခါမှပင် ကုန်ဆုံးသွား၏ ။
ထိုအခြားတစ်နေရာတွင်ကား မြင်ကွင်းသည် တစ်မျိုးတစ်ဖုံ။ ပဏ္ဍိတသာမဏေ မမြင်မတွေ့ဖူးသောအရာ ဖြစ်သည်။
လေးသမားတစ်ယောက်က မြားကို မီးကင်ကာ မြားဖြောင့်အောင် ပြုလုပ်နေ၏ ။ မြားဖြောင့် မဖြောင့် သိနိုင်ဖို့ လေးသမားက မျက်စိတစ်ဖက်မှိတ် တစ်ဖက်ဖွင့်၍ ကြည့်ကာ အမြင်အာရုံ၌ စစ်ဆေးနေ၏ ။
“အရှင်ဘုရား... ထိုသူဘာလုပ်နေပါသလဲ ဘုရား”
“ပဏ္ဍိတ... မြားကို မီးကင်ပြီးဖြောင့်အောင် ပြုလုပ်နေတာဖြစ်တယ်”
“မြားမှာ သိတတ်တဲ့ စိတ် ရှိပါသလား ဘုရား”
“ပဏ္ဍိတ...မြားမှာ သိတတ်တဲ့ စိတ် မရှိဘူး”
စောစောကအတိုင်းပင် အမေးအဖြေများ ပေါ်လာပြန်သည်။ သိတတ်တဲ့စိတ်မရှိတဲ့ မြားကို မီးကင်၊ မီးကင်ပြီး ဖြောင့်အောင်လုပ်၊အဲဒါ လုပ်လို့ရသတဲ့။
စိတ်ရှိတဲ့လူဆိုရင်ကော ပိုပြီး ဖြောင့်အောင် လုပ်လို့ ရရမှာ ပေါ့။ မကောက်မကွေးအောင် လုပ်ယူရမှာ ပေါ့။ ဘာကြောင့် မရနိုင်ရမှာ လဲ။
စိတ်ကို ဖြောင့်အောင်လုပ်၊ ဒီစိတ်ကို ဖြောင့်တဲ့ဘက်ကို ဆွဲယူ၊ ရဟန်းတရားအားထုတ်၊ ဘာကြောင့်မတတ်နိုင်ရမှာ လဲ။
ပို၍ ပို၍ နက်ရှိုင်းတည်ငြိမ်လာသော အတွေးအကြံတို့ဖြင့် ပဏ္ဍိတသာမဏေသည် အရှင်သာရိပုတ္တရာနောက်မှ အစဉ်လိုက်ပါလာခဲ့သည်။
တစ်နေရာသို့ အရောက်တွင် မြင်ကွင်းတစ်ခုကို ထပ်တွေ့ပြန်၏ ။ အသံတွေက ဒုန်းဒုန်းဒိုင်းဒိုင်း။
လူတွေက ချွေးသံတရွှဲရွှဲ၊ ထုလိုက်၊ ရိုက်လိုက်၊ ခုတ်လိုက်၊ ရွေလိုက်။
သူတို့ကား လှည်းဘီးဖြစ်လာအောင် ဒေါက်၊ သံကူ၊ ပုံတောင်းစသည်ဖြင့် ပြုလုပ်နေကြသူများ ဖြစ်လေသည်။ ပဏ္ဍိတသာမဏေသည်ထိုအခြင်းအရာကို မမြင်ဖူးပေ။ မသိမမြင်သည်ကို မေးတတ်သော အကလေးငယ်တို့၏ သဘာဝဖြင့် သာမဏေသည် အရှင်မြတ်ကြီးကိုမေးပြန်၏ ။
“အရှင်ဘုရား... သူတို့က ဘယ်သူတွေပါလဲဘုရား”
“လက်သမားတွေဖြစ်တယ် ပဏ္ဍိတ”
“သူတို့ ဘာကိုလုပ်နေကြတာလဲ ဘုရား”
“သစ်သားကို လှည်းဘီးဖြစ်အောင် ခုတ်ရွေနေကြခြင်းဖြစ်တယ် ပဏ္ဍိတ”
“အဲဒီ သစ်သားမှာ သိတတ်တဲ့စိတ် ရှိပါသလား ဘုရား”
“ပဏ္ဍိတ သစ်သားမှာ သိတတ်တဲ့စိတ် မရှိဘူး”
သာမဏေငယ်၏ အတွေးထဲတွင် စောစောကလိုပင် ဆင့်ကဲဖြစ်ပေါ်လာကြ၏ ။
သိတတ်တဲ့စိတ်မရှိတဲ့ သစ်သားကို လှည်းဘီးဖြစ်အောင် ခုတ်ရွေလို့ လုပ်နိုင်သေးရင် စိတ်ရှိတဲ့သူများ ကိုကော ကိုယ့်စိတ်ကို ကိုယ့်အလိုသို့ပါလာအောင် လုပ်ယူလို့ ရနိုင်တာပေါ့။ ဘာကြောင့် မရနိုင်ရမှာ လဲ။ ဒီစိတ်ကို ပိုပြီးကောင်းအောင်၊ နိုင်အောင်၊ မာအောင်လုပ်ဖို့ ရဟန်းတရားအားထုတ်။ ဘာကြောင့် မတတ်နိုင်ရမှာ လဲ။
ထိုဆင်ခြင်မှု များ ၏ အထွတ်အထိပ် တစ်နေရာသို့ ရောက်ပြီးသည့်နောက် ပဏ္ဍိတသာမဏေသည် အရှင်သာရိပုတ္တရာအား ပြတ်သားစွာ လျှောက်လိုက်လေသည်။
“တပည့်တော် ကျောင်းပြန်ပြီး တရားအားထုတ်ပါရစေဘုရား”
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက သိတော်မူနှင့်ပြီ။ ထိုကြောင့် အနှောင့်အယှက်ကင်းစွာ တရားအားထုတ်နိုင်ရန် မိမိ၏ အခန်းသော့ကို ပေးလိုက်သည်။ ပဏ္ဍိတသာမဏေသည် အရှင်သာရိပုတ္တရာ၏ အခန်းတွင်းဝင်ကာ မိမိ၏ ခန္ဓာကို ၀ိပဿနာတင်ဆင်ခြင်သုံးသပ်လေသည်။ သာသနာကို စောင့်ကြပ်သော လောကပါလ နတ်မင်းကြီးများ နှင့် သိကြားမင်းတို့က သာမဏေလေးတရားအားထုတ်ချိန်တွင် ငှက်သံစသော ဆူညံသံများ မနှောင့်ယှက်နိုင်အောင် ကူပံ့ပေးကြ၏ ။ သိကြားမင်းကိုယ်တိုင်တံခါးသော့နေရာတွင် စောင့်ကြပ်ပေး၏ ။
ပကတိ တိတ်ဆိတ်သော ပတ်ဝန်းကျင်နေရာ၌ စိတ်ကို ငြိမ်သက်နက်ရှိုင်းစွာ ထားလျှက် ၀ိပဿနာပွားများ လိုက်ရသဖြင့် ပဏ္ဍိတသာမဏေသည်ဆွမ်းစားချိန်မှာ ပင် မဂ်ဖိုလ်သုံးဆင့်ကို ရောက်လေသည်။
ထိုအချိန်မှာ ပင် အရှင်သာရိပုတ္တရာသည် ဆွမ်းခံရာမှ ပြန်ကြွလာ၏ ။ ငါးကြင်းသားဟင်းနှင့်ဆွမ်းကို ယူဆောင်လာကာ သာမဏေငယ်ဆွမ်းစားစေရန် ဆောလျင်စွာ ပြန်ကြွလာခြင်း ဖြစ်သည်။ ဆွမ်းစားချိန်ကျော်တော့မည် ဖြစ်သည်။
သို့ သော် အရှင်သာရိပုတ္တရာသည် သာမဏေငယ်ရှိရာ အခန်းတွင်းသို့ ၀င်သွားခွင့်မရချေ။ အကြောင်းကား ဘုရားရှင်သည် သာမဏေငယ်ရဟန္တာအထိ ဖြစ်နိုင်သော အခြေအနေကို သိတော်မူသဖြင့် အရှင်သာရိပုတ္တရာ၏ တံခါးမုခ်သို့ ကြွကာ အရှင်သာရိပုတ္တရာအား မေးခွန်းလေးရပ်မေးတော်မူလိုက်သောကြောင့် ဖြစ်လေသည်။
ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာတို့၏ အမေးအဖြေကား...
“သာရိပုတ္တရာ... ယခု ဘာကို ရလာခဲ့သလဲ”
“အရှင်ဘုရား... အာဟာရကို ရလာပါတယ် ဘုရား”
“သာရိပုတ္တရာ... အာဟာရက ဘာကိုဆောင်သလဲ”
“အရှင်ဘုရား... အာဟာရက ဝေဒနာကို ဆောင်ပါတယ် ဘုရား”
“သာရိပုတ္တရာ... ဝေဒနာက ဘာကို ဆောင်သလဲ”
“အရှင်ဘုရား... ဝေဒနာက ရုပ်ကို ဆောင်ပါတယ် ဘုရား”
“သာရိပုတ္တရာ... ရုပ်က ဘာကို ဆောင်သလဲ”
“အရှင်ဘုရား... ရုပ်က ဖဿကို ဆောင်ပါတယ် ဘုရား”
အမေးလေးထွေ၊ အဖြေလေးရပ်။ အခန်းတွင်း၌ တရားရှုမှတ်နေသော ပဏ္ဍိတသာမဏေသည် အရှင်သာရိပုတ္တရာ၏ အဖြေစကားများ ကိုကြားနာရင်း ၀ိပဿနာကို ဆက်လက်ရှုမှတ် ပွားများ လေရာ အဖြေအဆုံးမှာ ပင် အရဟတ္တမဂ်သို့ ဆိုက်ရောက်သွားလေသည်။
ပဏ္ဍိတသာမဏေရဟန္တာဖြစ်သွားကြောင်း သိတော်မူသော ဘုရားရှင်ကလည်း ထိုအခါမှ အရှင်သာရိပုတ္တရာအား အခန်းတွင်းသို့ ၀င်၍ ဆွမ်းဘုဉ်းပေးရန် ခွင့်ပြုလိုက်လေသည်။
ထိုနေ့ကား ပဏ္ဍိတသာမဏေ ရှင်ပြုပြီး ရှစ်ရက်မြောက်သောနေ့ ဖြစ်၏ ။ တစ်ပြိုင်နက် အချိန်ကို ခေတ္တရပ်တန့်အောင် ပြုလုပ်ထားသော
တန်ခိုးကြီးနတ်များ သည်လည်း လ၀န်း၊ နေ၀န်းတို့ကို ပြန်လွှတ်လိုက်ကြသည်။ ထိုအခါ ရုတ်ချည်းပင် ညနေပိုင်းသို့ ရောက်သွား၏ ။
ဆွမ်းကိစ္စပြီးသောအခါ ပဏ္ဍိတသာမဏေသည် သပိတ်ကို ဆေးကြောသန့်စင်လေသည်။ ညနေပိုင်းအချိန်ကျမှ စားလက်စသပိတ်ကို ဆေးကြောနေသော သာမဏေကို မြင်သောအခါ ရဟန်းများ က ကဲ့ရဲ့ ရှုတ်ချကာ ဘုရားရှင်ထံ လျှောက်ထား တိုင်ကြားကြသည်။
ဘုရားရှင်က သိကြားမင်း၊ စတုမဟာရာဇ် နတ်မင်းကြီးလေးပါးနှင့် လနတ်သား၊ နေနတ်သားတို့က စောင့်ရှောက်ထားခြင်းသာ ဖြစ်ကြောင်းနှင့်တကွ ပဏ္ဍိတသာမဏေ တရားအားထုတ်ပုံကို မိန့်ကြားကာ ဒေသနာတော်ကို ဟောကြားတော်မူလေသည်။
“ရေသွယ်သော လယ်သမားတို့သည် ရေကို အလိုရှိရာသို့ ရောက်စေအောင် သွယ်ယူ သယ်ပို့ကြကုန်၏ ။ မြားပြုလုပ်သူတို့သည်မြားကို ဖြောင့်အောင် ပြုလုပ်ကြကုန်၏ ။ လက်သမားတို့သည် သစ်ကို လိုချင်သော ပုံစံကျအောင် ရွေကြကုန်၏ ။ ပညာရှိတို့သည်လည်းမိမိတို့ စိတ်ကို ယဉ်ကျေးအောင် ဆုံးမကြကုန်၏ ”
ကလေးရဟန္တာ(၁)
တပည့်သာမဏေ
အရှင်တိဿဘွဲ့မည်ရှိ ရဟန်းတစ်ပါးသည် ကောသမ္ဗီပြည်၌ သီတင်းသုံးနေထိုင်လျှက် ရှိ၏ ။ အရှင်တိဿအား ကျောင်းလှူထားသောဒါယကာသည် စေတနာသဒ္ဓါထက်သန်သူ ဖြစ်သည်။ တစ်နေ့သောအခါ ဒါယကာက အရှင်တိဿအား သင်္ကန်းသုံးထည်၊ ထောပတ်နှင့်တင်လဲတို့ကို လှူဒါန်းလာသည်။ အရှင်တိဿသည် အရိယာအဆင့်အားဖြင့် မရှိစေကာမူ ခြိုးခြံချွေတာမှု ၊ အမှု ကိစ္စနည်းပါမှု စသောရဟန်းကောင်းတို့၏ ဂုဏ်ရည်များ နှင့် ပြည့်စုံသူကား ဖြစ်လေသည်။ ထို့ကြောင့် ဒါယကာကို မိန့်၏ ။
“ဒကာ... ငါ့မှာ ဝေယျာဝစ ဆောင်ရွက်ပေးမယ့် သာမဏေမရှိဘူး။ ဒါကြောင့် သင်လှူတဲ့ ပစ္စည်းများ ကို ငါအလှူမခံလိုဘူး”
ဒါယကာသည် ထိုစကားကို ကြားရမှ ပို၍ ပင် သဒ္ဓါထက်သန်လာလေသည်။ ထို့ကြောင့် တစ်ထိုင်တည်းမှာ ပင် ဆုံးဖြတ်၍ လျှောက်တင်လိုက်၏ ။
“ဒါဆိုရင် အရှင်ဘုရားထံမှ ဝေယျာဝစ္စ ဆောင်ရွက်ပေးမယ့် သာမဏေတစ်ပါးကိုပါ တပည့်တော် လှူမှာ ပေါ့ ဘုရား”
“ဒကာ... သာမဏေတစ်ပါးပါးကို သင်က ပန်ကြားဆောင်ယူပြီး ငါ့ထံ အပ်နှင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီလို မလုပ်ရဘူး”
“အဲဒီ လို နည်းမျိုးနဲ့ မဟုတ်ပါဘူးဘုရား”
“ဘယ်လိုနည်းမျိုးနဲ့ လှူမှာ တုန်း ဒကာ”
ဒါယကာက ခိုင်မာစွာ တစ်ချက်ပြုံး၍ ...
“တပည့်တော်ရဲ့ သား ခုနစ်နှစ်အရွယ်ကို အရှင်ဘုရားထံ အပ်နှံ သာမဏေပြုစေပြီး ဝေယျာဝစ္စ တပည့်အဖြစ် တစ်ခါတည်း လှူလိုက်မှာ ပါ ဘုရား”
“ဆံပင်တို့သည် လည်းကောင်း၊ မွေးညင်းတို့သည် လည်းကောင်း၊ ခြေသည်းလက်သည်းခွံတို့သည် လည်းကောင်း၊သွားတို့သည် လည်းကောင်း၊ အရေပြားတို့သည် လည်းကောင်း.........”
အရှင်တိဿ၏ လက်ထဲမှ သင်တုန်းဓါးသွားက မိမိဦးခေါင်းခွဲ အရေပြားပေါ်တွင် တရှိတ်ရှိတ် ရွေ့လျားနေသည့် အထိအတွေ့ကိုခံစားနေရင်း အရှင်တိဿ ရွတ်ဆိုဟောကြားနေသော တစပဉ္စက ကမ္မဌာန်းကို နားဆင်နာကြားနေ၏ ။ နားမှာ ထိုသို့ မှတ်သားနေရင်းဖြင့်ပင် အောက်ခံ ပိတ်စပေါ်သို့ အထွေးလိုက် အကွင်းလိုက် တဖွားဖွားကျလာသော ဆံပင်များ ကိုကြည့်နေမိ၏ ။
တစ်ချိန်တည်းမှာ ပင် တရှိတ်ရှိတ် ပြေးလွှားနေသော သင်တုန်းဓါးသွားငယ်၏ ထက်မြသော အသွားငယ်၏ လှုပ်ရှားမှု တစ်လျှောက်ရှိ ဦးရေပြားတို့ဆီမှ ရှိန်းမြမြ အထိအတွေ့ကိုလည်းကောင်း၊ မွေးညင်းပေါက်တို့ဆီမှ ရှိန်ရှိန်ရှားရှားပျံတက်နေသော အငွေ့တို့ကိုလည်းကောင်း၊ ရေတို့ စွတ်စိုလိမ်းကျံသော ခြေသည်း လက်သည်းခွံများ ကိုလည်းကောင်း၊ ရံခါစေ့ထားလိုက်၊ ရံခါ တင်းတင်းဖိကြိတ်လိုက်မိသော သွားတို့ကိုလည်းကောင်း၊ သိသိမှတ်မှတ်ကြီး ဆင်ခြင်နေမိလေသည်။
“ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ တစပဉ္စက ကမ္မဌာန်း၊ တစပဉ္စက ကမ္မဌာန်း”
အထပ်ထပ် ရှုမှတ်ဆင်ခြင်ခြင်းဖြင့် များ စွာ သော ခဏပေါင်းတို့အတွင်း ပျက်စီးချုပ်ငြိမ်းသွားကြလေသော ထိုဆံပင်၊ ထိုမွေးညင်း၊ထိုလက်သည်း ခြေသည်း၊ ထိုသွား၊ ထိုအရေပြားတို့၏ မမြဲခြင်း၊ ဆင်းရဲခြင်း၊ မပိုင်စိုးခြင်း သဘော။
တစပဉ္စက ကမ္မဌာန်းကို နာကြားရင်း ခေါင်းရိတ်ခံပြီးသည်နှင့် တစ်ပြိုင်နက် ကလေးငယ်သည် ရဟန္တာ ဖြစ်သွားလေသည်။
တစပဉ္စက ကမ္မဌာန်းကို စီးဖြန်းနေခြင်းဖြင့် ခေါင်းရိတ်အပြီးမှာ ပင် သာမဏေကလေးမှာ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားကြောင်း ဆရာဖြစ်သူ အရှင်တိဿ အလျဉ်းမသိ။ သိနိုင်သော ပညာလည်း အရှင်တိဿ၌ မရှိ။ သာမဏေကလည်း မိမိအရိယာအဖြစ်ကို ဖွင့်ဟပြောရိုးထုံးစံ မရှိသည်နှင့်အညီ တစ်စုံတစ်ရာ မဆိုချေ။
ဆယ့်ငါးရက် ကြာမြင့်ခဲ့လေသည်။ အရှင်တိဿသည် တပည့်သာမဏေလေးနှင့် အတူ ဘုရားရှင်ကို ဖူးမြင်ရန်ခရီးထွက်ခဲ့၏ ။ ခရီးကား အတန်လှမ်းသည်ဖြစ်၍ နေ့ချင်းပေါက် မရောက်နိုင်သဖြင့် ခရီးကြား ကျောင်းတစ်ကျောင်းသို့ ၀င်ရောက် တည်းခိုကြရလေသည်။
သာမဏေက ဆရာရဟန်းအတွက် အိပ်ရာနေရာများ ကို ပြင်ဆင်ပေးသည်။ ဆရာသည် ဆရာဖြစ်ပြီး တပည့်သည်တပည့်ဖြစ်သည်ဟုသာ သာမဏေလေး ခံယူထားသည်။ အရှင်တိဿသည် ပုထုဇဉ်ရဟန်းမျှသာ ဖြစ်သော်လည်းမိမိ၏ ဥပဇ္ဈာယ်ဆရာပင် ဖြစ်၏ ။ ထို့ကြောင့် အိပ်ရာနေရာ ပြင်ဆင်ပေးခြင်းအပြင် အခြားပြုဖွယ်သောဝတ်တို့ကိုပြုမြဲအတိုင်းပြုလေသည်။
ဆရာ့အတွက် ၀တ်ပြုဆောင်ရွက်ပေးနေရသဖြင့် သာမဏေမှာ မိမိအိပ်ရာ နေရာအတွက် ပြင်ဆင်ရန် အချိန်မရတော့ချေ။
ညဉ့်ကလည်း မိုးချုပ်သွားပြီဖြစ်သည်။ ဤအခြင်းအရာကို သတိပြုမိသဖြင့် အရှင်တိဿက ဆို၏ ။
“သာမဏေ... သင့်မှာ အိပ်ရာနေရာ ပြင်ဆင်ချိန်မရတော့ဘူး။ မိုးလည်း ချုပ်ပြီ။ မှော င်မိုက်နေလို့ ဘာမှလည်း မမြင်နိုင်တော့ဘူး။ငါ့အခန်းထဲမှာ ပဲ ကျိန်းပေတော့”
ဆရာ၏ အမိန့်ကို သာမဏေ ငြင်းဆန်ရန် မရှိ။ သို့ သော် အခက်အခဲတစ်ခုက ဖြစ်ပေါ်လာသည်။ ဆရာတပည့်နှစ်ပါး တစ်မိုးတစ်ရံတည်းသော ကျောင်း၌ အတူကျိန်းခဲ့ကြသည်မှာ ယနေ့ညဉ့်ပါနှင့်ဆို သုံးညရှိတော့မည် ဖြစ်၏ ။ ယနေ့ ညဉ့်ကားသုံးညဉ့် မြောက်ည။
ဆရာအရှင်တိဿအား ပုထုဇဉ်ပီပီ အိပ်ရာထက်လှဲပြီး ခဏမှာ ပင် အိပ်မောကျသွားတော့သည်။ သာမဏေလေး ဆင်ခြင်သည်ကားမိမိပါ အတူတကွ အိပ်စက်လျှင် ဆရာရဟန်းသည် သဟသေယျ အာပတ်သင့်တော့မည်။ သဟသေယျဟူသည်ကားအတူအိပ်စက်ခြင်း ဖြစ်၏ ။
(မှတ်ချက်။ ။ သဟသေယျ သိက္ခာပုဒ်နှင့် ပတ်သတ်၍ မြတ်စွာ ဘုရား ပညတ်တော်မူပုံကို အကျယ်သိလိုပါက ဘုရားဥပဒေတော်ကြီးသုဒ္ဓပါစိတ်အခန်း၊ မုသာဝါဒ၀လ်၌ ဖတ်ရှုနိုင်ပါသည်။ ဘုရားရှင်သည် ပဌမ သစသေယျ သိက္ခာပုဒ်၊ ဒုတိယ သဟသေယျ သိက္ခာပုဒ်များ ကိုပညတ်တော်မူခဲ့ပါသည်)
ဆရာဖြစ်သူ သဟသေယျ အာပတ်မသင့်၊ အပြစ်မရောက်စေရန်မှာ တစ်နည်းသာရှိတော့သည်။ ယင်းကတကွအတူ တစ်မိုးတည်းအောက်တွင် အိပ်စက်ခြင်းတည်းဟူသော အရာမမြောက်စေရန် မိမိ(သာမဏေ)ကမအိပ်စက်ဘဲ တစ်ညဉ့်လုံး ထိုင်နေဖို့ပင် ဖြစ်လေသည်။
တပည့်သာမဏေသည် ထိုသို့ အားဖြင့် မအိပ်စက်ဘဲ တစ်ညဉ့်လုံးထိုင်နေခဲ့၏ ။ နံနက်မိုးသောက်ခဲ့ပြီ။
ဆရာအရှင်တိဿ တစ်ညဉ့်လုံး အိပ်မောကျခဲ့ရာမှ နိုးလာခဲ့သည်။ တပည့်သာမဏေ တစ်ညဉ့်လုံး မကျိန်းမစက်ထိုင်နေသည်ကို မသိ။ မိမိနှယ်ပင် သင်ဖြူးတစ်ဖက်စွန်း၌ သာမဏေအိပ်ပျော်နေဆဲပင် ဖြစ်သည်ဟု မှတ်ယူကာ..
“ဟဲ့... သာမဏေလေး... ထ...ထ...”
ဟု နှိုးလျှက် ယပ်တောင်ဖြင့် လှမ်းရိုက်လိုက်၏ ။ ယပ်ဖျားက ထိုင်နေသော သာမဏေ၏ မျက်စိကို တည့်တည့်ကြီးထိမှန်သွားလေသည်။ မာကျောသော ထန်းရွက်ယပ်များ ၏ အစသည် သာမဏေ၏ မျက်ခွံအောက် မျက်ဝန်းသားကိုမှထိထိမိမိကြီး ခြစ်ပုတ်သွားလေရာ ထိုခဏမှာ သာမဏေငယ်မှာ သွေးသံရဲရဲမထွက်ဘဲ မျက်စိအကြည်ဓါတ် ပျက်သွားတော့သည်။ အရှင်တိဿကား ဤအဖြစ်ကိုလည်း မသိပေ။ သာမဏေငယ်ကလည်း မလျှောက်။
“ဟဲ့... သာမဏေ ဘာလုပ်နေသလဲ။ အခန်းအပြင် ထွက်တော့လေ။ လုပ်စရာရှိတဲ့ ၀တ်ကြီးဝတ်ငယ်တွေ ပြုတော့လေ”
အရှင်တိဿက ဆရာ၏ အနေအထားဖြင့်ပင် ခိုင်းစေလိုက်၏ ။
သာမဏေသည် မျက်စိပျက်သွားသော်လည်း တပည့်တို့၏ တာဝန်ဝတ္တရားကိုကား အပျက်မခံပေ။ ပျက်သွားသော မျက်စိကို လက်တစ်ဖက်ဖြင့် ဖိလျှက် ၀စ္စကုနိုနှင့် မျက်နှာသစ်နေရာတို့ကို လှည်းကျင်းသုတ်သင်သည်။ မျက်နှာသစ်ရေ၊တံပူတို့ကို ပြင်ဆင်သည်။ ကျောင်းပရိဝုဏ်ကို တံမြက်စည်း လှည်းသည်။
ဆရာအရှင်လည်း မသိလိုက် မသိဖာသာပင် အိပ်ရာမှ ထကာ ကိုယ်လက်သန့်ရှင်းသုတ်သင်သည်။
ထို့နောက် မျက်နှာသစ်ခုံဆီသွားကာ မျက်နှာကို ရေဖြင့် လောင်းလိုက်သည်။ သာမဏေကလည်း ပြုမြဲဝတ်အတိုင်း ဆရာအရှင်ထံသို့ တံပူဆက်ကပ်သည်။ သို့ သော် လက်နှစ်ဖက်အစုံဖြင့် ကပ်နိုင်ခြင်းကားမရှိ။ ပျက်စီးသွားသော မျက်စိကို လက်တစ်ဖက်ဖြင့် ဖိအုပ်ထားရသည် ဖြစ်သောကြောင့် အားနေသော လက်တစ်ဖက်ဖြင့်သာ ကပ်နိုင်သည်။ ဤတွင်...
“ဟဲ့... သာမဏေ၊ ဆရာဖြစ်သူကို လက်တစ်ဖက်တည်းနဲ့ တံပူကပ်ရသတဲ့လား။ သင့်ဆရာက မဆုံးမဘူးလား။သင့်အပြုအမူ ဘယ်လောက် မဖွယ်မရာ ဖြစ်နေသလဲဆိုတာ သင်မသိဘူးလား”
စသည်ဖြင့် ကြိမ်းမောင်း ပြစ်တင်လေသည်။
ဤအတိုင်းသာ ဆက်လက်ကြိမ်းမောင်း ပြစ်တင်နေပါလျှင် အခြေအနေမှာ ဆရာဖြစ်သူအတွက်ရော၊ မိမိအတွက်ပါပို၍ ဆိုးရွားလာစရာ ရှိပေတော့သည်။ အဖြစ်မှန်ကို ရှင်းပြလျှောက်ထားဖို့ အချိန်တန်ပေပြီဟု သာမဏေငယ်ဆုံးဖြတ်လိုက်၏ ။
“ဆရာအရှင်ဘုရား... ခေတ္တမျှ သည်းခံ နားထောင်ပါဘုရား”
ဟု အစချီကာ သာမဏေငယ်သည် (မိမိ၏ အရိယာအဖြစ်မှတပါး) ညဉ့်က ဖြစ်ပျက်ခဲ့သည်များ ၊ နံနက်မိုးသောက်ချိန်ဖြစ်ပျက်ခဲ့သည်များ ကို အစအဆုံး ရှင်းလင်း လျှောက်ထားလိုက်လေသည်။
အရှင်တိဿကား နောင်တကြီးစွာ ရခဲ့ပေပြီ။ တပည့်သာမဏေ၏ အရိယာအဆင့် အစစ်အမှန်ကို မသိသော်ငြား ဆရာပါစိတ်အာပတ်သင့်မည်စိုးသဖြင့် တစ်ညဉ့်လုံး မအိပ်ခဲ့သည့်တပည့်၊ တစ်ညဉ့်လုံး ထိုင်နေခဲ့သော တပည့်၊ မိမိ၏ ယပ်ဖျားဒဏ်ကြောင့် မျက်စိပျက်ခဲ့သော်လည်း ထိုအဖြစ်ကို မိမိမသိစေရဘဲ ပြုမြဲဝတ်တို့ကို မပျက်မကွက်ပြုခဲ့သောတပည့်။
အရှင်တိဿသည် စိတ်မကောင်းခြင်းကြီးစွာ ကွဲအက်သော နောင်တသံဖြင့် ရေရွတ်တောင်းပန်လေသည်။
“သူတော်ကောင်း သာမဏေ။ ငါဒီအကြောင်းခြင်းရာ အဖြစ်မှန်တွေကို မသိခဲ့ပါဘူး။ မသိခဲ့လို့ အခုလို ဖြစ်ရတာ ပါ။ငါ့ကို သည်းခံပါ”
သာမဏေငယ် တည်ငြိမ်စွာ ဆိုလေသည်။
“အရှင်ဘုရား... ခုလိုဖြစ်ရတာ မှာ အရှင်ဘုရားရဲ့ အပြစ်မရှိပါဘုရား။ တပည့်တော်ရဲ့ အပြစ်လည်း မပါပါဘုရား။သံသရာဝဋ်သာလျှင် အကြောင်းရင်းခံပါ ဘုရား”
အရှင်တိဿကား နောင်တကို ပွေ့ပိုက်ထားဆဲ ဖြစ်လေသည်။ ဖြစ်ခဲ့ရသည့် အကြောင်းခြင်းရာအတွက်စိတ်မအေးနိုင်။ ပူပန်လောင်ကျွမ်းဆဲပင် ဖြစ်သည်။ ထို့ကြောင့် မြတ်စွာ ဘုရားထံတော်မှော က် ရောက်သောအခါဖြစ်ကြောင်း ကုန်စင်ကို လျှောက်ထားလေသည်။
ဘုရားရှင် မိန့်တော်မူလေ၏ ။
“တရားကိုလည်းကောင်း သိ၍ ကိလေသာမှ လွတ်ပြီးသော၊ ငြိမ်သက်သော၊ တာဒိဂုဏ်နှင့် ပြည့်စုံသောရဟန္တာ၏ စိတ်သည် ငြိမ်သက်၏ ။ နှုတ်အမူအရာသည် လည်းကောင်း၊ ကိုယ်အမူအရာသည် လည်းကောင်းငြိမ်သက်၏ ”
ရဟန္တာပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူးနှင့် ဆက်စပ်၍ တရားဒေသနာကို ဟောကြားတော်မူသည်၏ အဆုံး၌ အရှင်တိဿသည်ပဋိသမ္ဘိခါလေးပါးရရှိသော ရဟန္တာအဖြစ်သို့ ရောက်ခဲ့လေသည်။
တပည့်ကို အကြောင်းပြု၍ ရဟန္တာဖြစ်ခဲ့လေသော အရှင်တိဿမထေရ်နှင့် တပည့်သာမဏေလေးအကြောင်းကို ကောသမ္ဗီပြည်သားတို့ တသသ ပြောမဆုံး၊ ကြည်ညိုမဆုံး ရှိကြလေတော့သည်။
ရတနာဂီရိ အကျဉ်းသား | ကောသမ္ဗီ | မလေးမဏိစန္ဒာရဲ့နှောင်း |